* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, November 17, 2009

တိရောကုဋသုတ္တန် တရားတော်...

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ

တိရောကုဋသုတ္တန် တရားတော်

ကွယ်လွန်ပြီးနောက် ပြိတ္တာဖြစ်သူ သားသမီးဆွေမျိုးများ
စည်းစိမ် ချမ်းသာ ရရှိရန် ဒါနပြုနည်းကို ဟောကြားခြင်း

တိရောကုဋေသု တိဋ္ဌန္တိ၊ သန္ဓိသိင်္ဃာဋကေသု စ။
ဒွါရဗာဟာသု တိဋ္ဌန္တိ၊ အာဂန္တာ န သကံ ဃရံ။
(ခုဒ္ဒက၊ နှာ၊ ဂ)
တစ်ချိန်က မြတ်စွာဘုရား ဗိမ္ဗိသာရမင်းတရားကို ဟောကြားတဲ့ သုတ္တန်။ ဘုန်းကြီးတို့ သာသနာမှာ ကွယ်လွန်သော ပုဂ္ဂိုလ်များကို ရည်စူးပြီးတော့ ဒီက ကောင်းမှုကုသိုလ် ပြုလုပ်ပြီးတဲ့ အခါမှာ ဒီကောင်းမှုကုသိုလ်ရဲ့ အမျှခွန်း ညွှန်းမယ်ဆိုတော့ သာသနာ လုပ်ငန်းစဉ်ကြီး၊ ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းစဉ်ကြီး အစဆုံးဖြစ်ပေါ်တဲ့ အချိန်ကို မျှော်ပြီးတော့ ကြည့်ရမယ်။

ဖုဿမြတ်စွာဘုရားကို အပိုင်စီးသော ဇယသေနမင်း
ယခုလို ကိစ္စမျိုး ဘယ်သူက စခဲ့တုံးဆိုတော့ ဝေဠုဝန်ကျောင်းဒကာ ဗိမ္ဗိသာရမင်းတရားက စရမယ်။ တစ်ခါ ဗိမ္ဗိသာရမင်းတရားက စခဲ့ပြန်တော့ ဗိမ္ဗိသာရမင်းတရာက စပြောပြန်တော့လည်းပဲ သူ့ဟာက အကွက်က မလည်ပြန်ဘူး။ မလည်တဲ့အတွက် အဋ္ဌကထာများမယ်၊ ဗိမ္ဗိသာရရဲ့ နောက်ကြောင်း ကိုးဆယ့်နှစ်ကမ္ဘာထက်က နောက်ကြောင်းပြန်ပြီးတော့ ပြောရမယ်။ ယနေ့ရောက်နေတာက ဘဒ္ဒကမ္ဘာ၊ ဒီ ဘဒ္ဒကမ္ဘာကနေပြီး ပဋိလောမ နောက်ပြန် ရေတွက်လိုက်လို့ မဟာကပ်ပေါင်း ကိုးဆယ့်နှစ်ကမ္ဘာထက်မှာ ဇယသေန မင်းတရား၊ အဂ္ဂဒေဝီ မဟေသီ မိဖုရားကြီးက သီရိမာ မိဖုရားကြီး။ အဲဒီဇယသေနမင်းတရားနဲ့ သီရိမာမိဖုရားကြီးတို့မှာ ဖုဿဘုရားအလောင်းတော်ဖွားလို့... ဖုဿမြတ်စွာဘုရား အရွယ်တော် ရောက်တဲ့အခါ တောထွက်လို့ ဘုရားဖြစ်၊ ဘုရားဖြစ်ပြီးတဲ့ အခါကျတော့ ဇယသေနမင်းတရားက...
“လောကမှာ ဘုရားရယ်လို့ ပေါ်လာတာ ငါ့သားက တောထွက်ပြီးတော့ ဘုရားဖြစ်တာ။ ဒီတော့ ဘုရားဟာ ငါရဲ့ဘုရား၊ ငါ့သားဘုရား၊ ငါ့ဘုရား။ ငါ့ဘုရားဟောတဲ့ တရားမို့လို့ ဒီတရားတော်လည်း ငါရဲ့တရားပဲ။ ငါ့သားက ဘုရားဖြစ်ပြီးတော့ တပည့်တွေ တရားဟောလို့ အားလုံး ရဟန်းပြုကြတဲ့ သာဝကသံဃာတွေ၊ ဒီသံဃာတွေလည်းပဲ ငါ့သားရဲ့ တပည့်သားတွေ ဖြစ်ခြင်းကြောင့် ငါ့မြေးတွေ၊ ငါ့သားတွေပဲ၊ ငါ့သံဃာတွေပဲ”
လို့ ဆိုပြီးတော့ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးကို သူက အပိုင်စီးထားတယ်။
ဘယ်လောက်များ စီးထားသလဲဆိုယင် မြတ်စွာဘုရားအမှူးပြုတဲ့ သံဃာတော်တွေကို တိုင်းသူပြည်သား ဗိုလ်လူအများ ဘယ်သူမှ ပူဇော်ခွင့် မရဘူး။

ဒီတော့ မြတ်စွာဘုရားကလည်း အချိန်မကျသေးခင်တော့ သူ့ရဲ့ အပြုအစု၊ သူ့ရဲ့ အနုအယုကိုပဲ ခံရပါတယ်။ ဘုရားက ခမည်းတော်ဘက် သက်သက်လိုက်ပါသွားလို့ မဟုတ်ပါဘူး။ ဝေနေယျချွတ်ချိန်ကျတော့ အကြောင်းဟာ သူ့အလိုလို ဖန်တီးလာမယ် ဆိုတာ သိပြီးတော့ ဒီအချိန်အတွင်းမှာတော့ ခမည်းတော်ကြီးရဲ့ လှူဒါန်းပူဇော်တဲ့ ပစ္စည်းလေးပါးဖြင့် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ မျှတရမယ်၊ သိပြီးတော့ ခမည်းတော် ဇယသေနမင်းတရားကြီး ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ သိပါယင်လည်း ဘုရားကလည်း ဘာမှ မပြောဘဲနဲ့ လက်ခံတော်မူ၊ သာယာတော်မူပြီးတော့ နေကြတယ်။

ဤကဲ့သို့ နေရင်းက ဇယသေနမင်းရဲ့ သားတော် ဖုဿမြတ်စွာဘုရားနဲ့ ဖ,တူ မိ,ကွဲဖြစ်သော မင်းသားသုံးယောက် ရှိကြတယ်။ အဲဒီ မင်းသားသုံးယောက်က စဉ်စားတယ်။
“ဘယ့်နှယ်လဲ၊ လောကမှာ ဘုရားပွင့်တယ်၊ ဘုရားပေါ်တယ်၊ သံဃာတော်အရှင်မြတ်တွေ ထွန်းကားတယ်၊ ရတနာသုံးပါး ထွန်းကားတယ် ဆိုတာဟာ ခမည်းတော်ကြီး တစ်ယောက်ရဲ့ အတွက် ထွန်းကားတာ မဟုတ်ဘူး။ တို့ နတ်ရော၊ လူရော၊ ဗြဟ္မာရော၊ အားလုံး ဘုံသုံးပါးမှာ ရှိကြတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေအားလုံးရဲ့ အကျိုးငှာ ဘုရားပွင့်တော်မူလာတာ။ အခုတော့ တို့ခမည်းတော်ကြီးက ဘုရားလည်း သူအပိုင်စီးထားတယ်၊ တရားလည်း သူ အပိုင်စီးထားတယ်၊ သံဃာလည်း သူ အပိုင်စီးထားတယ်”
တိုင်းသား ပြည်သူ ဘုရား ပူဇော်ခွင့်ရအောင်ကြံစည်ကြခြင်း
“တို့ တိုင်းသား ပြည်သူ ဗိုလ်လူတွေ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပူဇော်ခွင့်မပြုဘဲ ထားတယ်၊ ဒီတော့ တို့ပူဇော်ခွင့်ရအောင် ကြံမှပဲ”
ဒီအကြံနဲ့ သားတော်သုံးပါးက ပစ္စန္တရစ် ဇနပုဒ်မှာ ရှိတဲ့ လူတွေကို လက်တို့ပေးတယ်။ မင်းတို့က သောင်းကျန်းကြကွ၊ ထကြ၊ ဆူကြ။ ဒီတော့ ပစ္စန္တရစ် ဇနပုဒ်က လူတွေက သောင်းကျန်းကြတယ်၊ ဆူကြတယ်။ အဲဒီတော့ ဇနပုဒ်က သောင်းသောင်းကျန်းကျန်း ဆူဆူ ပူပူ ဖြစ်တော့ ဖ ခမည်းတော် ဇယသေနမင်းတရားက သားတော် မင်းသား သုံးယောက်ကို အဲဒီ သောင်းကျန်းမှု သွားနှိမ်နင်းရမယ်။ ဒီလိုဆိုပြီးတော့ လွှတ်လိုက်တယ်။

လွှတ်လိုက်တဲ့ အခါကျတော့ သူတို့ ဖန်တီးထားတဲ့ ဇာတ်ကွက်ဆိုတော့ ဒီ မင်းသားသုံးယောက် သွားယင်ပဲ ဟိုလူတွေက တစ်ခါတည်း သောင်းကျန်းမှု ငြိမ်းပစ်လိုက်တယ်။ ပြန်လာပြီး သားတော်သုံးယောက်က။ သောင်းကျန်းမှု နှိမ်နင်းပြီးတော့ ပြန်လာခဲ့ပြီ။
“ကိုင်း... ငါ့သားတော်များ လိုချင်တဲ့ဆု ယူကြ”လို့ ခမည်းတော်ကြီးက ပေးတဲ့အခါ...
“သားတော်များမှာ ခမည်းတော်ရဲ့ အရိပ် ခိုမှီးနေရတဲ့အတွက် လောက ဝတ္ထုအာရုံ ကာမဂုဏ် အသုံးအဆောင်ကတော့ဖြင့် ဘာမှ လိုလေသေးမရှိပါဘူး”
“ဒီတော့ သားတော်တွေ ဘာလိုချင်ကြတုံး”
“ဘုရား သားတော်များ ဘုရားအမှူးရှိတဲ့ သံဃာတော်ကို ပြုစုရတဲ့ဆု လိုချင်ပါတယ်”
အဲဒီလိုပြောတယ်။
“ဟာ... ဒီလိုဆိုလို့ရှိယင် မပေးနိုင်ဘူး”
“မဟုတ်ဘူးလေ၊ ပြည့်ရှင် မင်းကြီး ဆိုတာဟာ မင်းမှာသစ္စာ လူမှာကတိ ရှိရပါတယ်။ စကားတစ်ခွန်း မဖျက်ကောင်းပါဘူး”လို့ ဆိုတော့...
“ဒါဖြင့် မင်းတို့ အပိုင်းအခြားနဲ့ ယူကြပါ သားတော်တို့” လို့ဆိုတဲ့အခါ...
“ခုနစ်နှစ်တော့ ပြုစုပါရစေ”
“မရဘူး မောင်တို့”
ခြောက်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တစ်နှစ်၊ ဒီလိုထိအောင် လျှော့လျှော့တောင်းလို့ မရတော့ ရေကူးညာတင် တောင်းတယ်။ တစ်နှစ်တောင်း မရတော့ သားတော်များက “ခုနစ်လ ပြုစုပါရစေ”
“မရဘူး သားတော်တို့၊ မပေးနိုင်ဘူး”
“ဒါဖြင့် ခြောက်လ ပြုစုပါရစေ”
“မရဘူး”
“ငါးလ ပြုစုပါရစေ”
မရဘူး။
လေးလ။
မရဘူး။
သုံးလတော့ ပြုစုပါရစေ၊ ဝါတွင်းသုံးလတော့ ပြုစုပါရစေဆိုတော့...
“ဒါဖြင့် သားတော်တို့ ယူကြတော့၊ ဝါတွင်းသုံးလတော့ ပြုစုကြ” လို့ ဒီလို ခွင့်ပေးလိုက်တယ်။

ဒီလို ခွင့်ပေးလိုက်ယင်ပဲ မင်းသားသုံးယောက်က မိမိတို့ စားကြေးမြို့ရွာမှာရှိတဲ့ မြို့စိုး မြို့ဝန်ကို လှမ်းပြီးတော့ မှာလိုက်တယ်။ တို့ ယခုလာမည့် ဝါတွင်းဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို တို့မြို့ ပင့်ပြီးတော့ တို့ပြုစုမလို့ဟေ့။ အဲဒီက ကျောင်းတွေ ကန်တွေ မဟုတ်လား၊ စင်္ကြံတွေ၊ ကျောင်းတိုက်ကြီးတစ်ခု မြန်မြန်ဆောက်၊ ပြီးပြီဆို မြန်မြန်အကြောင်းကြား။

ဒီလိုမှာလိုက်တော့ ဟိုကနေပြီးတော့ မြို့ဝန်က မြို့စိုးက မင်းသားများမှာ လိုက်တဲ့အတိုင်း ကျောင်းတိုက်ကြီးများ တည်ပြီး ဆောက်လုပ်ပြီးတဲ့အခါကျတော့ မင်းသားများထံ သတင်းပို့တော့ မင်းသားများက “မြတ်စွာဘုရား၊ တပည့်တော်တို့အား ချီးမြှောက်သောအားဖြင့် ဝါတွင်းသုံးလပတ်လုံး တပည့်တော်တို့ တည်ဆောက်တဲ့ တပည့်တော်တို့ ကျောင်းတိုက်ထဲမှာ သီတင်းသုံးတော်မူပါ။ တပည့်တော်များလည်း ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ပြီး ဆယ်ပါးသီလ ထိန်းသိမ်၍ ကျောင်းတော်မှာပဲ ဘုရားအမှူးရှိတဲ့ သံဃာတော်များ ဆည်းကပ်ပြီးတော့ အင်း... တရားတော်များ နာ၍ သံဃာတော်များအား ဆွှမ်းဝတ်ပြုစု၍ နေလိုပါတယ်” ဆိုတော့ ဘုရားကိုယ်တော်မြတ်က သံဃာတော်များနဲ့တကွ အဲဒီမြို့ကြွတယ်။
ကြွတော့ ပထမနေ့ မင်းသားတွေက စီမံကြတယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ ဤပုံ ဤပန်း...
အင်း... ဒီအချိန်မှာ ယာဂုကပ်၊ နံနက်စောစော။ ဒီအချိန်မှာ ဆွမ်းကပ်ပါ၊ ဒီလို ညနေအချိန်ကျတော့ ဖျော်ရည်ကပ်ပါ။ တစ်ရက်ပတ်လုံး သူတို့ စီမံကြတယ်။ အဲဒီလို စီမံပြီးတဲ့အခါကျတော့ သူတို့ရဲ့ ကိုယ်စားအနေနဲ့ မြို့ဝန်ကို မေးတယ်။
အခု မိန့်တဲ့အတိုင်း နားလည်ပြီ မဟုတ်လား။ ပြုစုတတ်ပြီ မဟုတ်လား။
ပြုစုတတ်ပါတယ်။
ဒါဖြင့်ယင် တို့ရဲ့ ဘဏ္ဍာစိုး ခေါ်အုံး။
ဘဏ္ဍာစိုးခေါ်ပြီးတော့ ဘဏ္ဍာစိုး၊ လိုအပ်သမျှငွေကို ထုတ်ပေး၊ မြို့ဝန်နဲ့ ဘဏ္ဍာစိုးနဲ့ နှစ်ဦးတိုင်ပင်ပြီးသကာလ ဒီ ဘုရားအမှူးရှိတဲ့ သံဃာတော်များကို တစ်ဝါတွင်းလုံး ဒီနည်းအတိုင်း ပြုစုကြပါ။ အဲဒီလိုပြောတယ်။
အဲဒီလို ပြောတဲ့အခါကျတော့ ဘဏ္ဍာစိုးတို့ ဇနီးမောင်နှံက သဒ္ဓါတရားလည်း ရှိတယ်။ သဒ္ဓါတရား ရှိရှိနဲ့ သူတို့ကိုယ်တိုင် ဇနီးမောင်နှံ နှစ်ဦးစလုံး စိတ်ပါ လက်ပါ ဝေယျာဝစ္စ ဆောင်ရွက်တယ်။ လိုအပ်တဲ့ ကြေးငွေများကိုလည်းပဲ မတွန့်မဆုတ် ထုတ်ပေးတယ်။ အဲဒီလို ထုတ်ပေးတော့ ဘဏ္ဍာစိုး ဇနီးမောင်နှံကတော့ သဒ္ဓါတရား ကောင်းပါတယ်။
တစ်ခါ မင်းသားသုံးယောက်ကလည်း ဘယ်လောက်သဒ္ဓါတရား ကောင်းသလဲဆိုတော့ သူတို့ရဲ့ မင်းချင်းယောက်ျားတွေထဲက တို့လို ဆယ်ပါးသီလ စောင့်ပြီး ဖန်ရည်စွန်းတဲ့အဝတ် ဝတ်၍ ဘုရား ကျောင်းတော်မှာ နေ့နေ့ညည တရားနာပြီး နေလိုတဲ့ ပုဂ္ဂိုလ်များ ရှိယင်ထွက်ခဲ့ကြ၊ ငါတို့တပည့်ထဲက။ ဆိုတော့ အဲဒီ မင်းသားတွေရဲ့ အခြွေအရံ ပရိသတ်ထဲကနေပြီး လူပေါင်းတစ်ထောင် ထွက်လာတယ်။
အဲဒီ တစ်ထောင်နဲ့ အမျိုးကောင်းသားတို့နှင့် တကွ ဒီမင်းသားသုံးယောက်တို့သည် ဖန်ရည်စွန်းတဲ့ အဝတ်များဝတ်၊ ဆယ်ပါးသီလများထိန်းသိမ်း၊ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ကျောင်းတိုက်ထဲမှာ ဝတ်ကြီးဝတ်ငယ်ပြုပြီး တစ်ဝါတွင်းလုံး ကျောင်းတိုက်ထဲမှာနေတယ်။ ဘဏ္ဍာစိုး ဇနီးမောင်နှံကလည်း လိုအပ်သမျှ ငွေကြေး ထုတ်ပြီး ဝေယျာဝစ္စ လိုအပ်သမျှ ပြုစု၊ အင်မတန်မှ ပွဲကြီးပွဲကောင်း ဖြစ်နေတယ်။ ကုသိုလ်ပွဲကြီးသဘင်။

ကုသိုလ်ပွဲ နှောင့်ယှက်သူများ အပါယ်ကျခြင်း...
အဲဒီလို ကုသိုလ်ပွဲကြီးသဘင် ယင်လို့၊ မြို့ဝန်ကြီးက တော့လည်းပဲ သဒ္ဓါတရားလည်း ကောင်းတယ်၊ သူလည်း ပြုတယ်။ အဲဒီမြို့ဝန်ကြီးရဲ့ နောက်လိုက်ထဲက လည်းပဲ သူ့လိုပဲ သဒ္ဓါတရားကောင်းတဲ့ လူပေါင်းတစ်သိန်းနဲ့တစ်သောင်း ရှိတယ်။ အဲဒီ တစ်သိန်းတစ်သောင်းသော လူများက မြို့ဝန်ကြီးလိုပဲ သဒ္ဓါတရားထက်ထက်သန်သန်နဲ့ ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို နေ့စဉ် နေ့စဉ် ယာဂုချိန် ယာဂု၊ ဆွမ်းချိန် ဆွမ်း၊ အဖျော်ချိန် အဖျော်၊ တစ်ဝါတွင်းလုံး ပြုစုလိုက်တာ။ တစ်ဖက်က ဒီလို ကောင်းကောင်း ပြုစုတာ ရှိသလို အင်း... လောကကြီးမှာ တစ်ဖက်ကလည်းပဲ နှောက်ယှက်တတ်တဲ့ ကိစ္စက ပေါ်စမြဲ ဓမ္မတာအတိုင်း အဲဒီ မြို့ဝန်ကြီးရဲ့ ဆွေထဲ မျိုးထဲက ခပ်ဆိုးဆိုး၊ အင်း... လေး... ငါး... ခြောက်ရာ ဆိုပါစို့။ အဲဒီလိုလူတွေက ဘာလုပ်ပစ်တုံး။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေဖို့ ချက်ပြုတ်ထားတဲ့ ဆွမ်းတွေ၊ ဟင်းတွေ၊ ကျိုထားတဲ့ ယာဂုတွေ၊ ဖျော်ထားတဲ့ ဖျော်ရည်တွေ၊ ဘာတွေ၊သူတို့က သောင်းကျန်းပြီးတော့၊ လုယက်ပြီးတော့ စားတယ်၊ သောက်တယ်၊ သုံးတယ်။ အနှောင့်အယှက် ပေးတယ်။ ဘုရားကျောင်းတော်ကို ဆွမ်းအိုးတွေ ထမ်းသွားတဲ့ လူတွေကို လမ်းက ဆီးပြီးတော့ နှောင့်ယှက်တယ်၊ လုယက်တယ်၊ ဖျက်ဆီးတယ်။ စားချင်ယင် သူတို့ စားတယ်၊ မစားချင်ယင် လွှင့်ပစ်တယ်။

အဲဒီလို နှောင့်ယှက်မှု ကိစ္စတွေ တစ်ဖက်က ပြုတယ်၊ တစ်ဖက်ကလည်းပဲ အဲဒါတွေ စိတ်မပျက်ဘဲနဲ့ ကုသိုလ်ဘက်ကလည်း ထက်ထက်မြက်မြက်ပြုလို့ ထိုပုဂ္ဂိုလ်တွေ ထိုဘဝက စုတေတဲ့ အခါကျတော့ မင်းသားသုံးယောက်ရယ်၊ မြို့စိုးရယ်၊ ပြီးတော့ ဘဏ္ဍာစိုး ဇနီးမောင်နှံရယ်၊ မင်းသားနောက်ကပါတဲ့ လူပေါင်းတစ်ထောင်၊ မြို့စိုးရဲ့ မြို့ဝန်ကြီးရဲ့ နောက်က ပါတဲ့ လူပေါင်းတစ်သိန်းတစ်သောင်း၊ သူတို့ကား နတ်ပြည် တစ်ခုမှ နတ်ပြည်တစ်ခု၊ နတ်ပြည်တစ်ခုမှ နတ်ပြည်တစ်ခုသို့ အစုန်အဆန် လူးလာ ပြန်ရောက် သုဂတိချမ်းသာ ခံစားပြီးတော့ ဒီဘုရားလက်ထက် ရောက်ခဲ့ကြတယ်။ ကိုးဆယ့်နှစ်ကမ္ဘာမှာ သူတို့ အပါယ် မရောက်ခဲ့ဘူး။

ခုနင်ကတုန်းက မြို့စိုးရဲ့ ဆွေမျိုးတွေ၊ အဲဒီ ဆွေမျိုးဆိုတဲ့ လူဆိုးတွေကတော့ ဒုဂ္ဂတိမှ ဒုဂ္ဂတိ၊ ဒုဂ္ဂတိ တစ်ဘုံမှ ဒုဂ္ဂတိ တစ်ဘုံ။ စာထဲကတော့“ဒုဂ္ဂတိတော ဒုဂ္ဂတိံ၊ ဒုဂ္ဂတိတော ဒုဂ္ဂတိံ”တဲ့။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံဆိုတဲ့ ဒီ ဒုဂ္ဂတိ လေးဘုံမှာ တစ်ဘုံကပြီး တစ်ဘုံ၊ တစ်ဘုံကပြီး တစ်ဘုံ၊ ဒီလိုပြောင်းပြီးတော့ လှည့်ပြီးတော့ ဆင်ရဲဒုက္ခ၊ ငရဲဒုက္ခ၊ တိရစ္ဆာန်ဒုက္ခ၊ ပြိတ္တာဒုက္ခ၊ အသူရကာယ်ဒုက္ခ၊ အပါယ်လေးဘုံ ဒုက္ခကို အဆင်အမျိုးမျိုး ခွဲပြီးတော့ ဒီလိုပဲ ကိုးဆယ့်တစ်ကမ္ဘာလုံး ဒုဂ္ဂတိဘုံမှာ တစ်လှည့်စီ ဖြစ်နေကြတယ်။

ကဿပ မြတ်စွာဘုရားလက်ထက်...
တတိယမြောက် ပွင့်တော်မူတဲ့ ကဿပမြတ်စွာဘုရား သာသနာတော်ရောက်တော့ ခုနင်က ဆွေမျိုးလူဆိုးတွေက ဘာဖြစ်နေလဲဆိုတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အပါယ်လေးဘုံအနက် တတိယအပါယ်ဘုံဖြစ်တဲ့ ပြိတ္တာဘုံရောက်၊ ဒီလိုရောက်ဆိုက်ကုန်တယ်။ ကဿပမြတ်စွာဘုရား လက်ထက်မှာ တစ်ဦးတည်း ဒကာက ဘုရားအမှူးရှိတဲ့ သံဃာတော်အား ဆွမ်းများလှူဒါန်းလို့၊ အဝတ်သင်္ကန်းများ လှူဒါန်းလို့ ပြီးပြီ ဆိုတော့ မြတ်စွာဘုရားရဲ့ ညွှန်ကြားချက်အတိုင်း...

ဣဒံ နော ဉာတီနံ ဟောတု၊
သုခိတာ ဟောန္တု ညတယော။
နော= ငါတို့၏။ ဣဒံ= ယနေ့ ယခု ပြုအပ်သမျှသော ကောင်းမှုကုသိုလ်သည်။ ဉာတီနံ= ဆွေမျိုးစုတို့အား။ ဟောတု= ဖြစ်ပါစေသား။ ညတယော= ငါ့ဆွေငါ့မျိုးတို့အား။ သုခိတာ= ကာယစိတ္တ သုခနှစ်ပါးနဲ့ ပြည့်စုံကြကုန်သည်။ ဟောန္တု= ဖြစ်ပါစေကုန်သား... လို့...
အဲဒီလို ကဿပမြတ်စွာဘုရားရဲ့ ညွှန်ကြားချက်အတိုင်း ထိုဒကာက မိမိကောင်းမှုကုသိုလ် အမျှခွန်းကို ဆွေမျိုးများအား ညွှန်းလိုက်တဲ့အခါကျတော့ ထိုဒကာရဲ့ ဆွေမျိုးတော်စပ်ကြသော ပြိတ္တာဘုံမှာ ရောက်ရှိနေကြတဲ့ ဆွေဟောင်း မျိုးဟောင်းတွေ ခဏအတွင်းမှာ ရေငတ်တာ ရေငတ်ပြေပြီးတော့ ရေကြည် ရေအေးတွေ သောက်ရတယ်။ နဂိုက အဝတ်အစားမရှိတာ၊ အဝတ်အစားတွေ ပြည့်စုံလာတယ်။ နဂိုက ရုပ်ရည်အဆင်းတွေဟာ ကြည့်မကောင်းရှုမကောင်း အင်မတန် မတင့်မတယ် ဖြစ်နေတာတွေ ရုပ်ရည်တင့်တယ်လာတယ်။

သမ္ပတ္တိဆိုတဲ့ ခဏအတွင်း ပြည့်စုံလာတာကိုမြင်တော့ စောစောကပြောတဲ့ မြို့စိုး မြို့ဝန်ရဲ့ ဆွေမျိုး လူဆိုး ပြိတ္တာတွေက ကဿပမြတ်စွာဘုရားကို လျှောက်တယ်။ ဘုရား၊ တပည့်တော်တို့တော့ ဒီလို ဆွေကောင်း မျိုးကောင်းနဲ့ ဘယ်တော့များမှ တွေ့ရပါမလဲဘုရားလို့လျှောက်တော့... ဟာ မဝေးပါဘူး၊ သင်တို့အတွက် ငါဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် အန္တရကပ် တစ်ကပ်ခြားပြီးတော့ ဂေါတမမြတ်စွာဘုရား ပွင့်လိမ့်မယ်။ ပွင့်တဲ့အခါကျတော့ သင်တို့ရဲ့ ဆွေနီးမျိုးချာ အတိတ်လွန်ခဲ့တဲ့ ကိုးဆယ့်တစ်ကမ္ဘာထက်က သင်တို့ရဲ့ ဆွေမျိုးရင်းချာဖြစ်သော မြို့ဝန်မင်းဟာ အဲဒီအချိန်မှာ ဗိမ္ဗိသာရမင်းတရား ဖြစ်လိမ့်မယ်။
အဲဒီ ဗိမ္ဗိသာရမင်းတရား ဖြစ်တဲ့အခါမှာ ဒါနကုသိုလ် ကောင်းမှုကြီးပြုပြီးတော့ အမျှပေးဝေတဲ့အခါ သင်တို့ထိုကုသိုလ်ကောင်းမှုကို အနုမောဒနာပြုလို့ သာဓုခေါ်လို့ ပြိတ္တာဒုက္ခမှ လွတ်မြောက်ကြရလိမ့်မယ်လို့ ကဿပမြတ်စွာဘုရား မိန့်ကြားလိုက်ယင်ပဲ ဒီဆွေတွေ၊ မျိုးတွေ၊ ပြိတ္တာတွေဟာလေ၊ နက်ဖြန်ခါ ရရတော့မလောက်ပဲ စိတ်ထဲမယ် အင်မတန် အားရနှစ်ခြိုက် ရှိကြတယ်။ ဝမ်းမြောက်ဝမ်းသာ ရှိကြတယ်။

ဂေါတမမြတ်စွာဘုရား လက်ထက်တော်...
ဒီလိုနဲ့ တစ်နေ့ တစ်နေ့၊ တစ်လ တစ်လ၊ တစ်နှစ် တစ်နှစ် ဆိုသလို ဒီလိုစောင့်ပြီးတော့ မျှော်ပြီးတော့ လာခဲ့တာ ဒီဘုရားသာသနာ ရောက်လာတယ်။ ဒီ ဘုရားသာသနာရောက်လို့ ဒီ မြတ်စွာဘုရား ပွင့်တော်မူလို့ ပထမဝါ ဣသိပတန မိဂဒါဝုန်တောမှာ ဝါကပ်၊ ဝါကျွတ်၊ သီတင်းကျွတ်တော် မူတဲ့အခါ ဘုရားကိုယ်တော်မြတ် ဥရုဝေလတောအုပ်ကို သွား။

အဲဒီမှာ ဥရုဝေလကဿပ၊ နဒီကဿပ၊ဂယာကဿပ ဆိုတဲ့ ကဿပရသေ့ညီနောင် သူတို့ရဲ့ အခြံအရံနှင့်တကွ ရှင်တစ်ထောင်တို့ကို မြတ်စွာဘုရား ဂယာသီသကျောက်ဖျာမှာ သီတင်းသုံးပြီတော့ အာဒိတ္တပရိယာယ သုတ္တန်ဒေသနာဖြင့် အရဟတ္တဖိုလ်ရောက် ချီးမြှောက်တော် မူခဲ့တယ်။ အဲဒီ ဥရုဝေလကဿပ၊ နဒီကဿပ၊ဂယာကဿပ ဆိုတဲ့ ကဿပညီနောင် သုံးပါးကား လွန်ခဲ့တဲ့ ကိုးဆယ့်နှစ်ကမ္ဘာထက်က ဇယသေန မင်းတရားရဲ့ သားတော် မင်းသားသုံးယောက် ဖြစ်ခဲ့တယ်။

အဲဒီတုန်းက မင်းသားသုံးယောက်သည် ယခုဘုရား လက်ထက်မှာ လာပြီးတော့ ကဿပညီနောင်သုံးပါးဖြစ်တယ်။ အဲဒီတုန်းက မင်းသား သုံးယောက်ရဲ့နောက်လိုက်၊ ဖန်ရည်စွန်းသောအဝတ် ဝတ်ပြီးတော့ ဆယ်ပါးသီလ နေ့စဉ်ထိန်းသိမ်းခဲ့တဲ့ တပည့်တွေဟာ ဒီဘုရားသာသနာ ဒီဘုရားလက်ထက်ကျတော့ ကဿပ ညီနောင် ရှင်တစ်ထောင်တို့ရဲ့ နောက်ပါ ရှင်တစ်ထောင်ဖြစ်လာတယ်။ ကဿပညီနောင်တို့ရဲ့ နောက်ပါ ရှင်တစ်ထောင်ဖြစ်ပြီးတော့ လာခဲ့ကြတယ်။ အဲ... ဟိုတုန်းက ဘဏ္ဍာစိုး ဇနီးမောင်နှံက ဒီဘုရားသာသနာမှာ ဗိမ္ဗိသာရ မင်းတရားနဲ့ အင်မတန် ရင်းနှီးတဲ့ ဝိသာခသေဋ္ဌေးနဲ့ ဓမ္မဒိန္နာသေဋ္ဌေးကတော် ဖြစ်ကြတယ်။ အဲဒီတုန်းက မြို့စိုး မြို့ဝန်က ဒီဘုရားသာသနာမှာ ဗိမ္ဗိသာရ မင်းတရားဖြစ်တယ်။

အဲဒါနဲ့ ဘုရားကိုယ်တော်မြတ် အင်း... သူ့အတိတ်က ဆွေဟောင်း မျိုးဟောင်း၊ မိတ်ဟောင်း သင်းဟောင်းတွေဟာ ပေါင်းမိဖို့ ဖန်တည်းလာတာပေါ့လေ။ ဂယာသီသတောအုပ်မှာ အာဒိတ္တ ပရိယာယသုတ္တန် ဟောလို့ အတိတ်က မင်းသားသုံးယောက် ဖြစ်ခဲ့ဖူးသော ရသေ့ညီနောင်သုံးပါး၊ အင်း... နောက်ပါတပည့် ပရိသတ်ဖြစ်သော ရှင်တစ်ထောင်၊ အားလုံးကို အာဒိတ္တ ပရိယာယသုတ္တန်ဖြင့် အရဟတ္တဖိုလ်ပေါက် ချီးမြှောက်တော်မူပြီး ထို ရဟန်းပေါင်းတစ်ထောင် ခြံရံ၍ ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းတရားရဲ့ လျှောက်ထားချက်အရ ဝန်ခံတော်မူခဲ့ရင်းအတိုင်း ဘုရားကိုယ်တော်မြတ် ရာဇဂြိုဟ်ပြည် ကြွတယ်။

ဗိမ္ဗိသာရမင်း၏ အလှူပွဲကြီး...
ဘုရားရောက်တဲ့ နေ့မှာပဲ ဗိမ္ဗိသာရမင်းတရားသည် တစ်သိန်းနှစ်သောင်းသော ပုဏ္ဏားသူကြွယ်၊ ပုဏ္ဏားလူချမ်းသာတွေ ဝန်းရံပြီးတော့ ဘုရားထံ တရားနာ လာကြတယ်။ အဲဒီ တရားနာလာရောက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရား တရားဟောလို့ ဗိမ္ဗိသာရမင်းတရား အမှူးပြုသော ပုဏ္ဏာသူကြွယ်ပေါင်း တစ်သိန်းနဲ့တစ်သောင်း သောတာပန်တည်၍ ကျန်တဲ့တစ်သောင်းက သရဏဂုံတည်၊ သီလရှိတဲ့ ဥပါသကာ ဒကာ ဖြစ်တယ်။ ခံယူကြတယ်။ ဗုဒ္ဓဘာသာတွေ ဖြစ်သွားတယ် ပြောပါစို့။

အဲဒီ တစ်သိန်းတစ်သောင်းနဲ့ ဗိမ္ဗိသာရမင်းတရားကတော့ သောတာပန်ဖြစ်တယ်။ အဲဒါ ရောက်တဲ့နေ့ပဲနော်။ အဲဒီ သောတာပန် ဖြစ်ပြီးတဲ့အခါ ဗိမ္ဗိသာရမင်းတရားက နောက်တစ်နေ့ တပည့်တော်ရဲ့ ရွှေနန်းတော် သံဃာတော်များနှင့်တကွ ဆွမ်းဘုဉ်းပေးကြွတော်မူပါလို့ ဒီလို လျှောက်ထားတဲ့အခါ မြတ်စွာဘုရား လက်ခံ သာယာတော်မူလို့ နောက်တစ်နေ့ ရောက်တဲ့အခါ သိကြားမင်းကိုယ်တိုင် နိဗ္ဗာန်ဆော် လုလင်ယောင် ဖန်ဆင်းပြီးတော့...
ဒန္တော ဒန္တေဟိ သဟ ပုရာဏဇဋိလေဟိ၊ ဝိပ္ပမုတ္တော ဝိပ္ပမုတ္တေဟိ။
သိင်္ဂီနိက္ခသဝဏ္ဏော၊ ရာဇဂဟံ ပါဝိသိ ဘဂဝါ။
(ဝိနယ၊ မဟာဝဂ္ဂ၊ ၄၈... ၉)
ရာဇဂြိုဟ်ပြည် လမ်းမကြီးက ရှင်းလို့။ အဲဒီ ရှင်းနေတဲ့ လမ်းမကြီးတစ်လျှောက်မှာ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ ကြွတော်မူလာတယ်။ ဆွမ်းဘုဉ်းပေး ကြွတော်မူလာတယ်ဆိုယင် ရှေ့ဆုံးက နေပြီးတော့ အလှဆုံး အပဆုံးဆိုတဲ့ လုလင်အသွင် သိကြားမင်းက ဖန်ဆင်းပြီးတော့...

မုတ္တော မုတ္တေဟိ သဟ ပုရာဏဇဋိလေဟိ၊ ဝိပ္ပမုတ္တော ဝိပ္ပမုတ္တေဟိ။
သိင်္ဂီနိက္ခသဝဏ္ဏော၊ ရာဇဂဟံ ပါဝိသိ ဘဂဝါ။
တိဏ္ဏော တိဏ္ဏေဟိ သဟ ပုရာဏဇဋိလေဟိ၊ ဝိပ္ပမုတ္တော ဝိပ္ပမုတ္တေဟိ။
သိင်္ဂီနိက္ခသဝဏ္ဏော၊ ရာဇဂဟံ ပါဝိသိ ဘဂဝါ။...
ဆိုတဲ့ အင်မတန် သာယာတဲ့အသံနဲ့ “ကိုယ်တော်တိုင်က ယဉ်ကျေးတော်မူပြီး ဣနြေ္ဒခြောက်ပါး ယဉ်ကျေးတော်မူကြပြီးဖြစ်တဲ့ ရဟန္တာပေါင်းတစ်ထောင် ခြံရံတော်မူလျက် လည်းကောင်း၊ ကိုယ်တော်တိုင်က ကိလေသာမှ လွတ်မြောက်တော်မူပြီးတော့ ကိလေသာမှလွတ်မြောက်တော်မူပြီးကြတဲ့ ရဟန္တာပေါင်း တစ်ထောင်ခြံရံလျက် လည်းကောင်း၊ သိင်္ဂီနိက်ရွှေစင်အဆင်း ဝါဝင်းသော ကိုယ်ရေကိုယ်သား ရှိတော်မူသော မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ရာဇဂြိုဟ်ပြည်အတွင်းသို့ ဆွမ်းခံကြွတော်မူခဲ့လေပြီ။

ဒီအကြောင်းကို သိကြားမင်းက နိဗ္ဗာန်ဆော်ပြီး ရှေ့ကနေ ကြွေးကြော်ပြီးတော့ ဗိမ္ဗိသာရနန်းတော် ပင့်သွားတယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ အကုန်ပင့်တယ်။ အဲဒီအချိန်မှာ လွန်ခဲ့တဲ့ ကိုးဆယ့်နှစ်ကမ္ဘာထက်က ဗိမ္ဗိသာရရဲ့ ဆွေမျိုးတွေ ဖြစ်ကြတဲ့ ပြိတ္တာတွေက ဒီကနေ့တော့ တို့ဆွေမျိုးရင်းချာဖြစ်တဲ့ ဗိမ္ဗိသာရမင်းတရားက တို့ကို အမျှဝေလိမ့်မယ်၊ အမျှဝေယင် တို့ ရေတွေ သောက်ရလိမ့်မယ်၊ အစာတွေ စားရလိမ့်မယ်၊ အဝတ်တွေ ဝတ်ရလိမ့်မယ်။ မျှော်လင့်ချက် ကြီးစွာဖြင့် စောင့်ပြီး မျှော်ပြီး အမျှဝေတဲ့ အချိန်စောင့်နေကြတယ်။ ထုံးစံကလည်း မရှိသေးတော့ ဗိမ္ဗိသာရ မင်းတရားကလည်း ဘုရားအမှူးရှိတဲ့ သံဃာတော် ဆွမ်းကျွေးပြီးတယ်ဆိုယင်ပဲ ဒီ ဆွေတွေ မျိုးတွေ အမျှဝေဖို့အတွက်... “ဪ… ဘုရားအမှူးရှိတဲ့ သံဃာ၊ ငါ ဘယ်ထားရပါ့။ ဘယ်များ… ဘုရားနှင့်တကွ သံဃာတော်တွေ သီတင်းသုံးယင် ကောင်းပါ့မတုံး” လို့ ဒီအကြံဖြစ်ပြီး သူကလည်း ဝေဠုဝန်ဥယျာဉ်ကြီးကို လှူဖို့ရန်အတွက် ဤကဲ့သို့ စိတ်က စောနေတယ်။ စောရုံတင် မဟုတ်ဘူး၊ အဲဒီနေ့ ဝေဠုဝန်ဥယျာဉ်ကြီး လှူတာပဲ။ ကျောင်းတိုက်ကြီးကို။ အဲဒီအထဲရှိတဲ့ မင်းတဲတွေ၊ ဘာတွေ၊ အကုန်လုံး ဗိုလ်တဲတွေရော။ အလိုတော်ရှိသမျှ ဘုရားအမှူးရှိသော သံဃာတော်များ သုံးစွဲတော်မူကြပါ ဆိုပြီးတော့ ဒီ ဝေဠုဝန်ဥယျာဉ်ကြီး လှူပွဲက ကျင်းပနေတော့ ဆွေတွေ မျိုးတွေကို အမှတ် မရဘူး။ အမျှခွန်း မညွှန်းခဲ့ရဘူး။ နို့ မြတ်စွာဘုရားက သူ့ ညွှန်းဖို့ပြောတာက အချိန်က လိုသေးတယ်။ အဲဒီ အင်း... ဆွေဟောင်း မျိုးဟောင်း ပြိတ္တာတွေရဲ့ ကျွတ်လွတ်ချိန်က တစ်ရက်လောက် လိုသေးတော့ ဘုရားကလည်း ဘာမှမပြောနိုင်သေးဘူး။

အဲဒါနဲ့ သူတို့က မျှော်လင့်ချက်ကြီးစွာဖြင့် မျှော်လင့်ရာက ဒီလို အမျှအတန်း၊ ယခုလို ဘုရားအမှူးရှိတဲ့သံဃာတော်အား လှူဒါန်းပြီးယင် ဝေလိမ့်မယ် မျှော်လင့်ပါလျက်ကနဲ့ မျှော်လင့်ချက် မပြည့်စုံတော့ ညကျတော့ ဟစ်ကြ၊ အော်ကြ၊ ငိုကြ၊ ရယ်ကြ။ အင်မတန်မ ကြောက်ဖွယ်ကောင်းတဲ့ အသံကြီးတွေနဲ့ နန်းတော်ကြီး တစ်ခုလုံးမှာပေါ့လေ၊ ဆူဆူညံညံနဲ့ မြည်တဲ့အသံ၊ မြင်လည်း မမြင်ရဘဲနဲ့ ဖြစ်ပေါ်တယ်။ ဗိမ္ဗိသာရ မင်းတရားက ကြောက်လန့်နေတယ်။

နောက် တစ်နေ့ နံနက် မိုးသောက် အစောကြီး ဘုရားထံ သွားပြီးတော့ ဒီလို ဒီလို ဘုရား၊ ညတုန်းက ဒီအသံတွေ ကြားပါတယ်။ အဲဒါ ဘာတုံးဆိုတော့...
မြတ်သောမင်းကြီး၊ ဒီအသံအတွက်သင့်မှာ အန္တရာယ်ဖြစ်မှာ မဟုတ်ပါဘူး၊ မစိုးရိမ်ပါနဲ့။
အဲ... ဘုရား… ကြောက်စရာ ကောင်းလိုက်တာ၊ ဟစ်ကြ၊ အော်ကြ၊ ငိုကြ၊ ယိုကြ၊ လူလည်း မမြင်ရဘဲနဲ့ အသံတွေ ကြားနေရပါတယ်ဘုရား… လို့ ဆိုတော့...
အေး... အဲဒါ တခြားမဟုတ်ဘူး၊ လွန်ခဲ့တဲ့ ကိုးဆယ့်နှစ်ကမ္ဘာထက်က သင့်ဆွေမျိုးတွေ၊ သင့်ဆွေမျိုးတွေ။ အဲဒီမှ မြတ်စွာဘုရားက သင့်ဆွေမျိုးတွေ... အဲဒီ ကိုးဆယ့်နှစ်ကမ္ဘာထက်က ဖုဿ မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာ လာတ်ကို အနှောင့်အယှက် ပြုခဲ့တာတွေ၊ ဒါပြန်ပြီးတော့ မြတ်စွာဘုရားက ဟောတယ်။ အဲဒါကြောင့် ကနေ့ တချို့ဟာပေါ့လေ၊ ဉာဏ်ပညာ မျက်စိ ကျယ်ပြန့်တဲ့ ပုဂ္ဂိုလ်များက ဘယ့်နှယ် ပြောသလဲ။
“အင်း... ဗိမ္ဗိသာရ ဆွေမျိုးတွေ ဖြစ်ကုန်မယ်နော်၊ ဗိမ္ဗိသာရ ဆွေမျိုးတွေ ဖြစ်ကုန်မယ်နော်” ဒီလို အလှူ အကုသိုလ်ကံဟူသောအကြောင်းကြောင့်။ ကောစိ= တစ်စုံတစ်ယောက်သော ဆွေမျိုးကမှ။ န သရတိ= အောက်မေ့မှု မပြုကြလေ...။
စားဖွယ်တွေ၊ သောက်ဖွယ်တွေ၊ သုံးဖွယ်တွေ၊ ခဲဖွယ်တွေ၊ လျက်ဖွယ်တွေ ဘယ်လောက်ပင် ပြည့်စုံသော်လည်းပဲ သူတို့ကို အမှတ်ရခဲတယ်။ သူတို့ အမှတ်ရပြီးတော့ ကုသိုလ်ကောင်းမှုပြု၍ အမျှခွန်း ညွှန်းနိုင်ခဲတယ်တဲ့။ ဘာပြုလို့လဲ။ သူတို့ရဲ့ အကုသိုလ် ကံကိုက ဒီဘက်က လူ့ပြည်ကရှိတဲ့ ဆွေတွေ မျိုးတွေ အမှတ် မရအောင် ကျေးဇူးပြုထားလို့ ဒီကပုဂ္ဂိုလ်တွေက အမှတ်မရတော့ဘူး။ အမှတ်မရဘဲ ရှိရတာ...။

ဧဝံ ဒဒန္တိ ဉာတီနံ၊ ယေ ဟောန္တိ အနုကမ္ပကာ။
သူစိံ ပဏီတံ ကာလေန၊ ကပ္ပိယံ ပါနဘောဇနံ။
ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။
အဲဒီ ပြိတ္တာဘုံရောက်တဲ့ သတ္တဝါတွေ လုံးဝ ခိုကိုးရာမဲ့ ဒီလိုပဲ တစ်လျှောက်လုံး တစ်ကမ္ဘာလုံး ဒီလို နေရမှာလား၊ မဟုတ်ပါဘူး။ ဘယ့်နှယ်လဲ။
ယေ= အကြင် ဆွေမျိုးတို့သည်။ အနုကမ္ပကာ= ဆွေဟောင်းမျိုးဟောင်းတို့အပေါ် မေတ္တာရှေ့ထား သနားစောင့်ရှောက်ကြကုန်၏။ တေ= ထို မေတ္တာရှေ့ထား သနားစောင့်ရှောက်ကြတဲ့ ဤ လူ့ဘဝ ရှိကြတဲ့ မိဘဆွေမျိုးတို့ကား။ တေသံ= ထို သတ္တဝါတို့အား။ (ဘာတွေ့လဲ) သူစိံ= စင်ကြယ်သော။ ပဏီတံ= မွန်မြတ်သော ခဲဖွယ် ဘောဇဉ် စားဖွယ် သောက်ဖွယ် လျက်ဖွယ် ဝတ်ဖွယ် အသွယ်သွယ် အဝဝသော။ ကပ္ပိယံ= သံဃာတော်တွေအား သင့်လျော် လျောက်ပတ်သော လှူဖွယ်ဝတ္ထု အစုစုကို။ ဒဒန္တိ= ပေးလှူကြကုန်၏။ (သူတို့ ရည်စူးပြီးတော့) ဧဝံ= ဤဆိုလတ္တံ့သော နည်းအတိုင်း။ ဒဒန္တိ= ဆွေဟောင်းမျိုးဟောင်းတို့ကို ရည်စူး၍ ပေးလှူကြကုန်၏။

ဘယ်လိုဆိုပြီး ပေးမလ...
ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။
စားဖွယ် သောက်ဖွယ် လျက်ဖွယ် ခဲဖွယ် ဝတ်ဖွယ် ဆိုတဲ့ လူ့လောကမှာရှိတဲ့ သံဃာတော်အား ဒကာတော် ရေလှူပြီး သကာလ...
“ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော” လို့ အဲဒီလို အမျှခွန်းညွှန်းကြတယ်... တဲ့။ အင်း… ဒါ ကြည့်ခြင်းအားဖြင့် ဒီ မိမိတို့မှာ လွန်ခဲ့တဲ့နှစ်က ဆွေမျိုး မျိုးချာ၊ ရင်သွေး သည်းချာ သား ရတနာကလေးများ၊ သူတို့ရဲ့ အာယုသံဝတ္တနိက ကံအတိုင်း၊ အပ္ပါယုက ‘သံဝတ္တနိက ကံအတိုင်း ဘဝ တမလွန် ဆင်းကုန်ရတဲ့ နေရာမှာ ငိုကြွေးခြင်း၊ ပူဆွေးခြင်း၊ မြည်တမ်းခြင်းဖြင့် အချိန်တွေ မကုန်စေဘဲ ကိုယ်လုပ်သင့်တာကို ပြုလုပ်ပြီးတော့ အမျှခွန်း လှလှကြီး ညွှန်းဖို့ဆိုတာ ကိုယ့်အလုပ်ပဲ။ အဲဒီ ကိုယ့်အလုပ် ကိုယ်လုပ်ရတာလည်း ဝမ်းမြောက်စရာ။

အစားလှူလျှင် အစားရ၊ အဝတ်လှူမှ အဝတ်ရ...
အခု ဗိမ္ဗိသာရ မင်းတရားကို မြတ်စွာဘုရားက ဟို... ကိုယ့်သား ကိုယ့်သမီး၊ ကိုယ့်ဆွေ ကိုယ့်မျိုး ဆိုတဲ့ ဒီ ဆွေဟောင်း မျိုးဟောင်း၊ သားဟောင်း သမီးဟောင်းတွေကို တကယ် မေတ္တာရှေ့ထား သနားစောင့်ရှောက်တဲ့ မိခင် ဖခင် ဆွေရင်းမျိုးချာ ဆိုတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးဟာ ဘာလုပ်ရမလဲ။

ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။
ဣဒံ= ဤစားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ် ဝတ်ဖွယ် အသွယ်သွယ် အဝဝ ဒါနကောင်းမှု ဒါနဝတ္ထု အစုစုသည်။ ဉာတီနံ= ဆွေမျိုးတို့အား။ ဟောတု= ဖြစ်ပါစေသား။ ဉာတယော= ငါ့ဆွေ ငါ့မျိုးတို့သည်။ သုခိတာ= ကာယစိတ္တ သုခနှစ်ပါးနဲ့ ပြည့်စုံကြကုန်သည်။ ဟောန္တု= ဖြစ်ကုန်ကြပါစေသား… လို့...
အဲဒီလို အမျှခွန်း ကုသိုလ်ခွန်း ညွှန်းပြီးသကာလ ရဟန်းသံဃာတော်နဲ့ သင့်လျော်လျောက်ပတ်တဲ့ အသုံးအဆောင် ပစ္စည်းအမျိုးမျိုး စားဖွယ်သောက်ဖွယ် ခဲဖွယ် လျက်ဖွယ် ဝတ်ဖွယ် ဒါတွေကို လှူဒါန်းတာဟာဖြင့်...

ဧဝံ ဒဒန္တိ ဉာတီနံ၊ ယေ ဟောန္တိ အနုကမ္ပကာ။
သုစိံ ပဏီတံ ကာလေန၊ ကပ္ပိယံ ပါနဘောဇနံ။
ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော... လို့
ဆိုတဲ့ ဒီဘုရားစကားတော်နဲ့ ဘုရားချီးမွမ်းတဲ့ အင်း... ဆွေဟောင်း မျိုးဟောင်း မိဟောင်း ဖဟောင်းပီပီ တို့ ဘုရားအလိုကျ လိုက်နာ ကျင့်သုံးကြရမယ်လို့ ဒီလို အောက်မေ့တယ်။ မကြာခင်ဘဲ အခု ဒီတရားပွဲ ပြီးတယ်ဆိုလို့ရှိယင် ရှေးဦးစွာ...

ဣဒံ နော ပုတ္တာနံ ဟောတု၊ သုခိတာ ဟောတု နော ပုတ္တာ... လို့
အားလုံး ရှေ့ကောင်းမှု ကုသိုလ်တွေကို စုပြီးတော့ ဒီသုတ္တန်က လာတဲ့အတိုင်းပေါ့လေ၊ အမျှခွန်း ညွှန်းရမယ်။ ဒီက မိဘနှစ်ပါးက အမျှခွန်း ညွှန်းလိုက်တယ် ဆိုလို့ရှိယင် သူတို့ အမြဲတစေ မျှော်ကိုးနေရတဲ့ ဘဝ ဆိုလို့ရှိယင် မျှော်ကိုးနေလို့အာ... သူတို့ ဒီလို မဟုတ်ဘူး။ သူတို့ အပရာပရိယ ကုသိုလ်ကံက ထောက်ပံ့ပေးလိုက်တဲ့အတွက် လူ့ပြည်မှာဖြစ်စေ၊ နတ်ပြည်မှာဖြစ်စေ သွားပြီးတော့ ဘဝပဋိသန္ဓေ နေတယ်ဆိုယင်လည်းပဲ သူတို့ကတော့ မမျှော်ပေဘူး။ အေး… တိုတိုပြောရမယ်ဆိုလို့ရှိယင် မတော်တဆ ကိုယ့်သား ကိုယ့်သမီးများ ပေတဂတိ ခေါ်တဲ့ ဒုဂ္ဂတိ မတော်တဆ ရောက်နေလို့ရှိယင် သူတို့အတွက်ကတော့ အဲဒီ ဒုဂ္ဂတိက လွတ်မြောက်ရန် အတွက် ယခုလို ဆွမ်းကျွေးခြင်း၊ သင်္ကန်းလှူခြင်း အစရှိတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ရတာ။ သူတို့အတွက်ဆိုယင် ဒါပဲ။

မိမိတို့အတွက်ကတော့ ဒီလိုစုဆောင်း၊ ဟုတ်လား။ သီလဆောက်တည်ခြင်း၊ ဒါနပြုခြင်းဖြင့် တို့နိဗ္ဗာန်မျိုးစေ့ ပျိုးကြရမယ်။ ကိုယ့်အဖို့ကလည်းနော်... ဒီအနေနဲ့ ပြုစုရမယ်။ အဲဒီတော့ဟုတ်လား၊ ရည်ရွယ်ရင်း ကိုယ့်ဖို့ သူ့ဖို့ နှစ်ဖို့မှာ သူတို့ဖို့လည်းပဲ ပြီးသွားရော။ အဲဒီသုတ္တန်နဲ့ အညီ အမျှ ပေးဝေရမယ်။ အမျှ ပေးဝေလို့ ရှိယင် မိဘနှစ်ပါးက ကြီးစွာသော မေတ္တာ ကရုဏာနဲ့ အမျှပေးဝေလို့... သူတို့ကလည်း မတော်တဆ စောင့်မျှော်ရတဲ့ ပေတဂတိသို့ ရောက်၍နေမယ်။
အင်း... လှူရတာကလည်း ဥဒ္ဓိဿမြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော် လှူရတာဖြစ်တော့ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ အရ ကုသိုလ်မျိုး စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ပုညခေတ်ဖြစ်တဲ့ ဘုရား သာသနာမှာ လှူဒါန်းရတဲ့ အကြောင်းသုံးပါး ညီညွတ်ပြီးတော့ သာဓုအနုမောဒနာ ခေါ်လို့... ခေါ်လို့ရှိယင် ကိုယ်ကပင် မမြင်ရသော်လည်းပဲ နတ်၌ဖြစ်သော အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ ရေကန်တွေ၊ ဘုံဗိမာန်တွေ၊ ဒါတွေ ပေါက်ပါလိမ့်မယ်။

အင်း... အဝတ်လှူတော့ နတ်၌ဖြစ်တဲ့ အဝတ် ရတယ်။ အစားလှူတော့ နတ်၌ဖြစ်တဲ့အစား ရတယ်။ အဖျော်လှူတော့ နတ်၌ဖြစ်တဲ့ အဖျော်တွေ၊ ယမကာတွေ၊ အသုံးဆောင်တွေလှူတော့ နတ်၌ဖြစ်တဲ့ အသုံးအဆောင်တွေ ရတယ်။

ဒီတော့ ဘကြီးမိုးက ဘယ်လောက် တရားဟောကောင်းလဲဆိုတော့ မနေ့ကတုန်းက သူက ဟောတယ်။ ကိုဝါပေါတို့ ဆွမ်းအစ်မ မမြရှင် တို့ကို သူက ဘယ့်နှယ်ဟောလဲ။ ခင်ဗျား ဆွမ်းချည်းထဲ ကျွေးနေလို့ ရှိယင် ခင်ဗျားသားတွေ ဘဝမှာ စားရုံသာစားရမှာပေါ့၊ တကတည်း နေစရာ အိမ်ရှိအောင် ဇရပ်ဆောက်ဦးမှ၊ သူက ပါသေး။ သူကလည်း မိုးမိတ်အတွက် သူက ဇရပ်လိုချင်နေတာ။

ဘုန်းကြီးရဲ့ တရားပွဲမှာ ခွက်ထိုးမခံပါနှင့်...
ဒီတော့ ဘုန်းကြီးက တစ်ခါတလေတော့လည်း တွေးတယ်။ သူတို့ မိုးမိတ်ကော်မတီပေါ့လေ၊ ကိုယ့်ကော်မတီပဲ ကိုယ်ကြောက်နေတယ်။ ဘယ်လို ကြောက်တုံးဆို၊ ဘုန်းကြီးက ဗောဓိရိပ်သာ တရားဟောမလို့ သွားမလို့၊ အချိန်မကျသေးလို့ စောင့်နေတယ်။ လားလား၊ သူတို့က အသံချဲ့စက်ကနေပြီးတော့ “မိုးမိတ် အတွက် ဘယ်လို လှူနိုင်ပါတယ်၊ ဘာတယ်” နဲ့ အင်း... ဟောပြီ။

ဘုန်းကြီးတော့ တစ်ခါတလေ တွေးတယ်။ ဟုတ်လား။ ခက်ပြီ။ ငါတရားဟောတုန်း၊ ပြီးတော့ သူတို့ အထဲက ပါသေးတယ်။ တိပိဋကဓရဆရာတော်ကြီးမှူးဦးစီး၍၊ ဟုတ်လား။ ပြုပြင်နေပါတယ်... ဆိုတယ်။ ခက်ပလေ…။ ကိုယ်ကလည်း ရိုင်းရိုင်းတော့ မပြောချင်ပါဘူး၊ ဟုတ်လား။ မပြောချင်ပေမယ့်လို့ သဘာဝ ဖြစ်တာကို ပြောရအုံးမယ်။
ဟို... တစ်နေ့ကတုန်းက ဘုန်းကြီးတို့ ဒီမိုးမိတ်အစည်းအဝေး ပြောတော့၊ ဟို... အတွင်းရေးမှူး ဦးထွန်းအေးက ပြောတယ်။ ကနေ့ဗျာ တဲ့၊ ရန်ပုံငွေနည်းလို့ရှိယင် လွယ်ပါတယ်။ ဘာလုပ်မလဲ။
ဟို... ဆရာတော် တရားဟောတဲ့ ပွဲကျယင် ကျုပ်တို့ ဝင်ပြီးတော့ အလှူခံမယ်ဗျာ... တဲ့။
အဲဒါ တစ်ခုတော့ တောင်းပန်ပါရစေလို့။ ဆရာတော်အတွက် ဘယ်လောက်ရအောင် ရန်ပုံငွေ ရှာပေးပါဆိုယင် ကိုယ့်ဖြစ်တဲ့ နည်းနဲ့ပေါ့လေ၊ ရှာပါရစေ။ ကိုယ့်တရားပွဲမှာတော့ လိုက်ပြီးတော့ ငွေဖလားကြီးနဲ့ ဟိုထိုး ဒီထိုးတော့ မခံကြပါနဲ့လို့။ ဒီလို ပြောရတယ်။ ဘာပြုလို့တုံး တဲ့။

ပကာသနီယကံ ပြုပွဲနှင့် အရှင်အာဒိစ္စဝံသ တိုက်ပွဲ...
အေး... ပြောအုံးမယ်လို့။ ဘုန်းကြီးတို့ ရဟန်းလေးဘဝ၊ ရဟန်းဝါ သုံးဝါ လေးဝါလောက် အရမှာ အားလုံးလည်း ကြားလိုက်မှာပေါ့။ ရန်ကုန်မှာ အရှင်အာဒိစ္စဝံသရဲ့ ဘိက္ခုနီ သာသနာ့အရေးတော်ပုံပေါ်တယ်။ အဲဒီ ဘိက္ခုနီသာသနာ့အရေး(တော်)ပုံပေါ်တော့ အရှင်အာဒိစ္စဝံသကို ဝိုင်းပြီးတော့ ဒကာရော၊ ဆရာရော ဆိုပါစို့။ သံဃာဘက် လူဘက်က နေပြီးတော့ ပကာသနီယကံ ပြုကြတယ်။
အဲဒီ ပကာသနီယကံ ပြုတဲ့နေရာမှာ သတင်းစာဘက်က မြန်မာ့အလင်း ဦးစိန်းကြီးက ခေါင်းဆောင်လို့၊ ဟုတ်လား။ ဟို... လူတွေဘက်က ဦးဖိုးဘအောင်ဇေယျတုတို့ ပေါ့နော်။ ပြီးတော့ ဆရာဝတို့၊ အင်း... ပြီးတော့ ဆရာလင်းတို့၊ ဟို... တက္ကသိုလ် ဆရာရိတ်ကြီးတို့၊ အဲဒီလို ပုဂ္ဂိုလ်တွေအပြင် သံဃာဘက်ကလည်းပဲ သာယာဝတီ ဆရာတော် ဦးဉေယျ... တဲ့။ အင်း... ပြီးတော့ အခု အလယ်တောရ ဆရာတော်ဘုရားကြီး ဖြစ်ပါပြီ၊ အခုတော့။ ဟိုတုန်းကတော့ ဓမ္မဃောသကဆရာတော် ဦးရေဝတ။ ဟိုတုန်းကတော့ အသံချဲ့စက်ကြီးတွေ၊ ဘာတွေက မရှိတော့ အသံကောင်းကောင်းနဲ့ ကျယ်အောင် အော်နိုင်တဲ့ ဆရာတော်ကလည်း ဒီလို ကိစ္စ တစ်ခုမှာ လိုအပ်တယ်။
ဒီတော့ အလယ်တောရဆရာတော် ဘုရားက အသံဩဇာ အင်မတန် ပြည့်တယ်။ အဲဒီတော့ ဓမ္မဃောသက ဆရာတော် ဦးရေဝတလို့ တွင်တယ်။ အဲဒီ ဓမ္မဃောသက ဆရာတော် ဦးရေဝတက သံဃာဘက်က ဆိုယင် ကိစ္စအဝဝ အတွင်းရေးမှူး ဆိုပြီးတော့ ဦးအာဒိစ္စဝံသကို သူတို့ ဝိုင်းပြီးတော့ ပကာသနီယကံ ပြုကြတာပ။ ရှင်ဘက်... လူဘက်။
အဲဒီလို ပြုတဲ့အခါကျတော့ ဦးအာဒိစ္စဝံသက ဒီ ဒကာရော ရှင်ရော အားလုံးကို ပြန်ပြီးတော့ ဆဲလိုက်တဲ့ တေးထပ်တစ်ပုဒ် ရေးထားတယ်။ အဲဒီ တေးထပ်က နားနဲ့မနာ ဖဝါးနဲ့ နာပါလို့ ဒီလိုပဲ ပြောလိုပါတယ်... လို့ ဘကြီးမိုး(ဦးမိုး) အမှူးပြုတဲ့ မိုးမိတ်ကော်မတီ ကိုတော့ ဘုန်းကြီးက ပြောပါတယ်။ နားနဲ့တော့ မနာနဲ့၊ ဖဝါးနဲ့နာ ဆိုသလိုပါပဲ... လို့။ ဦးအာဒိစ္စဝံသ ဟာ ဆဲစရာ ရှိလို့ရှိယင်လည်းပဲ နစ်နစ်ကာကာကြီး ဆဲတတ်တယ်လို့ အင်မတန် ကြောက်စရာကောင်းတယ်။ သူ့ကို ပြိုင်ပြီးတော့ ပြောဖို့ရန် စကား နိုင်အောင် ပြောဖို့ မလွယ်တဲ့ ဆရာတော် တစ်ပါးပါပဲ... လို့ ဘုန်းကြီးက ပြောပါတယ်။

ဆရာတော် အရှင်အာဒိစ္စဝံသ၏ ဆဲသော တေးထပ်...
အဲဒီမှာ သူက ပြန်ပြီးတော့ ဆဲလိုက်တာက ဆရာစိန်ကြီး(ဦးစိန်ကြီး)တော့ ဘယ့်နှယ် ဆဲသလဲ။ မကောင်းပါဘူးလေ၊ အဲဒီအပိုဒ် ပယ်ကြပါစို့။

ဒီတော့…“ငစိန်းက လှုံ့ဆော်” တဲ့။ သူက၊ ဟုတ်လား။ “ငဘိုးဘ မာန်တက်ချော်တယ်” သူက ဒီလို။ ငဘိုးဘ မာန်တက်ချော် ဆိုတာ အောင်ဇေယျတု ဦးဘိုးဘကို တလွဲတချော် မာနတက်နေတဲ့ အကောင်တွေလို့ သူပြောလိုက်တယ်။
“ရန်မျက်ဖော် ပုပ်သိုး၊ ရေဝတ်မိုက် သီလကြောင်, ရှင်တုယောင် ရောလိုက် မြှောက်ထိုး” ဆရာတော် ဦးရေဝတကြီးကို သီလကြောင် ဦးရေဝတလို့ သူက ဒီလို နာမည်တပ်လိုက်တယ်။
“ကာဏာရိဋ် အတွင်း မြှောင်၊ ငလင်းကောင် ငှက်ဆိုး” ဟို... တက္ကသိုလ်က ဆရာရိတ်ကြီး ကတော့ မျက်စိ တစ်ဖက်က နည်းနည်းလေး ချွတ်ယွင်းချက်ရှိတယ်။ အဲဒါကြောင့် ဆရာရိတ်ကို သူက ကာဏာရိဋ်လို့ ဘူရိဒတ် ဇာတ်ထဲကပေါ့လေ၊ မျက်စိ တစ်ဖက်ကွယ်တဲ့ နဂါးနာမည် ပေးလိုက်တယ်။ ကာဏာရိဋ် အတွင်းမြှောင်၊ ငလင်းကောင် ငှက်ဆိုး၊ ဆရာလင်းကိုတော့ သူက ငှက်ဆိုး ငလင်းလို့ ဒီလို နာမည် တပ်လိုက်တယ်။
“ငရွှေဖီ နောက်ပိုးနဲ့၊ ငဖိုးဝ ရောကျော်” ဟို... ဆရာဖီကိုတော့ နောက်ပိုး ရွှေဖီကွ၊ ဟုတ်လား။ ပြီးတော့ ဟို... ဆရာဝ ဆိုတာ ရှိပါသေးတယ်။ ဆရာဝတော့ ရောကျော်ပါကွာ၊ ဒီဖိုးဝ ဆိုတဲ့ အကောင်းက ရောကျော်ပါ၊ ဒီလို ပြောချင်တာ။ ငရွှေဖီ နောက်ပိုးနဲ့ ငဖိုးဝ ရောကျော်။
“ခွက်ထိုးခံ စဏ္ဍာလ၊ ဉေယျနှင့် ပေါင်းစပ်ကြသော်”တဲ့။*
သူ့တေးထပ်က ဆရာတော်ဦးဉေယျကို ခွက်ထိုးခံ စဏ္ဍလ လို့ အဲဒီလို ပြောတယ်။ အဲဒီ တေးထပ်ကို ဖတ်မိကတည်းက ဘုန်းကြီးလေ ကိုယ့် တရားပွဲထဲများမှာ ဒီလို တိုးတိုးတိတ်တိတ်ပဲ ဖြစ်ဖြစ်၊ ကျယ်ကျယ်လောင်လောင်ပဲ ဖြစ်ဖြစ်၊ ဟောဒီ ငွေဖလားကြီးတွေနဲ့ လိုက်ပြီးတော့ ငွေခံပြီဆိုယင် ငါဖြင့် ခွက်ထိုးခံ စဏ္ဍလ ဖြစ်နေပါပကောလို့ သိပ်ရှက်တာပဲ။

* မှတ်ချက်။ ။ တေးထပ် အပြည့်အစုံမှာ...
ထီး... မ... ဟန် နှစ်ကိန်းရ, ငစိန်းက လှုံ့ဆော်၊ ငဖိုးဘ မာန်တက်ချော်, ရန်မျက်ပေါ် ပုပ်သိုး။ ရေဝတ်မိုက် သီလကြောင်, ရှင်တုယောင် ရောလိုက်မြှောက်ထိုး။ ကာဏာရိဋ် အတွင်းမြှောင်, ငလင်းကောင် ငှက်ဆိုး၊ ငရွှေဖီ နောက်ပိုးနဲ့, ငဖိုးဝ ရောကျော်၊ ခွက်ထိုးခံ စဏ္ဍာလ, ဉေယျနှင့် ပေါင်းစပ်ကြသော်။ သာသနာ့ ရွှေတောင်ပေါ်, ထေရ်ပြောင်ကျော် နေမျိုးသို့၊ ဖလံပိုး မီးပုံတွင်း ဆင်းကြသို့သွင်။ အစာရိ ပြိတ္တာခွင်, ရိက္ခာဝင် လုပွဲတဲ့လေး။ ။
တတိယခန်း... ၆၀
စတုတ္ထခန်း... ၈၆
[ဘိက္ခုနီ အရေးပုံကျမ်းမှ ကဗျာဗန္ဓစုကို ပေါင်းရုံး လုံးစည်း ရိုက်နှိပ်ထားသော “ကဗျာ့မှန်နှင့်ကဗျာ့ချိန်ခွင်” စာအုပ်ငယ်(နှာ... ၁၃၀) ပကာသနီယခန်းမှ တေးထပ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။]

အဲဒါကြောင့် ဘကြီးမိုးတို့ သူတို့ ကော်မတီကို ပြောရတယ်၊ ကိုယ့် တရားပွဲထဲတော့ အဲဒီလို ခွက်ထိုးခံ စဏ္ဍာလ ဖြစ်အောင်တော့ မလုပ်ကြပါနဲ့၊ ဟုတ်လား။ တာဝန် ပေးလို့ရှိယင်လည်း ဆရာတော်က ရန်ပုံငွေ ဘယ်လောက်ရအောင်ရှာ ဆိုယင် သီးသန့် ရှာပေးပါ့မယ်လို့ ပြောရတယ်။ (ဆရာတော် ပြုံးရယ်လျက် ပြောဟောသည်။) အင်း…သူတို့ကလည်း တပည့်တော်တို့ မလုပ်ပါဘုရား... တဲ့။

အေး…. တကယ်တော့ အခု ပြောသလိုပဲ တာဝန် ပေးယင်တော့ ပေးသလို ရှာပါ့မယ်။ အင်း… ကိုယ့် တရားပွဲထဲမှာတော့ ခွက်ထိုးခံ လိုက်လိုက်ပြီးတော့ မခံကြပါနဲ့လို့ ပြောရတယ်။ ဒီတော့ ဘကြီးမိုးတို့ မိုးမိတ်ကော်မတီတော့…ပရိယတ္တိ နာယကကြီးကလည်း ပြောတယ်။ အင်း... တစ်နေ့ကတုန်းက ခင်ဗျားတို့ ကော်မတီတော့ဗျာ... တဲ့၊ ကျုပ်တို့ ပရိယတ္တိ အသင်းလိုလည်းဖြစ်နေမယ်... တဲ့။
ဘာတုံး... ဘာတုံး... နာယကကြီးရယ်လို့ ဆိုတော့ ပရိယတ္တိ နာယကကြီး ဆရာဆိုင်က...
အင်း…. ကျုပ်တို့ အသင်းက တစ်အိမ်မှာသွားပြီးတော့ အလှူခံတယ်ဗျ... တဲ့။ အလှူခံတော့ အဲဒီအိမ်က ဥပမာ ပေးလိုက်တယ်တဲ့။ ဘယ့်နှယ်လဲ။ ရှေးတုန်းကဗျာ၊ ဘုန်းကြီး တူမတစ်ယောက် ဘုန်းကြီးကို ပြုစုနေရတယ်တဲ့။ ဘုန်းကြီးကို ပြုစုနေရတော့ ဘုန်းကြီးဆိုတာ ဘာမှ သိပ်မသိတတ်တာပ။ သူက ဘာနဲ့ ချက်ထားတာ ဘာမှ မသိဘူး။ သူလိုချင်တာ ဘာ ထောင်းလိုက်ဦးဟ၊ ငရုတ်သီးနဲ့ ဘာနဲ့ ထောင်းလိုက်ဦးဟ။ ဘာနဲ့... ဘာနဲ့ ချက်လိုက်ဦးဟ၊ တကတည်း ဒီလို အားမနာတမ်း ခိုင်းတော့ ဒီမှာ ရှိမှန်း မရှိမှန်း မသိဘဲ ဒီလိုခိုင်းတော့ ဘုန်းကြီး တူမက ညည်းတယ်။ အင်း... ဒီဘုန်းကြီးနဲ့သာ ကြာကြာ ဆည်းကပ်ရလို့ ရှိယင်ဖြင့် တော်တော်ကြာ ငါ့ရှိတဲ့ မြေရယ်, ယာရယ်, လယ်ရယ်, နွားရယ်, အိမ်ရယ် ပြုတ်ရချေရဲ့... လို့ ဆိုသတဲ့။

အဲဒီလိုပဲလို့ ဆိုသတဲ့။ ပရိယတ္တိအသင်းကို ခင်ဗျားတို့ အသင်းနဲ့ ကျုပ်တို့ ပေါင်းရလို့ရှိယင် ကြာယင် ကျုပ်တို့ဆိုင်တွေ ပြုတ်ရချေရဲ့၊ ခင်ဗျားတို့အသင်း အလှူခံ ရဲလို့ လို့ ပြောတယ်။ အဲဒီလို ဒီဘုန်းကြီးတို့ ဘကြီးမိုးတို့ မိုးမိတ်အသင်းကိုလည်းပဲ၊ မိုးမိတ်ကော်မတီိကိုလည်းပဲ ကြာတော့ မြို့သူ မြို့သားတွေက ပြောလိမ့်မယ်နော်။ ကြာကြာနေ ဒီအသင်းနဲ့ ပေါင်းလို့ရှိယင် တို့ဆိုင်တွေ ပြုတ်ရချေရဲ့... လို့ ပြောကုန်လိမ့်မယ်တဲ့။ အဲဒီလို သတိပေးထားသေးတယ်။
ဒီတော့အင်း... ဒီဘကြီးမိုးကပေါ့လေ၊ သူကလည်း ခုအနေတော့ အရိပ်အာဝါသ ဒါန သူကလည်းအလိုရှိအပ်သေးတယ်။ ဒါကြောင့် ဒကာ ကိုဝါပေါတို့ ဒကာမ မမြရှင်တို့ကို သူက ပြောသတဲ့။ ရှေ့နှစ်ခါ ကျယင်တော့ ခင်ဗျားတို့ ဆွမ်းမကျွေးနဲ့၊ ဆွမ်းတစ်ခါ ကျွေးတာနဲ့ ညီမျှအောင် ဟိုမှာ ဒကာ ကိုဝါပေါကလည်း သဘောကျနေပြီတဲ့၊ ကျေနပ်နေပြီတဲ့။ မနက်ကဦးမိုးက ပြောတယ်။

ကောင်းပါတယ်၊ ဟုတ်လား။ ကျွေးတဲ့အခါ ကျွေး၊ ဒီအစားအစာကို ပေး၍ ထိုအစာအာဟာရရဲ့ ကောင်းမှုကုသိုလ်ဒါန...

ဣဒံ နော ပုတ္တာနံ ဟောတု၊ သုခိတာ ဟောတု နော ပုတ္တာ... လို့၊ နော်။
အဲဒီလို အမျှဝေရမယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို အစာလေး ပေးကမ်းပြီးတော့ လှူလိုက်ယင် ငါ့သားတွေ ဖြစ်လေရာမှာ အစာအာဟာရ ရမယ်။ အို... အယုတ်သဖြင့် ကိုယ့်အိမ်နားနီးချင်းထဲက ဆင်းရဲတဲ့ ကလေးလေးကို အဲဒါ စွပ်ကျယ်ကလေးတစ်ထည် ဝယ်ပေးလိုက်အုံးတော့၊ အဲဒီ ပေးလိုက်ရတဲ့ ကောင်းမှုကုသိုလ်ဟာဖြင့်...

ဣဒံ နော ပုတ္တာနံ ဟောတု၊ သုခိတာ ဟောတု နော ပုတ္တာ။
ဘုန်းကြီးတို့ ပါဠိနယ်ပယ်ကတော့ ဒီလိုထွက်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ မြန်မာနယ်ပယ်က အေး... “အခု ဒီကလေးကို ငါလှူဒါန်းလိုက်ရတဲ့ အဝတ်ဒါန အလှူကောင်းမှုဟာ ငါ့သားများအတွက် ဖြစ်ပါစေ၊ ငါ့သားများဖြစ်လေရာဂတိက ဒီကောင်းမှုကုသိုလ် အဖို့ဘာဂ အမျှရပြီးတော့ အဝတ်အစား မနွမ်းမပါး ချမ်းချမ်းသာသာ နေနိုင်ကြပါစေ။ ဒီလို၊ ဒီဘက်ကတော့ ကိုယ့် တာဝန် ဒါပဲရှိတယ်။ ဒါတွေ ပြုလုပ်ရမယ်။

အဲဒီလို ဒီက ပြုလုပ်ပြီဆိုယင် ဟိုက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့...
စိရံ ဇီဝန္တု နော ဉာတီ၊ ယေသံ ဟေတု လဘာမသေ။
အမှာကဉ္စ ကတာ ပူဇာ၊ ဒါယကာ စ အနိပ္ဖလာ။

ဟို ပေတဂတိက ရောက်နေတဲ့ ပုဂ္ဂိုလ်တွေက ရေနဲ့ဖျန်းလိုက်သလို ဒီက ကောင်းမှုကုသိုလ် အဖို့ဘာဂ ရပြီးတော့၊ ဟာ... ဝတ်ရ စားရ အသုံးအဆောင်တွေ ရပြီးတော့ ဝမ်းမြောက်ဝမ်းသာနဲ့ ဘယ်လိုများ တုံ့ပြန်လာသလဲလို့ ဆိုတော့...

စိရံ ဇီဝန္တု နော ဉာတီ၊ ယေသံ ဟေတု လဘာမသေ။
ယေသံ= အကြင် ငါတို့၏ မိဟောင်း ဖဟောင်း ဆွေဟောင်း မျိုးဟောင်း အပေါင်းတို့၏။ ဟေတု= အကြောင်းကြောင့်။ မယံ= ငါတို့သည်။ လဘာမသေ= စားဖွယ်၊ သောက်ဖွယ်၊ ဝတ်ဖွယ်၊ သုံးဖွယ် အရိပ် အာဝါသ နေဖွယ် အဝဝကို ရကြပေကုန်၏။ နော= ငါတို့၏။ ဉာတီ=ဆွေဟောင်းမျိုးဟောင်း မိဟောင်း ဖဟောင်း အပေါင်းတို့သည်။ စိရံ= ရှည်မြင့်စွာ။ ဇီဝန္တု=အသက်ရှည်ရှည် တည်နေကြပါကုန်စေ။

ချမ်းချမ်းသာသာနဲ့ အသက်ရှည်ရှည် နေကြရပါစေသား၊ တို့ ဆွေဟောင်း မျိုးဟောင်း မိဟောင်း ဖဟောင်း အကြောင်းပြုပြီးတော့ အခုအခါမှာ နတ်၌ ဖြစ်တဲ့ အဝတ်တွေ၊ အစားတွေ၊ အသုံးတွေ၊ အဆောင်တွေ၊ သောက်ဖွယ်တွေ၊ လျက်ဖွယ်တွေ၊ အဖျော်တွေ၊ ယမကာတွေ၊ ဘုံဗိမာန်တွေ ရတယ် ဆိုပြီးတော့ သူတို့ကလည်း ကျေးဇူးတင်လို့ မဆုံးဘူး။

နှစ်ဦးနှစ်ဝ အကျိုးရသည့် ဒါန...
အမှာကဉ္စ ကတာ ပူဇာ၊ ဒါယကာ စ အနိပ္ဖလာ။
အမှာကဉ္စ= ငါတို့အားလည်းပဲ။ ပူဇာ=ပူဇော်သမှုကို။ ကတာ= ပြုအပ်ပြီ။
ပူဇော်တယ်ဆိုတာ အထက်က ပုဂ္ဂိုလ်တွေ လှမ်းပြီးတော့ တရိုတသေ ဒီလို ပေးတာ ကမ်းတာမှ မဟုတ်ဘူး၊ တမြတ်တနိုးနဲ့ ကိုယ်သား၊ ကိုယ့်သမီး၊ ကိုယ့်ညီ၊ ကိုယ့်ဆွေ၊ ကိုယ့်မျိုး၊ ကိုယ့်ဆွေဟောင်း မျိုးဟောင်းတွေကို ဤကဲ့သို့ အာရုံရရ အမှတ်ရရ ဒီလို ကောင်းမှု ကုသိုလ်ခွန်း အမျှညွှန်းလို့ရှိယင် ဒီဘက်က ပြီးသွားတာပဲ။

ဉာတကာ စ အနိပ္ဖလာ။
ဉာတကာ စ= ငါတို့ ဆွေမျိုးများလည်းပဲ။ အနိပ္ဖလာ= အကျိုးမဲ့ မဖြစ်ကြကုန်။
တို့ရဲ့ ကုသိုလ်ကောင်းမှုဘာဂ အမျှဝေလိုက်လို့ သူတို့မှာဒီ ကောင်းမှုကုသိုလ်ရဲ့ အကျိုးမရ မဟုတ်ဘူး၊ သူတို့မလဲ ရပြီးသားပဲ။ တို့လည်းပဲ ဒီလို အကျိုးဆက်တွေ ရတယ်လို့ ဒီလို ပြောတယ်။ ဆက်ပြီးတော့ ဟို တမလွန် ဘဝက ရှိကြတဲ့ ဆွေဟောင်း မျိုးဟောင်းများက ဒီဂါထာလေး ရွတ်ကာရွတ်ကာနဲ့ အင်မတန် အားရ ဝမ်းသာရှိတယ်။ ဒါ မြတ်စွာဘုရားက ဖော်ပြတာ။
ကိုင်း… ပေးချင်စရာ တမလွန်ဘဝက ဆွေဟောင်း မျိုးဟောင်း၊ သားဟောင်း သမီးဟောင်း၊ ဟုတ်လား။ မိဟောင်း ဖဟောင်းတွေကို လှမ်းပြီးတော့ အမျှအတမ်းပေးယင် ပေးချင်အောင် မြတ်စွာဘုရားက ဘယ့်နှယ်ဟောပြန်သလဲ။
န ဟိ တတ္ထ ကသိ အတ္ထိ၊ ဂေါရက္ခေတ္ထ န ဝိဇ္ဇတိ။
ဝဏိဇ္ဇာ တာဒိသီ နတ္ထိ၊ဟိရညေန ကယောကယံ။
ဟိ= မှန်၏။ တတ္ထ= ထို ပေတဂတိ၌။ ကသိ= ဤလူ့ပြည်လောကမှာကဲ့သို့ လယ်ထွန်ခြင်း အမှုသည်။ န= မရှိ။
(ပြိတ္တာတွေ ဘယ် လယ်ထွန်လိမ့်မတုံး၊ ဟုတ်လား။ လယ်မြေမှ ရှိတာမဟုတ်ဘဲ။)

ဧတ္တ= ဤပြိတ္တာဘုံ၌။ ဂေါရက္ခ= ဤ လူ့ပြည်ကဲ့သို့ နွားကျောင်းခြင်း၊ နွားမွေးခြင်း အမှုလည်းပဲ။ န အတ္ထိ= မရှိ။
ပေတဂတိ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေမှာ လူ့ပြည်လောက က ပုဂ္ဂိုလ်တွေ နွားမွေး နွားကျောင်းပြီးတော့ ဒါက ရတာနဲ့ တို့စားမယ် ဆိုပြီးတော့ စားနိုင် သုံးနိုင် ဝတ်နိုင်သော်လည်းပဲ ပေတဂတိမှာ ဒီလို စားဖို့ သုံးဖို့ ဝတ်ဖို့ရန်၊ ဟုတ်လား။ အကြောင်းရင်း အကြောင်းခံ ဖြစ်တဲ့ နွားမွေးခြင်း၊ နွားကျောင်းခြင်း ဘာမှမရှိဘူး။
တာဒိသီ= ထိုသို့ သဘောရှိသော။ ဝဏိဇ္ဇာ= ကုန်သွယ်ခြင်းမျိုးလည်းပဲ။ နတ္ထိ= မရှိဧကန် စင်စစ်မှန်၏။
ဟို... သူတို့ ပြိတ္တာဘုံရောက်ယင် သူတို့ဘာသာ သူတို့ကုန်သွယ် လယ်လုပ် စားလိမ့်မပေါ့လို့ ဒီလို ဆိုရအောင်ကလည်း ပြိတ္တာဘုံမှာ ကုန်သွယ်မှုဆိုတာ မရှိဘူး။
ဟိရညေန= ရွှေ ငွေဖြင့်။ ကယော ကယံ= ရောင်းဝယ်မှုသည်။ န အတ္ထိ= မရှိ။
လူ့ပြည်လောကမှာလို ရောင်းလို့ ဝယ်လို့... ဟုတ်လား။ ကိုယ့် ပစ္စည်းရောင်းလို့ ရတဲ့ငွေနဲ့ တစ်ခါ ကိုယ်လိုချင်တာ ဝယ်တယ်။ အဲဒီလို ရွှေငွေဖြင့် ရောင်းမှု ဝယ်မှု ဆိုတဲ့ အလုပ်လည်း မရှိဘူး။ မရှိတဲ့ အတွက် သူတို့ဘုံမှာ ဘယ်လို နည်းနဲ့မှ၊ ဟုတ်လား။ သူတို့ ဘာသာဖြင့် စားဖွယ် သောက်ဖွယ် ဝတ်ဖွယ် လျက်ဖွယ် နေဖွယ် ထိုင်ဖွယ် ဆိုဖွယ် ဖတ်ဖွယ် ဘာမှ မရှိ။ ဒီတော့ ဘယ်ကလာ ရနိုင်မလဲ။

ဣတော ဒိန္နေန ယာပေန္တိ၊ ပေတာ ကာလင်္ကတာ တဟိံ။
ဣတော=ဤလူ့ပြည်မှ။ ဒိန္နေန= မိဟောင်း ဖဟောင်း ဆွေဟောင်း မျိုးဟောင်းတို့ ပေးအပ်သော ကောင်းမှု ကုသိုလ်ဖြင့်။ ကာလင်္ကတာ= စုတေပြတ်ကြွေ သေလွန်ကြကုန်သော။ ပေတာ= ပေတဘုံ ရောက်ကြတဲ့ သားဟောင်း သမီးဟောင်း မိဟောင်း ဖဟောင်း ဆွေဟောင်း မျိုးဟောင်းတို့သည်။ တဟိံ= ထိုပြိတ္တာဘုံ၌။ ယာပေန္တိ= မျှတကြရကုန်၏။

ဒီလူ့ပြည်ကနေပြီး ပေးလိုက်တဲ့ ကုသိုလ်ကောင်းမှုနဲ့ အမျှခွန်း ညွှန်းလိုက်တဲ့အခါ သူတို့ အနုမောဒနာပြုတဲ့ ပတ္တာနုမောဒနာ ကုသိုလ်ကောင်းမှုက ကျေးဇူးပြုပြီးတော့ အဲဒါလေးနဲ့ ဒီပတ္တာနုမောဒနာ ကုသိုလ်ကောင်းမှုရဲ့ ဒိဋ္ဌဓမ္မအကျိုး ခံစားရပြီးတော့ စားရတယ်၊ သောက်ရတယ်၊ ဝတ်ရတယ်၊ ဟုတ်လား။ နေရတယ်။ ဒီ အသုံးအဆောင်တွေ ဖြစ်တယ်ဆိုတာ ဒီလူ့ပြည်က သွားမှ... တဲ့။ ဒီလူ့ပြည်က ကုသိုလ်ကောင်းမှုတွေ အမျှဝေမှ ဖြစ်မယ်။ သူတို့ဘာသာ သူတို့ ကုသိုလ်ကောင်းမှု လုပ်လို့ မဖြစ်ဘူး။ လုပ်စရာလည်းပဲ... ဟုတ်လား။ လယ်ထွန်ခြင်း၊ နွားကျောင်းခြင်း၊ နွားမွေးခြင်း၊ ကုန်ရောင်း ကုန်သွယ်ပြုခြင်း၊ ရွှေ ငွေနဲ့ ရောင်းဝယ် ဖလှယ်ခြင်း၊ ဘာမှ မရှိဘူး။ ဒီလူ့ပြည်က ပေးမှ၊ ပို့မှ၊ ဟုတ်လား။ ပေးလိုက်တဲ့ ကုသိုလ်ကောင်းမှု အမျှခွန်း ညွှန်းမှ ဒါနဲ့သူတို့ မျှရတာ။ လောက ဥပမာ ဘာလိုတုံး ဆိုတော့...

ဥန္နမေ ဥဒကံ ဝုဋ္ဌံ၊ ယထာ နိန္နံ ပဝတ္တတိ။
ဧဝမေဝံ ဣတော ဒိန္နံ၊ ပေတာနံ ဥပကပ္ပတိ။
ယထာ= ဥပမာပုံဆို အဘယ်လိုနည်း ဟူမူကား။ ဥန္နမေ= မြင့်မောက်ရာ အရပ်၌။ ဝုဋ္ဌံ= ရွာသွန်းသော။ ဥဒကံ= မိုးရေသည်။ နိန္နံ= နိမ့်ဝှမ်းသော အရပ်သို့။ ပဝတ္တတိ ယထာ= အလိုလို စီးသွားသကဲ့သို့။ ဧဝံ မေဝ= ဤအတူပင်လျှင်။ ဣတော= ဤ လူ့ဘုံမှ။ ဒိန္နံ= ပေးလှူအပ်တဲ့ ပတ္တိဒါန ကောင်းမှု ကုသိုလ် အစုသည်။ ပေတာနံ= တမလွန်လောက ဟို=ပြိတ္တာ ဘဝမှာ ရှိကြတဲ့ ဆွေဟောင်း မျိုးဟောင်း သားဟောင်း သမီးဟောင်းတွေအား။ ဥပကပ္ပတိ=ရပေ၏။
ဟို=မြင့်တဲ့နေရာ တောင်ပေါ် မိုးရွာချလိုက်တဲ့ အခါကျတော့ တောင်ပေါ်က ရေတွေ အောက်အကြေကို အလိုလို စီးသလို ထို့အတူပဲ... တဲ့။ ပေတဘုံ ဆိုတာ
အောက်အပြင်နဲ့ တူတယ်။ လူ့ဘုံဆိုတာ တောင်ပေါ်နဲ့ တူတယ်။ အဲဒီ တောင်ပေါ်က နေပြီး ရွာချလိုက်တဲ့ မိုးကြီးဟာ အောက်ကို စီးသွားသလို၊ ဒီကနေပြီးတော့ ကုသိုလ်ကောင်းမှု ဆွမ်း အမျှညွှန်းလိုက်လို့ ရှိယင်ဖြင့် သူတို့ ဒီကပေးတဲ့ ကုသိုလ်ကောင်းမှုနဲ့ မျှတရတယ်။ ရရှိတယ်တဲ့... နော်။
ယထာ ဝါရိဝဟာ ပူရာ၊ ပရိပူရေန္တိ သာဂရံ။
ဧဝမေဝံ ဣတော ဒိန္နံ၊ ပေတာနံ ဥပကပ္ပတိ။
ရေကို ဆောင်ထားတဲ့ ဧရာဝတီ မြစ်တို့လို၊ သလ္လာဝတီ မြစ်တို့လို၊ ဒုဋ္ဌာဝတီ မြစ်တို့လို ဒီလိုမြစ်တွေက ရေတွေလျှံပြီး ပြည့်ပြည့်သွားတော့ ဘယ်သွားသလဲ။ ဟို... ဒီရဲ့ အောက်ဖြစ်တဲ့ မဟာသမုဒ္ဒရာကြီးမှာ သွားပြီးတော့ ဖြည့်တယ်။
ပူရာ= ပြည့်လေကုန်သော။ ဝါရိဝဟာ= မြစ်ကြီးငါးသွယ် မြစ်ငယ် ငါးရာ များစွာသော ချောင်းရေတို့သည်။ သာဂရံ= မဟာသမုဒ္ဒရာကို။ ပရိပူရေန္တိယထာ= ပြည့်စေကြကုန်သကဲ့သို့။ ဧဝမေဝံ= ဤအတူပင်။ ဣတော= ဤလူ့ပြည်မှ။ ဒိန္နံ= ပေးလှူလိုက်တဲ့ ကောင်းမှု ကုသိုလ် အဖို့အစုသည်။ ပေတာနံ= တမလွန်လောက ဟိုဘဝ ရောက်ရှိနေကြသော ဆွေဟောင်း မျိုးဟောင်း သားဟောင်း သမီးဟောင်း မိဟောင်း ဖဟောင်းတို့အား။ ဥပကပ္ပတိ= ကပ်ရောက်ပေ၏။

ဒီကနေပြီးတော့ မြစ်တွေ ချောင်းတွေ ပြည့်တဲ့၊ လျှံသွားတဲ့ ရေဟာ ဟိုဘက် သွားပြီးတော့ သမုဒ္ဒရာထဲ ပြည့်သလိုပဲ။ ဒီက မိဘ ဆွေမျိုး၊ မိဟောင်း ဖဟောင်း၊ ဆွေဟောင်း မျိုးဟောင်းတို့ ပြုလုပ်တဲ့ ကောင်းမှု ကုသိုလ်က ကိုယ့်မှာတော့ ရပြီးပြီ။ ရလို့ တကတည်း ယာဉ်ကြီးနဲ့ အပြည့်ပဲလား မသိဘူး။ လျှံပြီးတော့...
ဣဒံ မေ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော... လို့။
အဲဒီလိုများ အမျှဆွမ်း ညွှန်းလိုက်တဲ့ ရေကြည် ရေအေးတွေဟာ ဟို... တမလွန် လောက ပြိတ္တာဘဝမှာ ရှိကြတဲ့ ဆွေဟောင်း မျိုးဟောင်းတွေ ရတယ်။ အင်း... ဒါကိုညွှန်းတာ။
ဒါဖြင့် သူတို့ကို ဘယ်လိုများ စိတ်ထားပြီးတော့ ပေးချင်အောင် ဘယ်လို စိတ်ထားရမတုံး ဘုရား။
အဒါသိ မေ အကာသိ မေ၊ ဉာဘိ မိတ္တာ သခါ စ မေ။
ပေတာနံ ဒက္ခိဏံ ဒဇ္ဇာ၊ ပုဗ္ဗေ ကတမနုဿရံ။ စိတ်ထဲမှာ အောက်မေ့လိုက်စမ်း... တဲ့။
အယံ= ဤသူသည်။ မေ= ငါ့အား၊ အဒါသိ= လူ့ပြည်မှာ တည်ရှိစဉ်တုန်းက ဤမည် ဤမည်သော ဝတ္ထုတွေ ငါ့ကို သူ ပေးခဲ့ဖူးပြီ… လို့ အဲဒီလို ကျေးဇူးများ အောက်မေ့လိုက်စမ်း။

မေ= ငါ၏။ ကမ္မံ= ပြုဖွယ်ကိစ္စ အဝဝကို။ အကာသိ= လူ့ပြည်မှာ သူရှိစဉ်က ဤမည် ဤမည်သော အခါကာလ ဤမည် ဤမည်သော ငါ့အမှုကို သူ အားကြိုးမာန်တက် ဆောင်ရွက်ရှာခဲ့လေပြီ။
အဲဒီလိုလည်း အောက်မေ့လိုက်စမ်း။ သူ့ကျေးဇူးတွေ ရှိလိမ့်မယ်။

ဉာတိ စ မေ။
မေ= ငါ၏။ ဉာတိ စ= မိဘက် ဖဘက် နှစ်ဘက်တော်စပ်တဲ့ ဆွေမျိုးလည်း မှန်ပေ၏။ မိတ္တာ စ= မေတ္တာမှီးလျဉ်း မိတ်ဆွေအရင်းလည်း မှန်ပေ၏။ သခါ စ= အတူတကွ ကစားဖော် ကစားဖက် သူငယ်ချင်းလည်း မှန်ပေ၏။ ဧဝံ=ဤသို့။ ပုဗ္ဗေ= ရှေးက။ ကတံ= ပြုခဲ့ဖူး၊ တော်ခဲ့ဖူး ကျေးဇူးကို။ အနုဿရံ... အနုဿရန္တော= အစဉ်တစိုက် အောက်မေ့သည်ဖြစ်၍။ ပေတာနံ= ပြိတ္တာတို့အား။ ဝါ... တမလွန်လောက ဟိုဘဝ သွားရောက်ကြတဲ့ မိဟောင်း ဖဟောင်း၊ သားဟောင်း သမီးဟောင်း၊ ဆွေဟောင်း မျိုးဟောင်းတို့အား။ ဒက္ခိဏံ=အလှူဒါနကို။ ဒဇ္ဇာ= အမျှပေးဝေရမယ်…..။
မပေးလို့ ဖြစ်ကို မဖြစ်ဘူး။

ဤ ငါကား…. ဤမည် ဤမည်သော ဝတ္ထုများကို ပေးခဲ့ဖူးပြီ၊ အကူအညီ ပေးခဲ့ဖူးပြီ၊ ဗိမ္ဗိသာရမင်းတရား၊ သင့်အဖို့ရာ ဘယ်လောက် ဝမ်းမြောက်စရာ ကောင်းတုံး။
သော ဉာတိဓမ္မော စ အယံ နိဒဿိတော။
အခု လှူပြီးပြီနော်။ အမျှဆွမ်းလည်း ညွှန်းလို့ ဟိုမှာ ကောင်းမှုကုသိုလ်ရဲ့ အကျိုးအာနိသင်ကိုလည်း ခံစားကြရတာကို ဒိဋ္ဌမျက်မြင် ဖြစ်ပြီ။
မဟာရာဇာ= မြတ်သောမင်းကြီး။ တယာ= သင်သည်။ သော အယံ ဉာတိဓမ္မော စ= ထို ဆွေမျိုးတို့အပေါ် ပြုလုပ်ရန် ဖြစ်တဲ့ ကျင့်ဝတ်ကိုလည်း။ နိဒဿိတော= အထင်အရှား သင်မင်းတရားက ဤ သာသနာတော်ဝယ် ပြုခဲ့ရလေပြီ။
မှန်ကြီးတစ်ခုပဲ။ စိတ်ထဲမှာ ဝမ်းသာလိုက်စမ်း။ ဆွေမျိုးဆိုတာ ဆွေမျိုးပီပီ ကျင့်ချင်လို့ရှိယင် အဲဒီလို တမလွန်ဘဝ ပြောင်းသွားကြတဲ့ သားဟောင်း သမီးဟောင်း ဆွေဟောင်း မျိုးဟောင်း မိဟောင်း ဖဟောင်းတို့ကို အမျှအတမ်း ပေးရမယ်။ ဒါ“ဉာတိဓမ္မ” လို့ ခေါ်တယ်။ အဲဒီ ဉာတိဓမ္မကို သင်မင်းတရားက အထင်အရှား ပြခဲ့ရလေပြီ။
သူလုပ်တဲ့ အလုပ်ကို မြတ်စွာဘုရားက သန္ဒေဿတိ တရားရဲ့ အဖြစ်ကို ထင်စွာ ပြတော်မူလိုက်တယ်။ ဒီစကားဖြင့်။

ပေတာန ပူဇာ စ ကတာ ဥဠာရာ။
တယာ= သင်မင်းတရားသည်။ ပေတာနံ= တမလွန် လောက ဟိုဘဝ ရောက်ရှိနေကြတဲ့ ဆွေဟောင်း မျိုးဟောင်းတို့အား။ ဥဠာရာ= ပြန့်ပြောသော။ ပူဇာ= ပူဇော်သက္ကာရတွေကို။ ကတာ= ပြုအပ်ခဲ့လေပြီ။
ဟို... ဆွေဟောင်း မျိုးဟောင်းတွေ အပေါ်မှာ အင်မတန် မွန်မြတ်တဲ့ ပူဇာသက္ကာရမှုကို ဒကာတော် ဗိမ္ဗိသာရမင်းတရား ပြုအပ်ခဲ့လေပြီ။ ဒါက သမ္မာ ကတေ အရ ဟို ဆွေဟောင်း မျိုးဟောင်းတွေ အပေါ်မှာ ဒီလို ပြုရမယ်ဆိုတဲ့ ဒီ ကောင်းမှုကုသိုလ်နဲ့ ဗိမ္ဗိသာရမင်းတရား နေ့ဆက် ရက်ဆက် နောက်ကိုပေါ့လေ၊ အမြဲတစေ ပြုလုပ်နိုင်အောင် ဆောက်တည်စေတယ်၊ ဒီစာပိုဒ်ဖြင့်။
ဗလဉ္စ= ရဟန်းတော် အရှင်မြတ်တို့အားလည်း။ ဗလံ= ဗလဒါနကို။ အနုပ္ပဒိန္နံ= သင်ကား လှူအပ်ခဲ့လေပြီ…။
သမုတ္တေဇေသိ= ဟိုဆွေတွေ မျိုးတွေကို ကျေးဇူး ပြုရရုံတင် မကဘူး၊ ဆွေမျိုးတို့၏ ကျင့်ဝတ်ကို လှလှကြီး ပြုရရုံတင်မကဘူး၊ ရဟန်းသံဃာတော်များအားလည်း ဗလဒါနကို သင် ဗိမ္ဗိသာရမင်းတရား လှူဒါန်းခဲ့ရလေပြီ။

ဘောဇနသုတ်နှင့် ဆွမ်းအကျိုးငါးပါး
ဒါ့ကြောင့်...
ဘောဇနံ ဘိက္ခဝေ ဒဒမာနော ဒါယကော ပဋိဂ္ဂါဟကာနံ ပဉ္စဌာနာနိ ဒေတိ။
(အံ၊ ၂၊ နှာ... ၃၅)

ဟို... ပဉ္စကနိပါတ်မှာ ဘုရား ဟောထားတာ ရှိတယ်။
ဘိက္ခဝေ= ရဟန်းတော်များ အို... ချစ်သားတို့။ ဘောဇနံ= ဆွမ်းအလှူကို။ ဒဒမာနော= ပေးလှူသော။ ဒါယကော= အလှူဒါယကာသည်။ ပဋိဂ္ဂါဟ... ကာနံ= အလှူခံပုဂ္ဂိုလ်တို့အား။ သဉ္စဌာနာနိ= ငါးချက်သော အရာဌာနတို့ကို။ ဒဒါတိ= ပေးလှူသည်မည်၏။
ဆွမ်းလှူလိုက်ယင် ငါးဌာန လှူတာမည်တယ်။ ဘာတုံး။ အာယုံ ဒေတိ= အသက်ကိုလည်း လှူတာမည်တယ်။ ဝဏ္ဏံ ဒေတိ= အဆင်းကိုလည်း လှူတာမည်တယ်။ သုခံ ဒေတိ= ချမ်းသာကိုလည်း လှူတာမည်တယ်။ ဗလံ ဒေတိ= ကိုယ်အားဉာဏ်အားနှစ်ပါးကို ပေးလှူတာလည်း မည်တယ်။ ပဋိဘာနံ ဒေတိ= ဉာဏ် ပညာ၊ ဉာဏ်ပညာ ပဋိဘာန်ကိုလည်း ပေးလှူတာမည်တယ်။ ငါးဌာန ပေးလှူတာ မည်သည်။

အာယုံ ခေါ ပန ဒတွာ အာယုဿ ဘာဂီ ဟောတိ၊ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ။
ဘိက္ခဝေ= ရဟန်းတော်များ အို... ချစ်သားတို့။ (ဆွမ်းလှူတဲ့ ဒါယကာဟာ) အာယုံ ခေါ ပန ဒတွာ= အာယု ဒါန= အသက်အလှူ ပေးလှူလိုက်ရတဲ့အတွက်။ ဒိဗ္ဗဿ ဝါ= နတ်၌လည်း ဖြစ်သော။ မာနုသဿ ဝါ= လူ၌လည်း ဖြစ်သော။ အာယုဿ= အသက်ရှင်ခြင်း၏။ ဘာဂီ= အဖို့အစု ကုသိုလ်ကောင်းမှု၏ အကျိုးဝေစုရသည်။ ဟောတိ= ဖြစ်ပေ၏။
အာယုဒါန ပြုလိုက်ရတဲ့အတွက် အသက်ရှည်သောလူ၊ အသက်ရှည်သော နတ် ဖြစ်နိုင်တယ်။

ဝဏ္ဏံ ခေါ ပန ဒတွာ ဝဏ္ဏဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ။
ဝဏ္ဏဒါန ကောင်းမှု ပြုလုပ်ရတဲ့အတွက် အဆင်းလှသော လူ၊ အဆင်းလှသော နတ် ဖြစ်ရလိမ့်မယ်။

သုခံ ခေါ ပန ဒတွာ သုခဿ ဘာဂီ ဟောတိ၊ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ။
သုခဒါန ပြုလုပ်လိုက်ရတဲ့အတွက် ချမ်းသာကြီးတဲ့ လူ၊ ချမ်းသာကြီးတဲ့ နတ် ဖြစ်ရလိမ့်မယ်။

ဗလဒါန ပြုလုပ်လိုက်ရတဲ့အတွက် ခွန်အားကောင်းတဲ့လူ၊ ခွန်အားကောင်းတဲ့နတ် ဖြစ်ရလိမ့်မယ်။

ပဋိဘာန= ဉာဏ်ပညာ ပဋိဘာန် လှူလိုက်ရတဲ့ ကုသိုလ်ကောင်းမှုကြောင့် ဉာဏ်ပညာကြီးတဲ့လူ၊ နတ် ဖြစ်လိမ့်မယ်။

ဒါ... ပဉ္စကနိပါတ်မှာနော်။ အကျိုးတွေ ဒါကို ဘုရားဟောထားတာ ရှိတယ်။ အဲဒီမှာလာတဲ့အတိုင်း ဘုန်းကြီးတို့ ဒီ ဆရာတော် သံဃာတော်တွေက ဆွမ်းလှူပြီးပြီ ဆိုလို့ရှိယင် မုချရမယ့် အကျိုးနဲ့ ဒီ ဆုပေးနဲ့ကတော့ တစ်ခါတည်း ကိုက်သွားအောင်ကတော့ ပေးရသေးတယ်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ ဆရာတော်တွေပေးတဲ့ ဆုငါးပါးဟာ အဲဒီ ဘောဇနဒါနကြောင့် ရတဲ့ဆု ငါးပါးပဲ။
ဆရာတော်တွေက တကယ်ရမှာကို ဒီကနေ့ ဆုတောင်းပေးတာ၊ ဆုတောင်းပေတာ။ ဆရာတော်တွေဆီမှာ ဒီဆုတွေ ရှိလို့ ပေးလိုက်တာ မဟုတ်ပါဘူး။ ဒကာ့အတွက် ဒီကနေပြီးတော့ တစ်ခါ ရှေ့ကနေ ဆုတောင်းတွန်းပေးလိုက်တာ၊ အဲဒီလို ပေးထားတဲ့ အတိုင်းသာ မှတ်ပေတော့နော်... ။
အဲဒီလို အာယုဒါန၊ ဝဏ္ဏဒါန၊ သုခဒါန၊ ဗလဒါန၊ ပဋိဘာနဒါန ဆိုတဲ့ ဒါနငါးမျိုးထဲမှာ တစ်ခုတည်း မှတ်ပြီးတော့...

ဗလဉ္စ ဘိက္ခူနမနုပ္ပဒိန္နံ။
မဟာရာဇ= မြတ်သောမင်းကြီး။ တယာ= ယင်းမင်းကြီးသည်။ ဘိက္ခူနံ= ရဟန်းတော် အရှင်မြတ်တို့အား။ ဗလဉ္စ= ခွန်အားဗလကိုလည်း။ အနုပ္ပဒိန္နံ= အဖန်ဖန် ပေးလှူအပ်လေပြီ။
မနေ့တုန်းက ဆွမ်းတစ်ခါလှူတယ်။ကနေ့ ဆွမ်းတစ်ခါ လှူပြန်ပြီ။ အနုပ္ပဒိန္နံ= အဖန်ဖန် အထပ်ထပ် ပေးလှူအပ်လေပြီ။ ဒါက သမုတ္တေဇေသိ... စိတ်ကို တစ်ခါတည်း ဟာ... ငါ့ဆွေမျိုးတွေအတွက်တင် မဟုတ်ဘူး၊ ရဟန်းသံဃာတော် အတွက်လည်းပဲ ငါ ဒီလို ဗလဒါန လှူရပြီဟဲ့ ဆိုပြီးတော့ ဗိမ္ဗိသာရ မင်းတရား စိတ်အားတက်အောင် သမုတ္တေဇေသိ= စိတ်ကိုထက်သန်စေ၏။

တုမှေဟိ ပုညံ့ ပသုတံ အနပ္ပကံ။
တုမှေဟိ= သင် မင်းတရားတို့သည်။ အနပ္ပကံ= တစ်ပါးမက များလှစွာသော။ ပုညံ= ကုသိုလ်ကောင်းမှုကို။ ပသုတံ= လေ့လာဆည်းပူးအပ်လေပြီ။
ဒကာတော် ဗိမ္ဗိသာရမင်းတရား၊ ဒကာတော်တို့ဟာ ပရိဝါရဒါန စေတနာတွေနဲ့တကွ မြောက်မြားစွာသော ကုသိုလ်ကောင်းမှုကြီးများကို လေ့ကျက် ဆည်းပူးအပ်လေပြီ။ သမ္ပဟံသေသိ= ဗိမ္ဗိသာရ မင်းတရားရဲ့ စိတ်ကို ရွှင်လန်း ဝမ်းမြောက်စေတယ်တဲ့နော်။ အဲဒီလို ဂါထာနိဂုံး အဆုံးသတ်တဲ့အခါ ဘာဖြစ်တုံး။ အဲဒီမှာ တရားနာ ပရိသတ်တွေလည်း ရှိတယ်။
ဒေသနာ ပရိယောသာနေ စ= ဒေသနာနိဂုံး ပြီးဆုံးလတ်သော အခါကာလ၌ကား။
(အဲဒါ တိရောကုဋသုတ္တန် ဆုံးတာပဲနော်။)

ဒေသနာပရိယောသာနေ စ= ဒေသနာနိဂုံး ပြီးဆုံးသော အခါကာလ၌ကား။ ပေတ္တိဝိသယူပပတ္တိ... အာဒီနဝသံဝဏ္ဏနေန= ပြိတ္တာဘုံ၌ ကပ်ရောက်ရခြင်းရဲ့ အပြစ်ဒေါသ အာဒီနဝတွေကို ထင်စွာ လှလှ ထွန်းပြခြင်းဖြင့်။
(မြတ်စွာဘုရားက ပြိတ္တာဘုံမှာ ဤလို ဤလို ဆင်းရဲ ဒုက္ခ ရောက်တာတွေ၊ အပြစ်ဒေါသတွေ ထင်စွာလှလှ ဘုရားကိုယ်တော်မြတ် ထွန်းပြခြင်းဖြင့်။)
သံဝိဂ္ဂါနံ= ထိတ်လန့်သော စိတ်နှလုံးရှိကြကုန်သည် ဖြစ်၍။ ယောနိသော= အသင့်အားဖြင့်။ ပဒဟတံ... ပဒဟန္တာနံ= လုံ့လကြိုးကုတ် အားထုတ်ကြကုန်သော။ စတုရာသီတိယာ ပါဏသဟဿာနံ= ရှစ်သောင်း လေးထောင်သော ဝေနေယျကြာ သတ္တဝါအပေါင်းတို့၏။ ဓမ္မာဘိသမယော= သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခြင်းသည်။ အဟောသိ= ဖြစ်ခဲ့လေပြီ… လို့...

အဋ္ဌကထာမှာ ဒီ တိရောကုဋသုတ္တန် နိဂုံး၊ ဒေသနာ နိဂုံး ချုံးလိုက်တဲ့ အခါကျတော့ ဒီသုတ္တန် ဟောရင်း ဟောရင်းက မြတ်စွာဘုရားက တစ်ဂါထာဟောလိုက်၊ အဓိပ္ပါယ် ပြောလိုက်၊ အဲဒီ ပြောတဲ့အထဲမှာ ပြိတ္တာဘုံမှာ ကပ်ရောက်ရတဲ့ သတ္တဝါတွေရဲ့ ဆင်းရဲဒုက္ခတွေ၊ အပြစ်တွေ၊ ပြိတ္တာဘုံရဲ့ အပြစ်ဒေါသတွေကို ဘုရားပြတော့ အင်မတန် လူတွေ ထိတ်လန့် သံဝေဂ ဖြစ်တယ်။ ထိတ်လန့် သံဝေဂဖြစ်ပြီးတော့ ဒီဘုရား တရားနာရင်းပဲ ဪ... တရားနှလုံး သုံးလို့၊ အားထုတ်လို့၊ ရှစ်သောင်းလေးထောင်သော သတ္တဝါများ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင်ကြတယ်။
မြတ်စွာဘုရားက တိရောကုဋသုတ်ကို အဲဒီနေ့ တစ်နေ့တင်သာ ဟောတာ မဟုတ်ဘူးတဲ့။ နောက် တစ်နေ့လည်းပဲ နတ်လူတို့အား ဒီ တိရောကုဋသုတ်ပဲ ဟောတယ်။ နောက်တစ်နေ့လည်းပဲ ဒီ တိရောကုဋသုတ်ပဲ၊ ခုနစ်ရက်ဆက် ဟောတယ်။ ဟောတိုင်း... ဟောတိုင်း... ဟောတိုင်း... ဟောတိုင်း... နေ့တိုင်း... နေ့တိုင်း ရှစ်သောင်း လေးထောင်... ရှစ်သောင်း လေးထောင်သော သတ္တဝါတွေ သံဝေဂ ရပြီးတော့ ယောနိသော နှလုံးသွင်းနဲ့ တရားအားထုတ်ကြလို့ ရှစ်သောင်း လေးထောင်စီ... ရှစ်သောင်း လေးထောင်စီ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်း ဝင်ကြတယ်တဲ့... ။ ဒီအကြောင်းကို အဋ္ဌကထာက ဖော်ပြထားတယ်။

ငိုကြွေး မြည်တမ်း ကိုယ်ပန်းခြင်းသာ
အဲဒါ တိရောကုဋသုတ္တန် လို့ ခေါ်တယ်။ အင်း... ရေစက်ချခါနီးမှာ တို့ တိရောကုဋသုတ္တန်က လာတဲ့ အတိုင်း လှလှကြီး ရေစက်ချရအောင်။ စိတ်ထဲက၊ ဟုတ်လား။ မေတ္တာတွေ ထားရမယ်၊ ကရုဏာတွေ ထားရမယ်။ အဲဒီ တိရောကုဋ သုတ္တန်ထဲမှာ ဘုရားက မကြိုက် ပါသေးတယ်နော်။ ဘာပြုလို့ လူတွေ လုပ်နေသလဲ။
န ဟိ ရုဏ္ဏံ ဝါ သောကော ဝါ၊ ယာ စညာ ပရိဒေဝနာ။
န တံ ပေတ္တာနမတ္ထာယ၊ ဧဝံ တိဋ္ဌန္တိ ဉာတယော။
ဟိ=မှန်၏။ ရုဏ္ဏံ ဝါ=ငိုကြွေးခြင်းသည် လည်းကောင်း။ သောကော ဝါ= ပူဆွေးခြင်းသည် လည်းကောင်း။ အညာ= ငိုကြွေး ပူဆွေးခြင်းမှ တပါးသော။ ယာ စညာ ပရိဒေဝနာ= အကြင်သားရေ... သားရဲ့ စသည်ဖြင့် နှုတ်က ကယောင်ကတမ်း မြည်တမ်း ပြောဆိုခြင်းသည် လည်းကောင်း။ ပေတ္တာနံ= တမလွန်ဘဝ ပြောင်းသွားကြတဲ့ ဆွေမျိုးတို့အား။ န ဥပကပ္ပတိ= တစိုးတစိ အကျိုးကို မရရှိနိုင်ချေ။ အေး…တို့ လူ့ပြည်ကနေပြီးတော့ ငိုနေတယ်။ ဘာမှ ဆွေမျိုးတွေ အကျိုးမရဘူးနော်။ စိုးရိမ်ပူဆွေး ငိုတယ်၊ ဘာမှ ဟို တမလွန်ဘဝက ပုဂ္ဂိုလ်တွေ အကျိုးမရဘူး။ အို... ဒီကနေပြီး နှုတ်က ဗလွတ်ဗလွတ်နဲ့၊ တကတည်း တတွတ်တွတ်နဲ့ပေါ့၊ မြည်တမ်းနေတယ်။ ဘာမှ အကျိုးမရဘူး။ ဒီကနေပြီးတော့ တဟီးဟီးနဲ့ ငိုကြွေးခြင်းဟာ ကိုယ်သာ ပင်ပန်းတယ်။ ပူဆွေးခြင်းကြောင့် စိတ်ပါ ပင်ပန်းတယ်။ အို... ပါးစပ်က ငိုခြင်းတွတ်တီးတွတ်တာနဲ့... ဟုတ်လား။ သားရယ်၊သမီးရယ် စသည်ဖြင့် ဒီလို ပါးစပ်က ဆိုပြီးတော့ မြည်တမ်းခြင်းဖြင့် နှုတ်ပါ ပင်ပန်းတယ်... တဲ့။ ကိုယ့်မှာ ကိုယ်ပန်းတယ်၊ စိတ်နွမ်းတယ်၊ နှုတ်ပန်းတယ်။ ဒါပဲ အကျိုးရတယ်... တဲ့။
ဒီဘက်က ဆွေတွေ မျိုးတွေမှာ ဒီလို အပြစ်ရပေမယ်လို့ ဟို တမလွန်ဘဝက ပုဂ္ဂိုလ်တွေ ဘာအကျိုးမှ မရဘူးတဲ့။ ဒါကြောင့် အဲဒီလို ငိုကြွေးမှု၊ ပူဆွေးမှု၊ မြည်တမ်းမှုဆိုတဲ့ ကိုယ်ပင်ပန်းအောင်၊ စိတ်ပင်ပန်းအောင်၊ နှုတ်ပင်ပန်းအောင် အမှုတွေကိုတော့ အင်း... ဘုန်းကြီးတို့ ဒါလောက် အမောခံပြီးတော့ ဟောရ ပြောရလို့ရှိယင် အဲဒီ သုံးချက်တော့ ဆွမ်းဒကာ ဆွမ်းအစ်မများက လိုက်နာကြပါ။ မငိုကြွေးကြပါနဲ့၊ ဟုတ်လား။ မပူဆွေးကြပါနဲ့၊ မမြည်တမ်းကြပါနဲ့။ ဘာပြုလို့လဲ။ ငိုကြွေးခြင်းဖြင့် ကိုယ်ပင်ပန်းတယ်၊ ပူဆွေးစိုးရိမ်ခြင်းဖြင့် စိတ်ပင်ပန်းတယ်၊ ပါးစပ်က ဗလွတ်ဗလွတ် တွတ်တီးတွတ်တာနဲ့ ပြောဆိုခြင်းဖြင့် နှုတ်ပင်ပန်းတယ်။

ဒီတော့ အကျိုးရဲ့ ဒါန မရဘူးတဲ့။ ကိုယ်လည်းအကျိုးမရ၊ ကိုယ်ပင်ပန်း၊ နှုတ်ပင်ပန်း၊ စိတ်ပင်ပန်းပြီးတော့ ဟို... တမလွန်က ပုဂ္ဂိုလ်တွေလည်းပဲ အကျိုးမရတဲ့ ဒီသုံးခုကိုဖြင့် မပြုမိအောင် သတိထားကြပါ။ ဒါ သတိထားဖို့ ဘုန်းကြီး အထူးပဲ မေတ္တာရပ်ပါတယ်။ ထားချိန်လည်း တန်ပြီ။ အင်း... နိဂုံးချုပ်တော့ ဘာလဲ။ တို့လုပ်ရမှာ ဒါပဲဟေ့။ ဘာလဲ။ ပန်းကလေးတစ်ပွင့်၊ ရေကလေးတစ်ခွက်၊ ဟုတ်လား။ ဆွမ်းတော် တစ်ပွဲ၊ ဟို... အိမ်ရှေ့ကြွလာတဲ့ သံဃာတော် အရှင်မြတ်အား နံနက်ဆွမ်း တစ်ဇွန်းလောင်းလိုက်ယင်ကိုပဲ ငါရဲ့ ဤဆွမ်းအလှူ ကောင်းမှုဟာ တမလွန် ဘဝသို့ ပြောင်းသွားလေပြီးသော ငါ့သားအား ဖြစ်ပါစေ၊ ငါ့ရဲ့ ဆွေဟောင်း မျိုးဟောင်း မိဟောင်း ဖဟောင်း သားဟောင်း သမီးဟောင်းများအား ဖြစ်ပါစေ။ ဘယ်လောက် အေးသလဲ။ ကိုယ်လည်းအေးသေးတယ်။ ဟိုက မျှော်နေတဲ့ ပုဂ္ဂိုလ်ကလည်းပဲ တစ်ခါတည်း ရေကြည်ခွက်ကြီးကို၊ ရေကြည်အေးကြီး ပိုက်ရသလို အဲဒီလိုသာ ပြုလုပ်မိပါစေ။

ခဲဖွယ် ဘောဇဉ်တို့ဖြင့် သဒ္ဓါပြဋ္ဌာန်း လှူဒါန်းရခြင်း တည်းဟူသော ဘောဇနဒါန ကောင်းမှုကုသိုလ်ကံ စေတနာ၊ ဤသို့ စသည်များမြတ် ပေါင်းအပ်သော ကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့နှင့်တကွ တရားပွဲ ကျင်းပကာ ကြွလာသမျှသော ပရိသတ်တို့အား ဓမ္မဒါန၊ အမတဒါန အလှူအတန်း ပေးဝေလှူဒါန်းရခြင်း တည်းဟူသော သာသနာနုဂ္ဂဟ ပုညမင်္ဂလာ ကောင်းမှု ကုသိုလ်ကံ စေတနာ။ ဤသို့ စသည်များမြတ် ပေါင်းအပ်သော ကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် ဤ တိရောကုဋသုတ္တန် ဒေသနာ၌ အင်း... ဓမ္မဒေသက ဖြစ်တော်မူကြသော ဇာတ်တော်ဝင် ဖြစ်တော်မူကြသော ဥရုဝေလ ကဿပ မထေရ်၊ နဒီကဿပမထေရ်၊ ဂယာကဿပမထေရ်တို့ စံမြန်းရာ ခေမာသီဝ အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်ပရမတ်ကို လေးရပ်သော မဂ်ဉာဏ်၊ လေးရပ်သော ဖိုလ်ဉာဏ်တို့ဖြင့် လျင်မြန်ထုတ်ချောက် တို့တစ်တွေ မျက်မှောက်ပြုရပါလိုသောဟု ဒီလို ဆုတောင်နိုင်ကြပါစေ။ ဆုတောင်းတဲ့ အတိုင်းလည်းပဲ လေးရပ်သော မဂ်ဉာဏ်၊ လေးရပ်သော ဖိုလ်ဉာဏ်တို့ဖြင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို မျက်မှောက်ပြုရသည့်ကိုယ် ဖြစ်ကြပါစေကုန်သတည်း။

နိဗ္ဗာန်ကို မျက်မှောက်ပြုရသည့် ထို နောက်ဆုံးဘဝ ပရိနိဗ္ဗာန်စုတိမှ အခြားမဲ့ဖြစ်သော နောက်လာလ၌ တစ်စုံတစ်ခုသော ဘဝ၊ ဂတိ၊ ယောနိ၊ ဝိညာဏဋ္ဌိတိမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ တစ်ဖန်မဖြစ်သော ချုပ်ခြင်း၊ မီးစာဆီ၊ မီးတည်းဟူသော အကြောင်းနှစ်ပါးတို့ ကုန်ခန်းသဖြင့် မီး၏ မဖြစ်သော ချုပ်ငြိမ်းခြင်းကဲ့သို့သော အဝိဇ္ဇာ,တဏှာ အကြောင်းနှစ်ပါးတို့ ချုပ်ငြိမ်းသဖြင့် ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး တည်းဟူသော မီးတောက်ကြီး တစ်ဖန်မဖြစ်သော ချုပ်ခြင်းတည်းဟူသော အနုပ္ပါဒါနိရောဓ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီ ကိုယ်င စံကြရပါစေကုန်သတည်း။ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီ စံကြရသဖြင့် ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာမီးတောက် မီးပုံကြီး ကိုယ်စီ ကိုယ်င ငြိမ်းကြပါစေကုန် သတည်း။
သာဓု၊ သာဓု၊ သာဓု။
တိရောကုဋသုတ္တန် တရားတော် ပြီးပြီ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP