* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, September 7, 2009

ကမ္ဘာတစ်ခြမ်းမှ အလွမ်းည



မီးရှူးမီးပန်းလို
တလက်လက်တောက်နေတဲ့ အလွမ်းတွေနဲ့
ဟိုဟိုဒီဒီ လမ်းထ လျှောက်မိတယ်
ဒီဘက် ကမ္ဘာခြမ်းမှာတော့
မသိမသာ အကန်းပါလား

ဆီမီးခွက်ထဲက မီးစာလို
တလက်လက် တောက်ပခွင့်လည်းမရခဲ့

မီးပုံးပျံတွေလို
ငါ့စိတ်ကူးတွေ လွှတ်တင်မိတယ်

ဗျောက်အိုးတွေ
တဗောင်းဗောင်း ဖောက်နေသလိုပါပဲ
ငါရင်တွေ တဗြောင်းဗြောင်း ပေါက်နေခဲ့တယ်

ဟိုဘက် ကမ္ဘာခြမ်းမှာတော့
ဘုရားသွား ကျောင်းတက်
ခေတ်အဆက်ဆက် ကန်တော့ခန်းတွေနဲ့
ရပ်ကွက်လမ်းတွေလည်း အလင်းဆန်းနေတော့မယ်

ငါတို့ရပ်ကွက်လမ်းက ကာလသားတွေ
ဘကြီးသာဖေ လော်နဲ့
ကာရာအိုကေ အော်လို့
အပျော်ကြီး ပျော်နေရော့မယ်

ငါတို့အိမ်မှာလည်း
အဖေ့တပည့်တွေက
အဖေ့ကို လာကန်တော့လို့
ကြွက်နီတစ်ယောက်
ဗျောက်အိုး ဖောက်နေရော့မယ်

ဒီဘက် ကမ္ဘာခြမ်းမှာတော့
မီးရှူးမဖေါက် မီးစာမတောက်ဘဲ
ကိုယ့်ဖယောင်းနဲ့ကိုယ် တောက်
ကိုယ့်ရင်ဘတ်ကိုယ် ဗျောက်အိုးဖောက်ခဲ့ပေါ့

ရင်ဘတ်ပေါက်နဲ့ လမ်းလျှောက်နေသည်။

လေပြည် (၅-၉-၂၀၀၉၊ ည ၁၁း၄၅)


Read more...

တရားအားထုတ်စရာမလိုဘဲ စိတ်ကောင်းထားရင်ရပြီလား

အမေး။ ။ဘုန်းဘုန်းဘုရား….ဘာသာခြားတစ်ယောက်က “ စိတ်ကောင်းထားတယ်ဆိုရင် တရားအားထုတ်စရာမလိုဘူး။ စိတ်ကောင်းတယ် ဆိုပြီးတာပဲ၊ ဒါနဲ့် စိတ်ကောင်းတယ်ဆိုတာ နင်သိလား” လို့ မေးပါတယ်။ တပည့်တော်က “ စိတ်ကောင်းတယ်ဆိုတာကုသိုလ်ပေါ့” လို့ ပြန်ဖြေတော့ သူက “ကုသိုလ်ဆိုတာ ဘာကို ခေါ်တာလဲ” လို့ မေးပါတယ်။ ဒီမေးခွန်းကို တပည့်တော် မဖြေနိုင်ဘူးဘုရား၊ ဒီလိုပဲ ဗုဒ္ဓဘာသာ ၀င်လူငယ်ရော လူကြီးပါ အများစုက ကုသိုလ်ဆိုတာ ကောင်းတာလောက်ပဲ သိတယ်၊ ဒါကြောင့် တပည့်တော်အပါအ၀င် အားလုံးသိအောင် “ကုသိုလ်”ဆိုတဲ့ အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။
မစုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲ ဆိုတာကို မဖြေသေးမီ စိတ်ကောင်းထားရင် တရားအားထုတ်စရာမလိုဘူးလို့ ပြောတဲ့စကားက ပိုအရေးကြီးလို့ ပြောရဦးမယ်။ ဒါက အပေါ်ယံ ကြည့်ပြီး ပြောလိုက်တဲ့စကားဖြစ်တယ်။ တကယ်က အားထုတ်စရာမလိုဘူး၊ လုပ်စရာမလိုဘူး ဆိုတဲ့ အယူအဆတွေဟာ အကရိယ၀ါဒတွေပါ။ ဘုရားရှင်ဝါဒမှာ မလုပ်ရင် ဘာမှ မရလာနိုင်ပါဘူး၊ လုပ်မှ ရမှာပါ။ စိတ်ကောင်းထားပါပြီတဲ့ လောဘ ဒေါသ အားကြီးနေမယ်ဆိုရင် မဟုတ်သေးဘူး၊ စိတ်ကောင်းလည်း ရှိရမယ် လောဘ ဒေါသ စတဲ့ ကိလေသာများ နည်းအောင်၊ ပါး အောင်၊ ကင်းအောင်လည်း လုပ်ရမယ်၊ ဒီအတွက် သီလ၊သမာဓိ၊ပညာဆိုတဲ့ ဘုရားရှင်အဆုံးအမတွေ အထူးလိုအပ်ပါတယ်။ သီလ၊သမာဓိ၊ပညာဆိုတာ မဂ္ဂင်အကျင့်တွေပါ။
ဘုရားရှင်က “မဂ္ဂင်ရှစ်ပါး အကျင့်ရှိတဲ့ ငါဘုရားသာသနာမှာ သာလျှင် ကိလေသာ ငြိမ်းအေးနိုင်တဲ့ သမဏ ဆိုတာ ရှိတယ်” လို့ သုဘဒ္ဒပုရပိုဇ် ကို မိန်တော်မူထားတာ ရှိပါတယ်။ ဆိုလိုတာက အားထုတ်မှုအပိုင်းမပါဘဲ စိတ်ကောင်းထားရုံမျှနဲ့ ကိလေသာ မကင်းနိုင်သေး၊ ဘူးဆိုတာပဲ။ ဒါကြောင့် စိတ်ကောင်းထားရုံနဲ မပြီး၊ ဒါန၊သီလ၊ဘ၀နာစတဲ့ အားထုတ်မှုအပိုင်းလည်း လိုသေးတယ်ဆိုတာပါပဲ။
နောက်တစ်ခုက ကုသိုလ်ရဲ့ အဓိပ္ပါယ်ကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ….
ကုသလာ ဓမ္မာ
အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ - အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာ နှစ်ပါးနဲ့ ပြည့်စုံသော၊ ဓမ္မာ -နိသတ္တနိဇ္ဇီ၀သဘာဝါ- သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်ကုန်သော သဘောတရားတို့သည်၊ သံဝိဇ္ဇန္တိ- ရှိကုန်၏။ အဓိပ္ပါယ်က….
ကုသိုလ်တရားဆိုတာ အပြစ်ကင်းတဲ့လက္ခဏာကတစ်ပါး၊ ချမ်းသာတဲ့အကျိုးကို ပေးခြင်းလက္ခဏာကတစ်ပါး၊ ထိုလက္ခဏာနှစ်ပါးနှင့်ပြည့်စုံရင် ‘ကုသိုလ်’ လို့ခေါ်ပါတယ်။ အပြစ်ကင်းရမယ်ဆိုတာ (အသက်ကောင်လည်းမဟုတ် သတ္တ၀ါကောင်လည်းမဟုတ်တဲ့) စိတ်မှာ ကင်းရမှာပါ။ စိတ်ထဲမှာ လောဘအပြစ်၊ဒေါသအပြစ်စတာတွေ ကင်းနေရပါမယ်၊ ထိုကိလာသာတွေ ကင်းနေတဲ့ စိတ်ဟာ အနှောင်အဖွဲ့ကင်းပြီး ချမ်းသာနေပါတယ်။ ဒါကိုပဲ “ကုသိုလ်” ခေါ်တယ် ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

« ပြန်ခေါက်ထားရန်



Read more...

၇.၉.၂၀၀၉ ဆွမ်းလောင်းလှူ








ယနေ့သံဃာအပါး ၆၀၀ ကျော်ကြွပါတယ်။မနက် ၄နာရီလောက်မှစ၍ သံဃာတော်များကြွချီတော် မူလာကြပါတယ်။ဆွမ်းစလောင်းချိန်ကတော့ ၅ နာရီမှာ စတင်လောင်းလှူပါတယ်။ဝေယျာဝစ္စအဖွဲ့အတွက် ချက်ပြုတ်ရေးအတွက်မန္တလေးမြို့မှ ဒါယကာကိုထက်မှ (၄)ယောက်စေလွတ်ပေးပါတယ်။ မနက်ဆွမ်းလောင်းရာမှာ ကုသိုလ်ယူကြတဲ့ ကုသိုလ်ရှင်များကတော့စစ်ကိုင်းမြို့မှ မစရဏမဉ္စူရီ တို့ညီအမများ နှင့်ဒါယကာကိုကျော်စိုးအောင်၊ကိုဇော်ဇော်အောင်၊ကိုဇော်ထွေးဦး တို့ဖြစ်ကြပါတယ်။ သံဃာတော်များ
အတွက်အုပ်ချုပ်ရေးတာဝန်ယူပေးကြတာကတော့ ဦးသုဇာတ ၊ ဦးကောဝိဒ(သုံးခွကျောင်းတိုက်)၊ နှင့် ဦးဇင်းတို့မှတာဝန်ယူကြီးကြပ်ပေးကြပါတယ်။ ပဲနှင့်သရက်ချဉ်သုပ် များကတော့အစောကြီးကုန်သွားပါတယ်။ ၀က်သားနှင့်ဖရုံသီးဟင်း ၊ ငါးခြောက်နှင့်ငရုတ်သီးကြော်တို့လောက်ငှပါတယ်။
မန္တလေးမြို့သဗ္ဗသုခ ဆွမ်းလောင်းအသင်းမှ ကိုထက်နှင့်ကိုဖြိုးတို့မှတဆင့် ဆန်တစ်အိတ်ကိုစနေနေ့မှာလှူဒါန်းထားခဲ့ပါတယ်။ သံဃာတော်များတဖြည်းဖြည်းများပြားလာပါတယ်။ လိုအပ်ချက်များကိုတော့ “ကိုပီကေ”ဖြည့်ဆည်းပေးနေပါတယ်။မုန့်ဟင်းခါးကပ်တဲ့အစီအစဉ်ကတော့ အလှူရှင်မရှိသေးတာနဲ့ဝေယျာဝစ္စအဖွဲ့လည်းမလုံလောက်မှုတွေဖြစ်နေတာနဲ့ခဏ နားထားရပါတယ်။ အဓိကကတော့ ဝေယျဝစ္စ အဖွဲ့လုံလောက်ဖို့အတွက် ဦးဇင်းတို့ကြိုးစားကြရပါမယ်။ မိုးရွာတဲ့အချိန်ဆိုရင်ပိုပြီး ခက်ပါတယ်။
ယနေ့ပြုသမျှကုသိုလ်ကောင်းမှု အဖို့ ကိုအလှူရှင်များနှင့်တကွသုံးဆယ့်တစ်ဘုံ၌ကျင်လည်ကြကုန်သောဝေနေ ယျ သုခိတ၊ ဒုက္ခိတ သတ္တ၀ါအပေါင်းတို့အား အမျှ...အမျှ...အမျှ...ပေးဝေပါကုန်၏။ အမျှ ယူတော်မူကြပါ.......
အားလုံးကို အမျှ ရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြသည်ဖြစ်ကြစေသောဝ်....



Read more...

အနှစ်ကိုးပါး (အပိုင်း-၉)

ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ်

အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာကို လေ့လာ လိုက်စားကြတယ်။ ဗုဒ္ဓဘာသာကို သူတို့အလွန် စိတ်ဝင်စားနေကြတယ်။ ဗုဒ္ဓဘာသာကို အလွန်စိတ်ဝင်စားလို့ ဗုဒ္ဓဘာသာ ကျင့်နည်းကြံနည်းကို ကျင့်ကြံကြိုးကုတ် အားထုတ်မယ်လို့ နည်းရှာကြတဲ့ အခါမှာ ဒီလူတွေဟာ တကယ် 'ထေရဝါဒသာသနာနည်း'ကို မရကြပဲ တိဘက် 'ဒလိုင်းလားမား'ထံမှာ တပည့်ခံပြီးတော့ 'မဟာ ယာနနည်း'တွေကို သူတို့ကျင့်မိနေကြတယ်ဆိုတာကို အဲဒီမှာ ဘုန်းကြီး သဘော ပေါက်သွားတယ်။
ဘုန်းကြီးတို့ပရိသတ်များသူတို့တတွေမှာ ဆရာကောင်းမရကြဘူးနော်။ ခုနက ပြောထားတဲ့အချက်ကို မမေ့ လိုက်နဲ့။ သမထကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာ ပညတ်ကိုချည်း တစ်ဘက်သတ် ဖိရှုသွားတဲ့ ပုဂ္ဂိုလ်တွေက ဈာန်လမ်း ချည်းသွားတယ်။ ဥာဏ်လမ်း မလာတော့ဘူး။ သမာဓိ အတော် အတန်ရတဲ့အခါမှာ ရုပ်နာမ် သို့ပြောင်းရှုတဲ့ ပုဂ္ဂိုလ်တွေကတော့ ဥာဏ်လမ်းကို တက်သွားတယ်။
သူတို့ လုပ်နေတဲ့အလုပ်က ဈာန်လမ်းကို ဦးတည ပြီးတော့ ကောင်းကင်ပျံဖို့တို့ မြေကြီးထဲငုပ်ဖို့တို့ မီးထဲလမ်း လျှောက်ဖို့တို့ ရေပေါ်မှာ အိပ်ပြဖို့တို့ အဲဒါတွေစိတ်ဝင်စား ပြီးတော့ သူတို့လုပ်နေကြတာ။
ဒီတော့ သူတို့လူအုပ်ကြီး ဗောဓိပင်နားမှာ တရားထိုင်ကြတယ်။ မနက် ၈-နာရီလောက်မှာ တစ်ကြိမ်၊ နေ့လည် ၂-နာရီလောက်မှာ တစ်ကြိမ်၊ ည ၈-နာရီလောက် မှာ တစ်ကြိမ် တရားထိုင်ကြပါတယ်။သူတို့နဲ့ရောပြီးတော့ ဝင်ထိုင်ကြည့်တယ် မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းထိုင်တဲ့ အချိန်မှာတော့ သူတို့အနားမှာ ဘုန်းကြီး အချိန်ကြာကြာ မရှိဘူး။ ည ၈-နာရီထိုင်တဲ့ အချိန်ကျတော့ ဘုန်းကြီးကလဲ ''ကိုင်းကွာ ငါ လဲပဲ တရားထိုင်မယ်''ဆိုပြီး သူတို့နဲ့ရောပြီးတော့ ဘေးနားက အသားလေး ကပ်ထိုင်တယ်။အတန်းလိုက် အတန်းလိုက် သူတို့တတွေ ထိုင်ကြတယ်။ ရှေ့ဆုံးတန်းကို မှန်းပြီးတော့ ကြည့်လိုက်စမ်းပါ။ အင်္ဂလိပ်အမျိုးသမီးရဲ့ ဂါဝန်သဏ္ဌာန်ရှိတဲ့ တိဘက်သင်္ကန်း နီနီကြီး ဝတ်ထားတဲ့ ခပ်ဝဝ တိဘက်ဘုန်းကြီး တစ်ပါး၊ အပေါ်ရုံခြုံထည်ကြီးခြုံပြီးတော့ သူက အလယ် တည့်တည့်က ထိုင်တယ်။
သူ့လက်ထဲမှာ ဂလိုင်ကလေး တစ်လုံးပါတယ်။ နောက်ပြီးတော့ ဟောဒီမြန်မာပြည်က ဆိုင်းဝိုင်းတွေမှာ တီးတဲ့ သံချွင်လေး တစ်ခုပါတယ်။ တိဘက်ဘုန်းကြီးကြီး ရှေ့ဘက်မှာ အမွှေးတိုင်လေးတွေ ထွန်းလို့ သူ့ဘေးနားမှာ ဝဲယာမှာဆိုလို့ရှိရင် တိဘက်ကိုယ်တော် ခပ်ငယ်ငယ် နှစ်ပါး။
တိဘက်ကိုယ်တော် ခပ်ငယ်ငယ်နှစ်ပါးမှာ နှဲ တစ်ယောက် တစ်ချောင်းစီကိုင်ထား တာတွေ့ရတယ်။ နှဲတစ် လက်စီပါတယ်။ အစွန်းဘက်ကို လှမ်းကြည့်လိုက်ယင် လက်ဝဲဘက်အစွန်းမှာ ကိုယ်တော်တစ်ပါးက နှဲကြီး အကြီးကြီး တစ်ချောင်းပါတယ်။
လက်ယာဘက်အစွန်းလှည့်ကြည့်လိုက်တဲ့ အခါကျတော့ လက်ယာဘက်အစွန်းက ကိုယ်တော် တစ်ပါးရဲ့ လက်ထဲမှာတော့ မြန်မာပြည်က ခေတ်ပေါ်တီးဝိုင်းတွေမှာ တီးတဲ့ ဘင်သဏ္ဌာန်ရှိတဲ့ ဒိန်း ဒိန်းနဲ့ထုတဲ့ အရာ ဝတ္ထုကြီး တစ်ခု သူ့လက်ထဲမှာပါတယ်။
ရှေ့ဆုံးက သူတို့ထိုင်ကြတယ်။ အလယ်ကတော့ ဆရာကြီးပေါ့။ နောက်နားက သူ့နေရာနဲ့သူ စီတန်းပြီးတော့ ထိုင်ကြတယ်။ အဲဒါ ဗောဓိပင်အောက်မှာ။
ဗုဒ္ဓကိုပူဇော်ကြမလို့ ထင်တယ်
ဘုရား ကိုယ်တော်မြတ် ဒီဗောဓိပင် အောက်မှာ သစ္စာလေးပါးကို သိမြင်ပြီးတော့ ဘုရားအဖြစ်သို့ရောက်၊ မာရ်ငါးပါးကို အောင်မြင်တော်မူတဲ့ ၁ဝ၃-ခုနှစ်၊ ကဆုန်လ လပြည့်ကျော် ၁-ရက်နေ့သို့ကူးတဲ့အချိန်။
အဲဒီအချိန်အခါတုန်းက ဒီဗောဓိပင်အောက်မှာ မာရ်ငါးပါး အောင်မြင်တော်မူတဲ့ မြတ်စွာဘုရားကို စကြာဝဠာ တစ်သောင်းက နတ်ဗြဟ္မာအပေါင်း နဂါးတွေရော၊ ဂဠုန်တွေရော၊ နတ်တွေရော၊ ဗြဟ္မာတွေရော၊ တူရိယာ ဂီတမျိုးစုံနဲ့ ဘုရားကိုယ်တော်မြတ်ကို သီဆိုတီးမှုတ်ပြီ ဘုရားကို ပူဇော်တယ်။ သိကြားမင်းကြီးကလဲ ခရုသင်းကြီးမှုတ်ပြီးတော့ ဘုရားကို ပူဇော်တယ်။ ပဉ္စသိင်္ခနတ်သားကြီးကလဲ စောင်း နဲ့ ပူဇော်တယ်။
ကာဠနဂါးမင်းကြီးကလဲ သမီးတွေခေါ်လာပြီးတော့ အဲဒီမှာ ဂီတတွေနဲ့ သီဆိုတီးမှုတ်ပြီးတော့ သမီးတွေကို ကခိုင်းပြီးတော့ ဘုရားကိုယ်တော်မြတ်ကို ပူဇော်တယ်။ ဘုရားကိုယ်တော်မြတ် ဗောဓိပင်နဲ့ ရွှေပလ္လင်၊ မာရ် ငါးပါးအောင်တုန်းက နတ်တွေ ဗြဟ္မာတွေ နဂါးတွေ ဂဠုန်တွေက တူရိယာဂီတတွေနဲ့ ပူဇော်တယ်လို့ ကြားဖူး တယ်။ အခုတော့ ဘုန်းကြီးတွေက ဘုရားကို နှဲနဲ့ မှုတ်ပြီး တော့ ပူဇော်ကြတော့မယ်လို့ စိတ်ထဲမှာ အတွေး ပေါက်လာတယ်။
သူတို့ တရားနာပုံ၊ တရားထိုင်ပုံ
တော်တော်လဲကြာရော အလယ်တည့်တည့်က ထိုင်တဲ့ကိုယ်တော်ကြီးက လက်ထဲကဂလိုင်ကို ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ အသံလေး ခပ်နိမ့်နိမ့်နဲ့ သူလှုပ်ပါတယ်။ နောက် တော်တော်ကြာတော့ တအားပြင်းပြီးတော့ အသံ ခပ်ပြင်းပြင်းနဲ့ အသံဆူညံသွားအောင် လှုပ်လိုက်ပါတယ်။
အဲဒီလို ဂလိုင်လှုပ်နေတဲ့အချိန်မှာ ပရိသတ် အားလုံးဟာ လက်အုပ်ချီပြီးတော့ နေကြတယ်။ တော်တော် ကြာတော့ ဖြုတ်ခနဲဂလိုင်သံကို ရပ်ပစ်လိုက်တယ်။ ရပ်ပစ်လိုက်ပြီးတော့မှ ရှေ့တည့်တည့် နားမှာထိုင်နေတဲ့ သီလရှင် တစ်ယောက်ရှိတယ်။ အဲဒီသီလရှင်က အင်္ဂလိပ်အမျိုးသမီး၊ တိဘက် နည်းနဲ့ သီလရှင်ဝတ်ထားတာ။ သူကလဲပဲ သူကရှေ့ ကနေ ပေထုပ်ကလေးဖွင့်ပြီးတော့ နည်းနည်းစပေးတယ်။
နည်းနည်းလေး စပေးလိုက်တဲ့အခါကျတော့မှ ဘေးဝဲယာအစွန်းမှာ ထိုင်နေတဲ့ နှဲကိုင်တဲ့ ကိုယ်တော်တွေ ကနေပြီးတော့ သံမှန်လေး ပေါ့လေ။ နှဲတော့မမှုတ် သေးဘူး။ ကဗျာလေးတွေ မန္တာန်လေးတွေကို တိုးတိုး တိုးတိုးနဲ့ ရွတ်ပေးတယ်။ ရှေ့က စပေးတယ်။ ခုနဘေးက ကိုယ်တော် တွေကရွတ်တယ်။ နောက် ပရိသတ်အကုန်လုံးဟာ သံပြိုင် တစ်ညီတစ်ညွတ်တည်း လိုက်ပြီးတော့ ဆိုကြတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကို ပူဇော်နေကြတာပဲလို့ ထင်တယ်။ ဘာမှတော့ ဘုန်းကြီး နားမလည်ဘူး။ သူတို့ရွတ် နေရလို့ အသံညီလာပြီဆိုတော့မှ အသံကို တော်တော် မြှင့် ပြီး တော့ သံပြိုင်သူတို့ရွတ်ကြတယ်။
အသံမြှင့်ပြီးတော့ ရွတ်လို့ အားကောင်းနေတဲ့ အချိန်မှာ အလယ်ကောင်က ဆရာကြီးကနေပြီး လက်ထဲက သံချွန်လေး ကိုင်ပြီးတော့ ''ချွင်''ဆို တစ်ချက် ခေါက်ပေး လိုက်တယ်။ အဲဒီလို တစ်ချက်ခေါက် ပေးလိုက်ရော ကိုယ် တော်တွေ အကုန်လုံး အသံတွေ တိတ်သွားကြတယ်။
အသံတွေ တိတ်သွားတော့ အဲဒီသံချွင်ကိုင်တဲ့ ဂလိုင်ကိုင်တဲ့ ကိုယ်တော်ကြီးက တိုးတိုးတိုးတိုးနဲ့ သူက တရားဟောတယ်။ သူ တရားဟောတာကို နောက်က အားလုံး စိတ်စိုက်ပြီးတော့ လက်အုပ်ချီထားကြ။ ဘယ်ဘက် လက်ပေါ်မှာ ညာဘက်လက်ကလေး ထပ်ပြီးတော့ မျက်စိ မှိတ်ထိုင် တရားနာကြတယ်။
တရားနာပြီးတဲ့အခါကျတော့ ဂလိုင်လေးကိုတစ်ခါ ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ သူလှုပ်ပြန်ရော၊ အသံဟာမြင့် မြင့်ပြီးတော့ တက်လာရော၊ နောက်ဆုံးတအားမြှင့်ပြီးတဲ့ အခါကျတော့မှ ဖြုတ်ကနဲဆို အသံ ရပ်လိုက်ပြီးတော့ နောက်တစ်ခါ မန္တာန်တွေ ရွတ်ကြပြန်ရော။
အဲဒီလို သုံးကြိမ်သုံးခါ ရွတ်လိုက်၊ ဘုရားရှိခိုးလိုက်၊ တရားဟောလိုက်၊ ရွတ်လိုက်၊ ဘုရားရှိခိုးလိုက်၊ တရား ဟောလိုက်နဲ့ သုံးကြိမ်လောက်လုပ်ပြီးတဲ့အခါကျတော့မှ ငြိမ်ပြီးတော့ သူတို့တတွေ တရားထိုင်နေကြတယ်။
အပိုင် (၁၀)ဆက်လက်ဖော်ပြပါမည်။


Read more...

ဥဒ္ဒိဿစေတီအကြောင်း

မေး။ ။ ဥဒ္ဒိဿစေတီရဲ့ အဓိပ္ပါယ်ကို တပည့်တော်မသား နားလည်အောင် ဖြေကြားပေးတော်မူပါဘုရား။
မငယ်
ဆစ္ဒနီ၊သြစတေးလျား

ဥဒ္ဒိဿ ဆိုတဲ့ပါဠိဟာ-
ရည်စူးအပ် ရည်ညွန်းအပ်တဲ့ အရာဝတ္ထုကို ဟောပါတယ်။ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ပုံတော်ကို အတုပြုလုပ် ထားတဲ့ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူပုံကို ဥိဒ္ဒိဿစေတီ လို့ခေါ်ပါတယ်။ ရုပ်ပုံတော်ကို အတုပွားထားတဲ့အတွက် ရုပ်ပွားတော် လို့ အမည်ပေးပြီး ဘုရားရှင်ရဲ့ အဆင်းပုံသဏ္ဍာန်ကို အတုလုပ်ထားသောကြောင့် ဆင်းတုတော် လို့ အမည်ပေး ထားခြင်း ဖြစ်ပါတယ်။ ရုပ်ပွားဆင်းတုတော် မပါလည်း စိတ်ထဲကနေ အာရုံပြုအပ်တဲ့ ပုံတော်ကိုလည်း ဥဒ္ဒိဿစေတီ လို့ ခေါ် နိုင်ပါတယ်။

ဥဒ္ဒိဿ- ရည်စူးအပ်တဲ့၊ ရည်ညွန်းအပ်တဲ့ အရာဝတ္ထု။ စေတီ = ပူဇော်သင့် ပူဇော်ထိုက်တာ။
ဒါဖြင့်ရင် ရည်ညွန်းတဲ့ ဆင်းတုတော်များမှာလည်း အုတ်ကျောက်တို့နဲ့ လုပ်ထားတယ်။ အိမ်တွေမှာလည်း အုတ်ကျောက်တို့နဲ့လုပ်ထားတာအတူတူဆိုတော့ ဆင်းတုတော်ကို ပူဇော်ရင် အိမ်ကိုလည်း ပူဇော်ရမှာပေါ့။ ဘာ့ကြောင့် ဆင်းတုတော် ဆိုတဲ့ ဥဒ္ဒိဿ စေတီကို ပူဇော်ရတာလဲ လို့ မေးလာခဲ့ရင်….
တစ်ခါက ရွှေဟင်္သာဆရာတော်ကြီးကို နိုင်ငံခြားသားတစ်ဦးက အထက်ပါ အမေးမျိုးတစ်ခုကို မေးလာတယ်။ ဆရာတော်ဘုရာကြီးက ထိုသူရဲ့ အမေးကို ပြန်မဖြေသေးပဲ ပြန်မေးလိုက်ပါတယ်။
ဆရာတော်။ ။ မင်းမှာ အမေရှိလား။
လူ။ ။ ရှိပါတယ်။
ဆရာတော်။ ။ ဇနီးကော ရှိလား။
လူ။ ။ ရှိပါတယ်
ဆရာတော်။ ။ ဒါဖြင့် မင်းရဲ့ အမေနဲ့ ဇနီးဟာ မိန်းမချင်းတူတဲ့အတွက် အမေကို ဇနီးအရာမှာထားနိုင်မလား။
လူ။ ။ မထားနိုင်ပါဘူး။ တပည့်တော် နားလည်သပေါက်ပါပြီ၊
ထိုဖြစ်ရပ်လေးမှာ ရုပ်ဝတ္ထုကို အဓိကထားမကြည့်ဘဲ စိတ်နဲ့ ဘုရားရဲ့ဂုဏ်ထူးဝိသေသကို အာရုံပြုပြီး ပူဇော်ရှိခိုးတာပါ။
နောက်တစ်ခု ဥဒ္ဒိဿ စေတီနဲ့ ပတ်သက်ပြီး ….
ဆိုပါစို့ လူတိုင်းမှာ အမေအဖေ ဆိုတာရှိတယ်။ ထိုအမေအဖေ တို့ ဆုံးပါးသွားပီးတဲ့နောက် ကျန်ရစ်တဲ့သားသမီးများက အမေ အဖေတို့ရဲ့ ဓါတ်ပုံကို ရိုသေစွာ နဲ့ “ ဒီဓါတ်ပုံများဟာ အမေ့ပုံ အဖေ့ပုံများပဲ” လို့ အမေအဖေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ကာ ပူဇော်ကြပါတယ်။ ထို့အတူ ဘုရားဆင်းတုတော်ဆိုတဲ့ ဥဒ္ဒိဿစေတီကိုလည်း ဘုရားရှင်မရှိတဲ့နောက် ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပီး ပူဇော်ကြတာပါ။
ဒါဆိုရင် ဥဒ္ဒိဿစေတီ ရဲ့သဘော နားလည်လောက်ပီလို့ထင်ပတယ်။ ဒါက ကလေးများ နားလည်အောင် ပြောပေးထားခြင်း ဖြစ်ပါတယ်။


Read more...

ဘောင်တွေကို ကျော်ကြည့်

အမေရိကန်တွေအာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအားမရှိတော့တဲ့ ဟင်းလင်းပြင်မှာသူတို့ ဘောပင်တွေက မှင်မထွက်တော့တာတွေ့ရတယ်။ဒီတော့ ပညာရှင်တွေနာရီထောင်ပေါင်းများစွာသုတေသနလုပ်၊ပိုက်ဆံဒေါ်လာသန်း ပေါင်းများစွာ သုံးပြီးချိန်မှာ pump pen လို့ခေါ်တဲ့ ဖိအားပေးပြီးသုံးရတဲ့ ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ်။အမေရိကန်ရဲ့ ပြိုင်ဖက် ဆိုဗီယက် တွေက အမေရိကန် ဒီပြသာနာဖြစ်နေတာကို သိတယ်။ သူတို့ကတော့ အချိန်နာရီမကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြသာနာကို ဖြေရှင်းလိုက်တယ်။

ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။

ဒီပြသာနာကို ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီး ဘောင်ထဲက စဉ်းစား အဖြေရှာခဲ့တာ ဖြစ်တယ်။

ဘောလ်ပင်ဟာ အောက်ကိုစိုက်ရေးမှ ကမ္ဘာ့မြေဆွဲအားနဲ့ မှင်ထွက်တယ်ဆိုတဲ့ ယူဆချက်ကို ကိုင်ပြီး မြေဆွဲအားမရှိရင် မြေဆွဲအားလို မှင်ကို ထွက်စေဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့သိပ္ပံဆိုင်ရာ ယူဆချက်ဘောင်ထဲက စဉ်းစားခဲ့တာ ဖြစ်တယ်။ဆိုဗီယက်တွေကတော့ ဘောလ်ပင် ရေးမရင် ရေးရတာဘာရှိလဲလို့ လွတ်လပ်စွာစဉ်းစားခဲ့တာဖြစ်တယ်။ဒီတကယ့်ဖြစ်ရပ်မှတ် အဖြစ်အပျက် လေးက ဘာကိုပြောနေသလဲဆိုတော့ လူတွေက သိခြင်းတတ်ခြင်းဆိုတဲ့ဘောင်တွေခတ်ခံထား နေရပြီး အဲဒီဘောင်တွေထဲကနေပဲ စဉ်းစားလုပ်ကိုင်နေကြတယ် ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်။အီတလီနိုင်ငံ တူရင်မြို့မှာ ကုလသမဂ္ဂ အရာရှိတွေရဲ့ ဦးစီးတက္ကသိုလ်ရှိတယ်။ သိတဲ့အတိုင်း ကုလသမဂ္ဂ အရာရှိဖြစ်တယ်ဆို ကတည်းက နိုင်ငံတကာ ထိပ်သီးတက္ကသိုလ်တွေက ပါရဂူဘွဲ့တွေ၊ မဟာဘွဲ့တွေရထားတဲ့ တကယ့် ပညာရှင် ကြီးတွေပေါ့။

အဲဒီလူတွေကိုမေးခွန်သုံးခုမေးတယ်။ ဘယ်သူမှ မဖြေနိုင်ဘူး။ ဖြေတဲ့ အဖြေတွေကလည်း လက်မခံနိုင်တဲ့ အဖြေတွေ၊ ဒါနဲ့ကျောင်းအုပ်ကြီးက အဲဒီလူတွေကို ဘေးနားက မူကြို ကျောင်း လေးကို ခေါ်သွားပြီးကလေးတွေကို အဲဒီမေးခွန်မေးတော့ကလေး အကုန်နီးပါးက ဖြေနိုင်တာကို တွေ့ရတယ်။ ဘာလို့ဖြေနိုင် သလဲဆိုတော့ ကလေးတွေမှာ ဘာအသိပညာ၊ အတတ်ပညာ ဘောင်တွေမှ ခတ်ထားခြင်း မခံရသေးလို့ လွတ်လပ်စွာ စဉ်းစားနိုင်ခဲ့တယ်ဆိုတာ တွေ့ရတယ်။

အဲဒီမေးခွန်းတွေကတော့

(၁) ဆင်နဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲ ဘယ်လို့ ထည့်မလဲ။

(၂) တောဘုရင် ခြင်္သေ့ ကြီးက တောနေသတ္တ၀ါအားလုံးကို အစည်းဝေးခေါ်တယ်။ဘယ်သူတွေ မလာဘူးလဲ၊ဘာလို့ မလာတာလဲ။

(၃) မိချောင်းတွေပေါတဲ့ချောင်းကို ရေထဲဖြတ်ပြီးဘယ်အချိန်ကူးမလဲဆိုတဲ့ မေးခွန်းသုံးခုပါ။

ကဲ…….သင်စဉ်းစားပြီး ဖြေကြည့်ပါ။ ဒါပေမဲ့ ပြောနိုင်တာ တစ်ခုကတော့သင်လည်း သိမြင် တတ်သိထားတဲ့ ပညာဘောင်တွေထဲကပဲ စဉ်းစားပြီး အဖြေမရနိုင်ဘူး ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန်တစ်ခု ကတော့ ပေါင်ဒါကုမ္ပဏီတစ်ခုမှာ ဖြစ်တာပါ။ အဲဒီ ကုမ္ပဏီ ဟာ မာကတ်တင်း(Marketing) နည်းမျိုးစုံ သုံးပြီး အရောင်းမြင့်တင်ခဲ့ရာမှ အရောင်းက တစ်ရှိန်ထိုး တက်ပြီး တစ်နေရာမှာ အရောင်းတန့်သွားပါတယ်။ ကုမ္ပဏီပိုင်ရှင်က အစည်းဝေးခေါ်ပြီး အရောင်းကို နောက်ထပ်သုံးပုံတစ်ပုံတက်ချင်သေးတယ်။ ဒါပေမဲ့ ကွာလတီလည်း မလျှော့ဘူး၊ ဈေးလည်း မတင်ဘူး၊ ပေါင်ဒါတစ်ဘူးစီမှာထည့်တဲ့ ပေါင်ဒါမူန့် အလေးချိန်လည်း မလျှော့ဘူးလို့ ပြောပါတယ်။ စီနီယာ မာကတ်တင်းတွေက အကြံတွေ တစ်ခုပြီးတစ်ခု ပေးပေမယ့် အသုံးမတည့်ဘူးဖြစ်နေတယ်။အဲဒီအချိန် နောက်ဆုံးမှာ ကုတ်ကုတ်လေး ထိုင်နေတဲ့ မာကတ် တင်း ၀န်ထမ်းကလေးက ထပြီး အကြံတစ်ခု ပေးပါတယ်။ ကျန်တဲ့သူတွေက သူပေးတဲ့ ကို ၀ိုင်ရယ် ပေးမယ့် အဲဒီ့ ကုမ္ပဏီဟာ ဒီဝန်ထမ်းအသစ်လေး ပေးတဲ့ အကြံနဲ့ ပဲ အရောင်းသုံးပုံ တစ်ပုံ တက်သွားတယ်။ သူ ဘာအကြံပေးခဲသလဲ? သူပေးတာကတော့ ပေါင်ဒါသုံးသူတွေ ပုံမှန်ထက် အချိန် သုံးပုံးတစ်ပုံ စောပြီး ကုန်အောင်လက်ရှိ ပေါင်ဒါဘူးက အပေါက်တွေရဲ့ အကျယ်ကို သုံးပုံ တစ်ပုံထပ်ချဲု့ ပေးဖို့ပါ။သင်ရော ဒီလို တွေးမိခဲ့ပါလား?

အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ခ်ျဝါရှင်တန် ငယ်စဉ်က သူ့အိမ်က ပန်းသီးပင်ကြီးကို ပုဆိန်နဲ့ ခုတ်လှဲခဲ့ပါတယ်။ အဖေက ဘာလို့ ခုတ်လှဲခဲ့သလဲ ဆိုပြီး ဆူတော့ ဂျော့ခ်ျဝါရှင်တန် က သူ့အပြစ်ကို ၀န်ခံပါတယ်။ သူ့အဖေကလည်း သူ့ကို မရိုက်ပါဘူး။ ဒီနေရာမှာ ဘာလို့ အဖေက မရိုက်တာလဲဆိုတဲ့ မေးခွန်ကို ကျောင်းတွေ တော်တော်များများမှာ မေးခဲ့ကြပြီး ဆရာတွေကိုသူတို့ တပည့်တွေပေးတဲ့ စံပြ အဖြေကတော့ အပြစ်ကို ၀န်ခံလို့ မရိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ဦးကတော့ ဂျော့ခ်ျဝါရှင်တန် လက်ထဲမှာ ပုဆိန်ကြီး ကိုင်ထားလို့ သူအဖေက သူရိုက်ရင် ထခုတ်မှာစိုးလို့ မရိုက်တာလို့ ဖြေခဲ့ဖူးပါတယ်။ ဒါရော အဖြေမှန်တစ်ခု မဖြစ်နိုင်ဘူး လား။ ဒါပေမဲ့ ပညာတွေ။ ယဉ်ကျေးမူ ထုံးတမ်း ဓလေ့တွေနဲ့ဘောင်ခတ်ထားတဲ့ ဒီကမ္ဘာမှာ ဒီကလေးရဲ့ အဖြေက မှတ်တမ်း တင်မခံခဲ့ရပါဘူး။

ခုနက မေးခွန်သုံးခုရဲံ အဖြေတွေကို အခု ဖြေပေးပါမယ်။

(၁)အဖြေကတော့

ဆင်ရဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲကို ထည့်မယ်ဆိုရင် ရေခဲသေတ္တာရဲ့ တံခါးကိုဖွင့်ပြီးမှ ထည့်လိုရမှာ ဖြစ်လို့ ပထမအဖြေကတော့တံခါးဖွင့်ထည့်ရမယ်ဆိုတာပါပဲ ဖြစ်တယ်။

ရေခဲသေတ္တာဟာ ဘယ်အရွယ်ပဲရှိတယ်ဆိုတာ သိတဲ့သူတွေက ဒီအဖြေကို မပေးခဲ့တာဖြစ် ပါတယ်။ ရေခဲသေတ္တာ ကိုဒီအကောင်တွေထည့်ဖို့ ကြီးကြီးလုပ်ရင်မရဘူးလား။ ရေခဲသေတ္တာ ဆိုတာ ဘယ်အရွယ်ထက် မကြီးရဘူးလို့ ကန့်သတ်ထားလို့လား။ မထားပါဘူး။ ကိုယ်မြင်ဘူးတဲ့ အတိုင်းအတာကြောင့် ယုတ္တိကျတဲ့အဖြေကို မပေးခဲ့ကြတာပါ။

ဒီတစ်ခုအဖြေရရင် ကျန်တာတွေက လွယ်သွားပါပြီး။

(၂)အဖြေကတော့

ခြင်္သေ့ကြီးခေါ်တဲ့ အစည်းအဝေးပျက်ကွက်တာ ဒီနှစ်ကောင်ပေါ့။ သူတို့က ရေခဲသေတ္တာထဲ အပိတ်ခံထားရတာကိုး။

(၃)နောက်ဆုံးအဖြေ

ကို ဒီအချိန်ဆို သိလောက်ပြီထင်ပါတယ်။ မိချောင်းတွေ အစည်းဝေးတက် နေချိန်မှာ ချောင်းကို ဖြတ်ကူးမှာပေါ့။

တကယ်တော့ ဘောင်တွေ၊ စည်းတွေကို ကျော်ပြီး စဉ်းစား ကြည့်ရင် လောကမှာ ခက်ခဲတယ်ဆိုတဲ့ ပြသာနာတွေရဲ့ အဖြေဟာ ရှင်းရှင်းလေးတွေပါဆိုတာ ဒီဥပမာအရ သိနိုင်ပါတယ်။ ဒါကြောင့် လည်း ကမ္ဘာကြီးမှာ အခုဆိုရင် out of the box ဆိုတဲ့ စကားခေတ်စားလာပါတယ်။ စည်းမျဉ်းဘောင်ခတ် သတ်မှတ်ချက်တွေအပြင်ဘက်ကနေတွေးတော ကြံစည်တာ ဖြစ်ပါတယ်။ နောက်နောင် သင့်ဘ၀မှာ ခက်ခဲတဲ့ ပြသာနာတွေ ရင်ဆိုင်ရ ရင်ဘောင်တွေ စည်းတွေ မခတ်ဘဲ လွတ်လွတ်လပ်လပ် စဉ်းစား ကြည့်ပါ။ သင့်အတွက် အကောင်းဆုံးနဲ့ အသင့်လျော်အဖြေက လွယ်လွယ်လေးနဲ့ ရလာပါလိမ့်မယ်။



Read more...

သန်းခေါင်ယံ နေထွက်ခြင်း

NordkappNorwayသန်းခေါင်ယံက အမေးအဖြေများ စာအုပ်မှာ ဘာသာရေး အမေးအဖြေများကို သန်းခေါင်ယံကစခဲ့တဲ့အတွက် နာမည်ပေးရတာဖြစ်သလို ယခုလည်း သန်းခေါင်ယံမှာ နေမ၀င်ဘဲ နေထွက်ခဲ့တဲ့အတွက်ကြောင့် နေမ၀င်ညများ လို့ ပြောရမလိုလိုပါ (သို့) သန်းခေါင်ယံ နေ လို့ နာမည်တတ်ရမလိုလိုပင်....

ယခုတလော နေကြတ်တာတွေ ကြားနေကြရပါတယ်။ တစ်ချို့နေရာတွေမှာ နေ့အခါ နေမသာနိုင်ဘဲ နေကြတ်နေပေမယ့်၊ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဒေသဘက်ကျတဲ့ နေရာတစ်ချို့မှာတော့ ညဖက်မှာ လသာရမယ့်အစား လပျောက်လို့ နေသာ ဖြစ်ခဲ့ရတယ်လေ.....

သန်းခေါင်ယံအချိန်ကျရောက်ဖို့ နီးလာလေလေ နေလုံးကြီးက တောင်စွယ်နေကွယ်ဖို့ နီးလာလေလေပါ။ ဒါပေမယ့် ည ၁၁း၃၀ နာရီလောက်မှာ နေလုံးကြီးဟာ မ၀င်တော့ပဲ အပေါ်ပြန်တက် လာတယ်လို့ သိလိုက်ရတယ်။ အဲဒါကိုပဲ နိုင်ငံအသီးသီးမှာ နေထိုင်ကျတဲ့လူများက သန်းခေါင်ယံအချိန် နေကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ရှုခဲ့ကြတယ်။

ဒါကြောင့်လည်း နေမ၀င်ညများလို့ ပြောလိုပြော (midnight sun )သန်းခေါင်ယံမှာ ထွက်တဲ့ နေ လို့ ပြောချင်သလို ပြောခဲ့ကြပြီလေ......

ဒီလို ထူးဆန်းတဲ့ ဖြစ်ရပ်မျိုးကို ကမ္ဘာ့မြောက်ဖျားဒေသ တစ်ချို့နေရာများဖြစ်တဲ့ နော်ဝေ၊ ဆွီဒင် စတာတွေမှာ တွေ့ရတတ်ပါတယ်။

အချိန်ကား နှစ်စဉ် အများအားဖြင့် မေလ (၁၄)ရက်မှ ဂျူလိုင်လ (၂၉)ရက်အထိ ဒီအတောအတွင်းမှာ နေမ၀င်ညများ ဖြစ်လေ့ရှိတယ်လို့ ဒီwebsite မှာ ဖေါ်ပြထားပါတယ်။ ယခုရက်ပိုင်း အတွင်း ဒီမိုကရက်တစ် TV လိုင်းက ဒီအကြောင်းကို "နေမ၀င်ညများ" ဆိုပြီး အသံလွင့်ပေးနေပါတယ်။ ပိုပြီးလည်း ပြည့်ပြည့်စုံကြားရတာပေါ့၊ ဒါကြောင့် အကြောင်းညီညွတ်ရင် စာဖတ်သူ များ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လောကမှာ နေမ၀င်ညများ ရှိသလို.......

ဘ၀နေ၀င်ချိန်ဆိုတာ မရှိတော့ရင် ကောင်းမှာပဲ......ဘ၀နေ၀င်ချိန်မရှိတော့ရင် အိုနာသေဆိုတာလည်း မလာတော့ဘူးပေါ့.....

ဒါကြောင့် ဘ၀နေ၀င်ချိန် မရှိစေရေးအတွက် အခုကတည်းက ပါရမီကုသိုလ်တွေကို စွမ်းအားရှိသလောက် ပြုနေကြရတာပါ၊ ရာဝင်အိုးကြီးထဲသို့ မိုးစက်တွေ တစ်စက်ချင်း ကျနေတဲ့အတွက် ဘယ်အခါမှ ပြည့်မယ်လို့ မပြောနိုင်ပေမယ့် တစ်နေ့တော့ ပြည့်ရုံတင်မက လျှံတောင်ကျလာဦးမှာပါ။ စာဖတ်သူများလည်း ကိုယ်စွမ်းရှိသလောက် ပါရမီကုသိုလ်တွေကို ဖြည့်ကျင့်ကြဖို့ တိုက်တွန်းပါရစေ........ပါရမီကုသိုလ်တွေဆိုတာ အချိန်မရွေး နေရာမရွေး ပြုလို့ရနိုင်တဲ့အတွက် သတိတရားသာ ထားပြီး ပြုကြဖို့ပါ.....



Read more...

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၃)



ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ကုသိုလ် တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊ ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)

သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊ စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ် စောင့်ထိန်းထားတဲ့ သီလ ညှိုးနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင် သီလပျက်စီးဖို့ သေချာသလောက် ရှိပါပြီ။

ဒီနေရာမှာ ကိုယ် စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို လွန်ကျူးဖောက်ဖျက်မှ သီလ ညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲ ဖြစ်ဖြစ် အလယ် သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲ ဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ် စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာ တွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ ပြီဆိုရင်တော့ သီလဟာ လုံးဝ ပျက်စီးတော့မှာပါ။

ဒီလို သီလ ညှိုးနွမ်းစေတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့ မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊ အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့ အမွှေးအကြိုင်တွေနဲ့ ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊
၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊
၃။ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊
၎။ စောင့်စည်းဆင်ခြင်မှု မရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊
၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊
၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊
၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ် ရမှာပဲလို့ တောင့်တ သာယာခြင်း တို့ပဲဖြစ်ပါတယ်။

ဒီမေထုန်ငယ် ၇ ပါးဟာ သီလဖြူစင်ရေး သစ္စာရှာဖွေရေးမှာ အလွန် သတိထားသင့်သလို တရားကို လက်တွေကျကျ ကျင့်ကြံနေသူ လူဖြစ်စေ ရဟန်း သီလရှင်ဖြစ်စေ ကိုယ့်သီလလေး မညှိုးနွမ်းဖို့ ဂရုစိုက်ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်၊ ကိုယ့်စိတ်ကို အကောင်းဆုံး အရည်အသွေး ရအောင် ပြုစုလေ့ကျင့်တဲ့နေရာမှာ မထင်မှတ်တာလေး တွေကလည်း အတားအဆီး ဖြစ်နေတတ်တယ် ဆိုတာကို ဘုရားရှင်က မီးမောင်းထိုးပြတာပါ၊ မိမိတို့ ရဟန်းတော်များ သီလရှင်များအနေနဲ့ကတော့ သီလနဲ့ပတ်သက်ပြီး အထူးထူး ဆင်ခြင် သတိပြုရပါတယ်၊ စောင့်ထိန်းစရာ စည်းကမ်း သိက္ခာပုဒ်တွေ များပြားရုံသာမက အာရုံတွေအပေါ် စောင့်စည်းမှု စားသုံးဆင်ခြင်ရာမှာ စောင့်စည်းမှုစတဲ့ သီလတွေကလဲ ရှိနေပြန်တာမို့ ပိုလို့ သတိထားကြရပါတယ်၊ ဒီနေရာမှာ ရဟန်းတစ်ပါး (သီလရှင်တစ်ပါးက) လူတွေအထင်ကြီး အံ့ဩလာအောင် ကြည်ညိုစရာလေး နေပြတာ၊ ဒကာ ဒကာမတွေကို မြှောက်ပင့် ပြောဆိုတာ၊ ကိုယ်လိုချင်တာကို အရိပ်အရောင်ပြ ပြောဆိုတာ၊ ဒကာ ဒကာမတွေ ကြောက်ရွံ့ပြီး ပေးလှူလာအောင် ဖိနှိပ်ပြောဆိုတာ ကဲ့ရဲ့တာ တွေဟာလည်း သာသနာ့ ဝန်ထမ်းများရဲ့ သီလ ညှိုးနွမ်းကြောင်းတွေ ဖြစ်လို့ သတိထားသင့် ပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ ဘယ်လောက် အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊ ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန် လေးပါးကို ပွားများလေလော့။

လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့ ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်နိုင်အောင် ကြိုးစားကြပါစို့။ ။


ဆက်လက်ဖော်ပြပါမည်။

အရှင်တိက္ခဉာဏာလင်္ကာရ


Read more...

အနှစ်ကိုးပါး (အပိုင်း-၁၂)



ဗောဓိပင်ဝင်းတံခါး ဖွင့်ချိန်ပိတ်ချိန်
ဗောဓိပင်ကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေက ည-၈-နာရီဆို တံခါးပိတ်ပစ်လိုက်တယ်။ အခုဘုန်းကြီးတို့ တရားထိုင်ပြီးတော့ လုပ်နေကြတာဟာ ၁ဝ-နာရီ ဖြစ်နေပြီ။ ဝင်တုန်းကတော့ တံခါးဖွင့်ထားလို့ထားပါတော့။ ပြန်ထွက်ရင် ဘယ်လိုထွက်ရမလဲဆိုတာ မှန်းကြည့်။
''တံခါး ဖွင့်ပေးပါ''ဆိုတော့ ဟိန္ဒူကုလားတွေက ဖွင့်မပေးဘူး။ ဖွင့်မပေးတော့ တရားထိုင်ပြီးလို့ ပြန်ထွက်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးဟာ အဲဒီကာထားတဲ့ တံတိုင်းကို ဈာန်ပျံပြီးတော့ ထွက်ကြရတယ်။ ဘယ်လို ဈာန်ပျံတယ်မှတ်လဲ။ လွှားကနဲဆိုပြီး တံတိုင်းကို ကျော်တက်ခဲ့ရတာ။
ဘုန်းကြီးလဲ ၁ဝ-နာရီမှာ ပြန်ထွက်တာဆိုတော့ စဉ်းစားကြည့်ပေါ့။ တံတိုင်းကို ဒီအတိုင်း ကျော်တက်ခဲ့ရတာပဲ။ အဲဒါ ၂-ညတိုင်တိုင် ကျော်တက်ခဲ့ရတယ်။ ကုလားတွေပိတ်ထားလို့။
ကုလားမလေးနှစ်ယောက် ဝင်ထွက်ရာအပေါက်
''ဒီကုလားမငယ်ငယ်လေး နှစ်ယောက်ဟာ ဘယ် လိုလုပ် ဒီအထဲရောက်နေသလဲ။ ဘယ်လိုလုပ် ထွက်ကြမှာ လဲ''လို့ ဘုန်းကြီးက စဉ်းစားကြည့်တယ်။
စားရမဲ့, သောက်ရမဲ့ တောင်းရမ်းစားသောက်နေတဲ့ အမျိုးသမီးငယ်ငယ်လေးတွေဟာ ''တိဘက်ဘုန်းကြီးတွေ တရားထိုင်ရင် ဗောဓိပင်နားမှာ ညစာစားကြတယ်'' ဆိုတာ သူတို့က သိထားကြတယ်။
''စားပြီးတဲ့အကျန်တွေကို ပေးလေ့စွန့်လေ့ ရှိကြ တယ်''ဆိုတာကိုလည်း သူတို့လေးတွေ သိထားကြတယ်။ သိထားတော့ ဒီအချိန် လာ ချောင်းကြတယ်။
''သူတို့ ဘယ်အပေါက်က ဝင်သလဲ''ဆိုတာကို ဘုန်းကြီးက လေ့လာကြည့်တယ်။ ဒါနဲ့ တံခါးပိတ် ပိတ်ထား လို့ ''ထွက်ပေါက် ကလေးရ အောင်''ဆိုပြီး သူတို့ဘယ်က ထွက်သလဲလို့ ဘုန်းကြီး ချောင်းကြည့်တယ်။
ဒီတော့ အဲဒီကောင်မလေးတွေကို ငှက်ပျောသီးရော ပန်းသီးရော ဘီစကွတ်ရော အကုန်လုံး ဘုန်းကြီးပေးလိုက်ရော။
ကုလားမလေးနှစ်ယောက်ဟာ သဘောကျလို့ ပြုံးလို့ ယူသွားကြတယ်။ တိဘက်ဘုန်းကြီးတွေနား သွား ထိုင်တော့လဲ နည်းနည်းပါပါးရတယ်။ အဲဒါလေးတွေ ယူပြီးတော့ သူတို့လေးတွေ သွားကြတယ်။
အဲဒီ ကောင်မလေးတွေဟာ ဗောဓိပင်ကြီး ဝင်းခတ်ထားတဲ့ ခြံဝန်းကြီးရဲ့အင်္ဂါထောင့်ဆီကို သွားကြတယ်။
အင်္ဂါထောင့်ဆီ ဝင်းထရံကြီးရဲ့အောက်ဆုံးက သံ တန်း၊ အဲဒီ သံတန်းကြီးရဲ့အောက်နားမှာ မြေကြီးကို သူတို့က လူတစ်ယောက် ဝင်စာလေးတူးထားတာ။
လူတစ်ကိုယ်စာ ဝင်ရုံလေး တူးပြီးတော့ အဲဒီသံ တန်းကြီးရဲ့အောက်ကနေပြီး ဝမ်းလျားထိုးပြီးတော့ သူတို့က ဒီအထဲဝင်လာကြတာ။ အဲဒီအပေါက်ကို ဗောဓိပင်စောင့်တဲ့ ကုလားတွေ မသိကြဘူး။
အဲဒီကုလားမလေးနှစ်ယောက်ဟာ ဒီ အပေါက် ကနေ နေ့တိုင်း ဝင်ထွက်ပြီးတော့ ဒီအနား တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေဆီက သူတို့က တောင်းရမ်းပြီးတော့ စားနေကြ တာ။
ဘုန်းကြီးက စဉ်းစားကြည့်တယ်။ အပေါက်တော့တွေ့ပြီ။ ''ဒီအပေါက်က ငါထွက်ရင် ကောင်းမလား'' ဆိုတော့ အဲဒါဟန်မကျဘူး။ ကုလားမလေးတွေ ဝင်တဲ့ ထွက်တဲ့ အပေါက်ဖြစ်နေတယ်။
''ထွက်ရင်လဲ မြေကြီးဝမ်းလျားထိုး ထွက်ရမှာဆိုတော့ သံတံတိုင်းကျော်ပြီး တက်တာပဲ ကောင်းပါတယ်''ဆို ပြီး အဲဒီနေ့က တံတိုင်းကို ကျော်တက်ခဲ့တယ်။

အဂျန္တာနှင့် ဧလိုရာ
ကမ္ဘာမှာ ဘာသာတရားတွေဟာ အလွန်အံ့သြစရာကောင်းတယ်။ ဖြစ်ရပ်တွေ ဆန်းကြယ်တယ်။ ဘုံဘေရဲ့ အရှေ့ဘက် ကီလိုမီတာ ၆ဝဝ-လောက် ကွာဝေးတဲ့နေရာ မှာ တောထဲမှာ ''အဂျန္တာ''ဆိုတဲ့ လိုဏ်ဂူကြီးတွေရှိတယ်။ အဲဒီ နေရာကို ဘုန်းကြီးတို့ ရောက်ခဲ့တယ်။
မြန်မာပြည်က ဘုရားဖူးတွေ အရောက်နည်းတဲ့ နေရာတွေပဲ။ သမိုင်းကို စိတ်ဝင်စားတဲ့ သုတေသနသမားတွေပဲ သွားကြတယ်။
''ဧလိုရာ''ဆိုတဲ့ လိုဏ်ဂူကြီးတွေ တောကြီးထဲမှာ ဘုန်းကြီးတို့ ရောက်ခဲ့ပါတယ်။''အဂျန္တာ''ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂ဝဝဝ-လောက်က ရုပ်တု ဆင်းတု ကျောက်ပန်းပုတွေ။
တောထဲတောင်ထဲ ကျောက်တောင်ကြီးတွေကို လိုဏ်ထွင်းပြီးတော့ (ဖိုဝင်းတောင်သဘောမျိုးပေါ့)ကျောက် လိုဏ်ဂူကြီးတွေမှာ ရုပ်တုတွေ ထုထားတာ အံ့သြစရာပဲ။
''ဧလိုရာ''မှာတော့ ဘုရားရဲ့ ဖြစ်တော်စဉ် ဇာတ်တော်တစ်ခုရှိရင် ဂျိန်းဇာတ်တစ်ခု ဘေးနားမှာရှိတယ်။
ဘုန်းကြီးက စဉ်းစားတယ်။ ''မူလတုန်းကတော့ ဗုဒ္ဓရဲ့ဖြစ်တော်စင်တွေကို ထွင်းထုထားတဲ့ လိုဏ်ဂူတွေဖြစ်မယ်။ နောက်ကျတော့မှ ဂျိန်းတွေက အဲဒီနေရာမှာ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ် ဇာတ်တော် တစ်ချို့ကို ဖျက်ဆီးပစ်လိုက်ပြီးတော့ သူတို့ ဇာတ်တော်တွေကို ထည့်သွင်းထားတာ ဖြစ်မယ်''လို့ ဘုန်းကြီးတို့က တွေးကြည့်မိတယ်။
အဲဒီလို ဖျက်ဆီးပြီးတော့ သူတို့ ဥစ္စာတွေ သွင်းခဲ့တာ အများကြီးပဲ။ ''နိဂဏ္ဌနာဋပုတ္တဘုရားကြီးကို ပူဇော် ထားတာ''တဲ့။
အဲဒီလို ထွင်းထုထားတဲ့ ရုပ်တုတွေထဲမှာ ဘုန်းကြီးတို့ ဘာတွေ တွေ့တုန်းဆိုလို့ရှိရင် ဂျိန်းဘုရားကြီးကို ပူဇော်တဲ့ အခန်း။
ဂျိန်းဘုရားဆိုတာ တခြားမဟုတ်ဘူး။ ဘုန်းကြီးတို့ ဟောထားတဲ ''တိတ္ထိဆရာကြီး ခြောက်ယောက်''ထဲက ''နိဂဏ္ဌနာဋပုတ္တ''ကို ပြောတာ။
အဲဒီဂျိန်းဘုရားကြီးကို ပူဇော်ဖို့ရန် ဆိုပြီးတော့ နိဂဏ္ဌနာဋပုတ္တ ဂျိန်းဘုရားကြီးရဲ့ရှေ့မှာ အမျိုးသမီးနဲ့ အမျိုးသား ခါးမှာ အဝတ်မရှိကြဘူး။ ရုပ်ပုံတွေ အမျိုးမျိုး ထုထားတာ။
နှောင်းခေတ်မှာ ''ကာမသျှတ္တရကျမ်း'' အမျိုးမျိုး ထွက်လာတာဟာ အဲဒီရုပ်ပုံတွေ ကူးချပြီးတော့ ထွက်လာ သလားတော့ မသိပါဘူး၊ အလွန်ညစ်ညမ်းတဲ့ပုံတွေ။
သူတို့ ဘုရားကို ပူဇော်တာတဲ့။ ''ကာမဂုဏ်နဲ့ပူဇော်ခြင်းသည် အမြတ်ဆုံးပူဇော်ခြင်း ဖြစ်တယ်'' ဆိုပြီးတော့ အမျိုးသမီးနဲ့အမျိုးသား တွဲစပ်နေတဲ့ ပုံစံမျိုးစုံနဲ့ သူတို့ ထုထားကြတာ။

ကာမဂုဏ်နဲ့ပူဇော်တဲ့ဂိုဏ်း
ဒါတွေဟာ ဗုဒ္ဓဘာသာထဲကို တဖြည်းဖြည်း ရော ရောပြီးတော့ သွားတာ။ မြောက်ပိုင်း တိဘက်ဗုဒ္ဓဘာသာ ကျတော့ အဲဒါတွေရှိတယ်။ မဟာယာန ဗုဒ္ဓဘာသာကျတော့ ''ဝေတုလ္လဂိုဏ်း'' ထဲမှာ အဲဒါတွေ အကုန်ရှိတယ်။
ဗုဒ္ဓဘာသာဂိုဏ်းကြီး ၁၈-ဂိုဏ်းမှာ ''ဝေတုလ္လ ဂိုဏ်း'' ဆိုတာရှိတယ်။ ဝေတုလ္လဂိုဏ်းက ကာမဂုဏ်နဲ့ ဘုရားကို ပူဇော်တဲ့ဂိုဏ်းပဲ။
အမျိုးသမီးတယောက်ဟာ မြတ်သောသားရတနာ ဖွားချင်တယ်၊ အလွန်တရာ ဥာဏ်ကြီးကျယ်တဲ့ သားရတနာကို ဖွားချင်တယ်ဆိုလို့ရှိရင် သူ့ရဲ့အမျိုးသားယောက်ျားနဲ့ ဘုရားဆီသွားပြီတော့ ကာမဂုဏ်နဲ့ပူဇော်ရတယ်။
ကာမဂုဏ်နဲ့ ပူဇော်ပြီးပြီဆိုလို့ရှိရင် အနည်းဆုံး သုံးပေလောက်ရှိတဲ့ ဘုရားဆင်းတုတော် အဲဒီဘုရားဆင်း တုတော်အပေါ်မှာ ဒီအမျိုးသမီးက တက်ပြီးတော့ထိုင်တယ်။
ထိုင်ပုံထိုင်နည်းက ဘုရားနဲ့ မျက်နှာချင်းအပ်ပြီးတော့ ဘုရား လည်ပင်းဖက်ပြီးတော့ ထိုင်တယ်။ ဒီလောက်ပဲ ပြောတာ ကောင်းပါတယ်။
အဓိပ္ပါယ်က မြတ်ဗုဒ္ဓထဲကနေ ဗောဓိဓာတ်ကို ကူးယူတာတဲ့။ ဒါမှ အမြတ်ဆုံး သားရတနာလေး ဖွားမယ်။
တိဘက်တိုင်းပြည် တစ်ပြည်လုံး ယောက်ျားမှန်သမျှ ဘုရားအလောင်းချည်းပဲ။ သူတို့က ဘုရားဆုပန်ထား ကြတယ်။ ဘုရားဖြစ်အောင်ဆိုပြီး နည်းမျိုးစုံနဲ့ ကြံဖန်လုပ်ကြတာ။
ဘုန်းကြီးတို့ ပရိသတ်များက ဘုရားကြည်ညိုတယ်ဆိုတာ တကယ်မှန်ကန်တဲ့ သဒ္ဓါနဲ့ ကြည်ညိုကြတာ။ စနစ် ကျတယ်၊ သဒ္ဓါတရားဟာ အလွန်သန့်ရှင်းတယ်၊ မွန်မြတ်တယ်။
ဟိုမှာကျတော့ ဗုဒ္ဓဘာသာဆိုပေမယ့် အဲဒီလိုဟာတွေ အများကြီးပဲ။ သူတို့သဒ္ဓါတရားဟာ သန့်ရှင်းတယ်လို့ ပြောဖို့ရန်ခက်တယ်။

အပိုင်း-၁၃ ဆက်လက်ဖော်ပြသွားပါမည်


Read more...

စာဖတ်သူရဲ့ ဆန္ဒဖြည့်ဆည်းပေးခြင်း ၀၂

မေမေ့လပြည့်ဝန်းလေးရဲ့ စာဖတ်သူတချို့က မေမေ့လပြည့်ဝန်းလေးတင်ပေးတဲ့ -Software/movie-စသည်ကို-Download-လုပ်ရတာ အဆင်မပြေဘူးလို့.. ပြောကြသဖြင့် -Download-လုပ်ရာ၌ အဆင် ပြေစေရန်-Internet Download Manager software-လေး တင်ပေးလိုက်ပါတယ်။ စာဖတ်သူတို့ရဲ့ အင်တာနက် စပိနှေးတာဆိုရင်တော့ မေမေ့လပြည့်ဝန်းလေး မတတ်နိုင်တော့ဘူး။
ဒီ-Software-လေးက ဖိုင်ဆိုက် အလွန်သေးငယ်ပြီး၊ Software-လေးကို စာဖတ်သူစက်ထဲမှာ -Install-လုပ်ထားက ကိုယ်လိုချင်တဲ့ -Software/Movie-ကို -Download-လုပ်ရန် ကလစ်လိုက်တာနဲ့ သူတတ်လာပြီး.. Download-စတင်လုပ်ပါတယ်။ တကယ်လို့ လျက်စစ်မီးပျက်လို့ ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် အင်တာနက်ကျသွားသော်လည်း.. စာဖတ်သူ စက်သာမပိတ်သေးရင် ဒီ-software-လေးက စာဖတ်သူ အင်တာနက်မကျခင်က ရောက်တဲ့နေရာကစပြီး ပြန်လည် -Download-လုပ်ပေးပါတယ်။ မေမေ့ လပြည့်ဝန်းလေးသုံးနေတဲ့ -Download software-လေးဖြစ်ပါတယ်။ အလိုရှိသူများ.. ဒါမှမဟုတ်... Download--လုပ်ရာ၌ ကြန့်ကြာမှုစသည် အခက်အခဲရှိသူများ အောက်ကပုံလေးပေါ်ကို ကလစ်ကာ ယူနိုင်ပါတယ်။


အဆင်ပြေကြပါစေ


မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး



Read more...

၇.၉.၂၀၀၉ ရက်နေ့ဆွမ်းလောင်းပွဲ

ယနေ့သံဃာအပါး ၆၀၀ ကျော်ကြွပါတယ်။
မနက် ၄နာရီလောက်မှစ၍ သံဃာတော်များကြွချီတော်မူလာကြပါတယ်။
ဆွမ်းစလောင်းချိန်ကတော့ ၅ နာရီမှာ စတင်လောင်းလှူပါတယ်။ဝေယျာဝစ္စအဖွဲ့အတွက် ချက်ပြုတ်ရေးအတွက်
မန္တလေးမြို့မှဒါယကာကိုထက်မှ (၄)ယောက်စေလွတ်ပေးပါတယ်။မနက်ဆွမ်းလောင်းရာမှာ ကုသိုလ်ယူကြတဲ့ ကုသိုလ်ရှင်များကတော့
စစ်ကိုင်းမြို့မှ မစရဏမဉ္စူရီ တို့ညီအမများ နှင့်ဒါယကာကိုကျော်စိုးအောင်၊ ကိုဇော်ဇော်အောင်၊ကိုဇော်ထွေးဦး တို့ဖြစ်ကြပါတယ်။ သံဃာတော်များ
အတွက်အုပ်ချုပ်ရေးတာဝန်ယူပေးကြတာကတော့ ဦးသုဇာတ၊ဦးကောဝိဒ(သုံးခွကျောင်းတိုက်)၊နှင့် ဦးဇင်းတို့မှတာဝန်ယူကြီးကြပ်ပေးကြပါတယ်။
ပဲနှင့်သရက်ချဉ်သုပ် များကတော့အစောကြီးကုန်သွားပါတယ်။ ၀က်သားနှင့်ဖရုံသီးဟင်း၊ ငါးခြောက်နှင့်ငရုတ်သီးကြော်တို့လောက်ငှပါတယ်။
မန္တလေးမြို့သဗ္ဗသုခ ဆွမ်းလောင်းအသင်းမှ ကိုထက်နှင့်ကိုဖြိုးတို့မှတဆင့် ဆန်တစ်အိတ်ကိုစနေနေ့မှာလှူဒါန်းထားခဲ့ပါတယ်။ သံဃာတော်များ
တဖြည်းဖြည်းများပြားလာပါတယ်။ လိုအပ်ချက်များကိုတော့ “ကိုပီကေ”ဖြည့်ဆည်းပေးနေပါတယ်။မုန့်ဟင်းခါးကပ်တဲ့အစီအစဉ်ကတော့ အလှူရှင်မရှိသေးတာနဲ့ဝေယျာဝစ္စအဖွဲ့လည်းမလုံလောက်မှုတွေဖြစ်နေတနဲ့ခဏ နားထားရပါတယ်။ အဓိကကတော့ ဝေယျဝစ္စ အဖွဲ့လုံလောက်
ဖို့အတွက် ဦးဇင်းတို့ကြိုးစားကြရပါမယ်။ မိုးရွာတဲ့အချိန်ဆိုရင်ပိုပြီး ခက်ပါတယ်။



Read more...

ဘယ်အချိန် အချမ်းသာဆုံးလဲ


ဘုန်းကြီးတို့ မြန်မာနိုင်ငံက ဘုရင်ကြီးတဦးမှာ ပေါ်ဦး-ဆိုတဲ့ အမတ်တဦး ရှိခဲ့တယ်။
ဘုရင်ကြီးက အမတ်ကြီးကို မေးတယ်။ ပေါ်ဦး-ဘယ်အချိန်ဟာ အချမ်းသာဆုံးလဲ-တဲ့။
အမတ်ကြီးက ဖြေတယ်-ကျင်ကြီး ကျင်ငယ် သွားပြီးတဲ့အခါ အချမ်းသာဆုံးပါဘုရား-တဲ့။

ဘုရင်ကြီးက ကျေနပ်ပြီး ပြုံသွားတယ်။ ဒါပေမယ့် အပြည့်အ၀တော့ ကျေနပ်လက်ခံသေးပုံ မပေါ်တာကို အမတ်ကြီးက ရိပ်မိတယ်။ ဒါကြောင့် အချိန်အခါကိုစောင့်နေတယ်။ ရေလမ်းခရီးကို လှေနဲ့ သွားဖို့ ကြုံလာတယ်။ သွားရမယ့်ရက် မရောက်ခင် ၃-ရက် ၄-ရက်လောက် ကြိုတင်ပြီး သရက်သီးမှည့်တွေ ဘုရင်ကြီးကို အမတ်ကြီးက ဆက်ကပ်ထားတယ်။ သွားမယ့်နေ့ရောက်တော့လဲ ဆက်ကပ်တယ်။ ဘုရင်ကလဲ သုံးဆောင်တယ်။
လှေစီးပြီး ရေလမ်းခရီး သွားရတဲ့အခါ ဘုရင်ကြီးမှာ အခင်းကြီး သွားချင်လာတယ်။ လှေပေါ်ဆိုတော့ အခင်းကြီးသွားဖို့ကလည်း ခက်နေတယ်။ သွားချင်ပေမယ့် အခွင့်မသာလို့ အကြာကြီးအောင့်အီးခဲ့ရတယ်။ ဒုက္ခ အကြီးအကျယ် ရောက်ခဲ့တယ်။ အခွင့်သာတဲ့ နေရာရောက်မှ စွန့်လိုက်ရတော့ ချမ်းသာပေါ့ပါးသွားတော့တယ်။ အဲဒီအခါရောက်မှ အမတ်ကြီး ဦးပေါ်ဦးရဲ့ စကားကို အပြည့်အ၀ ကျေနပ်လက်ခံသွားသတဲ့။


အို-စာရှုသူ
အထက်ပါ စကားကို ကြည့်ပြီး ကောက်ချက်ချလိုက်ပါ-

ကျင်ကြီးဟာ နည်းနည်းလေးပေမယ့်လဲ ရွံစရာကောင်းသလို ဘ၀ဆိုတဲ့ ရုပ်နာမ်ဟာလဲ တဘ၀ပင် ဖြစ်ပေမယ့် မကောင်းဘူး။ ဆင်းရဲတယ်။ ဒါကြောင့် ရုပ်နာမ်ဆင်းရဲတွေ အပြီးပြတ် ချုပ်ငြိမ်းတဲ့အထိ ရောက်အောင် ကြိုစားကြရပါမယ်။

ကျင်ကြီး ကျင်ငယ်ကို လွယ်ထားရင် ဆင်းရဲသလို ရုပ်နာမ်ကို လွယ်ထား ပိုင်ထားရရင်လဲ ဆင်းရဲတယ်။
ဦးပေါ်ဦး ပြောသလို ပြောရရင် ရုပ်နာမ်ဆင်းရဲကို အပြီးအပြတ်စွန့်တဲ့အခါဟာ အချမ်းသာဆုံးပါ။ ဒါကြောင့် ရုပ်နာမ်ဆင်းရဲတွေ အပြီးပြတ် ချုပ်ငြိမ်းသွားတဲ့အထိ သတိပဋ္ဌာန်တရားကို ဆက်လက်ကြိုးစား အားထုတ်နိုင်ကြပါစေ-လို့ တိုက်တွန်းလိုက်ပါတယ်။

( မော်လူး )

Read more...

ဗုဒ္ဓဘာသာအခြေခံအုတ်မြစ်(၂)ချက်

ကျွန်တော်ဖတ်လိုက်ရတဲ့ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)ရေးသားတဲ့စာအုပ်ထဲကအ
မေးအဖြေလေးပါ။ဆရာတော်အမေရိကမှာနေစဉ်တုန်းက Dr. Ronald Browing ကဆရာတော်
ကိုမေးလျောက်ခဲ့ခြင်းဖြစ်ပါတယ်။ Dr. Ronald Browing ကဆရာတော်အား-
What is the frame work of Buddhism? လို့မေးသောအခါ
ဆရာတော်က
cause and effect.
ဗုဒ္ဓဘာသာရဲ့အခြေခံ(frame work)ကအကြောင်းနဲ့အကျိုးဖြစ်ပါတယ်။အကြောင်းတရားတွေက
လည်းသဘာဝ အကျိုးတရားတွေကလည်းသဘာဝ ဆိုတော့ဗုဒ္ဓဘာသာရဲ့အခြေခံဟာသဘာဝအ
ကြောင်းအကျိုးတွေပါပဲ။
” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အားပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးမှတ်သားနိုင်ကြပါစေ။


Read more...

အဘယ့်ကြောင့် ဘုန်းကြီးလို့ ခေါ်ပါသလဲ... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))


ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၁၀-မှ...

အဘယ့်ကြောင့် ဘုန်းကြီးလို့ ခေါ်ပါသလဲ...






Read more...

ကံမျှော်သူ နှင့် ကံချော်သူ

လူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”

“ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့…
ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။




(က) လူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”

ရှိပါတယ်နော်။ တချို့လူတွေ ပြောတတ်ကြတာ။ “မရှိလို့လုပ်စားတာ ဖြေးဖြေးပေါ့။ ကံပါရင် ရလိမ့်မယ်”တဲ့။ ပျင်းတာသက်သက်လို့ပဲ ထင်ပါတယ်။ အတိတ်ကံ မျိုးစေ့တွေ ရှိပေမယ့် အဲဒီ့မျိုးစေ့ကို မြေပေါ်ချမစိုက်ရင်၊ ရေ၊ နေ စတဲ့ အထောက်အပံ့တွေ မပေးနိုင်ရင်၊ ပေါင်းသင် ပြုစုခြင်းတွေ မလုပ်ရင် အပင်ပေါက်လာနိုင်မှာ မဟုတ်ပါဘူး။ ဥာဏ်၊ ၀ီရိယ မကူဘဲ ရစရာရှိရင် ရလိမ့်မယ်ဆိုပြီး ထိုင်မျှော်ရုံသက်သက်နဲ့တော့ ရဖို့မလွယ်ပါဘူး။ အတိတ်သံသရာက ပြန်ဆပ်လာမယ့် ကံကြွေးကိုထားလို့ လက်ရှိဘ၀မှာ ပေးမိတဲ့ အကြွေးတောင် နည်းမျိုးစုံနဲ့ မနည်းကို အားထုတ်ပြီး ပြန်တောင်းနိုင်မှ မှန်းထားတဲ့အတိုင်း ရတတ်ကြတာပါနော်။ ဘာမှ အားမထုတ်ရဘဲ အလိုလို ပြန်ရတယ်ဆိုတာ ရှိတော့ရှိမယ်။ ရှားပါလိမ့်မယ်။ မိမိတို့အနေနဲ့လည်း ဆပ်လာမယ့် ကုသိုလ်ကံကြွေးကို ကျေနပ်လောက်တဲ့ အတိုင်းအတာအထိရနိုင်ဖို့ (မိုးရွာရင် မိုးရေကို လိုအပ်တဲ့နေရာရောက်အောင် ကွက်တိစီးစေနိုင်ဖို့ မြောင်းကြိုဖောက်ထားရသလိုမျိုး) ဥာဏ်၊ ၀ီရိယကူပြီး ကုသိုလ်မြောင်းလေး ကြိုဖောက်ထားဖို့ လိုပါတယ်။ မြောင်းထဲမှာလည်း အမှိုက်တွေနဲ့ ပိတ်မနေအောင်၊ ရေစီးရေလာကောင်းအောင် ကြိုရှင်းပေးထားရပါမယ်။ ကုသိုလ်ကတော့ အကျိုးပေးလာပါပြီ။ မိမိတို့က အကုသိုလ်ကံတွေနဲ့ ပိတ်မိနေပြီး ကောင်းကျိုးရသင့်သလောက် မရဘဲ ဖြစ်တတ်လို့ပါ…။

(ခ) “ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့…
ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။ (ဒီပုံပြင်လေးကို လူတိုင်းသိပြီး ဖြစ်လောက်တယ်လို့ ယူဆတဲ့အတွက် မဖော်ပြတော့ပါဘူး။)

အမှန်က ခြေကျိုးရသူဟာ သေရမယ့် အတိတ်အကုသိုလ်ကံ ပါလာပါတယ်။ ဒါပေမယ့် (ဗောဓိ)ညောင်ထောက်တဲ့ ကုသိုလ်ကြောင့် မသေတော့ဘဲ ခြေပဲ ကျိုးရတာပါ။
ရွှေအိုးရသူဆိုတာလည်း ရှင်ဘုရင်ဖြစ်ရမယ့် အတိတ်ကုသိုလ်ကံ ပါလာပါတယ်။ ဒါပေမယ့် (ဗောဓိ)ညောင်ပင်ချိုးတဲ့ အကုသိုလ်ကြောင့် ရှင်ဘုရင် မဖြစ်တော့ဘဲ ရွှေအိုးလောက်ပဲ ရတော့တာပါ။

တချို့ပြောကြတာ ကြားဖူးပါတယ်။ ဦးဘယ်သူ ဒေါ်ဘယ်ဝါပေါ့..။ အကုသိုလ်အလုပ်တွေ လုပ်နေတုန်းက ကောင်းကျိုးတွေ တရစပ်ရ ချမ်းသာနေပြီးတော့ တရားလေးဘာလေးနာမိလို့ အသိတရားရပြီး ကောင်းရောင်းကောင်းဝယ်လုပ်ခါမှ ကုန်းကောက်စရာမရှိအောင် စီးပွါးပျက်ဆင်းရဲသွားရတယ်တဲ့။ ဒီလို ပြောမိတတ်ကြရတာဟာ အတိတ်နဲ့ ပစ္စုပ္ပန် မျှမတွေး၊ မျှမသိဘဲ ပစ္စုပ္ပန် အကြောင်းနဲ့ အကျိုး သက်သက်လေးဘဲ ကွက်ကြည့်မိတတ်တဲ့အတွက် အယူမှားသွားကြရတာပါ။ ဘာမှ သံသယမဖြစ်ကြပါနဲ့။ ကုသိုလ်က ကုသိုလ်အကျိုးကိုပဲ ပေးပါတယ်။ အကုသိုလ်ကလည်း အကုသိုလ်အကျိုးကိုပဲ ပေးပါတယ်။ အခုဆင်းရဲရတာနဲ့ အခုကုသိုလ်လုပ်နေတာနဲ့ ဘာမှမဆိုင်ပါဘူး။ အခုဆင်းရဲရတာက အတိတ်အကုသိုလ်ကံရဲ့ အကျိုးဆက်ပါ။ အခုလုပ်နေတဲ့ ကုသိုလ်ကလည်း တစ်ချိန်မှာ ကောင်းကျိုးချမ်းသာကို ပေးပါလိမ့်မယ်။ ဒီလိုပါပဲ။ အကုသိုလ်လုပ်ပြီး ချမ်းသာနေတယ်လို့ မပြောမိပါစေနဲ့။ သက်သက်စီပါ။ ခွဲမြင်တတ်အောင် ကြည့်စေချင်ပါတယ်။ တစ်ခုတော့ သတိပေးပါရစေ။ ဒီနှစ်ခုမှာ ကုသိုလ်က အဆန်လမ်းဖြစ်ပြီး အကုသိုလ်ကတော့ အစုန်လမ်းပါ။ ကုသိုလ်က အားထုတ်ပြီး လှမ်းရပါတယ်။ အကုသိုလ်ကတော့ သက်သာလှပါတယ်။ ဒါပေမယ့် အဆုံးသတ်ပန်းတိုင်ချင်းကတော့ ကွာလွန်းပါတယ်။ ကမ်းကိုပဲ တက်ချင်ပါတယ်၊ ၀ဲဂယက်ထဲမှာ မြုပ်မသွားချင်ပါဘူးဆိုရင်တော့ တဒင်္ဂသက်သာမှုကို မကြည့်ဘဲ ပန်းတိုင်အထိ လှမ်းမြင်သတိရှိဖို့ လိုပါတယ်။ မာရ်နတ် တက်ရပ်ပေးတဲ့အတွက် အကုသိုလ်ဘက်က ချိန်ခွင်လျှာက သာပြီးသားပါ။ ဒါပေမယ့် ချိန်ခွင်လျှာ သာတာကို သာယာနေတဲ့သူအဖို့ ဒီလိုသာတဲ့အတွက် (ဒီဘက်အခြမ်းက) ပိုသာလေ အောက်ဘက်ကို ပိုကျလေဆိုတာလေးကို တွေးသိမိရင်ရော သာယာနိုင်ပါဦးမလား။

ကံတွေရဲ့ သဘောဟာလည်း ရေများရေနိုင်၊ မီးများမီးနိုင်ပါပဲ။ အကုသိုလ်သံလိုက်နဲ့ဆွဲရင် အကုသလ၀ိပါက်သံမှုန်တွေ လာကပ်ဖို့ လမ်းရှာနေကြပါတယ်။ ကုသိုလ်ဆိုရင်လည်း ကုသလ၀ိပါက်တွေက ချောင်းနေကြပါတယ်။ ဒါပေမယ့် အားကြီးသူက လမ်းရပါတယ်။ ကံတစ်ခုလုပ်ရင်- လက်ရှိဘ၀မှာတင် အကျိုးပေးတဲ့ကံ၊ ဒုတိယဘ၀မှာ အကျိုးပေးတဲ့ကံ၊ တတိယဘ၀ကစပြီး နိဗ္ဗာန်မရမချင်း အကျိုးပေးတဲ့ကံဆိုပြီး အရည်အသွေး (၃)မျိုးက တွဲပါပြီးသားပါ။ ကုသိုလ်လုပ်ပေမယ့် ကောင်းကျိုးမရသေးတာက ကုသလ၀ိပါက် တိုးဝင်နေရာယူနိုင်လောက်အောင် အားမကြီးသေးလို့ပါ။ ဒါကို အတွေးချော်မသွားစေဘဲ ဒီလောက်နဲ့မရသေးရင် ပိုပြီးတော့ အားထုတ်ရမယ်လို့ပဲ နှလုံးသွင်းမှန်ရပါမယ်။ အတိတ်ကပြုထားတဲ့ ကုသိုလ်ကံတွေ အရှိန်အဟုန်နဲ့ အကျိုးပေးနိုင်စေဖို့ လက်ရှိဘ၀မှာ ကုသိုလ်တွေ များများလုပ်ပြီး ဒီဘ၀တင် အကျိုးပေးမယ့် ကံတွေနဲ့ ချူယူတတ်ရပါမယ်။ မိမိက သေချာရှင်းထားလို့ မြောင်းထဲမှာ ရေကတော့ အရှိန်အဟုန်နဲ့ စီးလာပါပြီ။ ဆက်လိုက်စရာ ရေမရှိလို့ ရေပြတ်သွားရတယ်လို့လည်း မဖြစ်ပါစေနဲ့…။

(ဂ) ကံဆိုရာမှာလည်း မျိုးစေ့နဲ့ တူတဲ့ကံ၊ အမြစ်နဲ့ တူတဲ့ကံ ဆိုပြီး (၂)မျိုး ရှိပါတယ်။
မျိုးစေ့ဆိုတာ အပင်ဖြစ်ချိန်မှာ မရှိတော့ပါဘူး။ အတိတ်ကံဟာ မျိုးစေ့နဲ့ တူပါတယ်။ အကျိုးပေးချိန်မှာ မမြင်ရတော့ပါဘူး။ နာနာက္ခဏိကကံ လို့ ခေါ်ပါတယ်။
အမြစ်ဆိုတာမျိုးကျတော့ အပင်နဲ့ အတူတကွ ဖြစ်တာပါ။ ပစ္စုပ္ပန်ကံက အမြစ်နဲ့ တူပါတယ်။ သဟဇာတကံ လို့ ခေါ်ပါတယ်။

အတိတ်ကံကို ကိုယ်မပြုပြင်နိုင်ပေမယ့်-
အတိတ် ကုသိုလ်ကံရဲ့ အကျိုးပေး ကောင်းအောင်…
အတိတ် အကုသိုလ်ကံရဲ့ အကျိုးပေး ညံ့အောင်၊ ပျက်အောင်…
ပစ္စုပ္ပန်ကံတွေကို ကောင်းသထက်ကောင်းအောင် အားထုတ်ကြိုးစားပြီး ပြုပြင်နိုင်ပါတယ်။


ဒီလို ကမ္မပစ္စည်း (၂) မျိုးရဲ့ သဘောကို နားလည်နိုင်မယ်ဆိုရင်တော့…
ကံမျှော်သူ လူပျင်း အဖြစ်မှရော၊
ကံချော်သူ မိစ္ဆာဒိဋ္ဌိ အဖြစ်မှရော လွတ်မြောက်နိုင်ပါပြီ။

[+/-] အပြည့်အစုံဖတ်မယ်...



Read more...

ဖန်ဆင်းရှင်ကို ဖန်ဆင်းသူများ...ပေးစာ (၁၆)...

ဖန်ဆင်းရှင်တွေဟာ ဘယ်သူတွေလဲ ဆိုတာ အရင်စာထဲမှာ ဘုန်းဘုန်း ပြောပြပြီးသွားပြီ။ ဒါပေမဲ့ အဲဒီ ဖန်ဆင်းရှင်တွေကို ဖန်ဆင်းတဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာ ထပ်ရှာမှရမယ်။ ဖန်ဆင်းရှင်ကို ဘယ်သူဖန်ဆင်း သလဲ ဆိုတဲ့ မေးခွန်းက ပေါ်လာပြီ။ ကဲ အဖြေရှာကြည့်ရအောင်။
ကံ ဆိုတာ အလုပ်ပဲ၊ ကမ္မ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာပါ။ အရင်ဘ၀က လုပ်ခဲ့တဲ့ ကောင်းမှု၊ မကောင်းမှုတွေ၊ အခုဘ၀ အခု အချိန်ထိ လုပ်နေတဲ့ ကောင်းမှု၊ မကောင်းမှုတွေ ဒါတွေအားလုံးဟာ ကံတွေပါပဲ။ ကံကောင်းချင်ရင် ကောင်းတဲ့ အလုပ်တွေ ကိုလုပ်၊ ကံဆိုးချင်ရင် မကောင်းတဲ့ အလုပ်တွေကိုသာလုပ်။ ဒါက ရှင်းရှင်းလေးပဲ။
ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ် တွေကို ဘယ်သူကဖန်ဆင်းသလဲ? တခြား ဘယ်သူကမှ လာပြီး ဖန်ဆင်းတာမဟုတ်ဘူး။ အဲဒါတွေကို သားတို့၊ သမီးတို့ ကိုယ်ကိုယ်တိုင်ပဲ ပြုလုပ်လိုက်တာ ဖန်ဆင်းလိုက်တာ မဟုတ်လား?
(၉) တန်း ကျောင်းသားဘ၀က မိမိ ကိုယ်ကိုယ်တိုင် စားကြိုးစားမှု ဆိုတဲ့ ကံ၊ ဉာဏ်၊ ၀ီရိယကြောင့် စာမေးပွဲ အောင်ခဲ့တယ်။ (၁၀) တန်းကို ရောက်လာတယ်။ (၉) တန်း ဘ၀တုန်းက ကြိုးစားမှု ကံ၊ ဉာဏ်၊ ၀ီရိယ မရှိခဲ့ဘူး ဆိုရင် (၁၀) တန်းကို ရောက်နိုင်ပါ့မလား? ဘယ် ရောက်နိုင်လိမ့်မလဲနော်။
(၁၀) တန်းမှာလည်း ဆက်ပြီး မကြိုးစားဘူး ဆိုရင် (၁၀) တန်းကို အောင်ဖို့ရာ မဖြစ် နိုင်ဘူး။ (၁၀) တန်းကို ထပ်ပြီး အောင်ဖို့အတွက် သားတို့၊ သမီးတို့ဟာ ကံ၊ ဉာဏ်၊ ၀ီရိယ တွေကိုပဲ ထပ်ပြီး လုပ်ကြရဦးမှာ။
ဒါကြောင့် သားတို့၊ သမီးတို့တွေရဲ့  အနာဂတ် ဘ၀တွေကို ဖန်ဆင်းပေးမယ့် ဖန်ဆင်းရှင်တွေကတော့ ကံ၊ ဉာဏ်၊ ၀ီရိယ အဲဒီ သုံးခုဆိုတာ သေချာပါတယ်။
အဲဒီ ကံ၊ ဉာဏ်၊ ၀ီရိယ ဆိုတဲ့ ဖန်ဆင်းရှင်တွေကို ဖန်ဆင်းပေးမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ? တခြား ဘယ်သူမှ မဟုတ်ပါဘူး။ ကာယကံရှင်တွေကတော့ သားတို့၊ သမီးတို့ ကိုယ်တိုင်ပါပဲ။
ကံ၊ ဉာဏ်၊ ၀ီရိယ တို့ကို သားတို့၊ သမီးတို့က ဖန်ဆင်းလိုက်တာ။ သားတို့၊ သမီးတို့က ဖန်ဆင်းသူတွေလေ။
ဖန်ဆင်းရှင်ဖြစ်တဲ့ ကံ၊ ဉာဏ်၊ ၀ီရိယတို့ကို အသုံးချပြီး သားတို့၊ သမီးတို့ရဲ့  အနာဂတ် ကို ကိုယ်ကိုယ်တိုင် ဖန်ဆင်းကြရ ပါလိမ့်မယ်။
ဒါကြောင့် ဖန်ဆင်းရှင်တွေက ကံ၊ ဉာဏ်၊ ၀ီရိယ။
အဲဒီ ကံ၊ ဉာဏ်၊ ၀ီရိယတွေကို ဖန်ဆင်းသူတွေက သားတို့၊ သမီးတို့ ကိုယ်တိုင်ပါပဲ။

မြတ်စွာဘုရား ဟောထားတယ် အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်ကိုသာ ကိုးကွယ်ရာတဲ့။ ကိုယ့်ကိုယ်ကို ကြိုးစားခိုင်းတာပါပဲ။မြတ်စွာဘုရား ဟောထားတယ် အတ္တာဟိ အတ္တနော နာထော၊ မိမိကိုယ်ကိုသာ ကိုးကွယ်ရာတဲ့။ ကိုယ့်ကိုယ်ကို ကြိုးစားခိုင်းတာပါပဲ။
ကမ္ဘာမှာ အောင်မြင်နေတဲ့လူတွေကို အောင်မြင်လာအောင် ဘယ်သူက ဖန်ဆင်းတာလဲ?
အဲဒီ အောင်မြင်တဲ့ လူတွေကို အောင်မြင်လာအောင် သူတို့တွေ ကိုယ်တိုင်ကပဲ ဖန်ဆင်းတာလေ။ အောင်မြင်တဲ့ လူတွေမှာလည်း ဘာတွေရှိနေကြသလဲ ဆိုတော့ ကံ၊ ဉာဏ်၊ ၀ီရိယ တွေပဲ ရှိနေကြတယ်။
ဒါကြောင့် ကံ၊ ဉာဏ်၊ ၀ီရိယက သားတို့၊ သမီးတို့ကို ဖန်ဆင်းကြသလို သားတို့၊ သမီးတို့ကလည်း ကံ၊ ဉာဏ်၊ ၀ီရိယ တို့ကို ပြန်ပြီးတော့ ဖန်ဆင်းကြလိမ့်မယ်။
ကဲ ဖန်ဆင်းရှင်တွေက ကံ၊ ဉာဏ်၊ ၀ီရိယ။ ဖန်ဆင်းရှင်တွေကို ဖန်ဆင်းမယ့်သူတွေက သားတို့၊ သမီးတို့ ကိုယ်တိုင်ပါပဲ။
ဒါလောက်ဆိုရင် ဖန်ဆင်းရှင်ကို ဘယ်သူဖန်ဆင်းလဲ ဆိုတာ သားတို့၊ သမီးတို့ သိနိုင်လောက်ပြီလို့ ထင်တယ်နော်…

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP