* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 5, 2009

*ကန္နီဆရာတော်ကြီး၏ တပည့် မြေဇင်းတောရ ဆရာတော်ကြီး၏ တရားရှုမှတ်ပုံ အကျဉ်းချုပ်-၂*

ဝိပဿနာ ရှုမှတ်ပုံ

မနေ့က သမထပိုင်း ရှုမှတ်ပုံ အဆင့်ဆင့်ကို ပြောပြီး သွားပါပြီ၊ သတိ ရအောင် ပြန်ပြော ရရင် သမထကို အပိုင်း လေးပိုင်းနဲ့ သွားခဲ့ပါတယ်၊ သတိမြဲရာ ပထမာ ဆိုတဲ့ အတိုင်း ပထမဆုံး နှာသီးဖျား လေးမှာ မိမိရဲ့ သတိကို မြဲနေအောင် ကြိုးစား ရှုမှတ်ရ ပါတယ်၊ ဒီလို ရှုမှတ်ရင်း ၇ ရက် ၈ ရက် သို့မဟုတ် ၁၀ ရက်လောက် အားထုတ်ပြီး သွားလို့ သတိတွေ မြဲနေပြီဆိုရင် (သတိမြဲဆိုတာ ဆိုတာ --၀င်လေ ၀င်တိုင်း, ထွက်လေ ထွက်တိုင်း နှာသီးဖျားကို ထိထိပြီး ၀င် ထွက်တာကို တရစပ် သိနေတာကို ပြောတာပါ) သမထ ဒုတိယ အဆင့်ကို အားထုတ်ရ ပါတယ်။

ဒုမှာ တို ရှည် သိ ဆိုတဲ့အတိုင်း ကိုယ်ထိုင်နေတဲ့ ရှေ့တည့်တည့်ု၂ တောင် ၃ တောင် ကွာဝေးတဲ့ နံရံမှာ အမှတ် အသားလေး တစ်ခု ပြုပြီး ထွက်လေကို အဲဒီ အမှတ်အသားလေး အရောက် တွန်းပို့ရပါတယ် ပြီးရင် အဲဒီလေကို ၀င်လေနဲ့ ပြန်သိမ်းပါ ဒီလိုနည်းနဲ့ ၃ တောင်ကနေ အတောင် ၅၀ အတောင် ၅၀ ကနေ အတောင် ၁၀၀ စသည် ပို့လိုက် ယူလိုက် ပြုလုပ်ရပါတယ်။ ဒီနေရာမှာ တစ်ချက် သတိထားခဲ့ စေချင်တာက လေကို ပို့ ယူ လုပ်တဲ့အခါ နှာခေါင်းက အောက်ကို စိုက်နေတော့ အစပိုင်းမှာ ခက်ပါတယ်။

ဒါပေမယ့် စိတ်အလုပ် ဖြစ်တဲ့အတွက် ရောက်စေ ဆိုရင် ရောက်သွားပါတယ်။ ပြန်လာလို့ စိတ်က ညွတ်လိုက်ရင် ပြန်လာ ပါတယ် ဒါကတော့ မြေဇင်း ဆရာတော်တို့ နည်းပါ၊ မူရင်း ပါဠိတော် မှာတော့… ငါရဲ့ ထွက်လေကို ရှည်ရှည် ရှူမည်ဆိုပြီး ရှည်ရှည် နှာသီးဖျား ကနေ လွှတ်လိုက်ရ မှာပါ ။ ပြီးတော့ ငါ့ရဲ့ ၀င်လေကို ရှည်ရှည် ရှိုက်သွင်းမယ် ဆိုပြီး ရှည်ရှည် ပြန်ရှိုက်လိုက် ရမှာပါ၊ တိုတိုသွင်းမည် တိုတို ပြန်ထုတ်မည်ပေါ့

နောက်တဆင့်က - သုံးချက်သိမှာ တတိယာ ဆိုတဲ့အတိုင်း အလင်းနိမိတ်ကို နှာခေါင်းမှ ရင်ချိုင့်၊ ရင်ချိင့်မှ ချက် တဖြည်းဖြည်းချင်း ရှိုက်သွင်းလိုက်တဲ့ အခါ…

နှာသီးဖျားမှာ စပြီး ၀င်နေသည် ကိုလည်း သိ၊ ရင်ချိုင့် ရောက်သည် ကိုလည်း သိ၊ ချက်ရောက်သွား သည်ကိုလည်း သိ၊ သုံးဌာနလုံး၌ သိနေအောင် အားထုတ်ရ မှာပါ၊

ပြီးတော့ ပါးဖောက် နားဖောက် ဖြတ်စား လှီးစား စေ ၁၀ ချက်စတာ တွေနဲ့ အလင်း နိမိတ်ကို လိုသလို စေခိုင်း နိုင်အောင် အားထုတ်ရ ပါတယ်

နောက်တဆင့် သမထက လေးမှာ ငြိမ်းစေဘိ ဆိုတဲ့အတိုင်း ၀င်လေ ထွက်လေကို ဖြေးဖြေးလေး ရှူသွင်းရ ထုတ်ရပါတယ်၊ မိမိတို့ ပုံမှန် ၀င်လေ ထွက်လေက ကြမ်းတမ်းပါတယ်။ ဒါကို မိမိက ငါ၏ ထွက်လေ၊ ၀င်လေတို့ကို ငြိမ်းစေအံ့၊ ငြိမ်းစေအံ့”ဟု ရှုမှတ် နေရုံပါ။ ပါရမီဉာဏ် ရင့်သန်သူများ ကတော့ ရှေ့ပိုင်း သမထ ကျင့်စဉ်တွေ မှာပဲ ၀င်လေ ထွက်လေ ငြိမ်းနေတာကို တွေ့ရတတ် ပါတယ်။

ဒီလို အားထုတ်နေရင်း တခါတရံ ထွက်သက် ၀င်သက်တွေ ပျောက်သွား သလို ထင်တတ် ပါတယ်။ ဒီလို သမထ အဆင့် လေးဆင့်ကို အားထုတ်ပြီး သွားပြီဆိုရင် အညစ်အကြေး မရှိတဲ့ မှန်သားပြင် ကြီးလို တိမ်တိုက် ကြားက ထွက်လာတဲ့ လပြည့်ဝန်း ကြီးလို ထင်မှတ်နေ ရပြီး မိမိရဲ့ အလင်း နိမိတ်ဟာ အလွန်ကို ကြည်လင် တောက်ပနေ ပါတယ်။ ဒီလို ပဋိဘာဂ နိမိတ်အဆင် အခိုက် အတန့်မှာ စိတ်ညစ် ညူးကြောင်း နီဝရဏ တရားတွေ ကင်းနေပါတယ်။ .

ဝိပဿနာပိုင်း ရှုမှတ်ပုံများ

သမထဆိုတာ တစ်နေရာ တည်းကို စိုက်ရှု တာပါ၊ ၀ိပဿနာဆိုတာ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ရှူ တာလို့ မြေဇင်း ဆရာတော် ကြီးက မိန့်တော် မူပါတယ။် သမထ ယာနိက သမားအတွက် စတုတ္ထ အဆင့် ကျင့်စဉ်မှာ ပဋိဘာဂ အလင်းနိမိတ် ရရှိပြီး ဥပစာ ဆိုက်သွားပြီ ဆိုရင် ၀ိပဿနာကို စတင် အားထုတ် ရှုမှတ်နိုင် ပါတယ်။

ဝိပဿနာ ရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရ မှာလား၊ နာမ်ကို ရှုမှတ်ရ မှာလားလို့ မေးစရာ ရှိပါတယ်။ စာပေမှာတော့ သမထ ယာနိက လမ်းစဉ်နဲ့ အားထုတ် သူများ အတွက် နာမ်ကို ရှုမှတ် ပွားများရ မယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သမထ အားထုတ်မှု အားကောင်း၍ သမာဓိ ရင့်သန် နေတဲ့အတွက် ကြောင့်ပါ။ ၀ိပဿနာ သက်သက် ရှုမှတ် ပွားများ သူတွေ ကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထား ပါတယ်။

ကန္နီနည်းမှာ သမထ ယာနိက လမ်းစဉ်ဖြစ်၍ နာမ်ကိုပင် ရှုမှတ် ပွားများရ မည်ဟု မှတ်ရမည့် အနေအထား ရှိပါတယ်။ ဒါပေမယ့် ကန္နီ ဆရာတော် ဘုရားကြီးက ယောဂီ ပါရဂူ ကျမ်းတွင် ရုပ်ကိုပဲ ရှုမှတ်ဖို့ တိုက်တွန်းထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သမထ ယာနိက လမ်းစဉ် ဖြစ်ပေမယ့် သမထကို အဆုံးစွန် အပ္ပနာဈာန် ရသည်အထိ အားမထုတ် နိုင်ခဲ့ကြ။ ဥပစာရ ဈာန်အဆင့် မျှသာရှိ၍ ရုပ်ကိုပင် ရှုမှတ် နိုင်သည်ဟု ကျမ်း အကိုး အကားများ ပြ၍ မိန့်တော်မူ ထားပါတယ်။

ရှုနည်း ၃ မျိုး

၁- သမထ အားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂ အလင်း နိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တစ်ကိုယ်လုံး သတိ မလွတ်စေဘဲ ရှုခြင်း

၂- ခြေဖျား မှ ချက်
ချက်မှ လည်မျို
လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း

၃- လက်လေးသစ် သို့မဟုတ် တတောင် လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း ၃ မျိုးရှိ ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း အလိုက် ရှုနည်း သုံးမျိုး ကွဲပြား သကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်း သုံးပါးကိုလည်း သိသင့် ပါတယ်။

၁- မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း
၂- မိမိ ခန္ဓာကိုယ်ရဲ့ ငယ်ထိပ် ခြေတောက် လက်စတဲ့ နေရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေ တာတွေကို မှတ်ခြင်း
၃- နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်း သုံးပါး ရှိပါတယ်။

ကန္နီ ဆရာတော်ကြီး မြေဇင်း ဆရာတော်ကြီး တို့ရဲ့ နည်းကတော့ နှလုံးအိမ်ကို ရှုမှတ်တဲ့ နည်းပါ။ အစပိုင်း မှာတော့ ခက်သလို ရှိပါတယ် နောက်ပိုင်းမှာ အလွန် လွယ်ကူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ဗဟိုချက် မဟာ နှလုံးအိမ် ဖြစ်နေလို့ပါ၊ နှလုံးအိမ် ကနေ ခန္ဓာကိုယ် တစ်ခုလုံး ဖြန့်ကြည့် လိုက်ရင် ရုပ်တရား နာမ်တရားတွေ တဖွဲဖွဲ တသဲသဲ ဖြစ်ပျက် နေတာကို တွေ့ရပါတယ်။

ဥပမာငါးမျိုး

အထက်တွင် ပြဆိုခဲ့သည့် အတိုင်း မိမိ၏ နှလုံးအိမ်တွင် အာရုံကပ်၍ ရုပ်နာမ် တို့၏ အဖြစ် အပျက်ကို ရှုမှတ် ပွားများ နေသော ယောဂီ ပုဂ္ဂိုလ်အား တရိပ်ရိပ် ဖြစ်၍ တရိပ်ရိပ် ပျက်ပုံကို လည်းကောင်း၊ အသစ်အသစ် ဖြစ်၍ အဟောင်း အဟောင်းတို့ ချုပ်ပျက် နေပုံကို မိမိ၏ ပကတိ မျက်စိဖြင့် ကြည့်၍ မြင်နေရ သကဲ့သို့ မုချထင်ထင် သိမြင်ရ လေတော့သည်။ ထိုသို့ ထင်မြင် လာသော ယောဂီအား အောက်ပါ ဥပမာ ငါးမျိုးတို့တွင် တစ်မျိုးမျိုး ကိုဖြစ်စေ၊ ရော၍ဖြစ်စေ ထင်မြင်လာ တတ်ပါသည်။ ၎င်းတို့မှာ -

၁။ နေအရုဏ် တက်၍ နေထွက်သော အခါ ပြိန်းမြက်ပင် တို့၏ အဖျား၌ တသားတည်း ခဲနေသော ဆီးနှင်း ပေါက်တို့ တဖြောက်ဖြောက် ကြွေကျနေ သည်ကို မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်း၊

၂။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့၌ ရှိသော ၀ဲကွေ့၌ ရေများ တိုးဝှေ့ ခြင်းကြောင့် ဖြစ်ပေါ် လာသော ရေမြှုပ်၊ ရေပွက်တို့ကို မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်း၊

၃။ ကြည်လင် ငြိမ်သက် နေသော ရေပြင်တွင် တုတ်၊ တောင်ဝှေး စသည်တို့ဖြင့် ရေးခြစ်၊ ရိုက်ပုတ်လိုက် သောအခါ အလွှာ အလွှာလိုက် တရိပ်ရိပ် ဖြစ်ပေါ် လာသော ရေလှိုင်းတို့ကို မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်း၊

၎။ ပွတ်ဆောက်ဖျား၌ တင်ထားသော မုံ့ညှင်းစေ့၊ လေတွင် ၀ဲပါနေသော လူးနှမ်းစေ့ တို့၏ တရွေ့ရွေ့၊ တရိပ်ရိပ်၊ တဖိတ်ဖိတ် ကြွေကျ သည်ကို မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်း၊

၅။ ညိုပြာရီ မှောင်နေသော တိမ်လိပ်တို့ အတွင်း၌ တ၀င်းဝင်း၊ တဖျက်ဖျက် လင်းလက် နေသော လျှပ်စစ်နွယ် တို့ကို တွေ့မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်းတို့ ဖြစ်ပါသည်။

ဒီဥပမာ ငါးမျိုးကို အားထုတ် ဖူးတဲ့ ယောဂီများ သေသေ ချာချာ နားလည်နိုင် ပါတယ်။ ထူးဆန်းသည့် ဓမ္မ သံသရာက လွတ်မြောက် နိုင်သည့် ဓမ္မများကို စာသိ မှ သည် ကျင့်သိ၊ ကျင့်သိမှ သည် ထိုးထွင်းသိ အဆင့် ရောက်အောင် ကြိုးစား ကြပါစို့လို့ အဖြူရောင် မေတ္တာများနဲ့ တိုက်တွန်း ချင်ပါတယ်။

ကျမ်းကိုး။ ယောဂီပါရဂူကျမ်း

အရှင်တိက္ခဉာဏာလင်္ကာရ (ယော)


လေးစားရိုသေစွာဖြင့်
ဖိုးသား

5/5/2009, TUE:, 4:53:24 PM

Read more...

ချစ်ခြင်းတရားနောက်ကို လိုက်လိုသူ သို့မဟုတ် Hsin Tao နှင့် တွေ့ဆုံခြင်း


ဦးဇင်းရဲ့နိဒါန်း

ကန္နီနည်းနဲ့ စိတ္တလတောင်မှာ တရားအားထုတ်ခဲ့တဲ့ အတွေ့အကြုံဆောင်းပါးလေးတွေ အဆက်မပြတ် တင်သွားဖို့ စိတ်ကူးထားတာ။ အမှတ်မထင် အင်တာနက်စာမျက်နှာတစ်ခုမှာ အောက်ပါ အင်တာဗျူးတစ်ခုကို သွားတွေ့မိတယ်။ အင်တာဗျူးက ဦးဇင်းကို တော်တော်လေး ဆွဲဆောင်သွားတယ်။ နောက်ပြီး သူက မြန်မာမှာ ဖွားပြီး စစ်အတွင်းမှာ ကလေးစစ်သားဖြစ်ခဲ့ရတယ်။ မြန်မာဖွားဆိုတော့ ဘာမဆိုင် ညာမဆိုင် ပိုစိတ်ဝင်စားမိတယ်။ ဦးဇင်းကလဲ မြန်မာဆိုတဲ့ အသံကြားရင် စိတ်က မရဘူး။ စိတ္တလတောင်မှာ နှစ်လတာ တရားအားထုတ်စဉ်ကတောင်မှ မြန်မာနိုင်ငံအခြေအနေကို မေ့လို့မရခဲ့ဘူး။

သမထကျင့်စဉ်တွေ ကျင့်ရင်း အလင်းနိမိတ်နဲ့ အနီးအဝေးနေရာတွေကို နိမိတ်ပို့လွှတ်ရတဲ့အခါမှာ နတ်ပြည်တွေကိုလဲ သွားရောက်လို့ ရခဲ့တယ်။ အဲဒီလို အဆင့်ရောက်ရင် ကိုယ်သိချင်တဲ့ ပုဂ္ဂိုလ်ရဲ့ ရောက်နေတဲ့နေရာကို အာရုံပြုနိုင်တယ်လို့ ဦးဇင်းရဲ့ ဆရာတော် ဘုန်းကြီးဦးဇနိတက မိန့်တော့ ဦးဇင်းပထမဆုံး ကြည့်ချင်မိတာက ဗိုလ်ချုပ်အောင်ဆန်းပါ။ ဦးဇင်းဟာ ဗုဒ္ဓတရားတော်တွေနဲ့သာ ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ဘူး၊ ဗုဒ္ဓတရားတော်တွေကိုသာ မသိခဲ့ဘူးဆိုရင် ဗိုလ်ချုပ်ကို ဘုရားလို ကိုးကွယ်ဖြစ်မှာပါ။ ဒီဘက်ခေတ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းကို ချောင်ထိုးနေတာတွေ့တော့ စိတ်ထဲမှာ ဘယ်လိုမှ ဖြေမဆည်နိုင်ဖြစ်ရပါတယ်။ ဘာမှမတတ်နိုင်တော့လဲ လက်ပိုက်ကြည့်နေရတော့တာပဲ။

ဒီလိုအခြေအနေကြားထဲမှာ ရဟန်းတော်တစ်ပါးဖြစ်လာတဲ့ ဦးဇင်းအတွက် `ဘာသာရေးဟာ အမျိုးသားရေးနဲ့ တသီးတသန့် ရှိမနေသင့်ဘူး´လို့ ကိုယ့်ဘ၀လမ်းကြောင်းတစ်ခုကို ချမှတ်လိုက်ရတော့တယ်။ ဒီအတွက်လဲ သာသနာနဲ့နိုင်ငံရေးဆိုပြီး အခန်းဆက်ဆောင်းပါးတွေ ရေးဖူးပါတယ်။ Dharma Master Hsin Tao ဟာလဲ ဘာသာရေးကို လောကအရေးနဲ့ ခွဲခြားလို့ မရစကောင်းဘူးလို့ ခံယူထားသူဆိုတာ ထင်ရှားနေပါတယ်။ သူဟာ သာမန်ရဟန်းတော်တွေတောင် မကျင့်သုံးနိုင်တဲ့ ဓုတင် ၁၃-ပါးမှာ ၁၁-ပါးကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လောကအရေးမှာ ဘယ်လောက်အာရုံစိုက်နေသလဲဆိုတာကို အောက်မှာတွေ့ရမယ့် သူ့စကားတွေကြည့်ရင် သိသာပါတယ်။ ကိုယ်ခံယူထားတဲ့ လမ်းစဉ်နဲ့ ဒီလိုဒီလို ကိုက်ညီနေလို့ ဦးဇင်းသဘောကျမိတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် Dharma Master Hsin Tao ရဲ့ လောကအမြင်၊ ဘ၀အမြင်အချို့ဟာ စာဖတ်သူရှေ့ကို ရောက်လာပါပြီ။ ကိုယ်တိုင် ဖတ်ရှုပြီး ဘ၀အမြင်အချို့ ရရှိသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သူ့ရုပ်ပုံလွှာ

Dharma Master Hsin Tao ဟာ ကလေးစစ်သား ပပျောက်ရေးအတွက် တိုက်ပွဲဝင်ရာမှာ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဘာသာတရားတွေအချင်းချင်း နားလည်မှုရရှိရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တွန်းအားပေးနေသူလဲ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ မွေးဖွားပြီး လေးနှစ်သားအရွယ်မှာ မိဘမဲ့ကလေးတစ်ဦးအဖြစ် ရှင်သန်ခဲ့ရပါတယ်။ ကိုးနှစ်သားအရွယ်မှာ ပြောက်ကျားစစ်တပ်ထဲကို အတင်းအဓမ္မ သိမ်းသွင်းခံခဲ့ရပါတယ်။

စစ်တပ်တွေ ထိုင်ဝမ်ကို ပြန်ရုတ်သိမ်းမသွားခင်အထိ ခြောက်နှစ်တိုင်တိုင် ကလေးစစ်သားအဖြစ်နဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ အသက်နှစ်ဆယ့်ငါးနှစ်မှာတော့ ဆင်းတာအိုဟာ (မဟာယာန)ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး ဖြစ်လာခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးတဲ့နောက် ထိုင်ဝမ်က ဗုဒ္ဓဘာသာတက္ကသိုလ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး လေ့လာခဲ့ပါတယ်။ သူဟာ ၁၉၈၉ ခုနှစ်ကစပြီး နှစ်ပေါင်းများစွာ ခက်ခဲပြင်းထန်တဲ့ အကျင့်တွေကျင့်ရင်း လူသူမနီးတဲ့ တောအရပ်မှာ နေထိုင်သီတင်းသုံးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကမ္ဘာ့ဘာသာအချင်းချင်း နားလည်မှုရရှိရေးနဲ့ ငြိမ်းချမ်းရေးအတွက် အလွန်ကို ထက်သန်တက်ကြွသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၀ုရှန်းဗုဒ္ဓဘာသာကျောင်းတစ်ခုကို လင်းဂျီတောင်မှာ တည်ထောင်ထားပါတယ်။ ဒီတောင်က နှစ်နှစ်တာ ဓုတင်အကျင့်ဆောက်တည်ကျင့်သုံးခဲ့တဲ့ နေရာလဲ ဖြစ်ပါတယ်။ ဘာသာတရားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရအောင် မြှင့်တင်လုပ်ဆောင်နေတဲ့ သူ့ရဲ့ ကြိုးပမ်းမှုကို အသက်ဆက်တဲ့အနေနဲ့ ၁၉၉၅-ခုနှစ်မှာ ကမ္ဘာ့ဘာသာတရားများပြတိုက်(World Religions Museum)ကို တိုင်ပေမှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ကို Travis Rejmanက အင်တာဗျူးထားပါတယ်။

အမေးအဖြကဏ္ဍ

Travis Rejman = ဆရာတော် ဆင်တာအို၊ တွေ့ရတာ အလွန်ဝမ်းသာပါတယ်။ ယခင် ကလေးစစ်သားဘ၀က ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ပတ်သတ်ပြီး Goldin Institute Online အတွက် အင်တာဗျူးကို လက်ခံတဲ့အတွက်လဲ ကျေးဇူးအများကြီး တင်ပါတယ်။ ပထမဆုံး ကျွန်ုပ်တို့ရဲ့ ပရိသတ်ကြီးကို ဘာများ ပြောချင်ပါသလဲ။

Dharma Master Hsin Tao = လေးစားရပါသော ပရိသတ်ကြီး၊ ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးကို ချစ်တယ်။ ကမ္ဘာကြီးကို ချစ်သလို ငြိမ်းချမ်းရေးကိုလဲ ချစ်တယ်။ လူသားတိုင်း ငြိမ်းချမ်းစွာ နေနိုင်ဖို့၊ ငြိမ်းချမ်းမှုထဲမှာ ထာဝရတည်ရှိနိုင်ဖို့အတွက်လဲ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းတဲ့ မေတ္တာတရားတွေ ထွန်းကားတဲ့ သာတူညီမျှကမ္ဘာကြီးတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့လဲ ကျွန်ုပ်မျှော်လင့်နေပါတယ်။

Travis Rejman = ကျွန်ုပ် ရှေ့မှာ မျှဝေခဲ့သလိုပဲ ကလေးစစ်သားဟောင်းတွေ ပြန်လည်ပေါင်းစည်းခြင်းနှင့်သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို ရသတ္တပတ်လေးပတ် ပို့ချပေးဖို့ စီစဉ်နေပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ အင်တာဗျူးလုပ်ပြီး ပုံနှိပ်ထုတ်ဝေဖို့လဲ အစီအစဉ်ဆွဲထားပါတယ်။ ဆရာတော်နဲ့ အင်တာဗျူးခွင့်ရလို့ အကြောင်းနှစ်ချက်ကြောင့် အလွန့်ကို ပီတိဖြစ်မိပါတယ်။ ဆရာတော်ဟာ ဒီအင်စတီကျုနဲ့ နှစ်ပေါင်းများစွာကတည်းက မိတ်ဆွေဖြစ်ခဲ့တယ်။ ဒီအင်စတီကျုက ကလေးစစ်သားဟောင်းတွေကို ဘယ်လိုကြိုဆိုနေသလဲဆိုတာကို သိဖို့အတွက် ဆရာတော်မှာ အတွေ့အကြုံကောင်းတွေ အများကြီးရှိမယ်ဆိုတာကို ကျွန်ုပ်တို့ သိထားပါတယ်။

ဒုတိယအနေနဲ့ ကျွန်ုပ်တို့ စိတ်ဝင်အစားဆုံးအချက်ကတော့ ဆရာတော်အနေနဲ့ ကလေးစစ်သားဟောင်းဘ၀ကနေ ယခုလို ဗုဒ္ဓဘာသာအဖွဲ့အစည်းကြီးတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် ဘယ်လိုရောက်ရှိလာသလဲဆိုတာကိုပါပဲ။

အထူးအားဖြင့် ဆရာတော့်ရဲ့ အတွေးအမြင်တွေကို မျှော်လင့်နေပါတယ်။ ကလေးစစ်သားပပျောက်ပြီး လူ့အခွင့်အရေးပြည့်ဝတဲ့ ငြိမ်းချမ်းတဲ့ဘ၀များ တည်ဆောက်နိုင်ရေးဆောင်ရွက်တဲ့နေရာမှာ ဘာသာရေးအဖွဲ့အစည်းတွေဟာ အခြားသောအဖွဲ့အစည်းတွေနဲ့ ဘယ်လိုလုပ်ပြီး အတူတကွ လုပ်ဆောင်နိုင်ကြသလဲ။

Dharma Master Hsin Tao = ကလေးစစ်သားဆိုတာ ပုံမှန်အားဖြင့်တော့ သူ့အလိုဆန္ဒမပါဘဲ ဖြစ်လာကြရသူတွေပါ။ ဆော့ကစားတဲ့အရွယ်ဖြစ်တဲ့ မိဘမဲ့ကလေးတွေက အများဆုံး ဖြစ်နေတတ်တာ တွေ့ရပါတယ်။ အဲဒီကလေးဟာ စစ်သားဖြစ်လာခဲ့ပြီးရင် မိသားစုဝင်တွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခြင်းခံရပါတယ်။ စစ်သားဘ၀က မလွတ်မြောက်မချင်း သူဟာ တစ်ကောင်ကြွက်ဖြစ်ဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် အဲဒီ စစ်သားကလေးဟာ မိသားစုဆီကနေ နွေးထွေးတဲ့ မေတ္တာဓာတ်တွေ ချို့ငဲ့နေလိမ့်မယ်ဆိုတာ ကျွန်ုပ်တို့ သေချာပေါက် ပြောနိုင်ပါတယ်။ ဒါ ရက်စက်မှုပါ။ ဒါပေမယ့် ကံကောင်းခြင်းတွေ ဆိတ်သုဉ်းခဲ့တော့ ကျွန်ုပ်တို့ဟာ ကလေးစစ်သားဆိုတာတွေ ဖြစ်နေခဲ့ရပါတယ်။
ကျွန်ုပ်ဆိုရင် ကလေးလေးဘ၀ကတည်းက ပြောက်ကျားတပ်ဖွဲ့ဝင် ဖြစ်နေခဲ့ရတယ်။ ကျွန်ုပ်တို့ဟာ စစ်မြေပြင်ကို သွားရတယ်။ ထရိန်နင်းတွေ ပေးခံရတယ်။ အန္တရာယ်အလွန်များတဲ့ အခက်အခဲအမျိုးမျိုးကို ကျော်လွှားခဲ့ရတယ်။

ကံကောင်းထောက်မစွာနဲ့ ကျွန်ုပ်ကတော့ အန္တရာယ်များတဲ့ ထရိန်နင်းတွေနဲ့ မကြုံတွေ့ခဲ့ရသလို ဘယ်သူ့ကိုမှလဲ သတ်ခွင့်မကြုံခဲ့ရဘူး။ ကျွန်ုပ် ကံကောင်းခဲ့ပါတယ်၊ အကာအကွယ်တွေလဲ အများကြီး ရခဲ့ပါတယ်။ . ကလေးစစ်သားများအနေနဲ့ ကျွန်ုပ်တို့ဟာ သင်င်္ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ အများအားဖြင့်တော့ ဖမ်းဆီးခံထားရတဲ့ မိဘမဲ့တွေပါပဲ။ ဘာသာရေးရှုထောင့်အရဆိုရင် ကလေးတိုင်းကလေးတိုင်းမှာ မိဘရှိရမယ်၊ ပညာရေးကောင်းမွန်မှုရှိရမယ်၊ ခိုင်မာတဲ့ မိသားစုတစ်ခု ရှိရမယ်။ ကျွန်ုပ်တို့အားလုံး ဒါကို မျှော်လင့်ထားကြပါတယ်။

ကလေးတစ်ယောက်အနေနဲ့ စစ်သားဘ၀မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ကျွန်ုပ်ကလေးစစ်သားဘ၀တုန်းက စစ်တပ်ထဲမှာ အများကြီး သင်ယူခဲ့ရပါတယ်။ စစ်တပ်ထဲမှာ ကြီးပြင်းပြီး အင်မတန်ကောင်းမွန်တဲ့ အခြေခံတွေ ရရှိခဲ့ပါတယ်။ ကျွန်ုပ်အထင် မိဘတွေပေးနိုင်တဲ့ အရာတွေထက်တောင် ပိုကောင်းနေပါတယ်။ စစ်တပ်ထဲမှာ အောင်မြင်မှုတစ်ခုရဖို့ဆိုရင် အသုံးပြုရတဲ့ နည်းစနစ်တွေက အများကြီးရှိပါတယ်။ စစ်အတွင်းမှာ အပျက်အစီးတွေ အတုန်းအရုန်း တွေ့မြင်ခဲ့ရတယ်။ အလောင်းတွေလဲ မမြင်ချင်အဆုံး။ မိဘတွေ ဆုံးပါးသွားတဲ့ လေလွင့်ကလေးငယ်တွေ အများကြီးကို တွေ့ခဲ့ရတယ်။

ကျွန်ုပ်လိုပဲ မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ ကျွန်ုပ်နဲ့အတူ မိဘမဲ့ကလေး ၁၀၀-လောက် စုပြီး နေထိုင်ကြရပါတယ်။ ဒါက ကျွန်ုပ်နဲ့အတူနေရတဲ့ အဖွဲ့လေးပဲ ရှိပါသေးတယ်။ ကျွန်ုပ်တို့ဟာ ညီရင်းအစ်ကိုလို ဆက်ဆံခဲ့ကြလို့ နေပျော်တဲ့ဘ၀လေးတွေ ရရှိခဲ့ကြပါတယ်။ ခုချိန်ထိ အဲဒီထဲက အချို့နဲ့ အဆက်အသွယ်ရှိဆဲပါပဲ။ မတူညီတဲ့ နောက်ခံဘ၀၀န်းကျင်တွေက လာခဲ့ကြပေမယ့် အဲဒီတုန်းက ရင်းနှီးကျွမ်းဝင်မှုကို အခုချိန်ထဲ ထိန်းထားနိုင်ဆဲပါပဲ။ ကျွန်ုပ်တို့ မိဘမဲ့တွေဟာ ကိုယ်စီပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့အဖွဲ့ထဲက သူငယ်ချင်းတွေဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ လက်တွေ့ကျတဲ့ဘ၀မှာ ရိုးသားသူတွေ ဖြစ်လာခဲ့ကြပါတယ်။

ကျွန်ုပ်ရဲ့ ကိုယ်ပိုင်ဘာသာရေးယုံကြည်ချက်အကြောင်း ပြောရမယ်ဆိုရင် စစ်ပွဲအတွင်းမှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတော့ ဘာသာရေးလိုက်စားသူတစ်ဦးအဖြစ် ကြီးပြင်းခဲ့ပါတယ်။ မိဘမဲ့နေတဲ့ ကလေးငယ်တွေ၊ အပျက်အစီးတွေနဲ့ စစ်ပွဲက လက်ဆောင်ပေးလိုက်တဲ့ နာကျင်မှုတွေက ကျွန်ုပ်ကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေကို ဘယ်လို ကာကွယ်ရမယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းစွာ ရပ်တည်ဖို့ နာကျင်မှုတွေကို ဘယ်လို လျော့ချရမယ်ဆိုတာကို တွေးခေါ်တတ်အောင် ဒီအတွေ့အကြုံတွေက လမ်းပြပေးခဲ့တယ်။

ကလေးစစ်သားတစ်ယောက်အနေနဲ့ ဘ၀ရဲ့ နာကျင်မှုတွေကို အများကြီး ကြုံတွေ့ခဲ့ရတယ်။ နောက်ပိုင်းမှာ အရမ်းကို ရဲရင့်တဲ့ စစ်သားတစ်ယောက်လုပ်ဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီစစ်သားဟာ ကမ္ဘာကြီးငြိမ်းချမ်းဖို့ ရန်သူအားလုံးကို ကျော်လွှားနိုင်ရမယ်။ ဒါကတော့ လူသားထုတစ်ရပ်လုံးကို ကြည့်ရှုစောင်မဖို့ ကူညီဖို့ စွမ်းနိုင်တဲ့ ဘာသာရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်ုပ်ဟာ ဘုန်းကြီးဘ၀ကို ရလာခဲ့တယ်။ ဒီဘ၀ကို ရွေးချယ်ဖို့အတွက် ကျွန်ုပ်မှာ ဒွိဟဖြစ်ရင်း အချိန်များစွာ ကုန်ဆုံးခဲ့ပါသေးတယ်။

နောက်ဆုံးမှာတော့ နှလုံးသားမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းတွေ ကိန်းအောင်အားထုတ်ဖို့ ရဟန်းဘ၀ကို ခံယူခဲ့ပါတယ်။ ကျွန်ုပ်ဟာ စစ်ပွဲတွေ ဆိတ်သုဉ်းအောင်၊ ငြိမ်းချမ်းမှုတွေ တိုးပွားအောင် ကူညီနိုင်စွမ်းရှိလာပါတယ်။ ပထမဆုံး စစ်ပွဲတွေ ဘာကြောင့်ဖြစ်ပွားရသလဲဆိုတာကို စဉ်းစားတယ်။ အထင်ရှားဆုံးအရာကတော့ ဘာသာတရားတွေအချင်းချင်းကြားမှာဖြစ်တဲ့ ပဋိပက္ခတွေ ဦးစားပေးစဉ်းစားဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ဟာ ယုံကြည်ချက်မရှိဘဲ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့်ပဲ ဘာသာတရားတွေကတော့ ရှိနေပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ကြားမှာ ယုံကြည်ချက်တွေ၊ ဘာသာတရားတွေအများကြီး ကွဲပြားနေပါတယ်။ ဒါတွေကလဲ သဘာဝအားဖြင့် ဆန့်ကျင်ဘက်အမြင်တွေ ပေါ်ပေါက်လာစေတယ်။ ဒီဆန့်ကျင်ဘက်သဘောတရားတွေကို ဘယ်လိုများ ပပျောက်အောင် လုပ်နိုင်မလဲ။

ဘာသာတရားတွေရဲ့ စွမ်းအားကို ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှမ်းထားတဲ့ ငြိမ်းချမ်းရေးအဖြစ် ဘယ်လို အသွင်ပြောင်းပေးနိုင်မလဲ။ အထူးအားဖြင့် ဒီနေ့ခေတ်မှာ လူသားတွေဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာပေါင်းစုံကို ရင်ဆိုင်နေရပါတယ်။ ဒါကို ကျွန်ုပ်တို့ဘာသာရေးအဖွဲ့အစည်းတွေက ကမ္ဘာကြီးငြိမ်းချမ်းအောင် ဘယ်လို ကယ်တင်ပေးနိုင်မလဲ။

ဆက်လက်ဖော်ပြပါမည်.....



Read more...

ကျေးဇူး မင်္ဂလာ

ကိုဝင်းမြင့် ကိုဝိမုတ္တိ တို့ ဦးဆောင်ပြီး ကျင်းပတဲ့ အွန်လိုင်းတရားပွဲလေး ပြီးမြောက် အောင်မြင်သွားလို့ အားလုံးလဲ ပျော်ရွှင်ကြရပါတယ်၊ ပြီးတော့ ဟောပြောခဲ့တဲ့ တရားတွေကို အဖြူရောင်သံစဉ် ရေဒီယိုတဆင့် ထပ်ဆင့်လွှင့်ပေးလို့ တရားချစ်ခင် သူတော်စင်တို့ ရွှင်ပြုံးကြည်နူးကြရသလို ကမ္ဘာတ၀ှန်းဓမ္မချစ်ခင် သူတော်စင်တို့ နာကြားခွင့်ရရှိခဲ့ပါတယ်၊

စာရေးသူဆီကို အီးမေးလ်နဲ့တမျိုး ဖုန်းနဲ့တဖုံ ၀မ်းသာကြောင်း လျှောက်ထားခဲ့ကြတဲ့ သူတွေကို ဦးဇင်းက ကျေးဇူးတင်ပါတယ်။ ဒီလိုဖြန့်ဖြူးခွင့်ရအောင် ကြိုးစားပေးခဲ့တဲ့ ကိုဝင်းမြင့် ကိုဝိမုတ္တိ အဖြူရောင်သံစဉ် အဖြူရောင်မေတ္တာ သစ္စာအလင်း မက်မက် မမေဟန် ကိုအောင်ဆွေဦး ကိုနေဇင်လတ် ကိုမျိုး ကိုနန်းထိုက်လင်း မမြကြေးမုံ ကိုအောင်ကျော်ဆန်း စတဲ့ ကမ္ဘာ့နိုင်ငံ အသီသီးက ဓမ္မမိတ်ဆွေများကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်၊

တိုတောင်းတဲ့ လူ့ဘ၀လေးမှာ အချိန်ကို အကျိုးရှိရှိ အသုံးချလို့ ဗုဒ္ဓရဲ့ မင်္ဂလာတရားတော်နဲ့ အညီ ကာလေန ဓမ္မဿဝနံ ဆိုတာကို နှုတ်က ရွတ်ဆိုနေရုံသာမကပဲ လက်တွေ့ အကောင်အထည်ဖော်ကြခြင်းဖြစ်လို့ တကယ့် မင်္ဂလာအစစ် ဖြစ်ရပါတယ်၊ မင်္ဂလာရှိရင် ကြီးပွားမယ်လို့ ဘုရားရှင် လမ်းညွှန်တော်မူတဲ့အတွက် လောကီကြီးပွားရေး လောကုတ္တရာ ကြီးပွားရေးကို ဆထက်တိုးလို့ ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ကျေးဇူးတင်စကား ဆိုလိုက်ပရစေ၊ ။


Read more...

တပ်မက်ခြင်း 'ရာဂ'ကို ပယ်နိုင်၏...

ရဟန်းတို့ ဝိဇ္ဇာအဘို့အစု၌ ဖြစ်ကုန်သော ဤတရားတို့သည် ဤနှစ်မျိုးတည်း။
အဘယ် နှစ်မျိုးတို့နည်း ဟူမူ -

၁။ စိတ်၏ တည်ကြည်ခြင်း သမထ။
၂။ သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာ တို့တည်း။

ရဟန်းတို့ ...
သမထကို ပွားများအပ်သော် အဘယ်အကျိုးကို ရရှိခံစားရသနည်း၊ စိတ်ကိုပွားများ စေအပ်၏။ စိတ်ကိုပွားများ စေအပ်သော် အဘယ်အကျိုး ခံစားရသနည်း၊ တပ် မက်ခြင်း 'ရာဂ'ကို ပယ်နိုင်၏။ သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာကို ပွားများအပ်သော် အဘယ်အကျိုးကို ခံစားရသနည်း၊ ပညာကို ပွားများစေအပ်၏။ ပညာကို ပွားများစေအပ်သော် အဘယ်အကျိုးကို ခံစားရသနည်း၊ မသိခြင်း 'အဝိဇ္ဇာ' ကို ပယ်နိုင်၏။

ရဟန်းတို့ ...
တပ်မက်ခြင်း 'ရာဂ' ဖြင့် ညစ်ညူးသော် စိတ်သည် ကိလေသာမှ မလွတ်မြောက် မသိခြင်း 'အဝိဇ္ဇာ'ဖြင့် ညစ်ညူးသော် ပညာကို မပွားများစေအပ်။ ရဟန်းတို့ ဤသို့ လျှင် တပ်မက်ခြင်း 'ရာဂ' ၏ ကုန်ခမ်းခြင်းကြောင်း စိတ်၏ ကိလေသာတို့မှ လွတ် မြောက်ခြင်း 'စေတောဝိမုတ္တိ'သည် ဖြစ်၏။ မသိမှု 'အဝိဇ္ဇာ' ၏ ကုန်ခမ်းခြင်းကြောင့် ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း 'ပညာဝိမုတ္တိ'သည် ဖြစ်၏ဟု မိန့်တော် မူ၏။32-11

ဗာလ၀ဂ် - မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:



Read more...

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၆)

From my village

မနက်ဖြန် ရွာမှာ ရှိနေခိုက် စပါးတွင်းကျေးရွာသို့ မနက်ဖြန်၏ ဖခင်၊ မနက်ဖြန်၏ နောင်တော်ကြီးတို့နှင့်အတူ ဦးလေးများအပါဝင် ဆိုင်ကယ်များဖြင့် အရောက်သွားဖြစ်ခဲ့သည်။ စပါးတွင်းကျေးရွာလေးသည် မနက်ဖြန် ဇာတိမြေမှ မူလတန်းကျောင်း လေးတန်းထိ နေပြီးနောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ဖို့အတွက် တစ်နှစ် လောက် သွားရောက် နေထိုင် ပညာသင်ခဲ့သည့် ရွာလေးဖြစ်သည်။ ထိုရွာလေးတွင် ကလေးများကို သင်္ချာနှင့် အင်္ဂလိပ်စာ အပါဝင် ယဉ်ကျေးလိမ်မာအောင် သင်ပေးနိုင်သည့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းလေး လည်းဖြစ်သည်။ မနက်ဖြန်တို့ လက်ထက်တွင် ကျောင်းသားပေါင်း လေးဆယ် ကျော်လောက်ရှိသည်။

မနက်ဖြန်သည် ထိုရွာကျောင်းကလေးမှာပင် ကျောင်းသားအဖြစ် ၆-လ၊ ကိုရင်ဝတ်အဖြစ် ၆-လနေခဲ့သည်။ မြန်မာပြည်တွင် သာမဏေကျော် အမည်နှင့် သတင်းမွေးနေသည့် ရွှေတောင်ကုန်းရိပ်သာ ယခု ဆယ်မိုင်ကုန်း တွင် သာမဏေကျော်ရိပ်သာနှင့် ကျောင်းတိုက်ကြီး ကို တည်ထောင်နေသည့် ဆရာတော် ဦးဓမ္မိကာဘိဝံသ သည်လည်း ထိုကျောင်းထွက်ပင် ဖြစ်သလို ထိုရွာကလေးမှ မွေးဖွားကြီးပြင်းသူ ဖြစ်လေသည်။

စပါးတွင်း ကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကလေးသည် ပညာရှိများ မွေးဖွားပေးသည့် ကျောင်း ကလေးဖြစ်သည်။ ယခုချိန်ထိ မနက်ဖြန်၏ ဆရာသမားများသည် ရိုးရိုးလေးဖြင့် သာသနာပြုကာ ဆင်းရဲနွမ်း ပါးသည့် အနေထားဖြင့် မျိုးဆက်သစ်ကလေးများ အား လိမ်မာ ယဉ်ကျေးရလေအောင် သင်ကြားပေးနေ ဆဲဖြစ်သည်။

မနက်ဖြန် ဇာတိရွာပြန်လေတိုင်း ဆရာသမားများရှိသည့် ထိုရွာကလေးသို့ အမြဲတမ်း သွားရောက်ကာ ဆရာ သမားများအား ရှိခိုးဦးချ လှူစရာဝတ္ထုလေးများ လှူလေ့ရှိသည်။ မနက်ဖြန်တို့ ကလေးဘ၀က နေခဲ့သည် ထန်းလတ်ကျောင်းကလေးလည်း ယခုပင် ရှိနေသေး သည်။ အုဋ္ဌ်ကျောင်းကလေး ၂-ကျောင်းကလည်း ယခုထိ ပင်။ ထို့ထက် ပို၍ တိုးတက်လာ သောအဆောက်အဦးမရှိသေးပေ။
From my village


မနက်ဖြန်တို့ ညနေပိုင်းလေးနာရီလောက်တွင် ရောက်သွားခဲ့သည်။ ညီအကို ၂ပါးဖြစ်သည့် ကျေးဇူးရှင် ဆရာတော် ၂ပါးကို ဦးတင်ကာ လှူစရာများ လှူဒါန်းခဲ့သည်။ အလှူငွေဖြင့် ဆရာတော်ကြီးအတွက် ၅၀၀၀ (ငါးသောင်း)၊ ဦးဇင်းငယ်အတွက် ကင်မရာတစ်လုံး (ဆိုနီ) လှူ ဒါန်းခဲ့သည်။

ဆရာတော်မှ သြ၀ါးပေးပါသည်။ ‘’ ကဲ ငါ့တပည့်ရေ.. မြေကြီးမှာ ၀ပ်နေတဲ့ လူကိုလည်း အထင်မသေးနဲ့၊ မြေကြီးဝပ်နေတဲ့ ကောင်ကလည်း တော်ကြာ သစ်ပင်ပေါ်ရောက်သွားနိုင် တယ်။ သစ်ပင်ပေါ်ရောက်နေတဲ့ လူကိုလည်း အထင်မကြီးနဲ့၊ အပေါ်ရောက်တဲ့ကောင်လည်း အချိန်မရွေး ပြုတ်ကျနိုင်တယ်ကွတဲ့’’။

မနက်ဖြန်သည် ယခုချိန်ထိ ဆရာတော်ကို ကြောက်နေရဆဲပါ။ ခေါင်းထောင်ကာပင် မော်၍မဖူးရဲပါ။ အမှတ်တရ ဓာတ်ပုံရိုတ်ချင်ကြောင်း မရဲတရဲနှင့် လျှောက်ရသည်။ ဆရာတော်သည် သက်တော် အားဖြင့် ၇၀ပင်ရှိလေပြီ။ စိတ်မာန်နှင့် ပညာသင်ပေးချင်သည့် စိတ်ဓာတ်ကတော့ နည်းနည်းမျှ မလျော့သွားပေ။

မနက်ဖြန် ဆရာသမားများနှင့်တူတူ ဓာတ်ပုံရိုတ်ခွင့်ရခဲ့သည်။ သိပ်ကိုပင် ၀မ်းသာခဲ့သည်။ ဦးဇင်းငယ်နဲ့တော့ မနက်ဖြန် ရင်းရင်းနှီးနှီး ပြောရဲသဖြင့် စကားများ တ၀ကြီးပြောခဲ့သည်။ စကားပြောနေရင်းဖြင့် ‘’ မင်းတို့ ငယ်ငယ်ကအတိုင်း ဘာပြောင်းလဲကွ” ဟု ဦးဇင်းအငယ်မှ မေးသဖြင့် ပြောင်းလဲတာတော့ ဦးဇင်းရာ ဆရာတော် ကြီး အတော်အိုသွားတယ်ဟု ရီရီ မောမောနှင့် တိုးတိုးလေး ပြောလိုက်သည်။

ဦးဇင်းလေးက မနက်ဖြန်ကို မင်းက အမေရိကမှာနေတာဆိုတော့ ကျောင်းအတွက် ကွန်ပြူတာ တစုံလောက် လှူပါဦးဟု အလှူခံသည်။ နောက် စကားပြောရင်းနဲ့ မြေကွက်လပ်ကလေး တစ်ခုကို သိမ်တိုင်လေးများ စိုက်ထားသည့် မြေပြင်အတိုင်း တွေ့ရသည်။

ဘာလို့ သိမ်ကအဆောက်ဦးမဆောက်တာလဲဟု မနက်ဖြန်ကမေးတော့၊ မင်းကလှူချင် လို့လားဟု ဦးဇင်းလေးက ပြောသည်။ အလှူရှင်မရှိလို့ မဆောက်တာပါတဲ့။ သိမ်သမုတ်ပြီး သည်မှာ ဆယ်နှစ်သက်တမ်း ပင်ရှိခဲ့ပြီလေ။ အလှူရှင်မပေါ်သေးဘူးဆိုတော့ လှူလိုက်ချင်ပါ တယ်။ ဒါနဲ့ ဦးဇင်းက သိမ်ကျောင်းအတွက် ဘယ်လောက် မှန်းထားလဲမေးတော့ သိန်း ၁၀၀ တန်ကျောင်းလေးလောက်ဆိုရင် တော်ပါပြီကွာတဲ့။

From my village


မနက်ဖြန် စဉ်းစားလိုက်တယ်၊ ငါလည်းတက်နိုင်သမျှကြိုးစားလှူမယ်၊ အလှူရှင်လည်း ရှာမည်ဟု ဆုံးဖြတ်ကာ ဦးဇင်းရေ..တပည့်တော် ဆရာတော် သက်တော်ထင်ရှားရှိစဉ်မှာပဲ သိမ်ကျောင်းလေး ဖြစ်အောင်လုပ်ပေးပါမယ် ကြိုးစားပေးပါမယ် ဘုရားဟု လျှောက်ခဲ့သည်။

ဆရာတော်များကို ရှိခိုးဦးချကာ ကိုရင်တုန်းက ဆွမ်းခံခဲ့တဲ့ရွာကလေးသို့ဝင်ကာ ဆွမ်းအမများနှင့် ဆွမ်းဒကာ များကို လှည့်လည်နှုတ်ဆက်ကာ ညနေ ၆-နာရီခွဲတွင် မနက်ဖြန်ရွာသို့ ပြန်ခဲ့သည်။ ဆိုင်ကယ်ပေါ်တွင် ငါသိမ် ကျောင်းဖြစ်အောင် ဘယ်လို ပုံဖေါ်ရမလဲဟု တွေးရင်းနဲ့……………ကဲ သိမ်ကျောင်းလှူချင်သူများ နည်းများမဆို ဒေါ်လာလှူနိုင်ပါကြောင်း.. တဦးတည်းလှူချင်တယ်ဆိုရင်တော့ warmly welcome ပါ…………………………

မနက်ဖြန်တို့ ငယ်ငယ်က စာသင်ခဲ့သည် ထန်းရွက်မိုးကျောင်းကလေး
From my village


ဆရာသမားများနှင့်အတူ မနက်ဖြန်နှင့် နောင်တော်ကြီး
From my village

အလှူရှင်များလိုအပ်နေသည့် သိမ်ကျောင်းမြေကွက်နေရာလေး
From my village



Read more...

ဘာအမြတ်ဆုံးလဲ... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ဘာအမြတ်ဆုံးလဲ...


Read more...

ပထမသံဂါယနာတင် ပုံပြင်မဟုတ်ပါ သမိုင်း...

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး...

မြောင်းမြမြို့ ပဇ္ဇောတာရုံ စာသင်တိုက် မှော်ဘီမြို့ သာသနာ့ဝန်ဆောင်ကျောင်းတိုက်
နာယကဆရာတော် အရှင်ကုမာရ

သိမှတ်ဖွယ်ရာ ထေရ၀ါဒသာသနာ ပထမသံဂါယနာတင် ပုံပြင်မဟုတ်ပါ သမိုင်း...


















Read more...

ဘုရားအမ၊ ရဟန်းအမ၊ ကျောင်းအမကြီး ဒေါ်ငွေကြည် (၂)

စာရေးသူနှင့် သေမင်းတမန်


ကျွန်တော်၏ ဖြစ်ရပ်သည် တိုက်ဆိုင်မှုတွေ ရောပြွမ်းနေခြင်းကြောင့် ဘယ်တော့မှ မမေ့။

ကျွန်တော် အင်းစိန်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ရုံးတက်စဉ် ဌာနမှူးက နောက်နေ့နံနက် မကွေးတိုင်းကို ထွက်ခွာရန် တာဝန်ပေးပါသည်။
ရန်ကုန်ထဲတွင် လုပ်လက်စ ကိစ္စများကို ရွှေ့ဆိုင်းထားရပြီးနောက် နေ့လယ်ပိုင်းတွင် ရွှေတိဂုံဘုရားကို တက်၍ ဖူးခဲ့၏။ ထိုစဉ် ရေဒီယိုမှ ၇၅-ကျပ်တန်များ တရားမဝင်ကြောင်း ကြေညာ၏။ ဘုရားရင်ပြင်ပေါ်တွင် လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ တောင်ဖက်မုခ်သို့ ဆင်းပြီး ရေဒီယိုနားထောင်နေရင်းက ပန်းသည်များ၊ လက်လုပ်လက်စား ဈေးသည်များ ငိုသူက ငိုနှင့် မြင်ကွင်းက စိတ်ချမ်းသာစရာ တကွက်မှ မရှိ။ ထို့ကြောင့် သမ္မတကြီး ဦးနေဝင်းကို နေ့စဉ် မေတ္တာပို့နေရာက ထိုနေ့က စပြီး လုံးဝ မေတ္တာမပို့တော့။
နောက်နေ့တွင် မကွေးသို့ ထွက်ခွာခဲ့၏။

တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း မကွေးတိုင်း စီမံကိန်းဦးစီးမှူး ကိုမြကြီးက ရောက်တုန်း စလင်းမြို့ ကံလယ်ဆရာတော်ကြီး ဦးဝဇီရာဝုဓကို သွားဖူးရန် ပြော၏။
ဆရာတော်ကြီးသည် ရေကန်ကြီးအလယ် ကျွန်းလေးတွင် တပါးတည်း ဓုတင်ဆောက်တည်ကာ အားထုတ်နေ၏။ တကာများကို နေ့ဆွမ်းကပ်ချိန် ၁၀ နာရီမှ ၁၂ နာရီ အတွင်းမှာသာ ဖူးမြော်ခံ၏။
ရဟန္တာဟု သမုတ်ထားကြသည်ဟု ပြောပြပါသည်။
ကျွန်တော်လည်း စနေနေ့ နံနက် သွားဖူးရန် စီစဉ်လိုက်၏။
တိုင်းမီးသတ်ဦးစီးမှူး ဦးဆယ်သန်း၊ ၎င်း၏ မြို့နယ်မှူး (နာမည် မမှတ်မိ)တို့ နှစ်ဦးပါ လိုက်ပါခဲ့ကြ၏။
သောကြာနေ့ တညလုံး မိုးရွာထားသည့်အပြင် စနေနေ့နံနက် စောစောပါ ဆက်ရွာထား၏။ မင်းဘူးမြို့မှ စလင်းမြို့သို့ သွားသည့် ကားလမ်းမကို ဆက်ထားသော မြေလမ်းမှာ မြေပြိုကျသဖြင့် လမ်းပိတ်ထား၏။

ခရီးစဉ်ကို မဖျက်ချင်သဖြင့် ဆည်မြောင်းဌာနက ဖောက်လုပ်ထားသော ဆည်မြောင်းဘောင်များ ဘေးရှိ ဌာနပိုင် ကားလမ်းမှ သွားနိုင်သည် ပြောကြ၏။
ထို့ကြောင့် တိုင်းဆည်းမြောင်းဦးစီးမှူး၏ ခွင့်ပြုချက် ယူပြီး အခက်အခဲပေါင်းစုံဖြင့် ထွက်ခွာခဲ့ကြပါသည်။
စလင်းမြို့ရောက်စဉ် ကံကြီးကို ဖက်ဆွတ်လှေကလေး ၂ စီးဖြင့် လှော်ခတ်ကူးရပြန်၏။
ဆရာတော်ကြီးကျောင်းသို့ ၁၀ နာရီ မထိုးမီ ရောက်ခဲ့ကြပါသည်။
ခဏအကြာ ဆရာတော်ကြီး တံခါးဖွင့်သည်နှင့် ဖူးမြော်ခွင့် ရကြပါသည်။

ပါလာသော မုန့်များကို ဆက်ကပ်ကြပြီး ဆရာတော်ကြီး၏ ခြေထောက်တော်ကို ဆုပ်နယ်ပေးကြပါသည်။
ဆရာတော်ကြီးက ပထမဦးစွာ ဆုံးမ သြဝါဒ ချီးမြှင့်တော်မူလိုက်သည်မှာ - “မေတ္တာဓာတ်ဟာ အင်မတန် ထက်မြက်တယ်။ အမေရိကန်သမ္မတ ရော်နယ်ရီဂင်ကိုလဲ မေတ္တာပို့ရမယ်။ ရုရှားသမ္မတ ဂေါ်ဘာချော့ကိုလဲ မေတ္တာပို့ရမယ်။ တရုပ်သမ္မတ လီရှင်နင့်ကိုလဲ မေတ္တာပို့ရမယ်။ မြန်မာပြည်က သမ္မတ ဦးနေဝင်းကိုလဲ မေတ္တာပို့ရမယ်။ ဒါမှ ကမ္ဘာကြီးက ငြိမ်းချမ်းမယ်” ဟူ၍ မိန့်တော်မူလိုက်၏။
မမျှော်လင့်ဘဲ ဆရာတော်ကြီးက ကျွန်တော့်ကို အမိန့်ရှိလိုက်ပြီ ဖြစ်သဖြင့် အံ့အားသင့်ပြီး စိတ်ထဲ မလုံမလဲ ဖြစ်သွားရ၏။
ထို့ကြောင့် စိတ်ထဲမှ .. တပည့်တော် ပြန်ပြီး မေတ္တာပို့ပါမယ် ဘုရား .. ဟု လျှောက်ထားလိုက်ရပါသည်။
ရေဒီယို၊ တယ်လီဗွီးရှင်း မဆိုထားနှင့်၊ လျှပ်စစ်မီးတောင် မထွန်းသော ဆရာတော်ကြီးက ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ အမည်ကို ဘယ်လိုကြောင့် သိနေရသနည်းဟု စိတ်ထဲ မေးနေမိပါသည်။

ဆရာတော်ကြီးသည် ဘုရားစင်မှ ဉာဏ်တော် တစ်ပေခန့်ရှိမည့် ရုပ်ပွားတော်တစ်ဆူအား ညွှန်ပြ၍ “ရွှေစက်တော်က အထက်စက်တော်ရာကို မိုးကြိုးခတုန်းက ပဲ့သွားတဲ့ ညာဘက်ခြေမတော်ရာကို အဲဒီ ရုပ်ပွားတော်မှာ ဌာပနာထားခဲ့တယ်” ဟု အမိန့်ရှိပြီး မောင်ရန်အေးကို ခေါ်၍ “အဲဒီ ရုပ်ပွားတော်ကို ဦးခင်မောင်ဝင်းရဲ့ ခေါင်းပေါ်မှာ ပင့်ထားပေး”ဟု အမိန့်ရှိလိုက်ပါသည်။
ထိုသို့ ပင့်ထားပေးစဉ် ဆရာတော်ကြီး၏ နှုတ်မှ ရွတ်ဖတ်နေပါသည်။ မည်သို့ ရွတ်ဖတ်သည်ကို မသိရပါ။
ခဏကြာမှ ဘုရားစင်ပေါ်သို့ ပြန်၍ ပင့်ထားခိုင်းပါသည်။

ထိုနောက် ငါးပါးသီလများ ဆောက်တည်စေပြီး ဆရာတော်ကြီးက ဘုရားရှင်က အာဠာဝကဘီလူးကို အစွယ်ချွတ်တဲ့ ဂါထာလေးတစ်ပုဒ် ချပေးမယ်။
အန္တရာယ်ကင်း ဘေးကင်းတဲ့ ဂါထာကလေး .. အားလုံး လိုက်ဆိုကြ .. ဟု အမိန့်ရှိပြီးလျှင် “အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ၊ အပ္ပမာဒါန ဓိယန္တိ”ဟု (၉)ခေါက်တိတိ ဆရာတော်ကြီး ကိုယ်တော်တိုင် ရွတ်ဆို ချပေးခဲ့ပါသည်။ “ယေပမတ္တာ, မတာယထာ” နောက်ဆုံးအပိုဒ်ပင် မပါရှိခဲ့ပါ။
အဓိပ္ပာယ်မှာ “မမေ့မလျော့နေခြင်းသည် သေခြင်းကင်းရာ အကြောင်းတည်း။ မေ့လျော့၍ နေခြင်းသည် သေခြင်း၏ အကြောင်းတည်း။ မမေ့မလျော့ နေသူတို့၌ သေခြင်းသည် မဖြစ်ပေါ်နိုင်” ဟု ဖြစ်ပါသည်။ “ဂါထာကို လမ်းမှာလဲ ရွတ်သွားကြ” ဟုလည်း ဆရာတော်ကြီး မိန့်မှာခဲ့ပါသည်။

မကွေးမြို့သို့အပြန် မင်းဘူးဆိပ်ကမ်းသို့ ရောက်စဉ် ညနေ ၆ နာရီကျော်ပြီ ဖြစ်၏။
မိုးရာသီတွင် မုန်တိုင်း အချိန်မရွေး ကျတတ်သဖြင့် ဧရာဝတီမြစ်ကို ဖြတ်သန်းခွင့် မပြုတော့ပါ။
မီးသတ်မြို့နယ်မှူးမှ ကလေးငယ်ရှိနေခြင်းကြောင့် မင်းဘူးတွင် ညမအိပ်လိုကြောင်း ပြော၏။
ထို့ကြောင့် ဆိပ်ကမ်းတာဝန်ခံက ရဲတစ်ဦး၏ အကူအညီဖြင့် စက်တပ်သမ္ဗာန်တစ်စီး ငှားကာ ဧရာဝတီမြစ်ကြောင်းကို ကူးဖြတ်ခဲ့ကြ၏။

မြစ်လယ်သို့ ရောက်စဉ် မြစ်ကြောအတိုင်း တောင်ဖက်မှ မိုးကောင်းကင်တခုလုံး မဲမှောင်လာပြီး မုန်တိုင်းသည် တရွေ့ရွေ့ တိုက်ခတ်လာပါတော့သည်။
စက်မောင်းသမားက မုန်တိုင်းကျနေပြီ ဖြစ်၍ လွတ်နိုင်မည် မထင်တော့ကြောင်း၊ နောက်ကို ပြန်မောင်းရမလား၊ ရှေ့ဆက်မောင်းရမလားဟု မေးပါသည်။
ကျွန်တော်မှ ဆက်သာ မောင်းတော့ ဟု ပြောလိုက်ပါသည်။
စက်မောင်းသမားလည်း စက်ကုန်ဖွင့်၍ မောင်း၏။ ကျွန်တော်တို့ကလည်း ဘုရားကိုသာ တိုင်တည်ကာ သမ္ဗုဒ္ဓေဂါထာ၊ ဆရာတော်ကြီးချပေးသည့် ဂါထာ စသည်ဖြင့် မှတ်မိသရွေ့ သတိရသည်များကို ရွတ်ဆိုနေကြပါသည်။

လေနှင့်အတူ မိုးဖွဲလေးများ စတင် ကျလာသည်နှင့်အမျှ လှိုင်းလေမှာလည်း မတည်မငြိမ် ဖြစ်လာပါတော့သည်။
ကောင်းကင်ပြင်မှာလည်း တဖြည်းဖြည်း မဲမှောင်၍သာ လာနေပါသည်။
ကျွန်တော်တို့ မော်တော်က ရှေ့ကပြေး၊ မုန်တိုင်းက နောက်ကလိုက်နဲ့ ဖြစ်နေပါသည်။

ကျွန်တော်တို့မှာ တဖြည်းဖြည်း နီးကပ်၍သာ လာနေပြီဖြစ်သော သေဘေးအန္တရာယ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်နေကြရပြီဖြစ်သဖြင့် ဆောက်တည်ရာမရ ဖြစ်နေကြပါတော့သည်။
မကွေးမြို့နယ် မီးသတ်မှူးက ကျန်ရှိသော ဇနီးနှင့် သမီးငယ်လေးအပေါ် စိုးရိမ်ပူပန်ကာ ၎င်းမရှိပါက သူတို့ မည်သို့ နေထိုင်ကြမည်နည်းဟု ငြီးတွားရင်း ငို၍ နေ၏။
ကျွန်တော်မှ ၎င်းကို နှစ်သိမ့်စေပြီး ဘုရားကိုသာ တိုင်တည်တော့၊ အားလုံး အတူတူချည်းပဲ ဟု ပြောလိုက်ပါသည်။
ဦးဆယ်သန်းမှာမူ ဦးပိုင်းထိပ်၌ ထိုက်လျက် ဘုရားကိုသာ တိုင်တည် ရွတ်ဆို ပူဇော်နေဟန် တူပါသည်။

ကောင်းကင်ပြင် မိုးညို့လာသည်နှင့်အမျှ မြစ်ပြင်တွင်လည်း လေပြင်းများ စတင် တိုက်ခတ်လာတော့၏။
လေနှင့်အတူ မိုးရွာလာ၏။
ရေလှိုင်းများလည်း ထကြွ ပုတ်ခတ်လာသည်နှင့်အမျှ လှေက လူး၍သာ နေတော့၏။
တချက် တချက်၌ စက်လှေဝမ်းပိုင်းအတွင်းသို့ပင် ရေများ ဝင်ရောက်၍ လာနေချေပြီ။
စက်လှေမောင်းသမားမှာ သတိကြီးစွာထားကာ စက်ကုန်ဖွင့် မောင်းနေ၏။
ကျွန်တော်က လှေဝမ်းပိုင်းထဲမှ ရေများကို ခပ်ထုတ်နေရင်းက ဘုရားဂုဏ်တော်များ၊ ဆရာတော်ကြီး ချပေးထားသော ဂါထာတော်များကို စိတ်ထဲတွင် ပေါ်လာသည့်အတိုင်း အစီအစဉ်မကျတော့ဘဲ ရွတ်ဆိုနေမိ၏။
ဆိပ်ကမ်းနှင့်လည်း ကိုက် ၅၀ ခန့် လိုသေး၏။
ထိုသေဘေးဆိုးကြီးကို မည်ကဲ့သို့ ဖြတ်ကျော်နိုင်ပါအံ့နည်း။

လှိုင်းလုံးများ ကြီးလာသည်နှင့်အမျှ လှေမှာလည်း ကြောက်စရာကောင်းလောက်အောင် လူးလိမ့်နေပြီး ရေများလည်း ပို၍ ဝင်လာနေ၏။
လှေမှောက်မသွားအောင် ကျွန်တော်တို့အားလုံး ကိုယ်များကို လှိုင်းနှင့် ဆန့်ကျင်ဘက်သို့ စောင်းပြီး ဟန်ချက်ညီအောင် သတိကြီးစွာ ထား၍ ထိန်းနေကြရ၏။
မိုးမှောက်ကလည်း ကျစ ပြုလာပြီ ဖြစ်၍ မြစ်ကမ်းကို မှုန်ဝါးဝါးသာ မြင်နေရတော့၏။
ကျွန်တော် ရေများကို အလောတကြီး ခပ်ထုတ်နေစဉ် စက်လှေမောင်းသမားက “လှေပေါ်က အမြန် ခုန်ဆင်းပြီး ကမ်းကို ပြေးတက်ကြတော့”ဟု အော်ဟစ်သံ ကြားလိုက်ရသည်နှင့် ချက်ချင်း လှေပေါ်မှ ခုန်ဆင်းလိုက်ပါသည်။
ရေမှာ ခါးအထိ နက်သေး၏။ စိတ်အထင် ၁၀ ကိုက်ခန့် ဝေးကွာသေးသည့် ကမ်းပေါ်သို့ မည်သို့မည်ပုံ ပြေးတက်သွားသည်ကို မသိတော့ပေ။

ကျွန်တော်တို့အားလုံး ကမ်းသို့ ရောက်သွားစဉ် စက်လှေမောင်းသမားက စက်လှေကြိုးကို ဆွဲထားရင်းက ကမ်းရှိ တိုင်တစ်တိုင်နှင့် ပတ်၍ ချည်နှောင်နေသည်ကို တွေ့ရပါသည်။
မြစ်ပြင်တခုလုံး ခလောက်ဆန်နေကာ လေကြီးမိုးကြီးကျလျက် မဲမှောင်သွားပြီး ဘာကိုမှ မမြင်ရတော့။
သေမင်းတမန်သည် သားကောင်များဖြစ်ကြသော ကျွန်တော်တို့ ကမ်းပေါ်ရောက်ပြီး လွတ်ထွက်သွားရသည့်အတွက် မကျေမနပ်ဖြစ်ကာ ဒေါမာန်ထ၍ နေချေပြီ။
ကမ်းပေါ်မှ လူတချို့ လက်နှိပ်ဓာတ်မီး လေးငါးလက် ထိုး၍ ဆင်းလာကြပြီး သတင်းမေးကြရင်း ကျွန်တော်တို့အား “တော်တော်မိုက်တဲ့ လူတွေပဲ၊ ကိုယ့်သေတွင်းကို ကိုယ်တူးကြတယ်။ ဒီရာသီတွေမှာ မုန်တိုင်းနဲ့ ပါသွားကြတဲ့ သူတွေ မရေတွက်နိုင်တော့ဘူး။ ခင်ဗျားတို့ အလွန်ကံကောင်းတယ် မှတ်”ဟု ပြောဆို အပြစ်တင်ကြပြီး လမ်းမသို့အရောက် မီးထိုး၍ လိုက်ပြခဲ့ကြပါသည်။

ထိုဖြစ်ရပ်ကို လေ့လာမိရာ၌ ရတနာမြတ်သုံးပါးတို့အပေါ် ယုံကြည် ကိုးကွယ်မှု၊ ဆရာတော်ကြီးအား ကြည်ညို သဒ္ဓါပွားမှု ကုသိုလ် ကံ စေတနာများကြောင့် ဆရာတော်ကြီးက သနားကရုဏာတော် ဖြစ်မိပေလိမ့်မည်။ အတိတ်က ဦးနေဝင်းကို မေတ္တာမပို့ခဲ့သည်ကို ပြန်လည်၍ ပို့ခိုင်းခြင်း၊ မဝေးတော့သော အနာဂတ်တွင် သေဘေးနှင့် ရင်ဆိုင်ကြရတော့မည်ကို သိတော်မူခြင်းများကြောင့် ‘အပ္ပမာဒဝဂ်’ဂါထာတော်ကို ကိုယ်တော်တိုင် (၉)ခေါက်တိတိ ရွတ်ဆို ချပေးတော်မူခဲ့ကြောင်း သိသာ ထင်ရှားလှပါသည်။ ထို့ကြောင့် ၎င်းဂါထာတော် စတင် ပေါ်ပေါက်လာရပုံကို သိရှိလိုစိတ်များ ဖြစ်ပေါ်လာခဲ့ပါသည်။

+++++

အပ္ပမာဒဝဂ် သမိုင်းကြောင်း

ကောသမ္ဗီပြည်ဘုရင် ‘ဥတေန’မင်းတွင် မိဖုရား သုံးပါးရှိသည့်အနက် ‘သမာဝတီ’မိဖုရားသည် အကျင့်သီလနှင့် ပြည့်စုံပြီး ကြီးမားလှသော မေတ္တာ ကရုဏာလည်း ရှိ၏။
၎င်း၏ ကျွန်မ ‘ခုဇ္ဇုတ္တရာ’သည် မိဖုရားအတွက် ပန်းဝယ်ထွက်စဉ် ပန်းသည် ‘သုမန’နေအိမ်တွင် ဗုဒ္ဓဘုရားရှင်ကို ဖူးမြော် တရားနာခွင့်ရပြီး သောတာပန်ဖြစ်သွား၏။
မိဖုရားကြီးအား ပြန်လည် ပြောပြစဉ် မိဖုရားကြီးနှင့် အခြွေအရံ ငါးရာတို့ပါ သောတာပန် ဖြစ်သွားကြ၏။
‘ခုဇ္ဇုတ္တရာ’အားလည်း နေ့စဉ် ဘုရားထံ သွားရောက် တရားနာယူစေပြီး ပြန်လည်၍ ဟောကြားပေးပါရန် တောင်းပန်ကာ တရားနာခဲ့ကြ၏။

အခြားမိဖုရားတစ်ပါးဖြစ်သော ‘မာဂဏ္ဍီ’မှာ ဗုဒ္ဓဘုရားရှင်အပေါ် ရန်ငြိုးထားနေသူ ဖြစ်၏။
ထိုကြောင့် သမာဝတီမိဖုရားကို အမြဲ မကောင်းကြံနေသော်လည်း မအောင်မြင်ခဲ့။ တနေ့တွင် ဥတေနမင်း ဥယျာဉ်သို့ ထွက်ခိုက် ဘထွေးတော် စူဠမာဂဏ္ဍီထံ လူလွှတ်၍ သမာဝတီအမှူးရှိသော မိန်းမ ငါးရာတို့ကို တစုတည်း နေစေ၍ တံခါးများ ပိတ်ပြီး ပြသာဒ်ကို မီးတိုက်ရန် စေခိုင်း၏။ ဘထွေးတော်ကလည်း ထိုအတိုင်း လုပ်ပေး၏။
ထိုစဉ် သမာဝတီသည် အခြွေအရံ ငါးရာတို့ကို “အစမထင် သံသရာ၌ ငါတို့ ခန္ဓာကိုယ် မီးလောင်ကျွမ်းရပေါင်း မရေတွက်နိုင်ပြီ။ သတိတရားဖြင့် မမေ့မလျော့ ရှိကြကုန်လော့”ဟု ဆုံးမ၏။
၎င်းတို့အားလုံး မီးလောင်သည့် ဝေဒနာဖြင့် ပြင်းစွာ ခံရသော်လည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းကြသဖြင့် သကဒါဂါမ်၊ အနာဂါမ်များ ဖြစ်သွားကြ၏။

ထိုသို့ ဖြစ်ကြရခြင်းမှာ ရှေးဘဝက ပစ္စေကဗုဒ္ဓါတစ်ပါးအား မီးတိုက်ခဲ့ကြသည့် မကောင်းမှုကံကြောင့် မီးလောင်ပြီး သေခဲ့ကြရသည်မှာ ဘဝပေါင်း တစ်ရာ ရှိခဲ့ကြ၏။
ဥတေနမင်းလည်း ထိုသတင်းကို ကြား၍ ချက်ချင်း လိုက်လာသော်လည်း ပြသာဒ် ပြာကျပြီးမှ ရောက်၏။ အလွန် စိတ်နှလုံး မသာမယာဖြစ်ပြီး ဥပါယ်သုံး၍ သာမာဝတီသည် ငါပျက်စီးကြောင်း အခွင့်ကို ရှာကြံခဲ့၏။ ယခု ငါစိတ်ချမ်းသာရပြီ ဟူ၍ ပြောကာ မာဂဏ္ဍီကိုလည်း “သင့်ကို ငါ ယုံကြည် မြတ်နိုး၏။ ဆုပေးသနားအံ့။ သင့်ဆွေမျိုးများကို ခေါ်စေလော့” ဟု ဆို၏။
ဆွေမျိုးများ ရောက်လာသော် အားလုံးကို ဖမ်းဆီးကာ မင်းရင်ပြင်၌ ချက်အထိ တွင်းတူး မြုပ်ပြီး အပေါ်မှ ကောက်ရိုးများ ကြဲဖြန့်၍ မီးတိုက်စေပြီးလျှင် စက်သံချွန်သွားတို့ဖြင့် အပိုင်းပိုင်းဖြစ်အောင် ထွန်စေ၏။

တနေ့သ၌ ရဟန်းတို့သည် သာမာဝတီအမှူးရှိသော အမျိုးသမီး ၅၀၀ တို့ အိမ်နှင့်တကွ မီးလောင်သေရခြင်း၊ မာဂဏ္ဍီနှင့်တကွ ဆွေမျိုးအားလုံး မီးဖြင့်တိုက်၍ အသတ်ခံရခြင်း အကြောင်းကို ပြောဆိုနေကြစဉ် ဤသူနှစ်ဦးတို့အနက် အဘယ်သူတို့သည် အသက်ရှင်သည် မည်ကုန်သနည်း၊ အဘယ်သူတို့သည် သေသည် မည်ကုန်သနည်း ဟူ၍ ပြောဆိုနေကြ၏။
ဘုရားရှင်ကြွရောက်လာတော်မူပြီး “ရဟန်းတို့ ... မာဂဏ္ဍီကဲ့သို့ ကောင်းမှု၌ မေ့လျော့သော သူတို့သည် အနှစ် ၁၀၀ ပင် အသက်ရှင်သော်ငြားလည်း သေသည် မည်ကုန်၏။ သာမာဝတီကဲ့သို့ ကောင်းမှု၌ မမေ့မလျော့သော သူတို့သည်ကား သေလွန်သော်လည်း အသက်ရှင်သည် မည်ကုန်၏” ဟူ၍ မိန့်တော်မူပြီး သုံးဂါထာဖြင့် ဟောတော်မူ၏။
ထိုသုံးဂါထာအနက် ဆရာတော်ကြီး တိုင်ပေးတော်မူသော ဂါထာမှာ ပထမဂါထာဖြစ်ပြီး ဓမ္မပဒ အပိုဒ် ၂၁ ဖြစ်ပါသည်။

+++++

လောကကို ကိုင်လှုပ်သော ‘အပ္ပမာဒဝဂ္ဂ’ ဓမ္မ

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န ဓိယန္တိ၊ ယေ ပမတ္တော ယထာ မတာ။
(ဓမ္မပဒပါဠိတော်၊ အပ္ပမာဒဝဂ် ၂၁)

“ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည် သေခြင်း ကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် ပူပန်ဆင်းရဲ အဖန်တလဲလဲ သေရခြင်း၏ အကြောင်း ဖြစ်၏။
ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော သူတို့သည် မသေရာ နိဗ္ဗာန်သို့ ရောက်ကြမည် ဖြစ်၍ မသေသော သူများ ဖြစ်ကြ၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့သော သူတို့သည် အသက်ရှင်လျက် ရှိကြသော်လည်း အဖန်တလဲလဲ သေကြရဦးမည် ဖြစ်၍ သေသောသူနှင့် တူကုန်၏။”

ခရစ်တော် မပေါ်မီ ဘီစီ ၆၂၃ ခုနှစ်က ဗုဒ္ဓဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား “မာဂဏ္ဍီကဲ့သို့ ကောင်းမှု၌ မေ့လျော့သော သူတို့သည် အနှစ် ၁၀၀ ပင် အသက်ရှည်ငြားသော်လည်း သေသည် မည်ကုန်၏။ သာမာဝတီကဲ့သို့ ကောင်းမှု၌ မမေ့မလျော့သော သူတို့သည်ကား သေလွန်သော်လည်း အသက်ရှင်သည် မည်ကုန်၏” ဟု မိန့်တော်မူကာ ဂါထာတော်ကို ဟောကြားတော်မူခဲ့၏။

သာသနာနှစ် ၂၀၀၀ ကျော်က အိန္ဒိယပြည်တွင် အသက် ၇ နှစ်အရွယ် နိဂြောဓသာမဏေငယ်သည် ထီးဖြူစိုက်ထူသည့် ရာဇပလ္လင်သို့ တက်၍ အသောကမင်းကြီးအား ထိုဂါထာကို ဟောတော်မူလိုက်ရာ မင်းကြီးသည် သရဏဂုံနှင့် ငါးပါးသီလဆောက်တည်လျက် ဂျိန်းဘာသာဝင်များ၊ တိတ္ထိများ စသော အလဇ္ဇီများကို ဖယ်ရှားကာ လဇ္ဇီများ ထွန်းကားစေ၏။ ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို နေလိုလလို ထွန်းတောက်စေခဲ့ရုံတင်မက ကမ္ဘာတဝှမ်းတိုင် ကျော်ကြားစေခဲ့၏။

သာသနာနှစ် ၁၆၀၁ (ခရစ်နှစ် ၄၁၉)တွင် ပုဂံပြည်တွင် ရှင်အရဟံမထေရ်မြတ်သည် ပထမမြန်မာနိုင်ငံတော် စတင် တည်ထောင်သူ အနော်ရထာမင်းစောအား ထိုဂါထာတော်ကို ဟောတော်မူလိုက်သည်နှင့် မြန်မာ့သမိုင်းကို စတင် ပြောင်းလဲသွားစေခဲ့၏။ အယူမှားသော အရည်းကြီးများကို ဖယ်ရှားကာ ဗုဒ္ဓဘာသာ သာသနာတော်အား နိုင်ငံတော်ဘာသာအဖြစ် စတင် ပြဋ္ဌာန်းတော်မူခဲ့၏။

၁၉၈၇ ခုနှစ်တွင် စလင်းမြို့ ကံလယ်ဆရာတော်ကြီး ဦးဝဇီရာဝုဓသည် စာရေးသူတို့အဖွဲ့ကို ထိုဂါထာတော် ပထမပိုဒ်ကို ၉ ခေါက်တိတိ ရွတ်ဆို တိုင်ပေးကာ လိုက်ဆိုစေခဲ့၏။ ထိုနေ့ ညနေ ကျရောက်လာသည့် မုန်တိုင်း သေဘေးအန္တရာယ်မှ လက်မတင်လေး လွတ်မြောက်ခဲ့ရ၏။ ထို့ကြောင့် ကျွန်တော်သည် ထိုဂါထာကို နေ့စဉ် နံနက် အိပ်ရာမှ နိုးသည်နှင့် ၉ ခေါက်တိတိ ရွတ်ဆို ပူဇော်နေဖြစ်ပါတော့သည်။


ခင်မောင်ဝင်း
နယူးယောက်မြို့


Read more...

*စကားလုံးမရှိတဲ့ ကောင်းကင်*


နားစိုက်ထောင်မိတယ်
သူတို့ပြောနေတာ။

ကောင်းကင်ကို သိလား..
ဟင့်အင်း။

အာ မင်းကလည်း
ဟိုး အပြာရောင်ကြီးက ကောင်းကင်လေ
အော်… ဟုတ်။

တွေ့လား…
တိမ်တွေ မျောလွင့်နေတာ
အဲဒါ ကောင်းကင်ပေါ့..
အော်.. ဟုတ်ကဲ့။

ဟိုးအဝေးမှာ
ငှက်တွေပျံလာ နေတယ်လေ...
ဒါလည်း ကောင်းကင်ထဲမှာ
အော်… အင်း။

ပြောတယ်... မေးတဲ့သူက
မင်းကလည်း
ကောင်းကင်တောင် မသိဘူးလားတဲ့…။

ကြားလိုက်တယ်
အမေးခံရသူ ပြောတဲ့စကား
(တိုးတိုး ညင်သည်သာသာလေး)
စိတ်ထဲက ပြောတယ်ထင်ပ
“ကောင်းကင်မှာ
စကားလုံးတွေမှ မရှိဘဲ…” ။


>>> ဓမ္မမိတ်ဆွေများ အားလုံး *စကားလုံး မရှိတဲ့ ကောင်းကင်* အစစ် ကို ရှာတွေ့နိုင်ရန် ရည်ရွယ်လျက်…

လေးစားစွာဖြင့်
ဖိုးသား

5/4/2009, MON:, 11:01:51 PM

Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂)

မရွေးသုံးပါးအလေးပြု
  • မရွေးသုံးခု၊အလေးပြု၊ မရွေးသုံးပါး၊ အလေးထား၊
  • တရားရှုမှတ်တဲ့အခါမှာ နေရာလည်းမရွေးနဲ့ ၊ အချိန်လည်းမရွေးနဲ့ ၊
  • ဣရိယာပုတ်လဲမရွေးပါနဲ့ ၊ ကျရာအခြေအနေဖြင့်ကြိုးစားပြီးရှုမှတ်ဘို့ လိုအပ်ပါတယ်။

အကုသိုလ်တွေကုန်သွားအောင်

တရားကို မှတ်နည်းသိလို့ ၊ မှတ်နိုင်လို့ ၊ မှတ်တတ်လို့ ၊ မှတ်အားကောင်းလာလို့  ရှိရင် လောဘ၊ ဒေါသ၊ မောဟ၊ သောကဆိုတဲ့ အကုသိုလ်ကိလေသာတရားတွေဟာ မလာနိုင်တော့ဘူး။ နည်းသွားတယ်။ ပါးသွားတယ်။
နောက်ဆုံး ကုန်သွားပါလိမ့်မယ်။

မွေးရာပါကမ္မဋ္ဌာန်း
  • တရားရှုမှတ်တယ်ဆိုတာ အရှိကိုမြင်အောင် ရှုမှတ်ရတာပါပဲ၊
  • မရှိတာကိုရှာပြီးတော့ မှတ်နေစရာ မလိုပါဘူး။
  • ၀င်လေထွက်လေဆိုတာ မွေးရာပါပင်တိုင် ကမ္မဋ္ဌာန်း ဖြစ်ပါတယ်။


Read more...

၎။ စမ္ပာမြို့  ဂဂ္ဂရာရေကန်အနီး၌ စမ္ပာမြို့ သား တရားနာများနှင့်အတူ စမ္ပာမြို့ စား သောဏဒန္တ ပုဏ္ဏားအား ဘုရားဟောသော တရား

“ရဟန်း ဂေါတမ- အသျှင့်ထံ အခုလာကြသူတွေ အထဲမှာ နောက်အကျဆုံး ဖြစ်တဲ့ ကျွန်ုပ်- ဟောသည် ကာသိ၊ ကောသလက ပုဏ္ဏား ဧည့်သည် ငါးရာတို့ ကို အခွင့်ပေးပါ။ နောက်ကျ ရခြင်း အကြောင်းကတော့ ဟောသည် ပုဏ္ဏား ငါးရာဟာ အသျှင့်ကို လာရောက် ဖူးတွေ့  မှာကို အကြောင်းပေါင်း များစွာပြပြီး ကန့် ကွက်ကြပါတယ်။ ကျွန်ုပ်ကလည်း အကြောင်း ပေါင်းများစွာပြပြီး ဖူးတွေ့ ထိုက်ပုံ ထုချေခဲ့ပါတယ်။ ဒါကြောင့် နောက်ကျရတာပါ အသျှင်” “သူတို့  ဘယ်လို ကန့် ကွက်ကြသလဲ ပုဏ္ဏားကြီး”

“ကျွန်ုပ်က အသက်ကြီးတာ ဂုဏ်ကြီးတာ ဥစ္စာပေါတာ ကျော်စောတာ၊ ငယ်ပေမယ့် ကာမဂုဏ် ပယ်နိုင်တာ၊ မင်းအရိုသေခံရတာ၊ ပညာတတ်တာ၊ အမျိုးမြတ်တာ - အစစတွေ ပါပဲ”
“ပုဏ္ဏားကြီးက ဘယ်လိုထုချေခဲ့သလဲ”

“ရဟန်း ဂေါတမက ဂုဏ်ကြီးတာ၊ ကျော်စောတာ၊ ငယ်ပေမယ့် ကာမဂုဏ်ပယ်နိုင်တာ၊ မင်းအရိုသေခံရတာ၊ ပညာတတ်တာ၊ အမျိုးမြတ်တာ၊ ဥစ္စာစည်းစိမ် များခဲ့တာ- အစစတွေ နဲ့  နောက်ဆုံး ကိုယ့် ပိုင်နက်ထဲ ၀င်လာတဲ့ ဧည့်သည်ဖြစ်တာကို အလေးအနက်ပြ ထုချေရ ပါတယ်”
“သည်လို ဖြစ်လျက်နဲ့  သူတို့ က ဘာလို့  လိုက်လာကြတာလဲ ပုဏ္ဏားကြီး”

“ကျွန်ုပ်က တွေ့ သင့်တယ် ထင်သလို သူတို့ ကလည်း တွေ့ သင့်တယ် ဆုံးဖြတ်ပြီး သည်ကို သူတို့ ပါ လိုက်လာကြတာပါ အသျှင်”
“ပုဏ္ဏားကြီး- သင် သည်လာတဲ့ အခါ လမ်းမှာ ဘယ်လို နှလုံးသွင်းခဲ့ သလဲ”

“ရဟန်းဂေါတမဟာ ဧည့်သည်ပဲ။ ဧည့်သည်ဟာ အိမ်သည်ဖြစ်တဲ့ ငါတို့ က ၀မ်းသာစရာ စကားတွေ ပြောနိုင်တာမျိုး ဖြစ်ပါစေ- လို့  နှလုံးသွင်း ပါတယ် အသျှင်”
“ကောင်းပေစွ ပုဏ္ဏားကြီး။ သင်တို့ ဟာ အကျော်အစောနဲ့  အခြံအရံကို တည်ဆောက်ကြရ တယ်။ စည်းစိမ် ဥစ္စာကို အခြံအရံနဲ့  တည်ဆောက်ကြရတာ။ သည်တော့ ပုဏ္ဏားကြီးတို့  ဆရာစဉ်ဆက် လေ့လာခဲ့ရတဲ့ ပညာရပ်ထဲက စကားနဲ့ ပဲ တရားဓမ္မ ဟောကြား ကြရအောင်”

“အလွန်ကောင်းလှပါတယ် ရဟန်း ဂေါတမ”
“သည်လိုဆိုလျင် ပုဏ္ဏားကြီး ဖြေစမ်းပါ။ ဘယ်လို အစိတ်အပိုင်းတွေနဲ့  ပြည့်စုံသူကို ပုဏ္ဏားလို့  အသိပေးရသလဲ- ဆိုတဲ့ ပြဿနာပါပဲ”

“သည်ပြဿနာဟာ ကျွန်ုပ်တို့  ဗြာဟ္မဏ အတွက် ပေါ်လွင်တဲ့ အဖြေရှတဲ့ ပြဿနာပါ အသျှင်။ အဖြေကတော့ အင်္ဂါငါးပါးနဲ့  ပြည့်စုံသူကို ဗြာဟ္မဏ- လို့  အသိပေးရပါတယ်။ ငါးပါးကတော့- ဘိုးဘေးခုနစ်ဆက်အထိ ကဲ့ရဲ့စရာ မရှိအောင် အမျိုးသန့် ရမယ်။ ဝေဒကျမ်းဂန်တတ်ဖြစ်ရမယ်။ ကိုယ်ရည် ကိုယ်ဆင်း မချွတ်ယွင်း ရှိရမယ်။ ပွားပြီးတဲ့ သီလ ရှိရမယ်။ ပစ္စုပ်၊ တမလွန် နှစ်တန်သော အကျိုးကို မြင်တတ်တဲ့ ပညာရှိ ဖြစ်ရမယ်၊ ဒါတွေပါ ပဲ”
“သည် ပေါ်လွင်တဲ့ အဖြေထဲမှာ ခွဲခြမ်းစိတ်ဖြာမှု ကလေးတွေ ထည့်ပေးမယ်”

“ကောင်းပါပြီ၊ ရဟန်းဂေါတမ”
“သည်ငါးချက်ထဲက တစ်ချက်နုတ်ပြီး လေးချက်နဲ့  ပြည့်စုံလျင် အဲဒါ ဗြာဟ္မဏပဲ ပြောနိုင်တဲ့ အခွင့်များ ရှိသေးသလား ပုဏ္ဏားကြီး”
“ရှိပါသေးတယ် အသျှင်”

“သည်လိုဆိုလျင် ဘယ်အချက်ကို နုတ်မလဲ”
“ရုပ်ဆင်း အင်္ဂါကို နုတ်ရမှာပဲ”

“ကျန်တဲ့ လေးပါးထဲက တစ်ပါးပါးကို နုတ်ပြီး ပုဏ္ဏား- လို့  ပြောနိုင်တာကော မရှိဘူးလား ပုဏ္ဏားကြီး”
“ရှိပါသေးတယ် အသျှင်”

“ဘယ်ဟာ နုတ်မလဲ”
“ဝေဒ ကျမ်းဂန်တတ်တာ နုတ်ရမှာပဲ”

“သုံးပါးထဲက တစ်ပါးပါးကို နုတ်ပြီး ပုဏ္ဏားလို့  ပြောနိုင်တာကော မရှိဘူးလား”
“ရှိပါသေးတယ် အသျှင်”

“ဘာနုတ်မလဲ”
“အမျိုး စင်ကြယ်မှုပဲ”

ပုဏ္ဏားများ။ ။ “အရှင်သောဏဒန္တ ပုဏ္ဏားကြီး - ဘယ်လိုတွေ ဖြေလိုက်တာလဲ။ အရှင်ဟာ ရဟန်း ဂေါတမအယူထဲ ၀င်သွားပြီလား၊ အမျိုးလည်း ပယ်တယ်။ အဆင်းလည်း ပယ်တယ်၊ ဗေဒလည်း ပယ်တယ်လား”

“ပုဏ္ဏားတို့ - သောဏဒန္တကို ပြောနေတာကို ရပ်ကြ။ ငါပြောမယ်။ သင်တို့ လောက်တော့ သောဏဒန္တ ပုဏ္ဏားကြီး ပညာမရှိဘူး ထင်ကြသလား၊ ထက်လျက် သောဏဒန္တ ပုဏ္ဏားကြီးကို ထားလိုက်။ သင်တို့ ထဲက ငါနဲ့ စကားပြောနိုင်သူ ထွက်ခဲ့ပါ။ သည်လို မဟုတ်ဘူး ဆိုလျင်တော့ သောဏဒန္တဟာ ပညာရှိတယ် ဆိုရာရောက်တဲ့ အတွက် ငါမေးတာကို သူဖြေပါ စေ။ ကြားမှာ အဟန့် အတား မလုပ်ကြပါနဲ့ ”

သောဏဒန္တ။ ။ “အသျှင် ဂေါတမ နေတော်မူပါ။ ပုဏ္ဏားပရိသတ်ကို ကျွန်ုပ် ပြန်ကြားစကား ပြောပါရစေ။ ပုဏ္ဏားတို့  သင်တို့  စွပ်စွဲသလို အဆင်း၊ ဗေဒင်၊ အမျိုးကို မပယ် ပါဘူး။ ဒါပေမယ့် ငါတို့  တူ အင်္ဂက- ကို ကြည့်ကြပါ။ သူကလေးဟာ အဆင်းလည်း ပြောစရာ မရှိ။ ဗေဒင်ကလည်း ငါတို့  ကိုယ်တိုင် ဗေဒင်သုံးပုံလုံး ကုန်အောင် သင်ပြီး တတ်ထားစေတာ။ အမျိုးဆက်က ဘိုး၊ ဘေး ခုနှစ်ဆက် သန့် စင်မှု အပြည့်။ သည်လို ဖြစ်ပေမယ့် သူများ တကယ်လို့  သတ်ဖြတ်၊ ခိုးဆိုး၊ လိမ်လည်၊ လွန်ကျူး၊ သောက်စားနေမယ် ဆိုလျင် သူ့ အဆင်း သူ့ ဗေဒင်အတတ်၊ သူ့ အမျိုးသန့် မှုတွေက ဘာအသုံးကျသေး သလဲ။ ပုဏ္ဏားတို့  - အကျင့် သီလနဲ့  ပြည်စုံပြီး၊ အမှန်အမှား ခွဲခြားသိမြင်မှု ပညာနဲ့  ပြည့်စုံလျင် ယဇ်ယောက်မ ပဌမ သို့  မဟုတ် ဒုတိယ ဖြစ်နိုင်တာပဲ။ ဒါလည်း ပုဏ္ဏားပဲ”

“ပုဏ္ဏားကြီး- သည်နှစ်ပါးထဲက တစ်ပါးပါး နုတ်ပြီး ပုဏ္ဏားလို့ - ပြောနိုင်တာများ ရှိသေးသလား”
“မရှိတော့ပါဘူး အသျှင်၊ သီလရှိမှ ပညာဖြူစင်၊ ပညာရှိမှ သီလဖြူစင် ပါ့မယ်။ ခြေတစ်ဖက် ပေနေတာကို အခြားခြေတဖက်နဲ့  ပွတ်သပ် ရသလိုပါပဲ”

“မှန်တယ် ပုဏ္ဏားကြီး။ သီလရှိသူ ပညာရှိတာပဲ။ ပညာရှိသူ သီလရှိတာပဲ။ နှစ်ပါးစုံတာ အမြတ် ဆုံးပဲ။ သည်တော့ ပုဏ္ဏားကြီး သီလ ဆိုတာ ဘာလဲ၊ ပညာဆိုတာ ဘာလဲ ပုဏ္ဏားကြီး”
“ အသျှင် ဂေါတမ- သီလအနက်ကို မှတ်သားလိုပါတယ်။ ပညာဆိုတာကို မှတ်သား လိုပါတယ် အသျှင်”

“ ပါတိမောက္ခ သံဝရလေးပါးဟာ သီလပဲ။ လက္ခဏူပနိဇ္ဈာနဈာန်ပွားပြီး ပု၊ ဒိ၊ အာ တရား သုံးပါးဟာ ပညာပဲ၊ ပုဏ္ဏားကြီး”
“ကောင်းလှပါတယ် အသျှင်၊ တပည့်တော်တို့ ကို ဥပါသကာလို့  မှတ်ပါ။ တပည့်တော်ကို အထူးအရိုအသေပြတာ မမြင်ပေမယ့် ၊ အမြဲရိုသေနေတယ်- လို့  မှတ်ပေးပါ အသျှင်”


Read more...

ဖြူစင်သောသဘောရှိသည်...


သုက္ကဓမ္မသုတ်- (ဖြူစင်သောသဘောရှိသည်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကုန်၏။ အဘယ် နှစ်ပါးတို့နည်း- မကောင်းမှု မှ ရှက်မှု 'ဟိရီ' လည်းကောင်း မကောင်းမှုမှ ကြောက်လန့်မှု 'သြတ္တပ္ပ'လည်းကောင်းတည်း။ ရဟန်းတို့ ဖြူစင်သော ဤတရား နှစ်ပါးတို့သည် လောကကို မစောင့်ရှောက်ကုန်မူ ဤလောက၌ ''အမိ'' ဟူ၍သော် လည်းကောင်း၊ ''မိကြီး မိထွေး'' ဟူ၍သော် လည်းကောင်း၊ ''ဦးလေး ဦးကြီး၏ မယား'' ဟူ၍သော် လည်းကောင်း၊ ''ဆရာ၏ မယား'' ဟူ၍သော် လည်းကောင်း၊ ''အလေးပြုထိုက်သူတို့၏ မယား'' ဟူ၍သော် လည်းကောင်း မထင်နိုင်ရာ၊

လူ့လောကကြီးသည် ဆိတ်နှင့် သိုး ကြက် ဝက် ခွေး မြေခွေးတို့ကဲ့သို့ ရောနှော ပျက်စီးခြင်သို့ ရောက်ရ၏။

အကြင့်ကြောင့် ဖြူစင်သော ဤတရား နှစ်ပါးတို့သည် လောကကို စောင့်ရှောက် ကုန်၏။ ထို့ကြောင့် ''အမိ'' ဟူ၍သော် လည်းကောင်း၊ ''မိကြီး မိထွေး'' ဟူ၍ သော် လည်းကောင်း၊ ''ဦးလေး ဦးကြီး၏ မယား'' ဟူ၍သော် လည်းကောင်း၊ ''ဆရာ၏ မယား'' ဟူ၍သော် လည်းကောင်း၊ ''အလေးပြုထိုက်သူတို့၏ မယား''ဟူ၍သော် လည်းကောင်း ထင်ရှား၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော် မူ၏။

ထိုသုတ်၌
ဤအနက်သဘောကို -
''အကြင်သူတို့အား အရှက်အကြောက်သည် အခါခပ်သိမ်း မရှိ၊ ထိုသူတို့သည် ဖြူစင်သော တရားမှသက်လျှော သောကြောင့် (အဖန်ဖန်) ပဋိသန္ဓေနေခြင်း သေခြင်းသို့ ရောက်ရ၏။ အကြင်သူတို့အား အရှက်အကြောက်သည် အမြဲထင်၏။ မြတ်သောအကျင့် ပြန့်ပွါး၍ ကိလေသာ ငြိမ်းကုန်သော ထိုသူတို့သည် တစ်ဖန် ပဋိသန္ဓေနေခြင်းမှ ကုန်ပြီးသူတို့ ဖြစ်ကုန်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။42

၅ - သုက္ကဓမ္မသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

Read more...

ပထမသံဂါယနာတင် ပုံပြင်မဟုတ်ပါ သမိုင်း...

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး...

မြောင်းမြမြို့ ပဇ္ဇောတာရုံ စာသင်တိုက် မှော်ဘီမြို့ သာသနာ့ဝန်ဆောင်ကျောင်းတိုက်
နာယကဆရာတော် အရှင်ကုမာရ

သိမှတ်ဖွယ်ရာ ထေရ၀ါဒသာသနာ ပထမသံဂါယနာတင် ပုံပြင်မဟုတ်ပါ သမိုင်း...





















Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP