* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 12, 2009

နတ္ထိပုတ္တသမသုတ်...

နတ္ထိပုတ္တသမသုတ်...

သာဝတ္ထိနိဒါန်း...

ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏
ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

သားသမီးကို ချစ်ခင်မှုနှင့်တူသော ချစ်ခင်မှုမျိုးသည် မရှိ၊
နွားဟူသော ဥစ္စာနှင့်တူသော ဥစ္စာမျိုးသည် မရှိ၊
နေ၏ အရောင်နှင့်တူသော အရောင်မျိုးသည် မရှိ၊
သမုဒ္ဒရာထက် လွန်ကဲသော အိုင်မည်သည် မရှိ ဟု (လျှောက်၏)။

မိမိကိုယ်ကို ချစ်ခင်မှုနှင့်တူသော ချစ်ခင်မှုမျိုးသည် မရှိ၊
စပါးဟူသော ဥစ္စာနှင့်တူသော ဥစ္စာမျိုးသည် မရှိ၊
ပညာ၏ အရောင်နှင့်တူသော အရောင်မျိုးသည် မရှိ၊
မိုးရေထက် လွန်ကဲသော အိုင်မည်သည် မရှိသည်သာတည်း ဟု ဟောတော်မူ၏။

၃ - နတ္ထိပုတ္တသမသုတ်၊ နန္ဒန၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။ 13

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

အပြောင်းအလဲများနှင့် ဆန်းသစ်ခြင်း

(ဘာရယ်တော့ မဟုတ်။ တစ်နေ့က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)နှစ်ပတ်လည် မဂ္ဂဇင်းကို ကောက်လှန်ဖြစ်တော့ ဦးဇင်းရဲ့ ဆောင်းပါးလေးကို ပြန်ဖတ်ကြည့်မိတယ်။ တက္ကသိုလ်မှာ စာသင်နေတဲ့ ရဟန်းငယ်တစ်ပါးအနေဖြင့် အဟောင်းတွေကို ဆန်းသစ်ပြီး အသစ်များဖြင့် ကဏ္ဍသစ်များ ထွန်းသစ်စေဖို့ ဆန္ဒပြုရေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရေးခဲ့တဲ့ ဆောင်းပါးလေးကို ပြန်ဖတ်ရတော့ စိတ်ကလဲ အတိတ်ကို ပြန်ရောက်သွားပါတယ်။ အချက်အလက်အချို့ကို ယနေ့အခါမှာ သဘောမကျနိုင်တော့ပေမယ့် အပြောင်းအလဲကို လိုလားတဲ့ စိတ်ကတော့ ယနေ့အထိ ရင်ထဲမှာ ကိန်းလျှက်ပါပဲ။ တတ်သလောက် မှတ်သလောက်လေးနဲ့ အပြောင်းအလဲကို ရေးထားခဲ့တာကို အခု ဖတ်ချင်သူတွေ ဖတ်ရအောင် ပြန်လည်တင်ဆက်လိုက်ပါတယ်)



`တပည့်တော်တို့ တက္ကသိုလ်ကို ပညာရေးမြှင့်တင်ဖို့ အစီအစဉ်တွေ ချမှတ်နေပါပြီ´

ဤစကားလေးကို ရင်ခုန်လှိုက်လှဲစွာ ကြိုဆိုမိပါသည်။ နာယကဆရာတော် မိန့်ကြားလိုက်သော စကားပါ။ ထိုစကားကို ကြားရပြီးမှ ဤစာကို ရေးပါသည်။ အမြင့်ကိုရောက်ခြင်းဟူသည် မည်သည့်အရာဖြစ်ဖြစ် လူကမြှင့်မှ ရောက်ခြင်းဖြစ်သည်။ မမြှင့်ဘဲနှင့် မမြင့်ပါ။ ဤ၌ အခြေခံအကျဆုံးက မြှင့်တင်လိုစိတ်ပင် ဖြစ်၏။ လူသားများ၏ ယုံကြည်ချက်နှင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည်များသည် ဝေါဟာရအနေအားဖြင့် ရှေးခေတ်များနှင့် အတူတူပင်ဖြစ်သော်လည်း အသွင်သဏ္ဌာန်အားဖြင့်ကား မိုင်ပေါင်းကုဋေကဋာ ဝေးကွာခြားနားခဲ့ပြီ ဖြစ်ပါသည်။ ဤသည်မှာ အသစ်ကို လိုလားမှု၊ မြှင့်တင်လိုမှုတို့မှ ရွေ့လျောစီးဆင်းလာခဲ့ရခြင်း ဖြစ်ပါသည်။ လူတိုင်း၏ ပကတိစိတ်မှာ (ငဲ့ညှာ၊ ထောက်ထား၊ တွယ်တာမှုများနှင့် ဖုံးကွယ်မထားလျှင်) မြှင့်တင်လိုစိတ်ရှိပါသည်။

ဆင်ခြင်တုံတရားမပါသော ငဲ့ညှာမှုများ၊ အမှန်တရားကို ဦးစားမပေးသော ထောက်ထားမှုများ၊ အဟောင်းတိုင်းကို အကောင်းချည်းဟု ထင်မှတ်ထားမိသော တွယ်တာမှုများသည် လူများ၏ အတ္တစိတ်ကို မြင့်တက်စေပါသည်။ အတ္တစိတ်များ မြင့်မားလာပြီဆိုလျှင် မည်မျှပင် ကောင်းမွန်မြင့်မြတ်သော ဖန်တီးမှုပင်ဖြစ်ပါစေ အသစ်ကို မဖန်တီးလိုတော့။ သူတို့ပြောမည့်စကားသည် ထုံးစံအတိုင်းပင် ဖြစ်သည်။ `ဒီထက်ကောင်းတာ မရှိတော့ဘူး၊ ဒါ ပရိပုဏ္ဏပဲ´။

အပြောင်းအလဲကို ဘာသာရေးယုံကြည်မှုအပိုင်းမှ ချဉ်းကပ်ကြည့်ပါမည်။ လူအများသည် (နားမလည်၍) အံ့သြဘနန်းဖြစ်ခြင်း၊ အကြောက်တရားဝင်လာခြင်းတို့မှစပြီး ယုံကြည်ကိုးကွယ်မှု ပြုခဲ့ကြသည်။ ပညာရှင်များလည်း သိပြီးဖြစ်ပါသည်။ သစ်ပင်၊ တောတောင်စသည့် ရောက်တတ်ရာရာကို ကိုးကွယ်ခဲ့ကြသည်။ ဘုရားများကို မိမိတို့ စိတ်ကူးဖြင့် ဖန်တီးပြီး ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာသည် ဘုရားအမည်ခံပုဂ္ဂိုလ်တို့ သူ့နည်းသူ့ဟန်နှင့်သူ သြဇာကြီးမားရာ အရပ်၌ ပေါ်ထွန်းလာခဲ့သည်။ သို့သော်လည်း ဗုဒ္ဓမြတ်စွာသည် ထိုအမည်ခံပုဂ္ဂိုလ်တို့နှင့် ဆန့်ကျင်ဘက် စစ်မှန်သောဓမ္မကို ဖော်ထုတ်လိုက်ပါသည်။ ဤသည်မှာ ဘာသာရေးမြှင့်တင်မှု ဖြစ်သည်။ ဓမ္မဟူသည်မှာလည်း လေ့လာရေး၊ သင်ကြားရေး၊ နားလည်ရေးပင်ဖြစ်သည်။ ဗုဒ္ဓဘာသာပညာရေး(Buddhist Education)ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် လောကလူသားတို့၏ ပညာရေးကို အကောင်းဆုံး မြှင့်တင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဗုဒ္ဓမြတ်စွာကိုလည်း အကောင်းဆုံးသော အပြောင်းအလဲကို ဖန်တီးသူဟု ဆိုရပေမည်။

ရှေးခေတ်ပညာရေးဟူသည် ဘာသာရေးနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများချည်း ဖြစ်ခဲ့သည်။ ထိုခေတ်များ၏ စီးပွားရေးဟူသည်မှာလည်း ဘာသာရေးနှင့်သာ နှီးနွယ်စပ်ယှက်မှု ရှိနေခဲ့သည်။ ထိုကာလများမှ နောက်ပိုင်းခေတ် ကာလပေါင်းများစွာ ကျော်ဖြတ်ချီတက်လာခဲ့ပြီးသောအခါ ဒေသတစ်ခုအတွင်း၌ရှိသော ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုစသည်တို့သည် တစ်နေရာတည်း၌ အသေရပ်တည်ခွင့်မရှိ ဖြစ်လာခဲ့ပါသည်။ နေရာဒေသအနှံ့အပြားသို့ ရောက်ရှိပြန့်နှံ့သွားပြီး လူသားများက လေ့လာသုံးသပ်ရင်းနှင့် လူသားများစွာ၏ အသိဉာဏ်ဖွံ့ဖြိုးမှုမှာ တောက်ပြောင်လာခဲ့ရသည်။ အပြောင်းအလဲများနှင့် ဆန်းသစ်တောက်ပလာခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။

အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ဆီမှ စာပေကျမ်းဂန်များသည် အနော်ရထာမင်းလက်ထက်မှစပြီး ခေတ်အဆက်ဆက်တိုင်အောင် ရောက်ရှိလာခြင်းကြောင့် မြန်မာ့စာပေနှင့်ပညာရေးသည်လည်း သူ့ခေတ်သူ့အခါအလိုက် ပြောင်းလဲဆန်းသစ်နေမှာ သေချာပါသည်။ ပြောင်းလဲမှုတိုင်းကို တိုးတက်မှုဟု မဆိုနိုင်သော်လည်း အဟောင်းအဟောင်းများကိုသာ ဖက်တွယ်ပြီး မျက်စိမှိတ်နားပိတ် ကလေးဆိုးကဲ့သို့ ကျားကန်ကန် စုံရပ်နေလျှင်ကား ခေတ်ကာလပေါင်းများစွာ နောက်ကျကျန်ရစ်နေလိမ့်မည်ဟု အသေအချာ ပြောလိုက်ချင်ပါသည်။

မြန်မာ့စာပေ စီးဆင်းတိုးတက်မှု၌ဖြစ်စေ၊ ကမ္ဘာ့စာပေစီးဆင်းတိုးတက်မှု၌ဖြစ်စေ အပြောင်းအလဲများ၊ ဆန်းသစ်တီထွင်ဖန်တီးမှုများကို အထင်အရှား တွေ့ရှိနိုင်ပါသည်။ အပြောင်းအလဲများအတွက် သဘောထားကြီးကြီး ထားတတ်လေလေ တိုးတက်မှုရရှိလေလေ ဆိုသည်မှာလည်း သမိုင်း၏ အရှိတရားဖြစ်နေပါပြီ။ မြန်မာနိုင်ငံ၏ ပျို့၊ ကဗျာ၊ လင်္ကာစာပေသည်လည်း တစ်ခေတ်နှင့်တစ်ခေတ် ဆန်းသစ်တီထွင်မှုများကြောင့် ပြောင်းလဲတိုးတက်လာခဲ့ရပုံကို ပညာရှင်တိုင်း သိပြီးဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် ပို့စ်မော်ဒန်ကဗျာများသည် သမိုင်း၏ အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လှုပ်ရှားနေပြီ ဖြစ်သည်။ ကိုယ်ခံစား၍ မရတာတစ်ခုတည်းနှင့် မည်သည့်အရာကိုမျှ တန်ဖိုးလျှော့ချပစ်၍ မရပါ။ ရွှေသမင်သည် ပတ္တမြားကို တန်ဖိုးလျှော့ချပစ်သည်။ အကြောင်းမှာ သူခံစား၍ မရခြင်းကြောင့် ဖြစ်သည်။ ဤနေရာ၌ ကဗျာအကြောင်း ပြောဖို့မဟုတ်ပါ။ ပြောင်းလဲဆန်းသစ်လာမှုတိုင်းသည် သူ့သဘောသူ ဆောင်နေပါသည်။ သမိုင်းမှာ ကိုယ်က ရွှေသမင်မဖြစ်ဖို့ကား အမှန်တကယ် လိုအပ်သည်ဟု ဆိုချင်ပါသည်။

ကဗျာကဲ့သို့ပင် ၀တ္ထုစာပေ၊ သို့မဟုတ် မြန်မာစကားပြေအရေးအသားသည်လည်း ခေတ်ကာလများစွာကို ခြုံကြည့်လျှင် နောက်နောက် ဖန်တီးသမျှသည် ရှေးရှေးဖန်တီးသမျှထက် ယေဘုယျအားဖြင့် ပိုမိုဆန်းသစ်လှပနေသည်ကို တွေ့ရပါမည်။ ပုဂံခေတ်တွင် ကျောက်စာစကားပြေ စတင်ထွန်းကားခဲ့သည်။ သူ့ခေတ်သူ့အခါအရ ရာဇကုမာရ်ကျောက်စာအရေးအသားသည် ရာဇကုမာရ်၏ စေတနာကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်ခဲ့သည်။ သို့သော် မြန်မာစကားပြေရေးဟန်အနေဖြင့် `အရိုးခံရေးဟန်´ဟု ပညာရှင်များကို ဆိုကြသည်။ ပင်းယခေတ်ရောက်သောအခါတွင် `အရိုးခံရေးဟန်´မှ `ဝေေ၀ဆာဆာရေဟန်´သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းခေတ်များအထိ ပုဂံနှင့်ပင်းယခေတ်တို့မှ စတင်စီးဆင်းလာခဲ့သော ကျောက်စာ၊ မင်စာ၊ စကားပြောများသည် ဆက်လက်ထွန်းကားနေဆဲ ဖြစ်ပါသည်။

တစ်ခုပြောစရာရှိသည်မှာ ထိုကျောက်စာ၊ မင်စာများနှင့်အတူ မေတ္တာစာ၊ ၀တ္ထု၊ ရာဇ၀င်၊ အရေးတော်ပုံ၊ မင်းမှုရေးရာမှတ်တမ်း၊ ဓမ္မသတ်၊ လျှောက်ထုံးစသော ပေစာ၊ ပုရပိုက်စာ၊ စကားပြေများကိုလည်း ပြောင်းလဲဆန်းသစ်လာသော တီထွင်ဖန်တီးမှုများအနေနှင့် တွေ့လာရပြီ ဖြစ်သည်။ ယင်းဖန်တီးမှုများကို `ပုံသဏ္ဌာန်သစ်စကားပြေများ´ဟု ပညာရှင်များက သတ်မှတ်ကြသည်။

ပုဂံခေတ်မှ ကုန်းဘောင်ခေတ်ကုန်ဆုံးချိန်အထိ နှစ်ပေါင်း ၇၂၀-ကျော်အတွင်း မြန်မာစကားပြေအရေးအသားသည် အဟောင်းများနှင့်သာ လုံးချာလိုက်နေသည်မဟုတ်ပါ။ ကျောက်စာ၊ မင်စာ၊ စကားပြေမှ ပုံနှိပ်စကားပြေအထိ တဖြည်းဖြည်းချင်း ပြောင်းလဲတိုးတက်လာခဲ့သည်။ စကားပြေရေးဟန်အနေဖြင့် ဇာတ်ဝတ္ထုရေးဟန်များပင် ဖြစ်သည်။ စကားပြေများအတွင်း၌လည်း ကာရန်နဘေများဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားလေ့ရှိခဲ့သည်။ နောက်ပိုင်းခေတ်များတွင် ဂျိမ်းလှကျော်က အလက်ဇန္ဒားဒူးမား၏ မွန်တိခရစ်စတို (The court of Monte Cristo)၀တ္ထုကို မောင်ရင်မောင်၊ မမယ်မအမည်ဖြင့် ၀တ္ထုတစ်ပုဒ် ဖန်တီးခဲ့သည်။ ဤစာအုပ်နှင့်ပတ်သတ်၍ ဆရာဇော်ဂျီက `ဤ၀တ္ထုအရေးအသားက နဘေကာရန် ညှပ်ထားသော စကားပြေအဖွဲ့အနွဲ့ကို တော်လှန်လိုက်သည်´ဟု ဆိုသည်။ အမှန်အားဖြင့် စာပေရေးရာ ပြောင်းလဲတိုးတက်မှုများမှာ ပြောမဆုံးပေါင် တောသုံးတောင်ပင် ဖြစ်သည်။ အဓိက ပြောလိုသည်မှာ ပြောင်းလဲတိုးတက်မှုတိုင်းတွင် သူ့အဓိပ္ပာယ်နှင့်သူ ရှိနေသည်။

အပြောင်းအလဲများ ကြုံတွေ့လာတိုင်း လူ၏ နှလုံးသားတွင် အထိတ်တလန့် ဖြစ်တတ်သည်မှာလည်း သဘာဝဟု ဆိုရပါမည်။ အချိန်တန်လာသော်လည်း ထိုပြောင်းလဲလာသော အသစ်များနှင့် လောကလူသားများသည် နေသားတကျ ဖြစ်သွားတော့ပြန်သည်။ စာသင်တိုက်တစ်ခုမှ မိတ်ဆွေတစ်ပါးက မေးလာသည်။ `အပြင်ဓမ္မာစရိယနဲ့ တက္ကသိုလ်ဓမ္မာစရိယ ဘာကွာသလဲ´။
ဤနေရာတွင် မင်းကွန်းဆရာတော်သည် ဤတက္ကသိုလ်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် အားသွန်ကြိုးပမ်း ဖွဲ့စည်းတည်ထောင်ခဲ့ပါသနည်း။ ဓမ္မာစရိယသင်ရိုးများကို သင်ကြားနေသော စာသင်တိုက်ကြီးများစွာ ရှိပြီး မဟုတ်ပါလော။ ဆရာတော့်အနေဖြင့် ဓမ္မာစရိယသင်ရိုးကိုသာ အဓိကထား သင်ကြားစေရမည်ဟု ရည်ရွယ်ချက် ထားပါမူ တက္ကသိုလ်ဟူသော အမည်ကို သုံးစွဲလိမ့်မည်မဟုတ်ဟု ယူဆပါသည်။ အစိုးရဓမ္မာစရိယ သင်ရိုးပုံစံသည် ဤခေတ်သာသနာပြန့်ပွားရေးအတွက် မလုံလောက်တော့ဟု ဆရာတော်မြင်သိခဲ့သည်မှာ သေချာပါသည်။ ထို့ကြောင့် ပစ်ပမယ်၍မရသော ဓမ္မာစရိယသင်ရိုးများအပြင် အခြားဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားလေ့လာစေခဲ့သည်။ သို့ဖြစ်၍ ယခုအချိန် အဓိကဘာသာရပ်မဟုတ်ဟု ဆိုထားသော ဘာသာရပ်များကိုလည်း အဓိကထား လေ့လာသင်ကြားသင့်သည်ဟု မြင်ပါသည်။

`ဒီဘာသာရပ်တွေဟာ အဓိက မဟုတ်ပါဘူးကွာ´ဟု သာမန်ကာလျှံကာ သဘောထားလျှင် အပြင်ဓမ္မာစရိယနှင့် ထူးမခြားနားပင် ဖြစ်သွားပေလိမ့်မည်။ ပင်မဘာသာဟု အမည်တပ်ထားသော ဘာသာရပ်များမှ အခြားသောဘာသာရပ်များ၌ နှံ့စပ်ကျွမ်းကျင်မှုရှိလေလေ သာသနာပြန့်ပွားရေးဆောင်ရွက်ရာတွင် အကျိုးများလေလေ ဖြစ်နေသည်ကား ငြင်းမရသော အမှန်တရား ဖြစ်နေလေပြီ။

အမှန်အတိုင်း ၀န်ခံရလျှင် `အပြင်ဓမ္မာစရိယနှင့် တက္ကသိုလ်ဓမ္မာစရိယ ဘာကွာသလဲ´ဟူသော မေးခွန်းမျိုးကို မဖြေလိုပါ။ `ငါတို့တက္ကသိုလ်နှင့် မင်းတို့တက္ကသိုလ်ဘာကွာသလဲ´ဟူသော မေးခွန်းမျိုး မေးလာလျှင်ကား ဂုဏ်ယူဝင်ကြွားစွာ ဖြေဆိုနိုင်ချင်ပါသည်။ `မင်းတို့လက်ထက်ကျမှ လုပ်ပေါ့´ဟုကား အပြောမခံလိုပါ။ ထိုအချိန်အထိ လိုက်၍မမီအောင် နောက်ကျကျန်ရစ်ခဲ့ပါလိမ့်မည်။ နောက်ကျနေမှန်းမသိဘူးဟု ဆိုလျှင်ကား ပျော်ပျော်ပါးပါး နေလိုက်ရုံသာ ရှိပါသည်။ လူဆိုသည်မှာ ကိုယ့်ဖြစ်တည်မှုနှင့်ကိုယ် ကျေနပ်နှစ်သိမ့်နိုင်ခွင့်ရှိပါသည်။

လူတိုင်းလူတိုင်း၌ ကိုယ်ပိုင်အတွေးအမြင်ဖြင့် အကောင်းအဆိုး သတ်မှတ်ထားသော ပုဂ္ဂလဓိဋ္ဌာန်ဟူ၍ ရှိပါသည်။ တက္ကသိုလ်ပညာသင်ကြားရေးတွင် ပုဂ္ဂလဓိဋ္ဌာန်များကို ရှေ့တန်းတင်လွန်းအားကြီးလျှင် `မမြင့်သေးဘူး´ဟု မြင်ပါသည်။ ပညာရပ်တစ်ခုကို တတ်နိုင်သမျှ ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်လေ့လာနိုင်ပြီဆိုလျှင် `ပညာရေးအဆင့်အတန်း မြင့်သည်´ဟု မြင်ပါသည်။ မိမိ၏ ဘော့ပင်မင်ချောင်းထဲတွင် `ဒါ့ထက်ကောင်းတာ မရှိဘူးဟု စွဲထည့်ထားလျှင် ရေးလိုက်သမျှသည် ဒါ့ထက်ကောင်းတာ မရှိဘူး´ဟုသာ ထွက်လာပေလိမ့်မည်။

ယနေ့ကမ္ဘာတွင် နည်းပညာများ၊ အတတ်ပညာများ ယဉ်ကျေးမှုများသည် အရှိန်အဟုန်ပြင်းစွာ တိုးတက်ပြောင်းလဲလျှက် ရှိသည်။ ယင်းသို့ ချီတက်ရာ၌ မိမိတို့အနေဖြင့် အခြားလူများနှင့် တန်းတူ ရင်ဘောင်တန်း ချီတက်မည်လား။ နောက်ဆုံးမှ ဒရွတ်တိုက် လိုက်ပါချီတက်မည်လား။ ဤအချက်တို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ကြဖို့ ဖြစ်ပါသည်။ နာယကချုပ်ဆရာတော်၏ သြ၀ါဒသည် အပြောင်းအလဲများ၏ အရုဏ်ဦးဖြစ်ပါစေဟု ဆုမွန်ချွေမိပါသည်။ ။



Read more...

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၄)

မြတ်စွာဘုရားက ရှင်ရာဟုလာကို ကိုယ်တော်တိုင်ဟောကြားတော်မူတာကို ပြောပြပါအုံးမယ်။
ချစ်သား ရာဟုလာ- ပူမှု၊ အေးမှုဆိုတဲ့ တေဇောဓာတ်တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။
ချစ်သား ရာဟုလာ-လှုပ်ရှားမှုဆိုတဲ့ ဝါယောဓာတ်တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း နိဗ္ဗာန်ကို ရောက်နိုင်ပါတယ် စသည်ဖြင့် ဒီလို မြတ်စွာဘုရားက ဟောထားတဲ့ ဒေသနာတော်ရှိပါတယ်။ ဒါကြောင့် အလုပ်စခန်းမှာ နိဗ္ဗာန်ကို ရောက်ဖို့ဘယ်လောက်လွယ်ထားသလဲ ယောဂီတို့၊ ဧကော ဓမ္မော-တရားတစ်ခုခုကိုသာ ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိအောင် အားထုတ်ကြပါ။ နိဗ္ဗာန်ကို ဧကန်ရနိုင်ပါတယ်။ ကျန်တရားတွေ အတွင်းဝင်ပြီးသား၊ အားထုတ်ပြီးသားဆိုရင် အသိတစ်လုံးကြောင့်ပင် နိဗ္ဗာန်ကို ဧကန်ရောက်နိုင်ပါတယ်။


ခန္ဓာမှာ ဉာဏ်မြင်နဲ့ ကိုက်၍ ပညတ်၊ ပရမတ်ကို ခွဲပြောပြပါအုံးမယ်။
ပဋ္ဌမ စာလို ပညတ်၊ ပရမတ် ခွဲပြအုံးမယ်၊ ပညတ်သည် စာလိုတော့ ဝိဇ္ဇမာနပညတ်၊ အဝိဇ္ဇမာနပညတ်-စသည်ဖြင့် (၆)မျိုး၊ တစ်နည်းအားဖြင့် ဃနပညတ် သဏ္ဍာနပညတ်၊ နာမပညတ်စသည်ဖြင့် များစွာရှိကြ၏။ ထိုတွင်လိုရင်းအတိုချုပ်ပြောရလျှင် အစိုင်အခဲဖြစ်ပေါ်လာတာက ဃနပညတ် လို့ခေါ်ပါသည်။ ပုံသဏ္ဍာန်တွေ ပေါ်လာတာက သဏ္ဍာနပညတ်လို့ခေါ်သည်၊ အမည်အမျိုးမျိုးတွေက နာမပညတ်လို့ခေါ်ပါသည်။


ပရမတ်ဆိုရင်လဲ အကျဉ်းအားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဆိုသော ပရမတ်တရား လေးပါးရှိသည်။ စိတ်မှာလဲအကျယ်အားဖြင့် (၁၂၁)ပါး ရှိပြန်သည်၊ စေတသိက်မှာ (၅၂)ပါး၊ ရုပ် (၂၈)ပါး၊ နိဗ္ဗာန်တွင် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသ နိဗ္ဗာန်ဟူ၍ (၂)ပါး စသည်ဖြင့် ခွဲမယ်ဆိုရင် ပရမတ်တရားသည် စာလိုတော့ လွန်စွာ ကျယ်ဝန်းလှပေ၏၊ ဒါတွေကို အကုန်သိမှ ပရမတ်တရားကို သိတယ်ခေါ်သလား၊ ဒီပရမတ်တွေကိုသိမှ နိဗ္ဗာန်ကို ရမှာ လားဆိုရင်မဟုတ်ပါဘူး၊ စောစောက ပြောပြခဲ့သည့်အတိုင်း ဒေသနာနည်းအားဖြင့် ပညတ်၊ ပရမတ်သည် ကျယ်ဝန်းနေတာပါ၊ ယောဂီများ ခန္ဓာမှာ ဉာဏ်မြင်နှင့် ရှင်းရင်တော့ လွယ်လွယ်နဲ့ ကျဉ်းကျဉ်းလေးပါ။


ပညတ်နှင့် ပရမတ်ကို ခန္ဓာမှာ ဉာဏ်မြင်နဲ့ ဘယ်လိုရှင်းမလဲဆိုရင် ယောဂီများ ခန္ဓာထဲမှာ ဉာဏ်နဲ့ စိုက်ပြီး ပေါ်ဒါကိုသာ မှတ်နေပါ၊ ကိုယ်မှာ တွေ့တိုင်း တွေ့တိုင်း ဉာဏ်နဲ့မြင်ဒါတွေ ဟာ ပရမတ်တွေချည်းပါ။ ကိုယ်မှာလာမတွေ့လို့ ဉာဏ်နဲ့မမြင်ရဒါ ပညတ် တရားချည်းမှတ်၊ ပညတ်တရား တကယ်တန်း ဉာဏ်နဲ့ရှာရင် မရှိတဲ့တရား မရှိလို့ မတွေ့ရတဲ့တရားတဲ့၊ ပရမတ်တရားက တကယ်တန်း ဉာဏ်နဲ့ရှာရင် အဟုတ်ရှိတဲ့တရား အဟုတ်ရှိလို့ ကိုယ်နဲ့ အဟုတ်တွေ့ရတဲ့တရားအစစ်ပါ။

ခန္ဓာမှာ ဉာဏ်စိုက်ပြီး မှတ်လိုက်တော့ ပူဒါတွေကို တွေ့ရပါလိမ့်မယ်။ အေးဒါတွေလည်း တွေ့ရပါလိမ့်မယ်။ လှုပ်ထာတွေလည်း တွေ့ရလိမ့်မယ်။ ရှိန်ရှိန် ရှိန်ရှိန်နဲ့လည်း တွေ့ရလာပါလိမ့်မယ်။ ကိုယ်မှာ တွေ့တဲ့တရားတွေဟာ သန္ဒိဋ္ဌိကဂုဏ်တော်အတိုင်း ကိုယ်တိုင်သိအပ်တဲ့ ပရမတ်တရားအစစ်တွေပေါ့။
ယောဂီများ ကိုယ်မှာ တွေ့တဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲတွေလည်း မပါတော့ပါဘူးနော်။ တွေ့လည်းမတွေ့ရ တော့ပါဘူး။ မြင်လည်းမမြင်ရတော့ဘူးနော်။

အစိုင်အခဲဖြစ်နေတာတွေက ဃနပညတ် လို့ခေါ်တယ်။

ယောဂီများခန္ဓာမှာ ဉာဏ်နဲ့တွေ့ရတဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲဆိုတာလည်း မရှိတော့ပါဘူး။

ပါလည်းမပါတော့ပါသဖြင့် အစိုင်အခဲကို မတွေ့မမြင်ရတာသည် ပရမတ်အစစ်ကိုမြင်၍ ဃနပညတ်စင်သွားပုံ၊ ခန္ဓာကိုယ်မှာ ဉာဏ်နဲ့ရှာလို့တွေ့ရတာက ပရမတ်၊ မရှိဒါက ပညတ်ပါ။

ရှိဒါမြင် မရှိဒါစင်။
ပရမတ်မြင် ပညတ်စဉ်။
ပရမတ်ပေါက် ပညတ်ပျောက်။


Read more...

ရှေးအခါက အိုးထိန်းသည် ဖြစ်ခဲ့ဖူး၏...

ဃဋိကာရသုတ်

အဝိဟာဘုံသို့ ရောက်ကုန်သော (ကိလေသာတို့မှ) လွတ်ကုန်သော စွဲမက်ခြင်း 'ရာဂ'၊ အမျက်ထွက်ခြင်း 'ဒေါသ' ကုန်ပြီးကုန်သော လောက၌ ကပ်ငြိမှု 'တဏှာ' ကို ကူးမြောက်ကုန်ပြီးသော ရဟန်းခုနစ်ယောက်တို့သည် အဘယ်သူတို့နည်း။

အဘယ် ရဟန်းတို့သည် သေမင်း၏ တည်ရာ ဖြစ်သော ကူးမြောက်နိုင်ခဲသော (ကိလေသာ) ညွန်ပျောင်းကို ကူးမြောက်ကုန်သနည်း၊

အဘယ်ရဟန်းတို့သည် လူ၌ဖြစ်သော ကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန် မြောက်ကုန်သနည်း ဟု (လျှောက်၏)။

ဥပက၊ ပလဂဏ္ဍ၊ ပုက္ကုသာတိ ဟူသော ထိုသုံးယောက်တို့သည် လည်းကောင်း၊ ဘဒ္ဒိယ၊ ခဏ္ဍဒေဝ၊ ဗာဟုရဂ္ဂိ၊ သိင်္ဂိယတို့ လည်းကောင်း ထိုခုနစ်ယောက်တို့သည် လူ့ခန္ဓာကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန် မြောက်ကုန်၏ ဟု (မိန့်တော်မူ၏)။

မာရ်မင်း၏ ကျော့ကွင်းကို ပယ်တတ်ကုန်သော ထိုရဟန်းတို့၏ အပြစ်မရှိခြင်းကို ပြောဆို၏၊ ထိုသူတို့သည် အဘယ်သူ၏ တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်သနည်း။

ထိုသူတို့သည် အကြင် မြတ်စွာဘုရား၏ တရားကိုသိ၍ ဘဝ အနှောင်အဖွဲ့ကို ဖြတ်ကုန်ပြီ၊ ထိုမြတ်စွာဘုရားကို ကြဉ်ထား၍ ဘဝ အနှောင်အဖွဲ့ကို မဖြတ် နိုင်ကုန်၊ အသျှင်ဘုရား၏ အဆုံးအမတော်ကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်။ အကြင်နိဗ္ဗာန်၌ နာမ်သည် လည်းကောင်း၊ ရုပ်သည် လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤသာသနာတော်၌ ထိုသူတို့သည် ထို (နိဗ္ဗာန်)တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်၏ ဟု (လျှောက်၏)။

နက်နဲသော သိနိုင်ခဲသော လွန်စွာ သိနိုင်ခဲသော စကားကို ဆိုဘိ၏၊ သင်သည် အဘယ်သူ၏ တရားကို သိ၍ ဤသို့ သဘောရှိသော စကားကို ဆိုဘိသနည်း ဟု (မေးတော်မူ၏)။

အကျွန်ုပ်သည် ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရ အိုးထိန်းသည် ဖြစ်ခဲ့ဖူးပါ၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့၏။ မေထုန် အကျင့်မှ ရှောင်ကြဉ်ပါ၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်လေ့ရှိ ခဲ့ပါ၏၊ အသျှင်ဘုရားနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ရှေးအခါက အသျှင် ဘုရားနှင့် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးပါ၏။

ထိုအကျွန်ုပ်သည် ကိလေသာတို့မှ လွတ်ကုန်ပြီးသော တပ်မက်မှု 'ရာဂ'၊ အမျက် ထွက်မှု 'ဒေါသ' ကုန်ပြီးသော လောက၌ ကပ်ငြိမှုတဏှာကို ကူးမြောက်ကုန် ပြီးသော ထိုခုနစ်ယောက်သော ရဟန်းတို့ကို သိပါ၏ ဟု (လျှောက်၏)။

ဘဂ္ဂဝ အကြင်သို့သော အခြင်းအရာဖြင့် ထိုအကြောင်းကို ဆို၏၊ ထိုအခါက ဤအတိုင်း ဖြစ်ခဲ့ဖူးပြီ၊ ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအမည်ရှိသော အိုးထိန်းသည် ဖြစ်ခဲ့ဖူး၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့၏။ မေထုန်အကျင့်မှ ရှောင်ကြဉ်ခဲ့၏၊ အာမိသ ကင်းသည်ဖြစ်၍ အကျင့်မြတ်ကို ကျင့်လေ့ရှိခဲ့၏၊ တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူး၏။ ရှေးအခါက ငါ၏အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။

ရှေး၌ ဖြစ်ကုန်သော၊ အပေါင်းအဖော် ဖြစ်ခဲ့ဖူးကုန်သော၊ ပွားများအပ်သော စိတ်ရှိကုန်သော၊ အဆုံးစွန်သော ကိုယ်ကိုဆောင်ကုန်သော နှစ်ယောက်ကုန်သော သူတို့၏ ဤသို့သော ပေါင်းဆုံ မိခြင်းသည် ဖြစ်သတည်း ဟု (မိန့်တော်မူ၏)။50

၁ဝ - ဃဋိကာရသုတ်၊ အာဒိတ္တ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၄)

တရားရဖို့ မလွယ်

အာရုံနဲ့ မှတ်စိတ်နဲ့  တွဲကနဲ ဂျက်မိအောင်မှတ်နိုင်မှ၊ မှတ်တတ်မှ၊ မှတ်နေမှ။
အပါယ်လေးဘုံက လွတ်မယ်၊ ဒီလိုမဟုတ်ဘဲ မှတ်နေရင်းနဲ့ 
ကြံစည်တယ်၊ စဉ်းစားတယ်၊ စိတ်ကူးတယ်၊ အတွေးနယ်ချဲ့ တယ်။
အမှတ်ပျောက်နေမယ်၊ လွတ်နေမယ်၊ ကျဲနေမယ်ဆိုရင် တရားရဖို့  မလွယ်ကူဘူး။


ရေ နဲ့ စိတ်

အသက်မရှိတဲ့ ရေတွေကိုတောင် လယ်သမားကြီးတွေက
ကိုယ်လိုရာကိုရောက်အောင် သွယ်ယူနိုင်တယ်၊ ပို့ နိုင်တယ်ဆိုရင်
အသက်ရှိတဲ့လူသားက ( ဘုန်းကြီးတို့ ၊ သူတော်စင်တွေက )
မိမိရဲ့ စိတ်ကလေးကိုထိန်းချုပ်ပြီး
တရားလမ်းကြောင်းအပေါ် တင်ပြီး ကျင့်ကြံပွားများအားထုတ်သင့်တယ်။


သစ်သား နဲ့  စိတ်

အသက်မရှိတဲ့ သစ်သားကိုပင် ကျွမ်းကျင်တဲ့ ပန်းပုသမားက
ကိုယ်လိုချင်တဲ့ပုံစံရအောင်၊ အရုပ်ဖြစ်အောင် ပြုနိုင်သေးရင်၊
အသိဥာဏ်ရှိတဲ့ လူသားက ( ဘုန်းကြီးတို့ ၊ သူတော်စင်တွေက )
မိမိစိတ်ကိုထိန်းပြီး ခန္ဓာဥာဏ်စိုက် ရှုမှတ်ထိုက်ပါတယ်။



Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂)

ကျွန်ုပ်တွေ့ သော စိတ်သဘာဝ (၁)

ဆိုက်ကိုလိုဂျီပညာဖြင့် သက္ကာယဒိဋ္ဌိ မပြုတ်နိုင်

ဗုဒ္ဓ၏နည်းဖြင့်သာ တတ်နိုင်သည်


ဥပုသ်ဇရပ်တစ်ခု၌ “စာတတ်ပေတတ်” ခေါ်ကြသော လူကြီးနှစ်ယောက်နှင့် ဆုံမိကြရာ တစ်ယောက်က-
“ကျွန်တော်တို့ တစ်တွေအကြောင်းကို ခင်ဗျားက မဂ္ဂဇင်းထဲမှာ ရေးတယ်ဆို၊ ကျွန်တော်တို့ ကတော့ မဂ္ဂဇင်းဖတ်တဲ့အထဲက မဟုတ်ပါဘူး။ သူများကပြောလို့ ကြားရတာပါ။”

ကျွန်ုပ်။ ။ “ဘယ်လိုရေးတယ် ကြားလို့ လဲခင်ဗျာ”
ဒု-လူကြီး။ ။ “ကျွန်တော်တို့ ကစာတတ်ရုံသာတတ်တယ်၊ ခင်ဗျားကတော့လက်တွေ့ အလုပ်လုပ်တယ်ဆို”
ကျွန်ုပ်။ ။ “ခင်ဗျားတို့ လဲ လက်တွေ့ အလုပ်လုပ်တယ်ဆိုလျင် ကျွန်တော်ရေးတဲ့ စာတတ်ပေတတ်တွေထဲမှာ ခင်ဗျားတို့ မပါဘူးပေါ့။”
ပ-လူကြီး။ ။ “ကျွန်တော်တို့ လက်တွေ့ လုပ်တယ်လို့ တော့ မပြောလိုပါဘူး။ သို့ သော် ခင်ဗျားလက်တွေ့ လုပ်ပုံ က ဘယ်လိုလဲသိပါရစေ။”
ကျွန်ုပ်။ ။ (အကြံတစ်ခု ပေါ်လာသည်နှင့်) “နှုတ်နဲ့ တော့ ရေလည်အောင် ပြောမပြတတ်ဘူးခင်ဗျာ။ မဂ္ဂဇင်းထဲမှာ ကျွန်တော်ရေးပြမယ်။ ဖတ်ကြည့်ကြတော့”
ဒု-လူကြီး။ ။ “ကျွန်တော်တို့ က မဂ္ဂဇင်းဖတ်တဲ့ လူစားမျိုး မဟုတ်ဘူး ခင်ဗျ။”
ကျွန်ုပ်။ ။ “ဒီလိုဆို ခင်ဗျားတို့ ဆုံးရှုံးတာပေါ့။”
ဒု-လူကြီး။ ။ “ခင်ဗျာ၊ ဘယ်လိုများ ဆုံးရှုံးပါလိမ့်”
ကျွန်ုပ်။ ။ “ဆုံးရှုံးတာကတော့ ဒီလိုပါ။ ကျွန်တော်အလုပ်လုပ်ပုံကို ခင်ဗျားတို့ ကသိချင်လို့  မေးတယ် မဟုတ်လား။ ကျွန်တော့် အဖြေကို မဂ္ဂဇင်းထဲမှာ ခင်ဗျားတို့ ဖတ်မကြည့်လိုဘူးဆိုလျင် ခင်ဗျားတို့ သိချင်တာ မသိရတဲ့အတွက် ခင်ဗျားတို့ ဆုံးရှုံးတာပေါ့။”
ပ-လူကြီး။ ။ “သြော်.....ဒီလိုလား။ ဒါဖြင့်လဲ စောင့်ဖတ်ကြရသေးတာပေါ့ဗျာ။ ဘယ်တော့လောက် ရေးမှာလဲ”
ကျွန်ုပ်။ ။ “မူလတုန်းကတော့ ရေးဖို့ မကြံရွယ်သေးပါဘူး။ ခင်ဗျားတို့ နဲ့ တွေ့ ရလို့ ရှေ့ အပတ် ရေးပို့ မယ် ကြံတယ်။ ကျွန်တော် တွေ့ တာ မြင်တာ ရေးပေမယ့် စာနဲ့ မကိုက်လျှင် ပြောပြပေါ့ဗျာ”
ဒု-လူကြီး။ ။ “ခင်ဗျားစာနဲ့ ညှိပြီး ရေးမယ်မဟုတ်လား”
ကျွန်ုပ်။ ။ “ဒီလိုရှိပါတယ်။ ကျွန်တော် တရုတ်ပြည်သွားလို့ ပြန်လာတော့ ကျွန်တော်မြင်ခဲ့တွေ့ ခဲ့တာတွေ ရေးပြရာမှာ ဘယ်စာနဲ့ မှ ကျွန်တော်ညှိမနေဘူး။ ကိုယ်တွေ့ ခဲ့တာတွေ ကိုယ်ရေးတာပဲ။ လက်တွေ့ ဆိုလျှင် ဒီလိုပဲ ဖြစ်ရမယ် မဟုတ်ဘူးလား”
နှစ်ယောက်စလုံး။ ။ “တယ်လာတဲ့ လူပါကလား”
ကျွန်ုပ်။ ။ “ကျွန်တော်ရေးပြတာ တရုတ်ပြည်မဟုတ်သေးဘူး ဆိုလျင်လဲ ခင်ဗျားတို့ က ပြောပြပေါ့”
ပ-လူကြီး။ ။ “ဒီလောက်ပဲ သေချာသလားဗျာ”
ကျွန်ုပ်။ ။ “ကိုယ်ဖြစ်တာ တွေ့ တာတွေကို ရေးတာလောက်တော့ သေချာတာပေါ့။ သို့ သော် ကျွန်တော် ရောက်ခဲ့တာဟာ ပီကင်းမဟုတ်သေးဘူ။ စာဆိုနဲ့ မကိုက်သေးဘူးဆိုလျှင်လဲ ဝေဖန်နိုင်ခွင့်ရှိတယ်”


ဆက်ရန်......



Read more...

အယောင်ဆောင်ခြင်း (၃၇)ပါး

(၁) ရာဂသည် မေတ္တာယောင်ဆောင်တတ်၏။
(၂) သောကသည် ကရုဏာယောင်ဆောင်တတ်၏။
(၃) လောဘမူသောမနဿသည် မုဒိတဗြဟ္မာ့ဝိဟာရယောင်ဆောင်တတ်၏။
(၄) ကုသိုလ်တရားတို့ ၌အားမထုတ်ခြင်း ၀န်ချခြင်းတို့ သည် ဥပေက္ခာဗြဟ္မာ့ဝိဟာရယောင်ဆောင်တတ်၏။
(၅) စိတ်ပူပန်ခြင်း ဒေါသ ဒေါမနဿတရားသည် ၀ဋ်ဆင်းရဲကို ထိတ်လန့် ခြင်း သံဝေဂယောင်ဆောင်တတ်၏။
(၆) ပုဂ္ဂိုလ်ယုတ်မြတ်၊ ကြည်ညိုအပ် မကြည်ညိုအပ် ရွေးချယ်စုံစမ်းခြင်း၌ မကြည်ညိုတတ်သော အသဒ္ဓိယဟု ဆိုအပ်သော မက္ခပဠာသီ အကုသိုလ်တရားသည် စုံစမ်းခြင်း ပညာယောင်ဆောင်တတ်၏။
(၇) သဒ္ဓါအားကြီးရာ၌ ဆိုးကောင်းယုတ်မြတ် အမှတ်မထင် မဆင်ခြင်တတ် ပညာကင်းလွတ် မသိတတ်သော မောဟသည် သဒ္ဓါယောင်ဆောင်တတ်၏။
(၈) မကောင်းမှုကို ကဲ့ရဲ့ ရှုံ့ ချရာ၌ သူတစ်ပါးတို့ ၏ အပြစ်ကို ရှုလေ့ရှိသော ဂရဟာ၊ ၀မ္ဘနာ၊ အက္ကောသန ဟူသော မသူတော်တရားသည် ပါပဂရဟိတာ ဟုဆိုအပ်သော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။
(၉) တပည့်သားတို့ ကို နှိမ်နင်းဆုံးမရာ၌ နှုတ်ကြမ်းခြင်း ဖရုဿဝါစာ အကုသိုလ်တရားသည် နိဂ္ဂယှဝါဒိတာ ဟုဆိုအပ်သော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။
(၁၀) မိမိကိုယ်ကို ဒါယကာတို့ အောက်နှိမ့်ချ၍ ပြောဆိုသောအားဖြင့် လာဘ်ကိုရှာခြင်းဟူသော စာဋုကမျတာ အနေသနတရားသည် ပိယ၀ါဒိတာဟူသော မေတ္တာယောင်ဆောင်တတ်၏။
(၁၁) အာဇီဝပါရိသုဒ္ဓိသီလကို ဖြည့်ကျင့်ရာ၌ မိမိ၏ပစ္စည်းတို့ ကို ဝေဖန်၍ သုံးဆောင်လေ့မရှိသော လောဘ မစ္ဆေရ အကုသိုလ်တရားသည် အာဇီဝပါရိသုဒ္ဓိသီလယောင်ဆောင်တတ်၏။
(၁၂) မိမိပစ္စည်းဥစ္စာတို့ ကို အလဇ္ဇီပုဂ္ဂိုလ်နှင့် ဝေဖန်ဖြန့် ဖြူး၍သုံးဆောင်ခြင်း မိစ္ဆာဇီဝ အလဇ္ဇီပဂ္ဂဟ အကုသိုလ် တရားသည် သံဝိဘာဂနာယကဂုဏ်တည်းဟူသော သဒ္ဓါမေတ္တာယောင်ဆောင်တတ်၏။
(၁၃) တရားနှင့်လျော်သော ၀စနပဋိသန္ဓာရ၊ ဓမ္မပဋိသန္ဓါရတို့ ဖြင့် ဒါယကာတို့ အား မချီးမြှောက်ခြင်းဟု ဆိုအပ် သော ကရုဏာမေတ္တာ သဒ္ဓါကင်းသော မသူတော်တရားသည် လူတို့ နှင့်နှီးနှောခြင်းမရှိရဟူသော ဂိဟိအသံသဂ္ဂ သီလယောင်ဆောင်တတ်၏။
(၁၄) လူတို့ နှင့်တရားမသင့် ရောနှောခြင်းဟု ဆိုအပ်သော အာစာရ၀ိပ္ပတ္တိမိစ္ဆာဇီဝအကုသိုလ်တရားသည် သင်္ဂဟဟုဆိုအပ်သော သဒ္ဓါ မေတ္တာ ကရုဏာယောင်ဆောင်တတ်၏။
(၁၅) သူနှစ်ယောက်တို့ ၏အကြား ကွဲပြားစိမ့်ငှာ ကုန်းချောပြောဆိုခြင်း မသူတော်တရားသည် သစ္စ၀ါဒိတာ ဟူသော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။
(၁၆) အ၀ိသုဏ၀ါစာ သုစရိုက်တရားအရာ၌ သူတစ်ပါးတို့ အကျိုးမဲ့ လိုလားခြင်းတည်းဟူသော ဣဿာ မစ္ဆေရ ဒေါသမူ အကုသိုလ်တရားသည် သူတစ်ပါးတို့ ပျက်ပြားကြလတ္တံ့ သည်ကို သိမြင်လျက် ကုန်းတိုက်ရာ ရောက်မည် ကြောင့် မပြောဆိုဝံ့သည့် အဟန်အယောင်ဆောင်တတ်၏။
(၁၇) မိမိဒါယကာအိမ်တွင် ၀င်ရောက်လာသူ အလှူခံတို့ အား နှလုံးမသာမယာခြင်း ဒေါသမစ္ဆေရရန်သည် ဒါယကာတို့ အား သနားခြင်း ကရုဏာဟန် အယောင်ဆောင်တတ်၏။
(၁၈) နောက်သားနောင်လာသံဃာတော်တို့ အတွက် အာဝါသကို ကျွဲနွားလူသူ လုယူ ဖျက်ဆီးသည့်အခါ မသဒ္ဓါ မကြည်ညို ၀န်တိုခြင်း အာဝါသမစ္ဆေရ အကုသိုလ်တရားသည် သဒ္ဓါမေတ္တာယောင်ဆောင်တတ်၏။
(၁၉) တရားဟောအပ်သော ကုသိုလ်တရားအရာ၌ ဓမ္မမစ္ဆေရ အကုသိုလ်တရားသည် လှည့်ပတ်အယောင် ဆောင်တတ်၏။
(၂၀) ဂိုဏ်းသံဃာတပည့်များကို တရားကျမ်းဂန် သင်ကြားပို့ ချချီးမြှောက်ခြင်းဟုဆိုအပ်သော သဒ္ဓါ မေတ္တာ ကရုဏာ အရာ၌ ဂိုဏ်းအပေါင်းအဖော်ကို တွယ်တာခြင်း သင်္ဂဏိကာရာမ တဏှာသည် ဂဏာနုဂ္ဂဟသဒ္ဓါ မေတ္တာယောင်ဆောင်တတ်၏။
(၂၁) အကျိုးမဲ့သောစကားတို့ နှင့်တကွ ကာလရှည်ကြာ ပြောဆိုမိခြင်း ဘဿာရာမတဏှာသည် ဓမ္မဒေသနာကို မွေ့ လျော်ယောင်ဆောင်တတ်၏။
(၂၂) ရဟန်းတရား၌ မမွေ့ လျော်နိုင်ခြင်း၊ အမှုသစ်၌သာ မွေ့ လျော်နိုင်ခြင်း၊ တဏှာဟူသောကမ္မရာမ ပပဉ္စတရားသည် ကုသိုလ်ကောင်းမှု၌ မွေ့ လျော်ခြင်းဟူသော ပုညာရာမ အယောင်ဆောင်တတ်၏။
(၂၃) ပဋိကူလသညာကမ္မဋ္ဌာန်းအရာ၌ စက်ဆုပ်ရွံရှာနှလုံးမသာခြင်း ဗျာပါဒသည် ပဋိကူလသညာ ကမ္မဋ္ဌာန်းထင်ယောင်ဆောင်တတ်၏။
(၂၄) ပဋိကူလသညာကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ရွံရှာအပ်သော အာရုံကို မရွံရှာခြင်းဖြစ်ရာ၌ ကာမတဏှာသည် ရာဂစရိုက်အစွမ်းဖြင့် မရွံရှာသည်ကိုလျက် ပဋိကူလသညာကမ္မဋ္ဌာန်းထင်သောအားဖြင့် မရွံရှာယောင် ဆောင်တတ်၏။
(၂၅) ဘာဝနာကမ္မဋ္ဌာန်းအရာ၌ ငိုက်မျဉ်းခြင်း ထိနမိဒ္ဓစသည် သမာဓိယောင်ဆောင်တတ်၏။
(၂၆) မထိုင်မရပ် မပြတ်ပြန်လှန် စင်္ကြံသွားခြင်းစသည် ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်ရာ၌ ကမ္မဋ္ဌာန်းကို မ၀င်မသက် စိတ်ထွက်ပြေးသွားခြင်း ဥဒ္ဓစ္စတရားသည် ၀ီရိယတိုးပွားယောင်ဆောင်တတ်၏။
(၂၇) ၀ိနယကုက္ကုစ္စအားဖြင့် မအပ်လိမ့်ယောင် အပ်လိမ့်ယောင်နှင့် မရှောင်ပြုမိသဖြင့် နှလုံးမသာ ၀ိပ္ပဋိသာရ ကုက္ကုစ္စသည် သိက္ခကာမ ကုက္ကုစ္စ ယောင်ဆောင်တတ်၏။
(၂၈) သက၀ါဒ ပရ၀ါဒ ပက္ခနှစ်ပါးတို့ ၌ ယုတ္တာယုတ္တိရှိမရှိကို ကြံစည်စုံစမ်းရာ၌ သက၀ါဒ၌ သို့ လောသို့ လော သင်္ကာယုံမှားခြင်း ၀ိစိကိစ္ဆာ အယုတ်တရားသည် စူးစမ်းဆင်ခြင်တတ်သောပညာ အယောင်ဆောင်တတ်၏။
(၂၉) ဣဋ္ဌ အနိဋ္ဌအာရုံတို့ ၌ ၀မ်းမနည်း ၀မ်းမသာ လျစ်လျူရှုခြင်း၊ ဥပေက္ခာတရားအရာ၌ ဆိုးကောင်းယုတ်မြတ် မသိတတ်၍ အမှတ်မဲ့နေခြင်း အညာဏုပေက္ခာ ဟူသောမောဟတရားသည် ဆိုးကောင်းယုတ်မြတ် သိတတ် လျက်သာ လျစ်လျူရှုရသည်ဟူသော ဉာဏုပေက္ခာယောင်ဆောင်တတ်၏။
(၃၀) ပရမတ္ထသဘောကို နစ်နောဆင်ခြင်တတ်သော ပညာအရာ၌ သတ္တဇီဝါ ငါသူတစ်ပါးမဟုတ်၊ နာမ်ရုပ်အစုမျှသာဖြစ်၍ လှံဓားဖြင့်ထိုးခုတ်ခြင်းကို ပြုသော်လည်း ပကတိအားဖြင့် ပျက်စီးခြင်းသဘောရှိသော ဇီဝိတိနြေ္ဒကို မဖျက်စီးနိုင်ရာ ရုပ်ကလာပ်အကြားကိုသာ လှံသွား ဓားသွား ကျရောက်သည်ဖြစ်၍ ပဏ၀မ မဖြစ်နိုင်ရာဟူသော အကိရိယဒိဋ္ဌိ အစရှိသော မိစ္ဆာဒိဋ္ဌိတရားသည် ဉာဏ်ကြီးသည့်အယောင်ဆောင်တတ်၏။
(၃၁) သားသမီးခြွေရံပရိသတ်တို့  တွယ်တာမက်မောခြင်းကင်းသော ၀ိရာဂတရားအရာ၌ သူတစ်ပါးတို့ အား သနားခြင်းမရှိ နိကရုဏာသဘောတရားသည် နှစ်သက်တွယ်တာခြင်းကင်းသည့် အဟန်အယောင်ဆောင် တတ်၏။
(၃၂) ဘုရားခွင့်ပြုတော်မူသည်ကို ငါမှီဝဲသည်ဟူသော အမှတ်ဖြင့် သဒါရဟူသော စိုးပိုင်အာရုံ ကာမဂုဏ်အမှု၌ တွယ်တာမက်မောခြင်း တဏှာသည် အပ်သည်ကိုသာ ငါမှီဝဲအပ်သည် ဟူသော အမှတ်ကို ဖြစ်စေသဖြင့် အယောင်ဆောင်တတ်၏။
(၃၃) ကိုယ့်ရှင် ကိုယ်သာ ကိုယ့်ဆရာဟု ပညာအားကိုး အမြတ်တနိုးပြုရာ၌ သီတင်သုံးဖော် ဆရာသမား သူတစ်ပါးတို့ ၏ အဆုံးအမကို မလိုက်နာနိုင်ခြင်း အယုတ်တရားသည် အတ္ထာဓိပတိဟန် အယောင်ဆောင် တတ်၏။
(၃၄) ဓမ္မ၀ိဟာရီသာ ပမာဏဟု နှလုံးပြုသဖြင့် သီတင်းသုံးသံဃာတော်တို့ ကံကြီးကံငယ် မှုကြီးမှုငယ်တို့ ကြောင့် စည်းဝေးကြသည့်အခါ အညီအညွတ် မလာမရောက် မလောက်မလား လေးစားမပြုနေခြင်းဟူသော သဗြဟ္မာ့စာရီ အဂါရ၀တရားသည် မိမိလည်း တရားတစ်ခုအာရုံပြု၍ ကောင်းသောနေခြင်းဖြင့်သာ နေပါသည် အမှတ်ကိုဖြစ်စေသဖြင့် အယောင်ဆောင်တတ်၏။
(၃၅) သီတင်သုံးဖော် ဆရာသခင်တို့ အား လောကအကြိုက်အလိုလိုက်၍ တရားမငဲ့ မျက်နှာငဲ့ကာ ပြုရသော ဝေယျာဝစ္စတို့ သည် ဆရာသခင် အရှင်များကို ခံ့ညားရိုသေခြင်း လောကာဓိပတိဟူသော ဂါရ၀တရား ယောင်ဆောင်တတ်၏။
(၃၆) အတိုင်းအရှည်နှင့်ယှဉ်၍ စကားပြောဆိုခြင်း သတိသမ္ပဇညတရားအရာ၌ စကားအလွန်နည်းပါးခြင်း၊ သီတင်းသုံးဖော် အာဂန္တုကတို့ နှင့် ၀မ်းမြောက်ဝမ်းသာမပြောဆိုနိုင်ခြင်း အာလသိယ မာနထမ္ဘ သာရမ္ဘ တရားသည် စကားအရာ၌ အတိုင်းအရှည်ကိုသိသော သတိသမ္ပဇည အယောင်ဆောင်တတ်၏။
(၃၇) သီတင်းသုံးဖော် အာဂန္တုက ရဟန်းတို့ နှင့် ၀မ်းမြောက်ဝမ်းသာ ပြောဆိုလေ့ရှိသော သဒ္ဓါမေတ္တာ ကုသိုလ်တရားအရာ၌ အလွန်အယုတ် ဟုတ်မဟုတ်ကို မဆင်ခြင်၊ ဆိုချင် မက်မော အလှိုင်းတကြီး ပြောဆိုမိသော မာယာသာဌေယျ အယုတ်တရားသည် ၀မ်းမြောက်ဝမ်းသာ သဒ္ဓါကြည်ညိုဆိုသော အယောင်ဆောင်တတ်၏။

(သုခမှတ်စု စာအုပ်မှ စာမျက်နှာ ၃၀၁-၃၀၃ ကို ကူးယူဖော်ပြပါသည်။)



Read more...

ဗုဒ္ဓဘာသာဝင်တို့နတ်ကိုးကွယ်လျှင်

အခြားဘာသာဝင်များ(သို့)Free Thinker(ယခုခေတ်တွင် အနောက်တိုင်းရော၊ အာရှမှာပါ ရေပန်းစားနေသည့်) ဟုခံယူထားသော ဘာသာမဲ့များရဲ့ နတ်ကိုးကွယ်မှုကို ဤနေရာ၌ ထည့်သွင်းတင်ပြမည်မဟုတ်ပါ။လူတိုင်း၊လူတိုင်းတွင် ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါသည်။
ကိုယ်ကြိုက်ရာ ကိုယ်ကိုးကွယ်နိုင်ပါသည်။သို့သော်လည်း မိမိကိုယ်ပိုင် အသိဉာဏ်ဖြင့် ဘယ်ဘာသာ မှန်-မမှန်၊ဘယ်ဘုရားစစ်မစစ်စိစစ်သင့်သည်။မိမိကိုယ်ကိုမညာသင့်ပါ။အနစ်နာမခံသင့်ပါ။
သိအောင်လုပ်ရမည်မှာ သင်တို့၊ကျွန်ုပ်တို့ တာဝန်ဖြစ်သည်။


ဘာသာရေးလုပ်ငန်းသည် ပစ္စုပ္ပန်နှင့် တမလွန်ဘဝမျှော်မှန်းပြီး လုပ်ငန်းစတင်ရသော အလုပ်ဖြစ်၍တစ်ခါလွဲက သံသရာတစ်လျှောက်လုံး လူဖြစ်ရှုံးနိမ့်သော လုပ်ငန်းဖြစ်သည်။ဘယ်ဘာသာ ကိုးကွယ်သင့်သည်ဟု စဉ်းစားကိုးကွယ်၊လေ့လာရမည့်အလုပ်သည် မိမိကိုယ်ပိုင်အလုပ်ဖြစ်သည်။ ဆွေစဉ်မျိုးဆက်ကိုးကွယ်၍၊
ဂုဏ်ရှိသူတွေကိုးကွယ်၍၊အာဏာရှိသူတွေ ကိုးကွယ်၍၊ပတ်ဝန်းကျင်က အထင်သေးမှာစိုးလို့ကိုးကွယ်၍ မိမိပါလိုက်ကိုးကွယ်ရသည့် အဖြစ်မျိုးမရောက်စေသင့်ပါ။


ဘုရားတွေ များလှသည်။ဤခေတ်သည် သိပ္ပံခေတ်ဖြစ်သည်။တစ်ထွာပြက တစ်လံမြင်နိုင်သော ခေတ်ဖြစ်သည်။လွပ်လပ်စွာ တွေးခေါ်နိုင်သောခေတ်ဖြစ်၍ ဘယ်ဘာသာ၊ဘယ်ဘုရား၊ဘယ်လမ်းစဉ် မှန်ကန်မှု အပြည့်အဝရှိသည်-မရှိသည်ကို အလေးအနက်တွေးမ၊ှနားလည်မှ အရေးလှပေမည်။


ဗုဒ္ဓဘာသာဝင် အမည်ခံပြီး ဗုဒ္ဓတရားတော်ကို နားမလည်၊နားလည်သော်လည်း မလိုက်နာ၊မကျင့်ကြံလျှင် သံသရာတွင် အကျိုးရှိမည်မဟုတ်။ဗုဒ္ဓဘာသာဝင်တစ်ဦး နတ်ကိုးကွယ်လျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်မဟုတ်တော့ပေ။“ဗုဒ္ဓေါ မေ သရဏံ အညံ နတ္တိ”(ဘုရားမှတစ်ပါး ကိုးကွယ်အားထားရာ မရှိပါ)ဟု ဝန်ခံခဲ့သော ဗုဒ္ဓဘာသာဝင်တစ်ဦးက ယခုအခါ နတ်ကိုးကွယ်နေလျင် အပြောနှင့်အဟော ညီညွတ်မှုမရှိပါ။


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟုသင်တို့၊ကျွန်ုပ်တို့ လွယ်ကူစွာ ပူဇော်ဆည်းကပ်၊ရွတ်ဆိုနိုင်ဖို့ မြတ်စွာဘုရားရှင်မှာ လေးသင်္ချေ၊ ကမ္ဘာတစ်သိန်းတိုင်အောင် ကျင့်ကြံအားထုတ်ရပါသည်။ကမ္ဘာတိုင်းလည်း ဘုရားမပွင့်ပါ။
ကမ္ဘာပေါင်း သိန်း၊သန်း၊ကုဋေ၊အသင်္ချေကြာမှ ဘုရားပွင့်သောကမ္ဘာလည်း ရှိပါသည်။ထိုသို့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (ဘုရားကို ကိုးကွယ်အားထားပါ၏) စသည်ဖြင့် သရဏဂုံဆောက်တည်ခဲ့သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖို့ ယခုအခါ နတ်ကိုးကွယ် လေးစားအားထားနေသဖြင့် သရဏဂုံ ပျက်တော့ပြီဖြစ်သည်။


သရဏဂုံတည်လျှင် နတ်ပြည်ရောက်နိုင်သည်။ဗုဒ္ဓဘာသာတစ်ဦးအဖို့ အာမခံချက် ရရှိပေပြီ။မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် ထင်နေသော်လည်း တကယ်တမ်း ကိုယ်ဟာ ဗုဒ္ဓဘာသာလား၊ နတ်ကိုးကွယ်သူ ဖြစ်နေပြီလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်သင့်သည်။နတ်ကိုးကွယ်လျှင် ဘယ်ဘဝရောက်မည်နည်း၊
နတ်ကိုးကွယ်လျှင် ဗုဒ္ဓဘာသာပျက်ကြောင်း မသိသူတွေ ယခင်ကမသိခဲ့၍ ကိုးကွယ်ခဲ့ကြပြီး၊ယခုအခါ သိပြီးဖြစ်၍ ရှေ့ဆက်မည်သို့လုပ်ကြမည်နည်း။


အခြေအနေကြောင့် တိုင်းတပါးတွင် လာရောက်လုပ်ကိုင်ကြ၍ ဘုရားကိုသာ ကိုးကွယ်ဆည်းကပ်ကြသည် မှန်သော်လည်း အမိမြေ၊မွေးရပ်မြေသို့ အချိန်တန်ပြန်ရောက်သောအခါ မည်သို့၊မည်ပုံဆက်လက်
ကိုးကွယ်ကြမည်နည်း။ဥပမာ- ကိုယ့်မိဘ၊ဆရာသမား၊ကျေးဇူးရှင်တို့က ဆက်လက်၍ အတွင်း-၃၇မင်း၊အပြင်-၃၇မင်း၊ဝန်း-၃၇မင်းစသည့် အောက်နိမ့်(နတ်ဟုတချို့သမုတ်သည့်)တို့ကို ကိုးကွယ်မှုမှားနေလျှင် မိမိမည်သို့ဆက်လက် လုပ်ဆောင်မည်နည်း။မိမိမျိုးဆက်ကို မည်သို့တည်ဆောက်မည်နည်း။ခိုင်မာသော ယုံကြည်ကိုးကွယ်မှု၊တိကျသော ယတိပြတ်ဆုံးဖြတ်ချက်ရှိပါပြီလားဟု ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သင့်သည်။


ဗုဒ္ဓဘာသာကို တကယ်တမ်း အစစ်အမှန် ကိုးကွယ်ချင်ပါသည် ဆိုသူတွေအဖို့ ဗုဒ္ဓကို ကိုးကွယ်သူအဖြစ် အထွတ်အမြတ်ထားရသည်။ ယင်းကဲ့သို့ နတ်ကိုးကွယ်မှုတို့မှ အစောင့်အရှောက်အနေအထားသို့ ပြောင်းလဲသင့်ပြီ။နတ်ကိုပင် ယုံကြည်ပါသည်။အားကိုးပါသည်၊ဆက်လက်၍လည်း မိရိုးဖလာ ဓမ္မတာအစဉ်အလာဖြစ်၍ ကိုးကွယ်ပါမည်ဆိုသူများအဖို့ အထူးပြောစရာမရှိပါ။ဤစာဖတ်သောနေရာ၌ပင် Browser ပိတ်၍လှည့်ပြန်သွားတာက ပိုကောင်းပေမည်။


မိမိဘဝ မိမိပိုင်ကြသည်မို့ မိမိဆန္ဒအတိုင်း ကြိုက်ရာလုပ်နိုင်ပါသည်။ ကိုးကွယ်မမှားကြဖို့ လွန်စွာ အရေးကြီးပါသည်။ဒေဝဒတ်ကို ဆရာတင်မှား၍ အဇာတသတ် ငရဲလားခဲ့ရပါသည်။အဇာတသတ် အမှားမှာ ဆရာမှားရုံသာ မှားခဲ့၍တစ်ဘဝလောက်သာ နစ်မွန်းခဲ့ရပါသည်။ဘုရားအဖြစ်ကိုးကွယ်သော ဘုရားမှားခဲ့၊ ဘာသာမှားခဲ့လျှင်ကား တစ်ဘဝမဟုတ်၊ဆယ်ဘဝမဟုတ်.. ဘဝပေါင်းများစွာ သံသရာတစ်လျှောက် နစ်မွန်းမည်အမှန်ပင်ဖြစ်ပါသည်။


သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့ ဗုဒ္ဓဘာသာပီပီ တရားတော်ကိုလေးစား၊ဗုဒ္ဓဝါဒအတိုင်းလိုက်နာ၊ဗုဒ္ဓဂုဏ်တော်များကို ပွားများ၊လောကီ၊လောကုတ္တရာ အကျိုးရှိစေမည့် ဒေသနာသုတ်များကို ရွတ်ပွားသရဇ္ဈာယ်၊မြင့်မြတ်သော ဝိပဿနာတရားအားထုတ်၍ သံသရာခရီးတစ်လျှောက် လျှမ်းလျှမ်းတောက် အောင်မြင်ရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။


Read more...

ကိုးကွယ်အားထားရာ

ဗုဒ္ဓရှင်တော်မြတ်သည် ၃၁-ဘုံတွင် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။မွေးဖွားစကပင် မြောက်အရပ်သို့ ခြေခုနှစ်ဖဝါး ကြွတော်မူ၍ "အဂ္ဂေါဟမသ္မိလောကဿ"တစ်လောကလုံး၊ လောကဓါတ်တစ်ခုလုံးတွင် ငါအမြင့်မြတ်ဆုံးဖြစ်သည်။"ဇေဋ္ဌောဟမသ္မိလောကဿ"လောကမြေတခွင်ငါလျှင်အကြီးဆုံးဖြစ်၏။
"
သေဋ္ဌောဟမသ္မိလောကဿ"လောကဓာတ် တိုက်တစ်သောင်းတွင် ငါလျှင် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်၏ဟု ကြုံးဝါးတော်မူခဲ့ပါတယ်။

သဗ္ဗညုတရွှေဉာဏ်တော်ကို ဗောဓိမဏ္ဍိုင်ခန်းဝါပိုင်ဝယ် အခိုင်အမာ ရရှိတော်မူသောအခါဝယ် မွေးဖွားခါစ ကြုံးဝါးတော်မူခဲ့သည့်အတိုင်း လောကဓာတ်တိုက်အပေါ်ဝယ် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ထူးကြီးဘဝသို့ ရရှိလာခဲ့တယ်။လူမင်း၊နတ်မင်း၊ဗြဟ္မာမင်းတို့ ဝပ်စင်းခယ ပူဇော်ကြရတယ်။အကနိဋ္ဌဗြဟ္မာပြည်မှ အနာဂါမ် ဗြဟ္မာမင်းကြီးများ မြတ်ဗုဒ္ဓထံပါးဝယ် အခစားရောက်ရှိလာရတယ်။ဗုဒ္ဓရှင်တော်မြတ် ရာဇဂြိုလ်မြို့သို့ ဆွမ်းခံဝင်တော်မူတဲ့အခါ သိကြားမင်းဟာ နောက်လိုက်ကျောင်းသားငယ်ပမာ ကြေးစည်တီး၍ ဗုဒ္ဓဂုဏ်ကို ချီးမွမ်းပူဇော်ခဲ့ပါတယ်။

သဟမ္မတိ မဟာဗြဟ္မာမင်းဆိုလျှင် တရားဟောတော်မူရန် အတန်တန်တောင်းပန်ခယ ရောက်လာရတယ်။ကိုယ့်ကိုယ်ကို အထင်ကြီး၍ လမ်းလွဲနေသော ဗကဗြဟ္မာကြီးကို ကိုယ်ရောင်ဖျောက်၍ ဘဝသံသရာ ရွံ့ဖွယ်ရာဖြစ်ကြောင်း တရားဟောချွတ်တော်မူခဲ့တယ်။ဗုဒ္ဓမြတ်စွာကား လူမင်း၊နတ်မင်း၊ဗြဟ္မာမင်းတို့ ဝပ်စင်း၊ခယ ပူဇော်ရတဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ထူးကြီး တစ်ပါးဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်ကား ထိုသို့ဂုဏ်ပေါင်းစုံ ပြည့်ဝတဲ့ ရှင်တော်ဗုဒ္ဓရဲ့ တပည့်သာဝကများဖြစ်ပါတယ်။ဗုဒ္ဓဘာသာ- ဗုဒ္ဓ၏ဩဝါဒစကားကို ဦးထိပ်ထားပန်ဆင်လိုက်နာသူများဟု အဓိပ္ပါယ်ရပါတယ်။ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ မြတ်ဗုဒ္ဓကိုသာ အားကိုးစရာအနေဖြင့် အားထားကိုးကွယ်ရမှာဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟောဖော်ညွှန်ပြ ဆိုဆုံးမသည့် တရားတော်ဓမ္မရတနာများကိုသာ လေးစားစွာလိုက်နာကျင့်ကြံကြိုးကုတ် အားထုတ်ရမှာ ဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်စား ဓမ္မရတနာများကို ဟောပြော၊ပြသ၊ညျွန်ကြား၊ဆုံးမတော်မူသော (တနည်းအားဖြင့်ဆိုသော်) ဘုရားသားတော် သံဃရတနာများကို အစဉ်မပြတ် လှူဒါန်းပေးကမ်း၊ပူဇော်ချီးပ အားကိုးရမှာ ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ ထာဝရအားကိုးရာ၊အားထားရာ၊ကိုးကွယ်စရာဟာ ရတနာမြတ်သုံးပါး ဖြစ်ပါတယ်။ထိုသို့ ရတနာသုံးပါးကို အဆက်မပြတ်ကိုးကွယ်ဆည်းကပ်၊ဘုရားဟောအတိုင်း လိုက်နာကျင့်သုံးနေထိုင်သူများဟာ သေလွန်လျှင် အပါယ်ငရဲသို့ မလားရောက်တော့ဘဲ လူ့ပြည်၊နတ်ပြည် သုဂတိဘုံများသို့ ရောက်ရှိမှာဖြစ်ပါတယ်။ဗုဒ္ဓနုဿတိဂုဏ် စဉ်ဆက်မပြတ် အာရုံပြုလျှင်ပင် ဈာန်ရ၍ ဗြဟ္မာ့ဘုံတိုင်အောင်ပင် ရောက်ရှိနိုင်ပါတယ်။

ယေ ကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယ ဘူမိံ။
ပဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿန္တိ။

အနက်အဓိပ္ပါယ်ကား ဗုဒ္ဓဘာသာဝင် အကြင်ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ကိုးကွယ်ကြကုန်၏။ထိုဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရာကာယ် အပါယ်လေးဘုံ ဒုဂ္ဂတိဘုံသို့ မရောက်ကြရ၊ မလားကြရကုန်။ယခုဘဝ လူခန္ဓာကိုယ် စုတိစိတ်ကျ ပယ်စွန့်ရသည်ရှိသော် စတုမဟာ၊တာဝတိံသာနှင့် ယာမာတုသိတာ နိမ္မာနရတိစ၍ အထက်နတ်၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်မြတ်သို့ နတ်ဗိမာန်အစုံအလင် နတ်တို့ဂုဏ်အင် အပြည့်အဝဖြင့် နတ်စည်းစိမ် ခံစားကြရပါတယ်။ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ကိုးကွယ်ရာ ရတနာသုံးပါးကာ ဤမျှကျေးဇူးကြီးမားလှပါပေတကား…



Read more...

စိတ်ကို စောင့်ရှောက်လျှင်ဘာအကျိုးရမလဲ ..?

စိတ်ကိုစောင့်ရှောက်လျှင်

ကာယကံ ကိုလည်း စောင့်ရှောက်သည်မည်၏ ။

ဝစီကံ ကိုလည်း စောင့်ရှောက်သည်မည်၏ ။

မနောကံ ကိုလည်း စောင့်ရှောက်သည်မည်၏ ။

ကာယကံ ၊ ၀စီကံ ၊ မနောကံ ကို စောင့်ရှောက်သူ၏ ကံသုံးပါသည် ကိလေသာ မစိုစွတ်၊

ကိလေသာ မစိုစွတ်သော ကံသုံးပါးရှိသူသည် ၊

ကာယကံသည်လည်း မဆွေးမြေ့ ၊

ဝစီကံသည်လည်း မဆွေးမြေ့ ၊

မနောကံသည်လည်း မဆွေးမြေ့ ၊

မဆွေးမြေ့သော ကံသုံးပါးရှိသူအား

ကောင်းသော သေခြင်းဖြစ်နိုင်၏ ။

ကောင်းသောကွယ်လွန်ခြင်း ဖြစ်နိုင်၏ ။

(ဗုဒ္ဓတရားတော်မြတ်)


Read more...

စားကြွင်းစား... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

စားကြွင်းစား...

video


Read more...

သုပ္ပဗုဒ္ဓနူနာသည်... (ဓမ္မပဒဝတ္ထု (မာဏဝ)) ၆၆-၆၉

ဗာလ၀ဂ်၊ ဓမ္မပဒဝတ္ထု (မာဏဝ)... ၆၆-၆၉

၆၆။ စရန္တိ ဗာလော ဒုမ္မေဓာ၊ အမိတ္တေနေ၀ အတ္တနာ။
ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။

၆၆။ စပ်ရှားခံခက်သော အကျိုးရှိသည့် မကောင်းမှု အကုသိုလ်ကံကို ပြုကြကုန်သော ပညာမဲ့ကုန်သော သူမိုက်တို့သည် မိမိသည်ပင် ရန်သူကဲ့သို့ဖြစ်၍ လှည့်လည်ကြရကုန်၏။

၆၆... သုပ္ပဗုဒ္ဓနူနာသည်...


၆၇။ န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ၀ိပါကံ ပဋိသေ၀တိ။

၆၇။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် ပူပန်ရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း၊ မျက်ရည်စက်လက် ငိုကြွေးလျက် အကြင်ကံ၏အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း။

၆၇... လယ်သမား...



၆၈။ တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ၀ိပါကံ ပဋိသေ၀တိ။

၆၈။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏၊ နှစ်သက်ဝမ်းမြောက်လျက် အကြင်ကံ၏အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။

၆၈... သုမနပန်းသည်...



၆၉။ မဓုံဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။

၆၉။ မိုက်သောသူသည် အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုမျှလောက် မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏၊ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

၆၉... အရှင်မ ဥပ္ပလ၀ဏ်...



Read more...

ရွှေကြာတို့ဘဝ



Read more...

နတ်လူအများ ချမ်းသာပွားဖို့

ဒီစာတွေကို ဖတ်လိုက်ရတဲ့အချိန်မှာ ကိုယ်နဲ့လည်းမသိ၊ ရင်းနှီးကျွမ်းဝင်ခြင်းလည်းမရှိသူရဲ့ နာရေးကြော်ငြာစာကို ဖတ်လိုက်ရသလို အေးအေး ဆေးဆေးလေးပဲ ပြီးဆုံးမသွားစေချင်ပါ။

မတတ်သေးတဲ့ ပညာတွေများစွာ ရှိတဲ့အထဲမှာ ကျွန်တော်မတတ်ဆုံးသော ပညာတစ်ခု ရှိပါတယ်။ ခုအချိန်ထိအောင် ဒီပညာတွေကို ဆည်းပူးနေတုန်းပါပဲ။ အဲ့ဒါကတော့ အသေ၀နာ စ ဗာလာနံ ဆိုတာကို နားလည်သဘောပေါက်ဖို့တစ်ခုပါ။ စာရဲ့သဘောကိုတော့ ငယ်ငယ်က သင်ထားခဲ့ဖူးလို့ သိတော့နေပါရဲ့။ ရင်ဘတ်ထဲအထိ ပေါက်မလာသေးဘူး။ ခက်နေတာ အဲ့ဒါပါပဲ။ ငယ်ငယ်တုန်းက သင်ပေးထားလို့ မှတ်မိနေသေးတယ်။ လူမိုက်ကိုမပေါင်းနဲ့နော် … သား တဲ့။ မေမေကဆုံးမခဲ့ တာပါ။ နားထဲကမထွက်ဘူး။ မျက်စိထဲမှာ မြင်ယောင်နေတုန်း။ လူမိုက်ဆိုတာ မိုက်တီးလေးများ ဇာတ်ကားထဲကလိုစရိုက် ကြမ်းတဲ့လူ တွေများလားပေါ့လေ။


ကျွန်တော့် အဖွားက ကျွန်တော် ပထမတန်းတက်နေတုန်းမှာ ဆုံးသွားတာပါ။ ဆုံးသွားတာက ရိုးရိုးတန်းတန်းမဟုတ်ပါဘူး။ ဖုတ်ဝင်တာဆိုပဲ။ ကျွန်တော်တို့ မိဘတွေ တောသူတောင်သား အလွန်ရိုးကြပါတယ်။ ကြားဖူးနားဝနဲ့ ဗမာဗိန္ဓောဆရာနဲ့ ခေါ်ကုရတာပေါ့။ အဲ့ဒိလူနဲ့ကုမှ ရောဂါကပိုဆိုးလာတယ်။ တစ်နေ့တစ်ခြား အစာ စားတာတွေလျော့လာတယ်။ ဟုတ်တယ်။ လူမမာဆိုတာ အာခံတွင်းတွေ့တာလေးစာချင်တာလေ။ အမဲကြော်လေး ငါးကြော်လေး စာချင်ရှာတာ။ ဖုတ်ဝင်နေတာ။ ဖုတ်က တောင်းတာဆိုပြီး မကျွေးခဲ့ရဘူးဗျာ။ ဒီလိုနဲ့ များမကြာမီ အဖွားလည်း ဘယ်သူမှမသွားချင်တဲ့နေရာကို တစ်ဦး တည်း ပျင်းပျင်းရိရိနဲ့ ထွက်သွားရရှာပါတယ်။(အဖွားက ကျွန်တော်ကိုသိပ်ချစ်တော့ ကျွန်တော်မရှိတဲ့အခါ အင်မတန် ပျင်းခြောက်ခြောက်နိုင်တယ်ဆိုလို့ပါ။ ခုသူသွားတဲ့နေရာ ကျွန်တော်လည်း မလိုက်နိုင်တော့ သူတစ်ယောက်တည်း ပျင်းပျင်းရိရိနဲ့ ထွက်သွားတယ်ထင်ပ။ ဟိုတုန်းက တွေးမိတာလေးပါ။)


လောကဇာတ်ခုံ၊ ဤလူ့ဘုံဝယ်
မျိုးစုံ က ကြ၊ မာန်မာနနှင့်
ငါ က သူဌေး၊ ငါ ပဂေးဟု
ငါသွေးတက်ကြွ၊ လူ့ဗာလတို့
များပြားလှစွာ၊ အ၀ိဇ္ဇာကြောင့်
တဏှာဘီလူး၊ အမှောင့်ပူးသော်
ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖော်၍
မော်မော်မောက်မောက်မောက်၊ ငါ တစ်ယောက်သာ
မိုးအောက်တလွှား၊ ရွှေကိုလားဟု
ထင်မှားမှတ်လွဲ၊ သို့ပင်စွဲလည်း
ဇာတ်ပွဲပြီးက၊ ပြည်ဖုံးချသော်
သုဘရာဇာ၊ ခြေအောက်မှာပင်
ဘာသာ လူမျိုး၊ ချိန်မထိုးပဲ
ပုပ်သိုးခန္ဓာ၊ မြုပ်ရရှာသည်
ဘယ်မှာ ….. ငါ ဟုရှိအံ့နည်း။

အဖွားကို မြေချတဲ့နေ့က လိုက်ပါပို့ဆောင်သူတွေကို ဝေခဲ့တဲ့ ယပ်တောင်က သံဝေဂ ကဗျာလေးပါ။ ဘယ်သူရေးထား မှန်းတောင်မသိဘူး။ ကြီးမှ ကြိုက်လွန်းလို့ ကျက်ထားတာ။ တစ်ကယ်တော့ အဖွားသေတာ ဖုတ်ဝင်လို့မဟုတ်ပါပဲ မတတ် တတတ်နဲ့ လာကုတဲ့ ဒေါက်တာရမ်းကုကြောင့် ဆုံးပါးခဲ့တာပါ။ ဟုတ်ပါတယ်။


ဆေးဆရာမှားတဲ့အခါမှာ လူသား တစ်ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆေးမမှားအောင် ဆရာဝန်ကောင်းတွေ ဆေးကောင်းတွေလိုအပ်လာတာနဲ့အမျှ ယနေ့ ကမ္ဘာကြီးမှာ နေ့စဉ်နှင့်အမျှ ရောဂါတွေရှာဖွေရေးတွေ ပြုလုပ်စမ်းသပ်နေသလို ကုသရေးဘက်မှာလည်း မလစ်ဟင်းအောင် ဆောင်ရွက်နေတာတွေ မြင်တွေ့နေရပါတယ်။ ဘာပဲ ဖြစ်ဖြစ်အားတက်မိတယ်။ ဒါပေမယ့်ဗျာ .. တစ်ဖက်မှာ ဒီလို လူ့အသက်တစ်ချောင်းကို ကယ်ဆယ်ဖို့ အားသွန်ကြိုးပန်းနဲ့ မမောမပန်း ပညာရပ် တွေရှာဖွေနေတဲ့အချိန်မှာ တစ်ဖက်မှာလည်း လူသားတွေ အစုလိုက် အပြုံလိုက်သေစေနိုင်တဲ့ လက်နက်တွေ ထုတ်လုပ်နေတာကို တွေ့နေကြားနေရပြန်တယ်။

၂၀ ရာစုလူသားတွေရဲ့ကမ္ဘာမှာ ရောင်စုံမီးတွေ ထိန်ထိန်ညီးပြီး လိုတိုင်းတ ရနိုင်တဲ့ လောကကြီးတစ်ခုကို ဖန်းဆင်းနိုင်ဖို့ အတွက် အဓိက လိုချက်ကတော့ စွမ်းအင်ပါပဲ။ အဲ့ဒါတွေကိုဖြည့်ဆည်းပေးနိုင်တာက ခေတ်သစ်ရူပဗေဒပညာရပ်ကပါ။ အဏုမြူကိုခွဲစိတ်လို့ ရတဲ့ပညာဟာ အကြီးမားဆုံးစွမ်းအင်ဖြစ်တယ်ဆိုတာကို ဖော်ထုတ်ပေးလိုက်တဲ့ Fission method ဟာ ဟီရိုရှီးမားမြို့ပေါ်ကို အဏမြူဗုံးကြဲချပြီး သက်သေပြခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ချင်တဲ့ စေတနာနဲ့ပါလို့ အကြောင်းပြနိုင်ခဲ့ရင်တောင်မှ ဒုတိယတစ်ကြိမ် နာဂါဆီကီမြို့ပေါ်ကို ကြဲချတာကတော့ ဆင်ခြေပေးလို့မရနိုင်တော့ပါဘူး။ လူတွေသိန်းသန်းမက သေကြေပျက်စီးခဲ့ကြပါတယ်။ ဘယ်လိုပြောရမလဲ ….

နည်းပညာတွေကို မှားယွင်းစွာ အသုံးချမိတဲ့အခါ လူတစ်ယောက်မက များလှစွာသော လူသားတွေ သေကြေခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ သူတို့က လူသားတွေ စည်းကမ်းမရှိကြတော့ဘူးလား။ ယဉ်ကျေးမှုတွေခေါင်း ပါးကုန်ပြီလား။ မေတ္တာအစေးတွေ ခမ်းခြောက်ကုန်ပြီလားလို့ ဘာသာတရားတွေဘက်ကို ဦးလှည့်ပြီး ပြောဆိုလာကြပါတယ်။ နောက်ဆုံးမှာ ဘာသာ တရားဟာ လူသားအားလုံးရဲ့ခိုကိုးရာ ဖြစ်တည်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအချိန်မှာ ဘာသာတရားတွေက အမျိုးမျိုး စည်းရုံးကြပါတော့တယ်။ သူကကောင်းတယ်။ ငါက ကောင်းတယ်။ သူကတယ်တင်နိုင်တယ်။ ငါက ကယ်တင်နိုင် တယ်။ ငါ့ကိုသာ ယုံ၊ ငါ ခိုင်းတာသာလုပ်၊ ငါက မင်းတို့ကိုစောင့်ရှောက်မယ်ပေါ့။ ဘာပဲပြောပြော သူ့ထက်ငါ သာအောင် တော့လုပ်လာကြပါတယ်။


ခက်နေတာက ဗုဒ္ဓဘာသာပါ။ မြတ်စွာဘုရားက မင်းတို့ကို ငါမကယ်ဘူးတဲ့။ ဘုရားအားလုံးက ကယ်မယ်ပြောနေတဲ့အချိန် ဗုဒ္ဓက ငါမကယ်ဘူးဆိုပဲ။


တုမေဟိ ကိစ္စံ ကာ တဗ္ဗံ၊ အက္ခာ တာရော တထာဂတာာ။

ချစ်သားတို့ … ငါဘုရားဟာ မဂ္ဂင်ရှစ်တန် အကျင့်မှန် ကိုဟောပြပေးနိုင်ရုံသာ ရှိပါတယ်။ ရောက်အောင်သွားဖို့ကတော့ မင်းတို့တာဝန်ပါပဲ။ အဲ့ဒိမှာ ဘုရားက ကယ်မယ်လို့ မပြောခဲ့ဘူး။ လွတ်ရာ ကျွတ်ရာကို ကိုယ်တိုင်သွားကြဖို့ပဲ မှာပါတယ်။ တို့ဘုရားရှင်က အစ၏ကောင်းခြင်း သီလ၊ အလယ်၏ ကောင်းခြင်း သမာဓိ၊ အဆုံး၏ ကောင်းခြင်း ပညာကို ညွှန်ပြခဲ့တယ်။ ဒီတရားတွေကို ဟောပြောပို့ချ၊ ကျင့်သုံး၊ လိုက်နာကြဖို့က တို့တွေတာဝန်ပဲရှိတော့တာပေါ့။ မြတ်ဘုရားရှင် ဟောကြားခဲ့သော ဓမ္မသည် ကောင်းရာကို ပို့သည်ဆိုလျှင် အဓမ္မသည် မကောင်းသည့်နေရာကို ရောက်ရပေတော့မည်။ မြတ်စွာဘုရားရှင်၏ ဓမ္မ အတိုင်းလိုက်နာကျင့်သုံးလျှင် ယဉ်ကျေးမူတွေထွန်းကားမည်ဆိုခဲ့ပါက မကျင့်သုံးလျှင် ယဉ်ကျေးမှုတွေ ပျောက် ကွယ်ကုန်ရလိမ့်မည်။ ဘုရားရှင်၏ အဆုံးအမအတိုင်း လိုက်နာပါက မေတ္တာအစေးတွေ မခမ်းခြောက်ဘူးဆိုရင် မလိုက်နာ ပါက ခမ်းခြောက်ရန်သာရှိပါတော့တယ်။


ဒီလိုဆိုရင် ဘုရားရှင် သာသနာမှာ ဓမ္မကို ဓမ္မအတိုင်းဟောတဲ့သူတွေ ရှိဖို့လိုအပ်လာပါပြီ။ ဓမ္မကို အဓမ္မလုပ်တဲ့သူတွေ ဟောပြောလာရင် လောကကြီး ပျက်စီးရလိမ့်မည်။ အဓမ္မကို ဓမ္မလုပ်လာလျှင်လည်း လောကကြီး ပျက်စီးရလိမ့်မည်ဖြစ် သည်။ ဆေးဆရာမှားလို့ တစ်ဦးတစ်ယောက် သေဆုံးရသည်မျိုးမဟုတ်၊ နည်းပညာလွဲမှား အသုံးချ၍ လူအစုလိုက် အပြုံ လိုက်သေကြေကြသည်လည်းမဟုတ်။ တစ်လောကလုံး ပျက်စီးရမည့်အခြေ အနေဖြစ်သည်။ တစ်သံသရာလုံး နစ်မြုပ်ရ မည့်အရေးဖြစ်ပေသည်။ ဤသည်ကို နားလည်းသဘောပေါက်ဖို့ရန် အရေးကြီးလှပါတယ်။ တရားမှာ နည်းနည်းလေးပဲ မှားသည် ဖြစ်စေ လက်ခံနိုင်စရာ အကြောင်းမရှိပေ။ တရားမှန်လျှင် အမှားစင်ရမည်ဟု ကျွန်တော်ယုံကြည်သည်။ မစင်သည် အနည်းငယ်ပင် စွန်းထင်းသော်လည်း စက်စုက် ဖွယ်ရာသာဖြစ်၏။ သာရာဖွယ်မဟုတ်ပေ။ ဓမ္မထဲမှာ အဓမ္မ အနည်းငယ်ပါခြင်းကိုမျှပင် ရှောင်ကြဉ်သင့်လှပါတယ်။


ဓမ္မကိုမှားယွင်းစွာ ဟောကြားခြင်းဖြင့် လောကကြီးကို ပျက်စီးစေခဲ့ပါတယ်။

လူမိုက်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာလဲလို့ ကျွန်တော်တို့တွေ စဉ်းစားဖို့ လိုလာပါပြီ။ ဘယ်လိုလူမျိုးတွေကို ရှောင်ကြဉ် သင့်ကြသလဲဆိုတာ စဉ်းစားဖို့ လိုလာပါပြီ။ လူတစ် ယောက်ကိုသာ ပျက်စီးစေတဲ့သူ၊ လူအများစုကို ပျက်စီးစေတဲ့သူ၊ လောကကြီးတစ်ခုလုံးကို ပျက်စီးစေတဲ့သူ ဘယ်သူက ပိုပြီး မိုက်ကန်းပါသလဲ။


မစင်သည် အနည်းငယ်ပင် စွန်းထင်းသော်လည်း စက်စုက်ဖွယ်ရာသာ ဖြစ်၏။

ဟု စိတ်ထဲမှာ အကြိမ်ကြိမ်ရေရွတ်နေမိပါတယ်။


ကျွန်တော်ကိုယ်တိုင် မိုက်တဲ့သူလား၊ ဒါမှမဟုတ် မိုက်တဲ့သူကြောင့် ခံရတဲ့သူလား၊ ဒါမှမဟုတ် သူတို့ကို ထောက်ခံနေသူလား။ အတွေးအာရုံထဲမှာ ဝေခွဲ၍မရ။ လူမိုက်ဆိုတာ ကိုမုန်းနေမိတယ်။ ကြောက်နေမိတယ်။ ဘာရယ်မသိတော့။ ခေါင်းတွေခြောက်လာသည်နှင့် ရေချိုးခန်းသို့ဝင်ပြီး ရေအေးအေးနဲ့ မျက်နှာသစ်လိုက်တယ်။ ပြီးတာနဲ့ အနားရှိတဲ့မှန်ကို လက်သီးနဲ့ လေးငါးချက် ဆင့်ထိုးပြီး ခွဲပစ်လိုက်တယ်။ (စိတ်ထဲမှာပါ) ကျွန်တော် လူမိုက်ဆိုရင်ကို လုံးဝကို မတွေ့ ချင်တော့ လို့ပါ။ (ဆက်၍ဖော်ပြပါဦးမည်။)


အားလုံးသော ဓမ္မမိတ်ဆွေအပေါင်းတို့ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်း သာကြပါစေ။


(မင်္ဂလာအရေးမို့ ခပ်ဖြေးဖြေးလေး တွေးကြည့်၊ ရေးကြည့်တာပါ။ အကြောင်းမလျော် ချွတ်ချော်မှားယွင်းသွားအံ့။ မေတ္တာ ရှေ့ထားကာ အပြစ်ညွှန်ပြ ဆုံးမပေးဖို့ တောင်းပန်ပါတယ်။)




Read more...

သြ၀ါဒ

၁။ ကောက် စားမလောက်၊ ဖြောင့် စားမကုန်
၂။ အသွားအလာ ဣနြေ္ဒရှိပါစေ
၃။ စကားကို နည်းနည်းပါးပါး ပြော
၎။ မနောကြံတိုင်း ဖွင့်မပြောနဲ့။

( ဆဋ္ဌမ မဟာရင်ဂိုဏ်းချုပ် ဆရာတော်ကြီး ဘဒ္ဒန္တဇောတိပါလ )


Read more...

သြ၀ါဒ

သက်ရှိလောကကြီးတွင် အသက်ရှင်နေထိုင်ကြလျက် မိမိတို့၏ ဘ၀တလျှောက်လုံးတွင် ကံ-သုံးကြီးကို လ-သုံးနည်းနှင့် ဆီး၊ သတိဂိတ်က စည်း၊ ကိစ္စအားလုံး ပြီး-ဟူသော စကားဆောင်ပုဒ်ဖြင့် အစဉ်လက်ကိုင်ထား ကျင့်သုံးသွားကြပါ။

အကျယ်ကို ဖွင့်ဆိုပါအံ့၊
ကံ-သုံးကြီး
၁- ကာယကံ=ကိုယ်ဖြင့်ကျူးလွန်ခြင်း ကိစ္စဟူသမျှ။
၂-၀စီကံ=နှုတ်ဖြင့်ကျူးလွန်ခြင်း ကိစ္စဟူသမျှ။
၃-မနောကံ=စိတ်ဖြင့်ကျူးလွန်ခြင်း ကိစ္စဟူသမျှ။

မည်သည့်အကြောင်းခြင်းရာကိစ္စမဆို မိမိ၏ ကိုယ်နှုတ်နှလုံး သုံးပါးသောကံများကို လ-သုံးနည်းဖြင့် ထိန်းသိမ်းပါ။ ချိန်ဆပါ။ ဆုံးဖြတ် လုပ်ကိုင်သွားကြပါ။ လ-သုံးနည်းဟူသည်မှာ-
၁-လွဲနေသလား။ ၂-လွန်နေသလား။ ၃-လိုနေသလား။
အဆိုပါ လ-သုံးနည်းဖြင့် သတိတည်းဟူသော ထွက်ပေါက်ဂိတ်မှ စည်း-ကာပိတ်ပင်၍ သုံးသပ်ခြင်းဖြင့် မကောင်းမှုများကို တားဆီးပြီး ကောင်းမြတ်သော အကြံ၊ ကောင်းမြတ်သော အပြော၊ ကောင်းမြတ်သော အလုပ်ဟူသမျှကို ဆောင်ရွက်သွားကြပြီး မိမိ ရည်ရွယ်ချက်၊ မိမိကိစ္စပြီးစီးရာ အမတနိဗ္ဗာန်ဆိုတဲ့ အောင်စခန်း၊ အောင်ပန်းသို့ ကြွလှမ်းဆွတ်ယူတော်မူနိုင်ကြစေရာကုန်သတည်း။

( ကန်ကြီးထောင့်ဆရာတော် ဘဒ္ဒန္တ ပညာသုတ )


Read more...

ကံ ကံ၏အကျိုး ( ၅၃ )

( ရတနာသုံးပါး ဂုဏ်ကျေးဇူး )

ကျွန်တော်သည် သိတတ်သည့်အရွယ်မှစ၍ ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်အားထားခဲ့ပါသည်။ ပဲခူးမြို့ မဟာစည်သာသနာ့ရိပ်သာတွင်လည်း တရားထိုင်ခဲ့ပါသည်။ ငယ်စဉ်ကစ၍ သရဏဂုံသုံးပါးကို ပုတီးစိပ်၍ အိပ်ပါသည်။ ကျွန်တော်၏ အဘွား ဘုရားရှိခိုးရာတွင် ရွတ်ဆိုသော သမ္ဗုဒ္ဓေဂါထာနှင့် ဘုရားဂုဏ်တော်၊ တရား ဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကိုလည်း အလွတ်ရခဲ့ပါသည်။ အလုပ်ခွင်သို့ ရောက်သောအခါ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ တရားတိပ်ခွေကို နာကြားခဲ့ရပြီး နတ်များပင့်ဖိတ်ခြင်း၊ နတ်များနှင့်တကွ သုံးဆယ့်တဘုံသားတို့အား မေတ္တာပို့ အမျှပေးဝေခြင်း၊ ပရိတ်ကြီး ဆယ့်တသုတ် ရွတ်ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

၁၉၉၁-ခု ဇွန်လတွင် ကျွန်တော့အား ဖြူးမြို့ အလယ်တန်းကျောင်းအုပ်မှ ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာကျေးရွာ အထက်တန်းကျောင်းအုပ်အဖြစ် ရာထူးတိုးမြင့်ခန့်ထားခြင်း ခံရပါသည်။ အဆိုပါကျောင်းသို့ တာဝန်ထမ်းဆောင်ရန်အတွက် ဖြူးမြို့မှ မန္တလေးမြို့သို့ အမြန်ရထားဖြင့် ထွက်ခွါခဲ့ပါသည်။ ထို့နောက် မန္တလေးမှ မုံရွာသို့၎င်း၊ မုံရွာမှ ခုက္ကူသို့၎င်း၊ ပခုက္ကူမှ မင်းတပ်မြို့သို့၎င်း ရောက်ရှိခဲ့ပါသည်။

၁၂-၇-၉၁-နေ့တွင် မင်းတပ်မှ ကားဖြင့် ဆက်လက်ထွက်ခွာလာရာ မိုင် ၄၀-တွင် ညအိပ်ကြရပါသည်။ ထွက်ခွာလာရာ လမ်းတလျောက်တွင် ကျွန်တော်သည် သရဏဂုံသုံးပါးဂုဏ်ကို ရွတ်ဆိုခြင်း၊ အရပ်ရှစ်မျက်နှာရှိ နတ်-လူ-သတ္တ၀ါအားလုံးတို့အား မေတ္တာပို့ခြင်းတို့ကို အစဉ်မပြတ် ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ဆက်လက်၍ ၁၃-၇-၉၁-နေ့တွင် ခရီးဆက်ကြပါသည်။ မင်းတပ်မှ ၇၂-မိုင်ကွာသော နေရာသို့ ရောက်လျှင် ကားလမ်းမှ မြေကြီးပဲ့ကျ၍ ကားမှာ ချောက်ထဲသို့ ကျသွားပါသည်။ သို့သော် ကားမှာ အထက်အောက် ပြောင်းပြန်ဖြစ်ပြီး သစ်ပင်ကြီးတပင်ကြောင့် ချောက်ထဲသို့ ဆက်မကျတော့ပါ။

ကားပေါ်တွင်ပါလာသော ခရီးသည်အချို့ ဒဏ်ရာပြင်းထန်စွာ ရရှိကြပါသည်။
သို့သော် ကျွန်တော်သည် အသက်အန္တရာယ်ဖြစ်ဖို့ဝေးစွ၊ တစုံတရာ ထိခိုက်ဒဏ်ရာပင် မရရှိခဲ့ပါ။ ဤကဲ့သို့ အန္တရာယ်ကင်းခဲ့ခြင်းမှာ ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့်ဟု ယုံကြည်ယူဆမိပါသည်။

( တင်အေး )
*********************************************************************************

( ကိုယ်တွေ့ မြတ်မင်္ဂလာ အကျိုး )

ကျွန်တော်သည် ဘွဲ့ရအလယ်တန်းပြ ဆရာတဦးဖြစ်ပါသည်။ သာမန်အားဖြင့် ကျောင်းဆရာဘ၀သည် အေးချမ်းလှပါသည်။ ကျွန်တော်မှာမူ အထက်တန်းကျောင်း တကျောင်းလုံး၏ ဝေယျာဝစ္စကို ထမ်းဆောင်ရသော မိဘဆရာအသင်း အတွင်းရေးမှူး ဖြစ်နေသောကြောင့် မအေးချမ်းလှပါ။ မိဘဆရာအသင်း၏ ရန်ပုံငွေ ကောက်ခံမှုမှာလည်း ပါဝင်ရသည်။

ကျောင်းသုံး ခုံကျိုး ခုံပျက်ပြင်ခြင်း၊ ၀င်းခြံခတ်ခြင်း၊ အိမ်သာကျင်းတူးခြင်း၊ တည်ဆောက်ခြင်းများကို တပည့်များ၏လုပ်အားနှင့် ကိုယ်ထူကိုယ်ထ အပင်ပန်းခံ လုပ်ဆောင်မှုတို့တွင်လည်း ပါဝင်ရသည်။

တဖန် ကျောင်းစစ်စာမေးပွဲများ၊ အတန်းတင်စာမေးပွဲများတွင်လည်း စာစစ်ရုံးအဖွဲ့မှူးအဖြစ် စာမေးပွဲများ အောင်မြင်စွာ ပြီးမြောက်ရေးကို ဆရာကြီးနှင့်အတူ တာဝန်ထမ်းဆောင်ရသည်၊ စာမေးပွဲများ မကျင်းပမီ တလအလိုမှာပင် စာစစ်လုပ်ငန်းအတွက် စာရေးကိရိယာဝယ်ယူခြင်း၊ စုဆောင်းခြင်းများ ပြုရပါသည်။

လွန်ခဲ့သော ၁၉၉၅-ခု ဇန်န၀ါရီလ ၂၅-ရက်နေ့က ကျွန်တော်သည် အတန်းတင်စာမေးပွဲအတွက် မေးခွန်းနှင့် အဖြေလွှာစာရွက်များ ပြုလုပ်ရန် ပန်းတောင်းမြို့မှ ဧရာဝတီမြစ်တဖက်ကမ်း ပြည်မြို့ အစိုးရစာရေးကိရိယာ လက္ကားဖြန့်ဖြူးရေးဆိုင်သို့ စာရွက်ထုတ် သွားခဲ့ပါသည်။ ခရီးသွားချိန်တွင် ကားစီးရင်း ပဲ့ထောင်စီးရင်း ဖတ်နိုင်ရန် ဆရာမဒေါ်မြင့်မြင့်ဌေးနှစ်ထံမှ မြတ်မင်္ဂလာစာစောင်များ၊ ဓမ္မဗျူဟာစာစောင်များ ယူလာခဲ့ပါသည်။

ပန်းတောင်းမြို့မှ ဆင်တဲကူးတို့ဆိပ်ကမ်းသို့ ကားစီးရပါသည်။ ဆင်တဲဆိပ်ကမ်းမှ ပဲ့ထောင်မှာ ကျွန်တော်လည်းရောက်၊ လူလည်းပြည့်၍ ထွက်ပါသည်။ ပဲ့ထောင်သည် အပေါ်ဖောင်းရစ် မြုပ်သည်အထိ ခရီးသည်အပြည့် တင်ထားသည်။ ဈေးဝယ် ဈေးသည် များကြသည်။ ထိုင်စရာ ခုံတန်းမရှိသဖြင့် ပါလာသော ဂုံနီအိတ်ထုပ်ကိုချကာ ထိုင်ပါသည်။ ပဲ့ထောင်လည်း စထွက်ပြီဖြစ်သည်။

ကျွန်တော်သည် မြတ်မင်္ဂလာစာစောင် အတွဲ ၁၀၊ အမှတ်-၆၊ ၁၉၉၄-ခု ဒီဇင်ဘာလထုတ်ကို အဆုံးမှအစဘက် ပြန်ဖတ်လာခဲ့သည်။ စာအုပ်တ၀က်ဖြစ်သော စာမျက်နှာ ၂၆-တွင် မင်းလှမြတ်ထွေးရေးသည့် ကိုးတောင်ဆရာတော်ကြီးပေးသော ဂါထာဆောင်းပါးကို စိတ်ဝင်စားစွာ ဖတ်နေမိသည်။ ဆောင်းပါး၏ အချုပ်ဖြစ်သော ဆရာတော်ကြီးမှာကြားသည့်---
အဲဒီဂါထာရွတ်မယ်ဆိုရင် အံကိုကြိတ်ထားပါ၊ ညာဘက် ခြေဖနောင့်နှင့် ကြမ်းပြင်ကို ဆောင့်လိုက်ပြီး
သုနက္ခတ္တံ သုမင်္ဂလံ ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ ။ လို့ ပါဠိတော်ကို ၃-ကြိမ်ရွတ်ဆိုပါ။ ပြီးတော့ မိမိနှုတ်က ဆက်ပြီး အနက်အဓိပ္ပါယ်ကို ဆိုပါ။

ယခုငါသွားမည့်ခရီးသည် ကောင်းသောနက္ခတ်နှင့် ယှဉ်ခြင်း၊ ကောင်းသောမင်္ဂလာဖြစ်ခြင်း၊ ကောင်းသော နိုးကြားခြင်း၊ ကောင်းသော ပွားစီးခြင်းဖြစ်သည်-လို့ ၃-ကြိမ်ဆိုပါ။
ပင်လယ်ပြင်ကြီး ဒေါမန်ထ၍ လှိုင်းလေတွေ ကြွချင်တိုင်းကြွ၊ ကြီးချင်တိုင်း ကြီးနေကြပေမယ့် မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တိုရ်လာ ဂါထာအစွမ်းကား ဘေးဘယာမသန်းရအောင် ကာကွယ်နိုင်ကြောင်း သိရလိမ့်မယ်။

ကျွန်တော်သည် စာပါအတိုင်း လိုက်နာကာ ထိုင်ရင်းမှ အာရုံပြုလျက် မိမိညာခြေထောက်ကို အသာဖိနင်းပြီး ၃-ကြိမ် စိတ်ထဲမှ ကြိတ်၍ရွတ်ဆိုမိပါသည်။
ဟယ်-ကံကောင်းလို့ဟေ့၊ သီသီလေးလွတ်တယ်။
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ၊
မိုက်မိုက်ကန်းကန်း ရှေ့ကဖြတ်ကူးတယ်၊ တိုက်မိဖို့ နည်းနည်းလေး လိုတော့တယ်၊ နစ်လိုက်ရရင် ရေလယ်ခေါင်မှာ အကုန်ကြွပဲ။

လှိုင်းဒဏ်ကြောင့် ပဲ့ထောင်လူးသွားသဖြင့် ကျွန်တော်ပင် ရှေ့သို့စိုက်ကျသွားခဲ့ပါသည်။ တအံ့တသြနှင့် တယောက်တပေါက် အသံများကြားသဖြင့် ပဲ့ထောင်ရှေ့သို့ ကျွန်တော်ကြည့်လိုက်သောအခါ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေးအတွက် အလုပ်သမားများ တင်လာသောပဲ့ထောင်မှာ ပြည်မြို့သို့ ရောက်ချင်ဇောနှင့် ရှေ့မှ ဖြတ်မောင်းသွားသောကြောင့် ကျွန်တော်တို့ ပဲ့ထောင်ဦးထိပ်နှင့် လက်မ၀က်ခန့် သီသီလေး လွတ်ထွက်သွားကြောင်း သိလိုက်ရပါသည်။

ရေကြောင်းခရီးတွင် စက်တပ်ပဲ့ထောင်ယာဉ်များ၏ မဆင်မခြင် လုပ်ရပ်များကြောင့် အမှားအယွင်းဖြစ်ကာ ရင်နင့်စရာသတင်းဆိုးများ မကြာခဏ ကြားသိရပါသည်။ ယခုလည်း မြတ်မင်္ဂလာ စာစောင်ပါ ကိုးတောင် ဆရာတော်ကြီးပေးခဲ့သော ဂါထာက ဤသတင်းဆိုးကို ဖယ်ရှားခဲ့ပြီဟု လေးလေးနက်နက် ယုံကြည်မိပါသည်။ ဘာသာရေးစာစောင်များ၏ အကျိုးကျေးဇူးကြီးမားပုံကိုလည်း ကျွန်တော်လက်ခံယုံကြည်သွားပါတော့သည်။

( မောင်ကြူဆွေ )

( မြတ်မင်္ဂလာ ၁၉၉၆-ခု ဇူလိုင်လ )


Read more...

မုန့်ကြော်စားချင်၍ မှိုင်နေသော ကုဋေရှစ်ဆယ်သေဋ္ဌေးကြီး

ရာဇဂြိုဟ်မြို့တော်နှင့် မနီးမဝေးရှိ သက္ကာရရွာ၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သေဋ္ဌေးကြီး နေထိုင်လျက်ရှိ၏၊ တနေ့တွင် သူဆင်းရဲတဦး မုန့်ကြော်စားနေသည်ကို မြင်ရာ သူလည်း စားချင်စိတ်ပေါ်လာ၏။ အိမ်တွင် ကြော်စားလျှင် အိမ်သူအိမ်သားများပါ စားကြပါက အကုန်အကျများမည်စိုး၍ စားချင်စိတ်ကို အောင့်အည်း၍ မှိုင်တွေနေ၏။ သေဋ္ဌေးကတော်က အကြောင်းကို အကြိမ်ကြိမ်မေးမှ သူ့အာသာဆန္ဒကို ပြောပြ၏။ မည်သူမျှမမြင်အောင် တိုက်အပေါ်ဆုံးအထပ်သို့ သွား၍ မုန့်ကြော်ကြလေသည်။ မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်အား ခေါ်တော်မူ၍ မုန့်အလှူခံရန် ညွှန်ကြားတော်မူရာ သေဋ္ဌေးတိုက်သို့ ကြွသွားပြီး လေသာပြတင်းပေါက်တွင် သေဋ္ဌေးမြင်အောင် ရပ်နေတော်မူ၏။

သေဋ္ဌေးသည် အမျိုးမျိုးပြောဆိုကာ နှင်လွတ်သော်လည်း ရှင်မောဂ္ဂလာန်သည် ဖယ်ရှားမသွားလေ။ နောက်ဆုံးတွင် သေဋ္ဌေးကတော်အား မုန့်သေးသေးလေးကြော်ပြီး ပေးလိုက်ဟု ခွင့်ပေး၍ သေးငယ်သော မုန့်ကြော်ရန် အားထုတ်ရာ မုန့်ကြီးကြီးသာ ဖြစ်လာ၏။ မကျေနပ်သောသေဋ္ဌေးက သူကိုယ်တိုင် မုန့်အငယ်ဆုံးကြော်ရန် ကြိုးစား၏။ ဒယ်အိုးအပြည့် မုန့်ကြီးသာ ဖြစ်၍လာလေ၏။ နောက်ဆုံးတွင် စိတ်ပျက်၍ ကြော်ပြီးသားမုန့်တယှက် လှူလိုက်ဟုပြောရာ တယှက်ယူမရဘဲ မုန့်အားလုံး ကပ်၍ပါလာပြန်၏။ တယှက်တည်းယူရန် အားစိုက်ရင်း မောပန်းလာရာ စိတ်ပျက်ပြီး အကုန်လောင်းလှူလိုက်လေသည်။

ရှင်မောဂ္ဂလာန်က အနုမောဒနာတရား ဟောကြား၍ စေတနာသဒ္ဓါတရားပေါက်လာရာ တန်ခိုးတော်ဖြင့် သေဋ္ဌေးလင်မယားကို ဇေတ၀န်ကျောင်းတော်သို့ခေါ်ဆောင်သွားပြီး ဘုရားရှင်အား မုန့်ဆက်ကပ်စေသည်။ ထိုမုန့်များကို ဘုရားရှင်နှင့် သံဃာတော်အားလုံး ၀အောင်ဘုဉ်းပေးတော်မူကြရသည်။ သေဋ္ဌေးလင်မယားလည်း သဒ္ဓါတရား ပိုမိုထက်သန်လာပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကို ကြားနာကြရာ သောတာပန်ဖြစ်သွားကြသည်။ နောက်နေ့တွင် ဤအဖြစ်ကို တရားသဘင်၌ ရဟန်းများ ပြောဆိုနေကြရာ မြတ်ဗုဒ္ဓက ငါ့သား-မောဂ္ဂလာန်သည် လူ၏သဒ္ဓါတရားကို မပျက်စီးစေဘဲ အကျိုးစီးပွားဖြစ်စေခြင်းငှါ စွမ်းဆောင်နိုင်သူဖြစ်သည်-ဟု အောက်ပါဂါထာကို ဟောတော်မူသည်။

( ပါဠိဂါထာ )
ယထာပိ ဘမရော ပုပ္ဖံ ၊ ၀ဏ္ဏ ဂန္ဓ မဟေဌယံ ။
ပလေတိ ရသမာဒါယ ၊ ဧ၀ံ ဂါမေ မုနီစရေ ။

( မြန်မာပြန် )
ပျားပိတုန်းသည် အဆင်းအနံ့မပျက်စေဘဲ ပန်းဝတ်ရည်ကို စုပ်ယူသကဲ့သို့
ထို့အတူပင် ရဟန်းသည် မြို့ရွာ၌ ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့တည်းဟူသော စည်းစိမ်ဥစ္စာကို မထိခိုက်စေဘဲ ပစ္စည်းလေးပါး တည်းဟူသော အရသာကို ခံယူကျင့်သုံးရာ၏။

( ဆောင်ပုဒ် )
အဆင်းတင့်တယ်၊ ရနံ့ကြွယ်သည့်၊ ပန်းဝယ်နားမှီ၊ ၀တ်ရည်စားသုံး၊ ပျားပိတုန်းသည်၊
မွှေးဆုံးရနံ့၊ သန့်ပြန့်အဆင်း၊ မချို့ယွင်းအောင်၊ ၀တ်ရည်ဆောင်သို့၊
မြတ်ခေါင်ဘုန်းတန်း၊ ရှင်ရဟန်းသည်၊ လှူဒါန်း ဒါယကာ၊ စေတနာနှင့်၊ သဒ္ဓါတရား၊ မပျက်ပြားအောင်၊ လေးပါးပစ္စယာ၊ လှူခံရာ၏။

( ပုပ္ဖ၀ဂ် မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု )


Read more...

လှူတတ်ပါစေ..

တစ်ချို့တွေ ဒါနပြုကြတယ်။ ဒါနပြုကတည်းက သူတစ်ပါး အထင်ကြီးအောင် ပြိုင်ဆိုင်ပြီး လှူတဲ့အလှူတွေ.. ငါမှလှူနိုင်တယ်ဆိုတဲ့ အလှူတွေ.. ဂုဏ်ပကာသနကို အဓိကထားပြီး လုပ်တဲ့အလှူတွေ အများဆုံး တွေ့ရပါတယ်။ တကယ်လိုအပ်တဲ့ နေရာတွေကျတော့ လှည့်တောင် မကြည့်ကြတာ များပါတယ်။ ဒါဘာလို့လည်း ဆိုတော့ ဒါန အကြောင်းကို နားမလည်လို့ပါ။ ဒါနပြုတယ် ဆိုကတည်းက အလှူခံပုဂ္ဂိုလ် လိုအပ်တာကို ဖြည့်ဆည်း ပေးတာပါ။ လှူတော့မယ် ဆိုရင် အလှူခံပုဂ္ဂိုလ် အတွက် ဘာလိုသလဲ ဆိုတာကို အရင်ဆုံး ကြည့်ရပါ့မယ်.. နောက်.. သူ့အတွက် တကယ် အသုံးတည့်မည့် ပစ္စည်းလား.. တကယ်ရော လိုရဲ့လား.. အကျိုးလည်းရှိရဲ့လား ဆိုတဲ့ အချက်တွေကို အရင်ဆုံး ကြည့်ရပါမယ်။ ကိုယ်လှူချင်တာ ရမ်းလှူနေရင် အကျိုးတော့ပေးပါမယ်.. ဒါပေမယ့် အကျိုး မကြီးပါဘူး။ ဒီအချက်လေးကို ဆရာတော်ရှင်ဇ၀န ဟောပြဆုံးမတဲ့ စကားလေးနဲ့ ဖော်ပြပေးပါ့မယ်..။ ဆရာတော်က ဘယ်လို ဆုံးမသြ၀ါဒ ပေးထားသလဲ ဆိုတော့.. မရွေးချယ်ဘဲ ရမ်းလှူသော အလှူဒါနမျိုးသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာ ပေါများ ကြွယ်ဝ သော်လည်း ဥာဏ်ထိုင်းသူ၊ မဂ်ဖိုလ်မရနိုင်သူ ဖြစ်တတ်တယ်.. လောကအတွက် သာသနာအတွက် ဥာဏ်ယှဉ်ပြီး ရွေးချယ် လှူဒါန်းသူများမှာတော့ ဖြစ်ရာဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသလို ဥာဏ်ပညာ ကောင်းပြီး တရားတစ်ကြိမ်နာယုံနဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်တယ် တဲ့။ ဒါ့ကြောင့် လှူတဲ့အခါမှာ ရမ်းမလှူဘဲနဲ့ စီစစ်ရွေးချယ် လှူတတ်ဖို့.. ဥာဏ်ယှဉ်ဖို့ အင်မတန် အရေးကြီးပါတယ်။

ဒါနပြုတဲ့အထဲမှ ပါရမီထိုက်တဲ့ဒါနနဲ့ ပါရမီမထိုက်တဲ့ဒါန ဆိုပြီးတော့ ဒါနနှစ်မျိုး ရှိပါတယ်။ ပါရမီထိုက်တဲ့ ဒါနဆိုတာကတော့ ငါကောင်းစားဖို့ဆိုတာ မပါဘဲနဲ့ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ အဓိကထားပြီး နိဗ္ဗာန်ကို ရည်စူးလှူဒါန်းတဲ့ အလှူမျိုးကို ပါရမီထိုက်တဲ့ ဒါနလို့ ခေါ်ပါတယ်။ ပါရမီထိုက်တဲ့ ဒါနမှာ ငါဆိုတဲ့ အတ္တဒိဋ္ဌိ၊ ကောင်းစားဖို့ဆိုတဲ့ လောဘ မပါပါဘူး။ အလှူခံပုဂ္ဂိုလ်ကိုဘဲ အဓိက ထားပါတယ်။ အလှူခံပုဂ္ဂိုလ် ကောင်းစားဖို့ကို ရွေးပြီးလှူတဲ့ အတွက်လည်း ပါရမီ ထိုက်သွားတာပါ။ အလှူခံပုဂ္ဂိုလ် (၁၄)ဦး ရှိပါတယ်။
(၁) တိရစ္ဆာန်
(၂) သီလမရှိသောပုဂ္ဂိုလ်
(၃) သီလရှိသော သူတော်ကောင်း
(၄) သာသနာပအခါ ကိလေသာကင်းအောင် ကျင့်သောရသေ့
(၅) အရိယာပုဂ္ဂိုလ် (၈)ဦး
(၆) ပစ္စေကဗုဒ္ဓခေါ် ဘုရားငယ်
(၇) သမ္မာသမ္ဗုဒ္ဓဘုရားရှင်။

အလှူခံပုဂ္ဂိုလ်(၁၄)ဦးမှာ တိရစ္ဆာန် တစ်ကောင်ကို ကျွေးမွေးလှူဒါန်းရင် ဘ၀တစ်ရာ ချမ်းသာတဲ့ ကောင်းကျိုး ရပါတယ်။ အိမ်မှာရှိတဲ့ ခွေးလေးတွေ ကြောင်လေးတွေ ကို စေတနာရှိရှိနဲ့ ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့် မိမိစားသလိုမျိုးလေး ကျွေးလိုက်ရင်ကို ဘ၀(၁၀၀) ချမ်းသာတဲ့ ကောင်းကျိုးတွေ ရသွားတာပါ။ သီလရှိတဲ့ သူတော်ကောင်းကို ကျွေးရင် ဘ၀တစ်သောင်း ချမ်းသာတဲ့ ကောင်းကျိုး ရပါတယ်။ သာသနာပ ကိလေသာ ကင်းအောင် ကျင့်နေတဲ့ ရသေ့ကို လှူရင်တော့ ဘ၀ပေါင်း ကုဋေတစ်သိန်း ချမ်းသာတဲ့ ကောင်းကျိုးတွေ ရပါတယ်။ အရိယာပုဂ္ဂိုလ်(၈)ဦး၊ ပစ္စေကဗုဒ္ဓခေါ် ဘုရားငယ်၊ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် တို့ကို လှူဒါန်းမယ် ဆိုရင်တော့.. ဘယ်သူ့ကိုဘဲ လှူလှူ ဘ၀ပေါင်း ဘယ်ရွေ့ ဘယ်မျှ ချမ်းသာမယ်လို့ ဘုရားရှင်တောင် မဟောနိုင်ပါဘူးတဲ့။

အလှူခံပုဂ္ဂိုလ် (၁၄)ဦးကို အစဉ်လိုက် ချပြတယ်ဆိုတာ အကျိုးကြီးတဲ့ဟာကို ရွေးလှူဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ အကျိုးကွာခြားပုံကို သိစေချင်လို့ပါ။ ဘုရားရှင်ရဲ့ အဓိက ဆိုလိုရင်းက အကျိုးကြီးတဲ့ ပုဂ္ဂိုလ်ကို ရွေးလှူဖို့ထက် လိုအပ်တဲ့ လူကို ရွေးချယ်လှူဒါန်း စေချင်တာပါ။ အကျိုးကြီးတဲ့ ပုဂ္ဂိုလ်ထက် လိုအပ်နေတဲ့ ပုဂ္ဂိုလ်ကို ရွေးလှူမှ ပါရမီ ထိုက်ပါတယ်။ ဒါဆို ဘာလို့လည်း ဆိုတာလေး ကြည့်ရအောင်..။ သာသနာပမှာ ဈာန်ရနေတဲ့ ရသေ့တစ်ယောက်နဲ့ လမ်းဘေးမှာ အစာငတ်ပြီး လဲနေတဲ့ လူတစ်ယောက် တွေ့ပြီ ဆိုပါစို့။ ကိုယ်က ဘယ်ဟာကို လှူမှာလဲ? အလှူခံပုဂ္ဂိုလ် နှစ်ယောက်မှာ ဈာန်ရ ရသေ့ကို လှူရင် ဘ၀ကုဋေတစ်သိန်း ချမ်းသာရမယ်.. အစာငတ်ပြီး လဲနေတဲ့ လူကိုလှူရင် ဘ၀ တစ်သောင်း ချမ်းသာ ရမယ်။ ဒီအချိန်မှာ ရွေးချယ် လှူဒါန်းတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ် တကယ်တမ်းလှူရမှာက လမ်းဘေးမှာ အစာငတ်ပြီး လဲနေတဲ့ လူကိုပါ။ ဘာလို့လည်း ဆိုတော့ အစာငတ်ပြီး လဲနေတဲ့ လူဟာ ကိုယ်လှူတဲ့ အလှူကို ရရင် အသက် ချမ်းသာမှု ရမယ်.. ဈာန်ရ ရသေ့ကတော့ မလှူလည်း ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဆရာတော်တစ်ပါး ဆုံးမသြ၀ါဒ ပေးသလိုပါပဲ.. ပြည့်ပြီးသား အိုးကို ထပ်ပြီး ဖြည့်နေတာဟာ အပြင်ကိုလျှံကျပြီး အလကား ဖြစ်ကုန်တာပါ.. လိုတဲ့အိုးကိုဖြည့်မှ အကျိုးရှိမှာပါ တဲ့။ တကယ်လည်း လိုအပ်တဲ့လူကို လိုအပ်တဲ့ပစ္စည်း လှူမှသာ အသုံးဝင်ပြီး သူ့အတွက် အကျိုးကျေးဇူး များသွားမှာပါ.. မလိုတဲ့လူအတွက်က အပိုဖြစ်ပြီး အသုံးမတည့်ဖြစ်နေရင် အလကားပါပဲ။ ဒါ့ကြောင့်လည်း ဘုရားရှင်က လိုအပ်တဲ့ နေရာ လှူတာကို သာဓုခေါ်တာပါ။

ဒါဘာလို့လည်း? ဘာလို့ လည်းဆိုတော သေတော့မယ့်လူကို ပြစ်ပြီး ဈာန်ရရသေ့ကို လှူလိုက်တာဟာ ဘ၀တစ်သိန်း ခံစားချင်တဲ့ လောဘကို တက်မက်တဲ့စိတ် ပါသွားပါတယ်။ ပြောရရင်တော့ လောဘတဏှာ ပေါ့။ နောက်ပြီး ငါ့ဘ၀ အဆက်ဆက် ကောင်းစားဖို့ ဆိုတဲ့ ဒိဋ္ဌိကြီးပါပါသွားတဲ့ အတွက် ဒိဋ္ဌိတန်းလန်းကြီးနဲ့ ဒါန ပြုလိုက်တာပါ။ သူလှူလိုက်တဲ့ အလှူဟာ သူရချင်တဲ့ ဘ၀တစ်သိန်းတော့ ကောင်းကျိုးပေးမှာ မလွဲပါဘူး။ ဒါပေမယ့် မအိုရာ မသေရာ အမြတ်နိဗ္ဗာန် ကိုတော့ သူ့ရဲ့ဒါနဟာ ကောင်းကျိုးပေးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ဘုရားရှင်က သာဓု မခေါ်တာပါ။ သီလမရှိဘဲနဲ့ လမ်းဘေးမှာ ငတ်ပြတ်နေတဲ့ ပုဂ္ဂိုလ်ကို လှူတာကျတော့ ငါကောင်းစားဖို့ဆိုတဲ့ စိတ် မပါဘူး။ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ကို အဓိကထားတယ်.. နောက်ပြီး နာမည်ကြီးဖို့.. သူများအထင်ကြီးဖို့.. အသိအမှတ်ပြုတဲ့ လက်မှတ်တွေပါဖို့ တစ်ခုမှ မပါပါဘူး..။ သူတစ်ပါး ကောင်းဖို့ကို အဓိက ထားတဲ့ အတွက် ပါရမီ ထိုက်သွားတာပါ။ ဒိဋ္ဌိနဲ့ လောဘ ဖြုတ်ပြီး လှူလိုက်တဲ့ အတွက်လည်း ပါရမီ ထိုက်သွားတာပေါ့။ ဒါ့ကြောင့်လည်း ဘုရားရှင် သာဓုခေါ်တာပါ။

ဒါဆို ကျနော်တို့တွေဟာ ဘယ်အလှူဘဲလှူလှူ ပါရမီထိုက်ဖို့.. ဘုရားသာဓု ခေါ်ဖို့ လိုအပ်ပါတယ်။ အလှူလှူတဲ့အခါ ပြီးစလွယ် ပြီးပြီးရော မလှူမိဖို့ အရေးကြီးပါတယ်။ လှူသာ လှူလိုက်ရတယ်.. သံသရာလည်စေတဲ့ အလှူမျိုး ဖြစ်သွားမယ် ဆိုရင်တော့ လှူပြီးတော့ အကြိမ်ကြိမ် သေဖို့ကို ဆုတောင်း နေသလိုမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အလှူလှူပြီဆိုရင် ငါကောင်းစားဖို့ကို အဓိက မထားဘဲနဲ့ သူတစ်ပါးလိုအပ်တဲ့ အရာ.. တကယ်အသုံးလိုတဲ့အရာ.. သူ့အတွက် အကျိုးရှိမဲ့ အရာမျိုးကို ရွေးလှူဖို့ အင်မတန်မှ အရေးကြီးပါတယ်။ လှူတတ်ဖို့.. လှူနိုင်ဖို့.. လှူချင်တဲ့ စေတနာရှိဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ဘုရား သာဓုခေါ်မှာပါ။ အလှူဒါန ပြုကြသူအားလုံး.. တကယ် လိုအပ်နေတဲ့နေရာ တကယ် လိုအပ်နေတဲ့ အလှူကို ရွေးချယ်လှူဒါန်း နိုင်ပြီးတော့ မအိုရာ မသေရာ အမြတ်နိဗ္ဗာန်ကို လှမ်းတက် နိုင်ကြပါစေ…။။။

Posts Relacionados

Read more...

မြွေ ကင်း သန်းတို့၏ အတွေ့သည် မဖြစ်ပါစေလင့်...



မုစလိန္ဒသုတ် - (ကျည်းပင်၊ မုစလိန္ဒအိုင်)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ကျည်းပင်ရင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက် ပတ်လုံး တင်ပျဉ်ခွေကာ ဖလသမာပတ်ကို ခံစားလျက် တစ်ထိုင်တည်း နေတော် မူ၏။

ထိုအခါ ...
ချမ်းအေးသောလေ နှိပ်စက်သည့် ...
ခုနစ်ရက်စွေသော အခါမဲ့ မိုးကြီးသည် ရွာသွန်း၏။

မုစလိန္ဒနဂါး မင်းသည် မိမိဗိမာန်မှ ထွက်လာပြီးလျှင် ...
''မြတ်စွာဘုရားကို အအေး အပူ ခြင် မှက် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့သည် မဖြစ်ပါစေလင့်'' ဟု နှလုံးသွင်း၍ မြတ်စွာဘုရား၏ ကိုယ်တော်ကို အခွေတို့ဖြင့် ခုနစ်ပတ်ရစ်ပတ်၍ ဦးထိပ်ထက်၌ ကြီးစွာသော ပါးပျဉ်းကို မိုးလျက် တည်နေ၏။

မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်သဖြင့်ထို အရဟတ္တဖိုလ် ဖလသမာပတ် သမာဓိမှ ထ၏။ ထိုအခါ မုစလိန္ဒနဂါးမင်းသည် ကောင်းကင်၌ တိမ်တိုက် ပျောက်ပျက် ကင်းစင်သည်ကိုသိ၍ မြတ်စွာဘုရား ကိုယ်တော်မှ အခွေတို့ကို ဖြေ၍ မိမိအသွင်ကို ပယ်ဖျောက်ကာ လုလင်အသွင်ကို ဖန်ဆင်းပြီးလျှင် မြတ်စွာ ဘုရားကို လက်အုပ်ချီကာ ရှိခိုးလျက် မြတ်စွာဘုရား ရှေ့မှောက်၌ ရပ်တည်၏။

ထိုအခါ မြတ်စွာဘုရားသည် ...
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ ...

''မဂ်ဉာဏ်လေးပါတည်း ဟူသော ရောင့်ရဲခြင်း ရှိသည်ဖြစ်၍ ထင်ရှားသိပြီးသော တရားရှိသည့် ခပ်သိမ်းသော တရားတို့ကို မြင်သော ရဟန္တာ ပုဂ္ဂိုလ်အား နိဗ္ဗာန်ဟူသော ဝိဝေကသည် ချမ်းသာ၏၊ လောက၌ အမျက်မထွက်ခြင်းသည် လည်းကောင်း၊ သတ္တဝါ အပေါင်းတို့၌ (မညှဉ်းဆဲမိအောင်) စောင့်စည်းခြင်းသည် လည်းကောင်း ချမ်းသာ၏။

လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟု ဆိုအပ်သော စွဲမက်မှု 'ရာဂ' ကင်းသည့် အဖြစ်သည် ချမ်းသာ၏။ ငါဟူသော မာန်ကို ဆုံးမနိုင်ခြင်းသည် စင်စစ် အမြတ်ဆုံး ချမ်းသာခြင်းဖြစ်၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။11

၁ - မုစလိန္ဒသုတ်၊ မုစလိန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP