ဘာသာရေးဆိုင်ရာ မှတ်ဖွယ်မှတ်ရာ အဖြာဖြာ-(၆)
"စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ" သစ္စာလေးပါးမှ လွတ်သော တရားမည်သည် မရှိဟုဆိုပါသည်။ မြတ်စွာဘုရား တရားတော်တိုင်း၊ သုတ်တော်တိုင်း သစ္စာလေးပါးနှင့် မကင်းနိုင်။ တစ်နည်းမဟုတ်၊ တစ်နည်း သစ္စာလေးပါး ပါသည်ချည်းပင်ဖြစ်သည်။ ငါးရာ့ငါးဆယ် ဇတ်တော်များမှာပင် အဆုံး၌ သစ္စာကိုပြ၍ ဟောပါသည်။ ထို့ကြောင့် သစ္စာလေးပါးတရားဟု အမည်ခေါ်ရလျှင် တရားတော်တိုင်းကိုပင် ခေါ်ရပေလိမ့်မည်။
ဓမ္မစကြာတရားတော်မှာ သစ္စာလေးပါးသာမက အစွန်းတရားနှစ်ပါး၊ မဇ္ဈိမပဋိပဒါ တရားများလည်း ပါသည်။ အထူးအားဖြင့် တရားစက်ကြီးသည် ဘုရားအဆူဆူ ပွင့်တော်မူတိုင်း လည်ပတ်၍နေရာ ထိုဘုရားများ ပရိနိဗ္ဗာန်စံတော်မူလျှင် လည်ပတ်မှု ရပ်နားသွားပါသည်။ ကဿပမြတ်စွာဘုရား ရှိတော်မူစဉ် လည်ပတ် နေသော တရားစက်ကြီးသည် ကဿပ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသွားသောအခါ လည်ပတ်မှု ရပ်နားသွားတော့၏။
ယခု ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ ထိုရပ်နားနေသော တရားစက်ကြီးကို ပဉ္စဝဂ္ဂီ ငါးဦးတို့ရှေ့တွင် စတင်၍နှိုးကာ လည်စေတော်မူခဲ့ပါသည်။ ထိုတရားစက်ကြီးသည် အယုတ်တရားပြကာ မဇ္ဈိမပဋိပဒါနှင့် သစ္စာလေးပါးတည်းဟူသော စက်အကန့်များဖြင့် လည်ခဲ့သဖြင့် ဓမ္မစက္ကပတ္တန တရားစက်ကို လည်စေသော တရား၊ အတိုချုပ် ဓမ္မစကြာတရားဟု ခေါ်ရပါသည်။
ရေစက်။
ရှေးရှေးဘဝများက အတူကုသိုလ်ပြုခဲ့၊ ဆုတောင်းဆုယူ ပြုခဲ့ဖူးကြသည်ကိုပင် ရေစက်ဆုံသည်ဟု ပြောဆိုကြပါသည်။ ကုသိုလ်အတူပြု၍ စိတ်တူကိုယ်တူ ရေစက်ချခဲ့ကြသည်ကို ဆိုလိုပါသည်။ ဘဝပေါင်းများစွာ မိသားစုအဖြစ် တွေ့ကြ၊ ကြုံကြလိုလျှင် (၁) သမသဒ္ဓါ= ယုံကြည်မှုတူမျှခြင်း၊ (၂) သမသီလ= အကျင့်သီလတူမျှခြင်း၊ (၃)သမစာဂ= စွန့်ကြဲလှူဒါန်းမှု တူမျှခြင်းနှင့် (၄) သမပညာ= ကမ္မသကတပညာ= အသိဉာဏ်ချင်း တူမျှခြင်းရှိဖို့ လိုအပ်ကြောင်း ဘုရားဟောရှိခဲ့ပါသည်။
အလွန် တူမျှနိုင်ခဲပါသည်။ ဘုရားလောင်းနှင့် ယသော်ဓရာ အလောင်းတို့ပင် အတူတကွ ဆုတောင်းခဲ့သော်လည်း ဘဝတိုင်း မတွေ့ရ။ မဆုံဆည်းရပါ။ ဤသည်မှာ ဘုရားလောင်း၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တို့ကို ယသော်ဓရာ အလောင်းက မမှီနိုင်၍ ဖြစ်ပါသည်။ အရှင်မဟာကဿပ အလောင်းနှင့် ဘဒ္ဒါကာပိလာနီ အလောင်းမှာ အားလုံးတူညီ၍ လူ့ပြည်တွင်လည်းကောင်း၊ နတ်ပြည်၊ ဗြဟ္မာပြည်တို့တွင် လည်းကောင်း၊ နောက်ဆုံး နိဗ္ဗာန်ဝင်ရာမှာလည်းကောင်း မကွဲမကွာ ဖြစ်ရကြောင်း အဆိုရှိပါသည်။ ၎င်းကိုပင် ရေစက်ဆုံသည်ဟု မှတ်သားနိုင်ပါသည်။
အခြွေအရံမရှိ၊ အထီးကျန်ဖြစ်ရခြင်း။
တချို့မိဘများမှာ အထီးကျန်နေကြရပါသည်။ သားသမီးများမှာ ၎င်းတို့နှင့် အတူနေပေးခြင်းမရှိပါ။ အိမ်ဖော်ခေါ်ထားသော်လည်း ကြာရှည်မနေပါ။ တချို့ကထွက်ပြေးပါသည်။ ထို့ကဲ့သို့ အထီးကျန်နေရသည်မှာ (၁) မည်သည့် အကုသိုလ်ကြောင့် ဖြစ်ပါသနည်း။ (၂) ဘဝက ကုသိုလ်ပြုရာမှာ မည်သည့်ချွတ်ယွင်းချက် ရှိခဲ့၍ ဖြစ်ပါသနည်း။ (၃) ထိုအကုသိုလ် ပပျောက်ရန် မည်သို့ ကုသိုလ် ပြုရပါမည်နည်း။
အတ္တနာဝ ဒါနံဒေတိ၊ ပရံန သမာဒ ပေတိ၊ သောနိဗ္ဗတ္တနိဗ္ဗတ္တ ဋ္ဌာနေ ဘောဂ သမ္ပဒံ လဘတိ၊ နော ပရိဝါရ သမ္ပဒံ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၃၉) ဟူသော ဘုရားဟောအရ ရှေးရှေးကုသိုလ်ပြုစဉ်က ကိုယ်သာလျှင် အလှူပေးသည်။ သူတပါး အလှူပေးရန် မတိုက်တွန်းခဲ့။ ထိုသူအကျိုးပေးသောအခါ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော်လည်း အခြံအရံ မရှိ။ အထီးကျန် ဖြစ်ရတက်သည်။ ထိုဟောထားချက်အရ ကိုယ်သာလှူပြီး သူတစ်ပါးကို လှူရန် တိုက်တွန်းခြင်း၊ ဆော်သြခြင်း မပြုခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဒါနပြုရာ၌ မိမိက ရှေ့သွားခေါင်းဆောင်ပြုကာ အခြားအဖော်။ အပေါင်းအသင်းများအားလည်း လှူဒါန်းရန် တိုက်တွန်းခြင်း၊ ဆော်သြခြင်းပြုပေးရန် လိုအပ်ပါသည်။ ဤမျက်မှောက်ဘဝတွင် အားကိုးရာမဲ့သူများအား ကူညီခြင်း၊ ပေးကမ်းခြင်း၊ ကျွေးမွေးခြင်းများ ပြုလုပ်လျှင် စေတနာအလျှောက် အခြံအရံများ ဖြစ်ထွန်းလာနိုင်သည်ဟု ဆိုပေသည်။ ကြိုးစား၍ ပေးကမ်းလှူဒါန်းမှုကို ပြုလုပ်ပါဟု တိုက်တွန်းလိုပါသည်။
(ဘာသာရေးပြဿနာများ) ဘဒ္ဒန္တတိလောကသာရ
Read more...
သိပ္ပံပညာဟာ ၂၀ရာစု အစောပိုင်းမှာ အလှမ်းကျယ်ကြီး ခုန်ကျော်လိုက်ပြီး ပထမဦးဆုံးအနေနဲ့ သိပ္ပံပညာရှင်တွေကို အရင်ကသူတို့နားမလည်ခဲ့တဲ့ အထက်က ကိစ္စတွေကို နားလည်ဖို့ မျှော်လင့်ချက် ပေးလိုက်တယ်။ ဒီစာတမ်းဟာ ၂၀ရာစု မော်ဒန်သိပ္ပံက လူဝင်စားခြင်းကို ဘယ်လိုသက်သေပြနိုင်သလဲဆိုတာ ရှင်းလင်းထားခြင်းဖြစ်တယ်။ သိပ္ပံပညာရဲ့ ၂၀ရာစု ခုန်ကျော်မှုဟာ အဓိက ကျတဲ့ ပါရာဒိုင်းပြောင်းလဲခြင်းကို ဖြစ်စေတယ်။ (အတွေးအမြင်၊ နားလည် လက်ခံမှု၊ အမှန်တရားအပေါ် သိမြင်မှုတွေ သိသာစွာ ပြောင်းလဲတယ်။)
ဒါတွေဟာ သိပ္ပံပညာရဲ့ အခြေခံအုတ်မြစ်ကို လုံးဝ ပြောင်းလဲသွားစေတယ်။ ဒါ့အပြင် သိပ္ပံပညာကို အ၀ိဇ္ဖာ လူသားရဲ့ အာရုံငါးပါးခံစားမှုကနေ ကျော်လွန်အောင် မြှင့်တင်ပစ်လိုက်တယ်။ ကျွန်ုပ်တို့ရဲ့ ယေဘုယျ အမြင် ဟာ သုံးရာစုလုံးလုံး လွှမ်းမိုးလာတဲ့ ရှေးရိုးသိပ္ပံကို မှီခိုနေခဲ့တာဖြစ်တယ်။ ဒီပါရာဒိုင်းပြောင်းလဲခြင်းက သိပ္ပံပညာရှင်တွေရဲ့ ယေဘုယျ အမြင်တွေကို ရုတ်ချည်း ဒုက္ခ ပေးလိုက်တယ်။ သိပ္ပံပညာရှင်တွေဟာ မော်ဒန်သိပ္ပံက ဖော်ထုတ်လိုက်တဲ့ ပါရာဒိုင်းအသစ်နဲ့ ကိုက်အောင် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။