* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 26, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

ယခင်အဆက်.....

(၃)
မဟာဝိဇိတမင်းနှင့် တိုင်းပြည်ငြိမ်းချမ်းရေး

ပုဏ္ဏား ရှေး၌ ဖြစ်ဖူးသည်ကား မဟာဝိဇိတ မည်သောမင်းသည် ရှိ၏၊ (ထိုမင်းသည်) ကြွယ်ဝ၏၊ များသော ဥစ္စာစပါးရှိ၏၊ ပြည့်သောဘဏ္ဍာတိုက် ကျီကြရှိ၏။ မဟာဝိဇိတမင်းသည် တစ်ယောက်တည်း တွေးနေမိ၏ - ''ငါသည် ပြန့်ပြောသော လူ့စည်းစိမ်တို့ကို ရလျက်ရှိ၏၊ ကျယ်ပြန့်သော မြေအဝန်းကို အုပ်စိုး၍နေ၏၊ ငါသည် ယဇ်ကြီးကို ပူဇော်ရမူ ကောင်းလေစွ၊ ယင်းသို့ ပူဇော်ခြင်းသည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာ အလို့ငှါ ဖြစ်ရာ၏''ဟု အကြံဖြစ်၏။

မဟာဝိဇိတမင်းသည် ပုရောဟိတ်ပုဏ္ဏားကို ခေါ်၍ သူ့စိတ်ကူးကို ပြောပြ၏။ လိုအပ်သောအကြံဉာဏ်များပေးရန်လည်း တောင်းပန်၏။ ''အသျှင်မင်း၏ နိုင်ငံ၌ ဆူးငြောင့်ဟူသော ခိုးသူရှိ၏၊ (ခိုးသူ) နှိပ်စက်ခြင်းရှိ၏၊ ရွာကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ရှားကုန်၏၊ နိဂုံးကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ရှားကုန်၏၊ မြို့ကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ရှားကုန်၏၊ ခရီးသွားတို့ကို လုယက်ခြင်းတို့သည်လည်း ဖြစ်ပေါ်ကုန်၏။ ဤအခြေအနေဖြစ်နေသောနိုင်ငံ၌ အခွန် အတုပ်ကိုကောက်ယူနေလျှင် မပြုသင့်သည်ကို ပြုသည် ဖြစ်ရာ၏၊

(ဤအရာ၌) အသျှင်မင်းအား ဤသို့ အကြံသည် ဖြစ်သော်လည်း ဖြစ်ရာ၏၊ ' ငါသည် ဤခိုးသူဆူးငြောင့်ကို သတ်ဖြတ်ခြင်းဖြင့်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်လည်းကောင်း၊ (ဒဏ်တပ်၍ ဥစ္စာ) ဆုံးရှုံးစေခြင်းဖြင့်လည်းကောင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းဖြင့်လည်းကောင်း၊ (တိုင်းပြည်မှ) နှင်ထုတ်ခြင်းဖြင့်လည်းကောင်း ဖယ်ရှားအံ့'ဟု ဖြစ်သော်လည်း ဖြစ်ရာ၏၊
(သို့ရာတွင်) ဤနည်းဖြင့် ဤခိုးသူဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း မဖြစ်နိုင်ပါ၊ သတ်ဖြတ်ညှဉ်းဆဲ ခံရသည်မှ ကြွင်းကျန်သောခိုးသူတို့သည် နောက်အခါ၌ မင်း၏ နိုင်ငံကို ဖျက်ဆီး၊ ညှဉ်းဆဲကုန်လတ္တံ့၊ စင်စစ်မူကား ဤ (ဆိုလတ္တံ့သော) အစီအရင်ကို စွဲမှီ၍ အောက်ပါနည်းဖြင့်သာလျှင် ယင်းခိုးသူ ဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း ဖြစ်နိုင်ပါ၏၊

တိုင်းပြည်အေးချမ်းစေနည်း

အသျှင်မင်း၏ နိုင်ငံ၌ လယ်ယာလုပ်မှု နွားမွေးမှုတို့ကို့အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် မျိုးရိက္ခာကို ထောက်ပံ့ပေးကမ်းပါလော့၊ အသျှင်မင်း၏ နိုင်ငံ၌ ကုန်သွယ်မှုကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် အရင်းအနှီးကိုထောက်ပံ့ပေးကမ်းပါလော့၊ အသျှင်မင်း၏ နိုင်ငံ၌ မင်းမှုထမ်းအလုပ်တို့ကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် လခရိက္ခာကို စီမံပေးပါလော့၊

(ဤသို့ ပြုသည်ရှိသော်) ထိုနိုင်ငံသူ နိုင်ငံသားတို့သည်လည်း မိမိတို့ အလုပ်အကိုင်၌ အားထုတ်နေကုန်သည် ဖြစ်၍ အသျှင်မင်း၏ နိုင်ငံကိုမညှဉ်းဆဲကုန်လတ္တံ့၊ အသျှင်မင်းအား များပြားသော (ဥစ္စာစပါး) အစုသည်လည်း ဖြစ်လတ္တံ့၊ နိုင်ငံ၌ငြိမ်းချမ်းခြင်းရှိသည် ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည် ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည်ဖြစ်၍နိုင်ငံသူ နိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လိုဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ကစေကုန်လျက် အိမ်တို့ကို မပိတ်ကုန်ဘဲလျက် နေကြရသကဲ့သို့ ဖြစ်ကုန်လတ္တံ့''ဟု လျှောက်၏။

ပုဏ္ဏားက ထိုကဲ့သို့ လျှောက်သောအခါ မဟာဝိဇိတမင်းသည် ''အချင်း ကောင်းပါပြီ''ဟု ဝန်ခံပြီးလျှင် မိမိ၏နိုင်ငံ၌ လယ်ယာလုပ်မှု နွားမွေးမှုတို့ကို အားထုတ်ကုန်သော သူတို့အား မျိုးရိက္ခာကို ထောက်ပံ့ပေးကမ်း၏၊ ကုန်သွယ်မှုကို အားထုတ်ကုန်သော သူတို့အား အရင်းအနှီးကို ထောက်ပံ့ ပေးကမ်း၏၊ မင်းမှုထမ်းအလုပ်တို့ကို အားထုတ်ကုန်သော သူတို့အား လခရိက္ခာကို စီမံပေး၏၊ (ဤသို့ ပြုသဖြင့်) ထိုနိုင်ငံသူ နိုင်ငံသားတို့သည်လည်း မိမိတို့ အလုပ်အကိုင်၌ အားထုတ်နေကုန်သည်ဖြစ်၍ မင်း၏ နိုင်ငံကို မညှဉ်းဆဲကုန်၊ မင်းအား များပြားသော (ဥစ္စာစပါး) အစုသည်လည်း ဖြစ်၏၊ နိုင်ငံ၌ ငြိမ်းချမ်းခြင်းရှိသည်ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည်ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည်ဖြစ်၍ နိုင်ငံသူနိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လို ဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ ကစေကုန်လျက်အိမ်တို့ကို မပိတ်ကုန်ဘဲလျက် နေကြရသကဲ့သို့ ဖြစ်လေကုန်၏။

တိုင်းသူပြည်သားတို့၏ အလိုဆန္ဒကို ဖြည့်ဆီးပေးခြင်းအားဖြင့် လူထုမေတ္တာကို ရရှိခြင်း၊ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုအားကောင်းလာခြင်း၊ တိုင်းပြည်စီးပွားရေးတိုးတက်လာခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်လာရ၏။ ထိုသို့ တိုင်းပြည်စီးပွားရေးကောင်းမွန်မှသာလျှင် ယခင် စိတ်ကူးထားခဲ့သော အလှူကြီးပေးလှူဖို့ကိစ္စကို ဆက်လက်ပြောကြားလေသည်။
ဤနေရာတွင် စဉ်းစားစရာရှိပါသည်။ `အလှူဒါနလုပ်တာပဲ လုပ်ပေါ့၊ ဘာကို ဂရုစိုက်စရာလိုသလဲ´။ `ကောင်းတာလုပ်တာ ဘယ်သူ့ဂရုစိုက်စရာလိုသလဲ´။ `ကောင်းတဲ့ဟာလုပ်တာပဲ လုပ်´ဟု မညွှန်ကြားခဲ့ပေ။ တိုင်းပြည်က ဆင်းရဲတွင်းနက်နေလျှင်၊ ပြည်သူပြည်သားများက ထမင်းတစ်လုတ်အတွက် မနည်းရုန်းကန်နေရသည့်အချိန်ဖြစ်နေလျှင်၊ တိုင်းပြည်အုပ်ချုပ်သူကို ပြည်သူတို့ သဘောမကျဖြစ်နေလျှင်၊ တိုင်းပြည်စီးပွားရေးမကောင်း၊ စားဝတ်နေရေးမပြေလည်၍ အုပ်ချုပ်သူတို့ကို ပုန်ကန်ခြားနားနေလျှင်၊ ပုန်ကန်ခြားနားသူများ၍ တိုင်းပြည်မငြိမ်မသက်ဖြစ်နေလျှင် ဤမျှကြီးကျယ်ခမ်းနားသော အလှူကြီးကို မပြုသင့်ဟု ပုရောဟိတ်ပုဏ္ဏားက တင်ပြသည်။

မှတ်သားစရာ ဖြစ်ပါသည်။ တိုင်းပြည်က ဆင်းရဲအ၀ီစိနက်နေချိန်တွင် ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး စေတီကြီးများတည်ခြင်း၊ မတန်မရာ နေပြည်တော်တည်ခြင်း စသည်..စသည့်အဖြစ်အပျက်တို့ကို ပုရောဟိတ်ပုဏ္ဏားညွှန်ကြားချက်နှင့် ချိန်ထိုးစဉ်းစားကြဖို့ ဖြစ်ပါသည်။ မဟာဝိဇိတမင်း၏ ပညာရှိစကား နားထောင်မှုကြောင့် တိုင်းပြည်ငြိမ်းချမ်းခဲ့လေသည်။ စီးပွားရေးလည်း တိုးတက်ခဲ့သည်။

မဟာဝိဇိတမင်းသည် ပုရောဟိတ်ပုဏ္ဏားကို ခေါ်၍ ဤစကားကို မိန့်ဆို၏ - ''အချင်း သင်၏ အစီအရင်ကြောင့် နိုင်ငံ၌ ဥစ္စာဆန်ရေစပါး ပေါများကြွယ်ဝလာ၏။ ငြိမ်းချမ်းခြင်းရှိသည် ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည် ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည် ဖြစ်၍ နိုင်ငံသူ နိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လိုဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ ကစေကုန်လျက် အိမ်တို့ကိုမပိတ်ကုန်ဘဲလျက် နေကြရသကဲ့သို့ ဖြစ်ကုန်၏၊ ပုဏ္ဏား ငါသည် ယဇ်ကြီး ပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသော ကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အသျှင်သည် ငါ့ကို ဆုံးမ (ညွှန်ကြား) ပါလော့''ဟု မိန့်ဆို၏။

ဤနေရာတွင် အလွန်မှတ်သားဖွယ်ရာ ရှိပါသည်။ အကြံပေးပုရောဟိတ်ပုဏ္ဏား ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံခြင်း၊ မဟာဝိဇိတမင်း၏ ပညာရှိစကား နားထောင်တတ်ခြင်းတို့မှာ လေးစားဖွယ်ရာ ဖြစ်ပါသည်။ မဟာဝိဇိတမင်းသည် တိုင်းပြည်တွင်း ဆူပူသောင်းကျန်းပြီး အုပ်ချုပ်သူကို သဘောမကျဖြစ်နေသည်ကို သိရှိခဲ့သည်။ သူ့ကို သဘောမကျသော တိုင်းသူပြည်သားများကို ရန်သူဟု သတ်မှတ်ပြီး နှိမ်နင်းမှု မပြုခဲ့။ `တိုင်းသူပြည်သားများအလိုသို့ လိုက်ရခြင်း´ဟူသော မင်းကျင့်တရားနှင့်အညီ ပြည်သူတို့ ဆန္ဒကို ဖြည့်ဆီးပေးခဲ့၏။ ပြည်သူ့ဆန္ဒကို ဖြည့်ဆီးပေးခြင်းဖြင့် ပြည်သူ့အချစ်ကို ရယူခဲ့သည်။ ဤသည်မှာ ဓမ္မနည်းလမ်းကျသည်။ `ငါ့မှာ အာဏာရှိတယ်၊ ငါ လုပ်ချင်ရာလုပ်မယ်´ဟု အာဏာဖြင့် တိုင်းသူပြည်သားများကို အနိုင်မကျင့်ခဲ့။

ထို့အပြင် ပညာရှိစကား အလေးထားပုံမှာလည်း လေးစားဖွယ်ရာ ဖြစ်ပါသည်။ ပုရောဟိတ်ပုဏ္ဏား၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်သောကြောင့် တိုင်းပြည်ငြိမ်းချမ်းတိုးတက်ခဲ့ရသည်။ ထိုသို့ တိုးတက်ခဲ့သောအခါ `အခု တိုင်းပြည်တိုးတက်သာယာပြီ၊ အလှူဒါနလုပ်ချင်တယ်၊ ဆုံးမညွှန်ကြားပါ´ဟု ပညာရှိတို့ထံ ဆည်းကပ်ပြီး တိုင်ပင်၏။

(၄)
ပူဇော်သူ၏ လေးပါးသော အင်္ဂါ

အရှင်မင်း၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ အကြင် အရံမင်း(မြို့စား၊ နယ်စားမင်း)တို့သည်(၁) ရှိကုန်၏၊ ထို (အရံမင်း)တို့ကို ''အသျှင်တို့ ငါသည် ယဇ်ကြီးပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အသျှင်တို့သည် ငါ့အား (ယဇ်ပူဇော်ရန်) သဘောတူကြပါသလော''ဟု တိုင်ပင်တော်မူပါ။ ထို့အပြင် အမတ် မင်းမှုထမ်းများ(၂)၊ ပုဏ္ဏားသူကြွယ်များ(၃)၊ သူဌေးများ(၄)ကိုလည်း အရှင်၏ ယဇ်ကြီးပူဇော်မှုနှင့်ပတ်သတ်၍ တိုင်ပင်ညှိနှိုင်းပါဟု ညွှန်ကြား၏။ မဟာဝိဇိတမင်းသည် ပုဏ္ဏား ညွှန်ကြားသည့်အတိုင်း တိုင်ပင်ညှိနှိုင်းသည်။ အတိုင်အပင်ခံပုဂ္ဂိုလ်အားလုံးက ''အသျှင်မင်းသည် ယဇ်ပူဇော်တော်မူပါလော့၊ ယဇ်ပူဇော်ရန် သင့်သော အချိန်ပင်ဖြစ်ပါသည် မင်းကြီး''ဟု လျှောက်ကုန်၏။

မေးမြန်းသူက မေးမြန်းသောကြောင့် ပုရောဟိတ်ပုဏ္ဏားကလည်း ညွှန်ကြားရသည်။ တိုင်းပြည်တစ်ခုတွင် ယေဘုယျအားဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစားဟု လူတန်းစားနှစ်ရပ်ရှိသည်။ ရှေးယခင် ခေတ်ကာလများတွင်ကား ဘုရင်စနစ်၊ ဧကရာဇ်မင်းစနစ်ကျင့်သုံးကြသည်ဖြစ်၍ အုပ်ချုပ်သူက လုပ်ချင်တိုင်း လုပ်နိုင်၏။ အုပ်ချုပ်သူ ဖြစ်ချင်သည့်အရာကို စီမံနိုင်၏။ အုပ်ချုပ်သူက `ဒါ လုပ်´ဆိုလျှင် လုပ်ရ၏။ စောဒကတက်ခွင့်မရှိ။ အုပ်ချုပ်သူက `သတ်စေ´ဟုဆိုလျှင် သေဖို့သာရှိပါသည်။ နောက်ပိုင်းခေတ်များတွင်ကား လူသား၏အသိဉာဏ်အမြင်များ တိုးတက်လာသည့်အလျောက် ခေတ်စနစ်များမှာလည်း တိုးတက်လာခဲ့သည်။ အုပ်ချုပ်သူက စိတ်ကြိုက်လုပ်ဆောင်ခွင့်မရ၊ စုပေါင်းတိုင်ပင်ညှိနှိုင်းပြီး လုပ်ဆောင်ရသောဓလေ့များ ၀င်ရောက်လာသည်။

လူတို့၏ အသိဉာဏ်ပညာအရ စည်းမျဉ်းအသစ်များ တိုးတက်ဖြစ်ထွန်းလာရသည်။ ဥပဒေများ သတ်မှတ်ပြဓာန်းလာကြသည်။ ယခင်က အမိန့်သည် အုပ်ချုပ်သူ၏ လက်ထဲတွင် ရှိသော်လည်း ယခုကား ထိုသို့မဟုတ်၊ အမိန့်အာဏာသည် ဥပဒေဟူသော စည်းမျဉ်းများအတိုင်းသာ ဖြစ်လာခဲ့သည်။ နေရာဒေသနှင့် ယဉ်ကျေးမှုအလိုက် ထားရှိသောစံနှုန်းများအရ အမျိုးမျိုး ကွဲပြားနိုင်သော်လည်း လူက အဓိက မဟုတ်တော့ဘဲ မူကအဓိကဖြစ်လာခဲ့သည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစားတို့မှာ အချင်းချင်း အမှီသဟဲ ပြုလာရသည်။ အုပ်ချုပ်သူဟူသည်မှာ အုပ်ချုပ်ခံလူတန်းစားတို့၏ တာဝန်ကို ထမ်းဆောင်ရန် ယုံကြည်ခန့်အပ်ခံရသော နိုင်ငံဝန်ထမ်းအသွင်သို့ ရောက်လာခဲ့သည်။

ပုရောဟိတ်ပုဏ္ဏား၏ လမ်းညွှန်ချက် သို့မဟုတ် အကြံပေးချက်မှာ အုပ်ချုပ်သူက ငါတကော ကောနိုင်သော သူ့ခေတ်အခါနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်အံ့သြဖွယ်ကောင်းသော အကြံပေးချက်ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အလှူဒါနအကြီးအကျယ်ပြုလုပ်ဖို့ရန်အတွက် အထက်ပါ လက်အောက်ငယ်သားများ၊ သူဌေးသူကြွယ်များကို တိုင်ပင်ပြီးမှ ပြုလုပ်ပါဟု ဆိုခြင်းကြောင့် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်....



Read more...

The Buddha is dead so how can he help us?

The Buddha is dead so how can he help us?

Answer
Faraday, who discovered electricity, is dead but what he discovered still helps us. Luis Pasteur who discovered the cures for so many diseases is dead but his medical discoveries still save lives. The great artist Leonardo da Vinci is dead but what he created can still uplift and give joy. Noble men and heroes may have been dead for centuries but when we read of their deeds and achievements we can still be inspired to act as they did. Yes, the Buddha is dead but 2500 years later his teachings still help people, his example still inspires people, his words still change lives. Only a Buddha could have such power centuries after his death.


Question
Was the Buddha a god?

Answer
No, he was not. He did not claim that he was a god, the child of a god or even the messenger from a god. He was a human being who perfected himself and taught that if we followed his example, we could perfect ourselves also.



Read more...

ကျေးဇူးများပါသည်...






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




Read more...

အိပ်ခြင်းလေးမျိုး...

သေယျာသုတ် - (အိပ်ရာ၊ အိပ်ခြင်း၊ လျောင်းခြင်း)

ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ-

၁... ပြိတ္တာတို့၏အိပ်ခြင်း၊
၂... ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်း၊
၃... ခြင်္သေ့တို့၏ အိပ်ခြင်း၊
၎... မြတ်စွာဘုရားတို့၏ အိပ်ခြင်းတို့တည်း။

၁...
ရဟန်းတို့ ပြိတ္တာတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း...
ရဟန်းတို့ ပြိတ္တာတို့သည် များသောအားဖြင့် ပက်လက် အိပ်ကုန်၏။
ရဟန်းတို့ ဤသည်ကို ပြိတ္တာတို့၏ အိပ်ခြင်း ဟု ဆိုအပ်၏။

၂...
ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ် ကုန်၏။
ရဟန်းတို့ ဤသည်ကို ကာမဂုဏ် ခံစားသူတို့၏ အိပ်ခြင်း ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ ခြင်္သေ့တို့၏ အိပ်ခြင်း ဟူသည် အဘယ်နည်း၊
ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ ပေါင်အတွင်း၌ အမြီးကို ထည့်သွင်းလျက် လက်ယာ နံပါးဖြင့် အိပ်၏၊ ထို ခြင်္သေ့သည် အိပ်ရာမှ နိုးလတ်သော် ရှေ့ပိုင်းကိုယ်ကို စဉ်းငယ်ညွှတ်စေ၍ နောက်ပိုင်းကိုယ်ကို စောင်းလှည့်၍ ကြည့်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခန္ဓာကိုယ်၏ တစ်စုံတစ်ရာ ဖောက်ပြန်နေသည်ကို လည်းကောင်း၊ ရွေ့ရှားနေသည်ကိုလည်းကောင်း အကယ်၍ မြင်ရအံ့၊ ရဟန်းတို့ ထိုသို့ မြင်ခြင်းကြောင့် သားတို့သနင်း ခြင်္သေ့မင်းသည် မနှစ်မြို့ခြင်း ဖြစ်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခန္ဓာကိုယ်၏ တစ်စုံတစ်ရာ ဖောက်ပြန် နေသည်ကို လည်းကောင်း၊ ရွေ့ရှားနေသည်ကို လည်းကောင်း အကယ်၍ မမြင်အံ့၊ ရဟန်းတို့ ထိုသို့ မမြင်ခြင်းကြောင့် သားတို့သနင်း ခြင်္သေ့မင်းသည် နှစ်မြို့၏။ ရဟန်းတို့ ဤသည်ကို ခြင်္သေ့တို့၏ အိပ်ခြင်းဟု ဆိုအပ်၏။

၎...
ရဟန်းတို့ မြတ်စွာဘုရားတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ မြတ်စွာဘုရားသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မြတ်စွာ ဘုရားတို့၏ အိပ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုး တို့တည်း ဟု (မိန့်တော်မူ၏)။ 246

၎- သေယျာသုတ်၊ အာပတ္တိဘယ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄)

ဒိဋ္ဌေဒိဋ္ဌမတံ္တ


ကျွန်ုပ်သည် သောတာပန် ပုဂ္ဂိုလ်အကြောင်းရင်းနှင့် ပတ်သက်၍ နိကာယ်ကျမ်းများကို မွှေနှောက်ရှာဖွေရင်း အတ္တုပ္ပတ္တိကို ဖတ်ရှုမိရာ ‘‘ဒိဋ္ဌေဒိဋ္ဌမတံ္တ ’‘ ဟူသော ဗုဒ္ဓ၏ သြ၀ါဒကို အလွန်နှစ်သက်၍ ပီတိဖြစ်သည့်အလျောက်
၎င်းနည်းအတိုင်း အားထုတ်ဖို့  သန္နိဋ္ဌာန်ချလိုက်သည်။


စိတ်ရိုးရိုး သဘာဝ

ဒိဋ္ဌေဒိဋ္ဌမတံ္တ ဟူသော ပါဠိတော်အရမှာ မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နံကာမတ္တ စသည်ဖြင့် အာရုံ ၆ပါးတို့ ၌ မိမိ၏စိတ်ကို ‘‘ ဘရိတ်အုပ် ’’ ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အနည်းငယ် ရှင်းလင်းရသော် အသံတစ်ခုကြားလျှင်
ဘာသံဟူ၍ပင် မစဉ်းစားစေဘဲ စိတ်ကို ထိန်းထားရမည့်အဓိပ္ပာယ်မျိုး ဖြစ်၏။ အခြားသော ဒွါရပေါက်များ တွင်လည်း ဤအတိုင်းပင်။ ဒွါရခြောက်ပေါက်အနက် မနောဒွါရသည် ထိန်းချုပ်ရန် အခက်ဆုံးဖြစ်သည်ကို တွေ့ ရ၏ ။ ဥပမာ လမ်းပေါ်မှ အော်ဟစ်သံကြားလိုက်ရသည့်အခါ ‘‘ ဘယ်သူ့ အသံပါလိမ့်၊ ဘာကြောင့်အော်ပါလိမ့်၊
ရန်ဖြစ်ကြတာလေလား၊ ငါ့အိမ်သားများနဲ့  ရန်ဖြစ်ကြလေရော့လား၊ ဟိုဘက်အိမ်က လူများနဲ့  မနေ့ က စကားများကြဖူးတယ်၊ သူတို့ ဟာ တယ်ဆိုးတဲ့ လူတွေပဲ၊ အသံကတော့ မိန်းမသံပဲ၊ ရန်တွေ့ တာနဲ့  တူတယ် ’’ စသည်များဖြင့် ရှည်လျားစွာ စဉ်းစားမိတတ်လေတော့သည်။ ဤကား ပြုလုပ်နေကျ စိတ်သဘာဝပေတည်း။


ကြံစည်ခြင်းဖြင့် အချိန်ဖြုန်းခြင်း

ထို့ ပြင် ၎င်းသြ၀ါဒအတိုင်း ကြိုးစား၍ အားထုတ်သောအခါ အာရုံတစ်ခုအကြောင်းနှင့် ပတ်သက်၍ ရှည်းလျားစွာ လိုက်ပြီး စိတ်မကူးရဟု ဆိုခြင်းအားဖြင့် လွန်လေပြီးသော အတိတ်ကာလအကြောင်း၊ မဖြစ်သေးသော အနာဂတ်ကာလအကြောင်းများကို စိတ်မကူးရ ဟူသော အဓိပ္ပာယ်တွေ့ ရှိရသည်။ စိတ်သည် ပစ္စုပ္ပန်တည့်တည့် အပေါ်၌ မနေတတ်ဘဲ ရှေ့ အကြောင်း နောက်အကြောင်းများကို စဉ်းစားချင်တတ်သော သဘာဝရှိ၏ ။ မြင်ခြင်း ၊ ကြားခြင်း ၊ နံခြင်း ၊ လျက်ခြင်း ၊ ထိတွေ့ ခြင်းစသော ပဉ္စာရုံများနှင့် မကြုံကြိုက်ပြန်လျှင်လည်း လွန်လေပြီးသော အဖြစ်အပျက်များ သို့ တည်းမဟုတ် ရှေ့ အဖို့  မည်ကဲ့သို့ ပြုလုပ်မည်ဟူသော အကြံအစည်၊ မည်ကဲ့သို့  ဖြစ်လိမ့်မည်ထင်သည် ဟူသော မှန်းဆချက်၊ မည်ကဲ့သို့  ပြုလုပ်လျှင် ကောင်းပါမည်နည်း ဟူသောစိတ်ကူးတွေး တောချက်များဖြင့် အချိန်ကုန်လျက်ရှိသည်ကို တွေ့ ရသည်။ လွန်လေပြီးသော အဖြစ်အပျက်များနှင့် ပတ်သက်၍လည်း ဤသို့ ပြုမိခဲ့၍သာ တော်ပေတော့သည်။ ထိုသို့ ပြုမိခဲ့လျှင်ကိုယ်ကျိုးနည်းရချေရဲ့ ဆိုကာ
ကိုယ့်ဟာကိုယ် ကျေနပ်ခြင်း၊ ဤသို့ ပြုမိ၍ ခံရသည်၊ ထိုသို့ ပြုမိပါလျှင် တော်လေဦးမည် စသည်ဖြင့် ကိုယ့်ဟာကိုယ် မကျေနပ်ခြင်း စသည်များဖြင့် အချိန်ကုန်တတ်သော သဘာဝရှိသည် ကို တွေ့ ရသည်။


နီးစပ်ရာ ကူးကျော်ပုံ

ထိုကဲ့သို့  စူးစူးစိုက်စိုက် စဉ်းစားဆင်ခြင်ရန် ပြဿနာမရှိသော အခါများတွင်လည်း စိတ်ကလေး အလုပ်လုပ် တတ်ပုံမှာ အတော်ဆန်းကြယ်၏။ ဥပမာ မိတ်ဆွေတစ်ယောက် လေယာဉ်ပျံနှင့် ဆိုက်ရောက်မည့် အကြောင်းကို ဖျတ်ခနဲ သတိရလိုက်မိသည့်အခါ `` ခုတလောမှာ လေယာဉ်ပျံတွေက သိပ်စိတ်မချရဘူး။ ကမ္ဘာမှာ လေယာဉ်ပျံ ပျက်ကျတဲ့သတင်းတွေ ခဏခဏကြားရတယ်။ မန္တလေး ၀ါးတန်းက ‘ ရေချို ’ကိုအေး မောင်တစ်ယောက် ကံကောင်းလို့ ပါလား၊ ဒါထက် ငါးပိရေချိုမစားရတာ တော်တော်ကြာသွားပြီ။ ငံပြာရည်ဖျော်နဲ့ ချည်း စားရတာ ငြီးငွေ့ နေပြီ။ မြိတ်ငံပြာရည်စစ်စစ်ရလျှင်လဲ တော်သေးရဲ့ ၊ တစ်ပြည်လုံး နှံ့ နေအောင်ရောက်ဖူးပြီဆိုပေမယ့် မြိတ်တစ်ခုတော့ ငါမရောက်သေးဘူး။ ပင်လယ်ကူးသင်္ဘောလဲ စီးဖူးအောင် မြိတ်ကိုတော့ တစ်ခေါက်လောက် သွားလည်ဦးမှပဲ။ ဒါပေမယ့် သင်္ဘောစီးချင်းစီးရင်း ဗုဒ္ဓဇယန္တိပွဲတော်ကြီးအတွင်းမှာ အိန္ဒိယ သွားလည်လျှင်တော့ တစ်ဝက်ခနှုန်း ရတယ်ဆိုပဲ။ ဒါပေမယ့် ပတ် ( စ်)ပုတ်အတွက် အခက်အခဲများ ရှိနေဦမလား မဆိုနိုင်ဘူး။ အစိုးရက ငါလိုလူကျမှ ကြေးထူချင် ထူနေဦးမယ် ’’ စသည်များဖြင့် တရှည်တလျားကြီးကူးကျော်ပြေးလွှား တတ်လေသည်။


စိတ်ကလေး၏ ကူးကျော်ပြေးလွှားပုံ အခြင်းအရာမှာ ငယ်စဉ်က ရဖူးသည့် လင်္ကာကလေးတစ်ပုဒ်နှင့် တူလှသည်။


ဘုရားကျွန်တော်
တောင်ပေါ်ကျွန်းက
ဆင်တော်တစ်စီး
အမြီးငွေလိပ်
လိပ်သည့်သင်ဖြူး
ဖြူးသည့်လေညင်း
ညင်းသည့်အမည်း
မည်းသည့်မီးသွေး
သွေးသည့်နံ့ သာ
သာသည့်လမင်း........စသည်ဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ် ပေတည်း။ စိတ်သည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကဲ့သို့  အခြားအရေးကြီးသော အာရုံတစ်ခုနှင့် မတိုက်မချင်း ရှည်လျားစွာ ကူးကျော်ပြေးလွှားတတ်သည်ကို တွေ့ ရသည်။


ပစ္စုပ္ပန်တည့်တည့်


ဤခေတ်တွင် ၀ိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်တည့်တည့်ထားရမည်ဟူသော စကားကို အသုံးပြုတတ်ကြသည်။ ၎င်းတို့ ဆိုလိုပုံရသည်မှာ မိမိတို့  အားထုတ်သော ကမ္မဋ္ဌာန်းအာရုံတည့်တည့် အပေါ်၌သာ စိတ်ကိုထားရမည်ဟု ပြောလိုဟန်တူသည်။ ‘‘ ဒိဋ္ဌေဒိဋ္ဌမတံ္တ ’’ ဟူသော သြ၀ါဒအရ အားထုတ်သော သူအဖို့ မှာ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိ ။ အာရုံနှင့် အာရမ္မဏိက တိုက်ခိုက်၍ ဖြစ်ပေါ်လာသည့် ( ၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်တိုင်း ဖြစ်တိုင်း သိစေ၍ ရှေ့ လျှောက်ပြီး တရှည်တလျားကြီး ကူးကျော်ပြေးလွှား ခြင်း မပြုစေရန် သတိဖြင့် စောင့်ထိန်းထားရသော အလုပ်မျှသာ ရှိသေးသည်။ တစ်နည်းဆိုသော် ကျရောက်လေ သမျှသော အာရုံ တို့ ကိုသိ၍ အတိတ် အနာဂတ်တို့ ကို မလိုက်စေပဲ ပစ္စုပ္ပန် တည့်တည့်အပေါ်တွင် အခါခပ်သိမ်း ထားရခြင်းပင် ဖြစ်သည်။ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိဘဲ အလုပ်တစ်ခုလုံးမှာ မိမိ၏စိတ်ကို ပစ္စုပ္ပန် တည့်တည့်အပေါ်၌ အခါခပ်သိမ်းတည်နေစေဖို့ ပင် ဖြစ်သည်။


စဉ်းစားစိတ်ကူးခြင်း၊ တွေးတောကြံဆခြင်း ဟူသမျှသည် ပစ္စုပ္ပန်တည့်တည့်ထားခြင်း မဟုတ်သောကြောင့် ပယ်ဖျက်ထားရာ၏ ။ အသံတစ်ခု ကြားလိုက်ရသည့်အခါ ‘‘ ဘာသံပါလိမ့် ’’ ဟူ၍ ဆင်ခြင်ခြင်းသည် ပစ္စုပ္ပန် တည့်တည့် မဟုတ်တော့ချေ။ အသံသည် ကုန်ဆုံးသွားပြီဖြစ်၍ ထိုအသံအကြောင်းကို ဆင်ခြင်တွေးတောမိခြင်း သည် အတိတ်ဖြစ်သော အခြင်းအရာကို စဉ်းစားဆင်ခြင်ခြင်းမျှသာ ဖြစ်သည်ဟု နားလည်ရပေမည်။ သို့ မှ သာလျှင် ‘‘ကြားကာမတ္တ၊ မြင်ကာမတ္တ’’ ဟူသော သြ၀ါဒနှင့် ကိုက်ညီပေလိမ့်မည်။


Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၇)

လူဖြစ်ရကျိုးနပ်အောင်

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ၊ မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆနဲ့ သားရေးသမီးရေးတွေနဲ့ ချည်း အရေးပေါင်း သောင်းခြောက်ထောင်နဲ့  တစ်သက်တာ အချိန်ကုန်သွားမယ်ဆိုရင် ကိုယ့်အတွက် အနှုတ် လက္ခဏာပြနေပြီ မှတ်လိုက်ပါ။ သတိအမှတ်ကိုယ်မှာကပ်ပြီး ၀ိပဿနာတရားကို ကြိုးစားအားထုတ်မှသာလျှင် လူဖြစ်ရကျိုး၊ သာသနာတော်နဲ့  တွေ့ ကြုံရကျိုးနပ်ပါလိမ့်မယ်။


အဖြေသုံးမျိုး

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ မိသားစု စားဝတ်နေရေး၊ ဘ၀ရပ်တည်နေရေးအတွက် ရောင်းဝယ်ကြတဲ့ အခါမှာ အဖြေ( ၃ ) မျိုးရှိတယ်။ အရင်းရယ်၊ အရှုံးရယ်၊ အမြတ်ရယ်။ လောကုတ္တရာ စီးပွားရှာတဲ့နေရာမှာလည်း
အဲဒီလိုပဲ ( ၃ ) မျိုးရှိတယ်။ ကုသိုလ်ကောင်းမှုကြောင့် လူ့ ဘ၀ ပြန်ရရင် အရင်းပဲ။ အကုသိုလ်ကြောင့် အပါယ်လေးပါးကျရင် အရှုံး။ တရားထူးတရားမြတ်ရရင် အမြတ်ထွက်တာပဲ။ အဲဒီလို အမြတ်ထွက်အောင် ကြိုးစားကြ။


တရားနှင့်အားထုတ်သူ

တရားအားထုတ်ခါစတွင် ကိုယ်ကတရားကို တွဲခေါ်ရတာ၊ နောက်ပိုင်း ကျင့်အား ကောင်းလာတော့ တရား အရသာ ပေါ်လာပြီး တရားကကိုယ့်ကိုတွဲခေါ်သွားတော့တာပဲ။



Read more...

ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


မနုဿလူသားတို့၌ အားထုတ်မှုဝီရိယတရားသည် နတ်တို့ထက် သာလွန်မွန်မြတ် သော အချက်ပင်ဖြစ်၏။ ထို့ကြောင့် ၀ီရိယတရားဖြင့် ကြိုးစားအားထုတ်မှုရှိလျှင် သူဌေးကြီး ဖြစ်ချင်လျှင် ဖြစ်နိုင်၏။ ဈာန်အဘိညာဉ် ရလိုလျှင် ရနိုင်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုလျှင် ပြုနိုင်ပေသည်။ မဆုတ်နစ်သော ၀ီရိယတရားဖြင့် သတိပဋ္ဌာန်တရားအားထုတ်လျှင် မိမိတို့အလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်သည် လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြောင်း ကိုလည်း ဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။


ဝီရိယရှိလျှင် ဘာမဆို အောင်မြင်နိုင်၏။ ဘာမဆိုရယူနိုင်၏။ ထို့ကြောင့် ၀ီရိယ၏စွမ်းပကားကို အသုံးချတတ်ဖို့လိုပေသည်။ အဘယ့်ကြောင့်မူ မှားယွင်းသောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ဆင်းရဲကြီးမည်ဖြစ်ပြီး မှန်ကန်သောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ချမ်းသာမည်ဖြစ်သည်။ တဖန် မှားယွင်းသောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားနည်းသူ ချမ်းသာပြီး မှန်ကန်သောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားနည်းသူ ဆင်းရဲမည်ဖြစ်ကြောင်း ဓမ္မပဒပါဠိတော်တွင် ဘုရားရှင်ဆုံမတော်မူခဲ့၏။

ဝီရိယရှိက ဘာမဆိုရတာပဲဆိုပြီး မှားသည်၊ မှန်သည် မစဉ်းစားတော့ဘဲ မိမိချမ်းသာပြီးရောဆိုပြီး မသမ္မာသောနည်းလမ်းတို့ဖြင့် ချမ်းသားအောင် စီးပွားရှာက ရသမျှစည်းစိမ်ဥစ္စာများမှာ ငရဲမီးမြိုနေရသလို ဖြစ်နေပေသည်။ ထိုသို့ရရှိသော စီးပွါးကား မိမိအားလောင်မြိုက်ရန် မိမိကိုယ်တိုင် ပျိုးနေသောမီးတို့နှင့်တူ၏။ ယခုဘ၀၌ အတိတ်က ကုသိုလ်ကံအကျိုးပေးရှိ၍ ချမ်းချမ်းသာသာ နေရကောင်းနေရနိုင်မည်။ သေလျှင်ကား မိမိရှာခဲ့သမျှသော အကုသိုလ်အကြောင်းတရားတို့က အကျိုးပေးအပါယ်ငရဲသို့ ဇောက်ထိုးမိုးမျှော်ကျအောင် တွန်းချပေတော့သည်။ ငရဲသို့ရောက်ချိန်ကျကာမှ လူ့ဘ၀မှာ မသမ္မာသောနည်းလမ်းတို့ဖြင့် စီးပွါးဥစ္စာ ရှာဖွေစုဆောင်းထားခဲ့သမျှ မှားလေစွဟု နောင်တ ရနေလို့မတော်ပေ။ ယခုဘ၀၌ မှန်ကန်သောနည်းဖြင့်သာ စည်းပွားရှာတတ်ဖို့၊ မသေရာနိဗ္ဗာန်သို့ အမြန်ဆုံးရောက်အောင်လှမ်းဖို့ လိုအပ်ပါသည်။

ထို့ကြောင့် နှိုင်းနှိုင်းဆဆလုပ်ဆောင်တတ်သော ဉာဏ်ပညာလည်း ရှိရမည်ဖြစ်သည်။ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြား၍ပေးသောအရာမှာ ဉာဏ်ပညာပင်ဖြစ်သည်။ ဉာဏ်မရှိက ဆင်းရဲရပေမည်။ စာဘူးတောင်းငှက်သည်ကား မိုးရွာသည့်အခါ မိုးမစိုအောင် အိမ်တည်ဆောက်တတ်သော ဉာဏ်ပညာရှိသောကြောင့် မိုးစိုရမည့်ဆင်းရဲမှ လွတ်မြောက်ရပေသည်။ ဉာဏ်ပညာရှိသောကြောင့် ၀ိမုတ္တိသုခ-လွတ်မြောက်သည့်ချမ်းသာကို ခံစားရ၏။ ထို့ကြောင့် ဉာဏ်ပညာသည်ကား လွတ်မြောက်ရာ ချမ်းသာကိုဆောင်သောကြောင့် ဉာဏ်ပညာနှင့်တွေး၊ ဉာဏ်ပညာနှင့်ပြော၊ ဉာဏ်ပညာနှင့်လုပ်ရမည်ဖြစ်သည်။

တွေဝေမည်းမိုက် မောဟအမှောင်တိုက်မှာနေပြီး ကိုယ်ကြံသမျှအမှန်၊ ကိုယ်ပြောသမျှ အချော၊ ကိုယ်ပြုသမျှ အဟုတ်ချည်းထင်ပြီး ငါတကောကောကာ လောကအတွက်ကောင်းကျိုးမပြု၊ ငါ့အတွက်သာ ရှေ့ဆောင်မှုဖြင့် လုပ်ဆောင်နေက ကိုယ်လည်းဆင်းရဲကြောင်း၊ သူတစ်ပါးလည်း ချမ်းသာနည်းကြောင်းဖြစ်သောကြောင့် မိမိသူတစ်ပါးမှာ အကျိုးထူးများဝေးကွာ၊ အဆိုးထူးများသာ ပွါးများကြမည်သာ။ ဉာဏ်ပညာမရှိခြင်းကြောင့် ရရှိသောဆိုးကျိုးများကား အနန္တပင်။ လူဖြစ်လျက် ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်၍ မိမိလူ့ဘ၀ရသည်ကိုပင် တန်ဘိုးမထားတတ်တော့ဘဲ အချိန်ကိုဖြုန်းတီးနေကြတော့သည်။ လူ့ဘ၀ရသည့်ရည်ရွယ်ချက် ဘာအတွက် မသိကြတော့ပေ။ အသုဘအပုပ်ကောင်ကို ရုပ်ဆောင်ကာနေကြတော့သည်။ မာနဖြင့်တလွှားလွှား ၀င့်ကြွားကာနေနေကြတော့သည်။

တရားဖြင့်နေခြင်းသည် မိမိလည်းချမ်းသာ၊ သူတစ်ပါးလည်း ချမ်းသာပွားနိုင်သောအလုပ်ဖြစ်၏။ သူ့အသက်မသတ်တော့ဟု သီလမှုပြုလိုက်သည်ပင် ကိုယ့်ကြောင့် သူတစ်ပါးအသက်တို့ မသေရတော့ဘဲ ချမ်းသာရာ ရကြတော့သည်။ ထိုသီလတစ်ခု ဥပမာပြု၍ မွန်မြတ်သောသီလတို့ကို ဆောက်တည်ခြင်းသည် သူတစ်ပါးတို့ကို ဘေးမဲ့အလှူကြီးပေးသော အဘယဒါနကို ပြုနေသည်လည်းဖြစ်သည်။ ထို့ကြောင့် ဉာဏ်ပညာအလင်းဓာတ်သည် မောဟအမှောင်ကိုခွင်းနိုင်သဖြင့် လောကအတွက် သာယာအောင် စွမ်းဆောင်နိုင်သောတရားပင်ဖြစ်၏။

လက်ထိပ်ထိက လက်သည်းနာ၊ ကိုယ့်အပေါ်စော်ကားတာ ကိုယ်မခံချင်လို၊ ကိုယ့်အပေါ်မော်ကြွားတာ ကိုယ်မမြင်ချင်လိုကြပေ။။ ထိုသို့ပင် သူကလည်း သူ့အပေါ်စော်ကားတာ သူမခံချင်လို၊ သူ့အပေါ်မော်ကြွားတာ သူမမြင်ချင်လိုကြသည်သာဖြစ်၏။ ထိုကဲ့သို့ မြော်တွေးစာနာ၊ အချင်းချင်း ကြင်နာသနားကြရာ၏။ ကိုယ့်ကြောင့် သူတစ်ပါးတို့ကို မဆင်းရဲလို၊ ချမ်းသာသည်ကိုသာ မြင်လိုကြသော မေတ္တာတရားများ အချိန်တိုင်းမှာ ပွားကြရမည်။ မေတ္တာ၏စွမ်းပကားမှာ မြွေနှင့်ဖား၊ သမင်နှင့်ကျားတို့ပင် အမုန်းမရှိ အပြုံးဖြင့်ကြည့်နိုင်ကြ၏။ ဒေါသနှင့်အာဃာတတို့ ရင်ဝယ်ပိုက်ကာထားနေက အေးချမ်းမှုတို့ဆိတ်သုဉ်း၊ ကိလေသာအပူမီးတို့ တဟုန်းဟုန်းတောက်လောင်ဖို့သာဖြစ်သည်။ ထို့ကြောင့် သံသရာခရီးသွား ဘ၀ဖော်အတူတူ၊ ဒုက္ခတွေထူထပ်နေသူအချင်းချင်း အပြန်အလှန် ဒုက္ခပေးချင်နေကြသောစိတ်တွေကို မောင်းထုတ်၊ တွဲလက်တွေ ခိုင်ခိုင်ဆုပ်၍ သေခြင်းဟူသော ဘေးဆိုးကြီးဝေးရာ ထာဝရအေးချမ်းခြင်းနိဗ္ဗုတာသို့ မပြတ်အတူလှမ်းနိုင်ကြအောင် မေတ္တာ၊ ကရုဏာတရားများ ကိုယ်စီပွားများကြခြင်းသည်လည်း အောင်မြင်မှုသရဖူ အားလုံးအတူ ရယူနိုင်ကြမည်ဖြစ်သည်။

လောက၌ သည်းခံခြင်းထက် လွန်မြတ်သောတရားသည်မရှိ။ သည်းခံခြင်းသည် မြတ်သောအကျင့်တရားဖြစ်၏။ ဒါနပြုကလည်း ခန္တီရှိမှ၊ သီလဆောက်တည်ကလည်း ခန္တီရှိမှ၊ ဘာဝနာပွားများကလည်း သည်းခံခြင်း ခန္တီရှိမှသာလျှင် အောင်မြင်နိုင်ပေသည်။ သို့မဟုတ်ပါက အဆုံးထိအောင် မလှမ်းနိုင်၊ လမ်းတစ်ဝက်တွင် ယိမ်းယိုင်နေပေမည်။ တောင်တက်သမားသည် မောခြင်းဟူသောဆင်းရဲကို သည်းခံနိုင်မှသာလျှင် တောင်ထိပ်သို့ရောက်နိုင်သလို နိဗ္ဗာန်သို့သွားနေသည့် ယောဂီသည်လည်း ကြုံရသမျှသော လောကဓံတို့ကို သည်းခံခြင်းခန္တီစတရား ရှိမှသာလျှင် မိမိအားထုတ်နေဆဲတရားတို့သည် မပျက်မကွက်ဘဲ သွက်သွက်ကြီး ခရီးနှင်နိင်မည်ဖြစ်သည်။

ထို့ကြောင့် ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်တို့သည်ကား အခြားမဟုတ်။ ပြဆိုခဲ့သော တရားများဖြစ်သည့်-
(၁) ပြင်းထန်သော လုံ့လ၀ီရိယရှိခြင်း၊
(၂) သနားကြင်နာကိုယ်ချင်းစာမှု (မေတ္တာ၊ ကရုဏာ)ရှိခြင်း၊
(၃) ကြီးမားသော သည်းခံစိတ်(ခန္တီတရား)ရှိခြင်း၊
(၄) နှိုင်းနှိုင်းဆဆ လုပ်ကိုင်နိုင်မှု(ပညာ)ရှိခြင်းတို့ပင်ဖြစ်၏။

စာဖတ်သူတို့အားလုံး ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များကို ကိုင်ဆောင်ပြီးလျှင် ကိလေသာရန်သူပုန်ကို အကုန်အစင် တွန်းလှန်ကြပါကုန်။


Read more...

ပတ္တာနုမောဒန ကုသိုလ် ယူတော်မူကြပါ

ဒါန, သီလ, ဘာဝနာ, အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မဿဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ-ဟူသော ပုညကြိယာဝတ္ထု ဆယ်ပါးကို ဗုဒ္ဓဘာသာ အမျိုးသား အမျိုးသမီးတိုင်း သိကြပြီးဖြစ်ပါသည်။ သိသည့်အတိုင်းလည်း စွမ်းအားရှိသမျှ ကျင့်သုံးနေကြသည်။ ဤဆယ်ပါးတွင် ပစ္စည်းဝတ္ထုသော်၎င်း၊ အားအင်စိုက်ထုတ်မှုသော်၎င်း၊ မပါဝင်ဘဲ ကောင်းကျိုးခံစားရသော ကိုသိုလ်မှုတခုကို ညွှန်ပြတိုက်တွန်းလိုပေသည်။

ယင်းမှာ-ပတ္တာနုမောဒန ဖြစ်သည်။ ပတ္တာနုမောဒန ဟူသည်မှာ သူတပါးတို့၏ ကုသိုလ်ကောင်းမှုကို မြင်လျှင်သော်၎င်း၊ ကြားလျှင်သော်၎င်း၊ အမျှပေးဝေလျှင်သော်၎င်း၊ နှစ်သက်ဝမ်းမြောက်စွာ အားပေးခြင်းပင် ဖြစ်သည်။ ၀ါ-သာဓုအနုမောဒနာပြုခြင်း ဖြစ်သည်။

ဤနေရာတွင် ရှင်တော်ဗုဒ္ဓ လက်ထက်တော်က ပေဿနဒီကောသလမင်းကြီးနှင့် မလ္လိကာမိဖုရားကြီးတို့၏ မဟာအသဒိသဒါန အလှူတော်ကြီးကို ရည်ညွှန်းလိုပေသည်။ မင်းကြီးနှင့် မိဖုရားကြီးတို့သည် အကြိမ်ကြိမ် အလှူဒါနများ ပြုလုပ်သည်။ တိုင်းသူပြည်သားများကလည်း မင်းမိဖုရားတို့၏ အလှူထက်သာအောင် ကြိုးစား၍ အလှူပေးကြသည်။ ခြောက်ကြိမ်လှူဒါန်းရာတွင် တိုင်းသူပြည်သားများတို့၏အလှူကို မမီနိုင် ဖြစ်နေသည်။ ၇-ကြိမ်မြောက်အလှူ၌မူ နေရာတကာတွင် တိုင်းသူပြည်သားများ လိုက်၍မမီနိုင်အောင် လုပ်ဆောင်ကြရာ ဤအကြိမ်တွင် မင်းမိဖုရားတို့က အနိုင်ရသွားလေသည်။

ဤမျှကြီးကျယ်သော အလှူတော်ကြီးကို ပေးလှူရာတွင် ဇုဏှမည်သော အမတ်သည် အလွန်အားကျ ၀မ်းသာကာ မင်းမိဖုရားတို့သည် စေတနာသဒ္ဓါတရား ထက်သန်ကြပါပေသည်၊ ကောင်းလေစွ၊ ကောင်းလေစွ- ဟု ကျေနပ်နှစ်သက်စွာ ကောင်းချီးပေး သာဓုအကြိမ်ကြိမ် ခေါ်သည်။
ကာဠမည်သောအမတ်ကား များပြားလှစွာသော ဘဏ္ဍာများကို မလိုအပ်ဘဲ အလဟဿ ဖြုန်းတီးပစ်သည်၊ တိုင်းကျိုးပြည်ပြု ကိစ္စများတွင် သုံးလျှင် အားလုံးအကျိုးရှိနိုင်သည်။ မှားလေစွ၊ မိုက်မဲလေစွ-ဟု ပြစ်တင်ရှုတ်ချသည်။

အလှူတော်အတွက် အနုမောဒနာတရား ဟောရာတွင် ရှင်တော်ဘုရားသည် ဂါထာတပုဒ်မျှသာ ဟောပြီး ပြန်ကြွတော်မူလေသည်။ မင်းကြီးသည် ကျောင်းတော်သို့ လိုက်သွားကာ ဤမျှလောက်သော အလှူကြီးကို ဂါထာတပုဒ်သာ ဟောကြား၍ မကျေနပ်ကြောင်း လျှောက်ထားသည်။ ဤတွင် ဘုရားရှင်က အမတ်နှစ်ယောက်၏ စိတ်ဖြစ်နေပုံများကို ပြောပြသည်။

အကယ်၍ အနုမောဒနာတရား အကျယ်ဟောလျှင် ကာဠအမတ်သည် ပိုမိုဒေါသစိတ် ပြစ်မှားစိတ်ဖြစ်ပြီး ကြီးမားသော အပါယ်ဆင်းရဲ ကျရောက်မည်ဖြစ်ကြောင်း ဖြေရှင်းပြတော်မူသည်။
ကောသလမင်းကြီးသည် နန်းတော်သို့ရောက်သောအခါ ဇုဏှအမတ်အား ဆုလာဘ်များစွာပေးပြီး ရာထူး တိုးတက်ချီးမြှောက်သည်။
ကာဠအမတ်ကိုမူ ဤသို့ စိတ်ယုတ်မာရှိသူသည် နန်းတွင်းနှင့်မတန်-ဟု ပြောဆိုပြီး တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။

ယခုအခါ နေရာအရပ်ရပ်တွင် ကုသိုလ်ကောင်းမှုများ အမျိုးစုံ ပြုလုပ်နေကြရာ လွန်စွာဝမ်းမြောက် အားရဖွယ်များ ဖြစ်ပါသည်။ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နိုင်ကြပါပေသည်။ များပြားစွာ လှူဒါန်းနိုင်ကြ ပါပေသည်။ ခဲယဉ်းစွာ ကြိုးစားတည်ဆောက်နိုင်ကြပါပေသည်-ဟူသော စေတနာ သမ္မာဆန္ဒစိတ်ထားဖြင့် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်၍ ပတ္တာနုမောဒနကုသိုလ် ယူတော်မူကြပါ-ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


Read more...

န၀မရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သက်တော်ရှည် ရာကျော် စံကင်းဆရာတော်ကြီး ဘဒ္ဒန္တစန္ဒာဘိဝံသ

စံကင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဘိဝံသသည် စစ်ကိုင်းတိုင်း လင်းယဉ်ရွာဇာတိဖြစ်သည်။ ခမည်းတော် ဦးအိုင်၊ မယ်တော် ဒေါ်မင်းထပ်တို့ဖြစ်သည်။ ၁၂၃၂-ခုနှစ် နတ်တော်လဆုတ် ၆-ရက် အင်္ဂါနေ့ (၁၃-၁၂-၁၈၇၀) တွင် ဖွားမြင်တော်မူသည်။

၁၂၄၂-ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေပြု၍
၁၂၄၈-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေပြုသည်။
၁၂၅၁-ခုနှစ်၌ ရဟန်းဖြစ်သည်။
၁၂၆၄-ခုနှစ်၌ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်တွင် စာချနာယက ဖြစ်တော်မူသည်။
ဆန္ဒောမဉ္ဇရီ၊ ဆပ္ပစ္စယဒီပနီ-စသော ကျမ်းတို့ကို ရေးသားပြုစုတော်မူခဲ့သည်။
ကမ္မဋ္ဌာန်းတရားကိုလည်း ကောင်းစွာ အားထုတ်ခဲ့သည်။
၁၂၆၆-ခုနှစ်၌ ဓနုဖြူမြို့ အရှေ့ဘက်ကမ်း စံကင်းရွာ ဓမ္မာရုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည်။
ထိုအချိန်မှစ၍ စံကင်း-ဆရာတော်ဟု အမည်တွင်သည်။
၁၂၆၆-ခုနှစ်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်၌ နာယကအဖြစ်ဖြင့် သီတင်းသုံးစဉ် ထိုနှစ်မှာပင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး၏ ဓမ္မာစရိယဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူတော်မူသည်။
၁၂၉၁-ခုနှစ်၌ မဟာဝိသုဒ္ဓါရုံတိုက်ကြပ်ဆရာတော် ဖြစ်တော်မူသည်။
၁၃၁၃-ခုနှစ်၌ ရွှေကျင်နိကာယဥက္ကဋ္ဌ သာသနာပိုင် ဖြစ်တော်မူသည်။
၁၃၁၅-ခုနှစ်၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ခံယူတော်မူသည်။
ဆရာတော်ဘုရားကြီးသည် ၁၃၃၄-ခုနှစ် ပထမ၀ါဆိုလဆုတ် ၁၀-ရက် (၅-၇-၁၉၇၂) သက်တော် ၁၀၂-နှစ်တွင် တဘ၀အတွက် ငြိမ်းတော်မူခဲ့သည်။


Read more...

သြ၀ါဒ

လူမတန် ကံချ ဆိုပေမယ့် ကံဟာ လိုရင်းပဲ။
ဝီရိယတို့ ဉာဏ်တို့လဲ ပါပါရဲ့၊ ဒါပေမယ့် ကံမကောင်းဘူးဆိုရင် ဉာဏ် ၀ီရိယဟာ လွဲတတ်တယ်။
အဲဒီကံဆိုတာဟာလဲ အလိုလို ရလာတာ ရောက်လာတာ မဟုတ်ဘူး။ ဉာဏ် ၀ီရိယတို့နှင့် လုပ်ယူမှ ရတယ်။
ဒါကို သိဖို့လိုတယ်။

( စံကင်းဆရာတော်ကြီး ဘဒ္ဒန္တ စန္ဒာဘိဝံသ )


Read more...

ကံ ကံ၏အကျိုး ( ၅၅ )

( ဗောဇ္ဈင်ရွတ်ပွား အကျိုးတရား )

ကျွန်မ၏မိခင်ကြီးသည် အသက် ၈၀-အထိ ဒေါင်ဒေါင်မည် ကျန်းမာသူတဦး ဖြစ်ပါသည်။ အိမ်မှုကိစ္စများကို ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ရမှ ကျေနပ်သူဖြစ်သည်။ သို့သော် ၈၁-နှစ်ထဲ ရောက်သည်နှင့် အသက်ရှူမ၀၊ အိပ်မပျော်၊ စားမ၀င်ဖြစ်ကာ အိပ်ရာထဲတွင်သာ အနေများနေသည်။ ထို့ကြောင့် အထူးကုဆရာဝန်ကြီးနှင့် ပြသကြည့်ရာ အဆုတ်ပွပြီး အသက်ရှူလေပြွန်လမ်းကြောင်း မကောင်းဟုသိရပါသည်။ ကြီးမားသောရောဂါ မဟုတ်သောကြောင့် စိုးရိမ်ဖွယ်မရှိကြောင်း ပြောပြီး သောက်ဆေးကိုသာ ပေးလေသည်။

သို့သော် ရောဂါမှာ သက်သာသလိုနှင့် ထူထူထောင်ထောင် မရှိသေးသဖြင့် အားရစရာ မကောင်းလှပါ။ သီတင်းကျွတ်လ တရက်တွင်မူ မခင်၏ မောင်ဖြစ်သူက ပုဇွန်တောင်ကျောင်းတိုက်မှ သံဃာတော်သုံးပါးကို အိမ်သို့ပင့်ဆောင်ကာ အသင့်ချက်ပြုတ်လာသော ဆွမ်း ခဲဘွယ်နှင့် သင်္ကန်းတစုံကို မိခင်ကြီးအား ကပ်လှူစေပါသည်။ မိခင်ကြီးကို အမွန်မြတ်ဆုံးသော ကန်တော့နည်းဖြင့် ကန်တော့ခြင်းပင် ဖြစ်ပါသည်။

္ဆဆရာတော်ကြီးက သီလပေး တရားဟောပြီး သံဃာတော်များအားလုံး ပရိတ်ရွတ်ဆိုကြပါသည်။ အထူသဖြင့် မိခင်ကြီးအတွက် မေတ္တသုတ်နှင့် ဗောဇ္ဈင်သုတ်ကို ရွတ်ဆိုပြီးနောက် ဗောဇ္ဈင် ၇-ပါး တရားတော်ကို ရွတ်ဆိုရာ မိခင်၏မွေးနေ့နှင့် အမည်ကို ၁၀-ကြိမ်ခန့်ပင် ထည့်သွင်း ရွတ်ဆိုသည်ကို နာကြားရပါသည်။ ဆရာတော်ကြီးသည် ဦးလေးနှင့် ဆရာရင်း ဒကာရင်း ဖြစ်ရာ မိခင်ကြီးအား အထူးဆုတောင်း မေတ္တာပို့သနေမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားတော်မူသွားပါသည်။

ဤသို့ဖြင့် သံဃာတော်များအား သဒ္ဓါဆွမ်းဆက်ကပ်၍ သင်္ကန်းကပ်လှူပြီးသည့်နောက်ပိုင်း မိခင်ကြီးမှာ တနေ့တခြား လန်းဆန်းထူထောင်လာပြီး စားဝင် အိပ်ပျော်လာပါသည်။ ပရိတ်ကြီး ၁၁-သုတ်ကို ကိုယ်တိုင် ရွတ်ဆိုလာနိုင်ရုံသာမက သတင်းစာကိုပင် ဖတ်ရှုလာနိုင်သည်အထိ နေကောင်းလာပါသည်။ ဆရာတော်ဘုရားကြီး ပို့သသောမေတ္တာနှင့် ပရိတ်ရွတ်ဆိုခြင်း အထူးသဖြင့် ဗောဇ္ဈင်သုတ်နှင့် ဗောဇ္ဈင် ၇-ပါး တရားတော်ရွတ်ဆိုမှု၏ တန်ခိုးတော်ကြောင့်ပင် ဖြစ်ပေမည်။

ဗောဇ္ဈင်တရား၏ အနှစ်တရားကိုယ် ၇-ပါးမှာ
မဂ်ဉာဏ်၏အကြောင်းဖြစ်သော ဆင်ခြင်အောက်မေ့မှု (သတိ)၊
ဉာဏ်(ပညာ၊
အားထုတ်မှု(၀ီရိယ)၊
နှစ်သက်ကြည်နူးမှု(ပီတိ)၊
ငြိမ်းချမ်းမှု(ပဿဒ္ဓိ)၊
တည်ကြည်မှု(သမာဓိ) နှင့်
အလယ်အလတ်တည့်မတ်မှု(ဥပေက္ခာ)တို့ပင်ဖြစ်ပြီး
ထိုတရားများ မပါဝင်လျှင် ဘယ်အရာမျှမပြီးစီး မအောင်မြင်နိုင်။

ပညာရေး စီးပွားရေး ကျန်းမာရေး-စသော လောကအရေးအရာများတွင် ထိုဗောဇ္ဈင်တရားတို့ ကင်းမဲ့လျှင် ဆုတ်ယုတ်ပျက်စီးတတ်ကြောင်း ဖတ်ရှုဆင်ခြင်မိသည့်နောက်ဝယ် ကျွန်မသည် မိခင်ကြီး၏ ကျန်းမာရေး ကောင်းသည်ထက် ကောင်းလာစေရန် ဗောဇ္ဈင်သုတ်နှင့် ဗောဇ္ဈင် ၇-ပါး တရားတော်တို့ကို မိခင်၏မွေးနေ့နှင့် အမည် ထည့်သွင်း၍ နဘေးတွင်ထိုင်ကာ နေ့စဉ်မပျက် ယုံကြည်လေးနက်စွာ ရွတ်ဆိုပေးမိပါတော့သည်။

( ရည်မျိုးဆက် )
*********************************************************************************

( ကံကြီးထိုက်သူ )

အချိန်ကား ၁၉၇၀-ခုနှစ်က ဖြစ်ပါသည်။ ကျွန်တော်သည် အူရောင်ငန်းဖျားရောဂါဖြင့် မြင်းခြံပြည်သူ့ဆေးရုံတွင် ဆေးကုသနေသောအချိန်ဖြစ်သည်။ ထိုအချိန်က ဆေးကုသနေကြသော လူနာများ အလွန်များနေ၍ ကျွန်တော့အား လူသွားစင်္ကြံလမ်းပေါ်တွင် နေရာချထားပေးခဲ့ကြပါသည်။ စင်္ကြံ၏ ထိပ်တဘက်စွန်းတွင် အချုပ်သားများအတွက် သံတိုင်များဖြင့် သီးသန့်ကာရံထားသော အခန်းငယ်တခု ရှိပါသည်။

တနေ့တွင် အရေးပေါ်လူနာတဦး အချုပ်ကားဖြင့် ရောက်လာသည်။ ထိုသူမှာ ဦးခေါင်းမှလွဲ၍ တကိုယ်လုံး ရေနွေးပူလောင်ထားသည့် ထောင်သားတဦးဖြစ်ကြောင်း သိရပါသည်။ ထောင်သားများအတွက် ချက်ထားသည့်ထမင်းအိုး ဟင်းအိုးများကို လူနှစ်ယောက် ၀ါးထမ်းပိုးဖြင့် ရှေ့နောက်ထမ်း၍ အလှည့်ကျ သယ်ဆောင်ကြရ၏။ ထိုနေ့က အဆိုပါ ထောင်သား၏ အလှည့်ဖြစ်သည်။

မီးဖိုပေါ်မှ အလွန်လေးလံသော ထမင်းအိုးကြီးကို သံကြိုးချိတ်ဖြင့် ချိတ်၍ ရှေ့နောက်ထမ်း မ,ကြသည်။ အိုးကြီးကား ကြွတက်မလာပါ။ သူနှင့်တွဲဘက် အထမ်းသမားသည် သူ့ထက် ပိုပြီးအားသန်သူဖြစ်သည်။ ဒုတိယအကြိမ် အားစိုက်ပြီး ထမ်းမ,လိုက်ကြသောအခါတွင် အိုးသည် ကြွမလာဘဲ ၀ါးထမ်းပိုးသည် ချာချာလည်ပြီး ထိုသူအား ဘေးဘက်သို့ တွန်းလှဲပစ်လိုက်တော့သည်။

အနီးတွင် ရေများဆူပွက်နေသည့် အဖုံးမရှိသော ဒယ်အိုးကြီးတလုံး ရှိသည်။ ထိုဒယ်အိုးကြီးထဲသို့ တိုက်ရိုက် ကျသွားသည်။ ထိုအခါ ဦးခေါင်းမှလွဲပြီး တကိုယ်လုံး နစ်မြုပ်သွားသည်-ဟု သူ့အား လိုက်ပို့သော အစောင့်ရဲသားက ပြောပြသည်။ ထိုအခါ ကြားရသူအားလုံးသည် ထိုသူ့အပေါ်၌ သနားကြင်နာစိတ်များ ဖြစ်ပေါ်နေကြသည်။

ထို့ကြောင့် လူအများစုပြုံရောက်လာပြီး ထိုသူ့အကြောင်းကို ဆက်လက်မေးမြန်းကြသည်။ ထိုလူမှာ ပခုက္ကူမြို့၏ အနောက်ဘက်နယ်အတွင်းရှိ ရွာတရွာမှ လူငယ်တဦးဖြစ်ကြောင်း၊ ဖခင်အရင်းအား ဓားနှင့်ထိုးသတ်သော အမှုဖြင့် မြင်းခြံထောင်တွင် ကျခံနေသူဖြစ်ကြောင်း ရဲသားက ပြောပြသောအခါ ပရိသတ်များမှာ ဟင်-ဟု သံပြိုင်ငြီးလိုက်ကြပြီး မျက်နှာများ ရှုံ့မဲ့သွားကြသည်။ ယခင်က သူ့အပေါ်ထားခဲ့သော သနားကြင်နာစိတ်များ ပျက်ပြယ်သွားကြဟန် တူပါသည်။

ထိုသူ့အတွက် လိုအပ်သော ကုသမှုများ ပြုလုပ်ပေးပြီးသောအခါ သူ့အား အချုပ်သားများထားသော အခန်းတွင်းသို့ ပို့ထားခဲ့သည်။ နံနက်လင်းသောအခါ ထိုသူ့အား ကျွန်တော်၏ခုတင်ပေါ်မှ လှမ်း၍မြင်တွေ့ နေပါသည်။ အ၀တ်အားလုံး ချွတ်ထားပြီး ခရမ်းရောင်လိမ်းဆေးများ လူးပေးထားသဖြင့် တိရိစ္ဆာန်တကောင်နှင့် တူနေပါသည်။

ခန္ဓာကိုယ်တခုလုံး အနားများ အပြည့်ဖြစ်နေ၍ ဆေးထိုးရန် အခက်တွေ့ရသည်ဟု ဆရာမက ပြောသွားသည်။ လူနာအား လာရောက်ပြုစုသူ၍ တဦးမှမတွေ့ရပါ။ အခန်းအတွင်း၌လည်း အဖော်မရှိ၊ သူတဦးတည်းသာ ရှိသည်၊ သံတံခါး၏ အပြင်ဘက်၌ ရဲသားတဦးက စောင့်နေသည်။ ညတိုင်း ကောင်းကောင်းမအိပ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်သော အသံဆိုးများဖြင့် မကြာမကြာ ဟစ်အော်နေသည်။ ၄-ရက်ခန့်ကြာသောအခါ ရူးသွား၏။

သူ့အတွက် အသုံးပြုရန် ပေးထားသည့် ၀မ်းသွားအိုးနှင့် ဆီးအိုးထဲမှ သူသွားထားသော မစင်များကို ဇွန်းဖြင့် ကော်ပြီးစားနေသည်။ တဖန် ဆီးများကိုလည်း အားရပါးရ သောက်ပြန်သည်။ တပတ်ခန့်ကြာသောအခါ သေဆုံးသွား၏။
ဖခင်အား သတ်ခဲ့သူမှာ အထက်ပါအတိုင်း မကောင်းသော ဖြစ်ရပ်များ ဆက်ကာဆက်ကာ တွေ့ပြီး ဘ၀ဆုံးခဲ့သည့်အဖြစ်အပျက်ကို အသေးစိတ်သိကြသော ဆရာဝန်၊ ဆရာမများ ထောင်အမှုထမ်းများ ယနေ့အထိ ရှိကြပါသည်။

( ဦးဘိုးကြီး )

( မြတ်မင်္ဂလာ ၁၉၉၆-ခု စက်တင်ဘာလ )


Read more...

သောတာပန်သုံးမျိုး

သောတာပန်သုံးမျိုးခုနှစ်မျိုးတို့၏အဓိပ္ပာယ်ကိုရှင်းလင်းပြမည်ဖြစ်ပါသည်။သောတာပန်သုံးမျိုးမှာဧကဗီဇသောတာပန်၊ကောလံကောလသောတပန်၊သတ္တက္ခတ္တုပရမသောတာပန်တို့ဖြစ်ပါသည်။
ဧကသောတာပန်ဟူသည်ယခုဘ၀မှာသောတာပန်ဖြစ်၍၊ယခုဘ၀မှာပင်လျှင်အရဟတ္တဖိုလ်သို့ရောက်နိုင်သောသောတာပန်ကိုဧကဗီဇသောတာပန်ဟုခေါ်ပါသည်။
ကောလံကောလသောတာပန်ဖြစ်ခဲ့ပါမူ ၂-ဘ၀နှင့်လည်းရဟန္တာဖြစ်၏။ ၃-ဘ၀နှင့်လည်းရဟန္တာဖြစ်၏။ ၄-ဘ၀နှင့်လည်းရဟန္တာဖြစ်၏။ ၅-ဘ၀နှင့်လည်းရဟန္တာဖြစ်၏။ ၆-ဘ၀နှင့်လည်းရဟန္တာဖြစ်၏။ ထို၂-မှ ၆-ထိပုဂ္ဂိုလ်များသည်ကောလံကောလသောတာပန်ဖြစ်ပါသည်။
၇-ဘ၀မှရဟန္တာဖြစ်သောပုဂ္ဂိုလ်သည်သတ္တက္ခတ္တုပရမသောတာပန်ဖြစ်ပါသည်။
ထိုသောတာပန်ခုနှစ်မျိုးတို့တွင်ဤဘ၀မှာပင်ဧကဗီဇသောတာပန်အဖြစ်နှင့်အရဟတ္တဖိုလ်သို့ရလိုလျှင်ရသေ့ရဟန်းရဟန်းပြုခြင်းခေါင်းပါးစွာကျင့်မှုကိစ္စတို့ကိုအားထုတ်အပ်ပေသည်။အခြားသောတာပန်များအတွက်မှုကားပြဆိုထားသောဝိ ပဿနာများပွားများအားထုတ်လျှင်သကဒါဂါမ်၊အနာဂါမ်စသည်တို့ကိုရောက်ရှိနိုင်ပါသည်။



Read more...

ဇဝနဟံသဇာတ်

၂၀၀၉ ခု မေလ ၂၄ ရက် တနင်္ဂနွေနေ့
ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း စတုတ္ထနေ့

တရားစခန်း၏ စတုတ္ထနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့ကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဒုတိယ ဥက္ကဌ ဦးစိန်မြင့် နှင့် အသင်း အမှုဆောင် ဒေါ်လီလီဌေး မိသားစုမှ လွန်ခဲ့သော ဧပြီလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် သားဖြစ်သူ ကိုပြည့်စုံမြင့်အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များနှင့် ယောဂီများအား လှူဒါန်း ဆက်ကပ်ခြင်း၊ ဧည့်ပရိတ်သတ်အား မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဧည့်ခံခြင်း ပြုလုပ်ကြပါသည်။

အနုမောဒနာတရားကို ရွှေမင်းဝံဆရာတော်မှ ချီးမြှင့်ရာ သေခြင်းတရား၏ လျင်မြန်ပုံ ဇဝနဟံသဇာတ်ကို ဥပမာ ပေး၍ အသေမဦးခင် လောကီအကျိုး လောကုတ္တရာအကျိုး ရရှိအောင် ဆောင်ရွက်ကြရန် ဟောကြားသွားပါသည်။

အာယုက္ခယ-အသက်တမ်းကုန်၍ သေခြင်း၊ ကမ္မက္ခယ-ကံကုန်၍ သေခြင်း၊ ဥဘယက္ခယ-အသက်တမ်းနှင့် ကံကုန်၍ သေခြင်း၊ ဥပစ္ဆေဒက-အသက်နှင့် ကံ ၂ ပါး ရှိသေးသော်လည်း ဥပစ္ဆေဒကကံကြောင့် သေခြင်း ဟူ၍ သေခြင်း လေးမျိုးရှိရာ အသက်ငယ်ရွယ်စဉ် သေသူမှာ ကံကုန်၍ သေခြင်း ဖြစ်ကြောင်း၊ မိသားစုတစ်ခုတွင် ရှေးဦးစွာ သေဆုံးသူမှာ ကောင်းမှုပြုလုပ်ခွင့် မရတော့သဖြင့် ကုသိုလ်ကံ အနည်းဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဇာတိဟူ၍ ရလာလျှင် အို နာ သေ တဆက်တည်း ကပ်ပါ လိုက်ပါလာသည်ဖြစ်ရာ သံဝေဂယူ၍ လောကီကျိုး လောကုတ္တရာ ကောင်းကျိုးချမ်းသာ ရရှိရန် အချိန်မဆိုင်းဘဲ အမြန်ဆုံး ဆောင်ရွက်သွားကြရန် တိုက်တွန်း ဟောကြား၏။

+++++

ဇဝနဟံသဇာတ်

အာယုသင်္ခါရတို့၏ လျင်မြန်စွာ ဖြစ်ခြင်း ပျက်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒဠဓမ္မဓနုဂ္ဂဟသုတ္တန်ကို အကြောင်းပြု၍ ဇဝနဟံသဇာတ်ကို ဟောတော်မူ၏။

အရပ်လေးမျက်နှာနေ လေးသည်ကျော်တို့ ပစ်လွှတ်သော မြားတို့ကို မြေမကျမီ ဖမ်းယူ၍ မူလနေရာသို့ ထားနိုင်သော ပုဂ္ဂိုလ် ယောက်ျား၏ လျင်မြန်ခြင်းထက် လ,နေတို့က ပို၍ လျင်မြန်၏။

မြားလေးစင်းကို ဖမ်းနိုင်သောယောက်ျားနှင့် လ,နေတို့၏ လျင်မြန်ခြင်းထက် အချို့နတ်တို့က ပို၍ လျင်မြန်၏။

ထိုယောက်ျား၊ လ,နေ၊ နတ်တို့၏ လျင်မြန်ခြင်းထက်လည်း အာယုသင်္ခါရတို့ ကုန်ဆုံးခြင်း သေခြင်းသည် အလွန်တရာ သာ၍ လျင်မြန်သဖြင့် ဘုရားသာသနာတော်၌ မမေ့မလျော့နေ၍ ကျင့်အပ်၏ဟု ဓဠဓမ္မဓနုဂ္ဂဟသုတ်ကို ဟောတော်မူ၏။

ဟောပြီး နှစ်ရက်မြောက်သော နေ့၌ ရဟန်းတော်တို့ အာယုသင်္ခါရ၏ အားနည်းမှုကို စည်းဝေး ပြောဆိုနေကြစဉ် အတိတ်ဝတ္ထုဖြစ်သော ဇဝနဟင်္သာမင်းအကြောင်း ဟောကြားတော်မူခြင်း ဖြစ်သည်။

အတိတ်ဝတ္ထု

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ် ဘုရားလောင်းသည် ဇဝနဟင်္သာမျိုး၌ ဖြစ်၍ ဟင်္သာများ ခြံရံလျက် စိတ္တကုဋ်တောင်၌ နေ၏။

တခါသော် အိုင်တစ်ခုမှ အပြန်တွင် ဗြဟ္မဒတ်မင်းက မြင်တွေ့ရာမှ မိတ်ဖွဲ့သဖြင့် မိတ်ဆွေဖြစ်၏။

တနေ့သောအခါ နေနှင့် အပြေးပြိုင်သော ညီတော် ဟင်္သာနှစ်ဦးတို့၏ အသက်ကို ကယ်၍ ဗာရာဏသီမင်းထံ သွားကာ တရားစကား ဟောပြော၏။

နေနှင့် အပြေးပြိုင်ကြသည့် ညီတော် ဟင်္သာနှစ်ဦး၏ အဖြစ်အပျက်ကို ပြောပြသောအခါ ဗြဟ္မဒတ်မင်းက ဇဝနဟင်္သာမင်း၏ လျင်မြန်မှုကို မြင်တွေ့လိုသဖြင့် လျှပ်တပြက်အတွင်း အချက်များစွာ ပစ်နိုင်သော အက္ခဏဝေဓိ လေးသမား လေးဦးကို ခေါ်စေ၏။

မင်းရင်ပြင်တွင် ကျောက်တိုင်တို့ကို စိုက်စေ၍ ဇဝနဟင်္သာမင်းလည်း လည်၌ ဆည်းလည်းဆွဲစေကာ ကျောက်တိုင်ထိပ်၌ နေ၏။ လေးယောက်သော လေးသမားတို့ကို ကျောက်တိုင်ကို မှီစေ၍ အရပ်လေးမျက်နှာသို့ ရှေးရှုကာ တပြိုင်နက်တည်း မြားတစ်စင်းစီ ပစ်လွှတ်စေ၏။

မြားတို့ မြေမကျမီ ဖမ်းယူ၍ လေးသမားတို့၏ ခြေရင်း၌ ချကာ ကျောက်တိုင်ထိပ်၌ နေမြဲတိုင်း တည်နေသော ဇဝနဟင်္သာမင်း၏ လျင်မြန်မှုကို ဗြဟ္မဒတ်မင်းမှာ မျက်စိဖြင့် မြင်နိုင်ခြင်းငှာ မစွမ်းသာဘဲ ဆည်းလည်း၏ အသံဖြင့်သာ သိရှိရ၏။

ဇဝနဟင်္သာမင်း၏ လျင်မြန်ခြင်းထက် သာလွန်မှုသည် ရှိနိုင်ပါဦးမည်လော ဟု ဗြဟ္မဒတ်မင်းကြီးက ဇဝနဟင်္သာမင်းအား မေးရာ သတ္တဝါတို့၏ အာယုသင်္ခါရ ကုန်ဆုံးမှုက အဆပေါင်း ရာ ထောင် သိန်းသောင်းမက သာလွန်ကြောင်း ဟောကြားတော်မူ၏။
ရုပ်တရားတို့၏ ချုပ်ခြင်း၊ နာမ်တရားတို့၏ ချုပ်ခြင်းကိုလည်း ခဏနိရောဓ၏ အစွမ်းဖြင့် ပြတော်မူ၏။

ဗြဟ္မဒတ်မင်းလည်း သေဘေးကို ကြောက်သဖြင့် မူးမေ့၍့ မြေ၌ လဲ၏။ လူအများလည်း ထိတ်လန့် ကြောက်ရွံ့ကြကုန်၏။

မင်း၏ မျက်နှာကို ရေဖြင့် သွန်း၍ သတိရစေပြီး၊ မင်းကျင့်တရား ဆယ်ပါးကို ပြုကျင့်ရန်၊ အလှူဒါနပြုလုပ်ရန်၊ သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း မရဏာနုဿတိကို ပွားစေရန်၊ မမေ့မလျော့သော သတိတရားဖြင့် နေရန် ဟောကြားတော်မူ၏။

ဇာတ်ပေါင်း

ဗာရာဏသီမင်း = အရှင်အာနန္ဒာ
ညီတော် ဟင်္သာငယ် = အရှင်မဟာမောဂ္ဂလာန်
ညီလတ် ဟင်္သာ = အရှင်သာရိပုတ္တရာ
ဟင်္သာအပေါင်း = ဘုရားရှင်၏ ပရိသတ်
ဇဝနဟင်္သာမင်း = မြတ်စွာဘုရားရှင်

+++++

“အာယုသင်္ခါ၊ ချုပ်မြန်စွာ၊ ပမာပြုဖို့ ကင်း။”

+++++


စာကိုး
မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်ဘုရားကြီး ပြန်ဆိုရေးသားတော်မူသော ငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ တေရသကနိပါတ်၊ ဇဝနဟံသဇာတ်


Read more...

ဘုန်းကံကြီးသူတို့အတွက် သာသနာ


ဘုန်းကံကြီးသူတို့အတွက် သာသနာ အပိုင်း(၁)
ဘုန်းကံကြီးသူတို့အတွက် သာသနာ အပိုင်း(၂)

မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို နားကြားခွင့်ရသူတို့အဖို့ လွန်စွာမှပင် ဘုန်းကံကြီးကြပါပေသည်။ သာသနာသည်လည်း ဘုန်းကံကြီးသူတို့နှင့်သာ ထိုက်တန်ပါပေ၏။ သာသနာနှင့် ထိုက်တန်သော ဘုန်းကံကြီးသူများ ဖြစ်ကြပါစေ။ ဘုန်းကံကြီးသူများဖြစ်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ။


Read more...

အမေနှင့် စကြ၀တေးမင်းတို့ တွေ့ဆုံခြင်း... (အရှင်အာစာရာလင်္ကာရ)

အရှင်အာစာရာလင်္ကာရ...

အမေနှင့် စကြ၀တေးမင်းတို့ တွေ့ဆုံခြင်း...









Read more...

Special Abhidhamma Session

The following announcement comes from Khun Amara who has been diligently serving the Dhamma community for a good number of years leading a monthly Abhidhamma class at the WFB, Sukhumvit 24. This is a special class with a well known Abhidhamma teacher.

Abhidhamma is an intricate explanation of the working of body and mind according to Buddhism.

The World Fellowship of Buddhists HQ invitation to

A Special Abhidhamma in English Session

with Tahn Ajahn Nisa Sheanakul

Abhidhamma Teacher several times awarded

abhidhamma

Title: The Seven Universal Cetasikas

Sunday June 14th, 2009abhidhamma 2

14:00-16:30

Venue: World Fellowship of Buddhist Headquarters, 2nd floor

In Benjasiri Park, between Sukhumvit 22 & 24

Tel: 02 661 1284 [Khun 'Roung']

BTS Sky Train: Prompong Station;



Read more...

တရား ငါးမျိုးတို့နှင့် ပြည့်စုံသော...

အာရညကသုတ်-

ရဟန်းတို့ ...
တရား ငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာ အလေ့အလာ ပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင် ၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

ရဟန်းတို့ ...
ဤသာသနာတော်၌ ရဟန်းသည် ...

၁... အမှုသစ်ကို အားထုတ်မှု နည်းပါး၏၊ ကိစ္စနည်းပါး၏၊ မွေးမြူလွယ်၏၊
၂... အသက်၏ အဆောက်အဦ ဖြစ်သော ပစ္စည်းတို့၌ ရောင့်ရဲလွယ်၏။
အစားအသောက် နည်းပါး၏၊ ဝမ်းရေးကို အားမထုတ်။
၃... အအိပ်နည်းပါး၏၊ နိုးကြားမှု၌ အားထုတ်၏။
၎. တော၌ နေ၏၊ အစွန်အဖျား ကျသော ကျောင်းလျှင် နေရာရှိ၏။
၅... ကိလေသာမှ လွတ်မြောက်တိုင်းသော စိတ်ကို ဆင်ခြင်၏။

ရဟန်းတို့ ...
ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များ စွာ အလေ့အလာ ပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။

၈ - အာရညကသုတ်၊ ကကုဓ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်၊


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

အနာကြီး ငါးမျိုး ...

အနာကြီး ငါးမျိုး ...

တစ်ရံရောအခါ မဂဓတိုင်းတို့၌ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သော အနာအားဖြင့် ငါးမျိုးသော အနာရောဂါတို့သည် ပေါများကုန်၏။ လူတို့သည် ငါးပါးသော အနာတို့ဖြင့် နှိပ်စက်အပ်ကုန်သည်ရှိသော် အဘယ မင်းသား မွေးစားသော ဇီဝကထံသို့ ချဉ်းကပ်ပြီးလျှင် ''ဆရာငါတို့ တောင်းပန်ပါ ကုန်၏၊ ငါတို့ကို ဆေးကုပေးပါလော့'' ဟု ပြောဆို ကုန်၏။

အမောင်တို့ အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ အကျွန်ုပ် သည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးကိုလည်း လုပ်ကျွေးပြုစု ရ၏၊ မောင်းမ အပေါင်းကို လည်းကောင်း၊ ဘုရားအမှူးရှိသော ရဟန်းသံဃာကို လည်းကောင်း လုပ်ကျွေးပြုစုရ၏၊ အကျွန်ုပ်သည် (အမောင်တို့အား) ဆေးကုပေး ခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။

ဆရာ အလုံးစုံသော ဥစ္စာနှစ်သည်လည်း သင့်အား ဖြစ်ပါစေ၊ အကျွန်ုပ်တို့သည် လည်း သင်၏ကျွန်များ ဖြစ်ပါစေကုန်၊ ဆရာ တောင်းပန်ပါကုန်၏၊ အကျွန်ုပ်တို့ကို ဆေးကုပေးပါလော့'' ဟု (ပြောဆိုကုန်၏)။

အမောင်တို့ အကျွန်ုပ်သည် များသော ကိစ္စ ရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ အကျွန်ုပ် သည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးကိုလည်း လုပ်ကျွေး ပြုစုရ၏၊ မောင်းမအပေါင်းကို လည်းကောင်း၊ ဘုရားအမှူးရှိသော ရဟန်းသံဃာကို လည်းကောင်း လုပ်ကျွေးပြုစုရ၏၊ အကျွန်ုပ်သည် (အမောင်တို့အား) ဆေးကု ပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။

ထိုအခါ ထိုလူတို့အား-
''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ဤရဟန်းတို့သည် ချမ်းသာ သော သဘောရှိကုန်၏၊ ချမ်းသာသော အကျင့်ရှိကုန်၏၊ ကောင်းသော ဘောဇဉ် တို့ကို သုံးဆောင်ကုန်လျက် လေမတိုက်သော အိပ်ရာနေရာတို့၌ အိပ်ရကုန်၏၊ ငါတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့၏ အထံ၌ ရှင်ရဟန်း ပြုရပါကုန်မူကား ကောင်းလေစွ၊ ထိုသို့ ရဟန်းပြုသည်ရှိသော် ရဟန်း တို့သည်လည်း လုပ်ကျွေးပြုစုကြကုန်လတ္တံ့၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်း ဆေးကုလတ္တံ့'' ဟု အကြံဖြစ်၏။

ထို့နောက် ထိုလူတို့သည် ရဟန်းတို့သို့ ချဉ်းကပ်ကုန်ပြီးလျှင် ရဟန်းအဖြစ်ကို တောင်းကုန်၏။ ထိုလူတို့ကို ရဟန်းတို့သည် ရှင်ပြုပေးကုန်၏၊ ပဉ္စင်းခံပေးကုန်၏။ ထိုလူတို့ကို ရဟန်းတို့သည်လည်း လုပ်ကျွေးပြုစုကုန်၏၊ အဘယမင်းသား မွေးစားသော ဇီဝကသည်လည်း ဆေးကုပေး၏။

ထိုအခါ ရဟန်းတို့သည် များသော သူနာရဟန်းတို့ကို လုပ်ကျွေးပြုစုကုန်သည် ရှိသော် ''သူနာအတွက် ဆွမ်းပေးလှူပါကုန်၊ သူနာပြုအတွက် ဆွမ်းပေးလှူပါကုန်၊ သူနာအတွက် ဆေးပေးလှူကုန်လော့'' ဟု အတောင်းအရမ်း များကုန်သည်ဖြစ်၍ နေကုန်၏။ အဘယမင်းသား မွေးစားသော ဇီဝကသည်လည်း များစွာသော သူနာ ရဟန်းတို့ကို ဆေးကုရသည် ဖြစ်၍ မင်း၏ အခြားကိစ္စကို ယုတ်လျော့စေ၏။ 88

တစ်ယောက်သော ယောက်ျားသည်လည်း အနာမျိုးငါးပါး နှိပ်စက်သည်ရှိသော် အဘယမင်းသား မွေးစားသော ဆရာဇီဝကထံသို့ ချဉ်းကပ်ပြီးလျှင် ''ဆရာ တောင်းပန်ပါ၏၊ အကျွန်ုပ်ကို ဆေးကုပေးပါလော့'' ဟု ပြောဆို၏။

အမောင် အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏။ ပ။
အကျွန်ုပ်သည် ဆေးကုပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။

ဆရာ အလုံးစုံသော ဥစ္စာနှစ်သည်လည်း သင့်အား ဖြစ်ပါစေ၊ အကျွန်ုပ်သည် လည်း သင်၏ ကျွန် ဖြစ်ပါစေ၊ ''ဆရာတောင်းပန်ပါ၏၊ အကျွန်ုပ်ကို ဆေးကုပေး ပါလော့'' ဟု ပြောဆိုပြန်၏။

အမောင် အကျွန်ုပ်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏။ ပ။
အကျွန်ုပ်သည် ဆေးကုပေးခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။

ထိုအခါ ထိုယောက်ျားအား -
''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ဤရဟန်းတို့သည် ချမ်းသာ သော သဘောရှိကုန်၏၊ ချမ်းသာသော အကျင့်ရှိကုန်၏၊ ကောင်းသော ဘောဇဉ် တို့ကို သုံးဆောင်ကုန်လျက် လေမတိုက်သော အိပ်ရာနေရာတို့၌ အိပ်ရကုန်၏၊ ငါသည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့ထံ ရဟန်း ပြုရမူ ကောင်းလေစွ၊ ထိုသို့ ရဟန်းပြုသည်ရှိသော် ရဟန်းတို့သည်လည်း လုပ်ကျွေးပြုစုကုန်လတ္တံ့၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်း
ဆေးကုလတ္တံ့၊ ထိုငါသည် အနာကင်းရှင်းလတ်သော် လူထွက်အံ့'' ဟု အကြံ ဖြစ်၏။

ထို့နောက် ထိုယောက်ျားသည် ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ရှင်ရဟန်း အဖြစ်ကို တောင်းလေ၏။ ထိုသူကို ရဟန်းတို့သည် ရှင်ပြုပေးကုန်၏၊ ပဉ္စင်းခံ ပေးကုန်၏။ ထိုရဟန်းကို ရဟန်းတို့သည် လုပ်ကျွေး ပြုစုကုန်၏၊ အဘယမင်းသား မွေးစားသော ဆရာဇီဝကသည်လည်း ဆေးကု၏။ ထိုရဟန်းသည် အနာကင်းရှင်း လတ်သော် လူထွက်၏။

အဘယမင်းသား မွေးစားသော ဆရာဇီဝကသည် လူထွက်နေသော ထိုယောက်ျား ကို တွေ့မြင်သောအခါ ''အမောင် သင်သည် ရဟန်းတို့အထံ၌ ရဟန်းပြုဖူးသည် မဟုတ်လော'' ဟု မေးလေ၏။

မှန်ပါသည် ဆရာဟု (ပြောဆို၏)။ ''အမောင် သင်သည် အဘယ့်ကြောင့် ဤသို့ သော အမှုကို ပြုဘိသနည်း'' ဟု (ပြောဆို၏)။ ထိုအခါ ထိုယောက်ျားသည် အဘယမင်းသား မွေးစားသော ဆရာဇီဝကအား ဤအကြောင်းကို ပြောကြား၏။ အဘယမင်းသား မွေးစားသော ဆရာဇီဝက က ''အသျှင်ကောင်းတို့သည် အဘယ့်ကြောင့် အနာမျိုးငါးပါး နှိပ်စက်သူကို ပဉ္စင်းခံပေးကြကုန် သနည်း'' ဟု ကဲ့ရဲ့ ၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

ထို့နောက် အဘယမင်းသား မွေးစားသော ဆရာဇီဝကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အဘယမင်းသား မွေးစားသော ဆရာ ဇီဝကသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်ကောင်း တို့သည် အနာမျိုးငါးပါး နှိပ်စက်သူကို ရဟန်းမပြုပါစေကုန်လင့်'' ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် အဘယမင်းသား မွေးစားသော ဆရာဇီဝကကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေ ကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထို့နောက် အဘယ မင်းသား မွေးစားသော ဆရာဇီဝကသည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့် သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲခွါသွားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို-

''ရဟန်းတို့ အနာမျိုးငါးပါး နှိပ်စက်သောသူကို ရှင်ရဟန်းပြုမပေးရ၊ အကြင် ရဟန်းသည် ရှင် ရဟန်းပြုပေးငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏'' ဟု မိန့်တော်မူ၏။ 89

၂၆ - အနာကြီး ငါးမျိုး၊ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်။ ဆေးဆရာဇီဝက




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

*အလုပ် ဖြစ်မှာလား၊ အဖြစ် လုပ်မှာလား*

အရှင်သံဝရာ လင်္ကာရ (ဓမ္မပီယဆရာတော်)

ဝီရိယကို မှီ၍ အသက် ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကို မှီ၍ အသက် ရှင်ရသူ၊ နှစ်ခုလုံးကို မှီ၍ အသက် ရှင်ရသူ၊ နှစ်ခုစလုံးကို မမှီဘဲ အသက် ရှင်ရသူ ဟု ပုဂ္ဂိုလ် လေးမျိုး ရှိကြောင်း ဘုရားရှင် အင်္ဂုတ္တိုရ် ပါဠိတော်၌ ဟောကြားတော် မှုခဲ့သည်။

ထို ပါဠိတော်ကို အဋ္ဌကထာ ဖွင့်ရာတွင် ၀ီရိယ အားကိုးဖြင့် တစ်နေကုန် ရုန်းကန် လှုပ်ရှားပြီး ထိုဝီရိယ၏ အကျိုးမျှ ကိုသာမှီ၍ အသက် ရှင်ရသူသည် ၀ီရိယကို မှီ၍ အသက် ရှင်ရသူမည်၏၊ စတုမဟာရာဇ် နတ်တို့ကို အစပြု၍ နတ်ပြည် ခြောက်ထပ်က နတ်တို့သည် ၀ီရိယ စိုက်ထုတ်စရာ မလိုဘဲ အတိတ် ကောင်းမှုကံ၏ အကျိုးကိုမှီ၍ အသက် ရှင်နိုင်ကြ၏၊ မင်းနှင့် မင်းအမတ် စသူတို့သည် ၀ီရိယနှင့် ကောင်းမှုကံ၏ ကောင်းကျိုး နှစ်မျိုးလုံးကို မှီ၍ အသက် ရှင်ကြလေ၏။ ငရဲ သတ္တ၀ါ တို့သည် ၀ီရိယနှင့် ကောင်းမှုကံ နှစ်မျိုးလုံး၏ ကောင်းကျိုးကို မမှီဘဲ အသက် ရှင်ကြကုန်၏။

ထိုသုတ္တန်ကို ကြည့်က သာမန်လူ အများစုက လက်လှုပ်မှ ပါးစပ်လှုပ် ဆိုသည့် အတိုင်း ပါးစပ်လှုပ်ဖို့ အတွက် လက်က အမြဲ လှုပ်နေရသော သဘောရှိသည်။ ဒါကို ထောက်က ဘ၀ဟူသည် ရုန်းကန် လှုပ်ရှားခြင်း ဟုဆိုသော အဆိုက မှန်ကန် ပေသည်။ သာမန်လူ အများစုမှာ ၀ီရိယ မရှိ၍ မရ၊ ၀ီရိယ မစိုက်၍ မရ၊ မရုန်း၍ မရ၊ မလှုပ်ရှား၍ မရ၊ မကြိုးစား၍ မရ၊ သူ့အရွယ် နှင့်သူ ၀ီရိယ စိုက်ကာ ရုန်းကန် လှုပ်ရှား ကြိုးစားနေရ သည်သာ၊ မိမိတို့ဘ၀ အနေအထား ကိုက ၀ီရိယကို မှီ၍ အသက်ရှင် နေရသည် မဟုတ်ပါလား။

အလုပ်နှင့်လက် မပြတ် ဇယ်စက် နေသည်ဟု ပြောကြသည်မှာ မှန်ပေသည်။ လူဟူသည် ၀ီရိယကို အမှီပြု၍ အသက်ရှင် ရသူ ဖြစ်သောကြောင့် အလုပ်နှင့်လက် ပြတ်၍မဖြစ်၊ လူ၏ တန်ဖိုးကား အလုပ်သာ ဖြစ်သည်၊ လူ၏ အရည် အသွေးကို တောက်ပြောင် စေသည်ကား အလုပ်သာ ဖြစ်သည်၊ လူ၏ ဘ၀ကို တွန်းတင် မြှင့်တင်ပေး နိုင်သည်ကား အလုပ်သာ ဖြစ်သည်၊ အလုပ် လုပ်သူတို့ ကြီးပွားကြသည်။ တစ်ချို့လည်း အလုပ် မဖြစ်သဖြင့် အဖြစ်လုပ် နေကြရသည်၊ အလုပ် မဖြစ်မှန်း သိပါလျက် ပေတေစွာ လုပ်နေသော အခါ ပို၍ပင် အလုပ် မဖြစ်ဘဲ ရှိတော့သည်၊ ထိုအခါ အဖြစ်ပဲ လုပ်နေကြသည်၊ အဖြစ် လုပ်သူတွေ ပို၍ပို၍ များလာသည်၊ တစ်ချို့ ကိုယ့်ကိုယ်ကို “အလုပ်ဖြစ်သူလား၊ အဖြစ်လုပ်သူလား” ဟူ၍ပင် စဉ်းစားမိပုံ မပေါ်၊ လုပ်မြဲတိုင်း ပေ၍သာ လုပ်နေကြသည်။

လူဟူသည် လုပ်ချင် ကိုင်ချင်စိတ် ရှိရမည်၊ လုပ်တတ် ကိုင်တတ် ရှိရမည်၊ အလုပ်လုပ် နေရမည်၊ အလုပ်အပေါ် စေတနာ မှန်ရမည်၊ စေတနာ ထက်သန်ရမည်။ လူသည် အလုပ် လုပ်ရမည့် သတ္တ၀ါ ဖြစ်သည့် အတွက် တစ်ခုခု ကတော့ လုပ်နေရမည်။ အလုပ်နှင့် စပ်၍ လုပ်ပိုင်ခွင့် ရှိသည်၊ ရပိုင်ခွင့် ရှိသည်၊ ရပိုင်ခွင့် ဟူသည် ခံစားခွင့်ပင် ဖြစ်သည်။ မိမိ၏ လုပ်တတ် ကိုင်တတ်သော အရည် အသွေးပေါ် မှုတည်၍ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့် က အကျိုးဖြစ်သည်၊ လုပ်တတ် ကိုင်တက် ဟူသော အရည် အသွေးက အကြောင်း ဖြစ်သည်၊ အကျိုး ကောင်းကောင်း ရချင်လျှင် အကြောင်း ကောင်းကောင်း ရှိနေမှ ဖြစ်မည်။ မိမိက အကြောင်း ကောင်းကောင်း တည်ဆောက်ပြီး မှသာ အကျိုး ကောင်းကောင်း မျှော်လင့်ရမည်၊ လက်ခံရမည်။ မေတ္တသုတ် နိဒါန်း၌ သက္ကော- စွမ်းနိုင်သူသည်၊ အဿ- ဖြစ်ရမည်ဟု ဆိုသည်။ ကိုယ်လုပ်သည့် အလုပ်ကို ကျွမ်းကျင်မှသာ လိမ္မာသူ ဖြစ်လိမ့်မည်၊ လိမ္မာရာ ရောက်လိမ့်မည်။

အလုပ် ဖြစ်နေကြ သူတွေနှင့် အဖြစ်လုပ် နေကြသူ တွေကို သေချာ ကြည့်လိုက်တော့ အလုပ်ဖြစ် နေကြသူတွေက အတက်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှု အရည်အချင်း ပြည့်ဝစွာ အလုပ်လုပ် နေကြသူတွေ ဖြစ်သည်။ အဖြစ်လုပ် နေကြသူတွေက အတတ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှု အရည်အချင်း အပေါ်၌ မတည်ဘဲ အဖြစ်နောက် ကိုသာလိုက်၍ အဖြစ်လုပ် နေကြသူတွေ ဖြစ်သည်။

အလုပ်တစ်ခု လုပ်ကြတော့မည် ဆိုလျှင်တော့ “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား” ဆိုတာ ကိုတော့ မဖြစ်မနေကို စဉ်းစားရမည် ဖြစ်သည်။

(Weekly Eleven News ဂျာနယ်မှ နှစ်သက်သည့် စာပိုဒ်များကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

+++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

5/26/2009, TUE:, 12:14:14 AM

Read more...

နိဗ္ဗာန်ချမ်းသာတရားတော်များ(သပြေကန်ဆရာတော်ဘုရားကြီး)








Read more...

Happy Everyday

(ဘုန်းဘုန်း ဦးတိက္ခဉာဏာလင်္ကာရ (ယောဆရာတော်ဘုရား) ရဲ့  (၃၁) နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ရေးသားပူဇော်ပါသည်။)

လောကကြီးထဲကို လူသားတစ်ယောက် မိခင်ရဲ့ ဝမ်းကြာတိုက်ကနေ ရောက်ရှိလာတဲ့နေ့ ကို မွေးနေ့  (Birthday) ရယ်လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ နှစ်စဉ် အဲဒီနေ့ ရက်ကို ပြန်ရောက်တိုင်း ရောက်တိုင်းလည်း ဘယ်နှစ်နှစ်မြောက် မွေးနေ့ ရယ်လို့ လည်း သတ်မှတ်တတ်ကြပြန်ပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ မတူညီကြပေမယ့်လို့  မိမိတို့ အနေအထားအလျှောက် အခြေအနေပေးသလောက် မွေးနေ့ အမှတ်တရ အဖြစ် အဲဒီနေ့ မှာ သတ်သတ်မှတ်မှတ်လေး တစ်ခုခုတော့ လုပ်တတ်ကြပါတယ်။ တချို့ က မွေးနေ့ ကိတ်လှီးမယ်၊ တချို့ က ဘုရားသွားမယ်၊ အလှူဒါန လုပ်မယ်။ တချို့ က ကိုယ့်ဖာသာကိုယ်ဘဲ အမှတ်တရ တစ်ခုခုလုပ်ကြမယ်။ စသည်ဖြင့်ပေါ့...။

ဒါပေမယ့် လူတွေအားလုံးတူညီနိုင်တဲ့အချက်ကတော့ မွေးနေ့  မှာ တတ်နိုင်သလောက် တစ်နေ့ လုံး ကောင်းတဲ့အာရုံတွေနှင့် ဖြစ်နေအောင်၊ မင်္ဂလာရှိအောင်၊ ပျော်ရွှင်စရာကောင်းတဲ့နေ့ လေး တစ်နေ့ ဖြစ်အောင် လုပ်တတ်ကြတာပါဘဲ။

တခြားသူတွေတော့မပြောတတ်ပါဘူး။ ကျွန်တော်ငယ်ငယ် ကလေးဘဝတုန်းကတော့ မွေးနေ့ ကိုရောက်ပြီဆိုရင် မနက်စောစောထ၊ မြတ်စွာဘုရားကို ဆွမ်းတော်ကပ်၊ သောက်တော်ရေကပ်၊ ပြီးတော့ သီလယူ၊ မေတ္တာပို့ ၊ တရားနှလုံးသွင်း စတာတွေလုပ်၊ ပြီးတော့ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်း၊ ပြီးတာနှင့် သူငယ်ချင်းတွေကို ခေါ်ပြီးကျွေး၊ နောက်ပြီးတော့ တစ်နေရာရာကို လျှောက်လည် စသည်ဖြင့် အဲဒီနေ့ လေးကို ထူးထူးခြားခြား ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေနှင့် ပြည့်နေအောင် ကြိုးစားနေထိုင်ပါတယ်။ အဲဒီမွေးနေ့ ပြီးနောက်ရက်တွေကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာ ပါဘဲ။

အခုအသက်ကြီးလာတဲ့အချိန်ရောက်တော့လည်းဘဲ မွေးနေ့ ရောက်ပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကို တခြားနေ့ တွေကထက်စာ ပိုသတိထားလုပ်ရင်း မိမိစိတ်ကိုလည်း ကောင်းတဲ့အာရုံတွေမှာ ပိုပြီး ဂရုစိုက်ထားရင်း အကုသိုလ်ဖြစ်စရာတွေကို တတ်နိုင်သလောက်ရှောင်ရင်း အဲဒီတစ်နေ့ စာကို စိတ်ချမ်းသာအောင် နေထိုင်းရင်း ဖြတ်သန်းတတ်ပါတယ်။ အဲဒီနေ့ ပြီးလို့  နောက်ရက်တွေမှာတော့ ကောင်းဆိုးအာရုံတွေကြားထဲမှာ စိတ်ညစ်လိုက်၊ ပျော်လိုက်နှင့် ဒုံရင်းဘဝကို ပြန်ရောက်သွားတတ်ပါတယ်။

ကျွန်တော် ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူက “မွေးနေ့ မှာ Happy Birthday ပျော်ရွှင်စရာ မွေးနေ့ လို့ ပြောကြတယ်။ ပျော်လည်း ပျော်ကြတယ်။ နေ့ တိုင်း အဲဒီလိုပျော်လို့  မဖြစ်ဘူးလား။” လို့  တွေးစရာလေး ရေးထားပါတယ်။ ကျွန်တော်တို့ တွေ ကိုယ့်မွေးနေ့ မှာ ထူးထူးခြားခြား ကုသိုလ်ကောင်းမှုတွေလုပ်၊ စိတ်ချမ်းသာစရာတွေလုပ်သလို နေ့ တိုင်း နေ့ တိုင်း ဒီလိုမျိုး လုပ်လို့ ၊ နေထိုင်လို့  မဖြစ်နိုင်ဘူးလားလို့  ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပါတယ်။

နောက်ပြီးတော့ရှိပါသေးတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် ဆုတောင်းပေးကြတဲ့အခါမှာ “အသက် ၁၂၀ ရှည်ပါစေ” ဆိုတာလေး ပြောလေ့ပြောထရှိကြပါတယ်။ ကျွန်တော်တို့ တွေကိုယ်တိုင်လည်း အသက်တစ်ရာတမ်းမှာ သက်တမ်းစေ့နေချင်ကြတဲ့ စိတ်ကူးလေးတော့ ရှိတတ်ကြပါတယ်။

ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့ ရတတ်တဲ့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေကို တစေ့တစောင်းလေ့လာမိဖူးပါတယ်။ တချို့ လူကြီးတွေကတော့ သေဆုံးတဲ့အချိန်အထိ စီးပွားရေး၊ ကြီးပွားရေးတွေနှင့်ဘဲ အချိန်ကို ကုန်ဆုံးကြပါတယ်။ တချို့ တွေကတော့ အိပ်၊ စား၊ ပျော်ပါးပြီးဘဲ သေချိန်ရောက်ခဲ့ကြ ပါတယ်။ တချို့ တွေကျတော့ ကျန်းမာရေးမကောင်းတော့လို့  နာတာရှည်ရောဂါသည် ဘဝနှင့် အိပ်ယာထဲမှာဘဲ အချိန်ကုန်လွန်သွားကြပါတယ်။ တချို့ ကျတော့ သူငယ်ပြန်သလိုမျိုးတွေဖြစ်ပြီး မေ့မေ့လျော့လျော့နှင့် သက်တမ်းကုန်ကြပြန်ပါတယ်။ ရှားရှားပါးပါး တချို့ တလေသာ သတိကောင်းကောင်းနှင့် မိမိအကျိုး အများအကျိုးရှိတဲ့ ကိစ္စတွေကို လုပ်ရင်း သက်တမ်းကုန်လို့ သေကြရပါတယ်။

တကယ်လို့ များ ကျွန်တော်တို့ တွေ သက်တမ်းစေ့နေထိုင်နိုင်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမှာလဲ။ ဘယ်လို နေ့ စဉ်ဘဝကို ဖြတ်သန်းကြမှာလဲ။ ဒီနေရာမှာ အရေအတွက် (Quantity) နှင့် အရည်အချင်း (Quality) ကို ထည့်သွင်းစဉ်းစားရမယ့် အပိုင်းလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ဗုဒ္ဓအလိုကျ ဘယ်လို နေထိုင်ရင်ကောင်းမလဲလို့ တွေးမိပြီး စာပေထဲမှာ ကျွန်တော်ရှာတော့ ဂါထာ သုံးပုဒ်ကို သတိထားမိပါတယ်။

၁။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။


၂။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။


၃။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။

ဒီတရားဂါထာတော် သုံးပိုဒ်ကတော့ မြတ်စွာဘုရားရှင်က ကျွန်တော်တို့ ကိုဖြစ်စေချင်တဲ့၊ ဗုဒ္ဓအလိုကျ ကျွန်တော်တို့ တွေ အသက်ရှင်နေရမယ့် ရက်တွေကိုအသုံးချဖို့  ဆုံးမထားတာလေးဖြစ်ပါတယ်။

ကျွန်တော် ကိုယ့်ကိုယ်ကို ထပ်ကွန့် ပြီးစဉ်းစားမိတာ၊ မေးခွန်းမေးမိတာ တစ်ခုက တကယ်လို့ များ မနေရလို့  အခုနေ (ဒါမှမဟုတ်) နောက် ၂၄ နာရီအတွင်းများ သေရတော့မယ်ဆိုပါရင် အဲဒီအဆုံးအမ (၃) ပိုဒ်ထဲက ဘယ်တစ်ခုခုကိုများ လိုက်နာကျင့်ကြံအားထုတ်ဖြစ်ခဲ့ပြီလဲလို့ ပါခင်ဗျား။

ဘုန်းဘုန်း မွေးနေ့ အတွက် အမှတ်တရဖြစ်အောင် တစ်ခုခု ရေးမယ်လို့ စိတ်ကူးရင်း ခေါင်းထဲပေါ်လာတာလေးတွေကို ချရေးလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း၊ ခင်မင်ရတဲ့ ဓမ္မမောင်နှမတွေကိုလည်း တွေးစရာလေးတွေပေးရင်းပေါ့ခင်ဗျား။

(ဒီဆောင်းပါးလေးနှင့်ဘဲ ဘုန်းဘုန်းမွေးနေ့ အတွက် တပည့်တော် ဓမ္မပူဇာအနေဖြင့် ပူဇော်ဂါရ၀ပြုပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါဘုရား။ ဘုန်းဘုန်းရေ…Happy Everyday! ပါ။)

ရိုသေစွာရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP