* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 30, 2009

*သူတို့ပေးသော မွေးနေ့လက်ဆောင်-၈ (ဘုန်းဘုန်းဦးပညာဇောတ)*


မွေးနေ့မွေးရက် ကုသိုလ်ဆက်

မောင်ဖိုးသားမွေးနေ့ ဓမ္မလက်ဆောင်

မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်၊ ရတက် မပွေပြီ။
ကံပေါ် ကံဆင့် ကံကိုမြှင့်၊ ဘ၀ တင့်လှသည်။
ကံခိုင် ကံလှ၊ ဒီဘ၀၊ မုချအေးငြိမ်းမည်။

ဒကာလေးရေ

စာရေးမယ်၊ ရေးမယ်နဲ့ မရေးဖြစ်ပါဘူး။ ရေးလိုက် တိုင်းလည်း စာက ထွက်မလာ ပါဘူး။ ဒါပေမဲ့ စာတော့ Justify Fullနေ့စဉ်နေ့စဉ် ပိုလို့ ကြည့်ဖြစ် ပါတယ်။ စာရေးတာက အတွေးတွေကို စုစည်း ရတယ်လေ။ ခေါင်းစဉ် အောက်မှာ ဖြစ်ပေါ်လာမယ့် ဆီလျော်မယ့် အသုံးအနှုံး တွေကို စဉ်းစားရတယ်။ လေးလေးနက်နက် တွေးရင် မလွယ်ဘူးပေါ့။ ဒါနဲ့ မိထွေးတော်ကြီး (သို့) အမေ ကျေနပ်ပါပြီကို ဆက်မရေးဖြစ် သေးဘူး။ ပါဠိတော်နဲ့ အဖွင့်ကျမ်း တွေကိုတော့ ကြည့်ဖြစ်ပါတယ်။ အလုပ် များနေတယ် ဆိုရင်လည်း မမှားဘူးပေါ့။ ဦးနှောက်ရှင်းတဲ့ တနေ့ ပြန်ရေးရ ပါဦးမယ်။

ဒကာလေးတို့ (ကိုဝိမုတ္တိရော ရည်ညွှန်း ပါသည်) အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ ဘာသာရေးကို ဇောင်းပေးပြီး တစိုက်မတ်မတ် လုပ်ဖြစ်တာကို ကြည့်ပြီး ၀မ်းသာ အားရ ကြည်နူးမိရင်း ဒကာလေးတို့ သာသနာတော် အတွက် ကြိုးစား လုပ်ကိုင် နိုင်သည်များ ကိုလည်း သာဓုခေါ် ပါတယ်။ နောက်ပြီး ဒကာလေးတို့က ဦးဇင်းတို့ အတွက် အရမ်း ကျေးဇူး များတယ်။ ကောင်းနိုးရာရာ စာပေတွေ ရွေးချယ်ပြီး နေ့စဉ် ပို့ပေးနေတဲ့ အတွက် ဦးဇင်းတို့က အဲဒီစာပေတွေ ဖတ်ရှုပြီး ကုသိုလ်တိုးပွား ဗဟုသုတ များရပါတယ်။ ဦးဇင်းက ကိုယ့်မွေးနေ့ (၁၁၊ ၄၊ ၀၉၊ ၃၂-နှစ်ပြည့်) မှာတောင် မှတ်မှတ်ရရ ထူးပြီး ဘာမှ မလုပ်ဖြစ်ခဲ့ ပါဘူး။ ဒါပေမယ့် ဒကာလေးရဲ့ မွေးနေ့မှာတော့ မှတ်မှတ် ရရ ရှိချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးဇင်းနဲ့ အများအတွက် ကျေးဇူးများလို့ပါ။

ဒါနဲ့ပဲ လိုရင်းမရောက် ရှိတော့မယ်။

မြတ်ဗုဒ္ဓ ၀ိသာခါ ဒကာမကြီး (လွယ်လွယ် အခေါ်၊ အရှည်က ဒါယိကာမကြီး) ကိုဟောတဲ့ တရားလေးကို မွေးနေ့ ဓမ္မလက်ဆောင် ပေးချင်တယ်။

ပါဠိ- ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။ ဧ၀ံ ဇာတေန မစ္စေန ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

မြန်မာ- ပန်းစု ပန်းပုံ အတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံး ပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည် ဥစ္စာသဒ္ဓါ တည်းဟူသော အစုအပုံ အတွင်းမှ မြောက်များစွာသော ကုသိုလ် ကောင်းမှုကို ပြုရာ၏။

အနက်ရှာ- ပုပ္ဖရာသိမှာ- အမျိုးမျိုး အဖုံဖုံ ပန်းပေါင်းစုံသည့် ပန်းပုံကြီးထဲမှ၊ ဗဟူ- ရေတွက် သင်္ချာ၊ လွန်များစွာ ကုန်သော၊ မာလာဂုဏေ- ကြည့်၍ မဆုံး လိုတိုင်း သုံးဖို့၊ ပန်းကုံးတို့ကို၊ ကယိရာ ယထာ နှစ်သက်ကြည်စွာ၊ ပြုလုပ်ရာကုန် သကဲ့သို့။ ဧ၀ံ-ပမာထားယူ ထို့အတူပဲ၊ ဇာတေန- ရှေးကံအလျောက် လူ့ထံရောက်အောင် ပေါ်ပေါက် ဖွားမြင်လာသော၊ မစ္စေန- မချွတ်ဧကန် အမှန် သေရမည့် သတ္တ၀ါသည်၊ ကုသလံ- ခုနောင် ဘ၀၊ နိဗ္ဗာန်ကျအောင် သုခကောင်းကျိုး လွန်ပွားတိုးသည့် ကုသိုလ်မျိုးကို၊ ကတ္တဗ္ဗံ မလွဲမသွေ၊ ပြုသင့်ပေ၏။

လိပ်မှာမူရင်းက၊ Even as one may make many kinds of wreaths from a heap of flowers, so by a mortal in this life there is much good work to be done ( with wealth, faith and generosity).

ရှေးအတိတ်ကံ- အမှန် တကယ်တော့ လူတိုင်း လူတိုင်း လူ့ဘ၀ လူ့ဌာနကို ရရှိ ရောက်ရှိ လာကြခြင်းဟာ ရှေးအတိတ် ကုသိုလ် ကံကြောင့် ဖြစ်တယ်။ ရှေးအတိတ် ကုသိုလ်ကံ များကို အမှတ်တမဲ့ သုံးစွဲမိလို့ ကုန်ဆုံး သွားကြရင်ဖြင့် နောင် ဖြစ်လာမည့် ဘ၀က မသေချာ။ “ကံမခိုင် သံတိုင် အိမ်ဆောက်တော့ ကံမှောက်လျှင် ကျိုး” ဆိုသလို ကုသိုလ် ကံက အခြေမခိုင်လျင် ဘာလုပ်လုပ် အဆင်မပြေ နိုင်တော့။ သံတိုင် သံကွန်ကရစ် များနှင့် ဆောက်လုပ် ထားသည့် အိမ်တောင်မှ ကုသိုလ်ကံ မရှိတော့ သည်နှင့် ပျက်စီး ဆုံးရှုံးရ နိုင်၏။ ကုသိုလ် ကောင်းမှု ကုန်ဆုံးသွား သည်နှင့် တပြိုင်နက် သတ္တ၀ါ အားလုံး မည်သူမဆို ပျက်စီးကြရ တော့တာပါပဲ။ မပျက်စီးတဲ့သူ ဘယ်သူမှ မရှိနိုင်ဘူး။ ဒါဟာ ဓမ္မ နိယာမပဲ။

သေမည်မှန်- လူရယ်လို့ ဖြစ်လာပြန် ရင်လည်း လူတိုင်း အမှန်အကန် သေရဦးမှာပါပဲ။ ဒီနေ့ သေမလား မနက်ဖြန် သေမလား။ အခု ချက်ချင်းပဲ သေမလား စသည်ဖြင့် လားပေါင်း များစွာနဲ့ပဲ စောင့်ဆိုင်း နေရတာပါ။ သေခြင်း တရားဟာ လာဘ်ပေးလို့လည်း မရနိုင်၊ ရင်းနှီးလို့ နေပါဦး တားလို့လဲ မရနိုင်၊ ပစ္စည်းဥစ္စာ ဂုဏ် အရှိန်အ၀ါ သြဇာ အာဏာတွေနဲ့ တားလို့လည်း မရနိုင်၊ အနုမြူ လက်နက် အင်းအားတွေ ပိုင်ဆိုင်လို့ ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ယူ လို့လည်း မရနိုင်ပါဘူး။ ဆိုလိုတာက မွေးဖွားလာတဲ့ ဘယ်သူမဆို အမှန်တကယ် သေကြရ အုံးမယ် ဆိုတာကို သတိထားဖို့ပါ။

လေးတန်သေမျိုးပြ၊ အဘိဓမ္မာမှာ သေခြင်း လေးမျိုး ပြောပြ ထားတယ်။

၁။
သက်တမ်းကုန်လို့ သေခြင်းမျိုးက လူ့ဘ၀မှာ ခေတ်အခြေအနေ အချိန်အခါအရ ကန့်သတ် ထားတဲ့ အပိုင်း အခြားမျိုး။ ၇၅-နှစ်ဆို ၇၅-နှစ်ပေါ့။ အဲဒီလို သက်တမ်း ပြည့်လို့၊ ကုန်လို့ သေတာကို ဆိုလိုတာ။

၂။
ကံကုန်လို့ သေခြင်းဆိုတာ ၁၅-နှစ် နဲ့လည်း သေချင် သေမယ်၊ မွေးပြီး ကာစလည်း သေချင် သေမယ်။ ကံပါ သလောက်ပဲ အသက်ရှင်ခွင့် နေခွင့် ရခြင်းမျိုးကို ဆိုလိုတယ်။

၃။
သက်တမ်းရယ် ကံရယ် နှစ်မျိုးကုန်လို့ သေခြင်း ဆိုတာက သက်တမ်း ကလည်း ကျော်လွန် သွားပြီ၊ ကံကလည်း ကုန်ပြီ၊ ခုခေတ်ဆို အသက် ၈၀-အရွယ်၊ ၉၀-အရွယ် တွေကို ဆိုလိုတာပေါ့။

၎။
ရုတ်တရက် သေခြင်း (ဥပစ္ဆေဒက+accideint) မျိုးကတော့ ရေနစ်တာတို့၊ ကားတိုက် ခံရတာတို့၊ သူများသတ်လို့ သေတာတို့ စသည်ဖြင့် ရုတ်တရက် သေဆုံးရ တာတွေကို ပြောတာပါ။ တချို့များ အဲဒီကံ (ဥပစ္ဆေဒကကံ) မပါလာလို့ ကတော့ သူများက ကိုယ့်ကို ဘယ်လိုပင် လုပ်ကြံ လုပ်ကြံ၊ ဖျက်ဆီး ဖျက်ဆီး မပျက်စီးနိုင် မသေနိုင်ဘူး။ ဒါက သတိ ထားစရာ လေးတွေကို ပြောတာပါ။

ကုသိုလ်ရွေးချယ်- မတည်မြဲတဲ့ အရာတွေနဲ့ နှိပ်စက် ၀န်းရံနေလို့ လူတိုင်းဟာ သေကြရ ဦးမှာ။ ဘယ်နေ့ သေမှာမှန်း မသိရလို့လဲ သတ္တ၀ါတိုင်း လူသားတိုင်းဟာ ကောင်းမှု ကုသိုလ် တရားတွေကို လုပ်သင့်တာ ပါပဲ။ တချို့က ငါမသေ နိုင်ဘူး အမှတ်မျိုးနဲ့ ကုသိုလ်တွေကို မေ့လျော့ ပေါ့ဆပြီး မလုပ်ဘဲ နေတတ်၊ နေရဲ လိုက်ကြတာ။ ကြောက်စရာကြီး။ ကုသိုလ် လုပ်တဲ့ နေရာမှာ ခုဘ၀ရော နောင် ဘ၀ပါ အကျိုး များစေမယ့် ကုသိုလ်မျိုး တွေကို ရွေးချယ်ပြီး လုပ်သင့်တယ်။

လုပ်ကြကွယ်- ဒီလိုမှ မဟုတ်ဘဲ ပါတီလုပ် ၀ိုင်းဖွဲ့ပြီး အရက်ဒကာ ခံတာမျိုး၊ ကိုယ့် ဘော်ဒါတွေ နိုက်ကလာပ် သွားဖို့ ပိုက်ဆံပေးလိုက်တာမျိုး တွေဟာ ခုဘ၀ရော နောင်ဘ၀ပါ အကျိုစီးပွား ဖြစ်ထွန်း စေမယ့် ကိစ္စမျိုး မဟုတ်ဘူး။ သက်ရောက် မှုက ဆိုးကျိုးဖက်ကို ဦးတည် သွားစေတယ်။ ပြောချင်တာက သူများဆီက မျှော်လင့်ချက် မထားဘဲ၊ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတာမျိုး မဟုတ်ဘဲ ဖြူစင်တဲ့ စေတနာမျိုးနဲ့ ကုသိုလ် ကောင်းမှုကို လုပ်သင့်တယ်။

သူက ငါ့ကို ရေတိုက် လိုက်လို့ ငါက သူ့ကို ပြန်ပြီး ထမင်းစား ဖိတ်ကျွေး လိုက်တဲ့ ကုသိုလ်မျိုးက စစ်မှန်တဲ့ ကုသိုလ်မျိုး မဟုတ်သလို၊ သူက ငါ့ကို ကူညီလို့ ထမင်း ဖိတ်ကျွေးတာ၊ သူက ချမ်းသာလို့၊ သူ့ကို ခိုင်းလို့ရလို့ သူ့ဆီက ရမယ့် အကူအညီကို မျှောင်လင့် တောင့်တပြီး လုပ်တဲ့ ကုသိုလ် မျိုးကလည်း စစ်မှန်တဲ့ ကုသိုလ်မျိုး မဖြစ်နိုင်ဘူး။ မြတ်ဗုဒ္ဓ ဟောထားသလို (တတြာနန္ဒ တိရစ္ဆာ နဂတေ ဒါနံ ဒတွာ သတဂုဏာ ပါဋိကင်္ခိ တဗ္ဗာ)မျိုး ကိုယ့်အိမ်မှာ မွေးထားတဲ့ ကြောင်လေးကို ကြွက်ခုတ်လို့ အစာကျွေး တာမျိုး မဟုတ်ဘဲ စေတနာ သန့်သန့်လေးနဲ့ ကျွေးမွေး လိုက်ရင် အဆတစ်ရာ၊ ဘ၀တစ်ရာ အကျိုးပေး နိုင်တယ်တဲ့။ စေတနာ စစ်မှနော်။ စစ်မှန်မှ ခုဘ၀ရော နောင်ဘ၀ပါ သာမက နိဗ္ဗာန်ထိအောင် အကျိုးပေး များနိုင်တယ်။ အဲဒီလို ကုသိုလ်မျိုးတွေ ရွေးချယ်ပြီးလုပ်သင့်တယ်။

သုံးသွယ်- ကုသိုလ် မလုပ်မီ အရင်ဖြစ်တဲ့ စေတနာ၊ လုပ်နေဆဲ စေတနာ၊ လုပ်ပြီးနောက် ၀မ်းသာနေတဲ့ စေတနာ။ အဲဒီ စေတနာ သုံးမျိုးဟာ ဘ၀အတွက် သိပ် အရေးပါတယ်။ ကုသိုလ် မလုပ်မီ သြော် ငါဖြင့် ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်၊ ဘယ်နာရီမှာဖြင့် ကုသိုလ် လုပ်အုံးမှပဲ။ အဲဒီလို လုပ်ရမယ့် ကုသိုလ်တွေကို တွေးပြီး ၀မ်းသာကြည်နူး နေခြင်းဟာ အရမ်းကို အကျိုးကျေးဇူး များနေပါပြီ။ ကုသိုလ် လုပ်နေဆဲ အချိန် ကိုတော့ မပြောလိုတော့ ပါဘူး သူက သိပ်သိသာ နေတာကိုး။

သတိ ထားသင့်တာက ကုသိုလ် လုပ်ပြီးနောက် ကိုယ့်လုပ်ထား ခဲ့တဲ့ ကုသိုလ်တွေကို ပြန်ပြီး ၀မ်းသာ ကြည်နူးနေမယ်။ အောက်မေ့ သတိရနေမယ်။ သို့မဟုတ် တည်မြဲခြင်း မရှိတာတွေကို ပြန်လှန် သုံးသပ် မယ်ဆို အဲဒီ ကုသိုလ်တွေဟာ ပွားပြီးရင်းပွား တားမနိုင် ဆီးမရ ဖြစ်နေတဲ့ ကုသိုလ်မျိုး၊ ခုဘ၀ နောင်ဘ၀ အကျိုး များမယ့်၊ နိဗ္ဗာန် ထိအောင် အကျိုးများမယ့် ကုသိုလ်မျိုး တွေပါပဲ။

တန်ဖိုးလှ- သိတဲ့ အမျိုးသမီး တစ်ယောက် ဆိုရင် သူ့ပိုက်ဆံကို တန်ဖိုးထားရုံ (ကပ်စေးနည်းဟု မသုံးပါ) သာမက၊ သူလုပ်ထားတဲ့ ကုသိုလ်တွေ ကိုလည်း အရမ်း တန်ဖိုးထား ပါတယ်။ နောက်ပြီး တရားတွေ တော်တော် သိနေလို့လား မသိ၊ သူလုပ်ထားတဲ့ ကုသိုလ်တွေကို (ကြွားတာမျိုး မဟုတ်ဘဲ) ၀မ်းမြောက် ၀မ်းသာ ပြောတတ်၊ သူများကိုလည်း သာဓု ခေါ်စေတတ် ပါတယ်။

မှတ်မှတ်ရရ တစ်ခါတုန်းက သူများက သူမကို အအေး (အိတ်နဲ့ ထည့်ပေပြီး) တိုက်လိုက် ပါတယ်။ အဲဒီ အအေးကို သူမက မသောက်ချင်ဘူး (မတည့်တာလည်း ပါမယ်)ပေါ့။ ပေးတဲ့ သူရဲ့ ရှေ့မှာ လွှင့်ပစ်ဖို့ ကလည်း မကောင်းတာမို့ လွှင့်ပစ်ရမယ့် နေရာကို ရွေးချယ်ရင်း ဒီအတိုင်း လက်ထဲမှာ ပါလာခဲ့တယ်။ အဲဒီနောက် လမ်းဘေးက အလှူခံ တစ်ယောက်က (သူတောင်းစားဟု မသုံးပါ) သူမ လက်ထဲက အအေးထုပ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြည့်နေလို့ သူမက ၀မ်းသာ ကြည်နူးစွာနဲ့ (အမှိုက်ပုံးထဲ ထည့်မယ့် အထုပ်ကို) ငါ့လက်ကလွတ် ပြီးရော သဘောမျိုး မဟုတ်ဘဲ ကြည်ကြည်နူးနူး ၀မ်းမြောက် ၀မ်းသာနဲ့ ပေးလှူခဲ့ပြီး။ သူမ လှူခဲ့တဲ့ အလှူကို ဧရာမ အလှူကြီး တစ်ခုအလား သဘောထားကို သူတပါး (မိမိ)အား သာဓုခေါ်စေ၊ ၀မ်းမြောက်စေ ခဲ့ပါတယ်။ အဲဒီ အမျိုးသမီး ချမ်းသာ ပါတယ်။ ပစ္စည်း ဥစ္စာရော ကုသိုလ် ရောပေါ့။ တန်ဖိုး ထားတတ်ပုံကို ပြောတာပဲ။ တန်ဖိုး ထားတာနဲ့ အမျှ ကုသိုလ်တွေ ပိုပြီး ပေါများ တတ်ပုံကို ပြောတာပါ။ တန်ဖိုး ထားတာနဲ့ အမျှ တန်ဖိုး ရှိတော့ တာပါပဲ။

ပန်းကိုပုံပြု- ကုသိုလ်လုပ်တဲ့ အခါမှာ ပန်းတွေကို ဥပမာထားပြီး ကုသိုလ် လုပ်ရမယ်လို့ မြတ်ဗုဒ္ဓ ဟောတော် မူခဲ့ပါတယ်။ ဥပမာ အားဖြင့် စပါယ်ပန်းတို့၊ ခရေပန်း တို့ကို တော်တော် များများ မြင်ဖူးကြ ပါလိမ့်မယ်။ အဲဒီ ပန်းလေးတွေဟာ တစ်ပွင့်တည်း ရှိနေရင် တန်ဖိုး မဲ့နေတတ် ကြပေမယ့် သီကြိုးနဲ့ သီကုံးလိုက်တဲ့ အချိန် မှာတော့ အရမ်းတန်ဖိုး မြင့်တက် သွားပါပြီ၊ အရာရာဟာ အမြင်တင့် အဆင်တင့် အသွင်တင့် သွားပါပြီ။ ပိုက်ဆံဟာ တစ်ကျပ်ထဲဆို တန်ဖိုး သိပ်မရှိ တတ်ပေမယ့် ရာတို့ ထောင်တို့ သောင်းတို့ သိန်းတို့ဆိုရင် လိုချင်တာ တွေကို ၀ယ်လို့ ရပါပြီ။ အဲဒီလိုပါပဲ ကုသိုလ်ဟာ နည်းနေ သေးရင် မသိသာ သေးပေမယ့် ကုသိုလ်တွေ များလာတာနဲ့ တပြိုင်နက် လူ့ဘ၀၊ နတ်ဘ၀၊ အဆင့်မြင့် ဘ၀တွေကို ၀ယ်လို့ ရပါပြီ။ နိဗ္ဗာန်ကို ၀ယ်ဖို့ အထောက်အပံ့ ပေးနိုင်ပါပြီ။ ဆိုလိုတာက ပန်းပွင့်တွေကို ဥပမာထားပြီး ကုသိုလ် လုပ်တဲ့အခါ နေ့စဉ်နေ့စဉ် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လုပ်နိုင် သလောက် လုပ်သွားကြဖို့ပါ။

ကုသိုလ်စု- တစ်စက္ကန့်ဟာ တန်ဖိုး မရှိတတ် ပေမယ့် စက္ကန်ပေါင်း များစွာ ရှိလာရင်၊ တစ်မိနစ်ကို သတိ မထားတတ်ကြ ပေမယ့် မိနစ်ပေါင်း များစွာ ရှိလာရင်၊ တစ်နေ့ တစ်လေဟာ မသိသာ ပေမယ့် နေ့ပေါင်း များစွာ ကြာလာရင် သိပ်ကို ထူးထူးခြားခြား ဖြစ်တတ် ရှိလာတတ် ပါတယ်။ ကုသိုလ်လုပ်တဲ့ အခါမှာလည်း ဒီအတိုင်း ပါပဲ တစ်စက္ကန့်လောက် လုပ်လိုက်တဲ့ ကုသိုလ်၊ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်လောက် လုပ်လိုက်တဲ့ ကုသိုလ် တွေဟာ မသိသာ ပေမယ့် စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ၊ နေ့တွေ ထပ်လာ ဆက်လာရင်၊ ကုသိုလ်တွေ စုနိုင်လာတာနဲ့ တပြိုင်နက် အဲဒီ ကုသိုလ်ရဲ့ အကျိုးတရား တွေကို လိုသလို အသုံးချလို့ ရနိုင်တော့ တာပါပဲ။

တစ်ခုခုတော့- ကုသိုလ် လုပ်တယ် ဆိုတာ ပိုက်ဆံရှိမှ လုပ်လို့ ရတာ မဟုတ်ပါဘူး။ မရှိလည်း လုပ်လို့ ရတာပါပဲ။ နံနက် ညနေ ဘုရားရှိခိုး တာတို့၊ ဘုရား ဂုဏ်တော်၊ တရား ဂုဏ်တော်၊ သံဃာ ဂုဏ်တော် ပွားများတာတို့၊ ရွတ်ဆို တာတို့၊ မေတ္တာ ပို့တာတို့၊ သူများ အကျိုး စီးပွားကို လိုလား တာတို့၊ သူများ အဆင် ပြေနေတာ တွေ့ရင် ၀မ်းမြောက် ၀မ်းသာ ရှိတာတို့၊ သူများ မကောင်း မပြောတာတို့၊ ကူညီနိုင်တာ တွေ့ရင် ကာယအား၊ ဥာဏအားဖြင့် ကူညီတာတို့ စတာတွေဟာ ပိုက်ဆံ မကုန်ဘဲ ရတတ်တဲ့ ကုသိုလ်တွေပါ။ ပိုက်ဆံ မကုန်တဲ့ တန်ဖိုး အကြီးဆုံး ကုသိုလ် ကတော့ နေ့စဉ်နေ့တိုင်း မိမိ ရှူနေ ထုတ်နေတဲ့ ၀င်လေ၊ ထွက်လေကို သတိထား စောင်းကြည့် နေရင်၊ ဒါမှမဟုတ် မိမိလုပ်နေတဲ အရာတွေကို မျက်ခြေ မပြတ် သတိနဲ့ စောင့်ကြည့်နေ၊ မိမိရဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်၊ မိမိစိတ်ရဲ့ ပြောင်းလဲ တတ်တဲ့ ဖြစ်စဉ်တွေကို စောင့်ကြည့် နေနိုင်မယ် ဆိုရင် တန်ဖိုး ဖြတ်လို့ မရနိုင်တဲ့ ကုသိုလ်တွေ ပါပဲ။ တစ်ခုခု ကိုတော့ မျက်ခြေ မပျက် သတိနဲ့ မှတ်နေဖို့ပါပဲ။

လုပ်ရမှ- အလုပ်ကတော့ နေ့စဉ် လုပ်နေရ တာပါပဲ။ ဆင်းရဲ သူလည်း ဆင်းရဲတဲ့ အလျောက်၊ ချမ်းသာ သူလည်း ချမ်းသာတဲ့ အလျောက် လုပ်နေကြရ တာပါပဲ။ အလုပ် မလုပ်တဲ့ သူရယ် လို့တော့ တစ်ဦးမှ ရှိမယ် မထင်ပါဘူ၊ တန်ဖိုးရှိတဲ့ အလုပ်၊ တန်ဖိုးမဲ့တဲ့ အလုပ် ဒါတွေပဲ ကွာခြား သွားကြ လိမ့်မယ်လို့ ထင်ပါတယ်။ အလုပ် လုပ်နေကြ ပေမယ့် ကုသိုလ် ပညာ၊ ဥစ္စာ ရှာမှု၊ တစ်ခုခု၊ မရသူမှာ အရှုံးသာ ဆုံးမ စကားတွေ ရှိပါတယ်။ ဒါပေမယ့် ဘ၀အတွက် အဓိပ္ပါယ် ရှိဖို့ ဘ၀မရှုံးဖို့ ကတော့ နေ့စဉ်နေ့စဉ် ကုသိုလ် လုပ်ရမှ ဖြစ်မယ်။

အိပ်ခါနီး နဖူးပေါ် လက်တင် စဉ်းစား ကြည့်လိုက် ဒီနေ့ ငါ ဘာကုသိုလ်တွေ လုပ်ပြီးပြီလဲ။ တကယ်လို့ ဘာမှ မလုပ်ရ သေးရင်၊ မလုပ်ဖြစ် ခဲ့ရင် အရှုံးတော့ မခံပါနဲ့၊ နှာသီးဖျားက ၀င်လေ ထွက်လေကို သတိထားလို့ ဖြစ်စေ၊ ၀မ်းဗိုက်ပေါ် လက်တင်ပြီး ဖောင်းတာ ပိန်တာကို သတိထားလို့ ဖြစ်စေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား တို့ရဲ့ ဂုဏ်တော် တွေကို ပွားလို့ပဲ ဖြစ်စေ၊ မေတ္တာ ပွားလို့ပဲ ဖြစ်စေ တစ်နေ့တာ အတွက် ဘ၀ မရှုံးအောင် လုပ်ဖို့တော့ လိုအပ်ပေ လိမ့်မယ်။ ဆိုလိုရင်း ကတော့ နေ့စဉ် နေ့စဉ် လုပ်နိုင် သလောက် ကုသိုလ် တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင် နေမယ် ဆိုရင် နေ့ပေါင်း များစွာ ကြာမြင့်လာသော အခါ…


အချုပ်။ ပါဠိမြန်မာ၊ အနက်ရှာ၊ လိပ်မှာ မူရင်းက။
ရှေးအတိတ်ကံ၊ သေမည်မှန်၊ လေးတန်သေမျိုးပြ။
ကုသိုလ်ရွေးချယ်၊ လုပ်ကြကွယ်၊ သုံးသွယ် တန်ဖိုးလှ။
ပန်းကို ပုံပြု ကုသိုလ်စု၊ တစ်ခုခုတော့ လုပ်ရမှ။

မှတ်ချက်။ ဘန်ကောက်မြို့နေ တပည့်ဖြစ်သူ မမျိုးမျိုးသူ (၁၆)နှစ်ပြည့်(၄-၃-၂၀၀၉) မွေးနေ့၊ ထိုင်းနိုင်ငံ ဧကချိုင်(၇၆)နေ မသီတာမြင့်၏ ၂၄-နှစ်ပြည့် (၁၃၊၄၊၂၀၀၉) မွေးနေ့၊ ယင်းမွေးနေ့ရှင် တို့နှင့်တကွ ပရိသတ် တို့အား ဟောကြား ခဲ့သော တရားတော် များကို မောင်ဖိုးသား၏ ၂၄-ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းချုံး၍ ပြန်လည် ရေးသား လိုက်ပါသည်။


ဦးပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com
မဟာချူလာလောင်ကွန်းဘုရင့်တက္ကသိုလ်
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

++++++++++++++++++++++++++++++++++++

ရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

5/30/2009, SAT, 4:50:17 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP