* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, July 9, 2009

ငါးရာနှစ်ဆယ်ရှစ်သွယ် မေတ္တာ

အချို့သူများသည် ချစ်ခြင်းမေတ္တာကို စကားစပ် ပြောဆိုရာ၌ အရေအတွက်အားဖြင့် ၁၅၀၀ နှင့် ၅၂၈-ကို နှိုင်းယှဉ်တတ်ကြသည်။ ထိုသူများသည် မေတ္တာ၏ အရင်းခံသဘောကို လေးနက်စွာ မစဉ်းစားဘဲ အယူအဆလွဲကာ တမျိုးတစားတည်း ထား၍ ပြောဆိုနေကြပုံရသည်။

စင်စစ်အားဖြင့် ထိုနှစ်မျိုးသည် အလွန်ကွဲပြား ခြားနားသည်။
၁၅၀၀-ဟူသည် ညစ်ညမ်းသော ကိလေသာတရားများပေါ်တွင် မူတည်၍ ရေတွက်ထားခြင်း ဖြစ်သည်။
၅၂၈-သည် သန့်ရှင်းစင်ကြယ်သော စိတ်ကောင်း စိတ်မြတ်ပေါ်တွင် မူတည်သည်။ မေတ္တာစိတ်ရှိသူ၏ မျက်နှာသည် လန်းဆန်းကြည်လင်၍ ကြည်ညိုလေးစားဖွယ်အသွင်ကို ဆောင်သည်။

မြတ်ဗုဒ္ဓသည် မေတ္တာပွားနည်းကို အသွယ်သွယ်ဖော်ပြ နည်းညွှန်ခဲ့ရာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် ဟောတော်မူခဲ့သော ငါးရာနှစ်ဆယ်ရှစ်သွယ်သော မေတ္တာသည်လည်း မေတ္တာပွားနည်း တနည်း ဖြစ်ပါသည်။

သတ္တ၀ါကို မည်သူမည်ဝါ ယောက်ျား-မိန်းမ စသည်ဖြင့် အထူးမရည်ညွှန်းဘဲ သာမညပို့သောမေတ္တာကို အနောဓိသ မေတ္တာ-ဟုခေါ်၏။
မိန်းမ နှင့်ယောက်ျားကို တကန့်စီ၊ အရိယာနှင့် ပုထုဇဉ်ကို တကန့်စီ၊ နတ်-လူနှင့် အပါယ်သတ္တ၀ါကို တကန့်စီ အထူးရည်ညွှန်းလျက် ပို့ရသောမေတ္တာကို သြဓိသ မေတ္တာ-ဟုခေါ်၏။

အနောဓိသ မေတ္တာ ၅-မျိုးမှာ-
(၁) သဗ္ဗေ သတ္တာ-အလုံးစုံသော သတ္တ၀ါတို့
(၂) သဗ္ဗေ ပါဏာ-အလုံးစုံသော အသက်ရှိသူတို့
(၃) သဗ္ဗေ ဘူတာ-အလုံးစုံသော ထင်ရှားဖြစ်သူတို့
(၄) သဗ္ဗေ ပုဂ္ဂလာ-အလုံးစုံသော ပုဂ္ဂိုလ်တို့
(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ-ခန္ဓာကိုယ် အတ္တဘောရှိသူအားလုံးတို့

သြဓိသ မေတ္တာ ၇-မျိုးမှာ-
(၁) သဗ္ဗာ ဣတ္ထိယော-အလုံးစုံသော မိန်းမတို့
(၂) သဗ္ဗေ ပုရိသာ-အလုံးစုံသော ယောက်ျားတို့
(၃) သဗ္ဗေ အရိယာ-အလုံးစုံသော အရိယာတို့
(၄) သဗ္ဗေ အနရိယာ-အလုံးစုံသော ပုထုဇဉ်တို့
(၅) သဗ္ဗေ ဒေ၀ါ-အလုံးစုံသော နတ်တို့
(၆) သဗ္ဗေ မနုဿာ-အလုံးစုံသော လူတို့
(၇) သဗ္ဗေ ၀ိနိပါတိကာ-အလုံးစုံသော အပါယ်သတ္တ၀ါအပေါင်းတို့

ထိုနှစ်ခုပေါင်း ၁၂-ဦးကို မေတ္တာပို့ ၄-မျိုးနှင့် ဆက်စပ်ပြီး မေတ္တာပွားရသည်။
ယင်း ၄-မျိုးမှာ-
(၁) အဝေရာ ဟောန္တု-ဘေးရန် ကင်းကြပါစေ
(၂) အဗျာပဇ္ဇာ ဟောန္တု-စိတ်ဆင်းရဲ ကင်းကြပါစေ
(၃) အနီဃာ ဟောန္တု-ကိုယ်ဆင်းရဲ ကင်းကြပါစေ
(၄) သုခီအတ္တာနံ ပရိဟရန္တု-ချမ်းသာစွာ မိမိခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

အနောဓိသ သြဓိသ ၁၂-မျိုးကို မေတ္တာပို့ အခြင်းအရာ ၄-မျိုးနှင့် မြှောက်ပွားပါက မူလအခြေခံ မေတ္တာ ၁၂-၄=၄၈ မျိုးရ၏။
ယင်း ၄၈-မျိုးကို အရပ် ၁၀-မျက်နှာဖြင့် မြှောက်လျှင် ၄၈-၁၀=၄၈၀ ရသည်။
ယင်း ၄၈၀ ကို အရပ်မျက်နှာဖြင့် ပိုင်းခြားပြီး ပွားများရသော မေတ္တာဖြစ်ခြင်းကြောင့် ဒိသာဖရဏမေတ္တာ-ဟု ခေါ်သည်။
ဤ ၄၈၀-ကို အထက်တွင် ပြခဲ့သော အရပ်မျက်နှာမထည့်ဘဲ ပွားများရသောမေတ္တာ ၄၈-ပါးနှင့် ပေါင်းလျှင်
( ၄၈၀+၄၈=၅၂၈ ) ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ ဖြစ်သည်။

ဤပွားနည်းကို ကြည့်ပါက အလွန်စင်ကြယ်သောစိတ်ဓာတ် ဖြန့်ကြက်လွှမ်းခြုံထားပုံကို အထင်အရှား တွေ့မြင်နိုင်ပါသည်။

ကိလေသာ ၁၀-ပါးကို အခြေခံထားသော ၁၅၀၀-နှင့် ၅၂၈ ကွားခြားပုံကို သတိပြုတော်မူနိုင်ကြပါစေ။ စစ်မှန်သော မေတ္တာတရား ပွားများနိုင်ကြပါစေ။

Read more...

ဒါနပြုရာမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်သင့်မသင့်

အမေး။ ။အရှင်ဘုရား…တပည့်တော်မေးလျှောက်ပါရစေ… ဒါနပြုတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီးမှ လှူရမယ် လို့ ဘုရားရှင် ဟောတော်မူချက်အရ လူအများဟာ သီလရှိတဲ့ သံဃာတော်များကိုသာ လှူဒါန်းကြတော့ ရဟန်းတော်များမှာ လှူဖွယ်ပစ္စည်းများနဲ့ အလျှံပယ်ဖြစ်နေပါတယ်ဘုရား။ ပစ္စည်းလဘ်လာဘပေါများနေတဲ့ ရဟန်းတော်များကိုသာ လူတွေက ထပ်တလဲလဲ လှူနေကြတာကို တွေ့မြင်နေရတယ်။ ဒါပေမဲ့ သီလမရှိဘူးထင်ရတဲ့သူများမှာကျတော့ လှူမဲ့သူ ပေးမဲ့ကမ်းမဲ့သူ မရှိ ချို့တဲ့လွန်းလှပါတယ်ဘုရား။ တပည့်တော်သိချင်တာက သီလမရှိဘူးထင်ရတဲ့ ချို့တဲ့နေတဲ့ သူများကိုလည်း ပေးလို့ရမှာလားဘုရား၊ အဲဒါလေး တပည့်တော် ဘ၀င်မကျ ဖြစ်နေလို့ အဖြေပေးစေချင်ပါတယ်ဘုရား…..
ဒေါ်စန္ဒ၀တီ
ဗုဒ္ဓသာသနာ့ရိပ်သာ-မြိတ်

အဖြေ။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါပဲ။ အလှူ ပြုလုပ်တဲ့အခါ သီလ ရှိတဲ့သူကို ပေးလှူသင့်သလို သီလမရှိဘူးလို့ ထင်ရတဲ့ ချို့တဲ့နေသူများအားလည်း ပေးလှူလို့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာ တင်ပြစရာတွေ အများကြီးရှိနေပါတယ်။ တစ်ချို့ကိုပဲ နားလည်သဘောပေါက်အောင် ပြောပေးသွားပါ့မယ်။
စာရေးသူလည်း တစ်ခါက ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘ၀င်မကျခဲ့ပါဘူး။ ဦးဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ မဟာဗုဒ္ဓ၀င်ကို ဖတ်လိုက်ရတဲ့အခါမှ ဘ၀င် ကျ ခဲ့ရပါတယ်။
(၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထ ဒိန္နံ မဟပ္ဖလံ) အလှူကို လှူလျှင် အကျိုးကြီးမြတ်အောင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရမယ်လို့ ကျမ်းဂန်တို့မှာ လာရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောချင်ပါသေးတယ်။
တစ်ခါက အင်္ကုရနတ်သား ဖြစ်မဲ့သူက သာသနာပမှာ သီလမရှိတဲ့သူများကို ထမင်းရေချောင်းစီး လှူဒါန်းခဲ့ဖူးတယ်၊ ဣန္ဒကနတ်သား ဖြစ်မဲ့သူက သာသနာတွင်းမှာ ရဟန္တာအရှင်မြတ်တစ်ပါးကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူခဲ့ဖူးတယ်။ သေလွန်တဲ့အခါ နတ်ပြည်မှာ အင်္ကုရနတ်သားနဲ့ ဣန္ဒကနတ်သား သွားဖြစ်ကြတယ်။ ဘုရားရှင်က တာဝတိံသာမှာ အဘိဓမ္မာတရားဟောကြားတဲ့ အခါမှာ တရားနာယူဖို့အတွက် အင်္ကုရနတ်သားနဲ့ ဣန္ဒကနတ်သားတို့က ဘုရားရှင်ရဲ့အနီးမှာ နေရာယူကြတယ်။ နောက်တန်ခိုးကြီးတဲ့ နတ်တွေလာတဲ့အခါကျတော့ သာသနာပအလှူကြောင့် နတ်ဖြစ်လာတဲ့ အင်္ကုရနတ်သားက အနောက်ကို ဆုတ်ပေးရတယ်၊ဒီလိုနဲ့ တဖြေး ဖြေး ဆုတ်လိုက်တာ ဘုရားရှင်နဲ့ ၁၀ယူဇနာအထိကွာဝေးသွားတယ်တဲ့။ သာသနာတွင်း လှူတဲ့အလှူကြောင့် နတ်ဖြစ်လာတဲ့ ဣန္ဒက နတ်သားကတော့ နေမြဲနေရာကနေ လုံးဝ မဆုတ်ပေးလိုက်ရဘူးတဲ့။ ဒါကြောင့် အလှူပြုလုပ်ရင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရင် အကျိုးများတယ် ဆိုတဲ့အကြောင်းကို ဥပရိပဏ္ဏာသပါဠိတော်၊ ဒက္ခိဏ၀ိဘင်္ဂသုတ် မှာ ဟောကြားထားပါတယ်။
ဗုဒ္ဓ၀င်ပါဠိတော်မှာကျပြန်တော့ အလှူခံပုဂ္ဂိုလ်တို့ကို အယုတ်အလတ်အမြတ်မရွေး ပေးလှူရမယ် လို့ ထင်ရှားစွာ ဟောတော်မူထားပါ တယ်။ ဒီလိုဟောကြားထားတာကို ကြည့်လျှင် အလှူကို လှူတဲ့အခါ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စရာ မလိုဘူး လို့ အဓိပ္ပါယ်ရနေပါတယ်။
ဒါဖြင့်ရင် ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏ၀ိဘင်္ဂသုတ်မှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ် ရမည်လို့ ဟောတော်မူပြီး၊ ဗုဒ္ဓ၀င်ပါဠိတော်မှာတော့ အလှူခံပုဂ္ဂိုလ် အယုတ်အလတ်အမြတ် ရွေးချယ်စရာမလို ပေးလှူသင့်တယ် လို့ ဟောထားပါတယ်။ ဒီတရားနှစ်ခုဟာ မညီညွတ် ဆန့်ကျင်နေတာ တွေ့ရပါတယ်။ “ဒါက ဘယ်လိုဖြစ်ရတာလဲ” ၊ ဒီအမေးကို ဖြေရမယ်ဆိုပါက…ဒီလို
သမည လူနတ်တို့ရဲ့ ရည်ရွယ်ချက်က အလိုရှိရာ အကောင်းဆုံး လောကီစည်းစိမ်ချမ်းသာကို တောင့်တကြတာဖြစ်တဲ့အတွက် အကောင်းဆုံး အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပရိပဏ္ဏာသိပါဠိတော်မှာ ဟောထားတဲ့ နည်းလမ်းက သာမညနတ်လူတို့အတွက် ရည်ရွယ်ပြီး ဟောတော်မူခဲ့ခြင်းဖြစ်တယ်လို့ မှတ်ယူရပါမယ်။
ဗုဒ္ဓ၀င်ပါဠိတော်မှာ ရှေးဘုရားလောင်း သူတော်ကောင်းများဟာ သဗ္ဗညုတဥာဏ်တော်ကို ရဖို့ရာ ရည်ရွယ်ပြီး ပေးလှူကြပါတယ်၊ ဒါနကုသိုလ်အကျိုးကို ကြည့်ပြီးပေးလှူတာ မဟုတ်ပါ။ ဘုရားရှင်တို့ရဲ့ ဥာဏ်တော်(သဗ္ဗညုတဥာဏ်တော်)မှာ ပုဂ္ဂိုလ် အယုတ်အလတ်အမြတ် ဟူ၍ မရှိပါ။ ဒါနတစ်ခု မြောက်ဖို့အတွက် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း မရှိဘဲ ပေးလှူလေ့ရှိတာဟာ သဗ္ဗညုတဥာဏ်တော် လိုလားတော်မူကြတဲ့ ဘုရားအလောင်းတော်တို့ရဲ့ဓလေ့ပဲ ဖြစ်ပါတယ်။
ဂေါတမမြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းဖြစ်စဉ်အခါက သားသမီးများဖြစ်ကြတဲ့ ဇာလီနှင့်ဂဏှာစိန်တို့ကို သီလမရှိတဲ့ ဇူဇကာ ပုဏ္ဏားအား လှူဒါန်းလိုက်ပါတယ်။ ဒီမှာလည်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်းမရှိ၊ ဒါနပါရမီမြောက်ဖို့သာ လိုရင်းဖြစ်တယ် ဆိုတာပါပဲ။
အချူပ်ဆိုရသော် ဥပရိပဏ္ဏာသပါဠိတော်မှာ လာတဲ့ ဒါနပြုနည်းက သမည နတ်လူတို့အတွက်ဖြစ်ပြီး၊ ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောတဲ့ ဒါနပြုနည်းက ဘုရားအလောင်းတော်တို့အတွက် ဖြစ်တယ်။
ဆိုလိုတာက အလှူပြုတဲ့အနေရာမှာ ဘယ်လိုပဲပြုပြု အလှူဒါနမြောက်သွားဖို့သာ အဓိကလိုရင်းဖြစ်တဲ့အတွက် သီလမရှိတဲ့အလှူခံပုဂ္ဂိုလ် ကိုလည်း ပေးလှူကောင်းပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

Read more...

သက်ကယ်ရိတ်စကားများ-၂-


"အင်း ညီညီရေ... မြင်သိစိတ်ရယ် ၀ီထိရယ် လူသာမန်တို့ရဲ့ မြင်သိခြင်းရယ် အဲဒီလိုခွဲခြားပြီး ပြောသင့်တယ်။"

"ဟုတ်ကဲ့ပါကိုကို..."

"လူသာမန်တို့ရဲ့ မြင်သိခြင်းကို သိရအောင် စမ်းသပ်မှုကလေး တစ်ခုလုပ်ရအောင် "

"ကောင်းပါပြီ ကိုကို"

"ခု ညီညီ အလုပ်လုပ်တာကို ရပ်။ မျက်စိစုံမှိတ်ပြီး နေလိုက်။ ပြီးတာနဲ့ မျက်စိကို ရုတ်တရက်ဖွင့်ပြီး ရှေ့တူရူကို ကြည့်ရမယ်။ ပြီးတာနဲ့ ချက်ချင်း ပြန်မှိတ်လိုက်ရမယ်။ ဟုတ်ပြီလား။"

"ဟုတ်ကဲ့ကိုကို"

...


"ကိုင်း ညီညီ ခုန မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှာ ဘာတွေမြင်လိုက်ရသလဲ။"

"တောစပ်ရယ် ပေါက်ပင်ရယ် ချေတစ်ကောင် ရယ်ကိုကို"

"ဒီလောက် ကာလတိုတိုလေးမှာ ဒီလောက်တောင် မြင်လိုက်သလား"

"မြင်လိုက်တယ် ကိုကို"

"ညီညီ ခုနက မျက်စိဖွင့်လိုက်တဲ့ ကာလဟာ ဘယ်နှစ်စက္ကန့်လောက် ကြာမယ် ထင်သလဲ"

"အလွန်ဆုံးကြာ တစ်စက္ကန့်ပေါ့ ကိုကိုရာ"

"အေး အဲဒီတစ်စက္ကန့်အတွင်းမှာ ချေတစ်ကောင်ရယ် ပေါက်ပင်ရယ် တောစပ်ရယ်ကို တကယ် မြင်ရတယ် မဟုတ်လား"

"ဟုတ်တယ် ကိုကို"

"ဒါဖြင့် ဒီချေတွေ ဘာတွေကို ညီညီက ဘယ်လိုလုပ် မြင်ရသလဲ ဇီဝဗေဒတို့ ဇီဝကမ္မဗေဒတို့က ဘယ်လိုရှင်းထားသလဲ ဆိုပါဦး"

"သြ အရာဝတ္ထုမှ လာတဲ့ အလင်းတန်းဟာ မျက်စိအတွင်းက Retina ကို ကျရောက်ပြီး မျက်စိအာရုံကြောက ဦးနှောက်ဆီ သတင်းပို့တယ်... ဦးနှောက်က ဘာပုံရိပ်လဲ ဆိုတာ ဆုံးဖြတ်ပေးတယ်.. အဲဒီလိုတော့ သင်ထားရတာပဲ..."

"အေး တို့ဖြင့် မြင်ရတော့သာ တစ်ချက်တည်းလို မြင်သိခြင်း ဖြစ်ပေါ်တယ်လို့ သာမန်သိလိုက်တာ မဟုတ်လား။ တကယ်တမ်းကျတော့ ဒီမြင်သိခြင်းတစ်ခု ဖြစ်ဖို့ ကြားထဲမှာ အသေးစိတ်ဖြစ်စဉ်တွေ မနည်းဘူး ဖြစ်ခဲ့ရတယ် မဟုတ်လားကွ။ ဘာတဲ့ အလင်းတန်းကလည်း ရက်တီနာပေါ် ကျရဦးမယ် ကျရင် လျှပ်စစ်ဗို့ဒ်အား ပြောင်းလဲမှုလေးတွေ ဖြစ်ပြီး အာရုံကြောဆဲလ်တစ်ခုကနေ တစ်ခုကို အဆင့်ဆင့် သတင်းပို့ရဦးမယ်။ အာရုံကြောဆဲလ် ဆိုတာကလည်း နည်းနည်းနောနောမှ မဟုတ်တာ။ ဒီတော့ တို့သတ်မှတ်ထားတဲ့ မြင်သိခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပျက်သွားတာတွေက အများကြီး ဆိုတာ ထင်ရှားတယ် မဟုတ်လားကွ...။"

"ဟုတ်ပါ့ ကိုကိုရာ..."

[ ဆက်ဖတ်ရန် +/- ]

"အေးလကွာ... ဒီသဘောတွေပါပဲ။ တို့သင်ရတဲ့ လောကဓာတ်ပညာက ရုပ်တရားကို လေ့လာပြီး အဲဒီလို အဲဒီလို အသေးစိတ် ဖြစ်စဉ်ကလေး ဖြစ်သွားတာကို ပြောထားတယ်။ တို့ ဘုရားကလည်း အဲဒီလိုပဲ တို့ဆိုလိုတဲ့ လူသာမန်တို့ရဲ့ မြင်သိခြင်းဆိုတာမျိုး ဖြစ်ဖို့ စိတ်ဖြစ်စဉ် အသေးစိတ် ကလေးတွေ ရှိတယ်။ အဲဒါကို ပြောထားတယ်။ အဲဒီစိတ်အစဉ်ကို ၀ီထိလို့ အမည်ပေးတယ်။ ဒါကို နားလည်တယ်မဟုတ်လား။"

"နားလည်ပါ့ဗျာ..."

"ဒါဖြင့် ၀ီထိ ဆိုတဲ့ စိတ်အစဉ်ကို ဖွဲ့စည်းထားတဲ့ စိတ်တစ်လုံးချင်းကို သံပေါက်လင်္ကာကလေး ဘုန်းကြီးသင်ပေးထားတာ ညီညီမှတ်မိတယ်မဟုတ်လား ။ ကိုကိုကတော့ ၀ီထိကို မီးရထားနဲ့ ပုံဖော်စဉ်းစားတယ်။ မီးရထားတွဲကလေးဆိုပါစို့... တွဲကလေး။ ဟုတ်ပြီနော်... တွဲတစ်တွဲချင်းဟာ စိတ်တစ်ခုစီပဲ။ အားလုံးကို ပေါင်းခေါ်တာက ၀ီထိ.. ဒီတော့ ၀ီထိတစ်ခုမှာပါတဲ့ စိတ်ကလေး တစ်လုံးချင်းရဲ့ လကာင်္လေးရှိပါရောလား ရွတ်စမ်းကွာ။"

"ဘ၀င်၊ဆင်ခြင်၊ မြင်ပြီးလျှင် ထို့ပြင်လက်ခံတုံ၊ စုံစမ်း၊ ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ"

"အင်းဟုတ်ပြီ။ ပထမ၀ီထိမှာပါတဲ့ စိတ်တစ်လုံးချင်းကို ပြန်စဉ်းစား ကြရအောင်။ ဖြစ်စဉ်ကလေး ရောပေါ့လေ။ ကိုင်း စိတ်ဆိုတာ အာရုံတစ်ခုခုကို စွဲမှီပြီးမှ ဖြစ်တာ မဟုတ်လား။ အာရုံတစ်ခုခုကို မစွဲမမှီရဘဲ သူ့ချည်းတော့ ဖြစ်လေ့မရှိဘူးလေ။ စိတ်ဖြစ်တဲ့ အခါမှာလည်း စိတ်ကိုမှီပြီး စိတ်နဲ့အတူ တစ်အာရုံထဲ ယူကြတဲ့ စေတသိက်တွေ ဖြစ်သွားကြသေးတယ်။ စေတသိက် အကြောင်းကို နောက်မှ ဆွေးနွေးကြရအောင် နော့...။

မျက်စိထဲမှာ အကြည်ဓာတ်ကလေး ရှိတယ်။ အဲဒီအကြည်ဓာတ်ကလေးက မှန်နဲ့တူတယ်.။မှန်ဟာ သူနဲ့တည့်တည့် ရောက်လာသမျှ အရာဝတ္ထုတွေ၊ အဆင်းရုပ်တွေ သူ့အထဲမှာ ထင်လာကြတယ်၊ အဲဒါ အရိပ်ထင်နိုင်လောက်အောင် ကြည်လင်နေလို့ပဲ။ မျက်စိရှေ့မှောက် ရောက်လာတဲ့ အဆင်းရုပ်ကလေးဟာ အဲဒီအကြည်မှာ လာလာပြီးထင်တယ်။ ဒီလိုထင်ထင်ချင်း မြင်သိစိတ်ကလေးက မဖြစ်ဘူး။ ဒီနေရာမှာ မြင်သိစိတ်ဆိုတာ စက္ခုဝိဥာဏ်ကလေးကို ပြောတာနော်။ တို့ ခုနက စမ်းသပ်ခဲ့တဲ့ ၀ီထိတွေကို ခြုံပြီးသိရတဲ့ မြင်သိခြင်း ဆိုတာမဟုတ်ဘူး။

အင်း အဆင်းရုပ်ကလေး ထင်ထင်ချင်းတော့ စက္ခုဝိဥာဏ်လို့ခေါ်တဲ့ မြင်သိစိတ်က တန်းပြီးမဖြစ်နိုင်ဘူး။ ပထမဦးဆုံး ဘ၀င်စိတ်ကလေး တစ်လုံးဖြစ်တယ်။ ဒုတိယ ဘ၀င်စိတ်ကလေး တစ်လုံးထပ် ဖြစ်တယ်။ တတိယဘ၀င်စိတ်ကတော့ ဘ၀င်စိတ် အစဉ်အတန်းကို ဖြတ်ပစ်လိုက်တယ်။

ပြီးတော့မှ အိပ်ရာကနိုးလာသလို နိုးလာပြီး ဒါဘာလဲလို့ ၀ိုးဝါးဆင်ခြင်တဲ့ ဆင်ခြင်စိတ်ကလေး ဖြစ်လာတယ်။ ကောင်းတဲ့ အဆင်းလေးလား၊ ဆိုးတဲ့အဆင်းလေးလား ဒီလိုဆင်ခြင်တဲ့ စိတ်ကလေးပေါ့။ ပဉ္စဒွါရာဝဇ္ဇန်းလို့ခေါ်တယ်။

အဲဒီလိုဆင်ခြင်ပြီးတော့ မြင်သိစိတ် စက္ခုဝိညာဉ်စိတ်ကလေး ဖြစ်လာတယ်။ ဖြစ်တယ်သာ ပြောတယ်။ သူကတော့ ဘာအဆင်းရယ် ဘာရယ် သေသေချာချာ သိတာမဟုတ်သေးပါဘူး။ စိတ်တစ်ခုအနေနဲ့သာ ဖြစ်သွားတာ ပြောရပါတယ်။ တို့ လူသာမန်တွေသိသလို ချေတို့ တောစပ်တို့ ပေါက်ပင်တို့ ဒီလိုသိတာမျိုးအထိ မရောက်သေးဘူး။ ပရမတ်အာရုံကို ယူထားတဲ့ အတွက် မြင်ကာမတ္တ ကလေးမျှသာ ဖြစ်တယ်။ ဒိဋ္ဌေဒိဋ္ဌမတ္တံ ပေါ့လေ။ လှတာ မလှတာ။ ကောင်းတာ မကောင်းတာ၊ ယောကျာ်းပဲ မိန်းမပဲ ဆိုတာတွေ ဘာမှမသိဘူး။ မြင်သိတယ်လို့ ခေါ်နိုင်ယုံမျှပဲ။ ဒါကို သေသေချာချာ စဉ်းစားရမယ်။

ဒီိ့နောက်တော့ အဆင်းအာရုံကို လက်ခံယူထားတဲ့ စိတ်ကလေး ဖြစ်လာတယ်။ သူကလည်း ဘာမှ မသိသေးဘူး။ လက်ခံထားရုံပဲ။ လက်ခံပြီးမှ စုံစမ်းတဲ့ စိတ်ကလေး တစ်လုံးဖြစ်တယ်။ သူက ကောင်းလား မကောင်းဘူးလား စစ်ဆေးတဲ့ စိတ်ကလေးပဲ။ စစ်ဆေးတယ် ဆိုပေမဲ့ ကြာကြာ စစ်ဆေးနေတာတော့ မဟုတ်ဘူး။ ခဏလေး စစ်ဆေးပြီး ချုပ်ပျောက်သွားရတာပဲ။

သူပြီးတော့မှ ဒါကောင်းတယ် မကောင်းဘူး ဆုံးဖြတ်တဲ့ စိတ်ကလေး တစ်ကြိမ်ဖြစ်တယ်။ ၀ုဋ္ဌောပေါ့။ ၀ုဋ္ဌောက ဆုံးဖြတ်လိုက်ရင် ၀ုဋ္ဌော ဆုံးဖြတ်လိုက်သလို ဇောတွေက လျော်စွာကျလာတော့တယ်။ လျော်စွာဆိုတာက ၀ုဋ္ဌောက ဆုံးဖြတ်လိုက်တဲ့ အတိုင်း ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ရင် ကောင်းတဲ့ ကုသိုလ်ဇောတွေ ဖြစ်လာတော့တယ်။ မကောင်းဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း မကောင်းတဲ့ အကုသိုလ်ဇောတွေ ဖြစ်လာတော့တယ်။

ဇောကတော့ ၇ နှစ်ကြိမ်လောက် ဖြစ်လေ့ရှိတယ်။ နောက်တော့ ဇောပြုတဲ့ အာရုံကိုပဲ အာရုံပြုပြီး တဒါရုံ ၂ ကြိမ်ကျရောက် ဖြစ်ပေါ်လာတယ်။ သူ့နောက်မှာ ဘ၀င်စိတ်တွေ ပြန်ဖြစ်လာပြန်တယ်။ ကိုင်း ဒါဟာ မြင်သိစိတ် ၀ီထိဖြစ်ပေါ်ပုံပဲ။ အဲဒီမြင်သိစိတ်ကလေး တစ်ဝီထိကလေးမှာ ဘ၀င် ၃ကြိမ်၊ ဆင်ခြင်စိတ်၊ မြင်သိစိတ်၊ လက်ခံစိတ်၊ စုံစမ်းစိတ်၊ ဆုံးဖြတ်စိတ် တွေတစ်ကြိမ်စီ ပေါင်း ၅ ကြိမ်၊ ဇော၇ ကြိမ်ခန့်ရယ်၊ တဒါရုံ၂ ကြိမ်ရယ် ပေါင်း ၁၇ ကြိမ်ဖြစ်တယ်။ ဒါကို စိတ္တက္ခဏ ၁၇ ချက်လို့ ခေါ်ကြတာပဲ။ ပထမ ၀ီထိပေါ့။

ဒီပထမ ၀ီထိပြီးရုံနဲ့တော့ တို့ခုနက စမ်းသပ်ပြီး သတ်မှတ်ထားတဲ့ မြင်သိခြင်း ဆိုတာ မရောက်နိုင်သေးဘူး။ တို့သတ်မှတ်ထားတဲ့ လူရိုးရိုးသာမန်ရဲ့ မြင်သိခြင်းဟာ မြင်လိုက်တာနဲ့ သစ်ပင်လား တောတောင်လား သတ္တ၀ါလား အကုန်လုံးတန်းသိသွားတဲ့ မြင်သိခြင်းပဲ။ အခု ပထမ ၀ီထိ မှာ ဖြစ်တဲ့ မြင်သိမှုကတော့ အလင်းတန်းက ရက်တီနာပေါ် ကျရုံလောက်အဆင့်ပဲ ရှိဦးမှာပဲ။ ဘာပုံရယ် ညာပုံရယ် ဘယ်သိဦးမှာလဲ။

အခုလို စက္ခုဝိဥာဏ်ပါတဲ့ ၀ီထိက တစ်ကြိမ်ဖြစ်သွားပြီးတော့ သူ့နောက်မှာ နောက်ထပ် ဆင်ခြင်တဲ့ ၀ီထိတွေကတော့ ထပ်ကာထပ်ကာ ဖြစ်တယ်။ နောက်ဖြစ်တဲ့ ၀ီထိတွေကတော့ ပထမ၀ီထိလို အစက ပြန်မစတော့ဘူး။ စုံစမ်းတဲ့စိတ်၊ ဆုံးဖြတ်တဲ့စိတ်၊ ဇောစိတ်၊ တဒါရုံစိတ်တွေပဲ ဖြစ်တော့တယ်။ ဒီလို ထပ်ခါထပ်ခါ ဖြစ်ချင်သလောက် ဖြစ်နေတော့တာပဲ။

ဒီတော့ မျက်စိက မြင်တယ်လို့ ဆိုလို့ရှိရင် အဆင်းရုပ်ကို အဦးအစ မြင်လိုက်ရတဲ့ မြင်ကာမတ္တအဆင့်က ပထမ တစ်ဝီထိ၊ နောက်စဉ်းစားဆင်ခြင်တဲ့ ၀ီထိက တစ်ဝီထိ၊ နောက် ဆင်ခြင်ရင်းနဲ့ သဏ္ဍာန်ဒြပ်ပေါ်တာက တစ်ဝီထိ၊ နောက်အမည်နာမ ပညတ်ပေါ်တာက တစ်ဝီထိ အဲဒီလို လေးဝီထိရောက်အောင် ဖြစ်ပြီးတော့မှ အကောင်အထည်နဲ့ တကွ အမည်နာမပါ ပေါ်လာတယ်တဲ့။

ကိုင်း စိတ်အစဉ်ဟာ သုံးဝီထိလောက်နဲ့ ရပ်နေရင် ခုလို ချေတို့ တောစပ်တို့ ရဲ့ အမည်နာမကို ဘယ်သိနိုင်တော့မလဲ။ အဲ..ပထမ ၂ ၀ီထိလောက်မှာ ရပ်သွားရင် သဏ္ဍာဒြပ်စသည်မပေါ်လာတော့ဘူးတဲ့။"

"သြော အဲဒီလောက်ထိတောင် မြတ်စွာဘုရားက သိသလား။"

"အေး မြတ်စွာဘုရားကလည်း သိတယ်။ တရားအားထုတ်တဲ့ ယောဂီများကလည်း မှန်းဆပြီးတော့ဖြင့် သိနိုင်တယ် လို့ ဆိုတယ်။"

"ဘယ်လိုသိနိုင်သလဲ ကိုကို လုပ်ပါဦး"

"တရားအားထုတ်ရင်း ဘင်္ဂဥာဏ်စတာကို ရောက်တဲ့ အခါမှာ ရှုမှတ်လိုက်တဲ့ အာရုံတွေဟာ သဏ္ဍာန်ဒြပ်စတာတွေ ပေါ်မလာနိုင်တော့ဘဲ တပျက်တည်း ပျက်နေသတဲ့။ ယောကျာ်းပဲ မိန်းမပဲ ဒီလောက်တောင် မခွဲခြားနိုင်တော့ဘဲ ပျက်တာတွေသာ မြင်နိုင်သတဲ့။ အဲဒါဟာ ၀ိပဿနာ ဇောစိတ်တွေက ၀ီထိတွေကို ဖြတ်ချလိုက်လို့ပဲ။ ၀ုဋ္ဌောနေရာလောက်ကနေ ၀ိပဿနာ ဇောတွေက ၂ ၀ီထိ ၃ ၀ီထိ လောက် အတွင်း ဖြတ်ချလိုက်တာပဲ။ ဒီလိုဖြစ်နေရင်တော့ သတိသမာဓိတွေ အားကောင်းတဲ့အတွက် ၀ီထိအစောပိုင်း အတွင်း ၀ိပဿနာဇောတွေ လျင်လျင်မြန်မြန်ရောက်ပြီး သိနေ..သိနေတယ်လို့ မှန်းဆပြီးတော့ဖြင့် နားလည်နိုင်တာပဲလို့ မဟာစည်ဆရာတော်ဘုရားက အမိန့်ရှိတယ်..ဒိဋ္ဌေဒိဋ္ဌမတ္တံဆိုတဲ့ မြင်ကာ မတ္တဆိုတာဟာ ဒီလေးဝီထိအတွင်းကို ပြောတာပဲ။"

"ဒါဖြင့် တရားရှုမှတ်မှုမရှိတဲ့ သာမန်လူဟာ မြင်ကာမတ္တမှာ ဘယ့်နှယ်လုပ်ရပ်နိုင်မလဲ ကိုကိုရ မြင်စရာရှိရင် ချေပဲဖြစ်ဖြစ် တောစပ်ပဲဖြစ်ဖြစ် ပေါက်ပင်ပဲဖြစ်ဖြစ် အကုန်လုံး မြင်သွားတော့မှာပေါ့"

"အမှန်ပဲ... မြင်ကာမတ္တမှာ ရပ်ဖို့ဆိုတာတော့ မလွယ်ဘူး။ မာလုကျပုတ္တသုတ္တန်ကိုတော့ ခြွင်းချက်ထားဦး။ နောက်မှ ထပ်ပြောကြမယ်။ သမာဓိအင်အား မရှိဘဲနဲ့ မြင်ကာမတ္တမှာ ရပ်ဖို့တော့ မဖြစ်နိုင်ဘူး"

"ဟုတ်ကဲ့ကိုကို..၊ ဒါနဲ့ ကိုကိုခုလို ပြောတာ ကြားရတော့ မမနွယ်မေးဖူးတာကို ညီညီသတိသွားရမိတယ်။ "

"အင်း.. နွယ်က ဘာပြောသလဲ"

"ဟိုတစ်လောက ညရုံလွှာမှာ မြပုဏ္ဏမာဆင်တုန်း ကပေါ့"

"ကဲ ညီညီ .. ဦးဖိုးစိန်ဇာတ်ကနေတာလည်းမဟုတ်.. နေမြင့်လာရင် လက်ပိုရှလာမယ်.. ခုတောင် တို့တော်တော် နောက်ကျနေပြီ ပြောစရာရှိလည်းပြော.. ၀ိ,လုပ်မနေနဲ့"

"သြော် မမနွယ်က ညီ့ကိုမေးတယ် . ညီညီ့ ကိုကိုဟာ ကြီးလာရင် ဘုန်းကြီးဝတ်ဖို့ အစီအစဉ်ရှိသလားဟင် တဲ့ .. ဗျ"

"သြော် နွယ်က ကိုကိုဘုန်းကြီးဝတ်ရင် ရဟန်းဒကာခံဖို့ ဖြစ်မှာပေါ့"

"ညီတော့ ဒီလိုမထင်ဘူးကိုကို.."

"ကဲကဲ ထင်တာတွေ မထင်တာတွေ အသာထား..ဒါတွေက ဘုံအနှမ်းက ယုံစတမ်းတွေပါ ညီညီ.. ခဏဖြစ်ဖြစ် ဖြတ်ထားလိုက်လို့လည်း နောက်မကျသွားပါဘူး.. အလုပ်လုပ်ကြစို့ရဲ့.. နောက် "လေးပေါ" လောက်ရိတ်ပြီးမှ စကားပြန်စကြရအောင်။ မဟုတ်ရင် ဆေးလိပ်လည်းတို နေလည်းညိုသွားမယ် ."

Read more...

အနန္တရပစ္စည်း + သမနန္တရပစ္စည်း



018-ANanTaRa.+[5]ThaMaNanTaRa.mp3 -

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၉)

သညာသိနှင့် ပညာသိ


စိတ်အကြောင်း သိပုံနှင့်ပတ်သက်၍ ကလေးသိ၊ ကျောင်းသားသိ၊ ကမ္မဋ္ဌာန်းသမားသိ၊ သင်္ဂြိုဟ်သမားသိ စသည်ဖြင့် အမျိုးမျိုး သိကြပေရာ မည်သည်ကိုမျှ မှားသည်ဟု မဆိုသင့်။ မှန်သလောက် မှန်သည် ဟူ၍သာ ဆိုရပေမည်။ အနောက်တိုင်းမှ စိတ်ပညာ ဆရာကြီး ( psychologists ) များနှင့် စိတ်ကိုစစ်၍ ရောဂါကုသသော ပညာသည်ကြီးများ ( psychiatrists and psycho-anaylists ) ရှိကြပေရာ ၎င်းတို့ သိထားပုံမှာလည်း အလွန်ပင် နက်နဲပေသည်ဟု ၀န်ခံရပေမည်။ ပဏ္ဍိတဝေဒနိယကျမ်းကို ဖတ်ရပြီးနောက် ကျွန်ုပ်သိရပုံမှာလည်း အတော်ကြီး
နက်နဲလှပြီဟု ထင်ခဲ့မိသည်။ သို့ သော် အဆိုပါ သိပုံသိနည်း အားလုံးတို့ သည် သညာသိ (intellect) မျှသာဖြစ်ကြ၍ ဗုဒ္ဓရည်ရွယ်သည့် (ထိုးထွင်းသိမြင်သော) ပညာသိမဟုတ်သေးချေ။


သဿတ ဒိဋ္ဌိ


တဖန် အနောက်တိုင်းသားများ ယခုတလောတွင် အထူး အလေးပေး၍ လေ့လာလိုက်စားလျက်ရှိကြသော စိတ်ပညာတစ်ရပ် ရှိသေး၏ ။ ၎င်းတို့ သည် ကာယကံရှင်ကိုယ်တိုင်က သိသောစိတ် ( conscious ) ကိုသာ မကသေးဘဲ ကိုယ်တိုင်က မသိရသော ဘ၀င်္ဂ ခေါ် ဘ၀င်စိတ် ( unconscious of subconscious ) အကြောင်းကိုပင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာလျက်ရှိကြလေသည်။ ဤပညာသည် တကယ်နက်နဲသည်ကား မှန်သည်။ သို့ ရာတွင် ၎င်းပညာရှိကြီးများ၏ အတွေးခေါ်မှာ လူသတ္တ၀ါတို့ ၏ အတွေ့ အကြုံများသည် မသိသောစိတ် ( ဘ၀င်္ဂ ) ထဲတွင် အခါခပ်သိမ်း နစ်မြုပ်သိုလှောင်လျက်ရှိ၍ အရေးကြုံမှ ပေါက်လာတတ်သည်ဆိုရာ ၎င်းအတွေးအခေါ်၏ မှန်ခြင်း၊ မှားခြင်းကို အပထား၍ သဿတဒိဋ္ဌိ ဘက်သို့  ယိမ်းတတ်သောကြောင့် ဗုဒ္ဓအလိုတော်ကျ မဟုတ်ချေ။ မမေ့ပျောက်နိုင်သကဲ့သို့  မှတ်သားထားသည်ဟု ထင်ရသည်ကားမှန်၏ ။ သို့ ရာတွင် ဗုဒ္ဓဟောတော်မူသည့် ဘ၀င်စိတ်သည်ပင်လျှင် မြစ်ရေအလျဉ်သဖွယ် အခါခပ်သိမ်း တသွင်သွင်စီးလျက်ရှိသည်ဆိုသောကြောင့် ရေထဲ၌ ( ကျောက်ဆူး ချထားဘိသကဲ့သို့  )
အမြဲတည်နေနိုင်သော အခြင်းအရာ တစ်စုံတစ်ခု ရှိသည့်အလား မှတ်ယူထားခြင်းသည် သဿတဒိဋ္ဌိအယူ ဖြစ်သွားတတ်လေသည်။


ဦးနှောက်နှင့် နှလုံး


ထို့ ပြင် စိတ်၏ တည်နေရာဌာနနှင့် ပတ်သက်သော အယူအဆ တစ်ခုလည်းရှိသေး၏ ။ စိတ်နှင့် ပတ်သက်သမျှတွင် အနောက်တိုင်း ပညာသည်များသည် ဦးနှောက်ကို အလေးပေး၍ ဖော်ပြတတ်၏ ။ ဗုဒ္ဓ၀ါဒအရမူ နှလုံးအိမ်ကို အရေးတကြီး ဖော်ပြထားသည်။ ဤခေတ်တွင် ဥာဏ်ကောင်းခြင်း၊ စဉ်းစားစိတ်ကူးခြင်း စသော အခြင်းအရာများမှာ ဦးနှောက်ကို အမှီပြု၍ ဖြစ်ပေါ်လာသည်ဟု လက်ခံနားလည်လျက် ရှိကြသော်လည်း ရိုးဖြောင့်ခြင်း၊ စိတ်သဘောကောင်းခြင်း စသော အခြင်းအရာမျိုးတို့ မှာမူ နှလုံးအိမ်တွင် အမှီပြု၍ ဖြစ်ရသည်ဟု ယုံကြည်ကြသည့် လက္ခဏာရှိသည်။ ထို့ ကြောင့် ( good heart ) စိတ်နှလုံးကောင်းခြင်း ဟူ၍လည်းကောင်း၊ ( change of heart ) စိတ်နှလုံးနှင့် တကွ ပြောင်းလဲပါမှ တန်ဖိုးရှိသည် ဟူ၍လည်းကောင်းသုံးနှုန်းကြခြင်း ဖြစ်လေသည်။ ဥာဏ ( ဦးနှောက် ) ဘယ်လိုပင်ကောင်းစေကာမူ စိတ်နှလုံး ( အကျင့် စာရိတ္တ ) မကောင်းလျှင် တန်ဖိုး များစွာမရှိနိုင်ဟူသော အသုံးအနှုန်းလည်း ရှိပေသေးသည်။ “ လူတော်လူကောင်း ” ဟူသော စကားလုံးတွင်လည်း ( လူတော် ) သည် ဦးနှောက် ကောင်းခြင်းကို ဆိုလို၍ “လူကောင်း ” သည် နှလုံးကောင်းခြင်းကို ဆိုလိုပေသည်။ ထို့ ကြောင့် စိတ်နှင့် ပတ်သက်၍ ဖော်ပြသည့်အခါ ဦးနှောက်ကို အလေးပေးချင်ကြသော်လည်း နှလုံးကို လွှတ်ထား၍ မဖြစ်နိုင်ပေ။


တိုက်ခတ်မှ ဖြစ်ပေါ်ခြင်း


စိတ်နှင့်ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သည့် အသိအမျိုးမျိုးတို့ သည် မည်မျှပင် ခက်ခဲနက်နဲစေကာမူ ( လောကီတွင် တန်ဖိုးရှိသည် ဆိုစေဦး ) စဉ်းစားဥာဏ် ( intellect ) ဖြင့် သိခြင်းမျှသာ ဖြစ်ကြပေရာ ဗုဒ္ဓသိစေလိုသော ( ထိုးထွင်း၍ သိခြင်းခေါ် ) ပညာသိ မဟုတ်သောကြောင့် ကြီးစွာသော တန်ဖိုးရှိကြသည် မဟုတ်ချေ။ ပညာသိဟုခေါ်သည့် သိခြင်းမျိုးမှာ လွန်စွာနက်နဲသည်ဖြစ်၍ ဥပမာအားဖြင့်သာ ဖော်ပြနိုင်ပေမည်။

သုတ္တန်ကျမ်းတစ်နေရာ၌ ကျွန်မတစ်ယောက်သည် ၎င်း၏သခင်မအတွက် သနပ်ခါးသွေးလျက်ရှိစဉ် လက်ကောက်နှစ်ဖက် ၀တ်ထားသည်ဖြစ်၍ တစ်ဖက်နှင့်တစ်ဖက် တိုက်ခတ်မိခြင်းကြောင့် တချွင်ချွင်အသံ ထွက်လျက်ရှိ၏ ။ ဤတွင် ကျွန်မသည် တစ်ဖက်ကို ဖြုတ်ထားလိုက်ရာ တိုက်ခတ်စရာ မရှိခြင်းကြောင့် အသံမထွက်တော့ခြင်း ကို တွေ့ ရ၏ ။ ဤနေရာတွင် ဆင်ခြင်သုံးသပ်မိသည်မှာ တိုက်ခတ်စရာ ရှိ၍ အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော “ ၀ိညာဉ်စိတ် ” ဆိုသည်မှာ ဤအတိုင်းပေတကားဟု ထိုးထွင်းသိမြင်လိုက်သည်နှင့် တစ်ချက်တည်း သောတာပန်တည်သွားသည်ဟု တွေ့ ရဖူးလေသည်။


ထိုးထွင်း သိမြင်ခြင်း


၎င်းကျွန်မသည် စိတ်တစ်ခုယုတ် ၉၀၊ အကျယ် ၁၂၀ ပါး ကိုလည်း ရေတွက်တတ်မည်မထင်။ စိတ္တက္ခဏ၏ လျင်မြန်ပုံအကြောင်းကိုလည်း (ကျွန်မတစ်ယောက်သာ ဖြစ်၍ ) ကြားဖူးကောင်းမှ ကြားဖူးပေမည်။ ဘ၀င်စိတ်၏ တသွင်သွင်စီးခြင်း အကြောင်းကိုလည်း နားစွန်နားဖျားဖြင့် ကြားဖူးမည်လော မပြောတတ်ချေ။ သို့ ရာတွင် အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်ဆိုသောကြောင့် အကြောင်းမတိုက်ဆိုင်လျှင် မဖြစ်၊ ဖြစ်ခြင်းကြောင်းလည်း ရှိသည်။ ချုပ်ရာသော လမ်းစဉ်လည်း ရှိသည်။ ချုပ်ခြင်းသဘောလည်း ရှိသည် စသည်ဖြင့် ထိုးထွင်းသိမြင်သွားဟန်ရှိသည်။

ဤစာကို ဖတ်သောသူသည်လည်း ကျွန်ုပ်ရေးပြသည့်အတိုင်း နားလည်ပါသည်ဟု ဆိုစေကာမူ ကျွန်မ မြင်သကဲ့သို့  မမြင်ခြင်းမှာ ထိုးထွင်းမှုဟု ဆိုအပ်သော ၀ိပဿနာဥာဏ် မပါသောကြောင့် ဖြစ်လေသည်။ ၎င်း ကျွန်မသည် ပါရမီခံ ရင့်သန်သော ပုဂ္ဂိုလ်ဖြစ်ရမည် ဆိုခြင်းမှာ ယုံမှားဖွယ်ရာ မရှိချေ။ သို့ ရာတွင် နောက်ဆုံးအချိန်၌ လုပ်နေသော အလုပ်မှာ သနပ်ခါးသွေးခြင်းဖြစ်၍ သူ၏ နှလုံးသွင်းတရားမှာ လက်ကောက်ခြင်း တိုက်ခတ်မိ၍ တချွင်ချွင်မြည်ခြင်းနှင့် အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်၏ တူညီပုံအခြင်းအရာပင် ဖြစ်လေသည်။

ထို့ ကြောင့်လည်း နည်းခြင်း များခြင်းသည် အရေးမကြီးလှ။ အရာဟုတ်-မဟုတ်သာလျှင် အရေးကြီးသည်ဟု ဗုဒ္ဓဟောတော်မူခြင်းဖြစ်သည်။


ဥာဏ်ကောင်းတိုင်း မဟုတ်သေး


ဘုရားလက်ထက်တော်၌ သစ္စကပရိဗိုဇ် သိဉ္စည်းဆရာကြီးမှစ၍ ဥာဏ် (intellect ) ကြီးသော ပုဂ္ဂိုလ်ကြီးများ ရှိခဲ့ကြ၏ ။ ဤလက်ထက်တွင်လည်း လောကဓာတ် ဆရာကြီးများ၊ အဘိဓမ္မာ ဆရာကြီးများ၊ သင်္ချာ ဆရာကြီးများ၊ စိတ်ပညာ ဆရာကြီးများသည် စဉ်းစားဥာဏ်အရာ၌ အလွန်ကြီးကျယ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်ဟု ( ဘယ်သူမှ မယုံချင်နေ ) ကျွန်ုပ်ယုံကြည်၏ ။ ဤမျှသာမကသေး၊ ဗုဒ္ဓ အဘိဓမ္မာကို “ အရည်ကျို ” သောက်ပြီး ကျမ်းကြီး ကျမ်းငယ်များ ရေးထုတ်နိုင်ကြသည့် အရှေ့ တိုင်းသားများ၊ အနောက်တိုင်းသားများလည်း အမြောက်အမြား ရှိကြ၏ ။ “ စိတ် ” အကြောင်းဆိုလျှင် စာအုပ်ပေါင်း အမြောက်အမြား ရေးထုတ်နိုင်ကြ၏ ။ အထက်ပါ ကျွန်မသည် ဥာဏ် ( intellect ) အရာတွင် ၎င်းပုဂ္ဂိုလ်ကြီးများနှင့် နှိုင်းယှဉ်လိုက်ပါက ရေနှင့်ဆီလောက် ကွာပေလိမ့်မည်။ သို့ ပါလျက် “ စိတ် ” အကြောင်းနှင့် ပတ်သက်၍ ကျမ်းအစောင်စောင် ပြုနိုင်သော ပညာရှိကြီးများသည် ၎င်းကျွန်မကဲ့သို့ စိတ်အကြောင်းကို ဗုဒ္ဓအလိုတော်ကျ မသိမြင်ကြသဖြင့် သောတာပန် မတည်နိုင်ကြခြင်းမှာ စဉ်းစားစရာကောင်းလှသည်။



Read more...

*ဧည့်သည်*

မင်းတို့လာလည်း.. ငါ့မှာတားခွင့်မရှိပါ…။
မင်းတို့သွာလည်း.. ဟန့်တားပိုင်ခွင့်မရှိပါ…။


ငါသည်ပင်မူ..
ခေါ်သူမရှိ.. ရောက်လာမိစဉ်..
နှင်သူမရှိ.. ပြန်ဘို့ရှိ၏။

ငါနေသည့်အိမ်၊ ငါ၏အိမ်ဟု
ငါ့အိမ်မှတ်ထား၊ ငါ့မယားနှင့်
ငါ့သားသမီး၊ ငါ့ပစ္စည်းဟု
ယူသည်းစိတ်စွဲ၊ အမှတ်လွဲခဲ့..။

အမှန်မှာမူ..
ငါလာသောခါ.. လက်ဗလာတည့်
ပြန်ရပါလျှင် လက်ချည်းပင်တည်း
ငါ့တွင်ကိုယ်ပိုင် မရှိတကား။

လာသူလာလည်း
လာစမ်းပါစေ..မဆီးလေနှင့်..။
သွားသူသွားလည်း
သွားစမ်းပါစေ..မတားလေနှင့်..။

တို့တတွေမှာ..
သဘာဝလျှင်.. အမိရင်ဝယ်..
ထွက်ဝင်ခိုနား.. ခရီသွားသည့်..
အားလုံးဧည့်သည်ချည်းပါတကား။ ။

သစ္စာအလင်း ဘလော့မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ။


လေးစားစွာဖြင့်
ဖိုးသား

7/9/2009, 9:50:02 AM

Read more...

ဗြဟ္မ၀ိဟာရလမ်းစဉ်နဲ့ လူသား


လူသားတို့ရဲ့ ဖြစ်စဉ်တစ်ခုကို ပြန်လည်သုံးသပ်ကြည့်ရင် ဟိုး ..ကမ္ဘာဦးအစမှ ယနေ့ထိ ယဉ်ကျေးတဲ့လူ့ဘောင်တစ်ခုဖြစ်ဖို့ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာတွေတိုးတက်ဖို့ ကြိုးစားလာကြတာကိုတွေ့မြင်နိုင်ပါတယ်၊ နည်းမျိုးစုံနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်ဖို့ ကြိုးစားတဲ့နေရာမှာ ဘာသာရေးဟာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တယ်ဆိုတာ ငြင်းဆိုနိုင်မှာ မဟုတ်ပါဘူး။

ယဉ်ကျေးတဲ့ စိတ်ပိုင်းဆိုင်ရာတွေ အဆင့်ဆင့်မြင့်တက်ဖို့ ခရစ်ယန် အစ္စလာမ် ဟိန္ဒူ ဗုဒ္ဓဘာသာ စတဲ့ ဘာသာကြီးတွေက လမ်းညွှန်ပြသလို လူပီသတဲ့လူဖြစ်ဖို့ အချင်းချင်း အပြန်အလှန်အကူအညီပေးနိုင်ဖို့ကိုလဲ ဒီဘာသာကြီးတွေက အလေးပေး ဖော်ပြခဲ့ပါတယ်။

ဘီစီ ခြောက်ရာစု ၀န်းကျင်မှာတော့ သိဒ္ဓတ္ထဆိုတဲ့ မဟာလူသားတစ်ယောက် ဒီကမ္ဘာကြီးအတွင်းကို ရောက်ရှိလာပြီး ဂေါတမဗုဒ္ဓ ဆိုတဲ့အမည်နဲ့ ဘုရားအဖြစ်ကို ရောက်ရှိခဲ့ပါတယ်. သူ့ရဲ့ သွန်သင် လမ်းညွှန်ချက်တွေက အများနှင့်မတူ တမူထူးခြားပြီး ယဉ်ကျေးတဲ့လူဘောင်အတွက် သွန်သင်လမ်းညွန်ချက်တွေ အများကြီး ပြောပြခဲ့တယ်။

သူ့ရဲ့သွန်သင်ချက်တွေမှာ…ကိုယ့်လောက်အဆင်မပြေသူတွေကို အကြင်နာနှလုံးသားနဲ့ ကူညီရေး .. တန်းတူပုဂ္ဂိုလ်တွေအပေါ်မှာ ရွှင်ပြုံးကြည်သာစွာ ဆက်ဆံရေး.. ကိုယ့်ထက်အဆင်ပြေနေသူတွေ အပေါ်မှာ ကြည်နူးကျေနပ်စိတ်နဲ့ အသိအမှတ် ပြုရေး..အချို့ ပုဂ္ဂိုလ်တွေအပေါ်မှာ လျစ်လျူရှုပြီး နေရေး ..စတဲ့ စိတ်ဝင်စားဖွယ်လမ်းညွှန်ချက်တွေကို ကမ္ဘာ့လူသားထုအတွက် နေ့မနား ညမနား လမ်းညွှန်ဟောပြောခဲ့ပါတယ်. .

သူရဲ့ သွန်သင်ချက်တွေက ယဉ်ကျေးတဲ့လူ့ဘောင်ဖြစ်ပေါ်ရေး စိတ်အဆင့်ဆင့်မြင့်တက်ရေး အခက်အခဲအားလုံးကို ကျော်လွှားရေးအတွက် တကယ့်ကို အသုံးဝင်တဲ့ နည်းလမ်းတွေအဖြစ်တည်ရှိခဲ့တယ်. .
ဂေါတမဗုဒ္ဓကိုယ်တိုင်လဲ ဒုက္ခရောက်နေသူ လူတန်းစားများဖက်မှ ရပ်တည်ကူညီခဲ့တဲ့ သာဓကတွေ ကို သူ့ရဲ့ညွှန်ကြားချက် စာပေတွေမှာ မြောက်များစွာတွေ့ရှိနိုင်ပါတယ်။

ကျန်းမာရေးချို့ တဲ့ပြီး ဝေဒနာ အသည်းအသန်ခံစားနေရတဲ့ ပူတိဂတ္တလို ရဟန်းမျိုးကို ကိုယ်တိုင်ပြုစုခဲ့တာတွေ .ရာဓ လို ဥပါသကာတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်စည်းပေးခဲ့တာတွေကို တွေ့မြင်နိုင်ပါတယ်။ ပြီးတော့ ဒုက္ခရောက်နေသူ မကျန်းမာသူတွေကို ကူညီစောင့်ရှောက်တာဟာ ငါဘုရားကို စောင့်ရှောက်တာ ပြုစုတာနဲ့ အတူတူပါပဲဆိုတဲ့ မိန့်ဆိုချက်ဟာ အကြင်အနာတရား ထွန်းကားဖို့ မေတ္တာကမ္ဘာ ပြန့်ပွားဖို့ မီးမောင်းထိုးပြခဲ့တဲ့ သာဓက တစ်ခုလို့ ဆိုနိုင်ပါတယ်။

တခါက..ဘုရားရှင်ကိုယ်တိုင် သူ့ရဲ့ ဆုံးမမှုကို မလိုက်နာတဲ့ ရဟန်းတော်တွေကိုအကြောင်းပြုပြီး တစ်ပါးတည်းအေးဆေးစွာ နေလိုစိတ်ဖြစ်တဲ့အကြောင်း မိန့်ကြားပါတယ်၊ သူရဲ့ ပြောပြချက်ကို နားထောင်ကြတဲ့ တပည့်ကြီးတွေကို ပြန်ပြီး မေးတော်မူတာက.. သာရိပုတ္တရာ..ငါဘုရားက တစ်ပါးတည်း အေးဆေးစွာ နေတော်မူမယ်လို့ မိန့်တဲ့အခါ သင့်ရဲ့စိတ်မှာ ဘယ်လိုတွေ ခံစားရပါလဲလို့မေးတော့..တပည့်ကြီး အရှင်သာရိပုတ္တရာက..တပည့်တော်လဲ ဘုရားရှင်ကိုယ်တော်လိုပဲ တစ်ပါးတည်းနေတော့မယ်လို့ စိတ်ဖြစ်ပေါ်ကြောင်း ပြန်လျှောက်တော့ သာရိပုတ္တရာ..ဆိုင်းငံ့ပါအုံးလို့ ပြန်လည်မိန့်တော်မူပါတယ်..

အရှင်မောဂ္ဂလာန် ကိုမေးတော့..တပည့်တော်ကတော့ ဘုရားရှင်မရှိတဲ့အချိန် ဒီတပည့်သံဃာတွေကို စောင့်ရှောက်ပြီး အများအကျိုးဆောင်ရွက်နေမယ်လို့ စိတ်ဖြစ်ပေါ်ကြောင်း မိန့်တော်မူတော့ ဘုရားရှင်ကိုယ်တော်တိုင် သာဓု သုံးကြိမ်ခေါ်တော်မူပါတယ်..

ဒါကိုကြည့်ရင် ဘုရားရှင်ဟာ တကိုယ်တည်းလွတ်မြောက်မှု အဆင်ပြေမှု ငြိမ်းအေးမှုထက် အများအတွက် အကျိုးဆောင်ရင်း ဘ၀အတွက်အသုံးချတာကို ဘယ်လောက်မြတ်နိုးတော်မူကြောင်း သိသာထင်ရှားလှပါတယ်။
ဘုရားလက်ထက်တော်အခါက သိင်္ဂါရ၀ ပုဏ်ဏားက ဗုဒ္ဓဘာသာဟာ တကိုယ်ကောင်းဆန်တဲ့ဝါဒ တကိုယ်တော်လွတ်မြောက်မှုကို ဦးစားပေးတဲ့ ဘာသာဖြစ်ကြောင်းလျှောက်တဲ့အခါ..ဘုရားရှင်က ဗုဒ္ဓဘာသာဟာ တကိုယ်ကောင်းဆန်ဝါဒ တကိုယ်တော်လွတ်မြောက်မှုကိုပေးတဲ့ ဘာသာမဟုတ်ကြောင်း..အဆင့်မြင့်အသိတွေကို ဖြန့်ဝေပြီး အများချမ်းသာဖို့ အများအကျိုးဆောင်ရွက်ဖို့ စိတ်ပိုင်းဆိုင်ရာ မြင့်တက်ဖို့အတွက် ဦးစားပေးတဲ့အကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။

ဘုရားလောင်းဖြစ်စဉ်ကို ပြန်ကြည့်ရင်လည်း နိဗ္ဗာန်ကို တကိုယ်တော် ကူးမယ်ဆိုရင် ကူးမြောက်နိုင်တဲ့ အားအစွမ်းရှိပါလျက်.ငါကိုယ်တိုင်အခက်အခဲတွေက ကျော်လွှားနိုင်သလို ကမ္ဘာ့လူသားတွေကို ကျော်လွှားစေမယ်.. ငါကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးသိမ်မွေ့သလို ကမ္ဘာ့လူသားတွေကိုလဲ ယဉ်ကျေးစေမယ် စတဲ့ မြင့်မြတ်တဲ့နှလုံးသား သူမတူတဲ့ အကြင်နာ နှလုံးသားနဲ့ စွန့်လွှတ်မှုပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာ ပေးဆပ်တော်မူခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ။

ဒီလို ဗုဒ္ဓရဲ့သွန်သင်ချက်တွေကို နားလည်ခွင့် လေ့လာခွင့်ရပါလျက် တကယ်ဒုက္ခရောက်နေသူတွေကို တွေ့မြင်ပေမယ့် ကိုယ့်နှလုံးသားက တုန်လှုပ်မှုမရှိ ခံစားမှုဘာမှ မဖြစ်ပေါ်ဘူးဆိုရင် အကြင်နာနှလုံးသား ကင်းမဲ့သူလို့ဆိုနိုင်ပါတယ်. ဒုက္ခရောက်သူကို ကူညီပေးလိုတဲ့စိတ်မဖြစ်ရင် ဒုက္ခရောက်သူကို နှိမ်လိုတဲ့စိတ် အထင်သေးတဲ့စိတ်တွေဖြစ်ပေါ်လာမှာ သေချာလှပါတယ်။

အဆင်ပြေသူကိုတွေ့လို့ မေတ္တာမထားနိုင် ၀မ်းမြောက်ဝမ်းသာ မဖြစ်နိုင်ရင် မနာလိုတဲ့စိတ် ကျေးဇူးကန်းတဲ့စိတ် အပြစ်ပြောတဲ့စိတ်တွေဖြစ်ပေါ်တော့မှာပါ.. ဒါဟာ စိတ်ဖြစ်စဉ် စိတ်သဘာဝရဲ့ နိယာမတစ်ခုလို့ ပြောနိုင်ပါတယ်..

ဘုရားရှင် ဟောပြတဲ့ ဗြဟ္မ၀ိဟာရလမ်းစဉ်ဆိုတာ
၁-ကိုယ့်လောက်အဆင်မပြေသူတွေကို အကြင်နာနှလုံးသားနဲ့ ကူညီရေး ..
၂-တန်းတူပုဂ္ဂိုလ်တွေအပေါ်မှာ ရွှင်ပြုံးကြည်သာစွာ ဆက်ဆံရေး..
၃-ကိုယ့်ထက်အဆင်ပြေနေသူတွေ အပေါ်မှာ ကြည်နူးကျေနပ်စိတ်နဲ့ အသိအမှတ် ပြုရေး..
၎ အချို့ ပုဂ္ဂိုလ်တွေအပေါ်မှာ လျစ်လျူရှုပြီး နေရေး- ပဲဖြစ်လို့ ဘုရားရှင်ရဲ့ တပည့်ဖြစ်တဲ့ လူသားအပေါင်းကလဲ ဘုရားရှင်ရဲ့ လမ်းညွှန်ချက် ဗြဟ္မ၀ိဟာရလမ်းစဉ်ပေါ်မှာ လျှောက်လှမ်းနိုင်အောင်ကြိုးစားရင်း မေတ္တာကမ္ဘာ ပြန့်ပွားဖို့ ကြိုးစားသင့်သလို ဗြဟ္မ၀ိဟာရလမ်းစဉ်နဲ့လူသား ...လူသားနဲ့ ဗြဟ္မ၀ိဟာရလမ်းစဉ် ခွဲခြားမရကြောင်း အပြောထက် အလုပ်နဲ့သက်သေပြချိန်ရောက်နေပြီဆိုတာကို သတိထားသင့်လှပါတယ်။ ။

Read more...

"ကိလေသာ(၁၀)ပါး"


(၁) လောဘ-လိုချင်တပ်မက်ခြင်း။

(၂) ဒေါသ-အမျက်ထွက်ခြင်း။

(၃) မောဟ-တွေဝေခြင်း။

(၄) မာန-ထောင်လွှာခြင်း။

(၅) ဒိဋ္ဌိ-အယူမှားခြင်း။

(၆) ၀ိစိကိ စ္ဆာ-သံသယရှိခြင်း။

(၇) ထိနမိဒ္ဓ-ငိုက်မည်းခြင်း။

(၈) ဥဒ္ဓစ္စ-စိတ်ပျံ့ လွင့်ခြင်း။

(၉) အဟိရိက-မကောင်းမှုလုပ်ရန်မရှက်ခြင်း။

(၁၀) အနောတ္တပ္ပ-မကောင်းမှူလုပ်ရန်မကြောက်ခြင်း။



"မီး(၁၁)ပါး"

(၁) လောဘ-လိုချင်တပ်မက်ခြင်း။

(၂) ဒေါသ-အမျက်ထွက်ခြင်း။

(၃) မောဟ-တွေဝေခြင်း။

(၄) ဇာတိ-ပဋ္ဋိသန္ဓေနေရခြင်း။

(၅) ဇရာ-အိုရခြင်း။

(၆) မရဏ-သေရခြင်း။

(၇) သောက-စိုးရိမ်ခြင်း။

(ဂ) ပရိဒေ၀-ငိုကြွေးခြင်း။

(၉) ဒုက္ခ-ဆင်းရဲခြင်း။

(၁၀) ဒေါမနဿ-နှလုံးမသာယာခြင်း။

(၁၁) ဥပါယာသ-ပြင်းစွာပူပန်ခြင်း။

Read more...

ပုံပြင် ( ၂၆ )

( အမြတ်ဆုံး အရာ )
သာဝတ္ထိပြည်၌ အနာထပိဏ်သူဌေးကြီးတွင် ကာလ-ဟုခေါ်သော သားတယောက်ရှိသည်။ ထိုကာလသူဌေးသားသည် အသက်အရွယ်ကလည်း ငယ်၊ ငွေကြေးကလည်း ချမ်းသာ၊ အပေါင်းအသင်းကလည်း စုံသဖြင့် လူငယ်တို့ဘာဝ ပျော်ပါးသုံးဖြုန်း၍သာ နေသည်။

ကာလသူဌေးသား၏ ပျော်ပါးနေမှု စတင်းစုံကို အနာထပိဏ်သူဌေးကြီးသည် နားမဆံ့အောင် ကြားနေရသည်။ ထိုအခါ သူဌေးကတော်ကြီးအား ကာလကို မုန့်ဖိုးငွေ မပေးရန် တင်းကျပ်စွာ တားမြစ်သည်။ ကာလသည်လည်း ယခင်ကကဲ့သို့ သုံးဖြုန်းရန် ငွေကြေးမရသဖြင့် မပျော်မရွှင် ဖြစ်နေသည်။

ထိုအဖြစ်အပျက်ကို မြင်တွေ့သော သူဌေးကြီးသည် ပျော်ဖို့ ပါးဖို့မှတပါး ဘုရား တရားကို စိတ်ပါဝင်စားခြင်းမရှိသော သားအား ငွေကြေးဖြင့်မျှား၍ ဘုရား တရားကို စိတ်ဝင်စားကြည်ညိုအောင် ပြုမည်-ဟု ကြံစည်သည်။ ထိုကြံစည်သည့်အတိုင်း သားကာလကို ခေါ်၍ သား-မနက်ဖြန်နံနက် ဘုရားကျောင်းတော်သွားပြီး ဥပုသ်သီလခံယူပါ။ ညနေချမ်းအခါတွင် ဘုရားဟောကြားသည့် တရားတော်ကို နာကြားပါ။ ထိုကဲ့သို့ ပြုလုပ်လျှင် ငွေတထောင်ပေးမည်-ဟု ပြောလေသည်။

ထိုအခါ ကာလသည် ကျောင်းတော်သို့သွားပြီး ဥပုသ်သီလ ခံယူသည်။ တရားတော်ကိုတော့ မနာကြားဘဲ ချောင်တချောင်တွင် အိပ်နေသည်။ နံနက်အခါမှ ကျောင်းတော်က ပြန်လာကာ ဖခင်သူဌေးကြီးထံ ငွေအသပြာတထောင်တောင်း၍ သုံးဖြုန်းပျော်ပါးသည်။ ထိုငွေကုန်သောအခါ ကာလသည် မှိုင်တွေ၍ နေသည်။ ထိုအခါ ဖခင်သူဌေးကြီးက ကာလအား ကျောင်းတော်သို့သွား၍ ဘုရားဟောတော်မူသော ဂါထာတပုဒ်မျှကို မှတ်မိအောင် နာယူပါက အသပြာတထောင် ပေးမည်-ဟု ဆိုပြန်သည်။

အသပြာရလိုသော ကာလကလည်း ဇေတ၀န်ကျောင်းတော်သို့ သွားသည်။ ဘုရားရှင်အား ဂါထာတပုဒ် သင်ကြားပေးပါရန် လျှောက်ထားသည်။ ဘုရားရှင်က ဂါထာတပုဒ် သင်ကြားပေးသည်။ ကာလသည် ငွေရလိုသော ဆန္ဒဖြင့် ဂါထာကို တတ်မြောက်မှတ်မိအောင် အာရုံစိုက် နာကြားသည်။ ထိုကဲ့သို့ အာရုံစိုက် နာကြားရင်းပင် သောတာပတ္တိဖိုလ်၌ တည်လေသည်။

နံနက်မိုးသောက်သောအခါ ကာလသည် ကျောင်းတော်မှ ပြန်လာသည်။ ထိုအခါ သား၏ ထူးကဲသည့် အသွင်အပြင်ကို သူဌေးကြီး အကဲခတ်မိသည်။ ထို့နောက် သူဌေးကြီးက ကတိအတိုင်း အသပြာတထောင် ပေးသောအခါ သားက ငြင်းဆန်သည်။

ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးသည် ကျောင်းတော်သွား၍ ဘုရားရှင်အား လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်က-
ဒါယကာ သူဌေးကြီး၊ သင်၏ သားသည် ယနေ့အခါ သင်ပေးသော ငွေတထောင်ကို မဆိုထားနဲ့၊ စကြာဝတေးမင်း စည်းစိမ်၊ နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်းစည်းစိမ်တို့ကို ပေးသော်လည်း မယူတော့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုစည်းစိမ်တို့ထက် ထူးကဲသာလွန်သော သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်နေသောကြောင့်တည်း-ဟု မြွက်ကြားတော်မူလေသည်။
အကိုး။ ။ ဓမ္မပဒ-လောက၀ဂ်။

( ဣန္ဒာမှူး-မေဃ၀တီ )
********************************************************************************

( ယာဂု )

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်အချိန်က ဖြစ်သည်။ ဂေါတမဗုဒ္ဓသည် တပည့်သံဃာတော်ပေါင်း ၁၂၅၀-တို့ဖြင့် ဗာရာဏသီမြို့မှ အန္ဓက၀ိန္ဒမြို့သို့ ဒေသစာရီ ကြွချီတော်မူသည်။ အန္ဓက၀ိန္ဒမြို့သူမြို့သားများသည် မြတ်စွာဘုရားရှင်နှင့် တပည့်ရဟန်းသံဃာတော်တို့အား သူ့ထက်ငါဦး ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ နောင်သော် ဆွမ်းဆက်ကပ်လှူဒါန်းသူများ များပြားလာသဖြင့် အလှည့်ကျ ကပ်လှူရန် စောင့်ဆိုင်းနေကြရသည်။

ထိုသို့ အလှည့်ကျ ကပ်လှူရန် စောင့်ဆိုင်းနေကြသော အန္ဓက၀ိန္ဒမြို့သူ မြို့သားများထံတွင် လယ်သမားပုဏ္ဏားတဦးလည်း ပါဝင်သည်။ ထိုပုဏ္ဏားသည် မိမိအလှည့်ကျနိုးကျနိုးဖြင့် စောင့်ဆိုင်းခဲ့သည်မှာ နှစ်လတိတိ ကြာသွားသည်။ သို့သော် ကပ်လှူခွင့် မရခဲ့ပေ။ ထိုအခါ ပုဏ္ဏားကြီး စဉ်းစားသည်။ ဒီအတိုင်းသာ စောင့်ဆိုင်းနေရပါက နှစ်ကုန်သွားတောင် ငါ့အလှည့်ကျဖွယ်မရှိ။ ငါ့မှာလဲ အိမ်ကအလုပ်တွေ ပျက်လှပြီ။ ဒါကြောင့် ဆွမ်းလှူခွင့်မရလဲ အခြားစားသောက်ဖွယ် ပြုလုပ်ပြီး ငါလှူမယ်-စသည်ဖြင့် ကြံရွယ်သည်။ ထို့နောက် ရဟန်းတော်များ ဆွမ်းဘုဉ်းပေးရာ ကျောင်းတော်သို့ သွားရောက်၍ လေ့လာသည်။

ထိုအခါ ကျောင်းတော်၌ ဆွမ်းကပ်သူသာ ပေါများပြီး ယာဂုကပ်လှူသူ တဦးတယောက်မျှ မရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ပုဏ္ဏားသည် ယာဂုကိုကပ်လှူလျှင် ကောင်းအံ့-ဟု အကြံဖြစ်ပြီး အရှင်အာနန္ဒာထံ ချဉ်းကပ်၍ လျှောက်ထားသည်။
အရှင်ဘုရား၊ တပည့်တော် အရှင်ဘုရားတို့အား ဆွမ်းကပ်လှူလိုသောကြောင့် အလှည့်ကျ စောင့်ဆိုင်းခဲ့သည်မှာ နှစ်လတိတိပင် ကြာသွားပါပြီ။ သို့သော် ယခုအချိန်အထိ ဆွမ်းကပ်ခွင့်မရသေးပါ။ ထို့ကြောင့် ဆွမ်းအစား ယာဂုကို လှူဒါန်းလိုပါသည်ဘုရား။ ယာဂုကို အလှူခံမည် မခံမည်ကိုလည်း သိလိုပါသည်-ဟု ရိုသေစွာလျှောက်၏။ ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား ပုဏ္ဏားလျှောက်သည့်အတိုင်း ပြန်၍ လျှောက်ထားလေသည်။

ထိုအခါ ယာဂု၏အကျိုးကို သိတော်မူသော မြတ်စွာဘုရားသည် ယာဂုအလှူကို ခွင့်ပြုတော်မူလိုက်သည်။ ပုဏ္ဏားကြီးသည် ထိုသို့ ခွင့်ပြုချက်ရသည်နှင့် တပြိုင်နက် မိမိအဖော်များနှင့် စုပေါင်းပြီး ဘုရားရှင်နှင့်တကွ သံဃာ ၁၂၀၀-ကျော်ကို ဆက်ကပ်နိုင်ရန် ယာဂုများကို စီမံချက်ပြုတ်လေတော့သည်။

ယာဂုများ စီမံချက်ပြုတ်၍ ပြီးစီးသော် နံနက်အရုဏ်တွင် ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား သွားရောက်ဆက်ကပ်ကြလေသည်။ ထိုအချိန်က ရဟန်းတော်တို့အား ယာဂုဘုဉ်းပေး သုံးဆောင်ခွင့် မပြုသေးပေ။ ထို့ကြောင့် ရဟန်းတော်များ မဘုဉ်းပေး၊ မသုံးဆောင်ရဲ ဖြစ်နေသည်။ ထိုအခါ မြတ်စွာဘုရားက ရဟန်းတို့-အလှူခံကြ၊ ဘုဉ်းပေး သုံးဆောင်ကြ-ဟု မိန့်တော်မူသောအခါ ရဟန်းတော်များ ဘုဉ်းပေးသုံးဆောင်တော်မူကြသည်။ ဘုရားရှင်နှင့်တကွ သံဃာတော်အားလုံး ယာဂုဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားက ယာဂုလှူခြင်း အကျိုးကို ဟောတော်မူသည်။

ဒကာပုဏ္ဏားကြီး၊ ယာဂုလှူခြင်းဖြင့် ရရှိသောအကျိုးကား ၁၀-မျိုးရှိသည်။ ယာဂုလှူဒါန်းသောသူသည်-
(၁) အသက်ကို ပေးလှူသည်မည်၏
(၂) အဆင်းကို ပေးလှူသည်မည်၏
(၃) ချမ်းသာကို ပေးလှူသည်မည်၏
(၄) ခွန်အားကို ပေးလှူသည်မည်၏
(၅) ဉာဏ်ပညာကို ပေးလှူသည်မည်၏
ဤအကျိုးငါးမျိုးကား ဘ၀ဆက်တိုင်း ရရှိနိုင်ပေသည်။

ယာဂုသောက်ခြင်းဖြင့်-
(၆) အဆာပြေသည်
(၇) ရေငတ်ပြေသည်
(၈) လေကို သက်စေသည်
(၉) အစာဟောင်းများကို စင်ကြယ်စေသည်
(၁၀) အစာသစ်ကိုလည်း ကြေညက်စေသည်။

ထို့ကြောင့် ဆေးကောင်းတလက်နှင့် တူသော ဤယာဂုကို ပေးလှူထိုက်ပေ၏-ဟု ဟောတော်မူပါသတည်း။
အကိုး။ ။ ၀ိနည်းမ၀ါဟာ။

( မောင်စန္ဒ-ချောက် )

( မြတ်မင်္ဂလာ ၁၉၉၈-ခု နိုဝင်ဘာလ )


Read more...

ဘ၀ရထား




သီတဂူဆရာတော်ဘုရားကြီးရဲ့ တစ်ခုသောတရားထဲမှာ နာကြားမိတာလေးက ရင်ထဲမှာစွဲသွားခဲ့ပါတယ်။ အကြောင်းအရာ က အသွင်မဆန်းပေမယ့် ဘ၀အမြင်မှာ တကယ်ဆန်းစေတဲ့တရားလေးပါ။ ကြားဖူးနေကြစကားထဲက ဘ၀ရထား ... ဆိုတဲ့ အကြောင်းပါ။ လူ့ဘ၀ကြီးတစ် ခုလုံးကို ရထားတစ်စင်းနဲ့ တင်စားပြီးပြောဆိုဆုံးမသွားတာမို့ပါ။ နေ့စဉ် ရထားနဲ့ ခရီးသွား လာနေကြတဲ့ လုပ်သားပြည်သူတွေ ရေလို့တောင်ရပါ့မလား။ တစ်နေ့ တစ်ရက်တည်းမဟုတ်။ ဘ၀ စဆိုကတည်းက တစ်ချို့ဆို ရထားပေါ်မှာတင် မီးဖွားခဲ့ကြ။ ကျွန်တော်ဖြင့် အံ့သြလွန်းလို့။ နေ့စေ့လစေ့ကြီး ဘာကြောင့်များ ခရီးသွားကြတာ ပါလိမ့်ပေါ့။ စဉ်းစားရတာ မရေရာခဲ့ပါ။ အဲ့သလို မရိုးမဆန်း ဖြစ်ရပ်တွေ ဘ၀ရထားပေါ်မှာ စုံလို့ပါပဲ။ တစ်ချို့တော့လည်း ရေလမ်းကသွားတော့ သင်္ဘောပေါ်မှာ မွေးဖွားကြ။ လေကြောင်းမှာ သွားရင်းလာရင်းတော့ မမွေးလောက်ဘူးလို့ အဆစ်တွေးကြည့်မိပါသေးတယ်။ ဒါလည်း မပြောနိုင်ပါဘူး... ကိုယ်မှမသိတာ။

ရထားဆိုတဲ့အတိုင်းပါပဲ။ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကို စီးနင်းကြ။ ရထားပေါ်မှာတင် မိတ်ဆွေတွေဖွဲ့ကြ။ ခင်မင်ကြ။ ရင်းနှီးကြ။ လက်ဆုံးစားကြသောက်ကြ။ တစ်ချို့ကတော့ သောက်ကြစားကြ။ နေရာတွေလုကြ။ ရန်ဖြစ်ကြ။ ကလေးတွေကငိုကြ။ ဈေးသည်တွေက ဆူလို့ညံ့လို့။ အထက်တန်းတွဲဘက် ကိုကြည့်လိုက်တော့ ခုံလေးတွေသပ်သပ်ရပ် ရပ်နဲ့ လူတွေကလည်း ငြိမ်ငြိမ်ဆိတ်ဆိတ်။ လက်မှတ်ကနံပါတ်နဲ့ ခုံနံပါတ်ကို ကိုက်အောင်ရှာနေတာတွေလောက်ပဲရှိပါ တယ်။ သူ တို့မျက်နှာတွေပေါ်မှာတော့ အရောင်သွေးတွေ တစ်မျိုးစီဖြစ်နေတာတော့ သတိပြုမိသား။ အဲ့ဒါဘာလဲဆိုတာကို ကျွန်တော် မသိဘူး။ အင်း ... ဒီလိုနဲ့ပဲ မိမိတို့ လိုရာခရီးပန်းတိုင်ကို ရောက်တဲ့အခါ ဆင်းသွားကြပြန်တယ်။ တစ်ချို့က လည်း ထိုနေရာမှပင် ထပ်ပြီးတက်လာကြပြန်တယ်။ ခရီးသည်တွေ ဘာတွေဘယ်လိုပဲ ဖြစ်နေနေ ရထားကြီးကတော့ အပြုံးမပျက် ခရီးဆက်နေဆဲပါပဲ။

ဘ၀သံသရာ သီချင်းထဲကလို ခရီးပန်းတိုင်း မရောက်ချင်း တစ်ယောက်ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ..လိုက်တာ ဘယ်တော့များမှ ဆုံးမည်မသိ။ မြတ်စွာဘုရားရှင်ကတော့
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။
သူတော်ကောင်းတရားကို မသိသောသူအား သံသရာသည် ရှည်လျား၏ ဟူသတည်း။ တရားမသိသမျှတော့ ကရွတ်ခွေ ပေါ် ကင်းလျှောက်သလို ဆုံးနိုင်ဖွယ်ရာမမြင်ဘူးလို့ ဘုရားရှင်မိန့်လိုက်တာက မှတ်သားစရာပါပဲ။
ရထားပေါ်ကို စတင်ပြီး တက်ရောက်လာကတည်းက လက်မှတ်နဲ့ဝယ်ပြီးစီးခဲ့ရတာချည်းပါ။ ကိုယ့်လိုတဲ့ပန်းတိုင်ရောက်တာနဲ့ ကိုယ့်ခုံကိုထားပစ်ခဲ့ရမှာပါပဲ။ ငါ ထိုင်ခဲ့တဲ့ ခုံလေးဆိုပြီး သယ်သွားခွင့်မရှိပါဘူး။ ဒီမှာပဲနေတော့မယ်ဆိုပြီးတော့လည်း နေခွင့်မရှိပါဘူး။ သို့သော် ရထားစီးသူတို့ခမျာ ခုံလေးတစ်ခုံအတွက် အလုအယက် ရန်ဖြစ်နေကြတာ ရထားစီးဖူးတဲ့သူတိုင်း မြင်တွေ့ခဲ့ဖူးကြမှာပါ။ ကိုယ်တိုင် ရန်ဖြစ်ပြီး စီးခဲ့တာမျိုးများ ရှိချင်ရှိနေနိုင်မယ်ထင်တယ်နော်။ တစ်ချို့တော့ ခိုးစီးကြတာ တွေလည်း ကြုံတွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လိုရာကို ရောက်ဖို့အတွက် သက်သက်သာသာ မရှိလှတာတော့ အမှန်ပါပဲ။

ဘ၀ရထားကြီးကလည်း တစ်ရွေ့ရွေ့နဲ့ အမေ့ဝမ်းခေါင်းကနေ မောင်းထွက်လာလိုက်တာ ခုဆို အတော့်ကို ခရီးပေါက်နေပါ ရောလား။ ခရီးသွားရင်နဲ့ ကိုယ့်ထမင်းလေး တစ်လုပ်စားရဖို့ သူတစ်ပါးတို့ကို သတ်ဖို့လည်း ၀န်မလေးတဲ့ အဖြစ်တွေနဲ့ ကြုံ ခဲ့ရ။ သူများပစ္စည်းယူစားဖို့လည်း မကြောက်လန့်ခဲ့။ အစားတစ်ခုအတွက် စကားများကြ။ ရန်သတ်ကြ။ နေရာတစ်ခုအတွက် အပြိုင်အဆိုင်တွေလုပ်ကြ။ အချိန်တန်ရင် ဒီခုံတန်းကို ငါ ထားခဲ့ရမှာပါလားလို့များ နားလည်မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲနော်။ ရန်ဖြစ်ရမှ စားလို့ဝင် အိပ်လို့ပျော်များ ဖြစ်နေကြရောလားမသိ။ အနိမ့်ဆုံးအဆင့် ကိုယ်မကျေနပ်တာရှိ ရင် ဒေါသလေးတော့ ထွက်ပြလိုက်ရမှ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ချင်တာကပါသေး။ အမောက်ထောင် ချင်တဲ့ နဂါးဆိုမှတော့ တိရိစ္ဆာန်စာရင်းထဲကို ၀င်သွားပြီးဆိုတာ သူမသိလိုက်ဘူးထင်ပါရဲ့။

တစ်ခါတုန်းက ကြက်တွေကို အုပ်ခြင်းတွေနဲ့ သယ်နေကြာတာတွေ့ဖူးပါတယ်။ သူတို့ခရီးက ကြက်သတ်သမားတွေဆီကိုပါ။ သူတို့တွေ သေရမယ်ဆိုတာကို မသိကြပါဘူး။ အုပ်ခြင်းထဲမှာ အစားစားနေလိုက် ကြတာများ ပျော်ပွဲစားခရီးများထွက်လာ သလား မှတ်ရတယ်။ စားပြန်တော့လည်း တစ်ကောင်နဲ့ တစ်ကောင် ထိုဆိတ်ပြီး စားနေကြတယ်။ တစ်ချို့ကြက်ဖတွေက တွန်သံတောင် ပေးလိုက်သေးတယ်။ နောက်တစ်ခုရှိသေးတယ်။ နွားတွေကို သတ်ဖို့ဆိုပြီး နွားသတ်ရုံကို ဆွဲသွားလိုက် ကြတာ ... နွားတွေကတော့ ဘာမှမသိ။ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့ လိုက်ရှာတယ်။ သူတို့ကို နယ်မြေသစ် စားကျက်သစ် ကိုခေါ်လာတယ်အမှတ်နဲ့များ လိုက်လာသလားထင်ရတယ်။ လမ်းမှာတွေ့တဲ့ မြက်ကိုလှမ်းဆွဲစားလိုက်သေးတယ်။ တစ်ချို့သော နွားတွေက တစ်ကောင်နဲ့ တစ်ကောင်မြင်ရင် ရန်ထောင်တာလား၊ နှုတ်ဆက်တာလားမသိ အော်လို့ ...ဟစ်လို့။ အသံပေးလိုက်လို့။ နည်းနည်းလေးမှ စိတ်ညစ်တဲ့ပုံမပေါ်ဘူး။

ကြက်တွေရော၊ နွားတွေရောက ငါတို့ကိုခေါ်သွားတာဟာ သတ်ဖို့ပဲ .. လို့များသိရင် ဘယ်လိုနေမလဲမသိဘူးလို့ ထင်ရာမြင် ရာ တွေးကြည့်မိပါသေးတယ်။ သိတော့ရော ဘာဖြစ်မှာလည်း ..... တစ်နေ့သေရမယ်ဆိုတာ သိတဲ့ လူသားတွေတောင်မှ ရထားလက်မှတ်တစ်ဆောင်အတွက် ရန်သတ်ကြသေးတာပဲလေ။ ထမင်းတစ်လုပ်အတွက် သူများအတင်းတွေ တုတ်ကြ သေးတယ်လေ။ ရန်တွေဘာတွေလုပ်လို့၊ ဒေါသတွေဘာတွေထွက်လို့၊ ပျော်ပျော်ရွှင်ရွှင်နေနေကြတာတွေ့ရတော့ နွားတွေ ကြက်တွေကို နားလည်ပေးဖို့ အခွင့်အလမ်းတစ်ခုရခဲ့ပါတယ်။

တူနေတဲ့အမူအကျင့်နှစ်ခုကို သိရှိနားလည်ကြတဲ့ ပညာရှိသူတော်ကောင်းတွေကတော့ မတူအောင် နေထိုင်ကြပါတယ်။ ဒေါသထွက်တတ်တဲ့အကျင့်တွေပျောက်အောင်၊ လောဘဖြစ်တတ်တဲ့ အကျင့်တွေပျောက်အောင် သတိပညာနဲ့ ကျင့်သုံး နေထိုင်ရင်း ဘ၀ရထားပေါ်မှာ အေးဆေးသက်သက်စွာ စီးနင်းလိုက်ပါလာကြပါတယ်။ တစ်နေ့မှာ ငါသေရမယ်ဆိုတာ သိတဲ့အတွက် ရန်လည်း မဖြစ်တော့ပါဘူး။ မကျေနပ်တာတွေလည်း မရှိတော့ပါဘူး။ အငြင်းလည်း မပွားတော့ပါဘူး။
ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။
သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမမြင်ရပဲ အနှစ်တစ်ရာ အသက်ရှည်နေထိုင်ရခြင်းထက်၊ သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမြင်တွေ့ရသောသူ၏ တစ်ရက်တာမျှ အသက်ရှင်နေထိုင်ရခြင်းက မြတ်၏ဟု မြတ်ဗုဒ္ဓက မိန့်မှာတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကဲ့သို့သော သူတော်ကောင်းတို့၏ စကားကို သူတော်ကောင်းတို့၏ နားနှင့် နားထောင်မှသာလျှင် ကြားနိုင်၏။ သူတို့ကောင်းတို့ နှလုံးသားနှင့် ခံယူမှသာလျှင် ဆိုလိုသည့် သဘောသွားတို့ ရင်ထဲ ပေါက်ရောက်ပေလိမ့်မည် ဖြစ်၏။

ရထားဖြစ်သည့်အားလျော်စွာ တစ်ဘူတာပြီး တစ်ဘူတာ ရပ်နားနေဦးမှာတော့ သေချာပါတယ်။ ကိုယ်နဲ့မဆိုင်သေးတဲ့ ဘူတာမို့ ကိုယ့်အလှည့်မရောက်သေးရင်တော့ ဒီဘူတာက မဆင်းရသေးဘူးပေါ့။ ကိုယ့်အလှည့်ရောက်တဲ့အခါမှာတော့ ရထားပေါ်ကနေ ခပ်သုတ်သုတ်လေးဆင်းပေးရမှာပါပဲ။ ရထားပေါ်က ဆင်းတဲ့အခါမှာတော့ ခုံတွေလည်း ပါမလာ၊ ကြုံတဲ့ လူတွေလည်း ထားခဲ့ရမှာ နားလည်ထားသင့်ပါတယ်။ ကိုယ့်နောက်ပါမှာက ကိုယ်ယူလာတဲ့၊ ချိုင်းကြားညှပ်လာတဲ့ MONEY အိပ်လောက်နဲ့ သဏ္ဍာန်တူတဲ့ ဒါနအမှုတွေ၊ သီလအမှုတွေ၊ ဘ၀နာအမှုတွေပါပဲ။ ဒါနအမှုကောင်းတဲ့သူတော့ ငွေအိတ်ဖောင်းတာပေါ့။ သီလအမှုကောင်းတဲ့သူတော့ အန္တရာယ်ကင်းပါတယ်။ ဘ၀နာအမှုကောင်းတဲ့သူကတော့ သက် တောင့်သက်သာနေထိုင်ရမှာ သေချာပါတယ်။

အတွေးကိုယ်စီနဲ့ ကျော်ဖြတ်လာခဲ့တာ ခုဆိုရင် ဘူတာ ၂၅ ခုကျော်ဖြတ်ပြီးသွားပြန်ပါပြီ။ ဘယ်နေ့ ဘယ်ဘူတာမှာ ဆင်းရမယ်တော့ မသိသေးဘူး။ ကျွန်တော်နဲ့အတူ စီးနင်းလာတဲ့ ဆရာတော်တွေ၊ နောက်ပြီး အကိုတွေ၊ အမတွေ၊ ညီလေးတွေ၊ ညီမလေးတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအားလုံးကို ဘူတာကမဆင်းခင် ကာယ၊ ၀စီ။ မနော သုံးခုလုံးရောပြီး မှားခဲ့တာများရှိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ခဲ့ပါရစေ။ မိမိတို့လိုရာခရီးကို သက်တောင့်သက်သာ သွားလာ နိုင်ကြပါစေကြောင်းလဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင် လက်ငင်းချမ်းသာကြပါစေ။

(ကျွန်တော် မောင်သုခ၏ ၂၅ ပြည့်မွေးနေ့ အမှတ်တရအနေဖြင့် ရေးသားလိုက်ရပါသည်။)

Read more...

အဓိပတိပစ္စည်း


017-ADiPaDi.PyitSii.mp3 -


Read more...

ပညာရှိတို့လည်း မကဲ့ရဲ့အပ်သောစကား...



၈ - ဝါစာသုတ်၊ ဗြဟ္မဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Read more...

နှင်သူမရှိ၊ပြန်ဘို့ရှိ၏။

မေမေချစ်သောသားသားနဲ့မီးမီးရေ…

လွန်ခဲ့တဲ့၃၇နှစ်တာကာလကပေါ့..၁၉၇၁ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ရဲ့ ညနေခင်းအချိန်လေးမှာ မေမေတို့ရဲ့ အိမ်ကို မုန်တိုင်းမွှေသလို သတင်းဆိုးတစ်ခု ဝင်ရောက် လာခဲ့ပါတယ်။ ပန်းဆိုးတန်း ဒလကူး တို့သဘောင်္ဟာ ဂျပန်ပင်လယ်ကူးသင်္ဘော နဲ့ဝင်တိုက် နစ်မြုပ်သွားတယ် ဆိုတဲ့သတင်းပါပဲ။

မေမေ့ အဖေ သားတို့ဘိုးဘိုးကြီး စီးနင်းလိုက်ပါသွားမယ်လို့ အဲဒီနေ့မနက်ကတင်ပြောခဲ့တာကိုး။ ဘိုးဘိုးတို့မွေးရပ်ဇာတိဟာ ဒလ နဲ့တွံတေးသွား ကားလမ်းနဘေး မှာရှိပါတယ်။ နှစ်စဉ် ကျင်း ပတဲ့ရွာ ဘုရားပွဲကို သွားဘို့ မေမေ့အဖေဟာသူ့ရဲ့ ဝမ်းကွဲညီမ ၁-ဦး တူတူမနှစ်ဦးနဲ့အတူ ချိန်းဆိုခဲ့ပါတယ်။

ညနေလေးနာရီခွဲ ထွက်တဲ့သဘောင်္ ဆိုတော့သေချာပါတယ်လို့ဆိုရင် မေမေ့---မေမေ သားတို့ဖွားဖွား ဟာကျောင်း ကပြန်လာတဲ့ ခြင်းတောင်းလေးကိုဘေးမှာ ချပြီး ရှိုက်ကြီးတစ်ငင် ငိုကြွေးရှာပါတယ်။ ချက်ချင်းသတင်းလာ မေးတဲ့ သူတွေနဲ့ ပြည့်နှက်သွားတဲ့အိမ်လေးမှာ အရပ်ထဲက မဏ္ဍပ်ထိုး ကြသတင်းမေးကြနဲ့---မေမေဟာလည်း မျက်စေ့သူငယ် နားသူငယ်----ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့ ဝမ်းနည်းဆို့တက်လာခဲ့ပါတယ်။

အတူသွားတဲ့ မေမေ့ အဒေါ် တွေ ဝမ်းကွဲအကို အမ--တွေ ကလည်း တစ်လမ်းတည်းနေကြတာဆိုတော့ သောကပင်လယ်ဝေခဲ့ကြရတာ…။မေမေ့ အစ်ကိုကြီး နှစ် ယောက်ကတော့ ပန်းဆိုးတန်းဆိပ်ကမ်းကိုသွားခဲ့ပါပြီ။
နှစ်နာရီလောက်ကြာတော့မေမေတို့ဝမ်းကွဲ ဦိးလေးတစ်ယောက်အိမ်ကို ရောက်လာပါတယ်…။ ငါသဘောင်္မထွက်ခင် ဆင်းနှုတ်ဆက်တာ သူတို့ကိုနင်တို့အဖေသဘောင်္ ပေါ်ပါမသွားဘူး ဆိုတဲ့စကားလေး ကြောင့်မေမေတို့မောင်နှမတွေ မျှော်လင့်ချက်ရောင်ခြည်လေးသန်းကာ တက်ကြွလာပါတယ်။

တိုးအေး သဘောင်္ကို ဝင်တိုက်တာကို တိုက်တာလည်းမြင်လိုက်ရတယ်တဲ့..။အဲဒီတော့မှ စုံစမ်းဘို့သတိရပြီးမေမေ့ အစ်ကိုတွေပြင်ဆင်ကြပါ တော့တယ်..။ စိတ်ထက်သန် တဲ့ အစ်ကို အငယ်ဆုံး-ဘဘကျော် ကချက်ချင်း စက်ဘီးဆွဲပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို နင်းပါတော့တယ်…။

ကယ်ဆယ် ရေးတွေ အလောင်းသယ်တာတွေနဲ့ ရှုပ်ထွေးနေတဲ့ပန်းဆိုးတန်းဆိပ်ကမ်းကို သမ္ပန် ငှားစက်ဘီးတင် ကူးကာ ဒလ ဆိပ်ကမ်းရောက် တာနဲ့စက်ဘီးကို အသားကုန် နင်းပါတယ်…။

ရွာထိပ်ကိုဝင်ထဲက အဖေရေ----လို့ခေါ်ပြီး ဝင်သွားတာ မျှော်လင့်ထားတဲ့အတိုင်းဘိုးဘိုးကို အသက်ရှင်လျှက် တွေ့ရပါတော့တယ်..။သူဟာ မနစ်မြုပ်ခင် ထွက်တဲ့အခေါက်ကို စီးခဲ့တာတဲ့ ၃နာရီ ခွဲအခေါက်ပေါ့လေ..။ အ.ထ.က(၄)အလုံမှာ ကျောင်းဆရာလုပ်တဲ့ ဘိုးဘိုးဟာ စာမေးပွဲခန်းစောင့်ကျရင်း အင်္ဂလိပ်စာနေ့ မို့ကျောင်းသားတွေစောပြီးတာမို့ေ ကျာင်းစောစောဆင်းခဲ့တယ် ဆိုပါတယ်။

သဘောင်္ဆိပ်ကို တစ်နာရီ စောရောက်နေလေတော့---- သူတို့က သုံးယောက် တောင်ရှိတာပဲ မစောင့်လို့လည်း ဖြစ်ပါတယ် အတွေးကဝင်လာတာတဲ့။ စိတ်ထဲမယ် ဘယ်လိုဖြစ်တယ်မသိ ၃နာရီခွဲခေါက်ကို စီးနင်းလိုက်ပါပြီး ရွာကိုဘေးကင်းစွာ ရောက်ရှိနေခဲ့ပါတယ်။

သူဘေးကင်းခဲ့တာကို ဝမ်းမသာနိုင်ပဲ တူတူမလေးနဲ့ ညီမကိုချန်ထားခဲ့ သလိုဖြစ်ရတယ်လို့ ယူကြုံးမရဖြစ်ရှာ ပါတယ်။အင်မတန် မေတ္တာတရားကြီးမားတဲ့သူပါ။

တကယ်တော့လည်းသားသားမီးမီးမီးရေ--အဲဒီတစ်ခါ တုံးက အန္တရာယ်ကင်းခဲ့ပေမဲ့ ၂၀၀၈ ဇူလိုင်လ အသက် ၈၈ နှစ်မှာတော့ အာလုံးသွားရမဲ့လမ်းကို သွားရပါတော့တယ်.။

မေမေ့အတွက်ကျေနပ်စရာက မဆုံးခင် တစ်လခွဲတာ ကာလ မှာ အချိန်ပြည့်နီးပါး တူတူနေခဲ့ရတယ်။ ဗိုလ်အောင်ကျော် တို့ခေတ် ကကျောင်းသား ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဘိုးဘိုးဟာ ပင်နီဖျင်ကြမ်းအင်္ကျီ ကိုသာ အမြဲဝတ် တတ်တာပဲ။ ဆုံးမဲ့ လမှာ တော့ မေမေ့ကိုရှပ်အင်္ကျီ အသစ်တွေချည်း ဝယ်ခိုင်းခဲ့တာ။ ဘုရားတွေပို့ခိုင်း ခဲ့တာ။ နောက်ဆုံး မလွန်ဆန်လှူအသင်းမှာ ငွေပဒေသာပင်စိုက်ခိုင်းခဲ့တာ ။ မေမေ ကိုကုသိုလ်တွေ ပေးခဲ့တာဖြစ်မှာပါပဲ ဆိုတာ အခုမှတွေးမိတယ်။

ဘာရောဂါ ဝေဒနာမှမရှိတာ--ဆုံးမယ်ဘယ်ထင်ပါ့မလဲ။--- အထူးကုဆရာဝန်ကိုယ်တိုင်က အဆုတ်ရောင်တာ လေးပါလို့ မှတ်ချက်ပေးခဲ့တာပါပဲ..။ မေမေ ကတော့ ခံစားသိနဲ့ သိနေခဲ့တယ်…။ တနေကုန် ပြုစုခဲ့ပြီး ၂ နာရီသာအိပ်လိုက်တာ ည ၁၁နာရီလောက်ကျတော့ အလိုလို မသိစိတ်ကနိုးကြားလာသလို ထထိုင်နေမိတယ်။

သမီး မနက်မိုးလင်းပြီလားတဲ့--ည ၁၁နာရီခွဲပါ ဘာလုပ်မလို့လဲ အဖေလို့ဆိုတော့--အော် ဘုရား ထရှစ်ခိုးမလို့ပါသမီးရယ်တဲ့။ သတိလည်းတစ်ချက်မှ လွတ်မနေဘူး။ အဖေ့အိပ်ယာဘေးမှာ Dream Bed နဲ့အိပ်တဲ့မေမေ့အတွက် ခြင်ထောင်ထောင်ရင်း နံရံကပ်နာရီ ပြုတ် ကျသွားတာကိုတောင် နာရီကဘယ်ရာက် သွားလဲမေးနေသေးတာ။ အဖျားလည်းရှိမနေဘူး။ ရေသာက်မယ်လုပ်တော့ ဆွဲထူ မပြီးထိုင်စေပြီး ရေတိုက်ခဲ့တာနောက်ဆုံးပါပဲ။ဆီးတည်တော့ ဆီးက ထွက်မလာတော့ပါ။

ထိုင်နေတုံး ဆေးတိုက်၊ သွေးပေါင်ချိန်တိုင်းနေချိန်မှာ၊တိုင်းတာလို့မရ တော့ Error ပြမှ မျက်နှာကို ကြည့်လိုက်မိပါတယ်…။စုစုပေါင်း ၃မိနစ် လောက်ပဲ ကြာမယ်..။
မေမေ့ညာလက်ပေါ် ခေါင်းကိုမှီ တင်ထားရင်းဘယ်လက်က နှလုံးသားကို ဖိထားလို့ မေမေသရဏဂုံ ရွတ်ဆိုပေးနေလိုက်တယ်။ မေမေ့ မမကြီး ကို အော်ခေါ်တယ်။ ပဋ္ဌာန်းစရွတ်ပါတယ်။

အနန္တရပစ္စည်း အရောက်မှာပဲ နောက်ဆုံးထွက်သက်ကို မှုတ်ထုတ်လိုက်ပါတော့တယ်။ မြန်လိုက်တဲ့သေခြင်းတရားရယ် ---မျက်ဝါးထင်ထင်ပြသလိုက်တာပါပဲ။
မေမေ မငိုခဲ့ပါ- ကလေးတို့ရေ..။ မသေခင် စိတ်ချမ်းသာစေခဲ့တယ်။ အေးမြငြိမ်းချမ်းစေခဲ့တယ်။ သေပြီးတာဝန်ကတော့ အမျှဝေဘို့ပဲရှိတော့တာပါပဲ..။

**ကျေးဇူးရှင်အဖေ…သမီးလှူဒါန်းရသောဒါနကုသိုလ်၊ အဖေသင်ပေးတဲ့ ပညာဖြင့် စာပေရေးသားရသော-ဓမ္မဒါနကုသိုလ်၊ ဆောက်တည်ရသော သီလကုသိုလ်၊ ပွားများအားထုတ်ရသော သမထဘာဝနာ၊ဝိပဿနာဘာဝနာ ကုသိုလ်တို့၏ အဘို့ဘာဂကို သမီးနှင့် ထပ်တူထပ်မျှ အမျှရပါစေရန် အမျှ အမျှ အမျှ ပေးဝေပါ တယ် အဖေ… ရောက်ရာဋ္ဌာန ဘုံဘဝ မှ ဝမ်းမြေက်နုမော်-သာဓု ခေါ်လိုက်ပါအဖေ…။***
မရဏာနုဿတိ နှင့်သံဝေဂ ရယူစေရန် ဤ ကဗျာ နှစ်ပုဒ် ဓမ္မဒါနပြုပါရစေရှင့်။

မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး ရေးသားတော်မူသော---

ရုပ်နာမ်ဓမ္မ၊သင်္ခါရတို့..ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း…
တစ်ဖုံဆင်ကွဲ၊ သူတနဲဖြင့်၊ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု၊ မျှော်ထောက်ရှု၍…
ယခုပင်လျှင်၊ မအိုခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..
ယခုပင်လျှင်၊ မနာခင်က…ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..။
ယလုပင်လျှင်၊ မသေခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့…။
ရတုချိန်ထောက်..ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ..သေစိမ့်ငှာဟု..
သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်..တစက်ကမှမရှိကြဘူး။
အပ္ပမာဒေန၊ဘိက္ခဝေ သမ္ပာဒေထ၊ဘုရားစကား၊လိုက်နာပွားကာ၊ တရားလက်မလွှတ်စေနှင့်..။

ဧည့်သည်

မင်းတို့လာလည်း..ငါ့မှာတားခွင့်မရှိပါ……။
မင်းတို့သွာလည်း ဟန့်တားပိုင်ခွင့်မရှိပါ..။
ငါသည်ပင်မူခေါ်သူမရှိ..ရောက်လာမိစဉ်..
နှင်သူမရှိ..ပြန်ဘို့ရှိ၏။
ငါနေသည့်အိမ်..၊ငါ၏အိမ်ဟု
ငါ့အိမ်မှထား၊ငါ့မယားနှင့်
ငါ့သားသမီး၊ငါ့ပစ္စည်းဟု
ယူသည်းစိတ်စွဲ၊အမှတ်လွဲခဲ့..။
အမှန်မှာမူ..
ငါလာသော အခါ..လက်ဗလာတည့်
ပြန်ရပါလျှင် လက်ချည်းပင်တည်း။
ငါ့တွင်ကိုယ်ပိုင်မရှိတကား။
လာသူလာလည်းလာစမ်းပါစေ..မဆီးလေနှင့်..။
သွားသူသွားလည်းသွားစမ်းပါစေ….မတားလေနှင့်..။
တို့တတွေမှာ..သဘာဝလျှင်..အမိရင်ဝယ်..
ထွက်ဝင်ခိုနား၊ခရီသွားသည့်…အားလုံးဧည့်သည်ချည်းပါတကား။

(၈.ရ.၂၀၀၈ နေ့တွင်ဘဝတစ်ပါးသို့ပြောင်းသွားကွယ်လွန်ခဲ့သော ကျေးဇူးရှင် ဖခင်ကြီး သေဆုံးခြင်း တစ်နှစ်ပြည့် အထိန်းအမှတ် ဤစာစုဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့လိုက်ပါသည် ။)
ဓာတ်ပုံမှာ မဆုံးပါးခင် တစ်ပတ်အလို လေးဖြစ်ပါသည်။

Read more...

ရဟန်းတော်များ၏ သင်္ကန်းတော် အသွင်အပြင်...(တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ) ၁-မှ...

ရဟန်းတော်များ၏ သင်္ကန်းတော် အသွင်အပြင်...













































Read more...

အဓိပတိပစ္စည်း - ၃ (ခ)

ဝီမံသာဓိပတိ ဖြစ်ပုံ

ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်းမှာ ဝီမံသဆိုတဲ့ ပညာပါရမီကိုလည်း ဖြည့်ခဲ့ရတယ်။ ဝီမံသာဓိပတိ ထိုက်နေပါတယ်။ ဘုရားအလောင်းသန္တာန်မှာတော့ သိပ်ပြီး ထင်ရှားပါတယ်။ ထူးကဲတဲ့ ပုဂ္ဂိုလ်တွေ သန္တာန်မှာလည်း ထင်ရှားပါတယ်။

ယောဂီတို့ရဲ့ သန္တာန်မှာလည်း အဓိပတိတရားတွေ ဖြစ်နေကြပါတယ်။ ဘယ်လိုဘယ်အချိန်အခါမှာ ဖြစ်သလဲဆိုတော့ ဝိပဿနာတရား အားထုတ်တဲ့ အချိန်မှာ ဖြစ်တာများကြပေတယ်။ ဝိပဿနာတရားအားထုတ်တော့မယ်ဆိုရင် တရားတွေ မတွေ့တွေ့အောင် အားထုတ်မယ်ဆိုတာ ဆန္ဒပဲ ဖြစ်တယ်။ ဆန္ဒာဓိပတိထိုက်ပါတယ်။

ရိပ်သာထဲကို ရောက်လာပြီးတဲ့အခါ ကြိုးကြိုးစားစား အားထုတ်တယ်။ မပြတ်မလတ်အောက် ထိုင်မှတ်လိုက်၊ စင်္ကြံမှတ်လိုက်၊ အထွေထွေမှတ်လိုက်နဲ့ အိပ်တဲ့အချိန်ပဲ နားချိန်ရှိတယ်။ ကြိုးကြိုးစားစား အားထုတ်နေတာ ဝီရိယာဓိပတိ ဖြစ်ပေတယ်။ တချို့ပုဂ္ဂိုလ်တွေ မအိပ်မနေ အားထုတ်တယ်။ တစ်ညလုံးပဲ အဓိဋ္ဌာန်ပြီး အားထုတ်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ ဝီရိယာဓိပတိ ထိုက်ပါတယ်။

စိတ္တာဓိပတိလည်း ဖြစ်ကြပါတယ်။ ဝိပဿနာဉာဏ်စဉ်တွေက အမျိုးမျိုး ရှိကြပါတယ်။ ကောင်းတဲ့ဉာဏ်စဉ်၊ ဆိုးတဲ့ဉာဏ်စဉ်တွေ ရှိပေတယ်။ ဆိုးတဲ့ဉာဏ်စဉ်တွေနဲ့ တွေ့ပင်တွေ့ရငြားသော်လည်း အချို့ပုဂ္ဂိုလ်တွေ စိတ်ဓာတ်တွေ မကျဘူး။ ရကို ရရမယ်ဆိုတဲ့ စိတ်ရှိပါတယ်။ စိတ္တာဓိပတိ ထိုက်ပေတယ်။

အချို့အချို့သော ယောဂီများကတော့ ဆိုးတဲ့ဉာဏ်စဉ်တွေ ရောက်သွားတဲ့အခါ စိတ်ဓာတ်တွေ ကျဆင်းသွားတယ်။ ဆရားသမားတွေက စိတ္တာဓိပတိထိုက်အောင် ပြန်ဟောပေးရပါတယ်။ နာမရူပပရိစ္ဆေဒဉာဏ် - ပထမဉာဏ်မှာတော့ မဆိုးသေးပါဘူး။ ပစ္စယပရိဂ္ဂဟဉာဏ် - ဒုတိယဉာဏ်မှာလည်း မဆိုးသေးပါဘူး။

သမ္မသနဉာဏ် - တတိယဉာဏ်သို့ ရောက်လာတဲ့အခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲလို့ သုံးသပ်ဆင်ခြင်ပြီး သိတဲ့ဉာဏ်မှာ နာတာ ကျင်တာ တင်းတာ ကိုက်တာ ခဲတာ မူးတာ ယားတာ အော့အန်ချင်တာ လေးနေတာ ဖိနေတာ တွေ့ရပါတယ်။ အနည်းနဲ့ အများ ယောဂီများမှာ တွေ့ရပါတယ်။ တချို့တချို့သော ယောဂီကျတော့ နဂိုကလည်း သမာဓိဉာဏ် အခြေခံ မရှိခဲ့တော့ ဒီဉာဏ်သို့ ရောက်တဲ့အခါ သိပ်ပြီး ထင်ထင်ရှားရှား တွေ့ရတယ်။ မူးနေတာတွေ ကြပ်နေတာတွေ တင်းနေတာတွေ တွေ့ရတယ်။

နာတာ ကျင်တာ အောင့်တာတွေကြောင့် ထိုင်လို့မှ မကြာသေးဘူး။ ၁၀-မိနစ်၊ ၁၅-မိနစ်၊ မိနစ်-၂၀ ရောက်လာရင်ပဲ ရွှေ့ပြောင်းချင်လှပြီ။ မရွှေ့ပဲလည်း မနေနိုင်ဘူး၊ နာတာတွေကိုလည်း အမျိုးမျိုးခံနေရ၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ဖြစ်နေတော့ ဒီခန္ဒာကိုယ်ကြီးဟာ ဆင်းရဲ အစုအဝေးကြီးပါလား။ ဆင်းရဲဆိုတာ ဗမာလိုဖြစ်တယ်။ ပါဠိလိုကျတော့ .. ဒုက္ခပါ။

ဒီဒုက္ခဝေဒနာတွေကလည်း မမြဲဘူး၊ ဒီတစ်ခဏအတွင်းမှာပင် အမျိုးမျိုး ပြောင်းလဲနေတာ မမြဲလို့ပါ။ ဒီဝေဒနာတွေကလည်း မမြဲပါလားလို့ သိတယ်။ မမြဲပါလားဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနိစ္စပါ။ ဒီဉာဏ်စဉ်မှာတော့ ဒုက္ခက ပိုထင်ရှားတယ်။ အနိစ္စက နောက်မှပဲ သိရတယ်။ မမြဲပါလားလို့ သုံးသပ်ဆင်ခြင်ပြီး သိရတယ်။

ဒီလို ဆင်းရဲဒုက္ခတွေ ခံချင်လို့ ဝိပဿနာတရားတွေ လာအားထုတ်တာလားဆိုတော့ မဟုတ်ဘူး။ ချမ်းချမ်းသာသာနဲ့ တရားတွေ မြန်မြန်တွေ့၊ တရားတွေ မြန်မြန်တက်အောင် လာအားထုတ်တာ။ အခုတော့ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့ မရပါလား.. ဆိုးလှချည်းလား ... ကိုယ်အစိုးမရပါလား။ ကိုယ်အစိုးမရပါလားဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ အနတ္တပါ။ အနတ္တကို သုံးသပ်ဆင်ခြင်ပြီးတော့ သိတယ်။

သမ္မသနဉာဏ် ဆိုးအားကြီးတော့ ယောဂီတွေ စိတ်ဓာတ်တွေ ကျသွားတယ်။ အဲဒီအခါ တရားအားမထုတ်ချင်လောက်အောင် စိတ်ဆင်းရာ ကိုယ်ဆင်းရဲတွေ ဖြစ်လာတတ်တယ်။ မြတ်စွာဘုရား တရားတော်တွေဆိုတာ အဆင့်ဆင့် ချမ်းသာခွင့်ရတယ်-ဟု ဆိုတယ်။ အခုတော့ ရှေ့နားမှာတုန်းက နာမရူပပရိစ္ဆေဒဉာဏ်မှာ ချမ်းသာသလိုလို၊ ပစ္စယပရိဂ္ဂဟဉာဏ်မှာတုန်းက အသင့်အတင့် ချမ်းသာသလိုလို ရှိပြီးတော့ ယခု သမ္မသနဉာဏ်သို့ ရောက်လာတဲ့အခါ အလွန်ဆိုးစွာ ခံရတာဆိုတော့ မြတ်စွာဘုရား တရားဒေသနာတော်နဲ့ မိမိဖြစ်တာနဲ့ မကိုက်ညီတော့ပေဘူး။ မိမိဟာ တရားထူး တရားမြတ် ရထိုက်တဲ့ပုဂ္ဂိုလ် မဟုတ်ပေဘူးဆိုပြီး ချုံးချုံးချပြီး ငိုကြတယ်။

အဲဒီအခါမှာ ဘဝါဘဝက ဖြစ်ခဲ့တာတွေလည်း ပေါ်လာတတ်တယ်။ နဂါးကြီးလိုလို၊ ဂဠုန်ကြီးလိုလို ကိုယ်ခန္ဓာကလည်း ဖြစ်နေတတတ်တယ်။ တစ်ချို့ကလည်း မိချောင်းဘဝက လာတော့ မိချောင်းလို သွားချင်လာတယ်။ ကချေသည်ဘဝကလာတဲ့ ပုဂ္ဂိုလ်ကလည်း ကချင်တယ်။ ကလည် ကနေတတ်တယ်။

"အရင်တုန်းက တပည့်တော်မ မကတတ်ပါဘူးဘုရား။ ယခုတော့ မျိုးစုံအောင် ကတတ်လာပါတယ်ဘုရား"လို့ လျှောက်ထားတယ်။ ဘာဉာဏ်ပါလဲ ... သမ္မသနဉာဏ် ဖြစ်တယ်။

စိတ်လည်း ဆင်းရဲ၊ ကိုယ်လည်း ဆင်းရဲတော့ စိတ်ဓာတ်တွေ ကျဆင်းသွားတတ်ပါတယ်။ ကမ္မဋ္ဌာန်းဆရာများက အားပေးရပါတယ်။ "ယောဂီ ... ဒီဉာဏ်မှာ ဒီလိုပဲ တွေ့ရပါတယ်။ ယောဂီအနေနဲ့သာ မကောင်းတာ၊ တရားသဘောအနေနဲ့က အလွန်ကောင်းပါတယ်။ ဒီအဆင့်မှာ ဆိုးတာနဲ့အမျှ နောက်တစ်ဆင့် ရောက်တဲ့အခါ ချမ်းသာခွင့် ရပါလိမ့်မယ်"လို့ အကြောင်းပြပြီး ပြောပြအားပေးရပါတယ်။ တချို့က မကျေနပ်ပေဘူး။ "အရှင်ဘုရားကသာ ကောင်းတယ်လို့ ပြောနေတာပါဘုရား။ တပည့်တော် သေရပါတော့မယ်"တဲ့။ သေပါ့မလား ... မသေပါဘူး။ ရောဂါဝေဒနာတွေတောင် ပျောက်နိုင်ပါတယ်။ ယိမ်းတာ ယိုင်တာတွေ များများဖြစ်နေတော့ နဂိုက အကြောတတ်တာ၊ ခေါင်းထိုး ဇက်ကြောထိုးတာတွေ ပျောက်သွားပါတယ်။

ဆရာသမားတွေ ညွှန်ပြတဲ့အတိုင်း ပြန်ပြီးတော့ အားထုတ်ရပါတယ်။ စိတ္တာဓိပတိဖြစ်လာအောင် အားထုတ်ရတယ်။ အမှတ်စိပ်စိပ် မှတ်လိုက်တာနဲ့ မကြာမီ ရက်အတွင်းမှာပဲ ယောဂီတရားတက်သွားပါတယ်။ ဥဒယဗ္ဗယဉာဏ်သို့ ရောက်သွားပါတယ်။ ရောက်သွားတာနဲ့ ပြောင်းပြန် ဖြစ်သွားပါတယ်။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ဖြစ်လာတယ်။ ကာယလဟုတာ စိတ္တလဟုတာ - ကိုယ်ကလည်း ပေါ့ပါး စိတ်ကလည်း ပေါ့ပါး၊ ကာယမုဒုတာ စိတ္တမုဒုတာ - ကိုယ်ကလည်း နူးညံ့ စိတ်ကလည်း နူးညံ့ ဖြစ်လာတယ်။

ကာယကမ္မညတာ စိတ္တကမ္မညတာ - ကိုယ်ကလည်း ခံ့ကျန်း စိတ်ကလည်း ခံ့ကျန်း၊ တရားမှတ်ခါစက တစ်နာရီမှာ တစ်ခါ နှစ်ခါ ပြင်ခဲ့ရတဲ့ ယောဂီပုဂ္ဂိုလ်သည် ဥဒယဗ္ဗယဉာဏ်သို့ ရောက်လာတဲ့အခါ တစ်ခါမှ မပြင်ရတော့ပေဘူး။ နဂိုထဲက မပြင်ရတဲ့ ယောဂီပုဂ္ဂိုလ်ကျတော့ ၂-နာရီ၊ ၃-နာရီ၊ ၄-နာရီ၊ ၅-နာရီ စသဖြင့် တစ်ဆက်တည်း ထိုင်သွားနိုင်တယ်။ ကိုယ်ကလည်း ခံ့ကျန်း စိတ်ကလည်း ခံ့ကျန်းတာ သိရပါတယ်။

ကာယပါဂုညတာ စိတ္တပါဂုညတာ - ကိုယ်ကလည်း လေ့လာပြီးသား စိတ်ကလည်း လေ့လာပြီးသား၊ မှတ်စရာအာရုံနဲ့ မှတ်သိစိတ်တို့သည် အလိုလို မှတ်နေရသကဲ့သို့ ယောဂီမှာ ကြောင့်ကြ သိပ်မစိုက်ရတော့ပေဘူး။ "ထိုင်ကြည့်နေရသလိုပါပဲဘုရား" ဥဒယဗ္ဗယဉာဏ် အနုပိုင်းသို့ ရောက်တဲ့ ယောဂီများ မကြာခဏ လျှောက်ထားကြတယ်။ ဥဒယဗ္ဗယဉာဏ် အနုပိုင်းရောက်လို့ ချမ်းသာခွင့် ရသွားတယ်။

ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းသို့ ရောက်သွားသောအခါ ဖောင်းတယ်၊ ပိန်တယ်-ဟု ရှုမှတ်လိုက်လျှင် ဖောင်းစနှင့် ဖောင်းဆုံး၊ ပိန်စနှင့် ပိန်ဆုံးတို့ အထူးတင်ရှားလာကြပေတယ်။ ဖောင်းစက ဖြစ်၊ ဖောင်းဆုံးက ပျက်။ ပိန်စက ဖြစ်၊ ပိန်ဆုံးက ပျက်တာ တွေ့သိလာကြရပေတယ်။

အဲဒီ ဥဒယဗ္ဗယဉာဏ်ကနေ ဆက်ကာ ဆက်ကာ ရှုမှတ်လိုက်တဲ့အခါမှာ ဘင်္ဂဉာဏ် ရောက်လာတော့ ဖြစ်တာက မထင်ရှားတော့ပေဘူး။ ပျက်တာပဲ ထင်ရှားတော့တယ်။ မှတ်လိုက်တာနဲ့ ကုန်ပျက်၊ မှတ်လိုက်တာနဲ့ ကုန်ပျက်သွားတာကို မြင်ကြရတယ်။ ဖောင်းတယ်လို့ မှတ်လိုက်တဲ့အခါ ဖောင်းတာလေးလည်း ရိပ်ခနဲ ကုန်ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်တဲ့အခါ ပိန်တာလေးလည်း ရိပ်ခနဲ ကုန်ပျက်သွားတာကို မြင်ကြရတယ်။

နောက်ဘင်္ဂဉာဏ် ရင့်ကျက်သွားတဲ့အခါ ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့ အမူအရာကလည်း ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါနောက်က လိုက်လိုက်ပြီး ကုန်ပျက်သွားတာ။ ပိန်တယ်လို့ မှတ်ရင်လည်း ပိန်တဲ့အမူအရာလေးတွေ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါလိုက်၍၊ ကုန်ပျက်သွားတာကို မြင်ကြရပေတယ်။ မှတ်စရာအာရုံ ရုပ်တရားတွေလည်း မမြဲဘူး၊ မှတ်သိစိတ်လည်း မမြဲဘူး။ နှစ်ပါးလုံး မမြဲပါလား၊ မမြဲပါလားဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ - အနိစ္စပါ။ ကုန်ပျက်သွားတာ အလွန်လျင်မြန်တော့ နှိပ်စက်နေသကဲ့သို့ ဖြစ်၍ ဆင်းရဲပါလား၊ ဆင်းရဲပါလားဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ - ဒုက္ခပါ။ အဲဒီလို ကုန်ပျက်ဆင်းရဲနေတာတွေကို ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ၊ ဘယ်လိုမှ ကာကွယ်လို့ မရပါဘူး။ သူ့သဘောအတိုင်းသူ ကုန်ပျက်နှိပ်စက်နေတာပဲ။ ကိုယ်အစိုးမရပါလား၊ ကိုယ်အစိုးမရပါလားဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ အနတ္တပါ။ အနိစ္စ ဒုက္ခ အနတ္တ အစစ်တွေ မြင်သွားတယ်။ အဲဒီ ဘင်္ဂဉာဏ်က အခြေခံ အကောင်းဆုံးပါပဲ။ တရားထူး တရားမြတ်ရတဲ့အထိ ဘင်္ဂဉာဏ်က အခြေခံသွားတာပဲ ဖြစ်တယ်။

ဘင်္ဂဉာဏ်ပြီးတော့ ဘယဉာဏ် ဖြစ်လာတယ်။ ကုန်ပျက်တာတွေက လျင်မြန်လွန်းတော့ ကြောက်စရာကြီးလို ထင်လာတယ်။ ဤကဲ့သို့ ထင်လာခြင်းသည် ဘယဉာဏ် ဖြစ်တယ်။ အပျက်တွေက များလှ၍ ပုပ်ဆွေးနေသကဲ့သို့ အပြစ်ကို မြင်လာခြင်းသည် အာဒီနဝဉာဏ် ဖြစ်တယ်။ အပျက်တွေကိုချည်း မြင်နေရသောကြောင့် ငြီးငွေ့လာခြင်းသည် နိဗ္ဗိဒဉာဏ် ဖြစ်တယ်။ အပျက်တွေများလှတဲ့ ဤခန္ဓာကိုယ်ကြီးမှ လွတ်မြောက်လိုခြင်းသည် မုဉ္စိတုကမျတာဉာဏ် ဖြစ်တယ်။ မုဉ္စိတုကမျတာဉာဏ်သို့ ရောက်လာသောအခါ ဘယ်ဘုံဘဝကိုမှ မလိုချင်တော့ပဲ ဖြစ်လာတတ်တယ်။ အမှတ်တွေကိုလည်း မမှတ်ချင်တော့ပဲ ဖြစ်လာတတ်တယ်။ အမှတ်တွေ လွှတ်ပြီးလည်း နေမိတတ်ကြပေတယ်။ မမှတ်ဘူးလို့ နေငြားသော်လည်း အလိုလို သူ့ဟာသူ မှတ်နေသကဲ့သို့ ဖြစ်နေတယ်။ မမှတ်ပဲလည်း နေလို့မရဘူး။

မုဉ္စိတုကမျတာဉာဏ် ဖြစ်ပြီးနောက် ပဋိသင်္ခါဉာဏ် ဖြစ်လာတယ်။ မမှတ်ပဲတော့ နေလို့မရဘူး။ ပြန်မှတ်မှ ရမယ်။ အဲဒီဉာဏ်ရောက်တော့ နာတာ ကျင်တာ ကိုက်တာ ခဲတာ မူးတာ ယားတာ ဖိတာ လေးတာတွေ ပြန်တွေ့ရပြန်တော့ စိတ်ဓာတ်တွေ ကျသွားတယ်။ စိတ္တာဓိပတိ မရှိတော့ပေဘူး။ အရင်ရှေးတုန်းက ကောင်းခဲ့ပြီးတော့ အခုပြန်ဆိုးနေတယ်။ တရားတော့ ရတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့တာပဲ၊ အဲဒီလို ယူဆပြီး စိတ်ဓာတ်တွေ ကျသွားတယ်။

အချို့အချို့ပုဂ္ဂိုလ်များ အကြောင်းညီညွတ်ရင် တရားအားထုတ်မယ်ဆိုပြီး ငယ်ရွယ်စဉ်အခါကတည်းက သီလကို လုံခြုံအောင် စောင့်ထိန်း၊ သမထတရားတွေကိုလည်း ထိုက်သင့်သလောက် ပွားများ၊ သမထတရားတော်တွေကိုလည်း ထိုက်သင့်သလောက် ဆည်းပူးထားတယ်။ မိမိတရား အားထုတ်ရင်တော့ ဧကန်မုချ တရားရရမယ်ဆိုပြီး လာအားထုတ်တဲ့အခါ ပထမပိုင်းဉာဏ်စဉ်တွေမှာတော့ တရားတွေ တက်တက်လာပြီး အဲဒီ ပဋိသင်္ခါဉာဏ်သို့ ရောက်တဲ့အခါ မတက်နိုင်တော့ပေဘူး။

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေလည်းဖြစ်၊ အချိန်မပြည့်ပဲနဲ့ ထသွားချင်တဲ့ စိတ်တွေလည်းဖြစ်၊ လက်ကလေးတွေ ရွှေ့လိုက်ချင်၊ ဟိုလှုပ်ချင် ဒီလှုပ်ချင်၊ နာတာ ကျင်တာ အောင့်တာတွေကလည်း အမျိုးမျိုးတွေ့ရတော့ စိတ်ဓာတ်တွေ ကျသွားတယ်။ "တပည့်တော်ကိုယ် တပည့်တော် အထင်ကြီးခဲ့တာပဲဘုရား။ တကယ်အားထုတ်တော့ မရနိုင်ပါဘူးဘုရား"တဲ့။ ဘယ်သူကပြောတာလဲ ... ယောဂီက ပြောတာပါဘုရား။ "မဟုတ်ပါဘူးယောဂီ .. ဒီဉာဏ်အဆင့်မှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ စိတ္တာဓိပတိတွေ မကျစမ်းပါနဲ့၊ စိတ်ဓာတ်တွေ မကျဆင်းပါနဲ့။ အားထုတ်ပါ။ ရကို ရနိုင်ပါတယ်"ဟု တိုက်တွန်းပါသော်လည်း "မရတော့ပါဘူးဘုရား"ဟု လျှောက်ထားပြီး အားမထုတ်တော့ပါပဲ ဝေယျာဝစ္စတွေပဲ သွားလုပ်နေတယ်။ ဝေယျာဝစ္စ လုပ်နေတာ (၁၀)ရက်လောက် ကြာသွားပေတယ်။

ဝေယျာဝစ္စလုပ်နေပေမဲ့ အမှတ်တွေက ကပ်နေတော့ နောက်တစ်ခါ ပြန်အားထုတ်တယ်။ ဒီတော့မှ စိတ္တာဓိပတိတွေ ဖြစ်ပြီးတော့ တရားတွေ ပြန်တက်သွားတယ်။ တရားတွေ ရသွားတယ်။ ရသွားပြီး နောက်ပိုင်းကျတော့လည်း ဘာဖြစ်ဖြစ် တရားမှ တရားဖြစ်သွားတယ်။ နေမကောင်းလည်း တရားမှတ်၊ ခေါင်းကိုက်လည်း တရားမှတ်၊ "ဆေးစားရတာ နည်းနည်းကြာပါတယ်ဘုရား၊ တရားမှတ်မှ တပည့်တော်က ဝေဒနာတွေ မြန်မြန်ပျောက်တတ်ပါတယ်ဘုရား"ဟု လျှောက်ထားတယ်။ နေရာကျသွားပါတယ်။ စိတ္တာဓိပတိ ဖြစ်သွားတယ်။ ဆရာသမားများကလည်း တချို့တချို့သော ယောဂီများကို စိတ္တာဓိပတိ ဖြစ်အောင် ဟောပြပေးရတယ်။

တရားကို မရရအောင် အားထုတ်တော့မယ်ဆိုတော့ တရားအားထုတ်မယ်ဆိုတဲ့ ဆန္ဒဟာ အဓိပတိ ထိုက်ပါတယ်။ တရားဘောင်သို့ ဝင်လာပြီး၊ ရိပ်သာထဲသို့ ဝင်လာပြီး၊ မပြတ်မလပ် ကြိုးစားပြီး အားထုတ်နေတာက ဝီရိယာဓိပတိ ထိုက်ပါတယ်။ စိတ္တာဓိပတိ ဖြစ်ပုံမှာ ဉာဏ်စဉ်တွေ ဆိုးပင်ဆိုးငြားသော်လည်း ရအောင် အားထုတ်မယ်၊ စိတ်ဓာတ်မကျပဲ ရအောင် အားထုတ်မယ်လို့ ဆောက်တည်ထားပါတယ်။ ဤကဲ့သို့ ဆောက်တည်းထားခြင်းသည် စိတ္တာဓိပတိ ထိုက်ပေတယ်။

ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်သွားတာ ဝီမံသာဓိပတိ ဖြစ်တာပါပဲ။ ဝီမံသာဆိုတာ ပညာဖြစ်တယ်။ ဝိပဿာနာတရား အားထုတ်တဲ့အခါမှာ အဓိပတိတရားတွေ မိမိရဲ့ သန္တာန်မှာ ဖြစ်တာ ထင်ရှားပါတယ်။

အဲဒီ အဓိပတိပစ္စည်းတရားတွေက အဓိပတိပစ္စယုပ္ပန်တရားတွေကို ကျေးဇူးပြုနေတဲ့ အခိုက်အတန့်မှာလည်း ဝိပဿနာရှုလို့ ရပါတယ်။ ဝိပဿနာရှုတော့မယ်ဆိုတော့ ယောဂီများ ရှုတတ်နေပါတယ်။ 'နာဘူးထပ်မံ' ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ပြတဲ့နည်းဆိုရင် ဆိတ်ငြိမ်ရာအရပ်ကို ချဉ်းကပ်ပြီးတော့ မိမိတို့ ထိုင်တတ်သလိုထိုင်၊ ကြာကြာထိုင်နိုင်တဲ့ ဣရိယာပုထ်မျိုး ဒူတုပ်၍ ဖြစ်စေ၊ တင်ပလ္လင်ချိတ်၍ ဖြစ်စေ ထိုင်ပြီး မျက်စိကလေးကိုလည်း မှိတ်ထား၊ ခါးကိုလည်း တည့်တည့်မတ်မတ်ထား၊ ခေါင်းလေးကို တည့်တည့်မတ်မတ်ထား၊ စိတ်ကို ဝမ်းဗိုက်မှာစိုက်ထား၊ အသက်ရှုသွင်းလိုက်လို့ ဝမ်းဗိုက်က အဆင့်ဆင့် ဖောင်းတက်လာတာကို ဖောင်းစမှ ဖောင်းဆုံးတိုင်အောင် စိတ်ဘယ်မှ ထွက်မသွားရအောင် 'ဖောင်းတယ်'လို့ မှတ်ရပါတယ်။ အသက်ရှုထုတ်လိုက်လို့ ဝမ်းဗိုက် ပြန်ပိန်ကျသွားတော့ ပိန်စက ပိန်ဆုံးတိုင်အောင်၊ ဝမ်းဗိုက် အဆင့်ဆင့် ပိန်ကျသွားတာကို သိနိုင်သမျှ သိအောင် စူးစိုက်ပြီးတော့ 'ပိန်တယ်'လို့ မှတ်ရပါတယ်။

ဖောင်းတယ်လို့ မှတ်တဲ့အခါမှာတော့ ဝမ်းဗိုက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ လေရှုသွင်းလိုက်တာနဲ့အမျှ အဆင့်ဆင့် တောင့်တင်း တွန်းကန်တက်လာတာကို သိနိုင်သမျှ သိအောင် စူးစိုက်၍ ရှုမှတ်ရပါတယ်။ ဝမ်းဗိုက် ပုံသဏ္ဌာန်ဒြပ်ကြီးက ပညတ်ပဲ။ ဝိပဿနာရှုဖို့ရာ မဟုတ်ပေဘူး။ ဝိပဿနာရဲ့ အာရုံမဟုတ်ဘူး။ တောင့်တင်း တွန်းကန်တဲ့ သဘောတရားက ပရမတ်ပဲ။ ဝိပဿနာရှုဖို့ရာ အာရုံ ဖြစ်တယ်။ ပိန်တယ်လို့ မှတ်တဲ့အခါမှာလည်း ဝမ်းဗိုက်ပုံသဏ္ဌာန်ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ အတွင်းကနေပြီး လှုပ်သွားတဲ့သဘော၊ လျော့သွားတဲ့သဘောကိုတော့ သိနိုင်သမျှ သိအောင် စူးစိုက်၍ ရှုမှတ်ရပါတယ်။ လှုပ်သွား ရွေ့သွားတဲ့သဘောက ပရမတ်ဖြစ်တယ်။ "ထောက်ကန် တောင့်တင်း လျော့ခြင်းတစ်မည်" ဆိုသည့်အတိုင်း ဝါယောဓာတ်ရဲ့ လက္ခဏာဖြစ်တယ်။ ထောက်ကန်တဲ့ သဘောဟာ ဖောင်းတဲ့အခါမှာ ထင်ရှားပါတယ် လျော့သွားတဲ့ သဘောဟာ ပိန်တဲ့အခါမှာ ထင်ရှားပါတယ်။

ဆက်ရန် ... အဓိပတိ - ၃ (ဂ)သို့ ...

Read more...

ပြေးကြစို့ ၃... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ပြေးကြစို့ ၃... (ဦးသုမင်္ဂလ) vcd





Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP