* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, August 24, 2009

အတွေးလွဲရင်တော့အလွဲတွေးလိမ့်မယ်…


ကံကောင်းတယ်.. ကံဆိုးတယ်ဆိုတဲ့ အချက်တွေကို လူတွေဘာပေတံနဲ့ တိုင်းတတ်ကြပါသလဲ? တချို့တွေက စီးပွားဥစ္စာတွေရှာလို့ ကြီးပွားချမ်းသာလာရင်.. ရာထူးတွေ တိုးတက်လာရင်.. ကံကောင်းတယ်လို့ အများစုက ထင်တတ်ကြပါတယ်။ ငါတော့ ကံကောင်းလိုက်တာ.. ဒီအလုပ်နဲ့ အကျိုးပေးတယ်.. ဒီရာထူးနဲ့ အကျိုးပေးတယ်ဆိုပြီး အကျိုးပေးကောင်းတာကို ကံကောင်းတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဘာနဲ့ အကျိုးပေးနေသလည်း ဆိုတဲ့ အချက်ကျတော့ ပြန်ပြီး မဆန်းစစ်တတ်ကြပါဘူး။ ကိုယ်က ဘာနဲ့ အကျိုးပေးနေတာလဲ?.. ကုသိုလ် အလုပ်နဲ့ အကျိုးပေးနေတာလား? အကုသိုလ်အလုပ်နဲ့ အကျိုးပေးနေတာလား? ဆိုတာ သေချာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

ငါးမျှားတဲ့လူတစ်ယောက်ဟာ တနေ့ကို ငါးနှစ်ပိဿာရလို့ ငါးတစ်ပိဿာရတဲ့သူထက် ကံကောင်းနေတယ်လို့ ထင်တာလား? အဲ့လိုမျိုး အကုသိုလ်အလုပ်မှာ အကျိုးပေးနေပြီး ကံကောင်းနေတယ် ထင်နေရင်တော့ အတွေးလွဲပြီး အလွဲတွေးသွားပြီနော်။ ဒီလိုပါပဲ ဒီရာထူးရလို့ ဒီအလုပ်ရလို့ ကိုယ့်အတွက် ဘာတွေအကျိုးလာပေးနေတာလည်းဆိုတာ သေချာစဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်။ ဒီအလုပ်ရ ဒီရာထူးရပြီး ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ အကုသိုလ်တွေကြီးပဲ ဆိုရင်တော့ အဲ့ဒီလူရဲ့ဘ၀ဟာ သနားဖို့ ကောင်းပါတယ်နော်။ ကိုယ်လုပ်နေတဲ့ အကုသိုလ် အလုပ်ကို အဟုတ်ကြီးထင်ပြီး ငါက ဒီအလုပ်နဲ့မှ အကျိုးပေးတယ်လို့ ထင်နေရင်တော့ အမှားကြီး မှားနေတာပါ။ ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်ပြောနေတဲ့အပြော ကိုယ်ကြံစည်နေတဲ့ အကြံအစည်တွေဟာ မိမိသူတစ်ပါးစိတ်ဆင်းရဲစရာတွေ ဖြစ်နေတယ်ဆိုရင်တော့ ဘယ်လောက်ကြီးပဲ စီးပွားဥစ္စာပစ္စည်းတွေရရ ဘယ်လောက်ကြီးပဲ ရာထူးနေရာကောင်းတွေရရ ဒီဟာတွေဟာ အပါယ်မျိုးစေ့တွေစိုက်ပြီး အပါယ်ငရဲမှာ ကိုယ့်ဘာသာ မီးသွားမွှေးနေတာပါနော်။

တချို့က ထင်ကြသေးပါတယ်။ ငါကလောင်းကစား အလုပ်နဲ့ဆို အကျိုးပေးတယ်ကွာ.. ဘယ်လိုကစားကစား အရှုံးမရှိဘူး.. ကံကောင်းတယ်ဆိုပဲ..။ အော် အလွဲတွေးပြန်တော့ အတွေးလွဲတာပေါ့။ လောင်းကစားနဲ့ အကျိုးပေးသမျှကာလပတ်လုံး လောင်းကစားမလုပ်ရမနေနိုင် အကုသိုလ်မီးမမွှေးရမနေနိုင်နဲ့ လုပ်နေတဲ့အချိန်တိုင်းမှာ အကုသိုလ်မီးတွေ တဟုန်းဟုန်း တောက်နေတာပါ။ လောင်းကစားလုပ်လို့ သူတစ်ပါးဥစ္စာ ရယူချင်တော့ လောဘဖြစ်တယ်.. ရှုံးပြန်တော့ ဒေါသဖြစ်တယ်.. ကစားနေရင်းနဲ့ ဒီအထဲစိတ်ရောက်ပြီး တွေမိတွေးရာတွေးပြီး တွေဝေနေပြန်တော့လည်း မောဟဖြစ်ပြန်ပါတယ်။ သူတစ်ပါးဆီက အလကားအချောင်ယူချင်တဲ့ စိတ်တွေဝင်တော့ သူတစ်ပါးပစ္စည်းကို အလကားလိုချင်တဲ့ သူခိုးစိတ်တွေ အချိန်တိုင်းမှာ ၀င်နေတာပါ။ သူ့အနေနဲ့တော့ လောင်းကစားနဲ့ အကျိုးပေးပြီး ကံကောင်းတယ်ထင်ပေမယ့်.. သူ့ရဲ့ တစ်ကိုယ်လုံးမှာ လောင်းကစားလုပ်နေတုန်း ကုသိုလ်ဆိုတဲ့ စိတ်တွေတစ်ခုမှ မဖြစ်ပဲ အကုသိုလ်တွေပဲ ဆက်ခါဆက်ခါ ဖြစ်နေတာဟာ တကယ်တော့ အကုသိုလ် အကျိုးတွေဆက်တိုက်ပေးပြီး အပါယ်ငရဲကို ဘီးတပ်ဆင်းနေတာပါပဲ။ ဒီလောက်ဆိုရင် အကုသိုလ်တွေ အကျိုးပေးနေတာဟာ ကံတွေဆိုးနေပြီး မိမိမှာ အကုသိုလ် များသထက်များအောင် လူမိုက်ဘ၀ရောက်အောင် ပို့ပေးနေတယ်ဆိုတာ ဖြန့်တွေးလို့ ရလောက်ပါပြီ။


ဒီအချက်တွေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒရဲ့ ဆုံမသြ၀ါဒ စကားလေးနဲ့ ဖော်ပြပေးလိုပါတယ်။ ဆရာတော်က ဘယ်လို ဆုံးမသြ၀ါဒပေးထားလည်းဆိုတော့ ကုသိုလ်လုပ်ခွင့်များရင် ကိုယ့်မှာ ကံကောင်းတယ်.. အကုသိုလ်လုပ်ခွင့်များရင် ကိုယ့်မှာ ကံဆိုးတယ် ဆိုတဲ့ အချက်ပါပဲ။ အခုခောတ်ကြီးထဲမှာ လူအများစု အမှန်လို့ ထင်နေကြတဲ့ အလွဲများတဲ့ အတွေးလေး တစ်ခုပါပဲ။ သူတစ်ပါး မကောင်းတာလုပ်လို့ ကြီးပွားတာမြင်ရင် အားကျတယ်.. နောက်ပြီး အတုယူပြီး လိုက်လုပ်မယ်ဆိုတဲ့ လူတွေအတွက် သတိထားစရာ ဆုံးမစကားလေး တစ်ခုပါပဲနော်။


အခုခေတ်မှာတော့ ဒီဆုံးမစကားကို ဗြောင်းပြန်တွေ ထင်နေကြတာပါ။ ကိုယ့်အိမ်ရှေ့ အလှူခံလာရပ်ရင်ကို မျက်နှာကို ရှုံ့မဲ့ပြီး မပြောချင်ပြောချင်နဲ့ ကန်တော့ဆွမ်းပါ ဆိုတဲ့စကားကို ပေါပေါလောလော သုံးနေကြပါတယ်။ တချို့ရှိပါသေးတယ် အလှူခံမ၀င်ရဆိုပဲ.. အော်.. တွေးမိပါရဲ့.. ဘယ်လိုစိတ်မျိုးနဲ့များ ဒီစာကို ရေးတာလည်း ဆိုတဲ့အချက်ပါ။ ကုသိုလ်ဝင်လာခွင့်ကိုတောင် မ၀င်နဲ့ဆိုတဲ့ စကားမျိုးနဲ့ ပိတ်ပြောပြစ်လိုက်တာပါနော်။ သံဃာတော် အရှင်သူမြတ်တွေ ဆွမ်းလာခံတယ်ဆိုရင်လည်း ကန်တော့ဆွမ်းပဲတဲ့။ တကယ်တော့ သံဃာတော်မြတ်တွေ ကိုယ့်ဆီကို ကြွရောက် အလှူခံတယ်ဆိုတာ ကိုယ့်ကို ကုသိုလ်တရားတွေ လာပေးတာပါနော်။ ဘုရားရှင်ရဲ့ တပည့်သားသံဃာကို လှူဒါန်းရတာဟာ ဘုရားရှင်ကို လှူဒါန်းတာနဲ့ အတူတူပါပဲ။ သံဃာကိုလှူတာဟာ ဘုရားရှင်ကို လှူဒါန်းရာ ရောက်ပါတယ်။ ဒါကိုကန်တော့ဆွမ်းပါလို့ ပြောလိုက်တာဟာ ဘုရားရှင်ကို မိမိအိမ်ကို မလာပါနဲ့လို့ ပြောလိုက်သလိုပါပဲ။ မိမိမှာကုသိုလ် လုပ်ခွင့်တွေရရဲ့သားနဲ့ ကုသိုလ်တရားတွေကို မလုပ်တာဟာ မိမိမှာ ကံတွေဆိုးနေတာပါနော်။


ဒီလောက်ဆိုရင် ကံကောင်းနေတာနဲ့ ကံဆိုးနေတာကို ခွဲခြားလို့ ရလောက်ပြီထင်ပါတယ်။ ကိုယ့်မှာ ဘာတွေနဲ့ အကျိုးပေးနေလည်းဆိုတာ သေချာ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ်က ဘယ်နေရာ ရောက်နေလည်း ဘယ်အလုပ်တွေ လုပ်နေလည်း ဘာတွေနဲ့ အကျိုးပေးနေလည်း ဆိုတာ ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ မိမိသူတပါး စိတ်ချမ်းသာစေတဲ့ အလုပ်လား? မိမိသူတပါး အပြစ်ကင်းစေတဲ့ အလုပ်လား? ဆိုတာ ကိုယ်တိုင်စမ်းစစ်ပြီးမှ လုပ်သင့်ပါတယ်။ မကောင်းတဲ့အလုပ်တွေနဲ့ အကျိုးပေးနေပြီဆိုရင်တော့ ကိုယ့်မှာ အကုသိုလ်မီးတွေလောင်နေပြီဆိုတာ သိလိုက်ပါ.. သိပြီးရင် ဆက်မလုပ်မိအောင် ထိန်းလိုက်ပါ။


ကုသိုလ်လုပ်ခွင့်တွေ ကိုယ့်မှာ အကျိုးပေးနေပြီဆိုရင်လည်း ဆထက်တပိုး တိုးတက်အောင် လုပ်ဆောင်နေဖို့ လိုပါတယ်။ ဘုရားရှင်က ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်.. သုနက္ခတ္တံ သုမင်္ဂလံ - ကောင်းတာလုပ်နေတဲ့အချိန်ဟာ ကောင်းတဲ့နက္ခတ် ဖြစ်နေတဲ့အချိန်ပါတဲ့။ အဓိကကတော့ ကိုယ့်အနေနဲ့ ကောင်းတာတွေ လုပ်နေဖို့ပါပဲ.. ကောင်းတာတွေလုပ်နေတဲ့ အချိန်မှာ ကံတွေလည်း ကောင်းနေသလို.. ကုသိုလ်အကျိုးပေးတွေလည်း ကောင်းနေမယ်ဆိုတာ မလွဲပါဘူး။ မိမိပြန်စဉ်းစားလိုက်တဲ့ အချိန်တိုင်းလည်း စိတ်ချမ်းသာစရာ အကြောင်းတွေပဲ ဖြစ်နေမှာပါ။ ဒါ့ကြောင့် အတွေးလွဲပြီးတော့ အလွဲမတွေးစေချင်ပါဘူးနော်.. ကုသိုလ်လုပ်ခွင့်များရင် ကိုယ့်မှာ ကံကောင်းတယ်.. အကုသိုလ်လုပ်ခွင့်များရင် ကိုယ့်မှာ ကံဆိုးနေတယ်ဆိုတဲ့ ဆုံးမစကားလေးကို အမြဲနှလုံးသွင်းပြီး ကုသိုလ်ကို များအောင်စုပြီး ကောင်းမှုကို များအောင်ကြံနိုင်ကြပါစေ…။။။



Read more...

*အသေလှတဲ့သူ-၂ (အရှင်ဆန္ဒာဓိက-VCD)*


အားလုံးသော ဓမ္မမောင်နှမ အပေါင်း မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

24.08.2009, MON:, 03:23:40 PM

Read more...

ဝစီဘေဒ ထိတိုင်းရှ

ကျွန်တော်၏အမေသည် အသက် ၈၃-နှစ်ရှိပါပြီ။ အမေသည် သူတပါး၏အကြောင်းကို အပြစ်ဖွဲ့ခြင်း ကဲ့ရဲ့ခြင်း ရှုံ့ချခြင်းတို့ ပြောလေ့မရှိပေ။ ထို့ကြောင့် သူတပါး၏ မကောင်းသတင်းကို အမေ့ပါးစပ်မှ မကြားရဖူးပေ။ တူမတယောက်၏ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရသောအဖြစ်နှင့် ပတ်သက်၍မူ အမေက-အဲဒါတော့ ဘယ်သူမှ မကယ်နိုင်ဘူးကွယ်။ ဘယ်သူမပြု မိမိမှုပဲ-ဟု မှတ်ချက်ချလေ့ရှိပေသည်။ ဘာဖြစ်လို့လဲအမေ-ဟု အခါခါ အတန်တန် မေးဖန်များပါမှ ယခု အသက် ၆၀-အရွယ်မျှရှိနေပါသော်လည်း မိသားစုတ၀မ်းတခါးအတွက် ဆင်းရဲပင်ပန်း ရှာဖွေစားသောက်နေရသော တူမနှင့် ပတ်သက်၍ ဪ-သူငယ်ငယ်က အမေ အဖေကို မဆင်မခြင်တွေ အော်ဟစ်ခဲ့ မာန်မဲခဲ့တယ်ကွယ်-ဟု ဖြေပါသည်။


ကျွန်တော်တို့အမေမှာ မွေးချင်းညီအမ ငါးယောက်ရှိကြပြီး မောင်တယောက် ရှိပါသည်။ အမအကြီးဆုံးရယ်၊ ဦးဦးရယ်၊ မွေးချင်းထဲမှာ အငယ်ဆုံး ကျွန်တော့မိခင်ရယ် ၃-ဦးသာလျှင် အသက် ၅၀-၆၀ကျော်အောင် နေကြရသည်။ အခြားသူများမှာ အသက် ၃၀-၄၀- လောက်မှာ ကွယ်လွန်သွားရှာကြပါသည်။ တောရွာသဘာဝ ဆင်းရဲကြမ်းတမ်းခြင်း။ အစာအာဟာရ ညံ့ဖျင်းခြင်း၊ ဆေးဝါးခက်ခဲခြင်း၊ တိုင်းပြည်မအေးချမ်းခြင်း၊ တတ်ကျွမ်းနားလည်သော ဆရာဝန် သမားစသည်တို့ ရှားပါးခဲ့ခြင်းတို့ကြောင့် သက်တမ်းတိုခဲ့ကြပါသည်။

အမအကြီးဆုံးနှင့် ညီမအထွေးဆုံးတို့သည် ငယ်စဉ်ကပင် အချစ်ဆုံးညီအမ ဖြစ်ခဲ့ကြပါသည်။ ကောင်းတိုင်ပင် ဆိုးတိုင်ပင် အထူးပင်ရင်းနှီးတွယ်တာကြသည်ကို ကျွန်တော်တို့မျက်မြင်ဖြစ်ပါသည်။ ကျွန်တော်တို့ သိတတ်သည့်အရွယ်တွင် ဒေါ်ကြီး၏ ခင်ပွန်းသည် ပြောပလောက်အောင် မဆိုးတော့သော်လည်း ရပ်ရွာတွင် ကျန်နေရစ်သည့် ရာဇ၀င်သတင်းအရ လူငယ် လူရွယ်ဘ၀က ဆိုးဆိုးတေတေဟု သိရလေသည်။ အရက်သောက်သည်။ ကက်ဆွဲသည်။ ဖဲရိုက်သည်။ ကြက်တိုက်သည်။ မူးလာလျှင် လူတကာနှင့် ရန်ဖြစ်ချင်သည်။ ရိုက်ချင် နှက်ချင်သည် စိတ်လိုက်မာန်ပါ လုပ်တတ်သော လူမိုက်လူပေ ဖြစ်ပုံရလေသည်။

ဒေါ်ကြီးက ထန်းလျက်ရောင်း၍ ရှာဖွေကျွေးမွေးရသည်။ ငွေကြေးဘာမှ မရှာသည့် အရက်သမားကို တယုတယ ပြုစုလုပ်ကျွေးသည်။ ဒေါ်ကြီး၏ သားတွေ သမီးတွေထဲမှာ မမ.....တယောက်ကတော့ စွာသည်။ နှုတ်သီးကောင်း လျှာပါး ဖြစ်သည်။
အမေဟာလေ ဟောဒီအရက်သမားကို ရှိခိုးဦးတင် ကျွေးမွေးနေသေးတယ်။ နေ့တိုင်း အရက်ချည်း သောက်နေတဲ့လူကို။
သမီးလေး အဲသလိုမပြောရဘူး။ သမီးရဲ့ ကျေးဇူးရှင် အဖေပဲလေ။
အဖေကော ဘာဖြစ်လဲ၊ ဘာမှ ၀င်ငွေရအောင်မရှာဘဲ အရက်ချည်းသောက်နေတာကို။ ကျွန်မသာဆိုရင်ဖြင့် အမူးသမားလင်ကို အိမ်ပေါ်က မောင်းချပစ်မယ်။ အမေသာ ၀ဋ်ကြွေးရှိလို့ ဟင်း။

ဒီလိုစကားရင့်ရင့်သီးသီး မပြောကောင်းဘူး သမီးရယ်။ ၀ဋ်လိုက်တတ်တယ်။
မှန်တာပြောတာပဲ။အမေ့ဟာ လွန်လွန်းတယ် အရက်သမားကို ရှာကျွေးနေရတယ်။ ကျွန်မဖြင့် အမေ့ကို တကယ်စိတ်ကုန်တယ်။
ဒေါ်ကြီးမှာ သားတွေ သမီးတွေများပါသည်။ ဘယ်သူမှ ထိုကဲ့သို့ ခါးသက်ရင့်သီးသောစကား မဆို။ မမ.....ကတော့ ငယ်စဉ်အခိုက်မှာ စိတ်လိုက်မာန်ပါ ဆိုခဲ့ပြောခဲ့ဖူးသည်ဟူ၍ အမေက ပြောပြ၏။ ဒေါ်ကြီး မျက်ရည်ကျရသည်။

ကာလ၀ိပါက် နောက်ပိုးတက်တော့၏။
သူ အသက် ၄၀-ကျော်မှ အိမ်ထောင်ကျသည်။
ခင်ပွန်းသည်လင်မှာ အရက်ကို မျက်နှာသစ်ရအောင် သောက်သူ ဖြစ်နေ၏။ မိုးလင်းမှ မိုးချုပ် အရက်ကိုသာ အဖော်လုပ်၏။ အရက်များလွန်းသဖြင့် ကျန်းမာရေးချွတ်ယွင်း၏။ ဒုက္ခိတအရက်သမားဖြစ်၏။ သို့သော်လှည်း ရင်သွေးတယောက် ဖွားမြောက်ထားသည်ကို မျက်နှာမငယ်ရစေလိုသဖြင့် သည်းခံရသည်။ ခင်ပွန်း၏ လစာကား အရက်ဖိုးနှင့်ကုန်သည်။ မမ.....သည် တအိမ်လုံး၏ စားဝတ်နေရေးကို ရှာဖွေဖန်တီးရရှာသည်။ ဆယ်ကျော်သက်က စိတ်ထက်ရှစွာပြောခဲ့မိသော စကားများသည် သူ့ကိုဝဋ်လည်စေခဲ့ပြီ။ အဖေ အမေအပေါ် စော်ကားမော်ကား ကဲ့ရဲ့ရှုတ်ချခဲ့သော အပြစ်စကားသည် သူ့ကို ပစ်ဒဏ်ခတ်လေပြီ။

မိဘအပေါ်တွင် ကျေးဇူးအနန္တ ကြီးမားလှသဖြင့် ပြုစုလုပ်ကျွေးပေးဆပ်နိုင်လျှင်ကောင်း၏။ မပေးဆပ်နိုင်သော်မှ ကျေးဇူးမကန်းလျှင် တော်သေး၏။ မိမိကြောင့် အမိအဖတို့ကို စိတ်ငြိုငြင် ဆင်းရဲစေအောင် ပြောဆိုပြုမူမိလျှင်ကား ဆင်းရဲပင်ပန်းရတတ်ပါတကားဟု သင်ခန်းစာ လက်တွေ့ရရှိသည်။

စကားနောက် တရားပါ ဖြစ်တတ်ပါတကား။ စကားအရာ အမှားမပါအောင် သတိရှိသင့်ကြသည်တကားဟု ဆင်ခြင်မိပါသည်။

( ချစ်နိုင်-စိတ်ပညာ )
( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )


Read more...

ပိတောက်နွယ်

Padauk Nwe ( 2007-February )



Read more...

What is Buddhism? (အပိုင်း ၄)

The Law Of Kamma

The Buddha said, "Monks, kamma is intention." According to the natural law of kamma (or karma), there are inescapable results of our intentional actions. Certain acts, things said or thought will lead to hurting others or harming oneself if the intention behind them is unwholesome. This 'bad kamma' is motivated by selfish desire, anger or delusion. Because the result is unpleasant and painful, wise people don't follow impure intentions. Similarly there are actions, speech and thoughts which stem from wholesome intentions. This 'good kamma' leads to the well-being of both oneself and others. Motivated by generosity, compassion, clarity of understanding and other positive states of mind, wise people cultivate and follow up on their pure intetions.

Much, though not all, of what one experiences is the result of one's previous kamma. So when one finds oneself in an unpleasant situation, rather than projecting blame on others one can examine one's own past conduct and take responsibility for the causes that led up to the situation. Likewise when one is feeling happy, instead of taking it for granted one looks to understand the previous causes and conditions that brought it about. Understanding how happiness originates encourages further good kamma.

The Buddha pointed out that no being, divine or not, has the power to stop the consequences of good or bad kamma. One reaps exactly what one sows. So if you want to be wealthy, then be generous, hard-working and trustworthy. If you want to go to heaven, be virtuous, be kind and meditate. If you want to be enlightened, develop insight based on deep peace of mind.

The only escape from the results of kamma is enlightenment. Until then however, it is possible to attenuate the severity of the consequences of bad kamma by increasing the good. The Buddha gave the simile of a spoon of salt mixed in a glass of water compared to a spoon of salt mixed in a large river. The glass of water becomes undrinkable while the taste of the water in the river is hardly affected. Similarly, the results of bad kamma for a person only doing a small amount of good kamma is very painful, while the result of the same bad kamma for a person habitually doing a great deal of good kamma is much less severe.

Understanding this natural law of cause and effect leads to an ethical, compassionate and wise life. Furthermore, a wider embracing of the law of kamma would lead any country towards a stronger, more caring and virtuous society.

(to be continued....)



Read more...

သြဂုတ် ၂၄ ရက်နေ့ ဆွမ်းဆက်ကပ်ခြင်း

စောင့်ဆိုင်းနေသည့် သံဃာများ


သံဃာများ နေ့ဆွမ်းခံယူစဉ်
ပဲနှပ်

အစောကြီး ကြိုရောက်နေတော့ သပိတ်တွေ ဘေးချပြီး စောင့်နေတဲ့ ကိုရင်လေးတွေ
ွမနက် ၄ နာရီ ၅၂ မိနစ်မှာ ဆွမ်းစကပ်ပါတယ်။ ကျောင်းအသီးသီးက ကြွလာရတဲ့ သံဃာနဲ့ သာမဏေ အပါး ၁၅၀ ခန့် မိုးမလင်းခင် ကျောင်းရှေ့မှာ သပိတ်များနဲ့အတူ ရောက်နှင့်နေကြပါပြီ။ မိုးရွာနေတဲ့အတွက် အရိပ်ရမယ့် နေရာများမှာ ခိုလှုံပြီး စောင့်ဆိုင်းတော်မူကြပါတယ်။

အရုဏ်ဆွမ်း
မုန့်ဟင်းခါး (အဝေးရောက် အလှူရှင်)
နေ့ဆွမ်း
ဆွမ်းထမင်း+ကုလားပဲနှပ် - ကိုဖြိုး + ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေး)
နေ့ဆွမ်းဟင်း
ဝက်သား+အာလူး၊ သရက်ချဉ်+ ပုဖွန်ခြောက် + ငရုတ်သီးကြော်
(ကိုရန်အောင်+မဝါ+JulyDream+ရွာသားလေးYTU တို့ ကောက်ခံသော နိုင်ငံတကာရောက် အလှူရှင်များအဖွဲ့)

မိုးရွာနေလို့ ဝေယျာဝစ္စ ဒါနရှင်များ ချက်ချင်း ရောက်မလာနိုင်ကြဘူး။ မနေ့ညကတည်းက ဆွမ်းကပ်ဖို့ ကျောင်းမှာ လာအိပ်ကြတဲ့ ကျောင်းသားတွေတော့ ရှိပါတယ်။ ဆွမ်းကပ်နေဆဲမှာပဲ ဝေယျာဝစ္စ ဒကာ ဒကာမတွေ ထပ်ရောက်လာတယ်။
အရုဏ် မုန့်ဟင်းခါး ဘုဉ်းပေးပြီးတာ သံဃာ သာမဏေ အပါး ၂၀၀ ကျော်ခန့် ရှိပါတယ်။ နေ့ဆွမ်းလဲ အပါး ၂၀၀ ခန့် လောင်းပြီးပြီ။ မလောင်းရသေးတဲ့ ဆွမ်းစောင့်နေဆဲ သံဃာများ အပါး ၁၀၀ ခန့် နောက်မှာ ရှိပါတယ်။
''နောက်ထပ် အပါး ၂၀ တန်း ကြွလာပြီ''

''ဟင်းရည် လိုသေးတယ် ဟင်းရည်''
ဦးဇင်း ဦးသုဇာတ၊ ဦးပညာဝံသ၊ ဦး ဝိစိတ္တ ၃ ပါး ဆွမ်းလောင်းတာကို ဝင်စီမံပေးနေကြပါတယ်။ ရှေ့ ကိုယ်တော်တွေ ဘုဉ်းပေးနေချိန်မှာ နောက်က ကြွလာတဲ့ ကိုယ်တော်တွေက စီတန်းစောင့်ဆိုင်းနေကြပါတယ်။ အရင်အပတ်က သီလရှင် ဆရာကြီး ဆရာလေးများကို လောင်းလှူရာမှာ စီမံပေးခဲ့တဲ့ ဆရာလေး မစရဏမဉ္ဇရီလဲ ညီအစ်မများကိုပါ ခေါ်ဆောင်ပြီး ကြွရောက် ကူညီပေးပါတယ်။

ဒကာကိုဖြိုးနဲ့ ကိုထက်တို့က ဆွမ်းလောင်းရာမှ လိုအပ်တဲ့ တောင်းများ မနေ့က လာလှူသွားပါတယ်။ ဒီနေ့ ကိုယ်တိုင် မလာနိုင်ကြပေမယ့် ဝေယျာဝစ္စ လုပ်အားကူညီမယ့် ဒကာ ၅ ဦးကိုလဲ ယမန်နေ့ကတည်းက မန္တလေးကနေ လိုက်ပို့သွားပါတယ်။
ဆွမ်းဆက်ကပ်လှူဒါန်းမှု ပြီးဆုံးချိန်မှာတော့ သံဃာ အပါး ၅၀၀ ကျော်ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းလိုက်ရပါတယ်။ ဆွမ်းဟင်း၊ ဆွမ်းများ အားလုံး ကုန်သွားပါပြီ။ ပဲနှပ်က မလောက်လိုက်ပါ။
မုန့်ဟင်းခါးကို သံဃာ အပါး ၃၀၀ ကျော် ဘုဉ်းပေးကြပါတယ်။ စာဝါလိုက်အမီ ပြန်ရမယ့် ကျောင်းအချို့က ဆက်ပြီး ဆွမ်းခံရဦးမှာမို့ နေ့ဆွမ်းသာ ရပ်နိုင်ကြတာကြောင့်ပါ။
မုန့်ဖတ် ပိဿာ ၃၃ ပိဿာ မလောက်လို့ နောက်ထပ် ၂ ပိဿာ ထပ်မှာရတယ်။ မုန့်ဖတ် တစ်ပိဿာကို ပွဲ ၂၀ ဆက်ကပ်နိုင်ပါတယ်။ အဝ ဘုဉ်းပေးဖို့ ဆက်ကပ်တာမို့ ပွဲရေနဲ့တော့ အပါးရေ တွက်လို့ မရပါ။



Read more...

ဘာသာရေး ပြဿနာ ( ၈၀ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

( မေး ) ( ဥပမာစကား )
အရှင်ဘုရား မြတ်စွာဘုရားသည် အတုမရှိပုဂ္ဂိုလ်ဖြစ်ပါလျက် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်း၊ ကရ၀ိက်ငှက်ကဲ့သို့ သာယာသောအသံ ရှိခြင်း စသည်ဖြင့် နှိုင်းယှဉ်ထားပါသည်။ နှိုးယှဉ်သူမှာ အပြစ် ရှိ-မရှိ ဖြေကြားတော်မူပါဘုရား။
( မနွဲ့ကြည်-နရွဲပင်ရွာ ပဲနွယ်ကုန်းမြို့ )

( ဖြေ )
နှိုင်းယှဉ်ပြောဆိုခြင်း ဥပမာစကားဟူသည်မှာ ကြားနာသူတို့ သိလွယ်အောင် နှိုင်းယှဉ်ရခြင်းဖြစ်သည်။ နှိုင်းယှဉ်ရာမှာ ပဏီတ ဥပမာ-မြင့်မြတ်သောအရာဖြင့် နှိုင်းယှဉ်ခြင်း။
သဒိသ ဥပမာ-တူညီသောအရာဖြင့် နှိုင်းယှဉ်ခြင်း။
ဟီန ဥပမာ-ယုတ်သောအရာဖြင့် နှိုင်းယှဉ်ခြင်းဟူ၍ ၃-မျိုးရှိပါသည်။

မြတ်စွာဘုရားမှာ အတုမရှိသော ပုဂ္ဂိုလ်မြတ်ကြီးဖြစ်၍ မြတ်စွာဘုရား၏ဂုဏ်ကို သိစေလို၍ နှိုင်းယှဉ်လျှင် ပဏီတ၊ သဒိသ တို့ဖြင့် နှိုးယှဉ်စရာမရှိ။ အယုတ်-ယုတ်သော ၀တ္ထု ပုဂ္ဂိုလ် သတ္တ၀ါတို့နှင့်သာ ကြားနာသူ နားလည်ရန်အတွက် နှိုင်းယှဉ်ရပါသည်။ ထို့ကြောင့် ဟီနောပမာ-ဟီနဥပမာအနေဖြင့် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်း၊ ကရ၀ိက်ငှက်မင်းကဲ့သို့ အသံသာခြင်း၊ ထွက်သစ်စ နေမင်းကဲ့သို့ တင့်တယ်ခြင်း၊ ပဒုမ္မာကြာပန်းကဲ့သို့ ကျက်သရေရှိခြင်း စသည်တို့ဖြင့် နှိုင်းယှဉ်ရပါသည်။ စကားဥပမာအဖြစ် တင်စားပြောဆိုရခြင်း ဖြစ်သဖြင့် အပြစ်မရှိပါ။
*********************************************************************************

( မေး ) ( ပဋိသန္ဓေနှင့် ရုပ် )
ပဋိသန္ဓေအခါ ကံ စိတ် ဥတု အာဟာရ ရုပ်တို့ဖြစ်စဉ်ကို သိလိုပါသည်ဘုရား။
( ခင်ငြိမ်းငြိမ်း-အဘိဓမ္မာသင်တန်းသူ )

( ဖြေ )
ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ကမ္မဇရုပ်ဖြစ်၍
ဌီခဏ၌ ဥတုဇရုပ် ဖြစ်ပါသည်။
ပထမဘ၀င်၏ ဥပါဒ်၌ စိတ္တဇရုပ်ဖြစ်ကာ
နောက်မှ အာဟာရရုပ်ဟူ၍ ဖြစ်သည်။
ထို့ကြောင့် ဖြစ်စဉ်အတိုင်း ဆိုရပါမူ ကံ ဥတု စိတ် အာဟာရ-ဟု ဆိုရမည်ဖြစ်သော်လည်း
ဒေသနာစဉ်အားဖြင့် ကံ စိတ် ဥတု အာဟာရ-ဟူ၍ ဆိုရပါသည်။
*********************************************************************************

( မေး ) ( ပဋိသန္ဓေနှင့် အနိယတ အာပတ်)
အရှင်ဘုရား၊
၁။ ဤဘ၀တွင်ကွယ်လွန်၍ နောက်ဘ၀တွင် လူဖြစ်ရန် ကံရှိသူသည် မည်သည့် မိခင်၏၀မ်းတွင် ပဋိသန္ဓေနေရမည်ကို မည်သည့်အကြောင်းအရာများက စီမံပါသနည်း။
၂။ မြန်မာလူမျိုးတယောက် ကွယ်လွန်ပြီး ပြည်တွင်း သို့မဟုတ် ပြည်ပရှိ လူမျိုးခြားဝမ်းတွင် ပဋိသန္ဓေတည်နိုင်ပါသလား။
၃။ နိယတအာပတ်၊ အနိယတအာပတ်-ဟူ၍ ကြားဖူးပါသည်။ မည်သို့သောအာပတ်သည် အနိယတအာပတ် ဖြစ်ပါသနည်း။
၎။ အနိယတအာပတ်သင့်လျှင် ငရဲကျအောင် အကုသိုလ်အပြစ် ရှိပါသလား ဖြေကြားပေးတော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
( ဒကာ အေးမောင်-ရန်ကုန်မြို့ )

( ဖြေ )
( ၁ ) လူပုဂ္ဂိုလ် ၁-ဦး ကွယ်လွန်ရာ၌ လူပြန်ဖြစ်နိုင်သော ကုသိုလ်ဇနကကံကြောင့် ကွယ်လွန်ခါနီး ထင်မြင်လာသည့် ကုသိုလ်ကံ ကမ္မနိမိတ်နှင့် ဂတိနိမိတ်တို့က သူလားရောက်ရမည့် လူ့ဘ၀၊ အမိဝမ်းစသည်တို့ကို ထင်မြင်စေသည်။ သို့ထင်မြင်ရာ၌ သွားလာလှုပ်ရှားမှု၊ ပြောဆိုတောင်းပန်မှု စသည်များကို အချို့လူဝင်စားများက ပြန်လည်ပြောဆိုကြသည်။ ၄င်းကို ၀ိညာဉ်သွားလာနေသည်ဟု ထင်နေကြသည်။ အမှန်မှာ ဂတိနိမိတ် ထင်မြင်နေမှုပင်ဖြစ်၏။ ဂတိနိမိတ်နှင့် တဆက်တည်း ဘ၀နိကန္တိကဇော (ဖြစ်ရမည့်ဘ၀ကို တွယ်တာမှု) က မိမိကျက်စားရာ ကျွမ်းဝင်ရာတို့၌သာ စွဲလမ်းတတ်သည်။ ထိုသို့စွဲလမ်းတတ်သဖြင့် ပဋိသန္ဓေ ဖြစ်ရာ၌ မိမိမြို့ရွာ ပတ်ဝန်းကျင်၊ ရောက်ဖူးရာ နီးစပ်ရာတို့၌လည်း ဖြစ်တတ်၏။

မိမိနိုင်ငံမှတပါး နိုင်ငံရပ်ခြားတွင် ရောက်ရှိ ခင်တွယ်ရာတို့၌လည်း ဖြစ်တတ်၏။ ( နတ်ပြည် နတ်ဘ၀တို့သို့ကား ထူးခြားသော ဇနကကံက ပို့ဆောင်ပေးလိမ့်မည်။)

၂။ နိယတအာပတ်ဆိုသည်မှာ ပါရာဇိက၊ သံဃာဒိသိသ်၊ ပါစိတ် စသည် မိမိပြုရာအပြစ် အားလျော်စွာ သင့်သောအာပတ်မျိုးဖြစ်သည်။ မြဲသောအာပတ်ဟု ဆိုသည်။
အနိယတအာပတ်မှာ ပါရာဇိက သံဃဒိသိသ် ပါစိတ် အမြဲမဟုတ်၊ ထိုက်သင့်သလို သင့်ရသော အာပတ်မျိုးဖြစ်သည်။
ပုံစံမှာ-( ပထမအနိယတအာပတ် )
ရဟန်းတပါးသည် မျက်စိဆိတ်ကွယ်ရာ (အခန်း)စသည်၌ မာတုဂါမနှင့် နှစ်ယောက်ချင်း နေသည်။ ထိုရဟန်းအဖို့ ပါရာဇိက သံဃာဒိသိသ် ပါစိတ် တမျိုးမျိုးသင့်နိုင်သည်။ သင့်နေပြီဟု ယူဆနိုင်သည်။
သို့သော် နာမည်တပ်၍ မဆုံးဖြတ်နိုင်၊ ထိုအခါ ယုံကြည်ထိုက်သော (၀ိသာခါကဲ့သို့) ဒကာမကြီးတဦးက ပါရာဇိကဖြစ်နေသည်ကို မြင်ပါသည်ဟု အစစ်ခံလျှင် သို့မဟုတ် သံဃဒိသိသ် ပါစိတ် အာပတ်သင့်နေသည်၊ ဖြစ်နေသည်ကို မြင်ပါသည်ဟု အစစ်ခံလျှင် ထိုအစစ်ခံချက်အတိုင်း ဆုံးဖြတ်ရသည်။ ယင်းကို အာပတ်နိယတ (အမြဲ) မရှိ၍ အနိယတအာပတ်ဟု ဆိုရသည်။

( ဒုတိယ အနိယတအာပတ်မှာ)
နားကွယ်ရာ (၁၂-တောင်ထက်ဝေးသောနေရာ) ၌ ရဟန်းနှင့် မာတုဂါမ နှစ်ယောက်ချင်း စကားပြောနေသည်ကို အဝေးက တွေ့မြင်လျှင် ကာမဂုဏ်နှင့်စပ်သော စကားစသည် ပြောကြား၍ သံဃာဒိသိသ်အာပတ်သော်၎င်း။ မာတုဂါမနှင့် နှစ်ယောက်ချင်း စကား ၃-၄ ခွန်း ပြောမှုကြောင့် ပါစိတ်အာပတ်သော်၎င်း ဖြစ်နိုင်သည်။
( မျက်စိကွယ်ရာမဟုတ်၍ ပါရာဇိကမသင့်သည်မှာ သေချာသည်။)

ဖော်ပြပါယုံကြည်ထိုက်သော ဒကာမကြီးက သံဃာဒိသိသ် ပါစိတ် တခုခုဖြင့် ပြောလျှင် ပြောတိုင်းသောအာပတ်ဖြင့် ဆုံးဖြတ်ရသည်။ ဤသို့ အနိယတ အာပတ်(သိက္ခာပုဒ်) နှစ်မျိုးရှိပါသည်။ သိသာရုံဖြေကြားပါသည်။ ပြဿနာနှစ်ရပ်လုံးပင် နက်နဲကျယ်ဝန်း၍ နီးစပ်ရာ ဆရာတော် သံဃာတော်များထံ၌ မေးမြန်း၍၄င်း၊ စာအုပ်စာတမ်းတို့ကို ကြည့်ရှု၍၄င်း၊ လေ့လာမှတ်သားသင့်ပါသည်။
*********************************************************************************

( မေး ) ( သံသေဒဇ ပဋိသန္ဓေ )
အရှင်ဘုရား၊ တပည့်တော်မ ရိုသေစွာ လျှောက်ထားမေးမြန်းအပ်ပါသည်ဘုရား။ အဘိဓမ္မာတရားတော်မြတ်၌ ပဋိသန္ဓေ ၄-မျိုး ရှိသည့်အနက် သံသေဒဇ ပဋိသန္ဓေဟူသည်မှာ ကြာပင်၊ ၀ါးပင်၊ မန်ကျည်းပင်၊ ရွှံ့အညစ်အကြေး စသည်တို့၌စွဲ၍ ဖြစ်သည်ဆိုသည်မှာ မှန်ပါသလားဘုရား၊ သံသေဒဇ ပဋိသန္ဓေ မည်ကဲ့သို့ တည်ပါသနည်း ဘုရား၊ ရှင်းလင်း ဖြေကြားပေးတော်မူပါ။
( မနုနုခိုင်ဦး-ဘီလူးမြို့ မိုးညှင်းမြို့နယ် )

( ဖြေ )
ကမလ ကုဟရာဒိကေ သံသေဒေ ဇာတာတိ သံသေဒဇာ-ဟုဆိုသည့်အတိုင်း ကြာတိုက်၊ ရေညွှန်အစရှိသော စိုစွတ်ရာအရပ်၌ ဖြစ်တတ်သောကြောင့် သံသေဒဇမည်ပေရာ ရှေးဘ၀ကုသိုလ်ပြုစဉ်က အမိဝမ်း၌ မဖြစ်ရပါလို-ဟု ဆုတောင်းခဲ့သူတို့သည် ကြာတိုက်၊ သစ်ပင်၊ ၀ါးပင်၊ အသီးအပွင့်၊ ရေညွန် စသည် စိုစွတ်ရာနေရာတို့၌ ပဋိသန္ဓေနေ၍ ဖွားမြင်ကြသည်။

၎င်းတို့ကုသိုလ်ကံကြောင့် မွေးမြူမည့်သူ နှင့် အဆင်သင့် ပေါက်ဖွားကြသည်ဟု ဆိုပါသည်။ ဥပပတ်ပဋိသန္ဓေလည်း နည်းတူပင်ဖြစ်သည်။ သို့သော်လည်း သံသေဒဇမှာ ငယ်က တရွေ့ရွေ့ ကြီးပွားရသည်။ မြန်မာနိုင်ငံ၌ မယ်လမု-လမုပင် (အသီး)ကဖြစ်၍ ဝေဠုဝတီ-၀ါးပိုးဝါးအတွင်းက ဖြစ်သည်။ ဇာတ်တော်များတွင် ပဒုမ၀တီ-ပဒုမ္မာကြာပန်းက ဖြစ်သည်။ မြတ်စွာဘုရားလက်ထက် ပေါက္ခရသာတိ-ပုဏ္ဏား ရေကန် (ကြာတိုက်) က ဖြစ်သည်။
ဥပပါတ်မှာ အရွယ်ရောက်ပြီး (အရွယ်) ၁၅-နှစ်၊ အနှစ် ၂၀-စသည်ဖြင့် ရုတ်ခြည်းဖြစ်သည်။ မြတ်စွာဘုရားလက်ထက် အမ္ဗပါလီ-သရက်ပင်ကို မှီ၍ ဖြစ်သော ဥပပါတ် ပဋိသန္ဓေ ဆို၏။ မြတ်စွာဘုရားကို စွပ်စွဲ၍ မြေမျိုသွားသော စိဉ္စမာဏ၀ိကာ-မှာ မန်ကျည်းပင်၌ဖြစ်သော သံသေဒဇ သန္ဓေသူဟု ဆိုပါသည်။
********************************************************************************

( မေး ) အဘိညာဉ်နှင့် လူဝင်စား )
အရှင်ဘုရား၊ မြတ်မင်္ဂလာစာစောင်တွင် အရှင်ဘုရား ဖြေကြားသော လူဝင်စားအကြောင်း ဖတ်ရ၍ ကျေနပ်နှစ်သက်မိပါသည်။ တပည့်တော် သိလိုသည်မှာ သမထ ၀ိပဿနာ အားထုတ်သူတချို့ အဘိညာဉ်ရပြီး အတိတ်ဘ၀ (တဘ၀သာ မဟုတ်) သိနိုင်၊ မြင်နိုင်သည်ဟု ဆိုကြပါသည်။ ၄င်းအဆိုအရ အရှင်ဘုရားအနေဖြင့် လက်ခံနိုင်-မခံနိုင် ရှင်းလင်းဖြေကြားပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား။
( ဦးခင်မောင်မြင့်-ရေနံချောင်း )

( ဖြေ )
သမထ ၀ိပဿနာ အားထုတ်၍ အဘိညာဉ်ရသည်ဆိုသည်မှာ ပထ၀ီကသိုဏ်း စသည်တို့ဖြင့် အားထုတ်၍ ရူပဈာန် (စတုက္ကနည်းဖြင့်) လေးပါး။ အရူပဈာန်လေးပါး။ ၄င်းရှစ်ပါးကို သမာပတ် ရှစ်ပါးဟုခေါ်သည်။ ၄င်းရှစ်ပါးမှ ရုပကုသိုလ်အဘိညာဉ်နှင့် အရူပကုသိုလ်အဘိညာဉ်ကို အဘိညာဉ်ဒွေး-ဟုခေါ်သည်။ ၄င်းအဘိညာဉ်ကိုရမှ ၄င်းအဘိညာဉ်ကို ၀သီဘော်ငါးတန်ဖြင့် အဖန်ဖန်လေ့လာနိုင်ပါမှ ဣဒ္ဓိဟူသော တန်ခိုး ၁၀-ပါးကိုရသည်။

ထိုသို့ရသဖြင့် ရှေးတီးကာလ၊ ဘ၀ရှည်ကျူး၊ ဖြစ်ဖူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည်အမျိုး စသော ပရမတ် ပညတ်တို့ကို တပ်အပ်သိစွမ်းနိုင်သော ဉာဏ်ကိုရ၍ နောက်ဘ၀သာမက ဘ၀ပေါင်းများစွာကို ပြန်၍မြင်နိုင်သည်။ ၄င်းဉာဏ်ကို ပုဗ္ဗေနိဝါသ ဉာဏ်ဟုခေါ်သည်။ အားထုတ်၍ယူရသောဉာဏ် ဖြစ်သည်။

လူဝင်စားတို့ရသောဇာတိဿရ ဉာဏ်မျိုးထက် များစွာ အထက်တန်းကျသည်။ ယခုကာလ ရိပ်သာဝင်၍ အားထုတ်သူတို့မှာ ကသိုဏ်း ၁၀-ပါး စသည်ရှု၍ အားထုတ်သော သမထဘာဝနာမျိုး မဟုတ်၍ ဈာန်မရနိုင်။ ဈာန်မရနိုင်၍လည်း အဘိညာဉ်သို့ မရောက်သဖြင့် အတိတ်ဘ၀တို့ကို မြင်နိုင်စွမ်းမှု မရှိပါ။ ၀ိပဿနာဉာဏ် အဆင့်ဆင့်ပေါက်၍ မဂ်ဖိုလ်သာ ရချင်ရမည်။ သမထယာနိကနည်းဖြင့် အားထုတ်ခြင်းမဟုတ်၍ အဘိညာဉ် ရနိုင်ခွင့် မရှိပါကြောင်း ဖြေကြားလိုက်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )


Read more...

နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တခုသောသန်းခေါင်ယံအချိန်၌ ရောဟိတ အမည်ရှိသော နတ်သားတပါးသည် ဇေတ၀န်ကျောင်းတော်သို့ ရောက်ရှိလာ၏။ ထိုအခါ ဇေတ၀န်ကျောင်းတော် တခုလုံးသည် ထိုနတ်သား၏ ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ထွန်းလင်းတောက်ပသွားသည်။ နတ်သားသည် ဘုရားရှင်ထံ ချဉ်းကပ်ပြီး ဤသို့မေးလျှောက်လေသည်။

အရှင်ဘုရား၊ ပဋိသန္ဓေ မနေရာ၊ မအိုရာ၊ မနာရာ၊ မသေရာဖြစ်သော လောက၏အဆုံးဖြစ်သည့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ ရောက်နိုင်ပါ၏လော။

အသင်နတ်သား၊ လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်-ဟု ဘုရားရှင်က ဖြေကြားတော်မူ၏။

အရှင်ဘုရား၊ အရှင်ဘုရား၏ အဖြေစကားသည် ကောင်းမြတ်မှန်ကန်လှပါသည်။ အကျွန်ုပ်သည် တခုသောဘ၀က တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတ အမည်ရှိသည့် ရသေ့ဖြစ်ခဲ့ဖူးပါသည်။ အကျွန်ုပ်သည် လေးမှ ပစ်လွှတ်လိုက်သောမြှား၏ အလျင်ဖြင့် သွားနိုင်သော တန်ခိုးရှိပါသည်။
အရှေ့သမုဒ္ဒရာနှင့် အနောက်သမုဒ္ဒရာကို တလှမ်းတည်းသော ခြေလှမ်းဖြင့် ရောက်နိုင်ပါသည်။ အကျွန်ုပ်သည် ဤသို့သော လျင်မြန်ခြင်းရှိသည့် ခြေလှမ်းတို့ဖြင့် လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့ အရောက်သွားရန် စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ပါသည်။

ထိုဆန္ဒကြောင့် အကျွန်ုပ်သည် အိပ်ချိန်၊ စားချိန်၊ ကျင်ကြီး၊ ကျင်ငယ် စွန့်ချိန်မှတပါး အသက်တရာတမ်းပတ်လုံး နိဗ္ဗာန်သို့ ခြေကျင်သွားခဲ့ပါသည်။ သို့သော် နိဗ္ဗာန်သို့မရောက်ဘဲ စကြ၀ဠာအကြား၌သာလျှင် သေခဲ့ရပါသည်။ ထို့ကြောင့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်-ဟူသော အရှင်ဘုရား၏စကားသည် မှန်ကန်လှပေသည်-ဟု နတ်သားက လျှောက်ထားသည်။

ထိုအခါ ဘုရားရှင်က အသင်နတ်သား၊ လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ ဘယ်အခါမျှ မရောက်နိုင်။ နိဗ္ဗာန်သို့မရောက်ဘဲ ၀ဋ်ဆင်းရဲမှ လွတ်ခြင်းမည်သည် မရှိ။ ထို့ကြောင့် နိဗ္ဗာန်သို့ ရောက်နိုင်သည့် မြတ်သောအကျင့်ကို ကျင့်ပြီးသော ပညာရှိသည် ပစ္စုပ္ပန်လောကကို၎င်း။ တမလွန်လောကကို၎င်း၊ ဘယ်အခါမျှ မတောင့်တတော့ချေ။
စင်စစ်အားဖြင့် တလံမျှလောက်သော ဤခန္ဓာကိုယ်၌သာလျှင် လောကကို၎င်း။ လောကဖြစ်ပေါ်ကြောင်းကို၎င်း။ လောက၏ချုပ်ရာ နိဗ္ဗာန်ကို၎င်း။ လောက၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို၎င်း ရှာတွေ့နိုင်ပေသည်-ဟု ဟောကြားတော်မူလေသည်။

ဘုရားရှင်၏ တရားစကားကို နာကြားရလျှင် ရောဟိတနတ်သားသည် များစွာ အားရ၀မ်းမြောက်မိလေသည်။ ထို့နောက် လှိုက်လှဲစွာ သာဓုခေါ်ဆိုပြီး နတ်ပြည်သို့ ပြန်သွားလေသတည်း။
အကိုး။ ။ အင်္ဂုတ္တိုရ် ပါဠိတော် မြန်မာပြန်။

( မောင်အောင်ဝင်း-ထူးကြီး )

( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )


Read more...

ဘွားအေကို ပြုစုစောင့်ရှောက်၍ အကျိုးထူး ခံစားရသူ

လူသားတိုင်းတွင် မိခင် ရှိကြသည်။ ဘွားအေ ရှိကြသည်။ မိခင် မရှိသော၊ ဘွားအေ မရှိသော လူသားဟူ၍ မရှိပါ။ တဖန် သားအချစ်၊ မြေးအနှစ်ဟုဆိုကြသည့် ဘိုးဘွားများကို ပြုစုစောင့်ရှောက်ကြရမည်မှာ လူသားတိုင်း၏ ကြီးမားသော တာဝန်တရပ်ဖြစ်သည်။ သို့သော်လည်း ထိုတာဝန် ပျက်ကွက်မှုများ ရှိသကဲ့သို့ တာဝန်ထမ်းဆောင်ကြသော သားမြေးများလည်း အမှန်ရှိနေပါသည်။

မကွေးတိုင်း ချောက်မြို့နယ် ဂွေးချိုကျေးရွာတွင် ဒေါ်ငြိမ်းမြတ် ၇၈-နှစ်အရွယ်နှင့် ဒေါ်သုဆွေ ၇၇-နှစ်အရွယ် ညီအမနှစ်ယောက်တို့ ရှိကြသည်။ ဒေါ်သုဆွေမှာ အပျိုကြီးဖြစ်၍ ဒေါ်ငြိမ်းမြတ်မှာ သား-လေးယောက်ရှိသည်။ သားများမှာ အိုးခွဲအိမ်ခွဲဖြစ်သည်။ လင်ယောက်ျားမရှိတော့သော ဒေါ်ငြိမ်းမြတ်မှာ ညီမဖြစ်သူနှင့် အတူတကွ နေထိုင်ရပါသည်။ ဦးကြည်လွင်+ဒေါ်မြမြ၏သား မြေးဖြစ်သူ မောင်အေးသောင်က တတ်အားသမျှ ၀တ်ကြီးးဝတ်ငယ် ပြုခဲ့ပါသည်။ မြေးဖြစ်သူ မောင်အေးသောင်သည် တရွာတည်းနေ အိုးခွဲအိမ်ခွဲဖြစ်သည်။ သူသည် ရိုးသားဖြောင့်မတ်၍ အေးဆေးတည်ငြိမ်မှုရှိသည်။ ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်၍ ကျေးဇူးလည်း သိတတ်သည်။

မောင်အေးသောင်သည် ဂွေးချိုတောင်၏ အရှေ့ဘက်ရှိ တောင်ဝကန်သို့ ရေချိုးသွားတိုင်း ဘွားအေများထံ ၀င်ပြီး ညစ်ပေနေသော ထဘီ အင်္ကျီများကို လဲပေးကာ အ၀တ်ထည်များအား သူရေချိုးရာ တောင်ဝကန်သို့ ယူသွားပြီး ဖွပ်လျှော်ပေးလေ့ရှိသည်။ ရေကန်သို့ရောက်သည်နှင့် တပြိုင်နက် ဘွားအေများ၏ ထမီ အင်္ကျီများကို ကမ်းစပ်၌ စိမ်ပြီးမှ ဖွပ်လေ့ရှိ၏။ နေလှန်းခြောက်သွေ့ပြီးမှ သေသေချာချာ ခေါက်ကာ ဘွားအေများထံ ပြန်ပို့၏။

ဤကဲ့သို့ ဆောင်ရွက်ခဲ့ရာ ငါးလခန့်အကြာ တနေ့တွင် ဘွားအေ၏ အ၀တ်များ ကမ်းစပ်၌ ရေစိမ်ထားသည်။ ထိုတွင် အ၀တ်များ လျှော်ဖွပ်ရန် ပြုလုပ်စဉ် ထမီတထည်၏ ချည်စများနှင့် ငြိပါလာသော ရွှေလက်စွပ်တကွင်းကို တွေ့ရသည်။
မောင်အေးသောင်သည် ထိုလက်စွပ်ကို ယူပြီး ဘွားအေ ဒေါ်ငြိမ်းမြတ်ကို အကြောင်းစုံ ပြောပြသည်။

ရွှေဆိုလို့ မူးလို့ ရှူစရာ မရှိပါ၊ ငါ့မြေးကို တောင်ဝကန်စောင့်နတ်က မ,လိုက်တာပဲ ဖြစ်မှာ။ ငါ့မြေး ယခုအချိန်ကစ၍ ကြီးပွားတိုးတက်ချမ်းသာပါစေ-ဟု အဘွားက ဆုတောင်း၍ မေတ္တာပို့သည်။ ရွာထဲ၌လည်း ရွှေလက်စွပ်ပျောက်သူ မရှိ။ ပိုင်ရှင်မရှိ ထိုလက်စွပ်ကို မောင်အေးသောင်( ၂၆)နှစ်က ရရှိလိုက်ပါတော့သည်။

ထိုဖြစ်စဉ်မှာ ဖြစ်ရပ်မှန်ဖြစ်ပြီး ကြာလည်းကြာခဲ့ပါပြီ။ ယခုအခါ မောင်အေးသောင်ပင်လျှင် ဦးအေးသောင်ဘ၀ကို ရောက်လာပြီး ၅၃-နှစ်ရှိပေပြီ။ ထိုလက်စွပ် တွေ့သောအချိန်မှစ၍ မောင်အေးသောင်မှာ စားဝတ်နေရေး အဆင်ပြေ ချောမွေ့သွားသည်။ ယခုအခါ ကျောက်ပန်းတောင်းမြို့ ဈေးကွက်သစ်ရပ်တွင် သားမြေးများနှင့် တင့်တောင့်တင့်တယ် နေထိုင်လျက် ရှိသည်။

ဘိုးဘွားမိဘများကို ပြုစုလုပ်ကျွေးပါက လူနတ်ဗြဟ္မာ ချစ်ခင်လေးစားခြင်း၊ ကုသိုလ်တရားများ ရရှိခံစားလာရခြင်း၊ ယခုမျက်မှောက်ဘ၀မှာပင် ကောင်းကျိုးခံစားရခြင်း စသည့် အကျိုးကျေးဇူးများ မလွဲမသွေ ရရှိခံစားရသည်ကို မျိုးဆက်သစ်လူငယ်များ နားလည်သဘောပေါက်စေလိုပါသည်။ ငပိထုပ်သောဖက် ငပိနံ့ ကျန်၍၊ နှင်းဆီပန်း ထုပ်သောဖက် နှင်းဆီအနံ့ သင်းကျန်မည်။ ပန်းတိုင်း လှစေလိုသည်။ လှသောပန်းတိုင်း မွှေးစေလိုသည်။ မျိုးဆက်သစ်တိုင်း ယခုမျက်မှောက်ဘ၀တွင် ကောင်းကျိုးချမ်းသာ အဖြာဖြာကို လက်ဝယ်ပိုင်ပိုင် ရလိုပါက အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘဘိုးဘွားများကို ပြုစုစောင့်ရှောက်လုပ်ကျွေးသင့်ကြပေသည်။

( မောင်ပါ-ကျောက်ပန်းတောင်း )

( မြတ်မင်္ဂလာ-၂၀၀၁-ဇန်န၀ါရီလ )


Read more...

အနှစ်ကိုးပါး (အပိုင်း-၆)



အသားစားနည်း စနစ်
နောက်စကားတစ်ခွန်း ဆက်မလို့ ဘုန်းကြီးက အားယူ နေတုန်း ချက်ချင်းကြားဖြတ်ပြီးတော့ သူပြောတယ်။ ဘုန်းကြီးပြောလိုက်တဲ့ စကားထဲမှာ ''အသားကို စနစ်တကျ စားပြီးတော့'' ဆိုတော့ အဲဒါလေးကို သူက ဘယ်လိုမှ မကြိုက်ဘဲ ဖြစ်သွားတယ်။
''အသားစားတာ ဘယ်လိုစနစ်တွေနဲ့ စားရဦးမှာ လဲ''တဲ့။ သူက ဒီလိုလာတယ်။
ဘုန်းကြီးက စနစ်ကို ပြောပြလိုက်တယ်။ ''ဗုဒ္ဓက အသားကြီး ၁ဝ-မျိုး မစားရဘူး။ စားတဲ့အခါ အစွန်း ၃-ပါးမှလဲ လွတ်ရမယ်''။
''အစွန်းသုံးပါးလွတ်သောအသား၊ ဆယ်မျိုးသော အသားမှ လွတ်သောအသားကို စားတဲ့အခါမှာလဲပဲ ပစ္စ ဝေက္ခဏာ သုံးမျိုးနဲ့ ဆင်ခြင်၍စား''။
၁။ ဓာတုပစ္စဝေက္ခဏာ- ဓာတ်သဘောကို ဆင်ခြင်။
၂။ ပဋိကူလပစ္စဝေက္ခဏာ- စက်ဆုပ်ဘွယ် အနေနဲ့ ဆင်ခြင်။
၃။ မဟာပစ္စဝေက္ခဏာဆိုတာ ရှင်ငယ်, ရဟန်း ငယ် များ, ဆင်ခြင်နှလုံးသွင်းတာ။
''အဲဒီလို ပစ္စဝေက္ခဏာ သုံးပါးတွင် တစ်ပါးပါးကို ဆင်ခြင်စား။ အစွန်းသုံးပါးမှ လွတ်တဲ့ အသားကိုစား။ ဆယ်မျိုးသော အသားမှလွတ်သောအသားကိုစား။ အဲဒါ အသားစားတဲ့စနစ်ပဲဗျ၊ ဗုဒ္ဓ ပေးထားတဲ့ စနစ်ပဲ''လို့ ဘုန်း ကြီးက ဒီလိုပြောလိုက်ရော သူက တက်လာပြန်တယ်။ ''ဗုဒ္ဓ ဟာ အသားမစားပါဘူး၊ ဗုဒ္ဓကိုယ်တိုင် အသားမစားဘူး ဆိုတာ အရှင်ဘုရား နားလည်ရဲ့လား''တဲ့ သူက။
''ဗုဒ္ဓဟာ အသားမစားဘူးလို့ ဒကာကြီး ဘယ်လိုလုပ် ပြောနိုင်တာလဲ။ အထောက်အထား ပြစမ်းပါ'' လို့ ဘုန်းကြီးက မေးလိုက်တော့ သူက ''တခြား မပြပါရစေနဲ့၊ ဗုဒ္ဓဟာ အလွန်ကြီးမားတဲ့ မဟာကရုဏာရှင်, အလွန်ကြီးမားတဲ့ မေတ္တာရှင် တစ်ယောက်ဖြစ်တယ်။ အလွန်ကြီးမားတဲ့ မေတ္တာရှင်, ကရုဏာရှင် တစ်ယောက်ဟာ ဘယ်နည်းနှင့်မှ အသားကို မစားနိုင်ဘူး၊ မစားဘူး''တဲ့။
''ဟုတ်ပါတယ်။ ကြီးမားတဲ့ မေတ္တာကရုဏာ ဗုဒ္ဓမှာ ရှိပါတယ်။ လက်ခံပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင် အဲဒီလို စားနည်းစနစ်ကို ချပေးခဲ့တယ်ဆိုတာကို ဒကာကြီး စာမှ ဖတ်ဖူးရဲ့လား''လို့ပြောလိုက်ရော သူစိတ်ဆိုးသွားတယ်။
''ရဟန်းတော်များ အသားမစားထိုက်ဘူးလို့ ဆိုပြီး တော့ ရဟန်းတစ်ပါးက တောင်းပန်ခဲ့တဲ့အချက်ကို မြတ်စွာ ဘုရားက ပယ်ချခဲ့တယ် ဆိုတာကိုရော ဒကာကြီး ဖတ်ဖူးရဲလား''ဆိုတော့ သူက ''မဖတ်ဖူးဘူး''တဲ့။
''အဲဒါ ဒကာကြီး ညံ့တာပဲ''လို့ ဘုန်းကြီးက သူ့ကို တို့လိုက်တယ်။ အဲဒီမှာ သူ ပိုပြီးစိတ်ဆိုးတော့တာပဲ။ သူက သက်သက်လွတ်စားတဲ့လူ။ ဒေါသတွေ တရှူးရှူးထနေတယ်။ ဒီက အသားစားတဲ့လူ။ ဒေါသမဖြစ်ပါဘူး။ သူ့ကို ဒေါသ မဖြစ်ဖြစ်အောင် တဖြေးဖြေး တို့ပေးနေတာ။
မေတ္တာအကြောင်း ပြောနေကြတာဆိုတော့ ဒေါသထွက်ရင် ရှုံးတာပဲ။ ဘုန်းကြီးက ဒေါသမထွက်တော့ အဲဒီပွဲမှာ ဘုန်းကြီး လုံးဝနိုင်ခဲ့တယ်။

ဒေဝဒတ်ပန်ကြားခဲ့တဲ့ ပဉ္စဝတ္ထုယာစန
၁။ သာသနာတော်ထမ်း ရဟန်းမှန်ရင် အသား မစားရဘူး။
၂။ သင်္ကန်း သုံးထည်တည်း ဝတ်ရမယ်။
၃။ ပံ့သကူသင်္ကန်းကိုပဲ ဝတ်ရမယ်။
၎။ တောထဲမှာပဲ နေရမယ်။
၅။ သစ်ပင်အောက်မှာပဲ နေရမယ်။
''ဒကာကြီး ရှင်ဒေဝဒတ် သည် ဘုရားကိုယ်တော် မြတ်ကြီးကို သူတော်ကောင်းယောင် ဆောင်ပြီးတော့ အဲဒီလို တောင်းပန်ခဲ့ဖူးတယ်ဆိုတာကို ကြားဖူးရဲ့လား''လို့ မေး လိုက်တော့ ''ကြားဖူးတယ် ပြောရမလား, မကြားဖူးဘူးလို့ ပြောရမလား''ဆိုပြီး သူ ခေါင်းငုံ့ပြီးတော့ စဉ်းစားနေတယ်။
စဉ်းစားပြီးတော့မှ ''အဲဒါ ကြားဖူးပါတယ်''တဲ့။ ''ဒါပေမယ့်ဗျာ အဲဒီတောင်းပန်ချက်ဟာ အလွန်ကောင်းတဲ့ တောင်းပန်ချက်ပဲ''တဲ့ သူက။
''အဲဒီလောက်ကောင်းတဲ့ တောင်းပန်ချက်ကို မြတ်စွာဘုရား ပယ်ချပစ်လိုက်တယ်ဆိုတာကိုရော ကြားဖူးရဲ့ လား''လို့ ဘုန်းကြီးက ထပ်မေးတော့ သူက ''မသိဘူး''တဲ့။
''အဲဒါ မသိလို့ရှိရင် ဟောဒီ 'ဓမ္မကိတ္တိဝိဟာရ' မှာ ပိဋကတ်သုံးပုံရှိတယ်။ ဘုန်းကြီးတို့ တည်းခိုတာက ဓမ္မကိတ္တိဝိဟာရမှာ တည်းခိုတယ်။ ဒီ ဓမ္မကိတ္တိဝိဟာရမှာ နီပေါသီလရှင် ဒေါ်သုဓမ္မဝတီဆိုတာ ရှိပါတယ်။ ဒေါ်သုဓမ္မဝတီထံမှာ အဲဒီပိဋကတ်စာအုပ်ကို ဖွင့်ပြီးတော့ ဖတ်ကြည့်ပါ။ မဖတ်တတ်ရင်လဲ သူ့ကို ဖတ်ခိုင်း အဓိပ္ပာယ်ကို ပြောပြလိမ့်မယ်''။
ဒေဝဒတ် တောင်းပန်ခဲ့တဲ့ သက်သက်လွတ်ဝါဒကို မြတ်စွာဘုရား ပယ်ချယ်လိုက်တာဆိုတဲ့အကြောင်း 'ဝိနည်း စူဠဝဂ္ဂပါဠိတော်' မှာ ရှိပါတယ်။
''ဒကာကြီး မြတ်ဗုဒ္ဓ အသားစားတယ်ဆိုတာကို တထစ်ချသာ မှတ်ထားစမ်းပါ။ ဒါပေမဲ့ စားတာက စနစ်တကျ စားတာ''။
''ပြီးတော့ ဘုရားရှင်ကို ပရိနိဗ္ဗာန်စံခါနီး စုန္ဒ ရွှေပန်းတိမ်သည် ကပ်တာ ဝက်သားပဲ''လို့ပြောလိုက်တော့ သူက ''ဝက်သားမဟုတ်ဘူး။ ဝက်တွေသွားတဲ့လမ်းမှာပေါက်တဲ့ မှို''တဲ့။

တစ်ကမ္ဘာလုံးက ငြင်းနေကြတဲ့ စာတစ်ပုဒ်
''သူကရမဒ္ဒဝပုဒ်ကို 'နူးညံ့တဲ့ဝက်ပျိုသား'လို့ ဘာသာပြန် ရမလား၊ ဒါမှမဟုတ် 'မှို'လို့ ဘာသာပြန်ရ မလား'' ဆိုတာကို တစ်ကမ္ဘာလုံးက ငြင်းနေကြတယ်။
အဲဒီ ''သူကရမဒ္ဒဝ''သည် တစ်ကမ္ဘာလုံးက ငြင်းနေကြတဲ့ ပါဠိပုဒ်။
အထ ခေါ စုန္ဒော ကမ္မာရပုတ္တော တဿာရတ္တိယာ အစ္စယေန သကေနိဝေသနေ ပဏီတံ၊ ခါဒနီယံ ဘော ဇနိယံ ပဋိယာဒါပေတွာ ပဟူတဉ္စ သူကရမဒ္ဒဝံ။ (သုတ် မဟာဝါ)
သူတို့က ''သူကရဆိုတာက ဝက်။ မဒ္ဒဝဆိုတာက နင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုယူတယ်။ ဒီတော့ 'ဝက် နင်းတဲ့ မြေကြီးမှာ ပေါက်တဲ့မှို' ပဲ'' တဲ့။
အဲဒီပုဒ်ကို ဘုန်းကြီးက ဆက်ပြီးတော့ မငြင်းတော့ဘူး။ ဒီပုဒ်က တစ်ကမ္ဘာလုံး ငြင်းနေကြတာ။
''ကောင်းပြီ ဒကာကြီး 'သူကရမဒ္ဒဝ'ကို ဝက်သား လို့ လက်မခံဘူး။ ဝက်နင်းတဲ့နေရာမှာ ပေါက်တဲ့မှိုလို့ ဆိုရင် ထားပါတော့။ အဲဒါကို မငြင်းလိုပါဘူး''။
''နောက်တခု ပြောမယ်။ ဥဂ္ဂသူကြွယ်ကြီးက မြတ်စွာဘုရားကို ဆွမ်းကပ်တဲ့အကြောင်းကို ဖော်ပြတဲ့ 'ဥဂ္ဂ သုတ္တန်'ဆိုတာရှိတယ်၊ ဥဂ္ဂသုတ္တန်ကို ဒကာကြီး ဖတ်ဖူးရဲ့ လား''။
သူ ဗဟုသုတနည်းတာတွေကို ပေါ်အောင်လို့ ဘုန်းကြီးက လူကြားထဲ အဲဒါတွေကိုချည်း မေးတာပဲ။
''ဖတ်ဖူးရဲ့လား''မေးတော့ ''မဖတ်ဖူးဘူး''တဲ့။
''မဖတ်ဖူးရင် ပြောပြမယ်။ ဥဂ္ဂသေန သူကြွယ်ကြီး ဘုရားဆွမ်းကပ်တုန်းက လျှောက်တယ်''။
ပီယံ မေ ဘန္တေ မနာပံ သမ္ပန္နကောလကံ သူကရ မံသံ။ (သူကရ= ဝက်။ မံသ= အသား)။
''ဆီးသီးနဲ့ချက်ထားတဲ့ ဝက်သားဟင်းကို တပည့် တော်အား ချီးမြှောက်သောအားဖြင့် မြတ်စွာဘုရား လက်ခံ တော်မူပါ။'' အဲဒီလို ဥဂ္ဂသေနက လျှောက်တယ်။ ဘုရားကလည်း လက်ခံတော်မူတယ်။

အပိုင်း- (၇) မျှော်


Read more...

၎။ အနန္တရ ပစ္စည်း (ဃ)

ဝိပါက်ကတော့ အမှန်အတိုင်းပဲ။ မကောင်းတဲ့ အကုသိုလ်အကျိုးပေးတွေနဲ့၊ မကောင်းတာတွေနဲ့ လာတွေ့နေရပါသော်လည်း မိမိတို့က နှလုံးသွင်းတတ်တဲ့အတွက်ကြောင့် ကုသိုလ်တွေပဲ ဖြစ်သွားတယ်။ ကုသိုလ်ဇောတွေပဲ စောသွားပါတယ်။ "ဝိပါက်အမှန်၊ ဇောအပြန်'လို့ ရှေးဆရာတော်ကြီးများ ဆောင်ပုဒ်စီထားတာ နေရာကျပါတယ်။ ဝိပါက်က အမှန်အတိုင်းပဲ။ မကောင်းတဲ့ ဆိုးကျိုးတွေ လာတွေ့နေရတယ်။ မိမိက နှလုံးသွင်းတတ်တဲ့အတွက်ကြောင့် ဇောကျတော့ ကုသိုလ်ဇောတွေ ပြန်ပြီးတော့ ပြောင်းပြန်ပြန်စောသွားပါတယ်။ ဒီတော့ နှလုံးသွင်းတတ်ဖို့ အရေးကြီးပါပေတယ်။

နှလုံးသွင်းတာကတော့ တစ်ခါတစ်လေလည်း ရတယ်၊ တစ်ခါတစ်လေကျတော့ အာရုံတွေက သိပ်ပြင်းထန်တဲ့အခါကျတော့ နှလုံးမသွင်းနိုင်တော့ပေဘူး။ သာယာဖွယ်အာရုံ၊ အလွန်ပဲ သာယာဖွယ်ကောင်းတဲ့ အာရုံတွေနဲ့ တွေ့ရတဲ့အခါ တစ်ခါတစ်ခါ နှလုံးသွင်းလို့ မရတတ်ပေဘူး။ အနိဋ္ဌာရုံ = အင်မတန်ဆန့်ကျင်ဖက်ဖြစ်တဲ့ အာရုံတွေ၊ အလွန်ကြမ်းတမ်းတဲ့ အာရုံတွေနဲ့ တွေ့တဲ့အခါလည်း နှလုံးသွင်းလို့မရပဲ ဖြစ်သွားတတ်တယ်။ ဣဋ္ဌာရုံကတော့ တော်ပါသေးရဲ့၊ နှလုံးသွင်းလို့ ရတန်သလောက် ရကြပါတယ်။ ရသလောက် ရကြပါတယ်။ အနိဋ္ဌာရုံကျတော့ တစ်ချို့ပုဂ္ဂိုလ်တွေ မရနိုင်တော့ပေဘူး။ အာရုံက အလွန်ကြမ်းတမ်း၊ အလွန်ဆန့်ကျင်ဖက်ဖြစ်တော့ စိတ်ကို မထိန်းထားနိုင်တော့ပေဘူး။ "ယောနိသော မနသိကာရ"နဲ့ မနိုင်တော့ပေဘူး။ မနိုင်တော့ ဘာနဲ့နိုင်အောင် ကုရမလဲ။ ရှုမှတ်မှုနဲ့ ကုရတယ်။ ရှုမှတ်မှုကတော့ အနိုင်ဆုံးပါပဲ။

ရှုမှတ်မှုက အနိုင်ဆုံးဖြစ်ပေတယ်။ ဘယ်ကပဲရှုရှု၊ ရှုမှတ်နိုင်ရင် ဒေါသ ဒေါမနဿတွေ မဖြစ်နိုင်တော့ပေဘူး။ မြင်စရာအာရုံက အနိဋ္ဌာရုံနဲ့တွေ့ရလို့ ဒေါသ ဒေါမနဿတွေ ဖြစ်တော့မယ်ဆိုလို့ရှိရင် 'မြင်တယ်၊ မြင်တယ်'လို့ ရှုမှတ်ရတယ်။ မြင်ကာမျှမတ္တမှာ တည်သွားလို့ ရှိရင်လည်း ဒီဒေါမနဿက မဖြစ်နိုင်တော့ဘူး။ မြင်ရတဲ့ အဆင်း​ ရူပါရုံတွေ တစ်ရိပ်ရိပ် ပြောင်းလဲနေတာတွေကို တွေ့ရလို့ရှိရင်လည်း ဒီဒေါသမနဿ မဖြစ်ရတော့ဘူး။ မြင်သိစိတ်က တစ်ခုပြီးတစ်ခု ပျောက်ပျောက်သွားတာ မြင်လို့ရှိရင်လည်း ဒီဒေါမနဿ မဖြစ်တော့ပေဘူး။

မျက်စိက မရှုနိုင်ဘူးဆိုလို့ရှိရင်လည်း ဘယ်မှာရှုရမလဲ။ ကာယမှာ ရှုရမယ်။ ဒီအာရုံတွေကို မကြည့်တော့ပဲနဲ့ ရပ်နေတယ်ဆိုလို့ရှိရင် 'ရပ်တယ်၊ ရပ်တယ်'လို့ ရှုမှတ်လိုက်ရင် ပြတ်သွားပါပေတယ်။ ရှုမှတ်မှုဖြစ်တာနဲ့ ဟိုမှာ ဒေါသ ဒေါမနဿက ဖြစ်လို့ မရတော့ပေဘူး။

ထိုင်ရက်နဲ့ဆိုလို့ရှိရင် 'ထိုင်တယ်၊ ထိတယ်၊ ဖောင်းတယ်၊ ပိန်တယ်'လို့ မှတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒေါမနဿ ဒေါသမရှိတော့ဘူး၊ ပြတ်သွားပေတယ်။

သွားရင်းနဲ့ဆိုရင်လည်း 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ ကြွတယ်၊ ချတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း အမှတ်ဖြစ်သွားတာနဲ့ ဒီဒေါမနဿ ဒေါသတွေဟာ ဖြစ်ခွင့်မရတော့ဘူး။ ဝိပဿနာက အနိုင်ဆုံးဖြစ်ပေတယ်။ မှတ်လိုက်တာနဲ့ ကုသိုလ်ဇောတွေ ဖြစ်သွားတယ်။ ဒေါသဇောတွေ ဒေါမနဿဇောတွေ မဖြစ်နိုင်တော့ပေဘူး။ ဖြစ်ခွင့်မရတော့ပေဘူး။ ဝိပဿနာကတော့ အနိုင်ဆုံးပဲ။ ဒါကြောင့် ဝိပဿနာရှုကြရပါတယ်။ ဝိပဿနာ အောင်မြင်သွားရင်တော့ မိမိတို့ အလိုရှိအပ် တောင့်တအပ်သည့် ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်သွားကြမှာ ဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာကုသိုလ်က အကောင်းမြတ်ဆုံး ကုသိုလ်ဖြစ်တယ်။

ဝိပဿနာရှုတော့မယ်ဆိုတော့ ဒီဝီထိအစဉ်ထဲမှာ ဘယ်နေရာကရှုရမလဲ .. လိုအပ်ပေတယ်။ နှလုံးသွင်းတာက ဇောမှာ နှလုံးသွင်းရတယ်။ ဇောရောက်လာတော့ အာရုံကို သိလာတော့ နှလုံးသွင်းရပါတယ်။

ဝိပဿနာရှုတော့ ဘယ်နေရာကနေ ရှုရပါသလဲဆိုတော့ စက္ခုဝိညာဏ်ကရှုရမယ်။ 'အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ်-မြင်သိစိတ်' အဲဒီမြင်သိစိတ်ဖြစ်တဲ့အခိုက်အတန့်လေးမှာ - ရူပါရုံအဆင်းက မျက်စိအကြည်ကို လာတိုက်ခိုက်မှ ရှုရပါတယ်။ ရှေ့က 'အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း' တိုင်အောင် လွန်သွားပြီးတဲ့အခါ စက္ခုဝိညာဏ် - မြင်သိစိတ်ကလေး ဖြစ်ခိုက်မှာ 'မြင်တယ်၊မြင်တယ်'လို့ ရှုမှတ်ရပေတယ်။ 'မြင်တယ်၊ မြင်တယ်'လို့ ရှုမှတ်နိုင်တဲ့အင်အား အသင့်အတင့် ရှိလာတဲ့အခါ မြင်ကာမျှမတ္တမှာပဲ တည်သွားတယ်။ ယောဂီများလောက် ဝိပဿနာအခြေခံရှိနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ရှေးဦးစွာ မြင်ကာမျှမတ္တမှာ တည်အောင်ပဲ ရှုကြရပါတယ်။

အစပိုင်းမှာ မြင်ကာမျှမတ္တကို မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ။
ဒိဋ္ဌေ = မြင်အပ်သော အဆင်းရူပါရုံ၌၊ ဒိဋ္ဌမတ္တံ = မြင်ကာမျှဖြစ်သော စိတ်သည်၊ ဘဝိဿတိ = ဖြစ်လတ္တံ့ (ဝါ) ဖြစ်အောင် ရှုရမယ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။

သာဓု ... သာဓု ... သာဓု။

မြင်လျှင် မြင်ကာမျှမတ္တမှာတည်အောင် ရှုမှတ်လိုက်တော့ ဣဋ္ဌာရုံ ဖြစ်လို့ရှိရင် လောဘလည်း မဖြစ်တော့ပေဘူး။ ရူပါရုံကို သာယာတပ်မက်တဲ့ လောဘလည်း မဖြစ်တော့ပေဘူး။ အနိဋ္ဌာရုံ ဖြစ်လို့ရှိရင် ဒေါမနဿ ဒေါသလည်း မဖြင့်တော့ပေဘူး။ မြင်လျှင် မြင်ကာမျှမတ္တဆိုတာ အခုယောဂီများအနေနဲ့၊ မခက်လှပါဘူး။ သာမာန်ပုဂ္ဂိုလ်တွေအနေနဲ့တော့ အလွန်ခက်တယ်။ "မြင်တယ်ဆိုလျှင် အားလုံးမြင်ပြီးသွားတာပဲ။ ဘယ်လို မြင်ကာမျှမတ္တမှာ တည်အောင်လုပ်ရမှာလဲ" ဒီလိုတောင် ပြန်မေးကြတယ်။

ယောဂီများအနေနဲ့ ဒီလောက်မခက်လှပါဘူး။ စင်္ကြံလျှောက်သွားတဲ့အခါ ပေါ့ပေါ့ပြီးတော့ တက်သွားတာ၊ လှမ်းလိုက်တဲ့အခါ ပေါ့ပေါ့ပြီးတော့ ရွေ့သွားတာ၊ ချလိုက်တဲ့အခါလည်း လေးလေးပြီးတော့ ကျသွားတာကို မြင်နေရလို့ ယောဂီက အမှတ်ကောင်းနေတဲ့ အခိုက်အတန့်မှာ ယောဂီနားက လူတစ်ယောက်က ဖြစ်သွားလိုက်တယ်။

"ယောဂီနားက ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့ အမျိုးသားလား ... အမျိုးသမီးလား ... " လို့ သွားမေးလို့ရှိရင် ယောဂီက "မသိပါဘူး၊ လူတစ်ယောက်တော့ ဖြတ်သွားတာပဲ၊ ဘယ်သူလဲတော့ မသိပါဘူး" လို့ ပြောတတ်ပါပေတယ်။ မြင်လျှင် မြင်ကာမျှမတ္တမှာ တည်သွားတာ ဖြစ်တယ်။ အမှတ်ကိုပဲ အလေးအနက် နှလုံးသွင်းထားတော့ ဟိုမှာ မြင်ရတာ မြင်ကာမျှမတ္တမှာ ဖြစ်သွားပါတယ်။ ကြားလျှင် ကြားကာမျှမတ္တ၊ နံလျှင် နံကာမျှမတ္တ၊ စားလျှင် စားကာမျှမတ္တတို့မှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။

ပဉ္စဒွါရ (၅)ဒွါရမှာ ကျလာတဲ့ အာရုံတွေကို ဘယ်ကနေ ရှုနေရလဲဆိုတော့ မနောဒွါရကနေ ရှုနေရတယ်။ ကျရာအာရုံက ပဉ္စဒွါရ၊ ရှုတာက မနောဒွါရ ဖြစ်တယ်။ မနောဒွါရက ရှုရပေတယ်။

သာမာန်ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ အို- ကျရာကတစ်ခြား၊ ရှုရာကတစ်ခြား၊ ဖြစ်မှ ဖြစ်နိုင်ပါ့မလားလို့ ဒီလိုလည်း စဉ်းစားသွားတတ်ပါတယ်။ ဒီလိုလည်း ဆင်ခြင်တွေ ပေးလာတတ်ပါတယ်။ ဖြစ်ကို ဖြစ်နိုင်တယ်။ ဖြစ်နိုင်တာလေးကို ပဉ္စဒွါရမှာ အာရုံ(၅)ပါး လာတိုက်တဲ့အခါမှာ မနောဒွါရမှာထင်တဲ့ အကြောင်းကို အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။

သစ်ပင်ဖျားမှာ ငှက်လာနားတဲ့ ဥပမာနဲ့ ဖွင့်ပြထားပါတယ်။ သစ်ပင်ဖျားမှာ မွန်းတည့်တဲ့အချိန်မှာ ငှက်လာပြီး နားတဲ့အခါ မြေကြီးမှာလည်း အရိပ်သွားထင်ပါတယ်။ သစ်ပင်ဖျားမှာ ငှက်နားတာနဲ့ မြေကြီးမှာ အရိပ်သွားတင်တာနဲ့ဟာ မရှေးမနှောင်းပဲ တစ်ပြိုင်နက်လို ဖြစ်ပါတယ်။ အဲဒီလိုပါပဲတဲ့။ ပဉ္စဒွါရ - (၅)ဒွါရမှာ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးတွေ လာတိုက်တဲ့အခါ မနောဒွါရမှာ ငှက်ရိပ်ပမာ သွားသွားပြီးတော့ ထင်တာပါပဲ၊ တစ်ပြိုင်နက်လိုပဲထင်တော့ မှတ်လို့ ရပါတယ်။ (အဋ္ဌသာလိနီ - ၁၁၄)

ဆောင်ပုဒ်။ ။ သစ်ပင်ဖျား၌၊ ငှက်နားပမာ၊ အာရုံငါးပါး၊ ထိငြားထင်လာ၊
မြေ၌ငှက်ရိပ်၊ ခပ်နှိပ်ပမာ၊ မနောပေါက်၊ ဆိုက်ရောက်လေသည်သာ။

သစ်ပင်ဖျားနဲ့တူတဲ့ (၅)ဒွါရမှာ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးလာပြီးတော့ ထိလိုက်တယ်။ ထိလိုက်တဲ့အခါမှာ ငှက်အရိပ်ဟာ မြေမှာ ထင်လာသလို မနောပေါက်မှာ အာရုံတွေ ဆိုက်ရောက် ထင်လာတယ်-ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။ ထင်လာပါပေတယ်။ ထင်လို့သာလျှင် 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' လို့ ရှုမှတ်လို့ ရနေတာပါပဲ။ မထင်ရင်တော့ ရှုမှတ်လို့ မရပါဘူး။

ဆောင်ပုဒ်။ ။ ငှက်အများနှင့်၊ အာရုံငါးတူသည်၊ သစ်ပင်ဖျားနှင့်၊ ဒွါရငါးတူသည်၊
မြေနှင့်တစ်ဝ၊ ဘဝင်္ဂတူညီ၊ လူနှင့်ကား၊ ဇောများတူပေသည်။

ဥပမာ - မြေပေါ်မှာပေါက်နေတဲ့ သစ်ပင်ကြီးတစ်ပင်ရှိတယ်။ အဲဒီ သစ်ပင်ကြီးအောက်မှာ လူလည်းရှိတယ်။ သစ်ပင်အောင်မှာ၊ မြေကြီးပေါ်မှာ လူကထိုင်နေတယ်။ လှဲနေတယ်။ မွန်းတည့်အချိန်အခါမှာ သစ်ပင်ဖျားမှာ ငှက်တွေက လာနားတယ်။ လာနားတော့ အရိပ်က မြေကြီးမှာ ထင်လာတော့ လူက သိပါတယ်။ အင်း .. ငှက်တွေ လာနားပြီလို့ သိရပါပေတယ်။

အဲဒီလိုပါပဲ။ ငှက်အများနဲ့ အာရုံ (၅)ပါးနဲ့ တူတယ်။ အာရုံ (၅)ပါးတွေဆိုတာ ငှက်တွေ ပျံလာသကဲ့သို့ ရောက်လာကြတာပါပဲ။ ငှက်တွေနဲ့ တူပါပေတယ်။

သစ်ပင်ဖျားနဲ့ ဒွါရ (၅)ပါးနဲ့ တူတယ်။ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်-ဆိုတဲ့ ဒွါရ(၅)ပါးနဲ့ သစ်ပင်ဖျားနဲ့ တူတယ်တဲ့။ သစ်ပင်ဖျားနဲ့ ဒွါရ(၅)ပါးနဲ့တူတယ်။

အဲဒီဒွါရ (၅)ပါးမှာ အာရုံ(၅)ပါးလားပြီးတော့ တိုက်ပါတယ်။ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးလာတိုက်တော့ မြေကြီးမှာ အရိပ်ထင်သလို ဘဝင်မှာ သွားသွားပြီးတော့ ထင်တယ်။ မြေကြီးနှင့် ဘဝင်နဲ့ တူတယ်တဲ့။ ဘဝင်ဆိုတာ တစ်ဘဝလုံးမှာ တည်ရှိနေရတာ ဖြစ်တယ်။ မြေကြီးလိုပါပဲ။

ဘဝဿ အင်္ဂံ ဘဝင်္ဂံ။ ဘဝဿ = ဘဝ၏ ၊ အင်္ဂံ = အကြောင်းတည်း။ ဘဝင်္ဂံ = ဘဝ၏ အကြောင်း၊ ဘဝတည်ရှိဖို့ရာ အကြောင်းဆိုတော့ သစ်ပင်၏ တည်ရာ မြေကြီးနှင့် တူတယ်။

တစ်ဘဝလုံးမှာ ဘဝင်ကတော့ ရှိနေတယ်။ တစ်ခြား တစ်ခြားစိတ်တွေကသာ ပြောင်းလဲ ပြောင်းလဲပြီးတော့ ဖြစ်သွားကြတယ်။ ဘဝင်စိတ်ကတော့ မပြောင်းလဲဘူး။ အမြဲတမ်း ဘဝအခြေခံအနေဖြင့် တစ်ဘဝမှာ ဖြစ်နေပေတယ်။ အခြား စိတ်တို့၏ မှီရာတည်ရာ ဖြစ်တယ်။ ပဋိသန္ဓေက စပြီးတော့ ပဋိသန္ဓေ အခိုက်အတန့်မှာ ပဋိသန္ဓေစိတ်၊ ပဝတ္တိ ရောက်လာတော့ ဘဝင်စိတ်၊ ကွယ်လွန်စုတိတဲ့အခါကျတော့ စုတိစိတ် ဖြစ်တယ်။ ဒီဘဝင်စိတ်ကပဲ ပြောင်းလဲပြီး ဖြစ်ဖြစ်သွားတာပါပဲ။ ကိစ္စတွေကသာ ပြောင်းသွားတာ ဖြစ်တယ်။

တစ်ဘဝလုံးမှာ တည်ရှိတဲ့စိတ်က ဘဝင်စိတ်၊ မြေကြီးနဲ့ တူပါပေတယ်။ အဲဒီဘဝင်ကို မှီပြီးတော့ ဖြစ်တဲ့ ဇောစိတ်တွေကတော့ လူနဲ့တူတယ်တဲ့။ မြေကြီးပေါ်မှာရှိတဲ့ လူက ငှက်တွေ လာနားတော့ သိပါပေတယ်။ အရိပ်ထင်တာတော့ သိတယ်။ ဇောစိတ်ကလည်း အဲဒီ လူလိုပါပဲ။ အာရုံတွေကို သိပါတယ်။ ဒွါရ (၅)ပါးမှာ အာရုံ (၅)ပါးလာတိုက်တော့ ဘဝင်မှာ လာပြီးထင်တဲ့အခါ ဇောစိတ်က သိသွားပါတယ်။ သိတဲ့အတွက်ကြောင့် 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' လို့ ရှုလို့ရတယ်။ အဲဒီလို ရှုမှတ်လို့ ရလို့သာ မနောဒွါရ တစ်ဒွါရကနေပြီးတော့ ရှုမှတ်နေရတာ ဖြစ်တယ်။ (၅)ဒွါရမှာ ကျလာကျလာတဲ့ အာရုံတွေကို မနောဒွါရ တစ်ဒွါရက စောင့်ပြီး ရှုနေရတာ ဖြစ်တယ်။

အဲဒီလို ရှုမှတ်ရလို့ တရားထူး တရားမြတ် ရသွားတဲ့ သာဓကတွေ မြတ်စွာဘုရား လက်ထက်တော်အခါက ရှိခဲ့ဘူးပါတယ်။ (၅)ဒွါရမှာ ကျလာတဲ့ အာရုံတွေကို မနောဒွါရ တစ်ဒွါရကပဲ စောင့်ပြီးတော့ ရှုမှတ်နေရပေတယ်။ အထင်ရှားဆုံးကတော့ အရှင်ပေါဋ္ဌိလ ဖြစ်ပေတယ်။

ဆက်ရန်.... အနန္တရ (င)သို့

Read more...

ဗုဒ္ဓဂါယာ

Monday, August 24, 2009 , Posted by မြန်မာ့အားမာန် at 12:39 AM
video

Read more...

ယနေ့တရားပွဲ ( ၂၄.၈.၂၀၀၉)

ယနေ့ သာသနာတော် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ခရစ်နှစ် ၂၄.၈.၂၀၀၉ရက်(တနလာင်္နေ့)ဂျပန်အချိန် ည(၁၀)နာရီ၊ စင်္ကာပူအချိန် ည(၉)နာရီမှာ မဇ္စျိမဂုဏ်ရည် ဆရာတော် ဒေါက်တာအရှင်ကောဝိဒ ဟောကြားတော်မူသော တရားတော်ကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

ဒီလင့်ခ်ကလေးမှhttp://live.dhammathukha.com/တရားတော်နာကြားနိုင်ကြပါတယ်

မ၀ါဝါခိုင်မင်းဆိုက်မှကူးယူဖြန့်ဝေပါသည်။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP