* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, May 24, 2009

သီလစင်ကြယ်သော ရဟန်းမြတ်ကို ဖူးမြင်၍ ...

ဝန္ဒနဝိမာနဝတ္ထု

ရှေးလူ့ဘဝက သီလစင်ကြယ်သော ရဟန်းမြတ်ကို ဖူးမြင်၍ ကြည်လင်သော စေတနာဖြင့် ရှိခိုး ဦးချခဲ့သောကြောင့် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်း ဖြင့် နတ်ချမ်းသာကို ခံစားရသူ နတ်သမီး...

နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် တည်နေဘိ၏။819


အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါသ နည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါသနည်း။820

ထိုနတ်သမီးသည် ဝမ်းမြောက်ဝမ်းသာ။ပ။ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။822

အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ် အခါက သီလနှင့် ပြည့်စုံကုန်သော ရဟန်းတို့ကို ဖူးမြင်၍ ထိုရဟန်းတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် စိတ်ကို ကြည်လင်စေလျက် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီခြင်းကို ပြုခဲ့ဖူးပါ၏။823

ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ် ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ ပါ၏။824

၁၁ - ဝန္ဒနဝိမာနဝတ္ထု၊ မဉ္ဇိဋ္ဌက၀ဂ်၊ ၀ိမာန၀တ္ထု၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်...

စတုက္ကပုဂ္ဂလပညတ် မှ...

၁...
အမိုက်မှောင်မှ (လာ၍) အမိုက်မှောင်သို့ သွားသူ...

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲသော ထမင်း အဖျော်နည်းသော ငြိုငြင်စွာ အသက်မွေးခြင်းရှိသော ဒွန်းစဏ္ဍားအမျိုး၌ သော်လည်းကောင်း၊ မုဆိုး အမျိုး၌သော် လည်းကောင်း၊ နှီးသမား အမျိုး၌သော် လည်းကောင်း၊ သားရေနယ် သမားအမျိုး၌ သော်လည်းကောင်း၊ ပန်းမှိုက်သွန် အမျိုး၌သော်လည်းကောင်း၊ သူဆင်းရဲအမျိုး၌ သော်လည်းကောင်း ယုတ်နိမ့်သော အမျိုး၌ဖြစ်၏၊ အကြင် အမျိုး၌ ငြိုငြင်ဆင်းရဲသဖြင့် အစားအစာ အဝတ်ပုဆိုးကို ရအပ်၏၊ (ထိုအမျိုး၌ ဖြစ်၏)၊

ထိုသူသည်လည်း အဆင်းမလှ၊ မနှစ်လိုဖွယ်သော အသွင်အပြင်ရှိ၏၊ ပုကွ၏၊ အနာများ၏၊ ကန်းခြင်းသည် လည်းကောင်း၊ လက်ကောက်ခြင်းသည် လည်း ကောင်း၊ ခြေခွင်ခြင်းသည် လည်ကောင်း၊ ဆွံ့ခြင်းသည် လည်းကောင်း ဖြစ်၏၊ ထမင်း, အဖျော်,အဝတ် (ပုဆိုး), ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း မရှိ၊ ထိုသူသည် ကိုယ် နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ)ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ, ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏၊

ဤသို့သော
ပုဂ္ဂိုလ်သည် အမိုက်မှောင်မှ (လာ၍) အမိုက်မှောင်သို့သွားသည် မည်၏။

၂...
အမိုက်မှောင်မှလာ၍ အလင်းသို့ သွားသူ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲသော ထမင်း အဖျော်နည်းသော ငြိုငြင်စွာ အသက်မွေးခြင်း ရှိသော ဒွန်းစဏ္ဍားမျိုး၌သော် လည်းကောင်း၊ မုဆိုး အမျိုး၌ သော်လည်းကောင်း၊ နှီးသမားအမျိုး၌သော် လည်းကောင်း၊ သားရေနယ် သမားအမျိုး၌ သော်လည်းကောင်း၊ ပန်းမှိုက်သွန်အမျိုး၌ သော်လည်းကောင်း၊ သူဆင်းရဲအမျိုး၌ သော်လည်းကောင်း ယုတ်နိမ့်သော အမျိုး၌ဖြစ်၏၊ အကြင် အမျိုး၌ ငြိုငြင်ဆင်းရဲသဖြင့် အစားအစာ အဝတ်ပုဆိုးကို ရအပ်၏၊ (ထိုအမျိုး ၌ဖြစ်၏)၊

ထိုသူသည်လည်း အဆင်းမလှ၊ မနှစ်လိုဖွယ်သော အသွင်အပြင်ရှိ၏၊ ပုကွ၏၊ အနာများ၏၊ ကန်းခြင်းသည် လည်းကောင်း၊ လက်ကောက်ခြင်းသည် လည်း ကောင်း၊ ခြေခွင်ခြင်းသည် လည်းကောင်း၊ ဆွံ့ခြင်းသည် လည်းကောင်း ဖြစ်၏၊ ထမင်း, အဖျော်, အဝတ် (ပုဆိုး),ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း မရှိ၊ ထိုသူသည် ကိုယ်, နှုတ်,စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်၌ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် အမိုက်မှောင်မှ (လာ၍) အလင်းသို့ သွားသည် မည်၏။

၃...
အလင်းမှလာ၍ အမိုက်မှောင်သို့ သွားသူ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝသော ဥစ္စာများသော အသုံး အဆောင်များသော ရေ ငွေ ဥစ္စာများသော နှစ်လိုဖွယ်ကို ပြုတတ်သည့် ဥစ္စာ များသော များစွာသော ဥစ္စာစပါးရှိသော ခတ္ထိယမဟာသာလ အမျိုး၌ သော် လည်းကောင်း၊ ဗြာဟ္မဏမဟာသာလအမျိုး၌ သော်လည်းကောင်း၊ ဂဟပတိ မဟာသာလအမျိုး၌သော် လည်းကောင်း မြင့်မြတ်သော အမျိုး၌ဖြစ်၏၊

ထိုသူသည် အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော ကိုယ်အဆင်းနှင့် ပြည့်စုံ၏၊ ထမင်း, အဖျော်, အဝတ် (ပုဆိုး), ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း ရှိ၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလသ် ည် အလင်းမှ (လာ၍) အမိုက်မှောင်သို့ သွားသည်
မည်၏။

၎...
အလင်းမှ (လာ၍) အလင်းသို့ သွားသူ...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝသော ဥစ္စာများသော အသုံး အဆောင်များသော ရွှေငွေဥစ္စာ များသော နှစ်လိုဖွယ်ကို ပြုတတ်သည့် ဥစ္စာ များသော များစွာသော ဥစ္စာစပါးရှိသော ခတ္ထိယ မဟာသာလအမျိုး၌သော် လည်းကောင်း၊ ဗြာဟ္မဏမဟာသာလအမျိုး၌ သော်လည်းကောင်း၊ ဂဟပတိ မဟာသာလအမျိုး၌သော် လည်းကောင်း မြင့်မြတ်သော အမျိုး၌ ဖြစ်၏၊ ထိုသူသည်လည်း အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်သော ကိုယ်အဆင်းနှင့် ပြည့်စုံ၏၊ ထမင်း, အဖျော်,အဝတ် (ပုဆိုး), ယာဉ်, ပန်း, နံ့သာ, နံ့သာ ပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း ရှိ၏၊

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလ် သည် အလင်းမှ (လာ၍) အလင်းသို့ သွားသည်မည်၏။ 168

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အောက်သို့ ညွှတ်လေ သနည်း။ ပ။ ဤသို့သော ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အောက်သို့ ညွှတ်လေသည် မည်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အထက်သို့ ညွှတ်လေ သနည်း။ပ။ ဤသို့သောပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အထက်သို့ ညွှတ်လေ သည်မည်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အောက်သို့ ညွှတ်လေ သနည်း။ပ။ ဤသို့ သော ပုဂ္ဂိုလ်သည် ကြွယ်ဝသော အထက်မှ (လာ၍) အောက်သို့ ညွှတ်လေသည် မည်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အထက်သို့ ညွှတ်လေ သနည်း။ပ။ ဤသို့သော ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အထက်သို့ ညွှတ်လေ သည် မည်၏။ (၄)

၎ - စတုက္ကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လောကီဗောဇ္ဈင် လူသုံးဗောဇ္ဈင်

လောကီဗောဇ္ဈင် လူသုံးဗောဇ္ဈင်

ယခုပထမစတင်ပြီး လောကီဗောဇ္ဈင်- လူသုံးဗောဇ္ဈင်ကို တင်ပြရပါမယ်။ ဗောဇ္ဈင်တရားတွေရဲ့ သဘောကို အတန်ငယ် တီးခေါက်ရိပ်စားမိအောင်လည်းတစ်ကြောင်း ဒီဗောဇ္ဈင်တရားတွေဟာ လောကရေးမှာလည်း အသုံးပြုယင် တိုးတတ်ဖို့ရာသာဖြစ်ကြောင်း သိဖို့ပါပဲ။ တကယ့်ဗောဇ္ဈင်တရားမဟုတ်ပေမယ့် ပရိယာယ်ဗောဇ္ဈင်၊ ဗောဇ္ဈင်အတု ဆိုရမှာပေါ့။ နိဗ္ဗာန်ဟာ တကယ့် ငြိမ်းမှု၊ အေးချမ်းမှု ထိုနိဗ္ဗာန်၏ ငြိမ်းချမ်းမှုနဲ့ တစ်စွန်းတစ်စ တူယောင်မှု ပြုပြီး လောကမှာ စားဝတ်နေရေး မပူပန်ရ မကြောင့်ကြရအေးအေး ချမ်းချမ်း နေရတာကို လောကနိဗ္ဗာန်လို့ တင်စားခေါ်ဝေါ်ကြတယ်။ အဲ ဒါလိုပဲ တကယ့်ဗောဇ္ဈင်တော့ မဟုတ်၊ ဗောဇ္ဈင်တရား ပွားများ ယင်မဆုတ်ယုတ်နိုင် တိုးတတ်ဖို့ရာသာ ဖြစ်သလို လောကရေးမှာ ဒီတရားတွေ လက်ကိုင်ထား သုံးသွားယင် မဆုတ်ယုတ်နိုင် တိုးတတ်နိုင်လို့ ဗောဇ္ဈင်နဲ့တူလို့ ပရိယာယ်အားဖြင့် ဆိုရခြင်းဖြစ်ပါတယ်။

၁) သတိသမ္ဗောဇ္ဈင်
သတိသမ္ဗောဇ္ဈင်ဆိုတာ သတိတရားပါပဲ။ သတိဆိုတာအမှတ်ရမှု မမေ့မှုဖြစ်ပါတယ်။ ဒီသတိဟာ မိမိကိုယ်ကို ထိန်းထား စောင့်ရှောက်ထားတဲ့ အထိန်း အစောင့်အရှောက် တရားပါပဲ။ ဒီသတိရှိနေယင် မိမိလုပ်ငန်း မိမိတာဝန် မိမိကိစ္စတွေမှ လွတ်မသွားဘဲ စွဲမြဲနေတော့တယ်။ သတိ၏ ဆန့်ကျင်ဘက်က ပမာဒ မေ့လျှော့မှု မိမိတာဝန် အလုပ်ကိစ္စမှတစ်ပါး တခြားမဆိုင်ရာ ကိစ္စတွေမှာ အပျော်အပါး အကစားစတဲ့ အကျိုးမဲ့ အလုပ်တွေမှာ လိုက်စားမိုက်မှားနေမှုပါပဲ။ မေ့လျှော့မှု ပမာဒဝင်လာယင်ဖြင့် အထိန်းပြုတ်သွားတော့တာပါပဲ။ ဒီတော့ အားလုံးတာဝန်ကိစ္စ တွေမှာ သတိထိန်းချုပ်မှုဟာဖြင့် အလွန်ပဲ လိုအပ်လှပါတယ်။
ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လောကဘယ်အရေးမှာမဆို ဒီသတိဟာ မပါမပြီး၊ ပညာဆိုတာ သတိရှိမှ တိုးတတ်နိုင်တယ်၊ မေ့လျော့နေသူ မေ့လျော့တတ်သူဟာ ပညာတိုးတတ်ဖို့ထား ဖြစ်ဖို့တောင်မလွယ်လှ။ စီးပွားရေးမှာလည်း မေ့လျော့တဲ့ သတိကင်းတဲ့ ပုဂ္ဂိုလ်ဟာ စီးပွားရေးတိုးအောင် မလုပ်နိုင်ပါဘူး။ ဆုတ်သာဆုတ်သွားမှာပဲ။ ကုန်သွယ်လယ်လုပ်စသော လောကလုပ်ငန်းတွေ တိုးတတ်မှုမှာ ဒီသတိဟာ မရှိမဖြစ် အလွန်အရေးကြီးလှပါတယ်။ ကျန်းမာရေးမှာလည်း သတိရှိမှ ကျန်းမာရေး ကောင်းအောင် စောင့်ရှောက်နိုင်တယ်။ ကျန်းမာရေးမပျက်အောင် ကာကွယ်နိုင်တယ်။ မကျန်းမာလျှင်လည်း ကျန်းမာအောင် သတိက ပြုပြင် ပေးနိုင်တယ်။ နိုင်ငံရေးမှာလည်း သတိရှိမှ နိုင်ငံအရေးအရာတွေမှာ တိုးတတ်အောင် ဆောင်ရွက်နိုင်ပါတယ်။ သတိမရှိ မေ့လျော့ပေါ့ဆနေလျှင် နိုင်ငံရေးဆောင်ရွက်ရာမှာ လစ်ဟင်းပြီး နိုင်ငံနာတတ်ပါတယ်။ ဒါကြောင့် သတိဟာဖြင့် ကိစ္စတိုင်းမှာ မပါမပြီး အရေးကြီးလို့ ထိုသတိကို အမြဲပွားအောင် ကြိုးစားကြလျှင် ကိုယ့်ကိစ္စမှန်သမျှမှာ တိုးတတ်အောင်မြင် ခွင့်သာကြုံကြရပါလိမ့်မယ်။

၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်
ဓမ္မဝိစယသမ္ဗောဇ္ဈင်ဆိုတာ ပညာပါပဲ။ ပညာဆိုတာ အသိအမြင် ဉာဏ်ကို ဆိုလိုပါတယ်။ သတိဟာ အရေးကြီးတယ် ဆိုပေမယ့် ပညာမပါယင် သတိရှိရုံနဲ့ တယ်ခရီးမရောက်နိုင်ပါဘူး။ ဒီပညာကလည်း လောက ကိစ္စတိုင်းမှာ အလွန်အရေးကြီးပါတယ်။ ဥပမာ ပညာရေးမှာ အတတ်တွေ၊ ပညာတွေ သင်တဲ့အခါ အသိဉာဏ်မပါလျှင် ဘယ်မှာခရီးရောက် တိုးတတ်နိုင်ပါ့မလဲ။ အသိ ဉာဏ်ရှိမှ အသိဉာဏ် တိုးတတ်အောင် လုပ်မှ ဆိုင်ရာ အတတ် ပညာဟာ တိုးတတ်အောင်မြင် နိုင်ပါတယ်။ စီးပွားရေးမှာလည်း ဒီပညာဟာ မရှိမဖြစ်ပါပဲ။ ကုန်သွယ်လယ်လုပ်စသော ဆိုင်ရာ မိမိလုပ်ငန်းတွင် ကျမ်းကျင်နားလည်တဲ့ အသိဉာဏ်လိုပါတယ်။ အသိဉာဏ် ကျွမ်းကျင်မှု မရှိယင် လုပ်ငန်းတိုးတတ်မှု မဖြစ်နိုင်ပါဘူး။ ခုခေတ် သိပ္ပံပညာတွေ ထွန်းကားနေတော့ ဒီလုပ်ငန်းတွေမှာလည်း သိစရာ နားလည်စရာတွေက မဆုံးနိုင်အောင်ပါပဲ။ ဒီတော့ စီးပွားရေး တိုးတတ်လိုသူတိုင်းဟာ ဒီပညာ ဒီအသိ တွေကို တိုးတတ် ဆည်းပူး နေကြရမှာပါပဲ။ ကျန်းမာရေးမှာလည်း အသိဉာဏ်က လိုလျက်ပါပဲ။

ဇီဝံ ပညာယ ရက္ခေယျ - အသက်ဉာဏ်စောင့် ဆိုတာလို ကျန်းမာရေး အသိဉာဏ်ရှိမှ ကျန်းမာရေးကောင်းအောင် ထိန်းထားနိုင်ပါတယ်။ အခန့်မသင့်လို့ မကျန်းမာလျှင်လည်း အသိဉာဏ်ရှိမှ ကျန်းမာအောင် ပြုပြင်နိုင်တယ်။ နိုင်ငံရေးမှာလည်း ဒီပညာ ဒီအသိဟာ အရေးကြီးလှပါတယ်။ နိုင်ငံရေးမှာ အသိဉာဏ် မရှိကြယင် မိမိတို့ နိုင်ငံရေးဆောင်ရွက်မှုကြောင့် တိုင်းပြည်မှာ ဒုက္ခရောက်ရပါတယ်။ နိုင်ငံရေး အသိရှိမှ တိုင်းပြည် တိုးတတ်သာယာအောင် တိုင်းသူပြည်သားတွေ ချမ်းသာအောင် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ဒီပညာ ဒီအသိဟာ အရေးကြီးလှပါတယ်။ ပုခက်ထဲက သင်္ချိုင်းကျအောင် ဆိုတာလို တစ်သက်လုံး ဆည်းပူးသော်လည်း ပြည့်နိုင်တယ် ကုန်နိုင်တယ် မရှိလေတော့ ဒီပညာတွေ ဖတ်ရင်း၊ ကြံရင်း၊ လုပ်ရင်း၊ လေ့လာရင်း၊ သင်ကြားရင်း၊ နာခံရင်းနဲ့ အမြဲတမ်း ဆည်းပူးနေရမှာသာ ဖြစ်ပါတယ်။ ဒီလိုဆည်းပူးအားဖြည့် ပေးယင် ပညာဟာ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာ တိုးတတ်အောင်မြင်လာမှာ မလွဲပါဘူး။

၃) ဝီရိယ သမ္ဗောဇ္ဈင်
ဝီရိယ သမ္ဗောဇ္ဈင်ဆိုတာ ဝီရိယပါပဲ။ လုံလခေါ်ကြတဲ့ ကြိုးစားမှု အားထုတ်မှု ဆိုပါတယ်။ ဒီလို လုံ့လဝီရိယကလည်း အလွန်အရေးပါတဲ့ တရားပါပဲ။ လောကမှာ တိုးတတ်နေတဲ့သူတွေ တိုးတတ်နေတဲ့ အရာဝတ္ထုတွေဟာ ဝီရိယရဲ့ အစွမ်းသတ္တိကြောင့် ရတဲ့ အကျိုး အာနိသင်တွေပါပဲ။ သတိ ပညာရှိဥိး ဝီရိယမရှိလျှင် မတိုးတတ်နိုင်ပါဘူး။ လောကဓာတ် သိပ္ပံပညာတွေဟာ အံ့မခန်းတိုးတတ်နေပါတယ်။ ထိုထိုအရာတွေဖြစ်မြောက်မှုမှာ သိပ္ပံပညာသိရုံနဲ့ တင်းတိမ်နေယင် ယခုလို တိုးတတ်ဖြစ်မြောက်မှာ မဟုတ်ပါဘူး။ မိမိတို့ရဲ့ အသိပညာ အသုံးချပြီး ဇွဲသန်သန်ထား ကြိုးစားအားထုတ် လုပ်ခဲ့ကြလို့ အံ့မခန်းဖွယ်ရာ ဖြစ်မြောက်နေတဲ့ အရာဝတ္ထုတွေပါ။

ဝီရိယရှိသူမှာ တတ်တတ်ကြွကြွနိုးနိုးကြားကြား အားမာန်အပြည့်နဲ့၊ ဝီရိယရဲ့ ဆန့်ကျင်ဘက် အပျင်းသမားကတော့ တွန့်တွန့်ဆုတ်ဆုတ် ကုတ်ကုတ်ရွံ့ရွံ့နဲ့၊ ဒီအခြင်းအရာ နှစ်မျိုးကပင် အောင်မြင်မယ့်အသွင် ဆုတ်ယုတ်အောက်ကျမယ့်အသွင် ပြနေခဲ့ ပါတယ်။ ဝီရိယဟာ လူ့ဘဝရဲ့ အသက်လို့ ဆိုရလောက်အောင် အရေးပါလှပါတယ်။ ဒါကြောင့် ကိစ္စတိုင်း လုပ်ငန်းတိုင်း အရေးအရာတိုင်းမှာ မဖြစ်သေးတဲ့ ဝီရိယဖြစ်လာအောင်၊ ဖြစ်ပြီးတဲ့ ဝီရိယတိုးတတ်လာအောင် ပွားများပေးဖို့က လူချင်းတူတူ သူချင်းမျှမျှ ဖြစ်လိုသူတိုင်း သူ့ထက်ကဲကာ အသာရလိုသူတိုင်းရဲ့ တာဝန်တစ်ရပ်ပဲဆိုတာ ထင်ရှားလှပါတယ်။

ပီတိသမ္ဗောဇ္ဈင်
ပီတိသမ္ဗောဇ္ဈင်က ပီတိနှစ်သက်မှုပါပဲ။ ကိုယ့်အလုပ် ကိုယ့်ကိစ္စမှာ နှစ်သက်အားရမှု မရှိတဲ့သူဟာ ထိုအလုပ်မှာ စိတ်မပါ မဝင်စား တိုးပွားအောင်မြင်အောင် မလုပ်နိုင်ပါဘူး။ အလုပ်မှာ နှစ်သက်အားရကျေနပ်နေမှ အောင်မြင်အောင် လုပ်နိုင်ပါတယ်။ တချို့အလုပ်က ပင်ပန်းပေမယ့် သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး လုပ်နေတာတွေ့ရတာ အလုပ်မှာ နှစ်သက်မှု ပီတိဖြစ်နေလို့ပါပဲ။ သတိလည်းကောင်း ပညာလည်းကောင်း ဝီရိယလည်းသန် နေယင် အလုပ်မှာ ကျေနပ်မှု ပီတိဆိုတာလည်း ဖြစ်မြဲပါပဲ။ လူ့လောက တာဝန်တွေ ဆောင်ရွက်ရာမှာ ပီတိဟာလည်း အရေးကြီးပါတယ်။ ဒီပီတိပွားများမှု အလုပ်မှာ ကျေကျေနပ်နပ် အားရပါရ လုပ်နိုင်ပြီး အလုပ်အထမြောက် အောင်မြင်မှာမို့ ပီတိကိုလည်း တိုးပွားအောင် ကြိုးစားသင့်ပါတယ်။

ပဿဒ္ဓိသမ္ဗောဇ္ဈင်
ပဿဒ္ဓိသမ္ဗောဇ္ဈင်က ပဿဒ္ဓိတရားပါပဲ၊ ပဿဒ္ဓိဆိုတာ ကိုယ်စိတ်ငြိမ်းချမ်းမှု။ ပီတိဖြစ်နေယင် ကိုယ့်အလုပ်ထဲ နှစ်သက်အားရနေယင် ပဿဒ္ဓိငြိမ်းချမ်းမှုဟာ ရလာစမြဲပါပဲ။ ပဿဒ္ဓိငြိမ်းအေးမှုရဲ့ ဆန့်ကျင်ဘက်က စိတ်ပူပန်မှု။ စိတ်ပူပန်မှုရှိယင် ကိုယ်လည်းပူပန်နေတာပါပဲ။ ကိုယ်စိတ်ပူပန်နေယင် အလုပ်တွင်စိတ်မပါ၊ မတွင်ကျယ်။ စိတ်ငြိမ်းချမ်းနေယင် ချွေးတွေသံတွေနဲ့ ပင်ပန်းတဲ့ အလုပ် လုပ်နေရပေမဲ့ ကိုယ်လည်း ငြိမ်းချမ်းလျက်ပါပဲ။ ဒါကြောင့် တချို့သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး အလုပ် လုပ်နိုင်ကြတာ။ ဒီတော့လောကရေးရာမှာ ကိုယ့်ဝန်တာ ကိုယ့်လုပ်ငန်း ကိုယ့်ကိစ္စတွေမှာ ပဿဒ္ဓိ ငြိမ်းချမ်းမှုဟာလည်း ပွားဖို့များဖို့ အားရှိနေဖို့ အရေးကြီးလို့ ပွားများပေးရမယ့် တရားတစ်ခုပါပဲ။

သမာဓိသမ္ဗောဇ္ဈင်
သမာဓိသမ္ဗောဇ္ဈင်က သမာဓိ၊ သမာဓိဆိုတာ ဧကဂ္ဂတာ ခေါ်တဲ့ တစ်ခုတည်းသော အာရုံရှိမှုပါပဲ။ အာရုံတစ်ခုတည်းမှာ မိမိစိတ်ခိုင်မြဲစွာထားမှု ဒါကို တည်ကြည်မှုလို့လည်း ခေါ်ပါတယ်။ လောက အလုပ်တာဝန် ကိစ္စတွေမှာ ဒီသမာဓိဟာလည်း မပါမဖြစ်။ သမာဓိနဲ့ ဆန့်ကျင်ဘက်က ပျံ့လွင့်မှု မတည်ကြည်မှု။ စိတ်ပျံ့လွင့်နေသူမှာ ပညာရေးမှာ အရာရောက်အောင် လုပ်နိုင့်ပါ့မလား။ ပညာနဲ့ သမာဓိကလည်း ဖက်မိဖို့ အရေးကြီးပါတယ်။ စီးပွားရေး ဖြစ်တဲ့ ထိုထိုလုပ်ငန်းတွေမှာလည်း စိတ်ပျံ့လွင့်နေသူ ကိုယ့်အလုပ်ထဲ စိတ်မဝင်စားသူဟာ လုပ်ငန်းတွေ တိုးတတ်အောင် မလုပ်နိုင်ပါဘူး။ ကိုယ့်အလုပ်ထဲ စွဲမြဲတည်နေတဲ့ သမာဓိရှိမှ လုပ်ငန်းဟာ ကောင်းစွာ ထမြောက်နိုင်ပါတယ်။ ကျန်းမာရေး၊ နိုင်ငံရေးစသော ဘယ်အရေးမှာဖြစ်ဖြစ် သမာဓိကတော့ ဖြစ်ရမယ့် ပွားရမယ့် တရားတစ်ခုဖြစ်ကြောင်း ထင်ရှားလှပါတယ်။ တကယ်တော့ ယခင်သတိလည်း ကောင်း၊ ပညာလည်း ကောင်း၊ ဝီရိယလည်း ကောင်းလို့ ပိတိ ပဿဒ္ဓိတွေဖြစ်နေယင် သမာဓိလည်း ကောင်းလာတာပါပဲ။ စိတ်ငြိမ်းချမ်းမှုဟာ သမာဓိဖြစ်ခြင်းအကြောင်းပါပဲ။ ဒီတော့ လောကရေးရာ အဖြာဖြာမှာ သမာဓိဟာလည်း အရေးကြီးလို့ သမာဓိရအောင် သမာဓိတွေ အဆက်ဆက်တိုးပွားအောင် ပွားများနေလျှင် အောင်မြင်တော့တာပါပဲ။

ဥပေက္ခာသမ္ဗောဇ္ဈင်
ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာက ဥပေက္ခာ လျစ်လျူရှုမှု။ လျစ်လျူရှုမှုဆိုတာ အလုပ်မလုပ်ဘဲ နေတာကို ပြောတာမဟုတ်ပါဘူး။ အလုပ် လုပ်တဲ့အခါ ဟိုဘက် သည်ဘက် မကျ အလယ်ကနေတဲ့ သဘောပါပဲ။ ချစ်ခြင်းဘက်လည်းမကျ၊ မုန်းခြင်းဘက်လည်းမကျ အလယ်ကျကျဖြစ်တဲ့ သဘောကိုလည်း ဥပေက္ခာဆိုပါတယ်။ အလုပ်ကိုရှောင်လွှဲ တချစ်ထဲချစ်နေယင်၊ အချစ်ဘက်ချည်း လိုက်နေယင်၊ ကိုယ့်အလုပ်ပျက်ကြောင်းတစ်ခုပဲ။ တစ်ပါးသူ တစ်ပါးဝတ္ထုကိုမုန်းနေရွံ့နေ စက်ဆုပ်နေယင်လည်း အလုပ်ရဲ့ အနှောက်အယှက်တစ်ခုပါပဲ။ ဒီတော့ မမုန်းမချစ် လျစ်လျူရှုတတ်ယင် ဆိုင်ရာအလုပ်မှာ ချောမောအောင်မြင်နိုင်ပါတယ်။ ဒါတွင်မက သတိပညာကလည်း ကောင်း၊ ဝီရိယကလည်း သန်၊ ပီတိ ပဿဒ္ဓိ သမာဓိတွေလည်း ဖြစ်နေတဲ့အခါ အလုပ်ကျွမ်းကျင် ကောင်းကောင်းလုပ်တော့ အလုပ်ဟာ သွက်သွက်လက်လက် သက်သက်သာသာနဲ့ သူ့ဟာသူ လုပ်သွားသလိုဖြစ်နေပါတယ်။ အဲဒီလိုအခါမှာ တွန့်တိုမှု ဆုတ်နစ်မှု ပျံ့လွင့်မှုတွေ မဖြစ်ဖို့ ကြောင့်ကြမစိုက်ရဘဲ အသာမျှောလိုက်နေရသလိုဖြစ်တဲ့ လျစ်လျူရှုမှုဟာလည်း ဥပေက္ခာပါပဲ။ အဲဒီဥပေက္ခာကလည်း အလုပ်ကိစ္စ တိုးတတ်တဲ့ အောင်မြင်တဲ့ သဘောပြနေလို့ လိုလားအပ် ပွားများအပ်တဲ့ သဘောပါပဲ။

ကဲဒီမျှဆိုယင် ဗောဇ္ဈင်တရားတွေဟာ လောကရေးရာ အဖြာဖြာမှာ မဆုတ်ယုတ်ကြောင်း တိုးတတ်ကြောင်းမို့ ပွားများထိုက်တယ် အမြဲဖြစ်နေအောင် ကြိုးစားသင့်တယ် ဆိုတာ သဘောပေါက်လောက်ပါပြီ။

သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ရဲ့ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ ဆိုတဲ့ စာအုပ်မှ ကူယူဖော်ပြပေးလိုက်ပါတယ်။ (စာမျက်နှာ ၁၈-၂၅)


Read more...

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး )

ယခင်အဆက်.....
ရဟန်းဂေါတမသည် (အသက်) ငယ်သူလည်း ဖြစ်၏၊ ရဟန်းငယ်လည်း ဖြစ်၏။ အရှင့်ကို ဗိမ္ဗိသာရမင်းသည် အရိုအသေပြု၏၊ အရှင့်ကို ပေါက္ခရသာတိပုဏ္ဏားသည် အရိုအသေပြု၏၊ အရှင်သည် စမ္ပာမြို့ကို အုပ်ချုပ်၍ နေ၏၊ ဤအကြောင်းများကြောင့် အရှင်သည် ရဟန်းဂေါတမကို ဖူးမြော်ရန် မသွားထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အရှင့်ကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏ဟု ဆိုကုန်၏။

ဤသည်မှာ လူ့သဘာဝဖြစ်၏။ ကိုယ်လေးစားမြတ်နိုးရသော ခေါင်းဆောင်ကို အမြင့်ဆုံးမှာသာ ထားလိုကြ၏။ ကိုယ့်ဆရာကို အခြားပုဂ္ဂိုလ်တစ်ယောက်ယောက်၏ လက်အောက်ခံ မဖြစ်စေလိုကြ။ ကူဋဒန္တသည်လည်း သူ့အရပ်ဒေသတွင် ဘုန်းတန်ခိုးကြီးမားသူ၊ ချမ်းသာကြွယ်ဝသူ၊ အသိဉာဏ်ပညာပြည့်စုံသူ၊ တပည့်တပန်းပေါများသူ…စသော ဂုဏ်သတင်းများဖြင့် ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်၏။ ထိုအရည်အချင်းများကြောင့် သူ့ကို ဆရာကြီးတစ်ဆူကဲ့သို့ လေးစားနေသူများမှာလည်း များစွာပင် ဖြစ်၏။ ထိုခေတ်အခါအရ ဇာတ်စနစ်သည် ရှေ့တန်းက သက်ဝင်လှုပ်ရှားနေ၏။ ပုဏ္ဏား၊ မင်း၊ သူကြွယ်၊ သူဆင်းရဲဟူသော အမျိုးဇာတ်လေးပါးတွင် ပုဏ္ဏားများသည် သူတို့ကိုယ်တိုင်ကရော၊ အခြားအမျိုးများကပါ အမြင့်မြတ်ဆုံးဟု သဘောထားကြသော ခေတ်ဖြစ်၏။ ထို့ကြောင့် အမျိုးဇာတ်အားဖြင့် အမြင့်မြတ်ဆုံးဖြစ်နေသော သူတို့ဆရာကို မြတ်ဗုဒ္ဓထံ မသွားစေလိုကြ။

ယနေ့ခေတ်ကာလအထိ ဤအတွေးအမြင်များမှာ မပျောက်ဆုံးသေး။ ကိုယ်လေးစားမြတ်နိုးရသောသူက အခြားအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးဦးကို ခယရိုကျိုးနေလျှင် မခံချိမခံသာ ခံစားကြရ၏။ `ဒီလူကို လျှော့မတွက်နဲ့၊ ဘယ်သူကတောင် လာတွေ့ရတာ´..စသည်စသည်တို့မှာ ဤအတွေးအမြင်မှာ အရင်းခံ၏။ ကိုယ်ခယမိလိုက်သော သူက ကိုယ့်လောက်မြင့်မြတ်မှုရှိလျှင် သို့မဟုတ် သီလ၊ သမာဓိ၊ ပညာရှိလျှင် ဆိုဖွယ်ရာမရှိ။ ကိုယ့်လောက်မှ အကျင့်သိက္ခာမရှိသောသူကို အောက်ကျို့ပေါင်းသင်းနေတတ်သောသူများကိုလည်း မတွေ့ချင် မမြင်ချင်းအဆုံး ဖြစ်၏။

ကူဋဒန္တ၏ တပည့်များမှာ အပြစ်ဆိုဖွယ်မရှိ။ သူတို့သည် သူတို့ဆရာကိုသာ အမြင့်မြတ်ဆုံးဟု ယူဆထားသောကြောင့် ဗုဒ္ဓမြတ်စွာထံ မသွားစေချင်ကြခြင်း ဖြစ်၏။ အမှန်တကယ်လည်း ထိုခေတ်အခါအရ ဗြဟ္မဏများမှာ အမြင့်မြတ်ဆုံးဟု သမုတ်ထားသော အမြင်ဖြစ်၏။ ဗုဒ္ဓမြတ်စွာ၏ ဇာတ်စနစ်ပပျောက်ရေး ဟောကြားချက်များကြောင့်သာ အချို့ပုဂ္ဂိုလ်များ အမြင်မှန် ရနေကြခြင်း ဖြစ်၏။ အိန္ဒိယနိုင်ငံသမိုင်းကို ကြည့်လျှင် ဗြဟ္မဏများကသာ ခေတ်ကာလပေါင်းစွာ အမြင့်မြတ်ဆုံး လူသားအဖြစ် ရှေ့တန်းမှာ ရှိနေခဲ့ကြ၏။ တစ်ချို့ခေတ်များတွင်ကား ခတ္တိယခေါ် တိုင်းပြည်အုပ်ချုပ်သူများက သြဇာပိုသက်ရောက်ခဲ့ကြသည်။

စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်၊ အနော်ရထာမင်းကြီး လက်ထက်မှစတင်ပြီး ရဟန်းသံဃာတော်တို့မှာ တိုင်းပြည်အုပ်ချုပ်သူတို့၏ အထက်တွင်သာ ရှိနေခဲ့၏။ ဘာသာရေးရှုထောင့်အရ သံဃာတော်များမှ အခါအားလျော်စွာ သြ၀ါဒများပေးကြသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော အပြုအမူ ဖြစ်သည်။ စနစ်ကောင်း၊ အစဉ်အလာကောင်းတစ်ခုပင် ဖြစ်ပါ၏။ သို့ရာတွင် စနစ်ဟူသည်မှာ လူအပေါ်တွင် မူတည်နေရာ လူမကောင်းလျှင် စနစ်လည်း သိက္ခာကျရတော့သည်မှာ ဓမ္မတာပင် ဖြစ်သည်။ လူက မကောင်း၍ စနစ်သိက္ခာကျခဲ့ရသော ခေတ်များလည်း မရှိမဟုတ် ရှိခဲ့သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် ယခင်က သံဃာအကြီးအကဲများက သြ၀ါဒပေးသူများ ဖြစ်ခဲ့ကြသော်လည်း ယနေ့အချိန်အခါတွင်ကား ဤသို့မဟုတ် အာဏာရှိပုဂ္ဂိုလ်တို့၏ အာဏာတည်မြဲရေး ဒေါက်တိုင်များအဖြစ်သို့ ရောက်မှန်းမသိ၊ ရောက်လာခဲ့ရ၏။ ကူဋဒန္တပုဏ္ဏား၏ တပည့်များနည်းတူ တတ်သိနားလည်သူတို့လည်း အာဏာရှိပုဂ္ဂိုလ်များကို ကိုယ်က မချဉ်းကပ်သင့်၊ သူတို့ကသာ ချဉ်းကပ်သင့်သည်ဟု အမျိုးမျိုး ပြောဆိုခဲ့ကြပါသည်။

ကူဋဒန္တချဉ်းကပ်သည်မှာ ဗုဒ္ဓမြတ်စွာဖြစ်၍ တပည့်ပုဏ္ဏားတို့အတွက် သိက္ခာကျစရာအကြောင်းမရှိ။ ဂုဏ်ငယ်စရာအကြောင်းမရှိ။ ဂုဏ်တက်ဖို့ရာသာ ဖြစ်ပါသည်။ လက်ရှိစာရေးသူတို့ ရဟန်းငယ်များ ကြုံတွေ့နေရသည်မှာကား အရှက်ရဖွယ် ဖြစ်၏။ ဘာသာခြားတို့၏အကြားတွင် မျက်နှာငယ်စရာ ဖြစ်၏။ `ဦးဇင်းတို့ရဲ့ သံဃာ့ထိပ်ခေါင်၊ သံဃာ့ထိပ်သီးကြီးများက အာဏာရှင်တို့အလိုကျ လုပ်ဆောင်ပေးနေကြတယ်နော်၊ ဘယ်လို ဖြစ်တာလဲ´။ ဒီစကားတွေက ပလူပျံနေ၏။ သမိုင်းတွင် ဗုဒ္ဓဘာသာ၏ အရှက်ရစရာခေတ်တစ်ခု ကျရောက်ခဲ့လေပြီဟု တွေးရင်း ရင်ထဲမှာ ခံစားနေရပါသည်။

ကူဋဒန္တပုဏ္ဏားသည် ပညာရှိပီပီ တပည့်ပုဏ္ဏားတို့အား ဤစကားကို ဆို၏ - ''အချင်းတို့ သို့ဖြစ်လျှင် ငါ၏စကားကိုလည်း နားထောင်ကြပါဦး၊ ငါတို့သည်သာ ထိုအသျှင်ဂေါတမကိုဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏၊ ထိုအသျှင်ဂေါတမကား ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှကောင်းသောဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များပြားသော ဆွေမျိုးအပေါင်းကို ပယ်စွန့်၍ရဟန်းပြုခဲ့၏။ ရဟန်းဂေါတမသည် များစွာသော ရွှေငွေကို ပယ်စွန့်၍ ရဟန်းပြုခဲ့၏။ အရွယ်ကောင်းချိန်မှာ အားလုံးကို စွန့်ပစ်၍ တောထွက်ခဲ့၏။ အမိအဖတို့ မလိုလားကုန်၍ မျက်ရည်ရွှဲစို ငိုယိုကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့၏။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။ မြတ်သော သီလရှိ၏၊ ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ များစွာသော သူတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏။ ကာမဂုဏ်၌ တပ်မက်ခြင်း ကုန်ခန်းပြီးဖြစ်၏၊ လျှပ်ပေါ်ခြင်း ကင်း၏။ ကံကို ယုံကြည်သော ဝါဒရှိ၏၊ အကြောင်းကို ယုံကြည်သော ဝါဒရှိ၏၊ ပုဏ္ဏားပရိသတ်၏ ကောင်းကျိုးကိုသာလျှင် ရှေးရှု၏။ မြင့်မြတ်သော အမျိုးမှရဟန်းပြု၏။ တိုင်းနိုင်ငံ တစ်ပါးသော ဇနပုဒ်တို့မှ လူတို့သည် ပြဿနာမေးအံ့သောငှါ ရဟန်းဂေါတမထံသို့ လာကုန်၏။ ရဟန်းဂေါတမကို ထောင်ပေါင်းများစွာသော နတ်တို့သည် အသက်နှင်း၍ ကိုးကွယ်ကုန်၏။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမ၏ ဂုဏ်တော် (၉)ပါးဟူသော ကျော်စောသတင်းသည် ပျံ့နှံ့၍ထွက်၏။ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်လက္ခဏာတို့နှင့်ပြည့်စုံ၏။ ရဟန်းဂေါတမသည် ''လာလော့၊ ကောင်းသော လာခြင်းတည်း''ဟုဆိုလေ့ရှိ၏၊ နူးညံ့သော စကားရှိ၏၊ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တတ်၏၊ ရွှင်လန်းသော မျက်နှာရှိ၏၊ ပေါ့ပါးသော နှုတ်ရှိ၏၊ ရှေးဦးစွာ ဆိုလေ့ရှိ၏။ ရဟန်းဂေါတမကို ပရိသတ်လေးပါးတို့သည် အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ရဟန်းဂေါတမရောက်ရှိရာ ရွာနိဂုံး၌ လူတို့ကို ဘီလူးတို့သည် မညှဉ်းဆဲကုန်။

အချင်းတို့ စင်စစ်သော်ကား သံဃာနှင့် ပြည့်စုံသော ဂိုဏ်းနှင့်လည်း ပြည့်စုံသော ဂိုဏ်းဆရာလည်းဖြစ်သော ရဟန်းဂေါတမကို အယူဝါဒ တည်ထောင်သူတို့တွင် အမြတ်ဆုံးဟု ဆိုအပ်၏၊ အချင်းတို့အကြောင်းမူကား ရဟန်းဂေါတမ၏ ကျော်စောခြင်းသည် ထိုအယူဝါဒတည်ထောင်သူ သမဏဗြဟ္မဏတို့၏ ကျော်စောခြင်းကဲ့သို့ ထိုထို ဤဤ အကြောင်းဖြင့် ဖြစ်ပေါ်သည်မဟုတ်၊ အမှန်အားဖြင့်ဆိုလျှင် အတုမရှိသော အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံခြင်းကြောင့်သာလျှင် ဖြစ်ပေါ်၏။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို သေနိယမည်သော မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်း၊ ပသေနဒီကောသလမင်း၊ ပေါက္ခရသာတိပုဏ္ဏားစသော မင်းပညာရှိ၊ ပုဏ္ဏာပညာရှိတို့သည် သားမယား ပရိသတ် အမတ်တို့နှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် စမ္ပာမြို့သို့ ရောက်လာတော်မူ၍ ဂဂ္ဂရာမည်သောရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ အချင်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် ငါတို့၏ မြို့ရွာနယ်ပယ်သို့ လာကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဧည့်သည်များ ဖြစ်ကုန်၏၊ ဧည့်သည်တို့ကို ငါတို့သည် အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ အချင်းတို့ ရဟန်းဂေါတမသည်ငါတို့၏ ဧည့်သည်တော် ဖြစ်ပေ၏၊ ဧည့်သည်တော်ကို ငါတို့သည် အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ ဤအကြောင်းကြောင့်လည်း ထိုရဟန်းဂေါတမသည် ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ် ထိုက်ပါကုန်၏။ (ဧည့်သည်ကို သွားရောက်တွေ့ဆုံရဖို့သည် အိမ်ရှင်တို့၏ တာဝန်ဖြစ်၏)။

အချင်းတို့ ငါသည် ထိုအသျှင်ဂေါတမ၏ ဤမျှလောက်သော ဂုဏ်တို့ကိုသာ သိ၏၊ ထိုအသျှင်ဂေါတမသည်ကား ဤမျှလောက်သော ဂုဏ်တို့နှင့်သာ ပြည့်စုံသည် မဟုတ်ပေ၊ အမှန်အားဖြင့်သော်ကား ထိုအသျှင်ဂေါတမသည် အတိုင်းမသိသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူပါပေ၏''ဟု ဆို၏။

ထိုပုဏ္ဏားတို့သည် သောဏဒဏ္ဍပုဏ္ဏားအား ဤသို့ ပြန်ကြားပြောဆိုကုန်၏- အခုပြောသွားသော အရှင့်၏ စကားအတိုင်းဆိုလျှင် ထိုအသျှင်ဂေါတမသည် ဤမှ ယူဇနာတစ်ရာ (မိုင်ပေါင်း ၁၂၀၀-ခန့်)ဝေးကွာသောအရပ်၌ နေစေကာမူ သဒ္ဓါတရားရှိသောအမျိုးသားသည် ရိက္ခာထုပ်ဆောင်၍သော်လည်း ဖူးမြော်ရန် ချဉ်းကပ်သင့်သည်သာတည်း၊ သို့ဖြစ်၍ အကျွန်ုပ်တို့ အားလုံးပင် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါကုန်အံ့''ဟုပြောကြားပြောဆိုကုန်၏။

ကူဋဒန္တပုဏ္ဏားသည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) မြတ်စွာဘုရားထံသို့ သွားပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်၏။

ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသား အချို့တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည်တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏ - ''အသျှင်ဂေါတမ 'ရဟန်းဂေါတမသည်သုံးပါးသော စိတ်ထားနှင့်တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ကို သိတော်မူ၏'ဟု အကျွန်ုပ် ကြားဖူးပါ၏၊ အကျွန်ုပ်သည်ကား ထိုယဇ်ကို မသိပါ၊ အကျွန်ုပ်သည် ယဇ်ကြီး ပူဇော်ရန်လည်း အလိုရှိပါ၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ထိုယဇ်ကို အကျွန်ုပ်အား ဟောတော်မူပါ''ဟု လျှောက်၏။

ဗုဒ္ဓမြတ်စွာသည် အတိတ်ဇာတ်ကြောင်းဖြင့် ရှင်းပြတော်မူခဲ့သည်။ ယင်းအတိတ်ဇာတ်ကြောင်းသည် ဗုဒ္ဓမြတ်စွာ ပါရမီဖြည့်စဉ်ဘ၀တစ်ခုတွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ဗုဒ္ဓမြတ်စွာသည် ကူဋကန္တပုဏ္ဏား၏အမေးကို တိုက်ရိုက်မဖြေဘဲ ဇာတ်လမ်းထုတ်၍ ရှင်းပြခဲ့ခြင်းဖြစ်သည်။ `စိတ်ထား (၁၆)ပါးဟူသည် ဤအချက်တို့ ဖြစ်၏´ဟု ရှင်းပြလိုက်လျှင် ပြီးပြီ။ သို့ရာတွင် ၀တ္ထုဇာတ်ကြောင်းထုတ်ပြီး ရှင်းပြတော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာအနေဖြင့် အဘယ်ကြောင့် ဇာတ်လမ်းရှည်ကြီးတစ်ခုဖြင့် ရှင်းပြလေသနည်း။ ဤမေးခွန်းမှာ အတိတ်ဇာတ်လမ်းကို ဆုံးအောင်ဖတ်ရှုလိုက်လျှင် အဖြေထွက်သွားမည်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်...

Read more...

ညအတွေး

ဆေးလိမ်းထားသော သားရေလက်အိတ်ကို ချွတ်၍ အမှိုက်ပုံး အ၀ါလေးထဲ ထည့်လိုက်သည်။ သူလုပ်သမျှကို မျက်လုံးအပြူးသားနှင့် ကြည့်နေရှာတော်မူသော ကိုရင်ငယ်ငယ်ကလေးကို ပြန်ကြွလို့ရပါပြီဘုရားဟု ပြုံးပြီးလျှောက်သည်။ ကိုရင်ကလေးက ကျန်းမာချမ်းသာပါစေ ဒကာကြီးဟု မေတ္တာပို့ပြီး အပြေးကလေး ကြွသွားသည်။ အထူးကိုသာ ကုသင့်သော သူ့ကို လူကြီးများက ဆေးလိမ်းရသည့် မာသာထရီဇာ အလုပ်မျိုး မလုပ်စေချင်။ အအေးခံအခန်းထဲတွင် စာရေးရသော နားကြပ်ထောက် ဆရာဝန် အလုပ်သက်သက်ကိုသာ လုပ်စေလိုသည်။ အနာဆေးလိမ်း ဆေးထည့်ရသည့် အလုပ်နှင့် သူနှင့် လားလားမှ မအပ်ဟု ယူဆနေကြသည်။

သူကတော့ ဂိလာနသံဃာများကို ကိုယ်တိုင်ထိတွေ့၍ သူနာပြုရသော အရသာကို ကောင်းကောင်း နားလည်သည်။ အခန်းထဲတွင် ဘောပင်နှင့် နားကြပ်နှင့် စာအုပ်နှင့် ကုရသော ဆရာဝန်အလုပ်ကိုလည်း မဖြစ်မနေလုပ်ပါသည်။ သို့သော် လူနာရှင်းသည်နှင့် တပြိုင်နက် ဆေးလိမ်းသည့် အခန်းသို့လာကာ သူနာပြုစုရသည်ကို ပိုမိုပီတိဖြစ်သည်။

ကိုက်ခဲနေသော ခါးဆစ်နေရာကို သူ့ဘယ်လက်နှင့် နှိပ်နယ်ရင်း ခါးကို လှည့်ကာ အညောင်းဖြေရသည်။ ဦးပေါင်းကျားနှင့် မြင်းကျားရှင်ဆိုသူ ၏ "ငါမအိုသေး" ဟူသော ကြွေးကြော်သံကို တွေးပြီး ထပ်ပြုံးမိသည်။ မိမိသည်ကား အိုလို့နေပါပကော။ အိုရုံတင်မက နာလို့ပင်နေပြီ။ သြော်... လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်လောက်ကနှင့် မတူတာတော့ အမှန်။ အိုမင်းလာလျှင် မစွမ်းတော့ဟု ဆိုကြသည်။ မိမိသည်ကော စွမ်းသေးပါသလား။ သို့မဟုတ် စွမ်းခဲ့သည်ဟု ယူဆစရာကော ရှိခဲ့ပါသလား။ စွမ်းသည့်အရာများကို စွမ်းခဲ့၍ မစွမ်းသည့်အရာများကို မစွမ်းနိုင်ခဲ့။ မစွမ်းသင့်သည့်အရာများကို စွမ်းနိုင်အောင် မလုပ်ခဲ့သဖြင့် မစွမ်းခဲ့ခြင်းကတမျိုး ရှိသော်လည်း စွမ်းသည့်သင့်အရာများကို ကြိုးစားလျက် မစွမ်းခဲ့တာတွေလည်း ရှိသည်။ စွမ်းသင့်သည်၊ မစွမ်းသင့်သည် မထင်ရှားသော ကိစ္စများအတွက်ကကော။ ဤကား ပုစ္ဆာ။ သူ့အတွက်တော့ ထာဝရပုစ္ဆာ။

သူကတွေးတတ်သူပီပီ စွမ်းခဲ့ခြင်းကို ဆက်တွေးပြန်သည်။ သူ့တစ်သက်မှာ ဆေးတစ်ဖုံကိုသာ ဖော်ခဲ့ဖူးသည်ဟု အမှတ်အသားပြုထားသည်။ အရေပြားနှင့် သက်ဆိုင်သော မွှေးပျံ့ညင်သာသည့် ဆေးတစ်ဖုံ။ သူလူငယ်ဘ၀တုန်းက အရေပြားဆေးတွေက အနံ့ပြင်း ပူလောင်သည်။ သူက မွှေးပျံ့ညင်သာသည့် ဆေးတစ်ဖုံကို စပ်လိုက်နိုင်သည်။ ဒါကိုပဲ တကယ်စွမ်းခဲ့သည်ဟု သူ့ကိုယ်သူ အသိအမှတ်ပြုသည်။ ကျန်တာတွေကတော့ သမားရိုးကျသာ။ သူ့ဘ၀သည် အသိကပေးသော ဘ၀သက်သက် ဖြစ်သည်။ ဆင်ခြင်တုံတရားသက်သက်ဖြင့် တည်ဆောက်ထားသော ဘ၀ဖြစ်၏။ သို့ဖြစ်၍ သူ့ကိုယ်သူ ကံကောင်းသူဟူ၍ တစ်သက်လုံး မမှတ်ယူခဲ့သော်ငြား ချမ်းသာ၏။ လွန်စွာချမ်းသာ၏။

အပြင်မှာ မှောင်ရိပ်သန်းလာပြီ။ ညကိုးနာရီမှာ ဆေးရုံဝန်ထမ်းများ ဆရာဝန်များနှင့် ဆေးရုံတွင်း သုတေသန ကိစ္စစည်းဝေး တိုင်ပင်ရဖို့ရှိသေးသည်။ သူ့ဘ၀ ကျေးဇူးရှင် အဘအေး လက်ဆောင်ပေးထားသော ချယ်ရီသား တုတ်ကောက်ကို လှမ်းယူလိုက်သည်။ သူက အဲသည်တုတ်ကောက်ကို "အေးချယ်ရီ"ဟု ခေါ်သည်။ အဘအေးကား အသက် ကိုးဆယ်အထိ တုတ်ကောက် မလိုခဲ့။ သူကတော့ အသက်ကလေး လေးဆယ်ကျော်ရုံနှင့် တုတ်ကောက်ဆောင်နေရပြီ။ ရှည်ကိုင်းကိုင်း ကိုယ်ခန္ဓာကို အနွေးအကျီင်္ စွပ်ပေးလိုက်ပြီး ဆိတ်ငြိမ်လွန်းသော သူ့အိမ်ဆီ ခပ်အေးအေးလျှောက်လာသည်။ ခါးရိုးဆစ် ရောဂါကြောင့် ခပ်အေးအေးပဲ လျှောက်လို့ရသည် ဟု ပြောလျှင်လည်း မှန်သည်။ အေးအေးလျှောက်တာကိုပဲ သူကြိုက်ပါသည်။

လမ်းကတော့ ကောင်းကောင်း မှောင်နေပြီ။ မှောင်နေသည်ဆိုတာက အမှောင်ချခိုင်းထားလို့ ဖြစ်၏။ ဇီဝိတဆေးရုံနှင့် သူ့အိမ်ကြား ကိုက်၂၀၀ ခန့်အကွာအဝေး တစ်လျှောက်လုံးကို မီးမှိန်မှိန်သာ ထွန်းခိုင်းသည်။ သူ့အိမ်ပတ်ဝန်းကျင်မှာတော့ ည၏ သဘာဝကို အရှိအတိုင်းသာ ထားစေသည်။ လျှပ်မီး၏ အလင်းဆိုသည်က လုံခြုံမှု ၊ အလုပ်ဖြစ်မှုအတွက် သုံးတာ။ သူ့အတွက် လုံခြုံမှုသည် မလို။ သူ့ဘ၀သည် လုံခြုံပြီးသား။ အနည်းဆုံး မလုံခြုံခဲ့လျှင်တောင် သူ့မှာ ဘာမှမရှိ။ အနည်းငယ်ဖြစ်ဖြစ် ပူမည့်သူသည်ပင်လျှင် မရှိ။ မရှိကြတော့သည်မဟုတ်။ အစကတည်းကိုက မရှိခဲ့ခြင်းသာ။ ရှိခဲ့သည်ဟုဆိုရလျှင် မိခင်နှင့်တူသော တစ်ယောက်ကိုသာ ပြန်ပြောင်း လွမ်းမောဖွယ်ရှိမည်။ သို့ရာတွင် လွမ်းမောသင့်သလား မလွမ်းသင့်သလားရယ်ကို သူမသိ။ အင်းခုတော့ အဲသည်တစ်ဦး သည်လည်း မရှိ။ မရှိလေတော့။

လမ်းသည် မှောင်သည်ဆိုသော်လည်း ကြယ်ရောင် ရှိသေးသည်။ မီးမှိန်မှိန် ကြိုကြားကြိုကြား ရှိ၏။ ကြယ်ရောင်ဖြင့်ပင် စိန်ပန်းပြာတွေရှိသည့် နေရာကို မှန်းဆနိုင်သည်။ သူ့ညာဘက် တစ်လျှောက်လုံးမှ စိမ်းလဲ့ကန်သာကို လဲ့ကြည်စွာပင် မြင်သွား ခံစားသွား၍ ရသေးသည်။ ကန်ရေက ပြာပြာ။ လမ်း၏ မြေသားက နီနီ။ ညက ညိုညို။ ဤသည်ကား ရေနံ့သာစိုးလှိုင်တို့ တက္ကသိုလ်ဘုန်းနိုင်တို့ စွဲလန်းဖူးသော ည၏စိတ္တဇအလှတည်း။

လှပသောညကို အိပ်စက်ခြင်း ဖြင့် အဘယ်ကြောင့် ဖြုန်းတီးပစ်မည်နည်းဟု ဆရာကိုဘုန်းနိုင်တို့က အတွေးဝင်သည်။ ဒါဖြင့် သူ့အတွက်ကကော။ သူကတော့ ညကိုငေးသည့်အခါငေး၍ အိပ်ရမည့်အချိန်တွင်တော့ ရအောင်အိပ်ပစ်ခဲ့သည်။ သူ့အတွက် ည၏ရင်ခွင်မှာ အိပ်စက်ရတာ အဓိပ္ပါယ်ရှိလွန်းပါသည်။ သို့ရာတွင် သူကြားဖူးထားတာ ရှိသည်။ သူသည် ဗဟုသုတ စုံလင်ခဲ့ဖူးသည်။ ဥပမာအားဖြင့် ဒီလိုညမှာ အပယ်ခံရမည့် ကဗျာအပိုင်းအစ တစ်ခု ကို မမမေအတွက် ကိုလွမ်းနောင်က ရွတ်ပြခဲ့သည်ဟု ကြားဖူးသည်။ သို့မဟုတ် ကရင်မလေး "နော်" က မောင်အတွက် ရွတ်ခဲ့ဖူးသည်ဟု ကြားဖူးသည်။

"...စရိုက်တူတယ် ဟိုတုန်းမယ်တော့
မောင်ရယ်နော်ရယ်
လယ်ကွင်းရယ်နဲ့..."

စိန်ပန်းပြာ အပင်ကို လက်နဲ့တို့စမ်းမိတော့ သူသည် ပုရှကင်၏ ခေါင်းစဉ်မဲ့ကဗျာတစ်ပုဒ် ကိုဖျပ်ကနဲ သတိရသည်။

ဆူဆူညံညံလမ်းမှာလှမ်းလျှောက်ရင်းဖြစ်ဖြစ်
လူစုလူဝေးနဲ့ဘုရားကျောင်းထဲလှမ်းဝင်ရင်းပဲဖြစ်ဖြစ်
သို့တည်းမဟုတ်
်ကြမ်းရိုင်းတဲ့မျိုးဆက်သစ်တွေကြား
ကျောက်ချထိုင်နေရင်းပဲဖြစ်ဖြစ်
အတွေးတွေကို ကျွန်ုပ်ဖြန့်ချခွင့်ပြုတယ်။

ကိုယ့်ကိုယ်ကို ပြန်ပြောတယ်
အများကြီးရှိပုံပေါ်တဲ့နှစ်ကာလတွေဟာ
ကုန်ကုန်သွားတယ်နော်လို့..
အားလုံးဟာထာဝရဗိမာန်ကို သွားကြရလိမ့်မယ်
လူတစ်ဦးအတွက်တော့အဲဒီအချိန်ဟာ
လက်တကမ်းမယ်ဖြစ်တယ်။

အထီးကျန်ဝက်သစ်ချပင်ကိုကြည့်တယ်
ိပျိုးထောင်သူအကြောင်းကိုတွေးတယ်
ဝက်သစ်ချဟာ
ငါမေ့ပျောက်ခံရမဲ့ကာလအထိ
ရှင်သန်နေလိမ့်ဦးမယ်
ငါ့အဘိုးတောင်မေ့ပျောက်ခံခဲ့ရတဲ့ကာလ
သူကအဲဒီကတည်းကနေခုထိ
ဖြစ်တည်ခဲ့တာ။

ကလေးငယ်ကိုမြင်တိုင်း
ကြိုဆိုမှုအတွေးကိုငါတွေးလေ့ရှိတယ်
"ငါ့နေရာတွေမင်းကိုလွှဲအပ်မကွဲ့
မင်းဘ၀ပွင့်အာလာတာနဲ့
ငါပျောက်ကွယ်ပေးမကွဲ့။"

နေ့တိုင်းနာရီတိုင်းမှာ
အတွေးတွေနောက်ကိုပဲလိုက်နေမိတယ်
သေမင်းကိုခေါ်လာမဲ့
နာရီကာလကိုမှန်းရင်းဆရင်းပေါ့။

ကံကြမ္မာက
သေမင်းကိုဘယ်နေရာမှာလာပေးမလဲ
စစ်ပွဲဝယ်လား
ခရီးလမ်းမယ်လား
ပင်လယ်ထဲဝယ်လား
ဒါမှမဟုတ်အိမ်နားကတောင်ကြားကပဲ
ငါ့ဖျော့ဖြူအေးစက်မှုတွေကို စုပ်ယူပေးမလား။

အသိမဲ့ခန္ဓာ
ဘယ်နားချထားထားမကွဲပြားတော့မဲ့ငါ့ခန္ဓာကိုယ်ကို
ငါ့တိုင်းပြည်နဲ့နီးနီးမှာ
အနားယူစေချင်မိတယ်။

ထားပါတော့လေ
ငါ့အုတ်ဂူနံဘေးမှာ
ဘ၀ပျိုတစ်ခုသာ
ထာဝရမြူးထူးနေပါစေ..
တစ်ပိုင်းတစ်စမဟုတ်တဲ့
မခြားမနားတဲ့
သဘာဝတရားဟာ
လှခြင်းတွေနဲ့
ထာဝရတောက်ထွန်းနေတော့မှာဖြစ်တယ်။

ကြိုဆိုမှုအတွေးနဲ့ ၀က်သစ်ချပင်အတွေး။ အိမ်နားက တောင်ကြားထဲမှာပဲလား။ ဆရာပူရှကင် .. အသင် တည်ငြိမ်လွန်းသည် မှာ အတုယူအားကျဖွယ်။ အကျွန်ုပ်သည်ကကော။ မြင်နေရတဲ့ ပြာလဲ့လဲ့ကန်ပြင်ဘေးမှာ လဲလျောင်းရင်းနဲ့များလား။ မသိပါ။ ဘယ်သူကမှလည်း မပြောပြပေးနိုင်ပါ။ ဒါဖြင့် ဆန္ဒကကော။ ဆန္ဒကိုတော့ ကဗျာမဖွဲ့ချင်တော့။ ဆန္ဒဟူသည် သူ့အတွက် ကဗျာဖွဲ့အပ်သော စိတ္တဇနယ်ပယ်အထိ အရာမရောက်ခဲ့။ သူ့အတွက် ဆန္ဒဟူသည် ရင်ထဲတွင် သိမ်းထားပြီး လက်တွေ့လုပ်ဆောင်ရမည့် ကဗျာမဆန်သော လမ်းပြကြယ်သက်သက် သာလျှင် ဖြစ်ပေတော့၏။

သူ၏ ဘ၀သည် စကားတစ်ခွန်းသာ ဖြစ်သည်။ အဲသည် စကားသည် သူ့အတွက်တော့ ထာဝရ အဖော်ပြုပေးတတ်သည့် အေးချယ်ရီ တုတ်ကောက် သို့နှယ်။ သို့ရာတွင် ညကိုစွဲလန်းသည့် သူ၏ ဥပါဒါန်ကိုသာ အတည်ထားပြီးယူဆလျှင် သူထိန်းသော သစ္စာသည် ပါရမီစင်စစ် တကယ်ပင် ထိုက်မထိုက် တွေးဖွယ် ရှိတော့သည်။ ညသည် ငြိမ်သက်စွာ အနားယူ အိပ်စက်ဖို့ ဖြစ်သည်။ တဖန် ညသည် သူ့အတွက် အိပ်မက်ဖို့ ဖြစ်နေရပြန်သည်။ တဆက်တည်းတွင် ညကမက်သော အိပ်မက် သည် နေ့ခင်းဘ၀၏ မြေပုံတစ်ချပ် ဖြစ်နေခဲ့ပါသည်။ ဒီလိုပဲစခန်းသွားခဲ့သည်။

ကားမီးရောင်က သူ့နောက်ကျောကို ထိုးလာသဖြင့် နောက်လှည့်မကြည့်ဘဲ လမ်းတစ်ဖက်သို့ ကပ်ပေးလိုက်သည်။ ကားသည် သူ့ကိုကျော်တက်မသွား။ တစ်ဘီးချင်း လှိမ့်ကာ လိုက်လာနေသည်။ မေးစရာများ ရှိနေရော့သလား။ သူလမ်းလျှောက်ရာမှ ခြေစုံရပ်ကာ မျက်နှာကို မီးရောင်ဘက် လှည့်လိုက်သည်။ မီးရောင်က သူ့မျက်မှန်ကို ထိုးမိပြီး အလင်းပြန်သွားတာကို သတိထားလိုက်မိသည်။ အဲသည် အလင်းရောင်က ကန်ရေစပ်က မြက်ပင်တစ်ချို့ပေါ် ဖြတ်ပြေးသွား၏။ ကြယ်ရောင်တချို့နှင့် ကောင်းကင်ပြင်က ကန်ရေပြင်ထဲ ခုန်ဆင်းနေတာ ထပ်မံ သတိပြုမိပြန်သည်။ ကားပေါ်မှ လူတစ်ဦး ဆင်းလာပြီး ခပ်သုတ်သုတ် လှမ်းလာသည်။ အမှောင်ကြောင့် သူငယ်အိမ်ကျယ်နေရာမှ ထိန်လွန်းသော မီးရောင်ကြောင့် ကမန်းကတမ်း ကျဉ်းသွားရသဖြင့်ေ၀၀ါးနေသည်။

နွဲ့သောကိုယ်ဟန်နှင့် ရှည်သောဆံပင်ကိုတွေ့သည်။ ကြည်လဲ့သော ကရုဏာသံကို ကြားရသည်။

"ကိုလွမ်းဝေ"

တုတ်ကောက်ကို တင်းကြပ်စွာဆုပ်ကိုင်ရင်း တဒိုင်းဒိုင်းခုန်လာသော ရင်ဘတ်ကို ထောက်ထားလိုက်သည်။ ချွေးစေးတွေ ထွက်လာသောလက်နှင့် ပွသောဆံပင်ကို သူ့ဘာသာ သပ်တင်သည်။ ဆံပင်တွေပွနေသည်ဟု အပြောမခံလိုပါ။

နှစ်ဆယ့်ငါး နှစ်။ ကုန်လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်။ မဆုံဖြစ်ခဲ့သော နှစ်ဆယ့်ငါးနှစ်။ အနည်းငယ် ပြည့်ဖြိုးလာပြီဖြစ်သော မမနွယ်သည် သူ၏ ကရုဏာသံကိုမူ ပိုင်နိုင်စွာ ထိန်းကာ သူ့ဇာတ်လမ်းကို သီနိုင်ဆဲ...။

"ကျွန်တော့်အိမ်ထဲမှာလည်း ဂီတကိုဖန်တီးနိုင်တဲ့ တူရိယာတွေ ရှိပါတယ်။ ဒါပေမဲ့ ဟောဟိုက ကြယ်ရိပ်ထိုးနေတဲ့ ကန်ဘောင်မှာ ညရဲ့သဘာဝဂီတကို ခံစားတာက ပိုသင့်လျော်လိမ့်မယ်ထင်တယ် နွယ် ရယ် "



မှတ်ချက်။ ။စိတ်ကူးယဉ်စစ်စစ်။


Read more...

*ပန်းပန်လျက်သာ ရုန်းကန်ပါ*

ကာမဘုံကို ရောက်လာတဲ့ လောကီ လူသားများ အနေနဲ့ ဘ၀တိုက်ပွဲကို ရုန်းကြ ကန်ကြရာမှာ ရှုံးတစ်ခါ နိုင်တစ်လှည့်၊ မြုပ်တစ်ခါ ပေါ်တစ်လှည့် ကြုံကြရတာပါပဲ။ လူသားပီပီ၊ ပုထုဇဉ်ပီပီ အောင်မြင်တဲ့ အခါ ပြုံးပျော်ပြီး ကျရှုံးတဲ့ အခါမှာတော့ စိတ်ဓါတ် ပျက်တဲ့ လူတွေက အများသား။

ဒီလို စိတ်ဓါတ်လေးတွေ ကျသွားတဲ့ အခါမျိုးမှာ အားဆေးတစ်လက် အနေနဲ့ ဓမ္မ မောင်နှမတို့ သောက်သုံး ဖတ်ရှုနိုင်ဖို့ ကျွန်တော် ဖတ်မိတဲ့ ကဗျာလေး တွေထဲက နှစ်သက်လှတဲ့ ကဗျာ နှစ်ပုဒ်ကို ရေးသား တင်ပြ ပေးလိုက်ပါတယ်။ လူသားတွေ စိတ်ဓါတ် ကျတဲ့ အခါမှာ အားမာန် ကြွစေတဲ့ ကဗျာလေး တွေပါ။ တရားအားထုတ် အလုပ်လုပ်နေ သူများ အတွက်လည်း ယူတတ်ရင် အကျုံးဝင် အသုံးတည့်လှ ပါတယ်။ သိပြီးသား လေးတွေ ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့်လည်း မေ့နေသူများ၊ ပြန်လည် ဖတ်ရှုလိုသူများ အတွက် ရည်ရွယ် လိုက်ပါတယ်။

+++++++++++++++++++

*ပန်းပန်လျက်ပဲ*

ညိုပြာပြာ လတာပြင် ခြေရင်း။
လှိုင်းတက်ရ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ့ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
မဗေဒါက တစ်ပင်ထဲ(တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။

ဇော်ဂျီ

++++++++++

*အမည်မသိ ကဗျာ*

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများ ကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။

အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည်း
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ပူသောအေးသော နုသောကြမ်းသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။ ။

အေးငွေ

===========================

လေးစားစွာဖြင့်
ဖိုးသား

5/24/2009, SUN:, 6:00:53 PM



Read more...

အရှင်တိက္ခဉာဏာလင်္ကာရ (သို့မဟုတ်) ထွန်းတောက်သောအလင်းနိမိတ်

-သာသနာ့ အာဇာနည်တစ်ဦး
မမြင်ဘူး၊ မတွေ့ဘူး၊ မဖူးမျှော်ဘူးခဲ့ပါ---။

-ဤအရှင်မြတ်ရဲ့စေတနာ…ဒါပေမဲ့မြင်သာနေတယ်။
-ဤအရှင်မြတ်ရဲ့ မေတ္တာ…..ဒါပေမဲ့သိသာနေတယ်..။
-ဤအရှင်မြတ်၏စရဏ……ဒါပေမဲ့- မှန်းဆကြည်ညိုနေမိတယ်။
-ဤအရှင်မြတ်၏ ခံယူချက်(ရိုးသာမှုသာ၊ချစ်စရာ)….နှစ်သက်လေးစားမိနေတယ်။
-ဤအရှင်မြတ်၏ ရဲရင့်ခြင်း၊ ကြောက်ရွံခြင်းပယ်ရှား၊ ဗုဒ္ဓသားတော် ပီပြင်တယ်။
-ဤအရှင်မြတ်ရဲ့ တည်ကြည်မှု၊ ခံ့ညားမှုတွေရှိနေတယ်။

-ကိုယ်တွေ့ စစ်စစ်၊ အနှစ်သာရအမှန် ဘာဝနာမယဉာဏ်ဖြင့်
အလင်းများသယ်ဆောင်၊အမှောင်တစ်ချို့လင်းစေတယ်။
ဉာဏ်ရောင်တစ်ချို့လက်စေတယ်။

-ဤအရှင်မြတ်၏တရား၊နှလုံးသားထဲ မှ အသံလှိုင်းတွေ--
လေထဲမှာစီးဆင်း ၊ရင်နှီးကျွမ်းဝင်။ ဦးတင်ကိုးစား၊တန်ဘိုးထားခဲ့ဘူးပါတယ်။

-သာသနာမထွန်းသစ်ဘူးရယ်လို့
ပစ္စန္တရာဇ်ခံစားမှု၊သက်သာမှုလည်းရခဲ့ဘူးတယ်။

-ဤအရှင်၏မွေးနေ့ အချိန်၊၃၁ကြိမ် ပြည့်မြောက်၊မကြာခင်ကျရောက်တော့မယ်။

-မွေးနေ့ဟုဆိုပါလျင်
မိခင်နွယ်ဖွား မိန်းမသားတစ်ဦးရဲ့ အနာကျင်ဆုံးဝေဒနာခံစားရတဲ့ နေ့တစ်နေ့…
အမေ့ အတွက် ပေါင်းစု၊ဂုဏ်ပြုရမဲ့ ဝိသေသ၊အခါသမယလည်းဖြစ်နေတယ်။

-အနာကျင်ဆုံးဝေဒနာ-----အမေတစ်ကာ----အမေများစွာထဲတွင် ....

-ဤအရှင်မြတ်၏မိခင်
သင်၏နာကျင်ခြင်း၊မြင့်မြတ်ခြင်းများပြည့်နှက်
လောကအတွက် လက်ဆောင် ၊ ဆောင်ယူခဲ့ခြင်း---ပေးဆက်ခြင်း---
အလင်းရောင် ထွန်းတောက်
အာဇာနည်သားတစ်ယောက်အတွက်၊
လေးနက် ညွတ်နူး ကျေးဇူး အထူးတင်ပါရစေ။

၂၇.၅.၂၀၀၉တွင်ကျရောက်မည့်-အရှင်တိက္ခဉာဏလင်္ကာရ (Yaw Community) ၏ (၃၁) နှစ်မြောက်မွေးနေ့ ကိုဂုဏ်ပြုလျက် အရှင်မြတ်၏ သာသနာပြုလုပ်ငန်းများ အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါသသည်။
သစ္စာအလင်း ရေးသားသည့် မွေးနေ့ပူဇာ စာကဗျာကို အားလုံးအတွက် ပြန်လည်မျှဝေပါသည်။ ။


Read more...

ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း (၂)


၂၀၀၉ ခု မေလ ၂၂ ရက် ညနေ ၆း၃၀ နာရီ တရားပွဲ

(၅)ရက် တရားစခန်း၏ ဒုတိယနေ့ ညနေ ၆း၃၀ နာရီ တရားပွဲတွင် ရွှေမင်းဝံဆရာတော်က မဟာသတိပဋ္ဌာနသုတ်လာ တရားကြေညာချက်ကို ရှင်းလင်း ဟောကြားခဲ့ပါသည်။

သတိပဋ္ဌာန်တရား အားထုတ်လျှင် ရရှိနိုင်သော အကျိုးတရားများကို မြတ်စွာဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ်တော်တွင် တရားကြေညာချက်အဖြစ် ဦးစွာ ဟောကြားတော်မူခဲ့ပါသည်။

တရားကြေညာချက် ပါဠိ

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ
သောက ပရိဒေဝါနံ သမတိက္ကမာယ
ဒုက္ခ ဒေါမနသာနံ အတ္ထင်္ဂမာယ
ဉာယဿ အဓိဂမာယ
နိဗ္ဗာနဿ သစ္ဆိကိရိယာယ
ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။


တရားကြေညာချက် အနက်

ရဟန်းတို့၊ လေးပါးကုန်သော စွဲမြဲသော အမှတ်ရမှု သတိစွဲမြဲမှု ဟူသော အကြင်သတိပဋ္ဌာန်တို့သည် ရှိကုန်၏။
စွဲမြဲသော အမှတ်ရမှု သတိစွဲမြဲမှု သတိပဋ္ဌာန်ဟူသော ဤအကျင့်လမ်းသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကအလောင်း အလုံးစုံသော သတ္တဝါအပေါင်းတို့၏ -
(၁) စိတ်အညစ်အကြေးမှ ကင်းဝေး စင်ကြယ်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၂) စိုးရိမ်ပူဆွေးခြင်း၊ (၃) ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၄) ကိုယ်ဆင်းရဲ (၅) စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်း ပျောက်ကွယ်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၆) အရိယမဂ်ကို ရခြင်းငှာ (၇) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။

(မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော “မဟာသတိပဋ္ဌာနသုတ်၊ ပါဌ်နိဿယ” စာအုပ်မှ)

+++++

ရှေးရှေး ဆရာတော်ကြီးများ ပညာရှိကြီးများက သတိပဋ္ဌာန်တရား ပွားများ အားထုတ်ခြင်းဖြင့် ရရှိနိုင်သည့် အခြားသော အကျိုး ၆ ပါးကိုလည်း ပြဆိုကြကြောင်း ဆရာတော်က ဗဟုသုတဖြစ်ဖွယ် ဟောကြား၏။

ညည်းညူမရှိ၊ သတိမမေ့
ချိန်နေ့သိပြန်
မျက်လှန်ကြောဆွဲ မရှိဘဲနှင့်
သေလည်း မတောင့်တင်း
ပုပ်နံ့ကင်းသည်
ကျိုးရင်း သတိပဋ္ဌာန်/ဝိပဿနာ တန်ခိုးတည်း။


(၁) ဝေဒနာကို သည်းခံနိုင်ခြင်း၊ ညည်းညူမှု မရှိခြင်း။
(၂) သတိမမေ့ခြင်း၊ သတိမြဲခြင်း။
(၃) သေရမည့်အချိန်ကို ကြိုတင် သိရှိနိုင်ခြင်း။
(၄) သေသည့်အခါ မျက်ဖြူလှန်မှု အကြောဆွဲမှု မရှိခြင်း။
(၅) သေပြီး ခန္ဓာကိုယ် တောင့်တင်းမှု မရှိခြင်း။
(၆) သေပြီး အပုပ်နံ့ မရှိခြင်း။

+++++

ရွှေမင်းဝံဆရာတော်သည် မဟာစည်ဆရာတော်ဘုရားကြီး၏ အနီးနေ တပည့်တစ်ဦး ဖြစ်ခဲ့ရာ မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ် ပဋိပတ်ဂုဏ်တို့နှင့် ပြည့်စုံပုံကို တရားများတွင် ထည့်သွင်း ဟောကြားလေ့ရှိပါသည်။

ဒုတိယနေ့ ညနေတရားတွင် မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော် ၂၈ နှစ် အရွယ်၌ တောထွက် တရားရှာမှီးခဲ့ပုံ၊ သထုံမြို့ မင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ ရောက်ရှိပုံ၊ မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းအနီး တောင်နှစ်ခုကြား ရှိုမြောင်ကြီးထဲတွင် တစ်ပါးတည်း တရားအားထုတ်ခဲ့ပုံများကို မှတ်သားဖွယ် ဟောကြားခဲ့ပါသည်။

တရားပွဲအပြီးတွင် ငါးမိနစ်တရားရှုမှတ်စေပြီး၊ မေတ္တာပို့ ကောင်းမှု ကုသိုလ်အမျှ ပေးဝေကြပါသည်။

Read more...

ထူးသည့်အဖြစ်ကို ပြုတတ်သော...

တရား ကိုးပါးစု ...

ထိုးထွင်း၍ သိနိုင်ခဲသော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။

ထူးသည့်အဖြစ်ကို ပြုတတ်သော တရားကိုးပါးတို့တည်း။

ဓာတ်ထူးခြင်းကို စွဲ၍ ဖဿထူးခြင်း ဖြစ်၏။
ဖဿထူးခြင်းကို စွဲ၍ ဝေဒနာထူးခြင်း ဖြစ်၏။
ဝေဒနာထူးခြင်းကို စွဲ၍ ကာမသညာ စသည် ထူးခြင်း ဖြစ်၏။
ကာမသညာ စသည် ထူးခြင်းကို စွဲ၍ အကြံထူးခြင်း ဖြစ်၏။
အကြံထူးခြင်းကို စွဲ၍ လိုချင်ခြင်း ဆန္ဒထူးခြင်း ဖြစ်၏။
လိုချင်ခြင်း ဆန္ဒထူးခြင်းကို စွဲ၍ ပူလောင်ခြင်းထူးခြင်း ဖြစ်၏။
ပူလောင်ခြင်းထူးခြင်းကို စွဲ၍ ရှာမှီးခြင်း ထူးခြင်း ဖြစ်၏။
ရှာမှီးခြင်း ထူးခြင်းကို စွဲ၍ ရခြင်းထူးခြင်း ဖြစ်၏။
ရခြင်းထူးခြင်းကို စွဲ၍ မှတ်ထင်မှု ထူးခြင်း ဖြစ်၏။

ဤကိုးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ဆ359

ဒသုတ္တရ၀ဂ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်။ တရား ကိုးပါးစု - မှ...

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

2007 ခုနှစ်၊ သင်္ကြန်တွင်း တရားစခန်း

၂၀၀၇ ခု၊ ဧပြီလ၊ သင်္ကြန်တွင်း တရားစခန်းတွင် ဟောကြားတော်မူသော တရားတော်များ


၀၁။ သုခ တရားတော်

၀၂။ ဗုဒ္ဓါနုဿတိပွားများခြင်း တရားတော်

၀၃။ ဒုက္ခ တရားတော်

၀၄။ သဒ္ဓါ တရားတော်

၀၅။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း တရားတော်

၀၆။ မေတ္တာ တရားတော်

၀၇။ အတ္တ တရားတော်

၀၈။ အာနာပါနရှုပွားနည်း တရားတော်

၀၉။ စိတ် တရားတော်

၁၀။ နိစ္စ တရားတော်

၁၁။ ၀ိပဿနာ ရှုပွားနည်း တရားတော်

၁၂။ တဏှာ တရားတော်

၁၃။ အရှုပ်တွေ လုပ်နေ တရားတော်

၁၄။ အာသဝေါတရား တရားတော်

၁၅။ မဂ္ဂင်ရှစ်ပါး တရားတော်

Read more...

သီလဆိုသည်မှာ... (တည်တောဆရာတော် (မေး+ဖြေ))


တည်တောဆရာတော် (မေး+ဖြေ) မှ...

သီလဆိုသည်မှာ...












Read more...

အထုပ်ပြင်

သေမင်းအစာ နင့်ခန္ဓာကို

တဏှာဘီလူး အမှောင့်ပူး၍

အရူးပြင်ပြင် နင့်ကိုယ်ထင်၏၊

နင်နှင့်မဆိုင် နင်ပိုင်မဟုတ်

နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို

နင့်ဉာဏ်မစူး အပေါ်ဖြူး၍

မူးမူးမေ့မေ့ အများလေ့ဖြင့်

နေ့ရက်အပုံ လွန်ခဲ့တုံပြီ၊

အာရုံဝတ္ထု မီးစာစုကို

မှုမှုရရ နင်အားကျလည်း

ဓားပြသေမင်း သူ့တပ်နင်းက

မငြင်းဆန်သာ နင့်ခန္ဓာသည်

ပြာပုံအပြီး ဖြစ်လုနီးပြီ၊

ရီးတီးရားတား သေ၍သွားလည်း

တရားမကြွယ် အထုပ်ငယ်လျက်

အပါယ်စခန်း သွားမြဲလမ်း၌

တပန်းဟိုက်ဟိုက် တရှိုက်ငင်ငင်

တငြင်ငြိုငြို ဆင်းရဲပိုလျက်

ထိုထိုဘ၀ အနန္တလျှင်

အစမဆုံး အများထုံးတည့်။

လယ်တီဆရာတော်ဘုရားကြီး၏ ကဗျာကို ပြန်လည်တင်ပြခြင်းသာ ဖြစ်ကြောင်းပါခင်ဗျာ။

အားလုံးသော သတ္တ၀ါတွေ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေ။


Read more...

*သည်းခံပါ ကိုယ့်လူ… သည်းခံပါ*


သည်းခံခြင်းတွင် နှစ်မျိုးရှိ၏။ အညံ့စား သည်းခံခြင်းနှင့် မြတ်သော သည်းခံခြင်း။ ဆဲရေး တိုင်းထွာခြင်း ရိုက်နှက် ပုတ်ခတ်ခြင်း ကို သည်းခံခြင်းသည် အညံ့စား သည်းခံခြင်း ဖြစ်၏။ သို့သော် ထို သည်းခံခြင်း မျှဖြင့်လည်း ကြီးပွားခြင်း၊ ရောဂါကင်းခြင်း၊ အသက်ရှည်ခြင်း၊ ချစ်ခင်သူ ပေါခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်ရခြင်း စသော အကျိုးများ အလွယ် တကူရသည်။ အချမ်း အပူကို သည်းခံခြင်း၊ အာရုံကို သည်းခံခြင်း၊ စိတ်၏ ဆာလောင်မှုကို သည်းခံခြင်းသည် မြတ်သော သည်းခံခြင်း ဖြစ်၏။ ထို သည်းခံခြင်းသည် သီလ သမာဓိ ပညာ ကို အကျိုး ပြုသည်။

သည်းခံခြင်း ဆိုသည်မှာ အပြော လွယ်သလောက် အလုပ် ခက်သည်။ လောကီ လူ့သဘော အရ အညံ့စား သည်းခံစရာ များကို သည်းခံရန် နည်းတော့ ရှိသည်။ မြတ်သော သည်းခံခြင်း အဆင့်ဖြစ်သည့် အချမ်းအပူကို သည်းခံခြင်း၊ အာရုံကို သည်းခံခြင်း၊ စိတ်၏ ဆာလောင်မှုကို သည်းခံခြင်း၊ ကျရှုံးမှုကို သည်းခံခြင်း၊ အခွင့်အရေး စောင့်ဆိုင်းရမှုကို သည်းခံခြင်းစသော သည်းခံခြင်း မျိုးကား မိမိစိတ်ကို မိမိ မည်မျှ အထိ ဆုံးမ နိုင်သနည်း အပေါ် မူတည်လေသည်။

သည်းခံနည်းများမှာ

1. စိတ်ဆိုး နေသူအပေါ် မေတ္တာ ပွားလိုက်ခြင်း ဖြစ်သည်။

2. ကိုယ့်ကို ဆဲရေး ပုတ်ခတ်သူကို ပြန်လည် ဆဲရေး ပုတ်ခတ်လျှင် ဘုရားဟော တရားကို မလိုက်နာသူဟု မိမိကိုယ်ကို အပြစ်တင် ဆင်ခြင်ကာ ရှောင်ရမည်။

3. ရန်သူ၏ ကြည်ညိုဖွယ်ရာ သို့မဟုတ် ကောင်းကွက် လေးများကို ရှာကြည့်ရမည်။

4. ကောင်းကွက်ကလေး တစ်ခုမှ မရှိခဲ့လျှင်လည်း အော် သနားစရာ ငါ့ကို စိတ်တိုနေရာ သတဲ့ ဟု တွေးရမည်။

5. မပြေသေးလျှင်
(က) ငါ့ကိုယ်ကိုသာ ဒုက္ခ ပေးတာ၊ ငါ့စိတ်ကို ဒုက္ခပေးတာ မဟုတ်ဘူး၊ ငါ့စိတ်ကိုသာ ဒုက္ခပေးတာ၊ ငါ့ကိုယ်ကို ဒုက္ခပေးတာ မဟုတ်ဘူး ဟုတွေးရမည်။
(ခ) ဘယ်သူရဲ့သား ဘယ်သူရဲ့ တပည့် ဘယ်လို လူမျိုးဖြစ်တဲ့ ငါဟာ ဒီဒေါသနဲ့ မကိုက်ဘူး ဟု ပယ်ဖျောက်ရမည်။
(ဂ) ဒေါသက အရှက်အကြောက် ကင်းမဲ့စေတယ်။ ငါမွေးထားလို့ မတော်ချေဘူး ဟု တွေးရမည်။
(ဃ) ငါ့ဒေါသက သူ့ကို ဘာမှ ဒုက္ခမပေး နိုင်ဘူး၊ ငါပဲ စိတ်ဆင်းရဲ နေရတယ် ဟုတွေးကာ ပယ်ဖျောက် ရမည်။
(င) ဒေါသသည် အပါယ်လားကြောင်း မျှသာ ဖြစ်သည် ဟု ဆင်ခြင်ရမည်။
(စ) ခုနက အစော်ကား ခံလိုက်ရသော ရုပ်နာမ်သည် ယခုအခါ ပျက်စီးလေပြီ ဟု ဆင်ခြင်ရမည်။

6. ကံကို ဆင်ခြင်ရ ပါမည်။ အော် လူတွေအားလုံး သတ္တ၀ါတွေ အားလုံး ကံစီမံရာသာ ဖြစ်ကြရတယ် ဟု ဆင်ခြင်ရပါမည်။

7. ဇာတ်တော်များကို ဆင်ခြင်ရမည်။

8. သံသရာကို ဆင်ခြင်ရမည်။ သံသရာတွင် ဆွေမျိုး မတော်စပ် ဖူးသူဟူ၍ မရှိ။ ဤသူသည် ဘ၀ တစ်ခုခု၌ ငါ့ မိခင်၊ ဖခင် သားသမီး စသည် ဖြစ်ဖူးချိမ့်မည် ဟု ဆင်ခြင်ရမည်။

9. ခန္တီ၏ အကျိုးတရား၊ မေတ္တာ၏ အကျိုးတရားကို ဆင်ခြင်ရမည်။

10. သူင့ါကို ဆဲတာ ရိုက်တာ င့ါဆံပင်ကိုလား၊ ငါ့မွေးညင်းကိုလား၊ ငါ့အရေကိုလား စသဖြင့် ၃၂ ကောဋ္ဌာသကို ဆင်ခြင်ရမည်။

11. နောက်ဆုံး နည်းကတော့ ပစ္စည်း ပေးလိုက်ခြင်း တောင်းလိုက်ခြင်း ပင်ဖြစ်သည်။

(ဤနည်းနဲ့ ပတ်သက်၍ တိပိဋက ယောဆရာတော် တစ်ခါ ပြောဖူးသည်။ သူ အုပ်ချုပ် ရသော ကျောင်းတစ်ကျောင်းတွင် တစ်ရက်၌ လာအပ်သော ကိုရင်တစ်ပါးကို ဘယ်ဘ၀ ရေစက်ကြောင့်မသိ။ အလိုလို မျက်မုန်း ကျိုးနေမိသည်။ ထို့ကြောင့် ထိုကိုရင်ကို ခေါ်ကာ သင်္ကန်းတစ်စုံ လှူဒါန်းလိုက် လေသည်။ ထိုနေ့မှ စ၍ ထိုကိုရင် အပေါ် မေတ္တာ သက်ဝင် နိုင်တော့ လေသည် ဟူသတတ်။ [ဆရာတော် ခွင့်ပြုမည်ဟု ထင်ပါသည်။ ဆရာတော်၏ ကျောင်းတိုက်တွင်း ပေးသော သြ၀ါဒ စကားထဲမှ ဖြစ်လေသည်။])

>>> ဂျေဂျူဝိုင် ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။


လေးစားစွာဖြင့်
ဖိုးသား

5/23/2009, SAT:, 12:38:00 PM

Read more...

ညီညွတ်ရေး


ပုထုဇဉ် တို့၏ စိတ်သည် ကုသိုလ် တစ်လှည့် အကုသိုလ် တစ်လှည့် ဖြစ်လေ့ ရှိသည်။ ဆင်ခြင်ဥာဏ် ကို ရှေ့သွားပြု၍ မထိန်းသိမ်း နိုင်လျင် အကုသိုလ် စိတ်များက လွှမ်းမိုး သွားနိုင်သည်။ "ပညာ ယ န ဘဝေ ဋ္ဌာနံ- ပုထုဇဉ် တို့၏ ဘ၀၌ ပညာသည် ပြဋ္ဌာန်းခြင်း" မရှိဟု အဆို ရှိသည့် အတိုင်း ပုထုဇဉ်တို့ ၏ စိတ်သန္တန်၌ ခံစားချက် က ပညာထက် ပိုအရေးပါ၏။

မြတ်စွာဘုရား လက်ထက် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသော ကောသမ္ဗီ ရဟန်းများ သည်လည်း ဤနည်းနှင်နှင် ပင် ဖြစ်သည်။ သူတော်ကောင်း တရား ကို လေ့လာနေသော ပုဂ္ဂိုလ်များ ဖြစ်ပါလျက် စိတ်သဘောချင်း မတိုက်ဆိုင် သောအခါ သေးငယ်သော ကိစ္စလေး ကို အကြောင်းပြု၍ ငါ မှန်သည် သူ မှားသည် ငြင်းခုန် ကြတော့၏။ ၀ိနည်းဓိုရ် ဆရာတော် များနှင့် ဓမ္မကထိက ဆရာတော်များ တစ်ဖက်ဆီ ငြင်းခုန်ကြခြင်းဖြစ်သည်။

ဤကား မာန၏ လှည့်စားမှုတည်း။ မာနသည် သာသူ ကိုလည်း ယှဉ်သည်။ ရွယ်တူ ကိုလည်း ယှဉ်သည်။ နိမ့်သူ ကိုလည်း ယှဉ်သည်။ မာန၏ အလှည့် အစား ခံရသောအခါ ဖြစ်ပေါ်လာသော စိတ်နေ စိတ်ထားသည်ကား ငါသာလျင် မှန်၏။ တစ်ဖက်သားမှာ မှားယွင်းသည် ဟူ၍ ဖြစ်သည်။ ထိုအခါ မာနကြောင့် တစ်ဖက်သားကို ပြစ်မှားလိုသော ဒေါသစိတ် ဖြစ်ပေါ်လာသည်။

မြတ်စွာဘုရား သည် သံဃာများ၏ ငြင်းခုန်ခြင်း ပြေပျောက် စိမ့်သောငှာ ကိုယ်တော်တိုင် ကြွရောက်၍ ဆုံးမတော်မူ၏။ ကောသမ္ဗီ ရဟန်းများကား ငြင်းခုန်ခြင်းကို မလျှော့။ ဒေါသ မာန်မာန တို့ ကြီးကျယ်ခမ်းနား လာသော အခါ ဘုရားကို ဘုရားဟု မမြင်တော့။ တရားကို တရားဟု မမြင်တော့။ အမှား ကိုလည်း အမှားဟု မမြင်တော့။ ၀ိနည်းဓိုရ် ဆရာတော် များကလည်း မိမိတို့ ပြောသည့် စကားသာလျင် သစ္စာနှင့်ညီသည်ဟု ထင်ကြသည်။ အခြား ပုဂ္ဂိုလ်များ ပြောသော စကားများမှာ သစ္စာနှင့် မညီဟု ထင်ကြသည်။ ဓမ္မကထိက ဆရာတော် များကလည်း မိမိတို့ ပြောဆိုသော စကားများ ကသာ သစ္စာနှင့် ညီသည်၊ အခြား ပုဂ္ဂိုလ်များ ပြောသော စကားများမှာ သစ္စာနှင့်မညီ ဟု ထင်ကြပြန်သည်။ စင်စစ် ဆရာတော်များ၏ ငြင်းခုန် စကားများကား ဒေါသ မာန်မာနကို အခြေခံသော စကားများဖြစ်သဖြင့် မည်သို့မျှ သစ္စာမထိုက်။ သမ္ဖပ္ပလာပ စကားများ( အချည်းနှီး အကျိုး မဲ့သော စကားများ)သာ ဖြစ်တော့သည်။

ဆရာတော်များ နှစ်ဖွဲ့လုံးသည်ကား မာန တည်းဟူသော ကိလေသာ နှောင့်ယှက်သဖြင့် ဘုရား အဆုံးအမ ကိုလည်း မနာယူတော့။ တရားအဆုံးအမကိုလည်း မနာယူတော့။ ရှက်ရ ကြောက်ရ ကောင်းမှန်းလည်း မသိတော့။ အကုသိုလ် စိတ်ချည်းသာ ဖြစ်တော့သည်။

သံဃာများ ၏ ငြင်းခုန်မှု မရပ်သော အခါ မြတ်စွာ ဘုရားသည် ပါလိလေယျက တောအုပ်သို့ တစ်ပါးတည်း ကြွသွားတော်မူ၏။ ဆိုဆုံးမ ခက်သော ပုဂ္ဂိုလ်များအတွက် ဥပေက္ခာတရား သည်သာ သင်ခန်းစာ အပေးနိုင်ဆုံး ဆရာဖြစ်ချေသည်။ မြတ်စွာဘုရား တောသို့ ကြွသွားပြီး အတန် ကြာသော အခါ ကောသမ္ဗီပြည် ရဟန်းတို့သည် ဆွမ်းကွမ်း အခက်အခဲနှင့် စတင် ကြုံတွေ့ ရတော့သည်။ ဒါယကာတို့ ကလည်း အကြည်ညို လျော့ပါး လာသည် ။ သူတော်ကောင်း များကလည်း ကဲ့ရဲ့ကြသည်။ အားကိုး မေးလျှောက်စရာ မြတ်စွာဘုရား ကလည်း ဥပေက္ခာ ဒဏ်တပ်၍ တောသို့ ကြွသွားတော် မူခဲ့ပြီ။ အဖြစ်သနစ် များကား ဆိုးလွန်းလေစွ။

ဆရာတော် များလည်း မာနကို လျှော့လာရသည်။ မာနကို လျှော့သည်နှင့် တစ်ပြိုင်နက် ငြင်းခုန်လိုစိတ် လျော့လာတော့သည်။ ပြဿနာကို ယထာဘူတ ကျစွာ မြင်လာတော့သည်။ ထိုအခါမှ မိမိတို့အား ပြဿနာဟူ၍ စတင် လှုံ့ဆော်သော အကြောင်း အရာသည် စင်စစ် ပြဿနာမဟုတ်။ ကိလေသာ အလှည့်အစား ကြောင့် အထင်မှားမှူသာ ဖြစ်ကြောင်း သိမြင် လာသည်။ မိမိတို့အတွက် အဓိက ပြဿနာ သည် အို၊ နာ၊ သေ၊ သံသရာ ဘေးသာ ဖြစ်ကြောင်း သိမြင်လာသည်။ ထိုအခါ ဆရာတော် များသည် ရဟန်းတရား ကို ပြန်လည် ကျင့်ကြံ ကြသည်။

ရဟန်း တရားကို ပြန်လည် အားထုတ်၍ တရားသဘော များကို သိမြင်သော အခါ မာနများ ပိုမို ကျဆင်းလာပြီး အချင်းချင်း ပိုမို ညီညွတ် လာသည်။ မြတ်စွာဘုရား ကို ပြန်လည် ပင့်ဆောင်ရမည့် တာဝန်ကို ထမ်းဆောင် ရမည် ဟူ၍ လည်း သိမြင် လာကြသည်။ ဆရာတော် များသည် ၀ါကျွတ်ချိန် ထိကို တမျှော်မောမော စောင့်ဆိုင်း ကြရသည်။ ၀ါကျွတ်သော အခါ ဆရာတော် များသည် မြတ်စွာဘုရား သီတင်းသုံး နေတော်မူသော ပါလိလေယျ တောအုပ်သို့ လိုက်သွားပြီး အမှားများကို ၀န်ချတောင်းပန်သည်။ ဤကား ပဋ္ဋိဃ သံယောဇဉ်ကို ခုတ်ဖြတ်ခြင်း သဘောဖြစ်၍ ဤသို့ တောင်းပန်ခြင်း၏ ကျေးဇူးကား ဥပနိဿယ ပစ္စည်း၏ သတ္တိဖြင့် ရဟန်းတော်များအား မဂ်ဥာဏ် ရအောင်ပင် အကျိုးပြုသည်။

ရင့်ကျက်ပြီး မာန်မာန ကျဆင်းပြီး ဖြစ်သော တပည့်သားများ ဖြစ်သော ကောသမ္ဗီ ရဟန်းများကို မြတ်စွာဘုရားက ဤသို့ ဆုံးမတော်မူသည်။
"ရဟန်းတို့. ..ရင့်ကျက်၍ သီလ သမာဓိ ပညာ ရှိသော အဆွေ ခင်ပွန်းကောင်း ရှိလျင် ထို အဆွေ ခင်ပွန်းနှင့် အတူတကွ နေထိုင်အပ်သည်။ သီလ သမာဓိ ပညာ ရှိသော အဆွေခင်ပွန်းကို ရှာမတွေ့လျင်ကား တစ်ဦးတည်းသာ နေအပ်သည်။ သူမိုက် နှင့်ကား အတူတကွ မနေအပ်။ မပေါင်းသင်းအပ်။"
ဂါထာအဆုံး၌ ခန္ဓာဥာဏ်စိုက် ၍ တရားနာ နေသော ကောသမ္ဗီ ရဟန်းငါးရာသည် ရဟန္တာများ ဖြစ်တော်မူ၏။

နောင်အခါ ကောသမ္ဗီ ငြင်းခုံပွဲနှင့် ပတ်သက်၍ သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်၌ မြတ်စွာဘုရားက ဤသို့ ဟောကြား တော်မူသည်။

"ဤလောက၌ ငါတို့သည် တစ်နေ့တွင် မုချ သေဆုံးရမည်ဟူ၍ မသိကြကုန်သော သူမိုက်တို့ အတွက် ငြင်းခုံကွဲပြား ခိုက်ရန်များခြင်းသည် မပြေငြိမ်း။

ထိုသို့သိသော ပညာရှိတို့ အတွက်ကား၊ ထိုသို့သိခြင်းကြောင့် ခိုက်ရန် ဖြစ်ပွား ငြင်းခုန် ကွဲပြားခြင်းသည် ပြေငြိမ်းကုန်သည်။"

မာနတွင် ထားအပ်သော မာနနှင့် ပယ်အပ်သော မာနဟူ၍ နှစ်ပါး ရှိသည်။ မဂ်တရားဖိုလ်တရားကို ရရန်အတွက် သူတစ်ပါး အားထုတ်နိုင်လျှင် မိမိလည်း အားထုတ်နိုင်ရမည်ဟူ၍ ထားရှိသော မာနသည်ကား ထားအပ်သော မာန ဖြစ်သည်ဟု ဆရာတော်ကြီးများက မိန့်ကြားကြသည်။ ညီညွတ်ရေး၏ အန္တရာယ်ဖြစ်သော မာနသည်ကား ပယ်အပ်သော မာနဖြစ်ပေ၏။

သေခြင်း တရားကို အဖန်ဖန် အောက်မေ့သော "မရဏာ နုဿတိ ကမ္မဋ္ဌာန်း" ဖြင့် ပယ်အပ်သော မာနကို ဖျောက်ဖျက် ပြေငြိမ်း စေနိုင်သည်။ အကြောင်း တိုက်ဆိုင်တိုင်း ကာယကံ ၀စီကံ မနောကံ အသွင်ဖြင့် ထင်ရှား ဖြစ်ပေါ် လာတတ်သော မာနတရား သည်ကား မဂ်ဥာဏ် ဖိုလ်ဥာဏ်၏ အတားအဆီး၊ ညီညွတ်ခြင်း ၏ အကြီးမားဆုံး အန္တရာယ်ကြီး ဖြစ်ပေတော့ သတည်း။ ။

မှတ်ချက်။ ဖော်ပြခဲ့ဖူးပြီးသော ပိုစ့် ဖြစ်ပါသည်။

ကိုးကား
ဓမ္မပဒ-ဦးရွှေအောင်

Read more...

ဗောဇ္ဈင် ၇-ပါး

ဗောဇ္ဈင် ၇-ပါး

ဗုဒ္ဓဘာသာစာပေမှာ ဝေါဟာရ အသုံးအနှုံးတွေကို အလွန်အလေးထားကြတာတွေ့ရပါတယ်။ ဗောဇ္ဈင်တရား ဆိုတဲ့ ဝေါဟာရကို လောကုတ္တရာချမ်းသာဖြစ်သော မဂ်ချမ်းသာ၊ ဖိုချမ်းသာ၊ နိဗ္ဗာန်ချမ်းသာအထိ အကျိုးပြုနိုင်တဲ့ တရားတွေအတွက်သာ သုံးကြပါတယ်။

ဒါပေမဲ့ အဲဒီဗောဇ္ဈင်တရားများကိုပဲ လောကီချမ်းသာဖြစ်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စများမှာလည်း အောင်မြင်မှုရရှိအောင် လက်တွေ့ဘဝ တိုးတတ်အောင်မြင်ရေး လမ်းညွှန်များအဖြစ် အသုံးချနိုင်ပါတယ်။ အဲလိုတရားမျိုးကိုတော့ လောကီဗောဇ္ဈင်တရား၊ (သို့မဟုတ်) ပရိယာယ်ဗောဇ္ဈင်တရားလို့ သုံးကြပါတယ်။ အဲဒါတွေကတော့…

၁) သတိသမ္ဗောဇ္ဈင်
အမှတ်ရမှု၊ မမေ့မှု ဖြစ်ပါတယ်။ လောကီစီးပွားရေး တိုးတတ်ဖို့အတွက် ကောင်းမွန်တဲ့ သတိရှိဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် အောင်မြင်လိုသူတိုင်းအတွက် သတိတရားဟာ ပွားများသင့် ပွားများအပ်တဲ့ တရားဖြစ်ပါတယ်။

၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်
ပညာ ရှိမှုဖြစ်ပါတယ်။ အသိအလိမ္မာ၊ ဉာဏ်ပညာတို့လည်း တိုးပွားအောင် ကြိုးစားဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် အောင်မြင်တိုးတတ်လိုသူတိုင်းအတွက် ဓမ္မဝိစယသမ္ဗောဇ္ဈင် တရာဟာ ပွားများအပ်ပါတယ်။

၃) ဝီရိယသမ္ဗောဇ္ဈင်
ကြိုးစားအားထုတ်မှု လုံလ ဖြစ်ပါတယ်။ အောင်မြင်မှုရဖို့အတွက် ဝီရိယစိုက်ထုတ်မှုဆိုတာလည်း ရှိရပါမယ်။ အဲဒါကြောင့် ဝိရိယ တရားဟာလည်း ပွားများသင့် ပါတယ်။

၎) ပီတိသမ္ဗောဇ္ဈင်
နှစ်သက် အားရ ကျေနပ်မှု ဖြစ်ပါတယ်။ တိုးတတ်ချင်ရင် မိမိအလုပ်အပေါ်မှာမိမိနှစ်သက် ကျေနပ်မှု ရှိဖို့ကလည်းအရေးကြီးပါတယ်။ အဲဒါကြောင့် အလုပ်အပေါ်မှာ နှစ်သက်ကျေနပ်စရာ အကြောင်းတရားကို ရှာပြီး ပီတိတရားကိုလည်း ပွားများသင့်ကြပါတယ်။

၅) ပဿဒ္ဓိသမ္ဗာဇ္ဈင်
ကိုယ်ရော၊ စိတ်ပါ ငြိမ်းအေးမှု ဖြစ်ပါတယ်။ တစုံတခုအတွက် ပူပန်နေရရင်လည်း လုပ်ငန်းမှာထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် အောင်မြင်မှု ရလိုသူဟာ ကိုယ်စိတ် ၂-ပါး ငြိမ်းအေးမှုကိုလည်း မွေးမြူပွားများအပ်ပါတယ်။

၆) သမာဓိသမ္ဗောဇ္ဈင်
စူးစိုက် တည်ကြည်တဲ့ အာရုံရှိမှု ဖြစ်ပါတယ်။ စူးစိုက်မှု မရှိဘဲ အာရုံတွေ အလွန်တရာ ပျံ့လွန့်နေရင်လည်း လုပ်ငန်းမှာထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် စူးစိုက်တဲ့ အာရုံသဘောရှိသော သမာဓိတရားဟာလည်း မွေးမြူပွားများအပ်ပါတယ်။

၇) ဥပေက္ခာသမ္ဗောဇ္ဈင်
လျစ်လျူရှုမှု ဖြစ်ပါတယ်။ လျစ်လျူရှုတယ်ဆိုတဲ့နေရာမှာ ဘာမှမလုပ်ဘဲ နေတာမျိုးကို မဆိုလိုပါဘူး။ မိမိရဲ့အလုပ်ကိုအလွန်ချစ်ခင်နှစ်သက်စွဲလန်းခြင်း တဏှာ၊ မိမိအလုပ်နဲ့ ဆန့်ကျင်နေတဲ့ သူတပါးလုပ်ရပ်တွေကို စက်ဆုပ်မုန်းတီးခြင်း ဒေါသ အစရှိတဲ့ စိတ်ခံစားမှုတွေကို လျစ်လျူထားပြီး လုပ်သင့်လုပ်ထိုက်တာကို ပြုလုပ်နေခြင်းမျိုးပါ။ မိမိရဲ့ လုပ်ပိုင်ခွင့်က ကျော်လွန်နေလို့ မိမိဖြစ်စေချင်သလို ဖြစ်လာနိုင်စရာ မရှိတော့တဲ့၊ ဘယ်လိုမှ ပြုပြင်မှု မပေးနိုင်တော့တဲ့ ကိစ္စမျိုးတွေမှာ သင့်တင့်လျောက်ပတ်တဲ့ လျစ်လျူရှုမှု ထားနိုင်ခြင်းကသာ ကိုယ်စိတ်ကို ငြိမ်းအေးစေနိုင်ပါတယ်။

အဲဒီတရားတွေအကြောင်းကို အသေးစိတ်လေ့လာချင်ရင်တော့ သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ရဲ့ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ ဆိုတဲ့ စာအုပ်မှာလေ့လာနိုင်ပါတယ်။ ဆရာတော်ဘုရားကြီးကတော့ ပိဋကတော် အကိုးအကားများနှင့်တကွ အကျယ်တဝင့် ရှင်းလင်းရေးသားထားပါတယ်။

http://www.scribd.com/doc/15736190/ThaPyayKanSayadawBallZinKhuNhitParMyatYadanar


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP