* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, April 12, 2009

*ခံစားကြည့်ပါ.. နောက် ခံယူကြည့်ပါ*

*ခံစားကြည့်ပါ.. နောက် ခံယူကြည့်ပါ*

“ဟဲ့ သာအောင်၊ နင် အလုပ်လေး ဘာလေး လုပ်စမ်းပါဦး လားဟဲ့၊ နင့််အဖေအို အမေအိုကြီး သနားပါတယ်။ နင်ကတော့လေ ကျားကိုးစီးစားလို့ မကုန်တဲ့ ခန္ဓာကိုယ်ကြီး ကိုတောင် အားမနာဘူး။ ဟိုမှာ နင့်အဖေနဲ့ အမေကတော့ အိုကြီးအိုမနဲ့ ကုန်းရုံးပြီး ရှာကျွေး နေရတယ်။ သူတို့ခမျာ သားတစ်ယောက် မွေးထားပါတယ်၊ အားမကိုးရ ရှာဘူး။ ဒီအသက် အရွယ်နဲ့ လယ်တော ဆင်းနေရတယ်။”

“ဗျို့ …. မခင်မာ၊ ခင်ဗျား ဘာနားလည်လို့လဲ။ မိဘ၀တ်(၅)ပါးထဲမှာ ဒါတွေ အကုန်ပါတယ်ဗျ။ ကျူပ်ကို ပညာလည်း သင်မပေးခဲ့ဘူး။ အခု မိန်းမမှ မယူရသေးတာ။ ဟင့်… ယူရင်တောင် လုပ်ကိုင် စားသောက်ဖို့ အရင်းအနှီး ပေးရမယ်တဲ့ဗျ။ မိဘ၀တ်တဲ့ဗျ။ ကြားဖူးရဲ့လား။ ကျူပ်က ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲ။ ဟင့်.. သာအောင်တို့ ကတော့ အမေရှိ ဆန်ရှိတယ်ဟေ့။ ထမင်း ဘယ်ကရလဲ… ဟဟ… အမေချက်တဲ့ ထမင်းအိုးထဲကရ… ဟဟ။”

============================================

နေ့လည် တစ်နာရီ ထိုးနေပြီ။ သာအောင် အိမ်မပြန်သေး။ ဒီနှစ် မိုးမကောင်းတော့ ရွာက လူတွေလည်း သီးနှံတွေ မရကြပါ။ ဒါတွေ သာအောင်မသိ၊ စိတ်မ၀င်စား။ အိမ်က အဘိုးကြီးနဲ့ အဘွားကြီးလည်း သီးနှံတွေ မရဘူးလို့ ညည်းနေသံတော့ ကြားဖူးလေသည်။ ဒါတွေ ဂရုမစိုက်။ သူတို့ မွေးထားတဲ့ တစ်ဦးတည်းသော သားကိုတော့ ကျွေးထား နိုင်ရမှာပေါ့။ မွေးတုန်းက မွေးထား ပြီးတော့။ အခုလည်း ထန်းတောက ပြန်တာ နည်းနည်း နောက်ကျသောကြောင့် ထမင်းစား နောက်ကျနေပြီ။ ဒါကို ရွာအ၀င်မှာ တရားဟော ခံလိုက်ရ သေးသည်။ အိမ်က ဘွားတော်ကလည်း ဟောအုံးမည်။

“ဟဲ့ သာအောင်၊ ပြန်လာပလား၊ ဟင်.. တစ်နေကုန် တစ်နေခန်း ထန်းတောသွား၊ ရွာရိုးကိုးပေါက် လျှောက်လည်နေ ပြီးတော့။ ထမင်း စားချိန်တောင် မသိနဲ့။ လာ.. ဟိုမှာ ထမင်း ပြင်ထားတယ်။ သွားစားချေ ” ဟုဆိုပြီး အမေသည် စားပြီးသား ပန်းကန်ဆေးရန် အပြင်ထွက် သွားလေသည်။ ကျွန်တော်လည်း မီးဖိုခန်းထဲ ၀င်ပြီး အားရပါးရ စားလိုက်လေသည်။ စားရတာ မကောင်းလှပါ။ ထမင်းကြော်တဲ့။ ဘာဟင်း မှလည်းမပါ။

“ဟဲ့.. သာအောင်ရေ၊ လာပါအုံး၊ ဒီမှာ နင့်အမေ မူးလဲသွားလို့ဟဲ့၊ ဟဲ့ သာအောင်.. ကြားလား၊ ဦးဖိုးအောင်ကော၊ မရှိဘူးလားတော့ ။အိမ်ထဲမှာ ဘယ်သူမှ မရှိကြဘူးလား”

အိမ်ဘေးက ဒေါ်တင်လှ အသံကြားသော အခါ ကျွန်တော်လည်း ပြေးထွက် သွားလေသည်။ အပြင်ဘက် ရေအိုးဘေးမှာ အမေသည် ခွေခွေလေး လဲနေလေသည်။ အဖေ လယ်တော သွားသောကြောင့် ကျွန်တော်သည် ဒေါ်တင်လှ အကူအညီဖြင့် ကျေးရွာ ဆေးခန်းကို ပို့ရလေသည်။

ဆေးခန်းရောက်တော့ အမေ့ကို အားဆေး သွင်းရလေသည်။ ဆရာဝန်က အမေ့ကို စစ်ဆေး နေစဉ်မှာ ဒေါ်တင်လှက..

“ဟဲ့.. သာအောင်၊ နင် တစ်နေ့တစ်နေ့ ထန်းရည် သောက်ပြီးပဲ မနေနဲ့အုံး၊ ဒီနှစ် နင်တို့လယ်တွေ အကုန်လုံး ပိုးကျပြီး မိုးလည်း ခေါင်လို့ ဘာသီးနှံမှ မရဘူး။ မျိုးစပါးဖိုး ယူထားတာနဲ့ မြေသြဇာ ဖိုးတွေပေးရ၊ အငှားတွေ ပေးရနဲ့ နင့်အဖေနဲ့ အမေလည်း အကြွေးတွေဝိုင်းဝိုင်း လည်နေတယ်။”

သိသားပဲ။ ဒါကြောင့်လည်း အဘိုးကြီး အဘွားကြီး ညည်းနေတာပေါ့။

“မနေ့ကဆို နင့်အမေ မကြင်တို့ဆိုင် သွားပြီး အကြွေးယူတာ မရလို့ဆိုပြီး ငါ့ဆီ ဆန်လာချေးတယ်။ ငါလည်း နင်သိတဲ့ အတိုင်း ကိုယ့်မိသားစုနဲ့ ကိုယ်တောင် အနိုင်နိုင်ဆိုတော့ ချေးမနေနဲ့ ယူသွားဆိုပြီး ဆန်တစ်ဗူး ပေးလိုက်တယ်။”

အဲ့လောက်တောင် အခြေအနေ ဆိုးနေပြီလား။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း ထမင်းစား နေတာပဲ။ ဘာမှ မထူးခြားသလိုပဲ။

“မနက်ကတော့ လယ်တောကို ထမင်း သွားပို့တာ တွေ့တယ်”။

အဘိုးကြီးဆီပေါ့။ ဘာရှိအုံးမှာလဲ။

“(၁၁)နာရီ လောက်မှာ နင့်အမေဆီ ငါသွားတော့ ထမင်းကြော် တစ်ပန်းကန် တွေ့တယ်။ ဒါက ဘယ်သူ့အတွက် ပြင်ထားတာလဲ ဆိုတော့ နင့်ကို စောင့်နေတာတဲ့။ နင်ထမင်း မစားရသေးလို့တဲ့။ ဒါနဲ့ငါလည်း တော်ကကော စားပြီးပလား ဆိုတော့ ငါက သိပ်မဆာပါ ဘူးတဲ့။ ငါ့သားက ထန်းရည် သောက်ပြီးရင် ထမင်း သိပ်ဆာတတ်တယ်တဲ့။”

ကျွန်တော့် အမေက အဲ့လို ပြောသတဲ့လား။ ကျွန်တော့်ကို ချစ်တဲ့ အရိပ်အယောင် လေးတောင် မပြခဲ့ဘူးသော အမေဟာ သူစိမ်း တစ်ယောက်ကိုတော့ အဲ့လို ပြောလိုက် သတဲ့လား။ ဒါဆိုအမေက ကျွန်တော့်ကို တစ်သက်လုံး ချစ်ခဲ့တာပေါ့။ ခုနက အမေ ထမင်း မစားရသေး ဘူးပေါ့။ ကျွန်တော် မစားနိုင်မှာ စိုးလို့ ပန်းကန် ဆေးချင်ယောင် ဆောင်ခဲ့တာပေါ့။ အမေ ဒါကြောင့် မူးလဲကျခဲ့ တာပေါ့။ ဟုတ်လား။ ကျွန်တော့်ကို အဲ့လောက်ချစ်သတဲ့လား။

“ဟင်းမပါ လို့တောင် စိတ်မကောင်း ဘူးတဲ့။ အဲ့ဒီ ကြော်ထားတဲ့ ထမင်းပန်းကန် နားမှာထိုင်ရင်း နင်ပြန်အလာကို စောင့်နေ တာလေ။”

ဟုတ်လား အမေ။ ကျွန်တော့်ကို ဘာလို့ အမူအရာ နဲ့တောင် မပြခဲ့တာလဲ အမေ ။ကျွန်တော် ငိုချင်လာသည်။ ကျွန်တော်လို လူငယ်က ဘာအရေးလဲ အမေ။ အမေ စားထားနှင့် ပါတော့လား။ အမေ စားထားလိုက် ပါတော့လား။ ဒါဆို ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အမေဘာမှ မဖြစ်ပါနဲ့။ ကျွန်တော် နောက် မမိုက်တော့ပါဘူး။ လိမ္မာပါတော့မယ်။ အမေဘာမှ မဖြစ်ပါနဲ့။ အမေ ပြန်နေကောင်း ပေးပါအမေ။

“ငါလည်း နင်တို့ အိမ်ဘက်က “၀ုန်း” ခနဲ အသံကြားလို့ ကြည့်လိုက်တော့ နင့်အမေ မြေပေါ်မှာ လဲနေတယ်လေ။ လဲမှာပေါ့။ နင့်အမေက ဘာမှ ကောင်းကောင်း မစားတာ ကြာပြီ။ ရှိတာလေးကို နင့်ကိုပဲ ကျွေးနေတာကိုး။ အခု အားပြတ်ပြီး လဲတာပဲ ဖြစ်မယ်။”

အမေ… အမေရေ။ သားမိုက်ကို ခွင့်လွှတ်ပါတော့။ အဖေနဲ့ အမေက သားကို အဲ့လောက် ချစ်ခဲ့တယ်တဲ့လား။

“ငါ့အထင် ပြောရရင်……. ဟဲ့ သာအောင် နင်ငိုနေတယ်။ ထူးထူး ဆန်းဆန်း။ ကဲ ကဲ နောက်မှ ၀မ်းနည်း။ ဟိုမှာ ဆရာဝန် ထွက်လာပြီ… သွားစို့ရဲ့ ”

“ လူနာရှင် ဘယ်သူလဲ ခင်ဗျ။ ခင်ဗျား အမေလား။”

ကျွန်တော် နူတ်ဆိတ် နေမိလေသည်။ ဟုတ်ပါတယ်။ကျွန်တော့် အမေပါ။ ကျွန်တော့်ရဲ့ ချစ်လှစွာသော အမေပါ။

“လူနာက အားပြတ်ပြီး လဲတာပါ။ အစားကောင်း အသောက်ကောင်း စားဖို့နဲ့ ကောင်းကောင်း အနားယူဖို့ လိုတယ်။ အသက်ကလည်း ရလာပြီ ဆိုတော့ ဂရုစိုက်ဖို့ လိုတယ်ဗျ။ ပစ်မထားပါနဲ့။ တော်သေး တာပေါ့။ အချိန်မှီ လာပို့နိုင်လို့။ ခင်ဗျားလို သားရှိလို့ တော်သေးတယ်။ ကဲ ခေါ်သွားနိုင် ပါပြီခင်ဗျာ”

ကျွန်တော့်လို သားတဲ့။ ဟုတ်ကဲ့ပါ။ ကျွန်တော် ခင်ဗျားပြောတဲ့ သားမျိုး ဖြစ်အောင် ကြိုးစားပါ့မယ် ဒေါက်တာဟု စိတ်ထဲက ပြောလိုက်မိ လေသည်။


(အမေ့ကို ရှိခိုးလျှက်…)
ထွန်းလင်းကြယ်
9:04 PM, Wed,8-4-2009


********************************************************

သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တာလေးပါ။

>>> အားလုံးပဲ မိဘကျေးဇူး သိတတ်ပြီး အကျေဆပ်နိုင်တဲ့ သားကောင်း ရတနာ၊ သမီးကောင်း ရတနာများ ဖြစ်လာကြစေရန် ရည်ရွယ် ဆန္ဒပြုလျက်…

လေးစားစွာဖြင့်
ဖိုးသား

4/12/2009, SUN:, 8:04:31 PM

Read more...

အသဒိသဇာတ်... လေးစွမ်းပြသော မင်းသား... (၅၅၀-ဇာတ်တော်)

အသဒိသဇာတ်... လေးစွမ်းပြသော မင်းသား... (၅၅၀-ဇာတ်တော်)

၅၅၀-ဇာတ်တော်- မှ... ၁၈၁-၁၈၄

၁၈၁... အသဒိသဇာတ်... လေးစွမ်းပြသော မင်းသား...



၁၈၂... သင်္ဂါမာဝစရဇာတ်... တိုက်ပွဲဝင်သောဆင်တော်...

၁၈၃... ၀ါလောဒကဇာတ်... အကြွင်းအကျန်ကို သောက်ရသည့် မည်းများ...

၁၈၄... ဂိရိဒတ္တဇာတ်... အကျိုးနှင့်ပေါင်း၍ အကျိုးဖြစ်ရသောမြင်း...

Read more...

ကြုံလှီငတ်မွတ် အဝတ်မပါသော ..

ကြုံလှီငတ်မွတ် အဝတ်မပါသော ..

သံသာရမောစကပေတိဝတ္ထု- သံသရာမှ လွတ်ရာသော

ရှေးဘဝ၌ အလှူဒါနပြုရန် တိုက်တွန်းမည့်သူမရှိ၍ ဒါနမပြုခဲ့ရ သေလွန်သောအခါ၊ ကြုံလှီငတ်မွတ်အဝတ်မပါသော ပြိတ္တာမအား အသျှင်သာရိပုတြာက သနားလှ သဖြင့် ဆွမ်းတလုတ်စာ လက်တဝါးမျှရေသော အဝတ် သောက်ရေကို လှူကာ အမျှဝေတော်မူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ။

အလွန်ကြုံလှီ၍ နံရိုး ပြိုင်းပြိုင်းထွက်သော မိန်းမ ..
သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြော ပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် ဤအရပ်၌ ရပ်တည်သော သင်ကား အဘယ်သူနည်းဟု (အသျှင်သာရိပုတြာက မေး၏)။

အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်း သော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုခဲ့မိခြင်း ကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏ဟု (ပြိတ္တာမက လျှောက်၏)။

သင်သည် ကိုယ်ဖြင့် လည်းကောင်း, နှုတ်ဖြင့် လည်းကောင်း, စိတ်ဖြင့် လည်း ကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရသနည်းဟု (အသျှင်သာရိပုတြာက မေးပြန် ၏)။

အရှင်ဘုရား အမိကသော် လည်းကောင်း, အဖကသော် လည်းကောင်း, ထို့ပြင် ဆွေမျိုးတို့ကသော်လည်းကောင်း အကျွန်ုပ်ကို သမဏဗြာဟ္မဏတို့အား ကြည်လင် သော စိတ်ရှိသည်ဖြစ်၍ အလှူဒါနကို ပေးလှူလော့ဟု တိုက်တွန်းကြမည့် (ထိုသို့သဘောရှိသော) သနားစောင့်ရှောက်သူတို့သည် အကျွန်ုပ်အား မရှိပါကုန်။

ဤဘဝမှ ဤသုံးခုမြောက်သော ဘဝ၌ အကျွန်ုပ်သည် ဤသို့ သဘောရှိသော အဝတ်မပါ ကိုယ်ချည်းသာလျှင် ဆာလောင်ခြင်း မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရ လျက် အနှစ်ငါးရာတို့ပတ်လုံး လှည့်လည်ခဲ့ရပါ၏၊ ဤအကျိုးသည် မကောင်းမှုကံ ၏ အကျိုးပါတည်း။

အရှင်ဘုရား အရှင်ဘုရားကို ကြည်လင်စိတ် ရှိသည်ဖြစ်၍ ရှိခိုးပါ၏၊ လုံ့လ ဝီရိယရှိ၍ အာနုဘော်ကြီးတော်မူသော အရှင်ဘုရား အကျွန်ုပ်ကို စောင့်ရှောက် တော်မူပါ၊ တစ်စုံတစ်ရာ လှူဒါန်းဖွယ်ကို အကျွန်ုပ်အား ရည်ညွှန်း၍ ပေးလှူ တော်မူပြီးလျှင် အကျွန်ုပ်ကို ဒုဂ္ဂတိဘုံမှ လွတ်စေတော်မူပါဟု (ပြိတ္တာမက လျှောက်ပြန်၏)။

သနား စောင့်ရှောက်တတ်သော ထိုအသျှင်သာရိပုတြာသည် ကောင်းပြီဟု ဝန်ခံပြီးလျှင် ရဟန်းတစ်ပါးအား ဆွမ်းတစ်လုတ်စာမျှကို လည်းကောင်း, တစ်လက် ဝါးစာမျှသော ပုဆိုးပိုင်းကို လည်းကောင်း, သောက်ရေခွက်ကို လည်းကောင်း ပေးလှူ၏၊ ထိုပြိတ္တာမအား အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။

ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ်, အဝတ်, သောက်ရေကို ရခြင်းဟူသော အကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင် တည်း။

ထိုပြိတ္တာမသည် ထိုစားဖွယ်စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ် ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ်, ကာသိတိုင်းဖြစ် ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာကို ဝတ်ဆင်လျက် အသျှင်သာရိပုတြာထံ သို့ ချဉ်းကပ်၏။

နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိ သကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းပစေလျက် တည်ဘိ၏။

အဘယ် ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံ သနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အား လုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ တောက်ပသနည်းဟု အသျှင်သာရိပုတြာက မေး၏။

ကြုံလှီ၍ ဖက်ရွက်ရော်ကဲ့သို့ ဖြစ်ကာ ဆာလောင်လျက် အဝတ်မပါ ကိုယ်ချည်း သာ ကိုယ်ရေအဆင်း ပျက်စီးပြီးလျှင် ဒုဂ္ဂတိဘုံသို့ ရောက်နေရသော ထိုအကျွန်ုပ် ကို လောက၌ သနားကရုဏာရှိသော ရဟန်းသည် မြင်ပါပြီ။

ရဟန်းတစ်ပါးအား ဆွမ်းတစ်လုတ်စာမျှကို လည်းကောင်း, တစ်လက်ဝါးစာမျှ သော ပုဆိုးပိုင်းကို လည်းကောင်း, သောက်ရေခွက်ကို လည်းကောင်း ပေးလှူ၍ အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်း ပေးဝေတော်မူပါ၏။

ဆွမ်းတစ်လုတ်၏ အကျိုးကို ရှုပါလော့၊ အနှစ်တစ်သောင်းပတ်လုံး နတ်ထမင်းကို လည်းကောင်း, များသော အရသာရှိသော ဟင်းကို လည်းကောင်း အလိုရှိတိုင်း စားသောက် သုံးဆောင်ရပါ၏။

တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်း၏ အကြင်သို့ သဘောရှိသော အကျိုးသည် ရှိပါ၏၊ ထိုသို့သဘောရှိသော အကျိုးကို ရှုပါလော့၊ အကြင်မျှလောက် နန္ဒမင်း၏ တိုင်းပြည်၌ အဝတ်တို့သည် ရှိပါကုန်၏။

အရှင်ဘုရား ထိုအဝတ်တို့ထက် တပည့်တော်မ၏ အဝတ်တို့သည် များပါကုန်၏၊ ပိုးထည်, ကမ္ဗလာထည်တို့သည် လည်းကောင်း, ခေါမထည်, ဝါချည်ထည်တို့သည် လည်းကောင်း အလျားအနံအားဖြင့်လည်း ပြန့်ကျယ်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည်လည်း ကောင်းကင်၌သာလျှင် တွဲရရွဲကျကုန်၏၊ ထိုအကျွန်ုပ်သည် စိတ်နှစ်သက်ရာရာ အဝတ်ကို ဝတ်ဆင်ရပါ၏။

သောက်ရေတစ်ခွက်၏ အကြင်သို့ သဘောရှိသော အကျိုးသည် ရှိ၏၊ ထိုသို့ သဘောရှိသော အကျိုးကို ရှုပါလော့၊ အေးမြသော ရေရှိကုန်သော ကောင်းသော ဆိပ်ကမ်း ရှိကုန်သော အေးမြ၍ မွှေးပျံ့ သင်းကြိုင်လှိုင်သော ရနံ့ရှိကုန်သော ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော နက်သော လေးထောင့် ရေကန်တို့သည် ပဒုမ္မာကြာ ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းအပ် ကုန်သည်ဖြစ်၍ ရေ၏အထက်၌ ကြာ ဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။

အရှင်ဘုရား ထိုအကျွန်ုပ်သည် မည်သည့်ဘေးမျှ မရှိဘဲ မွေ့လျော်ရပါ၏၊ မြူးထူး ပျော်ပါးရပါ၏၊ ဝမ်းမြောက်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်း ကရုဏာရှိ သော အရှင်ဘုရားကို ရှိခိုးရန် ရောက်လာပါ၏ဟု (လျှောက်၏)။

၁ - သံသာရမောစကပေတိဝတ္ထု၊ ဥဗ္ဗရိဝဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



...
ဗုဒ္ဓဓမ္မ နှလုံးလှ
Labels: ခုဒ္ဒကနိကာယ်

Read more...

အမှောင်မှလွန်မြောက်ခဲ့ခြင်း


မေမေချစ်သော သားသားနဲ့မီးမီး
နှစ်သစ်ကူးမှာ ဘယ်လိုစိတ်ကူးများဖြင့်ဘယ်လို ဖြတ်သန်းလွန်မြောက်မှာလဲ..ကူးပြောင်းကြမှာလဲ..။
မေမေ ကတော့ စိတ်ဝင်စားနေမိပါတယ်..။
ကိုယ့်ရဲ့ အကျင့်စာရိတ္တ နဲ့ စိတ်ဝိဥာဉ် သန့်စင်မှု ၊ထိခိုက်တဲ့ကိစ္စတွေ၊ပညာရှိတို့ကဲ့ရဲ့မဲ့ကိစ္စတွေကလွဲပြီး
ကျန်တာ စိတ်တိုင်းကျ လုပ်ကိုင် ခွင့်မေမေပေးထားခဲ့ပါတယ်..။
သားသားမီးမီးတို့ရဲ့ အရွယ် နဲ့လိုက်ဖက်တဲ့ မွေ့လျော်မှုတွေ ရှိနေတာကို မေမေ ဘယ်လိုမှ အပြစ်မပြောလိုပါ.။
မေမေ့စိတ်ကြိုက် ဖြစ်အောင်..တရားစခန်းဝင်ပါမယ်..ဥပုသ်စောင့်ပါမယ် ဆို ပြီးတော့လည်း... မေမေ့စိတ်အား ညှာတာ နားလည်စွာ ပြော မိလိုက်ရင်လည်းကလေးတို့ ဝစီကံအတွက် ဝန်တက် နေမှာစိုး ပါတယ်..။
အရာရာ အကြောင်းညီညွတ်ရင် ဖြစ်လိမ့်မယ် ဆိုတာ..ပိုင်းလော့ဆရာတော်ဘုရားကြီးဆုံးမထားပါတယ်။
မေမေဟာ ကလေးတို့ကို စောင့်ရှောက် မဲ့သူ ပံ့ပိုးဖေးမ မဲ့သူ ၊သူတကာ မိခင်တွေထက် မလျော့တဲ့ မိခင်မေတ္တာနဲ့ကူညီမဲ့သူ၊ လိုအပ်ခဲ့ရင် ကိုယ် ပိုင် အလင်းရောင် စွမ်းအားနဲ့ လမ်းပြမဲ့သူသာ ဖြစ်ပါတယ် ကွယ်..။
ကန့်သတ်ချုပ်ချယ်သူ၊လွှမ်းမိုးချယ်လှယ်သူ တစ်ဦးမဖြစ်လေရအောင် အမြဲ နေထိုင်ခဲ့ပါတယ်..။ မေမေ ကိုယ်တိုင် လည်း ကန့်သတ်မှု၊ချုပ်ကိုင်မှုများကို မုန်းတီးခဲ့ပါတယ်..။
မေမေထိုင်းမှာကျောင်းတက်တုံးက ဖူးခဲ့ဘူးတဲ့ ဘုရားတစ်ဆူ အကြောင်း ကလေးတို့ကို ပြောပြချင်တယ်..။
မြန်မာကဘုရားတွေနဲ့ မတူဘူး။
ရွှေချမထားဘူးကျောက်သားပကတိ အနက်ရောင်၊ အမိုးအကာ အဆောက် အဦ မရှိဘူး၊ ကောင်းကင်ပြာ အောက် မှာ မားမားစွင့်စွင့်တည် ရှိနေတာကို က အားမာန် ဖြစ်စေတယ်..။
ရင်ပြင်တော် ကျောက်သားပြင်ရှိတဲ့ အပြင် စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ကလည်းဝန်းရံထားတယ်..။
ရင်ပြင်တော် ပေါ်က ကြေးပန်းအိုးကြီးတွေက ကြာပန်းတွေ..အပြည့်နဲ့...။ လွတ်လပ် ငြိမ်းချမ်းတဲ့ အရသာကို ထိတွေ့ခံစားရတယ်လေ..။
မေမေ့ စီနီယာတွေရဲ့ အစီအမံ နဲ့ ညနေခင်းအမီရောက်အောင်သွားဖူးကြတာ..။
မသွားခင် ဘန်ကောက်က ပန်းဈေးမှာ နှင်းဆီပန်းတွေတစ်ပွေ့တစ်ပိုက် ဝယ်ကြ ပြီး ကိုယ်တိုင် ပန်းအိုးထိုး ရတာ...က လည်း သဒ္ဓါပီတိဖြစ်စေခဲ့တယ်..။
ပြီးတော့ အပူလျော့ ပြီးဝင်ခါနီးဆဲဆဲနေရောင်အောက်မှာ မြက်ခင်းစိမ်းကို ဆင်းပြီးမေမေ တို့တရားထိုင် ခဲ့ကြ တယ်..။
ဆယ်စုနှစ် အချို့ ကို ပူလောင်စွာ ဖြတ်သန်းခဲ့ဘူးတဲ့မေမေ့ အတွက်....... အဲဒီတုံးက ရခဲ့တဲ့ စိတ် ကြည်လင် ငြိမ်းချမ်းမှု ဟာ ဘဝမှာ ပထမဆုံးနဲ့အနက်ရှိုင်းဆုံးဖြစ်ခဲ့ပါတယ်..။
အဲလို စိတ်ငြိမ်းချမ်းမှုရဲ့ အရသာကို ကလေးတို့ကို ခံစားရရှိစေချင်တယ်..။ ဘုရားဖူး ကအပြန်မေမေ ရေးခဲ့တဲ့ ကဗျာလေး မျှဝေ ပေးလိုက် ချင်ပါတယ်..။

အမှောင်မှလွန်မြောက်ခြင်း

အမိုးအကာ မဲ့ကင်း..ဟင်းလင်းပြင်တစ်ခု..
ရဲဝံ့မှု ပီပြင်..ကြည်လင်ရသ...ဝီရပေးဝေ
မြေမှာ အုပ် မိုး၊စိုးမိုးရပ်တည်..
ခိုင်ကျည် မြင့်မား..အားငယ်တာလည်းမရှိ
ပကတိငြိမ်သက်သွား..ခိုင်မာစွာအားအင်ဖြစ်....
ခွန်အားဆိုတဲ့ မြစ်တစ်စင်း.. စီးဆင်းဖွင့်လှစ်..
အသစ်တစ်ဖန်..ပြန်လည်ရှင်သန်ခဲ့ပြန်တယ်.........။

စိမ်းလန်းတဲ့မြက်ခင်းပြင်ဟာ ....
စိမ်းကားတဲ့သဘောလည်းသက်ဝင်....၊
အကိုင်းဖွဲ့ရှုပ် ဝါးရုံပင် တစ်အုပ်လို လည်းမဟုတ်ခဲ့....
မာန်ချဝပ်စင်း..ရှင်းရှင်းပြတ်ပြတ်..
ပြတ်သားနေတယ်.....။ဖြတ်သွားစေတယ်..။

ပတ်ဝန်းကျင် အတွက် တာဝန်ကျေပြွန်ခြင်း...ဖြင့်
သံယောဇဉ် ဆိုတဲ့နှောင်ဖွဲ့ခြင်း....
ရှင်းပြတ်ခဲ့ရ...ဘဝဆိုတာ...
အနှစ်သာရအမှန်..ဧကန်တွေ့ရှိ၊
အသိ မှန်ကန်.. တစ်ဖန်တစ်ဖန်..
ပြန်၍ မတိုး ဖလံမျိုးလို...
ရိုက်ချိုးဖျက်ဆီး..၊
မီးတွေ မီးတွေ..ပင်လယ်ဝေခဲ့ နေ့ရက် များ..
စိမ်းကား....လန်းဆန်းခဲ့ ပါတယ်.......။

မိမိရဲ့ သတိ မိမိ ကို စောင့်ရှောက်
အကြောက်တရား၊ အနှောက်တရား..မှောက်မှားစရာ မရှိ..။
အသိ...သတိ အကြည့်ရဲရင့်...
မြင့်သထက် မြင့်မြတ်သွား....
ပန်းများနှင်းဆီ..ကြည်လင် ပုံရိပ်...
စိတ်ရဲ့လုံခြုံမှု...စုစည်းသန့်စင် ...ဝိဥာဉ် အလင်း...
အမှောင်ကင်းကွာ သစ္စာအလင်း...
ဘဝတွင်းသို့ ချင်းနင်းဝင်ရောက် ခဲ့ပါပြီ..။

ထိုင်းနိုင်ငံ ၊ ဘန်ကောက် မြို့၊ ဗုဒ္ဓွန်မွန်ထော ဘုရားဖူး ခရီးကို ခံစားရေးဖွဲ့ပါသည်။

Read more...

၃၈ ဖြာ မင်္ဂလာတရားတော်များ

၃၈ ဖြာ မင်္ဂလာတရားတော်များ


၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီလတွင် စမ်းချောင်းမြို့နယ် ကံမြင့်ကျောင်းတိုက်၌
ဟောကြားတော်မူသော တရားတော်များ


မင်္ဂလသုတ္တန် တရားတော် (၁)

မင်္ဂလသုတ္တန် တရားတော် (၂)

မင်္ဂလသုတ္တန် တရားတော် (၃)

မင်္ဂလသုတ္တန် တရားတော် (၄)

မင်္ဂလသုတ္တန် တရားတော် (၅)

မင်္ဂလသုတ္တန် တရားတော် (၆)

မင်္ဂလသုတ္တန် တရားတော် (၇)

မင်္ဂလသုတ္တန် တရားတော် (၈)

မင်္ဂလသုတ္တန် တရားတော် (၉)

မင်္ဂလသုတ္တန် တရားတော် (၁၀)

Read more...

*ဆုံးမစကား ဖတ်ပွါးကျင့်ကြံ*





















လေးစားရိုသေစွာဖြင့်
ဖိုးသား

12.04.2009, SUN:, 11:54:17 AM

Read more...

လူစုတဲ့သဘောလောက်ပဲတွေ့ရတယ်... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))

လူစုတဲ့သဘောလောက်ပဲတွေ့ရတယ်... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၅-မှ...

လူစုတဲ့သဘောလောက်ပဲတွေ့ရတယ်...

















Read more...

ခုဇ္ဇုတ္တရာ ဥပါသိကာမကဲ့သို့...

ခုဇ္ဇုတ္တရာ ဥပါသိကာမကဲ့သို့...

ဥပါသိကာမသည် မှန်စွာ တောင့်တလိုသော်...




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၁

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၁

တရားပွဲများပြန်လည်ကျင်းပခြင်း

သက္ကရာဇ် ၁၃၀၇-ခုနှစ် သီတင်းကျွတ်တွင် ဆရာတော်သည် ဘော်ပတန်းရွာမှ မိုးကုတ်မြို့ပေါ်သို့ ပြန်လည်ကြွလာသည်။ ထိုအခါ ဒကာ-ဒကာမများလည်း ဆရာတော်၏ တရားများကို နာကြားလိုသည့် အာသီသကြောင့် တရားဟောပေးပါရန် လာရောက်လျှောက်ထားကြသည်။ ထို့ကြောင့်ပင် မိုးကုတ်မြို့တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားပွဲများ ပြန်လည်စတင်လာခဲ့လေသည်။ ဒီတစ်ခါ တရားပွဲများကတော့ ခန္ဓာဥာဏ်ရောက် တရားပွဲများသာ ဖြစ်ပါလိမ့်မည်၊ အားရစရာ ကောင်းလိုက်လေခြင်း။ ဆရာတော်သည် မိမိက တရားဟောရုံမျှဖြင့် ပြီးပြည့်စုံသည်ဟု မယူပေ၊ ဒကာ-ဒကာမများ ဟောသည့်တရားနားလည်ကြသည်၊ နားမလည်ကြသည်ကို များစွာဂရုပြုတော်မူသည်။ နားမလည်ပါက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း မေးလိုရာမေးကြပါဟု အမြဲလမ်းဖွင့်ပေးသည်၊ ကျေနပ်လောက်အောင် နားလည်လောက်အောင် အကျိတ်အခဲကို ဖြေရှင်းပေးလေ့ရှိသည်။ “ဒို့တစ်တွေ မိသားစု တရားပွဲမှာ ဖြည်းဖြည်း အေးအေးနဲ့ နားလည်မှုကို ရှေးရှုပြီး သွားကြရအောင်” ဟု မိန့်တော်မူသည်မှာ ရင်အေးဖွယ် ဖြစ်ပါသည်။

*************************
စင်္ကြံသွားခြင်း (လမ်းလျှောက်ခြင်း) ကြောင့် ရရှိသော အကျိုးများဖြစ်သည့် ခရီးရှည်သွားနိုင်ခြင်း၊ ဇွဲလုံ့လ ၀ီရိယသန်ခြင်း၊ ကျန်းမာရေးကောင်းခြင်း၊ အစာကြေခြင်း၊ သမာဓိခိုင်မြဲခြင်း စသည်များကို စာသင်သားဘ၀ထဲက ကောင်းစွာ အလေးပြုတော်မူခဲ့သော မိုးကုတ်ဆရာတော်ဘုရားကြီးသည် လမ်းလျှောက်ခြင်းအမှုကို အထူးအရေးထား၍ လေးစားတော်မူခဲ့သည်၊ ထို့ကြောင့် ရောက်သည့်အရပ်တွင် အချိန်ယူ၍ လမ်းလျှောက်ထွက်လေ့ရှိပါသည်။ သက္ကရာဇ် ၁၃၁၁-ခုနှစ်၊ နတ်တော်လဆုတ် ၁၁-ရက်သို့ရောက်သောအခါ ဆရာတော့်တွင် သိက္ခာတော် ၃၁-၀ါ ရ၍၊ သက်တော်-၅၀ ပြည့်မြောက်လေသည်။ တရားပွဲများကို ကျောင်းဒကာကြီးဦးလယ်၏ နေအိမ်တွင်ပင် ကျင်းပခြင်းဖြစ်ပြီး၊ ဒကာ-ဒကာမများ အလုပ်သိမ်းလောက်မည့် အချိန်ကို ခန့်မှန်း၍ နေ့စဉ် ည(၇)နာရီမှ၊ (၈)နာရီအထိ ဒကာ-ဒကာမများ ဥာဏ်က လက်ခံနိုင်လောက်သည့် တရားဟောချိန် ၁-နာရီမျှသာ သတ်မှတ်ထားပေးသည်။ တရားဟောရင်း တန်းလန်း ၁-နာရီပြည့်မြောက်သွားလျှင် နောက်တစ်ပွဲကျမှသာ ထိုတရားကို ဆက်ဟောလေသည်၊ တရားနာသူ၏ ခံယူနိုင်စွမ်းကို အစဉ်သုံးသပ်တော်မူပုံရပါသည်။

******************************
သက္ကရာဇ် ၁၃၁၄-ခုနှစ်၊ သီတင်းဝါကျွတ်လ၊ (၁၉၅၂-ခု၊ အောက်တိုဘာလ) သို့ပင် တိုင်ခဲ့ပေပြီ။ ဆရာတော်ကား စစ်အတွင်း ကျောင်းဒကာကြီး ဦးလယ်တို့ လာရောက်ပင့်စဉ်မှစ၍ ယခုအချိန်ထိ မိုးကုတ်မြို့မှာပင် သီတင်းသုံးဆဲပင်ဖြစ်ပါသည်၊ အမရပူရသို့ မပြန်ဖြစ်သေးပေ။ ၁၀-နှစ်မျှပင် ကြာညောင်းခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် သာမဏေရွယ်ဘ၀၊ ရဟန်းငယ်ဘ၀၊ ဆရာတော်ကလေးဘ၀သို့တိုင် ပြုစုထောက်ပံ့ခဲ့ရသော အမရပူရမှ ဒကာ-ဒကာမတို့ကား ဆရာတော့်အား မျှော်နေရှာကြတော့သည်။ တစ်နေ့တွင် ကျောင်းအမကြီး ဒေါ်သက်ရင်၏ ပူဆာပြင်းပြ တောင့်တချက်အရ ကြီးကဲသော ဒကာ-ဒကာမများစု၍ ဆရာတော့်အား အမရပူရသို့ ပြန်လည်ပင့်ရန် မိုးကုတ်မြို့သို့ လိုက်လာကြလေသည်။ ထို့ကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးသည် ထိုနှစ် နိုဝင်ဘာလတွင်ပင် အမရပူရသို့ ပြန်လည်ကြွလာခဲ့သည်။ ၁၉၅၃-ခုနှစ် မတ်လလောက်တွင်၊ မကြာလှသောအချိန်အတွင်း အမရပူရတရားနာပရိတ်သတ်များ လျင်မြန်စွာ နားလည်လာကြပုံပေါ်သည်၊ တရားနာပရိတ်သတ်များမှာ အလွန်များပြားနေပြီဖြစ်ပါသည်။ တရားနာပရိတ်သတ်များအနေဖြင့် မိမိတို့ ကောင်းစွာကျင့်ကြံနိုင်လျှင် သောတာပန်၊ သကဒါဂါမ် စသော အရိယာများ ဖြစ်ခွင့်ရှိကြောင်း ဥာဏ်ပွင့်လာကြလေသည်။ ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ တရားတော်များကို မိုးကုတ်ဆရာတော်ဘုရားကြီးက မြန်မာလို အဓိပ္ပါယ်ပြန်၍-ပြန်၍ ဟောပြသည်မှာ ထူးခြားဆန်းသစ်လှပါသည်။ ပါရမီနှင့် ဆက်စပ်၍ ဆရာတော်ဘုရားကြီး စွန့်စားဟောကြားသည်မှာ မှတ်ဖွယ်ကောင်းပါသည်။ “ဒကာ-ဒကာမတို့…… သမ္မာသမ္ဗုဒ္ဓအတွက်၊ ပစ္စေကဗုဒ္ဓအတွက် ပါရမီလိုတယ်၊ လက်ယာတော်ရံ လက်ဝဲတော်ရံ အဂ္ဂသာဝကအတွက် ပါရမီလိုတယ်၊ မဟာသာဝက အသီတိသာဝကတွေအတွက် ပါရမီလိုတယ်……………..၊ နိဗ္ဗာန်ရမယ်ဆိုရင် ဘယ်အချိန်ရရ ယူမယ်ဆိုသူတွေ ပါရမီဖြည့်စရာမလို၊ ပါရမီက ပြည့်နေပြီ” ဟူသော ရဲရဲတောက် ဟောကြားချက်သည် အားထုတ်မည့်၊ အားထုတ်သည့် ယောဂီတို့အတွက် လွန်စွာ အားတက်ရပါသည်။

*******************************
အမရပူရတွင် ဆရာတော် စတင်တရားဟောစက ပရိတ်သတ်အနည်းငယ်မျှသာ ရှိလေသည်။ နောက်ပိုင်း၌ ပရိတ်သတ်အင်အားကြီးလာရာတွင် ဆရာတော့်အနေဖြင့် အားလုံးကြားအောင် အော်အော်ပြီး တရားဟောနေရသောအခါ များစွာ ပင်ပန်းရလေသည်။ ထို့ကြောင့် ဒကာများက အင်ဂျင်စက်တစ်လုံးငှား မီးစက်မောင်း၍ အသံချဲ့စက် တပ်ဆင်ပေးကြသည်။ ထို့ပြင် ဆရာတော် ဟောလာခဲ့သည့် တရားပွဲပေါင်း များစွာရှိနေပြီဖြစ်သော်လည်း၊ သစ္စာတရားတော်တို့ကား နှမြောဖွယ်ကောင်းစွာ ပျောက်ပျက်ကုန်သည့် ကိစ္စက ရှိနေပြန်သည်။ သက္ကရာဇ် ၁၃၁၅-ခုနှစ်၊ တပို့တွဲလ (၁၉၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ) တွင် ရင်းနှီးသော ဒကာများ စုဝေးတိုင်ပင်၍ တိပ်ရီကော်ဒါကြီးများ(အသံဖမ်းကြိုးခွေကြီးများ အ၀ိုင်းကြီးများဖြစ်၏၊ တစ်ဘက်လျှင် ၁-နာရီကြာ၊ နှစ်ဘက်ဖြစ်၍ ၂-နာရီကြာ အသုံးပြုနိုင်သည်)ဖြင့် ဆရာတော်ဟောသမျှ တရားအသံများကို စတင် ဖမ်းယူကြလေသည်၊ အစတွင် မကျွမ်းကျင်သဖြင့် အချို့တရားများ ပျောက်ပျက်ကုန်သည်လည်း ရှိပါသည်။ ဆရာတော်က အမရပူရမှ ဒကာဦးထွန်းတင်အား အောက်ပါအတိုင်း သတိမူဖွယ် အမိန့်ရှိလေသည် “မောင်ထွန်းတင်ရေ….ယခုလို သိပ္ပံတွေထွန်းကားလာပြီးတော့ အသံတွေဖမ်းယူထားနိုင်တယ်ဆိုတာ သုံးတတ်ရင် နိဗ္ဗာန်အထိရောက်နိုင်တယ်ကွ၊ မသုံးတတ်ရင်လည်း ဒယ်အိုးထဲ သွားကြမှာပဲ”

Read more...

ဝေဒနာသုံးမျိုးလုံးကိုတွေ့ကြုံရှုသိအပ်ပုံ

ဖတ်ရန်-ဝေဒနာနုပဿနာ တရားတော် ပထမပိုင်း

http://ahlataya.wordpress.com/2009/04/09/%E1%80%B1%E1%81%80%E1%80%92%E1%80%94%E1%80%AC%E1%82%8F%E1%80%AF%E1%80%95%E1%82%86%E1%80%94%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%81%BE%E1%80%80%E1%80%AE/

သူ့အခိုက်နဲ့သူ

ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို ရှုတဲ့ ပုဂ္ဂိုလ်ဟာ ယခုပြောခဲ့တဲ့ အတိုင်း တစ်ခါတစ်ရံမှာ ကိုယ်ထဲက အထူးကောင်းတဲ့ ခံစားမှုကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ တစ်ခါတစ်ရံမှာ ကိုယ်ထဲစိတ်ထဲက အနေဆိုး အခံခက်နေတဲ့ ခံစားမှုကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ တစ်ခါတစ်ရံ ကိုယ်ထဲစိတ်ထဲက မကောင်းမဆိုး ရိုးရိုးအသိစိတ်များကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ ဒီလိုဝေဒနာ သုံးမျိုးလုံးကို သူ့အခိုက်နဲ့သူ အပြည့်အစုံတွေ့ပြီး သိရတယ်။

စဉ်းစားစရာကောင်းတယ်

အချို့ ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း ရှုတဲ့ ပုဂ္ဂိုလ်တွေ ပြောကြတာကတော့ "စပြီးရှုလိုက်ကတည်းက တရားပြီးဆုံးသည့် တိုင်အောင် မခံသာသည့် ဝေဒနာချည်း အပြင်းအထန် တွေ့ရတယ်" ဆိုပဲ။ အဲဒါကတော့ စဉ်းစားစရာကောင်းတယ်.။ ဘာကြောင့်လဲ ဆိုရင် တရားအားမထုတ်မီ ကလဲ ကိုယ်ထဲမှာ ရံခါသုခ၊ ရံခါ ဒုက္ခ၊ ရံခါဥပေက္ခာ ဒီလိုဝေဒနာ သုံးမျိုးလုံး အကြောင်း အားလျော်စွာ အပြည့်အစုံပဲ ဖြစ်နေတယ်မဟုတ်လား။ ဒီတော့ အားထုတ်နေတဲ့ အခါလဲ ဒီဝေဒနာ သုံးမျိုးလုံး အပြည့်အစုံ ဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလိုဖြစ်နေတော့ သုံးမျိုးလုံးကိုပဲ အပြည့်အစုံ သိစရာ ကောင်းတယ်။ သို့ ဖြစ်ပါလျက် အခံခက်တဲ့ ဒုက္ခဝေဒနာ တစ်မျိုးတည်းသာ တွေ့ရတယ် ဆိုတာဟာ ဘာကြောင့်လဲလို့ စဉ်းစားစရာ ကောင်းတယ်.။

ဝေဒနာတိုင်း အခံရမခက်

ဒါကတော့ "၀ိပဿနာဥာဏ်ရဲ့ အရာမို့ ဝေဒနာသုံးမျိုးလုံး ဒုက္ခချည်း ထင်နေပါတယ်"လို့ ဒီလိုအချို့ အဖြေပေးကောင်း ပေးလိမ့်မယ် ထင်တယ်။ ဒီလိုဖြေရုံနဲ့တော့ မပြေသေးပေဘူး။ ဘာကြောင့်လည်း ဆိုရင် ၀ိပဿနာဥာဏ်နဲ့ ဒုက္ခလက္ခဏာ ထင်တယ်ဆိုတာက အခံခက်တဲ့ သဘောကိုချည်း တွေ့လိမ့်မယ် လို့ ဒီလိုဆိုလိုတာမှ မဟုတ်ဘဲကပဲ။ အမှန်ကတော့ ဖြစ်မှုပျက်မှုက မပြတ် နှိပ်စက်နေလို့ ကြောက်စရာ ကောင်းတဲ့ သင်္ခါရဒုက္ခဆင်းရဲ ထင်တာကိုသာ ဆိုလိုတာပဲ။ ဒါကြောင့် ဝေဒနာသံယုတ် ပါဠိတော်မှာ "တံခေါပနေတံ ဘိက္ခု မယာ သင်္ခါရာနံယေ၀ အနိစ္စတံ သန္ဒာယ ဘာသိတံ ယံကိဉ္စိ ဝေဒယိတံ တံဒုက္ခသ္မိန္တိ" လို့ ဟောထားတယ်။

"ဘိက္ခု-ရဟန်း၊ ယံကိဉ္စိ ဝေဒယိတံ တံ ဒုက္ခသ္မိံ တိ-ခံစားမှုဟူသမျှ ဆင်းရဲဒုက္ခချည်းသာ ဟူသော၊ တံ ဧတံ-ထိုစကားကို မယာ-ငါသည်၊သင်္ခါရာနံယေ၀ အနိစ္စတံ သန္ဒာယ-သင်္ခါရတရားတို့၏ မမြဲခြင်းသဘောကိုသာ ရည်ရွယ်၍ ဘာသိတံ ဟောထားသော စကားပေတည်း"-တဲ့။

အဓိပ္ပါယ်ကတော့ "ဝေဒနာဟူသမျှကို ဆင်းရဲချည်းပဲလို့ ဟောထားတဲ့ စကားဟာ ရှိပါတယ်. ဒါပေမဲ့ အဲဒီ စကားဟာ သင်္ခါရ တရားတွေ မမြဲတဲ့ အတွက် ကြောက်စရာကောင်းတာ ကိုသာ ရည်ပြီးဟောထားတဲ့ စကားပါ" တဲ့။ ဝေဒနာတိုင်း ခံရခက်တာချည်းပဲ လို့ ဒီလိုဆိုတာတော့ မဟုတ်ပါဘူးတဲ့။ ဒါကြောင့် ၀ိပဿနာဥာဏ်မို့ ဝေဒနာ သုံးပါးလုံး ဒုက္ခထင်တာလို့ ဖြေတာဟာ မလုံလောက်သေးဘူး လို့ မှတ်ရမယ်။

ချမ်းသာတဲ့ ဒဏ်ချက်တွေ

အမှန်အားဖြင့်ဆိုရင် ဝေဒနာသုံးပါးရှိတဲ့ အနက် သုခဝေဒနာကို ၀ိပရိဏာမဒုက္ခ အနေနဲ့သာ ထင်ရတယ်။ ဘယ်လိုလဲ ဆိုရင် ကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကောင်းစားချမ်းသာမှု ကလေးတွေဟာ သူတို့ ရှိနေတုန်းတော့ ကိုယ်အလိုအတိုင်းပြည့်လို့ တပြုံးပြုံးတရွှင်ရွှင်နဲ့ ကောင်းနေတာပါပဲ။ ဒါကြောင့် သူတို့ကို ဌိတိသုခ လို့ခေါ်တယ်။ ရှိနေတုန်း ချမ်းသာတဲ့ တရားလို့ ဆိုလိုတယ်။ ဒါပေမဲ့ သူတို့ မရှိတဲ့ အခါကျတော့ သူတို့ရှိနေတုန်းက ချမ်းသာခဲ့ရတာ လောက်မကပဲ အကြီးအကျယ် ဆင်းရဲရတတ်တယ်။

ပုံစံထုတ်ကြည့်ကြစို့။ ယခု လောကမှာ ပစ္စည်းဥစ္စာ ပေါများချမ်းသာတဲ့ လူတွေဟာ ရှိသမျှ ပစ္စည်းတွေ အကုန်ပျက်သွားရင် ဘယ်လိုနေကြမလဲ။ သားချစ်ကလေးရှိတဲ့ မိခင်မှာ အဲဒီ သားချစ်ကလေး ပျက်စီးသွားရင် ဘယ်လိုနေမလဲ။ တစ်ဦးနဲ့ တစ်ဦး အင်မတန်ချစ်မြတ်နိုးနေကြတဲ့ အိမ်ထောင်သည်များမှာ မခွဲချင်ဘဲ ကွဲသွားကြမယ်ဆိုရင် ဘယ်လိုနေကြမလဲ။ ပြည့်စုံကောင်းစားတုန်းက ချမ်းသာရတာထက် ပိုပြီးတော့ ဆင်းရဲ ပင်ပန်းကြရမယ် မဟုတ်လား။

အဲဒီလို ဆင်းရဲရတာတွေဟာ ယခင် ချမ်းသာခဲ့တဲ့ ဒဏ်ချက်တွေပဲ။ ဒါကြောင့် သူ့ကို ဌိတိသုခ ၀ိပရိဏာမ ဒုက္ခလို့ခေါ်တယ်။ သူရှိနေတုန်းသာ ချမ်းသာခွင့်ပေးပြီး သူမရှိတဲ့ အခါကျတော့ မနေတတ်၊ မထိုင်တတ် ဖြစ်အောင် ဆင်းရဲစေတတ်တဲ့ တရားလို့ ဆိုလိုတယ်။

တစ်နည်းအားဖြင့် မက်မောစရာတွေကို ပြပြီး ဖမ်းစားတတ်တဲ့ ဥစ္စာစောင့်များ ဘီလူးများနဲ့လည်း တူတယ်။ လောကီချမ်းသာသုခ ဆိုရင် ဒါမျိုးချည်းပဲ။

မှန်စွာသိမြင်သောသူ

ဒါကြောင့် ဒီချမ်းသာကို ကြောက်စရာကောင်းတဲ့ တရားပဲလို့ သိမြင်ရမယ်တဲ့။ ဒီလို သိမြင်ရတာဟာ သုခဝေဒနာ ကို အမှန်အတိုင်း မြင်တာပါပဲ။

ဒါကြောင့် "ယော- အကြင်ယောဂီသည်၊ သုခံ -ချမ်းသာမှုသုခဝေဒနာကို ၊ဒုက္ခတော- ၀ိပရိဏာမ ဒုက္ခဟူ၍ ၀ါ- သူကွယ်ပျောက်သွားသော အခါ မနေသာအောင် လွန်စွာဆင်းရဲ ပင်ပန်းစေတတ်သော ကြောင့် ကြောက်စရာ တရားဆိုးဟူ၍ အဒ္ဒက္ခိ- သိမြင်ပြီး၊ သ-သော- တိုသို့ သိမြင်သော ယောဂီသည် ၊ သမ္မဒ္ဒသော- မှန်ကန်စွာ သိမြင်သူပေတည်း"လို့ သံယုတ်ပါဠိမှာ ဟောထားတယ်။

မဟာစည်ဆရာတော်- ဝေဒနာနုပဿနာတရားတော် ဒုတိယပိုင်း စာမျက်နှာ ၉-၁၀

ဆက်ရန်

စိတ်ဆင်းရဲခြင်းကင်းပျောက်ဆေး( မဟာစည်-ဝေဒနာနုပဿနာ ဒု -ပိုင်း)

Read more...

*ဘယ်သူ့ အတွက်လဲ…???*

*ဘယ်သူ့ အတွက်လဲ…???*

တရားပွဲ တစ်ခုမှ တရားဒါန စာစောင်လေး တစ်ခု ကို ကြိုက်လို့... မျှဝေးပေးလိုက် တာပါ...

(၁)
မျှော်လင့်ခြင်းနှင့် ပေးကမ်းလျှင် အရောင်းအ၀ယ် ပြုလုပ်ခြင်းဖြစ်သည်။
မျှော်လင့်ချက်မပါဘဲ ပေးကမ်းမှသာ ဒါနပါရမီ ဖြည့်ဆည်းခြင်း ဖြစ်သည်။

(၂)
အသာစံခြင်းရဲ့နောက်ဆုံး ပန်းတိုင်သည် အပါယ်(၄)ပါး၊
အနာခံခြင်းရဲ့ နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်။
အနာခံခြင်းသည် သမုဒ္ဒယသစ္စာ တဏှာကို အကျင့်ဖြင့် ပယ်သတ်ခြင်း ဖြစ်သည်။

(၃)
မိမိကိုယ်ကို လောကအတွက် အသုံးချသူသည် သူတော်ကောင်း၊
လောကကို မိမိအတွက် အသုံးချသူသည် သူယုတ်မာ။

(၄)
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ် မရှိ၊
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာပုဂ္ဂိုလ် မရှိ။

(၅)
ဘယ်လောက်ပင် စားရစားရ တစ်ဝမ်းဝရုံ၊ ဘယ်လောက်ပင် ၀တ်ရ၀တ်ရ အရေးပြားဖုံးရုံပဲ။
ဘယ်လောက်ပင် အိပ်ရနေရ တစ်ကိုယ်စာလေးပဲ။ ဘယ်လောက်ပင် ပစ္စည်းဥစ္စာရှိရှိ၊ သေလျှင် ထားပစ်ခဲ့ရတာ ချည်းပဲ။
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။

(၆)
ပညာမဲ့သည် ရလာသော လူ့ဘ၀ကို ကာမဂုဏ်(အကုသိုလ်) အတွက် အသုံးချ၍ အပါယ်သို့သွား၏၊
ပညာရှိသည် ရလာသော လူ့ဘ၀ကို မဂ်ဖိုလ်တရား(ကုသိုလ်) ရဖို့ အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွား၏။

(၇)
ရယူခြင်းနှင့် ပေးဆပ်ခြင်း တို့တွင် ပေးဆပ်ခြင်း၌ ပျော်မွေ့သူသည်သာ တကယ့် သူတော်ကောင်းဖြစ်သည်။

(၈)
သာသနာပြု ပုဂ္ဂိုလ်ဆိုတာ လူတွေရဲ့ ရင်ထဲကို သီလ သမာဓိ ပညာ သိက္ခာ သုံးပါးတည်အောင် လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို ခေါ်တယ်။

(၉)
သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲ ရှိတယ်။ မိမိကိုယ်မိမိ မကြည်ညိုလျှင် အပါယ်ကျတတ်တယ်။

(၁၀)
လောကုတ္တရာ စာမေးပွဲမှာ မေးသူ ဖြေသူ အမှတ်ပေးသူဟာ မိမိတစ်ယောက်တည်းသာ ဖြစ်တယ်။

(၁၁)
သဒ္ဓါဓာတ် ရှိတဲ့ ပုဂ္ဂိုလ်အတွက် လှူစရာပစ္စည်းတွေ ပေါများနေတတ်တယ်။
လောဘဓာတ် ရှိတဲ့ပုဂ္ဂိုလ်အတွက် ယူစရာမစ္စည်းတွေ မလောက်င တော့ဘူး။

(၁၂)
မသူတော်သည် သူတစ်ပါး၏ ဇီးစေ့လောက်ရှိသော အပြစ်ကို ရှာဖွေတွေ့မြင် တတ်သော်လည်း၊ မိမိ၏ မြင့်မိုရ်တောင်လောက် ရှိသော အပြစ်ကိုကား မမြင်တတ်၊ သူတော်ကောင်းသည် သူတစ်ပါး၏ မြင့်မိုရ်တောင်လောက် ရှိသော အပြစ်ကို မမြင်တတ်သော်လည်း မိမိ၏ ဇီးစေ့လောက်ရှိသော အပြစ်ကိုကား ရှာရှာဖွေဖွေ မြင်ပြီး ပြုပြင်ဆုံးမတတ်၏။

(၁၃)
သူတစ်ပါးရဲ့ စေတနာကို မကြည့်ရဘူး။ ကိုယ့် စေတနာကိုပဲ ကိုယ့်ကြည့်ရမယ်။


လေးစားရိုသေစွာဖြင့်
ဖိုးသား

4/11/2009, SAT:, 10:05:27 PM

Read more...

အင်ကြင်းပင်ပျိုတို့၏ အကြား၌ ...

အင်ကြင်းပင်ပျိုတို့၏ အကြား၌ ...

ပရိနိဗ္ဗာနသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုခါးနီးအချိန် ကုသိနာရုံပြည် အကွေ့ မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်တော အင်ကြင်းပင်ပျိုတို့၏ အကြား၌ (သီတင်းသုံး) နေတော်မူ၏၊

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
''ရဟန်းတို့ သင်တို့အား ယခု (ငါ)မိန့်မှာတော်မူခဲ့အံ့၊ ပြုပြင်အပ်သော 'သင်္ခါရ' တရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏၊ မမေ့မလျော့သော 'သတိတရား' ဖြင့် ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့'' ဟု မိန့်တော်မူ၏။
ဤကားမြတ်စွာဘုရား၏ နောက်ဆုံးမိန့်ခွန်းတော်ပေတည်း။

ထို့နောက် မြတ်စွာဘုရားသည် ပဌမဈာန်ကို ဝင်စားတော်မူ၏၊ ပဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ၍ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကာသာ နဉ္စာယတနဈာန်မှ ထတော်မူ၍ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ ဝိညာဏဉ္စာယတနဈာန်မှ ထတော်မူ၍ အာကိဉ္စညာယတနဈာန်ကို ဝင်စားတော်မူ၏၊အာကိဉ္စညာယတနဈာန်မှ ထတော်မူ၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စားတော်မူ၏၊ နေဝသညာနာသညာယတနဈာန်မှ ထတော်မူ၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူ၏။ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်မှ ထတော်မူ၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စားတော်မူ၏၊ နေဝသညာနာသညာယတနဈာန်မှ ထတော်မူ၍ အာကိဉ္စညာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကိဉ္စညာယတနဈာန်မှ ထတော်မူ၍ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ ဝိညာဏဉ္စာယတနဈာန်မှ ထတော်မူ၍ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားတော်မူ၏၊ အာကာသာနဉ္စာယတနဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စား တော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ ပဌမဈာန်ကို ဝင်စားတော်မူ၏။ ပဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊ တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊ စတုတ္ထဈာန်မှ ထတော်မူပြီးသည်၏ အခြားမဲ့၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏၊

မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူသည် ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် သဟမ္ပတိဗြဟ္မာသည် ဤဂါထာကို ရွတ်ဆို၏-

''အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဤသို့သော ဆရာသခင် အတုမဲ့ ဘုရားရှင်သော်လည်း အကြင် လောက၌ ပရိနိဗ္ဗာန်ပြုတော် မူရချေသေး၏၊ ထိုလောကထဲ၌ အားလုံး ရှိသမျှ သတ္ထဝါတို့သည် ရုပ်နာမ်အစု အတ္တဘောကို စွန့်ပစ်ကြရကုန်မည် ချည်းသာတည်း'' ဟု ရွတ်ဆို၏။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည် ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာကို ရွတ်ဆို၏-

''ပြုပြင်အပ်သော သင်္ခါရတရားတို့သည် ဖြစ်ခြင်း, ပျက်ခြင်းသဘောရှိကုန်သည် ဖြစ်၍ မမြဲလေကုန်စွတကား၊ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထို သင်္ခါရတရားတို့၏ ငြိမ်းခြင်းသည်သာလျှင် ချမ်းသာပေလိမ့် တကား'' ဟု (ရွတ်ဆို ၏)။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် အသျှင်အာနန္ဒာသည် ဤဂါထာကို ရွတ်ဆို၏-

''မွန်မြတ်သော ဂုဏ်တော်အားလုံးတို့နှင့် ပြည့်စုံတော်မူသော အလုံးစုံသော တရားတို့ကိုကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူ လတ်သော် ထိုအခိုက်ဝယ်ကြောက်မက်ဖွယ် (မြေလှုပ်ခြင်း) သည် ဖြစ်လေပြီး တကား၊ ကြက်သီးမွေးညင်း ထစေတတ်သော(မြေလှုပ်ခြင်း) သည် ဖြစ်လေပြီး တကား'' ဟု (ရွတ်ဆို၏)။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ပရိနိဗ္ဗာန်ပြုသည်နှင့် တစ်ပြိုင်နက် အသျှင်အနုရုဒ္ဓါသည် ဤဂါထာတို့ကို ရွတ်ဆို၏-

''တဏှာကင်းတော်မူသော စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ငြိမ်းအေးသောနိဗ္ဗာန်သို့ ကြွရန် ရည်စူး၍ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ၊ (ထို့ကြောင့်) စိတ်ဓာတ် ကြံ့ခိုင်၍ ကောင်းဆိုးနှစ်ပါးကို အတူထားလျက် ရှုတော်မူ နိုင်သော မြတ်စွာဘုရား၏ ထွက်လေဝင်လေ မရှိတော့ပြီတကား။

(မြတ်စွာဘုရားသည်) ညှိုးငယ်ခြင်းမရှိသော စိတ်ဖြင့် ဝေဒနာကို သည်းခံတော် မူလေပြီ၊ ထိုမြတ်စွာဘုရား၏ စိတ်တော်သည် 'ဆီမီးလျှံ ငြိမ်းသကဲ့သို့ပင်' (ချုပ်ငြိမ်း) လွတ်မြောက်တော်မူ လေပြီးတကား'' ဟု ရွတ်ဆို၏။186

၅ - ပရိနိဗ္ဗာနသုတ်၊ ဒုတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


...
ဗုဒ္ဓဓမ္မ နှလုံးလှ
Labels: သံယုတ်ပါဠိတေ

Read more...

အလဇ္ဇီ(သီလမရှိသူ)ကိုလှူ၍ အကျိုးရှိ မရှိ... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ) ၁-မှ...

အလဇ္ဇီ(သီလမရှိသူ)ကိုလှူ၍ အကျိုးရှိ မရှိ...












Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP