* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, June 25, 2009

အာရမ္မဏပစ္စည်း - ၂(က)

၁၃၅၃-ခု၊ ဝါခေါင်လဆန်း(ဂ)ရက်နေ့၊ နေ့လည်ပိုင်းမှာ ဟောကြားမည့် တရားတော်က ပစ္စယနိဒ္ဒေသပါဠိတော်လာ အာရမ္မဏပစ္စည်း တရားတော်ဖြစ်တယ်။

အာရမ္မဏပစ္စယောတိ -

  • ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • သဗ္ဗေ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ = အကြင်အကြင် အာရုံ(၆)ပါး ပစ္စည်းတရားကို၊ အာရဗ္ဘ = အာရုံပြု၍၊ ယေ ယေ ဓမ္မာ = အကြင်အကြင်သို့သော သဘောရှိကုန်သော အာရမ္မဏိက ပစ္စယုပ္ပန်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိ = ဖြစ်ကုန်၏ ။ စိတ္တ စေတသိကာ = စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ = အာရမ္မဏ ပစ္စယုပ္ပန်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိ = ဖြစ်ကုန်၏ ။ တေ တေ ဓမ္မာ = ထိုထိုအာရုံ(၆)ပါး ပစ္စည်းတရားတို့သည်၊ တေသံ တေသံ ဓမ္မာနံ = ထိုထို အာရမ္မဏိက ပစ္စယုပ္ပန်တရားတို့အား၊ အာရမ္မဏပစ္စယေန = အာရမ္မဏပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည၊် ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ဂရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ပါဘုရား။

ပစ္စည်း = ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဖြစ်သော စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်၊ ပညတ်ဟူသော အာရုံ (၆)ပါး။
ပစ္စယုပ္ပန် = စိတ် ၈၉-ပါးနှင့် စေတသိက် ၅၂-ပါး။
ပစ္စယသတ္တိ = ကြိုးတန်းနှင့် တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သောသူတို့အား ဆွဲတွယ်ထေက်တည်ရန် ကျေးဇူးပြုသကဲ့သို့ အတိတ်, အနာဂတ်, ပစ္စုပ္ပန် အာရုံ (၆)ပါးတို့သည် အသီးသီး မိမိတို့နှင့်ဆိုင်ရာ စိတ်၊ စေတသိက်တို့အား ဖြစ်ပေါ်လာစေရန် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။

(သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်)

အာရမ္မဏသတ္တိ - ဟူသည် ... ဖူးပွင့်ဝေဆာသော ပန်းဥယျာဉ်ကြီးထဲ၌ လူတို့ပျော်မွေ့ဖွယ်ရာ ဖြစ်သကဲ့သို့ ရူပါရုံစသော အာရုံ (၆)ပါးတို့သည်လည်း စိတ် စေတသိက်တို့၏ နှစ်သက်ပျော်မွေ့ဖွယ်ရာ ဖြစ်ကြပါတယ်။ အာရုံနှင့်ကင်း၍ ဖြစ်ကြသော စိတ် စေတသိက်တရား မည်သည် မရှိကြပါ။ စိတ် စေတသိက်တိုင်း ရူပါရုံစသော အာရုံတစ်ခုခုကို အမှန်ပင် အာရုံပြုကြရပါတယ်။ အဲဒီလို စိတ် စေတသိက်တရားတို့က ရူပါရုံစသော အာရုံတို့အပေါ်၌ မခွဲနိုင်၊ မခွါနိုင်လောက်အောင် မွေ့လျော်ဖွယ်ရာကို ဆောင်တတ်သော ဆွဲငင်အား သတ္တိထူးကို "အာရမ္မဏသတ္တိ" လို့ ခေါ်ပါတယ်။
ထိုအာရမ္မဏ-ဟူသော ပါဠိသဒ္ဒါမှ 'အာရုံ' ဟူသည့် မြန်မာဝေါဟာရ ဖြစ်ပေါ်လာပါတယ်။

အာရုံ (၆)ပါးဟူသည်ကား ...
  • ၁။ ရူပါရုံ = အဆင်း ။ တရားကိုယ်မှာ 'ဝဏ္ဏ' အဆင်း ဖြစ်ပါတယ်။
  • ၂။ သဒ္ဒါရုံ = အသံ ။ တရားကိုယ်မှာ 'သဒ္ဒ' အသံ ဖြစ်ပါတယ်။
  • ၃။ ဂန္ဓာရုံ = အနံ့ ။ တရားကိုယ်မှာ 'ဂန္ဓ' အနံ့ ဖြစ်ပါတယ်။
  • ၄။ ရသာရုံ = အရသာ ။ တရားကိုယ်မှာ 'ရသ' အရသာ ဖြစ်ပါတယ်။
  • ၅။ ဖောဋ္ဌဗ္ဗာရုံ = အထိအတွေ့ ။ တရားကိုယ်မှာ ပထဝီ, တေဇော, ဝါယော-ဟူသော ဓာတ် ၃-ပါးသာလျှင်ဖြစ်သော အထိအတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ဖြစ်ပါတယ်။
  • ၆။ ဓမ္မာရုံ = ပသာဒရုပ် ၅-ပါး၊ သုခုမရုပ် ၁၆-ပါး၊ စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ နိဗ္ဗာန်၊ ပညတ်တို့ ဖြစ်ကြပါတယ်။
အာရုံ နှင့် ကာလ

  • ရူပါရုံ, သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကား မြင်နိုင်၊ ကြားနိုင်၊ နံနိုင်၊ စားသိနိုင်၊ ထိသိနိုင်လောက်အောင် ကြမ်းတမ်းသည့် သြဠာရိကရုပ် (ရုပ်ကြမ်း)များ ဖြစ်ကြပါတယ်။
  • ဓမ္မာရုံ ပါဝင်သော ပသာဒရုပ် (ဝါ) အကြည်ဓာတ် ၅-ပါးနှင့် သုခုမရုပ် (ဝါ) သိမ်မွေ့သောရုပ် ၁၆-ပါးတို့ကား မမြင်နိုင် မထိတွေ့နိုင်သော ရုပ်နုများ ဖြစ်ကြပါတယ်။
  • ရုပ်တရား၊ နာမ်တရားတို့ကား 'ဥပါဒ်-ဌီ-ဘင်' (ဖြစ်-တည်-ပျက်) အစီအစဉ်အရ ခဏဖြစ်၍ ခဏပျက်လျက် ရှိကြပါတယ်။
  • ဖြစ်ပေါ်၍ မချူပ်ခင် 'ဥပါဒ်-ဌီ-ဘင်' အားဖြင့် အထင်အရှားရှိခိုက် အာရုံကို 'ပစ္စုပ္ပန်' အာရုံဟု ခေါ်တယ်။
  • 'ဥပါဒ်-ဌီ-ဘင်' စေ့၍ ချူပ်လေပြီးသော အာရုံကို 'အတိတ်' အာရုံဟု ခေါ်ပါတယ်။
  • အကြောင်းညီညွတ်လျှင် ဧကန် ဖြစ်ပေါ်မည့် အာရုံကို 'အနာဂတ်' အာရုံဟု ခေါ်ပါတယ်။
  • ထို့ကြောင့် ဆိုခဲ့ပြီးသော ရုပ်-စိတ်-စေတသိက်တို့သည် အတိတ်-ပစ္စုပ္ပန်-အနာဂတ် ဟူ၍ ကာလ ၃-ပါးစီ ရှိကြပါတယ်။
  • ဓမ္မာရုံ၌ အကျုံးဝင်သော ပညတ်အာရုံနှင့် နိဗ္ဗာန်အာရုံတို့မှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသည့် ကာလ ၃-ပါးမှ ကင်းလွတ်နေသော 'ကာလဝိမုတ်' အာရုံများ ဖြစ်ကြပါတယ်။
----------
မနောဓာတ် - အရကား ... ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်း ၂-ပါး၊ ပေါင်း ၃-ပါးတို့ ဖြစ်ကြပါတယ်။
  • ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ပဉ္စဒွါရ (တံခါးငါးပေါက်)ဟု ခေါ်ဆိုအပ်သော မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့၌ ထင်လာသည့် အာရုံ (၅)ပါးကို ဆင်ခြင်နှလုံးသွင်းတတ်သောစိတ် ဖြစ်ပါတယ်။
  • သမ္ပဋိစ္ဆိုန်းစိတ် = အာရုံ (၅)ပါးကို လက်ခံယူနိုင်သောစိတ် ဖြစ်ပါတယ်။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ် ၁-ပါး၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ် ၁-ပါး၊ ပေါင်း ၂-ပါး ရှိပါတယ်။ သမ္ပဋိစ္ဆိုန်းဒွေ-ဟုလည်း ခေါ်ပါတယ်။
ဓမ္မာနဉ္စ - အရကား ... သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးနှင့် ဝိတက်, ဝိစာရ, အဓိမောက္ခ - ပေါင်း ၁၀-ပါးတို့ ဖြစ်ကြပါတယ်။

သဗ္ဗစိတ္တဓာရဏစေတသိက် = အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသည့် စေတသိက် ၇-ပါး။ (စိတ်ဖြစ်တိုင်း အမြဲပါဝင်ကြသော စေတသိက်များ ဖြစ်ကြပါတယ်။)
၁။ ဖဿ = စိတ်နှင့် အာရုံကို တွေ့ထိပေးခြင်းသဘော။
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်း သဘော။
၃။ သညာ = အာရုံကို မှတ်သားခြင်း သဘော။
၎။ စေတနာ = ယှဉ်ဖက်တရားတို့ကို (ယှဉ်ဖက်စိတ် စေတသိက်တို့ကို) ဆိုင်ရာ ကိစ္စတို့၌ ဆောင်ရွက်ကြဖို့ရာ စေ့ဆော်တိုက်တွန်းခြင်းသဘော။
၅။ ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ တည်တံ့ခြင်း တည်ကြည်ခြင်း သဘော။
၆။ ဇီဝိတိနြေ္ဒ = ယှဉ်ဖက်တရားတို့ကို သက်တမ်းပြည့် တည်တံ့အောင် စောင့်ထိန်းခြင်း သဘော။
၇။ မနသိကာရ = စိတ်၌ အာရုံပေါ်လာအောင် ပြုပေးခြင်း သဘော။ (အာရုံကို နှလုံးသွင်းခြင်း သဘော)
ဆောင်။ ။"ဖသ်, ဝေ, သဉ်, စေ၊ ဧ, ဇီ, မန၊ ဤသတ္တ သဗ္ဗ စိတ်တိုင်းဖြစ်"

ဝိတက် = ယှဉ်ဖက်စိတ် စေတသိက်တို့ကို အာရုံသို့ တင်ပေးခြင်း သဘော။
ဝိစာရ = အာရုံကို သုံးသပ်ခြင်းသဘော (ဝါ) အာရုံကို ထပ်၍ ထပ်၍ ယူခြင်း သဘော။
အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ခြင်း သဘော။ ... တို့ ဖြစ်ကြပါတယ်။
-------

မနောဝိညာဏဓာတ် - အရကား ... သန္တီရဏ ၃-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ သဟိတ်စိတ် ၇၁-ပါး၊ ပေါင်း ၇၆-ပါးတို့ ဖြစ်ကြပါတယ်။
  • သန္တီရဏစိတ် = သမ္ပဋိစ္ဆိုန်းစိတ် ခံယူထားသော အာရုံကို စုံစမ်းသောစိတ် ဖြစ်ပါတယ်။ ဥပေက္ခာသန္တီရဏ ၂-ပါးနှင့် သောမနဿသန္တီရဏ ၁-ပါးဟု ခွဲခြားထားပါတယ်။
  • မနောဒွါရာဝဇ္ဇန်းစိတ် = မနောဒွါရတည်းဟူသော စိတ်တံခါးဝ၌ ထင်လာသော အာရုံကို ဆင်ခြင်နှလုံးသွင်းတတ်သောစိတ် ဖြစ်ပါတယ်။
  • ဟသိတုပ္ပါဒ်စိတ် = မြတ်စွာဘုရားနှင့် ရဟန္တာအရှင်မြတ်တို့၏ ပြုံးရယ်သောစိတ် ဖြစ်ပါတယ်။
  • သဟိတ်စိတ် = ဟိတ်ပါဝင်သောစိတ်များကို သဟိတ်စိတ်များ ဟုခေါ်ပါတယ်။ (ဟေတုပစ္စည်းမှာ ရှင်းထားပြီးပါပြီ။)
ဓမ္မာနဉ္စ - အရကား ... စေတသိက် ၅၂-ပါး တို့ ဖြစ်ကြပါတယ်။
-------

အာရမ္မဏမျိုး (၈) ပစ္စည်း
၁။ အာရမ္မဏ
၂။ အဓိပတိ - အာရမ္မဏာဓိပတိ
၃။ နိဿယ - ဝတ္တာရမ္မဏပုရေဇာတ နိဿယ
၎။ ဥပနိဿယ - အာရမ္မဏူပနိဿယ
၅။ ပုရေဇာတ - အာရမ္မဏ ပုရေဇာတ
၆။ ဝိပ္ပယုတ္တ - ဝတ္ထာရမ္မဏ ပုရေဇာတ ဝိပ္ပယုတ္တ
၇။ အတ္ထိ - အာရမ္မဏ ပုရေဇာတတ္ထိ
၈။ အဝိဂတ - အာရမ္မဏ ပုရေဇာတ အဝိဂတ

ဆောင်။ ။ အာ-အဓိ-နိသ်၊ ဥ-ပု-ဝိပ်၊ နောက်ပိတ် အတ်-အဝိ။ အာရမ္မဏ၊ ပစ္စယ၊ ရှစ်ဝ ရစေဘိ။

မှတ်ချက်။ ။ ရုပ်တရားမှန်သမျှကို လောဘမူစိတ် ၈-ပါးကသာ အလေးအမြတ် အာရုံပြု၍၊ ရုပ်ပွား ဆင်းတုများကို အာဓိ-မဟာ ကုသိုလ်စိတ်ဖြင့် မကြည်ညိုနိုင်သည်ကို အရကောက်နှင့် အာဓိသရုပ်ခွဲတို့က ဖော်ညွှန်းထားပါတယ်။ အာရုံသာမာန်ဖြင့်ကား ကြည်ညိုနိုင်ကြပါတယ်။

နိဗ္ဗာန်သည် (အကျိုးတရားမဟုတ်) အကြောင်းအာရုံတရား ဖြစ်ကြောင်းကို "နိဗ္ဗာနံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂေါတြဘုဿ" ပါဠိတော်တို့က ညွှန်ပြပြီး၊ ထိုပါဠိကပင် ပုထုဇဉ်တို့ နိဗ္ဗာန်ကို အာရုံပြုနိုင်ပုံကိုလည်း ပြဆိုထားပါတယ်။
(ဓမ္မာစကြာ၌ နိဗ္ဗာန်ကို အကျိုးသစ္စာ သဘောဖြင့် ဟောကြားထားပါတယ်။)
(*အသေးစိတ်သိလိုပါက နီးစပ်ရာ ဆရာတော်များထံမှာ လေ့လာ မေးမြန်း သင်ယူကြပါ။ နက်နဲလွန်း၍ ဖြစ်ပါတယ်။)

အာရမ္မဏာဓိပတိသတ္တိ
- ဟူသည်ကား .. သာမာန်အာရုံထက်ပင် စိတ်ကို အလွန်အကဲတမ်းတမ်းစွဲ ဖြစ်အောင် ဆွဲဆောင်နိုင်သော စွမ်းအားဖြင့် အလေးအမြတ် ကျေးဇူးပြုခြင်း အစိုးရခြင်း သဘောသတ္တိ မည်ပါတယ်။

  • ရူပါယတနံ အစရှိသော ပါဠိတော်များဖြင့် အာရုံ + အာရမ္မဏိကအဖြစ် ပြီးပြီးပါလျက် "ယံ ယံ ဓမ္မံ" အစရှိသော ပါဌ်ကို ထပ်၍ ဟောတော်မူရခြင်း။
ရူပါယတနံ ..စသော ပါဌ်ဖြင့် အာရုံ + အာရမ္မဏိက အဖြစ်ပြီးသည်ကား မှန်သော်လည်း အာရုံပြုသော ခဏ၌သာ အာရုံ (၆)ပါးတို့သည် သတ္တဝိဉာဏဓာတ်တို့အား အာရမ္မဏပစ္စည်း ဖြစ်ကြပါတယ်။
ထိုသို့ ဖြစ်ရာတွင်လည်း အတူတကွ မဖြစ်ကြ၊ သူ့အာရမ္မဏိကတရားနှင့် သူ့အာရုံတရားတို့ အသီးသီး ဖြစ်ကြသည်ကို ပြတော်မူခြင်းငှာ - ယံ ယံ ဓမ္မံ စသောပါဌ်ကို ထပ်၍ ဟောတော်မူရပါတယ်။

  • ရုပ်/သံ ကြည့်ရှုနားထောင်ရာ၌ မြင်စိတ်နှင့် ကြားစိတ်တို့ ပြိုင်တူ မဖြစ်နိုင်ပုံ
ယံ ယံ ဓမ္မံ အာရဗ္ဘ" စသော ပါဌ်ကို ထောက်၍ မြင်စိတ်နှင့် ကြားစိတ်တို့ ပြိုင်တူ မဖြစ်ကြပါ။ အာရုံ (၆)ပါးတို့သည် ၇-ပါးသော ဝိညာဏဓာတ်တို့အား အာရမ္မဏပစ္စည်း ဖြစ်ကုန်သော်လည်း အတူတကွ မဖြစ်ကြကုန်။ အသီးသီးသာ ဖြစ်ကြကုန်ပါတယ်။
၎င်း ယံ ယံ ဓမ္မံ အာရဗ္ဘ စသည်ဖြင့် အာရမ္မဏနိဂုံး ကိုလည်းကောင်း၊ အာရမ္မဏမျိုး ၈-ပစ္စည်းလုံး ပစ္စည်း ပစ္စယုပ္ပန် ဖြစ်နိုင်ပုံကို ပြပါတယ်။ (အရကောက်-၈၊ ၁၄)
--------

အာရုံ(၆)ပါးကြောင့် ဝိညာဏ်(၆)ပါး ဖြစ်ပုံ

အာရုံ(၆)ပါးက ပစ္စည်းတရား ဖြစ်တယ်။ သတ္တဝိညာဏဓာတ် လို့ခေါ်တဲ့ ဝိညာဏ်(၆)ပါးက ပစ္စယုပ္ပန်တရား ဖြစ်တယ်။ ထိုထိုပုဂ္ဂိုလ်တွေရဲ့ သန္တာန်၊ ယောဂီတို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အာရုံ(၆)ပါးကြောင့် ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတယ်။ အာရုံ(၆)ပါးက အာရမ္မဏ အကြောင်းပစ္စည်းတရား ဖြစ်တယ်။ ဝိညာဏ်(၆)ပါးက အာရမ္မဏိက ပစ္စယုပ္ပန်တရား ဖြစ်တယ်။ အကျိုးတရား ဝိညာဏ်(၆)ပါး ဖြစ်တာဟာလည်း အာရုံ(၆)ပါးက အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်တဲ့ အခိုက်အတန့်မှာသာ ဖြစ်တယ်။ မတိုက်ရင် မဖြစ်ဘူး။

မျက်စိအကြည်မျာ ရူပါရုံ အဆင်းလာတိုက်တဲ့အခါမှာ မြင်သိစိတ် ဖြစ်တယ်။ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ကြားသိစိတ် ဖြစ်တယ်။ နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါ နံသိစိတ် ဖြစ်တယ်။ လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါ စားသိစိတ် ဖြစ်တယ်။ ကိုယ်အကြည်မှာ အတွေ့ ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါကျတော့ ထိသိစိတ် ဖြစ်တယ်။ မနောအကြည်မှာ သဘောဓမ္မာရုံ လာတိုက်တဲ့အခါကျတော့ ကြံသိစိတ် ဖြစ်တယ်။

ဘယ်သူ့သန္တာန်မှာ ဖြစ်နေတာလဲဆိုတော့ ယောဂီများရဲ့သန္တာန်မှာ ဖြစ်နေတာပဲ ဖြစ်တယ်။ ထိုထိုပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာလည်း ဖြစ်နေတာပဲဖြစ်တယ်။ အာရုံ(၆)ပါးက အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်တဲ့ အခိုက်အတန့် မှာသာလျှင် မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ ထိသိ၊ ကြံသိဆိုတဲ့ ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတယ်။ ယောဂီများရဲ့သန္တာန်မှာ ကျေးဇူးပြုနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

အဲဒီမှာ အာရုံ(၆)ပါးက အတိုက်ဓာတ်၊ အကြည်ဓာတ်(၆)ပါးက အခံဓာတ်၊ ဝိညာဏ်(၆)ပါးက အပွင့်ဓာတ် ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ အတိုက်ဓာတ်ရယ်၊ အကြည်ဓာတ်ရယ်၊ အခံဓာတ်ရယ်လို့ ဖြစ်နေတယ်။ အဲဒီ အပွင့်ဓာတ်ရယ်လို့ ဖြစ်လာတဲ့အခိုက်အတန့်မှာ ဝိပဿနာတရားတွေ ရှုကြရပါတယ်။

အတိုက်ဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ ဆင်း သံ နံ့ သာ၊ တွေ့ ဓမ္မာ၊ ခြောက်ဖြာ တိုက်ဓာတ်မည်။

အဆင်း ရူပါရုံ၊ အသံ သဒ္ဒါရုံ။ အနံ့ ဂန္ဓရုံ၊ အရသာ ရသာရုံ၊ အတွေ့ ဖောဋ္ဌဗ္ဗာရုံ၊ သဘော ဓမ္မာရုံ ဒီ(၆)ဖြာဟာ အတိုက်ဓာတ် ဖြစ်ပါတယ်။ လာလာပြီးတော့ တိုက်ပါတယ်။

အခံဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ မျက်စိ နား နှာ၊ လျှာ ကိုယ် စိတ်ပါ၊ ဤခြောက်ဖြာ၊ မှန်စွာ ခံဓာတ်မည်။

မျက်စိ အကြည်၊ နား အကြည်၊ နှာခေါင်း အကြည်၊ လျှာ အကြည်၊ ကိုယ် အကြည်၊ စိတ် အကြည်လို့ ယောဂီများ သန္တာန်မှာ ရှိပါတယ်။ အခံဓာတ် ဖြစ်ပါတယ်။ အာရုံ(၆)ပါးက လာလာတိုက်တဲ့ အခါကျမှ ဝိညာဏ်(၆)ပါး ဖြစ်တယ်။ မတိုက်ရင်တော့ မဖြစ်ပါဘူး။

အပွင့်ဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ ဝိညာဏ်ခြောက်ဖြာ၊ ဖြစ်ပေါ်လာ၊ မှန်စွာ ပွင့်ဓာတ်မည်။

မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်လို့ ဒီဝိညာဏ်(၆)ပါးကတော့ အပွင့်ဓာတ် ဖြစ်တယ်။ အတိုက်ဓာတ်၊ အခံဓာတ်၊ အပွင့်ဓာတ်တွေ ကိုယ့်သန္တာန်မှာ ဖြစ်နေပါတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကိုသိရင် ဝိပဿနာရှုလို့ ရသွားပြီ။

ဆက်ရန် ... အာရမ္မဏ - ၂(ခ) သို့

Read more...

ကြိုက်ရာရွေးချယ် လမ်းနှစ်သွယ်...၃ (ဦးသုနန္ဒ) vcd

ဦးသုနန္ဒ (ဓမ္မရံသီဆရာတော်-မိုးကုတ်)...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ကြိုက်ရာရွေးချယ် လမ်းနှစ်သွယ်...၃ (ဦးသုနန္ဒ) vcd



Read more...

ပါရာဇိကရဟန်း... (တည်တောဆရာတော် (မေး+ဖြေ) ၅-မှ...)



တည်တောဆရာတော် (မေး+ဖြေ) ၅-မှ...

ပါရာဇိကရဟန်း (ရဟန်းမဟုတ်တော့သော သင်္ကန်းဝတ်)














Read more...

အမိန့်တော်ရမင်း မောင်ပုတ်နီ... (သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်)



သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်

၁၂၁... အမိန့်တော်ရမင်း မောင်ပုတ်နီအယူက ကျေးတောသူမြို့စကားပြောတော့ အမှားနှော၍ အမှုလွဲသဖြင့် ရှူထဲကျသွားသလို ဥပမာဖြင့်...


























Links to this post



Read more...

မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း…

လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဖြစ်ပါလိမ့်မယ်။ ကျောင်းမှာ ဘုန်းကြီးဝေယျာဝစ္စ လုပ်ပေးမယ့်သူ မရှိဘူးဆိုလို့ ဝေယျာဝစ္စလုပ်ဖို့ ဒကာလေးတစ်ယောက် ကျောင်းကိုရောက်လာပါတယ်။ ကျောင်းရောက်တော့ ဘုရားနဲ့ ဘုန်းကြီးကို ရှိခိုးဦးချပြီး နောက်နေ့အတွက် ဘုန်းကြီးကပ်ရမယ့် ဆွမ်းဆွမ်းဟင်းများ ရှိမရှိ၊ ဘာတွေလိုမလို လိုက်ကြည့်ရင်း အလှည့်ကျလာပို့ထားတဲ့ ဆွမ်းဟင်းတွေထဲက မျှစ်သုပ်ခွက်ကိုကြည့်ပြီး သူ့စိတ်ထဲမှာ တစ်ခုခုဖြစ်သွားပါတယ်။ သူ့စတိုင်လ်လေးကလည်း စိတ်ထဲမှာ တစ်ခုခုမရှင်းတာရှိရင်၊ ဒါမှမဟုတ် ဘ၀င်မကျတာရှိရင် တိုက်ရိုက်ပြောဆို မေးမြန်းတတ်တဲ့ စတိုင်လ်လေးဆိုတော့ ဟိုကြည့်ဒီကြည့်လုပ်ရင်း စာဖတ်နေတဲ့ ဘုန်းဘုန်းအနားကို ရောက်လာပြီး မေးပါတော့တယ်။ “အရှင်ဘုရား… သူများလာပို့ထားတဲ့ ဆွမ်းဟင်းကိုကြည့်ပြီး အထူးသဖြင့် အချောင်းလိုက်သုပ်ထားတဲ့ မျှစ်သုပ်ကိုကြည့်ပြီး တပည့်တော်စိတ်ထဲမှာ ဒီလူတွေ ဒီလောက်မှ မသိကြဘူးလား…၊ ဘုန်းကြီးဆွမ်းဟင်းကို ဒီလိုပဲ ဖြစ်သလို လုပ်ပေးရလား… စတဲ့ အတွေးတွေဖြစ်မိပါတယ်။ အဲဒါ တပည့်တော် အပြစ်ဖြစ်ပါသလားဘုရား“ ဆိုပြီး မေးလျှောက်ပါတယ်။

“အင်း… ဖြစ်တယ်“လို့ပဲ ဘုန်းဘုန်းအဖြေပေးလိုက်ပါတယ်။ ပြီးတော့မှ “ဒကာလေး စိတ်စေတနာကို ဘုန်းဘုန်းနားလည်ပါတယ်၊ ဒကာလေးရဲ့ စေတနာကတော့ ဘုန်းဘုန်းကို အကောင်းဆုံးဖြစ်အောင် သေချာကျကျနန သပ်သပ်ရပ်ရပ် ပြင်ဆင်ချက်ပြုတ် ကပ်လှူစေချင်တဲ့ သဘောနဲ့ ဒီလိုတစ်ဘက်သူအပေါ် အပြစ်တင်တဲ့ အတွေးဖြစ်တာနေမှာပါ၊ ဒါပေမယ့် တစ်ဘက်ကို ပြန်တွေးကြည့်ရင် သူတို့ဟာ အလုပ်မအားတဲ့ကြားက အလုပ်ပြီးတာနဲ့ မနားတမ်းချက်ပြုတ်ပြီး ကျောင်းကိုလာပို့ ပေးရတဲ့အခြေအနေပါ၊ အလုပ်ကထွက် အေးအေးဆေးဆေး အနားယူရမယ့် အချိန်မှာ မနားဘဲ ဘုန်းဘုန်းဆွမ်းအတွက် အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ ကြိုးကြိုးစားစား အပတ်စဉ်ချက်ပြုတ် လာပို့နေတာပါ၊ သာမန်စိတ်နဲ့ဆိုရင် အမြဲဒီလို လုပ်နိုင်ဖို့ မလွယ်ပါဘူး၊ နောက်တစ်ချက်က သူတို့လာပို့တဲ့ ဟင်းလေးတွေမှာ ဒကာမများ ချက်ပြုတ်လှူဒါန်းသလိုမျိုး သပ်ရပ်သေသပ်မှု အရသာရှိမှု ရှိချင်မှရှိမယ် သူတို့အတွက် ချက်ထားတာတွေ သူတို့စားတာတွေထက်တော့ ပိုပြီးကောင်းအောင် ပိုပြီးပြည့်စုံအောင် လုပ်ပြီးလာပို့တာဆိုတာကတော့ လုံးဝကို သေချာပါတယ်၊ တကယ်တော့ ဒီကလေးတွေဟာ နိုင်ငံခြားတိုင်းပြည်မှာ ရောက်နေလို့ မဖြစ်မနေ ချက်ပြုတ်စားသောက်ရမယ့် အနေအထားမို့ စမ်းသပ်ချက်ပြုတ်ရင်း ဟင်းတစ်ခွက်ဖြစ်အောင် လုပ်တတ်တဲ့သူတွေပါ၊ အိမ်မှာဆိုသူတို့ဟာ ဘဲဥတောင် မပြုတတ်တဲ့သူတွေပါ၊ ဒီလို ကလေးတွေက ချက်ပြုတ်လှူဒါန်းတဲ့ဟင်း ဒီလောက်ကောင်းနေတာတောင် တော်လှပြီ၊ ဘုန်းဘုန်းကတော့ မအားတဲ့ကြားက ချက်ပြုတ်လာပို့တဲ့ သူတို့စေတနာလေးကို စဉ်းစားရင်းနဲ့တောင် သူတို့ရဲ့ဟင်းလေးတွေက အရသာရှိနေပါပြီ၊ တကယ်စားရမယ့် ဘုန်းဘုန်းကိုယ်တိုင်တောင် ဘာမှမပြော အပြစ်မတင်ပဲနဲ ဘေးကနေကြည့်တဲ့ ဒကာလေးအနေနဲ့ အပြစ်တင်မစောဖို့ သူတပါးရဲ့ လုပ်ရပ်လေးတွေကိုကြည့်ပြီး အကုသိုလ်မဖြစ်ဖို့ သူတို့လေးတွေရဲ့ နေရာကကြည့်ပြီး တွေးတတ်ဖို့ မြင်တဲ့ကြည့်တဲ့အခါမှာ အကုသိုလ်ဖြစ်စေမယ့် မကောင်းတဲ့အမြင်အကြည့်တွေ မဖြစ်စေဘဲ ကုသိုလ်ဖြစ်စေမယ့် ကောင်းတဲ့အမြင်အကြည့်လေးတွေနဲ့ ကြည့်တတ်အောင် ကြိုးစားဖို့လိုပါတယ်“ ဆိုပြီး သူ့စိတ်ထဲမှာ ဖြစ်နေတဲ့ အပြစ်တင်အတွေးလေးကို ပျောက်သွားအောင်၊ နောင်ဒီလိုမျိုး အကုသိုလ်အပြစ် ဖြစ်စေမယ့် အတွေးမျိုး မဖြစ်အောင် သေသေချာချာ ရှင်းလင်းပြောပြပေးလိုက်ပါတယ်။ ဒီတော့မှ ဒကာလေးဟာ ကောင်းကောင်းနားလည်သွားပြီး သူ့ရဲ့ ဒီအဖြစ်လေးကို စွဲစွဲမြဲမြဲ သဘောပေါက်သွားကာ နောက်ပိုင်းမှာ ဒီလိုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ခံယူချက်ပါရသွားပါတော့တယ်။ နောက်နေ့ အချောင်းလိုက်သုပ်ထားတဲ့ မျှစ်သုပ်ကို ဘုန်းကြီးကပ်ပြီး ကျန်တာအဲဒီဒကာလေး စားမိတော့ စားလို့အတော်ကောင်းကြောင်း ညကအပြစ်တင်စောမိတဲ့ သူ့ရဲ့စိတ်အတွေးအတွက် သင်္ခန်းစာရမိကြောင်း ထပ်လျှောက်ပါတယ်။

ဟုတ်ပါတယ်။ အကုသိုလ်အပြစ်ဆိုတာ အလွန်ဖြစ်ဖို့လွယ်ပါတယ်။ ဟိုတုန်းက ဘုန်းဘုန်းရေးခဲ့ဖူးသလိုပဲ အကုသိုလ်တွေဟာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေကို အမှီပြုပြီးတော့ အချိန်မရွေး ဖြစ်နေတတ်တာပါ။ ကိုယ်က ဒီအာရုံတွေကို သတိလေးနဲ့ ထိန်းနေနိုင်မှ အပြစ်အဖြစ် သက်သာတာပါ။ ဒီ ဒကာလေးရဲ့ အဖြစ်ကိုကြည့်ရင် မျှစ်သုပ်ကိုကြည့်ပြီး သူ့စိတ်ထဲမှာကို အမျိုးမျိုး အတွေးတွေ၊ အပြစ်တွေ ဖြစ်ခဲ့တာပါ။ ဆွမ်းဟင်းလာပို့ပြီး ပြန်သွားတဲ့ ဒကာလေးများကတော့ သူတို့ချက်ပြုတ် ထားတာလေးကို ကျောင်းသွားပို့လှူဒါန်းလိုက်တဲ့ စိတ်စေတနာလေးနဲ့ ပြန်သွားခဲ့ပြီးပါပြီ။ ကုသိုလ်စိတ်လေးတွေနဲ့ ကိုယ့်နေရာလေးမှာ အေးအေးဆေးဆေး နေနေပါပြီ။ အဲလို မဖြစ်တာက ကျောင်းမှာကျန်ခဲ့တဲ့ ဒကာလေးပါ။ အလကားနေရင်း သူများအလှူကို အမှီပြုပြီး အကုသိုလ်လေးတွေ ရလိုက်တာပါ။ ဒီအကုသိုလ်စိတ်ဖြစ်တဲ့ အတွက် အရင်ဆုံးရလိုက်တာ၊ ခံစားလိုက်ရတာက သူကိုယ်တိုင်ပါ။ ဒါပေမယ့် ဒီဒကာလေးရဲ့ ကောင်းတဲ့စိတ်လေးက သူစိတ်ထဲမှာ ဖြစ်တာကို ချက်ချင်းပြန်လျှောက်ပြီး မှားမှန်းသိတဲ့အတွေးကို အမှန်ရောက်အောင်၊ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် လုပ်နိုင်လိုက်တာပါ။ ဒါတွင်မကသေးပါဘူး။ သူဖြစ်သလို သူများတွေလည်း အပြစ်တင်မစောရအောင် ဒီအကြောင်းလေးကို ပြန်ပြီးတင်ပြပေးဖို့ လျှောက်ထားလာတဲ့ သူရဲ့စေတနာကတော့ အမတန်ချီးကျူးစရာပါ။ အပြစ်ကိုထောက်ပြ ပြောဆိုတာကို မကြိုက်တဲ့ လောကကြီးမှာ အပြစ်ကိုပြောပြစေပြီး သူများတွေကို အတုယူစေတာဟာ သိပ်ကောင်းတဲ့လုပ်ရပ်လေးပါ။

ဒီနေရာမှာ ဘုန်းဘုန်းတို့ ပရိတ်သတ်များ လေ့ကျင့်သင့်တာလေးက အပြစ်တင်မစောအောင် လေ့ကျင့်ကြဖို့ပါ။ သိတဲ့အတိုင်းပါပဲ။ လူတွေဟာ ကိုယ့်ကိုယ်ကိုသာ မမြင်တတ်ကြတာ။ သူများအပြစ်ကတော့ သိပ်မြင်တတ်ကြပါတယ်။ အပြစ်တင်တတ်တဲ့ အကျင့်ကလည်း မြန်သလားမမေးနဲ့။ ဘာမှမစဉ်းစား၊ မဆင်ခြင်၊ မစူးစမ်းတော့ဘဲ ကိုယ့်အတွေး ကိုယ့်အမြင် ကိုယ်လိုချင်တာနဲ့ အန်ဝင်ခွင်ကျ မဖြစ်တာနဲ့ ချက်ခြင်းကို အပြစ်ပြောဖြစ်ကြပါတယ်။ အပြစ်တင်စောတတ်ကြပါတယ်။ အပြစ်တင်တတ်တဲ့ ဒီအကျင့်ကတော့ ကိုယ့်အတွက်ရော အများအတွက်ပါ မကောင်းသလို အခုဘ၀ရော နောင်ဘ၀အတွက်ပါ မကောင်းပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုကို သေချာစဉ်းစား စုံစမ်းခြင်းမရှိဘဲ အပြစ်တင်မစောကြဖို့ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်တော့ အပြစ်တင်တတ်တဲ့ အကျင့်ရှိတာ လူတစ်ယောက်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အပြစ်တင်တတ်တယ်ဆိုကတည်းက အပြစ်ကြည့်တတ်လို့ အပြစ်တင်တတ်တာပါ။ အပြစ်ကြည့်တတ်ပြီဆိုရင်တော့ ကုသိုလ်စိတ်နဲ့ ကြည့်တာမဟုတ်ဘူး ဆိုတာသေချာပါတယ်။ ဒါဆိုရင် အကုသိုလ်ပဲပေါ့။ ဟုတ်ပါတယ်။ အပြစ်ဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက် မကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအပြစ်ကို ကြည့်တတ်တဲ့သူဆိုရင်လည်း မကောင်းတဲ့အချက်ကို မြင်တတ်တဲ့အတွက် မကောင်းတဲ့စိတ်ပဲ အရင်ဖြစ်မှာပါ။ မကောင်းတဲ့စိတ်ဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပြီး အယောနိသော မနသိကာရ ဆိုတဲ့ မကောင်းတဲ့ နှလုံးသွင်းစိတ်ထား ဖြစ်ပါတယ်။ အယောနိသောမနသိကာရ ဖြစ်နေတဲ့ သူတစ်ယောက်ဟာ ကုသိုလ်ဖြစ်ဖို့လည်း ခက်သွားတတ်ပါတယ်။ ဒါကြောင့် ဘာပဲကြည့်ကြည့် ဘာပဲတွေးတွေး အကုသိုလ်မဖြစ်အောင် ယောနိသောမနသိကာရ စိတ်လေးနဲ့ အကောင်းဘက်က ကြည့်တတ်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို အကောင်းဘက်က ကြည့်တတ်ကြမယ်ဆိုရင် ဘာကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အမှီပြုပြီး အကုသိုလ်စိတ်ဖြစ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

မှန်ပါတယ်။ အပြစ်တွေဖြစ်ဖို့များ အကုသိုလ်တွေဖြစ်ဖို့များ ကိလေသာအာရုံတွေများတဲ့ လောကကြီးမှာ သာမန်ပုထုဇင်တွေ ဖြစ်နေကြတဲ့ ဘုန်းဘုန်းတို့တတွေဟာ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်တွေမဖြစ်အောင် အကုသိုလ်တွေ အဖြစ်နည်းအောင် အတတ်နိုင်ဆုံး ကိုယ့်စိတ်လေးကို သတိတရားလေးနဲ့ ထိန်းပေးကြဖို့ လိုပါတယ်။ ဒီလို ထိန်းပေးတဲ့အခါမှာ အရင်ဆုံးရှိရမှာက ယောနိသောမနသိကာရဆိုတဲ့ အကုသိုလ်မဖြစ်အောင် တွေးတတ်တဲ့ စိတ်လေးရှိဖို့လိုပါတယ်။ ဒီစိတ်လေးသာ လူတိုင်းမှာ ရှိထားကြမယ်ဆိုရင် လောကကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြစ်မြင်တတ်တဲ့ အကျင့်လေးတွေ၊ အပြစ်တင်စောတဲ့ စိတ်ဓာတ်လေးတွေ တဖြည်းဖြည်း နည်းသွားကြမှာ အမှန်ပါပဲ။

ဒါကြောင့် မျှစ်တစ်ချောင်းကို အကြောင်းပြုပြီး အပြစ်တင်စောတတ်တဲ့၊ အယောနိသော မနသိကာရကြောင့် အပြစ်တစ်ကြောင်း ဖြစ်သွားခဲ့ရတဲ့ ဘုန်းဘုန်းတို့ ဒကာလေးရဲ့ အဖြစ်လေးကို အတုယူပြီး ဘုန်းဘုန်းတို့ ပရိတ်သတ်များအနေဖြင့်လည်း နေရတဲ့အခိုက်လေးမှာ ကိုယ်သန္တာန်မှာ အကုသိုလ်အပြစ်တွေ အဖြစ်နည်းစေဖို့ ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အပြစ်တင်မစောကြဖို့၊ သူတပါးကို အမှီပြုပြီး ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ မဖြစ်ဖို့ သတိပညာတရားလေးများဖြင့် ကိုယ့်ရဲ့ ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းစောင့်ရှောက်ကြပါဟု ဒီ “မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း” ဆိုတဲ့ စာစုလေးနဲ့ ဓမ္မလက်ဆောင် ပါးလိုက်ရပါတယ်။
မှတ်ချက်။ ။ ဒီစာစုလေး ရေးဖြစ်အောင် လျှောက်ထားတင်ပြလာတဲ့ ဘုန်းဘုန်းရဲ့ ဝေယျာဝစ္စတွေလုပ်ပေးတဲ့ ဒကာလေးကို ကျေးဇူးတင်စွာဖြင့် ဤစာစုလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။



Read more...

အထူးသတင်း

From Nga Ya Hoe Village

"နှမ်းတစ်လုံးတည်း ဆီမဖြစ်ပေမဲ့ ဆီဖြစ်ဖို့ နှမ်းတစ်လုံး လိုအပ်တာပဲ မဟုတ်လား" ဆိုတဲ့ဆိုရိုးလေး အတိုင်း တစ်ဦးတစ်ယောက်တည်း၊ တစ်မိသားစုတည်း ကျောင်းတစ်လုံးမလှူနိုင်သော်လည်း မိမိတစ်ဦး မိမိတစ်မိသားစု မပါဝင်ဘဲ ကျောင်းတစ်ကျောင်း ရေရှည်တည်တန့်နိုင်မှု ခက်ခဲနိုင်သည်ကို နှလုံးသွင်း ပြီးစစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ငါရဟိုးကျေးရွာရှိ ဒက္ခိဏာရုံကျောင်းတိုက်အတွင်း ကျောင်းသစ်တည် ဆောက်မည့် ကျောင်းတော်ကြီးကို မိမိတို့စွမ်းနိုင် သလောက်ပါဝင် လှူဒါန်းကာ ကျောင်းဒကာ၊ကျောင်းအမ အဖြစ်ခံယူနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

From Nga Ya Hoe Village


From Nga Ya Hoe Village


From Nga Ya Hoe Village



Read more...

ဘုရားပစ္စည်းနှင့်သံဃာ့ပစ္စည်း

ဘုရားပစ္စည်း ငရဲမီး၊ သုံးနည်းအလွန်ခက်။
သံဃာ့ပစ္စည်း အဆိပ်သီး၊ စားနည်းအလွန်ခက်။
စားသုံးမိလျှင် တနင်နင်၊ သေလျှင်အလွန်ခက်။
ငရဲသို့ကျ ဝဋ်ဒုက္ခ၊ လွတ်ပြန်ရဖို့ခက်။
ငရဲဘဝ လွတ်ပြန်က၊ လူ့ဘုံရောက်ဖို့ခက်။
လူ့ဘုံရောက်ခါ သာသနာ၊ ကြုံပြန်ရဖို့ခက်။
သာသနာတွင် ကြုံကြိုက်လျှင်၊ ကျင့်ခြင်းသာလို့ခက်။
ဘုရားသခင် ဥာဏ်တော်ရှင်၊ ဖူးမြင်ရဖို့ခက်။
အရိယာသံဃာ ပေါ်သောခါ၊ လှူဒါန်းရဖို့ခက်။

(အရှင်ဇဝန-မေတ္တာရှင်၏ ကိုးဆယ့်နှစ်ကမ္ဘာ ငိုခဲ့ရသူများအကြောင်း စာအုပ်မှ ကောက်နှုတ်ချက်)



Read more...

သံဝေဂ

အိုဘေး နာဘေး သေဘေးနှင့်ဆိုင်၊
သမီးနှင့်သား ကုစားမနိုင်၊
အမိအဖ ရှိက-လက်မှိုင်၊
မဂ္ဂင်ပွား တရားသူကနိုင်။


Read more...

သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာရှုမှတ်ပွားများပုံ

( ၁ ) သွား၊ ရပ်၊ ထိုင်၊ လျောင်း၊ ကွေး၊ ဆန့်၊ စသော မိမိ၏ကိုယ်အမူအရာများ ဖြစ်တိုင်း ဖြစ်တိုင်းကို သိအောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် ကာယာနုပဿနာ သတိပဋ္ဌာန် ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။
( ဆောင်ပုဒ် ) ကိုယ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။

( ၂ ) နာ၊ ကျင်၊ ကိုက်ခဲခြင်း စသော ဆိုးသည့်ဒုက္ခဝေဒနာ။
စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ခြင်းဟူသော သုခဝေဒနာ။
ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်၊ အလယ်အလတ်ဖြစ်သည့် ဥပေက္ခာဝေဒနာများ
မိမိခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာသောအခါ ဒုက္ခဝေဒနာကို နာတယ်၊ ကျင်တယ်၊ ဆင်းရဲတယ်၊
သုခဝေဒနာကို ချမ်းသာတယ်-စသည်ဖြင့် ဝေဒနာများကိုသိအောင် သတိကပ်၍ ရှုမှတ်ပေးနေခြင်းသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။
( ဆောင်ပုဒ် ) ကောင်း-ဆိုး-လတ်ပါ၊ ဝေဒနာ၊ ပေါ်တာ သိရမည်။

( ၃ ) လိုချင်တပ်မက်ခြင်း လောဘနှင့်တကွဖြစ်သော စိတ်။
စိတ်ဆိုး အမျက်ထွက်ခြင်း ဒေါသနှင့်တကွဖြစ်သော စိတ်-စသည်ဖြင့်
မိမိ၏ စိတ်အမူအရာများကို သိအောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။
( ဆောင်ပုဒ် ) စိတ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာ သိရမည်။

( ၄ ) မြင်ရသည့်သဘော၊ ကြားရသည့်သဘော၊ နံရသည့်သဘော စသည်များကို
မြင်ကာမျှမတ္တမှာတည်အောင်၊ ကြားကာမျှမတ္တမှာတည်အောင်၊ နံကာမျှမတ္တမှာတည်အောင် သတိကပ်၍ ရှုမှတ်နေခြင်းသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများနေခြင်း ဖြစ်ပေသည်။
( ဆောင်ပုဒ် ) သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြား သိရမည်။

ဤကဲ့သို့ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ရှုမှတ်ပွားများ အားထုတ်နေသောပုဂ္ဂိုလ်တို့သည် ၀ိပဿနာသမာဓိဉာဏ်များ ရင့်ကျက်ပြည့်စုံလာသောအခါ ကိုယ်ဆင်းရဲခြင်း ဘ၀ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဘ၀ဒုက္ခတို့မှ အပြီးတိုင် လွတ်မြောက်သွားကြမည် ဖြစ်ပေသည်။ ယင်းဘ၀ဒုက္ခတို့မှ အပြီးတိုင်လွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြမည် ဖြစ်ပေသည်။


Read more...

သတိပဋ္ဌာန် ၀ိပဿနာ အားထုတ်ဖို့ရာ အခွင့်အခါ

( ၁ ) သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ပွားများ အားထုတ်ခြင်းအလုပ်ကို လူဖြစ်နေရသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၂ ) လူပင်ဖြစ်ရပါသော်လည်း အသက်မရှင်တော့လျှင် အားထုတ်၍ မရကြတော့ပေ။ အသက်ရှင်နေသည့် အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၃ ) အသက်ပင်ရှင်နေပါသော်လည်း သတိပဋ္ဌာန်ဝိပဿနာတရားများ မထွန်းကားသည့်အခိုက်မှာ အားထုတ်၍ မရကြပေ။ သတိပဋ္ဌာန်ဝိပဿနာတရား ထွန်းကားလာသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၄ ) သာသနာတော်ကြီးနှင့် တွေ့ကြုံရသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။

ဤကဲ့သို့ သတိပဋ္ဌာန်းတရား လေးပါးဖြင့် ၀ိပဿနာတရား အားထုတ်ဖို့ရာ အခွင့်အခါကို အလွန်ပင် ရခဲကြပေသည်။
သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား အားထုတ်ခြင်းအလုပ်ကို မိမိတို့ လူဖြစ်နေသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။

ငရဲဘုံဘ၀မှာ, တိရစ္ဆာန်ဘုံဘ၀မှာ, ပြိတ္တာဘုံဘ၀မှာ, ဖြစ်နေရသည့်အခိုက်၊
ရုပ်သာရှိ၍ နာမ်မရှိသည့် အသညသတ်ဘုံဘ၀မှာ ဖြစ်နေရသည့်အခိုက်၊
သာသနာမရှိသည့် ပစ္စန္တရစ်အရပ်မှာ ဖြစ်နေရသည့်အခိုက်၊
မိစ္ဆာဒိဋ္ဌိ ဖြစ်နေရသည့်အခိုက်၊
ဆွံ့အ ချို့တဲ့ ပညာမဲ့သည့်ဘ၀မှာ ဖြစ်နေရသည့်အခိုက်၊
သာသနာပ အခါမှာ လူဖြစ်နေရသည့်အခိုက်တို့၌ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရားကို အားထုတ်၍ မရကြပေ။ ဤကဲ့သို့လည်း အားထုတ်ဖို့ရာ အခွင့်အခါကို အလွန်ပင် ရခဲကြပေသည်။


Read more...

ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ ၃-မျိုး

( ၁ ) အသက်အရွယ်ကြီး၍ အိုမင်းမစွမ်း ဖြစ်လာသဖြင့် ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ။
( ၂ ) ပြင်းထန်သော ရောဂါဝေဒနာဆိုးများ၏ ဒဏ်ကို ခံနေရ၍ ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ။
( ၃ ) ရှေးရှေး ဘ၀ါဘ၀များထဲက သံသရာဝဋ်ဆင်းရဲဒုက္ခများကို မြင်ခဲ့သဖြင့် ဘ၀ဒုက္ခမှ လွတ်မြောက်ကြောင်း ကုသိုလ်ပါရမီများကို ဆည်းပူးခဲ့၍ ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ။
ဤကဲ့သို့ ဘ၀ဒုက္ခမှ လွတ်မြောက်လိုသူ ၃-မျိုး ရှိကြပေသည်။

( ၁ ) အသက်အရွယ် ငယ်သူတို့သည် အားအင်သန်စွမ်း၍ ခန္ဓာကိုယ်ခန့်ကျန်းနေကြသောကြောင့် ခန္ဓာကိုယ်၏ ဒုက္ခ, ဘ၀ဒုက္ခကို သိတာ နည်းကြပေသည်။
အသက်အရွယ် ကြီးရင့်အိုမင်းမစွမ်း ဖြစ်လာသူတို့သည် မျက်စိမှုန်, နားမကြား, သွားကျိုး, အရေတွန့်လိပ်, အားအင်ကလည်း ကုန်ခန်းနေကြသဖြင့် ထရ-ပင်ပန်း, ထိုင်ရ-ပင်ပန်း, သွားလာလှုပ်ရှားရတာ ပင်ပန်းလျက် ရှိကြပေသည်။ ထို့ကြောင့် ခန္ဓာ၏ဒုက္ခ, ဘ၀၏ဒုက္ခများကို အထူးသိလာကြပေသည်။ ထို့ကြောင့် ဘ၀ဒုက္ခမှ လွတ်မြောက်လိုကြပေသည်။

( ၂ ) အနာရောဂါကင်း၍ ကျန်းမာခြင်းနှင့် ပြည့်စုံသူတို့သည် ခန္ဓာ၏ဒုက္ခ, ဘ၀ဒုက္ခကို သိတာ နည်းကြပေသည်။
ပြင်းထန်သော ရောဂါဝေဒနာဆိုးများကို ခံစားနေရသူတို့သည် တနေ့ တရက် တနာရီ တခဏကလေးမျှ သက်သာခွင့်မရ၊ ချမ်းသာခွင့် မရကြ၍ ခန္ဓာ၏ဒုက္ခ, ဘ၀၏ဒုက္ခကို အထူးသိလာကြပေသည်။ ထို့ကြောင့် ဘ၀ဒုက္ခမှ လွတ်မြောက်လိုကြပေသည်။

( ၃ ) ရှေးရှေးဘ၀ါဘ၀များက ဘ၀ဒုက္ခမှ လွတ်မြောက်လိုကြောင်း ပါရမီကုသိုလ်များကို မဆည်းပူးခဲ့သူတို့သည် ဘ၀၏ဒုက္ခကို သိတာ နည်းကြပေသည်။
ရှေးရှေးဘ၀ါဘ၀များက ဘ၀ဒုက္ခမှ လွတ်မြောက်ကြောင်း ပါရမီကုသိုလ်များကို ဆည်းပူးခဲ့သူတို့သည် ဘ၀ဒုက္ခမှ လွတ်မြောက်လိုကြပေသည်။

ဘ၀ဒုက္ခဆိုသည်မှာ-ကိုယ်ဆင်းရဲခြင်း ဘ၀ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဘ၀ဒုက္ခ တို့ ဖြစ်ကြပေသည်။ ထိုဘ၀ဒုက္ခတို့မှ လွတ်မြောက်လိုသော ပုဂ္ဂိုလ်တို့သည် သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား အားထုတ်ကြရပေမည်။


Read more...

ကိုယ်တိုင်ပြုလုပ်မှု နှင့် သူတပါးအား တိုက်တွန်းနှိုးဆော်မှု

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း ငယ်ရွယ်စဉ်ကစ၍ ကုသိုလ်ကောင်းမှု အစုစုကို ပြုလုပ်လာကြသူများဖြစ်သည်။ ထိုဓလေ့ကို ဝေးခေါင်ချောင်ကျသော ကျေးလက်တောရွာမှစ၍ မြို့ကြီးပြကြီးအထိ ယောက်ျား-မိန်းမ-လူကြီး-လူငယ် အားလုံး ကျေနပ်နှစ်သက်ပျော်ရွှင်စွာ ကျင့်သုံးလာကြသည်။

ဘုရားပွဲ, ၀ါဆိုပွဲ, ၀ါကျွတ်ပွဲ, ကထိန်ပွဲ စသည်တို့သည် လူအများရင်းနှီးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရင်း ကုသိုလ်ယူကြသော အခမ်းအနားအစီအစဉ်များ ဖြစ်သည်။ ဆောင်ရွက်မှုများမှာ ဒါကုသိုလ်နှင့် ပတ်သက်သည်သာ များကြ၏။ မှန်ပေသည်။ မြတ်စွာဘုရားသည် လူအများကို တရားပြရာ၌ ဒါနကထာ, သီလကထာ, သဂ္ဂကထာ, မဂ္ဂကထာ စသည်ဖြင့် အစီအစဉ်လိုက် ဆောင်ရွက်တော်မူမြဲဖြစ်သည်။

ထိုသို့ ဒါနမှုပြုရာ၌ ဆွမ်းတလုပ်, ပန်းတပွင့်သည်ပင် စေတနာမှန်ကန် ထက်သန်မှုအလျောက် အကျိုးပေးနိုင်သည်။ ထိုကဲ့သို့ အကျိုးပေးနိုင်သည်ကို တပွင့်မျှပန်း-မြေမှုန့်ဆွမ်းဖြင့်ပင်-ကြီးကျယ်ဖွင့်ဖြိုး-တောင့်တတိုင်း အကျိုးကို ပြီးစေနိုင်၏-ဟူသော ဆုံးမချက်က ညွှန်ပြထားလေသည်.

ဒါနကို ကိုယ်တိုင်လှူရုံမက အခြားသူများကိုပါ စေတနာသဒ္ဓါတရား ပေါက်စေရန် နှိုးဆော်တိုက်တွန်းမှုကို ပြုသင့်ကြပေသည်။ မြတ်စွာဘုရားက အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌-
၁။ မိမိချည်းသာ လှူ၍-သူတပါးအား မတိုက်တွန်း မနှိုးဆော်သူ။
၂။ မိမိ လှူနိုင်စွမ်းမရှိ-သူတပါးအား တိုက်တွန်းနှိုးဆော်သူ။
၃။ မိမိလည်းလှူနိုင်စွမ်း မရှိ-သူတပါးအားလည်း မတိုက်တွန်း မနှိုးဆော်သူ။
၎။ မိမိလည်း လှူဒါန်း၍-သူတပါးအားလည်း တိုက်တွန်းနှိုးဆော်သူ။ ဟူ၍ ဟောတော်မူခဲ့သည်။

ထိုလေးမျိုးတို့တွင် ကိုယ်တိုင်လည်းလှူ၍ သူတပါးအားလည်း တိုက်တွန်းသူသည် ဖြစ်လေရာဘ၀၌ စည်းစိမ်ဥစ္စာ ချမ်းသာမှု ပြည့်စုံရုံသာမက အခြံအရံ အဆွေခင်ပွန်းကောင်းနှင့်လည်း ပြည့်စုံသည်-ဟု ဟောညွှန်ခဲ့ပါသည်။ ထိုသူမျိုးဖြစ်အောင် လိုက်နာကျင့်သုံးနိုင်ကြပါစေ။


Read more...

သြ၀ါဒ

၁။
သူတပါးတို့၏ မှားယွင်းသော မိစ္ဆာအယူဝါဒကို တိုက်ဖျက်လိုသူသည် ရှေးဦးစွာ မိမိကိုယ်ကို သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျင့်စာရိတ္တ သီလစသည်တို့၌ တည်စေရာ၏။

၂။
တရားကောင်း တရားမှန်တို့ကို ထိန်းသိမ်းစောင့်ရှောက်လိုသော ပညာရှိတို့သည် အလုံးစုံသော ရွှေ-ငွေ-ဥစ္စာ ရတနာဟူသမျှတို့ကို၎င်း။
မျက်-နား-နှာ-အင်္ဂါ-ခြေ-လက် သော ကိုယ်ခန္ဓာ အစိတ်အပိုင်းတို့ကို၎င်း။
မိမိအသက်ကို၎င်း။
တစုံတရာ ငဲ့ကွက်တွန့်တိုခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ စွန့်လွှတ်ရာ၏။

( ဆရာတော်ကြီး ဘဒ္ဒန္တ စန္ဒြမဏိ မဟာထေရ် )


Read more...

ကျွန်ုပ်ကော သင်ပါ ဤသို့ကျင့်ရမည်...



မဟာစုန္ဒသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် ...

အခါတစ်ပါး၌ အသျှင်မဟာစုန္ဒသည် စေတိယတိုင်း သယံဇာတိ နိဂုံး၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊ ''ငါ့သျှင်'' ဟု ထိုရဟန်းတို့သည် အသျှင် မဟာစုန္ဒအား ပြန်ကြား လျှောက်ထား ကုန်၏၊ အသျှင်မဟာစုန္ဒမထေရ်သည် ဤစကားကို မိန့်ဆိုတော်မူ၏ -

ငါ့သျှင်တို့ ဤသာသနာတော်၌…
တရားဟောကြကုန်သော ရဟန်းတို့သည်
ဈာန်ဝင်စားသော ရဟန်းတို့ကို ပုတ်ခတ် ပြောဆိုကုန်၏ -

''ဤရဟန်းတို့သည် 'ငါတို့ ဈာန်ဝင်စား ကုန်၏၊ ငါတို့ ဈာန်ဝင်စား ကုန်၏' ဟု ရှုကုန်၏၊ အဖန်ဖန် ရှုကုန်၏၊ တစိမ့်စိမ့် ရှုကုန်၏၊ ကပ်၍ ရှုကုန်၏၊ ဤသူတို့သည် အဘယ်ကို ရှုကုန်သနည်း၊ ဤသူတို့သည် အဘယ် အကျိုးငှါ ရှုကုန်သနည်း၊ ဤသူတို့သည် အဘယ် အကြောင်းကြောင့် ရှုကုန်သနည်း'' ဟု ပုတ်ခတ် ပြောဆို ကုန်၏။

ထိုသို့ ပုတ်ခတ် ပြောဆိုရာ၌ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူ အပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွားချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
ဈာန်ဝင်စားသော ရဟန်းတို့သည်
တရား ဟောကုန်သော ရဟန်းတို့ကို ပုတ်ခတ် ပြောဆိုကြကုန်၏ -

''ဤရဟန်းတို့သည် 'ငါတို့ တရား ဟောကုန်၏၊ ငါတို့ တရား ဟောကုန်၏' ဟု ပျံ့လွင့်သောစိတ် ရှိကုန်၏၊ (ကျူပင်ကဲ့သို့ အထက်သို့) တက်သော မာန်မာန ရှိကုန်၏၊ လျှပ်ပေါ်ကုန်၏၊ နှုတ်ကြမ်းကုန်၏၊ ဖရိုဖရဲ ကြဲသော စကား ရှိကုန်၏၊ သတိ လွတ်ကင်း ကုန်၏၊ ပညာ အဆင်ခြင် မရှိကုန်၊ မတည်ကြည်ကုန်၊ တုန်လှုပ်သော စိတ်ရှိကုန်၏၊ ဟင်းလင်းပွင့်သော ဣနြေ္ဒ ရှိကုန်၏၊ ဤသူတို့သည် အဘယ်သို့ တရား ဟောကုန်သနည်း၊ ဤသူတို့သည် အဘယ် အကျိုးငှါ တရား ဟောကုန်သနည်း၊ ဤသူတို့သည် အဘယ်အကြောင်းကြောင့် တရားဟော ကုန်သနည်း'' ဟု ပုတ်ခတ် ပြောဆိုကြကုန်၏။

ထိုသို့ ပုတ်ခတ် ပြောဆိုရာ၌ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင် ကုန်၊ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာ တို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
တရား ဟောကုန်သော ရဟန်းတို့သည်
တရားဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကိုသာလျှင် ပြောဆိုကြကုန်၏၊
ဈာန်ဝင်စားသူ ရဟန်းတို့၏ ဂုဏ်ကို မပြောဆိုကြကုန်။

ထိုသို့ ပြောဆိုရာ၌ တရား ဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင် ကုန်၊ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
ဈာန်ဝင်စားသော ရဟန်းတို့သည်
ဈာန်ဝင်စားသော ရဟန်းတို့၏ ဂုဏ်ကိုသာလျှင် ပြောဆိုကုန်၏၊
တရား ဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကို မပြောဆိုကုန်။

ထိုသို့ ပြောဆိုရာ၌ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ တရား ဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် …
တရား ဟောကုန်သော ရဟန်းတို့ ဖြစ်ပါကုန်သော်
ဈာန်ဝင်စားသော ရဟန်းတို့၏ ဂုဏ်ကို ပြောဆိုကုန်အံ့ ဟု ကျင့်ရမည်၊
ငါ့သျှင်တို့ ဤသို့လျှင် သင်တို့ကျင့်ရမည်။

ထိုသို့ ကျင့်ရခြင်းသည် အဘယ့်ကြောင့်နည်း။
သေခြင်းမရှိသော နိဗ္ဗာနဓာတ်ကို နာမကာယဖြင့် တွေ့ထိ၍ နေကြသည့်
ပုဂ္ဂိုလ်တို့သည် အံ့ဖွယ် ရှိကုန်၍ လောက၌ ရခဲကုန်သောကြောင့်တည်း။

ငါ့သျှင်တို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် …
ဈာန်ဝင်စားသော ရဟန်းတို့ ဖြစ်ပါကုန်သော်
တရားဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကို ပြောဆိုကြကုန်အံ့ ဟု ကျင့်ရမည်။
ငါ့သျှင်တို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။

ထိုသို့ ကျင့်ရခြင်းသည် အဘယ့်ကြောင့်နည်း။
နက်နဲသော အနက် (ခန္ဓာ,အာယတန,ဓာတ်) အစုကို ပညာဖြင့် ထိုးထွင်း၍
သိမြင်ကြသည့် ပုဂ္ဂိုလ်တို့သည် အံ့ဖွယ် ရှိကုန်၍
လောက၌ ရခဲကုန်သောကြောင့်တည်း ဟု ဆိုတော်မူ၏။ 46

၎ - မဟာစုန္ဒသုတ်၊ ဓမ္မိကဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဟေတုပစ္စည်း - ၁(စ)

သမ္မသနဉာဏ်၌ ပြန်လျှောက်ထားပုံ

ကမ္မဋ္ဌာန်းဆရာက "ယောဂီမှာ ရှုမှတ်လို့သာ မကောင်းတာ၊ တရားသဘောအရတော့ ကောင်းနေပါတယ်။ ဆိုးတဲ့ဉာဏ်မှာ ဆိုးတာတွေ့ရတာ တရားကောင်းတယ်ဟု ဆိုရပါတယ်"ဟု ပြောသောအခါ "အရှင်ဘုရားကသာ ကောင်းတယ်ဟု ပြောနေတယ်။ တပည့်တော်ကတော့ သေရတော့မယ်"ဟု ပြန်ပြောတယ်။ ပြန်ပြီး လျှောက်ထားတယ်။

သမ္မသနဉာဏ်သို့ ရောက်နေကြတဲ့ အချို့သော ယောဂီများက ဤကဲ့သို့လည်း လျှောက်ထားကြတယ်။ "တပည့်တော် အိမ်မှာ နေစဉ်က စိတ်တွေ ဤမျှလောက် မဆိုးပါဘူး၊ အရှင်ဘုရားတို့ ရိပ်သာရောက်မှ တပည့်တော်၏ စိတ်တွေ ဆိုးလာကုန်တယ်။"ဟု ကမ္မဋ္ဌာန်းဆရာတော်ကို အပြစ်တင်တဲ့အနေဖြင့် လျှောက်ထားကြတယ်။ ဘယ်ဉာဏ်ရောက်နေလို့လဲ ... သမ္မသနဉာဏ် ရောက်နေလို့ပါ။ ဤကဲ့သို့ လျှောက်ထားလာသောအခါ ကမ္မဋ္ဌာန်းဆရာများက တရားရစေရန်အတွက် စိတ်ရှည်ရှည်ထား၍ ပြုပြင်ပေးကြရပါတယ်။

ဆရာသမားတွေ ညွှန်ကြားလိုက်တဲ့အတိုင်း ဆင့်ကာဆင့်ကာမှတ်လို့ အခုပြောတဲ့အတိုင်း ဥဒယဗ္ဗဉာဏ်ရောက်တော့ ပြောင်းပြန်ပဲ။ ကာယလဟုတာ စိတ္တလဟုတာ = ကိုယ်ကလည်းပေါ့ပါး၊ စိတ်ကလည်းပေါ့ပါး။ ကာယမုဒုတာ စိတ္တမုဒုတာ = ကိုယ်ကလည်း နူးညံ့၊ စိတ်ကလည်း နူးညံ့။ ကာယကမ္မညတာ စိတ္တကမ္မညတာ = ကိုယ်ကလည်း ခံ့ကျန်း၊ စိတ်ကလည်း ခံ့ကျန်း။ ကာယပါဂုညတာ စိတ္တပါဂုညတာ = ကိုယ်ကလည်း လေ့လာပြီးသား၊ စိတ်ကလည်း လေ့လာပြီးသား၊ မှတ်စရာ အာရုံနဲ့ မှတ်သိစိတ် အလိုလို မှတ်နေသကဲ့သို့ ရှုမှတ်နေရတယ်။ ကာယိကသုခ စေတသိကသုခ တွေဖြစ်နေလို့ ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ ရှုမှတ်နေရတယ်။ ဝိပဿနာ ပီတိ သုခတွေနဲ့ တွေ့နေရလို့၊ အဲဒီ ဝိပဿနာ ပီတိ သုခတွေနဲ့ ပျော်မွေ့နေရတာ၊ လူသာမာန်မဆိုထားနဲ့ နတ်သာမန်တို့သော်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိနေကြပေတယ်။

သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အ မာနုသီ ရတီ ဟောတိ၊ သမ္မာဓမ္မံ ဝိပဿတော။

သုညာဂါရံ = ဆိတ်ငြိမ်ရာကမ္မဋ္ဌာန်းကျောင်းသို့၊ ပဝိဋ္ဌဿ = ဝင်လျက်၊ သန္တစိတ္တဿ = ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍၊ သမ္မာ = ကောင်းစွာ၊ ဓမ္မံ = ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို၊ ဝိပဿတော = ဝိပဿနာရှုသော၊ ဘိက္ခုနော = ဘေးကိုရှုတတ်သောယောဂီမြတ်အား၊ အ မာနုသီ = လူသာမန် နတ်သာမန်တို့ မခံစား မတွေ့သိနိုင်သော၊ ရတီ = ဝိပဿနာ ပီတိ သုခတို့ဖြင့် ပျော်မွေ့ခြင်းသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ...။
သာဓု .. သာဓု ... သာဓု။

ဥဒယဗ္ဗယဉာဏ်သို့ ရောက်လာတဲ့ ယောဂီပုဂ္ဂိုလ် ဆိတ်ငြိမ်ရာ ကမ္မဋ္ဌာန်းကျောင်းသို့ ချဉ်းကပ်ပြီး ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို ရှုမှတ်ပြီးတော့ နေလိုက်တာ၊ ဝိပဿနာ ပီတိ သုခတို့နဲ့ ပျော်မွေ့ပြီး နေလိုက်ရတာ၊ လူသာမန်မဆိုထားနဲ့ နတ်သာမန်တို့ပင် မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းနဲ့ ပျော်မွေ့နေရတယ်။ ဤကဲ့သို့ ပျော်မွေ့ခြင်းကို ဝိပဿနာတရား ရှုမှတ်တဲ့ ပုဂ္ဂိုလ်မှ ပျော်မွေ့နိုင်တယ်။

ဝိပဿနာရှုမှတ်လို့ အဆင့်အဆင့် ဉာဏ်စဉ်တွေ မြင့်တက်သွားသည်ရှိသော် ဖောင်းတယ်လို့ မှတ်လိုက်တဲ့အခါ အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်တဲ့အခါ အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာ၊ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်လိုက်တဲ့အခါမှာလည်း အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာကို မြင်ကြရတယ်။ အလျင်အမြန် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတော့ မမြဲပါလား၊ မမြဲပါလားလို့ စိတ်ထဲမှာ မထင်လားပါဘူးလား .. ထင်လာပါတယ်။ မမြဲဘူးဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနိစ္စပါ။ ဖြစ်တာ ပျက်တာတွေက လျင်မြန်အားကြီးတော့ နှိပ်စက်နေသကဲ့သို့ ဆင်းရဲပါလားဟု ထင်မြင်လာတယ်။ ဆင်းရဲပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... ဒုက္ခပါ။ ဒီလို ဖြစ်ပျက် နှိပ်စက်နေတဲ့ ဆင်းရဲတွေ ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ ..၊ ဘယ်လိုမှ ကာကွယ်လို့ မရဘူး။ သူ့သဘောအတိုင်း သူဖြစ်ပျက်နှိပ်စက်နေတာပဲ၊ ကိုယ်အစိုးမရပါလားဟု ထင်မြင်လာတယ်။ ကိုယ်အစိုးမရပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။

သတိပဋ္ဌာန်းတရားက မကောင်းတဲ့ဟိတ်တွေ ပယ်၍ ကောင်းတဲ့ဟိတ်တွေ တိုးပွားစေပုံ

အနိစ္စ ဒုက္ခ အနတ္တတွေ မမြင်သွားပါဘူးလား ...မြင်သွားပါတယ်။ ဘယ်တရားရှုလို့ပါလဲ .. သတိပဋ္ဌာန်းတရား ရှုလိုပါ။ အနိစ္စ ဒုက္ခ အနတ္တတွေ မြင်တော့ လောဘ ဒေါသ မောဟ မကောင်းတဲ့ ဟိတ်(၃)ပါးကို ပယ်ပြီးသား မဖြစ်သွားဘူးလား... ဖြစ်သွားပါတယ်။ ကောင်းတဲ့ ဟိတ်(၃)ပါးက အဆင့်ဆင့် မတိုးပွားလာပါဘူးလား ... တိုးပွားလာပါတယ်။ နေရာမကျပါဘူးလား .. နေရာကျပါတယ်။

ဒါကြောင့် ယောဂီများ ဝိပဿနာရှုနေရတာ ဟေတုပစ္စည်းအနေနဲ့ မကောင်းတဲ့ ဟိတ်တွေကို ပယ်တယ်။ ကောင်းတဲ့ ဟိတ်တွေကို တိုးပွားရှိစေတယ်။ ဆင့်ကာဆင့်ကာ ရှုမှတ်လို့ ဘင်္ဂဉာဏ်သို့ ရောက်လာတဲ့အခါ ဖြစ်တာက မထင်ရှားတော့ပေဘူး။ ပျက်ပျက်သွားတာကပဲ ထင်ရှားတယ်။ ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ။ ဖောင်းဆုံးမှာ ကုန်ပျက်ကုန်ပျက်သွားတာ ထင်ထင်ရှားရှား တွေ့သိလာရတယ်။ ပိန်တယ်လို့ မှတ်လိုက်ရင်လည်း ပိန်တဲ့အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ။ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာလေးတွေ ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာကို ပကတိသော မျက်စိနဲ့ မြင်ကြသလို တွေ့မြင်ကြရတယ်။

နောက်တော့ သမာဓိဉာဏ်တွေ တစ်ဆင့်ရင့်ကျက် အားရှိ ထက်သန်လာတဲ့အခါ ဖောင်းတယ်လို့ မှတ်လိုက်သည်ရှိသော် ဖောင်းတဲ့ အမူအရာလေးတွေလည်း ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ် ပါလိုက်၍ ကုန်ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်ရင်လည်း ပိန်တဲ့အမူအရလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်၍ ကုန်ပျက်သွားတာ၊ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ၊ ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာလေးတွေလည်း ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိ စိတ်ပါ လိုက်ပြီးတော့ ကုန်ပျက်ကုန်ပျက်သွားတာများကို မြင်ကြရတော့ ဖောင်းတဲ့ ပိန်တဲ့ ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာ ရုပ်တရားတွေလည်း မမြဲဘူး၊ မှတ်သိစိတ်လည်း မမြဲဘူး။ ကုန်ပျက် ကုန်ပျက်တာ တွေ့ရတော့ မြဲတယ်လို့ ထင်ပါတော့မလား... မထင်တော့ပါဘူး။ မမြဲဘူးဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ .. အနိစ္စပါလား။

ကုန်ပျက်တာတွေက လျင်မြန်အားကြီးတော့ နှိပ်စက်နေသကဲ့သို့ ဖြစ်၍ ဆင်းရဲပါလား ... ဆင်းရဲပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... ဒုက္ခပါ။ ဒီလို ကုန်ပျက်နှိပ်စက်နေတဲ့ ဆင်းရဲတွေကို ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ..၊ ဘယ်လိုမှ ကာကွယ်လို့ မရပါလား။ သူ့သဘောအတိုင်း သူကုန်ပျက် နှိပ်စက်နေတာပဲ။ ကိုယ်အစိုးမရပါလား ..၊ ကိုယ်အစိုးမရပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။ အနိစ္စ ဒုက္ခ အနတ္တဉာဏ်အမြင်တွေ ပိုင်သွားတဲ့အခါ ယောဂီများ ဘယ်ကို ရောက်သွားကြမလဲ .. နိဗ္ဗာန်သို့ ရောက်သွားပါမယ်။

အနိစ္စ ဒုက္ခ အနတ္တတွေမြင်တော့ ဟေတုပစ္စည်းထဲက လောဘ ဒေါသ မောဟဆိုတဲ့ မကောင်းတဲ့ ဟိတ်တွေကို ပယ်ပြီးသွား ဖြစ်သွားတယ်။ အလောဘ အဒေါသ အမောဟဆိုတဲ့ ကောင်းတဲ့ဟိတ်တွေကို တိုးတက်ကြီးပွားလာစေတယ်။ နေရာကျပါတယ်။ ဟေတုပစ္စည်းတရားကို ဟောတာ အသင့်အတင့် ပြည့်စုံသွားပါပြီ။

ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ ဟေတုပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း..။

ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။

သာဓု ... သာဓု ... သာဓု ။


ဆက်ရန် ... အာရမ္မဏပစ္စည်း သို့

Read more...

www.dhammaransi.net ကိုမျိုး ၏ဆောင်ရွက်မှု

ဒါယကာကိုမျိုး၏ဆက်သွယ်ပေးမှုကြောင့်မေတ္တာရှင်ရွှေပြည်သာဆရာတော်..ဦးဇ၀န ကောင်းမှုနဲ့ အခုဆိုရင်သင်တန်းသားမျာ ကုဋီအတွက် စိတ်ဆင်းရဲခင်းမှကင်းဝေးခဲ့ရပါတယ်...





IMG_0168.JPG

Read more...

အလုပ်ပေးတရားတော်


aloatpay-30min - 02


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP