* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, May 27, 2009

Happy Everyday ပါဘုရား...!

(ဘုန်းဘုန်း ဦးတိက္ခဉာဏလင်္ကာရ (ယောဆရာတော်ဘုရား) ရဲ့  (၃၁) နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ရေးသားပူဇော်ပါသည်။)

လောကကြီးထဲကို လူသားတစ်ယောက် မိခင်ရဲ့ ဝမ်းကြာတိုက်ကနေ ရောက်ရှိလာတဲ့နေ့ ကို မွေးနေ့  (Birthday) ရယ်လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ နှစ်စဉ် အဲဒီနေ့ ရက်ကို ပြန်ရောက်တိုင်း ရောက်တိုင်းလည်း ဘယ်နှစ်နှစ်မြောက် မွေးနေ့ ရယ်လို့ လည်း သတ်မှတ်တတ်ကြပြန်ပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ မတူညီကြပေမယ့်လို့  မိမိတို့ အနေအထားအလျှောက် အခြေအနေ ပေးသလောက် မွေးနေ့ အမှတ်တရ အဖြစ် အဲဒီနေ့ မှာ သတ်သတ်မှတ်မှတ်လေး တစ်ခုခုတော့ လုပ်တတ် ကြပါတယ်။ တချို့ က မွေးနေ့ ကိတ်လှီးမယ်၊ တချို့ က ဘုရားသွားမယ်၊ အလှူဒါန လုပ်မယ်။ တချို့ က ကိုယ့်ဖာသာကိုယ်ဘဲ အမှတ်တရ တစ်ခုခုလုပ်ကြမယ်။ စသည်ဖြင့်ပေါ့...။

ဒါပေမယ့် လူတွေအားလုံးတူညီနိုင်တဲ့အချက်ကတော့ မွေးနေ့  မှာ တတ်နိုင်သလောက် တစ်နေ့ လုံး ကောင်းတဲ့အာရုံတွေနှင့် ဖြစ်နေအောင်၊ မင်္ဂလာရှိအောင်၊ ပျော်ရွှင်စရာကောင်းတဲ့နေ့ လေး တစ်နေ့ ဖြစ်အောင် လုပ်တတ်ကြတာပါဘဲ။

တခြားသူတွေတော့မပြောတတ်ပါဘူး။ ကျွန်တော်ငယ်ငယ် ကလေးဘဝတုန်းကတော့ မွေးနေ့ ကိုရောက်ပြီဆိုရင် မနက်စောစောထ၊ မြတ်စွာဘုရားကို ဆွမ်းတော်ကပ်၊ သောက်တော်ရေကပ်၊ ပြီးတော့ သီလယူ၊ မေတ္တာပို့ ၊ တရားနှလုံးသွင်း စတာတွေလုပ်၊ ပြီးတော့ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်း၊ ပြီးတာနှင့် သူငယ်ချင်းတွေကို ခေါ်ပြီးကျွေး၊ နောက်ပြီးတော့ တစ်နေရာရာကို လျှောက်လည် စသည်ဖြင့် အဲဒီနေ့ လေးကို ထူးထူးခြားခြား ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေနှင့် ပြည့်နေအောင် ကြိုးစားနေထိုင်ပါတယ်။ အဲဒီမွေးနေ့ ပြီးနောက်ရက်တွေကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာ ပါဘဲ။

အခုအသက်ကြီးလာတဲ့အချိန်ရောက်တော့လည်းဘဲ မွေးနေ့ ရောက်ပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကို တခြားနေ့ တွေကထက်စာ ပိုသတိထားလုပ်ရင်း မိမိစိတ်ကိုလည်း ကောင်းတဲ့အာရုံတွေမှာ ပိုပြီး ဂရုစိုက်ထားရင်း အကုသိုလ်ဖြစ်စရာတွေကို တတ်နိုင်သလောက်ရှောင်ရင်း အဲဒီတစ်နေ့ စာကို စိတ်ချမ်းသာအောင် နေထိုင်းရင်း ဖြတ်သန်းတတ်ပါတယ်။ အဲဒီနေ့ ပြီးလို့  နောက်ရက်တွေမှာတော့ ကောင်းဆိုးအာရုံတွေကြားထဲမှာ စိတ်ညစ်လိုက်၊ ပျော်လိုက်နှင့် ဒုံရင်းဘဝကို ပြန်ရောက်သွားတတ်ပါတယ်။

ကျွန်တော် ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူက “မွေးနေ့ မှာ Happy Birthday ပျော်ရွှင်စရာ မွေးနေ့ လို့ ပြောကြတယ်။ ပျော်လည်း ပျော်ကြတယ်။ နေ့ တိုင်း အဲဒီလိုပျော်လို့  မဖြစ်ဘူးလား။” လို့  တွေးစရာလေး ရေးထားပါတယ်။ ကျွန်တော်တို့ တွေ ကိုယ့်မွေးနေ့ မှာ ထူးထူးခြားခြား ကုသိုလ်ကောင်းမှုတွေလုပ်၊ စိတ်ချမ်းသာစရာတွေလုပ်သလို နေ့ တိုင်း နေ့ တိုင်း ဒီလိုမျိုး လုပ်လို့ ၊ နေထိုင်လို့  မဖြစ်နိုင်ဘူးလားလို့  ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပါတယ်။

နောက်ပြီးတော့ရှိပါသေးတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် ဆုတောင်းပေးကြတဲ့အခါမှာ “အသက် ၁၂၀ ရှည်ပါစေ” ဆိုတာလေး ပြောလေ့ပြောထရှိကြပါတယ်။ ကျွန်တော်တို့ တွေကိုယ်တိုင်လည်း အသက်တစ်ရာတမ်းမှာ သက်တမ်းစေ့နေချင်ကြတဲ့ စိတ်ကူးလေးတော့ ရှိတတ်ကြပါတယ်။

ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့ ရတတ်တဲ့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေကို တစေ့တစောင်း လေ့လာမိဖူးပါတယ်။ တချို့ လူကြီးတွေကတော့ သေဆုံးတဲ့အချိန်အထိ စီးပွားရေး၊ ကြီးပွားရေးတွေနှင့်ဘဲ အချိန်ကို ကုန်ဆုံးကြပါတယ်။ တချို့ တွေကတော့ အိပ်၊ စား၊ ပျော်ပါးပြီးဘဲ သေချိန်ရောက်ခဲ့ကြ ပါတယ်။ တချို့ တွေကျတော့ ကျန်းမာရေးမကောင်းတော့လို့  နာတာရှည်ရောဂါသည် ဘဝနှင့် အိပ်ယာထဲမှာဘဲ အချိန်ကုန်လွန် သွားကြပါတယ်။ တချို့ ကျတော့ သူငယ်ပြန်သလိုမျိုးတွေဖြစ်ပြီး မေ့မေ့လျော့လျော့နှင့် သက်တမ်းကုန်ကြပြန် ပါတယ်။ ရှားရှားပါးပါး တချို့ တလေသာ သတိကောင်းကောင်းနှင့် မိမိအကျိုး အများအကျိုးရှိတဲ့ ကိစ္စတွေကို လုပ်ရင်း သက်တမ်းကုန်လို့ သေကြရပါတယ်။

တကယ်လို့ များ ကျွန်တော်တို့ တွေ သက်တမ်းစေ့နေထိုင်နိုင်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမှာလဲ။ ဘယ်လို နေ့ စဉ်ဘဝကို ဖြတ်သန်းကြမှာလဲ။ ဒီနေရာမှာ အရေအတွက် (Quantity) နှင့် အရည်အချင်း (Quality) ကို ထည့်သွင်းစဉ်းစားရမယ့် အပိုင်းလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ဗုဒ္ဓအလိုကျ ဘယ်လို နေထိုင်ရင်ကောင်းမလဲလို့ တွေးမိပြီး စာပေထဲမှာ ကျွန်တော်ရှာတော့ ဂါထာ သုံးပုဒ်ကို သတိထားမိပါတယ်။

၁။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။


၂။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။


၃။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။

ဒီတရားဂါထာတော် သုံးပိုဒ်ကတော့ မြတ်စွာဘုရားရှင်က ကျွန်တော်တို့ ကိုဖြစ်စေချင်တဲ့၊ ဗုဒ္ဓအလိုကျ ကျွန်တော်တို့ တွေ အသက်ရှင်နေရမယ့် ရက်တွေကိုအသုံးချဖို့  ဆုံးမထားတာလေးဖြစ်ပါတယ်။

ကျွန်တော် ကိုယ့်ကိုယ်ကို ထပ်ကွန့် ပြီးစဉ်းစားမိတာ၊ မေးခွန်းမေးမိတာ တစ်ခုက တကယ်လို့ များ မနေရလို့  အခုနေ (ဒါမှမဟုတ်) နောက် ၂၄ နာရီအတွင်းများ သေရတော့မယ်ဆိုပါရင် အဲဒီအဆုံးအမ (၃) ပိုဒ်ထဲက ဘယ်တစ်ခုခုကိုများ လိုက်နာကျင့်ကြံအားထုတ်ဖြစ်ခဲ့ပြီလဲလို့ ပါခင်ဗျား။

ဘုန်းဘုန်း မွေးနေ့ အတွက် အမှတ်တရဖြစ်အောင် တစ်ခုခု ရေးမယ်လို့ စိတ်ကူးရင်း ခေါင်းထဲပေါ်လာတာ လေးတွေကို ချရေးလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း၊ ခင်မင်ရတဲ့ ဓမ္မမောင်နှမတွေကိုလည်း တွေးစရာလေးတွေပေးရင်းပေါ့ခင်ဗျား။

(ဒီဆောင်းပါးလေးနှင့်ဘဲ ဘုန်းဘုန်းမွေးနေ့ အတွက် တပည့်တော် ဓမ္မပူဇာအနေဖြင့် ပူဇော်ဂါရ၀ပြုပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါဘုရား။ ဘုန်းဘုန်းရေ…Happy Everyday! ပါ။)




ရိုသေစွာရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ




Read more...

*နိဒါန်းမရှိသော နိဂုံးဆီသို့*

အရှင်တိက္ခဉာဏာလင်္ကာရ


ပထမဆုံး မေ-၂၇ ရက်နေ့မှာ ကျရောက်မယ့် ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ (ယော ဆရာတော်)ရဲ့ ၃၁-နှစ်ပြည့် မွေးနေ့ မင်္ဂလာ အတွက် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေနဲ့ ခံစား ရေးဖွဲ့ ပူဇော်မိတဲ့ ကဗျာလေးက… “နိဒါန်းမရှိသော နိဂုံးဆီသို့”၊ တစ်နည်းအားဖြင့် “အစမရှိသော အဆုံး ဆီသို့” ပေါ့။ ကဲ… ဖတ်ရှုဆင်ခြင် ဉာဏ်သက်ဝင် ကြည့်ရအောင်…။

*နိဒါန်းမရှိသော နိဂုံးဆီသို့*

ငွေစက်ငွေပေါက်၊ ငွေရည်သောက်လို့
မိုးပေါက်ကြွေကျ၊ နယုန်လမှာ
လောကကမ္ဘာ၊ ဤမြေရွာကို
ချစ်မေတ္တာလွှမ်း၊ ချစ်သဒ္ဓါဆမ်း၍
ချစ်ပန်းကိုပျိုး၊ ချစ်စိုးမိုးလေ
စိုးပါစေဟု၊ ရည်ရွယ်ပြုလျက်
“ချစ်စိုး” ဟုတွင်၊ ငါသည်ပင်လျှင်
မွေးမိခင်၏၊ ရွှေရင်မှဖွား
လူ့ပြည်လားပြီ
ဤသို့နိဒါန်း ချီခဲ့သည်။

ဤနိဒါန်းဖြင့်၊ သက်တမ်းမြင့်၍
ဆယ်ဆင့်ကျော်သော်၊ ငါလူမော်သည်
တော်တော်တန်တန်၊ လူသာမန်တို့
ရံဖန်ရကြ၊ မြင့်မြတ်လှသော
သာသနာ့နွယ်ဝင်၊ ကိုရင်ဘဝ
“တိက္ခဉာဏ”၊ ဘွဲ့တော်ခလျက်
ဘုရာ့ရှင်ချစ်၊ သားစင်စစ်သို့
ဖြစ်ဖြစ်မြောက်မြောက်၊
ဆိုက်ရောက်ခဲ့ပြီ၊ ဆိုက်ရောက်ပြီတည့်။

ထိုဘ၀ဖြင့်၊ အနေရင့်၍
နေမြင့်ဖန်များ၊ နေဖန်များသော်
ချိန်ကားကုန်ပြန်၊ ရဟန်းခံသည်
ငါသည် ဤသို့ စာကိုယ်စီ။

အေးချမ်းသပ်ရပ်၊ ရဟန်းဝတ်ဖြင့်
မချွတ်ဝိနည်း၊ ထိန်းစောင့်စည်းရင်း
စာပေကျမ်းဂန်၊ လေ့လာအံရင်း
သာသနာ့တာဝန်၊ ထမ်းကျေပွန်ရင်း
ချိန်လွန်ကုန်ခမ်း၊ စာကိုယ်လမ်းကို
လျှောက်လှမ်းညီညီ၊ လှမ်းခဲ့သည်မှာ
ဒီနေ့ဒီခါ၊ ဒီချိန်ခါဝယ်
သုံးဆယ်လွန်မြောက်၊
သုံးဆယ့်တစ်သို့ ရောက်ချေပြီ။

လှပမြင့်မြတ်၊ ဤနေ့ရက်ဝယ်
အတွေးကြွယ်ပွား၊ ငါစဉ်းစားမိ
စဉ်စားကြည့်သော်၊
သက်ရှိငါသည်၊ နိဒါန်းကိုချီ
စာကိုယ်စီလျက်၊ မညီလမ်းထက်
လမ်းလျှောက်ထွက်၍၊ ခရီးဆက်ခါ
လှမ်းနေပါသည်၊
ထိုသို့လှမ်းရင်း၊ ဖြတ်သန်းရင်းပင်
တစ်ချိန် နိဂုံးဆုံးချေမည်။

ထပ်လောင်းစဉ်းစား၊ အတွေးပွားသော်
ထိုနိဂုံး၏၊ အဆုံးသတ်မျဉ်း
ဖြောင့်ဖြောင့်စင်းအောင်၊ စွမ်းဆောင်နိုင်သူ
ကျင့်နိုင်သူမှာ၊ ငါကိုယ်တိုင်သာ
ဖြစ်တည်ပါ၍၊ ပျက်စီးခန္ဓာ
စဉ်အလာကို၊ ကောင်းစွာနှလုံး
ငါမွေ့ထုံးလျက်၊ မပျက်သုဉ်းခင်
အဆုံးဖြစ်ပျက်၊ မြင်တွေ့အပ်အောင်
ကျင့်ဆောင်ပွားများ၊ ငါကြိုးစားမည်
အစနိဒါန်း ဆုံးဖို့ရည်။
အဆုံးနိဂုံး လှစေမည်။ ။

27.05.2009 -ရက်နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ၏ ၃၁-နှစ်မြောက် မွေးနေ့ မင်္ဂလာအတွက် စပ်ဆို သီကုံး ပူဇော်ပါသည်။ ဘုန်းဘုန်း ကျန်းမာစွာဖြင့် သာသနာ့ တာဝန်တွေ စိတ်ရှိသ၍ ဆောင်ရွက်နိုင်ပါစေ ဘုရား။

လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

Read more...

အရှင်တိက္ခဉာဏာလင်္ကာရ (သို့မဟုတ်) ထွန်းတောက်သောအလင်းနိမိတ်

-သာသနာ့ အာဇာနည်တစ်ဦး
မမြင်ဘူး၊ မတွေ့ဘူး၊ မဖူးမျှော်ဘူးခဲ့ပါ---။

-ဤအရှင်မြတ်ရဲ့စေတနာ…ဒါပေမဲ့မြင်သာနေတယ်။
-ဤအရှင်မြတ်ရဲ့ မေတ္တာ…..ဒါပေမဲ့သိသာနေတယ်..။
-ဤအရှင်မြတ်၏စရဏ……ဒါပေမဲ့- မှန်းဆကြည်ညိုနေမိတယ်။
-ဤအရှင်မြတ်၏ ခံယူချက်(ရိုးသာမှုသာ၊ချစ်စရာ)….နှစ်သက်လေးစားမိနေတယ်။
-ဤအရှင်မြတ်၏ ရဲရင့်ခြင်း၊ ကြောက်ရွံခြင်းပယ်ရှား၊ ဗုဒ္ဓသားတော် ပီပြင်တယ်။
-ဤအရှင်မြတ်ရဲ့ တည်ကြည်မှု၊ ခံ့ညားမှုတွေရှိနေတယ်။

-ကိုယ်တွေ့ စစ်စစ်၊ အနှစ်သာရအမှန် ဘာဝနာမယဉာဏ်ဖြင့်
အလင်းများသယ်ဆောင်၊အမှောင်တစ်ချို့လင်းစေတယ်။
ဉာဏ်ရောင်တစ်ချို့လက်စေတယ်။

-ဤအရှင်မြတ်၏တရား၊နှလုံးသားထဲ မှ အသံလှိုင်းတွေ--
လေထဲမှာစီးဆင်း ၊ရင်နှီးကျွမ်းဝင်။ ဦးတင်ကိုးစား၊တန်ဘိုးထားခဲ့ဘူးပါတယ်။

-သာသနာမထွန်းသစ်ဘူးရယ်လို့
ပစ္စန္တရာဇ်ခံစားမှု၊သက်သာမှုလည်းရခဲ့ဘူးတယ်။

-ဤအရှင်၏မွေးနေ့ အချိန်၊၃၁ကြိမ် ပြည့်မြောက်၊မကြာခင်ကျရောက်တော့မယ်။

-မွေးနေ့ဟုဆိုပါလျင်
မိခင်နွယ်ဖွား မိန်းမသားတစ်ဦးရဲ့ အနာကျင်ဆုံးဝေဒနာခံစားရတဲ့ နေ့တစ်နေ့…
အမေ့ အတွက် ပေါင်းစု၊ဂုဏ်ပြုရမဲ့ ဝိသေသ၊အခါသမယလည်းဖြစ်နေတယ်။

-အနာကျင်ဆုံးဝေဒနာ-----အမေတစ်ကာ----အမေများစွာထဲတွင် ....

-ဤအရှင်မြတ်၏မိခင်
သင်၏နာကျင်ခြင်း၊မြင့်မြတ်ခြင်းများပြည့်နှက်
လောကအတွက် လက်ဆောင် ၊ ဆောင်ယူခဲ့ခြင်း---ပေးဆက်ခြင်း---
အလင်းရောင် ထွန်းတောက်
အာဇာနည်သားတစ်ယောက်အတွက်၊
လေးနက် ညွတ်နူး ကျေးဇူး အထူးတင်ပါရစေ။

၂၇.၅.၂၀၀၉တွင်ကျရောက်မည့်-အရှင်တိက္ခဉာဏလင်္ကာရ (Yaw Community) ၏ (၃၁) နှစ်မြောက်မွေးနေ့ ကိုဂုဏ်ပြုလျက် အရှင်မြတ်၏ သာသနာပြုလုပ်ငန်းများ အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါသသည်။
သစ္စာအလင်း ရေးသားသည့် မွေးနေ့ပူဇာ စာကဗျာကို အားလုံးအတွက် ပြန်လည်မျှဝေပါသည်။ ။


Read more...

မွေးနေ့ ဆုတောင်း


ယွန်းတာရာ ရေးစပ်ပူဇော်သည့် မွေးနေ့ပူဇာ ဆုတောင်းနှင့် မွေးနေ့ကိတ်



Read more...

မွေးနေ့ သံဝေကဗျာ


ကိုအောင်ဦး ပေးပို့သည့် မွေးနေ့ သံဝေဂ ကဗျာကို ပြန်လည်မျှဝေပါသည်။


Read more...

ချယ်ရီ ဆုတောင်း....

တည်ငြိမ်ရင့်ကျက် မြင့်မြတ်စိတ်ထား
စေတနာပွား၍ ဟောကြားဒေသနာ
အဖြာဖြာကို လွယ်ကူသိအောင်
လမ်းပြဆောင်သည့် ဆရာတော်……

မရှိခြင်းနှင့် ရှိခြင်းတွေကြား
ဗျာများ၍နေ များဝေနေကို
တရားအလင်း ဆောင်ကျဉ်းပေးသည့်
ဆရာတော်….

၃၁ ပြည့် မွေးနေ့မင်္ဂလာ
ဤအခါမှ
သာသနာအကျိုး ဘာသာကျိုးကို
စိတ်ရှိသမျှ ဆောင်ခွင့်ရ၍
သက်ရှည်ကျန်းမာ ချမ်းသာစွာဖြင့်
လိုရာဆန္ဒ ပြည့်စုံခလျက်
ရွှမ်းမြ ကျက်သရေ အထွေထွေလည်း
ခညောင်းပါကြောင်း ဆုမွန်တောင်းသည်
အေးငြိမ်းနိဗ္ဗာန်တိုင်…ပါဘုရား။ ။

နှင်းချယ်ရီ

Read more...

ကန်တော့ပန်းနှင့် ခွန်းခြွေဆက်၏

မြေဇင်းတောရ ဆရာ့ထံမှ

ဆည်းပူးပညာ နည်းယူကာဖြင့်

ကျင့်ကြံပွားများ ထိုတရားကို

နောင်လာနောက်သား သိစေသားလို့

ဘုရားသားတော် မည်တော်ရသည့်

အရှင်တိက္ခ ဆောင်ရွက်လေသည်။

သုံးဆယ်တစ်ဘုံ သတ္တ၀ါအစုံ

သုံးဖြာစေတနာ ရှေ့မှာထား၍

သာသနာကျိုး သယ်ပိုးရွက်ခါ

ဝါတော်တစ်ဆယ် ရောက်ခဲ့လေပြီ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဥာဏ်နှင့်လွှာကာ

ဆင်ခြင်ပြုတော့ သက်တော်၃၁သို့

တိုင်ခဲ့လေပြီ။


အိုခြင်းတရား မပျက်သေးခင်

မေတ္တာတရား ရှေ့ဝယ်ထား၍

တရားပြခါ ကယ်ချွတ်မည်ဟု

ဘုရားသားတော် အရှင်တိက္ခ

ကြံဆောင်ပြုသည် သတ္တ၀ါ အပေါင်း

မြတ်တရားထူး ရစေသတည်း ။

ကဆုန်လမြတ် နှစ်ဆယ့်ခွန်ဝယ်

ဘုရားကျေးဇူး တရားထူးနှင့်

မြတ်သောအလှူ ပြုလိုက်လေသည်။


မွေးနေ့ပိုင်ရှင် ဆရာတော်အား

တရားချစ်ခင် တပြည့်တော်သည်

သဒ္ဓါရိုကျိုး လက်စုံမိုး၍

ကန်တော့ပန်းနှင့် ခွန်းခြွေဆက်ဧ။်

ပျော်ရွှင်စရာ မွေးနေ့ပိုင်ဆိုင်

ပါစေသတည်း။




ဘုန်းဘုန်းဦးတိက္ခဧ။် မွေးနေ့ရက်မြတ် ၂၇.၅.၂၀၀၉ နေ့အား ဤကဗျာအား မွေးနေ့လက်ဆောင်အဖြစ်
ပူဇော်ပါသည်။








Read more...

ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရအတွက် မွေးနေ့ပူဇာ ဆောင်းပါးလွှာ

ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာတော်ကြီးမားပုံနှင့် သစ္စာတရားတော်အား ထုတ်ဖော် ဟောပြခဲ့သည်ကို နှလုံးသွင်း၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။

မြတ်စွာဘုရားရှင်၏ ရွှေနှုတ်တော်မှ မိန့်တော်မူပေထသော တရားဓမ္မများ၏ ဂုဏ်ကျေးဇူးကို ရည်စူး၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။

မြတ်စွာဘုရားရှင်၏ တရားဓမ္မများကို ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ သတ္တဝါ ဝေနေယျများကိုလည်း ကရုဏာ ရှေ့ထား ဟောပြညွှန်ပြပေးအပ်သော သံဃာတော်အရှင်မြတ်များ၏ ဂုဏ်ကျေးဇူးတော်အား ရည်စူးစိတ်ညွှတ်၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။

ကျေးဇူးရှင် ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရ၏ မွေးနေ့ပူဇာ ဆောင်းပါးလွှာကို ရေးသားပူဇော်ပါမည်ဟု စိတ်မှ ဆုံးဖြတ်လိုက်သည်နှင့် ဆရာတော်အား လက်ဆောင်ပေးလိုသော စိတ်သည် ဖြစ်၏။

ဘယ်လက်ဆောင်ကို ပေးရမည်နည်းဟု မေးခွန်းလေး ထုတ်ကြည့်သော်.. ရတနာ အား လက်ဆောင်ပေးလို၏။ ဆရာတော်၏ တရားဓမ္မကို ကြားနာရ၍ မသိရသည်ကို သိခွင့်ရကုန်၏။ ထိုသိခွင့်ရသော အသိသည် ဒုက္ခပိနေသော ဘေးမှ လွတ်ကင်းနိုင်သော သတ္တိကို ကျေးဇူးပြု၍ ဆရာတော်၏ ကျေးဇူးသည် လွန်စွာကြီးမား၏။ ထို့ကြောင့် ဆရာတော်အား လက်ဆောင်ပေးလိုသော ရတနာသည် တန်ဖိုးကြီးမြတ် မြင့်မားသော ရတနာ ကို ရွေးချယ်ပေးလိုသော ဆန္ဒသည် ရှိ၏။ ရတနာထဲမှ တန်ဖိုးကြီးမြတ်သော ရတနာကို စိတ်ကတ္တီပါ အလွှာလေးပေါ်မှာ တင်ကြည့်ပြီး ရွေးကြည့်သော်… ဘုရား၊ တရား၊ သံဃာ ဤရတနာသုံးပါးကို တပည့်တော် ရှာဖွေ တွေ့ရှိပါ၏။

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ဟု ဆိုအပ်သော ဤရတနာသုံးပါးအား ဆရာတော်အား လက်ဆောင်ပေးအပ်ပါ၏။ ဤရတနာအား ပကတိစက္ခုဖြင့် မမြင်အပ်နိုင်ပေ၊ ဉာဏစက္ခုဖြင့်သာ ရတနာ၏ အရည်အသွေး အားလည်း မြင်အပ်ပေ၏။ တန်းဖိုးကြီးမြတ်မှုကိုလည်း သိအပ်ပေ၏။ တပည့်တော်၏ မွေးနေ့လက်ဆောင်အား အရှင်ဘုရား၏ ဉာဏစက္ခုဖြင့် ဆောင်ယူတော်မူပါကုန်၊ မြင်အပ်ပါပေကုန်၊ သိအပ်ပါပေကုန်။
အရှင်ဘုရား၏ မွေးနေ့တော်အား ရည်စူး၍ တပည့်တော် အဘယ်သို့သော အကြောင်းအရာကို ရေးရမည်ကို မသိသေး၊ ရေးသာခဲ့သည်မှာ ဤအထိတော့ ရှိနေပြီ။ တပည့်တော် သုံးသပ်ကြည့်ပါသည်။ လူမိုက်နှင့် လူလိမ္မာ ဘာကွာလဲ မေး။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်မှ ကွာဟမှုကို တပည့်တော် သိခဲ့ရပါ၏။ ထိုကွာခြားချက်မှာ -
• လူမိုက်သည် အမှောင်ထဲမှ လာကြကုန်၏။ အမှောင်ထဲ၌ ကျင်လည်ကျက်စား ကြကုန်၏။ အမှောင်ရှိရာသို့ သွားကြကုန်၏၊ ဤသို့ အမှောင်ထဲမှလာ၍ အမှောင်ထဲသို့သာ သွားကြကုန်၏။
• လူလိမ္မာတို့သည် အမှောင်ထဲမှ လာကြကုန်။ အလင်းကို ရှာဖွေကြကုန်၏၊ အလင်းရှိရာသို့ သွားကြကုန်၏ ။ ဤသို့ အမှောင်ထဲမှာ လာကြသော်လည်း အလင်းကို ရှာဖွေတွေ့ရှိကြကုန်၏။
ဟု တပည့်တော် သိခဲ့ရပါသည်။ ဤအသိ ဖြင့် တပည့်တော် ယခုရေးသားမှုကို စတင်စ ပြုနေပါပြီ။
အရှင်ဘုရား၏ မွေးနေ့အတွက် ရည်စူး၍ ရေးသားပူဇော်သည့် ဆောင်းပါး ဖြစ်သောကြောင့် အရှင်ဘုရားကို ဦးတည်၍သာ တပည့်တော် ရေးပါရစေ အရှင်ဘုရား။ ဤနေ့သည် အရှင်ဘုရား၏ မွေးနေ့ဟုဆိုအပ်သော ကြောင့် ဤနေ့သည် အရှင်ဘုရား၏ အမှောင်ထဲမှ ရောက်လာခဲ့သောနေ့ (ဝါ) အလင်းရှာဖို့ ထွက်မြောက်လာသောနေ့ ဟု ဆိုအပ်သည်။ ထိုအမှောင် ထဲမှ ရောက်လာခဲ့ပြီးနောက် အရှင်ဘုရားသည် အလင်းကို ရှာဖွေသော သူဖြစ်၍ အလင်းရှိရာသို့ သွားနေသောသူ ဖြစ်၍နေပြီ။ အရှင်ဘုရားနှင့် ပါရမီအရင်းခံ တွေ့ဆုံကံပါ၍ တပည့်တော်တို့ ဤအခြင်းအရာအား သိခဲ့ရပါပြီ။ ဤသို့ လူလိမ္မာတို့ သွားသောလမ်း၌ အရှင်ဘုရား၏ ခြေဖဝါးရာကား ထင်ခဲ့လေပြီ။ ရှေ့က ကျင်လည်လာခဲ့သော သံသရာ၌ ဤသို့သောလမ်း၌ ခြေဖဝါးရာ မထင်ခဲ့၍ ကြီးစွာသော ဒုက္ခများဖြင့် သံသရာ၌ ဆင်းရဲခဲ့ရသည်ကို ယခုဘဝ ရထားသော ခန္ဓာ၏ သဘာဝလက္ခာဖြင့် ယှဉ်တွဲသုံးသပ်၍ သိမြင်အပ်ပေပြီ။

ကမ္ဘာကြီးအား Google Earth မှ zoom ဆွဲပြီးကြည့်သလို ဉာဏ်ဖြင့် လွှမ်းခြုံ၍ ဆင်ခြင်ကြည့်သော် လောကလူသားတစ်ချို့မှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီ၊ အရွယ်အားဖြင့် ရင့်နေပြီ။ သံဝေဂ ဉာဏ်ဒီဂရီအားဖြင့်ကား မတက်သေး၊ လောက၏ အမှန်တရားတစ်ခုကို မြင်နိုင်စွမ်းမရှိသေး၊ အမှောင်နယ်ထဲ၌သာ အဝိဇ္ဇာပြုံး ပြုံး၊ အဝိဇ္ဇာမဲ့ မဲ့လျက် လူမိုက်တို့သွားသည့် လမ်း၌ လျှောက်နေကြကုန်၏။ သူတို့သာ လျှောက်သည်မဟုတ်၊ အရွယ်နု လူငယ်ထုများကိုလည်း ဦးဆောင်ပြု ရှေ့ဆောင်မှု ရှိကြကုန်၏၊ ထိုသူတို့သည်ကား မိုက်ချက် ကန်းကုန် အကယ်ဒမီ နှစ်ထပ်ကွမ်း ပိုင်ရှင်များ ဖြစ်ကြ၏။

ဤအကယ်ဒမီ ပိုင်ရှင်များအား ဤလောက၌ မမြင်လိုသော်လည်း မြင်ရသည်။ ထိုသူတို့မှာ သဘာဝတစ်ခုကို ပုံဖော်ပေးသူများဟု ဆိုလျင် မမှားပေ။ အဘယ့်ကြောင့် ဆိုလျင် သဘာဝဟူသည်ကား အကောင်းနှင့် အဆိုးသည် ဒွန်တွဲလျက် ရှိသည်သာတည်း။ သံသရာပျော်သူ ဟု အမည်ပေးရမည်လား၊ သဘာဝသရုပ်ဖော်သူဟု အမည်ပေးရမည်လား ခွဲခြား၍မရချေ။

သေချာသည်က သူတို့မှာ သံသရာ၏ ဆင်းရဲဒုက္ခကို မမြင်အောင် ဖုံလွှမ်းထားသော အဝိဇ္ဇာတည်း ဟူသော တရားနှင့် ယှဉ်တွဲလျက် ပျော်နေသည့် တဏှာတရား၏ ပယောဂ လက်ချက် မိနေသော သူများသည်သာတည်း။

ဤသို့ ကမ္ဘာ့လူဦးရေအားဖြင့် ခြုံငုံ၍ မည်သည့်လမ်း၌ လျှောက်လှမ်းသူ ပမာဏ ပိုများသနည်းဟု ခွဲခြမ်းစီစစ်ကြည့်သော် လမ်းခင်းကျောက်နှင့် ပတ္တာမြားကဲ့သို့ လူမိုက်တို့လျှောက်သည့်လမ်း၌ လျှောက်သူပမာဏမှာ လွန်စွာ များပြား၏။ ပတ္တာမြား ပမာဏကား လွန်စွာနည်းပါး၏။

ဤသို့ အရေအတွက်သာ များ၍ အရည်အချင်းမရှိသော အစု၊ အရေအတွက်နည်းသော်လည်း အရည်အချင်းရှိသော အစု၊ ဤနှစ်စု၌ အရေအတွက်နည်းသော်လည်း အရည်အချင်းရှိသောသူအစု၌ အရှင်ဘုရား၏ ယခုအသက်အရွယ် မွေးနေ့ အချိန်အခါဝယ် ပါဝင်ခွင့်ရခဲ့ပြီ။ ဤသည်မှာ လွန်စွာပင် ဝမ်းသာဂုဏ်ယူစရာ ကောင်းသော အချက်ဟု တပည့်တော် သုံးသပ်၍ ဝမ်းမြောက်ရပါကုန်၏။ အားကျရပါကုန်၏။ အားကိုးရပါကုန်၏။

ဆက်လက်၍ မွေးနေ့ဟူသော နေ့တစ်နေ့၌ တွေ့ရသော လောကမြင်ကွင်း တစ်ချို့ကို သုံးသပ်ကြည့်သော်-

• တစ်ချို့မှာ ငယ်စဉ်အခါ၌သာ မွေးနေ့ရောက်တိုင်း လက်ဆောင်ရ၍ ပျော်ကြ၏။ အသက်အရွယ်ရလာသော် အရွယ်ကို မှန်မှာကြည့်၍ မျက်နှာမဲ့ကြ၏။ မပျော်နိုင်ကြ။
• တစ်ချို့မှာ ငယ်စဉ်အခါ၌ မွေးနေ့ရောက်တိုင်း လက်ဆောင်ရ၍ ပျော်ကြ၏။ အသက်အရွယ်ရလာသော် သေးမည့်ဘေးကို မျှော်တွေးသုံးသပ်၍ မသေမယ့်အရေးအားဖြင့် ရှိသေးလားဟု မေးမြန်း၍ မသေရာ အဇာတိဟု ဆိုအပ်သော နိဗ္ဗာန် ကို ဆန္ဒရည်သန်၍ တရားနာယူရန် သူတော်ကောင်းများထံသို့ ဆည်းကပ်ကြကုန်၏၊

နည်းနာခံယူ၍ တရားအားထုတ်ကြကုန်၏။ တသံသရာလုံးအားဖြင့် မကြားနာခဲ့ရသော သစ္စာတရားများကို ကြားနာရ၍ သူတို့မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏၊ သစ္စာတရားအား နှလုံးသွင်းခွင့် ရကြကုန်၍လည်း လွန်စွာပင် ထပ်လောင်း ဝမ်းမြောက်ကြရကုန်၏။

ဤသို့အားဖြင့် ”သူများပျော်လို့ မပျော်နိုင် အဝိဇ္ဇာမှိုင်းကပ်လို့ မှိုင်” စသည်ဖြင့် မြင်ကွင်းနှစ်ခု၏ ခြားနားပုံကို တွေ့မြင်ကြရ၏။
ဤသို့ စသည်ဖြင့် ရှိကြအဖြာဖြာ ရေးသားစာပြု ရေးသားမှု မကုန်နိုင်ပြီ။ နိဂုံးမှာ ဆင်ခြင်မှုဉာဏ်အသွားဖြင့် စာကို အဆုံးသတ်ရလျင်-
ဤသို့ မွေးနေ့ရောက်တိုင်း ငါသည် - ယခုအသက်အရွယ်ထိ ဝဋ်ပျော်ကြီးဘဝဖြင့် အရှက်မရှိ နေထိုင်ခဲ့လေပြီ၊ ဝဋ်ဘေးအား အကြောက်တရားမရှိ နေထိုင်ခဲ့လေပြီ။ ဤသို့ ”အရှက်၊ အကြောက်” ကင်းမဲ့စွာဖြင့် အနှစ်သာရမရှိ နေထိုင်လာရခြင်းသည် အဘယ်မှာ မြင့်မြတ်သော ဘဝ ဖြစ်အံ့နည်း၊ အဘယ်မှာ လူ့ဘဝနှင့် ထိုက်တန်အံ့နည်း။

တစ်ချို့သည် ဝဋ်ခန္ဓာကြီးထမ်း၍ နေရသည်ကို ရှက်ခြင်း၊ ဤဝဋ်ဘေးအား ကြောက်ရွံ့ခြင်းများ ကို ဉာဏ်ဖြင့် ဆင်ခြင်ဖြစ်ပေါ်၍ ဝဋ်ခန္ဓာဘေးမှ လွတ်မြောက်ရာကို မြတ်စွာဘုရားရှင် သာသနာ့အလင်းရောင်အောက်၌ ရှာဖွေကြကုန်၏။ တွေ့ရှိကြကုန်၊ ဒုက္ခခပ်သိမ်း ငြိမ်းအေးကြကုန်၏။ ဤသို့သော သူတို့သည်သာ မြင့်မြတ်သောဘဝ ကို ပိုင်ဆိုင်ကြကုန်၏၊ လူ့ဘဝနှင့် ထိုက်တန်ကြကုန်၏။

ဤသို့ မြင့်မြတ်ခြင်း၊ ထိုက်တန်ခြင်း သို့ရောက်အောင် ငါသည် ကြိုးစားအပ်ပေ၏ဟု တပည့်တော်တို့အနေဖြင့် ဆင်ခြင်သင့်သည် မဟုတ်ပါလော…?
ဤသို့ဆင်ခြင်ဉာဏ်သွင်း၍ အလင်းအားရှာဖွေသူဖြစ်လင့် မရဏမင်းဖြင့် ရှာမတွေ့နိုင်ပြီ။


ရိုသေမြတ်နိုး လက်စုံမိုးလျက်
တပည့်၊တပည့်မ
ဝင်းမြင့်၊မေဟန်


Read more...

လူ့ဘုံရိပ်နန်း ပယ်ခွါလှမ်း၍

သာသနာကျိုး ရွက်သယ်ပိုးမည့်
လောင်းလျာအရှင် ဆရာသခင်ကို
ကဆုန်လပြည့် ကျော်သည့်နေ့ရက်
ခြောက်ရက်မြောက်တွင် မယ်တော်ဝမ်းမှ
ဖွားတော်မူသည် ဇာနည်တစ်ပါး ပေါ်တယ်လေး။

ဖွားမြင်မြောက်ကာ ဆယ့်တစ်နှစ်ရွယ်
ချိန်ခါရယ်၌ လူဘုံရိပ်နန်း
ပယ်ခွာလှမ်း၍ သာသနာ့ဘောင်
သွတ်သွင်းဆောင်၏ စာပေကျမ်းဂန်
ဆည်းပူးမှန်သည် နတ်လူအကျိုး ဆောင်တယ်လေး။

သာမဏေကျော် ဘွဲ့တော်နှင့်တူ
သာသနာဓဇ ဓမ္မာစရိယဟု
အပ်နှင်းခံယူ အောင်တော်မူ၍
သီရိလင်္ကာ မြေမဟာ၌
ထပ်ဆင့်ကွန့်မြူး အောင်ကာထူးသည် ဆီမီးရောင်သို့ ထွန်းတယ်လေး။

လောကုတ်လောကီ နှစ်လီဋ္ဌာန
ပြည့်ဝအကျိုး သယ်ပိုးသည့်ရှင်
မြတ်သခင်၏ မွေးနေ့ခါ၌
ရေနံ့သာမောင် ကာရံဆောင်၍
ညွှန်းဆိုဖွဲ့သီ ဂုဏ်ကိုရည်သည် နတ်လူသာဓု ခေါ်တယ်လေ။ ။

ရေနံ့သာမောင် ရေးဖွဲ့သည်.


Read more...

ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်

“နတ္ထိ ဇာတဿ အမရဏံ”
မွေးဖွားလာသူတိုင်း အမြဲတစေ ရှင်သန်ရတယ်ဆိုတာ မရှိဘူး။(Buddha)

အခု သူ ရောက်ရှိနေထိုင်နေတဲ့ နေရာက သီတဂူဝိဟာရကျောင်း(မင်နီဆိုးတာ ပြည်နယ်၊ အမေရိကန်)ဖြစ်လေတော့ စ ရောက်ရောက်ချင်းတော့ နေ့နဲ့ ည မှားနေတာ၊ ရာသီဥတုနဲ့ အစားအသောက်ကိစ္စတွေက မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး အနှောက်ယှက်ပေး တာတွေ ကြုံရပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အံဝင်ခွင်ကျဖြစ်အောင် ပြင်ရင်းနဲ့ နေထိုင်လာတာ အခုဆို တစ်လပြည့်ခဲ့ပါပြီ။ ဒီလိုနေခဲ့တဲ့တစ်လအတွင်းမှာ မှတ်မှတ်ရရ အဖြစ်ပျက်လေး တစ်ခုရှိပါတယ်။ အဲဒါက ကွယ်လွန်သွားတဲ့ အမေရိကန်မကြီးတစ်ယောက်ရဲ့ ပစ္စည်းတွေကို ကျောင်းရန်ပုံငွေရအောင် လာလှူတာပါပဲ။ အစတော့ သူ မသိပါ ဘူး။ ဒီလောက်များတဲ့ပစ္စည်းတွေ ဘာလုပ်မှာလဲပေါ့။ နောက်တော့ ဆရာတော် အရှင်နာယကာလင်္ကာရနဲ့ ဒကာအချို့က ရှင်းပြလို့ သိခွင့်ရပါတယ်။ အဲဒီပစ္စည်း တွေကို ပြန်ရောင်းရင် ရန်ပုံငွေထွက်တယ်တဲ့။ ဆရာတော်အရှင်နာယကာလင်္ကာရ ဘာမှ ၀င်ပြောစရာမလိုအောင် ဒကာတွေက ၀ိုင်းဝန်းလုပ်ဆောင်ကြလို့ တော်တော်လေးလည်း ကျောင်းအတွက် ဖန်ငွေရပါ တယ်။ အဲဒီပစ္စည်းတွေထဲက တော်တော်များများက လုံးဝမသုံးရသေးပဲ ပါကင် လိုက်လေးပဲ အသစ်အတိုင်းရှိနေဆဲပါ။ ပစ္စည်းတွေကို ကြည့်ပြီး သူတွေးမိပါ တယ်။ “ ဒီအဖွားကြီး ပစ္စည်းတွေ ၀ယ်ပြီး မသုံးရက် မစွဲရက်နဲ့ သေသွားရှာတာ၊ နှမြောစရာ” လို့လေ။ နောက်ထပ်ကြားရပါတယ်။ ကွယ်လွန်သွားတဲ့ အဖွားကြီး ဟာ သူ့ယောက်ျားဆုံးသွားတော့ ငွေတွေ တော်တော်များများ ကျန်ဆိုပဲ။ သူမ ကိုယ်တိုင်လည်း အသက်ကြီးလာတော့ ငယ်မူပြန်စိတ်နဲ့ Shopping ထွက်ပြီး ငွေတွေ ဖြုန်းပစ်တယ်တဲ့။ သူ့ရင်ထဲ ရှိတာတွေ ၀ယ်ပြီး စုခဲ့ပေမယ့် သူ လုံးဝသုံးမသွားရှာပါဘူး။ အခုကျန်တဲ့သားသမီးတွေက ကျောင်းကို လှူပစ်ခဲ့ပါရော လား။ တကယ်တော့ အမေရိကန်လို နိုင်ငံမျိုးမှာ ပစ္စည်းအဟောင်းတွေကို စွန့်ပစ်မယ်ဆိုရင်တောင် တော်တော် ငွေကုန်ကြေးကျများတဲ့နိုင်ငံလေ။ ဒီတော့ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေအနေနဲ့ သူတို့ မိဘပစ္စည်းတွေကို အကျိုးရှိအောင် လုပ်သွားတာဟာလည်း ချီးကျူးစရာမဖြစ်ခဲ့ရင်တောင် သူလည်းအကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိအောင် လုပ်ခဲ့တဲ့စိတ်ကလေးကိုတော့ လေးစားမိပါတယ်။
ဒီတော့ အစကို ပြန်ကောက်ရရင် အဖွားကြီးရဲ့ ပစ္စည်းပုံတွေကြားရောက် နေရင်းနဲ့ သူ တွေးမိတဲ့အတွေးလေးတစ်ခုက “ သြော်... မွေးလာရင် သေဆုံးရ မှာပဲ” ဆိုတာလေးပါ။ မွေးခြင်းနဲ့ သေခြင်းနဲ့အကြားလေးမှာ တစ်ယောက်ကို တစ်ယောက် မေတ္တာတွေ ထားနိုင်ကြမယ်ဆိုရင်၊ ပြီးတော့ တစ်ယောက်အမှား ကို တစ်ယောက်က နားလည်ခွင့်လွတ် ပေးနိုင်ရင်၊ ရှင်သန်ရတဲ့ ဘ၀တိုတိုလေး မှာ တော်တော်လေး စိမ်းချမ်းမြေ့စရာပါပဲလေ။

မွေးခြင်းနဲ့ သေခြင်းအကြားက အကြောင်းလေးတွေကို တွေးရင်း ရွှေပြည်ကြီး က လဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ပြောခဲ့တာလေးကို သတိရမိပါ တယ်။ (အခုတော့ အကြောင်းကြောင်းကြောင့် သူငယ်ချင်းတွေ ဝေး ကွာကုန် ပါပြီ) ချင်းမိုင်မှာကျောင်းတက်နေတဲ့ သူငယ်ချင်းက “ သေပြီးတဲ့ နောက် ဘာလုပ်လို့ ရတော့မှာလဲ ကိုမှူးရာ”တဲ့။ နေပြည်တော်မှာ နေတဲ့ သူငယ်ချင်းကတော့ “အဲဒီမသေခင်လေးကို ကိုယ်လုပ်ချင်တာ လုပ်သွားရရင် ကျေနပ်ပြီ”တဲ့။ သူငယ်ချင်းနှစ်ယောက် ပြောသွားတဲ့ စကားကို ကြည့်ရင် တစ်ယောက်က သေပြီးတဲ့နောက်ကို လှမ်းမျှော်ပြီး လက်ငင်းဘ၀မှာ အဓိပ္ပါယ်ရှိရှိနေသွားချင်တဲ့ ဆန္ဒကို သွယ်ဝိုက်ပြောသွားသလို ပဲ၊ နေပြည်တော်က သူငယ်ချင်းကတော့ မသေခင် လက်ရှိဘ၀ကိုပဲ ကိုယ့်အ တွက် တစ်ခုခုကျန်အောင်လုပ်သွားချင်တဲ့ ဝေဒနာလေးရှိနေတာကို တွေ့မြင်မိ မှာပါပဲ။
ခုနက ပစ္စည်းတွေ မသုံးစွဲပဲထားခဲ့တဲ့ အဖွားကြီးဟာ နေပြည်တော်က သူငယ် ချင်းပြောသွားသလိုပဲ နေထိုင်သွားတာပဲလား ဖြစ်နေမလားလို့ တွေးနေမိပါ တယ်။

ဘာပဲဖြစ်ဖြစ် ဘ၀မှာ တစ်ခါပဲ မွေးပြီး တစ်ခါပဲသေချင်တယ်ဆိုရင်တော့ ကိုယ် ဟာ အများအတွက်၊ နိုင်ငံနဲ့ ဘာသာ သာသနာအတွက်၊ စစ်မှန်တဲ့ အကျိုးလို လားတဲ့စိတ်နဲ့ ရှင်သန်သွားတတ်ဖို့တော့ သိပ်အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ် ရင်တော့ တစ်ခါပဲမွေးပြီး အခါခါသေရတဲ့ဘ၀နဲ့ ကြုံနေဦးမှာ ဖြစ်သလို ကိုယ့်ဘ၀သမိုင်း ၊ ကိုယ့်ပတ်ဝန်းကျင်သမိုင်းနဲ့ ကိုယ့်ရာဇ၀င်တစ်ခု လုံး မီးသွေးဖုတ်ခံရ ထားရတဲ့ ထင်းတွေလို မည်းညစ်စုတ်ပြတ်နေမှာတော့ အသေချာပါ။ ဘာကြောင့်လည်းဆိုတော့ ဘ၀တစ်ခုဟာ မွေးခြင်းနဲ့ စပြီး သေခြင်းနဲ့ဆုံးရတဲ့ ကာလလေးတစ်ခုဖြစ်ပြီး အဲဒီကာလလေးမှာပဲ အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ် သန်းကြရတာမို့ပါလေ။

ဘာပဲဖြစ်ဖြစ်၊ ဒီအကြောင်းလေးကို တွေးနေဆဲမှာပဲ စိတ်ထဲ သတိရဖြစ်လိုက် တာက သင်/ဖတ်လက်စ အင်္ဂလိပ်စာစာအုပ်ထဲက ၀ါကျလေးတွေကိုပါ။ ဘာတဲ့......
"DO NOT WASTE YOUR TIME."
"NOTHING IN THIS WORLD IS PERMANENT OR STILL."

(မွေးနေ့ရှင် အရှင်တိက္ခာဥာဏာလင်္ကာရ( M.A)အရှင်မြတ်လည်း မွေးနေ့မှသည် နှစ်ပေါင်း များစွာ အမျိုးဘာသာသနာအကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း)

ရိုသေစွာဖြင့်.....နေသစ်မှူး (အင်တာနေရှင်နယ်တောသားကြီး)


Read more...

သူ့ကိုသတ်မှ တကယ်ပြတ်မှာ…

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်း နိုမုဟျောင်းတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတဲ့ သတင်းကို အားလုံးကြားသိပြီး ဖြစ်ကြမှာပါ။ ဒီသမ္မတဟာ လာဘ်စားမှုများနဲ့ အမှုရင်ဆိုင်နေရချိန်မှာ အခုလို ကိုယ့်ကိုယ်ကို ကြိုတင်ကြံစည်ပြီး အဆုံးစီရင်သွားခြင်း ဖြစ်ပါတယ်။ ဘ၀ရဲ့ ဒုက္ခ၊ ကြုံလာရတဲ့ လောကဓံတွေနဲ့ ရင်ဆိုင်နေရတဲ့ သူတစ်ယောက်ရဲ့ ထွက်ပေါက်အဖြစ် ဒီဒုက္ခ၊ ဒီလောကဓံတွေက လွတ်မြောက်အောင် ``ဒီလောက်ဖြစ်လှတာ သေတာပဲကောင်းပါတယ်၊ ဒါမှ ဒီဒုက္ခတွေက ငြိမ်းမှာ``ဆိုတဲ့ အတွေးများနဲ့ နိုမုဟျောင်း သမ္မတတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးသတ်သွားခြင်းလား… ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုစီရင်လိုက်ရတာလဲ… စသဖြင့် တွေးစရာဖြစ်ခဲ့ပြန်ပါတယ်။ တကယ်လို့သာ ငါသေသွားရင် ပြီးတာပဲဆိုတဲ့ အတွေးနဲ့ ဘ၀ကို အဆုံးသတ်ခဲ့တာ ဆိုရင်တော့ သူထင်သလို ဘ၀က အဆုံးသတ်သွားပါ့မလား…။ ဒီလိုလုပ်ခြင်းဖြင့်ကော ဒီဒုက္ခတွေက တကယ်ငြိမ်းသွားမှာလား…။ ဘ၀သံသရာ ကျင်လည်ရတဲ့ သတ္တ၀ါတွေရဲ့ ဒုက္ခသံသရာဟာ ဒီလိုနည်းတွေနဲ့ ဖြတ်လို့ တကယ်ပြတ်ပါ့မလား.. ဆိုတာ စဉ်းစားစရာပါ။

သေချာပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို သတ်သေလိုက်ရုံနဲ့တော့ သတ္တ၀ါတွေ ခံစားရတဲ့ ဒုက္ခတွေက ပြတ်သွားမှာ မဟုတ်သလို ငြိမ်းသွားမှာလည်း မဟုတ်ပါဘူး။ အမှန်တော့ ဘုန်းဘုန်းတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင် ``ဒီဘ၀ပြီးရင် အားလုံးပြီးပြီ၊ သတ္တ၀ါအားလုံး ဒီဘ၀က သေသွားရင် နောက်ထပ်တစ်ဖန် ဘာမှမရှိတော့ဘဲ ဘ၀အဆုံးသတ်သွားပြီ၊ ကံကံရဲ့ အကျိုးဆိုတာတွေလည်း မရှိဘူး..`` စသဖြင့် အရာအားလုံး ဒီဘ၀ပြီးရင်ပြတ်ပြီလို့ အယူရှိတာဟာ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီဒိဋ္ဌိရှိနေရင် အယူအဆတွေဟာ လွဲမှားနေပြီး မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီဘ၀နိဂုံး ချုပ်သွားရင် ပြီးရောဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေတာဟာ တကယ်မပြီးတဲ့အပြင် ပိုလို့တောင် ဒုက္ခတွေ တိုးလာနေပါတယ်။ ဘ၀သံသရာ ဒုက္ခပင်လယ်ကြီးမှာ ပိုလို့တောင် မျောနေပါလိမ့်မယ်။ ဥစ္ဆေဒဒိဋ္ဌလို့ ခေါ်တဲ့ အသိအမြင် မှားတွေရှိတဲ့အတွက် ဒုက္ခက မပြတ်ဘဲ ထပ်သာနေပါလိမ့်မယ်။

တကယ်တော့ ဒုက္ခတွေငြိမ်းဖို့ အတွက်ကား ကိုယ့်ကိုယ်ကို သတ်သေလို့ မပြီးပါဘူး။ သူ့ကို သတ်နိုင်မှ ပြီးမှာ၊ ငြိမ်းမှာ၊ အဆုံးသတ်မှာပါ။ သူဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ဒုက္ခတွေကို ဖြစ်စေတဲ့ တွယ်တာမှု သံယောဇဉ်လို့ခေါ်တဲ့ တဏှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားကို သတ်ရပါမယ်။ ဒီအကြောင်းတရားကို သတ်နိုင်မှ အကျိုးတရားဖြစ်တဲ့ ဒုက္ခက ငြိမ်းမှာပါ။ စာလိုပြောရင် သမုဒယသစ္စာလို့ခေါ်တဲ့ တွယ်တာမှု တဏှာကို ပယ်နိုင်မှ ဒုက္ခသစ္စာလို့ခေါ်တဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ငြိမ်းအေးနိုင်မှာပါ။ ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်နည်း အရပြောရရင် မသိမှုအ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် ဘ၀သံသရာ ကျင်လည်မှုတွေ တိုးပွားနေပြီး အဆုံးမရှိဖြစ်ကာ ဒီဒုက္ခသံသရာမှကင်းရာ နိဗ္ဗာန်နဲ့ ပိုပိုဝေးနေကြခြင်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ဒီ အ၀ိဇ္ဇာ၊ တဏှာဆိုတဲ့ အကြောင်းတရားများကြောင့် သတ္တ၀ါများ နာမ်ရုပ်အစုဖြစ်တဲ့ ခန္ဓာကိုယ်ကို ရရှိနေကြပြီး ခန္ဓာရှိလာတဲ့အတွက် အိုရ၊ နာရ၊ သေရ၊ စိုးရိမ်ပူဆွေးရ၊ ၀မ်းနည်းကြေကွဲရတဲ့ ဒုက္ခတွေဖြစ်နေကြတာပါ။ တစ်ချို့က ဒီသဘောတရားကို တစ်လွဲနားလည်ပြီး ``ခန္ဓာရှိတဲ့အတွက် ဒီလိုဒုက္ခတွေ ကြုံနေရတာဖြစ်တယ်၊ ဒီခန္ဓာမရှိရင် ဒီဒုက္ခတွေလည်း ငြိမ်းမှာပဲ``ဆိုတဲ့ အတွေးနဲ့ ခန္ဓာမရှိအောင် ကိုယ့်ကိုယ်ကို သတ်သေတာတွေ လုပ်ကြပါတယ်။ ဒီနည်းဟာ အလွန်လွဲမှားတဲ့ နည်းပါ။ ဒီလို သတ်သေရုံနဲ့ ဒီဒုက္ခတွေက မငြိမ်းပါဘူး။ ဒီဘ၀အဆုံး သတ်သွားပေမယ့် နောက်ထပ်ဘ၀တစ်ခုက ထပ်ရနေဦးမှာပါ။ နောက်ထပ်ဘ၀ထပ်ရလို့ ခန္ဓာပြန်ရလာရင် ဒီဒုက္ခတွေကလည်း ထပ်ပြီးဖြစ်နေဦးမှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒီဒုက္ခတွေ ဖြစ်အောင် ခန္ဓာကိုယ်ကို ဖြစ်စေတတ်၊ ခန္ဓာအိမ်ကို ဖွဲ့တတ်တဲ့ တဏှာဆိုတဲ့ အကြောင်းတရားကိုသတ်မှ အမှန်ငြိမ်းမှာပါ။ ရရှိလာတဲ့ ခန္ဓာအစုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုသတ်လို့ ဒုက္ခက မပြတ်ပါဘူး။ ဒီဒုက္ခကို ဖြစ်ပေါ်စေတဲ့ တဏှာဆိုတဲ့ သူ့ကိုသတ်မှ ဒုက္ခအမှန် ပြတ်မှာပါ။

ဘုန်းဘုန်းတို့ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကား ရှိပါတယ်။ အဲဒီစကားတော်က အားလုံးသိပြီးသားဖြစ်တဲ့ ``အနေကဇာတိ သံသာရံ``အစရှိတဲ့ ဥဒါန်းစကားတော်ပါ။ ဒီဥဒါန်းစကားတော်ရဲ့ အဓိပ္ပါယ်က

``အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ…။`` (ဥဒါန၀တ္ထု)

ဒီစကားတော်ဟာ ဘုရားရှင် နှုတ်တော်မှ ထုတ်ဖော် ကျူးရင့်တော်မူခဲ့တဲ့ ဥဒါန်းစကားတော်ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်ပင် အမှန်သစ္စာကို ရှာဖွေဖို့ ပါရမီတော်တွေကို အကြိမ်ကြိမ်ဖြည့်ကျင့်စဉ် အခါမှာလည်း မသိမှု အ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတို့ကြောင့် ဘ၀ပေါင်းများစွာ ဒုက္ခများနှင့် သံသရာကျင်လည်ခဲ့ရကြောင်း၊ ထိုဒုက္ခများကို ဖြစ်စေတတ်တဲ့ တဏှာရဲ့ ချယ်လှယ်မှုကြောင့် ခန္ဓာအိမ်ကို အကြိမ်ကြိမ်ဖွဲ့ခဲ့ရကြောင်း၊ သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် အခါမှသာ တဏှာ၏ချယ်လှယ်မှုမှ လွတ်မြောက်ကာ ဒုက္ခအပေါင်းမှ ကင်းလွတ်တော်မူခဲ့ကြောင်း၊ တဏှာကို ပယ်သတ်နိုင်ခဲ့သဖြင့် နောက်ထပ်တစ်ဖန် ဘ၀ကျင်လည်မှု မရှိတော့သဖြင့် ဒုက္ခများလည်း ကင်းတော်မူခဲ့ပြီး ဖြစ်ကြောင်း ဥဒါန်းကျူးကာ ထုတ်ဖော်ပြသခဲ့ပါတယ်။

မှန်ပါတယ်။ ဒုက္ခအစုသာဖြစ်တဲ့ ခန္ဓာကိုယ်ကို ရရှိလာကြတဲ့ ပုထုဇင်များ အနေဖြင့် ဒုက္ခတွေ၊ စိုးရိမ်ပူဆွေး ငိုကြွေးရတာတွေ၊ ပူလောင်ခံစားရတာတွေမှ ကင်းဝေးဖို့ ရရှိလာတဲ့ ခန္ဓာကိုယ်ကို အဆုံးစီရင် သတ်သေလိုက်ခြင်းဖြင့် ဒီဒုက္ခတွေမှ ကင်းဝေးကြမှာ မဟုတ်ဘဲ ဒီဒုက္ခတွေရဲ့ အကြောင်းမူလဖြစ်တဲ့ တဏှာကို သတ်နိုင်မှသာ အမှန်တကယ် သောကကင်းဝေးနိုင်ကြမယ်ဆိုတာ သေချာနားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဘ၀ပေါင်းများစွာမှာ မသိမှု အ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် မရေတွက်နိုင်အောင် ဒုက္ခပင်လယ် ဝေခဲ့ရပြီးပါပြီ။ ဒီတရားတွေကြောင့်ပဲ ယခုဘ၀ ခန္ဓာအစုကို ရရှိလာခဲ့ရပြန်ပါပြီ။ ``ဒီဘ၀ကို ရလာလို့ ဒီလိုဒုက္ခတွေနဲ့ ကြုံရတာ``ဆိုပြီး ရုပ်နာမ်အစုသာဖြစ်တဲ့ ဒီခန္ဓာကိုသတ်လိုက်ပေမယ့် တဏှာကို မသတ်နိုင်သေးတော့ နောင်ဘ၀မှာလည်း ခန္ဓာက ပြန်ရနေကြဦးမှာပါ။ သစ်ပင်သတ်သလိုပေါ့။ သစ်ပင်ကို အမြစ်က မသတ်ဘဲ အကိုင်းအခက်တွေကို သတ်နေလို့ကတော့ ပိုလို့တောင် အညွှန့်တလူလူ ဖြစ်နေဦးမှာပါ။ အမှန်တကယ် သေစေချင်ရင်တော့ ရေသောက်မြစ်ကို သတ်မှသေမှာပါ။ ဒီလိုပါပဲ ဘ၀သံသရာ ဒုက္ခတွေငြိမ်းဖို့က တစ်ဘ၀ပဲ သေစေနိုင်တဲ့ ကိုယ့်ကိုယ်ကို သတ်သေတာထက် အမြစ်မကျန် အကြွင်းမဲ့သေစေနိုင်တဲ့ ရေသောက်မြစ်နဲ့တူတဲ့ တဏှာကို သတ်နိုင်မှ အမှန်ငြိမ်းမှာပါ။ ဒါကြောင့် အမှန်တကယ် သေချင်တယ်၊ ဒုက္ခအပေါင်းမှ အမှန်ငြိမ်းချင်တယ်၊ ဒီဘ၀ ဒီခန္ဓာ ဒီအခြေအနေကို တကယ်စိတ်ကုန်တယ် ဆိုရင် ရုပ်နာမ်အစုဖြစ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတာထက် ဒီဒုက္ခတွေ ဖြစ်စေတဲ့ တဏှာကို သတ်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ တဏှာကို သတ်နိုင်မှ ဒုက္ခအပေါင်းလည်း ပြတ်မှာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို မသတ်ဘဲ သူ့ကိုသတ်ပြီး အပြတ်ရှင်းနိုင်ဖို့ ``သူ့ကိုသတ်မှ ပြတ်မှာပါ``လို့ သတိပေးစကား ပါးလိုက်ရပါတယ်။ သူဆိုတဲ့ တဏှာကို သတ်ဖို့အတွက်ကတော့…



Read more...

အုတ်ဖိုဆရာတော်ကြီး ဘဒ္ဒန္တဥက္ကံဝံသမာလာ

အုတ်ဖိုဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥက္ကံဝံသမာလာသည် ဒွါရဂိုဏ်း (၀ါ) ဒွါရသာသနာကို စတင်ခဲ့သော အရှင်မြတ်ကြီးဖြစ်သည်။ ဆရာတော်ကြီးသည် ၀ိနည်းသိက္ခာပုဒ်တော်များကို တင်းတင်းကျပ်ကျပ် လိုက်နာ၍ အသက်နှင့်ထပ်တူ စောင့်စည်းတော်မူသည်။

ဆရာကြီးသည် ၁၁၇၉-ခုနှစ် တပေါင်းလဆန်း ၅-ရက် တနင်္ဂနွေနေ့၌ ဟင်္သာတခရိုင် သာရဝေါမြို့ကလေးမှ ၂-မိုင်ကွာသော ရွာကလေး၌ ဖွားမြင်တော်မူသည်။ ခမည်းတော် ဦးရွှေပန်း+မယ်တော် ဒေါ်လေးတို့ ဖြစ်ကြသည်။

ဟင်္သာတမြို့ ရန်ကုန်မြို့တို့ရှိ ဆရာတော်ကြီးများထံမှသာမက အမရပူရ ဗားကရာဆရာတော်ကြီး အင်းဝမြသိန်းတန်ဆရာတော်ကြီး၊ စစ်ကိုင်း ထူပါရုံဆရာတော်ကြီးများထံတွင် ပရိယတ္တိစာပေများ သင်ယူခဲ့သည်။ မြန်မာ ပါဠိဘာသာတို့သာမက သက္ကတဘာသာကိုပါ ကောင်းစွာ တတ်ကျွမ်းသည်။ မင်းတုန်းမင်းကြီးက မန္တလေးမြို့တွင် သီတင်းသုံးရန် ပန်ကြားသော်လည်း လက်မခံခဲ့။ ထိုစဉ်က အောက်မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက်ထားရာ သာသနာရောင် မှေးမှိန်သော အောက်ပြည်အောက်ရွာသို့ ကြွ၍ ကြိုးစားပမ်းစားပင် သာသနာပြုတော်မူခဲ့သည်။ အုတ်ဖို ( ယခုအင်္ဂပူမြို့ ) သို့ ပြောင်းရွှေ့ သီတင်းသုံးသည်မှစ၍ အုတ်ဖိုဆရာတော်ဟု ထင်ရှားခဲ့သည်။

ဆရာတော်ကြီးသည် ၁၂၄၂-ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့၎င်း။
၁၂၄၉-ခုနှစ်တွင် သီရိလင်္ကာသို့၎င်း။ ဘုရားဖူးကြွရောက်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် ကျမ်းပေါင်း ၁၀၀-ကျော် ပြုစုခဲ့သည်။ မေတ္တာစာအမျိုးမျိုး၊ ရတုကဗျာ အမျိုးမျိုးတို့ကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။
ဆရာတော်ကြီးသည် ၁၂၆၇-ခုနှစ် တပေါင်းလဆုတ် ၂-ရက်နေ့ သက်တော် ၈၈-နှစ်တွင် ပျံလွန်တော်မူခဲ့သည်။


Read more...

တာဝန်အဆင့်ဆင့်

လူတိုင်းလူတိုင်းတွင် တာဝန်ကိုယ်စီရှိကြသည်။ အသက်အရွယ်အလိုက် အချိန်အခါအလိုက် တာဝန်များ ခြားနားမည်ဖြစ်သော်လည်း လိုက်နာဆောင်ရွက်ရန်လိုသော တာဝန်များကား ရှိနေကြပေသည်။ မိမိဆိုင်ရာ တာဝန်ကို ဆောင်ရွက်သူသည် တသက်လုံး အကျိုးကျေးဇူး ခံစားရမည် ဧကန်ဖြစ်သည်။
လူမိုက်ကို ရှောင်ကြဉ်ရေး
လူလိမ္မာ၊ လူကောင်းကို မှီဝဲဆည်းကပ်ရေး
ပူဇော်ထိုက်သူကို ပူဇော်ရေး

ဤသုံးပါးကို မူလတန်းကျောင်းများရှေ့တွင် ထင်ရှားစွာ သတိပေးဖော်ပြထားသည်မှာ အလွန်အားရဖွယ် ကောင်းလှပေသည်။ ဤသုံးပါးကို ငယ်ရွယ်နုနယ်စဉ်ကစ၍ တိကျစွာ လိုက်နာကျင့်သုံးသော ကလေးများသည် နိုင်ငံတော်၏သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြမည်မှာ သေချာလှပေသည်။

ကျောင်းသားအရွယ် ကျော်လွန်လာသောအခါ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးများ အနေဖြင့် ဆောင်ရွက်ရမည့်တာဝန်သုံးပါး ရှိသေးသည်။ ယင်းတာဝန်သုံးပါးကား-
၂။ သီလစောင့်ထိန်းရေး
၃။ ဘာဝနာပွားရေးတို့ ဖြစ်သည်။
ယင်းသုံးပါးကို တတ်စွမ်းနိုင်သလောက် မမေ့မလျော့ ကြိုးစားအားထုတ်ရန် လိုပေသည်။ မှန်၏။
ကျွန်ုပ်တို့နေ့စဉ် ဘုရားဝတ်ပြုရာဝယ် အမြဲဆုတောင်းကြသည်မှာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်များကို ရပါလို၏ အရှင်ဘုရား-ဟူ၍ အမြဲတောင့်တကြသည် မဟုတ်ပါလော။

ဒါနသည် သံသရာတလျှောက်လုံးတွင် မတောင့်မတ မကြောင့်မကြ အထက်တန်းကျကျ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ နေနိုင်ရေးအတွက် လိုအပ်သော ကောင်းမှုဖြစ်သည်။ စေတနာသဒ္ဓါတရား ထက်သန်စွာနှင့် မှန်မှန်ကန်ကန် လှူသောဒါနသည် ပစ္စည်းသေးငယ်သော်လည်း အကျိုးကြီးမားလှပါသည်။

ဒါနသည် အကျိုးပေးကောင်းရန် ဖြစ်သည်။
သီလသည် အပါယ်လေးပါးစသည်မှ ကင်းလွတ်၍ သုဂတိဘ၀ကောင်း ရရှိရန်ဖြစ်သည်။
အနည်းဆုံး ငါးပါးသီလ လုံခြုံလျှင် ဒုဂ္ဂတိဘ၀မှ ကင်းဝေး၍ သုဂတိဘ၀ရရန် သေချာပါ၏။

မဂ်တရား ဖိုလ်တရား ရရှိ၍ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်ရေးကား သမထ ၀ိပဿနာ ဘာဝနာပွားများရေးကို စွဲစွဲမြဲမြဲ အားထုတ်ရန် လိုအပ်ပါသည်။
ဒါန သီလ ဘာဝနာ တာဝန်သုံးပါးကို အစဉ်သတိရကြပါစေ။


Read more...

ဤကဲ့သို့ ဒုက္ခမျိုးကို... (သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်)

သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်... ၁၀၃-၁၁၃

၁၀၃... ဤကဲ့သို့ ဒုက္ခမျိုးကို တိုးတက်ခံစားချင်လှသည် ဟူသော ဥပမာဖြင့်...

၁၀၄... ပြဿဒါးနေ့ထွက်၍ လှေပျက်ရာမှာ ရှိပါစေတော့ ရက်ရာဇာရွေးတဲ့ မင်းတို့ဘထွေး ဘုန်းကြီးမှာ...



၁၀၅... ကြက်သားဟင်းတစ်ခွက် ပေးဘူရုံနှင့် ကျေးဇူးဂုဏ်အန္တ ကျေနိုင်ပါ့မလား...

၁၀၆... လူကတော့ ပြာတာအလုပ်နှင့် မြို့အုပ်ထင်တဲ့ ငဖိုးကြာလိုဟူသော ပမာစကားဖြင့်...

၁၀၇... ထွန်ကိုင်းတပ်ပုံ အလွန်ရူးသောကြောင့် ထွန်မစူးသည် ဟူသော ပမာကိုပေး၍...



၁၀၈... မင်းတို့ ကံဒွါရ နှစ်မျိုးရှုပ်တာက ဖိုးတရုတ် ဖက်ရောင်းသွားသလို ဟူသော ထုံးစကားဖြင့်...



၁၀၉... မောင်သုတမှာ သင်္ကန်းကို လူခိုး၍ မုဆိုးမကြီး ငွေ ငါးကျပ်ပျောက်သလို မဖြစ်ပါစေနှင့်ဟူသော...



၁၁၀... ပုသိမ်နှင့် မော်လမြိုင် အပြိုင်ပင့်ကြသဖြင့် နေနှင့်လကဲ့သို့ကျင့်၍ ခွင့်သင့်ရာ လိုက်မည်ဟု...

၁၁၁... မင်းလျှောက်သည့်စကားက တောရွာသားမောင်တရုတ်နှင့် စံအုပ်တို့ အုန်းဆိုသလို...



၁၁၂... ဘိုးသူတော် ကိုရွှေကြာနှင့် သီလရှင်မယ်ခါတို့ ကဗျာနှင့် လူပျိုစကားပြောသလို ...



၁၁၃... တရားဟောကောင်းလှသဖြင့် ကျောင်းအမ တေးဆို၍ ကလေးလိုကသည် ဟူသကဲ့သို့...




Read more...

ဘာသာရေးဆိုင်ရာ မှတ်ဖွယ်မှတ်ရာ အဖြာဖြာ-(၃)

ဗုဒ္ဓဘာသာနှင့် ၃၇-မင်းနတ်များ

ဗုဒ္ဓဘာသာဝင် အမည်ခံတော်တော်များများ ၃၇-မင်းနတ်ကို ကိုးကွယ်ကြသည်။ ယခုအခါ ဆရာတော်ဘုရားများ နယ်လှည့်ကြွရောက်၍ အမှန်တရား၊ လက်တွေ့သာဓကများ ပြ၍၊ အမုန်းခံ၍ သတ္တဝါများကောင်းကျိုးနဲ့ ထေရဝါဒသာသနာကို သန့်စင်အောင်၊ သန့်ရှင်းအောင် ခြေချွတ်တော်မူနေ၍သာ ထိုထိုသူအများ နားလည်စ ပြုလာကြ၏။ လိုက်နာကျင့်သုံးလာကြ၏။

ကျောင်းအမကြီး ဝိဿာခါ၊ အနာထပိဏ်သူဌေးတို့ နိမ္မာနရတိနတ်ပြည်၊ တာဝတိံသာနတ်ပြည်ဟူသော နတ်ပြည်ခြောက်ထပ်၌ အထက်တန်းစား နတ်မင်းကြီးများ၊ နတ်မိဖုရားကြီးများ အဖြစ်စံစားနေရသည်ဟု ဖတ်မှတ်ဖူးပါသည်။ ၎င်းတို့သည် လူပြည်သို့ လာလေ့မရှိပါ။ ယူဇနာပေါ်င်းများစွာကပင် လူတို့၏အနံ့ ဆိုးများက လှိုင်၍နေသည်ဟု ဆိုကြသည်။ ဘုရား၊ ရဟန္တာအရိယာ သူတော်ကောင်းတို့၏ သီလရနံ့များ ကြောင့်သာ တစ်ခါတစ်ရံ လာရောက်နိုင်ကြသည်။ ယခုခေတ်လူများသည် ၎င်းတို့နတ်ကောင်း၊နတ်မြတ်များကို အဆင့်မမီနိုင်ကြပေ။

လူရွာရှိ ဖော်ပြပါ အစိမ်းသေ နတ်များလောက်သာ အဆင့်မီကြပြီး ထိုနတ်များကလည်း နတ်ဆိုးများပီပီ ထိုသူတို့အား မှီခိုနှိပ်စက်၍ စားနေကြသည်။ လူတို့ကလည်း သူခိုး၊ ဓါးပြများကို ရိုက်နှက်မည်ကို စိုးရိမ်၍ ရှိခိုးနေကြသကဲ့သို့ ကိုးကွယ်ပသနေရခြင်းသာ ဖြစ်၍ ဗုဒ္ဓဘာသာ သူတော်ကောင်းတို့ အလုပ်မဟုတ်သဖြင့် ယင်းနတ်ဆိုးများအား အဆက်အဆံမလုပ်ဘဲ ကုသိုလ်တရားသာ အားထားလုပ်ဆောင်၍ အမျှအတန်းပေးဝေ သင့်ပါသည်။


ဆွမ်းသွပ်ခြင်း


လူ့ဘဝမှ လူတစ်ယောက် ကွယ်လွန်သွားပြီဆိုလျှင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း အသုဘကိစ္စပြုလုပ်၍ ခုနှစ်ရက်လည်လျှင် ဆွမ်းသွပ်(သပိတ်သွပ်) ကြပါသည်။ လူ့ဘဝမှ ကွယ်လွန်သွားသူသည် အကယ်၍ ပေတလောက (ပရဒတ္တူပဇီဝိက (ခေါ်) လူ့ဘဝက အမျှပေးဝေသည်ကို သာဓုခေါ်နိုင်သော အဆင့်မျိုး) ပြိတ္တာမျိုး ဖြစ်နေလျှင် ၎င်းအားရည်ညွှန်း၍ ကျန်ရစ်သူများက ကုသိုလ်ပြု အမျှပေးဝေရပါသည်။သာဓုခေါ်လျှင် ၎င်းတို့ကိုယ်တိုင် ကုသိုလ်ပြုရသကဲ့သို့ ကောင်းကျိုးကိုခံစားနိုင်ပါသည်။


ဗုဒ္ဓဘာသာတို့သည် ကုသိုလ်၊ အကုသိုလ်ရောနှောအကျိုးပေးလျှင် ထိုပေတလောကသို့ အရောက်များ တက်သည်။ သို့ဖြစ်၍ သေပြီးနောက် သေသောနေ့တွင် သက်ပျောက်သပိတ်ဟူ၍ လည်းကောင်း၊ ချသောနေ့တွင် မြေဆင်းသပိတ်ဟူ၍လည်းကောင်း၊ ရက်လည်နေ့တွင် ရက်လည်သပိတ်ဟူ၍ လည်းကောင်း အရပ်ထုံးစံအားလျော်စွာ လှူဒါန်းအမျှပေးဝေမှု ပြုကြလေ့ရှိပါသည်။ တစ်ချိန်ချိန်တွင် သာဓုခေါ်နိုင်က ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရနိုင်ပါသည်။ သံဃာတော်တို့၏ သပိတ်ထဲသို့ လောင်းလှူသွတ်သွင်း၍ အမျှပေးဝေကြရသဖြင့် သပိတ်သွတ်သည် (ဆွမ်းသွတ်သည်) ဟု ဝေါဟာရပြုထားကြောင်း ဗဟုသုတအနေဖြင့် ထပ်လောင်းတင်ပြလိုက်ပါသည်။


အမေကိုကျွေး၊ ဘုရားကိုလှူ

တချို့ပြောကြသည်မှာ “ ဘုရားကို ဆွမ်းကပ်တာတက် ကိုယ့်အမေကို ကျွေးတော့ ပိုပြီး ကုသိုလ်မရဘူးလားတဲ့၊ အမေက လက်ငင်းစားရတယ် ” ဟူ၍ဖြစ်ပါသည်။

လောကတွင် ဘုရားသာ အမြတ်ဆုံးဖြစ်၍ ဘုရားကို လှူပြီးမှ စားသောက်ကြခြင်းမှာ ဗုဒ္ဓဘာသာ တစ်လောကလုံး၏ ထုံးထမ်းစဉ်လာဖြစ်ပါသည်။ အမိ၊အဖ၊ ဆရာသမားတို့မှာလည်း မိမိ၏စားဦး၊သောက်ဦးကို ပေးလှူရမည့် ပုဂ္ဂိုလ်များဖြစ်ပါသည်။ အဆင့်အတန်းအားလျှော်စွာ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနောက်မှ ပေးလှူရမြဲ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျီးခွေးစသော တိရစ္ဆာန်များထက် လူဖုန်တောင်းယာစကာများကို ဦးစွာပေးကျွေးသင့်ပါသည်။ ထို့ထက် လူသူတော်စင်များ၊ မိဘ၊ ဆရာသမားများနှင့် ရဟန်းသံဃာနှင့် ရတနာသုံးပါး အဆင့်ဆင့် ဦးစားပေး လှူဒါန်းကြရပါသည်။


ရေသပ္ပါယ်ခြင်း

ရွှေတိဂုံဘုရားပေါ်၌ ဘုရားရေသပ္ပါယ်ကြသူများမှာ အချိန်အခါဟူ၍ မရှိပါ။ ဗေဒင်ဆရာက ယတြာချေခိုင်းလျှင် ဘုရားရုပ်ပွားတော်များကို သင်္ကြန်ရေလောင်းသကဲ့သို့ လောင်းနေကြသည်မှာ ကုသိုလ်မရ၊ အပြစ်ရဖွယ်သာ ဖြစ်စရာရှိပါသည်။ တကယ်ရေသပ္ပါယ်လိုသော စေတနာရှင်များမှာ ရွှေတိဂုံဘုရားပေါ်သို့ပင် သွားနေစရာမလို။ ကိုယ်အိမ်ရှိ၊ ဘုရားရုပ်ပွားတော်၊ (ကြေးဆင်းတု၊ ကျောက်ဆင်းတု) ကို နွေလအခါ ပူသောအချိန်တွင် ကျောင်းဆောင်မှပင့်၍ အိမ်ဦးတွင် ချေးညှော်စင်အောင် ချေးချွတ်ဆေး၊ ဆပ်ပြာ၊ အဝတ်သန့်သန့်၊ ရေသန့်သန့် ဖြင့် သင့်လျှော်ရာနေရမှ လောင်း၍ ရိုသေလေးစားစွာ ရေသပ္ပါယ်ကုသိုလ် ယူသင့်ပါသည်။

သင်္ကြန်အခါ နှစ်သစ်ကူးအခါတို့တွင် ကျောင်းကန်၊ ဘုရားတို့၌ ဥပုသ်စောင့်ကြသော ဥပုသ်သည် ကျား၊မ မဟူ ညနေပိုင်းတို့တွင် ကျောင်းရှိ ကြေးဆင်းတု၊ ကျောက်ဆင်းတုများကို ရိုသေစွာ ရေသပ္ပါယ်ကြသည်ကို တွေ့ရ၊ကြုံရလေ့ ရှိပါသည်။ အချို့ရေအေးအေးတွင် အမွှေးနံ့သာများ ထည့်၍ ရေသပ္ပါယ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ကုသိုလ်ဖြစ်အောင် ရေသပ္ပါယ်သင့်ပါသည်။


အသက်တစ်ထောင့်သုံးဆယ်

လူ့သက်တမ်း တစ်ရာခေတ်၌ အသက် ၁၀၃၀ နှစ်ရှိသည်ဆိုသော ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ် ဆရာတော်ကြီးများ ပေါ်ပေါ်က်နေသည်ဟု ကြားသိကြပါသည်။

သက်တမ်းတစ်ရာတမ်းတွင် အလွန်ကုသိုလ်ကောင်းပါမှ အသက်တစ်ရာထက် အနည်းငယ်သာ ပို၍ နေရကြောင်း၊ မည်မျှကုသိုလ်ကောင်းသည်ဖြစ်စေ အသက်နှစ်ရာအထိ မနေရကြောင်း ဘုရားဟောတော်မူချက် ရှိနေသည်။ “ဒုတိယံ ဝဿသတံ အပတွာ ဝီသာယ ဝါ၊ တိံ သာယဝါ၊ စတ္တာလီသာယဝါ၊ ပညာသာယဝါ၊ သဋ္ဌိယာဝါ၊ ဝေဿဟိ အဓိကမ္ပိ ဝဿ သတန္တိ အတ္ထော၊ သဗ္ဗမ္ပိဟေတံ၊ ဒုတိယံ ဝဿသတံ အပတ္တတ္တာ အပ္ပန္တိဝုတ္တံ ” (အဘိဋ္ဌ၂-၅၀၃) အသက်အရှည်နိုင်ဆုံး တစ်ရာ့ခြောက်ဆယ်သာ ဖြစ်နိုင်သည်။ မြတ်စွာဘုရား လက်ထက်က အရှင်ဗာကုလ မထေရ်သည် သက်တော် ၁၆၀ ရှည်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ဤလူ့သက်တမ်း တစ်ရာခေတ်တွင် အသက်တစ်ထောင်ကျော် ရှည်သူမရှိနိုင်ကြောင်း၊ အသက်နှစ်ရာ ထိရှည်သူပင် မရှိကြောင်း မှတ်သားသင့်ပါသည်။



(ဘာသာရေးပြဿနာများ) ဘန္ဒန္တတိလောကသာရ


Read more...

သြ၀ါဒ

မိဘတို့ကို မွေးတုံ့မွေးလှည့်ပြုသော သားသမီးတို့သည် အမြတ်ဆုံး အနုဂါမိကရွှေအိုးကို မြှုပ်ထားရသည်မည်၏။
ထိုရွှေအိုးကို ရန်သူမျိုးငါးပါးတို့သည် ထုတ်ဖော်ဖျက်ဆီးခြင်းငှါ မတတ်နိုင်ကုန်။
အရိပ်ကဲ့သို့ အစဉ်တစိုက်လိုက်၍ လောကီကျောင်းကျိုး၊ လောကုတ္တရာကောင်းကျိုးကို ပေးနိုင်၏။
အကြင်အကြင်ဆုကို တောင့်တ၏။ ထိုထိုဆုအလုံးစုံကို ရ၏။ ဟူ၍
နိဓိကဏ္ဍသုတ်၌ ဘုရားအမိန့်တော်မြတ်ရှိသည်။
ထို့ကြောင့် သုတ္တနိပါတ်တွင် မာတာပိတု ဥပဋ္ဌာနံ-ဟူ၍ မိဘကို လုပ်ကျွေးခြင်းသည် စည်းစိမ်ချမ်းသာ ကြီးပွားကြောင်း မင်္ဂလာ-ဟူ၍ ဘုရားရှင် မိန့်တော်မူခြင်း ဖြစ်သည်။

( အုတ်ဖိုဆရာတော်ကြီး ဘဒ္ဒန္တဥက္ကံဝံသမာလာ )


Read more...

ကံ ကံ၏အကျိုး ( ၅၆ )

( ဘုရားမှတပါး ကိုးကွယ်ရာ မရှိ )

ကျွန်မသည် တော်ရုံဖျားနာမှုလောက်ကို ဂရုစိုက်နေသူမဟုတ်ပါ။ ဆေးသောက်ရင်း အလုပ်လုပ်ရင်းနှင့်ပင် ရောဂါများ ပျောက်သွားပါသည်။
ယခုတော့ ကျွန်မဝေဒနာတခုကို ပြင်းပြင်းထန်ထန် ခံစားနေရပါသည်။ ရင်ခေါင်းကြားတွင် အောင့်နေခြင်းပင်။ ဘေးစောင်းအိပ်လဲနာ၊ ပက်လက်အိပ်လဲနာ၊ ထိုင်မရ ထမရနှင့် တော်တော်ပင် အခံရခက်လှပါသည်။ ပထမတွင် မသိမသာဖြစ်၍ ဆေးကို ထိထိရောက်ရောက် မသောက်မိ၊ ပြင်းပြင်းထန်ထန် ခံစားနေရချိန်၌ ဆေးကမနိုင်တော့။ ဝေဒနာကို အလူးအလဲခံစားနေရပါသည်။ စိတ်ပျက်ဝမ်းနည်းစွာဖြင့် ဘုရားကိုသာ တ,နေမိပါသည်။ အရဟံဂုဏ်တော်ကိုလည်း မနားတမ်း ပုတီးစိပ်နေမိပါသည်။ ပုတီးစိပ်နေရင်းနှင့်ပင် ဘုရားစင်အောက်တည့်တည့်တွင် မှေးခနဲ အိပ်ပျော်သွားပါသည်။

အိပ်မက်ထဲတွင် ဘုရားစင်ရှိရာ အပေါ်ထပ် အထပ်ခိုးပေါ်မှ ကိုရင်လေးတပါး ဆင်းလာပါသည်။ ထိုကိုရင်လေးသည် ကျွန်မရင်ဘတ်ပေါ်တွင် သူ့လက်တဖက်ကို တင်လိုက်ပါသည်။ ထို့နောက် ၀မ်းဗိုက်နေရာမှစ၍ လည်ပင်းဆီသို့ သူ့လက်ကို တစုံတခု ယက်ယူသည့်ဟန်ဖြင့် ယက်တင်လာပါသည်။ ကျွန်မပါးစပ်ထဲမှ ငုံးဥအရွယ်ခန့် အလုံးလေးတလုံး ထွက်လာပါသည်။ ထိုအလုံးလေးအား ကျွန်မကို ပြပါသည်။ အမဲသား မစားနဲ့နော်-ဟုပြော၍ အပေါ်ထပ်သို့ ပြန်ကြွသွားပါသည်။

ကျွန်မလည်း အိပ်မက်မက်ရာမှ နိုးလာပါသည်။ အလွန်ပင် အံ့သြစရာကောင်းပါသည်။ မအိပ်ခင်က နာခဲ့သော ရင်ခေါင်းအောင့်သောဝေဒနာမှာ ရှင်းရှင်းကြီးပျောက်နေပါတော့သည်။ ဤအဖြစ်အပျက်မှာ ကျွန်မကိုယ်တိုင် ကြုံတွေ့ရသော တကယ်အဖြစ်အပျက်ဖြစ်ပါသည်။

ဤကဲ့သို့ ကျွန်မရောဂါပျောက်သွားရခြင်းမှာ ဘုရားရှင်ကို ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်မှု ကုသိုလ်ကံအကျိုးကြောင့် သူတော်စင် နတ်ကောင်းနတ်မြတ်များက လာရောက်ကူညီခြင်းဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။

( ကင်းငြိမ်းအောင် )
*********************************************************************************

( ကြွေးဆန်တပြည် ကျေပါစေ )

မိုးရာဦး၏ ညတညတွင် ဖြစ်သည်။ ကျွန်မအိပ်ပျော်နေခိုက် အိမ်အောက်တွင်ချည်ထားသောနွားပြာကြီးသည် ကျွန်မကို စကားလာပြောလေသည်။
ဖွားမေ နင်တို့ကတော့ ကောင်းကောင်းမွန်မွန်အိပ်လို့၊ ငါ့မှာတော့ တင်ပါးတခြမ်း မီးလောင်ခံနေရတယ်လေ၊ သေမလောက်ပူတယ်၊ ဒါပေမယ့်ငါ့ခြေတွေ လက်တွေက မသယ်နိုင်တော့လို့ မီးနဲ့လွတ်ရာကို မရွေ့နိုင်ခဲ့ဘူး၊ ငါ့ဘ၀ ဆိုးလှပါတယ်၊ ငါလုပ်နိုင် ကိုင်နိုင် အရွယ်တုန်းကလဲ နင့်ယောက်ျားက ရိုက်လိုက်တာ မညှာတာဘူး၊ ကျောမှာ သေရာပါဒဏ်ရာကြီး ရခဲ့တယ်။ အသက်ကကြီးလာတော့ နင့်ယောက်ျားတင်တဲ့ဝန်ကို မရုန်းနိုင်လို့ တောင်ညိုချောင်းအဆင်းမှာ ငါ့ပေါင်ကို လှည်းနင်းမိငြီး ပိုင်းပိုင်းကျိုးခဲ့ရတယ်။ နောက်-အားပြတ်ချည့်နဲ့နေတဲ့ နွးအိုနွားမင်းကြီးကို ငါ့ကိုနင်တို့ မခိုင်းတော့ဘဲ အိမ်အောက်မှာ ထားခဲ့ကြတယ်။ နင်တို့ငါ့ကို သတ်မစားဘဲ ထားတာကိုပဲ ကျေးဇူးတင်လှပါပြီ။

ဒါပေမယ့် ငါမနေရတော့ပါဘူး။ သေရတော့မှာပါ၊ ငါမသေခင် မှာချင်တာက ငါ သင်းနုပါ၊ လူ့ဘ၀က နင်တို့ဆီက ယူတဲ့ဆန်တပြည်ကို နွားဘ၀နဲ့ လုပ်ကျွေးခဲ့တာနဲ့ ကျေပါ။ ငါသေရင်လဲ ဆွမ်းသွတ်အမျှဝေပါ။

ကျွန်မအား စကားပြောနေသည်မှာ အိမ်အောက်က ခြံပေါက်နွားပြာကြီးဖြစ်သော်လည်း အသံမှာ ဒွေးလေးသင်းနု-၏အသံ ဖြစ်နေပါသည်။ သို့ဖြစ်၍ အိပ်မက်ကလန့်နိုးပြီး ချက်ချင်းဆိုသလိုပင် ကျွန်မ၏ခင်ပွန်းအား နိုး၍ ပြောမိပါသည်။ ကျွန်မ၏ခင်ပွန်းကမူ အိပ်မက်မက်သည်မှာ တကယ်မဟုတ်ကြောင်း စိတ်မကောင်း မဖြစ်ရန် ပြောပြီး ပြန်လည်အိပ်မောကျသွားပါသည်။

ကျွန်မမှာသာ အိပ်မပျော်တော့ဘဲ စိတ်ထိခိုက်ချောက်ချားနေမိပါသည်။ သို့ဖြင့် မိုးစင်စင်လင်းသည့်တိုင် စိတ်မကောင်းဖြစ်နေ၍ နွားပြာကြီးရှိရာ အိမ်အောက်သို့ဆင်းသွားပါသည်။ ထိုအခါ ကျွန်မစိတ်များကို ထိန်းမရတော့ဘဲ ရှိုက်ကြီးတငင် ငိုချမိပါတော့သည်။ အဘယ့်ကြောင့်ဆိုသော် နွားပြာကြီးသည် မှက်၊ ခြင်၊ ကိုက်မည်စိုး၍ မီးဖိုပေးထားသော မီးပုံဘေး၌ တင်ပါးတခြမ်းမှာ မီးလောင်ဒဏ်ရာကြီးဖြင့် မမြင်ရက်စရာ ဖြစ်နေရသောကြောင့်ပင်။ ကျွန်မ ငိုနေသည်ကို နွားပြာကြီးက မျက်လုံးကြီးပြူးလျက် ကြည့်နေပါသည်။ သူ၏မျက်အိမ်တွင်လည်း မျက်ရည်ပေါက်များ ယိုစီးကျလျက်ရှိပါသည်။

ကျွန်မ၏ငိုသံကြောင့် ခင်ပွန်းဖြစ်သူလည်း အနားသို့ရောက်လာပါသည်။ ထိုအခါမှ ကျွန်မအိပ်မက်သည့်အတိုင်း မှန်နိုင်ကြောင်း၊ ဒွေးလေးသင်းနု ဖြစ်နိုင်ကြောင်း ခင်ပွန်းက ပြောပါသည်။ တဆက်တည်းပင် ခင်ပွန်းဖြစ်သူက ဒွေးလေး၊ လူ့ဘ၀က ကြွေးကျန်တဲ့ ဆန်တပြည်ကို ဒွေးလေးတသက်လုံး လုပ်ကျွေးခဲ့တဲ့ လုပ်အားနဲ့ ကျေပြီလို့ မှတ်ပါ။ ဆွမ်းလဲ ကျွေးပါ့မယ်။ အဲဒီအခါ သာဓုခေါ်ပါ-စသည်ဖြင့် အသံတုန်တုန်ယင်ယင်ဖြင့် သုံးကြိမ်သုံးခါ ထပ်၍ ပြောလိုက်ပါသည်။

နောက်တနေ့တွင် နွားပြာကြီး သေဆုံးသည်။ ဒွေးလေးသင်းနုအတွက် ကောင်းမှုအဖြစ် သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးပါသည်။ ကောင်းရာသုဂတိ လားပါစေကြောင်း ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။

( မောင်သောင်းဝင်း-စစ်ကွင်း )

( မြတ်မင်္ဂလာ ၁၉၉၆-ခုနှစ် နိုဝင်ဘာလ )


Read more...

ဘာသာရေး ပြဿနာ ( ၆၁ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

( မေး ) ( ဒက္ခိဏသာခါ ဘုရား )
အရှင်ဘုရား၊ ဒက္ခိဏသာခါ ဘုရားသည် မည်သည့်အချိန်က ပွင့်တော်မူသော ဘုရားပါလဲဘုရား၊ ဤရုပ်ပွားတော်ကို ကိုးကွယ်သူများက မီးကွင်းသည်၊ လာဘ်ပေါများသည်ဟု ပြောကြပါသည်။ ဤသည်မှာ အမှန်ပါပဲလားဘုရား၊ ဘာကြောင့် ဤသို့ မီးကွင်းရပါသလဲ၊ ဂေါမတဘုရားကဲ့သို့ သဗ္ဗညုတဘုရားရှင်ကော ဟုတ်ပါသလား၊ ဤဒက္ခိဏသာခါ ရုပ်ပွားတော်များကို အိမ်အများစုမှာ ကိုးကွယ်၍စေတီပုထိုးများတွင် မတွေ့ရခြင်းမှာ ဘာကြောင့်ပါလဲဘုရား၊ ဤဒက္ခိဏသာခါ ဘုရားရုပ်ပွားတော်များကို ကိုးကွယ်သူများက တပည့်တော်မတို့၏ ဂေါတမရှင်တော်မြတ်ဘုရားက တန်ခိုးမရှိသယောင် ပြောဆို၍ ဒက္ခိဏသာခါ ရုပ်ပွားတော်များကသာ တန်ခိုးရှိကြောင်း ပြောဆိုနေပါ၍ ဤပြဿနာကို ဖြေရှင်းပေးတော်မူပါဘုရား။။
( မလဲ့လဲ့ဝင်း-တောင်ဥက္ကလာ )

( ဖြေ )
ဒက္ခိဏသာခါ-ဟူသည်မှာ သီးခြားဘုရာတဆူ မဟုတ်၊ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားကိုပင် ပုံတော်ရုပ်တု ပြုလုပ်၍ ကိုးကွယ်ကြခြင်းပင် ဖြစ်သည်။ ဒက္ခိဏသာခါ ဆိုသည်မှာ တောင်ဘက်အကိုင်း ဟု ဆိုလိုသည်။ ဗောဓိညောင်ပင်၏ တောင်ကိုင်းကို ဖြတ်ယူ၍ သီရိလင်္ကာ၌ စိုက်ပျိုးပူဇော်ရာ ထိုညောင်ပင်မှ အကိုင်းအခက်အလက်တို့ကို ထုလုပ်၍၄င်း၊ သားရိုးပြုလုပ်၍၄င်း၊ ဘုရားရုပ်ပွားတော်အဖြစ် ကိုးကွယ်ကြသည်ကို ဒက္ခိဏသာခါ ခေါ်သည်။

ထိုဘုရားပုံတော်များကို တု၍ နောက်ခေတ်၌ ထုလုပ်ကိုးကွယ်ကြသမျှပင် ဒက္ခိဏသာခါ ရုပ်ပွားတော်များဟု ဆိုပါသည်။ စင်စစ် ဂေါတမဗုဒ္ဓ၏ ဥဒ္ဒိဿစေတီများပင် ဖြစ်သည်။

မီးကွင်းသည် စီးပွားတက်သည် ဆိုသည်မှာလည်း ပူဇော်ကိုးကွယ်သူတို့၏ စေတနာအရ ဖြစ်သဖြင့် ရုပ်ပွားတော်၏ တန်ခိုးဣဒ္ဓိပါဒ်ဟု ဆိုရန်မသင့်ပါ။ ကိုးကွယ်သူ စေတနာကောင်း ကောင်းသလောက် အကျိုးကြီးမည်မှာ ဓမ္မတာသာ ဖြစ်ပါသည်။ အိမ်များမှာသာ ရုပ်ပွားတော်များကို တွေ့ရ၍ ဘုရားစေတီများမှာ မတွေ့ရခြင်းမှာ ရုပ်ပွားတော်များမှာ သေးငယ်၍ စေတီတော်များ၌ ပူဇော်ထားရှိခြင်း မပြုကြခြင်း-ဟု မှတ်သားသင့်ပါသည်။ အလားတူ မေးထားသော မောင်ရွှေညို (မိတ္ထီလာမြို့)လည်း ဤအဖြေအတိုင်း မှတ်သားထားစေလိုပါသည်။
********************************************************************************

( မေး ) ( မဏိမေခလာ နတ်သမီး )
အရှင်ဘုရား၊ ဘုရားလောင်း ဇနကမင်းသားကို ကယ်တင်ခဲ့သော မဏိမေခလာ နတ်သမီးသည် အလောင်းတော်၏ ယခင်ဘ၀များနှင့် တွေ့ဆုံ၍ ပါရမီဖြည့်ခြင်း ရှိခဲ့ပါသလား၊ အလောင်းတော် ဇနကမင်းသား ဘုရားဖြစ်ချိန်တွင် မဏိမေခလာ နတ်သမီးသည် အဘယ်သူဖြစ်ပါသနည်း၊ သမုဒ္ဒရာ၌ပင် အစောင့်အဖြစ် ရှိနေပါသလား၊ မဏိမေခလာနတ်သမီး၏ ဘ၀ကြောင်းရာကို သိလိုပါသည်ဘုရား။
( ကျိုက္ကဘာ စန္ဒ-ဖျာပုံမြို့ )

( ဖြေ )
တဒါ သမုဒ္ဒရက္ခိတော ဒေ၀ဓီတာ ဥပ္ပလ၀ဏ္ဏော အဟောသိ-ဟု ဇာတ်အဋ္ဌကထာ (ဇာ-ဋ္ဌ၊ ၆-၈၄ ) ၌ ပါရှိ၍ မဏိမေခလာမည်သော သမုဒ္ဒရာစောင့်နတ် နတ်သမီးသည် ဥပ္ပလ၀ဏ္ဏာထေရီမ (တန်ခိုးအရာ၌ ဧတဒဂ်ရ လက်ဝဲတော်ရံ ရဟန္တာမ) ဖြစ်ပါသည်။
ဥပ္ပလ၀ဏ္ဏာထေရီမသည် လွန်ခဲ့သော ကမ္ဘာတသိန်းက ပဒုမုတ္တရ မြတ်စွာဘုရားအထံတွင် ဆုတောင်းခဲ့ပြီး ငါးရာ့ငါးဆယ် ဇာတ်တော်တို့တွင် ဘုရားလောင်းနှင့် ထပ်ခါတလဲလဲ တွေ့ဆုံ၍ အကူအညီပေးခဲ့ပုံတို့ကို တွေ့နိုင်ပါသည်။
********************************************************************************

( မေး ) ( ကောလာဟလ )
အရှင်ဘုရား၊ ဘုရားပွင့်ပေါ်ခါနီး၌၄င်း၊ မင်္ဂလာတရား ပေါ်ပေါက်ခါနီး၌၄င်း၊ ကမ္ဘာကြီး ပျက်စီးခါနီး၌၄င်း၊ ကောလာဟလသတင်း ထွက်ပေါ်ပြီးမှ ၄င်းတရားတို့ ပေါ်ပေါက်လာသည်ဟု သိရပါသည်။ ဟုတ်သည် မဟုတ်သည်ကို၎င်း၊ မည်မျှကြာသည်ကို၎င်း၊ သိလိုပါ၍ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။
( အရှင်ဇနက-သီရိဓမ္မာရုံကျောင်း )

( ဖြေ )
ကောလာဟလသည်
၁။ ကမ္ဘာပျက်မည်ကို အနှစ်တသိန်းက
၂။ ဘုရားပွင့်မည်ကို အနှစ်တထောင်က
၃။ စကြာမင်း ဖြစ်မည်ကို အနှစ်တရာက
၎။ မင်္ဂလာတရား ဟောမည်ကို တဆယ့်နှစ်နှစ်က
၅။ မောနေယျ ပဋိပဒါကျင့်မည်ကို ခုနစ်နှစ်က ကြိုတင်၍ အုတ်အုတ်ကျက်ကျက် ပြောဆိုကြသည်။

ထူးထူးခြားခြားဖြစ်မည်ကို တိတ်ကြီးနိမိတ်ကြီးများ အနေဖြင့် အုတ်အုတ်ကျက်ကျက် ပြောဆိုခြင်းများ ကြိုတင်ဖြစ်ပေါ်ခြင်းကို ကောလာဟလဟု ဆိုသည်။ အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်ကို ကျမ်းဂန်များ၌ ဖော်ပြထားခြင်းဖြစ်၍ ဟုတ်မှန်ပါသည်။ ဤခေတ်တွင်လည်း ထင်ရှားသော သမိုင်းဖြစ်စဉ်ကြီးများ ဘုန်းတန်ခိုးကြီးမားသော ပုဂ္ဂိုလ်ကြီးများ ဆိုင်ရာ၌ ထိုကဲ့သို့သော တိတ်ကြီးနိမိတ်ကြီးများ ဖြစ်ပေါ်လေ့ရှိကြောင်း သိနိုင်ပါသည်။
********************************************************************************

( မေး ) ( အကျင့် နှင့် ပါရမီ )
အရှင်ဘုရား၊ အကျင့်နှင့်ပါရမီ မည်ကဲ့သို့ ကွာခြားသည်ကို အမိန့်ရှိစေလိုပါသည်ဘုရား။
( မောင်မြင့်ကြည်-မိတ္ထီလာ )

( ဖြေ )
အကျင့်-ဟူသည် မည်သည်ကိုမျှ ဆုတောင်း ဆုယူ မပြုဘဲ ဒါန သီလ ဘာဝနာတို့ကို ကျင့်သုံးခြင်းဖြစ်၍
ပါရမီ-ဟူသည်မှာ သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝကဗောဓိ၊ ဟူသော ဗောဓိဆုတမျိုးမျိုးကို တောင်းဆို၍ ဒါန သီလ စသော တရားတို့ကို ကျင့်သုံးခြင်း ဖြစ်ပါသည်။
*********************************************************************************

( မေး ) ( အောင်ဂါထာ )
အရှင်ဘုရား၊ တပုဒ်တည်းနှင့် သောတာပတ္တိမဂ်ကို ရစေနိုင်သော အောင်ဂါထာဟူ၍
ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ ၊ တေသံ ဟေတုံ တထာဂတော အာဟ ။
တေသဉ္စ ယော နိရောဓော ၊ ဧ၀ံ ၀ါဒီ မဟာသမဏော ။ ဟု ဆိုပါသည်။
ဤဂါထာသည် ဘုရားဟောဖြစ်ပါသလား၊ အစ အဆုံးဖြစ်ပါသလား၊ အဓိပ္ပါယ်ဖော်ပြပေးပါရန် လျှောက်ထားပါသည်ဘုရား။
( ဦးစံအောင်-ရန်ကုန် )

( ဖြေ )
ယေ ဓမ္မာ-စသောဂါထာမှာ ဘုရားဟော မဟုတ်ပါ။ အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿပရိဗိုလ်အား ပဉ္စ၀ဂ္ဂီငါးဦး အပါအ၀င် အရှင်အဿဇိ ရဟန္တာအရှင်မြတ် ဟောကြားသော ဂါထာဖြစ်၍ ဖော်ပြပါအတိုင်း လေးပါဒမှာ အစအဆုံးပင် ဖြစ်ပါသည်။

အဓိပ္ပါယ်မှာ
အကြင် ( ဒုက္ခသစ္စာ ) တရားတို့သည် အကြောင်း သမုဒယ-သစ္စာကြောင့် ဖြစ်ကုန်၏။
ထို ( ဒုက္ခသစ္စာ ) တို့၏ အကြောင်း သမုဒယသစ္စာဖြစ်သော တရားကို၎င်း၊
ထိုအကျိုး ( ဒုက္ခသစ္စာ )၊ အကြောင်း ( သမုဒယသစ္စာ ) တရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာ၊
ချုပ်ငြိမ်းကြောင်း မဂ္ဂသစ္စာ-တရားကို၎င်း။ မြတ်စွာဘုရားသည် ဟောတော်မူ၏။
ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားသည် ဤသို့ အယူရှိ၏-ဟူ၍ ဖြစ်ပါသည်။
********************************************************************************

( မေး ) ( ဒေါင်းမြီး ဘုရားလှူ )
အရှင်ဘုရား၊ ပြဿနာပြေစေကြောင်း ကျမ်းပေါင်းသိ ထေရ်အရှင်၊
နောင်လာသူ သိစေမေးပါရ ရေးဖြေစေ့ချင်၊
ဒေါင်းမြီးပ ဘုရားတွင် တင်လှူသည့်အရေး၊
ရငြားကုသိုလ်နှင့် အကုသိုလ်ဖြစ်မည်လား ခြား၍ဖြေပေး။
( ဦးစိုးမြင့်-အမှတ် ၁၊ သံနှင့်သံမဏိစက်ရုံ၊ အနီးစခန်း ပြင်ဦးလွင်မြို့ )

( ဖြေ )
ပြဿနာ မေးကာထား၊ ဖြေကြားရ ထေရ်အရှင်၊
ဗုဒ္ဓစာပေရေးဟာမို့၊ မေးက ဖြေတင်၊
ဒေါင်းမြီးနှင့်တူအင်၊ ဘုရင်တို့အသုံး၊
သားမြီးယပ် အမြတ်ယူသလိုပ၊
ဒေါင်းမြီးကို ယပ်ပုံမှန်းလို့၊ လှူဒါန်းလျှင် ကုသိုလ်ပွားမယ် ခြား၍ဖြေကုံး ။
*********************************************************************************

( မေး ) ( ဇိနိ နှင့် အဇိနိ )
အရှင်ဘုရား၊ ဤမြတ်မင်္ဂလာစာစောင် အတွဲ (၁၁) အမှတ် (၆) ၁၉၉၅-ခုနှစ် ဒီဇင်ဘာလစာစောင်တွင် ဆောင်းပါးရှင်တဦး တင်ပြသော အောင်ခြင်းရှစ်ပါးဂါထာနှင့် အနက်ဖော်ပြထားပုံတို့ကို ဖတ်ရှုရသည်မှာ လွန်စွာနှစ်သက် ကြည်ညိုဖွယ်ပင် ဖြစ်ပါသည်ဘုရား။
သို့ရာတွင် ပါဠိဂါထာမှာ ဇိနိ-ဖြစ်ပါလျက် အနက်ဖော်ပြရာတွင် အဇိနိ-ဟု အ-သဒ္ဒါထည့်၍ အနက်ဖော်ထာခြင်းကို နားမလည်ဖြစ်ရပါသည်ဘုရား။
ဂါထာပုဒ်ရင်းတွင် ဇိနောဇိနိသည် သန္ဓိပုဒ်စပ် ပုဒ်ဖြတ် မရှိဟု မှတ်ယူပါသည်ဘုရား။ အ-သဒ္ဒါ န-သဒ္ဒါသည် ပါဠိပုဒ်၏အနက်အဓိပ္ပါယ်ကို တားမြစ်ခြင်းဟု မှတ်ယူပါသည်ဘုရား။ န သမဏော၊ အသမဏော၊ န ဗြဟ္မဏော၊ အဗြဟ္မဏော၊ ဖြစ်သလို နဇိနိ အဇိနိ ဖြစ်နိုင်သည်ဟု မှတ်ယူသဖြင့် ဖြေရှင်းပေးစေလိုပါသည်ဘုရား။
( ဦးကျော်-ဆင်တဲကုန်းရွာ၊ မင်းလှမြို့ ပဲခူးတိုင်း )

( ဖြေ )
ဇိနော ဇိနိ-မှာ ဇိနော-အဇိနိ ပုဒ်ဖြတ်ရသော သန္ဓိပုဒ်ပင် ဖြစ်ပါသည်။
ဇိနော-မြတ်စွာဘုရားသည်၊ အဇိနိ-အောင်ပြီ-ဟု အနက်ပေးရပါသည်။
ဤကဲ့သို့ ကိရိယာပုဒ်များ ပါဠိတော်၌ များပြားပါသည်။ ဓမ္မပဒပါဠိတော် ဂါထာတပုဒ်တွင်
အက္ကောစ္ဆိမံ အ၀ဓိမံ၊ အဇိနိမံ အဟာသိမေ။ စသည်ဖြင့်ရှိ၍ အက္ကောစ္ဆိ, အ၀ဓိ, အဇိနိ, အဟာသိ ဟူသော ကိရိယာပုဒ်များကို ထောက်ဆနိုင်ပါသည်။
*********************************************************************************

( မေး ) ( မုက္ခပါဌ်-နှုက္ခပါဌ် )
အရှုဘုရား၊ ဘုရားရှင်၏ မုက္ခပါဌ်တော် ဖြစ်တော်မူသော ဟူ၍၄င်း၊
နှုက္ခပါဌ်တော် ဖြစ်တော်မူသော ဟူ၍၄င်း၊ ဖတ်ရှုမိဖူးပါသည်။ ဘယ်အရာက မှန်သည်ကို သနားသဖြင့် အဓိပ္ပါယ်နှင့်တကွ ဖြေကြားပေးတော်မူပါဘုရား။
( ရှင်ဥတ္တမ-ညော်ရွှေ )

( ဖြေ )
မုက္ခပါဌ်-ဟူသည်မှာ မုခ-ပါဌ ဖြစ်၍ နှုတ်တော်ဖြင့် ရွတ်ဆိုဟောကြားခြင်းဟု အဓိပ္ပါယ်ရှိပါသည်။
မုခကို မြန်မာဘာသာ နှုတ်ဟု ပြန်သဖြင့် နှုတ်ခပါဌ်ဟု မြန်မာတ၀က် ခေါ်ဆိုထားသော စကားကို မမှတ်သားထိုက်ပါ။
*********************************************************************************

( မေး ) ( ကမ္မ၀ါစာကို ကြည့်၍ဖတ်ခြင်း )
အရှင်ဘုရား၊ ရဟန်းသံဃာတော် အရှင်သူမြတ်များသည် ပိဋကတ်သုံးပုံကိုသော်မှ အာဂုံဆောင်နိုင်သူများ ဖြစ်ကြပါလျက် ကမ္မ၀ါစာ ရွတ်ဆိုရာတွင် ကမ္မ၀ါစာကြီးများ ကိုင်ဆောင်၍ ဖတ်ကြားနေကြသည်မှာ မစဉ်းစားတတ်ပါသဖြင့် သနားသည်းခံ၍ ဖြေကြားပေးတော်မူပါဘုရား။
( ဦးစိန်မှို-ဆင်တဲကျေးရွာ၊ ပန်းတောင်းမြို့နယ် )

( ဖြေ )
ရဟန်းသံဃာတော်အရှင်မြတ်များသည် ကမ္မ၀ါစာကို ရွတ်ဖတ်ရာတွင် ကမ္မ၀ါစာကို ကိုင်ငင်ကြည့်ရှု၍ ဖတ်ကြခြင်းမှာ အာဂုံမရ၍မဟုတ်၊ စာလုံးအက္ခရာတိုင်း၏ ဌာန်ကရိုဏ်း၊ ပယတ်၊ နိဂ္ဂဟိတ်၊ နိဂ္ဂဟိတ၀ိမုတ် စသည် အသံလွဲမှား မသွားရန်အတွက် ဖြစ်ပါသည်။

တစုံတရာလွဲမှားသွားလျှင် ပြုလုပ်နေသော ၀ိနည်းကံ ပျက်စီးသွားနိုင်ပါသည်။
ဥပမာ-တနှင့်ဋ၊ ထနှင့်ဋ္ဌ၊ မတူပါ။
တ-ကိုဖတ်လျှင် ဒန္တဇအက္ခရာဖြစ်၍ လျှာက သွားကို ထိရပါမည်။
ဋ-ကိုဖတ်လျှင် မုဒ္ဓဇအက္ခရာဖြစ်၍ လျှာက လျှာထိပ် (အာခေါင်) ကို ထိရပါမည်။

သံဃံ-က သံနှင့် သမ္မတိ-က သမ်သည် အသံချင်းတူသော်လည်း နိဂ္ဂဟိတနှင့် နိဂ္ဂဟိတ ၀ိမုတ္တ ဖြစ်၍ ရွတ်ဆိုပုံ ကွဲပြားပါသည်။ ထို့အတူ အက္ခရာတိုင်းကို မမှားမယွင်းရအောင် ကြည့်ရှု၍ ဂရုတစိုက် ရွတ်ဆိုဖတ်ကြားရသဖြင့် အလွတ်မရွတ်ဘဲ ကမ္မ၀ါစာကို ကြည့်ရှု၍ ရွတ်ဆိုရသည်ကို မှတ်သားကြည်ညိုရမည် ဖြစ်ပါသည်။

( မြတ်မင်္ဂလာ ၁၉၉၆-ခုနှစ် နိုဝင်ဘာလ )


Read more...

*ဘယ်လိုပျံမယ် အိုငှက်ငယ် (သို့) ကျွန်တော်ပေးသော မွေးနေ့လက်ဆောင်-၁*

ဘုန်းဘုန်း ဦးနာယကာလင်္ကာရသို့…

ကျွန်တော်နဲ့ ဘုန်းဘုန်း ဦးနာယကနဲ့က အွန်လိုင်းကနေ သိခဲ့ကြတာပါ။ အမှတ် မထင်ပါပဲ… ဘလော့လေး တစ်ခုကို ကျွန်တော် ၀င်ကြည့်ရင်း ဘလော့ လင့်မှာ ဘုန်းဘုန်းရဲ့ ဘွဲ့တော်လေးကို တွေ့မိတာနဲ့ “မနက်ဖြန်” အမည်ရ ဘုန်းဘုန်းရဲ့ ဘလော့လေးကို ၀င်ကြည့်ဖြစ် ပါတယ်… အဲဒီကနေ ဘုန်းဘုန်းရဲ့ Gmail အကောင့် ရတယ် ဆိုပါတော့…။

အဲဒီက စလို့ ဘုန်းဘုန်းနဲ့ အွန်လိုင်းမှာ နေ့တိုင်းနီးပါး ပြောဖြစ်ခဲ့ ကြပါတယ်…။ ဘုန်းဘုန်းက ရယ်စရာလေးတွေ ပြောတတ်တော့ ပိုပြီး ရင်းနှီးသွား မိပါတယ်။ နောက်ပြီး ကျွန်တော် မသိတဲ့ ပါဠိ စကားလုံးတွေ နားမလည်တဲ့ အကြောင်း အရာတွေ မေးဖြစ်ခဲ့ ပါတယ်…။ ဘုန်းဘုန်း ကလည်း မညည်းမငြူကို ဒိုင်ခံ မရှင်းတာကို ရှင်းအောင်၊ နားမလည် တာကို နားလည်အောင် ပြောပြ ဆုံးမပါတယ်။ နဂိုကတည်းက သံဃာတော်တွေ မြင်ရင် ချစ်ခင်တဲ့စိတ်၊ လေးစား ကြည်ညိုတဲ့ စိတ်တွေဟာ ဘုန်းဘုန်းနဲ့ တွေ့မှ ပိုပြီး တိုးပွားခဲ့ပါတယ်။ တစ်ခါတစ်ခါ စိတ်ညစ်စရာ လေးတွေ ရှိလာရင်လည်း ဘုန်းဘုန်းကို ရင်ဖွင့် ပြောပြလိုက်ရင် ဘုန်းဘုန်းက ဘာဖြစ်သင့်တယ်၊ ဘာလုပ် သင့်တယ် စသဖြင့် လမ်းပြ ဆုံးမပါတယ်။ ကျွန်တော်ရေးတဲ့ ဘလော့ပို့စ် တွေကိုလည်း ဘုန်းဘုန်းက အမြဲ လာအားပေး ဖတ်ရှုပြီး လိုတာလေးတွေ ပြင်ပေး ပါတယ်။

နောက်ပြီး ဘုန်းဘုန်း ဘလော့မှာ ဘုန်းဘုန်းက ပို့စ်တင်ပြီးရင် လိုအပ်တဲ့ စာလုံးပေါင်း အပြင်အဆင် လေးတွေ ကျွန်တော့်ကို ကုသိုလ် ပွားအောင် ဆိုပြီး ဘုန်းဘုန်းက ပြင်ခိုင်းပါတယ်။ စသဖြင့်ပေါ့ဗျာ.. အဲလို ဘုန်းဘုန်းနဲ့ ရင်းနှီးလာ လိုက်တာ တစ်နေ့ ဘုန်းဘုန်းက သူ မြန်မာပြည်ကို ခဏပြန် မယ်ဆိုတဲ့ အကြောင်း၊ နှစ်လကျော် လောက် ကြာမယ့် အကြောင်း ပြောတော့ ပုထုဇဉ်ပီပီ စိတ်ထဲ ၀မ်းနည်းသလို ဖြစ်သွားတယ်။ ဘုန်းဘုန်းနဲ့ မတွေ့ရတော့ဘူး၊ စကား မပြောရ တော့ဘူး ဆိုပြီး…။ သေချာ စဉ်းစားကြည့်တော့ ဆိုင်တော့ မဆိုင်ပါဘူး။ လက်ရှိ ဘုန်းဘုန်း သီတင်းသုံး တာက ကျွန်တော်နေတဲ့ နေရာနဲ့ဆို ရေခြားမြေခြား အဝေးကြီး၊ မြန်မာပြည်ကမှ ရေမခြား မြေပဲ ခြားသေး။

ဒါပေမယ့်လည်း ၀မ်းနည်းတဲ့ စိတ်ကို မထိန်းနိုင်တာနဲ့ ဒီစိတ်ကလေး ပြေရာပြေကြောင်း ကဗျာတစ်ပုဒ် ရေးစပ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် နားထောင်ခဲ့ဖူးတဲ့၊ ကြိုက်နှစ်သက်ခဲ့တဲ့၊ တရား သဘောနဲ့ ယှဉ်ပြီး အတွေး ကြွယ်စေခဲ့တဲ့ “ဒီတောင်ကို ကျော်ကာ ပျံသန်းလေသော ငှက်ငယ်ရယ်… ဘယ်ဆီကို ရည်ရွယ် ပျံသန်းလေသလဲ ပြောကွယ်…” အစချီတဲ့ သီချင်းလေးကို သတိရမိတာနဲ့ ကဗျာ ခေါင်းစဉ်လေးကို “ပျံရစ်လေဦး ငှက်ငယ်ရယ်” လို့ ပေးဖြစ် ခဲ့ပါတယ်။

*ပျံရစ်လေဦး ငှက်ငယ်ရယ်*

အတောင်စုံလို့
လေဟုန်ကိုခွင်း
အားမာန်တင်း၍
အသိုက်ကိုချန်
ဝေးလံဌာနေ
ပျံရှာလေသော အိုငှက်ငယ်…။

ဝေးရပ်ဆီမှာ
ပျော်နေပြီလား ပျော်နိုင်လား၊
ကျန်ရစ်မိဘ
မောင်နှမသားချင်း
ဆွေသားရင်းကို
လွမ်းနေပြီလား ဆွေးနေလား။

ချိန်တန်တော့လည်း
သင်ချန်ခဲ့တဲ့
သင့်မွေးရပ်ဆီ
အသိုက်ဆီကို
ပြန်ကာနားမယ့် အိုငှက်ငယ်…။

သင့်သန္တာန်မှာ
ပျော်နေပြီလား ပျော်နိုင်လား၊
ဝေးရပ်ဆီက
ကျန်ရစ်မိတ်ဆွေ
ပေါင်းဖော်တွေကို
လွမ်းနေပြီလား ဆွေးနေလား။

တွေ့မိဆုံမိ
ရင်းနှီးမိသည့်
ပြန်ချိန်မတန်
တော်တန်ရာမှာ
စံပျော်နေရစ်
ကျန်ရစ်ဦးမယ့်
အကျွန်ငှက်ငယ်
နှုတ်ဆက်စကား
မပြောကြားလိုပါဘူးလေ…။

သို့ပေမယ့်လည်း
အများပြောတဲ့
တရားသဘောလေးကိုပဲ
စကားချောအောင် စာကိုစီ
ကာရံညီညီ နှုတ်ဆက်ရရင်တော့
ကျန်ရစ်သူရင်မှာ လွမ်းပေမယ့်
အသံဟစ်ဆူကာလေ မတမ်းချင်ပါဘု
ပြန်ရစ်လေဦး
အော်…
ပျံပါလေဦး ငှက်ငယ်ရယ်…။ ။ ဆိုပြီး ကျွန်တော် ရေးဖြစ်ခဲ့တာပါ။

အခုလို ငါးလပိုင်း ၂၈-ရက်နေ့မှာ ကျရောက်မယ့် ဘုန်းဘုန်းရဲ့ မွေးနေ့ရောက်ခါ နီးတော့ ဒီကဗျာလေးကို ကျွန်တော် ပြန်ပြီး သတိရမိတယ်။ အတွေး လေးတွေ ကြွယ်နေမိတယ်။ စရေးတုန်း ကတော့ ဘာရယ် မဟုတ်ပါဘူး။ စိတ်ထဲ ပေါ်ရာ ချရေးလိုက်တာ။

အမိမြေကို ခွဲခွါပြီး တိုင်းတစ်ပါးမှာ သာသနာ လာပြုတဲ့ ဘုန်းဘုန်း အနေနဲ့ အခုလက်ရှိ ရောက်နေတဲ့ ဒေသမှာ ပျော်နေပြီလား၊ ပျော်နိုင်သလား၊ ဒါမှမဟုတ် အမိမြေက မိဘဆွေမျိုး မောင်နှမသားချင်း မိတ်ဆွေ သူငယ်ချင်း တွေကို လွမ်းနေ ဆွေးနေလား…

နောက် ခုလို သာသနာ ပြုနေရင်းက အမိမြေကို တစ်ခေါက် ပြန်ရဦးမယ့် ဘုန်းဘုန်း အနေနဲ့ စိတ်ထဲမှာ မိဘ ဆွေမျိုးတွေနဲ့ ဆရာသမား တွေနဲ့ တွေ့ရတော့မယ် ဆိုတော့ ပျော်နေပြီလား၊ ပျော်နိုင်သလား၊ အဲလိုမှ မဟုတ်လည်း ခုလက်ရှိ သာသနာ ပြုနေတဲ့ ဒေသက မိတ်ဆွေ အပေါင်း အဖော်တွေကို လွမ်းနေပြီလား၊ ဆွေးနေသလား… ပေါ့။

တဆက်တည်းမှာပဲ အမိမြေကို ပြန်ခါနီးတဲ့ ဘုန်းဘုန်းရဲ့ စိတ်ထဲမှာ ပျော်သည် ဖြစ်စေ၊ ၀မ်းနည်းသည် ဖြစ်စေ၊ ဘုန်းဘုန်းနဲ့ တွေ့ကြုံ ရင်းနှီးခွင့် ရခဲ့တဲ့၊ အမိမြေကို ပြန်ချိန် မတန်သေးလို့ တော်ရာမှာ ကျန်ရစ်ခဲ့ရမယ့် ကျွန်တော့် အနေနဲ့တော့ နှုတ်ဆက်စကား မပြောလိုကြောင်း၊ သို့ပေမယ့်လည်း ၀မ်းနည်း လွမ်းဆွတ်တဲ့ စိတ်ကြောင့် နှုတ်ဆက်စကား ပြောကြား မိရင်လည်း အော်ဟစ် တမ်းတ မနှုတ်ဆက် ချင်ကြောင်း၊ ဒီကဗျာ လေးနဲ့သာ အသံတိတ် နှုတ်ဆက် လိုကြောင်း စသဖြင့် ရေးထားခဲ့တာပါ။

ခုမှ ကျွန်တော် ဒီကဗျာလေးကို ပြန်လည်း တွေးတော ကြည့်တော့ လူတိုင်း၊ သတ္တ၀ါ တိုင်းကတော့ ခရီးတစ်ခု ဆီကို ဦးတည်လို့ ပျံသန်း နေရတာ ပါလား၊ ကိုယ့်လမ်း ကိုယ်ဖောက်ရင်း ကိုယ့်လမ်း ကိုယ်လျှောက် နေပါလား… အဲလို အရင်ဆုံး သွားတွေးမိတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော့် အလျောက်၊ ဘုန်းဘုန်း ဆိုလည်း ဘုန်းဘုန်း အလျောက် ကိုယ့်အလုပ် ကိုယ်လုပ်ရင်း၊ ကိုယ့်သမိုင်း ကိုယ်ရေးရင်း၊ လောကဓံတွေကို ရင်ဆိုင်ရင်း၊ အခက်အခဲတွေကို အံတုရင်း ခရီးတစ်ခု ဆီကို ချီတက်နေကြတာပါ။ ကျန်တဲ့ သူတွေလည်း ဒီလိုပါပဲ…။

အဲ.. အဲဒီမှာ ကျွန်တော် ဆက်တွေး မိတာက ဒီလို ပျံသန်းနေတဲ့ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး နားခိုရာက ဘာလဲ… ကိုယ့်လမ်းကိုယ် လျှောက်နေတဲ့ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး ပန်းတိုင်က ဘာပါလဲ… အဲလိုလေး ပြန်တွေးမိ ပြန်မေးမိ လိုက်တယ်။

ဒီအမေးကို အဖြေရှာ ကြည့်တော့ ခု ကျွန်တော်တို့ လက်ရှိ လုပ်နေတဲ့ အလုပ်က နောက်ဆုံး တစ်နေ့ ကျွန်တော်တို့ မနေရလို့ သေကြတဲ့ အခါမှာ ကျွန်တော်တို့ နားခိုမယ့် နေရာ၊ ကျွန်တော်တို့ ရောက်ရှိမယ့် ပန်းတိုင်းရဲ့ အစိတ် အပိုင်းတွေ ပါလားလို့ သွားမြင်မိတယ်။ လက်ရှိ အလုပ်ကောင်းရင် လမ်း ကောင်းကောင်း လျှောက်ရင် နားခိုရာ နေရာ ကောင်းကောင်းကို ဖြောင့်ဖြောင့် တန်းတန်း ရောက်မယ်၊ အဲလိုမှ မဟုတ်.. လမ်းကို ကောင်းကောင်း မလျှောက်၊ လက်ရှိ အလုပ်ကို ကောင်းကောင်း မလုပ်ရင်တော့၊ နောက်ဆုံး ကျွန်တော်တို့ နားခိုရမယ့် နေရာ၊ ကျွန်တော်တို့ ရောက်ရှိမယ့် ပန်းတိုင်ဟာ ကောင်းမှာ မဟုတ်ဘူးလို့ သတိထားမိတယ်။

နောက်တစ်ချက်… လမ်းတော့ လျှောက်ပါရဲ့… လမ်းကြောင်း ကလည်း ဖြောင့်ပါရဲ့၊ ဒါပေမယ့်လည်း လမ်းမှာ အနားယူ တာတွေ များနေရင်၊ ၀ီရိယ မစိုက်ရင်၊ ဇွဲမရှိ ပြန်ရင်လည်း ဒီ ကိုယ်ပျံသန်း မှုရဲ့ အဆုံးမှာ နားခိုမယ့်နေရာ၊ ကိုယ် လျှောက်လှမ်း နေတဲ့ လမ်းကြောင်းရဲ့ အဆုံးမှာ တည်ရှိတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ ရာလည်း ကြန့်ကြာ နေမယ်၊ နှောင့်နှေးနေမယ် ဆိုတာလေးပါ ထပ်လောင်း သွားတွေ့မိပြန်တယ်။

အဲသလို ဒီကဗျာလေးကို ပြန်ဖတ်ရင်း… ကျွန်တော်လေ

၁) ငါဘယ်ဆီကို ပျံသန်း နေတာလဲ…
၂) ငါဖောက်တဲ့လမ်းမှာ ငါပျံသန်းရတာ ပျော်ရဲ့လား…
၃) လမ်းကော ဖြောင့်ရဲ့လား…
၎) ကောင်းကောင်းမွန်မွန်ကော ပျံသန်း လျှောက်လှမ်းရဲ့လား…
၅) ၀ီရိယမရှိ အားမစိုက်ဘဲ လမ်းမှာ ဟိုဝင်ဒီဝင် ခိုနားတာတွေ များနေလား… လို့ ကိုယ့်ကိုယ်ကို ပြန်မေးရင်း…

++++++++++++++++++++++

28.05.2009 ရက်နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးနာယက၏ သက်တော် ၃၂-နှစ်ပြည့် မွေးနေ့ မင်္ဂလာအတွက် ရေးစပ် ပူဇော်ပါသည်။ ရေးတာကတော့ ဘုန်းဘုန်းကို ပဓာနထားပြီး ရေးရမှာပါ။ ဒါပေမယ့်လည်း ဘုန်းဘုန်းတို့က သိပြီးသားတွေ ဆိုတော့ ဖိုးသား ကိုယ့်ကိုယ်ကို ဦးတည် ဆင်ခြင်ရင်းပဲ ရေးသား ပူဇော်လိုက်ပါတယ်။ ဘုန်းဘုန်း ကျန်းမာပါစေ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

5/27/2009, WED:, 12:57:04 PM



Read more...

အလုပ်သင့်ဆုံးအလုပ်

လူဖြစ်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ? ဒီအချက်ကိုတော့ လူတွေ အများစု မေ့နေတတ်ကြပါတယ်။ လူဖြစ်လာတာဟာ ပိုက်ဆံ ချမ်းသာဖို့လား? အာဏာပါဝါ ကြီးမားဖို့လား? ထင်ရှား ကျော်ကြားဖို့လား? ဆိုတဲ့ မေးစရာ မေးခွန်းတွေ အများကြီး ရှိလာပါတယ်။ ဘာအတွက် လူဖြစ်လာတာလည်း? လူဖြစ်လာရတဲ့ ရည်ရွယ်ချက်ကတော့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ များသထက် များအောင်စုပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်း နိုင်ဖို့ပါ။ ဒီအချက်ကို ကျွန်တော် ဘာလို့ ထပ်တလဲလဲ ပြောရလည်းဆိုတော့ ပန်းတိုင်ပျောက်ပြီး လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေ မေ့ပြီးတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တွေ လုပ်နေရင်း ဘ၀ကို အချီးအနှီး အသုံးချသွားမှာ ဆိုးလို့ပါ။ ဒါဆို ကျနော်တို့တွေ ဘယ်အလုပ်ကို အဓိက အလုပ်သင့်ဆုံးလို့ ထင်ပါသလဲ?

ခုဖော်ပြမဲ့ အကြောင်းအရာကတော့ ကျွန်နော့်ဘက်က အယူအဆလေးပါ..။ လူတိုင်း လူတိုင်းမှာ ကိုယ့်ခံယူချက် ကိုယ့်အတွေးအခေါ်လေးတွေ ရှိကြပါတယ်။ ကိုယ်လုပ်နေတာကိုမှ အမှန်ဆိုပြီးတော့ တဖက်သတ် အယူဝါဒနဲ့ သူများ လုပ်နေတာကို မကောင်းဘူးလို့ သွားရောက် ပိတ်ပင် ပြောဆိုလို့ မရပါဘူး။ ဆေးလိပ်သောက်တာ ကြိုက်နေတဲ့ လူတစ်ယောက်ကို သွားပြီး ဆေးလိပ်သောက်တာ မကောင်းဘူးလို့ သွားပြောရင် သူ့ဘက်က လက်ခံနိုင်ပေမယ့် စွန့်လွှတ်ဖို့ ခက်ခဲသလိုပါပဲ.. ကောင်းတာကို ကောင်းမှန်းသိပေမယ့် မလုပ်နိုင်သေးတဲ့ လူတွေကိုသွားပြီး မင်းတို့က လူမိုက်တွေပါလို့ ပြောလို့ မရပါဘူး။ သူ့မှာလည်း သူ့ခံယူချက်နဲ့သူ ရှိမှာပါပဲ။ ခု ကျနော်ဖော်ပြမဲ့ အထဲမှာလည်း ကိုယ်နဲ့ မကိုက်ရင်တော့ ပါယ်နိုင်ပါတယ်။ ကျွန်တော် ပြောနေတာကိုမှ အမှန်ပါလို့ မပြောလိုပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် ကောင်းတာရှိရင် ယူပါ.. မကောင်းတာ တွေ့ရင်တော့ ပါယ်လိုက်နိုင်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ အလုပ်သင့်ဆုံး အလုပ်က တရားနာဖို့လို့ ပြောချင်ပါတယ်။ ကုသိုလ် အကုသိုလ်သိအောင်.. ဒါန ပြုတတ်အောင်၊ သီလ ဆောက်တည်တတ်အောင်၊ ၀ိပဿနာ ဘာဝနာ ပွားများတတ်အောင် တရားနာဖို့ဟာ အဓိက အကြောင်းအရင်းပါပဲ။ အပင်တစ်ပင် ရှင်သန်ကြီးထွားဖို့ ရေလောင်းပေါင်းသင် ပေးရသလိုပါပဲ.. တရားနာတယ်ဆိုတာ တကယ်တော့ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ကိလေသာ အညစ်အကြေးတွေ ဆေးကြောဖို့အတွက် ရေဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။ ဟောကြားတဲ့ တရားအတိုင်း လိုက်နာ ကျင့်ကြံနေတာဟာ တရား အားထုတ်နေတာပါပဲ။ တရားအားထုတ်ဖို့ အဓိကအရင်ဆုံး လုပ်ဆောင်ရမဲ့ အလုပ်ဟာ တရားနာဖို့ပါ။ တရားမနာပဲ တရားထူး ရသွားတဲ့ သူရယ်လို့ ဘုရားရှင်မှတပါး မည်သူမှ မရှိပါဘူး။

လူအများစုဟာ အသက်အရွယ်နဲ့ ကန့်သတ်ပြီးတော့ တရားအလုပ်ကို ကိုယ်နဲ့ မဆိုင်သလိုနေကြတာ များပါတယ်။ ငါ့အသက်က ငယ်ငယ်လေး ရှိသေးတယ်.. တရားနဲ့က ဘာမှ မဆိုင်သေးဘူး။ တရားဆိုတာ အသက်ကြီးမှ လုပ်ရတဲ့ အရာပဲ.. ငါတို့ အလုပ် မဟုတ်ဘူး.. ဘုန်းကြီးတွေ အလုပ်ဆိုပြီး ထင်နေကြတဲ့ လူတွေ အများကြီး ရှိပါတယ်။ တချို့က ရှိပါသေးတယ်။ အားမှ တရားအားထုတ်မယ် ဆိုတဲ့ အချက်ပါ။ သေသွားတဲ့ လူတွေအားလုံး ဘယ်သူမှ အားလို့ သေသွားတဲ့ လူရယ်လို့ မရှိပါဘူး။ မအားတဲ့ကြားကဘဲ မသွားချင်ဘဲနဲ့ သေသွားကြရတာပါ။ ပြီးတော့ အသက်ငယ်သေးလို့ သေမင်းက ခဏစောင့်နေတာလည်း မရှိပါဘူး.. သူခေါ်ချင်တဲ့ အချိန် ခေါ်မှာပါ။ သေခါနီး အချိန်ကျမှ တရားအသိမရှိတော့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ အားကိုးစရာမရှိ မဲ့သေ သေသွားကြရတာတွေလည်း အများကြီးပါ။ တရားအလုပ်ကို မလုပ်ချင်တာဟာ သေရမယ့် အချိန်ကို မေ့နေလို့ပါ။ ကျွန်နော့်ရဲ့ ဆိုလိုရင်းက သေရမှာကို ကြိုတွေးပြီး ကြောက်နေဖို့ မဟုတ်ဘူးနော်။ လျောက်လှမ်းနေတဲ့ လူ့ဘ၀လမ်းခရီးမှာ နေတတ်ဖို့.. နောက်.. သေဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့.. သေမင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်မဲ့ စိတ်ဓါတ် ခွန်အားတွေ ရှိဖို့ကို ပြောလိုတာပါ။

တရားအလုပ် လုပ်တယ်ဆိုရင်ပဲ ဘယ်လို ထင်ကြလဲဆိုတော့ အကုန်လုံးကို ရှောင်ခွာပြီးတော့ ရိပ်သာဝင်မှ တရားအားထုတ်တယ် ထင်ကြပါတယ်။ နောက် ဘုရားခန်းထဲသွားပြီး တရားထိုင်မှ.. ဘုန်းကြီးကျောင်းသွားပြီး ပုတီးလေးကိုင် ဥပုသ် သွားစောင့်မှ တရားအားထုတ်တယ် ထင်ကြပါတယ်။ တရားအားထုတ်ရင်ပဲ ဘုန်းကြီးဝတ်မှ တရား အားထုတ်ရမယ်လို့ ထင်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလို ထင်တာတွေဟာ တရားအားထုတ်တာကို ကန့်သတ် လိုက်သလို ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားရှင်ရဲ့ တရားတော်တွေဟာ အခြေအနေမရွေး အချိန်အခါမရွေး အားထုတ်လို့ ရပါတယ်။ လွတ်လပ်တယ်.. တရားမျှတတယ်.. ကြောက်လန့်ခြင်း ကင်းပါတယ်။ တရားအားထုတ်တာကို အကန့်အသတ်ကြီးနဲ့ မလွတ်မလပ် အားထုတ်နေပြီ ဆိုရင်တော့ တရားအားထုတ်တဲ့ နည်းလမ်းဟာ မှားနေပါပြီ။

ဒါ့ကြောင့် နည်းလမ်းမမှားအောင် တရားအလုပ် လုပ်တော့မယ်ဆိုရင် အရင်ဆုံး တရား နာရပါမယ်။ တရားနာတယ် ဆိုတာဟာ တရား အားထုတ်နေတာပါ။ တရားဆိုတာ ထိုင်မှ အားထုတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တရားထိုင်တဲ့ လူတွေကို မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ ထိုင်မှ တရားအားထုတ်နေတယ်လို့ ထင်နေတဲ့ အတွေးတွေ မ၀င်အောင်လို့ပါ။ တရားနာပြီးတော့ မိမိရဲ့ စိတ်ကလေးကို ဖြူစင်အောင် ဘုရားရှင် ဟောကြားတဲ့ ဆုံးမစကားတွေ အတိုင်း လိုက်နာကျင့်ကြံ နေထိုင်နေတာဟာလည်း တရားအားထုတ်တာပါပဲ။ နောက်တစ်ချက်က တရားနာတော့မယ် ဆိုရင်း ဆရာကောင်းကို ရှာဖွေရပါမယ်။ သောတာပန်ဖြစ်ဖို့ အရင်ဆုံး အချက် နှစ်ချက်မှာ (၁) သူတော်သူမြတ် ဆည်းကပ်ရမယ်၊ (၂) သူမြတ် တရား နာကြားရမယ်တဲ့။ ဒါဆိုရင် တရားအားထုတ်ဖို့ အရင်ဆုံး လုပ်ဆောင်ရမှာက သူတော်သူမြတ်ကို ဆည်းကပ်ရမယ် နောက် သူမြတ်တရားကို နာကြားရမယ်ဆိုတာပါ။ သူတော်သူမြတ်ကို ဘယ်လို ဆည်းကပ်ရမလဲ ဆိုတော့ ဆရာတော်ဘုရားတွေ ဟောကြားလိုက်တဲ့ တရားများဟာ ကိလေသာဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေး၊ အပါယ်ဘေးတွေ လွတ်ကင်းနိုင်လား.. နောက်ပြီး ဒီတရားကို နာလိုက်ရလို့ လောဘ၊ ဒေါသ၊ မောဟ တွေ လျော့နည်းသွားလားဆိုတဲ့ အချက်တွေနဲ့ တိုက်ကြည့်ရပါမယ်။ နောက်.. ဆရာအစွဲ မထားပဲနဲ့ ဆရာတော်များ ဟောကြားတဲ့ တရားအားလုံးကို ဗုဒ္ဓကိုယ်တွေ့ ပိဋိကတ်တော်များနဲ့ မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားစီစစ်ပြီး နာကြားရပါမယ်။

ဘုရားရှင်ရဲ့ တရားတွေဟာ လောကီလူ့ဘောင်မှာနေရင်း အားထုတ်လို့ရတဲ့ အရာတွေပါ။ ဘုရားရှင်ကလည်း မင်းတို့ရှာနေတဲ့ စီးပွားတွေရပ်.. ပညာတွေလည်း ရှာမနေနဲ့.. အလုပ်တွေလည်း လုပ်မနေနဲ့ ဆိုပြီး တားမြစ်ပိတ်ပင်ခြင်း မပြုလုပ်ခဲ့ပါဘူး။ ဘုရားရှင် ဆုံးမခဲ့တာက ဓမ္မကိုမမေ့ဖို့.. နောက် ဓမ္မနဲ့ ဘ၀ကို တည်ဆောက်ဖို့.. အနေတတ်ဖို့ အသေတတ်ဖို့ နဲ့ မဂ်ဖိုလ်ရကြောင်း နည်းလမ်းပေါင်းများစွာ သွန်သင်ဆုံးမ ပောာကြားခဲ့တာပါ။ ဘုရားရှင်ရဲ့ တရားတွေဟာ ဘယ်နေရာမှာမဆို အသုံးပြုနိုင်တဲ့ တရားတွေပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ နေရာတွေ အားလုံးမှာ အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ရန် နည်းလမ်းတွေကို ချမှတ်ပေးခဲ့တယ် ဆိုရင်လည်း မမှားနိုင်ပါဘူး။

ဘာလို့ တရားနာတဲ့ အချက်ကို အလုပ်သင့်ဆုံးအလုပ်လို့ ပြောရလဲဆိုတော့ တရားသိမှ တရားရှိမှာပါ.. တရားရှိမှ တရားကျင့်လို့ရမှာပါ..။ အရင်ဆုံး မိမိရဲ့စိတ်မှာ ဘုရား၊ တရား၊ သံဃာ၊ ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်ဖို့အတွက် တရားအရင်ဆုံး နာရပါမယ်။ တရားနာတယ်ဆိုတာ ဥပမာပေးရရင် မဂ်ဖိုလ် နိဗ္ဗာန်တက်လှမ်းမဲ့ လူတစ်ယောက်ကို ခြေထောက် မျက်စိ တပ်ပေးသလိုပါပဲ။ ကိုယ်သွားမယ့်လမ်းကြောင်း ကိုယ့်ရဲ့ရှေ့မှာရှိမဲ့ အခက်အခဲ ဆူးညောင့်ခလုတ်တွေကို ဖယ်ရှားရှင်းလင်းဖို့ပါ။ ခြေထောက်နဲ့ မျက်စိပါမှလည်း ကိုယ်ရောက်ချင်တဲ့ ပန်းတိုင် ကိုယ်သွားရမဲ့ခရီးကို အခက်အခဲ အတားအဆီးမရှိ ခရီးပေါက်အောင် သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး သေခါနီးအချိန်မှာလည်း ကိုယ့်မှာ အားကိုးစရာဆိုလို့ တရားကပေးတဲ့ အသိပဲရှိမှာပါ။ ဒါ့ကြောင့် ကိုယ်လျောက်လှမ်းနေတဲ့ ဘ၀လမ်းကြောင်းမှာ ဘုရားရှင် ဟောကြားတဲ့ တရားများကို နှလုံးသားမှာ ဘုရားတည်ထားသလို လိုက်နာကျင့်ကြံနိုင်ပြီး.. နာတဲ့အတိုင်းလည်းသိ.. သိတဲ့ အတိုင်းလည်း ကြိုးစား အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း လိုက်ပါတယ်။



Read more...

တနေ့စာအလွဲများ... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

တနေ့စာအလွဲများ... (ဦးသုမင်္ဂလ) vcd
video


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP