* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, September 6, 2009

ကဲန်ဆယ်လေးရှင်းအလွန်

တက္ကသိုလ်ဒုတိယအဓိပတိရုံးခန်းအပြင်ဘက်တွင် ချထားသည့် ကုလားထိုင်တစ်လုံးမှာ ထိုင်ရင်းသူ့အမည်ခေါ်သံကို နားစွင့်နေခဲ့သည်။ နေ့လည် ၁၂ နာရီခန့်မှ စတင်စောင့်နေခဲ့သော သူ့ဗိုက်ဗာအလှည့်သည် ၂ နာရီခွဲခန့်ကြာမှ ရောက်လာသည်။
အခန်းတွင်းဝယ် ဘာသာရပ်ဆိုင်ရာပါမောက္ခဂုရုကြီးများက အသင့်မေးခွန်းများနှင့် တိုက်ပွဲခေါ်သံပေးနေကြလေသည်။ သူတို့လက်ထဲတွင် သူရေးသားမည့် ကျမ်းစာ၏ အကြိုပဏာမစာတမ်းငယ်များကိုယ်စီရှိနေခဲ့ပြီးပြီ။


Read more...

အပြေးလိုက်သည့် ၀ဋ်းကြွေး

စာရေးသူတို့ အိမ်နားတွင် မောင်ဝင်းခိုင်-ဆိုသော လူရွယ်တယောက်ရှိပါသည်။ မောင်ဝင်းခိုင်သည် အရက်ကလေး တမြမြနှင့် နေတတ်သည်။ အရက်ရှိန်ရလာလျှင်လည်း ထင်ရာ လုပ်တတ်သောအကျင့် ရှိသည်။

တနေ့တွင် သူသည် ကားလမ်းဘေးရှိ အရက်ဆိုင်တွင် အရက်သောက်နေသည်။ ထိုစဉ် ခွေးငယ်တကောင်သည် မောင်ဝင်းခိုင် အရက်သောက်နေသည့် ခုံဘေးတွင် ရစ်သီရစ်သီ လုပ်နေရာ မောင်ဝင်းခိုင်က ဘာမပြော ညာမပြော ခွေးငယ်လေးကို ခြေထောက်ဖြင့် ကန်ပစ်လိုက်သည်။
ခွေးငယ်မှာ တဖက်ခုံဝိုင်းနှင့် ဆောင့်မိပြီး ခြေထောက်နာသွားသည်။ တအင်အင်နှင့် အော်ညည်းနေရှာပါသည်။

မောင်ဝင်းခိုင်သည် ခြေထောက်နာ၍ အော်ညည်းနေသော ခွေးငယ်လေးအား သနားကြင်နာရမှန်း မသိသည့်ပြင် ကုပ်မှဆွဲကိုင်ပြီး ကားလမ်းမဘက် ယိုင်နဲ့စွာ ထွက်သွားသည်။ ထို့နောက် တဖက်မှ အရှိန်ဖြင့် မောင်းနှင်လာသော ကုန်ကားကြီးအောက်သို့ ခွေးငယ်လေးအား ပစ်သွင်းလိုက်သည်။

ခွေးငယ်လေးသည် ကားဘီးအောက် ရောက်ရှိသွားသည်။ ကားကြိတ်ခံရပြီး မရှုမလှ သေဆုံးသွားရှာသည်။ မောင်ဝင်းခိုင်သည် ခွေးကလေး ပြားချပ်သေဆုံးနေသည်ကို ကြည့်၍ သူလုပ်ရဲ ကိုင်ရဲသည်ဟု ဂုဏ်ယူကာ ကြွစောင်းစောင်းဖြင့် အရက်ဆိုင်ထဲ ပြန်ဝင်လာခဲ့သည်။ အရက်သမားများကလည်း သူ၏ ရက်စက်မှုကို အံ့သြစွာ ကြည့်နေကြသည်။

ခွေးကလေး ကားတိုက်သေပြီး ၆-လခန့်ကြာသောအခါ တနေ့သော ညအချိန်တွင် မောင်ဝင်းခိုင်သည် ကားလမ်းဘေး အရက်ဆိုင်မှ အရက်သောက်ပြီး ကားလမ်းဖြတ်ကူးသည်။
ထိုစဉ် အရှိန်ဖြင့် မောင်းနှင်လာသော ကုန်ကားတစင်းသည် မောင်ဝင်းခိုင်ကို တိုက်၍ မောင်းပြေးသွားသည်။

မောင်ဝင်းခိုင်သည် ကားတိုက်အရှိန်ဖြင့် ကားလမ်းနှင့် ခေါင်း ရိုက်လိုက်သလိုဖြစ်ပြီး နှစ်ရက်မျှ သတိလုံးဝမရရှိဘဲ ကွယ်လွန်သွားလေသည်။ ၄င်းကို တိုက်သွားသော ကုန်ကားကြီးကိုလည်း လုံးဝရှာမတွေ့ခဲ့ပေ။

မောင်ဝင်းခိုင်သည် မိမိမထင်မှတ်ဘဲ ပြုလုပ်မိခဲ့သော အကုသိုလ်ကံကြွေးကို ၆-လအတွင်း ပြန်လည်ပေးဆပ်ခဲ့ရသည်။ မကောင်းမှု လုပ်သူများ ဆင်ခြင်ဖွယ် ဖြစ်ပေသည်။

( မချိုထွေး-ကိုးလုံးကွင်း )


Read more...

သက်ကယ်ရိတ်စကားများ(၆)


အိမ်ခေါင်မိုးကို သက်ကယ်မိုးတော့ ညီညီ့သူငယ်ချင်းများ၊ ကိုကို့သူငယ်ချင်းများနှင့် တရုန်းရုန်း။ အမျိုးသမီးများက အိမ်အောက်မှနေ၍ သက်ကယ်ပျစ်များကို ကမ်းပေးကြသည်။ အမိုးပေါ်မှ ကာလသားများက သက်ကယ်ပျစ်များကို လှမ်းယူပြီး အိမ်ရှေ့ခေါင်းဖျားဘက်မှစ၍ ခေါင်ရင်းဘက်သို့ ခပ်စိပ်စပ် စေ့စေ့စပ်စပ် မိုးလာကြသည်။ ဆံပင်များတွင် သက်ကယ်စ သက်ကယ်မှုန်များက အဖွေးသား။ ကိုကို့ကျောပြောင်ကြီးသည်ကား နေရောင်ချည်အောက်တွင် လက်လက်ထနေသည်။

အမေနှင့် မမနွယ်က ထမင်းချက်သည်။ ဟင်းကတော့ ထုံးစံအတိုင်း ကာလသားချက်ချက်ထားသော ကြက်သားနှင့်ဘူးသီး။ ငါးပိထောင်း။ အိမ်ဖြစ် ငါးပိရည်နှင့် တို့စရာက ကန်စွန်းရွက်ပြုတ်။ အနံ့ကလေးမွှေးလာတော့ မိန်းကလေးများက ဗိုက်ဆာပြီး တခိခိရယ်သည်။ ကိုကို့သူငယ်ချင်း ကိုရင်သာဂိ တစ်ဖြစ်လဲ ကိုနေမျိုးက "မကျက်သေးဘူးလား ကြီးဒေါ်ရေ ဗိုက်ထဲမှာ တယောထိုးနေပြီ " ဟု အော်ပြောတော့ အားလုံးဝိုင်းရယ်ကြသည်။ နေမင်း၏ ပူပြင်းသောအစွမ်းသတ္တိကြောင့် စိမ့်ထွက်လာသော ချွေးစက်အသီးသီးသည် သက်ကယ်မှုန်များ၊ ဖုန်မှုန့်များနှင့်ရောကြူ၍ မည်းညစ်သော ချွေးစက်များအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ဒေသအသီးသီးတွင် ဧရာဝတီသံလွင်စသော မြစ်ကြောင်းများကဲ့သို့ နှေးတစ်လှည့်မြန်တစ်ခါ စီးဆင်းပြီး အနိမ့်ဆုံးနေရာ၌ စုဆုံပေါင်းစည်းမိကြ၍ ကမ္ဘာမြေကြီး၏ဆွဲအားကို မလွန်ဆန်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် သို့ တစ်ပေါက်ပြီးတစ်ပေါက် ခုန်ဆင်းခိုနားကြလေသည်။ နေမင်းကား သူ့လက်ချက်ကို အားရ၍ ပြင်းပြင်းပူ၏။ သို့သော် အချင်းချင်း ချစ်စနိုး,စနောက်၍ တဟားဟား တခစ်ခစ် ရယ်မောနေသော ရွှင်မြူးကြည်သာသည့် ဆယ်ကျော်သက်တို့၏ ရယ်သံများသည် မျက်နှာပြင်အပူချိန် ၅၅၀၀ ဒီဂရီ စင်တီဂရိတ်ရှိသော ကီလိုမီတာ ၁၄၉သန်းက သူရိယနေမင်းကို လှောင်ပြောင်သရော် သကဲ့သို့ ရှိလေသည်။

ညီညီသည် သက်ကယ်မိုးသော မြင်ကွင်းကို ကြည့်၍ ရင်တွင်းမှ ဖိုလှိုက်လာမိသည်။ သူ၏ ရင်တွင်းတွင် သူ၏ သူငယ်ချင်းများကို ချစ်သောစိတ်တို့က အသွေးထဲအသားထဲသို့ နေရာလပ်မရှိ ပျံ့နှံ့ကုန်ဘိသည်။ ထိုမှတစ်ဆင့် သူ၏ရွာကို ချစ်သောစိတ်သည် ဆက်လက်၍ ဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် တိုင်းပြည်ကို ချစ်သောစိတ်သည် ဆက်လက်၍ ဖြစ်ပေါ်လာသည်။ အသွေးထဲအသားထဲက ချစ်သောစိတ်ဟူသည်ကား သက်ကယ်မိုးအိမ်၏ အရိပ်ကို တစ်ခါမျှ မခိုနားဖူးသော တိုင်းတစ်ပါးသားတို့ နားမလည်နိုင်သည့် ဗြဟ္မစိုရ်တရား နှင့်ယှဉ်သည့်၊ ကတညုတ တရားနှင့်ယှဉ်သည့် ချစ်နည်းမျိုးဖြစ်သည်။ စင်စစ် ညီညီ ကိုယ်တိုင်ပင်လျှင် သူ၏ အသွေးအသားထဲက ဖြစ်လာသော ချစ်ခြင်းမေတ္တာ သဘောကို ကောင်းမွန်စွာ နားမလည်သေး။ အရွယ်ငယ်သေး သောကြောင့် ဖြစ်သည်။ ခွန်အားရှိသော မေတ္တာသည် အသက်အရွယ်နှင့် မဆိုင်။ ဘယ်အကြောင်းတရားက ချစ်ခြင်းမေတ္တာနှင့် တိုက်ရိုက်သက်ဆိုင်သလဲ ဆိုတာကိုတော့ ညီညီလည်း မပြောတတ်။ စာရေးသူလည်း မပြောတတ်။ ကိုကိုကတော့ ပြောတတ်မည် ထင်သည်။

ဤသို့ပေါ်လာသော ချစ်ခြင်းမျိုးသည်ကား တိမ်မည်းလှိုင်းရိပ်တွေကြား လျှပ်စီးနွယ်လက်ပုံမျိုးနှင့် တူလေသည်။ လျှပ်ပြက်သလို လက်လိုက်သော်လည်း လောကအလုံး ထိန်လင်းသွားအောင် တတ်နိုင်သကဲ့သို့ ညီညီ၏ လျှပ်ကနဲလက်လိုက်သော အချစ်သည်ပင် ညီညီ့ဘ၀၏ မီးရှူးတန်ဆောင်ဖြစ်လောက်အောင် ခွန်အားကောင်းလေသည်။ ဤချစ်ခြင်းမျိုးသည်ကား ဆင်းရဲဒုက္ခရောက်သော်လည်း ချိနဲ့မသွားသော ဒေါင်ဒေါင်မြည် ချစ်ခြင်းမျိုးဖြစ်သည်။ စကြာဝဠာတံတိုင်း အထပ်ထပ်ခြား သော်လည်း ဝေးမသွားသော ချစ်ခြင်းမျိုးဖြစ်သည်။ အလွန်အေးမြသော အအေးပေးစက် တပ်ဆင်ထားသည့် အခန်းထဲသို့ ရောက်သော်လည်း "မာ" မသွားသော ချစ်ခြင်းမျိုးဖြစ်လေသည်။ ဖော့လို အ၀တ်အစားများကို ၀တ်ဆင်နေရသော်လည်း ပျော့မသွားသော ချစ်ခြင်းမျိုးဖြစ်သည်။ ဗာကျူရယ်ဝေါလ်(virtual world) မှာ စကားလုံးများနှင့် တူတူပုန်းတိုင်း ကစားနေသော်လည်း "မေ့လျော့" မသွားနိုင်သော ချစ်ခြင်းမျိုးဖြစ်လေသည်။

အမျိုးကိုချစ်သောစိတ်က ဖေးမသောအခါ နို့ပျဉ်းများကို တလှုပ်လှုပ်ရမ်း၍ အော်ကြီးဟစ်ကျယ် စကားပြောနေသော ရှေးအဘွားကြီးများသည် လည်းကောင်း၊ နေပူပူမှာ ပြာမွဲနေသော ကျောကို ပြောင်ပြောင်ဖော်ပြ၍ တဟားဟား အော်ရယ်နေသော ကာလသားများသည် လည်းကောင်း၊ သနပ်ခါးချွေးကွက်သဖြင့် သမန်းဆီ တက်နေသော ခြေသလုံးတို့ အထင်းသားပေါ်နေသည့် လုံမ တို့သည်လည်းကောင်း ချစ်ဖွယ်မြတ်နိုးဖွယ် ကောင်းနေလေသည်။ ဤမြင်ကွင်းမျိုး ဤချစ်ခြင်းမျိုး တစ်သက်မှာ တစ်ခါရှိခဲ့ဖူးလျှင်ကား မင်းကြီးမဟာဗန္ဓုလဘ၀ ကို ရောက်သော်လည်း မောင်ရစ်ဘ၀ကို မေ့နိုင်တော့မည် မဟုတ်သကဲ့သို့ ခင်ကလျာ မြမြညှာ ဘ၀သို့ ရောက်သော်ငြားလည်း ပူစူးမဘ၀ကို မေ့နိုင်တော့မည် မဟုတ်ပါချေ။ အကြောင်းကြောင်းကြောင့် ပမာဒလေခ၍ မေ့လျော့ခဲ့လျှင်လည်း အကြောင်းတိုက်ဆိုင်တိုင်း ဒိုင်းကနဲသတိရ၍ ယခင်ကရှိခဲ့သည့် ကျေးဇူး ဂုဏ်သိက္ခာတို့ ပြန်လည်ပေါ်ပေါက်နိုင်မည့် ချစ်ခြင်းမျိုး ဖြစ်လေသတည်း။

အဲသည်ညက ကိုကိုက ညီညီ့ကို ကတညုတ ကတဝေဒီ (သူ့ကျေးဇူးကို အထူးသိတတ်ခြင်း) အကြောင်း ဆွေးနွေးပြသည်။ ဆွေးနွေးပြရင်း ဆရာကြီးဦးရွှေအောင်၏ စာပိုဒ်တစ်ပိုဒ်ကို ရွတ်ပြသောအခါ မမနွယ်က ကိုကို့ကို ရှိခိုးသည်။ ကိုကိုက ဆရာကြီးဦးရွှေအောင်ကို ရှိခိုးသည်။ မေမေကလည်း ဆရာကြီးဦးရွှေအောင်ကို ရှိခိုးသည်။ ညီညီကမျက်လုံးအကြောင်သား ကြည့်နေပြီးမှ ကိုကို့ကိုရော မမနွယ်ကိုရော မေမေ့ကိုရော ဆရာကြီးဦးရွှေအောင်ကိုရော ရှိခိုးလေသည်။ ကိုကိုသည် အားလုံးအတွက် သွေးသားအရင်း သဖွယ် ဖြစ်နေမှန်း အားလုံးက ခံစားနားလည် နေကြသည်။ ညီညီသည် ကိုကို့ကို အစ်ကိုအရင်းကဲ့သို့ရော အဖေကဲ့သို့ရော ချစ်ခင်မိလေသည်။ ညီညီ၏ရင်တွင်းတွင် ဆရာကြီး၏ နက်ရှိုင်းသော စကားသံတို့သည် အထပ်ထပ် ရိုက်ခတ်နေဘိ၏။ ပိုမိုမှတ်မိစေရန် နောက်တစ်ခေါက် ထပ်မံရွတ်ပြဖို့ ကိုကို့ကို တောင်းပန်ရပါသည်။
[ ဆက်ဖတ်ရန် +/- ]


ကိုကို၏ စာရွတ်သော အသံသည် တရားပြသော ကမ္မဋ္ဌာန်းဆရာ၏ အလွန်လေးနက်သော လေးနက်ခြင်းမျိုးဖြင့် ညဥ့်ဦးယံကို ရဲတင်းစွာ ထွင်းဖောက်ကာ ကြည်လင်စွာ ထွက်ပေါ်လာခဲ့သည်။

---"ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် အားလျော်စွာ ကျွန်တော်တို့၏ အမျိုးဘာသာ၊ သာသနာအတွက် ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ရာ၌ ဤကတညုတ အမြင်မျိုးသာ အားထုတ်အပ်ပါသည်။

ကျွန်တော်တို့သည် မိမိတို့၏ အမျိုးကို ချစ်ကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ ချစ်သည်ပင် ဖြစ်ပါ၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်သောအခါ ပဋ္ဌာန်းပါဠိတော် ဥပနိဿယ ပစ္စည်းအရ ကျွန်တော်တို့အပေါ်၌ ကျွန်တော်တို့ လူမျိုးက ပို၍ ကျေးဇူးကြီးသည်။ ထို့ကြောင့် အခြားလူမျိုးများ အပေါ်ထက် ကျွန်တော်တို့ လူမျိုးများအပေါ် ကျွန်တော်တို့က ပို၍ကျေးဇူးဆပ်ရ၏။ ဤသို့ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများကလည်း "နရယည" ဟူ၍ဆို၏။ "နရယည" ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ လူမျိုးများ ဟူ၍ ဖြစ်သည်။

ထိုနည်းအတူ ကျွန်တော်တို့သည် မိမိတို့၏ဘာသာကို မြတ်နိုးကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးတို့၏ ဘာသာများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ မြတ်နိုးသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်ပါက ကျွန်တော်တို့၏ ဘာသာက အခြားလူမျိုးတို့၏ ဘာသာထက် ကျွန်တော်တို့အပေါ် ပို၍ ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့၏ဘာသာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ဤသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက "ဗြဟ္မယည"ဟူ၍ ဆို၏။ "ဗြဟ္မယည"ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ စာပေများဟူ၍ ဖြစ်၏။

အလားတူပင် ကျွန်တော်တို့သည် ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍အခြားလူမျိုးများ၏ ဘာသာ၊သာသနာကို လေးစားသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်သောအခါ ကျွန်တော်တို့၏ သာသနာ ကျွန်တော်တို့အပေါ် ပို၍ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ သာသနာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ထိုသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက "ဒေ၀ယည" ဟူ၍ ဆို၏။ "ဒေ၀ယည"၏ အနက်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော ဘုရားဟူ၍ ဖြစ်၏။

သို့ရာတွင် ကျွန်တော်တို့၏ ဘုရားကား အခြားသူများ၏ဘုရားနှင့်မတူ။ ထို့ကြောင့် ကျွန်တော်တို့၏ သာသနာသည်လည်း အခြားသူများ၏ သာသနာနှင့်မတူချေ။ဤသည်မှာ ကတညုတမျက်စိဖြင့် လောကကို ကြည့်သော အခါ မြင်ရသော အမြင်များ ဖြစ်၏။ ဤအမြင်မျိုးဖြင့်သာ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တိုးတက်သည်ထက် တိုးတက်အောင်၊ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် ပြန့်ပွားသည်ထက် ပြန့်ပွားအောင် အားထုတ်အပ်ပါ၏။

အမှန်အားဖြင့် အရေအတွက်ထက် အရည်အချင်းသည် ပြဋ္ဌာန်း၏။ အရေအတွက်သည် "အားသစ်"ကို မဖြစ်ပေါ်စေနိုင်ဘဲ အရည်အချင်းသည်သာ အားသစ်ကို ဖြစ်ပေါ်စေနိုင်၏။ အမှန်အားဖြင့် အရည်အချင်းအားဖြင့် ဖွဲ့စည်းနိုင်ပါမှလည်း ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာသည် တကယ်တမ်း တိုးတက်နိုင်မည် ဖြစ်၏။

ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တကယ်တမ်း တိုးတက်စေလိုပါလျှင် လောကကို ကတညုတ(သူ့ကျေးဇူးကို အထူးသိတတ်သော) မျက်စိဖြင့် ကြည့်ပြီး အရေအတွက်အရ ဖွဲ့စည်းမှုနည်းထက် အရည်အချင်းအရ ဖွဲ့စည်းမှု နည်းဖြင့် လုပ်သင့်ပါသည်။ ဤသည်မှာ ဗုဒ္ဓအလိုကျနည်း ဖြစ်ပါ၏။"---


မြန်မာပြည် လူဦးရေ၏ တစ်ဝက်မျှ ရှိမည်ဖြစ်သော ကလေးသူငယ် အများစုကဲ့သို့ပင် ညီညီသည်လည်း "အညတရ" ကလေးတစ်ဦးသာ ဖြစ်ပါသည်။ သို့ရာတွင် လောကကို အညတရများက တည်ဆောက်ထားတာကို သတိပြုမိသော ကိုကိုကမူ သူ၏ညီကို ကောင်းမွန်စွာ ပြုစုပျိုးထောင် ပေးလေသည်။ ပြုစုပျိုးထောင်ရာတွင် အညတရအဖြစ်မှ ထင်ရှားကျော်ကြား အောင်မြင်သော ညီတစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်သည့် နည်းမျိုးဖြင့် ပျိုးထောင်ခဲ့သည်ကား မဟုတ်။ အညတရအဖြစ်ဖြင့် လောက၏ ကျေးဇူးကို ဆပ်တတ်ရန်သာ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ပါသည်။ အသာစံလိုသော စိတ်ထားမျိုးဖြစ်အောင် ပျိုးထောင်ခဲ့ခြင်းမဟုတ်ဘဲ အနစ်နာခံတတ်သော စိတ်ထားမျိုး မွေးမြူတတ်ရန်သာ ပျိုးထောင်ခဲ့ခြင်း ဖြစ်ပါ၏။

အညတရများက စောင့်ရှောက်ခဲ့၍သာ မိမိတို့၏ အမျိုးဘာသာ သာသနာသည် ဤမျှကြာရှည်တည်တံ့၍ မိမိတို့ကို ကျေးဇူးပြုနေနိုင်ခဲ့သည် မဟုတ်ပါလော။


သက်ကယ်ရိတ်စကားများ(၁၊၂၊၃၊၄၊၅)

Read more...

သောတာပန်ဟာ တဏှာရူး လောဘရူးလား


ဘုရားရှင်ရဲ့ အဆုံးအမတရားတော်များကို ရဟန်းရှင်လူများ အသက်ပေးပြီး သယ်ဆောင်ခဲ့တာ ယနေ့ထိတိုင်အောင်ပါပဲ့။ ဒီလို သာသနာတော်ကြီးကို လက်ဆက်ကမ်းသယ်ဆောင်လာခဲ့တဲ့နေရာမှာ အခက်အခဲမျိုးစုံနှင့် ကြုံခဲ့တာလည်းရှိတယ်။ ဆန့်ကျင်ဖက်ဝါဒမျိုးစုံကို ကြံ့ကြံ့ခံကာ ကျော် လွှားခဲ့ရတာလည်း ရှိပါတယ်။
ဒီဆန့်ကျင်ကွဲပြားတဲ့ဝါဒများဟာ ဘုရားရှင်သက်တော်ထင်ရှားလက်ထက်ကလည်း ရှိခဲ့သလို၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှာ လည်း အနည်းနှင့်အများ ရှိခဲ့ပါတယ်။ သဘောထားကွဲလွဲကာ စဉ်ပြိုင်ဝါဒတွေလည်း ပေါ်ပေါက်ခဲ့ တယ်။ ဒါ့အပြင် လာဘ်လာဘကိုငှဲ့ပြီး သာသနာအတွင်းသို့ ၀င်ကြတဲ့အတွက် ရဟန်းအတုအယောင်တွေနဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်လာခဲ့တယ်၊ အဲလိုအခြေအနေမှာ တာဝန်ရှိ မင်းနှင့်ရဟန်းရှင်လူများက သာသနာသန့်ရှင်းရေး စီမံကိန်းဖြင့် ရဟန်းအတုအယောင်များကို လူထွက်စေကာ သာသနာကို သန့်ရှင်းအောင်ပြုခဲ့ရတဲ့အခါ လည်း ရှိပါတယ်။

ရဟန်းရှင်လူအများ အသက်ပေးပြီး လက်ဆက်ကမ်း သာသနာပြုခဲ့ပုံများကိုလည်း ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ သီဟိုဠ်ခေတ်စံတော်ဝင်အရိယာများ စာအုပ်မှာ ကြည်ညိုဖွယ်ရာ ဖတ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သာသနာတော်ကြီး ရှင်သန်တည်တံ့နေတာဟာ ယခုဆိုလျှင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီဖြစ် ပါတယ်။ ယနေ့ခေတ်မှာလည်း အတ္တနောမတိဖြင့် ကိုယ်လိုရာဆွဲတွေးပြီး ဗုဒ္ဓ၀ါဒပဲ လို့ ဘန်းပြကာ အဆန်းထွင်နေကြသူများလည်း ရှိလာကြပြန်ပါပြီ။
တစ်နေ့ ဘာသာရေးမဂ္ဂဇင်းကြီးတစ်စောင်ရဲ့ အယ်ဒီတာချူပ်တစ်ဦးထံမှ ဖုန်းလာပါတယ်။ အကြောင်းက မကြာမီ ထုတ်ဝေမဲ့ စာရေးသူရဲ့စာအုပ်ကိစ္စကို ဆွေးနွေးဖို့ပါ။ ဒါပေမဲ့ တကယ်ဆွေးနွေးဖြစ်သွားတာက ယနေ့ခေတ်နာမည်ကြီးနေတဲ့ လူပုဂ္ဂိုလ်သာသနာပြုအဖွဲ့တဖွဲ့အကြောင်း ပါ။ အယ်ဒီတာချူပ်ကြီးရဲ့ ပြောပြချက်က “ အရှင်ဘုရား….လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်တုန်းက လူပုဂ္ဂိုလ်ဦးဆောင်တဲ့ သာသနာပြုအဖွဲ့တဖွဲ့က လူအများအား ဖိတ်ပါတယ်၊ ဒီအထဲမှာ တပည့်တော်တို့ စာနယ်ဇင်းအဖွဲ့တွေ၊ အယ်ဒီတာတွေလည်း စုံစုံလင်လင်ပါပါတယ်။ သူတို့ဖိတ်ရခြင်းအကြောင်းက သူတို့်တရား နဲ့ပတ်သက်ပြီး မသိတာတွေ မေးမြန်းနိုင်ဖို့ အတွက် ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ကြပါတယ်ဘုရား… အဲဒီမှာ တပည့်တော်က ‘ခင်ဗျားတို့က အပါယ်ပိတ်နေပီဆိုတော့ သောတာပန်ဖြစ်နေပီလား’ လို့မေးတော့ ……..အဖွဲ့ခေါင်းဆောင်ရဲ့လက်ထောက်တစ်ယောက်က မထင်မှတ်တဲ့ စကားကို ပြောလာပါတယ်၊ ‘သောတာပန်ဆိုတာ ဘာမှမဟုတ်သေးဘူး။ လူထက်အနည်းငယ်ပဲ သာတာ။ တကယ်တော့ သောပန်တွေဟာ တဏှာရူး - လောဘရူး တွေအဆင့်ပဲ ရှိသေးတာပါ၊ သောတာပန်မဖြစ်လဲ အပါယ်မကျနိုင်အောင် ကျင့်သုံးနိုင်ရင်ပီးတာပဲ မဟုတ်လား’၊ လို့အရိယာကို စော်ကားတဲ့စကားနဲ့ ပြန်ဖြေလိုက်ပါတယ်။ ကြားရတာ ကိုယ့်နားကိုယ် မယုံနိုင်အောင်ပါပဲ၊ တပည့်တော် ကြက်သီးထမိ တာအမှန်ပါဘုရား၊ ဒီစကားကို ဘ၀င်မကျတဲ့အတွက် ပြန်မေးလိုက်ချင်ပါတယ်၊ဒါပေမဲ့ သူတို့ပွဲဆိုတော့ တပည့်တော် မမေးတော့ပဲ ပြန်ခဲ့ပါတယ်ဘုရား” လို့ အယ်ဒီတာချူပ်တစ်ဦးက သူ တွေ့ကြုံခဲ့ရပုံများကို ပြောပြပါတယ်။
ယခုအခါ အင်တာနက်များပေါ်ပေါက်လာတဲ့အတွက် အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်လိုရာ ဆွဲပြီး ဗုဒ္ဓ၀ါဒဖြစ်လေဟန် ဟောပြော ရေးသားနေကြတာဟာ သာသနာအတွက် အလွန်ဝန်လေးစရာကောင်းလှပါတယ်။ စာဖတ်သူများကလည်း အင်တာနက်စာမျက်နှာပေါ်ရှိ စာများကို ဖတ်ပြီး အရမ်းမယုံကြည်သင့်ပါ။ ကိုယ်ပိုင်အသိဥာဏ်ဖြင့် စဉ်းစားတွေးခေါ်စေလိုပါတယ်။ ကိုယ်ဥာဏ်မမှီဘူးပါ့ဆိုရင်လည်း ထေရ၀ါဒ အခြေခိုင်တဲ့ ပညာတတ်ဆရာဘုရားကြီးများကို မေးမြန်းလျှောက်ထားသင့်တယ်လို့ အကြံပေးပါရစေ။
မကြာသေးမီက အင်တာနက်စာမျက်နှာပေါ်မှာ “ သောတာပန်ဟာ ငါးပါးသီလလုံပါရဲ့လား” ဆိုပြီး ရူးကြောင်မူးကြောင် အမေးမျိုးကို လာရောက်မေးမြန်းထားတာ တွေ့ရပါတယ်။ ဒါဟာ သောတာပန်အတု ဖြစ်ကြောင်း တစ်ယောက်က ပြန်လည် ဖြေထားတာကို တွေ့လိုက်ရတယ်။ စာရေးသူကလည်း ထပ်ဆင့်ဖြေလိုက်ပါရစေ…. သောတာပန် ငါးပါးသီလ လုံ/မလုံဆိုတာကို သိချင်ရင် နည်းစနစ်မှန်စွာနဲ့ အားထုတ်ပါ။………………ကိုယ်ကိုယ်တိုင်က အပျင်းကြီးပြီး ကြိုးစားတရားအားမထုတ်ဘဲနဲ့ သောတာပန်အရိယာများကို အတင်းအဖျင်းပြောကာ အပါယ်လက်မှတ်ကို မ၀ယ်နေကြပါနဲ့ လို့ ပြောချင်ပါတယ်။
ဒီနေရာမှာ သောတာပန်တို့ရဲ့ စိတ်နေစိတ်ထားကို ဖေါ်ပြပါဦးမယ်။
သက္ကပဥှသုတ်မှာ သိကြားမင်းက ဘုရားရှင်အား “ အရှင်ဘုရား…. လူ နတ် ဗြဟ္မာ သတ္တ၀ါတွေဟာ ဘေးရန်ကင်းပ ချမ်းသာစွာ နေလိုပါသော်လည်း မနေရတာဟာ ဘာကြောင့်ပါလဲဘုရား” လို့ လျှောက်တယ်။ ထိုအခါ ဘုရားရှင်က “ လူ နတ် ဗြဟ္မာ သတ္တ၀ါတွေ ဘေးရန်ကင်းပ ချမ်းသာစွာ နေလိုပါသော်လည်း မနေရတာက ဣဿ မစ္ဆရိယ တရားကြောင့်ပါပဲ” လို့ မိန့်တော်မူတဲ့အတွက် ဣဿာ မစ္ဆရိယဟာ သတ္တ၀ါတွေကို အလွန်ဆင်းရဲစေတတ်တဲ့ တရားဆိုးဖြစ်တယ်။ ထိုတရားဆိုးတွေဟာ သောတာပန် မှာ မရှိတော့ဘူးလား၊ ပယ်ပြီးပြီလား ဆိုတာနဲ့ ပတ်သက်ပြီး ပြောရအောင်ပါ။
မဂ်လေးပါးဖြင့် ကိလေသာအဆင့်ဆင့်ကို ပယ်ပုံကို မူလပဏ္ဏာသအဋ္ဌကထာ၊ ပ ၊ ၁၇၀ -၀တ္တသုတ်အဖွင့်မှာ ဖွင့်ပြထားပါတယ်။
(၁)အဘိဇ္ဈာ ၀ိသမလောဘ, ထမ္ဘ,သာရ မ္ဘ, မာန, အတိမာန, မဒ ကိလေသာ ခြောက်ပါးကို အရတ္တမဂ်က ပယ်ခွာတယ်။
(၂)ဗျာပါဒ, ကောဓ, ဥပနာဟ, ပမာဒ ကိလေသာလေးပါးကိုတော့ အနာဂါမိမဂ်က ပယ်ခွာတယ်။
(၃)မက္ခ, ပလာသ, ဣဿာ, မစ္ဆရိယ, မာယာ, သာဌေယျ ကိလေသာ ခြောက်ပါးတို့ကို သောတာပတ္တိမဂ်က ပယ်ခွာတယ်။
(သုတ်မဟာဝါ အဋ္ဌကထာ နှင့် သမ္မော - ဋ္ဌ တို့မှာလည်း အတူတူပဲ ဖွင့်ဆိုထားပါတယ်) ဒီပယ်စဉ်အရ အလွန်ဆိုးဝါးတဲ့ ဣဿာ မစ္ဆရိယတရား များကို သောတာပတ္တိမဂ်က အညွန့်အညောက်မထွက်အောင် ပယ်ခွာကြောင်း သိသင့်ပါတယ်။
ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာတရားကို အကြွင်းမဲ့ပယ်ပြီးဖြစ်လို့ ရတနာသုံးပါးအပေါ်မှာ သက်ဝင်ယုံကြည်တဲ့ စိတ်ရှိတယ်။ ဘယ် သိကြားဗြဟ္မာများက လာရောက်ဖျက်ဆီးသော်လည်း ဘယ်သောအခါမှ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု မပျက်တော့ပါ။ အရိယာတို့နှစ်သက် မြတ်နိုးတဲ့ ငါးပါးသီလအကျင့်နဲ့လည်း လုံခြုံတယ်။( မဟာဝဂ္ဂသံယုတ်၊ ဝေဠုဒွါရသုတ်)
သောတာပန်ဟာ ဘ၀တစ်ပါးရောက်ပြီး မိမိကိုယ်ကိုယ်ကို သောတာပန် မှန်းမသိ ဖြစ်နေစေဦးတော့ ငါးပါးသီလတော့ မဖေါက်ဖျက်တော့ဘူး။ “သတ္တ၀ါအသက်ကို မသတ်ရင် သင့်ရဲ့ခေါင်းကို ဖြတ်သတ်ရလိမ့်မယ်” ဆိုတာတောင်မှ ကိုယ့်အသက်ပဲ အသေခံမယ် သီလအကျင့်ကိုတော့ လုံးဝမဖျက်တော့ပါ။ ထို့အတူ သူတစ်ပါးဥစ္စာ မခိုးတော့ဘူး၊သူတစ်ပါး သားမယား မပျက်မှားတော့ဘူး၊ လိမ်ပြောခြင်းလည်း မရှိတော့ဘူး၊ သေရည်အရက်လည်း မသောက်တော့ဘူး။ (ဗဟုဓာတုကသုတ်)
တကယ်လို့ သောတာပန်ဟာ တဏှာရူး လောဘရူးပဲဖြစ်သေးတယ်ဆိုရင် ငါးပါးသီလထဲက ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို လွန်ကျူး ဦးမှာပါ။ သီလအကျင့်လုံပြီး လုံးဝမပျက်တော့တာကို ထောက်ပြီး သောတာပန်များဟာ တဏှာရူး၊လောဘရူး မဟုတ်ကြကြောင်း ပြောရင်း အဆုံး သတ်လိုက်ပါရစေ……………….

Read more...

ညီတူညီမျှရွှေမန်ကျည်းစေ့


တစ်ခါတွင် ဘိုးတော်မင်းတရားကြီသည် တောင်စမုတ်ဆောင်တော်တွင် မှုးမတ်အပေါင်းနှင့် စံနေတော်မူလေသည်။ ထိုအခိုက်တွင် သားတော် သမီးတော် နှင့်တကွ နန်းတွင်းရှိ မောင်းမငယ် တို့ ကစားပျော်ရွှင်စေရန် ရွှေမန်းကျည်းစေ့တို့ကို ရွှေပန်းထိမ်တော် တွင် အပ်နှံထားရာပြီးစီးသဖြင့် မင်းတရားကြီးထံ အပ်နှံဆက်သလေသည်။

ထိုအခါ ဘိုးတော်မင်းတရားကြီးက ရွှေမန်ကျည်းစေ့ ၏ ပုံကို ပကတိမန်းကျည်းစေ့နှင့် ယှဉ်ပြိုင်ကြည့်ရှု၍ ပုံတူလှကြောင်း ပန်းထိမ်ဆရာတို့အား ချီးကျူးတော်မူလေသည်။ ထို့နောက် တစ်ခုသော ရွှေမန်းကျည်းစေ့ကို ဘိုးတော်မင်းတရားကြီးက ရွှေလက်ဖြင့် ကိုင်ဆုပ်ထား၍ နှစ်ခုသော ရွှေမန်းကျည်းစေ့တို့ကို မိဖုရားခေါင်ကြီးအေား ကိုင်စေတော်မူသည်။ ညီလာခံတွင်ရှိသော အမတ်ကြီးပေါ်ဦး ကိုခေါ်၍ ပျော်ရွှင်စေသောငှာ မိန့်တော်မူလေသည်။

ပေါ်ဦး ငါ၏ရွှေလက်တော်၌ ရှိသော ရွှေမန်းကျည်းစေ့နှင့် မိဖုရား၏ လက်တော်တွင်ရှိသော ရွှေမန်းကျည်းစေ့တို့တွင် မည်သူက အရေအတွက်များတော်မူသလဲ မောင်မင်း...

ထိုအခါ အမတ်ကြီးပေါ်ဦးကလည်းေ အဆိုင်မတွပင် ပြန်လည်ဖြေကြားလိုက်သည်မှာ....

မှန်လှပါ ဘုန်းတော်ကြောင့် ညီတူညီမျှပါဘုရား

ဟေ့...ပေါ်ဦး ငါကိုယ်တော်မြတ် လက်တော်တွင် ရွှေမန်းကျည်းစေ့တစ်စေ့သာရှိသည်။ မိဖုရားလက်တော်တွင် နှစ်စေ့ရှိသည်။ ဤသို တစ်စေ့နှင့် နှစ်စေ့ ရှိနေပါလျက် မောင်မင်းက အဘယ်ကြောင့် ညီတူညီမျှဟု ထင်ဘိသလဲ ပေါ်ဦး (မကျေနပ်ဟန်ဖြင့် ထပ်မံမေးမြန်းတော်မူလိုက်သည်။)

မှန်လှပါဘုရား ၊ ဘုန်းတော်ကြောင့် (ပါတော်မူရင်း)နှင့် ရောကြည့်ပါလျှင် တစ်ကိုယ်လျှင် သုံးစေ့စီပင် ညီတူညီမျှပင် ဖြစ်ရကြောင်းပါဘုရား။

ထိုသို့ ဦးပေါ်ဦး၏ လျှောက်ထားချက်ကို ကြားရသောအခါတွင် ဘ၀ရှင်မင်းတရားကြီး၊ မိဖုရားနှင့်တကွ ညီလာခံတွင် ရှိကြသော မှူးမတ်ဗိုလ်ပါအပေါင်း ပရိသတ်တို့မှာ သဘောပေါက်သွာကြ၍ ရယ်မောကြလေသည်။ ဦးပေါ်ဦးသည် အတည်အတံ့ တရားသဘောသို့သာမက ဟာသရသ စကားလင်္ကာများသည်လည်း ဖြေကြားနိုင်ကြောင်း တွေ့ရပါသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း



Read more...

မြရတနာအနာကြီးရောဂါသည် ကျေးရွာသို့သွားရောက်လှူဒါန်းခြင်း

၅.၉.၂၀၀၉ ရက်နေ့တွင်စစ်ကိုင်းမြို့နယ်မြရတနာ အနာကြီးရောဂါသည်
ကျေးရွာသို့ နော်ဝေနိုင်ငံမှအလှူရှင်တစ်ဦး၏အလှူဖြင့် မန္တလေးမြို့မှ
ဒါယကာကိုဖြိုးကိုထက်တို့နှင့်အတူ ဦးကျော်တင့်+ဇနီးတို့မှ လှူဒါန်းမှု
များဆောင်ရွက်ခဲ့ပါတယ်။ အသေးစိတ်ကိုပိုစ့်တစ်ပုဒ်တင်ပါမယ်





IMG_0301.JPG




IMG_0308.JPG




IMG_0310.JPG



Read more...

မိုက်နောင်တ

ကျွန်မသည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ငါးပေါများသော အရပ်ဖြစ်၍ လတ်ဆတ်သော ငါးများကိုသာ စားတတ်ပါသည်။ ငါးအသေသားဆိုလျှင် ၀ယ်မစားချင်ပါ။ ငါးအရှင်များကိုသာ ၀ယ်၍ မိမိအိမ်ရောက်မှ ကိုယ်တိုင် ကိုင်ကာ ချက်စားတတ်ပါသည်။

လတ်ဆတ်သောငါးဖြစ်၍ အရသာရှိလှ၊ နှစ်ခြိုက်လှပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သော်လည်း ကျွန်မသည် ငါးကို အသက်သတ်ရန် ၀န်မလေးတတ်ပါ။ လေးလေးနက်နက် တွေးတောတတ်သူလည်း မဟုတ်ပါ။ ကျွန်မ အသက်အရွယ် ရလာသောအခါ ခေါင်းမကြာခဏ ကိုက်တတ်သော ဝေဒနာတခု ရလာပါသည်။ အခြားရောဂါတော့ မရှိပါ။

ကျွန်မအတွက် ကူဖော်လောင်ဖက် ရရှိရန် တူမလေးတယောက်ကို ခေါ်ထားပါသည်။ တူမလေးက လိမ္မာရေးခြား ရှိလှပါသည်။ နံနက်စောစောထ၍ ဘုရားရှိခိုး၊ ဆွမ်း၊ ရေချမ်းကပ်၊ ပြီးမှ အခြားလုပ်စရာများကို လုပ်ပါသည်။ ကျွန်မ ခိုင်းရန် မလို။ သူ့ပင်ကိုယ်အသိ ရှိသူလည်းဖြစ်ပါသည်။

သူသည် မည်သည့်သတ္တ၀ါကိုမျှ သတ်ဖြတ်ခြင်း မပြုပါ။ ခြင်ကိုက်လျှင်တောင်မှ လေဖြင့်မှုတ်၍ ခြောက်ပါသည်။ လက်ဖြင့် ဘယ်တော့မှ မရိုက်ပါ။ ကျွန်မ တူမလေးကိုကြည့်၍ ဪ-ငါနှင့်များ ကွာခြားလှပါဘိ-ဟု တွေး၍ ရှက်မိပါသေးသည်။ ငါးဝယ်လာသောအခါ အရှင်များကို တွေ့ပါက အိမ်အနီးရှိ ရေကန်ထဲတွင် လွှတ်ပါသည်။ မည်သည့်အခါမှ မသတ်ဖြတ်ပါ။

နောက်ပိုင်းတွင် ကျွန်မ ငါးမသတ်တော့ပါ။ အခြား သတ္တ၀ါများကိုလည်း မသတ်ဖြတ်တော့ပါ။ ကျွန်မ၏ မြင်ဆရာ တူမလေးကြောင့် ဖြစ်ပါသည်။ တနေ့ ကျွန်မနှင့် တူမလေး ဈေးသို့သွားရန် ထွက်လာကြပါသည်။ ကျွန်မသည် တူမ၏ စက်ဘီးနောက်က ထိုင်လိုက်ရန် ဟန်ပြင်လိုက်သည်။ ကျွန်မသည် ထိုင်ခုံပေါ် မထိုင်မီလေးတွင်ပင် တူမလေးက ထိုင်ပြီးပြီအထင်နှင့် စက်ဘီးကို နင်းထွက်လိုက်ပါသည်။

ကျွန်မ မြေကြီးပေါ် ဖင်ထိုင်လျက်ကျပြီး ပက်လက်လန် လဲပါတော့သည်။ နာလိုက်သည်မှာ မပြောပါနဲ့တော့။ ကျွန်မ၏ တင်ပဆုံရိုး ကျိုးသွားပါသည်။ ကျောက်ပတ်တီးကိုင်ပြီး သတ်မှတ်ရက် ပြီးဆုံးသော်လည်း လမ်းလျှောက်ရာတွင် နဂိုအတိုင်း မဖြစ်တော့ပါ။ တွန်းလှည်းလေးအကူအညီနှင့်သာ သွားလာနိုင်ပါတော့သည်။ ကျွန်မ ဒုက္ခိတ ဖြစ်သွားရချေပြီ။ ကျွန်မ ဘာကြောင့် ဒီလိုဖြစ်ရသည်ကို နေ့စဉ် တွေးတောနေမိပါတော့သည်။

( ချယ်ရီ-ရွှေခြံ )

( မြတ်မင်္ဂလာ ၂၀၀၁-မတ်လ )

Read more...

အရှင်ဇဋိလ၏... သူ့ဘက်ကိုကြည့် ကိုယ့်ဘက်ကိုသိ...


အရှင်ဇဋိလ၏... သူ့ဘက်ကိုကြည့် ကိုယ့်ဘက်ကိုသိ...






Read more...

*မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*


မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။

လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။

ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။

ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။

ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။

ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။

ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။

ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။

အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။

သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။

အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။

ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။

ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။

သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။

ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။

ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။

တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။

ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။

မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++

ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော်မူသော “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ် ခင်ဗျာ။ ဤသို့ မျှဝေ လှူဒါန်းရသော ဓမ္မဒါန ကုသိုလ်သည် ဘုရား တပည့်တော်အား မဂ်ဉာဏ် ဖိုလ်ပေါက် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ရပါစေ အရှင်ဘုရား။

အားလုံးသော ဓမ္မမောင်နှမတို့ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား


Read more...

မှတ်သားဖွယ်ရာ ၀၂


စေတီတည်ထား၍ ကိုးကွယ်မှုနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာကို သိလိုသူတို့အတွက်
“မှတ်သားဖွယ်ရာ အမှတ် ၀၂” အနေနဲ့ တင်ပြလိုက်ပါတယ်။ ဘယ်လို ပုဂ္ဂိုလ်ထူး/ ပုဂ္ဂိုလ်မြတ်ကို စေတီတည်ထား ကိုးကွယ်သင့်/ပူဇော်သင့်သလဲဆိုတာ သိစေချင်တဲ့ ဆန္ဒနဲ့ပါ။ ခေတ်အမြင်သဘောကို မလိုက်ဘဲ... ဓမ္မအမြင်သဘောအရ စေတီတည်ထား ကိုးကွယ်ထိုက်သူများကို မသိသေးသူတို့အတွက် တင်ပြခြင်းဖြစ်ပါတယ်။


စေတီတည်ထား ကိုးကွယ်ထိုက်တဲ့ ပုဂ္ဂိုလ် ၄-ဦး

ဒီဃာနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ ပြဆိုထားတဲ့ စတီတည်ထား ကိုးကွယ်ထိုက်တဲ့

ပုဂ္ဂိုလ်-၄-မျိုး--

၁။ ပူဇော်အထူးကိုခံတော်မူထိုက်သောဘုရားရှင်၊

၂။ ဘုရားငယ်ခေါ်=ပစ္စေကဗုဒ္ဓါအရှင်မြတ်များ၊

၃။ သီလဝန္တဖြစ်သော မြတ်စွာဘုရား၏ တပည့်သားများ၊

၎။ စကြာဝတေမင်း။


တခြားပါဠိတော်၊ အဋ္ဌကထာတို့မှာ ပြဆိုထားတဲ့ စေတီထိုက်သော ပုဂ္ဂိုလ်မြတ် ၄-ပါး---

အင်္ဂုတ္တရ။ ပါဠိတော်နှင့် ၄င်း အဋ္ဌကထာတို့၌ပြဆိုထားသော စေတီတည်ထားထိုက်တဲ့ ပုဂ္ဂိုလ် -၄-ယောက်-

၁၊ သမ္မာသမ္ဗုဒ္ဓဘုရား၊ ၂ ပစ္စေကဗုဒ္ဓါ၊ ၃ ရဟန္တာ၊ ၄ စကြာဝတေးမင်း။

ဒီစကား -၂-ရပ်ကို ချုံငုံကြည့်လိုက်မယ်ဆိုရင်.. စေတီတည်ထား ကိုယ်ကွယ်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ထူး/ ပုဂ္ဂိုလ်မြတ်များဟာ

သမ္မာသမ္ဗဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓါဘုရား၊ ရဟန္တာ၊ စကြာဝတေမင်း- ၄-ဦးပဲ ဖြစ်ပါတယ်။

သာမန် ဘယ်ပုဂ္ဂိုလ်မျိုးကိုမှ စေတီတည်ထားပြီး မကိုးကွယ်ထိုက်ဘူးဆိုတာ သိနိုင်ပါတယ်။


အသိတရားအတိုင်း အမှန်တရားလက်ခံနိုင်ကြပါစေ


မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး





Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP