* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 6, 2009

*စီးချင်းတွေ အလီလီ*

ဟိုက် နာရီကြည့်မိတော့ ညနေ ၆-နာရီ ထိုးတော့မယ်… စာကျက် နေတာက ခုထိ တစ်ဝက်တောင် မကျိုးသေး… ကျက်ချင် စိတ်က မရှိ… မကျက်လို့ ကလည်း မဖြစ်.. မနက်ဖြန် စာမေးပွဲ ဖြေရဦးမည်.. ခဏနေရင် နေ့စဉ်လုပ်နေကျ ဘုရားခန်းသွား ဘုရားရှိခိုး၊ တရားထိုင်၊ မေတ္တာပို့လည်း လုပ်ရဦးမည်.. တစ်နာရီ ခွဲလောက် ကြာမည်.. အင်း.. ဘယ်လို လုပ်ရပါ့..

စိတ်တွေ ထွေလာသည်၊ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်လာသည်။ ကျွန်တော် လုပ်ချင်တာ တွေက များနေ၏။ ထမင်းလည်း စားချင်သေးသည်.. အဲဒီ အချိန်မှာ ကျွန်တော့် စိတ်ကို ကျွန်တော် ပြန်ကြည့် မိလိုက်၏။ ဟား စိတ်က ဗြောင်းဆန်ကို ခတ်နေ တာပါလား..။ သတိလေးကို ရင်ညွန့် ကပ်ကြည့် လိုက်တော့လည်း ရင်ဘတ်ထဲမှာ တအားကို ပူလောင် နေပြန်တယ်.. တဖိန်းဖိန်း တရှိန်းရှိန်းနဲ့..

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော် သိထားတဲ့ အနည်းငယ်သော အသိလေးနဲ့ စိတ်ဓါတ် စစ်ဆင်ရေး၊ စိတ်ဓါတ်နဲ့ ကျွန်တော့်ရဲ့ စီးချင်းထိုးပွဲ စတင်လိုက်တယ်.. စိတ်ကို သေချာ ကြည့်လိုက်တယ်.. ဘာကို အရင်ဆုံး လုပ်ချင်နေလဲ ဆိုပြီး.. စာကျက် ချင်စိတ်က အရင်ဆုံး တက်လာတယ်.. ဘေးက သူငယ်ချင်းက တော်တော်တောင် ရနေပြီ၊ ငါက မရသေးပါလား ဆိုပြီး နှိုင်းယှဉ်ရင်း မကျေနပ်တဲ့ မာနနဲ့ ဒေါသလေး (ကျွန်တော် ထင်တာပါ ဘာရယ် သေချာ မသိပါဘူး) ကလည်း ကြွလာတယ်၊ အင်း ရန်သူဘက် ကတော့ အလေး သာနေပြီ…

ဒါနဲ့တင် ပြီးရောလား ဆိုတော့ မဟုတ်သေးဘူး.. စိတ်ကို ထပ်ကြည့်လိုက် မိတော့.. ဟာ မဖြစ်သေးပါဘူး ငါကျက်ရဦးမယ်.. တော်ကြာ မနက်ဖြန် မေးလို့ မရရင် (ကျွန်တော်တို့က ဗိုက်ပါ သဘောမျိုး ဖြေရမှာပါ) ဒုက္ခဆိုပြီး တွေးတဲ့ လောဘလေး ကိန်းနေတာ ထပ်တွေ့လိုက် ပြန်တယ်… ဟော ဒီလောဘ လက်နက်နဲ့ ရန်သူက ထပ်ပြီး တိုက်နေပြန်ပြီ.. ကျွန်တော် ကတော့ ဘာလက်နက်မှ မသုံးရသေး.. ခုမှ ရန်သူ့ အခြေ အနေ သုံးသပ်တုန်း ရှိသေး၏..။

အဲလို သုံးသပ်ရင်း ဖျတ်ခနဲဆို ထမင်း စားချင် စိတ်က ၀င်လာ ပြန်၏။ စားချင်နေ၏။ အဲ.. အဲဒီမှာပဲ ကျွန်တော် ဒီ စားချင်နေတာ ကလည်း ရန်သူပဲ၊ လောဘ ကိလေသာပဲ.. ဒီရန်သူကလည်း ငါ့ကို တိုက်နေ တာပါလား.. အင်း ဒီကောင့်ကိုလည်း ငါပြန်ပြီး စီးချင်း ထိုးမှ၊ တိုက်စစ် ဆင်မှ၊ အဲလိုမှ မလုပ်ရင် ငါရှုံးရချည်ရဲ့ ဆိုတဲ့ စိတ်လေး ကျွန်တော့် သန္တာန်မှာ ဖြစ်လာ ပြန်တယ်..

ဟော တွေးလို့မှ မဆုံးသေးဘူး.. ဘုရားခန်း သွားချင် လာပြန်တယ်...။ အဲ.. တပြိုင်တည်း မှာပဲ ငါ ဘုရားခန်းသွားရင် တစ်နာရီ ခွဲလောက်ကြာမှာ.. တော်ကြာ တရားထိုင်နေရင်း ဗိုက်ဆာ လာရင် ဒုက္ခဆိုပြီး တွေးလုံး ကလည်း ၀င်လာပြန်တယ်..

=============

ကျွန်တော့်ရဲ့ ဒီစီးချင်းပွဲက မနေ့က ဖြစ်ခဲ့တာ ခင်ဗျ..၊ စိတ်ဓါတ် စီးချင်းထိုးပွဲ ဒါမှမဟုတ် အတွေး စီးချင်းပွဲပေါ့.. အားပါး ဒီအတွေးကလည်း တော်တော်လေး နှိပ်စက်တယ်ဗျာ.. ခုမှ ပြန်စဉ်းစား မိတာ..။ အဲဒီ အချိန်တုန်းက.. ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး.. ခုဟာက ကျွန်တော် စာရေးနေလို့သာ ရှည်နေတာ.. တကယ့်တကယ် ကျတော့ အဲဒီ အချိန်တုန်းက တပြိုင်တည်းလို ဖြစ်နေတာ.. ဟိုဟာ လုပ်ချင်လိုက်၊ ဒီဟာ လုပ်ချင်လိုက်.. တကယ့်ကို ဂနာ မငြိမ်ပါဘူးဗျာ.. စိတ်ထဲမှာလည်း ရှုပ်ထွေးနေတာပဲ..

သတိဝင်လာလို့ ဒီစိတ်ကို ပြန်ရှုတော့လည်း ရမလိုလိုပဲ.. အဲ နောက်တော့ ရှုတဲ့ စိတ်က ပျောက်သွား ပြန်ရော.. ဒီလောဘ ဒေါသ မောဟ မာန အဲဒီစိတ်တွေနဲ့ ကျွန်တော် ပယ်ပယ်နယ်နယ်ကို စီးချင်းထိုးနေရတာ.. စီးချင်းထိုးတယ် သာပြောတာ.. နပန်းလုံးတယ် လို့ ပြောရင် ပိုကောင်း ဦးမယ်.. ဒီကောင်ကလည်း တော်တော် အကြောမာတဲ့ ကောင်.. အားကလည်း သန်သလား မမေးနဲ့.. သူတစ်ချက် ကိုယ်တစ်ချက်၊ သူတစ်ပြန် ကိုယ်တပြန် အကြိတ်အနယ် တွယ်နေတာ.. တစ်ခါတစ်ခါ ကျွန်တော်က အလျှော့ ပေးချင် သွားသလို၊ တစ်ခါတစ်ခါ ကျတော့လည်း သူ့ဘက်က အားပျော့ သွားပြန်တယ်..

ဒါပေမယ့် သူကလည်း အလျှော့ မပေးသလို ကျွန်တော်ကလည်း အညံ့ မခံဘူး.. ငါဘာကို အရင်လုပ်ရမလဲ.. ဘယ်စိတ်ကို အရင် နိုင်အောင် တိုက်ရမလဲ.. ဒီသုံးခု ထဲက (စာဆက်ကျက် မလား၊ ထမင်း အရင် စားမလား၊ ဘုရားခန်း သွားမလား) ဘာအရင်ဆုံး လုပ်ရမလဲ.. (သုံးခုဆိုတာ လျှော့ထားတာ.. အဲဒီ အချိန်တုန်းက လုပ်ချင်နေတာ တွေက အများကြီး.. စာရေးချင်တာနဲ့ ချက်တင် ထိုင်ချင်တာက ပါလိုက်သေး)

ဒါနဲ့ ကျွန်တော် တိုက်လိုက်တာ တိုက်လိုက်တာ လူလည်း.. အဲ စိတ်လည်း တော်တော် ပန်းလာတာပေါ့.. ဒီလို တိုက်ရင်း ပထမဆုံး စာကျက်ချင်တာကို နိုင်သွားတယ်.. နောက် ဒုတိယ နိုင်တာက ထမင်း စားချင်စိတ်..။ ဘယ်လို နိုင်လဲ ဆိုတော့.. အော် ငါဒီစာကို ရအောင်တော့ ကျက်ရမယ်.. ဒါပေမယ့် မရတော့လည်း ဘာမှ မဖြစ်ဘူး.. ဒီလို ကျက်တာဟာ မနက်ဖြန် တစ်ရက် တည်းအတွက်သာ အသုံးဝင်မယ်..။ ဒီထမင်းကကော ပြီးရင် စားလို့ ရတာပဲ.. ဆရာတော် သံဃာတော် တွေဆို ညနေစာ မစားဘဲတောင် နေကြသေးတာ၊ တရား အားထုတ်နိုင် သေးတာ၊ ငါက ဘာလို့ မရရ မှာလည်း စသဖြင့်ပေါ့ဗျာ..။ နောက်ပြီး ငါ ဘုရားခန်းသွား ဘုရားရှိခိုး မေတ္တာပို့ စတာတွေဟာ ဒီအလုပ်တွေနဲ့ မနှိုင်းယှဉ်သာအောင် အကျိုးများတယ်.. ကုသိုလ်ပွားတယ်.. ဒါကြောင့် ငါ ဘုရားခန်း အရင်သွားမယ် ဆိုပြီး.. အဲလို တွေးရင်းနဲ့ နိုင်သွားတာ။

=============================

အဲ စာအရေး ကောင်းနေလိုက်တာ.. ည ၇-နာရီ ထိုးတော့မယ်ဗျ.. တော်ပြီနော်.. ဘုရားခန်း သွားလိုက်ဦးမယ်..။

အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေဗျာ..။


လေးစားစွာဖြင့်
ဖိုးသား

4/6/2009, MON:, 6:55:03 PM

Read more...

ကုသိုလ်ဖြစ်မဲ့ ဒီနှစ်သင်္ကြန်

ကုသိုလ်ဖြစ်မဲ့ ဒီနှစ်သင်္ကြန်

သင်္ကြန်ချိန်ခါဆို
မေတ္တာရေစဉ်လာင်းခဲ့ ချစ်သူခင်ပျို အလှဆုံးကို
မပျက်မကွက်ပုံမှန်ဆိုသလို ချစ်ခဲ့တဲ့ ချစ်သူ ၂-ဦးကို
ကဲလွန်လွန်းသတဲ့ဆို။

ကဲတယ်ဆိုချင်ဆို
သစ္စာတည်သူ အချစ်မို့ ချစ်သူတာဝန်ကျေဖို့လို
မပေးအပ်တဲ့ ဒီတာဝန်ကို ထမ်းရွက်ဖို့ ကတိစကားများ
ဝမ်းသာအားရဆို။

ဒီနှစ်တွက်ကို ခွင့်တောင်းဖို့လို
ကျေးဇူးရှင် မိဘ ၂-ပါးက အပျော်အပါး မလိုက်စားစေလို
မမိုက်မှားဖို့ သားတော်မောင်ကို စခန်းဝင်ရမတဲ့ဆို။
ပါရမီဖြည့်မဲ့ ချစ်သူခင်ကို
မောင်ကလည်း မှာကြားချင်သကို
ဒီနှစ်တော့ မဏ္ဍပ်မသွားဘဲ
ဥပုသ်တရားပဲ စွဲမြဲစေလို။

(ရေးတာတော့ သီချင်းလေးလို ရေးချင်တာ။ ဒါပေမဲ့ ဂီတကို နားမလည်တော့ သီချင်းမဟုတ်၊ ကဗျာမဟုတ်ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်သင်္ကြန် အမှတ်တရ ရေးထားတာလေး တင်ပေးလိုက်ပါတယ်။ အားနာပါးနာ ကောင်းတယ်လို့ ပြောပေးကြပါ။ :) ကျေးဇူးတင်ပါတယ်ခင်ဗျာ။)

Read more...

*အမေ ကျေနပ်ပါပြီ သားရယ်(၂)*

မပြစ်မှားရ

မေတ္တာဝေမျှ၊ ဤလောက၌၊ သတ္တဖ၀ါး၊ အတူသွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏။ ဆယ့်နှစ်လှမ်းသော်၊ အဖော်သဟဲ၊ လခွဲ ညာတိ၊ မည်ဘိ မပျက်၊ ထို့ထက်လွန်စွာ၊ ရက်ကြာ ကာလ၊ ပေါင်းဖက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့်တူ၏၊ အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မရှိရာဘူး (မဃဒေ၀)

သံသရာ ခရီသွား လူသားတို့သည် လူ့ပြည်ဌာန လူ့လောကတွင် ကြုံရ ဆုံရသည်မှာ “ရှေးဘ၀က၊ ရေစက်၊ ပန္နက်ဖူးသော၊ သစ္စာတွေကြောင့်” ဒီဘ၀မှာ လာပြီးတော့ ဆုံရ ကြုံကြခြင်း ဖြစ်တယ်။

ကြုံရ ဆုံရသော အခိုက်အတန့် ကာလအတွင်း ခြေထောက် ၇-ဖ၀ါး အတူသွား၊ အတူ လှမ်းမိခဲ့ရင် မိတ်ဆွေစစ် ဖြစ်တယ်၊ ၁၂-ဖ၀ါး အတူ လှမ်းမိခဲ့ ရင်တော့ လက်တွဲဖော်၊ ၁၅-ရက်လောက် ပေါင်းသင်းခဲ့ မိရင် ဆွေမျိုး၊ ဒီ့ထက် အလွန် ပေါင်းရ သင်းရ၊ တွေ့ကြ ဆုံကြရ ရင်တော့ မိမိနဲ့ အတူထားပြီး ဆက်ဆံ ရလိမ့်မယ်။ မည်သို့သော ပုဂ္ဂိုလ်မျိုး လူမျိုးကို မဆို မပြစ်မှားသော စိတ်ထားဖြင့် ဆက်ဆံရမယ်-ဟု မာန်လည် ဆရာတော် ဘုရားကြီးက ဆုံးမခဲ့ဖူးတယ်။

လမ်းမခွဲခင် ဆုံးမစကား

မိထွေးတော်ကြီးနဲ့ သာကီဝင် အမျိုးသမီး ရဟန်းမ ငါးရာတို့ တစ်ဦးကို တစ်ဦး သည်းခံ ခွင့်လွှတ်ကြဖို့ နတ်တွေကို ပန်ကြားရင်း တရားတစ်ပုဒ်နဲ့ ဆုံးမပြီး နှုတ်ဆက်လိုက်တယ်။

( ဇရာ မစ္စုဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော၊ ပိယေဟိ ၀ိယောဂေါတ္ထိ၊ တံ ၀ဇ္ဇိဿံ အသင်္ခတံ။)

တို့တတွေ အခုသွား ရမှာက နိဗ္ဗာန် ခရီးဖြစ်တယ်၊ အဲဒီ နိဗ္ဗာန်မှာ ဆွေးမြေ့ ယိုယွင်း၊ အိုမင်း ရတဲ့ သဘောတွေ၊ ဆံဖြူ ခါးကိုင်း နားထိုင်ပြီးတော့ မရဏ လက်တွင်း သက်ဆင်းရတဲ့ သဘောတွေ၊ ငိုရာက ကြီး၊ ကြီးရာက အို၊ အိုရာက နာ၊ နာရကသေ၊ အဲဒီ ဆင်းရဲခြင်း သဘောတွေ မရှိပါဘူးကွယ်။ စိတ်ဆင်းရဲစရာ ဖြစ်တဲ့ မချစ် မနှစ်သက်တဲ့ သူတွေ့နဲ့ ပေါင်းဖော် ယှဉ်တွဲ နေထိုင်ရပြီး၊ ချစ်ခင် နှစ်သက်တဲ့ သူတွေနဲ့ ကွေကွင်း ခွဲခွါသွားရမယ့် သဘောတွေလည်း မရှိပါဘူးကွယ်၊ အဲဒီ အရာဝတ္ထုတွေ မရှိတဲ့ အေးချမ်း ငြိမ်းရာ နိဗ္ဗာန်သာသို့ မိထွေးတော်ကြီး သွားတော့မယ် လို့ တရားဟောရင်း နဲ့ နှုတ်ဆက် လိုက်တယ်။

“ငိုချင်ရက် လက်တို့” ဆိုသလို မိထွေးတော်ကြီး နိဗ္ဗာန် သွားတော့မယ့် အကြောင်း နှုတ်ဆက်လိုက်မှပဲ လမ်းဘေးဝဲယာ တစ်ဖက် တတစ်ချက်မှာ မိထွေးတော်ကြီး အပေါ် သံယောဇဉ် တွေနဲ့ နှောင်ဖွဲ့ပြီး ရာဂ မကင်းနိုင် ကြသေးတဲ့ ပရိသတ်တွေ ကလည်း ငိုကြွေးကြ ပြန်တယ်။ ဒီတစ်ခါ သူတို့ငိုတဲ့ အသံလေးက မှတ်သားစရာ။

“အဟော နော အပ္ပပုညတာ” တဲ့ မိထွေးတော် ကြီးနဲ့ ငါတို့တတွေ နောက်ထပ်တစ်ဖန် ကြုံခွင့် ဆုံခွင့် မရတော့ တာဟာ ငါတို့တတွေမှာ ဘုန်းကံ နဲကြလို့ပဲ-လို့ ပြောပြောပြီး ငိုကြတာ။

ဟုတ်တာပေါ့ မိထွေးတော် ကြီးနဲ့ ရှိနေရင် သူတို့တတွေကို ကောင်းတာတွေ လုပ်ဖို့၊ မကောင်း တာတွေ မလုပ်ဖို့၊ မိမိ စိတ်ကလေးကို ဖြူစင်အောင် ထားဖို့ မကြာခဏ ဆိုသလို ဆုံးမ သြ၀ါဒတွေ ပေးလေ့ရှိတယ်။ အခုတော့ ဆုံးမမယ့်သူ မရှိတော့တဲ့ “အမိမဲ့သား၊ ရေနဲငါး”ဘ၀ကို ရောက်သွားကြပြီ။ အဲဒီလိုနဲ့ သူတို့ တတွေဟာ ဖြေမဆည်နိုင် မျက်ရည် တဖြိုင်ဖြိုင်နဲ့ ငိုကြွေး နေကြတာပေါ့။


ငိုကြွေးတယ်ဆိုတာ

အမှန် တကယ်တော့ ငိုတဲ့သူများဟာ ကိလေ သာရာဂတွေ များနေလို့၊ သံယောဇဉ် ကိလေသာတွေ သိပ်များနေလို့ ငိုကြတာ။ မိထွေးတော် ကြီးကတော့ အေးအေး ဆေးဆေးပဲ။ ရဟန္တာ ဖြစ်နေပြီလေ၊ ငိုကြွေးစရာ မျက်ရည်မှ မကျန်တော့တာ။ သူတို့ တတွေကို တုန်လှုပ်မှု ကင်းမဲ့တဲ့ စိတ်နဲ့ကို ထာဝရ နှုတ်ဆက်သွားတာ။

နှုတ်မဆက်သင့်ဘူး

ဒါနဲ့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ သူကပြောတော့ နှုတ်မဆက် သင့်ဘူးတဲ့။

တွေ့ပြန်တော့ ခဏကွယ်၊
ချစ် လို့ရယ် မ၀ဘူး၊
ဝေးကွာအောင် ကြမ္မာဖန်တော့၊
လောကဓံ ယိုင်ယိုင်ထဲမှာ၊
ခွဲခွါနိုင်ဘူး။

နှုတ်ကိုတော့ မဆက်ချင်၊
နေရစ်တော့ ချစ်သက်ဦး
ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊
ကြင်နာသူ တို့နှစ်ဦးအတွက်
နှုတ်မဆက်သင့်ဘူး။

နှုတ်ဆက်တယ် ဆိုတာ ထာဝရ ခွဲခွါသွားကြတဲ့ သူတွေသာ နှုတ်ဆက်ကြတာ၊ ထာဝရ မခွဲမခွါသေးဘဲ ပြန်လည် ဆုံတွေ့ကြရမှာဖြင့် နှုတ်မဆက် သင့်ဘူးတဲ့။

တောင်တန်းပေါ်မှာ

စာရေးသူတို့ အစိုးရတာဝန်နဲ့ တောင်တန်းပေါ်မှာ ၁၀-တန်းတွေကို အင်္ဂလိပ်စာ သင်ပေးရင်း (2000-ခုနှစ်က ထင်ပါတယ်။) တပည့်တွေကို စာသင်ကြားမှု ပြီးဆုံးတဲ့နေ့မှာ အဲဒီ ကဗျာလေးကို စာသားပြောင်းပြီး ရေးပြ ရွတ်ပြဖူးတယ်။

တွေ့ပြန်တော့ ခဏကွယ်၊
သင် လို့ရယ် မ၀ဘူး၊
ဝေးကွာအောင် ကြမ္မာဖန်တော့၊
လောကဓံ ယိုင်ယိုင်ထဲမှာ၊
ခွဲခွါနိုင်ဘူး။

နှုတ်ကိုတော့ မဆက်ချင်၊
နေရစ်တော့ တပည့်များ
ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊
ကြင်နာသူ ဆရာ တပည့်နှစ်ဦးအတွက်
နှုတ်မဆက်သင့်ဘူး။

အဲဒီလို ရေးပြ ရွတ်ပြတော့ တပည့်မတွေထဲက ချင်းမလေးတစ်ယောက် ငိုပါလေရော။

ရွတ်ပြရတဲ့ ရည်ရွယ်ချက်

ပလ္လင်ပေါ်မှာလဲ ဒီကဗျာကို တရားဟောရင်းရွတ်ပြဖူးတယ်။

တွေ့ပြန်တော့ ခဏကွယ်၊
ဟော လို့ရယ် မ၀ဘူး၊
ဝေးကွာအောင် ကြမ္မာဖန်တော့၊
လောကဓံ ယိုင်ယိုင်ထဲမှာ၊
ခွဲခွါနိုင်ဘူး။

နှုတ်ကိုတော့ မဆက်ချင်၊
နေရစ်တော့ ပရိတ်သတ်များ
ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊
ကြင်နာသူ ပရိသတ်များအတွက်
နှုတ်မဆက်သင့်ဘူး။

အဲဒီလို ရွတ်ပြ နေတာဟာ ရွတ်လို့ ကောင်းတာလဲ ပါတယ်။ ခွဲခွါရခြင်း သဘောကြောင့် မတည်မြဲခြင်း အနိစ္စ သဘောကို သိစေချင်တာလဲ ပါတယ်။ နောက် ချစ်တဲ့သူတွေနဲ့ ကွေကွင်း ခွဲခွါရတဲ့ (ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော) ဆင်းရဲခြင်းရဲ့ ဒုက္ခ သဘောကို သိစေချင်တာလဲ ပါတယ်။ အဲဒီ သဘောတွေ ပြောပြ ပြီးတော့မှ ရွတ်ပြခဲ့တာပါ။

၂၀၀၂-ခုနှစ်မှာ သတင်း စကား ကြားရတာတော့ တောင်ပေါ်မှာ စာသင်ပေးရင်း ကြုံရဆုံရ ငိုခဲ့ရသူ ချင်းမလေး သီလရှင် ၀တ်သွားတယ်လို့ ကြားတယ်၊ အခုစာရေးနေချိန် (6၊ 4၊ 09) မှာတော့ ၀တ်နေသေးလား၊ မ၀တ်တော့ ဘူးလား ဆိုတာ မသိဘူး။
စည်းစိမ်ရှင်မကြီး

မိထွေးတော် ကြီးကတော့ ထာဝရ နှုတ်ဆက် သွားပြီနော်။ အဲဒီလို နှုတ်ဆက်တော့ ရာဂမကင်းသေးတဲ့ သူတွေကတော့ ငိုကြတာပေါ့။ မိထွေးတော် ကြီးနဲ့ ရဟန္တာ ထေရီမ ငါးရာတို့ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ တဆင့်စကား တဆင့်နား ကြားတော့ သဒ္ဓါတရား သိပ်ကောင်းတဲ အမျိုးကောင်း သား၊ အမျိုးကောင်း သမီးတွေက မိမိတို့ အိမ်ပေါ်ကနေ ဆင်း၊ မိထွေးတော် ကြီးတို့ သွားရာလမ်းမှာ ဖူးမြော်ကြ၊ ကန်တော့ကြပြီး လျှောက်ထား တောင်းပန်ကြတယ်။

စည်းစိမ်ရှင် မကြီး စိတ်အေးအေး ထားပါဘုရား။ ကိုးကွယ်ရာ မဲ့နေတဲ့ တပည့်တော် တပည့်တော်မ တို့ကို ခွဲခွါပြီး ခန္ဓာ့ဝန် ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ် ဆိုတာက အခွင့်မလျော် မသင့်တော် ပါဘူးဘုရား။ သူတို့က ဒီလိုကို လျှောက်ထား တောင်းပန်ကြတာ။ အဲဒီလို လျှောက်ထား ကြသူတွေဟာ သူတို့တတွေရဲ့ သံယောဇဉ် ရာဂ တရားတွေက နှိပ်စက် ဖိစီးကြလို့ ငိုကြွေး မြည်တမ်းရင်း လျှောက်ထား တောင်းပန်ကြတာ။

လျှောက်ထား တောင်းပန် သူတွေရဲ့ စကားထဲမှာ စည်းစိမ်ရှင်မကြီး (မဟာဘောဂေ) ဆိုတဲ့ စကားပါတယ်။ ဟုတ်တယ် မိထွေးတော် ကြီးရဲ့ဘ၀က စည်းစိမ်တွေနဲ့ ပြည့်နက် နေတဲ့ဘ၀။ လူ့ဘောင် လောကမှာ ရှိစဉ်တုန်း ကလဲ ထီးနန်း စည်းစိမ်တွေကို ပြည့်ပြည့်၀၀ ခံစားခဲ့ရတယ်။ လိုအပ်တယ် ဆိုတာ မရှိလောက် အောင်ကို ခံစားခဲ့ရတာ။ ဆင်းရဲဒုက္ခ ဆိုတာ ချိုနဲ့လား၊ ဘယ်လို ဟာမျိုးလဲလို့ မေးရမလို ဖြစ်နေတယ်။

ရဟန်းမ အဖြစ် ပြုပြီးတဲ့ နောက်ပိုင်းမှာ ကိလေသာတွေ ငြိမ်းလို့ နိဗ္ဗာန် ချမ်းသာကို ပြည့်ပြည့်၀၀ကြီး ခံစားနေရတဲ့ မိထွေတော်ကြီး ဖြစ်တယ်။ အဲဒါကြောင့် သူတို့က မိထွေးတော် ကြီးကို စည်းစိမ်ရှင် မကြီးလို့ ခေါ်တာဖြစ်မှာ။

တရားဟောရပြန်

အဲဒီလို ရင်ဘတ် စည်တီး ငိုကြွေးပြီး နေကြတဲ့ ပုဂ္ဂိုလ်တို့အတွက် စိုးရိမ်သောကတွေ၊ ကြောင့်ကြ ရတာတွေကို ငြိမ်းအေး စေနိုင်ဖို့ အတွက် တရား ဟောရပြန်တယ်။

အို… သားတော် သမီးတော်တို့ သင်တို့တတွေဟာ အခု အချိန်မှာ ရင်ဘတ်စည်တီး ငိုညည်း နေရမယ့် အချိန် မဟုတ်ဘူး၊ ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော်ကြီးလေ… သိသင့် သိထိုက်တဲ့ ဆင်းရဲခြင်း တွေရဲ့ သဘောကို ပိုင်းပိုင်းခြားခြား ကောင်းကောင်း မွန်မွန် သိခဲ့ပြီးပြီကွယ့်။ ဆင်းရဲခြင်းရဲ့ လက်သည်ဖြစ်တဲ့ သံယောဇဉ် သမုဒယ တဏှာ ကိုလည်း မိထွေးတော်ကြီး သုတ်သင် နှိမ်နင်းပြီးပြီ။ အဲဒီတရားတွေ ရဲ့ ချုပ်ငြိမ်းရာ ဖြစ်တဲ့ နိရောဓ နယ်ပယ်ကိုလဲ မိထွေးတော်ကြီး ရောက်ပြီးပြီ။ နိဗ္ဗာန် ရောက်ရန် လမ်းကြောင်းမှန်တဲ့ မဂ္ဂသစ္စာ တွေကိုလဲ သေသေ ချာချာကို ပွားများပြီး သွားပါပြီကွယ်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော် ကြီးလေ… မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော် တွေကို ကောင်းစွာ လေ့ကျက်ခဲ့ပြီး၊ ရင်ထဲမှာ ထည့်ပြီးပါပြီ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တွေကို သင်ယူခြင်း ပရိယတ္တိ သာသနာ၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်ခြင်း ပဋိပတ္တိ သာသနာ၊ သုံးဆောင်း ခံစားခြင်း၊ ဆိုက်ရောက်ခြင်း ပဋိဝေဒ သာသနာ၊ အဲဒီသာသနာ သုံးရပ်စလုံးကို မိထွေးတော်ကြီး အကုန်လုံး ပြီးစီးအောင် ဆောင်ရွက်ပြီးပြီ။

အလွန်တရာမှ လေးလံလှတဲ့ ဥပါဒါနက္ခန္ဓာလို့ ခေါ်တဲ့ ၀န်ထုပ် ၀န်ပိုးကြီးကို အကုန်လုံး ပစ်ချပစ် လိုက်ပြီးပြီ။ ဘ၀ကို ဖြစ်စေတတ်တဲ့ လက်သည် သံယောဇဉ် သမုဒယ တဏှာကို မိထွေးတော်ကြီးက အမြစ်ပါ မကျန်အောင် ပယ်သတ် ခုတ်ထွင် ရှင်းလင်းခဲ့ ပြီးပြီကွယ့်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

လိုရာခရီး သွားနိုင်ကြ

လောကကြီးမှာ မိဘတွေဟာ ခရီး ထွက်တော့မယ် ဆိုရင် အိမ်မှာ ရှိတဲ့ အလုပ်တွေကို ပြီးစီးအောင်လုပ်။ သားသမီးတွေကို မှာစရာရှိတာ မှာပြီးမှ ခရီးထွက်လေ့ ရှိကြတယ်။ အဲဒီလို လုပ်သင့် လုပ်ထိုက်တာတွေ မှာသင့် မှာထိုက်တာတွေ မှာပြီးတာတောင် မလိမ္မာတဲ့ သားသမီးများ ရှိခဲ့ရင် မိဘတွေဟာ ခရီးသွားရတာ စိတ်မဖြောင့်ဘူး၊ စိတ်ချရတဲ့ နောက်ကြောင်း အေးရတဲ့ သားသမီးမျိုး ရှိတဲ့ မိဘတွေကတော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လိုရာခရီးကို သွားနိုင်ကြတယ်။

စိတ်ချလို့ နေပါပြီ

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော်ကြီး ပရိနိဗ္ဗာန် စံတော့မယ် ဆိုတာက မိထွေးတော် ကြီးလဲ လုပ်သင့် တာတွေ အကုန်လုံး လုပ်ခဲ့ပြီးပြီ။

နောက်ပိုင်းမှာလဲ စိတ်ချရမယ့် သားတော်ကြီးတွေ ရှိနှင့် နေပြီလေ။ သစ္စာလေးပါးကို ဆရာမရှိဘဲနဲ့ မိမိကိုယ်တိုင် သိတဲ့ သားတော် ဘုရားရယ်၊ သားတော်ဘုရား သိပြီးတဲ့နောက် အရင်ဆုံး သိနှင့်တဲ့ အရှင် ကောဏ္ဍည၊ သားတော်အရင်း အရှင်နန္ဒ၊ သားတော်အဖျား အရှင်အာနန္ဒာ၊ မြေးတော်လေး အရှင် ရာဟုလာတို့ ကလည်း ရှိနေပြီကွယ့်။

သာသနာတော်ကို မကြည်ညိုသူ၊ အယူမှား တွေကိုသာ ဟောပြောလေ့ ရှိကြသူ တိတ္ထိတို့ရဲ့ အယူဝါဒတွေကို သုတ်သင် ဖြေရှင်းနိုင်တဲ့ ချမ်းချမ်းသာသာ ညီညီညွတ်ညွတ် ရှိနေကြတဲ့ သံဃာ့ အစည်းအရုံး ကြီးကလည်း ရှိနေပြီလေကွယ်…။ မိထွေးတော်ကြီး စိတ်မချစရာ ဘာများ ရှိသေးလို့တုန်း။

ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော်ကြီး တို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အမေ့ဆုတောင်း

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ အမေလေ… ဒီနေ့ ဒီဘ၀မှာတော့ အမေ့ ဆုတောင်းတွေ ပြည့်ခဲ့ပြီသိလား။

အတိတ်ကို ပြန်ကြည့်ရင် ဟိုး… လွန်ခဲ့တဲ့ ဘ၀တစ်သိန်း ကာလအထက် မှာပေါ့။ အဲဒီအချိန်မှာ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော် မူတယ်လေ။ အဲဒီဘ၀မှာ တို့အဖေက သူဌေးကြီး ဆိုတော့ တို့က သူဌေး သမီးပေါ့။ အဖေက မြတ်စွာ ဘုရားကို အရမ်း ကြည်ညိုတာ သိလား။ မြတ်ဗုဒ္ဓရဲ့ ကျောင်းတော်ကို နေ့စဉ်သွားတော့ တို့လည်း စိတ်ပါလက်ပါနဲ့ နေ့တိုင်းကို လိုက်ခဲ့တာကွယ့်။

အဲ… တစ်နေ့တော့ ပဒုမုတ္တရ မြတ်စွာ ဘုရားရှင်က ပရိသတ် လေးပါးရဲ့ အလယ်မှာ သူ့ရဲ့ မယ်တော်ကြီးကို “ရတ္တညူ ဧတဒဂ်ဘွဲ့" ပေးတော့ တို့လေ အရမ်း အားကျတာပဲ သိလား။ ဘာရမလဲ တို့လည်း တို့အဖေကို ပူဆာတာပေါ့။ တို့ ပူဆာတဲ့ အတိုင်း အဖေက လိုက်လျော တယ်လေ။ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပြန်၊ အဖေ ကိုယ်တိုင်က ရတနာမြတ် သုံးပါးကို ကြည်ညိုတဲ့သူ ဖြစ်ပြန် ဆိုတော့ နှစ်ခါ မတောင်းဆို ရပါဘူးကွယ်။

အဲဒါနဲ့ ပဒုမုတ္တရ ဘုရားရှင်နဲ့ နောက်ပါ သံဃာတော် အပေါင်းကို ၇-ရက်လုံးလုံး အိမ်မှာ ပင့်ပြီး ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားကို အားရ ပါးရကြီးကို လှူဒါန်း ပူဇော်ခဲ့တာပေါ့။ နောက်ဆုံးရက်မှ လှူဒါန်းမှု အစုစုရဲ့ အကျိုးကို ဆုတောင်းတော့ တာပါပဲ။ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတယ် ပြောပြော တို့ကတော့ တို့ဖြစ်ချင်တဲ့ နောင်ပွင့်မယ့် ဘုရားတစ်ဆူဆူရဲ့ မယ်တော်ကြီး ဖြစ်ပါရစေ… ဘုရားလို့ စိတ်ပါလက်ပါကို ဆုတောင်း ပစ်လိုက်တာ။

ဗျာဒိတ်စကား မြွက်ကြား

ပဒုမုတ္တရ မြတ်စွာ ဘုရားကလည်း အရမ်းကာရောကြီး ရော့ အင့်လို့၊ ပေးလိုက်တာ မဟုတ်ဘူးကွယ့်။ သူ့ရဲ့ အနာဂတံသ ဉာဏ်တော်နဲ့ စူးစူးစိုက်စိုက် ကြည့်ပြီးတော့မှ "နောင် ကမ္ဘာတစ်သိန်း ကာလအထက် ဘဒ္ဒကမ္ဘာမှာ မင်းမျိုး မင်းနွယ်ကနေ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ပွင့်လိမ့်မယ်။ ဘုရားမဖြစ်ခင် အဲဒီကလေးကို ပြုစု စောင့်ရှောက်ခွင့် ရပြီး၊ နောင်အခါ ဘုရား သာသနာတော်ထဲ ၀င်ရောက် လာလိမ့်မယ်။ ရဟန္တာ ဘိက္ခုနီ မကြီးလည်း ဖြစ်ပြီး အမျိုးသမီး သာသနာမှာ သစ္စာလေးပါးကို အရင်းဆုံးသိပြီး ရတ္တညူ ဧတဒဂ် ဘွဲ့ထူးကြီး ကိုလည်း ပရိသတ် အလယ်မှာ ပေးအပ် ချီးမြှင့်ခြင်း ခံရလိမ့်မယ်” လို့ ဗျာဒိတ်စကား (ဗျာဒိတ္တ၊ ၀ျာဒိပ္တ၊ နောင်အခါ ဖြစ်ပျက်ခြင်း အကြောင်းကို ရည်ညွှန်း၍ မိန့်မြွက် အပ်သော ဘုရား စကားတော်) မြွက်ကြား ခဲ့တယ်လေ။

အမေ့ဆုတောင်းတွေ ပြည့်ပါပြီ

(စိရပ္ပဘုတိ ယံ မယှံ၊ ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ။ အာနန္ဒဘေရိကာလောယံ၊ ကိံ ဝေါ အဿူဟိ ပုတ္တိကာ။)

ဒါနဲ့ မြတ်စွာ ဘုရားရဲ့ မယ်တော်ကြီး ဖြစ်ခွင့်ရဖို့ ဖြည့်ကျင့်ခဲ့ ကမ္ဘာတစ်သိန်း ဆိုတဲ့ ကာလ အတိုင်းအတာဟာ သာမန် လူတွေ အတွက်တော့ တမျှော် တခေါ်ကြီး ဖြစ်ပေမယ့် ဘုရားအမေ သိပ်ဖြစ်ချင် နေတဲ့ တို့အတွက်တော့ နှစ်ရက်နဲ့ တစ်မွန်းတည့် လောက်ပဲ ထင်ခဲ့တာ။

အဲဒီဘ၀ ကနေ နတ်ပြည် ရောက်လိုက် လူ့ပြည် ရောက်လိုက်နဲ့ ဘ၀အမျိုးမျိုး ကျင်လည်ခဲ့ ရတယ်။ အဲဒီ ဘ၀တွေမှ ကုသိုလ်လုပ်ခွင့် ရတာနဲ့ ဘုရားမယ်တော် ဖြစ်ဖို့ပဲ ဆုတောင်း လိုက်တာ။ အဲ မှတ်မှတ်ရရ ကုသိုလ်ပြုတာ တွေထဲမှာ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ၅၀၀-ကို ဆွမ်းလုပ်ကြွေးရတဲ့ ကုသိုလ်ထူးလည်း ပါသေးတယ်။ ဘာရမလဲ အဲဒီ ကုသိုလ် ထူးကိုလည်း ဘုရားအမေ ဖြစ်ဖို့ပဲ ဆုတောင်း လိုက်တာပေါ့ကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ အမေလေ… ဒီနေ့ ဒီဘ၀မှာတော့ အမေ့ဆုတောင်း ပြည့်ခဲ့ပါပြီကွယ်။ ဒါကြောင့် သောကတွေ လိမ်းကျံနေတဲ့ မျက်ရည်စတွေနဲ့ မငိုကြွေး ကြပါနဲ့ကွယ်။ ဆုတောင်း ပြည့်ဝတဲ့၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းလို့ ငြိမ်းတော့မယ့် အမေ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါ သားတော် သမီးတော်တို့ရယ်။

ဆက်ရန် -

ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေ ကျေနပ်ပါပြီ သားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့ အတွက် ညီငယ် မောင်ဖိုးသားမှ တဆင့် ပြန်လည် ဓမ္မဒါန ပြုခြင်းဖြစ်ပါသည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

4/6/2009, MON:, 2:51:19 PM

Read more...

ရာဂသုတ် - (တပ်မက်မောခြင်း)

ရာဂသုတ် - (တပ်မက်မောခြင်း)

ရဟန်းတို့ တရားတို့သည် သုံးမျိုး တို့တည်း။
အဘယ် သုံးမျိုးတို့နည်း ဟူမူ...

၁... စွဲမက်မှု'ရာဂ'၊
၂... အမျက်ထွက်မှု 'ဒေါသ'၊
၃... တွေဝေမှု 'မောဟ' တို့တည်း။
ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ...
တရား သုံးမျိုးတို့ကို ပွါးများ အပ်ကုန်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ...

၁... စွဲမက်မှု 'ရာဂ' ကို ပယ်ရန် မတင့်တယ်မှု 'အသုဘ' ကို ပွါးများအပ်၏။
၂... အမျက်ထွက်မှု 'ဒေါသ' ကို ပယ်ရန် ချစ်ခင်မှု 'မေတ္တာ' ကို ပွါးများအပ်၏။
၃... တွေဝေမှု 'မောဟ' ကို ပယ်ရန် သိမှု 'ပညာ' ကို ပွါးများအပ်၏။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ...
ဤတရားသုံးမျိုးတို့ကို ပွါးများ အပ်ကုန်၏ ဟု (မိန့်တော်မူ၏)။ 107

၁ - ရာဂသုတ်၊ တိက၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ဆရာတော် ဦးပဒုမ၏ ဈာပနဓါတ်ပုံများ

ရရှိထားသော ဆရာတော် ဦးပဒုမ ၏ ဈာပနဓါတ်ပုံများထဲမှ အချို့ ကို ဓမ္မမိတ်ဆွေများ အတွက် တင်ပေးလိုက်ပါတယ်ခင်ဗျား။






Read more...

အဇ္ဈာသယဓာတ်အားဖြင့် နှီးနှောကြညီညွတ်ကြကုန်၏...

ဓာတုသော သံသန္ဒနသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြား နာခဲ့ရပါသည်-

ရဟန်းတို့ သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့် နှီးနှောကြညီညွတ်ကြကုန်၏၊

ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြ ကုန်၏၊

ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏။

ရဟန်းတို့ အတိတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ် အားဖြင့်သာ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊

ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊

ကောင်းသောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူး ကြကုန်၏။

ရဟန်းတို့ အနာဂတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ် အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်လတ္တံ့၊

ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊

ကောင်းသောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူး ကြကုန်၏။

ရဟန်းတို့ ယခု ပစ္စုပ္ပန်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ် အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်၏၊

ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊

ကောင်းသောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူး ကြကုန်၏။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
''ရောနှောခြင်းကြောင့် ကိလေသာဖြစ်၏၊ မရောနှောခြင်းကြောင့် ကိလေသာ ပျက်စီး၏၊ သေးငယ်သော သစ်သား ဖောင်ကို တက်စီး၍ မဟာသမုဒ္ဒရာ၌ နစ်မြုပ် ရသကဲ့သို့ ဤအတူ ပျင်းရိသူကို အကြောင်းပြု၍ ကောင်းသော အသက် မွေးခြင်း ရှိသော သူသည်လည်း သံသရာ၌ နစ်မြုပ်ရ၏၊

ထို့ကြောင့် ယုတ်လျော့သော ဝီရိယရှိသော ထိုပျင်းရိသူကို ရှောင်ကြဉ်ရာ၏။
ကာယဝိဝေကစသည်ဖြင့် ကင်းဆိတ်ကြသူ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကြသူ သမထဝိပဿနာဖြင့် ရှုလေ့ရှိကြသူ အမြဲထက်သန်သော လုံ့လရှိကြသူ အရိယာ ပညာရှိတို့နှင့် အတူတကွ နေထိုင်မှီဝဲရာ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။78

၉ - ဓာတုသော သံသန္ဒနသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

စရိုက်ဆိုတာ ဘာတွေပါလဲ...? (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၃-မှ...

စရိုက်ဆိုတာ ဘာတွေပါလဲ...?














Read more...

နန္ဒ နွားကျောင်းသား... (ဓမ္မပဒဝတ္ထု (မာဏဝ))၄၂-၄၆

စိတ္တ၀ဂ္ဂ၊ ဓမ္မပဒဝတ္ထု (မာဏဝ)

နန္ဒ နွားကျောင်းသား...
၄၂။ ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ၀ါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။

၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထို စိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။

အရှင်သောရေယျ...
၄၃။ န တံ မာတာ ပိတာ ကယိရာ၊ အညေ ၀ါပိ စ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။

၄၃။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသော ဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်၊ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။


ပုပ္ဖ၀ဂ္ဂ၊ ဓမ္မပဒဝတ္ထု (မာဏဝ)

ရဟန်းငါးရာ မြေကိုရှုသူများ...
၄၄။ ကော ဣမံ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၅။ သေခေါ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၄။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း အဘယ်သူသည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်အံ့နည်း၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကိုရွေးချယ် စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို အဘယ်သူသည် ရွေးချယ်စိစစ်နိုင်အံ့နည်း။

၄၅။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်လတ္တံ့၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ်စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို သေက္ခပုဂ္ဂိုလ်သည် ရွေးချယ်စိစစ်နိုင်လတံ္တ့။
ရဟန်းတစ်ပါး တံလှပ်ကိုရှုသူ...
၄၆။ ဖေဏူပမံ ကာယမိမံ ၀ိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ ပပုပ္ဖကာနိ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

၄၆။ ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့်တူသည်ဟု သိ၍ တံလျှပ်သဘောရှိသည်ဟု (ဉာဏ်ဖြင့်) ထိုးထွင်း၍သိလျက် မာရ်နတ်၏ ပန်းခိုင်သဖွယ်ဖြစ်ကုန်သော ၀ဋ်သုံးပါးတို့ကို ဖြတ်ပြီးလျှင် သေမင်းမမြင်ရာ (နိဗ္ဗာန်)သို့ သွားရာ၏။

Read more...

ထက်မြက်သော လှံမဖြင့် ရင်ဝ၌ထိုးဆွ ...

အဂ္ဂိက္ခန္ဓောပမသုတ်-မှ...

ရဟန်းတို့ ...
ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊

ခွန်အားရှိသော ယောက်ျားသည် ဆီဖြင့် ကျောက်တုံး၌ သွေးအပ်သော ထက်မြက် သော လှံမဖြင့် ရင်ဝ၌ ထိုးဆွရာ၏။ မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ် ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း လက်အုပ်ချီခြင်းကို သာယာရာ၏၊ ထိုနှစ်မျိုးတို့တွင် အဘယ်အရာသည် မြတ်သနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ဖြစ်၍ များသောဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း၊ ပုဏ္ဏားမျိုး၌ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း လက်အုပ်ချီခြင်းကို သာယာခြင်းသည်သာလျှင် မြတ်လှပါ၏၊ အသျှင် ဘုရား ခွန်အားရှိသော ယောက်ျားသည် ဆီဖြင့် ကျောက်တုံး၌ သွေးအပ်သော ထက်မြက်သော လှံမဖြင့် ရင်ဝ၌ ထိုးဆွခြင်းသည်ကား ဆင်းရဲလှပါ၏ဟု လျှောက် ကြကုန်၏။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ပ။ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော သီလမရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောက်ျား သည် ဆီဖြင့်ကျောက်တုံး၌ သွေးအပ်သော ထက်မြက်သော လှံမဖြင့် ရင်ဝ၌ထိုးဆွ ခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုလှံမဖြင့် ရင်ဝသို့ ထိုးဆွခြင်းဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ် သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သောဆင်းရဲ ဒုက္ခသို့မူလည်း ရောက်ရာ၏၊ ထိုလှံမဖြင့် ရင်ဝ၌ထိုးဆွခြင်း အကြောင်းကြောင့် ခန္ဓာကိုယ် ပျက်စီး ၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ ယုတ်ညံ့သော သဘောရှိသော။ပ။
ယောက်သွားပုပ်နှင့် တူသောသဘောရှိသော ပုဂ္ဂိုလ်အား မင်းမျိုး၌ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ဖြစ်၍ များသော ဥစ္စာနှစ် ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း လက်အုပ်ချီခြင်းကို သာယာ ခြင်းသည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၃)

၈ - အဂ္ဂိက္ခန္ဓောပမသုတ်-မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။၇၂

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

အခြေခံများ ကောင်းစေချင်

အခြေခံများ ကောင်းစေချင်

ဦးပညာ (မန်းတက္ကသိုလ်)

ယုံကြည်မှု

လောကတွင် ယုံကြည်မှုသည် အရေးကြီး၏။ မည်သည့်နေရာတွင်မဆို ယုံကြည်မှုနှင့် အလုပ် လုပ်လုပ်ရ၏။ ဆက်ဆံရ၏။ သင်ယူ ရ၏။ ပြောဆို ဆွေးနွေးရ၏။

ယုံကြည်မှုကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ လင်နှင့်မယား၊ ဘုန်းကြီးနှင့် ဒကာ၊ သူငယ်ချင်း အချင်းချင်း မည်သို့မျှ ပေါင်းသင်းဆက်ဆံ၍ မဖြစ်နိုင်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး စသော အရေးပေါင်းများစွာတို့တွင် ယုံကြည်မှု မပါဘဲ မည်သည့်အရာကိုမျှ တည်ဆောက်၍ မရနိုင်။

ယုံကြည်မှု-ဆိုသော စကားလုံး သုံးလုံးတွင် အရေးပါသည်ကား ယုံနှင့်ကြည်ပင်ဖြစ်၏။ ယုံ၏ နောက်တွင် အရည်အချင်းသည် ကပ်လိုက်လာ၏။ ယုံဖို့အတွက် အရည်အချင်းရှိရမည်။ မိဘသည်လဲ မိဘအရည်းအချင်း၊ ဆရာသည်လဲ ဆရာ့ အရည်အချင်း စသည်ဖြင့် ကိုယ်စီကိုယ်စီမှာ အရည်အချင်းရှိဖို့လို အပ်၏။

ယုံမိပြီဆိုလျှင် ကြည်လင်လာတော့၏။ တစ်ဦးကို တစ်ဦး အပြစ်မမြင်။ လောက ဆိုရိုးစကား တစ်ခုလို။ ချစ်တဲ့သူမှာ အပြစ်ရှာ ဘယ်ခါ အပြစ်တွေ့မလဲ ဆိုသည်ပင်။ ဆိုလိုသည်မှာ ယုံကြည်မှု၏ နောက်တွင် ငြိမ်းချမ်းမှု၊ အားကိုလိုမှု၊ တိုင်ပင်လိုမှု စသည်တို့ ယှဉ်တွဲကပ်ပါလျက် ရှိသည်ဟု ဆိုလိုပါ၏။

ယုံကြည်မှုနှင့် ကိုးကွယ်မှု

ယုံကြည်မှု နှင့် ကိုးကွယ်မှုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိကြ၏။ ယုံကြည်မှု မပါဘဲ ကိုးကွယ်မှု မဖြစ်နိုင်။ မိမိတို့ ကိုးကွယ်ထားသော ဘာသာတရားကို မိမိတို့ကိုယ်တိုင်က မယုံကြည်လျှင် ဘာသာတရား၏ အကျိုးပေး စောင့်ရှောက်မှုများကလည်း လျော့ပါးသွားနိုင်၏။

ယုံကြည်မှု သုံးမျိုး

ယုံကြည်မှုကို

၁။ သာမန် ယုံကြည်မှု၊

၂။ အလယ်အလတ် ယုံကြည်မှု၊

၃။ အဆုံးစွန်ထိ ယုံကြည်မှုဟု သုံးမျိုး ခွဲခြားကြည့်နိုင်၏။

သာမန်ယုံကြည်မှု

သာမန်ယုံကြည်မှုသည် မိရိုးဖလာ ယုံကြည်မှုကြောင့် ဖြစ်နိုင်၏။ မိဘနှစ်ပါး (သို့) ဘိုးဘွား အစဉ်အဆက် ကိုးကွယ်သည့် ဘာသာတရားများကို စဉ်းစားဝေဖန်မှု၊ ဆင်ခြင်သုံးသပ်မှု မပါဘဲ၊ ယုံကြည်ခြင်းမျိုးကို သာမန်ယုံကြည်မှုဟုဆိုနိုင်၏။

အလယ်အလတ် ယုံကြည်မှု

အလယ်အလတ် ယုံကြည်မှုများသည် စာပေများကို ဖတ်ရှုပြီး အသိဉာဏ်များ တိုးပွားလာခြင်း ကြောင့်ဖြစ်နိုင်၏။ သာမန် ပုဂ္ဂိုလ်တို့ထက် ပိုမို အဆင့်အတန်းရှိ၏။ အသိဉာဏ်လည်း ပိုမို ရှိ၏။ သက်ဆိုင်ရာ ဘာသာရေးစာပေများကို လေ့လာ ဖတ်ရှုလေ့လာ၏။ သက်ဆိုင်ရာ တရားဓမ္မများကို နည်းမျိုးစုံနှင့် နာကြား၏၊ သိလိုသည်များကို ဘာသာရေး ဆရာများအထံသို့ ချဉ်းကပ် မေးမြန်း၏၊ မိမိကိုယ်တိုင် တရားတော်အတိုင်း မကျင့်ကြံ အားမထုတ်နိုင်သည့်တိုင် နားလည် တတ်ကျွမ်းအောင် လေ့လာထား၏။ တစ်ပါးသူတို့အား မိမိကဲ့သို့ လုပ်ဆောင်နိုင်အောင် တိုက်တွန်း အားပေးခြင်းမျိုး ပြုလုပ်တတ်၏။ အရမ်းကာရော ယုံကြည်သည်မျိုး မဟုတ်ဘဲ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်ဖြင့် အကြောင်း အကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်နိုင်သည့် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အလယ်အလတ် ယုံကြည်သူ ဟု ခေါ်ဆိုနိုင်၏်။

အဆုံးစွန်ထိ ယုံကြည်မှု

အဆုံးစွန်ထိ ယုံကြည်မှုဆိုသည်မှာ မိမိကိုးကွယ်သည့် ဘာသာတရားအတွက် အကာအကွယ် ပေးရမည်ဆိုလျှင် မိမိအသက်ကိုပင် စတေးဝံ့၊ စတေးခံနိုင်သည့် ပုဂ္ဂိုလ်မျိုးကို ဆိုလို၏။ အဆုံးစွန်ထိ ယုံကြည်ကြသူများသည် လွယ်လွယ်ကူကူနှင့် ယုံကြည်သူများ မဟုတ်သည်ကတော့ သေချာပါ၏။

ငယ်ရွယ်သည့်အချိန် ကလေးငယ်တို့၏ ဦးနှောက်အသိဉာဏ်ထဲသို့ အတင်းရိုက်သွင်း၍ ဖြစ်စေ၊ အသိဉာဏ်ပညာ မရှိဘဲ မစဉ်းစား မချင့်ချိန်နိုင်၍ ဖြစ်စေ။ ထွက်ပေါက်ပိတ်နေသည့် အတွက်ကြောင့်ဖြစ်စေ၊ စာပေအများအပြားကို ဖတ်ရှုပြီး စာပေများမှ တစ်ဆင့် ဘာသာတရားများ နှိုင်းယှဉ်ဝေဖန်၍ ဖြစ်စေ၊ အသိထူး အကျင့်ထူးများကြောင့်ဖြစ်စေ၊ စသည့်အကြောင့်များကြောင့် အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်သွားကြသော ပုဂ္ဂိုလ်များဖြစ်နိုင်၏။

စတေးဝံ့သူများ

အဆုံးစွန်ထိ ယုံကြည်မှုဆိုသည်မှာ မိမိ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားအတွက် အကာအကွယ် ပေးရမည်ဆိုလျှင် “မိမိအသက်ကို မနှေး ပေးဆပ် စတေးဝံ့သူများ”ကို ဆိုလိုပါ၏။

ငယ်စဉ်အခါ ကလေးတို့၏ နုနယ်သည့် အသိဉာဏ်များကို အခြေခံလျှက် ဘာသာရေး သဘော တရားများ အတင်းအဓမ္မ သွတ်သွင်းကာ သံမှို ရိုက်စွဲထားသလို ရိုက်စွဲထား၏။ ထိုကလေးတို့သည် မိမိတို့ အသိဉာဏ်အပေါ် သွတ်သွင်းရိုက်နှိပ်ထားသော ဘာသာရေးတို့က သေသည့် တိုင်အောင် မပျောက်ပျက်နိုင်တော့ ။

အထူးသဖြင့် အကြောက်တရားများနှင့် ချိန်းခြောက်လျက် ရိုက်နှိပ်ထားသည့် ဘာသာရေးက ပိုမို စွဲမြဲ ခိုင်မာလှ၏။ ထိုအကြောက်တရားများကပင် စဉ်းစား ဆင်ခြင်မှု နည်းပါးလျှက် ဘာသာရေးကို အဆုံးစွန်ထိ ယုံကြည်မှုသို့ မရောက်ရောက်အောင် တွန်းပို့ပေးလိုက်တော့၏။

ငယ်စဉ်ကတည်းက စွဲမြဲခိုင်မာလာသည့် အကြောက်တရာများက အကြောင်း အကျိုး၊ အကောင်း အဆိုးကို မခွဲခြား မဝေဖန်နိုင်တော့။ ဆင်ခြင် စဉ်းစားဖို့အတွက်လည်း အချိန်မပေးနိုင်၊ ဦးနှောက်အသိဉာဏ် ကလည်း လက်မခံနိုင်တော့။ အကြောက်တရားများက စွဲမြဲခိုင်မာ၍ နေချေပြီ။

အသိဉာဏ်ပညာ နည်းပါးကြသော လူသားတို့အတွက် အဓိပ္ပါယ်ရှိသော လုပ်ရပ်၊ အဓိပ္ပါယ်မဲ့သော လုပ်ရပ်၊ တန်ဖိုးရှိသော လုပ်ရပ်၊ တန်ဖိုးမဲ့သော လုပ်ရပ်၊ မိမိအတွက်၊ မိမိနှင့် ပတ်သက်နေသည့် ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ မိမိနိုင်ငံ၊ လောက၏ ကောင်းကျိုး၊ ဆိုးကျိုး၊ ပတ်ဝန်းကျင်၏ ကောင်းကျိုး၊ ဆိုးကျိုး၊ စသည်တို့ကို နားမလည်၊ စိတ်မ၀င်စား၊ တိုက်တွန်းသူ ရှိလာပါကလည်း ကောင်းသည် ဆိုးသည်ကို နားမလည်၊ မဝေဖန် မပိုင်းခြားနိုင်၊ မိမိလုပ်လိုသော အရာကိုသာ တဇောက်ကန်းလုပ်တတ်ကြသဖြင့် အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်မှန်းမသိ ရောက်သွားကြသော အစွန်းရောက် စတေးဝံ့သူများသာ ဖြစ်တော့၏။

ဘ၀၏ ပန်းတိုင်သို့

ဘာသာရေးစာပေများကို ဖတ်ရှုလေ့လာကြသည့် လူသားတို့အဖို့ ဘာသာတရား အားလုံး၏ သဘောထားကို ခြုံငုံ သုံးသပ်မိကြသဖြင့် ပို၍ တန်ဖိုးရှိသော ဘာသာတရားကို ရှာဖွေတတ်လာ၏။ ဘာသာတစ်ခုနှင့်တစ်ခု၊ အမှန်နှင့်အမှား၊ အဆိုးနှင့်အကောင်းကို နှိုင်းနှိုင်းချိန်ချိန်ဖြင့် ဆင်ခြင်ဆုံးဖြတ် တတ်လာ၏။

ဘာသာရေးအသိဉာဏ်များ ကြွယ်ဝလာသည်နှင့်အမျှ ပို၍ မြင့်မြတ်သည့် ဘာသာတရားကို ကိုးကွယ် ယုံကြည်တတ်လာပြီး၊ မိမိယုံကြည် ကိုးကွယ်သည့် ဘာသာတရားကိုလည်း အသက်တမျှ ယုံကြည်ကိုးစားကာ “အဆုံးစွန်ထိ ယုံကြည်မှုသို့” ရောက်အောင် ပို့ဆောင်ပေးလိုက်တော့၏။ အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်ရှိခြင်းသည် ဘ၀၏ အမှန်တရား၊ ဘ၀၏အဓိပ္ပါယ်၊ ဘ၀၏ အလှသစ္စာတရား၊ ဘ၀၏ အမြင့်မြတ်ဆုံး ပန်းတိုင်သို့ ရောက်ခြင်းပင်ဖြစ်တော့၏။

စဉ်းစားစရားများ

လူသားတို့၏ အဆုံးစွန်ထိ ယုံကြည်မှုများသည် ဘာသာတရားအတွက် ဖြစ်ကြသောကြောင့် ကြည်ညိုလေးစားစရာ ကောင်းလှ၏။ သို့သော် မိမိတို့ စတေးနေသော ဘာသာတရားသည် အမှန်တကယ် စတေးသင့်သော ဘာသာတရားဖြစ်ပါ၏လော? ဆိုသည့် မေးခွန်းကိုတော့ သေသေချာချာ စဉ်စားသင့်ကြ၏။

ဥပမာ ဘာသာတရားက မိမိအတွက် အသက်အန္တရာယ် ပေးမှာကို ကြောက်သဖြင့် မိမိအသက်ကို စတေးဝံ့သည်လော?၊ ထိုသို့မဟုတ် ဘာသာတရားကြောင့် မိမိ၊ မိမိဆွေမျိုး၊ အသိုင်းအ၀ိုင်းစသည်များ ရာထူးအာဏာပါဝါ၊ သြဇာ၊ အင်ပါယာများ တိုးတက်လာမည်။ စည်းစိမ်ဥစ္စာများ တိုးတက်လာမည်။ ပညာရပ်တွေ အတိုင်းအဆ မရှိနိုင်လောက် တတ်မြောက်လာမည်၊ တီထွင် ကြံဆနိုင်လာမည်။ ထို့အတွက်ကြောင့် ယင်းဘာသာကို မိမိနှင့် ဆက်စပ်နေသည့် အတ္တလောကအတွက် ရည်ရွယ်၍ အသက်ကို စတေးဝံ့သည်လော?။

သို့မဟုတ် ယင်းဘာသာတရားက မိမိ၏ ဘ၀လမ်းကြောင်းမှန်ကို ညွှန်ပြပေးသည့်အတွက်၊ မိမိနှင့် ဆက်စပ်နေသည့် ပတ်ဝန်ကျင်ကို ကောင်းကျိုးပြုသည့်အတွက် အသက်ကို မနှေး ပေးဆပ်ဝံ့သည်လော?။

အသက်ကို စတေးဝံ့လောက်သည့်အထိ ပေးဆပ်မှုသည် သာမန်အားဖြင့် မဖြစ်နိုင်၊ မဖြစ်သင့်သည် ကိုတော့ လူသားအားလုံး သတိမူသင့် စဉ်းစားသင့်ကြသည်ဟု ထင်မြင်မိ၏။

ငယ်ရွယ် နုနယ်သည့်အချိန်

လူသားများတွင် ငယ်ရွယ်နုနယ်သည့်အချိန်တွင် အသိပညာ မကြွယ်သေးခြင်း၊ ကလေးတို့၏ မှတ်စိတ် သိစိတ်များသည် အရောင်းမစွန်းထင်းသေးဖြင့် အဖြူထည်သက်သက်နီးပါး ဖြစ်ခြင်းတို့ကြောင့် ဘာသာတရား လူ့ယဉ်ကျေးမှုများကို သက်ဆိုင်ရာ မိဘတို့က သင်ကြားပေးရသည်မှာ လွယ်ကူလှ၏။

ဆရာ ဆရာမတို့ကလည်း စွမ်းနိုင်သည့်အလျော်က် သင်ကြားပေးကြ၏။ မိဘ ဆရာတို့ သင်ကြား ပေးလိုက်သော ဘာသာတရား လူ့ယဉ်ကျေးမှုများကို မှတ်သား နာခံ၍ အချိန်တန် အရွယ်ရောက် လူလား မြောက်သောအခါ မိဘဆရာသမားတို့ သင်ကြားပေးလိုက်သည့်အတိုင်း လူလိမ္မာ လူယဉ်ကျေးများ အများ အပြား ပေါ်ပေါက်လာကြတော့၏။

ထိတ်လန့်စရာ အသွင်တစ်ရပ်

ယခုခေတ်တွင် လူသား အတော်များများသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် အရေးပေါင်းများစွာတို့ဖြင့် လုံးလည်ချာလည် လိုက်နေကြရာ၊ မိဘ ဆရာသမားများက မိမိတို့၏ သားငယ် သမီးငယ် တပည့်ငယ်တို့အား စိတ်ရောကိုယ်ပါ ဘာသာတရား လူ့ယဉ်မှုများကို မသင်ပေးနိုင်ကြတော့ချေ။

ထိုအခါ ငယ်ရွယ်သူ သား သမီး တပည့်တို့အတွက် လူလိမ္မာ လူယဉ်များ ဖြစ်ထွန်း ပေါ်ပေါက်စေ ဖို့မှာ ထိတ်လန့်စရာ အသွင်တစ်ရပ်အဖြစ် တည်ရှိနေတော့သည်။

တာဝန်သိသူမှာ တာဝန်ရှိ

“တာဝန်သိသူမှာ တာဝန်ရှိ၏”ဟု ရှေးပညာရှိကြီးများ မိန့်ဆိုခဲ့ကြ၏။ လူလိမ္မာ လူယဉ်ကျေးများ အသီးသီး ပေါ်ပေါက်၍ ကမ္ဘာလောကကြီး ငြိမ်းချမ်းစေရန်။ လူသားများတွင် အတ္တမာနများ နည်းနိုင်သမျှ နည်းပါးစေရန် တာဝန်သိကြသော လူသားတိုင်းမှာ တာဝန်ရှိကြ၏။ အထူးသဖြင့် မိဘများနှင့် ဘာသာရေးခေါင်းဆောင်တို့မှာ အဓိကအားဖြင့် တာဝန်ရှိလာ၏။

တာဝန်သိရှိသည်ကို တာဝန်သိမှုနှင့် နှို်င်းချိန်၍ မိမိပိုင်ဆိုင် နိုင်းနင်းသည့်အလျောက် ဘာသာရေးနှင့် ဆက်နွယ်နေသည့် လူ့ယဉ်ကျေးမှုများကို တာဝန်ယူ လုပ်ဆောင် ဖြေရှင်း သင်ပေးကြလျှင် ယနေ့လူငယ်လေးများသည် နောင်တစ်ချိန်တွင် လူကြီးလူကောင်းများ၊ သားကောင်း၊ သမီးကောင်းများ၊ နိုင်ငံသားကောင်း၊ သမီးကောင်း၊ ကမ္ဘာ့သားကောင်း သမီးကောင်းများ။ တပည့်ကောင်း တပည့်မြတ် တပည့်မွန်များ အမှန်တကယ် ဖြစ်ထွန်း ပေါ်ပေါက်လာမည်မှာ အမှန်မုချပင်။

ဆိုလိုသည်မှာ လူသားအားလုံး ယဉ်ကျေးလိမ္မာစေဖို့၊ ကိုယ်ချင်းစာတရား ထားရှိနိုင်ဖို့၊ အတ္တမာနများ ကင်းစင်နိုင်သမျှ ကင်းစင်နိုင်ဖို့အတွက် လူသားအားလုံးမှာ တာဝန်ရှိ၏။ ထို့ထက် မိဘ၊ ဆရားသမားတို့မှာ ပို၍တာဝန်ရှိ၏။ တာဝန်အရှိဆုံးမှာ ဘာသာရေးခေါင်းဆောင်တို့ပင် ဖြစ်တော့၏။ တာဝန်ရှိသူများ ကိုယ်တိုင်က ယဉ်ကျေးလိမ္မာ ကိုယ်ချင်းစာတရားမရှိ၊ အတ္တမာနကို ရှေ့တန်းတင်၍ မိမိကိုယ်ကျိုးအတွက်သာ စဉ်းစားနေကြလျှင် သားငယ် သမီးငယ် တပည့်ငယ်တို့ နောင်ရေးမှာ ရင်လေးစရာပင်ဖြစ်တော့၏။

တိရစ္ဆာန်ပင် သင်၍ရ

လူသားတို့က မိမိတို့ ဖြစ်စေချင်သည့်အတိုင်း ငယ်ရွယ်သည့် အိမ်မွေးတိရစ္ဆာန်လေးများကို မိမိတို့ လိုအပ်သည့် ပုံစံအတိုင်း ပုံစံသွင်း သင်ကြားပေးကြ၏။ ထိုက်သင့်သလောက် တတ်မြောက်သည်ကိုလ့ည်း လူတိုင်း သိရှိကြ၏။ ထိုသို့ဆိုလျင် မိဘ၊ ဆရာသမား၊ ဘာသာရေးခေါင်းဆောင်တို့က ကလေးများ အသိပညာ နုနယ်သည့်အချိန်တွင် မိမိတို့ ဖြစ်စေချင်သည့်အတိုင်း လူ့ယဉ်ကျေးမှု တရားများ၊ ကိုယ်ချင်းစာ တရားများကို ပုံစံသွင်း သင်ကြားပေးလိုက်လျှင် ပို၍ အဆင်ပြေနိုင်မည် ထင်ပါ၏။

လူယုတ်မာကြီး

ဗြိတိန် နိုင်ငံက စစ်ဗိုလ်ချုပ်တစ်ဦး ရေးသားထားသော စာတစ်ပိုဒ်ကို သတိရမိ၏။ “ကလေးငယ်များ အား၊ ဘာသာတရား ယဉ်ကျေးမှုမပါဘဲ ပညာရေးသက်သက်ကိုသာ သင်ကြားပေးလိုက်ပါ။ အရွယ်ရောက် လူလားမြောက်သောအခါ ပရိယာယ်ကြွယ်ဝေသော လူယုတ်မာကြီး ဖြစ်သွားပါလိမ့်မည်”ဟု သူက ဆိုခဲ့၏။ စဉ်းစားစရာ တွေးတောစရာပင်။

အရောင်ဆိုးခြင်း

လူသားတို့၏ ယုံကြည်မှုသဘောတွင် အသိမကြွယ် ကလေးငယ်တို့ဘ၀က အလွန်ဖြူစင်၏။ ကလေးတို့၏ ယုံကြည်မှုသည် အလွန်ရိုးသား ဖြောင့်မတ်၏။ ကောက်ကျစ်စဉ်းလဲမှုတို့ မရှိ။ ထိုကလေးငယ်တို့၏ အဖြူရောင် အသိဉာဏ်ပေါ်တွင် ယုံကြည်ခြင်း၊ ယဉ်ကျေးခြင်း၊ စာနာနားလည်ခြင်း၊ အတ္တမာနများ ကင်စင်စေခြင်း၊ စသည့် မြင့်မြတ်သည့် ဘာသာရေး အရောင်များ ဆိုးပေးလိုက်သောအခါ မိဘ၊ ဆရာ၊ ဘာသာရေး ခေါင်းဆောင်တို့ ဆိုးလိုက်သည့် အရောင်အတိုင်း စိတ်ကြိုက်ပုံစံများ အများအားဖြင့် ထွက်ပေါ်လာတော့၏။

ဘာသာရေး၏ အကျိုးရဒ်

မိမိကိုးကွယ်သည့် ဘာသာတရားကို ယုံကြည်မှုရှိခြင်းကြောင့် လိမ္မာ ယဉ်ကျေးလာခြင်း၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားတတ်လာခြင်း၊ “ငါလိုလူ မရှိ”ဟူသည့် အတ္တမာနများ ကင်းစင်လာခြင်း၊ လောကကောင်းကျိုး ပတ်ဝန်ကျင်ကောင်းကျိုးများ ဆောင်ရွက်တတ်လာခြင်း၊ ချမ်းသာသူကို တွေ့လျှင် မနာလိုမှု ၀န်တိုမှုများ ကင်းစင်လာပြီး ၀မ်းမြောက်သော စိတ်ထားများ ထားတတ်လာခြင်း၊ ဆင်းရဲသူ ကိုယ့်ထက်နိမ့်ပါးသူတို့နှင့် တွေ့သောအခါ မိမိအတ္တကို ရှေ့တန်းမတင် တော့ဘဲ ကိုယ်ချင်းစာတရားများထား တတ်လာခြင်း၊ ရိုင်းပင်း ကူညီလိုသည့် စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာခြင်း၊ စသည့် ကောင်းကျိုးတရားတို့သည် ဘာသာတရားကို ကိုးကွယ်ယုံကြည်ခြင်းကြောင့် ရရှိလာသော အကျိုးရလဒ် အသီးအပွင့်များပင်ဖြစ်တော့၏။

ဘာသာရေးအခြေခံ

ဘာသာတရား စစ်မှန်လျှင် မည်သည့် လူသားကိုမဆို ဆင်းရဲမှု ပူပန်မှု စိုးရိမ်မှု ကြောင့်ကြမှု ပယ်ဖျောက်ပေးနိုင်သည့် နည်းလမ်း အစစ်အမှန်ရှိရ၏။

နည်းလမ်းကောင်းမှ၊ ဘာသာတရား စစ်မှန်မှ လူသားတို့သည် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုများကို ရရှိနိုင်မည်ဖြစ်သည်။

ဘာသာရေးသည် တစ်ဘ၀စာ မဟုတ်သည့်အတွက် လူသားတို့ အခြေခံမှစ၍ သတိထားသင့်၏။ ထို့ကြောင့် မည်သည့်ဘာသာသည် ဘာကြောင့် ပေါ်ပေါက်လာရသနည်း?။ ဘယ်လိုနည်းမျိုးနှင့် ပေါ်လာရသနည်း?။ ကျင့်စဉ်က အဘယ်သို့ ရှိသနည်း?။ ယင်းကျင့်စဉ်သည် မည်သို့ မည်ပုံ အားထုတ်ရသနည်း?။ စသည့် စသည့် မေးခွန်းပေါင်းများစွာကို လူသားတိုင်း လေ့လာစစ်ကြောရပေ လိမ့်မည်။

စစ်မှန်သည့် ဘာသာတရားဖြစ်ဖို့ တည်ထောင်သည့် ဘာသာရေးခေါင်းဆောင်၏ အကျင့်၊ စရိုက်၊ ၀ါသနာ၊ အနစ်နာခံမှု စသည်တို့ကို မည်သည့်ဘာသာဝင် မဆို အခြေခံ ကျကျ လေ့လာ ဆည်းပူးသင့်၏။ အခြေခံမှ စ၍ မလေ့လာ မဆည်းပူးလျင် သာမန်ယုံကြည်မှု (သို့) မိရိုးဖလာ၊ အစဉ်အလာအရ ကိုးကွယ်ကြသူများ ဖြစ်ကြပေတော့မည်။

အခြေခံများ ကောင်းစေချင်

လောကတွင် မည်သည့် ဘာသာရပ်ကိုမဆို သင်ကြားတတ်မြောက်လိုလျှင် အခြေခံမှ၍ ကျနစွာ ဆည်းပူး သင်ယူရ၏။ အခြေခံများ မကောင်းဘဲ ကြီးမားသည့် မည်သည့်အောင်မြင်မှုမျိုးကိုမှ မရနိုင်။

အခြေခံ အုတ်မြစ် မကောင်းသည့် အထပ်ပေါင်းများစွာ မြင့်မားသည့် အဆောက်အဦးကို တည်ဆောက်လျှင် မြင့်မားလေလေ မြန်မြန် ပြိုကျ ပျက်စီးလေလေပင် ဖြစ်တော့၏။

အခြေခံမပါသော ပညာသင်ယူ ဆည်းပူသူတို့သည်လည်း အထက်တန်းရောက်လေ၊ ပညာတတ်သူ၊ အသိဉာဏ်ရှိသူတို့ ရှေ့မှောက်သို့ ရောက်ရှိလေ၊ ခေါင်းမဖော် မျက်နှာ မပြ၀ံ့ဘဲ ပျက်စီး အရှက်ကွဲရလေလေ သာ ဖြစ်တော့၏။ ပညာတတ်၊ ပညာရှိ၊ အသိဉာဏ်ရှိသူ ဖြစ်ချင်လျှင် အခြေခံကောင်းဖို့ လိုသည်မှာ သိသာ ထင်ရှားလှ၏။

ထို့ထက် ပို၍ပို၍ အရေးကြီးသည်မှာ ဘာသာတရားသို့ ချဉ်းကပ်လိုသူ ဘာသာတရား ရှိချင်သူတို့သည် မိမိတို့ ကိုးကွယ် ယုံကြည် ချဉ်းကပ် ဆည်းကပ်လိုသည့် ဘာသာတရား မူရင်း အခြေခံများကို မမေ့ မလျော့ မပေါ့ဆဘဲ အခြေခံမှ စ၍ ကောင်းမွန်စွာ လေ့လာစေလိုပါကြောင်း အသိပေးရင်း။ အခြေခံများ ကောင်းစေချင်။

ဝန်ခံချက်

စာရေးသူ ရေးသားခဲ့ပြီးသော “ရင်းနှီးမှုနှင့် ရလဒ်များ” စာအုပ်ရှိ နိဒါန်းကို အခြေခံ၍ ဤစာမူကို ပြန်လည်ရေးသား ပညာဒါနပြုလုပ်ခြင်းဖြစ်ပါကြောင်း။

မောင်ပညာ (မန်းတက္ကသိုလ်)

Pyinyar08@gamil.com

ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်။

ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP