* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, June 17, 2009

အပေါင်းအသင်း…

အတူတကွ သွားလာနေထိုင် စားသောက်လေ့ရှိတဲ့သူကို မိတ်ဆွေအပေါင်းအသင်းလို့ ခေါ်ပါတယ်။ ဒီအပေါင်းအသင်းဟာလည်း ကောင်းတဲ့အပေါင်းအသင်း မကောင်းတဲ့အပေါင်းအသင်းလို့ နှစ်မျိုးရှိပါတယ်။ စာလိုပြောရင်တော့ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)တို့ပါပဲ။ လူတစ်ယောက်ရဲ့ ဘ၀အကောင်းအဆိုးဟာ သူပေါင်းတဲ့အပေါင်းအသင်းနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ သူပေါင်းသင်းတဲ့ အပေါင်းအသင်းကို ကြည့်ပြီး သူဘယ်လိုသူဆိုတာလည်း အကဲခက်လို့ ရပါတယ်။ ခဏတစ်ဖြုတ်ပေါင်းသင်းတဲ့ အပေါင်းအသင်းမဟုတ်ရင် လူတစ်ဦးနဲ့တစ်ဦး ၀ါသနာစရိုက်တူမှပဲ ရေရှည်လက်တွဲ ပေါင်းသင်းလို့ရပါတယ်။ ကောင်းတဲ့အကျင့်စရိုက် အလေ့အကျင့် ရှိတဲ့သူနဲ့ပေါင်းရင် ကိုယ်လဲကောင်းတဲ့ အကျင့်စရိုက်လေးတွေ ကူးစက်လာတတ်ပြီး မကောင်းတဲ့ အကျင့်စရိုက်ရှိတဲ့သူနဲ့ ပေါင်းရင်တော့ မကောင်းတဲ့ အကျင့်လေးတွေ ကူးစက်ခံရမှာ သေချာပါတယ်။ ဒီနေရာမှာ စရိုက်နဲ့ ပတ်ဝန်းကျင်ဆိုတာကို သတိပြုရပါမယ်။ မွေးလာတဲ့စရိုက်တွေ ဘယ်လောက်ပဲကောင်းကောင်း ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် မကောင်းတဲ့ စရိုက်လေးတွေ ကူးစက်ခံရပါတယ်။ ဒီလိုပဲ မွေးလာတဲ့စရိုက်က မကောင်းပေမယ့် ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က ကောင်းနေရင်လည်း ကောင်းတဲ့အကျင့်လေးတွေ ရလာတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ကောင်းကျိုးဆိုးကျိုးနဲ့ ဘ၀အတက်အကျတွေမှာ ပေါင်းသင်းတဲ့ အပေါင်းအသင်းဟာ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက တရားပွဲတစ်ခုကို ကြွတုန်းက ဖြစ်ပါတယ်။ တရားပွဲမစခင် ဘုန်းဘုန်းကို ပင့်တဲ့ဒကာလေးက အခန်းထဲမှာ သီတင်းသုံးဖို့ လျှောက်လို့ အခန်းထဲမှာ နေနေတဲ့အချိန် အပြင်မှာ သူငယ်ချင်းတွေဆုံတော့ ပြောကြဆိုကြတာလေးတွေကို အခန်းထဲမှာ ရှိနေတဲ့ ဘုန်းဘုန်းအနေနဲ့ ကြားမိနေပါတယ်။ သူတို့ကတော့ ဘုန်းကြီးအခန်းထဲမှာ ရှိနေတာကို သတိထားမိဟန် မတူပါဘူး။ ဒကာလေးတွေထဲက တစ်ယောက်က ကျန်တဲ့ ဒကာတစ်ယောက်နဲ့ စကားအပြန်အလှန် ငြင်းခုံပြောဆိုနေပါတယ်။ သူက “ကျွန်တော်ဒီနိုင်ငံကို ရောက်ခါစက ဘာမှမလုပ်တတ်ဘူး.. အရက်လည်း မသောက်တတ်ဘူး.. ဖဲလည်းမရိုက်တတ်ဘူး.. ဘောလုံးလည်း မလောင်းတတ်ဘူး.. ခင်ဗျားနဲ့တွေ့မှ၊ ခင်ဗျားနဲ့ ပေါင်းမိမှပဲ အခုဆို ဖဲလည်းရိုက်တတ်နေပြီ၊ အရက်လည်းသောက်တတ်နေပြီ၊ ဘောလုံးလည်း လောင်းတတ်နေပြီ“ ဆိုပြီး အမူးသမားလေသံနဲ့ အားရပါးရ ပြောဆိုနေတာကို ကြားလိုက်ရပါတယ်။ တစ်လောကလည်း အရက်အလွန်သောက်တဲ့ ဒကာလေးနဲ့တွေ့လို့ အရက်လျှော့သောက်ဖို့ အကြောင်းပြောဖြစ်တော့ သူက “တပည့်တော် ဖြတ်ဖို့ကြိုးစားနေပါတယ်၊ အမှန်တော့ တပည့်တော် ရောက်ခါစက အရက်မသောက်တတ်ပါဘူး… တပည့်တော်နဲ့အတူ အလုပ်လုပ်တဲ့ စီနီယာအစ်ကိုကြီးနဲ့ တွဲဖြစ်ရာက သူကြိုက်တဲ့အရက်ကို နည်းနည်းစလုပ်မိရင်းက ခုလိုအများကြီး သောက်မိသွားတာပါ၊ ခွင့်လွှတ်တော်မူပါ ဘုရား..“ လို့ တောင်းပန်ရှာပါတယ်။

နောက်တရားပွဲ တစ်ခုမှာဖြစ်ပါတယ်။ တရားပွဲပြီးတော့ အပေါ်ထပ်အခန်းမှာ ခဏအနားယူနေချိန် အခန်းထဲကို ဒကာလေး လေးယောက်လောက် စာရွက်လေးကိုယ်စီနဲ့ ၀င်လာပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးပါတယ်။ အရွယ်ငယ်ပြီး ရုပ်ရည်သန့်ပြန့်လှတဲ့ ဒီကလေးတွေကို ကြည့်ရတာ စိတ်ထဲမှာ အားရမိပါတယ်။ မိရိုးဖလာလွန် ဗုဒ္ဓဘာသာအဖြစ်မှ အနှစ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များအဖြစ် ပြောင်းလဲလာတဲ့ သူတို့လေးတွေကို ကြည့်ပြီး ပီတိဖြစ်မိပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း သူတို့လေးတွေဘာကြောင့် စိတ်တူကိုယ်တူနဲ့ ဒီအရွယ်လေးမှာ ဘာသာရေးတွေ လုပ်ဖြစ်တာလဲ…၊ တစ်ယောက်တည်းမဟုတ်ဘဲ ဘာကြောင့် စိတ်တူကိုယ်တူ လေးယောက်လုံး တစ်ပြိုင်တည်း တစ်စိတ်တည်း ဖြစ်သွားကြတာလဲ မေးတော့ သူတို့ထဲက တစ်ယေက်က “တပည့်တော်တို့လည်း အရင်က ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူးဘုရား..၊ သူများနိုင်ငံမှာ အလုပ်လာလုပ်ရင်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်လို့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်၊ ဟိုတရားနာ ဒီတရားနာလုပ်ရင်း နောက်ဆုံး မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေကို နာလိုက်ရတော့ တပည့်တော်စိတ်ထဲမှာ အရမ်းကိုသဘောကျ ကျေနပ်သွားမိပြီး နောက်ပိုင်းဆရာတော်ကြီး တရားတွေ ဆက်တိုက်နာဖြစ်ပါတယ်။ တရားများများ နာမိလေလေ လောကရဲ့ ဆင်းရဲဒုက္ခတွေကို ခံနိုင်လာလေလေဖြစ်ကာ နောက်ပိုင်း တရားပါ အားထုတ်လာမိတော့ စိတ်ဟာပိုပြီး အေးချမ်းလာပါတယ်။ ဒါနဲ့ တပည့်တော်လည်း တပည့်တော်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို တပည့်တော် နာရတဲ့ တရားတွေ ပြန်ပြောပြကာ သူတို့ကိုလည်း တရားတွေ နားခိုင်းတော့ သူတို့လည်း တပည့်တော်လို ဘာသာရေးအပေါ် စိတ်ဝင်စားခဲ့ပါတယ်။ အခုဆို တပည့်တော်တို့ အချိန်အားတာနဲ့ တရားနာ၊ တရားထိုင်ပဲ လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း သာသနာ့ဘောင် ၀င်ဖို့အထိတောင် စဉ်းစားထားပါတယ်ဘုရား..“ စသဖြင့် သူတို့ရဲ အကြောင်းကို ပြောပြလျှောက်ထားပါတယ်။

ဒီအကြောင်းလေးတွေကတော့ လက်တွေ့ဘ၀မှာ တွေ့ရတဲ့ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့လေးတွေပါ။ ဘုန်းဘုန်းအနေနဲ့ ဒီအကြောင်းလေးတွေ ပြန်ပြောပြနေတာက အပေါင်းအသင်းကြောင့် ပြောင်းလဲသွားတဲ့ သူတွေရဲ့ ဘ၀လေးတွေကို လက်တွေ့နဲ့ ယှဉ်ပြီးထင်ရှားစေလိုတဲ့ အတွက်ကြောင့်ပါ။ အပေါင်းအသင်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ သိစေလိုတာပါ။ သံသရာမှာမပြောနဲ့ ဒီဘ၀ အခိုက်လေးမှာကိုပဲ အပေါင်းအသင်းကောင်းတော့ ကိုယ်လည်းကောင်းလာပြီး အပေါင်းအသင်းဆိုးတော့ ကိုယ်ပါဆိုးလာတာကို လက်တွေ့တွေ့နိုင်ပါတယ်။ တစ်ချို့ဆို အပေါင်းအသင်းမကောင်းတော့ ဘ၀မှာ မလုပ်ဖူးတဲ့ အကုသိုလ်အပြစ် မရှိသလောက်အောင် လိုက်လုပ်နေတာကို တွေ့ရပါတယ်။ တစ်ချို့ကြပြန်တော့ အပေါင်းအသင်းအများကြီး မရှိဘဲ ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက်နဲ့ ကိုယ့်ကျိုးလည်းလုပ် အများအကျိုးလည်း လုပ်နေတာကို တွေ့ရပါတယ်။

မှန်ပါတယ်။ အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ တစ်ချို့က ပြောတတ်ပါတယ်။ “ဒီနိုင်ငံမှာက မသောက်မစား နေရင်အပေါင်းအသင်း မရှိဘူး“တဲ့။ ဒါက သောက်တတ်စားတတ်သူတွေရဲ့ အကြောင်းပြလေးပါ။ မသောက်မစားဘဲ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိနေတဲ့အပြင် မသောက်မစား တည်တည်ကြည်ကြည် ရှိတဲ့အတွက် အများရဲ့ ရိုသေလေးစားမှုကို ရနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ သောက်တဲ့သူတွေက အများစုဖြစ်တဲ့အတွက် မသောက်မစားတဲ့သူတွေဟာ အပေါင်းအသင်းမရှိ နည်းနေရင်နည်းနေနိုင်ပေမယ့် သူတို့လို စိတ်တူကိုယ်တူရှိသူ အပေါင်းအသင်းတော့ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့ဘ၀မှာတော့ ဒီအနည်းစုဟာ အကျိုးတွေ အများကြီးဖြစ်ထွန်းနေတာကို တွေ့ရမှာပါ။ မသောက်မစား၊ အလောင်းအစား မလုပ်တဲ့အတွက် ရှာသမျှငွေကြေးလေးတွေကို စုမိစောင်းမိဖြစ်ကာ အိမ်မှာလည်း ချောင်ချောင်လည်လည်ရှိ၊ ကုသိုလ်ရေးအတွက်လည်း လှူချင်သလို လှူနိုင်တမ်းနိုင်နေတာကို တွေ့ရပါတယ်။ အသောက်အစား အလောင်းအစား လုပ်နေသူတွေကတော့ တစ်လနဲ့တစ်လ အလျဉ်မမီသလို အကြွေးတွေသာဝိုင်းနေပြီး အိမ်လည်မပို့ဖြစ်၊ ဘာမှလည်း လက်ဆုတ်လက်ကိုင်မရှိ ဖြစ်နေကြပါတယ်။ အဲလို ဒုက္ခလေးတွေ ဖြစ်လာတော့ ရှိတုန်းက ပေါင်းသင်းလာတဲ့ ကောင်းပါတယ်ဆိုတဲ့ အပေါင်းအသင်းဆိုတာတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါတယ်။ အပေါင်းအသင်းကောင်း မဟုတ်တဲ့အတွက် သာတဲ့အချိန်မှာပေါင်းပြီး နာတဲ့အချိန်ကျတော့ ဂျောင်းကုန်တော့တာပါ။ ဒါကြောင့် အပေါင်းအသင်းဟာ သာပေါင်းညာစား အပေါင်းအသင်းတွေ အများကြီးရှိတာထက် မရှိအတူ ရှိအတူ ဖြစ်တဲ့အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုကောင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အားလုံးထက် အကောင်းဆုံး အပေါင်းအသင်းကတော့ မကောင်းတာတွေ မလုပ်ဖြစ်အောင် ကိုယ့်ကိုပြုပြင် တည့်မတ်ပေးပြီး ကိုယ်ဒုက္ခရောက်ချိန်မှာ တတ်နိုင်သမျှ ကူညီပေးတဲ့ အပေါင်းအသင်းပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ အပေါင်းအသင်းနဲ့ ပတ်သက်တဲ့ မိန့်တော်မူချက်လေးကို သတိရမိပါတယ်။ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဘုရားရှင်က မင်္ဂလာတရားတော်များမှာ အစဆုံးမင်္ဂလာများအဖြစ် “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ= လူမိုက်ကို မပေါင်းသင်းရန်နှင့် ပညာရှိသူတော်ကောင်းကိုသာ ပေါင်းသင်းရန်“ မိန့်တော်မူပါတယ်။ ဒါ့အပြင် လူမိုက်ကို မပေါင်းသင်းဖို့အတွက် ဓမ္မပဒမှာ ဟောကြားထားချက်လေးကလည်း မှတ်သားဖွယ်ဖြစ်ပါတယ်။ အဲဒီဟောကြားချက်လေးက “လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက်သာလွန်သူ မိမိနှင့်တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာ မြဲမြံစွာ ပြုကျင့်ရာ၏“ တဲ့။ အပေါင်းအသင်းဟာ အဲလောက်ကို အရေးကြီးတာပါ။ အပေါင်းအသင်းဟာ အလွန်အရေးကြီးတဲ့အတွက် အပေါင်းအသင်းကောင်းကို ရွေးချယ်ပေါင်းသင်းဖို့ အကြိမ်ကြိမ် ဆုံးမတော်မူခြင်းဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းကို ပေါင်းမိကြလို့ ပစ္စုပ္ပန် ကောင်းကျိုးမှ နိဗ္ဗာန်အထိ အကျိုးဖြစ်သွားကြသူများ ရှိသလို မကောင်းတဲ့အပေါင်းအသင်းကြောင့် အပါယ်ငရဲကျသွားသူများလည်း ရှိပါတယ်။ ဒီနေရာမှာ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်နှစ်ပါးအကြောင်းနှင့် အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်ဘုရင်တို့ အကြောင်းကတော့ အပေါင်းအသင်း အကောင်းအဆိုးရဲ့ စံပြုစရာတွေ ဖြစ်ပါတယ်။ မထေရ်နှစ်ပါးဟာ လူ့ဘ၀မှာတည်းက အပေါင်းအသင်း သူငယ်ချင်းကောင်းများ ဖြစ်တဲ့အတွက် တစ်ဦးတရားသိတဲ့အခါလည်း တစ်ဦးကို ပြန်လည်ခေါ်ဆောင် မျှဝေကာ နောက်ဆုံးဘုရားသာသနာမှာ အမြင့်မြတ်ဆုံး အဂ္ဂသာဝဘွဲ့ထူးများနဲ့အတူ နိဗ္ဗာန်အထိ မျက်မှောက်ပြုသွားကြတဲ့ အပေါင်းအသင်းကောင်းများရဲ့ ပြယုဂ်အဖြစ် စံတင်စရာဖြစ်ပါတယ်။ ဒါပေမယ့် အရှင်ဒေ၀ဒတ်လို မကောင်းတဲ့ဆရာ၊ မကောင်းတဲ့အပေါင်းအသင်းကို ပေါင်းမိတဲ့ အဇာတသတ်ဘုရင်ကတော့ အဖေကိုသတ်တဲ့ ပိတုဃာတကကံကို ကျူးလွန်မိတဲ့အတွက် ငရဲလားရတဲ့အထိ ဆိုးကျိုးကိုဖြစ်စေကာ မကောင်းတဲ့ အပေါင်းအသင်းကို ပေါင်းရခြင်းရဲ့ မကောင်းတဲ့ ပြယုဂ်အဖြစ် ထင်ကျန်စေခဲ့ပါတယ်။

အချုပ်အားဖြင့် အပေါင်းအသင်းဆိုတာ လူတွေအတွက် လိုအပ်လှတဲ့ အဖော်ဖြစ်တာကြောင့် အပေါင်းအသင်း ရှိဖို့လိုအပ်လှပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အပေါင်းအသင်းတော့ မဟုတ်ပါဘူး။ ကောင်းတဲ့ အပေါင်းအသင်းပါ။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။ ဒါကြောင့် ဘ၀မှာ အပေါင်းအသင်းဟာ ပစ္စုပ္ပန်ရော သံသရာမှာပါ ကောင်းကျိုး ဆိုးကျိုးကို ပြုလုပ်ဖန်တီးပေးနိုင်တဲ့အတွက် ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုးကို ဖြစ်စေနိုင်တဲ့ အပေါင်းအသင်းမျိုးကိုသာ ရွေးချယ်ပေါင်းသင်းကြဖို့ ဒီစာစုလေးဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။



Read more...

ဟေတုပစ္စည်း - ၁(ခ)

လောဘ၊ ဒေါသ၊ မောဟတွေ မဖြစ်ရအောင် လောဘ၊ ဒေါသ၊ မောဟတွေရဲ့ အပြစ်တွေကိုလည်း သိထားကြရပါမယ်။ အပြစ်တွေကိုသိမှ မဖြစ်အောင် ကာကွယ်လို့ရကြပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတို့ရဲ့ အကျိုးတရားတွေသိထားမှ အလောဘ၊ အဒေါသ၊ အမောဟတရားတွေ မိမိတို့သန္တာန်မှာ ပြည့်စုံသမျှပြည့်စုံအောင် အားထုတ်နိုင်ကြပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေ၏ အပြစ်တွေကို သိထားသင့်ပါတယ်။ အလောဘ၊ အမောဟတရားတွေရဲ့အကျိုးတရားတွေကိုလည်း သိထားသင့်ပါတယ်။

အကုသိုလ်ဟိတ် (၃)ပါးက အကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုပုံ

လောဘ၊ ဒေါသ၊ မောဟတွေက ယောဂီများရဲ့သန္တာန်မှာ အကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုကြတယ်။
  • ပါဏာတိပါတ = သူ့အသက်သတ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • အဒိန္နဒါန = သူ့ဥစ္စာခိုးရအောင်လည်း ကျေးဇူးပြုတယ်။
  • ကါမေသု မိစ္ဆာစာရ = သူတစ်ပါး သားမယားတွေ ဖျက်ဆီးနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • မုသာဝါဒ = လိမ်ညာပြောနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • ပိသုဏဝါစာ = ကုန်းတိုက်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • ဖရုသဝါစာ = ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်းနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • သမ္ဖပ္ပလာပ = သိမ်ဖျင်းတဲ့ စကားတွေ ပြောဖြစ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • အဘိဇ္ဈာ = သူတစ်ပါး စည်းစိမ်ကို မတရားသောနည်းဖြင့် ယူဖို့ရာ ကြံစည်ဖြစ်အောင်လည်း ကျေးဇူးပြုတယ်။
  • ဗျာပါဒ = သူတစ်ပါး သေကြေပျက်စီးအောင် ကြံစည်တဲ့ ဗျာပါဒ ဖြစ်အောင်လည်း ကျေးဇူးပြုတယ်။
  • မိစ္ဆာဒိဋ္ဌိ = အယူလွဲ၊ အယူမှားတွေ ဖြစ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
ဤကဲ့သို့ အဲဒီဟိတ်တွေ မိမိတို့ရဲ့သန္တာန်မှာ မဖြစ်ရအောင် ထိုဟိတ်တို့ရဲ့ အပြစ်တွေကို ကြိုတင်သိထားကြရပါမယ်။

ကုသိုလ်ဟိတ် (၃)ပါးက ကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုပုံ

အလောဘ၊ အဒေါသ၊ အမောဟတွေကတော့ မိမိတို့ရဲ့သန္တာန်မှာ ကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုကြတယ်။
  • သူ့အသက်မသတ်နိုင်ရအောင်၊
  • သူ့ဥစ္စာ မခိုးနိုင်ရအောင်၊
  • သူ့တစ်ပါး သားမယား မဖျက်ဆီးနိုင်ရအောင်၊
  • လိမ်ညာ မပြောနိုင်ရအောင်၊
  • ကုန်းမတိုက်နိုင်ရအောင်၊
  • ကြမ်းတမ်းစွာ မပြောနိုင်ရအောင်၊
  • ပြိန်ဖျင်းတဲ့ စကားတွေ မပြောနိုင်ရအောင်၊
  • သူတစ်ပါးရဲ့စည်းစိမ်တွေကို ကိုယ့်စည်းစိမ်ဥစ္စာဖြစ်အောင် မကြံစည်နိုင်ရအောင်၊
  • သူတစ်ပါးတွေ ဆင်းရဲကြောင်း ပျက်ဆီးကြောင်း မကြံစည်နိုင်ရအောင်၊
  • အယူလွဲ၊ အယူမှားတွေ မရှိရအောင် ... အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုတယ်။
အလောဘ၊ အဒေါသ၊ အမောဟတွေရဲ့ အကျိုးတရားတွေကို အဋ္ဌကထာဆရာတွေ ဖွင့်ပြထားပါတယ်။

အလောဘော ဒါနဟေတု။
အလောဘော = မလိုချင်တဲ့ အလောဘသည်၊ ဒါနဟေတု = ဒါန၏ အကြောင်းတည်း၊ (ဝါ) ဒါနနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။

အဒေါသော သီလဟေတု။
အဒေါသော = အဒေါသသည်၊ သီလဟေတု = သီလနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။

အမောဟော ဘာဝနာဟေတု။
အမောဟော = အမောဟသည်၊ ဘာဝနာဟေတု = ဘာဝနာနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံသဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း...။

သာဓု ... သာဓု ..... သာဓု ။

ယောဂီများရဲ့သန္တာန်မှာ အလောဘဖြစ်နေပြီဆိုလို့ရှိရင် ဒါနနှင့် ပြည့်စုံတော့မယ်။ မလိုချင် မတပ်မက်တော့ အလှူတွေ ပြုကြပါတယ်။ အလောဘက ဒါနဖြစ်ခြင်းရဲ့ အကြောင်း၊ ဒါနပြည့်စုံဖို့ရာ အကြောင်းဖြစ်တယ်။ အလောဘက ဒါနပြည့်စုံခြင်းရဲ့ အကြောင်းဆိုတော့ လောဘက မစ္ဆရိယ - ဝန်တိုနှမြောတဲ့ မလှူဒါန်းနိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ မလှူဒါန်းနိုင်အောင်ဘဲ လောဘက ကျေးဇူးပြုတယ်။ လှူဒါန်းနိုင်အောင် အလောဘက ကျေးဇူးပြုပါတယ်။

အဒေါသက သီလနှင့်ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။ အဒေါသဆိုတာ မေတ္တာပဲ။ မေတ္တာများတဲ့ ပုဂ္ဂိုလ်တွေ၊ သူတစ်ပါးကို ချမ်းသောစေလိုတဲ့ ပုဂ္ဂိုလ်တွေ သီလတွေ လုံခြုံကြတယ်။ သူတစ်ပါးကို ချမ်းသာစေလိုတဲ့ ပုဂ္ဂိုလ် သူတစ်ပါးအသက်ကို မသတ်နိုင်တော့ပါဘူး။ သတ်လိုက်ရင် သူတစ်ပါးတွေ ဆင်းရဲသွားတော့မယ်၊ မသတ်တော့ပါဘူး။

သူတစ်ပါးကို ချမ်းသာစေလိုတဲ့ပုဂ္ဂိုလ် သူတစ်ပါးပစ္စည်းလည်း မခိုးနိုင်တော့ဘူး၊ ခိုးလိုက်ရင် သူတစ်ပါးတွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ကြရတော့မယ်။ မခိုးတော့ပါဘူး။ အဒေါသက သီလ လုံခြုံခြင်း၊ သီလပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။

အဒေါသ မေတ္တာက သီလလုံခြုံခြင်းရဲ့ အကြောင်း၊ သီလနှင့် ပြည့်စုံခြင်းရဲ့ အကြောင်း၊ သီလ လုံခြုံအောင် ကျေးဇူးပြုတယ်။

ဒေါသကတော့ သီလပျက်ကြောင်းဖြစ်တယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ် မကြာခဏ သီလပျက်တတ်ပါတယ်။ သတ်ချင်လည်း သတ်ပစ်လိုက်တယ်။ ပုတ်ချင်လည်း ပုတ်ပစ်လိုက်တယ်။ ခိုးချင်လည်း ခိုးပစ်လိုက်တယ်။ ဒါကြောင့် ဒေါသက သီလပျက်ကြောင်းဖြစ်တယ်။ မကောင်းတဲ့ ဒေါသဟိတ်ဖြစ်လာရင် သီလပျက်အောင် ကျေးဇူးပြုတယ်။ ကောင်းတဲ့ အဒေါသဟိတ်ကတော့ သီလနဲ့ ပြည့်စုံအောင် ကျေးဇူးပြုတယ်။ ဒီတော့ ကောင်းတဲ့ဟိတ်တွေ များများဖြစ်ဖို့ လိုအပ်ပါတယ်။

အမောဟော ဘာဝနာဟေတု။
အမောဟော = အမောဟသည်၊ ဘာဝနာဟေတု = ဘာဝနာကုသိုလ်နှင့် ပြည့်စုံခြင်းရဲ့ အကြောင်း၊ ဘာဝနာကုသိုလ်နှင့် ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။

မောဟက တရားအားမထုတ်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ တွေတွေဝေဝေနဲ့ မောဟကြီးတဲ့ပုဂ္ဂိုလ်များ တရားအားမထုတ်နိုင်တော့ဘူး။ ဉာဏ်တုံးနေတယ်။ အမောဟဆိုတာ ဉာဏ်ပညာ၊ ဘာဝနာဆိုတာ ဉာဏ်ပညာအရာ၊ ဘာဝနာမှာ မွေ့လျော်နိုင်တဲ့ပုဂ္ဂိုလ်ဟာ သူ့မှာ ဉာဏ်ပညာနဲ့ ပြည့်စုံလို့ပဲဖြစ်တယ်။ မမွေ့လျော်နိုင်ဘူး၊ ဘာဝနာတရားကို အားမထုတ်နိုင်ဘူးဆိုတာ သူ့မှာ ဉာဏ်တုံးနေလို့ မောဟဟိတ်တွေ များနေလို့ ဖြစ်တယ်။ ဟိတ် (၆)ပါးက ကျေးဇူးပြုပုံ ထင်ရှားပါတယ်။

အလောဘက ဒါနနဲ့ ပြည့်စုံအောင် ကျေးဇူးပြုတယ်။ လောဘက မလှူနိုင်အောင် ကျေးဇူးပြုတယ်။ အဒေါသက သီလနှင့် ပြည့်စုံအောင် ကျေးဇူးပြုတယ်။ ဒေါသက သီလပျက်အောင် ကျေးဇူးပြုတယ်။ အမောဟက ဘာဝနာကုသိုလ်နှင့် ပြည့်စုံအောင် ကျေးဇူးပြုတယ်။ မောဟက ဘာဝနာတရားတွေ အားမထုတ်နိုင် ကျေးဇူးပြုတယ်။ ထင်ရှားသွားပါပြီ။ ဘယ်သူ့သန္တာန် မှာလည်းဆိုတော့ ယောဂီများရဲ့ သန္တာန်မှာ ဖြစ်နေတာပါပဲ။ သတိထားသင့်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေကို မြန်မြန်ပယ်နိုင်ရအောင် များများပယ်နိုင်ရအောင် အားထုတ်သင့်ပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေ မိမိသန္တာန်မှာ ပြည့်စုံလာရအောင် အားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဆက်ရန် ... ဟေတု ၁(ဂ)သို့

Read more...

ထေရ၀ါဒဆိုသည်မှာ…

ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်များကို ဒီအတိုင်း ဆက်လက်တည်မြဲသွားဖို့ ရှင်မဟာကဿပ သင်္ဂါယနာတင်ပြီး သိပ်မကြာခင်မှာ ဗုဒ္ဓရဲ့ သာသနာဟာ နှစ်ပိုင်း ပိုင်းသွားခဲ့ပါတယ်။

တစ်ပိုင်းက

(၁) ပြောသံကြားဖြင့် အမှန်မယူရ။

(၂) အစဉ်အဆက်စကားဖြင့် အမှန်မယူရ။

(၃) ဤသို့ဖြစ်ဖူးသည် ဆိုကာမျှ အမှန်မယူရ။

(၄) စာပေနှင့်ညီညွတ်သည် ဆိုကာမျှ အမှန်မယူရ။

(၅) ကြံဆတွေးတောယူခြင်းဖြင့် အမှန်မယူရ။

(၆) နည်းမှီယူခြင်းမျှဖြင့် အမှန်မယူရ။

(၇) အခြင်းအရာကို နှစ်သက်သဖြင့် အမှန်မယူရ။

(၈) ငါ့အယူအဆနှင့်တူသည် ဆိုကာမျှ အမှန်မယူရ။

(၉) မှတ်သားထိုက်သည် ဆိုကာမျှ အမှန်မယူရ။

(၁၀) လေးစားထိုက်သူစကား ဆိုကာမျှ အမှန်မယူရ။

ဆိုတဲ့ ဘုရားရှင်ရဲ့ စကားကိုယူပြီး သိပ္ပံနည်းကျတွေ သဘာဝယုတ္တိတွေနဲ့ ကိုက်ညီမှ လက်ခံမယ်ဆိုပြီး ဘုရားရှင်စာပေကို ပြုပြင်ရဲခဲ့ကြတယ်။

ဘုရားရှင်ရှိတုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အရိဋ္ဌရဟန်းနဲ့ ကဏ္ဋကသာမဏေတို့လေ။ ဘုရားရှင်က ပထမပါရာဇိကကို သတ်မှတ်တာ မဖြစ်နိုင်ဘူး။ ဒါဟာ ရဟန်းသံဃာတွေကို သက်သက်ညှင်းဆဲတာဖြစ်ပါတယ် လို့ ဘုရားရှင်ကို ပြန်လည် စွပ်စွဲခဲ့ကြတယ်။ သူတို့ ပြန်စွပ်စွဲတာလည်း သာဓက အခိုင်အလုံနဲ့ပဲ။ ဘုရားရှင် ရှိတုန်းမို့လို့သာပေါ့။ နို့မို့ဆို အဲဒီဝါဒဟာ ခုထက်ထိ ကျန်ပြီး လက်ခံသွားနိုင်တဲ့ အနေအထားထိ ခိုင်မာခဲ့ပါတယ်။

ဒါပေမယ့် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး နောက်ပိုင်း ပညာဂရုကပုဂ္ဂိုလ်တွေက ခေတ်နဲ့ မညီတာ သဘာဝမကျတာကို ကျပ်တည်း ကျဉ်းမြောင်းတဲ့ ပိဋကတ်တော်ထဲက ထုတ်နှုတ်ပြီး သူတို့ လိုတာကို ချန်ထားခဲ့တယ်။ တစ်ချို့တစ်ဝက် မိမိ အယူအဆထည့်သွင်းတယ်။ ကာလနဲ့ လျှော်တဲ့ ဒေသနဲ့ ကိုက်ညီတဲ့ လူတိုင်း လက်ခံနိုင်တဲ့ လူပြိုင်းနားလည်တဲ့ ခပ်လွယ်လွယ် ၀ါဒတွေကို မူလပိဋကတ်နဲ့ ညှိထုတ်တယ်။ လမ်းခွဲတယ်။ အဲဒီပုဂ္ဂိုလ်တွေက သာမည်ညောင်ည ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ပညာတတ်တွေ ပညာရှင်တွေ ဖြစ်ကြတယ်။ ဘယ်လိုပညာရှင်တွေလည်း ဆိုတော့ ဘုရားရှင်လည်း လူပဲ။ ငါတို့လည်းလူပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူတွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေ တွေးခေါ်လိုက်တာ ပိဋကတ်တော်စာတွေကလည်း ပိဋကတ်တော်နဲ့ မဆိုင်လောက်အောင် ကွဲထွက်သွားခဲ့ပါတယ်။

ဒီလိုလေ။ ဘုရားရှင်တောထွက်တော့ အတိတ်က သူငယ်ချင်းဟောင် ဃဋိကာရဗြဟ္မာကြီးက သင်္ကန်းလာကပ်တယ် လို့ ဆိုပါစို့။ စာထဲမှာ လာတာတော့ ဟုတ်ပါတယ်။ ခု ခင်ဗျား ဗြဟ္မာကြီး ဆိုတာ တွေ့ဖူးလား။ အတိတ်က သူငယ်ချင်းဟောင်းဆိုတော့ ဂမ္ဘီရ၀တ္ထုလိုလို ဖြစ်နေတယ်။ ရှေးရိုးဆန်လိုက်တဲ့ လူတွေ။ ရှေးက ဒီစာရေးတာလည်း ပုထုဇန်ပဲ။ ငါတို့လည်း ပုထုဇန်ပဲ။ ရှေးစာရေးတဲ့လူက အတွေးတော်တော်လေး ခေါင်လို့ မတွေးတတ်လို့ ဗြဟ္မာ ဆိုတာ ထည့်လိုက်တာ။ တကယ်တော့ တောပဲ။ အိုးထိန်းသည်ပဲ ဖြစ်ရယ်ပေါ့။ ဘုရားရှင် တာဝတိံသာကို ကြွတယ် တဲ့။ တာဝတိံသာ ဆိုတာက ဘယ်နားမှာတုန်း။ သိကြားမင်းဆိုတဲ့ သူကို ဘယ်သူမြင်ဖူးတုန်း။ မြင်းမိုရ်တောင်တဲ့။ အဓိပ္ပါယ်မရှိလိုက်ပုံ။ ဒီကမ္ဘာမှာ ဟိမ၀န္တာတောင်ပဲ ရှိတာ ခင်ဗျားတို့ အသိသားနဲ့ စသဖြင့် ရှေးစာတတ်တွေဟာ မဖြစ်နိုင်တာတွေ ရေးထားတယ်။ ပယ်။ စသဖြင့် ပယ်ရဲကြတယ်ပေါ့။


ဒီလိုသာ ဒီလောက သဘာဝနဲ့ တိုက်ယူနေမယ်ဆိုရင် ဈာန်အရာ၊ ကံအရာ၊ မဂ်ဉာဏ်အရာ၊ ဖိုလ်ဉာဏ်အရာတွေ ဘယ်ကျန်တော့မလဲ။ ဂုဏ်တော်တွေ ဘယ်ကျန်တော့မလဲ။ ငါးရာ့ငါးဆယ်တွေ ဓမ္မပဒတွေက ယုတ္တိစားလို့ ကုန်သွားမယ်။ ထေရ၀ါဒ သာသနာခုထိ မြဲနေတာက ဘုရားရှင်ဟောတဲ့ ဒေသနာကို ခုထက်ထိ မြဲမြဲ ဆုတ်ကိုင်ထားနိုင်လို့ပါပဲ။ ၀ါဒ တစ်ခု ပေါ်ပေါက်လာရင် ပါဠိတော် အဋ္ဌကထာနဲ့ညှိတယ်။ ရှုပ်ထွေးလာရင် မဟာပဒေသလေးပါးနဲ့ ညှိတယ်။ ၀ါဒ တစ်ခုကို တည်ထောင်ပြီဆိုရင် ကျမ်းဂန်အဆူဆူနဲ့ တိုက်ဆိုင်နိုင်ရမယ်။ ဟိုကျမ်းနဲ့ မငြိနဲ့။ ဒီကျမ်းနဲ့ မတိုက်နဲ့ လို့ ပြောလို့ မဖြစ်ဘူး။ ယုတ္တိယုတ္တာနဲ့ စစ်ချင်ပါတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မဟာယနလို့သာကြေငြာ ပေတော့။

ဒီတော့ ထေရ၀ါဒက မျက်ကန်းဝါဒလို ဖြစ်နေတယ်။ ဒီတော့ စဉ်းစားရမယ်။ ကျမ်းပြုပုဂ္ဂိုလ်ရဲ့ ဉာဏ်အဆင့်အတန်းနဲ့ ကိုယ့်ဉာဏ် အဆင့်အတန်း စိစစ်ရမယ်။ ကျမ်းပြု ပုဂ္ဂိုလ်ကို ဗုဒ္ဓမတ္တညူလို့ ချီးကျူးထားတာက သူ့ကိုယ်သူ ချီးကျူးထားတာ မဟုတ်ဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ အကူအညီနဲ့ ချီးကျူးထားတာလည်း မဟုတ်ဘူး။ ကျမ်းဂန်ကို ပုတ်ခတ်ခဲ့မယ် ဆိုရင် မကြာခင် သာသနာကွယ်ပါလိမ့်မယ်။ ကျမ်းဂန်ထဲက ကိုယ်လိုတာလေးကို ဆွဲထုတ်နေမယ် ဆိုရင် မကြာခင် သာသနာကွယ်ပါလိမ့်မယ်။

ဥပမာ…

ကန်ပေါင်ရိုးတစ်ခု ရေကာတာတစ်ခု ယိုပေါက်နေမယ်ဆိုရင် လက်ညိုးလေးလောက်ပဲ ဆိုပြီး ပစ်ထားလို့ မရသလို ထေရ၀ါဒမှာ အယူမှား အတွေးမှားတွေ ကျမ်းစာကို တစ်စိတ်တစ်ပိုင်း ဖြတ်ယူမှုတွေ ကျမ်းစာပယ်မှုတွေ ပေါ်ပေါက်လာရင် ဒီတိုင်း ပစ်ထားလို့ မရပါဘူး။ ကန်ပေါက်ရိုးတစ်ခု ရေကာတာတစ်ခုမှာ လက်ညိုးလောက် အပေါက်လေးဟာ တဖြည်းဖြည်း ကျယ်လာပြီး တိုက်စားမှုတွေ ကြီးလာမယ်။ နောက် ကန်ပေါင်ရိုးတွေ ကျိုးသွားမယ်။ အဲဒီလို ဆက်ကြည့်နေမယ်ဆိုရင် ကန်ထဲမှာ ရေကုန်သွားသလို ဗုဒ္ဓကျမ်းဂန်စစ်တွေ ပျောက်သွားမယ်။ ယုတ္တဗေဒနှင့် ညှိနှိုင်းရင်း သဘာဝယုတ္တိနှင့် ညှိနှိုင်းရင်း ယိုပေါက်တွေ များလာရာက သာသနာဟာ ဒီလူတွေ လက်ထက်မှာ ပျက်သွားလိမ့်မယ်။ သာသနာ့သမိုင်းကို ပြန်လိုက်တဲ့အခါ ဘယ်သူ့လက်ထက်တုန်းကပေါ့ လို့ သမိုင်းဆိုး မကျန်ရစ်ချင်ရင် သာသနာ့ အမှိုက်သရိုက်တွေကို ချက်ချင်းလက်ငင်းရှင်းသင့်ပါတယ်။ ပုဂံခေတ်တုန်းက လူတွေလည်း သူတို့သမိုင်းကျန်ရစ်ဖို့ဆိုပြီး စေတီတည်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာလာတော့ အားလုံးဟာ သမိုင်းဖြစ်သွားခဲ့တာပါ။



Read more...

ဝါသနာ

ဘလော့ဂါတစ်ဦးဖြစ်တဲ့ညီမနှင်းဆီနက်ကရေးပေးပါဆိုပြီးတက်ဂ်လာတာက၀ါသနာတဲ့လေ၊၀ါသနာဆိုတာဘ၀ အဆက်ဆက်က ပါလာတာမျိုးဆိုတော့ ဘုရားမှတပါး ဘယ်သူမှမစွန့်နိုင်တဲ့ဟာဆိုတော့ကျနော့်မှာလဲဝါသနာက ရှိနေပြီးသားပါ…။ စာအုပ်ရှာဖတ်ရတဲ့ဝါသနာ..ဟုတ်ပါတယ်..စာဖတ်ရတဲ့ဝါသနာအပြင်၊ရှားပါးစာအုပ်တွေကို မရရအောင်လိုက်ရှာဖတ်တတ်တဲ့ဝါသနာပါ၊မသက်သာဘူးဗျ၊ကိုယ်ဖတ်ချင်တဲ့စာအုပ်ကိုမဖတ်ရသေးသမျှတော့ရင်ထဲမှာအဆာမပြေဘူး၊ လိုက်ရှာတာပါပဲ၊ ထမင်းမေ့ ဟင်းမေ့ တင်မဟုတ်ပါဘူး၊ ထမင်းငတ်ဟင်းငတ်အထိပါဗျာ

ဟုတ်တယ်တခါတုံးက အရှင်နန္ဒ၀ံသ MA ရဲစာတွေ လိုက်ရှာတာထမင်းဖိုးတောင် မကျန်ခဲ့ လို့ထမင်း ငတ်ဖူးသလို၊ဆရာကြီးသခင်ဘသောင်းရဲ့ ဗုဒ္ဓ၏စင်္ကြ၀ဠာတရား တော်ကို ဒုတိယအကြိမ်မထွက် ခင် လေးမှာချင်းတွင်းမှာသွားဝယ်တာ၊ဈေးကလည်းကြီးနေတော့၊စဉ်စားနေရင်းနဲ့ပိုဖတ်ချင်လာလေ၊ မျက်စိထဲကစာအုပ်ကမထွက်တော့ဘူး ၊မျက်လုံးမိတ်လည်းစာအုပ်မျက်နှာ ဖုံးကပေါ်နေတော့တာပဲ ဒီလောက်ဖြစ်နေ မှတော့ဝယ်မယ် ဆိုပြီး ရှိသမျှပိုက်ဆံအကုန်အစင်ဝယ်လိုက်တယ် ဒီတုံးကတောင် (7000) ဆဆိုတာတော်တော်များနေတဲ့ အနေထားပဲါ၊ ကျနော်သုံးလေးရက်လောက် ထမင်းလွတ်သွားတယ်ဗျ ၀ါသနာလေ ဒီလိုနဲ့နောက်ပိုင်းတော့ စာအုပ်တွေကိုရှာဖတ်ဖြစ်တယ် နောက်ကဆရာကြီး ဦးအေးမောင်ရဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒ စာအုပ်ကသုံအုပ် ကျနော်ဖတ်ရတဲ့အချိန်က 1989 မှာပါ ကျနော့်ကိုဗေဒင်တွေသင်ပေးတဲ့ ဆရာကြွယ်ဆီ မှာဖတ်ရတာ ဆရာကဒီစာအုပ်ကိုယုယုယယ ကိုသိမ်းထားတာပါ ထွက်တာက လည်း(1971) ကတည်းကဆိုတော့လည်း ကြာနေပြီလေ ဒီတော့ကျနော့်မျာဝယ်တောင်းလို့ လည်းမရ လိုချင်တာကလည်းအပိုင်ကျနော်လိုက်ရှာမယ်ဆိုပြီးကျိတ်ထားလိုက် တယ်ထိုက်တန်ရင်တော့ရောက်မမှာပေါ့လေ ဒီလိုနဲ့ဒီစာအုပ်ကို အနံ့ခံနေလိုက်တာ ရောင်းမဲ့သူတွေ့ပြီ ဈေးခေါ်တော့ ကျနော့်အတွက်ကများနေတယ် တစ်အုပ်ကို 5000 ကရောင်းဈေးမလျှော့တော့ဘူးဆိုတော့ လည်း ကျနော့မှာလေ အလုပ်လိုက်လုပ်ရတယ်ပေါ့ဗျာ စာအုပ်ဝယ်ဖို့ မတတ်နိုင်ဘူးလေ ဖတ်ခြင်နေတာကိုး နောက်ဆုံး အဟောင်းတွေ ၀ယ်တဲ့ဒိုင် တွေဆီတောင် စာအုပ်ဟောင်း ရရင် ကျနော်ကိုရောင်းဖို့ မှာရတယ် ဗျ၊သူတို့ လည်းရောင်းတာပေါ့ဗျာ ဒီဆိုင်တွေကျေးဇူးကြောင့်ပဲ အရမ်းရှားနေတဲ့ စာအုပ်တချို့ရောက် လာတယ် လေ ပြီးတော့ ကျနော်ကျေးဇူးတင်ရတဲ့ အစ်ကိုကြီးတွေ အခုထက်ထိပေါ့လေ သူတို့ကလည်းစာသရဲတွေ လေ ကျနော်မှာတဲ့စာ အုပ်မှန်သမျှကို အလုပ်ပျက်အကိုင်ပျက် ခံပြီးရှာပေး မရရင်မိတ္တူကူးပေး ကိုသောင်းတင်တဲ့ ယောဂီပါရဂူ အစရှိတဲ့ ကန္နီဆရာတော်ကြီး ကျမ်း စာ တော် တော်များ များ ကို မန်းလေကနေ ပို့ပေး တာ ပြီးတော့ အစ်ကိုကြီးသန်းညွန့်

က ဓမ္မစေတီရဲ့ဆရာလို့ဆရာတော် ကိုယ်တိုင်ပြောတဲ့ ဖိုးဝန်းတောင်ဦးညွန့်ရဲ့ နေညတ္ထိဝိပဿနာကျမ်း နဲ့ တချိန်တုံးက ၀ိနိစ္ဆယချထားပြီး ဖြစ်တဲ့ ဆူးလေဓမ္မကထိကဆရာကြီး ဦးမြင့်သိန်းရဲ့ စာတွေ အခုခေတ်စားနေတဲ့ ထေရ၀ါဒ သမ္ပဒါတို့ အ၀ိဇ္ဖာမှဝိဇ္ဖာ ဆိုတဲ့တရားတွေရင့်အရင်း အမြစ်ဟာ ဆူးလေဆရာကြီးဦးးမြင့် သိန်းရဲ့ အရင်း မြစ်ပေါ့လေ သိချာ သိ ချင်ရင်တော့ ဒီဆရာကြီးရေးတဲ့ အမ္ဘူတဒီပနီ ကိုသာရှာဖတ်ကြည့်ကြပါ လို့ တိုက်တွန်း ချင် ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုကွာလည်း သိလိမ့်မယ်ထင်ပါတယ် ကျနော့်မှာ မကောင်းတဲ့ အကျင့် ၀ါသနာက ဘာကြောင့်လည်းဆိုတာသိချင်တာလည်း ပါတယ်၊ ပြီတော့သဘာဝအလှကိုရော ခံစားစောင့်ကြည့်တာ သဘာဝကိုသိချင်တာ လည်း ပါတယ် လို့ပြောရပါ့ မယ်။

မနက်အာရုံတတက်ချိန်တွေ ၊ညနေနေ၀င်ချိန်တွေ ၊ပြီးတော့တောတောင်တို့ရဲအလှတွေ၊မြစ်တွေရဲ့အလှတွေ၊ ကိုကြည့်ပြီး ကျေနပ်နေတတ်တယ်၊ အဲလရောင်ချိုတဲ့ ညဘက်တွေလည်းမေ့ထားလို့မရဘူး လရောင်တွေ တိမ်တိုက်တွေ၊ လေအလိုက်နဲ့ကတဲ့ နှင်းကချေသည်တွေ..ကျနော့်အဖို့တော့ အကုန်လှနေပါတယ် ဒီလိုသဘာဝ အလှတွေကိုချစ်တတ်ပါတယ် စိတ်ကူးယဉ်တယ်လို့ပြောလို့ရပါတယ် မနာ ဘူး ကိုယ်ကမှချစ်နေတာကိုး တခါတုံး က ပြောရဦးမယ် ဆရာတော်ကြီး ကျနော့်ငယ်ဆရာက သူ့အလုပ်စခန်းသွားဖို့ ကျနော့်ခေါ်တော့ ကျနော်လိုက်တယ် ဘယ်နေရာသွားမယ်ကြိုမပြောတတ်ဘူး ကျနော်လည်းမမေးရဲ တခါတလေ ဇင်ကျိုက်၊ တခါတလေ ဖိုးဝန်းတောင်၊ တခါတလေ ဒါးသွေးချေင်းရေတံခွန် မနည်းဘူးသွားတတ်တာ ကျနော်က ကျောင်းပိတ်ချိန်နဲ့ ကြုံရင်လိုက်ရတတ်တယ် ..ထားပါတော့ ကျနော်တို့တနသာင်္ရီတိုင်း ထားဝယ်ပိုင် ကလိန်အောင်ဆံတော် ရှင် အနောက်ဖက်စုနားမှာ လူသိနည်းတဲ့ ဂမုန်းတောင်ဆိုတာရှိရဲ့ နာမယ်တော့အမှန်မဟုတ် အရမ်းရှားတဲ့ဂမုန်တွေပေါတဲ့တောင်မို့ ကျနော်ကပေးလိုက်တာ တကယ် ဗျာ ပတ္တမြား ဂမုန်းတွေများ ပွင့်နေလိုက်တာ လှနေတာပဲ၊ ပြီးတော့ မီးကွင်း၈မုန်းတွေဆို လား ရှိတယ် တခြား ကျနော်မသိတဲ့ ဟာတွေ၊ပြီးတော့ သစ်ခွတွေ လှတယ် ဗျ၊ အလောင်းတော်ကဿပ ကိုသွားတဲ့ လမ်းတွေမှာရှိတဲ့သစ်ခွတွေလိုပဲ

တချို့ပြာ၏ တချို့ဝါ၏ တချို့ခရမ်း တချို့မိုးပြာ တချို့က ရွှေရောင်လေး အရမ်းရှားပါး လွန်းတဲ့ သဇင်ပျံလို့ခေါ်တဲ့

သဇင်နီကို အဲဒီနေရာမှာတွေးဖူးတာပါ်၊ ဘာဖြစ်လို့ လဲမသိ အဲဒီသဇင်က အခုဒီနေရာမှာရှိပြီး ခဏလေးမှာ တခြားနေ ရာကိုရောက်သွားတတ်တယ်၊သဘာဝလား ဘာ လားတော့မသိ ပြောင်းတာကတော့တကယ်၊ အဲထားတော့လေ ။

ဆရာတော်အလုပ် လုပ်ရင် ကျနော်က ပန်းလိုက်ကြည့်တယ် လမ်း လည်းမမှားအောင် သတိနဲ့နေရတာ ပ၊

ဆရာတော်ပြောထားတဲ့နေရာပဲသွားတာပါ တခြားနေရာတွေမသွားရဲဘူး သေချာတာက အဲလိုတောထဲတောင် ထဲအေးချမ်းစွာနေရ တာကိုပဲအရမ်းပျော်တယ်၊ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ အေးမျှလိုက်မလဲ အမုန်းကင်း

ဒေါသကင်း လောဘကင်း မာယာကင်း ဟန်ဆောင်မှုတွေကင်းပြီး အေးချမ်းလို့လေ၊

အဲ လိုပန်းတွေသဘာဝတွေကြည့်တာ လည်းဝါသနာပါတယ်။

ကျနော့်ဝါသနာထဲမှာ သီချင်းနားထောင်ရတာပါတယ်လို့ပဲမှတ်ပါနော် သီချင်းကြိုက်လို့။

လေးစားစွာဖြင့်…ဥပသကာ



Read more...

ဟေတုပစ္စည်း

ဟေတုပစ္စည်းဆိုတာ ပိဋကတ်သုံးပုံတို့တွင် အဘိဓမ္မာပိဋကတ်မှာပါတဲ့ ပစ္စည်းတရားဖြစ်ပါတယ်။ အဘိဓမ္မာပိဋကတ်ထဲကလည်း အဘိဓမ္မာ (၇)ကျမ်းတို့တွင် ပဋ္ဌာန်းကျမ်းတွင်ပါဝင်သော ပစ္စည်းတရားဖြစ်ပါတယ်။

ပစ္စယနိဒ္ဒေသပါဠိတော်လာ ဟေတုပစ္စည်းကို တင်ပြပါတော့မယ်။

ဟေတုပစ္စယောတိ။
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။


ဟေတုပစ္စယောတိ = ဟေတုပစ္စည်းဟူသည်ကား၊ ဟေတူ = ဟိတ်ခြောက်ပါးတို့သည်၊ ဟေတုသမ္ပယုတ္တကာနံ = ဟိတ်ခြောက်ပါးနှင့်ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ = သဟိတ်စိတ် ဧကသတ္တတိ ၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ ၅၂-ပါးတို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ = ထိုဟိတ်နှင့်ယှဉ်ကုန်သော စိတ် စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနဉ္စ = သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း၊ ဟေတုပစ္စယေန = ဟေတုပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း။

သာဓု ... သာဓု ... သာဓု။

ကျေးဇူပြုသည်ဟု ဆိုရာ၌ -
(က) မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊
(ခ) ဖြစ်ပေါ်ပြီးသည်ကို တည်နေစေခြင်း၊
(ဂ) တည်နေသည်ကို တိုးပွားစေခြင်း - တို့ပင်တည်း။
(၎င်းဟေတုပစ္စည်းသည် သဟဇာတမျိုး၌ ပါဝင်၏။)

ပစ္စည်း = လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ-ဟူသောဟိတ်ခြောက်ပါး။
ပစ္စယုပ္ပန် = သဟိတ်စိတ် ၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော ၎င်းစိတ်တို့နှင့်ယှဉ်သော စေတသိက် ၅၂-ပါး၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။

(သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်အချို့ကို အလျှင်းသင့်သလို ထည့်သွင်းတင်ပြသွားပါမယ်။ အဘိဓမ္မာကိုလည်း လေ့လာကြပါ။)
{ စိတ်ကို အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါးဟူ၍ ခွဲထားပါတယ်။ ဟိတ်မရှိသောစိတ်များကို အဟိတ်စိတ်များဟု ခေါ်ပါတယ်။ အဟိတ်စိတ် ၁၈-ပါးရှိ၏။ ဟိတ်ပါဝင်သော စိတ်များကို သဟိတ်စိတ်များဟု ခေါ်ပါတယ်။ သဟိတ်စိတ် ၈၉-၁၈= ၇၁-ပါးရှိ၏။
အကုသိုလ်စိတ် ၁၂-ပါး၊ ကာမသောဘဏစိတ် ၂၄-ပါး၊ ရူပါဝစရစိတ် ၁၅-ပါး၊ အရူပါဝစရစိတ် ၁၂-ပါး၊ လောကုတ္တရာစိတ်အကျဉ်း ၈-ပါး၊ ပေါင်း ၇၁-ပါးတို့ ဖြစ်ကြပါတယ်။

အရူပဘုံ၌ဖြစ်သော စိတ်၊ ပဋိသန္ဓေစိတ်၊ ဒွေပဉ္စဝိညာဏ် ၁၀၊ ပရိနိဗ္ဗာနစုတိစိတ်၊ ဤစိတ်တို့ကိုကြဉ်၍ ကြွင်းသောစိတ် ၇၅-ခုနှင့် ၎င်းတို့၌ ယှဉ်ကြသော စေတသိက် ၅၂-ခုတို့က စိတ္တဇရုပ်ကို ဖြစ်စေကြပါတယ်။ 'ရဟန္တာတို့ရဲ့ စုတိစိတ်မှတစ်ပါး အားလုံးသော သတ္တဝါတို့၏ စုတိစိတ်သည် ရုပ်ကိုဖြစ်စေနိုင်သည်'-ဟု အဋ္ဌကထာတွင် ဖွင့်ဆိုထားတာနဲ့အညီ စိတ္တဇရုပ်များက စုတိစိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်ကြပါတယ်။ အဲဒီနောက်ဆုံးဖြစ်တဲ့ စိတ္တဇရုပ်များက စုတိစိတ်ချုပ်ငြိမ်းသွားတဲ့အခါ ခဏငယ် ၃-ချက် ရုပ်သက်ရခဲ့ပြီး နောက်ထပ်ခဏငယ် ၄၈-ချက် အသက်ရှည်ကြပါတယ်။ ဒါကြောင့် စိတ္တဇရုပ်များဟာ စုတိစိတ်နှင့် ကမ္မဇရုပ်တို့ ချုပ်ငြိမ်းပြီးနောက် ခဏငယ် ၄၈-ချက်မှာ အပြီးသတ် ချုပ်ငြိမ်းကြပါတယ်။

ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ ခဏမစဲ မြစ်ရေအလျဉ်ကဲ့သို့ ကမ္မဇရုပ်ကို ဖြစ်စေပါတယ်။ ကမ္မဇရုပ်တွေက စုတေခါနီးသောအခါ ကမ္မဇရုပ်ဆုံး၍ တစ်ဘဝဆုံးလေသောကြောင့် စုတိစိတ်အထက် နောက်ပြန်ရေတွက်လျှင် ၁၇-ချက်မြောက် စိတ်၏ ဌီခဏမှစ၍ ကမ္မဇရုပ်များ မဖြစ်ကြတော့ပါဘူး။ အဲဒီ ၁၇-ချက်မြောက်စိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်ကြသော ကမ္မဇရုပ်များက စုတိစိတ်၏ ဘင်ခဏ၌ ၁၇-ချက် ရုပ်သက်စေ့ရလို့ စုတိစိတ်နှင့် ပြိုင်၍ ချုပ်ကြပါတယ်။

ဒါကြောင့် တစ်ဘဝအတွက် ကမ္မဇရုပ်နှင့် စုတိစိတ်တို့ဟာ ဘင်ခဏ၌ ချုပ်ငြိမ်းမှသာလျှင် အဘိဓမ္မာသဘောအရ ဘဝဆုံးသည်ဟု ခေါ်ရပါတယ်။ ကမ္မဇရုပ်များတွင် ပါသော ဇီဝိတရုပ်က 'ရုပ်သက်' ဖြစ်ပါတယ်။ စိတ်နှင့် စေတသိက်များမှာလည်း ဇီဝိတိနြေ္ဒစေတသိက်ဟု ခေါ်သော 'နာမ်သက်' ရှိပါတယ်။ တစ်ဘဝအတွက် ထိုရုပ်သက်နှင့် နာမ်သက်တို့ တစ်ပြိုင်နက် အပြီးသတ် ချုပ်ငြိမ်းတာကိုပဲ 'အသက်ကုန်သည်' (ဝါ) စုတေသည်ဟု ခေါ်စမှတ်ပြုကြပါတယ်။ }

ဟေတုသမ္ပယုတ္တကာနံ-ဟူ၍သာ ဟောတော်မမူဘဲ ဟေတူဟေတု သမ္ပယုတ္တကာနံ-ဟု ဟောတော်မူရခြင်း။
ဟေတူ-ဖြင့် ဟိတ် (၆)ပါးကား ပစ္စည်း။ ဟေတုသမ္ပယုတ္တကာနံ-ဖြင့် ဟိတ် (၆)ပါးနှင့် ယှဉ်သော တရားစသည်တို့ကား ပစ္စယုပ္ပန်။ ဤသို့ ပစ္စည်းနှင့် ပစ္စယုပ္ပန်ကို ပိုင်းခြားမှတ်သားစေလို၍ ဟေတုသမ္ပယုတ္တကာနံ-ဟုမဟောဘဲ ဟေတူဟေတု သမ္ပယုတ္တကာနံ-ဟု ဟောတော်မူပါတယ်။
(တနည်း) အဟိတ်စိတ္တုပ္ပါဒ်တို့ကိုလည်း သမ္ပယုတ္တပစ္စည်း သာမညဖြစ်ရကား - ဟေတုသမ္ပယုတ္တအဖြစ်ကို ယူခဲ့ရာ၏။ ထိုသို့မယူရ။ ၎င်းတို့ကို စင်စေလို၍ "ဟေတုသမ္မယုတ္တကာနံ"-ဟု မဟောဘဲ "ဟေတု"-ဟု အပိုစွက်၍ "ဟေတူဟေတု သမ္ပယုတ္တကာနံ"-ဟု ဟောတော်မူရပါတယ်။ (ကောက် - ၆၂၄-၅)

စိတ်၊ စေတသိက် နှစ်ပါးတို့ကြောင့် ဖြစ်ပါလျက် - စိတ္တဇရုပ် ဟုသာဆိုရခြင်း။
လောကီတရားတို့ကို ပြဆိုရာ၌ စိတ်သာလျင် ပဓာန စိတ်သာလျင် အဓိက ဖြစ်သောကြောင့် စိတ္တဇရုပ်ဟုသာ ဆိုရပါတယ်။ (ကောက်-၆)

စိတ်က ပဋိသန္ဓေကမ္မဇရုပ်အားသာ သဟဇာတပစ္စည်းတပ်၍ ပဝတ္တိကမ္မဇရုပ်အား သဟဇာတပစ္စည်း မတပ်ရခြင်း။
ကမ္မဇရုပ်တို့သည် ပဋိသန္ဓေအခါမှာ စိတ်နှင့်စပ်၍သာ ဖြစ်ကြကုန်၏။ စိတ်နှင့် ကင်း၍ မဖြစ်ကြကုန်၊ ပဝတ္တိအခါမှာမူ စိတ်နှင့်ကင်းသော်လည်း - (နိရောဓသမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ သန္တာန်၌)- ဖြစ်ကြကုန်၏။ ထို့ကြောင့် စိတ်က ပဋိသန္ဓေကမ္မဇရုပ်အားသာ သဟဇာတပစ္စည်းတပ်၍ ပဝတ္တိကမ္မဇရုပ်အား သဟဇာတပစ္စည်း မတပ်ပါ။ (ကောက်-၆)

စိတ်သည် ပဝတ္တိအခါ၌သာ စိတ္တဇရုပ်ကို ဖြစ်စေ၍ ပဋိသန္ဓေအခါ၌ စိတ္တှဇရုပ်ကို မဖြစ်စေနိုင်ခြင်း။
ပဋိသန္ဓေအခါ ကံ၏ အဟုန်ဖြင့် ပစ်ချအပ်သောကြောင့်၎င်း၊ မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီရသောကြောင့်၎င်း၊ အားနည်းသည်ဖြစ်၍ စိတ္တဇရုပ်ကို မဖြစ်စေနိုင်သောကြောင့် ပဝတ္တိအခါ၌သာ စိတ္တဇရုပ်ကို ဖြစ်စေနိုင်ပါသည်။ (ကောက်-၆)
-----------

ဟိတ်ခြောက်ပါးက အကြောင်းတရား၊ ပစ္စည်းတရား။ ဟိတ်ခြောက်ပါးနှင့်ယှဉ်တဲ့ သဟိတ်စိတ် ဧကသတ္တတိ-၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော ၎င်းစိတ်တို့နှင့်ယှဉ်သော စေတသိက် ဒွေပညာသ-၅၂-ပါး၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေပမ္မဇရုပ်ကတော့ ပစ္စယုပ္ပန်တရား၊ သမ္ပယုတ္တက္ခန္ဓာနှင့် သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေပမ္မဇရုပ်တွေက အကျိုး ပစ္စယုပ္ပန်တရား။

ဒီမှာလိုရင်းကတော့ ဟိတ် ၆-ပါး သိထားဖို့ပါပဲ။ ဟိတ် ၆-ပါးက လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ် မကောင်တဲ့ အကုသိုလ်ဟိတ်က ၃-ပါး။ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် ကောင်းတဲ့ ကုသိုလ်ဟိတ်က ၃-ပါး။ အဲဒီဟိတ် (၆)ပါးက မိမိတို့သန္တာန်မှာရှိနေတဲ့ သမ္ပယုတ္တက္ခန္ဓာလို့ခေါ်တဲ့ စိတ် စေတသိက်တွေနှင့် သဟိတ် စိတ္တဇရုပ်တွေ၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်တွေကို ကျေးဇူးပြုနေတယ်။ ရုပ်နာမ်နှစ်ပါးလုံးကို ကျေးဇူးပြုနေပါတယ်။

မကောင်းတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုတဲ့အခါ စိတ် စေတသိက်လည်းမကောင်တော့ဘူး။ စိတ်ညစ် စိတ်ဆိုးတွေလည်း ဖြစ်လာပေတယ်။ စိတ်တွေလည်း မကြည်လင်တော့ပေဘူး။ ရုပ်တွေလည်း မကြည်လင်တော့ပေဘူး။ မသန့်ရှင်းတော့ပေဘူး။ ညစ်နွမ်းသွားတယ်။ ကောင်းတဲ့ဟိတ် (၃)ပါးက ကျေးဇူးပြုတဲ့အခါ စိတ်တွေလည်း ကြည်လင်၊ ရုပ်တွေလည်း ကြည်လင်၊ စိတ် စေတသိက်တွေလည်း ကြည်လင်ပြီး ကုသိုလ်တရားတွေ တိုးပွား ဖြစ်လာကြပေတယ်။

မကောင်းတဲ့ဟိတ်က (၃)ပါး၊ ကောင်းတဲ့ဟိတ်က (၃)ပါး။ ကျမ်းဂန်တွေမှာကျတော့ သစ်ပင်က ရေသောက်မြစ် နဲ့တူတယ်လို့ ဥပမာပြပါတယ်။ ရေသောက်မြစ်ကောင်းတဲ့ သစ်ပင်၊ ရေသောက်မြစ်၌ ပိုးတို့ အနာတို့ မရှိတဲ့ သစ်ပင်တို့က ကြီးထွားလာကြတာပါပဲ။ ရေသောက်မြစ် မကောင်းတဲ့သစ်ပင်၊ ရေသောက်မြစ်မှာ ပိုးစွဲနေတဲ့၊ အနာအဆာတွေစွဲနေတဲ့ သစ်ပင်က မကြီးထွားနိုင်တော့ပေဘူး။ တဖြည်းဖြည်းဆုတ်ယုတ်သွားတော့ပါပဲ။

အဲဒီလိုပဲ ယောဂီတို့ရဲ့ သန္တာန်မှာရှိနေတဲ့ ကောင်းတဲ့ဟိတ်၊ မကောင်းတဲ့ဟိတ်တွေ ကျေးဇူးပြုနေပုံကလည်း အတူတူပါပဲ။ တရားနာနေတဲ့၊ တရားစာဖတ်နေတဲ့အခိုက်မှာတော့ မိမိတို့သန္တာန်မှာ ဖြစ်နေတဲ့ ဟိတ် (၆)ပါးကို ဟောနေတာပဲလို့ နှလုံးသွင်းထားရင် ပိုပြီး မှတ်မိပါတယ်။ ပိုပြီး သဘောပေါက်နိုင်ပါတယ်။ ဒီဟိတ် (၆)ပါးက ထိုထို သတ္တဝါတွေရဲ့၊ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရှိနေကြတာပါပဲ။

ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့သန္တာန်၊ သောတာပန်ပုဂ္ဂိုလ်ရဲ့သန္တာန်၊ သကဒါဂါမ်ပုဂ္ဂိုလ်ရဲ့သန္တာန်တွေမှာတော့ ဟိတ် (၆)ပါးလုံး ဖြစ်တာပါပဲ။
မကောင်းတဲ့ဟိတ်လည်း ဖြစ်လိုက်၊ ကောင်းတဲ့ဟိတ်လည်း ဖြစ်လိုက်ပါပဲ။ အနာဂါမ်ပုဂ္ဂိုလ်ရဲ့သန္တာန်မှာတော့ လောဘဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်တို့ပဲရှိတယ်။ ဒေါသဟိတ် မရှိတော့ပါဘူး။ ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာတော့ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်ဆိုတဲ့ ကောင်းတဲ့ဟိတ် (၃)ပါးပဲ ရှိတော့တယ်။ အဗျာကတဟိတ် (၃)ပါးပဲ ရှိတော့တယ်။

ဟိတ် (၆)ပါး အဓိပ္ပါယ်

လောဘဟိတ် - ဆိုတာ လိုချင်တာ၊ တပ်မက်တတ်တာ။
ဒေါသဟိတ် - ဆိုတာ အမျက်ထွက်တာ၊ စိတ်ဆိုးတတ်တာ၊ ပြစ်မှားတတ်တာ။
မောဟဟိတ် - ဆိုတာ တွေတွေဝေဝေသိတာ၊ အမှားကိုသိတာ။
အလောဘဟိတ် - ဆိုတာ မလိုချင်တတ်တာ၊ မတပ်မက်တတ်တာ။
အဒေါသဟိတ် - ဆိုတာ မပြစ်မှားတတ်တာ၊ ချမ်းသာစေတတ်တာ။
အမောဟဟိတ် - ဆိုတာ မတွေမဝေသိတာ၊ အမှန်ကို သိတာ။

ဤဟိတ် (၆)ပါးလုံးဟာ ယောဂီတွေရဲ့ သန္တာန်မှာ ရှိနေကြတယ်။ ကောင်းတဲ့ဟိတ်၊ မကောင်းတဲ့ဟိတ်တို့သည် သူတို့အချင်းချင်း အပြိုင်ပဲဖြစ်ကြတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ရှိနေလို့ရှိရင် အလောဘ၊ အဒေါသ၊ အမောဟတွေ ဖြစ်ခွင့်မရတော့ပါဘူး။ အလောဘ၊ အဒေါသ၊ အမောဟတွေ ရှိနေလို့ရှိရင်လည်း လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်ခွင့်မရတော့ပါဘူး။ ဤကဲ့သို့ အပြိုင်ဖြစ်ကြပါတယ်။

ဆက်ရန်...

Read more...

ပဋ္ဌာန်းသင်ကြားခဲ့စဉ် မှတ်သားဖွယ်ရာ

ညောင်တုန်းကျောင်းတိုက်မှာ ဆရာတော် အရှင်တေဇနိယမှ ပဋ္ဌာန်းကျမ်းကို ပို့ချရာမှာတော့
(၁) ပဥှာဝါရ (သုဒ္ဓသင်္ချာ၊ ပါဠိ၊ အရကောက်၊ သင်္ဂဟ ရှု၍ ပို့ချပါတယ်။)
(၂) ပစ္စယနိဒ္ဒေသ (ပဥှာဝါရ သုဒ္ဓသင်္ချာနှင့် အရကောက် ရှု၍ ပို့ချပါတယ်။)
(၃) ဆဝါရ (ပဥှာဝါရနှင့် တွဲဖက်၍) လမ်းညွှန်ချက်အတိုင်း ပို့ချပါတယ်။

အဲဒီလို ပို့ချရာမှာ ပဥှာဝါရ ပို့ချတဲ့အခါ ...
- ပဥှာဝါရ မျိုးစဉ် လင်္ကာပါအတိုင်း မျိုးအလိုက် ပစ္စည်းနှင့် သုဒ္ဓသင်္ချာကို ကြေညက်စေပါတယ်။
- သဟငယ်၊ သဟလတ်၊ သဟကြီး ပစ္စည်းများခွဲခြား၍ သဟငယ် သုဒ္ဓသင်္ချာရပြီးတဲ့အခါ သဟငယ် သုဒ္ဓသင်္ချာမှ ပါဠိထွက်ပုံကို သိစေပြီး ပါဠိတော်သက်သက် ဇယားဖြင့် ဟောပြီး ပို့ချပါတယ်။
- အဲဒီနောက်မှာ ကရိုဏ်းအရ ပစ္စည်းပြိုင်နည်းကို နားလည်ပြီးမှ အရကောက်စေပါတယ်။ (ပစ္စည်းပြိုင်နားမလည်မီ အရမကောက်ရပါ။)
- သဟကြီးသုဒ္ဓသင်္ချာမှ ပါဠိထုတ်၍ ထိုပါဠိတော်ဇယားဖြင့်ပင် အရကောက်စေပါတယ်။
သဟလတ် လေးပါးပစ္စည်းအတွက် သဟကြီးသုဒ္ဓသင်္ချာထဲမှ ထုတ်ယူ၍ ပါဠိတော်ဟောပြီး အရကောက်ပါတယ်။
- သဟမျိုး ဝိဘင်္ဂပြီးသည်နှင့် ပဥှာဝါရ သင်္ချာခန်း သဘာဂ ဃဋနာတို့ကို တဆက်တည်း လေ့လာစေပါတယ်။
- ကျန်မျိုးများ၌လည်း ဆိုင်ရာမျိုးအလိုက် သင်္ဂဟ သုဒ္ဓသင်္ချာ ပါဠိ အရကောက်တို့ကို ရှု၍ လေ့လာစေပါတယ်။
- အဲဒီလို ပဥှာဝါရ၊ ပစ္စယနိဒ္ဒေသ၊ ဆဝါရ အစဉ်တို့ကို မျိုးစဉ်အားဖြင့် လေ့လာစေပြီးတဲ့အခါ ဟေတုစသော ပစ္စည်းတစ်ခုချင်းကို ပဥှာဝါရ၊ ပစ္စယနိဒ္ဒေသ၊ ဆဝါရအားဖြင့် လေ့လာစေပါတယ်။

၂၄-ပစ္စည်းကို မျိုး (၉)မျိုးဖြင့် ခွဲဝေပုံ
ဆောင် - ဆယ့်ငါးသဟာ၊ ရှစ်ဝအာနှင့်၊ ခုနှစ်ဖြာနန်၊ နှစ်တန်ပကတူ၊ ခြောက်မူဝတ္ထု၊ လေးခုပစ္ဆာ၊ သုံးဖြာဟာရော၊ တယော ဣံ ကမ်၊ မိဿသုံးတန်၊ ဆောင်ရန်မျိုးစဉ် အာဂုံတည်း။

ခေါင်းဆောင် (၈) ပစ္စည်း
ဆောင် - အာ.သ.ဥ.ရေ၊ စ္ဆာ.ကမ္မေ၊ ဟာရေ ဣန္ဒြိ၊ ရှစ်ပါးသိ။
မှတ်ချက် - အနန္တရမျိုးနှင့် ပကတူပမျိုးတို့၏ ခေါင်းဆောင်မှာ ဥပနိဿယသာ။

သဟမျိုး (၁၅) ပစ္စည်း
ဆောင် - ဟေ. ဓိ. သဟံ၊ အဉ်. နိ. ကမ်၊ ဝိပံ. ဟာ. ဣံ. ဈာန်။
မဂ်. သမ်. ဝိပ်. အတ်၊ အဝိမှတ်၊ သဟတ်ဆယ့်ငါးတန်။ (မျိုးစဉ်၊ ပစ္စည်းစဉ် ကြေညက်ရပါတယ်။)

သဟကြီး (၄) ပစ္စည်းဟူသည်ကား - သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ။
သဟလတ် (၄) ပစ္စည်းဟူသည်ကား - အညမည၊ ဝိပါက၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ။
သဟငယ် (၇) ပစ္စည်းဟူသည်ကား - ဟေတု၊ အဓိပတိ၊ ကမ္မ၊ အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ။
ဆောင် - ဟေ. အဓိ. ကမ်၊ ဟာ. ဣန်. ဈာန်၊ မဂ္ဂံ သဟငယ်။
(တရားကိုယ် နည်းများလိုက်၍ သဟငယ်၊ သဟလတ်၊ သဟကြီး ဟုခေါ်ပါတယ်။)

မျိုးအားလျှော်စွာ ပဋ္ဌာန်းပစ္စည်းများကို ကြေညက်စွာ လေ့လာခြင်း၊ သုဒ္ဓသင်္ချာကို ကြေညက်စွာ လေ့လာထားခြင်းဖြင့် အရကောက်၊ ပစ္စည်းပြိုင်၊ ဃဋနာ၊ သဘာဂများလေ့လာရာ၌ လွန်စွာလွယ်ကူပါတယ်။
(သင်္ဂဟ - ပစ္စည်းပိုင်း ကြေညက်ကလည်း ပဋ္ဌာန်းသိမြင်လွယ်ပါတယ်။)

သုဒ္ဓသင်္ချာအားလုံးကို ဆရာတော်မှ သင်တန်းတက်စဉ်ကာလမှာ နေ့စဉ်ပြန်ဆိုထားခိုင်းပါတယ်။ သင်္ဂဟပစ္စည်းပိုင်းရှိ သူ့ပစ္စည်းအလိုက် ဖော်ပြထားသော သင်္ဂဟပါဠိတော်အနက်နှင့် သုဒ္ဓသင်္ချာတို့ကို အမြဲယှဉ်ကြည့်စေပါတယ်။ အမြင်ကျယ်မှုကို ဖြစ်စေဘို့ပါ။

သရုပ်ကြွေမွ၊ ဆိုရိုးရ၊ ကြံဆမှန်မှန်ရွတ်၊ ပဋ္ဌာန်းတတ်ရန်၊ ဤလေးတန်၊ ဧကန်မှန်မချွတ်။ .. ဟူသည်နှင့် အညီ..
သရုပ်ခွဲ၍ ဆိုရိုးရစေပြီး ကြံဆကာနေ့စဉ် မှန်မှန်ရွတ်ကြပါရန် အထူးတိုက်တွန်းထားပါတယ်။ ညဝါသဘောမှာ မှန်မှန်ရွတ် မှန်မှန်ကြံ ဧကန်တတ်ပါသည်။ မည်မျှပင် သဘောပေါက်စေကာမူ မရွတ်ပါက ယောင်ဝါးဝါးဖြစ်မှာ ဧကန်ဖြစ်ပါတယ်။

မှတ်ချက်။ ။ ပဋ္ဌာန်းကျမ်းကြီးများ လေ့လာဖူးပြီးသား သုတေသီများအား ရည်ရွယ်၍ တင်ပြပါသည်။

Read more...

သူရဲကောင်း... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

သူရဲကောင်း... (ဦးသုမင်္ဂလ) vcd



Read more...

သီလခံယူမှုနဲ့ ကျင့်သုံးမှု... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ)၁-မှ...

သီလခံယူမှုနဲ့ ကျင့်သုံးမှု...
















Read more...

ရဟန်းက မိန်းမကို ရှိခိုးသတဲ့... (ဝိနိစ္ဆယ (ဓမ္မ အဓမ္မ အဆုံးအဖြတ်))

ကျောက်ပုံတောရ- ဝိနိစ္ဆယ (ဓမ္မ အဓမ္မ အဆုံးအဖြတ်) စာမျက်နှာ ၁၂-မှ-၁၉

ရဟန်းက မိန်းမကို ရှိခိုးသတဲ့...
ဓမ္မကထိကကို မိန်းမလှူက ပိုမြတ်သည်ဆိုခြင်း...

















<---စာမျက်နှာ-၇-မှ-၁၁-သို့။


Read more...

ကျောက်ပုံတောရ စောဒနာလွှာ တင်သွင်းခြင်း... (ဓမ္မ အဓမ္မ အဆုံးအဖြတ်)

ကျောက်ပုံတောရ- ဝိနိစ္ဆယ (ဓမ္မ အဓမ္မ အဆုံးအဖြတ်) စာမျက်နှာ ၇-မှ-၁၁

စောဒနာလွှာ တင်သွင်းခြင်း...










<---စာမျက်နှာ-၁-မှ-၅-သို့။ ။စာမျက်နှာ-၁၂-မှ-၁၉-သို့--->


Read more...

သြော်... လူကြီး... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

သြော်... လူကြီး... (ဦးသုမင်္ဂလ) vcd



Read more...

ပဋ္ဌာန်းရဲ့အဓိပ္ပါယ် အတိုချုပ်

ပဋ္ဌာန်းရဲ့အဓိပ္ပါယ် အတိုချုပ်

ပဋ္ဌာန်းဆိုတဲ့စကားဟာ မြန်မာဝေါဟာရ စကားဖြစ်ပါတယ်။ ပဋ္ဌာနဆိုတဲ့ ပါဠိတော်က ဆင်းသက်လာတဲ့ စကားဖြစ်တယ်။ပဋ္ဌာန၌ ပ-က တစ်ပုဒ်၊ ဋ္ဌာန-က တစ်ပုဒ်။ပ-က အထူးထူး အပြားပြား၊ဋ္ဌာန-က အကြောင်းပစ္စည်းတရား။အထူးထူး အပြားပြား များပြားသော အကြောင်းပစ္စည်းတရားကို ဟောကြားရာ၊ ဋ္ဌာန-ကျမ်းကို ပဋ္ဌာန်းကျမ်းလို့ ဆိုရပါတယ်။ကုသိုလ်အစရှိသောတရားတို့ကို ဟေတု-ပစ္စည်း အစရှိသည်တို့၏ အစွမ်းဖြင့် ဝေဖန်ရာဖြစ်သောကြောင့် ပဋ္ဌာန်း မည်ပါတယ်။

ဟေတုပစ္စည်းစသည်ပြားကုန်သော ကုသိုလ်စသောတရားတို့၌ ချဲ့ဘို့ရာနည်းကို ရခြင်းကြောင့် ငြိစွန်းခြင်းမရှိ သဗ္ဗုညုတဉာဏ်၏ တည်ရာဖြစ်သောကြောင့် ပဋ္ဌာန်း မည်ပါတယ်။
(ပဋ္ဌာန်း + ဋ္ဌ - ၃၄၃) (အရကောက် - ၆၂၃)အကြောင်းတရားတွေကိုသာ ဟောကြားတာလာဆိုတော့ ဒီလိုတော့မဟုတ်ပါဘူး။ အကျိုးတရားတွေ များစွာဖြစ်ပေါ်ပုံကိုလည်း ဟောကြားတော်မူပါတယ်။ အကြောင်းပစ္စည်းတရားအမျိုးမျိုးကြောင့် အကျိုးပစ္စယုပ္ပန်တရား အမျိုးမျိုးတို့ ဖြစ်ပုံကို ဟောကြားတော်မူပါတယ်။

အကြောင်းအမျိုးမျိုးနှင့် အကျိုးအမျိုးမျိုးတို့ကို ဆက်စပ်၍ ဟောကြားတဲ့ ဒေသနာတော် ဖြစ်တယ်လို့ ဆိုလိုပါတယ်။ဆောင်ပုဒ်။ ။ ကြောင်းကျိုးများစွာ၊ ဆက်စပ်ကာ၊ ဟောတာပဋ္ဌာန်းမည်။ကြောင်းကျိုးများစွာဆိုသည်မှာ ရုပ်အကြောင်းကြောင့် နာမ်အကျိုးတရားတွေဖြစ်ပုံ၊ နာမ်အကြောင်းကြောင့် ရုပ် နာမ်အကျိုးတရားတွေ ဖြစ်ပုံအမျိုးမျိုးတို့ကို ဆက်စပ်ကာ ဟောကြားတော်မူသော ဒေသနာဖြစ်သောကြောင့် ပဋ္ဌာန်းကျမ်းဟု ဆိုရပါတယ်။ရုပ်တရားတွေထက် နာမ်တရားတွေက ပိုပြီးသိမ်မွေ့ပါတယ်။ လျင်မြန်ပါတယ်။ ရုပ်သက်တစ်ချက်ကို နာမ်သက်က တစ်ဆယ့်ခုနှစ်ချက် ဖြစ်ပြီးတော့ ပျက်သွားပါတယ်။ လက်ဖျစ်တစ်တွက်အတွင်း၊ လျှပ်တစ်ပြက်အတွင်း၊ တစ်စက္ကန့်အတွင်းမှာ ကုဋေတစ်သိန်းဖြစ်ပြီး ချုပ်ပျက်သွားပါတယ်။

မြတ်ဗုဒ္ဓ မြင်ခဲ့တာ နှစ်ပေါင်း ၂၅၀၀ကျော်သွားပါပြီး။ အဲဒီလို ကြောင်းကျိုးဆက်သွယ်ပုံတွေကို ပြည့်ပြည့်စုံစုံ နည်းကျကျ သိချင်ပါတယ်ဆိုရင် ပဋ္ဌာန်းဒေသနာတော်ကို လေ့လာသင့်ပါတယ်။ကျမ်းကြီးအနေအားဖြင့် ၄-မျိုးရှိပါတယ်။ အကျဉ်းအားဖြင့်တော့ ၂၄ ကျမ်းရှိပါတယ်။
၁။ ဓမ္မအနုလုံ ပဋ္ဌာန်း
၂။ ဓမ္မပစ္စနိက် ပဋ္ဌာန်း
၃။ ဓမ္မအနုလောမပစ္စနိက် ပဋ္ဌာန်း
၎။ ဓမ္မပစ္စနိယာနုလောမ ပဋ္ဌာန်း ဟူ၍ ၄-မျိုးရှိပါတယ်။
ဓမ္မအနုလုံ၌ -တိကပဋ္ဌာန်း၊ ဒုကပဋ္ဌာန်း၊ ဒုကတိကပဋ္ဌာန်း၊ တိကဒုကပဋ္ဌာန်း၊ တိက တိကပဋ္ဌာန်း၊ ဒုကဒုက ပဋ္ဌာန်းအားဖြင့် ၆-ကျမ်းရှိပါတယ်။
ထို့အတူ ဓမ္မပစ္စနိက်၌ ၆-ကျမ်း၊ဓမ္မအနုလောမပစ္စနိက်၌ ၆-ကျမ်း၊ဓမ္မပစ္စနိယာနုလောမ၌ ၆-ကျမ်းအားဖြင့် ပဋ္ဌာန်း ၂၄-ကျမ်းရှိပါတယ်။ဆောင်ပုဒ်။ ။ တိကဒုက၊ ဒုတိက၊ တိကဒုကထား။ တိကတိက၊ ဒုဒုက၊ ခြောက်ဝပဋ္ဌာန်းများ။
ပဋ္ဌာန်းမှာ နက်နဲခြင်း ၄-မျိုးရှိပါတယ်။ နက်နဲခြင်း ဂမ္ဘီရ ၄-ပါးလို့ခေါ်ပါတယ်။
၁။ အတ္ထဂမ္ဘီရ - အဝိဇ္ဇာ စသောအကြောင်းကြောင့် သင်္ခါရစသော အကျိုးဖြစ်ခြင်းသဘောကို ထိုးထွင်း၍ သိမြင်နိုင်မှု ခက်ခဲခြင်း။
၂။ ဓမ္မဂမ္ဘီရ - အဝိဇ္ဇာ စသည်က သင်္ခါရ စသည်အား ကျေးဇူးပြုခြင်း အကြောင်းသဘောကို ထိုးထွင်း၍ သိမြင်နိုင်မှု ခက်ခဲခြင်း။
၃။ ဒေသနာဂမ္ဘီရ - စမှဆုံး-လယ်မှဆုံး-ဆုံးမှလယ်-ဆုံးမှစ ဟုအနုလုံ၊ ပဋိလုံအားဖြင့် ဟောတော်မူသော ဒေသနာကို ထိုးထွင်း၍ သိမြင်နိုင်မှု ခက်ခဲခြင်း။
၎။ ပဋိဝေဓဂမ္ဘီရ - အဝိဇ္ဇာစသော တရားတို့၏ သဘော၊ လက္ခဏကို ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နိုင်မှု ခက်ခဲခြင်း။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP