* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, June 6, 2009

ပြည်သူချစ်သော ဆရာတော် (၂) ပါး မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရ

E-mail Print
ထင်ရှားသော အရှင်ဆန္ဒာဓိက၊ အရှင်ရာဇိန္ဒ (ခ) ရဝေနွယ် (အင်းမ)၊ မုံရွာ ဗောဓိတထောင် ဆရာတော်နှင့် ဘုရားဖူး ၅ ဦးတို့သည် မုံရွာဗောဓိ တထောင်ဘုရားတွင် မတော်တဆ ဓာတ်လှေကား ပြုတ်ကျမှုကြောင့် မန္တလေး အထွေထွေဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယမန်နေ့ညနေ ၆နာရီ ၃၀ခန့်က ဤကဲ့သို့ဖြစ်ပွားခဲ့မှုကြောင့် ဆရာတော်အရှင်ဆန္ဒာဓိကမှာ ခြေကျင်းဝတ် အရိုးအက်သွားသဖြင့် ခွဲစိတ်ကုသခံရကာ၊ ဆရာတော်အရှင်ရာဇိန္ဒ (ခ)ရဝေနွယ်(အင်းမ)မှာလည်း ခြေထောက် အရိုးကျိုးသွားပြီး ခွဲစိတ်ကုသခံရဖွယ်ရှိကြောင်း၊ ဗောဓိတထောင် ဆရာတော်မှာမူ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း မန္တလေးရှိ ဂျာနယ် သတင်းထောက် တဦး က ပြောပြသည်။

ယခုဓာတ်လှေကား မတော်တဆ ဖြစ်မှုမှာ လျှပ်စစ်မီးချွတ်ယွင်းချက်ကြောင့် ဗောဓိတထောင် ဘုရားရှိ ရပ်တော်မှု ဆင်းတုတော် ၏ ၃၁ ထပ် မှ ၂၆ ထပ်အထိ ဓာတ်လှေကားပြုတ်ကျခြင်းကြောင့် ဖြစ်ကြောင်း လည်းသိရသည်။

ဗောဓိတထောင်ဘုရားသည် မုံရွာမြို့တွင် ရှိပြီး ၂၀၀၇ ခုနှစ် က တည်ဆောက်ပြီးစီးခဲ့သော ၁၃၀ မီတာ အမြင့်ရှိ သည့် ဗုဒ္ဓဆင်းတုတော်ကြောင့် ထင်ရှားကျော်ကြားသည်။

အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ)နှင့် ရှင်ရာဇိန္ဒတို့သည် ၎င်းတို့ရေးသားထုတ်ဝေသော စာအုပ်များကြောင့် မြန်မာပြည်တွင် လူသိများထင်ရှားသည်။

Read more...

ဦးကောဝိဒနှင့် စကားပြောဖြစ်ခြင်း

ကွန်ပျူတာကို စသင်ပေးဖြစ်ခဲ့ တာတော့ ကြာပြီ။ ကြာပြီဆိုတာက မနှစ်က ၂၀၀၈ ခုနှစ် လဆန်းပိုင်းလောက်ကနေ စပြီး သင်ဖြစ်ခဲ့တယ်။ စသင်တယ်ဆိုတာက နီးစပ်ရာ အကူအညီလာတောင်းတဲ့ သူတွေကို စသင်ပေးဖြစ်တယ်။

သင်တန်းလို့ အမည်တပ်ဖြစ်လိုက်တာက ၂၀၀၈ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းစပြီး သင်တန်းကို ဆက်ပို့ချဖြစ်ခဲ့ပါတယ်။ အခြေခံသင်တန်းကနေ စပြီး ပို့ချဖြစ်ခဲ့တယ်။ အဲဒီနောက်ကနေစပြီး photo shop ရယ် Video Edit တွေရယ် သင်ပေးဖြစ်တယ်။ A+ သင်တန်း ဆိုပြီး နာမည် မခံသေးဘူး။ စက်တွေ ပျက်တာတွေ window ပြင်တာတွေ Software တွေ install တွေကို လိုက်ကြည့်ခိုင်းပြီး သင်ပေးခဲ့တယ်။ အဲဒီနောက်မှာ မန္တလေးက ၃၅ လမ်း ၆၉ × ၇၀ လမ်းကြားမှာ ဆရာဦးရဲဝင်းနောင်ရဲ့ Pro-Tech Center ကြီး ဖွင့်ဖြစ်ခဲ့တယ်။

အဲဒီအချိန်မှာ ဦးဇင်းရဲ့ ရည်ရွယ်ချက်လေးကို အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီလို့ ပြောရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ မန္တလေးမှာ ဦးဇင်းတို့ အင်တာနက်တွေ ကွန်ပျူတာတွေ အသုံးပြုနေကြပေမယ့် Offline မှာ ကွန်ပျူတာကို မမြင်ဖူးတဲ့ သံဃာတွေ အများကြီးပဲ။ ဦးရဲဝင်းနောင်ကိုလည်း ဦးဇင်းရဲ့ ရည်ရွယ်ချက်ကို MICT မီးမလောင်ခင် ကတည်းက ပြောခဲ့ဖူးတယ်။ သံဃာတွေကို ပြန်သင်ပေးဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဦးဇင်း ဒီမှာ ကွန်ပျူတာသင်တန်းလာတက်ရခြင်းဖြစ်ကြောင်း ဆရာကို ပြောခဲ့ဖူးတယ်။ အဲဒီ MICT မှာတုန်းက စစ်ကိုင်းကနေ မန္တလေးကို Casing ပုံးကို ပခုံးပေါ်တင် ဗုဒ္ဓတက္ကသိုလ်အနီးကနေ ကိုးပေမှတ်တိုင်အထိ လမ်းလျှောက်ပြီး စစ်ကိုင်းကား ခေါင်မိုးပေါ်ကနေ မန္တလေးကို သွားခဲ့ရတယ်။ ဒါတွေကို ဦးရဲဝင်းနောင်က ပိုသိပါတယ်။ အဲဒီ အဖြစ်အပျက်တွေကို အသိဆုံးကတော့ အခု အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ဦးညာဏဒီပ အသိဆုံးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဦးဇင်းရဲ့ ဒကာ ဒကာမတွေက ဦးဇင်းကို အိန္ဒိယမှာ BA တက်ဖို့ တွန်းအားပေးနေတဲ့ အချိန်ပေါ့။ ဒါပေမယ့် ဦးဇင်းရဲ့ စိတ်ထဲမှာ အဲဒီကို BA သွားတက်ဖို့ အစီအစဉ် မရှိဘူး။ ဒေါက်တာဘွဲ့လည်း မယူချင်ဘူး။ အဲဒီအချိန်မှာ ဒေါက်တာဘွဲ့ရတဲ့လူတွေကို ကြည့်မိတယ်။ ဒီနည်းပညာကို ဘယ်သူမှ ဖြန့်ဖြူးဖို့ အစီအစဉ် မရှိဘူး။ ဒီအတိုင်းဆိုရင် ဒီနည်းပညာကို ကိုယ်မလုပ်ရင် ဘယ်သူ့မှ လုပ်မှာ မဟုတ်ဘူးဆိုတဲ့ အသိလေး ခေါင်းထဲ ၀င်လာတယ်။ ဒါနဲ့ ဆရာ့ကို အကူအညီတောင်းတယ်။ တောင်းတာက မန္တလေးကသံဃာတွေကို Free သင်ပေးချင်တယ် ဆိုပြီး တောင်းခဲ့တယ်။ ဦးရဲဝင်းနောင်အနေနဲ့ စက်အင်အားတွေ ချိန်ရသေးတယ်။ နောက်ပြီး စက်လေးလုံး နဲ့ ဦးဇင်းတွေ လေးပါးနဲ့ သင်ပေးဖို့ ဦးရဲဝင်းနောင်က ပြောခဲ့တယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ မဖြစ်နိုင်ဘူးလေ။ ဦးဇင်းဖြစ်ချင်တာက သံဃာတွေအတွက် အချိန်သီးသန့် ဖြစ်ချင်ခဲ့တာ။ အဲဒီမှာ ဦးရဲဝင်းနောင်က သူ့ရဲ့ Center ထပ်ခိုးလေးကို ပေးခဲ့တယ်။ ဦးဇင်းကလည်း ထပ်ခိုးလေးမှာ သံဃာတွေ ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ သင်မပေးချင်ဘူး။ Air Con ခန်းမှာ သင်ပေးချင်တာ။ ဒါကလည်း ဦးရဲဝင်းနောင်ရဲ့ စီးပွားရေး တစ်စိတ်တစ်ဒေသဖြစ်နေတာ ဆိုတော့ အတော်လေး အကြပ်ရိုက်ပါတယ်။ ၂၀၀၈ သြဂုတ်လဆန်းလောက်ကပေါ့။ ဒါပေမယ့် ဦးရဲဝင်းနောင်က သူ့ရဲ့စီးပွားရေးကို ပဓာန မထားဘဲ ဦးဇင်းရဲ့ ဆန္ဒကို လိုက်လျောခဲ့တယ်။ အဲဒီ သြဂုတ်လ ၁၈ ရက်နေ့မှာ သင်တန်း စဖွင့်ဖြစ်ခဲ့တယ်။

Free သင်တန်းဖွင့်မယ်ဆိုတော့ ဒီသတင်းကို သတင်းစာထဲ ထည့်လို့ မဖြစ်ဘူး။ မဖြစ်ဘူးဆိုတာက မန္တလေးသံဃာ့အင်အားနဲ့ ဦးရဲဝင်းနောင် ခွင့်ပြုတဲ့ ကွန်ပျူတာ ၁၀ လုံးနဲ့ မဖြစ်နိုင်ဘူး။ ဒီတော့ ဦးဇင်းနဲ့ နီးစပ်တဲ့ ကျောင်းတွေမှာ တကယ် ကွန်ပျူတာ တတ်ချင်တဲ့ ဦးဇင်းတွေကို လိုက်ပြီး အကြောင်းကြားခဲ့တယ်။ အဲဒီရဟန်းသံဃာတွေနဲ့ပဲ သင်တန်းကို စဖြစ်ခဲ့ပါတယ်။

ဒီ အခမဲ့ သင်တန်းကို ပိုဖြစ်ချင်တာကလည်း ဂဇဲ(လ်) မှာ သံဃာတွေ Free သင်ပေးတယ် ဆိုပေမယ့်လည်း ဖြစ်မြောက်အောင်မြင်လာတာကို မတွေ့ရဘူး။ ဦးဇင်းဖြစ်ချင်တာက သံဃာတွေ ကွန်ပျူတာကို တကယ့် Professional ပုံစံမျိုး ဖြစ်စေချင်ခဲ့တယ်။ Professional ဆိုလို့ စီးပွားပညာရှင် ပုံစံမျိုး မဟုတ်ပါဘူး။ တကယ့် သာသနာပိုင်းမှာ အသုံးဝင်မည့် နည်းပညာတွေကို သိစေချင် တတ်စေချင်တာပါ။ အဲဒီမှာ ဆရာရဲဝင်းနောင်ကို အကူအညီတောင်းတယ်။ ဦးဇင်းသင်မယ့် Course ကို သင်ချင်ရာသင်မယ်။ Basic ရယ်လို့ DTP ရယ်လို့ မသတ်မှတ်ဘူး။ သံဃာတွေအတွက် လိုအပ်တာတွေ လုံလုံလောက်လောက် သိသွားအောင် တတ်သွားအောင် သင်မယ်။ ကာလကိုလည်း ဘယ်နှစ်လလို့ မသတ်မှတ်ဘဲ သင်ပေးမယ်။ အဓိကကတော့ တတ်ကျွမ်းမှုပေါ်မူတည်ပြီး သင်တန်းဆင်းပေးမယ်။ အဲဒီမှာ ဆရာဦးရဲဝင်းနောင်က စဉ်းစားတယ်။ အဓိက လိုအပ်ချက်က လျှပ်စစ်မီး။

သင်တန်းစဖွင့်တော့မယ် လုပ်ချိန်မှာ မီးကမှန်နေတယ်။ ဒါကြောင့် ဖွင့်လိုက်ပါတယ်။ ဖွင့်ပြီး ၂ ရက်လောက်လည်းရောက်ရော။ မီးက စပျက်တော့တာပဲ။ အဲအချိန်ကစပြီး ခေါင်းကျိန်းတော့တာပဲ။ ဒါပေမယ့် ဖွင့်ပြီးပြီဆိုတော့ ပိတ်ဖို့ မစဉ်းစားနိုင်တော့ဘူး။ ဆက်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ သီတဂူမှာ ကျောင်းတက်ရင်း တန်းလန်း ကျောင်းတက်တဲ့ စားရိတ်လေးနဲ့ ဆက်လုပ်ရတော့တာပဲ။ အလှူရှင်လည်း မရှိဘူး။ ဒီလိုနဲ့ သင်တန်းတစ်ခု ပြီးအောင် သင်ပေးနိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဂျာနယ်တွေက အင်တာဗျူးတွေ များခဲ့တယ်။ အဲဒီ အင်တာဗျူးတွေကြောင့် ဦးဇင်းကို အထင်ကြီးကြတယ်။ ဦးဇင်း ကိုယ့်န၀ကမ္မလေးနဲ့ကိုယ် ခြစ်ခြုပ်လုပ်ခဲ့ရတာကို ဘယ်သူမှ မသိပါဘူး။ မန္တလေးသွားဖို့ ပိုက်ဆံချွေတာတဲ့အနေနဲ့ ကိုးပေအထိ လမ်းလျှောက်ခဲ့ရတာတွေ အများကြီးပဲ။ စစ်ကိုင်းကား စီးရတာတောင်မှ အမိုးပေါ်မှာပဲ စီးခဲ့ရတယ်။ သင်တန်းဆရာပဲ ဆိုပြီး ရှေ့ခန်းမှာ အခန့်သား မထိုင်နိုင်ပါဘူး။ ဒီလိုနဲ့ သင်တန်းသားတွေကို အင်တာနက် သင်မပေးလိုက်ရဘဲ အမှတ်စဉ် (၁) သင်တန်းလေး ပြီးဆုံးသွားခဲ့ပါတယ်။ အကြောင်းကတော့ အာဏာပိုင်အဖွဲ့အစည်းများနဲ့ ကတောက်ကဆလေးတစ်ခု ဖြစ်ခဲ့တယ်။ စက်တင်ဘာတစ်နှစ်ပြည့် Case ကြောင့်ပါ။ အဲဒီ Case ကိုပြေလည်အောင် မန္တလေးတိုင်း ဗဟိုသံဃာမဟာနာယကချုပ်ဆီ သွားပြီး လျှောက်ထားခဲ့တယ်။ ဆရာတော် သူ့တပည့်တွေကိုပါ သင်ကြားပေးဖို့ ပြောရင်း လက်မှတ် ထိုးပေးခဲ့ပါတယ်။ ဆရာတော်ရဲ့ လက်မှတ်ကြောင့် သင်တန်းကို ဆက်သင်ခွင့်ရခဲ့ပါတယ်။ ဆရာတော်သာ မကူညီခဲ့ရင် ဦးရဲဝင်းနောင်လည်း ခွင့်ပြုရဲမှာ မဟုတ်ဘူး။

အမှတ်စဉ် (၁) ပြီးဆုံးပြီးတဲ့နောက် အမှတ်စဉ် (၂) အတွက် စဉ်းစားရပါပြီ။ အဲဒီအချိန်မှာ ဦးဇင်းမှာလည်း ဘတ်ဂျက်အခက်အခဲ ဖြစ်နေပါပြီ။ နောက်နှစ်အတွက် ကျောင်းစရိတ်လေးကတော့ မျက်ခုံးလှုပ်ပြီ။ စစ်ကိုင်းမှာလည်း သင်တန်းတွေ သင်နေပြီလေ။ အဲဒီအချိန်မှာ blog တွေကို ၀င်ကလိရင်း blogger တွေကို အကူအညီတောင်းဖြစ်ခဲ့တယ်။ Multiply က ရွက်ဝါ ဆိုတဲ့ blogger တစ်ဦးက သင်တန်းအတွက် စရိတ်ကို စိတ်မပူပါနဲ့။ သူရှာပေးမယ် ဆိုပြီးမှ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်း (ရုရှား) နဲ့ ချိတ်ဆက်ပေးခဲ့တယ်။ အသင်းဝင်တစ်ဦးကနေ ညကြီး ဦးဇင်းဆီ ဖုန်းဆက်တယ်။ ဦးဇင်းကိုယ်တိုင်က တစ်ဆင့်ဖုန်းနဲ့ဆိုတော့ စကားအကြာကြီး မပြောရဘူး။ ပြန်လာခဲ့ရတယ်။ မနက်ဖြန် ဦးဇင်းရဲ့ ကိုယ်ပိုင်ဖုန်းဖြစ်တဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်လို့ရတဲ့ G-talk ကနေ ချိန်းခဲ့ရတယ်။ အဲဒီလိုနဲ့ နောက်ရက် ညနေပိုင်း (၄း၀၀) နာရီလောက်မှာ မေးလ်အသစ်တစ်ခု Invite လုပ်လာတယ်။ အဲဒါကို yes လုပ်မိတာက ဦးဇင်းရဲ့ အမှတ်စဉ် (၂) သင်တန်းဖွင့်ဖို့ အခွင့်အလမ်းတစ်ခု ပွင့်သွားခဲ့ပါတယ်။ နှစ်နာရီကြာ စကားပြောပြီးနောက် ဒေါ်လာတစ်ထောင်လှူမယ်ဆိုပြီး သူတို့က လျှောက်ထားခဲ့တယ်။ ဦးဇင်းလည်း သင်တန်းတွေအတွက် အတော်လေး ၀မ်းသာသွားပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ အသင်းသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ငွေနှစ်သိန်းကို မန္တလေးသင်တန်းမှာ လာလှူတယ်။ အဲချိန်မှာ သင်တန်းက ဖွင့်ဖို့ အတော်လေး ပြည့်စုံသွားတာပေါ့။

အဲဒီချိန် စစ်ကိုင်းမှာလည်း သင်တန်းအမှတ်စဉ် (၂) ဖွင့်ဖို့ အတော်လေး ကြိုးစားနေရတဲ့ အချိန်။ အဲဒီလို အသင်းက လှူမယ်ဆိုတော့ အတော်လေး ၀မ်းသာခဲ့တာပေါ့။ ဒါပေမယ့် အလှူငွေ လေးသိန်းပဲ ရောက်လာခဲ့ပါတယ်။ အဲမှာ ကျောင်းစရိတ်တွေ ပါသွားပြီပေါ့။ အဲလိုနဲ့ စစ်ကိုင်းသင်တန်း အမှတ်စဉ် (၂)မှာ လူတွေကိုပါ အခမဲ့ သင်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒါနဲ့ လူတိုင်းအတွက် လိုအပ်နေတဲ့ နည်းပညာ ကို ဘလော့ တစ်ပုဒ်တင်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ကြည်ညိုရင်းစွဲ ဒကာ ဒကာမတွေနဲ့ စိတ်ဝမ်းကွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆန္ဒက တစ်မျိုး၊ ဦးဇင်းဆန္ဒက တစ်မျိုးလေ။ နောက် သင်တန်းနေရာပိုင်ရှင်တွေနဲ့လည်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ သူတို့က လူတွေကို သင်ရင် ပိုက်ဆံယူ။ သူတို့ဆီက ရရ မရရ လူတွေကို သင်တဲ့အတွက် သူတို့ကို ပိုက်ဆံပေး စသဖြင့် တစ်ပူပေါ် နှစ်ပူဆင့်တွေ ဖြစ်လာခဲ့ရတယ်။ တစ်ချို့ သင်တန်းလိုအပ်ချက် တွေကတော့ ကိုညီလင်းဆက်အကူအညီနဲ့ အဆင်ပြေခဲ့ပါတယ်။ ဒီလိုနဲ့ အွန်လိုင်းပေါ်က ဘလော့ဂါတွေ ပိုစ့်တင်ပြီး ကူညီပေးကြတယ်။ ဒီလိုနဲ့ စစ်ကိုင်း သင်တန်းအမှတ်စဉ်(၂) မှာ A+ နှင့် Networking တွေ တိုးချဲ့ သင်ပေးဖြစ်ခဲ့တယ်။ ကုဋီနေရာပြဿနာကြောင့် သင်တန်းက ဖွင့်လိုက် ပိတ်လိုက်နဲ့ သင်တန်းကို ပြီးအောင် ကြိုးစားသင်ရင်း အောင်မြင်သွားခဲ့တယ်။ မန္တလေးသင်တန်းမှာလည်း blogger ကိုပီကေ (ကပ်ပါပေ့ကိုပီကေရယ်) က လာရောက် ကူညီ သင်ကြားပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ အွန်လိုင်းပေါ်က အလှူရှင်တွေ ကောင်းမှုနဲ့ ဆက်ကြိုးစားခဲ့တာ မန္တလေး သင်တန်း အမှတ်စဉ် (၂) ပြီးဆုံးသွားပြီး အမှတ်စဉ် (၃) ကို စင်္ကာပူက ကိုကြီး ကောင်းမှုနဲ့ ဆက်လက် သင်ကြားပေးဖြစ်ခဲ့ပါတယ်။ စစ်ကိုင်း သင်တန်းအမှတ်စဉ် (၃) ကိုတော့ ကြိုးစားဆဲ ပဲပေါ့။ အဲဒီမှာ ကုဋီကိစ္စက တော်တော်လေး ခက်လာပါတယ်။ ဒီကိစ္စကို ကိုရင်ငြိမ်းက ပိုစ့်တင်ပြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်မြောက်အောင်မြင်တဲ့အထိ အဆင်မပြေခဲ့ပါဘူး။ အဲဒီကုဋီကိစ္စ စိတ်ညစ်နေတဲ့ အချိန်မှာပဲ http://www.dhammaransi.net က Admin ဖြစ်တဲ့ ကိုမျိုးမှ ဆက်သွယ်ပေးမှုကြောင့် မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န ရဲ့ အကူအညီ ရခဲ့ပါတယ်။ အဲဒီမှာ ကုဋီကိစ္စ အဆင်ပြေသွားခဲ့ပါတယ်။ သင်တန်းကို အဆက်မပြတ်စေချင်တာနဲ့ ရှိတာလေး ခြစ်ခြုပ်ပြီး ရအောင် ဖွင့်ခဲ့ရပြန်ပါတယ်။ ဖွင့်ပွဲကို Blogger ဂျေဂျူဝိုင်နှင့် ညီမင်းခတို့ လာရောက်ကူညီခဲ့ပါတယ်။ ဒီလိုနဲ့ စစ်ကိုင်းသင်တန်း အမှတ်စဉ် (၃) လေးကို တခမ်းတနား ဖွင့်ဖြစ်ခဲ့ပါတယ်။ အဲဒီ သင်တန်းမှာ Auto CAD , 3D Max , A+ သင်တန်းများ တိုးချဲ့ သင်ကြားပေးခဲ့ပါတယ်။ အဲဒီ သင်တန်းမှာ အခက်ခဲဆုံးက လျှပ်စစ်မီးဖြစ်နေတယ်။ သင်တန်းအမှတ်စဉ် (၂) တုန်းက မီးစက်အတွက် Multiply က blogger တွေ လာရောက် လေ့လာကြည့်ရှုပြီး မီးစက်အတွက် ကူညီမယ်ဆိုပြီး လျှောက်သွားခဲ့ကြပါတယ်။ ဦးဇင်းလည်း မီးစက်အတွက်ကို မတည်ငွေ တစ်သိန်း ထည့်ပေးခဲ့တယ်။ မီးစက်က စာရင်းပေးထားတဲ့ အလှူငွေများ မပြည့်စုံသေးတဲ့ အတွက် မီးစက်ကို ငှါးသုံးနေရပါတယ်။ မီးစက်ငှါးခက တစ်လကို ၄၅၀၀၀ ကျပ် ကုန်ကျပါတယ်။ လိုအပ်တာတွေကို ပြောပြနေရင် ပြီးတောင် ပြီးမှာ မဟုတ်ဘူး။ ဘယ်က စပြောလို့ စပြောရမှန်း မသိလောက်အောင်ကို ဒီအမှတ်စဉ် (၃) သင်တန်းမှာ ပိုခက်ခဲလို့ လာပါတယ်။ ဒီအခက်အခဲတွေကြားထဲကနေ မန္တလေး အမှတ်စဉ် (၄) ကိုလည်း ဖွင့်ဖြစ်ခဲ့ပါတယ်။ မန္တလေးသင်တန်း အမှတ်စဉ် (၄) ကိုတော့ သင်တန်းသားဟောင်း ဦးပညာဝံသနှင့် ဘလော့ဂါ ဂျေဂျူဝိုင်တို့က ၀ိုင်းဝန်းထိန်းသိမ်း ကူညီပေးနေကြဆဲ ဖြစ်ပါတယ်။ လောလောဆယ်တော့ သင်တန်းတွေ ဆက်လက် သင်ကြားဆဲပါ။ နောက်လည်း သင်တန်းတွေ မပြတ်အောင် ဒီထက်မက သင်ကြားပေးနိုင်အောင် နောက်ပြီး အခြား မြို့နယ်များအထိ ဒီလို သင်တန်းမျိုးတွေ ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။

ဒီနှစ် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့မှာ ဆရာတော် မွေးနေ့ပါ။ အဲဒီမွေးနေ့မှာ ကျွန်တော်တို့ http://friendsdaygroup.ning.com က Member များစုပြီး ရလာတဲ့ အလှူငွေကိုကြည့်ပြီး သင့်တော်တဲ့ ကွန်ပျူတာ သို့မဟုတ် လိုအပ်တဲ့ ပစ္စည်းတစ်ခုခုကို လှူဒါန်းဖို့ ရှိပါတယ်။

Read more...

ကောင်းသည်၊ ကောင်းသောအမှု...


ဘဒ္ဒကသုတ် - (ကောင်းသည်၊ ကောင်းသောအမှု)

ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော် မူ၏၊ ''အသျှင်ဘုရား' 'ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထား ကုန်၏၊ အသျှင် သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ -

ငါ့သျှင်တို့ အကြင်အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် မဖြစ်နိုင်၊ ထိုထိုသော အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

၁...
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှု၌ မွေ့လျော်၏၊ အမှု၌ ပျော် ပိုက်၏၊ အမှု၌မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။ စကားပြော ဟောခြင်း၌ မွေ့လျော်၏၊ စကားပြောဟောခြင်း၌ ပျော်ပိုက်၏၊ စကားပြောဟော ခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။

၂...
အိပ်ခြင်း၌ မွေ့လျော်၏၊ အိပ်ခြင်း၌ ပျော်ပိုက်၏၊ အိပ်ခြင်း၌ မွေ့လျော်သည့် အဖြစ် ကို အဖန်ဖန်အားထုတ်၏။

၃...
အပေါင်းအဖော်၌ မွေ့လျော်၏၊ အပေါင်းအဖော်၌ ပျော်ပိုက်၏၊ အပေါင်းအဖော်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။ နှီးနှောမှု (ငါးမျိုး)၌ မွေ့လျော် ၏၊

၎...
နှီးနှောမှု၌ ပျော်ပိုက်၏၊ နှီးနှောမှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ် ၏၊ ချဲ့ထွင်မှု 'ပပဉ္စတရား' ၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ထွင်မှု၌ မွေ့ လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။

၅...
ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာဖြင့် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို ထင်ရှားရှိသော ခန္ဓာငါးပါး 'သက္ကာယ'၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာပြုရန် သက္ကာယကို မစွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် ဖြစ်နိုင်၏၊ ထိုထို အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

၁...
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မမွေ့လျော်၊ အမှုသစ်၌ မပျော်ပိုက်၊ အမှုသစ်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။ စကား ပြောခြင်း၌ မမွေ့လျော်၊ စကားပြောခြင်း၌ မပျော်ပိုက်၊ စကား ပြောခြင်း၌ မွေ့ လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၂...
အိပ်ခြင်း၌ မမွေ့လျော်၊ အိပ်ခြင်း၌ မပျော်ပိုက်၊ အိပ်ခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၃...
အပေါင်းအဖော်၌ မမွေ့လျော်၊ အပေါင်းအဖော်၌ မပျော်ပိုက်၊ အပေါင်းအဖော်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၎...
နှီးနှောမှု (ငါးမျိုး)၌ မမွေ့လျော်၊ နှီးနှောမှု၌ မပျော်ပိုက်၊ နှီးနှောမှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၅...
ချဲ့ထွင်မှု 'ပပဉ္စတရား'၌ မမွေ့လျော်၊ ချဲ့ထွင်မှု၌ မပျော်ပိုက်၊ ချဲ့ထွင်မှု၌ မွေ့လျော် သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ် လွန်ခြင်း ဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြု၏။ ငါ့သျှင်တို့ ဤ ရဟန်းကို နိဗ္ဗာန်၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန် သက္ကာယကို စွန့်ပယ်နိုင်သော ရဟန်း ဟူ၍ ဆိုအပ်၏ ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ သားသမင်နှင့် တူသူသည် ချဲ့ထွင်မှု 'ပပဉ္စတရား'၌ အဖန်ဖန်အား ထုတ်သည် ဖြစ်၍ ချဲ့ထွင်မှု၌ မွေ့လျော်ရကား ယောဂ လေးပါးကုန်ရာ အတု မရှိသော နိဗ္ဗာန်ကို လွဲချော်စေ၏။ ချဲ့ထွင်မှု 'ပပဉ္စတရား' ကို စွန့်၍ ချဲ့ထွင်မှု မရှိရာ နိဗ္ဗာန်၌ မွေ့လျော်သူသည် ယောဂ လေးပါးကုန်ရာ အတု မရှိသော နိဗ္ဗာန်ကို ပြည့်စုံစေ၏။14

၎ - ဘဒ္ဒကသုတ်၊ သာရဏီယ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ရူပံအနတ္တာ

ဂါရေး ဖန်တီးတဲ့ သိပ္ပံနဲ့ဗုဒ္ဓ၀ါဒတွေ့ဆုံကြခြင်း(Where Science and Buddhism meet) အပိုင်း(၁) နဲ့(၂) မှာ လာရှိတဲ့ ဗီဒီယို တိပ်ခွေကို ဘာသာပြန်လို့ ပြီးခဲ့ပါတယ်။ မိမိအနေနဲ့ ဘာသာပြန်ပြီးတဲ့နောက် တာဝန်ကျေပြီလို့ ယူဆပြီး ဘာမှပြောစရာ မရှိတော့ပါ။ ဒါပေမဲ့ ရူပံအနတ္တာ (ရုပ်သည် အနတ္တတည်း၊ တနည်း ရုပ်သည် အစိုးမရ၊ တနည်း ရုပ်သည် အနှစ်သာရ အတ္တ မဟုတ်) ဆိုတဲ့ ခေတ်မီတဲ့ ခေတ်အမြင်ကို ထပ်မံ မီးမောင်းထိုးပြဖို့ လိုအပ်နေပြီလို့ ထင်မြင်လာတယ်။ ဟုတ်တယ်။ ဒီ သဘောတရားတွေဟာ ခေတ်နဲ့တပြေးညီ နေလိုတဲ့ ပုဂ္ဂိုလ်များနဲ့ အထူးသင့်လျော်ပြီး လေ့လာသင့်တဲ့ သဘောတရားတွေလို့ ယူဆထင်မြင်လာတယ်။

ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ကွမ်တန်ရူပဗေဒနဲ့ ရီလေတီဗီတီကို ကျွန်တော်တို့ မြန်မာလူမျိုးများ သဘောပေါက်ဖို့ ခဲယဉ်းသလို သူတို့ လူမျိုးများလည်း နားလည်သဘောပေါက်ဖို့ ခဲယဉ်းတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ထဲက ရှေးလူကြီး တစ်ချို့ဟာ သူတို့ခေတ်ကတည်းက အဲဒါတွေကို သဘောပေါက်နေခဲ့သလို သူတို့လူမျိုးထဲက အချို့ဟာလည်း ရူပံအနတ္တာကို သဘောပေါက် နေကြပုံရတယ်။ ဒါကြောင့် ဒီသဘောတရားတွေကို ဒဿနအနေနဲ့ရော ၀ါဒသဘောတရားတွေမှာ အသုံးပြုဖို့ရော ဘ၀အမြင်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ရော သိထားသင့်ပါတယ်။

၁၉ ရာစု မှာ ရူပဗေဒ ဟာ သိပ်တိုးတက်ခဲ့တယ်။ ရူပဗေဒဆိုတဲ့အတိုင်း ရုပ်ခိုင်မာမှုကို ကြိုးစားပြသနေတယ်။ (၁၈၄၇ခုနှစ်) မှာ ကားလ်မာ့က်စ်က ကွန်မြူနစ်အဖွဲ့ချုပ်ကို ဖွဲ့စည်းတယ်။ ဆိုလိုတာက ၁၉ ရာစုဟာ ရုပ်ဝါဒ ထွန်းကားတဲ့ ကာလဖြစ်တယ်။ ကားမာ့က်စ်တို့ ယုံကြည်တဲ့ ရုပ်ဝါဒဟာ အဲဒီခေတ်က ရူပဗေဒနဲ့ ကိုက်ညီမှုရှိတယ်။

ရုပ်ဝါဒမှာ အခြေခံယုံကြည်ချက် နည်းနည်းရှိတယ်။ ရုပ်ဝါဒရဲ့ ပထမယုံကြည်ချက်က ရုပ်သာလျှင် အစစ်အမှန်သစ္စာ ဖြစ်တယ်။ နာမ်ဆိုတာက ထင်ယောင်ထင်မှား ဖြစ်မှုသာ ဖြစ်တယ်ဆိုတာပဲ။ ဒုတိယယုံကြည်ချက်က လောကသဘာဝဓမ္မ ဖြစ်ပျက်မှုဟာ တိကျတဲ့ အကြောင်းကြောင့် ဖြစ်ပေါ်ရတယ်။ ကြောင်းကျိုး ဆက်သွယ် တွေးခေါ်မှုနဲ့ ဒီသဘောသဘာဝ တွေကို ဖြေရှင်းနိုင်ရမယ် ဆိုတာပဲ။

အဲဒီခေတ်က ရှေးရိုးရူပဗေဒ မှာ ရုပ်၊ နေရာ၊ အချိန် ဆိုတဲ့ သဘော ၃ ခုကို မဖောက်မပြန် မှန်ကန်တဲ့ ပရမတ်တရားတွေ အဖြစ် လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ ဒီလက်ခံမှုဟာ ၂၀ရာစုမှာ အနိစ္စ ဖြစ်သွားတယ်။

၂၀ ရာစုမှာ အိုင်းစတိုင်း ရဲ့ ရီလေတီဗီတီ က စကြာဝဠာ တစ်ခုလုံးနဲ့ ပတ်သက်တဲ့ ရှေးရိုးရူပဗေဒ အမြင်ကို ပြောင်းလဲပစ်လိုက်လို့ပါပဲ။ အချိန်နဲ့နေရာဟာ နှိုင်းရသဘောကို ဆောင်ကြောင်း အမြဲမှန်ကန်တဲ့ ပရမတ္တသဘောကို မဆောင်ကြောင်းကို ရီလေတီဗီတီက ဆိုပါတယ်။ ရုပ်တရားဟာ စွမ်းအင်မျှသာဖြစ်ကြောင်း ဒြပ်ထုသဘောချည်း လို့ ပြောလို့မရကြောင်း ကွမ်တန်က ဆိုပါတယ်။

သတိထားသင့်တာက သီအိုရီမှန်သမျှဟာ လက်တွေ့စမ်းသပ်မှုနဲ့ မညီရင် ဘာအဓိပ္ပါယ်မှ မရှိဘူး ဆိုတာကိုပဲ။ အတွေးအခေါ်တွေလည်း ဒီအတိုင်းပဲ။ တွေးခေါ်တဲ့ အတိုင်း လက်တွေ့ မှန်ကန် အကျိုးရှိမှပဲ အဓိပ္ပါယ်ရှိရာ ရောက်တယ်။ လက်တွေ့ စမ်းကြည့်မှပဲ မှားလားမှန်လား သိနိုင်မယ်။ (မြတ်ဗုဒ္ဓရဲ့ ကာလမသုတ်ကို ပြန်လည် စဉ်းစားပါ။)

ရီလေတီဗီတီကို လက်တွေ့စမ်းသပ်မှုများစွာနဲ့ သက်သေပြနိုင်ခဲ့တယ်။ ကွမ်တန်ကိုလည်း ဒီအတိုင်းပဲ။ ဒါကြောင့် ဒီသီအိုရီနှစ်ရပ်ဟာ သိပ္ပံစမ်းသပ်မှု တရားခွင်ကို (အထိုက်အလျောက်) ကျော်လွှား အောင်မြင်ခဲ့တဲ့ သီအိုရီ နှစ်ဦး ဖြစ်တယ်။

ဘယ်ဝါဒ ဘယ်သဘောတရား ဘယ်အတွေးအခေါ်ကို မဆို သေချာရေရာလှတယ်လို့ ပညာရှိတွေက အပြတ်မပြောကြဘူး။ စီးပွားရေးသဘောတရား၊ လူသားဒဿန၊ စကြ၀ဠာအမြင်၊ နိုင်ငံရေးဝါဒ တွေကစလို့ ပေါ့။ ကမ္ဘာပေါ်မှာ ပေါ်နေတဲ့ ဒီ သဘောတရား ၀ါဒတွေ ဆိုတာ လူ့သမိုင်းနဲ့ လူသားရဲ့ ဘ၀တရားခွင်မှာ အစစ်ဆေးခံဖို့ စောင့်ဆိုင်းနေရတဲ့ အမှုသည် တွေသာလျှင် ဖြစ်ပါတယ်။ (စာရေးဆရာတစ်ဦးရဲ့ စကားကို ယူသုံးခြင်းပါ)

ဗီဒီယိုခွေ(၁)မှာ ရှင်းလင်းထားတာကို ချုပ်ပြီးဆိုရရင်

-အနှစ်သာရကြီးလို့ ယူဆထားတဲ့ ရုပ်ရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ အနုမြူမှာ အာကာသဓာတ်တွေက ၉၉.၉၉၉၉၉၉၉၉၉၉၉၉ ရာခိုင်နှုန်းအထိ နေရာယူထားပုံကို ပြတယ်။ တနည်းအားဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါးဟာ ဘာမှမရှိတဲ့ ဟင်းလင်းပြင်ဖြစ်တယ် ဆိုတာကိုပြတယ်။ ဟင်းလင်းပြင်ကိုပဲ အထည်ဒြပ် အဖြစ်မြင်နေရတယ် လို့လည်း ဆိုတယ်။

-ဒြပ်ထုသဘာဝရှိတယ် ကိုင်တွယ်ပြလို့ ရတယ် လို့ ယူဆထားရတဲ့ ရုပ်တရားဟာ အမှုန်သဘာဝရော-လှိုင်းသဘာဝပါ ရောနှော ဆောင်နေရတာကို လည်း လှိုင်း-အမှုန် ဒွိသဘာဝ ဆိုတာနဲ့ ပြတယ်။ တနည်း ရုပ်ရဲ့ မရေရာမှုကို ပြတယ်။

-ရုပ်တရားဟာ ကွမ်တန် စက်ကွင်းကနေ စတင်ရတယ်။ ကွမ်တန်စက်ကွင်းမှာ အဆုံးသတ်တယ်။ ကွမ်တန်စက်ကွင်းဟာ ရုပ်တရားကို မြှုပ်နှံထားတဲ့ သေတ္တာကြီးဖြစ်တယ်။ ဒါကြောင့် အိုင်းစတိုင်းက

"ယခု ရူပဗေဒ အသစ်မှာ ရုပ်ရော စက်ကွင်းသဘောကိုရော နှစ်ခုစလုံး ပြောပြဖို့ အခွင့်မရှိတော့။ ဘာကြောင့်လဲဆိုတော့ စက်ကွင်းသည်သာ အစစ်အမှန်အနေနဲ့ ကျန်ရှိခဲ့လို့ ဖြစ်တယ်။" လို့ ပြောပစ်လိုက်တယ်။ တကယ်တော့ ရုပ်ဟာ စွမ်းအင် တမျိုးပါပဲ။

ဗီဒီယိုခွေနံပါတ်(၂) မှာကတော့

-အီတန်ဂယ် နှောင်ဖွဲ့မှု သဘောကို ရှင်းတယ်။ ဒါဟာလည်းပဲ ရုပ်အနှစ်သာရ မရှိတာကို ပြတာပါပဲ။ အီလက်ထရွန်ရဲ့ အဟုန်နဲ့ နေရာကာလကို တစ်ပြိုင်နက်တည်း တိုင်းတာလို့ မရဘူးဆိုတာကိုလည်း ပြတယ်။ အဟုန်ကိုတိုင်းတာရင် နေရာကို တိုင်းတာရာ မရောက် နေရာကို တိုင်းတာရင် အဟုန်ကို တိုင်းတာရာ မရောက် ဆိုတာကို ပြတယ်။

-နောက်တော့ ရုပ်တရားဟာ စွမ်းအင် သဘောမျှ ဖြစ်တာကိုလည်း သေသေချာချာ ပြတယ်။ စိတ္တုပ္ပါဒ် သဘောကိုတော့ တချို့က အထိုက်အလျောက် ပြောကြတယ်။

"ရုပ်ကလာပ်စည်းအားလုံးဟာ စွမ်းအားသတ္တိ ကနေစပြီး စွမ်းအားသတ္တိ ကြောင့်သာ ဖြစ်တည်နေကြတာ။ ဒီသတ္တိ ရဲ့ နောက်ကွယ်မှာ ၀ိဥာဏသဘော သို့မဟုတ် အသိစိတ်သဘော ရှိတယ်လို့ ယူဆရမယ်။ စိတ်ဟာ အရာခပ်သိမ်းကို တည်ဆောက်တဲ့ အရာဖြစ်တယ်။"-- မာ့က်စ်ပလန့်ခ်(MARX PLANCK) --

-နောက် မရေရာမသေချာမှု ဥပဒေသဆိုတာ ကိုသုံးပြီး လှိုင်း-အမှုန်-ဒွိသဘာဝကိုရော စိတ်ကြောင့် မဟုတ်တာတွေ ထင်မြင်ရပုံကိုရော ရှင်းပြတယ်။

"ကျနော်တို့ တွေ့တာ (0bserve လုပ်တာ) တွေဟာ တကယ့် သဘာဝတရား မဟုတ်။ ကျနော်တို့ အသုံးပြုတဲ့ အဖြေရှာနည်းတွေ ကဖော်ညွှန်းလိုက်တဲ့ (တဆင့်ခံ) သဘာဝတရားသာလျှင် ဖြစ်တယ်။"--၀ါနာ.ကားလ်.ဟိုင်ဆင်ဘက်ဂ်-

ဟုတ်တယ်။ တကယ့် အစစ်အမှန်ကို လူ့အာရုံမှာ တစ်မျိုးမြင်ရတယ်။ အနှစ်သာရ မရှိတဲ့ ရုပ်တရားကို အနှစ်သာရအသွင် ထင်ရမြင်ရတယ်။ လှိုင်းအမှုန် ဒွိသဘာဝရှိနေတာကိုလည်း အမှုန်ဒြပ်သဘာဝ သက်သက်ပဲသိတယ်။ အာရုံသိဟာ တော်တော်လေး မှားတယ်။ ဒီ့ထက်မှားနေတာက သိပ္ပံစမ်းသပ်မှု ကိုယ်နှိုက်ဟာ နက်နဲတဲ့ သတိတရားကို မသုံးတိုင်း အဖြေတလွဲကြီး ရနေလို့ပဲ။ ဟိုင်ဆင်ဘတ်ရဲ့ မရေရာမသေချာမှု ဥပဒေသက ဒါကို ပြောပြတယ်။

အိုင်းစတိုင်းကတော့ ဒီအဖြစ်ကို တယ်မကြိုက်ဘူး။ "ဘုရားသခင်က ကြွေအန်မကစားဘူးလို့" ဆိုတယ်။ အင်း.. ဒီစကားအတွက်ကိုတော့ မိမိတို့မှာ တာဝန်မရှိပါ။

ဒါတွေအားလုံးက ရုပ်သာလျှင် အစစ်အမှန်ဖြစ်တယ် ဆိုတဲ့ ရှေးဟောင်းရူပဗေဒကို ရုပ်သည်အနှစ်သာရ မဟုတ် ဆိုတဲ့ ခေတ်မီ အယူသစ်ကို ပြောင်းလဲစေခဲ့တာ ဖြစ်သလို အဲဒီရုပ်ခိုင်မာခြင်းဝါဒကို အခြေခံထားတဲ့ ၀ါဒတွေအားလုံး ကိုလည်း ခေတ်မမီ မပြည့်စုံတဲ့ ၀ါဒတွေ အဖြစ်ပြသလိုက်တာ ဖြစ်တယ်။

ဒီဗီဒီယို ခွေနှစ်ခုမှာ ဗုဒ္ဓ၀ါဒအကြောင်း ထူးထူးခြားခြား ပြဆိုတာ မရှိပါ။ ဘာသာရေး ဆွယ်တရားဟောသော ပေါ်ပြူလာဆိုင်းယင့်စ် သဘောတွေထက် ပိုမိုသာလွန်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓအရှင်ဟာ ကမ္ဘာမှာ တစ်ဦးတည်းသော အနတ္တ၀ါဒအရှင် သူကောင်းသူမြတ် ဖြစ်တယ်ဆိုတာ အများစုကသိတယ်။ ဒါကြောင့် ရူပံအနတ္တာ (ရုပ်သည်အစိုးမရ၊ အတ္တမဟုတ်၊ အနှစ်သာရမဟုတ်) ဆိုတာ (အထိုက်အလျောက်) သဘောပေါက်လာတဲ့ ဗီဒီယိုခွေ ဖန်တီးသူက ဒီကိုက်ညီမှုကို ပြဖို့ ဗုဒ္ဓ၀ါဒကိုပဲ ပြေးမြင်မိတာ ဖြစ်မယ်။ ဒါကို ခေတ်မီလိုတဲ့ မြန်မာများသိသင့်တယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာသာဝင် အနေနဲ့ သိသင့်တာမဟုတ်။ ဖီလော်ဆိုဖီ မြတ်နိုးသူများ အနေနဲ့ သိသင့်တယ်။



"ရဟန်းတို့ ရုပ်သည် မမြဲ။ မမြဲသဖြင့် ဆင်းရဲ၏။ မမြဲဆင်းရဲသော ထိုရုပ်တရားသည် အတ္တအနှစ်သာရ မဟုတ်။ အတ္တမဟုတ်သော ထိုရုပ်တရားကို ငါ့ဥစ္စာမဟုတ် ငါမဟုတ် ငါ၏အတ္တမဟုတ် ဟူ၍ မှန်စွာသိသော ၀ိပဿနာပညာ မဂ်ပညာဖြင့် ရှုမြင်အပ်၏။"--ဗုဒ္ဓ(အနတ္တလက္ခဏသုတ်)--

စာရှုသူအတော်များများဟာ ယခုစာရေးသူထက် သိမှာ အမှန်ပဲ။ ဒီကိစ္စလေးတွေကို ထပ်ကြားရတော့ နှစ်ခြိုက်တွေးထိုက်ဖွယ် တစ်စုံတစ်ခု ထပ်မံရရှိကြဖို့လည်း မျှော်လင့်စရာရှိတယ်။

ဗီဒီယိုဖန်တီးသူကတော့ ဗြဟ္မစိုရ်တရား ထွန်းကားရေးကို ပြောသွားတယ်။ သူပေးချင်တာကို ကျွန်တော်တို့ နားလည် နိုင်ကြပါတယ်လေ။

ရုပ်တရားဟာ အနှစ်သာရ မဟုတ်ပါ။

ချမ်းမြေ့ကြပါစေ



Read more...

သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ

Sasanapyne ( Panditarama )

Read more...

ကိုရီးယား-မဟာယန သာသနာ


ဒီကနေ့ ကိုရီးယားနိုင်ငံမှာ နိုင်ငံအတွက်အသက်ပေးတဲ့သူတွေအားလုံးကို ယဇ်ပူစော်ပေးတဲ့နေ့လို့ ဆိုပါတယ်၊
ဆရာလေးတို့ နိုင်ငံအနေနဲ့ဆိုရင် အာဇာနည်နေ့လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီပွဲကို စိတ်ဝင်စားလွန်းလို့ ဒီနေ့
နာမည်ကြီးဖြစ်တဲ့ ဘုံဝန်ဆာ(봉원사) ကျောင်းကိုသွားရောက်လေ့လာခဲ့ပါတယ်၊အဲဒီမှာ နိုင်ငံခြားသားတွေပါ
လာရောက်ကြည့်ရှု့နေတာတွေ့ရပါတယ်၊အဲဒီကျောင်းကို ရောက်သွားတော့ သတင်းစာအယ်တီတာတွေ
အင်တာဗြူးသမားတွေနဲ့ သွားစုံပြန်ပါတယ်၊မြန်မာဆိုတော့ လူတွေအားလုံးအရမ်းစိတ်ဝင်စားနေကြတယ်၊
မြန်မာပြည်မှာ တရားအားထုပ်သွားဖူးတယ်ဆိုတဲ့ ကိုရီးယားသီလရှင် ဆရာလေးတွေနဲ့လည်း ဘာသာရေး
အမေးအဖြေလုပ်ခဲ့ပါတယ်၊ကိုရီးယားဘုန်းကြီးသီလရှင်များမှ အကတွေ အတီးတွေနဲ့ယဇ်ပူဇော်နေကြတာကို
တွေ့ရပါတယ်၊ ဒီလိုပွဲမျိုးတစ်ခါမှ မမြင်ဖူးတော့အရမ်းအံ့အားသင့်မိပါတယ်၊ တကယ့်ဆရာတော်တွေ တက္ကသိုလ်
ဓမ္မာစရိယ ဆရာလေးတွေအားလုံး ကကြတာတော့ကွေးနေတာပါဘဲ၊သူတို့ပြောပြတာတော့ သေတဲ့သူတွေကို
နတ်လမ်းဖောက်ပေးတယ်လို့ပြောကြပါတယ်၊ဘာသာရေးအနေနဲ့တော ထေရဝါနနှင့် မယာဟနကွာခြားချက်ကို ဘာမှအထွေအထူးပြောစရာမလိုလောက်ဘူးထင်ပါတယ်၊ ဒီအကြောင်းလေးတွေသိချင်တယ်ဆိုရင်တော့
http://solomonn.0fees.net/wordpress/?page_id=13 ဒီဆိုက်လေးကိုဝင်ဖြစ်အောင်ဝင်ကြည့်ကြပါ။
ဆရာလေးအနေနဲ့ကတော့ ဒီနေ့လေ့လာကြည့်ရှု့ခဲရတဲ့ ဓာတ်ပုံ ဗွီဒီယိုဖိုင်များသာ ဗဟုသုတအနေနဲ့ တင်ပြပေးခြင်းဖြစ်ပါတယ်။တချို့ဒကာတွေကမေးကြတယ်၊ ဘုန်းကြီးသီလရှင်တွေကတာ တကယ်လားတဲ့၊
လက်တွေ့မဟုတ်တော့ မယုံဘူးခင်ဗျာဆိုလို့ တကူးတကသွားရောက်ပြီး တင်ပေးလိုက်ပါတယ်။ကျမ္မာချမ်းသာ
စွာ ထေရဝါဒ သာသနာတော်ကြီးအထွန့်ရှည်အောင် တည်ထောင်နိုင်ကြပါစေ။

Read more...

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)


ယခင်အဆက်.....

အချို့ဘာသာခြားများက ပြောကြသည်။ `ဗုဒ္ဓဘာသာဆိုတာ နတ်ပြည်နဲ့မြှောက်၊ ငရဲနဲ့ခြောက်ပြီး အလှူခံနေတဲ့ဘာသာပါကွာ´ဟူ၍။ အမှန်အားဖြင့် ဗုဒ္ဓမြတ်စွာသည် သတ္တ၀ါတို့၏ စရိုက်အားလျှော်စွာ ဒါနနှင့်စပ်သောတရား၊ သီလနှင့်စပ်သောတရား၊ ပညာ(သမထ၊ ၀ိပဿနာ)နှင့်စပ်သောတရားတို့ကို ဟောကြားခဲ့ခြင်းဖြစ်သည်။ အမြဲတမ်း အလှူခံတရားကိုချည်း ဟောနေသည်မဟုတ်ပါ။ အထက်ပါ ဟောကြားချက်အရလည်း ဗုဒ္ဓမြတ်စွာသည် မည်မျှကြီးကျယ်သောအလှူဖြစ်စေကာမူ အောက်ထစ်ဆုံး ဘာသာရေးလုပ်ငန်းတစ်ခုအနေဖြင့် သတ်မှတ်ဟောကြားတော်မူခဲ့သည်ကို ဗုဒ္ဓဘာသာဝင်တို့ မှတ်သားသင့်ပါသည်။

ပြည်တွင်းက လူငယ်လေးတစ်ယောက်က `ဦးဇင်းဘုရား ပြည်တွင်းက ဘုန်းကြီးတွေက ဒါနတရား၊ သီလတရားတွေချည်းပဲ ဟောနေကြတယ်ဘုရား၊ အဲဒီတော့ လူတွေက အလှူအတန်းလေးလုပ်ပြီး ဗုဒ္ဓဘာသာရဲ့အနှစ်သာရ တရားအားထုတ်ဖို့တော့ မေ့ကုန်ကြပြီဘုရား´ဟု ဆိုပါသည်။ `အမှန်က သမထ၊ ၀ိပဿနာတရားတွေကို ဘုန်းကြီးတွေ မဟောတာ မဟုတ်ဘူး၊ ဟောထားတာမှ အများကြီး ဒကာလေး၊ ဒါပေမယ့် ခက်တာက အဲဒီတရားတွေကို နာရကောင်းမှန်း၊ သမထ၊ ၀ိပဿနာတရားဟောတဲ့ဘုန်းကြီးတွေကိုတော့ ကြည်ညိုရကောင်းမှန်းမသိ ဖြစ်နေကြတာ´ဟု ပြန်ပြောရပါသည်။ ဗုဒ္ဓမြတ်စွာ၏ အထက်ပါ အဆင့်ဆင့်ဟောကြားချက်လေးကို တစေ့စေ့တွေးပြီး ဗုဒ္ဓဘာသာ၏ တကယ့်လမ်းမှန်ကို မြင်အောင်ကြည့်ကြစေလိုပါသည်။

(၇)
ကူဋဒန္တပုဏ္ဏား ဥပါသကာအဖြစ် လျှောက်ထားခြင်း
ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရာအား ဤစကားကို လျှောက်၏ - ''အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်းဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောလူအား လမ်းမှန် ကိုပြောကြားဘိသကဲ့သို့လည်းကောင်း ' မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ (အသျှင်ဂေါတမ) ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။
အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် (ယဇ်ပူဇော်ရန်) အလို့ငှါ ယဇ်တိုင်သို့ ပို့ဆောင်ထားသောနွားလားခုနစ်ရာတို့ကိုလည်းကောင်း၊ နွားထီးငယ် ခုနစ်ရာတို့ကိုလည်းကောင်း၊ နွားမငယ် ခုနစ်ရာတို့ကိုလည်းကောင်း၊ ဆိတ်ခုနစ်ရာတို့ကိုလည်းကောင်း၊ သိုး ခုနစ်ရာတို့ကိုလည်းကောင်း လွှတ်ပါ၏၊ (ထိုသတ္တဝါတို့အား) အသက်ချမ်းသာခွင့်ကို ပေးပါ၏၊ (ထိုသတ္တဝါတို့သည်) စိမ်းစိုသော မြက်တို့ကိုလည်း စားကြပါစေ၊ အေးမြသော ရေတို့ကိုလည်း သောက်ကြပါစေ၊ ထို (သတ္တဝါ)တို့အား အေးမြ သောလေသည်လည်း တိုက်ခတ်ပါစေ''ဟု လျှောက်၏။

သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်း

မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ကူဋဒန္တပုဏ္ဏားအား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏''ဟု ကိလေသာမြူအညစ်အကြေးမှ ကင်းသော တရားမျက်စိ ' သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။ ထိုအခါ ကူဋဒန္တပုဏ္ဏားသည် တရားကို မြင်ပြီးသည်ဖြစ်၍ မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကို့လက်ခံတော်မူပါ''ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

ကူဋဒန္တပုဏ္ဏားသည် ထိုညဥ့်လွန်မြောက်ပြီးနောက် မိမိ၏အလှူ (ယဇ်) ဝင်း၌ မွန်မြတ်သောခဲဖွယ် ဘောဇဉ်ကို စီမံစေပြီးလျှင် ''အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်း ပြင်ပြီးပါပြီ''ဟုမြတ်စွာဘုရား အား အချိန် (တန်ကြောင်း) ကို လျှောက်စေ၏။ မြတ်စွာဘုရားသည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကိုယူလျက် ကူဋဒန္တပုဏ္ဏား၏ အလှူ (ယဇ်) ဝင်းသို့ ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားသော နေရာ၌ရဟန်းသံဃာနှင့် အတူ ထိုင်နေတော်မူ၏။ ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ ကူဋဒန္တပုဏ္ဏားသည် နိမ့်သောထိုင်စရာ တစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်၏။

တစ်ခုသော နေရာ၌ ထိုင်နေသော ကူဋဒန္တပုဏ္ဏားအား မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ရွှင်လန်းစေပြီးလျှင် နေရာမှ ထကာ ဖဲခွါကြွသွားတော်မူလေသတည်း။

ဆက်လက်ဖော်ပြပါမည်.....

Read more...

ကံ ကံ၏အကျိုး ( ၆၀ )

( ကျောက်စ မထိမှန်သူ )

နွေရာသီကျောင်းပိတ်ရက်တွင် ကျွန်မနှင့်အဖွဲ့သား ဆယ်ဦးတို့သည် မြန်မာပြည်အထက်ပိုင်း၊ ကျောက်စိမ်းထွက်ရာ ဒေသဖြစ်သော ဖားကန့်မြို့သို့ အလုပ်လုပ်ရန် ခရီးထွက်ခဲ့ကြသည်။
ယခင်က စာအုပ်ထဲတွင်သာ ဖတ်ဖူး တွေ့ဖူးသော ဖားကန့်ဒေသကို ယခုမိမိကိုယ်တိုင် ရောက်ဖူးခဲ့သဖြင့် မြင်မြင်သမျှကို အံ့သြမဆုံး ဖြစ်ခဲ့ရသည်။ ကျောက်စိမ်းထွက်ရာနေရာတိုင်းတွင် စက်ယန္တရားများနှင့် တမျိုး၊ လူအင်အားနှင့်တဖုံ နည်းမျိုးစုံဖြင့် ကျောက်လုပ်ငန်း လုပ်ကိုင်နေကြသည်မှာ ကြည့်၍ပင် ကောင်းနေတော့သည်။

ကျွန်မတို့အဖွဲ့သည် ဖားကန့်ကျောက်သွေးတောင်တွင် စခန်းချကာ ခေါက်စားထမ်းခြင်းအလုပ်ကို လုပ်ကိုင်ကြသည်။ နံနက် ၆-နာရီတွင် အလုပ်စဆင်း၍ ၈-နာရီခွဲတွင် ခေတ္တနားကြရသည်။ တဖန် ၉-နာရီတွင် စဆင်းပြီး ၁၁-နာရီထိုးလျှင် ထမင်းစားချိန်ရပ်နားပေးသည်။ နေ့လည် ၁-နာရီထိုးသောအခါ အလုပ်ပြန်ဆင်းရသည်။ ၂-နာရီခွဲတွင် နာရီဝက်ပြန်နားပြီး ၃-နာရီထိုးမှ ညနေ ၅-နာရီအထိ ဆက်လက်လုပ်ကိုင်ရသည်။ လုပ်အားခမှာ တနေ့ သုံးရာကျပ်ရရှိသည်။

နေ့လည် ထမင်းစားတက်ချိန်၊ အထူးသဖြင့် ကျင်းထဲ လူရှင်းချိန်တွင် ကျင်းသားများသည် အသုံးမ၀င်သော ကျောက်တုံးကြီးများကို မိုင်းခွဲဖျက်ဆီးကြရသည်။ သို့မှသာ အလွယ်တကူ ဖယ်ရှင်းနိုင်မည်ဖြစ်ပေသည်။ မိုင်းခွဲလိုက်သော ကျောက်တုံး ကျောက်စများသည် ကိုက်နှစ်ရာ သုံးရာအတွင်း လွင့်စဉ်နိုင်သဖြင့် မိုင်းခွဲခါနီးတွင် လူများ ကြိုတင်ရှောင်နိုင်ရန် ခရာမှုတ်၍ အချက်ပေးလေ့ရှိသည်။

ကျွန်မတို့အဖွဲ့ အလုပ်ဆင်း၍ ၇-ရက်ရသောနေ့၌ နေ့လည်ထမင်းစားတက်ချိန်တွင် ကျွန်မသည် ထမင်းမစားသေးဘဲ အိပ်ရာထဲတွင် လှဲအိပ်လိုက်သည်။ ခဏအကြာတွင် ကျောက်တွင်းများဆီမှ အချက်ပေးသံနှင့်အတူ မိုင်းခွဲသံကိုကြားရသည်။ ကျောက်တုံး ကျောက်စများသည် နေရာအနှံ့ လွင့်စဉ်ကျသလို ကျွန်မအိပ်ရာပေါ်တည့်တည့်ရှိ အမိုးပေါ်မှတဆင့် အောက်သို့ ပေါက်ကျလာသည်။ ကျောက်တုံးသည် ခေါင်မိုးပေါက်ကာ အပေါ်တည့်တည့်မှ ကျလာသော်လည်း ကျွန်မကို မထိပေ။ ကျွန်မနှင့် နှစ်တောင်လောက် ဝေးသော မိန်းမကြီး၏ ခြေထောက်ကို ထိသွားခဲ့သည်။ အဖွဲ့သားအားလုံး အံ့သြကြရသည်။ အကယ်၍သာ မိုင်းစသည် ကျွန်မအား ထိမှန်ခဲ့ပါက ပွဲချင်းပြီး သေဆုံးမည်မှာ သေချာသည်။

ဤအဖြစ်အပျက်သည်ကား ပဋ္ဌာန်း ၂၄-ပစ္စည်းတရားတော်က ကျွန်မအား ၀င်ကယ်လိုက်ခြင်း ဖြစ်သည်။ ကျွန်မသည် ဘယ်နေရာသွားသွား ဘယ်နေရာလာလာ အမြဲတမ်း သတိထားကာ ဘုရားစာ တရားစာများကို ရွတ်ဆိုလေ့ရှိသည်။ အထူးသဖြင့် ပဋ္ဌာန်း ၂၄-ပစ္စည်းကို နှစ်သက်မြတ်နိုးစွာ ရွတ်ဆိုမြဲဖြစ်ပါသည်။ ကျောက်မိုင်း စကျသောနေ့ကလည်း ကျွန်မသည် ပဋ္ဌာန်း ၂၄-ပစ္စည်းကို ရွတ်ဆိုကာ အိပ်ရာထဲတွင် လှဲအိပ်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျောက်စ မမှန်ခြင်း ဖြစ်သည်ဟု ယုံကြည်မိပါသည်။

ကျောက်စမှန်သော မိန်းမကြီးသည် ဗုဒ္ဓဘာသာဝင်တဦးဖြစ်သော်လည်း ဘာသာတရားကို မကိုင်းရှိုင်း၊ ဘုရား ရှိခိုးစာပင် ကောင်းကောင်းမဆိုတတ်၊ သူ့ပါးစပ်မှ နေ့ည အချိန်ရှိသရွေ့ ဆဲသံ ဆိုသံကိုသာ ကြားရသည်။ ဘာသာရေးနှင့်ပတ်သက်သော လုပ်ငန်းများတွင် မည်သည့်အခါမှ ပါဝင်ကူညီ ဆောင်ရွက်လေ့မရှိပါ။ ဘာဘာညာညာ အကြောင်းပြကာ ရှောင်နေတတ်သည်။ ကျွန်မတို့အဖွဲ့ ကုသိုလ်ကောင်းမှုပြုလျှင် အမြဲတမ်း အပြစ်တင်လေ့ရှိသည်။ ထိုသို့သော အပြုအမူများရှိခြင်းကြောင့် ကျောက်စမှန်ခြင်းဖြစ်သည်ဟု အဖွဲ့သား အားလုံးက မှတ်ချက်ချကြပါသည်။

( သင်း-မြန်မာစာ )
********************************************************************************

( အမေ-ဟု တမိရုံမျှဖြင့် )

၁၉၆၈-ခုနှစ်၊ ဇူလိုင်လ ၂၀-ရက်နေ့တွင် ကျွန်တော်၏အဖေသည် မော်လမြိုင်မြို့တွင် ရေနစ်၍ သေဆုံးခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်တော်၏ အမေသည် လူမမည် ကလေး ၅-ယောက်နှင့် လောကကြီးထဲတွင် မျက်စိသငယ်နှင့် ကျန်ရစ်ခဲ့ပါသည်။

ဘ၀၏လောကဓံတရားကို ကျွန်တော်တို့အမေသည် စတင်ရင်ဆိုင်ရပါသည်။ ထိုစဉ်က ကျွန်တော့အမေကို လက်ထပ်လို၍ ကမ်းလှမ်းကြသူများကို ကျွန်တော့အမေက ကျွန်တော်တို့ မောင်နှမများ မျက်နှာငယ်မှာစိုး၍ ငြင်းဆန်ခဲ့ပါသည်။ သူသာလျှင် အမိ၊ သူသာလျှင် အဖ နေရာမှ စိတ်ရောလူပါ ပင်ပန်းဆင်းရဲခံပြီး စီးပွားရှာဖွေ ကျွေးမွေးခဲ့ပါသည်။

အမေသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များကို မြန်မာပီပီ အလွန်ထိမ်းသိမ်းနိုင်သူ တယောက် ဖြစ်ပါသည်။ တလင် တမယားစနစ်ကို မြတ်နိုးပါသည်။ မိန်းကလေးများ လျှပ်ပေါ်လော်လီသော ၀တ်စားဆင်ယင်မှုကို အလွန်မုန်းတီးပါသည်။ အထူးသဖြင့် မိန်းကလေးများ ခြေသလုံးပေါ်အောင် ထဘီဝတ်ခြင်း၊ ရင်သားပေါ်အောင် လည်ဟိုက်အင်္ကျီ ၀တ်ခြင်းကို အထူးတားမြစ်ပါသည်။ ဆွေမျိုးမိတ်ဆွေများ၏ လူမှုရေး စီးပွားရေးကိစ္စများတွင် အကူအညီတောင်းပါက ကိုယ်ရောစိတ်ပါ ကူညီတတ်ပါသည်။

ကျွန်တော်သည် အမေ့ကို လေးစား ရိုသေ ချစ်ကြောက်ပါသည်။ ငယ်စဉ်မှစ၍ အဖေ့ထက် အမေ့ကို ပိုပြီး တွယ်တာမိပါသည်။ ထို့ကြောင့် ကျွန်တော်အမြဲတမ်းအမေ့စကားကို နားထောင်ခဲ့ပါသည်။ ကျွန်တော်၏ဘ၀တွင် အမေနှင့်ပတ်သက်သော မမေ့နိုင်စရာ ကိုယ်တွေ့ဖြစ်ရပ်တခုကို တင်ပြလိုပါသည်။

၁၉၈၂-ခုနှစ် အောက်တိုဘာလတွင်ဖြစ်ပါသည်။ ကျွန်တော် တာဝန်ထမ်းဆောင်သော သင်္ဘောသည် စင်္ကာပူ နိုင်ငံတွင် ကျောက်ချရပ်ထားပြီး ကုန်းပတ်များ သန့်ရှင်းရေးလုပ်နေပါသည်။ ထိုစဉ် ကျွန်တော်၏ ညာဖက်ခြေထောက်ကို ကုန်းပတ်တံခါးကြီး ညှပ်မိပြီး ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်ပျက်ပုံမှာ ကျွန်တော်နှင့်အတူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားတယောက် ကုန်းပတ်တံခါးကို ၂-ပေကျော်ကျော်ဖွင့်၍ ကြားထဲရှိ ဘိလပ်မြေနှင့် လက်ဖက်ခြောက်မှုန့်များကို ရှင်းလင်းနေချိန်ဖြစ်ပါသည်။ ကျွန်တော်၏စိတ်ထဲတွင် တစုံတခုက နှိုးဆော်သလိုဖြစ်ပြီး ရုတ်တရက် ထိုကုန်းပတ်တံခါးကြီး ပိတ်လာသည်ဟု ခံစားရပါသည်။

ထို့ကြောင့် အဖော်ဖြစ်သူအား အပေါ်သို့တက်ရန် ဆွဲလည်းဆွဲ၊ ပြောလည်းပြောပြီး ဆွဲတင်ပါသည်။ ချက်ချင်းပင် ကျွန်တော်ထင်သည့်အတိုင်း ထိုကုန်းပတ်တံခါးကြီး ရုတ်တရက်ပိတ်သွားပြီး ကျွန်တော်နှင့်အဖော်ပါ ကုန်းပတ်တံခါးကြီးကြားတွင် ခြေထောက်များ ညပ်လျက် အရှင်လတ်လတ် ငရဲပြည်ရောက်သလို ခံစားရပါသည်။ ထိုအချိန်တွင် ကျွန်တော်၏စိတ်ထဲတွင် မိမိခံစားနေရသော ဝေဒနာထက် ကျွန်တော်တို့ကို ပိုးမွေးသလို အရိပ်တကြည့်ကြည့်နေခဲ့သော မိခင်သာတွေ့ပါလျှင် ဆိုသောအသိကြောင့် ကျွန်တော့စိတ်တွင် အမေ့ကို အလွန်သနားသွားမိခဲ့ပါသည်။ အဖော်ဖြစ်သူလည်း မခံမရပ်နိုင်လွန်း၍ တအားကုန် အော်ဟစ်နေပါသည်။ ကျွန်တော်လည်း ပါးစပ်မှ ရောင်ရမ်းပြီး အမေ့ကိုသာ မျက်စိထဲမြင်နေ၍ အမေရေ-ဟု တခွန်းတည်း အော်ဟစ်မိပါတော့သည်။

သင်္ဘောပေါ်ရှိ တခြားသူများ လာရောက်၍ ကယ်တင်ဆွဲထုတ်ကြပါသည်။ ထိုအထဲတွင် ကျွန်တော့သူငယ်ချင်း မြန်မာများလည်း ပါကြပါသည်။ အချို့သူငယ်ချင်းများက ယခုအချိန်အထိ ကျွန်တော့ကို အမေရေ-ဟု စကြ နောက်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအဖြစ်အပျက်တွင် အမေ့အပေါ် တမ်းတမိခြင်း၊ အမေ့မေတ္တာနှင့် သူတပါးအပေါ် ကူညီသောစိတ်ကြောင့် ကျွန်တော့ခြေထောက်မှာ အံ့သြလောက်အောင် ဘာမှပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။ အဖော်ဖြစ်သူ ဘင်္ဂလားဒေရှ် နိုင်ငံသားမူ ခြေထောက်ဖြတ်လိုက် ရပါသည်။

ကျွန်တော်သည် အမေ့ကို အမေရေ-ဟု တ,မိရုံလေးနှင့်ပင် ဒုက္ခိတဖြစ်မည့်ဘ၀မှ သီသီလေး လွတ်ခဲ့ရပါသည်။ ကျွန်တော် အလွန်ချစ်သော လေးစားမြတ်နိုးသော ကျွန်တော့အမေသည် ၁၆-၇-၉၅-နေ့တွင် ကွယ်လွန်ခဲ့ပါပြီ။ သို့သော် အမေ့မေတ္တာ၊ အမေ့ကျေးဇူးကား ကျွန်တော့တွင် ဆပ်၍မကုန်နိုင်အောင် ရှိနေပါသည်။ ယခုဤဆောင်းပါးဖြင့် ကျွန်တော့အမေ အပါအ၀င် မိခင်အားလုံးကို ဂုဏ်ပြုပါသည်။

( ညီညီနိုင် )

( မြတ်မင်္ဂလာ ၁၉၉၇-ခု နိုင်ဝင်ဘာလ )

Read more...

မသူတော်တရား သုံးပါး...

ဒေဝဒတ္တသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊

အဘယ်သုံးပါးတို့နှင့်နည်း...

၁...
ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း။

၂...
ရဟန်းတို့ မိတ်ဆွေယုတ် ရှိသည်၏ အဖြစ်ဖြင့် အနှိပ်စက် ခံရသော သိမ်းရုံး ယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ် ပတ်လုံးတည်၏၊ ကုစား၍ မရကောင်း။

၃...
ဈာန်အဘိညာဉ်တို့ထက် အလွန်ဖြစ်သော မဂ်ဖိုလ်အတွက် ပြုဖွယ်ကိစ္စ ရှိသေး သည် ဖြစ်ပါလျက် အနည်းငယ်မျှသော ဈာန်အဘိညာဉ် တရားထူးကို ရခြင်းဖြင့် အကြား၌သာ ပြီးဆုံးခြင်းသို့ ရောက်နေရ၏။

ရဟန်းတို့ ...
ဤမသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ် ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော် မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို...
''လောက၌ တစ်စုံတစ်ယောက်သော သူသည် အဘယ်အခါမျှ ယုတ်မာသော အလိုရှိသူ မဖြစ်ပါစေလင့်၊ ယုတ်မာသော အလိုရှိသူတို့၏ လားရာ 'ဂတိ' ကဲ့သို့ ထိုသို့သော လားရာ'ဂတိ'ကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိကြကုန်လော့။

ပညာရှိဟု ထင်ရှားသော ဈာန်အဘိညာဉ်တို့ဖြင့် ပွါးများအပ်ပြီးသော စိတ်ရှိသူဟု သမုတ်အပ်သော ဒေဝဒတ်သည် အခြံအရံဖြင့် တောက်ပသကဲ့သို့တည်၏ဟု ထင်ရှားခဲ့၏။ ထိုဒေဝဒတ်သည် မိမိအတိုင်းအရှည် ပမာဏကို မသိသောကြောင့် ထိုမြတ်စွာဘုရားကို ညှဉ်းဆဲ၍ တံခါးလေးပေါက် ရှိသော ကြောက်မက်ဖွယ် အဝီစိငရဲသို့ ရောက်ရ၏။

အကြင်သူသည် မကောင်းမှု ကံကို မပြုသည့် မပြစ်မှားသင့်သောသူအား ပြစ် မှား၏၊ ရိုသေမှုကင်းသော ပြစ်မှားသော စိတ်ရှိသော ထိုသူသို့သာလျှင် မကောင်း မှုသည် တွေ့ထိကျရောက်၏။

အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးရန် ကြံစည် အောက်မေ့၏၊ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ၊ မှန်လှ၏ ပြန့်ပြောနက်ကျယ် ကြောက်မက်ဖွယ် ကောင်းသော သမုဒ္ဒရာသည် ကြီးမားကျယ်ဝန်းလှပေ၏။

ဤအတူသာလျှင် အကြင်သူသည် ညီညွတ်သည်ဖြစ်၍ ငြိမ်းအေးသော စိတ်ရှိ သော မြတ်စွာဘုရားကို ဒေါသဖြင့် ညှဉ်းဆဲ နှိပ်စက်၏၊ ထိုသူ၏ ဒေါသသည် ထိုမြတ်စွာဘုရား အပေါ်၌ မကျရောက်နိုင်။

အကြင် ကောင်းသော အကျင့်ရှိသူ၏ ပဋိပတ်လမ်းစဉ်သို့ အစဉ်လိုက်သော ရဟန်းသည် ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ရောက်ရာ၏၊ ပညာရှိသည် ထိုသို့ သဘော ရှိသော ကောင်းသော အကျင့်ရှိသူကို အဆွေခင်ပွန်း ပြုရာ၏၊ ထိုကောင်းသော အကျင့် ရှိသူကိုလည်း မှီဝဲရာ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 89

၁ဝ - ဒေဝဒတ္တသုတ်၊ စတုတ္ထ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဗုဒ္ဓစွယ်တော်







တရုတ်ပြည်သူသမ္မတနိုင်ငံမှ မြတ်ဗုဒ္ဓ၏စွယ်တော်တည်ထားတဲ့ စေတီတော်နှင့် ဗုဒ္ဓစွယ်တော် အနီးကပ်ပုံများကို ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ ဖူးမြော်ကြည်ညိုနိုင်စေရန် တင်ပြထားပါသည်။


Read more...

*အမှား မကြီးပါစေနှင့် (ထေရ၀ါဒတို့ သတိထားစေချင်)*


မည်သည့် ဘာသာစကား၌ မဆို နှုတ်မှ ထွက်သော အသံကို အက္ခရာ စာလုံးအဖြစ် ပထမဦးစွာ ဖန်တီးပါသည်။ ထို အက္ခရာ စာလုံးများဖြင့် ဝေါဟာရများ၊ ၀ါကျများ ဖွဲ့၍ ရေးသားပါသည်။ ထို ဝေါဟာရများ၊ ၀ါကျများကိုပင် တစ်ဖန် ပြန်၍ အသံထွက် ရွတ်ဖတ်ကြသည်။

ထို့ကြောင့် အသံထွက်မှန်မှ အရေးအသား မှန်မည်။ အရေးအသား မှန်မှလည်း အသံထွက် မှန်ပေမည်။

အသံထွက်ရာ၌ သတ်ပုံသတ်ညွှန်း မရှိသော်လည်း ရေးသားရာ၌မူ သတ်ပုံသတ်ညွှန်း လိုလာ၏။ “ကျောက်ခဲနဲ့ ထုမှာ ကြောက်တယ်” ဟူသော စကားကို စာဖြင့် ရေးသားရာ၌ “ကျောက်” နှင့် “ကြောက်” ကို ခွဲခြား ရေးရပေသည်။ “ကြောက်ပါတယ်” ဟူသော စကားကို “ကျောက်ပါတယ်” ဟု ရေးမိလျှင် ကျောက်ပွဲစား ဖြစ်သွားပေမည်။

ထို့ပြင် ရေးတော့အမှန် ဖတ်တော့အသံ ဟူ၍လည်း ရှိသေး၏။ “ကြေးထူ” ကို “ဂျီးထူ” ဟု ဖတ်၏။ “မြားပစ်” ကို “မျှားပစ်” ဟု ဖတ်၏။ “တုတ်ချောင်း” ကို “ဒုတ်ချောင်း” ဟု ဖတ်၏။

အချို့ကား အသံ တူသော်လည်း အဓိပ္ပါယ်ကို လိုက်၍ သတ်ပုံ ကွဲကြပြန်သည်။ “သံတူ ကြောင်းကွဲ” ဟု ခေါ်သည်။ “ယင်” ဟူသော အသံထွက်ကို ကြည့်ပါ။ “ယင်” ကောင် “ယဉ်” ကျေးမှု၊ မော်တော် “ယာဉ်”၊ ပန်းဥ “ယျာဉ်” ဟူ၍ ကွဲပြားကြ ပြန်သည်။

အချို့မူကား မိမိ ကိုယ်နှိုက်က လွဲမှားစွာ အသံ ထွက်နေသောကြောင့် စာရေးသားရာ၌ လွဲမှားကြရသည်။ “ဗာဒံပင်” ကို “ဗန်ဒါပင်”၊ “မာလကာသီး” ကို “မာကလာသီး”၊ “ပီလောပီနံ” ကို “ကလောပီနံ” ဟု အပြောမှား အရေးမှားမိ ကြလေသည်။

******************************************************

ဤကဲ့သို့ မြန်မာ စာပေကို ရေးသား ရွတ်ဖတ်ကြရာ ၌ပင် အလွဲအမှားများ ရှိတတ် ရကား ပါဠိ စာပေ၌မူ ပြောဖွယ်ရာ မရှိပြီ။ လူပုဂ္ဂိုလ်များ၌ ပါဠိစာပေ တတ်ကျွမ်းသူ အလွန် နည်းပါးသည်။ ရဟန်း သံဃာများ၌ ပင်လျှင် ပရိယတ္တိ စာပေကို ဆရာကောင်းထံ နည်းခံ၍ စနစ်တကျ လေ့လာ သင်ယူကြသူ များသာ တတ်ကျွမ်းကြ ပါသည်။

သို့သော် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်များသည် ပါဠိဖြင့် ကင်း၍ မရပါ။ ဘုရား ရှိခိုးခြင်း၊ ဂုဏ်တော် ပွားခြင်း၊ ပရိတ်ရွတ်ခြင်း စသည့် ကိစ္စများ၌ ပါဠိစာပေနှင့် ကြုံတွေ့ ကြရပါသည်။

ထိုသို့ နေ့စဉ်လိုလို မကြာခဏ ဆိုသလို ရွတ်ဆို ကြရသည့် ပါဠိစာပေ အချို့ကိုမူ ရဟန်းဖြစ်စေ၊ လူဖြစ်စေ အသေအချာ လေ့လာထားသင့် လှပေသည်။ ရဟန်း သံဃာများကား ပို၍ အရေးကြီးပါ၏။ လူပုဂ္ဂိုလ်များ အနေဖြင့်ကား အနည်းဆုံး အခြေခံကလေးများ လောက်ကိုဖြင့် လေ့လာ ထားသင့် လှပါသည်။

ယခုမူ လေ့လာမှု အားနည်းကြ သဖြင့် မမှားသင့်သည် များကိုပင် မှားယွင်းစွာ ပြောဆို သုံးနှုန်း ရေးသား နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင် ကြားသိနေရ ပါသည်။

ဥပမာ ဆိုရပါမူ “အရုဏ်” နှင့် “အာရုံ”၊ “သဒ္ဓါ” နှင့် “သဒ္ဒါ” တို့ ဖြစ်ကြ ပါသည်။

“အရုဏ်ဆွမ်း၊ အရုဏ်တက်ချိန်” ဟု ရေးရမည့် အစား “အာရုံဆွမ်း၊ အာရုံတက်ချိန်” ဟု ရေးလျှင် အဓိပ္ပါယ် မရှိတော့ပါ။ “စေတနာ သဒ္ဓါတရား” ဟု ရေးရမည့် အစား “စေတနာ သဒ္ဒါတရား” ဟု ရေးမိလျှင်လည်း အဓိပ္ပါယ် မရှိတော့ပါ။ အသုံးအနှုန်း မှန်ကန်သော စာကြောင်းကလေး နှစ်ကြောင်းကို လေ့လာကြည့် စေချင်ပါသည်။

နိဗ္ဗာန်ကို “အာရုံ” ပြု၍ “အရုဏ်” ဆွမ်း ဆက်ကပ်ပါသည်။ “သဒ္ဓါ” တရား ထက်သန်စွာဖြင့် “သဒ္ဒါ” စာအုပ် လှူဒါန်းပါသည်။

***************************************************

ပရိတ်ကြီး (၁၁) သုတ်တွင် “မင်္ဂလသုတ်” နှင့် “မေတ္တသုတ်” တို့သည် အလွန် ထင်ရှား၍ လူအများ ရွတ်ဆိုကြ ပါသည်။ သို့သော် “မင်္ဂလသုတ်” ကို “မင်္ဂလာသုတ်” ဟု မပြောကြဘဲ “မေတ္တသုတ်” ကိုမူ “မေတ္တာသုတ်” ဟု ပြောဆိုကြ ပါသည်။

မေတ္တသုတ်ကို “မေတ္တာသုတ်” ဟု ပြောဆိုရာ၌ “မစ်တာသုတ်” ဟု ဆိုလျှင် တော်သေး၏။ “မြစ်တာသုတ်” ဟု ပြောလျှင်ကား ပို၍ပင် နားမသက်မသာ ဖြစ်ရပါ တော့သည်။

သဝေလည်းထိုး၊ တသတ်မျိုး၊ ဖတ်ရိုး စသတ်သံ” ဟု လင်္ကာ ရှိပါသည်။ “သေတ္တာ” ကို “သစ်တာ” ဟု ဖတ်သကဲ့သို့ “မေတ္တာ” ကို “မစ်တာ” ဟု ဖတ်ရပါသည်။

ထို့ပြင် အချို့သော ပုဂ္ဂိုလ်များသည် “မေတ္တသုတ်” ကို ရွတ်ဆိုရာ၌ အဖြတ်အတောက် မှားယွင်း နေကြ ပြန်သည်။ အပိုဒ်တစ်ပိုဒ်၌ ရပ်ရမည့် နေရာတွင် မရပ်ဘဲ၊ အပိုဒ်ကို ဆုံးအောင် မဆိုဘဲ ရပ်လိုက်ပါသည်။ ယင်း အပိုဒ်ကား…

“သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ၊ သလ္လဟုက ၀ုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ” ဖြစ်ပါသည်။

အချို့ကား “အပ္ပဂဗ္ဘော” ၌ ရပ်လိုက်ကြ၏။ ပြီးမှ “ကုလေသွနနုဂိဒ္ဓေါ” နှင့် ကျန်အပိုဒ်ကို ဆက်ဆို၏။ ၎င်းကိစ္စနှင့် ပတ်သက်၍ သဲကုန်း အရှင် ဉာဏိဿရ၏ “မေတ္တသုတ္တန် တရားတော် စာအုပ်” စာမျက်နှာ (၉၃) တွင် ဤသို့ မိန့်ကြားထား ပါသည်။

“မေတ္တသုတ် ရွတ်ကြတာလည်း တယ် မမှန်ကြဘူး။ ဟိုဘက်ကူး ဒီဘက်ကူးနဲ့ အမျိုးမျိုး ဖြစ်နေတတ်ကြတယ်။ သန္တုဿကော စ က စပြီးရွတ်လာတာ ‘နနုဂိဒ္ဓေါ’ ကျရင်ရပ်။ ‘နစခုဒ္ဒ’ က နောက်တစ်ပိုဒ် ဟုတ်ပြီလား”

ပရိတ် ရွတ်ဖတ်ကြရာ၌ အသံထွက် မှန်ရန် လိုသကဲ့သို့ အဖြတ်အတောက် အချအရပ်လည်း အရေးကြီး ပေသည်။ အဓိပ္ပါယ်လည်း သိရပေမည်။ သို့မှသာ ပရိတ်အစွမ်း ပို၍ ထက်မြက်မည် အဟုတ်ပါလော။

“မေတ္တာ” ကို “မြစ်တာ” ဟု ဖတ်သဖြင့် နောက်ဆက်တွဲ ရှုပ်ထွေးမှုလေး တစ်ခု ဖြစ်ပုံကို တင်ပြချင် ပါသေးသည်။

“မိဘ၀တ်” လင်္ကာ၏ အစတွင် “မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်” ဟု ရေးစပ် ထားပါသည်။ အလျဉ်းသင့်၍ ဖော်ပြ လိုပါသည်။ ထိုလင်္ကာကို အချို့ စာအုပ်များ၌ “မကောင်း မြစ်တာ” ဟု တွေ့ရပြီး အချို့ စာအုပ်တွင် “မကောင်း မြစ်ထာ” ဟု တွေ့ရပါသည်။ အချို့ စာအုပ်၌ကား “မကောင်း မြစ်တား” ဟု တွေ့ရပါသည်။

“မြစ်တာ” နှင့် “မြစ်ထာ” မှာ သဘောချင်း အတူတူပင် ဖြစ်ပါသည်။ “တားမြစ်ခြင်း” ကို ဆိုလိုပါသည်။ “မြစ်” ဟူသည်မှာ တားဆီးခြင်း သဘော ဖြစ်ပါသည်။ “မြစ်ရေ” တို့သည် ကုန်းမြေ နှစ်ခုကို တားဆီး ထား၏။ တားဆီးခြင်း သဘောရှိ၍ “မြစ်” ဟု ခေါ်၏။ သို့သော် “မကောင်းမြစ်တား” ဟူသည်မှာ မှန်သော်လည်း “ကောင်းရာညွှန်လတ်” နှင့် ကာရန် လွတ်နေ ပါသည်။

********************************************************

နိုင်ငံကျော် အဆိုတော် (အမျိုးသမီး) တစ်ဦး၏ မှားယွင်းမှု ကိုလည်း တင်ပြလို ပါသည်။ ဘုရား ဂုဏ်တော်များကို ပူဇော်ထားသည့် ဓမ္မသီချင်း တစ်ပုဒ်၌ ဖြစ်ပါသည်။ ဂုဏ်တော် တစ်ခုကို ရွတ်ဆို သီဆိုရာတွင် သဒ္ဓါတရား ထက်သန်စွာဖြင့် ပီပီသသ ရွတ်ဆိုလိုက် သော်လည်း အသံထွက် မှားသွားခဲ့ ပါသည်။ ၎င်းသီချင်းမှာ ယနေ့တိုင် တွင်ကျယ်နေဆဲ ဖြစ်ပါသည်။ ထိုအမှားကို မည်သို့ ပြင်ဆင်ကြ မည်နည်း။

အဆိုတော် အမျိုးသမီးက “ရွတ်ဆိုစဉ် အခါ၌ အသံထွက် အမှန်ကို သတိ မထားမိခဲ့ဘူး” ဟု ၀န်ခံပါသည်။ “နောင်မှ သိလိုက်ရာ ပြင်မရတော့ သဖြင့် စိတ်မကောင်း ကြီးစွာ ဖြစ်ရပါသည်” ဟုလည်း ဆိုပါသည်။ နားထောင်သူ အများစု ကလည်း အမှားကို သတိမထား မိကြပါ။ သူတို့ ကိုယ်နှိုက်ကပင် ထိုအမှား အတိုင်း ရွတ်ဆို နေကြသလော၊ မပြောတတ်ပါ။

၎င်း ဂုဏ်တော်မှာ “သတ္ထာ ဒေ၀ မနုဿာနံ” ဖြစ်ပါသည်။ အသံထွက် အမှန်မှာ သတ္ထာ (သတ်ထာ) ဟု ဖြစ်သော်လည်း သူမက သတ္တာ (သတ်တာ) ဟု အသံထွက် သွားခဲ့ပါသည်။ လူ အတော်များများပင် ဤကဲ့သို့ အလွယ်တကူ အသံထွက် နေကြသည်ဟု ထင်ပါသည်။

သတ္ထာ (ဆရာ)၊ ဒေ၀ (နတ်)၊ မနုဿ (လူ)။ “သတ္ထာ ဒေ၀ မနုဿာနံ” လူနတ်တို့၏ ဆရာမြတ် အစစ် ဖြစ်တော် မူပေသော မြတ်စွာဘုရား။

ဤနေရာ၌ လွဲမှားခြင်း သည်လည်း “သတ်တာ” နှင့် “သတ်ထာ” ဖြစ်ပါသည်။ သို့သော် အထက်တွင် ဖော်ပြခဲ့သည့် “မြစ်တာ” နှင့် “မြစ်ထာ” ကဲ့သို့ကား သဘောချင်း မတူတော့ပါ။ “သတ္ထာ” ကို “သတ္တာ” ဟု ရွတ်ဆိုလိုက်သည့် အတွက် အဓိပ္ပါယ် လုံးဝ ပျက်စီးသွား ပါတော့သည်။

ဘုရား ဂုဏ်တော် ကိုးပါးသည် ဗုဒ္ဓဘာသာ ၀င်များ အမြဲတစေ ရွတ်ဆိုလေ့ ရှိသော ဘုရားရှိခိုး ဖြစ်ပါသည်။ ဂုဏ်တော် ပုတီး စိပ်သူ များလည်း နေ့စဉ် ရွတ်ပွားကြ ပါသည်။ စာရေးသူကား ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါး တို့ကို (မဟာစည် ဆရာတော် ဘုရားကြီး၏ မူအတိုင်း) နေ့စဉ် အနက်ဖွင့်၍ ၀တ်ပြုပါသည်။ ဤဂုဏ်တော် အရောက်တွင် မမှားစေရန် အမြဲ သတိရလျက် နေတော့၏။

********************************************************

ဗုဒ္ဓဘာသာ၌ အတိုဆုံးနှင့် အတွင်ကျယ်ဆုံး ဘုရားရှိခိုး တစ်ခု ရှိပါသည်။ ဥဒါန်းတင် ဘုရားရှိခိုး ဟုလည်း ခေါ်ပါသည်။ ယင်းကား…

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဖြစ်ပါသည်။

၎င်း ဘုရားရှိခိုး၌ “ဘဂ၀ါ၊ အရဟံ၊ သမ္မာသမ္ဗုဒ္ဓ” ဟူသော ဂုဏ်တော်ကြီး သုံးပါး ပါရှိနေသည်ကို သတိ ပြုရပါမည်။ ဤ ဘုရားရှိခိုးကား အများအားဖြင့် အသံထွက် မမှားကြပါ။ သို့သော် အဖြတ်အတောက် မှားယွင်းနေသူ များလှပါသည်။ ဤသို့ မှားယွင်းကြရာ၌ အချို့ကား နားမလည်၍ မှားကြပါသည်။ အချို့ကား နှုတ်ကျိုးနေ၍ မှားကြပါသည်။

ရွတ်ဖတ်ပုံ အမှန်ကား ဤသို့ ဖြစ်ပါ၏။ “နမော” ဟုဆိုပြီး ခဏရပ်ပါ။ ပြီးမှ “တဿ ဘဂ၀သော” ဟုဆိုပါ။ ပြီးမှ “အရဟတော” ပြီးမှ “သမ္မာသမ္ဗုဒ္ဓဿ” ဟု ရွတ်ဆိုရ ပါမည်။ ဥဒါန်းတင် ဘုရားရှိခိုး ဖြစ်သဖြင့် သုံးကြိမ်သုံးခါ ရွတ်ဆိုရ ပါသည်။

“နမော” နှင့် “တဿ” ကို တွဲ၍ မဆိုရပါ။ “တဿ နှင့် ဘဂ၀တော” ကို တွဲဆိုရ ပါမည်။ လူအများသည် “နမောတဿ” ဟု တစ်ဆက်တည်း ဆိုနေကြ ပါသည်။ “နမော်တဿ” ဟု ဆိုသူများလည်း ရှိသေး၏။ ထိုသူတို့ကား “နမော်နမဲ့” နိုင်လွန်းလှ ပါသည်။

“နမော” ဟူသည် “ရှိခိုးပါ၏” ဟု ဆို၏။ “တဿ” ဆိုသည်ကား ဘုရားရှင် ကိုယ်တော်မြတ် ကြီးနှင့် ဂုဏ်တော်များကို ညွှန်းဆိုခြင်း သဘော “ထို” ဟု ဖြစ်ပါ၏။ အမှားအမှန် ခွဲခြားစိမ့် သောငှာ “ပြည်တွင်း ပြည်ပ (အမေရိကန်) သာသနာပြု ဆရာတော်ကြီး” တစ်ပါး၏ အနက်ဖွင့် ဘုရားရှိခိုးကို လေ့လာကြည့်စေ လိုပါသည်။

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” (သုံးခေါက်)

အရဟတော- ဗြဟ္မာ၊ နတ်၊ လူ ခပ်သိမ်းသူတို့၊ အပူဇော် မှန်သမျှ၊ အလှူတော် ခံတော်မူထိုက် ပေထသော။ သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးတန်၊ တရားမှန်ကို၊ ဆရာမရှိ၊ ကိုယ်တော်တိုင် သိတော်မူပေ ထသော။ တဿ ဘဂ၀သော- ထို ဂုဏ်ပေါင်းသခင်၊ ဘုရားရှင် ကိုယ်တော်မြတ် ကြီးအား။ နမော- ဂုဏ်တော်ကိုးအင်၊ စိတ်မှာ ထင်လျက်၊ ယုံကြည်မြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုး ကန်တော့ပါ၏ မြတ်စွာဘုရား။

ဤမျှဆိုလျှင် “နမောတဿ” လား “တဿ ဘဂ၀တော” လား ဟူသည်ကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိအပ်ပါပေပြီ။

ဗုဒ္ဓဘာသာကို အထက်တန်း ကျကျ မျက်နှာပန်း လှလှ ဖြစ်စေလို ပါလျှင် ထိုကိစ္စ ကလေးများကို အသေးအဖွဲဟု မထင်အပ်ပါ။ အလွန် အရေးကြီးလှ ပါသည်။

ဘာသာရေး ဆိုင်ရာ စာအုပ် စာတန်းများ၌လည်း အဆိုပါ ဥဒါန်းတင် ဘုရား ရှိခိုးကို နဖူးစည်း၌ ဦးတင်၍ ဖော်ပြလေ့ ရှိရာ “နမောတဿ” ဟု တစ်ဆက်လည်း မရိုက်နှိပ်မိရန် ဂရုစိုက်သင့် လှပါသည်။

ယခုခေတ်သည် ကွန်ပျူတာခေတ် ဖြစ်ရာ ကွန်ပျူတာ စာစီစာရိုက် လူငယ် မောင်မယ် ကလေးများ ကလည်း အထူး ဂရုစိုက် စေချင်ပါသည်။

ဘုရားရှိခိုး၊ ဂုဏ်တော်၊ ပရိတ်တို့နှင့် ပတ်သက်သည့် ကိစ္စများ တင်ပြ ပြီးသည့်နောက် “သီလ” နှင့် ပတ်သက်သော မှားယွင်းမှု တစ်ခုကို ဖော်ပြ ပါမည်။ အသံထွက် မှားယွင်းမှု ဖြစ်ပါသည်။ ပြီးစလွယ် ရွတ်ဆို၍ လည်းကောင်း၊ နှုတ်ကျိုး နေ၍ လည်းကောင်း မှားယွင်းကြ ပါသည်။ ယင်းကား… “ငါးပါးသီလ” မှ ဒုတိယမြောက် သိက္ခာပုဒ် ဖြစ်ပါသည်။

“အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”

“သူတစ်ပါး မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏” ဟူ၍ ဖြစ်ပါသည်။ “အဒိန္နာဒါနာ” ကို “အဒိန္နဒါနာ” ဟု ရေးချသံဖျောက်၍ ရွတ်ဆိုသဖြင့် လုံးဝ မှားယွင်းသွား ပါသည်။ မည်သည့် အဓိပ္ပါယ်မျှ ဖော်၍ မရတော့ပါ။ အထူး သတိပြု စေလိုပါသည်။

********************************************************

ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့အား အထူး မေတ္တာရပ်ခံ လိုသည်မှာ မိမိတို့၏ ဗုဒ္ဓဘာသာ၊ သာသနာတော်ကို အဓွန့်ရှည်အောင် ထိန်းသိမ်း စောင့်ရှောက် လိုပါလျှင် ရွတ်ဖတ်ခြင်း၊ ရေးသားခြင်း၊ ပုံနှိပ်ခြင်း၊ ကွန်ပျူတာ စီခြင်းတို့တွင် အမှားအယွင်း ကင်းရှင်းအောင် သတိပြုကြ စေလိုပါသည်။

အကယ်၍ အသံထွက်များ၊ အက္ခရာ အနေအထားများ၊ သတ်ပုံများ မှားယွင်းခဲ့သော် အနက် အဓိပ္ပါယ်တို့ သည်လည်း မှားယွင်းကြ ပေလိမ့်မည်။

အများညီ ‘ဤ’ ကို ‘ကျွဲ’ ဖတ်” ဟူသော စကားကို စာရေးသူ မနှစ်သက်ပါ။ (ဟုတ်ကဲ့ ကျွန်တော်လည်း မကြိုက်ဘူး ခင်ဗျ။) အများညီညီ မညီညီ “ဤ” ဟာ “ဤ”၊ “ကျွဲ” ဟာ “ကျွဲ” သာ ဖြစ်ရပါမည်။

အမှားကြာ၊ အမှန်ဖြစ်” ဟူသော စကားကိုလည်း မနှစ်သက်ပါ။ “အမှား မကြာခင်၊ အမှန်ပြင်” နိုင်အောင် ကြိုးစားကြ ရပေမည်။ နားမလည်၍ မှားကြသူ များကိုလည်း နားလည် တတ်ကျွမ်းသော သူများက အခါအခွင့် သင့်တိုင်း ရှင်းလင်း ပြသပေးရပေမည်။

စာပေ ပရိယတ္တိ လုပ်ငန်းများကို ရဟန်း သံဃာတော် များက စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိကြသကဲ့သို့ သီလရှင်များ၊ လူပုဂ္ဂိုလ်များ ကလည်း ၀ိုင်းဝန်း ဆောင်ရွက်ကြရ ပေလိမ့်မည်။ ဗုဒ္ဓဘာသာဝင် တိုင်းသည် နေသာသလို မနေကြဘဲ အခြေခံမျှ လောက်ကိုဖြင့် လူကြီး လူငယ်မရွေး လေ့လာထားအပ် ပါသည်။

ဒုကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော် ကြီး၌ မြတ်စွာဘုရား ကိုယ်တော်တိုင် ဤသို့ သတိပေးစကား မြွက်ကြားသွားတော် မူပုံကို ဖတ်ရှု နာယူရ ပါသည်။

ရဟန်းတို့၊ ဤတရား နှစ်မျိုးတို့သည် သူတော်ကောင်း တရားဟု ဆိုအပ်သော ငါဘုရား၏ သာသနာတော်ကို ပျက်စီးခြင်းငှာ၊ ကွယ်ပသွားခြင်းငှာ ဖြစ်ကုန်၏။ အဘယ် နှစ်ပါးတို့နည်း ဟူမူကား… အက္ခရာ၊ ပုဒ်၊ ဗျည်းကို မှားယွင်းစွာ ထားခြင်းသည် တစ်မျိုး၊ ဆိုလိုသော အနက် အဓိပ္ပါယ်ကို သိရခက်ခြင်း သည်လည်း တစ်မျိုး ဤ နှစ်မျိုးတို့ ပေတည်း။

“အမှား မကြာခင် အမှန်ပြင်ကြပါ သူတော်စင် အပေါင်းတို့”

မင်းတံခွန်

+++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

6/5/2009, FRI:, 9:39:26 PM

Read more...

ပူလောင်မှုများမှသည် အေးငြိမ်းမှုဆီသို့

အချိန်မရွေး နေရာမရွေး၊ လူမျိုး ဘာသာမရွေး အမြဲမှန်ကန်နေမည့် သစ္စာလေးပါး သဘာဝတရား အမှန်တရားအား ဗုဒ္ဓ၏ ဟောကြားချက်များအပြင် ယခုခေတ် ဥပမာများ သိပ္ပံအမြင်များနှင့် အများ နားလည်လွယ်အောင် ရှင်းလင်းဖော်ပြထားသည့် စာအုပ်ဖြစ်ပါသည်။

(အနိစ္စ) မြဲနေတာမဟုတ်၊ ရှိနေတာမဟုတ်- တရစပ်အသစ် အသစ်အစားထိုး ပျောက်ပျက်နေသော ၊

(ဒုက္ခ) ကျေနပ်သာယာနေစရာမဟုတ်သော - အနှစ်သာရမဟုတ်သော ၊

(အနတ္တ) ငါ့အလိုအတိုင်းမဟုတ် - သိမ်းပိုက်လို.ရတာ မဟုတ်- ငါမဟုတ်၊ သူတပါးမဟုတ်၊ ငါ့ဟာမဟုတ်၊ ငါ့စိတ်မဟုတ်၊ ငါ့ခန္ဓာမဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ တစ်ဦးဦး- တစ်ယောက်ယောက် မဟုတ်သော၊

တစ်စက္ကန်.ပင်မကြာလိုက် ဖြစ်ဆိုတာနဲ. ပျက်ပျက် သွားနေသော၊ ရုပ်၊ နာမ်ဓမ္မတွေ- သင်္ခါရတရားတွေ- စိတ်၊ စေတသိက်၊ ရုပ် စွမ်းအင်သဘာဝတွေအပေါ်-

မိတ်ဆွေ- ဘာများ ဟုတ်တယ်ထင်ပါသလဲ ….

လူမျိုးမရွေး- ဘာသာမရွေး- အချိန်မရွေး- နေရာဒေသမရွေး- မှန်ကန်နေမည့် သစ္စာတရား (သို.) ဓမ္မ၏ အနှစ်သာရကို ဗုဒ္ဓ၏ ဟောကြားချက်များအပြင်- ယခုခေတ် ကွမ်တမ် ရူပဗေဒအမြင်၊ ကွမ်တမ် မက်ကင်းနစ် / မသေချာခြင်းနိယာမ အမြင်- ရီလီတီဗွီတီ အမြင်၊ ယခုခေတ် သိပ္ပံရှုထောင့် - ဥပမာ ဥပမေယျများဖြင့် အများနားလည်လွယ်အောင် ဦးစားပေးတင်ပြထားသော စာအုပ်ဖြစ်ပါသည်။

*** အိမ်ပဲ၊ ကျောင်းပဲ၊ ဇရပ်ပဲ၊ ဆေးရုံပဲ မထင်ပါနဲ.။ ဘိလပ်မြေ၊ အုတ်၊ သစ်သားချောင်း နဲ. သံချောင်းတွေ စုပေါင်း စီစဉ်ထားမှု သက်သက်သာ။

*** ဧရာဝတီမြစ်ကြီးတစ်စင်း ဘိုးဘေးဘီဘင် လက်ထက်ထဲက နှစ်ပေါင်းများစွာ ရှိနေတယ် မထင်ပါနဲ.။ မြစ်အောက်ပိုင်းသို. ရွှေ.လျားပျောက်ကွယ်သွားနေတဲ့ ရေစက် ရေမှုန် အသစ်စက်စက်လေးတွေပါ။ ဘယ်ရေစက် ရေမှုန်မှ မြစ်ထဲ တစ်ချိန်ချိန်ကြာအောင် ရှိမနေပါ။ တည်တံ့မနေပါ။

*** အက်တမ်တစ်လုံးမှာ အီလက်ထရွန်တစ်လုံးက ပတ်လမ်းတစ်ခုမှ တစ်ခုသို.ပြောင်းလဲရောက်ရှိသွားတယ် မထင်ပါနဲ.။ ခေတ်သစ်သိပ္ပံမှာ ပတ်လမ်းတစ်ခုမှ အီလက်ထရွန်တစ်လုံးဟာ ပျောက်ပျက်သွားပြီး အခြားပတ်လမ်းတစ်ခုမှာ ပုံစံတူ- အရည်အသွေးတူ နောက်အီလက်ထရွန်သစ် တစ်လုံး ဖြစ်ပေါ်သွားခြင်းသာ။

*** ဖယောင်းတိုင် မီးတောက်လေးတစ်ခုကို တစ်ညလုံး ထွန်းလင်းနေတယ် မထင်ပါနဲ.။ အသစ်အသစ်သော အပူစွမ်းအင်သတ္တိများ (မီးတောက်လေးများ)သာ လျင်မြန်လွန်းစွာ ပျောက်ကွယ်သွားလိုက် အသစ် အစားထိုးပေါ်လာလိုက် ဖြစ်နေခြင်းသာ။

*** ငါ့စိတ်ထဲ တစ်နေ.လုံး ဒေါသထွက်နေတယ် မထင်ပါနဲ.။ ဒေါသစိတ် အသစ်အသစ်များသာ လျင်မြန်လွန်းစွာ အစားထိုး ပျောက်ကွယ်နေခြင်းကို ငါ့စိတ်၊ ငါ့ဒေါသ အဖြစ် အချိန်တစ်ခုကြာအောင် ရှိနေတယ်ကို အထင်မှားခြင်းပါ။ ငါ့ဒေါသမဟုတ်ပါ- ငါ့စိတ်မဟုတ်ပါ- ဘာမှမဟုတ်ပါ။

*** ငါ့စိတ်ထဲ တစ်နေ.လုံး မေတ္တာတွေ ဖုံးလွှမ်းနေတယ် မထင်ပါနဲ.။ ငါ့စိတ်ဟာ တစ်ခုခုအဖြစ်ရှိနေပြီး မေတ္တာစိတ်များဟာ ငါ့စိတ်အပေါ်ကို လွှမ်းမိုးလာတာမဟုတ်၊ မေတ္တာစိတ်များသာ အကြောင်းတိုက်ဆိုင်တုန်း လျင်မြန်လွန်းစွာ အသစ်အသစ် အစားထိုး ဖြစ်ရုံကလေး ဖြစ်နေတာ၊ တစ်ခုခုတော့ ဖြစ်နေတာမဟုတ်။

*** တစ်ညလုံး လျှပ်စီးတွေ လက်နေတယ် ဖြစ်နေတယ် မထင်ပါနဲ.။ ဒီလျှပ်စီး ဒီလျှပ်စီးအနေနဲ. တစ်နေရာရာမှာ ရှိနေတာ ဖြစ်နေတာတော့ မဟုတ်။ နောက်တစ်ကြိမ် ဘယ်တော့မှ ဒီလျှပ်စီး ဒီလျှပ်စီး အဖြစ် ပြန်မလာတော့တဲ့ ပုံစံတူ လျှပ်စီး အသစ်အသစ်လေးတွေသာ တစ်ခုပြီးတစ်ခု ဖြစ်ချုပ်- ဖြစ်ချုပ် အစားထိုး- ပျောက်ကွယ်သွားနေတာပါ။ ဒီလျှပ်စီး- ဒီလျှပ်စီး အနေနဲ. ရှိနေမှာတော့မဟုတ်။

*** သုဿာန်ပို.မှ ခန္ဓာကြီး သေဆုံးသွားတယ် မထင်ပါနဲ.။ နှလုံးခုန်ရပ်သွားမှ ခန္ဓာကြီး သေဆုံးသွားတယ် မထင်ပါနဲ.။ ဆရာဝန်က သေတယ် သတ်မှတ်ပေးမှ သေသွားတယ် မထင်ပါနဲ.။ စက္ကန်.တိုင်းမှာ စိတ်- စေတသိတ်- ရုပ်စွမ်းအင်တို. ကုန်ဆုံး ကွယ်ပျောက် ပျက်စီး သေဆုံးနေသည်။ ခန္ဓာငါးပါးတို. စက္ကန်.မလပ် ချုပ်ဆုံး ကွယ်ပျောက် သေပွဲဝင်လျက်ရှိသည်။ စက္ကန်.တိုင်းမှာ ခန္ဓာငါးပါး အသစ်အသစ်တို. တရစပ် အစားထိုး မွေးဖွားလျက်ရှိသည်။ တရစပ် သေဆုံး ပျက်စီး ကွယ်ပျောက်လျက်ရှိသည်။

((စကားလုံးနောက်ကွယ်မှ သစ္စာတရားကို သိနားလည်ရေး၊ အဆုံးတိုင် ဖြေးဖြေးချင်း စိတ်ရှည်ရှည်ထားပြီး ဖတ်ရှုပါရန်နှင့် စာအုပ်ပါ အကြောင်းအရာများအား လွယ်လွယ်နဲ.လည်း လက်မခံပါရန်နှင့် လွယ်လွယ်နဲ.လည်း မပစ်ပယ်ပါရန်- လေးစားစွာ တိုက်တွန်းအပ်ပါသည်။)) စာရေးသူ— စိုးဝင်းထွဋ်

စိုးဝင်းထွဋ် စုဆောင်းတင်ပြထားသည့် ဘဝတစ်လျှောက် စိတ်အေးချမ်းစွာနေသွားနည်း

http://ifile.it/hv4rks6



Read more...

အရှင်ရာဓ... ဓမ္မပဒဝတ္ထု (မာဏဝ)

ပဏ္ဍိတ၀ဂ်၊ ဓမ္မပဒဝတ္ထု (မာဏဝ)

၇၆။ နိဓီနံဝ ပ၀တ္တာရံ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

၇၆။ အပြစ်ဖော်ပြ နှိမ်ချဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိကို မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရာ၏၊ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ် သောသူအားမြတ်၏၊ မယုတ်ညံ့ပေ။

၇၆... အရှင်ရာဓ...




၇၇။ သြ၀ဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

၇၇။ ဆုံးမရာ၏၊ ကြိုတင်ဆုံးမရာ၏၊ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏၊ ထိုသူကို သူတော်ကောင်းတို့ ချစ်ခင်နှစ်သက်အပ်၏၊ မသူတော်တို့ကား မချစ်မနှစ်သက်ပေ။

၇၇... အဿဇိနှင့် ပုနဗ္ဗသုကရဟန်းများ...


၇၈။ န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။

၇၈။ ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ၊ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ၊ မိတ်ဆွေ ကောင်းတို့ကို ဆည်းကပ်ရာ၏၊ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။

၇၈... အရှင်ဆန္ဒ...


၇၉။ ဓမ္မပီတိ သုခံ သေတိ၊ ၀ိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

၇၉။ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသူသည် အထူးသန့်ရှင်း ကြည်လင်သောစိတ်ဖြင့် ချမ်းသာစွာနေရ၏၊ ပညာရှိသည် အခါခပ်သိမ်း အရိယာသူတော်ကောင်းတို့ ဟောအပ်သော (ဗောဓိပက္ခိယ)တရား၌ မွေ့လျော်၏။

၇၉... အရှင်ကပ္ပိန...








Read more...

ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…

ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…

(အရှင်နာရဒမထေရ် (သီရိလင်္ကာ)၏ အင်္ဂလိပ်လို ရေးသားမှုအား အရှင်ကေလာသ (မြန်မာ)မှ မြန်မာဘာသာသို့ ပြန်ဆိုပူဇော်သည်။)

ကျွန်ုပ်တို့သည် လုံးဝညီမျှမှုမရှိသည့် ကမ္ဘာလောကနှင့် ရင်ဆိုင်နေကြရသည်။ ကျွန်ုပ်တို့သည် လူသားတို့၏ မညီမျှမှုများ ဘ၀ကံကြမ္မာ အထွေထွေနှင့် စကြာဝဠာအတွင်းရှိ သတ္တ၀ါ အဆင့်အတန်း အဖုံဖုံတို့ကို တွေ့မြင်နေကြရသည်။ စိတ်ထားကောင်းမွန်လျက် ကိုယ်ကျင့်တရား ရုပ်ပိုင်းအရည်အချင်းများနှင့် ပြည့်စုံကြွယ်ဝသည့် အခြေအနေတွင် မွေးဖွားလာသူများနှင့် မွဲတေဆင်းရဲပြီး ပျက်ဆီးယိုယွင်းသည့် အခြေအနေဖြင့် မွေးဖွားလာကြသူများကို တွေ့ကြရသည်။ စိတ်နှလုံးကောင်းပြီး မြင့်မြတ်သော်လည်း ၎င်း၏မျှော်လင့်ချက်ကို ဆန့်ကျင်လျက် ကံမကောင်းခြင်းနှင့် အမြဲတမ်း ဆုံတွေ့နေရသူရှိသည်။ ကောက်ကျစ်သောလောကသည် ထိုပုဂ္ဂိုလ်၏ ရည်ရွယ်ချက်များ လိုအင်ဆန္ဒများနှင့် ဆန့်ကျင်လျက် ဖြစ်စေသည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ ရိုးသားသော ဆောင်ရွက်ချက် ဘာသာတရား ကိုင်းရှိုင်းမှုတို့ ရှိလင့်ကစား ဆင်းရဲပြီး စိတ်ဆင်းရဲရသည်။ စရိုက်ဆိုးပြီး မိုက်မဲသော်လည်း ယင်းနှင့်ဆန့်ကျင်လျက် ကံကြမ္မာ၏ ချစ်မြတ်နိုးခြင်းခံရသည့် အခြားပုဂ္ဂိုလ်တစ်ယောက်လည်း ရှိပြန်သည်။ ထိုပုဂ္ဂိုလ်သည် ၎င်း၏ယုတ်နိမ့်ပြီး အကုသိုလ်ဖြင့် ဘ၀နေနည်းအစား ကောင်းခြင်းပုံစံမျိုးစုံနှင့် ကြုံဆုံရသည်။

အဘယ့်ကြောင့် တစ်ယောက်က နိမ့်ပြီး အခြားတစ်ယောက်မူ အထက်တန်းဖြစ်ရသနည်းဟု မွေးခွန်းထုတ်နိုင်သည်။ တစ်ယောက်မှု ချစ်မြတ်နိုးသူ မိခင်၏လက်တွင်းမှ ဆွဲယူခြင်းခံရပြီး၊ အခြားတစ်ယောက်မူ နှစ်အတန်ကြာ နေနိုင်လျက်၊ အခြားတစ်ယောက်မူ လူ့စည်းစိမ်ခံစားရင်း သေဆုံး သို့မဟုတ် အသက်ရှစ်ဆယ် တစ်ရာ ကြီးရင့်ချိန်၌ သေဆုံးကြသနည်း။ တစ်ယောက်မူ ဖျားနာမကျန်းမာဖြစ်ပြီး အခြားတစ်ယောက်မူ ခွန်အားဗလနှင့် ကျန်းမာသနည်း။ တစ်ယောက်က ချောမောလှပပြီး အခြားတစ်ယောက်မူ ရုပ်ဆိုးအကျည်းတန် အားလုံး၏ ရွံရှာခြင်း ခံရသနည်း။ တစ်ယောက်မူ စည်းစိမ်ရင်ခွင်မှာ ကြီးပြင်းရလျက် တစ်ယောက်မူ လုံးဝဆင်းရဲပြီး အမြဲဝမ်းနည်းဖွယ်နှင့် ကြုံရသည်။ တစ်ယောက်က သန်းကြွယ်သူဌေး တစ်ယောက်က လူမွဲဖြစ်ရသနည်း။ တစ်ယောက်မူ စိတ်ပိုင်းအရ အလွန်အဆင့်မြင်သူဖြစ်ပြီး တစ်ယောက်မူ ညံ့ဖျင်းသနည်း။ အချို့မှာ မွေးကတည်းက ဘာသာဗေဒ ပညာရှင် အနုပညာရှင် သင်္ချာပါရဂူ သို့မဟုတ် ဂီတပညာရှင် ဖြစ်ရသနည်း။ အချို့မှာ မွေးရာပါ မျက်မမြင်များ၊ နားမကြားသူများ ဖြစ်ကြသနည်း။ အချို့မှာ မွေးကတည်းက ကောင်းချီးပေးခံရပြီး အချို့မှာ အဘယ့်ကြောင့် ကျိန်စာမိကြရသနည်း။ တွေးခေါ်မြော်မြင်တတ်သူ အားလုံး၏စိတ်ကို ရှုတ်ထွေးစေသည့် ပြဿနာအချို့ ရှိကြသည်။ လောက၏ ယင်းမမျှတမှု အားလုံးနှင့် လူသားတို့၏ ဆိုခဲ့ပါ မညီမျှတမှု အထွေထွေကို မည်သို့စဉ်းစားမည်နည်း။ ယင်းတို့မှာ မျက်ကန်း အခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသလော။

ကမ္ဘာပေါ်တွင် မည်သည့်အရာမျှ မျက်ကန်းအခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသော အရာဟူ၍ မရှိချေ။ မည်သည့်အရာမဆို တိုက်ဆိုင်မှုကြောင့် ဖြစ်ရသည်ဆိုမူ သင်ဖတ်နေသော စာအုပ်သည် ဤနေရာသို့ သူ့အလိုလို ရောက်လာသည်ဟု ဆိုခြင်းထက် ပို၍မှန်မည်မဟုတ်ချေ။ အတိအကျဆိုရသော် တစ်ခုမဟုတ် တစ်ခုသော အကြောင်းတရားအတွက် မဖြစ်ထိုက်တန်ဘဲ မည်သည့်အရာမှ လူသားတို့မှာ ဖြစ်ပေါ်သည်မဟုတ်ချေ။ ယင်းသည် တာဝန်မယူသူ ဖန်ဆင်းရှင်တစ်ယောက်၏ အမိန့်ဖြစ်သလော။

ဟပ်စလေ (Huxley)က ဤသို့ ရေးသည်။ ``အကယ်၍ ဤအံ့ဖွယ် စကြာဝဠာကို တစ်စုံတစ်ယောက် (ဖန်ဆင်းသူ)က တမင်သက်သက် ဖြစ်ပေါ်စေခဲ့သည်ဟု ယူဆလျှင် ယင်းစကားလုံးများကို ကျွန်ုပ်နားလည်သမျှဖြင့် ထိုပုဂ္ဂိုလ်သည် ကောက်ကျစ်စဉ်းလဲပြီး မမျှတခြင်းထက်ပို၍ သဘောကောင်းခြင်း၊ မျှတခြင်း လုံးဝမရှိသည်မှာ လုံးဝ ထင်ရှား၏။``

အိုင်စတိုင်း (Einstein)၏ အလိုမှာ ဤသို့ဖြစ်သည်။ ``အကယ်၍ ထိုသတ္တ၀ါ (ဖန်ဆင်းရှင်ထာဝရ)သည် အနန္တတန်ခိုး ရှိသည်ဆိုမူ လူသားတို့ အပြုအမူ အတွေးအကြံ ခံစားမှုနှင့် ရည်မှန်းချက်အားလုံး အပါအ၀င် ဖြစ်ရပ်အားလုံးလည်း ထိုပုဂ္ဂိုလ်၏ လက်ချက်ပင်ဖြစ်ရမည်။ ယင်းသို့သော အနန္တတန်ခိုးရှင် ပုဂ္ဂိုလ်၏ ရှေ့မှောက်က လူသားတို့အား ၎င်းတို့၏ အပြုအမူ အကြံအစည်များအတွက် တာဝန်ရှိသည်ဟု ယူဆရန် မည်သို့ဖြစ်နိုင်မည်နည်း။ ပြစ်ဒဏ်များ ဆုလာဘ်များပေးရာက ယင်းထာဝရသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ မိမိကိုမိမိ စီရင်ဆုံးဖြတ်ချက်ကို ဖြတ်သန်းရေလမ့်မည်ဖြစ်။ ယင်းသည် ၎င်းဖန်တီးသည်ဟု ယူဆရသော ကောင်းခြင်း၊ ဖြောင့်မတ်ခြင်းများနှင့် မည်သို့ဆက်စပ် ပတ်သက်လိမ့်မည်နည်း။``

စပင်စာ လီဝစ်စ် (Spencer Lewis)က အောက်ပါအတိုင်းဆိုသည်။ ``ဘုရားသခင်ယုံကြည်သည့် ဘာသာရေး အခြေခံများအရ လူသားတစ်ယောက်သည် တမင်သက်သက် မိမိ၏ ဆန္ဒမရှိဘဲ ဖန်ဆင်းခံရပြီး ဖန်ဆင်းဆဲခဏက ထာဝရကောင်းချီးပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းကိုလည်း ခံရသည်။ သို့ဖြစ်၍ လူသည် ကိုယ်ခန္ဓတည်ဆောက်မှုဖြစ်စဉ် ပထမအဆင့်မှစ၍ နောက်ဆုံးသေသည့်ခဏတိုင်အောင် ၎င်း၏ပုဂ္ဂလိက ဆန္ဒများ၊ မျှော်လင့်ချက်များ ရည်ရွယ်ချက်များ၊ ရုန်းကန်လှုပ်ရှားမှုများ၊ သို့မဟုတ် ဆုတောင်းဝတ်ပြုမှုများကို မငဲ့ကွက်ဘဲ ကောင်းသူ၊ ဆိုးသွင်းသူ၊ ကံကောင်းသူ၊ ကံခေသူ၊ မြင့်မြတ်သူ၊ ယုတ်နိမ့်သူ ဖြစ်ရ၏။ ယင်းသို့ဖြစ်ခြင်းကား ဘာသာရေး (ယုံကြည်မှု)နှင့်ဆိုင်သော ဘုရားသခင်ယိုးမယ်စွဲဝါဒ ဖြစ်၏။``

ချားလ်စ် ဗရက်လောက် (Charles Bradlaugh) ကမူ ဤသို့ဆို၏။ ``မကောင်းမှုတည်ရှိခြင်းသည် ထာဝရဘုရား ယုံကြည်သူများအဖို့ ကြောက်စရာကောင်းသည့် ဆူးငြောင့်ခလုတ်ဖြစ်၏။ နာကျင်မှု၊ ၀မ်းနည်းပက်လက် ဖြစ်ရမှု၊ လူသတ်မှု၊ ဆင်းရဲမွဲတေမှုတို့က ထာဝရကောင်းခြင်း သဘောကို ထိပ်တိုက်တွေ့စေပြီး အလုံးစုံကောင်း၊ အလုံးစုံ ပညာရှိ၊ အန္တတန်ခိုးရှင် ထာဝရဘုရားအဖြစ် ကြေငြာချက်အပေါ် အဖြေမပေးနိုင်သော စွမ်းရည်ကို စိန်ခေါ်၏။``

ရှိုပင်ဟောင်ဝါ (Schopenhauer)၏ စကားဖြင့် ဆိုရမူ ဤသို့ဖြစ်သည်။ ``မိမိကိုယ်ကို ဘာမှမဟုတ်သည့်အရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆသူ မည်သူမဆိုသည် ဘာမျှဖြစ်လာမည် မဟုတ်ဟူသည်ကိုလည်း စဉ်းစားသင့်၏။ အကြောင်းမူ ထာဝရဖြစ်သော အရာသည် ၎င်းမရှိမီကတည်းက လွန်သွားပြီးနောက် ယင်းမှတစ်ဆင့် ၎င်းအနေဖြင့် လုံးဝမရပ်မစဲ ဖြစ်ပေါ်မည်ဖြစ်သော ဒုတိယထာဝရ အရာတစ်ခု စတင်ခဲ့ပြန်လျက် ၎င်းအနေဖြင့် အလွန်စပ်ဆုပ်ဖွယ် တွေးခေါ်မှု တစ်ရပ်သို့ ကျရောက်သွား၏။ အကယ်၍ မွေးဖွားခြင်းသည် လုံးဝအစဖြစ်သည်ဆိုမူ ယင်းသို့ဖြစ်ပါက သေခြင်းသည် လုံးဝယင်း၏ အဆုံးဖြစ်ရမည်။ ဘာမျှမဟုတ်သည့် အရာဖြင့် လူကိုပြုလုပ်ခဲ့သည်ဟု ယူဆခြင်းသည် သေခြင်းတရားသည် ယင်း၏ လုံးဝအဆုံးဖြစ်သည်ဟု ယူဆခြင်းသို့ မဖြစ်မနေ ဦးတည်စေ၏။``

လူသားတို့၏ ဒုက္ခများနှင့် ထာဝရဘုရားကို မှတ်ချက်ပြုရာ၌ ပါမောက္ခ ဂျေ ဘီ အက်စ် ဟာလ်ဒန် (J.B.S. Haldane)က ဤသို့ရေးသည်။ ``လူသားတို့၏ စရိုက်လက္ခဏာ ကောင်းမွန်စေရန် ဒုက္ခကို အလိုရှိအပ်၏။ သို့မဟုတ် ထာဝရဘုရားသည် အနန္တစွမ်းအားရှိသူမဟုတ်။ ပထမအဆိုမှာ ဒုက္ခကို အနည်းငယ်မျှသာ ခံးစားကြပြီး ၎င်းတို့၏ မျိုးရိုးနှင့် ပညာရေးကံကောင်းကြသူ အချို့မှာ အလွန်ကောင်းမွန်သော သွင်ပြင်များ ရှိကြသည့် အချက်က မဟုတ်မှန်ကြောင်း ဖော်ပြပြီးဖြစ်၏။ ဒုတိယအဆိုအား ငြင်းဆိုရခြင်းမှာ အနန္တစကြာဝဠာနှင့် အလုံးစုံ ပယ်သတ်သမျှတွင် တန်ခိုးရှင်တစ်ယောက်၏ မှန်ကန်ကြောင်း အဆိုပြုချက်ဖြင့် ဖြည့်သွင်းရန် တစ်ုခုခုသော အသိပညာ စဉ်းစားဆင်ခြင်မှု ကွက်လပ်ရှိခြင်းဖြစ်၏။ ထို့ပြင် ဖန်ဆင်းရှင် တစ်ယောက်သည် ထင်မြင်ချက်ဖြင့် သူ သို့မဟုတ် ၎င်းအလိုရှိတိုင်း ဖန်ဆင်းနိုင်၏။``

ပညာရှိ ရပ်ဆယ်လ် (Lord Russell)က ဤသို့ ဖော်ပြသည်။ ``ကမ္ဘာလောကကို ကောင်းမြတ်ပြီး အလုံးစုံသိ တန်ခိုးရှင် ထာဝရဘုရားက ဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့ကို ပြောကြ၏။ ကမ္ဘာလောကကို မဖန်ဆင်းမီက သူသည် ယင်းကမ္ဘာလောက၌ ပါဝင်မည့် နာကျင်မှုနှင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြိုတင်သိမြင်ခဲ့၏။ သို့ဖြစ်၍ ထိုထာဝရသည် ထိုအရာအားလုံးတို့အတွက် တာဝန်ရှိသူဖြစ်၏။ ကမ္ဘာပေါ်ရှိ နာကျင်ခံခက်မှုသည် (လူသားတို့ ကျူးလွန်သည့်) အပြစ်ကြောင့် ဖြစ်ရသည်ဟူသည်ကို ငြင်းခုံနေခြင်းမှာ အသုံးမကျချေ။ အကယ်၍ ထာဝရဘုရားသည် လူသားတို့ ကျူးလွန်မည်ဖြစ်သော အပြစ်များကို ကြိုသိခဲ့မူ လူသားတို့ကို ဖန်ဆင်းရန် ဆုံးဖြတ်သောအခါ ထိုပြစ်မှုအားလုံးကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ၎င်းကတာဝန်ရှိသည်မှာ ထင်ရှား၏။``

ပညာရှိ တင်နိုင်ဆန် (Lord Tennyson)က ၎င်းအသက်ကြီးပြီးမှ ရေးသော `မျှောင်လင့်ချက်ကုန်ဆုံးခြင်း (Despair) ` ကဗျာတွင် ဟေရှာယအနာဂတ္တိကျမ်း (၄၅း၇)၌ မှတ်တမ်းတင်ထားသည့်အတိုင်း ``ငါသည့် ငြိမ်သက်ခြင်း (ငြိမ်းချမ်းမှု)ကို ဖြစ်စေပြီး အမင်္ဂလာ (မကောင်းမှု)ကိုလည်း ဖန်ဆင်း၏``ဟုဆိုသော ထာဝရဘုရားသခင်အား ဤသို့ရဲရင့်စွာ တိုက်ခိုက်ထားသည်။ ``မည်သို့နည်း၊ ငါတို့အား ယင်းသို့ အလွန်ကောင်းမွန်စွာ ကယ်တင်ခဲ့ပြီးဖြစ်သော အနန္တမေတ္တာရှင်ထံ ဆုတောင်းသင့်ပါသလော၊ အမှန်ဆိုရလျှင် ထာဝရငရဲကို ဖန်ဆင်းခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ငါတို့ကို ဖန်ဆင်းခဲ့သော ငါတို့ကို ကြို၍သိခဲ့သော ကြို၍ဒဏ်ခတ်ခဲ့သော ထို့ထက် ၎င်းဆန္ဒရှိသည်ကို ၎င်းဘာသာ ပြုလုပ်ခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ကျွန်ုပ်တို့၏ ညည်းညူသံကို လုံးဝ ကြားသိတော် မမူသော သေဆုံးသူ ကြမ်းကြုတ်မိခင်အား ပို၍ကောင်းအောင် ပြုပေးပါ။``

``လူအားလုံးမှာ အပြစ်ကျူးလွန်သူများ ဖြစ်ကြပြီး အာဒမ်၏ မရှိမဖြစ် လိုအပ်သော ပြစ်မှုရှိသည်ဟူသော ဟောကြားချက်သည် မျှတမှု ကရုဏာ မေတ္တာနှင့် အကြွင်းမဲ့ ညီမျှမှု ဆိုသည်တို့အတွက် စိန်ခေါ်ချက် တစ်ရပ်ဖြစ်သည်``မှာ သေချာသည်။ အချို့သော ရှေးဟောင်းစာရေးသူများက ထာဝရဘုရားသည် ၎င်းကိုယ်ပိုင် ရုပ်သွင်ဖြင့် လူကိုဖန်ဆင်းခဲ့ကြောင်း ယုံကြည်ချက် ပြင်းပြစွာဆိုသည်။ အချို့ခေတ်သစ် တွေးခေါ်ရှင်များကမူ ယင်းနှင့် ဆန့်ကျင်လျက် လူက ထာဝရဘုရားကို ၎င်း၏စိတ်ကူးဖြင့် ဖန်ဆင်းခဲ့ကြောင်း ဆိုကြသည်။ လူ့ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ ထာဝရဘုရား အယူအဆသည်လည်း ပို၍ပို၍ ရှင်းလင်းလာသည်။ သို့ဖြစ်ရကား ယင်းသိုပ သတ္တ၀ါတစ်ယောက်အား ဤစကြာဝဠာအတွင်းမှာ ဖြစ်စေ၊ အပြင်မှာဖြစစေ တည်ရှိကြောင်း ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။

ဤပုဂ္ဂိုလ်သတ္တ၀ါမျိုးစုံသည် မျိုးရိုးစဉ်ဆက်နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သလော။ သိပ္ပံပညာရှင်တို့ ဖော်ထုတ်ခဲ့သည့် ဤဓာတု ရုပ်ပိုင်းဖြစ်စဉ်အားလုံးမှာ တစ်စိတ်တစ်ဒေသအားဖြင့် နည်းလမ်းအဖြစ် အသုံးပြုနိုင်သော အရာများဖြစ်သော်လည်း ယင်းတို့သည် ပုဂ္ဂိုလ်အသီးသီး၌ တည်ရှိသော သိမ်မွေ့သည့် ခြားနားချက်များနှင့် ကျယ်ပြန့်သည့် မတူညီမှုများအတွက် လုံးဝဥဿုံ တာဝန်ယူ(ဖြေရှင်း) နိုင်မည်မဟုတ်ချေ။ ကိုယ်ခန္ဓာအားဖြင့် တူညီပြီး တူညီသည့် မျိုးဗီဇကို ရရှိကြလျက် တူညီသည့် ပြုစုစောင့်ရှောက်မှု အခွင့်အရေး ရရှိကြသော ထပ်တူညီအမြွာများသည် အဘယ့်ကြောင့် ဗီဇစိတ်ရင်း ကိုယ်ကျင့်တရားနှင့် အသိဉာဏ်အားဖြင့် လုံးဝကွဲပြား ခြားနားရသနည်း။

မျိုးဗီဇတစ်ခုတည်းဖြင့် ယင်းကွဲပြားခြားနားမှုမျိုးစုံကို မရှင်းပြနိုင်ချေ။ အတိအကျဆိုမူ မျိုးဗီဇအကြောင်း တရားသည် ယင်း(အမြွပူး)တို့၏ ခြားနားမှု အများစုကိုထက် ဆင်တူညီမှုများကိုသာ ပိုမိုယုတ္တိရှိစွာ ဆိုသည်။ မိဘများထံမှ ဆက်ခံရရှိသည့် အလွန့်အလွန် သေးငယ်လှသည့် တစ်လက်မ၏ သန်းပေါင်းသုံးဆယ်ပုံ တစ်ပုံမျှလောက်ရှိသော ဓာတုရုပ်ဝတ္ထု မျိုးစေ့သည် လူသား၏ ရုပ်ပိုင်းတည်ဆောက်မှုအတွက် အစိပ်အပိုင်း တစ်ခုကိုသာ ရှင်းပြနိုင်သည်။ ပိုမိုရှုတ်ထွေးပြီး သိမ်မွေ့နက်နဲသည့် စိတ်ပိုင်း၊ အသိဉာဏ်၊ ကိုယ်ကျင့်တရား ခြားနားမှုတို့နှင့် ပတ်သက်၍မူ ကျွန်ုပ်တို့အနေဖြင့် အသိပညာ ပွင့်လင်းရန် များစွာလိုသေးသည်။ မျိုးဗီဇသီအိုရီသည် ရှည်လျားသည့် မိကောင်းဖခင် မျိုးရိုးစဉ်ဆက်အတွင်း ရာဇ၀တ်သား မွေးဖွားလာခြင်း၊ မကောင်းသတင်း ကျော်စောသည့် မိသားစုက သူတော်စင် သို့မဟုတ် မြင့်မြတ်သူ မွေးဖွားလာခြင်း၊ အရွယ်နှင့်မလိုက်အောင် ထူးချွန်သည့် ကလေးများ၊ ထူးချွန်ထက်မြက်သူများနှင့် ဘာသာရေးဆိုင်ရာ ဆရာအရှင်များ မွေးဖွားလာခြင်းတို့အပေါ် နှစ်သက်ကျေနပ်လောက်အောင် အဖြေပေးနိုင်စွမ်း မရှိချေ။

ဗုဒ္ဓ၀ါဒအလိုအရ ယင်းသို့ဖြစ်ခြင်းသည် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ သဘာဝနှင့် ဖန်တီးဓမ္မတို့ကြောင့်သာမက ကျွန်ုပ်တို့၏ ပြုမူဆောင်ရွက်မှု နောက်တစ်မျိုးဆိုရမူ ကျွန်ုပ်တို့ ဆက်ခံရရှိသည့် အတိတ်က ဆောင်ရွက်ချက်များနှင့် ယခုပြုလုပ်ချက်များ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ဆောင်မှုများနှင့် ပျော်ရွင်မှု စိတ်ဆင်းရဲမှုတို့အတွက် ကျွန်ုပ်တို့ကိုယ်တိုင်တွင် တာဝန်ရှိသည်။ ကျွန်ုပ်တို့၏ ငရဲကို ကျွန်ုပ်တို့ကိုယ်တိုင် တည်ဆောက်သည်။ ကျွန်ုပ်တို့၏ နတ်ပြည်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်ဆင်းသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကံကြမ္မာ၏ ဗိသုကာများ ဖြစ်ကြသည်။ အချုပ်အားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ ကံ(အပြုအမူ)များ ဖြစ်သည်။

အခါတစ်ပါး၌ သုဘအမည်ရှိ လုလင်ငယ်တစ်ယောက်သည် ဗုဒ္ဓထံချဉ်းကပ်ပြီး အဘယ်မည်သော အကြောင်းတရားကြောင့် လူသတ္တ၀ါများအတွက် အနိမ့်အမြင့် သဘောရှိသနည်းဟု မေးမြန်းခဲ့သည်။ ၎င်းက ဆက်လက်၍ ``အကြောင်းမှာ လူသားတို့အကြား အသက်ရှည်သူ၊ အသက်တိုသူ၊ အဆင့်အတန်းနိမ့်သူ၊ အဆင့်အတန်းမြင့်သူ၊ အသိဉာဏ် ကင်းမဲ့သူ အသိဉာဏ် ကြွယ်ဝသူများကို တွေ့ရသောကြောင့် ဖြစ်ပါသည်``ဟု လျှောက်ထားသည်။ ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း အတိုချုပ်ဖြေကြားသည်။ ``သက်ရှိသတ္တ၀ါအားလုံးသည် ၎င်းပြုလုပ်သောကံကို ပိုင်ဆိုင်ကြ၏၊ ကံအမွေကို ခံကြရ၏၊ ကံသာလျှင် အကြောင်းတရားရှိ၏၊ ကံသာလျှင် ဆွေမျိုးဖြစ်၏၊ ကံသာလျှင် ကိုးကွယ်အားထားရာဖြစ်၏၊ ကံတရားသည် အနိမ့်အမြင့်အားဖြင့် သတ္တ၀ါအားလုံးကို ခွဲခြားပေး၏။`` ယင်းနောက် ဗုဒ္ဓရှင်တော်မြတ်က ကိုယ်ကျင့်တရား၊ ကြောင်းကျိုးနိယာမအရ ယင်းသို့သော ကွဲပြားခြားနားချက်များ၏ အကြောင်းတရားကို ရှင်းလင်းဟောကြားတော်မူသည်။

သို့ဖြစ်၍ ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ကျွန်ုပ်တို့၏ မျက်မှောက် စိတ်အခြေအနေ၊ အသိပညာ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာ ခြားနားမှုများသည် အတိတ် ပစ္စုပ္ပန် နှစ်ရပ်လုံးနှင့်ဆိုင်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ ပြုမူဆောင်ရွက်ချက်နှင့် စိတ်စေတနာများကြောင့် အဓိကဖြစ်ရသည်။ ကမ္မ(ကံ)ဟူသည် စာပေးနည်းအရ ပြုလုပ်မှုဟု အဓိပ္ပါယ်ရသည်။ သို့ရာတွင် ၎င်း၏တရားကိုယ်အရမှာ ကုသိုလ်၊ အကုသိုလ်စေတနာ ဖြစ်သည်။ ကမ္မ(ကံ)သည် ကောင်းဆိုးနှစ်မျိုးကို တည်ဆောက်သည်။ ကောင်းသောကံသည် ကောင်းသောအရာ ဖြစ်စေသည်။ မကောင်းသောကံသည် မကောင်းသောအရာကို ဖြစ်စေသည်။ ကျေနပ်နှစ်သက်မှုသည် ကျေနပ်နှစ်သက်မှုကို ဆွဲငင်သည်။ ဤသည်မှာ ကမ္မနိယာမဖြစ်သည်။ အချို့သော အနောက်တိုင်း စာရေးဆရာအချို့ ဆိုလိုချင်သကဲ့သို့ပင် ကမ္မဟူသည် ``ပြုလုပ်မှုသြဇာ လွှမ်းမိုးခြင်း``ဖြစ်သည်။

ကျွန်ုပ်တို့ စိုက်ပျိုးပြီးသည်ကို ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ ကျွန်ုပ်တို့ ကြဲချခဲ့သည်ကို တစ်ချိန်ချိန် တစ်နေရာရာတွင် ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ နောက်တစ်မျိုးဆိုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ် (ဖြစ်ခဲ့သည်)၏ အကျိုးဆက်ပြီးပြီး ကျွန်ုပ်တို့ ပစ္စုပ္ပန်(ဖြစ်ဆဲ)၏ အကျိုးဆက်ဖြစ်လိမ့်မည်။ အခြားတစ်မျိုးဆိုရမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ်၏ အကျိုးဆက်လည်း လုံးလုံးလျားလျား မဟုတ်ဘဲ ကျွန်ုပ်တို့ ပစ္စုပ္ပန်၏ အကျိုးဆက်လည်း အကြွင်းမဲ့ ဖြစ်လိမ့်မည်မဟုတ်ချေ။ ဥပမာအားဖြင့် ယနေ့ ရာဇ၀တ်သမား တစ်ယောက်သည် မနက်ဖြန်တွင် သူတော်ကောင်း တစ်ယောက် ဖြစ်လာနိုင်သည်။ ယင်းသို့ ကွဲပြားခြားနားမှုကို ဗုဒ္ဓ၀ါဒက ကံကြောင့်ဟု ယူဆသော်လည်း အရာခပ်သိမ်းကို ကံကြောင့်ဟု ယူဆရန် မကြိုးစားချေ။

အကယ်၍ အရာခပ်သိမ်း ကံကြောင့်ဖြစ်သည်ဟု ယူဆခဲ့သော် ဆိုးသွမ်းရခြင်းမှာ ၎င်း၏ ကံကြောင့်ဖြစ်သဖြင့် ထိုလူဆိုးသည် ထာဝစဉ် လူဆိုးသာ ဖြစ်ရချိန်မည်။ ရောဂါကို ကုသဖို့ ဆရာဝန်နှင့် တိုင်ပင်ရန်ပင် မလိုတော့ချေ။ အကြောင်းမူ မိမိ၏ကံသည် ယင်းသို့သဘောရှိခဲ့သော် (ယင်းကံကပင်) ရောဂါကို ကုသမည်ဖြစ်သောကြောင့်တည်း။ ဗုဒ္ဓ၀ါဒအလိုအရ ရုပ်ပိုင်းနှင့် စိတ်ပိုင်းနယ်ပယ်တွင် တည်ရှိသော ဖြစ်စဉ်နိယာမတရား ငါးမျိုးရှိသည်။
၁။ ကမ္မနိယာမ - ပြုလုပ်မှုနှင့် ယင်း၏အကျိုးတရား ဖြစ်စဉ် (ဥပမာ- နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အပြုအမူများသည် ကောင်းကျိုးနှင့် မကောင်းကျိုးကို ကိုယ်စားပြု၍ ဖြစ်ပေါ်စေသည်။)
၂။ ဥတုနိယာမ - ဥတုရာသီတို့၏ ဖြစ်စဉ် (ဥပမာ- လေတိုက်ခြင်း၊ မိုးရွာခြင်းတို့၏ ဥတုရာသီအလိုက် ဖြစ်ပေါ်ခြင်း သဘာဝ)
၃။ ဗီဇနိယာမ - မျိုးစေ့တို့၏ ဖြစ်စဉ် (သက်မဲ့ရုပ်ဖြစ်စဉ်)။ (ဥပမာ- ဆန်စေ့မှ ဆန်ကိုပေါက်ရောက်စေသည်။ ကြံပင်သည် ချိုသောအရသာကို ပေးသည်။ သိပ္ပံနည်းကျ ကလာပ်စည်း မျိုးဗီဇသီအိုရီနှင့် အမြွပူးနှစ်ယောက်၏ ရုပ်ပိုင်းတူညီမှုသည် ဤနိယာမအရ ဖြစ်နိုင်သည်။)
၎။ စိတ္တနိယာမ - စိတ်ဖြစ်စဉ် နိယာမ။ (ဥပမာ- စိတ်တို့၏ဖြစ်စဉ်၊ စိတ်စွမ်းအင်စသည်။)
၅။ ဓမ္မနိယာမ - ဓမ္မသဘာဝဖြစ်စဉ်၊ (ဥပမာ - နောက်ဆုံးဘ၀က ဗောဓိသတ္တတစ်ဆူ ပွင့်ပေါ်လာခြင်း ကဲ့သို့သော သဘာဝတရား၊ ကမ္ဘာ့ဆွဲငင်အားစသည်။) စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းသဘောတရားတိုင်းကို ၎င်းတို့ကိုယ်တိုင် နိယာမတစ်ခုဖြစ်သည့် အကုန်ခြုံငုံမိသော ဖော်ပြပါ ဖြစ်စဉ်ငါးမျိုးဖြင့် ရှင်းပြနိုင်သည်။

သို့ဖြစ်၍ ကံဟူသည် စကြာဝဠာအတွင်း တည်ရှိနေသည့် ဖော်ပြပါ သဘာဝနိယာမ ငါးမျိုးအနက် တစ်ခုသာဖြစ်သည်။ ကံဟူသည် သဘာဝဖြစ်စဉ် တစ်ခုမျှသာဖြစ်သည် ဆိုလိုက်သဖြင့် ယင်းသဘာဝဖြစ်စဉ်ကို ချမှတ်ပေးသူ ရှိရမည်ဟု မဆိုလိုချေ။ ကမ္ဘာဆွဲငင်အားကဲ့သို့သော သာမန် သဘာဝနိယာမများသည် ယင်းသဘာဝနိယာမကို ချမှတ်မည့်သူ မလိုချေ။ ယင်းနိယာမသည် လွတ်လပ်သည့် ပြင်ပအုပ်ချုပ်သူ အဖွဲ့၏ ၀င်ရောက်စွက်ဖက်မှု မရှိဘဲ မိမိ၏နယ်ပယ်အတွင်း ဆောင်ရွက်သည်။

ဥပမာဆိုသော် မီးသည်ပူရမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ စီမံသည်မဟုတ်ချေ။ ရေသည် မျက်နှာပြင်ပေါ်၌ ညီနေရမည်ဟု မည်သူတစ်ဦးတစ်ယောက်မှ အမိန့်ပေးသည် မဟုတ်ချေ။ ရေ၌ ဟိုက်ဒရိုဂျင်နှစ်ဆ အောက်ဆီဂျင်တစ်ဆ ပါရမည်ဖြစ်ပြီး အေးမြခြင်းသည် ၎င်းပိုင်ဆိုင်သော သတ္တိဖြစ်ရမည်ဟု မည်သည့် သိပ္ပံပညာရှင်ကမှ အမိန့်ပေးသည် မဟုတ်ချေ။ ယင်းတို့မှာ သူ့အလိုလို ဖြစ်နေသော သဘာဝလက္ခဏာများ ဖြစ်ကြသည်။ ကံဟူသည် ကျွန်ုပ်တို့ မျှော်လင့်ချက်မဲ့စွာ လက်မြှောက်အရှုံးပေးရမည့် စိတ်ကူးယဉ် မသိမမြင်နိုင်သော စွမ်းအင်တစ်ခု၏ ခြယ်လှယ်ခြင်းခံရသော ယုံကြည်မှု သို့မဟုတ် ယင်းသို့ခြယ်လှယ်ခံရမှုကို မျက်စိမှိတ် လက်ခံမှုလည်း မဟုတ်ချေ။ ယင်းသည် တစ်စုံတစ်ယောက်၏ ကိုယ်တိုင် အပြုအမူအတွက် တန်ပြန်ဖြစ်ပေါ်မှု ဖြစ်သဖြင့် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကံအကြောင်းတရားကို ရှောင်လွဲရန် ဖြစ်နိုင်သည်။ မည်သည့်အတိုင်းအတာအထိ ရှောင်လွဲနိုင်သနည်းဟူသည်မှာ ထိုပုဂ္ဂိုလ်အပေါ်၌သာ တည်မှီသည်။

ကံအကြောင်းနှင့် ပတ်သက်သော ဆွေးနွေးမှုများအတွင်း ကောင်းချီးပေးခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်းများဟူသော စကားစုများကို ထည့်သွင်းခွင့် မပြုသင့်ကြောင်း ဆိုရမည်ဖြစ်သည်။ ဗုဒ္ဓ၀ါဒအဖို့မူ ဖန်ဆင်းခံပုဂ္ဂိုလ်များအား စိုးမိုးပြီး ယင်းစိုးမိုးမှုကြောင့် ဆုလာဘ်နှင့် ဒဏ်ပေးတတ်သော အနန္တတန်ခိုးရှင် တည်ရှိမှုကို အသိအမှတ် မပြုချေ။ ယင်းနှင့်ဆန့်ကျင်လျက် ဗုဒ္ဓ၀ါဒီတို့သည် မိမိတို့ တွေ့ကြုံခံစားရသည့် စိတ်ဆင်းရဲမှုနှင့် ပျော်ရွှင်မှုတို့သည် မိမိတို့ ပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုတို့၏ သဘာဝရလာဒ် ဖြစ်ကြောင်း ယုံကြည်ကြသည်။ ကမ္မသဘာဝတွင် ဆက်လက်ဖြစ်ပေါ်သော တန်ပြန်ခံရသော အခြေခံရှိကြောင်း ဖော်ပြရမည်ဖြစ်သည်။

ကံတရား၌ ရှိနေသော သဘာဝကား သင့်တော်သော အကျိုးဆက်ကို ဖြစ်ပေါ်စေမည့် ဖြစ်နိုင်ခြေဖြစ်သည်။ အကြောင်းတရားသည် ယင်း၏ အကျိုးတရားကို ဖြစ်ပေါ်စေသည်။ အကျိုးတရား၌ ယင်း၏ အကြောင်းတရားကို ရှင်းပြသည်။ မျိုးစေ့က အသီးကိုဖြစ်ပေါ်စေသည်။ ယင်းအသီးက အစေ့နှင့်အသီးတို့ကြား အပြန်အလှန် ဆက်စပ်မှုကို ရှင်းပြသည်။ ထို့အတူပင် ကံနှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုတို့ ဆက်စပ်ပတ်သက်မှုရှိသည်။ အကျိုးတရားသည် အကြောင်းတရား၌ ပွင့်လင်းနေပြီးဖြစ်သည်။ ကမ္မ၀ါဒကို ပြည့်စုံစွာ ယုံကြည်သူ ဗုဒ္ဓ၀ါဒီတစ်ယောက်အဖို့ ကယ်တင်ခံရရန် အခြားပုဂ္ဂိုလ်တစ်ယောက်ထံ ဆုတောင်းခြင်း မပြုဘဲ ယင်းကမ္မ၀ါဒသည် မိမိကိုယ်ကို အားကိုးရန် သင်ကြားသည့်အတွက် မိမိ၏စင်ကြယ်မှုအတွက် မိမိအပေါ်မှာသာ တည်မှီကြောင်း နှစ်နှစ်ကာကာ ယုံကြည်သည်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်အား ဖြေသိမ့်မှု၊ မျှော်လင့်ချက်၊ မိမိကိုယ်ကို မှီခိုအားထားမှုနှင့် ကိုယ်ကျင့်သီလ ဖြည့်စွမ်းမှု သတ္တိတို့ကို ပေးသည်မှာ ကံကိုယုံကြည်သည့် တရားအဆုံးအမပင် ဖြစ်သည်။ မိမိ၏လုံ့လကို ပြည့်စုံစေ၍ ၎င်း၏စိတ်ဓာတ်ပြင်းပြမှုကို ထွန်းညှိပေးပြီး ၎င်းအား ထာဝစဉ် ကြင်နာစေ၊ သည်းခံစေ၊ ညှာတာထောက်ထားစေသည်မှာ ကံယုံကြည်ချက်ကြောင့် ဖြစ်သည်။ မကောင်းမှုမှ ရှောင်ရှားရန် ကောင်းမှုကိုပြုလုပ်ရန်နှင့် မည်သည့် ပြစ်ဒဏ်ခက်မှုကိုမှ ကြောက်ရွံ့ဖွယ် မည်သည့် ကောင်းချီးပေးခံရမှုကိုမှ မျှော်လင့်ဖွယ်မလိုဘဲ လူကောင်းတစ်ယောက်ဖြစ်ရန် မိမိအား တိုက်တွန်းပေးသည်မှာလည်း မြဲမြံသော ဤကံယုံကြည်မှုကြောင့် ဖြစ်သည်။ ဒုက္ခပြဿနာ သို့မဟုတ် အခြားဘာသာတရားများ၏ စီမံချမှတ်ပြီးသား ကြမ္မာဟုဆိုသော အရာ၏ လျှို့ဝှက်ချက်နှင့် အထူးသဖြင့် လူသားတို့၏ မညီမျှမှုတို့ကို ဖြေရှင်းနိုင်သည်မှာ ကမ္မ၀ါဒပင်ဖြစ်သည်။ ကမ္မနှင့် ဘ၀သံသရာကို နဂိုမှန်အဆိုအဖြစ် လက်ခံသည်။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP