* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, August 8, 2009

ဣန္ဒြိယသံဝရသုတ္တန်


indryathanwara - 004


Read more...

*တရားစခန်း အတွေ့အကြုံ (သို့) လျှပ်စီးပမာ လင်းလက်ခဲ့သော ရက်စွဲများ-၁*

မင်္ဂလာပါ ဓမ္မမောင်နှမတို့…

ခေါင်းစဉ်ကို ကြည့်ပြီး တအားကြီးလည်း အထင်မကြီး သွားပါနဲ့ဦး…။ ဘာလို့လဲ ဆိုတော့… ကျွန်တော်တို့ နေတဲ့ နေရာက ဗုဒ္ဓဘာသာ မထွန်းကားတဲ့ နေရာ… ဘယ် တရားစခန်း ရှိပါ့မလဲ… အခု ကျွန်တော် ပြောချင်တဲ့ တရားစခန်းက ကျွန်တော်တို့ ဘာသာ စုပေါင်းပြီး လုပ်ကြတာပါ…။ အဓိက ကတော့ ၄၈ က ညီလေးတွေပါ…။ ပြောရရင်တော့ တော်တော့်ကို တော်တဲ့ ညီငယ်တွေပေါ့…။ ကျွန်တော်တောင် ဒီညီလေးတွေ အဆွယ် ကောင်းတာနဲ့ ပါသွားရတာပါ…။ ကျွန်တော့်ဟာ ကျွန်တော်သာ ဆိုရင်တော့ ဝေးသေးလို့ပဲ ပြောရပါ့မယ်…။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က တောမရောက် တောင်မရောက် ဘာသာရေးလေး ဟိုစပ်စပ် ဒီစပ်စပ် လုပ်ပေမယ့် ခုလို တရားစခန်း ဆိုတာကြီးက တစ်ခါမှ ၀င်ဖူးတာ မဟုတ်…။ အဲဒီတော့ တရားစခန်း ဆိုတဲ့ အသံကြားရင်ကို လူက လန့်သလို ဖြစ်နေတာ… ။ ဒါပေမယ့်လည်း ကလျာဏ မိတ္တ ညီငယ်တို့ရဲ့ ကျေးဇူးနဲ့ပဲ တရားစခန်း ၀င်ဖြစ်ခဲ့တယ် ဆိုပါတော့…။

ကျွန်တော်တို့ တရားစခန်း ၀င်ခဲ့တာက ၇-ရက်…။ တိတိကျကျ ပြောရရင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၆-ရက် နေ့ကနေ သြဂုတ်လ ၁-ရက်နေ့ထိ…။ တော်တော်လေး အသိတရားတွေ ရခဲ့သလို တော်တော် လေးလည်း စိတ် အေးချမ်းခဲ့တဲ့ ရက်စွဲတွေ ပေါ့ဗျာ…။ တစ်သက်တာမှာ မေ့မရတဲ့ ရက်စွဲတွေလို့ ပြောရရင်လည်း ရကောင်းပါရဲ့…။ ဒီရက်စွဲလေး တွေထဲက ရခဲ့တဲ့ သဘောတရား အသိတရားတွေကို စာရှုသူတို့ ကိုလည်း မျှဝေချင်တာနဲ့ ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ပါတယ်…။ ပြုခဲ့သမျှ၊ ရခဲ့သမျှ ကုသိုလ်တွေ ကိုလည်း ဒီနေရာကပဲ စာရှုသူတို့ကို တစ်လက်စတည်း(ထဲ) ထပ်တူ ထပ်မျှ ရစေကြောင်း အမျှပေးဝေ လိုက်ပါတယ် နော…။ အားလုံးပဲ ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ပေးကြပါ…။

ဒီ တရား စခန်း လုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့လို လူငယ်လေးတွေ သစ္စာတရား တွေကို နာကြားခွင့် ရအောင်နဲ့ ရရှိပြီးတဲ့ သစ္စာအသိ ဘာသာရေး အသိတွေကို လက်တွေ့မှာပါ အသုံးချတတ် သွားစေဖို့လို့ ဒီ တရားစခန်းကို ဖြစ်မြောက်အောင် ဦးစီးဦးဆောင် လုပ်ခဲ့တဲ့ ညီငယ်တစ်ဦးက ဆိုပါတယ်…။ တော်တော် ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပါ…။ ဘာလို့လဲ ဆိုတော့ ဒီနေ့ခေတ်မှာ သာသာနာဟာ ဘုရား အဆုံးအမကို လိုက်နာတဲ့သူ နည်းပါးလာတဲ့ အတွက် သာသနာ့ အလင်းရောင်ဟာ တော်တော်လေးကို ညှိုးမှိန်နေတယ် ဆိုတာ စာရှုသူတို့လည်း သိပြီးသား ဖြစ်မှာပါ…။ ဒါကို ဒီညီငယ်လေးတွေက အသိတရား ရှိရှိနဲ့ သာသနာတော် အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ တစ်ဘက် တစ်လမ်းကနေ စွမ်းဆောင် လိုက်တော့ တော်တော့်ကို ၀မ်းသာစရာ ကောင်းတာပေါ့ဗျာ…။

နောက်ပြီး တရားစခန်း ၀င်တဲ့ သူတွေကိုလည်း ကြည့်ဦး…။ လူငယ်တွေချည်းပဲ ၁၇-ယောက်…။ အသက် အငယ်ဆုံးက ၂၂၊ အသက် အကြီးဆုံးဆိုလို့ ၂၈ နှစ်ပဲ ရှိတာ…။ ပြောရရင်တော့ နောင်တစ်ချိန်မှာ လူကြီးနေရာ ရောက်လာမယ့် ဒီလူငယ်တွေမှာ ဒီ ၇-ရက်တာ အတွင်း ဘာသာရေး အသိတွေ တိုးစေခဲ့လို့ တကယ့်ကို ၀မ်းသာဖွယ်ပါပဲ…။

နောက် ကျွန်တော် တရားစခန်း အတွေ့အကြုံ လေးကို မရေးခင် ဒီနေရာမှာ ကြိုပြောချင်တာက ကျွန်တော်တို့ တရားစခန်းဟာ လူငယ်လေးတွေ အသိတရား တိုးဖို့သာ ရည်ရွယ်တာမို့ အချိန်ဇယားက အများနည်းတူ တရားစခန်းတွေနဲ့ မတူပါဘူး…။ ဆိုလိုတာက အချိန်ဇယားကို သက်သက် သာသာလေး ဆွဲထားတယ်ပေါ့…။ တော်ကြာ စာရှုသူတို့က ဖတ်နေရင်း “အချိန်ဇယားကြီးက ဘယ်လိုကြီးလဲ” ဆိုပြီး အပြစ်တင်သလို ဖြစ်မှာ စိုးလို့ပါ…။ ဒီနေရာမှာ စိုးရိမ်တာ ကလည်း ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး…။ စာရှုသူတို့ အတွက်ပါ…။ လူငယ်တွေ ချည်းပဲ လုပ်တာဆိုတော့ နားလည်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ် နော..။

တရားစခန်း စစ၀င်ဝင်ချင်း ကျွန်တော့်အတွက် အနည်းငယ် ပြဿနာ ဖြစ်သွားတာက အိပ်ယာထချိန်ပေါ့…။ ဘာလို့လဲ ဆိုတော့ လူကလည်း လူငယ်၊ နောက် ကျောင်းကလည်း ပိတ်ထားတာ ဆိုတော့ အထိန်းအကွပ် မရှိ၊ အဲတော့ အိပ်ချင်တဲ့ အချိန်အိပ်၊ ထချင်တဲ့ အချိန်ထ ပုံမှန် မရှိဘူးပေါ့…။ ဒါပေမယ့် တရား စခန်း အချိန်ဇယား ကြည့်လိုက်တော့ အိပ်ယာ ထချိန်က မနက် ခြောက်ခွဲ၊ အိပ်ချိန်က ည ဆယ့်တစ် ခွဲလောက် ဆိုတော့ ကိုယ့်ကိုယ်ကို အိပ်ယာ ၀င်ချိန်၊ အိပ်ယာ ထချိန် ပုံမှန်ဖြစ်အောင် အရင် ပြင်ရတာပေါ့…။ ပြင်ပေးတဲ့ အဖော်ကောင်း ကလည်း ရှိတယ်လေး…။ ဘာလဲ ဆိုတော့ ဖုန်းမှာပါတဲ့ နှိုးစက်လေး…။ ဒါလေးကပဲ ၇-ရက်တာ ကာလမှာ ကျွန်တော့်ကို ကူညီသွားတာ…။ ဒါတောင် မနက်ဖက် မနိုးမှာစိုးလို့ နှိုးစက်ကို သုံးဆင့် ပေးထားရ သေးတယ် ..။

ဒီလိုနဲ့ ကျွန်တော် ခြောက်ခွဲမှာ အိပ်ယာထ၊ မျက်နှာသစ်၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ လေးရွတ်ပြီး တရားစခန်း ပထမနေ့ မနက်ခင်းကို ဖွင့်လှစ်လိုက်တယ်…။ ကိုယ့်ဟာကိုယ်ဆို နိုးမှာ မဟုတ်၊ နှိုးစက် ကျေးဇူးကြောင့်…။

အားလုံး ကိုယ်လက် သန့်စင်ပြီးတော့ ကျွန်တော်တို့ ဘုရားခန်းဝင် ဘုရားဝတ်ပြုကြ ပါတယ်…။ ဘုရား ၀တ်ပြုချိန် ကိုတော့ မနက် ၇-နာရီ သတ်မှတ်ထား ပါတယ်…။ မနက် စောစောထပြီး ဘုရား ၀တ်ပြုရတဲ့ အရသာဟာလည်း ဘယ် အရသာနဲ့မှ မတူ တော်တော်လေးကို ကောင်းပါတယ်…။ စိတ်လက် ကြည်လင် ပေါ့ပါးပြီး ရင်ထဲကို အေးနေတာပါပဲ…။

ဘုရား ၀တ်ပြုပြီးတော့ ကျွန်တော်တို့ကို မနက်စာ စားဖို့ လာပြောတယ်…။ အဲ အစား အသောက် ကိစ္စနဲ့ ပတ်သတ်ပြီးလည်း ပြောရဦးမယ် ကျွန်တော်…။ ကျွန်တော်တို့ ယောဂီတွေကို (တရား စခန်း ၀င်တော့လည်း လူကနေ ယောဂီ ဖြစ်သွားတာပေါ့ နော) ခုလို တရား စခန်း ၀င်နေစဉ် စားရေး သောက်ရေးမှာ မတောင့်မတ၊ မကြောင့်မကြ ရအောင် ဆိုပြီး ဒီ ၄၈-က ညီလေးတွေကပဲ စီမံ ချက်ပြုတ်ပေးတာ…။ ငွေရေး ကြေးရေးတောင် ကျွန်တော်တို့ဆီက အလှူမခံဘူး…။ လိုတာ မှန်သမျှ သူတို့ အိပ်စိုက်မယ် ဆိုပြီး ဒီတရား စခန်းကို လုပ်ကြတာ…။ တော်တော်လေးကို ကျေးဇူး တင်ဖို့ ကောင်းပါတယ်…။ မပြစ်မှားသင့်တဲ့ ခင်ပွန်းကြီး ၁၀ ပါးထဲလည်း ပါသွားတာပေါ့…။ သူများတကာတွေ ဇိမ်ကျကျ အိပ်နေချိန်မှာ ဒီချက်ပြုတ်ရေး တာဝန်ယူတဲ့ ညီလေးတွေဟာ သူများတွေလို မအိပ်ရ၊ အစောကြီးထပြီး ကျွန်တော်တို့ တရားစခန်းဝင် ယောဂီတွေအတွက် မနက်စာ အလျင်မှီအောင် ချက်ပြုတ်ကြတယ်၊ နောက် သူများတွေက ကျောင်းပိတ်လို့ လျှောက်လည် နေချိန်မှာ ဒီ ညီငယ်လေးတွေ မလည်မပတ်ဘဲ တရားစခန်းဝင် ယောဂီတွေ အတွက် သူတို့ အချိန်တွေကို ပေးထားကြတယ်…။ စဉ်းစားကြည့်လေ ကျေးဇူးတင် မဆုံးလေပါပဲ…။ (ညီတို့ရေ ဒီနေရာကပဲ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ထပ်လောင်း ပြောပါရစေ။)

အဲ.. အဲလို မနက်စာ အရုဏ်ဆွမ်း စားဖို့ (ဒီနေရာမှာ အရုဏ်ဆွမ်းလို့ သုံးသင့် မသုံးသင့် ကျွန်တော် သေချာ မသိပါဘူး…။ မသုံးသင့်ရင်တော့ ခွင့်လွှတ်နားလည် ပေးကြပါ။) ထမင်းစားခန်း သွားတော့ ကျန်တဲ့ သူတွေတော့ မသိ၊ ကျွန်တော် ပြဿနာက စတက်လေရော…။ ဘာလဲ ဆိုတော့ ဒီ တရားစခန်းကို ဦးစီးလုပ်တဲ့ ညီလေးက (ဥပါသကာ ညီလေးလို့ပဲ ထားပါစို့နော) ထမင်းစားခန်း သွားရင် ကြွတယ်၊ လှမ်းတယ်၊ ချတယ် အဲလိုလေး သတိထားပြီး ဣနြေ္ဒရရ ဖြေးဖြေးချင်း သွားကြပါ ယောဂီတို့လို့ ပြောပြီး ဒီ ညီလေးကပဲ ရှေ့ကနေ စသွားတယ်…။ အဲတော့ လမ်းလျှောက်တာ ခပ်ဖြေးဖြေး လျှောက်တာ အကျင့်မပါလေတော့ ကျွန်တော့် အတွက် အခက်အခဲ ဖြစ်တာပေါ့…။ နောက်တစ်ခုက ကျွန်တော်က လမ်းလျှောက်ရင် ခြေထောက်နဲ့ ကြမ်းနဲ့ (လမ်းပေါ်ဆိုရင်တော့ ခြေထောက်နဲ့ မြေကြီးနဲ့ပေါ့..) ထိတာကို သိအောင်လုပ်တယ်၊ သိတာကို သတိ ကပ်နိုင်အောင် ကြိုးစားပြီး *ထိ၊ သိ၊ သတိ* နဲ့ လမ်းလျှောက်နေကျ ဆိုတော့ ကြွတယ်၊ လှမ်းတယ်၊ ချတယ် ဆိုတာကြီးက ကျွန်တော့်အတွက် သိပ် အံမ၀င်ဘူး ဖြစ်နေတယ်…။ အဲတော့ ကျွန်တော် လျှောက်တတ် သလိုပဲ လျှောက်လိုက်တယ်…။

ဒီလိုနဲ့ အရုဏ်ဆွမ်း စားတဲ့ နေရာ ရောက်ရော ဆိုပါတော့..။ ရောက်တော့ မရှိမဲ့ ရှိမဲ့ သိက္ခာလေး တွေကို ထိန်းရင်း ကျွန်တော်တို့ ယောဂီတွေ အသီးသီး နေရာ ယူလိုက်ကြတယ်..။ ပြီးတော့ ဥပါသကာ လုပ်တဲ့ ညီလေးက *ယောဂီသူတော် စင်တို့၊ ယောဂီတို့အတွက် ဒီနေ့မနက် အရုဏ်ဆွမ်း အတွက် လှူဒါန်းတဲ့ အလှူရှင်တွေနဲ့ ဝေယျာဝစ္စ ကုသိုလ် ပြုလုပ်ပေးကြတဲ့ သူတွေကို မေတ္တာပို့ရအောင် အားလုံးပဲ လက်အုပ်လေးတွေ ချီထားကြပါ* လို့ ပြောလာတယ်…။ (အဲ ကျွန်တော် ပြောဖို့ တစ်ခု ကျန်သွားတယ်…။ ဘာလဲ ဆိုတော့ ဘုရား ၀တ်ပြုပြီးတော့ ဥပါသကာ ညီလေးက အလှူရှင်တွေကို မေတ္တာပို့တဲ့ စာသားနဲ့ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးတွေ ပါတဲ့ စာရွက်တွေကို တစ်ယောက် တစ်ရွက် ဝေထား ပြီးသားပါ။)

အဲဒါနဲ့ ကျွန်တော်တို့ အားလုံး လက်အုပ် ချီလိုက် ကြတယ်…။ မေတ္တာပို့တဲ့ စာသားကိုတော့ ဒီ ညီလေးကပဲ ရွတ်ပေးတယ်…။ “ဒီကနေ့ မနက် အရုဏ်ဆွမ်း လှူတဲ့ အလှူရှင် တွေကော၊ ဝေယျာဝစ္စ ကုသိုလ်ပြုကြတဲ့ သူတွေကော ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာ ကြပါစေ၊ ဒီလို လှူဒါန်း ပြုလုပ်ကြရတဲ့ ကုသိုလ်တွေ ဟာလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဲ့ အထောက်အပံ့ ဖြစ်ပါစေ သတည်း” စသဖြင့် ရွတ်ဆို ပေးပါတယ်။ မေတ္တာပို့ စာသားကိုတော့ ကျွန်တော် သေချာ မမှတ်မိတော့ ပါဘူး.. သဘော အသွားကတော့ ဒီ အတိုင်းပါပဲ…။ အဲလို မေတ္တာပို့ပြီးတော့ ကျွန်တော်တို့ ပြုခဲ့တဲ့ ကုသိုလ်တွေကို အမျှဝေကြပါတယ်…။

[ကုသိုလ် (အမျှ…)၃ ယူတော်မူကြပါ ကုန်လော့… (သာဓု…)၃]၃ ဆိုပြီး သုံးခေါက် ရွတ်ဆို အမျှဝေကြပါတယ်…။

အဲလို အမျှဝေပြီးတော့ ကျွန်တော်တို့ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးကို လက်အုပ်ချီလျက်ပဲ တပြိုင်တည်း(ထဲ) ညီညာဖြဖြ ခုလို ရွတ်ဆို ကြပါတယ်…။

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရည်ဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်ကို၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ကျင့်နိုင်အောင်ဟု၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ရပိုင်းမျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲ ပါသတည်း။

ဒီလို ရွတ်ဆိုနေတဲ့ အချိန်မှာ ကျွန်တော့်စိတ်ထဲ ဖြစ်ပေါ် ခံစားရတာလေး ပြောချင်ပါသေးတယ်…။ ပထမဆုံး လက်အုပ်ချီပြီး မေတ္တာပို့တဲ့ အချိန်မှာ ကျွန်တော်လေ ကိုယ့်ကိုယ်ကို မိဘမဲ့ ဂေဟာ ရောက်သွားတယ်လို့ ခံစားလိုက်ရတယ်…။ ဘာလို့လဲ ဆိုတော့ ကျွန်တော်မြင်ဖူး တွေ့ဖူးတဲ့ မိဘမဲ့ ဂေဟာမှာဆို ဒီလိုပဲ လာရောက် လှူဒါန်းတဲ့ သူတွေကို လက်အုပ်ချီပြီး မေတ္တာပို့တာကို တွေ့ဖူးထား တာကိုး…။ အဲလိုလေး ခံစားလိုက်မိမှပဲ မိဘမဲ့ ကလေးတွေရဲ့ ဘ၀ကို တကယ့်ကို စာနာမိသွား တယ်ဗျာ… တကယ်ပါ…။

နောက်တစ်ခု ရှိသေးတယ်…။ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေး ရွတ်တော့ ခံစားရတာလေး…။ ဒီလင်္ကာလေးကို စိတ်ထဲကနေ ခံစားပြီး ရွတ်ဆိုနေတဲ့ အခိုက် စားချင်စိတ်တောင် ပျောက်သွားတယ်…။ ဘာလို့လဲ ဆိုတော့ လှူဒါန်း ချက်ပြုတ်သူတွေကို အားနာလို့…။ ပြီးတော့ ဒီ လင်္ကာလေးက ကျွန်တော် ငယ်ငယ် ကိုရင်ဝတ်တုန်းက ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးနဲ့လည်း တူနေတော့ ကိုရင်ဘ၀ကို ပြန်သတိရမိ သလို ဆွမ်းတစ်လုပ် စားတိုင်း မီးခဲမြိုသလို ခံစားရတယ် ဆိုတဲ့ ဆရာတော် တစ်ပါးရဲ့ စကားကိုလည်း သွား သတိရမိ လိုက်တယ်…။ အဲဒီတော့မှ ရဟန်း သံဃာ ဆရာတော်တွေရဲ့ ဒုက္ခကိုလည်း ကိုယ်ချင်းစာမိ သွားတယ်…။ အရင်ကကော ကိုယ်ချင်းမစာ ဘူးလား ဆိုတော့ မဟုတ်ပါဘူး…။ ကိုယ်ချင်း စာကြည့်ဖူးပါတယ်…။ ဒါပေမယ့် ခုလောက် ထဲထဲဝင်ဝင် နှစ်နှစ်ကာကာ ကိုယ်ချင်း စာတတ် တာကတော့ ဒါ ပထမ ဦးဆုံးပါပဲဗျာ..။

ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေး ဆိုပြီးတော့လည်း မပြီးသေးပါဘူး…။ စားနေစဉ်အတွင်း လောဘတဏှာ၊ ဒေါသ တဏှာ စသဖြင့် နည်းနိုင်သမျှ နည်းအောင်ဆိုပြီး ဥပါသကာ ညီလေးကပဲ လင်္ကာလေး တစ်ပုဒ်ကို သံနေသံထားနဲ့ ရွတ်ဆိုပေးပြန်ပါတယ်…။ လင်္ကာလေးကတော့ ဒီလိုပါ…။

“စားခိုက် စားစဉ် သတိယှဉ်၊ စားချင်စိတ်နဲ့ စားရုပ်မြင်၊
စားစဉ် စားခိုက်၊ သတိစိုက်၊ ရှုလိုက်မှတ်ကာ ပွားစေချင်၊
စားဆဲ နာမ်ရုပ်၊ စားစဉ်ချုပ်၊ အဟုတ် ဉာဏ်မှာမြင်၊
အရိယာပတ္ထ ကျင့်လမ်းပြ၊ ဒီက နိဗ္ဗာန်ဝင်။”

ဒီလင်္ကာထဲက အရိယာပတ္ထမှာ ပတ္ထ ဆိုတာက ရောက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ…။ ဒီလင်္ကာလေးကို အစတော့ ကျွန်တော် မရပါဘူး..။ နောက်တော့ နေ့စဉ်ရက်ဆက် နားထောင်ပါ များလာတော့ အလွတ်ကို ရလာတာပါ…။ နောက်ပြီး ဒီ လင်္ကာလေးဟာ ကျွန်တော့အတွက် တော်တော့်ကို အသုံးကျသွား ပါတယ်…။ ဒီလင်္ကာမှာ ပြထားတာက အစား တစ်ခုတည်း…။ ဒါပေမယ့် ကျွန်တော် ဆက်တွေးဖြစ်ပြီး အသုံး တည့်သွားတာက “စား” ဆိုတဲ့ နေရာမှာ “ရပ်”၊ “သွား”၊ “ထိုင်”၊ “လျောင်း” စသဖြင့် အပြုအမူ လှုပ်ရှားမှုတိုင်းကို ထည့်သုံးလို့ ရသွားတယ် ဆိုတာပါပဲ…။

တရားစခန်းဝင်ခဲ့ရာ ဘုရားခန်း


တရားစခန်းဝင်ခဲ့ကြသည့် ယောဂီများ

နံနက်စာ ပြင်ဆင်ခင်းကျင်းထားစဉ်


မနက်စာကို ဤသို့ မေတ္တာပို့ ဆင်ခြင် သုံးဆောင်ခဲ့ကြသည်။




နေ့လည်စာမစားမီ မေတ္တာပို့ ဆင်ခြင်ကြစဉ်


>>> ဆက်လက် ဖော်ပြပါ့မယ် ခင်ဗျာ…။

လေးစားစွာဖြင့်
ဖိုးသား

08.08.2009, SAT:, 01:34:07 PM

Read more...

စိတ်သာရှင်စော...(၃) [ALL IS MIND-by David Samuel]


All Is Mind

David Samuel

စိတ်သာရှင်စော

ဘာသာပြန်- အလှတရား

အခန်း(၂)ဖြစ်ရပ်


ဖြစ်ရပ်က မှတ်ဥာဏ်ကို ဖန်တီးတယ်။ မှတ်ဥာဏ်က အမျိုးအစားခွဲခြားခြင်းကို ဖန်တီးတယ်။

ခင်ဗျားဟာ ဒွါရအသီးသီးကနေ ဖြတ်သန်းလာတဲ့ အာရုံလှုံ့ဆော်မှုတွေကို အချိန်တိုင်း တွေ့ကြုံနေရတယ်။ အသံတွေ၊ အဆင်းအာရုံတွေ၊ အနံ့အာရုံတွေ၊ အပူအအေး အမာအပျော့ ဆိုတာတွေကို ဒွါရခြောက်ပါးက အမြဲမှတ်တမ်းတင်နေရတယ်။

ခင်ဗျားသိသိမသိသိ ခင်ဗျားရဲ့ အာရုံသိမှုကို ဆင်ခြင်မှုက အမြဲထိန်းချုပ်နေတယ်။ ဒီနေရာမှာ ဆင်ခြင်မှုဟာ အဲဒီ အခိုက်အတန့်က အမှုကိစ္စမျိုးအတွက် ဘာမှအရာမရောက်ဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ဒါက မမှန်ပါဘူး။ ဆင်ခြင်မှုတိုင်းဟာ ပစ္စက္ခအခြေအနေတိုင်းနဲ့ ဆက်နွှယ်မှုရှိနေပါတယ်။ ဆင်ခြင်သွားတာက မြန်လွန်းတာ၊ ဒါမှမဟုတ် ခင်ဗျားအနေနဲ့ မေ့လျော့ပေါ့ဆပြီး သတိမထားလိုက်တာမျိုးသာ ဖြစ်ပါတယ်။

အတိတ်က တစ်စုံတစ်ဦးကို အမှတ်ရစေမဲ့ ရေမွှေးနံ့တစ်ခုကို ရှူရှိုက်မိတဲ့အခါ ခင်ဗျားရဲ့စိတ်ဟာ သံယောဇဉ်နှောင်ကြိုးတွေ၊ ကျေနပ်နှစ်သိမ့်မှုတွေ၊ ဒါမှမဟုတ် ဒေါသထွက်မှုတွေ၊ (သူ့ကို လွမ်းဆွတ်နေရင်တော့) နွမ်းလျ ဆွေးမြည့်မှုတွေကို ခံစားတဲ့စိတ်အဖြစ် ပြောင်းလဲသွားတယ်။ ခင်ဗျားက အားစိုက် တွေးတောနေတာမျိုး မဟုတ်ဘဲ ရေမွှေးရဲ့ရနံ့က ခင်ဗျားဆီ ခေါ်လာတာမျိုး ဖြစ်ပါတယ်။

တစ်ဦးဦးက ရိုလာကိုစတာ စီးတဲ့အကြောင်း၊ မြင်းစီးတဲ့ အကြောင်းကို ပြောပြရင် ခင်ဗျားရဲ့စိတ်ဟာ ခင်ဗျားရဲ့ အတိတ်ကာလ များဆီပြန်သွားပြီး၊( ငါးနှစ်သားအရွယ်တုန်းက ဖြစ်ရပ်လည်း ဖြစ်ချင်ဖြစ်မယ်) နှစ်သက်မှု မနှစ်သက်မှုတွေ ဖြစ်လာမယ်။ ခုငြိမ်ငြိမ်ကလေး ထိုင်နေပေမဲ့ ရိုလာကိုစတာစီးတုန်းက အော်ဂလီဆန်ခဲ့တာမျိုးတောင် ပြန်ခံစားရကောင်း ခံစားရနိုင်တယ်။

ဖြစ်ရပ်ဆိုတာဟာ စကားစမြည်ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ခင်ဗျားကို ထိခိုက်ဖို့ ရည်ရွယ်ချက်မရှိပေမဲ့ တစ်စုံတစ်ဦးက ခင်ဗျားရဲ့ခံစားမှုကို နှိုးဆွပေးနိုင်တဲ့ စကားမျိုး ပြောနိုင်ပါတယ်။

ဒါဟာဖြစ်ရပ်တွေရဲ့ စွမ်းအားနဲ့ အန္တရာယ်ဖြစ်ပြီးတော့ သူတို့ရဲ့အလုပ်လုပ်မှုကို ကျွန်တော်တို့ သတိမပြုမိကြဘူး။

ကြီးပြင်းလာရင်းနဲ့ အရာဝတ္ထုအချို့ကို ပထမဦးဆုံးအကြိမ်အဖြစ် စတင်မြင်ရတဲ့အခါမှာ ဒီအရာတွေက ဘာတွေပါ ဆိုပြီး ပြောပြတာကို ကျွန်တော်တို့ ကြားခဲ့ရဖူးတယ်။ သတ္တ၀ါတစ်ကောင် ကိုတွေ့ရင် မိဘတွေက "ဘွတ်အဲ.ကြီးကွယ့်.. နွားကြီးကွယ့်" စသည်ဖြင့် ပြောပြတတ်တယ်။ ပင့်ကူတွေကို ကြောက်တတ်တဲ့ မိဘမျိုးဆိုရင် ပင့်ကူတွေနားက ဝေးဝေးနေဖို့ ထပ်ကာထပ်ကာ ပြောခြင်းအားဖြင့် ခင်ဗျားကိုလည်း ပင့်ကူအကြောက်ဓာတ်တွေ ထိုးသွင်းပေးမယ်။ ပင့်ကူတွေဟာ သိပ်အန္တရာယ် ကြီးတယ်လို့ ပြောပြကောင်း ပြောပြလိမ့်မယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ ဘ၀နဲ့ပတ်သက်ပြီး ပရိုဂရမ်တွေ ရေးမှတ်ထည့်သွင်းလာခဲ့ကြပါတယ်။

သင့်
အမြင်အာရုံ
ကို
မေးခွန်းထုတ်ပါ။

ခင်ဗျားမြင်သမျှကို သံသယ၀င်ဖို့ ဒီစကားက ဆိုလိုတာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ မြင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုမှုတွေအပေါ် သံသယထားဖို့ ပြောရခြင်း ဖြစ်ပါတယ်။ ခင်ဗျားဟာ ခင်ဗျားရဲ့ အသိဥာဏ်ရောထွေးမှုကြောင့် မှားယွင်းတတ်တဲ့ ဒါမှမဟုတ် သူ့ဟာသူလည်းပဲ အလွယ်တကူ မှားယွင်းတတ်တဲ့ စိတ်တည်းဟူသော ပရိုဂရမ်ကိုဖြတ်သန်းပြီး အရာရာကို မြင်တွေ့နေရခြင်းဖြစ်တယ် ဆိုတာကို သတိထားပေးပါ။ ဘယ်ဖြစ်ရပ်ကိုမဆို ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ခင်ဗျားဘယ်လိုမြင်ရသလဲ ဆိုတာဟာ ဖွင့်ဆိုထားတဲ့ ခင်ဗျားရဲ့"စိတ်"အပေါ်ပဲ လုံးလုံးအခြေခံပါတယ်။

ခင်ဗျားရဲ့စိတ် အလုပ်လုပ်ပုံကိုသိပါ။ နောက်ပြီး ခင်ဗျားမြင်ရကြားရတာတွေဟာ တကယ့်အစစ်အမှန်တွေများ ဖြစ်နေမလားလို့ တွေးတောမိရင်လည်း မေးခွန်းနာနာထုတ်ပါ။ တကယ်တော့ အရာဝတ္ထုရဲ့ ပင်ကိုယ်သဘောကို ခင်ဗျားမြင်ရတာထက် အလင်းပြန်မှုကို မြင်ရတာလို့ မဆိုထိုက်ဘူးလား။

ကျွန်တော်တို့မြင်သိရသမျှ ( ကြားသိရသမျှကလည်း ထိုနည်းလည်းကောင်း) အရာတွေဟာ အလင်းပြန်မှုသက်သက်သာ ဖြစ်ပြီး အလင်းရောင်ဟာ ထာဝရပြောင်းလဲနေသလို အလင်းပြန်မှုဟာလည်း အမြဲပြောင်းလဲနေပါတယ်။ ခင်ဗျား မှန်ကြည့်နေတုန်း အလင်းကို မျက်နှာရဲ့ အပေါ်ကထိုးထားတယ်ဆိုပါစို့။ ခင်ဗျားရဲ့ ရုပ်သွင်ဟာ အောက်ဘက်က ဒါမှမဟုတ် ဘေးဘက်က အလင်းထိုးထားတဲ့ ရုပ်သွင်မျိုးနဲ့ လုံးဝမတူဘဲ ကွဲပြားခြားနားနေတာကို တွေ့လိမ့်မယ်။ ဓာတ်ပုံတွေကို လေ့လာရင်လည်း ဒါမျိုးတွေ့နိုင်တယ်။ အိုမင်းပုံ၊ နုပျိုပုံ၊ ပျော်ရွှင်ပုံ၊ ၀မ်းနည်းပုံ စတဲ့ ခင်ဗျားရဲ့ ပုံအသွင်သွင် ဟာ အလင်းရောင်အပေါ် လုံးဝ မူတည်နေပါတယ်။

စိတ်ဝင်စားဖွယ် အတွေ့အကြုံတစ်ရပ်ကတော့ တောင်ကြီးတစ်လုံး ဒါမှမဟုတ် အရာဝတ္ထုအကြီးစားကြီးတစ်ခုကို နေမထွက်မီ နာရီအနည်းငယ်အကြာ ဒါမှမဟုတ် နေမ၀င်မီမှာ စောင့်ကြည့်နေခြင်း အတွေ့အကြုံဖြစ်ပါတယ်။ အလင်းရောင် ပြောင်းလဲမှုကြောင့် အရာဝတ္ထု ဘယ်လောက် ပြောင်းလဲသွားသလဲ ဆိုတာကို သတိပြုပါ။ မူလအရာဝတ္ထု လုံးဝမဟုတ်တော့ဘူး လို့ကို ထင်ရပါတယ်။ ကြည်လင်ပြတ်သားတဲ့ အလင်းရောင်အောက်မှာ အရာဝတ္ထုတစ်ခုခုကို ဓမ္မဓိဋ္ဌာန်ကျကျ မမြင်ရမချင်း ဒင်းကတော့ ဘယ်ပုံပဲဟေ့လို့ အတည်တကျ မယူဆထားပါနဲ့။

ကြည်လင်တဲ့ အလင်းဟာ ပညာရှိတဲ့စိတ်၊ ရှင်းလင်းတဲ့အတွေးအခေါ် ဖြစ်ပါတယ်။ ဒီအလင်းကို မျက်နှာဖုံးနဲ့ ခင်ဗျားရဲ့ရောထွေးမှု၊ ခြေဖျက်မှု၊ မိမိကိုယ်ကို လိမ်လည်မှု စတာတွေက ပိတ်ဆို့ထားတယ်။ တူညီတာလေးတွေ ပြောရရင် ခင်ဗျား နိုးနေခိုက်ဟာ ခင်ဗျားရဲ့စိတ်အလင်းကို ဖွင့်ထားခြင်းနဲ့ဆင်တူပြီး အိပ်ပျော်ခိုက်အချိန်ဟာ အလင်းကို မှိန်ထားခြင်း ပိတ်ထားခြင်း နဲ့ ဆင်တူတယ်။ အလင်းရောင်မရှိရင် ဘာမှမမြင်ရသလို ပိုလင်းလာတာနဲ့အမျှ ပိုပြီးကြည်ကြည်လင်လင် မြင်လာရတယ်။

အဲဒီ ချို့ယွင်းချက်တွေနဲ့ နေတာနဲ့အမျှ ခင်ဗျားရဲ့စိတ်ထဲက အလင်း တနည်းအားဖြင့် မြင်မှုကြားမှုကို စီစဉ်ပေးနေတဲ့ ခင်ဗျားရဲ့စိတ်ဟာ ကင်မရာရဲ့ မှန်ဘီလူးကို လက်ချောင်းနဲ့ဖုံးထားမိသလို ဖုံးကွယ်ထားခြင်း ခံရပါလိမ့်မယ်။ ခင်ဗျားဟာ ပုံရိပ်ရဲ့ တစ်စိတ်တစ်ဒေသကိုပဲ မြင်ရတာဖြစ်သွားပါလိမ့်မယ်။

continue အခန်း(၃)


Read more...

‘Just Enough’ – lunch/movies Sat 29 Aug.

Saturday August 29th we will be holding one of our lunch/movie dates at the Tai Pan Hotel. The topic this time is ‘Sense Desire’ – following on from the talk What is Wrong with the Senses? (Thurs.27th). Our events at the Tai Pan are very informal – it is really our way to get together, meet some good people and have a nice lunch. ‘Movie’ this time round means some short (and amusing) clips relating to the senses, to get the discussion going.

Those who like to just observe and not speak out are welcome, while everyone else should get the chance to give their viewpoint. The intention is to have fun with it, and get to know each other a bit more.

Don’t worry if you don’t know anyone – that is the point. Come along, say hello and join one of the tables. There is always a great atmosphere.

Location: Tai Pan Hotel, Suk 23 (map below)

Date: Sat August 29th

Event: ‘Just Enough’ : a look at Sense Desire in meditation

Lunch: The famous Tai Pan Buffet (which is very good, lots of choice). 206 baht per person – which is paid direct to the Hotel arrive when you like between 11:15 and 12:00 . We will leave the restaurant and move up to the theatre sometime jsut after 1 pm.

Movies: Meeting room level 5, Tai Pan Hotel. Start sometime after 1 pm, with 3 or 4 short movie sections relating to sense desire. Discussion inbetween, before and after, depending on how the group dynamic flows.

Feel Free – to come just for the lunch and company, just for the movie, or both. Come and go as you like (try to come for the whole session is best of course). But if you are planning to attend the lunch please leave a comment below so we know how many tables to reserve. It is not RSVP, but we do need to know roughly how many people will be coming or we get into trouble with the chef when he prepares too much or too little food.

Abstract: Sense Desire gets a bad rap in religion. It is usually considered ‘temptation’ or ‘deluding’. Buddhism too, focusses meditation on keeping yourself ‘mindful’ and not getting caught up in sense desire. But can you live without the senses? Isn’t life meaningless without our little sense pleasures ? What is the alternative?

Yet we know that Buddhists, and people in Buddhist countries are not sad unhappy people starving themselves of any pleasure. So how much do you have to give up, and what is in it for you ? Did you know that a simple electrode into one spot in the brain can produce endless pleasure, without the consequences of pleasure through eating, drugs or other ‘cords of sense desire’ – why is this operation considered immoral, and not made available to those suffering illness?

An easy going discussion on the topic of sense desire, with some short (and some comic) movie presentations on the subject.

Directions:

Goto Asoke BTS or Underground line. Walk East and go down Sukhumvit 23 for 336 meters (thanks Google Earth). Turn left into the Tai Pan Hotel. Restaurant is on the ground floor as you enter the building. Make sure to come and announce yourself – or they might not give you our discounted price for lunch!

Map to Tai Pan Hotel - Sukhumvit 23

Read more...

ရောင်စုံ အကြည့်များ

ကလေးဘ၀ကတည်းက စာအုပ်အလွန်အကျွံဖတ်ခြင်း၊ ကွန်ပျူတာ အသုံးပြုချိန် လွန်ကဲခြင်း စသည်တို့ဟာ မျက်လုံးနဲ့ပတ်သက်တဲ့ ပြဿနာများ ဖြစ်ပွားစေပါတယ်။ ဒီနေ့ခေတ်ဆိုရင်တော့ စာအလွန်အကျွံဖတ်ခြင်းထက် ကွန်ပျူတာဂိမ်းများ ဆော့ကစားနေကြခြင်းက ပိုများမယ်ထင်ပါတယ်။

တပတ်ကို စာအုပ်ထူထူ နှစ်အုပ်နဲ့အထက် ဖတ်တဲ့ကလေးတွေဟာ အဲဒီလောက် မဖတ်တဲ့ကလေးတွေထက် မျက်စိ အနီးမှုန်ရောဂါဖြစ်ဖို့ ပိုပြီးနီးစပ်ပါတယ်။ မိဘမျိုးရိုးထဲမှာ မျက်စိရောဂါရှိတဲ့သူ ရှိနေရင်လည်း ဒီရောဂါမျိုး ကလေးမှာ ရလာတတ်ပါတယ်။ ဒီရောဂါလက္ခဏာက အနီးအနားက လူနဲ့ အရာဝတ္ထုပစ္စည်းတွေကို မသဲမကွဲနဲ့ မှုန်ဝါးဝါးပဲ မြင်ရတာမျိုး၊ မြင်ကွင်းနှစ်ထပ် ဖြစ်နေတာမျိုး ခံစားရပါတယ်။ ပြီးတော့ ဒီရောဂါမျိုးက အသက်အရွယ် အကန့်အသတ်မရှိ ဖြစ်ပွားနိုင်တဲ့အတွက် ငယ်စဉ်ကတည်းက ဂရုစိုက်ပေးတတ်ဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများအနေနဲ့ ပညာရေးကစပြီး ထိန်းချုပ်ကာကွယ်လို့ ရနိုင်ပေမယ့် ကွန်ပျူတာ ကိုင်တွယ်ခြင်းအတွက်ကျတော့ ခဲယဉ်းပါလိမ့်မယ်။ ကလေးတွေကို ကွန်ပျူတာရှေ့က ဆွဲထုတ်ဖို့ဆိုတာ ဘယ်သူမျှ လွယ်လွယ်ကူကူ မစဉ်းစားကြပါဘူး။ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အသိပညာတိုးတက်စေချင်လို့လည်း ဖြစ်ပါတယ်။

အများအားဖြင့် မော်နီတာ (ကွန်ပျူတာ) ဖန်သားပြင်နဲ့ ကြည့်တဲ့သူရဲ့ မျက်စိအကွာအဝေးကြောင့် မျက်စိထိခိုက်မှုတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ အနီးစပ်ဆုံး သုတေသနပြုချက်များအရ ဖန်သားပြင်ပေါ်က ချောမွေ့တဲ့ အနားသတ်ရှိတဲ့ စာလုံးတွေ အစက်အပြောက်တွေ ပုံရိပ်တွေကြောင့်ပါပဲ။ ပြီးတော့ တဖျပ်ဖျပ် လင်းလက် ရွေ့လျားနေတဲ့ အရောင်မျိုးစုံတွေကြောင့်ပါပဲ။

ဒါတွေကို ကွန်ပျူတာစပြီး သင်ကြားကတည်းက ကလေးကို ကွန်ပျူတာ ၀ယ်ပေးစကတည်းက ဂရုတစိုက် သတိပေးနေနိုင်ရင် ကာကွယ်လို့ရပါတယ်။ မျက်စိကို ထိခိုက်တဲ့ အရိပ်အရောင် ရောဂါလက္ခဏာ စတွေ့ပြီဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ဆွေးနွေးပြီး မျက်မှန်လုပ်သင့်ရင် လုပ်ကြရမှာပါ။

သတိထားလုပ်ဆောင်ရမယ့် အချက်အလက်တချို့ကတော့ အိမ်မှာ ကွန်ပျူတာဝယ်ပေးရင် မော်နီတာထားတဲ့ နေရာနဲ့ ဖန်သားပြင်ရဲ့ ဆန့်ကျင်ဘက်နံရံတွေမှာ အရောင်တောက်တောက် ဖန်သားပြင်ပေါ် အလင်းပြန်စေမယ့် အရောင်ရှိတဲ့ဆေး တမျိုးမျိုး သုတ်လိမ်းပေးထားပါ။ ကွန်ပျူတာဘေးမှာ စားပွဲတင် မီးလုံးထားပေးပါ။ ဒီအရောင်တွေ အားလုံးဟာ ဖန်သားပြင်ကထွက်လာတဲ့ ရောင်ခြည်အလင်းတန်း တွေကို လျော့ကျစေပါတယ်။ ဖန်သားပြင်နဲ့ မျက်စိရဲ့ အကွာအဝေးဟာ အနည်းဆုံး ၂-ပေနဲ့ ၃-ပေကြား ရှိသင့်ပါတယ်။ ဖန်သားပြင်နဲ့ မျက်နှာရဲ့ အနေအထားဟာ ၁၀-ဒီဂရီ ဒါမှမဟုတ် ၂၀-ဒီဂရီ လွှဲဖယ်ထားပါ။ ဖန်သားပြင်ဘေးမှာ စာရွက်ထောင်ပြီး စာရိုက်တဲ့အနေအထားမျိုးမှာ စာပွဲတင်မီးကို ဖန်သားပြင်နဲ့ မျက်နှာချင်းဆိုင်နီးပါး ဖွင့်ထားသင့်ပါတယ်။

ကလေး ကွန်ပျူတာကိုင်တွယ်တာကို မကြာမကြာ ရပ်နားဖို့ သတိပေးပါ။ အနည်းဆုံး ၂-နာရီကြာလျှင် ၁၅-မိနစ် နားပါစေ၊ ဖန်သားပြင်ကို ကြည့်နေရင်း ၁၀-မိနစ်တကြိမ် ၁၅-မိနစ်တကြိမ်ခန့် အဝေးပြင်ပကို လှမ်းကြည့်ဖို့ အနီးအနားမှာရှိတဲ့ အရာဝတ္ထုကို တလှည့်စီ လှည့်လည်ကြည့်ရှုဖို့ သင်ကြားပေးထားပါ။

အရေးကြီးတဲ့ အချက်တချက်က မျက်တောင် ခဏခဏခတ်ဖို့ သတိပေးပါ။ မျက်တောင်ခတ်မှ မျက်လုံးဟာ စိုစွတ်ပါတယ်။ ခြောက်သွေ့နေတဲ့မျက်လုံးဟာ အမြင်အာရုံ အဆင်မပြေနိုင်တဲ့အပြင် မျက်စိထိခိုက်မှု ပိုမိုပြင်းထန်စေပါတယ်။ များသောအားဖြင့် ကွန်ပျူတာသုံးသူတွေဟာ သာမန်လူတွေထက် မျက်တောင်ခတ်တဲ့နှုန်းဟာ ငါးဆခန့် လျော့နည်းပါတယ်။ ဒါကြောင့် ကလေးကို ကွန်ပျူတာကိုင်နေရင်း မျက်တောင် မကြာခဏခတ်ဖို့ သေသေချာချာ ညွှန်ကြားတိုက်တွန်းပါ။

မျိုးရိုးကြောင့် မျက်စိမှုန်သူနဲ့ စာအုပ်အလွန်အကျွံ ဖတ်လို့ မျက်စိမှုန်သူ အရေအတွက်ဟာ တူညီသလောက်ရှိပေမယ့် ကွန်ပျူတာကြောင့် မျက်လုံးထိခိုက်တဲ့နှုန်း စိတ်ရောဂါဖြစ်တဲ့နှုန်းက ပိုများပါတယ်။

မျက်လုံးက မျက်ကြည်လွှာဟာ တနေ့တာအတွက် အိပ်စက်အနားယူပြီး နောက်တနေ့နံနက်မှာ အသစ်ပြန်ဖြစ်တယ်ဆိုပေမယ့် စာအလွန်အကျွံဖတ်လို့ အိပ်ချိန်နည်းတဲ့သူ၊ မျက်တောင်ခတ်တဲ့အကြိမ် နည်းလို့ မျက်လုံးခြောက်သွေ့နေတဲ့အချိန်များတဲ့သူ၊ ကွန်ပျူတာဖန်သားပြင်နဲ့ နီးကပ်စွာ အလုပ်လုပ်တဲ့သူတွေဟာ မျက်ကြည်လွှာထုတ်လုပ်မှု စွမ်းရည်ကို လျော့ကျပျက်စီးစေတဲ့အတွက် စာအုပ်ပဲ ဖတ်ဖတ်၊ ကွန်ပျူတာပဲ ကိုင်ကိုင်၊ အချိန်အကန့်အသတ်ထားပြီး လုပ်တာ အကောင်းဆုံးပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ မျက်စိမှုန်ရောဂါက အစပြုပြီး မျက်လုံးမှာ တိမ်စွဲကာ မျက်စိကွယ်တဲ့အထိ ဆုံးရှုံးမှုတန်ဖိုး ကြီးမားလွန်းလို့ပဲ ဖြစ်ပါတယ်။

( ခင်ခင်သင်း )


Read more...

အိပ်မနေနဲ့-၂ ... (ဦးသုမင်္ဂလ) vcd



ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

အိပ်မနေနဲ့-၂ ... (ဦးသုမင်္ဂလ) vcd




Read more...

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ

အမေရိကန် အရှေ့ခြမ်းတွင် မြန်မာ ထေရဝါဒ ဗုဒ္ဓဘာသာ ပြန့်ပွားစေရန် စတင် ဆောင်ရွက်ခဲ့သူမှာ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဖြစ်ပါသည်။
မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၉၇၉ ခုနှစ်တွင် အမေရိကန်ပြည်သို့ သာသနာပြုခရီး ကြွရောက်တော်မူခဲ့ပြီး မြန်မာ ဗုဒ္ဓဘာသာ အသင်းအဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများ ဖွဲ့စည်း တည်ထောင်ကြရန် တိုက်တွန်း မိန့်ကြားတော်မူခဲ့ပါသည်။ နောက်ပါ သံဃာတော် နှစ်ပါးကိုလည်း အမေရိကန်ပြည် အရှေ့ဖက်ခြမ်းတွင် တစ်ပါး၊ အနောက်ဖက်ခြမ်းတွင် တစ်ပါး ချန်ထားရစ်ပြီး မျိုးစေ့ချပေးခဲ့ရာ ၁၉၈၁ ခုနှစ်တွင် နယူးယောက်မြို့၌ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းနှင့် လောကချမ်းသာဘုရားကျောင်း ပေါ်ပေါက်လာခဲ့ပါသည်။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နှစ်စဉ် ကျင်းပပြုလုပ်မြဲ ပွဲတော်များအနက် ၂၀၀၄ ခုနှစ် မတိုင်မီအထိ၊ သြဂုတ်လတွင် ကျင်းပသော ပွဲတော်မှာ လောကချမ်းသာဆရာတော်၏ မွေးနေ့ ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ ဖြစ်ပါသည်။

၂၀၀၄ ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၌ မဟာစည်ဆရာတော်ဘုရားကြီး၏ ရာပြည့် ပူဇော်ပွဲကို ကျင်းပ ပြုလုပ်မည့်အကြောင်း ကြားသိသောအခါ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဆရာတော်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကလည်း မဟာစည်ဆရာတော်ဘုရားကြီး၏ ရာပြည့် ပူဇော်ပွဲ တစ်ခုကို နယူးယောက် လောကချမ်းသာဘုရားကျောင်းတွင် ကျင်းပ ပြုလုပ်ရန် စီစဉ်ကြပါသည်။

မဟာစည်ဆရာတော်ဘုရားကြီးကို ၁၉၀၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် မွေးဖွား သန့်စင်ခဲ့ရာ ဆရာတော်ကြီး၏ ရာပြည့် ပူဇော်ပွဲကိုလည်း ဇူလိုင်လ သို့မဟုတ် သြဂုတ်လတွင် ကျင်းပ ပြုလုပ်ရန် စဉ်းစားကြပါသည်။
ဇူလိုင်လတွင် ဝါဆိုပွဲတော်၊ သြဂုတ်လတွင် လောကချမ်းသာဆရာတော်၏ မွေးနေ့ ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲကို ကျင်းပလေ့ရှိရာ လောကချမ်းသာဆရာတော်က သြဂုတ်လတွင် ကျင်းပနေကြ ဖြစ်သော သူ၏ မွေးနေ့ပူဇော်ပွဲအစား “မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ”အဖြစ် နှစ်စဉ် ကျင်းပ ပြုလုပ်သွားရန် ဆုံးဖြတ် မိန့်ကြားခဲ့ပါသည်။

အသင်းအမှုဆောင်အချို့က လောကချမ်းသာဆရာတော်၏ မွေးနေ့ပွဲကို အစားမထိုးဘဲ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲကို သတ်သတ်မှတ်မှတ် သီးသန့် ကျင်းပသွားရန် အကြံပြုကြသော်လည်း ... ကွာ .. ဇူလိုင်မှာလည်း ဝါဆိုပွဲ၊ သြဂုတ်လထဲမှာ နောက် နှစ်ပွဲဆိုရင် လူတွေလည်း ပင်ပန်းကြပါလိမ့်မယ်။ မဟာစည်ဆရာတော်ကြီးရဲ့ ကျေးဇူးတွေ အများကြီး။ ဆရာတော်ကြီးရဲ့ ဂုဏ်ရည်ပူဇော်ပွဲက ပိုပြီး အနှစ်သာရ ရှိပါတယ် ... ဟု ပြန်လည် မိန့်ကြားခဲ့ပါသည်။

‘ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး’ ဟူသော အသုံးအနှုန်းနှင့်ပတ်သက်၍ အရှင်သီလာနန္ဒာဘိဝံသ ပြုစုသော “ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ - အကျဉ်း ပထမပိုင်း” စာအုပ်တွင် ဖော်ပြထားရာ မှတ်သားဖွယ်ကောင်း၍ ကောက်နုတ် ဖော်ပြလိုပါသည်။

+++++

စစ်ကြီးအတွင်း ဆိပ်ခွန် မဟာစည်ကျောင်း၌ ဝိပဿနာ သာသနာပြုခဲ့သဖြင့် ဆရာတော်သည် ‘မဟာစည်ဆရာတော်’ဟု တွင်ခဲ့သည်။
ရန်ကုန် သာသနာ့ရိပ်သာသို့ ရောက်ပြီးနောက်လည်း မဟာစည်ဆရာတော်ဟုပင် တွင်ခဲ့သည်။
ထို့နောက်တွင် ဆရာတော်၏ ဂုဏ်ကျေးဇူးတို့ကို အထူးသိမြင်သော ကြည်ညိုသူတို့က ‘မဟာစည်ဆရာတော်ဘုရား’ဟုလည်းကောင်း၊ ‘မဟာစည်ဆရာတော်ဘုရားကြီး’ဟုလည်းကောင်း ခေါ်ဝေါ် သုံးနှုန်းခဲ့ကြသည်။
ထိုမှ နောင်တွင်မူ ‘ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး’ဟု ‘ကျေးဇူးရှင်’ဟူသော စကားလုံးကိုပင် ရှေ့က ထား၍ သုံးနှုန်း ခေါ်ဝေါ်လာခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်တော့သည်။
ထိုသို့ မဟာစည်ဆရာတော်ကို ကျေးဇူးရှင်ဟု ခေါ်ဝေါ်ကြခြင်းမှာ သုံးရိုးသုံးစဉ် ဖြစ်၍လော?၊ တကယ် နှစ်နှစ်ကာကာ လေးစားကြည်ညို၍လော?။

မဟာစည်ဆရာတော်၏ တပည့်ကြီးဖြစ်သော ကမ္မဋ္ဌာနာစရိယဆရာတော် အရှင်သုဇာတထေရ်က မိမိသည် မဟာစည်ဆရာတော်၏ ကျေးဇူးကြောင့် ပါဠိတော်တို့ကို ကြည့်ရှုရသောအခါ လက်တွေ့နှင့် ဟပ်၍ အနက်အဓိပ္ပါယ်တို့ကို အားပါးတရ သိမြင်ရပါသည်။
ဆရာတော်ကြီးထံမှ တရားအားမထုတ်ခဲ့လျှင် ဤသို့သော အသိဉာဏ်မျိုးကို ရမည် မဟုတ်ပါ။
ထို့ကြောင့် ဆရာတော်ကြီးအား ကျေးဇူးတင် မဆုံးအောင် ရှိပါသည်ဟု အမိန့်ရှိဖူးပါသည်။

ယခု ၁၃၃၅ ခုနှစ် ကဆုန်လအတွင်းက မဟာစည်ဆရာတော်သည် မိုးကုတ်မြို့သို့ ကြွရန် မန္တလေး သာသနာ့ရိပ်သာသို့ ခေတ္တ ကြွရောက်လာပါသည်။ ဤစာရေးသူ(အရှင်သီလာနန္ဒာဘိဝံသ)သည် ဆရာတော်ထံသို့ အဖူးအမြော် ရောက်သွားခဲ့ပါသည်။
ထိုသို့ ရောက်စဉ်က ဆရာတော်အနီးတွင် ဦးပဉ္စင်းကြီး တစ်ပါးကို တွေ့ရပါသည်။
ထိုဦးပဉ္စင်းကြီးနှင့် စကားစပ်မိရာမှ ထိုဦးပဉ္စင်းကြီးက မိမိ၏ အသက်ကို မဟာစည်ဆရာတော်အား လှူထားကြောင်း၊ မဟာစည်ဆရာတော် ပြသသော နည်းဖြင့် အားထုတ်ခဲ့သဖြင့် မိမိသည် ဝိပဿနာအသိဉာဏ် အထူးများကို ရခဲ့၍ ဆရာတော်၏ ကျေးဇူး ကြီးမားလှသောကြောင့် ပစ္စည်းဥစ္စာကို လှူသည်ထက် အဆများစွာ လေးနက်သော အသက်လှူခြင်းကို ပြုခဲ့ကြောင်း၊ ဆရာတော်၏ ကျေးဇူး ကြီးမားလှကြောင်းကို အားပါးတရ ပြောပြခဲ့ပါသည်။
ထိုဦးပဉ္စင်းကြီးမှာ အခြားမဟုတ်၊ မဟာစည်ဆရာတော်ကို သူဌေးကြီး ဆာဦးသွင်နှင့် ဆက်သွယ်ပေးခဲ့သော ရေဦးမြို့ စက်သူဌေးကြီး ‘ဦးဘသင်’ပင် ဖြစ်ပါသည်။

ဆရာတော် ဦးသုဇာတနှင့် ဦးပဉ္စင်းကြီး ဦးဘသင်တို့ ပြောကြားသော စကားများကို ထောက်လျှင် မဟာစည်ဆရာတော်သည် ထို ၂-ပါး၏ ကျေးဇူးရှင် အစစ်ဖြစ်ကြောင်း ထင်ရှားပါသည်။
မိမိ၌ မရှိသော၊ နှစ်သက်စရာလည်း ကောင်းသော ပစ္စည်းတစ်ခုခုကို ပေးလာသူအား မိမိက လွန်စွာ ကျေးဇူးတင်မည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။
ထိုထက် မိမိ မသိ နားမလည်သော အဓိပ္ပါယ်တစ်ခုခုကို ရှင်းလင်း ပြောပြနိုင်ပါလျှင် ထိုသူကိုလည်း လွန်စွာ ကျေးဇူးတင်မည်ပင် ဖြစ်ပါသည်။
ထိုထက် မိမိသန္တာန်၌ တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့သော ဝိပဿနာဉာဏ်များ ဖြစ်ပေါ်လာသော အခါမှာမူ အလွန် ဝမ်းမြောက်ခြင်း ဖြစ်သည်နှင့်အမျှ ဤနည်းလမ်းတို့ကို ဟောတော်မူခဲ့သော မြတ်စွာဘုရားကိုလည်းကောင်း၊ နည်းလမ်း ညွှန်ပြသော ဆရာကိုလည်းကောင်း ကျေးဇူးတင် မဆုံးအောင် ရှိရသည်။ ရှိခိုးကန်တော့၍ မဆုံးအောင် ရှိရသည်။
ဤသို့သော အဖြစ်မျိုးကို (လက်တွေ့ တရားအားထုတ်၍ ရုပ်နာမ်ကွဲ အဖြစ်အပျက် မြင်၍) သြဘာသစသည် ဖြစ်ပေါ်လာသည့်အခါ ယောဂီတိုင်းပင် တွေ့ကြရသည်။

မဟာစည်ဆရာတော်၏ သြဝါဒအတိုင်း တရားအားထုတ်၍ ထိုအဆင့်တို့ကိုလည်းကောင်း၊ ထိုထက်မြင့်သော အဆင့်တို့ကိုလည်းကောင်း ရောက်ခဲ့သော ယောဂီတို့မှာ ဆရာတော် ဦးသုဇာတနှင့် ဦးပဉ္စင်းကြီး ဦးဘသင်တို့ ၂-ပါးသာ မဟုတ်ပါ။
ထိုသို့သော ယောဂီများမှာ ငါးသိန်းကျော်ပင် ရှိနေပြီ ဖြစ်ပါသည်။
ထို့ကြောင့် မဟာစည်ဆရာတော်သည် ထိုငါးသိန်းကျော်မျှသော ယောဂီတို့၏ ကျေးဇူးရှင် အစစ်ပင် ဖြစ်ပါတော့သည်။
ဤသို့ တရားနှင့်စပ်သော လက်တွေ့ကျေနပ်မှုကို ပေးတော်မူနိုင်သောကြောင့်ပင် မဟာစည်ဆရာတော်သည် သူမတူသော လေးစားမှုကို ခံယူရရှိတော်မူပါသည်။

ဆရာတော်၏ ယောဂီများက ဆရာတော်ကို လေးစားပုံမှာ ဟန်ဆောင်မှု မပါသော တကယ့်လေးစားမှုပင် ဖြစ်ကြောင်း တွေ့သိနိုင်ပါသည်။
မြတ်စွာဘုရားလက်ထက်က ဘုရားရှင်ကို လေးစားကြသည် ဆိုသည်မှာ ဤလိုလေးစားမှုမျိုးပင် ဖြစ်ပေလိမ့်မည်ဟု တွေးထင်စေနိုင်လောက်အောင် ဖြစ်ပါသည်။
ဤပုဂ္ဂိုလ်တို့အဖို့ မဟာစည်ဆရာတော်ကို ကျေးဇူးရှင်ဟု ခေါ်ဝေါ် သုံးနှုန်းရသည်ကိုပင် အားရနိုင်ကြမည် မဟုတ်ပါ။
ထို့ကြောင့် “ကျေးဇူးရှင် ဆရာတော်ဘုရားကြီး”ဟူသော အသုံးအနှုန်းများမှာ သုံးရိုးသုံးစဉ် ဖြစ်၍ မဟုတ်။ တကယ် နှစ်နှစ်ကာကာ လေးစား ကြည်ညိုမှုကြောင့် နှလုံးမဆန့် ပြန့်နှံ့ထွက်ပေါ်လာသော သုတိ သာယာလှသည့် စကားလုံး ဖြစ်ပါတော့သည်။

ထို့ပြင် မဟာစည်ဆရာတော်သည် ဆဋ္ဌသံဂါယနာ၌ ဆောင်ရွက်တော်မူခဲ့ခြင်း စသည်ဖြင့်လည်းကောင်း၊ တရားဟောတော်မူခြင်း၊ တရားကျမ်းဂန်များကို ရေးသားတော်မူခြင်းဖြင့်လည်းကောင်း၊ ဗုဒ္ဓသာသနာတော်၏အကျိုး၊ ဗုဒ္ဓသာသနာဝင်တို့၏အကျိုး၊ ဗုဒ္ဓသာသနာနှင့် စပ်သော တိုင်းပြည်၏ အကျိုးကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ထို့ကြောင့်လည်း မဟာစည်ဆရာတော်ကို ယောဂီတို့၏ ကျေးဇူးရှင်သာမက ဗုဒ္ဓသာသနာဝင် အားလုံး၏ ကျေးဇူးရှင်ဟူ၍လည်း ဆိုထိုက်ပါတော့သည်။

+++++

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၀၀၉ ခုနှစ် ‘မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ’ကို သြဂုတ်လ ၂ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ပါသည်။

မနက်ပိုင်းတွင် ဒုလ္လဘရဟန်းတော်များအား သိမ်ဆင်းလောင်းလှူပွဲ ပြုလုပ်၍ နေ့ခင်းတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပါသည်။
ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအားလည်း မြန်မာ ထမင်းဟင်း၊ မြန်မာမုန့်များဖြင့် ကျွေးမွေး ဧည့်ခံပါသည်။
အလှူရှင်များမှာ ဦးသိန်းဝင်း-ဒေါ်စန်းစန်းဌေး မိသားစု ဖြစ်၏။

မွန်းလွဲပိုင်းတွင် လောကချမ်းသာဆရာတော် ဦးဆောင်၍ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ရှစ်လုံးဘွဲ့ ကဗျာများကို ယောဂီများ၊ တရားနာ ပရိတ်သတ်များက ရွတ်ဖတ် ပူဇော်ကြပါသည်။

မဟာစည်ဘုန်းတော်ဘွဲ့

+ စည်တော်သံများ မကြား,ကြာပြီ၊ လူရှင်အများ လိုလားကြသည်။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+သိက္ခာသုံးပါး ကြီးမားပေသည်၊ အတ္တ,ပရ ပြည့်ဝစုံညီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+စွယ်စုံပါမောက် ထွန်းတောက်ပါပြီ၊ လူရောနတ်ရော သဘောတူညီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+မကြုံစဖူး အထူးပေါ်သည်၊ ဇာနည်ယောက်ျား ပေါက်ဖွားပါပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+အပါယ်ဘေးကြီး တားဆီးဖို့ရည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+မထိုက်သူများ ရှောင်သွားလိမ့်မည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နိဗ္ဗာန်လူနတ် အမြတ်ကိုရည်၊ တရားစည်ကြီး ရိုက်တီးနေပြီ။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နှစ်ဖြာဓူရ ပြည့်ဝစုံညီ၊ ဇာနည်မုန်သောက် ပြောင်မြောက်ပေသည်။
ဘုန်းတော်မြူး၍ အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+အပါယ်တံခါး ပိတ်သွားစေမည်၊ လူနတ်အများ ညွှတ်တွားယုံကြည်။
နိဗ္ဗာန်တံခါး ဖွင့်ထားလေသည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+သိက္ခာသုံးပါး ပြည့်ထွားစုံညီ၊ နိဗ္ဗာန်အောင်မြို့ ဆောင်ပို့ပါသည်။
ကိုယ်ကျိုးသူကျိုး သယ်ပိုးခဲ့သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ကမ္ဘာတလွှား နာကြားရွယ်ရည်၊ နတ်လူကြည်နူး အထူးရွှင်ကြည်။
တရားလမ်းပြ ဆုံးမနေသည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ကမ္ဘာအတွင်း ပျံ့သင်းယုံကြည်၊ ဇာနည်ပါမောက် အံ့လောက်ပေသည်။
မကြုံစဖူး အထူးပေါ်သည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+နိဗ္ဗာန်မြိုက်သီး ဖွင့်နည်းကြံစည်၊ မဂ်ဖိုလ်အောင်ပန်း ပြောင်လျှမ်းစုံညီ။
တရားစည်ကြီး ရိုက်တီးနေပြီ၊ တရားကိန်း အေးငြိမ်း မဟာစည်။

+စည်တော်သံများ နာကြားရွှင်ကြည်၊ သဒ္ဓါတရား ပြည့်ထွားစုံညီ။
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေမည်၊ တရားကိန်း အေးငြိမ်း မဟာစည်။

+ကမ္ဘာအနှံ့ ဖြန့်ဖို့ကြံစည်၊ အမှတ်လုပ်ငန်း ကြိုးပမ်းခဲ့သည်။
သတ္တိတော်ထူး ထွတ်ဖူးဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+အာဂုံယုတ္တိ နှိုင်းညှိစုံညီ၊ လက်တွေ့တရား စာသွားနှင့်ညီ။
စွယ်စုံထွန်းပေါက် အံ့လောက်ဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+ဝိသေသဓာတ် ထူးမြတ်ပေသည်၊ ဇာနည်ယောက်ျား ပေါက်ဖွားလာသည်။
သမာဓိနှင့် ကဝိဂုဏ်ရည်၊ တရားရေး အားပေး မဟာစည်။

+ယောဂီအများ စိတ်ထားရွှင်ကြည်၊ အရှင့်ဂုဏ်ပေါင်း ခညောင်းအဉ္ဇလီ။
ဆယ်ဖြာစုပေါင်း လက်ချောင်းတင်ချီ၊ ရွှင်ကြည်မိုး ရှိခိုး စုံအညီ။

+++++

ကောင်းခြင်းတေဇ မဟာစည်

ဗုဒ္ဓမြတ်စွာ ရောင်ဝါလင်းဖို့ ကောင်းခြင်းတေဇ မဟာစည်။
သုံးပါးသိက္ခာ ပြည့်စုံခြင်းကြောင့် ဂုဏ်သင်းပြန့်နှံ့ မဟာစည်။
မြန်ပြည်ဆိုတာ ကမ္ဘာတလွှားမှာ ကျော်ကာကြားတဲ့ မဟာစည်။
ရွှေဘိုစည်သံ အမှန်ကြားက ကောင်းစားမည်ပ ဆိုကြသည်။
လူ့ပြည်နတ်ရွာ မျှော်ကာစ၍ ပေါ်လာသပ မဟာစည်။
ကမ္ဘာတုန်ခါ သမ္ဘာကြီး၍ မြည်ကာဟီးတဲ့ မဟာစည်။
မဟာစည်ကြီး ရိုက်ဆော်တီး မြည်ဟီးနေပါပြီ။
စည်တော်သံကြား နန်းအပါး ရောက်ငြားပုံသို့မှီ။
အဲဒါကြောင့် နိဗ္ဗာန်မြို့နန်း အရောက်လှမ်း ဆော်ရွှမ်း မဟာစည်။ ။

+++++

မဟာစည် ရွှေလမင်း

မဟာစည် ရွှေလမင်း နယူးယောက်မြို့အတွင်း လင်းတော့မည်။
သတိပဋ္ဌာန် ရွှေလမင်း နယူးယောက်မြို့အတွင်း လင်းတော့မည်။
နယူးယောက်မြို့သူ ရှင်လူအများတို့ တရားအားထုတ်ဖို့ ချိန်တန်ပြီ။
နယူးယောက်မြို့နေ မြန်မာအများတို့ တရားအားထုတ်ဖို့ ချိန်တန်ပြီ။
အားထုတ်ပါလျှင် အဓိဋ္ဌာန်မြောက်လို့ နိဗ္ဗာန်ရောက်ဖို့ သေချာပြီ။
နိဗ္ဗာန်လိုလား ယောဂီများ ရှုပွားကြရမည်။
အဲဒါကြောင့် တရားအမြိုက်ကို အားစိုက်ထုတ်ရမည်။ ။

+++++

ထိုနောက် စိန်စီဆရာတော်မှ အနုမောဒနာတရား ဟောကြား၍ ရေစက်ချ ကောင်းမှုကုသိုလ်အမျှ ပေးဝေကြပါသည်။

ပူဇော်ပွဲအပြီး ညနေမှ စ၍ ၇-ရက် တရားစခန်းကို ပြုလုပ်ရာ ဒုလ္လဘရဟန်းတော်များနှင့် ယောဂီများ တရားစခန်း ဝင်ရောက်ကြပါသည်။

ပူဇော်ထိုက်သူကို ပူဇော်သည့် ပွဲ ...
ရတောင့် ရခဲ ရှင်,ရဟန်းဖြစ်ရသည့် ပွဲ ...
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် အားထုတ်သည့် ပွဲ ... ဖြစ်ရာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေပါတော့သည်။ ။














Read more...

ရုပ်နာမ်သင်္ခါရကို တဏှာ ဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍...

ဥပပရိက္ခသုတ် - (စူးစမ်းဆင်ခြင်သော)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့...
အကြင် အကြင် အပြားအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်း၏ စိတ်ဝိညာဉ်သည် ပြင်ပအာရုံ၌လည်း မပျံ့လွင့် မကျယ်ပြန့်မူ၍ ကမ္မဋ္ဌာန်းအာရုံ၌လည်း မတည်သည် ဖြစ်ခဲ့မူ တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာ ဒိဋ္ဌိ စွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တရာ၊ ရဟန်းသည် ထိုထိုအပြားအားဖြင့် စူးစမ်းဆင်ခြင်ရာ၏။

ရဟန်းတို့ ...
စိတ်ဝိညာဉ်သည် ပြင်ပအာရုံ၌ မပျံ့လွင့် မကျယ်ပြန့်သည်ရှိသော် ကမ္မဋ္ဌာန်း အာရုံ၌လည်း မတည်လတ်သော် တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာ ဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တသောသူအား နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှုဟူသော ဝဋ်ဆင်းရဲ အပေါင်းတို့ မဖြစ်နိုင်တော့ချေ၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို...
''ကပ်ငြိမှု 'သင်္ဂ' ခုနစ်ပါးတို့ကို ပယ်ပြီး၍ တဏှာကို ဖြတ်တောက်ပြီးသော ထို ရဟန်းအား ပဋိသန္ဓေနေခြင်းတည်းဟူသော သံသရာသည် ကုန်ခန်းပြီးဖြစ်ရကား တစ်ဖန် ဘဝသစ်သည် မရှိတော့ပြီ'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 94

၅ - ဥပပရိက္ခသုတ်၊ ပဉ္စမဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP