* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, July 8, 2009

ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း…

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ရပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။ ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အများကြီးပါ။ အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သားတို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။ ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာလတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော်များဝါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ၀ါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်းလှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလိုမျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။
ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်းပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။ မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက်ရပါတယ်။

Read more...

ဇူလိုင်လတွင် လှူဒါန်းမည့်နေရာများ

ယခုဇူလိုင်လတွင် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အနေဖြင့် လှူဒါန်းရန်နေရာများကို အောက်ပါတိုင်း သတ်မှတ်၍ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

၁။ ဦးဝိလာသ

ဝိလာသရာမ မော်ကျွန်းကျောင်း၊ အောင်မင်္ဂလာရပ်ကွက်၊ ၂ လမ်း၊ သင်္ကန်းကျွန်းကြီးကျေးရွာ၊ မင်္ဂလာဒုံမြို့နယ် (အောင်စည်းခုံဘုရားအနီး)ဖြစ်ပါသည်။ ၄င်းဘုန်းတော်ကြီးကျောင်းနေရာတွင် ကိုရင်များ၊ ကျောင်းသားများအတွက် ညအချိန် စာပေကို မီးအဆင်မပြေမှုကြောင့် ခက်ခဲစွာကြိုးစားနေရပါသည်။ သောက်ရေအတွက်လည်း လိုအပ်လျှက်ရှိနေသောကြောင့် ထိုနေရာတွင် မီးစက်၊ ရေစက်များ လှူဒါန်းသွားမည်ဖြစ်ပါသည်။

၂။ အ.လ.က( ဖိုးခေါင်) ဖိုးခေါင်ကျေးရွာအုပ်စု ၊ သုံးဆယ်မြို့ ၊သာယာဝတီမြို့နယ် ၊ ပဲခူးတိုင်း (အနောက်ပိုင်း) ဖြစ်ပါသည်။ ထို အ.လ.က ကျောင်းတွင် ကျောင်းသားများအတွက် စာသင်ခုံတန်းများ မပြည့်စုံသောကြောင့် စာသင်ခုံများ လှူဒါန်းသွားမည်ဖြစ်ပါသည်။

၃။ နံ့သာမြိုင်၊ မရမ်းချောင်း၊ မြရတနာတောင်ဝိုင်း၊ အိုးတစ်လုံးအနာကြီးရောဂါသည်စခန်းများ၏ ပညာရေး ထောက်ပံ့မှု။ အနာကြီးရောဂါသည် ကလေးများ စောင့်ရှောက်ရေး စခန်း သို့ လှူဒါန်းမည်ဖြစ်ပါသည်။ ယခုအချိန်သည် ကျောင်းဖွင့်ကာလဖြစ်၍ ကလေးငယ်များအတွက် ပညာရေးစရိတ် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။

Read more...

*ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောကြားတော် မူလေ့ရှိသော တရားအနှစ်သာရများ*



သီလ ဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ၊ ဖြည့်လို့ ပြည့်စုံပြီ ဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးမယ်၊ ယခုလည်း ချမ်းသာမယ်၊ နောင်လည်း ချမ်းသာမယ်။

ပစ္စုပ္ပန် ချမ်းသာ၊ သံသရာ ချမ်းသာ ၂-ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင် အဆုံးအမတော်က လွဲလို့ တခြားမရှိဘူး။

ဘုရားရှင် အဆုံးအမဆိုတာ ပိဋက ၃-ပုံပဲ၊ ပိဋက ၃-ပုံ ဆိုတာ အလွန် ကျယ်ဝန်းတယ်။ ပိဋက ၃-ပုံကို အဆီ ထုတ်ပါလျှင် “ဗောဓိပက္ခိယ ၃၇-ပါး” ရတယ်၊ ဗောဓိပက္ခယ တရား ၃၇-ပါးကို အဆီ ထုတ်လျှင် “မဂ္ဂင်ရှစ်ပါး” ရတယ်။ မဂ္ဂင် ရှစ်ပါးကို အဆီထုတ်လျှင် "သိက္ခာ သုံးပါး" ရတယ်။

သိက္ခာ သုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါပဲ။

သိက္ခာသုံးပါးကို အဆီထုတ်လျှင် “ဧကောဓမ္မော” တစ်ခု ရတယ်။

ရုပ်ပေါ် နာမ်ပေါ်မှာ နေပြီး ယခုလို ဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံ သောင်းကျန်းမှု၊ ၀စီကံ သောင်းကျန်းမှု မရှိဘူး။ ဒါ “အဓိသီလ” လို့ ခေါ်တယ်။

အဓိသီလ အားကောင်းလျှင် စိတ်တွေ သောင်းကျန်းမှု မရှိဘဲ ငြိမ်ဝပ် ပိပြားပြီး တည်နေတော့တယ်။ အဲဒါ “အဓိစိတ္တ” လို့ ခေါ်တယ်။

အဓိစိတ္တ (သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး၊ လျှပ်တစ်ပြတ်အတွင်း ကုဋေတစ်သိန်း ဖြစ်ပြီး ပျက်နေတယ်။ ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို သိတော့တာပဲ၊ ဖြစ်ပျက်ကို သိတာ “အဓိပညာ” လို့ ခေါ်တယ်။

အများနားလည်အောင် ပြောရမယ်ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ နှာဖျား နှာဝတွင် ထွက်လေ ၀င်လေ နှစ်ရပ်ဟာ အမြဲ တိုက်ဝင်၊ တိုက်ထွက် နေတယ်။

နှာဖျား နှာဝမှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေ ၀င်လေဖြစ်တဲ့ လေနှစ်ရပ် ၀ါယော ဖောဋ္ဌဗ္ဗက ထိတယ်၊ ထိုအထိခံနဲ့ ထိတာက ရုပ်၊ သိတာက နာမ်ဆိုတော့ ဒကာကြီး၊ ဒကာမကြီးတို့ သူများ မေးမနေနဲ့၊ ကိုယ့်နှာဝကို ဉာဏ်နဲ့ စောင့်ကြည့်၊ ၀င်တော့ ထိဝင်မယ်၊ ထွက်တော့လည်း ထိထွက်မယ်။ ထိတာကို သိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့် မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်၊ ငြိမ်းတော့ အေးတယ်။

မထိခင်ကလည်း သိလို့ မဖြစ်ဘူး၊ ထိပြီး ပြန်တော့လည်း သိလို့ မဖြစ်ဘူး၊ ထိတုန်းကိုသာ သိဖြစ်တယ်၊ အဲဒါကို “ပစ္စုပ္ပန် တည့်တည့်” လို့ ဆိုတယ်။

အဲသလို တစ်ထိတည်း(ထဲ) ထိနေတာကို တစ်ဆက်တည်း(ထဲ) သိနေအောင် ဆောင်ကြဗျ။ တစ်ရက် ၂၄-နာရီ တစ်စပ်လောက် ရလျှင် အလွန် သိသာပါတယ်။ အဲသလို ထိတာကို မသိမှတ် နိုင်ရင် လျှပ်တစ်ပြတ် အတွင်းတွင်ပဲ ကုဋေတစ်သိန်း ကြွေးတင် သွားရောဗျ။

ထိတာကို သိနေလျှင် “ရုပ်နှင့် နာမ်သာ ရှိပါကလား” လို့ သိလိမ့်မယ်။ ရုပ်နာမ်မှ တစ်ပါး ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ မရှိဘူးဆိုတာ “ဘုရားရှင်၏ တရားတော် အမှန်ပါလား” လို့ ကိုယ့်ဟာကိုယ် သိလိမ့်မယ်။ သူများကို မေးနေဖို့ မလိုပါဘူး၊ နှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ ကိုယ်မရှိဘူး။

ထို သိနေတဲ့ အချိန်မှာ ဉာဏ်အမြင် စင်ကြယ်တယ်၊ သမ္မာဒိဋ္ဌိ ဖြစ်တယ်။ ထိတာကို သိနေတဲ့ အချိန်မှာ “ရုပ်နာမ်မှတစ်ပါး ဘာမျှ မရှိပါကလား” လို့ သိတာကို နာမ်ရုပ် ပိုင်းခြားပြီး သိလို့ “နာမရူပ ပရိစ္ဆေဒဉာဏ်” လို့ ခေါ်တယ်။

တစ်ထိတည်း(ထဲ) ထိ၊ တစ်သိတည်း(ထဲ) သိနေလျှင် အတ္တစင်၍ ဉာဏ်အမြင် စင်ကြယ်တဲ့ အကျိုးရတယ်၊ ဒါဟာ တဒင်္ဂပဟာန် ခဏ အချိန်လေးမှာ ရတဲ့ အကျိုး၊ နည်းတယ်လို့ မမှတ်ကြနဲ့။ “ကမ္မဋ္ဌာန်း ထိုင်ရတာများ ဘာမှလည်း မတွေ့ပေါင်၊ ဘာမှလည်း မရပေါင်” လို့များ မမှတ်လိုက်ကြ ပါနဲ့။ ဘုရား သာသနာနဲ့ ကြုံကြိုက်တဲ့ အခါမှာ ဒီလို အကျိုးထူးများ ရနိုင်တယ်။ စားဖို့ သောက်ဖို့ အသာထားပြီး အထူး ကြိုးစားကြဟု ဆရာတော် ဘုရားကြီး ဟောကြားတော် မူသည်ကို ကောက်နုတ် ဖော်ပြလိုက် ပါကြောင်း။

သီလကို ပြည့်စုံအောင်

စေတိယင်္ဂဏ၀တ်၊ ဗောဓိယင်္ဂဏ၀တ်၊ ဆရာသမား မိဘ၀တ်၊ သားမယားဝတ် ဒါတွေ လုပ်ရတာက စရဏကုသိုလ် သီလဘက်ကဗျ။ ဒါတွေ လုပ်ရင်းနဲ့ ဆောင်လို့၊ ရှုမှတ်လို့ကော မရဘူးလား။ ဒီဝတ်တွေ မဖြည့်ဘဲနဲ့ သီလ ပြည့်စုံပါ့မလား၊ သီလ မပြည့်စုံရင် လိုလား တောင့်တတဲ့ ချမ်းသာကော ရပါ့မလားဗျာ။ ချမ်းသာမှု မရှိရင် သမာဓိ မရဘူး၊ သမာဓိ မရတော့ ပညာလည်း မရနိုင်ဘူးဗျ။

+++++++++++++++++++++++++++++++++++++++

လေးမြတ်ရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

7/8/2009, WED:, 1:59:59 PM

Read more...

Monks




Late last year, in response to a post on 'Somewhere in Dhamma', the amazing blog maintained by my good friend and Dharma brother Gil-do, I posted some of my own thoughts on the Buddhist monkhood. This is a slightly re-written version.

The countries I know best outside of the UK are Thailand and Korea, and it was in these two countries that I first encountered Buddhism. For me, this contact was largely positive of course, and led to much greater study and involvement over the years and eventually to taking formal refuge. For many others however, the initial meeting with Asian Buddhism is soured by what is seen from the monkhood.

In Thailand you see monks smoking cigarettes, shopping in department stores for DVDs and mobile phones, eating meat, handing over bundles of cash at the amulet market, and so on. Of course a lot of monks are in robes for only a few weeks, but there have also been high-profile cases of abbots going to girlie bars, of sexual abuse by abbots at temple-schools, and of high-ranking political corruption.

It's both shocking, and yet also exactly what you'd expect. Just as I imagine the priesthood in a Catholic country 100 years ago, there is the same huge respect from the laypeople, the same over-abundance of donation money, and the same elevation of monks to the centres of political power. That seems to have changed a good deal in the church, as it struggles to retain the allegiance of its membership.

The same thing will happen in the Sangha, perhaps is happening now. That's why, I'm sure, the Buddha insisted on on the alms bowl, because it makes for direct accountability. As more and more laypeople get put off by Buddhist monks that don't practice, study, or teach the Dharma in meaningful and compassionate ways, the less they'll support the temples.

You don't need to be a monk to be a Buddhist or to make progress on the spiritual path, and you don't need to be a monk to complete that path. Just as in Christianity I've always liked the Quakers, who insist on no clergy, I also like the idea of the old Pure Land associations, in which laypeople came together to chant outside of the temple institution.

However, it is also worth bearing in mind that thanks to the monkhood we still have the Buddha's teaching today and, for those that are serious, the monkhood offers a chance to devote oneself to the Dharma full-time for a life-time. Seen like this, the monk owes every bit as much gratitude to the community as the community owes to him for holding onto the Dharma on their behalf.

I personally know some great monks. Phrae Pandit Bikkhu here in Bangkok is the very core of the LittleBang Sangha and, without his tireless work, access to English language teachings in Bangkok would be almost impossible. And, of course, I hardly need mention my own teacher Chong Go Sunim in Seoul. A monk I owe a good deal of gratitude to.

My examples are of non-ethnically-Asian monks because, sharing the same language and cultural background, these are the monks I know best. But I'm sure if I spoke Thai or Korean I'd know many more fine monks. And here in Bangkok I sometimes get the chance to hear Thai monks in translation, and of course can also study with Sunims at the monthly English-language Bangkok Seon Club.

The stories of corruption are shocking but are not, thankfully, the whole story. I'm sure that the laypeople who support the temples, who literally fill the alms bowls in the case of Thailand, are able to see which temples take their tasks seriously, and offer their support in accordance. It's a balancing act, but one that's been in play for over 2,500 years.

And which is now seeing the Dharma spread to whole new areas of the globe. In this context the mutual obligations of laypeople, monks and, happily more now than ever, nuns, are throw into greater relief. For the healthy future of Buddhism, the temples need both the support and the valid criticism of the lay followers, just as laypeople continue to need the efforts of those who are able to take on the responsibilities of the robe.

Read more...

အကြောင်းမဲ့မဟုတ်၍ အပြစ်မဖွဲ့စေချင်...

သတ္တဝါတွေဆိုတာ ဘဝများစွာသံသရာ ကျင်လည်နေကြရာမှာ ဆွေမျိုး မတော်စပ်ဖူးသူရယ်လို့ မရှိကြပါဘူး။ မိဘနဲ့ သားသမီးအဖြစ်၊ လင်နဲ့ မယားအဖြစ်၊ မောင်နဲ့ နှစ်မအဖြစ်၊ ဆရာနဲ့ တပည့်အဖြစ်၊ အရှင်နဲ့ ကျွန်အဖြစ် စသဖြင့် မရေမတွက်နိုင်အောင် ဆက်စပ်ဖြစ်ခဲ့ဖူးကြတာချည်းပါပဲ။ မဖြစ်ခဲ့ဖူးတဲ့ တော်စပ်ပုံမျိုးလည်း မရှိပါဘူး။ အနည်းနဲ့ အများပဲ ကွာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပုံစံမျိုးစုံ ကြုံခဲ့ပြီးသားချည်းပါ။


မိဘနဲ့ သားသမီးအဖြစ် ဘဝများစွာ ကြုံတွေ့ကြရဖူးရင်ပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာ မိဘနဲ့ သားသမီး ဖြစ်ခဲ့ဖူးရင်ပဲဖြစ်ဖြစ် မြင်မြင်ချင်း မိဘနဲ့ သားသမီးအရင်းလိုပဲ ချစ်ခြင်း မေတ္တာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီနည်းတူပါပဲ။ လင်နဲ့ မယားအဖြစ် ဘဝများစွာမှာပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာပဲဖြစ်ဖြစ် တော်စပ်ခဲ့ဖူးရင် (၅၂၈)ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေ အလိုလို ပေါ်ပေါက်လာတော့တာပါပဲ။ မောင် နှစ်မ သံယောဇဉ် စတာတွေဟာလည်း ဒီနည်းအတိုင်းပါပဲ။

"အချစ်မှာ အကြောင်းမရှိဘူး" လို့ လောကလူသားတွေ ပြောဆိုလေ့ရှိကြပါတယ်။ အဲဒီ့စကား အလွန်မှားပါတယ်။
(၁) အတိတ်ဘဝမှာ အတူတကွ နေထိုင်ဖူးခြင်း (ပုဗ္ဗေဝ သန္နိဝါသ)
(၂) ပစ္စုပ္ပန်ဘဝမှာ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း (ပစ္စုပ္ပန္န ဟိတ )
ဒီအကြောင်း (၂)ပါးကြောင့် သတ္တဝါတွေ မြင်လျှင်မြင်ချင်း ချစ်မိခြင်း စတာတွေ ဖြစ်ပေါ်လာကြရတာပါလို့ ဓမ္မပဒမှာ ဘုရားရှင် ဟောကြားတော်မူထားပါတယ်။

အဲဒီ့ အဓိက အကြောင်း(၂)ပါးကို မသိတဲ့အတွက် ချစ်ခြင်းရဲ့အကြောင်းကို ရုပ်ရည်လှပလို့၊ ချမ်းသာလို့၊ ပညာတော်လို့၊ စိတ်ထားကောင်းလို့၊ ဂုဏ်ရှိလို့၊ အစွမ်းအစရှိလို့၊ ၊ ရိုးဖြောင့်လို့၊ အလုပ်အကိုင်ကောင်းလို့ ချစ်မိသွားရပါတယ် စသဖြင့် ခေါင်းစဉ်တပ် အကြောင်းပြချက် ပေးကြည့်ကြပြီး ဘာခေါင်းစဉ်မှ ရှာမရတဲ့အခါကျတော့ "အချစ်မှာ အကြောင်းမရှိဘူး" လို့ ကြွေးကြော်လိုက်ကြတော့တာပါ။

အချစ်မှာ မျက်စိမရှိရတာကလည်း ဒီအကြောင်းနှစ်ပါးကြောင့်ပါပဲ။ ကိုယ့်ရေစက်နဲ့ကိုယ်၊ ကိုယ့်ဆုတောင်းနဲ့ကိုယ် ဆိုတော့ တစ်ခါတစ်လေ မလိုက်ဖက်စွာ တွဲစပ်မိသွားတာ မြင်ရတဲ့အခါ အချစ်မှာ မျက်စိမရှိဘူးလို့ ဆိုမိတတ်ကြတာပါ။ သတ္တ၀ါတွေရတဲ့ ဘယ်အကျိုးမဆို ပစ္စုန်ပ္ပန်သက်သက်ကို ကွက်ကြည့်ရင်သာ မတူ မတန်၊ မလိုက်ဖက်ဘူး ထင်ရတာပါ။ အတိတ်သံသရာအကြောင်းကို ပြန်ကြည့်ရင် သိပ်ကို တူတန် လိုက်ဖက်ပါတယ်။

သားသတ်မုဆိုးကို ကြိုက်မိတဲ့ သောတာပန် သူဌေးသမီးတို့၊ သူခိုးကို ကြိုက်မိတဲ့ ကုဏ္ဍလကေသီတို့၊ ကျွန်နဲ့ လိုက်ပြေးတဲ့ ပဋာစာရီတို့ဆိုတာ အတိတ်က အကြောင်းတရားတွေကြောင့် မတူညီတဲ့ ဘဝတွေနဲ့ ပေါင်းဖက်မိခဲ့ကြတာပါ။ လောကလူတွေ သတ်မှတ်လေ့ရှိကြတဲ့ မတူမတန် မလိုက်ဖက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ ဘဝဘဝက ဆက်စပ်ခဲ့ဖူးတဲ့ အကြောင်းတွေကြောင့်သာ အတားအဆီး အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ အချစ်အတွက် အသက်ပင်သေသေဆိုပြီး ပေါင်းဖက်နိုင်ဖို့ ကြိုးစားကြတာပါ။

ချစ်ရက်နဲ့ ကံအကြောင်းမသင့်လို့ လမ်းခွဲရသူတွေ၊ မချစ်ဘဲနဲ့ ကံစွက်ပြီး ပေါင်းဖက်ရသူတွေ ဆိုတာဟာလည်း မိမိတို့ ပြုမိခဲ့ကြတဲ့ ကံစီမံရာအတိုင်း ခံကြစံကြရတာပါ။ ကံစီမံရာအတိုင်း ဖြစ်နေကြရသူတွေအတွက် မိမိတို့ရရှိထားတဲ့ အခြေအနေကို မကျေမနပ်ဖြစ်မိတယ်ဆိုရင်တော့ ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်မကြည့်ဘဲ အတိတ်ကံ၊ အတိတ်ဘဝတွေကိုပါ ထည့်သွင်းစဉ်းစားပြီး စိတ်ချမ်းသာအောင်နေသင့်ပါတယ်။

'ငါနဲ့ သူနဲ့ ဘာကွာလို့လဲ' 'ငါက သူ့ထက် သာတာပဲ' 'ငါက သူ့အောက် ဘာများလျော့နေလို့လဲ' စသဖြင့် ကိုယ်ချစ်မြတ်နိုးရသူက ကိုယ့်ထက် သူတစ်ပါးကို ပိုအရေးပေးနေရင် ဒေါမနဿပွါးတတ်ကြပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ ကိုယ့်ပြိုင်ဘက်နဲ့က ဘယ်လောက်တောင် ဘ၀တွေနီးခဲ့မှန်း မသိ၊ ဒါကို မသိနိုင်တဲ့ကိုယ်က ဒီဘ၀မှ လာတွေ့ပြီး မောင်ဦးအခေါ်ခံချင်လွန်းနေပြန်ရင်လည်း ကိုယ်ပဲ စိတ်ဆင်းရဲ အကုသိုလ်ပွါးရပါမယ်။ ဇာတ်တော်တွေထဲမှာ ရှင်ဘုရင် မြတ်နိုးလွန်းတဲ့ မိဖုရားကို မိဖုရားခေါင်ကြီးက မနာလိုဖြစ်ပြီး ပျက်စီးအောင် ကြံမိတာတွေဟာလည်း ဒီအကြောင်းတွေကို မမြင်တတ်ခဲ့လို့ပါ။

အဲဒီ့လိုပါပဲ။ ကိုယ်က ကောင်းနေပါရက်နဲ့ ကိုယ့်ကို အကြောင်းမဲ့ မုန်းတီးနေသူတွေနဲ့ ကြုံရရင်လည်း စိတ်မချမ်းမသာ ဖြစ်တတ်ကြပါတယ်။ ဒီလောက်တောင် ဖြစ်လှတာဆိုပြီး ဖက်ပြိုင်ပြီးတောင် အာဃာတထား ရန်ငြှိုးဖွဲ့မိတတ်ကြပါတယ်။ အမှန်က ကိုယ်က ဒီဘ၀မှာတော့ ကောင်းပေမယ့် အတိတ်ဘ၀တွေမှာ ဘယ်လောက်တောင်မှ သူ့အကျိုးစီးပွါးကို သိသိကြီးနဲ့တစ်မျိုး၊ အမှတ်တမဲ့တစ်မျိုး ခွင့်မလွှတ်နိုင်လောက်အောင် ပျက်စီးစေခဲ့ဖူးမှန်း မသိနိုင်ပါဘူး။ ဒါကြောင့် ဒီလိုအဖြစ်မျိုး ကြုံလာရရင်လည်း အတိတ်အကြောင်းတွေကို မှန်းဆသံဝေဂယူရပါမယ်။ ကိုယ်က အကြွေးပေးစရာတွေ ရှိနေတယ်လို့ပဲ နှလုံးသွင်းပြီး သူ့အငြှိုးကို ကိုယ့်မေတ္တာနဲ့ အကြွေးကျေအောင်ဆပ်နိုင်ဖို့ပဲ ကြိုးစားရပါမယ်။ မီးကို မီးချင်းငြှိမ်းလို့ မရပါဘူး။ အရင် မျက်လုံးဖွင့်ပြီး မြင်အောင်ကြည့်နိုင်တဲ့သူက သူတော်ကောင်းပါပဲ။ သူမတော်တာ၊ မကောင်းတာ မကြည့်ဘဲ ကိုယ့်ဘက်ကပဲ တော်နိုင်၊ ကောင်းနိုင်အောင် ကြိုးစားရပါမယ်။

သတ္တဝါတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်းဆိုတာ ဘယ်သူမှ ဖန်တီးလို့ မရပါဘူး။ တစ်ခါတစ်လေ အကြောင်းမဲ့ ချစ်နေ၊ မုန်းနေတယ် ထင်ရလောက်အောင်ကို ပစ္စုပ္ပန်အကြောင်း ရှာမရတတ်ပေမယ့် အတိတ်ဘဝက ချစ်စ၊ မုန်းစတွေကိုပါ ထည့်သွင်းရေတွက်လိုက်မယ်ဆိုရင်တော့ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်၊ မိမိကိုယ်တိုင်လည်း စိတ်သက်သာရာ ရသွားပါလိမ့်မယ်။

အဲ….. တကယ် အေးငြိမ်းချမ်းသာမှု အစစ်ကိုမှ လိုချင်တယ်ဆိုရင်တော့ မချစ်ပါ မမုန်းပါနဲ့...။
မချစ်တတ်ရင် = ချစ်သူနဲ့ ခွဲရလို့ဖြစ်တဲ့ ဒုက္ခမီး ငြိမ်းပါတယ်။
မမုန်းတတ်ရင် = မုန်းသူနဲ့ တွဲရလို့ဖြစ်တဲ့ ဒုက္ခမီး ငြိမ်းပါတယ်။
ဒီတော့ မချစ်ဘဲ၊ မမုန်းဘဲ နေနိုင်ကြပါ့မလား။ နည်းနည်းနေနိုင်ရင် နည်းနည်း ဒုက္ခငြိမ်းသွားပါမယ်။ အများကြီး နေနိုင်ရင် အများကြီး ဒုက္ခငြိမ်းသွားပါမယ်။ လုံးဝနေနိုင်သွားရင်တော့ လုံးဝ ဒုက္ခငြိမ်းသွားတော့မှာပါပဲ။

ဒါ့ကြောင့် စာဖတ်သူတွေလည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အလိုမကျတဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ ကြုံတွေ့ကြရရင် နားလည် ခွင့်လွှတ်ပေးနိုင်ကြပြီး မချစ်ရင် မနေနိုင်သူတွေကနေ မချစ်တတ်၊ မမုန်းတတ်တဲ့သူတွေဖြစ်အောင် ကြိုးစားနေထိုင်သွားနိုင်ကြပါစေ…။


Read more...

ပြေးကြစို့ ၂... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ပြေးကြစို့ ၂... (ဦးသုမင်္ဂလ) vcd






Read more...

အောင်မြင်ခြင်းပန်းတိုင်သို့


From pic

ကိုယ်ကျင့်တရားဟူသည် ကျင့်မှရသောတရားဖြစ်သည်။ စွဲမြဲသောအလေ့အထကို လည်းလုပ်ယူနိုင်မှ ရပေ သည်။ စာရေးသူသည် နံနက်အိပ်ယာထတွင် ရေအ၀သောက် လေ့ရှိသည်။ အလေ့အကျင့်မရမီကဆိုလျှင် (အရည်ပင် ဖြစ်သော်လည်း) မျိုမကျနိုင် လောက်အောင်ပင်ဖြစ်သည်။ အေးချမ်းသည့်ဆောင်းရာသီမျိုးတွင် သာ၍ပင်သောက် မရ ဖြစ်သည်။ နိဗဒ္ဓ၀တ်ထား၍ သောက်ရသော်လည်း အရသာမရှိချေ။ ယခုစွဲစွဲမြဲမြဲသောက် လာသောအခါ၌ကား အရသာလည်းရှိ၍ သောက်ရန်လည်းဝန်မလေးတော့ပေ။

နံနက်အိပ်ယာထပြီးနောက် ရေကိုသောက်ခြင်းသည် အလွန်ကောင်းမွန်သည်။ ဆီးဝမ်း ကိုသွားစေသည်။ လျှာ ကွဲခြင်း ပသက်နာ ၀က်ခြံတို့ဖြစ်ပေါ်ခြင်းဘေးမှ ကာကွယ်သည်။ လူ့ခန္ဓာကိုယ် စက်အိုးကြီးတွင် ရေဟောင်း ရေသစ်လဲပေးသည်နှင့်လည်းတူသည်။ ၀မ်းသွားခြင်းကိုပင် အချိန်မှန်မှန်ကန့်သတ်ထားနိုင်လျှင် ကောင်းပေ သည်။ အချိန်မှန် သွားအောင် အကျင့်လုပ်ထားလျှင် ရနိုင်ပါသည်။ အချို့က ”၀မ်းသွားတာပဲ တခမ်းတ နားစည်းကမ်းတွေ ကလနားတွေ သပ်နေရဦးမလား”ဟု ဆိုကြပေလိမ့်မည်။ အချိန်ထား ကြည့်ကြပါ။

မိမိခန္ဓာကိုယ် ကျန်းမာရေးကို နေ့စဉ်စစ်ဆေးသည့်အလေ့အထရခြင်း၊ အလုပ်တွင်ကျယ်ခြင်းများကို ကိုယ်တွေ့ ကြုံကြရပါလိမ့်မည်။ “သတိမမူ ဂူမမြင်၊ သတိမူ လျှင်မြူကိုပင်မြင်သည်” ဟု မြန်မာစကားပုံ၌ရှိသည်။ အဖိုးတန် လှသည့် စကားရပ်ပင် ဖြစ်သည်။ လူတို့သည် ပေါ့ပေါ့တန်တန်နေတတ်ကြသည့် သဘာဝရှိသည်။ “မြင်းစီး၍ အထီးမှန်း အမမှန်းမသိ” ဆိုသကဲ့သို့ နမော်မိ နမော်မဲ့ နေတတ်ကြသည်။ အရာရာတွင် လေးလေးနက်နက် ကြည့်တတ်ရှု့တတ်လျှင် မြူကိုပင်မြင်နိုင်ကြောင်း စကားပုံက အဆိုအမိန့်ပြုထားသည်။ နေရာတိုင်း၌ သတိအမြဲ ရှိနေစေရန် သတိပေးခြင်းဖြစ်သည်။

အင်္ဂလန်နိုင်ငံတွင် အသက်ရာကျော်ပုဂ္ဂိုလ်များကို စာရင်းကောက်ရာ အဖိုးအဖွား ၆-ဦး ကိုတွေ့ရသည်။ မည် သည့်အတွက် ဤသို့အသက်ရှည်ကာ ကျန်းမာလျက်ရှိကြောင်း မေးရာ မိမိအား အိန္ဒိယယောဂီတဦးက နေ့စဉ် အသက်မှန်မှန်ရှုရန် သင်ကြားပေးသွား ကြောင်း ဤသို့အသက်မှန်မှန်ရှုခြင်းနှင့်ပင် အသက်ရာကျော်ရှည်ကာ ကျန်းမာလျက်ရှိ ကြောင်းအဖွားတဦးကပြောပြလေသည်။ အသက်ကိုမှန်မှန်ရှုသူတို့သည် အသက်ရှုမှန် ရန်ကို သာအာရုံစိုက်နေရသဖြင့် လူတို့၏နှလုံးသားအိမ်တွင် သိုလှောင်ထားတက်သော လောဘ ဒေါသ အာဃာတ စိတ်များ ကင်းဝေးလျက် စိတ်ရွှင်လန်းနေသဖြင့် ကျန်းမာ ခြင်းဖြစ်ကြောင်း လောကဓာတ်ဆရာဝန်များကလည်း ထောက်ခံကြသည်။

ဤသို့ဆိုသော် အသက်ရှုမှန်ခြင်းသည် မည်မျှအဖိုးတန်ပါသနည်း။ သို့သော်နေ့စဉ်မှန် မှန် အသက်ရှုမှန်ဘို့မှာ စွဲမြဲသောအလေ့အထရှိမှ ဖြစ်နိုင်ပေမည်။ အနောက်တိုင်း စိတ်ပညာဆရာကြီးများ၏ အလိုအားဖြင့် နေ့စဉ် အလုပ်မလုပ်မီ အားရပါးရအ၀အသက် ရှုသောသူတို့သည် အလုပ်ပို၍ပြီးမြောက်ပြီး အသက်ရှည်ကြသည်ဟု အဆိုရှိသည်။

စာရေးသူသည် အသက်(၁၂၀)နှစ်ရှိအဖွားတဦးကို ညောင်ပင်ကုန်းရွာ၌ တွေ့ရဘူးပါ သည်။ အဖွား ဤသို့ အသက်ရာကျော်ရှည်၍ ကျန်းမာနေရန် ဘယ်ဆေးများကို အမြဲမှီဝဲ နေပါသလဲဟုမေးရာ မည်သည့် ဆေးဝါးမျှ အမြဲမှီဝဲခြင်းမရှိကြောင်း သို့သော် ငယ်စဉ်က ပင်ဆားအနည်းငယ်မျှကို လျက်၍ သံပရာသီးလေးများကို ခုံခုံ မင်မင်စုတ်တတ်ကြောင်း၊ ယခုထိ သံပရာသီးလေးများကို စုတ်နေကြောင်း၊ အစာကြေဆေးလျှက်ဆားတို့ကို လည်း နှစ်သက်ကြောင်း ပြောပြပါသည်။

အဖွားရုပ်ရည်သည် ဤအသက်ဤအရွယ်ထိ ရည်မွန်ခန့်ညားနေသည်။ မိန်းမသားပင် ဖြစ်သော်လည်း အရပ် အမောင်းထွားသည်။ မျက်နှာပြားပြား၊ နားကားကားနှင့် လက်ဖ ၀ါးတို့က ပျံ့ပျူးရှည်သွယ်လှသည်။ မျက်လုံး အိမ်တွင် မျက်ရေခွံတို့ ဖုံးအုပ်နေ၍ မမြင်ရ ခြင်းမှတပါး သွားနိုင်လာနိုင်သည်။ သန်မာသည်။ သူငယ်ပြန်ခြင်း မရှိ။ ရှေးဟောင်း နှောင်းဖြစ်များကို သတိမမေ့ပဲ ပြန်ပြောင်းပြောနိုင်သည်။

စာရေးသူသည် သက်ကြီးရွယ်အိုများကို တွေ့လျှင်ခုံမင်ယုယတတသည့် ၀ါသနာအတိုင်း အဖွားကြိုက်တတ် သည်ဆိုသဖြင့် ဘုန်းကြီးဘို ရှာပွတ်ဆေး၊ ဦးရွှေကြေး လျက်ဆားတို့ကို မကြာမကြာဝယ်ယူ ပို့ပေးခဲ့ဘူးသည်။ အဖွားသည် မည်သည့်ဆေးကို မျှအမြဲမှီဝဲခြင်းမရှိပါဆိုသော်လည်း ဆားအနည်းငယ်မျှကိုလျက်ခြင်း၊ သံပရာသီး ကို စုတ်ခြင်းတို့ကိုမှုစွဲစွဲမြဲမြဲ မှီဝဲခဲ့ကြောင်း ထင်ရှားသည်။ ဤသို့ဆားနှင့်သံပရာသီးကို အမြဲစုတ်ခြင်းကြောင့် အသက်ပိုရှည်သည်ဟု တွေးထင်စရာဖြစ်သည်။ တိကျသောအ ဖြေကိုမှု သုတေသီနှင့် လောကဓာတ်ဆရာဝန် တို့က ပေးကြလမ့်မည်။

လောကုတ္တရာကျမ်းတို့၌ ရှေးကသီလကောင်းခဲ့သူတို့သည် အသက်ပို၍ရှည်တတ် ကြောင်းဖေါ်ပြကြသည်။ မည် သို့ဆိုစေ ဤသို့အသက်မှန်မှန်ရှုခြင်းစသော အလေ့အထ များသည်လက်တွေ့ မြည်းစမ်းလိုသူတို့အတွက် ပုံနှိုင်းတန္တု စံပြုဘွယ်ရာဖြစ်ပါသည်။ ခေတ်အမျိုးအမျိုကို လေ့လာကြည့်လျှင် လွန်ခဲ့သည့်နှစ်ပေါင်း (၂၅၀၀) အချိန်လောက် ကနာမ်ပိုင်းဆိုင်ရာ စွမ်းရည်သတ္တိတို့သည် အထွဋ်ထိပ်သို့ရောက်ရှိခဲ့သည်။

ဈာန်တန်ခိုးဖြင့်မြေလျှိုးမိုးပျံနိုင်သော ဘုရားရဟန္တာတို့ ပေါ်ပေါက်ခဲ့ဘူးသည်။ ဤသို့ နာမ်ပိုင်းဆိုင်ရာ စွမ်းရည် သတ္တိတို့ ထွန်းပြောင်ခဲ့သည်မှာ ထိုခေတ်လူသားတို့သည် နာမ်ပိုင်းဆိုင်ရာတွင် စွဲမြဲစွာ လေ့လာစူးစမ်းရှာဖွေမှု ပြုခဲ့ကြသောကြောင့်ပင်ဖြစ်ပေသည်။

လူရယ်လို့ဖြစ်လာရန် သို့မဟုတ် သတ္တ၀ါဖြစ်လာရန် ခန္ဓာကိုယ်တည်းဟူသော အိမ်ကို အဘယ်လက်သမားသည် တည်ဆောက်လိုက်သနည်း။ လူတို့၏ နှလုံးသားသည် တပ်မက်မှု၊ ခက်ထန်ရက်စက်မှု၊ မုန်းတီးရွံရှာမှု၊ စသည် များဖြင့် အမြဲတမ်းပူလောင်နေ၍ သောကကိုရင်မှာပျိုးလျက် မျက်ရည်မိုးတို့ဖြင့် ဘ၀လမ်း ခရီးဝယ် လျောက်၍ နေကြရသည်။ နှလုံးသား၏ ထာဝရငြိမ်းချမ်းမှုကို အဘယ်နည်ဖြင့်ရရှိနိုင်သနည်း။ သောကနှင့် မျက်ရည်တို့ပြွမ်း သော ဘ၀၏ချုပ်ငြိမ်းရာကား အဘယ်နည်းဟု စစ်တမ်းထုတ်လေ့လာခဲ့ ကြသည်။

ဗုဒ္ဓမြတ်စွာသည် ဤပြာဿနာရပ်များ၏ အဖြေကို ကိုယ်တော်တိုင် စတင်တွေ့ရှိခဲ့၏။ ထိုတွေ့ရှိချက်တို့ကို လူသားတို့အား ညွှန်ပြဟောကြားခဲ့သည်။ ဥာဏ်မျက်စိတို့ကို ဖွင့်၍ ပေးခဲ့သည်။ ထိုကြောင့် ဗုဒ္ဓ၏ဦးဆောင်မှု အောက်တွင် ထိုခေတ်လူသားတို့သည် နာမ် ပိုင်းဆိုင်ရာ လေ့လာပြွမ်းတီးမှုများလှသဖြင့် နာမ်ပိုင်းဆိုင်ရာ စွမ်းရည်သတ္တိတို့ အထွဋ် ထိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်တွင်မှု ရုပ်ပိုင်းဆိုင်ရာ (သိပ္ပံပညာ) ဘက်တွင် စူးစမ်လေ့လာခြင်းသည် အလေးကဲလျက်ရှိသည်။ ထိုကြောင့်ရုပ်ပိုင်းဆိုရာ စွမ်းရည်သတ္တိတို့သည် တဟုန်တည်း တိုးတက်ထွန်းပြောင်လျက်ရှိသည်။ ဒုံးပြန် ဂြိုဟ်တုတို့ဖြင့် လကမ္ဘာကြီးကိုပင် နယ်ချဲ့ရန် ကြံရွယ်ပြီး မဟုတ်တုံလော။ ကြိုးပမ်းကြသလောက်လည်း အောင်ပွဲအဆင့်ဆင့်ကို ခံယူနိုင်ကြပါပေသည်။

လူတို့၏စိတ်ဓာတ်သည် သိပ္ပံပညာ၏ မှန်ကန်တိကျမှုနှင့် အကျွမ်းဝင်ပြီး သိပ္ပံနည်းကျ ကျပြုလုပ်လာကြသဖြင့် လူသားတို့သည် ပညာပိုမိုတိုးတတ်မြောက်လာပြီး ပို၍ဥာဏ် ကောင်းလာကြောင်းဖြင့် ပုတ်ရဟန်းမင်းကြီး ပေါလ်ကိုယ်တိုင်ပင် ထောက်ခံပြောကြား ဘူးလေးသည်။

အတိတ်သမိုင်းနှင့် ပစ္စုပ္ပန်အခြေကိုဟပ်၍ တွက်ဆလိုက်လျှင် မျက်မှောက်လူသားတို့၏ အာရုံစိုက်မှုနှင့် စွဲမြဲသောအလေ့အထတို့ အပေါ်အခြေခံလျက်ရှိပေသည်။ စွဲမြဲသော အလေ့အထများသည် ခေတ်တို့၏ ရေစီးကြောင်းများကိုပင် တမျိုးတဖုံပြောင်းလဲသွား အောင်ဖန်တီးနိုင်စွမ်းရှိကြောင်း ထင်ရှားလျက်ရှိသည်။

အနာဂတ်မြန်မာပြည်ကို ဦးဆောင်ရမည့် လူငယ်လူရွယ်လေးတို့သည် စွမ်းရည်သတ္တိ ပြည့်ဝစွာဖြင့် “တာဝန်သိသိ-ဇွဲရှိရှိ” ဖြင့်ထမ်းဆောင်ကြရန်ပင်ဖြစ်သည်။ စွဲမြဲသော အလေ့အထကောင်းလေးများ ရရှိနေစေရန် ယခုနှယ်ကကြိုးပမ်းကြရပေမည်။

ဤသို့ကြိုးပမ်းရာတွင် အမျိုးဘာသာ သာသနာနှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တို့ကို “မူ” ထား၍ မဏ္ဍိုင်သဖွယ် ရပ်တည်ထားသင့်ကြောင်းကိုလည်း မမေ့အပ်ပေ။

မဒမ်ကျူရီစသော သိပ္ပံပညာရပ်တို့သည် ရုပ်ဝတ္ထုတို့၏ ဖြစ်ပျက်မှုနှင့် စွမ်းရည်တို့ကို ဓာတ်ခွဲခန်းတွင် စွဲစွဲမြဲမြဲ လေ့လာစူးစမ်းခြင်းဖြင့် ရာဇ၀င်ကို တခန်းသစ်စေခဲ့ကြပြီ။ လူသားတို့အကျိုးအတွက်များစွာ ဖြစ်ထွန်းစေခဲ့ကြ သည်။ မြောက်မြားလှစွာသော စာပေဂီတ အနုပညာရှင်တို့သည်၎င်း အားကစားတို့သည်၎င်း စွဲမြဲသောကြိုးပမ်း ခြင်းဖြင့် အောင်လံလွင့်၍ ၀င့်ကြွားနိုင်ကြသည်။ ကိုယ့်အမျိုးသားနိုင်ငံ၏ ဂုဏ်ရောင်ကို ကမ္ဘာ့အလယ်တွင် ထွန်း ပြောင်စေနိုင်ကြသည်။

စင်စစ်စွဲမြဲသော အလေ့အထနှင့် ဇွဲသည် အခက်အခဲလှေကားထစ်တို့ကို ကျော်နင်း၍ အောင်မြင်ခြင်းပန်တိုင်သို့ ပို့ဆောင်လျက်ရှိပေသည်တကား။

စစ်ကိုင်းမင်းရှိန်
(၂၆-၁၀-၆၉)
ဓမ္မဗျူဟာမဂ္ဂဇင်း
(အတွဲ-၈၊ အမှတ်-၆)

Read more...

သက်ကယ်ရိတ်စကားများ-၁-


ဆောင်းရာသီဆို ကိုကို သက်ကယ် ရိတ်သွားရသည်။ ကိုကို သွားလျင် ညီညီပါ ကပ်လိုက်သွားတတ်သည်။ ကပ်လိုက်တော့ ညီညီ ကျောင်းပျက်ရ၏။ ကျောင်းပျက်သော်လည်း ကိစ္စမရှိ။ ဆရာမမေးလျင် သက်ကယ်ရိတ်သွားသည် ဟု ပြောလိုက်ရုံသာ။ ဒါဆို အရိုက်ခံ လွတ်သည်။ ဟုတ်သည်လေ။ သက်ကယ်ရိတ်သွားတာက တစ်ရွာလုံး သွားနေကြတာ ကပဲ။ ဆရာမ ဘယ်ဆူလို့ နိုင်မလဲ။

ကျောင်းတက်တဲ့ နေ့ဆို ကျောင်းသားတိုင်းဟာ လက်တွေကလည်း ကိုင်းရှ၊ သက်ကယ်ရှလို့။ တကိုယ်လုံးလည်း ရှလို့။ ဒါတွေပြကြတာပဲ။ မြို့သူနုနု ကလေးတို့ ဆရာမခမျာ စုတ်တသပ်သပ်နဲ့ ဆေးပါ ထည့်ပေးရတာ။

မနက်အစောကြီး နှင်းဖွေးဖွေးမှာ ညီအစ်ကိုနှစ်ယောက် ထ။ ကိုးနာရီဆယ်နာရီလောက်ထိ ရိတ်ကြ။ ရိတ်ပြီးသားတွေ တုတ်ကလေးနဲ့ မှတ်ထားခဲ့။ နောက်မှ လှည်းနဲ့ တိုက်ချင်လည်းတိုက်။ အဆင်ပြေသလိုပေါ့။ တစ်ညနှစ်ညမက တစ်လနှစ်လထားလို့လည်း ဘယ်သူကမှ ကိုယ့်အပုံက သက်ကယ် လာမယူ။ သစ္စာရှိသည်။

အဲဒါကိုပဲ ဆရာမက အံ့သြရှာသည်။ မြို့မှာ ဒီလိုမဟုတ်ပါ တဲ့။ ကိုယ့်ပစ္စည်းကလေးတွေး မနည်း ထိန်းသိမ်းထားတာတောင်မှ ယူယူ သွားကြသတဲ့။ မိတ်ဆွေသူငယ်ချင်း အချင်းချင်းတောင် လိမ်ကြကောက်ကြသတဲ့။ ညီညီတို့ကလည်း ဆရာမပြောတာ အံ့သြ။ ဆရာမကလည်း ညီညီတို့ ပြောတာ အံ့သြ။

ရိတ်ရင်းပြုရင်း ညီညီ က ကိုကို့ ကို ဟိုမေးသည်မေး မေးသည်။ မမေးလို့ မဖြစ်။ မမေးရင် ကိုယ့်ကို အမေးခံထိမည်။ ကိုကိုက အမေးသိပ်သန်သည်။ တော်ရုံ လောကဓာတ်ဆရာ ဓမ္မကထိကဆရာဟာ ကိုကိုမေးခွန်းတွေကို ဒဏ်မခံနိုင်။ ဒီတော့ ကိုယ့်ကို မမေးခင် သူ့ကို ဦးအောင် မေးရသည်။ ဒါကို ကြိုတင်ကာကွယ်ခြင်းဟု ခေါ်၏။

သက်ကယ် သို့မဟုတ် ကိုင်းကို တံစဉ်းကလေးနဲ့ ဆွဲလိုက်။ လက်ကကိုင်လိုက်။ ရိတ်လိုက်။ မေးလိုက် ဖြေလိုက်။ ရံခါအမေးအဖြေ စကားကောင်းသွားလျှင် သက်ကယ်က နှစ်ယောက်ပေါင်း ဆယ်ပေါ ပင်မရ။ မရ ဘာအရေးလဲ။ နောက်နေ့ပေါ့။ နောက်နေ့..နောက်နေ့..


...


"ကိုကို မြင်းမိုရ်တောင်ဟာ တကယ်ရှိရင် ဘာကြောင့် ရှာမတွေ့ကြသတုန်း.."

"အေး..ညီညီ.. မင်း Physics သင်ရသလား။"

"သင်ရတယ် ကိုကို.."

"သင်ရရင် အက်တမ်တစ်လုံးရဲ့ space ဟာ ဘယ်နှစ်ရာခိုင်နှုန်း ရှိသလဲ။"

"၉၉ ဒဿမ၉၉ လောက်ရှိတယ် ကိုကို.."

"အေး မြင်ပလား။ တို့ပတ်ဝန်းကျင်ဟာ အာကာသ ကွက်လပ်ကြီးက အများစုပဲ။ လူပဲအိမ်ပဲလို့ ထင်သာ ထင်နေကြတာ။ တကယ်က အာကာသကြီးသာ မဟုတ်လား။ မြင်းမိုရ်တောင် မမြင်ရတာကို ဘယ့်နှယ်ကြောင့် စကားလုပ်ပြောနေလဲ။ ဖစ်ဆစ်သင်ရရင် သိသင့်ရောပေါ့။ မော်ဒန်ဖစ်ဆစ်တော့ သင်ရတယ်မဟုတ်လား။"

"ညီတော့ သဘောမပေါက်ဘူး။"

"ညီညီ စဉ်းစားကြည့်.. တို့ပတ်ဝန်းကျင်မှာ အာကာသ ဟင်းလင်းပြင်ကြီးက အများစု။ လူတို့ အိမ်တို့လို့သာ ဆိုတာ တကယ်က ကွက်လပ်ကြီး တွေက အများစု မဟုတ်လား။ ဒီကွက်လပ်ကြီးတွေကို ဘာကြောင့် လူတို့ အိမ်တို့ ရယ်လို့ မြင်နေရသတုန်း။ စိတ်နဲ့ ကံရဲ့ သတ္တိမပါဘဲ မြင်ရမယ်လို့ ကိုကိုတော့ မယုံဘူး။

အရာဝတ္ထုတစ်ခုကို မြင်တယ်ဆိုတာ ၀ီထိ လေးခုလောက် ကျပြီးမှ ဖြစ်နိုင်တာပဲ။ ညီညီသိတယ်ဟုတ်။ အရာဝတ္ထုရဲ့ အမျိုးအစား၊ နာမည်၊ အရောင်အသွေး ပုံသဏ္ဍာန် စတာတွေကို အသေးစိတ်သိဖို့ ဆိုတာဟာ မနောဒွါရက ဆက်ကာဆက်ကာ နှလုံးသွင်းလို့သာဖြစ်ရတာပဲ။ အဲဒီလို မနောဒွါရက နှလုံးသွင်းကောင်းလို့သာ မြင်ကာမတ္တလေးဟာ လူပဲ အိမ်ပဲ ဆိုပြီး ပေါ်လာတာ မဟုတ်လား။

တို့မြင်နေရတဲ့ ရုပ်ဆိုတာတွေဟာ မျက်လုံးထဲ ပုံရိပ်ကျရုံနဲ့ မြင်နေရတာမှ မဟုတ်ဘဲ ညီညီရ။ စိတ်မပါဘဲ ဘယ်မြင်ရလိမ့်မလဲ ညီညီ။ စိတ်။ ညီညီရ။ စိတ်..စိတ်။ စိတ်ဟာ စကြ၀ဠာကို တည်ဆောက်ထားတာ။

အချို့ စိတ်မမှန်တဲ့ လူတွေဆို အပြင်မှာ တကယ် မရှိတာတွေကိုတောင် တကယ်လို့ မြင်နေရတာ မဟုတ်လား။ အချို့ လူကောင်းတွေတောင် တခါတရံ ဒီလို ထင်တတ်တယ်။ မြင်ရတဲ့အတိုင်း တကယ်ပဲလို့ ယုံကြည်လို့ပဲ အမှုအခင်းတွေတောင် အချို့ ဖြစ်ကြရော မဟုတ်လားကွ။

အို ဒါတွေက ရှင်းစရာတောင် မလိုပါဘူး။ စာနည်းနည်းတတ်ရင် ညီညီ သိလာလိမ့်မယ်။ တခြားဟာ မေးစမ်းပါ။ တံစဉ်လည်း ကြည့်ကိုင်။ လက်ပြတ်သွားမယ်။"

"ဒါဖြင့်ရင် မြင်းမိုရ်တောင်ကို မြင်ရဖို့ ကမ္မသတ္တိ လိုတယ်လို့ ကိုကို ဆိုလိုသလား။"

"ကမ္မသတ္တိ။ အေး.. ဒါလည်း ပါတယ်။ စိတ်သတ္တိကိုလည်း ဆိုလိုတယ်။ ညီညီ။ စိတ်ဟာ စကြာဝဠာကို တည်ဆောက်ထားတာ။ စိတ်ဟာ လောကကို တည်ဆောက် ထားတာကပဲ။ အင်မတန် သတ္တိထူးတယ်။"

"ရှင်းပြီ ကိုကို။ စိတ်က နှလုံးမသွင်းနိုင်ရင် ကိုကို့ကိုတောင် ညီညီ မြင်ရမှာ မဟုတ်ဘူး ဆိုပါစို့။ ဘာကြောင့်လဲ ဆိုတော့ တစ်ခါတလေ ညီညီ တစ်ခုခုကို စိတ်ဝင်စားသွားရင် ပတ်ဝန်းကျင်ကို မမြင်ရတော့တာလည်း ရှိတယ်။ ဦးချစ်တီးလို စိတ်မမှန်တဲ့လူဆို သူ့ရှေ့က ဖြတ်သွားတဲ့သူတောင် သူမြင်ချင်မှ မြင်တာဗျ။ ဒါဖြင့် မြင်းမိုရ်တောင်ကြီး ဘေးနားမှာ ကပ်လျက်နေတာတောင် ညီညီဖြင့် မြင်ရမယ် မထင်ဘူး။

ကမ္မသတ္တိနဲ့ စိတ္တသတ္တိ။ အင်းအင်း.. ဒါတော့ သဘောကျပါပြီ..။ မြင်သိစိတ်ဖြစ်ပုံကို စောစောက ၀ီထိလေးခုကျမှ ဖြစ်တယ် ဘာရယ်ညာရယ် ကိုကိုပြောခဲ့တယ်။ အဲဒါကို နားမလည်ဘူး။ ရှင်းဦး။"

...Continue

Read more...

ပပဉ္စတရား


ရှည်လျားလှသော ဘ၀သံသရာတွင် ပုထုဇဉ်သတ္တ၀ါ အနန္တတို့သည် သံသရာနယ်ချဲ့တရားတို့၏ ပြုပြင်မှု၊ လွှမ်းမိုးမှုကို အမြဲထာဝရ ခံနေကြရသည်။ ၃၁-ဘုံတည်းဟူသော လောကမှလည်း မလွတ်မြောက်နိုင်ဘဲ တ၀ဲလည်လည် ခံစံနေကြရသည်။ မြတ်ဗုဒ္ဓသည် သံသရာရှည်စေသော အကြောင်းများစွာကို သတ္တ၀ါတို့၏ စရိုက်အားလျော်စွာ ၄၅-၀ါပတ်လုံး အမျိုးမျိုးဖွင့်ပြ၍ ရှင်းလင်း ဟောကြားတော်မူသည်။

ထိုသို့ဟောကြားရာတွင် အရင်းခံဖြစ်သော အယူအစွဲများကိုလည်း ညွှန်ပြတော်မူခဲ့၏။ ယင်းတို့မှာ လူတိုင်းတွင် အနုသယအနေနှင့် ရှိနေကြသော ထင်သုံးလုံး ဖြစ်သည်။ လူတကိုယ် ထင်တတလုံး-ဟုလည်း ပြောစမှတ်ပြုကြ၏။ တရားသဘောအရ လူတကိုယ် ထင်တလုံး ရှိနေကြပါသည်။
၁။ မိမိကိုယ်ကို မိမိပိုင်သည်ဟု ထင်နေသော တဏှာ-ထင်တလုံး။
၂။ ဤကိုယ်ကို ငါ-ဟု ထင်နေသော မာန-ထင်တလုံး။
၃။ ဤခန္ဓာကိုယ်မှာ ဘ၀တခုမှ ဘ၀တခုသို့ ပြောင်းသွားသော ၀ိညာဉ်ရှိ၏ဟု ထင်နေသော ဒိဋ္ဌိ-ထင်တလုံး။

ထိုထင်သုံးလုံးသည်သံသရာရှည်စေသော နယ်ချဲ့အစွဲများ ဖြစ်သည်။ ယင်းထင်သုံးပါးဖြစ်သော တဏှာ-မာန-ဒိဋ္ဌိသည် သတ္တ၀ါတို့အား သံသရာ၌ ရှည်မြင့်စွာ စုန်ဆန်လှည့်လည်စေတတ်သောကြောင့် ပပဉ္စ-အမည် ပေးတော်မူခဲ့သည်။ မာန်ယစ်စေသော အခြင်းအရာ၊ မေ့လျော့သော အခြင်းအရာ၊ အမှားကို နှလုံးသွင်းသူအဖြစ်သို့ ရောက်စေသောအခြင်းအရာကြောင့်လည်း ပပဉ္စ-အမည် ခေါ်ရသေး၏။

ယင်းပပဉ္စ တရားတို့၏ အစွမ်းဖြင့် သံသရာတွင် နစ်မွန်းနေကြရခြင်း၏ အကြောင်းရင်းမှာ နယ်ချဲ့ရန်သူကို မသိမြင်ခြင်း၊ သို့သော်လည်း ပယ်သတ်နည်းကို မသိခြင်း၊ နည်းကို သိသော်လည်း လေးနက်စွာ အားထုတ်ကျင့်သုံးမှု မရှိခြင်းတို့ ဖြစ်လေသည်။ ထို့ကြောင့် ရှေးဦးစွာ တဏှာ-မာန-ဒိဋ္ဌိ တို့၏ အကြောင်းခြင်းရာတို့ကို စေ့ငုစွာ နားလည်သိရှိရန် လိုအပ်ပေသည်။ အပြောလွယ်ပါ၏။ တကယ်သိရှိ နားလည်ရန် သဘောပေါက်ရန် မလွယ်ပါ။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုစိတ်ကို အဓိပတိတပ်၍ ဆရာကောင်း သမားကောင်းများထံ ဆည်းကပ်နည်းယူကာ စနစ်တကျ လေ့လာသင်ယူမှသာ သဘောပေါက်ပါမည်။

တဏှာသည် အနုသယအနေအားဖြင့် ကာမရာဂါနုသယ၊ ဘ၀ရာဂါနုသယ ဟူ၍ အမည်နှစ်မျိုး ခံယူလျက် သတ္တ၀ါတို့အား နယ်ချဲ့လျက်ရှိသည်။ ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်-သုံးဦး။ သို့မဟုတ်-အနာဂါမ်-ပါ လေးဦးတို့အား နယ်ချဲ့နိုင်၏။
မာနာနုသယသည် ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဟူ၍ လေးဦးတို့ကို တပြောင်းပြန်ပြန် ကျင်လည်စေသည်။
ဒိဋ္ဌာနုသယသည် ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ် တဦးကိုသာ နယ်ချဲ့စေနိုင်သည်။

အနည်းဆုံး သောတာပန်စခန်းရောက်အောင် ကြိုးစားအားထုတ်ထားလျှင် ဤပပဉ္စတရားသည် အလွန်ဆုံး ခုနစ်ဘ၀သာ နယ်ချဲ့နိုင်တော့သည်။ သို့ဖြစ်၍ ယခုကဲ့သို့ ဒုလ္လဘ လူ့ပဒေသာပင်ကို ရနေသော အချိန်ကာလကောင်းတွင် ပညာဉာဏ်ကြီးမား၊ ကရုဏာရှေ့ထား၍ ကြိုးစားသင်ကြားပေးနေကြသော ဆရာသမားကောင်းများကို ဆည်းကပ်လျက် သံသရာဝဋ်မှ ကျွတ်လွတ်ရေး၊ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ရေးကို ကြိုးစားတော်မူကြပါဟု နှိုးဆော်အားပေးလိုက်ရပါသည်။

Read more...

သြ၀ါဒ

၁။ ဂုဏ်ရှိနေငြား၊ ပုဂ္ဂိုလ်အား၊ မုန်းထားမလို၊ ကဲ့ရဲ့ဆို၊ ဂုဏ်ပြိုမသွားပေ။
၂။ ဂုဏ်အနှစ်ကင်း၊ ပုဂ္ဂိုလ်ဖျင်းအား၊ ချီးမွမ်းငြားလည်း၊ ဂုဏ်ကားမပို၊ နဂိုအနေ၊ ဂုဏ်ကင်းပေ။
၃။ ဤသို့အမှန်၊ လောကဓံကို၊ ဧကန်ထင်လင်း၊ အမြင်ရှင်း၍၊ သင်္ဂြိုဟ်ကဲ့ရဲ့၊ မဲ့ရွဲ့ဆိုတိုင်း၊ စိတ်ရိုင်းဒေါသ၊ မာန်မထနဲ့။
၎။ ၀၀ဖြာဖြာ၊ ဂုဏ်ထူးစွာကို၊ ထုတ်ကာဖော်လှိုင်း၊ ချီးကျူးတိုင်းလည်း၊ ၀မ်းထဲလှိုက်ဖို၊ ဘ၀င်စို၍၊ ပိုမိုကဲမောက်၊ ၀မ်းမမြောက်နဲ့။
၅။ ထွင်းဖောက်မြော်မြင်၊ သူတော်စင်တို့၊ အမြင်မကောင်း၊ ပြစ်ပေါင်းတစိ၊ မကပ်ငြိဘဲ၊ ၀မ်းထဲအဇ္ဈတ်၊ သန္တာန်ဓာတ်၌၊ မြတ်ပါရမီ၊ ဂုဏ်အဆီတို့၊ စုံညီကိန်းကြောင်း၊ တရားပေါင်းကို၊ ထိန်းကျောင်းဆည်းစုရာသတည်း။

( ရွှေဟင်္သာတောရ သီရိမန္တစံကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ )

Read more...

ကံ ကံ၏အကျိုး ( ၆၅ )

( လုပ်အားဒါန ပေးလှူကြသူများ )

စာရေးသူနေထိုင်ရာ ၀ဲလောင်ကျေးရွာ၏ ရွယ်လယ်ပိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၈၀-ခန့်အချိန်က တည်ထားကိုးကွယ်ခဲ့သည့် စေတီတဆူရှိပါသည်။ ထိုစေတီတော်၏ ဂန္ဓကုဋီတိုက်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်တဆူသည် နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ ညနေရောက်တိုင်း ရွာပတ်လမ်းတလျှောက်တွင် ရွာသူရွာသားများက ပင့်ဆောင်၍ လှည့်လည် အပူဇော်ခံကြွလေ့ရှိပါသည်။

ဗုဒ္ဓရုပ်ပွားတော် အပူဇော်ခံကြွချီရာသို့ ဂေါပကအဖွဲ့ဝင် လူကြီးများ၊ ဓမ္မစကြာဝတ်အသင်းသူအသင်းသားများ မီးကြာကိုင် အမျိုးသမီးငယ်လေးများ၊ အတီးအမှုတ် အကအခုန် အဖွဲ့များ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ လိုက်ပါလှည့်လည်ကြပါသည်။
ထို့နောက် ညဘက်တွင် စေတီတော်မြတ်၏ ရင်ပြင်ပေါ်၌ ဆီမီး ၁၀၀၀-ထွန်းညှိပူဇော်ကြပါသည်။ ရွာလယ်ကျောင်းဆရာတော် ဦးနာဂ၀ံသထံတွင် ၈-ပါးသီလ ခံယူဆောက်တည်ကြပါသည်။

ထို့ပြင် တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့ နံနက်တွင် ပင့်သံဃာတော် အပါး ၈၀-တို့အား မဟာဒုက်ဆွမ်း ကပ်လှူကြပါသည်။ နေ့ ၁-နာရီခန့်အချိန်တွင် သံဃဒါနဆွမ်းဆန်တော်များ လောင်းလှူကြပါသည်။
ဤကဲ့သို့ ဗုဒ္ဓပူဇနိယပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ရွာသူရွာသားအားလုံး ငွေအားသာမက လုပ်အားပါ ပေးလှူကြပါသည်။

ထိုဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် လုပ်အားဒါနအလှူကို နှစ်စဉ် ထူးခြားစွာ ပေးလှူသူများ ရှိကြပါသည်။ ၄င်းတို့မှာ ဦးကျော်မြင့်-ဦးကျော်သိန်း-ဦးခင်မောင် ဆိုသူတို့ ဖြစ်သည်။ သူတို့သည် ဦးကျော်မြင့်မှအပ ကျန်ပုဂ္ဂိုလ် ၂-ဦးမှာ ထန်းလုပ်သားများဖြစ်၍ ဆင်းရဲစွာ လုပ်ကိုင်စားသောက်ခဲ့ကြသူများ ဖြစ်သည်။

သို့သော်လည်း သူတို့သည် ဘုရားပွဲတော်မတိုင်မီ တလခန့်အလိုကတည်းက မိမိတို့၏အလုပ်များကို ပစ်ကာ စေတီတော်တဆူလုံး ထုံးနှင့် မြေ၀ါသင်္ကန်းတော်များကို လုပ်အားပေးကပ်လှူပူဇော်ကြသည်။ ထို့အပြင် မဟာရံတံတိုင်းကြီးအား ထုံးသုတ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော် ကြွချီရာ လမ်းတလျှောက်ရှိ သစ်ပင်များ ခုတ်လှဲခြင်း၊ မညီညာသည့်လမ်းများ မြေဖို့ပြုပြင်ခြင်း စသည့် လုပ်အား အလှူများကို ကျေးရွာရှိလူငယ်များအား ဦးဆောင်၍ ပြုလုပ်ကြသည်။ ယခုအခါ ၉-ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်သည်။

သူတို့သည် ဤသို့ မညဉ်းမညူ ပေးလှူလာခဲ့သည့် လုပ်အားဒါန အကျိုးကြောင့် ဘုရားပွဲတော် ပြီး၍ မကြာမီ ဦးကျော်မြင့်၏ ရွှေရှာစက်ဖြင့် တောင်သာမြို့သို့ သွားရောက်ရှာဖွေခဲ့ရာ ငွေဒင်္ဂါးအပြား ၁၅၀-တွေ့ရှိခဲ့ပါသည်။ သူတို့သည် ထိုငွေဒင်္ဂါးများကို ရောင်းကြသည်။ ရောင်း၍ရရှိသော ငွေထဲမှ ငွေကျပ် ၁၀၀၀၀-ကို စေတီတော်မြတ်ကြီးအား န၀ကမ္မအဖြစ် လှူဒါန်းပူဇော်သည်။ ကျန်ငွေများကို ၃-ဦးအညီအမျှ ခွဲဝေယူကြသည်။ တဦးလျှင် ငွေကျပ် ၁၅၀၀၀-စီ ရရှိကြသည်။

( ခင်မောင်တင်-၀ဲလောင် )
********************************************************************************

( အကြင်နာမဲ့သူ၏ နိဂုံး )

လူတို့တွင် အဆင်မပြေဖြစ်ခြင်း၊ မအောင်မြင်ခြင်း၊ ဒုက္ခတခုခုနှင့် ကြုံတွေ့ရခြင်း စသော အခြေအနေများနှင့် ရင်ဆိုင်ရလျှင် ကံမကောင်း၊ ကံဆိုးသည်ဟု ပြောဆိုကြသည်။
လုပ်သည့်အခါ အဆင်ပြေခြင်း၊ အန္တရာယ်မှ လွတ်မြောက်ခြင်း၊ အခွင့်အရေး ပေါ်လာခြင်း၊ မမျှော်လင့်ဘဲ လာဘ်လာဘရရှိခြင်းစသော အခြေအနေနှင့် ကြုံကြိုက်ရပါမူ ကံကောင်းသည်ဟု ဆိုကြလေသည်။

သို့သော် ကံဆိုသည်မှာ အလိုလို ပေါ်ပေါက်လာခြင်းမဟုတ်၊ အနောက်နိုင်ငံ ဒဿနပညာရှင် အချို့ကမူ ကံကိုကြုံကြိုက်ခြင်း (chance)ဟု ယူဆကြသော်လည်း တကယ်တော့ မြတ်စွာဘုရားသခင်က ပြုလုပ်သူ၏ စေတနာအပေါ် အကျိုးသက်ရောက်မှု ရလဒ်သာ ဖြစ်ကြောင်း အတိအလင်း ဟောကြားထားပြီးဖြစ်သည်။

တစုံတယောက်သည် ပြူမူဆောင်ရွက်ရာတွင် စိတ်ကောင်းစေတနာ ထားရှိမှု အပေါ်၌ ကောင်းသောအကျိုးပေးမည်ဖြစ်ပြီး၊ စိတ်စေတနာ မကောင်းလျှင် မကောင်းသလို တန်ပြန် အကျိုးပေးမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ဤသို့သော ကောင်းကျိုးပေးပုံ၊ မကောင်းကျိုး ပေးပုံတို့ကို စာပေမှာ၎င်း၊ ဆရာတော်ကြီးများ၏ ဟောပြောမှုများတွင်၎င်း၊ ကိုယ်တွေ့အရ၄င်း၊ အခြားသူများ၏ဖြစ်ရပ်များကို တွေ့မြင်ကြားသိ၍၄င်း၊ မကြာခဏဆိုသလို ကြားဖူး ကြုံဖူးကြမည်ဖြစ်ပါသည်။

တခါက တရားတော်တခုတွင် အောက်ပါအတိုင်း ကြားနာဖူးခဲ့ရပါ၏။
အခါတပါး၌ မုဆိုးကြီးတဦးသည် မိမိ၏ ခွေးများနှင့် တောထဲတွင် အမဲလိုက်ရန် သွားခဲ့သည်။ လမ်းခရီး၌ ရဟန်းတော်တပါးကို မုဆိုးကြီး တွေ့ခဲ့ရသည်။ ထိုနေ့က မုဆိုးကြီး အမဲသားကောင် မရခဲ့ပေ။ မုဆိုးကြီး စိတ်၌ လမ်းခရီးတွင် ရဟန်းတော်နှင့်တွေ့ခဲ့ရ၍ ကံမကောင်း၊ လာဘ်တိတ်သည်-ဟု ခံယူခဲ့သည်။ မုဆိုးသည် လာလမ်းအတိုင်း အိမ်ပြန်ခဲ့ရာ ထိုရဟန်းကိုပင် ထပ်မံတွေ့ပြန်သည်။ ထိုအခါ အမဲမရ၍ ဒေါသဖြစ်နေသော မုဆိုးသည် သူ၏ ခွေးများအား ရဟန်းတော်ကို ကိုက်သတ်ရန် စေခိုင်းလေသည်။ ခွေးများက ဟောင်၍ ကိုက်ကြလေသည်။ ရဟန်းတော်သည် တောင်းပန်၍ မရသည့်အဆုံး၌ နီးရာသစ်ပင်ပေါ်သို့ တက်ပြေးရသည်။

မုဆိုးသည် သူ၏ မြားချွန်များဖြင့် ရဟန်း၏ခြေဖ၀ါးတို့ကို ထိုးလေသည်။ ရဟန်းတော်သည် နာကျင်လွန်း၍ ရုန်းကန်ရာ သူ၏ ၀တ်ရုံသင်္ကန်း လွတ်ကျသွားသည်။ အပေါ်မှကျသော သင်္ကန်းသည် မုဆိုးကိုယ်ပေါ်သို့ လွှမ်းခြုံသွားလေသည်။ ထိုအခါ အောက်မှစောင့်နေကြသော ခွေးတို့သည် သင်္ကန်းဝတ်ရုံနှင့် ထွေးလုံးနေသော မုဆိုးကို ရဟန်းကျလာသည်အထင်နှင့် ၀ိုင်းဝန်းကိုက်သတ်လိုက်ကြလေသည်။ ဤသည်မှာ မြတ်စွာဘုရား လက်ထက်တော်က သူတပါးအပေါ် ရက်စက်လိုသော မကောင်းသော စိတ်အကြံရှိသူတယောက် မျက်မှောက်ဘ၀မှာပင် အကုသိုလ်အကျိုးခံစားရပုံဝတ္ထု ဖြစ်ပါသည်။

ဤသို့သော အကျိုးပေးပုံတို့သည် ဟိုတုန်းအခါနှင့် ယခုကာလမှာပါ ဖြစ်တတ် ရှိတတ်ကြပါသည်။ ယခုကာလ၏ ထိုသို့ ချက်ချင်းလက်ငင်း အကျိုးပေးပုံကို တင်ပြပါမည်။
အမ်းမြစ်သည် ရခိုင်ရိုးမမှ မြစ်ဖျားခံ၍ အမ်းမြစ်ကို ဖြတ်သန်းကာ အရှေ့မှ အနောက်သို့ စီးဆင်းပါသည်။ ထိုမြစ်၏ တဖက်တချက်တွင် ရွာများရှိပါသည်။ မိုးရာသီတွင် ရိုးမပေါ်မှ စီဆင်းသော ရေစီးအားသည် ပြင်းထန်တတ်ပါသည်။ နွေရာသီတွင် ရေနည်း၍ တချို့နေရာများတွင် ရေစီးအား ကောင်းသော်လည်း တချို့နေရာများတွင်မူ ရေစီးအား နည်းတတ်ပါသည်။

တနေ့သောအခါတွင် ဂျီ(ချေ)တကောင်သည် အမ်းမြစ်၌ ကူးနေသည်ကို တွေ့ကြရသည်။ ထိုဂျီ(ချေ)သည် ရေစီးနှင့် မျောလာခြင်းလား၊ သူ့သဘောနှင့်သူ ကူးနေခြင်းလားကိုတော့ မည်သူမျှ ခွဲခြားမသိနိုင်ပါ။ မည်သို့ပင်ဖြစ်စေ ထိုချေသတ္တ၀ါသည် ရေလယ်တွင် ခြေကုန်လက်ပန်းကျနေတော့သည်။ လူအချို့က သို့လောသို့လော ဝေဖန်နေကြစဉ် လူတဦးသည် လှေတစင်းဖြင့် မြစ်လယ်သို့ လှော်သွားကာ ခြေကုန်လက်ပန်းကျ၍ အကာအကွယ်မဲ့နေသော ထိုဂျီ(ချေ)ကို ရိုက်သတ်လိုက်လေသည်။ ထို့နောက် အသားပေါ်ပြီး တချို့ကိုစား၍ တချို့ကို ရောင်းချလိုက်လေသည်။

တောထဲမှ သားကောင်တကောင်ကို လွယ်လွယ်နှင့်ရရန် ခဲယဉ်းပါသည်။ သူသည် အလွယ်တကူ ရရှိလိုက်သော ချေသားကို စားလည်းစားရ ရောင်း၍လည်း ငွေရသဖြင့် လွန်စွာမှ ပျော်ရွှင်ခဲ့လေသည်။ သို့သော် ထိုသူ၏ ပျော်ရွှင်မှုတို့သည် နောက်တရက်ကိုပင် မကူးခဲ့ဘဲ ထိုညဥ့်သန်းခေါင်အချိန်တွင် ရန်စရှိခဲ့သူတဦး လာရောက် ကလဲ့စားချေ၍ သေဆုံးခဲ့ရလေသည်။

ရေလယ်တွင် ဒုက္ခရောက်နေသော ဂျီ(ချေ)ကို သူရက်စက်စွာ သတ်ဖြတ်ခဲ့၏။ ထို့အတွက် တန်ပြန်ခံရသော အကုသိုလ်ကား အသက်ချင်းလဲ၍ ပေးဆပ်ခဲ့ရ၏။ ကြောက်စရာကောင်းလေစွ။
တိရစ္ဆာန်တကောင်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြောင့် ချက်ချင်း အကုသိုလ်ကံထိုက်၍ တညပင် မကူးဘဲ မိမိအသက်နှင့် ပေးဆပ်ခဲ့ရသူတယောက်အကြောင်းသည် ထိုဒေသမှ လူများအတွက် သတိသံဝေဂ ရစရာပင်ဖြစ်ခဲ့လေသည်။

( ဇံဝင်း )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇွန်လ )


Read more...

ပုံပြင် ( ၂၅ )

( ထင်းထမ်း မင်းသုဘဒ္ဒ )

ဗာရာဏသီပြည်သား ထင်းထမ်းသမား သုဘဒ္ဒသည် ထင်းထမ်း၍ ရောင်ချ အသက်မွေးရသည်။ သူသည် ထင်းထမ်း၍ သွားလာနေရင်း ပါးစပ်ကိုမထား။ ဘုရားဂုဏ်တော်များကို ရွတ်ဆိုနေလေ့ရှိသည်။ သူသည် နမော တဿ နှင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တို့ကို ထပ်တလဲလဲရွတ်ဆိုရင်း ထင်းရောင်း၏။ တနေ့သ၌ ထင်းခွေသွားရာ ပင်ပန်း၍ သစ်ပင်အောက်၌ နားနေစဉ် နမော တဿ ဘုရားရှိခိုးနှင့် သရဏဂုံပါဠိကို ရွတ်ဆိုနှလုံးသွင်းနေ၏။ ထိုအခိုက် သိကြားမင်းသည် ပုဏ္ဏားအသွင်ဖြင့်လာ၍-အမောင် ဘာကိုရွတ်ဆိုနေသနည်း-ဟုမေးရာ ဘုရားဂုဏ်တော်ကို ရွတ်ဆိုနေပါသည်။ အသင်ကား မည်သူပါနည်း-ဟု သုဘဒ္ဒက ပြန်မေး၏။ သိကြားမင်းသည်လည်း ပုဏ္ဏားအသွင်ဖျောက်၍ မူလပကတိအသွင်ဖြင့် -အမောင် ငါကား သိကြားမင်းဖြစ်သည်။ အမောင့်ကို မ,မည်။ အမောင် အဘယ်ကို လိုသနည်း-ဟု မေးလေ၏။

သုဘဒ္ဒ ထင်းသည်က အကျွန်ုပ် ဗာရာဏသီပြည်၌ မင်းဖြစ်လိုပါသည်-ဟု ဆို၏။ သိကြားမင်းက ကောင်းပြီ၊ သင်သည် ဘုရားဂုဏ်,တရားဂုဏ်ကို အမြဲရွတ်ဆို ပွားများနေသူဖြစ်၍ မင်းအဖြစ်နှင့် ထိုက်တန်၏။ ငါသည် မင်းအဖြစ်ဆုကို သင့်အားပေး၏။ သင်သည် အဘယ်မျှကြာအောင် မင်းဖြစ်လိုသနည်း-ဟုမေးလျှင် သုဘဒ္ဒက တသက်ပန်ပင် မင်းဖြစ်လိုပါသည်-ဟုဆို၏။ သိကြားမင်းက တသက်ပန် မင်းအဖြစ်ကို ငါမပေးနိုင်-ဟုဆိုသော် နှစ်ငါးဆယ်မျှ ပေးပါ-ဟုတောင်း၏။ နှစ်ငါးဆယ်လည်း မပေးနိုင်ဟုဆို၍ နှစ်ဆယ့်ငါးနှစ်၊ ဆယ်နှစ်၊ ငါးနှစ်၊ တနှစ် စသည် တဖြည်းဖြည်းလျှော့လာရာ နောက်ဆုံး တနေ့နှင့်တညဥ့် မင်းအဖြစ်သာ ရလေ၏။



သုဘဒ္ဒသည် တနေ့နှင့်နညဥ့် မင်းအဖြစ်သာရ၍ စိတ်ညစ်ညစ်ဖြင့် ဤသစ်ပင်အောက်မှာပင် ဘုရားရှိခိုး၍ အိပ်လိုက်သည်။ ထိုအချိန်မှာပင် ဗာရာဏသီပြည်တွင် မင်းလစ်လပ်၍ ဖုဿရထား စေလွှတ်ပြီး မင်းလောင်းရှာလေသည်။ ဖုဿရထားသည် သစ်ပင်အောက်၌ အိပ်နေသော သုဘဒ္ဒ၏ ခြေရင်း၌ ဆိုက်လေ၏။ သုဘဒ္ဒသည် အိပ်ရာမှထ၍ အကြောင်းစုံ မေးသည်။ ပုရောဟိတ်တို့သည် လက္ခဏာကြီးငယ်ကိုကြည့်၍ ဤသူသည် ပြည်ကြီး အစီးအပွားကို ဆောင်နိုင်မည့်သူတည်း-ဟု ဆို၍ မင်းမြောက်တန်ဆာတို့ကို ဆင်ယင်လျက် တိုင်းပြည်သို့ ဆောင်ကာ မင်းမြှောက်ကြလေ၏။



သုဘဒ္ဒသည် တနေ့နှင့် တညဥ့်သာ မင်းဖြစ်ရမည့်သူဖြစ်သည်-ဟု စဉ်းစားလျက် ဘဏ္ဍာတိုက်မှ ရတနာတို့ကို ထုတ်ကာ စိတ်ရှိသမျှ လှူဒါန်းလေ၏။ ထမင်းဟင်းတို့ကို များစွာချက်စေ၍ လာသမျှတို့အား ကျွေးမွေးလေ၏။ အ၀တ်တန်ဆာတို့ကိုလည်း များစွာ လှူဒါန်းပေးကမ်း၏။ တနေ့လုံး လှူဒါန်း၍ာနေပိုင်းတွင် နတ်တို့ကို အမျှဝေ၏။



ထိုအခါ မြို့စောင့်နတ်တို့သည် သာဓုခေါ်၍ သုဘဒ္ဒမင်းအား အလွန်နှစ်သက်သည်ဖြစ်၍ သိကြားမင်းထံသွားကာ သုဘဒ္ဒအား တသက်ပန် မင်းအဖြစ်ကိုပေးရန် တောင်းပန်ကြကုန်၏။ ထိုအခါ သိကြားမင်းက နတ်တို့အလိုသို့လိုက်၍ သုဘဒ္ဒအား တသက်ပန် မင်းအဖြစ် တည်စေသော်-ဟု အခွင့်ပေးလိုက်သည်။ သုဘဒ္ဒသည်လည်း ဗာရာဏသီမင်းအဖြစ် တသက်ပတ်လုံး တည်လေသတည်း။


( ဤကား -ဗုဒ္ဓါနုဿတိ ဘာဝနာတွင် ဒါနအကျိုး ထပ်လောင်း၍ ကောင်းမှုကုသိုလ် ဆက်လက်ကာ တသက်ပန် မင်းဖြစ်ရသော ထင်းထမ်း မင်းသုဘဒ္ဒ၀တ္ထု ဖြစ်ပါသတည်း။

( လင်္ကာသာရ )
********************************************************************************

( စေတနာ မပြတ်သူ )

ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အခါက ဖြစ်သည်။ ယင်းသာဝတ္ထိပြည်တွင် နေထိုင်သည့် အာဂန္တုက အပုတ္တက အမည်နှစ်မျိုးရသော သူဌေးကြီး ကွယ်လွန်လေသည်။ ထိုသူဌေးတွင် အမွေဆက်ခံမည့်သူ မရှိပေ။ ထို့ကြောင့် သူဌေးပိုင် ဥစ္စာပစ္စည်းများကို ဘုရင့်ဘဏ္ဍာအဖြစ် သာဝတ္ထိပြည့်ရှင် ဘုရင်ပသေနဒီ ကောသလမင်းကြီးက သိမ်းယူရသည်။ ဥစ္စာပစ္စည်းများမှာ များလွန်းသဖြင့် ခုနစ်ရက်တိုင်အောင်ပင် သယ်ယူရသည်။

ထိုသို့ သယ်ယူသိမ်းဆည်းပြီးနောက် မင်းကြီးသည် မြတ်စွာဘုရားထံသို့သွား၍ ရိုသေစွာရှိခိုးပြီးလျှင်- ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား၊ အာဂန္တုက အပုတ္တက သူဌေးသည် ဥစ္စာပစ္စည်း ပေါများပါလျက် ဘုရား ရဟန်းတို့အားလည်း လှူဒါန်းပူဇော်ခြင်း မရှိ၊ သူတောင်းစားတို့အားလည်း ပေးကမ်းခြင်း မရှိ၊ မိမိကိုယ်တိုင်လည်း သုံးဆောင်ခြင်း မပြုဘဲ သိမ်းဆည်းစောင့်ရှောက်၍သာ နေသွားပါသည်။ အဘယ်သို့သောကုသိုလ်ကို ပြုသောကြောင့် ချမ်းသာရပါသနည်း၊ အဘယ်သို့သော စေတနာကြောင့် သုံးဆောင်ခြင်းငှါ မထိုက်ပါသနည်း-ဟု မေးလျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားက ပြန်လည်ဖြေကြားတော်မူသည်မှာ-

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်တွင် သူကြွယ်တဦးရှိလေသည်။ တနေ့တွင် ထိုသူကြွယ်သည် ဘုရင့်နန်းတော်သို့လာစဉ် လမ်းခရီး၌ ပစ္စေကဗုဒ္ဓါတပါးကို တွေ့ရသည်။ ထိုအခါ လှူလိုသော စိတ်စေတနာ ပေါ်ပေါက်လာသဖြင့် မိမိအဖော် တပည့်အား-ဤအရှင်မြတ်ကို အိမ်သို့ပင့်သွားပြီး ဆွမ်း-ခဲဖွယ်-ဘောဇဉ်တို့ကို လှူဒါန်းရမည်-ဟု မှာကြားကာ အိမ်သို့ပြန်လွှတ်လိုက်သည်။

သူကြွယ်၏တပည့်လည်း အိမ်သို့ရောက်သော် သူကြွယ်မှာသည့်အတိုင်း သူကြွယ်မအား ပြောကြားသည်။ သူကြွယ်မလည်း သဒ္ဓါထက်သန်ရင်းရှိသော မိန်းမဖြစ်သည့်အားလျော်စွာ ကောင်းမွန်မြိန်မြတ်သော ခဲဘွယ်ဘောဇဉ်တို့ကို သပိတ်အပြည့် ဆက်ကပ်လှူဒါန်းလိုက်လေသည်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း ပြန်ကြွခဲ့ရာ လမ်းခရီးတွင် သူကြွယ်နှင့် ပြန်ဆုံသည်။ ထိုအခါ သူကြွယ်က အရှင်ဘုရား-ဆွမ်းရခဲ့ပါ၏လော-ဟု မေးလျှောက်သည်။ ထို့နောက် သပိတ်ကိုလည်း ဖွင့်၍ကြည့်သည်။ ထိုအခါ ဤဆွမ်းကို ငါ၏အမှုလုပ်တို့အား ကျွေးမွေးပြီး စေခိုင်းရမူ ငါ့အား စီးပွားဥစ္စာတိုးတက်ရာ၏။ ဤပုဂ္ဂိုလ်အား ပေးကမ်းရခြင်းသည် အကျိုးမဲ့လေပြီ-ဟု တွေးတောကာ လွန်စွာနှမြောစိတ်ဖြင့် အပရစေတနာ တွန့်တိုမိခဲ့လေသည်။

ထိုသူကြွယ်သည် ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူလိုသော ပုဗ္ဗစေတနာအစွမ်းကြောင့် နတ်ပြည်၌ ခုနစ်ကြိမ်၊ ဤသာဝတိံ္ထပြည်၌ သူဌေး ခုနစ်ကြိမ်၊ ဖြစ်ခဲ့သည်။ လှူပြီးနောက် အပရစေတနာ တွန့်တိုမိသောကြောင့် မိမိဥစ္စာကို မိမိကိုယ်တိုင်လည်း မသုံးဆောင်နိုင်၊ သူတပါးတို့အားလည်း လှူဒါန်းပေးကမ်းခြင်းကို မပြုနိုင်ဘဲ သိမ်းဆည်းစောင့်ရှောက်၍သာ နေရခြင်းဖြစ်လေသည်-ဟု ဟောပြတော်မူခဲ့လေသည်။
အကိုး။ ။ ဓမ္မပဒ အဋ္ဌကထာ။

( မောင်အောင်ဝင်း-ထူးကြီး )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇွန်လ )


Read more...

အဓိပတိပစ္စည်း - ၃ (က)

၁၃၅၃-ခု၊ ဝါခေါင်လပြည့်နေ့၊ နေ့လည်မှာ ဟောကြားရမည့် တရားတော်ကတော့ အဓိပတိပစ္စည်းတရား ဖြစ်တယ်။ ပစ္စယနိဒ္ဒေသ ပါဋ္ဌိတော်လာ အဓိပတိပစ္စည်းတရား ဖြစ်တယ်။ အဓိအတိပစ္စည်းဆိုတာ အကြီးအမှူးအားဖြင့် ကျေးဇူးပြုတတ်တဲ့တရား ဖြစ်တယ်။ ဣန္ဒြိယကလည်း အစိုးရသောအားဖြင့် အကြီးအမှူးပြုပြီးတော့ ကျေးဇူးပြုတတ်တဲ့တရား ဖြစ်တယ်။

ဘယ်လိုများ ထူးခြားပါသလဲ ... အဓိပတိပစ္စည်း၏ ကျေးဇူးပြုပုံက စကြာမင်းကြီး အစိုးရပုံနှင့် တူပေတယ်။ စကြာမင်းကြီး၏ လေးကျွန်းတစ်မြင့်မိုရ်၌ တစ်ပါးသော မင်းတို့၏ အုပ်စိုးမှု အစွမ်းသတ္တိများကို တားမြစ်၍ မိမိတစ်ဦးတည်း အုပ်စိုးမှု အစွမ်းသတ္တိဖြင့် ပုဂ္ဂိုလ်သတ္တဝါတွေ အကျိုးများအောင် ကျေးဇူးပြုတယ်။ အဲဒီလိုပါပဲ။ အဓိပတိပစ္စည်းရဲ့ ကျေးဇူးပြုတာကလည်း တစ်ပါးသော ပစ္စည်းတို့ရဲ့ အစွမ်းသတ္တိတွေကို တားမြစ်ပြီးတော့ သူတစ်ဦးတည်းကျေးဇူးပြုတယ်။

ဣန္ဒြိယပစ္စည်း ကျေးဇူးပြုတာကတော့ ဒီလိုမဟုတ်ဘူး။ သူ့ဌာနအားလျော်စွာ ကျေးဇူးပြုတာပဲ။ ပဒေသရာဇ်၊ ဧကရာဇ်တွေလို သူရဲ့ ပိုင်ဆိုင်တဲ့ နေရာဌာနမှာသာ ကျေးဇူးပြုနိုင်တယ်။ အဓိပတိပစ္စည်း၏ ကျေးဇူးပြုပုံနှင့် ဣန္ဒြိယပစ္စည်း၏ ကျေးဇူးပြုပုံတို့သည် ဤကဲ့သို့ ကွာခြားပါတယ်။

ဆောင်ပုဒ်။ ။ စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ အုပ်စိုးဘိ၊ အဓိပတိခေါ်။
ဖြစ်စေတည်စေ၊ ဤနှစ်ထွေ၊ ခေါ်လေကျေးဇူးပြု။

အဓိပတိပစ္စည်းကို ဟောကြားတဲ့ နေရာမှာ ပထမ မြတ်စွာဘုရား ဟောကြားတော်မူတဲ့အတိုင်း အဓိပတိပစ္စည်းရဲ့ ပါဠိတော်နဲ့ အနက်နဲ့ မြတ်စွာဘုရားကို ပူဇော်သောအားဖြင့် ဟောပါမယ်။ ဒုတိယ အဓိပတိပစ္စည်းတွေ တရားနာပရိသတ်ရဲ့ သန္တာန်မျာ ဖြစ်ပေါ်နေပုံ၊ တတိယ အဓိပတိပစ္စည်း ပစ္စယုပ္ပန်တရားများကို ဝိပဿနာရှုပုံ (၃)ဆင့် ဟောကြားပါမယ်။

အဓိပတိပစ္စယောတိ -
ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီရိယဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဆန္ဒာဓိပတိ = ဆန္ဒဟုဆိုအပ်သော အဓိပတိသည် ဆန္ဒသမ္ပယုတ္တကာနံ = ဆန္ဒနှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ = စိတ်စေတသိက်တို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ = ထိုဆန္ဒ ဆန္ဒနှင့် ယှဉ်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနဉ္စ = သာဓိပတိ စိတ္တဇရုပ်တို့အားလည်းကောင်း၊ အဓိပတိပစ္စယေန = သဟဇာတာဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။

ဝီရိယာဓိပတိ = ဝီရိယဟုဆိုအပ်သော အဓိပတိသည်၊ ဝီရိယ သမ္ပယုတ္တကာနံ = ဝီရိယနှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ = စိတ်စေတသိက်တို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ = ထိုဝီရိယ ဝီရိယနှင့် ယှဉ်ကုန်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနဉ္စ = သာဓိပတိ စိတ္တဇရုပ်တို့အားလည်းကောင်း၊ အဓိပတိပစ္စယေန = သဟဇာတာဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။

စိတ္တာဓိပတိ = စိတ္တဟုဆိုအပ်သော အဓိပတိသည်၊ စိတ္တသမ္ပယုတ္တကာနံ = စိတ်နှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ = စိတ်စေတသိက်တို့အားလည်းကောင်း၊ တံ သမုဋ္ဌာနာနံ = ထိုစိတ္တ စိတ္တနှင့် ယှဉ်ကုန်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနဉ္စ = သာဓိပတိ စိတ္တဇရုပ်တို့အားလည်းကောင်း၊ အဓိပတိပစ္စယေန = သဟဇာတာဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏ ။

ဝီမံသာဓိပတိ = ဝီမံသဟုဆိုအပ်သော အဓိပတိသည်၊ ဝီမံသသမ္ပယုတ္တကာနံ = ဝီမံသနှင့်ယှဉ်ကုန်သော၊
ဓမ္မာနဉ္စ = စိတ်စေတသိက်တို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ = ထိုဝီမံသ ဝီမံသနှင့် ယှဉ်ကုန်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနဉ္စ = သာဓိပတိ စိတ္တဇရုပ်တို့အားလည်းကောင်း၊ အဓိပတိပစ္စယေန = သဟဇာတာဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။

ယံ ယံ ဓမ္မံ = အကြင် အကြင်သို့သော သဘောရှိသော အာရုံ(၆)ပါး ပစ္စည်းတရားကို၊ ဂရုံ ကတွာ = အလေးပြု၍၊ ယေ ယေဓမ္မာ = အကြင် အကြင်သို့သော သဘောရှိကုန်သော၊ စိတ္တစေတသိကာ = စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ = နာမက္ခန္ဓာတရားတို့သည်၊ ဥပဇ္ဇန္တိ = ဖြစ်ကုန်၏ ။ တေ တေ ဓမ္မာ = ထိုထိုသို့သော အာရုံ(၆)ပါး ပစ္စည်းတို့သည်၊ တေသံ တေသံ ဓမ္မာနံ = ထိုထိုသို့သော သဘောရှိကုန်သော အာရမ္မဏိက ပစ္စယုပ္ပန်တရားတို့အား၊ အဓိပတိပစ္စယေန = အာရမ္မဏာဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏၊ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ...။
သာဓု ... သာဓု ... သာဓု ။

ပစ္စည်း = အာရမ္မဏာဓိပတိ, သဟဇာတာဓိပတိ ဟူ၍ (၂)ပါး ရှိ၏ ။

(၁) အာရမ္မဏာဓိပတိ = အလေးအမြတ် ပြုအပ်သည့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော နိပ္ဖန္နရုပ် ၁၈-ပါး, ဒေါသမူဒွေ, မောဟမူဒွေ, ဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သော စိတ် ၈၄-ပါး, ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ, ဝိစိကိစ္ဆ ကြဉ်သော စေတသိက် ၄၇-ပါး၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်၊ ဤအာရုံ(၆)ပါး တရားတို့ကို အာရမ္မဏာဓိပတိပစ္စည်းဟု ခေါ်၏ ။

ပစ္စယုပ္ပန် = အလေးအမြတ်ပြုတတ်သော လောဘမူစိတ် ၈-ပါး၊ မဟာကုသိုလ်စိတ် ၈-ပါး၊ မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄-ပါး၊ လောကုတ္တရာစိတ် ၈-ပါး၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ, ဝိစိကိစ္ဆာ, အပ္ပမညာ ကြဉ်သော စေတသိက် ၄၅-ပါး၊ ဤတရားတို့ကို အာရမ္မဏာဓိပတိပစ္စည်း၏ အကျိုးပစ္စယုပ္ပန်ဟု ခေါ်၏ ။

(၂) သဟဇာတာဓိပတိ = ဒွိဟိတ်ဇော၊ တိဟိတ်ဇော ၅၂-ပါးနှင့် ၎င်းတို့၌ ယှဉ်ကြသော ဆန္ဒ, ဝီရိယ, ဝီမံသ (ပညာ) ဟူသော အဓိပတိတရားကိုယ်။

ပစ္စယုပ္ပန် = အဓိပတိတရားကိုယ် ကြဉ်သော သာဓိပတိဇော ၅၂-ပါး၊ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ၅၁-ပါး၊ သာဓိပတိစိတ္တဗဇရုပ်။ ဤတရားတို့ကို သဟဇာတာဓိပတိပစ္စည်း၏ အကျိုးပစ္စယုပ္ပန် ဟု ခေါ်၏ ။

ပစ္စယသတ္တိ = စကြာဝတေးမင်းသည် အထွတ်အထိပ် အချူပ်အချာ အာဏာတန်ခိုးဖြင့်၊ တစ်ပါးသူတို့၏ ကြီးစိုးခြင်းကို တားမြစ်၍ နိုင်ငံသားအပေါင်းတို့အား မိမိအလိုသို့ လိုက်ပါစေကာ အကြီးအကဲဖြစ်ဖြင့် အစိုးရသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား မိမိအလိုသို့ လိုက်စေ၍ ရှေ့ဆောင်အကြီးအကဲ အဖြစ်ဖြင့် ကျေးဇူးပြုမှုကို အဓိပတိပစ္စယသတ္တိဟု ခေါ်၏ ။

သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်

နိပ္ဖန္နရုပ် ၁၈-ပါးကို ဟေတုပစ္စည်း - ၁(က) ၌ ရှင်းပြီးပါပြီ။ ထပ်ရှင်းပါအုံးမယ်။

နိပ္ဖန္နရုပ် ၁၈-ပါးကို ဝေဖန်ခြင်း

မဟာဘူတ (ဝါ) ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး (ပထဝီ,တေဇော,ဝါယောတို့မှာ မဟာဘုတ်၌ပါပြီး)၊ ဘာဝရုပ် ၂-ပါး၊ ဟဒယဝတ္ထုရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါးတို့ဟာ နိပ္ဖန္န-စသော အမည်များ ရကြပါတယ်။

(၁) သဘာဝရုပ် = နိပ္ဖန္နရုပ် ၁၈-ပါးကား ကက္ခဠ (ခက်မာခြင်း) စသော မိမိတို့၏ သဘောအားဖြင့် ရအပ်သောကြောင့် သဘာဝရုပ် မည်ပါတယ်။

(၂) သလက္ခဏာရုပ် = အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ-ဟူသော လက္ခဏာတို့နှင့်တကွ ဖြစ်သောကြောင့် သလက္ခဏာရုပ် မည်၏ ။

(၃) နိပ္ဖန္နရုပ် = ကံ၊ စိတ်၊ ဥတု၊ အဟာရ-ဟူသော အကြောင်းတရား ၄-ပါးတို့သည် ဖြစ်စေအပ်, ပြီးစေအပ်သောကြောင့် နိပ္ဖန္နရုပ် မည်ပါတယ်။

(၄) ရူပရုပ် = အပူ, အအေး-စသော ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့် ဖြစ်ပေါ် ဖောက်ပြန်တတ်သောကြောင့် ရူပရုပ် မည်ပါတယ်။

(၅) သမ္မသနရုပ် = အနိစ္စ, ဒုက္ခ, အနတ္တ-ဟူသော လက္ခဏာယာဉ် ၃-ပါးသို့ တင်ကာ သုံးသပ်ခြင်းငှာ ထိုက်သောကြောင့် သမ္မာသနရုပ် မည်ပါတယ်။

ကျန်ရုပ် ၁၀-ပါးတို့ကား အသဘာဝရုပ်, အလက္ခဏာရုပ်, အရူပရုပ်, အသမ္မသနရုပ်များ ဖြစ်ကြပါတယ်။

အဓိပတိနှင့် ပတ်သက်၍ အယူအဆ (အရကောက်ပုံ)

ဆန္ဒာဓိပတိက "ငါပစ္စည်းအနေနဲ့ ဗိုလ်လုပ်မည်၊ မင်းတို့ကျန် ၃-ပါးက ပစ္စယုပ္ပန် အနေနဲ့ နောက်လိုက်ကြ" ဟုဆိုလျှင် ဘယ်အဓိပတိကမှ လက်ခံမှာ မဟုတ်သည့် အတွက်ကြောင့် 'ကုသလာဓိပတိ' အရ ကောက်ရာ၌် "စိတ္တက္ခဏ တစ်ခုတစ်ခု၌ ရှိသော အဓိပတိတရားကိုယ် ၃-ပါး, ၄-ပါးတို့တွင် တပါးပါး" ဟု ကောက်ရပါတယ်။ မိမိကိုယ်ကို ပြန်ပြီး အဓိပတိ ကိစ္စနှင့် ကျေးဇူးပြုသော တရားမရှိ၍ ပစ္စယုပ္ပန်၌ အဓိပတိတရားကိုယ် ကြဉ်ရပါတယ်။

ကရိုဏ်းအရလည်း "သဟဇာတာဓိပတ္တိ သတ္တိရ၏"ဟု ကောက်ရမည်ဟု- မူလပဋ္ဌာန်းဆရာတော်က ဆိုထားပါတယ်။ သဘာဂပစ္စည်းများ ထောက်ဆပါက လက်ရှိအရကောက်လည်း ကောင်းပါ၏ ။

  • ဟေတူ ဟေတု သမ္ပယုတ္တကာနံ-ဟု ဟောတော်မူသကဲ့သို့ 'အဓီပတိ အဓိပတိ သမ္ပယုတ္တကာနံ'ဟု ဟောတော်မမူဘဲ ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ စသည်ဖြင့် ဟောတော်မူရခြင်း။
ဟိတ်တရားတို့ကား- တပြိုင်နက် တခဏတည်း၌ ဟိတ် ၂-ပါး, ၃-ပါးစသည်ဖြင့် ပစ္စည်းတပ်သကဲ့သို့ အဓိပတိတရားတို့ကား ထိုသို့ မတပ်ကုန်၊ အသီးသီးသာ ပြိုင်ဘက်မရှိ ပစ္စည်းတပ်ကြသောကြောင့် 'အဓီပတိ အဓိပတိ သမ္ပယုတ္တကာနံ'-ဟု မဟောဘဲ ဆန္ဒာဓိပတိ စသည်ဖြင့် အသီးသီး ဟောရပါတယ်။ ( ကောက်-၆၂၆)

ဒီနေရာမှာ ပစ္စယရာသီအကြောင်း အနည်းငယ် တင်ပြချင်ပါတယ်။

ပစ္စယရာသီ = ပစ္စည်းစု ၆-မျိုး

၁။ နာမ်သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်း ၆-ပါး။
နာမ်ဖြစ်၍ နာမ်အားသာလျှင် ကျေးဇူးပြုကြသော ပစ္စည်းတို့သည် အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ-တို့ ဖြစ်ကြ၏ ။

၂။ နာမ်သည် နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်း ၅-ပါး။
နာမ်ဖြစ်၍ နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုကြသော ပစ္စည်းတို့သည် ဟေတု, ဈာန, မဂ္ဂ, ကမ္မ, ဝိပါက-တို့ ဖြစ်ကြ၏ ။

၃။ နာမ်သည် ရုပ်အား ကျေးဇူးပြုသော ပစ္စည်း ၁-ပါး။
နာမ်ဖြစ်၍ ရုပ်အားသာလျှင် ကျေးဇူးပြုသော ပစ္စည်းသည် ပစ္ဆာဇာတ ဖြစ်၏ ။

၎။ ရုပ်သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်း ၁-ပါး။
ရုပ်ဖြစ်၍ နာမ်အားသာလျှင် ကျေးဇူးပြုသော ပစ္စည်းသည် ပုရေဇာတ ဖြစ်၏ ။

၅။ နာမ်, ရုပ်, ပညတ်တို့သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်း ၂-ပါး။
နာမ်, ရုပ်, ပညတ်ဖြစ်၍ နာမ်အားသာလျှင် ကျေးဇူးပြုသော ပစ္စည်းတို့သည် အာရမ္မဏနှင့် ဥပနိဿယ-တို့ ဖြစ်ကြ၏ ။

၆။ နာမ်ရုပ် ၂-ပါးက နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုကြသော ပစ္စည်း ၉-ပါး။
နာမ်ရုပ် နှစ်ပါးစုံ ဖြစ်၍ နာမ်ရုပ် နှစ်ပါးစုံအား ကျေးဇူးပြုကြသော ပစ္စည်းတို့သည် အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတပစ္စည်း-တို့ ဖြစ်ကြ၏ ။
------------
၆။ နာမ်ရုပ် ၂-ပါးက နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုပုံမှာ -

အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ-ဟူသော ပစ္စည်း ၉-ပါးတို့သည် ထိုက်သည့်အားလျော်စွာ ၉ ပစ္စယသတ္တိတို့ဖြင့် နာမ်ရုပ်တို့အား ကျေးဇူးပြုကြကုန်၏ ။ (ဆိုင်ရာပစ္စည်းအလိုက် တစ်ပစ္စည်းခြင်းစီပဲ ရှင်းသွားပါမယ်)

အဓိပတိပစ္စည်း ကျေးဇူးပြုပုံ

ဤတွင် အဓိပတိပစ္စည်းသည် အာရမ္မဏဓိပတိ၊ သဟဇာတဓိပတိ-ဟူ၍ ၂-မျိုး ပြား၏ ။

အာရမ္မဏဓိပတိ-ဟူသည်မှာ သာမာန်အာရုံ, အလေးဂရုပြုအပ်သော အာရုံ ၂-ပါးတို့တွင် အာရုံမပြုလျှင် မနေနိုင်လောက်အောင် စိတ်ကို ဆွဲဆောင်နိုင်သော ဂရုကတ အာရုံမျိုး ဖြစ်၏ ။ ထိုအာရုံသည် စိတ်စေတသိက်တို့အား အာရမ္မဏဓိပတိပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြု၏ ။

သဟဇာတာဓိပတိ - ပစ္စည်း ၄-ပါး (ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသ)တို့သည် တကွဖြစ်ကြကုန်သော နာမ်ရုပ်တို့အား သဟဇာတာဓိပတိပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ ။


အဓိပတိက ၂-မျိုး ရှိပါတယ်။ သဟဇာတာဓိပတိ၊ အာရမ္မဏဓိပတိ-လို့ နှစ်မျိုး ရှိပါတယ်။ သဟဇာတာဓိပတိကိုပဲ ဟောကြားပါမယ်။ အာရမ္မဏာဓိပတိကတော့ အလေးအမြတ်အာရုံပြုတာ။ ဒါတစ်ခုလောက်ပဲ ထူးခြားပါတယ်။ အာရမ္မဏနှင့် ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။ အဓိပတိတရားကိုယ် (၄)ပါးမှာ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသလို့ (၄)ပါး ဖြစ်ပါတယ်။

ဆန္ဒဆိုတာ ဆန္ဒစေတသိက်ပါပဲ။ ဝီရိယဆိုတာလည်း ဝီရိယစေတသိက်ပါပဲ။ စိတ္တဆိုတာ သာဓိပတိဇော ၅၂-ခု၊ ဝီမံသဆိုတာ ပညာစေတသိက်ပဲ ဖြစ်ပါတယ်။

ဆောင်ပုဒ်။ ။ ဆန္ဒာ ဝီရိယ စိတ္တ တစ်ဖြာ၊ ဝီမံသာ၊ လေးဖြာ အဓိပတိ။

ဆန္ဒာဓိပတိ၊ ဝီရိယဓိပတိ၊ စိတ္တဓိပတိ၊ ဝီမံသာဓိပတိ ဤ(၄)မျိုး ဖြစ်ပါတယ်။ ဒီအဓိပတိတရားတွေ ဘယ်ပုဂ္ဂိုလ်တွေသန္တာန်မှာ ဖြစ်တာများသလဲဆိုတော့ ဘုရားလောင်းစသော ပုဂ္ဂိုလ်ထူးတို့၏ သန္တာန်မှာ ဖြစ်တာ များပါတယ်။ အဓိပတိတရား (၄)ပါး ဘုရားလောင်းသန္တာန်မှာ ဖြစ်တာ သိပ်ထင်ရှားပါတယ်။

ဂေါတမမြတ်စွာဘုရား အလောင်းတော်ဟာ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တော်အခါက ဈာန်သမာပတ်တွေရတဲ့ သုမေဓာရသေ့ ဖြစ်တယ်။ အဲဒီ သုမေဓာရသေ့ဘဝတွင် ဒီပင်္ကရာမြတ်စွာဘုရား၏ သာသနာတော်မှာ ဝိပဿနာတရားကို အားထုတ်လိုက်မယ်ဆိုရင် နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းကို ရောက်သွားနိုင်တယ်။ ဒါပေမဲ့ မိမိကဲ့သို့သော အားအစွမ်းနှင့် ပြည့်စုံသောယောက်ျား၊ ဘုရားအဖြစ်ကို ရယူနိုင်တဲ့ ယောက်ျားဖြစ်လျက် တစ်ယောက်တည်း ကူးသွားသဖြင့် ဘာအကျိုးရှိမှာလဲ။ တစ်လောကလုံးမှာ ရှိတဲ့ လူတွေ နတ်တွေ သတ္တဝါတွေကို ကယ်တင်နိုင်ဖို့ရာ ဘုရားအဖြစ်ကို ရအောင် ယူမယ်ဆိုတဲ့ ဆန္ဒ၊ သတ္တဝါတွေကို ကယ်တင်ချင်တဲ့ ဆန္ဒ၊ ဘုရားဖြစ်လိုတဲ့ ဆန္ဒတွေ ထင်ရှားပါတယ်။

ကိံ မေ ဧကေန တိဏ္ဏေန၊ ပုရိသေန ထာမဒဿိနာ။
သဗ္ဗညုတံ ပါပုဏိတွာ၊ သန္တာရေဿံ သဒေဝတံ။

ထာမဒဿိနာ = အားအစွမ်းကို မြင်သော၊ ပုရိသေန = ယောက်ျားမြတ်သည်၊ ဧကေန = တစ်ယောက်ထီးတည်း၊ တိဏ္ဏေန = နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ကူးသွားခြင်းဖြင့်၊ မေ = ငါ့အား၊ ကိံ = အဘယ် အကျိုးရှိအံ့နည်း။ သဗ္ဗညုတံ = သဗ္ဗညုဘုရားအဖြစ်သို့၊ ပါပုဏိတွာ = ရောက်၍၊ သဒေဝကံ = နတ်နှင့်တကွဖြစ်သော လူအပေါင်းကို၊ သန္တာရေဿံ = ကယ်တင်ပေအံ့။ ဣတိ = ဤသို့၊ ဗောဓိသတ္တော = ဘုရားအလောင်းသည်၊ ဥဒါနေသိ = ကောင်းစွာမသွေ ဥဒါန်းကျူးရင့်တော်မူလိုက်ပါပေသတည်း ...။
သာဓု ... သာဓု ... သာဓု ။

မိမိကဲ့သို့သော အားအစွမ်းနှင့် ပြည့်စုံသော ယောက်ျားမြတ် တစ်ယောက်ဖြစ်လျက်။ တစ်ယောက်ထီးတည်း နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ကူးသွားလျှင် ဘာအကျိုးရှိမှာလဲ။ တစ်လောကလုံးမှာရှိတဲ့ လူ၊ နတ်တွေကို၊ သတ္တဝါတွေကို ကယ်တင်သွားမယ်။ ကယ်တင်လိုတဲ့ ဆန္ဒ ထင်ရှားပါတယ်။ ဘုရားအဖြစ်သို့ ရောက်လိုတဲ့ ဆန္ဒ ထင်ရှားပါတယ်။

အဓိပတိ ဖြစ်ပုံ

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အသက်နှင့် ခန္ဓာကိုယ်ကို မငဲ့ညှာပဲ ပါရမီတော်တွေ ဖြည့်ကျင့်ခဲ့တာ အဲဒီဆန္ဒကြောင့်ပါပဲ။ ဒီဆန္ဒကြောင့် ပါရမီ(၁၀)ပါး၊ အပြား(၃၀)ကို ဖြည့်ကျင့်တော်မူနိုင်ခဲ့ပါတယ်။ ဒါနပါရမီအတွက် စီးပွားဥစ္စာရတနာ မင်းစည်းစိမ်တွေကို စွန့်ပြီး ပါရမီတော်တွေ ဖြည့်ခဲ့တယ်။ ကိုယ်မှအပ ဖြစ်တဲ့ ပစ္စည်းဥစ္စာတွေကို စွန့်ပြီးတော့ ပါရမီတော်တွေ ဖြည့်တာက ဒါနပါရမီ။ ခြေ လက်အင်္ဂါ၊ မျက်စိ၊ နား၊ နှာခေါင်း-စတဲ့ အင်္ဂါကြီးငယ်တွေကို လှူဒါန်းပြီး ပါရမီဖြည့်ခဲ့တာက ဒါနဥပပါရမီ။ ကိုယ်နှင့် အသက်ကို လှူဒါန်းခဲ့တာက ဒါနပရမတ္ထပါရမီ။

ဆန္ဒာဓိပတိ ဖြစ်ပုံ

အဲဒီလို ပါရမီ(၁၀)ပါး၊ အပြား(၃၀)ကို ကျင့်နိုင်တာ ဘာကြောင့်လဲဆိုရင် ဆန္ဒကြောင့်ပါပဲ။ သတ္တဝါတွေကို ကယ်တင်ချင်တဲ့ ဆန္ဒကြောင့်ပါပဲ။ ဘုရားဖြစ်လိုတဲ့ ဆန္ဒကြောင့်ပါပဲ။ အဓိပတိ ထိုက်ပါတယ်။ ဆန္ဒာဓိပတိ ဖြစ်ပေတယ်။

စွန့်ခြင်းကြီး(၅)ပါးကလည်း စွန့်ခဲ့ရတယ်။

ဓနပရိစ္စာဂ = မင်းစည်းစိမ်တွေ၊ စီးပွားဥစ္စာတွေ စွန့်ခဲ့ရတယ်။

ပုတ္တပရိစ္စာဂ = သာသမီးတွေကိုလည်း ဘဝများစွာ စွန့်ခဲ့ရတယ်။ စွန့်ပြီးတော့ ထွက်ရပါတယ်။ အဲဒါ ဘာဖြစ်လို့ စွန့်နိုင်တာလဲ .. ဆန္ဒကြောင့် ဘုရားဖြစ်လိုတဲ့ဆန္ဒ၊ သတ္တဝါတွေကို ကယ်တင်လိုတဲ့ ဆန္ဒတို့ကြောင့် စွန့်ခဲ့ရတာ ဖြစ်တယ်။

ဘရိယပရိစ္စာဂ = ဇနီးမယားတွေကိုလည်း စွန့်ခဲ့ရတယ်။ နန်းစည်းစိမ်တွေကိုလည်း စွန်ခဲ့၊ မိဖုရား သားသမီးတွေကိုလည်း စွန့်ခဲ့တယ်။ ဘာကြောင့် စွန့်ခဲ့ရတာလဲ ... ဘုရားဖြစ်ချင်တဲ့ ဆန္ဒကြောင့်၊ ဆန္ဒာဓိပတိကြောင့် စွန့်ခဲ့ရတာဖြစ်တယ်။

အင်္ဂပရိစ္စာဂ = ဘဝပေါင်းများစွာ လက် ခြေ နှာခေါင်းဆိုတဲ့ အင်္ဂါကြီးငယ်တွေကို စွန့်ခဲ့ရတယ်။ ဘုရားဖြစ်လိုတဲ့ ဆန္ဒကြောင့် စွန့်ရပါတယ်။ ဆန္ဒာဓိပတိ ဖြစ်ပေတယ်။

ဇီဝိတပရိစ္စာဂ - အသက်နှင့် ခန္ဓာကိုယ်ကိုလည်း စွန့်ခဲ့ရတယ်။ ဘာကြောင့် စွန့်ရတာလဲ .. ဘုရားဖြစ်လိုတဲ့ဆန္ဒ၊ သတ္တဝါတွေကို ကယ်တင်လိုတဲ့ ဆန္ဒကြောင့် ဖြစ်တယ်။ ဆန္ဒာဓိပတိထိုက်တာ သိပ်ထင်ရှားပါတယ်။ ပါရမီ(၁၀)ပါး၊ အပြား(၃၀)ဖြည့်တာ၊ ကိုယ်အင်္ဂါတွေပါ စွန့်ခဲ့တာ ဘုရားဖြစ်လိုတဲ့ဆန္ဒ၊ သတ္တဝါတွေကို ကယ်တင်လိုတဲ့ ဆန္ဒများကြောင့် စွန့်ခဲ့ရတဲ့အတွက်ကြောင့် ဆန္ဒာဓိပတိ ထိုက်တယ်။

ဝီရိယာဓိပတိ ဖြစ်ပုံ

ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်းမှာ ဗျာဒိတ်ခံပြီးတဲ့ အချိန်က စပြီးတော့ ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်း၌ ဘုရားဖြစ်လိုတာကြောင့် ဝီရိယပါရမီကို ဖြည့်ကျင့်ရပါတယ်။

စိတ္တာဓိပတိ ဖြစ်ပုံ

ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်းမှာ ဗျာဒိတ်ခံပြီးသည်မှ စ၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဘဝါဘဝတွေမှာ ဖြည့်ခဲ့ရတာ နိမ့်ချီမြင့်ချီ၊ နိမ့်ချီမြင့်ချီနဲ့ နိမ့်ကျသွားတဲ့ ဘဝအမျိုးမျိုးတွေလည်း ဖြစ်ခဲ့ဘူးတယ်။ အဲဒီ နိမ့်ကျသွားတဲ့ ဘဝအမျိုးတွေမှာလည်း ဘုရားဖြစ်ချင်တဲ့ စိတ်တွေက မပျောက်သွားပေဘူး။ ဘယ်လောက်ပဲ ဒုက္ခတွေနဲ့ တွေ့ရတွေ့ရ၊ ဘုရားဖြစ်လိုတဲ့ စိတ်က မပျောက်သွားပေဘူး။ စိတ္တာဓိပတိ ထိုက်နေပါတယ်။

မြင့်မြတ်တဲ့ဘဝတွေ ရောက်နေတဲ့အခါ လူစည်းစိမ်၊ နတ်စည်းစိမ်တွေ ခံစားနေရတဲ့အခါမှာလည်း ဣဋ္ဌာရုံတွေနဲ့ တွေ့ရလို့၊ ကောင်းတဲ့ အာရုံတွေနဲ့ ပျော်မွေ့နေရသော်လည်း ဘုရားဖြစ်လိုတဲ့စိတ် မပျောက်သွားပေဘူး။ စွဲမြဲတည်နေတာ စိတ္တာဓိပတိ ထိုက်နေပါတယ်။

ဆက်ရန် ... အဓိပတိ ၃ (ခ) သို့..

Read more...

*အတွေးတို့ စေစားရာ-၁*


မင်္ဂလာပါခင်ဗျာ… 02.07.2009 ကြာသပတေး နေ့ကစလို့ ကျွန်တော် တွေးမိ ဆင်ခြင်မိပြီး ကျွန်တော့်ရဲ့ G-talk, Custom message အနေနဲ့ ရေးတင်မိသမျှ အကြောင်းအရာ လေးများပါ။ ဒီ အကြောင်းအရာ တွေဟာ လူတိုင်းအတွက် အံဝင်ဂွင်ကျ ဖြစ်ချင်မှ ဖြစ်ပေမယ့် တွေးတတ်သူများ ယူနိုင်စေဖို့ မျှဝေလိုက်ပါတယ် ခင်ဗျာ…။

+++++++++++++++++++++++++++++++++++++++++++++

1. "ရေစီးကပဲကြမ်းတာလား၊ ကမ်းပါးကပဲနုတာလား၊ ဟိုမှာတော့သောင်ထွန်း၊ ဒီမှာကျကမ်းပြို၊ အချိန်ကိုတော့တိုလို့တဲ့၊ ခုတော့နေညိုနေပြီလေ။" (02.07.2009, THU) 5.50 PM

2. "ပင်ပန်းလှပါပြီ... တော်သင့်ပါပြီကွယ်" (03.07.2009, FRI) 5.50 AM


3. "လူသားပေါင်း သန်းခြောက်ထောင်၊ တစ်သိန်းတစ်ယောက် ဆိုတော့.. အားပါးပါး ခြောက်သောင်းပဲ ရောက်မှာပါလား..၊ ဒါတောင်လျှော့တွက်ကြည့်တာ" (03.07.2009, FRI) 5.52 AM

4. "မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊ ရေတွက်မဟုတ်ပေ။ ရန်သူဝိုင်းထား၊ ထိုယောကျာ်းကား၊ ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ပေ။" (03.07.2009, FRI) 5.54 AM


5. "ကိုယ့်လုပ်ရပ်တွေက ကိုယ့်တရားကို ပြနေတာပါလားကွယ်တို့" (03.07.2009, FRI) 2.17 PM

6. "သံယောဇဉ်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ၊ ဖြစ်ပြန်ပျက်ပြန် လောကဓံအရှိကို သဘောဉာဏ်မမိတဲ့ နှောင်အိမ်ကြီးပါ။" (03.07.2009, FRI) 4.42 PM


7. "အို... အသင်လူသား... အသင်မနက်ဖြန် သေမယ်ဆိုရင် ဒီနေ့ဘာလုပ်မလဲကွယ့်။" (03.07.2009, FRI) 6.20 PM

8. "ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" (03.07.2009, FRI) 9.31 PM


9. "မတင်းတိမ်နိုင်သော အရာသုံးပါးအား ရှောင်နိုင်ရပါစေသား၊ ရှောင်နိုင်ကြပါစေသား။" (04.07.2009, SAT) 12.13 AM

10. "မသိတော့ မှောက်မှား၏၊ သိတော့ ခြောက်ခြား၏။"


11. "မသိ၍ မှောက်မှား၏၊ အသိမေ့ ဖောက်ပြား၏။ သိတော့ ခြောက်ခြားမိ။"

12. "မသိ၍ မှောက်မှား၏၊ အသိရွေ့ ဖောက်ပြား၏၊ သတိမေ့ ဘယ်လောက်များရှိ၊ သိတော့ ခြောက်ခြားမိ။" (04.07.2009, SAT) 12.26 AM


13. "ကြွက်မတွေ့ခင်တုန်းတော့ သူတော်ကောင်းပေါ့.. ကြွက်လည်းတွေ့ရော.. အင်း... သတိနဲ့ထိန်းမှ" (04.07.2009, SAT) 06.49 PM

14. "သူနားထောင်ချင်လား အကဲခတ်ဦးလေ.. သူနားထောင်မယ်ဆို ပြောပေါ့... သူပြောတာလည်း နားထောင်ပေါ့။" http://maymaelapyaewann.blogspot.com/ (05.07.2009, SUN) 02.05 AM


15. "မသွားမီက ရောက်နှင့်သည်" (05.07.2009, SUN) 12.19 PM

16. "စကားအပြောတော့ ကောင်းပ၊ စကားအကောင်းကျတော့ မပြောဘူး.. တယ်လည်း တတ်နိုင်တဲ့လူတွေ" (05.07.2009, SUN) 12.37 PM


17. "ရယ်ရယ်မောမော ၀င်ကာပြောတော့ လူပေါကြီးလို့ ဆိုပြန်တယ်၊ ရောနှောမ၀င် တည်ပြန်လျှင်လည်း ဘ၀င်မြင့်တယ် ဆိုပြန်တယ်၊ ခေါ်ထူးမေးဖြေ မှန်မှန်နေက ဆိုလေအတင်း ကုတ်ကမြင်းတဲ့" (05.07.2009, SUN) 02.06 PM

18. "ဇနီးမယား၊ သမီးသားနှင့်၊ ရှုက်ကားရှုပ်ယှက်၊ ၀ါးရုံခက်သို့၊ ရုန်းထွက်ရန်ကား ခက်ချေ၏။" (06.07.2009, MON) 04.52 AM


19. "ဤအလုပ်ကား၊ အသေးမွှားဟု၊ ဖောက်ပြားမယ်ကြံ၊ သတိရံ တွန်းလှန်ပယ်ပစ်ပါ။ ကိုယ့်အဆင့်နှင့်၊ ကိုယ့်အကျင့်တို့၊ မတင့်မတယ်၊ မပြုဖွယ် မှတ်နှယ်ဤသို့သာ။" (06.07.2009, MON) 04.59 AM

20. "သမုဒယ အနုအလှ အယုအယမှန်သမျှ ဒုက္ခတွေပါလား" (06.07.2009, MON) 04.37 PM


21. "သင့်လက်ညှိုးနဲ့ လက်မက အများဆုံးခံ နှစ်တစ်ရာပဲလေ၊ အဲဒီတော့ကာ လက်ညှိုးလည်း မထိုးနဲ့၊ လက်မလည်း မထောင်နဲ့။" (06.07.2009, MON) 08.59 PM

22. http://picasaweb.google.com/damapiti/TBSAWasoCeremonyOnJuly52009?authkey=Gv1sRgCIShkdzHzJOYLA&feat=email# ၂၀၀၉ခုနှစ်၊ ဂျူလိုင်လ၊ ၅ရက်၊ တနင်္ဂနွေနေ့၊ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဟပ်ဖ်မွန်းဗေးမြို့ ၊ဓမ္မာနန္ဒ၀ိဟာရ ကျောင်းတိုက်၌ ထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ ၀ါဆိုပွဲတော်မှ ပုံရိပ်မှတ်တမ်းများ။ (06.07.2009, MON) 11.51 PM


23. အချစ်ရှိလျှင် အပြစ်ရှိတတ်သကဲ့သို့ အမုန်းရှိလျှင်လည်း အရှုံးရှိတတ်ပြန်၏။ (06.07.2009, MON) 11.52 PM

24. "ဟုတ်ပါပြီ ဒကာလေး မောင်မောင်ပြည့်စုံ မျှတပါရဲ့လား..." (07.07.2009, TUE) 12.02 AM


25. လှုပ်လီလှုပ်လဲ့ ခန္ဓာယဲ့ အားနွဲ့လှချေပါတကား၊ အားနွဲ့တာကို အချစ်ပို ပြုတ်ကိုကျရမှာပါလား (07.07.2009, TUE) 02.19 AM

26. "ဘယ်သူဘာပြောပြော မလှုပ်နဲ့တဲ့... ဆင်ခြင်ရုံပေါ့..." (07.07.2009, TUE) 02.20 AM


27. ဗဟုသုတ၊ ပြည့်ကြွယ်ဝလျက်၊ သီလဖြူစင်၊ ကျင့်စွမ်းအင်နှင့်၊ ကြည်လင်သမာဓိ၊ အားစွမ်းရှိကာ၊ ဆိတ်ငြိမ်ရာရပ်၊ နေထိုင်တတ်၍၊ ကျင့်မြတ်အာစာ၊ အနာဂါမိ၊ ချမ်းသာပြည့်ပြီ၊ လုံလောက်ပြီဟု၊ ယုံကြည်စိတ်ချ၊ အားမရနဲ့၊ အာသ၀ကုန်၊ မဂ်ဖိုလ်ဘုံနန်း၊ ရဟန္တာစစ်၊ အမှန်ဖြစ်အောင်၊ အားသစ်ကြိုးကုတ်၊ လွန်အားထုတ်လော့။ (07.07.2009, TUE) 02.23 AM

28. "ဓမ္မမောင်နှမတို့.. ဒီတရားလေး နာယူကြပါလို့ တိုက်တွန်းပါရစေ" (ငယ်သေးသကိုး.. ငယ်သေးလည်းသွား.. အပါယ်ကို ရှုပ်မနေနဲ့) (ယမမင်းထံ အစစ်ဆေးခံရပုံနှင့် ငရဲဒုက္ခများအကြောင်း တရားတော်) http://dhammadownload.com/MP3Library/Mogok-Mp3-Ver2/Disc-53/04-MoGokSayaDaw-D53-9-10-1961.mp3 (07.07.2009, TUE) 01.35 PM


29. "အမေရှိခိုးမအိပ်တဲ့သူ ခွေးအသွင်နဲ့တူ၊ ခွေးလိုလူမဖြစ်ချင်က အမေ့ရှိခိုးကြ။" (07.07.2009, TUE) 03.44 PM

30. "ရောက်အောင်ကြိုးစား၊ ရောက်အောင်သွားက၊ ရောက်ကားရောက်ချိမ့်၊ ရောက်ပေလိမ့်။" (07.07.2009, TUE) 03.52 PM


31. "အာရုံနဲ့စိတ် အဆင်ပြေအောင်နေပါ၊ သည်းခံပါ၊ အလွန့်အလွန် သည်းခံပါ။" (07.07.2009, TUE) 03.53 PM

+++++++++++++++++++++++++++++++++++++++++

ဓမ္မမောင်နှမတို့ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။ လိုအပ်တာ လေးတွေ၊ မှားနေတာ လေးတွေ ရှိခဲ့ရင်လည်း ကျွန်တော့်ကို သနားသဖြင့် မထောက်မညှာ ပြုပြင်လို့ သွန်သင်ပေးကြပါ ခင်ဗျာ။


လေးစားစွာဖြင့်
ဖိုးသား

7/7/2009, TUE, 9:44:38 PM

Read more...

ရဟန်းပြုခြင်းနှင့်စပ်ဆိုင်သော မေးခွန်း

မေး။ ။
၁။ ရဟန်းပြုချင်သူသည် ဆွံ့အနေပါက၊ စကားမပီပါက ရဟန်းပြု၍ရပါသလား အရှင်ဘုရား (စကားမပီသည့်အတွက် ပရိတ်တွေကအစ ရွတ်ဖတ်ရာတွင် မပီပါအရှင်ဘုရား)

၂။ ရဟန်းပြုချင်သောလူတစ်ယောက်တွင် B ပိုးတွေ့ရှိနေရာ ထိုသူကို B ပိုးတွေ့ရှိသောကြောင့် ရဟန်းပြုခွင့်ဆုံးရှုံးပါသလား အရှင်ဘုရား။ B ပိုးရောဂါရှိသူသည် B ပိုးကြောင့် သေချင်မှလဲ သေပါတယ်အရှင်ဘုရား...။ B ပိုးကြောင့် မသေပါသော်လည်း B ပိုးသည် တစ်သက်လုံး ထိုသူ၏သွေးထဲတွင်ရှိနေနိုင်ပါတယ် အရှင်ဘုရား။ B ပိုးတွေ့ထားသူမှာ ရိုးရိုးကျန်းမာရေးဆေးစစ်ရာတွင် ဆေးစစ်ချက်အရ အသည်းကအစ အားလုံးကောင်းနေပါတယ် အရှင်ဘုရား။ B ပိုးရှိသူမှာ B ပိုးသာရှိတာပါ။ အတွင်းကလီစာတွေကို ဘာမှမထိခိုက်သေးပါ အရှင်ဘုရား။ (ဆေးစစ်ချက်တွင် အသည်း၊နှလုံး တွေကအစ အားလုံး A ကြီးပဲ ထွက်လာပါတယ် အရှင်ဘုရား)။ B ပိုးရှိသူမှာ သူများတစ်ကာတွေကဲ့သို့ အိပ်နိုင်စားနိုင်ပါတယ်(သူများထက် ပိုစားနိုင်ပါတယ် အရှင်ဘုရား)။ ကျန်းမာနေသည့် လူတစ်ယောက်အတိုင်းပါပဲ အရှင်ဘုရား။ သူ့ကိုယ်သူ B ပိုးရှိတဲ့လူတစ်ယောက်လို့ တောင်မှတ်ယူထားတာမဟုတ်ပါဘူး အရှင်ဘုရား... အရှင်းဆုံးကတော့ စဉ်းကို မစဉ်းစားတာပါအရှင်ဘုရား။ ထိုကဲ့သို့သောလူမျိုးသည် ရောဂါပိုးရှိသောကြောင့် ရဟန်းပြုခွင့် ဆုံးရှုံးပါသလား အရှင်ဘုရား။

၃။ ရဟန်းပြုချင်သူသည် မိဘကခွင့်ပြုမှ ရဟန်းခံလို့ရပါတယ်လို့ တပည့်တော် သိထားပါတယ်အရှင်ဘုရား... ဒါပေမယ့် မိသားစုကိုလုပ်ကျွေးနေသူမှာ အမဖြစ်သောကြောင့် မိဘက သဘောတူပါသော်လည်း အမ သဘောမတူပါက ရဟန်းပြုခွင့် ဆုံးရှုံးပါသလား အရှင်ဘုရား။

တပည့်တော်ကို ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါလို့ လျှော်ထားအပ်ပါတယ် အရှင်ဘုရား..။


အဖြေ။ ။
ဒကာကြီးအမေးကို မဖြေခင် ပါဠိတော်မှာ လာရှိတဲ့ ရဟန်းမခံသင့်တဲ့ အပြစ် သို့မဟုတ် ချို့ယွင်းချက်တွေကို ပြောပြပါရစေ။ ရဟန်းခံတယ်ဆိုတာ ဗုဒ္ဓဘာသာမှာ အလွန်ကို အရေးကြီးတဲ့ ကိစ္စကြီးဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းချက်(ဥပဒေ)တွေက သိပ်များပါတယ်။ ဒါပေမယ့် ဒကာကြီးအမေးနဲ့ သက်ဆိုင်နေတဲ့ အချို့အချက်အလက်တွေကို ခြုံငုံမိအောင် အောက်ပါသတ်မှတ်ချက်လေးတွေကို အရင်ပြောပြရခြင်း ဖြစ်ပါတယ်။ ရဟန်းခံပေးတဲ့နေရာမှာ အောက်ပါ ချို့ယွင်းချက်ရှိတဲ့ ရဟန်းလောင်းကို ရဟန်းခံမပေးသင့်ပါဘူး။ (ရဟန်းခံမပေးသင့်ဆိုတာ ရဟန်းခံလျှင် ရဟန်းမဖြစ်ဟု မဆိုလိုပါ။)။ ချို့ယွင်းချက်ရှိသူကို အပိုင်း (၂) ပိုင်းခွဲခြားပြီး ပြောပါမယ်။

ပထမအပိုင်းအနေနဲ့…
၁။ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သော အနာ (ငါးမျိုး)
၂။ မင်းခစားယောက်ျား
၃။ တံခွန်စိုက် (ထင်ရှား) သော ခိုးသူကြီး
၎။ နှောင်အိမ်ကို ဖျက်ဆီး၍ ထွက်ပြေးသော ခိုးသူ
၅။ တွေ့ရာအရပ်၌ သတ်စေဟု ကြော်ငြာထားအပ်သော ခိုးသူ
၆။ (သံပူကပ်၍) အမှတ်ပြုခြင်း အပြစ်ဒဏ်ခံရသော သူ
၇။ ကြိမ်ဒဏ် အပြစ်ပေးခံရသော သူ
၈။ ကြွေးမြီတင်နေသောသူ
၉။ ကျွန်
၁၀။ အသက်နှစ်ဆယ်မပြည့်သေးသော ပုဂ္ဂိုလ်
၁၁။ အမိအဖတို့ ခွင့်မပြုသော သား
၁၂။ လက်ပြတ်သောသူ
၁၃။ ခြေပြတ်သောသူ
၁၄။ နား ပြတ်သောသူ
၁၅။ နှာခေါင်းပြတ်သောသူ
၁၆။ ခြေချောင်းလက်ချောင်း ပြတ်သောသူ
၁၇။ ခြေမလက်မ ပြတ်သောသူ
၁၈။ အကြောမ ပြတ်သောသူ
၁၉။ ခြေချောင်း လက် ချောင်းပူးနေသောသူ
၂၀။ ကုန်းသောသူ
၂၁။ ပုကွသောသူ
၂၂။ ခြေထိုင်းသောသူ
၂၃။ အနာဆိုးရှိသောသူ
၂၄။ ပရိသတ်ကိုဖျက်ဆီးသောသူ
၂၅။ မျက်စိတစ်ဖက်ကန်းသောသူ
၂၆။ လက်ခြေကောက်သောသူ
၂၇။ ခွင်သောသူ
၂၈။ ဖက်သကပ်နာစွဲ 'ကိုယ်တစ်ခြမ်းသေ'သောသူ
၂၉။ နားပင်းသူ
၃၀။ အိုမင်းမစွမ်းသောသူ
၃၁။ (စကားဆွံ့)အသောသူ
၃၂။ ကန်းလည်းကန်း အလည်းအသောသူတို့ ဖြစ်ပါတယ်။

ဒုတိယပိုင်းအနေနဲ့…
၁။ အမိသတ်သူ
၂။ အဖသတ်သူ
၃။ သံဃာသင်းခွဲသူ
၎။ ရဟန္တာသတ်သူ
၅။ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သူ တို့ဖြစ်ပါတယ်။

အဲဒီလို နှစ်ပိုင်းခွဲပြောရတာက အကြောင်းရှိပါတယ်။ ပထမပိုင်းချို့ယွင်းချက် ရှိသူတွေကို ရဟန်းခံပေးမိလျှင် ရဟန်းခံပေးတဲ့ ရဟန်းတော်မှာ `ဒုက္ကဋ်အာပတ်´အပြစ် ဖြစ်ပါတယ်။ `ဒုက္ကဋ်´ဆိုတာ နားလည်အောင်ပြောရရင် `မသင့်တော်ဘူး၊ မလုပ်ကောင်းဘူး´ဆိုတဲ့ အနေအထားသာ ရှိပါတယ်။ လူတွေ ကဲ့ရဲ့စရာဖြစ်အောင် လုပ်တဲ့အပြုအမူမှန်သမျှ `ဒုက္ကဋ်´အပြစ် ဖြစ်ပါတယ်။ လွန်ကြူးရင်ရတယ်လို့ မဆိုလိုပါ။ သဘောတရားကို ပြောပြခြင်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ချို့ယွင်းချက်များမှာတော့ အဆိုပါ ချို့ယွင်းချက်ရှိသူကို ရဟန်းခံပေးမိလျှင် အသွင်ကို ဖျက်ပစ်ရမည် (သင်္ကန်းချွတ်ပစ်ရမည်)ဟု မိန့်တော်မူသည်။ ဆိုတော့ ပထမပိုင်း ချို့ယွင်းချက်ရှိသူတွေကို ရဟန်းခံပေးတဲ့နေရာမှာ ရဟန်းခံပေးသူမှာသာ အပြစ်ဖြစ်ပြီး ရဟန်းအသစ်ကို `အသွင်ကို ဖျက်ပစ်ရမည် (သင်္ကန်းချွတ်ပစ်ရမည်)´လို့ မဆိုထားပါဘူး။ ဒါက မှတ်သားစရာ အချက်ဖြစ်ပါတယ်။

ဒကာကြီးအမေးနဲ့ ပြန်ပြီး စပ်ဟပ်ကြည့်မယ်ဆိုရင် နံပါတ် (၁) အမေးဖြစ်တဲ့ စကားမပီသသူ သို့မဟုတ် စကားမပြောတတ်သူ ဆွံ့အသူဟာ ဦးဇင်းအထက်မှာရေးခဲ့တဲ့ (၃၁)ခုမြောက် အချက်နဲ့ ငြိနေပါတယ်။ သူ့ကို ရဟန်းခံပေးရင် ရဟန်းတော့ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရဟန်းပြုပေးတဲ့ ဆရာတော်မှာ လူအများကဲ့ရဲ့စရာအပြစ် ဖြစ်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို စကားမပီသူကို ရဟန်းပြုပေးမိလျှင် ထိုပုဂ္ဂိုလ်ရဲ့ အသွင်ကို ဖျက်ပစ်ရမယ် သို့မဟုတ် သင်္ကန်းပြန်ချွတ်ပစ်ရမယ်လို့ မဟောထားပါဘူး။ (ဒါကြောင့် ရဟန်းဖြစ်ပါတယ်။ ရဟန်းဖြစ်ခွင့် လုံးဝမဆုံးရှုံးတယ်လို့ မဆိုနိုင်ပါဘူး)။

တစ်ခု သတိထားသင့်တာကတော့ ရဟန်းဘ၀ဆိုတာ ၀ိနည်းစည်းကမ်းတွေကို ဂရုတစိုက်လေ့လာရင် နေရထိုင်ရအတော်မလွယ်တဲ့ ကိစ္စပါ။ တာဝန်သိတတ်ရင် တာဝန်တွေကလဲ သိပ်ကြီးပါတယ်။ လူတွေ ပေးတာကျွေးတာ စားရတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်စရာ မလိုဘူး။ လူတွေက ကောင်းတာပဲ ကျွေးကျွေး၊ မကောင်းတာပဲ ကျွေးကျွေး အဲဒါကိုပဲ စားရပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် ထမင်းကျန်၊ ဟင်းကျန်လေးတွေ အလှူခံ ဘုဉ်းပေးခဲ့ရတဲ့ အနေအထားတွေတောင် ရှိခဲ့ဖူးပါတယ်။ လူတွေကတော့ သူတို့ကိုးကွယ်တဲ့ ရဟန်းသံဃာကို သူတို့ရဲ့ ဦးဦးဖျားဖျားဖြစ်တဲ့ မွန်မြတ်တဲ့အရာတွေကိုပဲ လှူဒါန်းကြတာ များပါတယ်။ အဲဒီတော့ တာဝန်သိတဲ့ ရဟန်းတစ်ပါးရဲ့ တာဝန်ဟာ တကယ့်ကို မလွယ်ကြောပါပဲ။ အင်မတန် ခက်ပါတယ်။ သူတို့အတွက် တရားဟောပြရတယ်။ ကောင်းမွန်ရာတွေ ရဖို့အတွက်၊ ကုသိုလ်တရားတွေ ပွားစီးဖို့အတွက် လမ်းညွှန်ရပါတယ်။

စကားမပြောတတ်သူရဟန်းတစ်ပါးဟာ အဲဒီတာဝန်တွေအတွက် ဘယ်လိုလုပ်မလဲ။ လူတွေကို ဘယ်လိုနည်းနဲ့ ကျေးဇူးပြန်ဆပ်မလဲ။ ဒါကြောင့် စကားမပြောတတ်သူတွေကို ဆရာတော်ကြီးများက ကိုရင်ကြီးပဲ ၀တ်ပေးကြတာများပါတယ်။

မြတ်စွာဘုရားရှင်က သူ့တပည့် ရဟန်းပရိသတ်ကို အလွန်စင်ကြယ်ဖို့ ဆန္ဒရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လူတွေရဲ့ အမြင်မှာ တတ်နိုင်သမျှ ကြည်ညိုဖွယ်ဖြစ်အောင် နေထိုင်ဖို့ အမြဲတမ်း တိုက်တွန်းတော်မူပါတယ်။ ဓမ္မစေတီမင်းလက်ထက်က ရဟန်းအတုအယောင်တွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မင်းကြီးက သာသနာကို သန့်စင်ခဲ့ပါတယ်။ စည်းကမ်းဥပဒေတွေ တင်းတင်းကျပ်ကျပ် သတ်မှတ်ခဲ့ဖူးပါတယ်။ ကိုယ်လက်အင်္ဂါ မစုံသူ စတဲ့ ပုဂ္ဂိုလ်တွေကို ရဟန်းဝတ်ခွင့် မပေးရ၊ ၀တ်ပေးလျှင် ရဟန်းလောင်းကိုလည်း လူချွတ်၊ ဥပဇ္ဈယ်ဆရာ(ရဟန်းခံပေးသူ)ကိုလဲ အပြစ်ပေး(ပြစ်ဒဏ်ကြီးမားတာတော့ သေချာသည်။ မမှတ်မိ)၊ ရဟန်းလောင်းရဲ့ ပစ္စည်းလေးပါးဒါယကာတွေကိုပါ အပြစ်ဒဏ်ပေးတဲ့ မင်းအာဏာတွေ ထားရှိခဲ့ဖူးပါတယ်။ ဒါက စကားစပ်လို့ ပြောတာပါ။ သာသနာမှာ ကြည်ညိုဖွယ်မဖြစ်သူတွေ မရှိစေလိုတဲ့သဘော ဖြစ်ပါလိမ့်မယ်။

နံပါတ် (၂) အမေးဖြစ်တဲ့ B ပိုးရှိသူရဟန်းခံလို့ ရပါသလားဆိုတာကတော့ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားခေတ်က ရောဂါအမည်တွေက ဒီနေ့ခေတ်နဲ့ အလွန်ခြားနားနေတယ်။ ဦးဇင်းအမြင်အရတော့ ရဟန်းခံခွင့် မဆုံးရှုံးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ B ပိုးကို ပထမအပိုင်းစာရင်းထဲမှာပါတဲ့ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သောအနာဆိုတဲ့ အနာ (၅)မျိုးထဲကိုလဲ သွင်းဖို့ ခက်ခဲပါတယ်။ တကယ်လို့များ B ပိုးကို အဲဒီအနာရောဂါစာရင်းထဲ သွင်းလို့ရတယ်ဆိုတာတောင်မှ ရဟန်းခံသူမှာပဲ အပြစ်ဖြစ်တယ်ဆိုတော့ မဆုံးရှုံးနိုင်ဘူးလို့ မှတ်ယူနိုင်ပါတယ်။ နောက်ပြီး (၂၃)ခုမြောက် အချက်ဖြစ်တဲ့ အနာဆိုးရှိသောသူဆိုတာကလဲ ရှေးခေတ်က ရောဂါတွေနဲ့ တိုက်ဆိုင်လို့ မရတော့ တိုက်ရိုက်ယူဆလိုက်ဖို့ ခက်ပါတယ်။

ဒီနေရာမှာ အနာ (၅)မျိုး တစ်မျိုးမျိုးရှိသူကို ရဟန်းခံပေးရင် ရဟန်းခံပေးသူဆရာတော်မှာ ဒုက္ကဋ်အပြစ်ဖြစ်စေလို့ ဘုရားရှင်က ဘာဖြစ်လို့ ပညတ်ရသလဲဆိုတဲ့ သမိုင်းကြောင်းလေးလဲ အကျဉ်းချုံးပြီး နည်းနည်း ပြောချင်တယ်။ တကယ်တော့ အနာ (၅)မျိုး တစ်မျိုးမျိုးရှိသူတွေကို အနာတွေ ပေါက်နေလို့ `မသင့်ဘူး´ပြောတာ မဟုတ်ပါဘူး။ ဇာတ်လမ်းက ဒီလိုပါ။ ဒီဇာတ်လမ်းက အတော်မှတ်သားဖွယ် ဖြစ်ပါတယ်။

ဗိမ္ဗိသာရမင်းလက်၊ ဆရာဇီဝကဆိုတာ နာမည်ကြီးတဲ့ ဆေးဆရာကြီးပါ။ ဘုရင်နဲ့ မြတ်စွာဘုရားရှင်သာမက ရဟန်းသံဃာများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူထားရသူပါ။ သူက ဆေးကုရင် အခကြေးငွေလဲ မယူပါဘူး။ အဲဒီအချိန်မှာ လူတွေမှာ အထက်မှာ ပြောခဲ့တဲ့ အနာ (၅)မျိုး ပေါက်နေကြပါတယ်။ ဒါကြောင့် ဆေးဆရာကြီးဖြစ်တဲ့ ဆရာဇီဝကဆီကို လာရောက်ပြီး ဆေးကုပေးဖို့ ပြောပါတယ်။ ဆရာကြီးက မအားတော့ မကုပေးနိုင်ဘူးလို့ ပြောလိုက်တာများပါတယ်။ အဲဒီတော့ လူတွေကလဲ ပါးနပ်တယ်။ `ဒို့တော့ ဒီလို သွားကုခိုင်းလဲ ကုပေးမှာ မဟုတ်ဘူး။ သူ ဆေးကုပေးတဲ့ နည်းလမ်းလေး ရှာကြည့်ရအောင်´ဆိုပြီး နည်းလမ်း ရှာကြပါတယ်။ အဲဒီမှာ အဖြေကတော့ `ရဟန်း´၀တ်လိုက်ဖို့ပါပဲ။ ရဟန်းဝတ်လိုက်တော့ ဆရာကြီးဇီဝကက ဆေးကုပေးပါတယ်။ ရောဂါသည်တွေက ရောဂါပျောက်တာနဲ့ လူထွက်ကုန်ပါတယ်။ အဲဒီတော့ လူတွေက ကဲ့ရဲ့ကြပါတယ်။ ဒီအကြောင်းကို မြတ်စွာဘုရားက သိတော့ `ရဟန်းတို့ အနာရောဂါ (၅)မျိုးရှိသူကို ရဟန်းဝတ်မပေးကြနဲ့၊ ရဟန်းဝတ်ပေးရင် ဒုက္ကဋ်အာပတ်သင့်စေ´ဆိုပြီး ပညတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ဒီနေရာမှာ ၀ိနည်းမှာလာတဲ့ ဒုက္ကဋ်အာပတ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ပါ။ ဘယ်ကိစ္စမှာမဆို ဘုရားရှင်က လူတွေကို အမြဲတမ်း ဦးစားပေးပါတယ်။ ရဟန်းတွေက မှန်နေရင်တောင်မှ `ငါ့တပည့်တို့ မင်းတို့လုပ်တာ မှန်တယ်၊ ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့ ဆက်လုပ်´လို့ ဘယ်တော့မှ မိန်တော်မမူပါဘူး။ သူ့တပည့်တွေ အလုပ်တစ်ခုခု လုပ်တယ်။ လူတွေက မကြိုက်ဘူး။ ကဲ့ရဲ့ကြတယ်။ အဲဒီလိုဆိုရင် ဘုရားရှင်က `မလုပ်ကြနဲ့၊ လုပ်ရင် ဒုက္ကဋ်´အဲဒီလို ပညတ်လိုက်တာများပါတယ်။

လောကကြောင်းအရ တစ်ခု စဉ်းစားကြည့်နိုင်တာက B ပိုးဆိုတာ မဆင်မခြင်လုပ်ရင် ရောဂါကူးစက်ပြီး တစ်ခြားရဟန်းတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အနာ (၅)မျိုးနဲ့ပတ်သက်ပြီး အဋ္ဌကထာမှာ ဖွင့်ပြထားတာကတော့ အဆိုပါ အနာရောဂါ စွဲကပ်နေသူတွေဟာ ပထမဆုံး ရောဂါကို ပျောက်အောင် ကုသင့်တယ်လို့ အကြံပြုထားပါတယ်။ ရောဂါပျောက်ပြီးမှ ရဟန်းခံလျှင် ပိုပြီး သင့်မြတ်နိုင်စရာ ရှိပါတယ်။
နံပါတ် (၃) အမေးဖြစ်တဲ့ အမ သဘောမတူပါက ရဟန်းပြုခွင့် ဆုံးရှုံးပါသလားဆိုတဲ့အမေးကတော့ ရှင်းပါတယ်။ မဆုံးရှုံးနိုင်ပါဘူး။ မိဘခွင့်မပြုတဲ့သူလို့ပဲ ဆိုပါတယ်။ အစ်မစသည် မပါဝင်ပါဘူး။ မိဘတွေကသဘောတူရင် ရဟန်းပြုနိုင်ပါတယ်။

ဒကာကြီး အမေးကို အကျဉ်းချုပ်ပြန်ပြောရရင် `ဒကာကြီးပြောတဲ့ အပြစ်အနာအဆာတွေဟာ ရဟန်းဖြစ်ခွင့်ကို မဆုံးရှုံးနိုင်ဘူး´လို့ မှတ်နိုင်ပါတယ်။ လိုအပ်တဲ့ ချွင်းချက်တွေကိုတော့ အထက်မှာ ပြောခဲ့ပြီးပါပြီ။
ဒီနေရာမှာ မေးခွန်းနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာနည်းနည်းကို ဗဟုသုတအနေနဲ့ မှတ်သားထိုက်တယ်ထင်လို့ ပြောပြချင်ပါတယ်။ ဗုဒ္ဓဘာသာမှာရှိတဲ့ ဘုရားပညတ်ထားခဲ့တဲ့ ၀ိနည်းဆိုတာ တရားသေ၀ါဒ (Dogmatic)မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်တိုင် လူတွေရဲ့ တုန့်ပြန်မှုကိုကြည့်ပြီး အမျိုးမျိုး ပြင်ဆင်ဖြည့်စွက်ခဲ့တာတွေ ရှိပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ၀ိနည်းဥပဒေဆိုတာ ဥပဒေမျှသာ ဖြစ်ပါတယ်။ ဥပဒေဆိုတာ အားလုံးသိတဲ့အတိုင်း အခြေအနေ၊ နေရာဒေသနဲ့အချိန်အခါတို့ရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်ပါဘူး။ အခြေအနေ၊ နေရာဒေသနဲ့ အချိန်အခါတွေကို တွန်းလှန်ဖြိုဖျက်နိုင်တဲ့ ပရမတ္ထသစ္စာတရားများ မဟုတ်ကြပါဘူး။ ဗုဒ္ဓဘာသာမှာ ၀ိနည်းဥပဒေထားရှိရတဲ့ ရည်ရွယ်ချက်ကလဲ ကိုးကွယ်သူ ဒကာ၊ ဒကာမတွေ ပိုပြီး ကြည်ညိုစရာတွေ တိုးပွားလာအောင်၊ မကိုးကွယ်သူတွေ အပြစ်ပြောစရာ မဖြစ်စေဘဲ ကြည်ညိုလာအောင် ပညတ်ထားရခြင်း ဖြစ်ပါတယ်။

ဥပဒေအချို့ကို ဥပမာထုတ်ပြောရရင်
(၁) ရဟန်းခံရင် အနည်းဆုံး ရဟန်း(၁၀)ပါးရှိမှ ရဟန်းခံလို့ ဖြစ်နိုင်တယ်၊
(၂) သားရေတစ်ထပ်ထက်ပိုပါတဲ့ ဖိနပ်ကို မစီးရ၊
(၃) နှစ်ပတ်မှာ တစ်ခါသာ ရေးချိုးရမယ်၊
(၄) သားရေဖျာအခင်းကို အသုံးမပြုရ…..လို့ အစက ဘုရားရှင် ဥပဒေထားခဲ့တယ်။ (ဒါက မူလပညတ်ချက်ပါ)။
နောက်ပိုင်းမှာ အ၀န္တိတိုင်းက အရှင်မဟာကစ္စာယနရဲ့တပည့် အရှင်သောဏက မြတ်စွာဘုရားကို လျှောက်ပါတယ်။ ``ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…
(က) အ၀န္တိတိုင်းမှာ ရဟန်း (၁၀)ပါးရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် (၁၀)ရမှ ရဟန်းခံပေးနိုင်တယ်ဆိုတဲ့ စည်းကမ်းကို ရဟန်းဦးရေလျှော့ပြီး ဥပဒေကို ပြင်ပေးပါဘုရား။
(ခ) အ၀န္တိတိုင်းက မြေကြီးက အရမ်းကြမ်းတမ်းပါတယ်ဘုရား။ ဒါကြောင့် သားရေအထပ်အများကြီးပါတဲ့ ဖိနပ်ကို စီးခွင့်ပေးတော်မူပါဘုရား။
(ဂ) အ၀န္တိတိုင်းက လူတွေက ခဏခဏ ရေချိုးတာကို သဘောကျကြတယ်ဘုရား။ ဒါကြောင့် ခဏခဏ ရေချိုးခွင့်ပေးတော်မူပါဘုရား။
(ဃ) အလယ်ပိုင်းက လူတွေက ဖျာကို ထိုင်စရာအဖြစ် အသုံးပြုကြသလို အ၀န္တိတိုင်းက လူတွေက သားရေနယ်ကို ထိုင်စရာအဖြစ် အသုံးပြုကြပါတယ်ဘုရား။ ဒါကြောင့် သားရေနယ်အခင်းကို အသုံးပြုခွင့်ပေးတော်မူပါဘုရားလို့ လျှောက်ထားခဲ့ပါတယ်။

ထိုအခါ မြတ်စွာဘုရားက ရဟန်းတော်တွေကို အစည်းအဝေးခေါ်လိုက်ပါတယ်။ (ဘုရားရှင်က အရေးကြီးလျှင် အမြဲတမ်း အစည်းအဝေးခေါ်ပြီး အသိပေးပြီးမှ လုပ်ဆောင်လေ့ရှိပါတယ်)။
(က)ဤဒေသမှတစ်ပါး အ၀န္တိတိုင်းအပါအ၀င် အခြားသောတိုင်းပြည်များတွင် ရဟန်းငါးပါးရှိရုံဖြင့် ရဟန်းခံခြင်းအမှုကို ပြုလုပ်နိုင်သည်။ ထိုငါးပါးတို့တွင် တစ်ပါးက ၀ိနည်းကျွမ်းကျင်လျှင် ပြီးပြည့်စုံသည်။ (၀ိနည်းမကျွမ်းကျင်သူများချည်း ပြုလုပ်လျှင် မဖြစ်နိုင်ဟု ဆိုလိုသည်)။
(ခ) သားရေအထပ်များစွာပါဝင်သော ဖိနပ်ကို စီးနိုင်ခွင့်သည်။
(ဂ) ရေ ခဏခဏ ချိုးခွင့်ရှိသည်။
(ဃ) သားရေနယ်ကို ထိုင်စရာအဖြစ် အသုံးပြုခွင့်ရှိသည်လို့ ဥပဒေကို ပြင်ဆင်ပေးခဲ့ပါတယ်။

ဒါက ဘာကို ပြသလဲဆိုတော့ ဥပဒေမှာ အခြေအနေနဲ့အချိန်အခါအရ ပြောင်းလဲနေနိုင်သလို ဗုဒ္ဓဘာသာရဲ့ ၀ိနည်းဥပဒေမှာလဲ Flexibilityဆိုတဲ့ (ကိုယ်လိုရာ ထင်သလို ပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ) ပြင်ဆင်ပြောင်းလဲနိုင်တဲ့အနေအထားတွေ ရှိပါတယ်။ ဒေါက်တာဝါလ်ပိုလာ ရာဟုလာကလဲ သူ့ရဲ့ heritage of Bhikkhus ဆိုတဲ့စာအုပ်မှာ “The Vinaya (the code of Disciplinary Rules for the Sangha) is not an absolute truth; it is only a convention agreed upon for the orderly and smooth life of a social organization. As it should be conducted according to social and economic changes to suit the place and the time, the Buddha laid down appropriate rules and also changed and modified them”လို့ ပြောထားပါတယ်။

ဒီလောက်ဆိုလျှင် ဒကာကြီး သိချင်တဲ့ အဖြေကို ရလိမ့်မယ်လို့ ယူဆပါတယ်။ မေးခွန်းမေးတဲ့ ဒကာကြီးကို ကျေးဇူးတင်ပါတယ်။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP