အမျိုးသမီးလူထု ကိုယ်စား
အို . . . သားတော် သမီးတော်တို့၊ နားထောင်ကြအုံးကွယ်။
သားတော် သမီးတော်အတွက် လောကအလင်းရောင်တွေ ပေးနေတဲ့ သားတော်ဘုရား မြတ်စွာ ဗုဒ္ဓကို ဟို ငယ်ငယ်တုန်းက နို့ချိုတိုက်ကျွေး မွေမြူပြီး၊ အမေက ဘယ်သူမှ နှိုင်းလို့ မရနိုင်လောက်တဲ့ မေတ္တာမျိုးနဲ့ ပြုစုခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ လောကကြီးမှာ အတုမရှိ အတူမရှိတဲ့ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားမဖြစ်ခင် အသက်(၂၉)နှစ်သား အရွယ်ထိ သားတော်ဗုဒ္ဓကို အမေကလေ ကိုယ်အသက့်ထက် ပိုတန်ဖိုးထားပြီးတော့ စောင့်ရှောက်ခဲ့တာ။
ပြီးတော့ ဘိက္ခုနီမ (အမျိုးသမီး)သာသနာတော်ကြီး ပေါ်ပေါက်လာဖို့အတွက် အမေလေ သားတော်အရှင်အာနန္ဒာရဲ အကူအညီနဲ့ အားသွန်ခွန်စိုက် မဆုတ်မနစ် ကြိုးပမ်းခဲ့လို့ အရာရာကို ထောက်ထားငဲ့ပြီး သားတော်ဘုရားက ခွင့်ပြုခဲ့တယ်။ ဘိက္ခုနီမ(အမျိုးသမီး)သာသနာကြီးကို တိုးတက် ပြန့်ပွား စည်ပင်အောင် အမျိုးသမီးလူထုကို ကိုယ်စားပြုပြီး အမေက ဦးစီးဦးဆောင် လမ်းပြခဲ့၊ လမ်းညွှန်ခဲ့တယ်။
အမေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်
သားတော် သမီးတော်တို့ရဲ့ သောကပင်လယ်ကြော၊ ဆင်းရဲဝေဒနာတောထဲကနေ အမေက တတ်နိုင်သလောက် သားတော်သမီးတော်တို့ကို ဆွဲထုတ်ခဲ့တယ်။ အဲဒီကျေးဇူးဂုဏ်တွေကို သားတော်သမီးတို့က ပြန်ပြောင်းသတိရလို့၊ တွေးတောမိခဲ့မယ်။ နောက်ပြီး အဲဒီကျေးဇူးဂုဏ်တွေကို ထောက်ထားပြီး အမေ့ကို ချစ်တယ်၊ သနားတယ်၊ ကြည်ညိုတယ်၊ ကျေးဇူးဆပ်ချင်တယ် ဆိုရင်လေ . . .
(သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊ ကရောထ ၀ီရိယံ ဒဠှံ။)
အမေ မရှိတဲ့နောက် သားတော် သမီးတော်တို့ သိထားပြီးဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ပရိယတ္တိသာသနာ (သင်ယူခြင်း၊ မှတ်သား၊ နားထောင်ခြင်း)။ ပဋိပတ္တိသာသနာ (သင်ထား၊ သိထားတဲ့အတိုင်း လိုက်နာကျင့်ကြံခြင်း)။ ပဋိဝေဓသာသနာ (သိခြင်း၊ ကျင့်ခြင်းတို့ရဲ့ အကျိုးရလဒ်၊ အသီးအပွင့်) ။ အဲဒီသာသနာ သုံးရပ်ကို မြဲမြံခိုင်ခံ့တဲ့ မဆုတ်မနစ်သော ၀ီရိယတွေ၊ သားတော် သမီးတော်တို့ရဲ့ သောကမျက်ရည်တွေကို ရုတ်သိမ်းပြီးတော့ ရွှင်ပြထက်သန်သော စိတ်ဓာတ်တွေနဲ့ တိုးတက်အောင်၊ ပြန့်ပွား စည်ပင်အောင် ကြိုးစားအားထုတ်ရစ်ကြပါ။ အခုအချိန်ဟာ သောကတွေ ပူဆွေးပြီး ငိုကြွေးနေရမဲ့ အချိန်မဟုတ်တော့ပါဘူး။
ငိုချင်စိတ်ပေါက်အောင် ငိုတတ်သူ
ဒါနဲ့ သတိရတုန်း ပြောလိုက်ပါအုံးမယ်။ မိဘတွေ၊ အဖိုးတွေ အဖွားတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ သေသွားကြရင် တို့ရွှေနိုင်ငံမှာ သိပ်ပြီး ငိုကြတာ။ စာရေးသူတွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် တစ်လထဲမှာ မောင်သေ၊ ပြီးတော့ အမေသေ - ဆိုတော့ ငိုလိုက်တဲ့ ဖြစ်ခြင်း၊ သူငိုပြီး ပြောတဲ့စကားတွေကို နားထောင်ပြီး နားထောင်ရတဲ့ သူတွေတောင် သူ့ကို သနားပြီး ငိုချင်စိတ်တွေ ပေါက်လာတယ်။
တကယ့်ကိုမှ အရူးပဲ
ဘယ်သူတွေက ဘယ်လောက်ပဲ ငိုချင်စိတ်တွေ ပေါက်ပေါက် ရှေ့မှာ ရှိတဲ့ ရုပ်အလောင်းကတော့ (အသိအမျိုးသမီး တစ်ယောက် ပြောနေကြ စကားလို) အေးအေးလူလူပဲ။ သူ မသိ၊ သူ မကြား၊ သူ မဟုတ်သလိုပဲ။ ဟုတ်တယ်လေ ဘ၀တွေကခြားသွားပြီ။ တကယ်လို့ သေတဲ့ သူက နတ်ပြည်ရောက်နေရင် လူ့ပြည်ကို သတိမရတော့တာ အမှန်ပဲ။
သတိရတယ် ထားပါအုံး နတ်ပြည်ကို ရောက်တဲ့ အချိန်နဲ့ ကျန်ရစ်သူ ငိုနေတဲ့ အချိန်တို့ဟာ ဘယ်လိုမှ စပ်ဟပ်လို့ မရနိုင်လောက်အောင် ကွာခြားလွန်းတယ်။ နတ်ပြည်က ကြည့်မိတယ်ဆိုတောင်မှ အော် ဒီ ငိုတဲ့ သူနှယ် တော်တော်ရူးတာပဲ။ တကယ့်ကိုမှ အရူးပဲ။ ဒီလောက် ကိုယ့်ရှေ့လူက သေပြနေတာတောင် သတိတရားလေး နည်းနည်းမှ မရဘူးဆိုပြီး လှောင်နေမှာ။ (သေတဲ့သူနဲ့ ပတ်သက်လို့ သေသူက သတိရတာတွေ၊ မရတာတွေ အကြောင်း၊ စပ်မိရင် သီးသန့် တစ်ပုဒ်လောက် ရေးပါဦးမယ်။)
ဘ၀နိကန္တိက တဏှာ
မြတ်ဗုဒ္ဓရှိစဉ် အခါတုန်းက သူ့မိဖုရားသေလို့၊ မိဖုရားအလောင်းကို ဆေးရည်တွေနဲ့စိမ်ပြီး တသသနဲ့ ပူဆွေး သောကရောက်နေတဲ့ မင်းတစ်ပါးရှိတယ်။ သူ့မိဖုရားက သိပ်လှတာကိုး။ လှတော့ ချစ်တယ်။ အနုအလှ စကားလေးတွေနဲ့ ချွဲချွဲ နွဲ့နွဲ့ ပြောတတ်တော့ အဲဒီမင်းက တခြားမိဖုရားတွေထက် သူ့ကို ပိုလို့ချစ်တာ။ သူ့မိဖုရား ငယ်ငယ်ရွယ်ရွယ် လှလှပပ နုနုထွတ်ထွတ်လေး မထင်မှတ်ဘဲ သေသွားတော့ အရူးတပိုင်းပေါ့။
ဘယ်သူမှ ဖြောင့်ဖြ၊ ဖြေသိမ့်လို့ မရနိုင်ဘူး၊ နေ့စဉ် နေ့စဉ် အဲဒီ မိဖုရားအနားမှာပဲ တမှိုင်မှိုင်တတွေတွေနဲ့ ပူဆွေးသောက ရောက်နေတာ။ မြတ်ဗုဒ္ဓနဲ့ တွေ့ပြီး ဘုရားရှင်နဲ့ ဆွေးနွေးခွင့် တရားနာခွင့် ရပြီးတဲ့နောက် . . .ဘ၀ခြားသွားတာရယ်၊ ဘ၀သစ်မှာ (ပိုးကောင်မ) ယောက်ျားအသစ် (ပိုးထီး)နဲ့ ပျော်မွေ့နေတာတွေကို သိရတော့မှ သူ့ဘ၀က ငြိမ်းချမ်းသွားတာ။
ဒီနေရာမှာ ပြောချင်တာက ဘ၀နိကန္တိကတဏှာပါ။ အဓိပ္ပါယ်က ကိုယ့်ဘ၀မှာ ကိုယ် တပ်မက်ပြီး ပျော်မွေ့နေကြတာပါပဲ။ ပေါင်တစ်ချောင်း ပြတ်ပြီး တောင်းစားနေတဲ့ သူတောင်စား တစ်ယောက်ကို သူဌေးတစ်ဦးက “မင်းဘ၀က သနားစရာပဲ၊ ပေါင်ပြတ်နေရတဲ့အထဲ တောင်းကလဲ တောင်းစားနေရသေးတယ်။ လူ့ပြည်မှာ နေမယ့်အစား သေတာကမှ ပိုကောင်းအုံးမယ်”လို့ ပြောကြည့်။ ပေါင်ပြတ် သူတောင်းစားက ဘာပြန်ပြောမယ်ထင်သလဲ? . . . ။
ဒီလိုပါပဲ လူတွေတောင် မဟုတ်ဘူး တိရစ္ဆာန်တွေလဲ သူ့ဘ၀မှာ သူ ပျော်နေတာပဲ။ လမ်းဘေးမှာ ခွေးလေ ခွေလွင့် တစ်ကောင်၊ ၀ဲကလဲ စားနေသေးတယ်။ နေ့စဉ်နေ့စဉ် စားစရာက မရှိ။ သူများ လွှင့်ပစ်တဲ့ အမှိုက်ထဲက မနည်း လုစားနေရတဲ့ ခွေးဝဲစား ဘ၀။ သူ့ကိုကြည့်ပါလား၊ သူ့ဘ၀ကို သူ မကျေမနပ်နဲ့ မှိုင်နေတဲ့ နေ့တွေများ ရှိပါသလား?။ နောက် မိမိတို့ရဲ့ မစင်၊ အစားအသောက် အပုပ်အစပ်တွေမှာ နေတဲ့ ပိုးလောက်လန်းတွေကို ကြည့်၊ သူတို့တွေဟာ သူတို့ ဘ၀ကို စက်ဆုပ် ရွံ့ရှာနေလိမ့်မယ် လို့ ထင်နေပါသလား။
ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူ ဘယ်သူမဆို ကိုယ့်ဘ၀မှာ ကိုယ်ပျော်နေကြတာပါပဲ။ အဲဒါ ဘ၀နိကန္တိကတဏှာပဲ။ သိပ်ကြောက်စရာကောင်းတယ်။ ဘ၀ကို ငြီးငွေ့ဖို့၊ ဆင်းရဲအစစ်ကို မြင်ဖို့၊ ပြီးတော့ အဲဒီဆင်းရဲ ဘာကြောင့် ဖြစ်တာလဲဆိုတာ သိဖို့ အင်မတန်မှခက်တယ်။
အဲယားကွန်းနဲ့ ဆရာဘုန်းကြီး
စာရေးသူတို့ ငယ်ငယ်က အရမ်းရင်းနှီး ကျွမ်းဝင်တဲ့ ဆရာဘုန်းကြီးတစ်ပါး ရှိခဲ့တယ်။ အဲဒီ အချိန် ဆရာဘုန်းကြီး အသက်က ရှိလှမှ လေးဆယ်ဝန်းကျင်။ တက်ကြွ လန်းဆန်းနေတဲ့ အချိန်ပေါ့။ အဲယားကွန်း အရမ်းကြိုက်တယ်။ သူသေ(ပျံတော်မူ)ရင်တောင် အဲယားကွန်းဖက်ပြီး သေမယ်လို့ မကြာခဏ နောက်ပြော ပြောလေ့ရှိတယ်။
ဒကာ၊ ဒကာမတွေကလဲ လေဖြတ်မှာ စိုးလို့ အအေးကြိုက်တာ လျှော့ဖို့ လျှောက်ထားကြတယ်။ တစ်နေ့တော့ ဆရာဘုန်းကြီး အမိန့် ရှိတာက လေများဖြတ်ခဲ့မယ်ဆိုရင်တော့ ဒီအတိုင်း တွဲတွဲ ဆွဲဆွဲနဲ့ မနေဘူး၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်တဲ့။ ဆရာဘုန်းကြီး လေဖြတ်တာ တွဲတွဲ ဆွဲဆွဲ ဖြစ်တာ သုံးခါတောင်။ ဆရာဘုန်းကြီး ဘာလုပ်မယ်ထင်ပါသလဲ။ ဒါတွေဟာ ဘ၀နိကန္တိကကို ပြောချင်တာပါ။
မသာချရင်း လူပျိုလှည့်
စာရေးသူ မြန်မာနိုင်ငံမှာ အသုဘကို အိုးစည်ဒိုးပတ်နဲ့ အသုဘချတာကို မကြာခဏ ဆိုသလို တွေ့ဖူးတယ်။ ငယ်စဉ်ဘ၀ အသုဘပို့ရင်း သတိထားမိတာက အသုဘပို့တဲ့သူတွေဟာ ငြိမ်သက်ပြီး သံဝေဂယူရင်း လိုက်ပို့ကြတယ်။ အခုခေတ်မှာ အသုဘပို့တဲ့သူတွေက ရယ်လို့မောလို့ လူပျို အပျို လှည့်ကြတာတောင် ပါသေး။
နောက်လာဦးမလား တဲ့
ရွှေအိုးစည်က တီး၊ ကတဲ့သူက က၊ အလောင်းထမ်းပြီး ဆော့တဲ့သူက ဆော့၊ ပြီးတော့ အသုဘအလောင်းကို မြေချခါနီးဖြစ်ဖြစ်၊ မီးရှို့ခါနီးဖြစ်ဖြစ် ခဲနဲ့ ပေါက်ကြတယ်။ ပါးစပ်ကလဲ ပြောကြတယ်၊ နောက်လာအုံးမလားတဲ့။ နောက်ထပ် သေတဲ့ လူတွေ လာမှာ ကြောက်ကြလို့နဲ့ တူပါတယ်။ (လူတွေက မသေတဲ့ အမျိုးလို့ ထင်နေကြပါရဲ့)
နောက် လာအုံးမလား ရဲ့ အကျိုးဆက်က ခဲနဲ့ပစ်ရင်း အသုဘအလောင်းနားမှာ ရှိတဲ့ လူရဲ့ မျက်နှာကို သွားမှန်လို့ အသုဘပွဲက ရန်ပွဲကြီး ဖြစ်ကြပြန်ရော။ ပြောစရာတွေက အများကြီး၊ အသုဘနဲ့ ဖဲဝိုင်း၊ အကျိုးဆက်က ရန်ပွဲ၊ ဒါတွေကလဲ သတိထားဖို့ ကောင်းတယ်။
အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာတော်ကြီး
သုံးကြိမ်လျှောက်လဲ ခွင့်မပြု
သားတော် သမီးတော်တို့ မြင်တွေ့ နေရတဲ့ အမေတို့ရဲ့ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာတော်ကြီးကို သားတော် မြတ်စွားဘုရားက လွယ်လွယ်ကူကူနဲ့ သဘောတူ ခွင့်ပြုခဲ့တာ မဟုတ်ဘူးကွယ့်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှာ သားတော် သိဒ္ဓတ္ထက သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သားတော်ရဲ့ အသက်က (၃၅)နှစ်ပေါ့။
သားတော်ဘုရား (၃၆)နှစ်အရွယ်၊ မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ရောက်တော့ အမေတို့နေရာ ကပိလ၀တ်နေပြည်တော်ကြီးကို သားတော်ဘုရား ကြွလာခဲ့တယ်လေ။
အဲဒီ ကြွလာတဲ့ အချိန်၊ ရလိုက်တဲ့ အခွင့် အရေးကို အမေက ဘယ်လက်လွတ်ခံလိမ့်မတုန်း။ အမျိုးသမီး ရဟန်းမ(ဘိက္ခုနီ)သာသနာ တည်ထောင်ခွင့်ရအောင် လျှောက်ထားတော့ သားတော်ဘုရားက လက်မခံခဲ့၊ ခွင့်မပြုခဲ့ဘူးကွယ့်။ နှစ်ကြိမ်လျှောက့်လဲ ခွင့်မပြု၊ သုံးကြိမ် လျှောက်ပြန်တော့လဲ ခွင့်မပြုခဲ့ပြန်ဘူးကွယ်။
ရဟန်းမတွေ ၀တ်ချင်ရှာ
အော် ဒါနဲ့ ပြောရအုံးမယ်။ သာကီဝင်မင်းသား ငါးရာ သားတော်ဘုရားရဲ့ အထံမှာ ဃရာဝါသ အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါပြီး ရဟန်းတွေ ၀တ်သွားကြတော့၊ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ဇနီး အမျိုးသမီး ငါးရာက အိမ်ထောင် ထပ်မပြုကြဘူးလေ၊ သူတို့လေးတွေကလဲ အမေနဲ့အတူ ရဟန်းမ ၀တ်ချင်ရှာနေကြတာ။
ကျောင်းတော်ကြီးဆီသို့
မဟာသက္ကရာဇ် (၁၀၈)ခုနှစ်၊ သားတော်ဘုရားရဲ့အသက်က (၄၀)အရွယ်၊ အဲဒီအချိန်မှာပေါ့။ သားတော်မြတ်စွာဘုရား ဝေသာလီပြည်၊ မဟာဝုန်တောကြီးထဲက ကူဋာဂါရသာလာကျောင်းတော်မှာ သီတင်းသုံးတယ်လို့ကြားတော့ သားတော်ဘုရားနဲ့ ရဟန်းသံဃာတွေကို အတုယူအားကျပြီး အမေနဲ့အတူ သာကီဝင်မင်းသမီး ငါးရာတို့ဟာ ဆံပင်တွေကိုဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်ပြီး သားတော်ဘုရားရဲ့ ကျောင်းတော်ကြီးဆီကို သွားကြမယ်ပေါ့။
ခြေဖ၀ါး နုနု သွေးခြေ ဥ
အဲဒီလို သွားမယ်လို့ ဟန်ပြန်တော့ သာကီမင်းတွေက ယာဉ်ရထားနဲ့ သွားဖို့ သူတို့ စီစဉ်ပေးမယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။ အမေတို့တတွေက အဲဒီလိုသွားရင် သားတော်ဘုရားကို မရိုသေရာ ရောက်မှာစိုးလို့ သူတို့ စီစဉ်ပေးမယ့် ယာဉ် ရထားတွေကို ငြင်းပယ်ပြီး ဖိနပ်ပါ မစီးဘဲနဲ့ သားတော်ဘုရားရှိရာ မဟာဝုန်တောကြီးထဲကို သွားကြတာပေါ့။ ဖုန်တွေကထူ၊ လမ်းခရီးကလဲ ကြမ်းတော့၊ ဖုန်တွေက ခန္ဓာကိုယ်မှာ အလိမ့်လိမ့်ကပ်၊ ခြေဖ၀ါတွေမှာ ဖိနပ်တစ်ခါမှ မစီးဘဲ မလျှောက်ဘူးတော့ သွေးခြေတွေဥ၊ ပေါက်ပြဲပြီးတော့ သွေးသံရဲရဲ ဖြစ်နေတာပေါ့ကွယ်။
မျက်ရည်လေးတွေ ပါးပြင်မှာ ခိုဆင်းလို့
သားတော်ဘုရားရဲ ကျောင်းပရ၀ဏ်အတွင်းကို ရောက်တာနဲ့ သားတော်ဆီကို တန်းပြီး မသွားရဲသေးဘူး။ သားတော်ဘုရားရဲ့ ခွင့်ပြုချက်ကို မရယူဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆံပင်တွေဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်လာတာဆိုတော့ ဘယ် တန်းပြီးတော့ သွားရဲပါ့မလဲ။
ဒါနဲ့ အမေလဲ အားတင်းပြီး သာကီ မင်းသမီး ငါးရာကို အပြင်မှာထား၊ အမေက သားတော်ဘုရားရဲ့ ကျောင်းတော် အပေါက်ဝလေးမှာပေါ့။ အထဲဝင်ရကောင်းနိုး မ၀င်ရကောင်းနိုးနဲ့ ချီတုံ ချတုံ ဖြစ်နေခဲ့တယ်။ နောက်ပြီး ၀မ်းနဲစိတ်တွေ ၀င်ပြီး သူ့အလိုလိုပဲ မျက်ရည်တွေက ပါးပြင်မှာ ခိုဆင်းလို့ပေါ့။
ရင်တထိတ်ထိတ်နဲ့ ကျန်ရစ်နေခဲ့
သိပ်မကြာလိုက်ပါဘူး၊ ကံကောင်းချင် သားတော် အရှင်အာနန္ဒာ ရောက်လာခဲ့တယ်လေ။ သားတော် အာနန္ဒာလဲ တွေ့တွေ့ချင်း အမေ့ရဲ့အ၀တ်အစား အသွင်အပြင်၊ ကိုယ်စိတ် ဆင်းရဲနေပုံ၊ ခြေဖ၀ါးနုနုမှာ သွေးခြေတွေဥ၊ ခန္ဓာကိုယ်မှာ ဖုန်အလိမ့်လိမ့်ကပ်ပြီး မျက်ရည်ကျနေတာကို တွေ့တော့ အရမ်းအံ့သြလို့ နေတယ်လေ။ ပြီးတော့ အကျိုးအကြောင်းမေးတော့ အမေလဲ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖော်ထုတ်လိုက်တာပေါ့။
သားတော်အာနန္ဒာက အားကိုးရပါတယ်။ အမေ့ကိုလေ . . . “မယ်တော်ကြီးရယ် ဒီလောက်လဲ စိတ်သောက ရောက်မနေပါနဲ့၊ သားတော်လျှောက်ပေးပါ့မယ်” လို့ ပြောပြောဆိုဆို နဲ့ သားတော်ဘုရားရဲ့ ကျောင်းတော်ရာထဲဝင်သွားတော့ အမေလေ ရင်တထိတ်ထိတ်နဲ့ တံခါးဝနားမှာ စောင့်လို့ ကျန်ရစ်နေခဲ့ရတာ။
အရှင်အာနန္ဒာရဲ့ စွမ်းရည်သတ္တိ
သားတော်လေး အာနန္ဒာက အထဲ ၀င်သွားပြီးတဲ့နောက် အမေ့ရဲ့ ပုံပန်းအသွင်ကို သားတော်ဘုရားအား အရင် လျှောက်ပြီး၊ မယ်တော်ကြီး ရဟန်းမ၀တ်လိုပါကြောင်း ခွင့်တောင်း လျှောက်ထားတော့တာပါပဲ။
သားတော်ဘုရားက နှစ်ကြိမ်မက သုံးကြိမ်တိုင်အောင် ပယ်မြစ်လိုက်တော့ သားတော်လေးအာနန္ဒာလဲ ပရိယာယ်စကားနဲ့ လျှောက်ထားပြန်တယ်။
“ ဘုန်းတော် နေ၀င်း ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေအတွက် အိမ်ယာတည်ထောင် လူတို့ဘောင်မှ စွန့်ခွါပြီး၊ ရဟန်းမ၀တ်ပြီး တရားအားထုတ်ပါလျှင် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်တွေကို အများသားများ နည်းတူ ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြုခွင့်များ ရှိနိုင်ပါ့မလားဘုရား”။
“ရနိုင်၊ ရောက်နိုင်၊ မျက်မှောက် ပြုနိုင်တာပေါ့၊ အာနန္ဒာ”လို့ မြတ်ဗုဒ္ဓက မိန့်တော်မူတော့ . .
“ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေလည်း မဂ် ဖိုလ် နိဗ္ဗာန် ရနိုင် ရောက်နိုင် မျက်မှောက်ပြုခွင့် ရနိုင်တယ်ဆိုရင် . . .
မယ်တော် မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရား၏ မိထွေးတော်ပါဘုရား။ အရှင်ဘုရားကို ဖွံ့ထွား ကိုယ်လက်၊ ကိုယ်နေစည်ကား ကြီးပွားခြင်းသို့ရောက်အောင် စောင့်ရှောက်ပေးခဲ့တဲ့ မယ်တော်ကြီးပါဘုရား။
ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အစပြုကာ၊ ရေမိုး ချိုးပေး၊ အစာတွေကို ၀ါး၍ ကျွေးမွေးခဲ့ရတဲ့ မယ်တော်ကြီးပါဘုရား။
အရှင်ဘုရား ၇-ရက်အရွယ် ဥမမယ် စာမမြောက် အရွယ်မရောက်သေးသည့်အချိန်မှ စ၍ အရွယ်တော်ရောက် လူလားမြောက်သည်အထိ နို့ချိုတိုက်ကျွေး မွေးမြူခဲ့ရတဲ့ မယ်တော်ကြီးပါဘုရား။ ထို့ကြောင့် . . .
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မိထွေးတော်ကြီးအမှူးရှိသော သာကီ အမျိုးကောင်းသမီးတို့အား ရဟန်းမ ၀တ်ခွင့် ပြုတော်မူပါဘုရား”လို့ သားတော်လေး အာနန္ဒာက လျှောက်ထားတော့ . . .
သားတော် မြတ်စွာဘုရားက . .
“ဂရုဓမ် တရား ရှစ်ပါး(မဟာဗုဒ္ဓ၀င်ရှု)ကို လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင်တော့ ရဟန်းမ ၀တ်ခွင့်ပေးမယ်”လို့ မိန့်တော် မူလိုက်မှ သားတော်အာနန္ဒာလဲ စိတ်အေး ချမ်းသာသွားပြီး အမေ့ဆီ ပြန်လာခဲ့တာပေါ့။
အမေနဲ့ ပါလာခဲ့တဲ့ သာကီမင်းသမီး ငါးရာတို့ကလဲ ဦးလည်မသုန် လေးစား လိုက်နာပါ့မယ်ဆိုလို့ ဘိက္ခုနီမသာသနာ တော်ကြီး ပေါ်ပေါက်လာတာ။
အစဉ်တစိုက် ကြိုးစားလိုက်ကြစမ်းပါ
“အို . . . သားတော် သမီးတော်တို့ ဒီအချိန်ဟာ စိုးရိမ်ပူဆွေ ငိုးကြွေးနေရမယ့် အချိန်မဟုတ်တော့ဘူး။
(ထီနံ အဒါသိ ပဗ္ဗဇ္ဇံ၊ သမ္ဗုဒ္ဓေါ ယာစိတော မယာ။ တသ္မာ ယထာဟံ နန္ဒိဿံ၊ တထာ တမနုတိဋ္ဌထ။)
ခက်ခက် ခဲခဲ ပင်ပင် ပန်းပန်း ဆင်းဆင်း ရဲရဲနဲ့ ရခဲ့ရတဲ့ ဘိက္ခုနီမ သာသနာတော်ကြီးကို အမေလေ အရှည်ခံ့ပြီး တည်တံ့ဖို့ အတွက် အရမ်းအလိုရှိတယ်ကွယ်။ ဒါကြောင့် သားတော် သမီးတော်တို့ဟာ ဘိက္ခုနီမ သာသနာတော်ကြီးအတွက် ဆက်လက်ပြီး ဘိက္ခုနီမသာသနာတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားဖို့အတွက် အစဉ်တစိုက် ကြိုးစား လိုက်ကြစမ်းပါကွယ်။ လို့
လမ်းဘေး ၀ဲ ယာ တဖက် တချက်မှာ ရှိတဲ့ မိထွေးတော်ကြီးရဲ့ ဘ၀ခရီးကို နှုတ်ဆက် ကန်တော့ကြတဲ့ သားတော် သမီးတော်တွေကို နောက်ဆုံး တရားဟောရင်း . . . မိထွေးတော်ကြီးတို့ သားတော်ဗုဒ္ဓမြတ်စွာရှိရာ ကျောင်းတော်ဆီသို့ ဦးတည်လိုက် ကြတယ်။
ဆက်ရန် -
ဝန်ခံချက်
ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေ ကျေနပ်ပါပြီ သားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့ အတွက် ညီငယ် မောင်ဖိုးသားမှ တဆင့် ပြန်လည် ဓမ္မဒါန ပြုခြင်းဖြစ်ပါသည်။
မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
Read more...