* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, September 1, 2009

အမေ့ရွာလေးမှာ ပန်းပြန်ဖြစ်မယ့် မြစ်


နှုတ်ဆက်ခဲ့ပါတယ်
ရေးလို့မ၀သေးတဲ့ ၀ါကျတွေ
ပြန်မြိုချထားရ
အမေ့အိမ်ပြန်မယ်လေ။

ရထားလက်မှတ်အဆင်သင့်ဖြစ်ပြီ
လေယာဉ်ထွက်ခွာချိန်လည်းသိပြီ
နောက်တစ်ပတ်နေထွက်ချိန်
အမေ့အိမ်တံခါးဝမှာ
အလွမ်းဆွမ်းရပ်တဲ့ သားရဟန်း
အမေ့ရင်ထဲက ကျေးလက်ပန်းတွေ
ပွင့်ကြစေ မွှေးကြစေပေါ့။

ဒီအချိန်ရောက်မှတော့
ဆွမ်းလည်းကျက်ပြီ
မေတ္တာအနံ့သင်သင်း အပြုံးဟင်းတွေက
အသင့်ခူးခပ်ပြီးသားဖြစ်လိမ့်မယ်။

ဓမ္မဂင်္ဂါစီးကြောင်းမှာ
အမေက လှေလေးတောင် မခတ်နိုင်ခဲ့ဘူးပေါ့
ခွဲစိတ်ထားတဲ့ မျက်လုံးဝေေ၀တွေကြား
သားရဟန်းအသံတွေသာ
ဂီတဖြစ်စေတော့။

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်ထဲ
သားရယ် အမေရယ်လို့များ
စကားတွေကြား
တံတားမရှိခဲ့လေဘူး။

တစ်နယ်လုံးသုံးတဲ့ ဖုန်းလေးဆီ
အမေ မရောက်နိုင်ခဲ့ဘူး။


ကွန်ယက်တွေအပြင်ဘက်နားက
လသာချိန်တွေမှာ
ခေတ်ဟောင်းတေးက
ရွာလေးကို ပွေ့ဖက်
အမေအိပ်စက်ပျော်ပါစေပေါ့
သဘာဝကလည်းလှပါတယ် အမေရယ်။

ဒကာမကြီးလို့ ခေါ်ရမယ့်သူတွေအများသားမို့
အမေလို့ ခေါ်ခွင့်မရုပ်သိမ်းလိုက်ပါနဲ့
ရှင်ပြုတုန်းက တစ်ခါပျော်ခဲ့ပြီးပြီလေ။
သြော်..
ကိုရင်လေးလို့ ခေါ်ရင်
ဒကာမကြီးလို့ထူးမှာပေါ့နေ့ရက်များ။


ဂုဏ်ယူစရာရှိရင်လည်း ငိုလိုက်
ငိုစရာရှိလည်း ငိုလိုက်
အမေ့ရေးတဲ့ ဘ၀သံသရာမြစ်ပြင်ကျယ်ထဲ
ဓမ္မဂင်္ဂါမြစ်ကျဉ်းလေးသာ
စီးလာရမယ်ပေါ့။

သားဟောတဲ့တရားနာပြီး
အမေကျွတ်မယ်မထင်ဘူး
သားရဟန်းအသံမှာ ကပ်နေတဲ့
အမေ့သံယောဇဉ်ထူထူကြီး
ှဆွဲခွာပစ်နိုင်ပါမှကိုး။

စီးလာမယ်
စီးဝင်လာခဲ့မယ်ပေါ့ အမေရယ်
နောက်တစ်ပတ်နေထွက်ချိန်
ရွှေကျီးသာတဲ့နေ့
ဓမ္မဂင်္ဂါဟာ
အမေ့အိမ်ထဲ ခပ်ကဲကဲစီးလာမယ့်
မျက်ရည်သောင်ဖြိုမြစ်တစ်စင်းသာဖြစ်ပေလိမ့်။

(အားလုံးကို နှုတ်ဆက်ပါတယ်။တစ်လတာလောက် ဓမ္မဂင်္ဂါရေးစီးက ရပ်နေပါလိမ့်မယ်။ စိတ်ကူးပေါ်ရာ ၀ါကျတွေကို ဆွဲဆန့်ခွင့်ရခဲ့တဲ့ တစ်လတာ ကာလတိုလေးက လွမ်းစရာပါ။ ရေးစရာတော့ အများကြီးရှိပါသေးတယ်။ ရေးလက်စ “ သီတဂူလမ်း” ကိုလည်း ပြီးအောင် လျှောက်ရဦးမယ်။ အမေ့အိမ်က ပြန်လာတဲ့အခါ တွေ့ကြသေးတာပေါ့။ ဟောဒါကတော့ စကားပြောလို့ ရမယ့် ကိုယ်ပိုင်အခန်းလေးပါ ။ vicitta.modern@gmail.com အားလုံးပျော်ရွှင်ငြိမ်းချမ်းပါစေ။)

မုဒိတာဖြင့်
ဓမ္မဂင်္ဂါ




Read more...

ရဟန်း မခံထိုက်သောသူ (၁၃) ယောက်

(၁) ပဋိသန္ဓေယူသည့် (၁၀) လပါ ထည့်ပေါင်းနိုင်သည့်တိုင် အသက် (၂၀) မပြည့်သောသူ။
(၂) ပါရာဇိကံ (၄) ပါးမှ ကျပြီးသောသူ။
(၃) ပဏ္ဍုက်၊ ယောက်ျားကောင်း စစ်စစ် မဟုတ်သောသူ။
(၄) ရဟန်အသွင်၊ ရဟန်းအယောင် ဆောင်ခဲ့ဖူးသောသူ။
(၅) မှားသောအယူ လက်ရှိယူလျှက် ရှိသောသူ။
(၆) လူစင်စစ် မဟုတ်သောသူ။
(၇) အမိကို သတ်မိခဲ့သောသူ။
(၈) အဖကို သတ်မိခဲ့သောသူ။
(၉) ရဟန္တာကို သတ်မိခဲ့သောသူ။
(၁၀) သံဃာကို သင်းခွဲခဲ့ဖူးသောသူ။
(၁၁) ဘုရားကို သွေးစိမ်းထွက်အောင် ကျူးလွန်ခဲ့သောသူ။
(၁၂) ဘိက္ခုနီမကို မေထုန်ဖြင့် ကျူးလွန်ခဲ့သောသူ။
(၁၃) ဥဘတောဗျည်း၊ မိန်းမအင်္ဂါ ဖြစ်လိုက်၊ ယောက်ျားအင်္ဂါဖြစ်လိုက် ပြောင်းလဲတတ်သောသူ။


Read more...

ကျွန်တော်နားလည်မိသော "ဒါန"

ဒါနဆိုသောအရာကို ကျွန်တော်နားလည်မိသမျှ ရေးလိုက်ပါတယ်။ အမှားပါခဲ့ပါမူ မေတ္တာ ရှေ့ထားကာ ပြုပြင်ပေးခဲ့ပါလို့ တောင်းဆိုပါရစေ။ ဒါနဆိုတဲ့တရားသည် မြတ်ဗုဒ္ဓမပွင့် ထွန်းခင်တည်းက တည်ရှိခဲ့သောအရာ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓပွင့်ထွန်းသည့်အခါတွင်တော့ ထိုဒါနဖြင့် သံသရာဝဋ်ဆင်းရဲကနေ လွတ်ကင်းအောင် ဆောင်နှင်းပေးတော် မူနိုင်ခဲ့ပါ၏။ သို့ဖြစ် သောကြောင့် ဒါနနှင့်ဆိုင်သော အကြောင်းအရာများ မရေးသာမီ တရားပိုင်ရှင်ဖြစ် တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဘုရားတပည့်တော် ရှိခိုးပါ၏။

ဒါနဆိုသော အရာကို လူတိုင်းကြားဖူးကြပါမည်။ လုပ်ဖူးကြပါမည်။ ဒီယတေ ဒါနံ- ပေးလှူအပ်၊ စွန့်ကြဲ အပ်သောကြောင့် ဒါန ဟုခေါ်သည်။ ထိုသို့ပေလှူသော စွန့်ကြဲသော အရာကို ဗုဒ္ဓဘာသာဝင်တွေလည်းလုပ်တယ်။ တစ်ခြားဘာသာဝင် တွေလည်းလုပ်ပါတယ်။ မပေး မလှူခဲ့ဖူးသူ (ကျွန်တော့်အထင်) တစ်ယောက်တစ်လေတောင် ရှိမှာမဟုတ်ပါဘူး။ အလှူခံပုဂ္ဂိုလ် ရှိရမယ်။ ဒီနေရာမှာ အလှူခံဆိုတာက အမျိုးပေါင်း ၁၄ မျိုးအထိရှိပါတယ်။ အလှူခံတစ်ကျိတ်လေး ခွေးတောင်ပါသေးတယ်လို့တစ်ချို့ပြောကြတာ ကြားဖူးမှာပါ။ အလှူပေးတဲ့ ပစ္စည်းရှိရမယ်။ အလှူပေးတဲ့သူ လည်းရှိရပါမယ်။ ဒီသုံးခုစုံရင် အလှူဖြစ်မြောက်ဖို့ ရာနှုန်းပြည့်နီးပါးရှိပါပြီ။ အလှူခံလက်ထဲကို ပစ္စည်းရောက် အောင်ပို့ပေးပြီးပြီ ဆိုရင်တော့ အလှူဖြစ်ပြီလို့ပဲဆိုပါစို့။

သုံးမျိုးလုံးစုံနေပြီးတော့ မပေးလှူဖြစ်ခဲ့တာတွေလည်း အများအပြားရှိကြလို့ပါပဲ။ ဒါဟာ သတိပြုစရာပါ။ ပေးလှူစရာ နဲ့ကြုံနေခဲ့ရင် လှူသာလှူလိုက်ဖို့နိုးဆော်လိုက်ပါရစေ။ ဘာကြောင့် လည်းဆိုတော့ အလှူ ၀တ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို ရွေးချယ်စဉ်းစားနေ၍ ဒါနပါရမီ ညစ်နွမ်းတတ်သောကြောင့်ပါပဲ။ တစ်ချို့ ကလှုပြီဆိုရင် သူ့မှလှူမယ်၊ ငါ့မှ လှူမယ်ဆိုပြီးတော့ ရွေးနေတတ်ပါတယ်။ အလှူလုပ်တာမှာ မေတ္တာပြဌာန်းမှုမရှိတဲ့အတွက်ကြောင့်လို့ပဲ ကျွန်တော်သတ်မှတ်ပါတယ်။ မေတ္တာသာရှိမယ်ဆိုရင် ဘယ်သူ့ကိုမှ လှူမယ်၊ ဘယ်နေရာကိုမှ လှူမယ်ဆိုတာမရှိတော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ မေတ္တာဆိုတဲ့သဘောက ပိုင်းခြားကန့်သတ်ထားတဲ့ boundary ဆိုတာမရှိလို့ပါပဲ။

မေတ္တာဟာ အပရိမာဏဆိုတဲ့အတိုင်း အပိုင်းအခြားမရှိပါဘူး။ ဒီတော့ လှူမယ်ဆိုရင် မေတ္တာ ရှေ့ထားပြီး လှူကြစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကိုယ်ချစ်တဲ့သူ၊ ကိုယ်စေတနာ ရှိတဲ့သူတွေက စားရသောက်ရ ပြီးတော့၊ ကိုယ်မချစ်ခင်မနှစ်သက် တဲ့သူတွေကျတော့ အငတ်ဘေးဆိုက်ရောက်ရတဲ့ အဖြစ်တွေကြုံရပါလိမ့်မယ်။ ဆရာတော် အရှင်ဇ၀န၏ မိန့်ကြားချက်ကလည်း မှတ်သားလောက်ပါတယ်။

ဥစ္စာထဲမှာ အနှစ်ရှာ တွေ့တာ ဒါနပဲ။

ဟုတ်ပါတယ်။ မိမိပိုင်ဆိုင်ထားသမျှတွေဟာ တစ်နေ့မှာ အားလုံးထားခဲ့ကြရတာပါပဲ။ ဘာတစ်ခုမှ ယူသွားလို့မရပါဘူး။ မိမိပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေ၊ မကောင်းမှု အကုသိုလ် ကံတွေကသာ မိမိနဲ့ တပါတည်းလိုက်ပါခဲ့ကြမှာပါ။ တစ်ကယ်တော့ ဘယ်လောက်ပဲစားစား တစ်ခါစားရင် တစ်ဝမ်းဝရုံ ထက်ပိုစားလို့မရပါဘူး။ ဘယ်လောက်ပဲဝတ်ဝတ် အရှက်လုံရုံအပြင် ပိုပြီးမရှိပါဘူး။ ဒီနေရာမှာ တစ်ခုစဉ်း စားကြည့်တာပေါ့လေ။ ကျွန်တော်တို့တတွေ အ၀တ်အစားတွေ ၀တ်ကြပြီဟေ့ဆိုရင် ကိုယ့်အတွက်ဝတ်တာလား၊ သူများကြည့်ကောင်း ဖို့ဝတ်တာလား။ သူများကြည့်ကောင်း ဖို့ဆိုရင်တော့ ကိုယ့်အတွက်မပါတာ သေချာသွားပြီ။ မ၀တ်နဲ့လို့ မဆိုလိုပေမယ့် ၀တ်သင့်သလောက်ကို ၀ယ်ပါ။ ၀တ်ပါ။ ပိုလျှံတာကိုတော့ ချို့တဲ့နေတဲ့သူတွေကို လှူလိုက်ပါ။

အ၀တ်အစားလေးကိုငဲ့ကွက်ပြီးတော့ ကုသိုလ်ရမယ့်လုပ်ငန်းတွေမှာလည်း ပျက်ကွက်တတ်ပါတယ်။ ကာယမစ္ဆရိယ ဖြစ်နေခဲ့ရင်ပေါ့။ အ၀တ်သစ်လေးဝတ်လာတဲ့နေ့ အမှိုက်မကောက်ချင်၊ အမှိုက်မလှဲချင်နဲ့။ ကုသိုလ်အရေးမှာ အနှောက်အယှက်ဖြစ်စေနိုင်တာကို သတိပြုပါ။ ဒီတော့ လှူပြီဆိုရင်လည်း လိုအပ်နေတဲ့ နေရာတွေမှာလှူပါ။ ဘာကိုလှူရမလဲဆိုတော့ အသုံးတည့် တာကိုလှူပါ။ သီတဂူဆရာတော်ကြီး တရားတစ်ခုထဲမှာ ကြားဖူးတယ်။ နာဂစ်ဖြစ်တော့ အောက်ပြည်အောက်ရွာကလူတွေကို လှူလိုက်ကြတာ အ၀တ်အထည်အသစ်တွေပေါ့။ တစ်ချို့သော အဖိုးအဖွားတွေရကြတာ ခေတ်လူငယ်တွေ ၀တ်တဲ့ ဘောင်ဘီတွေ၊ ထမိန်စကတ်တွေဖြစ်နေတော့ မသင့်တော်ပါဘူး။ လိုအပ်နေတာတော့မှန်ပါတယ်။ သင့် တော်တာလည်း ဖြစ်ဖို့လိုပါတယ်။

သူတော်ကောင်းတွေဆိုတာ ဒုက္ခရောက်နေတဲ့သူကို မြင်ရင် ကရုဏာဝင်တယ်တဲ့။ ကရုဏာဝင်တယ်ဆိုတော့ စိတ်ထဲမှာ တုန်လှုပ်တာပေါ့။ သူတို့လေးတွေ အဆင်ပြေ စေချင်တော့ လိုအပ်တာတွေ စီစဉ်ပေး ကြပြန်တော့ မေတ္တာတွေနဲ့ လုပ်ဆောင်ကြပြန်ရော။ ဟော …. သူတို့တွေလိုတာတွေ ရလို့ပျော်နေကြ တာကိုကြည့်ပြီးတော့လည်း အလှူရှင်ပါဝမ်းမြောက်လွန်းလို့ မုဒိတာတွေ ၀င်နေပြန်ပါတယ်။ ဒီနေရာမှာ ချစ်သူ၊ ခင်သူ၊ လူရင်း၊ လူဖျား ခွဲခြားပြီး လှူတာမဟုတ်တဲ့အတွက် ဥပေက္ခာလည်း ဖြစ်နေပြန်ပါတယ်။ ဒီလိုမျိုး ကိုယ့်အကျိုးကိုမကြည့် သူ့အကျိုးစီးပွား ဖြစ်ထွန်းဖို့အရေး လက်မနှေးပဲ ဆောင်ရွက်ကြတာ သူတော်ကောင်းတွေပါပဲ။ တို့လည်း သူတော်ကောင်းဖြစ်ချင်ရင် သူတော်ကောင်းတွေ ကျင့်သလိုလိုက် ကျင့်ကြရပါမယ်။

သူတော်ကောင်းမှန် ကောင်းမှုကံ ပြုရန်လွယ်ပေ၏။ သူယုတ်မာမှန် မကောင်းကံ ပြုရန် လွယ်ပေ၏။ ဒီနေ့ကတော့ ဒါနကို နည်းနည်းလေးဖွင့်ပေးလိုက်ပါတယ်။ နောက်နေ့များမှာတော့ ဒါနအမျိုးအစားတွေနဲ့၊ ကျန်တဲ့ဗဟုသုတဖြစ်ဖွယ် မပြုသင့်တဲ့ ဒါန၊ ပြုသင့်တဲ့ဒါန စသည်များကို ခွဲခြားဆွေးနွေးသွားပါဦးမယ်။

ဒါန သီလ ကုသလ၌ လုံ့လွတ်လျော့၊ လေးဖင့်ပေါ့၍ မေ့လျော့သောသူ သူသေ ဟူ၏။

မာန်လည်ဆရာတော်ဘုရားကြီး အမိန့်ရှိခဲ့တာပါ။ တို့တွေရော ရှင်လျက်က သေနေတဲ့သူ ဖြစ်ချင်တာလား။ လူသေပြီး နာမည်ရှင်ချင်တာလား။ ရွေးပေတော့။

အားလုံးသော သတ္တ၀ါတွေ ချမ်းသာကိုယ်စိတ် မြဲပါစေ။



Read more...

ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း...

ပဉ္စရာဇသုတ်

သာဝတ္ထိနိဒါန်း။

ထိုအခါ၌ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည် ဖြစ်၍ မွေ့လျော်ကုန်သော ပသေနဒီအမှူးရှိကုန်သော ငါးယောက်ကုန်သော မင်းတို့အား- ''ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း'' ဟူသော ဤအကြားစကားသည် ထင်ရှားဖြစ်၏၊

ထိုမင်းတို့တွင် အချို့သောမင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ရူပါရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည်...
''ကာမဂုဏ်တို့တွင် သဒ္ဒါရုံတို့ သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ဂန္ဓာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ရသာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

မင်းတို့သည် အချင်းချင်း သိစေခြင်းငှါ မတတ်နိုင်ကုန်။

ထိုအခါ ပသေနဒီကောသလမင်းသည် ထိုမင်းတို့အား ဤစကားကို ဆို၏- ''အချင်းတို့ လာသွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာ ဘုရားအား ထိုအကြောင်းကို မေးလျှောက်ကြကုန်စို့၊ ငါတို့သည် မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်ကုန်အံ့'' ဟုဆို၏ ''အကြည်တော် ကောင်းပါပြီ'' ဟု ထိုမင်းတို့သည် ပသေနဒီ ကောသလမင်းကြီး၏ စကားကို ဝန်ခံကြကုန်၏။

ထို့နောက် ပသေနဒီအမှူးရှိကုန်သော ထိုမင်းငါးဦးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကြပြီးသော် ပသေနဒီကောသလမင်းလည်း မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည်ဖြစ်၍ မွေ့လျော်ကုန်သော အကျွန်ုပ်တို့ မင်းငါးယောက်တို့အား 'ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း' ဟူသော အကြားစကားသည် ထင်ရှားဖြစ်ပါ၏၊

''အချို့သော မင်းတို့သည် ။ ပ ။ မြတ်ကုန်၏' ဟုဆိုကုန်၏။

အသျှင်ဘုရား ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း'' ဟု (လျှောက်၏)။


''မင်းကြီး ကာမဂုဏ်ငါးပါးတို့၌ နှစ်သက်ခြင်းလျှင် အထွတ်အထိပ်ရှိသော ကာမဂုဏ်ကို စင်စစ်မြတ်၏'' ဟူ၍ ငါဘုရား ဟောတော်မူ၏၊

ထိုရူပါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ်ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရူပါရုံတို့ဖြင့် နှစ်လို၏၊ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ဤရူပါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ်သော ရူပါရုံကို မတောင့်တ၊ ထိုသူအား ထိုရူပါရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုရူပါရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုသဒ္ဒါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင် သဒ္ဒါရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုသဒ္ဒါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည် လည်း ဖြစ်သော သဒ္ဒါရုံကို မတောင့်တ၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုဂန္ဓာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင် ဂန္ဓာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုဂန္ဓာရုံမှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော ဂန္ဓာရုံကို မတောင့်တ၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုရသာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရသာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုရသာရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ်သော ရသာရုံကို မတောင့်တ၊ ထိုသူအား ထိုရသာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုရသာရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုဖောဋ္ဌဗ္ဗာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သောသူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ဖောဋ္ဌဗ္ဗာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုဖောဋ္ဌဗ္ဗာရုံတို့မှ တစ်ပါး သော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို မတောင့်တ၊ ထိုသူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန် ၏၊ ထိုသူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် အတူမရှိကုန် ဟု (မိန့်တော်မူ၏)။

ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် ထိုပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ စန္ဒနင်္ဂလိက ဥပါသကာသည် နေရာမှထ၍ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားအား လက်အုပ်ချီကာ ဤစကားကို လျှောက်၏- ''ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသောအကြောင်းသည်) ထင်လာပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသောအကြောင်းသည်) ထင်လာပါ၏'' ဟု (လျှောက်၏)။ စန္ဒနင်္ဂလိက သင့်အား ထိုတစ်ခုသော အကြောင်းသည် ထင်စေလော့ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ထိုအား လျောက်ပတ်သော ဂါထာဖြင့် ချီးကျူး၏-

''ကောင်းသော အနံ့ရှိသော, နံနက်အခါ၌ ပွင့်သော, မကင်းသော အနံ့ရှိသော, ကောကနဒ အမည်ရှိသော ပဒုမ္မာကြာကဲ့သို့ လည်းကောင်း၊ ကောင်းကင်၌ ထွန်းတောက်ပသော နေမင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူသော ကိုယ်တော်မှ ပြိုးပြိုးပြက်ပြက် ထွက်သော အရောင်ရှိတော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်လော့'' ဟု ချီးကျူး၏။

ထိုအခါ၌ ထိုမင်းငါးယောက်တို့သည် စန္ဒနင်္ဂလိကဥပါသကာအား ငါးထည်သော စုလျားပုဆိုးတို့ကို ပေးကုန်၏၊ ထိုအခါ စန္ဒနင်္ဂလိကဥပါသကာသည် ငါးထည်သော စုလျားပုဆိုးတို့ကို မြတ်စွာဘုရားအား လှူ၏။ 123

၂ - ပဉ္စရာဇသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

နတ်သမီးနဲ့ မျောက်အိုမ

တခါတုန်းက ကပိလ၀တ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဓနနဲ့ ဂေါတမီမိဖုရားတို့မှာ နန္ဒမင်းသားဆိုတဲ့ သားတော်တပါး ရှိပါတယ်။ ဘုရင်ကြီးသုဒ္ဓေါဓနဟာ သားတော်ကြီး သိဒ္ဓတ္ထက ထီးနန်းစွန့်ခွါပြီး တောထွက်သွားတာမို့ နန္ဒမင်းသားကိုပဲ အားကိုးအားထားပြုပြီး ထီးနန်းကို လွှဲအပ်ပေးခဲ့ပါတယ်။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ရဲ့ လက်ထပ်ပွဲ နဲ့ ဘိသိက်ပွဲဟာ အင်မတန် ကြီးကျယ်ခမ်းနားခဲ့တာပေါ့။

နန္ဒမင်းသား လက်ထပ်ပြီး မင်းလုပ်မယ့်အချိန်မှာ အကိုဖြစ်သူ သိဒ္ဓတ္ထမင်းသားက ဘုရားအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ဆွေတော်မျိုးတော်တွေကိုတွေ့ဖို့ ကပိလ၀တ်ပြည်ကို ရောက်ရှိလာခဲ့ပါသတဲ့။ ဒီတော့လည်း နန္ဒမင်းသားအနေနဲ့ သူ့ရဲ့မင်္ဂလာဆွမ်းကို အကိုဖြစ်တဲ့ ဘုရားရှင်ဆီမှာ ဆက်ကပ်ခဲ့တော့တာပေါ့။ နန္ဒမင်းသားဟာ ငယ်စဉ်ကတည်းက အကိုသိဒ္ဓတ္ထကို ချစ်ကြောက်ရိုသေခဲ့သူမို့ အမြဲ ဂါရ၀တရားရှေ့ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ဒီမှာတွင်မပြီးဘဲ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ပြဿနာစတော့တာပါပဲ။ နန္ဒမင်းသားက ဘုရားရှင်ကို ရိုသေတဲ့အနေနဲ့ နန်းတော်ပေါက်ဝအထိ သပိတ်ကိုကိုင်ပြီး လိုက်ပို့ပေးခဲ့ပါတယ်။

သူ့စိတ်ထဲမှာလည်း အကိုဘုရားက အပေါက်ဝထိပဲ သူ့ကို သပိတ်ကိုင်ခိုင်းမယ်ထင်တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကလည်း ညီတော်ကို ချွတ်ချင်တော့ နန်းတော်ပေါက်ဝမှာ သပိတ်ကို ပြန်မယူဘဲ ကျောင်းတော်အထိ လိုက်ပါစေခဲ့ပါတယ်။ နန္ဒမင်းသားဟာ ဘုရားနောက်က သပိတ်ကိုင်ပြီး ပါသွားတယ်လည်းကြားရော ဇနပဒကလျာဏီဟာ ချက်ချင်းကို လေသာပြတင်းကထွက်ပြီး-
( ဇနပဒကလျာဏီက )-မောင်တော် မောင်တော်ဘုရား မြန်မြန်ပြန်ခဲ့ပါနော်။
နန္ဒမင်းသားလည်း အသံကြားလို့ လှည့်ကြည့်တဲ့အခါ ဇနီးသည်ရဲ့ စိုးရိမ်တဲ့မျက်ဝန်း၊ ကြောင့်ကြပုံစံကို မြင်လိုက်ရတော့ ချက်ချင်းတောင် ပြန်လှည့်ပြေးချင်တော့တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကို ကြောက်ရ၊ ရိုသေရတာမို့ ကြိတ်မှိတ်ပြီး ကျောင်းအထိ လိုက်သွားခဲ့ပါတယ်။

ကျောင်းကိုရောက်တဲ့အခါမှာ ဘုရားရှင်က -
( ဘုရားရှင် )-ညီတော်-ရဟန်းပြုပေးမယ်ဆိုရင် ပြုနိုင်မလား။
( နန္ဒမင်းသား )-မှန် မှန်ပါ့ဘုရား၊ ပြု ပြုပါ့မယ်ဘုရား။
နန္ဒမင်းသားဟာ စိတ်ထဲက အကြိမ်ကြိမ် ငြင်းမိပေမယ့် ပါးစပ်ကတော့ ဒီလိုပဲ ထွက်သွားခဲ့ပါတယ်။ မပြုချင်ပါဘူးလို့ သူဘယ်လိုမှ မပြောရဲခဲ့ပါဘူးတဲ့။ ဒီလိုနဲ့ပဲ နန္ဒမင်းသားဟာ ရဟန်းပြုဖြစ်သွားခဲ့ပါတယ်။ ကြောက်လို့သာ ရဟန်းပြုခဲ့ရသူဆိုတော့ သာသနာ့ဘောင်မှာ ဘယ်လိုပျော်နိုင်မှာတဲ့လဲ။ စိတ်ထဲမှာလည်း ဇနီးသည်ရဲ့ အမှာစကားနဲ့ မှာလိုက်ပုံလေးကို တမ်းတနေတာပေါ့။ အရှင်နန္ဒ သာသနာ့ဘောင်မှာ မပျော်မှန်းသိတဲ့ ဘုရားရှင်က ရှင်နန္ဒရဲ့စိတ်ကို ဒီလိုအနိုင်ယူခဲ့ပါတယ်။

အဲဒါကတော့ လမ်းခုလတ်မှာ မီးလောင်ပြီး အမြီးပြတ်နေတဲ့ မျောက်အိုမကြီး တကောင်ကိုပြပြီး-
( ဘုရားရှင် )-ရှင်နန္ဒ-ဒီမျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူချောသလဲ
( ရှင်နန္ဒ )-ဘယ်လိုမေးလိုက်တာလဲ ဘုရား၊ ဇနပဒကလျာဏီက မနှိုင်းယှဉ်သာအောင် သာတာပေါ့။
( ဘုရားရှင် )-ဟုတ်ပါပြီလေ။
ဘုရားရှင်က ဒီတခွန်းပဲပြောပြီး တာဝတိံသာနတ်ပြည်ကို ဆက်လက်ကြွချီသွားတဲ့အချိန်မှာတော့ နတ်ပြည်မှာ အင်မတန်ချောမောလှပတဲ့ နတ်သမီးတွေ တပုံတပင်မို့ ရှင်နန္ဒမှာ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
( ဘုရားရှင် )-ရှင်နန္ဒ-ဒီနတ်သမီးတွေနဲ့ ဇနပဒကလျာဏီ ယှဉ်လျှင်ရော။
( ရှင်နန္ဒ )-နတ်သမီးတွေရဲ့အလှက တပုံကြီး သာတာပေါ့ဘုရား၊ သူတို့နှင့်ယှဉ်လျှင် ကလျာဏီဟာ မျောက်အိုမကြီးရဲ့ အနေအထားလောက်ပဲ ရှိပါတယ်။
( ဘုရားရှင် )-ဒါဆို-ညီတော်နန္ဒ-ဒီနတ်သမီးတွေကို လိုချင်လျှင် သာသနာတော်မှာ ပျော်ပျော်နေပါ။ သူတို့ကို ရစေရပါ့မယ်။

ရှင်နန္ဒဟာ တခါတည်းငြိမ်ကျသွားပါတော့တယ်။ ဘုရားရှင်စကားကို ယုံပြီး သာသနာ့ဘောင်မှာ ပျော်အောင်ကြိုးစားပြီး နေခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းတွေကြားထဲမှာတော့ ပြောစရာကြီးတခုလို ဖြစ်တော့တာပေါ့။ ရှင်နန္ဒဆိုတဲ့ရဟန်းဟာ သာသနာ့ဘောင်မှာပျော်ဖို့အတွက် နတ်သမီးတွေနဲ့ မျှားထားရတယ်ဆိုပြီး သတင်းတွေ ပြန့်ကုန်ပါတော့တယ်။ ရှင်နန္ဒကို တွေ့တဲ့အခါမှာလည်း စ,သလို နောက်သလိုနဲ့ ဒီအကြောင်းက အမြဲလိုလို ပြောလာကြတဲ့အခါ ကြာလာတော့ ရှင်နန္ဒစိတ်ထဲမှာ ရှက်စိတ် မခံချင်စိတ်တွေ ၀င်လာခဲ့ပါတယ်။ ရဟန်းတို့ရဲ့ ကဲ့ရဲ့စကားကို မခံချင်တော့တာမို့ ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်လိုက်တာဟာ မကြာခင်အချိန်မှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက်ခဲ့ပါတော့တယ်။ ဒီတော့မှ သူဟာ စိတ်လက်အေးချမ်းစွာနဲ့ ဘုရားရှင်ထံပါးသွားပြီး-

( ရှင်နန္ဒ )-အရှင်ဘုရား-ဒီနေ့မှစ၍ နတ်သမီးငါးရာကို ရရှိလိုခြင်းမှ ကင်းပါပြီဘုရား။
( ဘုရားရှင် )-သာဓု သာဓု သာဓု။
ပြောင်းလဲသွားတဲ့ ရှင်နန္ဒကိုကြည့်ပြီး ရဟန်းတွေက ဒီကိုယ်တော် ထူးခြားတယ်လို့ ထင်လာကြတယ်။ ရဟန္တာဖြစ်သွားတဲ့ ရှင်နန္ဒအကြောင်းကို မသိကြသေးဘဲ အရင်ကလို စကြ နောက်ကြတဲ့အခါ ရှင်နန္ဒက ဣနြေ္ဒသိက္ခာကြီးမားစွာနဲ့ သာသနာ့ဘောင်မှာ တကယ်ပျော်မွေ့သွားပါပြီ ငါ့ရှင်တို့။ လူ့ဘ၀မှာ တောင့်တမှု မရှိတော့ပါဘူး-လို့ ပြန်ဖြေပါတယ်။ ရှင်နန္ဒရဲ့ စကားကို မယုံကြည်ကြတဲ့ ရဟန်းတွေဟာ ဒီအကြောင်း ဘုရားရှင်ဆီ လျှောက်ထားမေးမြန်းခဲ့ကြပါသတဲ့။

ဘုရားရှင်ဟာ ညီတော်နန္ဒ ရဟန္တာဘ၀ကို ရောက်ရှိသွားပြီးမှန်း သိနေခဲ့တာမို့ ရဟန်းများ သံသယမပွားစေရန် ဒီလိုဟောကြားခဲ့ပါတယ်။
( ဘုရားရှင် )-ရဟန်းတို့ အိမ်တလုံးမှာ အိမ်ခေါင်မိုး မလုံလျှင် မိုးရေပေါက်တွေ အိမ်ထဲ ၀င်မှာပဲ။ ထို့အတူ ရဟန်းတရားကို ကောင်းစွာ မကျင့်ကြံ မပြီးစီးဘူးဆိုရင်လည်း မကောင်းသော အတွေးစိတ်ကူးတွေ ၀င်မှာပဲ။ အခု ရှင်နန္ဒကတော့ လုံသောအိမ်ခေါင်မိုးကဲ့သို့ ဖြစ်သွားပြီ။
ရဟန်းအပေါင်းဟာ ဘုရားရှင်ရဲ့တရားအဆုံးမှာ သာဓုခေါ်ဆိုပြီး ၀မ်းမြောက်သွားခဲ့ကြပါတယ်။ ကလေးတို့လည်း ဒီဇာတ်တော်လေးကို ဖတ်ပြီးတဲ့အချိန်မှာ ရှင်နန္ဒရဲ့ ပြတ်သားရဲရင့်တဲ့ စိတ်ထားကို ကြည်ညိုအားကျနိုင်ကြပါစေ။

( မိုးမိုးစောဝင်း )


Read more...

ရင်သွေးများအတွက် မိဘမေတ္တာ

ဒီတပတ် မိခင်များရဲ့ စကားဝိုင်းမှာ အေးချမ်းမှန်ကန်တဲ့ စိတ်ထားနဲ့ တင်ပြဆွေးနွေးလာတဲ့ ဒေါ်မူမူဝင်း-ဟင်္သာတရဲ့ စာမူကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မ ဒေါ်မူမူဝင်းကတော့ ရင်သွေးများအတွက် မိဘမေတ္တာဆိုတဲ့ ခေါင်းစဉ်နဲ့ ၀င်ရောက်ဆွေးနွေးပါရစေရှင့်။ ယဉ်ကျေးလိမ္မာဂျာနယ်ကိုဖတ်တာ ကျွန်မမြေးတွေပါ၊ မြေးတွေအတွက် အပတ်စဉ်ယူရင်းနဲ့ ကျွန်မဒီကဏ္ဍကို စိတ်ဝင်တစား ဖတ်ဖြစ်ပါတယ်။ မိသားစုတိုင်းအတွက် အရမ်းကိုအကျိုးရှိပါတယ်။ ဒါနဲ့ ကျွန်မလည်း ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးကို တင်ပြရင် အကျိုးရှိမယ်ထင်လို့ ပါဝင်ဖြစ်တာပါ။ ကျွန်မ စာမူလေး ရွေးချယ်ခံရရင် သိပ်ကောင်းမှာပါပဲ။ ကျွန်မပြောချင်တဲ့ ကျွန်မဖြစ်ရပ်က ဒီလိုပါ။

ကျွန်မနဲ့ ကလေးတွေရဲ့ အဖေဟာ ကိုယ်စီကိုယ်င မေတ္တာရှိကြလို့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ ဇနီးမောင်နှံတွေပါ။ ကျွန်မတို့လက်ထပ်စဉ်က ငယ်သေးတယ်လို့ပြောရင် ရပါတယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီအချိန်က အမျိုးသားက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်အကိုင်အတည်တကျ ရှိနေတော့လည်း အသက်အရွယ်ကို မစဉ်းစားဖြစ်ဘဲ အိမ်ရာထူထောင်ဖြစ်ခဲ့ကြတာပေါ့။ ကျွန်မအသက် ၂၆-နှစ်မှာ ရင်သွေး လေးဦးစလုံးကို မွေးဖွားပြီးခဲ့ပါပြီ။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုခဲ့လို့ အတွေးအခေါ်တွေပဲ မရင့်ကျက်ခဲ့လေသလား ဒါမှမဟုတ် ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရလေမလား မပြောတတ်တော့ပါဘူး။

အမျိုးသားဟာ နောက်ထပ် အမျိုးသမီးတဦးနဲ့ ငြိစွန်းဖို့ဖြစ်လာပါတယ်။ အိမ်ထောင်သည် အမျိုးသားမှန်းသိလျက်နဲ့ ဖြစ်ခဲ့ကြတာဆိုတော့ နောက်ဆုံး ကျွန်မကပဲ ဒေါသဖြစ် နာကြည်းတာရော အလျှော့ပေး အရှုံးပေးရတာရော ခံစားမှုအစုံနဲ့ ကွာရှင်းပေးဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်မရင်သွေးတွေဟာ မိတကွဲ ဘတကွဲ သားသမီးလေးတွေ အဖြစ် ရောက်ခဲ့တော့တာပါပဲ။ ဒီအချိန်မှာ ကျွန်မအတွက် စိတ်သောကတွေ ဒုက္ခတွေ တလှေကြီး ကြုံတွေ့ခဲ့ရပေမယ့် ကျွန်မက စာပေကို အရမ်းဝါသနာ ပါပြီး စာဖတ်နာသူတယောက်မို့ ဆုံးဖြတ်ချက်အမှန်ကို ချနိုင်ခဲ့ပါတယ်။ ကျွန်မ အဲဒီတုန်းက ဒီလိုတွေးခဲ့ပါတယ်။ ငါ ကံမကောင်းဘူး။ ဒါဟာ အတိတ်ဘ၀က မကောင်းမှုတွေ လုပ်ခဲ့လို့ ဖြစ်လိမ့်မယ်။ ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီ။ ငါနဲ့ ဒီယောက်ျား ဘာမျှမဆိုင်တော့ပေမယ့် ငါ့သားသမီးတွေအတွက် သူဟာ ဖခင်တဦးပဲ။ ဖခင်တယောက်ရဲ့ မေတ္တာကို သူတို့အပြည့်အ၀ ရသင့်တယ်။ ရရမယ်ဆိုပြီး ကျွန်မလေ သူတို့အဖေအကြောင်း မကောင်းစကား တခွန်းမျှ မပြောဖြစ်ခဲ့ပါဘူး။

စိတ်ထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူတို့အဖေအကြောင်းကို သူတို့နားဝင်အောင် ကောင်းတာလေးတွေပဲရွေးပြီး ပြောပါတယ်။ အဖေလုပ်သူဆီကိုလည်း အ၀င်အထွက် ရှိစေပါတယ်။။ တဖက်ကလည်း သူကမွေးထားတဲ့ သူ့သွေးသားဆိုတော့ ဘယ်စိမ်းပါ့မလဲ။ ကလေးတွေက ကျွန်မရဲ့ ဆုံးမစကားနဲ့ လိမ်လိမ်မာမာ တီတီတာတာကလေးတွေဆိုတော့ လင်မယားကွဲနေတယ်သာပြောတယ်။ ကလေးတွေ မေတ္တာမငတ်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ကလေးတွေ ကြီးပြင်းလာကြတာ ခုဆို သူတို့အိုး သူတို့အိမ်ကလေးတွေနဲ့ အသီးသီးဘ၀လေးတွေ အောင်မြင်လို့ပါပဲ။ များသောအားဖြင့် အိမ်ထောင်ကွဲ သားသမီးလေးတွေဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ ဘ၀မှာ ပျက်စီးကြတာ များပါတယ်။ ဘ၀မပျက်စီးရင်လည်း စိတ်ပိုင်းဆိုင်ရာမှာ တခုခု ချွတ်ယွင်းတတ်ကြပါတယ်။

ဒါပေမယ့် ကျွန်မသားသမီးလေးတွေ တဦးမျှ ဒီလိုမဖြစ်ခဲ့ကြပါဘူး။ ခုအချိန်အထိ သူ့အဖေ သူ့သားသမီး အချစ်ခင် မပျက်ခဲ့ကြပါဘူး။ အရှုံးအနိုင်တွက်မယ်ဆိုရင်တောင် ဒီပွဲမှာ ရှုံးတဲ့သူက ကျွန်မတယောက်တည်းပဲ ဖြစ်ပြီး ကျွန်မသားသမီးလေးတွေ မပါခဲ့ပါဘူး။ အရင်က စာပေကပေးတဲ့အသိနဲ့ ဒီလို ရင်ဆိုင်ဖြေရှင်းခဲ့ပေမယ့် ခု အသက်အရွယ်ရလာတဲ့အချိန်မှာ ဘာသာရေးက ပေးတဲ့အသိနဲ့ တိုက်ကြည့်တော့ ကျွန်မ ဒီလိုလုပ်ခဲ့တာ သိပ်ကို မှန်နေပါပေါ့လား။ ဘ၀ဆိုတာ တိုတိုလေးပါ။ လူ့ဘ၀ ရတုန်းခဏ အမုန်းတွေ အငြိုးတွေ မပြီးနိုင် မစီးနိုင် ဖြစ်နေမယ့်အစား ဒီလိုမှန်ကန်တဲ့ အသိတရားနဲ့ နေသွားမယ်ဆိုရင် ဘ၀တွေ အေးချမ်းမယ် ထင်ပါတယ်။ အဓိက,က ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ အရေးကြီးဆုံးပဲ မဟုတ်လား။ မိဘဖြစ်လာမယ့်ဘ၀မှာ သားသမီးတွေက ချစ်ခင်ဖို့၊ သာသမီးဘ၀ ရောက်တဲ့အခါမှာ မိဘက ချစ်ခင်ဖို့ ဒီလိုအပြန်အလှန် ဟန်ချက်ညီကြမယ်ဆိုရင် ဘ၀ဟာ နေပျော်ပါလိမ့်မယ်လို့ ဆွေးနွေးလိုက်ပါရစေရှင်။

( ဒေါ်မူမူဝင်း-ဟင်္သာတ )


Read more...

ကောင်းကောင်းနိုးသူ

နေ့ရော ညပါ အမြဲတမ်း ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တွေကို အောက်မေ့တဲ့ ဘုရားတပည့် ၊
ကိုယ်ခန္ဓာကို အောက်မေ့တဲ့ သတိရှိသူ၊
ကရုဏာ မေတ္တာကို ပွားများသူတွေဟာ
ကောင်းကောင်း အိပ်ရာက နိုးကြတယ်။

( ဓမ္မပဒ-၅၆ )


Read more...

ဇနီးမယား(၇)မျိုး

မြတ်စွာဘုရားရှင်ကအနာထပိဏ်သူဌေးကြီးအိမ်သို့ကြွရောက်သီတင်းသုံးစဉ်သုဇာတာသတို့သမီး
နှင့်ပတ်သက်၍ ဟောကြားတော်မူ ခဲ့ခြင်းဖြစ်ပါသည်။ အနာထပိဏ် သူဌေးကြီးအိမ်၌ အလွန်ကျယ်
လောင်သောအသံတို့နှင့်ဆူညံနေသဖြင့်မြတ်စွာဘုရားရှင်ကသူဌေးကြီးသင့်အိမ်၌တံငါသည်များငါး
လုယက်သကဲ့သို့ ဆူညံလှချည်လားဟု မိန့်တော်မူ၏။ ထိုအခါသူဋ္ဌေးကြီးက မြတ်စွာဘုရား တပည့်
တော်၏ချွေးမသုဇာတာသည်ယောက္ခမကြီးနှစ်ယောက်ကိုလည်းယောက္ခမဟူ၍အမှတ်မပြု၊မြတ်စွာ
ဘုရား ကိုသော်မှလည်းအရိုအသေမပြု၊ အလေးအမြတ်မပြု၊မပူဇော်ပါဘုရား- ဟုလျှောက်ထားလေ
၏။ထိုအခါမနီးမဝေး၌ပုန်းကွယ်၍နားထောင်နေသောသုဇာတာကိုမြတ်စွာဘုရားခေါ်တော်မူပြီးလျှင်
ဇနီးမယား၇-မျိုးကိုအောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
ဇနီးမယား၇-မျိုးမှာ-
၁။ ၀ဓကသမာ-သူသတ်နှင့်တူသော ဇနီးမယား။
၂။ စောရီသမာ-ခိုးသူနှင့်တုသော ဇနီးမယား။
၃။ အယျသမာ-အရှင်နှင့်တူသော ဇနီးမယား။
၎။ မာတာသမာ-အမိနှင့်တူသော ဇနီးမယား။
၅။ ဘဂိနီသမာ-အမ နှမနှင့်တူသော ဇနီးမယား။
၆။ သခီသမာ-အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား။
၇။ ဒါသီသမာ-ကျွန်မနှင့်တူသော ဇနီးမယား။
၁။ သူသတ်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမျက်ဒေါသကြီး၏၊လင်ဖြစ်သူ ရှာဖွေပေးသော စီးပွားဥစ္စာကို မပျက်စီးရ
အောင်စောင့်ရှောက်လေ့မရှိ၊မိမိလင်ယောက်ျားမှတပါးသောယောက်ျားတို့၌ တပ်မက်ခြင်းရှိ၏၊မိမိ
လင်ကိုငွေဖြင့်ဝယ်အပ်သောသူကဲ့သို့ မထီမဲ့မြင်ပြု၏၊အကြောင်းအမျိုးမျိုးတို့ကြောင့်လင်ကိုသတ်ဖို့
ရာအားထုတ်၏၊
ထိုဇနီးမယားသည် သူသတ်နှင့်တူသော ဇနီးမယား ဖြစ်၏။
၂။ ခိုးသူနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အရှင်လင်ယောက်ျားအတတ်ပညာဖြင့် ရှာဖွေရရှိလာသော ပစ္စည်းဥစ္စာ၊
ကုန်သွယ်၍ရရှိလာသောပစ္စည်းဥစ္စာ၊လယ်လုပ်၍ရရှိလာသောပစ္စည်းဥစ္စာ အနည်းငယ်ကိုဖြစ်စေ၊ အများကိုဖြစ်စေအပြင်သို့ထုတ်ဆောင်ခိုးယူခြင်းငှါ အလိုရှိ၏။
ထိုဇနီးမယားသည် ခိုးသူနှင့်တူသော ဇနီးမယား ဖြစ်၏။
၃။ အရှင်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည်အလုပ်အကိုင်လုပ်ဖို့ရန် အလိုမရှိ၊ ပျင်းရိ၏၊အစားလည်း ကြီး၏၊စိတ်လည်း ကြမ်း၏၊ကိုယ်အမူအရာလည်း ကြမ်း၏၊ကြမ်းတမ်းသော စကားကိုလည်း ပြောဆိုတတ်၏၊လုံ့လ၀ီရိ
ယရှိသောလင်ကိုလည်းလွှမ်းမိုး၍အနိုင်ကျင့်တတ်၏၊
ထိုဇနီးမယားသည် အရှင်နှင့်တူသော ဇနီးမယား ဖြစ်၏။
၎။ အမိနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ယောက်ျားကိုအခါခပ်
သိမ်းအစဉ်သနားကြင်နာ၍ စောင့်ရှောက်၏၊ လင်ယောက်ျား ဆည်းပူးရှာဖွေ၍ရရှိလာသောပစ္စည်း
ဥစ္စာကိုလည်းမပျက်စီးမဆုံးရှုံးရအောင်အစဉ်မပျက် စောင့်ရှောက်တတ်၏၊
ထိုဇနီးမယားသည်အမိနှင့်တူသော ဇနီးမယား ဖြစ်၏။
၅။ အမ နှမ နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမကြီး နှမငယ်တို့သည် မောင်ဖြစ်သူ၌ ရိုသေသကဲ့သို့ ထို့အတူ မိမိလင်
ယောက်ျားဖြစ်သူ၌ရိုသေ၏၊အရှက်အကြောက်နှင့်ယှဉ်သော စိတ်ရှိ၏၊လင်၏အလိုသို့လိုက်တတ်၏၊
ထိုဇနီးမယားသည် အမ နှမနှင့်တူသော ဇနီးမယား ဖြစ်၏။
၆။ အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား ဟူသည်-အကြင်ဇနီးမယားသည်ဤလူ့လောက၌အဆွေခင်ပွန်းဖြစ်သူသည်အရပ်တပါး၌နေထိုင်၍ကြာမြင့်မှ
ရောက်ရှိလာသောအဆွေခင်ပွန်းကို မြင်ရသောအခါလွန်စွာဝမ်းမြောက်သကဲ့သို့လင်ယောက်ျားကို
မြင်ရသောအခါလွန်စွာဝမ်းမြောက်၏၊အမျိုးအနွယ်နှင့် ပြည့်စုံ၏၊အကျင့်သီလရှိ၏၊လင်ယောက်ျား၌
ရိုသေစွာ ကျင့်တတ်၏၊
ထိုဇနီးမယားသည် အဆွေခင်ပွန်းနှင့် တူသော ဇနီးမယား ဖြစ်၏။
၇။ ကျွန်မနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် လင်ယောက်ျားကတုတ်ကိုကိုင်၍ သတ်ပုတ်မည်ဟုခြိမ်းခြောက်အပ်သော်
လည်းထိတ်လန့်ခြင်းမရှိ၊ ဒေါသဖြင့် ပြစ်မှားလိုသောစိတ် မရှိ၊လင်ယောက်ျားကို သည်းခံ၏၊ အမျက်
ထွက်ခြင်းလည်း မရှိ၊ လင်ယောက်ျားအလိုသို့ လိုက်တတ်၏၊
ထိုဇနီးမယားသည်ကျွန်မနှင့်တူသောဇနီးမယားဖြစ်၏။
အကြင်ဇနီးမယားတို့သည်
သူသတ်နှင့်တူကုန်၏၊
ခိုးသူနှင့်တူကုန်၏၊
အရှင်နှင့်တူကုန်၏၊
ထိုဇနီးမယားတို့သည် သီလမရှိကြကုန်၊
လင်ယောက်ျားကို ရိုသေခြင်း မရှိကြကုန်၊
ကြမ်းကြုတ်သောသဘော ရှိကုန်၏၊
ထိုသုံးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ အပါယ်ငရဲသို့ ကျရောက်ကြကုန်၏။
အကြင်ဇနီးမယားတို့သည်
အမိနှင့် တူကုန်၏၊
အမ နှမနှင့် တူကုန်၏၊
အဆွေခင်ပွန်းနှင့် တူကုန်၏၊
ကျွန်မနှင့် တူကုန်၏၊
ထိုလေးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ နတ်ပြည်သို့ ရောက်ကြကုန်၏-ဟုမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။
အနာထပိဏ်သူဋ္ဌေး၏ချွေးမသုဇာတာကိုဆက်လက်၍ မြတ်စွာဘုရားရှင်ကမေးတော်မူသည်မှာ-
သုဇာတာ ဤဇနီးမယား ၇-မျိုးတို့တွင် သင်သည် အဘယ်ဇနီးမယားမျိုး ဖြစ်သနည်း-ဟု မိန့်ကြား
၍ မေးတော်မူလိုက်၏။
ထိုအခါသုဇာတာ-က တပည့်တော်မကိုဤနေ့မှအစပြု၍ လင်ယောက်ျား၏ ကျွန်မနှင့် တူသောဇနီး
မယား-ဟူ၍မှတ်တော်မူပါဘုရား-ဟုမြတ်စွာဘုရားရှင်အားပြန်လည်လျှောက်ထားတော်မူပါသည်။


Read more...

အနှစ်ကိုးပါး(အပိုင်း-၈)

အင်္ဂလိပ်လို ဘာသာပြန်ပြီး ထုတ်ဝေဖို့ဆိုတာ

အဲဒီမှာ သူက ပြောသေးတယ်။''ဒီလောက်တောင် အဖိုးတန်တဲ့စာအုပ်တွေ မြန်မာပြည်မှာ ရှိပါလျက်နဲ့ အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ကမ္ဘာကို မထုတ်တာ ဘာဖြစ်လို့လဲ''တဲ့။
''အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ကမ္ဘာကို မဖြန့်ချိတာကတော့ တခြားမဟုတ်ပါဘူး။ ဘုန်းကြီးတို့ ဖြန့်ချိ ဖို့ရန် အကုန်လုံး စွမ်းနိုင်ကြပါတယ်''။ စွမ်းတာ မစွမ်းတာ ထားပေါ့လေ၊ စွမ်းနိုင်ပါတယ်လို့ ပြောလိုက်တယ်။
''ကမ္ဘာကို အင်္ဂလိပ်လို ဘာသာပြန်ပြီး မထုတ်တာကတော့ တခြားမဟုတ်ပါဘူး။ အလွန်အဖိုးတန်တဲ့ စိန်၊ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား၊ နီလာ၊ ဥဿဖယားဆိုတဲ့ ရတနာတွေကို ဒကာမကြီးတို့ရရင် အဲဒီအဖိုးတန် ရတနာတွေကို ရလာတော့ ဘယ်လိုလုပ်သလဲ၊ အဲဒီစိန်တုံးကြီး ခေါင်းပေါ်ရွက်ပြီး တိုင်းပြည်လှည့်ပြီးတော့ ပြမှာလား'' လို့ ဘုန်းကြီးက မေးတော့ ''ဟာ ဘယ်ပြမှာလဲ''တဲ့။
''ဘယ်လို လုပ်မလဲ ဒကာမကြီး'' ဆိုတော့ ''သေတ္တာထဲ ထည့်ထားမှာပေါ့''တဲ့။
''ဘုန်းကြီးတို့လဲ သေတ္တာထဲ ထည့်ထားတာ၊ ဒါလောက် အဖိုးတန်တဲ့ စာပေတွေဟာ ရတနာတွေ။ ဒါကြောင့် ဘုန်းကြီးတို့လဲ မြန်မာ့သေတ္တာထဲ ထည့်လှောင်ထားတာ၊ ကြည့်ချင်လာခဲ့၊ အဆင်သင့်ပဲ ငါတို့ပြမယ်'' လို့ အဲဒီလို ကြံဖန်ပြီးတော့ ပြောလိုက်ရတယ်။ သူ သဘောကျသွားတယ်။
ရတနာအပြည့်ရှိတဲ့ မြန်မာပြည်
အဲဒီမှာ ထိုအဘွားကြီး တဆက်တည်းပြောတယ်။ ''အရှင်ဘုရားတို့မြန်မာပြည်က ရတနာပြည့်တဲ့ တိုင်းပြည်'' တဲ့။
''ဘာကြောင့် ရတနာတွေပြည့်နေတဲ့ တိုင်းပြည်လို့ ပြောသလဲ၊ မိုးကုတ်ရောက်ခဲ့လို့လား''လို့ ဘုန်းကြီးက ချော် မေးလိုက်တယ်။
''မရောက်ပါဘူး၊ ဒါပေမဲ့ မိုးကုတ်ဝိပဿနာ ကျမ်းစာအုပ်တွေကို သူဖတ်ဖူးပါတယ်၊ မိုးကုတ်ဆရာတော် ဘုရားကြီးလဲ ဖူးတော့ မဖူးဘူးပါဘူး၊ ဆရာတော်ဘုရားကြီး ဟောတဲ့ တရားတိတ်ခွေတွေကို ယူခဲ့ပါတယ်။ မြန်မာလို ကောင်းကောင်း တတ်တဲ့အခါကျရင် နားထောင်မယ်။ တရားတိတ်ခွေတွေ ယူလာပါတယ်''။
''မိုးကုတ်ဆရာတော် ဘုရားကြီးကိုလဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်၊ ရုပ်တုကို ရိုက်ယူလာတာပါ။ စွန်းလွန်းဆရာ တော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးတို့၊ ညောင်လွန့်ဆရာတော်ဘုရားကြီးတို့ နေရာများကိုလည်း ရောက်ခဲ့တယ်''လို့ သူက ပြောတယ်။
အဲဒီလို ပရိယတ္တိ၊ ပဋိပတ္တိစွယ်စုံတော်တဲ့ ဆရာတော်ကြီးတွေ မြန်မာပြည်မှာ ကျေးလက်တောရွာတွေမှာ အများကြီးပဲ။ မြို့သိမ်မြို့ငယ်လေးတွေမှာလဲ အများကြီးရှိပါတယ်။ တောရွာတွေမှာ ပိုပြီးပေါတယ်။
သူက ပြောသေးတယ်။ ''အဲဒီလောက် ပရိယတ်လဲတော်၊ ပဋိပတ်လဲတော်၊ တရားအကျင့်မှာလဲ ကောင်း၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေလဲပဲ ပေါက်ရောက်ပြီးတော့ တရား တကယ်သိနေတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ မြန်မာပြည်မှာ အများကြီး ရှိတယ်''။
''ဒါကြောင့် မြန်မာပြည်ဟာ ရတနာအပြည့်ရှိတဲ့ တိုင်းပြည်လို့ တပည့်တော် ပြောချင်ပါတယ်''တဲ့။ ဗောဓိပင် နားမှာ တွေ့လိုက်ရတဲ့ အဘွားကြီးတစ်ယောက်က ပြောတာ။ဘုန်းကြီး စဉ်းစားမိတယ်။ ''တို့မြန်မာပြည်ကို သူ တို့က ဒီလိုမြင်တာ၊ တို့မြန်မာလူမျိုးတွေကတော့ တို့မြန်မာ ပြည်ကို အလွန်မွဲတဲ့ တိုင်းပြည်လို့ မြင်နေတယ်၊ ပြောင်းပြန် ဖြစ်နေတယ်''လို့။
မြန်မာတွေ မြင်ပုံကတော့ တစ်မျိုးကြီးပဲ။ ''မြန်မာပြည်ဟာ ဆင်းရဲတယ်၊ မွဲတယ်၊ အောက်တန်းကျတယ်၊ ဘာမှ ဟန်မကျ ဘူး၊ ခေတ်နောက်ကျနေပြီ''လို့ ပြောကြတယ်။
ခုနက အဘွားကြီးပြောသွားတာကတော့ ''မြန်မာ ပြည်သည် ရတနာပြည့်တဲ့ တိုင်းပြည်''တဲ့။
ဗောဓိပင်နား တဝိုက်လေ့လာလိုက်တော့
မနက် အရုဏ်ဆွမ်းစားပြီးတာနဲ့ ဗောဓိပင်နားကို ဘုန်းကြီး ရောက်သွားတယ်။ နေ့ဆွမ်းစားကာနီးမှ ဘုန်းကြီးက တည်းခိုတဲကျောင်းကို ပြန်တယ်။ နေ့ဆွမ်းစားပြီးတာနဲ့ ချက်ချင်း ဗောဓိပင်နားပြန်သွားတယ်။ ည ၁ဝ-နာရီ၊ ၁၁-နာရီမှ ကျောင်းပြန်တယ်။ တစ်နေ့လုံး အဲဒီအနားမှာ နေတယ်။
ကိုယ်ကိုယ်တိုင်လဲ လုပ်စရာရှိတဲ့ ကုသိုလ်ရမယ့် လုပ်ငန်းတွေလုပ်၊ ကုသိုလ်ရမဲ့လုပ်ငန်းကို ကိုယ့်ဟာကိုယ် အပြေးအလွှား လုပ်ကိုင်ဆောင်ရွက်ပြီးတော့မှ ဒီဗောဓိပင်နား လာတဲ့လူပေါင်းစုံဟာ ဘာတွေလုပ် နေကြ သလဲဆိုတာကို လျှောက်ပြီးတော့ ထောက်လှမ်းတယ်။
အဲဒီလို စုံစမ်းထောက်လှမ်းတော့ တွေ့ရပါတယ်။ လူအုပ်ကြီး တစ်အုပ်၊ လူ၆ဝလောက် ရှိမယ်လို့ ထင်ပါတယ်။ လူအုပ်ကြီးဟာ အကုန်လုံး မျက်နှာဖြူလူမျိုးတွေချည်းပဲ၊ လူစုံပါတယ်။ တချို့ ဆွီဒင်က၊ တချို့ ဂျာမနီက၊ တချို့ သြစတြေးရီးယား၊ တချို့ အီတလီ၊ တချို့လဲ အမေရိကား၊ တချို့လဲ အင်္ဂလိပ်တွေ လူစုံတက်စုံပါပဲ။
အဲဒီလူပေါင်း ၆ဝ-လောက်ရှိတဲ့လူအုပ်ကြီး တစ် အုပ်ကို ကြည့်လိုက်တော့ တစ်ဝက်လောက်သော ယောက်ျား၊ မိန်းမတွေဟာ ခေါင်းကို အကုန်ရိတ်ထားကြတယ်။ ဆံပင်တွေ မရှိကြဘူး။ ခေါင်းကဆံပင်တွေ အကုန်ရိတ် ထားကြတယ်။ ခါးမှာလဲ နီညိုရင့်ရောင် အဝတ်တွေ ဝတ်ထားကြတယ်။
ဒီကတည်းက ဘုန်းကြီးသိလိုက်ပြီ။ ''ဒီပုဂ္ဂိုလ်တွေ ဟာ တိဘက်ဘုန်းကြီးတွေထံမှာ တပည့်ခံပြီးတော့ တိဘက် ရဟန်းဝတ်ထားကြတာ။ တိဘက်နည်းနဲ့ ရဟန်းပြု ထားကြတာ ယောက်ျားတွေ။ အဲဒီ မျက်နှာဖြူအမျိုးသမီး တွေကလဲ ခေါင်းကဆံပင်တွေရိတ်ပြီး ခုနက နီညိုအဝတ်တွေ ဝတ်ပြီး သူတို့ကလဲ တိဘက်နည်းနဲ့ သီလရှင် ဝတ်ထားကြတာ''။ဒီတော့ မဟာယာနနည်းနဲ့ ရဟန်းပြု၊ မဟာယာန နည်းနဲ့ သီလရှင်ဝတ်ထားတဲ့ ရဟန်းနှင့် သီလရှင်တွေက တစ်ဝက်လောက်၊ သာမန်အရပ်ဝတ် အရပ်စားနဲ့လူက တစ်ဝက်လောက် အားလုံး လူ ၅ဝ-ကျော် ၆ဝ-နီးပါးပေါ့။
(အပိုင်း-၉) ကိုဆက်လက်ဖော်ပြသွားပါမည်


Read more...

ဗုဒ္ဓဘုရားရှင်ပေးခဲ့တဲ့ မှတ်ကျောက်

ဘုရားရှင်သည် လူသားတို့အား ဘယ်အရာမဆို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ဖို့၊ သူများပါးစပ်ဖျားမှာတင် လမ်းမဆုံးဖို့ အကြိမ်များစွာ မှာခဲ့၏။ ယုတ်စွအဆုံး သူပြောထားတဲ့ စကားတောင် သူပြောတဲ့ အတိုင်း မယုံဖို့ ဒီသုတ္တန်မှာ ဘုရားရှင်က မှာခဲ့ပါတယ်။ ယနေ့ခေတ်ကြီးမှာ ဖြူးဆရာတော်ကြီး အမိန့်ရှိသလို “ရောင်တော်ပျံတွေကလည်း ပေါလှပါဘိ”။ ရောင်တော်ပျံတွေ ပေါများတဲ့ခေတ်ကြီးမှာ ကိုယ်ပိုင်ဉာဏ် ပိုင်ပိုင်နိုင်နိုင်ရှိထားဖို့ အင်မတန်မှ လိုပေသည်။ ဗုဒ္ဓမြတ်စွာက ကိုယ်ပိုင်ဆုံးဖြတ်နိုင်ဖို့ မှာခဲ့တဲ့ အထဲမှာ အထင်အရှားဆုံးဖြစ်တဲ့ “ကာလာမသုတ်တော်”ကို မေမေ့လပြည့်ဝန်းလေး ပြောပြမယ်နော်။

ဘုရားဟောဖော်တရားတော်များသည် ဘာသာရေးနယ်ပယ်မှာတင် အသုန်းချရတာ မဟုတ်ပါဘူး။ အသုံးချတတ်မယ်ဆိုရင် နေရာတိုင်းမှာ အသုံးချရပါတယ်။ အခု ဒီသုတ္တန်အရ ဘယ်အရာမဆို သူများပြောတိုင်း မယုံဖို့၊ နောက် ကိုယ်လုပ်တဲ့ အလုပ်ဟာ အပြစ်ကင်းလား၊ မကင်းဘူးလား စသည် ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆင်ခြင်ဖို့၊ နောက် အပြစ်ကင်းရင် လိုက်နာ လုပ်ဆောင်ဖို့ ဘုရားရှင်က မိန့်မှာထားတာပါ။ သူများပါးစပ်ဖျားမှာတင် လမ်းမဆုံးကြဖို့ အရာရာကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်နိုင်ရန် ဘုရားရှင်မိန့်မှာခဲ့တဲ့ မူရင်းတရားတော်ကို လေ့လာကြည့်လိုက်ပါ။


''ဣတိ ခေါ၊ ကာလာမာ၊ ယံ တံ အဝေါစုမှာ'ဧထ တုမှေ၊ ကာလာမာ! မာ အနုဿဝေန၊ မာ ပရမ္ပရာယ၊ မာ ဣတိကိရာယ၊ မာ ပိဋကသမ္ပဒါနေန၊ မာ တက္ကဟေတု၊ မာ နယဟေတု၊ မာ အာကာရပရိဝိတက္ကေန၊ မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ၊ မာ ဘဗ္ဗရူပတာယ၊ မာ သမဏော နော ဂရူတိ။

--ယဒါ တုမှေ ကာလာမာ အတ္တနာဝ ဇာနေယျာထ - 'ဣမေ ဓမ္မာ အကုသလာ၊ ဣမေ ဓမ္မာ သာဝဇ္ဇာ၊ ဣမေ ဓမ္မာ ဝိညုဂရဟိတာ၊ ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ အဟိတာယ ဒုက္ခာယ သံဝတ္တန္တီတိ၊ အထ တုမှေ၊ ကာလာမာ၊ ပဇဟေယျာထာ'တိ၊ ဣတိ ယံ တံ ဝုတ္တံ၊ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။

--ယဒါ တုမှေ၊ ကာလာမာ၊ အတ္တနာဝ ဇာနေယျာထ- 'ဣမေ ဓမ္မာ ကုသလာ၊ ဣမေ ဓမ္မာ အနဝဇ္ဇာ၊ ဣမေ ဓမ္မာ ဝိညုပ္ပသတ္ထာ၊ ဣမေ ဓမ္မာ သမတ္တာ သမာဒိန္နာ ဟိတာယ သုခါယ သံဝတ္တန္တီ'တိ၊ အထ တုမှေ၊ ကာလာမာ၊ ဥပသမ္ပဇ္ဇ ဝိဟရေယျာထ။ (အင်္ဂုတ္တရနိကာယ)

၁။ ကာလာမမင်းတို့!သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

၂။ အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

၃။ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။

၎။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

၅။ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

၆။ နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

၇။ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

၈။ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

၉။ ငါတို့ မှတ်ယူထိုက်သော အရာဖြစ်၏ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

၁၀။ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကာလာမမင်းတို့ ''ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား

အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။

ဤတရားတို့ကို ပြည့်စုံ စေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ

ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏''ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

-------------------၀၀၀၀-------------------

ကာလာမမင်းတို့ 'ဤတရားတို့ကား ကုသိုလ်တရားတို့တည်း။ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက် တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏'ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏''ဟု ငါမိန့်ဆိုခဲ့သော စကားသည်ကား ဤသည်ကို စွဲ၍ မိန့်ဆိုအပ်သော စကားဖြစ်၏။

O Kalamas! Do not accept anything based upon mere report,

Do not accept anything based upon mere traditions,

Do not accept anything based upon mere hearsay,

Do not accept anything based upon the authority of religious texts,

Do not accept anything based upon mere reasons and arguments,

Do not accept anything based upon mere one’s own inference,

Do not accept anything which appears to be true,

Do not accept anything based upon one’s own speculative opinions,

Do not accept anything based upon other’s seeming ability,

Do not accept anything based upon the consideration, this is our teacher.

‘But, when you know for yourselves that certain things are unwholesome and bad tending to harm yourself or others, reject them.

‘And when you know for yourselves that certain things are wholesome and good conductive to the spiritual welfare of yourself as well as others, accept and follow them.'

အမှန်တရားဆုံးဖြတ်နိုင်တဲ့ အသိဉာဏ် တိုးပွားကြပါစေ



မေမေ့လပြည့်ဝန်းလေး



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP