ဟေတုပစ္စည်း - ၁(ဂ)
ဟေတုပစ္စည်း၏ အကြောင်းတရားနှင့် အကျိုးတရားတို့ကို သိထားသင့်ကြပါတယ်။ အကြောင်းတရား အရင်းခံပြီး အကျိုးတရားဖြစ်ပုံကို အဋ္ဌကထာဆရာများက ဆက်လက်ပြီး ဖွင့်ပြထားပါတယ်။
အလောဘေန ပေတ္တိဝိသယေ န ဟောတိ။
အလောဘေန = အလောဘဖြင့်၊ ပေတ္တိဝိသယေ = ပြိတ္တာဘုံ၌၊ ဥပတ္တိ = ဖြစ်ခြင်းသည်၊ န ဟောတိ = မဖြစ်။
အဒေါသေန နိရယေ န ဟောတိ။
အဒေါသေန = အဒေါသဖြင့်၊ နိရယေ = ငရဲပြည်၌၊ ဥပပတ္တိ = ဖြစ်ခြင်းသည်၊ န ဟောတိ = မဖြစ်။
အမောဟေန တိရစ္ဆာန ယောနယံ န ဟောတိ။
အမောဟေန = အမောဟဖြင့်၊ တိရစ္တာနယောနိယံ = တိရစ္ဆာန်မျိုး၌၊ နိဗ္ဗတ္တိ = ဖြစ်ရခြင်းသည်၊ န ဟောတိ = မဖြစ်။
အလောဘက ပြိတ္တာဘုံမှာ မဖြစ်နိုင်ခြင်းရဲ့ အကြောင်း။ အဒေါသက ငရဲဘုံမှာ မဖြစ်နိုင်ခြင်းရဲ့အကြောင်း။ အမောဟက တိရစ္ဆာန်မျိုး၌ မဖြစ်နိုင်ခြင်းရဲ့ အကြောင်း။...ဆိုတာ ထင်ရှားပါတယ်။
လောဘက ပြိတ္တာဘုံမှာ ဖြစ်ခြင်းရဲ့ အကြောင်း။ ဒေါသက ငရဲဘုံမှာ ဖြစ်ခြင်းရဲ့အကြောင်း။ မောဟက တိရစ္ဆာန်ဘုံမှာ ဖြစ်ခြင်းရဲ့ အကြောင်း။...ဆိုတာ ထင်ရှားပါတယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုတာ ထင်ရှားပါတယ်။
လောဘအားကြီးရင် လောဘနဲ့သေရင် ပြိတ္တာပြည်မှာ ဖြစ်လိမ့်မယ်။
ဆောင်ပုဒ်။ ။ လောဘနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ ပြိတ္တာပြည်။
ဟေတုပစ္စည်း-လောဘက ကျေးဇူးပြုတာ ပြိတ္တာပြည်ရောက်သွားပါတယ်။
ဆောင်ပုဒ်။ ။ အလောဘနှင့်သေ၊ ထိုသူတွေ၊ ရောက်လေလူ နတ်ပြည်။
အလောဘတည်းဟူသော ဟိတ်ဟေတုပစ္စည်းက ကျေးဇူးပြုလိုက်တာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ထိ ရောက်နိုင်ပါတယ်။ "လူ့ပြည်၊ နတ်ပြည်" ဆိုတာ ဥပလက္ခဏနည်းပါပဲ။ ဗြဟ္မာပြည်လည်း ရောက်ကြတာပါပဲ။
ဆောင်ပုဒ်။ ။ ဒေါသနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ ငရဲပြည်။
ဟေတုပစ္စည်း ဒေါသကနေ ကျေးဇူးပြုတာ ငရဲကို ရောက်တယ်။ ဒီတော့ ဒေါသကင်းအောင် နေသင့်ပါတယ်။
ဆောင်ပုဒ်။ ။ အဒေါသနှင့်သေ၊ ထိုသူတွေ၊ ရောက်လေလူ နတ်ပြည်။
ဟေတုပစ္စည်းမှ အဒေါသက ကျေးဇူးပြုလို့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်သို့ ရောက်သွားနိုင်တယ်။
ဆောင်ပုဒ်။ ။ မောဟနှင့်သေ၊ ထိုသူတွေ၊ ဖြစ်လေ တိရစ္ဆာန်။
မောဟတည်းဟူသော ဟေတုပစ္စည်းက ကျေးဇူးပြုလို့ တိရစ္ဆာန်ပြည် ရောက်သွားပါတယ်။ တိရစ္ဆာန်ဆိုတာ တွေတွေဝေဝေဖြစ်တယ်။ တွေတွေဝေဝေဖြစတော့ ကောင်းမှုကုသိုလ်တွေ မဖြစ်နိုင်ကြတော့ဘူး။ လူ့ပြည် ပြန်ရောက်ဖို့က အလွန်ခဲယဉ်းသွားကြပေတယ်။ မောဟ မိမိတို့သန္တာန်မှာ ကင်းနိုင်သမျှ ကင်းအောင် အားထုတ်သင့်ပါတယ်။
ဆောင်ပုဒ်။ ။ အမောဟနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ နိဗ္ဗာန်ပြည်။
အမောဟဆိုတာ ပညာ၊ ပညာဉာဏ်နှင့် သေသွားရင် အမြတ်ဆုံး အထွပ်အထိပ် အကျိုးကတော့ နိဗ္ဗာန်ပြည်ဖြစ်တယ်။ လူ့ပြည်လည်း ရောက်နိုင်တယ်။ နတ်ပြည်လည်း ရောက်နိုင်တယ်။ ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ အမောဟနှင့် သေနိုင်ဖို့က သိပ်အရေးကြီးတယ်။ အမောဟ အထုံဝါသနာတွေ ပါပြီးတော့ ကွယ်လွန်ခါနီးမှာ အမောဟနဲ့ သေရင်တော့ သူ့ရဲ့ပါရမီအားလျော်စွာ မြင့်မြတ်ရာ ဘုံဘဝတွေ ရောက်နိုင်ပါတယ်။ နိဗ္ဗာန်သို့လည်း ရောက်သွားနိုင်တယ်။ ပညာနဲ့ သေဖို့က အမှတ်တရားနဲ့သေမှ။ မှတ်နေတုံးမှာ ဝိပဿနာဉာဏ်တွေ ဖြစ်နေပါတယ်။
အဲဒီ ဝိပဿနာဉာဏ်ဖြင့် ကွယ်လွန်ရမယ်ဆိုရင်တော့ အထက်တန်းတန်းကျကျ ဘုံဘဝတွေကို ရောက်သွားမှာပါပဲ။ ကွယ်လွန်ခါနီးတော့ ကွယ်လွန်လောက်တဲ့ ရောဂါဝေဒနာတွေနှင့် ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း တွေ့ကြရပါတယ်။ အဲဒီရောဂါဝေဒနာ ဒုက္ခဝေဒနာတွေကို လွှမ်းမိုးနိုင်အောင် မှတ်နိုင်မယ်ဆိုလို့ရှိရင်၊ အဲဒီလို မှတ်ရင်း မှတ်ရင်း ကွယ်လွန်သွားလို့ရှိရင် .. အမောဟဉာဏ်ပညာနဲ့ သေတယ်လို့ ခေါ်ပါတယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုလိုက်တော့ မြင့်မြတ်ရာ ဘုံဘဝကို ရောက်သွားနိုင်ပါတယ်။
အမှာ။ ။ ဟေတုပစ္စည်းက ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလမှာပင် ကျေးဇူးပြုတယ်။ နောင်ဘဝများမှာ ဖြစ်ခြင်းသည် အကျိုးဆက်မျှသာ ဖြစ်ပါတယ်။ ဟေတုပစ္စည်းက တိုက်ရိုက်ကျေးဇူးပြုတာ မဟုတ်ဘူးလို့ သိကြရပါတယ်။
ရောဂါသမသီတိ ရဟန္တာ = ရောဂါလည်းပျောက်၊ ရဟန္တာလည်းဖြစ်၊ ဒီလိုပုဂ္ဂိုလ်လည်း ရှိတယ်။ ဇီဝိတသမသီတိ ရဟန္တာ = ရဟန္တာလည်းဖြစ်၊ အသက်လည်းကုန်၊ မှတ်နေရင်း မှတ်နေရင်းနဲ့ အသက်လည်းကုန်သွားတော့ မောဟဖြင့် သေတာမဟုတ်၊ အမောဟဖြင့် (သေတာ) ပရိနိဗ္ဗာန်စံတာ ဖြစ်ပါတယ်။ ပညာဉာဏ်ဖြင့် (သေတဲ့) ပရိနိဗ္ဗာန်စံတဲ့အတွက်ကြောင့် ရဟန္တာအဖြစ်ဖြင့် (သေရတဲ့) ပရိနိဗ္ဗာန်စံရတဲ့အတွက်ကြောင့် နိဗ္ဗာန်ပြည် ရောက်သွားပါမယ်။
အမောဟနဲ့ သေဖို့ရာ ယောဂီများအတွက် အရေးကြီးဆုံးပါပဲ။ အမောဟနဲ့ သေနိုင်ရအောင် သတိပဋ္ဌာန် ဝိပဿနာတရား ရှုမှတ်နေရပါမယ်။ ရှုမှတ်နေရင်း အမောဟနဲ့ သေရတာ အကောင်းဆုံးပါပဲ။ မတွေမဝေသေရတော့ သောတာပန်ဆိုရင်လည်း မြင့်မြတ်တဲ့ ဘုံဘဝပဲရောက်မယ်။ သကဒါဂါမ်ဆိုရင်လည်း လူ့ပြည်၊ နတ်ပြည် (၆)ထပ်သို့ ရောက်မယ်။ အနာဂါမ်ဆိုရင်လည်း ဗြဟ္မာပြည်သို့ ရောက်မယ်။ ရဟန္တာဆိုရင်လည်း နိဗ္ဗာန်သို့ ရောက်သွားမှာပါပဲ။ အဋ္ဌကထာဆရာတွေ ဖွင့်ပြထားတာ အလွန်ပဲ နေရာကျပါတယ်။
လောဘ၊ ဒေါသ၊ မောဟတည်းဟူသော မကောင်းတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုမယ်ဆိုလို့ရှိရင် တိရစ္ဆာန်တို့၊ ငရဲတို့၊ ပြိတ္တာသို့ ကျသွားနိုင်ပါတယ်။ ကောင်းတဲ့ဟိတ် (၃)ပါး အလောဘ၊ အဒေါသ၊ အမောဟတို့က ကျေးဇူးပြုရင် လူ့ပြည်၊ နတ်ပြည် (၆)ထပ်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်တိုင်အောင်ပဲ ရောက်ရှိသွားနိုင်ပါတယ်။
ဒီတော့ အလောဘ၊ အဒေါသ၊ အမောဟတရားတွေ များများဖြစ်အောင် ယောဂီများ အားထုတ်ဖို့ လိုအပ်ပါတယ်။ လူ့ပြည်ရောက်နေတဲ့ အခိုက်အတန့်ဖြစ်လို့ အားထုတ်နေကြရတာဖြစ်တယ်။ အခုယောဂီများကတော့ အမြဲတမ်းလိုပဲ အားထုတ်နေကြပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေဖြစ်အောင် အားထုတ်နေကြရတာဖြစ်တယ်။ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကောင်းပါတယ်။
အဋ္ဌာကထာဆရာတွေက အများကြီးပဲ ဖွင့်ပြထားပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေရဲ့ အပြစ်တွေ၊ အလောဘ၊ အဒေါသ၊ အမောဟတွေရဲ့ အကျိုးတွေ ဟေတုပစ္စည်းရဲ့ အကျိုး အပြစ်တွေကို အဋ္ဌကထာဆရာတွေက ဖွင့်ပြတာ သိပ်ကောင်းပါတယ်။
အလောဘော အရောဂျဿ ပစ္စယော ဟောတိ။
အလောဘော = အလောဘသည်၊ အရောဂျဿ = ကျန်းမာခြင်း၏၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏။
အဒေါသော ယောဗ္ဗနဿ ပစ္စယော ဟောတိ။
အဒေါသော = အဒေါသသည်၊ စိတ်မဆိုး အမျက်မထွက်တတ်ခြင်းသည်၊ ယောဗ္ဗနဿ = အရွယ်ကောင်းခြင်း၊ အရွယ်တင်ခြင်း၏၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏။
အမောဟော ဒီဃာယုကတာယ ပစ္စယော ဟောတိ။
အမောဟော = အမောဟသည်၊ ဒီဃာယုကတာယ = အသက်ရှည်ခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း..။
အလောဘ မလိုချင် မတပ်မက်ခြင်းဟာ အရောဂျဿ = အနာရောဂါကင်းခြင်း၏ ၊ ပစ္စယော = အကြောင်းဖြစ်တယ်။ လောဘနည်းတဲ့ ပုဂ္ဂိုလ်တွေ အရာရာမှာ စားတဲ့သောက်တဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ကိုယ်အမူအရာ နှုတ်အမူအရာတွေ ပြုလုပ်မည့်အရာတွေမှာဖြစ်ဖြစ် လောဘနည်းတဲ့ ပုဂ္ဂိုလ်ဆိုတော့ အတိုင်းအတာနဲ့ မှီဝဲသုံးဆောင်တတ်တယ်။ မျှတရုံပဲ မှီဝဲသုံးဆောင်တတ်တယ်။ ဒီတော့ ကျန်းမာပါတယ်။
ပြောင်းပြန်အားဖြင့် လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေ စားတဲ့အခါမှာလည်းပဲ သူကြိုက်တဲ့ အစာတွေနဲ့ တွေ့ရင် အလွန်အကျွံ စားတတ်တယ်။ လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အစားလည်းကြီးတယ်။ အစားကြီးပြီး အလွန်အကျွံစားတော့ အစာမကြေရောဂါတွေ ဖြစ်ကြရတယ်။
အလောဘဟာ ကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။ လောဘက မကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။ သတိထားသင့်ပါတယ်။
လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ မကျန်းမမာ ဖြစ်လာတတ်တယ်။ ဟိုဟာလည်း လိုချင်၊ ဒီဟာလည်း လိုချင်၊ ဟိုဟာလည်းရချင်၊ ဒီဟာလည်းရချင်။ လောဘကြီးတော့ နေရာဒေသမရွေး၊ အချိန်ကာလမရွေး၊ အစားအသောက်မရွေး ပြုလုပ်စားသောက်တော့ မကျန်းမာတော့ပါဘူး။ လောဘနည်းတဲ့ ပုဂ္ဂိုလ်ကတော့ အချိန်ကာလကို ကြည့်ပြီးတော့ ရသင့်တာမှပဲ ယူတော့မယ်။ မရသင့်တာ မယူတော့ဘူး။ စားသင့်တာမှပဲ စားမယ်။ မစားသင့်တာ မစားတော့ပေဘူး။ လောဘနည်းနေတော့ အတိုင်းအရှည် ပမာဏကိုသိပြီး မှီဝဲသုံးဆောင်တတ်တော့ ကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။
ကျန်းမာတာဟာလည်း ယောဂီများအတွက် အကောင်းဆုံး လာဘ်တစ်ခုပဲ။ "အာရောဂျာ ပရမာ လာဘာ" အရောဂျာ = ကျန်းမာခြင်းသည်၊ ပရမာ = မြတ်သော၊ လာဘာ = လာဘ်ကြီးတစ်ခုပင်တည်း။ ကျန်းမာနေတာ အကောင်းဆုံး အမြတ်ဆုံး လာဘ်ပဲဖြစ်တယ်။ ယောဂီများ မကြာခဏ နာကြားဘူးပါတယ်။ ကျန်းမာမှ လောကရေးရာတွေလည်း ဆောင်ရွက်နိုင် အားထုတ်နိုင်ပါတယ်။ ကျန်းမာတဲ့ ပုဂ္ဂိုလ် လောကရေးရာ စီးပွားရေး ကြီးပွားရေးတွေလည်း ထိုက်သည့်အားလျော်စွာ မိမိကိုယ်အား ဉာဏ်အားနှင့်အမျှ ဆောင်ရွက်နိုင်ပါတယ်။ လောကုတ္တရာရေးရာဘက်က၊ ဓမ္မရေးရာဘက်ကလည်း ကျန်းမာတဲ့ ပုဂ္ဂိုလ်မှ မိမိရဲ့ တရားဓမ္မကို ကြိုးကြိုးစားစား အားထုတ်နိုင်တယ်။ အကျန်းမာရင်တော့ အားမှ မထုတ်နိုင်တော့ပါဘူး။
ဆက်ရန် ..... ဟေတု (ဃ)သို့
Read more...