*ကျေးဇူးစကား တစ်ခွန်းတော့ ပြောပါ*
အပန်းဖြေ စခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွှံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ၀တ်ဆင်ထားတဲ့ လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး “ကျွန်တော့် ကားအောက်ထဲ ၀င်ပြီး ဘယ်သူ ၀က်အူ ကြပ်ပေး နိုင်မလဲ?”လို့ အော်ဟစ် အကူအညီ တောင်းလိုက်တယ်။
ကားရဲ့ ဆီတိုင်ကီက ၀က်အူတစ်ချောင်း ချောင်နေပြီး ဆီတွေ ယိုနေခဲ့လို့ ရပ်သွားတာ ဖြစ်တယ်။ ဓါတ်ဆီ ဆိုင်နဲ့လည်း အတန်ငယ် အလှမ်းဝေး တာကြောင့် ကားပိုင်ရှင်ရဲ့ စိတ်ဟာ အိုးဖုံးပူ ပေါ်က ပုရွက်ဆိတ် တွေလိုပဲ လှုပ်ရှား နေခဲ့တယ်။
ကားပိုင်ရှင် ဘေးက လှလှပပ ပြင်ဆင်ထားတဲ့ အမျိုးသမီး တစ်ဦးက “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်”လို့ ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး ငွေစက္ကူ တစ်ရွက်ကို အလျင်အမြန် ထုတ်ပြီး “၀က်အူ ကြပ်ပေးတဲ့သူ ဒီပိုက်ဆံနဲ့ ထိုက်မယ်”လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက် လှုပ်သွားတယ်။ ဒါပေမယ့် ဘေးလူ တစ်ယောက်က “ပိုက်ဆံရှိသူ တွေရဲ့ စကားကို မယုံနဲ့” ဆိုပြီး လှမ်းဆွဲ လိုက်တယ်။ အဲဒီ အချိန်မှာ ကလေးငယ် တစ်ဦးက ထွက်လာပြီး “ကျွန်တော် ကူမယ်” လို့ ပြောလိုက်တယ်။
ကလေးငယ်က ကားအောက်ထဲ ၀င်ပြီး ၀က်အူကို ကြပ်ပေး လိုက်တယ်။ တစ်မိနစ်တောင် မကြာတဲ့ အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို မျှော်လင့်ချက် မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနက ငွေကို လှမ်းပေးမယ် အလုပ်မှာ အမျိုးသမီးက “ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ပဲ ပေးလိုက်ပါ” လို့ ၀င်ဟန့်တယ်။
ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကို လှမ်းပေး လိုက်တယ်။ ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ၀ိုင်းကြည့်နေတဲ့ လူအုပ်ကြားက ဝေဖန်သံ တစ်ချို့ ထွက်လာတော့ ကားပိုင်ရှင်က အကြွေတစ်ချို့ ထပ်ပေါင်းပြီး ကလေးကို ကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါ ပြန်တော့ စိတ်ဆိုးပြီး “ဘာလဲ.. မင်းက နည်းသေးတယ်လို့ ထင်လား? နည်းတယ် ထင်ရင် လုံးဝ မပေးတော့ ဘူးနော်”လို့ အော်လိုက်တယ်။
“နည်းတယ် ထင်လို့ မဟုတ်ပါဘူး၊ ကျွန်တော့် ဆရာမက ပြောပါတယ်၊ လူတွေကို ကူညီတာ အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး”လို့ ကလေးငယ်က ပြန်ပြောတော့ “ဒါဆို မင်းဘာဖြစ်လို့ မသွားသေး တာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက် မေးပြန်တယ်။
“လေးလေးဆီက ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကား တစ်ခွန်းကို ကျွန်တော် စောင့်နေတာပါ” လို့ ကလေးက ပြန်ပြော လိုက်တယ်။
***********************************************************
မေးလ်က ရရှိလာတဲ့ အကြောင်းအရာလေး တစ်ခုပါ။ စာဖတ်သူအနေနဲ့ ဒီ အကြောင်း အရာလေးကို ဖတ်ပြီး ဘာတွေ တွေးမိ၊ စဉ်းစားမိ၊ ခံယူမိပါသလဲ..။ ဘယ်လို အသိတရားတွေများ ရလိုက်ပါသလဲ…။
ဒီလိုမေးတော့ ကျွန်တော် တွေးမိ စဉ်းစားမိတာ လေးလည်း ပြောဖို့ လိုလာမယ် ထင်ပါတယ်။ ကျွန်တော် ဘာတွေ တွေးမိ ဆင်ခြင်မိလဲ ဆိုတော့…
(၁)
ကားပိုင်ရှင်က အော်ဟစ် အကူအညီ တောင်းတာကို ဘေးက အမျိုးသမီးက ဆုငွေပေးရင် လုပ်မယ့် သူရှိမယ်ဆိုတဲ့ အပြော…
ဒီနေရာမှာ ပိုက်ဆံပေးရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ တစ်ချို့သော သူတွေရဲ့ စရိုက်ကို ဖော်ပြသွားပါတယ်…။ ဟုတ်ပါတယ် .. လူတွေကလည်း ပိုက်ဆံရမှ၊ အခွင့်အရေးရမှ လုပ်ချင်ကြတာကိုး…။ ဒါဆိုရင် ပိုက်ဆံမရ၊ အခွင့်အရေး မရပေမယ့် အနစ်နာခံပြီး လုပ်ပေးမယ့်၊ ကူညီမယ့် သူမျိုးကော မရှိနိုင်ဘူးလား…? အရေအတွက် ဘယ်လောက်များများ ရှိပါသလဲ…? ကျွန်ုပ်တို့ သင်တို့ တစ်တွေကော ကူမယ့်သူလား ယူမယ့်သူလား…? ဒါမှမဟုတ် ကူလည်းကူမယ်၊ ယူလည်းယူမယ် ဆိုတဲ့ လူမျိုးလား…? ကျွန်တော် အတွေး နယ်ချဲ့ မိတာပါ။
(၂)
ကားပိုင်ရှင်က တန်ဖိုးကြီး ငွေစက္ကူ တစ်ရွက် ထုတ်ပြီး အကူအညီ တောင်းတာကို လူအုပ်ထဲက လူငယ် တစ်ယောက်က ကူညီဖို့ ဟန်ပြင်တယ် (ဒီပိုက်ဆံကို မြင်လို့)။ အဲဒါကို ဘေးကလူက ပိုက်ဆံရှိတဲ့ သူတွေရဲ့ စကား မယုံရဘူးလို့ ဆိုတယ်…။
အင်း… ဒီနေရာမှာ ဘေးကလူက တားတာသည် သူသည် ပိုက်ဆံရှိတဲ့ သူတွေရဲ့ အလိမ် အညာ မိဖူးလို့လည်း ဖြစ်နိုင်သလို ခုလို ကူညီမယ့်လူငယ် ကူညီအပြီးမှာ ပိုက်ဆံရသွားမှာကို မနာလိုလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ သေချာ မပြောနိုင်ပါဘူး… ကာယကံရှင် ကိုယ်တိုင်မှပဲ သိနိုင်မှာပါ…။
နောက်တစ်ချက် ကျွန်တော် မေးလိုတာက လောကမှာ ပိုက်ဆံရှိတဲ့ လူတိုင်းကို မယုံရတော့ ဘူးလား…? လောကမှာ မယုံကြည်ရတဲ့ သူတွေသည် ပိုက်ဆံရှိတဲ့ သူတွေ ချည်းပဲလား…၊ ပိုက်ဆံမရှိတဲ့ သူတွေကော မပါနိုင်ဘူးလား…? မယုံကြည်ရတဲ့ သူတစ်ယောက် အဖွဲ့အစည်း တစ်ခုမှာ ရှိတာနဲ့ အဲဒီ အဖွဲ့အစည်း တစ်ခုလုံးသည် မယုံကြည်ရတဲ့ သူတွေ ဖြစ်သွားကောလား…? တစ်ယောက် မကောင်းတာနဲ့ အများကို သိမ်းကြုံးပြီးတော့ အပြစ် မမြင်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်လေ…။ ဒါက ကျွန်တော့် အမြင်ပါ၊ မိတ်ဆွေတို့ကော ဘယ့်နှယ့်ရှိစ…?
(၃)
ကလေးငယ်လေး ကူညီအပြီးမှာ ကားပိုင်ရှင်က ခုန သူပြောထားတဲ့ ငွေအမောင့် ပေးမယ် လုပ်တော့ ဘေးနားက အမျိုးသမီး (သူ့ဇနီးလည်း ဖြစ်နိုင်ပါတယ်)က အကြွေတွေ ပေးခိုင်းတဲ့ကိစ္စ။ နောက် ကားပိုင်ရှင် ကိုယ်တိုင်က အကြွေတွေပဲ ပေးတဲ့ကိစ္စ။
ဘေးနားက အမျိုးသမီးသည် ဘာကြောင့် ခုလို ပြောရပါသလဲ…? ကားပိုင်ရှင်ကကော အဲဒီအမျိုးသမီး စကားကို နားထောင်ပြီး ဘာကြောင့် အကြွေတွေပဲ ပေးရပါသလဲ…? ပေးပြီးသား ကတိကို ဘာကြောင့် ဖျက်ရပါသလဲ…? “မင်းက နည်းတယ် ထင်လို့လား? နည်းတယ် ထင်ရင် လုံးဝ မပေးတော့ ဘူးနော်” ဟူသော စကားမျိုး အဘယ်ကြောင့် ပြောထွက်ပါသနည်း…? တစ်ဘက်က ကလေးဆိုပြီး အနိုင်ယူတာလား…? ဘာကြောင့် ကူညီမှုကို တန်ဖိုး မထားကြတာလဲ…? မေးစရာ တွေကတော့ တွေးရင် တွေးသလောက် ထွက်လာ ဦးမှာဆိုတော့ ဒီလောက်ပဲ မေးကြည့်ပါရစေ။
ဒီမေးခွန်းတွေကို ကျွန်တော် ပြန်ဖြေရရင်တော့ အဓိကက မေတ္တာတရားနဲ့ ကိုယ်ချင်းစာ တရား မရှိမှုပါ။ လူတိုင်းမှာသာ မေတ္တာတရား၊ ကိုယ်ချင်းစာ တရား ရှိနေခဲ့မယ် ဆိုရင် ခုလို အဖြစ်မျိုးလည်း ဖြစ်စရာ မရှိသလို၊ ဒီလို မေးခွန်းတွေလည်း မေးစရာ မလိုအပ်ပါဘူး…။ ဒါကလည်း ကျွန်တော် ထင်မြင် ယူဆတာလေးပါ။ ဖြစ်နိုင်ရင် မိတ်ဆွေတို့ရဲ့ အမြင်လေးကိုလည်း သိချင်မိပါတယ်။
(၄)
ကလေးငယ်လေးရဲ့ “နည်းတယ် ထင်လို့ မဟုတ်ပါဘူး၊ ကျွန်တော့် ဆရာမက မှာထားပါတယ်။ လူတွေကို ကူညီတာ အကျိုးအမြတ် ရဖို့ မဟုတ်ပါဘူး” ဟူသော စကား
အော်.. ကလေးငယ်ရဲ့ ခံယူတတ်တဲ့ စိတ်ဓါတ်နဲ့ နူးညံ့တဲ့ နှလုံးသားကို အတိုင်းသား သွားတွေ့လိုက်ရတယ်။ နောက် ကလေးငယ် ဘ၀မှာ သွန်သင် ဆုံးမတဲ့ ဆရာ ဆရာမတွေရဲ့ အရေးပါပုံလေး ကိုလည်း ကျွန်တော် သတိ ထားလိုက်မိပါရဲ့…။ မိတ်ဆွေတို့ကော ဘယ်လို ယူဆမိလဲ မသိ…?
(၅)
ကလေးငယ်ရဲ့ နောက်ဆုံး ပြောကြားလိုက်တဲ့ “လေးလေးဆီက ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကား တစ်ခွန်းကို ကျွန်တော် စောင့်နေတာပါ” ဆိုတဲ့ စကားလေး…
ဒါလေးကို ဖတ်လိုက်တဲ့ အချိန် နင့်နေအောင် ခံစားလိုက်ရတယ်… ကလေးငယ်ရဲ့ ရိုးသားမှု၊ နောက် လူတိုင်းဟာ ကိုယ် ကူညီလိုက်လို့ မိမိကိုင်တိုင် အကျိုးအမြတ် ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူတစ်ပါးရဲ့ အလေးပေးမှုလေးကို ခံယူချင်မှု… စတာတွေကို ဒီစကားလေးက သရုပ်ဖော်လိုက် သလိုပါပဲ…။
(၆)
ဇာတ်လမ်း လေးကတော့ ဒီမှာပဲ ပြီးသွားတယ်ဗျ… ဒါပေမယ့် ကျွန်တော် သိချင်တာ တစ်ခု ကျန်နေသေးတယ်…။ မိတ်ဆွေတို့လည်း သိချင် မလားပဲ…။ ဘာလဲ ဆိုတော့ ကားပိုင်ရှင်ကြီး နောက်ဆုံးမှာ ကျေးဇူးတင်စကား ပြောမပြော.. အဲဒါလေးပါ။
ကျွန်တော် နောက်ဆုံး အနေနဲ့ တွေးမိတာလေး တစ်ခု ရှိသေးတယ်ဗျ… မေးချင်တာပေါ့နော
ကျွန်တော်တို့ တစ်တွေသာ ဒီဇာတ်လမ်း လေးထဲမှာ ၀င်ရောက် ဖျော်ဖြေခွင့် ရခဲ့ရင် ဘယ်နေရာကများ သရုပ်ဆောင် ချင်ပါလဲ…? လက်တွေ့မှာကော ကျွန်တော်တို့ သရုပ်ဆောင် ချင်သော ဇာတ်ကောင်ကဲ့သို့ ကျွန်တော်တို့ရဲ့ စရိုက်တွေနဲ့ ကိုက်ညီမှု ရှိပါရဲ့လား…? အဲဒါလေးကိုလည်း ဒီဇာတ်လမ်းလေး ဖတ်အပြီး ကိုယ့်ကိုယ်ကို ပြန်ပြန် မေးနေမိပါရဲ့…။
************************************************
လေးစားစွာဖြင့်
ဖိုးသား
4/10/2009, SAT:, 4:38:50 AM