ထိုင်းနိုင်ငံရောက် အမှတ်တရများ။
ထိုင်းနိုင်ငံရောက် အမှတ်တရများ။
အယုဒ္ဓယနှင့် ယိုးဒယားတို့၏မြန်မာတို့အပေါ်ပစ္စက္ခအမြင်
စာရေးသူသည် ခရစ်နှစ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ တွင်စာရေးသူနေထိုင်ရာ စမွတ်စခွန် ခရိုင် ၀ပ်ဘန်ဖိုင်တိယကျောင်းမှ အယုဒ္ဓယ သို့ အလည်သွားရောက်ဖြစ်ခဲ့ပါသည်။အယုဒ္ဓယ အကြောင်း ကိုအေးအေးဆေးဆေးလေ့လာရန်နှင့် အချိန်လည်း ရနေသောကြောင့် နှစ်ရက်ခန့်နေဖို့ရန် စီစဉ်ခဲ့ပါ သည်။
မည်သူမှ စစ်မထိုးနိုင်သော အဓိပ္ပါယ်ဖြင့်အယုဒ္ဓယ ဟူ၍ အမည်မှည့်ခေါ်ခဲ့သော ထိုနေရာသည် မြန်မာတို့၏ ရဲစွမ်းသတ္တိနှင့်ဇွဲလုံ့လတို့ကြောင့် စစ်ရှုံခံနယ်မြေအဖြစ် သမိုင်းဝင်နေသည်မှာ ထိုနေရာသို့ ရောက်ရှိလာသူအားလုံး လက်တွေ့မျက်မြင်ဖြစ်နေပေသည်။
သို့သော် ယနေ့မြန်မာနိုင်ငံသည် ၄င်းတို့နိုင်ငံအောက်ဆင်းရဲနိမ့်ကျနေသည်ဖြစ်သောကြောင့် မြန်မာတို့၏စစ်အောင်နိုင်မှုသည်ဂုဏ်ယူစရာအဖြစ်ရှိမနေတော့ပဲရက်စက်ကြမ်းကြုတ်မှု၊မတရားနယ် ချဲ့မှု ၏ ပြရုပ်များ အဖြစ် သူတို့ကအမြဲတစေ ပြောဆိုနေလေ့ရှိသည်ကို ကြားသိနေရပေသည်။ကမ္ဘာ လှည့်ခရီးသွားတော်တော်များများသည် ရှေးဟောင်း အဆောက်အဦး အပြိုအပျက်များကိုအထုး စိတ် ၀င်စားကြသည်ဖြစ်ရာ ရှေးဟောင်း အဆောက်အဦးများ တည်ရှိရာထိုအယုဒ္ဓယသို့ နိုင်ငံခြားသား ခရီး သွား ဧည့်သည်များများပြားစွာလာရောက်ကြသည်ကို တွေ့နေရပါသည်။
ထိုသို့ လာရောက်သော ခရီးသွားများကို သူတို့ နိုင်ငံသား ( TourGuide ) များကအဆောက်အ ဦးပျက်များကို လက်ညှိုးထိုး၍ မြန်မာစစ်သည်တို့၏ရက်စက်ပုံ ဖျက်ဆီးလုယက်ပုံ၊တို့ကို ရေပက်မ၀င် အောင်ရှင်းပြနေသည် ကိုမကြာခနတွေ့နေရပေသည်။ထိုသို့ တွေ့မြင်ကြားသိရတိုင်း စာရေးသူ ရင်ထဲ မှာဂုဏ်ယူရတော့မလို အားနာ ရှက်ရွံ့ ရတော့မလို၊သူတို့နှင့်ငြင်းခုန်ရန်ဖြစ်ရတော့မလို စိတ်ထွေပြား မှုများဖြစ်ခဲ့ရပါသည်။တကယ်တော့ ကမ္ဘာ့နိုင်ငံသားအများစုသည် ပစ္စုပ္ပန် အခြေအနေကိုသာအဓိကထား သုံသပ်ကြ သည်ကို တွေ့မြင်နိုင်ပါသည်။အတိတ်က အကောင်းအဆိုးများကိုရုပ်ရှင်ထဲ သမိုင်းစာအုပ်ထဲလောက် သာမှတ်တမ်းပြုသိမ်းထားကြပါသည်။
မြန်မာတို့ကို ကဲ့ရဲ့ရှုတ်ချသောထိုင်းနိုင်ငံသားများသည် ယ နေ့မြန်မာနိုင်ငံသာ အမေရိကန်နိုင်ငံလောက်သို့မဟုတ် ဂျပန်နိုင်ငံလောက် ဖွံ့ ဖြိုးတိုးတက်နေခဲ့ပါ လျှင် ဤမျှလောက်ရှုံ့ချပြောဆိုလိမ့်မည် မဟုတ်ပေ။ဂျပန်သည် တစ်ချိန်က ဖက်ဆစ်ဖြစ်ခဲ့ပါသည်။ဂျာမနီသည် တစ်ချိန်က နာဇီနိုင်ငံဖြစ်ခဲ့ပါသည်။အမေရိကန်သည် တချိန်ကလူရိုင်းဓားပြများ နေထိုင် ရာနိုင်ငံ အဆင့်မျှသာ ရှိခဲ့ပါသည်။သို့သော်ထိုနိုင်ငံများကို အတိတ်က သူတို့၏အခြေအနေဆိုးရွားမှု များကို ကြည့်၍ ယနေ့မည်သူမျှ အထင်မသေးရဲပါ။နှိမ့်ချဆက်ဆံခြင်း မပြုရဲပါ။ဘယ်နိုင်ငံကလာသလဲလို့ မေးလိုက်လျှင် ရင်ကော့၍ မိမိဇာတိနိုင်ငံကိုဂုဏ်ယူစွာပြောကြားနိုင်ကြပါသည်။
မြန်မာသည် တစ်ချိန်က အရှေ့တောင်အာရှတွင်ရွှေထီးဆောင်းနိုင်ခဲ့သည်။အထူးသဖြင့်ယိုးဒယား လိုနိုင်ငံမျိုးကိုအပေါ်စီးမှ ငုံကြည့်ကာ အမြဲတမ်း လွှမ်းမိုးနိုင်ခဲ့သည်။သို့သော်ယနေ့အချိန်တွင် မြန်မာ နိုင်ငံသား အများစုသည် သူတို့နိုင်ငံမှာအောက်ခြေအလုပ်များကို ဈေးပေါပေါနှင့်လုပ်ကိုင်ပေးနေရသည်။ယင်းသို့လုပ်ကိုင် နိုင်ဖို့ရန်အတွက်ကိုတောင် တရားဝင်နည်းလမ်းဖြင့်လာနိုင်သည်မဟုတ်ပဲ နောက်ဖေးပေါက်မှ ခိုးကြောင်ခိုးဝှက်ဖြင့်ရောက်လာကြရခြင်းဖြစ်သည်။ထိုအတွက် အဖမ်းခံကြရ၊ အောက်ကြခံကြရမတရားအနိုင်ကျင့်ခံကြရ၊ သတ်ဖြတ်ခံကြရသည့်သတင်းများကမျက်စိမဆန့် နားမဆန့်အောင်ကြားနေကြရသည်။ဒီလို အခြေ အနေမျိုးမှာ ဘယ်ထိုင်းနိုင်ငံသားကမှ တစ်ချိန်ကမြန်မာတို့ ၏အောင်နိုင်မှု၊အစွမ်းရှိ မှုကို အသိအမှတ်ပြုလိမ့်မည် မဟုတ်၊တရားဝင် လာနိုင်သူများပင် ထိုအဖိနှိပ်ခံလူအများစုကြီးနှင့်တစ်နိုင်ငံတည်းသာချင်း ဖြစ်နေသောကြောင့် မြန်မာဟု ပြောရမှာရှက်ရွံ့နေကြသည်ကို တွေ့မြင် နေ ရပါ သည်။
ထို့ကြောင့် ယိုးဒယားတို့သည်တစ်ချိန်က မြန်မာတို့၏ အောင်နိုင်မှု ကို ရက်စက်ကြမ်း ကြုတ် မှု၊အတ္တကြီးအနိုင်ကျင့်မှုများအဖြစ် ဖော်ထုတ်တင်ပြလာကြပါသည်။မည်သို့ပင်ဖြစ်စေ စာရေးသူကတော့ ကိုယ့်ဇာတိဒေသ နိုင်ငံကိုဘယ်သောအခါမျှ ထိန်ချမ်ကွယ် ၀ှက်ပြောဆိုခြင်း မရှိခဲ့ပါ။ဘယ်ကလာသလဲမေးလျှင် မြန်မာပြည်က လာတယ်ဟုပင် အမြဲဖြေဆိုခဲ့ပါ သည်။အထင်သေးမှုခံရခဲ့သည်များ၊ ပြဿနာတက်ခဲ့သည်များရှိသလို အထင်ကြီးသယောင် ဆက်ဆံ ခံခဲ့ရသည်များလည်း ရှိခဲ့ပါသည်။အထင်ကြီး အထင်သေးခံရခြင်းများကြောင့်ကိုယ့် ကိုယ်ရည် ကိုယ်သွေး ရုတ်လျော့ တိုးတက်မသွားသည်ကိုသိမြင်နားလည်ထားသောကြောင့်ဖြစ်ပါသည်။အမေရိကန်နိုင်ငံသား မစ္စတာ ဒေ့ ဗ် ( Dave ) နှင့် ဆုံတွေ့ခြင်း။
အယုဒ္ဓယတွင် ( 2ရက်တာလည်ပတ်ခဲ့စဉ်အတွင်းအမှတ်တရဖြစ်ဖွယ်ရာလူတစ်ယောက်နှင့်ဆုံတွေ့ခဲ့ရပါသည်။အထူးပြုမိတ်ဆွေဖွဲ့ကာဆုံတွေ့မှုမျိုးမဟုတ်ပဲနှင့်အမှတ်မထင် ဆုံတွေ့ခဲ့ရခြင်းဖြစ်ပါ သည်။ဝပ်မဟာထပ် ဟုခေါ်သော ရှေးဟောင်းဘုန်းကြီးကျောင်းနေရာတစ်ခုကိုလေ့လာပြီနောက် ရေသန့်ဘူး အအအေးဗူးများ၊အမှတရပစ္စည်းများရောင်းသောဆိုင်တွင် စားရေးသူနားလိုက်ပါသည်။
စာရေးသူကဲ့သို့ နိုင်ငံခြားသား ခရီးသွားများလည်း ထိုနေရာတ၀ိုက်တွင်ကိုယ့်အစုနှင့်ကိုယ် နားနေကြ ပါ သည်။ထိုအခိုက် ယိုးဒယားလူမျိုးတစ်ယောက်ကကြိုးပုခက်များလိုက်လံရောင်းချနေပါသည်။စာရေးသူအနားရောက်သောအခါတွင်လည်း ယိုးဒယားဘုန်းကြီးထင်၍ယိုးဒယားလိုပြောဆိုရောင်းချ လာပါသည်။စာရေးသူက မယူချင်ဘူးဟူ၍အင်္ဂလိပ်လိုပြောဆိုလိုက်သောအခါ နိုင်ငံခြားသာ ဘုန်းကြီး မှန်းသိ၍ အင်္ဂလိပ်လိုပြောဆိုကာ ရောင်းပြန်တော့သည်။ဘယ်နိုင်ငံကလဲ မေးသောအခါ မြန်မာ လို့ ပင်ဖြေလိုက်ပါသည်။ခုချိန်မှာ စာရေးသူ ဘယ်နိုင်ငံသား ဖြစ်သည်ဆိုတာ သူ့တွက်အရေးမကြီးပဲ သူ၏ ကြိုးပုခက်များ ရောင်းဖို့အရေးသာ စိတ်စောနေသောကြောင့်စာရေးသူအား တစ်ခုကို ထိုင်းဘတ် လေးဆယ်ပဲ ပေးပါ တစ်ဒေါ်လာ ကျော်ကျော်ပဲကျပါသည်ဟု ပြောလာပါသည်။ပုခက်ကိုကြည့်လိုက်သောအခါ လွန်စွာ ခိုင်ခန့်ပုံရှိ၍ ၎င်း ပြောသောဈေးနှင့် လွန်စွာဝယ်သင့်ကြောင်းတွေ့ရလေသည်။သို့သောစာရေးသူက မင်းပြောသောဈေးနှင့် ဆိုလျှင်ဒီပုခက်မှာ အများကြီးဈေးချိုသည်ကို သိမြင်ကြောင်း သို့သော် မိမိအ တွက်အသုံးမ၀င်၍ မ၀ယ်နိုင်ကြောင်း ပြန်ပြေလိုက်ပါသည်။သို့သော် ပုခက်ရောက်သူသည်သူ့ပုခက် ကို စာရေးသူ စိတ်ဝင်စားနေသည် ကို အကဲခတ်မိ၍ ထင်သည်တခြားနေရာသို့ဆက်လက်မသွား တော့ပဲ စာရေးသူကို သူ့ပုခက်ဝယ်ဖို့ကိုသာတွင်တွင် ပြောလာနေပါသည်။စာရေးသူလည်း စိတ်မရှည် တော့ပဲ နောက်ဆုံးတွင်နိုး ဟု ပြောဆို၍ အပြတ်ဖြတ်လိုက်ပါသည်။သို့သော် ပုခက်ရောင်းသူသည် လက်မလျှော့သေးပဲ စာရေးသူကိုနားပူနားဆာတိုက်ကာ ဆက် လက်ရောင်းချနေပြန် ပါသည်။ထိုမြင်ကွင်းကို စာရေးသူအနီးမှာရှိနေသော အီတလီလူမျိုး ခရီးသွား ဒကာ တစ်ယောက်ကကြည့်မရဖြစ်လာသည်နှင့် စာရေးသူကို ကပ်၍ ဒီလူက နိုး ဆိုတဲ့ အဓိပ္ပါယ်ကိုနားမလည်ဘူးဟု ရွဲ့ကာပြောလိုက်ပါသည်။ပုခက်ရောင်းသူလည်း သူ့ကိုရွဲ့ပြောမှန်းသိ၍ စာရေးသူ အနီးက ထွက်ခွါသွားပါသည်။ထိုအခါကျမှပင်စာရေးသူလည်း သူ့ကိုကျေးဇူးတင်ကြောင်းနှင့်ဘယ် နိုင်ငံက လာသလဲဟုမေးဖြစ်လိုက်ပါသည်။သူက ပြန်ဖြေသည်မှာ အီတလီက လာ၍ သူတို့မိသားစု အား လုံးရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာကို လွန်စွာ ကိုင်းရှိုင်းကြောင်းပြောပြပါသည်။သူ့အစ်ကို တစ်ယောက်မှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်၍ ကက်သလစ်ဘုန်းတော်ကြီးတို့ ၏ စည်းကမ်းကြီးပုံ ကသလစ် ခရစ်ယာန်ဝင်ဘုန်းကြီးသီလရှင်များသည် လူထွက်ခွင့်မရပုံအကြောင်း များကို ပြောပြပါသည်။စာရေးသူလည်း စိတ်ဝင်စားစွာ နားထောင်၍ မသိတာများကိုပြန်လည်မေးမြန်းပြီး သူမေးလာ သော ဗုဒ္ဓဘာသာ အကြောင်းအရာများကိုလည်းပြန်လည်ဖြေဆိုပေးပါသည်။ထိုသို့ပြောဆိုနေခိုက် စာရေးသူတို့ အနီးသို့တခြားနိုင်ငံခြားသားတစ်ယောက်စိတ်ဝင်စားစွာလာရောက်နားထောင်နေပါ သည်အထူးသဖြင့်စာရေးသူပြောသော ဗုဒ္ဓဘာသာ အကြောင်းအရာများကိုစိတ်ဝင်စားစွာနားထောင် ရင်း တစ်ခါ တစ်ခါ သူက၀င်ရောက်ဆွေးနွေးပြောဆိုလာပါသည်။ဤသို့ဖြင့် စာရေးသူနှင့်မူလကစကားပြောခဲ့သော အီတလီလူမျိုး ခရစ်ယံကြီးမှာ သူဆက်လက် လည်ပတ်မည့်နေရာများကို ထွက် သွားလိုက်ပြီး နောက်ရောက်လာသော နိုင်ငံခြားသားနှင့်စာရေးသူတို့ဆက်လက်ဆွေးနွေးပြောဆို ဖြစ်ပါသည်။
သူ၏ အမည်မှာ Mr Dave Linehanဖြစ်ပြီး အမေရိကန်နိုင်ငံ ဖလောရီဒါပြည်နယ် မိုင် ယာမီ မြို့ မှဖြစ်ကြောင်းသိရပါသည်။သူနှင့်စကားပြောနေ့ရင်း သူ့ကို အကဲခတ်ရသည်မှာ သူ့တွင်စိတ်ကျဝေဒနာခံစားနေရကြောင်း သိလာရပါသည်။သူမေးသော အဓိက စကားလုံးမှာဗုဒ္ဓဘာသာတရားတော်က လူတွေကို စိတ်ချမ်း သာအောင် တတ်နိုင်သလားဟူ၍ဖြစ်ပါသည်။စာရေးသူကလည်း တတ်နိုင်ကြောင်း ဗုဒ္ဓဘာသာတရား တော်ဟာတခြားဘာသာလို ဘုရားက စိတ်ချမ်းသာအောင်ကယ်တင်မည်ဟူ၍ အာမခံခြင်းမျိုးမဟုတ်ပဲစိတ်ချမ်းသာစေမည့် တရားများကို ဟောပေးထားကြောင်း ထိုတရားများကိုကိုယ်တိုင်ကျင့်သုံးခြင်း ဖြင့် စိတ်ချမ်းသာမှုကိုကိုယ်တိုင်ရရှိခံစားနိုင်ကြောင်း ရှင်းပြပါသည်။စိမချမ်းသာခြင်း အကြောင်အရင်းမှာ ငါ ကိုယ် ယောက်ျား မိန်းမ ၀တ္ထုပစ္စည်း စသည်အားဖြင့် အထင်မှားမှု စွဲလမ်းမှုကြောင့် ဖြစ်ရကြောင်းထိုစွဲလမ်းမှုများကြောင့် လောဘ၊ ဒေါသ၊မောဟာ၊ မာန် မာန ၊ဣဿာ မစ္ဆရိယဖြစ်ရကြောင်း၊ယင်းလောဘ စသောတရားများရှိလာလျှင် လူတစ်ယောက်ဖြစ် စေ၊မိသားတစ်စုဖြစ်စေ ၊နိုင်ငံတစ်ခုဖြစ်စေ မငြိမ်းချမ်းနိုင်တော့ကြောင်းဥပမာ လူတစ်ယောက်ခိုးပြီ ဆိုလျှင် ဘာကြောင့်ခိုလဲ လောဘစိတ်ရှိလို့ခိုးခြင်းဖြစ်ကြောင်း ၊လူတစ်ယောက်အခြားတစ်ယောက်ကိုသတ်ပြီဆိုလျှင် ဒေါသ ရှိ၍သတ်တ်ခြင်းဖြစ်ကြောင်းဤ ကမ္ဘပေါ်မှာရှိနေသောဆင်းရဲ့မှု၊မငြိမ်းချမ်း မှုများသည်လောဘ ဒေါသ စသည်ကိလေသာများ အရင်ခံ၍ဖြစ်ရကြောင်းစသည်ဖြင့်ရှင်းပြပါသည်။ထိုအခါ Dave သည် လွန်စွာစိတ်ဝင်စားလာပြီး ဒါဆိုရင် လူမှာရှိနေတဲ့လောဘ ဒေါသ များ ပျောက်ကင်းအောင် ဗုဒ္ဓဘာသာက ဘယ်လိုနည်းလမ်းပေးထားသလဲဟုမေးလာပါသည်။
စာရေးသူက လောဘ ဒေါသ တရားများငြိမ်း ဖို့ဆိုရင်တရားထိုင်ဖို့လိုကြေင်း၊တရားထိုင်ခြင်း နှစ်မျိုးရှိကြောင်း၊ သမထ နှင့်ဝိပဿနာ ဟူ၍ခေါ်ကြောင်း သမထ ဆိုတာ စိတ်တည်ကြည် ငြိမ်းချမ်းကြောင်း ဖြစ်ပြီးဝိပဿနာ ဆိုတာ မိမိဘ၀ ခန္ဓာကို အမှန်အတိုင်း ကြည့်ရှုသည့် နည်းဖြစ်ကြောင်း၊ဦးစွာပထမ သမထ ကိုနားလည်ဖို့လိုကြောင်း ဘုရားရှင် ဟောခဲ့သော သမထနည်းပေါင်းလေးဆယ်ရှိကြောင်း ထိုအထဲမှ စာရေးသူ အသုံးပြုလေ့ရှိသောနည်းမှာမေတ္တာကမ္မဌာန်း နည်းဖြစ်ကြောင်းမေတ္တာ ကမ္မဌာန်ားနည်း သည် သြဓိသမေတ္တာ နည်းအနောဓိသနည်းဟူ ၍ နှစ်မျိုးရှိကြောင်းရှင်းပြပါသည်။သူက ယင်းနှစ်မျိုးကို ရှင်းပြပါဟူ၍ ဆက်လက်တောင်းခံရာစာရေးသူကယင်းနှစ်မျိုးတွင် သြဓိသ နည်းကို အများအားဖြင့် အသုံးပြုလေ့ရှိကြောင်းအနောဓိသ မေတ္တာနည်းကို လည်း ရံခါ အသုံးပြုလေ့ရှိကြောင်းပြောပြပါသည်။မည်သည့်နည်းကို ဖြစ်စေ မေတ္တကမ္မဌာန်း ကိုအသုံးပြုတော့မည်ဆိုလျှင် ဦး စွာပထမ ဆိတ်ငြိမ်သော နေရာတစ်ခုကိုရွေးချယ်ဖို့လိုအပ်ကြောင်း ပြီးလျှင် မိမိနှင့် ရင်းနှီးခင်မင်သူတစ်ယောက်ကို စိတ်ထဲမှာ အာရုံယူရကြောင်း အမျိုးသားအချင်းချင်းအမျိုးသမီးအချင်းဆိုလျှင် ပို၍ အဆင်ပြေကြောင်း ပြီးလျှင် သူ့ရဲ့ပြုံနေတဲ့ ရုပ်သွင် စာရေးသူဆိုလျှင် စကားပြောသံများကိုပါ အကြား အာရုံပြု၍ယူလေ့ရှိကြောင်း မေတ္တာပို့ချင်စဖွယ် ကိုယ့်မတ်ဆွေသူငယ်ချင်း၏ အာရုံစိတ်ီနှလုံထဲထင် လာသည့် အချိန်တွင် ဒေါသခပ်သိမ်းတို့မှကင်းငြိမ်းနိုင်ပါစေ၊ ဘေးအန္တရာယ် ရန်စွယ်အပေါင်းတို့မှကင်းငြိမ်းနိုင်ပါစေ။စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲ့ခြင်းတို့မှကင်းငြိမ်းနိုင်ပါစေ၊စိုးရိမ်ကြောင့်ကြဗျာ ပါဒတို့မှကင်းငြိမ်းနိုင်ပါစေ။ ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံနိုင်ပါစေ။ကိုယ်စိတ် နှလုံးအေးချမ်းနိုင်ပါစေ စသည်ဖြင့် ကောင်းမွန်သော စိတ်ဆန္ဒများကိုမိမိနှလုံးသာမှ ပို့လွှတ်ပေးရ ကြောင်း ရှင်းပြပါသည်။သြဓိသမေတ္တာဆိုသည်မှာ တစ်ဦးတစ်ယောက် စသည်ကိုရည်ညွှန်းခြင်းဖြစ်ပြီး အနောဓိသ မေတ္တာဆိုသည် မှာ မရည်ညွှန်းပဲ စကြ၀ဠာအနန္တအတွင်းသို့ မိမိ၏ နှလုံးသာစိတ်အစဉ်မှ သတ္တ၀ါ အားလုံးအတွက် ဒေါသခပ်သိမ်းကင်းငြိမ်းကြပါစေ စသည်ဖြင့် ပို့လွှတ်ပေးရခြင်းဖြစ်ကြောင်းမေတ္တာကမ္မဌာန်းကို ထိုသို့ အသုံပြုခြင်းဖြင့် လူမှုရေးနယ်ပယ်မှာလည်းဆက်ဆံရေးချောမွေ့နိုင်သလို ဓမ္မရေး ရာ ကိစ္စတွင်လည်း စိတ်တည်ငြိမ်ဖို့စိတ်ချမ်းသာဖို့ စိတ်အေးငြိမ်းဖို့ များစွာ အထောက်အကူဖြစ် ကြောင်းစာရေးသူ အတွေ့အကြုံအရဆိုလျှင် မေတ္တာ ကမ္မဌာန်းထိုင်ပြီး မိနစ် နှစ်ဆယ်နာရီဝက်ခန့် ဆိုလျှင် စိတ်တည်ငြိမ်မှု ရလာကြောင်း ပြောပြပါသည်။ထိုသို့ စိတ်တည်ငြိမ်မှု ရလာလျှင် ၀ိပဿနာကမ္မဌာန်းနည်းကိုကူးပြောင်းဖို့လိုကြောင်း မိမိ၏ စိအစဉ် ရုပ်အစဉ်တို့ကိုအမှန်အတိုင်းမြင်အောင် ကြည့်ရှုဖို့ရန်အတွက် တည်ငြိမ်သော စိတ်အစဉ်သတိတရားနှင့် ဥာဏ်တို့ကို အားပြုရခြင်းဖြစ်ကြောင်း မိမိဘ၀ခန္ဓာ အစဉ်ကိုသုံးသပ် ဆင်ခြင်ကြည့် လျှင် လွန်ခဲ့သော ဆယ်နှစ်က နှင့် ယခုအချိန်မတူကြောင်း ၊မနှစ်ကနှင့်ဒီနှစ်လည်း မတူကြောင်း ၊မနေ့ကနှင့်ဒီနေ့လည်း မတူကြောင်း ၊အမြဲတမ်းပြောင်းလည်းနေကြောင်းအဲဒီလိုပြောင်းလည်းတာသည် ဆယ်နှစ်ကြာမှ တစ်နှစ်ကြာမှ တစ်ရက်ကြာမှရုတ်တရက်ပြောင်းလည်းတာမျိုးမဟုတ်ပဲ အချိန်တိုင်း အချိန်တိုင်းနာရီတိုင်းနာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်း စက္ကန့်ကိုထပ်စိတ်မယ်ဆိုရင် ထပ်စိတ်လို့ ရတဲ့ အချိန်တိုင်းဟာပြောင်းလည်း နေကြောင်းအဲဒီပြောင်းလည်းမှုကို အသိဥာဏ်ပါပါနှင့် မြင်အောင်ရှုကြည့်ဖို့လိုကြောင်း အသိဥဏ်နှင့်တကွ မြင်လာပြီဆိုလျှင်ပြောင်းလည်းမှုဖြစ်စဉ်သက်သက်ကြီးကို သာတွေ့မြင်ရမှာ ဖြစ်ကြောင်းငါဆိုတာလည်း မရှိတော့ကြောင်း ငါ့ဇနီးမယား သမီးသား ငါပိုင် ဥစ္စဆို တာမတွေ့ရနိုင်တော့ကြောင်း ရုပ်တရားနာမ်တရား ဖြစ်စဉ်တွေသာ တွေ့ရမှာဖြစ်ပြီးထိုရုပ်တရားတို့ရဲ့ မမြဲခြင်း ပြောင်းလည်းခြင်း အစိုးမရခြင်းတို့ကို သာတွေ့ရမှာဖြစ်ကြောင်း ထိုသို့သိမြင်နားလည်လာပြီ ဆိုလျှင်ရုပ်နာမ်တရားတို့ကို မှီပြီးဖြစ်ပေါ်နေတဲ့ လောဘ ဒေါသ မောဟ မာန်မာန စသောတရားတွေ လည်း မည်သို့မျှ ဖြစ်ပေါ်နိုင်ခြင်း မရှိတော့ကြောင်းထိုတရားဆိုးတွေ မရှိတော့လျှင် စိတ်ဆင်းရဲမှု စိတ် ညစ်မှုဆိုတာ မရှိတော့ပဲဘ၀ဟာ လွန်စွာ ငြိမ်းချမ်းလာမည်ဖြစ်ကြောင်း ပြောပြလိုက်ပါသည်။မစ္စတာဒေ့ဗ် သည် စိတ်ဝင်စားစွာနားထောင်နေရင် သူလည်းတရားထိုင်ဖို့စိတ်ကူးထားကြောင်း ပြောပြပါသည်။
တဆက်တည်းစာရေးသူနေသောနေရာကို မေးလာပါသည် စာရေးသူလည်း လိပ် စာနှင့် ဖုန်းနံပတ်ကို ပေးလိုက်ပါသည်။ သူကလည်းသူ့ဖုန်းနံပတ်ကိုပေးလာပါသည်။ထို့နောက်နေ့ဆွမ်း စားဖို့ရန်အချိန်ရောက်လာသောကြောင့် ထမင်းဆိုင်တစ်ဆိုင်သို့သွားကာနေ့ဆွမ်းစားဖြစ်ပါသည်။
မစ္စ တာဒေ့ဗ် နှင့် အတူ အခြား အမေရိကန်နိုင်ငံသားသုံးလေးယောက်လည်း လာရောက်စားသောက်ကြ ပါသည်။စာရေးသူက အမေရိကန်နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူစရာကောင်းကြောင်းဘယ်နေကိုသွား သွား သိက္ခာရှိ၍လေးစားမှုခံရကြောင်းပြောပြသောအခါ သူတို့က အမေရိကန်နိုင်ငံသည် အထင်ကြီးစရာမရှိကြောင်း အာရှက လူအများစုက အမေရိကန်ရုပ်ရှင်များကို ကြည့်၍သက်သက်အထင်ကြီးနေ ကြခြင်းဖြစ်ကြောင်းပြောပြကြပါသည်။သူတို့စိတ်ထဲတကယ်ရှိနေ၍လား စာရေးသူနှင့် လိုက်လျောညီ ထွေရှိရန်ပြောနေကြခြင်းလားဆိုသည်ကို စာရေးသူမသိနိုင်ခဲ့ပါ နေ့ဆွမ်းဘုန်းပေးပြီးနောက် မစ္စတာ ဒေ့ဗ် နှင့် ရော သူတို့အားလုံနှင့်ပါ လမ်းခွဲ၍ထွက်လာခဲ့ပါသည်။ထိုနေ့ ညနေစောင်းသောအခါ စာရေးသူ သီတင်းသုံးရာ စမွတ်စခွန်ရှိဝပ်ဘန်ဖိုင်တိယကျောင်းသို့ပြန်လည်ရောက်ရှိလာခဲ့ပါသည်။နောက်တစ်နေ့မနက်ရောက်သည်နှင့် မစ္စတာဒေ့ဗ်ကဖုန်းမက် ဆေ့ခ်ျ တစ်ခုပို့လာပါသည်။ချင်းမိုင်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သူတရားသွားရောက်အား ထုတ်မည် ဖြစ်ကြောင်း စာရေးသူကိုလိုက်ပါပို့ဆောင်စေလိုကြောင်း ပြောလာပါသည်။ထိုသို့သွား ရောက်ခြင်း မပြုမီအစမ်းအာဖြင့်တရားပြပေးရန်လည်း စာရေးသူကို အကူအညီတောင်း လာ ပြန်ပါသည်။စာရေးသူလည်း မယုတ်မလွန် ဖြစ်စေရန် အဆင်ပြေတဲ့ အချိန် ပြတာပေါ့ဟု ပြန်ကြားလိုက်ပါ သည်။ ၄င်းနှင့်တွေ့ပြီး နှစ်ယောက်မြောက်နေ့တွင်စာရေးသူထံနောက်ထပ်ဖုန်း မက်ဆေ့ခ်ျ တစ်ခု ပို့လာပါ သည် သူက ယခုစာရေးသူကျောင်းသို့လာနေပြီဖြစ်ကြောင်း အယုဒ္ဓယ ခရီးသွား အေဂျင်စီ တစ်ခုကဒရိုင်ဘာ တိုးဂိုက် တစ်ယောက်ကို ငှားလာကြောင်း ပြောလာပါသည်။ထိုအချိန်တွင် စာရေးသူက ဘန်ကောက် သို့ ကိစ္စတစ်ခုဖြင့်သွားနေသည်ဖြစ်သောကြောင့် ကျောင်းလိပ်စာကိုသာ အေးဂျင့် အမျီုသမီးကိုသေချာစွာပြောပြပြီး မကြာခင်ပြန်လာမည်ဖြစ်ကြောင်းပြောပြလိုက်ပါသည်။ကျောင်းတွင် စာရေးသူ၏ သူငယ်ချင်း ဦးတေဇ အမည်ရှိရခိုင်ဦးဇင်းတစ်ပါးရှိ နေ ၍ ၄င်းထံ ဖုန်းဆက်အကြောင်းကြားပြီး မစ္စတာဒေ့ဗ်တိုကို ဧည့်ခံစကားပြောပေးဖို့ ပြောပြ လိုက်ရ ပါသည်။နောက်ပိုင်းဦးတေဇ ပြောပြ၍ သိရသည်မှာ မစ္စတာ ဒေ့ဗ်က စာရေးသူနှင့် တွေ့လိုစိတ်စော နေ၍စာရေးသူ ဘန်ကောက်ကို ကိစ္စနှင့် သွားနေခြင်းသည် သူ့ကိုမကူညီချင်၍ရှောင်ထွက်သွားသည် ဟုထင်နေပုံရကြောင်းသိရပါသည်။စာရေးသူပြန်ရောက်လာသော အခါ စာရေးသူကျောင်းမှာပင် သူ့ ကိုတရားပြပေးဖို့ တောင်းဆိုပါသည်။ စာရေးသူကလည်း ကျောင်းတိုက် အခြေအနေသည်တရားရိပ် သာမဟုတ်၍ သူ့ကို တရားပြပေးဖို့ရန်အတွက် ဆိတ်ငြိမ်မှု မရှိ၍မသင့်တော်ကြောင်း တခြားသင့် တော်ရာ ကျောင်းတစ်ကျောင်းကိုပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရှင်ပြလိုက်ပါသည်။သို့သော် သူက လက်မခံပဲစာရေးသူကို တွေ့ဆုံဖို့ရန် မျှော်လင်တကြီးဖြင့် ငွေကုန်ကျခံကာသူလာခဲ့ရကြောင်း အယုဒ္ဓ ယ ကို စာရေးသူကိုတခါတည်း လိုက်ခဲ့စေလိုကြောင်း၎င်းနေရာမှာရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်း တွင် တည်းခို တရားပြလျှင်အဆင်ပြေမည်ဖြစ် ကြောင်း ပြောပြလာပါသည်။သူနှင့် အတူပါလာသော ဒရိုင်ဘာအေးဂျင့် အမျိုးသမီးကလည်းသူမနှင့်သိသော ဘုန်းကြီး ကျောင်း တစ်ကျောင်း ရှိကြောင်း ထိုကျောင်းတွင်နေထိုင်ခွင့်ရရန် သူမ လျှောက်ထားကြည့်ပေးမည် ဖြစ်ကြောင်းပြောလာပါသည်။ဤသို့ဖြင့် စာရေးသူလည်း လွန်ခဲ့သော နှစ်ရက်ကမှ ပြန်လာသောအယုဒ္ဓယ သို့ ဒုတိယအကြိမ်ထပ်မံသွားရောက်ရပြန်ပါတော့သည်။အယုဒ္ဓယရောက်၍ဒရိုင်ဘာအမျိုးသ မီးက သူနှင့် သိသော ဘုန်းကြီးထံ အဆင်ပြေမပြေဖုန်းဆက်ကြည့်ရာ ၄င်းတို့က အင်္ဂလိပ်စာ မတတ် ၍ ဆက်ဆံရေးခက်ခဲသောကြောင့်လက်မခံနိုင်ကြောင်း ပြောလာပါ သည်။ထို့ကြောင့်စာရေးသူလည်း မစ္စတာ ဒေ့ဗ် ကိုဘယ်လို စီစဉ်မလဲမေးသောအခါ ဟိုတယ် တစ်ခုကို သွားတာပေါ့ဟု ပြောလာပါသည်။ဤသို့ဖြင့် နာရာယာ အမည်ရှိ ဟိုတယ်သို့ရောက်ဖြစ်ခဲ့ပါသည်။ဟိုတယ်တွင် ၂ ရက်တာ တည်းခို တရားပြမည်ဖြစ်ပြီး ယင်းနောက်ချင်းမိုင်ရှိ ရိပ်သာတစ်ခုခုကို သွားရန်အစီအစဉ်ဆွဲရပါသည်။ဟိုတယ်သို့ရောက်လျှင်ရောက်ချင်း မစ္စတာဒေ့ဗ် ကရေချိုးခန်းအတွင်း သို့ ၀င်သွားပါသည်။ထိုသို့ဝင်သွားရာ၌ သူဆောင်ယူနေကျလွယ်အိတ်ကလေးပါယူသွားပါသည်။စာ ရေးသူလည်း ထူခြားသည်ဟုထင်ပြီးသတိထားနေလိုက်ပါသည်။ခနအကြာ ရေချိုးခန်းအတွင်းမှ ပု လင်းသံကြားရပါသည်။၎င်းအရက်သောက်နေသည်ကို စာရေးသူသိ လိုက်ပါပြီ။
ဆက်ရန် -----
ဂန္ထလုလင် ( ဘိုကလေး )
--ဒေါင်းမင်း