All Is Mind
David Samuel
စိတ်သာရှင်စော
ဘာသာပြန်- အလှတရား
သတ်မှတ်ခြင်း(identification)-ယခင်ပိုစ့်တကယ်တမ်း အနှောင့်အယှက် ဖြစ်စရာ ကြီးကြီးမားမားရှိနေရင်တော့ စိတ်အပြောင်းအလွဲဖြစ်ဖို့က ဒီလောက်မလွယ်ဘူး။ စိတ်အပြောင်းအလွဲ ဖြစ်စဉ်ဟာ နေ့စဉ်ဖြစ်နေတဲ့ သက်ရောက်မှုတွေနဲ့ လူရဲ့သတိတရားပေါ် မှီခိုနေတယ်။
ကျွန်တော်တို့ဟာ ဖြစ်ရပ်(events)တွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် လွယ်လင့်တကူပဲ Identification (သတ်မှတ်ခြင်း) ပြုမိတတ်ကြတယ်။
(Identification (သတ်မှတ်ခြင်း)က စိတ်ပညာစကားလုံးဖြစ်ပြီး မသိစိတ်က မိမိနဲ့ မိမိမဟုတ်တဲ့ အခြားသူများကို ပုံဖော်ခြင်း၊ ပိုင်းခြားသတ်မှတ်မှုပြုခြင်းမျိုးကို ဆိုလိုပါတယ်။ သတ်မှတ်ခြင်းဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆက်စပ်တဲ့ ၊အတိအကျအားဖြင့် ကိုယ်ကျင့်တရားနဲ့ဆက်စပ်တဲ့ စူပါအီဂို (superego) ကို ကိုင်တွယ်တဲ့ သဘောတရားပါ။ သူက လူသားရဲ့ အပြုအမူကိုလည်း ထိန်းကျောင်းခြင်း ပြုပါတယ်။ ဘာသာပြန်သူ)
ဥပမာအားဖြင့် အမြဲညည်းညူပြစ်တင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ တွေ့ပြီးပြီ ဆိုရင်ပဲ ကိုယ်ပါ အားအင်ကုန်ခမ်း ပင်ပန်းသွားတာမျိုး ခံစားရ တော့တယ်။ ကိုယ့်စိတ်ကိုယ်စစ်ကြည့်တဲ့ အခါမှာတော့ စိတ်ခံစားချက်ကို ပြင်ပပတ်ဝန်းကျင်က ထိန်းကျောင်း သွားတာတွေ၊ သတ်မှတ်ခြင်း (Identification) က အမြဲမပြတ် ထိန်းကျောင်း ကိုင်တွယ်နေတာကို မြင်ရတယ်။
ဒီလိုသိရမြင်ရရင်တော့ ဒါမျိုး နောက်တစ်ကြိမ် ဖြစ်ပွားဖို့ အခွင့်အလန်းက နည်းပါးသွားပါတယ်။ သတ်မှတ်ခြင်း (identification) ဆိုတာက အသိသတိမရှိတဲ့ အခိုက်မှာသာ ဖြစ်နိုင်တာ ကလား။ စိတ်ကိုစစ်နေရင် ဘာဖြစ်သလဲ ဆိုတော့ မိမိကိုယ်ကို စောင့်ကြည့်ရာရောက်ပြီး Identification (သတ်မှတ်ခြင်း) မဖြစ်ပွားအောင် ကာကွယ်တယ်။
စောင့်ကြည့်တဲ့အတွက် နောက်ဆုံး အမှတ်မဲ့ သတ်မှတ်ခြင်း (identification) တွေပြုမဲ့အစား မိမိခံစားချင်သလို ခံစားနိုင်အောင် စွမ်းလာမယ်။ အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာတွေမှာ သင့်လျော်စွာ တုံ့ပြန်တတ်လာမယ်။
ဆိုကြပါစို့။ လူတိုင်းစိတ်လှုပ်ရှား ကြောက်ရွံ့နေချိန်မှာ ခင်ဗျားအနေနဲ့ ဘာအကူအညီမှ ရရှိဖို့ လမ်းမရှိဘူးဆိုပါစို့။ အဲဒီအခါမျိုးမှာ ခင်ဗျားက တည်ငြိမ်အေးဆေးပြီး အခြားလူတွေလို စိတ်လှုပ်ရှား ကြောက်ရွံ့မှုမျိုး ရှိမနေဘူးဆိုရင် ခင်ဗျားရဲ့ တည်ငြိမ်မှုက အခြေအနေကို အကြီးအကျယ် ပြောင်းလွဲသွားစေမှာ အမှန်ပဲ။ ဒီသဘောတရားကို အုပ်စုတစ်စု အတွက် ဖြစ်ဖြစ် ၊ တစ်ဦးချင်း ပတ်ဝန်းကျင်အတွက် ဖြစ်ဖြစ် အသုံးချနိုင်တယ်။
ကျွန်တော်တို့ဟာ ကိုယ်နဲ့တိုက်ရိုက် ပတ်သက်တာတွေသာမက အခြား ကမ္ဘာ့ဖြစ်ရပ်တွေ အထွေထွေအပေါ် identification(သတ်မှတ်ခြင်း)တွေ ပြုတတ်တယ်။ သတင်းစာထဲ ဖတ်ရတာတွေ၊ တီဗီထဲ ကြည့်ရတာတွေ ကိုယ်နဲ့တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးတောင် မပတ်သက်တဲ့ ဟာတွေက ခင်ဗျားစိတ်ကို သက်ရောက်တယ် ဆိုတာက စိတ်ကို လွှတ်ထားလို့ ဖြစ်ရတာပါပဲ။ ဒါဖြင့် ဘာတဲ့တုန်း သတ်မှတ်ခြင်းဆိုတာ။ ကိုယ့်ဟာကိုယ်ထုတ်တဲ့ ဟိုက်ပိုသီးဆစ်ပေါ့ဗျာ။
လေ့ကျင့်ခန်း(၃-၁) တီဗီမကြည့် ရေဒီယိုနားမထောင် သတင်းစာမဖတ်ဘဲ တစ်လလောက်နေကြည့်ပါ။ မီဒီယာတွေ အားလုံးကနေ ဖြတ်ထားလိုက်။ တစ်လက သင့်ဘ၀ကို အဆိုးဖက် ရောက်မသွားစေသလို သင်မသိလည်း ကမ္ဘာကြီးက လည်နေမြဲဖြစ်မှာပါ။ အရေးရယ် အကြောင်းရယ်ဆို လူတွေဝေဖန် လေကန်ကြမှာဖြစ်တယ်။ အရေးကြီးရင် အဲဒီလေကန်သူထဲက တစ်ဦးဦးက သင့်ကို သတင်းလာပေးပါလိမ့်မယ်။
နောက်ဖော်ပြမဲ့ လေ့ကျင့်ခန်းကို စတင်လေ့ကျင့်တဲ့အခါ စိတ်ပြောင်းလဲတာကို စောင့်ဖို့ မိနစ်ပေါင်းများစွာ နာရီပေါင်းများစွာ ကြာနိုင်တယ်။ ရံခါမှာ စိတ်အပြောင်းအလွဲဖြစ်သွားတဲ့ ကာလနဲ့ အခြေအနေကို မှတ်မိသတိရချင်မှတောင် ရတော့မယ်။ ဆက်ပြီးလေ့ကျင့်နေရင်းနဲ့ တစ်ပတ် နှစ်ပတ်လောက်ကြာတဲ့ အခါမှာ စိတ်ပြောင်းလဲမှုတွေကို ရှာတွေ့လာပြီး စိတ်အပြောင်းအလွဲ ဖြစ်ရတဲ့ အကြောင်းရင်းကိုပါ ရှာတွေ့လာလိမ့်မယ်။
လေ့ကျင့်ခန်း(၃-၂) စိတ်အကျဘက်ရောက်တာကို သိတဲ့အခါတိုင်း(အကျဘက်ဆိုတာက စိတ်ဓာတ်ကျတာ၊ ဒေါသထွက်တာ စတဲ့ အနှုတ်ဘက်က တစ်ခုခုပေါ့) စပြီးကျတဲ့အချိန်ကို ပြန်စဉ်းစားပါ။ ကျွန်တော့်အယူအဆကတော့ ခင်ဗျားရဲ့ စိတ်ဟာ မျက်လုံးနှစ်လုံး ဖွင့်တဲ့အချိန်ကနေ အိပ်ရာဝင်တဲ့ ကာလအထိ တစ်ချိန်လုံး အကျဘက်ရောက်နေတာတော့ မဟုတ်တန်ရာဘူး။ ဒါကြောင့် တစ်ရက်ရက်မှာ အကျဘက်မရောက်တဲ့ စိတ်တော့ ရှိခဲ့မှာပဲ။ ဒီနေ့ မဟုတ်တောင် လွန်ခဲ့တဲ့ တစ်ရက်ရက်က ရှိခဲ့မယ်။ အဲဒီကာလကို ပြန်ရှာပြီး ခင်ဗျားဘာတွေလုပ်ခဲ့တယ်၊ ဘယ်မှာရှိခဲ့တယ်၊ ဘယ်သူနဲ့ရှိတယ် ဆိုတာမျိုးကို အသေးစိတ်နိုင်သမျှ အသေးစိတ် ပြန်မှတ်မိအောင် လုပ်ကြည့်ပြီး စိတ်စပြီးကျဆင်းတဲ့ ကာလအထိ စဉ်းစားဖို့ပါပဲ။
သတ်မှတ်ခြင်း(Identification)ဖြစ်ရတဲ့ ပြဿနာက သတိလက်လွတ် ဖြစ်သွားလို့ပဲ လို့ဆိုရမယ်။ ရံဖန်ရံခါလည်း စိတ်အပြောင်းအလဲကို သိပေမဲ့ ဘာမှလုပ်လို့ မရတော့တာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်ကာလရဲ့ ဆက်သွယ်နေတဲ့ ကွင်းဆက်ကို ရေရေလည်လည် မမြင်လို့ပါပဲ။
သတိမဲ့နေခြင်းနဲ့ သတ်မှတ်ခြင်း (identification) ကိုငဲ့ညှာမိတာကြောင့် ကျွန်တော်တို့ဟာ အတိတ်မှာ နေထိုင်နေရတယ်။ ကိုယ်ရွေးချယ်ထားတာ မဟုတ်တဲ့ စိတ်အခြေအနေမှာ နေထိုင်နေရတယ်။
ဒီကွင်းဆက်ကို ချိုးဖျက်ပစ်ဖို့ရာကတော့ ကိုယ့်စိတ်ကိုယ်စစ်ခြင်း လိုတယ်။ ရှင်းပါတယ်။ အတွေးနဲ့ခံစားချက်တွေကို တတ်နိုင်သမျှ စောင့်ကြည့်ဖို့ဖြစ်ပါတယ်။
အလုပ်မရှူပ်တဲ့ အချိန်မျိုးမှာ လူထူထူ လမ်းတစ်ခုခုကို လျှောက်သွားကြည့်ပါ။ အသံတွေ၊ အဆင်းတွေ၊ အနံ့တွေ က အတွေးကို ဘယ်လို ဖော်ဆောင်သွားသလဲ ဆိုတာကို သတိပြုကြည့်ပါ။ ခံစားချက်တွေ ပြောင်းလဲသွားတာမြင်ရင် လိုက်ကြည့်။ နောက်ဆုံး စိတ်အကျဘက် ပြောင်းသွားတာကို တွေ့ခဲ့ရင် စိတ်ကျစေတဲ့ ဖြစ်ရပ်တွေ(events)နဲ့ သတ်မှတ်ခြင်း (Identification) သဘောတရား ကို သတိပြုလာနိုင်လိမ့်မယ်။ ဒီလိုလုပ်နိုင်လာရင်တော့ စိတ်အပြောင်းအလွဲတွေကို ထိန်းသိမ်းလာနိုင်ပြီလို့ ဆိုနိုင်တယ်။
စိတ်ရဲ့သဘောက သူသိပြီးသားအရာ ဒုတိယအကြိမ်ထပ်ဖြစ်လာရင် ထူးပြီးသတိမပြုတော့ဘူး။ ဆိုတော့ ဒါကကောင်းပါတယ်။ ပထမအကြိမ်တုန်းက သိထားတာကလည်း မှန်တယ် ဒုတိယအကြိမ် ထပ်ဖြစ်တာကလည်း ပထမအကြိမ် ဖြစ်တာနဲ့ တိုက်ရိုက်တူညီတယ် ဆိုရင် ဒါက စွမ်းအားချွေတာတဲ့ သဘောမိုလို့ ကောင်းပါတယ်။
ခက်တာက မှန်တယ်လို့ ထင်နေရင် ထပ်ဆင့် သင်ယူဖို့က ခက်တယ်။ မှန်နေမှတော့ နောက်တစ်မျိုးဘာလို့ ထပ်သင်ဦးမလဲ ဆိုတာက လာတော့မယ်။ မှန်တယ်လို့ "ဆင်ခြင်" နေတာနဲ့အမျှ မှားတယ်လို့ "သိ"နေမှ ပြီပြင်မယ်။ ဒါမှသာ ကိုယ်ပိုင် စွမ်းရည်ကို အသုံးချနိုင်ရုံတင်မက အသိပညာကို တိုးတက်ပြီး မှန်ကန်ကျယ်ပြန့်အောင် လမ်းဖွင့်ပေးထားတဲ့ သဘောသက်ရောက်မှာ ဖြစ်တယ်။
ဆင်ခြင်တယ် ဆိုတာကို ဒီနေရာမှာတော့ စိတ်ပဋိပက္ခတွေ စိတ်အပြောင်းအလွဲတွေ တင်းကြမ်းပြည့်နေတဲ့ ကျိုးပဲ့နေတဲ့စိတ်မျိုးက Identification (သတ်မှတ်ခြင်း) ပြုတာလို့ ဖွင့်ဆိုပါမယ်။ ဒီလို အကန့်အသတ်တွေ ရှိတဲ့အတွက် အမှန်တရားကို ရှာတဲ့ ဆင်ခြင်ခြင်းဟာ အမှားကို အမှန်ထင်တတ်တာ ဖြစ်ပါတယ်။ သိခြင်းကိုတော့ စိတ်ခံစားမှုအတွေ့အကြုံ ဖြစ်ပြီး ရှင်းပြလို့ မဖြစ်နိုင်တဲ့ သိမှုသက်သက်လို့ပဲ ဆိုလိုတယ်။
သတ်မှတ်ခြင်း( identification)က ဘာနဲ့တူသလဲ ဆိုတော့ အခန်းအများကြီးနဲ့ အထပ်အများကြီးပါတဲ့ အိမ်မှာ နေထိုင်တာနဲ့တူတယ်။ အဲဒီအိမ်မှာမှ အောက်ထပ်ကို ခင်ဗျားက လုံးဝခြေမချဖူးဘူး။ ပြတင်းပေါက်လုံးဝမပါတဲ့ အခန်းနှစ်ခန်းလောက်မှာပဲ ခင်ဗျားနေတယ်။ ဒီသဘော။ ခင်ဗျားကသိသမျှနဲ့ တင်းတိမ်နေပြီး ကျန်တာတွေကို လျစ်လျူရှုထားတယ်။ အိမ်ထဲမှာ သိစရာတွေ အပုံအပင်ကျန်သေးပေမဲ့ မသိရတဲ့အတွက်(သိသမျှအချက်တွေဟာ ဘ၀အတွက် ဖူလုံတဲ့ တိုင်အောင်) ကျွန်တော်တို့ဟာ ဘ၀ကို ကန့်သတ်ချက်တွေ၊ စည်းဘောင်လွတ်မှုတွေကြား နေထိုင်ရတာမျိုး ဖြစ်သွားရပါတယ်။
ဒီပရိုဂရမ်မှာ (Imagination) စိတ်ကူးယဉ်ခြင်းကို မကောင်းတဲ့ အဓိပ္ပါယ်အနေနဲ့ သုံးနှုန်းပါတယ်။ နေ့အိပ်မက်မက်ခြင်းနဲ့ တလွဲတချော် ယုံမှားခြင်းမျိုးတွေ ပါဝင်တယ်။ လူနဲ့အရာဝတ္ထုတွေကို မဟုတ်တရုတ် ပုံဖော်တာမျိုးပဲ။ တကယ်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်တယ်လို့ စိတ်ကူးယဉ်တာမျိုး။ ဒါမှမဟုတ် လတကယ်လုပ်နိုင်တာထက် ပိုလွန်ပြီး စိတ်ကူးယဉ်ထားတာမျိုးပါ။ ကိုယ့်ကိုယ်ကိုယ် မပြည့်ဝသေးတဲ့ လူညံ့အဖြစ် သိမြင်နေပေမဲ့ စိတ်ကူးကမ္ဘာမှာတော့ တမျိုးလုပ်တာမျိုးပေါ့။
ကျွန်တော်တို့ဟာ ဘ၀ရဲ့အများစုကို စိတ်ကူးယဉ်ခြင်းနဲ့ ဖြုန်းတီးပစ်တယ်။ စိတ်ကူးယဉ်တာကနေ သတ်မှတ်ခြင်း (identification) ဆက်ဖြစ်လာပြန်ရော။ စိတ်ကူးယဉ်တာမှာ ဘယ်လောက် ဖြုန်းထားသလဲ လေ့လာကြည့်ပါဦး။ ဒီစိတ်ကူးယဉ်တာတွေက စိတ်ကို အပေါင်းဘက်ရောက်စေသလား အနှုတ်ဘက်ရောက်စေသလား လေ့လာကြည့်ပါဦး။ စိတ်ကူးယဉ်ခြင်းက အမှန်တရားကို အမှတ်တမဲ့ဖြစ်စေပြီး ကျွန်တော်တို့ကို အိပ်မက်ကမ္ဘာဆီ ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။
စိတ်ကူးယဉ်ခြင်းရဲ့ အနှုတ်ဘက်သဘောက အနှုတ်ဘက်ရောက်တဲ့ ခံစားမှုတွေကိုဖြစ်စေပြီး စွမ်းအားသတ္တိတွေကို ဖြုန်းတီးပစ်တယ်။ အပေါင်းဘက် သဘောကလည်း အပေါင်းသဘော ခံစားချက်ကိုဖြစ်စေပြီး လက်တွေ့ ဖြစ်ပျက်နေတဲ့ အခြေအနေကနေ သွေဖည်ပြီး အိပ်မက်ကမ္ဘာကြီးတစ်ခုကို တည်ထောင်လို့ နေထိုင်နေစေပြန်တယ်။ နှစ်နည်းစလုံးက စက်ရုပ်လူသား အဖြစ်မျိုးနဲ့ အလားသဏ္ဍာန်တူပါတယ်။ အလိုအလျောက် တုံ့ပြန်မလား၊ အိပ်နေမလား ဆိုတဲ့ဘက်ကို ရောက်သွားတာပဲ ဖြစ်ပါတယ်။
ဒီနေရာဟာ အခွင့်အရေးတွေဆုံးရူံးတဲ့ နေရာ၊ နားလည်မှုလွဲတဲ့နေရာ၊ ဆုံးရှူံးမှုတွေဖြစ်တဲ့နေရာ၊ ပဋိပက္ခတွေ ဖြစ်တဲ့ နေရာ ဖြစ်တယ်။ ဒီနေရာဟာ အနှုတ်သဘောဆောင် အခြေအနေတွေ အားလုံးကို ဖန်တီးတဲ့နေရာလည်း ဖြစ်တယ်။ အနှုတ်သဘောချည်း သက်သက် မြင်ရတာကိုက အပေါင်းသဘော မြင်လောက်အောင် မျက်စိမပွင့်သေးဘူးလို့ ဆိုလိုရာ ရောက်ပါတယ်။ အိပ်နေလို့ ရင်လည်း ဖြစ်ရမယ်။ နိုးထနေရင်တော့ နှစ်ဘက်စလုံးကို မြင်ရဖို့ကောင်းတယ်။ နိုးကြားထကြွနေမှသာ ရထိုက်တဲ့ အကျိုးကိုရမှာ ဖြစ်သလို ကာကွယ်ထိုက်တဲ့ ဘေးဒုက္ခကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း၃-၃ အနှုတ်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို မဖော်ပြပါနဲ့။ အနှုတ်သဘောဆောင်တဲ့ စကားတွေ( အတင်းအဖျင်းတွေ ၊ စိတ်ဓာတ်ကျတဲ့ မှတ်ချက် စတာတွေ) ကိုရှောင်ပါ။ အနှုတ်သဘောဆောင်တဲ့ အတွေးကတော့ သတ်မှတ်ခြင်း အချို့ကြောင့် ဖြစ်ရတာ ဖြစ်တယ်။ တွေးခြင်းနဲ့ အနှုတ်စကားတွေကို ရပ်လိုက်တာနဲ့ သတ်မှတ်ခြင်းကို ရပ်ဆိုင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။
(ဒေးဗစ်ဆင်မြူရယ်အကြောင်း- မူရင်းစာရေးသူ ဒေးဗစ်ဆင်မြူရယ်လ်က သူ့ကိုယ်သူ ဒဿန သမားလည်းမဟုတ်ဘူး၊ ကျောင်းဆရာလည်း မဟုတ်ဘူး၊ မိန့်ခွန်းအချွေကောင်းတဲ့ ဟောကြားသူလည်းမဟုတ်ဘူး၊ သာမန်လူလို့ပဲ ဆိုပါတယ်။ အောင်မြင်တဲ့ ဘိဇနက် သမားလို့တော့ ပြောလို့ဖြစ်ချင်ဖြစ်မယ်။ သူ့အသက် ၂၉ နှစ်မှာ နိုင်ငံ၁၅ နိုင်ငံက စက်ရုံ ၂၅ ခုကျော်မှာ ကုမ္ပဏီအများအပြား ပိုင်ဆိုင်နေတဲ့ ပုဂ္ဂိုလ်ပါ။ မိုက်ကယ်ဂျက်ဆင်တို့လောက် နာမည်မကျော်ပေမဲ့ ဘ၀ကို ကျေနပ်မှုအပိုင်းကတော့ တော်ရုံလူထက် သာလွန်လိမ့်မယ်ထင်တယ်။ စိတ်အကြောင်းကို သိလေလေ ဘ၀ကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်လေလေ ဖြစ်တာကိုး။
မူရင်းစာရေးသူဟာ သူ့ကိုယ်ပိုင်အတွေ့အကြုံတွေကို အသုံးပြုပြီး စိတ်ပညာကျမ်းဆန်ဆန် စာတွေရေးပါတယ်။ သူ့စာအုပ်တွေကို Spencer Johnson ရဲ့ The Present လို ဘိဇနက် + စိတ်ပညာ တက်ကျမ်းမျိုးနဲ့ တစ်ဂိုဏ်းထဲထားလို့ ရမယ်ထင်ပါတယ်။ စီးပွားရေးနဲ့ စိတ်ပညာမှာ သူ့ကိုနမူနာယူတဲ့ တပည့်သားချင်းတွေ အများအပြားရှိတယ်။ သူ့အယူအဆတွေက ဗုဒ္ဓ၀ါဒနဲ့ ဘာမှမကွာပါဘူး။ ဗုဒ္ဓဘာသာကို တစ်လုံးတစ်ပါဒမှ မလေ့လာဖူးဘဲ သူ့ဖာသာခေါင်းထဲက ပေါ်လာတာတွေ ဖြစ်တယ်လို့ အကယ်၍ တစ်ဦးဦးက ပြောလာရင်တောင် ယုံဖို့ ခပ်ခက်ခက်ပဲ။ ဒီပုဂ္ဂိုလ်က စိတ်ပညာကို လောကီရေးမှာ ကောင်းကောင်း အသုံးချပြသွားတယ်။
နောက်ထပ် ညွှန်းလိုတဲ့ ကိုယ်ကျင့်အတွေးအခေါ်နဲ့ စိတ်ပညာများကတော့ ဦးရွှေအောင်ရဲ့ ဗုဒ္ဓ၀ါဒအခြေခံ ဆောင်းပါးတွေ ကျမ်းတွေ ဖြစ်ပါတယ်။ ဘာသာပြန်သူ)
Read more...