* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, July 6, 2009

လမြတ်ဝါဆို အမှတ်တရ


ဒီနေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားဦး ဓမ္မစင်္ကြာဟောသည့်နေ့.. သန္ဓေယူသည့်နေ့.. တော်ထွက်တော်မူသည်နေ့.. ဆိုတဲ့ အမှတ်တရများစွာ ဖြစ်စေတဲ့နေ့လေး တစ်နေ့ပါ။ အင်မတန်မှ မွန်မြတ်တဲ့နေ့လေးမလို့ မြတ်ဗုဒ္ဓအား သတိတရ ပူဇော်လိုက်ပါတယ်။ ကျွန်တော်လည်း အရင်က ၀ါဆိုလပြည့်နေ့ဆိုတာ မသိလိုက် မသိသလိုနဲ့ပဲ ကုန်ဆုံးသွားခဲ့တာ များပါတယ်။ လူအများစုပေါ့.. ဘယ်နေ့တွေ သတိရလည်းဆိုတော့.. ချစ်သူများနေ့တို့.. နှစ်သစ်ကူးနေ့တို့.. ကိုယ့်မွေးနေ့တွေမှာ အမှတ်တရ သတိတရ ဖြစ်မိကြတာ များပါတယ်။ အဲ့လိုမျိုးနေ့မျိုးတွေတောင် အမှတ်တရနဲ့ သတိရနိုင်သေးရင် ကျေးဇူးရှင် အနန္တရှိတဲ့ မြတ်ဗုဒ္ဓရဲ့ နေ့တွေကိုတော့ ရင်ထဲအသည်းထဲမှာပါ စွဲမြဲသင့်ပါတယ်။ မြတ်ဗုဒ္ဓကို ဒီနေ့မှ သတိတရရှိရမှာ မဟုတ်ပါဘူး.. အချိန်တိုင်းနှလုံးသားထဲမှာ ဘုရားရှင်ရဲ့ ကျေးဇူးတွေကို သတိတရရှိနေပြီး ဘုရားရှင်ရဲ့ ကျေးဇူးကို ဓမ္မနဲ့ ကျေးဇူးဆပ်နေရမှာပါ။ ဒါမှလည်း တုနှိုင်းမမှီတဲ့ မြတ်ဗုဒ္ဓကို တုနှိုင်းမမှီတဲ့ ကျေးဇူးတွေနဲ့ ကျေးဇူးဆပ်ရာ ရောက်မှာပါ။

ဘာလို့ တုနှိုင်းမမှီရတာလည်း? မြတ်ဗုဒ္ဓရဲ့ သတ္တ၀ါတွေ အပေါ်မှာ ထားရှိတဲ့ အနန္တမေတ္တာဓါတ်တွေဟာ တုနှိုင်းမမှီတဲ့ အတွက်ပါ။ သုမေဓါရှင်ရသေ့ဘ၀တုန်းက အကြောင်းလေး ပြန်ကြည့်မယ် ဆိုပါစို့။ အဲ့ဒီ့ဘ၀မှာ ဘုရားရှင်ရဲ့ ဘုရားဖြစ်ချင်တဲ့ ရည်ရွယ်ချက်က (၁) ဗုဒ္ဓေါဗေါဓေယျံ- ငါကိုယ်တိုင် သစ္စာလေးပါးကို သိသလို သတ္တ၀ါတွေလည်း ငါ့လိုသိစေရမယ်၊ (၂) ဒန္တောဒမ္မေယျံ- ငါကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့သလို သတ္တ၀ါတွေလည်း ငါ့လိုယဉ်ကျေးသိမ်မွေ့စေရမယ်၊ (၃) မုတ္တောမောစေယျံ- ငါကိုယ်တိုင် ကိလေသာမှ လွတ်မြောက်သလို သတ္တ၀ါတွေလည်း ငါ့လိုလွတ်မြောက်စေရမယ်၊ (၄) အဿတော အဿရေယျံ- ငါကိုယ်တိုင် သက်သာရာ ရသလို သတ္တ၀ါတွေလည်း ငါ့လိုသက်သာရာ ရစေရမယ်၊ (၅) တိဏ္ဍော တာရေယျံ- ငါကိုယ်တိုင် ဘ၀သံသရာအခက်အခဲမှ ကူးမြောက်နိုင်သလို သတ္တ၀ါတွေလည်း ငါ့လိုကူးမြောက်နိုင်ရမယ်၊ (၆) သုဒ္ဓေါသောရေယျံ- ငါကိုယ်တိုင် ကိလေသာတွေ စင်ကြယ်သလို သတ္တ၀ါတွေလည်း ငါ့လို စင်ကြယ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေပါ။ ဘုရားရှင်ရဲ့ ရည်ရွယ်ချက်ထဲမှာ သူအတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုမှ မပါပါဘူးနော်။ သတ္တ၀ါအနန္တအတွက်ကိုပဲ ရှေးရှုပြီး ရည်ရွယ်သွားတာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲ..။

သုမေဓါရှင်ရသေ့ဘ၀မှာ ဘုရားရှင်ဟာ နိဗ္ဗာန်လိုချင်တယ်ဆိုရင် လက်တကမ်းမှာတင် အရယူနိုင်ပါတယ်။ အကြိမ်ကြိမ် သေချင်းကနေ ကင်းလွတ်ခွင့်ရတော့မယ့် အချိန်မှာ သတ္တ၀ါအပေါင်းအပေါ်၌ သနားဂရုဏာ မေတ္တာဓါတ်ကြီးမားတဲ့အတွက် ရလုနီးပါး မဂ်ဥာဏ်ဖိုဥာဏ် မြတ်နိဗ္ဗာန်ကို မျက်နှာလွဲခဲ့လိုက်တာပါ။ အဲ့လိုမျိုး စာသားလေးရေးမိတဲ့ အချိန်ကျတော့တော့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒ စကားလေးကို ပြေးပြီး သတိရမိပါတယ်။ ဆရာတော် ဘုရားကြီးက ဘယ်လို သြ၀ါဒပေးခဲ့လည်းဆိုတော့.. ငါတို့ကတော့ ဘုရားရှင်ကို ဘုရားဖြစ်မှ ကြည်ညိုတာမဟုတ်ပါဘူး.. ဘုရားဆုပန်တဲ့ သုမေဓါရှင်ရသေ့ဘ၀ကတည်းက စပြီးကြည်ညိုတာပါ တဲ့။ ဟုတ်ပါတယ်နော်.. ဘုရားရှင်ရဲ့ ဘုရားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်မယ်ဆိုရင်ကိုပဲ ဘုရားရှင်ရဲ့ မေတ္တာဟာ သတ္တ၀ါတွေအပ်ါမှာ တုနှိုင်းမမှီနိုင်ဘူးဆိုတာ လက်ခံလို့ရပါပြီ။


အဲ့ဘ၀ကစ ဘုရားဆုပန်ပြီးတော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး အစွမ်းကုန်ပါရမီ ဖြည့်တင်းခဲ့ရပါတယ်။ ဘုရားရှင် ပါရမီဖြည့်ခဲ့တဲ့ အသွေးအသားတွေဟာ တောင်လိုပုံလိုက်မယ်ဆိုရင် မြင့်မိုရ်တောင်နဲ့နှိုင်းယှဉ်လို့ မရလောက်အောင် မြင့်လွန်းပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး မျက်လုံး ဖောက်လှူခဲ့တဲ့ မျက်လုံးတွေ ရေတွက်ကြည့်မယ်ဆိုရင် ကောင်းကင်က ကြယ်တွေတောင် အရှုံးပေးရပါမယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖောက်လှူခဲ့တဲ့ သွေးတွေစုထားမယ်ဆိုရင် သမုဒ္ဒရာကြီး(၄)ဆင်းထက် အဆပေါင်းများစွာ များတယ်လို့ ဆိုပါတယ်။ ဘုရားရှင်ဟာ သတ္တ၀ါအားလုံးအပေါ်မှာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါတ်လုံး အသက်သွေးချွေးပေါင်းများစွာ ရင်းပြီး ချစ်ခဲ့ရတာပါနော်။ အော်.. သတ္တ၀ါတွေ အားလုံးအတွက် မေတ္တာတော်အနန္တနဲ့ ချစ်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာပါလား…။



ဘုရားမဖြစ်ခင် ပါရမီဖြည့်ခဲ့ရတဲ့ အချိန်တွေမှာလည်း ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်မျိုးတွေကို လုပ်ပြီး ပါရမီဖြည့်ခဲ့ရတာပါ။ ဘုရားလောင်းတော်တို့ ပါရမီဖြည့်ကျင့်ရတဲ့အခါ အချက်ငါးချက်နဲ့ အညီ မနားမနေ ဖြည့်ကျင့်ခဲ့ရပါတယ်။ အချက်ငါးချက်ကတော့ (၁) မရပ်မနားလုပ် (၂) မခြွင်းမခြံလုပ် (၃) ရိုးရိုးသားသားလုပ် (၄) ပျော်ပျော်ပါးပါးလုပ် (၅) ကြာကြာလုပ် ဆိုတဲ့ အချက်ငါးချက်ပါ။ ဘုရားရှင်ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထိုအချက်(၅)ချက်လုံးနဲ့အညီ ဖြည့်ကျင့်ခဲ့တာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲနော်။ လေးအသင်္ချေကမ္ဘတစ်သိန်းဆိုတဲ့ ရှည်လျားတဲ့အချိန်ကို မနက်ဖြန်ပဲ ဘုရားဖြစ်တော့မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဖြည့်ကျင့်ခဲ့ရတာပါနော်။


ဘုရားဖြစ်လာတဲ့ အချိန်ကျတော့လည်း.. တလောကလုံးက ကာမဂုဏ်တွေနဲ့ မွေ့လျော်ပြီး ငါကောင်ကြီးကို အတ္တလို့ ထင်နေတဲ့ အချိန်မှာ.. ဘုရားရှင်တစ်ပါးတည်း သူတို့တွေခံယူထားတဲ့ အတ္တဆိုပြီး မှားနေတဲ့ လမ်းတွေကို အနတ္တအဖြစ် မှန်အောင် ဆုံးမပြုပြင်ပေးခဲ့တာပါ။ အတိုက်အခံပေါင်းများစွာနဲ့ သတ္တ၀ါအပေါင်းကို သူ့ရဲ့ သားတော် ရာဟုလာနဲ့ မေတ္တာတူ ချစ်မြတ်နိုးစွာဖြင့် လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးခဲ့သူပါ။ ကြိမ်ဖန်များစွာ သေရာလမ်းကို သွားနေကြတဲ့လူတွေကို နောက်ပြန်လှည့်စေပြီး မသေရာ မြတ်နိဗ္ဗာန်ကို ပို့ ဆောင်ပေးခဲ့သူပါ။ အင်မတန် အကျင့်စရိုက် ဆိုးရွားနေတဲ့ သတ္တ၀ါတွေကို လုံးဝယဉ်ကျေးသိမ်မွေ့သွားအောင် ဆုံးမပေးနိုင်ခဲ့သူပါ။ မည့်သူ့အပေါ်မှာမှ ရန်သူလို သဘောမထားပဲ.. သူရဲ့သားတော်ရာဟုလာအလား ချစ်မြတ်နိုးခဲ့သူပါ။ ဒါ့ကြောင့်လည်း အနန္တကျေးဇူးရှင်လို့ ခေါ်ထိုက်တာပါ။


ဗုဒ္ဓမြတ်စွာဟာ.. ဖန်ဆင်းရှင်မဟုတ်သလို.. ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ ပျောက်နေတဲ့ အလင်းရောင်လမ်းကို ဖောက်သွားတဲ့ အလင်းရောင်လမ်းပြ တစ်ယောက်ပါ။ ငါဘုရားကို ကိုးကွယ်ပါ.. ငါဘုရားကို ကိုးကွယ်ရင် မင်းတို့ အပြစ်တွေကို ငါ ကျေအေးပေးမယ်လို့လည်း မပြောခဲ့ပါဘူး။ ငါပြောတာမှယုံကွာ.. တခြားဟာတွေ မယုံနဲ့လို့လည်း မပြောခဲ့တဲ့အပြင် သူပြောတဲ့တရားတွေတောင် ဝေဖန်ပိုင်းခြား စီစစ်ပြီးနာကြားပါလို့ မှာကြားခဲ့တာပါ။ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလိုက်ပါသလဲနော်။ ဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ကောင်းပုံတွေ ရေးဖွဲ့မယ်ဆိုရင်တော့ ဘယ်တော့မှ ကုန်ဆုံးနိုင်မှာ မဟုတ်ပါဘူး။ လေးအသင်္ချေကမ္ဘာတစ်သိန်းလုံး ချစ်ခဲ့တဲ့ မေတ္တာတော်အနန္တကို ဒီပို့စ်ရေးရင်းနဲ့ အကြိမ်ကြိမ် ရှိခိုးဦးခိုက် ကန်တော့မိပါတော့တယ်။ လမြတ်ဝါဆိုနေ့မှာ ဘုရားရှင်ဆုံးမခဲ့တဲ့ မကောင်းမှုရှောင်ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဆုံးမစကားလေးကို နားထောင်ရင်း ဘုရားရှင်ကို အချိန်တိုင်း ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်ကြပါစေ...။။။


Read more...

မြတ်စွာဘုရားရှင်၏ ၀ိပါက်တော်များ



၁၃၇၁ ခုနှစ် ၀ါဆိုလပြည့်နေ့ အမှတ်တရ

ဝဋ်လည်ခြင်းဆိုသည်မှာ အကုသိုလ်ကံ၏ အဖျားအနားကို ခံရခြင်းပင်ဖြစ်ပါတယ်။ တစ်ချို့က သူတစ်ပါး အသက်ကို သတ်တဲ့နေရာတွင် ငရဲမှာအပ ၀ဋ်မှာအမြဲကွဆိုပြီး မသေမရှင်ဖြစ်နေသေးရင် မသေ သေအောင် သတ်လိုက်ပါတော့တယ်။ အဲ့ဒိအတွေးအခေါ်မှားနေတယ်လို့ထင်ပါတယ်။ ပြန်လည်သုံးသပ်ကြည့်ကြပါကုန်။ ယနေ့ မြန်မာနှစ် ၁၃၇၁ ခုနှစ် ၀ါဆိုလပြည့်နေ့ နေ့မြတ်မဟာ အခါသမယတွင် မြတ်စွာဘုရားရှင်၏ ဘ၀တစ်လျှောက်ခံခဲ့ရသော ၀ဋ်တော်များကို သူတော်ကောင်း အပေါင်းတို့ သတိသံဝေဂရပါစေခြင်း အလို့ငှာ တင်ပြလိုက်ရပါတယ်။ ဤတရားများ လေ့လာပြီးနောက် အကုသိုလ်ကံများ မဖြစ်ပွားရလေအောင် ရှောင်ရှားနိုင်ကြပါစေ။
(၁) ပဌမ ၀ိပါက်တော်။
(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊ ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊အားကုန်ခန်းလို့၊ ညှိုးနွမ်းငြိုငြင်၊ ပင်ပန်းရေး၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင်။
(ဖြေ) ကဿပဖျား၊ ထင်ရှားပွင့်သော်၊ ဇောတိပါလ၊ နာမအကျော်၊ ပုဏ္ဏားမာန်တက်၊ နှုတ်မြွက်အာဘော်၊ ၀စီပြင်းရှေးရင်း ၀ိပါက်တော်။

(၂) ဒုတိယ ၀ိပါက်တော်။
(မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော၊ ဆိုပြောအလွန်၊ လက်သယ်ထားလို့၊ ဘုရားကိုညွှန်၊ စွပ်စွဲခဲ့အဘယ့် ၀ိပါက်ဝန်။
(ဖြေ) သောက်စားလွန်ကျူး၊ ယစ်မူးပျော်ရွှင်၊ သေသောက်သမား၊ ဖြစ်ငြားယခင်၊ ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊ အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။

(၃) တတိယ ၀ိပါက်တော်။
(မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊ ထင်ရောင် ထင်မှား၊ ပြုငြား သုန္ဒရီ၊ လူရှင်အပေါင်း၊ ယုံကြောင်းပွေလီ၊ ရှင်တော်ထွတ်၊ ဘယ်ဝဋ် ရှေးကမှီ။
(ဖြေ) မုနာဠိဟု၊ မည်ရှိလောင်းတော်၊ မောက်ကြွားမှောက်မှား၊ သောက်စားအပျော်၊ ရှင်ပစ္စေက၊ ဗုဒ္ဓမြင်သော်၊ ဒုဿီဘဲ၊ စွပ်စွဲ ၀ဋ်ကြွေးပေါ်။

(၄) စတုတ္ထ ၀ိပါက်တော်။
(မေး) သုန္ဒရီမိုက်၊ သတ်လိုက်သေရာ၊ တိတ္ထိအသင်း၊ သတင်းလွှင့်ကာ၊ တပည့်များနှင့်၊ ဘုရားကိုသာ၊ လူအများ၊ ယုံမှား ဘယ်တွက်တာ။
(ဖြေ) လောင်းတော်ရသေ့၊ ပျော်မွေ့စံရာ၊ ရသေ့တဦး၊ ဈာန်မြူးကွန့်လာ၊ ငြူစူစိတ်ဇော၊ မနောဣသာ၊ ကျင့်ယုတ်ကြီး၊ နှုတ်သီး ချွန်သည့်တာ။

(၅) ပဉ္စမ ၀ိပါက်တော်။
(မေး) ဝေဘာတောင်စောင်း၊ ကျောက်မောင်းဆင်ကာ၊ ဒေ၀ဒတ်ယုတ်၊ ခလုပ်အသာ၊ သူဖြုတ်ချလို့၊ ဗုဒ္ဓခြေမှာ၊ ကျောက်လွှာငြိ၊ ဒဏ်ထိ ဘယ်ဝဋ်ပါ။
(ဖြေ) သူကြွယ်မျိုးဇာတ်၊ ဖြစ်လတ်တုံချေ၊ ညီကို လှည့်စား၊ ခေါ်သွားသလေ၊ ကျောက်နှင့်ဖိညှပ်၊ ထုသတ်ကြိတ်ချေ၊ ကျောက်ဝိပါတ်၊ အဆက်ပါခဲ့ပေ။

(၆) ဆဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊ တည်နေ၀ပ်ကိန်း၊ သွေးစိမ်းအရှင်၊ ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊ ၀ိပါက်ရင်း၊ အလင်း ပြစေချင်။
(ဖြေ) သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊ ရှင်ပစ္စေက၊ ဝေးမှအမြင်၊ ခဲနှင့်ပစ်လိုက်၊ ထိခိုက်ခြေတွင်၊ သွေးယိုဆင်း၊ ရှေးရင်း ၀ိပါက်ပင်။

(၇) သတ္တမ ၀ိပါက်တော်။
(မေး) ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊ မုန်ကျဆင်ကြီး၊ ခရီးအလယ်၊ ဒေ၀ဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊ ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။
(ဖြေ) ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊ ရှင်ပစ္စေက၊ လမ်းမအဆုံ၊ ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊ ဆင်နှင့်တိုက်၊ ၀ဋ်လိုက် စေဘို့ကြုံ။

(၈) အဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊ ခြေမတော်ဦး၊ ထွတ်ဖူးတဆူ၊ သွေးညိုကိန်းလို့၊ ကျိန်းဝပ်တော်မူ၊ ဇီဝက၊ ခွဲရ ဘယ်ဝဋ်ဟူ။
(ဖြေ) ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊ မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊ လူရှင်လတ်လတ်၊ ထိုးသတ် ပြန်တယ်၊ ဓားဝိပါက်၊ အဆက် သူကနွယ်။

(၉) န၀မ ၀ိပါက်တော်။
(မေး) သုံးလူထွတ်ဖူး၊ မြိုက်မှူးသျှောင်ကေ၊ ရံဖန်ခါလဲ၊ ခေါင်းခဲပလေ၊ ဝေဒနာဝဋ်၊ မလွတ်တုံချေ၊ ဘယ်ဝိပါက်၊ အဆက်ပါခဲ့ပေ။
(ဖြေ) ရှေးခါကပ်ဟောင်း၊ မကောင်းကံဆော်၊ တံငါမျိုးဇာတ်၊ ဖြစ်လတ်သရော်၊ ငါးတို့ဦးခေါင်း၊ ထုထောင်းမြင်သော်၊ ၀မ်းမြောက်မိ၊ လိုက်ဘိ ၀ိပါက်တော်။

(၁၀) ဒသမ ၀ိပါက်တော်။
(မေး) ၀ါတော်ကပ်တော့၊ မာရ်နတ်နှိုးဆော်၊ ဝေရဉ္ဇာတိုင်း၊ သမိုင်းအကျော်၊ မုယောဆွမ်းမို့၊ ကြမ်းကြမ်း ထော်ထော်၊ ဘုဉ်းပေးရ၊ ရှေးက ဘယ်ဝဋ်နော်။
(ဖြေ) မထင်မရှား၊ မျိုးသားဖြစ်တုံ၊ ရဟန်းတော်များ၊ ဆွမ်းစားခိုက်ကြုံ၊ ဆွမ်းကြမ်းစားဟု၊ ပြစ်မှားဆိုပုံ၊ ၀စီထွက်၊ ၀ိပါက်တော်တဲ့ယုံ။

(၁၁) ဧကာဒသမ ၀ိပါက်တော်။
(မေး) အထွတ်ဆုံးဟု၊ သုံးလူ့မျက်မှန်၊ ခါးတော်ကိုက်ခဲ၊ အသဲအသန်၊ ဝေဒနာများ၊ ခံစားရံဖန်၊ ဘယ်အကြောင်း၊ ကံဟောင်း ထုတ်လို့ပြန်။
(ဖြေ) လက်ဝှေ့သတ်ကောင်း၊ အလောင်း ဖြစ်သော်၊ ပြိုင်ပွဲဆိုင်ပွဲ၊ နိုင်မြဲအကျော်၊ နိုင်လျှင်ခါးရိုး ရိုက်ချိုးမြေပေါ်၊ အသတ်ကောင်း၊ ဇာတ်ဟောင်းဝိပါက်တော်။

(၁၂) ဒွါဒသမ ၀ိပါက်တော်။
(မေး) ဆဒ္ဒန်ဆယ်စီး၊ အားကြီးလျင်မြန်၊ ၀မ်းတော်သွန်ငြား၊ ရွှေအားမသန်၊ ခွေယိုင်နွဲ့လို့၊ မြန်းခဲ့နိဗ္ဗာန်၊ ဖြေစေကြောင်း၊ ကံဟောင်း သိဘို့ရန်။
(ဖြေ) ရောဂါကုစား၊ သမားဉာဏ်ကျယ်၊ ရှင်သူဌေးသား၊ ဆေးဝါးကုတယ်၊ ခ မပေးလို့၊ ဟိုရှေးဘုန်းကြွယ်၊ ၀မ်းလားဆေး၊ တိုက်ကျွေး ၀ဋ်ဟောင်းလယ်။

သတိပေး ဥယျောဇဉ် မြန်မာဂါထာ။
(က) ၀ိပါက်ရောက်ရေး၊ ကြောက်သွေးတုန်ဘွယ်၊ ဘုရားသော်လဲ၊ ရှောင်လွှဲမလွယ်၊ တွေ့ကြုံမြဲမို့၊ တ၀ဲလယ်လယ်၊ မလွတ်သေး၊ ၀ဋ်ကြွေး ခက်လှတယ်။
(ခ) ကြင်နာထောက်ထား၊ သနားမြှော်ခေါ်၊ ကုသိုလ်ပွားမှု၊ အားပြုကြနော်၊ နှိပ်စက်ညှဉ်းပန်း၊ သရမ်းပျက်ချော်၊ ရှောင်ကြဉ်ရေး၊ ၀ဋ်ကြွေး စင်ဘို့မြှော်။
အပါဒါန် ။ပါ။ ပ-အုပ်။၃၄၆။

အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။



Read more...

ဝါဆိုလပြည့်၊ဓမ္မစင်္ကြာအခါတော်နေ့(သို့မဟုတ်) သစ္စာအလင်း-ရောင်-ဆောင်-ရအောင်

မေချစ်သောသားသားနဲ့ မီးမီး ရေ--

ဝါဆို ဆိုတဲ့ နာမည်လေးဟာ အမှတ်တရများစွာနဲ့အတူ တစ်ဖန် ရောက်ရှိလာခဲ့ပြန်ပါပြီ ။ဝါဆိုလမှာ--တနည်း အရှင်အဿဇိ သောတာပန် တည်တဲ့နေ့မှာ လူ့လောကထဲကိုရောက်ရှိလာခဲ့တဲ့မေမေ ဟာ ဝါဆိုမိုး၊ ဝါဆိုပန်းရနံ့ တွေ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲတွေ၊ ဓမ္မစင်္ကြာရွတ်ဆိုပူဇော်သံတွေ ကိုကြားယောင်မြင်ယောင်ရင်း အတိတ်ခန္ဓာ တွေသက်ဝင်လှုပ်ရှား လာခဲ့ ပါတယ်။မွေးနေ့ပွဲတိုင်း ကိုဝါဆိုသင်္ကန်းကပ်လှူပွဲ နဲ့အတူ လှူဒါန်း ခဲ့ရတာတွေ သတိရနေမိပါတယ်။

ဝါဆိုလပြည့်ဆိုတာကတော့ မေမေတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် အရေးပါတဲ့နေ့ဖြစ်နေခဲ့ပါတယ်။(သန္ဓေ တောထွက်၊ဓမ္မစက် မိန့်မြွက်လဝါဆို) ဆိုတာ ကလေးတို့ မှတ်သားပြီးသားဖြစ်မှာပါ
(၁)ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )
(၂)တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )
(၃)ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
(၄)သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )
(၅)သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

မေမေတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား တရားဦးဟောကြားခဲ့လို့မေမေတို့ လူ့ဘုံလောကမှာ သစ္စာအလင်းရောင် တွေ ထိန်ထိန်ညီးခဲ့တာပေါ့။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါး၊အမှန်တရားကို ဟောပြ ခဲ့တဲ့ သစ္စာအလင်းရောင် ဆောင်ယူပြသခဲ့တဲ့ နေ့ထူးနေ့မြတ်အခါသမယပေါ့နော်။
ဓမ္မစင်္ကြာ-တရားဦး ဟောကြားတော်မူခဲ့တဲ့နေရာလေးကလည်း ရိုးရိုးရှင်း ရှင်းလေး…မြင်ယောင်ရင်းမှန်းဆကြည်ညိုရအောင်ပါ။
မေမေတို့ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟာ တောမှာဖွားမြင်တော်မူခဲ့ပါတယ်(လုဗ္ဗိနီအင်ကြင်းတော)။
တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။ဘုရားဖြစ်ပြန်တော့လည်း လူသူမနီးတဲ့ဗောဓိညောင်ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။ (ဥရုဝေဠတော)။
တစ်ခါတရားဦးဟောကြားတော်မူခဲ့တာလည်း (မိဂဒါဝုန်တော)ထဲမှာ။ ပရိနိဗ္ဗာန်စံဝင်တော့လည်း( ကုသိနာရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာ။ သူတော်ကောင်းတွေ ဟာ သစ်ပင်တောတောင်တွေ ကိုမွေ့လျော်ကြတာ..မှတ်သားစရာ။စိတ်ဝင်စားစရာပဲနော်။

သဗ္ဗညုတရွှေဉာဏ်တော်ရရှိခဲ့တဲ့ ဥရုဝေဠတော ကနေ ၁၈ယူဇနာကွာဝေးတဲ့ မိဂဒါဝုန်တောကို ပင်ပင် ပန်း ပန်းခြေလျင်ခရီးကြွတော်မူရှာတယ်။မိဂဒါဝုန် တောထဲမှာခမ်းခမ်းနားနားလည်းမဟုတ်ဘူး။ ဘုရားရှင် ကလည်းရိုးရိုးလေး ထိုင်လို့၊ ပဉ္စဝဂ္ဂီ ၅ပါးကလည်း ဘေးနားမှာရိုးရိုးလေးထိုင်လို့၊ နေကလည်း အပူရှိန်လျော့ပြီးဝင်ခါနီးဆဲဆဲ လမင်းကလည်းထွန်းသစ်စအချိန် ဆိုတော့အလွန်အေးချမ်းညိမ်သက်နေမှာ ပဲနော်။

အဲလိုနေကြတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကို နာယူမယ်လို့ ကြိုးစားလာ ကြတဲ့ နတ်တွေဗြဟ္မာတွေ၊ တရားစတော့မှ အသံတော်ကြားလို့ ပြေးလာကြတဲ့ နတ်တွေဗြဟ္မာတွေ လည်း ပတ်ဝန်းကျင်မှာ ရှေ့မှာရော နောက်မှာရော ဘေးမှာရော အကုန်လုံးပြည့်နေကြမယ်ဆိုတာ စိတ် ကူးကြည့်လိုက်ပါနော်။ ရိုးရှင်းမှု ငြိမ်းချမ်းမှုကို ခြံရံထား လို့ စည်ကားသိုက်မြိုက်နေပါတယ်..။

အဲဒီနတ်ဗြဟ္မာတွေဟာ--တစ်ဆယ့်ရှစ်ကုဋေ လောက်ရှိတယ်လို့ဆိုပါတယ်။ အဲဒီ နတ်ဗြဟ္မာတွေရဲ့ အလယ်မှာ လူသားထဲက ပဉ္စဝဂ္ဂီ-၅ ဦး ကိုအမှူးထားပြီးသကာလမှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ ဓမ္မစင်္ကြာတရား ကိုစတင် ဟောကြားတော်မူခဲ့ပါတယ်ကလေးတို့ရေ..။ သစ္စာဆိုတာကတော့ လောကီသစ္စာနဲ့ လောကုတ္တရာသစ္စာ နှစ်မျိုးရှိတာပေါ့နော်။ ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာက လောကီသစ္စာနှစ်ပါး၊ နိရောဓသစ္စာ နဲ့ မဂ္ဂ သစ္စာ က လောကုတ္တရာသစ္စာနှစ်ပါး။ အဲဒီ သစ္စာနှစ်ပါးမှာလည်း ဘုရားရှင်က အကြောင်းသစ္စာနဲ့ အကျိုးသစ္စာနှစ်ပါး မှာ အကျိုးသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာကိုအရင်ဟောပါတယ်ကလေးတို့ရေ..။ ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးခဲ့ဘူးတယ်။

(လောကီဘုံဝယ် ၊သာယာဖွယ်ဟု တွယ်တာလေငြား၊ဝေနေများကို၊တရားသံဝေ၊ရပစေဟု ထွေထွေဒုက္ခ ၊ဦးစွာ ပြ၏ ) (ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ ၊ဗျာဓိပိဒုက္ခော ၊မရဏံပိဒုက္ခံ ၊အပ္ပိယေဟိ သမ္ပယောဂေါဒုက္ခော၊ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ယံပိစ္ဆံ နလဘံတိ ၊တံပိဒုက္ခာ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာဒုက္ခာ။)ရယ်လို့ ဒုက္ခခန်းကို ဟောလိုက်ပါတယ်။ အားကျစရာဘာမှာမရှိဘူး။ အကုန်လုံး ဒုက္ခတွေ ချည်းပါပဲ။တကယ်တော့ကလေးတို့ရေ..

ဒုက္ခဆိုတာ အကျိုးတရားပါပဲ။အဲဒီကျိုးတရားကိုအရင်ပြပြီးတော့မှ အဲဒီဒုက္ခ ဘာကြောင့်ဖြစ်သတုန်းလို့စဉ်းစားတဲ့ အချိန်ကျတော့ အဓိကဇာတ်လိုက်ကို ဆွဲထုတ်ပြလိုက်တာပေါ့…။ ဇာတ်လိုက်ကျော်ကြီးက တော့ တဏှာပါ။ ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရားကြီး ကတော့ တဏှာပေလို့ပဲနော် နှစ်ဏှာ သုံးဏှာ သာဆိုခက်ရချည်ရဲ့လို့ တဏှာရဲ့ နက်ရှိုင်းပုံကို ပြောခဲ့ဘူးတယ်။ တဏှာ ကြောင့်ဖြစ်တာပါလို့ တဏှာကိုဖေါ်ပြခဲ့ပါတယ်။ ဒုက္ခသမုဒယလို့ဖေါ်ပြခဲ့ပါတယ်။

*ဣဒံခေါပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ယာယံ တဏှာ ပေါနောဗ္ဘ ဝိကာ နန္ဒီရာဂ သဟဂတာ တတြာ တတြာ ဘိနန္ဒိနီ* ဘိက္ခဝေ ရဟန်းတို့၊ ဣဒံ ခေါ ပန -ဤ ဆိုလတ္တံသော အကြောင်းအရာသည်ကား ၊ဒုက္ခသမုဒယော-ပြခဲ့တဲ့ ဒုက္ခတွေဖြစ်ကြောင်း သမုဒယ ဟူသော၊အရိယသစ္စံ-အရိယာအဖြစ်ကိုပြုတတ်တဲ့ မှန်ကန်သော တရားတစ်မျိုးပေတည်း။


(ဒုက္ခသောင်းပြောင်း တရားပေါင်းလည်း အကြောင်းမဲ့စွာ မဖြစ်ရာရှင့်)

(ဗြဟ္မာနတ်မင်း ဖန်ဆင်းမပြု ဆင်ခြင်မှုကျမ်း တဏှာစွမ်းကြောင့် ပရမ်းပတာ ဖြစ်ကြရာသော သမုဒယော) *မာနိတာ ယတ္တကာ ယဿ ဒုက္ခတာ တဿ တတ္တကာ၊ကိံနု နော ဒုက္ခဘာယန္တာ ၊ပီယမှာ စ အဘီရုနော။* (ယဿ- ချစ်လျှင်ပျော်နိုး၊ချစ်စပျိုး၍ ၊ချစ်ရိုးချစ်စဉ် အကြင်ပုထုဇဉ် ၏ ၊ မာနိတာ-မြတ်နိုးစုံမက် နှစ်သက်ဖွယ်ရာ ၊အဖြာဖြာတို့သည်၊ ယတ္တကာ-တစ်နှစ်သုံးလေး ဂဏန်းရေး က စစ်တွေးဆက်ပွား အကြင်မျှလောက်များကုန်၏။ တဿ-ချစ်လျှင်ပျော်မည့်အထင်ရှိ၍ ခင်မိခင်ရာ ခင်ကြရှာတောင်း ထိုပုထုဇဉ် အပေါင်း၏ ဒုက္ခတာ- မကင်းစမြဲ အတင်းတွဲ၍ ဆင်းရဲရန်ကြောင်း ဒဏ်အပေါင်းသည် တတ္တကာ-ချစ်ချစ်သမျှ တစ်နှစ်ကလျှင် စ၍ တွက်ရေ ထိုမျှလောက်ပင်များပြားလေကုန်၏။ နော-သူတော်သူမြတ် အတူမှတ်၍ လူဇာတ်ရှောင်သွေ တို့တစ်တွေသည် ဒုက္ခဘာယန္တာ-ဒုက္ခမြောက်မြား ရောက်မသွားဘို့ ထောက်ထားထိုထို ကြောက်အားပိုကြပါကုန်လျက် ပိယမှာ စ-ဒုက္ခဖြစ်ကြောင်း အချစ်အပေါင်းမှကား ကိံနုအဘီရုနော-မကြောက်နိုင်ပဲရဲကြီးရဲ၍ အမြဲပုံသေ အဘယ်ကြောင့် ချစ်ခင်၍ နေဝံ့ကြလေကုန်သတည်း။

မေမေ့ရင်ထဲထိရှခံစား၊သိမ်းဆည်းသွားစေတဲ့ကဗျာလေးပါပဲကလေးတို့ရေ..။ချစ်လျှင်ပျော်မိ အထင်ဆိုတာလည်းမရှိတော့ပါဘူးလေ။ တဏှာလျော့လေ--ဒုက္ခလျော့လေ။ တဏှာ နည်းလေ---ဒုက္ခနည်းလေ။ တဏှာမရှိရင်ဒုက္ခ မရှိတော့။တဏှာ များနေသရွေ့ ဒုက္ခများနေတော့မှာပါ လို့ တောင်မြို့ဆရာတော် ဘုရားကြီးကဟော ကြားခဲ့တာ နာယူရင်း သမုဒယ၊အနုအလှ၊အယုအယ မှန်သမျှ ဒုက္ခ တွေပါလို့ ဆင်ခြင်ကျင့်သုံးနေဖြစ်ခဲ့ပါတယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားဟာ လောကုတ္တရာနယ်ပယ်ရောက်တော့လည်း နိရောဓသစ္စာကို ရှေးဦးစွာဟောကြားခဲ့ပါတယ်။ နိရောဓသစ္စာဆိုတာ အကျိုးသစ္စာ၊ပြီးတော့မှ ဒီနိရောဓသစ္စာ ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ကြောင်း အကျင့်ဆိုတဲ့ တရားက ဟောဒီမဂ္ဂသစ္စာပဲလို့ အကြောင်းတရားကို ဒုတိယပြခဲ့တယ်။ အဲလိုနဲ့ ဒုက္ခတွေကိုကြောက်ပါပြီ.. ဘယ့်နှယ်လုပ်ရပါ့မလဲ ။ဒီဒုက္ခလွတ်တဲ့ နေရာရှိမှရှိပါ သေးရဲ့လားလို့ အဲဒီလို စိတ်ထဲကတွေးပြီး ရတက် ဗျာပါရ တွေများနေတဲ့အချိန်မှာ ဘုရားရှင် က----- (သုံးလောကတွင် ဒုက္ခ ထင်၍ လွတ်ခွင်ထွက်ရာ၊ ရတက်ဖြာသော်၊ သက်သာစေရန် အနေဖန်လျက် ဧကန်တတိယ နိရောဓတဲ့)

သက်သာစရာရှိတယ်၊ဒုက္ခချုပ်တဲ့နေရာရှိတယ်။ဒုက္ခမဖြစ်တဲ့ နေရာရှိတယ်လို့ သိရအောင် သုံးကြိမ်မြောက်မှာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ပြတော်မူခဲ့ပါတယ် ကလေးတို့ရေ..။

(နိဗ္ဗာနနန်း ရောက်ဘို့မှန်းက ဤလမ်းဖြင့်တက် ဤမဂ်ကိုပွား မိန့်သည့်လားသို့ လေးပါးမြောက်တွင် မဂ်လမ်းထွင်သည် ဟောစဉ်လက်ရိုးဆူဆူတည်း။) ဒါကြောင့် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းတဲ့ နိဗ္ဗာန ဓာတ်ကိုတွေ့ချင်မြင်ချင်ကြလို့ ရှိရင်မဂ်ကိုပွားရပါမယ် တဲ့။မဂ္ဂင်ရှစ်တန် အကျင့်မှန် ကို အားထုတ်ပါလို့ လေးကြိမ်မြောက်ပြတော်မူတယ်။ ကျန်သောဘုရားအဆူဆူလည်းသည်အတိုင်းပြတော်မူခဲ့ပါတယ်သားသားမီးမီးတို့ရေ..။ တရားအဆုံးမှာ အရှင်ကောဏ္ဍည မှာ သစ္စာလေးပါးတရား ကိုသိမြင်နိုင်တဲ့ သောတပတ္တိမဂ်ဆိုတဲ့ ဉာဏ်စက္ခုပေါ်လာတော့တယ်။ မေမေအကြိုက်ဆုံး ပါဠိစကားလုံးလေးဖော်ပြချင်မိပါသေးတယ်။

ယံကိဉ္စိ -ကြွင်းမဲ့ဥဿုံ အလုံးစုံသော တေဘူမကတရားဟူသမျှတို့သည် ၊သမုဒယဓမ္မံ -ဖြစ်ခြင်းသဘောရှိ၏။ တံသဗ္ဗံ- ထိုဖြစ်ခြင်းသဘောရှိတဲ တေဘူမကတရား ဟူသမျှတို့သည် နိရောဓံ-ချုပ်ခြင်းသဘောရှိ၏။ အရှင်မြတ်ရဲ့ သောတာပတ္တိမဂ်ဉာဏ်စက္ခုမှာလည်း ဝိရဇံ-အပါယ်သို့လားရောက်ကြောင်း မကောင်းသော ရာဂ ဒေါသ မောဟတည်းဟူသော မြူမရှိတော့ပါဘူး ကလေးတို့ရေ..။

အရှင်ကောဏ္ဍည သည် ဧဟိဘိက္ခုဆိုတဲ့စကားနဲ့အတူ ရဟန်းဖြစ်ခဲ့ပါတယ်။ရဟန်း အစ ကောဏ္ဍညလို့ ဆိုခဲ့တော့ ဝါဆိုလပြည့် နေ့သည် သောတာပန်လူသား ပေါ်ထွက်ခဲ့ပြီး သံဃာ ရတနာ ပေါ်ပေါက်ခဲ့တဲ့နေ့လည်းဖြစ်နေပါတယ်ကလေးတို့ရေ..။

သည်လပြည့်နေ့မှာတော့ မေမေတို့အားလုံးရဲ့ သစ္စာအလင်း သည်လောကီသစ္စာ ၂ပါး(ဒုက္ခသစ္စာ+သမုဒယသစ္စာ)ကို သိမြင်နားလည် ပယ်ရှားပြီး (သိ၊ပယ်) လောကုတ္တရာ သစ္စာအလင်းရောင်တွေ ထွန်းညှိပူဇော်နေမိရင်း (နိရောဓသစ္စာ+ မဂ္ဂသစ္စာတွေ -ဆိုက်၊ပွား)နိုင်တဲ့ သစ္စာအလင်း ---အစစ်အမှန် ဖြစ်အောင်ကြိုးစားအား ထုတ်ကြပါစို့လား---သားသားမီးမီးတို့ရေ..။
မဂ္ဂင်၈ပါးတရားတော်တွေ၊နတ်ဗြဟ္မာတွေ ကြွေးကြော်ကြတာတွေ--- အနတ္တ လက္ခဏာသုတ္တန်ဟောကြားတော်မူခဲ့တာ တွေလည်းမေမေ ထပ်ပြောပြပါအုံးမယ်ကလေးတို့ရေ။


*လေးစားကြည်ညိုရပါသော ကျေးဇူးတော်ရှင် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားသော(ဓမ္မစင်္ကြာတရားတော်)ကို ဦးခိုက်-ပူဇော်လျက် ရေးသားပါသည်။*



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP