* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, June 4, 2009

What Buddhists Beleive






In this book, the author shows clearly what the Buddhism is and it is translated to Myanmar language by Sayar U San Lwin(U Ar Di Sa Ran Ti). By reading it, you can understand the meaning of Buddhism and how to apply it in daily life practically and usefully.

Read more...

ဗုဒ္ဓဝင်ဘုရားပင့်-ဘုရားရှိခိုး

သုံးလူ့ကေသျှောင်- နေတန်ဆောင်သို့

ရွှေရောင်ထိန်ညီး- ကိုယ်တော်ကြီးက

ဘုန်းမီးထင်ပေါ်- မင်းသုဒ္ဓေါ၏

ရာပျှော်မြှောက်စား- မာယာဖျားမှ

ဖွားမြောက်သန့်စင်- မီးရှုးမြင်၍

ပျိုလွင်ရွယ်ခေတ်- ဆယ့်ခြောက်နှစ်ဝယ်

ကသစ်အာလိန်- တာဝတိံ၌

မာဃိန်သိကြား- ကဲ့အလားသို့

စံစားရွင်ပျှော်- နတ်နှိုးဆော်၍

ရွယ်တော်နုဖြိုး- နှစ်ဆယ့်ကိုးတွင်

လေးမျိုးစီစဉ်- နိမိတ်မြင်က

ပျှော်ရွင်နိုင်ဘူး- သဉ္စာဦး၌

စိတ်ကူးကြံစည်- ထွက်တော့မည်ဟု

ရွှေပြည်သုံးရပ်- ရွှေရောင်ဟပ်သည့်

ပြာသာဒ်သုံးဆောင်- ဘဘုန်းခေါင်းနှင့်

ထုံးနှောင်ယှဉ်ဖက်- ပန်းပန္နက်ကြောင့်

ဆက်ဆက်သံသရာ- ကဗ္ဘာဘာဂ

ပါရမီတော်မျိုး - တူစုံဖြိုးလျက်

ချစ်ကြိုးဖွဲ့ခွေ- ယသော်မေတည့်

ရွှေရင်တော်ဖွား- လွန်းနုထွားသည့်

သာရာဟုလာ- ပုလဲညှာနှင့်

သာကီဝင်ပေါင်း- ဆွေရှစ်သောင်းကို

ရှုစောင်းကြည့်ကာ- မငဲ့ညှာဘဲ

ခွဲခွာမျှော်ရှု -သဗ္ဗညုကို

ဥရုဝေလာ- ဟေမဝါ၌

ဖွေရှာစီစစ် -အားကုန်သစ်လျှက်

ခြောက်နှစ်ကြာကြာ- ခဲယဉ်းစွာတည်း

ဒုက္ကရစရိယ - ကျင့်ပြီးမှလျှင်

ကဗ္ဘာ့ဦးခိုင် -ထွက်ဖူးကိုင်တည့်

မဏ္ဍိုင်ဗွေချက် -မြေကနက်တွင်

ရွှေစက်တော်တွင် -ရွှေပလ္လင်၌

ရွှေခြင်္သေ့ကြီး -မာန်ဟုန်ဖီးသို့

ပင်တည်းရောင်စို -ညောင်ညိုပင်ဝယ်

မှောင်ဆိုသမျှ -ရန်ပါပကို

တစ်စမထင် -ကုန်သုတ်သင်၍

သဗ္ဗညုစစ် -ဘုရားဖြစ်လျှက်

ငါးနှစ်စွန်းကယ် -ဝါလေးဆယ်တွင်

ပြုဖွယ်ဟူဘိ -ကျန်မရှိ၍

ကုသိနာရုံ -မြိုင်ရဂုံ၌

နှစ်စုံပင်မင်း -ပျိုအင်ကြင်းဝယ်

ထံရင်းဝဲယာ -ရှိသံဃာအား

ဟန္နဒါနိ -စာအရှိဖြင့်

ပါဠိရွက်ကာ -သေတမ်းစာကို

သာယာငြိမ့်ညောင်း -နှုတ်သံပြောင်းလျက်

နွဲ့လျာင်းပျော့ခွေ -နိဗ္ဗူမြေသို့

ရွှေကိုယ်တော်ကိန်း- ဇာတ်တော်သိမ်း၍

ငြိမ်းချမ်းခေမာ -နိဗ္ဗူတာကို

အာရုံကြည်နှုး -မျှော်ရည်စူးလျှက်

ရင့်ကျူးမြွက်ဆို- တပည့်ပျိုတို့

မြိုင်ညိုစုပေါင်း -မြတ်ဥက္ခောင်း၌

တည်ကြောင်းမြှော်ခေါ် -ဖူးပူဇော်သည်

ကြွတော်မူပါ့ - အရှင်ဘုရား





Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၅)

ခုန်ချင်တိုင်း ခုန်ရာမှ


သတ္တ၀ါတို့ ၏ ‘‘ စိတ် ’’ သဘာဝမှာ ပစ္စုပ္ပန်ဟူ၍လည်း သတိမပြုမိ၊ ပစ္စုပ္ပန်တည့်တည့် အပေါ်၌လည်း မနေလို။ အာရုံနှင့် အာရမ္မဏိတ တိုက်မိ၍ (၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်ပေါ်လာသည်နှင့် တပြိုက်နက် အတိတ်၊ အနာဂတ်နှင့် ဆက်စပ်သည့် ဆင်ခြင်စဉ်းစားမှုများသည် ချက်ချင်းပင် ၀င်လာတတ်သောကြောင့် အားထုတ် ခါစတွင် စိတ်ပျက်မိမတတ် အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့ သော် လက်တွေ့ စမ်းသပ် ကြိုးစား သည့် အခါ အားရှိဖွယ်သော ‘‘ ပေါင်းကူး ’’ ကလေးများလည်း တွေ့ ရတတ်ပါသည်။


အားထုတ်လျှင်အားထုတ်ချင်း ပစ္စုပ္ပန်တည့်တည့်အပေါ်၌ ထား၍မဖြစ်သည်မှာ လူတိုင်း၏ အတွေ့ အကြုံ ဖြစ်ကောင်း ဖြစ်ပေမည်။ ‘‘ တကူးကူး ’’ ဟူသော အသံကို ကြားလိုက်ရလျှင် ကြားလိုက်ရခြင်း‘‘ ချိုး ’’ ဟု အသိစိတ်ဝင်လာခြင်းမှာ ဓမ္မတာပင် ဖြစ်ပေလိမ့်မည်။ အချို့ ကမူ မည်သည့်သစ်ပင်ပေါ်မှ ကူလေသနည်း။ ‘‘ချိုး ’’ ကူတဲ့ ရာသီက စောလှချေတကား၊ ချိုးသား မစားရသည်မှာ အတန်ကြာလေပြီ စသော စိတ်ကူးများပင် ဖြစ်ပေါ်လာပေလိမ့်မည်။ ပထမ၌ လေး ငါး ခြောက်ချက် ထိုကဲ့သို့  ကူးကျော်ပြေးလွှားရာမှ သတိနှင့်ကြိုးစားသော သူသည် ၂-ခုန်၊ ၃-ခုန်နှင့်မျှ သတိရ၍ ‘‘ ဘရိတ်အုပ် ’’ လိုက် နိုင်ပေလိမ့်မည်။ အားရှိဖွယ်သော အချက်ဟူသည် မှာ မည်မျှလောက် ခုန်၍ ကူးကျော်သွားမိသည်ဖြစ်စေ၊ နောက်ဆုံးတွင် သတိရ၍ ပစ္စုပ္ပန်တည့်တည့် သို့ ပြန်ခေါ် လာနိုင်ခြင်းတည်းဟူသော သတိသည် တန်ဖိုးရှိ၍ ရှေ့ အဖို့ ရာ၌ တိုးတက်စေဖို့  ပါရမီဖြစ်သည်ဟု နားလည် သင့်သည်။ အဘယ့်ကြောင့်ဆိုသော် သတ္တ၀ါသည် တစ်သံသရာလုံးတွင် ပစ္စုပ္ပန်တည့်တည့်ထားဖို့ ဘယ်တော့မှ သတိမရဘဲ ပေါက်လွှတ်ပဲစား ခုန်ချင်တိုင်း ခုန်လာခဲ့ကြသည်ချည်း ဖြစ်ပေသောကြောင့်တည်း။


တိုးတက်လာခဲ့ပုံ


‘‘ တတ်စရှိလျှင် တတ်ချင်ချင်တည့် ’’ ဟူသော လင်္ကာကလေးမှာလည်း ဤအလုပ်အတွက် အားရှိဖွယ်သော အထောက်အထား တစ်ခုဖြစ်၏ ။ သတိပြုစရှိလျှင် ကြာလေလေ သတိကောင်းလေလေ ဖြစ်လာတတ်သည်။ အသံတစ်ခုခုကို ကြားလိုက်ရ၍ လေး ငါး ခြောက်ခုန် ခုန်ပြီးမှ သတိရရာမှ သုံး လေးခုန် နှင့် သတိရခြင်း၊ တစ်ခုန်
နှစ်ခုန်နှင့် သတိရခြင်း စသည်ဖြင့် တိုးတက်မှုရှိလာသည်။ ထို့ နောက်တစ်ခါတရံတွင် တစ်ခုန်မျှပင် မခုန်တော့ဘဲ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့် တစ်မိနစ် နှစ်မိနစ် စသည်ဖြင့် နေနိုင်သော အခြေအနေသို့ ရောက်လာ တော့ သည်။


ကျွန်ုပ်အဖို့ မှ ထိုကဲ့သို့  ၁၅မိနစ်ခန့် မျှနေနိုင်အောင် သုံးလေးနှစ်မျှ လေ့ကျင့်ယူရသည်ဖြစ်ရာ ယခုအခါ၌မူ တစ်နာရီခန့် မျှ နေနိုင်သောအခြေသို့  ရောက်လျှက်ရှိပါ၏ ။ ဤကဲ့သို့  နေနိုင်ခြင်းအားဖြင့် မည်ကဲ့သို့ သော အကျိုးအာနိသင်များ ကြုံတွေ့ ရပါသနည်း။


ဘာဝနာသတ္တိ


ပထမအချက်၌ စိတ်၏ အနိစ္စသဘောတရားကို သဘောပေါက်လာတော့သည်ဖြစ်ရာ ဥပမာဆောင်၍ ပြပါအုံးမည်။


မီးရထားဖြင့်ခရီးသွားသောသူသည် အဝေး၌ရှိသော တောင်တန်းများကို မျှော်ကြည့်နေခဲ့သောအခါ မီးရထား၏ လျင်မြန်စွာ ခုတ်နှင်နေသော အဖြစ်ကို မြင်ဖို့ ခဲယဉ်း၏။ ထို့ ထက် အနီးရှိ သစ်ပင်များကို လှမ်းကြည့်သည့်အခါ ရွေ့ လျားမှုသည် သာ၍ထင်ရှားလာ၏။ ထို့ ထက် မီးရထားအနီး၌ ကပ်လျက်ရှိသော မြေကြီး၊ ကျောက်ခဲ၊ မြက်ပင်စသော အရာဝတ္ထုများကို စိုက်ကြည့်သည့်အခါ ရွေ့ လျားမှုသည် သာ၍ထင်ရှားပြန်၏။ ကြာရှည်စွာ စိုက်ကြည့်သည့်အခါ မူးသလိုလိုပင် ဖြစ်လာတတ်သည်ကို ကြုံဖူးပေလိမ့်မည်။

ထိုနည်းအတူ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း စသည်ဖြင့် တွေးတောနေသောသူသည် စိတ်၏ရွေ့ လျားမှုကို မြင်နိုင်ခွင့်မရှိ။ ကြားကာမတ္တ၊ မြင်ကာမတ္တ၊ နံကာမတ္တစသည်ဖြင့် အသိအမှတ်ပြု၍ ရှုမှတ်သောအခါ အသိစိတ်တွေ ခဏချင်း၊ ခဏချင်း ပြောင်းလဲလျက် ရှိခြင်းကို မြင်လာတော့သည်။ မီးရထားပေါ်မှ လမ်းနံဘေးရှိ ကျောက်ခဲကလေးများကို ကြာရှည်စွာကြည့်နေ၍ အရိပ်ရိပ်ဖြစ်ပြီး “မူး” လာတတ်ခြင်းကဲ့သို့ သော အဘောမျိုး ခပ်ဆင်ဆင် ဖြစ်လာခြင်းကိုပင် ကြုံရဖူးသည်။ သို့ သော် တကယ် “မူး” လာသည်ဟူ၍ နားလည်ကြရန် မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ် (ဘာဝနာ) လေ့ကျင့်ခြင်း၏ သတ္တိကို ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။





Read more...

မိဘကျေးဇူးအကျေဆပ်နည်း

ဤကမ္ဘာလောကတွင်မိဘကျေးဇူးကိုအထူးသိ၊ အထူးဆပ်လိုတဲ့သူတော်ကောင်းတိုင်း အတွက် အတုယူအားကျစရာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကတော့ မြတ်စွာဘုရားရှင်ဘဲဖြစ်ပါတယ်။ မြတ်စွာ ဘုရားရှင်က ဘ၀တစ်ပါးပြောင်းသွားပြီဖြစ်တဲ့ မယ်တော်(သန္တုဿိတနတ်သား)ကို ဘ၀သံသရာဝဋ် ဒုက္ခက လွတ်မြောက်အောင်ကယ်တင် တော်မူပြီး၊မယ်တော်နတ်ရွာ စံပြီးမိမိကိုနို့ချိုတိုက်ကျွေးခဲ့တဲ့ မိထွေးတော်မဟာပဇာပတိ ဂေါတမီထေရီမကြီးကိုလည်း ရဟန္တာဖြစ်တဲ့အထိ“ဓမ္မနို့ရည်” တိုက်ကျွေးခြင်းဖြင့်မိခင် ကျေးဇူးကို“နို့နှစ်လုံးဖိုးကျေအောင်” ဆပ်နိုင်ခဲ့ပါတယ်။ တို့ပြင်ခမည်း တော်သုဒ္ဓေါဒ နမင်းကြီးကိုလည်း လူဝတ်ကြောင်ဘ၀နဲ့ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်အောင်လမ်း ညွန်ပေးပြီးဖခင်ကျေးဇူးကိုလည်း “လက်ရုံးနှစ်ဖက် ဖိုးလုံးကျေအောင်” ဆပ်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်က“ချစ်သား၊ ချစ်သမီးတို့..၊ မွေးမိခင်နှင့်မွေးဖခင်တို့ ကျေးဇူးကိုအလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေအောင်ဆပ်ဖို့မလွယ်ဘူးလို့ ငါဘုရားပြောချင်ပါတယ်။ “ချစ်သား၊ ချစ်သမီးတို့၊ အနှစ်တရာသက်တမ်းမှာ အနှစ်တရာအသက်ရှည်တဲ့ သားသမီးကအမေကို လက်ယာပခုံးတင်၊ အဖေကို လက်ဝဲပခုံးတင်ပြီးအမျိုးမျိုးပြုစုလုပ်ကျွေးပြီး ပခုံးထက်မှာဘဲ ကျင်ကြီးကျင်ငယ်စွန့်စေပြီး ရာသက်ပန်ပြုစု လုပ်ကျွေးသော်လည်း မိဘကျေးဇူးကိုအကျေ ဆပ်ပြီးသားမဖြစ်သေးပါဘူး”၊ “ချစ်သား၊ချစ်သမီးတို့..၊ စကား ကုန်ပြောရရင်မိဘ နှစ်ပါးကို နှစ်သက်ဖွယ်ရာရတနာတွေအများကြီး ရှိတဲ့တလောကလုံးကို စိုးမိုး အုပ်ချုပ်အကြီးအကဲ လုပ်နိုင်တဲ့ စကြ၀တေးမင်းရာထူးမှာထားပြီး ကျေးဇူးဆပ်သော်လည်း ကျေအောင်ဆပ်နိုင်မည် မဟုတ်ပါ “ချစ်သား၊ ချစ်သမီးတို့…၊ ဒီလောက်ကျေးဇူးဆပ်ရက်သားနဲ့ ဘာလို့ကျေးဇူးမကျေနိုင်တာလဲ ဆိုရင်မိဘတွေဟာသား သမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြီးလို့၊ သားသမီးတွေကိုကြီးပြင်း အရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက်စောင့်ရှောက်ကြလို့၊ နို့ချိုတိုက်ကျွေး မွေးမြူပြီး လောကကြီးရဲ့ အကောင်းအဆိုးအမျိုးမျိုးကိုသိမြင်အောင်သေချာညွန်ကြားပြသလို့ပဲ” ဖြစ်ပါတယ်။ မိဘကို ကျေးဇူးဆပ်ရာမှာလောကနည်းနဲ့ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ဆပ်ခြင်း ဟူ၍နှစ်မျိုးရှိပါသည်။ မိဘအတွက်စားဝတ်နေ ရေးကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းသမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူးဆပ်တာကို လောက နည်းနဲ့ကျေးဇူးဆပ်ခြင်းလို့ခေါ်ပါတယ်။ လောကနည်းနဲ့ကျေးဇူးဆပ်လို့ မကျေနိုင်ပေမယ့် မိဘသက်ရှိ ထင်ရှားရှိစဉ်နေ့စဉ်၊ လစဉ်အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်သင့်ပါတယ်။ မိဘသေခါမှ “ကျေးဇူးမ ဆပ်လိုက်ရလေခြင်း” ဟုအကျိုး မရှိအော်ငိုနေခြင်းဖြင့် နောင်မှနောင်တရမနေသင့်ပါ။ စိတ်ထား မတတ်တဲ့မိဘ ကိုစိတ်ထားတတ်အောင်၊ ကုသိုလ်နည်း ပါးတဲ့မိဘကို ကုသိုလ်တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ကျေးဇူးဆပ်တယ်လို့ခေါ်ပါတယ်။ “သဒ္ဓါတရားမရှိ တဲ့မိဘ ကိုသဒ္ဓါတရားနဲ့ပြည့်စုံအောင်၊ နတ်တွေ၊ ဘိုးတော်တွေအထင်ကြီး ကိုးကွယ်နေတဲ့မိဘတွေကိုဘုရား၊တရား၊ သံဃာရတနာသုံးပါးသာ ကိုးကွယ်ရာ အစစ်ဖြစ်ကြောင်း၊ သေရင်ပြီးပြီလို့ယူဆနေတဲ့မိဘ ကိုသေရင်မပြီးသေးဘဲ ကိုယ်ပြုတဲ့ကောင်းကံ၊ မကောင်းကံ အားလျော်စွာဘ၀သစ် ထပ်ဖြစ်ရအုံးမယ်ဖြစ်ကြောင်း၊ ကံကိုမယုံတဲ့မိဘကိုယုံကြည်အောင်၊ သီလ မရှိတဲ့မိဘကို သီလနဲ့ပြည့်စုံအောင်၊ နှမြောတွန့်တိုတဲ့မိဘကို အလှူဒါနနဲ့ပြည့်စုံအောင်၊ စိတ်ထား မမှန်တဲ့မိဘကိုစိတ်ထားမှန်အောင်၊ ၀ိပဿနာအလုပ်အားမထုတ်ချင်တဲ့မိဘကို ပစ္စုန်စိတ်အေးချမ်းဖို့ အတွက် ရော၊ သံသရာ ဘ၀လွတ်မြောက်ဖို့အတွက်ပါ ၀ိပဿနာဟာမလုပ်မဖြစ် အရေးကြီးကြောင်းအိမ်မှာ တရားအားထုတ်ဖြစ်အောင်၊ လိုအပ်ရင် ရိပ်သာသွားပြီး တရားအားထုတ်ဖြစ်အောင် အစွမ်းကုန်ကူညီဆောင်ရွက်ပေး ရမည်ဖြစ်ပါသည်။ ကိုယ်ရဲ့စွမ်းဆောင် မှုကြောင့် မိဘမှာတစ်မဂ်တစ်ဖိုလ် ကျွတ်တန်းဝင်ခွင့်ရရင် မိဘကျေးဇူး အကြွင်းမဲ့ကျေသွားပြီဖြစ်ပါတယ်။ ကိုယ်ကိုယ် တိုင်မဂ်ဖိုလ်နိဗ္ဗာန် ရအောင်စွမ်းဆောင်နိုင်ရင်လဲ မိဘကျေးဇူးအကြွင်းမဲ့ကျေပါတယ်။ နိဗ္ဗာန်ကိုထာဝရစံဝင်သွားကြတဲ့ ရဟန္တာယောက်ျား၊ ရဟန္တာမိန်းမတွေအားလုံး မိဘအပေါ်မှာရော၊ တခြားပုဂ္ဂိုလ်တွေအပေါ်မှာရော ဘာကျေးဇူး၊ ဘာအကုသိုလ်ကြွေးမှ မကျန်တော့ပါ။ ထို့ကြောင့်မြတ်စွာဘုရားရှင်က“ချစ်သား၊ ချစ်သမီးတို့…၊ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွန်ပြပါမည်၊ သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင်၊ သီလမရှိတဲ့မိဘ ကိုသီလလုံနဲ့ပြည့် စုံအောင်၊ မပေးရက်မလှူရက်နှမြော ၀န်တိုတဲ့မိဘကိုစွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနဲ့ပြည့်စုံအောင်၊ ပညာဥာဏ် မရှိတဲ့မိဘကိုပညာ ဥာဏ်နဲ့ပြည့်စုံအောင် ကောင်းစွာနာယူ ဆောက်တည်စေမယ်၊ လေးလေးနက် နက်သက်ဝင်စေမယ်၊ ခိုင်ခိုင်ခံ့ခံ့တည်တံ့မြဲမြံစေ မယ်ဆိုရင်မိဘ ကျေးဇူးကိုတုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်လို့” ဟောကြားတော်မူခဲ့ပါသည်။ ကျွန်တော်တို့သည်မိဘကျေးဇူး ကျေတာမကျေတာကို အဓိက မထားဘဲလောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ရော မိဘကိုအမြဲ ကျေးဇူးဆပ်နေဖို့အရေးကြီးပါတယ်။ မိဘကျေးဇူးသိတတ်သော သားသမီးများသည် အိုတောင် မဆင်းရဲဘဲ ကံကောင်းခြင်းလက်ဆောင်တွေ မိမိထံမှောက်သို့ အလုံးအရင်းနဲ့ဝင်ရောက်လာပြီး ဘ၀ကို ပျော်ရွင်ချမ်းမြေ့စွာဖြတ် သန်းနိုင်မည်ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေသူတော်ကောင်း အပေါင်းတို့ မိဘကျေးဇူးကို သိပြီးမိဘသက်ရှိထင်ရှားရှိစဉ် မိဘကျေးဇူးကိုဆပ်နိုင်သော သားကောင်း သမီးကောင်းလေးများဖြစ်ြကပါစေ။


Read more...

မြတ်ဗုဒ္ဓ…

မြတ်ဗုဒ္ဓ…
(အရှင်နာရဒမထေရ် (သီရိလင်္ကာ)၏ အင်္ဂလိပ်လို ရေးသားချက်ကို၊ အရှင်ကေလာသ (မြန်မာ) မှ မြန်မာဘာသာသို့ ပြန်ဆိုပူဇော်သည်။)
ဘီစီ ၆၂၃ခုနှစ် မေ(ကဆုန်လ)၏ လပြည့်နေ့တွင် ကမ္ဘာပေါ်၌ အကြီးမြတ်ဆုံးသော ဆရာအရှင်ဖြစ်ရန် ပါရမီပါလာသည့် သိဒ္ဓတ္ထအမည်ရှိ အိန္ဒိယမင်းသားတစ်ပါး နီပေါဒေသအတွင်း ဖွားမြင်တော်မူခဲ့သည်။ စည်းစိမ်ရင်ခွင်တွင် ကြီးပြင်းရလျက် မင်းသားတစ်ပါး တတ်မြောက်သင့်သော အတတ်ပညာကို ရရှိပြီးနောက် လူသားတစ်ယောက် အနေဖြင့် မင်းသားသိဒ္ဓတ္ထသည် အိမ်ထောင်ပြု၍ သားတစ်ယောက် ထွန်းကားခဲ့သည်။


မင်းသား၏ စဉ်းစားမြော်မြင်တတ်သော သဘာဝနှင့် အနှိုင်းမဲ့ ကရုဏာ တရားက မင်းသားဘ၀ရှိ မတည်မြဲသည့် ရုပ်ပိုင်းပျော်ရွှင်မှုကို ခံစားရန် မင်းသားအား ခွင့်မပြုခဲ့ပါချေ။ မင်းသားသိဒ္ဓတ္ထသည် ဘ၀ဒုက္ခကို နားမလည်သော်လည်း ဆင်းရဲနေကြသည့် လောကသားတို့အပေါ် နက်နက်ရှိုင်းရှိုင်း သနားကရုဏာ ဖြစ်ခဲ့သည်။ သာယာချမ်းမြေ့ပြီး ပြည့်စုံသောဘ၀တွင် မင်းသားသိဒ္ဓတ္ထသည် သောက၏ ကျယ်ပြောနက်ရှိုင်းပုံကို သဘောပေါက်ခဲ့သည့်။ ကရုဏာရှင် မင်းသားသိဒ္ဓတ္ထအဖို့ လောကီပျော်ရွှင်ဖွယ် အလုံးစုံနှင့်ပြည့်စုံသည့် စံနန်းဆောင်သည် နှစ်လိုဖွယ်နေရာ တစ်ခုမဟုတ်တော့ချေ။ ထွက်တော်မူ နန်းကခွာရန် အချိန်ရောက်ခဲ့လေပြီ။ အာရုံငါးပါးဆိုင်ရာ ပျော်ရွှင်မှုများ၏ အချည်းနှီးဖြစ်ပုံကို သိမြင်သွားခြင်းက သက်တော် ၂၉နှစ်မြောက်တွင် လောကီပျော်ရွှင်မှု အားလုံးကိုစွန့်ပြီး အ၀ါရောင် ရဟန်းဝတ်ရုံကို ၀တ်ဆင်လျက် သစ္စာတရားကို ရှာဖွေရင်း အသပြာမရှိ တစ်ကိုယ်တည်း လှည့်လည်ခဲ့သည်။

ယင်းဖြစ်ရပ်ကား မဖြစ်စဖူးထူးကဲသော ဥဒါန်းတွင်ရစ်သည့် မဟာဘိနိက္ခမန (ကြီးမြတ်သော တောထွက်ခြင်း) ဖြစ်သည်။ အကြောင်းမူ မင်းသားသိဒ္ဓတ္ထသည် အသက်အရွယ် အိုမင်းရင့်ရော်ချိန်တွင် မဟုတ်ဘဲ ငယ်ရွယ်စဉ်မှာပင် တောထွက်ခဲ့ခြင်း၊ ဆင်းရဲ့မွဲတေ၍ မဟုတ်ဘဲ ကြွယ်ဝကုံလုံ ပြည့်စုံစဉ်မှာပင် တောထွက်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ တင်းကျပ်ပြီး အပြင်းအထန် ခြိုးခြံသည့် ရဟန်းကျင့်စဉ် (ဒုက္ကရစရိယ)ကို မကျင့်သုံးဘဲ ၀ိမုတ္တိ (လွတ်မြောက်မှု)ကို မရနိုင်ဟု ရှေးခေတ်က ယုံကြည်ယဆကြသောကြောင့် မင်းသားသိဒ္ဓတ္ထသည် ပြင်းထန်သည့် ကျင့်စဉ်ပုံစံအားလုံးကို အသည်းအသန် အားထုတ်ခဲ့သည်။ ``နိုးကြားပြီးရင်း နိုးကြားရင်း၊ ခြိုးခြံပြီးရင်း ခြိုးခြံရင်းတို့ဖြင့် ထပ်လောင်းလျက်`` မင်းသားသည် ခြောက်နှစ်တိုင်တိုင် မဟာပုရိသတို့၏ အားထုတ်မှုကို ပြုတော်မူသည်။

မင်းသား၏ ခန္ဓာကိုယ်သည် အရိုးစုနီးပါးသို့ လျော့ကျသွားသည်။ မိမိခန္ဓာကိုယ်ကို ညှဉ်းဆဲလေ မိမိ၏ပန်းတိုင်းသည် မိမိမှ ပိုမိုဝေးစွာ ကျန်ခဲ့လေဖြစ်သည်။ မင်းသား ပြင်းထန်စွာအားထုတ်ခဲ့သည့် နာကျင်ခံခက်ပြီး မအောင်မြင်သော ဒုက္ကရစရိယသည် လုံးဝအချည်းနှီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ မင်းသားသည် ယခုအခါ (ယင်း) ကိုယ်ပိုင်အတွေ့အကြုံအားဖြင့် ခန္ဓာကိုယ်ကို အားနည်းစေပြီး စိတ်ဓာတ်ငြီးငွေ့ ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေသည့် အတ္တကိလမထ (မိမိကိုယ်ကိုညှဉ်းပန်းခြင်း)၏ လုံးဝအကျိုး မရှိပုံကို အကြွင်းမဲ့ သိမြင်သွားသည်။

အဖိုးမဖြတ်နိုင်သည့် ယင်းကိုယ်ပိုင်တွေ့ကြုံသိရှိမှု၏ လမ်းညွှန်ချက်ဖြင့် ဗုဒ္ဓလောင်းလျာမင်းသားသည် နောက်ဆုံး၌ ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ချမ်းသာ ပျော်ရွှင်ခံစားမှု)နှင့် အတ္တကိလမထာနုယောဂ (ကိုယ်ခန္ဓာကို နှိပ်စက်ညှဉ်းပန်းမှု) ဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ရှားလျက် ဒုက္ကရစရိယ မဟုတ်သည့် ကျင့်စဉ်တစ်ရပ်ကို လိုက်နာရန် ဆုံးဖြတ်ခဲ့သည်။ ကာမသုခလ္လိကာနုယောဂသည် စိတ်ပိုင်းဘ၀ တိုးတက်မှုကို ဆုတ်ယုတ်စေပြီး အတ္တကိလမထာနုယောဂမူကား ဆင်ခြင်တုံတရားကို ဆုတ်ယုတ်စေသည်။ ဗုဒ္ဓလောင်းလျာ မင်းသားကိုယ်တိုင် တွေ့ရှိခဲ့သည့် နည်းလမ်းသစ်ကား မစ္ဇျိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်) ဖြစ်ပြီး ယင်းသည် နောင်အခါတွင် ဗုဒ္ဓဓမ္မ၏ ၀ိသေသလက္ခဏာတစ်ရပ် ဖြစ်လာခဲ့သည်။

နှစ်လိုဖွယ် တစ်နံနက်တွင် ကမ္မဋ္ဌာန်းရှုမှတ်မှု၌ နက်ရှိုင်းစွာ အာရုံဝင်းစားခိုက် မည်သည့်တန်ခိုးစွမ်းအားရှင်၏ ကူညီခြင်း လမ်းညွှန်ခြင်းမျှမရှိဘဲ မိမိ၏လုံ့လ အားထုတ်မှုနှင့် အသိပညာကိုသာ အမှီသဟဲပြု၍ ကိလေသာ အလုံးစုံကို ပယ်ရှားပစ်ခြင်း၌ စိတ်ဓာတ်စင်ကြယ်လျက် သဘ၀အမှန်ကို အရှိအတိုင်း သိမြင်သွားပြီးနောက် သက်တော် ၃၅နှစ်အရွယ်၌ သဗ္ဗညုတဉာဏ်ကိုရ (ဗုဒ္ဓဖြစ်) တော်မူသည်။ ဗုဒ္ဓဘုရားအဖြစ်ဖြင့် မွေးဖွားလာခဲ့သည် မဟုတ်ဘဲ မိမိ၏ ကျင့်ကြံအားထုတ်မှုဖြင့် ဗုဒ္ဓဖြစ်လာသည်။ ရှင်တော်မြတ် ဟောကြားခဲ့သော ကျင့်စဉ်အားလုံး၏ ပြီးပြည့်စုံသည့် စံပြပုံစံအနေဖြင့် အနှိုင်းမဲ့ မဟာကရုဏာတော်အားလျော်သော သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံလျက် မြတ်ဗုဒ္ဓသည် မည်သည့် တစ်ကိုယ်ရည် ပုဂ္ဂလိက ရည်ရွယ်ချက်ကိုမျှ အဓိကမထားဘဲ မိမိ၏ အဖိုးတန်လှသည့် ကျန်ရှိသည့်ဘ၀ သက်တမ်းကို လောကအား ပြုစုစောင့်ရှောက်ရန် မြှုပ်နှံခဲ့သည်။

၄၅နှစ်ကြာ အလွန်အောင်မြင်သည့် ဘ၀သက်တမ်း ကုန်ဆုံးပြီးနောက် မြတ်ဗုဒ္ဓသည် အခြားလူသား သတ္တ၀ါ အားလုံးကဲ့သို့ပင် ရှောင်လွဲမရသည့် မတည်မမြဲပြောင်းလဲမှု ကုန်ဆုံးပြီးနောက် မြတ်ဗုဒ္ဓသည် နောက်ဆုံး၌ မိမိ၏ တပည့်သာဝကများအား မိမိဟောကြားခဲ့သည့် ဓမ္မကို ဆရာအဖြစ် မှန်ယူရန် မိန့်ကြားလျက် သက်တော်၈၀ အရွယ်၌ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

ဗုဒ္ဓရှင်တော်မြတ်သည် လူသားတစ်ယောက်ဖြစ်သည်။ လူသားတစ်ယောက်အဖြစ် မွေးဖွားခဲ့ပြီး လူသားတစ်ယောက်ကဲ့သို့ နေထိုင်လျက် လူသားတစ်ယောက်ကဲ့သို့ပင် ဘ၀အဆုံးသတ်တော်မူသွားသည်။ လူသားတစ်ယောက် ဖြစ်သော်လည်း ဗုဒ္ဓသည် အံ့ဖွယ်မဟာလူသား (အစ္ဆရိယမနုဿ) ဖြစ်လျက် နတ်ဘုရားအနေဖြင့် (မိမိကိုယ်ကို) လုံးဝမိန့်ဆိုခြင်း မရှိခဲ့ပေ။ ဗုဒ္ဓရှင်တော်မြတ်သည် ဤအရေးပါသည့်အချက်ကို အလေးပေး မိန့်ကြားတော်မူခဲ့ပြီး ကိုယ်တော်မြတ်အနေဖြင့် ထာဝရတည်မြဲသူ နတ်ဗြဟ္မာဖြစ်သည့်ဟု မည်သူမျှ မှားယွင်းစွာ ထင်မြင်ယူဆသွားစေရန် တစ်စွန်းတစ်စမျှ ချန်မထားခဲ့ချေ။ ဗုဒ္ဓရှင်တော်မြတ် ကိစ္စနှင့်ပတ်သက်၍ နတ်ဘုရားကဲ့သို့ ကိုးကွယ်ပသခြင်းမျိုး မရှိသည်မှာ ကံကောင်းသည်။ သို့တစေ ``ဖန်ဆင်းရှင် ထာဝရဘုရားကို တစ်စက်မျှ မယုံသော်လည်း ဗုဒ္ဓရှင်တော်မြတ်ကဲ့သို့ အလုံးစုံသိ ဘုရားနှင့်တူသူ`` ဆရာမျိုး တစ်ဦးတစ်ယောက်မျှ မရှိကြောင်း မှတ်သင့်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် အချို့ယူဆသကဲ့သို့ ဟိန္ဒူဘုရား ဗိသျှနုဝင်စားသူ မဟုတ်သကဲ့သို့ တစ်ကိုယ်ရေ လွတ်မြောက်မှုဖြင့် အခြားပုဂ္ဂိုလ်များအား မိမိစိတ်တိုင်းကျ ကယ်တင်ပေးသူလည်း မဟုတ်ချေ။ စင်ကြယ်မှုရော ညစ်ကျူမှုပါ မိမိတို့အပေါ်တွင်သာ တည်မှီသောကြောင့် မိမိတို့ လွတ်မြောက်မှုအတွက်လည်း မိမိတို့အပေါ်တွင်သာ တည်မှီကြောင်း တပည့်သာဝကများအား ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည်။ မိမိနှင့် မိမိသာဝကတို့၏ ဆက်နွယ်ပတ်သက်မှုကို ရှင်းလင်းစွာ ဖော်ပြပြီး ကိုယ့်ကိုယ်ကို အားကိုးမှုနှင့် တစ်ကိုယ်ရေ လုံ့လကြိုးကုတ်မှု၏ အရေးပါမှုကို အထူးပြု မြွက်ဟလျက် ``ဘိက္ခုတို့ … ကိုယ်တိုင်အားထုတ်ကြရမည်။ တထာဂတ (ဘုရားရှင်)တို့ကား လမ်းညွှန်သူများသာ ဖြစ်ကြ၏``ဟု ရှင်းလင်းစွာ ဖော်ပြတော်မူသည်။

ဗုဒ္ဓသည် လမ်းစဉ်ကို ညွှန်ပြလျက် ကျွန်ုပ်တို့၏ စင်ကြယ်မှုကို ရရှိရေးအတွက် လိုက်နာကျင့်သုံးရန် ယင်းလမ်းစဉ်ကို ကျွန်ုပ်တို့အဖို့ ထားခဲ့သည်။ ``ကယ်တင်ခံရခြင်းအတွက် အခြားပုဂ္ဂိုလ်များအား အားကိုးခြင်းမှာ ဖြစ်နိုင်ခြေမရှိသော်လည်း မိမိကိုယ်ကို အားကိုးခြင်းကား အကျိုးရှိသည်။`` သူတစ်ပါးအား အားကိုးခြင်းဟူသည် မိမိ၏လုံ့လ စွမ်းပကားကို အရှုံးပေးခြင်းဟု ဆိုလိုရာရောက်သည်။

မိမိကိုယ်ကို အားကိုးရန် တပည့်သာဝကများအား ရှင်းလင်းရာ၌ ဗုဒ္ဓရှင်တော်မြတ်က မဟာပရိနိဗ္ဗာနသုတ်တော်၌ ``သင်တို့သည် မိမိကိုယ်ကို ကျွန်းကဲ့သို့ပြု၍ နေထိုင်ကြလော့။ မိမိကိုယ်ကို အားကိုးရာပြု၍ နေထိုင်ကြလော့။ အခြားအရာများ၌ အားကိုးရာကို မရှာကြနှင့်``ဟု မိန့်တော်မူသည်။ ယင်းမြင့်မြတ်လှသည့် စကားတော်များကား ကိုယ့်ကိုယ်ကို မြှင့်တင်ပေးလျက်ရှိကြသည်။ မိမိ၏ ရည်ရွယ်ချက် အောင်မြင်ပြီးမြောက်ဖို့ မိမိကိုယ်တိုင် လုံ့လအားထုတ်ရန် မည်မျှအရေးပါကြောင်းနှင့် အပြစ်ကို ခွင့်လွှတ်သည်ဆိုသည့် ကယ်တင်ရှင်များထံမှ ထုတ်နှုတ်ရွေးချယ်ခံရမှုကို ရှာဖွေခြင်းနှင့် စိတ်ကူးယဉ် နတ်ဘုရားများအား တောင်းပန်ဝပ်လျှိုးမှု သို့မဟုတ် အကျိုးမတုံ့ပြန်သော တောင်းဆုချွေမှုနှင့် အဓိပ္ပါယ်မဲ့ ယဇ်ပူဇော်မှုများဖြင့် နောက်ဘ၀တစ်ခုက မသေချာ မရေရာသော ပျော်ရွှင်မှုကို တောင့်တခြင်းတို့မှာ မည်မျှပေါ့ပျက်ပြီး အချည်းနှီးဖြစ်ကြောင်း ယင်းစကားတော်များက ဖော်ပြသည်။

တစ်ဖန် ဗုဒ္ဓရှင်တော်မြတ်သည် ဗုဒ္ဓအဖြစ်ကို ငါသာပိုင် လက်ဝါးကြီးအုပ် မတောင်းဆိုချေ။ အမှန်စင်စစ် ဗုဒ္ဓအဖြစ်ဟူသည် မည်သည့်အထူးကောင်းချီးပေးခံရသူ၏ သီးခြားပိုင်ဆိုင်မှုမျှ မဟုတ်ချေ။ ဗုဒ္ဓရှင်တော်မြတ်သည် မည်သူမဆို မျှော်လင့်တောင့်တနိုင်သော ဖြစ်နိုင်ခြေရှိ ပါရမီတို့၏ အမြင့်ဆုံးအဆင့်သို့ ဆိုက်ရောက်ခဲ့ပြီး ဆရာစား (အာစရိယမုဋ္ဌိ) မချန်ဘဲ ယင်းနောက်ဆုံး အဆင့်သို့ ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းဖြောင့်လမ်းမှန်ကို ဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓ၏ ဟောကြားချက်များအရ မည်သူမဆို လိုအပ်သည့် လုံ့လကြိုးကုတ်ကို ပြုလုပ်ခဲ့မူ ယင်းအမြင့်ဆုံး ပြည့်စုံမှုအဆင့်ကို မျှော်မှန်းနိုင်သည်။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားတို့အား ကောက်ကျစ်သည့် အပြစ်ရှိသူများဟု ခေါ်ဝေါ်လျက် ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ ယင်းသို့ပြုမည့်အစား လူသည် သန္ဓေပါအရ နှလုံးသားစင်ကြယ်ကြောင်း မိန့်ကြားလျက် လူသားတို့ကို နှစ်သိမ့် အားပေးတော်မူသည်။ ဗုဒ္ဓရှင်တော်မြတ်၏ အမြင်တွင် လောကသည် မကောက်ကျစ်၊ သို့တစေ အ၀ိဇ္ဇာ ဖုံးလွှမ်းမြှေးယှက်ခြင်း ခံကြရသည်။ မိမိတပည့်များအား စိတ်ပျက်စေခြင်းနှင့် မြင့်မြတ်သည့် အခြေအနေကို မိမိသာထိုက်တန်ကြောင်း ပြဆိုခြင်းတို့အစား လူတိုင်းတွင် ဗုဒ္ဓအဖြစ် အနုသယဓာတ် တည်ရှိနေသဖြင့် တပည့်သာဝကတို့အား မိမိကို အတုလိုက်၍ ကျင့်သုံးရန် အားပေးတိုက်တွန်းတော်မူသည်။ နောက်တစ်မျိုး ဆိုရမူ လူတိုင်းဗုဒ္ဓဘုရား ဖြစ်နိုင်သည်။

ဗုဒ္ဓဖြစ်ရန် စိတ်အားထက်သန်သူအား ဗောဓိသတ္တဟုခေါ်ပြီး စာပေနည်းဖြင့် အသိပညာ (ပွင့်လန်းမည့်) ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရသည်။ ယင်းဘုရားလောင်းအယူအဆသည် ဤအတ္တဗဟိုပြုလောကအား ထာဝစဉ် အပ်နှင်းထားပြီးဖြစ်သည့် အလှပဆုံး အရည်မွန်ဆုံးသော ဘ၀ကျင့်စဉ် ဘ၀နေနည်း တစ်ရပ်ဖြစ်သည်။ အကြောင်းမူ (လောကအား) အလုပ်အကျွေးပြုလျက် စင်ကြယ်သည့် ဘ၀တစ်ခုထက် ပိုမိုမြင့်မြတ်သည့် မည်သည့်အရာ အဘယ်မှာရှိပါအံ့နည်း..။

ဗုဒ္ဓရှင်တော်မြတ်သည် လူသားတစ်ယောက်အနေဖြင့် ဗုဒ္ဓအဖြစ်ကို ရရှိခဲ့ပြီး ကိန်းဝပ်နေသည့် မမြင်နိုင်ကောင်းသော ဖြစ်နိုင်ခြေများနှင့် လူသား၏ ဖန်တီးနိုင်စွမ်းကို လောကသို့ ကြေငြာတော်မူခဲ့သည်။ လူသား၏ ကံကြမ္မာကို စိတ်တိုင်းကျ ချုပ်ကိုင်ထားသူ မမြင်တွေ့ရသည့် အနန္တတန်ခိုးရှင် တစ်ဆူတည်းသော ထာဝရဘုရားသခင်ကို လူသားတို့ အပေါ်မှာ ထားရှိပြီး လူသားအား အနန္တတန်ခိုးတစ်ရပ်ကို ကျိုးနွံစေမည့်အစား လူ့တန်ဖိုးကို မြှင့်တင်ပေးခဲ့သည်။ လူသည် မိမိ လွတ်မြောက်မှု (၀ိမုတ္တိ)နှင့် စင်ကြယ်မှု (၀ိသုဒ္ဓိ)တို့ကို ပြင်ပရှိ ဖန်ဆင်းရှင်ဘုရားသခင် သို့မဟုတ် ဟောပြောသူ ဓမ္မဆရာများကို အမှီအခိုမပြုဘဲ ကိုယ်ပိုင်ကျင့်ကြံ အားထုတ်မှုဖြင့် ရရှိနိုင်ကြောင်း ဟောကြားတော်မူသည်မှာ ဗုဒ္ဓရှင်တော်မြတ်သာ ဖြစ်ချေသည်။ အတ္တဗဟိုပြု လောကအား ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုဟူသော မြင့်မြတ်သည့် အယူအဆကို ဟောကြားခဲ့သည်မှာ ရှင်တော်ဗုဒ္ဓပင်ဖြစ်သည်။ ဂုဏ်ကျက်သရေကို သိမ်ငယ်စေသည့် အမျိုးဇာတ်စနစ်ကို တော်လှန်ဆန့်ကျင်ပြီး လူသားချင်း တန်းတူညီမှုကို ဟောကြားလျက် ဘ၀ခရီးတစ်လျှောက် ၎င်းတို့ကိုယ်တိုင်အား တောက်ပြောင်စေရန် အားလုံးအတွက် တူညီသည့် အခွင့်အရေးများကို ပေးအပ်ခဲ့သည်မှာ မြတ်ဗုဒ္ဓပင် ဖြစ်သည်။

ဘ၀ကဏ္ဍသစ်ဖွင့်ပြီး ပြည့်စုံမှုကို လိုလားသူဖြစ်မည့် ဇာတ်နိမ့်ဇာတ်မြင့် သူတော်စင် လူသတ်သမားဟူသော ဘ၀အခြေအနေတိုင်းမှ လူအားလုံးတို့အတွက် အောင်မြင်မှုနှင့် ကြီးပွားချမ်းသာမှု တံခါးကို ဖွင့်ထားကြောင်း ဗုဒ္ဓရှင်တော်မြတ်က မြွက်ဟတော်မူသည်။ အမျိုးဇာတ် အသားရောင် သို့မဟုတ် ရာထူးတို့ကို ခွဲခြားခြင်းမပြုဘဲ ဗုဒ္ဓရှင်တော်မြတ်သည် ထိုက်တန်သူ အမျိုးသား အမျိုးသမီး နှစ်ရပ်လုံးအတွက် ဒီမိုကရေစီနည်းကျကျ ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့အစည်း တစ်ရပ်ကို တည်ထောင်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည် မိမိ၏တပည့်များအား ဓမ္မ၏ကျေးကျွန်ဖြစ်ရန်ရော မိမိကိုယ်တိုင်၏ လက်အောက်ခံ ဖြစ်ရန်အတွက်ပါ တွန်းအားမပေးဘဲ လုံးဝအတွေးအမြင် လွတ်လပ်မှုကို ပေးအပ်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည် ကိုယ်တော်မြတ်၏ အားပေးစကားများဖြင့် မိသားစုနှင့် ကွေကွင်းသူများအား သက်သာရာ ရစေတော်မူခဲ့သည်။ စွန့်ပစ်ခံ နာမကျန်းသူများအား ပြုစုစောင့်ရှောက်ခဲ့သည်။ လျစ်လျူရှုခံရသည့် ဆင်းရဲသားများအား ကူညီစောင့်ရှောက်ခဲ့သည်။ လမ်းပျောက်နေသူများအား ဂုဏ်တက်အောင် ဆောင်ရွက်ပေးပြီး ရာဇ၀တ်မှု ကျူးလွန်သူတို့၏ စာရိတ္တပျက်ပြားမှုဘ၀ကို စင်ကြယ်စေသည်။ အားငယ်သူများအား အားပေးပြီး ကွဲပြားနေသူများအား ညီညွတ်စေသည်။ မသိမိုက်မဲသူများအား အသိဉာဏ်ပွင့်လင်းစေသည်။ နက်နဲသည့်အရာကို ဖြေဆိုရှင်းလင်းပေးသည်။ အသိပညာ နည်းပါးသူများအား လမ်းညွန်ပေးသည်။ အောက်ခြေမှ ပုဂ္ဂိုလ်များအား မြင့်တင်ေးသည်။ မြင့်မြတ်သူများအား ပိုမိုကျက်သရေ ရှိစေသည်။ ဆင်းရဲချမ်းသာ သူတော်စင် လူမိုက်မဟူ ရှင်တော်မြတ်အား ထပ်တူညီမျှ ချစ်ခင်မြတ်နိုးကြသည်။ အာဏာထန်ပြင်းသူ၊ ဖြောင့်မတ်သူ ဘုရင်များ၊ ထင်ရှားမထင်ရှား မင်းညီမင်းသားများနှင့် အထက်တန်းလွှာများ၊ ရက်ရောသူ ကပ်စေးနှဲသူ သန်းကြွယ်သူဌေးများ၊ မာနထောင်လွှားသူ နိမ့်ချသူ ပညာရှင်များ၊ ခိုကိုးရာမဲ့ သူဆင်းရဲများ၊ အောက်တန်းကျသူ အမှိုက်ပုံတွင် ရှာဖွေစားသောက်ရသူများ၊ ကောက်ကျစ်သူ၊ လူသတ်သမာများ၊ အထင်သေးခံရသူ ပြည့်တန်ဆာများ၊ ယင်းသို့သော ပုဂ္ဂိုလ်အားလုံးသည် ဗုဒ္ဓရှင်တော်မြတ်၏ ပညာ၊ ကရုဏာ (ပြဋ္ဌာန်းသည့်) စကားလုံးများကြောင့် အကျိုးဖြစ်ထွန်းကြသည်။

ဗုဒ္ဓရှင်တော်မြတ်၏ မြင့်မြတ်သည့် စံနမူသည် သတ္တ၀ါအားလုံးအဖို့ အားတက်ဖွယ် အကြောင်းတစ်ရပ်ဖြစ်သည်။ ဗုဒ္ဓရှင်တော်မြတ်၏ တည်ငြိမ်အေးချမ်းသော သွင်ပြင်သည် ကြည်ညိုသူပုဂ္ဂိုလ်များ၏ အမြင်တွင် စိတ်သက်သာရာ ရစေသည့် ရုပ်ပုံတစ်ရပ်ဖြစ်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်၏ ငြိမ်းချမ်းရေးနှင့် သည်းခံရေး တရားတော်အား လူအားလုံးက ဖော်မပြနိုင်သော ပျော်ရွှင်မှုဖြင့် ကြိုဆိုခဲ့ကြပြီး ယင်းသည် ကြားနာခွင့် လိုက်နာကျင့်သုံးခွင့် ရှိခဲ့သူတိုင်းအား ထာဝရ အကျိုးဖြစ်ထွန်းစေခဲ့သည်။

ဗုဒ္ဓဓမ္မ ထိုးဖောက်ထွန်းတောက်ခဲ့သည့် နေရာတိုင်းတွင် ယင်းဓမ္မသည် အသီးသီးသော လူမျိုးများ၏ စရိုက်လက္ခဏာအပေါ် ခိုင်မြဲသည့် စွဲမက်ဖွယ် ထင်ဟပ်မှုတစ်ရပ်ကို ထားပစ်ခဲ့သည်။ ဗုဒ္ဓဘာသာနိုင်ငံ အားလုံး၏ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခြင်းမှာ အဓိကအားဖြင့် ဗုဒ္ဓ၏ အထက်တန်းကျသော အဆုံးအမများကြောင့် ဖြစ်ရသည်။ အမှန်သော် သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ ဗီယက်နာမ်၊ လော၊ နီပေါ၊ တိဗက်၊ တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်စသည်ကဲ့သို့သော ဗုဒ္ဓဘာသာ နိုင်ငံအားလုံးသည် ဗုဒ္ဓ၀ါဒတည်းဟူသော ပုခက်အတွင်းက ကြီးပြင်းခဲ့ကြသည်။ ဤမြင့်မြတ်သည့် ဆရာအရှင် ပရိနိဗ္ဗာန် စံလွန်ခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း ရှင်တော်မြတ်၏ အနှိုင်းမဲ့ နှစ်လိုဖွယ် လက္ခဏာသည် ရှင်တော်မြတ်အား သိလာသူ အားလုံးအပေါ် လွှမ်းမိုးမှုတစ်ရပ်ကို ဖြစ်စေခဲ့သည်။

ဗုဒ္ဓရှင်တော်မြတ်၏ သံမဏိစိတ်ဓတ်၊ နက်နဲသည့် ပညာ၊ အနန္တမေတ္တာ၊ မဟာကရုဏာ၊ ကိုယ်ကျိုးမဲ့ဆောင်ရွက်မှု၊ သမိုင်းတွင်ရစ်သည့် မဟာဘိနိက္ခမန (လောကီစည်းစိမ်ကို စွန့်လွတ်မှု)၊ အလုံးစုံစင်ကြယ်မှု၊ ဆွဲဆောင်သည့် ဥပဓိရုပ်၊ ဓမ္မပြန့်ပွားရန် ဆောင်ရွက်ခဲ့သည့် စံပြနည်းစနစ်နှင့် ရှင်တော်မြတ်၏ အဆုံးစွန် အောင်မြင်မှု ဤအလုံးစုံသော အချက်များသည် ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံခန့်မျှအား ရှင်တော်မြတ်အား မိမိတို့၏ ဘာသာတရားဆိုင်ရာ ဆရာအရှင်အဖြစ် ၀မ်းသာစွာ လက်ခံရန် တွန်းအားပေးခဲ့ပြီး ဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်အား တောက်ပြောင်သည့် ထောမနာပေးခြင်းပြုလျက် သီရိရာဓကရစ်ရှနာ (Sri Radhakarishna)က ဤသို့ဖော်ပြသည်။ ``ဗုဒ္ဓဂေါတမနှင့် စပ်လျှင် ကျွန်ုပ်တို့မှာ တွေးခေါ်မြော်မြင်မှုနှင့် လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘ၀အပေါ် သြဇာလွှမ်းမိုးသလောက် မည်သူမဆို (ယှဉ်လျှင်) ဒုတိယနေရာတွင် မရှိသူ၊ ၎င်း၏လွှမ်းမိုးမှုသည် အခြားမည်သူထက်မဆို ကျယ်ပြန့်နက်ရှိုင်းမှု ယုတ်လျော့ခြင်း မရှိဘဲ ဘာသာတရား အစဉ်အလာတစ်ရပ်ကို တည်ထောင်သူအဖြစ် အားလုံး၏ လေးစားရိုသေမှုကို ခံရသူ အရှေ့တိုင်းမှ ပညာရှိတစ်ဆူ ရရှိကြခြင်းဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်အား ကမ္ဘာအတွေးအခေါ် သမိုင်း၏ ပိုင်ဆိုင်ခြင်းကို ခံရသူ၊ ရည်မွန်သည့် လူသားအားလုံး၏ အများဆိုင် အမွေအနှစ်ဖြစ်ချေ၏။ အကြောင်းမူ အသိပညာဂုဏ်ရှိန်၊ ကိုယ်ကျင့်တရားရေးရာ ပြင်းပြမှုနှင့် စိတ်ပိုင်းဘ၀ ထိုးထွင်းသိမြင်မှုတို့ဖြင့် ဆုံးဖြတ်ခံရပါမူ ဗုဒ္ဓသည် သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်များအနက် တစ်ဆူဖြစ်ရသည်မှာ သံသယဖြစ်ဖွယ် မလိုသောကြောင့်တည်း။``

အိပ်ခ်ျ ဂျီ ၀ဲလ် (H.G. Wells) က ``သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်သုံးယောက် (Three greatest Men in History)``ကျမ်း၌ ဤသို့ရေးသည်။ ``ဗုဒ္ဓအား ရိုးသားသော ကိုင်းရှိုင်းသော တစ်ကိုယ်တည်းနေသော ဉာဏ်အလင်းအတွက် ကြိုးပမ်းနေသော လူသားတစ်ယောက်၊ ထင်ရှားသည့် လူသားဥပဓိရုပ် ရှိသူအဖြစ် ရှင်းလင်းစွာတွေ့ရပြီး စိတ်ကူးယဉ် နတ်ဒေ၀ါအဖြစ် မတွေ့ရချေ။ ဗုဒ္ဓသည် လူသားအားလုံးနှင့်ဆိုင်သော ကိုယ်ကျင့်တရားရေးရာ တရားဓမ္မကိုလည်း လူသားတို့အား ပေးအပ်ခဲ့၏။ ကျွန်ုပ်တို့၏ အကောင်းဆုံးသော ခေတ်သစ် အတွေးအမြင်များသည် ဗုဒ္ဓ၏ ဓမ္မနှင့် အနီးစပ်ဆုံး လိုက်လျောညီထွေရှိ၏။ ဗုဒ္ဓက ဆင်းရဲဒုက္ခအားလုံးနှင့် မကျေနပ်မှု အားလုံးသည် တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဖြစ်ရကြောင်း ဟောကြားခဲ့၏။ လူသားတစ်ဦးသည် တည်ငြိမ်မှု ဖြစ်မလာနိုင်မီတွင် ၎င်း၏အာရုံတရားများအတွင်း သို့မဟုတ် ၎င်းကိုယ်တိုင်အတွင်း အသက်ရှင်ရမှုကို ရပ်စဲရမည်ဖြစ်၏။ ယင်းနောက်လူသားသည် ကြီးမြတ်သူအဖြစ်သို့ ရောက်ရှိ၏။ ဗုဒ္ဓသည် ခရစ်မပေါ်မီ နှစ်ပေါင်း ၅၀၀ခန့်ကပင် မတူခြားနားသည့် ဝေါဟာဖြင့် လူသားတို့အား ကိုယ်ကျိုးစွန့်မှုတရားကို ဟောကြားတိုက်တွန်းတော်မူခဲ့၏။ အခြားတစ်နည်း ဆိုရမူ ဗုဒ္ဓသည် ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့် ပိုမိုနီးစပ်ခဲ့၏။ ဗုဒ္ဓသည် ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ အရေးပါမှု အကျိုးဆောင်ရွက်မှုတွင် ခရစ်တော်ထက် ပိုမိုရှင်းလင်းပြီး ထာဝရတည်မြဲသူ ပုဂ္ဂိုလ်ဖြစ်သလောဟူသော အချက်နှင့် ပတ်သက်၍မူ (ခရစ်တော်ထက်) သံသယဖြစ်စရာ ပိုနည်း၏။ စိန့်ဟီလေရီ (St. Hilaire) က ``ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည့် ကိုယ်ကျင့်တရား အားလုံး၏ ပြီးပြည့်စုံသော ပုံစံဖြစ်သည့် ရှင်တော်မြတ်၏ဘ၀သည် ယင်းကိုယ်ကျင့်တရားအပေါ် စွန်းထင်မှု မရှိချေ။``ဟု မှတ်ချက်ပြုသည်။ ဖော့စ်ဗိုးလ် (Fausboll)က ``ဗုဒ္ဓရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ရှင်တော်မြတ်အပေါ် ကြည်ညိုလေ ဖြစ်ပါ၏။``ဟု ဆိုသည်။ ရှင်တော်မြတ်၏ ကျိုးနွံသူ တပည့်တစ်ယောက်အနေဖြင့် ``ရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ရှင်တော်မြတ်အပေါ် ကြည်ညိုရလေ၊ ရှင်တော်မြတ်အပေါ် ကြည်ညိုရလေ ရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ`` ဖြစ်ပါ၏ဟု ဆိုမည်ဖြစ်သည်။


Read more...

*ရှုပ်ခဲ့သမျှ ရှင်းပါမည်*

အကြံမှာ ရံဖန်သာတွေးပြန်တော့
မှန်သကွာ ဖန်ခါခါဖြစ်ပါတဲ့
အော်… ဒီသံသရာ။

ဇာတ်ရှုပ်တာ ငါလေသိပါ၍
ချက်မြှုပ်ရာ ဌာနေကိုလည်း မလွမ်းချင်ပါဘု
တမ်းတကာ မှန်းမျှော်မှုတွေလည်း
စမ်း, လပမာတောင် မအေးချမ်းတာမို့
ရပ်တန်းက ရပ်မယ်ကြံ
တကယ်ကော ဖြစ်နိုင်ပါ့မလား။

ဒါပေမယ့်လည်း
သစ္စာ သစ္စာ သူ့ကိုရှာမှာမို့
ဖြစ်တာ မဖြစ်တာ ငါ့အလုပ်မဟုတ်လေတော့
(သံသရာ အဆက်ဆက်က)
ငါ့အရှုပ် ငါရှင်းရတော့မှာမို့
(ဒီဘ၀မှာ) ငါ့ဇာတ်ရုပ်ငါဖန်ဆင်းကာရယ်
ခုတော့… ငါ့ဇာတ်ထုတ်ငါခင်း။ ။


လေးစားစွာဖြင့်
ဖိုးသား

6/4/2009, THUR:, 1:17:00 AM

Read more...

ငလက်တိုနှင့် ငညို တကျိတ်ထဲ

ရှေးအခါက အလွန်ကောက်ကျစ်စဉ်းလဲတတ်သော ပခန်းသား ငလက်တိုနှင့် ချည်ပါသား ငညို-ဟူ၍ လူလိမ်နှစ်ဦး ရှိ၏။
တနေ့သော် အ၀မြို့တော်ကြီး၌ ထင်ရှားကျော်စောသော သူဋ္ဌေး ဦးပြောင် ကွယ်လွန်၍ သားဖြစ်သူ မောင်ကောင်းဇန်မှာ အဖဦးပြောင်၏ အမွေအနှစ် အားလုံးကို လက်ခံရရှိကြောင်း သတင်းစကား ကြားသိရသဖြင့် ငလက်တိုနှင့် ငညိုသည် သူဋ္ဌေးကလေး မောင်ကောင်းဇန်အား လှည့်ဖျားလိမ်လည်၍ ပစ္စည်းများယူရန် ကျိတ်၍ ကြံစည်ကြလေသည်။

နောက်တနေ့တွင် ငလက်တိုသည် ရောင်တလုံးကို အဆုံးခံကာ သင်္ကန်းဝတ်၍ ဘုန်းကြီးအသွင်ယူပြီး ငညိုကား ကပ္ပိယ အဖြစ် စာထုပ်နှင့် သင်္ကန်းထုပ်များကို ထမ်းလျက် နောက်မှလိုက်ပါယင်း အ၀မြို့တွင်းရှိ သူဋ္ဌေးကလေး ဦးကောင်းဇန်အိမ်သို့ ရောက်ရှိလာလေသည်။

သူဋ္ဌေးကလေး ဦးကောင်းဇန်လည်း ဘုန်းကြီး ငလက်တိုအား ရိုသေစွာ နေရာထိုင်ခင်းများပေးလျက်-အရှင်ဘုရား အဘယ်အကြောင်း အဘယ်ကိစ္စဖြင့် ကြွလာတော်မူပါသနည်း-ဟု လျှောက်ထား၏။
ထိုအခါ ဘုန်းကြီး ငလက်တိုက-တကာကလေး၊ တကာကလေး၏ ဖခင် သွားလေသူ တကာကြီး သူဋ္ဌေးဦးပြောင် ထံတွင် လွန်ခဲ့သော ၃-နှစ်လောက်က ငွေတတင်းအပ်နှံ၍ ထားခဲ့ပါသည်။ ထိုငွေကို အသုံးလို၍ တောင်းခံမည် ကြံစည်နေစဉ် တကာကြီး သေဆုံးကြောင်း စိတ်မကောင်းစရာ သတင်းကို ကြားသိသဖြင့် ချက်ချင်းလာ၍ တောင်းမည်ပြုပါသည်။ သို့ပေမယ့် တကာကလေးမှာ ဖခင်ကြီးအတွက် ပရိဒေ၀မီး တောက်၍နေပေသေးမည်- ဟု ထင်စားသည်ကတကြောင်း၊ ဈာပနကိစ္စ သင်္ဂြိုဟ်ရမည့်အရေးကလည်း ရှုပ်ထွေး၍နေပေမည်ဟု တွေးမိသည်ကတကြောင်း၊ တဖန် ငါတို့ရဟန်းများသည် လှူဒါန်းကျွေးမွေးနေသည့်အခါ မပင့်ဘဲ မလာစကောင်း သိက္ခာပုဒ်ကိုငဲ့၍ တကြောင်း၊ ဆိုင်းငံ့နေခဲ့ပြီး ယခုမှသာ ငွေတောင်းရန် လာရောက်ရခြင်းဖြစ်ပါသည်။

တမလွန်ဘ၀သို့ ကူးပြောင်းသွားလေသူ ဖခင်ကြီး၏ ကောင်းမွေကို တကာကလေး ရယူခံစံရသည့်အတိုင်း သေသူထံ ဘုန်းကြီးယုံကြည်၍ အပ်နှံထားခဲ့သည့် အနည်းငယ်မျှသော ငွေကလေးတတင်းကို သေသူ တကာကြီးက မှာကြားရစ်ခဲ့ပါလျှင်လည်း ယခု ပြန်ပေးစေလိုပါသည်-ဟု ခပ်တည်တည် တောင်းဆိုလေသည်။

ထိုစကားကိုကြားလျှင် သူဋ္ဌေးကလေး ဦးကောင်းဇန်က -အရှင်ဘုရား၊ ရဟန်းပင်ဖြစ်သော်ငြားလည်း အရှင်ဘုရား ယခုမိန့်ဆိုသည့်စကားကို တပည့်တော် မယုံကြည်နိုင်ပါ။ ဤအကြောင်းနှင့်စပ်လျဉ်း၍ တပည့်တော်၏ ဖခင်ကြီးကလည်း တခါမျှ မပြောမဆို မမှာမကြားခဲ့ဘူးပါ။ အရှင်ဘုရား၏ မျက်နှာတော်ကိုလည်း တကြိမ်တခါမှ မမြင်ဘူးပါ။ တပည့်တော်၏ ဖခင် ရှိစဉ်အခါကလည်း အရှင်ဘုရား ကြွရောက်လာသည်ကို မတွေ့ဘူးပါ။ အရှင်ဘုရား၏ စကားသည် ယုတ္တိယုတ္တာမရှိ၍ တပည့်တော် မပေးနိုင်ပါဟု လျှောက်ထားလေသည်။

ထိုအခါ ဘုန်းကြီး ငလက်တိုသည် အလွန်စိတ်ဆိုးဟန်ပြုလျက် တကာကလေး တကာကလေးသည် မိဘ၏ အမွေကိုတော့ ခံစားသည်။ မိဘတွင် တာဝန်ရှိသော ပစ္စည်းကိုကား မပေးလိုသလော။ ထိုငွေတတင်းကို အိမ်သို့ ရောက်အောင် ငါထမ်းပို့သည်မဟုတ်၊ တကာကြီး ဦးပြောင် ငါ့ကျောင်းသို့ ခဏခဏလာ၍ ဆရာရင်း တကာရင်း ဖြစ်ရုံမက ငွေကိုလည်း ရဟန်းတို့လက်ဝယ် ထားကောင်းသည်မဟုတ်သောကြောင့် ဟောသည်ကပ္ပိယ ကိုယ်တိုင် ထုတ်၍ပေးအပ်လိုက်ရသည်-ဟု ယုံကြည်လောက်အောင် ပြောလေသည်။

ထိုအခါ ကပ္ပိယက ကိုယ်တော်-ဒေါသရှေ့ထားပြီး စကားမဆိုပါနဲ့၊ စဉ်းစား၍ မိန့်တော်မူပါ၊ ရဟန်းတို့မည်သည် မုသားမဆိုစကောင်းပါ၊ သူတပါးပစ္စည်းကိုလည်း ပို၍ မယူကောင်းပါ၊ သူဋ္ဌေးဦးပြောင် ကျောင်းသို့လာစဉ်က တပည့်တော်ကိုယ်တိုင် ခြင်၍ပေးလိုက်သောငွေမှာ တတင်းအပြည့်မဟုတ်၊ နခမ်းအကွပ်အောက်တွင်သာ ရှိပါသည်။ တတင်းမပြည့်ပါဘဲလျက် တတင်းပြည့်သည်ဟု ပြောလျှင် ထိုငွေကလေး မဖြစ်စလောက်ဖြင့် ကိုယ်တော်အပေါ် အပြစ်ရောက်တတ်ပါသည်ဘုရား-ဟု မမှန်သည်ကို မလုပ်၊ မဟုတ်လျှင် မခံလိုသည့်ဟန်ဖြင့် ယုတ္တိတန်တန် ပြောလေသည်။

ဤတွင် သူဋ္ဌေးကလေး ဦးကောင်းဇန်လည်း ယုံကြည်လာကာ-အရှင်ဘုရား၊ အရှင်ဘုရားက ငွေတတင်းဟူ၍ အမိန့်ရှိသည်၊ အရှင်ဘုရား၏ ကပ္ပိယကမူ တတင်းမပြည့်၊ အကွပ်အောက်မျှသာရှိသည်ဟု ဆိုပါသည်၊ သို့ဖြစ်၍ တပည့်တော်၏ဖခင် သံသရာဝဋ်ကြွေး ကင်းစေအာင် အရှင်ဘုရားငွေကို အကွပ်အောက်မျှသာ ပေးနိုင်ပါမည်။ ကျေနပ်တော်မူပါ-ဟု လျှောက်ထားပြီး တင်းတောင်း အကွပ်အောက်မျှ အရေအတွက် ပမာဏရှိသော ငွေကို ထုတ်ပေးလိုက်လေသည်။

ဘုန်းကြီး ငလက်တိုနှင့် ကပ္ပိယ ငညိုလည်း စိတ်ထဲတွင်ကျိတ်၍ ၀မ်းသာလျက် ငွေအိတ်ကိုထမ်းကာ ဆင်းလာကြလေသည်။ ဤသို့ဖြင့် ငလက်တိုနှင့် ငညို တကျိတ်ထဲ-ဟူ၍ ယခုတိုင် ဆိုစမှတ်ပြုကြလေသည်။

ငလက်တိုနှင့် ငညိုတို့သည် တနေရာတွင် ငွေကို ခွဲဝေယူကြရန် စီစဉ်ရာ၌ ငလက်တိုက-ငါသည် ရောင်တလုံး အဆုံးခံပြီး စကားများစွာ ပြောဆိုရသူဖြစ်၍ ငါက ၃-ပုံ ၂-ပုံ ရထိုက်သည်ဟု ဆို၏။
ကပ္ပိယ ငညိုကလဲ-မင်းပြောသည်ကို ယုံကြည်၍ပေးသည် မဟုတ်ပါ၊ ငါပြောသည်ကိုသာ ယုံကြည်သဖြင့် ငါပြောသည့်အတိုင်း ရခဲ့သော ငွေများဖြစ်သည်။ ငါသာလျှင် ၃-ပုံ ၂-ပုံ ရထိုက်သည်ဟု ပြော၏။

ယင်းသို့ ငြင်းခုံကြရင်း ငွေအိတ်ကို ထမ်းပိုးရသောငညိုသည် အခင်းကြီး သွားလိုဟန်ဖြင့် တောတန်းကလေးသို့ ၀င်ကာ ကောက်ရိုးပုံတပုံတွင် ပုန်းနေလေသည်။ ငလက်တိုကလည်း အချိန်တန်၍ ငညို ပြန်မလာသဖြင့် မယုံသင်္ကာဖြစ်ကာ လိုက်လံရှာဖွေသော်လည်း မတွေ့ရသည်နှင့် အခြားသို့ပြေးစရာ လမ်းလည်းမမြင်၊ အမှန်ကောက်ရိုးပုံထဲတွင် ပုန်းအောင်းနေသည်ဖြစ်မည်-ဟု ဆင်ခြင်တွေးတောမိပြီး ခပ်လှမ်းလှမ်းရှိ တဲအိမ်တခုမှ ကျွဲခလောက်တခုကို ငှါးရမ်းလာလေသည်။

ထို့နောက် ကောက်ရိုးပုံသို့ ကျွဲဝင်ရောက်စားဟန်ဖြင့် ကျွဲခလောက်ကို လှုပ်ရမ်း၍ အသံပြုလေသော် ကောက်ရိုးပုံတွင်းမှ ငညိုလည်း တကယ့်ကျွဲထင်မှတ်ကာ နင်းမိမည်စိုး၍ ဟဲ့ကျွဲ-ဟဲ့ကျွဲ-ဟု အသံပေး မောင်းနှင်လေသည်။

ဤတွင်မှ ငလက်တိုက-ဟေ့ ငညို၊ လာခဲ့၊ ထွက်ခဲ့၊ ဟုခေါ်သဖြင့် ငညိုလည်း ကောက်ရိုးပုံထဲမှ ထွက်လာခဲ့ရလေသတည်း။

( နီတိ )
ဤအဖြစ်အပျက်ကို မူတည်၍-
လောကီလူသား၊ လူအများတွင်၊ လှည့်ဖျားလိမ်လည်၊ ဉာဏ်နီဉာဏ်နက်၊ ကျင့်ပျက်သသူ၊ လွန်ပေါထူ၍၊ တွေးယူတွက်ဆ၊ ပြောသမျှကို၊ မုချအမှန်၊ ဖြစ်လေတန်ဟု၊ ဧကန်မမှတ်၊ မယုံအပ်ပေ၊ ယုံမိချေက၊ ပျက်ကြွေဥစ္စာ၊ ဒုက္ခဖြာသည်၊ မကွာသတိ ရှိစေတည်း။

( တက္ကသိုလ် တင်အေး )


Read more...

HONOUR TO NEW BUDDHIST PRAYER ROOM-AIT


ချစ်ခင်လေးစားရပါသော ကမ္ဘာ့နေရာအသီးသီးရှိ AIT Alumni မောင်နှမများသို့

သည်နေ့-နေ့လည် Email ဖွင့်စစ်လိုက်တဲ့အချိန်မှာ ဖတ်လိုက်ရတဲ့သတင်း က ကျွန်မကို ကြက်သီးမွှေးညင်း ထလောက် အောင် ဝမ်းသာမှုကို ဖြစ်စေပါတော့တယ်..။
Asian Institute of Technology, Thailand ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ မချယ်ရီမျိုးလွင်ပေးပို့လိုက်တာပါ။ သူက Professor Tien ရဲ့ Mail ကိုလည်း forward လုပ်ထားပါသေးတယ်။
Dear Cherry Myo Lwin,
I'm pleased to inform you that the renovation of an allocated room in the SU building for the Buddhist Associations was completed. The room was cleaned up this morning and now it is ready for use. Please be informed that there are two sets of air-con in this room. One of them functions and the cover/frame of the other is being made in house (the old cover was damaged and is not available in the market any more, so our people have to make a new one in house. Thus it would take some time). In this connection we wish you, all Buddhist fellows and Associations all the best.
With best wishes,
Tien
ကျွန်မတို့အားလုံး ချစ်ခင်မြတ်နိုးရတဲ့ Asian Institute of Technology ,AIT မှာ ဗုဒ္ဓသာသာ ဘုရားဝတ်ပြုခန်း သည် တစ်ခြားသော ဘာသာရေးဝတ်ပြုခန်းများနှင့် ခွဲထွက် ပြီး သီးသန့် အဖြစ်ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။
ကျွန်မတို့ကျောင်းတက်စဉ် ကာလ က စီနီယာ များနှင့်ဆရာမကြီးဒေါ်မြင့်မြင့်သိန်းရဲ့ ကြိုးပမ်းမှုကြောင့် Student Union ကျောဘက်ခန်းမှာ သီးသန့် အခန်းနှင့် ဆရာမကြီးတို့မိသားစုလှူဒါန်းထားသော သပ္ပါယ်လှတဲ့ ဗုဒ္ဓ ရုပ်ပွားတော် တည်ရှိခါ ကျွန်မတို့အားလုံးရဲ့ နားခိုရာ၊ တရားစုပေါင်းအားထုတ်ရာ နေရာလေးဖြစ်ခဲ့ပါတယ်..။
ကျွန်မတို့ကျောင်းပြီးခါနီး လေးမှာအကြောင်းမညီညွတ်ခဲ့တော့ ထိုအခန်းကို ဖျက်သိမ်းပြီး ဘာသာလေးခု စုပေါင်း ဝတ်ပြုရမယ် ရယ်လို့ အစီအစဉ်ထူးကြောင့် အစည်းအဝေး အကြိမ်ကြိမ် တက်ခဲ့ ရတာ၊ အချေအတင် တွေ ညှိနှိုင်းခဲ့ရတာ၊ ပြောဆိုခဲ့ရတာတွေကို ကျွန်မမှတ်မိနေခဲ့ပါတယ်။အစည်းအဝေးတက်တိုင်း မြတ်ဗုဒ္ဓရဲ့ သုဂတော ဂုဏ်တော်ကို အမြဲရွတ်ဆိုခဲ့ရပါတယ်။
အခန်းကျယ်တစ်ခုအတွင်း စားပွဲတစ်လုံးသာ ထားမယ် ဘာသာလေးခုက အချိန်ညှိနှိုင်းပြီး ကိုယ့်အချိန်ရောက်မှ ကိုယ့်ဘာသာရေး ဆိုင်ရာ ရုပ်ထု စတာတွေကို စားပွဲပေါ်တင် ဝတ်ပြုကြပါ။ ပြီးရင် ဘီဒိုထဲပြန်သိမ်း ဆိုတဲ့ အကြံပြုချက်ဟာ တကယ်တော့မလွယ်လှပါဘူး။
Internationalization , Multi Culture Environment ဖြစ်တဲ့ ကျောင်းဟာ ယဉ်ကျေးမှုဖလှယ်ရတာ ပျော်စရာကောင်းပေမဲ့ ဘာသာရေးနဲ့ ပတ်သက်လာတဲ့အခါ ရောထွေးယှက်တင် ဖြစ်မှုဟာ သဒ္ဓါတရားမတက် စေဘဲ ကိလေသာတွေသာ ပွားစေနိုင်ခဲ့ပါတယ်။
ညှိနှိုင်းမှုတွေအကြိမ်ကြိမ် ပြုခဲ့တော့ အခန်းကျယ်အစား အခန်းကို လေးစိတ်စိတ် ခွင့် ရပါတော့တယ်။ လေးစိတ်မှာ အညီအမျှ စိတ်ပါ လို့ ဘယ်လို တောင်းဆိုဆို ဝတ်ပြုသူအရေအတွက်ကို ဓာတ်ပုံရိုက် ယူလာတာ-တကယ်လည်း တနေ့လေးကြိမ် တက်ညီလက်ညီ ဝတ်ပြုကြတာတွေ တွေ့နေရတော့ ကျွန်မတို့ ကျန်ဘာသာဝင် တွေဟာ မူဆလင်အဖွဲ့ ကို အခန်းရဲ့ သုံးပုံ တစ်ပုံပေးလိုက်ရပါတော့တယ်။
ကျန်တဲ့ သုံးပုံနှစ်ပုံကို ကျွန်မတို့ သုံးဘာသာ က အညီအမျှခွဲဝေ ယူလိုက်ရပါတော့တယ်။
သီးသန့် မရှိတဲ့ တံခါးပေါက်ပြဿနာတွေ…ကျွန်မတို့ဘုရားပန်းလဲတဲ့ Basin မှာမူဆလင် ဘာသာဝင်တွေ ခြေထောက်ခိုးဆေးကြတာတွေ မြင်တိုင်း ကျွန်မရန်ဖြစ်ခဲ့ဘူးပါတယ်။စာတမ်းတွေ လည်းချိတ် ၊ချိမ်းခြောက် မှုတွေ လုပ်ပေမဲ့သူတို့လစ်ရင်လစ်သလို ခိုးပြီးဆေးတော့တာပါပဲ..။
ကျွန်မတို့ ဝတ်ရွတ်ချိန်မှာ Low Voice လုပ်ပေးပါတောင်းဆိုတတ် ပါသေးတယ်..။ သူတို့ဘက်က ကြည့်တော့ လည်း မိန်းမ ဝင်ခွင့်မပေးတဲ့ နေရာကို ကျွန်မတို့ဖြတ်သွားဖြတ်လာ လုပ်တာတွေကို စိတ်ပျက်မှာပါပဲ။မူဆလင် ဘာသာ ဝင် အင်အားမှာ ပါကစ္စတန်၊အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ အီရန် လူမျိုးများစွာ ဝတ်ပြုကြပါတယ်။
ကျွန်မတို့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ က ထိုင်း၊လာအို၊ကမ္ဘောဒီးယား၊နီပေါ၊သီရိလင်္ကာ ကျောင်းသားများစွာ ရှိပေမဲ့ တကယ်တမ်း ဘုရားခန်းဝေယျာဝစ္စ ဆောင်ရွက်တာ၊ ထိန်းသိမ်းစောင့်ရှောက်တာ က မြန်မာ ကျောင်းသားများ သာ ဖြစ်နေခဲ့ပါတယ်။
ဒါကြောင့်သည် ဗုဒ္ဓဘာသာ အသင်း ရဲ့ အောင်မြင်မှုဟာ မြန်မာများရဲ့ အောင်မြင်မှု သာဖြစ်တယ်လို့ ဆိုနိုင် ပါတယ်။သည်လေးနှစ်အတွင်းမှာ အခက်အခဲ အမျိုးမျိုးတွေရင်ဆိုင်ကြရင်း စုစုစည်းစည်း ကြံ့ခိုင်စွာ ထိမ်းသိမ်း စောင့် ရှောက် ကြတဲ့သတင်းတွေကိုလည်းကြားသိနေရပါတယ်။
သည်လိုနဲ့လေးနှစ်တောင် ဖြတ်သန်းခဲ့ရတာနော်။ အခုသည်သတင်း ကိုကြားရတာ ကျွန်မတို့အား လုံးသိပ်ပျော်ကြမယ်လို့ ထင်ပါတယ်။
အခုဆိုရင် ဗုဒ္ဓဘာသာဘုရားခန်းနဲ့ အတူ ဗုဒ္ဓစာကြည့်တိုက် ကိုပါ ဖွင့်လှစ်ဆောင်ရွက်တော့မှာဖြစ်လို့ ကမ္ဘာ့နေရာအသီးသီးမှ AITians များ အမိမြေသို့အပြန် ဘန်ကောက်မှာ တစ်ထောက်နားလို့ ပါဝင် လက်တွဲ ကူညီသွားကြပါရန်လည်း သတင်းကောင်းပါး ပန်ကြားလိုက်ပါရစေ။
ဆရာတော်ဦးဇောတိက ဟောကြားတော်မူတဲ့ ( ငြိမ်းချမ်းခြင်း)တရားတော်မှာပါတဲ့ နေရာလေးနဲ့ တူတဲ့ ---AIT-- နွေမှာပိတောက်တွေအမြဲပွင့်တာ---မိုးမှာ ယုဇနခြံစည်းရိုးတန်းက ရနံ.သင်းနေတတ်တာ---
၁၂ရာသီ ကာလပတ်လုံး ဥသြ တွန်ကျူးသံတွေကြား နေရတာ---တစ်ပင်တည်းရှိပေမဲ့ လန်းလန်းစွင့်စွင့် ချွေချပေးတဲ့ ခရေပင်ကြီး တည်ရှိနေတာ---
အရောင်အသွေးစုံတဲ့ ငှက်ပေါင်းစုံ တို့ ပျံသန်းရာ---ငါးများလိပ်များဖွတ်များ ပျော်ရွှင်စွာ တွေ့နိုင်တဲ့ နေရာ--- ကြာညိုပန်းတို့ပွင့်လန်းရာ---
Tomorrow Asian Leaders are studying in AIT ဆိုတဲ့ ကျောင်းရဲ့ ဆောင်ပုဒ်အတိုင်း အာရှရဲ့ ဂုဏ်ကျက် သရေဆောင် အဖြစ်တည်ရှိနေတဲ့ ---ကျွန်မတို့အားလုံးရဲ့ AIT ပါ..။
သည်လို International Institute တစ်ခုမှာမြန်မာ- ဗုဒ္ဓဘာသာဝင်တွေရဲ့ အရည်အသွေးကိုပြသနိုင်တာ၊ အခက်အခဲတွေကိုစုပေါင်းကျော်လွှားကြတာတွေ အတွက် ဆရာမကြီးဒေါက်တာခင်နီနီသိန်း(Vice President-AIT)၊ ဆရာမဒေါ်နွဲ့နွဲ့ရည်၊ဝန်ထမ်းများ၊ ကျွန်မရဲ့ ဂျူနီယာမောင်၊ညီမ များ ကို ဤဆောင်းပါးနှင့် ချီးကျူးဂုဏ်ပြု လိုက်ပါရစေရှင့်။


Read more...

မင်္ဂလာအတွေးများ (၂)

“ပဏ္ဍိတာနဉ္စ သေ၀နာ၊ ဧတံမင်္ဂလ မုတ္တမံ။
ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည်
ကောင်းမြတ်သော မင်္ဂလာမည်၏။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ်နည်းယူလေ။”


တစ်ခါတုန်းက ဘောဇမင်းဆိုတာရှိခဲ့ဖူးပါတယ်။ သူ့ရဲ့အားကိုးရတဲ့ ပညာရှိအမတ်ကြီးကတော့ ကာလီဒါသ အမတ်ကြီးပါ။
တစ်နေ့မှာတော့ ဘောဇမင်းဟာ သူ့ရဲ့မင်္ဂလာဥယျာဉ်အတွင်းကို ဘာရယ်တော့မဟုတ်ပါဘူး၊ ထွက်ခဲ့ပါတယ်။ ပျင်းလို့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ဥယျာဉ်ထဲလျှောက်လည်ရင်း ပန်းရုံတစ်ခုရဲ့အနီးမှာ အပျိုတော်နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ စကားပြောနေတာ တွေ့လိုက်ပါတယ်။
အပျိုတော်နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ ပြောနေတာကို မြင်ရတော့ ဘောဇမင်းက သူတို့ဘာတွေပြောနေတယ်ဆိုတာ သိချင်စိတ် ဖြစ်သွားတယ်တဲ့။ ဒီတော့ ဘောဇမင်းလည်း အပျိုတော်နှစ်ယောက်ရဲ့အနီးကို ကပ်သွားလိုက်ပါတယ်။ ဒါပေမယ့် ဘောဇမင်း အပျိုတော်နှစ်ယောက် အနားရောက်ခါနီးမှာပဲ အပျိုတော်နှစ်ယောက်ဆီက ‘လူမိုက်လာပြီ’ ဆိုတဲ့ အသံတစ်ခုထွက်လာပါတယ်။ ဘောဇမင်းလည်း ရှေ့ဆက် မသွားရဲတော့ဘဲ ရောက်နေတဲ့နေရာကပဲ လှည့်ပြန်ခဲ့ရပါတယ်။
အပျိုတော်နှစ်ယောက်ပြောလိုက်တဲ့ ‘လူမိုက်လာပြီ’ ဆိုတဲ့ စကားဟာ ဘောဇမင်းရဲ့နားထဲက လုံးဝ မထွက်တော့ပါဘူး။
‘ဒီအပျိုတော်တွေဟာ ငါ့ရဲ့မောင်းမမိဿံ တွေပဲ။ ငါကဲ့သို့ မင်း လာတာတောင် လူမိုက်လာပြီလို့ ပြောလိုက်တာ အကြောင်းမဲ့တော့ မဟုတ်လောက်ဘူး။ စင်စစ် ငါ့ကို လူမိုက်လို့ပြောရလောက်အောင် အကြောင်းတစ်ခုခုတော့ ရှိရမယ်။ သူတို့ကိုပြန်မေးဖို့ကျပြန်တော့လည်း မသင့်ပြန်ဘူး။ အင်း..ဘယ်လိုလုပ်ရပါ့’
ဘောဇမင်းက နန်းတော်ပြန်ရောက်တော့ ပြဿနာရဲ့အဖြေကို ကိုယ်တိုင်စဉ်းစားပါတယ်။ အပြန်ပြန်အလှန်လှန်နဲ့ အကြိမ်ကြိမ် စဉ်းစားပါတယ်။ ဒါပေမယ့် အဖြေက ထွက်မလာပါဘူး။ ကိုယ်တိုင်စဉ်းစားခြင်းဟာ အဖြေတစ်ခုတော့ ရတတ်မြဲဆိုတဲ့အတိုင်း ဘောဇမင်းအတွက် အကျိုးမဲ့ အချိန်ကုန်မှုမျိုးတော့ ဖြစ်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စဉ်းစားရင်းနဲ့ ကိုယ်တိုင်အဖြေမရှာတတ်ပေမယ့် ဘယ်သူ့ဆီက အဖြေ ရနိုင်တယ်ဆိုတာ စဉ်းစားရင်း သိလိုက်လို့ပါပဲ။
ဘောဇမင်းဟာ နောက်တစ်နေ့ ညီလာခံသဘင်မှာ ဘယ်သူမှ မရောက်ခင် သူကဦးအောင် ရောက်နေလိုက်ပါတယ်။
ညီလာခံသဘင်ထဲကို မှူးမတ်တွေဝင်လာတိုင်း ၀င်လာတိုင်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ချည်း ဆီးဆီးပြောနေပါတော့တယ်။ မှူးမတ်တွေလည်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ ဆီးဆီးပြောနေတော့ ငါတို့ ဘာအပြစ်တွေများ လုပ်ထားမိပါလိမ့်ဆိုပြီး အယောင်ယောင် အမှားမှားနဲ့ လန့်ဖြန့်ပြီး ကိုယ့်နေရာကိုယ် အမြန်ထိုင်လိုက်ကြပါတယ်။
မကြာခင်မှာဘဲ ကာလီဒါသအမတ်ကြီး ၀င်လာပါတယ်။ ဘောဇမင်းကလည်း ရှေ့မှူးမတ်တွေ ပြောခဲ့တဲ့အတိုင်း ဆီးပြောလိုက်ပါတယ်။
“လူမိုက်ကြီးလာပြီ”
ကာလီဒါသအမတ်ကြီးဟာ ဘောဇမင်းရဲ့ စကားသံ ကြားလိုက်ပေမယ့် ဣနြေ္ဒမပျက် မတ်တပ်ရပ်ရင်းပဲ ပြန်လျှောက်လိုက်ပါတယ်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးကို ဘာဖြစ်လို့ လူမိုက်လို့ ခေါ်ရတာလည်း၊ ကျွန်တော်မျိုးဟာ လူနှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်နေတဲ့ နေရာကို သုံးယောက်ဖြစ်အောင် အလိုက်ကန်းဆိုးမသိ မသွားခဲ့ဖူးပါဘူး”
ကာလီဒါသ ပညာရှိအမတ်ကြီးရဲ့ စကားကြားလိုက်တော့မှ ဘောဇမင်းလည်း ‘သြော်…ငါက တိုးတိုးတိတ်တိတ်နဲ့ လူနှစ်ယောက် တိုင်ပင်နေတဲ့နေရာကို သွားခဲ့မိတာကိုး’လို့ တွေးပြီးအဖြေကို သဘောပေါက်သွားပါတော့တယ်။
မင်္ဂလာ၊ (နောင်ရိုးဦးတိုးမြင့်၊ ရေနံချောင်းမြို့)

ဒီပုံဝတ္ထုလေး ထုတ်ပြလိုက်ရတာကတော့ လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ကို သိစေချင်လို့ မဟုတ်ပါဘူး။ ‘လူမိုက်’ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဖော်ပေးနိုင်တဲ့ ပညာရှိတစ်ယောက်ရဲ့ တန်ဘိုးကိုသိစေချင်လို့ပါ။
လောကမှာ ကိုယ်သိပ်သိချင်နေတဲ့ အဖြေတစ်ခုကို သိခွင့်ရလိုက်တာဟာ ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုပါ။ ဘောဇမင်းလည်း ကာလီဒါသ ပညာရှိအမတ်ကြီးကို အမှီပြုပြီး သိခွင့်ရလိုက်တဲ့ အဖြေဟာ ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုလို့ ခံစားလိုက်ရမှာတော့ အသေအချာပါ။
ပညာရှိကို မှီဝဲဆည်းကပ်ပါတဲ့။
ပညာရှိဆိုတာ ဘာလဲ?
လူမိုက်လက္ခဏာကို ပြောင်းပြန်လှန်လိုက်ရုံပါပဲ။ မြတ်စွာဘုရားက ပညာရှိဆိုတာကို ဒီလိုဖွင့်ပြထားပါတယ်။
၁။ ကောင်းတာတွေးနေတဲ့သူ။
၂။ ကောင်းတာပြောနေတဲ့သူ။
၃။ ကောင်းတာလုပ်နေတဲ့သူ။
အများကြားဖူးနေတဲ့ ပါဠိစကားနဲ့ ပြောရရင်တော့ ကာယကံ၊ ၀စီကံ၊ မနောကံကို သတိကပ်ပြီး ထိန်းသိမ်းနေတဲ့သူပါ။
အဲဒီလို လက္ခဏာသုံးပါးနဲ့ ပြည့်စုံနေတဲ့ ပညာရှိကို မှီဝဲ ဆည်းကပ်နေခြင်းဟာ ကိုယ့်အတွက် မင်္ဂလာတစ်ပါး ရှိနေတာပါပဲတဲ့။
ပညာရှိဆိုတဲ့နေရာမှာ အပြင်ပညာရှိနဲ့ အတွင်းပညာရှိဆိုပြီး နှစ်ယောက်ရှိပါတယ်။ အပြင်ပညာရှိဆိုတာကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ မဆက်စပ်တဲ့ ကာလီဒါသလို ပညာရှိမျိုးပါ။ အတွင်းပညာရှိဆိုတာကတော့ ပြင်ပမှာမရှိပါဘူး။ ကိုယ့်သန္တာန်မှာပဲရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ကောင်းတာလေးတွေတွေး၊ ကောင်းတာလေးတွေပြော၊ ကောင်းတာလေးတွေ လုပ်နေမယ်ဆိုရင် ကိုယ်ကိုယ်တိုင် ပညာရှိဖြစ်နေပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင် ပညာရှိလက္ခဏာနဲ့ ညီအောင်နေနေလိုက်ခြင်းဟာ အတွင်းပညာရှိကို မှီဝဲဆည်းကပ်နေတာပါပဲ။
အပြင်ပညာရှိဆိုတာ ကိုယ်နဲ့ အစဉ်သဖြင့် အတူတကွ ရှိမနေနိုင်ပါဘူး။ အတွင်းပညာရှိကတော့ ကိုယ်နဲ့အစဉ်သဖြင့် အတူတကွ ရှိနေနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ပညာရှိဖြစ်အောင် တည်ဆောက်လိုက်တာက ပိုပြီးအာမခံချက်ရစေပါတယ်။
လောလောဆယ် ကိုယ့်သန္တာန်မှာ ပညာရှိလက္ခဏာ မရှိသေးရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ ပုထုဇဉ်တွေဆိုတော့ လူမိုက်လက္ခဏာတွေ အခါအခွင့်သင့်တိုင်း ဖြစ်နေမှာပါ။ စိတ်မပျက်ပါနဲ့။ ပညာရှိဖြစ်ဖို့အတွက် တစ်ခုပဲလိုပါတယ်။ အဲဒါကတော့ ‘သတိ’ပါပဲ။
ပုထုဇဉ်ပီပီမကောင်းတာ တွေးမိပြီဆိုပါတော့။
အဲဒီမကောင်းတာတွေးနေတဲ့ စိတ်ကလေးကို သတိကပ်ပြီး သိလိုက်ဖို့ပါ။ သိလိုက်တာနဲ့ မကောင်းတာတွေးနေတဲ့ စိတ်ကလေးကို ‘မကောင်းတာတွေးနေတဲ့ စိတ်ကလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေး တွေးနေတာလဲ’စသည်ဖြင့် ဖြစ်နေတဲ့စိတ်ရဲ့ သဘောလေးအထိ မိအောင် အာရုံညွတ်ပြီး “တွေးတယ်၊ တွေးတယ်”လို့ အချက်နှစ်ဆယ်လောက် မှတ်ပစ်လိုက်ပါ။
အစမှာတော့ နည်းနည်းခက်ချင်ခက်မယ်။ မှတ်ပါများလာရင်တော့ လွယ်သွားပါလိမ့်မယ်။ အဲဒီလို မှတ်ပါများလာရင် အကုသိုလ် တွေးကြောတွေ တိုတိုသွားပါလိမ့်မယ်။ တိုရာကနေလျော့၊ လျော့ရာကနေပျောက်ပြီး ပညာရှိလက္ခဏာတွေ ဆင့်ကာဆင့်ကာ ၀င်လာပါလိမ့်မယ်။
ဒီလိုပါပဲ မကောင်းတာတွေ ပြောမိလုပ်မိရင်လည်း ပြောမိ၊ လုပ်မိတာနဲ့ သိလိုက်ပြီး “ပြောတယ်၊ ပြောတယ်” “လုပ်တယ်၊ လုပ်တယ်”လို့ မှတ်ပစ်လိုက်ဖို့ပါ။
ပညာရှိလက္ခဏာ လပိုင်း နှစ်ပိုင်းမပြောနဲ့ နာရီပိုင်း မိနစ်ပိုင်းလေး ၀င်လိုက်တယ်ဆိုရင်ပဲ ကိုယ့်အတွက် ဘယ်လောက်ငြိမ်းချမ်းမှု ရလိုက်တယ်ဆိုတာ ပညာရှိလက္ခဏာဝင်ဖူးသူတိုင်း သိကြပါတယ်။ ပညာရှိလက္ခဏာ ၀င်တဲ့နေ့ဟာ ကိုယ့်အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါပဲ။



Read more...

နန္ဒသည် ဤသို့ မေးလျှောက်၏...

နန္ဒမာဏဝပုစ္ဆာ...

နန္ဒသည် ဤသို့ မေးလျှောက်၏...
လောက၌ (မုနိ) အမည်ခံ အာဇီဝကစသည်တို့ ရှိကုန်၏ဟု လူတို့ ပြောဆိုကုန်၏၊ ထိုစကားကို အဘယ့်ကြောင့် ဆိုကုန်သနည်း၊ သမာပတ်ဉာဏ်စသည်နှင့် ပြည့်စုံသော သူကို မုနိဟု ဆိုကုန်ပါသလော၊ သို့မဟုတ် ခေါင်းပါးသော အသက်မွေးမှုနှင့် ပြည့်စုံသော သူကို မုနိဟု ဆိုကုန်ပါသလော။ 1-1084

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ ဤသာသနာတော်ဝယ် ခန္ဓာစသည်၌ လိမ္မာသူတို့သည် အမြင် စင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြား စင်ကြယ်မှုဖြင့် မုနိဟူ၍ မဆိုကုန်၊ သမာပတ်စသော ဉာဏ်ဖြင့် မုနိဟူ၍ မဆိုကုန်၊ အကြင်သူတို့သည် ကိလေသာ စသော မာရ်စစ်သည် ကင်းအောင် ပြုပြီး၍ ဆင်းရဲ မရှိကြကုန်၊ ကပ်ငြိတွယ်တာမှု 'အာသာ' မရှိကြကုန်ဘဲ ကျင့်ကြံကုန်၏၊ ထိုသူတို့ကို မုနိဟူ၍ ဆို၏။ 2-1085

နန္ဒသည် ဤသို့ မေးလျှောက်၏...
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသမဏဗြာဟ္မဏ အားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ ဟု ဆိုကုန်၏၊ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ်၏ဟူ၍ ဆိုကုန်၏၊ များသော အပြားရှိသော ကောတု ဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ထိုသမဏဗြာဟ္မဏ အားလုံးတို့သည် ထိုမိမိ အယူ၌ စောင့်စည်း နေထိုင်ကြ ကုန်သည်ရှိသော် ပဋိသန္ဓေနေမှု အိုမှုကို လွန်မြောက်နိုင်ပါကုန်သလော၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ 3-1086

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ ဤသမဏဗြာဟ္မဏ အားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ် ၏ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလမင်္ဂလာဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် မိမိအယူ၌ ယူ၍ စောင့်စည်းနေထိုင်ကြစေကာမူ ထိုသမဏ ဗြာဟ္မဏတို့သည် ပဋိသန္ဓေနေမှု အိုမှုကို မကူးမြောက်နိုင်ကြကုန်ဟု ငါ ဆို၏။ 4-1087

နန္ဒသည် ဤသို့ မေးလျှောက်၏...
မြတ်စွာဘုရား ဤသမဏဗြာဟ္မဏအားလုံးတို့သည် မြင်မှု ကြားမှုဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ စောင့်ထိန်း မှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့်လည်း စင်ကြယ်၏ ဟူ၍ ဆိုကြကုန်၏၊ များသော အပြားရှိသော ကောတုဟလ မင်္ဂလာ ဖြင့်လည်း စင်ကြယ်၏ဟု ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့ကို သံသရာ အယဉ် 'သြဃ'မှ မကူး မြောက်နိုင်ကြသူတို့ဟု အကယ်၍ ဟောတော် မူခဲ့မူ မြတ်စွာဘုရား နတ်လောက လူ့လောက၌ အဘယ်သူသည် ပဋိသန္ဓေ နေမှု အိုမှုကို ကူးမြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက် ပါ၏၊ အကျွန်ုပ်အား ထိုအကြောင်းကို ဟောတော်မူပါလော့။ 5-1088

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
နန္ဒ သမဏဗြာဟ္မဏအားလုံးတို့ကို ပဋိသန္ဓေနေမှု အိုမှုသည် ပိတ်ဖုံး အပ်ကုန် ၏ဟူ၍ ငါမဆို၊ ဤလောက၌ အကြင် သူတို့သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ ဟူသော အယူ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့် စင်ကြယ်၏ဟူသော အယူ အားလုံးကို ပယ်စွန့်၍ များသောအပြားရှိသော ကောတုဟလမင်္ဂလာ အားလုံး ကိုလည်း ပယ်စွန့်နိုင်၍ တပ်မက်မှု 'တဏှာ' ကို ပိုင်းခြားသိလျက် အာသဝေါ ကင်းကုန်၏၊ ထိုသူတို့ကို သံသရာအယဉ် 'သြဃ' မှ လွန်မြောက်ကုန်ပြီဟု ငါဆို၏။ 6-1089

နန္ဒသည် ဤသို့ လျှောက်၏...
ဂေါတမနွယ်ဖွား မြတ်စွာဘုရား မြတ်စွာဘုရား၏ ကောင်းစွာ ဟောကြားတော် မူအပ်သော ကံကိလေသာ စသော ဥပဓိကို ပယ်တတ်သည့် ထိုစကားကို အကျွန်ုပ် နှစ်သက်ပါ၏၊ ဤလောက၌ အကြင်သူတို့သည် မြင်ရသော ရူပါရုံ ကြား ရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံဖြင့် စင်ကြယ်၏ဟူသော အယူ စောင့်ထိန်းမှု 'သီလ' ဆောက်တည်မှု 'ဝတ' ဖြင့် စင်ကြယ်၏ဟူသော အယူ အားလုံးကို ပယ်စွန့်၍ များသော အပြားရှိသော ကောတုဟလ မင်္ဂလာ အားလုံးကိုလည်း ပယ်စွန့်နိုင်၍ တပ်မက်မှု 'တဏှာ' ကို ပိုင်းခြားသိလျက် အာသဝေါ ကင်းကုန်၏၊ ထိုသူတို့ကို သံသရာ အယဉ် 'သြဃ' မှ လွန်မြောက် ကုန်ပြီဟု အကျွန်ုပ်လည်း ဆို၏။ (၇)

၇ - နန္ဒမာဏဝပုစ္ဆာ၊ ပါရာယန၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။

ကောတူ(တု)ဟလမင်္ဂလာ= အုတ်အုတ်ကျက်ကျက်ဖြစ်သောမင်္ဂလာ

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဗုဒ္ဓဘာသာဟူသည်...၂ (တည်တောဆရာတော်)

တည်တောဆရာတော်၏ ဗုဒ္ဓဘာသာဟူသည်... ဒုတိယပိုင်း...


























ပထမပိုင်းသို့--->


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP