* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, July 14, 2009

သိက္ခာရှိတဲ့လူ...

More is the treasure of the Law than gems;
Sweeter than comb its sweetness: its delights
Delightful past compare. Thereby to live
Hear the Five Rules aright:

Kill not-for pity’s sake and lest you slay
The meanest thing upon its upward way.

Give freely and receive, but take from none
By greed, or force, or fraud, what is his own.

Bear not false witness, slander not, nor lie;
Truth is the speech of inward purity.

Shun drugs and drinks which work the wit abuse;
Clear minds, clean bodies, need no Soma juice.

Touch not thy neighbour’s wife, neither commit
Sins of the flesh unlawful and unfit.

Sir Edwin Arnold
(The Light of Asia)


ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ငါးပါးသီလဟာ အဓိကအရေးအကြီးဆုံး ဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး စောင့်ထိန်းရမယ့် ကမ္ဘာစောင့်တရား ငါးပါးဖြစ်ပါတယ်။ မိမိတို့ကို လူရယ်လို့ သတ်မှတ်ပေးတာ ငါးပါးသီလပါ။ ငါးပါးသီလမှ မရှိရင် လူဆိုတာ တိရစ္ဆာန်တွေနဲ့ အတူတူပဲ ဖြစ်သွားမှာပါ။ ဒါ့ကြောင့် ငါးပါးသီလကို "လူ့သိက္ခာ" လို့ ဆိုချင်ပါတယ်။ လူရယ်လို့ ဖြစ်လာတာနဲ့ ငါးပါးသီလဆိုတာလည်း လူ့ခန္ဓာကိုယ်ထဲကို အလိုလို ရောက်ရှိလာပြီးသားပါ။ ဘုရားရှင်ကို အာရုံပြုပြီးတော့ပဲဖြစ်ဖြစ်၊ သံဃာတော်တွေ (သို့မဟုတ်) ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ထံမှာပဲဖြစ်ဖြစ် "အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ သမာဓိယာမိ" စသဖြင့် စိတ်က၊ နှုတ်က ရွတ်ဆိုခံယူဆောက်တည်မှသာ လူ့သန္တာန်မှာ ငါးပါးသီလ ၀င်ရောက်ကိန်းတာ မဟုတ်ပါဘူး။ အဲဒီ့လို ပုဂ္ဂိုလ်တစ်ဦးထံမှာ ခံယူဆောက်တည်သည်ပဲဖြစ်စေ၊ မခံယူ မဆောက်တည်သည်ပဲဖြစ်စေ ငါးပါးသီလကတော့ လူဖြစ်လာတာနဲ့ အလိုလို ၀င်ရောက်တည်ရှိနှင့်ပြီးသား ဖြစ်ပါတယ်။

အသက်(၂၀)ပြည့်ပြီးတဲ့ အမျိုးသားတစ်ဦးကို ရဟန်းခံပေးတဲ့အခါ ရဟန်းဖြစ်တာနဲ့ တပြိုင်နက် (၂၂၇)သွယ်သော ရဟန်းသိက္ခာတွေဟာ အဲဒီ့ရဟန်းရဲ့ ခန္ဓာကိုယ်ထဲကို အလိုလို ၀င်ရောက်သွားသလို ငါးပါးသီလဆိုတာလည်း လူဖြစ်လာတာနဲ့ လူ့ခန္ဓာကိုယ်ထဲကို အလိုလို ၀င်ရောက်လာတော့တာပါ။ ရဟန်းဖြစ်လာသူဟာ ရဟန်းသိက္ခာတွေကို သိလျက်နဲ့ပဲဖြစ်ဖြစ်၊ မသိလို့ဘဲဖြစ်ဖြစ် တစ်ပါးပါးကို ကျူးလွန်ဖောက်ဖျက်မိရင် အဲဒီ့သိက္ခာပုဒ်အတွက် ရဟန်းသိက္ခာ ပြုတ်ကျသွားသလို လူဖြစ်လာသူတိုင်းအဖို့လည်း ငါးပါးသီလကို သိလျက်နဲ့ပဲဖြစ်ဖြစ်၊ မသိလို့ဘဲဖြစ်ဖြစ် တစ်ပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါး ကျူးလွန်ဖောက်ဖျက်မိရင် အဲဒီ့ဖောက်ဖျက်မှုအတွက် ဆိုင်ရာသိက္ခာ ကျပါတယ်။ ငါးပါးစလုံးကို ကျူးလွန်ဖောက်ဖျက်မိလိုက်ရင်တော့ လူသိက္ခာ လုံးဝ ပြုတ်ကျသွားတော့တာပါ။ လူလို့ မခေါ်ထိုက်တော့ပါဘူး။

လူတစ်ယောက်ဟာ အခွင့်မသာတဲ့အတွက် ဒါနကို တစ်နှစ်မလုပ်မိလို့လည်း လူသိက္ခာ ပြုတ်ကျမသွားပါဘူး။ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စတဲ့ ဥပုသ်သီလတွေ၊ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတွေ ဆယ်နှစ်မစောင့်မိ၊ မလုပ်မိလို့လည်း လူသိက္ခာ ပြုတ်ကျမသွားပါဘူး။ ငါးပါးသီလကိုတော့ ဆယ်နှစ်ကို မဆိုထားပါနဲ့။ တစ်လမလုံရင် တစ်လ၊ တစ်ရက်မလုံရင် တစ်ရက်၊ အယုတ်ဆုံး တစ်စက္ကန့် မလုံခြုံရင်တောင် တစ်စက္ကန့် လူသိက္ခာ ပြုတ်ကျသွားပါတယ်။ ဥပမာဆိုရရင် တစ်နေ့ (၂၄)နာရီရှိတဲ့အထဲမှာ (၆)နာရီ မူးယစ်သောက်စားနေရင် (၆)နာရီ သိက္ခာကျပါတယ်။ ယုတ်စွအဆုံး တစ်စက္ကန့် အရက်မူးနေရင် တစ်စက္ကန့် သိက္ခာကျသွားပါတယ်။

ငါးပါးသီလကိုသာ ဖြုတ်ထားလိုက်မယ်ဆိုရင် ဥပုသ်စောင့်သုံးဖို့လည်း မဖြစ်နိုင်ပါဘူး။ (၂၂၇)သွယ်သော ရဟန်းသိက္ခာပုဒ်တွေကို စောင့်သုံးဖို့လည်း မဖြစ်နိုင်ပါဘူး။ သီလမှန်သမျှထဲမှာ ငါးပါးသီလဟာ အခြေခံအုတ်မြစ်ကြီးလို တည်ရှိနေတာပါ။ ပုထုဇဉ်ပုဂ္ဂိုလ်များသာလျှင် ငါးပါးသီလကို လွန်ကျူးမိပြီး လူသိက္ခာ ပြုတ်ကျရတာပါ။ သောတာပန်အစ ဘုရား၊ ရဟန္တာအဆုံး အရိယာပုဂ္ဂိုလ်များဟာ သိက္ခာရှိတဲ့လူ အစစ်တွေပါ။ ဘာအကြောင်းကြောင့်မှ ငါးပါးသီလကို မလွန်ကျူးကြပါဘူး။ လွန်ကျူးရင်လည်း ဘုရား၊ ရဟန္တာ အရိယာပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး။ (သောတာပန်ပုဂ္ဂိုလ် အရက်သောက်နိုင်သေးတယ်ဆိုတဲ့ အယူကို သတိထားကြစေချင်ပါတယ်။ သီလစင်ကြယ်မှ စိတ်စင်ကြယ်ပါမယ်။ စိတ်စင်ကြယ်ပါမှ အယူစင်ကြယ်ပြီး ဘာဝနာလမ်းကို ဖြောင့်ဖြောင့်လျှောက်နိုင်ပါမယ်။ အဲဒီ့လို လျှောက်နိုင်ပါမှလည်း အရိယာစခန်းကို ရောက်တာပါ။ ရတနာသုံးပါးအပေါ်မှာ အသက်နဲ့လဲ ဆည်းကပ်ပြီးဖြစ်တဲ့ သောတာပန်လိုမျိုး ပုဂ္ဂိုလ်က ဗုဒ္ဓဘာသာမှာ အခြေခံအဆင့်သာဖြစ်တဲ့ ဒီသိက္ခာပုဒ်ကို ဘာအကြောင်းကြောင့်မှ မချိုးဖောက်တော့ပါဘူး။)

ငါးပါးသီလဆိုတာ ခါးဝတ်ပုဆိုးလိုပါပဲ။ လူတွေမှာ ခါးဝတ်ပုဆိုး အမြဲတမ်း ဖုံးလွှမ်းထားမှပဲ တင့်တယ်ပါတယ်။ အ၀တ်ဗလာဖြစ်နေရင် ဘယ်လိုမှ မတင့်တယ်နိုင်ပါဘူး။ ဒီလိုပါပဲ။ ငါးပါးသီလဟာလည်း လူမှာ အမြဲတည်ရှိနေမှပဲ တင့်တယ်ပါတယ်။ လွန်ကျူးဖောက်ဖျက်မိရင် ဖောက်ဖျက်မိသမျှ အချိန်တိုင်းမှာ တင့်တယ်ခြင်း ကင်းနေမှာပါ။ ငါးပါးသီလဟာ ဦးခေါင်းနဲ့လည်း တူပါတယ်။ လူတစ်ယောက်မှာ လက်၊ ခြေစတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုခု ချို့ယွင်းပြတ်ပိုင်းသွားရုံနဲ့ အသက်မသေနိုင်ပါဘူး။ ဒါပေမယ့် ဦးခေါင်းပြတ်သွားမယ်ဆိုရင်တော့ သေချာပေါက် သေရတော့မှာပါ။ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ငါးပါးသီလဟာ ဒီလောက်ထိ အရေးကြီးပါတယ်။

အဲဒီ့ ငါးပါးသီလဟာ လူတိုင်းရဲ့သန္တာန်မှာ အသီးသီး တည်ရှိနေကြတာပါ။ အဲဒီ့လို တည်ရှိရာမှာ အန္ဓဗာလ ပုထုဇဉ်တွေရဲ့ ငါးပါးသီလထက် ကလျာဏပုထုဇဉ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် သမထဘာဝနာ ပွါးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် ၀ိပဿနာဘာဝနာ ပွါးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် ၀ိပဿနာ ဥာဏ်စဉ်တွေပေါ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ပေါ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် ဖလသမာပတ် ၀င်စားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် နိရောဓသမာပတ် ၀င်စားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက အဆင့်ဆင့် သာလွန်မွန်မြတ်ကြပါတယ်။

လူတိုင်း လူတိုင်း သိက္ခာရှိသူများသာ ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် ငါးပါးသီလကိုတော့ ဘယ်နှစ်ယောက်လောက်များ လုံအောင် စောင့်ထိန်းမိကြပါသလဲ။ မြတ်စွာဘုရားရှင်ရဲ့ ဥဏ္ဏလုံမွေးရှင်တော်ဟာ (ဗျာဒိတ်ခံပြီးသည်မှနောက်) မမှန်သောစကားကို ဘယ်တော့မှ မပြောဖူးလို့ လက်ျာရစ်ခွေနေတာပါ။ ဆွဲဆန့်ရင် ၂-တောင်လောက်ရှည်တဲ့ အဲဒီမွေးရှင်တော်ရဲ့အကျိုးကဘာလဲဆိုတော့ အာဏာစက် ထက်ခြင်းပါ။ မိမိပြောစကားကို ဘယ်သူမှ မပယ်ရှားနိုင်ပါဘူး။ ဇာတ်တော်တွေထဲမှာ ပြန်ကြည့်ရင် ဘုရားလောင်းဟာ ပုထုဇဉ်အဖြစ် ဘဝပေါင်းများစွာမှာ ပါဏတိပါတလည်း ကျူးလွန်ခဲ့ဖူးပါတယ်။ သူခိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ ကာမေသုမိစ္ဆာစာရကံလည်း ကျူးလွန်ခဲ့ဖူးပါတယ်။ အရက်သမားလည်း ဖြစ်ခဲ့ဖူးတာပါပဲ။ အဲ... မုသာဝါဒကံကိုတော့ ဘယ်ဘဝမှာမှ မကျူးလွန်ခဲ့ဖူးပါဘူး။ ပုထုဇဉ်တွေ အကျိုးလွယ်ဆုံးဖြစ်တဲ့ သီလကို ပိုင်ပိုင်ကြီး ဆောက်တည်နိုင်ခဲ့တာပါ။ မိမိတို့ကတော့ ဗုဒ္ဓရဲ့ တပည့်သားတွေ ဖြစ်နေတာတောင်မှ "မုသားမပါ လင်္ကာမချော" ဆိုတဲ့ စကားကို တွင်တွင်ကြီး အသုံးပြုရဲကြပါတယ်။ အမြဲတမ်း အမှန်တရားကိုချည်းသာ ပြောမယ်ဆိုရင် ပတ်ဝန်းကျင်မှာ အလွန်ကမောက်ကမဖြစ် ဒုက္ခပတ်လည်ဝိုင်းရကြောင်းကိုလည်း စကားနဲ့တစ်မျိုး စာနဲ့တစ်ဖုံ တင်ပြရယ်ပွဲဖွဲ့ကြပါတယ်။ အမှန်က ငါးပါးသီလကိုသာ လုံအောင်စောင့်ထိန်းနိုင်မယ်ဆိုရင် လိုတရဆိုတဲ့ စကားထက်တောင်မှ သာလွန်ပြည့်စုံချမ်းသာကြရတာပါ။ မိမိကမှ သီလကို တကယ်စောင့်ရင် သီလကလည်း မိမိကို သေချာပေါက် ပြန်စောင့်ပါတယ်။

မိတ်ဆွေများလည်း ဒီလောက် အရေးကြီးလှတဲ့ ငါးပါးသီလကို အချိန်တိုင်း လုံမိကြပါရဲ့လား။ တစ်စက္ကန့် မလုံတိုင်း တစ်စက္ကန့်စာ လူသိက္ခာ ကျသွားတာဖြစ်တဲ့အတွက် သိက္ခာရှိတဲ့လူအစစ် ဖြစ်ချင်တယ်ဆိုရင်တော့ ငါးပါးသီလကိုသာ မကျိုး၊ မပေါက်၊ မပြောက်၊ မကျားအောင် စောင့်ထိန်းပါလို့ပဲ မှာကြားချင်ပါတယ်။


Read more...

မဟာထေရ်ကြီးများ၏ စကားဝိုင်း...



ပရံမရဏသုတ် - သေသည်မှနောက်၌



မဟာထေရ်ကြီးများ၏ စကားဝိုင်း...

အခါတစ်ပါး၌ အသျှင်မဟာကဿပနှင့် အသျှင်သာရိပုတ္တရာတို့သည် ဗာရာဏ သီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံး နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် အသျှင်မဟာကဿပထံသို့ ချဉ်းကပ်၍ အသျှင်မဟာကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်မဟာကဿပအား...

ငါ့သျှင်ကဿပ...
သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော ဟုလျှောက်၏။

ငါ့သျှင် ...
''သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏'' ဟူ၍
မြတ်စွာဘုရား ဟောတော်မမူ။

ငါ့သျှင်ကဿပ...
သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော ဟုလျှောက်၏။

ငါ့သျှင် ...
''သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်'' ဟူ၍
ဤသို့လည်း မြတ်စွာဘုရား ဟောတော်မမူ။

ငါ့သျှင်ကဿပ...
သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော။

ငါ့သျှင် ...
''သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်'' ဟူ၍
မြတ်စွာဘုရား ဟောတော်မမူ။

ငါ့သျှင်ကဿပ...
သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော''။

ငါ့သျှင် ...
''သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်'' ဟူ၍ ဤသို့လည်းမြတ်စွာဘုရား ဟောတော်မမူ။

ငါ့သျှင်ကဿပ...
အဘယ့်ကြောင့် ထိုအကြောင်းကို မြတ်စွာဘုရား ဟောတော်မမူ ပါသနည်း ဟု မေးမြန်း၏။

ငါ့သျှင် ...
ဤစကားသည် အကျိုး စီးပွားနှင့် မစပ်၊ မဂ်၏ ရှေ့အဖို့၌ ဖြစ်သော အကျင့်မျှလည်း မဟုတ်၊ ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်ခြင်း ကင်းခြင်းငှါ မဖြစ်၊ ရာဂချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ထိုးထွင်း၍ သိခြင်းငှါ မဖြစ်၊ နိဗ္ဗာန် အကျိုးငှါ မဖြစ်၊ ထို့ကြောင့် ထိုစကားကို မြတ်စွာဘုရား ဟောကြား တော်မမူ။

ငါ့သျှင်ကဿပ...
ထိုသို့ မဟောကြားခဲ့သည်ရှိသော် မြတ်စွာဘုရားသည် အဘယ်သို့ ဟောတော်မူ ပါသနည်း။

ငါ့သျှင် ...
''ဤသည်ကား ဆင်းရဲတည်း'' ဟု
''ဤသည်ကား ဆင်းရဲ၏ ဖြစ်ပေါ်ကြောင်းတည်း'' ဟု
''ဤသည်ကား ဆင်းရဲ ချုပ်ရာတည်း'' ဟု
''ဤသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု
မြတ်စွာဘုရား ဟောတော်မူ၏ ဟု ပြောဆို၏။

ငါ့သျှင်ကဿပ...
အဘယ့်ကြောင့် ဤစကားကိုမြတ်စွာဘုရား ဟောကြားတော်မူအပ်သနည်း။

ငါ့သျှင် ...
ဤတရားသည်ကား အကျိုးစီးပွားနှင့် စပ်၏၊ ဤတရားသည်ကား မဂ်၏ အစ ဖြစ်သော မြတ်သော အကျင့်လည်း ဖြစ်၏၊ ဤတရားသည် ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ရာဂချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ထိုးထွင်းသိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို မြတ်စွာဘုရား ဟောတော်မူအပ်၏ ဟု ပြောဆို၏။ 155

၁၂ - ပရံမရဏသုတ်၊ ကဿပသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

*အတွေးတို့ စေစားရာ-၂*

(07.07.2009, TUE) နေ့မှစ၍ ဖတ်မိ၊ မှတ်မိပြီး ကျွန်တော့်ရဲ့ G-talk, Custom message တွင် တွေးမိ၊ ရေးမိသမျှအား တွေးတတ်သူများ ရစေဖို့ ထပ်မံ တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။

+++++++++++++++++++++++++++++++++++++++++++++++

1. "ဒုက္ခကို အရောင်မဆိုးကြပါနဲ့လား" (07.07.2009, TUE) 11.39 PM

2. "မီးကို မီးချင်းငြှိမ်းလို့ မရပါဘူး။ အရင် မျက်လုံးဖွင့်ပြီး မြင်အောင် ကြည့်နိုင်တဲ့သူက သူတော်ကောင်းပါပဲ။" (08.07.2009, WED) 12.45 PM

3. "ပဋိစ္စသမုပ္ပါဒ်ကို ဘုရားလည်း မတားနိုင်၊ သံဃာလည်း မတားနိုင်၊ တရားကသာ တားနိုင်တယ်ကွယ့်" (08.07.2009, WED) 02.14 PM

4. ဆန်ထုတ်လည်းကုန်၊ ဟင်းလည်းကုန်မို့၊ အစုံဝယ်ခြမ်း၊ တာဝန်ထမ်းဖို့၊ အခန်းမှထွက်၊ ဈေးဝယ်ထွက်မည်၊ သင့်တွက်ဘာများ မှာဦးမလဲ။ (08.07.2009, WED) 06.02 PM

5. "သင့်ဘ၀တစ်ခုလုံးကို လိုရာပုံသွင်း ဖန်ဆင်းနိုင်ဖို့ ဒီလင့်က တရား ၁၃-ပုဒ်ကို အချိန်ပေးပြီး နာကြည့်စို့" http://www.pilotsayadaw.net/index.php?option=com_content&view=section&layout=blog&id=1&Itemid=84 (08.07.2009, WED) 09.52 PM

6. “ပညာရှိတို့ ကဲ့ရဲ့အပ်သော ထိုအမှုကို တစ်စုံတစ်ခု အနည်းငယ်မျှ မပြုရ၊ မကျင့်ရ။” (08.07.2009, WED) 09.58 PM

7. "*ပညာရှိ* တို့ ကဲ့ရဲ့အပ်သော ထိုအမှုကို တစ်စုံတစ်ခု အနည်းငယ်မျှ မပြုရ၊ မကျင့်ရ။ သတ္တ၀ါအားလုံးတို့ ချမ်းသာရှိကုန်သည်၊ ဘေးမရှိကုန်သည်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကုန်သည် ဖြစ်စေသတည်း။" (08.07.2009, WED) 09.59 PM

8. "သာဓုတန်းမှာ မနေဘဲ ဉာဏ်တန်းမှာ နေရမတဲ့လား.. ကျေးဇူးကြီးပါဘိ။" (09.07.2009) 02.17 AM

9. "ဗိုက်ဆာလေ ကိုယ်ချင်းစာလေ ပိုကြည်ညိုလေ.. ပြောမကောင်းတာတွေ ကျန်သေး၏" (09.07.2009) 02.19 AM

10. "၉-ရက်နေ့" ဆရာတော် ဦးကောဝိဒ(စစ်ကိုင်း) သက်တော် ၂၅-နှစ်ပြည့်၏၊ ကိုသုခရိပ်လည်း ထိုနည်းတူ၊ ကျန်းမာရွှင်လန်းကြပါစေ။ (09.07.2009) 02.41 AM

11. "မောင်တို့ ယောကျာ်းတွေသာလျှင် ဒီတရားတွေကို ရသင့်ပါသလား... ဒီလိုလည်း မဟုတ်ပါဘူး ဓမ္မဒိန္နာရယ်၊ တရားဆိုတာ ဘယ်သူပဲဖြစ်ဖြစ် ကျင့်ရင် ရတာပေါ့" (09.07.2009) 02.44 AM

12. "ဖြတ်သင့်တာဆို ဖြတ်ပေါ့... ဘယ်ဟာလဲတော့ ဉာဏ်နဲ့ဆုံးဖြတ်ပါ..." (09.07.2009) 04.01 AM

13. "နောက်နာရီဝက် အတွင်း အရုဏ် တက်တော့မည်၊ နောက်ထပ် အရုဏ်တက်ပေါင်း ဘယ်လောက်များများ ကျန်သေးလဲ.. အာရုံပြု၍မရ" (09.07.2009) 04.12 AM

14. "အများနဲ့မတူ တမူထူး၊ ရူးတယ်လို့ကား ဆိုလေနဲ့၊ ဆိုလေဆိုငြား ထိုလူသား၊ သင်ကားရူးနေ၊ ဖြစ်တတ်ချေ၍၊ ကြပ်ကြပ်ဆင်ခြင် ကြည့်ပါလေ" (09.07.2009) 05.11 AM

15. လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်..။ သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်..။ တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ် ထွက်ဝင်ခိုနား ခရီသွားသည့် အားလုံးဧည့်သည်ချည်းပါတကား။ (09.07.2009) 08.30 PM

16. "အောင်မြင်မှုအတွက် ကြိုးစားနေချိန်မှာ သူများလို အေးအေးသက်သာ နေခွင့်မရတာကို ရောင့်ရဲပါ။" (09.07.2009) 08.43 PM

17. "ဒယ်အိုးထဲက ပူတယ်ဆိုပြီးခုန်ချတာ မီးဖိုထဲရောက်ရော" (09.07.2009) 08.46 PM

18. "သစ္စာအသိရှိပြီဆိုမှ... ပြုပါဒါနအလှူ နောက်အုတ်ဂူ မူမတည်ဘူး၊ ဆောက်တည်ပါ သီလ ဗြဟ္မာဘ၀ မူမတည်ဘူး၊ ပွားများပါဘာဝနာ တဏှာဂူ မူမတည်ဘူး။" (10.07.2009) 03.55 AM

19. "အော်..ကိုယ့်အဆင့်နဲ့ ကိုယ့်အကျင့် ညီဖို့ဆိုတာ မလွယ်ကြောပဲ၊ ဒါကြောင့်လည်း ဆန္ဒကို သိက္ခာနဲ့ထိန်းလို့ ပညာရှိတွေ ဆိုဆုံးမတာကိုး။" (10.07.2009) 04.42 AM

20. "ကိလေသာကင်း စင်တော်မူသော မြတ်စွာဘုရားးးးးးးး မြတ်စွာဘုရား" (10.07.2009) 11.47 AM

21. “လူမိုက်တစ်သောင်း ချီးမွမ်းရှောင်းလည်း လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့” (10.07.2009) 03.58 PM

22. "ငါလည်းမိန်းကလေး ဒီလိုဝဋ်ဒုက္ခမှ လွတ်ပါ့မလား" http://lknt115.blogspot.com/2009/07/blog-post_7005.html" (10.07.2009) 05.20 PM

23. "ရဟန်းဖြစ်စေ လူဖြစ်စေကွယ်... မိဘအား လုပ်ကျွေးသင့်ပါတယ်..." (10.07.2009) 05.24 PM

24. "ကိုယ်ဖြစ်ကိုယ်ခံ လောကကြီးထဲမှာ ဘယ်သူမှ မကယ်နိုင်ဘူး၊ မသေခင် ပျော်ပျော်နေကြ၊ ဒါနနဲ့ပျော်၊ သီလနဲ့ပျော်၊ ဘာဝနာနဲ့ပျော်" (10.07.2009) 06.51 PM

25. "နတ်သမီး နတ်သား ဘွားခနဲများလား၊ ငရဲအိုးထဲ ကားခနဲ သွားမလား၊ ငတ်မွတ်ဆင်းရဲ ပြိတ္တာပဲလား၊ မောဟပြင်းထန် တိရစ္ဆာန်ကောင်လား၊ ညစ်ပတ်မှောင်မဲ လူ့ဗိုက်ထဲလား၊ (ဟား..) ဘယ်မှာများလဲ ဒို့ဘ၀တွေရဲ့ အာမခံတရား…။ (11.07.2009) 01.33 AM

26. "ရေမြောင်းလေး ဖြတ်ကူးနိုင်တာနဲ့ ဟုတ်လှပြီ ထင်မနေနဲ့လေ၊ ဟိုဘက်မှာ မြစ်ပြင်ကျယ်ကြီး ကျန်သေးတယ်။" (11.07.2009) 01.36 AM

27. "အများကြီးမဖြစ်ချင်တဲ့ ကောင်က အများဖြစ်ချင်တာတွေလုပ်၊ မနက်ဖြန်တွေရဲ့ မနက်ဖြန်တွေမှာ ဖိနပ်မခိုင်လို့တော့ မဖြစ်ဘူး၊ လျှောက်နေတဲ့လမ်းက နည်းနည်းတော့ ကြမ်းတယ်…။" (11.07.2009) 06.53 PM

28. "သုခါ သံဃဿ သာမဂ္ဂီ" (11.07.2009) 09.00 PM

29. "မသိတော့ လုပ်ချင်တဲ့အရာလုပ်၊ အဲတော့ ရောက်ချင်တဲ့ နေရာရောက်။" (11.07.2009) 11.47 PM

30. "သင့်မှာ ဘယ်လောက်ရှိသလဲ... ပြော" http://www.lknt.org/2009/07/blog-post_1189.html အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (12.07.2009) 11.19 AM


31. "အသည်းတွေ တစ်စစီ ကြွေနေပါသော ဘုန်းဘုန်း ဦးလောကနာထ" (စိတ်ချမ်းသာကြပါစေ.. ဒုက္ခဆင်းရဲ ကင်းဝေးကြပါစေ... ဦးလောကနာထ) http://www.lknt.org/2008/03/blog-post_3191.html (12.07.2009) 02.20 PM

++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

7/13/2009, MON:, 10:54:25 PM



Read more...

ဝါကျွတ်ကန်တော့ပန်း

ဝါကျွတ်ကန်တော့ပန်း ဆိုလို့ဝါတော့မကျွတ်သေးပါဘူး။ ခုမှဝါ၀င်ခါစဘဲရှိပါ
သေးတယ်။ ၀ါကျွတ်ကန်တော့ပန်း ဆိုတဲ့ ကဗျာလေးကိုစာဆိုမင်းသုဝဏ်က
ပြင်သစ်မှာ ရေးခဲ့တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကိုဖော်ပြလိုက် ရတဲ့အ
ကြောင်းရင်းကတော့ခုလို ၀ါတွင်းကာလမှာ ကျွန်တော့်မိသားစုကထည့်လိုက်
တဲ့စာထဲမှာဝါကျွတ်မိသားစုကန်တော့ပွဲနဲ့ဝေးကွာနေပြီးဝေးတနေရာရောက်
နေတဲ့ကျွန်တော့်ဆီကိုလွမ်းဆွတ်သတိရစွာဖြင့်ရေးလိုက်တဲ့စာလေးထဲမှာဆ
ရာမင်းသုဝဏ်၏ကဗျာလေးကိုထည့်ပေးလိုက်လို့ဖြစ်ပါတယ်။မိသားစုနဲ့ခွဲခွာ
ပြီးဝေးတနေရာရောက်နေတဲ့ညီအစ်ကိုမောင်နှမများကိုလည်းကျွန်တော်နဲ့
ထပ်တူခံစားနိုင်ရအောင်ဒီကဗျာလေးကိုပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးရဲ့ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာပါ။
ဝါကျွတ်ကန်တော့ပန်း
မလာဖြစ်နိုင်ဘု
ဝါခေတ် တစ်ခါကုန်တော့
မီးရောင်စုံ ကျွတ်သီတင်းကိုလ
ရင်တွင်းက ပူဆာဆာ။
သူတကာ ကန်တော့ပွဲတွေနှင့်
ညီအစ်ကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောင်ပြချိန်မို့
နေညိုမှာ မေအိုတ ရှာလိမ့်
စာဆို လာလိုလှသော်လည်း
မှန်းဆရုံသာ။
နတ်ညီနောင် စားဖိုကြားဆီက
မွန်းစာဆို ဘယ်ကိုသွားတယ်လို့
လှေကားကို သူတို့မေးပြန်တော့
ဆိုတေးသံ မကြားတာဖြင့်
တစ်ဝါ နှစ်ဝါသို့လျားပေါ့လို့
လှေကားက အဖြေလာ
စာဆိုမောင့် ငယ်ပေါင်း။
မိမြန်မာ
နေရပ်ကို ငါခွာလို့
တရပ်ရွာ တစ်မြေခြားမှာလ
ဖ၀ါး ယာဉ်သာပြုပါလို့
ရှာစုသည် နို့ချိုဖိုးပါပဲ
သည်တစ်ဝါ သည်တစ်မိုးကိုတော့
ကြိုးစားကာ စာဆိုခဲ့လျှင်ဖြင့်
သုံးမကုန် ကန်တော့ပွဲရယ်နှင့်
ရွာထဲမှာ လူယောင်ပြနိုင်လိမ့်
သားစာဆို လူညိုလှကိုလ
လွမ်းရာ ခန်းသာဝဆီက
အပြန်ကို စရန်နှင့် တ ပေတော့
ဝေးကပန်တောင်း။ ။
မင်းသုဝဏ်
ကျေးဇူးရှင်မိဘနှစ်ပါးနှင့်မိသားစာအားလုံးကိုအမြဲသတိရစွာဖြင့်ကျန်းမာချမ်းသာပါ
စေလို့ဆုတောင်းရင်းနဲ့ဝါကျွတ်ကန်တော့ပန်းလေးနဲ့ဝေးတနေရာမှသားကန်တော့
လိုက်ပါတယ်။


Read more...

နေ့တစ်နေ့ကို ဖြတ်သန်းခြင်း

ဓမ္မ၀ိဟာရီ ညီတော်အရှင်ကုသလသာမိရဲ့ဆောင်းပါးကို ပြန်လည်မျှဝေပါသည်။ ။

(စာတွေရေးထားပြီးတော့ ပြန်စစ်ဖို့ အချိန်မရဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဖတ်မိသူတွေ၊ ကြည့်မိသူတွေ အေးမြသော တောရနံ့လေးတွေနဲ့ အေးမြမှုလေးတွေ ရရှိပါစေဆိုတဲ့ စေတနာနဲ့ ဖြစ်သလို ရေးထားတဲ့ ဆောင်းပါးလေးတွေ တင်လိုက်ပါတယ်။ အမှားများပါခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ ဖြစ်ပါတယ်)


တရားပြဆရာတော် ဒေါက်တာအရှင်ဇနိတနှင့် စာရေးသူတို့အဖွဲ့













ဒေါက်တာအရှင်ဇနိတ (သြစတေးလျ)မှ စာရေးသူတို့အား တရားစစ်မေးနေစဉ်

စိတ္တလတောင်ရဲ့ အရှေ့ဘက်တောင်ခြေမှာ သဘာဝရေကန်ကြီးတစ်ခု ရှိတယ်။ အဲဒီရေကန်ကြီးကနေ သောက်ရေသုံးရေကို ယူကြရတာ။ ညနေဆိုရင် အဲဒီရေကန်ဘေးက သစ်ပင်တွေမှာ ငှက်ကြီးတွေ ရောက်ရောက်လာပြီး တစ်ညတာ ခိုနားလေ့ရှိကြတယ်။ စာရေးသူတို့ရဲ့ နေ့ခင်းတရားအားထုတ်ချိန်က ညနေ ခြောက်နာရီဆို ပြီးပါတယ်။ စာရေးသူတို့မှာ ညနေဆိုရင် နာရီမလိုဘူး။ တရားထိုင်ရင်း အဲဒီငှက်ကြီးတွေ အရပ်လေးမျက်နှာ မိမိတို့ကျက်စားရာအရပ်မှ ပြန်လာပြီး အော်မြည်နေတဲ့အသံကြားရင် ခြောက်နာရီထိုးတော့မယ်ဆိုတာ သေချာသိရတယ်။ အကောင်ရေကလဲ မနည်းဘူး။ အနည်းဆုံး အကောင်တစ်ရာဝန်းကျင်တော့ ရှိမယ်။ အကောင်ကကြီးလို့လားတော့ မသိဘူး။ အော်မြည်တဲ့အသံကလဲ အကျယ်ကြီးပဲ။ များသောအားဖြင့် အိပ်တန်းကို ပြန်လာကြတာကတော့ အုပ်စုလိုက်အုပ်စုလိုက်တွေပဲ။ ဒါပေမယ့် သစ်ပင်ပေါ်နားကြပြီဆိုရင်တော့ နှစ်ကောင်တစ်တွဲတွေ များတယ်။ သူတို့က အချိန်မှန်တယ်။ မနက်ဆိုရင်လဲ ငါးနာရီဝန်းကျင်လောက် အိပ်ယာထ အသံတွေပေးပြီး ခြောက်နာရီလောက်ဆိုရင် အရပ်မျက်နှာအသီးသီးကို အုပ်စုဖွဲ့ ပျံသန်းသွားလေ့ရှိကြတယ်။ သူတို့တွေ မနက်ခြောက်နာရီကနေ ညနေခြောက်နာရီအတွင်း ဘယ်ကို သွားလို့၊ ဘာတွေ လုပ်နေကြသလဲ။ နေ့တစ်နေ့စာမှာ ဘာတွေ ရသွားခဲ့ကြသလဲ။
စိတ္တလတောင်ဟာ သားရဲတိရစ္ဆာန်မျိုးစုံ ကျက်စားတဲ့တောကြီး ဖြစ်ပါတယ်။ သီရိလင်္ကာမှာလဲ အကြီးဆုံးတောကြီးပေါ့။ အဲဒီသတ္တ၀ါတွေထဲမှာမှ လူနဲ့အနီးဆုံး ကျက်စားတဲ့ သတ္တ၀ါကတော့ မျောက်တွေပဲ ဖြစ်ပါတယ်။ မျောက်တွေက မနက်ဆိုရင် ငါးနာရီခွဲလောက်စပြီး အိပ်ယာထကြတယ်။ နေတော့လဲ သူ့အုပ်စုနဲ့သူ နေကြတာ။ အိပ်ယာထတာနဲ့ အဲဒီအထဲက မျောက်အထီးကြီးတွေက ကြောက်စရာအသံတွေနဲ့ အော်ဟစ်ပြီး နီးရာ သစ်ပင်၊ ကျောက်ဆောင်တွေပေါ်ကို အားရပါးရ ခုန်ပေါက်ပြေးလွှားလေ့ ရှိပါတယ်။ ငယ်ရွယ်တဲ့မျောက်လေးလေးတွေကလဲ အကြီးဆုံးမျောက်ကြီး လုပ်သလို တတ်နိုင်သလောက် လိုက်လုပ်လေ့ရှိတယ်။ မျောက်ကြီးတွေလောက် ခုန်လဲ မခုန်နိုင်၊ အော်လဲ မအော်နိုင်ဘူးပေါ့။


ရဟန္တာများစွာ သီတင်းသုံးခဲ့သည်ဆိုသော ကျောက်ဂူများအနီး အမှတ်တရ














နောင်တော်ကြီး အရှင်စန္ဒောဘာသ ကျောက်ဂူအတွင်းအိပ်ယာပေါ် တရားရှုမှတ်နေစဉ်













စင်္ကာပူရောက်နေသော နောင်တော်ကြီး အရှင်တိက္ခဉာဏာလင်္ကာရ တရားထိုင်ခဲ့သော နေရာ











နောင်တော်ကြီး ဦးတေဇောဘာသ (ဂျာမဏီ) နေ့စဉ် တစ်ရေးတမော မှေးစက်ခဲ့တဲ့ နေရာ

အဲဒီလို အော်နေကြ၊ ခုန်ပျံကျော်လွှားလုပ်နေကြတာဟာ အကြောင်းမသိသူဆိုရင် အတော်ခြောက်ခြားစရာကောင်းပါတယ်။ ရောက်စကဆိုရင် အဲဒါကို အထူးအဆန်းလုပ်ပြီး လိုက်ကြည့်ဖြစ်ပါတယ်။ အကြီးဆုံးမျောက်ကြီးတွေဟာ ငယ်တဲ့မျောက်တွေကို ခုန်ပျံကျော်လွှားနည်းပညာပဲ သင်ပြနေသလား၊ သို့မဟုတ် အင်အားပဲ ပြနေသလားတော့ မသိနိုင်ဘူး။ ပထမဆုံး မျောက်ကြီးတွေက သစ်ပင်ဆိုရင် အမြင့်ဆုံးကိုင်းဖျား၊ အမြင့်ဆုံးကျောက်တောင်အစွန်းတွေရဲ့ အထက်ကို တက်၊ ပြီးရင် အောက်ပိုင်းတော်တော်ဝေးတဲ့ သစ်ကိုင်း၊ ကျောက်ဖျာတွေပေါ်ကို ခုန်ဆင်းပြတာတွေဟာ ကြည့်လို့တော့ အတော်ကောင်းပါတယ်။ အဲဒီလို အချိန်ဆိုရင် အဲဒီဝန်းကျင်ကတော့ ဆူညံပွက်နေတော့တာပဲ။ အဲဒါဟာ မျောက်တွေရဲ့ နေ့တစ်နေ့ အစ။
ပြီးရင် သူတို့တစ်နေ့တာ နေထိုင်ကျက်စားမယ့်နေရာကို အကြီးဆုံမျောက်ကြီးက ဦးဆောင်ပြီး သွားတော့တာပဲ။ ငယ်တဲ့မျောက်တွေ၊ မျောက်မတွေက နောက်ကလိုက်လို့ပေါ့။ စားကျက်ကို သွားရင်လဲ မျောက်တွေဟာ ဟိုခုန်၊ ဒီကူးနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ တစ်ခါတစ်လေ ဓာတ်ကြိုးတန်းပေါ်ကနေ မျောက်အုပ်ကြီးအစဉ်အတိုင်း ကျော်ဖြတ်သွားနေတာကို တွေ့ရတယ်။


တောရဆောက်တည်နေသော ဆင်ဟာလရဟန်းတော်လေးနဲ့ အမှတ်တရ












ဒီသမင်လေးကို ၀ိုင်းချစ်ကြတယ်














တရားထိုင်ခဲ့ကြတဲ့ ကျောက်ဂူကြီး

အဲဒီအခါမျိုးမှာ ဇာတကမှာလာတဲ့ ကပိဇာတ်ကို သွားသွားအမှတ်ရတတ်ပါတယ်။ ကပိဇာတ်ထဲမှာ ဘုရားလောင်းဦးဆောင်တဲ့ မျောက်အုပ်ကြီးဟာ ချောင်းတစ်ခုကို နွယ်ကြိုးလေးနဲ့ ဖြတ်ကျော်ခဲ့ရတယ်။ အဲဒီအခါ ဘုရားလောင်းမျောက်မင်းက ခေါင်းဆောင်ပီပီ နောက်ဆုံးမှ ဖြတ်ကူးဖို့ ဆုံးဖြတ်ပြီး ငယ်ရွယ်တဲ့မျောက်တွေနဲ့ သားသည်မိခင်မျောက်တွေကို အရင် ကူးစေပါတယ်။ နောက်ဆုံးမှာ ဒေ၀ဒတ်လောင်းမျောက်ရဲ့ အကြံပက်စက်မှုကြောင့် ဘုရားလောင်းဟာ ဘုရင်ရဲ့အဖမ်းအဆီးခံခဲ့ရပါတယ်။
ဒီမျောက်အုပ်တွေမှာလဲ အကြီးဆုံး မျောက်ခေါင်းဆောင်ကြီးတွေ ရှိပါတယ်။ စာရေးသူတွေ့ရတဲ့ မျောက်ခေါင်းဆောင်ကြီးတွေကတော့ တော်တော်အတ္တဆန်ကြတာတွေ့ရတယ်။ ကောင်းမွန်တဲ့အစားအသောက်ဆိုရင် သူချည်းပဲ အရင်စားပါတယ်။ သူစားလို့ မကုန်မှ ကျန်တဲ့မျောက်တွေကို မျှဝေပါတယ်။ ကာမဂုဏ်အရာမှာလဲ ငယ်တဲ့မျောက်ထီးတွေဆိုရင် အလစ်မပေးပါဘူး။ ရက်ရက်စက်စက် ကိုက်လေ့ရှိပါတယ်။ သူ့ဆီမှာ စားစရာတစ်ခုခုရပြီဆိုရင် မျောက်မတွေကလွဲပြီး အောက်လက်ငယ်သားမျောက်တွေကို အနားကပ်ခွင့်မပေးပါဘူး။
ဒါပေမယ့် လေးစားစရာကောင်းတဲ့မျောက်ခေါင်းဆောင်တစ်ကောင်ကိုလဲ တွေ့ခဲ့ရတယ်။ တစ်နေ့ မျောက်တွေ ကျောင်းဆောင်နားမှာ သောင်းကျန်းကြလို့ ကျောင်းသားတွေက ခဲနဲ့ထုပြီး မောင်းထုတ်ကြပါတယ်။ အဲဒါအခါ မျောက်တွေဟာ ကြောက်အားလန့်အား ပြေးကြပါတယ်။ အန္တရာယ်ကြားနေ သူ့တပ်ဖွဲ့တွေ ပြေးနေကြတာကို ခေါင်းဆောင်လုပ်သူမျောက်ကြီးက ဓာတ်ကြိုးလေးကို အကာအကွယ်ယူပြီး ကြည့်နေပါတယ်။ သူ့ဘေးနားမှာ ခဲလုံးတွေ ပလူပျံနေတာကိုလဲ သူ့မှာ ဂရုမစိုက်နိုင်အားဘူး။ သူများတွေ ကြောက်အားလန့်အားပြေးနေကြပေမယ့် သူ့စိတ်ထဲမှာ ငယ်သားတွေအတွက် စိတ်ပူနေတာ အထင်းသားတွေ့ရတယ်။ ငယ်သားမျောက်တွေအားလုံး ဘေးလွတ်ရာကို ရောက်သွားတော့မှ သူ့လဲနောက်ကနေလိုက်ပြီး ပြေးပါတော့တယ်။


ဝါး....အိပ်ချင်လိုက်တာ















မိခင်ရင်ခွင်လောက် လုံခြုံတာ ဘယ်မှာမှ မရှိဘူး

ဒီနေရာမှာ ခေါင်းဆောင်ကောင်းကိစ္စကို ပြောချင်တာ မဟုတ်ဘူး။ မျောက်တွေရဲ့တစ်နေ့တာ လှုပ်ရှားရုန်းကန်ရပုံကို ပြောချင်တာ။ မျောက်တွေမှာ နေ့စဉ်တစ်အုပ်စုနဲ့တစ်အုပ်စု စားကျက်လုရင်း တိုက်ခိုက်ကြ၊ ခြိမ်းခြောက်ကြတာဟာလဲ သံဝေဂယူမယ်ဆို ယူစရာပဲ။ တောအုပ် ဒီလောက်အကျယ်ကြီးထဲမှာ စားစရာသစ်ပင်တွေက အများကြီး။ ဒါပေမယ့် သူတို့မှာ တစ်စုနဲ့တစ်စု သစ်ပင်လုကြရတယ်။ သစ်ပင်လုပြီး အားရပါးရစားသောက်ကြ။ ကာမဂုဏ်မှီဝဲကြ။ နေ့ခင်း နေပူပြီဆိုရင် သစ်ပင်ရိပ်တွေမှာ ကိုယ့်အုပ်စုနဲ့ကိုယ် အနားယူကြတယ်။ တစ်ကောင်နဲ့တစ်ကောင် သန်းရှာပေးသူပေးကြနဲ့ပေါ့။ ညနေ နေအေးပြီဆိုရင်တော့ တစ်ညတာမှာ မဆာဖို့အတွက် သစ်ပင်တွေပေါ်ကို ပြန်တက်၊ အလုအယက် စားသောက်ကြပြန်တာပေါ့။ ဒီလိုနဲ့ တစ်နေ့တာ ရုန်းကန်လှုပ်ရှားရင်း နေစောင်းတာနဲ့ နေ့စဉ်အိပ်နေကြ အိပ်တန်းကို အုပ်စုလိုက် ပြန်ကြတော့တာပဲ။ သူတို့ရဲ့ တစ်နေ့တာမှာ ဘာတွေများ ရသွားခဲ့ကြပါလိမ့်။
စိတ္တတောင်ဘေးက ကျောင်းမှာ ကပ္ပိယကြီးတစ်ယောက်ရှိတယ်။ ကပ္ပိယကြီးကြည့်လိုက်ရင် အားတယ်ကို မရှိဘူး။ လူက သန့်သန့်ပြန်ပြန့်နေရင် ဥပဓိ ဒီလောက်မဆိုးလောက်ဘူး။ အခုဟာက အ၀တ်စားနဲ့တစ်ကိုယ်လုံးက ညစ်ပေနေတယ်။ မီးဖိုချောင်မှာချည်း တစ်နေကုန် နေရတာလဲ ပါမှာပေါ့။ ရဟန်းတော်တွေနဲ့ ဧည့်သည်တွေ စားဖို့သောက်ဖို့ ချက်ပြုတ်ပြင်ဆင်နေရတာနဲ့ မီးဖိုက ထွက်ရတယ်ကို မရှိဘူး။ သူ့အလုပ်နဲ့သူတော့ ပျော်နေပုံရပါတယ်။ သူ့ကြည့်လိုက်ရင် အမြဲတမ်းပြုံးနေတာပဲ။ သူ့ရဲ့တစ်နေ့တာဟာ ဒီမီးဖိုချောင်လေးမှာပဲ လူးလားခေါက်တုန့် သွားလာရင်း အချိန်ကုန်သွားတော့တာပဲ။ သူ့မှာ အသက်ကြီးမှ ယူထားတဲ့ ဇနီးငယ်တစ်ယောက်နဲ့ သားသမီးတွေ ရှိတယ်လို့ ဆိုပါတယ်။ မီးဖိုချောင်လေးမှာ ပေပေရေရေ လုပ်ကိုင်ရင် ရတဲ့လခလေးနဲ့ မိသားစုကို အချိန်တန်ရင် လခပေး၊ သားသမီးတွေကို ကျောင်းထားရတယ်လို့ ဆိုပါတယ်။ သူ့မှာ အိမ်ထောင်ပြုထားပေမယ့် ဒီလိုတောကြီးထဲက ဘုန်းကြီးကျောင်းမှာ ကပ္ပိယအလုပ်လာလုပ်ရတာဆိုတော့ မိသားစုနဲ့ နွေးနွေးထွေးထွေးနေချိန်ဆိုတာလဲ ဘယ်မှာရှိနိုင်တော့မလဲ။


စစ်ထွက်ပြီး မြန်မာမှာ ဘုန်းကြီးဝတ်ချင်တယ်ဆိုတဲ့ စိတ်ကောင်းရှိတဲ့ စစ်ဗိုလ်














သမင်းလေးကို ကျားဆွဲသွားသတဲ့

သတ္တလောကသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ တွေးကြည့်ရင် ရင်သပ်ရှုမောဖွယ်ရာကောင်းသလို သာမန်ကြည့်ရင်လဲ မထူးခြားတဲ့ ဇာတ်လမ်းတွေပါပဲ။ တကယ်တော့ လူဆိုတာ အနှစ်သာရတွေအကြောင်း သိပ်ပြောလွန်းတဲ့ အမျိုးအစားတွေ ဖြစ်ပေမယ့် လက်တွေ့ဘ၀တွေမှာတော့ အနှစ်သာရနဲ့ဝေးလွန်းနေကြပါတယ်။ အနှစ်သာရကို ဘာပေတံနဲ့ တိုင်းတာမလဲလို့ မေးလာရင်တောင် နှုန်းစံ(Ideal)တွေက တစ်ဦးနဲ့တစ်ဦး ကွဲပြားနေပါအုံးမယ်။
တစ်နေ့က သူငယ်ချင်းက ရင်လာဖွင့်တယ်။ “အသက်တွေက ကြီးလာပြီကွာ။ လောက ကောင်းကျိုးအတွက် ငါဘာတွေလုပ်ပြီးပြီလဲလို့ စဉ်းစားကြည့်တော့ ငါ တစ်ခါတစ်လေ အိပ်လို့တောင်မရဘူး”တဲ့။ သူကတော့ ဘ၀ရဲ့ နှုန်းစံကို လောကကောင်းကျိုးအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်း၊ မပေးခြင်းနဲ့ တိုင်းတာပုံရပါတယ်။ “သူငယ်ချင်းက အဲဒီလို စဉ်းစားဖော်ရသေးတယ်။ တစ်ချို့အတွက် အဲဒီလို စဉ်းစားဖို့ကို အချိန်မပေးနိုင်ကြဘူး”လို့ ပြောလိုက်တော့ တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးသွားပုံရပါတယ်။
လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ခေတ်ကာလရဲ့ အဖြစ်အပျက်မြန်နှုန်းတွေကြားမှာ မရူနိုင်မကယ်နိုင်နဲ့ ဖြစ်နေကြသလိုပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုအတွက် အနှစ်သာရရှိမရှိလဲ အချိန်ယူ စဉ်းစားမပေးနိုင်။ ဒီလိုနဲ့ပဲ ကျင်လည်ရာရပ်ဝန်းမှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀တစ်ခုကို မယောင်မလည်နဲ့ လက်စသိမ်းလိုက်ကြရတာက များပါတယ်။


ရေအိုင်ရှိရင် မိကျောင်းရှိတယ်














လှပတဲ့ ကိုရွှေဥဒေါင်း















ကျိန်းစက်ရာကျောင်းဆောင်နားကို ရောက်လာတတ်တဲ့ဖွတ်ကြီးတွေ















ညအခါ လာရောက်အစာတောင်းလေ့ရှိတဲ့ တောဆင်ကြီး











မိမိတို့သွားလေရာ ဖ၀ါးမကွာလိုက်လေ့ရှိတဲ့ ချစ်စရာရွှေသမင်










တစ်နေ့တာ လှုပ်ရှားမှုတွေအကြောင်းတွေးရင် ဗုဒ္ဓမြတ်စွာရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို သွားသတိရမိပါတယ်။ မိုးမလင်းခင် မနက် နှစ်နာရီလောက်ကတည်းက အိပ်ယာကထ၊ အိပ်ယာထပြီးတာနဲ့ “ငါ့အတွက် ဘာလုပ်ရမလဲ”လို့ မစဉ်းစားဘူး။ “ဒီနေ့ ဘယ်သူ့ကို ထာဝရချမ်းမြေ့ပျော်ရွှင်ခြင်း အမြိုက်အရသာကို ပေးရပါ့မလဲ”လို့ စဉ်းစားပါတယ်။ တွေးသမျှလုပ်သမျှဟာ အတ္တမပါတော့ဘူး။ ကိုယ်ကျိုးအတွက် တစ်ခုမှ မပါတော့ဘူး။ အများအကျိုးကိုပဲ ရှေ့တန်းတင်လုပ်ဆောင်ခြင်းအားဖြင့် တစ်နည်းတစ်ဖုံ ကိုယ်တိုင်ချမ်းမြေ့ရခြင်းဆိုတဲ့ ကိုယ့်ကျိုးတွေ ပြည့်စုံနေတတ်တာကတော့ ဓမ္မရဲ့ သဘာဝပါပဲ။ ဒီလိုနဲ့ တစ်နေကုန် သတ္တလောကရဲ့ ကောင်းရာမွန်ရာတွေကိုလမ်းညွှန်ပြသရင်း တစ်နေ့တာ ကုန်လွန်သွားတော့တာပဲ။ အားကျလေးစားမိပါတယ်။
လူတွေက သမိုင်းအကြောင်း သိပ်ပြောကြတယ်။ ကိုယ့်သမိုင်းကိုယ်ရေးတာ ဘာညာနဲ့ပေါ့။ သမိုင်းအကြောင်းပြောကြတာဟာ သူများအတင်းပြောမှ ထွက်လာကြတာများပါတယ်။ “အေးကွာ..သူများအကြောင်းတွေ ပြောမနေပါနဲ့၊ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာ”လို့ ဆိုတတ်ကြတယ်။ အမှန်တကယ် ပြောသူကိုယ်တိုင်ကတော့ သမိုင်းတွင်ရစ်စရာ ဘာမှ လုပ်ဆောင်ခြင်းမရှိ ဖြစ်နေတာကိုလဲ မိမိတို့ ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့နေကြရတာပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဧရာမအရာကြီးနှစ်ခုရဲ့အလယ် မယောင်မလယ် ရပ်တည်နေကြရတဲ့ သတ္တလောကသားတွေအတွက် သမိုင်းတွေအကြီးအကျယ်မရေးထိုးနိုင်ကြရင်တောင်မှ မိမိတို့ရဲ့ တစ်နေ့တာလုပ်ငန်းမှာ အတ္တ၊ ပရမျှတအောင် လုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။
တိရစ္ဆာန်တွေရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ထူးမခြားနားဖြစ်တဲ့ ကိုယ့်ဝမ်းကိုယ့်ခါးလှဖို့၊ ကိုယ့်မိသားစု ကောင်းစားဖို့ စတဲ့ ကိုယ့်ဖို့တွေအကြောင်းပဲ ခေါင်းထဲမှာထားပြီး လောကကြီးကို လည်သူစားလောင်းကစားဝိုင်းလို သတ်မှတ်လိုက်ကြတော့မလား။ မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေကို အိပ်ယာဝင်ခါနီးတိုင်း စဉ်းစားကြဖို့မသင့်ပေဘူးလား။

နေ့တစ်နေ့ကို အဓိပ္ပာယ်ရှိစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ....


Read more...

သူခိုးကြီးနင့်တူ၏... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))


ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ)

သူခိုးကြီးနင့်တူ၏...
























Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP