* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, August 13, 2009

စေတနာ နောက်ကွယ်

*တစ်နေ့ နေ့  နေ့ စဉ်ရက်ဆက် ချွေးစက်တွေက
တစ်စစ နေ့ တာရှည်လာပြီး။
*အဆက်မပြတ် လည်ပတ်နေတဲ့  ရာသီခွင်ထဲ
ဂြိုလ်စာက ငါ့ချည်းပဲ ဖြစ်နေတာပါလား။
*ရှားမီးကိန်းထဲ နစ်မွန်းလိုက် ဟိုမရောက်ဒီမရောက် သူအိုကိန်းလဲ
အောင့်သက်သက်မျောရင်း ကံကောင်းခြင်း လာဘံက
ဘယ်များကျကျန်ရစ် လေသလဲ။
*စုတ်ကိန်း ထဲရောက်ပြန်တော့ မှုးမေ့လောက်တယ်၊
အလည်လွန်တဲ့ နားရွက်ကား အပေါင်းပါတစ်သိုက်
ငါ့ကိုချည်း တစ်အားစိုက် သားကောင် အမှတ်ထားနေကြ။
*အိမ်ရှင်က အချိုရည်အေး တိုက်ကျွေးပါတယ်
ငြင်းပယ်ကြတာ အမုန်း ဂိတ်အဆုံး ရာသက်ပန်
စွန့် လွတ်ထားတယ်တဲ့ 
တကယ့်ဒယ်.......အချိုမှတော့ မခါးစေချင်လို့ ပေါ့၊
တမော့မော့နဲ့  မော့ဆိုတာချည်း...ခွီး။
*ရှိရှိသမျှ အားလုံးကလည်း လူနာချည်းပါပဲ
အိပ်ကပ်ထဲ ပိုက်ဆံ ပိုက်မိရင် ခေါင်းကိုက်တတ်တဲ့ 
ကမ္ဘာ့ဝေဒနာရှင်တွေ ချည်း၊
ငါ့ကျ ခူးယူလို့ ရတာ မှတ်လို့ ။
*အေးပါ.....မင်းတို့ တွေ ဆုပ်ကိုင်ထားတဲ့  လက်နဲ့ 
ဘယ်အရာမှ ခံယူလို့  မရတာ သိတဲ့ တစ်ချိန်ချိန်
အိမ်း....ငါ့ စေတနာလဲ ဝေဒနာစွဲကပ် ဖျားနာတတ်နေလောက်ပေါ့။
ဥက္ကာပျံ(ဘီလူးကျွန်း)

Read more...

စွန့်လွှတ်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏...

သဇ္ဈာယသုတ် - (စီးဖြန်းခြင်း၊ သရဇ္ဈယ်ခြင်း)

အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ ထိုရဟန်းသည် ရှေးက သရဇ္ဈာယ်ခြင်းများသည်ဖြစ်၍ အချိန်ကြာမြင့်စွာ နေခဲ့ပြီးမှ နောက်အခါ၌ ကြောင့်ကြမဲ့ ဆိတ်ဆိတ် နေလျက် ဖလသမာပတ် ချမ်းသာဖြင့် ကာလကို လွန်စေ၏၊

ထိုအခါထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်း၏ သရဇ္ဈာယ်သော တရားတော်ကို မကြားရသည် ဖြစ်၍ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

''ရဟန်း အဘယ့်ကြောင့် သင်သည် တရားတော်တို့ကို မသရဇ္ဈာယ်သနည်း၊ ရဟန်းတို့နှင့် ပေါင်းဖော်သောသူသည် တရားကို နာရသောကြောင့် မျက်မှောက် ဘဝ၌ ကြည်ညိုခြင်းကိုလည်းရပါ၏၊ ချီးမွမ်းခြင်းကိုလည်း ခံရပါ၏'' ဟု လျှောက်၏။

''ငါတို့သည် အရိယမဂ်သို့ မရောက်သေးမီ ရှေးအခါက တရားတော်တို့၌ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ဆန္ဒဖြစ်ပေါ်ခဲ့ပြီ၊ အရိယမဂ်သို့ ရောက်ပြီးသော အခါ၌မူကား မြင်အပ် ကြားအပ် တွေ့ထိအပ်သော တရားအားလုံးကို သိ၍ စွန့်လွှတ်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏'' ဟု မိန့်ဆို၏။ 230

၁ဝ - သဇ္ဈာယသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

အားကိုးရှိပါတယ်-၁၄... (ဓမ္မဒူတ အရှင်ဆေကိန္ဒ) vcd

ဆရာတော် အရှင်ဆေကိန္ဒ (ဓမ္မဒူတ)

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

အားကိုးရှိပါတယ်-၁၄... (ဓမ္မဒူတ အရှင်ဆေကိန္ဒ) vcd
video



Read more...

စည်းရုံးရေးနှင့် နည်းပညာ. (ဆင်းရဲသားပပျောက်ရေးတရားတော်...)

နည်းစဉ် - ၇


စည်းရုံးရေးနှင့် နည်းပညာ


ဒါနှင့်ဆက်စပ်ပြီးတော့ ပြောစရာလေးတစ်ခု ပြောရအောင်။ တစ်ချိန်တုန်းက ဘုရားလက်ထက်လောက်ကပါပဲ။ အဇာတသတ် မင်းကြီးက လိစ္ဆ၀ီ မင်းတွေကို ရည်ညွှန်းပြောတဲ့ စကားနှစ်ခွန်းရှိတယ်။ ဒါလောက် တန်ခိုးထွားနေတဲ့ လိစ္ဆ၀ီတွေ ဒါလောက် အစွမ်းအာနုဘော်ကြီးနေတဲ့ လိစ္ဆ၀ီတွေတဲ့၊ ကျန်တာတွေက တော့ထားလိုက်ပါတော့ မပြောတော့ပါဘူး။ အဲဒီ ဒါလောက် တန်ခိုးကြီးတဲ့ ဒါလောက် အစွမ်းအာနုဘော် ကြီးတဲ့ ဆိုတဲ့ စကားနှစ်ခွန်း ကို အဌကထာ ဋီကာ တွေဖွင့်ပြပါတယ်။


“တန်ခိုး ဆိုတာ ဘာလဲ” ဒီနေရာမှာ ဒီဟာ မရှိဘူး၊ အဲဒီဟာ ရှိအောင်လုပ်နိုင်တာ တစ်ခိုးပဲ။ ခုခေတ်စကားနှင့် ပြောလျှင်တော့ ဒီမြစ်ကြီးပေါ်မှာ နဂိုက တံတားမရှိဘူး။ အခု တံတားဖြစ်အောင် ထိုးလိုက်နိုင်တယ် ။ ဒါဟာ တန်ခိုးပါပဲ။ ဒီလို တန်ခိုးကြီးအောင် ဘာလုပ်သင့်သလဲ၊ ညီညီညွတ်ညွတ် ရှိအောင် စည်းရုံးပါတဲ့။ စည်းရုံးနိုင်လို့ ညီညွတ်မှု ရလလျှင် ခွန်အားတိုးပြီးအရာရာ တန်ခိုးနှင့် ဖန်ဆင်းသလို ဟောတစ်ခု ဟောတစ်ခု ရလောက်အောင်ကို အောင်မြင် ပြီးစီးအောင် ဆောင်ရွက်နိုင်ပါတယ်။


“အစွမ်းအာနုဘော် ဆိုတာ ဘာလဲ” အစွမ်းအာနုဘော်ဆိုတာ အောင်မြင်အောင် လုပ်နိုင်ခြင်း အတူတူ၊ ပိုပြီးတော့ ကောင်းအောင်၊ ပိုပြီးတော့ အသုံးဝင်အောင် ပိုပြီးတော့ လျှင်လျှင်မြန်မြန် ပြီးစီးအောင် လုပ်နိုင်တာ အစွမ်းထက်မြက်တာကို ပြောတာပါ။ ဒီလိုဖြစ်အောင်တော့ နည်းပညာ တတ်ကျွမ်းရအောင် ထက်မြက်အောင် ရှာဖွေသင်ယူလေ့ကျင့်ယူရပါတယ်။ ခုခေတ်စကားနှင့် ပြောရလျှင် ဧရာမ သစ်တုံးကြီး တစ်တုံးကို ညီညီညာညာ ၀ိုင်းထမ်းကြမယ်ဆိုလျှင် လိုအပ်တဲ့နေရာ ရွှေ့ ယူနိုင်မှာပါ။ နည်းပညာ အစွမ်းထက်လျှင်တော့ လူအများကြီး မလိုတော့ ပါဘူး။ ခလုပ်နှိပ် ကရိန်းနှင့် ရွှေ့ရုံပါပဲ။ ဒါကြောင့် မို့လို့ တိုင်းပြည်ကောင်းစား ရေး၊ အများ ကောင်းစားရေး လုပ်ကြတဲ့အခါမှာ စည်းရုံးမှု နှင့် နည်းပညာ အရေးကြီးဆုံးပါပဲ။ ဒီပုရောဟိတ် ကြီးက စည်းရုံးရေး အင်မတန်ကောင်းတော့ အံ့မခန်း အကောင်အထည်ဖော်နိုင်သွားတယ်။ နည်းပညာ ကျွမ်းကျင်တော့ နှစ်များများ မကြာဘဲ အချိန်တိုအတွင်းမှာ လိုချင်တဲ့ အခြေအနေ ရောက်အောင် ဖန်တီးယူနိုင်လိုက်တာပဲ။


ဆင်းရဲသားတစ်ယောက်ကို လူချမ်းသာ ဆယ်ယောက် မ, မရ


မြန်မာမှာ စကားပုံတစ်ခု ရှိတယ်။ “ဆင်းရဲသား တစ်ယောက်ကို လူချမ်းသာ ဆယ်ယောက် `မ´ မရဘူး” တဲ့။
ဟုတ်တန်သလောက်တော့ ဟုတ်မှာပေါ့၊ မဖြစ်မနေမအောင်မြင်မချင်းဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်မည့် ပုဂ္ဂိုလ်များကတော့ လက်မလျှော့သင့်ပါဘူး။ အဘက်ဘက် က လိုအပ်တာမှန်သမျှ အကူအညီပေးခြင်း၊ ထောက်ပံ့ ခြင်း၊ လေ့ကျင့်ပေးခြင်းတွေ ပြုလုပ်သလို ကံကိုလည်း မြှင့်တင်ပေးမှပေါ့။ အကောင်းဆုံး ကုသိုလ်လုပ်နည်းတွေပါ သင်ပေးမှပေါ့။


နောက်ဆုံး ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေ မှာတောင်၊ အိမ်ထောင်စု တစ်စု၊ မိသားစု တစ်ခုမှာ ကုသိုလ်ကံ ရှိသူ ကံကောင်းသူဟာ သဘာဝအလျောက် ပါလာတတ်စမြဲပါ။ အဲဒီပုဂ္ဂိုလ်ကို ဦးစားပေးပြီးတော့ ထောက်ပံ့ ကူညီ ပံ့ပိုးပေးမည်ဆိုလျှင် ဘာကြောင့်ဒီနိုင်ငံမှာ ဆင်းရဲသား ရပ်ကွက် ဆင်းရဲသားရွာ ဆင်းရဲသား မိသားစု ရှိတော့မှာလဲ။ အစိုးရပိုင်းက လိုအပ်သလို ကူညီပံ့ ပိုးပေးနိုင်သလို ပုဂ္ဂလိက အဖွဲ့အစည်းများ တစ်ပိုင် တစ်နိုင် တတ်နိုင်သူများ အများအကျိုး သယ်ပိုးလိုသူများ၊ ဒီအတိုင်း ကြည့်မနေ နိုင်သူ မိသားစု ၀င်များ ဆွေမျိုး မိတ်သင်္ဂဟ များက “အများချမ်းသာ မှ ပတ်ဝန်းကျင် သာယာချမ်းသာမယ်၊ ပတ်ဝန်းကျင် သာယာ ချမ်းသာနေမှ ကိုယ်လည်းချမ်းသာမယ်” လို့ သဘောပေါက်ပြီး ကြိုးစားကြမည် ဆိုလျှင် အောင်မြင်မှု ရမှာ လုံးဝ သေချာပါတယ်။



Read more...

လူတွင် လူလွန် လွှားတံခွန်သို့...

အယူမယွင်း၊ ဆောက်တည်ခြင်းဖြင့်
ကံရင်းမူလ၊ ၀ိရိယနှင့်
ဉာဏထောက်ကူ၊ ရှိသည့်သူမှ
လူတွင် လူလွန်၊ လွှားတံခွန်သို့
လူမွန်တစ်ယောက်၊ တစ်ခေါ်လောက်အောင်
ခါရောက်ချိန်ဆုံး၊ တုမဲ့နှုန်း၍
ရွှေဘုန်းမော်ရမည်ကိုသာ...
(မာဃဒေ၀ပျို့)


Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၀)

နောင်ရေး အေးရအောင်

သရဏဂုံစွဲ၊ သီလမြဲ၊ ဘာဝနာလဲတွဲ။ သံသရာ အရေးမျှော်ကာတွေး နောင်ရေးအေးအောင် ကြိုးစားကြ။

အခွင့်ကောင်းကို လက်မလွတ်ကြစေနဲ့ 

ယောဂီသူတော်စင်များအားလုံး လူ့ ဘ၀ရခိုက် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး နဲ့  တွေ့ ကြုံနေခိုက်၊ ကျန်းမာရေးနဲ့ လည်း ပြည့်စုံနေတုန်း အခွင့်အခါကောင်းကို လက်မလွတ်ကြစေဘဲ၊ ၀ိပဿနာဘာဝနာတရားကို ကြိုးစားအားထုတ်သင့်ကြပါတယ်လို့  ဘုန်းကြီးကသတိပေးပါတယ်။

ဝေဒနာရှောင်ခွာနည်း သုံးမျိုး

ယောဂီသူတော်စင်တွေ တရားမှတ်တဲ့အခါမှာ ကိုက်ခဲညောင်းညာ ဝေဒနာပေါ်လာပြီဆိုရင် ဝေဒနာရှောင်ခွာနည်း ( ၃ ) မျိုး ရှိတယ်။ ပူးကပ်ခွာ၊ ရှောင်ခွာ၊ နဲနဲလေးဣရိယာပုတ်ကို ပြင်ပြီးတော့ခွာ၊ နောက်ဆုံးနည်းကတော့ အာစရိယ၀ါဒအရ အညံ့ဆုံးဝေဒနာခွာနည်းဖြစ်တယ်။

ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စီးဖြန်းတဲ့အနေဖြင့် ဝေဒနာရဲ့ သဘောသိအောင် ဝေဒနာရဲ့ နောက် အသာကပ်လိုက်သွားပြီး ရှုမှတ်ပွားများခြင်းကို ဝေဒနာကို ပူးကပ်ခွာနည်းခေါ်တယ်။ မူရင်းအမှတ် ၀င်လေထွက်လေကိုပဲ စိတ်စိုက်ပြီးတော့ ခံစားနေရတဲ့ဝေဒနာကို ဂရုမစိုက်ဘဲ မှတ်နေခြင်းကို ဝေဒနာရှောင်ခွာတဲ့နည်းလို့  ခေါ်တယ်။ ခံစားနေရတဲ့ဝေဒနာကို မခဲသာတဲ့အဆုံး မှတ်စိတ်ကလေးနဲ့  ဣရိယာကိုပြင်ပြီးတော့ မှတ်ခြင်းကိုတော့ အညံ့ဆုံးဝေဒနာခွာနည်းလို့  မှတ်ရမယ်။

Read more...

ထေရ၀ါဒ နှင့် မဟာယာန

ထေရ၀ါဒ နဲ့ မဟာယာန ရဲ့ ကွဲပြားခြားနားမှုကို သုံးသပ်ရာမှာ သံဃာသနာတင်မှတ်တမ်းတွေဟာ မပါမဖြစ်လိုအပ်ပါတယ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃) လ အကြာမှာ အရှင်မဟာကဿဖ ဦးစီးပြီးတော့ ပထမသံဃာယနာကို ရာဇဂြိုလ်မှာလုပ်တာ သိပြီး ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ အရှင်မဟာကဿဖ ရဲ့ သုံးသပ်စီမံပုံ ဟာ စိတ်ဝင်စားစရာကောင်းတယ် ။ ဘုရားရှင်ခေတ် ရဟန္တာပေါင်း သောင်း၊သိန်း ချီပြီးရှိနေတဲ့ အဲဒီအချိန်မှာ အရှင်မဟာကဿဖ က သံဃာယနာအတွက် အဖွဲ့ဝင် (၅၀၀) ပဲ ရွေးချယ်မယ်လို့ ကြေငြာတယ်။ သံဃာ ယနာ (၆)ကြိမ်မှာ ရဟန်းအရေအတွက် (၅၀၀)ပဲ ၊ ပင့်ဆောင်တာ (၂) ခုပဲရှိတယ်။ ပထမနဲ့ စတုတ္ထ အကြိမ်တွေပေါ့ ။ စတုတ္ထကတော့ စစ်ပွဲတွေနဲ့ တိုင်းပြည်မငြိမ်သက်တဲ့ ကာလမို့ (၅၀၀) ပဲ တက်ရောက်တာ သဘာဝကျပေမယ့် ပထမသံဃာ ယနာကတော့ ဒီထက်များသင့်တယ်လို့ ယူဆရတယ်။
ဒါပေမယ့် အရှင်မဟာကဿဖ က အဖွဲဝင်ရွေးချယ်မှုအတွက် အချက်(၂)ချက် ကန့်သတ်လိုက်တယ်။
(၁) ရဟန္တာ စင်စစ်ဖြစ်ရမယ် ။ ဘာကြောင့်ဆိုရင် ရဟန္တာ စင်စစ်ဖြစ်မှ အဂတိတရား(၄) လိုက်စားမှု ကင်းမယ်။ သံဃာယနာ အခမ်းအနားမှာ ငါ့ဆရာရဲ့ နည်းကမှ မှန်တာ ၊ ဒီနည်းက မမှန်ဘူး စတဲ့ ငါစွဲ၊ဆရာစွဲကင်းမယ်။ ကမ္မဋ္ဌာန်းပေးပုံတွေ အဘိဓမ္မာပိုင်းတွေ မှာ ဆရာဝါဒတွေ ပါနေလို့ ဖြစ်တယ် ။ ဒီလိုမဟုတ်ရင် အငြင်းပွားတဲ့ ပြဿနာတွေ ရှိလိမ့်မယ် ။

(၂) ဘုရားရှင်ဟောထားတဲ့ တရားတွေ အားလုံးကို သိရမယ် ။ ပိဋကတ် (၃)ပုံ ကို တတ်ကျွမ်းပြီးသားဖြစ်ရမယ် တဲ့ ။ စာလိုပြောရင်တော့ ပဋိသမ္ဘိဒါ (၄)ပါး ရ ရဟန္တာ ဖြစ်ရမယ် လို့ ဆိုတယ်။ ပိဋကတ် (၃)ပုံ ကို အကုန်သိနေမှလဲ ဒီတရားကို ဘုရားဟောတယ် ၊ မဟောဘူး ဆိုတာ ခွဲခြားပေးနိုင်မယ်။ စိစစ်ပေးနိုင်မယ်လေ။ ပထမဆုံး အကြိမ် လုပ်ရတာဆိုတော့ မဟာသက္ကရာဇ် (၁၀၃) ၊ ဘီစီ (၅၈၈) ၊ ၀ါဆိုလပြည့် စနေနေ့ မှာ ဘုရားရှင်စဟောတဲ့ ဓမ္မစကြာတရားတော်ကနေ ၊ မဟာသက္ကရာဇ် (၁၄၈) ၊ ဘီစီ (၅၄၃) ၊ ကဆုန်ုလပြည့် ၊အင်္ဂါ နေ့ မှာ နောက်ဆုံးဟောတဲ့ မဟာပဋိနဗ္ဗာန သုတ်တော် အထိ အားလုံးကို စနစ်တကျ အတိအကျ စုဆောင်း မှတ်တမ်းလုပ်ကြရမှာပေါ့ ။

ပိဋကတ် (၃)ပုံကို အသိဆုံးကတော့ ညီတော်အာနန္ဒာပေါ့ ။ဒါပေမယ့် သူက သောတာပန်ပဲရှိသေးတယ်။ ရဟန္တာ မဖြစ်သေးဘူး။ ဒီတော့ အရှင်မဟာကဿဖ က အခြားသော သံဃာတော်များရဲ့ သဘောတူညီချက်ကိုယူပြီး အရှင် အာနန္ဒာကို အချိန် (၃)လအတွင်း လုပ်ရန် တာဝန် (၂)ခုပေးတယ် ။

(၁) ဘုရားဟောတရားတော်များအားလုံးကို အရေအတွက်၊ အကြောင်းအရာ ခေါင်းစဉ် အတိအကျတင်ပြရမယ်။
(၂) ရဟန္တာဖြစ်အောင် တရားကျင့်ရမယ်။(မလွယ်ဘူးနော် ၊ ဒီနေရာမှာ စိတ်ဝင်စားစရာတွေ အများကြီးပဲ ရှိတယ်။ အရှင် အာနန္ဒာ ကြုံရတဲ့ ပြဿနာတွေ၊ တရားတော်တော်နဲ့ မတက်နိုင်တာတွေ ၊ ရက်နီးလာလို့ Pressure များလာတာတွေ အများကြီးပဲ )
ထားပါတော့ ။ အရှင် အာနန္ဒာရဲ့ ၀န်ခံချက်ရပြီးတာနဲ့ အရှင်မဟာကဿဖ က ဒီ ရဟန္တာ (၅၀၀) ကလွဲရင် တခြားသံဃာတွေ အားလုံးရာဇဂြိုလ်က ထွက်သွားရမယ် ။ တခြားဒေသတွေမှာပဲ ၀ါ ဆိုရမယ်လို့ အမိန့် မှတ်တယ်။

အရှင် အာနန္ဒာ ဓမ္မ နဲ့ အရှင်ဥပါလိ ၀ိနယကို တင်သွင်း လျှောက်ထားကြတယ်။ ဓမ္မဆိုတာ သုတ္တန် + အဘိဓမ္မာ လို့ နားလည်ရင် အဘိဓမ္မာကို ဘုရားမဟောဘူးဆိုတဲ့ ပြဿနာပြီးသွားမယ်။

သံဃာယနာမှာ ကြုံရတဲ့ ပြဿနာတစ်ခုကတော့ ၀ိနယ အပိုင်းမှာပဲ ။ မြတ်စွာဘုရားရှင်ဟာ သူ့ရဲ့ နောက်ဆုံးအချိန်မှာ ညီတော်အာနန္ဒာကို တစ်ခုမှာတယ်။ …. “ ညီတော် အာနန္ဒာ၊ ငါဘုရား လွန်သောအခါ သံဃာတော်တို့သည် ပညတ်ထားတဲ့ သိက္ခာပုဒ်တွေထဲမှာ အငယ်စား အသေးအနုပ် ( ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တွေကို နုတ်ပယ်လိုက နုတ်ပယ်လော့ “ ….. ဒီလိုမှာခဲ့တယ်။ ဒါပေမယ့် သောကတွေနဲ့ ပူဆွေးနေတဲ့ အာနန္ဒာက…….. “အငယ်စား အသေးအနုပ် ( ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တွေဟာ ဘာတွေလဲ ဘုရား” ….€¦. “ဆိုတာ မေးလျှောက်ဖို့ မေ့နေခဲ့တယ်။ သူကလဲ အဲဒီတုန်းက သောတာပန်ပဲ ရှိသေးတာကိုး။

ဒီတော့ သံဃာယနာမှာ ဘာတွေကို ပယ်မလဲ ဆိုတာ ဆွေးနွေးကြတော့ အရှင်မဟာကဿဖ က - “…ဗုဒ္ဓကိုယ်တော်ရှင်မြတ် ပြုထားတဲ့ အရာတွေကို ဗုဒ္ဓရှင်တော်သာ ပယ်ဖျက်သင့်တယ်။ တကယ်လို့ တို့က ပယ်ဖျက်တယ်ဆိုပါတော့ ၊ ပုထုဇဉ် ရဟန်း၊ရှင်လူတွေက …ကြည့်စမ်း - ဗုဒ္ဓပရိနိဗ္ဗာန်ပြုလို့ တေဇောဓာတ်တောင် မငြိမ်းချင်သေးဘူး၊ သူ့တပည့် ဆိုတဲ့ သံဃာတွေက သူ့စကားတွေကို ပယ်ကုန်ကြပြီလို့ ဆိုကြလိမ့်မယ်။ ဒီလို အကြည်ညိုပျက်ရင်( ရဟန္တာတွေကို စော်ကားပြောဆိုမိရင်) သူတို့ အပြစ်ဖြစ်ကုန်လိမ့်မယ် ။ဒီတော့ ဗုဒ္ဓမိန့်ကြားချမှတ်ခဲ့တဲ့ ၀ိနည်းတွေကို နဲနဲမှ မပြင်ကြပါနဲ့ ….” လို့ မိန့်ကြားခဲ့တယ်။ ဒိဋ္ဌိဆရာကြီး (၆)ယောက်ရဲ့ တပည့်တွေကလည်း ခေါင်းထောင်လာဦးမယ်။

ဒုတိယ သံဃာယနာမှာတော့ ၀ဇ္ဖီတိုင်းသား ရဟန်းများ (ဒေ၀ဒတ်ရဲ့ တပည့်များ)က အဓမ္မ၀တ္ထု (၁၀)ပါးတောင်းဆိုကြတယ်။ နေ - လက်တစ်သစ်လွဲသည်အထိ ဆွမ်းထမင်းစားရန် ၊ သေန(အရက်ပျော့ပျော့)သောက်ရန် (အခုလည်း သောက်ကြတာပဲလေ) ၊ ရွှေ ၊ငွေများကို သာမာန်လူများလို ကိုင်တွယ် အသုံးပြုရန် စသည်တွေ တောင်းဆိုလာရာမှာ သာသနာတော် ညစ်နွမ်းမှာဆိုးပြီး ဒုတိယ သံဃာယနာကို သာသနာနှစ်(၁၀၀)မှာ တင်ခဲ့ရပြန်တယ်။ အတိုချုပ်ရရင် ဒီ ရဟန်းပျက် (၁၀၀၀၀) ကို သံဃာယနာတင် ရဟန္တာ (၇၀၀) ၊ ဒကာတော် ကာလာသောကမင်း နဲ့ ပြည်သူတွေက တိုင်းပြည်က နှင်ထုတ်လိုက်ကြတယ်။ ဒီရဟန်း ( ၁၀၀၀၀ ) ခန့်ဟာ ကောသမ္ဘီပြည် ၊ ဟိမ၀န္တာ တောင်ခြေနားမှာ ဘုရင်တစ်ပါးက ခိုလှုံ ခွင့်ပေးလိုက်လို့ စင်ပြိုင်. သံဃာယနာတင်ကြတယ်။ တက်ရောက် ရဟန်း (၁၀၀၀၀) ဆိုတော့ ပိုပြီးတောင် အင်အားကြီးတယ်ဆိုပြီး တော့ ….မဟာသံဃိကဂိုဏ်း…. လို့ ခေါ်ကြတယ်။ ဒါပေမယ့် တချို့ စာအုပ်တွေမှာ….မဟာသင်ဂီတိဂိုဏ်း…..လို့ အကိုဖတ်ရတယ်။ ဒါကလည်း တောင်ပိုင်းဟိနယနသုံး ဒီပ၀င် ၊ မဟာဝင် ၊ ပါရာဇိကဏ် အဋ္ဌကထာ တို့ က အမည်လို့ ဆိုပါတယ်။ဒီအဖြစ်အပျက်ဟာ မဟာယာန ရဲ့ အစဖြစ်ပါတယ်။

ဒီ ဂိုဏ်းကြီး (၂)ဂိုဏ်းကနေ မကြာခင်မှာပဲ (၁၀) ဂိုဏ်းအထိ ဖြစ်သွားတယ်။ အခုတော့ ( ၃၀၀ ) ကျော်နေပြီတဲ့ ။ ဂိုဏ်းတွေ ကွဲသွားကြပုံကို ( သံဃာယနာသမိုင်း စာအုပ်မှာ ဖတ်ပါနော် ။ မရေးတော့ဘူး။ www.elibrary.com.mm မှာ ရှာတွေ့ပါလိမ့်မယ် ။ ဒီစာအုပ်ရော တခြား အများကြီးရှိတယ်။ )

ဒီလိုနဲ့ မဟာယနတွေကတော့ မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမိန့်မှာချက်ကို ကိုင်စွဲပြီး ကြိုက်သလို ပြင်ကြရာကနေ ဒီလောက်ကွာကုန်ကြတာပဲ ။ သူတို့ကလည်း ဘုရားမှာသွားတာပဲ ၊ လိုအပ်ရင်ပြင်မယ်လို့ ခံယူထားတော့ မှန်သလိုဖြစ်နေတာပါပဲ ။ အကြီးအကျယ်ကွာတာက၀ိနည်း ပိုင်းမှာပေါ့ ။ နောက်တစ်ခုရှိသေးတယ်။ အောက်မှာ ဆက်ရှင်းပြမယ်။ ဒီတော့လည်း မူရင်းအတိုင်း မပြင်တာက ထေရ ၀ါဒ …မထေကြီးများ၏ ၀ါဒလို့ ဖြစ်လာတယ်။
ဒီတော့ အဓိက (၂)ခုရဲ့ နှိုင်းယှဉ်မှုကို စပြောရအောင်။ Ven. Dr. W. Rahula ရဲ့ Theravada-Mahayana Buddhism စာအုပ်ကို ပြန်ုပြီး ကိုးကားပါမယ်။ မူရင်းကိုလဲ ရေးပေးပါမယ်။

ထေရ၀ါဒနဲ့ မဟာယာန ဘာကွာလဲ ။
(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်ဟာလဲ နှစ်ဖက်လုံးရဲ့ တရားပါပဲ။
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ဟာလဲ နှစ်ဖက်လုံးမှာ အတူတူပါပဲ။
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပါဘူး။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်ရဲ့ အဓိက တရားအနှစ်တွေမှာ မကွဲပြားဘူးလို့ ဆိုရပါမယ်။

အနတ္တ ကို နှစ်ဖက်လုံးလက်ခံပါတယ်။ မဟာယနက အတ္တ၀ါဒ မဟုတ်ပါဘူး။ အကိုလည်း မဟာယန ဆရာတော်တွေကို မေးကြည့်ဖူးပါတယ်။ အတ္တ၀ါဒ ကို သူတို့လည်း လက်မခံပါဘူး။
မူရင်း -
(1) Both accept Sakyamuni Buddha as the teacher.
(2) The Four Noble Truths are exactly the same in both schools.
(3) The Eightfold Path is exactly the same in both schools.
(4) The Paticca-samuppada or the Dependent Origination is the same in both schools.
(5) Both rejected the idea of a supreme being who created and governed this world.
(6) Both accept Anicca,Dukkha, Anatta anf Sila, Samadhi , Panna .
These are the most important teachings of the Buddha and they are all accepted by both schools without questions.

အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ဘဲနဲ့ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။ ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ဒီတော့ တချို့က ဆိုပြန်တယ်။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒလို့ ဆိုကြပြန်တယ်။ ထေရ၀ါဒမှာ ဗောဓိသတ္တဟာ လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် ….အစုံပါပဲ ။

ဖားအောက်ဆရာတော်ဘုရား ဟောကြားတဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်မှာလည်း ဒီအကြောင်းတွေပါ ပါတယ်။ မဟာယာန မှာ က အရဟတ္တဖိုလ်ရပြီးသာ ရဟန္တာပုဂ္ဂိုလ်ဟာ ဒီ အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။ ဒီနေရာမှာ ဆရာတော်ကြီးက ဘုရားဟောနဲ့ သူတို့ အယူအဆ လွဲနေကြောင်း (၂)ချက်တုတ်ပြတယ် ။
ဓမ္မစကြာတရားတော်မှာ ပါတယ် ။
(၁) အကုပ္ပါမေ ၀ိမုတ္တိ (စေတောဝိမုတ္တိ -မူကွဲ ရှိတယ် ) = အရဟတ္တဖိုလ် ဥာဏ်တော်သည် မပျက်မစီးနိုင် ခံ့ခိုင်တည်တံ့လေပြီ ။

(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးတည်း ၊ ဘ၀အသစ်ဖြစ်ရန် မရှိတော့ပြီ ။ တဲ့ ။
ဒီ (၂) ချက်မှာတင် ဘယ်ဝါဒ ဟာပိုပြီး ဘုရားဟောနဲ့ ညီ မယ်ဆိုတာ သိသာနေပါတယ်။ ကဲ….ကွဲပြားမှုကတော့ ဒါပါပဲ ။
Solomon



Read more...

လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏...



ပဌမ အဿာဒသုတ် - (သာယာခြင်း)


ရဟန်းတို့ ငါသည် လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောက၌ ယင်းသာယာဖွယ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ သာယာဖွယ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ ငါသည် လောက၏ အပြစ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ ဖူး၏၊ လောက၌ ယင်း အပြစ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ အပြစ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ ငါသည် လောကမှ ထွက်မြောက် ရာကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောကမှ ထွက်မြောက်ရာကို သိရပြီ၊ လောကမှ ထွက်မြောက်ရာ ရှိရှိသမျှကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ် အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်တိုင်း မှန်စွာ ပိုင်ပိုင်နိုင်နိုင် မသိရသေးသမျှ ကာလပတ် လုံး နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ငါ ဝန်မခံခဲ့ပေ။ ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်တိုင်း မှန်စွာ ပိုင်ပိုင်နိုင်နိုင် သိသော အခါ၌မူကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွ သော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ''ငါ၏ အရဟတ္တ ဖိုလ်သည် မပျက်စီးနိုင်ပြီ၊ ဤဘဝသည် နောက်ဆုံးဘဝ ဖြစ်၏၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း သဘောသည် မရှိတော့ပြီ'' ဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပြီဟု (မိန့်တော်မူ၏)။ 105

၂ - ပဌမ အဿာဒသုတ်၊ သမ္ဗောဓဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဓမ္မပုံပြင် ( ၃၃ )

( ငွေမဟုတ်ဘူး မြွေ )

သာဝတ္ထိမြို့ပြင်ဘက်နားက လယ်ကွက်ထဲတွင် နံနက်စောစော ဝေလီဝေလင်းချိန်၌ လယ်သမားတယောက် လယ်ထွန်ရန် ပြင်ဆင်နေသည်။ ဘုရားရှင်သည် ယနေ့နံနက်စောစော၌ ကယ်ချွတ်ရမည့် ဝေနေယျတို့ကို ကြည့်တော်မူရာတွင် ထိုလယ်သမား၏ သောတာပန်ဖြစ်နိုင်ပုံကို၎င်း။ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာကို၎င်း။ မြင်တော်မူလေသည်။ ထို့ကြောင့် အသက်ကို ကယ်ဆယ်နိုင်ရန် အရှင်အာနန္ဒာကို အဖော်ခေါ်၍ ထိုလယ်တောသို့ ကြွတော်မူလေ၏။

လယ်သမားလည်း မကြွစဖူး ကြွရောက်လာသော မြတ်စွာဘုရားနှင့် အရှင်အာနန္ဒာကို အံ့အားသင့်စွာ လက်အုပ်ချီ၍ ကန်တော့လိုက်သည်။ ယမန်နေ့ညတုန်းက ခိုးသူတစုသည် မြို့တွင်းမှ ပစ္စည်းဥစ္စာရတနာတို့ကို ခိုးယူလာကြ၍ ထိုလယ်တောတနေရာတွင် ဝေစုခွဲကြကုန်၏။ ညမှောင်မည်းမည်းတွင် ငွေတထောင်ထုပ်တခု မဝေမိဘဲ ကျန်ရစ်ခဲ့ကြသည်။

ထိုနေရာအနီးသို့ မြတ်စွာဘုရား ကြွသွား၍ လက်ညှိုးညွှန်တော်မူကာ မြင်ရဲ့လား အာနန္ဒာ-အဆိပ်ထန်တဲ့ မြွေကြီး-ဟု မိန့်တော်မူရာ မြင်ပါသည် အရှင်ဘုရား၊ အဆိပ်ထန်တဲ့ မြွေကြီး-ဟု ဖြေတော်မူလေ၏။ ထို့နောက် ရှင်တော်ဘုရားနှင့် အရှင်အာနန္ဒာတို့ ပြန်ကြွသွားကြသည်။

လယ်သမားလည်း -ငါ့လယ်ထဲမှာ ရှိနေတဲ့ မြွေကြီးကို တော်ရာသွားအောင် ဖယ်ရှားပစ်မယ်-ဟု စိတ်ကူးဖြင့် သွားရာ ငွေထုပ်ကြီး ဖြစ်နေသည်ကို တွေ့ရ၏။ သို့ဖြစ်၍ လောဘရမ္မက် အစွယ်ထွက်ကာ ငွေထုပ်ကြီးကို ယူပြီးလျှင် တနေရာတွင် ရွှေ့၍၀ှက်တော့၏။

ပစ္စည်းရှင်တို့က ခြေရာခံ၍ လိုက်လာကြရာ ၀ှက်ထားသော ငွေထုပ်ကြီးကို တွေ့သွားကြသည်။ သို့ဖြစ်၍ အနီးတွင်ရှိသော လယ်သမားကို ဖမ်းကာ နန်းတော်သို့ ပို့ကြတော့၏။ ဘုရင်က သေမိန့်ချသည့်အတွက် ရိုက်နှက်ခေါ်သွားရာ နာကျင်လွန်းလှသဖြင့် ထိုလယ်သမားကို-ဒါကြောင့် မြတ်စွာဘုရားနှင့် အရှင်အာနန္ဒာတို့က ပြောတာကိုး။ အဆိပ်ထန်တဲ့ မြွေကြီး၊ အဆိပ်ဖန်တဲ့ မြွေကြီး-တဲ့။

ဤသို့ ထပ်တလဲလဲ ညဉ်းတွားနေသဖြင့် သက်ဆိုင်ရာတို့က နန်းတော်သို့ ပြန်ပို့၏။ သေချာစွာ စစ်မေးပြီး အကျိုးအကြောင်း သိရသဖြင့် အသက်ချမ်းသာရာ ရလေ၏။ ဤသို့လျှင် မြတ်စွာဘုရားက-ငွေ မဟုတ်ဘူး၊ မြွေ-မြွေ-တဲ့။ ဤငွေသည် မြင်သူတိုင်းအား လောဘရမ္မက် အဆိပ်တက်စေသည်။ ယခု လယ်သမားကို အဆိပ်တက်စေ၍ မြွေကြီးသဖွယ် ပြန်၍ပေါက်လေပြီ။ ပုထုဇဉ်သားမှန်သမျှကို ဒုက္ခပေးနိုင်လေသည်။
ကျမ်းကိုး။ ဓမ္မပဒ။

(အောင်အောင် )


Read more...

Chapter two: Eternal Truth



Gulukhan Bucheonimke Gwiuihamnida
Gulukhan Galeuchime Gwiuihamnida
Gulukhan Sunimdulke Gwiuihamnida

- The Three Refuges

The Bangkok Seon Club met again last Saturday night to discuss chapter two of Kun Daehaeng Sunim's book 'No River to Cross', and I was struck by just how rare and valuable an opportunity this is. Not only is it amazing to be able to continue studying Seon Buddhism at a Korean temple while living in Thailand, the friendliness and support of the group is something not often encountered, and very precious.

We started by chanting the three refuges, though in the Korean tradition it's more of a song than a chant, bowed, and took our places for a short meditation. The sit was led by Kun Hyaedan Sunim, who marked the start and finish with three strikes of the seon stick, and then we placed our cushions onto benches, which had been moved into a square, to briefly read again the first few pages and start the discussion.

The chapter opens with definitions of Hanmaum and Juingong, and I talked about how this book, and especially this chapter, has been important for me personally. I have a naturally devotional approach, and this teaching - to believe in, let go to, and observe the workings of Buddha-nature - has provided a better understanding of my faith, and a beautiful and adaptable practice I can go back to again and again.

Many of the people in the group have been studying Zen for decades, and although I admit the discussion sometimes became a little too complicated for me to follow, I enjoyed what I was able to understand and I was impressed at how a discussion at that level, concerning theories of perception and consciousness, was carried out regardless of language differences. Kun Young, the translator, deserves huge thanks.

But, of course, discussion has its limits. As Kun Daehaeng teaches in chapter two, "The eternal self cannot be described by words, and it cannot be revealed through discussion. Trying to know it conceptually is like trying to know the world while trapped inside of a barrel." Kun Hyaedan Sunim described it as being like a bird which has flown into a room. Banging its head against the window won't free it.

Rather, the bird must stop its frantic activity, rest, and examine how it came to be in the room in the first place. Then the way out will be clear. It reminded me a lot of Phra Cittasamvaro Bhikkhu's comments last week in his talk on wisdom. He also warned against too much conceptualisation and also suggested that simple resting, using time in practice to observe rather than engage, leads to peace and liberation.

People then talked about just that, about exactly how to practice. And, as nine o'clock approached, there was a fabulous and energetic discussion in response to a Korean visitor, in Bangkok for just the weekend, on why we need to practice at all. The meeting finished with the Four Great Vows, and the discussion continued in a nearby restaurant. Thank you again to everyone who made the evening possible.

Previous Seon Club posts:

  • Bangkok Seon: the first meeting
  • Chapter 1: Fundamental Questions

    Background posts:
  • Juingong
  • The Furnace
  • Hanmaum Journal
  • Buddha's birthday at Bangkok Hanmaum


  • Read more...

    အဘိညာသုတ္တန်



    052-Abainnyar.mp3 -


    Read more...

    *ပရိယတ္တိ သာသနဟိတအသင်း (သို့) စာတော်ပြန်ပွဲ အားလုံး၏ အရှင်သခင်*

    ၁၃၆၉-ခုနှစ်တွင် မိမိသည် အိန္ဒိယ နိုင်ငံသို့ အလည်အပတ် ရောက်ခဲ့၏။ ထိုသို့ ရောက်ရှိရင်း အိန္ဒိယ နိုင်ငံရှိ တက္ကသိုလ် များကို သွားရောက် လေ့လာခဲ့ ပါသည်။ ယင်းသို့ လေ့လာ အကဲခတ်ကြည့်သော အခါ အိန္ဒိယ တက္ကသိုလ်များရှိ ဗုဒ္ဓ စာပေဆိုင်ရာ ပါမောက္ခ များသည် ပါဠိစာပေနှင့် ပတ်သက်လျှင် မြန်မာ ရဟန်းတော်များကို လေးစားကြသည်ကို တွေ့ရ၏။ အခြားသော ထိုင်း၊ လာအို၊ ကမ္ဗောဒီးယား တို့မှ ရဟန်းတော်များ ကိုတော့ သူတို့သည် အထင် မကြီးကြ။ ထိုရဟန်းတော်များ ကလည်း မြန်မာ ရဟန်းတော်များလောက် ပါဠိ ပိဋကတ်စာပေ မတတ်မြောက်သည်ကို တွေ့ရ၏။
    အိန္ဒိယ နိုင်ငံကြီးသည် ဘာသာ စကားပေါင်းစုံ, လူမျိုးပေါင်းစုံ, ယဉ်ကျေးမှု ပေါင်းစုံ, ကိုးကွယ်ရာ ပေါင်းစုံတို့ဖြင့် ရောယှက်နေသည့် နိုင်ငံကြီး ဖြစ်၏။ စာပေသမိုင်း လူမျိုးရေး သမိုင်း ဘာသာရေး သမိုင်းစသည့် သမိုင်းမျိုးစုံကို စိတ်ဝင်စားသူများ လေ့လာသင့်သော နိုင်ငံကြီး ပေတည်း။ ထို့ကြောင့် နိုင်ငံမျိုးစုံက လူမျိုးပေါင်းစုံ တို့သည် မိမိတို့ စိတ်ဝင်စားသည့် အကြောင်းအရာ များကို စိတ်ပါဝင်စားစွာ လေ့လာနေကြ သည်ကို တွေ့ရပေသည်။

    နိုင်ငံမျိုးစုံမှ ထေရ၀ါဒ, မဟာယာန ဗုဒ္ဓဘာသာဝင်တို့ သည်ကား သံဝေဇနိယ ၄-ဋ္ဌာနကို အဓိက ထား၍ လေ့လာ ပူဇော်မှု ပြုကြလေသည်။ ထို ၄-ဋ္ဌာနတွင် အထူးသဖြင့် ဘုရား ဖြစ်တော်မူရာ ဗုဒ္ဓဂယာကို စိတ်ဝင်တစား သွားရောက် ဖူးမြော်ကြ လေသည်။ မိမိသည်လည်း ဗုဒ္ဓဂယာမှာ တစ်လလောက် နေထိုင်၍ မဟာဗောဓိ စေတီကို နေ့စဉ်လိုလိုပင် သွားရောက် ဖူးမြော်ခဲ့၏။

    မဟာဗောဓိစေတီ



    ဗုဒ္ဓဂယာ၌ သီရိလင်္ကာ နိုင်ငံပိုင် မဟာဗောဓိအမည်ရှိ အသင်းတိုက်ကြီးကို တွေ့ရပါသည်။ ထိုမဟာဗောဓိအသင်းကြီးသည် သူတို့နိုင်ငံမှ ခရီးသွားပြည်သူများ တည်းခိုနိုင်ဖို့ အတွက် အိန္ဒိယ နိုင်ငံအနှံ့ အဆောက်အဦးများကို တည်ဆောက်ထားပေသည်။ ထိုအသင်းတိုက်ကြီးကို တွေ့သော အခါ ငါတို့နိုင်ငံမှာလည်း မဟာဗောဓိအသင်းလို သာသနာပြုအသင်းကြီး ရှိရင် ကောင်းမှာပဲဟု တွေးရင်းဖြင့် သာသနာတော်အတွက် အလွန်အားကိုးရသော ``ပရိယတ္တိသာသနဟိတ´´ အမည် ရသည့် သာသနာပြုအသင်းကြီးကို စိတ်ထဲ၌ ပြေး၍ မြင်ယောင်မိပါသည်။

    လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်လောက်က မန္တလေးမြို့ရှိ မြို့မိမြို့ဖများသည် အမျိုး ဘာသာ သာသနာအတွက် အလွန်ကျေးဇူးများမည့် ခိုင်မာသောအသင်းအဖွဲ့ရှိသင့်သည်ဟု စဉ်း စားမိကြသည့်အတွက် အထင်ကရဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူကာ -

    ``ကမ္မဿကာ, လူဗိုလ်ပါတို့၊
    ငါနှင့်မဆိုင်, မတတ်နိုင်ဟု၊
    မပြိုင်ခင်ရှုံး, စိတ်နှလုံးကို၊
    ဒုန်းဒုန်းကြီးချ, ရှိချေကမူ၊
    ဗုဒ္ဓသာသနာ ကွယ်ပျောက်ရာ၏၊
    အမျိုးဘာသာ ကွယ်ပျောက်ရာ၏´´။

    ဟု နှိုးဆော်၍ ပရိယတ္တိသာသနဟိတအသင်းကြီး ဖြစ်ပေါ်အောင် ဆောင်ရွက်ခဲ့ကြပါသည်။ ယခုဆိုလျှင် အသင်းကြီး၏သက်တမ်းသည် နှစ်ပေါင်း ၁၀၀-ကျော်သွားပေပြီ။

    မန္တလေးမြို့ရှိ ``ပရိယတ္တိသာသနဟိတအသင်းကြီး´´သည် ဗုဒ္ဓသာသနာတော်အတွက် အသက်တမျှ အရေးပါလှပေသည်။ ယင်းအသင်းကြီးသည် မြန်မာ့သာသနာ၏ ရေသောက်မြစ်ဟု ပြောလျှင်ပင် ရနိုင်ပေ၏။
    ပရိယတ္တိအသင်းပိုင် ဗိမာန်အဆောက်အဦးကြီးမှာ မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူစရာ ကောင်းလှပေသည်။ ခန့်ငြားထည်ဝါလှသောဗိမာန်ကြီးမှာ တာဝတိံသာက ဝေဇယန္တာ ပြသာဒ်ကြီး ကိုပင် ပြက်ရယ်ပြုသကဲ့သို့ ရှိချေ၏။ မြန်မာမှုမြန်မာ့ဟန်တို့ဖြင့် တည်ဆောက်ထားသော ဗိမာန်ကြီးကို မြင်ရသူတိုင်းက ``ဟာ . . . ခန့်ငြားထည်ဝါလှပါဘိ´´ဟု ရင်သတ်ရှုမော အံ့သြ ဘနန်း ဖြစ်ကြလေသည်။

    မြန်မာနိုင်ငံအရပ်ရပ်ရှိ ပရိယတ္တိစာတော်ပြန်ပွဲများနှင့်ပတ်သက်လျှင် ဤအသင်းကြီးသည် ထိပ်ဆုံးအဆင့်မှာ ရှိ၏။ အနယ်အနယ်အရပ်ရပ်ရှိ စာတော်ပြန်ပွဲအသင်းများသည်လည်း ဤ အသင်းကြီးကိုသာလျှင် အားကိုးရ၏။ ဤအသင်းကြီး၏ မူဝါဒသည် စာတော်ပြန်ပွဲအားလုံး၏ မူဝါဒ ပင်ဖြစ်တော့သည်။ ထို့ကြောင့် ဤအသင်းကြီးသည် ´´စာတော်ပြန်ပွဲအားလုံး၏ အရှင်သခင်´´ဟု ပြောလျှင်ရနိုင်ပေသည်။

    ခိုင်မာတောင့်တင်း ပရိယတ္တိအသင်း

    အသင်းကြီးသည် သြ၀ါဒါစရိယဆရာတော်များ၊ စာထောက်စာမဆရာတော်များ၊ အဖွဲ့ဝင် လူကြီးများဖြင့် စနစ်တကျ ဖွဲ့စည်းထားခြင်းကြောင့် ခိုင်မာတောင့်တင်းလှ၏။ သြ၀ါဒါစရိယ ဆရာ တော်များကလည်း အသင်းကြီးကို အဘက်ဘက်မှ ပြည့်စုံအောင် လမ်းညွှန်ပြသတော်မူကြ၏။

    စာထောက်စာမဆရာတော်များကလည်း စာသင်သား ရှင်ငယ် ရဟန်းငယ်များကို ပိဋကတ် စာပေ ကျွမ်းကျင်စွာတတ်မြောက်ဖို့အတွက် စာပို့ချခြင်း၊ ပုစ္ဆာထုတ်ခြင်း၊ အဖြေလွှာ စစ်ဆေးခြင်း စသည်တို့ကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တော်မူကြ၏။ ထို့ကြောင့် အသင်းကြီးက အပ်နှင်း လိုက်သော ဘွဲ့ပုံ လက်မှတ်များကို မည်သည့်ပုဂ္ဂိုလ်ကဖြစ်ဖြစ် လေးလေးစားစားနှင့် အသိအမှတ် ပြုကြပေသည်။

    အဖွဲ့ဝင်လူကြီးများကလည်း ကိုယ်ကျိုးစီးပွားကိုစွန့်လွှတ်၍ အသင်းကြီးအတွက် လိုအပ် သည့် ဘဏ္ဍာငွေများကို ကိုယ်တိုင်လည်းလှူကြ၏။ အခြားအလှူရှင်များ၏ အလှူငွေများကို လည်း လက်ခံပြီး အသင်းကြီးရံပုံငွေအတွက် ထိန်းသိမ်းစောင့်ရှောက်ကြ၏။ တချို့အလှူရှင်များကလည်း အသင်းလူကြီးများ၏ သမာသမတ်ကြမှုကြောင့် မိမိတို့ပိုင်ဆိုင်သည့် အဆောက် အဦးကြီးများကို အသင်းကြီးအတွက် ရက်ရက်ရောရော လှူဒါန်းကြသည်မှာ ရွှေပြားခင်း၍ ကျောင်းမြေလှူသော ကျောင်းဒကာကြီးအနာထပိဏ်ကဲ့သို့ပင်တည်း။

    အဖွဲ့ဝင်လူကြီးများကလည်း အထိုအဆောက်အဦးများကို ဂရုတစိုက် ထိန်းသိမ်းစောင့် ရှောက်ထားပေသည်။ ယင်းအဆောက်အဦးများက အသင်းကြီးအတွက် လိုအပ်သလို အသုံးပြုရ မည့် ``ထာဝရငွေပဒေသာပင်´´များ ပင်တည်း။ အလွန်ကောင်းမွန်သောစီမံကိန်းဖြစ်၏။ အခြား အခြားသော အသင်းအဖွဲ့များ အတုယူစရာကောင်းလှပေသည်။

    ယင်းကဲ့သို့ ဆရာဒကာလက်တွဲ၍ ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်ကြခြင်းကြောင့် ယနေ့မြန်မာနိုင်ငံရှိ သံဃာထုတစ်ရပ်လုံးက ပရိယတ္တိစာပေနှင့်ပတ်သက်လာလျှင် အသင်းကြီးကို အလေးထားပြီး အားကိုးယုံကြည်လျက်ရှိပေသည်။

    ပြည်ပရောက်လာသောအခါ အသင်းကြီး၏ တန်ဖိုးကြီးမားပုံကို ပို၍ သိရပေသည်။ နိုင်ငံရပ် ခြားတိုင်းတစ်ပါးတို့၌ သင်တန်းပဲတက်တက် တက္ကသိုလ်ပဲတက်တက် မည့်သည့်ကိစ္စမဆို ငွေနှင့် အလုပ်လုပ်ရ၏။ ငွေမပါလျှင် အလုပ်မဖြစ်။ တက္ကသိုလ်တက်မည်ဆိုလျှင် တက္ကသိုလ်ဖီးကြေးကို သိန်းချီ၍ ပေးရ၏။ တက္ကသိုလ်အဆောင်နေမည်ဆိုသောအခါ အဆောင်နေထိုင်ကြေးကို ပေးရပြန် ၏။ ဆိုင်ရာရာဝန်ထမ်းများကလည်း ငွေရမှသာ အလုပ်လုပ်ကြ၏။ ထို့ကြောင့် သူတို့ဆီပြောကြ၏။ ´´ငွေသည် ဒုတိယဘုရား´´ဟူ၏။

    သို့သော် ဤအသင်းကြီးကား စာဖြေမည့်ရဟန်းတော်များအတွက် မည်သည့်ကိစ္စဖြစ် ဖြစ် ငွေပေးစရာမလိုပေ။ စာဖြေကြေးလည်း ပေးစရာမလိုပေ။ ဆွမ်းစရိတ်ကြေးလည်း ပေးစရာမလိုပေ။ စာရွက်စာတမ်းခလည်း ပေးစရာမလိုပေ။ အစစအရာရာအခမဲ့ရ၏။

    မည်သည့် အခကြေးငွေမျှ မပေးရသည့်အပြင် စာမေးပွဲအောင်မြင်လျှင် န၀ကမ္မအလှူတော် ငွေများဖြင့်ပင် ပူဇော်ကြပြန်၏။ အကျိုးဆောင်သည့်သူများကလည်း စေတနာ သဒ္ဓါ အရင်းအနှီး များဖြင့် လုပ်နေကြ၏။ ငွေကို တန်ဖိုးမထား။ စေတနာ သဒ္ဓါတရားကိုသာ တန်ဖိုးထားသော အသင်းကြီးပါတကား။

    နိုင်ငံခြားတက္ကသိုလ်များသည် ဘွဲ့ဒီဂရီယူဖို့အတွက် လာရောက်ကျောင်းတက်ကြသည့် ကျောင်းသားများကို အခကြေးငွေ တောင်း၏။ ထို့ကြောင့် နိုင်ငံခြားတက္ကသိုလ်များမှ ဘွဲ့ဒီဂရီရရှိ သူများသည် ပိုက်ဆံသိန်းချီပြီး ကုန်၏။ ဤအသင်းကြီးကား ဘွဲ့တံဆိပ်ရရှိသော ရှင်ရဟန်းများကို န၀ကမ္မအလှူတော်ငွေ သိန်းချီပြီး လှူ၏။ ဘွဲ့တံဆိပ်ရရှိသော ရဟန်းတော်များကို ပညာလည်း ပေး ပစ္စည်းဖြင့်လည်း ပူဇော်သည့် အသင်းကြီးပေတည်း။ နိုင်ငံခြားတက္ကသိုလ်များနှင့် နှိုင်းယှဉ် လျှင် ``ဆီနှင့်ရေ´´လို ကွာခြားလှပေသည်။

    ဆရာဒကာ လက်တွဲ

    ဤအသင်းကြီးမှ စာထောက်စာမဆရာတော်များကား မည်သည့်ထောက်ပံ့စရိတ်ကိုမျှ မမျှော်ကိုးဘဲ အသင်းကြီး၏လုပ်ငန်းတာဝန်များကို မိမိ၏လုပ်ငန်းတာဝန်ကဲ့သို့ တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်ကြ၏။ ထို့ကြောင့် မိမိသည် စာထောက်စာမဆရာတော်များကို ပို၍ ကြည် ညိုမိ၏။ ပို၍လေးစားမိ၏။ ထိုဆရာတော်များကား ``ဂုဏ်ပကာသန လာဘ်လာဘ´´ များကို အဆိပ်အတောက်ကဲ့သို့ သဘောထားကြဟန်တူလေသည်။

    မန္တလေးမြို့ တောင်ပြင်၌ သီတင်းသုံးလျက်ရှိသော နာမည်ကြီးစာချဆရာတော်တစ်ပါးဆို လျှင် စာပေပို့ချရာ၌ နာမည်ကြီးလှ၏။ အသင်းကြီး၏ အဓိကတာဝန်များကို ဆောင်ရွက်နေကြ သည့် ဆရာတော်များတွင် တစ်ပါးအပါအ၀င်ဖြစ်၏။ ထိုဆရာတော်သည် စာကြည့်၏။ စာချ၏။ စာရေး၏။ စာနှင့်နေ၏။ စာနှင့်ပျော်၏။ ဆွမ်းကွမ်းအတွက် သလုံးမြင်းခေါင်းကို အားကိုးကာ ဆွမ်းခံ ၏။ ထိုဆရာတော်၏ကျောင်း၌ မည်သည့်အဆောင်အယောင်မျှမရှိ။ မည်သည့် အဆောင် အယောင်ကိုမျှလည်း စိတ်ဝင်စားဟန်မတူပေ။ ဂုဏ်တုဂုဏ်ပြိုင်များသော ယနေ့ခေတ်ကြီး၌ ဤ ကဲ့သို့ အနေရိုး၍ အမြင်ဆန်းသောဆရာတော်များကား ရှာလေရှားလေပင်တည်း။

    အသင်းလူကြီးများကလည်း စေတနာ့ဝန်ထမ်းများဖြစ်ကြ၏။ မည်သည့်လစာမျှ ရရှိကြ သည် မဟုတ်ပေ။ ထိုသို့တစ်ပြားတစ်ချပ်မှ မရရှိကြဘဲ အသင်းကြီးအတွက် အားပါးတရ လုပ်ကိုင် ဆောင်ရွက်နေကြသည်မှာ သူတို့၏နှလုံးသားထဲ၌ ဘုရားအဆူဆူတည်ထားသောကြောင့် ဖြစ်ပေ လိမ့်မည်။ တကယ်စင်စစ်ကား အသင်းဝင်လူကြီးများသည် သူတို့၏ဘ၀ကို သာသနာတော်၌ မြှုပ်နှံထားကြသူများပင်တည်း။

    အသင်းကြီး၏လုပ်ငန်းများသည် သာမန်လုပ်ငန်းကလေးများ မဟုတ်ကြ။ သာသနာ့ဂေဇက် ၀င် အလုပ်ကြီးများဖြစ်၏။ ထိုသို့ကြီးမားသည့် အလုပ်ကြီးများကို လုပ်နေကြရကား အခက်အခဲ ပေါင်းများစွာကို တွေ့ကြုံရင်ဆိုင်ရပေလိမ့်မည်။ အဖွဲ့ဝင်လူကြီးများသည် ထိုအခက်အခဲများကို ဂရုမစိုက်ဘဲ မိမိတို့ ပန်းတိုင်ကို အရောက်လှမ်းနေကြသည်မှာ သာသနာပြု အသောကမင်းကြီး ကိုပင် အတု ယူနေရော့သလားဟု ထင်ရပေသည်။

    အသင်းကြီးက ကျင်းပပေးသည့် စာတော်ပြန်ပွဲများမှာ ၃-ခုရှိပေသည်။ သာသနာလင်္ကာရ စာတော်ပြန်ပွဲ၊ ပရိယတ္တိသာသနဟိဓမ္မာစရိယစာတော်ပြန်ပွဲ၊ နိကာယ်စာတော်ပြန်ပွဲတို့ ဖြစ်ပေ သည်။ ဤစာတော်ပြန်ပွဲများက မြန်မာနိုင်ငံ ပရိယတ္တိစာပေလောက၏ အထင်ကရ ´´ဒေါက်တိုင် ကြီး သုံးတိုင်´´ပင် ဖြစ်ပေသည်။

    သာသနာလင်္ကာရ သာမဏေကျော်

    ကိုးတိုင်းကိုးဋ္ဌာနကို ဗုဒ္ဓသာသနာပြန့်ပွားအောင် ဆောင်ရွက်ခဲ့သော ဓမ္မရာဇာ အသောက မင်းကြီး၏ ကျေးဇူးကြောင့် ယနေ့မြန်မာပြည်၌ ရှင်တော်မြတ်ဘုရား၏ အေးမြသည့်အရိပ်ကို ခိုလှုံရခြင်းဖြစ်၏။ အရင်းစစ်လျှင် အမြစ်မြေကဆိုသကဲ့သို့ အသောကမင်းတရားကြီးသည် ယင်းကဲ့သို့ နိုင်ငံတကာသို့ ထေရ၀ါဒဖောင်ဒေးရှင်းကို တည်ဆောက်နိုင်ခြင်းမှာ သာမဏေကျော် ကိုရင်နိဂြောဓ၏ ကျေးဇူးကြောင့်ပင်တည်း။

    ကိုရင်နိဂြောဓသည် ဘုရင်အသောက၏နှလုံးသားထဲသို့ ``အပ္ပမာဒေါ အမတံ ပဒံ- မမေ့မလျော့နေခြင်းသည် ချမ်းသာစစ်ချမ်းသာမှန်၏ အကြောင်းတရားပဲ´´ဟု စသည်ဖြင့် ဓမ္မ မျိုးစေ့ကို ချခဲ့၏။ ယနေ့ နိုင်ငံတကာသို့ရောက်ရှိနေသော ဓမ္မရောင်ခြည်များသည် ကိုရင်နိဂြောဓ ချခဲ့သည့် မျိုးစေ့မှ ဖြစ်ထွန်းပေါ်ပေါက်လာသော ``အသီးအပွင့်´´တို့ပင်တည်း။

    ဤအချက်ကို ကောင်းကောင်းနားလည်သည့် အသင်းလူကြီးများသည် သာသနာအခြေခိုင် စေဖို့အတွက် ရှင်နိဂြောဓကဲ့သို့သော သာမဏေကျော် ကိုရင်များကို မွေးထုတ်ပေးချင်၏။ ထို့ကြောင့် ``သာသနာလင်္ကာရသာမဏေကျော်စာတော်ပြန်ပွဲ´´ကို ကျင်းပခဲ့ကြပါသည်။

    သာမဏေကျော်စာတော်ပြန်ပွဲသည် ပိဋကတ်စာပေကို စတင်ခြေလှမ်းသည့် ရှင်သာမဏေ များအတွက် ဖြစ်ပေ၏။ သင်ရိုးညွှန်းတမ်းများက စနစ်တကျ ရှိလှသည့်အတွက် ပါဠိစာပေကို အချိန်တိုအတွင်းမှာပင် တတ်ကျွမ်းသွားပေ၏။ ထို့ကြောင့် ယင်းသာမဏေကျော်စာတော်ပြန်ပွဲကို ဆရာတော်ကြီးများက အလွန်နှစ်ခြိုက်တော်မူကြပါသည်။

    အသင်းကြီးမှ မွေးထုတ်ပေးလိုက်သော သာမဏေကျော်ဘွဲ့ရ ရဟန်းတော်များကို ပရိ ယတ္တိ စာသင်တိုက်များက အထူးတလည် အလေးထားပြီး နေရာပေးလျက်ရှိသည်ကို တွေ့ရပေ သည်။ ဆရာသခင် ကျေးဇူးရှင်သီတဂူဆရာတော်ကလည်း ``ငါတို့ဗုဒ္ဓတက္ကသိုလ်မှာ သာမဏေ ကျော်ဘွဲ့ရ ရဟန်းတော်များကို ဦးစားပေးပြီးခေါ်ရမယ်၊ သူတို့က ပိဋကတ်စာပေကို နှံ့နှံ့ စပ်စပ် သိတယ်´´ဟု မိန့်တော်မူဖူးပါသည်။

    လူတိုင်းလူတိုင်းက ပတ္တမြားကို သဘောကျသည်မှာ သူ့အဆင်းနှင့် သူ့အချင်းကြောင့်ပင် ဖြစ်၏။ ထိုနည်းတူစွာပင် သာမဏေကျော်ဘွဲ့ရ ကိုယ်တော်လေးများကို စာသင်တိုက်ကြီးများ ကလည်း ကြိုဆို၊ တက္ကသိုလ်များကလည်း ဖိတ်ခေါ်၊ နိကာယ်ကျောင်းတိုက်ကြီးများကလည်း လိုလား၊ တရားပြရိပ်သာကြီးများကလည်း လိုချင်ကြသည်မှာ အရည်အချင်း ပြည့်ဝသောကြောင့် ပင်တည်း။ ယင်းအရည်အချင်းကို တောက်ပြောင်အောင် သွေးပေးသည်မှာ အခြားမဟုတ်၊ ``ပရိယတ္တိသာသနဟိတဟူသော ကျောက်သွေးသမား´´ပင် ဖြစ်ပေသည်တကား။

    ပရိယတ္တိသာသနဟိတ (သကျသီဟ) ဓမ္မာစရိယ

    အပြင်လောက၌ ``သကျသီဟ´´ ဟု အမည်တွင်လျက်ရှိသော စာတော်ပြန်ပွဲမှာ ဤ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ စာတော်ပြန်ပွဲတည်း။ ထိုပရိယတ္တိသာသနဟိတ ဓမ္မာစရိယ သည် ခက်သလားဟုမေးလျှင် အဖြေပေးဖို့ မလွယ်ကူလှပေ။ တချို့က အလွန်အမင်း မခက်ပါဘူး ဟုပြော၏။ တချို့ကတော့ အလွန်ခက်ခဲသည်ဟုပြောကြ၏။ ခက်သည်ဟုပင်ဆိုဆို၊ မခက်ဘူးဟု ပင်ပြောပြော၊ ဤပရိယတ္တိသာသနဟိတ ဓမ္မာစရိယသည် နာမည်ကြီးသည်ကတော့ အမှန်ပင် ဖြစ်၏။

    အဘယ့်ကြောင့် နာမည်ကြီးသနည်း။ မေးခွန်းထုတ်သည့်ဆရာတော်များက ခက်ခဲနက်နဲ သည့် ပုစ္ဆာများကို ထုတ်ခြင်း၊ အဖြေမှန်များကိုလည်း တိတိကျကျ စစ်ဆေးခြင်း၊ စာဖြေရဟန်း တော်များကလည်း စည်းကမ်းရှိရှိ စနစ်တကျဖြေဆိုခြင်း၊ အသင်းလူကြီးများကလည်း စာအောင် သံဃာစာရင်းကို အတိမ်းအစောင်းမခံဘဲ မှန်မှန်ကန်ကန် ထုတ်ပြန်ကြေငြာခြင်းစသော အကြောင်း များကြောင့် နာမည်ကြီးခြင်းဖြစ်ပေသည်။

    ပရိယတ္တိလောကမှာပဲ ကြည့်ကြည့်၊ ပဋိပတ္တိလောကမှာပဲ ကြည့်ကြည့် မြန်မာ့သာသနာ့ ထိပ်ပိုင်း၌ အလုပ်လုပ်နေသည့်ဆရာတော်ကြီးများကိုကြည့်လျှင် များသောအားဖြင့် ဤအသင်းကြီး က ဆက်ကပ်သော ဘွဲ့တံဆိပ်ရ ဆရာတော်များဖြစ်နေသည်ကို တွေ့မြင်ရပေသည်။

    နှင်းဆီပန်းကို လူတိုင်းကြိုက်ခြင်းသည် သူ့အလှနှင့် သူ့ရနံ့ကြောင့် ဖြစ်၏။ ထိုနည်းတူစွာပင် ဤဘွဲ့တံဆိပ်ရရှိသော ရဟန်းတော်များကို ရဟန်းရှင်လူအားလုံးက လေးစားကြခြင်း ကြည်ညိုကြ ခြင်းမှာလည်း စစ်မှန်သောအရည်အချင်းရှိသောကြောင့်ပင်ဖြစ်၏။ ယင်းစစ်မှန်သော အရည်အချင်း ကို ပြုစုတည်ထောင်ပေးသူမှာ အခြားမဟုတ်၊ ``ပရိယတ္တိသာသနဟိတအမည်ရသည့် ဥယျာဉ်မှူး ကြီး´´ပင် ဖြစ်ပေသည်တကား။

    နိကာယ်စာတော်ပြန်ပွဲ

    ``သဒ္ဓါယတရတိ သြဃံ- ယုံကြည်မှုသည် သံသရာတည်းဟူသောဝဲဂယက်ကြီးကို (သို့မဟုတ်) အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်၏´´ဟု မိန့်တော်မူထားသည့်အတိုင်း သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသည် သဒ္ဓါတရားရှိဖို့လိုအပ်လှ၏။ သာသနာတော်ကို ယုံကြည် သည့် သဒ္ဓါမရှိလျှင် လမ်းမှားသို့ ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် ရှင်ရဟန်းများသည် ဘုရားဟော ပါဠိတော်များကို သင်ယူလေ့ကျက်ဖို့လိုအပ်လှပေသည်။

    အသင်းကြီးသည် ရှင်ရဟန်းများကို ဘုရားဟော ပါဠိတော်များ အလွတ်ကျက်မှတ်ပြီး သဒ္ဓါတရား တိုးပွားစေချင်၏။ ယင်းသဒ္ဓါတရားကို အခြေခံ၍ သာသနာပြုလုပ်ငန်းများ စွမ်းစွမ်းတမံ လုပ်စေချင်၏။ ထို့ကြောင့် နိကာယ်စာတော်ပြန်ပွဲကို ကျင်းပရခြင်းဖြစ်ပါသည်။

    ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ဟု ထင်မှတ်စရာကောင်းလောက် အောင် ခက်ခဲလှ၏။ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာဟူသော ဗိုလ်ငါးပါးဖြင့် ကျက်မှတ်မှသာလျှင် အောင်မြင်နိုင်သော စာမေးပွဲကြီးပင် ဖြစ်ပေသည်။

    ပိဋကသုံးပုံဆောင်ဆရာတော်များသည် အများအားဖြင့် ဤအသင်းကြီး၏ စာတော်ပြန်ပွဲ များကို တစ်ပွဲ မဟုတ် တစ်ပွဲ ၀င်ရောက်ဖြေဆိုခဲ့ဖူးကြသည်က များလေသည်။ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးသည်ပင် ဤအသင်းကြီးက ဆက်ကပ်သော ရွှေတံဆိပ်ဆုရှင် ၀ဋံသကာဘွဲ့ရ ပုဂ္ဂိုလ်ထူးကြီးဖြစ်ပေသည်။

    ထို့ကြောင့် တိပိဋကဓရဆရာတော်များ တစ်ပါးပြီးတစ်ပါး ပေါ်ထွက်ဖို့အတွက် အသင်းကြီး သည် ကြီးမားသော အထောက်အပံ့ကို ပေးလျက်ရှိပေ၏။ ထို့ကြောင့် ကမ္ဘာကျော်တိပိဋက စာမေးပွဲ ကြီး၏ အခြေခံအုတ်မြစ်ကို တည်ဆောက်နေသူမှာ အခြားမဟုတ်၊ ``ပရိယတ္တိသာသန ဟိတ အမည်ရသည့် ဗိသုကာကြီး´´ပင် ဖြစ်ပေတော့သည်တကား။

    ကမ္ဘာကျော် စာရေးဆရာကြီးတစ်ယောက်သည် ဘာသာပြန် ပိဋကတ်စာပေများကို လေ့လာဖတ်ရှုပြီး ဘုရားရှင်ကိုယ်တော်မြတ်ကို အလွန် လေးစားကြည်ညိုလေ၏။ ထို့ကြောင့် သူက ``ဘုရားရှင်ကိုယ်တော်မြတ်၏ အကြောင်းကို ပို၍ပို၍ သိရလေလေ၊ ပို၍ပို၍ ကြည်ညို လေလေ´´ဟု ပြောခဲ့ဖူးလေသည်။ မိမိသည်လည်း သာသနာတော်အား အထူးကျေးဇူးများသည့် အတွက် ပရိယတ္တိအသင်းကြီးကို အလွန်လေးစား၏။ အလွန်မြတ်နိုး၏။ ထို့ကြောင် ``ပရိယတ္တိ အသင်းကြီး၏ အကြောင်းကို ပို၍ ပို၍ သိရလေလေ၊ ပို၍ ပို၍ တန်ဖိုးထားလေလေ´´ဟု ပြောချင်ပါတော့သည်။

    ------------------------------------------

    အရှင်ဒေ၀ိန္ဒာဘိဝံသ
    (ashindevindabhivamsa@gmail.com)
    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
    စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့
    (၀၂၊ ၀၇၊ ၂၀၀၉)

    +++++++++++++++++++++++++++++++++++++++++++

    လေးစားရိုသေစွာဖြင့်
    ဖိုးသား

    12.08.2009, WED:, 07;13;50 PM



    Read more...

    သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၀)

    နောင်ရေး အေးရအောင်

    သရဏဂုံစွဲ၊ သီလမြဲ၊ ဘာဝနာလဲတွဲ။ သံသရာ အရေးမျှော်ကာတွေး နောင်ရေးအေးအောင် ကြိုးစားကြ။

    အခွင့်ကောင်းကို လက်မလွတ်ကြစေနဲ့ 

    ယောဂီသူတော်စင်များအားလုံး လူ့ ဘ၀ရခိုက် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး နဲ့  တွေ့ ကြုံနေခိုက်၊ ကျန်းမာရေးနဲ့ လည်း ပြည့်စုံနေတုန်း အခွင့်အခါကောင်းကို လက်မလွတ်ကြစေဘဲ၊ ၀ိပဿနာဘာဝနာတရားကို ကြိုးစားအားထုတ်သင့်ကြပါတယ်လို့  ဘုန်းကြီးကသတိပေးပါတယ်။

    ဝေဒနာရှောင်ခွာနည်း သုံးမျိုး

    ယောဂီသူတော်စင်တွေ တရားမှတ်တဲ့အခါမှာ ကိုက်ခဲညောင်းညာ ဝေဒနာပေါ်လာပြီဆိုရင် ဝေဒနာရှောင်ခွာနည်း ( ၃ ) မျိုး ရှိတယ်။ ပူးကပ်ခွာ၊ ရှောင်ခွာ၊ နဲနဲလေးဣရိယာပုတ်ကို ပြင်ပြီးတော့ခွာ၊ နောက်ဆုံးနည်းကတော့ အာစရိယ၀ါဒအရ အညံ့ဆုံးဝေဒနာခွာနည်းဖြစ်တယ်။

    ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စီးဖြန်းတဲ့အနေဖြင့် ဝေဒနာရဲ့ သဘောသိအောင် ဝေဒနာရဲ့ နောက် အသာကပ်လိုက်သွားပြီး ရှုမှတ်ပွားများခြင်းကို ဝေဒနာကို ပူးကပ်ခွာနည်းခေါ်တယ်။ မူရင်းအမှတ် ၀င်လေထွက်လေကိုပဲ စိတ်စိုက်ပြီးတော့ ခံစားနေရတဲ့ဝေဒနာကို ဂရုမစိုက်ဘဲ မှတ်နေခြင်းကို ဝေဒနာရှောင်ခွာတဲ့နည်းလို့  ခေါ်တယ်။ ခံစားနေရတဲ့ဝေဒနာကို မခဲသာတဲ့အဆုံး မှတ်စိတ်ကလေးနဲ့  ဣရိယာကိုပြင်ပြီးတော့ မှတ်ခြင်းကိုတော့ အညံ့ဆုံးဝေဒနာခွာနည်းလို့  မှတ်ရမယ်။



    Read more...

    အမေနဲ့ ချစ်ခြင်းမေတ္တာများ... (အရှင်အာစာရာလင်္ကာရ)


    အရှင်အာစာရာလင်္ကာရ...

    အမေနဲ့ ချစ်ခြင်းမေတ္တာများ...










    Read more...

    ဆရာကောင်း ဒကာကောင်းဆိုတာ ... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))


    ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၁၀-မှ...

    ဆရာကောင်း ဒကာကောင်းဆိုတာ ဘယ်လိုဆရာ ဘယ်လိုဒကာကို ခေါ်ပါသလဲဘုရား...










    Read more...

    လူတွင် လူလွန် လွှားတံခွန်သို့...

    အယူမယွင်း၊ ဆောက်တည်ခြင်းဖြင့်
    ကံရင်းမူလ၊ ၀ိရိယနှင့်
    ဉာဏထောက်ကူ၊ ရှိသည့်သူမှ
    လူတွင် လူလွန်၊ လွှားတံခွန်သို့
    လူမွန်တစ်ယောက်၊ တစ်ခေါ်လောက်အောင်
    ခါရောက်ချိန်ဆုံး၊ တုမဲ့နှုန်း၍
    ရွှေဘုန်းမော်ရမည်ကိုသာ...
    (မာဃဒေ၀ပျို့)


    Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP