* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, August 30, 2009

သီတဂူလမ်း(၆)


စစ်ကိုင်းတောင်အရိပ်ကို ခိုမိရင်ပဲ နေရောင်က အလင်းဖျော့စပြုပါပြီ။ ဇေယျပူရမြို့တော်အဖြစ်ထင်ရှားခဲ့ဖူးတဲ့ တစ်ရံခါဆီက စစ်ကိုင်းဟာ သမိုင်းအသစ်တွေရေးဖို့ တက်ကြွနေခဲ့တာပါပဲ။ အလံတံခွန်တွေ တလူလူတွေကြားထဲ ဖြတ်မောင်းလာတဲ့ သူတို့ရဲ့ ဟိုင်းဝေးဘတ်စ်ကားကြီးက သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်မုခ်ဦးဝကို ငြိမ့်ကနဲ ထိုးရပ်လိုက်ပါတယ်။ WOH! အားလုံးဟာ တောက်ပနေတော့တာပါ။

နတ်ဒေ၀တာတို့ဖန်ဆင်းထားတဲ့ ရေကန်ထဲ ခုန်ဆင်းလိုက်ကြရတာပါ။ အရာရာဟာ လင်းလက်နေခဲ့ပါတယ်။ ခမ်းနားတဲ့ မုခ်ဦးဝ။ ကြီးကျယ်မှုဆိုတဲ့ ဝေါဟာရကို ကိုယ်စားပြုနေတဲ့ သန္တိမဟာဘွဲ့နှင်းခန်းမကြီးနဲ့ တက္ကသိုလ်အခန်းခန်းအဆောင်ဆောင်များက မင်သက်အံ့သြမှုကိုသာ ဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ်အဆောင်တွေရဲ့အမည်တွေကလည်း ဗုဒ္ဓခေတ်မဇ္ဈိမနှင့် မြန်မာနိုင်ငံတော်ရဲ့ သာသနာထွန်းကားပြန့်ပွားရာမြိုပြတွေကို ပြန်ရောက်သွားစေပါတော့တယ်။
ကြည့်ပါဦး ။
၁။ကာသိဆောင်
၂။ဗာရာဏသီဆောင်
၃။မိဂဒါဝုန်ဆောင်
၎။မဂဓဆောင်
၅။ဥရုဝေလဆောင်
၆။ဂယာဆောင်
ရ။ဂန္ဓာရဆောင်
ဂ။ပါဋလိပုတ်ဆောင်
၉။လင်္ကာဒီပဆောင်
၁၀။အမရာဝတီဆောင်
၁၁။ယောနကဆောင်
၁၂။ဝေသာလီဆောင်
၁၃။ရာဇဂြိုဟ်ဆောင်
၁၄။နာလန္ဒာဆောင်
၁၅။သာဝတ္ထိဆောင်
၁၆။ကပိလ၀တ္ထုဆောင်
၁၇။လုမ္ဗိနီဆောင်
၁၈။ဒေ၀ဒဟဆောင်
၁၉။ရတနာပုံဆောင်
၂၀။ဟံသာဝတီဆောင်
၂၁။ပုဂံဆောင်
၂၂။သရေခေတ္တရာဆောင်
၂၃။ကေတုမတီဆောင်
၂၄။သုဝဏ္ဏဘူမိဆောင် တဲ့။
အဲဒီအဆောင်(၂၄)ဆောင်အပြင် တက္ကသိုလ်ပရိဝုဏ်ကြီးရဲ့ ပဉ္စဂံနေရာတွေမှာတော့ တက္ကသိုလ်အဓိပတိဆောင်၊ ပါမောက္ခချုပ်ဆောင်။ မဟာထေရာဝါသဆောင်၊စီမံဆောင်၊နဲ့ မော်ကွန်းထိန်းဆောင်တို့ကို စနစ်တကျ အကွက်ချတည်ဆောက်ထားပါတယ်။






Read more...

စစ်ကိုင်းသင်တန်းအမှတ်စဉ် (၄) ဖွင့်လှစ်ခြင်း

စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊လပြည့်ဝန်းလမ်း၊တွင်ဖွင့်လှစ်သင်ကြားလျှက်ရှိသော

EVERYONE IT Education တွင်သင်တန်းအမှတ်စဉ် (၄) အား ၁၉.၈.၂၀၀၉ ရက်နေ့

တွင်ဖွင့်လှစ်သင်ကြားခဲ့ပြီးသင်တန်းသားအသစ်ဦးရေ မှာ ရဟန်း၊သာမဏေ၊

သီလရှင်စုစုပေါင်း(၂၈)ဦးလက်ခံသင်ကြားပေးနေပါသည်။ သင်တန်းသားဟောင်းများ

အတွက်အင်တာနက်အသုံးပြုနည်းသင်တန်းများနှင့် အခြားအဆင့်မြင့်သင်တန်းများကို

စနေနေ့နှင့်တနင်္ဂနွေနေ့များမှာဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ သင်တန်းသားအသစ်များ

အတွက်အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသာပတေးနှင့် သောကြာနေ့များမှာသင်ကြားပေးလျှက်ရှိပါ

တယ်။ သင်တန်းသားဟောင်းများစုစုပေါင်း(၂၃)ပါးရှိပါတယ်။ A+သင်တန်းသားဦးရေ

ကတော့ (၂၀)ဦးခန့်ရှိပါတယ်။ Auto CAD သင်တန်း(၆)ဦးခန့်ရှိပါတယ်။

programming သင်တန်းအတွက်လျှောက်လွှာခေါ်ယူခဲ့ပေမဲ့ ဆရာမအားလပ်သေး

တာဖြစ်တဲ့အတွက်ကြောင့် အချိန်မထည့်ခဲ့သေးပါဘူး။ သင်တန်းသားကတော့ (၆)ဦး

လျှောက်လွှာတင်ထားပါတယ်။ Networking သင်တန်းသားဦးရေကတော့

(၄)ဦးရှိပါတယ်။ အဆိုပါသင်တန်းကိုတော့ အောက်တိုဘာမှာသင်ကြားမှာဖြစ်ပါတယ်။

သင်တန်းဆရာကတော့ ကိုရဲမင်းဆိုသူဖြစ်ပါတယ်။ အခုA+သင်တန်းအတွက်

သင်တန်းဆရာကို စစ်ကိုင်းမြို့မှ စေတနာရှင်ဒါယကာတစ်ဦးမှသင်ကြားပေးတဲ့အတွက်

ဦးဇင်းကျောင်းတက်ချိန်ရခဲ့ပါတယ်။ ယခုသင်တန်းအမှတ်စဉ်(၄)အတွက် မီးစက်ငှားရမ်း

ခနှင့် ဆီအတွက် http://decembermon0312.multiply.com/ဒါယိကာမကြီးမြတ်မွန်မှ တစ်သိန်းကျပ်လှူဒါန်းခဲ့ပါတယ်။

မန္တလေးမြို့မှဒါယိကာမကြီး မနီလာနှင့်မသင်းသင်ဦးတို့မှ ကိုရန်အောင်(အမေရိကား)မှတဆင့် သိရ၍

တယ်လီဖုန်းဖြင့်ဆက်သွယ်၍ငါးသောင်းကျပ်လှူဒါန်းခဲ့ပါတယ်။ အခုလိုလှူဒါန်းတဲ့အတွက်သင်တန်းမှာ

အခက်အခဲအချို့အဆင်ပြေနေပါတယ်။ သင်တန်းများအတွက် သြ၀ါဒဆရာတော်ကြီးများကတော့

(၁)စစ်ကိုင်းတိုင်းသံဃာ့နာကအဖွဲ့အတွင်းရေးမှုး ၀ိပဿနာကျောင်းတိုက်ဆရာတော်၊

(၂)စစ်ကိုင်းမြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ရတနာဓူဝံဆရာတော်၊ (၃)စစ်ကိုင်းမြို့

သောတာပန်ရပ် ရွှေကျင်ရပ်/ကျေးသံဃာ့နာယကဥက္ကဌ အောင်မြေသာစည် ဆရာတော်၊

(၄)စစ်ကိုင်းတောင်မြစင်္ကြကျောင်းတိုက်ဆရာတော်၊ (၅) စစ်ကိုင်းတောင်ဇိနောဒယပရိယတ္တိစာသင်

တိုက်ဆရာတော် တို့မှ သင်တန်းများနှင့်ပါက်သက်၍ အစဉ်အမြဲသြ၀ါဒများချီးမြင့်ပေးလျှက်ရှိပြီး

သင်တန်းအကျိုးတော်ဆောင် အဖြစ် (၁) တောင်သာဆရာတော် (၂) ဦးတိက္ခိန္ဒ(စစ်ကိုင်း)

(၃) ဦးသုဇာတ (မန္တလေး) (၄)ဦးကောဝိဒ (စစ်ကိုင်း) (၅)ဦးသြဘာသ(စစ်ကိုင်း)

(၆)ဦးက၀ိသာရ(စစ်ကိုင်း) မြို့တို့ဖြစ်ကြပါတယ်။ သင်တန်းများအတွက် အုပ်ချုပ်ရေးအဖွဲ့ဆရာတော်

များကတော့ (၁)တောင်သာဆရာတော်(၂) ဦးတိက္ခိန္ဒ (၃)ဦးသုဇာတ(၄) ဦးကိဝိသာရ

တို့ဖြစ်ကြပါတယ်။ သင်တန်းများအတွက် ဥပဋ္ဌာပက အဖွဲ့ဝင်များဖြစ်ကြသော (၁)ဦးရဲဝင်နောင်

(မန္တလေး)(Pro_Tech Computer) (၂)ဦးပီကေ (ခ)ဦးဖြိုးကျော်(pikay.myanmarbloggers.org)

(၃)ဦးကျော်စိုးအောင်(စစ်ကိုင်း) (၄) ဦးမိုးဟိန်း(စစ်ကိုင်း) (၅) ဦဇော်ဇော်အောင်(စစ်ကိုင်း)

(၆) ဦးဇော်ထွေးဦး(စစ်ကိုင်း) တို့ဖြစ်ကြပါတယ်။ (၂၅.၉.၂၀၀၉ )ရက်နေ့မှာတော့ စစ်ကိုင်တောင်ရိုး၊

သီတဂူ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ ချီးမြင့်ခဲ့ပါတယ်။ ဦးဇင်းတို့ဘက်မှလည်းအခု

လိုဆရာတော်ကြီးများ အခုလိုအားပေးတဲ့အတွက်ဒီထက်မကအောင်မြင် အောင်ကြိုးစားလျှက်ရှိပါ

တယ်။ အဆိုပါသင်တန်းများသို့ဆက်သွယ်လိုပါက ၀၀၉၅-၉-၂၁၁၀၂၀၂ ၊ ၀၀၉၅-၁-၄၄၈၂၃၂၇

၀၀၉၅-၁ ၄၄၈၂၃၂၈ နှင့် kovida9@gmail.com သို့ဆက်သွယ်နိုင်ကြပါတယ်။



Read more...

ကောတ(Kota) ရာဇမဟာဝိဟာရသို့ လေ့လာရေးခရီး










ကိုလံဘိုကနေ ရှစ်ကီလိုမီတာလောက် ဝေးတဲ့ ရွာလေးတရွာကို ညပိုင်း ၇ နာရီခွဲ လောက်မှာ သူငယ်ချင်းများနဲ့အတူ လေ့လာရေးခရီး သွားဖြစ်တယ်၊ ချစ်စရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းလေ့ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေရဲ့ ဓာတ်တော် စွယ်တော်လှည့်ပွဲကို သွားရောက် ဖူးမြော်ကြတာပါ၊ သူတို့ကြွေးကြော်သံက Buddhism From Generation to Generation ပါ၊

မျိုးဆက်သစ်တွေကို မွန်မြတ်တဲ့ ဘာသာရေး အမွေပေးဖို့ အဓိကရည်ရွယ်ပြီး ယဉ်ကျေးမှုတွေ ထိန်းသိမ်းနေတာကို လေ့လာသိရှိရတယ်. စိတ်ထဲမှာ မြန်မာနိုင်ငံမှာလည်း ဘာသာရေးဖက်မှာ ဒီလို စနစ်တကျလေး ထိန်းသိမ်းနိုင်ရင် ကောင်းမှာပဲလို့ တွေးနေမိတယ်၊

တကယ်တော့ မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်က ကန္ဒီမြို့မှာ ရှိတာပါ၊ တချိန်က ကောတရာဇ မဟာဝိဟာရမှာ ဘုရားရှင်ရဲ့ စွယ်တော်အစစ် သီတင်းသုံးဖူးတယ်လို့ သမိုင်းတွေက ဆိုပါတယ်၊ အခု စွယ်တော် ဓာတ်တော်လှည့်ပွဲကလည်း ကန္ဒီမြို့ စွယ်တော်လှည့်ပွဲလိုပဲ ဆင်တွေအမြောက်အများ လူတွေအမြောက်အများ အသုံးပြုပြီး လှည့်လည်ပူဇော်ကြပါတယ်၊

ခေတ်မှီ လျှပ်စစ်တွေ ထိန်ထိန်ညီးအောင် ရနေပေမယ့် ဒီလှည့်လည်ပူဇော်ခံပွဲမှာ သူတို့သုံးနေတာက ဟိုး-ရှေးခေတ် ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့.. အုန်းသီးအခွံခြောက်ကို ဓာတ်ဆီလောင်းပြီး သံခြင်းထဲမှာ ထည့်ပြီး ထွန်းညှိပူဇော်ပါတယ်၊ ဘုရား ရဟန္တာတွေရဲ့ ဓာတ်တော်တွေ စွယ်တော်ပွားတွေကိုတော့ ဆင်ပေါ်မှာတင်ပြီး လှည့်လည်ပါတယ်၊ အဲဒီ ဆင်တွေရဲ့နောက်မှာမှ ရိုးရာယဉ်ကျေးမှု အကအဖွဲ့တွေက လမ်းလျှောက်ရင်း ကပြဖျော်ဖြေကြတယ်၊

အဲဒီနောက်ကမှ ရှင်ဘုရင်ကြီးပုံစံ မှူးမတ်တွေခြံရံကာ လိုက်ပါလာကြပါတယ်၊ လိုက်လံပို့ဆောင်ပေးတဲ့ သီရိလင်္ကာ ဒကာတစ်ယောက်ကို မေးကြည့်တော့.. ရှင်ဘုရင်တော့ မဟုတ်ပါဘူး.. ရွာသူကြီးက ဓာတ်တော်တွေ စွယ်တော်ပွားတွေကို ပူဇော်ပြီး ရွာသူ ရွာသားတွေကိုလဲ ပူဇော်စေတဲ့ ပုံကို သရုပ်ဖော်တာလို့ ပြောပြပါတယ်၊ လှည့်လည်ပူဇော် ကပြဖျော်ဖြေရေး အဖွဲ့တွေကလည်း တကယ့်ကို များလှပါတယ်.. ဟန်နုမာ မျောက်မင်းအက၊ ပန်ချာပီအက၊ သီရိလင်္ကာ ခေတ်အဆက်ဆက် ရိုးရာအက၊ ဟိန္ဒူအက၊ ဆင်ဟာလိလူမျိုးတွေရဲ့ တတ်အပ်တဲ့ အတတ်ပညာအက စသည်ဖြင့် စုံလင်လှတယ်. လမ်းဘေးဝဲယာ တစ်လျှောက် ကြည့်ရှုနေတဲ့ ပရိသတ်ကလည်း တိုးမပေါက်အောင်ကို စည်ကားလှတယ်၊ ကန္ဒီစွယ်တော် လှည့်ပွဲကိုတော့ ကမ္ဘာက Incredible ceremony လို့ တင်စားပြောဆိုကြပါတယ်..

ယခု ကောတရာဇ မဟာဝိဟာရ -က ဓာတ်တွေစွယ်တော် လှည့်ပွဲကိုလဲ ဒုတိယ Incredible ceremony လို့ ပြောနိုင်ပါတယ်၊ သူ့ဓလေ့ သူထုံးစံ သူ့ရိုးရာကို အစဉ်အလာမပျက် ထိန်းသိမ်းနိုင်တာဟာလည်း ဂုဏ်ယူစရာ တစ်ခုလို့ မြင်ပါတယ်၊ ယဉ်ကျေးမှု စာပေ ဂီတဟာ လူမျိုး တစ်မျိုးရဲ့ တန်ဖိုးကို တိုင်းတာနိုင်တယ်လို့ဆိုရင် ကောတရာဇ မဟာဝိဟာရ-က ဓာတ်တော်စွယ်တော်လှည့်ပွဲ သို့မဟုတ် ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ပွဲဟာလည်း တကယ့်ကို တန်ဖိုးကို ဖော်ပြနိုင်တဲ့ ပွဲလို့ ဆိုရမှာပါ၊

လူများတွေရဲ့ ရိုးရာယဉ်ကျေးမှု မြတ်နိုးထိန်းသိမ်းတာကို တွေ့ရတော့ စိတ်ထဲမှာ အတွေးတွေ နယ်ချဲ့တွေးနေတုန်း..
ဟေး-ပြန်ကြစို့ဆိုတဲ့ သူငယ်ချင်းရဲ့ အသံကိုကြားလို့ နာရီကြည့်လိုက်တော့ ည ၁၂ နာရီတောင် ထိုးခါနီးနေပါပြီ၊ အတွေးကို ခဏရပ်ပြီး နေရာကျောင်းကို ပြန်လှည့်အလာမှာတော့ ကောတရာဇ မဟာဝိဟာရ လေ့လာခရီးက ပြောနေတဲ့ Buddhism From Generation to Generation ဆိုတဲ့ အသံက ပဲ့တင်ထပ် ကျန်ရစ်ခဲ့တယ်။ ။

အရှင်တိက္ခဉာဏာလင်္ကာရ



Read more...

သမထ—ကိုနယ်လေးပါးနှင့်ပိုင်းခြားခြင်း

ဤ နယ်လေးပါး ပိုင်းခြားပုံတရားဟာ နာလို့မဝနိုင်သော တရားဖြစ်ပါတယ်။ ထပ်ခါ ထပ်ခါ နာလေလေ အသိဉာဏ်ပို ရှင်းလေလေ ဖြစ်လာပါတယ်။ထို့ကြောင့် သမထ ကုသိုလ် ကိုလည်း နယ်လေးပါးဖြင့် ပိုင်းခြားဟောတော် မူပါဘုရား။

ဦးဝိဇယ== တရား အကြောင်းပြောရတာ ကြေးဖလားကြီး ပွတ်ရသလို ပွတ်လေ ဝင်းလေဖြစ်နေပါတယ်။ ဉာဏ်အမြင်တွေ ပိုပိုပြီး တပည့်တော်လည်း ရှင်းရှင်း လာပါတယ်ဘုရား။တရားနှင့်ဆိုင်ရာ သိချင်ရာကိုမေးပါ၊ အာမနာပါနဲ့၊ နှစ်ဦးနှစ်ဘက် အမြတ်ထွက် တာပေါ့ဘုရား။

သမထ ဟူသော စကားကိုကြားလိုက်သောအခါ အဝိဇ္ဇာမာန ပညတ်နယ်မှာ (ကောင်းတယ်)ဟူသော အထင်အထည် ။(မကောင်းဘူး) ဟူသော အထင်အထည်၊(ဘာမှန်းမသိဘူး)ဟူသော အထင်အထည် စိတ်မှာတစ်ခုခု ထင်လာပါတယ်။

ဝိဇ္ဇာမာနပညတ်နယ် ကတော့ စိတ်ထဲမှာ ပေါ်လာတဲ့အာရုံကို အမှီပြုပြီး (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဟူသော လက္ခဏာများ စိတ်အစဉ်မှာ အထင်အထည်ပေါ်လာခြင်းဖြစ်ပါတယ်။

အဝိဇ္ဇာမာန ပညတ်နယ်မှာပင် (၃)ဆင့်ရှိနေမယ်။ ပထမ အဆင့်မှာ (ဘာမှန်းမသိဘူး) အဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ထင်ရာလုပ်နေကြမယ်။ ဒုတိယအဆင့်မှာ (မကောင်းဘူး)ဟူသောအဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ထင်ရာလုပ်နေကြမယ်။ တတိယ အဆင့်မှာ (ကောင်းတယ်) ဟူသောအဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ကောင်းတယ် ထင်တာတွေ ထင်ရာ လုပ်နေကြမယ်။စွန့်လွှတ်ခြင်း၊ချမ်းသာခြင်းဟူသော လက္ခဏာ စိတ်အစဉ်ကို သိဘို့မတက်လာပဲ ကိုယ်ထင်ရာကိုယ်လုပ်ခြင်းကို အဝိဇ္ဇာ ဟုခေါ်ပါတယ်။

စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း စိတ်အစဉ် ဟူသော ဝိဇ္ဇာမာန ပညတ်နယ်သို့ တက်လာပြန်တော့လည်း ကိုယ့် ကိုကို အဟုတ်ထင်ပြီး အဝိဇ္ဇာမာန ပညတ်နယ်သမားတွေကို အပြစ်တင်တတ်ပြန်ပါတယ်။အနိမ့်အမြင့် ခွဲပြီး အပြစ်တင်ခြင်း၊ အဟုတ်ထင်ခြင်းကို -အဝိဇ္ဇာ -လို့ခေါ်ပြန်ပါတယ်။ သဘောနယ် ကို မရောက်သေး သမျှ စိတ်မှာလွတ်လပ်မှု မရပဲ အနိမ့် အမြင့်ကြားထဲမှာ အညှပ် အကြိတ်ခံ နေကြရပါတယ်။

သဘောနယ်ဆိုသည်မှာ ဝိဇ္ဇာမာန ပညတ်နယ်မှာသိရတဲ့ ဖြစ်စဉ် ပျက်စဉ် အထင် အထည်ကို တစ်စက္ကန့်တွင် အစိတ်ပေါင်း ကုဋေ တစ်သိန်း စိတ်ပြီး ထိုအစိတ်ထဲမှ တစ်ခုသော အစိတ်၏ ဖြစ်ပျက် သဘောလေးသည် သဘောနယ် ဖြစ်ပါတယ်။ ထိုသဘောနယ် သိစရာသည် စိတ်မှာ ပုံဖော်၍ လုံးဝမရဘဲ အသိပညာဖြင့်သာ သိလို့ရသော သဘောမျှ သက်သက် ဖြစ်ပါတယ်။

ထိုသဘောနယ် သိစရာကို အာရုံပြုနိုင်လျှင် အကောင်းအဆိုး အနိမ့်အမြင့် ခံစားချက် မရှိတော့ပါဘူး။ လွတ်လပ်ခြင်း၊ချမ်းသာခြင်းဖြင့် ပြည့်စုံလာပါတယ်။ အသိဉာဏ် အဆင့်မြင့်လာခြင်းဖြစ်ပါတယ်။

အဟုတ်ထင်ခြင်း အဝိဇ္ဇာ သည်အလွန်မြင်နိုင်ခဲပါတယ်။ သိမ်မွေ့ နက်နဲပါတယ်။ သဘောနယ်မှာသိရတဲ့ ဖြစ်ပျက် သဘောမျှလေးပင် (ဖြစ်ပျက်သဘောလောက်တော့ ကိုယ်ပိုင်စွမ်း အားဖြင့် လုပ်နိုင်တဲ့ သတ္တိလေးရှိနေတယ်) ဟုထင်နေတတ်ပါတယ်။

သုညနယ်ကို မသိရသေးသမျှ အလွန်သိမ်မွေ့၍ မြင်နိုင်ခဲသော အဟုတ်ထင်ခြင်း အဝိဇ္ဖာ သည် လုံးဝ မငြိမ်းသွားနိုင်ပါ။ ထို အဝိဇ္ဇာ ကိုပယ်နိုင်သော အရာမှာ သုည နယ်ကို သိမြင်နိုင်သော အသိဉာဏ်သာလျှင်ဖြစ်ပါတယ်။အခြား အဝိဇ္ဇာ ဉာဏ်များဖြင့် မပယ်သတ် နိုင်ပါ။

အဝိဇ္ဇာ ကိုပယ်လိုလျှင် သုညနယ်ကို သိအောင်လုပ်ရမည်။ သုညနယ် ဆိုသည်မှာ သဘောနယ်ဖြစ်သော ဘဝအစစ် ဖြစ်-ပျက် သဘောကလေးသည် အကြောင်းမပါဘဲ ကိုယ်ပိုင်စွမ်းအား အနှစ်သာရများဖြင့် လုံးဝ မဖြစ်နိုင်။ ကာလ သုံးပါးလုံးမှာ ကိုယ်ပိုင် အနှစ်အသားမှ ပျက်နေတဲ့ အတွက်ကြောင့် သုညသာဖြစ်ပါတယ်။

ဤ မူလပျက်သဘောကို (သုညနယ်)ဟုခေါ်ပါတယ်။သုညနယ်ကိုသိသော ဝိဇ္ဇာ ဉာဏ်ဖြစ်သော အခါ(သဘောနယ် ကို စွမ်းအားရှိတယ်) ဟု အဟုတ်ထင်သော အဝိဇ္ဇာ ပျောက်ငြိမ်းသွားပါတယ်။ အဝိဇ္ဇာ နယ်မှ လွတ်မြောက်သွားပါတယ်။သမထတရား ကိုဆုံးသည် အထိ လေ့လာခြင်းဖြစ်ပါတယ်။

အကျဉ်းချုပ်အားဖြင့် (အထင်အထည်)ဟူသော ပညတ်(၂) မျိုး နယ်သည် ထင်ရုံမျှသာရှိ၍ အမှန် မရှိသော ကြောင့် (ဘာမှ မဟုတ်ခြင်း၊ ဖြစ်ပျက်သဘောနှင့် မူလပျက်သဘော) ဟူသော သဘောနှစ်ခုနယ်သည် ထင်ရှားရှိသော်လည်း သိလို့သာရ၍ သုံးလို့မရသောကြောင့် ဘာမှ မဟုတ်ခြင်း၊ ဤ ဘာမှ မဟုတ်ခြင်း သဘောမှာသာ လမ်းဆုံးသွား ပါတယ်ဘုရား။



Read more...

ကျွန်ုပ်၏ ဒဿနများ (၆)...

ခေါင်းဆောင် ဆိုတာ ဆရာဝန်တစ်ယောက်လိုပဲ။
ဆရာဝန်ဟာ ဆေးတစ်လုံး ထိုးလိုက်တာ မှားသွားတာနဲ့ လူနာဟာ အသက်ပါ သေဆုံးသွားနိုင်တယ်။
ခေါင်းဆောင်တစ်ယောက် ဟာလည်း ဆုံးဖြတ်ချက်တစ်ခု မှားသွားတာနဲ့ လက်အောက်ငယ်သားတွေဟာ ဒုက္ခရောက်သွား စေနိုင်တယ်။
ဒါကြောင့် ဆရာဝန်ဟာ ဆေးထိုး မမှားအောင် ဂရုစိုက်ရသလို ခေါင်းဆောင် တစ်ယောက်ဟာလည်း ဆုံးဖြတ်ချက် မမှားရအောင် သတိအမြဲတမ်း ရှိနေရမယ်။

..........................................

အလုပ် လုပ်ကိုင်တဲ့ နေရာမှာ အများကို မကျော်ဖြတ်နိုင်သေးတောင်မှ တန်းတူဖြစ်နေအောင် ပြေးနိုင်ရမယ်။
သူများက ကိုယ့်ထက် ခြေတစ်လှမ်း ဦးသွားရင် ပြေးနှုန်းချင်း တူနေရင်တောင်မှ ကိုယ့်ရဲ့ ခြေတစ်လှမ်းက အမြဲတမ်း နောက်ကျ နေလိမ့်မယ်။

..........................................

လောကမှာ ဆန့်ကျင်ဘက် စကားလုံးတွေ အများကြီး ရှိတယ်။ အပူနဲ့ အအေး၊ အတိုနဲ့ အရှည်၊ အမြင့်နဲ့ အနိမ့်၊ အကောက်နဲ့ အဖြောင့်၊ အဖြူနဲ့ အမဲ၊ အလင်းနဲ့ အမှောင်၊ အကောင်းနဲ့ အဆိုး စသည် စသည် ပေါ့။
ဗုဒ္ဓဘာသာရဲ့ အဓိက ဆန့်ကျင်ဘက် စကားလုံးတွေကတော့ ကုသိုလ်နဲ့ အကုသိုလ်၊ နိဗ္ဗာန်နဲ့ အပါယ် တို့ ပါပဲ။



Read more...

*တကယ်မသေခင် အစမ်းသေကြည့် ကြရအောင်*

ဒီဘ၀ ဒီခန္ဓာနဲ့ သံသရာ ၀ဋ်ဇာတ် အမြစ်ပြတ်အောင် အားမထုတ်နိုင် သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုဂတိ ရောက်ဖို့ကိစ္စကို အရေးတကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာ ပုဂ္ဂိုလ်များ ကတော့ ကောင်းရာသုဂတိ ရောက်ဖို့ သေချာပြီးသားပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားပြီ ဆိုရင်ပဲ အပါယ်လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိကို လုံးဝ မရောက်နိုင်တော့ ပါဘူး။ သောတာပန် ပုဂ္ဂိုလ် သေလွန်ခါနီးမှာ အပါယ် လေးပါးကို ကျရောက်သွားစေ နိုင်တဲ့ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင် မလာနိုင်တော့ ပါဘူး။

သောတာပန်မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲ ဖြစ်ဖြစ်၊ ဘယ်လောက် အဆင့်မြင့်တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်လာပြီး အပါယ်လေးပါး ကျရောက်သွားနိုင် ပါတယ်။ တကယ် သေလွန်ခါနီး အချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို့ အတွက် မသေခင် ကတည်းက ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် အသေလေးနဲ့ လေ့ကျင့်ထားရ ပါမယ်။

အသေကြီးဆိုတာ ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံး အပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ။ တကယ် သေသွားတာကို ပြောတာပါ။ အသေလေး ဆိုတာကတော့ ဘ၀ တစ်နေ့တာရဲ့ နောက်ဆုံး အိပ်စက်ခြင်းကို ပြောတာပါ။ တဒင်္ဂ၊ တစ်ခဏ သေသလို ဖြစ်သွားတာကို ပြောတာပါ။ အသေကြီးဆိုတာ မနိုးသော အိပ်စက်ခြင်း ဖြစ်ပြီး အသေလေး ဆိုတာ နိုးသော အိပ်စက်ခြင်း ဖြစ်ပါတယ်။

မနိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်မှာ အကောင်းဆုံး အနေအထား ဖြစ်နေဖို့ အတွက် နိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်ကို အကောင်းဆုံး အနေအထား ဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးနဲ့ သေခါနီး အချိန်မှာ အာရုံကောင်း၊ နိမိတ်ကောင်းတွေ ထင်မြင်နေဖို့ အတွက် အသေလေးနဲ့ သေခါနီး အချိန်ကို အာရုံကောင်း၊ နိမိတ်ကောင်းတွေနဲ့ ထုံမွှမ်းပေးထား ရပါမယ်။

ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။ ညအိပ်တော့မယ်လို့ မျက်စိ မှိတ်လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံကောင်းတွေ၊ ကုသိုလ် အာရုံတွေပဲ ထင်မြင်နေစေ ရပါမယ်။ ကုသိုလ် အာရုံက ဒါနအာရုံ၊ သီလအာရုံ၊ သမထ အာရုံ၊ ၀ိပဿနာ အာရုံလို့ လေးမျိုးရှိပါတယ်။ တကယ် သေခါနီး အချိန်မှာ ဘယ်ကုသိုလ် အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်ကို အာရုံယူလို့ ရမယ်ဆိုတာ ကြိုတင် မသိနိုင်တဲ့အတွက် အိပ်ခါနီး အချိန်မှာ ကုသိုလ်အာရုံ လေးမျိုးလုံးကို ယူထားရပါမယ်။

စနစ်တကျ ကြိုတင် လေ့ကျင့်ထားတာ တောင်မှ တကယ့်တကယ် သေခါနီး ကျတော့ ဘယ်ကုသိုလ်ကို အာရုံယူရမှန်းမသိ ဖြစ်နေတတ် ပါတယ်။ တကယ်လို့ သိခဲ့ရင်တောင်မှ အင်အား ကြီးမားတဲ့ အစွဲအလမ်း အာရုံတွေ၊ အတွယ်အတာ အာရုံတွေရဲ့ လွှမ်းမိုးမှုကြောင့် ကုသိုလ် အာရုံကို အာရုံယူဖို့ ခက်ခဲနေတတ် ပါတယ်။ ဒါ့ကြောင့် ညအိပ်ခါနီး အချိန်ကို တကယ်သေခါနီး အချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရ ပါမယ်။

ဒါနအာရုံ အနေနဲ့ ဒီနေ့ ဒီအချိန်အထိ ဘ၀ တစ်သက်တာမှာ ပြုခဲ့တဲ့ ဒါန ကောင်းမှုတွေထဲက ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် ပီတိအဖြစ်ဆုံး ဒါနကောင်းမှု တစ်ခုခုကို အာရုံပြုရပါမယ်။ အဲဒီ ဒါန ကောင်းမှုဟာ ငွေကြေး အကုန်အကျ အနေနဲ့ နည်းချင်လည်း နည်းမယ်၊ များချင်လည်း များမယ်၊ လုံးဝ မကုန်ကျတာလည်း ဖြစ်ချင်ဖြစ်မယ်။ အကုန်အကျ အနည်းအများက အဓိက မဟုတ်ပါဘူး။ ကိုယ်တကယ် နှစ်သက် ကျေနပ်ဖို့၊ ကိုယ်တကယ် ၀မ်းမြောက်ပီတိ ဖြစ်ဖို့က အဓိကပါ။

အကုန်အကျ များတိုင်း အကျိုးပေး ထက်သန်တာ မဟုတ်ပါဘူး။ ပီတိအား ကောင်းမှ အကျိုးပေး ထက်သန်တာပါ။ ကိုယ် ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိ ဖြစ်နေရပါမယ်။

ညအိပ်ယာ ၀င်ခါနီးတိုင်း ဘုရား သောက်တော်ရေ အသစ်လဲတဲ့ အကျင့် စွဲစွဲမြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး (အသေလေးနဲ့ သေခါနီး) ရဲ့ အနီးကပ်ဆုံး ဒါန ကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန် လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့ အတွက်… ဘ၀တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေပြီး အေးချမ်းရပါ လိမ့်မယ်။

သီလကုသိုလ် အနေနဲ့ အောက်ထစ်ဆုံး ငါးပါးသီလ၊ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ ဆင်ခြင်လိုက်တဲ့ အချိန်မှာ ငါးပါးသီလ လုံခြုံသူ ဖြစ်နေဖို့အတွက် ညအိပ်ယာ ၀င်ခါနီးတိုင်း ငါးပါးသီလကို အသစ်ခံယူ ဆောက်တည်ပါ။ ဆောက်တည်ပြီးတဲ့ အချိန်ကစပြီး မကျိုး မပေါက်ပါစေနဲ့။ အိပ်တော့မယ် ဆိုတော့လည်း ကျိုးပေါက်စရာ မရှိတော့ ပါဘူး။ ဒါဆိုရင် “ငါအခု နောက်ဆုံး ငါးပါးသီလ ယူပြီးတဲ့ အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီ” လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။ ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်းသီလ ကျင့်သုံးနေသူ တွေကလည်း ကိုယ့်သီလကိုယ် ဆင်ခြင် နှလုံးသွင်းပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်။ ကုစားသင့်တာ ရှိရင် မအိပ်ခင်က ကြိုတင် ကုစားထားရ ပါမယ်။

သမထ ကုသိုလ် အနေနဲ့ ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် အကြည်ညိုဆုံး ဘုရား ဂုဏ်တော် တစ်ခုခုကို ပွားများပါ။ ဥပမာ- အရဟံ ဂုဏ်တော်ကို အနှစ်သက် အကြည်ညိုဆုံး ဆိုရင် “အရ,ဟံ - ကိလေသာ ကင်းစင်တော် မူသော မြတ်စွာဘုရား၊ အ,ရဟံ - ဆိတ်ကွယ်ရာ အရင်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား၊ အရဟံ - ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား” လို့ အရဟံ ဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများရပါမယ်။

ဘုရားဂုဏ်တော် ကိုးပါးလုံးကို အဓိပ္ပါယ်သိသိ ပွားနိုင်ဖို့အတွက် မြန်မာလို အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို လေ့လာထားရ ပါမယ်။ ကျက်သင့်တာတွေ ကိုလည်း ကျက်ထားရပါမယ်။

နောက်တစ်ခု သမထ အနေနဲ့ မေတ္တာဘာဝနာ ပွားများနေရ ပါမယ်။ အနည်းဆုံး “သတ္တ၀ါ အားလုံး ချမ်းသာကြပါစေ” လို့ သုံးခေါက်လောက် ပွားများရပါမယ်။ ကိုယ်နှစ်သက်ရာ၊ ကိုယ်အားသန်ရာ မေတ္တာပွားနည်း တွေနဲ့လည်း မေတ္တာ ပွားနိုင်ပါတယ်။

ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထ ကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြု ၀မ်းမြောက်ပြီးပြီ ဆိုရင် နောက်ဆုံး ၀ိပဿနာ ကုသိုလ်နဲ့ အိပ်လိုက်ပါတော့။

နှာသီးဝ လေထိရာ အရပ်မှာ သတိကပ်ထားပြီး လေ၀င်ရင် “၀င်တယ်”၊ လေထွက်ရင် “ထွက်တယ်” ရှုမှတ်ပြီး နေပါ။ ၀င်တိုင်း၊ ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ် ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။ ချက်ချင်း အိပ်ပျော်သွားပါ လိမ့်မယ်။ ၀င်လေ၊ ထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။ လေ၀င်၊ လေထွက်တိုင်း ထိတွေ့ တွန်းကန်မှုတွေကို သိနေမယ် ဆိုရင် လောဘ၊ ဒေါသစတဲ့ ကိလေသာ တွေလည်း ဖြစ်ခွင့် မရတော့ ပါဘူး။ သမာဓိ၊ ဉာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ယာဝင်ရာမှာ လေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွား နိုင်ပါတယ်။

ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ၊ သမထ အာရုံ၊ ၀ိပဿနာ အာရုံနဲ့ အိပ်စက်သွားမယ် ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီ အာရုံလေးမျိုး တစ်မျိုးမျိုးနဲ့ သေလွန်ရမှာ သေချာပါတယ်။ ကုသိုလ် အာရုံနဲ့ သေလွန်သွားသူကို ကောင်းရာ သုဂတိဘုံ တွေက သူဦးကိုယ်ဦး လက်ကမ်း ကြိုဆိုနေကြ မှာပါ။

ဒါ့ကြောင့် ညအိပ်ယာဝင်၊ ခေါင်းအုံးပေါ် ခေါင်းချ၊ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် “ငါခဏ သေလိုက်ဦးမယ်” လို့ ကိုယ့်ကိုယ်ကို စိတ်ထဲက ပြောပြီး သေနည်း လေ့ကျင့်ကြဖို့ အထူးတိုက်တွန်း လိုက်ပါတယ်။ မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ သေနည်း လေ့ကျင့်တဲ့ အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်းထားရ ပါမယ်။

++++++++++++++++++++++++++++++++++++++++++++++++

ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော်မူသော “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ် ခင်ဗျာ။ ဤသို့ လှူဒါန်းရသော ဓမ္မဒါန ကုသိုလ်သည် ဘုရား တပည့်တော်အား မဂ်ဉာဏ် ဖိုလ်ပေါက် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ရပါစေ အရှင်ဘုရား။

အားလုံးသော ဓမ္မမောင်နှမတို့ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

8/30/2009, SUN:, 1:16:57 PM



Read more...

အချစ်ဆုံး

မလ္လိကာဟာ သာဝတ္ထိမြို့က ဆင်းရဲတဲ့ ပန်းသည်ရဲ့ သမီးဖြစ်ပါတယ်။ တနေ့မှာ ဈေးကမုန့်ဝယ်လာပြီး ပန်းခြံကို သွားမယ်လို့ဆိုကာ ထွက်လာခဲ့ပါတယ်။ လမ်းခုလတ်မှာ ရဟန်းအပေါင်း ခြံရံလာတဲ့ဘုရားရှင် ဆွမ်းခံဝင်လာတာကို တွေ့ရလို့ ကြည်ညိုစိတ်ပေါက်ပြီး မုန့်ကိုဘုရားရှင်ထံ ကပ်လှူခဲ့ပါတယ်။ ဘုရားရှင်က မုန့်လှူတဲ့နေရာမှာထိုင်ဖို့ အရိပ်အရောင်ပြလို့ အရှင်အာနန္ဒာက သင်္ကန်းခင်းပေးခဲ့ပါတယ်။ ဘုရားရှင်က အဲဒီနေရာမှာ ထိုင်ပြီး မုန့်ကို ဘုဉ်းပေးရင်းနဲ့ ပြုံးတော်မူပါတယ်။ အရှင်အာနန္ဒာက-မြတ်စွာဘုရား ဒီဒါနရဲ့အကျိုးဟာ ဘယ်လိုဖြစ်လာပါမလဲဘုရား-လို့ လျှောက်ထားလိုက်ပါတယ်။


အာနန္ဒာ-ဒီဒကာမလေးဟာ ဒီနေ့ ငါဘုရားကို ပထမဆုံး မုန့်စားဖွယ်လှူတယ်။ ဒီနေ့ပဲ ကောသလမင်းရဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိဖုရားခေါင်ကြီး ဖြစ်လိမ့်မယ်-လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။
အဲဒီနေ့မှာပဲ ကောသလမင်းဟာ ကာသိရွာမှာ တူတော်အဇာတသတ်မင်းနဲ့ စစ်တိုက်ရာက ရှုံးလို့ထွက်ပြေးလာပြီး မြို့ကိုဝင်တဲ့အခါမှာ စစ်တပ်တွေရဲ့အလာကို စောင့်မယ်လို့တွေးပြီး ပန်းခြံထဲဝင်သွားပါတယ်။ မလ္လိကာက ကောသလဘုရင်ကို ဂရုစိုက်ပြုစုပေးတဲ့အတွက် ဘုရင်ကြီးက သဘောကျသွားပြီး နန်းတော်ထဲကိုခေါ်ကာ မိဖုရားခေါင်ကြီးရာထူး ပေးခဲ့ပါတယ်။

တနေ့မှာ ကောသလမင်းက ငါဟာ မလ္လိကာကို မိဖုရားခေါင်ကြီးရာထူး ပေးထားတယ်။ မလ္လိကာ သင်ဟာ ဘယ်သူ့ကိုချစ်သလဲ-လို့ မေးရင်တော့ အရှင်မင်းကြီးကို ချစ်ပါတယ်လို့ပြောမှာပဲ-လို့ အပိုင်တွက်ပြီး မလ္လိကာကို ဒီမေးခွန်းကို မေးခဲ့ပါတယ်။
မလ္လိကာ-ဒီလောကမှာ သင့်ကိုယ်ထက်ပိုပြီး ဘယ်သူ့ကို ချစ်ပါသလဲ၊
အရှင်မင်းကြီး- ကိုယ့်ကိုထက်ပိုပြီး ဘယ်သူ့ကိုမျှ မချစ်ပါ၊

မလ္လိကာဟာ ဘုရားရှင်နဲ့ သံဃာတော်တွေကို အမြဲဆည်းကပ် ပြုစုနေတဲ့ ပညာရှိသူလေးတဦး ဖြစ်တာမို့ သူ့ရင်ထဲက ရှိတဲ့အတိုင်း အမှန်အတိုင်း ဖြေခဲ့ပါတယ်။ နောက်တော့ မလ္လိကာက ရှင်ဘုရင်ကြီးကို သူ့နည်းတူ ပြန်မေးတဲ့အခါမှာလည်း ရှင်ဘုရင်ကြီးက သူတောင်ဒီလိုဖြေသေးတာ ဆိုပြီး မလ္လိကာဖြေတဲ့အတိုင်း ထပ်တူထပ်မျှ ဖြေခဲ့ပါတယ်။
ရှင်ဘုရင်ကြီးဟာ စိတ်ထဲမှာတော့ ဒီလိုတွေးနေခဲ့တယ်။
ငါဟာ ရှင်ဘုရင်၊ ငါလိုလူက ငါ့ကိုယ်ငါသာ အချစ်ဆုံးလို့ဖြေတာဟာ မှန်သေးတယ်၊ မလ္လိကာကတော့ ငါကောက်ယူလို့အောက်ခြေကနေ မိဖုရားခေါင်ကြီးဖြစ်လာပါလျက်နဲ့ သူ့ကိုယ်သူ အချစ်ဆုံးလို့ဖြေတာဟာ အင်မတန်ရိုင်းပြတာပဲ-လို့ တွေးမိသတဲ့။

ပြီးတော့ မနေနိုင်တာနဲ့ပဲ မလ္လိကာ-သင်ဟာ ရတနာသုံးပါးကို အချစ်ဆုံးမဟုတ်ဘူးလား-လို့ ထပ်မေးပြန်တယ်။ ဒီအခါမှာ မလ္လိကာက အရှင်မင်းကြီး-ကျွန်မဟာ ရတနာသုံးပါးကိုလည်း နတ်ပြည်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ လိုချင်လို့ ချစ်ပါတယ်။ ကျွန်မအကျိုးအတွက်ကြောင့် ချစ်တာမို့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်-လို့ ထပ်ဖြေပြန်သတဲ့။
မလ္လိကာရဲ့ အယူအဆက ဒီလိုဖြစ်ပါတယ်။ လောကမှာရှိတဲ့ သတ္တ၀ါအားလုံးဟာ ကိုယ့်အကျိုးအတွက်သာ သူတပါးကို ချစ်ကြခြင်းပါ။ မိဘဟာလည်း သားသမီးကို ငါတို့ကြီးလာရင် ငါတို့ကို ပြုစုစောင့်ရှောက်ကြ လိမ့်မယ်လို့ မျှော်လင့်ပြီးချစ်တယ်။
ဇနီးမောင်နှံအချင်းချင်းမှာလည်း မျှော်လင့်ချက်တွေနဲ့ ချစ်တယ်။
ဆွေမျိုး မိတ်ဆွေ အချင်းချင်းလည်း အကျိုးကိုယ်စီနဲ့ ချစ်ကြခြင်းပါပဲ။ ဒီလိုကိုယ့်အကျိုးကိုသာ ကြည့်ပြီး လောကသတ္တ၀ါတွေဟာ သူတပါးကို ချစ်ကြတယ်-လို့ ယူဆခြင်းပါပဲ။

နောက်တော့ ကောသလမင်းဟာ ပညာရှိမှု၊ ကျွမ်းကျင်မှု လိမ္မာမှုတို့ကို နားလည်ခံစားမိသွားပြီး ဒီကိစ္စကို ဘုရားရှင်ဆီလျှောက်ထားဦးမှပဲ၊ ဘုရားရှင်ဖြေတဲ့အတိုင်း မှတ်သားမယ်လို့တွေးပြီး ဘုရားရှင်ဆီ လျှောက်ထားတဲ့အခါမှာ ဘုရားရှင်က အောက်ပါအတိုင်း ဥဒါန်းကျူးရင့်ခဲ့ပါတယ်။

အရပ်ဆယ်မျက်နှာကို စိတ်နဲ့သွားပြီး အစွမ်းကုန် ရှာကြည့်ပါ။
ဘယ်နေရာမှာမှ ကိုယ့်ထက်ပိုပြီးချစ်တဲ့ သူကို မတွေ့နိုင်ပါ။
သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်။
ဒါကြောင့် စာနာမှု ထားကြရပါမယ်။


( သာမဏေကျော် )
ဥဒါန ပါဠိ ၅-သောဏ၀ဂ်၊ ပိယတရသုတ္တ။


Read more...

သည်းခံခြင်းအကျိုး

၁။ လူအများ ချစ်မြတ်နိုးခံရခြင်း။

၂။ ရန် မများခြင်း။
၃။ အပြစ် မများခြင်း။
၎။ မကြမ်းကြုတ်ခြင်း။
၅။ နောင်တ မရ,ရခြင်း။
၆။ မတွေမဝေ သေရခြင်း။
၇။ နတ်ပြည်ရောက်ရခြင်း။

( အံ-ပါဠိ-ဒု ၂၂၂ )


Read more...

သဒ္ဒါနှင့်ပညာ ညီမျှပါ….

သဒ္ဒါပိုပြီး၊ ပညာလိုရင်တော့…
အကြောင်း အကျိုးမညှိ
အကောင်း အဆိုးမသိ
အမှား အမှန်မရှိ..
ဝေဖန်ပိုင်းခြားမှု အားနည်း..
ဝါဝါမြင်တိုင်း ရွှေထင်မှတ်..
တောက်ပြောင်တိုင်း စိန်မြင်တတ်..
မျက်ကန်းပမာ ဆင်စမ်းနေသလို..
သဒ္ဒါလွန်က တဏှာကျွံတတ်တယ်နော်…..။

ပညာဆန်းပြီး၊ သဒ္ဒါကန်းရင်တော့…
ဘုရားထက် ပိုတတ်ပိုသိ..
တရားစစ်ကို ဖျက်စီးမိ…
သံဃာများကိုကျော်ကာ ရိတိတိ..
ရတနာသုံးပါး စော်ကားကြည့်..
အဝိဇ္ဇာအမှောင်ဖုံး
သံသရာတလျှောက်လုံး..
တရားအသိဥာဏ်ပါဆုံး.
ပညာလွန်က ကောက်ကျစ်တတ်တယ်နော်……။

သဒ္ဒါပိုရင် ပညာနဲ့ညှိ..
ပညာဆန်းရင် သဒ္ဒါနဲ့ကြည့်..
လိုတိုး ပိုလျှော့ ညှိနိုင်မှသာ..
အိနြေ္ဒဆိုတာပေါ်လာနိုင်မယ်..
သဒ္ဒါနှင့်ပညာ ညီမျှပါ………။




Read more...

သီတဂူလမ်း(၅)


သာသနာ့တက္ကသိုလ်က စစ်ကိုင်းကို အကူးမှာတော့ နာမည်ကျော်ဓမ္မကထိက ဓမ္မဒူတအရှင်ဆေကိန္ဒလည်း သူတို့ရဲ့ ဟိုင်းဝေးဘတ်စ်ပေါ်မှာ ပါလာခဲ့ပါတယ်။ စီးလာတဲ့ ကားကို သီးသန့်ပြန်လွှတ်ပြီး ထေရ၀ါဒအုပ်စုတွေ စုဝေးရာကားကြီးပေါ် တက်လိုက်ခဲ့တာပါ။ ဓမ္မကထိကဆရာတော်ပါလာတော့ ပွဲစည်သွားတော့တာပါ။ ဟိတ်ဟန်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ပါးမို့ အားလုံးက ကောင်းချီးပေးကြရတာပါ။ ဘုန်းကံအလွန်ကြီးမားသူမို့ ရှင်သီဝလိလို့လည်း အချို့က ရည်ညွှန်းကြပါသေးတယ်။ သူလုပ်သမျှသာသနာပြုလုပ်ငန်းတွေကလည်း အောင်မြင်နေတာပါပဲ။

ဆရာတော်အရှင်ဆေကိန္ဒက ထေရ၀ါဒတက္ကသိုလ်တက်စဉ်က ဒီပလိုမာနဲ့ ၀ိဇ္ဇာတန်းတွေမှာ သုံးနှစ်လုံး ၀ိပဿနာဘာသာရပ်မှာ ဆရာတော်ခဲ့ဖူးပါတယ်။ နာမည်ကြီးမို့ ဆရာကောက်တော်ပစ်လိုက်တာ----လို့တော့ မထင်စေချင်ပါဘူး။ တကယ်အလုပ်လုပ်နေတဲ့ ဘုန်းကြီးတစ်ပါးမို့ လေးစားရင်းစွဲရှိနေတာပါ။

အရှင်ဆေကိန္ဒက ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ပြေးလွှားနေရရှာတာပါ။ ထေရ၀ါဒတက္ကသိုလ်စာသင်ခန်းတွေဆီ အချိန်မှန်ရောက်ဖို့ ကြိုးစားရသလို မှော်ဘီက ဆေကိန္ဒာရာမကျောင်းမှာ ဖွင့်တဲ့ မျိုးဆက်သစ်ကလေးသင်တန်းတွေကိုလည်း သွားပြီးကြီးကြပ်ရပါသေးတယ်။ အခြားလူမှုရေးလုပ်ငန်းတွေကလည် အများကြီးပါ။ ဆရာတော့်မွေးရပ်မြေ စစ်ကိုင်းမှာလည်း သောတာပန်ဆီအလှူတော်ဆိုတဲ့ အံ့မခန်းအလုပ်ကြီးလည်း ရှိပါသေးတယ်။ စစ်ကိုင်းတောင်ရိုးပျော် သူတော်စင်တွေအတွက် ဆီလှူဒါန်းတာပါ။ လူငယ်လူရွယ်စုံတရားစခန်းတွေမှာလည်း ကလေးတွေရဲ့ ဘ၀အခက်အခဲတွေကို ကူညီဖြေရှင်းပေးလိုကြောင်း ကမ်းလှမ်းဖိတ်ခေါ်တတ်တာကို ကြားရလေ့ရှိပါတယ်။ ဒီကြားထဲမှာ စာအုပ်ထုတ်ဝေဖို့ အခက်အခဲဖြစ်နေရှာတဲ့ စာပေပညာရှင်ကြီးတွေကို စာအုပ်ထုတ်ဝေဖို့မတည်ငွေလှူဒါန်းတတ်တာလည်း ကိုယ်တွေ့မြင်ခဲ့ဖူးပါတယ်။ရေဘေးမီးဘေးဆိုတာမျိုးတွေမှာလည်း ရှေ့က ရောက်ရောက်သွားတတ်ပါသေးတယ်။

ဆရာတော့်နောက်မှာ မျိုးဆက်သစ်တွေရဲ့ တက်ကြွတဲ့ ခြေလှမ်းတွေအများကြီးကို မြင်ရပါတယ်။ မျိုးဆက်သစ်တွေနဲ့ တွဲပြီး မြို့တော် သန့်ရှင်းရေး ဆိုတာမျိုးကအစ လူမှုရေးအကျိုးပြုလှုပ်ရှားမှုတွေကို ဦးဆောင်လမ်းညွှန်တတ်ပါသေးတယ်။ ဒါကြောင့်လည်း ဂျာနယ်လ်တစ်စောင်က Person of The Year လို့ ဖော်ပြခဲ့ဖူးပါတယ်။

မူလဓမ္မဒူတဆရာတော်ကြီးချမှတ်ထားခဲ့တဲ့မူကကို လှပါတယ်။ ရဟန်းမှန်ရင် စာသင်စာချ တရားဟော တရားပြ ဆိုတဲ့ မူပါ။ နောက်ကတော့ ပရဟိတဖြစ်မှာပါ။ မှော်ဘီက အရှင်ဆေကိန္ဒရဲ့ ဆေကိန္ဒာရာမကျောင်းမှာ ရှင်ငယ်ရဟန်းငယ်တွေအတွက် ပရိယတ္တိစာသင်တိုက်ရှိသလို တရားရှာယောဂီတွေအတွက်လည်း တရားစခန်းပွဲတွေရှိနေတတ်ပါတယ်။ ဆရာတော်ရဲ့ ဓမ္မကထိကဘ၀ကတော့ လွယ်ကူသက်သာလှတယ်တော့ မဟုတ်ပေဘူး။ ပုံမှန်ဟောနေကျ ညတရားပွဲကြီးတွေအပြင် မနက်အရုဏ်ဆွမ်းတရား၊ နေ့လည်ဆွမ်းတရားဆိုတာတွေလည်း ဟောရတတ်ပါသေးတယ်။ ဒီကြားထဲ ဆည်းဆာတရားပွဲဆိုတာတွေ ပါလာရင်တော့ သူ့ကိုယ်စားရင်ထိတ်မိပါသေးတယ်။ အထိုင်များတဲ့ ဒုက္ခက မသေးဘူးမဟုတ်လား။ တံခါးခေါက်သံတွေနဲ့ ရောက်ရောက်လာတတ်တဲ့ ဧည့်သည်တွေကလည်း အများသားပါ။ အနုပညာရှင်တွေလို တံခါးပိတ်ထားပြီး သီးခြားရပ်တည်လို့လည်း မရဘူးလေ။
Celebrity ချင်းတူပေမယ့် သာသနာ့ဝန်ထမ်း Celebrity က မသက်သာတာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာတော့်ဒုက္ခက အများအတွက် သုခကို မွေးပေးနိုင်တာမို့ နာရတာကို သာယာလောက်ပါတယ်။
တရားပွဲတွေက ရသမျှန၀ကမ္မတွေက ဘဏ့်အကောင့်စာရင်းထဲမှာပဲ အိပ်မနေတာကိုက သာသနာပြုကုသိုလ်တော်တွေ လှနေတာဖြစ်ပါလိမ့်မယ်။

ဆရာတော်အရှင်ဆေကိန္ဒက သူတို့ထေရ၀ါဒတက္ကသိုလ်ကျောင်းသားရဟန်းတော်တွေ စုဝေးရာ ကင်းတင်းလေးထဲ ၀င်လာပြီဆိုရင် လက်ခါပြလေ့ရှိပါတယ်။ မလွယ်ဘူးလို့ ပြောတာပါ။ အားမကျနဲ့ လို့လည်း ညီးတတ်ပါသေးတယ်။ ဒါပေမယ့် သူရွေးတဲ့လမ်းကိုတော့ သူက နောက်မဆုတ်တမ်းလျှောက်တော့တာပါ။ များသောအားဖြင့် ကင်းတင်းလေးထဲ အရှင်ဆေကိန္ဒမို့ ၀င်လာပြီဆိုရင် ကျောင်းသားတွေက ပြောလက်စစကားရပ်ပြီး အားလုံးထပေးကြတာပါ။ ဆရာလည်းဆရာမို့ ဓမ္မကထိကလည်း ဓမ္မကထိကမို့ အရိုအသေပေးကြတာပါ။ ဆရာတော်က “ထိုင်ကြလေကွာ ငါ့လည်း ပစ်မထားကြပါနဲ့ဟ ငါလည်း မင်းတို့လို စကားပြောချင်တာပေါ့ကွာ” ဆိုပြီး ရင်းရင်းနှီးနှီး ၀င်ထိုင်တော့တာပါ။

“နာမည်ကျော်လို့ ဘုန်းကံကြီးပြီဆို ပုန်းအိပ်ရတော့တာပဲ”တဲ့။ ဒီစကားကို အမိန့်ရှိတာက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ထေရ၀ါဒတက္ကသိုလ်ကြီးရဲ့ ဒုတိယပါမောက္ခချုပ်တာဝန်က အနားယူသွားခဲ့တဲ့ ဗန်းမော်ဆရာတော်ကြီးပါ။ ဆရာတော်ကြီးကို နှုတ်ဆက်ကန်တော့ကြတဲ့ ပွဲမှာ မှတ်မှတ်ရရ မိန့်သွားခဲ့တာပါ။ အဲဒီပွဲမှာ အရှင်ဆေကိန္ဒလည်း တက်ရောက်တာမို့ သူ့ကိုယ်တွေ့မို့လားမသိဘူး။ တစ်ကိုယ်လုံးတသိမ့်သိမ့်တုန်အောင် ရယ်(ရီ)တော့တာပါပဲ။ ဆရာတော်ကြီးကတော့ ပုံပြင်လေးနဲ့ကို လှအောင် ပြောသွားတာပါ။ နောက်ကြုံရင် ရေးပါဦးမယ်။
ဘုန်းကံကြီးလို့ နာမည်ကျော်ရင်တော့ တံခါးခေါက်သံတွေက အမြဲတမ်းဆူညံနေတော့မှာပါ။
ဒါကြောင့် ဆရာတော်ကြီးတွေက လာဘ်လာဘနဲ့ အခြွေအရံ ကျော်ဇောမှုတွေကို ဒုက္ခလို့ ညီးလေ့ရှိတာပါ။ အကြောင်းမသိသူတွေကတော့ အဲဒီလို ဒုက္ခမျိုးတော့ သူတော်တို့များခံလိုက်ချင်သေးလုပ်ကြတာနေမှာ..။
အင်း သူတော်တို့စာရင်းထဲမှာ သူများပါနေဦးမလား။

မန္တလေးကန်တော်ကြီးပတ်လမ်းပေါ် သူတို့ကားကြီးမောင်းတက်သွားစဉ်မှာပဲ စစ်ကိုင်းတောင်ရိုးက စေတီတော်တွေ ဖူးရပါပြီ။
သီချင်းသံလေး သဲ့သဲ့လည်း ကြားလိုက်ရပါတယ်။ “ စစ်ကိုင်းတောင် စစ်ကိုင်းတောင် အထက်နားဆီက အရှေ့တလွှားကြည့်လိုက်ပြန်ရင်လေ.........။”


Read more...

သီတဂူလမ်း(၄)

သာသနာ့တက္ကသိုလ်က ၆၂ လမ်းမကြီးပေါ် နန်းတော်ရှေ့ရဲ့ လွမ်းမောဖွယ်ရာနေရာမှာ တည်ရှိပါတယ်။ ရွှေနန်းတော်ကျောင်း။ အတုမရှိကျောင်းတော်ကြီး၊ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ တင်စားခံရတဲ့ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား၊ ကနောင်ကိုယ်တော်ကြီးကျဆုံးသွားတဲ့နေရာမှာ အမှတ်တရတည်ထားတဲ့ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးရုပ်ပွားတော်မြတ်နဲ့ အသက်ကလေးရယ်တဲ့ ရှည်စေလိုရင် သီချင်းရဲ့ ပြယုဂ် မန္တလေးတောင်တော်ကြီးတစ်ဝိုက်မှာ သီးခြားအလှတွေနဲ့ ခမ်းနားလှတဲ့ ကျောင်းတော်ကြီးပါ။

ဒီတက္ကသိုလ်နေ့ရက်တွေမှာ သူ့ဘ၀ကို အများကြီးသွေးပေးလိုက်တဲ့ သင်ခန်းစာတွေရှိခဲ့ပါတယ်။ ရဟန်းပုဂ္ဂိုလ်ဆရာတော်တွေရဲ့ ထေရ၀ါဒရိုးရာသင်ရိုးတွေကို မှတ်သားခဲ့ရသလို ဥရောပနဲ့ အမေရိကားနိုင်ငံတွေက ယေးလ်လို လန်ဒန်လို တက္ကသိုလ်ကြီးတွေမှာ ပညာသင်ခွင့်ရခဲ့တဲ့ လူပုဂ္ဂိုလ်ဆရာတွေကြီးရဲ့ သိပ္ပံနည်းကျနဲ့ သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာတရား
ဓမ္မတွေကို လည်း တမေ့တမော နားထောင်ခွင့်ရခဲ့ပါတယ်။ ဂိုဏ်းဂဏပေါင်းစုံ လူမျိုးပေါင်းစုံရဟန်းတော်တွေရဲ့
ချစ်ကြည်ရင်းနှီးမှုကို ခံစားနိုင်ခဲ့တဲ့အတွက် ဂိုဏ်းဂဏအစွဲအလမ်းတွေလည်း ကင်းခဲ့ပြန်ပါတယ်။

ကျောင်းတက်ချိန် မနက် ၂ ကြိမ်။ နေ့လည် ၃ ကြိမ်ကလွဲရင် ကိုယ်ပိုင်အချိန်တွေ များလာတဲ့အတွက်
တက္ကသိုလ်စာကြည့်တိုက်နဲ့ နန်းရှေ့ဈေးနားက မို့မို့စာပေ။ စပယ်ဖြူစာပေတို့ကို ဦးတည်နိုင်ခဲ့ပါတယ်။
အခြေအနေပေးရင်တော့ မန္တလေး ၈၄ လမ်းမကြီးပေါ်လျှောက်ပြီး နဂါး၊ ရဲရင့်။ ဒေါင်းအိုးဝေ၊ သုခမိန်၊ ဥတ္တရလွင်ပြင်စာအုပ်ဆိုင်တွေနဲ့ ဈေးချိုတော်ရဲ့ စာအုပ်အဟောင်းဆိုင်တန်းတွေကိုလည်း မွှေခဲ့ဖူးပါတယ်။
စာတွေ ဖတ်ဖြစ်ခဲ့တာတော့ သေချာလှပါတယ်။

မန္တလေးရဲ့ ယဉ်ကျေးမှုဇုံထဲမှာ နေခွင့်ရတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စကားလက်ဆုံကျဖို့လည်း အခွင့်အလမ်းရခဲ့ပါတယ်။ အထင်ကြီးစရာတော့ မရှိခဲ့ပါဘူး။ “ ရဟန်းဘ၀ရောက်တာ ဘယ်လောက်ကြာပါပြီလဲ” ဆိုတဲ့မေးခွန်းကို '' YES'' လို့ဖြေခဲ့ဖူးတာပါ။(အဟေးဟေး)

ပြီးတော့ သူပေါင်းခဲ့တဲ့မိတ်ဆွေတွေကလည်း စာပေအသစ်တွေနောက်လိုက်နေသူတွေပါ။ ကျောင်းစာသင်ခန်းထဲမှာ မြန်မာစာဘာသာရပ်အတွက် ရှင်ဥတ္တမကျော်ရဲ့ တောလား။ ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့၊ ရာဇကုမာရ်ရဲ့ မြစေတီကျောက်စာတွေ သဲသဲမဲမဲ ကူးရင်း ခေတ်အသစ်ကြီးရဲ့ စာပေတွေကို ၆၂ လမ်းမကြီးပေါ်မှာ တိုးတိုးဝှေ့ဝှေ့ ဖတ်ခဲ့ကြတာပါ။

နောက်မျိုးဆက်အသစ်ကို ထိန်းကျောင်းမယ့် ရဟန်းတော်တွေ အနေနဲ့ လူငယ်တွေရဲ့ အမြင်၊ ခံစားမှုတွေနဲ့ အတူ တွဲလျှောက်ရမယ်လို့ ခံယူခဲ့ကြပါတယ်။ ရော့ခ်သီချင်းတွေကိုလည်း လက်လှမ်းမီခဲ့ကြတာပါပဲ။
ဥဂ္ဂါသေနသူဌေးသားရဲ့ လိုက်ဖ်ရှိုးမှာ ဘုရားရှင်ကိုယ်တိုင် အားပေးခဲ့သလိုမျိုးပေါ့။
ဒီလိုနဲ့ မိတ်ဆွေတွေ စုမိခဲ့ပါတယ်။

ကဗျာဆရာရဟန်းတစ်ပါးရှိခဲ့ပါတယ် ။ သူ့ကဗျာတစ်ပုဒ်ကလည်း မောင်ခိုင်မာရဲ့ ဧည့်ခန်းဆောင်များကို ဖြတ်ကျော်ခြင်း ထဲထိ ရောက်သွားလေတော့ မြောက်ချင်စရာပါ။
ဂျူးရဲ့ အမှတ်တရ ကို ဗလာစာအုပ်နဲ့ ကူးရေးဖူးသူမိတ်ဆွေရဟန်းတစ်ပါး။
မောင်ချောနွယ်ရဲ့ မောင်ချောနွယ်အတု နဲ့ ပိုင်စိုးဝေကြီးရဲ့ သိန်းစွန်ငှက်ရဲ့အပြန်လမ်း၊ နေရောင်ခြည်နဲ့တွေ့ဆုံခြင်းကဗျာတွေ အာဂုံဆောင်ထားသူ မိတ်ဆွေရဟန်းတစ်ပါး။
ထွက်လာသမျှ မဂ္ဂဇင်းတွေက ကဗျာတွေကို အက္ခရာဝလိစဉ်ပြီးကူးလေ့ရှိသူ မိတ်ဆွေရဟန်းတစ်ပါး။
ဘာမှဝင်မပြောပေမယ့် ပြောသမျှကို အားရစွာ နားထောင်တတ်တဲ့ မိတ်ဆွေ သုံးလေးပါး။
အဲဒီပုဂ္ဂိုလ်တွေက သူ့ထက်စီနီယာကျသလို အတန်းလည်း မတူကြလေတော့ သူ့ဝင်ခွင့်စာမေးပွဲမှာ သစ္စာနီရဲ့ “နေထိုင်ခြင်းမိတ္တူ” ကဗျာဟာ အသာစီးရခဲ့ပါတယ်။

၆၂ လမ်းပေါ်က လက်ဘက်ရည်ဆိုင်ယိုင်ယိုင်လေးမှာ။ အတုမရှိကျောင်းတော်ကြီးရှေ့ ကြားပွင့်ကြီးရဲ့ လပြည့်ညတွေမှာ သူတို့ စကားဝိုင်းတွေ လှခဲ့ဖူးတယ်။ သရဖူနဲ့ ဟန်သစ်မဂ္ဂဇင်းတွေကို အပိုင်ဝယ်ပြီး တာရာမင်းဝေ ၊မင်းခိုက်စိုးစံတို့ရဲ့ ခြေလှမ်းကို စောင့်ကြည့်ခဲ့ကြဖူးသလို နီကိုရဲရဲ့ မကြည်ပြာဖြစ်လိုက် မသီတာဖြစ်လိုက် ကျွန်တော့်ဘ၀အချစ်အကြောင်းကိုလည်း ဘယ်လောက်ထိထွက်လာနိုင်မလဲ စိတ်ဝင်စားခဲ့ကြဖူးပါတယ်။
လေးဖြူရဲ့ အလင်းရောင်နဲ့ မူရင်းသီချင်း Dream on ဘယ်ဟာပိုကောင်းသလဲကိစ္စကိုတော့ အတည်ပြုချက်မရခဲ့ကြဘူး။

ကိုယ့်စာမျက်နှာကိုယ်လှန်ပြီး အနာဂတ်သာသနာဆိုတဲ့ ခေါင်းစဉ်နဲ့ ပိဋကတ်စာမျက်နှာတွေထဲ တိုးဝင်ရင်း ဆွေးနွေးခဲ့ကြဖူး သဘောထားလည်းကွဲလွဲခဲ့ကြဖူးလေရဲ့။
အော် ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကြီးက ပိုပြီးလှနေခဲ့ပါပြီ။
တက်သစ်စ ကထိက နည်းပြတွေရဲ့ အတွေးသစ်နဲ့ နိုင်ငံတကာအမြင်တွေက ဖန်တီးလိုက်ကြတာပါ။
သူကျောင်းသားဘ၀က တက္ကသိုလ်စာကြည့်တိုက်နဲ့ မော်ကွန်းထိန်းရုံးကလွဲရင် ကွန်ပြူတာဆိုတာ သရဲတစ်ကောင်လို ရှားခဲ့ပေမယ့် ခုတော့ အင်တာနက်ခန်းမမှာ မျိုးဆက်သစ်ရဟန်းငယ်တွေက စုစုရုံးရုံး။
အဲဒီညနေက အချက်ပေးဟွန်းသံကြောင့်သာ ထွက်လာခဲ့ရတယ်။
နာရီစင်ကြီးရှေ့မှာ ရပ်ပြီး ငေးချင်နေတုန်း။


Read more...

ဖတ်မိသမျှ စာများ

"လူနဲ့ ၂၂၇"
သာသနာအတွက် သတိထားစရာမို့လို့ အောက်ပါ ဆရာတော်ပညာဏကာရီရဲ့ “လူနဲ့ ၂၂၇” ဆောင်းပါး တင်ပြပေးလိုက်ပါတယ်။
ဒါယိကာမကြီး ဒေါ်အေးအေးမူက ၁၃၇၀ ခုနှစ်၊တပို့တွဲလဆန်း (၅-၁၁)ထုတ် နာမည်ကျော်ဂျာနယ်၊ အတွဲ(၂၀)အမှတ်(၃၉၉) ကိုလာရောက် ပြီး ပြသပါတယ်။
မြန်မာပြည်အထက်ပိုင်းကဏ္ဍ စာမျက်နှာ(၄)ကို ကြည့်လိုက်ရာ “ သာသနာတော်ကို ပံ့ပိုးနေတဲ့…..သာသနာပြုအဖွဲ့” အမည်ရှိ ဆောင်းပါးကို ဓါတ်ပုံနဲ့တကွ တွေ့မြင်လိုက်ရပါသည်။ စိတ်ဝင်တစားရှိလှစွာ ချက်ချင်းပင် ဖတ်ကြည့်လိုက်မိပါသည်။
၎င်းဆောင်းပါးရေးသားသူ၏ လက်ရာတချို့ကို တိုက်ရိုက်ကူးယူ၍ ဖေါ်ပြလိုက်ပါဦးမည်။
၁။…………..သာသနာပြုအဖွဲ့ တည်ထောင်သူ ဆရာကြီးဟာ ၂၀၀၀ ပြည့်နှစ်ကစပြီး လူပုဂ္ဂိုလ်သာသနာပြု လုပ်ငန်းကို စတင်ခဲ့ပါတယ်။ တရားဟောခြင်း၊ တရားရှုမှတ်ရန် သင်ကြားပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သလို ဖိတ်ကြားထားတဲ့ နေရာများမှာလဲ လိုက်လံပို့ ချ ပေးခဲ့ပါတယ်။
၂။ ဆရာကြီးဟာ အသက် ၂၅ နှစ်ဝန်းကျင်က စလို့ သာသနာတော်ကို မြတ်နိုးပြီး သာသနာပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ “ ၀ိပဿနာအားထုတ်မယ်၊ သာသနာပြုရမယ်” လို့ သန္နိဋ္ဌာန် ချခဲ့ပါတယ်။

၃။ မိသားစုဝင်တွေ ရန်ကုန်ပြောင်းသွားတဲ့အခါ………….မြို့က နေအိမ်မှာ ၂၄ နာရီ တရားစခန်း စဖွင့်ခဲ့ပါတယ်။ပ။ “ဒီလို……မြို့မှာ တရားအလုပ်တွေ လုပ်နေရင်းက တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ရန်ကုန်မြို့ကို ပြောင်းခဲ့ပါတယ်” လို့ ဆရာကြီးက ဆိုပါတယ်။
၎။ “ဆရာတော်တွေနောက်ကို လိုက်ဝတ်ဖြည့်ရင်း သာသနာတော်ကို လျှမ်းလျှမ်းတောက် ဖြစ်စေချင်လာတယ်။ အလွှာစုံကို ထိုးဖေါက်ချင်လာတယ်။ ဒိလိုနဲ့ ဆရာတော်ကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ လူပုဂ္ဂိုလ် သာသနာပြုလုပ်ငန်းကို စခဲ့ပါတယ်” လို့ ဆရာကြီးက ဆိုပါ တယ်။
၅။ “တရားဓမ္မကို ပို့ချတာဟာ ၁၅ နှစ်၊၁၆နှစ်လောက် စုဆောင်းထားတဲ့ တရားအဆီအနှစ်တွေကို နာယူသူတွေ တစ်ခဏအတွင်း နားလည်စေချင်လို့ မိမိငြိမ်းအေးသလို အများကိုလဲ ငြိမ်းအေးစေချင်လို့” လို့ ပြောပါတယ်။
၆။ ကျမ်းဘယ်လောက်တတ်လို့ တရားဟောလဲလို့ မေးရင် မတတ်ပါဘူးလို့ ဖြေရပါမယ်။ ဒါပေမဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေ၊ ဆရာတော်ဘုရားကြီးတွေ ရေးသားပြုစုထားတဲ့ စာပေကျမ်းဂန်တွေ၊ ဆုံးမစကားတွေ အတော်များများကို ဖတ်မှတ်သိရှိထားတယ်။
၇။ ဆရာကြီးနဲ့…….သာသနာပြုအဖွဲ့ အထူးယောဂီတွေဟာ အ၀တ်ဖြုဝတ်ပြီး ဆံပယ်ကြပါတယ်။ ၂၂၇ ပါးသော သိက္ခာပုဒ်ကို စောင့်ထိန်းကြပါတယ်။
“ဆံပယ်တာ၊ အ၀တ်ဖြူဝတ်တာဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာမှာ ဘုရားရှင်ခွင့်ပြုထားတဲ့ သူတော်ကောင်းဝတ်စုံ ဖြစ်တဲ့အတွက် မှော်ဘီ ရွှေကျင် သာသနာ့ဝန်ဆောင် ဆရာတော်ကြီးက ခွင့်ပြုထားတယ်” လို့ ဆရာကြီးကဆိုပါတယ်။
သာသနာပြုခွင့်ဆိုတာ လူတိုင်းမရနိုင်ပါဘူး။ ပ ။ ဆရာကြီးက “ သူ့အနေနဲ့ ရဟန်းဝတ်ဖို့ ထိုက်တန်ပြီလို့ ယုံကြည်လာတဲ့အခါ ရဟန်းဝတ်နဲ့ ဆက်လက်သာသနာပြုသွားမယ်” လို့ဆိုပါတယ်။
ဓါတ်ပုံ။ ။ဓါတ်ပုံမှာ ပိတ်ဖြူကို သင်္ကန်းပုံနှင့် လုံးဝ ပုံတူ ၀တ်ဆင်ထားပါသည်။
(ခ)အထက်ပါစာများနှင့် ဓါတ်ပုံကြီးတွကို ဖူးတွေ့လိုက်ရစဉ် ကဗျာကလေးတစ်ပုဒ် ပေါ်ထွက်လာပါသည်။ မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ထဲက ဖြစ်ဟန်ရှိပါတယ်။
စာရေးသူသည် ကဗျာရေးနည်း၊ကဗျာအမျိုးအစား၊ ကဗျာအလှ စသည်တို့ကို လေ့လာထားသူ ဖြစ်သော်လည်း ကဗျာအရအမိ တော်တော်နည်းပါးသူ ဖြစ်ပါသည်။ ထို့ကြောင့် တိတိကျကျ မသိပါသော်လည်း စိတ်ထဲပေါ်လာသည့်အတိုင်း အောက်မှာ ရေးသားဖေါ်ပြ လိုက်ပါသည်။
လူသော် လူကျင့်၊ လူသာသင့်၏။
ရှင်နှင့်မလျော်၊
ရှင်သော ရှင်ကျင့်၊ ရှင်သာ သင့်၏။
လူနှင့် မရာ၊ မအပ်စွာတည်း။
အကြင်ပုဂ္ဂိုလ်သည် လူဖြစ်ငြားအံ့။ ဤသို့ လူဖြစ်သည်ရှိသော် လူတို့ကျင့်အပ်ကုန်သော သုစရိုက်၁၀ပါး၊ (ကုသလကမ္မပထ ၁၀ပါး) ယင်း ၁၀ပါးထဲက သမထဘာဝနာ၏ အကျိုးတရားဖြစ်သော ဈန်တရား၊ယင်း ၁၀ပါးထဲက ၀ိပဿနာ ဘာဝနာ၏ အကျိုးတရားဖြစ် သော မဂ်တရားတို့ကို အဆင့်ဆင့်ပြည့်စုံအောင် ကျင့်သင့်၏
လူကျင့်တရား(၁၀)ပါးတို့တွင် ပါဝင်သော တရားတို့ကို ရဟန်းတို့သည်လည်း ကျင့်သင့်ပါသည်။ သို့သော် ရဟန်းအသွင်နဲ့ ဆန့်ကျင်အောင် ပြုမူ၍ ကျင့်သော်ကား မကျင့်ကောင်းပါ။ မလျော်ပါ။
ဥပမာအားဖြင့် ရဟန်းက လူအား လှူဖွယ်ပစ္စည်း ဆက်ကပ်မှုပြုခြင်း၊ လူတို့ကဲ့သို့ အခြားရဟန်းစသည်ထံမှ ငါးပါးသီလ ခံယူမှုပြုခြင်း စသည်တို့ပင်တည်း။
အကြင်ပုဂ္ဂိုလ်သည် ရှင်ရဟန်း ဖြစ်ငြားအံ့၊ ဤသို့ ရှင်ရဟန်းဖြစ်သည်ရှိသော် ရှင်တို့ ကျင့်အပ်ကုန်သော ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ ခုနှစ်ဆယ့်ငါးပါး၊ ၀တ်ကြီးဝတ်ငယ်တစ်ဆယ့်လေးပါး၊ပစ္စဝေက္ခဏာလေးပါးတို့ကို ပြည့်စုံအောင် ကျင့်သင့်၏။ ရဟန်းတို့ ကျင့်အပ်ကုန်သော ၂၂၇ ပါးကုန်သော သိက္ခပုဒ်တို့ကို ပြည့်စုံအောင် ကျင့်သင့်၏။
ထိုသို့ကျင့်သင့်ရာတွင် ရှင်သာမဏေတို့သည်လည်း ရဟန်းကျင့်ဝတ် ၂၂၇ ပါးတို့ကို တတ်နိုင်သမျှ လိုက်နာကျင့်ကောင်း၏။
သို့သော် ရဟန်းကျင့်ဝတ်တို့ကို သိက္ခာပုဒ်တော်အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟူ၍တော့ ရှင်သာမဏေတို့က ထုတ်ဖော်၍ ၀န်မခံကောင်းပါ။ မကြေညာကောင်းပါ။ မသင့်လျော်ပါ။
ရဟန်းတို့သည်လည်း ရှင်ကျင့်ဝတ်တို့ကို လိုက်နာ၍ ကျင့်ကောင်း၏။ သို့သော် ရှင်ကျင့်ဝတ်(လိင်ဆယ်ပါး)တို့ကို သိက္ခာပုဒ်တော် အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟူ၍တော့ ရဟန်းတို့ကို ထုတ်ဖော် ၀န်ခံ၍ မကြေညာကောင်းပါ၊မလျော်ပါ။
ဤသို့လျှင် ရှင်ရဟန်းတို့သည်ပင် ရဟန်းက ရှင်ကျင့်ဝတ်၊ ရှင်က ရဟန်းကျင့်ဝတ်တို့ကို ကျင့်နေပါ၏ ဟု ၀န်မခံကောင်းဟု ဆိုချေသော်…….
သံဃာ့အဖွဲ့အစည်းဝင် သံဃာ့ကံဆောင် သံဃာဇာတ်ရှိသူ ရဟန်းတို့ ကျင့်အပ်ကုန်သော ၂၂၇ ပါးကုန်သော သိက္ခာပုဒ်တို့ကို လူပုဂ္ဂိုလ်တို့က သိက္ခာပုဒ်တော်အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ ဟု ထုတ်ဖေါ်ကြေညာ၍ ၀န်ခံခြင်းသည် “ လူနှင့်မရာ မအပ်စွာတည်း” ဟူ၍သာ ဆိုရမည်မုချ။
မှန်လှပါ၏။ သာသနာတော်မြတ်ကို ချမှတ်တည်ထောင်တော်မူသော မြတ်စွာဘုရားသည် မဟာကရုဏာဥာဏ်တော်၊ သဗ္ဗညုတဥာဏ်တော်တို့ဖြင့် ပိုင်းခြားသတ်မှတ်တော်မူ၍..
၁။ လူတို့အား လူတို့ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
၂။ ရှင်သာမဏေတို့အား ရှင်သာမဏေတို့ ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပည်တ်တော်မူ၏။
၃။ ရဟန်းတို့အား ရဟန်းတို့ ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
သို့ဖြစ်ပါလျှက် အသာဓာရဏဥာဏ်ရှင် ဘုရားသခင်က ပညတ်တော်မူသည်ကို ကျော်၍ ကျင့်လျှင် ဓမ္မ မဟုတ်တော့ဘဲ၊ အဓမ္မထဲသို့ ၀င်ရပါလိမ့်မည်။
ဤသည်ကား အထက်ပါ ကောက်နုတ်ချက်အမှတ်(၇)ထဲက “ဆရာကြီးနဲ့…….သာသနာပြုအဖွဲ့ အထူးယောဂီတွေဟာ ၂၂၇ ပါးသော သိက္ခာပုဒ်တို့ကို စောင့်ထိန်းကြပါတယ်” ဟူသော တစ်ချက်အတွက် သုံးသပ်တင်ပြချက် ဖြစ်ပါသည်။
(ဂ)ယခုအခါတွင် ကောက်နုတ်ချက် (၁)မှ စ၍ အနည်းငယ်မျှ သုံးသပ်၍ ဖေါ်ပြပါဦးမယ်။
အမှတ်(၁)အရ သာသနာပြုမှုတို့ကို ပြုလုပ်ခြင်းသည် ကောင်းပါသည်။ သို့သော် သာသနာပြုမှု လုပ်လိုသော် သာသနာပြုနိုင်သော သီလအစွမ်း၊ သမာဓိအစွမ်း၊ ပညာအစွမ်း၊သိက္ခာအစွမ်း ရှိနေဖို့တော့ လိုပါသည်။ အစွမ်းမရှိဘဲလုပ်လျှင် သွားစွမ်းနိုင် ခြင်း မရှိသော ခြေထောက်(ခြေကျိုး)ဖြင့် လမ်းလျှောက်သူနှင့်သာ တူရာပေလိမ့်မည်။
ကျောက်တုံးကြီးကို မ- နိုင်စွမ်း မရှိသော မွေးကင်းစ သူငယ်ကလေးသည် ကျောက်တုံးကြီးကို မလျှင်(ကျောက်တုံးကြီးနှင့်အဖိခံရ လျှင်) အဘယ်သို့ ရှိပေလိမ့်မည်နည်း။
အထက်တွင် ဖေါ်ပြခဲ့သည့်(ခ) ထဲပါ ၂၂၇ ပါးကိစ္စသည် ပညာအစွမ်းမရှိသဖြင့် မသိ၍ မှားနေမှုဖြစ်ကြောင်း ထင်ရှားလှပါသည်။ သာသနဗြဟ္မစရိယ ချို့တဲ့ပုံပင်တည်း။
အမှတ်(၂)အရ သိန္နဋ္ဌာန်ချမှုများသည် ကောင်းပါသည်။ ချီးကျူးထိုက်ပါသည်။
အမှတ်(၃)အရ “တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင်” ဟူသော ရည်ရွယ်ချက်သည်လည်း ကောင်းလှပါသည်။
သို့သော် သာသနဗြဟ္မစရိယ မရှိဘဲ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် သာသနာပြုလိုက်လျှင် စဉ်းစားဝံ့စရာပင် မရှိတော့။
သာသနာဗြဟ္မစရိယ ဆိုသည်မှာ သီလကို ကျင့်အပ်၏ဟု ဟောသည့်အရာ၊သမာဓိကို ကျင့်အပ်၏ ဟု ဟောသည့်နေရာ၊ ပညာကို ကျင့်အပ်၏ဟု ဟောသည့်နေရာ (ပါဠိတော်)တို့အားလျော်စွာ လိုက်နာ၍ ကျင့်သုံးနေထိုင်သူမှာမှ သာသနာဗြဟ္မစရိယ ရှိသည်ဟု ဆိုရပါသည်။ ထိုသာသနဗြဟ္မစရိယ ပြည့်စုံလျှက် အဆုံးသတ်အားဖြင့် မဂ္ဂဗြဟ္မစရိယဖြစ်လျှင် သာသနာမှုအားလုံး ပြီးပြည့်စုံမည် ဖြစ်ပါသည်။ သာသနာပြုကစ္စ ပြီးပြည့်စုံပါသည်။
အမှတ်(၄)အရ ရည်ရွယ်ချက်နှစ်ခုသည်လည်း ကြီးကျယ်ခံ့ညားလှပါပေသည်။
အမှတ်(၅)၌ နာယူသူတွေ တစ်ခဏအတွင်း နားလည်စေချင်သော်လည်း နားလည်နိုင်လောက်သော အစွမ်းအစပါရှိသူသာ နား လည်မည် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ဟောပြတော်မူသည်ကိုပင် နာမလည်နိုင်သူများ ရှိတတ်ကြပါသေးသည်။ ထို့ကြောင့် မဇ္ဈိမပဋိပဒါစေတနာ ရှိနေဖို့လိုအပ်လှပါသည်။ စေတနာအတိုင်း ပညာက မမီလျှင် ဓမ္မမှ အဓမ္မသို့ လမ်းကြောင်းပြောင်းသွားနိုင်ပါသည်။
ကာယကံရှင်တစ်ဦးတည်းသာ ထိုသို့လမ်းကြောင်းပြောင်းသွားလျှင် အထူး မပြောလိုပါ။ အခြားသူများပါ ပြောင်းသွားကြပါမူကား သာသနာတော်သည်လည်း မသန့်ရှင်းတော့ဘဲ အညစ်အကြေးစွဲ ပရိသတ်များ တိုးပွားလာရပေလိမ့်မည်။
သာသနာတော် မတည်တံ့ဘဲ ပြိုပျက်ကွယ်ပသွားဖွယ်ရာ ဖြစ်လာရပေလိမ့်မည်။ သာသနာ(သာသနဗြဟ္မစရိယ) မပြန့်ပွားတော့ဘဲ ဆုတ်ယုတ်သွားရပေလိမ့်မည်။ စေတနာပြစကားလုံးများသည် စေတနာဟန်ပြစကားလုံး (အကြွားအ၀ါသက်သက်)များ မဖြစ်ထိုက်ကြပေ။
အမှတ်(၅)စကားစုထဲတွင် “မိမိငြိမ်းအေးသလို” ဟုပါရှိရာ၌ ငြိမ်းအေးခြင်းသဘောသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ် သည်ဖြစ်၍ အမျိုးမျိုး ရှိပါသည်။ သာသနာ့ဗြဟ္မစရိယတစ်ခုတည်းကြောင့် ငြိမ်းအေးမှသာ သာသနာတော်အရေးမှာ ချီးကျူးထိုက်ပါသည်။ ဤကိစ္စနှင့်ဆက်၍ ဆရာကြီးပြောထားသည့်စကားမှာ..
“လောကုတ္တရာချမ်းသာကို နားမလည်သေးသူတွေက ပြီးပြည့်စုံခြင်းတွေကို မိမိခံယူချက်နှင့် တိုင်းတာပြီး လောကီချမ်းသာတွေကို ချမ်းသာအစစ်လို့ မှတ်ယူကြပါတယ်” ဟူ၍ ဖြစ်၏။ “ဆရာကြီးသည် လောကုတ္တရာချမ်းသာ(မဂ္ဂဗြဟ္မစရိယ)ကို နားလည်သူဖြစ်၏” ဟု ၀န်ခံ ရာရောက်ပါသည်။
(အမှတန် ၆၊ အမှတ် ၇၊တို့အတွက် သုံးသပ်ချက် ရေးပြဖွယ် မလိုတော့ပါပြီ)
ထို့ကြောင့် လင်္ကာတိုကလေးဖြင့် ဤဆောင်းပါးကို နိဂုံးချူပ်လိုက်ပါသည်။
ကျန ထင်ထင်၊ မသိမြင်ဘဲ၊
တိုင်းခွင် ပြည်လုံး၊ ပျံ့နှံ့ဖုံးအောင်
အားလုံး လူမြတ်၊ ဖြစ်စေအပ်” ဟု
မြင့်မြတ်တရား၊ ဟော -ကျင့်ငြား
အမှားဖြစ်၍ ယုတ်တတ်သည်။
ပညာဏကာရီ



Read more...

ပက်လက်ရယ်မျှော



တနေ၀င် တနေထွက်၊
နေ့ရက်တွေ ခရီးဆက်။

အာရုံမှာ ထင်ရာတွေး၊
မြင်ရာကိုငေး။

စိတ်တွေလည်းအိုက်၊
ဒုက္ခကဆိုက်။

ကြံရာမရ၊
မှန်ရာကိုချလေတော့၊

ကံမပါ အဆံသာရှိတဲ့ ဘ၀မို့၊
ရေစုံမှာ ရွက်လွင့်လိုက်တယ်၊

အော် ..... သံသရာဝဲဂယက်မှာ၊
ပင့်ရှိုက်ခါမော...............
ပက်လက်ရယ်မျှော .......။



Read more...

တပည့်တော်ရတဲ့ ဓာရဏပရိတ်နှင့် မတူပါဘုရား... (ဓမ္မဒူတ)


ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ)

အရှင်ဘုရား ဓာရဏပရိတ်ကလည်း တပည့်တော်ရတဲ့ ဓာရဏပရိတ်နှင့် မတူပါဘုရား...










လမင်းကိုမျှော်--->


Read more...

ဗုဒ္ဓတံဆိပ်ခတ်နှိပ်စေချင်



အထက်ဖော်ပြပါ ဝေါပေပါလေးမှာ ဖော်ပြထားတဲ့ စာသားလေးကို ဖတ်မိပြီး ဒီပိုစ့်လေးကို ရေးချင်စိတ် ပေါ်လာမိတာပါ။ အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူငယ်တွေကို မိမိကိုးကွယ်နေတဲ့ ဘာသာရဲ့ တန်ဖိုး.. မိမိကိုးကွယ်နေတဲ့ ဘာသာအပေါ်မှာ နားလည်ယုံကြည်မှုတွေ.. ဘုရား၊ တရား၊ သံဃာဆိုတာ ဘယ်လိုကိုးကွယ်ထိုက်တာလည်းဆိုတဲ့ အသိတရားတွေကို လူငယ်တွေရဲ့နားထဲရောက်အောင် ပြောပြသွန်သင်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကို သိစေချင်တဲ့ အတွက်ကြောင့်ပါ။ လူငယ်ဆိုတာ အနာဂတ်ရဲ့ မျိုးဆက်သစ်ပါ.. လူငယ်တွေရဲ့ ရင်ထဲနှလုံးသားထဲမှာ ဘာသာသာသနာရဲ့တန်ဘိုးနဲ့ ဘုရားရှင်ရဲ့ အဆုံးအမတွေ နားလည်သဘောပေါက်မှသာ အမျိုးဘာသာသာသနာ တိုးတက်မြင့်မားလာနိုင်မှာပါ။ လူငယ်တွေရဲ့ ရင်ထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ ကိန်းဝပ်နေဖို့ အရေးကြီးပါတယ်။ ဒီလိုမျိုး ငယ်စဉ်ဘ၀ကတည်းက ဘာသာအသိတရားတွေ ကိန်းဝပ်ဖို့အတွက် သူတို့တွေရဲ့ တစ်ဦးတိုင်း တစ်ယောက်တိုင်းရဲ့ နှလုံးသားစီမှာ ဘုရားအဆုံးအမတွေ တည်ပေးဖို့ လိုပါတယ်။ ဝေါပေပါမှာပါတဲ့ ဆရာတော်ရဲ့ ဆုံးမစကားအတိုင်းဆိုရင်တော့ ဗုဒ္ဓတံဆိပ် ဘာသာစိတ်ကို ခတ်နှိပ်ပေးစေချင်တဲ့ သဘောလေးပါပဲ။

ဗုဒ္ဓမြတ်စွာဘုရားရှင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပါတ်လုံး ပါရမီတွေဖြည့်ပြီး ဘုရားဖြစ်အောင် ကြိုးစားအားထုတ်ကျင့်ကြံတာဟာ ဘာအတွက်လည်းလို့ အဖြေရှာကြည့်မယ်ဆိုရင် သတ္တ၀ါအပေါင်းကို အို၊ နာ၊ သေဘေးမှ ကင်းဝေးစေတဲ့ အမြတ်နိဗ္ဗာန်ကို ပို့ဆောင်ဖို့ အတွက်ပါ။ ယခုအချိန်အခါမှာ ဘုရားရှင်မရှိတော့ပေမယ့် ဘုရားရှင်ရဲ့ အဆုံးအမသာသနာတွေ ကျန်ရစ်ခဲ့ပါတယ်။ ယခုထက်တိုင်လည်း ဘုရားတပည့်သား သံဃာတွေအဆက်ဆက် မပျောက်ပျက်အောင် ထိန်းသိမ်းလာခဲ့ကြတာပါ။ ဒီတော့ သာသနာတော် အတွန့်ရှည်တည်တံ့ခိုင်မြဲဖို့ဆိုရင် ဘုရားရှင်ရဲ့သာသနာတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သံဃာတော်မြတ်တွေ မရှိမဖြစ်လိုအပ်သလို.. သာသနာတော်ကို သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်ပြီး သာသနာတော်ကို အကျိုးပြုတဲ့ လူပုဂ္ဂိုလ်တွေလည်း လိုအပ်ပါတယ်။ ဒီလိုမျိုး သာသနာတော်ကို စောင့်ရှောက်တဲ့ ဆရာနဲ့ဒကာ ညီမျှမှသာ သာသနာတော်ကြီး အတွန့်ရှည်တည်တံ့ခိုင်မြဲနေမှပါ။

ဒီအချက်ကို ဘာလို့ပြောရလည်းဆိုရင်.. လူပုဂ္ဂိုလ်တွေက သာသနာ့တန်ဖိုး နားလည်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို သိစေချင်တဲ့အတွက်ပါ။ ပိုပြီးအရေးတကြီးလိုအပ်တာက လူငယ်တွေ သာသနာ့တန်ဖိုး သိဖို့ပါ။ လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာသာရဲ့တန်ဖိုးသိဖို့အတွက် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗာစရိယ မိနှင့်ဖ ဆိုတဲ့ စကားရှိပါတယ်။ မိဘတွေရဲ့ အဆုံးအမ သွန်သင်မှု ကောင်းမွန်ရင် ကောင်းမွန်သလို သားသမီးတွေရဲ့ အကျင့်စာရိတ္တ၊ ကိုယ်ရည်ကိုယ်သွေးတွေ ကောင်းမွန်လာဖို့ များပါတယ်။ ငယ်စဉ်ကတည်းက ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတာနာမြတ်သုံးပါးဆိုတာ ဘာလည်း၊ ဘုရားအဆုံးအမတွေဆိုတာ ဘာလည်း၊ ဘာလို့ ဘုရားရှင်ကို ကိုးကွယ်နေတာလည်း၊ ဘာလို့ ကိုးကွယ်ထိုက်တာလည်းဆိုတဲ့ ဘာသာရဲ့ တန်ဖိုးကို နှလုံးသားထဲမှာ ခတ်နှိပ်ပေးစေချင်ပါတယ်။ ဒီလိုမျိုး ခတ်နှိတ်ပေးပြီး ဘာသာရဲ့တန်ဖိုးကို နားလည်ပါမှလည်း မိရိုးဖလာ ဗုဒ္ဓဘာတွေနည်းပြီး.. တကယ်သိ တကယ်ကြည်ညိုကိုးကွယ်တတ်တဲ့ လူငယ်တွေ ပေါ်ပေါက်လာမှာပါ။


လူငယ်တွေ ဘာသာတန်ဖိုး နားမလည်ရင် အနာဂတ်အတွက် မတွေးရဲစရာပါ။ ဘုရား၊ တရား၊ သံဃာရဲ့တန်ဖိုးကို နားမလည်ရင် မိဘဆရာဆိုတာလည်း အလကားထင်သွားမှာပါ။ ကြီးသူကိုရိုသေရမယ်.. အချင်းချင်း မေတ္တာတရား ထားရမယ်ဆိုတဲ့ ဆုံးမစကားတွေဟာ ဟာသတစ်ပုဒ်လို ဖြစ်သွားမှာပါနော်။ ငါးပါးသီလလုံအောင်စောင့်ပါလို့ ပြောရင်တောင် ရယ်စရာ လာပြောနေတာလားလို့ ထင်သွားမှာပါနော်။ ဒီအကြောင်းအရာလေးတွေးမိတော့ ဆရာတော်ဘုရားကြီးတစ်ပါးရဲ့ ဆုံးမသြ၀ါဒကို နားထဲက ကြားယောင်မိပါတယ်.. ဒကာလေး.. လူတွေရဲ့အသိတရားမှာ ဘုရားအဆုံးအမနဲ့ ဝေးသွားရင် ကလေးလိုဖြစ်တတ်တယ်.. လုပ်ချင်ရာလုပ်တယ်.. ပြောချင်ရာပြောတယ်.. ကြမ်းတမ်းရိုင်းစိုင်း သွားတတ်တယ် တဲ့။ ဟုတ်ပါတယ်နော်.. လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာသာရေးအသိမဲ့သွားမယ်ဆိုရင် အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ မိမိဘာသာရဲ့ တန်ဖိုးကို နားမလည်ရင်လည်း ဘာသာခြားဖြစ်ဖို့ အင်မတန်လွယ်သလို တခြားဘာသာတွေရဲ့ စည်းရုံးသိမ်းသွင်းမှုကိုလည်း လွယ်လွယ်နဲ့ လက်ခံသွားနိုင်ဖို့ များပါတယ်။


ဒါ့ကြောင့်လည်း ယခုအခါမှာ တရားဟော ဓမ္မကထိက ဆရာတော်ဘုရားတွေက လူငယ်တရားပွဲတွေ.. လူငယ်တွေအတွက် နွေရာသီအားလပ်ရက် ဗုဒ္ဓဘာသာသင်တန်းတွေကို ဖွင့်လှ်ပြီး လူငယ်တွေရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓတံဆိပ် ဘာသာစိတ်ကို ခတ်နှိတ် ပေးနေကြတာပါ။ ကျေးရွာတွေမှာ အခမဲ့ ဘုန်းတော်ကြီး သင်တန်းကျောင်းတွေ၊ မိဘမဲ့ကလေးတွေကိုလည်း စား၊ ၀တ်၊ နေရေး အဆင်ပြေအောင် လုပ်ဆောင်ပေးပြီး ဘာသာရေး အသိတွေ ထည့်ပေးနေကြတာပါ။


ကျွန်တော်တို့တွေ အနေနဲ့လည်း အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ကိုယ်တတ်စွမ်းတဲ့ ဘက်ကနေ ဗုဒ္ဓတံဆိပ် ခပ်နှိတ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ မိမိကိုယ်တိုင် မစွမ်းနိုင်ရင်လည်း စွမ်းနိုင်တဲ့ လူတွေကို ကူညီထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး လူငယ်တွေကို ဘာသာရေးအသိတွေ.. ဘုရားအဆုံးအမတွေသိအောင် လုပ်ဆောင်ပေးတာဟာ သာသနာကို စောင့်ရှောက်ရာ ရောက်သလို.. ဘုရားရှင်ရဲ့ အဆုံးအမကိုလည်း ကာကွယ်စောင့်ထိန်းရာ ရောက်ပါတယ်။ ဘုရားအဆုံးအမတွေ မပျောက်ပျက်အောင် မိမိကိုယ်တိုင်လည်း စွမ်းဆောင်ကြပါ.. မိမိကိုယ်တိုင် စွမ်းဆောင်ရင်းဖြင့် မိမိရဲ့ ပတ်ဝန်းကျင်.. မိမိရဲ့ဘာသာသာသနာကို မြှင့်တင့်ရင်း လူငယ်တိုင်း.. လူသားတိုင်းရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓတံဆိပ် ကိုယ်စီခပ်နှိတ်ပေးကြစေဖို့ ဆန္ဒပြု ရေးသားလိုက်ပါတယ်။



Read more...

ပဓါနတရား (၄)ပါး

Get this widget | Track details | eSnips Social DNA


Read more...

မဟာစည်ဆရာတော်ဘုရားနှင့် နတ် တရားစကားဆွေးနွေးတဲ့အကြောင်း

ယနေ့ အွန်လိုင်းမှာ ပျံ့နေတဲ့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး နတ်သားနဲ့ တရားစကား ဆွေးနွေးတဲ့ သတင်းလေးပါ။ မေမေ့လပြည့်ဝန်းလေး ဒီအသံဖိုင်ကို နားထောင် ဖြစ်တာကတော့ ကြာပါပြီ။ အကြောင်း မတိုက်ဆိုင်လို့ မတင်ပြဖြစ်ပါဘူး။ အခုတော့ စာဖတ်သူတို့ ဆွေးနွေးထားတဲ့ အသံကိုရော၊ ဆုံးဖြတ်ထားတဲ့ အဆုံးအဖြတ်ကိုပါ နာယူသင့်၊ ဖတ်ရှုသင့် တယ်ထင်လို့ တင်ပြလိုက်ပါတယ်။

၎င်းကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး နိမ္မာနရတိနတ်နှင့် တရားစကားပြောတဲ့ အကြောင်း အရာနှင့် ပတ်သက်၍ ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး ကိုယ်တိုင် ဆရာတော်ကြီးရဲ့ ဟောစဉ်တရား အတွဲအမှတ်(၃)နိဒါန်းပိုင်းမှာ အဆုံးအဖြတ်အဖြစ် ရေးသားထားတာကိုလည်း မေမေ့လပြည့်ဝန်းလေး တွေ့ရှိရပါတယ်။ စာဖတ်သူတို့ ဟုတ်/မဟုတ် စဉ်းစားနိုင်ဖို့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ နတ်နှင့် စကားပြောသည်ဆိုသည့် အသံဖိုင်ရော၊ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ ဆုံးဖြတ်ချက်ပါ မူရင်းအတိုင်း တင်ပြလိုက်ပါတယ်။

စာဖတ်သူတို့ စဉ်းစားတွေးခေါ်ဉာဏ်တိုးပွားစေဖို့၊ ဖြစ်နိုင်/မဖြစ်နိုင်/ ဟုတ်/မဟုတ် ကိုယ်ပိုင် ဉာဏ်ဖြင့် (၂)မျိုးလုံး နားထောင်/ဖတ်ရှုပြီး ဆုံးဖြတ်နိုင်စေရန် တင်ပြခြင်းမျှသာ။ မေမေ့ လပြည့်ဝန်းလေးရဲ့ ကိုယ်ပိုင် အာဘော် တစ်လုံးတစ်ပါဒမျှ မပါဝင်ပါ။

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက

အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု

အဘိဓဇအဂ္ဂသဒ္ဓမ္မဇောတိက

မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရားတော်များ (တတိယတွဲ)

----မှ----

ဆရာတော်ဘုရားကြီး၏ သမိုင်းဝင်ဖြစ်ရပ်များ

(ဆရာတော်ဘုရားကြီး၏ သာသနာအတွက်ဆုံးဖြတ်ချက်များသည် သာသနာ့သမိုင်းတွင် ဥဒါန်းတွင်ရစ်အောင် စွမ်းဆောင် ပြောင်မြောက်လှ၏။ ဤနေရာ၌ ယင်းသို့သောဆုံးဖြတ်ချက်များကို တိ+နိပင်မအဖွဲ့မှ ထုတ်ဝေသည့် ဟောစဉ် တတိယတွဲနိဒါန်းတွင် တိ+နိစာအုပ်စာပေမော်ကွန်းထိန်း ဦးကျော်လှိုင် (မဟာဝိဇ္ဇာ၊ သက္ကဋ)က ရေးသားပူဇော်ထားရာ ၄င်းရေးသားချက်များမှ ကောက်နှုတ် ဖော်ပြလိုက်ရပါသည်။)

မင်းကွန်းဆရာတော်ဘုရားကြီးဆုံးဖြတ်ပေးသော မဟာစည်ဆရာတော်ဘုရားကြီး ''နိမ္မာနရတိနတ်နှင့် တရားစကား ဟောပြောသည်''ဆိုသော စကားနှင့်ပတ်သက်၍ မိန့်ကြားချက်--

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဟောစဉ်တရားစာအုပ် တတိယတွဲ စာမျက်နှာ (ဍ)မှ (ထ)ထဲ၌ မူရင်းအတိုင်း ပါရှိသော ဆုံးဖြတ်ချက်တရားတော်ဖြစ်ပါသည်။

(က) မဟာစည်ဆရာတော်နှင့်နိမ္မာနရတိနတ်စကားပြောပြဿနာ---

၁၃၁၅-ခုနှစ် ဆဋ္ဌသင်္ဂါယနာတင်ခါနီးကာလဝယ် ရန်ကုန်မြို့မဟာစည်သာသနာ့ရိပ်သာ၌ ''ပုသိမ်မြို့ သဒ္ဓမ္မသီတဂူရိပ်သာဆရာတော် ဦးအာစိက္ခဏ၏တူမဖြစ်သော ယောဂီ-မဟေမာ''၏ကိုယ်ကို ရေဒီယိုသေတ္တာ သဖွယ်ပြု၍ နိမ္မာနရတိနတ်က မဟာစည်ဆရာတော်သည် ရဟန္တာဖြစ်ကြောင်း၊ နိမ္မာနရတိနတ်ပြည်၌ ကျော်ကြားနေသည်ဟု ပြောကြားကြောင်း အုတ်အော်သောင်းနင်း သတင်းဖြစ်၍ နေလေသည်။

တစ်နေ့သော် မဟာစည်သာသနာ့ရိပ်သာ ''ဖလ်ယဉ်ဓမ္မာရုံ''၌ သာသနာရေးဝန်ကြီး ဦးဆောင်၍ လူပေါင်းများစွာ ရှင်ပေါင်းများစွာတို့ စုဝေးကြပြီး မဟာစည်ဆရာတော်နှင့် နိမ္မာနရတိရေဒီယိုသေတ္တာဟု အမည်တင်စား ထားသော ယောဂီ-မဟေမာတို့ ပါဠိလို တရားစကားပြောရာက နိမ္မာနရတိဘုံသား ''ကောဋတိမ္ဗရနတ်သား'' လျှောက်ထားတောင်းပန်ချက်အရ မဟာစည်ဆရာတော်က ဝိပဿနာတရားဟောသည်ကိုနာရ၍ နတ်သား တစ်ယောက်ရဟန္တာဖြစ်ပြီး ထိုတရားပွဲမှာပင် ပရိနိဗ္ဗာန်-စံသွားသည့်ပုံ အလန့်တကြား ဟိုးလေးတကျော်ဖြစ်ကာ စံကျောင်း၌ကမ္မဋ္ဌာန်းဆရာတော်များနှင့် ဝန်ကြီးချုပ်၏ သာသနာရေးအကြံပေးလူကြီးတို့ စုဝေးနေကြသည်။

ထိုအချိန်၌ တိပိဋကဓရဆရာတော်သည် (နိမ္မာနရတိနတ်စကားကို မယုံသော်လည်း) ဆရာတော် များနှင့် မဆန့်ကျင်စေရန် စံကျောင်းပေါ်သို့ တက်ရောက်သွားသောအခါ ဝန်ကြီးချုပ်၏ အကြံပေးဒါယကာက ''ယခု နတ်စကားကိစ္စမှာ ဆရာတော်ဘယ်လို သဘောရသလဲ''ဆိုတော့ တိပိဋကဆရာတော်က ''ဘုန်းကြီး အနေနဲ့ကတော့ မဟေမာအပေါ်မှာ သံသယမရှိပါဘူး။ နိမ္မာနရတိနတ်ဆိုတဲ့ နတ်ကိုသာ သူကိုယ်တိုင်က ဘင်္ဂါလီကချေသည်ကဖြစ်တဲ့ ဘုမ္မစိုးနတ်က နိမ္မာနရတိနတ်လို့ ဆရာတော်တို့၊ ဒကာကြီးတို့ကို တစ်ပတ်ရိုက် နေတယ်လို့ပဲ သဘောရပါတယ်''လို့ ဖြေသောအခါ ဘုန်းကြီးဦးမုနိန္ဒက ''အမ်မယ် . . .ဆရာတော်ဦးဝိစိတ္တက နတ်ကို မယုံတာ၊ ဘုန်းကြီးကတော့ ဦးအာစိက္ခဏကိုပဲ မယုံဘူး''ဟု တိုက်ရိုက်ကြီး ပြောလိုက်လေသည်။

ထိုအခါ သဒ္ဓမ္မသီတဂူရိပ်သာဆရာတော် ဦးအာစိက္ခဏက ဘုန်းကြီးဦးမုနိန္ဒကို အရေးမစိုက်ဘဲ တိပိဋက-ဆရာတော်ကိုသာ (တစ်)နံပါတ် ဆန့်ကျင်ဖက်သဘောထားပြီး အပြန်အလှန် ပြောဆိုသည်မှာ-

သီတဂူ - - အမ်မာ . . .ဦးဝိစိတ္တက မယုံဘူးဆိုလျှင် ယခုရှင်းပါ့မယ်။

တိပိဋက - - တပည့်တော်က အရှင့်နတ်ကို ယုံမှ မယုံပဲ။ တပည့်တော်အဖို့ ရှင်းရန်မလိုပါ။ အရှင်တို့နတ်ကို ယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်သာ ရှင်းလိုလျှင် တပည့်တော်ရှင်းပေးပါမည်။

သီတဂူ - - ရှင်းလျှင် ဘယ်လိုရှင်းမှာလဲ?

တိပိဋက - - အရှင့်တူမ မဟေမာကို ခေါ်လိုက်ပါ။ (ထိုအချိန်တွင် မဟေမာကား အောက်ချိုင်း ကမ္မဋ္ဌာန်းကျောင်း၌ နားနေသည်။)

သီတဂူ - - မဟေမာရောက်လာလျှင် ဘာပြောမည်လဲ?

တိပိဋက - - ရောက်လာလျှင် မဟေမာရဲ့ကိုယ်ကို (ရေဒီယိုသေတ္တာပြုလုပ်၍ နိမ္မာနရတိဒိဗ္ဗဝိုင်ယာရုံမှ အသံလွှင့်သည်ဆိုသောနတ်ကို နိမ္မာနရတိနတ်ဟုတ်၊ မဟုတ်သိသာရန်) နိမ္မာနရတိနတ်မိဖုရားကြီးဖြစ်သူ ဝိသာခါကို ခေါ်ပေးပါလို့ ပြောမှာပါ။

သီတဂူ - - အမ်မယ် . . . တစ်နေ့တုန်းက ကောဋတိမ္ဗရခေါ်တဲ့ နိမ္မာနရတိနတ်က ပြောတယ်၊ ''ဝိသာခါဟာ နတ်အာရုံထဲမှာ ပျော်ပိုက်ပြီးမေ့မူးနေတယ်''တဲ့။

တိပိဋက - - ဒီကတည်းက အရှင့်နတ်ဟာ နိမ္မာနရတိဘုံက မဟုတ်တာ သေချာပါတယ်။

သီတဂူ - -ဘာ့ကြောင့်လဲ ကိုယ်တော် . . .။

တိပိဋက - - အရှင်ဘုရား . . .၊ သာမညနိမ္မာနရတိနတ်က နတ်မိဖုရားခေါင်ကြီးကို ထိုကဲ့သို့ ဂုဏ်ယုတ်အောင် ပြုလျှင် ဒိဗ္ဗဒဏ် အခတ်ခံရမှာပေါ့။

သီတဂူ - -ဝိသာခါက မလာလျှင် ဘယ့်နှယ်လုပ်မလဲ ကိုယ်တော်။

တိပိဋက - -စတုဒ္ဒိသာသံဃိကပုဗ္ဗာရုံကျောင်းကို ကျောင်းပိုင်ခွင့်ရှိတဲ့ တပည့်တော်တို့ဘုန်းကြီးများက ခေါ်တာပဲ။ ဘယ်မှာမလာဘဲ ရှိမည်လဲ။ လာမှာပေါ့ဘုရား။ မလာလျှင် ကမ္မဝါစာဖတ်ပြီး သံဃာ့အမိန့်နဲ့ ခေါ်မှာပဘုရား။

သီတဂူ - - ရောက်လာတဲ့နတ် ဝိသာခါ ဟုတ်၊ မဟုတ်ဘယ်လို စုံစမ်းမည်လဲ။

တိပိဋက - - ''ပုဗ္ဗာရုံကျောင်းတော်ကြီး ရေစက်ချတုန်းက ဒကာမကြီး ရွတ်ဆိုခဲ့တဲ့ ''ကဒါဟံ ပါသာဒံ ရမ္မံ၊ သုဓာမတ္တိကာလေ ပန''အစရှိတဲ့ ဥဒါန်းဂါထာတို့ကို ရွတ်ပြစမ်းပါ၊ ကြည်ညိုချင်လို့''ဟု ပြောမှာပါဘုရား။

သီတဂူ - - ဝိသာခါကျောင်းအမကြီးကွယ်လွန်တာက နှစ်ပေါင်း ၂၅ဝဝ-ကျော်ရှိနေတော့ အဲဒီဂါထာတွေကို သူမှတ်မိပါဦးမည်လား။

တိပိဋက - - ဘာပြုလို့ မမှတ်မိရမှာလဲဘုရား၊ နှစ်ပေါင်း ၂၅ဝဝ-ကျော်ဆိုတာ လူ့အသက်နှင့်တွက်လို့သာ အကြာကြီးထင်ရတာ။ နိမ္မာနရတိနတ်အသက်နှင့်တွက်လျှင် ရက်ပိုင်းလောက်သာ ရှိသေးတာမို့ ကျောင်းအမကြီးဟာ ရေစက်ချပွဲမှာ ကိုယ်တိုင်ရွတ်ခဲ့တဲ့ ဂါထာတွေကို မမေ့နိုင်သေးပါဘူး။ ဤတွင်မျှမက ဥဒါန်းဂါထာဆိုသည်မှာ ရင်ထဲမှာမဆံ့လို့ အပြင်အန်ထွက်လာတဲ့ အသံတွေပါ။ ဘယ်လိုနည်းနှင့်မှ မေ့လို့မရပါဘူးဘုရား . . .။

ထိုသို့လျှောက်ထားသောအခါ ''နိမ္မာနရတိနတ်စကားပြောသည်''ဆိုသော တူမအား ဤဂါထားများကို သင်ပေးထားပုံမရသော သဒ္ဓမ္မသီတဂူဆရာတော်သည် တူမကိုလည်း ခေါ်မပေး၊ ဆက်၍လည်း မမေးတော့ဘဲ အင်း . . .ဟုဆိုကာ ရပ်၍သွားပါတော့သည်။

(ထိုအခါမှစ၍ နိမ္မာနရတိနတ်စကားအကြောင်းသတင်းများ အဟုန်နည်း၍ သွားပါတော့သည်။)


တရားစကားအသံဖိုင်ကို နားထောင်လိုက



အသံဖိုင် နားထောင်မရက ဒီမှာ ဒေါင်းလော့ဒ်ယူပါ


မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP