* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, May 25, 2009

အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..

``ပါပါသ္မိံ ရမ္မတိ မနော- စိတ်သည် မကောင်းမှုမှာ မွေ့လျော်၏``လို့ ဆိုတဲ့အတိုင်းပဲ သူသူကိုယ်ကိုယ် ပုထုဇင်မှန်သမျှ ကုသိုလ်ထက် အကုသိုလ်ဖြစ်ဖို့က ပိုများတတ်ပါတယ်။ အမှန်တော့ ကုသိုလ်ဖြစ်ဖို့လည်း လွယ်ပါတယ်။ ကုသိုလ်ဖြစ်အောင် နေဖို့လုပ်ဖို့သာ ခက်နေကြခြင်း ဖြစ်ပါတယ်။ သူနဲ့ဆန်ကျင်ဘက် အကုသိုလ်ကတော့ ဖြစ်ဖို့လည်း လွယ်သလို လုပ်ဖို့လည်း လွယ်ပါတယ်။ လုပ်မိရင်လည်း ဖြတ်ဖို့ခက်ပါတယ်။ ကြာတော့ အကုသိုလ်ကိုလုပ်ရင်း အကုသိုလ်ကို အကုသိုလ်လို့ မမြင်တတ်တော့ဘဲ သာမန်နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလို ဖြစ်သွားပြီး ပျော်ပျော်ပါးပါး လုပ်နေတတ်တော့တာပါ။ ဒါကြောင့် အကုသိုလ်ဟာ အသေးအဖွဲလေးကစပြီး အထင်မသေးသင့်၊ မလုပ်သင့်ပါဘူး။ တစ်နေ့တစ်နေ့ ကုသိုလ်မဖြစ်ချင် နေပါစေ အကုသိုလ်မဖြစ်အောင်တော့ အထူးသတိပြုရပါမယ်။ အကုသိုလ်မဖြစ်အောင် ထိန်းသိမ်းနေထိုင်ရပါမယ်။ စိတ်ဆိုတာကလည်း တစ်ခါတည်းတော့ ရအောင်ထိန်းလို့ မလွယ်ပါဘူး။ တစ်ဖြည်းဖြည်း လေ့ကျင့်ပြီး ထိန်းသိမ်းပေးမှ ရတာပါ။ အကုသိုလ်မဖြစ်အောင် နေဖို့အတွက်လည်း စိတ်ကိုထိန်းသိမ်း လေ့ကျင့်ပေးရပါတယ်။ ကိုယ့်သန္တာန်မှာ အကုသိုလ်ဖြစ်စေမယ့် အရာများ မဖြစ်ပေါ်အောင်၊ ကုသိုလ်ဖြစ်စေမယ့် တရားများ တိုးလာအောင် အားထုတ်ပေးရပါတယ်။ အကုသိုလ်ဖြစ်စေမယ့် အရာများကို ပယ်စွန့်ပြီး ကုသိုလ်ဖြစ်စေမယ့် တရားများ ခိုင်မြဲလာအောင် ကြိုးစားပေးရပါတယ်။ ဘုရားရှင်ကတော့ အကုသိုလ်ဖြစ်ကြောင်း တရားများ၊ အကုသိုလ်မဖြစ်စေမယ့် တရားများကို ဟောကြားပေးထားတာ ရှိပါတယ်။ အင်္ဂုတ္တရ ပါဠိတော် သမာပတ္တိသုတ်မှာ ဘုရားရှင် ဟောတော်မူထားတဲ့ အကုသိုလ်ဖြစ်ကြောင်း မဖြစ်ကြောင်း တရားများကို ဓမ္မမိတ်ဆွေများ သိရှိမှတ်သား၊ လိုက်နာကျင့်သုံးနိုင်ရန် တင်ပြလိုက်ပါတယ်။

ဘုရားရှင်က…
``ရဟန်းတို့ ယုံကြည့်မှု သဒ္ဓါသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ယုံကြည်မှုသဒ္ဓါ ပျောက်ကွယ်၍ မယုံကြည်မှု မြှေးယှက်တည်နေသော အခါ၌မူကား အကုသိုလ် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ (မကောင်းမှု အကုသိုလ်၌) ရှက်မှု ဟိရီသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ရှက်မှုဟိရီ ပျောက်ကွယ်၍ (မကောင်းမှု အကုသိုလ်၌) မရှက်မှု အဟိရိက မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ (မကောင်းမှု အကုသိုလ်၌) ကြောက်လန့်မှု သြတ္တပ္ပသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ကြောက်လန့်မှု သြတ္တပ္ပသည် ပျောက်ကွယ်၍ (မကောင်းမှု အကုသိုလ်၌) မကြောက်လန့်မှု အနောတ္တပ္ပ မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ အားထုတ်မှု ၀ီရိယသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ အားထုတ်မှု ၀ီရိယ ပျောက်ကွယ်၍ ပျင်းရိမှု မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ သိမှုပညာသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ သိမှုပညာ ပျောက်ကွယ်၍ မသိမှု မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။``
ဟု မိန့်တော်မူပါတယ်။

ဒီဒေသနာတော်အရ ပြောရရင် အကုသိုလ်ဖြစ်ခြင်း၊ မဖြစ်ခြင်းအကြောင်း တရားများမှာ ကိုယ့်သန္တာန်မှာ သဒ္ဓါ၊ ဟိရီ၊ သြတ္တပ္ပ၊ ၀ီရိယ၊ ပညာ တရားများ ရှိခြင်း၊ မရှိခြင်းအပေါ်တွင် မူတည်နေသည်ကို သဘောပေါက်နိုင်ပါတယ်။ ကိုယ့်သန္တာန်မှာ ဘုရားတရားသံဃာ ရတနာ မြတ်သုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရား ခိုင်မြဲစွာ ရှိနေသမျှ ကာလပတ်လုံး၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်ရမှာ ရှက်တတ်တဲ့ ဟိရီတရား ရှိနေသမျှ ကာလပတ်လုံး၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်ရမှာ ကြောက်တတ်တဲ့ သြတ္တပ္ပတရား ရှိနေသမျှ ကာလပတ်လုံး၊ အကုသိုလ်မဖြစ်အောင်နဲ့ ကုသိုလ်ဖြစ်အောင် ကြိုးစားအားထုတ်တဲ့ ၀ီရိယတရား ရှိနေသမျှ ကာလပတ်လုံး၊ အမှန်သစ္စာ တရားကို သိတတ်တဲ့ ပညာတရား ရှိနေသမျှ ကာလပတ်လုံး အကုသိုလ်တရားများ မဖြစ်ပေါ်နိုင်ကြောင်း နားလည်မှတ်သားနိုင်ပါတယ်။ ပြီးတော့ ဒီတရားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရတနာသုံးပါး ကံကံ၏အကျိုးကို မယုံကြည်မှု၊ မကောင်းမှု အကုသိုလ်များမှာ မရှက်မှု၊ မကြောက်မှု၊ ပျင်းရိမှု၊ မသိမှု တရားများ ကိုယ့်သန္တာန်မှာ ကိန်းနေ၊ ရှိနေမယ်ဆိုရင် အကုသိုလ်ကတော့ ဖြစ်နေရှိနေမယ် ဆိုတာလည်း သတိပြုနိုင်ပါတယ်။

ဒါကြောင့် စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်လေ့ရှိတဲ့ အတွက် ဒီစိတ်ကို ထိန်းချုပ်နိုင်စေရန် ကြိုးစားတဲ့အခါမှာ ဗုဒ္ဓရှင်တော် ဟောတော်မူခဲ့တဲ့ အတိုင်း သဒ္ဓါ၊ ဟိရီ၊ သြတ္တပ္ပ၊ ၀ီရိယ၊ ပညာ တရားများ ကိုယ့်သန္တာန်မှာ ခိုင်မြဲလာအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ယုံကြည်မှုကို ခိုင်မြဲစွာ တည်ဆောက်ပြီး မကောင်းမှု အကုသိုလ်ရဲ့ အပြစ်တွေကို အမှန်ရှက်ကြောက်ကာ ဒီအကုသိုလ်တွေ မဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကြိုးစားမှုနဲ့ အမှန်တရားကို မြင်တတ်တဲ့ ပညာကို လက်ကိုင်ထားကြမယ် ဆိုရင် ဖြစ်ဖို့လွယ်၊ လုပ်ဖိုလွယ်တဲ့ အကုသိုလ်ဟာ တစ်ဖြည်းဖြည်း အဖြစ်နည်းလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ကုသိုလ်နဲ့ အကုသိုလ်မှာ ကုသိုလ်တရားဟာ များလေကောင်းလေဖြစ်ပြီး အကုသိုလ်တရားကား နည်းလေကောင်းလေ၊ မရှိလေကောင်းလေ ဖြစ်တဲ့အတွက် အကုသိုလ်ဖြစ်စေမယ့် တရားများကို ရှောင်ရှားပြီး ကုသိုလ်ဖြစ်ကြောင်း တရားများနဲ့ နေနိုင်အောင် အစဉ်သတိဆောင်ကာ ကြိုးစားလေ့ကျင့်နိုင်ကြဖို့ ဘုရားဟော တရားတစ်ပုဒ်ကို သာဓကထုတ် တင်ပြလိုက်ရပါတယ်။



Read more...

အသက်နဲ့ထပ်တူ... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

အသက်နဲ့ထပ်တူ... (ဦးသုမင်္ဂလ) vcd


Read more...

ဘာသာရေး ပြဿနာ ( ၆၀ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

( မေး ) ( ဘုန်းကြီးနှင့် အလုပ်အကိုင် )
အရှင်ဘုရား၊ ကျောင်းထိုင်ရဟန်းတော်တပါးသည် ဘုန်းကြီးကျောင်း တံတားပျက်စီးရာတွင် လက်သမားအလုပ်၊ ပန်းရန်အလုပ်၊ ၀င်ရောက်လုပ်ကိုင်ရာ ၀ိနည်းတော်အရ လုပ်သင့်-မလုပ်သင့် သိလိုပါသည်၊ ဖြေကြားတော်မူပါဘုရား။
( စိုးလွင်လွင်-၀ါးခယ်မမြို့ )

( ဖြေ )
ရဟန်းတော်များ၌ အပ်စပ်သော န၀ကမ္မ (အမှုသစ်၊ အလုပ်ကိစ္စသစ်)များ ရှိပါသည်။ ကျောင်းပြင်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ ကျောင်းသွားတံတားခင်းခြင်း၊ ပြုပြင်ခြင်းများမှာ လုပ်သင့်သော န၀ကမ္မများ ဖြစ်ပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးစ ရာဇဂြိုဟ်ပြည်တွင် ပထမသံဃာယနာတင်ရန် ကျောင်းကြီး ၁၈-ရပ်ကို ရဟန်းတော်များ ပြင်ဆင်ကြရကြောင်း ၀ိနည်းပါဠိတော်များတွင် ပါရှိပါသည်။ ကိုယ်တိုင် ငွေကြေးအလှူခံ၍ တည်ဆောက်လုပ်ကိုင်ခြင်းမျိုးသာ ၀ိနည်းတော်အရ မအပ်စပ် မလျော်ကန် ဖြစ်ရလေသည်။
*********************************************************************************

( မေး ) ( ပဟေဠိကဗျာ )
အရှင်ဘုရား၊ ထောင်တန်တဆယ်၊ ရာတန်တဆယ်၊ ၀ယ်သူကရှား၊ ဘယ်မင်းဘုရားဈေးဆိုင်နည်း-ဟူသော ပထမ ရွှေကျင်ဆရာတော်ကြီး၏ သြ၀ါဒကထာ အဓိပ္ပါယ်ကို သိလိုပါသည်။
( ဦးသိန်းမြင့်-ကျောက်ပန်းတောင်း )

( ဖြေ )
ထောင်တန်ပစ္စည်းနှင့် တူသော ဘုရား ပစ္စေကဗုဒ္ဓါဆု၊
ရာတန်ပစ္စည်းနှင့်တူသော အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကဆုတို့ကို
ပါရမီ ၁၀-ပါး တရားတော်များကို ကျင့်သုံး၍ အရယူမည်ကို ကျင့်သုံးရယူသူ ရှားသည်ဟု ဆိုလိုဟန်တူပါသည်။
ဒကာဦးသိန်းမြင့်မေးသော ပဟေဠိကဗျာကဲ့သို့ပင် ထောင်တန်တဆယ်၊ ရာတန်တဆယ်၊ တွေ့တိုင်းဝယ်သည်၊ ဘယ်ပြည်ဘယ်ရွာ၊ ဈေးနှုန်းနည်း။
ထိုတဆယ်နှင့် ၀ယ်သူသာရှား၊ ရောင်းသူများသည်၊ တိုင်းကားဘယ်ပြည် ဘယ်ရွာနည်း-ဟု တွေ့ဖူးပါသေးသည်။

ဖော်ပြပါ အဓိပ္ပါယ်ပင် ဖြစ်ပါသည်။ ဤခေတ် ဤပြည် ဤရွာတို့တွင် ရောင်းသူပမာ ဟောကြားပြသသော ဆရာသမားများ ပေါများသော်လည်း ၀ယ်သူပမာ ကျင့်သုံးလိုက်နာသူ ရှားလှသည်ဟု ဆိုလိုရိပ်ပေါ်ပါသည်။
*********************************************************************************

( မေး ) ( ငါးပါးသီလ တနေ့တာကိစ္စ )
အရှင်ဘုရား၊ နံနက်အိပ်ရာထတွင် ငါးပါးသီလကို မခံယူမိ၊ သို့သော်လည်း ညအိပ်ရာဝင်သော် ငါးပါးသီလ မကျူးလွန် မဖောက်ဖျက်မိခြင်းကို စစ်ဆေးမိ၏။ ထိုနေ့သည် ငါးပါးသီလ စောင့်ထိန်းခြင်းကိစ္စ ပြီးမြောက်ပါ သလား ဘုရား။
( ကိုလေး-ပုသိမ် )

( ဖြေ )
သရဏဂုံဖြစ်စေ, ငါးပါးသီလဖြစ်စေ, တကြိမ်ခံယူထားပြီး မပျက်စီး မကျူးလွန်ပါက အမြဲတမ်း သရဏဂုံ ငါးပါးသီလနှင့် ပြည့်စုံနေသူ ဖြစ်ပါသည်။ မပျက်စီး မလွန်ကျူးသော်လည်း ကုသိုလ်ပွားရန် အကြိမ်ကြိမ် နေ့စဉ် နေ့တိုင်း ခံယူဆောက်တည်နေခြင်းဖြစ်၍ မခံယူမိသောနေ့ပင် ဖြစ်စေကာမူ ကျူးလွန်ဖောက်ဖျက်မိခြင်း မရှိက သီလ၌ တည်သူသာဖြစ်ကြောင်း မှတ်သားသင့်ပါသည်။
********************************************************************************

( မေး ) ( စိတ်ရိုင်းကို ယဉ်ကျေးစေရန် )
အရှင်ဘုရား၊ ရိုသေစွာ စာရေးမေးလျှောက်ပါသည်ဘုရား၊ တပည့်တော်သည် ဘုရားရှိခိုးသည့် အခါတွင် ဘုရားကို အာရုံပြု၍မရပါ။ ဇွတ်အတင်း အာရုံပြုကြည့်ပါသည်၊ခဏသာ ရပါသည်။ စိတ်ကိုတင်းပြီး ပြုလုပ်ပါသည်။ ဘုရားစာများကို ဆိုသာဆိုသွားပါသည်။ စိတ်က ဟိုရောက်လိုက်၊ သည်ရောက်လိုက် ဖြစ်နေပါသည်။ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားပါသည်။ ပုတီးစိပ်သည့်အခါတွင် ဘုရားကို အာရုံပြုသာ ပြုနေရသည်၊ ဂုဏ်တော်များသာ ရွတ်၍ ပြီးသွားသည်၊ ဘာမျှ သိပ်မသိလိုက်၊ တပည့်တော် ၀ိပဿနာအလုပ်ကို မ၀င်ဖူးပါ၊ မ၀င်တာလဲ အဲသည်လိုဖြစ်မှာ စိုးရိမ်လို့ပါ၊ အရှင်ဘုရားမှ သနားကြင်နာစွာဖြင့် ဖြေကြားပေးတော်မူပါ။
( မှိုင်း-ရန်ကုန် )

( ဖြေ )
စိတ်ကို အမြဲလွှတ်ထားသဖြင့် ရိုင်းချင်တိုင်း ရိုင်းနေခြင်းဖြစ်သည်။ ထိန်းသိမ်းမရသော နွားဆိုးနွားမိုက်အား ကြိုးဖြင့် ချည်တိုင်တွင် ချည်နှောင်၍ ဆုံးမရသကဲ့သို့ ရိုင်းနေသော စိတ်ကို ၀ိပဿနာဖြင့်သာ ဆုံးမပေးသင့်သည်။ ၀ိပဿနာအားထုတ်လျှင် မည်မျှထိန်းသိမ်းမရသောစိတ်ပင် ဖြစ်စေ၊ သုံးလေးရက်အတွင်း ထိန်းသိမ်း၍ ရသွားသည်။ ငြိမ်သက်၍ သမာဓိရသွားသည်၊ ထိုအခါတွင် ဖြစ်မှုပျက်မှုများပါ မြင်လာသည်အထိ သူ့အလိုအလျောက် ယဉ်ကျေး၍ သွားလိမ့်မည်။ မည်သည့် ၀ိပဿနာနည်းပဲဖြစ်ဖြစ် အမြန်ဝင်ရောက် အားထုတ်သင့်ကြောင်း အကြံပေး ဖြေကြားအပ်ပါသည်။
********************************************************************************

( မေး ) ( သံဃဒိသေသ် အာပတ် )
အရှင်ဘုရား၊ သံဃဒိသေသ်အာပတ်သင့်သော ရဟန်းသည် ပရိဝါသ်မာနတ် ဆောက်တည်ခြင်း စသော ကျင့်ဝတ်တို့ကို မပြုဘဲ လူဝတ်လဲ သိက္ခာချပြီး နောက်တဖန် ရဟန်းခံသော် ပထမသင့်ခဲ့သော အာပတ်တို့ ပြန်ပြီး ပါ-မပါ၊ သင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။
( အရိယ၀ံသ-ဥတ္တမသာရ၊ ပန်းတောင်းမြို့ )

( ဖြေ )
ရဟန်းခံ၍ ရဟန်းဖြစ်သောအခါ သင့်သောအာပတ်ကို မကုစားဘဲ သိက္ခာချ၍ လူထွက်ပြီးမှ တဖန် ရဟန်းပြန်ခံသော ပုဂ္ဂိုလ်မှာ ပထမရဟန်းဖြစ်စဉ်က သင့်သောအာပတ်သည် သိက္ခာချ၍ လူထွက်နေခိုက် သီလမရှိ၍ ကင်းနေပါသည်။

သို့သော်လည်း တဖန် ရဟန်းခံသဖြင့် ရဟန်းသီလ တည်သောအခါ၌ သင့်ပြီးခဲ့သော အာပတ်သည် ဒေသနာမကြားသမျှ မထဘဲ တည်မြဲတည်ပြန်သည်။ ထို့ကြောင့် ပထမရဟန်းခံတုန်းက သံဃဒိသေသ် သင့်ခဲ့လျှင် လူထွက်၍ ရဟန်းခံပြန်သောအခါ သင့်မြဲသင့်နေသဖြင့် ပရိဝါသ်မာနတ် ၀ုဋ္ဌာနကံဖြင့် ကုမှ စင်ကြယ်နိုင်သည်။

ပုဗ္ဗေ အာပန္နာပတ္တိကော ဥပ္ပဗ္ဗဇ္ဖိ တဿပိ န ပဋိပ္ပဿမ္ဘန္တိ-ဟူ၍၄င်း၊
ဥပသမ္ပန္နော ဘိက္ခု အန္တမသော ဒုဗ္ဘာသိတမ္ပိ အာပဇ္ဇိတွာ အပရဘာဂေ ၀ိဗ္ဘမိတွာ အာဂတော ဥပသမ္ပဇ္ဇတိ၊ တံ အာပတ္တိံ ဒေသေတွာဝ သုဇ္ဈတိ၊ နညထာတိ-ဟူ၍၄င်း၊ ၀ဇီရဗုဒ္ဓိဋီကာ၌ ဆိုထားပေသည်။
*********************************************************************************

( မေး ) ( မာတုဂါမ )
အရှင်ဘုရား၊ ဒါယိကာ ဥပါသိကာများ၌ မ,ထည့်၍ဒါယိကာမ, ဥပါသိကာမဟု ခေါ်ဆိုသကဲ့သို့ မာတုဂါမ၌လည်း မာတုဂါသဒ္ဒါ၌ မိန်းမဖြစ်၍ မ,ထည့်ကာ မာတုဂါမ-ဟု ခေါ်ဆိုခြင်း ဖြစ်ပါသလား၊ မူလရင်းကပင် မာတုဂါမသဒ္ဒါ ဖြစ်ပါသလား၊ ဖြေကြားရှင်းလင်းစေလိုပါသည်ဘုရား။
( ရှင်သုဇာတ-လားရှိုးမြို့ )

( ဖြေ )
မာတုဂါမသဒ္ဒါသည် ဒါယိကာ၊ ဥပါသိကာ သဒ္ဒါများတွင် မ,ထည့်၍ ခေါ်သကဲ့သို့ မဟုတ်၊ မူလရင်းကပင် မာတုဂါမသဒ္ဒါ ဖြစ်ပါသည်။
တီဟိ ဘိက္ခဝေ သမန္နာဂတော မာတုဂါမော-စသည်ဖြင့် မာတုဂါမသံယုတ် ပါဠိတော်၌ တိုက်ရိုက်ရှိပါသည်။
မာတုဂါမော-မာတုဂါမသည်-ဟု သဒ္ဒါအားဖြင့် ပုလ္လိင်ဖြစ်သည်။
မိခင်ကဲ့သို့ အလားတူသော မိခင်နှင့် အနွယ်တူဖြစ်သော-ဟု အဓိပ္ပါယ်ရှိသဖြင့် ရဟန်းတော်များအဖို့ မာတုဂါမ-ဟု သုံးနှုန်းခြင်းဖြင့် ဗြဟ္မစရိယ မညစ်နွမ်းသော အကျိုးရှိပါသည်။
*********************************************************************************

( မေး ) ( ဇီိဝိတဒါနကုသိုလ် )
အရှင်ဘုရား၊ မီးအလင်းရောင်ဖြင့် စာကျက်နေစဉ် မီးရောင်အတွင်းသို့ ပိုးကောင်ငယ်များ လာရောက်ကြရာ ပိုးကောင်စား သတ္တ၀ါတကောင် စားရန်အလာ မစားရန် တားမြစ်မိပါသည်။ ထိုအတွက် အဘယ်အကုသိုလ်အပြစ် ထိုက်ပါသနည်း။ အဘယ်ကုသိုလ်အကျိုး ရရှိပါသနည်း၊ ဖြေကြားစေလိုပါသည်ဘုရား။
( ဦးပညာဒီပ-ကျောက်ပန်းတောင်းမြို့ )

( ဖြေ )
ကျားစားမည့်ဆဲဆဲ သမင်အား ကယ်ဆယ်ခြင်း၊
ကြွက်ခုတ်မည့်ကြောင်အား မောင်းနှင်ပစ်ကာ ကြွက်ကို ကယ်ဆယ်ခြင်း။
မြွေကိုက်နေသော ဖားကို လွှတ်စေခြင်း၊ စသည်တို့မှာ ဇီဝိတဒါန ဖြစ်သဖြင့် လွန်စွာကုသိုလ်ဖြစ်သည်။
တောလမ်းခရီးတွင် ထောင်ထားသော ပိုက်ကွန် ၊ ရေတွင်မြှုပ်ထားသော (ငါးထောင်သည့်) မြုံး၊ ငှက်မိနေသော လှောင်ချိုင့်တို့ကို တွေ့လျှင် ဖျက်ဆီး ဖော်ထုတ် ဖွင့်လွှတ်ခြင်းတို့ကို လုပ်သင့်ကြောင်း ကျမ်းစာ (အဘိ-ဋ္ဌ ၁-၁၂၂) တို့တွင် ဆိုထားပေသည်။

ဇာတ်တော်တို့တွင် ဂဠုန်လိုက်၍ ပြေးလာသော နဂါးလုလင်အား၊ ဘုရားလောင်းရသေ့ ကယ်တင်ခြင်း၊ ဒုကနိပါတ ဥရဂဇာတ် (ခု ၅-၃၇) ဓမ္မပဒ၀တ္ထုတွင် အ၀ရုဒ္ဒကဘီလူး စားတော့မည့်သူငယ်အား ဘုရားကိုယ်တိုင် ကယ်တင်သော အာယုဝဍ္ဎန သတို့သားဝတ္ထု စသည်တို့ကို သာဓကယူသင့်၏။

ထို့ကြောင့် ပိုးကောင်တို့အား စားရန်လာသည့် အိမ်မြှောင်စသော သတ္တ၀ါတို့အား သင်တို့အား ပါဏာတိပါတ မဖြစ်ရန် ငါတားမြစ်သည်။ ပိုးကောင်ငယ်တို့အားလည်း သင်တို့အသက်ကို ငါကယ်ဆယ်သည်-ဟု ဆို၍ တားဖြစ်ခြင်း၊ အသက်မသေစေခြင်းတို့အတွက် အကုသိုလ်ပြစ် မဖြစ်၊ လွန်စွာ ကုသိုလ်ဖြစ်သည်ဟု မှတ်သားသင့်ပါသည်။
*********************************************************************************

( မေး ) ( စတီးသပိတ် )
အရှင်ဘုရား၊ သပိတ်အရောင်နှင့် ပတ်သက်သော ၀ိနည်းပညတ်ချက် ရှိပါသလားဘုရား၊ ယခုခေတ် ပေါ်နေသော (မည်သည့်အရောင်မျှ မဆိုးသော) စတီးသပိတ်ကို ကိုင်ဆောင်သင့်ပါသလားဘုရား။
( ရှင်ဝိသုဒ္ဓ-မန္တလေး )

( ဖြေ )
ခုဒ္ဒသိက္ခာတွင် ဒါရု ရူပိယ သောဝဏ္ဏာ၊ မဏိ ဝေဠုရိယာ မယာ-စသော အကပ္ပိယ သပိတ်များဆိုင်ရာ ဂါထာရှိရာ သစ်သား၊ ငွေ၊ ရွှေ၊ ပတ္တမြား၊ ကြောင်မျက်ရွဲ၊ ကြေးဖြူ၊ စဥ့်၊ သလွဲဖြူ၊ သလွဲမည်း၊ ဖန်၊ ကြေးနီ-စသော မအပ်သော သပိတ်တို့ကို ပြထားသည်။

စားသောက်ခွက် (ထာလက) နေရာ၌ တမ္ဗာယော မတ္တိကာမယာ-စသည်ဖြင့် ကြေးနီခွက်၊ သံခွက်၊ မြေခွက်တို့ အပ်ကြောင်း ဆိုသည်။
သပိတ်၌ မြေ-သံတို့ အပ်သည်ဆိုရာ၌ မီးဖုတ်၍ သုံးဆောင်ရကြောင်း သံသပိတ်၌ပင် အနည်းဆုံး နှစ်ကြိမ် ဖုတ်ရကြောင်း ဆိုသဖြင့် မည်းနက်သော အရောင်ရှိမှ သပိတ်အင်္ဂါမြောက်သည်ဟု ဆိုသင့်ပါသည်။

အထက်ပါတို့ကို ထောက်ဆ၍ စတီးသပိတ်မှာ သံခွက်အနေဖြင့် ဆွမ်းဘောဇဉ်များထည့်၍ စားသောက်နိုင်သော်လည်း သပိတ်အဖြစ် အဓိဋ္ဌာန်တင်၍ သုံးဆောင်ခြင်း၊ ဆွမ်းခံခြင်း စသည်တို့၌ ယင်းစတီးသပိတ် ဖြစ်နိုင်-မဖြစ်နိုင် စဉ်းစားဆင်ခြင်စရာပင် ဖြစ်ပါသည်။

( မြတ်မင်္ဂလာ ၁၉၉၆-ခု စက်တင်ဘာလ )


Read more...

ရာဇ၀တ်သားကို ကြိုက်မိသူ သူဋ္ဌေးသမီး

ရာဇ၀တ်မြို့ သူဋ္ဌေး၏သမီးချော ကုဏ္ဍလကေသီသည် သူ၏ အခန်းပြတင်းပေါက်တွင် ရပ်နေ၏။
ထိုစဉ် မင်းချင်းတို့သည် သတ်အံ့ဆဲဆဲ ခိုးသား ရာဇ၀တ်ကောင်ကို တုပ်နှောင်လျက် ရိုက်ပုတ် ခေါ်ဆောင်လာသည်။ ကုဏ္ဍလကေသီသည် ထိုဇ၀တ်သားကို မြင်မြင်ချင်းပင်အရူးအမူး ချစ်စိတ်ဝင်ပြီး မိဘများကို အတင်းပူဆာသည်။ မိဘများသည် မတတ်သာ၍ သက်ဆိုင်ရာတို့အား တံစိုးလက်ဆောင်ပေး၍ ခိုးသားကို ခေါ်ဆောင်ပြီး သမီးနှင့် သင့်မြတ်စေသည်။

ကုဏ္ဍလကေသီသည် ခိုးသား လင်တော်မောင်အား လိုလေသေးမရှိ ပြုစု၏၊ ကျေနပ်ပျော်ရွှင်အောင် ထား၏၊ ခိုးသားသည်ကား မယား၏ စိန်ရွှေ ရတနာတို့ကို သိမ်းယူပြီး စိတ်တိုင်းကျ သောက်စား သွားလာနေထိုင်ရန်သာ စိတ်ကူး၏။ ထို့ကြောင့် ချက်ကောင်းကို စောင့်နေလေသည်။ တနေ့တွင် တောင်စောင့်နတ်ကို ပူဇော်လိုသည်ဟု အကြောင်းပြကာ မယားကို အဖိုးတန် စိန်ရွှေရတနာအပြည့် ၀တ်ဆင်စေပြီးလျှင် တောင်ပေါ်သို့ ဖြားယောင်းခေါ်ဆောင်သွား၏။ တောင်ထိပ်ရောက်၍ မယားအား သတ်ရန် ကြိုးစားရာ မယားက ဥပါယ်တံမျည်ဖြင့် -မသေမီ ကန်တော့သွားပါရစေ-ဟု ပြောပြီး လင်အား လက်ျာရစ်သုံးကြိမ်လှည့်ရင်း အမှတ်တမဲ့ တောင်ကမ်းပါးမှ တွန်းချလိုက်ရာ ခိုးသား သေဆုံးသွားလေသည်။
သံဝေဂရသော ကုဏ္ဍလကေသီသည် အိမ်သို့မပြန်တော့ဘဲ ပရိဗိုဇ်ရဟန်းများ၏ထံတွင် ရဟန်းပြု၏။ ထိုကျောင်းတွင် ၀ါဒတထောင် သင်ယူတတ်မြောက်ပြီးသောအခါ အရှင်သာရိပုတ္တရာထံတွင် ရဟန်းပြုသည်။ တရားနာယူပြီးနောက် သုံးရက်မြောက်မှာပင် ရဟန္တာအဆင့်သို့ ဆိုက်ရောက်သွားလေသည်။ တရားသဘင်တွင် ရဟန်းတို့သည်- အရှင်မ ကုဏ္ဍလကေသီသည် ခိုးသားကို အနိုင်ယူပြီး အနည်းငယ်မျှသော တရားစကားကို ကြားနာရုံနှင့် ရဟန္တာဖြစ်လာ၏။ ဟု ဆွေးနွေးနေကြရာ ဗုဒ္ဓကြွရောက်လာပြီး အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသည်။

( ပါဠိဂါထာ )
ယောစ ဂါထာ သတံ ဘာသေ ၊ အနတ္ထပဒ သံဟိတာ ။
ဧကံ ဓမ္မ ပဒံ သေယျော ၊ ယံ သုတွာ ဥပသမ္မတိ ။
ယော သဟဿံ သဟေဿန ၊ သင်္ဂါမေ မာနုသေ ဇိနေ ။
ဧကဉ္စ ဇေယျ မတ္တာ နံ ၊ သဝေ သင်္ဂါမဇုတ္တမော ။

( မြန်မာပြန် )
အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတရာကို ဆိုစေကာမူ မမြတ်။
ရာဂငြိမ်းအေးစေတတ်သော တရားတပုဒ်သည်သာ ပိုလွန်၍ မြတ်၏။
စစ်မြေပြင်၌ စစ်သားသည် ရန်သူတို့ကို အကြိမ်တသန်းတိုင်တိုင် အောင်မြင်ခြင်းထက်
ကိုယ်တွင်းကိလေသာကို တကြိမ်မျှ အောင်သောသူသည် ပိုလွန်၍ မြတ်၏။

( လင်္ကာ )
နွားကျောင်းသားသည်၊ နွားပေါင်းများစွာ၊ ထိန်းကျောင်းပါလည်း၊ ထွက်လာနွားနို့၊ သူ့ဖို့မတန်၊ ပိုင်ရှင်ထံသို့၊ အမြန်ပို့ရ၊ မသုံးရသို့၊
ဓမ္မကျမ်းစာ၊ အဖြာဖြာကို၊ သေချာပို့ချ၊ နေပါကလည်း၊ ကိုယ်ကမူကား၊ မြတ်တရားကို၊ ကျင့်အားမထုတ်၊ စွမ်းအင်ယုတ်မူ၊ ထုတ်ချောက်နိဗ္ဗာန်၊ အမှန်ရောက်ရေး၊ အလှမ်းဝေး၏။

နက်နဲထူးခြား၊ မြတ်တရားကို၊ နည်းပါးမျှသာ၊ ဟောပြောပါလည်း၊ ကျမ်းလာဓမ္မ၊ နှစ်သာရကို၊ အားရပိုင်ပိုင်၊ ကိုယ်တိုင်ကျင့်ကြံ၊ ပယ်လှန်ရာဂ၊ ဒေါသ မောဟာ၊ ကိလေခွာ၍၊ ဓမ္မာနုပတ်၊ ကျင့်ပေတတ်က၊ အမြတ်နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။

( ယမက၀ဂ်၊ ဒွေသဟာယကဘိက္ခုဝတ္ထု )

Read more...

အမေ... (အရှင်အာစာရာလင်္ကာရ)

အရှင်အာစာရာလင်္ကာရ...

အမေနှင့် ကမ္ဘာ့အချော အလှဆုံး လူသားမြတ်ကြီးအကြောင်း...










Read more...

စောင့်ရှောက်တတ်သူ... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

စောင့်ရှောက်တတ်သူ... (ဦးသုမင်္ဂလ) vcd



Read more...

သက်ဆိုင်သူသို့... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

သက်ဆိုင်သူသို့... (ဦးသုမင်္ဂလ) vcd


Read more...

တပည့်လိမ္မာ ဆရာအာပတ်လွတ်ဆိုတာ ရှင်းပြပါဘုရား... (ဓမ္မဒူတ)

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၈-မှ...

တပည့်လိမ္မာ ဆရာအာပတ်လွတ်ဆိုတာ ရှင်းပြပါဘုရား...




















Read more...

နီပေါနိုင်ငံ... (မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း)

မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း ၈-မှ...










Read more...

ရဟန်းဝတ်လိုပါလျှင်...

ဒကာလေးမင်းမင်းရေ...
ရဟန်းအပြီးဝတ်မှာလား ယာယီဝတ်ချင်တာလားတော့ မသိပါ...

အပြီးဝတ်မယ်ဆိုရင်တော့ စာကိုသေသေချာချာ သင်စေလိုပါတယ် ဒါ့ကြောင့် စာသင်စာချဆရာတော်ထံမှာ ၀တ်စေချင်ပါတယ်... စာကိုအနည်းငယ် လေ့လာပြီး တရားပဲ ကျင့်လိုတာဆိုရင်တော့ ကမ္မဋ္ဌာန်းပြ ဆရာတော်ထံမှာလည်း သင့်လျှော်ပါတယ်... ဘာပဲဖြစ်ဖြစ်လေ အရေးကြီးတာက မိမိဆရာတင်မဲ့သူက သီလကို အလေးထား ချစ်မြတ်နိုးသူကို ရှာဖို့ပဲလိုပါတယ်...

မိမိမှာ ကိုယ်ပိုင် သပိတ်(အမဲရောင်) သင်္ကန်း (အောက်+အပေါ်+နှစ်ထပ်သင်္ကန်း=သုံးထည်) ရှိထားရပါ့မယ်... ဒါက လိုရင်းပြောတာပါ... အကျယ်ချဲ့မယ်ဆိုရင်တော့ ပရိက္ခရာ ၈-ပါးရှိရပါမယ်...

ပြည့်စုံပြီဆို ကိုရင်(ရှင်သာမဏေ) ၀တ်ပါမယ်...

၁။ ခေါင်းရိတ်ခြင်း...
၂။ သင်္ကန်းဝတ်ပေးမည့် ဆရာဖြစ်သူပေးသော သင်္ကန်းနှင့် ဆရာကိုယ်တိုင်ဖြစ်စေ... ဆရာခိုင်းစေသူက ဖြစ်စေ ၀တ်ပေးခြင်း...
၃။ သရဏဂုံသုံးပါးကို ပီပီသသ ရွတ်ဆိုခြင်းတို့ဖြစ်ပါတယ်...

မိမိကိုယ်ပိုင် သင်္ကန်းရှိတာပဲဆိုပြီး ကိုယ်တိုင်ဝတ်ရုံနှင့် သာမဏေမဖြစ်ပါ...
ဆရာရဟန်းရှိမှသာ ပြုပေးမှသာ ရှင်သာမဏေဖြစ်ပါတယ်...
ဒါကတော့ ရှင်သာမဏေပြုရန် လိုရင်းလေးဖြစ်ပါတယ်...

ရှေးအစီအစဉ်အရ...
***သံဃာအလယ်သို့ဝင်ရန် ခွင့်တောင်းရပါ့မယ်...
အဟံ ဘန္တေ သံဃမဇ္စျေ ပဝေသနံ အာပုစ္ဆာမိ။
အရှင်ဘုရား တပည့်တော်သည် သံဃာအလည်သို့ဝင်ရန် ပန်ကြားပါ၏...

***မိမိပိုင်သင်္ကန်းကို ဆရာဖြစ်သူထံသို့ အပ်နှံခြင်း...
သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ (ဣမံ) ကာသဝံ (ဂဟေတွာ) ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ။

အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက်မှောက်ပြုရခြင်းအကျိုးငှာ။ ဘုရားတပည့်တော် လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍၊ ဘုရားတပည့်တော်ကို အစဉ်သနားသည်ကို အကြောင်းပြု၍၊ ရှင်သာမဏေ ပြုပေးတော်မူပါ အရှင်ဘုရား။

***ဆရာဖြစ်သူထံမှ သင်္ကန်းကို တောင်းခံခြင်း...
သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ (ဧတံ) ကာသဝံ (ဒတွာ) ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ။

အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက်မှောက်ပြုရခြင်း အကျိုးငှာ။ အရှင်ဘုရားလက်တော်၌ရှိသော ထိုသင်္ကန်းကို ပေးသနားတော်မူ၍၊ ဘုရားတပည့်တော်ကို အစဉ်သနားသည်ကို အကြောင်းပြု၍ ရှင်သာမဏေ ပြုပေးတော်မူပါ အရှင်ဘုရား။

ခေါင်းမရိတ်ရသေးပါက ခေါင်းရိတ် သင်္ကန်းဝတ်ပါမည် သာမဏေ မဖြစ်သေးပါ...

***သင်္ကန်းဝတ်ပြီး ရှင်သာမဏေပြုပေးရန် တောင်းပန်ရပါမယ်...
ဘန္တေ သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။
ဒုတိယမ္ပိ ဘန္တေ သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။
တတိယမ္ပိ ဘန္တေ သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။

အရှင်ဘုရား (ပ+ဒု+တ) ဘုရားတပည့်တော်သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်း အကျိုးငှာ၊ ရှင်သာမဏေ အဖြစ်ကို တောင်းပန်ပါ၏ အရှင်ဘုရား။

***ပြီးရင်တော့ သာမဏေဆယ်ပါးသီလ ယူရပါမည်...
ရှင်သာမဏေဖြစ်ပြီးရင်တော့ သိမ်ထဲတွင် ၅-ပါးအထက်သော ရဟန်းသံဃာနှင့်အတူ သိမ်ဝင်၍ ရဟန်းဘ၀ ခံယူပါမည်...
ကမ္မ၀ါစာဖတ်ပြီးသည်နောက် ရဟန်းသီလ ၂၂၇-ပါး ကိုယ်ဝယ်ဆင်မြန်း ရဟန်းဖြစ်သွားပါပြီ... (အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်)

သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ရဟန်းဖြစ်သည့်အချိန်မှစ၍ စောင့်ထိန်းရပါတော့မည်... သို့အတွက် သိအောင်လေ့လာရပါမည်... ယာယီဝတ်သူဖြစ်ဖြစ်... ထာဝရ၀တ်သူဖြစ်ဖြစ် လိုက်နာရပါတော့မယ်... မလိုက်နာပါက အပြစ်ဒဏ်များ လာပါလိမ့်မည်...

ယခင်ကတော့ ပါဠိစာများကို အရကျက်ခိုင်းပါတယ်...
ယခုတော့ များသောအားဖြင့် တိုင်ပေးသည့် အတိုင်းသာ လိုက်ဆိုနိုင်ကြပါတော့သည်...

ဆက်လက်၍သိသင့်သည်များ...
ရှင်ရဟန်းမပြုထိုက်သူ ၃၂-ယောက်...

၁။ လက်ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂။ ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃။ လက်ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၎။ နားပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၅။ နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၆။ နား နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၇။ ခြေချောင်း လက်ချောင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၈။ ခြေမ လက်မပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၉။ အကြောမ ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁ဝ။ ခြေချောင်း လက်ချောင်း ပူးနေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၁။ ခါးကုန်းနေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၂။ ပုကွသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၃။ လည်ပင်းကြီးနာရှိသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၄။ သံပူကပ်၍ တံဆိပ်ခတ်ထားသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၅။ ကြိမ်ဒဏ်ပေးခံရသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၆။ တွေ့ရာအရပ်၌ သတ် ဟူ၍ ကြော်ညာထားသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၇။ ခြေထိုင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၈။ အနာဆိုးရှိသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၉။ ပရိသတ်ကို ဖျက်ဆီးသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂ဝ။ မျက်စိတစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၁။ လက်ခြေကောက်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၂။ ခွင်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၃။ ကိုယ်တစ်ခြမ်းသေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။(ဖက်သကပ်နာ)
၂၄။ ဆွံ့သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၅။ အိုမင်းမစွမ်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၆။ မျက်စိနှစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၇။ (စကားဆွံ့) အသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၈။ နားပင်းသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၉။ ကန်းလည်းကန်း အလည်းအသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃ဝ။ ကန်းလည်းကန်း နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃၁။ အလည်းအ နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃၂။ ကန်းလည်းကန်း အလည်းအ နားလည်းပင်းသောသူအား ရှင်ရဟန်း ပြုမပေးအပ်။
မြတ်စွာဘုရားသည် သာသနာတွင် အကြည်ညိုပျက်ဖွယ်များ တွေ့ရမည်ကို နှစ်သက်တော်မမူပါ... သို့သော် အရဟတ္တဖိုလ်ကိုတော့ တားမြစ်ခြင်းမရှိပါပေ...

ပြုပေးလျှင် ပြုပေးသူများ ဒုက္ကဋ်အာပတ်သင့်၏...

(ပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်မပြည့်သူ၊ ပါရာဇိကသို့ရောက်သူ၊ ပဏ္ဍုက်စသော အဘဗ္ဗပုဂ္ဂိုလ်တစ်ကျိတ်တစ်ယောက်၊ ပေါင်း ၁၃-ယောက်သည် ရဟန်းပြုသော်လည်း ရဟန်းမဖြစ်။ ကြွင်းသောပုဂ္ဂိုလ်တို့ကား ရဟန်းဖြစ်ကုန်၏။ သို့သော် ရဟန်းပြုပေးသောသူ အာပတ်မလွတ်။)

မဟာဝဂ်ပါဠိတော် မြန်မာပြန်၊ ဦးရေ ၅၇၊ စာ ၁၂၇။


နောက်ထပ်... ဤသို့လည်း မေးမြန်းဦးမည်...

နူနာ သူရူးနာ အစရှိသည် ကင်းရဲ့လား...
လူသား စင်စစ် ဖြစ်ရဲ့လား...
ယောက်ျားစင်စစ် ဖြစ်ရဲ့လား...
သူ့ကျွန်အဖြစ်မှ လွတ်ရဲ့လား...
အကြွေးကင်းရဲ့လား...
မင်းခစားအဖြစ်မှ လွတ်ကင်းသူ ဖြစ်ရဲ့လား...
မိဘနှစ်ပါးက ခွင့်ပြုရဲ့လား...
အသက်နှစ်ဆယ် ပြည့်ပြီးသူ ဖြစ်ရဲ့လား...
သပိတ် သင်္ကန်းပြည့်စုံရဲ့လား... စသည်ဖြင့်လည်း မေးမြန်တာခံရပါ့မယ်... ရဟန်းဝတ်လိုသူဖက်က ပြည့်စုံမှုရှိရပါ့မယ်...

((ရဟန်းဖြစ်ပြီးသည်နောက် သိမ်မှထွက်လာသည့်အခါ ရဟန်းသစ်ကလေးများမှာ ဘာအပြစ်မှမရှိသေး၍ လှူဒါန်းလျှင် အကျိုးကြီးမှန်းသိကြကုန်သောသူများက တန်းစီ၍ သိမ်ထွက်မှာ လောင်းလှူကြပါလိမ့်မည်... စာအိပ်ကလေးတကိုင်ကိုင် ငွေဆွမ်းတဲ့... ဘယ်ခေတ်ကပေါ်လာသော အခေါ်လဲတော့မသိပါ... မိမိက သီလစင်ကျယ်သူကိုလှူလျှင် အကျိုးကြီးလို့ ဘုန်းကြီးများလက်ထဲကို ငွေများ လှူလိုက်ပါသည်... ဘုန်းကြီးများတွင် ထိုငွေ အလှူခံမှုကြောင့် အပြစ်များဖြစ်ကြရပြီ မိမိကတော့ မသိလိုက်ပါပေ... အပြစ်ဖြစ်သူ ဘုန်းကြီးများ စောင့်ကြောင့်ထိုင်၍ အာပတ်ဖြေရပေဦးမည်... ခဏခဏ စောင့်ကြောင့် ထိုင်ရခြင်းသည် မကောင်းပါပေ... သူတော်ကောင်းများ စဉ်းစားဖွယ်ရာပင်... ယာယီဝတ်သူရဟန်းသစ်များလည်း သိမ်ကထွက်ထွက်ခြင်း သီလမစင်ကြယ်တော့ပေ...))

ဆက်၍ရေးမည်ဆိုပါလျှင် မကုန်နိုင်ပါပေ...
ဆက်လက်လေ့လာလိုသူများ ရှာဖွေ၍ ဖတ်ရှုကြပါလေ...

စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၅.၂၄.၂၀၀၉


Read more...

ဟောပြောရကျိုး... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ) ၅-မှ...

ဟောပြောရကျိုး...








Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP