* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, May 11, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၃)

ဒါဆိုရင် ဆင်းရဲဒါ၊ ချမ်းသာဒါနဲ့ ပတ်သက်၍ ပြောကြအုံးစို့။

ကိုယ်ထဲက ဆင်းရဲဒါပေါ်လာရင် ဆင်းရဲဒါလို့မှတ်ပါ။ ချမ်းသာဒါ ပေါ်လာရင်လဲ ချမ်းသာ ဒါလို့ဘဲမှတ်ပါ။ ဆင်းရဲဒါ ချမ်းသာဒါ ကိုယ်မှာ ဘယ်လို ပေါ်တတ်သလဲဆိုရင် မခံသာတဲ့ ဝေဒနာမှန်သမျှ ကိုယ်ထဲက ပေါ်လာရင် ဆင်းရဲဒါ လို့မှတ်ပါ။ ခံသာတဲ့ ဝေဒနာမှန်သမျှ ကိုယ်ထဲက ပေါ်လာရင် ချမ်းသာဒါ လို့မှတ်ပါ။ မူးဒါ၊ ကိုက်တာ၊ အောင့်တာ၊ တောင့်တင်းထုံကျင်တာစသည် မှန်သမျှ ဆင်းရဲဒါလို့ချည်းမှတ်ရပါမယ်။ တစ်ခုစီခွဲရင်တော့ မူးရင် မူးဒါမှတ်၊ ကိုက်ရင် ကိုက်တာမှတ်၊ အောင့်ရင် အောင့်တာမှတ်၊ နာရင် နာဒါမှတ်၊ ကျင်ရင် ကျင်ဒါမှတ်၊ ထုံရင် ထုံဒါမှတ်၊ အဲဒါ ဆင်းရဲတဲ့ သဘောတွေဘဲ။ နေကောင်းထိုင်သာနဲ့ ချမ်းသာတဲ့ ဝေဒနာသဘောလေး ကိုယ်ကပေါ်လာရင် ချမ်းသာဒါလို့မှတ်ပါ။ ယောဂီတို့ သဘောကျကြရဲ့လား၊ ရှင်းပါရဲ့လား။

ယောဂီများ အရင်တုန်းက လက်ကပူတယ်၊ ခြေကပူတယ်၊ အသားကပူတယ်၊ အရေကပူတယ်၊ ငါပူတယ်၊ သူပူတယ်၊ သား-ကပူတယ်၊ သမီး-ကပူတယ် စသည်ဖြင့် လက်နဲ့၊ အပူနဲ့ခြေ စသည်နဲ့ မကွဲဘဲ မှတ်လာခဲ့တာတွေ သည် အမှားကြီး မှားနေတာဖြစ်ပါတယ်။ ဒီအမှားတွေက ဘယ်ရက် ဘယ်အချိန်ကစပြီးမှားလာသလဲဆိုရင် အစမထင်သော သံသရာကစပြီး မှားလာခဲ့တဲ့ အမှားတွေပါ။ မသိမှုတွေကြောင့် မှားလာခဲ့သောအမှားများ ဖြစ်ပါတယ်။ မသိမှုကြောင့်လည်း အမှားတာရှည်ပါတယ်။ယခု အပူနှင့် လက် ကွဲပါပြီ၊ အပူနှင့်ငါ ကွဲပါပြီ၊ ပူဒါ က လက်မဟုတ်၊ လက်သည်ပူဒါမဟုတ်၊ လက် တခြား ပူဒါ တခြား၊ ပူဒါ က သာ ပူတာ၊ လက်က ပူဒါမဟုတ်လို့မှတ်လိုက်ပါသဖြင့် အရင်က အမှတ်တွေထက် ပိုထူးသွား တယ်နော်။ အမှတ်ထူးတော့ အသိအမြင်ပါထူးသွားပါပြီ။ အသိအမြင်တွေပါထူးသွားရင် အယူတွေပါထူးလာတတ်ပါတယ်။

အမြင်ထူးလာတာကို ဝိပဿနာလို့ခေါ်ပါတယ်။ ဝိပဿနာဆိုတာ ပါဠိစကားပါ။ ဝိ-ဆိုတာ အထူး၊ ပဿနာ-ဆိုတာ မြင်တာ။ ပုဒ်နှစ်ခုပေါင်းတော့ အထူးမြင်တာပါ။

အမြင်ထူးတာ ဝိပဿနာ။အသိထူးတာ ဝိပဿနာ။အယူထူးတာ ဝိပဿနာ။

ပူဒါကပူသည်၊ အေးဒါက အေးသည်၊ လှုပ်ထာကလှုပ်သည်၊ ငါကပူသည် မဟုတ်၊ သူကပူသည် မဟုတ်၊ သားက ပူသည် မဟုတ်၊ သမီးက ပူသည် မဟုတ်လို့ ရှုမှတ်လိုက်ခြင်းသည် အရင်အမှတ်၊ အရင်အသိ၊ အရင်အမြင်၊ အရင်အယူတို့ထက် ထူးခြားသွားခြင်းကြောင့် အမှတ်ထူး အမြင်ထူး၊ အသိထူး၊ အယူထူးတဲ့ ဝိပဿနာလို့ ခေါ်ပါသည်။

အမှတ်ထူး အမြင်ထူး၊ အသိထူး၊ အယူထူးတဲ့ ဝိပဿနာဥာဏ် ဝိပဿနာ ပညာတို့ဖြင့် သွားမှသာ နိဗ္ဗာန်ကို ရောက်နိုင်တယ်။ ခန္ဓာမှာ ယခုလို အသိဥာဏ်ထူးတွေရှိနေတဲ့ ယောဂီသည် နိဗ္ဗာန်နှင့် နီးနီးလေး ရှိပါတော့တယ်ဆိုတာ ယုံယုံကြည်ကြည်နှင့် သေချာစွာမှတ်သားကြပါ။

တရားအလုပ်အားထုတ်နေကြတဲ့ ယောဂီများအနေနဲ့ ရုပ်ဆိုရင် မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ရုပ်(၂၈)ပါးကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နှင့်တကွ ရေတွက်တတ် ပြောတတ်မှ ရုပ်ကို သိတယ် ခေါ်တယ်၊ နာမ်ဆိုရင်လဲ စိတ်၊ စေတသိက်တွေကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် နှင့်တကွ အကျယ်ကို ရေတွက်ပြနိုင်မှ ပြောနိုင်မှ နာမ်ကို သိတယ်ခေါ်တယ်။ အခုလို နာမ်နဲ့ရုပ်ကိုလဲသိမှ၊ ဘုန်းကြီးဟောတာတွေလည်း မှတ်မိမှ ယောဂီတို့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ကို ရမှာလို့ အထင်မမှားလိုက်ပါနဲ့၊ အားမငယ်ပါနဲ့နော်၊ ဒေသနာနည်းအရ အကျယ်ချဲ့ပြလို့သာ များနေတာပါ။ ကျယ်နေတာပါ။ ယောဂီများအားထုတ်မှုဆိုတဲ့တရားအလုပ်ကတော့ အလွယ်လေး အကျဉ်းလေးဆိုတာ သေသေချာချာမှတ်သားကြပါ။

အပြောမှာ ကျယ်၊ အလုပ်မှာ လွယ်၏။

ဆက်ရန်...


Read more...

*ကိုရင်ငယ်ငယ် ဒုက္ခကြွယ် ထင်ဝယ်မသေး ပါလေနှင့်*

*ကိုရင်ကလေး ထင်မသေးနှင့်*


သင်္ကန်းညစ်ထပ် မျက်ချေးနှပ်နှင့်
မသပ်မပယ် ကိုရင်ငယ်ဟု
စိတ်ဝယ်မလေး ထင်မသေးနှင့်

ခေါင်းမှာပွေးဒက် အနာစက်နှင့်
မရှက်တတ်ပေ သာမဏေဟု
ရိုသေကင်းဝေး ထင်မသေးနှင့်

ဆူညံပြေးလွှား ဆော့ကစားလျက်
နေငြားကိုပင် မဆင်ခြင်ဘဲ
စိတ်ထွေပြစ်ထွေး ထင်မသေးနှင့်

မြွေဟောက် မြွေပွေး ပိစိကွေးဟု
အရေးမထား ကိုင်တွယ်ငြားက
ဆိပ်များပြင်းပြ ကုမရသို့
တူလှလေအင် မောင်ကိုရင်ဝယ်
ကျင့်စဉ်သီလ ဆိပ်ပြည့်ဝလျက်
သံဃာ့ဂုဏ်ပန်း ထုံပြည့်လျှမ်း၏

ကိုရင်ကလေး ပိစိကွေးလည်း
ဖြူဖွေးသီလ ကျင့်ဆောင်ရသည်
ဒသလိင်ဒဏ် သေခံယံနှင့်
တစ်ဖန် ခန္ဓက စုဒ္ဒသ ဟု
သီလဆိပ်မျိုး တစ်ရာ့ကိုးနှင့်
ပြည့်ဖြိုးစုံလင် ဂုဏ်ပန်းလွင်၏

ဆင်ခြင်ရှုက လူ့သီလမှာ
ငါးပါးသာတည့် ညစာသောက်စား
သားမယားနှင့် မော်ကြွားနေ့စဉ်
ပျော်ပွဲဆင်လည်း ကိုရင်ကလေး
ပိစိကွေးကား စာရေးစာအံ
တညံညံနှင့် ဆာပြန်သော်လည်း
ထန်းလျက်ခဲမျှ မစားရဘဲ
ပျော်ပွဲကင်းကွာ နေရရှာ၏

သေချာစဉ်းစား ဆင်ခြင်ပွားက
ဘုရားမြေးတော် ကိုရင်မော်ကား
အဟော်ဝတ ကြည်ညိုရာ့မို့
တွေးဆဆင်ခြင် ဉာဏ်သက်ဝင်လျက်
ကိုရင်ကလေး ထင်မသေးနှင့်
ဇိနေးရှင်ချစ် မြေးပါတကား။

မောင်နေရောင်


***************************************************************

“ကိုရင်ကလေး ထင်မသေးနှင့်” ကဗျာ လေးကို လူကြိုက် များတယ်လို့ ကျွန်တော့် ဘက်က ယူဆတဲ့ အတွက် မနှစ် တစ်နှစ်က ဖတ်ဖူး ခဲ့တဲ့ စာအုပ် တစ်အုပ်ထဲက ဘုန်းဘုန်းသု ဆိုတဲ့ ဆရာတော် တစ်ပါးရေးတဲ့ စာသင်သား ဒုက္ခ ဆောင်းပါး ၀တ္ထုလေးကို အာရုံပြု ပြီးတော့ ဒီပိုစ့်လေးကို ရေးလိုက် ပါတယ်။

နောင် တစ်ချိန်မှာ သာသနာ့ အကျိုးကို သယ်ပိုးမယ့် ခုကတည်းက ဒီလောကမှာ သာသနာ ရှိနေ သေးတယ် ဆိုတာကို မြင်တွေ့ပြီး သိနိုင်စေအောင် နေရာ တကာမှာ တွေ့နိုင်တဲ့ ကိုရင်လေး ဆိုတာကို တကယ်လည်း အထင် မသေးသင့်ပါဘူး။ ကိုရင် ကလေးတွေမှာ ဒက်တွေ ပွေးတွေ အနာတွေ ဗရပွနဲ့ သင်္ကန်း ကလည်း ညစ်ထေးထေးနဲ့ သပိတ်ကလည်း ပဲ့ပဲ့ရွဲ့ရွဲ့နဲ့ လမ်းတကာ ဆိုင်တကာမှာ တွေ့နေရ ပေမယ့် သူတို့ကပဲ နောက်နောင် ဆရာတော် ကြီးတွေ ဖြစ်လာမယ့် အနာဂတ် သာသနာပြု ပုဂ္ဂိုလ်အလောင်း အလျာလေး တွေပါ။

သူတို့ကို တောက ဆရာ ဘုန်းကြီးတွေက ဉာဏ်ကောင်းလို့ စာတော်လို့ ခေတ်ပညာကို ဆက်လက် မသင်ယူ နိုင်လို့ တတ်နိုင်သမျှ အင်အား လေးနဲ့ ရင်းနှီးတဲ့ ဘုန်းကြီးရှိတဲ့ မြို့ကျောင်း လေးကို ရောက်လာတဲ့ ကိုရင်တွေပါ။ တောကျောင်းက ဆရာ ဘုန်းကြီးကလည်း မြို့မှာ အသိဒကာ ဒကာမတွေ မရှိလေတော့ ဆွမ်းခံအိမ်တွေ ဘာတွေ ဖိတ်မန္တက ပြုထား မပေးနိုင်ဘူး။ မြို့က ဆရာ ဘုန်းကြီး တွေလည်း သူ့ကို ကြည်ညိုတဲ့ ဒီ လက်ဆယ်ချောင်း မပြည့်တဲ့ အိမ်တွေကို လာပို့တဲ့ ကိုရင်တိုင်း ဆွမ်းခံ ကြွပါလို့ ပြောလို့ မဖြစ်ဘူး။ ဟုတ်ပါတယ်။ စာသင် စာချနေတဲ့ ဘုန်းကြီးတွေကို လူတွေက မကြည်ညို ပါဘူး။

ဒါကလည်း ဒကာ ဒကာမတွေ ဘက်က အပြစ်ပြောလို့ မဖြစ်ဘူး။ သူတို့ရဲ့ မြင်နိုင် စွမ်းအားက အလွန် နည်းပါး ပါတယ်။ သူတို့က စာသင်သား မာန်တက်မိတဲ့ ကိုရင်လေးတွေ ဦးပဉ္ဇင်း လေးတွေကို လိုက်ကြည့်ပြီး အပြစ်ပြောဖို့ပဲ သိပါတယ်။ ပြီးတော့ တစ်လှေလုံး ပုပ်ခိုင်းလိုက် တော့တာပါပဲ။ ဒီပုပ်ထဲက ဒီပဲ လုပ်လိုက်တော့ တာပါပဲ။ ဒီတော့ ကိုရင်လေး တွေကလည်း လက်ရှိ ဆရာတော် ကြီးများ ငယ်ငယ်က ကျင့်သုံးခဲ့တဲ့ အိမ်တကာ လမ်းတကာ ဆိုင်တကာ လှည့်ကာ ဆွမ်းခံတဲ့ နည်းကို သုံးရတော့ တာပါပဲ။ မစိုးရိမ် ဆရာတော် ကြီးများရဲ့ အတ္ထုပ္ပတ္တိ တွေမှာပါတယ်။ “ငါတို့ ငယ်ငယ် တုန်းကဆို ချဉ်ပေါင် တစ်စီးနဲ့ ဆားတစ်ဆုပ် ရဖို့ ဒီမစိုးရိမ် ကနေ လမ်း(၈၀) (၂၆) လမ်းအထိ ပြေးခဲ့ရတာ” စသဖြင့် ပါပါတယ်။

ကိုရင်လေး တွေအားလုံး ဆိုင်တကာ အိမ်တကာ လမ်းတကာ လှည့်ကာ လည်ကာ ဆွမ်းခံနေတာ ပျော်လို့များ သွားမမှတ်နဲ့။ ပြီးတော့ စာချ ဘုန်းကြီး တွေက ဆွမ်းခံ ထွက်သွားတဲ့ ကိုရင်လေး တွေကို တစ်ခါတည်း အမိန့်ပေး လွှတ်လိုက်တယ်။ “ကိုးနာရီ စာသင်ချိန် အမှီ ပြန်လာခဲ့” တဲ့။ ပြန်မရောက်တဲ့ ကိုရင်ကတော့ ဆွမ်းရ မရ မသိဘူး။ စာချ ဘုန်းကြီးရဲ့ တုတ်စာ ကတော့ ရတတ်တယ်။ ဒါကြောင့် ကိုရင်လေးတွေ ကျောင်းကို (၉) နာရီဆို (၉) နာရီ၊ (၈) နာရီဆို (၈) နာရီ အမှီ ပြန်ရပါတယ်။ တကယ် (၉) နာရီ (၈) နာရီ ဆိုပေမယ့် နာရီဝက် ဆယ့်ငါး မိနစ်လောက် ကြိုပြန် ရပါတယ်။ ဆွမ်းခံလို့ ရလာတဲ့ ထမင်းကို မစားရ သေးပါဘူး။ သပိတ်ကို ဘုရားရှေ့ချ ဦးသုံးကြိမ် ချပြီး မနေ့က ပေးလိုက်တဲ့ အိမ်စာကို ပြန်ကျက်ရ ပါတယ်။ ရပြီးသား ဆိုရင်လည်း ပြန်နွှေး ရပါတယ်။ တောက်လျှောက်ပဲ။ ကိုးနာရီ ကနေ (၁၀)ခွဲ လောက်အထိ။

စာကျက်ရ တာနဲ့ အလုပ်လုပ်ရ တာနဲ့ ကွာတာ တစ်ခု ရှိပါတယ်။ စာကျက်ရင် ဗိုက်အလွန် ဆာပါတယ်။ အလုပ် လုပ်ရင် အောင့်ထားလို့ ရပေမယ့် စာကျက်ရင် အောင့်ထားလို့ မရပါဘူး။ ဆယ်နာရီ ခွဲမှ ဆွမ်းစားရမယ့် ကိုရင် မအောင့်နိုင်လို့ လမ်းမှာ ခိုးစား မိတာမျိုး ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ် တွေက ဒါမျိုးတွေပဲ လိုက်ကြည့် ပါတယ်။ ကိုရင်လေး ဘေးမှာ လာရပ်တာကို “ငါတို့လို စားချင်ရင် ငါတို့လို လုပ်ပါလား” ဆိုတဲ့ လူတွေက ရှိသေးတယ်။

ကိုရင်တွေ ကျက်ရတဲ့ စာအုပ်ကို မြင်ဖူးပါ သလား။ အဂ္ဂင်္ုတ္တရ နိကာယ် စာအုပ်တွေ၊ မဟာဝါ စာအုပ်တွေ၊ ရူပသိဒ္ဓိတွေ အဲဒီ သုံးအုပ်ကို ထပ်ထားရင် လူကြီး တစ်ထွာလောက် ရှိပါတယ်။ (စကားမစပ် အဲဒီ စာအုပ်တွေ ကလည်း ၀ယ်နိုင်သူ သို့မဟုတ် ဘုန်းကြီးက ၀ယ်ပေး ထားတဲ့ ကိုရင်လေး အဆင့်ဆင့် လက်ဆင့်ကမ်း စာအုပ် တွေက များတယ်။ စာအုပ်ဈေးက သာသနာသော ဘာသော နားမလည် ဘူးလေ။ ကိုရင်လေး တွေက နဂိုကမှ တောမှာ စာသင်ကျောင်း တက်နိုင် လောက်အောင် ပိုက်ဆံ မရှိတဲ့ ကြားထဲ ဟုတ်တယ် မဟုတ်လား) အဲဒီ စာအုပ်တွေကို ကျက်ရ မှာနော်။ အလွတ် ကျက်ရမှာ။ မြန်မာလို တစ်လုံးမှ မပါဘူး။ ပါဠိလိုချည်း ရေးထားတာ။ စာအုပ် တစ်အုပ် တစ်အုပ်ကို မြန်မာပြန်ရင် နှစ်အုပ်လောက် ထွက်ထွက် လာတယ်။

စာအုပ် တွေက အများကြီးပဲ။ ခုခေတ် တက္ကသိုလ် ကျောင်းသား တွေတောင် မဖတ်နိုင်တဲ့ စာအုပ်ပေါင်း များစွာကို ကိုရင်လေး တွေက သင်နေရ ပါတယ်။ အဲဒီ စာတွေက ဘုရား နှုတ်ကပတ် တော်တွေပါ။ ဘုရား ရှိခိုးရင် သြကာသတောင် မဆိုချင်တဲ့ လူပုဂ္ဂိုလ် တွေထက် ဘုရား သာသနာ တော်ကို ဆက်လက် တည်တံ့အောင် ဘုရား နှုတ်ကပတ် တော်ကို ထိန်းသိမ်းတဲ့ ကိုရင်လေး တွေရဲ့ တစ်နေ့ တစ်နေ့ ရတဲ့ ကုသိုလ်ကို လူပုဂ္ဂိုလ် တစ်သက်လုံး လုပ်လို့ရတဲ့ ကုသိုလ်က ဘယ်လိုမှ မမှီပါဘူး။ အဲဒီ ကိုရင်လေး တွေကို လူတွေ တော်တော် များများက ပစ်ပစ်ခါခါ ဆက်ဆံတတ် ပါတယ်။

ကျောင်းမှာ တပြေးညီ ကြမ်းပြင်မှာ အိပ်ရ ပါတယ်။ တချို့ဆို နေရာကောင်း မရပါဘူး။ သွားလမ်း လာလမ်းမှာ အိပ်ရတာ မျိုးတွေ ရှိပါတယ်။ ကိုရင်လေးပဲ။ ဆော့ချင်စိတ် ကစားချင် စိတ်တွေ များမှာပေါ့။ အပြင်က ကလေးတွေ ဆော့နေချိန် သူတို့မှာ တက္ကသိုလ် ကထိကတောင် စာလုံးပေါင်း ဖတ်ရမယ့် စာတွေကို ဒေါင်းဒေါင်းပြေး ပြန်ဆို နိုင်အောင် ကျက်နေရ ပါတယ်။ သင်္ကန်း လျှော်ချိန်မှာ သင်္ကန်း လျှော်မယ့်အစား စာကို ကျက်နေ ရတယ်။ ရေချိုးရင်း ချေးတွန်း နေမယ့်အစား စာကို ကျက်နေ ရတယ်။ ကိုရင်လေးတွေ စာမေးပွဲကို လိုက်ကြည့် လိုက်စမ်းပါ။ ရန်ကုန်မှာ စေတီ ယင်္ဂဏ စာမေးပွဲ။ မန္တလေးမှာ သကျသီဟ စာမေးပွဲ။ အနေ အထိုင်ထက် စာက ပိုအရေးကြီး ရတယ်။ လူတွေက ဒါကို မမြင်ပါဘူး။ မြင်တာက ကားမှတ်တိုင်မှာ ဘယ် ကားသမားမှ ခေါ်မတင်လို့ ဟိုကား ရပ်ပေးနိုးနိုး ဒီကား ရပ်ပေးနိုးနိုး ကားစုံအောင် တားနေရတဲ့ ကိုရင်တွေကို။

တစ်ခါက ဗေဒင် ဆရာ တစ်ယောက် ဇရပ် တစ်ခုမှာ နားခို နေတုန်း ဆေးဆရာ တစ်ယောက် ရောက်လာတယ်။ ဟိုပြော ဒီပြော ပြောရင်း ဘယ်နေ့ သားလဲလို့ မေးမိတယ်။ ဒီတော့ စနေသား တွေချည်း ဖြစ်နေတယ်။ ခဏနေ သူဌေး တစ်ယောက် ရောက်လာ ပြန်တယ်။ မေးကြည့်တော့ သူလည်း စနေသား။ နောက် လူကြီး လူကောင်း တစ်ယောက် တက်လာတယ်။ သူလည်း စနေသားတဲ့။ နောက် ပညာတတ် တစ်ယောက် တက်လာတယ်။ သူလည်း စနေသား။ ဟား စနေသား တွေချည်း။ ဒီတော့ စနေသားတွေ ပြောကြတယ်။ စနေသား မို့လို့ ဒီလို တော်တာ ဒီလို တတ်တာပေါ့။ အဲဒါကို ကြားတော့ ဇရပ်ရှေ့က သူတောင်းစား ကလည်း ထပြောတယ်။ သူလည်း စနေသားပါ တဲ့။ မင်းကတော့ စနေလေ စနေလွင့်ပဲ လို့ စနေသားတွေ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။

ကိုရင်လေး တွေက များလေတော့ အနောက်တိုင်း စကားပုံလို သိုးမည်း တစ်ကောင် တစ်လေ ပါတတ်တယ်။ မြန်မာ စကားပုံလို စုံးပြူး တစ်ယောက်တော့ ပါတတ်တယ်။ သို့သော် ကိုရင်လေး ဆိုပြီး အထင် မသေးပါနဲ့။ တစ်သံသရာလုံး သေစေတတ်တဲ့ အဆိပ်ကို ပိုင်တယ်ဆိုတာ ကိုတော့ သတိမမေ့ပါနဲ့။

*******************************************

http://jjqqyy.mmgenius.com/ ဘလော့မှ ကူးယူ ဖော်ပြ မျှဝေပါသည်။

လေးစားစွာဖြင့်
ဖိုးသား

11.05.2009, MON:, 03:53:41 PM

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁)

Blogger's Preface

ဒီစာအုပ်ဟာ ကျွန်တော်ခဏခဏဖတ်ဖြစ်တဲ့ စာအုပ်များထဲမှ တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်လေးက ပါးပါးလေးပါ။ ဆရာကြီးကတော့ ဒီစာအုပ်ကို သူ့ ရဲ့ ဘာသာရေးစာပေတွေထဲမှာ Masterpiece လို့ သတ်မှတ်ထားခဲ့ ပုံရပါတယ်။ ဆရာကြီးကို တော်တော်များများက ဘာသာပြန်စာပေတွေနှင့်ဘဲ အသိများကြပါတယ်။ နောက်ပြီး သူ့ ရဲ့ ဘ၀တစ်သက်စာမှတ်တမ်းစာအုပ်အထူကြီးကိုလည်း တော်တော်လေးသိကြပါတယ်။

ကျွန်တော် မြန်မာနိုင်ငံပြင်ပရောက်လာတော့ ဒီစာအုပ်ကို အင်တာနက်ပေါ်မှာရှာကြည့်တာ မတွေ့ ပါဘူး။ နီးစပ်တဲ့ပုဂ္ဂိုလ်တွေကို မေးကြည့်တော့လည်း မရှိကြပါဘူး။ အဲဒါနှင့် မြန်မာပြည် ပြန်မှာလိုက်တာ အခုလက်ထဲတော့ ရောက်လာပါပြီ။ ဆူနာမီဆရာတော်က ဒီစာအုပ်ကို ဖတ်ပြထားတဲ့ MP3 ခွေတော့ ရှိပါတယ်။ ဒါပေမယ့် တချို့ နေရာတွေမှာ မသင့်တော်ဘူးလို့ ယူဆပြီးချန်ထားခဲ့တာလေးတွေရှိပါတယ်။ နောက်တစ်ခုက တချို့ က အကြားအာရုံထက် အမြင်အာရုံအားသန်တဲ့သူတွေက စာလေးဖတ်လိုက်ရမှ အားရကြတာရှိပါတယ်။ ဒါကြောင့်အခုစာအုပ်ကို နဲနဲချင်း တင်သွားမယ်လို့ စိတ်ကူးပါတယ်။

ဆရာကြီးရဲ့ ဘာသာရေးစာပေအယူအဆတွေနှင့်ပတ်သက်ပြီး သူ့ လက်ထက်ကစလို့ ယခုအချိန်အထိ ဝေဖန်ခံ နေရဆဲဖြစ်ပါတယ်။ ကျွန်တော့်ကတော့ သူ့ ရဲ့ စာရေးဟန်နှင့် ဘာသာရေးအပေါ် ရိုးသားမှုကို သဘောကျ ပါတယ်။ ဒီစာအုပ်နှင့်ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲလွဲမှုတွေရှိပါတယ်။ ကျွန်တော့်အနေနှင့် ကတော့ စာဖတ်သူများ ကိုယ်တိုင် ဖတ်ရှု ဝေဖန်၊ စမ်းသပ်ကြည့်ပြီး သင့်တော်မယ်ထင်တာကို ယူပြီး၊ မသင့်တော်ဘူး ထင်တာကို ပယ်လိုက်တာက ပိုကောင်းလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့်မူရင်းအတိုင်းဘဲ အကုန်ဖော်ပြပေးသွား ပါမယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

**********************************************************************

အမှာ


ဝတ္ထုရေးသမားတစ်ယောက်၊ သတင်းစာသမား၊ တစ်ယောက်က လောကုတ္တရာရေးဆိုင်ရာ “စိတ်သဘော” အကြောင်းကို ကိုယ်တွေ့ အနေဖြင့် ရေးသားခြင်းအတွက် အံ့သြမိသူများလည်း ရှိကြပေလိမ့်မည်။ သို့ ဖြစ်ရ သည့်အထဲတွင် ပါဠိပါဋ္ဌ်သားများ မပါရှိရုံသာမက ရေးပုံရေးနည်းမှာလည်း ပြတ်ပြတ်တောက်တောက် တင်းတင်းမာမာရှိလှသည်ဟု စွပ်စွဲဖွယ် ရှိသည့်အတွက်ကြောင့် အနည်းငယ် ဖြေရှင်းလိုပါသည်။

စာအရေးအသားနှင့်ပတ်သတ်၍ ကောင်းပုံကောင်းနည်း အမျိုးမျိုးရှိကြသည့်အနက် သာယာနာပျော်ဖွယ် ရှိအောင် ပျော့ပျော့ပျောင်းပျောင်း ညက်ညက်ညောညောနှင့် နူးညံ့သိမ်မွေ့ စွာ ရေးသားခြင်းအားဖြင့် စာဖတ်သူ ၏စိတ်ဓါတ်ကို နူးညွတ်၍ပါလာအောင် ဆွဲဆောင်နည်းကားတစ်မျိုး၊ အဓိပ္ပါယ်ပေါ်လွင်မှုနှင့် ရှင်းလင်းစေမှုကိုသာ အလေးပေး၍ ဒိုးဒိုးဒေါက်ဒေါက်နှင့် ဖြန်းဖြန်းကွဲရေးသားနည်းလည်း တစ်မျိုးရှိပါသည်။ လောကုတ္တရာရေးရာနှင့် ပတ်သတ်သည့် စာပေမျိုးမှာ ဒုတိယနည်းမျိုးထက် ပထမနည်းမျိုးသည် သာ၍သင့်လျော်ခြင်းကိုလည်းကောင်း၊ ရှေးအဆက်ဆက်က ဆရာ့ဆရာတော်ကြီးများသည် အများအားဖြင့် ပထမနည်းအတိုင်း စီရင်ရေးသားကြသည့် အစဉ်အလာရှိခြင်းကို လည်းကောင်း ကျွန်ုပ်နားလည်၍ ၀န်ခံပါသည်။ သို့ ရာတွင် ကျွန်ုပ်အဖို့ မှာ ရေးပုံရေးနည်းနှင့်ပတ်သတ်၍ အစဉ်အလာအတိုင်း မလိုက်နာနိုင်အောင် ဖြစ်ရသည့် အကြောင်းနှစ်ရပ် ရှိပါသည်။

ပထမအကြောင်းမှာ အထက်ပါကောင်းနည်းနှစ်ရပ်ရှိသည့်အနက် ကျွန်ုပ်ကိုယ်နှိုက်က ဒုတိယရေးနည်းကို ပို၍ နှစ်သက်လာခဲ့သူ ဖြစ်ပါသည်။ တစ်သက်ပတ်လုံး ရေးခဲ့ရသည်များမှာလည်း စွန့် စားခန်းများ၊ စုံထောက်ခန်းများ၊ သတင်းစာခေါင်းကြီးများ၊ ဝေဖန်ချက်များ စသည်တို့ ဖြစ်ပေရာ ၄င်းတို့ မှာ ပထမရေးနည်းမျိုးထက် ဒုတိယရေးနည်းမျိုးသည် သာ၍လျော်ကန်သည်ဟု ထင်မြင်ပါသည်။ ဤတွင် ကျွန်ုပ်၏အကြိုက်နှင့် ကျွန်ုပ်၏အလုပ် ကိုက်ညီလျက်ရှိသည်ဖြစ်၍ တစ်သက်ပတ်လုံး ကျွတ်ကျွတ်ဆတ်ဆတ်ရေးတတ်သော အလေ့အထုံတစ်ခု ဖြစ်လာခဲ့ပါသည်။

ဒုတိယအကြောင်းမှာ ကျွန်ုပ်သည် “စိတ်သဘာဝ” အစရှိသည့် လောကုတ္တရာရေးရာ ဆောင်းပါးမျိုးကို “ဒေါသ” ပယ်နိုင်သော အဆင့်သို့ ရောက်ကာမှ တိုင်းပြည်သို့  ရေးသားတင်ပြမည်ဟု ကြံရွယ်ထားခဲ့ပါသော်လည်း (ကျွန်ုပ်၏ “ဖြောင့်ချက်” ဆောင်းပါးများတွင် ရှင်းလင်းဖော်ပြခဲ့ဖူးသည့်အတိုင်း) မခံချင်သော အချင်းအရာများနှင့် ရင်ဆိုင်ရသည်ဖြစ်သောကြောင့် ယခုထက်ရင့်ကျက်အောင် မဆိုင်းတော့ဘဲ တုံ့ ပြန်သောအနေဖြင့် ရေးသားရသည်တွင် “ကိုယ်ရည်သွေး” ဟု စွပ်စွဲချင်စရာများလည်း ပါရှိကောင်း ပါရှိပေလိမ့်မည်။ ကိုယ်ရည်သွေးသည်ဟု အထင်ရောက်သည်နှင့် တစ်ပြိုင်နက် စာဖတ်သူသည် စာရေးသူအပေါ်တွင် အထင်သေးတတ်ခြင်းကိုလည်း ကျွန်ုပ်နားလည်ပါသည်။

စာဖတ်သူများအား ကျွန်ုပ်တောင်းပန်လိုသည်မှာ အထက်ပါအကြောင်းများကြောင့် ကျွန်ုပ်၏စာတွင် အလင်္ကာဒေါသ ငြိစွန်းခြင်း အစရှိသော အပြစ်မျိုးကို ခွင့်လွှတ်၍ ကျွန်ုပ်ဆိုလိုသော အဓိပ္ပါယ်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြမှုရှိ မရှိ၊ အထောက်အထား အကိုးအကားများသည် သဘာဝကျ မကျ အစရှိသည့် အချက်များကိုသာ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်၍ ဆုံးဖြတ်စေလိုပါသည်။

အချုပ်၌ ကျွန်ုပ်၏စာများသည် ပရိသတ်ကိုချော့၍ ဆွဲခြင်းမဟုတ်။ ငေါက်၍ပြောသည့် သဘောမျိုးပင် အချို့ နေရာ၌ ပါရှိသည်ဖြစ်ရာ ဟုတ် မဟုတ်၊ မှန် မမှန်၊ သဘာဝကျ မကျသည်သာ လိုရင်ဖြစ်၍ ပြတ်ပြတ်သားသား စဉ်းစားတတ်သူများအဖို့  အထူးသဖြင့် ရည်ရွယ်ရေးသားသည့် စာများဖြစ်ပါသတည်း။

ရွှေဥဒေါင်း
၂၈-၆-၆၀




Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၃)

ထိ - သိ - သတိ

ဝင်လေနှာသီးဖျား တိုးထိတာသိ၊ အသာစောင့်ကြည့်၊
ထွက်လေနှာသီးဖျား တိုးထိသာသိ၊ အသာစောင့်ကြည့်၊
ထိ-သိ-သတိ၊
အဟောင်းပျောက်တော့ အသစ်ပေါ်၊
ပေါ်တဲ့ အသစ် အဟောင်းဖြစ်။


ဖြစ်ပြီးတော့ပျက်နေတာပဲ

တရားကိုရှုမှတ်နေရင်းနဲ့  ရုပ်နာမ်ဓမ္မသင်္ခါံရတွေရဲ့ အဖြစ်နဲ့ အပျက်ကို သိလာတယ်။
ဥာဏ်တွေတက်လာတယ်။ ငါဆိုတာလည်း မရှိတော့ဘူး။ သူဆိုတာလဲ မရှိတော့ဘူး။
ရုပ်နာမ်ဓမ္မ သင်္ခါရတွေဟာ ဖြစ်ပြီးတော့ ပျက်နေတာဘဲလို့  ဥာဏ်ထဲမှာ ရှင်းသွားတယ်။


သန္တိသုခ နိဗ္ဗာနဓာတ်ရအောင်

တရားကိုရှုမှတ်နေတဲ့ ယောဂီသူတော်စင်တွေဟာ အမြဲတမ်း သတိနဲ့ နေတဲ့အတွက် အမှားနည်းတယ်၊ အမှားနည်းတယ်ဆိုကတည်းက ကောင်းတာတွေကြံ၊ ကောင်းတာတွေပြော၊ ကောင်းတာတွေပြုပြီး၊
နောက်ဆုံး သန္တိသုခနိဗ္ဗာနဓာတ် အငြိမ်းဓာတ်ကြီးကို တွေ့ နိုင်တယ်။


အသေကိုမြင်အောင်ကြည့်

အများသူငါကတော့ သုသာန်မှာ သွားပို့ တဲ့အသေကိုပဲမြင်ကြတာ၊
တကယ်တန်းကတော့ မိမိနှာသီးဖျားမှ ထွက်လေ၀င်လေတစ်စုံရဲ့  အဖြစ်အပျက်ကို၊
တစ်နည်းပြောရရင် အသေကိုသာ မြင်အောင် ကြည့်ရမှာ၊
အဲဒါမှ သန္တိသုခ နိဗ္ဗာနဓာတ်ကြီးကို ရနိုင်၊ ရောက်နိုင်မှာ ဖြစ်တယ်။



Read more...

နှလုံးသားမှာ ကမ္ဗည်းထိုးပါ…

မကြာသေးပါဘူး။ ဒကာတစ်ယောက်က သူ့မွေးနေ့အဖြစ် ဘုန်းဘုန်းကျောင်းမှာ ဆွမ်းလာပြီးချက်ပြုတ် လှူဒါန်းပါတယ်။ ဆွမ်းစားပြီးတော့ မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာပြည်မှာ ဆောက်လုပ်မယ့် ကျောင်းအတွက် ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘတွေကို ရည်စူးပြီး ကျောင်းအလှူတော်ငွေ တစ်သိန်းကိုလည်း လှူဒါန်းကာ တရားနာရေစက်ချပါတယ်။ ပြီးတော့ ဘုန်းဘုန်းက ကျောင်းအလှူရှင်များ စာရင်းစာအုပ်မှာ ရေးမှတ်ဖို့ ``ဒကာ… ဘယ်လိုရေးပေးရမလဲ``လို့ ထုံးစံအတိုင်း မေးလိုက်ပါတယ်။ ဒီအခါမှာ ``မလိုတော့ပါဘူးဘုရား… တပည့်တော်ကလှူပြီး ရေစက်ချ အမျှဝေလိုက်ရရင် ပြီးတာပါပဲဘုရား… နာမည်က အဓိကမကျပါဘူး… အရှင်ဘုရား သိရင်ပြီးတာပါပဲဘုရာ.. တပည့်တော်က လှူကတည်းက ပြတ်ပြီးသားပါဘုရား…`` လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း မှတ်တမ်းအဖြစ် စာအုပ်ထဲမှာ ရေးမှတ်ထားရမှာ ဖြစ်တဲ့အတွက် သူ့နာမည်နဲ့ပဲ ရေးမှတ်လိုက်ရပါတယ်။ စိတ်ထဲမှာလည်း ဒီဒကာရဲ့ လှူဒါန်းတတ်ပုံလေး၊ စိတ်ထားတတ်ပုံလေးကို ချီးကျူးလိုက်မိပါတယ်။ သူများတွေ ကြီးကြီးကျယ်ကျယ် ကမ္ဗည်းစာတမ်းတွေထိုးပြီး အော်ကြီးဟစ်ကျယ် လှူဒါန်းနေတဲ့ အချိန်မှာ ဘယ်သူမှလည်းမသိ၊ ကြွားဝါမှုလည်းမရှိဘဲ ခုလိုတိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး သူ့အလှူကို သူ့စိတ်တိုင်းကျ လှူသွားလိုက်ပုံလေးဟာ ကျန်တဲ့သူတွေအတွက်လည်း အတုယူစရာ ကောင်းပါတယ်။ သူ့အလှူကို သူ့နှလုံးသားမှာပဲ ကမ္ဗည်းစားတမ်း ထိုးသွားခြင်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက ကမ္ဗည်းစာတမ်း ရေးထိုးမှုနဲ့ ပတ်သက်လို့ပါ။ မနှစ်ကဖြစ်ပါလိမ့်မယ်။ ကထိန်တစ်ခုမှာ ဒကာတစ်ယောက်က အလှူရှင်စာရင်းမှာ သူကအရင်လှူပါရက်နဲ့ သူ့နာမည်က နောက်မှလှူတဲ့ သူတွေရဲ့ အောက်ကိုရောက်နေလို့ နာမည်စာရင်းရေးတဲ့သူတွေနဲ့ ပြဿနာ ဖြစ်ကြပါသေးတယ်။ တစ်ချို့လည်း သူ့နာမည်စာလုံးက သေးနေလို့ လာပြောသူတွေကလည်း ရှိပြန်ပါတယ်။ တစ်ချို့ကျတော့ နောက်မှလာလှူပေမယ့် သူတို့လက်ရှိ ရရှိထားတဲ့ ရာထူးဌာနန္တရတွေအရ အပေါ်ဆုံးက ရေးပေးဖို့ ပြောလာတာတွေလည်း ရှိပါတယ်။ တစ်ချို့လည်း များများလှူရင် ထိပ်ဆုံးမှာ၊ စာလုံးကြီးကြီးနဲ့ ရေးပေးမှာလားဆိုပြီး မေးလာတာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့ကျတော့ သူတို့နဲ့ ပြိုင်ဘက်သူတွေကိုကြည့်ပြီး သူကဒီလောက်လှူရင် တပည့်တော်က ဒီလောက်လှူပါတယ်ဆိုပြီး လုပ်တာတွေက ရှိပါသေးတယ်။ ဘယ်လိုလုပ်ကြမလဲ… ပရိတ်သတ်ရေ…။

တကယ်တော့ ကမ္ဗည်းစာတမ်း ထိုးပေးတယ်ဆိုတာ ဒီကမ္ဗည်းကို ကြည့်ပြီးကျန်တဲ့ သူတွေလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ဖို့၊ လှူတဲ့သူအနေနဲ့လည်း သူလှူထားတဲ့ အလှူတော်ကိုကြည့်ပြီး မုဒိတာပွားကာ ကုသိုလ်တရားတိုးစေဖို့၊ နောင်တစ်ချိန် အလှူရှင်များအနေနဲ့ ကိုယ်လှူထားတဲ့ အလှူများကို ပြန်လည်အမှတ်ရကာ အပရစေတနာ ကောင်းစေဖို့ စတာတွေကြောင့်ပါ။ ခုတော့ အဲလိုမဟုတ်ဘဲ လှူတဲ့သူတွေဟာ ဂုဏ်တုဂုဏ်ပြိုင်ဖြစ်စေဖို့၊ နာမည်ကြီးစေဖို့၊ ကြွားဝါဖို့၊ သူ့လောက်မလှူနိုင်တဲ့ သူတွေကို နှိမ့်ချဖို့ လှူနေသလို ဖြစ်နေကြပါတယ်။ ဒီလို အလှူရှင်မျိုးတွေကြောင့်လည်း အလှူခံပုဂ္ဂိုလ်တွေ၊ ဘုန်းတော်ကြီးတွေဟာ လှူတဲ့ပမာဏကိုလိုက်ပြီး အလှူရှင်ကမ္ဗည်းတွေကို ကောင်းသထက်ကောင်းအောင် ထိုးပေးရတဲ့အထိ ဖြစ်လာရပါတယ်။ မထိုးပေးပြန်ရင်လည်း အလှူရှင်တွေက ဘာလိုလို ညာလိုလို တွေးလာကြပြန်ပါတယ်။ အဲဒါတော့ အမှန်ပါပဲ။ အကျင့်ပါနေလို့ပဲ ပြောရမလား မသိဘူး။ ဘုန်းဘုန်းတို့ မြန်မာလူမျိုး အချို့ဟာ အလှူဒါနလုပ်တဲ့အခါမှာ ထင်ပေါ်လိုမှု၊ မျက်နှာရလိုမှု၊ ဂုဏ်ရှိလိုမှု၊ ကြွားဝါလိုမှုတွေကို ဦးစားပေးနေသလို ဖြစ်နေပါတယ်။ ဒီအပေါ်မှာလည်း သာယာနေကြတာကို တွေ့ရပါတယ်။ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြချင်သူကလည်း အများကြီးရှိလာပြန်ပါတယ်။ ကိုယ်လှူထားတဲ့အလှူကို တစ်ဘက်သူသိအောင် ပြောပြပြီး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်စေလိုတဲ့ သဘောမျိုး မဟုတ်တော့ဘဲ ဘယ်လောက်လှူနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ် စတာတွေကို ဂုဏ်ယူဝင့်ကြွားပြီး အရသာခံ ပြောနေသလို ဖြစ်နေပါတယ်။

အမှန်တော့ အဲလိုမဖြစ်သင့်ပါဘူး။ ကိုယ်လှူတာ ကိုယ့်နှလုံးသားထဲမှာ ထားပြီး ထပ်ကာထပ်ကာ ဆင်ခြင်ပွားများ ကုသိုလ်တရားတိုးအောင် ပိုပြီးလုပ်သင့်ပါတယ်။ ကြွားဝါလိုတဲ့ သဘောမရှိဘဲ ကိုယ့်အလှူကို တစ်ခြားသူများလည်း ရပါစေဆိုတဲ့ စေတနာအမှန်နဲ့ အမျှအတမ်းပေးဝေမှုမျိုး ဖြစ်အောင်လုပ်သင့်ပါတယ်။ ဒီနေရာမှာ ဖတ်ဖူးတဲ့ စာသားလေးတစ်ခုကို သွားသတိရမိပါတယ်။ အဲဒီစာလေးက ``ဘယ်ဘက်လက်က လှူတာကို ညာဘက်လက်က မသိပါစေနဲ့၊ ညာဘက်လက်က လှူတာကို ဘယ်ဘက်လက်က မသိပါစေ``နဲ့တဲ့။ ဗုဒ္ဓစာပေမှာလည်း ဒီလိုအဆုံးအမတွေ အများကြီးရှိပါတယ်။ သပ္ပုရိသသုတ်မှာ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိလို့ ဟောထားချက်တစ်ခု ရှိပါတယ်။ အဲဒီဟောထားချက်ရဲ့ အဓိပ္ပါယ်က လှူဒါန်းတဲ့အခါမှာ ``ကိုယ့်ကိုယ်ကိုလည်း မချီးမြောက်၊ သူတစ်ပါးကိုလည်း မနှိမ့်ချဘဲ ပေးလှူခြင်း`` ကို ဆိုပါတယ်။ ဆိုလိုတာက အလှူဒါနလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီအလှူကို အကြောင်းပြုပြီး ကိုယ့်ကိုယ်ကို ထင်ပေါ်လို၊ ကြွားဝါလို၊ ဂုဏ်ယူချီးမြှောက်လိုတဲ့ သဘောမျိုး မရှိရမယ့်အပြင် သူတစ်ပါးတွေကိုလည်း ``မင်းတို့က ငါ့လောက်တောင် မလှူနိုင်ပါလား၊ ဒါလေးတောင် မလှူနိုင်ဘူးလား၊ မင်းတို့လှူတာ သိပ်နည်းတာပဲ`` စတဲ့ နှိမ့်ချလိုတဲ့ သဘောမျိုး မရှိရပါဘူး။ ဒီသဘောတွေမပါဘဲ ရိုးစင်းစွာ လှူဒါန်းတဲ့ အလှူဒါနမျိုး ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ပြောချင်တာက ကိုယ်လှူတာ ကိုယ်သိတဲ့အတွက် ကိုယ့်နှလုံးသားမှာပဲ ကမ္ဗည်းထိုးနိုင်အောင် ကြိုးစားပြီး အလှူဒါနကို အကြောင်းပြုကာ မကြွားဝါမိကြဖို့ပါ။

အမှန်တော့ အလှူလုပ်တဲ့အခါမှာ ဒါနလုပ်ရခြင်းရဲ့ သဘောကို သေချာစွာ သဘောပေါက်ပြီး လုပ်သင့်ပါတယ်။ ဒါနဆိုတာ ပေးကမ်းစွန်ကြဲခြင်းကို ဆိုတာပါ။ ပေးကမ်းတာဟာ ကိုယ့်သန္တာန်မှာရှိတဲ့၊ ကိုယ်ပိုင်ဆိုင်တဲ့၊ ကိုမြတ်နိုးတဲ့၊ ကိုယ်လိုချင်တဲ့ အရာတွေကို စွန့်လွှတ်တဲ့ သဘောပါ။ စာလိုပြောမယ်ဆိုရင် လိုချင်တပ်မက်တတ်တဲ့ လောဘကို အနိုင်ယူနိုင်အောင်၊ လောဘတစ်ဖြည်းဖြည်း နည်းပါးအောင် လုပ်တာပါ။ ဒါကြောင့် ပေးကမ်းခြင်းဖြင့် ကိုယ့်သန္တာန်မှာ လောဘဘယ်လောက်နည်းသွားတယ်၊ ဘယ်လောက်လျော့လာတယ် ဆိုတာက အဓိကကျပါတယ်။ ဘယ်လောက်လှူနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ် ဆိုတာက အဓိက မကျပါဘူး။ လောဘနည်းအောင် အလှူဒါနလုပ်တယ်ဆိုပါမှ အလှူဒါနကို အကြောင်းပြုပြီး ဘာဖြစ်ချင်လို့၊ ဘာဖြစ်ရပါလို၏ စတဲ့ လိုချင်မှုတွေ ပိုများလာတယ်၊ ငါက ဘယ်လိုလှူနိုင်တာဆိုတဲ့ မာနတွေ ပိုများလာတယ်ဆိုရင် ဒါနလုပ်တာထက် မလုပ်တာက ပိုကောင်းသလို ဖြစ်နေပါတယ်။
ဒါကြောင့် ပေးကမ်းလှူဒါန်းခြင်း ဒါနလုပ်တာဟာ နာမည်ကြီးကြီးနဲ့ ကမ္ဗည်းစာတမ်းထိုးဖို့၊ ကြွားဝါဖို့၊ လူအထင်ကြီးဖို့၊ ထင်ပေါ်ကြော်ကြားဖို့၊ သူတစ်ပါးကို နှိမ့်ချဖို့လုပ်တာမဟုတ်ဘဲ ကိုယ့်သန္တာန်မှာရှိတဲ့ လိုချင်တပ်မက်မှု၊ ၀န်တိုမှုတွေ နည်းစေပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရာတွင် အထောက်အကူဖြစ်စေဖို့ စတာတွေ အတွက်လုပ်တာ ဖြစ်တဲ့အတွက် အလှူဒါနလုပ်သူများ အနေဖြင့် ကိုယ်လုပ်တာ ကိုယ်သာလျှင် အသိဆုံးဖြစ်ပါသောကြောင့် ဘယ်နေရာမှာ၊ ဘယ်လိုပုံစံမျိုး ကမ္ဗည်းစာတမ်းထိုးစေတာထက် ကိုယ့်နှလုံးသားထဲမှာသာ ကမ္ဗည်းထိုးနိုင်အောင် ကြိုးစားသင့်ပါကြောင်း…



Read more...

ဓမ္မအရိပ်မှာ ခိုကြစို့... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ဓမ္မအရိပ်မှာ ခိုကြစို့...
video


Read more...

ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်...

စတုက္ကပုဂ္ဂလပညတ်...
ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်...

၁။ တွင်းတူးလျက် မအောင်းသောကြွက်၊
၂။ အောင်းလျက် တွင်းမတူးသောကြွက်၊
၃။ တွင်းလည်းတူး အောင်းလည်းအောင်းသောကြွက်၊
၎။ တွင်းလည်းမတူး အောင်းလည်း မအောင်းသော ကြွက်တို့သည်
လေးမျိုးရှိကုန်၏၊

ဤအတူပင်လျှင် ...
ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှား ရှိကုန်၏၊

လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊

၁။ တွင်းတူးလျက် မအောင်းသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်၊
၂။ အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်၊
၃။ တွင်းလည်းတူး အောင်းလည်းအောင်းသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်၊
၎။ တွင်းလည်းမတူး အောင်းလည်း မအောင်းသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်တို့
တည်း။

အဘယ်သို့လျှင် ...
ပုဂ္ဂိုလ်သည် တွင်းသာတူး၍ မအောင်းသော ကြွက်နှင့် တူသနည်း၊

၁...
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လတည်းဟူသော တရား ပိဋကတ် တော်ကို သင်ယူ၏၊ ထိုပိဋကတ်တတ်သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤ လောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့် တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ပုဂ္ဂိုလ်သည် တွင်းသာ တူးလျက် မအောင်းသော ကြွက်နှင့် တူ၏၊ ထို ကြွက်သည် တွင်းတူးလျက် မအောင်းသကဲ့သို့ ဤသို့ ပိဋကတ်သာတတ်လျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထို ကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၂...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသနည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လတည်းဟူသော တရား (ပိဋ ကတ်တော်) ကို မသင်ယူ၊ ထိုပိဋကတ် မတတ်သော ပုဂ္ဂိုလ်သည် ''ဤလောဘ ကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏။ပ။
ဤသို့ ပုဂ္ဂိုလ်သည် အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသည် မည်၏၊ ထို ကြွက်သည် အောင်းလျက် တွင်းမတူးသကဲ့သို့၊ ဤသို့ ပိဋကတ်မတတ်ဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်ကို ထို ကြွက်နှင့်တူ၏ ဟူ၍ မှတ်အပ်၏။

၃...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်းတူး အောင်းလည်း အောင်းသော ကြွက်နှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်,ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ တည်းဟူသော တရား (ပိဋကတ်တော်)ကို သင်ယူ၏၊ ထိုပိဋကတ်တတ်သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်းသိ၏။ပ။
ဤသို့ပုဂ္ဂိုလ်သည် တွင်းလည်းတူး အောင်းလည်း အောင်းသော ကြွက်နှင့်တူသည် မည်၏၊ ထို ကြွက်သည် တွင်းလည်းတူး အောင်းလည်း အောင်းသကဲ့သို့၊ ဤသို့ ပိဋကတ်လည်းတတ် အမှန်တရား ကိုလည်း သိသော ပုဂ္ဂိုလ်ကို ထိုကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၎...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်းမတူး အောင်းလည်း မအောင်းသော ကြွက်နှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်,ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လတည်း ဟူသော တရား (ပိဋကတ်တော်)ကို မသင်ယူ၊ ထိုပိဋကတ်မတတ်သော ပုဂ္ဂိုလ် သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ် မှန်သော အတိုင်းမသိ။ပ။
ဤသို့ ပုဂ္ဂိုလ်သည် တွင်းလည်းမတူး အောင်းလည်း မအောင်းသော ကြွက် နှင့်တူ၏၊ ထို ကြွက်သည် တွင်းလည်းမတူး အောင်းလည်း မအောင်းသကဲ့သို့ ဤသို့ ပိဋကတ်လည်း မတတ်,အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထို ကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

လောက၌ ထင်ရှားရှိသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။158

၎ - စတုက္ကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

ဒုတိယ မရဏဿတိသုတ်- (သေခြင်း၌အောက်မေ့ခြင်း)

ဒုတိယ မရဏဿတိသုတ်- (သေခြင်း၌အောက်မေ့ခြင်း)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏။ပ။ ရဟန်းတို့ မရဏဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်) သို့ သက်ဝင်၏၊ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိ၏။

ရဟန်းတို့ မရဏဿတိကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ် သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ အမြိုက်(နိဗ္ဗာန်)သို့ သက်ဝင်သနည်း၊ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိသနည်း။

ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် နေ့ကို လွန်မြောက် ညဥ့်သို့ ရောက်လတ်သော် ''ငါ့အား သေခြင်းအကြောင်းတို့သည် များကုန်၏၊ မြွေသော် လည်း ငါ့ကို ကိုက်ရာ၏၊ ကင်းမြီးကောက်သော်လည်း ငါ့ကို ကိုက်ရာ၏၊ ကင်းခြေများသော်လည်း ငါ့ကို ကိုက်ရာ၏၊ ထိုအကြောင်းကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုမြွေကိုက်ခြင်းစသည်သည် ငါ့အား အန္တရာယ် ဖြစ်ရာ၏၊ ချော်၍သော်လည်း လဲရာ၏၊ ငါစားအပ်သော အစာသော်လည်း မကျေဘဲ ဖောက်ပြန်ရာ၏၊ ငါအား သည်းခြေသော်လည်း ပျက်ရာ၏၊ ငါအား သလိပ်သော်လည်း ပျက်ရာ၏၊ ငါ့အား လေသင်တုန်းတို့သော်လည်း ဖြတ် ကုန်ရာ၏၊ လူတို့ကသော်လည်း ငါ့ကို လုံ့လပြုကုန်ရာ၏၊ လူမဟုတ်သူ (ဘီလူး) တို့ကသော်လည်း ငါ့ကို လုံ့လ ပြုကုန်ရာ၏၊ ထိုအကြောင်းကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုလေသင်တုန်း ဖြတ်ခြင်း စသည်သည် ငါ့အား အန္တရာယ် ဖြစ်ရာ၏'' ဟု ဤသို့ ဆင်ခြင်၏။

ရဟန်းတို့ ထိုရဟန်းသည် ''ညဥ့်အခါ ၌ သေရသော ငါ့အား အန္တရာယ်ကို ပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ရှိကုန်သေးသလော'' ဟု ဆင်ခြင်ရမည်။ ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သော် ''ညဥ့်အခါ၌ သေရသော
ငါ့အား အန္တရာယ်ကိုပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ် တရားတို့သည် ရှိကုန်သေး၏'' ဟု သိရပါမူ ရဟန်းတို့ ထိုရဟန်းသည် ယုတ်ညံ့ သော ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါသာလျှင် လွန်ကဲသော အလိုဆန္ဒကို လည်းကောင်း၊ လုံ့လကို လည်းကောင်း အားထုတ်ခြင်းကို လည်းကောင်း၊ အတိုင်းထက် အလွန် အားထုတ်ခြင်းကို လည်းကောင်း၊ မဆုတ်နစ်ခြင်းကို လည်းကောင်း၊ သတိကို လည်းကောင်း၊ သမ္ပဇဉ်ကို လည်းကောင်း ပြုရမည်။

ရဟန်းတို့ ပုဆိုး၌ မီးလောင်သူသည် လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်သူသည် လည်းကောင်း၊ ထိုပုဆိုး ထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော ဆန္ဒကို လည်းကောင်း၊ လုံ့လကို လည်းကောင်း၊ အားထုတ်ခြင်းကို လည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်ခြင်းကို လည်းကောင်း၊ မဆုတ်နစ်ခြင်းကို လည်းကောင်း၊ သတိကို လည်းကောင်း၊ သမ္ပဇဉ်ကို လည်းကောင်း ပြုရာ သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ဆန္ဒကို လည်းကောင်း၊ လုံ့လကို လည်းကောင်း၊ အားထုတ်ခြင်းကို လည်းကောင်း၊ အတိုင်းထက် အလွန် အားထုတ်ခြင်းကို လည်းကောင်း၊ မဆုတ်နစ်ခြင်းကို လည်းကောင်း၊ သတိကို လည်းကောင်း၊ သမ္ပဇဉ်ကို လည်းကောင်း ပြုရမည်။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သော် ''ညဥ့်အခါ၌ သေရသော ငါ့အား အန္တရာယ် ပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် မရှိကုန်'' ဟု သိပါမူ ရဟန်းတို့ ထိုရဟန်းသည် နှစ်သက်မှု ဝမ်းမြောက်မှု 'ပီတိပါမောဇ္ဇ' ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့်မပြတ် ကျင့်သုံးလျက် နေရမည်။

ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ညဥ့်ကို လွန်မြောက် နေ့သို့ ရောက်လတ်သော် ''ငါ့အား သေခြင်း အကြောင်းတို့သည် များကုန်၏၊ မြွေ သော်လည်း ငါ့ကို ကိုက်ရာ၏၊ ကင်းမြီးကောက်သော်လည်း ငါ့ကို ကိုက်ရာ၏၊ ကင်းခြေများသော်လည်း ငါ့ကို ကိုက်ရာ၏၊ ထိုအကြောင်းကြောင့် ငါ့အား သေ ခြင်းသည် ဖြစ်ရာ၏၊ ထိုမြွေကိုက်ခြင်းစသည်သည် ငါ့အား အန္တရာယ် ဖြစ်ရာ၏၊ ချော်၍သော်လည်း လဲရာ၏၊ ငါစားအပ်သော အစာသော်လည်း မကျေဘဲ ဖောက်ပြန်ရာ၏၊ ငါအား သည်းခြေသော်လည်း ပျက်ရာ၏၊ ငါအား သလိပ် သော်လည်း ပျက်ရာ၏၊ ငါ့အား လေသင်တုန်းတို့သော်လည်း ဖြတ်ကုန်ရာ၏၊ လူတို့ကသော်လည်း ငါ့ကို လုံ့လပြုကုန်ရာ၏၊ လူမဟုတ်သူ (ဘီလူး)တို့က သော်လည်း ငါ့ကို လုံ့လပြုကုန်ရာ၏၊ ထို့ကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုလေသင်တုန်း ဖြတ်ခြင်းစသည်သည် ငါ့အား အန္တရာယ်ဖြစ်ရာ၏'' ဟု ဤသို့ ဆင်ခြင်၏။ ရဟန်းတို့ ထိုရဟန်းသည် ''နေ့အခါ၌ သေရသော ငါ့အား အန္တရာယ်ကို ပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ရှိကုန်သေး သလော'' ဟု ဆင်ခြင်ရမည်။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သော် ''နေ့အခါ၌ သေရသော ငါ့အား အန္တရာယ်ကို ပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ရှိကုန် သေး၏'' ဟု သိရပါမူ ရဟန်းတို့ ရဟန်းသည် ယုတ်ညံ့သော အကုသိုလ် တရားတို့သည် ရှိကုန်သေး၏'' ဟု သိရပါမူ ရဟန်းတို့ ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ဆန္ဒကို လည်းကောင်း၊ လုံ့လကို လည်းကောင်း၊ အားထုတ်ခြင်းကို လည်းကောင်း၊ အတိုင်းထက် အလွန် အားထုတ်ခြင်းကို လည်းကောင်း၊ မဆုတ်နစ်ခြင်းကို လည်းကောင်း၊ သတိကို လည်းကောင်း၊ သမ္ပဇဉ်ကို လည်းကောင်း ပြုရမည်။

ရဟန်းတို့ ပုဆိုး၌ မီးလောင်သူသည် လည်းကောင်း ဦးခေါင်း၌ မီးလောင်သူသည် လည်းကောင်း၊ ထိုပုဆိုး ထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော ဆန္ဒကို လည်းကောင်း၊ လုံ့လကို လည်းကောင်း၊ အားထုတ်ခြင်းကို လည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်ခြင်းကို လည်းကောင်း၊ မဆုတ်နစ်ခြင်းကို လည်းကောင်း၊ သတိကို လည်းကောင်း၊ သမ္ပဇဉ်ကို လည်းကောင်း ပြုရာ သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ဆန္ဒကို လည်းကောင်း၊ လုံ့လကို လည်းကောင်း၊ အားထုတ်ခြင်းကို လည်းကောင်း၊ အတိုင်းထက် အလွန် အားထုတ်ခြင်းကို လည်းကောင်း၊ မဆုတ်နစ်ခြင်းကို လည်းကောင်း၊ သတိကို လည်းကောင်း၊ သမ္ပဇဉ်ကို လည်းကောင်း ပြုရမည်။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သော် ''နေ့အခါ၌ သေရသော ငါ့အား အန္တရာယ်ပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် မရှိကုန်'' ဟု သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ထိုနှစ်သက်မှု ဝမ်းမြောက်မှု 'ပီတိပါမောဇ္ဇ' ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဥ့် မပြတ် ကျင့်သုံးလျက် နေရမည်။

ရဟန်းတို့ ဤသို့လျှင် မရဏဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ် သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက်(နိဗ္ဗာန်)သို့ သက်ဝင်၏၊ အမြိုက်(နိဗ္ဗာန်)လျှင် အဆုံးရှိ၏ ဟု (မိန့်တော်မူ၏)။74

၎ - ဒုတိယ မရဏဿတိသုတ်၊ ယမက၀ဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP