* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, August 17, 2009

17.8.2009 ဆွမ်းလောင်းပုံများ




Read more...

ကိုယ်တွေ့ကြုံရ သံဝေဂ

၂၀-၇-၉၈ နေ့ နံနက် ၉-နာရီခန့်တွင် ကျွန်မတာဝန်ကျသည့် ရွာသို့ ကျွန်မ၏အိမ်နားမှ မောင်ဇော်လင်းထွန်းနှင့် မောင်ခင်မောင်ကျော်တို့ လူငယ်နှစ်ဦး ရောက်လာကြပါသည်။ ကျွန်မသည် သူတို့ကိုမြင်သောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။ မင်းတို့ဘာကိစ္စရှိလို့ လာကြတာလဲ၊ အမေရော နေကောင်းလား-ဟု ချက်ချင်းမေးမိပါသည်။ ထိုအခါ သူတို့က-ဆရာမအဖေက စာပေးခိုင်းလို့ လာပေးတာပါ-ဟု ပြောပါသည်။

ကျွန်မလည်း စာကိုယူ၍ ဖတ်လိုက်ရာ သမီး-ပညာရေးမှူးရုံးက ကျောင်းကိစ္စနဲ့ ပတ်သက်လို့ မှာစရာရှိတယ်ဆိုပြီး လူလွှတ်ခေါ်ခိုင်းလို့ အဖေ စာရေးပေးလိုက်တာ။ သူတို့နဲ့ ချက်ချင်းလိုက်ခဲ့ပါ-ဟူသော စာတိုကလေးပင် ဖြစ်သည်။
စာဖတ်ပြီးသောအခါ မင်းတို့ ဟုတ်ရဲ့လား၊ လိမ်ခေါ်တာလား၊ အိမ်ကလူတွေ နေကောင်းကြရဲ့လား-ဟု မေးမိသည်။ အားလုံး နေကောင်းကြပါတယ်-ဟုဖြေကြသည်။

ကျွန်မသည် တာဝန်ခံကျောင်းအုပ် လုပ်နေသဖြင့် ရုံးကိစ္စနှင့် ခေါ်သည်မှာ ဖြစ်နိုင်ပါသည်ဟူ၍ စဉ်းစားမိသည်။ ထို့နောက် ကျွန်မသည် သူတို့နှင့် တပါတည်း မြို့သို့လိုက်ခဲ့သည်။
မြို့သို့ရောက်သောအခါ လာခေါ်သော လူငယ်နှစ်ဦးက ကျွန်မအိမ်နား မရောက်ခင် အတင်း ကားပေါ်က ဆင်းရအောင်ပြောသဖြင့် ကျွန်မလည်း ဆင်းလိုက်ရပါသည်။

ကားထွက်သွားသောအခါ သူတို့က-ဆရာမ၊ စိတ်ခိုင်ခိုင်ထားပါ၊ ဆရာမ မောင်လေး မောင်သန်းထွဋ် ၁၉-၇-၉၈ နေ့က ၀က်မစွပ်ရွာကို တာဝန်နဲ့သွားရင်း ရေနစ်ပြီး ဆုံးလို့ လာခေါ်တာ-ဟု ပြောပြသည်။ ကျွန်မက-မယုံဘူး၊ မဖြစ်နိုင်ဘူး-ဟု ပြန်ပြောရင်း ချက်ချင်း ငိုလိုက်ပါသည်။ ထို့နောက် ကျွန်မကို အိမ်အရောက် မြင်းလှည်းနှင့် တင်ခေါ်သွားကြပါသည်။

အိမ်ရှေ့သို့ရောက်လျှင် မဖြစ်နိုင်ဘူး၊ မဟုတ်ပါစေနဲ့-ဟု ဆုတောင်းသည်မှာ အချည်းနှီးပင်။ ကျွန်မသည် မောင်လေးကို ဤသို့ ဖြစ်လိမ့်မည်ဟု လုံးဝ မထင်မိပါ။ စဉ်းလဲမစဉ်းစားမိပါ။ စိုးရိမ်သည်မှာ အမေက ဆီးချိုရောဂါရှိ၍ အမေ့ကိုသာ စိုးရိမ်နေပါသည်။ ယခုတော့ အိမ်ရှေ့မှာ မောင်လေးအလောင်းကို တွေ့လျှင်တွေ့ချင်း ယူကျုံးမရ ချုံးချငိုမိပါသည်။ ငိုရင်းငိုရင်းနှင့် အကြောတက်မှန်းပင် မသိပါ။ မကြာမီ သတိရလာပါသည်။

ကျွန်မ ရွာ,မသွားခင် ကျွန်မ၏မောင်လေးသည် ကျန်းမာရေးကလည်း ကောင်းမှကောင်း၊ သန်သန် မာမာ၊ ၀၀ဖြိုးဖြိုးနှင့်ရှိနေ၍ ကျွန်မသူ့ကို သေလိမ့်မည်ဟု လုံးဝမထင်မိပါ။
ကျွန်မဘ၀မှာ ဤကဲ့သို့ အပူမီးမျိုး တခါမှ မခံစားရဘူးပါ။ ကျွန်မ၏ အဘိုးအဘွားများ ဆုံးသွားစဉ်က ကျွန်မသည် လူမမည်ကလေးဘ၀ဖြစ်၍ ဘာမှမသိပါ။ ဘာမှမခံစားလိုက်ရပါ။

ဤသို့ပင် ကျွန်မတို့မောင်နှမတစု အလုပ်ကိုယ်စီရြှိပီး တမိသားစုလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြသည်။ ယခုလို ဗြုန်းစားကြီးဖြစ်သွား၍ ကျွန်မနှင့် တကွ တအိမ်သားလုံး မည်သို့မှ ဖြေ၍မရဘဲ ဖြစ်ကြရပါသည်။
ကျွန်မ၏ သူငယ်ချင်းများကား တရားနှင့်ဖြေပါဟု ပြောကြပါသည်။ ကျွန်မလည်း ဤကဲ့သို့ အပူမီးတွေ့ကြုံခဲ့သောသူများအား တရားနှင့်ဖြေပါ-ဟု ကျွန်မကိုယ်တိုင် နားချခဲ့ဖူးပါသည်။ ယခု မိမိကိုယ်တိုင် တွေ့ကြုံရပြီဆိုမှ ကိုယ်ချင်းစာမိပါသည်။ မည်သို့မျှ ဖြေ၍မရပါ။ ဘယ်သူတွေ တရားချချ နားမ၀င်ပါ။ ကျွန်မလည်း ဘုရား တရား ဦးထိပ်ထား၍ ဘာသာရေး ပြုလုပ်နေသူတဦးပါ။ မသိ၍မဟုတ်၊ သိလျက်နဲ့ ဖြေမဆည်နိုင်အောင် ဖြစ်မိပါသည်။

နောက်ဆုံးတွင် အဖေက-သမီး ငိုနေလို့ သမီးရဲ့ မောင်လေးက ပြန်ရှင်လာမှာမှ မဟုတ်တာ။ သမီးပဲ မစားနိုင်၊ မသောက်နိုင်နဲ့ ရောဂါရရုံပဲ ဖြစ်မယ်။ ဒါကြောင့် သမီးရဲ့ မောင်လေး ကောင်းတဲ့ဘ၀ရောက်အောင် ဆွမ်း ပန်း ရေချမ်း ကပ်တာမှအစ ဘုရားရှိခိုးတိုင်း အမျှဝေပြီး ဆုတောင်းပေါ့။ သူ့အတွက် အဖေတို့က ကောင်းမှုကိုသိုလ်တွေ လုပ်ပြီး အမျှဝေရုံပဲရှိတယ်။

နောက်ပြီး အဖေတို့ တအိမ်သားလုံး သံဝေဂ ရ,ရမယ်။ သတိတရား ရကြရမယ်။ အဖေတို့ အမေတို့က အသက်ကြီုးပြီဆိုတော့ တို့နှစ်ယောက်ပဲ အရင်ဆုံး မျက်စိမှိတ်ရမယ်လို့ ထင်နေတာ။ အခုတော့ ငယ်တဲ့လူက မမျှော်လင့်ဘဲ မထင်မှတ်ဘဲနဲ့ ဆုံးသွားတယ် မဟုတ်လား။ ဒါကြောင့် သေခြင်းတရားဆိုတာ အသက်ကြီးတာ ငယ်တာ မရွေးဘူး။ အချိန်မရွေး သေကြရမှာပဲ။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာရောဂါနဲ့ သေမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ အဲဒါကြောင့် မသေခင်မှာ ဘုရားကိုအားထားပြီး တရာသာ နာနာ အားထုတ်။ အသက်ရှည်တယ်။ နောက်နောက်က ကံကြောင့် အသက်တိုခဲ့ရင်လည်း ကောင်းတဲ့ဘ၀ ရောက်တယ်-ဟု ဆုံးမစကား ပြောကြားပါသည်။

ထိုအချိန်မှစ၍ ကျွန်မသည် သတိသံဝေဂရကာ မိမိလည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးနိုင်ပါတကားဟု စဉ်းစားမိသည်။ တရားဓမ္မကို ယခင်ကထက် ကြိုးစားအားထုတ်လျက် ရှိပါသည်။ မောင်လေးအတွက်လည်း ဘ၀ကူးကောင်းအောင် ကျွန်မသည် နေ့စဉ်နှင့်အမျှ ဘုရားရှေ့ဝယ် ဆွမ်း ပန်း ရေချမ်း ကပ်ကာ အမျှပေးဝေလေ့ရှိပါသည်။

ဪ-ကိုယ်တွေ့ကြုံမှ သံဝေဂ ရပါတကား။ ထို့ကြောင့် စာဖတ်သူအပေါင်းလည်း တနေ့ပြီးတနေ့ ကုန်ဆုံးသွားသည်နှင့်အမျှ သေဖို့နေ့လည်း တနေ့ထက်တနေ့ နီးလာပါလားဟု သံဝေဂ ရသင့်ကြပါသည်။ တနေ့တာ ကုန်ဆုံးသွားပြီး ဒါနည်း မပြုလိုက်ရ၊ သီလလည်း မစောင့်လိုက်ရ၊ ဘာဝနာလည်း မပွားလိုက်ရပါက လူဖြစ်ရကျိုး နပ်မည်မဟုတ်ပါ။ သို့ဖြစ်၍ သေသောအခါ ကိုယ့်နောက်ကို ပါမည့် ဒါန သီလ ဘာဝနာ စသည့် ကောင်းမှုကုသိုလ်များကို နေ့စဉ်ပွားများ ကျင့်ကြံ အားထုတ်ကြပါ-ဟု တိုက်တွန်းလိုက်ရပါသည်။

( မခင်မာသင်း-ရေနံချောင်း )

Read more...

ဆင်းရဲသားဆိုတာ ပြတိုက်ထဲမှာ ပဲကျန်တော့မယ်.. (ဆင်းရဲသားပပျောက်ရေးတရားတော်...)

ပထမပိုင်းမှာ စာထဲက အတိုင်း သေချာပေါက် လူတွေနှင့် အလုပ်လုပ်ကြမယ်လေ။ တစ်နှစ် နှစ်နှစ်လောက် ရှိလာရင်ပဲ အမြတ်တွေ ပေါ်လာပါပြီ။ အမြတ်အစွန်းရလာလျှင် ဘဏ်ထဲမှာ ပြန်ထည့်ကြမယ်။ ဘုန်းကြီးက လည်း ရိုးသားဖြူစင်ပြီး မေတ္တာ ကရုဏာ အပြည့်အ၀ ထားတတ်တဲ့ ရပ်သူ ရွာသားတွေဖြစ်အောင်၊ အမြဲ ဆုံးမ နေမှာပေါ့။ ရပ်မိ ရပ်ဖ တွေကလည်း ကြိုးစားမှု ရှိလာအောင် အမြဲ တွန်းအားပေးနေကြမှာကိုး။


ဒီတော့ ပထမ အသုတ်၊ ဒုတိယ အသုတ်၊ တတိယ အသုတ်လောက်ဆိုရင်ပဲ ရွာက ချမ်းသာလာပါပြီ။ ကျွမ်းကျင်သူတွေလည်း ပိုများလာ လို့ မျိုးဆက်သစ်တွေလည်း ဆက်ပွါးလာနိုင်ပါပြီ။


စိတ်ကူးယဉ်တာတော့ဟုတ်ပါပြီ။ တကယ် အကောင်အထည်ဖေါ်တဲ့အခါ အလွဲသုံးစား လုပ်တာတို့၊ဖြုန်းသုံးပစ်တာတို့၊ အကြောင်းအမျိုးမျိုးကြောင့် အရှုံးပေါ်တာတို့ ၊နောက်ဆုံး ထုတ်ယူသွားတဲ့ ငွေပြန်မဆပ်တာမျိုးတို့ မဖြစ်နိုင်ပေဘူးလား။ ဖြစ်နိုင်ပါတယ်။ ဒါက စိတ်ကူးယဉ် အဆင့်ပါ။ တကယ်အကောင်အထည်ဖေါ်ကြတဲ့ အခါ၊ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ကြရအုံးမှာပါ။ ဒါပေမဲ့ ပုရောဟိတ်ကြီး လုပ်ခဲ့တာကိုလည်း သတိမူသင့်တယ်။ သူက တစ်ယောက်နှင့် တစ်ယောက် ယုံကြည်စိတ်ချမှုကို အလေးထားပြီးတော့ လက်မှတ်တောင် မထိုးခိုင်းဘဲနှင့် အရင်းအနှီးတွေ ပေးအပ်လိုက်တယ်။ စာထဲမှာပါတယ်။ တစ်ဦးနှင့် တစ်ဦး အပေးအယူပြုကြတဲ့အခါမှာ မေတ္တာ ကရုဏာဟာ အလွန်အင်မတန် မှ တာသွားပါတယ်။ ဒါကြောင့် မသင့်လျော်တာ အနည်းအကျဉ်းဖြစ်နိုင်ချေရှိတာနှင့် အားလုံးအတွက် အလွန်များပြားတဲ့ အကျိုးစီးပွါးကို မဖျက်ဆီးသင့်ပါဘူး။ မအောင်မမြင်ချင်း နည်းအမျိုးမျိုးသုံးပြီး ကြိုးစားကြရမှာပါ။


အခက်အခဲမှန်သမျှကိုလည်း မေတ္တာ ကရုဏာရှေးရှုထားပြီးတော့၊ ဖြေရှင်းကျော်လွှားသွားကြရမှာ ပါ။ မေတ္တာ ကရုဏာနှင့် တကယ်တန်း အလုပ်လုပ်ကြတဲ့အခါ၊ အခက်အခဲ သိပ်မတွေ့ရဘူး ဆိုတာ၊ အလုပ်က သက်သေပြ သွားမှာပါ။ ရွာသားတွေ ချမ်းသာလာပြီ ဆိုတော့၊ (၃) သိန်းတန်ဆောက်မယ် ဆိုတဲ့ ကျောင်းကလေးဟာ၊ သိန်း (၃)(၄)(၅၀) တန် တဲ့ ကျောင်းကြီးဖြစ်လာပါတယ်။

ရွာမှာ သာရေးနာရေးရှိတော့ အခြားရွာက ဘုန်းကြီးတွေ ကြွလာကြမယ်။ ကိုယ်တော့် တိုက်ကျောင်းကြီးက ကောင်းလှချီလားလို့ ချီးမွမ်းကြမယ်ပေါ့။ ဒီတော့ ဘုန်းကြီးက ပြန်ပြောမယ်။ တပည့်တော် တို့ ရွာက ဒကာ ဒကာမတွေက ချမ်းသာကြတယ်။ ငွေကြေးတတ်နိုင်သူ များတယ်။ ဒီတော့ တိုက်ကျောင်းကြီး ကောင်းကောင်း ဆောက်နိုင်တာပေါ့။


သူတို့က ပြောမယ်။ အရင်က ကိုယ်တော်တို့ ရွာ ဆင်းရဲသားတွေချည်းပါ ကိုယ်တော်၊ တပည့်တော် တို့ သိပါတယ်။


ဘုန်းကြီးက လည်း အသံနည်းနည်းမြှင့်ပြီးတော့ ကိုယ်တော်၊ မနေ့က ဟိုအခြေအနေ ဖြစ်နေပေမယ့် ကနေ့ ဒီအခြေအနေ မဖြစ်နိုင်ဘူးလို့ပြောလို့ ရမလား။ လူ့ဘ၀ ဆိုတာ လုပ်ယူလျှင် လုပ်ယူနိုင်သလောက် ရနိုင်တယ်။ တပည့်တော် တို့ ရွာသားတွေက ချမ်းသာအောင် လုပ်ယူလို့ ချမ်းသာ လာကြတာ ကိုယ်တော်တို့ရ။


ဒီတော့ အခြားရွာက ဘုန်းကြီးတွေက ဒီလိုချမ်းသာအောင် ဘယ်လို လုပ်လိုက်တာတုန်း၊ ကိုယ်တို့လည်း ပြောပါအုံး လို့ ၀ိုင်းမေးကြတော့၊ ဘုန်းကြီးကလည်း အကြောင်းစုံ ပြောပြ၊ တစ်ရွာပြီး တစ်ရွာ စနစ် တကျ ကျေးရွာ ဘဏ်တွေ ဖွင့်ပြီးတော့၊ အရင်းနှီးတွေ ဖြည့်ကြ၊ နည်းပညာတွေ စုဆောင်းကြနှင့်။ စနစ်တကျ ကြိုးပမ်းလိုက်တာ၊ တနယ်လုံး ဆိုပါတော့။


ဟိုတုန်းကတော့ တရားဟောရင် ဒီ စိတ်ကူးယဉ်လေးပါ ထည့်ဟောလေ့ရှိတယ်။ ဒါပေမယ့် အကောင်အထည် တော့ မဖေါ်ဖြစ်ခဲ့ပါဘူး။ မနှစ်လောက် တုန်းကတော့ ဘင်္ဂလားဒေ့ရှ် ပါမောက္ခတစ်ယောက် ဆင်းရဲသား အမျိုးသမီးတွေအတွက် အသေးစား ငွေချေး ဘဏ်ကလေး ထောင်ပြီး၊ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး ကို၊ တစိုက်မတ်မတ် ကြိုးစားလို့၊ နိုဘယ်လ် ဆုတောင် ရသွားတယ်လို့၊ စာစောင်တွေထဲမှာ ဖတ်လိုက်ရတယ်။ ဟိုတလောတုန်းက သူက ပြောတယ်။ ဒီလိုသာ လုပ်ပေးနိုင်မယ် ဆိုရင် ဆင်းရဲသား ဆိုတာ ပြတိုက်ထဲမှာ ပဲ ကျန်တော့မယ် လို့ ပြောတာ ဖတ်လိုက်ရတယ်။


ဘုန်းကြီးက လည်း လွန်ခဲ့တဲ့ (၇)နှစ်လောက်က ဒီတရားကို ဟောတော့၊ ဒီအတိုင်းသာ လုပ်နိုင်ရင်၊ ဒီကမ္ဘာမှာ ဆင်းရဲသားရွာ၊ ဆင်းရဲသား ရပ်ကွက် ဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူး။ ခုတော့ ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေးလို့ ကြွေးကြော်နေကြပေမဲ့ လို့ တကယ်အကူအညီပေး ကြတဲ့အခါမှာတော့ ၊ မဖြစ်စလောက် ဆင်ပါးစပ် နှမ်းပက် ဆိုတာလို အကူအညီလေးတွေသာ ပေးကြပါတယ်။ တကယ်တော့ နိုင်ငံတကာက၊ အကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ နောက်ဆုံး အစိုးရကပါ ကူညီနိုင်သည်ဖြစ်စေ၊ မကူညီနိုင်သည်ဖြစ်စေ၊ စေတနာရှင်များက ၊ လူမှုရေးအသင်းအဖွဲ့များက၊ ကျေးရွာ ဘုန်းတော်ကြီးများနဲ့ ရပ်မိ ရပ်ဖ တို့က တပိုင်တနိုင် ကြိုးစားကြမယ် ဆိုရင်လဲ အောင်မြင်မှု ရကြမှာပါ။


ဒါကြောင့် စွမ်းနိုင်သူများက၊ စွမ်းနိုင်သမျှ ကြိုးစားတော်မူကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

Read more...

ရဟန်းငယ်တစ်ပါး... (ဓမ္မပဒဝတ္ထု (မာဏဝ)) ၁၆၇-၁၇၈


ဓမ္မပဒဝတ္ထု (မာဏဝ) ၁၆၇-၁၇၈

၁၆၇... ရဟန်းငယ်တစ်ပါး...
၁၆၈... ၁၆၉... သုဒ္ဓေါဒနမင်းကြီး...
၁၇၀... ရဟန်းငါးရာ ဝိပဿနာပွားသူများ...
၁၇၁... အဘယမင်းသား...
၁၇၂... အရှင်သမ္မဇ္ဇန...
၁၇၃... အရှင်အင်္ဂုလိမာလ...
၁၇၄... ရက်ကန်းသည်၏သမီး...
၁၇၅... ရဟန်းသုံးကျိပ်...
၁၇၆... စိဉ္ဇမာနဝိကာ...
၁၇၇... အသဒိသအလှူတော်ကြီး...
၁၇၈... အနာထပိဏ်သေဋ္ဌေးကြီး၏သား ကာလ...

































Read more...

ငါ့အတ္တသို့ ဦးတည်ခြင်း


ယနေ့ ခုချိန်ခါ ယခု၊
ဝေါဟာရတွေ ဘယ်လိုပြောင်းပြောင်း၊
လုပ်ချင်တာကို
ငါလုပ်လိုက်ရ၏။

မလုပ်နဲ့၊ မသွားနဲ့၊
ဘယ်သူတွေ ဘယ်လိုတားတား၊
ဖြစ်ချင်တာကို၊
ငါဖြစ်ခွင့်ရလိုက်ပြီ။


မတရားဘူး၊ မမျှတဘူး၊
မျဉ်းတံနဲ့ ဘယ်လိုတိုင်းတိုင်း၊
ဘ၀တစ်ခုကို၊
ငါစွန့်လွတ်လိုက်ပြီ၊

ကောင်းတယ်၊ ဆိုးတယ်၊
ပတ်ဝန်းကျင် ဘယ်လိုပြောပြော၊
ဝန်ကျင်အသစ်ကို၊
ငါသွားလိုက်ပြီ။

တကယ်တော့ ဘ၀ဆိုတာ၊
ဖြစ်သင့်တာကို ဖြစ်ချင်တာထက်၊
ဦးစားပေးသင့်တယ်ဆိုပေမဲ့၊
ဖြစ်ချင်တာကို ငါလုပ်နိုင်စွမ်းရှိလို့၊
ဖြစ်ခွင့်ရခဲ့ရင်၊
ငါသည် လောကရဲ့ သားကောင်းတစ်ယောက်ပေါ့။
ငါ့ကိုယ်ငါ ဂုဏ်ယူမိပါ၏။



Read more...

အံ့ဖွယ်သရဲ...

အာနန္ဒအစ္ဆရိယသုတ် - (အာနန္ဒ=အာနန္ဒာမထေရ်) (အစ္ဆရိယ= အံ့သြဖွယ်)
(အာနန္ဒ=အာနန္ဒာမထေရ်၊ ၀မ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊)


ရဟန်းတို့...
အာနန္ဒာ၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော
သဘောတရားတို့သည် ဤလေးမျိုး တို့တည်း။


အဘယ်လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ရဟန်းပရိသတ်သည် ...
အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့် လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ် သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ရဟန်းပရိသတ်သည် မရောင့်ရဲနိုင် သည်သာ ဖြစ်၏။


ရဟန်းတို့ ရဟန်းမိန်းမပရိသတ်သည် ...
အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့် လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ် သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ရဟန်းမိန်းမပရိသတ်သည် မရောင့်ရဲ နိုင်သည်သာ ဖြစ်၏။


ရဟန်းတို့ ဥပါသကာပရိသတ်သည် ...
အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့် လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ် သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ဥပါသကာပရိသတ်သည် မရောင့်ရဲ နိုင်သည်သာ ဖြစ်၏။


ရဟန်းတို့ ဥပါသိကာမပရိသတ်သည် ...
အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့် လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ် သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ဥပါသိကာမပရိသတ်သည် မရောင့်ရဲ နိုင်သည်သာ ဖြစ်၏။

ရဟန်းတို့ အာနန္ဒာ၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရားတို့သည် ဤလေးမျိုးတို့တည်းဟု မိန့်တော်မူ၏။ 129

၉ - အာနန္ဒအစ္ဆရိယသုတ်၊ ဘယဝဝဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

သြဂုတ် ၁၇ ဆွမ်းဒါန






ပင့်ဖိတ်ထားသည့် ဆရာတော်ကြီးများအား နံနက် ၁၀ နာရီကျော်တွင် နေ့ဆွမ်းဆက်ကပ်စဉ်


နေ့ဆွမ်းရပ်နေတဲ့ သံဃာများ
မနားတမ်း ဆက်ကပ်လောင်းလှူလျက်
နောက်တစ်ကျောင်း ကြွလာပြီ

မနက် ၅း၁၀ နာရီ။
အခု ဆွမ်းကပ်နေပါပြီ။ မနက် ၅ နာရီ မထိုးခင် စကပ်ပြီး ခဏအတွင်း သံဃာရော သာမဏေပါ အပါး ၂၀၀ ကျော် အရုဏ် မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးပြီးသွားပါပြီ။ ဆက်လဲ ကြွလာပါဦးမယ်။ ဒီနေ့ ကျောင်းတိုက်များက သီလရှင် ဆရာလေး အပါး ၁၀၀ ကိုလဲ အရုဏ်ဆွမ်းနဲ့ ပဲ၊ ငါးပိ၊ ဆား၊ ဟင်းချိုမှုန့်များ ကပ်လှူဖို့ ပင့်ဖိတ်ထားပါတယ်။

နေ့ဆွမ်းဟင်းက ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့ ဦးစီးတဲ့ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင်များ ဖြစ်ပါတယ်။ တစ်နှစ်တာ နေ့ဆွမ်းအဖွဲ့က ဒီနေ့ ကပ်လှူတဲ့ ဆွမ်းက ဝက်သား+အာလူးဆီပြန်၊ ကုလားပဲဟင်း၊ ပဲတီချဉ်၊ ငါးဖောင်ရိုးနဲ့ ငရုတ်သီးကြော် ပါ။

ဆွမ်းဆန်နဲ့ ပဲဟင်းကို ကိုဖြိုးနဲ့ ကိုထက်က ပုံမှန် လှူဒါန်းကုသိုလ်ယူပါတယ်။ ဒကာကိုထက်က မနေ့ကလဲ တစ်သိန်းသုံးသောင်းတန် ဆွမ်းပေါင်းအိုးကြီးတစ်လုံး လာလှူသွားတယ်။ ဆွမ်းချက်ရာမှာ လိုအပ်တဲ့ အိုးခွက်ဇွန်းများလဲ အရင်ကတည်းက လာလှူထားပါသေးတယ်။ သံဃာ+သီလရှင် အရုဏ်ဆွမ်းနဲ့ သီလရှင် ဆရာလေးများအတွက် ဆွမ်းချက်ဖွယ်က အဝေးရောက် ဆွမ်းအလှူရှင်တစ်ဦး ဖြစ်ပါတယ်။

ဒီနေ့ ဝေယျာဝစ္စအဖွဲ့က တောင်မြို့ (အမရပူရ)က လာပြီး လုပ်အားဒါန လှူကြပါတယ်။ ဒကာ ကိုဖြိုးနဲ့ ကိုထက်တို့က မန္တလေးကနေ မိုးမလင်းခင် ထ,လာပြီး ဆွမ်းလောင်းလှူပေးနေကြသလို ဝေယျာဝစ္စအတွက်လဲ မြင်းခြံက ဒကာငါးဦးကို ကြိုတင် ပို့ဆောင်ထားပေးပါတယ်။

အမရပူရက မနက်အစောကြီး ထလာပြီး လာပြီး လောင်းလှူ ကုသိုလ်ယူပေးနေတဲ့ ဒကာဝင်းက ...

''သံဃာတော် အရှင်မြတ်တွေကို ပူဇော်နေရတာ အင်မတန် ဝမ်းသာဖို့ ကောင်းတယ်။ မနက် ငါး နာရီလောက် စလောင်းပါတယ်။ ကျွန်တော်တို့ မနက် ၄ နာရီ ထလာကြကယ်။ မနက်ခင်းမှာ လောင်းလှူရတာ တော်တော် ကြည်ညိုစရာ ကောင်းပါတယ်။ သံဃာအပါး ၄၀၀ ကျော်မယ်ခင်ဗျ။ ကျွန်တော်တို့က တောင်မြို့ ရေတွင်းညီနောင်ရပ်နဲ့ တရုတ်တန်းကပါ။ သူငယ်ချင်းတွေ စုလာကြတာပေါ့''
(ဆွမ်းဝိုင်းတွေအနီးမှာ လိုသမျှ ဖြည့်ဆည်းပေးနေတဲ့ ဒကာ ဒကာမများ)

မနက် ၅ နာရီ ၁၀ မိနစ်မှာ အရုဏ် ဘုဉ်းပေးတဲ့ သံဃာ အပါး ၂၀၀ ကျော်သွားပါပြီ။ အရုဏ်ဆွမ်းအတွက် မုန့်ဟင်းခါးကို ငါးကြင်းနဲ့ ချက်ပြီး ငါးဖယ်+ဘဲဥ ထည့်တယ်။

တောင်သာမြို့နယ် ပဒက်ကုန်းကျေးရွာ ရွာဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဦးဝဏ္ဍိတ က

''မုန့်ဟင်းခါးက တစ်ပါးကို နှစ်ပွဲလောက် ဘုဉ်းပေးတယ်။ တော်တော်လေး ဘုဉ်းပေးကြပါတယ်။ စစ်ကိုင်းမှာ တောင်ရိုးဆိုတော့ ဆွမ်းက နည်းနည်း ရှားတယ်လေ။ ဒီမှာ အရုဏ်ဆွမ်း မုန့်ဟင်းခါး ကပ်ပြီး နေ့ဆွမ်းပါ ကပ်တော့ အဆင်ပြေတာပေါ့''

လို့ မိန့်ပါတယ်။

''နေ့ဆွမ်းက နောက်ထပ် လာနေတာ အပါး ၁၀၀ လောက် ရှိတယ်။ အခု ဆွမ်းရပ်နေဆဲ အပါး ၁၀၀ ကျော် ရှိတယ်''လို့လဲ ဦးဇင်း ဦးကောဝိဒက မိန့်ပါတယ်။ မနက် ၅ နာရီခွဲသာသာမှာ လောင်းပြီး အပါး ၄၀၀ ကျော်သွားပါပြီ။ တောင်ပေါ်ကျောင်းတွေကနေ ညအမှောင်ထဲ ကြွလာရတဲ့ တစ်ချို့ကိုရင်လေးများနဲ့ ဦးဇင်းတွေက မနက် ၄ နာရီလောက်ကတည်းက ကျောင်းရှေ့ ရောက်နှင့်နေပါတယ်။

မနက် ၅ နာရီ မိနစ် ၄၀
အရုဏ်ဆွမ်း ပင့်ဖိတ်ထားတဲ့ သီလရှင် ဆရာလေးတွေ စ,ကြွလာပါတယ်။

''ဆရာလေးတွေ အတွင်းထဲ ကြွပါလား။ မိုးရွာနေပြီ''

သီလရှင် ဆရာလေး အပါး ၃၀ ခန့် အရုဏ်ဆွမ်း ကပ်အပြီးမှာ မုန့်ဖတ် ထပ်ဝယ်နေတာ ရောက်မလာသေးလို့ ကျန်တဲ့ ဆရာလေးတွေ စောင့်ဆိုင်းနေကြပါတယ်။

မုန့်ဖတ် မလောက်လို့ ထပ်မှာရပါတယ်။ အရုဏ်ဆွမ်း ဆက်ကပ်ပြီးတော့ သီလရှင် ဆရာလေးများကို ငါးပိ၊ ပဲ၊ ဆားနဲ့ ဟင်းချိုမှုန့်များ အပါးစေ့ ကပ်လှူပါမယ်။ အားလုံး ပင့်ဖိတ်ထားတဲ့ ဆရာကြီး ဆရာလေး အပါး ၁၀၀ ပါ။

''မုန့်ဖတ် ရောက်မလာသေးဘူး။ သံပုရာသီးပဲ ပါလာသေးတယ်''

''ဒကာကြီး ရလား''

'မုန့်ဖတ်က မမီဘူး ဖြစ်နေတယ်။ အခု ကိုထက် ကားနဲ့ သွားယူနေပြီ''

အားလုံး ဝိုင်းစီစဉ်နေကြပါတယ်။ မုန့်ဖတ်က ၃၂ ပိဿာ မှာထားတဲ့ကြားက ပြတ်သွားတဲ့အတွက် နောက်ထပ် ၈ ပိဿာ ထပ်မှာရပါတယ်။

အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူပြီးရင် သီလရှင် ဆရာလေးတစ်ပါးကို ငါးပိ အစိတ်သား၊ ဆား ၅၀ သား၊ ဟင်းချိုမှုန့် ၁၀ သား၊ ပဲ နို့ဆီဗူး ၂ ဗူး လောင်းလှူပါမယ်။

''မုန့်ဖတ်ရောက်ပြီ။ သွား...သွား။ အမြန်သွား''

'သီလရှင် ဆရာလေးတွေ နောက်တစ်သုတ် ဘုဉ်းပေးချိန်မှာ ကိုရင်လေးတွေ ဦးဇင်းတွေ အရုဏ်ဆွမ်းအကုန် ဘုဉ်းပေးပြီးသလောက်နီးပါး ဖြစ်ပါပြီ။ သီလရှင် ဆရာလေးတွေ အလှည့်မှာ မုန့်ဟင်းရည် မလောက်လို့ ပြန်ပြုပြင်ရပါသေးတယ်။ ဆရာလေးတွေ ဘုဉ်းပေးနေတုန်း သာမဏေ ၈ ပါး ထပ်ကြွလာတယ်။

အရုဏ်ဆွမ်း ဘုဉ်ပေးအပြီးမှာ သီလရှင် ဆရာလေးများက သံပြိုင် ညီညာစွာ မေတ္တာပို့သတော်မူပါတယ်။ ဆရာလေးများကို အမရပူရက ဝေယျာဝစ္စဒါနရှင်များက ပဲနီ+ငါးပိ+ဟင်းချိုမှုန့်+ဆားထုပ်တွေ လှူဒါန်းဆက်ကပ်ပေးကြပါတယ်။ ပြီးရင် သီလရှင် ဆရာကြီး ၁၀ ပါးကို သီလရှင်ဝတ်ရုံ တစ်ပါး တစ်စုံကျစီ ဆက်ကပ်ပါမယ်။

သီလရှင်ဆရာလေးများအား အရုဏ်ဆွမ်း ဆက်ကပ်စဉ်

ဒီနေ့ ဆွမ်းလောင်းအသင်း ဖွဲ့စည်းဖို့အတွက် ကြွရောက်လာမယ့် စစ်ကိုင်းနဲ့ မန္တလေးမြို့က ဆရာတော် ၁၃ ပါးခန့်ကိုလဲ နေ့ဆွမ်း ပင့်ဖိတ်ထားပါတယ်။

ဆွမ်းကပ်လှူဒါန်းခြင်း ပြီးစီးသွားချိန်မှာ သက်တော်ကြီး သီလရှင်ဆရာကြီး ၁၀ ပါး ကို သီလရှင် ဝတ်ရုံများ တစ်ပါး တစ်စုံကျ ဆက်ကပ်လှူဒါန်းပါတယ်။ သီလရှင် ဆရာကြီးများအတွက် ဝတ်ရုံများနဲ့ သီလရှင် အပါး ၁၀၀ စာ လှူဖွယ်ပစ္စည်းများကို သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ Advanced ဒီပလိုမာ စာသင်သား ဆရာလေး မစရဏမဉ္ဖရီက မနေ့ကတည်းက စီမံခန့်ခွဲ ပြင်ဆင်ပေးခဲ့ပါတယ်။

Read more...

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၁)

`ဩ၀ေဒယ် နဳသာေသယ်၊ အသဗၻာ စ နိ၀ါရေယ။
သတံ ဟိ သော ပိယော ဟောတိ၊အသတံ ဟောတိ အပ္ပိယော။

မကောင်းမှုကို တားမြစ်ပြီး ကောင်းမှုတွေဖြစ်အောင် ဆုံးမ သွန်သင်ရာ၏။ ဒီလို သွန်သင်ဆုံးမသူကို သူတော်ကောင်းတို့က ချစ်နှစ်သက်ပြီး မသူတော်တို့က မုန်းတီးကြ၏၊ (ဓမ္မပဒ)

အသိ အကျင့်ဘက်စုံမြှင့်ပြီး မြန်မာ့သာသနာကျက်သရေဆောင် တိပိဋက ယောဆရာတော် အရှင် သိရိန္ဒာဘိဝံသရဲ့ ဩ၀ါဒများကို အခန်းဆက် အဖြစ် ဖော်ပြပေးမှာပါ. တရားချစ်ခင် သူတော်စင်တို့ အသိမှသည် အကျင့် . အကျင့်မှသည် ထိုးထွင်းသိသို့ လျှောက်လှမ်းနိုင်ကြပါစေ. ...

တရားနှင့် အကြပ်အတည်း


လောကမှာ လူတွေဆိုတာ ရံဖန်ရံခါ အခက်အခဲ အကြပ်အတည်း တွေ့ရစမြဲပဲ၊
အခက်အခဲအကြပ်အတည်းဆိုသည်မှာတရားမရှိသူအတွက်ဘ၀ကိုပျက်သွား စေတတ်တယ်၊
တရားရှိသူအတွက် ဘ၀ကို တစ်ဟုန်ထိုး တက်သွားစေတယ်။ ။


လောကဓံမုန်တိုင်း


လောကဓံမုန်းတိုင်း သောကအပူတွေဆိုတာ
တချို့ရှောင်လို့ရတယ်၊
တချို့ ရှောင်လို့မရဘူး၊
ရှောင်လို့ရတာကို ရှောင်၊
ရှောင်လို့မရတာကို တရားနဲ့ ကာကွယ်ခုခံ။


တရားရဲ့ အဓိက ကုန်ကြမ်းပစ္စည်း


တရားရဲ့ အဓိက ကုန်ကြမ်းပစ္စည်းဆိုတာ စိတ်ကောင်းလို့ သိကြပါတယ်နော်၊
စိတ်ကောင်းကို သဒ္ဓါတရားကသာ ဖော်ထုတ်နိုင်တာ၊
စိတ်ကောင်းအရင်းအနှီး မရှိရင် ပိုက်ဆံဘယ်လောက်ပေါပေါ
အချိန်ဘယ်လောက်ရရ ပညာရှိတွေ လက်မြှောက်တယ်၊ မတတ်နိုင်ဘူးတဲ့၊
သဒ္ဓါတရားဆိုတဲ့ စိတ်ကောင်းရှိရင် ပညာရှိတွေ ချီးမြှောက်တယ်၊ သူတော်ကောင်းတွေ ချီးမြှောက်တယ်။


ဓမ္မလမ်းကြောင်းပေါ်ကလူ


ဓမ္မလမ်းကြောင်းပေါ်ရောက်တဲ့ပုဂ္ဂိုလ် ဘယ်တော့မှ အချိန်မဖြုန်း ဘယ်တော့မှ
ဘ၀ကို အလကားမဖြုန်း အသုံးဘက်ရောက်အောင် လိမ်မာပါးနပ်စွာ ယူတတ်တယ်။



Read more...

သံဝေဂ၀တ္ထု (၈) ပါး...

- နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
- ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
- ၀ိညာဏ်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။
- ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
- ထက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏။
- ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
- ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
- ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။

(လယ်တီဆရာတော်ဘုရားကြီး)



Read more...

11 BENEFITS OF PRACTISING METTA-CETOVIMUTTI

11 BENEFITS OF PRACTISING METTA-CETOVIMUTTI

(Mettanisansasuttapatha Sutta)

Once, the Blessed One was residing at Jetta Grove, built by Anathapindika near Savatthi. Thereupon, the Blessed One addressed the monks thus, “Oh Bhikkhus!” , and the monks responded, “Venerable Sir” . The Blessed One continued as follows: Bhikkhus , when the mind is imbued with compassion, well associated, practiced , enhanced , made like into a vehicles, established , perpetuated , perfected , and rightly under-taken, eleven benefits may be expected, namely:

One sleeps happily.

One awakes happily.

One does not see evil dreams.

One is loved by humans.

One is protected by god/s.

One will not harmed by fire, poison and weapons.

One’s mind quickly attains to concentration.

One has pleasant countenance.

One’s mind is clean at death. If a higher Dhamma has not been reached, one will attain the Brahma world.

Bhikkhus, when the mind is imbued with compassion, well associated , practiced , enhanced , made like unto a vehicle, established , perpetuated and rightly under taken, these eleven benefits may be expected.

The Blessed One having said thus, these monks were overjoyed, they delighted in the Blessed One’s discourse.



Read more...

ဒါနတရားကို နယ်လေးပါး ဖြင့်ပိုင်းခြားခြင်း

ဓမ္မဓရ== ပညာပိုင်း ဆိုင်ရာ တရားတွေ နာရတာ တန်ဘိုးဖြတ် လို့ မရပါဘူး။ထပ်ခါထပ်ခါ နာရလေလေ အသိဉာဏ်တက်လေ ဖြစ်ပါတယ်ဘုရား။ ကိုယ်နားလည် ထားသော်လည်း ပြန်ပြောဘို့ အလွန်ခက်ပါတယ်။ အမှန်သိလိုက်တိုင်း သိလိုက်တိုင်း မြင့်မြင့်လာတယ်လို့ ခံစားရပါတယ် ဘုရား။တပည့်တော် ဉာဏ်က ချဲ့ထွင်ပြီး မသိနိုင်တော့ ဒါနတရားကို နယ်လေးပါးဖြင့် ဆက်လက် ဟောကြားတော်မူပါဘုရား။

ဦးဝိဇယ==(ဒါန) ဟူသော စကားကို ကြားရသိရ သောအခါ( ကောင်းတယ် ) ဟုစိတ်မှာ အထင်အထည် ပေါ်လာသူ များကတစ်စု ၊ (မကောင်းဘူး)ဟု စိတ်မှာ အထင်အထည် ပေါ်လာသူများက တစ်စု ၊ (ဘာမှန်းမသိဘူး) ဟု စိတ်မှာ အထင်အထည် ပေါ်လာသူများက တစ်စု အားဖြင့် ဒါန နှင့်ပတ်သက်ပြီး (၃)စု (၃)ပုံ ဖြစ်ပေါ်နေကြပါတယ်။

ထို(၃)စုထဲတွင် မိမိတို့ စိတ်ထဲမှာ တစ်ခုခု စိတ်မှာ ထင်လာခြင်းကို (အဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

ဒါန-ဟူသော စကား၏ အဓိပ္ပါယ်မှာ စိတ်အစဉ်မှာ ပစ္စည်းကို မှီ ပြီး (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း)လက္ခဏာ အမှတ်အသား ဖြစ်ပေါ်နေခြင်းကို (ဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

(ဒါန)ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း၊စိတ်အစဉ်ဘဲ) ဟုမသိမမြင်ဘဲ(ကောင်းတယ်) ဟူသာ အထင်အထည် နယ်လောက်သာ သိမြင်သော (အဝိဇ္ဇာမာန ပညတ်နယ်) ကို အသိဉာဏ်ဖြင့် မကျော်လွန်နိုင်သော အဝိဇ္ဇာသမားတွေဟာ —ဒါန ကို ထင်သလို လုပ်နေကြပါတယ်။

ဥပမာ=== ကထိန်ဒါန အမည်တပ်ပြီး အရက်သောက်ခြင်း၊ ဖဲရိုက်ခြင်း စသည်များ ။ရှင်ပြုဒါန အမည်တပ်ပြီး ဝက်သတ်ခြင်း၊ ကြက်သတ်ခြင်း၊ ပွဲငှားခြင်း၊ အရက်သောက်ခြင်း စသည်များ၊ဒါန အမည်တပ်ပြီး သီလတွေ ပျက်နေကြတာ ဗုဒ္ဓဘာသာ လောကမှာ ပြောမကုန်အောင် မြောက်များစွာရှိပါတယ်။

ဒါနကို ကောင်းတယ်ဟု စိတ်မှာ အဝိဇ္ဇာ မာန ပညတ်ထင်လာ တာကို အကြောင်းပြုပြီး အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကို ဖုံးလွှမ်းခံရသောကြောင့် ကောင်းတယ် ထင်တာတွေကို ပြုလုပ်ကာ သာသနာကြီးကို ဖျက်ဆီးနေကြပါတယ်။ ထင်ရာလုပ်ကြတော့ (ပါပသ္မိ ရမတိ မနော=စိတ်သည် မကောင်းမှု မှာပျော်မွေ့၏) ဟုလာသည့်အတိုင်း (စွဲလန်းခြင်း၊ ဆင်းရဲခြင်း)ဟူသော အကုသိုလ် သဘောတွေသာ အဖြစ်များနေကြပါတယ်။သနားစရာ လည်းကောင်းပါတယ်။

ပစ္စည်းကို အမှီပြုပြီး စွန့်လွှတ်ခြင်း ချမ်းသာခြင်း စိတ်အစဉ် မှာ ဖြစ်ခြင်းသည် (ဒါန)ဟု သိထားကြကုန်သော ဝိဇ္ဇာဉာဏ်သမားများမှာ (ဘာဒါန-ညာဒါန) စသောအမည် များကို အရေးမကြီးပဲ စိတ်အစဉ်မှ (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဖြစ်နေအောင်သာ အရေးတကြီး ကြိုးစားကာ ပစ္စည်းများကို သာသနာ အတွက် အကျိုးရှိရှိ အသုံးချ နိုင်ကြပါတယ်။ သာသနာမှာ ဉာဏ်ရှိသူတွေ အလွန်လိုအပ်လှပါတယ်။

စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း စိတ်စဉ်သန္တန် ဟူသော အထင်အထည် ဝိဇ္ဇာမာန ပညတ်နယ် ကိုဒါပဲရှိတယ်–ဟုအဟုတ်ထင်ခြင်းကို (အဝိဇ္ဇာ)ဟုခေါ်ပါတယ်။ ထိုအဝိဇ္ဇာ ကင်းလိုလျှင် (စိတ်သည်-တစ်စက္ကန့်အတွင်းမှာ ကုဋေ တစ်သိန်း ဖြစ်ပျက်တယ်)ဟူသော ဘုရားတရားကို ထောက်၍ (ထို-ကုဋေတစ်သိန်း သော အစိတ်ထဲမှာမှ တစ်ခုသော ဖြစ်ပျက်သဘောလေးသာ အသက်ရှည်ပါတယ်။)ဟုနားလည် သဘောပေါက်ခြင်း ကို ဝိဇ္ဇာဉာဏ် ဟုခေါ်ပါတယ်။

ထိုဝိဇ္ဇာဉာဏ် ဖြစ်လာလျှင် အစဉ် သန္တန်ပေါ်မှာ အဟုတ်ထင်သော အဝိဇ္ဇာ ချုပ်ငြိမ်းသွားပါသည်။ ဘဝဟူသည် အလွန့် အလွန်တိုကြောင်းကို နားလည်ပြီး သဘောမျှသာ ဖြစ်သော ပစ္စုပ္ပန် ကိုသိလာပါတယ်။

အဝိဇ္ဇာ ၏ အဟုတ်ထင်ခြင်းသည် အလွန့် အလွန် သိမ်မွေ့ပါတယ်။ ကုသိုလ်စိတ်၏ စိတ်သန္တန်မှာ ဘယ်လိုမှ ထင်မရသော ဉာဏ်ဖြင့်သာ သိလို့ရသော ဖြစ်-ပျက်သဘောလေးကို (ဖြစ်-ပျက် နိုင်သော ကိုယ်ပိုင် အနှစ်သာရ ရှိတယ်) ဟု အဟုတ်ထင်နေပြန်ပါတယ်။မြင်နိုင်ခဲပါတယ်။

ထိုအဟုတ်ထင်ခြင်း အဝိဇ္ဇာ ချုပ်ငြိမ်းစေရန် ထိုဖြစ်ပျက်-သဘောမျှ ရှိသော ကုသိုလ်-ဒါနစိတ်လေးဟာ ယောနိသောမနသိကာရ -အကြောင်းမပါဘဲ လုံးဝ မဖြစ်ပါဘူး။ ဖြစ်-ပျက် နိုင်သောကိုယ်ပိုင် အနှစ်အသား လုံးဝ မရှိပါဘူး။ ကိုယ်ပိုင်စွမ်းအား- အနှစ်သာရများ ကာလသုံးပါးလုံး မှ မပါ-မရှိသော ကြောင့် မူလပျက် အနိစ္စ သဘော – သုညသဘောသာလျှင် ဖြစ်ပါတယ်။

ဒါန-ကုသိုလ်စိတ်သည် ပညတ်(၂)မျိုး၏ မရှိဘဲ ထင်ရုံမျှဖြစ်၍ ဘာမှ မဟုတ်ခြင်းနှင့် သဘော-(၂)ခု၏ ဘာမှ မဟုတ်ခြင်းမှာ လမ်းဆုံးသွားပါတယ်။ ဒါန-ကုသိုလ် ကို အဆင့်ဆင့် အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဖြစ်ပါတယ်။ ဒါန-ကုသိုလ် ကို အဆင့်ဆင့် ဘာမှ မဟုတ်မှန်းသိမြင်ခြင်းသည် (ဝိဇ္ဇာဉာဏ်)ဖြစ်ပါတယ်ဘုရား။



Read more...

Brief Biography of Venerable Dr.Dhammarakkhita


DR.DHAMMARAKKHITA

He was born in Taungtha on February 16,1952.His parents are U Tun and Daw Thein, and he is the eldest of six sibblings.He passed the Higher Education from State High School in Taungtha and his B.A degree in 1977 and his M.A degree in 1984.He married with Daw Yi Yi Mar in 1984 and had two sons.Maung Arcane Tin Aye and Maung Aung Zeya.He became a tutor at Department of Psychology in Yangon University in 1981 and was promoted to assistant lecturer at the Central Institute of Public Services(C.I.P.S) Phaung Gyi in 1985.He resigned from his occupation as research officer in 1989.

He has been ordained as a Buddhist monk since November ,1992.
He has devoted his life in concentration, meditation and contemplation.He became a fellow of Yangon Theosophical Society in 1974 and had dedicated his life to practising the path of dicipleship.He achieved some mystical experiences such as astral projection(out of body experience).

He was a correspondent student of the Arcane School in London and he was a fellow of The Scientific and medical Network in London.His soly concern is selfless service to the world through the power of the mind -deliverance of loving-kindness ( Metta- Cetovimutti ).

He has practised Buddhist Samatha and Vipassana Bhavana since 1980 at various meditation centres in Myanmar.It is his strong belief that the attainment of world peace is only through the perfection of the human mind, accompanied by loving-kindness.

In the world as a whole there is enough money and material goods and there is no lack of intellect,yet something is missing.What is it?

Once in intoxicated elephant was driven towards the Buddha in an effort to kill him.The Buddha calmly radiated his love towards the elephant and subdued it.Why are we, the sons and daughters of Buddha, reluctant to use that power when we encounter danger?

In 1980,he opened his spiritual workshop for those who are keenly interested in meditation.The meditation subjects are Anapanasati (Watching over in and out breathing) and loving kindness.
He also set up the Peace Mission through the mind-deliverance of loving -kindness.This new group of World Servers regularly radiate boundless loving -kindness waves all over the world.
For the selless service and deication to the welfare to mankind, he was conferred the honourable degree of Doctor of Medicine (Medicina Alternativa)-M.D(M.A) in November 1994 and in 1995 D.Sc(H.C)(Doctor of Science-Honorics Causa) from the Open International University for the Complementary Medicine in Colombo, Srilanka.

In 1996, Venerable Dr.Dhammarakkhita was invited to attend a Monastic conference in the U.S.A of which was attended by monks(women and men),and lay people dedicated to this service.In the same year he was invited to speak and teach meditation at the Buddhist- Christian Conference held DePaul University;Chicago,Illinois, USA.

He is now Chief Meditation Conductor at the Mental Energy Research Centre/ Monastery in Lombard, Ilinois USA and speaks and teaches throughout the world.

Read more...

*သာဓုခေါ်စေ အိုမိတ်ဆွေ*

မကြာခင် ရက်ပိုင်းတုန်းက ကျွန်တော် အပါအ၀င် သူငယ်ချင်း မိတ်ဆွေ သုံးဦးကနေပြီး စစ်ကိုင်း တောင်ရိုးက စာသင်သား သံဃာတော်တွေ အတွက် ရည်စူးလို့ ဆရာတော် ဦးကောဝိဒ (စစ်ကိုင်း) ထံသို့ သံဃာတော်တွေ အတွက် လိုတဲ့နေရာမှာ ဖြည့်ဆည်း လှူဒါန်းဖို့ ဆိုပြီး အလှူငွေ လှူဒါန်းခဲ့ ပါတယ်…။ ဆရာတော်က အဲဒီငွေနဲ့ စစ်ကိုင်း တောင်ရိုးက စာသင်သား သံဃာတွေကို အရုဏ်ဆွမ်း မုန့်ဟင်းခါး ဆက်ကပ် လှူဒါန်းပေးခဲ့ ပါတယ်…။ အဲဒီ ဆက်ကပ် လှူဒါန်းနဲ့ မနက်ခင်းကဆို တကယ် ပီတိဖြစ်ဖို့ ကောင်းပါတယ်…။ ကျွန်တော် ကိုယ်တိုင် ကိုယ်ကျ သွားရောက် မလောင်းလှူ၊ ဝေယာဝစ္စ ကုသိုလ်တွေ မယူနိုင်ခဲ့ ပေမယ့် ဆရာတော် ဦးကောဝိဒ ကျေးဇူးနဲ့ VZO ကနေတဆင့် သံဃာတော်တွေ ကြွရောက်လာပုံ၊ နောက် သံဃာတော်တွေ ဘုဉ်းပေး နေပုံတွေကို ဖူးခွင့် ရလိုက်ပါတယ်…။ အဲဒီ မနက်ကဆို သံဃာတော် အပါး ၆၀၂ ပါး ကြွရောက်တယ်လို့ သိခဲ့ရပါတယ်…။ ဘယ်နှစ်ပါး ဘုဉ်းပေးနိုင်ခဲ့လဲတော့ ကျွန်တော် အတိအကျ မသိပါဘူး…။ အဲဒီ အချိန်တုန်းကဆို တကယ်ပါ…။ ကျွန်တော့်ရင်ထဲ ပီတိလှိုင်းတွေ တအားကို ရိုက်ခတ်ခဲ့ပါတယ်…။ ကုသိုလ် လှိုင်းတွေပေါ့…။

အဲဒါလည်း ပြီးကော ဆရာတော်က အလှူငွေ ပိုသေးကြောင်း၊ အဲဒါ ဘယ်နေရမှာ လှူချင်လဲ ဆိုပြီး အွန်လိုင်းကနေ မိန့်ကြားတော့ ဆရာတော် လိုတဲ့ နေရာမှာ လှူပါလို့ ကျွန်တော် ပြန်လည် လျှောက်ထားလိုက် ပါတယ်…။ အဲဒါ ဆရာတော်က ရန်ကုန်မှာ မကြာသေးမီ ရက်ပိုင်းကမှ ဖွင့်လှစ်ခဲ့တဲ့ သံဃာတော်များ အတွက် ကွန်ပျူတာ အခမဲ့ သင်တန်းမှာ သင်တန်းချိန်က ဆွမ်းစားချိန်နဲ့ နီးနေတဲ့ အတွက် သင်တန်း တက်ရောက်နေတဲ့ သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းရာမှာ ပိုနေတဲ့ အလှူငွေကို အသုံးပြုပြီး နေ့ဆွမ်း ဆက်ကပ်ပေးခဲ့ ပါတယ်…။

ဓမ္မမောင်နှမတို့လည်း ဆရာတော် ဦးကောဝိဒရဲ့ သံဃာတော်များ အတွက် ကြိုးပမ်း ဆောင်ရွက်နေမှုနဲ့ ဆရာတော်များ နေ့ဆွမ်းဘုဉ်းပေး နေပုံတွေကို ကြည်ညို ၀မ်းမြောက်စွာ သာဓု ခေါ်ဆိုနိုင်စေဖို့ ဓါတ်ပုံလေးတွေနဲ့ တကွ ဒီပို့စ်ကို ရေးလိုက်ပါတယ်…။

သံသရာ အဆက်ဆက်က စလို့ ယနေ့ ဒီအချိန်ထိ ပြုခဲ့သမျှ ကုသိုလ် အစုစုတွေကို ဓမ္မ မောင်နှမတို့လည်း ထပ်တူထပ်မျှ ရစေခြင်းငှာ အမျှပေးဝေလိုက် ပါတယ်…။ ၀မ်းမြောက်ဝမ်းသာ ပီတိလှိုင်း ထန်စွာနဲ့ ကိုယ်ကိုယ်တိုင် လှူဒါန်းလိုက်ရ တယ်လို့ သဘောထားပြီး သာဓု ခေါ်နိုင်ကြပါစေ။






ဆရာတော် ဦးကောဝိဒ (စစ်ကိုင်း) သို့ ဆက်သွယ်လိုပါက
kovida9@gmail.com
09-2110202


လေးစားရိုသေစွာဖြင့်
ဖိုးသား

8/16/2009, SUN:, 1:46:34 PM

Read more...

မေတ္တာဝန်းကျင် မှာ သစ္စာမလင်း ရှာ

နိုင်ငံခြားသားများကို ဗုဒ္ဓတရားတော်များနှင့် မိတ်ဆက်ရှင်းပြပေးတဲ့ အခါတိုင်းမှာ ကျွန်မ တက္ကသိုလ်ကျောင်းသူ ဘဝက အ-သုံးလုံးကျေ လုပ်အားပေး အဖြစ်တစ်လတာ နေထိုင်စာသင် ပေးခဲ့ရသော ကျောင်းကုန်းမြို့နယ် အပိုင် တိုက်ကုန်းကျေးရွာ ကလေးကို လွမ်းဆွတ် သတိရ အားနာ လှပါသည်။

ကျွန်မ၏ ပင်ကိုယ်သဘာဝ တောလက်ကျေးရွာမှာ ပျော်ရွှင်ပါသည်။ ပွင့်လင်းရိုးသား ကြသော လေးစားချစ်ခင် တတ်သော မေတ္တာစစ်စစ် များကို ချိုမြိန် ရွှင်လန်းစွာ သောက်သုံးခဲ့ ရဘူးတာ ဘယ်တော့မှ မမေ့ပါ။ ကိုယ်၊ နှုတ် စိတ်နှလုံး သုံးပါးလုံး လွတ်လပ် ပေါ့ပါးစွာ ရှင်သန်နိုင်ပါသည်။ ထိုစဉ်က ကျွန်မ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တတိယနှစ် အတန်းတင် စာမေးပွဲဖြေအပြီး နွေရာသီကျောင်းပိတ်ရက်မှာ အိမ်သို့မပြန်ပဲ ထိုရွာကလေးတွင် စာမတတ်သူများကို စာသင်လုပ်အားပေးခဲ့ပါသည်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ မှ ၃နာရီခန့်မော်တော်စီးမှ ပုဆိန်ပဲ့ ရွာကြီးသို့ ရောက်ပါသည်။ ပုဆိန်ပဲ့ မှ လှည်းလမ်းဖြင့် ကုန်းတွင်းသို့ ၃နာရီခန့်သွားမှသာ ရောက်ရှိနိုင်သော ကျေးရွာကလေးပါ။ အိမ်ခြေ ၅၀ခန့်သာရှိပြီး ပညာ အတတ်ဆုံး ရွာသားလေးဟာ ၉တန်းအများဆုံးပါပဲ။ ကျွန်မ၏ သူငယ်ချင်း ပုသိမ်သူ မလဲ့လဲံဝင်း နှင့်အတူ ကျေးရွာကောင်စီဥက္ကဋ္ဌ အိမ်မှာ နေကြရပါတယ်။ တစ်ရွာလုံးမှာ ရေတွင်းတစ်တွင်းသာ ရှိပြီး ကျွန်မတို့ ရေဆင်းချိုးချိန် တစ်ရွာလုံး ဝိုင်းအုံကြည့်တာ ခံရတာ ကလွဲပြီး အဆင်ပြေပါတယ်။


ကျွန်မမှာစာသင်သား ၁၂ယောက် ရှိပါတယ်။ မသပြေသူ ဆိုတဲ့ သူစာရင်းသာဝင်ပြီး ရောက်မလာတော့ အိမ်လိုက်သွား တော့မှ အဆစ်အမြစ်ယောင် ရောဂါနှင့် လမ်းမလျှောက်နိုင်ပါ။ ရွာကလေးက ခေါင်လှတော့ အိမ်က ထည့်ပေးလိုက်တဲ့ ငွေသုံးရာ ဘယ်နေရာသုံးရမှန်း မသိ အရာမယွင်းခဲ့။ ဒါနဲ့ ကျွန်မတို့ဆေးကုပေးဘို့ ဆုံးဖြတ်ချက်ဖြင့် ကျောင်းကုန်းမြို့ ပေါ် တက်ခဲ့ပါတယ်။ နောက်တော့ ကောင်းလာပါတယ်။ ကျွန်မ က ဝမ်းသာလှစွာ သတင်းမေးသွားတော့--- ဆရာမလေးရေ…. ဝက်ကလေးတစ်ကောင် ဝယ်ပြီး နတ်စားလိုက်တာ နဲ့ ပြန်ကောင်းသွားတာတဲ့..။ ကျွန်မတို့ ဘာပြန်ပြောရမည် ပင် မသိခဲ့။

နောက်တစ်ယောက်က မနန့်ငွေသန်း အသက် ၃၀လောက်ရှိတဲ့အပျိုကြီး ကျွန်မဝိုင်းမှာ စာအလိုက်နိုင်ဆုံးမို့ ကျွန်မ ချစ်ပါသည်။ ကျွန်မတို့ စားသောက်ရေးမှာ တစ်အိမ် တစ်ရက် လှည့်လည် စားသောက် ရပါသည်။ တစ်လကုန် ခါနီးထိ သူ့မှာ ကျွန်မတို့ကို ကျွေးခွင့်မရ၍ မျက်ရည်တွေ ဝဲနေခဲ့ပါတယ်။ နောက်တော့မှ သိရတာ သူ့ဖခင် နှင့်အဖိုးမှာ နူနာရောဂါသည် ဖြစ်နေပါသောကြောင့် ထမင်းကျွေးခွင့်မပေးပါတဲ့။ ကျွန်မကတော့ ထင်တော့ထင်သား နေ့လည် စာသင်ချိန်ပြီးတဲ့ အခါ လာရောက်ကြည့်တဲ့ အဘိုးအဘွားများကို ကျွန်မ လက်သည်း ခြေသည်း ညှပ်ပေးခဲ့ ပါတယ်။ အဲဒီ အထဲမှာ လက်သည်းခြေသည်းမပါတဲ့ ခြေချောင်းမပါတဲ့ ခြေထောက်တစ်စုံကို မြင်ရတော့ ထိတ်လန့်သွားခဲ့ဘူးတာကိုး။ နန့်ငွေသန်းအဖိုးပေပဲ။

တစ်ခါ သူ၏အဖေ ကပုဆိုးလေးကိုခြုံ ရေတွင်းနားမှာမှီရပ်လျက် ကျွန်မ စာသင်တာ လာကြည့်ပါတယ်။ ထိုစဉ် လေကအဝှေ့ ပုဆိုးက ရေတွင်းထဲ ပြုတ်ကျတော့ ထိုးဝါးများဖြင့် ပြန်ဆယ်ခဲ့ရပါတယ်။ ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် ရေကိစ္စ ဘယ်လိုလုပ်ကြမလဲ.. ဘယ်လိုမှ လုပ်စရာမရှိ…။ ချိုးကြရုံပါပဲ--- ဟုဆုံးဖြတ်ခဲ့ရပါတယ်။
နန့်ငွေသန်းက ကောင်စီဥက္ကဋ္ဌ ထံတောင်းဆိုသည်မှာ ထမင်းကျွေးခွင့်။ သည်တစ်ခါတော့ခက်ပြီ။ ဘယ်လို လုပ်ရမည်မသိ။ နောက်တော့ ဥက္ကဋ္ဌ က ဆုံးဖြတ်ပေးသည် ထမင်းတော့မကျွေးရ… အကြမ်းသောက် ဖိတ်နိုင်သည်တဲ့။ ပျော်ရွှင်ကြည်နူးသွားတဲ့ နန့်ငွေသန်း ကို ချစ်ခင်စိတ်နဲ့ ပဲ သူ့အိမ်ကို ရောက်ခဲ့ရပါတယ်။ ပဲကြီးလှော် ထန်းလျက်ခဲ ရေနွေးကြမ်း တို့ဖြင့်ဧည့်ခံပါတယ်။ တကယ်ပဲ အားပါးတရ စားပြ ခဲ့ရပါတယ်။ ထူးဆန်းသည်မှာ သူ့အမေ မှာ ဇနီးဖြစ်လျက် ရောဂါ မကူးစက် အကောင်းပကတိ။ သူတို့ပြောပြသည်မှာ ကရင်ရိုးရာ အရှောင် ထိတာပါတဲ့။ ကူးစက်ရောဂါ မဟုတ်ပါတဲ့။ သိစရာတွေ တော်တော်တိုးတက်ခဲ့ပါသည်။
ထိုစဉ်က ကျွန်မတို့သူငယ်ချင်း နှစ်ဦး သင်္ကြန်မှာ ရွာလုံးကျွတ် မုန့်လုံးရေပေါ် ကျွေးတာကို တစ်ယောက်မှ ၁၅ကျပ်သာကုန်သည်။ သက်ကြီးပူဇော်ပွဲ လုပ်၍ ကန်တော့တော့ နတ်ကိုးကွယ်သောရွာမှာ အထူးအဆန်း ဝမ်းမြောက်ကြပါသည်။

နောက်ဆုံး ကြေကွဲစရာအကောင်းဆုံးက တစ်လပြည့်၍ အိမ်ပြန်ချိန်……. လော်စပီကာ အော်လံများထောင် ကာ နွားလှည်း နှစ်စီး ဖြင့်ဆရာမ နှစ်ယောက်တင်လျက် ငိုယိုကာ လိုက်ပို့ကြသည်မှာ ရွာလုံးကျွတ်။ ဆို့နင့်ကြေကွဲသော ခံစားချက်က ခုထိ ပူနွေးနေဆဲပါ။

ကျွန်မတို့ ဇီးငူဆိုတဲ့ အိမ်ခြေ ၃၀၀ကျော်ရှိတဲ့ ရွာကြီးမှာတစ်ည အိပ်ရပါတယ်။ အဲဒီမှာ ကျွန်မတို့ စိုက်ပျိုးရေးတက္ကသိုလ်မှ လုပ်အားပေးဆရာမ များကို စုပေါင်းဂုဏ်ပြုပွဲလုပ်ပေးပါတယ်။
ထိုစဉ်မှာပဲ အခုနာဂစ်မုန်တိုင်း တိုက်သလို မုန်တိုင်းတစ်ခုက ဂွမြို့ကို ဝင်တိုက်ခဲ့သည်ကိုး။ ကျောင်းကုန်း သည်လည်း ခံစားခဲ့ရပါတယ်။ ကျွန်မတို့ ဆရာမ လေးယောက်နှင့်အတူ ဝမ်းဆွဲဆရာမ လင်မယားတို့ တည်းအိမ် များကိုမပြန်နိုင်။ လေကပြင်းထန်လှသည်။ ငိုကြ ယိုကြ နှင့် ယောက်ယက် ခပ်ကုန်သည်။
အိမ်လေးမှာ သိမ့်သိမ့်တုန်နေပါသည်။ ကျွန်မတို့ သူငယ်ချင်းတွေ တိုင်ပင်၍ အဆောင်မှာ ရွတ်နေကြအတိုင်း ဓမ္မစင်္ကြာနှင့် ပဋ္ဌာန်းတရားတော် စုပေါင်းရွတ်ဆို မေတ္တာပို့ ကြပါသည်။ ငိုယိုနေသော လူကြီးများ တော်တော်လေး တည်ငြိမ်သွားကြပါတယ်။ အများစု နတ်ကိုးကွယ်ကြသောရွာမှာ သြကာသ ဘုရားရှိခိုးပင် ရသူ မရှိခဲ့။

မနက်မိုးလင်းတော့ သွပ်လန် အိမ်ပြို သစ်ပင်များ လဲပြိုနေသာ ရွာကလေး ကို စွန့်ခွာ ခရီးဆက် ရပါတော့တယ်။ လှည်းလမ်းကပျက်ခဲ့ပြီမို့ ခြေလျင် ချီတက် ခဲ့ရပါတယ်။ သူတို့ အိမ်ပြိုတာထက် ကျွန်မတို့ကို ရေလမ်းခရီးမှာ ဒုက္ခရောက်မှာ စိုး၍ မပြန်ကြရန် တားလျက် ထပ်ငိုကြပါသေးသည်။
ဖြူစင်သော မေတ္တာစစ်စစ် ကို ခံစားရရှိ ခဲ့ဘူးပါသလား---- ဟုကျွန်မအား မေးလာခဲ့လျင် ကျွန်မသည် ကျောင်းကုန်းမြို့၊ တိုက်ကုန်းရွာလေးကို လက်ညှိုးညွှန်ပြမိမှာ အမှန်ပါပဲ။ တစ်နေ့မှာ အရောက်ပြန်လာမယ် ထိုက်သင့်တာတွေ လုပ်ဆောင်ပေးမယ် အားခဲခဲ့သော်လည်း အနှစ်၂၈နှစ်သာ ကြာခဲ့ပြီး အကောင်အထည် မပေါ် ဖြစ်ခဲ့ပါ။ တွေးမိတိုင်း အားနာ နေရသည်။

အခုတော့ ပို၍ ဝေးကွာလှပါသည်။ ကံတရား၏ စီမံမှုဖြင့် ရောမ တွင်နေထိုင်ရပါသည်။ ကျွန်မ၏ ဘာသာရပ်ဆိုင်ရာ Presentation တိုင်းတွင် မဆိုင်ပေမဲ့ မြန်မာ ပြည်မှ စေတီပုထိုးများကို အနည်းဆုံး ဆလိုက် နှစ်ချပ် လောက်တော့ထိုးပြပါသည်။ ဗုဒ္ဓသာသနာ ထွန်းကာရာ တိုင်းပြည်မှ လာကြောင်းတော့ သိစေခဲ့ပါသည်။
ဒါကြောင့်လည်း ကျွန်မအား ဘာသာရေး အကြောင်း၊ ဝိပဿနာ အကြောင်း မေးသူ နိုင်ငံခြားသား မိတ်ဆွေများ ကိုပြောပြ မျှဝေခြင်း ကို လုပ်ဆောင်ခဲ့ရပါသည်။ ကျွန်မသည် အင်္ဂလိပ်စာအရေးအသား အတော်ကြီးတော့ မဟုတ်ပါ။ တတ်စွမ်းသလောက်ကြိုးပမ်း လုပ်ဆောင်ရင်း ချစ်လှစွာသော အမိမြေ ကိုဂုဏ်ယူချင် သူသာဖြစ်ပါ သည်။

ကျွန်မ၏ သန္တိသစ္စာ - Blog http://thantithitsar.blogspot.com တွင်မြန်မာပြည်မှ စေတီပုထိုးများ ဆရာတော်များ၏ နည်းပေးလမ်းညွှန် သွန်သင် ဆုံးမမှုများကို အင်္ဂလိပ်ဘာသာပြန်ဖြင့် ဖော်ပြသွားမှာဖြစ်ပါတယ်။

အီတလီဘုန်းတော်ကြီး ဦးလောကနာထသည် ဓမ္မပဒ ကို အဂ်လိပ်လိုဘာသာပြန် ဖတ်ရှုလျက် ပြင်းထန်စွာ ယုံကြည် ကိုးကွယ်သော ရိုမန် ကက်သလစ်ဘာသာဝင် ဘဝမှ ဗုဒ္ဓဘာသာ အဖြစ်ကူးပြောင်း ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဦးလောကနာထ ကိုအကြောင်းပြုပြီး ဗုဒ္ဓဘာသာကူးပြောင်းလာသူ အနောက်တိုင်းသား အမြောက် အများ ပေါ်ထွက်ခဲ့ပါတယ်.. နောက်သူ့အကြောင်းရေးပါအုံးမယ်။

သည်လိုပေါ်ထွက်လာနိုင်ခဲ့တာကို စဉ်းစားနိုင်ခဲ့လျှင် ကျွန်မ ပြန်မရောက်ဖြစ်ခဲ့သော ဘာမှ ပြန်လည်း လုပ်ဆောင် မပေးနိုင်ခဲ့သော ချစ်လှစွာသော အမိမြေ မှ မေတ္တာပတ်ဝန်းကျင် တိုက်ကုန်းရွာကလေးသည် ကျွန်မအား ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

(မြန်မာပြည်မှာ တိုက်ကုန်းရွာ များစွာ ရှိနေပါတယ် ပြည်ပသာသနာပြု အပြင် ပြည်တွင်းသာသနာပြုများပါ လိုအပ်ကြောင်း ဖော်ပြချင်လို့ပါရှင့်။)


Read more...

အနှစ်ကိုးပါးတရားတော်


အနှစ်ကိုးပါး (အပိုင်း-၂)

သီဟိုဠ်နိုင်ငံ ရောက်ခဲ့စဉ်က
ဘုန်းကြီးတို့ကတော့ ရောက်တဲ့နေရာမှာ ကိုယ့် ဟာကိုယ် ယုတ္တိရှာပြီးတော့ အကုန်လုံး နိုင်အောင်ချည်း ပြောခဲ့တာပဲ။ ဘယ်ဘက်ကမှ အရှုံးမပေးခဲ့ဘူး။
သီဟိုဠ်ရောက်လည်း သီဟိုဠ်ဘုန်းကြီးတွေနဲ့ ဒီလို ငြင်းတဲ့ အခါ ဒီလိုပဲ အနိုင်ချည်းကျဲတာပဲ။ သူတို့ ဘာမှ ပြန်မပြောနိုင်ဘူး။
သီဟိုဠ်မှာ ဘုန်းကြီးတို့တရားပွဲ (၅)ပွဲ ဟောတယ်။ (သီရိလင်္ကာမှာ)။ တရားပွဲတွေ အကုန်လုံးမှာ ဘုန်းကြီးက ဗမာလိုချည်းပဲဟောတယ်။ သီဟိုဠ်ဘာသာ ကောင်းကောင်း ပြန်ပေးမဲ့ ဗမာစကား ကောင်းကောင်းတတ်တဲ့ သီဟိုဠ် ဆရာတော်နှစ်ပါး ဘုန်းကြီးတို့ရဲ့မိတ်ဆွေ ဟိုမှာ ရှိတယ်။ အဲဒီ ဆရာတော်နှစ်ပါးလဲ အလဲအလှည်နှင့် လိုက်ပြီးတော့ ဘာသာ ပြန်ပေးတယ်။
အလွတ်သဘောအနေနဲ့ ထိုင်ပြီးတော့ တစ် ယောက်နှင့် တစ်ယောက် ဆွေးနွေးတဲ့အခါမှာတော့ ပါဠိလို ပြောပါတယ်။ အင်္ဂလိပ်လိုလဲပြောပါတယ်။ တရားပွဲဟော ကြစို့ ဆိုရင်တော့ ဘုန်းကြီးက ''ကိုယ်တော်တို့ ဘာသာပြန် ပေး'' ဆိုပြီး မြန်မာလိုချည်း ဟောပါတယ်။ အင်္ဂလိပ်လို ဟောပြန်တော့လဲ သီဟိုဠ်ဘာသာနဲ့ ထပ်ပြန်ရသေးတာပဲ မထူးဘူး။
အင်္ဂလိပ်လိုပြောလဲ အင်္ဂလိပ်လိုမတတ်တဲ့ လူတွေ က အများကြီးတက်လာတာဆိုတော့ သီဟိုဠ်ဘာသာနဲ့ ပြန် ဟောပေးရသေးတယ်။ အဲဒီတော့ မထူးပါဘူး။ ကိုယ်ကလဲ အင်္ဂလိပ်လိုဟော။ မြန်မာပြည်မှာ တစ်ခါမှမဟောဖူးတဲ့ အင်္ဂလိပ်ဘာသာကို ဟိုကျမှ သွားဟောတော့ မနည်းကြီး ကြိုးစားပြီးတော့ ဟောရတာ။
အဲဒီလို မနည်းကြိုးစားပြီး ဟောရတဲ့ အင်္ဂလိပ် ဘာသာကို သီဟိုဠ်ဘာသာနဲ့ တခါထပ်ပြီး ပြန်ဟောတော့ ပြီးရော။
မပြည့်စုံတဲ့အပေါ်မှာ မပြည့်စုံတဲ့ဘာသာပြန် ဖြစ် နေမှာ။ ဒါကြောင့် ''မြန်မာလိုဟောတာပဲ ကောင်းတယ်'' ဆိုပြီးတော့ သဘောကျလို့ ဘာသာပြန်ဆရာတော်နဲ့ ဘုန်း ကြီးတို့ တိုင်ပင်ပြီးတော့ ဟောကြရတာ။

အင်္ဂလိပ်စာတတ် ဗမာဘုန်းကြီးတွေ နည်းပါး
တရားပွဲပြီးသွားတော့ ဒကာကြီး တစ်ယောက်နဲ့ သီဟိုဠ်ဆရာတော်တစ်ပါးက ဘုန်းကြီးတို့အနား ချည်းကပ် လာပြီးတော့ 'အရှင်ဘုရားတို့ မြန်မာနိုင်ငံက တိုင်းတစ်ပါး ထွက်ထွက်လာကြတဲ့ ဆရာတော်တွေဟာ အင်္ဂလိပ်စာတတ် အလွန်နည်းတယ်၊ အင်္ဂလိပ်လို အဟောအပြောလဲ အလွန် နည်းတယ်၊ အဲဒါဘာဖြစ်လို့လဲ''လို့ မေးပါတယ်။
အဲဒီလိုမေးတော့ ဘုန်းကြီးက ပြန်ပြီးတော့ မေး လိုက်ပါတယ်။ ''အရှင်ဘုရားတို့ သီဟိုဠ်ဆရာတော်တွေ အင်္ဂလိပ်စာတော်တော်တတ်ကြတယ်။ M.A တွေလဲ အများကြီးပဲ၊ Ph.D တွေလဲ အများကြီးပဲ၊ ကိုယ်တော်တို့ အင်္ဂလိပ်စာ ဘာကြောင့် တတ်ကြတာတုန်း''လို့ ဘုန်းကြီး ကလဲ ပြန်မေးလိုက်တယ်။ ကိုယ့်အဖြေတော့ မပေးသေးဘူး။ သူတို့ကို ပြန်မေးတယ်။
စကားပြောယင် အဲဒါကိုတော့ တတ်ထားရတယ်။ သူတို့ကိုပြန်မေးလိုက်တော့မှ ကိုယ်ကဖြေဖို့ လမ်းစဟာ ပိုပြီးတော့ကောင်းသွားတယ်။ ဒီတော့ သူတို့က ပြောတယ်။
''တပည့်တော်တို့ အင်္ဂလိပ်စာ တတ်တာကတော့ တပည့်တော်တို့ တိုင်းပြည်မှာ သံဃာတော်တွေ ပညာသင် ကြားတဲ့ကျောင်းတွေမှာ သံဃာတော်များ အုပ်ချုပ်တဲ့ ကောလိပ်တွေ တပည့်တော်တို့ဖွင့်ထားတယ်။ ထိုကောလိပ် တွေကနေ ပြီးတော့ အောင်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ အစိုးရ ရဲ့ တက္ကသိုလ်မှာ သွားပြီးတော့ ပညာသင်ခွင့်ရတယ်''။
''သံဃာတော်များ ဖွင့်လှစ်အုပ်ချုပ်တဲ့ ကောလိပ် ရယ်၊ အစိုးရဖွင့်ထားတဲ့ တက္ကသိုလ်ရယ်၊ ထိုကောလိပ်၊ တက္ကသိုလ် နှစ်ခုမှာ တက်ရောက်ပညာသင်ကြားပြီးတဲ့ သံဃာတော်တွေဟာ အနည်းဆုံး M.A အောင်ကြပြီဆိုလို့ ရှိယင် အင်္ဂလိပ်လို ကောင်းစွာ ရေးတတ် ပြောတတ်တယ်။ M.A တို့ Ph.D တို့ဆိုယင်တော့ ပြောစရာမရှိဘူး။ ကမ္ဘာ လှည့်ပြီးတော့ သာသနာပြုတဲ့အထိပါပဲ၊ ပညာသင်ကြား ရေးစနစ်က အဲဒီလို ရှိပါတယ်ဘုရား။''
ဒါဖြင့်ရင် အဲဒီပညာသင်ကြားရေး စနစ်မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းတဲ့ကျမ်းစာတွေကို ပြောပြစမ်းပါ ဆိုတော့ ပြဋ္ဌာန်းတာတွေကို ပြောပြတယ်။

ဆက်လက်ဖော်ပြသွားပါမည်

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP