* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, July 2, 2009

လူဝင်စားခြင်းကိ သိပ္ပံနည်းကျလက်ခံခြင်း(၅)

လူဝင်စားခြင်းသဘာဝဖြစ်စဉ်


လူဝင်စားခြင်းဟာ အလွန်ရှေးကျတဲ့ ယုံကြည်မှုဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေရဲ့ အများစုက အဲဒါကို ယုံကြည်ကြတယ်။ ဥပမာအားဖြင့် ဒေးကား (Rene Descartes' ) ရဲ့ ၁၆၄၁ ခုနှစ်က ထုတ်ပြန်ချက်ဖြစ်တဲ့ "စိတ်ဟာ ခန္ဓာကိုယ်ပျက်ဆီးပြီးနောက် ချုပ်ပျောက်မသွားဘူးဆိုတာတွေ၊ သေပြီးနောက် ဘ၀သစ်ဖြစ်ဖို့ မျှော်လင့်ချက်ရှိတယ် ဆိုတာတွေကို ဖော်ပြဖို့ ကျုပ်စကားတွေက လုံလောက်ပါတယ်။ " ဆိုတဲ့စကားက သူ့ရဲ့ လူဝင်စားခြင်းအပေါ် ယုံကြည်မှုကို သက်သေပြတယ်။ အနောက်ကမ္ဘာမှာ လူဝင်စားခြင်းကိုရှောင်ကြဉ်ထားတဲ့ ဘာသာတွေထဲက လူ ၂၀ရာခိုင်နှုန်းဟာ ဘာပဲဖြစ်ဖြစ် လူဝင်စားခြင်းကို ယုံတယ်။ ထင်မြင်ချက် မဲဆန္ဒကောက်ယူမှုအရ ဒီရာခိုင်နှုန်းဟာ တိုးတက်လို့လာတာတွေ့ရတယ်။

ဒါကြောင့် လူဝင်စားခြင်းသဘာဝဖြစ်စဉ်ဟာ အကျွမ်းဝင်ပြီးသားဖြစ်ပြီးတော့ အဆင့် a နဲ့ b တို့ ဟာ အဲဒီမှာတင် ပါသွားပြီ။ ဒါကြောင့် လူဝင်စားခြင်းကို သိပ္ပံနည်းကျ လက်ခံခြင်းကို စမ်းသပ်ရာမှာ အထက်က သိပ္ပံနည်းကျ လုပ်ငန်းစဉ်တွေထဲက နောက်ဆုံးနှစ်ဆင့်ကို ဖြတ်သန်းရမယ်။ ဒါကို အောင်မြင်အောင် လုပ်နိုင်ရင် အခြားသော မော်ဒန်သိပ္ပံသီဝရီကို သက်သေပြသလိုပဲ လူဝင်စားခြင်းကို သက်သေပြပြီးဖြစ်မယ်။

ပြန်လည်မွေးဖွားခြင်း ဆိုတာကို ကာလတို သို့မဟုတ် ကာလရှည်အတွင်း လူတစ်ဦးရဲ့ နာမ်တရားက ခန္ဓာအသစ်မှာ ပြန်လည်ဖွဲ့တည်ပြီး ဘ၀သစ်ဖြစ်ခြင်း လို့ ဖွင့်ဆိုနိုင်ပါတယ်။ အဲဒီကာလမှာ အနည်းနဲ့အများဆိုသလို အတိတ်က အကြောင်းအရာ တွေကို မေ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အတိတ်ဘ၀ အကြောင်းတရားရဲ့ အနှစ်ချုပ်ကလေး ကတော့ ပါဝင်နေပါတယ်။ ဒီအနှစ်သာရကလေးဟာ သူ့ရဲ့ စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ဆောင်ပါမယ်။[ ဆက်ဖတ်ရန် +/- ]

ဒါကြောင့် ကမ္ဘာမြေကို ရောက်လာကြတဲ့ မွေးကင်းစကလေးဟာ ကမ္ဘာသစ်ရဲ့ မှတ်တမ်းကိုတင်မဲ့ ဗလာကျောက်သင်ပုန်းလေး တစ်ချပ် မဟုတ်ပါ။ ဘိုးဘေးပိုင် သမိုင်းတွေ ရေးမှတ်ထားတဲ့ သင်ပုန်းတစ်ချပ်ရယ်ပါ။ အချို့က ပစ္စုပ္ပန်က ရှုခင်းတွေကို သဘောကျမယ်။ အများစုကတော့ သဘောမကျဘဲ မကြာမတင်ခင်က အတိတ်ကို ပြန်လည်ခြေဆန့်ကြတာ ဖြစ်ပါတယ်။

လူဝင်စားခြင်းဟာ အရေးအကြီးဆုံး ကိစ္စဖြစ်သလို သာမန် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် တွေအတွက် အလွန်သိမ်မွေ့ပြီး လက်လှမ်းမမီတဲ့ ကိစ္စလည်း ဖြစ်တယ်။ ရာဇ၀တ်မှု စာရင်းဇယားတွေအရ ပြစ်မှုစီရင်ခံရတဲ့ လူတွေထဲမှာ လူဝင်စားခြင်းကို ယုံကြည်သူက အခြားလူတွေထက် ပိုနည်းပါးတယ်လို့ သိရတယ်။ သိပ္ပံနည်းကျသာ လက်ခံကြပြီဆိုရင် လူဝင်စားခြင်းဟာ ၂၁ ရာစု လူ့အမှတ်အသားကို သတ်မှတ်တဲ့ လက်ဝါးကပ် တိုင်ကလေး ဖြစ်လို့နေလိမ့်မယ်။


xxx
လူဝင်စားခြင်းကိုသိပ္ပံနည်းကျ စမ်းသပ်ခြင်း

ဖြစ်နိုင်ချေ နှစ်ခု ရှိပါတယ်။ လူဝင်စားခြင်းမရှိတာနဲ့ လူဝင်စားခြင်းရှိတာ ။ လူသားကို ရုပ်ပိုင်းနဲ့ နာမ်ပိုင်းဆိုပြီး ဖွဲ့စည်းထားတယ်။ ခန္ဓာကိုယ်ကြီးက ရုပ်ပိုင်း။ ဒါကို ကောင်းကောင်း နားလည်ကြတယ်။ ဒါဟာ ရှေးရိုးသိပ္ပံရဲ့ ရုပ်ပိုင်း(Res Extensa) ဆိုတာထဲမှာ ပါတယ်။ သိပ္ပံပညာရှင်တွေက ရုပ်ပိုင်းကို ကောင်းကောင်း စူးစမ်းထားကြတယ်။ နာမ်ပိုင်းကိုတော့ သိပ္ပံပညာရှင်တွေက မစူးစမ်းရသေးဘူး။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ရှေးရိုးသိပ္ပံရဲ့ နာမ်ပိုင်း (Res Cogitans) အတွင်းမှာ ရှိလို့ ဖြစ်တယ်။ ဆေးပညာမှာတောင်မှ စောစောပိုင်း ဆရာဝန်တွေဆိုရင် သာမန်ကာလျှံကာ ဖျားတာနာတာ လောက်ကိုတောင်မှ ရုပ်ဝတ္ထုတွေ ဖောက်ပြန်လို့ ဖြစ်ရတာလို့ ယုံကြည်ခဲ့ကြတာကလား။ အနောက်တိုင်း ဆေးပညာထဲက စိတ်ရောဂါ ဘာသာရပ်ဟာ မကြာခင်ကမှ ပေါ်လာခဲ့တာ ဖြစ်တယ်လေ။

လူဝင်စားခြင်းမရှိ (Fig3) ဆိုတဲ့ အဆိုမှာ သေခြင်းတရားဟာ တွင်းနက်ထဲက အတွေ့အကြုံ ဖြစ်ရပ် မျိုး ဖြစ်တယ်။ ဒီအတွေ့အကြုံ ဖြစ်ရပ်ကို ဖြတ်သန်းခြင်းဟာ တစ်လမ်းသွားသာလျှင် ဖြစ်ပြီး ဒါကို ဖြတ်သန်းပြီးတဲ့အခါ ဘာမှ ပြန်မဖြစ်နိုင်တော့ဘူး။ အလင်းရောင်တောင် ပြန်မဖြစ်နိုင်တော့ဘူး။ ဒီနေရာမှာ ရုပ်ခန္ဓာဟာ သေပြီးတဲ့နောက် ပြိုကွဲသွားတဲ့အခါ နာမ်တရားဟာ ဖျက်ဆီးခံရတယ်၊ သို့တည်းမဟုတ် လုံးဝမသိနားမလည်နိုင်တဲ့ အခြေအနေကို ရောက်သွားပြီး အဲဒီအတိုင်း ထာဝရတည်နေမယ်။ ဆိုလိုတာက လူတိုင်းဟာ မွေးဖွားတယ်၊ ဘ၀တစ်လျှောက်နေထိုင်တယ်၊ နောက်ဆုံးမှာ သေခြင်းအတွေ့အကြုံကို ကျော်လွှားရမယ်။ ပြန်မလာတော့မဲ့ အခြေအနေကို ရောက်သွားမယ်။



လူဝင်စားခြင်းရှိတယ်(Fig4) ဆိုတဲ့ အဆိုမှာ သေခြင်းတရားဟာ လမ်းဆုံးအတွေ့အကြုံ မဟုတ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီနေရာမှာ ရုပ်ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကသာလျှင် ပျက်စီးသွားပြီး ပြန်မဖြစ်နိုင်တော့ပေမဲ့ နာမ်တရားကတော့ သိပ္ပံနည်းအရ မသိမမြင်နိုင်မဲ့ အခြေကို ဆိုက်ရောက်ပြီး အချိန်တစ်ခုကုန်ဆုံးတဲ့အခါ ပြန်လည် ဖြစ်ပေါ်လာမယ်။ သိပ္ပံနည်းအရ သိမြင်နိုင်မဲ့အခြေမှာတော့ သန္ဓေသားရဲ့ ကိုယ်ထဲကို ရောက်လာမယ်။ ဒါဟာ အီလက်အက်ထရွန်က အက်တမ်ပတ်လမ်းကနေ ပျောက်ကွယ်ပြီး ပတ်လမ်းနှစ်ခုကြား ကွက်လပ်ကို မဖြတ်ဘဲ အခြားတစ်နေရာမှာ ပြန်ပေါ်လာသလိုမျိုး ဖြစ်တယ်။ ဒီနေရာမှာ ခြားနားချက်က အီလက်ထရွန်ရဲ့ ပျောက်ကွယ်ခြင်းနဲ့ ပြန်ပေါ်ခြင်းမှာ အချိန်ခြားနားချက် မရှိတာပဲ။

အထက်ဖော်ပြပါ လူဝင်စားခြင်းဖြစ်စဉ်ရဲ့ ရှင်းလင်းချက်မှာ သိပ္ပံနည်းကျ လုပ်ငန်းစဉ်ရဲ့ အဆင့် a နဲ့ b ပါဝင်ပြီးသားဖြစ်တယ်။ နောက်လုပ်ငန်းစဉ် တစ်ဆင့်ကတော့ ဒီဖြစ်စဉ် တကယ်တည်ရှိတယ် ဆိုတာကို ဟောကိန်းထုတ်ထားနိုင်မဲ့ လေ့လာစူးစမ်းမှု တွေကို ရှာဖွေဖို့ပဲ။ လက်တွေ့စမ်းသပ် စစ်ဆေးနိုင်အောင် ကြောင်းကျိုးဆီလျော်တဲ့ လေ့လာစူးစမ်းမှုမျိုးပေါ့။

အတိတ်က ဖြစ်ရပ်တွေကို မှတ်မိနိုင်တဲ့ လူသားရဲ့ စွမ်းရည်ဟာ တစ်ဦးနဲ့တစ်ဦး အတော်လေး ကွာခြားပါတယ်။ အချို့ ပုဂ္ဂိုလ်တွေဟာ ကာလအကြာကြီးက ဖြစ်ရပ်တွေ အတွေ့အကြုံတွေကို မှတ်မိနိုင်တယ်။ အချို့ကတော့ ဒါတွေကို နှစ်အနည်းငယ် အတွင်းမှာ အလွယ်တကူ မေ့ကုန်တယ်။ အများစုကတော့ ထူးခြားတဲ့ ဖြစ်ရပ်တွေကို အပြည့်အစုံမှတ်မိကြတယ်။ ဥပမာအားဖြင့် ကာလကြာကြာဖြစ်ပွားတဲ့ ၀မ်းနည်းဖွယ် အဖြစ်အပျက်များ ကနေ သေခြင်းတရား အထိပေါ့။ အိပ်မွေ့ချလိုက်တဲ့ အခါမှာ လူတွေဟာ သူတို့ လုံးဝမေ့လျော့သွားပြီးတဲ့ ဖြစ်ရပ်တွေကို ပြန်လည်စုစည်းလာနိုင်တယ်။ အချို့ဟာ ကာလအဝေးကြီးက ဗဟုသုတတွေ အတွေ့အကြုံတွေကို ပြန်လည်မှတ်မိနိုင်ပြီး၊ ပြန်အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်လည်းရှိတယ်။

ဥပမာအားဖြင့် ကျွန်ုပ်နဲ့ အဆင့်မြင့်ရူပဗေဒ ဆွေးနွေးဖူးတဲ့ အကျွန်ုပ်ရဲ့ မိတ်ဆွေတစ်ဦး။ သူဟာ GCE (A level) စာမေးပွဲအတွက် အကြာကြီး လေ့လာနေတယ်။ အဲဒီအချိန်အတွင်း ဘာသိပ္ပံမှ သူမလုပ်ခဲ့ဘူး။ ဒီနောက် ဗဟိုဘဏ် ဗုံးပေါက်မှုဖြစ်တုန်း ထိခိုက်ဒဏ်ရာမှ လွတ်လာပြီး အဆင့်မြင့်ရူပဗေဒကို ဆွေးနွေးခဲ့တဲ့ မှတ်ဥာဏ်က ပြန်ပေါ်လာတယ်။ ဒါပေမဲ့ ရူပဗေဒကို မကြာမတင်ကမှ လေ့လာဖူးတဲ့ အခြားလူတွေ ကတော့ သူတို့ လေ့လာဖူးတာတွေ မေ့ကုန်တယ်။ ဘာကြောင့်လဲ။ ဘေးအန္တရာယ် ဖြစ်ခါနီးကာလမှာ သူတို့မှတ်ဥာဏ်ကို မသိမ်းဆည်းလိုက်နိုင်လို့ပဲ။ ကျွန်ုပ်မိတ်ဆွေဟာ ဗုံးကွဲတဲ့အလင်းရောင်ကို သူ့ပြတင်းဝကနေ မြင်လိုက်ရတာနဲ့ အဆင့်မြင့်ရူပေဗဒတွေကို သူ့စိတ်ထဲမှာ ရုတ်တရက် ပြန်သတိရခဲ့တယ်။ ပြီးမှ ဗုံးရဲ့ လှိုင်းတိုတွေ ၀င်လာတာ။ တစ်ချိန်ထဲမှာ လှိုင်းတွေက ပြတင်းမှန်ကို မခွဲပစ်မီ ကြမ်းပြင်ပေါ်ကို သူပစ်လဲသွားတာ ဖြစ်တယ်။

စောစောက သတ်မှတ်ထားတဲ့ လူဝင်စားခြင်းသာ အမှန်တကယ် ရှိတာ ဆိုရင် လူသားရဲ့ နာမ်တရားကလာတဲ့ အဆိုပါ စွမ်းရည်တွေဟာ မွေးဖွားခြင်းကို လွန်လို့ ပြီးခဲ့တဲ့ ဘ၀ကို ခြေဆန့်နိုင်ရမှာဖြစ်တယ်။ အဲဒီထက် စောစော ဘ၀တွေကိုလည်း ခြေဆန့်နိုင်ရမယ်။ အချို့ပုဂ္ဂိုလ်တွေမှာ အတိတ်ဘ၀ ဖြစ်ရပ်တွေကို မှတ်မိနိုင်တဲ့အစွမ်းရှိရမယ်။ အိပ်မွေ့ချ ခြင်းက ဒီစွမ်းရည်ကို အထောက်ကူ ပြုလိုက်မယ်။ အချို့ကတော့ သူတို့ရဲ့ အတိတ်ဘ၀တွေက ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ပြန်လည်အသုံးပြုနိုင်ရမှာဖြစ်တယ်။

ဒီဟောကိန်းတွေနဲ့ ကျွန်ုပ်တို့ဟာ ဟောကိန်းထုတ်ထားတဲ့ လေ့လာစူးစမ်းမှုတွေကို ရှာဖွေရင်း သိပ္ပံနည်းကျ လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်တွေကို သွားနိုင်တယ်။ လူဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ အချက်အလက် အမြောက်အမြားကို ကမ္ဘာတလွှားက သုတေသီတွေဆီက စုစည်းရယူခဲ့တယ်။ အတိတ်ဘ၀တွေကို အလိုလို ပြန်လည်သတိရခြင်းတွေ၊ အတိတ်ဘ၀ကုထုံးတွေ၊ ကလေးပါရမီရှင်များ နဲ့ အတိတ်ဘ၀က ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ပြန်လည်အသုံးပြုနိုင်စွမ်းရှိတဲ့ အခြားလူတွေဟာ သုတေသနပြုပြီး လေ့လာစူးစမ်းရမဲ့ ကဏ္ဍတွေ ဖြစ်တယ်။

လေ့လာစူးစမ်းမှုဟာ
(၁)အတိတ်ဘ၀ကိုအလိုလိုမှတ်မိနေခြင်း
(၂)အတိတ်ဘ၀ကုထုံး
(၃)ကလေးပါရမီရှင်များနဲ့ အတိတ်ဘ၀က ဗဟုသုတ အတွေ့အကြုံတွေကို ပြန်လည် အသုံးပြုနိုင်တဲ့ ပုဂ္ဂိုလ်များလို့ခွဲထားပြီးတော့ လုပ်ဆောင်မယ်။
ဒါဟာ လုပ်ငန်းစဉ် တတိယဆင့်မှာလုပ်တဲ့ ဟောကိန်းထုတ်ခြင်းဆိုတာ နဲ့ ကိုက်တယ်။
xxx



Enhanced by Zemanta


Read more...

ခရီးသွားမှတ်တမ်း(၉)

ရာစုနှစ်များစွာကတည်းက လာအိုနိင်ငံ၊ လောပရာဘန်မှ တန်တင်(Tam Ting) တန်ဖမ် (Tam Phum) ဂူ လို့ခေါ်ကြတဲ့ ပါ့ခ်ဦးဂူများဟာ ဒေသခံတိုင်းရင်းသားများ ရိုးရာနတ် ပူဇော်ပသကြတဲ့ အထွတ်အမြတ်နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစုနှစ်ပိုင်းလောက်ရောက်တဲ့အခါ် လာအိုမြောက်ပိုင်းမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ နောက်ပိုင်းမှာ ပါ့ခ်ဦးဂူများဟာ ဗုဒ္ဓဘာသာအသွင်ဖြစ်ကာ ဆင်းတုတော်များစွာဖြင့် ပြောင်းလဲလာခဲ့ပါတယ်။
၁၆ ရာစုနှစ် နှစ်လယ်ကာလများအတွင်း လန်းဇင်းဘုရင်များက ဂူ အတွင်း ထောင်ချီရှိတဲ့ ဗုဒ္ဓဆင်းတုတော်များ တည်ရှိရာ ဌာနကို ဘုရားကြည်ညိုပူဇော်ရာ၊ ဘုရားဖူးလည်ပတ်ရန် နေရာအဖြစ် ပြောင်းလဲခဲ့တယ်။ ၁၉၇၅ ခုနှစ်တိုင်အောင် တော်ဝင်ဘုရားဖူး ခရီးစဉ်အဖြစ် နှစ်စဉ် နှစ်တိုင်း ပြုလုပ်လာခဲ့ကြပါတယ်။

ယခုနောက်ပိုင်းတွင် ဘုရင်မျိုးဆက်မရှိတော့သဖြင့် ဘုရင်ရဲ့ ပူဇော်ကိုးကွယ်မှု မရရှိတော့သော်လည်း တန်တင်နှင့် တမ်ဖမ်ဂူများဟာ လာအို ဗုဒ္ဓဘာသာမှာတော့ အရေးကြီးဝတ်ပြု ပူဇော်ရာ ဘာသာရေးဆိုင်ရာ ဌာနတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
ထိုဂူထဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြင်ရပါတယ်။ ရုပ်ပွားတော်ရဲ့ အရေအတွက်များက အလွန်ပဲများပြားလှပါတယ်။ ဟောင်းလွန်းလှတဲ့ ဆင်းတုတော်များဟာ မပြုမပြင် နဂိုအတိုင်းရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်များ ဖြစ်ပါတယ်။ ထိုဆင်းတုတော်များအနက် ထူးဆန်းတဲ့ ရုပ်တုတစ်ခု သွားတွေ့ပါတယ်။ နဂါးခေါင်းနဲ့ မင်းသားတစ်ပါး ထိုင်နေပုံပါ။ နဂါးလုလင်ဆိုတဲ့သဘောလား မသိပါ။
Night Market of Loungprabang
Night Market လို့ဆိုတဲ့ ညဈေးကလည်း အလွန်စည်ကားလှပါတယ်။ ညဈေးဆိုလို့ သီးခြားလုပ်ထားတာ မဟုတ်ပါဘူး။ မြို့ရဲ့ မိန်းလမ်းကြီးပေါ်မှာ တဲထိုးပြီး ရောင်းကြတာပါ။ ညနေ မှောင်ရည်ပျိုးစအချိန်မှ ည(၁၀)နာရီတိုင်အောင် ရောင်းချကြပါတယ်။ ညဈေးတန်းဟာ လက်မှုပစ္စည်းများကို တစုတဝေးထဲ တွေ့နိုင်မယ့် နေရာတစ်ခုပါ။ ရိုးရာ အစားအသောက်များကိုလည်း ရောင်းချနေတာကို တွေ့ရတယ်။ အထည်အလိပ်တွေ၊ အ၀တ်အထည်တွေ ၊ ခြင်းယက်ခြင်းနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ (မြန်မာပြည်မှာတော့ ယွန်းထည်လိုဟာမျိုးပါ) ။
ညဖက်မှာ ညဉ့်ဈေးတန်းကို လည်ပတ်ရတာဟာ အရမ်းပျော်စရာကောင်းပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အသဲစွဲဆိုရင်လဲ မမှားဘူးပေါ့။ ဒါကြောင့်လည်း ထိုညဈေးတန်း( night market)လည်ပတ်ရတဲ့ ပျော်ရွှင်မှုဟာ လောပရာဘန်မြို့ကို အလည်လာရခြင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ အဖြစ်အပျက်တစ်စုံတစ်ရာ ဖြစ်တယ် လို့ အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ခဲ့ရတဲ့အတိုင်း ပျော်စရာကောင်းလှပါတယ်။
၂၃.၅.၂၀၀၉
ညနေခင်းတွင် လောပရာဘန်-ကားဂိတ်ဆင်းပြီး ညကားဖြင့် လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Vientaine ပီရန်ကျင်းမြို့ကို လာခဲ့ပါတယ်။ကားခမှာ လာအိုငွေ 150000KIP မြန်မာငွေ ၂၂၅၀၀ ကျပ်ကြပါတယ်။



မြို့တော် ပီရန်ကျင်း
Vientaine of Laos
ရောက်ခဲ့ပေါ့ မြို့တော်ပီရန်ကျင်း
၂၄.၅.၂၀၀၉
နံနက် ၄ နာရီမှာ Vientaine ပီရန်ကျင်းမြို့ ကားဂိတ်ကို ရောက်ပါတယ်။ ကားဂိတ်မှာ ခရီးသွားသူများ အနည်းငယ်သာရှိပါတယ်။ ဒီနေ့က Sunday ဆိုတော့ ရုံးတွေ ပိတ်ထားတဲ့ အတွက် Travel imformation office ရုံးများလည်း မဖွင့်သေးသလို တည်းခိုဖို့အတွက်လည်း gesthouse က နေ့ ၁၂ နာရီမှ Chack လုပ်ကြမှာဆိုတော့ အကြားကြီး စောင့်ရပေဦးမည် ၊ သို့နှင့် ကားဂိတ်မှာပဲ စာရေးသူတို့ သုံးဦးသား အချိန်ဖြုံးရင်း အရုဏ်တက်တာနဲ့ လဘက်ရည်ဆိုင်မှာ ပီဇာနှင့် လဘက်ရည် ကို အရုဏ်ဆွမ်းအဖြင့် စားကြပါတယ်။
ပါ့တူဆေး ခေါ် ၀ိတိုရီဂိတ်(Patuxay or Victory gate)
မြို့တော် ပီရန်ကျင်းရောက်တော့ လာအိုနိုင်ငံရဲ့အကြောင်း အနည်းငယ်ပြောပါရစေ
နံနက်အလင်းရောင် အားကောင်းလာတာနဲ့ ကားတစ်စီးခေါ်ကာ မြို့ထဲသို့ ထွက်လာခဲ့ပါတယ်။ မြို့ထဲရောက်တော့ တကယ့်နေရာတစ်ခုဖြစ်တဲ့ ပါ့တူဆေး(၀ိတိုရီဂိတ်)အမည်ရှိ ရန်အောင်မြင်တံခါးကြီးကို ကားသမားက လိုက်ပို့ပါတယ်။ ပ့ါတူဆေး(ခေါ်) ၀ိတိုရီဂိတ် ရန်အောင်မြင်တံခါးဟာ လာအိုနိုင်ငံ ရဲ့မြို့တော် ပီရန်ကျင်းမြို့မှာတော့ အထင်ရှားဆုံးနေရာတစ်ခုဖြစ်ပြီး၊ လာအိုနိုင်၊ ပီရန်ကျင်းမြို့ ၊ လန်ဖင်းရိပ်သာလမ်းရဲ့ အရှေ့မြောက်ဘက်အဆုံးမှာ တည်ရှိပါတယ်။
ထိုရန်အောင်မြင်တံခါးမုခ်ဦးကြီးကို ၁၉၆၂ ခုနှစ် (BE 2505) မှာ တည်ဆောက်ပြီးစီးခဲ့ တယ်။ ယခုဆိုရင် နှစ်ပေါင်း ၃၀ ၀န်းကျင်ခန့် ရှိခဲ့ပါပြီ။
တစ်ချိန်က လာအိုနိုင်ငံဟာ ပြင်သစ်နိုင်ငံလက် အောက် ကျရောက်ခဲ့တယ်။ ယခုအချိန်တိုင်အထိ ပီရန်ကျင်းမြို့မှာ ပြင်သစ်ပုံစံအဆောက်အဦများအပြင် အစားသောက်နဲ့ ပတ်သက်ပြီး ပြင်သစ်အစားစာများ ရောင်းချတဲ့ ဆိုင်များ ပေါများပြီး၊ ဌာနဆိုင်ရာများတွင် ပြင်သစ်စာများကို ယခုတိုင် သုံးစွဲနေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ တစ်ချိန်က အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်အခေါ်ဝေါ်တွေကို ယခုထက်တိုင် သုံးစွဲနေတာကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်အငွေ့အသက်များ ရှိနေခဲ့သလိုပါပဲ၊ လာအိုမြို့တော် ပီရန်ကျင်းမြို့ဟာ တစ်ချိန်က ပြင်သစ်လက်အောက်ခံဖြစ်ခဲ့တဲ့အတွက် ပြင်သစ်အငွေ့အသက်များ ယခုတိုင် ကျန်ရှိနေဆဲပါ။
ထို ရန်အောင်မြင်တံခါးမုခ်ဦးကြီးကို လာအိုင်နိုင်ငံက ပြင်သစ်ကို နိုင်လိုက်တဲ့ အထိမ်းအမှတ်နဲ့ အမှတ်တရ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ထို Victory gate ဟာ မုခ်ဦးလို ပုံသဏ္ဍာန်ရှိပြီး အထပ်ပေါင်း ခုနှစ်ထပ် ရှိပါတယ်။ အပေါ်ထပ်သို့ တက်ချင်လျှင်တော့ သတ်မှတ်ထားတဲ့ ၀င်ကြေးပေးပြီး တက်နိုင်ပါတယ်။ သံဃာတော်များကိုတော့ မယူ ပါဘူး။
ယခုအခါမှာ ထို ရန်အောင်မြင်တံခါးမုခ်တည်ရှိရာ နေရာဟာ လာအိုပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များရဲ့ အပမ်းဖြေစရာ လေ့လာစရာအဖြစ် တည်ရှိနေတာကို တွေ့မြင်ရပါတယ်။
သို့နှင့်စာရေးသူတို့လည်း အပေါ်ဆုံးထပ်အထိရောက်အောင် တက်ခဲ့တယ်။ တစ်ချို့အထပ် တွေမှာတော့ ရိုးရာပစ္စည်း၊အမှတ်တရပစ္စည်းတွေကို ရောင်းချနေတဲ့ ဈေးဆိုင် အများအပြား တွေ့ရတယ်။ ခြောက်ထပ်မြောက်ခုနှစ်ထပ်သို့ တက်တဲ့အခါမှာတော့ ကြောင်လိမ်လှေခါးမှ တက်ရပါတယ် ။ အပေါ်ဆုံးထပ်ရောက်တော့ ရှေ့နောက်ဝဲယာ View Point ပီရန်ကျင်းမြို့ရဲ့ အလွန်လှပတဲ့ ရှုခင်းကို မြင်ရတယ် ၊ ပီရန်ကျင်းမြို့ကြီးကို တည်ဆောက်ထားတာဟာ မြို့ပြအနေအထား အလွန်လှပကောင်းမွန်နေတာကို မြင်ရပါတယ်။
ဖာ့သက်ဒ်လျောင်ဘုရား
ထိုမှတဆင့် အရှေ့စူးစူးကို ဆက်သွားတဲ့အခါမှာ Pha Thad Luang ဖာ့သက်ဒ် လျောင် ဘုရားသို့ ရောက်ပါတယ်။ ဒီဘုရားက ပီရန်ကျင်းမှာတော့ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ အပြင်(heritage Museum) ရှေးလက်ရာမပျက် ပြတိုက်အဖြစ် ထားရှိတဲ့အတွက်ကြောင့် ကမ္ဘာ့လှည့်ခရီးသည်များအတွက် အကြိုက်တွေ့စေမဲ့ နေရာတစ်ခုပါ။ ဒီ Museum မှာလည်း Foreignerများအာ်း ၀င်ကြေးကောက်ခံတယ်။ သံဃာတော်များတော့ ထုံးစံ အတိုင်းမယူပါဘူး။

ဟော့ဖရာခီယို (Hophrakeo Museum)
စာရေးသူတို့ တည်းခိုတဲ့ စိစကက် (sisaket) လာအိုဘုန်းတော်ကြီးကျောင်းမှ ဟိုဖက်ခြမ်း လမ်းသို့ ကူးလိုက်တဲ့အခါ ဟော့ဖရာခီယို (Hophrakeo Museum) ကို ရောက်ရှိပါတယ်။
ဒီပြတိုက်ဟာ intrest စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ဘာကြောင့်ဆိုရင် ပြတိုက် အ၀င်ဝမှာထားရှိတဲ့ သစ်သားဆိုင်းဘုတ်ကို ဖတ်လိုက်ရတဲ့ အတွက် ဖြစ်ပါတယ်။ စာရေးထားတာက ဒီလို…..
HOPHRAKEO It was built in 1565 A.D (2108. B. G) by the great king Xaise that hirath the Lao lane xang king dom. The Hophrakeo for the contain of the Emeral Buddha only. Now, the Emeral Buddha was in the foreign abroad since 1779 A.D. Now,the Hophrakeo for the collection of the ancient materials or Hophrakeo Museum.
(ဟော့ပ်ဖရာခီယိုဆိုတဲ့ အဆောက်အဦကို လာအို လန်ဇင်း မင်းဆက် ဇိုင်ဆီမင်းက ၁၅၆၅ ခုနှစ်က မြဘုရားသီတင်းသုံးစံပါယ်တော်မူရန်အတွက် တည်ဆောက်ခဲ့ပါတယ်။ မြဘုရားဟာ ပြည်ပနိုင်ငံမှာ ၁၇၇၉ ခုနှစ်ကတည်းက ယနေ့အထိ သီတင်းသုံးနေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဒီ ဟော့ပ်ဖရာခီယို အဆောက်အဦးကို ပြတိုက်အဖြစ် ထားရှိပါတယ်။)
အထက်အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြဘုရားဆင်းတုတော်ဟာ တစ်ချိန်က လာအိုနိုင်ငံ ပီရန်ကျင်းမြို့၊ ဟော့ပ်ဖရာခီယိုမှာ သီတင်းသုံးတော်မူတယ်။ နောက်ပိုင်းမှာ မြဘုရားအား ထိုင်းနိုင်ငံမှ သိမ်းပိုက်ခဲ့တယ်လို့ ထိုပြတိုက်ရှိ တာဝန်ရှိသူများရဲ့ ပြောပြချက်အရ သိရပါတော့တယ်။(ဆက်လက်ရေးသားပါဦးမည်)



Read more...

တွေးစရာ

H1 N1 virus ကြောင့် ကမ္ဘာတ၀ှမ်း ရောဂါဖြစ်နေကြတာဟာ သတင်းများအရ တော်တော်များတယ်လို့ သိရတယ်။

ဒီနေ့ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးထဲမှာ လူတုပ်ကွေးရောဂါလည်းတစ်ခုပါဝင်နေတယ်။
ဒါပမဲ့ ဘုရားလက်ထက်က လူတုပ်ကွေးရောဂါထက် အဆပေါင်း များစွာ ဆိုးဝါးတဲ့ ရောဂါတစ်မျိုးကို ပိဋကတ်စာပေမှာ စာသင်သားဘ၀ ကဖတ်လိုက်ရပါတယ်။
အဲဒီရောဂါရဲ့ နာမည်က 'ယင်းနာ' ရောဂါ လို့ခေါ်တယ်၊ ဒီရောဂါဖြစ်ပွားနေတဲ့မြို့(သို့)ရွာဆိုရင် အနည်းဆုံး ကိုက်(၃၀)ခန့်အကွာက နေရောဂါဖြစ်နေရင် မြန်မြန်သာ လွတ်ရာကို ရှောင်ပြေးတော့တဲ့ တကယ်လို့ မပြေးဘူးဆိုရင် မိနစ်ပိုင်းအတွင်း ဒီရောဂါအကူးစစ်ခံရကာ သေတော့တာပဲ ။ အလွန်ကြောက်စရာကောင်းတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါကြောင့် တစ်ချို့ဆို ရွာလုံးကျွတ် သေဆုံးရတယ် ပြေးနိုင်သူ အနည်းငယ်သာ လွတ်ကြတယ် လို့ဆိုပါတယ်။
စဉ်းစားကြည့်တယ်။ အခုဖြစ်နေတဲ့ လူတုပ်ကွေးရောဂါဟာ ရှေးတုန်းကဖြစ်ခဲ့တဲ့ ယင်းနာ ရောဂါ လောက်မဆိုးသော်လည်း ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။
ဒီရောဂါဟာ လူစုလူဝးများတဲ့နေရာမှာ ကူးစက်ဖို့ လွယ်ကူတဲ့ ရောဂါတစ်ခုဆိုတော့။ မကြာမီ ၀ါဆိုဖို့လည်း နီးကပ်လာပြီ၊ ၀ါဆိုသင်္ကန်း ကပ်ကြတဲ့အခါ လူတွေကအများကြီး လူတွေမှာတော့ ပါးစပ်ကို အ၀တ်လေးနဲ့ပိတ်ထားရပေမယ့်လို့ ပါးစပ်နဲ့ အလုပ်လုပ်နေတဲ့ တရားဟော ဘုန်းကြီးမှာတော့ ဘယ်လို ပါးစပ်ကို ပိတ်ထားရမလဲ ...............တွေးကြည့်မိတာပါ။


Read more...

အာရမ္မဏပစ္စည်း - ၂(ဃ)

ပိန်တယ်လို့ ရှုမှတ်လိုက်တဲ့အခါမှာလည်း ရှုမှတ်ပြီးတာနဲ့ ပိန်တာလေးက မရှိတော့ပေဘူး။ ဖောင်းတယ်လို့ ရှုမှတ်ရတာ အသစ်လား .. အဟောင်းလား ... အသစ်ပဲ ဖြစ်တယ်။ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ထားရမယ်ဆိုတာ ကုန်ပျက်တာတွေကို မမြင်သေးပဲနဲ့ 'ကုန်တယ်၊ ပျက်တယ်' 'ကုန်တယ်၊ ပျက်တယ်'လို့ မရှုမှတ်ရပေဘူး။ အဲဒီလို ရှုမှတ်လို့ရှိရင် ပိုနှေးသွားလိမ့်မယ်။

သူ့ရှုမြဲတိုင်းပဲ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မရှုမှတ်ရပါဘူးလား ... ရှုမှတ်ရပါတယ်။ စိတ်ကိုတော့ ကုန်ပျက်တဲ့ဘက်ကို ညွတ်ထားရပေတယ်။ အလေးပြုထားရပေတယ်။ မိမိရဲ့ သမာဓိဉာဏ်တွေ အားနည်းနေသေးလို့ မမြင်သေးတာပဲ။ တကယ်စင်စစ်တော့ ကုန်ပျက်နေတာပဲလို့ ကုန်ပျက်တာတွေကို မြင်နိုင်လောက်အောင် စိတ်ကို အလေးပြုထားတော့ သမာဓိ ပိုဖြစ်ပေတယ်။

သမာဓိဖြစ်လာလို့ သမာဓိတွေ အားကောင်းလာတဲ့အခါ ဝိပဿနာဉာဏ် ဖြစ်လာပေတယ်။ ဝိပဿနာဉာဏ် ဖြစ်လာ၍ ဣနြေ္ဒ ၅-ပါး ညီသွားတဲ့အခါ ကုန်ပျက်တာလေးတွေ အသင့်အတင့် တွေ့လာတတ်ပါတယ်။ ကုန်ပျက်တဲ့ ဉာဏ်အဆင့်တော့ မရောက်သေးသော်လည်း ကုန်ပျက်တာလေးတွေကို ဣနြေ္ဒ ၅-ပါး ထက်သန်ညီမျှတဲ့အခါ တစ်ခါတစ်ရံ တွေ့လာတတ်ပါတယ်။

'ဖောင်းတယ်၊ ပိန်တယ်'လို့ ရှုမှတ်လိုက်တဲ့အခါ ဖောင်းတဲ့အမူအရာလေးဟာ ပိန်တဲ့ဆီကို လိုက်မပါလာပေဘူး။ ပြတ်ကျန်နေသကဲ့သို့၊ ပျက်ကျန်နေခဲ့သလို၊ ပိန်တဲ့ အမူအရာလည်း ဖောင်းတဲ့ဆီကို ပြန်လိုက်မပါလာပေဘူး။ ပျက်ပြီး ကျန်နေခဲ့သလို စိတ်ထဲဉာဏ်ထဲမှာ တစ်ခါတစ်ရံ ထင်ထင်လာတတ်ပေတယ်။

'ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်တဲ့အခါမှာလည်း ကြွတဲ့အမူအရာလေးတွေဟာ လှမ်းတဲ့အမူအရာသို့ လိုက်မပါလာပေဘူး။ နောက်မှာ အရိပ်လေးတွေလိုပဲ ကျန်နေခဲ့တယ်။ လှမ်းတဲ့ အမူအရာတွေဟာလည်း ချတဲ့ အမူအရာနောက်သို့ လိုက်မပါလာပေဘူး။ နောက်မှာ အရိပ်လေးတွေလိုပဲ ကျန်နေခဲ့တယ်။ နင်းချလိုက်တဲ့ အမူအရာကလည်း ကြွတဲ့ အမူအရာသို့ လိုက်မပါလာပေဘူး။ နောက်မှာ အရိပ်လေးတွေလိုပဲ ကျန်နေခဲ့သလို ယောဂီရဲ့ ဉာဏ်ထဲမှာ တစ်ခါတစ်ခါ ထင်ထင်လာပေတယ်။

ဉာဏ်ထဲမှာ ထင်ထင်လာတဲ့အတိုင်း တရားလျှောက်တဲ့အခါ ယောဂီက ထည့်လျှောက်တယ်။ "အရိပ်လေးတွေလို ကျန်ကျန်နေခဲ့တယ်ဘုရား၊ ကုန်ပျက် ကုန်ပျက်တဲ့ သဘောလေး တစ်ခါတစ်ရံ တွေ့ရတယ်ဘုရား။ အဲဒါ ဟုတ်မှ ဟုတ်ပါရဲ့လားဘုရား" "ဘယ့်နှယ် မဟုတ်ပဲ ဖြစ်ရမလဲ။ ယောဂီကိုယ်တိုင် တွေ့နေရတာပဲ"။ အမှန်အတိုင်း တွေ့ရတာဖြစ်တယ်။

သမာဓိဉာဏ်က အားနည်းနေသေးလို့ ထင်ထင်ရှားရှား မတွေ့ရသေးတဲ့အတွက်ကြောင့် "စိတ်ထဲက ထင်လို့ ဖြစ်ပါလိမ့်မယ်။ တစ်ကယ်ကုန်ပျက်တာတော့ ဟုတ်မယ်မထင်ပါဘူး"လို့ မကုန်ပျက်တဲ့ဘက်ကလည်း စိတ်ကို ပြန်ပြန်ပြီး တင်းမိတတ်တယ်။ အဲဒီလိုလည်း မတင်းမိစေရပေဘူး။ "ကုန်ပျက်တာတွေကို အသင့်အတင့် တွေ့သိလာပြီ။ နောင်တော့ တစ်ကယ်တမ်း ကုန်ပျက်တာတွေ မြင်ရတော့မှာပဲ"ဟု ကုန်ပျက်တဲ့ဘက်သို့ပဲ စိတ်ကို ညွတ်ပြီးတော့ ရှုမှတ်ပေးရမယ်။

ညွတ်၍ ရှုပါများတော့ သမာဓိဉာဏ်တွေ အားကောင်းလာပြီး ဘင်္ဂဉာဏ်သို့ ရောက်သွားတဲ့အခါ ကုန်ပျက်တာတွေကို ပကတိသော မျက်စိဖြင့် မြင်ရသလို ထင်ထင်ရှားရှားတွေ့ကြပါတယ်။ ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်ရင်လည်း ပိန်တဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ။ 'ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်တဲ့အခါမှာလည်း ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရလေးတွေ ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာကို သမာဓိဉာဏ် အခြေခံ ရင့်ကျက်လာတဲ့ ယောဂီများ ကိုယ်တိုင် မတွေ့ရပါဘူးလား ... တွေ့ရပေတယ်။

ကုန်ပျက်သွားတာ မြင်ရတော့ မမြဲဘူးဆိုတာလည်း မသိနေပါဘူးလား ... သိနေပါတယ်။ နောက်သမာဓိဉာဏ်တစ်ဆင့် ရင့်ကျက်အားရှိ ထက်သန်လာတဲ့အခါ မှတ်စရာအာရုံသာ ကုန်ပျက် ကုန်ပျက်သွားတာ မဟုတ်ဘူး၊ မှတ်သိစိတ်ပါ ကုန်ပျက် ကုန်ပျက်သွားတာကို တစ်ဆင့် မြင်ကြပြန်ပါတယ်။ တချို့တချို့ ယောဂီများက တော်တော့ကို ဉာဏ်ထက်တာပဲ။ (၁၀)ရက်လောက်အတွင်းမှာပဲ အဲဒီလို ကုန်ပျက်တာကို မြင်ကြတယ်။

ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာ။ ပိန်တယ်လို့ မှတ်လိုက်ရင် ပိန်တဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာကို မြင်ကြတယ်။ 'ကြွတယ်၊ လှမ်းတယ်၊ ချတယ်။'လို့ မှတ်နေတဲ့အခါမှာလည်း ကြွတယ်လို့ မှတ်လိုက်တဲ့အခါ ကြွတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာ။ လှမ်းတယ်လို့ မှတ်တဲ့အခါ လှမ်းတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာ။ ချတယ်လို့ မှတ်တဲ့အခါ ချတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာ ကို မြင်ကြပေတယ်။

အဲဒီလို ကုန်ပျက်တာတွေကို မြင်တဲ့အခါ မှတ်စရာအာရုံ ရုပ်တရားတွေလည်း မမြဲဘူး။ မှတ်သိစိတ် နာမ်တရားလည်း မမြဲဘူးလို့ မသိသွားပါဘူးလား ... သိသွားပါတယ်။ မမြဲဘူးဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ .. အနိစ္စပါ။ ကုန်ပျက်တာတွေ လျှင်မြန်အားကြီးတော့ နှိက်စပ်နေသလို ဖြစ်၍ ဆင်းရဲပါလား..။ ဆင်းရဲဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... ဒုက္ခပါ။ ဒီလို ကုန်ပျက် နှိပ်စက်နေတဲ့ ဆင်းရဲတွေကို ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ၊ ဘယ်လိုမှ ကာကွယ်လို့ မရဘူး၊ သူ့သဘောအတိုင်း ကုန်ပျက် နှိပ်စက်နေတာပဲ ကိုယ်အစိုးမရပါလား...။ ကိုယ်အစိုးမရပါလားဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ .. အနတ္တပါ။ အနိစ္စ ဒုက္ခ အနတ္တတွေ ကိုယ်တိုင်တွေ့ကြရပေတယ်။

ငယ်ရွယ်စဉ်အခါကတည်းက လူကြီးသူမတွေ ပြောလို့ ကြားခဲ့ရတဲ့ အနိစ္စ ဒုက္ခ အနတ္တတွေ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကိုယ်တိုင်တွေ့ရတော့ ဝမ်းမြောက်ဝမ်းသာစရာ မကောင်းပါဘူးလား... ဝမ်းမြောက်ဝမ်းသာဖြစ်စရာ ကောင်းပါတယ်။ တစ်ချို့တော့ ဝမ်းမြောက်ဝမ်းသာဖြစ်လို့ ပီတိတွေဖြစ်လို့ ရှုတောင် မရှုနိုင်တော့ဘူး။ အနိစ္စ ဒုက္ခ အနတ္တတွေ မြင်ပြီး ဝမ်းမြောက်ဝမ်းသာတွေ ဖြစ်နေတာ နေရာကျပါတယ်။ ဒီပီတိကလည်း တရားရဖို့ ကျေးဇူးပြုနေပေတယ်။ ကုန်ပျက် ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီး ရှုမှတ်လိုက်တဲ့အခါ ကုန်ပျက်တာတွေ မြင်သွားတော့ အနိစ္စ မမြင်သွားပါဘူးလား ... အနိစ္စ မြင်သွားပါတယ်။ အနိစ္စမြင်သွားတော့ ဒုက္ခလည်း ထင်တော့တာပါပဲ။ ဒုက္ခထင်တော့ အနတ္တလည်း မြင်တော့တာပါပဲ။ လက္ခဏာစစ် တစ်ခုမြင်သွားလို့ရှိရင် သုံးပါးလုံးပင် မြင်သွားပေတယ်။

ဆောင်ပုဒ်။ ။ လက္ခဏာစစ်တွင်၊ တစ်ခုမြင်၊ အကုန်ပင် သိတော့သည်။

ကုန်ပျက်တဲ့ဘက်ကို စိတ်ကိုညွတ်ပြီး ရှုလိုက်လို့ ကုန်ပျက်တဲ့ မမြဲတဲ့ အနိစ္စ လက္ခဏာစစ်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒုက္ခလက္ခဏာကိုလည်း မြင်တယ်။ အနတ္တလက္ခဏာကိုလည်း မြင်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပေတယ်။ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီး ရှုတဲ့အခါ တကယ်တမ်း ကုန်ပျက်တာတွေ မြင်နိုင်လောက်အောင် ရိုရိုသေသေ စူးစူးစိုက်စိုက် ရှုမှတ်ရမယ်။

ရိုရိုသေသေဆိုတာ ကိုယ်အမူအရာလေးတွေကို သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ ပြုလုပ်တာ ဖြစ်တယ်။ ဖောင်းတာ ပိန်တာကို မှတ်တဲ့အခါ မှန်မှန်လေး ရှူတာကို ရိုရိုသေသေပဲ ဖြစ်တယ်။ စူးစူးစိုက်စိုက်ဆိုတာကတော့ ပစ္စုပ္ပန်လည်း တည့်အောင် ပရမတ်ကိုလည်း သိအောင် စူးစိုက်ရတယ်။ ဖောင်းတယ်လို့ မှတ်တဲ့အခါ အဆင့်ဆင့် ဖောင်းတက်လာတဲ့ အစဉ်လေး သန္တတိ ပစ္စုပ္ပန်ကို တည့်နိုင်သမျှ တည့်အောင်၊ မီနိုင်သမျှ မီအောင် စူးစိုက်ရပါတယ်။ ဝမ်းဗိုက် ပုံသဏ္ဌာန် ပညတ်ကြီးကိုတော့ ခွာနိုင်သမျှ ခွာရပါတယ်။

ပိန်တယ်လို့ မှတ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ။ အဆင့်ဆင့် လျော့ကျသွားတဲ့ အစဉ်လေး သန္တတိ ပစ္စုပ္ပန်ကို တည့်နိုင်သမျှ တည့်အောင်၊ မီနိုင်သမျှ မီအောင် စူးစိုက်ရပါတယ်။ ဝမ်းဗိုက် ပုံသဏ္ဌာန် ပညတ်ကြီးကိုတော့ ခွာနိုင်သမျှ ခွာရပါတယ်။ ဝိပဿနာတရား ရှုမှတ်တဲ့အခါမှာ ပစ္စုပ္ပန်လည်း တည့်အောင်၊ ပရမတ်ကိုလည်း သိအောင် စူးစိုက်ဖို့ရာတို့သည် အရေးကြီးတဲ့ အချက်တွေပင် ဖြစ်ပေတယ်။ ပစ္စုပ္ပန်တည့်တည့်ကလေးမှာမှ တရားသဘောတွေက ရှိပါတယ်။

ဒီတရားသဘောတွေကိုလည်း ပညတ် ပုံသဏ္ဌာန်တွေ ရှုမှတ်နေလို့လည်း မတွေ့နိုင်ပေဘူး။ ပုံသဏ္ဌာန်ဒြပ်တွေကို ခွာပြီး သဘောတရားတွေကို ရှုနိုင်မှသာ သဘောတွေကို ထင်ထင်ရှားရှား တွေ့ရပေတယ်။

ဆောင်ပုဒ်။ ။ ပညတ်ကိုခွာ၊ ပရမတ်သာ၊ မှန်စွာရှုရမည်။

ဝိပဿနာစစ်စစ်ဖြစ်ချင်လို့ရှိရင် ပညတ် ပုံသဏ္ဌာန်ဒြပ်တွေကို ခွာနိုင်သမျှ ခွာရပါမယ်။ ရှုတဲ့အခါမှာလည်း ကုန်တဲ့ ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီး ရှုရပေမယ်။ ဝိပဿာနာစစ်စစ်ဖြစ်အောင် ဘယ်လိုများ ရှုရပါမလဲလို့ မေးရင် ပညတ်ပုံသဏ္ဌာန်ဒြပ်တွေကို ခွာနိုင်သမျှခွာ၊ ပရမတ် သဘောတရားတွေကို သိနိုင်သမျှ သိအောင် စူးစိုက်ပြီး ကုန်ပျက်တဲ့ဘက်ကနေပြီးတော့ ရှုမှတ်ရမယ်လို့ ပြောပြရပေမယ်။

သမထဆိုကတော့ ရှုတဲ့အခါမှာလည်း မြဲတဲ့ဘက်ကနေ ရှုရတယ်။ အာရုံကလည်း ပညတ်အာရုံကိုပဲ ရှုရတယ်။ ပထဝီကသိုဏ်းဆိုရင် မြေကွက်ကလေး စကောလောက်၊ ဘန်းလောက်ပြုလုပ်ပြီး ဒီမြေကွက်ကလေးကို ပကတိသော မျက်စိနှင့် မြင်အောင် ကြည့်ထားရတယ်။ မမှိတ်သော မျက်စိနှင့် ကြည့်နိုင်ရင် ပိုကောင်းတယ်။ စိတ်ကလည်း ဒီမြေကွက်ကလေးကို အမြဲတမ်း စိတ်ထဲမှာ ထင်နေရအောင် နှလုံးသွင်းပြီးတော့ (မြေ မြေ၊ ပထဝီ ပထဝီ)လို့ ရှုရတယ်။

စိတ်ထဲမှာ အမြဲတမ်း ထင်အောင်ရှုရတယ်။ မြဲတဲ့ဘက်က မရှုရပါဘူးလား ... မြဲတဲ့ဘက်က ရှုရပါတယ်။ အာရုံကလည်း ပညတ်အာရုံပဲ ဖြစ်ပေတယ်။ ရှုတဲ့အခါမှာလည်း မြဲတဲ့ဘက်ကနေ၍ ရှုရတယ်။ နောက်သမာဓိဖြစ်လာတဲ့အခါ မျက်စိမှိတ်လိုက်သော်လည်း ဒီမြေကွက်ကလေးဟာ စိတ်အာရုံထဲမှာ ပကတိသော မျက်စိဖြင့် မြင်ရတဲ့ မြေကွက်လေးလိုပဲ အမြဲထင်နေတယ်ဆိုရင် ဥဂ္ဂဟနိမိတ်လို့ ဆိုရပေတယ်။

နောက်တစ်ဆင့်တက် ရှုမှတ်လို့ သမာဓိအားရှိလာတဲ့အခါ ပကတိသော မြေကွက်ထက် ပိုပြီး ကြည်လင်တောက်ပတဲ့ မြေကွက်ကလေး စိတ်ထဲမှာ ထင်လာတယ်။ မြဲအောင် မရှုရပါဘူးလား... မြဲအောင် ရှုရပါတယ်။ အာရုံကလည်း ပညတ်အာရုံပဲ ဖြစ်ပေတယ်။ ရှုတဲ့အခါလည်း မြဲအောင်ပဲ ရှုရတယ်။ အဲဒါ သမထပါ။ ဝိပဿနာယောဂီဆိုတော့ သမထလည်း သိထားရပေတယ်။

သမထဘာဝနာနှင့် ဝိပဿနာဘာဝနာထူးပုံ

ဆောင်ပုဒ်။ ။ ပညတ်အာရုံ၊ မြဲနေပုံ၊ ရှုတုံ သမထမည်။

အာရုံကလည်း ပညတ်အာရုံ၊ ရှုတဲ့အခါမှာလည်း မြဲတဲ့ဘက်ကနေ ရှုရတာ သမထပဲ ဖြစ်ပေတယ်။ ဝိပဿနာကတော့ အာရုံကလည်း ပရမတ်အာရုံ၊ ရှုတဲ့အခါမှာလည်း မမြဲတဲ့ဘက်ကနေ ရှုရတယ်။ ပရမတ် အာရုံသဘောလေးမျှကို ရှုမှတ်ရပါတယ်။

ဆောင်ပုဒ်။ ။ ပရမတ်အာရုံ၊ မမြဲပုံ၊ ရှုတုံ ဝိပဿ်မည်။

သမထနဲ့ ဝိပဿနာ ကွဲပြားသွားကြပေပြီ ဖြစ်တယ်။ ဝိပဿနာတရားစစ်စစ် ရှုတတ်ဖို့ အရေးကြီးပါတယ်။ တစ်ချို့ တချို့ စာပေကျမ်းဂန်နယ်က ပရိယတ္တိသမားတွေက ပဋိပတ္တိသမားတွေကို မကြာခဏ လေ့လာကြပါတယ်။ အဲဒီမှာ ရှင်းရှင်း ပြောပြနိုင်ရအောင် သူတို့လည်း သဘောကျပြီး အားထုတ်နိုင်ရအောင် ဝိပဿနာနဲ့ သမထကို ကွဲပြားအောင် သိထားကြရပေတယ်။

တချို့ပုဂ္ဂိုလ်များက ပရိယတ္တိလောက်သာ အားသန်ပြီး ပဋိပတ္တိဉာဏ်က မရှိတော့ သဘောမပေါက်ကြပေဘူး။ ယောဂီတစ်ဦး ငယ်ရွယ်စဉ်က ဆရာဖြစ်ခဲ့ဖူးသည့် ဆရာကြီးတစ်ဦးက "သင်တို့ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်လို့ ရှုမှတ်နေတာ သမထလည်း မဟုတ်ဘူး၊ ဝိပဿနာလည်း မဟုတ်ဘူး၊ မဟုတ်တာတွေ ရှုနေကြတယ်"ဟု ပြောလိုက်သောကြောင့် ယောဂီမှာ သံသယတွေဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်ရတာ ရှိခဲ့ဖူးပါတယ်။ အဲဒီလို မဖြစ်ရအောင် သမထနှင့် ဝိပဿနာ ကွဲပြားအောင် ရှုမှတ်ပုံများကို သိထားသင့်ပေတယ်။

ပရမတ်ကို ရှုရပုံမှာ ဖောင်းတယ်လို့ ရှုတဲ့အခါ တောင့်တင်း တွန်းကန်မှုကိုပဲ ရှုရပါတယ်။ ပိန်တယ်လို့ ရှုတဲ့အခါလည်း လျော့သွား လှုပ်သွားတဲ့ သဘောကိုပဲ ရှုရပါတယ်။

ဆောင်ပုဒ်။ ။ ထောက်ကန် တောင့်တင်း၊ လျော့ခြင်းတစ်မည်၊ ဝါယောဓာတ်၊ ရှုမှတ် မြတ်ယောဂီ။

ဝါယောဓာတ်ရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဖောင်းတဲ့အခါ ထောက်ကန်တာ၊ တောင့်တင်း တွန်းကန်တာ မထင်ရှားပါဘူးလား... ထင်ရှားပါတယ်။ ပိန်တဲ့အခါလည်း လျော့သွားတာ မထင်ရှားပါဘူးလား .. ထင်ရှားပါတယ်။ ပညတ်ကို ရှုတာလား .. ပရမတ်ကို ရှုတာလား ... ပရမတ်ကို ရှုတာပါ။ ရှုတဲ့အခါမှာလည်း မြဲတဲ့ဘက်ကရှုတာလား .. မမြဲတဲ့ဘက်က ရှုတာလား... မမြဲတဲ့ဘက်က ရှုတာပါ။ ဝိပဿနာစစ်စစ်ကို ရှုတာပါလို့ ပြန်ဖြေနိုင်ပါတယ်။

အမေးခံရတဲ့အခါမှာ အဲဒီ ယောဂီကတော့ မဖြေနိုင်ပေဘူး။ စိတ်တွေ ဂယောက်ခြောက်ခြားတွေ ဖြစ်သွားရပါတယ်။ ငယ်ရွယ်စဉ်အခါက ပရိယတ္တိ ဆရာသမားဖြစ်သူက ပြောလိုက်သည်မှာ "သင်တို့ဟာတွေက သမထလည်း မဟုတ်၊ ဝိပဿနာလည်း မဟုတ်ဘူး"လို့ ပြောလိုက်တော့ အို .. ခံရခက်လိုက်တာ။ ဝိပဿနာရှုတာ အကျိုးမရတော့ဘူးလို့ စိတ်ထဲမှာတောင် တော်တော်လေး သံသယတွေ ဖြစ်သွားပါတယ်တဲ့။ အဲဒီလို မဖြစ်ရအောင် ယောဂီများကတော့ သိထားရပါတယ်။

ဝိပဿနာစစ်စစ်ဆိုတာ ပရမတ်ကိုပဲ ရှုရပါတယ်။ ရှုတဲ့အခါမှာလည်း မမြဲတဲ့ဘက်ကဘဲ ရှုရပါတယ်လို့ပြောလို့ ရပါတယ်။ မမြဲတဲ့ဘက်၊ ကုန်ပျက်တဲ့ဘက်ကနေရှုတော့ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့ အနတ္တတွေကို မြင်နိုင်ပါတယ်။

ဝိဝိဓေန အနိစ္စာဒိအာကာရေန ပဿတီတိ ဝိပဿနာ။

ဝိဝိဓေန အနိစ္စာဒီအာကာရေန = အထူးထူး အပြားပြားသော အနိစ္စ အစရှိသော အခြင်းအရာအားဖြင့်၊ ပဿတိ = ရှုတတ်၏ ။ ဣတိတသ္မာ = ဤသို့ အထူးထူး အပြားပြားသော အနိစ္စအစရှိသော အခြင်းအရာအားဖြင့် ရှုရတဲ့အတွက်ကြောင့်၊ ဝိပဿနာ = ဝိပဿာနာ မည်၏ ။

အနိစ္စ ဒုက္ခ အနတ္တ အစရှိသော အခြင်းအရာအားဖြင့် အထူးထူး အပြားပြား ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် ကြွတယ် လှမ်းတယ် ချတယ်လို့ ရှုတာ ဝိပဿနာ ဖြစ်ပါတယ်။ ယုံမှားသံသယ မဖြစ်ပါနဲ့။ အဲဒီလို ဝိပဿာနာရှုလို့ ဘင်္ဂဉာဏ်သို့ ရောက်သွားတဲ့အခါ ကုန်ပျက်တာတွေ မြင်တဲ့အခါ ဒွါရ(၆)ပါးကနေ လှည့်ပြီး ရှုလို့ ရသွားတတ်ပါတယ်။ သမာဓိဉာဏ် အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ မျက်စိကလည်း 'မြင်တယ်'လို့ ရှုမှတ်လို့ ရသွားပါတယ်။ နားကလည်း 'ကြားတယ်'လို့ ရှုမှတ်လို့ ရသွားပါတယ်။ အထူးသဖြင့် နားကရတဲ့ ပုဂ္ဂိုလ်တွေကတော့ များပါတယ်။ မျက်စိကရတဲ့ ပုဂ္ဂိုလ်က နည်းနည်း နည်းပေတယ်။ နှာခေါင်းက 'နံတယ်၊ နံတယ်'။ လျှာကလည်း 'စားတယ်၊ ဝါးတယ်'။ ကိုယ်ကတော့ ရပြီးသား ဖြစ်ပါတယ်။ စိတ်ကလည်း 'စိတ်ကူးတယ်၊ ကြံစည်တယ်'လို့ မှတ်လို့ ရသွားပေတယ်။

စွဲလမ်းစရာ အာရုံတွေကြောင့် စိတ်ကူးကြံစည်မှုလေးတွေ ဖြစ်လာတယ် ဆိုလို့ရှိရင် 'စိတ်ကူးတယ်၊ ကြံစည်တယ်'လို့ မှတ်လိုက်တဲ့အခါ စိတ်ကူးကြံစည်မှုလေးတွေ တစ်ချက်မှတ် တစ်ချက်ပျောက်၊ တစ်ချက်မှတ် တစ်ချက်ပျောက်သွားတာ သမာဓိဉာဏ် အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ တွေ့ကြရတယ်။ နောက်သမာဓိဉာဏ်တွေ အားရှိလာတော့ မှတ်သိစိတ်ပါ လိုက်လိုက်ပြီး ကုန်ပျက်ကုန်ပျက်သွားတာ တွေ့ရပြန်တယ်။ ကုန်ပျက်တာ တွေ့ရတော့ မမြဲဘူးဆိုတာ သိသွားကြတယ်။ အနိစ္စ ဒုက္ခ အနတ္တဉာဏ်တွေ ဖြစ်သွားကြတယ်။

ကာယဒွါရကနေ၍ စပြီးထူထောင်လို့ ဘင်္ဂဉာဏ်သို့ ရောက်သွားတဲ့အခါ မျက်စိ နား နှာ လျှာ ကိုယ် စိတ်တည်းဟူသော ဒွါရ(၆)ပါးလုံးမှာ လှည့်လည်ပြီးတော့ ရှုမှတ်လို့ ရသွားပါတယ်။ ဒွါရ(၆)ပါးလုံး လုံခြုံသွားတာနဲ့ တစ်ပြိုင်နက်တည်း ယောဂီများ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်များ ရသွားကြမှာ ဖြစ်ပေတယ်။

အာရမ္မဏ ၂(င)သို့

Read more...

ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း (၉)ပါး - (၆)


KDL06 - 007

Read more...

အဓိပ္ပာယ်ရှိသော နာကျင်ခြင်း



နာကျင်ခြင်းမှာ ကိုယ်၏ နာကျင်ခြင်း၊ စိတ်၏ နာကျင်ခြင်းလို့ နှစ်မျိုးရှိပါတယ်။ လောကလူသားတို့မှာ ဘယ်နာကျင်ခြင်းကိုမှ မလိုချင်ကြ။ လူတိုင်း နာမှာ ကြောက်ကြပါတယ်။ နာကျင်မှုကို ရှောင်ကွင်းလိုကြတယ်။ နေပူလျှင် အပူလောင်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုကို ကြောက်သောကြောင့် ထီးစသည်ကို ယူဆောင်သွားတတ်ကြတယ်။ မိုးရွာလျှင် အအေးဒဏ်ကြောင့်ဖြစ်သော နာကျင်မှုကို ကြောက်သောကြောင့် ထီးစသည်ကို ဆောင်ထားတတ်ကြတယ်။။ တောထဲသွားလျှင် တောရိုင်း၊ တိရစ္ဆာန်များ၊ မြွေစသော သတ္တ၀ါများ ကိုက်ဖြတ်ခြင်းကြောင့်ဖြစ်သော နာကျင်မှုကို ကြောက်သောကြောင့် တုတ်၊ ဓားစသည်ကို ယူဆောင်သွားကြတယ်။ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် တတ်နိုင်သမျှ နာကျင်မှုကင်းအောင် အားထုတ်ကြပါတယ်။ ဒါပေမယ့် လောကမှာ အဓိပ္ပာယ်ရှိတဲ့ နာကျင်မှုလေးတွေကလဲ အံ့သြဖွယ်ရာ တည်ရှိနေပါတယ်။

နာကျင်မှုအကြောင်း စဉ်းစားရင်း လူငယ်တစ်ဦး ပြောလိုက်တဲ့စကားကို သွားအမှတ်ရမိပါတယ်။ “ဒီတစ်ခါ ပါးရိုက်ခံရတာတော့ တန်တယ်ကွာ”ဟူ၍တည်း။ လူငယ်တို့ ထုံးစံအတိုင်း ကောင်လေးက ကောင်မလေးကို ချစ်တယ်လို့ ပြော၊ ကောင်မလေးက မကြိုက်တော့ ပါးရိုက်။ ပါးရိုက်ပြီးမှ သနားပြီး ကောင်းလေးကို ကြိုက်။ ဇာတ်လမ်းက အဲဒီလို ဖြစ်ပုံရပါတယ်။ ဒါကြောင့် ပါးရိုက်ခံရတာကို ပျော်ပျော်ကြီး ပြောနေနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် အဆိုပါ လူငယ်အတွက်တော့ ပါးရိုက်ခံရလို့ နာတာဟာ သူ့အတွက် အဓိပ္ပာယ်ရှိသော နာကျင်ခြင်းပဲပေါ့။


နာကျင်မှုဆိုတာ သဘာဝအားဖြင့် ဘယ်သူမှ မလိုချင်ကြပေမယ့် တစ်စုံတစ်ရာ တန်ရာတန်ကြေးရမယ်ဆိုလျှင်တော့ နာကျင်ရကျိုးနပ်တယ်လို့ ဆိုတတ်ကြပါတယ်။ ထောင်မြင် ရာစွန့်ဆိုတာလဲ စွန့်လွှတ်ရခြင်းဆိုတဲ့ နာကျင်မှုနဲ့ စခဲ့ရတာပဲ မဟုတ်လား။ အဲဒီတော့ ကောက်ချက်ချလို့ ရတာတစ်ခုက နာကျင်မှုဆိုတာ အမှန်အားဖြင့် စိတ်နဲ့ပဲ သက်ဆိုင်တယ်လို့ ဆိုရတော့မှာပါ။ ဘယ်လောက်ပဲနာနာ စိတ်က ကျေကျေနပ်နပ်ကြီးဖြစ်နေရင် အဲဒီအနေအထားကို နာကျင်တယ်လို့ ပြောရတာ ခပ်ခက်ခက်ရယ်။
ဗုဒ္ဓမြတ်စွာဘုရား ဘုရားမဖြစ်ခင်က စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လုပ်ခဲ့ရတယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေ့လာသိရှိရတာဟာ လက်တွေ့ခံရသူအလောင်းတော် မဆိုထားနဲ့ ဘေးကနေရတဲ့ စာရေးသူတို့တောင် တော်တော်ကို ထိထိရှရှ ခံစားရပါတယ်။

ဘုရားလောင်းယုန်မင်းဇာတ်တော်မှာ ဘုရားအလောင်း ယုန်လေးဟာ မိမိရဲ့ ခန္ဓာကိုယ်ကိုတောင် စွန့်လွှတ်ပြီး နာကျင်မှုတွေကို အဓိပ္ပာယ်ရှိအောင် လုပ်ခဲ့ပါတယ်။ အလောင်တော်ရဲ့ အချို့ဘ၀တွေမှာဆိုရင် မိမိရဲ့ လက်ခြေ၊ အင်္ဂါတို့ကို စွန့်လွှတ်တဲ့အပြင် အသက်ကိုတောင် မငဲ့မကွက်ဘဲ စွန့်လှူခဲ့ဖူးပါတယ်။ အလောင်းတော်ရဲ့ ဗျာဒိတ်ခံဘ၀မှာတောင် နာကျင်ရုံမကလို့ အသက်ပင်သေသေဆိုတဲ့ စိတ်နဲ့ ဒီပင်္ကရာဘုရားရှင်နဲ့ သံဃာတော်များ ရွံ့မပေအောင် မိမိခန္ဓာကို တံတားအဖြစ် ထိုးခင်းပေးခဲ့ဖူးပါတယ်။ ဒါတွေဟာ အလွန်ကို နာကျင်စရာ ကောင်းပါတဲ့ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။ ဘုရားလောင်းကတော့ နာကျင်စရာဖြစ်ပေမယ့် နာကျင်မှုရယ်လို့ မသတ်မှတ်တော့ပါဘူး။ နာကျင်မှု ခံစားရပေမယ့် သူ့အတွက်တော့ အဓိပ္ပာယ်တွေ များစွာရှိနေတာ အသေအချာပါပဲ။

အေးချမ်းမေ သီချင်းတွေ ခေတ်စားတဲ့အခါတုန်းက မှုခင်းဂျာနယ်ထဲမှာလို့ ထင်ပါတယ်။ အဖြစ်အပျက်လေးတစ်ခုက သင်္ခန်းစာယူစရာအတော်ကောင်းပါတယ်။ လူငယ်တစ်ဦးက အေးချမ်းမေရဲ့ပုံလေးကို ထုတ်ကြည့်တယ်လို့ ဆိုပါတယ်။ အဲဒါကို ဘေးမှာရောက်လာတဲ့ နောက်လူငယ်တစ်ဦးက ခဏကြည့်ချင်လို့ဆိုပြီးတောင်းပြီး ပြန်မပေးလို့ လူငယ်အချင်းချင်း စကားများကြရာက ဓားထိုးမှုဖြစ်သတဲ့။ ဓားထိုးခံရသူလူငယ် ဆုံးပါးသွားတယ်လို့ ထင်ပါတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် လူငယ်နှစ်ဦးစလုံး နာကျင်ခဲ့ရတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဖြစ်ခဲ့ရတဲ့ ဒီနာကျင်မှုဟာ သေးသေးမွှားမွှား နာကျင်မှု မဟုတ်ခဲ့ပါဘူး။ ဒီနာကျင်မှုက ဘယ်သူ့အတွက် ဘယ်လောက်ထိ အဓိပ္ပာယ်ရှိခဲ့သလဲ။

နောက်မှုခင်းတစ်ခု ရှိသေးတယ်။ ဒါကတော့ အရက်ဝိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မကြာခဏကြားနေရတဲ့ အဖြစ်အပျက်ပါ။ တစ်နေ့ သောက်နေကျ အရက်သမားတွေ ၀ိုင်းဖွဲ့ပြီး အရက်သောက်နေသတဲ့။ အဲဒီအချိန်မှာ အရက်သမားတစ်ယောက် ခွက်ကျော်သောက်မိရာက စပြီး ပြဿနာတွေ အကြီးအကျယ်တက်တာ နောက်ဆုံး ဓားထိုးမှုဖြစ်ပြီး သေဆုံးရတဲ့အထိပါပဲ။ ဒါကတော့ အရက်သမားတွေမို့ဖြစ်တာလို့ ပြောမယ်ဆိုလဲ ပြောလို့ရပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က အသက်ပါဆုံးရှုံးခဲ့ရတယ်ဆိုတော့ သာမန်ကာလျှံကာတော့ မယူဆသင့်ဘူး။ စခဲ့တဲ့ပြဿနာက ဘာမဟုတ်တဲ့ကိစ္စလေး။ ဒါပေမယ့် ရလာတဲ့ နာကျင်မှုတော့ မိမိအနှစ်သက်ဆုံး အသက်ကိုပေးရတဲ့ နာကျင်မှု။ ဒီနာကျင်မှုက သူ့တစ်ယောက်ထဲနဲ့တင် မပြီးဘူး။ သူ့ရဲ့မိဘတွေ၊ ဇနီးသားသမီးတွေပါ နာကျင်ရတော့တယ်။ ဒီနာကျင်မှုကရော ဘယ်လောက်ထိ အဓိပ္ပာယ်ရှိခဲ့သလဲ။

စာရေးသူ သီရိလင်္ကာနိုင်ငံရဲ့ ရွာလေးမှာ အေးအေးချမ်းချမ်း သွားနေတဲ့အခါတုန်းက ကျောင်းကို အရက်သမားကြီးတစ်ဦးရောက်လာတယ်။ ပါးမှာရော၊ မုတ်ဆိတ်မှာပါ အမွေးတွေက ကိုးရိုးကားရာနိုင်လွန်းလှတယ်။ (ကုလားမို့လို့ မုတ်ဆိတ်ရှိနေတဲ့သဘော မဟုတ်ပါဘူး)။ သူ့ကို အရက်မသောက်ဖို့ ပြောကြည့်တော့ သူက သူအရက်သောက်ရတဲ့အကြောင်းကို လွမ်းမောဖွယ်ဖြစ်အောင် ပြောပြပါတယ်။ သူက တစ်ခြားရွာကပါ။ အသက် နှစ်ဆယ့်ငါးနှစ်မှာ အိမ်ထောင်ကျတယ်။ သားသမီး သုံးယောက်ရှိတယ်။ သူယူထားတဲ့အမျိုးသမီးက အရမ်းချောတယ်လို့ ဆိုပါတယ်။ သူတို့ လက်ထက်ကြတော့ စီးပွားရေးကတော့ သိပ်မကောင်းခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက် ချစ်စရာသာသမီးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်လိုက်ကြတယ်။

သူ့အသက် သုံးဆယ့်ငါးနှစ်မှာ တစ်ခြားမိန်းကလေးတစ်ဦးနဲ့ ဖောက်ပြန်မိကြရာနေ အိမ်ထောင်ကွဲခဲ့ရတယ်။ နောက်ပိုင်း အသိတရားရလာတော့ သားသမီးတွေကလဲ လက်မခံ၊ မယားကလဲ လက်မခံနဲ့၊ ဒီဘ၀မှာ ဖြစ်သလို နေရကြောင်း ပြောပြပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရင်ထဲမှာ လက်ရှိခံစားနေရတဲ့ နာကျင်မှုကတော့ မသေးလှဘူး။ ယနေ့ ကမ္ဘာမှာတော့ ဒီဖြစ်အင်တွေက ပိုပိုပြီး များလာနေတယ်။ လင်မယားဖောက်ပြန်မှုတွေများလာသလောက် အချိန်တန်ရင် မလွဲမသွေ ရရှိလာခဲ့တဲ့ နာကျင်မှုတွေကလဲ မနည်းလှပါဘူး။ ဒီကိစ္စမျိုးမှာ နာကျင်မှုနဲ့ထိုက်တန်တဲ့ရလာဒ်မျိုး ရခဲ့တယ်လို့ ဘယ်သူမှ ပြောနိုင်လိမ့်မှာမဟုတ်ဘူး။ အသိဉာဏ်ခေါင်းပါးသူတွေကတော့ တဒင်္ဂပျော်ရွှင်မှုတွေကို လက်ညှိုးထိုးပြကြပါလိမ့်မယ်။

မိမိတို့ဟာ လူရယ်လို့ ဖြစ်လာပြီးတဲ့အတွက် နာကျင်မှုတစ်မျိုးမျိုးကိုတော့ ခံစားကြရမှာ မလွဲပါဘူး။ ဒါပေမယ့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို အဓိပ္ပာယ်ရှိသောနာကျင်မှုဖြစ်စေဖို့ကျတော့ အသိဉာဏ်အပေါ်မှာ အများကြီး မူတည်သွားပါပြီ။ နာကျင်မှုကို မိမိ၊ သူတစ်ပါးကောင်းကျိုးဆိုတဲ့ ရလာဒ်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိအောင် အားထုတ်သင့်ပါတယ်။
နာကျင်မှုကို ဘ၀လွတ်မြောက်မှုအဖြစ် အသုံးချသွားနိုင်ခဲ့တဲ့ ရဟန်းတော်တစ်ပါးအကြောင်းကို ဖတ်ရတော့ လေးစားမိပါတယ်။ တရားအားထုတ်နေစဉ်အတွင်းမှာ ကျားဆွဲခံလိုက်ရတယ်။ မလွတ်မြောက်နိုင်တော့တဲ့ အန္တရာယ်ကို ပျာယာခပ်ပြီး ကြောက်စိတ်မွှန်မနေတော့ဘဲ နာကျင်တာကို အရှုခံအာရုံအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ကျားက ခြေထောက်ကနေ စစားရင်းစားရင်းနဲ့ နှလုံးသားကို စားလုစားခင်၊ အသက်မထွက်ခင်လေးမှာ ဘ၀လွတ်မြောက်မှု ရရှိသွားခဲ့ပါတယ်။ ဘယ်လောက်အဓိပ္ပာယ်ပြည့်ဝတဲ့ နာကျင်မှုလဲ။ စဉ်းစားကြည့်တာနဲ့တင် ကြက်သီးထဖွယ်ကောင်းသလို သူ့ရဲ့ နာကျင်မှုအပေါ်အသုံးချသွားနိုင်စွမ်းကလဲ အားကျစရာ၊ ကြည်ညိုစရာ ကောင်းလှပါတယ်။

တရားအားထုတ်ရာမှာလဲ နာကျင်မှုဝေဒနာတွေဟာ မခေါ်ဘဲနှင့် ရောက်ရောက်လာတတ်ပါတယ်။ အဲဒီနာကျင်မှုတွေမှာတော့ အဓိပ္ပာယ်တွေရှိတယ်။ သူ့မှာ ချိုမြတဲ့အသီးအပွင့်တွေ ရှိတယ်။ တရားအားထုတ်တယ်ဆိုတာ ဣရိယာပုထ်ကို မပြင်ဘဲ ကြာရှည်ထားတဲ့အတွက် ညောင်းညာကိုက်ခဲမှုဝေဒနာတွေက မလွဲမသွေ ဖြစ်ပေါ်လာတတ်ပါတယ်။ နာကျင်မှုဖြစ်တိုင်းသာ နေရာရွှေ့ပြောင်းလဲနေရရင်လဲ သမာဓိက တည်ဖို့ မလွယ်ပြန်ပါဘူး။ ဒါကြောင့် ဒီနာကျင်မှုတွေကို အာရုံထားပြီး ရှုမှတ်ပစ်ရပါတယ်။
မြေဇင်းဆရာတော်ဘုရားကြီးရဲ့ ဒဿနပါရဂူကျမ်းမှာ အားကျစရာကောင်းတဲ့ ယောဂီတွေအကြောင်းကို ဖတ်ရပါတယ်။ တစ်ချို့ယောဂီတွေဆိုရင် ရောဂါမျိုးစုံခံစားနေရတဲ့သူတွေပါ။ တစ်ချို့ဆိုရင် ထိုင်တောင်မထိုင်နိုင်တဲ့ အနေအထားရှိပါတယ်။ တရားအားထုတ်စမှာ ဖော်မပြနိုင်လောက်တဲ့ နာကျင်မှုမျိုးတွေ ခံစားကြရပေမယ့် ကြာရှည်သီးခံရှုမှတ်လိုက်တော့ သုံးနာရီ၊ လေးနာရီ ဣရိယာပုထ်မပြောင်းဘဲ ထိုင်နိုင်သွားပြီး ၀ိပဿနာအသီးအပွင့်တွေလဲ ခံစားသွားခဲ့ကြရတယ်။

ဝိပဿနာအားထုတ်တယ်ဆိုတာကိုက နာကျင်မှုဒုက္ခဝေဒနာတွေနဲ့ အလွန်နီးစပ်ပြီး သုခနဲ့ အလွန်းဝေးတယ်လို့ ဆိုပါတယ်။ အားထုတ်ဆဲ ဉာဏ်အမြင် မရင့်သန်ခင်ကာလကို ဆိုလိုတာပါ။ နောက်ပိုင်း အားထုတ်မှုကောင်းလာတဲ့အခါမှာတော့ ဒုက္ခဿ အနန္တရံ သုခံ ဆိုတဲ့အတိုင်း နာကျင်မှုတွေရဲ့အဆုံးမှာ ချမ်းသာသုခကို ရရှိတော့တာပဲ။ ၀ိပဿနာအားထုတ်ပြီး နာကျင်မှုကို သီးခံတယ်ဆိုတာ အဓိပ္ပာယ်ရှိသော နာကျင်ခြင်းဖြစ်လို့ပါပဲ။ မိမိတို့ရဲ့ နေ့စဉ်ဘ၀မှာလဲ နာကျင်စရာတွေက တစ်ခုပြီးတစ်ခု ရင်ဆိုင်ကြုံတွေ့လာရတတ်ပါတယ်။ ရှောင်ကွင်းလို့ မရနိုင်တဲ့ နာကျင်စရာများကို အော်ဟစ်ငြီးငြူနေမယ့်အစား အဓိပ္ပာယ်ရှိသောနာကျင်ခြင်းဖြစ်အောင် အားထုတ်သင့်ကြပါတယ်။

ငါကိုယ်တိုင်ရော အဓိပ္ပာယ်မဲ့တဲ့ နာကျင်မှုတွေကို ခံစားရင်း ဘ၀ရဲ့ လှပသောနေ့ရက်များကို ဖြုန်းတီးပစ်ခဲ့ဖူးသလားရယ်လို့ ကိုယ့်ကိုကိုယ် တိုးတိုးလေး မေးနေဖြစ်ပါတယ်။ နာကျင်မှုတွေ ခံစားရမှာ သေချာပေမယ့် အမျိုးဘာသာသာသနာအတွက် အဓိပ္ပာယ်တွေ ရှိနေတာ သေချာရင်တော့ ဒီသမိုင်း မရိုင်းရအောင် ငါတို့တွေ ဘာလုပ်သင့်သလဲ....။


Read more...

သန်လျင်တောရ ၀ိပဿနာ မိတ်ဆက် (၁)

4:01 PM | Author: Dhamma Yanant


ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဆိုပြီး လမ်းသုံးသွယ် ရှိပါတယ်။ ဒါနနဲ့ သီလဟာ ကံလမ်းပါ။ လူ့ပြည်၊ နတ်ပြည် ရောက်စေနိုင်ပါတယ်။ သမထက ဈာန်လမ်းပါ။ ဗြဟ္မာ့ပြည်ထိ ရောက်စေနိုင်ပါတယ်။ ၀ိပဿနာကတော့ ဉာဏ်လမ်းပါ။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်မက နိဗ္ဗာန်အထိ ရောက်စေနိုင်ပါတယ်။ ရုပ်နာမ်သင်္ခါရ တရားတွေဆိုတာ အမြဲတမ်း ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေကြပါတယ်။ မပျက်တဲ့ အမြဲထာဝရ အေးငြိမ်း ချမ်းသာမှုသဘော အသင်္ခတဓာတ် နိဗ္ဗာန်ကို မဂ်ဉာဏ်နဲ့ မျက်မှောက်ပြုနိုင်ဖို့အတွက် အပျက်သင်္ခတတွေဖြစ်တဲ့ စိတ်၊ စေတသိက်၊ ရုပ်ဆိုတဲ့ ရုပ်နာမ်သင်္ခါရတွေကို သိမြင်ဖို့ လိုအပ်ပါတယ်။ ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေတဲ့ ရုပ်၊ နာမ်ဓမ္မ သင်္ခါရတရားတွေကို ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေတဲ့အတိုင်း မြင်အောင်၊ ထင်အောင်၊ သိအောင် အားထုတ်ရှုပွားတာကိုပဲ ဝိပဿနာရှုတယ်လို့ ခေါ်ပါတယ်။ ၀ိပဿနာလို့ ဆိုလိုက်တာနဲ့ သတိပဌာန်က တွဲပါပြီးသားပါ။ သတိပဌာန် မပါဘဲ ၀ိပဿနာ အားထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ သတိပဌာန်လေးပါး ဒေသနာစည်းကမ်းနဲ့ အညီပဲ ၀ိပဿနာ ရှုပွါးရပါမယ်။ သတိပဌာန်မှ လွတ်တဲ့ ၀ိပဿနာရှုနည်းဆိုရင်လည်း အဓမ္မ၀ါဒပဲ ဖြစ်ပါလိမ့်မယ်။

(တရားတစ်ပုဒ်နာရုံနဲ့ အပါယ်ပိတ်မယ် ဆိုတာကို ယုံကြည်ကြသူများ စဉ်းစားကြည့်စေချင်ပါတယ်။ တကယ်တမ်း အပါယ်ပိတ်တယ်ဆိုတာ သောတာပတ္တိမဂ်ဉာဏ် ရမှပါ။ သောတာပတ္တိမဂ်ဉာဏ် ရဖို့ဆိုတာကလည်း ၀ိပဿနာအားထုတ်ပြီး ဖြစ်ပျက်မြင်မှပါ။ ၀ိပဿနာရှုပွါးမှုမပါ တရားနာရုံသက်သက်ကတော့ ဗဟုသုတပဲ ရပါလိမ့်မယ်။ ပိဋကတော်ထဲမှာ ဂါထာတစ်ဂါထာဆုံးတာနဲ့ အရိယာဖြစ်သွားကြတယ်ဆိုတာ ဟေတုသမ္ပတ္တိ (အကြောင်းရဲ့ ပြည့်စုံခြင်း = ဘ၀ ဘ၀က ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေရဲ့ ပြည့်စုံခြင်း) ကြောင့်ပါ။ ဒါတောင်မှ အဲဒီ့လို ဂါထာတော်ကို နာနေရင်း အချိန်တိုလေးမှာပဲ ၀ိပဿနာရှုပွါးလိုက်လို့ပါ။ မိမိတို့က နေ့စဉ်နဲ့အမျှ လောဘ၊ ဒေါသ၊ မောဟတွေ များ၊ ငရဲကျမှာတော့ ကြောက်။ ပါရမီက ဘယ်ဆီမသိ၊ အပါယ်ပိတ်ချင်ဇောနဲ့ အပြေးအလွှား သွားတရားနာ။ ဗဟုသုတရရုံဆိုရင်တော့ ကိစ္စမရှိပါ။ တရားလည်းဆုံး ငါတော့ အပါယ်ပိတ်ပြီ။ သောတာပန်ဖြစ်ပြီ။ လုပ်ချင်တာ လုပ်လို့ရပြီ ဆိုပြီး ထင်ရာတွေ စိုင်းကုန်မှာ စိုးရပါတယ်။ ကြားဖူးတာလေး ပြောချင်ပါတယ်။ ဒကာကြီးတစ်ယောက် အဲဒီ့လို တရားသွားနာပြီး အပါယ်ပိတ်ပြီလို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါသတဲ့။ တစ်နေ့တော့ သူ့အိမ်ကို ဧည့်သည်တစ်ယောက် ညကြီး အချိန်မရှိမှ ရောက်လာပါတယ်။ ဧည့်သည်ကလည်း ဧည့်ကောင်း၊ ထမင်းကလည်း မစားခဲ့ရသေးဘူးပြော၊ ဆိုင်တွေကလည်းပိတ် ဘာမှဝယ်လို့မရတဲ့ အခြေအနေဆိုတော့ ဒကာကြီးက သူ့အိမ်ကမွေးထားတဲ့ ကြက်တွေကို မျက်စောင်းထိုးကြည့်ပြီး မိန်းမနဲ့ သားသမီးတွေကို ဆိုလိုက်တာကတော့ - ကဲ..ကဲ မင်းတို့ ဝေးရာသွားနေကြ။ တော်ကြာ အသံဗလံတွေ ကြားနေရလို့ အကုသိုလ် ဖြစ်နေရဦးမယ်။ အဖေကတော့ အပါယ်တံခါး ပိတ်ပြီးသားဆိုတော့ ပြဿနာ မရှိဘူး။ ဒီကြက်ကို အဖေ့ဘာသာ ကြည့်လုပ်လိုက်ပါမယ် တဲ့။ အင်း.... ဆရာမှားလို့ တစ်သံသရာလုံး မှောက်ရတော့မှာပဲနော်။)

ရုပ်နာမ်ကို ၀ိပဿနာရှုပွါးတဲ့အခါ သတိနဲ့လည်း အဖန်တလဲလဲ ရှုပွါးရပါတယ်။ သမာဓိနဲ့လည်း အဖန်တလဲလဲ ရှုပွါးရပါတယ်။ ပညာနဲ့လည်း အဖန်တလဲလဲ ရှုပွါးရပါတယ်။ အဲဒီ့လို ရှုတဲ့အခါမှာလည်း ရှုရှုချင်း ၀ိပဿနာပညာ ဖြစ်တာမဟုတ်ပါဘူး။ ရှုပွါးစမှာတော့ သတိနဲ့ပဲ အထပ်ထပ် ပွါးရပါမယ်။ သတိအားကောင်းလာတဲ့အခါ သမာဓိ ဖြစ်လာပါတယ်။ သမာဓိအားကောင်းလာတဲ့အခါ ပညာ ဖြစ်လာပါတယ်။ စပြီးရှုစဉ်မှာ သတိနဲ့စရတဲ့အတွက်၊ သတိပြည့်စုံမှ သမာဓိ၊ ပညာရနိုင်တဲ့အတွက်‌၊ သတိသာလျှင် အဓိကပြဌာန်းတဲ့အတွက် သမာဓိပဌာန်၊ ပညာပဌာန်ရယ်လို့ မရှိဘဲ သတိပဌာန်သာ ရှိရတာပါ။ သတိအားကောင်းမှ သမာဓိ၊ ပညာ အဆင့်ဆင့် ရနိုင်တဲ့အတွက် ၀ိပဿနာနဲ့ သတိပဌာန် ခွဲလို့မရဘူးလို့ ဆိုခဲ့တာပါ။

သတိပဋ္ဌာန် (၄)ပါးရှိတဲ့အနက် ကာယာနုပဿနာ သတိပဌာန်မှာလည်း ကာယ (၆)မျိုး ရှိပါတယ်။
(၁) အာနာပါနကာယ
(၂) ဣရိယာပထကာယ
(၃) သမ္မဇညကာယ
(၄) ပဋိကူလမနသိကာရကာယ
(၅) ဓာတုမနသိကာရကာယ
(၆) န၀သိဝထိကကာယ တို့ပဲ ဖြစ်ပါတယ်။
အဲဒီ့မှာလည်း ၀ိပဿနာသက်သက် ကာယက (၃)မျိုး၊ သမထအခြေခံ ကာယက (၃)မျိုးဆိုပြီး ရှိပါတယ်။ ဣရိယာပထ၊ သမ္မဇညနဲ့ ဓာတုမနသိကာရကာယတို့က ၀ိပဿနာသက်သက် ကာယတွေဖြစ်ပြီး အာနာပါန၊ ပဋိကူလမနသိကာရနဲ့ န၀သိဝထိကကာယတို့က သမထအခြေခံ ကာယတွေ ဖြစ်ပါတယ်။ သန်လျင်တောရနည်းမှာတော့ ဓာတုမနသိကာရကာယ ကို အဓိကထားပြီး ရှုပါတယ်။ ဘာလို့လဲဆိုတော့ ဣရိယာပထမှာ သွားတယ်၊ ရပ်တယ်၊ ထိုင်တယ်၊ လျောင်းတယ်။ သမ္မဇညမှာ ကွေးတယ်၊ ဆန့်တယ် စတာတွေဟာ အားထုတ်သူရဲ့စိတ်မှာ ခြေထောက်၊ လက်၊ ကိုယ်ဆိုတဲ့ ပညတ်တွေ အထင်များနေတဲ့အတွက် စစချင်း ပျောက်အောင်ရှုဖို့ မလွယ်လို့ပါ။

သတိပဌာန်လေးပါးမှာ ကာယာနုပဿနာ သတိပဌာန်ဆိုတာက ရုပ်ကမ္မဌာန်းသက်သက်၊ ဝေဒနာနဲ့ စိတ္တာနုပဿနာက နာမ်ကမ္မဌာန်းသက်သက်၊ ဓမ္မာနုပဿနာက ရုပ်နာမ်ရောတဲ့ မိဿကကမ္မဌာန်း ဖြစ်ပါတယ်။ အကျဉ်းချုံးတော့ ရုပ်ကမ္မဌာန်း၊ နာမ်ကမ္မဌာန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ သုတ်မဟာဝါ အဌကထာ (၃၁၄) အရ ဘုရားရှင်ဟာ ရုပ်ထင်ရှားတဲ့ ပုဂ္ဂိုလ်ဆိုရင် ဓာတ်ကြီးလေးပါး ရုပ်ကမ္မဌာန်း၊ နာမ်ထင်ရှားတဲ့ ပုဂ္ဂိုလ်ဆိုရင် နာမ်ကမ္မဌာန်း၊ နတ်တွေဆိုရင် နာမ်ကမ္မဌာန်း ပေးပါသတဲ့။ လူသားတွေအတွက် ရုပ်နဲ့ နာမ်မှာလည်း ရုပ်က ကြမ်းတမ်းတယ်။ ပေါ်လွင် ထင်ရှားတယ်။ သိလွယ်၊ မြင်လွယ်တယ်။ နာမ်က နူးညံ့ သိမ်မွေ့တယ်။ ရုပ်လောက် မထင်ရှားဘူး။ ရုပ်မှာလည်း စက္ခုပသာဒ၊ သောတပသာဒ၊ ရူပါရုံ၊ သဒ္ဒါရုံ စတဲ့ ဥပါဒါရုပ်တွေထက် ဓာတ်ကြီးလေးပါးဆိုတဲ့ မဟာဘုတ်ရုပ်တွေက ပိုထင်ရှားပြီး သိလွယ်ပါတယ်။ ဒါ့ကြောင့် သန်လျင်တောရနည်းမှာ ပေါ်လွင်ထင်ရှားလွန်းတဲ့ ဓာတ်ကြီးလေးပါး မဟာဘုတ်ရုပ်တွေကို စပြီး အရှုခံထားပြီး ရှုခိုင်းပါတယ်။

ဓာတ်ကြီးလေးပါးမှာလည်း ဝါယောဓာတ်ကို စရှုပါတယ်။ ၀ါယောဓာတ်က ကိစ္စကျယ်ပြန့်လွန်းလို့ ဖြစ်ပါတယ်။ ဝါယောဓာတ်ဆိုတာ တွန်းတဲ့သဘော၊ ထောက်ကန်ပေးတဲ့သဘောတွေပါပဲ။ တွန်းအား၊ ဆွဲအား၊ ထိန်းအားတွေပေါ့။ အဲဒါတွေ မပါဘဲနဲ့ ဘာမှ လုပ်လို့ မရပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကြည့်မယ်ဆိုရင် လှုပ်ရှားမှု မှန်သမျှ ဝါယောဓာတ်ကြောင့်ချည်း ဖြစ်ရတာကို သတိထားမိပါလိမ့်မယ်။ ဝါယောဓာတ်ဖောက်ပြန်ပြီး လေဖြတ်သွားရင် မလှုပ်နိုင်တော့ပါဘူး။ စကားပြောတယ်။ ပါးစပ်လှုပ်တယ်။ မျက်စိတွေ ဟိုဘက်ဒီဘက် စောင်းကြည့်မယ်။ အားလုံး ဝါယောဓာတ်တွန်းအားကြောင့်ပါ။ ကိုယ့်ကိုယ်ကို လေဖြတ်နေသူ တစ်ယောက်အဖြစ် သဘောထားပြီး လက်လေးတစ်ချောင်းကို ဖြည်းဖြည်းလေး ကွေးကြည့်ပါ။ တွန်းအား အထပ်ထပ်ကို သတိထားမိပါလိမ့်မယ်။ ဒါက တွန်းဝါယောသဘောပါ။ ထိန်းဝါယောလည်း အတူတူပါပဲ၊ ဝါယောဓာတ် အားနည်းနေတဲ့ မွေးကင်းစ ကလေးလေးဟာ သူ့ခေါင်းကို ထောင်နေအောင် မထိန်းနိုင်သေးပါဘူး။ ကိုယ့်ဇက်ကို မတ်နေဖို့၊ ကိုယ့်ခါးကို မတ်နေဖို့၊ တစ်ကိုယ်လုံး မတ်နေဖို့ သတိထားပြီး ထိန်းကြည့်ပါ။ ခန္ဓာကိုယ် ပြင်ပမှာလည်း လှုပ်ရှားသွားလာနေတာတွေ အားလုံး တွန်းဝါယောကြောင့်ပါ။ ကားတွေလည်း တွန်းအားနဲ့ သွားတာပဲ။ လေယာဉ်ပျံတို့ ဒုံးပျံတို့ အာကာသယာဉ်တွေဆိုတာလည်း သိပ်ကို ကြီးမားတဲ့ တွန်းအားနဲ့ ရွေ့လျားနေကြတာပါ။ ဝါယောဓာတ်ဆိုတာ တကယ်တော့ FORCE ပါပဲ။

ဝါယောဓာတ်ကို ပိုင်ပိုင်နိုင်နိုင် ရှုပွါးနိုင်ပြီဆိုရင် လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပထ၊ ကွေး၊ ဆန့်၊ ရှေ့တိုး၊ နောက်ဆုတ် စတဲ့ သမ္ပဇည တွေဟာလည်း ၀ါယောဓာတ် ဦးစီးတဲ့အတွက် လွယ်လွယ်ကူကူ ရှုနိုင်ပါပြီ။ ဓာတ်တစ်ပါးကို ပရမတ် အနိစ္စထင်အောင် ပိုင်ပိုင်နိုင်နိုင် ပွါးနိုင်ရင် ကျန်တဲ့ဓာတ်သုံးပါးကလည်း မခက်ခဲတော့ပါဘူး။ ကျန်တဲ့ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာနုပဿနာတွေလည်း ခဲယဉ်းခြင်း မရှိတော့ပါဘူး။ ဒါကြောင့် လွယ်လွယ်ကူကူ အနိစ္စ ထင်စေဖို့ ၀ါယောဓာတ်ကနေ စရှုပွါးပါတယ်။

သန်လျင်တောရနည်းမှာ ကာယာနုပဿနာ သတိပဌာန် ၀ါယောဓာတ်ကစပြီး သတိပဋ္ဌာန် (၄)ပါးလုံးကို ရှုတဲ့အခါ ရှုကွက်တွေက အများကြီးပါ။ တစ်ခုတည်းကို မူတည်ပြီး ရှုတာ မဟုတ်ပါဘူး။ စရိုက်အမျိုးမျိုး ရှိတဲ့အတွက် ရှုကွက်တွေ အများကြီး ဖြစ်နေရတာပါ။ တစ်ယောက်တည်းအတွက်ကတော့ ကိုယ်နဲ့ သင့်လျော်တာ တစ်မျိုးဆိုရင် လုံလောက်ပါတယ်။ ဘုရားရှင်မှတစ်ပါး သတ္တ၀ါတွေရဲ့ ဣနြေ္ဒစရိုက်ကို အတိအကျမှန်အောင် သိနိုင်တဲ့သူ မရှိတဲ့အတွက် ကိုယ်တိုင်ပဲ အားထုတ်ကြည့်ပြီး ရုပ်နာမ်ကို သိလွယ်မြင်လွယ်ရင် ကိုယ့်စရိုက်နဲ့ ကိုက်တယ်လို့ ဆုံးဖြတ်ချက်ချရမှာပါပဲ။

အပိုင်း(၂)ကို ဆက်ဖတ်ပါဦး။



Read more...

အရှုံးရဲ့ အမြတ်...။

9:00 PM | Author: Dhamma Yanant
ဒီနေ့လား နက်ဖြန်လားမသိ
လမ်းခွဲကြရတော့မယ်တဲ့
ဆုံတွေ့ခဲ့တဲ့ တစ်ဘ၀တာအတွင်းမှာ
(ဒီခန္ဓာအပေါ်မှာ) ဘာများ လိုအပ်ခဲ့လို့လဲ
အရာရာ စိတ်တိုင်းကျ ဖြစ်စေခဲ့တာပါ…။

ငါ… ဘာလို့များ တုံးအခဲ့ပါလိမ့်
ဒီခန္ဓာကြီးကို ယုယကြင်နာခဲ့သမျှဟာ
နာကျင်ကြေကွဲရဖို့ချည်းပါလား
ပိုင်ဆိုင်တယ် ထင်ထားမိပေမယ့်
အစကတည်းကိုက မရခဲ့တာပဲကွယ်…။

ပိုင်ရှင်ရှိနေမှန်းလည်းမသိ
ပြန်အပ်ရမှာကိုလည်း မမြင်မိတဲ့
အမှတ်မရှိ အလိုက်မသိတတ်တဲ့ ငါက
ဆင်းရဲသစ်တွေကိုပဲ အခါခါ သာယာမိ
ဘယ်အချိန်မှများ ရေငတ်ပြေပါ့မလဲ…။

အရှုံး အမြတ်ကို သုံးသပ်ကြည့်တာ
အရင်းတောင် မရခဲ့ဖူးပေမယ့်
ဒီအရှုံးတွေမှာပဲ ပျော်ဝင်နေမိတော့
ရုန်းမရတဲ့ ကြိုးတွေကပဲ ရစ်ပတ်
မေ့လျော့ခြင်းကနှိပ်စက်လို့ ဖြတ်ဖို့ခက်ပြီလေ…။

သစ္စာဆိုတာ အမှန်အတိုင်းမြင်ခြင်းတဲ့…။

ဝိုးတ၀ါးမဟုတ်တဲ့ အသိတွေကြားမှာ
ငါ… ရှုံးချက်တွေလည်း မနာချင်တော့ပါဘူး
ဒုက္ခကိုလည်း မတွယ်တာချင်တော့ပါဘူး
အဆုံးမရှိတဲ့ ဘ၀ပင်လယ်က ရုန်းထွက်လို့
အေးချမ်းတဲ့ သံသရာဖျက်လမ်းကိုပဲ လှမ်းဆက်ပါရစေတော့…။

|


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP