* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, August 9, 2009

၎။ အနန္တရပစ္စည်း (ခ)

ပဉ္စဒွါရမှာ စိတ်အစဉ်တွေ ဖြစ်ပြီးတော့ ရှေ့စိတ်ကနေပြီး နောက်စိတ်တွေကို အကြားမရှိ အနန္တရသတ္တိနဲ့ ကျေးဇူးပြုနေပုံကို ခေါင်းစဉ်ပမဏာအနေနဲ့ ယောဂီများ သဘောကျ နားလည်အောင် ရှေးဦးစွာ မြတ်စွာဘုရား ဟောပြထားတာပါပဲ။

နောက်တော့ (၇)ချက်ဟောပါတယ်။ (၇)ချက်ကတော့ ကုသိုလ်က ၂-ချက်၊ အကုသိုလ်က ၂-ချက်၊ အဗျာကတက ၃-ချက်၊ ပေါင်း ၇-ချက် ဖြစ်ပါတယ်။ အဲဒီ (၇)ချက်ဖြင့် ကျေးဇူးပြုပုံကို ဝီထိအစဉ် (၁၇)ချက်ဖြင့် ပိုင်းခြားပြမှာသာ ပို၍ မှတ်ရလွယ်ကူပါတယ်။

ဆောင်ပုဒ်။ ။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။

အပေါ်က (၁၇)ချက်ကို ပြောတာပဲ ဖြစ်တယ်။ 'ဘဝင်ဆင်ခြင်' ၌ ဘဝင်ဆိုတာ အတီတဘဝင်= လွန်သွားတဲ့ဘဝင် ဖြစ်တယ်။ မျက်စိအကြည်မှာ ရူပါရုံ အဆင်း လာတိုက်တဲ့အခါမှာ ဘဝင်တစ်ချက် လွန်သွားတယ်။ နောက်ပြီးတော့ ဘဝင်တွေ လှုပ်လာတယ်။ အဲဒါကို ပါဠိလို ဘဝင်္ဂစလန-လို့ ခေါ်တယ်။ ဘဝင်္ဂ-ဆိုတာ ဘဝင်၊ စလန-ဆိုတာ လှုပ်တာ ဖြစ်တယ်။ ထို့နောက် ဘဝင်တွေ ပြတ်သွားတယ်။ ပြတ်သွားတာကိုတော့ ဘဝင်္ဂုပစ္ဆေဒ-လို့ ခေါ်တယ်။

'ဆင်ခြင်'-ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းကို ပြောတာ ဖြစ်တယ်။ ပဉ္စဒွါရာဝဇ္ဇန်း-ဆိုတာ ဒီအာရုံလေးက ဘာအာရုံပါလဲလို့ ဆင်ခြင်လိုက်တာကို ပဉ္စဒွါရာဝဇ္ဇန်း-လို့ ခေါ်တယ်။ ဥပါဒ်+ဋ္ဌီ+ဘင် ဆိုတဲ့ စိတ္တက္ခဏ၊ တစ်ခဏလေးမှာပဲ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ ဆင်ခြင်ရုံပဲ ဆင်ခြင်နိုင်တယ်။ စက္ခုဝိညာဏ်က မြင်သိစိတ်ကလေး ဖြစ်လာတာကို ဆိုတာဖြစ်တယ်။ မြင်သိစိတ်ကလေးကလည်း သိကာမျှမတ္တပဲ ဖြစ်တယ်။ သိကာမျှမတ္တမှာ ဖြစ်ပြီးတာနဲ့ ချုပ်ပျောက်သွားတာပဲ ဖြစ်တယ်။ ဥပါဒ်+ဋ္ဌီ+ဘင် ဆိုတာနဲ့ တစ်ခါတည်း ပျက်သွားတာပဲ ဖြစ်တယ်။

'မြင်ပြီးလျှင်' ဆိုတာ စက္ခုဝိညာဏ်ကို ပြောတာဖြစ်တယ်။ 'ထို့ပြင် လက်ခံတုံ' ဆိုတာ သမ္ပဋိ စ္ဆိုင်းကို ပြောတာ ဖြစ်တယ်။ သမ္ပဋိစ္ဆိုင်းက စက္ခုဝိညာဏ် မြင်သိပြီးတဲ့ အာရုံလေးကို လက်ခံယူထားလိုက်တယ်။ မပျောက်ပျက်သွားရအောင် လက်ခံထားလိုက်တယ်။ 'ထို့ပြင်လက်ခံတုံ' ရဲ့ အဓိပ္ပါယ် ဖြစ်တယ်။

'စုံစမ်းဆုံးဖြတ်' ၌ စုံစမ်းဆိုတာ သန္တီရဏကို ပြောတာဖြစ်တယ်။ သန္တီရဏ-ဆိုတာ ဒီအာရုံလေးဟာ ဘာအာရုံလေးလဲ၊ ကောင်းတဲ့ အာရုံလား၊ မကောင်းတဲ့ အာရုံလားလို့ စုံစမ်းရုံပဲ စုံစမ်းတာ ဖြစ်တယ်။ စုံစမ်းပြီးတာနဲ့ ချုပ်ပျက်သွားပေတယ်။ 'ဆုံးဖြတ်တယ်' ဆိုတာ ဝုဋ္ဌောက ဆုံးဖြတ်တယ်။ ဒီအာရုံက ကောင်းတယ်။ ဒီအာရုံကတော့ မကောင်းဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။

'ဇောစိတ်သတ်' ဆိုတာ ဝုဋ္ဌောနောက်မှာ ဇောစိတ် (၇)ကြိမ် ဖြစ်သွားတယ်လို့ ဆိုရပါတယ်။ ကောင်းတဲ့ အာရုံဖြစ်လျှင် ကောင်းတဲ့အတိုင်း ခံစားလိုက်တယ်။ မကောင်းတဲ့ အာရုံဖြစ်လျှင် မကောင်းတဲ့အတိုင်း ခံစားလိုက်တယ်။ ခံစားလိုက်တော့ ကောင်းတဲ့အာရုံကို ကောင်းတဲ့အတိုင်း ခံစားလိုက်လို့ရှိရင် လောဘ အကုသိုလ်စိတ်တွေ ဖြစ်သွားတယ်။ မကောင်းတဲ့အာရုံကို မကောင်းတဲ့အတိုင်း ခံစားလိုက်ရင်တော့ ဒေါသ ဒေါမနဿ အကုသိုလ်စိတ်တွေ ဖြစ်သွားတယ်။

ကုသိုလ်-ဆိုရင်တော့ ကုသိုလ်ဇောတွေ စောသွားတယ်။ ဘုရားအာရုံ၊ တရားအာရုံ၊ သံဃာအာရုံ၊ ဒါန သီလ သမထ ဝိပဿနာပွားများဖို့ရာ အာရုံတွေဆိုရင်တော့ ကုသိုလ်ဇော စောသွားပါတယ်။ အဲဒီမှာတော့ နှလုံးသွင်းတတ်လို့ရှိရင် ကုသိုလ်ဇော ဖြစ်တယ်။ နှလုံးမသွင်းတတ်ရင် အကုသိုလ်ဇောတွေ ဖြစ်တယ်။ ကောင်းတဲ့အာရုံ လာတိုက်လို့ရှိရင် နှလုံးမသွင်းတတ်ရင် လေဘဇော ဖြစ်တယ်။ မကောင်းတဲ့အာရုံ လာတိုက်လို့ရှိရင် နှလုံးမသွင်းတတ်ရင် ဒေါသဇော ဖြစ်တယ်။ နှလုံးမသွင်းတတ်ရင်တော့ အကုသိုလ်တွေပဲ ဖြစ်ဖြစ်သွားတယ်။ နှလုံးသွင်းတတ်ရင်တော့ ကုသိုလ်ဇောတွေပဲ စောတယ်။ အဲဒီ ကုသိုလ်ဇောတွေ စောပုံ၊ နှလုံးသွင်းတတ်ပုံကိုတော့ နောက်မှပဲ ရှင်းပြပါမယ်။

ဇောတွေကျတော့ ကုသိုလ်လည်း ဖြစ်တယ်။ အကုသိုလ်လည်း ဖြစ်တယ်။ အဗျာကတတည်း ဖြစ်တယ်။ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တိုင်အောင် ကုသိုလ်ဇော၊ အကုသိုလ်ဇောတွေ ဖြစ်နိုင်တယ်။ ရဟန္တာပုဂ္ဂိုလ် ဖြစ်သွားပြီးတဲ့အခါကျတော့ အဗျာကတဇောပဲ ဖြစ်တော့တယ်။ ကြိယာဇောပဲ ဖြစ်တော့တယ်။ ဇောမှာတော့ ကုသိုလ် အကုသိုလ် အဗျာကတ (၃)ခုလုံးပဲ ရှိပေတယ်။

'ဇောစိတ်သတ်' ၌ ဇော- ဆိုတာ ဇောကိုပဲ ပြောတာ ဖြစ်တယ်။ ဇောစိတ်ကို ပြောတာ ဖြစ်တယ်။ သတ်-ဆိုတာက (၇)ခုတဲ့။ (၇)ကြိမ် စောရမယ်။

'နှစ်ရပ်တဒါရုံ'-၌ ရုံ၊ ရုံလို့ (၂)ခု ပါပါတယ်။ ပထမတဒါရုံ၊ ဒုတိယတဒါရုံ-လို့ ဆိုရပေတယ်။ သူတို့ကတော့ အဗျာကတတွေပဲ။ တဒါရုံ (၂)ခုက အဗျာကတပဲ။ အဲဒီဝီထိအစဉ် (၁၇)ချက်ထဲမှာ ကုသိုလ် အကုသိုလ် အဗျာကတ ခွဲပုံလေး ဆောင်ပုဒ်လေး ဆိုကြမယ်။

ဆောင်ပုဒ်။ ။ ရှေ့ရှစ် နောက်နှစ်၊ အဗျာကတဖြစ်။
လယ်ခုနှစ်မှာ၊ ကု အ ဗျာ၊ မှန်စွာ ဖြစ်ပေသည်။

ရှေ့က (၈)ခုကလည်း အဗျာကတ၊ နောက်က (၂)ခုကလည်း အဗျာကတ၊ ရှေ့(၈)ခုကို ရေတွက်ကြည့်လိုက်တော့ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတိုင်အောင် (၈)ခုပါ။ အဲဒီ (၈)ခုက အဗျာကတ ဖြစ်ပေတယ်။ ရှေ့ (၈)ခုက အဗျာကတ၊ 'နောက်(၂)' နောက်ဆုံး(၂)ခုက ပထမတဒါရုံ၊ ဒုတိယတဒါရုံ၊ ဒီ(၂)ခုကလည်း အဗျာကတ ဖြစ်ပေတယ်။

'လယ်ခုနှစ်မှာ၊ ကု အ ဗျာ၊ မှန်စွာဖြစ်ပေသည်'-ဟု ဆိုရာ၌ အလယ်က ဇော(၇)ကြိမ်က ကုသိုလ် အကုသိုလ် အဗျာကတ ၃-မျိုးပါ။ ကုသိုလ်လည်း ဖြစ်နိုင်တယ်။ အကုသိုလ်လည်း ဖြစ်နိုင်တယ်။ အဗျာကတလည်း ဖြစ်နိုင်ပေတယ်။ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တိုင်အောင် ကုသိုလ်၊ အကုသိုလ် နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ နှလုံးသွင်းတတ်လို့ရှိရင် ကုသိုလ်၊ နှလုံးမသွင်းတတ်လို့ရှိရင် အကုသိုလ်ဖြစ်တယ်။ ဝိပဿနာရှုနေလို့ရှိရင် ကုသိုလ်ဖြစ်တယ်။

ရဟန္တာပုဂ္ဂိုလ်အတွက်တော့ ကြိယာဇောတွေ စောလို့ အဗျာကတ ဖြစ်တယ်။ ဇောမှာတော့ ကုသိုလ် အကုသိုလ် အဗျာကတ (၃)မျိုးလုံး ဖြစ်နိုင်ပေတယ်။

ကုသိုလ်၏ သဘောနှင့် အကုသိုလ်၏ သဘော

ဆောင်ပုဒ်။ ။ ကုသိုလ်ဆိုတာ၊ ပြုဆဲမှာ။ မှန်စွာပြစ်ကင်းသည်။

ကုသလာ အနဝဇ္ဇ သုခဝိပါကလက္ခဏာ။
ကုသလာ - ကုသိုလ်တရားတို့သည်၊ အနဝဇ္ဇ သုခဝိပါကလက္ခဏာ - အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာ ရှိကုန်၏ ။

ကုသိုလ်ဆိုတာ ပြုတုန်းမှာလည်း အပြစ်မရှိပါဘူး၊ ပြုပြီးနောက်လည်း 'သုခဝိပါကလက္ခဏာ' ကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ ရှိတယ်။

ဆောင်ပုဒ်။ ။ ပြုပြီးနောက်ခါ၊ ကောင်းကျိုးသာ၊ မှန်စွာဖြစ်စေသည်။

ပြုပြီးသည့်နောက်မှာလည်း ကောင်းကျိုးတွေပဲ လိုက်ပေးတာပါပဲတဲ့။ နိဗ္ဗာန်ရောက်သည့် ဘဝတိုင်အောင် ကောင်းကျိုးတွေ လိုက်ပေးတာ ကုသိုလ်ဖြစ်တယ်။

ဆောင်ပုဒ်။ ။ အကုသိုလ်ဟာ၊ ပြုဆဲမှာ၊ မှန်စွာပြစ်ရှိသည်။

အကုသလာ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ။
အကုသလာ - အကုသိုလ်တရားတို့သည်၊ သာဝဇ္ဇ ဒုက္ခဝိပါက လက္ခဏာ - အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ ရှိကုန်၏ ။

အကုသိုလ်တရားတွေဆိုတာ ပြုဆဲခဏမှာလည်း အပြစ်တွေ ရှိတယ်။ ထင်ထင်ရှားရှား ပြောရမယ်ဆိုရင် သူတစ်ပါးပစ္စည်းတွေ သွားခိုးယူတယ် ဆိုလို့ရှိရင် ခိုးယူဆဲခဏမှာ အပြစ်ရှိနေပါတယ်။ ချက်ချင်း အရေးယူလို့ရတယ်။ အပြစ်ရှိနေပြီဖြစ်တယ်။ ပြုပြီးတဲ့ နောက်ကာလမှာလည်း မကောင်းကျိုးတွေပဲ လိုက်ပေးတော့တာပဲ ဖြစ်တယ်။

ဆောင်ပုဒ်။ ။ ပြုပြီးနောက်ခါ၊ ဆိုးကျိုးသာ၊ မှန်စွာဖြစ်စေသည်။

ပြုပြီးတဲ့နောက်အခါမှာလည်း ဆိုးကျိုးတွေကိုပဲ ဖြစ်စေတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဆိုတဲ့ အပါယ်လေးပါးဘုံကို ကျရောက်စေတယ်။ ဒုက္ခမျိုးစုံ ရောက်စေတယ်။ ဒီလို အပါယ်ဘုံဘဝက လွတ်လာပြီးတဲ့အခါမှာ ဒုက္ခအမျိုးမျိုးတွေလည်း တွေ့ရသေးတာပါပဲ။ အဲဒါ အကုသိုလ်ရဲ့ သဘောတွေ ဖြစ်ပါတယ်။

အဗျာကတ ဖြစ်ပုံ အဓိပ္ပါယ်

ဆောင်ပုဒ်။ ။ ကောင်းကျိုး ဆိုးကျိုး၊ နှစ်မျိုးမပါ၊ ဗျာကတာ၊ မှန်စွာဖြစ်ပေသည်။

ရဟန္တာသန္တာန်မှာ ဖြစ်တဲ့ ကြိယာဗျာကတ-ဆိုတာ နောက်နောင်ဘဝတွေအတွက် ကောင်းကျိုးလည်း မပေးတော့ပါဘူး။ ဆိုးကျိုးလည်း မပေးတော့ပါဘူး။ ရဟန္တာတွေသန္တာန်မှာ ဖြစ်တဲ့ ကြိယာစိတ်-ဆိုလို့ရှိရင် ပြုကာမျှမတ္တပဲ ဖြစ်ပါတယ်။

ယောဂီများ သန္တာန်မှာ ဖြစ်တဲ့ ဝိပါက်စိတ်တွေဆိုရင်လည်း နောက်ဘဝတွေအတွက် အကျိုးမပေးတော့ပေဘူး။ ဒီဘဝမှာ ကျေးဇူးပြုတာတောင်မှ သူနဲ့ သဘောတူတဲ့ ဝိပါက်စိတ်တွေကိုပဲ ကျေးဇူးပြုနိုင်တယ်။ သူနဲ့အတူတွဲပြီးဖြစ်တဲ့ စိတ္တဇရုပ်လောက်ပဲ ကျေးဇူးပြုနိုင်တယ်။ အခြားကောင်းကျိုး ဆိုးကျိုးတွေ မဖြစ်စေနိုင်တော့ပေဘူး။ အဲဒါကို ဝိပါက်အဗျာကတ-လို့ ခေါ်ရတယ်။

နောက် (၇)ချက်က ဒီ(၃)မျိုးဖြင့် ဟောမှာဖြစ်တယ်။ ကုသိုလ်က ၂-ချက်၊ အကုသိုလ်က ၂-ချက်၊ အဗျာကတက ၃-ချက်ဆိုတော့ (၇)ချက် ဟောပါမယ်။ ကုသိုလ်ကို မူတည်ပြီး ၂-ချက်၊ အကုသိုလ်ကို မူတည်ပြီး ၂-ချက်၊ အဗျာကတကို မူတည်ပြီး ၃-ချက်၊ (၇)ချက်ရှိသွားပါပြီ။

ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို ၂-ချက်ပါ။
အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို ၂-ချက်ပါ။
အဗျာကတက အဗျာကတကို၊ အဗျာကတက ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို ၃-ချက်ပါ။

ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပုံ

ကုသိုလ်က ကုသိုလ်ကိုဆိုတော့ ဝီထိအစဉ်ကို ပြန်ကြည့်လိုက်တဲ့အခါ ဇော(၇)ကြိမ်ကို ပြန်ကြည့်လိုက်ရင် တွေ့ရမည် ဖြစ်တယ်။ ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုတဲ့အခါ -
ပထမကုသိုလ်ဇောက ဒုတိယကုသိုလ်ဇောကို၊
ဒုတိယကုသိုလ်ဇောက တတိယကုသိုလ်ဇောကို၊
တတိယကုသိုလ်ဇောက စတုတ္ထကုသိုလ်ဇောကို၊
စတုတ္ထကုသိုလ်ဇောက ပဉ္စမကုသိုလ်ဇောကို၊
ပဉ္စမကုသိုလ်ဇောက ဆဋ္ဌမကုသိုလ်ဇောကို၊
ဆဋ္ဌမကုသိုလ်ဇောက သတ္တမကုသိုလ်ဇောကို အကြားမရှိပဲ ကျေးဇူးပြုပေတယ်။ ရှေ့ရှေ့ကုသိုလ်ဇောတွေက နောက်နောက်ကုသိုလ်ဇောတွေကို ကျေးဇူးပြုပါတယ်။ ကုသိုလ်က ကုသိုလ်ဆိုရင် ဇောမှာပဲ ရှိပေတယ်။

ကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံ

နောက်တစ်ခါ ကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံမှာ ကုသိုလ်အဆုံးဇောကို သတ္တမဇော-လို့ ခေါ်တယ်။ အဲဒီအဆုံးဇော ကုသိုလ်က တဒါရုံကို ကျေးဇူးပြုတော့ တဒါရုံက အဗျာကတပါ။ 'နောက်နှစ်ခုမှာ၊ အဗျာကတာ' ဆိုတဲ့အတိုင်း တဒါရုံဟာ အဗျာတကပဲ ဖြစ်ပေတယ်။ ကုသိုလ်အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုလိုက်တော့ ကုသိုလ်ကနေပြီး အဗျာကတကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ ကုသိုလ်(၂)ချက် သဘောကျသွားပါပြီ။ ပါဋ္ဌိတော်မှာ ဒီအတိုင်းပဲ ဟောမှာပါပဲ။

အကုသိုလ်(၂)ချက်ကို ပြောပြပါတော့မယ်။ ဇော(၇)ကြိမ်မှာ အကုသိုလ်ဇောဆိုရင် ပထမဇော၊ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌမဇော၊ သတ္တမဇော-တိုင်အောင် အကုသိုလ်တွေချည်းပဲ အစဉ်အတိုင်း ဖြစ်သွားရတယ်။ အကုသိုလ်ဇောတစ်ခု နှစ်ခု၏ ကြားထဲမှာ ကုသိုလ်ဇော ကြားဝင်ဖြစ်လို့ မရပေဘူး။ (၇)ကြိမ်လုံးပင် အကုသိုလ်ဇောတွေ ဖြစ်သွားတယ်။

အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုပုံ

အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုတဲ့အခါ -
ပထမဇောက ဒုတိယဇောကို၊
ဒုတိယဇောက တတိယဇောကို၊
တတိယဇောက စတုတ္ထဇောကို၊
စတုတ္ထဇောက ပဉ္စမဇောကို၊
ပဉ္စမဇောက ဆဋ္ဌမဇောကို၊
ဆဋ္ဌမဇောက သတ္တမဇောကို အစဉ်အတိုင်း အကုသိုလ်၊ အကုသိုလ် အချင်းချင်း ကျေးဇူးပြုပေတယ်။ အကုသိုလ်ကနေ အကုသိုလ်ကို ကျေးဇူးပြုတာ ရပါတယ်။

အကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံ

အကုသိုလ်က အဗျာကတကို ကျေးဇူးပြုတဲ့အခါ အကုသိုလ်အဆုံးဇောက ပထမ တဒါရုံကို ကျေးဇူးပြုလိုက်တော့ "အကုသလော အဗျာကတဿ" ဖြစ်တယ်။ တဒါရုံက ..အဗျာကတပါ။ အဆုံးဇောက ..အကုသိုလ်ပါ။ အကုသိုလ်က အဗျာကတကို ကျေးဇူးပြုလိုက်တာ ထင်ရှားပါတယ်။ အဆုံးဇော သတ္တမဇောက ပထမ တဒါရုံကို ကျေးဇူးပြုသည်မှာ အကုသိုလ်က အဗျာကတကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။

ပါဋ္ဌိတော်မှာ အဲဒီအတိုင်းပဲ ဟောပါတော့မယ်။ ၄-ချက်ရသွားပါပြီ။ ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို၊ အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို။ ၄-ချက် ရှင်းလို့ ပြီးသွားပါပြီ။

အဗျာကတက အဗျာကတကို ကျေးဇူးပြုပုံ

နောက်တစ်ခါ အဗျာကတက အဗျာကတကို ဆိုတော့ ရှေ့(၈)ခုကလည်း အဗျာကတ ဖြစ်တယ်။ နောက်(၂)ခုကလည်း အဗျာကတ ဖြစ်တယ်။ ရဟန္တာပုဂ္ဂိုလ်သန္တာန်မှာ ဆိုလို့ရှိရင် အလယ်က ကြိယာဇောကလည်း အဗျာကတတွေချည်းပဲ ဖြစ်ကုန်တယ်။ ဇော(၇)ကြိမ်မှာ အဗျာကတလည်း ပါပါတယ်။ 'လယ်ခုနှစ်မှာ၊ ကု အ ဗျာ'-ဆိုတော့ အဗျာကတလည်း ပါပါတယ်။ ရဟန္တာပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဆိုလို့ရှိရင် ကြိယာဇောတွေဆိုတော့ အဗျာကတချည်းပဲ။

အဗျာကတက အဗျာကတကို ဆိုတော့ တစ်ဝီထိလုံးပဲ ဖြစ်တယ်။
အတီတဘဝင်က ဘဝင်္ဂစလနကို ကျေးဇူးပြုတယ်။
ဘဝင်္ဂစလနက ဘဝင်္ဂုပစ္ဆေဒကို ကျေးဇူးပြုတယ်။
ဘဝင်္ဂုပစ္ဆေဒက ပဉ္စဒွါရဝဇ္ဇန်းကို ကျေးဇူးပြုတယ်။
ပဉ္စဒွါရဝဇ္ဇန်းက စက္ခုဝိညာဏ်ကို ကျေးဇူးပြုတယ်။
စက္ခုဝိညာဏ်က သမ္ပဋိ စ္ဆိုင်းကို ကျေးဇူးပြုတယ်။
သမ္ပဋိ စ္ဆိုင်းက သန္တီရဏကို ကျေးဇူးပြုတယ်။
သန္တီရဏက ဝုဋ္ဌောကို ကျေးဇူးပြုတယ်။
ဝုဋ္ဌောက ပထမဇောကို ကျေးဇူးပြုတယ်။

ဝုဋ္ဌောကလည်း အဗျာကတ၊ ပထမဇောကလည်း ကြိယာဇောဆိုတော့ အဗျာကတပဲ။ ဇော(၇)ကြိမ် အဆင့်အဆင့် ကျေးဇူးပြုတယ်။ အဆုံးဇော= သတ္တမဇောက ပထမတဒါရုံကို ကျေးဇူးပြုတဲ့အခါလည်း သတ္တမဇောကလည်း အဗျာကတပဲ ဖြစ်တယ်။ ပထမတဒါရုံကလည်း အဗျာကတပဲ ဖြစ်တယ်။ ပထမတဒါရုံက ဒုတိယတဒါရုံကို ကျေးဇူးပြုတဲ့အခါမှာလည်း ပထမတဒါရုံကလည်း အဗျာကတ၊ ဒုတိယတဒါရုံကလည်း အဗျာကတပဲ ဖြစ်တယ်။ ထို့ကြောင့် 'အဗျာကတော အဗျာကတဿ'-ကတော့ တစ်ဝီထိလုံးပဲ ဖြစ်ပါတယ်။

အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုပုံ

အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုပုံကို ဟောပါမယ်။ ဝုဋ္ဌောဆိုတာ ကုသိုလ်လား ... အကုသိုလ်လား ... အဗျာကတလား ... အဗျာကတ ဖြစ်ပေတယ်။ ဝုဋ္ဌော ဖြစ်ပြီးတော့ ကုသိုလ်ဇောတွေ စောလိုက်တဲ့အခါ ဇော(၇)ကြိမ်လုံး ကုသိုလ်တွေ ဖြစ်တယ်။ ပထမဇောက ကုသိုလ်ဖြစ်တယ်။ ဝုဋ္ဌောကနေ ပထမဇောကို ကျေးဇူးပြုလိုက်တော့ အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဝုဋ္ဌောက အဗျာကတ၊ ပထမဇောက ကုသိုလ်-ဆိုတော့ အဗျာကတကနေ ကုသိုလ်ကို ကျေးဇူးပြုတာ ထင်ရှားသွားပါပြီ။

ဆက်ရန် ..... အနန္တရ (ဂ) သို့..

Read more...

အကုသိုလ် ကို နယ်လေးပါး နှင့်ပိုင်းခြားခြင်း

ဓမ္မဓရ—ဤ နယ်လေးပါး ကိုကြားနာလိုက်ရတော့ တပည့်တော် မသိဘူးတဲ့ အသိထူးတွေ အများကြီး ရလိုက်ပါတယ် ဘုရား။ အဟုတ်ထင်ပြီး လေးပင်နေသော စိတ်လည်း ပေါ့ပေါ့ပါးပါး ဖြစ်သွားပါတယ်။ တပည့်တော်ဟာ အဝိဇ္ဇာမာနပညတ် နယ်မှာ ပင် အဟုတ်ထင်ပြီး တရားတောထဲ မျက်စိလည်ခဲ့ပါတယ်။ ယခုလို ကြားနာ လိုက်ရတော့ မှောက်ထားတဲ့ အိုးလှန်ပြလိုက်သလို မိုက်မှောင်နေသော နေရာမီးထွန်းပြလိုက်သလို စိတ်ထဲမှာ ရှင်းလင်းပေါ့ပါးသွားပါတယ်။ ပိုပြီးရှင်းလင်း သဘောပေါက်ရန် အကုသိုလ် ကိုနယ်လေးပါးနှင့် ပိုင်းခြားဟောကြားတော်မူပါဘုရား။

ဦးဝိဇယ—–အမှန်တရားကို လိုလိုချင်ချင် ဆောင်ထားချင်တဲ့ အရှင်ဘုရားလို ပုဂ္ဂိုလ်မျိုးကို တရား ဆွေးနွေး ပေးရတာ တပည့်တော်ရဲ့ စိတ်ထဲမှာ အရတော်တယ်။ ကံကောင်းတယ်ဟု ယူဆပါတယ်ဘုရား။အရှင်ဘုရား အတွက်လည်း အကျိုးရှိတယ်။တပည့်တော်အတွက်လည်း အကျိုးရှိတယ်၊မင်္ဂလာရှိပါတယ်။ ဘုရားသာသနာကို တတ်နိုင်သလောက် လက်တွဲပြီး ပြုကြတာပေါ့ ဘုရား။

အကုသိုလ် တရားကို နယ်လေးပါးခွဲခြားပုံ ဆက်လက်နာကြားကြည့် ပါဘုရား။ အကုသိုလ် တရား ဟုကြားလိုက်လျှင် (ဆိုးတယ်)ဟု အထင်အထည် စိတ်မှာပေါ်လာသော ပုဂ္ဂိုလ် ကတစ်စု၊ (ကောင်းတယ်) ဟု အထင်အထည် စိတ်မှာပေါ်လာသော ပုဂ္ဂိုလ်က တစ်စု ၊(ဘာမှန်းမသိဘူး) ဟု အထင်အထည် စိတ်မှာ ပေါ်လာ သော ပုဂ္ဂိုလ်က တစ်စု အားဖြင့် သတ္တဝါတွေကို စုလိုက်ရင် (၃) စုပဲရပါတယ်။စိတ်ထဲမှာ ပေါ်လာသော ထို အထင်အထည် တွေဟာ အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

(စွဲလန်းခြင်း၊ဆင်းရဲခြင်း) ဟူသော အမှတ်အသား လက္ခဏာ စိတ်မှာတွေ့ပြီး အစဉ် သန္တန် အဖြစ်စိတ်မှာ အထင်အထည် ပေါ်လာခြင်းသည် အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

ထိုအထင်အထည် (၂)မျိုးအနက် (အဟုတ်ရှိ၊ အမှန်ရှိ) ဟု အဟုတ်ထင်ခြင်းကို အဝိဇ္ဇာ ဟုခေါ်ပါတယ်။(အဟုတ်အမှန်မရှိ၊ အထင်အထည်မျှသာ ရှိတယ်) ဟု အမှန်အတိုင်းသိမြင်ခြင်းကို (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။

တစ်စက္ကန့်ဟူသော ဘဝကို ကုဋေ တစ်သိန်းစိတ်ပြီး ထိုတစ်ခုသော ကုသိုလ်စိတ်၏ ဖြစ်ပျက်ခြင်းမျှ သဘောသည် (သဘောနယ်)ဖြစ်ပါတယ်။ ထိုဘာမှ မဟုတ်သော ဖြစ်ပျက်ခြင်းသဘော၏ အယောနိသောမနသိကာရ အကြောင်း မပါပဲ ဖြစ်မရ သောကြောင့် ကိုယ်ပိုင် အနှစ်သာရ များ ကာလသုံးပါး လုံးတွင် မပါဝင်သော မူလပျက်သဘောသည် (သုညနယ်)ဖြစ်ပါတယ်။

ထိုသဘောနယ် မှာရှိသော ဖြစ်-ပျက် သဘောကို (ကိုယ်ပိုင် အနှစ်သာရ ရှိတယ် ) ဟု အဟုတ်ထင်ခြင်း ကို အဝိဇ္ဇာ လို့ခေါ်ပါတယ်။ သဘောနယ်မှာ ရှိသော ဖြစ်-ပျက် သဘောကို မူလပျက် သဘောဟု မူလပျက်သဘော တစ်ခုနှင့် သိမြင်ခြင်းကို (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။

ကုသိုလ်တရား တစ်ခုကို ပညတ်(၂)မျိုး နယ်က မရှိသောကြောင့် ထင်ရုံမျှဖြစ်၍ ဘာမှ မဟုတ်ခြင်း သဘောနှင့် သုညနယ်က အထည်မရှိ ဉာဏ်ဖြင့် သိလို့သာ ရသောကြောင့် ဘာမှမဟုတ် ခြင်းဟု သိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ် ဖြစ်ပြီး အဟုတ် ထင်ခြင်းကို (အဝိဇ္ဇာ)လို့ ခေါ်ပါတယ် ဘုရား။



Read more...

နှမ်းလုံးကလေးများလည်း အစွမ်းရှိပါသည်...


နှမ်းလုံးကလေးများလည်း အစွမ်းရှိပါသည်...









Read more...

အင်္ဂုလိမာလရဲ့ အကုသိုလ်ကံ အကျိုးပေးခွင့် မရရှိခြင်းအကြောင်း။

အမေး။ ။အရှင်ဘုရား….အင်္ဂုလိမာလဟာ လူကြမ်းကြီးဖြစ်ပြီး ညှင်းဆဲသတ်ဖြတ်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် ဘုရားရှင်က ဆုံးမရတဲ့အထိ မိုက်မဲခဲ့တယ်လို့ ပြောရပါမယ်။ ဘုရားရှင်နဲ့တွေ့မှ အကျွတ်တရားရပြီး ရဟန္တာ ဖြစ်တော်မူခဲ့ရပါတယ်။ ဒါဆိုရင် အင်္ဂုလိမာလ ပြုခဲ့တဲ့ အကုသိုလ်တရားများဟာ အဘယ်ကြောင့် ပြန်လည် သက်ရောက်မှု မရှိရခြင်းအကြောင်းကို ကုသိုလ်ပွား လိုတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား……..။
မောင်ကျော်နိုင်
နေရပ်မရှိ

အဖြေ။ ။ ကံတရားများရဲ့ အကျိုးသက်ရောက်မှုရှိတာ -မရှိတာနဲ့ပတ်သက်ပြီး၊ သတ္တ၀ါတွေရဲ့ ကံတရားဟာ အလွန်ဆန်းကြယ် တယ်လို့ဆိုရပါမယ်။ သတ္တ၀ါတိုင်းမှာ ကုသိုလ်ကံ၊အကုသိုလ်ကံများ အထမြောက်အောင် ပြုလုပ်တဲ့နေရာမှာ ဇော(၇)ကြိမ် ဆိုတာရှိ ပါတယ်။ ဆိုပါစို့……မိမိပြုလုပ်တဲ့ ကုသိုလ်၊အကုသိုလ်ကံဟာ ဇော(၇)ခုအနက် ပထမဇောက အကျိုးပေးတယ်ဆိုရင် ယခုလက်ရှိဘ၀မှာပဲ အကျိုးပေးတာ ခံစားရပါတယ်။ ဒီကံကို ဒိဋ္ဌဓမ္မဝေဒနိယကံ လို့ခေါ်ပါတယ်။ တကယ်လို့ လက်ရှိဘ၀မှာ အကျိုးမပေးဘူးဆိုရင် ဒီကံဟာ ပြန်လည်သက်ရောက်မှုမရှိတော့ဘဲ အဟောသိကံ အဖြစ်သို့ ရောက်ရှိသွားပါတယ်။


သတ္တမဇောကတော့ ဒုတိယဘ၀မှာ အကျိုးပေးပါတယ်။ ဒီကံကို ဥပပဇ္ဇဝေဒနိယကံ လို့ခေါ်ပါတယ်။ တကယ်လို့ ဥပပဇ္ဇဝေဒနိယကံက ဒုတိယဘ၀မှာ အကျိုးပေးခွင့် မရလိုက်ဘူးဆိုပါက နောက်နောင်ဘ၀တွေမှာ ပြန်လည်သက်ရောက်မှုမရှိတဲ့ အဟောသိကံ ဖြစ်သွားပါတယ်။


ဒုတိယဇောမှ ဆဋ္ဌမဇောတိုင်အောင် အလယ်ဇောငါးချက်ကတော့ တတိယဘ၀မှ နိဗ္ဗာန်ရတဲ့အထိ အကျိုးပေးပါတယ်။ ဒီကံကို အပရာပရိယဝေဒနိယကံ လို့ခေါ်တယ်။ အပရာပရိယဝေဒနိယကံရဲ့ သဘောက တတိယဘ၀ကနေ နိဗ္ဗာန်မရမှီ ဘ၀တစ်ခုခုမှာ အကျိုးပေးပါတယ်။ ဒီလိုအကျိုးပေးပြီး နောက်ပိုင်းဘ၀တွေမှာ ဒီကံကုန်သွားတဲ့အတွက် အဟောသိကံ ဖြစ်သွားတယ်လို့ ဒီလိုယူဆလို့မရပါ ဘူး။
ဘာ့ကြောင့်လည်းဆိုရင် ကုသိုလ်၊အကုသိုလ်ကံများဟာ ပုထုဇဉ်၊ သောတာပန်၊သကဒါဂါမ်စတဲ့ အရိယာပုဂ္ဂိုလ်များမှာ မရေမတွက်နိုင်အောင် များလှပါတယ်။ ဘ၀တစ်ခုမှာ အကုသိုလ်ကံအားကြီးနေတယ်ဆိုရင် ကုသိုလ်ကံက လောလောဆယ်မှာ အကျိုးပေးခွင့်မရှိဘဲ မေးမိန်နေပါတယ်။ ကုသိုလ်ကံက အားကောင်းလာပြီဆိုရင် တစ်ဖက်မှာ အကုသိုလ်ကံဟာ မေးမိန်သွားပါတယ်။
ဘုရားရှင်ဟာ နောက်ဆုံးဘ၀မှာ ခါးနာ၊၀မ်းလျှော စတဲ့ ရောဂါများ ခံစားရတာဟော ယခင့်ယခင်ဘ၀များက ပြုခဲ့ဖူးတဲ့ အပရာပရိယ ဝေဒနိယကံများကြောင့် ဖြစ်တယ်ဆိုတာ မှတ်ယူရပါမယ်။


ယခုဘ၀မှာ အင်္ဂုလိမာလပြုလုပ်ခဲ့တဲ့ ကုသိုလ်၊အကုသလိုကံတရားများဟာ နောက်နောင်ဘ၀များမှာ ခံစားရမယ့်အနေ အထားမှာ ရှိပါတယ်။ သို့သော်လည်း ဘုရားရှင်ချေချွတ်မှုကြောင့် ယခုလက်ရှိဘ၀မှာ အရဟတ္တမဂ်ဖိုလ်သို့ ရောက်ရှိသွားပါတယ်။ထို အရဟတ္တမဂ်က ယခုဘ၀ သူပြုခဲ့တဲ့ ကံတရားများကို အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ နောက်နောင် ဘ၀အသစ်ဖြစ်စရာအကြောင်းလည်း မရှိတော့ပါ။ ဒါကြောင့် အင်္ဂုလိမာလ ပြုခဲ့တဲ့ အကုသိုလ်တရား များဟာ ပြန်လည်သက်ရောက်မှု မရှိတော့ဘဲ အဟောသိကံ ဖြစ်သွားရတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP