* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, November 20, 2009

ယုံရမလိုလို - အရှင်ပညာသီဟ

အယူသည်းတယ်ပဲဆိုဆို အတိတ်နိမိတ်ကို ယုံတယ်ပဲ ပြောပြော၊ အဖြစ်အပျက်ကလေး တစ်ခု မှတ်မှတ်ရရ ရှိခဲ့ပါသည်။

စာရေးသူအနေဖြင့် စိတ်ထဲတွင် ထူးခြားသည်ဟု ယူဆမိသည့် အဖြစ်အပျက်များကို မှတ်တမ်းတင်လို၍ ပက္ခဒိန်တွင် ရေးခြစ် မှတ်ထားလေ့ရှိပါသည်။ ထို့ကြောင့် နောင်တချိန် ပက္ခဒိန်အဟောင်းများကို ပြန်ကြည့်သည့်အခါ ထိုအဖြစ်အပျက်များကို ပြန်လည် မှတ်မိ သိရှိရသည်။

၁၉၉၉ ခုနှစ်ကတည်းက အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးကို နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာအတွင်း စေတီတော်နှင့် ကျောင်းဆောင် တည်ဆောက်ရန် မြို့နယ် မြို့ပြစီမံကိန်းအဖွဲ့မှ ခွင့်ပြုချက် ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ငွေရေးကြေးရေး အခြေအနေအရ အဆောက်အဦနှစ်ခုလုံးကို တပြိုင်တည်း တည်ဆောက်ရန်မှာ မဖြစ်နိုင်ပါ။ ထို့ကြောင့် အသင်းအနေဖြင့် စေတီတော် တည်ဆောက်မှုကို ပထမပိုင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ကာ ကျောင်းဆောင်တည်ဆောက်မှုကို ဒုတိယပိုင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ရန် စီမံခဲ့ကြသည်။

စေတီတော်အတွက် အခက်အခဲ

စေတီတော်တည်ဆောက်မှုကို ကြိုးစား အကောင်အထည်ဖော်ခဲ့ရာ ဗိသုကာရှာရသည်မှာ လွယ်ကူလှသည် မဟုတ်။
အသက်သာဆုံး၊ အကောင်းဆုံးဖြင့် စေတီတော်ပုံ ရရှိရန် ဗိသုကာရှာဖွေရာ မြန်မာ၊ သီရိလင်္ကာ၊ အမေရိကန် လူမျိုးများ စုံလှသည်။
ဗိသုကာအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုး ပြောင်းလဲကာ စေတီတော်ပုံ ထွက်လာအောင် ဆောင်ရွက်ခဲ့သော်လည်း အချို့ဗိသုကာများက ပြီးပြတ်အောင် ဆောင်ရွက်မပေးနိုင်ကြပေ။

ပထမဦးဆုံး မိမိတို့ တည်ဆောက်လိုသည့် စေတီတော်နှင့် ကျောင်းဆောင်ကို အင်ဂျင်နီယာ မောင်အေးခိုင်၊ ဗိသုကာ ဦးထင်မြိုင်တို့၏ အကူအညီဖြင့် ပုံစံအမျိုးမျိုး ထုတ်ကြည့်ကြသည်။
ဆရာတော်များ၏ သဘောထားကို ရယူကာ သူတို့က စေတီကို ကျောင်းဆောင်၏ ထိပ်တွင် ထား၍ ကျောင်းဆောင်နှင့် စေတီတော်ကို တွဲကာ ပုံဆွဲပြခဲ့ကြပါသည်။
နောက်ပိုင်းတွင် ဆရာတော်ဦးဣန္ဒက,က စေတီကို သီးသန့် ဆောက်လိုသည့် ဆန္ဒရှိသည့်အတွက် စေတီအောက်ခံတွင် ခန်းမ ပါရှိသော စေတီပုံကို ပြင်ဆင်၍ အဆွဲခိုင်းပါသည်။
ထို့နောက် ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် အမေရိကန်လူမျိုး တိဘက်ဗုဒ္ဓဘာသာဝင် ဗိသုကာ စတီဗင်ကိုင်လီကို တရားဝင် ငှားရမ်းကာ ဦးထင်မြိုင်နှင့် လက်တွဲ၍ ဆောင်ရွက်စေခဲ့ပါသည်။

စေတီတော်အတွက် စတီဗင်ကိုင်လီနှင့် ညှိနှိုင်း ဆောင်ရွက်နေစဉ်အတွင်း ဦးထင်မြိုင်သည် အရှေ့တီမောနိုင်ငံသို့ အလုပ်ဖြင့် ပြောင်းရွှေ့သွားရရာ အေဘီဘီအေအသင်းက ဦးထင်မြိုင်အား ကူညီဆောင်ရွက်မှုအတွက် ဒေါ်လာသုံးထောင်ကို လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။

ဦးထင်မြိုင် ဆက်လက်၍ မလုပ်ဆောင်နိုင်သောအခါ ထိုစဉ်က အေဘီဘီအေ၏ အတွင်းရေးမှူးဖြစ်သူ ဦးလှဖူးက အင်ဂျင်နီယာ ဦးမောင်မောင်ကို စေတီတော် တည်ဆောက်ရာတွင် ကူညီရန် အေဘီဘီအေအသင်းနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
ထိုအချိန်မှ စ၍ အင်ဂျင်နီယာ ဦးမောင်မောင်သည် စေတီတော် တည်ဆောက်ရေးလုပ်ငန်းတွင် ငွေကြေး တစ်ပြားတစ်ချပ်မှ မယူဘဲ ကိုယ်ရောစိတ်ပါ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ပေးနေပါသည်။

ဗိသုကာ စတီဗင်ကိုင်လီသည် အင်ဂျင်နီယာ ဦးမောင်မောင်နှင့် ဗိသုကာ ကိုကျော်မင်းတို့၏ အကူအညီဖြင့် စေတီတော်၏ အသေးစိတ် ဖွဲ့စည်း ဆက်စပ်မှုပုံကို ဆက်လက် ရေးဆွဲခဲ့သည်။ အေဘီဘီအေအသင်းက ထိုလုပ်ငန်းအတွက် စတီဗင်ကိုင်လီကို ဒေါ်လာ သုံးသောင်း ပေးခဲ့ရသည်။ သို့သော်လည်း သူသည် တည်ဆောက်မှု စတင်နိုင်အောင် စေတီတော်ပုံစံကို အပြီးသတ် ရေးဆွဲပေးရန် ကြန့်ကြာ နှောင့်နှေးနေပါသည်။

ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် ဒေါက်တာကြည်တင့်မော်မှတဆင့် ဆက်သွယ်၍ ဆန်ဖရန်စစ္စကိုတွင် နေထိုင်သော အင်ဂျင်နီယာ ဦးကြည်မြင့်မော်ကို အကူအညီတောင်းရာ လုပ်ခမယူဘဲ တတ်နိုင်သမျှ အကူအညီ ပေးခဲ့ပါသည်။ သို့သော်လည်း သူနေထိုင်ရာအရပ်နှင့် စေတီတည်မည့်နေရာ နယူးဂျာစီမှာ အလှမ်းဝေးလွန်းလှသဖြင့် အဖွဲ့နှင့် ဆက်သွယ် လုပ်ကိုင်ရာတွင် အခက်အခဲ ရှိနေပြန်ရာ တစ်နှစ်ကျော် ကြာသည်အထိ စေတီတော်၏ အသေးစိတ် ဖွဲ့စည်း ဆက်စပ်မှုပုံမှာ မပြီးနိုင်ဘဲ ဖြစ်နေပြန်သည်။ ထိုကြောင့် သူ၏ ကူညီမှုကို ရပ်ဆိုင်းခဲ့ရပြန်ပါသည်။

ထို့နောက် ဆရာတော် ဦးဣန္ဒကမှတဆင့် သီရိလင်္ကာ အင်ဂျင်နီယာ မစ္စတာ အာနန္ဒာ-ဒီ-ဆေးလ်ဗားကို ထိုကိစ္စအတွက် အကူအညီ တောင်းပြန်ရာ လုပ်ခမယူဘဲ အကူအညီပေးပါမည်ဟု မစ္စတာအာနန္ဒာက လျှောက်ထားပြီး လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ပါသည်။
မူလ ရည်မှန်းထားသည့် စေတီတော်၏ ပုံစံမှာ စေတီအောက်ခြေတွင် တရားအားထုတ်၊ ဘုရားဝတ်ပြုနိုင်သည့် ခန်းမအကျယ် ထည့်သွင်း ဆောက်လုပ်မည့် ပုံစံ ဖြစ်ပါသည်။
ထိုပုံစံအတိုင်း ဆောက်လုပ်သည့်အခါ ဘုရားပတ်ဝန်းကျင်တွင် မြေသားများ ပြိုမကျစေရန် ထိန်းထားရမည့် နံရံများ တည်ဆောက်ကာ ထပ်မံ မြေကြီး ဖြည့်ရပါမည်။ ထိုလုပ်ငန်း လုပ်ဆောင်ရန် ငွေကြေးအမြောက်အမြား အသုံးပြုရမည် ဖြစ်ပါသည်။
ထိုအခြေအနေကို ကြည့်၍ အသုံးမဝင်ဘဲ မြေဖို့ခြင်းဖြင့် ငွေကုန်မည့်အစား အသုံးဝင်သည့် အဆောက်အဦ ခန်းမတစ်ခု ရရှိစေရန် မြေသားထိန်းနံရံများ ဆောက်ရမည့် အတိုင်းအတာအထိ မြေအောက် ခန်းမကြီး ထပ်မံထည့်ကာ စေတီတော်ပုံ ရေးဆွဲမည့် အစီအစဉ်ကို အဖွဲ့အား ပြောပြသည်။ အဖွဲ့က သဘောတူသဖြင့် လုပ်ခမယူဘဲ သူ့အစီအစဉ်ကို ပုံစံထုတ် ရေးဆွဲခဲ့ပါသည်။
သို့သော်လည်း မစ္စတာအာနန္ဒာမှာ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် သီရိလင်္ကာနိုင်ငံသို့ အပြီးအပိုင် ပြန်သွားသောအခါ ဆောက်လုပ်ရန် အဆင်သင့်ဖြစ်သည်အထိ အသေးစိတ် ရေးဆွဲရမည့် စေတီတော်ပုံစံမှာ မပြီးပြတ်ဘဲ ကျန်ရစ်ခဲ့ပြန်ပါသည်။

နယူးဂျာစီကျောင်းကို ဝင်ထွက် သွားလာ တရားအားထုတ်သူ မစ္စတာပေါလ်မောရိုးကို စာရေးသူက အကူအညီတောင်းခဲ့ရာ အခမဲ့ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးပါမည်ဟု ဆိုသဖြင့် အဖွဲ့နှင့် တိုင်ပင်ကာ စတီဗင်ကိုင်လီထံမှ ရေးဆွဲပြီးသား ပုံများကို မစ္စတာပေါလ်မောရိုးအား ပေးလိုက်သည်။
ပေါလ်မောရိုးက ယခင် ဗိသုကာများ ထည့်သွင်း ရေးဆွဲထားသော မြေသားထိန်းနံရံ ဆောက်၍ မြေဖို့မည့်အစား တောင်ကုန်းမို့မို့သဏ္ဌာန် ဖန်တီးကာ ထိုကုန်းပေါ်တွင် စေတီတည်ရန် အကြံပေးသည်။
ထိုအချက်ကို အင်ဂျင်နီယာ ဦးမောင်မောင်နှင့် အေဘီဘီအေအသင်းက သဘောတူခဲ့သည်။
ထို့ပြင် စေတီတော်တည်ဆောက်မှုကိစ္စကို အဓိက ဆုံးဖြတ်ချက် ချနိုင်သူတို့က စေတီအောက်ခြေတွင် အာရုံခံတန်ဆောင်း မထည့်တော့ဘဲ မြေစိုက်စေတီကိုပဲ တည်ဆောက်ရန် ဆုံးဖြတ်၍ မစ္စတာပေါလ်မောရိုးကို အရေးဆွဲခိုင်းသည်။
မစ္စတာပေါလ်မောရိုးက မြို့ပြစီမံကိန်းဌာနမှ အင်ဂျင်နီယာနှင့် တိုင်ပင်ကာ ယခင် ဗိသုကာများ ရေးဆွဲထားသည်ကို အခြေခံ၍ မြေစိုက်စေတီတော်ပုံကို ရေးဆွဲပေးသည်။
သူသည် လုပ်ငန်းအတွက် ပိုမို ကောင်းမွန်သည့် ပုံဖော်မှု အယူအဆတွင် ကောင်းမွန်သော်လည်း အသေးစိတ် ရေးဆွဲရာတွင် အားနည်းသဖြင့် အပြီးသတ်ရန် ကြန့်ကြာနေပါသည်။
ထို့ကြောင့် သူ၏ လုပ်ဆောင်မှုကို အဖွဲ့မှ ရပ်တန့်ခဲ့ရပြန်သည်။
ပေါလ်မောရိုးကို လုပ်အားခ ဒေါ်လာ ၉,၀၀၀ ပေးလိုက်ရပါသည်။

မစ္စတာပေါလ်မောရိုးနှင့် အလုပ်မဖြစ်သောအခါ နယူးယောက်မှ ကာစနေဒ ဗိသုကာ ကုမ္ပဏီထံ အလုပ်အပ်နှံရသည်။
ဦးမောင်မောင်၊ ကိုကျော်မင်းတို့၏ အကူအညီဖြင့် ဗိသုကာအမျိုးမျိုးတို့က အဆင့်ဆင့် တိုး၍ ရေးဆွဲပြီးသည့် စေတီပုံကို ကာစနေဒဗိသုကာကုမ္ပဏီက တည်ဆောက်ရန် ခွင့်ပြုချက် ရသည်အထိ အပြီးသတ် ရေးဆွဲပေးသည်။ စေတီတော်အတွက် ထိုကုမ္ပဏီနှင့် ဆက်သွယ် လုပ်ဆောင်ရာတွင် ဒေါ်လာ ရှစ်သောင်းကိုးထောင် ကုန်ကျပါသည်။

စေတီတော်တည်ဆောက်ရေးလုပ်ငန်း စတင်ရန် မြို့နယ်ဆောက်လုပ်ရေးဌာနမှ ခွင့်ပြုချက် ရသောအခါ အခြေခံ အကြမ်းထည် ဆောက်လုပ်မည့် ကုမ္ပဏီကို ရှာဖွေ ခေါ်ယူရ၏။ စေတီတော်မှာ ထူးခြားသည့် အဆောက်အဦ ဖြစ်နေသဖြင့် လုပ်ကိုင်ရန် စိတ်ဝင်စားသူ နည်းပါးလှသည်။
ထို့ကြောင့် စိတ်ဝင်စားသည့် တစ်ခုတည်းသော K & R ကုမ္ပဏီနှင့်ပင် စတင် လုပ်ကိုင်ရတော့၏။ လက်ရာနှင့် ပေးရသည့်ဈေးကို အကျေနပ်ကြီး မဟုတ်သော်လည်း လုပ်ချင်စိတ်နှင့် လုပ်ပေးသည်ကိုပင် ကျေးဇူးတင်ရမလို ဖြစ်နေ၏။

စေတီတော် အကြမ်းထည်ပြီးသောအခါ အချောသတ်ဖို့ လိုလာပြန်သည်။
ထို့ကြောင့် စေတီတော်ကို အချောသတ် ပုံဖော်ပေးဖို့ ပညာရှင်များကို လက်လှမ်း မှီသမျှ ကြိုးပမ်း ရှာဖွေရပြန်သည်။ လွယ်ကူလှသည် မဟုတ်။ ဗုဒ္ဓဘာသာ မြန်မာပညာရှင်များကို ခေါ်ယူ ပြသကြည့်၏။ အကြံဉာဏ်တောင်း၏။ အကူအညီတောင်း၏။ အလုပ်အပ်ရန် စီစဉ်၏။ သို့သော် အထင်နှင့် လက်တွေ့တွင် ပါစင်အောင် လွဲသဖြင့် နောက်ဆုံး အခင်(ကိုလေး)နှင့်ပင် စခန်းသွားရန် စီစဉ်ရတော့သည်။

စေတီတော် အချောသတ်ရေးအတွက် ကိုအခင် အလုပ်ဝင်နိုင်ရန် အင်ဂျင်နီယာ ဦးမောင်မောင်၊ ကိုကျော်မင်း၊ ကိုသိန်းဝင်း၊ ကိုအောင်ကျော်မိုး၊ ကိုဝင်းမော်၊ ကိုကျော်သူမြတ်၊ ကိုထွန်းထွန်း၊ ကိုစောကြင်၊ ကိုမင်းမင်း စသူတို့က လိုအပ်သည့် ပန်းချီ ပန်းခက်များ ဆွဲခြင်း၊ ပုံဖော်ခြင်း၊ ပုံစံခွက် ပြုလုပ်ခြင်း၊ ပုံလောင်းခြင်း စသည်များ ပြုလုပ်ကာ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ခဲ့ကြရသည်။ ထို့ကြောင့် စေတီတော်မှာ ယခု တွေ့မြင်ရသည့် အတိုင်းအတာထိ ပြီးစီးနေပြီ ဖြစ်ပါသည်။

စေတီတော်ကြီး အပြီးသတ်ရန် လှေကား လက်ရန်းများ တပ်ဆင်ခြင်း၊ ကျောက်ပြားခင်းခြင်း၊ စေတီအရံလေးများ အပြီးသတ် တည်ဆောက်ခြင်း၊ စေတီပလ္လင်နှင့် ဘုရားကျောင်းဆောင်လေးများအတွက် ကနုတ်ပန်းများ တပ်ဆင်ခြင်း၊ လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ခြင်း စသည့် လုပ်ဆောင်စရာများ များစွာ ကျန်ရှိပါသေးသည်။

ကျောင်းဆောင်အတွက် အခက်အခဲ

စေတီတော်တည်ဆောက်နေစဉ်အတွင်း ဒုတိယအဆင့်ဖြစ်သည့် ကျောင်းဆောင် ဆောက်လုပ်ရန် ကိစ္စကို မစတင်နိုင်ခဲ့ပါ။
၁၉၉၉ ခုနှစ် ပါမစ်ချပေးစဉ်က အကြမ်းထည်အနေဖြင့်သာ ကျောင်းဆောင်ပုံစံကို တင်ပြထားခဲ့ရာ ဆောက်လုပ်သည့်အခါ အခန်းဖွဲ့ခြင်း၊ ရေပိုက်သွယ်ခြင်း၊ မီးကြိုးသွယ်ခြင်း၊ အပူအအေးအတွက် စီမံခြင်း၊ အိမ်သာရေချိုးခန်းထားခြင်း စသည့် အရာများကို အသေးစိတ် ထည့်သွင်း ရေးဆွဲပြီး ထပ်မံ တင်ပြရမည် ဖြစ်ပါသည်။

ထို့ကြောင့် ကျောင်းဆောင်အတွက် လိုအပ်ချက်များကို ထည့်သွင်း၍ အပြီးသတ် ရေးဆွဲရန် ဗိသုကာရှာသောအခါ စတီဗင်ကိုင်လီကိုပင် အလုပ်အပ်ရန် စီမံခဲ့မိပြန်သည်။
အကြောင်းမှာ သူ့အနေဖြင့် စေတီတော်ပုံသည် ခက်ခဲ၍ အပြီး မရေးဆွဲနိုင်သည် ဖြစ်ရမည်။ ကျောင်းအဆောက်အဦကတော့ သာမန် ရိုးရိုး ဖြစ်၍ မခက်ခဲလောက်။ ထို့ကြောင့် ကျောင်းအဆောက်အဦ ပုံဆွဲခကို အခြားသူအား ပေးမည့်အစား စီမံကိန်းစကတည်းက စိတ်ရှည်စွာဖြင့် လုပ်ကိုင်ပေးခဲ့သော သူ့ကို ပေးသင့်သည်၊ ပေးမည်ဟု အဖွဲ့က ဆုံးဖြတ်သည်။
အခြား အကြောင်းတစ်ခုမှာ ကာစနေဒဗိသုကာကုမ္ပဏီက ကျောင်းအဆောက်အဦ ပုံဆွဲခအတွက် ဒေါ်လာ တစ်သိန်းခြောက်သောင်း တောင်း၍ စတီဗင်ကိုင်လီက ဒေါ်လာ လေးသောင်းသာ တောင်းသည်။ ဈေးအလွန် ကွာလွန်းလှသဖြင့်လည်း စတီဗင်ကိုင်လီကို အလုပ်အပ်နှံခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ့ကိုယ်ရေးကိုယ်တာကိစ္စ အကြောင်းအမျိုးမျိုးကြောင့် သုံးနှစ်ကြာသည့်တိုင် သူသည် အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်မပေးပြန်ပေ။
ထို့ကြောင့် အေဘီဘီအေအသင်းအတွက် အခက်အခဲနှင့် ကြုံရပြန်သည်။

၂၀၀၈ ခုနှစ် နွေရာသီ အခြေခံဗုဒ္ဓဘာသာသင်တန်းအပြီး ဆရာ၊ မိဘနှင့် သင်တန်းသူ သင်တန်းသား ကလေးများ စုပေါင်း ဆွမ်းကပ်၊ တရားဟော၊ တရားနာကာ စကားစမြည်ပြောကြရာ ဒေါက်တာကြည်စိုးက “ကလေးတွေ စာသင်နေစဉ်အတွင်း ကလေးမိဘတွေက တရားထိုင်ရရင် ကောင်းမှာပဲ ဘုရား”ဟု လျှောက်ထားသည်။
“အေး … ကလေးတွေ နည်းတုန်းက ဟိုဘက်ကျောင်းမှာ ကလေးတွေကို စာသင်၊ လူကြီးတွေက ဒီဘက် ဓမ္မာရုံမှာ ဘုရားဝတ်တက်၊ တရားထိုင်တာ လုပ်ခဲ့တယ်။ ခု ကလေးတွေက များ၊ အတန်းတွေကိုလည်း ခွဲပြီး သင်ရတော့ နေရာမလုံလောက်ဘဲ ဖြစ်နေတယ်။ နေရာအတွက် အခက်အခဲ မရှိအောင်ဆိုပြီး ကျောင်းဆောင်ဆောက်ဖို့ စီမံနေတာလဲ ကျောင်းဆောင်ပုံစံဆွဲဖို့ ဗိသုကာ အခက်အခဲက ရှိနေပြန်တယ်”လို့ စာရေးသူက ပြန်ပြောပြသည်။

ထိုအခါ ကလေးမိဘတစ်ဦးဖြစ်သည့် ကိုအောင်သန်းက “တပည့်တော်တို့က အားလုံး အဆင်ပြေနေတယ် ထင်တာ။ ဒီလို အခက်အခဲတွေ ရှိနေတယ်ဆိုတာကို မသိဘူး။ တပည့်တော် ညီတဝမ်းကွဲ တစ်ယောက်တော့ ရှိတယ်။ ဒဲရစ်ချို တဲ့။ အမေရိကားမှာ ဗိသုကာပညာနဲ့ ကျောင်းပြီးတာပဲ။ အရှင်ဘုရား သိမှာပါ။ ဦးစောဟုန်ရဲ့ သားပါ။ သူ အကူအညီပေးနိုင်မလား မပြောတတ်ဘူး။ တပည့်တော် သူ့ကို မေးကြည့်ပြီး အရှင်ဘုရားကို ပြောပါမယ်”ဟု လျှောက်ထားသည်။

တနေ့တွင် စာရေးသူထံ ဒဲရစ်ချို လာ၍ ဆွဲပြီးသား ကျောင်းပုံစံ စသည်တို့ကို တောင်းယူ ကြည့်သည်။ တတ်နိုင်သမျှ ကူညီရန်လည်း ပြောလိုက်သည်။ ထို့နောက် သူ့ကို အင်ဂျင်နီယာ ဦးမောင်မောင်နှင့် မိတ်ဆက်ပေးလိုက်သည်။ ဦးမောင်မောင်က အဖွဲ့ကို တင်ပြ၍ ဗိသုကာ ဒဲရစ်ချိုအား ကျောင်းပုံစံဆွဲရန် ဒေါ်လာ နှစ်သောင်းလေးထောင်ဖြင့် အလုပ်အပ်နှံခဲ့သည်။ လုပ်အားခထဲမှ ၂၅ ရာခိုင်နှုန်းကို အေဘီဘီအေအသင်းအား ပြန်၍ လှူဒါန်းသဖြင့် သူယူသော လုပ်အားခမှာ ဒေါ်လာ တစ်သောင်းရှစ်ထောင်သာ ဖြစ်ပါသည်။

ကျောင်းဆောင်ပုံစံကို ပြင်

ဒဲရစ်ချိုနှင့် ဦးမောင်မောင်တို့ ညှိနှိုင်း တိုင်ပင်၍ ကျောင်းဆောင်အတွက် လိုအပ်ချက်ကို ပြင်ဆင်သည်။
ပြင်ဆင်ချက်များမှာ - အောက်ထပ်ရှိ အဆောင်နှစ်ခုကြား အကျယ်အဝန်းကို တစ်ပေတိုးချဲ့ခြင်း၊ လှေကား လေးခုအစား နှစ်ခုသာ ထည့်ခြင်း၊ လှေကားများကို ဝရန်တာဘက် ထုတ်လိုက်ခြင်း၊ ဝရန်တာကို လေးပေ ရှစ်လက်မအစား ခြောက်ပေ တိုးချဲ့ခြင်း၊ အပေါ်ထပ်တွင် အိမ်သာများ ထပ်မံ ထည့်ခြင်း၊ မြေအောက်ခန်းကို မူလက အဆောင်တစ်ခု၏ အောက်မှာသာ ထားပြီး၊ ယခု အဆောင်နှစ်ခုစလုံး၏ အောက်တွင် ထည့်ထားခြင်း၊ ယခင်က ဟင်းလင်းပွင့်နေသော တောင်ဘက်နှင့် မြောက်ဘက်ဝရန်တာကို အလုံပိတ်ကာခြင်း စသည်တို့ ဖြစ်သည်။

ပါမစ် ထပ်မံလျှောက်ရ၊ ကန့်ကွက်ကြ

ကျောင်းဆောင်ပုံစံ ဆွဲပြီးသောအခါ မြို့နယ် မြို့ပြစီမံကိန်းဌာနသို့ မိမိတို့ စီမံကိန်းကို ရှေ့နေနှင့် တင်သွင်း လျှောက်ထားရသည်။
ကျောင်းဆောင် ဆောက်လုပ်ခွင့်ပါမစ်ကို လွန်ခဲ့သော ဆယ်နှစ်ကျော်က ချပေးပြီး ဖြစ်သော်လည်း မိမိတို့အနေဖြင့် ကျောင်းဆောင်ပုံစံကို ပိုမို ကောင်းမွန်အောင် အသုံးဝင်အောင် အထက်ပါအတိုင်း ပြင်ဆင်လိုက်သဖြင့် မြို့နယ် မြို့ပြစီမံကိန်းဌာနသို့ ထပ်မံ တင်ပြရခြင်း ဖြစ်သည်။

မိမိတို့ တင်ပြချက်အတွက် အိမ်နီးနားချင်းများ၏ သဘောထားကို သိရန် မြို့နယ် မြို့ပြစီမံကိန်းဌာနမှ ၂၀၀၉ ခု သြဂုတ်လ ၆ ရက်နေ့တွင် ပထမအကြိမ် အစည်းအဝေး ခေါ်သည်။
မိမိတို့ ကျောင်းနှင့် ပေနှစ်ရာ အကွာအဝေး အတွင်းရှိ အိမ်များကို ရှေ့နေမှတဆင့် စာပို့၍ အသိပေးရသည်။
ပထမအစည်းအဝေးတွင် အိမ်နီးနားချင်း မိသားစု နှစ်စု လာ၍ ပြောဆို တိုင်တန်းကြသည်။

ပထမ မိသားစုက “မြေကွက်အသစ် နေရာကို ဘာလုပ်ဖို့ ရည်ရွယ်ချက် ရှိသလဲ၊ သစ်ပင်စိုက်ပေးပါ၊ … စသည်ဖြင့်” တောင်းဆိုသည်။ သူတို့အိမ်အတွက် အကာအကွယ်ရရန် မိမိတို့ကို သစ်ပင်စိုက်ပေးရမည်ဟု တောင်းဆိုခြင်းသည် တရားမျှတမှု မရှိပေ။ သို့သော် မိမိတို့ကိစ္စ ပြီးမြောက်ရေးအတွက် စိုက်ပေးပါမည်ဟု ကတိပေးရသည်။

နောက်မိသားစုကတော့ “သူ့အိမ်နားကပ်ရက်က အိမ်တွင် လူအဝင်အထွက် များကြောင်း၊ ကျောင်းနှင့် လူအဝင်အထွက် အကူးအသန်းများ ရှိကြောင်း၊ ဒါဟာ နယ်ချဲ့လာတာဖြစ်ကြောင်း” စသည်ဖြင့် တိုင်တန်း ပြောဆိုသည်။
“သူ့အိမ်နီးချင်းနှင့် ကျောင်းသည် အတူတူ မဟုတ်၊ သီးခြားဖြစ်ကြောင်း၊ တစ်ကြိမ်သာ မိမိတို့ ကျောင်းမှ လူအများ အသုံးပြုကြောင်း” စသည်ဖြင့် ဖြေကြားသော်လည်း လက်မခံသဖြင့် သီးခြားဖြစ်ကြောင်း သိသာထင်ရှားစေရန် ခြံစည်းရိုးကာပေးမည်ဟု ကတိပေးလိုက်ရသည်။

ပထမအကြိမ် အစည်းအဝေးတွင် စာရေးသူ၊ ဆရာတော်ဦးဣန္ဒက၊ ဦးသောဘန၊ ဦးစောဝင်း၊ ဒဲရစ်ချို၊ ဦးမောင်မောင်၊ ဒေါ်မြတ်မြတ်၊ မစ္စတာပေါလ်ပါ့စဝသ်၊ ရှေ့နေတို့ တက်ရောက် နားထောင်ကြသည်။
အစည်းအဝေးအပြီးတွင် ကန့်ကွက် ပြောဆိုမှုများကြောင့် အေဘီဘီအေအသင်းအနေဖြင့် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့သည်။
စာရေးသူအနေဖြင့် ၁၉၉၇-၉၉ ခုနှစ်များက မြို့နယ် မြို့ပြစီမံကိန်းဌာန အစည်းအဝေးများတွင် အတွေ့အကြုံ ရှိပြီးသား ဖြစ်၍ ပူပန်မှု မဖြစ်ခဲ့ပါ။
အကြောင်းမှာ လက်ရှိနေရာကို အဓိက ဘာသာရေးဌာနအဖြစ် တင်ပြ တောင်းဆိုရာ ခွင့်ပြုချက် ရပြီးသားဖြစ်သည့်အပြင် အဆောက်အဦမှာလည်း ခွင့်ပြုချက်ပေးပြီးသားဖြစ်သည်ကို သိနေသောကြောင့် ဖြစ်ပါသည်။

မိမိတို့ ပေးထားသည့် ကတိအတိုင်း သစ်ပင်စိုက်ခြင်း၊ ခြံစည်းရိုးကာခြင်းတို့ကို ပြုလုပ်ခြင်း ရှိ,မရှိ စောင့်ကြည့်မည်ဟု မြို့ပြစီမံကိန်းဌာနက ပြောကာ နောက်တကြိမ် ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၀၉ ခု စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပရန် ရက်ချိန်းပေးလိုက်သည်။

ပေးထားသည့် ကတိအတိုင်း သစ်ပင် အပင်သုံးဆယ်ကျော် စိုက်ရ၍ အေဘီဘီအေအသင်းအနေဖြင့် ငွေ ခုနစ်ထောင်ကျော် ရှစ်ထောင်နီးပါး အကုန်အကျ ခံလိုက်ရသည်။
ခြံစည်းရိုး ကာလိုက်ရသဖြင့် ငွေ ရှစ်ထောင်ကျော် ကိုးထောင်နီးပါး အကုန်အကျ ခံရပြန်သည်။
ထို့အပြင် အစည်းအဝေးခေါ်တိုင်း မြို့နယ်သို့ ငွေ နှစ်ထောင်နီးပါးခန့် တင်သွင်းရပြန်သည်။
ရှေ့နေခကလည်း နာရီအလိုက် ပေးရသည်မို့ အကောင်အထည် မမြင်ရဘဲ ကုန်ကျနေရသည့်ငွေမှာ နည်းလှသည်တော့ မဟုတ်ပေ။

ဒုတိယအကြိမ် အစည်းအဝေးသို့ စာရေးသူ မတက်ရောက်ဘဲ၊ ဆရာတော် ဦးဣန္ဒက၊ ဦးသောဘန၊ ဦးစိန်မြင့်၊ ဒေါ်လီလီဌေး၊ ဦးမောင်မောင်၊ ရှေ့နေတို့ တက်ရောက် နားထောင်ကြသည်။
တဆင့်စကား ကြားရသည်မှာ နောက်ထပ် အိမ်နီးနားချင်း မိသားစုမှ (ကျောင်းနှင့်ကပ်ရက်၊ ရေကူးကန်ရှိသော အိမ်) အမျိုးသမီးက “ကျောင်းခြံစည်းရိုးတွင် မတ်တတ်ရပ်၍ ကျင်ငယ်စွန့်နေသော အမျိုးသားတစ်ဦးကို ရိုက်ထားသည့် ဓာတ်ပုံကို အဖွဲ့သို့ တင်ပြကာ သူ့မှာ ဆယ့်သုံးနှစ်အရွယ် သမီးရှိကြောင်း၊ အလွန်ပူပန်ရကြောင်း၊ ကားများ ကျောင်းဝင်းအတွင်းက မြက်ခင်းပေါ် ရပ်ကြောင်း၊ ညအချိန် ကားမီး သူတို့အိမ်ထိုးကြောင်း၊ နောက်တင်ပြရန် ဓာတ်ပုံပေါင်း ရာချီရှိကြောင်း စသည် စသည်”ကို တိုင်တန်း ပြောဆိုသည်ဟု သိရသည်။
ထို့အပြင် အိမ်နီးနားချင်းများကို လာရောက် ကန့်ကွက်ရန် စည်းရုံးနေသည့် အန်ထော်နီထရိန်နာက စပီကာ (ဘူးလ်ဟွန်း) အသုံးပြု၍ ပြောဆို ကြေညာနေသည့်ပုံကို ပုံကြီးချဲ့၍ ဘုတ်အဖွဲ့ဝင်များအား ဝေငှကာ အသံဆူညံကြောင်းကို တိုင်တန်း ပြောဆိုသည်ဟု သိရသည်။
ထို့ကြောင့် အင်ဂျင်နီယာ ဦးမောင်မောင်က အချို့ အချက်အလက်များကို ပြန်လည် ရှင်းလင်း တင်ပြသည့်အခါ မြို့ပြစီမံကိန်းဌာနမှ အဖွဲ့ဝင်များအနေဖြင့် နားလည် လက်ခံသည်ဟု သိရပါသည်။

စာရေးသူအနေဖြင့် တချို့ တိုင်တန်းမှုသည် ဆီလျော် သင့်မြတ်မှုရှိသော်လည်း တချို့ တိုင်တန်းမှုသည် အဓိပ္ပာယ် မရှိဟု ယူဆကာ စိတ်ပျက်မိသည်မှတပါး မိမိတို့ ကိစ္စအတွက် ခွင့်ပြုချက် မရမည်ကို မစိုးရိမ်ပါ။
ဒုတိယအကြိမ် အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ချက် ချမပေးသေးဘဲ တတိယအကြိမ် အစည်းအဝေးအတွက် ၂၀၀၉ ခု အောက်တိုဘာ ၁ ရက်နေ့ကို ချိန်းဆိုလိုက်ပြန်သည်။

အတိတ်နိမိတ်ဆိုတာ တကယ်လား

တတိယအကြိမ် အစည်းအဝေး မတိုင်မီ တစ်ရက်တွင် စာရေးသူအနေဖြင့် ပထမအကြိမ် အစည်းအဝေးရက်ကို ပက္ခဒိန်တွင် မှတ်တမ်း မတင်ရသေးသဖြင့် ပက္ခဒိန်ကို လှန်၍ ယနေ့ အစည်းအဝေးရှိသည် ဟု ရေးခြစ် မှတ်သားရာ ပထမအကြိမ် အစည်းအဝေးရက်ဖြစ်သည့် သြဂုတ်လ ၆ ရက်နေ့တွင် ရေးမှတ်ရမည့်အစား စာရွက်အလှန်မှားကာ နိုဝင်ဘာလ ၅ ရက်နေ့ နေရာတွင် ရေးမှတ်မိလိုက်သည်။

နောက်မှ ပက္ခဒိန်ထိပ်ရှိ လအမည် နေရာကို ကြည့်လိုက်ရာ အထိတ်တလန့်ဖြစ်ကာ ရေးမှတ်ပြီးသည်ကို ချက်ချင်း ပြန်ပြီး မှင်ဖြင့် ရေးခြစ် ဖျက်မိပြန်သည်။
ထိုအဖြစ်အပျက်ကို အတိတ်နိမိတ်ကောက်ကာ “ဟ… တတိယအကြိမ်နဲ့ မပြီးသေးဘဲ နောက်တစ်ကြိမ် အစည်းအဝေး သွားရဦးမှာပါလား။ ဇာတ်လမ်းက ရှည်နေဦးမှာပါလား။ အဆင်ပြေမှ ပြေပါ့မလား”ဟု တွေးတော ပူပန်မိလိုက်သည်။

ထို့အပြင် ပထမအကြိမ် အစည်းအဝေး ညမတိုင်မီ ထိုနေ့ နံနက်စောစော လမ်းလျှောက်ရာ ကျောင်းဝင်း၏ ခြံစည်းရိုး ငုတ်တိုင်တွင် ဗိုက်စူးဝင်ပြီး သမင်တစ်ကောင် သေနေသည်ကို တွေ့ရ၍ မြူနီစီပယ်ဌာနကို ခေါ်ပြီး အရှင်းခိုင်းရသည်။
ပထမ သမင်အသေကောင်ကို ရှင်းပြီးလို့မှ မကြာသေးမီ နောက်သမင်တစ်ကောင် ကျောင်းအဝင်ဝတွင် သေနေတာ တွေ့ရပြန်တော့ “ဒီနေ့ည မြို့ပြစီမံကိန်းဌာန အစည်းအဝေးသွားရမှာ တယ် နိမိတ်မကောင်းပါလား၊ ဘာပြဿနာတွေ ကြားရမလဲ”ဟု စိတ်ထဲတွင် ဖြစ်မိပါသည်။

စေတီတော်နှင့် ကျောင်းဆောင်ဆောက်ရန် ငွေမပြည့်စုံသေး၍ နှောင့်နှေးနေသည်ကို ဗေဒင်ဆရာတစ်ဦးက အဖြူကောင်နှစ်ကောင် ဒီကျောင်းဝင်းထဲမှာ ရှိနေတယ်။ အဲဒီကောင်တွေ နှောက်ယှက်နေလို့ ကြနေတာ ဟု ဆိုခဲ့ဖူးသည်။ အဖြူကောင်နှစ်ကောင်ဆိုသည်မှာ အိမ်နီးနားချင်းများဖြစ်ကြသည့် အန်ထော်နီထရိန်နာနှင့် အခြား (အမည်မသိရသည့်) အန်ထော်နီများ ဖြစ်နေမလားဟု မဆီမဆိုင် လွန်ခဲ့သော ဆယ့်သုံးနှစ်ခန့်က ကြားခဲ့ရသည့် စကားကိုလည်း ပြန်လည် သတိရမိပြန်သေးသည်။

မပြီးပြတ်သေး၊ တတိယအစည်းအဝေး

တတိယအကြိမ် အစည်းအဝေးမတိုင်မီတွင် ခြံစည်းရိုးကာခြင်း၊ သစ်ပင်စိုက်ခြင်းတို့ကို ပြီးစီးအောင် အလျင်အမြန် လုပ်၍ မိမိတို့ ဆောင်ရွက်ပြီးသည်များကို ဓာတ်ပုံရိုက်ကာ တတိယအစည်းအဝေးတွင် တင်ပြသည်။
ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် ရှေ့နေက ဦးမောင်မောင်ကို “မင်းတို့အဖွဲ့က အစည်းအဝေးလာတာ နည်းလိုက်တာ၊ မူဆလင် ဗလီဆောက်ဖို့ တင်ပြတုန်းကဆို အခန်းကို ပြည့်နေတာပဲ၊ ငါတို့ဘက်က လူများရင် အခြားတဘက်က သိပ်မပြောရဲဘူးပေါ့ကွ၊ လူရနိုင်သမျှ လာအောင် ခေါ်ခဲ့ပါ”ဟု ပြောလာသည်။
အစည်းအဝေးကျင်းပချိန်မှာ ည ၈ နာရီ ဖြစ်ပြီး မိမိတို့ကိစ္စကို နောက်ဆုံး ၉ နာရီလောက်မှ ဆောင်ရွက်ရာ ည ၁၁ နာရီကျော်မှ အစည်းအဝေးပြီးသဖြင့် မိမိ၏ ဒကာ ဒကာမများ လာရောက်ရန် အခက်အခဲရှိမည်ကို တွေး၍ ခေါ်ရမှာ အားနာသဖြင့် စာရေးသူက ဒကာ ဒကာမများကို အစည်းအဝေးလာရန် မခေါ်ခဲ့မိခြင်း ဖြစ်ပါသည်။

တတိယအကြိမ် အစည်းအဝေးတွင် ကျန်းမာရေးအခြေအနေအရ ဆရာတော်ဦးဣန္ဒက မတက်ရောက်နိုင်ဘဲ၊ စာရေးသူ၊ ဦးသောဘန၊ ဦးမောင်မောင်၊ ဒေါ်မြတ်မြတ်၊ ဒေါက်တာခင်မောင်၊ ဦးစောနိုင်၊ ကိုအောင်ကျော်မိုး၊ ဒေါ်မွှေး၊ မစ္စတာပေါလ်ပါ့စဝသ်၊ မစ္စတာကေဗင်၊ ရှေ့နေတို့ တက်ရောက် နားထောင်ကြသည်။

ထိုအစည်းအဝေးတွင် မိမိတို့၏ ကျောင်းဆောင် ဆောက်လုပ်ရေးကို အဓိက ကန့်ကွက်နေသည့် အန်ထော်နီထရိန်နာဆိုသူက ရပ်ကွက်ထဲရှိ မိသားစု အတော်များများကို ခေါ်လာသည်။
ခြံစည်းရိုးကာရံပြီးသော်လည်း အန်ထော်နီမှာ ကျေနပ်မှု မပြဘဲ မိမိတို့ ကျောင်းဆောင်ဆောက်လုပ်မှုကို လုံးဝ မလိုလားသည့်အနေဖြင့် ကန့်ကွက် ပြောဆိုပြန်သည်။
“သူ့အနေဖြင့် တည်းခိုခန်းလို ဆောက်လုပ်ထားသည့် လူအဝင်အထွက်များမည့် အဆောက်အဦနားမှာ မနေလိုကြောင်း၊ ထို့ကြောင့် ခွင့်မပြုသင့်ကြောင်း စသည် .. စသည်” ပြောဆို ကန့်ကွက်သည်။

ရေကူးကန်ရှိသည့် အိမ်မှ အမျိုးသမီးကလည်း “ဘုတ်အဖွဲ့အနေဖြင့် အမေရိကန်တွင် ဖြစ်ပျက်ခဲ့သည့် ၉-၁၁ ကိစ္စကို ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ ဗမာပြည်ဟာ အမေရိကန်အစိုးရရဲ့ စောင့်ကြည့်စာရင်းတွင် ပါဝင်နေကြောင်း၊ တကယ်လို့ အကြမ်းဖက်သမားတွေ ဒီနေရာမှာ ခြေကုတ်ယူလာရင် သူ့မိသားစုအတွက် စိုးရိမ်ရကြောင်း စသည် စသည်” ပြောဆို ကန့်ကွက်ပြန်သည်။
ထိုစကားကို ကြားရသည့် စာရေးသူစိတ်မှာ “အော် … ဘယ်လောက်ပဲ ငွေ ရှိရှိ၊ ဘယ်လောက်ပဲ ပညာတတ်တယ်လို့ ထင်ရ ထင်ရ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ အဖြူပဲဖြစ်ဖြစ် အမဲပဲဆိုဆို လောဘ ဒေါသနဲ့ မနာလို ဝန်တိုမှုရှိရင် မောဟက ဖုံးလွှမ်းလာတဲ့အခါ ကိုယ်ဘာပြောမိတယ် ဆိုတာ၊ ကိုယ်ပြောလိုက်တဲ့စကားအရ ကိုယ်ဘယ်အဆင့်အတန်း ရောက်သွားတယ်ဆိုတာ သတိမထားမိကြပါလား”ဟု တွေးကြည့်မိလိုက်ပါသည်။

ထိုအစည်းအဝေး၌ မိမိတို့၏ တင်ပြချက်ကို ခွင့်ပြု မပြု မဲခွဲရန်အလိုတွင် အန်ထော်နီထရိန်နာ၏ ဇနီးက နောက်ဆုံး ကန့်ကွက်သည့်အနေဖြင့် “ငါ့ကလေးတွေ ဟိုဘက်က မူလတန်းကျောင်းမှာ စာသင်နေတယ်။ တကယ်လို့ မင်းတို့ဘက်က အဆောက်အဦဆောက်ရင် ထွက်ပေါ်လာတဲ့ ဆူညံသံက ငါ့ကလေးတွေကို ထိခိုက်မှာပေါ့။ အဲဒါကို မင်းတို့ ဘယ်လို တာဝန်ယူမလဲ”ဟု မေးရာ၊ ရှေ့နေက အေးအေးဆေးဆေးပင် … မူလတန်းကျောင်းနဲ့ ၇၅-ပေ အကွာမှာ ဆောက်လုပ်နေတာမို့ ပူပန်စရာ မလိုကြောင်း ပြောပြရာ စိတ်မချမ်းမသာနှင့် သူ့နေရာတွင် သူပြန်ထိုင်သည်။ စာရေးသူက ပြုံးစရာ တိုင်တန်းမှု တစ်ခုဟုသာ မှတ်ချက်ချမိပါသည်။

ထိုတတိယအကြိမ် အစည်းအဝေးတွင် ကန့်ကွက်သူများဘက်မှ လက်ထောက်မြို့တော်ဝန်ကို ခေါ်လာသည်။ ထိုကြောင့် မိမိတို့မှာ အစည်းအဝေး မစမီတွင် ဘာဖြစ်မလဲ၊ တို့ကိစ္စကို ပယ်ချမှာလား စသည်ဖြင့် တွေးတော ပူပန်ကြသည်။

မိမိတို့ဘက်မှ မစ္စတာကေဗင်က … ဗုဒ္ဓဘာသာသည် အလွန်ငြိမ်းအေးသည့် ဘာသာဖြစ်ကြောင်း၊ ထို့ကြောင့် သူသည် ဗုဒ္ဓဘာသာကို လေ့လာ လိုက်စားနေကြောင်း၊ တချို့သူတွေ ထင်သလို ဗုဒ္ဓဘာသာသည် အကြမ်းဖက်မှုနှင့် သက်ဆိုင်သည်ဟု သူမကြားမိကြောင်း … စသည်တို့ကို ပြောဆိုသောအခါ ကန့်ကွက်သူများမှာ ထိုသို့ အမေရိကန်တစ်ယောက်က မိမိတို့ဘက်မှ ထောက်ခံ ပြောဆိုလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် အံ့အားသင့်သွားကြသည်။

ထို့နောက် မြို့ပြစီမံကိန်းဌာန အဖွဲ့ဝင်များက မိမိတို့ကိစ္စကို ယာယီမဲဖြင့် ဆုံးဖြတ်ချက်ချရာ မဲပေးနိုင်သည့် ဘုတ်အဖွဲ့ဝင် ငါးဦးတွင် လေးဦးက မိမိတို့ဘက်ကို အနိုင်မဲပေးသည်။
နောက်တစ်ဦးက ကန့်ကွက်သူများ ကျေနပ်စေရန် မိမိတို့ဘက်ကို မဲမပေးပါ။
ထိုနေ့တွင် တက်ရောက်သည့် အချို့အဖွဲ့ဝင်များသည် အမြဲတမ်းအဖွဲ့ဝင်များ မဟုတ်သဖြင့် ၎င်းတို့၏ မဲပေးမှုသည် အတည်မဖြစ်သေးပါ။
တတိယအကြိမ် အစည်းအဝေးသို့ မတက်ရောက်ခဲ့သော အဖွဲ့ဝင်များက အသံဖမ်းယူထားသည့် တတိယအကြိမ် အစည်းအဝေး ဆွေးနွေးချက်များကို တိတ်ခွေဖွင့်၍ နားထောင်ရပါမည်။
ထို့နောက် စတုတ္ထအကြိမ် အစည်းအဝေးသို့ လာရောက်သည့်အခါ မဲပေးရပါမည်။
တတိယအကြိမ် အစည်းအဝေး ပြီးခါနီး၌ မြို့ပြစီမံကိန်းဌာနမှ ရှေ့နေက အိမ်နီးနားချင်းများကို ပါဝင်ပြောဆိုရန် နောက်အစည်းအဝေးတွင် ခွင့်မပြုတော့ကြောင်း အသိပေးလိုက်သည်။
ထို့ပြင် မိမိတို့ ကိစ္စကို အပြီးသတ် ဆုံးဖြတ်ချက်ချရန် စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၀၉ ခု နိုဝင်ဘာလ ၅ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။
ထိုအခါ … ငါ နိမိတ်ကောက်တာ မှန်များ မှန်နေသလား … ဟု စိတ်ထဲတွင် ဖြစ်ပေါ်လာပြန်သည်။

ခွင့်ပြုချက်ပေး

ရှေ့နေအကြံပေးသည့်အတိုင်း နိုဝင်ဘာလ ၅ ရက်နေ့ စတုတ္ထအကြိမ် အစည်းအဝေးကို မိမိတို့ဘက်မှ လူအများတက်ရောက်ရန် လက်လှမ်းမှီသမျှ ဒကာ ဒကာမများကို ခေါ်လိုက်ရာ အများအပြား လာရောက် နားထောင်ကြပါသည်။
ကန့်ကွက်သူဘက်မှ မိသားစု နှစ်ဦးသာ လာရောက် နားထောင်သည်။
မြို့ပြစီမံကိန်းအဖွဲ့မှ ရှေ့နေ၊ အင်ဂျင်နီယာ၊ အဖွဲ့ဝင်များ အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြကာ ကျောင်းဆောင်တည်ဆောက်ရေးကိစ္စကို ခွင့်ပြုချက် ချပေးလိုက်ပါသည်။

မိမိတို့ ရှေ့နေကသော်လည်းကောင်း၊ မိမိတို့အဖွဲ့မှသော်လည်းကောင်း ကျေးဇူးတင်စကား ပြောကြားလိမ့်ဦးမည်ဟု ထင်ခဲ့သော်လည်း ဘာမှမပြောဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် တိတ်ဆိတ်စွာပင် အစည်းအဝေးခန်းမမှ မိမိတို့ ထွက်ခွာခဲ့ကြပါသည်။
ကားဆီသို့ မရောက်မီ လမ်းခရီးတွင် မစ္စတာကေဗင်က ပျော်ရဲ့လားလို့ စာရေးသူကို မေးရာ စာရေးသူက … အေး ပျော်တော့ ပျော်ပါတယ်၊ ဒါပေမယ့် နောက်ထပ် ခေါင်းခဲစရာ ရှိနေတယ် …လို့ ပြန်ပြောမိသည်။
ကေဗင်က နားမလည်သည့် သဘောဖြင့် မိမိကိုကြည့်ရာ “ခေါင်းခဲစရာ ဘာလဲဆိုတာက ကျောင်းဆောက်ဖို့ရာ အလှူငွေ လုံလုံလောက်လောက် ရရှိဖို့ပဲ”ဟု ရှင်းပြလိုက်ပါသည်။

မြို့ပြစီမံကိန်းအဖွဲ့မှ ခွင့်ပြုချက် ချပေးပြီးဖြစ်သော်လည်း ထိုခွင့်ပြုချက်ကို သတင်းစာထဲထည့် ကြေညာကာ ၄၅-ရက်အထိ ကန့်ကွက်သူ ရှိ,မရှိ စောင့်ကြည့်ရပါဦးမည်။
ကန့်ကွက်လိုသူများသည် မနာလပန် မြို့ပြစီမံကိန်းဌာနသို့ လာရောက် ကန့်ကွက်ရမည်မဟုတ်ဘဲ ရှေ့နေငှား၍ သက်ဆိုင်ရာ အဆင့်မြင့် တရားရုံးသို့ ကန့်ကွက်စွာ တင်ရမည် ဖြစ်ပါသည်။
ထိုသို့ လုပ်ရန်မှာ ငွေကြေးကိစ္စ ပါလာပြီဖြစ်သဖြင့် ကန့်ကွက်သူများအနေဖြင့် လုပ်မည်မဟုတ်ဟု ယူဆရပါသည်။

၄၅-ရက်ကျော်လွန်သောအခါ အဆောက်အဦဌာနသို့ ဆောက်လုပ်ရန် ခွင့်ပြုချက်တောင်းခြင်း၊ အဆောက်အဦဆောက်မည့် ကုမ္ပဏီကို ဈေးပြိုင်ခေါ်ယူခြင်း စသည့် ဆောင်ရွက်စရာများ ရှိနေရာ ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၁၀ ခု နွေဦးပေါက်ကာလမှ စတင်နိုင်မည် ဖြစ်ပါသည်။
ထိုအတောအတွင်း အလှူငွေ ရရှိရန်လည်း ဆောင်ရွက်ကြရပါဦးမည်။

ထို့ကြောင့် အလှူငွေအတွက် ခေါင်းခဲမှု သက်သာစေရန်၊ ပပျောက်စေရန်၊ ကျောင်းဆောင်ကြီး အမြန် ပြီးမြောက်နိုင်ရန်၊ တဲမထိုးရဘဲ ကျောင်းဆောင်ကြီး၏ အမိုးအကာအောက်တွင် အလှူအတန်းများ ပြုလုပ်နိုင်ရန်၊ ကျောင်းဆောင်ကြီးပေါ်တွင် စိတ်အေးချမ်းသာစွာ တည်းခို၍ တရား ဘာဝနာ ပွားများ အားထုတ်နိုင်ရန် တတ်စွမ်းသမျှ လှူဒါန်းကြပါဦးလို့သာ တိုက်တွန်းလိုက်ရပါတော့သည်။

အရှင်ပညာသီဟ
မဟာစည် သတိပဋ္ဌာန်ရိပ်သာ
မနာလပန်၊ နယူးဂျာစီ
နိုဝင်ဘာ ၁၇, ၂၀၀၉

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP