* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, June 22, 2009

ပရိတ်ကြီး(၁၁)သုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်


001-PARITTA.11+DHAMMA.mp3 -


Read more...

သစ်တုံးကို မြင်တော်မူ၍...

ဒါရုက္ခန္ဓသုတ် - (သစ်တုန်း)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်း သုံး) နေတော်မူ၏။ ထိုစဉ်အခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်း ကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် များစွာသော ရဟန်းတို့နှင့် အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းတော်မူသည် ရှိသော် တစ်ခုသော အရပ်၌ ကြီးစွာ သော သစ်တုံးကို မြင်တော်မူ၍ ရဟန်းတို့ကို -

''ငါ့သျှင်တို့ သင်တို့သည် ဤသစ်တုံးကြီးကို မြင်ကုန်၏လော'' ဟု မေး၏။
ငါ့သျှင် မြင်ပါကုန်၏ ဟု လျှောက်ကုန်၏။ ငါ့သျှင်တို့ အလိုရှိခဲ့လျှင် တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို မြေဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထိုသို့ နှလုံးသွင်းရခြင်းသည်
အဘယ့်ကြောင့်နည်း။

ငါ့သျှင်တို့ အကြင် (ခက်မာမှု) ပထဝီကို အမှီပြု၍ တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံ သော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤ သစ်တုံးကြီးကို မြေဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထို ခက်မာမှု ပထဝီဓာတ်သည် ဤသစ်တုံးကြီး ၌ ရှိ၏။

ငါ့သျှင်တို့ အလိုရှိခဲ့လျှင် တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသော၊
စိတ်၏ လေ့လာခြင်း သို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို-
ရေ ဟူ၍ သာလျှင် နှလုံးသွင်း ရာ၏။ ပ။
မီး ဟူ၍ သာလျှင် နှလုံးသွင်းရာ၏။ ပ။
လေ ဟူ၍ သာလျှင် နှလုံးသွင်းရာ၏။ ပ။
တင့်တယ်၏ ဟူ၍ သာလျှင် နှလုံးသွင်းရာ၏။ ပ။
မတင့်တယ်၏ ဟူ၍ သာလျှင် နှလုံးသွင်းရာ၏၊ ထိုသို့ နှလုံးသွင်းရခြင်းသည် အဘယ့်ကြောင့်နည်း။ ငါ့သျှင်တို့ အကြင် မတင့်တယ်ခြင်း 'အသုဘဓာတ်' ကို အမှီပြု၍ တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို မတင့်တယ် ဟူ၍ သာလျှင် နှလုံး သွင်းရာ၏၊ ထိုမတင့်တယ်ခြင်း သဘော အသုဘဓာတ်သည် ဤသစ်တုံးကြီး၌ ရှိ၏ဟု မိန့်ဆို၏။ 41

၁၁ - ဒါရုက္ခန္ဓသုတ်၊ ဒေ၀တာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

မကန်းအောင် ကမ်း

န ဟိ ဓမ္မော အဓမ္မောစ၊ ဥဘောသမ ၀ိပါကိနော။

အဓမ္မော နိရယံ နေတိ၊ ဓမ္မောပါပေတိ သုဂတိံ။

ကောင်းမှုတရားနှင့် မကောင်းမှုတရား နှစ်ပါးတို့သည် အကျိုးပေးမတူကြပေ။ ကောင်းမှုကုသိုလ်တရား များကတော့ ကောင်းရာသုဂတိသို့ရောက်စေတတ်၍ မကောင်းမှုအကုသိုလ်တရားများကတော့ အပါယ်ငရဲသို့ ရောက်စေတတ်ပါ တယ်။ အကြင်သူတော်ကောင်းအပေါင်းတို့သည် ကောင်းမှုကုသိုလ်တည်းဟူသော သူတော်ကောင်းတို့ ချီးမွမ်းအပ်ကုန် သော သုစရိုက်တရားများကို ဖြည့်ကျင့်ကြခြင်းဖြင့် လောကီအစီးအပွား၊ လောကုတ္တရာအစီးအပွားတို့ကို ဖြည့်ဆည်း သင့်ကြပေသည်။ ကောင်းမှုများနှင့်သာ ပြည့်စုံနေသူတို့အဖို့ မကောင်းမှုဒုစရိုက်မှုတို့ မကပ်ရောက်သည့်အတွက် တစ်ရံတစ်ခါချမ်းသာ ခြင်းမျှပင်မရှိလှသော ဆင်းရဲအပေါင်းတို့စုဝေးရာ အပါယ်ဘုံသို့ မည်သို့မျှ လားရောက်ရမည် မဟုတ်တော့ပေ။

လောကကို ကောင်းကျိုးပြုသော ကောင်းမှုတရား (၁၀)ပါးရှိသည်။ ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူခြင်း၊ သီလ- ကာယ၀စီ ခုနှစ်လီဒုစရိုက် ကိုယ်၌မယှဉ်ကောင်းစွာကြဉ်ခြင်း၊ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ အပစာယန- သုံးပါးရတနာ ဆရာမိဘ ဂုဏ၀ုဍ္ဎိ အစရှိသောသူတို့အား ရိုသေခြင်း၊ ဝေယျာဝစ္စ- ကုသိုလ်ဖြစ်ဖွယ် မှုကြီးငယ် ကို သည်ပိုးဆောင်ရွက်ရခြင်း၊ ပတ္တိဒါန- မိမိပြုသမျှ ကုသလကို အမျှပေးဝေခြင်း၊ ပတ္တာနုမောဒနာ- သူတစ်ပါးပြု မြတ် ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊ ဓမ္မသ၀န- ဘုရားစသား သူတော်ကောင်းတို့၏ တရားကို နာရခြင်း၊ ဓမ္မဒေ သနာ- ဘုရားစရှောင်း သူတော်ကောင်းတို့၏ တရားကိုဟောကြားရခြင်း၊ ဒိဋ္ဌိဇုကမ္မ- အထက်ပါအမှုကိုးတန်သည် ဧကန် ချမ်းသာ၏ဟု ဖြောင့်မှန်စွာ အယူကိုယူခြင်းဟုဆိုသည့် တရားတို့ပင်ဖြစ်သည်။

နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းရှိ လူသားအသီးသီးတို့၏ စိတ်ထဲတွင် အချို့သောသူတို့သည် ဟီနဆိုသည့် မိမိအောက် နိမ့်သောသူ၊ ပဏီတ- မိမိထက်မြတ်သောသူ၊ မဇ္ဈိမ- မိမိနဲ့တန်းတူး စသား သုံးပါးသောလူတို့ကို မိမိတို့တတ်စွမ်းသမျှ ထောက်ပံ့တတ်ကြ၏။ အချို့ကတော့ ဟီနဆိုသူနှင့် ပဏီတဆိုသူတို့ကိုသာပေးကမ်းတတ်သော် လည်းမဇ္ဈိမဆိုသူကို ခြွင်းချိန်တတ်ကြသည်။ အချို့ကတော့ ဟီနဆိုသူတို့ကိုသာ ပေးကမ်းချင်ကြသည်။ အချို့ကတော့ မြင့်မြတ်သူတို့ကိုသာရွေးချယ်ပေးကမ်းတတ်ကြသည်။ စသဖြင့်လောက လူသားတိုင်း ဆန္ဒတစ်မျိုးစီ ရှိကြသည်သာ တည်း။ အချို့သောသူတို့ကလည်း မည်သူ့ကိုမျှ မပေးရက်၊ မကမ်းရက်ပဲ ကိုယ့်အတွက်သုံးရတာကိုပင် ကုန်တယ်ထင်တတ်သူများလည်း ရှိကြမည်ထင်ပါသည်။ ထိုသို့ပေးကမ်းရာတွင်လည်း အချို့က မိမိနှင့် ဆက်နွယ်နေသူ၊ မကင်းရာ မကင်းကြောင်းရှိသူကိုသာ ပေးကမ်းတတ်ကြသော်လည်း၊ အချို့မှာမူထိုသို့ရွေးချယ်ခြင်း မပြုတတ်ကြပေ။

မြတ်ဗုဒ္ဓ၏ အဆုံးအမအောက်၌ တည်သောသူတို့နှင့် အခြားသောသူများ၏ အဆုံးအမအောက်၌ တည်သောသူတို့သည် ပေးကမ်းပုံချင်း တူပင်တူငြားသော်လည်း ရည်ရွယ်ချက်ချင်း ကွာခြားလှသည်။ သဏ္ဍာန်အသွင်တူပါသည်။ အမှန်အမြင်မ တူပါ။ ဤနေရာတွင် အခြားသောသူတို့၏ အယူအမြင်ကို ကိုယ့်အထင်နဲ့မဖော်ပြလိုပါ။ မြတ်ဗုဒ္ဓ၏အဆုံးအမအောက်၌ တည်သောသူတို့ထဲမှ ပေးကမ်းမှုပုံစံကွဲများကိုသာ မိမိမှတ်သားမိသမျှ တင်ပြလိုပါသည်။ လူချင်း မတူတဲ့အတွက် ပေးကမ်းမှုဆိုတဲ့ ကံအလုပ်တွေမတူပါဘူး။ကံအလုပ်တွေမတူတာဟာလည်း လူတစ်ယောက်စီ ရဲ့စိတ်ထားတွေ မတူညီ လို့ပါပဲ။ စိတ်ထားတွေ ဘာကြောင့်မတူညီရတာလဲဆိုပြန်တော့ တစ်ဦးချင်းရဲ့ အတွေးစိတ်တွေ မတူလို့ပဲလို့မှတ်သားဖူးပါတယ်။ အလကားရတဲ့ ကိုယ်ပိုင်အတွေးကိုယ်စီနဲ့ မမြင်မစမ်း မှန်းပြီးပြုလုပ်တတ်တဲ့လူတွေ လုပ်တဲ့အလုပ်ဟာ အမှားများ တတ်ကြောင်းကိုသတိပြုသင့်လှပါတယ်။

လူတစ်ချို့က မိမိကြီးပွားကြောင်းကို သဲသဲမဲမဲရှာတတ်ကြသော်လည်း ပေးကမ်းဖို့ကို သဲသဲမဲမဲရှာရန် မေ့လျော့နေ တတ်ပြန်ပါတယ်။ လုပ်ရင်းကိုင်ရင်း ကြုံကြိုက်တိုက်ဆိုင်တဲ့ ရောက်ဆဲခဏမှာသာ ပေးလှူတတ်ကြပါတယ်။ ထိုသူတို့ လှူတဲ့အလှူကို အာသဇ္ဇဒါနလို့ခေါ်ပြီး မြတ်တဲ့ဒါနထဲမှာ မပါဝင်ပါဘူး။ ပေးရမယ်ဆိုတဲ့ အသိလေးရှိလို့တော်သေးရဲ့လို့ဆိုရမှာပါ။ တစ်ချို့တော့လည်း ဒီလိုမဟုတ်ပါဘူး။ အကယ်၍ ငါတို့က စီးပွားသာရှာနေတာ။ ရလာတာတွေကျ မပေးမကမ်းနဲ့ သူများတွေ ၀ိုင်းပြီးတော့အပြစ်ပြောကြလိမ့်မယ်။ ဗုဒ္ဓဘာသာဖြစ်ပြီးတော့ ကပ်စေနဲလိုက်တာလို့၊ သဒ္ဓါတရား ခေါင်းပါးလိုက်တာ လို့ဆိုတဲ့ အသံဗလံတွေ ထွက်လာလိမ့်မယ်ဆိုပြီး သူတစ်ပါးတို့ အပြစ်ပြောမှာကို ကြောက်ပြီးလှူတတ်ကြပြန်ပါတယ်။ သူတို့လှူတဲ့ဒါနကိုတော့ ဘယဒါနလို့ခေါ်ပြီး မြတ်တဲ့အလှူထဲမှာ သူတို့လည်း မပါပါဘူး။

တစ်ချို့တော့လည်း ဒီလိုမဟုတ်ပါဘူး။ ငါ့ကိုသူ ပစ္စည်းတစ်ခုပေးဖူးတာပဲ။ သူကျေးဇူးတွေရှိသေးတယ်လေ။ မပေးရင် မကောင်းတတ်ဘူးဟ ဆိုပြီပေးလှူတာတွေ ရှိနေတတ်သေးတယ်။ ဒီလိုအလှူကို အတီတာပေက္ခဒါနလို့ခေါ်ပြီး ဒီဒါန သည်လည်း မြတ်သော အလှူမဟုတ်ပါဘူး။ တစ်ဦးကြပြန်တော့လည်း အတွေးကအဆန်းသား။အခုငါက ဒီတစ်ခုကိုပေး ထား လိုက်မယ်။ နောင်တစ်ချိန်ကျရင် တစ်စုံတစ်ခု ငါ ပြန်ရကောင်းစေရဲ့ဆိုပြီး နောင်ပြန်ရဖို့ကို မျှော်ကိုးပြီး စီးပွားရှာသလို ပေးကမ်းတာမျိုးလည်းရှိတတ်ပြန်ပါတယ်။ ဒါလည်းမမြတ်ပါဘူး။ ဒီအလှူမျိုးကိုတော့ အနာဂတာပေက္ခဒါနလို့ ခေါ်ပါတယ်။ နောက်တစ်ဦးကတော့ ဒါနလုပ်တယ်ဆိုတာ ပညာရှိတွေချီးမွမ်းကြတဲ့အတွက်ကြောင့် ကောင်းတယ်ဆိုပြီးကောင်းမှုတွေလုပ်ပါတယ်။ ဒီလိုအလှူကိုတော့ သာဟုဒါနလို့ခေါ်ပြီး သူလည်း ထို့နည်းတူစွာ မမြတ်ပါဘူး။

သူတို့ထက်စာရင် ဒီလိုအလှူကမှ တော်သေးရဲ့လို့ဆိုရမလိုပါပဲ။ ဘယ်လိုမျိုးလဲဆိုရင် စားနိုင်တဲ့သူက မစားနိုင်တဲ့သူကို မပေးပဲ မနေထိုက်လို့ ပေးလှူတဲ့သူမျိုးပါ။ ဥပမာ။ ။နာဂစ်မှာ ဒုက္ခရောက်တာတွေမြင်တွေ့ရတော့ ဒုက္ခရောက်သူတွေ ကိုသနားတာနဲ့ အစာရေစာတွေပေးကြ ကမ်းကြ။ ငါတို့က စားနိုင်ကြတယ်။ သူတို့က မစားနိုင်ကြဘူးဆိုပြီးပေးလှူတာမျိုးပါ။ တစ်ချို့တော့လည်း ဒီလိုစိတ်နဲ့ ပေးတာမျိုး မဟုတ်တန်ရာ။ အနည်းစုကို မှန်း၍ ဥပမာပြရခြင်း သာဖြစ်ပါသည်။ သို့သော် ဤအဖြစ်ကမကြာခဏကြုံတွေ့ရတတ်ပါသည်။ စားရသောက်ရမဲ့ ဘ၀တွေတွေ့ရင်သော် လည်းကောင်း၊ တောင်းရမ်းစား သောက်သူတွေတွေ့လျှင်သော်လည်းကောင်း သနားသောစိတ်နဲ့ပေးကမ်းလိုက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ မည်သို့ပင် ဆိုစေကာမှု ဤအလှူသည်လည်း မြတ်သောအလှူတော့ မဟုတ်ပေ။ ဒီလိုလှူဒါန်း မှုကိုတော့ နာရဟဒါနလို့ ခေါ်ပါတယ်။

တစ်ချို့သောသူတို့က အကယ်၍များ ငါသည်အလှူကိုပြုခဲ့သည်ရှိသော် ကောင်းသောသတင်းကျော်ဇောသံသည် လွှမ်းမိုး ၍တက်လတ္တံ့ဟု နှလုံးသွင်း၍ ပေးလှူတဲ့အလှူဖြစ်ပါသည်။ တစ်ခါက ရဟန်းတစ်ပါးနှင့် ဒကာတစ်ဦးတို့ ဆရာဒကာအရင်း အချာတွေမို့ စကားလက်ဆုံကြရင်းက ဆရာတော်က ကျောင်းဝိုင်းတစ်ခု အလိုရှိကြောင်းပြောကြားတဲ့ အခါ ဒကာဖြစ်သူ လျောက်ကြားပုံက တပည့်တော် ကျောင်းဝိုင်းတော့ မလှူနိုင်ပါဘုရား။ အကယ်၍ ကျောင်းဆောက်ဖြစ် ပါကမုခ်ဦးအလှူရှင် သာဖြစ်လိုပါတယ် ဟုဆိုလိုက်လေသည်။ ဘာပဲဖြစ်ဖြစ် ကျောင်းနာမည်နှင့်အတူ အောက်နားမှာ တည်ရှိနေမယ့် အလှူ့ရှင် ရဲ့နာမည်ကြီးက ၀င့်ဝါနေတာကို မြင်ယောင်တွေးတောလို့ လျောက်ကြားလိုက်တာထင်ပါရဲ့။ ဤကဲ့သို့ ၀င့်ကြွားလိုသော စိတ်ဖြင့် လှူဒါန်းခြင်းသည်လည်း မြတ်သောအလှူမဖြစ်ပေ။ ထိုသို့သောအလှူကို အဗ္ဘုဂ္ဂစ္ဆဒါန လို့ခေါ်ပါတယ်။

လူအများစုသည် မိမိတို့၏ အလှူဒါနနှင့် ပတ်သက်၍ အလွန်တရား အကျိုးကိုမျှော်ကိုး၍ လုပ်တတ်ကြသည်။ သဒိသံ ပါကံဇနေတိ ဆိုသည့်အတိုင်း လောကမှာတူသောအကျိုးဆိုတာ ပေးတတ်တာချည်းပင်ဖြစ်သည်။ သို့ဖြစ်၍ အကျိုးတရား ကိုလိုလားခုံမင်စွာ တောင်းခံနေစရာမလိုပါ။ သို့ဖြစ်သောကြောင့် ဆရာတော်ဦးကောသလ္လ အမြဲရွတ်ဆိုပြလေ့ရှိသည်မှာ

ဒါန သီလ ပြုကြသောအခါ၊ နိဗ္ဗာန်ရောက်ရန်၊ စိတ်မသန်ပဲ၊ ဉာဏ်မွဲဉာဏ်မှောင်၊ တဏှာဆောင်၍၊ နတ်ဘောင်ရည်မှန်း၊ နတ်နန်းကာမဂုဏ်၊ နတ်ရိပ်မြုံကို၊တစ်ဖက်ငါးရာ၊ခံစားကာဖြင့်၊ ကြံတွေးထွေထူး၊ တဏှာရူး၊ မှတ်ဦး မေထုတ်ရှစ်။

ဟူ၍ဖြစ်ပေသည်။ ဒါနပြုသည့်အခါတိုင်း စိတ်ထဲမှာ အမြဲမပြတ်ရွတ်ဖတ်ရင်း ဤသို့မဖြစ်ရအောင် နှလုံးသွင်းသတိဆောင် ထားသင့်လှပေသည်။

အမြတ်ဆုံးသောဒါနအမှုဆိုသည်မှာ စိတ္တာလင်္ကာရဒါနခေါ်သည့် ၀ိပဿနာဉာဏ်၏ အခြံအရံအလို့ငှာ လှူဒါန်းသ မှုပြုခြင်း သည်သာလျှင် မြတ်သောအလှူခေါ်ထိုက်ပါပေသည်။ သို့ဖြစ်သောကြောင့် မိမိတို့ နေ့စဉ်ပြုနေသမျှ မြတ်သောဒါန ဖြစ်ရ အောင် အားထုတ်သင့်လှပေသည်။ သို့မှသာ အပ်ပေါက်သွားရာ အပ်ချည်ပါသလို ကုသိုလ်လုပ်ရာတိုင်းဟာ နိဗ္ဗာန်အ တွက် ချည်းသာ ဖြစ်၍နေပါတော့မည်။ ဆရာတော်အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)၏ မိန့်မှာချက်မှာ လွန်စွာမှတ်သား စရာ ကောင်းလှပါသည်။ ငါ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ သူတစ်ပါးကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး(ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအား ထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဋ္ဌိကိလေသာ၊ ငါကောင်းစားဖို့တည်းဟူသော လောဘကိလေသာတို့ကို အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသည်သာ ဖြစ်ပေသည် ...ဟူ၏။ လောကတွင် ငွေပေါများတိုင်း မလှူပါ။ သဒ္ဓါတရားပေါ များမှသာ လှူဒါန်းနိုင်သည်။ သဒ္ဓါတရားကြီးမားသူအတွက် လှူစရာ ပစ္စည်းတွေ ပိုနေတတ်သော်လည်း လောဘဓာတ်ကြီးမားသူအတွက် ယူချင်စရာပစ္စည်းတွေ အမြဲတမ်း လိုနေတတ်ပေသည်ဟု ဆရာတော်၏ မှတ်သားဖွယ်ရာ မိန့်မှာချက်ကို သတိပြုသင့်လှပေသည်။

သဏ္ဍာန်အသွင်တူပြီး အမှန်အမြင်မတူသည့် ပေးကမ်းခြင်းဆိုသည်ကို ဤမျှလောက်နှင့်ပင် ထင်းရှား လောက်ပြီဟု ယူဆပါသည်။ အတွေးအခေါ်အမျိုးမျိုးကနေဆင်းသက်လာတဲ့ စိတ်ထားမျိုးစုံတို့ကြောင့် ပြုလုပ်သည့် ကံတို့လည်း အမျိုးအစား စုံလင်လှပေသည်။ ကံမျိုးစုံသည့်အတွက် ဘ၀တွေလည်း မျိုးစုံဖြစ်ကြရပြန်ပါသည်။ ဆင်းရဲလိုက်၊ ချမ်းသာလိုက်၊ မြင့်မြတ်လိုက်၊ နိမ့်ကျလိုက်နဲ့ ခေါက်ရှာငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှုးပျံ၊ လောကဓံ အလယ်မှာ ကာလရှည်စွာ နစ်မျောနေ ကြဦးမှာဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် မည်သို့မည်ပုံ ပေးကမ်းခြင်းက အမှန်ဖြစ်သည်ကို သိမြင်တတ်ဖို့လိုပေသည်။ ၃၁ ဘုံမှာကျင်လည်ဖို့ရန် စိတ်ရည်သန်၍ ပေးကမ်းလှူဒါန်ခြင်းသည် ဉာဏ်အမြင်ကန်းခြင်း ဖြစ်ပေသည်။ ၃၁ ဘုံမှလွတ် မြောက်ဖို့ရန် ပေးကမ်းလှူဒါန်းခြင်းသည် ဉာဏ်အမြင်မှန်ခြင်းပင်ဖြစ်ပေသည်။

သံသရာဝဋ်အတွင်းဝယ် ဉာဏ်အမြင်ကန်းစွာကျင်လည်နေရသော ဘ၀မှလွန်မြောက်ဖို့ရန် ပေးကမ်းလှူဒါန်းခြင်းဖြင့် မကန်းအောင် ကမ်းနိုင်သူများ ဖြစ်ကြပါစေကုန်သတည်း။

အားလုံးသောသတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။



Read more...

အစည်းဝေးဖိတ်ကြားခြင်း…

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ကျောင်းရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ လပတ်အစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကျောင်းအကျိုးဆောင်များ နှင့် ကျောင်းအထွေထွေ ဝေယျာဝစ္စအဖွဲ့ဝင်များအပါဝင် အားလုံးသော ရွှေမြန်မာအပေါင်းတို့အား တက်ရောက်အကြံပြု ဆွေးနွေးနိုင်ကြစေရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၈-၆-၂၀၀၉ (တနင်္ဂနွေနေ့)
အချိန် = နေ့လယ် ၁ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှီဂျန်းအနီး)


Read more...

မကောင်းရင် ကင်းအောင်နေ၊မကင်းရင် ကောင်းအောင်နေ….…

ညီလေးရေ…
အကိုစာရေးလိုက်တယ်။ညီလေးနေကောင်းရဲ့လား။ ငါ့ညီကို ပြောစရာ စကားလေး တွေအတွက်ဒီတခါ မေးလ်တစ်ခုကရတဲ့ ဆုံးမစကားလေးကနေ အစပျိုးလိုက်မယ်။ အဲဒါကတော့….
“ မကောင်းရင် ကင်းအောင်နေ
မကင်းရင် ကောင်းအောင်နေ….…တဲ့။”
ကျေးဇူးတော်ရှင် ဆရာတော်အရှင်ဆေကိန္ဒ(ဓမ္မဒူတ) ကိုရီးယားကို ရောက်တော့ အဆင်ပြေပါရဲ့လား ဆိုတဲ့ တရားတော် တစ်ပုဒ် ဟောကြား သွားခဲ့တယ်။ အဲဒီတရားထဲမှာ“လူသုံးမျိုးရှိတယ်။ (၁)ပြဿနာရှာတဲ့လူ၊(၂)ပြဿနာပါတဲ့လူ၊(၃)ပြဿနာနဲ့လွတ်အောင်နေတဲ့လူ” ဆိုတဲ့ မှတ်သားစရာ စကားတစ်ခွန်း ရလိုက်တယ်။ တရားတော်ကတော့ ယနေ့ လူသားတွေအားလုံး နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုနယ်ပယ်မှာ နေထိုင်တတ်အောင် ဆုံးမ သွားတဲ့ တရားတော်ပါပဲ။တရားတော်တစ်ပုဒ်လုံးထဲက ငါ့ညီအတွက် စကားလက်ဆောင် ပေးလိုက်တာပါ။ (တရားခေါင်းစဉ်ကိုကလစ် ပါက တရားတော်နာကြားနိုင်ပါသည်။)

(၁) ပြဿနာရှာတဲ့လူ ဆိုတာ သဘာဝတရားကို ပြစ်တင်ရန်ရှာနေတဲ့ လူမျိုးပေါ့၊“မောဟအားကြီးလွန်းသူ”ထဲမှာပါတယ်တဲ့။ချိုတဲ့အရာ၊ချဉ်တဲ့အရာ၊ငံတဲ့အရာ စတာတွေ။ပျော့တဲ့သဘော၊မာတဲ့သဘောဆိုတဲ့ အစစအရာရာသူ့သဘာဝအတိုင်း ဖြစ်ပျက်နေတာ တွေအပေါ်မှာ အပြစ်လိုက်ရှာတတ်တဲ့သူမျိုးကို ပြဿနာရှာတဲ့လူလို့ ဆိုလိုတယ်။
(၂) ပြဿနာထဲပါတဲ့လူ ကတော့ ပြဿနာရှာတဲ့ လူနောက်ကို လိုက်လာတဲ့ အဖေါ်ပေါ့ကွာ။ ကိုယ့်ဖါသာမနေနိုင်ပဲ သူများဒုက္ခကို ဝေယူချင်သူလို့လဲ ပြောလို့ရတာပေါ့။ နောက်ဆုံးသူ့ပြဿနာက ကိုယ့်ပြဿနာ ဖြစ်ကျန်ခဲ့ရတော့တာပါပဲ။ သူ့ကို “လောဘ၊ဒေါသ တစ်ခုခု၊ဒါမှမဟုတ် နှစ်ခုစလုံး အားကြီးတဲ့ ပုဂ္ဂိုလ်”လို့ ဆိုတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်က မပါချင်ပေမဲ့ သူများအဖေါ်ခေါ်လို့ အားနာပါးနာနဲ့ ပြဿနာထဲ ပါသွားတာမျိုးလဲ ရှိတတ်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က ပြဿနာထဲပါရပြီဆိုရင်တော့ သတိတရားလေးနဲ့ ဆင်ခြင်တတ်ဖို့လိုတယ်ပေါ့ကွာ။ နောက်ပြီးပြဿနာ ရှာတဲ့ လူကော၊ ပါတဲ့လူကောကို အကျယ်ချဲ့စဉ်းစားကြည့်ရင် ယနေ့လူ့လောက ကျင်လည်နေသမျှနဲ့ အံဝင်ဂွင်ကျ စကားတွေပဲ။
ဘာပဲဖြစ်ဖြစ်လေ။စားဝတ်နေရေး၊လူမှုရေး ဆိုတဲ့ များပြားလှတဲ့ တို့တာဝန်အရေး တွေနဲ့ နေ့စဉ်လူနေမှုဖြစ်စဉ်မှာတော့ ကိုယ်တိုင်တစ်ခါတစ် လေပြဿနာရှာတဲ့လူ ဖြစ်သလို၊တစ်ခါတစ်လေ ပြဿနာထဲပါတဲ့ လူ ဖြစ်တာပါပဲ။ ဒီနေရာမှာ လောဘ၊ဒေါသ၊မောဟကို နည်းနိုင်သမျှ နည်းအောင်လုပ်မှ၊ နေထိုင်ပြောဆိုနိုင်မှ သောကကင်းအောင်နေနိုင်မယ်။စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်မှာပါ။
(၃) ပြဿနာနဲ့ လွတ်အောင်နေနိုင်တဲ့သူကတော့ လောကသုံးပါးမှာ ဘုရားရဟန္တာ ပဲရှိတယ်။ လောဘ၊ဒေါသ၊မောဟတွေ ချုပ်ငြိမ်းနေပြီဆိုတော့ အေးချမ်းနေပြီလေ။ပြဿနာတွေနဲ့ လွတ်လွတ်ကင်းကင်းနေနိုင်ကြတာပေါ့။ ဒါကြောင့်တို့ပုထုဇဉ် လူသားတွေ ကိုယ်၊စိတ်အေးချမ်းကြစေဖို့ ဝိပဿနာအကျင့် တွေကျင့်ကြ၊တရားရှုမှတ်ကြလို့ ဆရာတော်ကြီးများက တဖွဖွ ဆိုဆုံးမ ပေးနေကြ တာပါ။
ဒီနေရာမှာ စိတ္တသုခ(ကိုရီးယား)ကျောင်းတော်က ဆရာတော်ဦးဝိစိတ္တ ရဲ့ ဆုံးမသြဝါဒလေးကိုလဲ ငါ့ညီကို ပြောရဦးမယ်။ (ဆရာတော်ဘွဲ့ ကိုကလစ်ပါက ဆရာတော့်ဘလော့ကို ရောက်ပါမည်။)
၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊မဝင်နိုင်က ပြိုင်တတ်သည်။ ပြိုင်မည့်အ စား မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းရမည်။
၂။ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊မဝင်ဣဿာ ယိုင်တတ်သည်။ ယိုင် မည့်အစား၊မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းရမည်။
၃။ ကိုယ့်အောက်ငယ်လျှင် ကရုဏာဝင်၊မဝင်နိုင်က နိုင်တတ်သည်။နိုင် မည့်အစား ကရုဏာထား စိတ်ထားပြုပြင်ပြောင်းရမည်။
အဲဒီဆုံးမစကားတွေအတိုင်းဆိုရင် တို့တတွေက ပြဿနာရှာတဲ့လူ မဖြစ်တော့ဘူးပေါ့ကွာ။
နောက်ပြီးတို့တစ်တွေက နေ့စဉ် လူအများနဲ့ ဆက်ဆံပြောဆိုနေကြရ တယ်မဟုတ်လား။ မိတ်ဆွေအပေါင်းအသင်းမရှိလို့ မဖြစ်ဘူးလေ။ မိတ်ဆွေကောင်း ရွေးပေါင်းဖို့ဆိုတာ လိုပေမဲ့ ရွေးရခက်တတ်တာ ဓမ္မတာပဲ။ပေါင်းပြီးကာမှ မကောင်းလို့ ရှောင်ပြန်ရင်လဲ ရန်လုပ်ခံရဦးမယ်။မကောင်းမှန်းသိသိကြီးနဲ့လဲ မပေါင်းသင်းချင်။ ဘုရားဟောကတော့ “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ= လူမိုက်ကို မပေါင်းသင်းရန်နှင့် ပညာရှိသူတော်ကောင်းကိုသာ ပေါင်းသင်းရန်” လို့ဆိုတာကို။ ကောင်းပြီ ဘယ်လိုပေါင်းသင်းနေထိုင်ကြမလဲ။အကို တို့လို နိုင်ငံခြားရောက်နေသူတွေအတွက် ပိုသတိထားစရာတွေရှိတာပေါ့ကွာ။ ဆရာတော်တစ်ပါး ဆုံးမစကားလို “အရှုတ်ထဲမှာ ရှင်းအောင်နေ” တတ်ဖို့ ကြိုးစား ရမှာပေါ့။ကိုယ်က အရှုတ်ထဲမရောက်သေးရင်တော့ ကောင်းတာပေါ့ကွာ။အရှုတ်ထဲ ရောက်နေရင်တော့ အဲဒီအရှုတ်ထဲမှာ ဝင်မပါရင် ရှင်းတာပါပဲ။ဝင်ပါမိရင်တော့ ရှင်း မရတော့ဘူး သာမှတ်ငါ့ညီ။တနည်းကတော့ ပြဿနာထဲ ဝင်ပါမိသလိုပါပဲ။အစကထဲ ကရှင်းအောင်နေမှ နောက်မရှုတ်မှာပေါ့။ အေးလေ....စာလဲ အတော်ရှည်နေပြီ။အကို ပြောချင်တာကို ငါ့ညီ သဘောပေါက်မယ်ထင်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့အသိုင်းအဝိုင်းမှာ မကင်းနိုင်တဲ့ လူတွေရှိသလို၊ ကင်းအောင်နေနိုင်တဲ့လူတွေလဲ ရှိတာပါပဲ။ကိုယ်ပေါင်းသင်းနေရတဲ့ လူတွေဟာ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)ဆိုတာရှိတော့ ကာ အသိတရားလေးနဲ့ ဆင်ခြင်ပြီး မကောင်းရင်တော့ ကင်းအောင်နေပေါ့ကွာ။ မတတ်သာလို့ ကင်းအောင်မနေနိုင်ရင်တော့ ကိုယ်က ကောင်းအောင်နေဖို့လိုတယ်။ကိုယ့်ကို ကိုယ်ကောင်းအောင် ကြိုးစားနေထိုင်သွားပါလို့ အကို မှာချင် တယ်။ညီလေးတို့ မိသားစု ကျန်းမာပါစေ.....။ ။ (post ခေါင်းစဉ်ကို YanNaungSoe gtalk မှ ယူလိုက်ပါတယ်။ကျေးဇူးပဲညီလေး yns ရေ။)



Read more...

နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၅)

ရှေးရိုး သိပ္ပံပညာက အနောက်တိုင်း လူ့အဖွဲ့အစည်းကို အခုလို ယုံကြည်စေတယ်။ ဘ၀ဟာ ဖြစ်တည်ခြင်းအတွက် ယှဉ်ပြိုင် ရုန်းကန် နေရတာ။ နည်းပညာ ဖွံ့ဖြိုးမှုရှိရင် အကန့်အသတ်မဲ့ အောင်မြင် တိုးတက်မှုတွေ ရရှိနိုင်ပါတယ် ဆိုပဲ။ အရစ္စတိုတယ်လ်ရဲ့ လိင်ပိုင်းဆိုင်ရာ သီဝရီက သိပ္ပံနည်းကျ ကြောင်းကျိုးသမားတွေကို အခွင့်ပေးတယ်။ မိန်းမတွေကို တဆင့်နိမ့် အခွင့်အရေး မှာထားဖို့၊ ယောကျာ်းတွေအတွက် အဖြည့်ခံ ဖြစ်စေဖို့ တဲ့လေ။ ဒီသီဝရီကလည်း ရှေးရိုးသိပ္ပံပညာနဲ့အတူ ရုပ်လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းဆီကို ရောက်ရှိလို့ လာတယ်။

ရာစုနှစ်ပေါင်း များစွာ ကြာအောင် ဒီသီဝရီက မိန်းမတွေကို ပြုသမျှနုသူ၊ လက်သင့်ခံတတ်သူ အနေမှာထားပြီး ယောကျာ်းတွေကို နိုးကြားထကြွသူ တီထွင်ဖန်တီးတတ်သူ အနေအထားမှာ ထားတယ်။ ဒီအယူအဆတွေဟာ အနုမြူသိပ္ပံ မောင်းနှင်တဲ့ မော်ဒန်သိပ္ပံ က လူမှုအဖွဲ့အစည်းကို လွှမ်းမိုးလာတဲ့ အခါသမယ အထိ တည်ရှိနေခဲ့တယ်။

ကြောင်းကျိုးဆက် အတွေးအခေါ်တွေ စက်ယန္တယားဆန်ဆန် အတွေးအခေါ်တွေ က အနောက်တိုင်း လူ့အဖွဲ့အစည်းကို လွှမ်းမိုး ထားရခြင်းဟာ အတွေးအခေါ် ပညာရှင်တွေဖြစ်တဲ့ သောမတ်စ်ဟော့ဘ်စ် (Thomas Hobbs) နဲ့ ဂျွန်လော့ခ်(John Locke)တို့ရဲ့ ပယောဂ မကင်းဘူး။ ဟော့ဘ်စ်က အသိပညာ အားလုံးဟာ ခံစားသိ အပေါ် မူတည်တယ်လို့ ကြေညာတယ်။ [ ဆက်ဖတ်ရန် +/- ]


ဟော့ဘ်စ်ရဲ့ ကျမ်းနဲ့ ရှေးရိုးသိပ္ပံပညာရဲ့ လွှမ်းမိုးမှု တွေက တဆင့် လော့ခ်က ကြောင်းကျိုးဆက် အတွေးအခေါ်ကို လူသားရဲ့ပြဿနာ တွေအထိ ဆန့်ထုတ်ခဲ့တယ်။ သူက ရီဒက်ရှင်းနစ်ဇမ် ကို လူ့အဖွဲ့အစည်းထဲ ခြေဆန့်ထုတ် လိုက်ပြီး ၀တ္ထုပစ္စည်းနဲ့ အဖွဲ့အစည်းကြားက တူညီမှုတွေကို ဆွဲထုတ်ပြတယ်။ အမှုန်ဟာ ၀တ္ထုပစ္စည်းကို တည်ဆောက်တဲ့ အခြေခံ အုတ်မြစ် ဖြစ်သည့်နည်းတူ လူတစ်ဦးချင်းဟာလည်း လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့ အခြေခံအုတ်မြစ်များ ဖြစ်တယ်လို့ တင်ပြတယ်။

ဒီအတိုင်းပါပဲ။ ၀တ္ထုပစ္စည်းတစ်ခုရဲ့ စွမ်းရည်သတ္တိဟာ သူ့မှာပါဝင်တဲ့ အမှုန်တွေစုစုပေါင်းရဲ့ စွမ်းရည်သတ္တိ ဖြစ်သည့်နည်းတူ အဖွဲ့အစည်းတစ်ခုရဲ့ အပြုအမူပုံစံဟာ လူတစ်ဦးချင်းစီရဲ့ အပြုအမူပုံစံဖြစ်ပါသတဲ့။

လော့ခ်က သူ့အတွေးအခေါ်တွေကို စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေဆီ ဆန့်ထုတ်ခဲ့ပြန်ပါတယ်။ သူက မွေးကင်းစ ကာလတုန်းမှာ ဖြစ်ခဲ့တဲ့ လူ့အသိစိတ်ကို ဗလာဖြစ်နေတဲ့ ကျောက်သင်ပုန်း နဲ့ နှိုင်းယှဉ်ပြခဲ့တယ်။ ဘာ အသိပညာမှ မရှိတဲ့ ကျောက်သင်ပုန်းလေးဟာ ခံစားမှု အတွေ့အကြုံတွေ စွန်းထင်းရင်းနဲ့ အသိပညာတွေ ရလာခဲ့တာ ဖြစ်ပါသတဲ့။

Written-Dr.Granville Dharmawardena
Translated-Ahlataya


Read more...

ခရီးအတွက် မြေပုံ (သို့ ) ဖတ်ပြီးသွားတဲ့ စာအုပ်တစ်အုပ်



ဓမ္မမောင်နှမတို့ ရေ

ဒီရက်ပိုင်းထဲ ကျွန်တော် ဖတ်လက်စတန်းလန်းနှင့် နှစ်ချီကြာနေတဲ့ စာအုပ်တစ်အုပ်ကို လက်စသပ်ပြီး ပြီးအောင်ဖတ်ဖြစ်ခဲ့လိုက်ပါတယ်။ စာအုပ်ကတော့ ဆရာတော် ဦးဇောတိက ရေးထားတဲ့ "A Map Of The Journey" ဆိုတဲ့စာအုပ်ပါ။ စာအုပ်က မြန်မာပြည်မှာကတည်းက ဝယ်ပြီး လက်ထဲမှာ ရောက်နေတာ နှစ်နှစ်လောက် ရှိနေပါပြီ။ အကြောင်းအမျိုးမျိုးနှင့် ပြီးအောင် မဖတ်နိုင်ခဲ့တာပါ။ နဲနဲဖတ်လိုက် ရပ်လိုက်။ တစ်လ နှစ်လ လောက်ကြာမှ တစ်ခါပြန်ကိုင်လိုက်၊ မေ့သွားလို့ အစကနေ ပြန်ဖတ်လိုက်၊ နောက် မအားတော့လို့ မဖတ်ဖြစ်လိုက်နှင့် သံသရာလည်နေတာပါ။ ခရီးသွားတိုင်းတော့ အမြဲသယ်သွားပါတယ်။ အားရင်ဖတ်မယ်ဆိုပြီးတော့။ ဒီလိုနှင့်ဘဲ စာအုပ်က ပြည်ပရောက်တဲ့အထိ ပါလာတာပါ။

ဆရာတော်ရဲ့  အရင်စာအုပ် "Snow In The Summer" တုန်းကတော့ ဆက်တိုက်ပြီးအောင် ဖတ်ဖြစ်ခဲ့ပါတယ်။ အခုရက်ပိုင်းထဲမှာ ပါဠိနှင့် တရားစာပေကို အင်္ဂလိပ်လိုအသုံးလေးတွေ လေ့လာချင်တာနှင့် ဒီတစ်ခါတော့ ပြီးအောင်ဖတ်မယ်လို့  ဆုံးဖြတ်ပြီး အလုပ်သွားအလုပ်ပြန် ရထားပေါ်မှာ ဖတ်လိုက်တာ သုံးပတ်လောက် အချိန်ပေးလိုက်တော့ ပြီးသွားပါတယ်။ အခု အဲဒီစာအုပ်နှင့် ပတ်သတ်ပြီး မဖတ်ရသေးတဲ့သူတွေအတွက် စာအုပ်မိတ်ဆက် (သို့ ) စာအုပ်အညွှန်းလေး လက်ဆင့်ကမ်းပေးချင်လို့ ပါ။

စာအုပ်က နိုင်ငံခြားက တရားစခန်းတစ်ခုမှာ ယောဂီတွေအတွက် ဟောထားတဲ့တရားကို စာအုပ်အနေနှင့် ပြန်ရေးထားတာပါ။ အဓိကကတော့ ဉာဏ်စဉ်တရားကို ဟောထားတာပါဘဲ။ အားလုံး အခန်း(၁၁) ခန်း ပါဝင်ပြီး အခန်းတွေကို Talk (1) ကနေ Talk (11) အထိခွဲထားပါတယ်။

ပထမအခန်းတွေမှာ တရားစအားမထုတ်မီ မိမိကိုယ်ကို ကြိုတင်ပြင်ဆင်မှုပြုလုပ်ပုံကို ဖော်ပြထားပါတယ်။ ပြီးမှ တရားစအားထုတ်ပြီး သမာဓိထူထောင်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်။ သမာဓိကြောင့်ဖြစ်တတ်တဲ့ ထူးခြားဖြစ်စဉ်များအကြောင်းနှင်
့ ၄င်းတို့ ကို ဖြတ်သန်းကျော်လွှားပုံတွေကိုလည်း ရှင်းလင်းထားပါတယ်။ နောက်အခန်းတွေမှာတော့ ၀ိပဿနာ စတင်အားထုတ်ပုံ၊ ပညတ် ပရမတ်ခွဲပုံ၊ နောက် နာမရူပပရိစ္ဆေဒဉာဏ်ကနေပြီး ပစ္စဝေက္ခဏဉာဏ်အထိ ဉာဏ်စဉ် (၁၆)ပါးလုံးကို တစ်ဉာဏ်ချင်းစီ အသေးစိတ် ကွဲပြားမှုရှိအောင် ရှင်းလင်းပေးထားပါတယ်။

ဒီနေရာမှာ အခုစာအုပ်ရဲ့ ထူးခြားမှုလေးကိုတော့ ပြောချင်ပါတယ်။ ဉာဏ်စဉ်တရားတော်တွေအကြောင်းကို ဆရာတော်ဘုရားကြီးများနှင့် ဓမ္မစာပေပညာရှင်များ ရေးသားထား၊ ဟောပြပေးထားတာတွေ ရှိပါတယ်။ အခုစာအုပ်မှာက ဆရာတော်က ဉာဏ်စဉ်တွေရဲ့  သဘော၊ သဘာဝလက္ခဏာတွေကို မိမိရဲ့ ကိုယ်တွေ့ တရားအတွေ့ အကြုံများနှင့် ယှဉ်ပြီးဖော်ပြပေးထားတာကို တွေ့ ရပါတယ်။ နောက်ပြီး ဒီဉာဏ်တစ်ခုဖြစ်ခိုက်မှာ လောကီလူမှုကိစ္စတွေမှာ ဘယ်လိုမျိုး ယောဂီတစ်ဦးအနေနှင့် ဖြစ်တတ်ကြောင်း သတိပြုရမယ့်အချက်တွေ ဆင်ခြင်ရမယ့် အချက်တွေကို ဓမ္မဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးထားပါတယ်။

ဉာဏ်စဉ်များအပြီးမှာတော့ သောတာပန်တစ်ယောက်ရဲ့  စိတ်အခြေအနေ၊ ကိုယ်ကျင့်တရား၊ တရားအပေါ် နားလည်ယုံကြည်ပုံတွေကို ရှင်းပြထားပါတယ်။ အရိယာအဆင့်အလိုက် ကိလေသာ ပယ်သတ်မှုအဆင့်ဆင့်ကိုလည်း ဖော်ပြပေးထားပါတယ်။ နောက်ဆက်လက်ပြီး ရပြီးသား သောတာပတ္တိဖိုလ်ကို ၀င်စားပုံ နည်းလမ်း နှင့် ဖြစ်တတ်တဲ့ အခက်အခဲများကို ဖော်ပြထားပါတယ်။ နောက် အထက်မဂ်ဖိုလ်တရားများကို ဆက်လက်အားထုတ်ဖို့ ရန်အတွက် ပြင်ဆင်ပုံနှင့် အားထုတ်ပုံကိုလည်း ဖော်ပြပေးထားပါတယ်။

နောက်ဆုံးမှာတော့ တရားအားထုတ်နေစဉ် ဖြစ်တတ်တဲ့အခက်အခဲများအတွက် စိတ်ထားတတ်ရန်နှင့် နည်းလမ်းမှန်မှန် အားထုတ်နိုင်ရန် ဟောပေးထားပါတယ်။

စာအုပ်တစ်အုပ်လုံးကတော့ ဆရာတော့်ရေးဟန်အတိုင်း စာမဆန်ဘဲ ပေါ့ပေါ့ပါးပါး ဖတ်လို့ ရတဲ့ ဓမ္မစာပေ အရေးအသား ဟောပြောပို့ ချချက်များဖြစ်ပါတယ်။ ၀ိသုဒ္ဓိမဂ် ကို အခြေခံပြီး ရေးသားဟောပြထားတာ ဖြစ်ပါတယ်။

လက်ရှိ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်များနှင့် တရားအားထုတ်ဖို့  ပြင်ဆင်နေတဲ့ သူများအတွက် သဒ္ဓါတရား တက်ပြီး အသိဉာဏ်ပွင့်စေတဲ့ စာအုပ်တစ်အုပ်လို့ ပြောလို့ ရပါတယ်။ ဘယ်နည်းနှင့်ဘဲ အားထုတ်သူ ဖြစ်ဖြစ် ဒီခရီးကို လူတိုင်းဖြတ်သန်းရမှာဖြစ်လို့  ဘယ်ယောဂီအတွက်ဘဲ ဖြစ်ဖြစ် အသုံးတည့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဆရာတော်က သူ့ ရဲ့ ကိုယ်တွေ့ တရားအတွေ့ အကြုံတွေနှင့် ပေါင်းပြီး ဟောထားတာမို့ တကယ်လို့  ဆရာတော်နှင့် စရိုက်ဝါသနာတူပြီး အားထုတ်ပုံနည်းလမ်းတူသူတွေအတွက်ဆိုရင်တော့ တိုက်ဆိုင်တာတွေ အများကြီးနှင့် တော်တော် အသုံးဝင်မှာဖြစ်ပါတယ်။

ဒီစာအုပ်ကို အွန်လိုင်းမှာ ဒီနေရာကနေ http://www.buddhanet.net/pdf_file/mapjourney6.pdf Download ဆွဲချလို့ ရပါတယ်။ ကိုစိုးဝင်းထွဋ်ရဲ့  ( http://soewinhtut.multiply.com/journal/item/12/Map_of_The_Journey_ebook_English_Languagehttp://www.buddhanet.net/pdf_file/mapjourney6.pdf) ကနေလည်း ယူလို့ ရပါတယ်။ MP3 အနေနှင့် နာချင်ရင်တော့ အောက်ကလင့်ခ်တွေ ကနေ Download ဆွဲချပြီး နာလို့ ရပါတယ်ခင်ဗျား။

1: A Map of the Journey - day 1

2: A Map of the Journey - day 2

3: A Map of the Journey - day 3

4: A Map of the Journey - day 4

5: A Map of the Journey - day 5

6: A Map of the Journey - day 6

7: A Map of the Journey - day 7

8: A Map of the Journey - day 8

9: A Map of the Journey - day 9

10: A Map of the Journey - day 10

11: A Map of the Journey - day 11


ကျွန်တော်ကတော့ ဓမ္မဒါနအဖြစ် လက်ဆင့်ကမ်းလိုက်ပါပြီ။ ဓမ္မမောင်နှမတို့ က တကယ်လို့ ဖတ်ရှုနာယူကြည့်လို့  မိမိအတွက် အကျိုးတစ်ခုခု ဖြစ်ထွန်းခဲ့ရင် ကိုယ်ခင်မင်တဲ့ သူများကို ဆက်လက်ပြီး လက်ဆင့်ကမ်းပေး လိုက်ပါအုံးလို့  ဆန္ဒပြု တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။

လေးစားခင်မင်စွာဖြင့်
ဝိမုတ္တိသုခ




Read more...

အပူပြင်းဆုံးမီး

ကျွန်တော် ဒီတစ်ခေါက် ပေါ့ပေါ့ပါးပါးလေး ဟာသလေးတွေပဲ ရေးကြည့်မယ်ဗျာ။ ဟာသ ဆိုတာကလည်း ကျွန်တော့်သူဋ္ဌေး မြွေပွေးကို ခါးပိုက်နှိပ်မိပြီ ဆိုတာလေးပါ။ ဘာဖြစ်လို့လည်း ဆိုတော့ အခု သူ့အကြောင်း ရေးတော့မလို့လေ။ ကျွန်တော့်အခန်းက လှေကားထိပ်မှာ အခန်းယူထားတဲ့ ကျွန်တော့်သူဋ္ဌေး အိပ်တဲ့ အခန်းရှေ့ဖြတ်ဖြတ်သွားရတယ်။ ညနေစောင်းပြီဆို သူဋ္ဌေးက တစ်ခွက် တစ်ဖလားတော့ ချတတ်တယ်။ အဲဒီည သူ့တစ်ယောက်တည်းဖြစ်နေချိန် ကျွန်တော့် အခန်းကို အသွား “ငါ့ညီ လာပါဦး” ဆိုလို့ “ဟုတ်ကဲ့ ဦး” ဆိုပြီး ၀င်ထိုင်လိုက်ရတယ်။ ဒီလိုရှိသေးတယ်။ သူ့အသက်က ခုမှ (၄၀) ဆိုတော့ ကျွန်တော့်ထက် (၇) နှစ်ပဲ ကြီးလေတော့ ကျွန်တော့်ကို “ညီ”လို့ပဲ ခေါ်တယ်။ ကျွန်တော်ကျတော့ သူ့ကို “အစ်ကို”လို့ မခေါ်တတ်တာနဲ့ “ဦး” လို့ပဲ ခေါ်တယ်။ သူက အရှိန်နည်းနည်းရနေပြီဆိုတော့ “အစ်ကို့ မိန်းမ ဘာကြောင့် ယတြာတွေ တစ်နေကုန် ချေနေတာလဲ သိလား” လို့မေးလာတယ်။ ကျွန်တော်သိပါတယ်။ ခုတလော သူတို့ စီးပွားရေး သိပ်အဆင်မပြေဘူး။ အဲဒါကြောင့်လို့ အားနာနာနဲ့ ကျွန်တော်ပြောလိုက်တယ်။ ကျွန်တော့် သူဋ္ဌေးက ထုံးစံအတိုင်းပဲ ခပ်တိုးတိုးပဲ ရယ်တယ်။ “မဟုတ်ဘူးကွ၊ အဲဒါ ငါ နောက်မိန်းမ မယူအောင်လို့ လုပ်နေတာ” လို့ တိုးတိုးလေးပဲ ကပ်ပြောတယ်။ ကျွန်တော် အံ့သြချင် ယောင်ဆောင်ပြီး မယုံတဲ့ မျက်နှာလေးနဲ့ “ဟာ ဟုတ်လို့လား ဦးကလည်း” လို့ ခပ်တည်တည်နဲ့ ပြန်မေးရတာပေါ့။ သူယတြာတွေ ဘာတွေရဖို့ ဒီအိမ်က ကားနဲ့ပဲ သွားရတယ်၊ ဒီအိမ်က ဒရိုင်ဘာနဲ့ပဲ သွားရတယ် မဟုတ်လား။ သူဘယ်လောက်လုံလုံ ဒရိုင်ဘာက ငါ့လို အရည်တွေ ၀င်ပြီဆို မလုံတော့ဘူးကွ လို့ ပြောပြန်ပါတယ်။ သူဆက်ပြောပါတယ်။

ငါ့မှာ တပည့်တွေ အများကြီးရှိတယ်။ ငါ့တပည့်တွေမှာ နောက်မိန်းမကိုယ်စီ ရှိတာ သုံးယောက်ရှိတယ်။ ဒါကို မင်းသိပါတယ်။ ငါ့မှာလည်း ရှိတယ်ကွ ဆိုတော့ ကျွန်တော် အတော်လေး တုန်လှုပ်သွားတယ်။ ကျွန်တော့်သူဋ္ဌေး ဖောက်ပြီပေါ့။ ကျွန်တော့် သူဋ္ဌေးကတော့ ဆက်ဖွင့်ပြီ။ ငါဘာလို့ အပြင်မထွက် အောက်ထပ်မဆင်းဘဲ အပေါ်ထပ်မှာချည်း နေနေတာလည်းသိလား။ ဧည့်သည်တွေလာရင် ငါဘာလို့ စာအုပ်တွေချည်း ဖိဖတ်နေတာလည်း သိလား။ ငါ့ကို ၁၀ တန်းကျောင်းသူလေး တစ်ယောက်က လိုက်ကြိုက်ခဲ့ဖူးတယ်ကွ။ လှမှ လှကွာ။ ငါလည်း တော်တော် အလူးအလဲ ခံခဲ့ရတာပေါ့ကွာ။ ငါ့လို ကလေးအဖေကြီး မိန်းမကြီးငုတ်တုတ်နဲ့ကို ငါ့ကို မရ ရအောင်ကြံကြတဲ့ မိန်းမတွေ ဒီရပ်ကွက်ထဲမှာ လက်ညိုးထိုး မလွဲဘူးကွ။ ငါ ငယ်ငယ်လေးရှိသေးတယ်။ ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ ငါ နောက်မိန်းမ မရချင်ဘူးလို့ မင်းထင်လား။ ဟင့်အင်း ကျွန်တော် မသိဘူးလို့ ကျွန်တော် နှာစေးရပါတယ်။ ရချင်တာပေါ့ကွာ။ ဒါပေမယ့် ဒီတဏှာလေးတစ်ချက် ရာဂလေးတစ်ချက်နဲ့ နောက်ကလိုက်လာမယ့် မီးတွေ ငါ ရင်မဆိုင်ချင်တော့ဘူးကွာ မိန်းမငယ်ငယ်လှလှလေး ရဖို့ထက် နောက်က တစ်သီကြီးပါလာမယ့် မီးကို ငါကြောက်သွားပြီ။ မိန်းမထက် မီးတွေကို ငါကြောက်တယ်ကွာ လို့ ကျွန်တော့်သူဋ္ဌေး ရင်ဖွင့်တယ်။ ကျွန်တော်သူ့ကို တော်တော်လေး လေးစားသွားမိပါတယ်။ ဒါပေမယ့် သူ့လက်ထဲက အရက်ခွက်ကြီးနဲ့ ဆိုတော့ ကျွန်တော်အဲလိုတော့ သွားမပြောမိခဲ့ ဘူးပေါ့ဗျာ။

ဒါနဲ့ ကျွန်တော့်ခေါင်းထဲ ရာဂဆိုတဲမီးဟာ အပြင်းဆုံးမီး အပူဆုံးမီး ဆိုတဲ့အကြောင်း ၀င်ရောက်လာခဲ့တယ်။ သဘာဝမီးဟာ တစ်ဘ၀မျှသာ လောင်ကျွမ်းနိုင်ပေမယ့် ရာဂမီးကတော့ သံသရာအဆက်ဆက် လိုက်ပြီး လောင်နိုင်တယ်။ မီးကတော့ (၁၁) ပါးရှိပါတယ်။ (၁၁) ပါးဆိုတာက ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေ၀, ပရိဒေ၀, ဒုက္ခ, ဒေါမနဿ, ဥပါယသ, ရာဂ, ဒေါသ, မောဟ တို့ဖြစ်ပါတယ်။ အဲဒီ (၁၁) ပါးသော မီးဟာ ရာဂဆိုတဲ့ မီးကို အခြေခံဖြစ် စတင်ဖြစ်ပေါ်ပါတယ်။ ရာဂဆိုတဲ့ မီးကို ပေါ့ဆလို့လည်း မလောင်စေနဲ့။ တို့မီး ရှို့မီးလည်း မလုပ်မိစေနဲ့။ ရာဂကလည်း နာမည်အမျိုးမျိုးနဲ့ နေထိုင်တတ်တဲ့ လူဆိုးကြီးတစ်ဦးလိုပါပဲ။ မှုခင်းသတင်းထဲကလို (ခ) တွေနဲ့ တပ်ပြရရင် ရာဂ (ခ) ပေမ (ခ) ကာမ (ခ) တဏှာ (ခ) ရတိ တို့ဖြစ်ပါတယ်။ နာမည် ငါးခုတောင် ရှိပါတယ်။ ဒီလူဆိုးကြီးတွေကလေ မျက်နှာချင်းဆိုင်ပြီးတော့လည်း ကိုယ့်ကို တိုက်ခိုက်တတ်တယ်။ ဘေးချင်းယှဉ်လျှောက်ပြီး တော့လည်း ကိုယ့်ကို ခြေထိုးတတ်တယ်။ နောက်ကျောကနေလည်း ဓားနဲ့ ထိုးတတ်တယ်။ သူများနဲ့ပေါင်းပြီးတော့လည်း ကိုယ့်ကို ရန်မူတတ်တယ်။

ရာဂငြိမ်းစေတတ်တဲ့ တရားကတော့ ၀ိပဿနာ တရားပါပဲ။ အလွယ်တကူ မှတ်နိုင်အောင်လို့ အောက်ပါ မဟာစည်ဆရာတော်ရဲ့ လင်္ကာလေးကိုလည်း တင်ပြလိုက်ပါတယ်။

ရာဂ ဒေါသ၊ မောဟတစ်ဖြာ၊ ဖြစ်အိုသေရေး၊ ပူဆွေးငိုကာ၊ ကိုယ်စိတ်ဒုက္ခ၊ ပူရပြင်းစွာ၊ မြင်ကြားသိတိုင်း၊ မဆိုင်းမှတ်ပါ၊ ရုပ်နာမ်မမြဲ၊ ဆင်းရဲချည်းသာ၊ ငါကောင်လည်းပျောက်၊ မျက်မှောက်မြင်ကာ၊ ဆယ့်တစ်သီး၊ ဤမီး ငြိမ်းစေရာ။

အပူပြင်းဆုံးမီးတွေ ကင်းဝေးနိုင်ကြပါစေ။



Read more...

ယခင် ဓမ္မစကူးလ်နှင့် ယခု ဆန်းဒေးစကူးလ်

22nd June, 2009

``ဣတိပိသော ဘဂ၀ါ ´´ ``သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ´´ (ဘုရားရှိခိုး)
``လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ´´ (မင်္ဂလသုတ်)
``အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ ကိုက်ဝါးကိုမျို၊ ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်သကို´´(ကောသလအိပ်မက်)
မိမိတို့ ကျောင်းသားပေါက်စအရွယ်က ညနေ ၇-နာရီ ဘုရားဝတ်တက်အပြီးမှာ ရွာဦးကျောင်း ဘုန်းကြီးကို ၀တ်ဖြည့်ပေးရင်း ဘုန်းကြီးက အထက်ပါအတိုင်း စာတိုပေစများ၊ ကဗျာများ နှုတ်တိုက် ချပေးသည်ကို မိမိတို့ကျောင်းသား ကိုရင်များက အလွတ်လိုက်ဆိုခဲ့ရပါသည်။ တခါတရံ အဖွဲ့လိုက်၊ တခါတရံ တစ်ယောက်ချင်း ဆိုရ၏။ ပြီးမှ ဘုန်းကြီးက ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို ကလေးများ သဘောပေါက်အောင် ရှင်းပြ၏။ ရှေးဟောင်း နှောင်းဖြစ်များ၊ ငါးရာ့ငါးဆယ် လာ ဖြစ်တော်စဉ်များ၊ ရိုးရာပုံပြင်များကိုလည်း စိတ်ဝင်စားမှုရှိအောင် ပြောပြ၏။ အချိန်ကား ၁-နာရီ/ ၁-နာရီကျော် ၀န်းကျင်လောက် ကြာမြင့်ပေသည်။ ဤသည်ကား တစ်ညတာ မဟုတ်၊ အလုပ်မရှုတ်လျှင် ညစဉ်ညတိုင်းတည်း။ ထို့ကြောင့် ရွာဦးကျောင်းက ညဉ့်ဦးယာမ်သည် မိမိတို့ ကျောင်းသား ကိုရင်လေးများအတွက် ယနေ့ခေတ်အနေနှင့် ပြောရလျှင် ``ဓမ္မစကူးလ်´´ (Dhamma School) ပင် ဖြစ်ပေတော့သည်။
ရွာဦးကျောင်းက ဓမ္မစကူးလ်မှာ သင်ယူခဲ့သည့် ဗုဒ္ဓ၀င်ဆိုင်ရာ အခြေခံစာတိုပေစများက စာပေကို တတ်ချင်၊ ပညာကိုလိုချင်သည့် စိတ်များ ဖြစ်ပေါ်အောင် နှိုးဆော်ပေးဟန်တူလေ၏။ စာဖတ်ဝါသနာပါသည့် ဖခမည်းတော်ကြီးက လည်း မင်းကွန်းဆရာတော်၏ မဟာဗုဒ္ဓ၀င်စာအုပ်ထဲက ဆရာတော်၏ ဓာတ်ပုံနှင့် ဘွဲ့ထူးဂုဏ်ထူးများကို ဖတ်ပြပြီး မိမိကို ပြောပြ၏။ ထို့ကြောင့်ထင်၏။ ၁၀-နှစ်သားအရွယ်မှာ ရှင်သာမဏေ၀တ်ပြီး ၁၃-နှစ်အရွယ်မှာ စာပေများ သင်ကြားဖို့အတွက် မုံရွာမြို့ ဇောတိကစာသင်တိုက်ကြီးသို့ ပျော်ပျော်ပါးပါးပင် သွားခဲ့လေသည်။

စာသင်တိုက်ကြီးဆီသို့ မယောင်မလည်

စာသင်တိုက်ကြီးသို့ရောက်ပြီးသည့်နောက်၌ သဒ္ဒါကြီးစာအုပ်၊ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်တို့ကို ကိုင်ဆောင်ပြီး အလွတ် ကျက်မှတ်ရလေသည်။ ထိုသို့ကျက်မှတ်ရင်း အဘိဓမ္မတ္ထသင်္ဂဟစာအုပ်မျက်နှာဖုံးမှာ ရေးသားထားသည့် ``သီဟိုဠ်ကျွန်း အရှင် အနုရုဒ္ဓါမထေရ် စီစဉ်ရေးသားအပ်သော အဘိဓမ္မတ္ထသင်္ဂဟ``ဟူသော စာကိုတွေ့မိသောအခါ ``မိမိတို့နယ်မြို့လေးမှ မုံရွာကို သွားသည့် ကတ္တရာလမ်းလေးကိုပင် အာရှတိုက်၏ အကြီးဆုံးလမ်းမကြီး´´ဟု ထင်ခဲ့သော မိမိသည် ``သီဟိုဠ် ကျွန်းဆိုတာ ဘယ်မှာလဲ၊ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟု မယောင်မလည်နှင့် ၀ိုးတ၀ါး တွေဝေ စဉ်းစားမိခဲ့သည်။ ယင်းသို့စဉ်းစားမိရင်းနှင့်ပင် စာသင်တိုက်မျိုးစုံသို့ သွားရောက်၍ ပရိယတ္တိ စာပေများကို သင်ယူခဲ့သည်။ ထို့နောက် သူ့အရွယ်နှင့်သူ သတ်မှတ်ထားသည့် စာမေးပွဲမျိုးစုံကို ကြိုးစားပြီး ၀င်ရောက်ဖြေဆိုခဲ့ရင်း အသက် ၂၇-နှစ်သို့ ချဉ်းနင်းရောက်ရှိခဲ့လေသည်။ ``သာမဏေကျော်၊ ဓမ္မာစရိယ၊ သကျသီဟ´´ဟူသော ဘွဲ့များကို လည်း ရရှိခဲ့ပါသည်။


အသက် ၂၇-နှစ်သို့ရောက်သောအခါ ထိုက်သလောက် လေ့လာထားသည့် ဗဟုသုတ၊ ရင်ဆိုင်ကျော်လွှားခဲ့သည့် အတွေ့အကြုံ၊ အရာရာကို စူးစမ်းတတ်သည့် အတွေးအခေါ်များ သူ့ အရွယ်နှင့်သူ ရင့်ကျက်လာပြီဖြစ်သည်အား လျော်စွာ`` သီဟိုဠ်ကျွန်းဆိုတာ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟူသော ၀ိုးတ၀ါး အတွေးများ စုန်းစုန်း မြုပ် နိဂုံးချုပ်သွားခဲ့လေပြီ။

အတွေးသစ်တို့မွေးဖွား

အတွေးဟောင်းများ ဆွေးမြေ့သည့်အခါ အတွေးသစ်များ သန္ဓေတည်လာရမြဲဖြစ်ရကား ``ဒီပနီကျမ်းပေါင်းများ စွာကို ပြုတော်မူခဲ့ပြီး နွားသားမစားရေးကို တိုက်တွန်းလှုံ့ဆော်ခဲ့သော ကမ္ဘာကျော် လယ်တီဆရာတော်(D.Litt)၊ သီဟိုဠ်ဖြစ် ဋီကာကျမ်းတစ်ဆောင်၏ အမှားကို ရဲရဲဝံ့ဝံ့ထောက်ပြ သည့် ပရမတ္ထဒီပနီဟုခေါ်တွင်သည့် မြန်မာပြည်ဖြစ် ဋီကာကျမ်း၊ သူနာပြုအလုပ်ကို လုပ်ရင်း သာသနာပြုခဲ့သည့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်သေဋ္ဌိလ၊ သိရီလင်္ကာနိုင်ငံ သမိုင်း၏ ခေတ်တက္ကသိုလ် ကျောင်းသားအဖြစ် ပထမဆုံး ပေါ်ထွက်လာသည့် ရဟန်းတစ်ပါးဟု တနိုင်ငံလုံး ဟိုးဟိုး ကျော်သွားခဲ့ သော ဒေါက်တာ ၀ါလ်ပိုလာရာဟုလာ၊ နယ်ချဲ့တို့ပေါက်ဖွားရာ ဥရောပ၊ နေမ၀င်အင်ပါရာဟု လက်မ ထောင် ခဲ့သည့် အင်္ဂလန်၊ သင်ယူချင်သည့် အတတ်ပညာများကို သင်ယူနိုင်သည့် အောက်စဖို့ဒ် တက္ကသိုလ်၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တည်ရှိရာ အမေရိကန်၊ ပညာရှင်အမြောက်အမြား ထုတ်လုပ်နေသည့် ဟားဗတ်တက္ကသိုလ်၊ အဏုမြူဖခင် သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ကျွန်စနစ်ကိုဖျက်သိမ်းသည့် သမ္မတ လင်ကွန်း၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးအတွက် အသက်ကိုပင် စတေးခဲ့သည့် ဂန္ဓီ၊ သန်းပေါင်း များစွာသော အိန္ဒိယနိုင်ငံသားများကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲသည့် ဒေါက်တာ အမ်ဘေဒကာ´´စသည့် ပုဂ္ဂိုလ်ထူး၊ ဂန္ထ၀င်စာပေ၊ ကမ္ဘာကျော်တက္ကသိုလ်၊ နိုင်ငံတကာ သမိုင်းဝင် ဖြစ်စဉ်များနှင့်အတူ B.A M.A Ph.D စသော ဘွဲ့ဒီဂရီများကို ခွဲခြမ်းစိတ်ဖြာသည့် အတွေးများသည် ရင်မှာ မသိမသာ ခိုအောင်းမိလေပြီ။
ထို့ကြောင့် ``အရှင်သုမနပါလ B.A (ကိုလံဘို) အရှင်ရေ၀တဓမ္မ M.A (ကေလနိယ) အရှင်ရာဟုလာနန္ဒ Ph.D (ဘုံဘေ)´´ဟု စသည်အားဖြင့် ရေးသားထားသည်များကို တွေ့ရသောအခါ ယင်းနိုင်ငံတကာသုံး ဘွဲ့ဒီဂရီများကို လိုချင်သည့်စိတ်များ ဖြစ်မိလေသည်။
``သာသနဓဇ၊ သိရီပ၀ရ၊ ၀ိဒူ၊ မဟာဝိဒူ၊ ပါရဂူ၊ နိကာယုဇ္ဖောတက၊ ဂန္ထ၀ါစက၊ ဇောတိက ဓဇ´´ စသည့် မြန်မာနိုင်ငံ၏ သာသနာတော်ဆိုင်ရာ ဘွဲ့ဒီဂရီများကား လူပုဂ္ဂိုလ်များ နားလည်ဖို့ မဆိုထားဘိ၊ မိမိတို့ ရှင်ရဟန်းများပင် နားလည်အောင် မနည်းကြိုးစားရပေ၏။ လူအများ နားလည်ဖို့အတွက်မှာမူ ``ဘွဲ့တံဆိပ်ဒီပလိုမာတန်း´´ တစ်ခုကိုပင် ဖွင့်ဖို့လိုပေလိမ့်မည်။ B.A M.A Ph.D စသောဘွဲ့ဒီဂရီများက နိုင်ငံတကာသုံး ဘွဲ့ဒီဂရီများဖြစ်သောကြောင့် ကျေးတော သားပင်ဖြစ် စေဦးတော့ ထိုက်သလောက်တော့ နားလည်ပေသည်။ ထို့ကြောင့် ယင်းနိုင်ငံတကာသုံး ဘွဲ့ ဒီဂရီများကား လူ့လောကတွင် ရေပန်းစားလှ၏။
ယင်းဘွဲ့ဒီဂရီများကို လိုချင်သည့်အတွက် သီဟိုဠ်ကျွန်းခေါ် သိရီလင်္ကာနိုင်ငံသို့ သွားရောက်၍ ပညာသင်ယူ ချင်သည့်ဆန္ဒများ ဖြစ်မိလေသည်။ သို့သော် နွားကျောင်းသား တစ်ယောက်အတွက် မြို့တော်ကြီးသည် အလှမ်းကွာဝေး လှသကဲ့သို့ မိမိမှာလည်း အစစအရာရာ အင်အားနည်းနေရကား သီရိလင်္ကာရှိ တက္ကသိုလ်ကြီးများသည် မိမိနှင့် အလှမ်း ကွာဝေးလျက်ပင် ရှိပေသည်။ သို့သော် နိုင်ငံတကာတက္ကသိုလ်အိမ်မက်များက မက်နေဆဲ။ ယင်းသို့သောအိပ်မက်များမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က နားစွင့်ခဲ့ရသော ရွာဦးကျောင်း ခေါင်းလောင်းသံက စခဲ့ပေသည်။

ရွာဦးကျောင်းကခေါင်းလောင်းသံများ အိပ်မောကျနေပြီ

ယနေ့ အမိမြန်မာပြည်ကြီး၌ ရွာဦးကျောင်းက ခေါင်းလောင်းသံများ မြည်ကြပါသေး၏လော။ နားစွင့်ကြစေချင်ပါသည်။ ယင်းခေါင်းလောင်းသံများကို ဘာသာခြားတို့၏ ဂစ်တာသံများနှင့် ၀တ်ပြုသံများက လွှမ်းမိုးစ ပြုနေပေပြီ။ သတိမူလျှင် မြူတောင် မြင်နိုင်ပေ၏တကား။ နိုင်ငံ့ကျက်သရေဆောင်ဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးသာ စကားပြောနိုင်ခဲ့လျှင် ``အော် မြန်မာနိုင်ငံသူ နိုင်ငံသားများ မိစ္ဆာဒိဋ္ဌိများ ကျောချနေတာတောင် ဓားပြမှန်း မသိကြဘဲကိုး၊ ဒါတောင် သာကီမျိုးဟေ့ တို့ဗမာလို့ အော်ကြတုန်းရှိသေးတယ်၊ ဗုဒ္ဓဘာသာဝင်များ တဖြေးဖြေးနဲ့ ပရုတ်လုံးကဲ့သို့ လုံးပါး ပါးနေသည်ကို မသိကြသည်မှာ လက်ဖျစ်ခတ်တီး အံ့ချီးထိုက်ပေစွာ့´´ဟု ငြီးတွားပေလိမ့်မည်။
ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် မိမိတို့ရဟန်းတော်များသည် ``ကျောင်းသင်္ခန်း´´ မှာပင် ကိန်းအောင်း မနေဘဲ အခြားသူတို့၏ လုပ်ကွက်ကိုလည်း ကျော်၍ ကြည့်တတ်ဖို့ လိုပေသည်။ တစ်ကွက်နောက်ကျလျှင် မိစ္ဆာကျားတို့၏ ၀ါးမျိုခြင်းကို ခံရမည်သာတည်း။ အကြိမ်ပေါင်းများစွာ ၀ါးမျိုခံရသည်ကိုပင် ကျားစွယ်ကို ကြောက်ရကောင်းမှန်း မသိသေး။ ထို့ကြောင့် ၀ံသာနုစိတ်ဓာတ် ပြင်းထန်လှသည့် ဆရာတော်တစ်ပါးက ``ငါတို့က ခံစစ်နှင့် ကစားနေရတာပါ၊ ဂိုးသွင်း မခံရအောင် မနည်းကြိုးစားနေရတယ်`` ၀မ်းနည်းသံနှင့် ပြာခဲ့ဖူးပါသည်။ မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များ ကင်းဝင်သွားလျှင်တော့ မိမိတို့အားလုံး လည်စင်းခံကြဖို့သာ ပြင်ကြပေတော့။ ကိုယ့်ခြံစည်းရိုးကို လုံအောင်ကာဖို့ ကြိုးပမ်းကြပါစို့။
ယင်းအမြင်ကြောင့်ပင် မိမိသည် ကလေးသူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများကို မုံရွာ၊ ပခုက္ကူစသည့်မြို့များ၌ ဖွင့်လှစ်ပို့ချခဲ့ပါ၏။ ကလေးတရားပွဲများကိုလည်း ဟောကြားပေး ခဲ့၏။ ကချင်ပြည်နယ် နမ္မတီးမြို့သို့ သွားရောက်ပြီး ကလေးများကို တရားဟောသည့်အခါ တရုတ်ကြီး တစ်ယောက်က ``လူငယ်ကောင်းမှ လူကြီးကောင်းမှာ၊ လူကြီး ကောင်းမှ တိုင်းပြည်ကောင်းမှာပေါ့၊ ဒါကြောင့် ကလေးများကို တရားဟောသင့်တယ်ဘုရား´´ လျှောက်ထားပြီး ကလေးများအတွက် မုန့်ပဲသွားရေစာနှင့် ဘောလ်ပင် ဗလာစာအုပ်များကို လှူဒါန်းခဲ့လေသည်။ ဤ သည်ကား မိမိဦးစီးပြီး ဟောပြောပို့ချပေးခဲ့သည့် ရက်တို ``ဓမ္မစကူးလ်´´ များပင်တည်း။ အမှန်တကယ်ကား ရေရှည် စီမံကိန်းရေး ဆွဲပြီး ``ဓမ္မစကူးလ်´´များကို ရက်ရှည် ပို့ချသင့်ပေသည်။
တရားဟောသည့်အခါ၌လည်း ဘာသာခြားများနှင့် နှိုင်းယှဉ်ပြီး လူမျိုးကိုချစ်သည့်စိတ်၊ ဘာသာကို ချစ်သည့် စိတ်များ ထားရှိကြဖို့လိုအပ်ကြောင်းကိုလည်းကောင်း၊ အမျိုး ဘာသာ သာသနာကို ထောက်ပံ့နိုင်ဖို့အတွက် စီးပွားရေး ဖြစ်ထွန်းအောင်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်းကောင်း လောကီကြီးပွားရေးတရားများကို ဦးစားပေးဟော၏။ ရှင် ရဟန်းများ သင်ယူနေကြသည့် ပရိယတ္တိ ပညာရေးစနစ်ကိုလည်း ခေတ်နှင့် အညီ ပြုပြင်သင့်ကြောင်း ဝေဘန်အကြံပြု၏။ ရေး၏။ ယင်းသို့သော လုပ်ရပ် များကြောင့်ပင် ပတ်ဝန်းကျင်၏ အားပေး ထောက်ခံမှုများကို ထိုက်သလောက် ရရှိခဲ့ပါသည်။ သို့သော် မပြောပ လောက်သေးပါ။




ဆန်းဒေးစကူးလ် (Sunday School)

မိမိသည် အသက် ၃၅-နှစ်ကျော်သောအခါမှသာ အနှစ်နှစ်အလလက အိပ်မက်မက်ခဲ့သည့် သီဟိုဠ်ကျွန်းခေါ် သီရိလင်္ကာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပါတော့သည်။ ကိုလံဘိုနိုင်ငံတကာလေဆိပ်သို့ ရောက်ရောက်ချင်း လေဆိပ်အတွင်း၌ ဘုရားဆင်းတုတစ်ဆူကို ဖူးမျှော်ရ၏။ ထို့နောက် လမ်းတလျှောက် လမ်းဆုံလမ်းခွများ၌လည်း ဘုရာဆင်းတုများ၊ ဗောဓိပင်များကို တွေ့ရပြန်၏။ ဗောဓိပင်များကိုလည်း အထူးတလည် အမြတ်တနိုးထားကြ၏။ သီရိလင်္ကာနိုင်ငံသားများ၏ မြတ်ဗုဒ္ဓအပေါ် တလေးတစား တန်ဖိုးထားသည့် စိတ်ကို အားရ ကျေနပ်မိပါသည်။
အစိုးရရုံးးများ၌လည်း ရဟန်းတော်များကို အထူးဦးစားပေး၍ လုပ်ပေးကြ၏။ တခါတရံ အစိုးရရုံးသို့ နေ့ဆွမ်း စားချိန် ရောက်သွားလျှင် ဆွမ်းတောင် ကပ်လှူလိုက်သေးပါသည်။ ဘတ်စ်ကားများ၌လည်း ရဟန်း သံဃာတော်များ အတွက် အမြဲတန်း ၂-နေရာစာ ပေးထားသည်ကို တွေ့ရပြန်၏။ ဂိတ်စောင့် ရဲဘော်များသည် ဘုန်းကြီးရဟန်းများကို တွေ့လျှင် ပရိတ်ချည်ကို တောင်းလေ့ရှိ၏။ ရဟန်းတော်များ ပါဝင်သောကားများကို စစ်ဆေး မေးမြန်းခြင်း မလုပ်ဘဲ အလွယ်တကူပင် ခွင့်ပြု၏။ အစိုးရရုံးများကလည်း ဗုဒ္ဓဘာသာဝင် များကို ဦးစားပေး နေရာချ၏။ ဥပုသ်စောင့်ချင်သူများ ဥပုသ်စောင့်နိုင်ဖို့အတွက် လပြည့်နေ့တိုင်းကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား၏။ ညနေခင်းဆိုလျှင် ဘုန်းကြီး ကျောင်းများ၌ ဗောဓိပင်ကို ပန်းဆီမီးတို့ဖြင့် ပူဇော်ကြ၏။ ဤသည့်ဖြစ်စဉ်များက သီရိလင်္ကာနိုင်ငံ၏ မြတ်ဗုဒ္ဓအပေါ် အလေးအနက်ထားကြောင်း ဖေါ်ပြလျက်ရှိပေသည်။


ထို့အပြင် ဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်း နမူနာယူသင့်သော စည်းမျဉ်းတစ်ခုရှိပါသေးသည်။ ယင်းမှာအခြားမဟုတ်။ သီရိလင်္ကာနိုင်ငံ၏ အာဏာ အရှိဆုံးဖြစ်သော သမ္မတတစ်ယောက်သည် သမ္မတဖြစ်သည်နှင့်တပြိုင်နက် သမ္မတအဖြစ် ``ကျမ်းသစ္စာ´´ ကျိန်ဆိုရ၏။ ကျမ်းသစ္စာကျိန်ဆိုပြီးသော သမ္မတအသစ်သည် အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်နှင့် ကန္ဒီမြို့ရှိ စွယ်တော်တို့ကို ဦးတိုက်ပူဇော် ရခြင်း၊ သံဃာ့ဂိုဏ်း ၃-ဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးတို့ကို ဦးတိုက်ပူဇော်ရ ခြင်းတို့ပေတည်း။ ဤကား မဖြစ်မနေ လုပ်ကိုလုပ်ရမည့် စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။
``အရင်းစစ်လျှင် အမြစ်မြေက´´ ဆိုသကဲ့သို့ ယင်းသို့လျှင် နိုင်ငံတစ်နိုင်ငံလုံးက မိမိတို့ ဗုဒ္ဓဘာသာကို အသက်တမျှ တန်ဖိုးထားခြင်း၏အကြောင်းမှာ သိရီလင်္ကာနိုင်ငံအစိုးရ၏ ဆန်းဒေးစကူးလ်များကြောင့်ပင် ဖြစ်ပေသည်။ ယင်း ဆန်းဒေးစကူးလ်ကို ၁၈၈၁-ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၃-ရက်နေ့တွင် အမေရိကန်နိုင်ငံသား Henry Olcott ဟင်နရီအောလ်ကော့ (သာသနာ့အလံကို တီထွင်သူ)က အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး ကိုယ့်အားကိုယ်ကိုးဖြင့် စတင်၍ တည်ထောင် ခဲ့ပါသည် (On 13th February 1881, the first Buddhist Sunday school was started at the Society’s premises in Maliban Street )။ နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်လေသည်။ ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀-ကျော် သွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများသည်ပင် ယင်းဆန်းဒေးစကူးလ် ကျောင်းဆင်းများ ဖြစ်ကြပေသည်။
ဆန်းဒေးစကူးလ် ဟူသည်မှာ တနင်္ဂနွေနေ့ တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစသည်များကို အထူးသင်ပေးသော ကျောင်းဖြစ်ပေသည်။ ယင်းကျောင်းများသည် ပုဂ္ဂလိကပိုင် မဟုတ်ကြ၊ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားသော ကျောင်းများ ဖြစ်ပေသည်။ နေရာကား ဘုန်းကြီးကျောင်းများ ပင်တည်း။ အချို့ဘုန်းကြီး ကျောင်းများ၌ စွမ်းနိုင်သော ကျောင်းထိုင်ဘုန်းကြီးများသည် ဆန်းဒေးစကူးလ်၏ ကျောင်းအုပ် ဖြစ်ပြီး အနည်းငယ်သောကျောင်းများမှာတော့ ကျောင်းထိုင်ဘုန်းကြီးများက ပံ့ပိုးမှု အပိုင်းလောက်သာ တာဝန်ယူ ကြပါ သည်။ ဤအချက်ကို ထောက်ဆ၍ ကလေးသူငယ်များကို သင်ပေးနိုင်ဖို့အတွက် ဘုန်းကြီးများကိုယ်တိုင်က လောကီ လောကုတ် စွယ်စုံတတ်ဖို့လိုသည်ဆိုသည်ကို သတိမူသင့်၏။

ယင်းဆန်းဒေးလ်ကျောင်း၌ လူပုဂ္ဂိုလ်များ ဆရာ, ဆရာမ ဖြစ်ဖို့အတွက် ဆရာဖြစ်သင်တန်းဟူသော သီးသန့် စာမေးပွဲတစ်ခုကို ဖြေဆိုကြရသေး၏။ ယင်းစားမေးပွဲကို အောင်မြင်မှသာ များသောအားဖြင့် ဆရာဖြစ်ကြပါသည်။ ဆန်းဒေးစကူးလ်၌ သင်ပေးကြသော ဆရာ/ ဆရာမတို့သည်ကား စေတနာ့ဝန်ထမ်းတို့သာတည်း။
ယင်းဆရာဖြစ်သင်တန်း၌ -----
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးတရား၊
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊
၂။ ပဋိစ္စသမုပ္ပါဒ် ၊ သမထ ၀ိပဿနာတို့ဖြစ်ပါသည်။
သိရီလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ၌ ၅-နှစ်အရွယ်မှ စတင်ပြီး ပညာသင်ယူရ သကဲ့သို့ ဆန်းဒေးစကူးလ်၌လည်း (၅)နှစ်အရွယ်မှပင် စတင်ပြီး ပညာသင်ယူကြရပြီး ဆန်းဒေးစကူးလ်ကို အစိုးရကျောင်း များနှင့် တူညီစွာပင် အတန်းများကို သူ့အဆင့်နှင့်သူ ခွဲခြားထားပါသည်။ အစိုးရကျောင်းများက သူငယ်တန်းဆိုလျှင်လည်း ဆန်းဒေးစကူးများမှာလည်း သူငယ်တန်းပင်ဖြစ်သည်။
ဆန်းဒေးစကူးလ်ကို - - -
၁။ သူငယ်တန်း (primary)၊
၂။ ၁-တန်းမှ ၁၀-တန်း (Grade 1 to Grade 10)၊
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့်၂ (final 1. 2) ဟု အတန်းပေါင်း ၁၃-တန်း ခွဲခြားပြီး သင်ကြားပေးပါသည်။
ပြဋ္ဌားန်းထားသည့် စာပေများမှာ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒလာ ဘုရားလက်ထက်က အဖြစ် အပျက်များ၊ ယင်းအကြောင်းကို ရေးထားသည့် ကဗျာများ၊ ပါရမီ ၁၀-ပါး အကြောင်း၊ ဒါန သီလစသော ပုညကိရိယ၀တ္ထု ၁၀-ပါးတို့၏ အဓိပ္ပါယ်၊ ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ်၊ အဘိဓမ္မာ သဘောအဓိပ္ပါယ်၊ သုတ္တနိပါတပါဠိလာ မှတ်သားဖွယ်တရားများ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာအကြောင်း၊ ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိစသည်တို့ကို ဖေါ်ပြထားသည့် ရာဇ၀င်များ ၊ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့၏ ကွဲပြားခြားနားပုံတို့ ဖြစ်ပါသည်။ ယင်းပြဋ္ဌာန်းစာတို့ကို အတန်း အားလျော်စွာ သူ့အဆင့်နှင့်သူ ခွဲခြားပြီး သင်ကြားပေးပါသည်။
ယင်းပြဋ္ဌာန်းစာတို့ကို မိခင်ဘာသာဖြစ်သည့် ဆင်ဟာလဘာသာနှင့် သင်ကြားပေး၏။ အင်္ဂလိပ်စာကိုလည်း သင်ပေး၏။ တချို့ဆန်းဒေးစကူးတို့၌ အင်္ဂလိပ်စာဒီပလိုမာတန်းကိုပင် ဖွင့်လှစ်ထား၏။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်း စာအုပ် တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေ၏။ ယင်းဆန်းဒေး စကူးလ်စာမေးပွဲကို သာသနာရေးဝန်ကြီးဌာနကပင် တာဝန်ယူပြီး ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။



ကျောင်းတက်ပုံအစီအစဉ်

ကျောင်းသူ/ကျောင်းသားများသည် တနင်္ဂနွေနေ့ရောက်ပြီဆိုလျှင် နံနက် (၇) နာရီလောက် မှစပြီး ကျောင်းသို့ လာကြ၏။ ကျောင်းတက်သည့်အခါ အထက်အောက် နှစ်ခုစလုံး အဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့အတိုင်း ၀တ် ဆင်ကြရ၏။ အကြောင်၊ အကျား အရောင်မျိုးစုံနှင့် ခေတ်ဆန်ဆန်အ၀တ်အစားများကို မ၀တ်ကြရပါ။ နိုင်ငံတော် အစိုးရကလည်း SundaySchool ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေးထား၏။ ယောက်ျားလေးများအတွက်လည်; ကတုံး လက်ရှည် ရှပ်အင်္ကျီအဖြူနှင့် လုံချည်အဖြူဖြစ်ပြီး မိန်းကလေးများ အတွက်မှာ Halfဆာရီဆိုသည့် ရိုးရာ အဖြူဝတ်စုံ ဖြစ်ပါသည်။
ဘုန်းကြီးကျောင်းသို့ ရှေးဦးစွာ ရောက်ရှိလာကြသော ကျောင်းသူကျောင်းသားများက ကျောင်းဝင်းအတွင်းရှိ ပန်းပင်များမှ ပန်းများကို ခူး၊ ပြီးတော့ ရေးဆေးကြ၏။ တချို့က မိမိတို့အိမ်မှပင် ပန်း၊ အမွှေးတိုင်၊ ဖယောင်း တိုင်တို့ကို ယူဆောင်ခဲ့ကြ၏။ ယင်းပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သောက်တော်ရေစသည်တို့ကို ဗောဓိပင်အနီးရှိ ပန်းတင်ခုံပေါ်မှာ စီထားကြသည်။
စာသင်ခန်းသို့ မ၀င်မီ နံနက် ၈-နာရီ ၃၀ မိနစ်မှာ သြ၀ါဒခံယူပွဲကို ကျင်းပသေး၏။ ကျောင်းသူကျောင်းသား အားလုံး ဗောဓိပင်ရှေ့မှာ စီတန်းပြီး အတန်းလိုက် ရပ်ကြရ၏။ အလှည့်ကျဖြစ်သည့် ကျောင်းသူ ကျောင်းသား ၁၀-ယောက်၊ ၁၅-ယောက်ခန့်က အမွှေးတိုင်၊ ပန်းခြင်းတို့ကို တန်းစီ ယူဆောင်လာပြီး ကျောင်းသူကျောင်းသားတို့အား တစ်ယောက်ချင်း လက်နှင့် ထိစေ၏။ ပြီးမှ ဗောဓိပင်ရင်းရှိ ရုပ်ပွားဆင်းတုတော်ရှေ့မှာ ပူဇော်ကြပါသည်။
ထိုသို့ ဘုရားကို ပူဇော်ပြီးသောအခါမှသာ ကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးပါးထံ ငါးပါးသီလကို ခံယူဆောက်တည်ကြပါသည်။ ထို့နောက် ရဟန်းတော်နှင့် ကျောင်းအုပ်ဆရာက ကျောင်းသူကျောင်းသားများကို သြ၀ါဒ စကားများကို ပြောကြားပါသည်။ (ယင်းသြ၀ါဒခံယူသည့် အခန်းအနားမှာ အချိန် ၄၅-မိနစ်ခန့်လောက် ကြာ၏။) ပြီးမှ စာသင်ခန်းအတွင်းသို့ ၀င်၍ စာသင်ကြရပါသည်။
နေ့မွန်းတည့်ခါနီး ၁၁- နာရီအချိန်မှာ အားလပ်ချိန် ၁၀-မိနစ်ခန့် အနားပေးပြီး ပေါင်မုန့်၊ လက်ဘက်ရည်စသော မုန့်ပဲသွားရေစာတို့ကို ဝေငှပါသည်။ ထိုမုန့်ပဲသွားရေစာများကို အလှူရှင်ရှိလျှင် အလှူရှင်က၊ အလှူရှင်မရှိလျှင် ကျောင်း ထိုင်ဘုန်းကြီးများက ကျွေးမွေးကြပါသည်။ ထို့နောက် စာသင်ခန်းသို့ ပြန်ဝင်ကြပြီး နေ့လည် ၁၂-နာရီ မိနစ် ၃၀-အချိန်ကျမှ သင်ကြားမှုအစီစဉ်အားလုံး ပြီးဆုံးသွားပါသည်။
သင်တန်းပြီးဆုံးချိန်မှာ ကျောင်းသူကျောင်းသားများသည် စာသင်ခန်းထဲမှပင် ဗောဓိပင်ရှိရာဘက်ကို မျက်နှာမူပြီး ရှေးဦးစွာ မေတ္တာပို့၊ ထို့နောက်မှ ဗောဓိပင်ကို ပူဇော်ကြရပါသည်။ ယင်းသို့ ပူဇော်ပြီးသောအခါမှသာ စာသင်ခန်းတွင်းမှ အားလုံး ထွက်ခွါကြရပါသည်။


ခိုင်မာသည့် အခြေခံအုတ်မြစ်

သိရီလင်္ကာရှိ ကလေးများသည် ဤကဲ့သို့ ဘုရားရှိခိုး၊ သြ၀ါဒခံယူ၊ ဗုဒ္ဓစာပေများကို သင်ကြရသည်မှာ တစ်ပတ် မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ် မဟုတ်၊ နှစ်ပေါင်း ၁၃- နှစ်။ ယင်းကဲ့သို့ နှစ်ပေါင်းများစွာ ဗုဒ္ဓတရားနှင့် ထိတွေ့နေကြရကား ကလေးများ၏ ဘာသာကိုချစ်တဲ့စိတ် လူမျိုးကိုချစ်တဲ့စိတ်မှာ ဦးခေါင်းထဲမှာ သံမှိုနှက်သကဲ့သို့ ဆွဲမြဲသွား ပါတော့သည်။ ဗုဒ္ဓ၀ါဒ၏ အခြေခံ အုတ်မြစ်မှာလည်း ခိုင်မာသွားပါတော့သည်။
ကလေးများသည် ဘုန်းတော်ကြီးများနှင့် ဆရာများ၏ သြ၀ါဒများကိုလည်း နာယူကြရကား ဗုဒ္ဓဘာသာဝင် ကျင့်ဝတ်ကိုလည်း ကျွမ်းကျင်၏။ ဗုဒ္ဓ၀င်ကို သင်ကြားထားကြရကား ဘုရားဖြစ်စဉ်နှင့် ဘုရားလောင်း စိတ်ဓာတ်ကိုလည်း ခရေစေ့တွင်းကျ သိ၏။ သမိုင်းဖြစ်စဉ်တို့ကိုလည်း မှတ်သားကြရသောကြောင့် အမျိုး ဘာသာ သာသနာကိုလည်း ချစ်၏။ ထိုအကြောင်းများကြောင့် ကလေးသူငယ်များ၏ ဘာသာသွေးကား ရဲရဲတောက် နေပေပြီ။ အဘယ်ကဲ့သို့သောသူမှ ဘာသာကူးပြောင်းအောင် မစွမ်းနိုင်တော့ပေ။
ထို့ကြောင့် သီရိလင်္ကာ၌ နှစ်ပေါင်းများစွာနေဖူးသော မြန်မာဘုန်းကြီးတစ်ပါးက ဤကဲ့သို့ ပြောဖူးလေသည်။ ``သိရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး မကြးဘူးသေးဘူး၊ ဘာကြောင့်လဲဆိုရင် ကလေး ဘ၀က စတင်ပြီး အခြေခံ ဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင် သိရှိနေကြပြီလေ၊ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့´´တဲ့။
နိုင်ငံတော်အစိုးရကလည်း ဗုဒ္ဓဘာသာဝင် ကျောင်းသူကျောင်းသားများကို ဆန်းဒေးစကူးလ်သို့ မဖြစ်မနေ တက်ရောက် သင်ကြားကြရမည်ဟု စည်းမျဉ်းထုတ်ထား၏။ အလွန်ကောင်းသော စည်းမျဉ်းတည်း။ ယင်းဆန်းဒေးစကူးလ်ကို နိုင်ငံ့အကြီးအကဲ သမ္မတတိုင်းက အားပေးကြပါ၏။ ယခုလက်ရှိ သမ္မတ Mahinda Rajapaksha က ပို၍ အားပေး၏။
ယင်းဆန်းဒေးစကူးလ် အောင်လက်မှတ်ကိုလည်း အထူးဦးစားပေး၏။ အစိုးရရုံးများ၌ အလုပ်လျှောက် သူတို့သည် ထိုဆန်းဒေးစကူးလ် အောင်လက်မှတ်ကို ပြကြရပါသည်။ အကယ်၍ မပြနိုင်လျှင် အလုပ်ရရှိဖို့ မလွယ်ကူပေ။ တချို့ ပုဂ္ဂလိက ကုမ္ပဏီများသည်ပင် ယင်းအောင်လက်မှတ်မရှိလျှင် လုံးဝ လက်မခံပေ။ ဆန်းဒေးစကူးလ် အောင်လက်မှတ်မှာ ဤမျှလောက် အရေးပါလှပါသည်။

လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း

``လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း``ဟုကြွေးကြော်နေသည့် အမိမြန်မာပြည်ကြီး၌ စနစ်တကျ ပို့ချနေသော ဓမ္မသင်တန်းကျောင်းများ မည်မျှလောက်ရှိသနည်း၊ အကဲခတ်ကြည့်စေချင်ပါသည်။ တချို့နေရာများ၌ ရက်တိုသင်တန်းကျောင်းများကတော့ ထင်ထင်ရှားရှား ရှိပေသည်။ သို့သော် ရက်ရှည်သင်တန်းကျောင်းများကား နည်းပါးလှ၏။ ယင်းသို့နည်းပါးလှသည့်အတွက် တချို့ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များသည် ဘာသာရေး အခြေခံ အားနည်းကြရကား ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာခြားဘက်သို့ ကူးပြောင်းသွားကြသည်ကို ၀မ်းနည်းစွာ တွေ့ခဲ့ရဖူးပါသည်။
စေတီပုထိုးများ၌ ညောင်ပင်ပေါက်လျှင် စေတီပုထိုးများ ပြိုပျက်ကြသကဲ့သို့ မိမိတို့မြန်မာ ပြည်ကြီး၌ ဘာသာ ခြားများ တိုးပွားလာလျှင် စေတီပုထိုးများ မျက်နှာတော် ညှိုးတော်မူရမည့်အခြေ အနေနှင့် ရင်ဆိုင်ရပေမည်။ ဤဖြစ်စဉ်ကို အစဉ်တွေးလျက် ယခုအချိန်မှစပြီး ဓမ္မသင်တန်းကျောင်း (သို့မဟုတ်) ဓမ္မစကူးလ်များကို မိမိတို့ တတ်စွမ်းသမျှ ဖွင့်လှစ် တည်ထောင်သင့်လှပေသည်။
ရန်ကုန်မြို့ရှိ ၀ံသာနုစိတ်ဓာတ် ကိန်းအောင်းနေသည့် ဒကာကြီး တစ်ယောက်က ``တပည့်တော်တို့ရပ်ကွက်မှာ တပည့်တော်တို့ ငယ်ငယ်တုံးက ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၈၀- လောက် ရှိတယ်၊ အခုကြတော့ ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၃၀-လောက်ပဲ ရှိပြီး ဘာသာခြားတွေက ပိုများနေတယ်ဘုရား``ဟု မိမိကို လျှောက်ထားဖူးပါသည်။ ရန်ကုန်မြို့တော်ကြီး၌ ဤကဲ့သို့ဖြစ်နေသော ရက်ကွက်များ မည်၍မည်မျှလောက် ရှိနေဦးမည်မသိ။ သေချာမှုရှိသည်ကတော့ ဘာသာခြားများ တိုးပွားလာနေခြင်းပင်တည်း။
ထို့ကြောင့် ဤအချက်ကိုကောင်းကောင်းသိရကား မြန်မာပြည်အနာဂတ်အရေးကို သွေးအေးအေး မနေတတ်သည့် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက ဤကဲ့သို့ မှာတမ်းတော် ခြွေခဲ့ပါသည်။
`` ဒို့မြေဌာနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာ ကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့၊ ခုကားသို့နှယ်၊ မဟုတ်ကွယ်၍၊ နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့၊ ဘုန်းဘုရား ကျောင်းတွင်၊ စာမသင်တော့။
ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊ ဘုရားကိုစွန့်၊ တရားစွန့် ၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း၊ သို့အတွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊ မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ၀ိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ၊ လိုက်နာယူလျက်၊ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်း ကောင်း၍၊ နောက်နှောင်းသာသနာ၊ ပြည်မြန်မာသည်၊ ရှည်ကြာနေသို့၊ ထွန်းမည်ကို့´´။
အကြင်အခါ၌ မြန်မာပြည်အ၀ှမ်းမှာ ``လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း´´ဟု ကြွေးကြော်နိုင်၏။ ထိုအခါ၌ နတ်ရွာစံသွားလေပြီဖြစ်သော ဘုရင်မင်းမြတ် အနော်ရထာက အထက်ကောင်းကင်ယံ နတ်ပြည်မှတဆင့် ဗြဟ္မာ့ပြည်တိုင်အောင် ``အိုသူတော်ကောင်းတို့ မြန်မာပြည်ကြီးကို ကြည့်ကြကုန်လော၊ အရှင်အရဟံရဲ့သြ၀ါဒကိုခံယူပြီး ငါကိုယ်တော်တိုင် ချခဲ့တဲ့ ဓမ္မအုတ်မြစ်ပေါ်မှာ ရဟန်းရှင်လူပြည်သူများဟာ ကြီးမားသော ဓမ္မအဆောက်အဦးကြီးကို အဆင့်ဆင့် တည်ဆောက်နေကြတယ်ကွယ်၊ ငါကိုယ်တော် အားရကျေနပ်လှပါဘိ၊ ဒါမှ ဒို့တိုင်း ဒို့ပြည်၊ ဒို့မြန်မာပြည် ဖြစ်ပေသကွယ်``ဟု အားရပါးရ ကောင်းချီးနုမော် သာဓုခေါ်နေမည်မှာ မြေကြီး လက်ခတ် မလွဲသာတည်း။

အရှင်ဒေ၀ိန္ဒာဘိဝံသ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(၀၁၊ ၀၆၊ ၂၀၀၉)

(မိမိသည် ဤဆောင်းပါးကို ကိုလံဘိုမြို့ SriJayatiladaramayaကျောင်းမှ သီရိလင်္ကာနိုင်ငံသား အရှင်ဓမ္မနန္ဒကို မေးမြန်း၍လည်းကောင်း၊ http://en.wikipedia.org/ wiki/ Buddhism_in _Sri_Lanka/ နှင့် http://www.bps.lk/wheels_library/wh_281.html#_Toc159679743 ဟူသော Website ကို ကြည့်၍လည်းကောင်း မှတ်တမ်းတင် ရေးထားခြင်းဖြစ်ပါသည်။ ဤဆောင်းပါးကို မည်သည့်စာစောင် မဂ္ဂဇင်း၌မဆို ထည့်နိုင်ပါသည်။)



Read more...

ခေါင်းဖြူပြီး အိုမင်းကာမျှဖြင့် မထေရ်မဆိုနိုင်

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ ရှိစဉ် တောနေအာဂန္တု ရဟန်းသုံးကျိပ် ရောက်လာရာ ကျောင်းတွင် ကိုယ်ကာယသေးသဖြင့် ငယ်ပုံပေါက်နေသော အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်ကို တွေ့မြင်ကြ၏။ ဘုရားရှင် ရှေ့တော်မှောက် ရောက်လာကြသောအခါ ဘုရားရှင်က အာဂန္တုရဟန်းတို့အား-ကျောင်းအနီးတွင် မထေရ်တပါးကို တွေ့မြင်ခဲ့ကြသလော-ဟု မေးရာ မထေရ်တပါးမတွေ့ခဲ့ပါ၊ သာမဏေငယ်တပါးကိုသာ တွေ့မြင်ခဲ့ကြပါသည်ဘုရား- ဟု လျှောက်တင်ကြ၏။

ရဟန်းတို့ ထိုသူသည် သာမဏေမဟုတ်၊ မထေရ်ကြီးတပါးဖြစ်သည်-ဟု ဘုရားရှင်က မိန့်တော်မူ၏။ ထိုအခါ အာဂန္တုရဟန်းများက -အရှင်ဘုရား ထိုမထေရ်သည် အလွန်သေးငယ်လှပါသည်ဘုရား-ဟု လျှောက်ထားကြ၏။ ဘုရားရှင်က-ရဟန်းတို့ အသက်ကြီးကာမျှဖြင့်၎င်း၊ မထေရ်နေရာတွင် ထိုင်နေကာမျှဖြင့်၎င်း မထေရ်ဟု မခေါ်ဆိုနိုင်။ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး အခြားသူအား မညှဉ်းဆဲသူသာ မထေရ်ဖြစ်၏-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
န တေန ထေရော သော ဟောတိ ၊ ယေနဿ ပလိတံ သိရော ။
ပရိပက္ကော ၀ယော တဿ ၊ မောဃဇိဏ္ဏော-တိ ၀ုစ္စတိ ။

ယမှိ သစ္စဉ္စ ဓမ္မော စ ၊ အဟိံသာ သံယမော ဒမော ။
သ ဝေ ၀န္တမလော ဓီရော ၊ ထေရော ဣတိ ပ၀ုစ္စတိ ။

( မြန်မာပြန် )
၁။ ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏။ ထိုဖြူကာမျှဖြင့် မထေရ်မမည်။ ထိုရဟန်း၏ အရွယ်အိုရင့်မှုကို အကျိုးမဲ့အိုရင့်မှု-ဟု ဆိုအပ်၏။

၂။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏။ တရားလည်းရှိ၏။ ညှဉ်းဆဲမှုမရှိ။ သီလစောင့်ခြင်းရှိ၏။ ဣနြေ္ဒကိုလည်း ဆုံးမ၏။ ကိလေသာပျို့အန်ပြီးသော ထိုသူကိုသာ မထေရ်ဟု ဆိုအပ်၏။

( ဆောင်ပုဒ် )
ဖြူဖွေးဆံပင်၊ ခေါင်းတပြင်လုံး၊ ပိတ်ဖုံးကာမျှ၊ ကြီးစွာ့မထေရ်၊ မဆိုလေနှင့်၊
အိုနေချိန်လင့်၊ ထိုရွယ်ရင့်ကား၊ နှေးဖင့်ဉာဏ်ရွဲ့၊ အကျိုးမဲ့သာ၊ အိုရင့်လာသူ၊ ဖြစ်သည်ဟူ၏။

သစ္စာလည်းရှိ၊ တရားသိလျက်၊ မြဲသည့်သီလ၊ ဆုံးမဣနြေ္ဒ၊ ကိလေသာကင်း၊ မညှဉ်းဆဲဘိ၊ ပညာရှိသာ၊ မြတ်သည့်ပုဂ္ဂိုလ်၊ မထေရ်ဆို၏။

( ဓမ္မဋ္ဌ၀ဂ် လကုဏ္ဍကဘဒ္ဒိယတ္ထေရ၀တ္ထု )


Read more...

တသက်လုံး မှီခိုအားထားရမည့် တရားများ

ဗုဒ္ဓသာသနာတော်၌ တည်ကြကုန်သော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့သည် ဘုရားရှင်ဟောကြားသော တရားတော်များကို အခွင့်ကြုံတိုင်း နာယူကြရုံမျှမက တခါတရံ သူတို့တွေးကြံ၍မရသော ပုစ္ဆာများကိုလည်း ချဉ်းကပ်မေးမြန်းကြကုန်၏။

အခါတပါးတွင် နတ်သားတယောက်သည် ဗုဒ္ဓထံလာရောက်၍ ပုစ္ဆာလေးမျိုး မေးလျှောက်ရာ မှတ်သားလိုက်နာဘွယ် ကောင်းလှပါသည်။

( ၁ ) ကိံသု ယာဝ ဇရာ သာဓု-မြတ်စွာဘုရား သတ္တ၀ါတွေမှာ ငယ်ငယ်ကစပြီး သေခါနီးအထိ အချိန်မရွေး ဆင်မြန်းရန် အကောင်းဆုံးတရားသည် အဘယ်ပါနည်း။

( ၂ ) ကိံသု သာဓု ပတိဋ္ဌိတာ-သတ္တ၀ါတို့၏ တည်ရာ မှီရာ ဖြစ်သော တရားသည် အဘယ်ပါနည်း။

( ၃ ) ကိံသု နရာနံ ရတနံ-သတ္တ၀ါတို့၏အမြတ်ဆုံးဟု ခေါ်ဆိုထိုက်သော ရတနာကား အဘယ်ပါနည်း။

( ၄ ) ကိံသု စောရေဟိ ဒူဟရံ-သူခိုးတို့သည် ခိုးယူခြင်းငှါ မတတ်နိုင်သော ပစ္စည်းကား အဘယ်ပါနည်း။

မြတ်စွာဘုရားက ဟောညွှန်ပြတော်မူသည်မှာ-
( ၁ ) ငယ်ရွယ်စဉ်ကစပြီး သေခါနီးအချိန်အထိ အချိန်မရွေး အမြဲဆင်မြန်းရန် ကောင်းသောတရားကား-သီလတည်း။
သံသရာမှထွက်မြောက်ရေး ပဋိပတ်ကျင့်စဉ်ကို သီလမရှိလျှင် မအောင်မြင်နိုင်ပါ။

( ၂ ) အကောင်းဆုံးမှီရာ၊ အားထားရာ တရားသည် သဒ္ဓါတရား ဖြစ်သည်။
ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မည်သူမဆို သဒ္ဓါတရားမှန်ကန်စွာရှိမှ အောင်မြင်ထမြောက်နိုင်သည်။

( ၃ ) သတ္တ၀ါတို့၏ အမြတ်ဆုံးရတနာကား ပညာဖြစ်သည်။
လောကီ လောကုတ္တရာ ပညာတတ်မြောက်မှ ဘယ်အရပ်မှာမဆို ဘယ်အသိုင်းအ၀ိုင်းမှာမဆို အောင်မြင်ကြီးပွားနိုင်သည်။

( ၄ ) လူဆိုး သူခိုးတို့ မယူနိုင်သော ပစ္စည်းကား ပုညခေါ် ကုသိုလ်ကောင်းမှု ဖြစ်သည်။
ကုသိုလ်ကောင်းမှု၏ အရှိန်အဟုန်သည် ဘ၀တိုင်းတွင် လိုက်ပါလျက် အကျိုးပေးနိုင်သည်။
ကောင်းသောသုဂတိ ဘ၀များကို ရရှိလျက် တဆင့်ထက်တဆင့် မြင့်မြတ်သော ကောင်းကျိုးတို့ ရရှိနိုင်သည်။

နတ်သားအား မြတ်ဗုဒ္ဓ ညွှန်ပြတော်မူသော တရားများကို မမေ့မလျော့ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။


Read more...

ခရီးသွားမှတ်တမ်း(၇)

မဲခေါင်မြစ်အတွင်း တစ်ညအိပ်နှစ်ရက်ခရီး
၂၁.၅.၂၀၀၉
နံနက် ၁၁ နာရီ၊ ဟောင်စီဆိပ်ကမ်းမှ မော်တော်ဖြင့် စတင်ထွက်ခွာလာခဲ့ပါတယ်။ စာရေးသူတို့နဲ့အတူ လိုက်ပါလာကြတဲ့ ခရီးသည်များက လူဖြူကြီးပဲများပါတယ်(Tourisim) တိုးရစ်တွေကြီးပါပဲ။ ဒေသခံ လာအိုသူ/သားများက အနည်းငယ်ပါပါတယ်။
လူဖြူတွေကြားထဲမှာ စာရေးသူတို့ သုံးယောက်က ထူးခြားစွာနဲ့ ကာလာတူ နီညိုရင့်သင်္ကန်း(၀တ်ရုံ)များနဲ့ဆိုတော့ မမြင်ဖူးတဲ့ သူတို့မျက်စိထဲမှ အမြင်ဆန်းကာ အံ့သြစွာ ကြည့်ကြပါတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာ လူဖြူအချို့လည်း ပါဝင်ကြတယ်။
ဥပမာပေးရမယ်ဆိုပါက ကျီးကန်းတွေကြားမှာ ဟင်္သာသုံးကောင် ရောက်နေတယ်လို့ပဲ တင်စားပြောလိုက် ချင်တော့တယ်။

မော်တော်ဘုတ် စထွက်လို့ ၁၁း၃၀ ခန့်မှာ စာရေးသူတို့ သုံးယောက်သား ဟော်တယ်ပိုင်ရှင် လာအိုသူ လှူဒါန်းလိုက်တဲ့ ဆွမ်းကို နေ့ဆွမ်းအဖြစ် ဘုဉ်းပေးကြပါတယ်။
ဟောင်စီမြို့မှ လော်ဖရာဘန်{အင်တာနက်တွင်နာမည်ကြီးနေတဲ့ (world hari tage city) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်} မြို့သို့ မဲခေါင်မြစ်ကြောင်း အတိုင်း စုံဆင်းလာခဲ့တယ်။ ပထမတော့ မြောက်မှ တောင်သို့ စုံဆင်းလာပေမဲ့ နောက်တော့ အနောက်မှ အရှေ့သို့ စုံဆင်းလာပါတယ်၊ ဘာကြောင့်လဲဆိုရင် မဲခေါင်မြစ် ကြီးက ကောက်ကွေ့နေလို့ပါပဲ။ မဲခေါင်မြစ်နဲ့ပတ်သက်ပြီး အနည်းငယ်တင်ပြလိုပါသေးတယ်။
မဲခေါင်မြစ်ဟာ အစအဆုံး အရှည် ၄၈၀၀ ကီလိုမီတာ ရှည်လျားပြီး၊ အရှေ့တောင်အာရှဗဟိုချက်မကို ဖြတ်၍ နိုင်ငံ(၆)ခုကို ဖြတ်သန်း စီးဆင်းလာပါတယ်။ ဒီမြစ်ဟာ တိဘက်ဒေသမှ မြစ်ဖျားခံဆင်းလာပြီး၊ ဗီယက်နမ် မြစ်ဝှမ်းဒေသအထိ စီးဆင်းလာပါတယ်။ လူသန်း ၆၀ခန့် မဲခေါင်မြစ်နှင့်မြစ်လက်တက်များကို အမှီပြုပြီးနေကြရပါတယ်။ အစားအသောက်၊ ရေနှင့်သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် ထိုမြစ်ကို အသုံးပြုနေကြရတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြား မဲခေါင်မြစ်က နယ်နိမိတ်အဖြစ်၂၃၄ ကီလိုမီတာအရှည် ဖြတ်သန်းစီးဆင်းပါတယ်။ လူပေါင်းများစွာ မဲခေါင်မြစ်ကို အမှီပြုပြီး နေရတဲ့အတွက် ဒီမြစ်ဟာ လူသားများအတွက် အလွန်ကျေးဇူးများတဲ့ မြစ်တစ်စင်းဖြစ်တဲ့အတွက် “လူသားများအတွက် မဲခေါင်မြစ်” လို့ တင်စားပြောလိုက်ချင်တော့ တယ်။
ဒါကမဲခေါင်မြစ်အကြောင်း တစ်စိတ်တစ်ဒေသပါ၊ အပြည့်အစုံဖတ်ချင်ရင်တော့ အင်တာနက်မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
သို့နှင့် မဲခေါင်မြစ်ချောင်းအတိုင်း မော်တော်ဖြင့် စုံဆင်းလာရာ တစ်ချို့နေရာတွေမှာ မြစ်ချောင်းအနေအထားက ကျဉ်းကျဉ်းလေးပဲရှိတယ်၊ နံဘေးတစ်ဖက်တစ်ချက်မှာတော့ ကျောက်ဆောင်များ တွေ့ရတယ်။ ကျောက် ဆောင်ပုံသဏ္ဍာန်များမှာ ရေတိုက်စားမှုကြောင့် ပုံစံအမျိုးမျိုးပဲ၊ မော်တော်ဘုတ်စတင် ထွက်ခွာလာတုန်းကတော့ တဖက်ကမ်းက လာအို၊ တဖက်ကမ်းက ထိုင်းပါ။ နောက် မကြာမီမှာပဲ ကမ်းနှစ်ဖက်စလုံး လာအိုနယ်နိမိတ်အတွင်းဖြစ်နေပါပြီ။ အဲဒီအခါမှာ ထိုင်း GSM ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်ခဲ့ရပါတယ်။
ဒါကြောင်လည်း အတူပါလာသူ တစ်ဦးက “အခုမှ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာပဲ” လို့ ပြောပါတယ်။
ညနေ ၆ နာရီခန့်မှာ pak bang ဆိုတဲ့ မြို့မှာ တစ်ညတာအနားယူ အိပ်စက်ကြပါတယ်။ ဒီမှာတော့ ဟော်တယ်ခ ထိုင်းဘတ် ၃၀၀ ပေးရပါတယ်။
Pak bang မြို့ရဲ့ရာသီဥတုက အလွန်သာယာတယ် နံနက်ပိုင်းအချိန်မှာ ရာသီဥတု အေးမြ မြ အရသာကို ခံစားရပါတယ်။ ပြင်ဦးလွင်ရဲ့ ရာသီဥတုလိုပဲ၊ pak bang မြို့မှာ ခေတ္တခဏ နေထိုင်ရတယ်ဆိုပေမယ့် ချမ်းချမ်းသာသာနေရတယ်ဆိုပါတော့။
သူတို့ရဲ့ လာအိုငွေဟာ မြန်မာငွေထက် အများကြီးငယ်တယ်ဆိုပေမယ့် အစစအရာရာ ဈေးကြီးလှတယ်။ ရေသန့်တစ်ဘူးကို လာအိုငွေ 3000 KIP ပေးရပါတယ်။ မြန်မာငွေဆိုရင် တော့ ရေသန့်တစ်ဘူးကို ၄၅၀ ခန့်ကျပါတယ်။ ကိုကာကိုလာ တစ်ဘူးကို KIP 10000, (မြန်မာငွေဆိုရင်တော့ ၁၅၀၀ ကျပ်) ပေးပြီးဝယ်သောက်ရပါတယ်။
ညဖက်စာရေးသူတို့ ပင်ပမ်းနွမ်းနယ်လာကြရာ အပမ်းပြေစေရန်အတွက် ဟော်တယ်မှာ Lao Tea ကို မှာသောက်ပါတယ်၊Lao Tea ဆိုလို့ လဘက်ရည်လို့ မထင်လိုက်ပါနဲ့၊ လဘက်ခြောက်နည်းနည်းထည့်ထားတဲ့ မြန်မာအခေါ် ရေနွေးကြမ်းပေါ့။ ရေနွေးကြမ်းတစ်ခွက်ကို 5000 KIP ပေးရတယ်။ မြန်မာငွေဆိုရင်တော့ ၇၅၀ ကျပ်ကြပါတယ်။
ကြားဖူးကြရဲ့လား အရပ်ကတို့ရေ……မဲခေါင်မြစ်ကမ်းနဖူးက pak bang မြို့မှာ ရေနွေးကြမ်းတစ်ခွက်ကို မြန်မာငွေ ၇၅၀ ကျပ်ပေးပြီး ၀ယ်သောက်ခဲ့ရတယ်။ နမြောသော်လည်း မတတ်နိုင် သောက်လိုက်ရတာပါပဲ၊ ညဖက် အိပ်ရာဝင်ကြကာ မနက်စောစောထပြီး ဆိုင်တစ်ဆိုင်မှာ သုံးယောက်သား ထမင်းကြော်စားကြပါတယ်။ ထမင်းကြော်တစ်ပွဲက KIT 15000 ၊ မြန်မာငွေဆိုရင်တော့ ၂၂၅၀ ကျပ်လောက်ကျပါ တယ်။
Loung prabang မြို့ကို မော်တော်ဘုတ်က နံနက် ၉ နာရီမှာ ထွက်ခွာမယ်လို့ စုံစမ်းသိရတဲ့အတွက် ဦးကုမာရနှင့်စာရေးသူတို့ နှစ်ဦးသား နေ့လည်စာအတွက် ကြိုတင်ပြီး ၀ယ်ယူကြပါတယ်။ ထမင်းကြော်က သုံးပွဲ၊ sand wiches အသားညှပ် ပေါင်မုန့် က သုံးခု၊တစ်ခုလျှင် 10000KIP မြန်မာငွေ ၁၅၀၀ ကျပ်ကြပါတယ်။ လာအိုနိုင်ငံမှာ ဈေးဝယ်ရင် ထောင်ဂဏန်းလောက် အနည်းဆုံးပေးရတယ်။
ဟောင်စီ(Houei Xai )မှ လောပရန်ဘန်(Loungprabang)သို့ မော်တော်ဖြင့် တစ်ည အိပ်နှစ်ရက်ခရီးလာရပါတယ်။ ကီလိုမီတာ ၆၀၀ အနည်းဆုံးရှိပါတယ်။
မဲခေါင်မြစ်ကြောင်းတစ်လျှောက် သတိထားမိတာက ကမ်းတစ်ဖက်တစ်ချက်မှာ ကျွန်းပင်များကို ကမ်းခြေတစ်လျှောက် စိုက်ထားတာကို တွေ့ရပါတယ်။ တစ်ချို့တောင်တွေမှာ သစ်ပင်မရှိ မြေသားပြင်ကြီးတွေ့ရတဲ့အတွက် တောင်ယာအလုပ်အကိုင်ကို လုပ်ကိုင်ကြသူများလည်း ရှိတယ်လို့ ယူဆရပါတယ်၊ တစ်ချို့ဆို မဲခေါင်မြစ်အတွင်း လှေလေးကိုယ်စီဖြင့် ပိုက်မျော၊ပိုက်ထောင် လုပ်ကိုင်နေကြ တဲ့အတွက် တံငါအလုပ်ကိုလည်း ဟင်းလျာရဖို့အရေး ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ လာအိုနိုင်ငံသူများဟာ ယိုးဒယားသူများနဲ့ ဆင်ပါတယ်၊ မြန်မာပြည်မှာဆိုရင်တော့ ပအိုဝ်သူလေးများနဲ့ ဆင်တူပါတယ်။ ရေမြေဒေသကလည်း မြန်မာပြည်ရှမ်းပြည်နယ်နဲ့ အဆင်တူပါတယ်။
မဲခေါင်မြစ်တစ်လျှောက်မှာ ကျောက်ဆောင် ကျောက်တုံးများ လွန်စွာပေါများတဲ့ အတွက် မော်တော်စီးရတာ အလွန်အန္တရာယ်များတယ်လို့ ဆိုရမယ်။ ဒါပေမယ့် မော်တော် မောင်းသူများက ကျွမ်းကျင်လှတဲ့ အတွက် စိတ်ချစွာ သွားလာနိုင်ပါတယ်။
တကယ်လို့ မော်တော်နဲ့ မသွားချင်ဘူးဆိုပါရင် ကုန်းလမ်းကနေ ကားဖြင့် သွားမယ်ဆိုလဲ ရပါတယ်လို့ သိရတယ်။ သတိထားရမှာက ကားလမ်းမှာ တောင်တက်တောင်ဆင်း လမ်း အကွေ့တွေ အလွန်များတဲ့အတွက် အန္တရာယ်များတယ် လို့ဆိုပါတယ်။ဒါကြောင့်လည်း စာရေးသူတို့ ဒီမဲခေါင်မြစ်အတိုင်း မော်တော်စီးဖို့ ရွေးချယ်မိတာပါ။
၂၂.၅.၂၀၀၉
ဒီလိုနဲ့ စာရေးသူတို့ စီးလာတဲ့ မော်တော်ဘုတ်ဟာ ညနေ ၆ နာရီလောက်မှာ လောပရာဘန် (loungprabang)သို့ ဆိုက်ကပ်ပါတယ်၊ ဆိပ်ကမ်းရောက်တယ်ဆိုရင်ပဲ ကမ်းနာတွင် လူကြီးလူငယ်လူရွယ်များက စာရွက်လေးတွေကိုင်ပြီး တည်းခိုခမ်းကြော်ညာနေတာကို တွေ့ရပါတယ်။ စာရေးသူတို့လည်း ဟော်တယ်မှာပဲ တည်းကြပါတယ်။ တည်းခတစ်ညကို (၃)ယောက်ခန်း၊ ထိုင်းဘတ်ငွေ ၄၀၀ ကျပါတယ်။
တည်းခိုခန်းရောက်တော့ ရေချိုးလိုက်တဲ့အခါကျတော့မှ တစ်နေ့လုံးပမ်းသမျှ လန်းလာပါ တော့တယ်။
ညဖက်ကျတော့ စာရေးသူနှင့်ဦးကုမာရတို့နှစ်ဦး မြို့ထဲသွားကာ အင်တာနက်ကဖေးဆိုင် ရှာဖွေရာ အဆင်သင့်တွေ့တဲ့အတွင်နှစ်ဦးသား နက်သုံးကြပါတယ်။
ပြီး မြို့ထဲတွင် ညဖက်ဗဟုသုတရအောင် ၉၆၉၃ ကိုသုံးပြီး ခြေလျင်လျှောက်ကြတယ်။ Loungprabang မြို့လေးရဲ့ ညရှုခင်းကတော့ အိမ်အတော်များများမှာ မီးလုံးများစွာတို့ဖြင့် ထွန်းထားတဲ့အတွက် လျှပ်စစ်မီးများ အလွန်သုံးနိုင်တဲ့ မြို့လို့ဆိုရပါမယ်။ ညရှုခင်းမြင်ကွင်းကို စာရေးသူတို့အဖို့ မြင်ရတာ စိတ်ချမ်းသာလှပါတယ်။
ဒီမြို့ကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီး သည်များ အရောက်များကြတယ်။ စာရေးသူတို့ ရောက်တဲ့နေ့ကဆိုလျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တစ်ရာကျော်ခန့် ရှိမည် ဟုခန့်မှန်းရပါတယ်။ ဘာ့ကြောင့် နိုင်ငံခြားခရီးသည်များ ဒီနေရာကို အရောက်များရတာလဲ ဆိုရင် ဒီ Loungprabang ရော်ပရာဘန် မြို့မှာ ရှေးဟောင်း အမွေအနှစ်များကို မပြုမပြင်ပဲ ထားရှိတဲ့အတွက် The world heri tage city ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်မြို့တော် ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခြင်းခံရတယ်။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်များဟာ ဒီ The world heri tage city ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်မြို့တော်ကို ပွင့်လင်းရာသီမှာ နေ့စဉ်နှင့်အမျှ တစ်ရာကျော်ခန့် ရောက်ရှိနေကြတာကို တွေ့မြင်ရပါတယ်။
ရှေးဟောင်းအမွေအနှစ်ဆိုလို့ လောနိုင်ငံက အင်တာနက်ပေါ်တင်ပြီး ကြော်ညာထားတဲ့အတွက် ကမ္ဘာ့လှည့်ခရီးသည်များ အသိများလာရခြင်းဖြစ်တယ်။
ယခုလည်းစာရေးသူတို့ ဒီနေရာကို သွားရတာကလည်း အင်တာနက်ကနေတစ်ဆင့် website တွေကြည့်ပြီး နယ်စပ်ဖြတ်ပြီး arrival visa ကို အလွယ်တကူရတဲ့အတွက် ဒီလမ်းကြောင်းကနေ သွားကြသလို တစ်ခြား ကမ္ဘာလှည့်ခရိးသည်တွေလည်း အဲလိုပဲ သွားလည်ကြတာ ဖြစ်ပါတယ်။ တကယ်လို့ လောနိုင်ငံ visa ရဖို့အတွက် ဘန်ကောက်ပြန် visa ထုနေရမယ်ဆိုရင်တော့ ဒီလမ်းကြောင်းကနေ သွားဖြစ်ကြမှာ မဟုတ်ပါ။ ဒီလိုပါပဲ ရွှေတြိဂံနယ်မြေ မြန်မာဖက်ကမ်းမှာလည်း Imagration office ရုံးဖွင့်ပြီး arrival visa ပေးနိုင်ခဲ့မည်ဆိုပါက ခရီးသည်များ ရွှေတြိဂံကနေတဆင့် မြန်မာပြည် ထဲဝင်လာနိုင်တယ် လို့ တွေးမိပါတယ်။ဒါဆိုရင် နိုင်ငံခြားငွေ အများကြီးရ ရှိမှာဖြစ်ပါ တယ်။(ဆက်လက်ဖေါ်ပြဦးမည်)



Read more...

ခန္ဓာ နှင့် ကွန်ပျူတာ

ခန္ဓာ အကြောင်း ရှင်းထားတာ နားမလည်ပါ...။ ရေးပြထားသော အချက်ငါးချက်မှာ ခန္ဓာ ၏ Characteristics သဘောလက္ခဏာ များ ဖြစ်မည် ထင် သည်။

ခန္ဓာ ဆိုသည် ကျွန်ုပ်တို့ ၏ လက်ရှိကိုယ်အကောင်အထည် ကို ဆိုလိုခြင်းမဟုတ်ဆိုလိုချင်ပါသလား...။

သို့တည်းမဟုတ် ကိုယ်အကောင်အထည်ကို နှလုံးမသွင်းပဲ ထို Characteristics သဘောလက္ခဏာ များကိုသာ နှလုံးသွင်းသင့်သည် ဆိုပါသလား....။

သို့တည်းမဟုတ် ခန္ဓာ၏ အဓိပ္ပါယ်သည် ကိုယ်အကောင် အထည်ကို ဆိုလိုခြင်းကားမှန်၏ တရားအားထုတ်မှု လမ်းစဉ်၌ ဤ Characteristics သဘောလက္ခဏာ များကိုသာ အာရုံတွင် ထင်ဟပ်၍ကျင့်ကြံရမည် ဆိုလိုပါသလား......။

သို့မဟုတ် ထင်ရှားအောင် အခြားအဓိပ္ပါယ်ရှိလျှင် ရှင်းပြပေးပါ.......။ အင်း...။ ဘလော့တစ်ခုထည်းရေးနေရင်း ဖိုက်သလိုတော့ ဖြစ်မယ် မထင်ဘူး......။
June 21, 2009 9:53 AM
အထက်ပါ စကားစုသည် မဟာဆန် ဘလော့စာမျက်နှာဖက်က ခန္ဓာ ငါးပါးကို မြန်မာလို သဘောပေါက်သိမြင်နိုင်ကြပါစေ ပို့စ်တွင် မင်းညို ရေးထားခဲ့သော ကောမန့် ဖြစ်သည်။

ခန္ဓာ
ဟူသည်မှာ ပျက်စီးတတ်သော သဘောအစု ဖြစ်ပျက်မှုကို နာမည်ပေးထားခြင်းဖြစ်သည်။
မင်းညိုတွေးခဲ့သလို ကျွန်မလည်း အရင်က ခန္ဓာဆိုသည်ကို အဲလိုအတွေးမျိုးတွေနှင့် သို့လော သို့လော ဖြစ်ခဲ့၏။ ထိုသို့ဖြစ်ရခြင်းမှာ ခန္ဓာဟူသော မြန်မာစကားလုံးသည် ကိုယ်အကောင်အထည်ကြီးဟူ၍ မြန်မာတိုင်း သိထားကြသောကြောင့်ဖြစ်၏။

ခန္ဓာ ဟူသည် မြန်မာလို ဘာသာပြန်ရလျှင် အစုအပေါင်းဟု အဓိပ္ပာယ်ရပါသည်။ (မိုးကုတ်ယောဂီလက်စွဲ ၁ ၊ စာမျက်နှာ ၁၉) ။ အစုအပုံုံ an aggregate ခန္ဓ ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။(မြန်မာ အင်္ဂလိပ် ပါဠိ အဘိဓာန်၊ စာမျက်နှာ ၉၀၅)
အဲဒီ အစုအပေါင်းကြီး ပြုလုပ်တတ်သော functions များကို ရေတွက်လိုက်လျှင် ၅ မျိုး ရှိ၏။ ထို ၅ မျိုးတို့ကိုမှ ခန္ဓာငါးပါးဟု ခေါ်ကြသည်။ မြန်မာစကားတွင် ခန္ဓာကို အစုအပေါင်းဟု မြန်မာလို မသုံးဘဲ ခန္ဓာဟုသာ ပါဠိသက်သက် ယူသုံးခဲ့သဖြင့် သူ၏ သဘောသဘာဝတို့ကို ကျွန်မတို့ မသိခဲ့ခြင်းဖြစ်သည်။ ဥပမာ….. ကားမောင်းသူကို ဒရိုင်ဘာဟု သုံးခြင်း၊ အရံလိုက်ပါကူညီသူကို စပယ်ယာဟု သုံးခြင်း၊ အငှားကားကို တက္ကစီဟု သုံးခြင်း တို့နှင့် ဆင်တူသည်။ ဒရိုင်ဘာဟု ပြောလိုက်လျှင် ကားမောင်းတဲ့လူလို့ ကျွန်မတို့ ချက်ချင်းသိသည်။ စဉ်းစားစရာမလို။ တိုက်ရိုက်တန်းသိသည်။ သို့သော် ခန္ဓာ ဆိုတာကိုကျ ကျွန်မတို့က အစွမ်းသတ္တိ ၅ မျိုးရှိသော အစုအပုံကြီးရယ်လို့ မသိခဲ့ကြပေ။ ထို့ကြောင့်လည်း ကျွန်မတို့ကို ဆရာသမားများက အသက်ထွက်အောင် ရှင်းပြနေရခြင်းတည်း။ တနည်း နားလည်အောင် ပြောရလျှင် ခန္ဓာဆိုတာ အမည်၊ သူလုပ်တတ်တာက ၅မျိုး ဟု ဆိုနိုင်သည်။ ဒရိုင်ဘာဆိုတာ အမည်ပေးထားတာ၊ သူလုပ်တာက ကားမောင်းတာ(ဥပမာ)

ကျွန်မ နားလည်ထားသလောက် ရေးကြည့်ပါမည်။ ထင်ရှားသော ဥပမာ တစ်ခု ပြရလျှင် ”ကွန်ပျူတာ”။ ကွန်ပျူတာသည် နာမည်တစ်ခုဖြစ်၏။ သူလုပ်တတ်သော function တွေ အများကြီးရှိသည်။ သူ့ကို အသုံးပြုပြီး အကျိုးရှိအောင် လုပ်နိုင်သည်များလည်း ရှိ၏။ ထိုကွန်ပျူတာအကြောင်းကို သိသူများရှိ၏။ တချို့ကျတော့ ကွန်ပျူတာ ဆိုတာ နာမည်သာ ကြားဖူးသည်။ ရှိသည် ဆိုတာကို သိသည်။ ကွန်ပျူတာ ဘာတွေ လုပ်တတ်သလဲ၊ သူ့ကို ဘယ်လို အသုံးပြုရသလဲ မသိတဲ့လူတွေ တပုံကြီး ရှိပါသည်။
ထိုဥပမာ အတိုင်းပင်တည်း။ ခန္ဓာဟူသည် နာမည်ဖြစ်၏။ ကျွန်မတို့ ကြားဖူးသည်။ သို့သော် သူ၏ လုပ်ငန်းများကို ကျွန်မတို့ မသိကြပေ။ ကွန်ပျူတာဆိုတာကို ကြားဖူးရုံ မြင်ဖူးရုံသာ ရှိသော သူများကဲ့သို့ပင် ဖြစ်သည်။
ထိုခန္ဓာ၏ သဘောသဘာဝတို့ကို ဘုရားရှင်က သိမြင်တော်မူ၏။ သိတဲ့အတိုင်း သင်ပေးခဲ့သည်။ “ခန္ဓာဆိုတာ ငါးမျိုးလုပ်တတ်တယ် ၊ ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိညာဉ်၊ အဲဒီ ငါးမျိုးလုပ်တတ်တယ် ”ဟု ဆုံးမခဲ့ခြင်း ဖြစ်ပါသည်။
လိုရင်းအချက်မှာ ခန္ဓာ ဟူသည် နာမည်ပေးထားခြင်း ဖြစ်၍ ၄င်းသည် အလုပ် ၅ မျိုး လုပ်ဆောင်တတ်သည် ဟု သိရန်သာဖြစ်ပါသည်။ ခန္ဓာဟု ပြောလိုက်တာနှင့် သူ၏ အလုပ် ၅မျိုးကို auto သိနေပြီးသား ဖြစ်နေရမည်။ အဲဒီ ၅မျိုးကို နှလုံးသွင်းကို သွင်းရပါလိမ့်မည်။
ဂဏာန်းတစ်ကောင်ကို သတ်ချင်လျှင် သူ၏ အားသာချက်ကို သိဖို့လိုသည်။ သူ၏ လက်မများသည် အစွမ်းရှိသည်၊ နာကျင်အောင်လုပ်နိုင်သည် ဆိုသည့်အချက်ကို သိကိုသိနေရပေမည်။ သို့မှသာ သူ၏ လက်မများကို အရင်ဖမ်းချုပ်ပြီးလျှင် အလွယ်တကူ အသေသတ်နိုင်ပေမည်။ ထို့အတူပင် ခန္ဓာ၏ စွမ်းရည် ၅ မျိုးကို သိနေမှ အဲဒီစွမ်းရည်တွေကို နှိမ်နင်းပြီး ဘယ်လို ကြိုးကိုင်နိုင်မလဲဆိုတာ သိမည် မဟုတ်ပါလော။

ကျွန်မသည် သိလွန်း တတ်လွန်း၍ ဒီစာကိုရေးတာ မဟုတ်ပါ။ တကယ်တတ်သိသူများထံသို့ ကျွန်မ လေ့လာထားသမျှ မှားသလား မှန်သလား ဝေဖန်ပေးဖို့ ဒီစာကို တင်ပြခြင်းသက်သက်သာဖြစ်ပါသည်။ မိမိ စမ်းသပ်မှုတစ်ခုကို ဆရာအား မှန် မမှန် ဆုံးဖြတ်ပေးဖို့ တင်ပြခြင်းမျိုးသာ ဖြစ်ပါသည်။ အမှန်တကယ် သိသူများ ကျွန်မစာကို ဖတ်မိခဲ့လျှင် အမှား အမှန် ထောက်ပြဖို့ တောင်းဆိုပါသည်။



Read more...

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…

Q. အရှင်ဘုရား…
ခင်ပွန်းကြီး ၁၀ ပါးမှာ ၁-ဘုရား၊ ၂-ပစ္စေကဗုဒ္ဓါ၊ ၃-ရဟန္တာ၊ ၄-အဂ္ဂသာဝက၊ ၅-အမိ၊ ၆-အဘ၊ ၇-အလေးအမြတ်ပြုအပ်သော ဆရာ၊ သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ၊ ၈-လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ၊ ၉-ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်းဖူးသူ )၊ ၁၀-တရားဟော ပုဂ္ဂိုလ် လို့ ဖတ်ရှုရပါတယ်ဘုရား။ ရဟန္တာနှင့် အဂ္ဂသာဝကများ ပါသော်လည်း သောတာပန်စသည့် ကျန်သံဃာများ မပါသည်ကို တွေ့ရပါသည်။ ၇ နှင့် ၈ မှာလဲ အလေးအမြတ် ပြုအပ်သော ဆရာနှင့် လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးသော ဆရာမှာ တစ်မျိုးတည်းဟု ထင်ပါသည်။ သမာဓိနှင့်ပြည့်စုံ ဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ- ဆိုသည်မှာလည်း ဘာကို ဆိုမှန်း နားမရှင်းပါ။ ၁၀- တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ ဖြစ်သဖြင့် နားမရှင်းပါ။ တပည့်တော်အား သနားသဖြင့် ရှင်းပြပေးတော်မူပါ ဘုန်းဘုန်း။
အောင်မြင့်


A. ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ
ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာမေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါတယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆတွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီးဖြစ်ပါတယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက (တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။

အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူးတရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။



Read more...

သြ၀ါဒ

ဗုဒ္ဓဘာသာ တန်ဘိုးကို နားလည်ပါ။
ရတနာသုံးပါးကို ရတနာမှန်း သိပါ။
မိဘဆရာကို ရိုသေပါ။
အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ပါ။

ရအောင်ရှာ၊ ရှိအောင်စု၊ ချွေတာ၊ လိမ္မာပါ၊ ကျန်းမာနှင့် အလိမ္မာသည် တန်ဘိုးအရှိဆုံး ဖြစ်၏။
ကိုယ့်ထက်သာသူကို ကြည့်၍ အားငယ်စိတ်ပျက် မဖြစ်ပါနဲ့။
မနာလိုလဲ မဖြစ်ပါနဲ့။
ကိုယ်အော့က် နိမ့်ကျသူကို ကြည့်၍ မာန်မာန မဖြစ်ပါနဲ့။

ကံ, ဉာဏ်, ၀ီရိယ ပြည့်စုံအောင် ကြိုးစားပါ။
ကုသိုလ်ကောင်းမှု တခုခု နေ့စဉ်ပြုပါ။
အချိန်မဖြုန်းပါနဲ့။
အလကားနေ အလကားဖြစ်မည်။
အလုပ်လုပ်မှ တိုးတက်မည်။
ကောင်းတာလုပ်မှ ကောင်းကျိုးရမည်။

ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ
နာယကချုပ်-နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ( ရန်ကုန် )


Read more...

*ဗောဇ္ဈင်တရား ခုနစ်ပါး(၃)*

တတိယ ဗောဇ္ဈင်တရားမှာ ၀ီရိယ သမ္ဗောဇ္ဈင် ဖြစ်၏။ ၀ီရိယ မပါဘဲနှင့် ဘာမျှ ဖြစ်မလာနိုင်ချေ။ ဤလောက၌ မိမိတို့ ဖြစ်လိုရာ ကိစ္စ မှန်သမျှဝယ် ငွေကို အလိုရှိသည် ဖြစ်စေ၊ လုပ်ငန်း တစ်စုံတစ်ရာကို ကျွမ်းကျင် လိမ္မာလိုသည် ဖြစ်စေ ၀ီရိယကို အထိုက်အလျောက် ထည့်သွင်း လုပ်ကိုင်မှသာ ထိုကိစ္စသည် လိုသောအကျိုး ပြီးနိုင်လေသည်။

ယခု ဤနေရာတွင် ကျွန်ုပ်တို့ အားထုတ်၍ လုပ်ဆောင်နေကြ ခြင်းသည် လုံ့လ ၀ီရိယကို ကြီးပွားအောင် ပြုစု ပျိုးထောင် နေကြခြင်း ဖြစ်၏။ တရား အားထုတ်ရာတွင် အင်အားနှင့် လုံ့လကို ထည့်ရ၏။ ဗုဒ္ဓ မြတ်စွာ ဘုရားက လမ်းကိုသာ ညွှန်ကြား ပြသတော် မူခဲ့ခြင်း ဖြစ်၏။ ထိုလမ်းပေါ်တွင် ကျွန်ုပ်တို့ အားလုံး ကိုယ်စီကိုယ်ငှ လုံ့လစိုက်၍ လျှောက်ကြရမည် ဖြစ်၏။ လူတစ်ဦးကို ဗောဓိဉာဏ် ရအောင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင် လုပ်ပေးနိုင်သော အခြား လူတစ်ယောက် မရှိပါ။ လောဘ၊ ဒေါသ၊ မောဟတည်း ဟူသော ကိလေသာ တရားတို့သည် ကျွန်ုပ်တို့၏ စိတ်တွင်းမှာသာ တည်ရှိနေကြခြင်း ဖြစ်၏။ ထို ကိလေသာများကို ကျွန်ုပ်တို့ စိတ်တွင်းသို့ အခြား လူတစ်ယောက်က ထည့်သွင်း ပေးလိုက်သည် မဟုတ်ပါ။ ထိုကိလေသာ များကို ကျွန်ုပ်တို့ စိတ်ထဲတွင် ထုတ်ယူ ဖယ်ရှားပေးနိုင်သော အခြားသူ တစ်စုံ တစ်ယောက်လည်း မရှိပါ။ ကျွန်ုပ်တို့ ကိုယ်တိုင်သာလျှင် မိမိတို့၏ စိတ်ကို သန့်ရှင်း စင်ကြယ်အောင် ပြုကြရမည် ဖြစ်ပါသည်။

ဝိသုဒ္ဓိ လမ်းပေါ်မှာ လျှောက်လှမ်းသွား နိုင်အောင် လုံ့လ ၀ီရိယ အင်အားကို လှုံ့ဆော် ကြရမည် ဖြစ်၏။ အင်အားသည် အစွမ်းထက်သော အချက်ဖြစ်သည်။ အားထုတ်ခြင်းကို အလေ့အထ ဖြစ်အောင် ပြုစု ပျိုးထောင် မိသောအခါ ၎င်းတို့သည် ထိနမိဒ္ဓဟု ဆိုသော ပျင်းရိခြင်း၊ ထုံထိုင်းခြင်း စသော နီဝရဏ တရားများကို ကျော်လွှားနိုင် တော့သည်။ မဂ်လမ်း တစ်လျှောက်၌ ကြုံတွေ့ကြရသော အခက်အခဲများ၊ ပြဿနာများ ရှိသော အခါတိုင်း လုံ့လ ၀ီရိယကို ထည့်ခြင်း အားဖြင့် စနစ် တစ်ခုလုံးကို နိုးကြားတက်ကြွ လာစေနိုင်ပါသည်။

လုံ့လ ၀ီရိယကို ထည့်ခြင်းသည် ၀ိမုတ္တိ မဂ်လမ်း၏ အစိတ် အပိုင်းလည်း ဖြစ်၍ မဂ်ကိစ္စတွင် အကြီးမား ဆုံးသော အထောက် အပံ့လည်း ဖြစ်လေတော့သည်။

>>> ဆက်ရန်

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။


လေးစားစွာဖြင့်
ဖိုးသား

6/22/2009, MON:, 12:19:24 AM



Read more...

ဗာလပဏ္ဍိတသုတ်

ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ …
သာသနာတော်ကို ရေရှည်တည်တံ့၊ ခိုင်မြဲစေရန် ကျေးဇူးတော်ရှင် သံဃာတော် အရှင်သူမြတ်များက ခက်ခဲပင်ပန်းစွာဖြင့် ထိန်းသိမ်းစောင့်ရှောက် လာခဲ့ရသည်ကို သိရှိစေလိုပါတယ်။ သာသနာတော် သန့်ရှင်းစေရန်အတွက် သင်္ဂါယနာတင်ပွဲများ ပြုလုပ်၍ သာသနာတော်ကို ညစ်နွမ်းပျက်စီးစေမည့် အယူဝါဒများကို ဖယ်ရှားခဲ့ရပါတယ်။ ထို့အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် သင်္ဂါယနာတင်ရပုံကို သိသင့်တယ်လို့ ခံယူမိပါတယ်။ ထို့ကြောင့် ဆဋ္ဌသင်္ဂါယနာတင် တရားတော်များမှ ဗာလပဏ္ဍိတသုတ်ကို ရွှေးထုတ်၍ တင်ပြအပ်ပါတယ်။ မဟာစည်ဆရာတော်ကြီးက မေး၍ မင်းကွန်းတိပိဋကတ် ဆရာတော်ကြီးက ဖြေဆိုထားတာ ဖြစ်ပါတယ်။ ဓမ္မချစ်ခင် သူတော်စင်များ တရားတော်ကို နာကြား၍ မိမိတို့ ရောက်ရှိနေသော လူ့ဘ၀အချိန်တိုတို ကာလလေးကို အကျိုးရှိအောင် အသုံးချနိုင်ကြပါစေ။ ကံကောင်း၍ ကျန်ရှိနေသော လက်ရှိအချိန်ကို အသုံးချပြီး ဒုက္ခခပ်သိမ်း အေးငြိမ်းနိုင်ကြပါစေ။

Player မပေါ်လာပါက ခဏစောင့်ပါ။




တရားတော်ကို ကူးယူနိုင်ပါတယ်။



Read more...

ငါ့အား သားလှီးဓားဖြင့် ဝမ်းကိုရစ်၍ လှီးဘိသကဲ့သို့…



ဆန္ဒောဝါဒသုတ်...

*** ငါတို့တတွေ လူမမာ မေးရန် ချဉ်းကပ်ကုန်အံ့…
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့် အသျှင်ဆန္ဒ့တို့သည် ဂိဇ္ဈကုဋ်တောင်၌ နေကြကုန်၏။ ထိုအခါ အသျှင်ဆန္ဒသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏။ ထိုအခါ အသျှင် သာရိပုတြာသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မဟာစုန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာစုန္ဒကို 'ငါ့သျှင်စုန္ဒ လာသွားကုန်အံ့၊ အသျှင်ဆန္ဒထံ လူမမာ မေးရန် ချဉ်းကပ်ကုန်အံ့'' ဟု ဤစကားကို ပြောဆို၏။ ''ငါ့သျှင် ကောင်းပါပြီ'' ဟု အသျှင်မဟာစုန္ဒသည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထား၏။

*** ငါ့သျှင် ဣရိယာပထ မျှတ၏လော…
ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဆန္ဒနှင့်အတူ ဝမ်းမြောက် ဝမ်းသာ ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်လျော် ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် အသျှင် သာရိပုတြာသည် အသျှင်ဆန္ဒအား ''ငါ့သျှင်ဆန္ဒ အသို့နည်း၊ ခံ့ကျန်း၏လော၊ ဣရိယာပထ မျှတ၏လော၊ သင့်အား ဒုက္ခ ဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ မတိုးတက်ဘဲ ရှိကုန်၏လော၊ ဆုတ်ယုတ်သော အရာသည် ထင်၏လော၊ တိုးတက်သော အရာသည် မထင်ဘဲ ရှိ၏လော'' ဟု ဤစကားကို ပြောဆို၏။

*** ငါ့သျှင် ဣရိယာပထ မမျှတပါ…
ငါ့သျှင်သာရိပုတြာ မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင် သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောက်ျားသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍ နှိပ်ဘိသကဲ့သို့ ငါ့သျှင် သာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန်သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်သော ဒုက္ခ ဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

*** ခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏…
ငါ့သျှင် သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောက်ျားသည် မြဲမြံခိုင်ခံ့သော သားရေကြိုးပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ ငါ့သျှင် သာရိပုတြာ ဤအတူသာလျှင် ငါ့အား ဦးခေါင်း၌ အလွန် ပြင်းထန်ကုန်သော ဦးခေါင်းကိုက် သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခ ဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက် သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

*** ငါ့အား သားလှီးဓားဖြင့် ဝမ်းကိုရစ်၍ လှီးဘိသကဲ့သို့…
ငါ့သျှင် သာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင် လိမ္မာသော နွားသတ်ယောက်ျား သည် လည်းကောင်း၊ နွားသတ်ယောက်ျား၏ တပည့်သည် လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကိုရစ်၍ လှီးဘိသကဲ့သို့ ငါ့သျှင် သာရိပုတြာ ဤအတူသာလျှင် ငါ့အား ပြင်းထန်ကုန်သော လေတို့သည် ဝမ်းဗိုက်ကို ရစ်ကုန်၏၊ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခ ဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

*** ငါသည် အသက်ရှင်ခြင်းကို မလိုလားတော့ပါ…
ငါ့သျှင် သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောက်ျားနှစ်ယောက်တို့သည် အလွန် အားနည်းသော ယောက်ျားကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာ သကဲ့သို့ အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ ငါ့သျှင် သာရိပုတြာ ဤအတူသာလျှင် ငါ့အား ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင် ခြင်းသည် ဖြစ်ပါ၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခ ဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာ သည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ၊ ငါ့သျှင် သာရိပုတြာ ဓားကို အသုံးပြုတော့မည်၊ အသက် ရှင်ခြင်းကို မလိုလားတော့ပါ ဟု ပြောဆို၏။

*** ငါသည် အသျှင်ဆန္ဒအတွက်…

အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံး မပြုပါလင့်၊
အသျှင်ဆန္ဒသည် မျှတပါလော့၊
ငါတို့သည် အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏…

အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဘောဇဉ်တို့သည် မရှိကုန်အံ့၊

ငါသည်…
အသျှင်ဆန္ဒအတွက် သင့်လျော်သော ဘောဇဉ်တို့ကို ရှာပါအံ့၊

အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဆေးတို့သည် မရှိကုန်အံ့၊

ငါသည် …
အသျှင်ဆန္ဒအတွက် သင့်လျော်သော ဆေးတို့ကို ရှာပါအံ့၊

အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော အလုပ်အကျွေးသည် မရှိအံ့၊

ငါသည် …
အသျှင်ဆန္ဒကို လုပ်ကျွေးပါအံ့၊

အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊
အသျှင်ဆန္ဒသည် မျှတပါလော့၊
ငါတို့သည် အသျှင်ဆန္ဒ မျှတသည်ကို အလို ရှိပါကုန်၏ ဟု ပြောဆိုကြကုန်၏။

*** ငါ့အား ပစ္စည်းလေးပါးတို့ ပြည့်စုံပါ၏…
ငါ့သျှင် သာရိပုတြာ ငါ့အား သင့်လျော်သော ဘောဇဉ်မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သောဆေးလည်း မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးလည်း မရှိသည် မဟုတ်။ ငါ့သျှင် သာရိပုတြာ စင်စစ် ငါသည် ဆရာဖြစ်သော မြတ်စွာဘုရားကို ရှည်မြင့်စွာသော ကာလပတ်လုံး စိတ်လက် ပါပါသာလျှင် လုပ်ကျွေးခဲ့ပြီ၊ စိတ်လက်မပါဘဲ လုပ်ကျွေးခဲ့သည် မဟုတ်၊ ငါ့သျှင် သာရိပုတြာ ဆရာဖြစ်သော မြတ်စွာဘုရားကို စိတ်လက် ပါပါသာလျှင် လုပ်ကျွေး၍ စိတ်လက် မပါဘဲ လုပ်ကျွေးခြင်း မဟုတ်ခြင်းသည် သာလျှင် တပည့်အား လျော်၏။

ငါ့သျှင် သာရိပုတြာ…
ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြုလတ္တံ့ ဟူ၍သာလျှင် သင်မှတ်ပါလော့ ဟု ပြောဆို၏။


*** အသျှင်ဆန္ဒအား ပြဿနာ မေးခွင့်ပြုပါ…
အသျှင်ဆန္ဒသည် အကယ်၍ ပြဿနာကို ဖြေဆိုရန် အခွင့်ပြုပါလျှင် ငါတို့သည် အသျှင်ဆန္ဒကို တစ်စုံတစ်ခုသော အရာကို မေးလိုပါ ကုန်၏ ဟု (ဆိုကြကုန်၏)။ ငါ့သျှင် သာရိပုတြာ မေးပါလော့၊ ကြားရပြီးနောက် သိရပါအံ့ ဟု (ဆို၏)။ 390

*** ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ် ဟု ရှုပါသလော…
ငါ့သျှင်ဆန္ဒ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုပါသလော ဟု မေး၏။
ငါ့သျှင်ဆန္ဒ သောတပသာဒ + သောတဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုပါသလော ဟု မေး၏။

*** ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ် ဟု ရှုပါ၏…
ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ် သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် 'အတ္တ'မဟုတ်'' ဟု ရှုပါ၏။
ငါ့သျှင်သာရိပုတြာ သောတပသာဒ။ ပ။
ငါ့သျှင်သာရိပုတြာ ဃာနပသာဒ။ ပ။
ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ။ ပ။
ငါ့သျှင် သာရိပုတြာ ကာယပသာဒ။ ပ။
ငါ့သျှင် သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ် သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုပါ၏ ဟု (လျှောက်၏)။ 391

*** အဘယ်ကို သိမြင်၍ ဤဟာ ငါမဟုတ်ဟု ရှုပါသနည်း…
ငါ့သျှင်ဆန္ဒ စက္ခုပသာဒ+စက္ခုဝိညာဏ်+ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရား တို့၌ အဘယ်ကို မြင်၍ အဘယ်ကို သိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်'အတ္တ' မဟုတ်'' ဟု ရှုပါသနည်း။
ငါ့သျှင်ဆန္ဒ သောတ ပသာဒ + သောတဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ပ။
ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို သိ၍ ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုပါသနည်း ဟု (မေး၏)။

*** ချုပ်ပျက်မှုကို သိမြင်၍ ဤဟာ ငါမဟုတ် ဟုရှုပါ၏…
ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟုရှုပါ၏။
ငါ့သျှင်သာရိပုတြာ သောတပသာဒ + သောတဝိညာဏ်။ ပ။
ငါ့သျှင်သာရိပုတြာ ဃာနပသာဒ + ဃာနဝိညာဏ်။ ပ။
ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ပ။
ငါ့သျှင်သာရိပုတြာ ကာယပသာဒ + ကာယဝိညာဏ်။ ပ။
ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် မနောဝိညာဏ်ဖြင့် သိအပ်သော
တရားတို့၌ ချုပ်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို ''ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် 'အတ္တ' မဟုတ်' ဟု ရှုပါ၏ ဟု (ပြောဆို၏)။ 392

*** မမှီတွယ်သူမှာ ဆင်းရဲဒုက္ခ၏ အဆုံးမည်၏…
ဤသို့ ပြောဆိုသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္ဒအား ''ငါ့သျှင်ဆန္ဒ ထို့ကြောင့် 'မှီတွယ်သူမှာ လှုပ်ရှား၏၊ မမှီတွယ်သူမှာ လှုပ်ရှားမှု မရှိ၊ လှုပ်ရှားမှု မရှိလတ်သော် ငြိမ်းအေး၏၊ ငြိမ်းအေးလတ်သော် တိမ်းညွတ်မှု မရှိ၊ တိမ်းညွတ်မှု မရှိလတ်သော် အလားအလာမရှိ၊ အလားအလာ မရှိသော် ရွေ့လျော ကပ်ရောက်မှု မရှိ၊ ရွေ့လျော ကပ်ရောက်မှု မရှိသော် ဤဘဝမှာလည်း မဖြစ်၊ တမလွန် ဘဝမှာလည်း မဖြစ်၊ နှစ်ပါးစုံမှာလည်း မဖြစ်၊ ဤသည်ပင်လျှင် ဆင်းရဲဒုက္ခ၏ အဆုံးမည်၏'ဟူသော မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း အမြဲ နှလုံးသွင်းသင့်၏'' ဟု ပြောဆို၏။

ထို့နောက် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည်
အသျှင်ဆန္ဒကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကုန်၏။ 393


*** အသျှင်ဆန္ဒသည် မိမိကိုယ်ကို ဓားလက်နက်ဖြင့် အဆုံးစီရင်လေပြီ…
ထိုအခါ အသျှင်ဆန္ဒသည် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့ ဖဲသွား၍ မကြာမီ ဓားလက်နက်ကို အသုံးပြု၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အလွန် ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ''အသျှင်ဘုရား အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးပြုပါ၏၊ အသျှင်ဆန္ဒ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန် ဘဝကား အဘယ်ပါနည်း'' ဟု လျှောက်ထား၏။

သာရိပုတြာ ရဟန်းဆန္ဒသည် သင်၏ မျက်မှောက်၌ပင်လျှင် ကပ်ရောက်ရာ မရှိသည်၏ အဖြစ်ကို ပြောကြားသည် မဟုတ်လော ဟု မိန့်တော်မူ၏။

မြတ်စွာဘုရား ပုဗ္ဗဇိရမည်သော ဝဇ္ဇိရွာသည် ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္ဒ၏ ချစ်ကျွမ်းဝင်သော အမျိုးတို့သည် လည်းကောင်း၊ စိတ်သဘော ကောင်းသော အမျိုးတို့သည် လည်းကောင်း၊ ချဉ်းကပ်ထိုက်သော အမျိုးတို့သည် လည်းကောင်း ရှိပါကုန်၏ ဟု လျှောက်၏။

*** စွဲလမ်းလျှင် ဘ၀တစ်ခုသို့ ကပ်ရောက်ရာရှိ၏…
သာရိပုတြာ ရဟန်းဆန္ဒအား ထိုချစ်ကျွမ်းဝင်သောအမျိုး စိတ်သဘောကောင်း သောအမျိုး ချဉ်းကပ်ထိုက်သော အမျိုးတို့သည် ရှိကုန်သည်သာတည်း။ သာရိပုတြာ ငါသည် ဤရှိကာမျှဖြင့် ကပ်ရောက်စရာ ရှိ၏ ဟု မဆို။ သာရိပုတြာ စင်စစ် အကြင်သူသည် ဤကိုယ်ကိုလည်း စွန့်ပစ်၍ တစ်ပါးသော ကိုယ်ကိုလည်း စွဲလမ်း၏၊ ထိုပုဂ္ဂိုလ်ကို ကပ်ရောက်ရာရှိသူ ဟူ၍ ငါဟော၏၊

*** ရဟန်းဆန္ဒသည် စွဲလမ်းမှုမရှိ၍ ဘ၀တစ်ခုသို့ ကပ်ရောက်စရာ မရှိတော့ပြီ…
ရဟန်းဆန္ဒအား ထိုကပ်ရောက်စရာသည် မရှိ၊ သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြုသွားပြီ ဟု မှတ်လေလော့ ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော် မူ၏၊ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ 394

၂ - ဆန္ဒောဝါဒသုတ်၊ သဠာယတနဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP