* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, April 5, 2009

ဦးဇင်း၏ သင်တန်းများသို့ လှူဒါန်းခဲ့ကြသောအလှူရှင်စာရင်းအကျဉ်းချုပ်

အမည် နိုင်ငံ/မြို့ အလှူငွေ
၁။ မင်းယွန်းသစ် ရန်ကုန်မြို့ ၂၀၀၀၀ိ/
၂။ ဒေါ်ဥမ္မာဌေး ရန်ကုန်မြို့ ၂၀၀၀၀ိ/
၃။ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း ရုရှားနိုင်ငံ ၄၀၀၀၀၀ိ/
၎။ ဒေါ်မမ စင်ကာပူ နိုင်ငံ ၁၅၀၀၀၀ိ/
၅။ မသက်ဇင် အမေရိကန်နိုင်ငံ ၂၁၈၀၀၀ိ/
၆။ မစိုးစုစန် အမေရိကန်နိုင်ငံ ၄၅၇၀၀၀ိ/
ရ။ ကိုဇော်ဇော်မျိုးလွင် ရန်ကုန်မြို့ ၃၀၀၀၀ိ/
၈။ ဦးထွန်းထွန်းညို ဂျပန်နိုင်ငံ ၂၀၀၀၀၀ိ/
၉။ ကိုကြီးနှင့်ညီအကိုများ၊ဇောင်း စင်ကာပူ ၇၆၀၀၀၀ိ/
၁၀။ ကိုမိုးသွေးငယ် မလေးရှား ၅၀၀၀၀ိ/
၁၁။ ဘလော့ကာ ကိုမင်းဒင် ၅၀၀၀၀ိ/
၁၂။ ကိုတင့်ဦး UK ၅၀၀၀၀ိ/
၁၃။ ဦးစိုးထွန်းနိုင်+ဒေါ်မေငြိမ်းငြိမ်း တာချီလိပ်မြို့ ၅၀၀၀၀ိ/

Read more...

သင်တန်းများအတွက်ကုန်ကျစားရိတ်များ

မန္တလေးသင်တန်းအမှတ်စဉ် (၁) ၂၅၀၀၀၀ိ/
မန္တလေးသင်တန်းအမှတ်စဉ် (၂) ၃၆၀၀၀၀ိ/
မန္တလေးသင်တန်းအမှတ်စဉ် (၃) (ယခုသင်ကြားဆဲ)
စစ်ကိုင်းသင်တန်းကျောင်း အုတ်ခင်း ၁၅၀၀၀၀ိ/
စစ်ကိုင်းသင်တန်းကျောင်း အုတ်လှေကား ၂၀၀၀၀၀ိ/
စစ်ကိုင်းသင်တန်းကျောင်း မီးကြိုးဆွဲ ၂၁၀၀၀၀ိ/
စစ်ကိုင်းသင်တန်းကျောင်း စားပွဲ+ထိုင်ခုံ (၁၀) စုံ ၃၂၀၀၀၀ိ/
စစ်ကိုင်းသင်တန်းကျောင်း မီးအားမြင့်စက်ဝယ် ၄၆၀၀၀၀ိ/
စစ်ကိုင်းသင်တန်းကျောင်း မီးအားမြင့်စက်တင် ခုံ ၃၅၀၀၀ိ/
စစ်ကိုင်းသင်တန်းအတွင်းကော်ဇောခင်း ၅၀၀၀၀ိ/
စစ်ကိုင်းသင်တန်းမီးချောင်းများပြုပြင်ခြင်း ၁၀၀၀၀ိ/
စစ်ကိုင်းသင်တန်း Networkချိတ်ဆက်ခြင်း (swick+ကြိုး+ဂေါင်း) ၇၅၀၀၀ိ/
မီးစက် ဌားရမ်းခ ၄၅၀၀၀ိ/
မီးစက်ဆီကုန်ကျမှု ၆၄၀၀၀ိ/
ဆရာများကျွေးမွေးစားရိတ် (၃လ) ၁၆၅၀၀၀ိ/
ဆရာများလခ (၃ဦး) ၁၀၀၀၀၀ိ/
လျှပ်စစ်မီတာခ (၃လ) ၉၀၀၀ိ/
သောက်ရေ ၁၈၀၀၀ိ/
ဆော့ပန် ၅၀၀၀ိ/
အထွေထွေကုန်ကျစားရိတ် ၅၀၀၀၀ိ/
မီးစက်ဝယ်ယူရန်မတည်ငွေ ၁၀၀၀၀၀ိ/
ကုဋီဆောက်လုပ်ရန် မတည်ငွေ ၁၅၀၀၀၀ိ/

Read more...

စစ်ကိုင်းသင်တန်းကျောင်းတွင်ကုဋီ (ရေလောင်းအိမ်သာ)ဆောက်လုပ်ရန် အလှူရှင်များလိုအပ်

စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုးတွင်ဦးဇင်းရဲ့ သင်တန်းတွေမှာသင်တန်းသားတွေများပြားလာတာနဲ့
အမျှ အဓကလိုအပ်လာတာကတော့ ကုဋီ (ရေလောင်းအိမ်သာ)များဖြစ်ပါတယ်။ ဦးဇင်း အနေနဲ့
ကုဋီ ၃ ခန်းတွဲ RC အပေါ် ရေကန် နှင့်ဆောက်လုပ်ရန်စီစဉ်ထားပါတယ်။ အခုလောလောဆယ်မှာ
ဦးဇင်းမတည်ငွေ ၁၅၀၀၀၀ တစ်သိန်းငါးသောင်း နဲ့ စတင်ဆောင်ရွက်နေပါတယ်။ ကုန်ကျစားရိတ်
စုစုပေါင်း ကျပ်သိန်းနှစ်ဆယ်ခန့် ကုန်ကျမှာဖြစ်ပါတယ်။

Read more...

ဗုဒ္ဓ၏ကျင်ကြီးကျင်ငယ်နံ့ ... (တည်တောဆရာတော်)





Read more...

***ဓမ္မ***

***ဓမ္မ***

ဓမ္မဟူသည်ကား သင်ယူရမည့်အရာဖြစ်ပြီး တစ်စုံတစ်ယောက်၏ နေ့စဉ်ဘဝကျင့်ထုံးအနေဖြင့် ကျင့်ကြံရမည့်တရားဖြစ်သည်။

ဓမ္မဟူသည် သင်ယူရမည့်အရာ ထိုထက် ကျင့်ကြံရမည့်အရာ ထိုထက် ထိုးထွင်းသိမြင်ရမည့်အရာဖြစ်ပြီး အလျင်အမြန် ထိုးထွင်းသိမြင်ခြင်းမှာ ဓမ္မ၏ ပန်းတိုင်ဖြစ်သည်။

သို့ဖြစ်၍ မွေးသေ သမုဒ္ဒရာ(သံသရာ)မှ လွတ်မြောက်မှုမှာ ဓမ္မ၏ အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း ဆိုလိုလျက် ဓမ္မဟူသည်ကို ဖောင်နှင့်ဥပမာပြုသည်။

ဗုဒ္ဓရှင်တော်မြတ်က ” ဓမ္မကို ကောင်းစွာကျင့်သုံးသူသည် ငါဘုရားကို အကောင်းဆုံး ပူဇော်သူဖြစ်၏” ဓမ္မကို မြင်သောသူသည် ငါဘုရားကို မြင်၏ ဟု ဟောတော်မူသည်။

ဓမ္မဟူသည် အစစ်အမှန်ကို ဖော်ပြသည့် ဟောကြားချက်တစ်ရပ်ဖြစ်သည်။

ဓမ္မသည် ဒုက္ခမှ လွတ်မြောက်ရေးနည်းလမ်းဖြစ်ပြီး ဓမ္မကိုယ်တိုင်လည်း ဝိမုတ္တိဖြစ်သည်။

ဓမ္မဟူသည်ကို သိပ္ပံနည်းကျ အဓိပ္ပာယ်ဖွင့်ဆိုမှုအရ ကြောင်းကျိုးဖြစ်စဉ်နိယာမဟု ခေါ်နိုင်သည်။

ဆရာတော်ဘုရားများ ရေးသားသည့် စာအုပ်များမှ မှတ်စုထုတ် မျှဝေခြင်းဖြစ်ပါသည်။ သံပုရာသီး ဆိုတဲ့ အသီးနာမကို ကြားရုံဖြင့် ချဉ်တဲ့ရသကို မိမိအသိဖြင့် ထိုးထွင်းသိဘိသကဲ့သို့ ဓမ္မ ဆိုတဲ့ နာကို ကြားရုံမျှဖြင့် ဓမ္မ၏ အဓိပ္ပာယ် သဘောကို သိမြင်ခွင့်ရရန် ရည်ရွယ်၍ မျှဝေပါသည်။


လေးစားစွာဖြင့်
ဝင်းမြင့်

Read more...

တစ်ခါတုန်းက…

တစ်ခါတုန်းက…

ဆယ်တန်းကျောင်းသားဘ၀က ဖြစ်ပျက်ခဲ့တာတစ်ခု ဖြစ်သည်။ ရေနံချောင်းမြို့၊ ပညာလွင်ဘော်ဒါတွင် ပညာသင်ကြားခဲ့စဉ်က ဖြစ်ပါသည်။ ပညာလွင်ဘော်ဒါသည် မြို့၊လူနေရပ်ကွက်နှင့် အတော်လေးသီးခြား ဆန်သော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ ဘော်ဒါနှင့်ကပ်လျက်ချိုင့်ဝှမ်းထဲတွင် ဥာဏ်တော်မြင့်သော စေတီကြီးတစ်ဆူ တည်ထားပါသည်။ ဥာဏ်တော်က အတော်လေးမြင့်သည့်အတွက် ချိုင့်ဝှမ်း၏ အပေါ်ဖက်ထိ ထိုးထွက်နေပါသည်။ ထိုဘုရားပရ၀ုဏ်အတွင်းရှိ တစ်ခုသော ဇရပ်ငယ်လေးသည် ကျွန်တော့်အတွက် ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒ စသည်တို့ကို အော်ဟစ်ကျက်မှတ်ရာ နေရာကလေးဖြစ်ပါသည်။ စာမေးပွဲနီးလာပြီဖြစ်သဖြင့် သူသူငါငါ အားကုန် စာကြည့်နေကြသည်၊ ဟိုတောင်ကုန်းကြည့်လိုက်လည်း လူစုစု၊ ဒီဖက်ချောက်ထဲ ၀င်ချောင်းလိုက်လည်း လူစုစုဖြစ်နေကြရာ၊ ကျွန်တော့်ဇရပ်ကလေးတွင်လည်း လူပြည့်နေပါသည်။

စာကျက်စရာ ချောင်တစ်ခုရှာရင်းဖြင့် လိုဏ်ဂူတစ်ခုကို သွားတွေ့သည်၊ အတွင်းက အတော်လေးမှောင်နေပါသည်။ သို့ရာတွင် လူသူဆိတ်ငြိမ်နေသောကြောင့် ၀င်ကြည့်လိုက်ရာ၊ အတွင်းဖက်တွင် ဆင်းတုတော်တစ်ဆူကို ဖူးတွေ့ရသည်၊ ထိုနေရာတွင် မီးလုံးမှိန်မှိန်ကလေး ထွန်းထားသည်၊ ကြမ်းပြင်တွင် အဓိဋ္ဌာန် ကျောက်တုံးလည်းရှိသည်။ ဘုရားကို အရင်ဦးချပြီးမှ စာကျက်တော့မည်ဟု စိတ်ကူးရင်း ဦးစွာ ရှိခိုးဦးချလိုက်ပါသည်။ ကျွန်တော့်မှာ အကျင့်တစ်ခုရှိသည်၊ ဆင်းတုတော်ပဲဖြစ်ဖြစ်၊ စေတီပဲဖြစ်ဖြစ် ၀တ်မပြုမီဖြစ်စေ၊ ၀တ်ပြုပြီးဖြစ်စေ စိုက်၍ကြည့်နေတတ်သော အကျင့်ဖြစ်သည်။ ယခုလည်း ၀တ်ပြုပြီးသည်နှင့် ဆင်းတုတော်ကို ငေးပြီးကြည့်နေမိသည်။ မျက်လုံးတော်က အတော်လေး အသက်ဝင်လှသည်၊ စူးစူးရှရှလည်း ရှိလှသည်။ ကျွန်တော့်ရင်ထဲတွင် တစ်မျိုးကြီးဖြစ်နေသည်၊ ထို့နောက် အဓိဋ္ဌာန်ကျောက်တုံးကိုတစ်ချက် လှမ်းကြည့်မိသည်။ ငါ…….. အဓိဋ္ဌာန်ကြည့်ရင် ကောင်းမလားဟု…..အတွေးဖြစ်လာသည်။ ———


ဆင်းတုတော်က ဆိုခဲ့သည့်အတိုင်း တစ်ကယ့်ကို အသက်ဝင်လှသဖြင့်၊ ကျွန်တော့်မှာဖြင့် ငေးမောပြီးကြည့်နေမိတာ အကြာကြီးပါပဲ။ ကြည်ညိုတဲ့စိတ်တွေ ဖြစ်နေတယ်ထင်ပါရဲ့၊ အခုအချိန်မှာ ငါ..အဓိဋ္ဌာန်ရင် ကျိန်းသေပေါက်အမှန်ဖြစ်မှာပဲ ဆိုတာအထိ ဖြစ်လာတယ်။ ဒါနဲ့… လွယ်ထားတဲ့ ကျောင်းလွယ်အိတ်ကို ဘေးမှာ အသာချထားလိုက်တယ်၊ ရှေးဦးစွာ ယောက်ယက်ခတ်နေတဲ့ မိမိစိတ်ကို ငြိမ်သက်သွားအောင် ကြိုးစားပါတယ်၊ ပြီးတော့ ဆင်းတုတော်ကို ထိခြင်းငါးပါးနဲ့ တစ်ကြိမ်၊ ဦးချလိုက်ပါတယ် (စကားမစပ်ဗျာ၊ နောက်မပြောဖြစ်မှာစိုးလို့၊ ကြားဖြတ် ။ ။ ဦးချတယ်ဆိုတဲ့ ဟာလေးကို ကျွန်တော်သိပ်သဘောကျတယ်၊ ဦးခေါင်းကို မြေမှာညွတ်ချလိုက်တာဟာ……. ကိုယ့်ရဲ့မာန်ကို အောက်ဆုံးထိချလိုက်တဲ့ သဘောဖြစ်နေသလိုပါပဲ)။

ကျွန်တော်က ရွတ်ဖတ်မှုနဲ့ပက်သက်ရင်၊ “သြကာသရယ်၊ နမောတဿရယ်၊ ငါးပါးသီလခံတာရယ်၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိရယ်” ဒါပဲရတာဗျ။ ရထားသလောက်လေးကို အားရပါးရ ရွတ်လိုက်တယ် (ဋ္ဌာန်ကရိုဏ်းကျကျကို ရွတ်ပစ်တာ)။ ကျွန်တော့်သဒ္ဓါအားက တစ်အားကောင်းနေတယ် ထင်ပါရဲ့ဗျာ၊ ကျွန်တော်ရွတ်ဖတ်လိုက်တဲ့ အသံက ကြည်ထွက်ပြီး၊ လိုဏ်ဂူထဲမှာ ပဲ့တင်ပြီး ဟိန်းနေတယ်။ တစ်ကယ်ပါဗျာ…..ကိုယ့်အသံ ကိုယ်တောင်ပြန်ပြီး ကြည်ညိုမိပါသေးသည်။ သြော်…….. အဓိဋ္ဌာန်လို့ရတာ ဒါကြောင့်ကိုးလို့၊ နားလည်စေချင်လို့၊ ကျွန်တော် ပြောတတ်သလို ပေါ်လွင်အောင် ပြောနေရတာပါ။ ပီတိတွေတစ်အားဖြစ်နေတယ်။ တရိုတသေရွတ်ဖတ်လည်းပြီးရော၊ ထိခြင်းငါးပါးနဲ့ သေသေချာချာ ဦးသုံးကြိမ်ချလိုက်တယ်။ အဓိဋ္ဌာန်ကျောက်တုံးကို ငေးကြည့်ရင်း၊ မိမိကိုယ်ကို နောက်ဆုံးအနေနဲ့ သေချာမေးတယ်၊ မင်း…..ယုံရဲ့လားလို့။ သေချာတယ်၊ လုံးဝယုံနေတယ်။ လေးလေးနက်နက် အဓိဋ္ဌာန်ကြည့်မယ်ဆိုပြန်တော့၊ မလုပ်တတ်ပြန်ဘူး ဖြစ်နေတယ်။ မှန်သောသစ္စာစကား ဆိုရသေးလား၊ အင်း.. အဓိဋ္ဌာန်မယ်ဆိုရင်တော့၊ ပိုပြီး သေချာအောင် နှစ်ပြန်လောက် လုပ်သင့်တယ်ကြားဖူးတယ်ရယ်နဲ့………. လူက ဇဝေဇ၀ါတော့ဖြစ်နေမိသေးတယ်။ မှန်သောသစ္စာစကားကို ကျွန်တော်ပြောခဲ့လေသလား ဆိုတာတော့ အခုနေခါ မမှတ်မိတော့ဘူးဗျာ၊ မသေချာလို့ ဒီကိစ္စကိုတော့ ချန်ထားလိုက်တော့မယ်။ ကျွန်တော်မှတ်မိသလောက်ပြန်ပြောရရင်တော့-

“အရှင်ဘုရား………တပည့်တော်သည်၊ ယခုဘ၀တွင် အင်ဂျင်နီယာတစ်ယောက်ဖြစ်မည်ဆိုပါက ဤအဓိဋ္ဌာန်ကျောက်တုံးသည်… တပည့်တော်…ဘယ်လိုပဲ မ..မ၊ ဘယ်လောက်ပဲ ကြိုးစားပြီး မ….မ၊ ဘယ်လိုမှ မ၍ မရအောင် လေးလံနေပါစေသား”

တစ်ပြန်အားဖြင့်-

“အရှင်ဘုရား……….တပည့်တော်သည်၊ ယခုဘ၀တွင် အင်ဂျင်နီယာတစ်ယောက်ဖြစ်မည်ဆိုပါက၊ ဤအဓိဋ္ဌာန်ကျောက်တုံးသည် အလွယ်တကူ မ၍ရအောင် လွန်စွာပေါ့ပါးနေပါစေသား”

အဓိဋ္ဌာန်ကျောက်တုံးရဲ့ အရွယ်အစားက ငယ်တယ်လည်းမဟုတ်၊ ကြီးတယ်လည်းမဟုတ်၊ အလတ်စားပါ၊ အလေးချိန်ကလည်း ပုံမှန်ပါ။ မျက်လုံးကို အသာလေးမှိတ်၊ စိတ်အာရုံကို စုစည်းပြီး……လေးလံနေပါစေလို့ အဓိဋ္ဌာန်ပြီး…….ကျောက်တုံးကို မလိုက်တဲ့အခါ……လေးလိုက်တာဗျာ၊ ဘယ်လို လေးမှန်းကိုမသိဘူး၊ စောစောက လက်ထဲမှာ ဆပြီး ချိန်ကြည့်နေတဲ့ ကျောက်တုံးက အခုကျတော့ လေးလိုက်တာ။ ငါစိတ်ထင်လို့များလား။ ပိုပြီးအားစိုက်ပြီး မ..ကြည့်တယ်၊ မရဘူး။ အားကုန် မ..တယ်၊ မရဘူး။ အားမရလို့ ဒူးထောက်ထားတာရာက၊ ဒူးတစ်ဖက်ထောင်ပုံစံမျိုးနဲ့ ကြွပြီး မ…ကြည့်တယ်၊ မရဘူး။ ဒီလောက်တောင်မလို့မရတာ ကြိုက်သလိုပုံစံနဲ့ မ…မယ်ကွာဆိုပြီး၊ ကုန်းကုန်းကွကွကြီးနဲ့ မ…တယ်၊ လုံးဝကို မကြွတာဗျို။ ကျွန်တော် တစ်အားကြီးကို အံ့သြမိတယ်၊ အဓိဋ္ဌာန်လို့ တစ်ကယ်ရတာပဲ၊ အံသြစရာကောင်းလိုက်တာ၊ သူများတွေကိုလည်း သိပ်ပြောပြချင်တာပဲ။ နေပါအုံးလေ၊ နောက်တစ်ကြိမ် ထပ်ပြီး အဓိဋ္ဌာန်ကြည့်အုံးမှပါ။ ဒီတစ်ခါတော့……..ဆန့်ကျင်ဖက်ပေါ့လေ၊ ထူးပြီးပေါ့နေပါစေဆိုပြီး အဓိဋ္ဌာန်တာပေါ့။ ရင်ထဲမှာ တုန်ခါသွားရလိုက်ရတဲ့ဖြစ်ခြင်း။ ပေါ့လိုက်တာဗျာ၊ ပေါ့လိုက်တာမှ အသာလေး ဆ..ဆပြီး မြှောက်ကြည့်လို့တောင်ရသေးတယ်။ လူက ဘယ်လိုကြီးဖြစ်သွားမှန်းကို မသိပါဘူးဗျာ၊ အံ့သြတာတွေရော၊ ပီတိတွေဖြစ်ပြီြး ကက်သီးထတာတွေရော၊ တစ်ကယ်ဖြစ်ပါ့လားရယ်နဲ့……… အိုဗျာ……. ခံစားမှုတွေက ရောနေလို့ ဘာပြောပြရမှန်းတောင် မသိတော့ပါဘူး။ နောက်တော့ ……… စာကျက်ရမယ့် ကိစ္စရှိသေးလို့ လိုဏ်ဂူနံရံကို မှီပြီး စာကျက်နေလိုက်တယ်။ စာသာကျက်နေရတယ်………စိတ်တွေကတော့ စောစောကအဖြစ်အပျက်တွေဆီ ပြန်ပြန်ပြေးလို့နေပါတော့တယ်။

Read more...

ကြိုတင်၍ မသိနိုင်ပါသဖြင့်…

မှတ်မှတ်ရရ ထိုနေ့က စာရေးသူအပါအ၀င် စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) အကျိုးဆောင် အဖွဲ့ဝင်များ ကျောင်းဖွင့်ပွဲအတွက် အစည်းအဝေး လုပ်သည့်နေ့ဖြစ်၏။ တိတိကျကျပြောရလျှင် ၁၄-၁၂-၂၀၀၈ ရက်နေ့ကဖြစ်၏။ သို့သော် ကျောင်းဖွင့်ပွဲပြုလုပ်မည့် ရက်ကိုအတိအကျ မသတ်မှတ်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် စာရေးသူ၏ ဥပစ္ဇျာယ်ဆရာတော်ကြီး ကျန်မာရေး အသဲအသန်ဖြစ်သဖြင့် မဖြစ်မနေ မြန်မာပြည်ပြန်ကြွရန် အကြောင်းပေါ်လာသောကြောင့်ဖြစ်၏။ ထို့ကြောင့် ``မြန်မာပြည်က ပြန်ကြွလာမှပဲ ကျောင်းဖွင့်ပွဲရက်ကို ပြန်ပြီးတိုင်ပင်ညှိနှိုင်းကြပါစို့`` ဟုသာ အစည်းအဝေးကို အဆုံးသတ်ခဲ့ကြရ၏။ သို့ဖြင့် စာရေးသူလည်း မြန်မာပြည်ပြန်ကြွရန် လိုအပ်သည့် ပြင်ဆင်မှုများလုပ်နေစဉ် ထိုနေ့ညနေစောင်းအချိန် ကျောင်းသို့ ဒကာတစ်ယောက် အပြေးအလွှားရောက်လာ၏။ မျက်နှာမှာလည်း ပူဆွေးသောကရိပ်များ လွှမ်းမိုးလျက်ရှိသည့်အပြင် မျက်ရည်များဖြင့် စိုရွှဲနေ၏။ စာရေးသူအား မြင်မြင်ချင်း ဦးချကန်တော့ကာ အက်ကွဲနေသည့် ငိုသံကြီးဖြင့် ``အရှင်ဘုရား… တပည့်တော်သမီး ဆုံးသွားပြီဘုရား..၊ ဘယ်လိုမှယုံနိုင်စရာ မရှိဘူး..၊ မနေ့ကပဲ တပည့်တော်နဲ့ စကားပြောတော့ အဖေဘာမှ မစိုးရိမ်နဲ့ သမီးဘာမှ မဖြစ်ဘူးလို့တောင် ပြောတယ် ခုတော့… `` ပြောဆိုနေသော်လည်း ရှေ့ဆက်အသံထွက်မလာခဲ့ပေ။ ရှိုက်ကြီးတငင်ဖြင့်သာ ငိုကြွေးနေလေတော့၏။ စာရေးသူလည်း အားပေးဖြေသိမ့်စကားပြောရင်း ယနေ့မနက်မှာပင် ထိုဒကာပြုလုပ်ခဲ့သည့် ကုသိုလ်များကို ပြန်လည်အမှတ်ရစေလျှက် ဆုံးသွားသည့် သမီးအား အမျှပေးဝေပေးခဲ့ရ၏။

ထိုဒကာပြန်သွားပြီးနောက်တွင် စာရေးသူမှာ အတွေးများဖြင့် လေးလံနေတော့၏။ မျှော်လင့်မထားသည်များနှင့်သာ မကြာမကြာ ကြားသိကြုံတွေ့နေရသဖြင့် ပုထုဇင်သဘာဝ စိတ်တုန်လှုပ်မှုဖြစ်ခဲ့၏။ ဖြစ်မည်ဆိုလည်း ဖြစ်စရာကောင်းလှ၏။ ကျေးဇူးရှင်ဆရာတော်ကြီးမှာလည်း နေ့လားညလား ဖြစ်နေသည့်အခြေအနေ၊ ယခုသမီးဆုံးသွားသည့် ဒကာ၏ပူဆွေးနေရသည့် ခံစားမှု၊ ထို့အပြင် လွန်ခဲ့သည် နှစ်လအလွန်က လောကကြီးကို စွန့်ခွာသွားသည့် စာရေးသူ၏ သာသနာ့ညီတော်လည်းဖြစ်၊ အလွန်အားကိုးရပြီး အရည်အချင်းလည်း ရှိသည့် အသက် ၃၁နှစ်သာ ရှိသေးသည့် သူငယ်ချင်းဖြစ်သူ၏ ဆုံးရှုံးမှု စသည့်အချက်များက စိတ်ကိုတုန်လှုပ် ချောက်ခြားစေခဲ့၏။ သက်တမ်းအရ ကြည့်မည်ဆိုလျှင် အရင်မွေးသူ အသက်ကြီးသူက အရင်သေကြေပျက်ဆီး ကြရမည်သာဖြစ်၏။ သို့သော် ယခုမူ စာရေးသူထက် ၂နှစ်ငယ်သည့် ညီတော် ရဟန်းတော်က အရင်ကံစွမ်း ကုန်သွားခဲ့သကဲ့သို့ အဖေ့အရင် သမီးက သေဆုံးသွားခဲ့သည့် ဒကာ၏အဖြစ်ကလည်း လက်တွေ့ဖြစ်နေ၏။ ညီတော်အတွက် ရည်စူးပြီး နောင်တော်ဖြစ်သူက ကုသိုလ်ပြု အမျှပေးဝေပေးနေရသကဲ့သို့ သမီးဖြစ်သူအား ရည်စူးပြီး အဖေဖြစ်သူက အမျှပေးဝေပေးနေရပြန်၏။ ကြီးစဉ်ငယ်လိုက် သွားရမည့်အခြေအနေများသည် ပြောင်းပြင်ဖြစ်နေခဲ့၏။ ကျန်းမာရေး အသဲအသန်ဖြစ်နေသည့် ဆရာတော်၏ စကားကိုသာ ပြန်လည်ကြားယောင်နေခဲ့မိ၏။ ဆရာတော်က အသဲကင်ဆာ ခံစားနေရသည့် တပည့်ဖြစ်သူကို ကြည့်ပြီး ``ဒီကောင့်ကို ပိုပြီးဂရုစိုက်ကြပါ… င့ါရောဂါအခြေအနေထက် သူ့အခြေအနေက ပိုဆိုးတယ်… `` ဟု မိန့်တော်မူဖူး၏။ ဆရာတော်အမိန့်ရှိသကဲ့သို့ပင် စာရေးသူ၏ ညီတော်သူငယ်ချင်း၊ ဆရာတော်ကြီး၏ တပည့်အရင်းက ဆရာတော့်အရင် သေဆုံးသွားခဲ့ရှာပေပြီ။ ထို့အတူ အထက်မှာ တင်ပြခဲ့သည့် ဒကာ၏ အခြေအနေသည်လည်း ``အဖေ… သမီးအတွက်ဘာမှ မစိုးရိမ်နဲ့ သမီးဘာမှ မဖြစ်ဘူး..`` ဟု ပြောခဲသည့် သမီးက အဖေ့အရင် သေဆုံးသွားခဲ့ရှာပေပြီ။ အချိန်မရွေး လာနေသည့် သေခြင်းတရားကား အမှန်ပင် သံဝေဂဖြစ်စရာ၊ ကြောက်လန့်စရာပင်။

စင်စစ် ပုထုဇင်ဖြစ်၍သာ စာရေးသူအနေဖြင့် မည်သည့်အရာက အရင်ဖြစ်သင့်သည်၊ မည်သည့်ပုဂ္ဂိုလ်က အရင်သွားသင့်သည့် စသည့်အတွေးများ ဖြစ်နေသော်လည်း တရားသဘောအရ၊ သဘာဝဓမ္မအရ ကြည့်မည်ဆိုလျှင် မည်သည့်အရာမျှ တစ်သမှတ်တည်း တွက်ဆ၍မရပေ။ လောကကြီးသည် မိမိဖြစ်ချင်သည့်အတိုင်း ဖြစ်ခွင့်မရှိ၊ သူ့သဘာဝအတိုင်းသာ ဖြစ်နေခြင်းဖြစ်၏။ ဤသဘောအတိုင်းပင် သေခြင်းတရား ဟူသည်မှာလည်း အသက်အရွယ်အစဉ်အတိုင်း ဖြစ်ပေါ်လာတတ်သည့် သဘောမဟုတ်၊ အရွယ်မရွေး ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ သားသမီးထက်အရင် မိဘသည် လောကကြီးအတွင်းသို့ ရောက်လာသဖြင့် လောကကြီးမှ ပြန်လည်ထွက်ခွာသည့်အခါ မိဘကအရင် ထွက်ခွာရမည် ဖြစ်သော်လည်း မိဘအရင် သားသမီးက ထွက်ခွာသွားနေကြသည်မှာလည်း အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်၏။ ထို့အတူ ဆရာနှင့်တပည့်၊ အစ်ကိုနှင့်ညီ စသူတို့သည်လည်း မည်သူကအရင် သေကြရမည်၊ မည်သူကအရင် လောကကြိးက ထွက်ခွာသွားကြရမည်ဟူ၍ သတ်မှတ်ထားချက်မရှိ၊ ကြိုတင်၍လည်း မှန်းဆသိနိုင်ခွင့်လည်း မရှိပေ။ ထို့ကြောင့်လည်း ဗုဒ္ဓစာပေများတွင် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးရှိကြောင်း ဖော်ပြထားခြင်းဖြစ်၏။ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာနှင့် ဇာတကအဋ္ဌကထာတို့တွင် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို အောက်ပါအတိုင်း ဖော်ပြထား၏။ စာပေ၌ ဖော်ပြထားသည်မှာ

``ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေ တေ ဇီဝလောကသ္မိံ၊ အနိမိတ္တာ န နာယရေ`` ဟူ၍ဖြစ်၏။ ဤဂါထာတွင် ဖော်ပြသည့် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို အများနားလည်စေရန် သရုပ်ထုပ်ပြရလျှင်…

၁။ မည်သည့်အရွယ်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၂။ မည်သည့်ရောဂါဖြင့် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၃။ မည်သည့်အချိန်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၎။ မည်သည့်နေရာတွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း တို့ပင်ဖြစ်၏။

မှန်၏။ ပုထုဇင်ပုဂ္ဂိုလ်သတ္တ၀ါတို့သည် သေကြရမည်ကို သေချာတိကျစွာ သိနိုင်ကြသော်လည်း မည်သည့် အသက်အရွယ်တွင် သေကြရမည်ဟူသည်ကိုကား ကြိုတင်၍ မသိနိုင်ကြပေ။ အချို့ဆိုလျှင် သက်တမ်းပြည့် နေသွားကြသော်လည်း အချို့မှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားကြရ၏။ အချို့လည်း မွေးပြီးတစ်လ၊ နှစ်လအလွန်တွင် သေကြရပြီး အချို့ဆိုလျှင် မွေးမွေးချင်း သေသွားကြရ၏။ သေခြင်းတရားတွင် မည်သည့်အရွယ်၌ သေကြရမည်ဟု ကြိုတင်သတ်မှတ်ချက် မရှိ၊ အချိန်မရွေး သေနိုင်ကြ၏။ ထို့ကြောင့်လည်း မည်သို့မျှ မျှော်လင့်မထားသည့် အရာများ ဖြစ်နေကြခြင်းဖြစ်၏။ နေ့မြင်ညပျောက် ဖြစ်သွားခဲ့ကြ၏။ မနေ့တစ်နေ့ကပင် ထိုသူနှင့် မိမိတွေ့ကြုံစကားပြောခဲ့ကြသေး၊ ယခု သူကမရှိတော့ဟူသည် ခံစားမှုမျိုး ကြုံတွေ့ဖူးကြမည်ဖြစ်၏။ ထို့ကြောင့် မည်သည့်အရွယ်တွင် သေရမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း သေခြင်းတရားသည် အရွယ်မရွေးလာနိုင်သည် ဟူသည့် အချက်မှာ အတိအကျဖြစ်သဖြင့် သေခြင်းတရား မိမိထံရောက်မလာမီ ထိုသေခြင်းတရားကို ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်၏ဟု ဆိုခြင်းဖြစ်၏။

ထို့အတူ သတ္တ၀ါတို့ ကြိုတင်၍ မသိနိုင်သည့် အရာတစ်ခုမှာ မည်သည့်ရောဂါဖြင့် သေရမည်ဟူသည့် အချက်ပင်ဖြစ်၏။ မျက်မှောက်ခေတ်တွင် ရောဂါများသည် အမျိုးမျိုး ပေါ်ပေါက်လျက်ရှိ၏။ အထူးသဖြင့် ဖွင့်ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသဖြင့် ရောဂါဖြစ်ပွားမှု ပို၍များပြားသည်ကို တွေ့နိုင်၏။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ စသည်ဖြင့် ဖြစ်လျင်သေနိုင်သည့် ရောဂါများ ဆွဲကပ်မှုသည် တစ်ဆတစ်ဆ များများလာ၏။ ထိုရောဂါများသည် မိမိထံသို့လည်း အချိန်မရွေးလာနိုင်၏။ မိမိသည်လည်း ထိုရောဂါတစ်ခုခု ဆွဲကပ်ခံရပြီး အချိန်မရွေး သေနိုင်၏။ မည်သည့် ရောဂါဖြင့် သေမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေရမည်ကား အမှန်ပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်ရှိနေခြင်းကပင် ရောဂါအစုကြီး ရှိနေသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် ရောဂါအစုကြီးဖြစ်သည့် ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားပြီးဖြစ်သည့် မိမိတို့အနေဖြင့် မည်သည့်ရောဂါဖြင့် သေမည်ကို ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေကြရမည်ဆိုသည့် အချက်ကို အမြဲသတိပြု ဆင်ခြင်သင့်လှ၏။

ထို့အပြင် မည်သည့်အချိန်တွင် သေကြရမည်ဟူသည်ကိုလည်း မည်သူမျှ ကြိုတင်၍ မသိနိုင်ကြပေ။ မနက်သေမည်လား၊ နေ့လယ်သေမည်လား၊ ညနေသေမည်လား၊ ညသေမည်လား စသည်ဖြင့် လားပေါင်းများစွာဖြင့်သာ သေရမည့်အချိန်ကို စောင့်နေကြရ၏။ သေခြင်းတရားကား အချိန်ကိုလည်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။ အချို့လည်း အလုပ်လုပ်နေချိန် သေကြရ၏။ အချို့လည်း တရားထိုင်နေစဉ် သေကြရ၏။ အချို့လည်း အိပ်နေစဉ် သေကြရ၏။ အခြေအနေအမျိုးမျိုးတွင် တစ်မျိုးမျိုးဖြင့် သေနေကြရသော်လည်း တိကျသည့် အချိန်သတ်မှတ်ချက်ကိုကား ကြိုတင်မပြောပြနိုင်၊ ကြိုတင်မသိနိုင်ကြပေ။ သေချာသည်ကား အချိန်မရွေးသေနိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် မည်သည့်အချိန်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ကြသဖြင့် မနက်၊ နေ့၊ ည အချိန်မရွေး ရောက်လာနိုင်သည့် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသင့်၏။

မည်သည့်နေရာတွင် သေကြရမည်ဆိုသည့် အချက်သည်လည်း သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုဖြစ်၏။ အချို့ဆိုလျှင် မွေးသည့်နေရာက တစ်နေရာ၊ သေသည့်အခါ တစ်နေရာဖြစ်သွားသည်ကို တွေ့ကြရမည်ဖြစ်၏။ တောမှာ မွေးပြီး မြို့မှာ လာသေကြရသူများ ရှိသကဲ့သို့ မြို့မှာမွေးပြီး တောသို့ အလည်သွားသည့် အခိုက် တောမှာသေကြရသူများလည်း ရှိ၏။ ခရီးသွားစဉ် ကားပေါ်၊ ရထားပေါ်၊ သဘောင်္ပေါ်၊ လေယာဉ်ပေါ် စသည့်နေရာ အမျိုးမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် သေကြရသူများလည်း ရှိ၏။ နိုင်ငံအနေဖြင့် ပြောလျှင် မြန်မာနိုင်ငံတွင် မွေးပြီး ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ အာရှ၊ ဥရောပ၊ အမေရိက စသည့် နိုင်ငံခြား တိုင်းပြည်များမှာ သွားရောက်သေကြရသူများလည်း မရေတွက်နိုင်အောင် များပြားလှ၏။ ဤသည်မှာ သေခြင်းတရားသည် အချိန်မရွေးဖြစ်ပေါ်နေပြီး မည်သည့်နေရာတွင် သေကြရမည်ဆိုသည်ကို မသိနိုင်ကြသောကြောင့်ပင် ဖြစ်၏။ သေချာသည်ကား မည်သည့်နေရာတွင် ရှိရှိ သေကြရမည်၊ သေနိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် သေခြင်းတရားမှ လွတ်အောင်ရှောင်တိမ်းနိုင်သည့် နေရာဟူသည် မရှိနိုင်သည့်အပြင် မည်သည့်နေရာတွင် သေမည်ကိုလည်း ကြိုတင်၍ မသိနိုင်သဖြင့် ရောက်သည့်နေရာတိုင်းတွင် သေခြင်းတရားကို မမေ့ကြရန် သတိပြုဆင်ခြင်ထားကြရန် လိုအပ်လှ၏။

အရေးကြီးဆုံးအချက်ဖြစ်သည့် သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုမှာ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည် ဟူသည့်အချက်ပင်ဖြစ်၏။ နိဗ္ဗာန်မရသေးသမျှ သတ္တ၀ါအားလုံး သေပြီးနောက် ဘ၀သံသရာ ကျင်လည်ကြရမည်ဖြစ်ပြီး ယခုဘ၀ မိမိတို့လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အရှိန်ဖြင့် တစ်နေရာရာ ဘုံဌာနတစ်ခုခုတွင် ပြန်လည်ဖြစ်ရမည်ဖြစ်၏။ သို့သော် မည်သည့်ဘုံဌာနတွင် ဖြစ်မည်ကိုကား ကြိုတင်မသိနိုင်ကြပေ။ သေပြီးနောက် နတ်ဘုံနတ်နန်းတွင် စံမြန်းနိုင်ကြသူများ ရှိနိုင်သကဲ့သို့ လူ့ဘ၀တွင် ပြန်လည်မွေးဖွားသူများလည်း ရှိနိုင်၏။ အကုသိုလ်တစ်ခုခုကြောင့် ငရဲပြည်သို့ ရောက်ရှိသွားနိုင်သူများ ရှိသကဲ့သို့၊ အစွဲတစ်ခုခုကြောင့် ပြိတ္တာအဖြစ်၊ တိရိစ္ဆာန်အဖြစ် ပြန်လည်ပဋိသန္ဓေ ယူကြရသူများလည်း ရှိနိုင်၏။ မည်သို့ပင်ဖြစ်စေ သေပြီးပြန်လည် ကျင်လည်ရမည့် ဘ၀ကိုကား တိတိကျကျ သိနိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် နောင်ဘ၀မည်သို့ ဖြစ်မည်ကို ကြိုတင်မသိနိုင်ကြသဖြင့် ယခုဘ၀တွင် မိမိတို့ လုပ်နေသည့်အလုပ်များကို အထူးဂရုစိုက်လုပ်သင့်လှ၏။

အချုပ်အားဖြင့် ပုထုဇင်မှန်သမျှ မည်သူမဆို မည့်သည့်အရွယ်၊ မည့်သည့်ရောဂါ၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် သေကြရမည်ဟူသည်ကို မသိနိုင်ကြသည့်အပြင် သေပြီးနောက် မည်သည့်ဘ၀တွင် ပြန်လည်ဖြစ်ကြရမည်ဟူသည်ကို ကြိုတင်၍ မသိနိုင်ကြသဖြင့် တိကျသေချာသည့် ယခုလက်ရှိအချိန်ကို တန်ဘိုးရှိရှိ အသုံးပြုရန် လိုအပ်လှ၏။ တန်ဘိုးရှိရှိ အသုံးပြုသင့်သည်ဟူသည်မှာ မကောင်းသည့်အလုပ်များ မလုပ်ကြရန်နှင့် ကောင်းမှုကုသိုလ်များကို ရသမျှ ပြုလုပ်စုဆောင်းကြရန်ကို ဆိုလို၏။ ထိုကြိုတင်၍ မသိနိုင်သည့် အရာများ ရောက်မလာမီ တိကျသေချာသည့် ယခုအချိန်တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်လှ၏။ ယခုအချိန်တွင်မှ ရသမျှ ကုသိုလ်အစုကို စုဆောင်းရှာဖွေ အားထုတ်မထားနိုင်လျင် အချိန်မရွေးရောက်လာနိုင်သည့် ထိုတရားများ ရောက်လာသည့်အခါ အလွန်နောက်ကျသွားနိုင်ပေ၏။ ထို့ကြောင့် မတိကျမရေရာသည့်၊ ကြိုတင်၍ မသိနိုင်သည့်အရာများ ရောက်လာသည့်အခါ ရဲရဲရင်ဆိုင်နိုင်ရန် တိကျသေချာသည့် ယခုအချိန်တွင် ကောင်းမှုအစုကို ကြိုးစားပြုကြပါဟု သတိပေးတိုက်တွန်းရင်း စာရေးသူ၏ ဆရာတော်ကြီး ဈာပနအခမ်းအနားတွင် စာရေးသူကိုယ်တိုင် နောက်ဆုံးသီကုံး ပူဇော်ကန်တော့ခဲ့သည့် ကြိုတင်၍ မသိနိုင်သည့်အရာများအကြောင်း သံဝေဂကဗျာလေးကို ပြန်လည်မျှဝေရင်း….

ကောင်းမှုအစု ကြိုးစားပြုလော့
ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကလာ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။

Read more...

ကိုးပါးဂုဏ်တော်ရှိပူဇော်၍

အရဟံ

* လူနတ်ဗြဟ္မာ ၊ သတ္တ၀ါတို့
* ထူးစွာအများ ၊ ပူဇော်ထားအပ်
* တရားမြတ်ကြောင့်
* အရဟံ မည်ထိုက်ပါပေသည်။

သမ္မာသဗ္ဗုဒ္ဓေါ

* လုံးစုံအကြောင်း ၊ တရားပေါင်း၏
* အကြွင်းမရှိ ၊ သိတော်မူကြောင်း
* အကြောင်းကြောင့်ပင်
* သမ္မာသမ္ဗုဒ္ဓေါ မည်ထိုက်ပါပေသည်။

ဝိဇ္ဇာစရဏ သမ္ပန္နော

* ၀ိဇ္ဇာသုံးပါး ၊ ရှစ်ပါးဝိဇ္ဇာ
* စရဏာတစ်ဆယ့်ငါး
* ပြည့်စုံငြားကြောင့်
* ၀ိဇ္ဇာစရဏ သမ္ပန္နော
* မည်ထိုက်ပါပေသည်။

သုဂတော

* ကောင်းသောစကား ၊ ဆိုအပ်ငြားသည့်
* ဘုရားစင်စစ် ၊ ဖြစ်ခြင်းကြောင့်ပင်
* သုဂတော မည်ထိုက်ပါပေသည်။

လောက၀ိဒူ

* သတ္တလောက ၊ သင်္ခါရနှင့်
* သြကာသလောက ၊ သုံးပါးမကကို
* ဖွင့်ဆိုရှင်းပြ ၊ သိနေမှုကြောင့်
* လောက၀ိဒူ မည်ထိုက်ပါပေသည်။

အနုတ္တရောပုရိဿဓမ္မသာရထိ

* လူနတ်ဗြဟ္မာ ၊ သတ္တ၀ါအရေး
* ယဉ်ကျေးစေတတ် ၊ ဂုဏ်ထူးမြတ်ကြောင့်
* အနုတ္တရောပုရိဿဓမ္မသာရတ္ထိ
* မည်ထိုက်ပါပေ၏

သတ္တာဒေ၀မနုဿာနံ

* လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏
* ဆရာဖြစ်ဘိမူ ၊ အကြောင်းတူစွာ
* သတ္တာဒေ၀မနုဿာနံ
* မည်ထိုက်ပါပေ၏

ဗုဒ္ဓေါ

* သစ္စာလေးပါး ၊ မြတ်တရားသိ
* အကြောင်းငြိ၍
* ဗုဒ္ဓေါ မည်ထိုက်ပါပေ၏

ဘဂ၀ါ

* ဘုန်းတော်အနန္တ ၊ ဥာဏ်တော်အနန္တ
* ရှိခြင်းကပင်လျှင် ၊ ရှင်ပင်မြတ်မဟာ
* ဘဂ၀ါ မည်ထိုက်ပါပေ သည်တကား
* ဘဂ၀ါ ရှိခိုးချီထိက်ပါပေ သည်တကား
* ဘဂ၀ါ ရိုကျိုးပူဇော်ထိုက် ပါပေ သည်တကား ။ ။

( မင်းနရိန္ဒာ )

Read more...

*အမေ ကျေနပ်ပါပြီ သားရယ်(၁)*

သာသနာနှစ်မျိုး

မြတ်စွာဘုရား သာသနာတော်တွင် ဘိက္ခု သာသနာ၊ ဘိက္ခုနီ သာသနာ-ဟု နှစ်မျိုးနှစ်စား ရှိခဲ့ပါတယ်။ အမျိုးသား အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခု သာသနာဟု သုံးနှုံးပြီး၊ အမျိုးသမီး အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခုနီ သာသနာဟု သုံးနှုံးခဲ့ပါတယ်။

ဘိက္ခုသာသနာ

မြတ်စွာဘုရား သာသနာတော်တွင် ဘိက္ခု သာသနာ အရင် ပေါ်ထွန်းခဲ့ပါတယ်။ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီးသည့်နောက် ဓမ္မစကြာ တရားတော်ကို ဟောတော်မူသည်မှ အစပြု၍ ဘိက္ခုသာသနာ အရင်ပေါ်ထွန်းခဲ့တယ်။ ဘိက္ခု သာသနာသို့ အရင် ၀င်ရောက်လာသူမှာ အရှင်ကောဏ္ဍည မထေရ် ဖြစ်ပြီး၊ သစ္စာလေးပါးကို မြတ်ဗုဒ္ဓသိရှိပြီး အရင်အဦးဆုံး သိရှိသူလည်းဖြစ်တယ်။

ဘိက္ခုနီသာသနာ

ဘိက္ခု သာသနာ ပေါ်ထွန်းပြီးနောက် မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်း တောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှု တို့ကြောင့် ဘိက္ခုနီ သာသနာခေါ် ရဟန်း အမျိုးသမီး သာသနာ ပေါ်ပေါက် လာခဲ့တယ်။ အမျိုးသမီး ရဟန်းမ သာသနာသို့ အရင် ၀င်ရောက် လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင် မင်းသမီး ငါးရာတို့ ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမ သာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။

ဧတဒဂ်

ဧတဒဂ်၏ အဓိပ္ပါယ်မှာ အသာလွန်ဆုံး အထူးချွန်ဆုံး-ဟု အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓမြတ်စွာ သာသနာမှာ ဘိက္ခု သာသနာရော ဘိက္ခုနီ သာသနာမှာပါ ဧတဒဂ်ဘွဲ့များကို မြတ်ဗုဒ္ဓက အသီးသီး ပေးအပ် ချီးမြှင့်ခဲ့တယ်။

ရတ္တညူဧတဒဂ်

ရတ္တညူ ဧတဒဂ်ဆိုတာ ဗုဒ္ဓမြတ်စွာ သာသနာမှာ ၀ါအကြီးဆုံး၊ သစ္စာလေးပါးကို ဗုဒ္ဓမြတ်စွာက လွဲရင် အရင်ဆုံးသိသူကို မြတ်ဗုဒ္ဓက ချီးမြှင့် ပေးအပ်ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်တယ်။ အဲဒီ ဘွဲ့ထူး ဂုဏ်ထူးကြီးကို အမျိုးသား ရဟန်းသာသနာမှာ အရှင်ကောဏ္ဍည မထေရ်က ရရှိပိုင်ဆိုင်ပြီး၊ အမျိုသမီး ရဟန်းမ သာသနာမှာ မိထွေးတော်ကြီးက ရရှိပိုင်ဆိုင်ခဲ့တယ်။

သီတင်းသုံးနေထိုင်ရာ

တစ်ချိန်တုန်းက လောကကြီးကို အသိဉာဏ်တွေ ထွန်းလင်းပေးခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ဝေသာလီပြည်ရဲ့ အနီး မဟာဝုန် တောကြီးအတွင်း ကူဋာဂါရသာလာကျောင်း (စုလစ်မွန်းချွန်တွေနဲ့ တန်ဆာဆင် ထားတဲ့ ဇရပ်)မှာ သီတင်းသုံး နေထိုင်တယ်။ အဲဒီအချိန်မှာ မိထွေးတော် ဂေါတမီကြီးကတော့ ဝေသာလီမြို့ထဲမှာ အမျိုးသမီးတို့ ပျော်စံရာ ဘိက္ခုနီမ ကျောင်းတိုက်တာမှာ သီတင်းသုံး နေထိုင်တယ်။

စဉ်းစားမိပြီ

အဲဒီလို အေးအေး ဆေးဆေး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ သီတင်းသုံး နေထိုင်ရင်း တစ်နေ့မတော့ မိထွေးတော်ကြီးရဲ့ စိတ်ထဲမှာ စဉ်းစားမိတယ်။ သြော်… သားတော်ဘုရား မြတ်ဗုဒ္ဓ၊ အဂ္ဂ သာဝကကြီးများ ဖြစ်တဲ့ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန်၊ မြေးတော်လေး အရှင်ရာဟုလာ၊ ငါ့ကို ဘိက္ခုနီမ သာသနာ တည်ထောင်ခွင့် ရအောင် ကြိုးပမ်းပေးခဲ့တဲ့ အရှင်အာနန္ဒာတို့ ခန္ဓာကိုယ်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို ငါဖူးမြော်ခွင့် ရတော့မှာ မဟုတ်ဘူး… လို့ ဆုံးဖြတ်ချက်ချ စဉ်းစားမိလိုက်တာနဲ့ မဟာပထ၀ီ မြေကြီးက ချက်ချင်းတုန်လှုပ်၊ အင်မတန်မှ ကြည်လင် သန့်ရှင်းနေပြီး မိုးတိမ်၊ မိုးသား၊ မိုးရိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ကြီး ကလည်း ချက်ချင်းဆိုသလို ညို့မှောင်တက်လာပြီး မိုးတွေ အရမ်းခြိမ်းလာတယ်။

(ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာက မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ သက်တော်က ၈၀၊ ယသော်ဓရာ စံတာက ၁၄၆၊ အသက်က ၇၈၊ သားတော်လေး ရာဟုလာက မိခင် ယသော်ဓရာထက်စော၊ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန် တို့က မဟာသက္ကရာဇ် ၁၄၇-ခုနှစ်မှာ အသီးသီး ခန္ဓာ့ဝန်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းခဲ့တယ်။ စကားချပ်။)

နတ်တွေက ငိုတယ်

မိထွေးတော်ကြီး ဆုံးဖြတ်ချက် ချလိုက်တာကို ပထမဦးဆုံးသိတာ ကျောင်းနား တစ်ဝိုက်မှာ ရှိနေတဲ့ နတ်တွေပဲ၊ သူတို့က သိတော့ ငိုကြတာပေါ့။ (သူတို့ငိုတာက တို့ ရွှေမြန်မာတွေ ငိုတာနဲ့မတူဘူး။ တို့ရွှေမြန်မာတွေက မဖြစ်နိုင်တာကို တမ်းတပြီးငိုကြတာ။ သေတဲ့ လူကို ကိုင်ပြီး အမလေး၊ ထကြည့်ပါအုံး - စသည်ဖြင့် ငိုကြတယ်။ မျိုးစုံပါပဲ။ သေတဲ့လူက ဘယ်လိုလုပ် ထကြည့်နိုင်မလဲ။ စဉ်းစားစရာတွေ၊ ထိုင်းနိုင်ငံ မှာတော့ အတုယူစရာ ကောင်းတယ် အသံထွက်ပြီး ဘယ်သူမှ မငိုဘူး၊ မျက်ရည်တွေ စီးကြရုံလောက်ပဲ၊ အသုဘ အထိမ်းအမှတ်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ကြတယ်။ စကားချပ်။) နောက်ပြီး ကောင်းကင်က စတုမဟာရာဇ် အစရှိတဲ့ ရာဂ မကင်းနိုင်သေးတဲ့ နတ်တွေမှန်သမျှ ငိုကြတယ်။

နတ်တွေ ရှိစေ သရဲတွေ မရှိစေနဲ့

ဒါကတော့ စကားချပ် အနေနဲ့ ပြောချင်တာပါ။ ကောင်းကင်က နတ်တွေဟာ လူ့ပြည်ကို လာရမှာ အရမ်းကြောက်တယ်။ လူ့ပြည်က နံလို့တဲ့။ ဘာတွေ နံသလဲ ဆိုတာတော့ ကိုယ်ဟာကိုယ်ပဲ တွေးကြည့်တော့။ အနံ့ချင်း မတူကြဘူးနော်။ သတိထားကြ။ စာဖတ်သူတို့ သတိထားမိကြမှာပါ။ တို့နိုင်ငံမှာ နေတုန်းက လူတွေရဲ့ အနံ့ ဒီ့ပြင်နိုင်ငံက လူတွေရဲ့ အနံ့၊ တို့နိုင်ငံမှာတောင် လူတန်းစား ပေါင်းစုံတို့ အနံ့ ဒါတွေဟာ ဘယ်လောက် ကွာခြားသလဲ ဆိုတာ၊ စဉ်းစားမိကြမှာပါ။

ပြောချင်တာက သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖော်မွေ့ ဆိုတာပါပဲ။ လောကကြီးမှာ စိတ်သဘောထား တူသူ အချင်းချင်းသာ ပေါင်းဖော်ယှဉ်တွဲ နေထိုင်ကြတာ။ မတူသူတွေလဲ အထိုက် အလျောက်တော့ ရှိမှာပေါ့လေ။ နတ်နဲ့ သူရဲက မတူဘူးနော်။ စဉ်းစားကြ၊ ကိုးကြီးကျော်တို့၊ ပန်းပဲ မောင်တင့်တယ်တို့ စတာတွေဟာ ဘာတွေလဲ။ ဒါတွေလဲ စဉ်းစားကြ၊ နတ်အစစ်တွေကတော့ သီလ မရှိတဲ့ သူတွေရဲ့ ထံပါးကို ဘယ်တော့မှ မလာဘူး ဆိုတာပဲ၊ နတ်တော့ရှိကြပါစေ။ သရဲတော့ မရှိကြပါစေနဲ့ကွယ်။)

အဲဒါ တို့ကြောင့်ပါ

ကျောင်းဝင်း တစ်ဝင်းထဲမှာ အတူရှိနေကြတဲ့ သာကီဝင် ရဟန်း အမျိုးသမီး ငါးရာလည်း ဒီလို မမျှော်လင့်တဲ့ ဖြစ်ရပ်ကြီးနဲ့ ရုတ်တရက် ကြုံလိုက်ရတော့ အလွန် ထူးဆန်းသွားတယ်။ ဒါဟာ တစ်ခုခုတော့ ထူးခြားမှာပဲလို့ တွေးကြပြီး မိထွေးတော်ကြီးဆီ စုရုံး ရောက်ရှိလာကြတယ်။

အဲဒီနောက် မိထွေးတော်ကြီးကို ရိုသေစွာ ရှိခိုးပြီး၊ သူမတို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရတဲ့ ကောင်းကင်က မိုးခြိမ်းသံတွေ၊ မြေကြီး တုန်လှုပ်တာတွေကို ကြားရ မြင်ရတော့ ဘာများ အကြောင်းထူးလို့ ပါလဲဘုရား-လို့ မိထွေးတော်ကြီးကို အဖြစ်အပျက်တွေ လျှောက်ကြတယ်။

“ရှင်မတို့ မိထွေးတော်ကြီးလေ ခန္ဓာ့ဝန် ရုတ်သိမ်းပြီး၊ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာကြောင့် အဲဒီ အဖြစ်အပျက် ဖြစ်လာတာပါ၊ အဲဒါ တို့ကြောင့် ဖြစ်တာပါကွယ်”ဟု မိထွေးတော်ကြီးက ရှင်းပြလိုက်တယ်။

လိုက်ပါရစေ

မိထွေးတော်ကြီးရဲ့ စကားကို ကြားတယ်ဆိုရင်ပဲ သာကီဝင် ရဟန်းအမျိုးသမီး ငါးရားတို့က “တပည့်တော် မတို့လဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချ ကြံစည်မိကြ ပါပြီဘုရား”လို့ လျှောက်ထား ကြတယ်။

ဆက်လက်ပြီး မိထွေးတော်ကြီးကို “တပည့်တော်မတို့ တတွေဟာ တောထွက် လာကြတုန်းကလည်း အတူတူ၊ မြတ်ဗုဒ္ဓ ထံမှောက်မှာ ရဟန်းမ ၀တ်ကြတုန်းကလည်း အတူတူ၊ တရား အားထုတ်ကြ တော့လည်း အတူတူ၊ တရားထူး ရပြန်တော့လဲ မရှေး မနှောင်းမှာပဲ အတူတူ ရခဲ့ကြပါတယ်။ မိထွေးတော်ကြီး ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မှာကို တပည့်တော် မတို့လည်း အတူတူ လိုက်ပါရ စေတော့ဘုရား”လို့ လျှောက်ထား တောင်းပန်ကြတယ်။

ခွင့်တောင်းကြဦးစို့

ရှင်မတို့ရယ်… တို့ကတော့ကွယ်၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင် ငြိမ်းကြတော့မယ့် ရှင်မတို့အတွက် ဘယ်တားရက်ပါ့မလဲ။ သွားကြတာပေါ့ကွယ်။ ဒါပေမဲ့ တို့သဘောနဲ့တို့ သွားလို့တော့ မဖြစ်သေးဘူး၊ တို့ရဲ့ ကျေးဇူးရှင်ကြီး သားတော် ဘုရားဆီကို သွားပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းဖို့အတွက် ခွင့်တောင်းကြဦးစို့”ဟု သာကီဝင် ရဟန်းမ ငါးရာကို ပန်ကြားလိုက်တယ်။

သည်းခံကြပါကွယ်

အဲဒီလို ပန်ကြားပြီး မကြာခင်မှာ မိထွေးတော် ဂေါတမီကြီးနဲ့ သားကီဝင် ရဟန်းမ ငါးရာတို့က ကျောင်းကြီး ပေါ်ကဆင်း ကျောင်းခြံဝင်းက မထွက်ခင်မှာပဲ ကျောင်းစောင့်နတ်တွေကို

(ဥပဿယေ ယာဓိဝတ္တာ၊ ဒေ၀တာ တာ ခမန္တုမေ။ ဘိက္ခုနီ နိလယေဿဒံ၊ ပစ္ဆိမံ ဒဿနံ မမ။)

တို့တတွေ သီတင်းသုံးရာ ဘိက္ခုနီမ ကျောင်းတိုက်တာကို စောင့်ရှောက် ၀န်းရံနေကြတဲ့ နတ်များအပေါင်းတို့၊ တို့တတွေမှာ အပြစ်များ တစ်စုံများ ရှိခဲ့ရင် သည်းခံကြပါကွယ်”လို့ သည်ခံစေဖို့ ပန်ကြားလိုက်တယ်။
ပြီးတော့… တို့များဟာ ဒီဘိက္ခုနီမ ကျောင်းတိုက်တာ ကြီးကို ကြည့်ရှုခွင့် ရခြင်းဟာ နောက်ဆုံး ကြည့်ခြင်းပေပဲ - ဟု ပြောဆိုရင်း ဘိက္ခုနီမတို့ ကျောင်းတိုက်ကနေ ထွက်လို့လာခဲ့တယ်။

ကြေရာ ကြေကြောင်း တောင်းပန်ချင်

ဒီနေရာမှာ တို့တတွေ အတု ယူသင့်တာက လူတွေမှာ ကံသုံးပါး ရှိတယ်။ ကာယကံ (ခန္ဓာကိုယ်နဲ့ စပ်နေတဲ့ကံ)၊ ၀စီကံ (ပါးစပ်နဲ့ စပ်နေတဲ့ကံ)၊ မနောကံ (စိတ်နဲ့ စပ်တဲ့ကံ)၊ အဲဒီကံ သုံးပါးမှာ ရဟန္တာတွေမှာ ပြစ်မှား ကျူးလွန်ခြင်း မရှိကြပေမဲ့ မိထွေးတော် ကြီးက တောင်းပန်တယ်။ အတုယူစရာနော်။

ဘုရား တရား သံဃာ ရတနာမြတ် သုံးပါး၊ မိဘ၊ ဆရာသမားများ၊ တစ်ဦးတစ်ယောက် မည်သူ့ကို မဆို ကိုယ် နှုတ် စိတ် တစ်ခုခုနဲ့ ပြစ်မှားမှု ရှိခဲ့သည် ဖြစ်စေ၊ မရှိခဲ့သည် ဖြစ်စေ တစ်နေရာ တစ်ဒေသသို့ ထွက်ခွါတော့မည့် ပုဂ္ဂိုလ်အတွက် သက်ဆိုင်သူတွေကို တောင်းပန်သင့်တယ်။ တစ်ဘ၀ လုံးအတွက် ဆိုရင်တော့ ပိုလို့တောင် တောင်းပန် သင့်တာပေါ့။

မြန်မာ့ စကားပုံတွင် “ရန်သူတောင် တောင်းပန်ရင် ကြေအေးရ၏”ဟု ဆိုရိုးစကား ရှိတယ်။ အပြင်းအထန် ရန်ဖြစ်ကြ၊ မခေါ်နိုင် မပြောနိုင် ဖြစ်ကြပြီးမှ မှားသူက မိမိအပြစ်ကို ကြေရာ ကြေကြောင်း တောင်းပန်ပြီးနောက်၊ ခွင့်လွတ် သီးခံကာ မိတ်ဆွေအဖြစ်၊ အပေါင်း အသင်းအဖြစ်၊ အကြင် လင်မယားအဖြစ်၊ ဆရာတပည့် အဖြစ်၊ အသက်ထက်ဆုံး ဆက်လက် ပေါင်းသင်း နေထိုင် သွားကြသည်မှာ လောကကြီးတွင် ဒုနှင့်ဒေး၊ တောင်းပန်သူနှင့် ခွင့်လွှတ်သူတို့၏ အကျိုးဆက်ဖြစ်တယ်။

တောင်းပန်သူကို မကြေအေး၊ ခွင့်မလွှတ် သီးမခံနိုင်ပါက တောင်းပန် ခံရသူသည် လူမိုက် ဖြစ်ကြောင်းနှင့်၊ ခွင့်လွှတ် သီးခံနိုင်သူသည် လူလိမ္မာ ဖြစ်ကြောင်း မြတ်ဗုဒ္ဓက အင်္ဂုတ္တရ နိကာယ် တိကနိတ်ပါတ်တွင် အတိအကျ မိန့်မှာ ထားခဲ့ပြီးဖြစ်တယ်။

အမေကိုသတ်သူ၊ အဖေကို သတ်သူ၊ ရဟန္တာကို သတ်သူ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သူ၊ သံဃာတော် အချင်းချင်း မသင့်မတင့်ဖြစ်အောင် သွေးထိုး ကုံးတိုက်သူ ဤငါးဦးတို့ကတော့ ဘယ်လိုပင် တောင်းပန် တောင်းပန်၊ တောင်းပန်ခံရသူက ဘယ်လိုပင်ကြေအေး ကြေအေး လုံးဝ အပြစ် မကြေနိုင်ဘဲ၊ ကျူးလွန်သည့် အပြစ်ဒဏ်တိုင်း မုချ ခံစားရမှာ အမှန်ပင်ဖြစ်တယ်။)

ဆက်ရန် -

ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေ ကျေနပ်ပါပြီ သားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့ အတွက် ညီငယ် မောင်ဖိုးသားမှ တဆင့် ပြန်လည် ဓမ္မဒါန ပြုခြင်းဖြစ်ပါသည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

4/5/2009, SUN:, 3:54:08 PM

Read more...

သမ္ပဒါသုတ် - (ပြည့်စုံခြင်း၊ ပြီးစီးခြင်း) ရှစ်မျိုး..

ဒုတိယ သမ္ပဒါသုတ် - (ပြည့်စုံခြင်း၊ ပြီးစီးခြင်း)

ရဟန်းတို့ ပြည့်စုံမှု {သမ္ပဒါ}တို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁။ ထကြွလုံ့လနှင့် ပြည့်စုံမှု {ဥဋ္ဌာနသမ္ပဒါ}၊
၂။ စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု {အာရက္ခသမ္ပဒါ}၊
၃။ မိတ်ဆွေကောင်း ရှိမှု {ကလျာဏမိတ္တတာ}၊
၎။ မျှတစွာ အသက်မွေးမှု {သမဇီဝိတာ}၊
၅။ သဒ္ဓါနှင့် ပြည့်စုံမှု {သဒ္ဓါသမ္ပဒါ}၊
၆။ သီလနှင့် ပြည့်စုံမှု {သီလသမ္ပဒါ}၊
၇။ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု {စာဂသမ္ပဒါ}၊
၈။ ပညာနှင့် ပြည့်စုံမှု {ပညာသမ္ပဒါ}တို့တည်း။

၁...
ရဟန်းတို့ ထိုထကြွလုံ့လနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် အသက်မွေးကြောင်း အလုပ် ဖြစ်သော လယ်လုပ်ခြင်းဖြင့်ဖြစ်စေ ကုန်သွယ်ခြင်းဖြင့် ဖြစ်စေ နွားကျောင်းခြင်းဖြင့် ဖြစ်စေ လေးသမားအတတ်ဖြင့်ဖြစ်စေ မင်း လုလင် အလုပ်ဖြင့်ဖြစ်စေ အခြား အတတ်ပညာ တစ်မျိုးမျိုးဖြင့်ဖြစ်စေ အသက်မွေးမှု ပြု၏၊ ထိုအလုပ်၌ ကျွမ်းကျင် ၏၊ ပျင်းရိမှု မရှိ၊ (ထိုအလုပ်၌) အကြောင်းကို စုံစမ်းတတ်သော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန်လည်း စွမ်းနိုင်၏၊ စီမံရန်လည်း စွမ်းနိုင်၏၊ ရဟန်းတို့ ဤသည်ကို ထကြွ လုံ့လနှင့် ပြည့်စုံမှု {ဥဋ္ဌာနသမ္ပဒါ} ဟူ၍ ဆိုအပ်၏။

၂...
ရဟန်းတို့ စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားအား ထကြွ လုံ့လကြောင့် ရအပ်ကုန် သော လက်ရုံးအားကိုး ဆည်းပူး အပ်ကုန်သော ချွေးဒီးဒီးကျ ပြုအပ်ကုန်သော တရားနှင့် လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော စည်းစိမ် (ဥစ္စာ)တို့သည် ရှိကုန်၏၊ ထိုစည်းစိမ် (ဥစ္စာ)တို့ကို {{အဘယ်သို့လျှင် ငါ၏ ဤစည်းစိမ်ဥစ္စာတို့ကို မင်း{အစိုးရ}တို့ မဆောင်ယူကုန်ရာသနည်း၊ ခိုးသူတို့ မဆောင်ယူနိုင်ကုန်ရာ သနည်း၊ မီးမလောင် နိုင်ရာသနည်း၊ ရေမမျော နိုင်ရာသနည်း၊ မချစ်မနှစ်သက်သူ အမွေခံဆိုးတို့ မဆောင်ယူနိုင်ကုန်ရာသနည်း}} ဟု စောင့်ရှောက်ခြင်း လုံခြုံစေ ခြင်းနှင့် ပြည့်စုံစေ၏။ ရဟန်းတို့ ဤသည်ကို စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု {အာရက္ခသမ္ပဒါ} ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ မိတ်ဆွေကောင်း ရှိမှုဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် အကြင်ရွာ၌ဖြစ်စေ နိဂုံး၌ဖြစ်စေ နေ၏၊ ထိုရွာ နိဂုံး၌ရှိသော ငယ်သော်လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန် ကြီး၍လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန် သဒ္ဓါတရားနှင့် ပြည့်စုံကုန် သီလနှင့် ပြည့်စုံကုန် စွန့်ကြဲခြင်းနှင့် ပြည့်စုံကုန် ပညာနှင့် ပြည့်စုံကုန်သော သူကြွယ်တို့နှင့် ဖြစ်စေ သူကြွယ်သားတို့နှင့်ဖြစ်စေ အတူနေ၏၊ အတူပြောဆို၏၊ အတူဆွေးနွေး၏၊ ယင်းသဒ္ဓါတရားနှင့် ပြည့်စုံသူတို့၏ သဒ္ဓါတရားနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းသီလနှင့် ပြည့်စုံသူတို့၏ သီလနှင့်ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းစွန့်ကြဲခြင်းနှင့် ပြည့်စုံသူတို့၏ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့် ၏၊ ယင်းပညာနှင့် ပြည့်စုံသူတို့၏ ပညာနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏။ ရဟန်း တို့ ဤသည်ကို မိတ်ဆွေကောင်းရှိမှု {ကလျာဏမိတ္တတာ} ဟု ဆိုအပ်၏။

၎...
ရဟန်းတို့ မျှတစွာ အသက်မွေးမှု ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် စည်းစိမ် (ဥစ္စာ)တို့၏ တိုးပွါးမှု (၀င်ငွေ)ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ)ကို လည်းကောင်း သိ၍ {{ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါး မှု (၀င်ငွေ)သည် ဆုတ်ယုတ်မှု (ထွက်ငွေ)ထက် များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ)သည် တိုးပွါးမှု (၀င်ငွေ)ထက် များလိမ့် မည်မဟုတ်}} ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။

ရဟန်းတို့ ဥပမာသော်ကား ရာဇူကိုင်သမားသည် လည်းကောင်း၊ ရာဇူကိုင်၏ တပည့်သည် လည်းကောင်း ရာဇူ (ချိန်ခွင်)ကို မြှောက်၍ {{ဤမျှလောက် အောက် သို့နိမ့်၏၊ ဤမျှလောက် အထက်သို့မြင့်၏}} ဟု သိသကဲ့သို့၊ ရဟန်းတို့ ဤအတူ သာလျှင် အမျိုးကောင်းသားသည် စည်းစိမ်(ဥစ္စာ)တို့၏ တိုးပွါးမှု (၀င်ငွေ)ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ)ကို လည်းကောင်း သိ၍ {{ဤသို့ သုံးစွဲ သော် ငါ၏ တိုးပွါးမှု(၀င်ငွေ)သည် ဆုတ်ယုတ်မှု (ထွက်ငွေ)ထက် များလိမ့်မည်၊ ငါ၏ဆုတ်ယုတ်မှု (ထွက်ငွေ)သည် တိုးပွါးမှု (၀င်ငွေ)ထက် များလိမ့်မည် မဟုတ်}} ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။

ရဟန်းတို့ ဤအမျိုးကောင်းသားသည် တိုးပွါးမှု (၀င်ငွေ)နည်းသည် ဖြစ်ပါလျက် အထက်တန်း ကျသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ ထိုသူအား {{ဤအမျိုးကောင်းသားသည် သဖန်းသီးကို စားသူကဲ့သို့ စည်းစိမ် (ဥစ္စာ)တို့ကို သုံးဆောင်စားသောက်၏}} ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ ဤအမျိုး ကောင်းသားသည် တိုးပွါးမှု (၀င်ငွေ)များသည်ဖြစ်လျက် ငြိုငြင်ဆင်းရဲသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ ထိုသူအား {{အကြီးအကဲ မရှိသော (အား ထားရာမဲ့) သေခြင်းကဲ့သို့ သေရလိမ့်မည်}} ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ရဟန်း တို့ အမျိုးကောင်းသားသည် စည်းစိမ်ဥစ္စာတို့၏ တိုးပွါးမှု(၀င်ငွေ)ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ)ကိုလည်းကောင်း သိ၍ {{ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (၀င်ငွေ)သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက် များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (၀င်ငွေ) ထက် များလိမ့်မည် မဟုတ်}} ဟုမများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ရဟန်းတို့ ဤသည်ကို မျှတစွာ အသက်မွေးမှု {သမဇီဝိတာ} ဟု ဆိုအပ်၏။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊

၅...
ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရား ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏၊ {{ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည် တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေ၀မနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီး တော်မူသော အကြောင်းကြောင့်လည်း ဘဂ၀ါ မည်တော်မူ၏}} ဟု ယုံကြည်၏။ ရဟန်းတို့ ဤသည်ကို သဒ္ဓါတရားနှင့် ပြည့်စုံမှု {သဒ္ဓါသမ္ပဒါ} ဟု ဆိုအပ်၏။

၆...
ရဟန်းတို့ သီလနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် သူ့အသက်သတ်ခြင်းမှ ရှောင် ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ
ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို သီလနှင့် ပြည့်စုံမှု {သီလသမ္ပဒါ} ဟု ဆိုအပ်၏။

၇...
ရဟန်းတို့ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည်။ပ။ တောင်းခံခြင်းငှါ ထိုက်သူ ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်သူဖြစ်၍ မစ္ဆရိယတည်း ဟူသော အညစ် အကြေး ကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။ ရဟန်းတို့ ဤသည်ကို စွန့်ကြဲ ခြင်းနှင့် ပြည့်စုံမှု {စာဂသမ္ပဒါ} ဟု ဆိုအပ်၏။

၈...
ရဟန်းတို့ ပညာနှင့် ပြည့်စုံမှု ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် ပညာရှိ၏။ပ။ ၀ဋ်ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်သော ပညာနှင့် ကောင်းစွာ ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကို ပညာနှင့် ပြည့်စုံမှု {ပညာသမ္ပဒါ} ဟု ဆိုအပ်၏။ ရဟန်းတို့ ပြည့်စုံမှု {သမ္ပဒါ}တို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အလုပ်လုပ်ရာဌာနတို့၌ ထကြွ လုံ့လရှိလျက် မမေ့မလျော့မူ၍ အထူးစီမံခြင်းနှင့် ပြည့်စုံသောယောက်ျားသည် မျှတစွာ အသက်မွေးမှုကို ပြု၏၊ ဆည်းပူးအပ်ပြီး သော (ဥစ္စာ)ကို အစဉ် စောင့်ရှောက်၏။ သဒ္ဓါတရားရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယကင်း၏၊ တမလွန် ဘ၀၌ ချမ်းသာ ကြောင်း ဖြစ်သော(ကုသိုလ်)လမ်းကို အမြဲ သုတ်သင်၏။

ဤသို့လျှင် ဤတရားရှစ်မျိုးတို့သည် အိမ်ထောင်ဝတ်ကို ရှာမှီးလေ့ရှိသော သဒ္ဓါ တရားနှင့် ပြည့်စုံသူအား မျက်မှောက်ဘ၀၌ အစီးအပွါး အလို့ငှါ လည်းကောင်း၊ တမလွန်ဘ၀၌ ချမ်းသာခြင်းငှါ လည်းကောင်း နှစ်ပါးစုံသော ဘ၀၌ ချမ်းသာကို ဆောင်တတ်ကုန်၏ ဟူ၍ အမည်မှန်ရှိသော မြတ်စွာဘုရားသည် ဟောကြားတော် မူ အပ်၏။

ဤသို့လျှင် လူဖြစ်သော သူတို့အား စွန့်ကြဲမှု {စာဂ} ထိုမှ ကြွင်းသော ကောင်းမှု ကုသိုလ်သည် တိုးပွါး၏ဟု (မိန့်တော်မူ၏)။၇၆

၆ - ဒုတိယ သမ္ပဒါသုတ်၊ ယမက၀ဂ်၊ အင်္ဂုတ္တိုရ်။

ပထမ သမ္ပဒါသုတ်--->
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ဗုဒ္ဓဓမ္မ နှလုံးလှ
Labels: အင်္ဂုတ္တိုရ်ပါဠိတော်

Read more...

*တတ်သ၍ လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါရစေ*

သက်တော် ၂၅-နှစ်နဲ့ ပညာဒါနတွေ ဖြည့်ဆည်းနေတဲ့ ဘုန်းဘုန်း ဦးကောဝိဒ (စစ်ကိုင်း)နဲ့ ကျွန်တော် ဆွေးနွေးဖြစ်ခဲ့တာလေးပါ…။ ဘုန်းဘုန်းဟာ အခုဆို စစ်ကိုင်းနဲ့ မန္တလေးတို့မှာ သံဃာတော်တွေ အတွက် ကွန်ပျူတာသင်တန်း ပညာဒါန လုပ်နေပါတယ်။ စစ်ကိုင်းမှာတော့ အပြင်လူတွေကိုပါ အခမဲ့ သင်တန်းပေးတယ်လို့ သိရပါတယ်…။ နောက်ပြီး ဘုန်းဘုန်းသည် နာရေး ကူညီမှု အသင်းလည်း ဖွဲ့စည်းထားပါသေးတယ်။ အခု ဒီသင်တန်းတွေမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း လှူဒါန်းချင်သူများအတွက် ၀မ်းမြောက်ဝမ်းသာ ဖိတ်ခေါ်လိုက်ပါတယ်။ သင်တန်း အတွက် လိုအပ်ချက် အသေးစိတ်ကိုတော့ ဘုန်းဘုန်းနဲ့ ဆွေးနွေးထားတာလေးမှာ ဖတ်ကြည့်စေလို ပါတယ်ခင်ဗျာ…။

ဆက်သွယ် လှူဒါန်းလိုပါက…

အရှင်ကောဝိဒ(စစ်ကိုင်း) Mail : kovida9@gmail.com
Phone No : 0262448

4:26 PM အရှင်ကောဝိဒ(စစ်ကိုင်း): မင်္ဂလာပါ

me: တင်ပါ့ ဘုန်းဘုန်း မင်္ဂလာပါ

အရှင်ကောဝိဒ(စစ်ကိုင်း): ဘယ်နိုင်ငံကလဲမသိဘူး
me: အော် ဘုန်းဘုန်း
4:27 PM ဖိုးသား ရုရှားကပါ

အရှင်ကောဝိဒ(စစ်ကိုင်း): ဒါယကာက အသက်ဘယ်လောက်ရှိပြီလဲ

me: ဒီလာမယ့် မေ ၃၀ ဆို ၂၄ ပြည့်ပြီ ဘုန်းဘုန်း

4:29 PM အစ်ကို တစ်ယောက် ပြောလို့.. ဘုန်းဘုန်း ပညာဒါန အလှူတွေ လုပ်နေတာ ဖိုးသား သိတယ်လေ
နောက် ဘုန်းဘုန်းဘလော့ကနေ တဆင့်လည်း သိရတယ်

အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းရဲ့ဆိုက်ကိုဖွင့်ဖူးလား

me: တင်ပါ့

4:30 PM နောက် ဘုန်းဘုန်း ဘာတွေ လိုသေးလဲ မသိဘူး
ဖိုးသား ဘလော့ကနေ အလှူရှင်တွေ ဖိတ်ခေါ်ချင်လို့ပါ

အရှင်ကောဝိဒ(စစ်ကိုင်း): အခုကုဋီဆောက်ဖို့စီစဉ်နေပါတယ်ဒါယကာ

4:31 PM me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): သင်တန်းသားဦးရေများပြားလာတာနဲ့အမျှ သင်တန်းသားတွေအတွက်
ရေလောင်းကုဋီ ဆောက်ချင်ပါတယ်ဒါယကာ

4:32 PM me: ဘုန်းဘုန်း ဖိုးသားကို လိုနေတာလေးတွေနဲ့ နောက် ဆက်သွယ် လှူဒါန်းချင်ရင် ဘယ်လိုလှူရမလဲ၊ လိပ်စာလေးကော သိလို့ရမလား ဘုန်းဘုန်း..
အတိအကျသိတော့ ဖိုးသား ဘလော့မှာ ရေးလို့ရတယ် ဘုန်းဘုန်း

4:33 PM အရှင်ကောဝိဒ(စစ်ကိုင်း): အခုလောလောဆယ်တော့ ဦးဇင်း ကုဋီပြီးသွားရင်တော့ သင်တန်းအတွက်
လစဉ် ဆီအလှူရှင်များလိုအပ်ပါတယ်ဒါယကာ

me: တင်ပါ့

4:34 PM ဆီဆိုတာ မီးစက်အတွက် ဆီလား ဘုန်းဘုန်း

4:35 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ပါတယ်ဒါယကာ

me: တင်ပါ့

4:36 PM အရှင်ကောဝိဒ(စစ်ကိုင်း): အခု စစ်ကိုင်းသင်တန်းအတွက် မီးစက် က ဆောင်ရွက်နေပြီလေ

me: တင်ပါ့ ဘုန်းဘုန်း

အရှင်ကောဝိဒ(စစ်ကိုင်း): ဆီက တစ်လကို ဂါလံ ၅၀ လောက်ခန့်မှန်းထားတယ်
မြန်မာနိုင်ငံမှာက မီးက ပျက်တလှည့်
လာတစ်လှည့်ဆိုတော့

4:37 PM me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): သင်တန်းချိန်က တစ်ရက်ကို အနည်းဆုံး ၆ ချိန်ရှိတယ်လေ

4:38 PM me: ဘုန်းဘုန်း ဖိုးသားကို ဘုန်းဘုန်း အားတဲ့ အချိန်လေး ဆက်သွယ်လှူဒါန်းရမယ့် လိပ်စာ၊ ဖုန်းနံပါတ် အဲဒါလေး ရေးပေးပါလား ဘုန်းဘုန်း...
ဘုန်းဘုန်းအားမှ မေးနဲ့ ပို့ပေးလည်း အဆင်ပြေပါတယ်

အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းရဲ့မေးလိပ်စာ (kovida9@gmail.com) နဲ့

0262448 မန္တလေးသင်တန်းတွေမှာလှူဒါန်းနိုင်ပါတယ်ဒါယကာ

4:40 PM me: တင်ပါ့ ဘုန်းဘုန်း...
ဒါဆို ဘုန်းဘုန်း ဖိုးသား ဒီညပဲ ရေးတင်ပေးပါ့မယ်...

အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ကဲ့ပါဒါယကာ

4:41 PM me: နောက်ဘုန်းဘုန်း ငွေလွှဲပြီး လှူချင်ရင် လိပ်စာက ဘယ်လိုလဲ မသိဘူး

အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းရဲ့ဆိုက် (http://kovida.multiply.com)မှာ
သင်တန်းဓါတ်ပုံတွေရှိပါတယ်

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): ပြည်တွင်းလား

me: တင်ပါ့ ပြည်တွင်းကော ပြည်ပကော လေ ဘုန်းဘုန်း
ဘယ်လိပ်စာနဲ့ ပို့ရမလဲ ဆိုတာ

4:42 PM နောက် လာထုတ်မယ့်သူရဲ့ မှတ်ပုံတင်နံပါတ် နဲ့ နာမည်လည်း လိုမယ်ထင်တယ် ဘုန်းဘုန်း
နောက် အနီးဆုံး ဘဏ်လိပ်စာလေးကော

အရှင်ကောဝိဒ(စစ်ကိုင်း): ပြည်တွင်းကတော့ ဖုန်းဆက်ပြီးဆက်သွယ်မယ်ဆို အဆင်ပြေပါတယ်
ပြည်ပက အလှူရှင်တွေကြတော့
မေးကနေဆက်သွယ်ပြီးမှစီစဉ်ရင်မကောင်းဘူးလား

me: အော် တင်ပါ့ ဘုန်းဘုန်း
အဲဒါလည်းကောင်းပါတယ်

4:44 PM အရှင်ကောဝိဒ(စစ်ကိုင်း): ငွေထုတ်မဲ့သူ ကအမြဲ တာဝန်တစ်ခုအနေနဲ့ထားပေးလို့မရလို့ပါ

me: တင်ပါ့
ဟုတ်ပါတယ်

အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေး သင်တန်းမှာကလည်း လူများတယ်လေ
ဖုန်းဆက်တဲ့အခါ ရှိတဲ့သူရဲ့မှတ်ပုံတင်နဲ့
ဘဏ်လိပ်စာပေးလိုက်ရင်ရပါတယ်

4:45 PM ဦးဇင်းသင်တန်းတွေက

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေးကော
စစ်ကိုင်းမှာကောဆိုတော့
ဦးဇင်းကတော့ တစ်ပတ်ကိုလေးရက်လောက်

me: တင်ပါ့ ဘုန်းဘုန်း

အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေးသင်တန်းမှာရှိပါတယ်

me: တင်ပါ့ ဘုန်းဘုန်း

4:47 PM အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေး သင်တန်းကလည်းနေ့စဉ် ဆီ ၃ ပုလင်းကုန်ပါတယ်
သံဃာတော်တွေသီးသန့်ပါ
စစ်ကိုင်းမှာကတော့

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): လူတွေပါ အခမဲ့သင်ပေးပါတယ်

နောက်ပြီးတော့ဦးဇင်းတို့ စစ်ကိုင်းမှာ နာရေးကူညီမှုအသင်း တစ်ခုဖွဲ့စည်းထားတာလည်းရှိတယ်
4:48 PM အဲဒီအတွက်လည်း သီးခြားအလှူရှင်များ ရှိပါက ဆက်သွယ်နိုင်ပါတယ်ဒါယကာ

me: တင်ပါ့ ဘုန်းဘုန်း

4:49 PM အရှင်ကောဝိဒ(စစ်ကိုင်း):အခုသင်္ကြန်တွင်းတော့ ဦးဇင်း တရားစခန်းလေး တစ်ခုဖွင့်ဖို့အတွက် သင်တန်းတွေခဏပိတ်ထားတယ်

me: တင်ပါ့

4:50 PM အရှင်ကောဝိဒ(စစ်ကိုင်း): သင်္ကြန်ပြီးရင်တော့စစ်ကိုင်းသင်တန်းပြန်ဖွင့်မယ်

me: ဘုန်းဘုန်း တစ်ပါးတည်း တော်တော် အလုပ်ရှုပ်မယ် ထင်တယ်

အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေးသင်တန်းကတော့ သင်္ကြန်နီးမှပိတ်ဖြစ်မယ်
မရှုပ်ပါဘူး

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): ဒီလိုပါပဲ
4:51 PM လူဆိုတာ အချိန်ကုန်တာခြင်းတူတူ
ကုသိုလ်နဲ့ပဲ အချိန်ကုန်ချင်လို့ပါဒါယကာ

အခုဒါယကာရဲ့စိတ်မှာလည်းဦးဇင်းကိုကူညီမယ့်
စေတနာတွေနဲ့
ကုသိုလ်ဖြစ်နေတယ်လေ

4:52 PM me: တင်ပါ့ ဘုန်းဘုန်း
ဘုန်းဘုန်း ဘလော့က အခု ဆို ဖွင့်မရဘူး ဖိုးသား..
အရင်က ရတယ်

4:53 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်လား
http://kovida.multiply.com

me: တင်ပါ့

4:55 PM ဘုန်းဘုန်း အဆင်ပြေရင် ဘုန်းဘုန်း ဓါတ်ပုံလေး ပို့ပေးပါလား ဘုန်းဘုန်း...
ဘလော့မှာ ဖူးဘူးပေမယ့် ပုံကသေးနေတယ်
မမှတ်မိတော့ဘူး

4:56 PM ဖိုးသားဆီမှာ ဘုန်းဘုန်းအကောင့်တွေ အများကြီးပဲ.. ဓါတ်ပုံတွေကောပဲ..

အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်လား

me: ဘုရားရှိခိုးပြီးတိုင်း တစ်ပါးချင်းကို မေတ္တာပို့ပေးနေတာ

4:57 PM အရှင်ကောဝိဒ(စစ်ကိုင်း): အဲဒီထဲ ကအဆင်ပြေတဲ့ ဓါတ်ပုံတွေ ထည့်ရင်အဆင်ပြေလား
သာဓုပါဒါယကာ
ကောင်းပါတယ်

me: ဓါတ်ပုံမြင်ဖူးတော့ အာရုံပြုရတာ ပိုကောင်းတယ် ဘုန်းဘုန်း

အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ကဲ့ပါဒါယကာ
အခုလောလောဆယ်တော့ဓါတ်ပုံမပါခဲ့ဘူး
4:58 PM ဦးဇင်းသီးသန့် ပို့ပေးပါမယ်

me: တင်ပါ့ဘုန်းဘုန်း
ကျေးဇူးပါ

အရှင်ကောဝိဒ(စစ်ကိုင်း): အခု ထည့်ချင်ရင်တော့ ဦးဇင်းရဲ့ သင်တန်းဓါတ်ပုံတွေ ထည့်လို့ရပါတယ်

me: ဖွင့်လို့မရလို့ ဘုန်းဘုန်း
4:59 PM ဘုန်းဘုန်း အားမှပဲ ပို့ပေးပါ
5:00 PM ဦးခိုက်လိုက်ပါတယ် ဘုန်းဘုန်း... ဘုန်းဘုန်းကျန်းမာပါစေ။

5:08 PM အရှင်ကောဝိဒ(စစ်ကိုင်း): စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အပေါင်းတိုနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်

7:48 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဒါယကာဖိုးသား

me: တင်ပါ့ ရှိတယ် ဦးဇင်း

7:49 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းသင်တန်းဖွင့်ဖို့စီစဉ်နေလို့ပါ

me: ရပါတယ် ဦးဇင်း
လုပ်ပါ

7:50 PM ၆ ရက်နေ့လောက်ကိုသင်တန်းဖွင့်ဖြစ်မယ်ဒါယကာ
me: တင်ပါ့

7:51 PM အရှင်ကောဝိဒ(စစ်ကိုင်း): အခုဦးဇင်းဆီမှာ သင်တန်းတက်နေတဲ့ သံဃာတော်တွေကို သင်ရဖို့လေ

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): offline ကသင်ရတာလွယ်တယ်ဒါယကာ

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): online ကသင်ဖို့မလွယ်ကူဘူးလေ

me: ဟုတ်ပါတယ် ဦးဇင်း

7:52 PM အရှင်ကောဝိဒ(စစ်ကိုင်း): အဲဒါကြောင့် သံဃာတော်တွေမှာ အင်တာနက်အသုံးပြုဖို့ တော်တော်လေး ခက်ခဲနေပါတယ်

မန္တလေးမှာတော့
သံဃာတော်တွေအတွက်
အင်တာနက်ပါအဆင်ပြေသွားခဲ့ပါပြီ

အခုစစ်ကိုင်းသင်တန်းအတွက်ပဲခက်နေတယ်

me: အော် တင်ပါ့

7:53 PM အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေးမှာတော့
သံဃာတော်တွေအတွက် သင်တန်းတွေဖွင့်ပေးတာ
အမှတ်စဉ် ၃ ရှိသွားပါပြီ

me: တင်ပါ့ ဦးဇင်း

အရှင်ကောဝိဒ(စစ်ကိုင်း): ကွန်ပျူတာကို လုံးဝမသိသေးတဲ့ သံဃာတော်တွေ ဘလော့ပါ ရေးနိုင်သွားခဲ့ပါတယ်
ဦးဇင်းတော့တော်တော်လေးကိုဝမ်းသာမိတယ်

7:54 PM me: တင်ပါ့ သာဓု ခေါ်ပါရစေ ဖိုးသား

အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းလည်း ဦးဇင်းရဲ့ ကုသိုလ်တွေကို ၀မ်းမြောက်ဝမ်းသာ အမျှပေးဝေပါတယ်ဒါယကာ

me: တင်ပါ့ ဦးဇင်း
သာဓု သာဓု သာဓု ပါ

7:55 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းအခု ကုဋီဆောက်ဖို့ အတွက်ပဲ စဉ်းစားနေရတယ် ဒါယကာ

me: အော်
ဘာလိုနေလဲ ဦးဇင်း..

အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းကို အဲဒီအတွက်တော့ အဆင်ပြေအောင် ကူညီပေးကြပါဦး ဒါယကာ

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): စစ်ကိုင်းသင်တန်းမှာ ကုဋီ
(ရေလောင်းအိမ်သာ)

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): ရေကန်နှင့်တွဲလျှက်ပေါ့
ဒါယကာ

me: တင်ပါ့ ဦးဇင်း

အရှင်ကောဝိဒ(စစ်ကိုင်း): အခု စစ်ကိုင်းသင်တန်းမှာက လူတွေပါ အခမဲ့သင်ပေးနေတာ ဆိုတော့
7:57 PM သင်တန်းသားက တစ်ရာကျော်လောက်ရှိနေပြီ

me: တင်ပါ့
တော်တော်များတာပဲ ဦးဇင်း

အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းမှာက ဆရာတွေလခ ပေးရတယ်
ထမင်းကျွေးရတယ်
မန္တလေးသင်တန်းကလည်း မီးနေ့တိုင်းပျက်တော့

7:58 PM သင်တန်းအမှတ်စဉ်၂ တုန်းကဆို

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): မီး၂ ရက်ပဲလာတယ်
ကျန်တဲ့ရက်တွေမီးစက်နဲ့ပဲစီစဉ်ရတယ်လေ

me: တင်ပါ့

7:59 PM ဆရာတွေဆိုတာ အပြင်ဆရာတွေလား ဦးဇင်း

အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ပါတယ်ဒါယကာ
ဦးဇင်တစ်ဦးတည်းမနိုင်ဘူးလေ
ဆရာ ၃ ယောက်ခေါ်ထားရတယ်

8:00 PM လူတွေဆိုတော့လည်း သူတို့စားဝတ်နေရေးက ရှိတော့

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): စီစဉ်ပေးရတာပေါ့ဒါယကာ

8:01 PM me: တင်ပါ့ ဦးဇင်း ဖိုးသား တတ်သလောက် ကူညီပေးပါ့မယ်...

အရှင်ကောဝိဒ(စစ်ကိုင်း): သာဓုပါဒါယကာ

me: တင်ပါ့
ဦးဇင်း အသက်က တကယ်ပဲ ၂၅ လား
အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ပါတယ်

8:02 PM သိက္ခာတော် ၆ ၀ါပါဒါယကာ
ဒါယကာရဲ့အသက်က
ဘယ်လောက်လဲ

အရှင်ကောဝိဒ(စစ်ကိုင်း): ဒါယကာရဲ့အသက်လေးသိချင်ပါတယ်

me: ဖိုးသား ဒီလာမယ့် မေ ၃၀ ဆို ၂၄ ပြည့်ပါပြီ

8:08 PM ဦးဇင်း အဲဒီက blogspot.com တွေ ဖွင့်လို့ရလား မသိဘူး

အရှင်ကောဝိဒ(စစ်ကိုင်း): မရဘူး
ကျော်ဖွင့်ရတယ်

me: အော် တင်ပ့ါ

8:09 PM ခု ဖိုးသား အစ်ကိုတစ်ယောက် ဘာသာရေးဆိုက်တွေက နေ့စဉ်ရေးသမျှတွေကို စုပေါင်းတင်ထားတဲ့ ဘလော့လေးတစ်ခု လုပ်ထားတယ် ဦးဇင်း
http://vimuttirasa.blogspot.com/
ဝိမုတ္တိရသ လို့နာမည်ပေးထားပါတယ်

8:10 PM ဦးဇင်း အားတဲ့ တစ်နေ့လောက် ကြည့်ပြီး အကြံဥာဏ်လေးများ ပေးပါဦး

8:11 PM အရှင်ကောဝိဒ(စစ်ကိုင်း): အခုပွင့်သွားပါပြီဒါယကာ
ကြည့်နေပါတယ်
ဒါယကာ

me: တင်ပါ့

အဲဒီက အဖြူရောင်မေတ္တာက ဖိုးသားရဲ့ ဆိုက်ပါ
http://sonesiyar.blogspot.com/

8:13 PM အရှင်ကောဝိဒ(စစ်ကိုင်း): တရားတော်တွေချည်းပဲ
တော်တော်ကောင်းတာပဲ

me: တင်ပါ့

အရှင်ကောဝိဒ(စစ်ကိုင်း): ဒါယကာ
မီးပျက်သွားပြီ

me: အော်

အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းပြန်ကြွတော့မယ်

me: တင်ပါ့ ဦးဇင်း
မိုးလည်း ချုပ်နေပြီ

8:14 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ကဲ့ပါဒါယကာ

me: ဦးခိုက်လိုက်ပါတယ် ဦးဇင်း ဒီနေရာကပဲ
ဦးဇင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ

အရှင်ကောဝိဒ(စစ်ကိုင်း): စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း အပေါင်းတို့နှင့် ပြည့်စုံပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်....

me: တင်ပ့ါ ဦးဇင်း

****************************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

4/3/2009, FRI:, 9:14:23 PM

Read more...

ငြိမ်းချမ်းတဲ့ ဆွေးနွေးမှု

ငြိမ်းချမ်းတဲ့ ဆွေးနွေးမှု

ကျွန်တော့်အနေနဲ့ ဘာသာရေးကို စိတ်ဝင်စားပါတယ်။ အခြားကိစ္စလေးတွေလည်း ဟိုတွေးဒီတွေး ဆွေးနွေးရတာ ဝါသနာပါတယ်။ ဘလော့ဂ် အစပိုင်းတုန်းကတော့ ကျွန်တော် ဘာသာရေး ဆွေးနွေးတာကို မလုပ်ခဲ့ဘူး။ အဲဒီကဏ္ဍက အလွန် ပြဿနာဖြစ်လွယ်ပါတယ်။ အနည်းငယ်လေး ဝေဖန်ပြောဆိုလိုက်ရင် ဘာသာရေး ပုတ်ခတ်တယ်လို့ ဆိုချင်ကြတယ်။ အဲဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်လို့ ကျွန်တော်နှစ်သက်တဲ့ စာပေတွေကို ကော်ပီကူးပြီး ဖြန့်ဝေတာပဲ တွင်တွင်ကျယ်ကျယ်လုပ်ခဲ့ပါတယ်။

အခုနောက်ပိုင်းတော့ ဘာသာရေးဖိုရမ်တစ်ခုကိုဝင်ပြီး ဆွေးနွေးရာကနေ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေ အများကြီးတင်ဖြစ်သွားတယ်။ အရင်ကတော့ သမ္မာကျမ်းစာ မြန်မာပြန်ရော၊ ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်ရော ၂-ခုလုံးကို သိမ်းထားတယ်။ ဘာသာရေး အဆုံးအမတွေပဲ၊ ငြိမ်းချမ်းရေး လမ်းစဉ်တွေပဲဆိုပြီး သာမာန်အတွေးနဲ့ သိမ်းထားတယ်။ အချိန်မပေးနိုင်တာတစ်ကြောင်း၊ ဖတ်ရတာ သိပ်ပြီးစာမသွားတာတစ်ကြောင်းနဲ့ ကြိုးစားပမ်းစာ မဖတ်ဖြစ်ခဲ့ပါဘူး။ ဘာသာရေးဆွေးနွေးမှုတွေ လုပ်ဖြစ်တော့မှ ကြိုးစားပမ်းစာ ဖတ်မိတယ်။ ဘာသာခြားတွေရဲ့ အင်တာနက် စာမျက်နှာတွေကိုလည်း ရောက်ဖြစ်တယ်။ အတွေးအခေါ် အယူအဆပိုင်း သဘောမတူတာတွေတွေ့လို့ ပြန်ပြီးဆွေးနွေးတာတွေ လုပ်တယ်။

အထူးသဖြင့် ကိုဌေးလွင်ဦးရဲ့ ရေးသားချက်တွေကို သဘောမတူလို့ ကိုယ့်အမြင်ကို ပြန်ရေးနေတယ်။ ကွန်မန့်လည်းတင်တယ်။ ကျွန်တော့်နဲ့ သူကြားမှာ ဘာမှအငြိုးအတေးမှ မရှိပါဘူး။ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုလည်းမရှိပါဘူး။ အတွေးအခေါ် အယူအဆမတူတော့ ရေးနေသမျှက ဘုတ်နဲ့ကျီးလို အပြန်အလှန် ချီးမွှမ်းနေတာမျိုးတော့ တွေ့ရမှာ မဟုတ်ပါဘူး။ အကြိတ်အနယ် ပြောတာမျိုးတွေတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၂-ယောက် ရန်ဖြစ်မနေကြပါဘူး။

သူ့ရေးသားချက်တွေက ဘာသာတရား ၂-ခု ရှုတ်ထွေးစေမှုကို ဦးတည်နေတယ်လို့ ကျွန်တော်က မြင်တယ်။ အဲဒါလည်း ရေးသားချက်တွေကို ဝေဖန်တာပါ။ လူပုဂ္ဂိုလ်အပေါ် ရှုတ်ထွေးအောင် သေခြာ စီစဉ်နေသူဖြစ်တယ်- လို့ စွပ်စွဲတာမဟုတ်ပါဘူး။

အခုတော့ ကျွန်တော်တို့ ၂-ယောက်ရဲ့ အမည်တွေကို ကိုးကားပြီး၊ ကျွန်တော်တို့ ရေးထားတဲ့စာတွေကို ကူးယူပြီး အင်တာနက်မှာ အီးမေးကတစ်ဆင့် “ဗုဒ္ဓဘာသာ မြန်မာတွေနဲ့ ကုလားတွေ ရန်ဖြစ်နေကြတယ်”ဆိုပြီး ဖြန့်ဝေနေကြတယ်လို့ ကြားရတယ်။ ကျွန်တော့်ဆီကိုတော့ အဲဒီလိုအီးမေးလ် မရောက်လာသေးပါဘူး။ အဲဒီလိုတွေကြားရတာ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဘလော့ဂ်ပေါ်က ဆွေးနွေးပွဲက တဆင့် ဘယ်သူတွေကိုမှ ခိုက်ရန်ဒေါသ မပွားစေလိုပါဘူး။ ကိုဌေးလွင်ဦးကလည်း ဒါမျိုးတွေ မလိုလားလောက်ပါဘူး။

ကျွန်တော့်သဘောကတော့ ဝေဖန်တာကို အားပေးတယ်။ စာပေဝေဖန်တာကို ပိုပြီးသဘောကျတယ်။ ဟိုဘာသာကျမ်းဂန်ဖြစ်လို့ ဒီဘာသာကျမ်းဂန်ဖြစ်လို့ ဝေဖန်ခွင့် မပြုဘူးဆိုရင် ဒါဟာ စာပေလွတ်လပ်ခွင့် မရှိခြင်းပဲ။ လွတ်လပ်စွာရေးသားပြောဆိုပိုင်ခွင့် လူ့အခွင့်အရေးကို ထိခိုက်တယ်- လို့ ပြောချင်တယ်။ အဲဒါကြောင့် ဘလော့ဂ်စာပေတွေရော ဘာသာရေး ကျမ်းဂန်တွေကိုပါ လွတ်လွတ်လပ်လပ် ဝေဖန်ပါရစေ။

စာဖတ်သူတွေအနေနဲ့ ကျွန်တော့ပို့စ်တွေကို ဖတ်ပြီး ရွက်ဝါတော့ ဟိုလူနဲ့ ရန်ဖြစ်နေပြီ၊ ဒီလူနဲ့ ရန်ဖြစ်နပြီ မထင်လိုက်ကြပါနဲ့။ ကျွန်တော် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပုဂ္ဂိုလ်ရေး အငြိုးအတေးမထားပါဘူး။ ဘယ်ဘာသာတရားကိုမှ မမုန်းတီးပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လို့ ဖန်ဆင်းရှင်ဝါဒတွေကို သဘောမတူဘူး။ ဒါပေမဲ့ သူတို့ဘာသာတရား ကျမ်းဂန်တွေကနေ ဘယ်လို အသိပညာတွေ ရနိုင်မလဲလို့ လေ့လာနေပါတယ်။ ပိဋကတော်က ပေးတဲ့ အသိပညာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။

ကျွန်တော်နဲ့ ကိုဌေးလွင်ဦး ကြားမှာ ပုဂ္ဂိုလ်ရေး အမုန်းတရားမရှိကြောင်း ရှင်းလင်းပြောကြား လိုက်ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာ ကလွဲပြီး အခြားဘယ်ဝါဒကိုမှ လက်မခံပါဘူး။ အယူဝါဒရေးရာ သဘောမတူနိုင်ပေမဲ့ ဘယ်သူ့ကိုမှ ရန်သူလိုသဘောမထားပါဘူး။ ဘာသာခြားပုဂ္ဂိုလ်တွေကို အလေးထားတဲ့စိတ်ရှိပါတယ်။ ဘာသာခြား စာပေတွေကိုလည်း ဗဟုသုတဖြစ်တော့ ဖတ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ကိုဌေးလွင်ဦးရဲ့ အင်တာနက် စာမျက်နှာကို ကျွန်တော့် ဘလော့ဂ်မှာ လင့်(ခ်)ထားပေးလိုက်ပါတယ်။ သူ့စာမျက်နှာတွေမှာတော့ မြန်မာပြည်မှာ တွေ့ဖူးနေကျ အခြားအစ္စလာမ်ဘာသာဝင်များနဲ့ အတွေးအခေါ် ကွဲလွဲပြီး သီးခြားဆန်တဲ့ အယူအဆတွေ တွေ့ရပါတယ်။ မြန်မာပြည် အစ္စလာမ်ဘာသာဝင် အများစု လက်ကိုင်ထားတဲ့ ကုရ်အာန်ကျမ်း မြန်မာပြန်မူနဲ့ ကွဲလွဲတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘာသာပြန်မူကိုလည်း တင်ထားတာတွေ့ရပါတယ်။ ကျွန်တော် သဘောအကျဆုံးကတော့ ကဗျာလေးတွေပါပဲ။

Read more...

*လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားနာပါတယ်လေ*

သဘောတရားတွေ သိဖန်များတော့
တရားသဘောတွေ ပါလာပြီ။

အသိတရားရှိသူတွေ အတွက်တော့
တရားအသိတွေပါပဲလေ။

အမေပြောရင်
အမောပြေပေမယ့်
အိပ်ရင်
တရေး (နဲ့) အားရမှုမရှိတဲ့ကျွန်တော့်ကို
တရားရေအေးက
ပိုလို့ အမောပြေစေခဲ့ပြီ။

ဒီတော့ကာ
အပြောချိုတဲ့
အပျိုချောရေ…
အကျွန်ုပ်
တရုတ်အားထားတာကိုရပ်လို့
တရားအားထုတ်တော့မှာမို့
ဒီဘ၀အတွက်တော့
နှမလက်လျှော့ နေလေတော့။ ။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေခင်ဗျာ။

လေးစားစွာဖြင့်
ဖိုးသား

4/4/2009, SAT:, 11:59:59 PM

Read more...

*ဦးဇင်းတစ်ပါး သွန်သင်သွားသည်...*

8:48 AM me: ဘာသာရေး ဘလော့တွေက နေ့စဉ် ရေးသားသမျှတွေကို တစ်နေရာတည်းမှာ ဖတ်နိုင်အောင် စုစည်း ထားတဲ့ ဘလော့လေးပါ ဦးဇင်း

http://vimuttirasa.blogspot.com/
8:49 AM ၀ိမုတ္တိရသ လို့ နာမည်ပေးထားပါတယ်

အရှင်ဦးဇင်းလေး(အိန္ဒိယ): ကောင်းတယ် ဒကာလေး။ ဦးဇင်း သွားကြည့်လိုက်မယ်

8:50 AM me: တင်ပါ့ ဦးဇင်း

လိုတာလေး တွေလည်း အကြံဉာဏ်လေး ပေးပါဦး ဦးဇင်း

8:51 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): ဦးဇင်းတော့ ဒကာလေးဆီက စာတွေနေ့တိုင်း ဖတ်ဖြစ်ပါတယ်။

me: တင်ပါ့

အရှင်ဦးဇင်းလေး(အိန္ဒိယ): ဂုဏ်ယူပါတယ်

8:52 AM ဓမ္မချမ်းသာက ဘာနဲ့မှလဲလို့ မရပါဘူးဒကာလေး
ထိန်းထားပါဒကာလေး။

me: တင်ပါ့ ဦးဇင်း
ဖိုးသား လိုက်နာပါ့မယ်

အရှင်ဦးဇင်းလေး(အိန္ဒိယ): ဦးဇင်းကြားဘူးတဲ့ စကားလေးတစ်ခု နီတိကလာတယ် ဒကာလေး

me: တင်ပါ့

8:53 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): ဂုဏ်ရှိဖို့အတွက် ဝန်မလေး။ ရှိပြီးသားဂုဏ် ထိန်းဖို့က ဝန်လေး၏တဲ့

8:56 AM ဒါကြောင့် မိမိမှာရှိနေတဲ့ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတွေကို ယုံကြည်တဲ့ တန်ဖိုးရှိတဲ့ ဂုဏ်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်း နိုင်ကြပါစေလို့ ဦးဇင်း ဒကာတွေတွေ့တိုင်း ဆုပေးပါတယ်

me: တင်ပါ့ ဦးဇင်း
ပေးတဲ့ဆုနဲ့ ပြည့်အောင် ဖိုးသား ကြိုးစားနေထိုင်ပါ့မယ်
ကျေးဇူးပါ

8:59 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): ဆရာကြီး ဦးရွေအောင်ရဲ့ ပါရမီစာအုပ်ထဲက စကားလေးတစ်လုံး တအားကောင်းတာပဲ ဒကာလေး

me: တင်ပါ့

9:01 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): မြတ်စွာဘုရားရဲ့ ဒေသနာတွေကို လူတွေသာ နေ့စဉ်လုပ်ငန်းတွေမှာ ထည့်သုံးသွားမယ်ဆိုရင် ချမ်းသာစစ် ချမ်းသာမှန်ကို ရကြမှာ မလွဲဘူးတဲ့

9:02 AM me: တင်ပါ့

9:04 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): ဦးဇင်းတို့တွေလောက် သိကြတာ မရှိကြပါဘူး။ ဒါပေမယ့် နေ့စဉ် ပြောဆို၊ ပြုမူဆက်ဆံတဲ့ အခါမှာ ထည့်မသုံးတော့ လူတွေဟာ အသိနဲ့အကျင့် မဟပ်မိဘဲ ဂွကျကုန်တာပေါ့ ဒကာလေးရာ။ အတက်နိုင်ဆုံးတော့ သတိထား နေပါတယ် ဒကာလေးရေ

me: တင်ပါ့ ဟုတ်ပါတယ် ဦးဇင်း

9:05 AM ဖိုးသားလည်း အဲဒါလေး တွေပဲ ပြန်သုံးသပ် နေရတယ်..
9:06 AM သိထားတာတွေက နည်းနည်းလေးပဲ ရှိပါတယ် ဖတ်မှတ်ထား တာတွေပေါ့ ဦးဇင်း
ဒါပေမယ့် အဲဒီ နည်းနည်းလေးကိုပဲ ကိုယ်တိုင်က အပြည့်အ၀ လိုက်နာနိုင်ပြီလားပေါ့


အရှင်ဦးဇင်းလေး(အိန္ဒိယ): ကဲ ဒကာလေးရေ ဦးဇင်းထွက်လိုက်ဦးမယ်… ကျန်းမာပါစေ ဒကာလေး။

me: တင်ပါ့ ဦးဇင်း.. ဖိုးသား ဦးခိုက်လိုက်ပါတယ်… ဦးဇင်းလည်း ကျန်းမာပေါစေ။

***************************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

4/4/2009, SAT:, 11:30:28 PM

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP