ပြောသမျှကို ချိုလှစေ
လူတိုင်းတွင် မွေးကတည်းက ပါလာသော ဓားမကြီး တစ်လက်ရှိ၏။
၎င်းကို အသုံးပြုတတ်က အသုံးဝင်ပေမယ့် အသုံးမပြုတတ်က မိမိကိုယ်ကို မိမိ ပြန်၍ ခုတ်သတ်တတ်၏။
ထိုဓားမသည်ကား လက်နှစ်လုံးခန့်ရှိသော ပါးစပ်ပေါက်ဖြစ်၏။
စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားမှ-
လူတို့နေထိုင်ရာ လူ့ပတ်ဝန်းကျင်တွင် လူတို့အချင်းချင်း ပေါင်းသင်းဆက်ဆံကြရာမှာ မိမိတို့ ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် ဘာသာစကားများ ရှိကြပါတယ်။ ကျနော်တို့ မြန်မာလူမျိုးမှာလည်း မြန်မာ့ ဘာသာစကားနှင့် ယဉ်ကျေးမှု နယ်မြေဒေသ ဓလေ့ထုံးတမ်းအတိုင်း ပြောဆိုဆက်ဆံကြပါတယ်။ တစ်ဦးနှင့် တစ်ဦး အကြောင်းအားလျော်စွာ ပြောဆိုဆက်ဆံကြရာမှာ ပီယ၀ါစာ- ချစ်ဖွယ်သော စကားအသုံးနှင့် ဖရုသ၀ါစာ- ရုန့်ရင်းကြမ်းတမ်းသော စကားအသုံးဟူ၍ နှစ်မျိုးရှိပါတယ်။ နေ့စဉ်နေ့တိုင်း လူအများနှင့် ပြောဆိုဆက်ဆံကြရာမှာ အသက်အရွယ်၊ ဂုဏ်သိက္ခာ၊ ကာလဒေသ အလျောက် သင့်မြတ်သော စကားလုံးများကို ရွေးချယ်သုံးနှုန်းတတ်ရန် အရေးကြီးပါတယ်။ မိမိပြောဆိုလိုက်သော စကားတစ်ခွန်းသည် ကြားရသူတို့အတွက် ချိုသာသော စကားအသုံး အနှုန်းဖြစ်ဖို့အတွက် သတိထားသင့်ပါတယ်။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ၊ ဟု ရှင်မဟာရဋ္ဌသာရက ရေးသား ဆုံးမခဲ့သည်ကို သတိရကြပါ။
လောကတွင် လူအမျိုးမျိုးရှိကြရာ အချို့သောသူများမှာ ပြောဆိုခက်သော လူ့ဂလန့်၊ လူ့ဂွစာများ ဖြစ်သည့်အတွက်ကြောင့် ချိုချိုသာသာပြောရင် အလေးမထားတတ် သောကြောင့် ခပ်ကြမ်းကြမ်း ပြောဆိုရတာ မျိုးလည်း ရှိတတ်ပါတယ်။ မလွှဲသာ မရှောင်သာပြောရရင် အတိုင်းအတာ တစ်ခုထက်ကျော်လွန်၍ ပိဿာလေးနှင့် နံဘေးပစ် ဆိုသကဲ့သို့ တနင့်တစ်ပိုး ဖြစ်သွားအောင်တော့ မပြောဆိုသင့်ပါ။ မိမိဘက်က အသာစီးရတိုင်း၊ မိမိဘက်က မှန်နေတိုင်းလည်း၊ ငါပြောတာ အမှန် ချည်းပဲဟု အလွန်အကျွံ မပြောမိစေရန် သတိပြုရမည် ဖြစ်ပါတယ်။ မှန်တာ ပြောတိုင်း လူတို့မကြိုက်သည် သိမှတ်ကြပါ။ အရက်သမား၊ ဖဲသမား တစ်ယောက်ကို လူရှေ့သူရှေ့တွင် "ဟေ့ကောင် အရက်သမား၊ ဖဲသမား" ဟုခေါ်ရင် ဆတ်ဆတ်ခါ နာသွားလိမ့်မည်ဖြစ်ပါတယ်။ ခြေလက်အင်္ဂါမစုံလင် သောသူကို အကျိုးဟု မေးရင် အခေါ်ခံရသူ စိတ်ထဲတွင် မည်သို့ ခံစားရရှာမည်ကို ကိုယ်နှင့်စာ၍ ကြင်နာတတ်ပါလေ။
တစ်ခါက ရွာတစ်ရွာမှာ မှန်တာပြောတတ်လွန်းသော အဖွားအိုတစ်ယောက်ရှိပါတယ်။ ရပ်ရွာထဲတွင် အမှု ကိစ္စများဖြစ်သည့်အခါ ဆိုးကျိုးများ ဖြစ်ပေါ်လာ မည်စိုးသဖြင့် အမှန်အတိုင်း မပြောပဲဖုံးအုပ် ထားရတာ မျိုးရှိပါတယ်။ ထိုသို့ ဖုံးအုပ်ကွယ်ဝှက် ထားပါသော်လည်း မှန်တာအကုန်ပြောတတ်သော အဖွားအိုကြောင့် ရွာထဲတွင် မကြာခဏပြဿနာ တက်ကြရတယ်။ ထို့ကြောင့် ရွာသူရွာသားတို့က အဖွားအိုကို ရွာတွင်းမှာ နေခွင့်မပေးတော့ပဲ အဖွားအိုကို ရွာပြင်မှာ တစ်ယောက်တည်း နေခိုင်းကြတယ်။
တစ်နေ့မှာ ခရီးသွားယောက်ျား တစ်ယောက်က ရွာပြင်ရှိ အဖွားအိုနေထိုင်ရာ ရွက်တဲမှာ ၀င်ရောက် ခိုနားပါတယ်။ ခရီးသွားယောက်ျားမှာ မျက်စိတစ်ဖက် ပျက်နေသည်ကို အဖွားအိုက သတိပြုမိပါတယ်။ အဖွားအိုတစ်ယောက်တည်း နေသည်ကိုသာတွေ့ရလို့ ထိုယောက်ျားက အဖွားအဘယ်ကြောင့်များ ရွာပြင်မှာ တစ်ယောက် တည်းထွက်နေရသလဲ ဟု မေးသောအခါ အဖွား မှန်တာပြောတတ်လွန်း လို့ဆိုပြီး တစ်ရွာလုံးက မနှစ်သက်လို့ ရွာပြင်ထွက်နေ ရတာပါ ဟုဖြေပါတယ်။ ထိုယောက်ျားက ဖြစ်မှဖြစ်ရလေ မှန်တာ ပြောတာကိုများ မကြိုက်လို့ ရွာပြင်ပို့ရတယ်လို့ တော်တော်မိုက်မဲတဲ့ လူတွေပဲဟု ဝေဖန်ပြစ်တင်လေတော့တယ်။ စကားပြောဆိုပြီးတော့ ခရီးသွားယောက်ျားက အဖွားအိုကို နှုတ်ဆက် ထွက်ခွာသွားပါတယ်။ ခပ်လှမ်းလှမ်း ရောက်သောအခါမှာ ခရီးသွားယောက်ျား ကျန်ရစ်ခဲ့တဲ့ အထုပ်ကို မြင်သဖြင့် အဖွားအိုက ကမန်းကတမ်း လှမ်းအော်၍ “ဟဲ့ဟဲ့ မျက်စိတစ်ဖက် ကန်းနေတဲ့သူငယ် ဒီမှာ မောင်ရင့်အထုပ်ကျန်ခဲ့တယ်” ဟု ဆိုလိုက်တယ် ခရီးသွားယောက်ျားမှ တစ်ဖက်ကန်းဟု အပြောခံလိုက်ရသဖြင့် စိတ်ဆိုးသွားပြီး “အဖွားကြီး ခင်ဗျားရွာပြင် ထွက်နေရတာတောင် နည်းသေးတယ်” ဟု ပြန်ပြောလိုက်လေတယ်။ ထိုသာဓက ကိုကြည့်ပြီး မှန်သော်လည်း အကျိုးမရှိသော စကား ရိုင်းပျသောစကားမျိုးဖြစ်ပါက မပြောအပ်ပါ။
အချို့သူများမှာ ပင်ကိုယ်ဗီဇအရ နှုတ်ထွက်ကြမ်းသူပီပီ အဆဲမပါရင်စကားမပြော တတ်သလို တစ်ဖက်သားအား အပြစ်တစ်စုံတစ် ရာမြင်၍ ပြောမိရင် ရက်ရက်စက်စက် ပြောတတ်ခြင်းကြောင့် မပြစ်မှား ထိုက်သောသူကို ပြစ်မှားမိလေရာ “၀စီဗေဒ ထိတိုင်းရှ” ဆိုသကဲ့သို့ စကားတစ်လုံး၏ အမှားကြောင့် ဘ၀အဆက်ဆက် အကုသိုလ်အကျိုးပေးများ ခံစားခဲ့ရသော သာဓကများရှိပါတယ်။
အမ္ဗပါလီ ထေရီရဟန္တာမကြီသည် အတိတ်ဘ၀ ပွင့်တော်မူပြီးသော သိခီဘုရားရှင် လက်ထက်တော် က ဘိက္ခူနီမများနှင့်အတူ စေတီတော်သို့ သွားရောက်လှည့်လည် ပူဇော်ကြရာ ရှေ့မှသွားသော “ခီဏာသ၀” ရဟန္တာမကြီးမှ အမှတ်တမဲ့ကျခဲ့သော တံတွေးပေါက်သည် စေတီရင်ပြင်ပေါ်သို့ ကျရောက်သွားလေတယ်။ နောက်မှ ပါလာသော အမ္ဗပါလီ အလောင်းအလျာဖြစ်တဲ့ ဘိက္ခူနီမက တံတွေးစက်ကိုမြင်လျှင် “အဘယ် ပြည့်တန်ဆာမသည် စေတီရင်ပြင်ကို တံတွေးပေါက် ကိုချဘိသနည်း” ဟု ဆဲရေးမိပါတယ်။ ရဟန္တာမကြီး အား ပြစ်မှားမိသော ၀စီကံအကုသိုလ်ကြောင့် ငရဲမှာ ကျခံရပါတယ်။ ငရဲမှ လွတ်သော် ပြည့်တန်ဆာမ ဘ၀ဖြင့် ဘ၀ပေါင်းတစ်သိန်း ကျင်လည်ရတယ်။ နောက်ဆုံး နိဗ္ဗာန်ဝင်မည့် ဘ၀တွင် ဂေါတမ ဘုရားရှင် လက်ထက်တော်တွင် ဝေသာလီမင်းတို့ သိမ်းပိုက်ပိုင်ဆိုင်လိုမှုကို အကြောင်းပြု၍ မင်းသားအချင်းချင်း ခိုက်ရန် ဖြစ်ကြသဖြင့် အားလုံးသော မင်းတို့ပျော်ပါးအပ်သော ပြည့်တန်ဆာမအဖြစ်သို့ ရောက်ခဲ့ရပါတယ်။
ထိုဒေသနာတော်ကို ကြည့်ခြင်းအားဖြင့် သူတော်ကောင်းတရားကို အားထုတ်ခဲ့၍ ကျွတ်တမ်းဝင်ခဲ့ရသည့် နောက်ဆုံးဘ၀တိုင်အောင် ၀စီ ဒုစရိုက်၏ အကျိုးဆက်ကို ခံစားရကြောင်း တွေ့မြင်နိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာရှင်က ရှောင်ရန် ဒုစရိုက်တရားများ ဟောကြားခဲ့ရာ ၀စီဒုစရိုက် တရားလေးပါးကို ထုတ်ဖော်ဟောကြားခဲ့ပါတယ်။
၁။ မုသာဝါဒါ (မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း)။
၂။ ဖရုသ၀ါစာ (ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း)။
၃။ ပိသုဏ၀ါစာ (ကုန်းချောစကားကိုပြောဆိုခြင်)။
၎။ သမ္ဖပ္ပလာပ၀ါစာ (သိမ်ဖျင်းသော အနှစ်မဲ့ သောစကားကိုပြောဆိုခြင်း)။
စသည်ဖြင့် စကားပြောဆိုရာ၍ မပြောဆိုအပ်သော စကားများကို ဆုံးမ ဟောကြားတော်မူခဲ့ပါတယ်။ ၀စီကံလေးပါးကို လုံခြုံအောင် ပြောဆိုနိုင်ဖို့ရာ ခဲယဉ်းပါတယ်။ သို့သော် သတိတရားဖြင့် ထိန်းနိုင်အောင် ကြိုးစားသင့်ပါတယ်။ စကားများများပြောလေ အမှားများများ ပါလေဖြစ်တတ်ပါတယ်။ စကား..စကားပြောပါများ စကားထဲက ဇာတိပြ ဆိုသကဲ့သို့ မိမိပြောသော စကားကပင် မိမိ၏ စရိုက်လက္ခဏာကို ဖော်ပြနေ သကဲ့သို့ဖြစ် တတ်ပါတယ်။ မိမိပြောဆိုလိုက်သော စကားတစ်ခွန်းသည် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်စီးသွားစေပါက ၀စီဒုစရိုက် ဖြစ်နေပြီဖြစ်သည်ကို သတိပြုရပါမယ်။ အထူးသဖြင့် လောကကြီးကို တလွဲတချော် ဖြစ်စေမည့်စကားတို့ကို ရှောင်ကြဉ်ရပါမယ်။
အချုပ်အားဖြင့် ဆိုရသော် ပိုင်းလော့ဆရာတော်ကြီး အရှင်ဇေယျဏ္ဍိတ ဟောကြားဆုံးမတော်မူသော တရားတော်မှ နိဗ္ဗာန်လိုချင်ရင် သူများအတင်းမပြောနဲ့၊ ချမ်းသာလိုချင်ရင် သူများအတင်းမပြောနဲ့ ဆိုသည့် ဆုံးမ စကား အတိုင်း လိုက်နာကျင့်ကြံကြဖို့ အလေးအနက် အသိပေးတိုက်တွန်းပါတယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။
သိပ္ပံသီဝရီ တစ်ခုဟာ အနောက်တိုင်းမှာ လူကြိုက်များတဲ့ ဘာသာတွေရဲ့ တရားဓမ္မတွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင် ဒီသီဝရီဟာ အနောက်တိုင်းမှာ ပေါက်ဖွားတာ ဖြစ်သည့်တိုင်အောင် သူ့ကို လက်ခံဖို့ ခဲယဉ်းပြန်တယ်။ ဒါမျိုးကြုံခဲ့ရတာက ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်(evolution) သီဝရီနဲ့ ဂယ်လီလီယိုရဲ့ နေကိုဗဟိုပြုခြင်း(heliocentric) သီဝရီ တွေပဲ။ လူဝင်စားခြင်းကို သိပ္ပံနည်းကျ လက်ခံခြင်းဟာလည်းပဲ အလွန်ကြီးမားတဲ့ အတားအဆီးကြီးကို ရင်ဆိုင်ရတယ်။
လူဝင်စားခြင်းကို အစွဲကင်းတဲ့ သိပ္ပံရှုထောင့်က ကြည့်မယ်ဆိုရင် ပထမဆုံး သိပ္ပံနည်းမကျတဲ့ ဒွိဟဖြစ်မဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ လိုတယ်။ ဒါကို မော်ဒန်သိပ္ပံဆိုင်ရာ သီဝရီတွေအတွက် အခုအသုံးပြုနေတဲ့ စံမီ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်နိုင်ပါတယ်။ အောက်ပါ နည်းလမ်းအတိုင်း လူဝင်စားခြင်းကို စမ်းသပ်သွားမယ်။
ဂျရာမီဟေးဝပ်(Geremy Hayward) က သီဝရီအသစ်တစ်ခုနဲ့ ညှိနှိုင်းဖို့ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာကို ရှင်းပြတယ်။ သူက နည်းလမ်းကို သိပ္ပံနည်းကျ လုပ်ငန်းစဉ် အဆင့်လေးဆင့်နဲ့ ဖော်ပြတယ်။
အဲဒါတွေကတော့
(a)သက်ဆိုင်ရာ သဘာဝဖြစ်စဉ်ကို လေ့လာပါ။
(b)သီဝရီအသစ်တစ်ခု ထုတ်ပါ။
(c)လေ့လာမှုစူးစမ်းမှုတွေမှာ ဟောကိန်းထုတ်ဖို့ အဲဒီသီဝရီကို သုံးပါ။
(d)ဟောကိန်းထုတ်ထားတဲ့ လေ့လာစူးစမ်းမှုတွေကို သုံးသပ်ပါ။
ရူပဗေဒနိုဘယ်ဆုရှင် ရစ်ချတ်ဖေးမန်း (Richard Feynman) က ဒီလုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြတယ်။ သူကတော့ အဆင့် a နဲ့ b ကိုပေါင်းပြီး သုံးဆင့်ပါတဲ့ လုပ်ငန်းစဉ်အဖြစ် ရှင်းပြတယ်။
အကယ်၍ နောက်ဆုံးအဆင့်မှာ လုပ်တဲ့ လေ့လာစမ်းသပ်မှုတွေက ဦးဆုံးအဆင့်တွေက ဟောကိန်း ထုတ်ထားတာတွေနဲ့ မကိုက်ညီရင် သီဝရီဟာ လက်သင့်ခံဖွယ် မရှိဘူး။ ကိုက်ညီရင် သီဝရီကို လက်ခံတယ်။ အကယ်၍ ပို၍ပို၍ လေ့လာမှုစမ်းသပ်မှုတွေ လုပ်လို့မှ ကိုက်ညီတာတွေ ပြနိုင်ရင် ဒီသီဝရီဟာ ပိုမိုခိုင်မာတဲ့ သိပ္ပံနည်းကျ လက်ခံမှုကို ရမယ်။ သီဝရီတစ်ခုကို စမ်းသပ်နည်းတစ်ခုအရ သိပ္ပံနည်းကျတယ်လို့ လက်ခံပြီးသွားရင် အခြားတစ်ယောက်ယောက်က ဒီသီဝရီ လက်သင့်ခံဖွယ် မကောင်းဘူးလို့ အချက်အလက်အသစ်တွေနဲ့ သက်သေမပြမချင်း သူ့အတိုင်းပဲ ရှိနေမယ်။