*ဒိဋ္ဌေဒိဋ္ဌမတ္တံ (၃)*
ဒိဋ္ဌေဒိဋ္ဌ မတ္တံ အလုပ်သည် ကျွန်ုပ်တို့၏ စိတ်ကို လည်းကောင်း၊ ကိုယ်ကို လည်းကောင်း၊ ပတ်ဝန်းကျင်ကို လည်းကောင်း၊ ဘယ်လို ကြားတတ်အောင် နားထောင်ရမည် ဆိုသည်ကို လေ့ကျင့် သင်ကြားနေခြင်း ဖြစ်ပါသည်။ သင်တို့သည် မြစ်ကမ်း တစ်နေရာမှာ ဖြစ်ဖြစ်၊ ပင်လယ်ကမ်းစပ် တစ်နေရာမှာ ဖြစ်ဖြစ် တိတ်တဆိတ် ငြိမ်သက်စွာ ထိုင်နေကောင်း ထိုင်နေမိကြ ပါလိမ့်မည်။ အစပိုင်းတွင် အလွန် ပြင်းထန်သော အသံကြီး တစ်သံ တိုးဝှေ့လာသလို ကြားနေရမည်။
သို့သော် တိတ်ဆိတ် ငြိမ်သက်စွာ ဘာမှ မလုပ်ဘဲ နားစွင့်၍သာ ထိုင်နေပါက တစ်စထက် တစ်စ အလွန်သေးမွှား သိမ်မွေ့သော အသံ ကလေးတွေ မြောက်မြားစွာကို စတင် ကြားလာရ ပါသည်။ ကမ်းခြေကို လှိုင်းပုတ်သည့် အသံတွေ၊ မြစ်ရေ စီးကျသံတွေ။ ထိုသို့ စိတ်၏ ငြိမ်းချမ်းမှု၊ ငြိမ်သက်မှု ရှိနေခိုက်တွင် ကျွန်ုပ်တို့သည် ဘာတွေ ဘယ်လို ဖြစ်ပျက် နေသည်ကို နက်နက်ရှိုင်းရှိုင်း အတိုင်းသား ကြားနေ ရပါသည်။
ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်ကို နားထောင်စဉ် မှာလည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ စစချင်းတော့ ငါ၊ ကိုယ်၊ အတ္တဆိုသော အသံ တစ်ခုတည်း ကိုသာ ကြားရပါသည်။ သို့သော် တဖြေးဖြေးဖြင့် နားစိုက်ထောင်တတ် လာသောအခါ ငါဆိုသော အသံ ထဲမှာပင် ပြောင်းလဲ ဖြစ်ပျက်နေသော ရုပ်ဓါတ်တွေ နာမ်ဓါတ်တွေသာ ဖြစ်နေကြောင်း ကြားတတ် နားလည်တတ် ပါတော့သည်။
သတိဖြင့် နားထောင် နေရင်းမှာပင် ထို ခန္ဓာငါးပါး ရုပ်နာမ် တရားတွေသည် ပုံရိပ်များ သဖွယ် အထင်းသား ပေါ်လာကြ ပါလိမ့်မည်။ ဈင် သီလရှင် တစ်ပါးက အောက်ပါ လှပသော ကဗျာ တစ်ပုဒ်ကို စပ်ဆို ခဲ့ပါသည်။
နွေနှောင်းကာလ ပြောင်းလဲသွားသော သဘာဝကို
ဤမျက်လုံးတွေ မြင်ခဲ့ဖူးတာ
ခြောက်ဆယ့် ခြောက်ကြိမ် ရှိပါပြီ။
လမင်းသာကြောင်း ငါပြောပေါင်းလည်း များလှပြီ။
ငါ့ကို မမေးပါနှင့်တော့။
လေမတိုက်တဲ့ အချိန်မှာ
ထင်းရူးနှင့် ဆီဒါပင်တွေ ပြောတဲ့ စကားသံကို
ကြားအောင်သာ နားစိုက်ပြီး ထောင်ပါတော့။
သစ်ပင်တွေမှ လေမတိုက်တဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ အသံတွေကို ကြားအောင် နားထောင်ပါ။ ငြိမ်းချမ်းခြင်း၌ တည်သော ထိုစိတ်သည် တာအို (Tao) တရား၏ ညီညွတ်မှုကို ဖော်ဆောင် နိုင်ပါသည်။ ထိုစိတ်မှာ ဖန်တီးနိုင်စွမ်းနှင့် လက်ခံ နိုင်စွမ်းများ ရှိပါသည်။ စိတ်၏ နိုးကြား ရှင်သန်နေမှု၊ ထိုးထွင်း သိမြင်နိုင်မှု၊ ရှင်သန်လျက် သတိ ၀ီရိယ ရှိနေခြင်း သဘောကိုပင် ဖန်တီး နိုင်စွမ်းအားဟု ဆိုပါသည်။
စိတ်၏ ရွေးချယ်မှု ကင်းခြင်း၊ ဘာကိုမှ ခွဲခြမ်းစိတ်ဖြာ စဉ်းစား ချင့်ချိန်နေခြင်း မရှိဘဲ လုံးလုံး လျားလျား ငြိမ်သက် တိတ်ဆိတ် နေသော သဘောသည် လက်ခံနိုင်စွမ်းကို ဖော်ဆောင် ပါသည်။ စိတ်၏ ရှင်သန်မှုနှင့် ကြည်လင်စွာ သိမြင်နိုင်မှု သဘောနှင့် လက်ခံနိုင်မှု သဘော တို့ကို ပေါင်းစပ် လိုက်သော အခါ စိတ်၏ ညီညွတ်မှု၊ မျှတမှုသည် အပြည့်အ၀ ဖြစ်ပေါ် လာပါတော့သည်။ ထိုအခါ စိတ်သည် ပကတိ အကြွင်းမရှိ ညီညွတ်ခြင်း၊ မျှတခြင်း၏ သဘောကို ထိတွေ့ ခံစားရသည်။
ဒိဋ္ဌေဒိဋ္ဌ မတ္တံ ၀ိပဿနာ ရှုမှု တိုးတက် ဖွံ့ဖြိုးရေး ကိစ္စတွင် အရေးပါသော စေသသိက် နှစ်ခု ရှိသည်။ ပထမ စေတသိက်သည် စိတ္တေ ကဂ္ဂတာ သမာဓိ ဖြစ်သည်။ ၀ိပဿနာ အာရုံ တစ်ခုအပေါ်တွင် စိတ်ကို ကြာရှည်စွာ တည်ရှိအောင် ထားနိုင်သော အရည်အချင်း ဖြစ်၏။ (၎င်းသည် မဂ္ဂင်အားဖြင့် သမ္မာ သမာဓိ မဂ္ဂင် ဖြစ်သည်။) နောက် စေတသိက် တစ်ခုမှာ သတိ စေတသိက် ဖြစ်၏။ မျက်မှောက် အဖြစ်အပျက် တိုင်းကို ဖြစ်လျှင် ဖြစ်ခြင်း၊ ပျက်လျှင် ပျက်ခြင်း မျက်မှောက် သိရှိနေစေရန် သတိ စေတသိက်က အာရုံ ပြုပေးသည်။ သတိက စိတ်ကို မေ့လျော့ ပေါ့ဆခြင်း မရှိအောင် ဆောင်ကြဉ်း ပေးပါသည်။ သမာဓိသည် စိတ်ကို တည်ငြိမ်မှု ရှိအောင်၊ အသားကျအောင်၊ စုစည်းမှု ရှိအောင် (မပျံ့လွင့်အောင်) ဆောင်ရွက် ပေးသည်။
သတိ စေသသိက်နှင့် သမာဓိ စေသသိက်များ ဖွံ့ဖြိုးတိုးတက် အားကောင်း လာသော အခါ စိတ်၌ တည်ငြိမ်၍ ဣနြေ္ဒ ညီမျှမှု ဖြစ်ပေါ်လာသည်။ ထိုအခါ ထက်မြက်သော နားစိုက် ထောင်တတ် မှုလည်း ဖြစ်ပေါ် လာတော့သည်။ နားစိုက် ထောင်တတ် လာပြီဆိုလျှင် နက်နဲစွာ ထိုးထွင်း သိမြင်နိုင်သော ဉာဏ်ပညာ သည်လည်း ဖြစ်ထွန်း လာကာ ကျွန်ုပ်တို့သည် ဘယ်သူတွေလဲ ဆိုသည်ကို၊ ဘာတွေလဲ ဆိုသည့် အခြင်းအရာ များစွာကို ဖွင့်လှစ် ပြသ လာပါတော့သည်။
ဉာဏ်ပညာသည် တစ်စုံ တစ်ခုသော ၀တ္ထု ပစ္စည်း အာရုံ၊ တစ်စုံတစ်ခုသော အခြေအနေ ပေါ်မှာ ပေါ်ပေါက် ဖြစ်ထွန်းလာသည် မဟုတ်ပါ။ ဆူဇူကီး ရိုရှီးက “ဉာဏ်သည် အထူးအထွေ မဟုတ်”ဟု ဆိုလေသည်။ ကျွန်ုပ်တို့၏ စိတ်ထဲတွင် ထူးဆန်းသော အရာ ဘာမျှမရှိ၊ ကျွန်ုပ်တို့၏ ရုပ်ထဲ မှာလည်း သဘာဝ အလျောက် အရာ ခပ်သိမ်းတို့ ဖြစ်ပျက်နေကြ သည်ထက် ထူးထူး ခြားခြား ဆန်းဆန်း ပြားပြားဆို၍ ဘာမျှမရှိ၊ ဖြစ်ပေါ်လာသော အရာ ခပ်သိမ်းတို့သည် ပျက်သုဉ်း ခြင်းဖြင့် အဆုံးသတ် သွားကြရ သည်ချည်းသာ ဖြစ်ပါသည်။
ထိုဖြစ်စဉ် ထဲတွင် စွဲလမ်းနေစရာ ဖက်တွယ် ထားစရာ အထူးအဆန်း ဘာဆိုဘာမျှ မရှိပါ။ ခန္ဓာစဉ် ရုပ်နာမ် အလျင်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပေါ်လာသမျှသည် သဘာဝ အတိုင်း သိမ်မွေ့စွာ ဖြစ်နေကြ ခြင်းသာ ဖြစ်ပါသည်။ အရေးကြီးသော ကိစ္စမှာ စိတ်တွင် ဣနြေ္ဒ ညီမျှမှု ရှိဖို့နှင့် သန့်ရှင်း ကြည်လင်မှု ရှိဖို့ပင် ဖြစ်၏။ တရား အားထုတ် နေစဉ်မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ထူးထူးထွေထွေ အတွေ့အကြုံ များကို လိုလာခြင်း မရှိအပ်။ တစ်ခါတစ်ရံ တရား အားထုတ် နေစဉ်မှာ ထူးထူးဆန်းဆန်း အခြင်းအရာတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက် နိုင်သည်။
သို့သော် ၎င်းတို့လည်း ဘာမျှ ထူးဆန်း သည်တော့ မဟုတ်ပါ။ ၎င်းတို့ သည်လည်း ဒိဋ္ဌေဒိဋ္ဌ မတ္တံ နည်းဖြင့် ရှုမှတ် စရာများသာ ဖြစ်ကြကုန်သည်။ ၎င်းတို့လည်း အမြဲ မရှိသော အနိစ္စ ဓမ္မအတိုင်း ဖြစ်နေကြသော သဘာဝ အခြင်းအရာ များသာ ဖြစ်၏။
ကျွန်ုပ်တို့ လုပ်လိုသည်မှာ ဖြစ်စရာ ရှိသည့်အတိုင်း ဖြစ်ပြီး ပျက်သွား ပျောက်သွား ကြသော အရာခပ်သိမ်းတို့ သူ့သဘော အတိုင်း သူဆောင် သွားသည်ကို ရှုနေဖို့ပင် ဖြစ်ပါသည်။ ဒါတွေဟာ ငါဖြစ် နေတာပဲ၊ ငါပျက်နေတာပဲ ဟု သဘာဝ၏ မမြဲသော ဖြစ်ပျက်မှုကို ငါဟု မစွဲလမ်းဖို့၊ သဘာဝကို ငါဟု မမှတ်ယူ ဖို့သာ အရေးကြီး ပါသည်။ အဘက်ဘက်က လွတ်မြောက်ဖို့ ဆိုလျှင် ငြိတွယ်ခြင်း၊ တပ်မက်ခြင်း မရှိရ။ တပ်မက်ခြင်း မရှိလျှင် ရွှေကြိုးနှင့် ချည်နှောင်ထား သော်လည်း လွတ်မြောက် နိုင်ပါသည်။
ဤ အနိစ္စ ဓမ္မ၏ ရေအလျဉ်ကို ကျွန်ုပ်တို့သည် နက်နက်နဲနဲ ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့ကြုံ ခံစားရပြီ ဆိုလျှင်၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အစိတ် အပိုင်းတိုင်းသည် ပြောင်းလဲနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဉာဏ်အမြင် ပေါက်ပြီ ဆိုလျှင် ကျွန်ုပ်တို့မှာ နက်ရှိုင်းစွာ စွဲကပ်နေသော၊ ငြိတွယ်ခြင်း သံယောဇဉ် ဖြစ်တတ်သော အထုံဓလေ့ကို စတင် စွန့်လွှတ် နိုင်လာပြီ ဖြစ်ပါသည်။ ထိုအခါ သဘာဝ အလျဉ်ကို အလိုက်သင့် လက်ခံနိုင်သူများ ဖြစ်လာပါပြီ။ သဘာဝကို ခုခံပြီး တပ်မက် မနေတော့၊ တွယ်တာ မနေတော့ပါ။ ကျွန်ုပ်တို့သည် သဘာဝက ဖွင့်ပြသော ဓမ္မ အတိုင်းသာ အလိုက်သင့် နေနိုင်သူတွေ ဖြစ်သွားပါပြီ။
>>> ဤ ဒိဋ္ဌေဒိဋ္ဌ မတ္တံ ခေါင်းစဉ်အောက်မှ အမေးအဖြေ ကဏ္ဍအား ဆက်လက် ဖော်ပြပါမည်။
>>> ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေပါသည်။
လေးစားစွာဖြင့်
ဖိုးသား
4/9/2009 6:44:31 PM