* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 25, 2009

*အံ့ချီးဖွယ်ပါလား မောင်ထွန်းမောင်*

ဦးဖိုးကျား ရေးသားတဲ့ ဘုရားဖူး သွားခြင်းဆိုတဲ့ အကြောင်းအရာ လေးကို ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ အရေးအသား အတွေး အခေါ်တွေ အရမ်း ကောင်းတဲ့ အတွက် ဦးဖိုးကျား၏ မူရင်းစာသားကိုပဲ ဖော်ပြပေး လိုက်ပါတယ်။ ဖော်ပြပေးတဲ့ ရည်ရွယ်ချက် ကတော့ မောင်ထွန်းမောင်လို စိတ်ဓါတ်မျိုးနဲ့ လူတွေများများ ပေါ်ပေါက် လာဖို့နဲ့ ဘုရား ဖူးတတ်ဖို့ ပါပဲ။ အားကျမိပါရဲ့ မောင်ထွန်းမောင်ရယ်…

ဘုရားဖူးသွားခြင်း

ကျွန်ုပ်သည် ကောလိပ်ကျောင်း ဘီအေ အောက်တန်း၌ ရှိစဉ်က ကျွန်ုပ်နှင့် အတန်းတူ၊ အတန် ခင်မင်သော မိတ်ဆွေ တစ်ယောက် ရှိဖူး၏၊ ၄င်းကား မောင်ထွန်းမောင် ဖြစ်၏။

ထွန်းမောင်မှာ အလွန် အေးဆေးစွာ နေလေ့ရှိ၏၊ စကားနည်း၏၊ မဟုတ်မမှန် မဟားတရား မပြောတတ်၊ ဣနြေ္ဒကြီး၏၊ စကား နည်းသူတို့၏ စကားသည် လေးနက် တတ်သည် ဖြစ်ရာ ထွန်းမောင် စကားပြောလျှင် ကျွန်ုပ်တို့ ကျောင်းသားများ ဂရုပြု၍ နားထောင်လေ့ ရှိ၏၊ ဝါကြွား ပြောတတ် သူသည် ထွန်းမောင် ရှေ့တွင် စကားပြောခဲ၏၊ အကြောင်းကား ထွန်းမောင်က တစ်ချက် တစ်ချက် ဝင်ထောက် လိုက်လျှင် ထိုကြွားဝါခြင်း ချက်ချင်း ပေါ်တတ်၏၊ အပေါင်း အဖေါ်နှင့် အချိန်ဖြုန်း မနေတတ်၊ တစ်ယောက်တည်း တွေးတော၍ သော်လည်းကောင်း၊ စာဖတ်၍ သော်လည်းကောင်း နေတတ်၏၊ သို့ရာတွင် အလွန်ရိုးသား ဖြောင့်မတ်သူ ဖြစ်လေရကား၊ ကျောင်းသား များက ဝိုင်း၍ ရိုသေ ခင်မင်ကြ၏၊ ကျွန်ုပ်နှင့်ကား အခြား သူတို့ထက် ပို၍ ခင်မင်ကြ၏။

ထိုနှစ် အင်္ဂလိပ် ဒီဇင်ဘာလ (နတ်တော်- ပြာသို)၌ ကျောင်း ၁၂-ရက်မျှ ပိတ်၏၊ ထိုအချိန် အခါ၌ ကျောင်းသားများ ကျိုက်ထီးရိုး ဘုရားသို့ အစုအစု ပြု၍ သွားလေ့ ရှိကြရာ ကျွန်ုပ်လည်း သွားလိုသည်နှင့် ထွန်းမောင်၏ အခန်းသို့ လာခဲ့၍-

“ဟေ့ထွန်းမောင်၊ ကျိုက်ထီးရိုး ဘုရားကို သွားရ အောင်ကွာ၊ ဒို့ ၁၂-ရက်တောင် ရက်အား ရ တယ်”

“ဘုရားဖူး သွားတာ ကျိုက်ထီးရိုးတောင် သွားရ မလားကွဲ့၊ ရွှေတိဂုံ ဘုရားကို သွားပါ တော့လား၊ အတူတူပေါ့”

“မတူဘူး ဆရာ၊ ကျိုက်ထီးရိုးက မြတ်စွာဘုရား ကိုယ်တော်တိုင် ဒို့မြန်မာ ပြည်ကို ကြွလာပြီး ရသေ့ကြီး တစ်ပါးကို ဆံတော် ပေးသတဲ့၊ အဲဒီဆံတော် အစစ်ကို ဌာပနာပြီး တည်တာ မောင်ရဲ့ နားလည် ရဲ့လား”

“ထိုအခါ အလွန် ပြုံးခဲသော ထွန်းမောင်သည် ပြုံး၍ “ဘုရား ဒီကို ကြွလာတယ်လို့ မင်းကို ဘယ်သူ ပြောလဲ”

“မင်းလဲ အတော် ဂွကျတဲ့ အကောင်ပဲ၊ ဘယ်သူ ပြောရမလဲကွဲ့၊ သမိုင်းထဲမှာ သေသေချာချာ ကိုရေးထားတယ် သိရဲ့လား”

“အဲဒီသမိုင်းက ဘယ်သူက ဘယ်တုန်းက ရေးခဲ့သလဲ”

“ဘယ်သူ ရေးတယ်လို့တော့ မင်းကို သေသေချာချာ သံတော်ဦး မတင်နိုင်ဘူး၊ ရှေးပညာရှိတွေ လူကြီးတွေ ရေးခဲ့တာပေါ့ကွဲ့” (ခပ်ကျယ်ကျယ် ပြောသည်)

“ဟာ ဟာ မင်းမှတ်မိ သေးရဲ့လား၊ မင်းနဲ့ ငါနဲ့ ပြည်မြို့ကို သွားလည်ကြ တုန်းက ဘုန်းကြီး တစ်ပါးက ဒတ္တပေါင်မင်းကြီးရဲ့ ယတ်လဲတော် အစစ်ကို ပြာချ သစ်ဆေးသရိုး ကိုင်ပြီး လုပ်ထားတယ် ဆိုတဲ့ ကမ္မဝါစာကို ထုတ်ပြတော့ မင်းက ကိုယ်တော် ဘယ့်နှယ် သိသလဲ… ဘာလဲ… ညာလဲနဲ့ စစ်စစ် ပေါက်ပေါက် မေးတော့ ဘုန်းကြီးက စိတ်ဆိုးပြီး မင်းကို မောင်းချတာ မှတ်မိ သေးရဲ့လား၊ အခုလည်း မင်းကငါ့ကို ငေါက်ပြန်ပြီလား၊ မင်းက ရာဇဝင် ဆရာမို့ သေသေချာချာ သိမလားလို့ မေးတာပါဗျာ၊ မကြိုက်ရင်လည်း မမေးပါဘူး”

“ဟေ့အကောင်၊ တော်ပါကွယ်၊ မင်းဟာ တစ်ခါတစ်ခါ အင်မတန် လျှာရှည်တယ်၊ မင်းလိုက် ချင်လဲလိုက်၊ မလိုက်ရင်လည်း ငါတစ်ယောက်ထဲ တော်သလို ကြည့်သွားမှာပဲ” (ခပ်ဆတ်ဆတ် ပြောသည်)

“ဟင် ဘုရား တရား ကြည်ညိုတဲ့ သူကလည်း စိတ်တို လိုက်တာ၊ ကိုင်းကွယ် ငါကပဲ လျှော့ပါ့မယ်၊ ငါလိုက်ပါမယ်”

ထိုအခါမှ ကျွန်ုပ်က ပြုံး၍ “အဲဒီလို မှပေါ့ကွယ်၊ ငါ့မှာငွေ ၅၀-ကျပ် လောက်တော့ စုထားတယ်၊ မင်းမှာကော”

“ငါ့မှာလည်း ၅၀-ကျပ် လောက်ပါပဲ”

“အေး နေရာကျပြီ၊ စရိတ်စက စားဖို့သောက်ဖို့ ၁၅-ကျပ် လောက်ပဲ ကုန်မယ် ထင်တယ်၊ လှူဖို့ တန်းဖို့ အပုံ ကြီးပိုတာပဲ၊ ကိုင်း အခုညပဲ သွားကြစို့ကွယ်”

♠♠♠

ကျိုက်ထို ဘူတာသို့ ရောက်လျှင် ထိုအခါက မော်တော်ကားများ မသွားသေး သဖြင့် လှည်းငှား၍ သွားကြ၏၊ ကျိုက်ထီးရိုး တောင်ခြေ ကင်ပွန်းစခန်း မရောက်မီ ခရီးတစ်ဝက် သာသာ၌ အင်းဝစခန်းသို့ ရောက်ရာ ခရီးနားကြ၏၊ ထမင်းဟင်း၊ လက်ဖက်ရည်၊ ဘူးသီးကြော် စသည်ဖြင့် အစား အသောက်လည်း ပြည့်စုံ၏၊ ထိုစခန်းမှာ ရွာနီးချုပ်စပ်က လာရောက်၍ ဆိုင်တည် ခင်းသော နေရာ စခန်းကြီး တစ်ခုဖြစ်၏။

ထိုအင်းဝ စခန်း ဆိုင်စု၏ မြောက်ဘက် အတန်ကွာရှိ သရက်ပင်ကြီး တစ်ပင်အောက်တွင် တဲငယ်ငယ် တစ်ခုရှိ၏၊ ထိုတဲ ငယ်ဘက်သို့ ထွန်းမောင်သည် လျှောက်၍ သွားသည်ကို မြင်လိုက်၏၊ မကြာမီပင် တဲပေါက်တွင် ရပ်၍ အတန်ကြာကြာ ကြည့်နေ သည်ကို မြင်ရ၏။

နာရီဝက်ခန့် ကြာလျှင် ကျွန်ုပ်တို့သွားချိန် ကျသည်နှင့် ထွန်းမောင်ကို ဟစ်၍ခေါ်ရ၏၊ ထွန်းမောင်သည် သုတ်လာခဲ့၍-

“ဟေ့- ဟိုတဲထဲမှာ အဘိုးကြီး လင်မယား နှစ်ယောက်နှင့် မြေးနှစ်ယောက် ဖျားပြီး လဲနေကြတယ်၊ ငါအစား အသောက် ကလေး ၀ယ်ပေးခဲ့ ချင်တယ်၊ မင်းသွားနှင့်ကွယ်၊ ကင်ပွန်းစခန်းကို ငါမီအောင် လိုက်လာခဲ့မယ်”

“ဟောဗျား၊ မင်းဗွေ ဖောက်ပြီ၊ မင်းအကျင့် ဒီလိုပဲ၊ စိတ်တစူး စားကြီးနဲ့၊ ကဲ-မောင် သဘောရှိ၊ ငါတော့ မင်းကို စောင့်မနေ နိုင်ဘူး၊ ကင်ပွန်း စခန်းကို မီအောင် လိုက်ခဲ့ ပေတော့၊ မမီရင်တော့ ငါဆက် သွားမှာပဲ”

“အေးပါကွယ်၊ ငါမီအောင် လိုက်ခဲ့ ပါမယ်” ဆို၍ လှည်းပေါ်က သူ့ လွယ်အိတ်ကို ယူ၍ တဲငယ် ဘက်သို့ စိုက်စိုက် စိုက်စိုက်နှင့် သွားပြန်လေ၏။ ကျွန်ုပ်မှာကား ဘုရားသို့သာ ရောက်လို၍ ကျွန်ုပ်တို့ ကျောင်းက ကျောင်းသား တစ်စုလည်း ထပ်ရောက် လာသည်နှင့် ထိုလူစုနှင့် ရော၍ လိုက်သွား၏၊ ကင်ပွန်း စခန်းသို့ ရောက်သော်လည်း ထွန်းမောင် မပေါ်လာချေ၊ ရေမြောင်ကလေး၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့ စသည်ဖြင့် စခန်း အစဉ်တိုင်း နောက်ဆံ တငင်ငင်နှင့်ပင် လာခဲ့ရာ ဘုရားသို့သာ တိုင်တော့၏၊ ထွန်းမောင် မပေါ်လာချေ။

ကျွန်ုပ်တို့ တစ်စုလည်း တပျော်တပါးကြီး ပြော-ဆို-က နှင့် လာခဲ့ကြရာ ဘုရားအနီး နတ်ရုပ် နတ်စင်နှင့် မိန်းမကြီး တစ်ယောက် ပိုက်ဆံ ခံနေသည်ကို တွေ့ရ၏၊ နတ်ရုပ်မှာ ပါးတစ်ခြမ်း- နားတခြမ်း ပဲ့နေ၏၊ ၎င်းအပဲ့တို့ ကိုပြ၍ ပြင်ဆင်ရန် ဆိုကာ ပိုက်ဆံ ခံနေခြင်းဖြစ်၏၊ ထိုအခါ ကျွန်ုပ်သည် ရုပ်တရက် သတိရမိ သည်ကား လွန်ခဲ့သော နှစ်က ကျွန်ုပ်တို့ အခန်းက ကျောင်းသား တစ်စု ကျိုက်ထီးရိုးက ပြန်လာ ကြသောအခါ ထိုပါးပဲ့ နားပဲ့နေသော နတ်စင်က နတ်ကတော် ကြီးအား နတ်မေး ကြကြောင်း ပြန်ပြော သည်ကို သတိရသည်နှင့် ကျွန်ုပ်တို့၏ အဖော်အလှော် ခေါ်ခဲ့သော လှည်းသမားကို မေးကြည့်ရာ လှည်းသမားက ပြုံးရယ်၍ “ဒီအပဲ့ တွေဟာ ကြာလှပြီဗျ၊ ပြင်လိုက်ရင် နောက်ထပ် ပိုက်ဆံ ဘယ့်နှယ့်လုပ် အလှူခံမလဲဗျ” ဟုပြောလိုက်မှ ကောလိပ် ကျောင်းသားထက် သာသော လှည်းသမား များလည်း ရှိသေးကြောင်း သိရသည်။

“နို့ကွယ်၊ ရသေ့တွေ၊ ရသေ့မတွေ၊ ဖိုးသူတော်တွေ၊ မယ်သီလတွေ ပေါလှချည် ကလားကွဲ”့

“အဲဒီအထဲမှာ ခါတော်မီတွေ အများကြီး ပါတယ်ဗျ” ကျွန်ုပ်တို့ ဘုရားရှိခိုး နေစဉ် ပန်းသည်၊ ရွှေသည်၊ ရေသည်တို့၏ အနှောက် အယှက်ကို များစွာခံရ၏၊ ဘုရားရှိခိုး နေစဉ် ရေ ပန်း ရွှေ ၀ယ်ပါ ၀ယ်ပါဟု တစာစာ လိုက်၍ ပူစာနေ၏၊ ကျွန်ုပ်သည် ကလဲ့စား ချေလိုသည်နှင့် ရေ ပန်း ရွှေတို့ကို ဣနြေ္ဒနှင့် ရောင်းသော ဆိုင်တို့ တွင်သာ ၀ယ်ယူ လိုက်၏။

ကျောက်ကျီးကန်း ပါးစပ်ဘက်သို့ လာခဲ့ရာ လမ်းတွင် တောင်စောင်း တစ်ခု ဂူအတွင်း၌ ရသေ့ တစ်ပါးထံတွင် ဘုရားသွားတော် အစစ် ရှိသည်ဆို၍ ဂူအတွင်းသို့ ကျဉ်းကျဉ်း ကျပ်ကျပ်နှင့် ၀င်ခဲ့၏၊ ရသေ့က “သွားတော်”ကို လက်ဖြင့် ကိုင်၍ ခပ်လှမ်းလှမ်းက ပြ၏၊ သေသေချာချာ ကိုယ်တိုင် ကိုင်၍ ဖူးပါရစေဟု တောင်းသော အခါ-

“ဟဲ့-ဒကာရဲ့၊ လက်နဲ့ မကိုင် ကောင်းဘူး၊ ငရဲကြီး တတ်တယ်၊ ခပ်ဝေးဝေးကပဲ ဖူးတာပေါ့”

“နို့- ရသေ့တော့ ငရဲမကြီး ဘူးလား”

“ဟဲ့- ရသေ့ ဆိုတာ စင်ကြယ်တဲ့ သူတော်ကောင်း ဖြစ်တယ်၊ ဘယ်တော့မှ ငရဲမကြီးဘူး၊ မင်းတို့ လူလို မဟုတ်ဘူး”

ထိုအခါ ကျွန်ုပ်သည် ဘာမျှ ပြန်မပြောဘဲ အခွင့်ရသမျှ သေချာစွာ စူးစိုက်၍ ကြည့်ရာ သွားတော်၏ အတွင်းက ဘာရှိသည်ကို ကားမသိရ၊ အပြင်က မူကား စီးကရက် ဘူးထဲက ငွေရောင်ပြားကို ကပ်ထား သည်ကို မြင်တွေ့ ရ၏၊ သို့ကြောင့်လည်း ရသေ့ရှေ့က အလှူခံ ပိုက်ဆံခွက် ထဲသို့  တစ်ပြား တစ်ချပ်မျှ မထည့်ခဲ့ဘဲ ခပ်သုတ်သုတ် ပြန်၍ထွက်ခဲ့၏။

ဤသို့လျှင် ကျိုက်ထီးရိုးတော်၊ မုဆိုးတောင် တို့၌ အေးချမ်း ပျော်မြူးစွာ ခုနစ်ည ကြာကြ၏၊ ပြီးမှ ဆင်းခဲ့ကြ၏။

အပြန်လမ်းတွင် အင်းဝ စခန်းသို့ ရောက်ကြသော် ထွန်းမောင်၏ အဖြစ်ကို မေးမြန်း လိုသည်နှင့် ကျွန်ုပ်သည် အဖော်များနှင့် ခွဲ၍ ယခင် တဲငယ်ဘက်သို့ လာခဲ့၏။

တဲငယ်မှာ ကျွန်ုပ် ပထမ မြင်စဉ်က ကဲ့သို့ စုတ်ချာ ပျက်စီးနေသည် မဟုတ်ဘဲ အမိုးအကာနှင့် အတန်ပင် သပ်ရပ် ကောင်းမွန် နေသည်ကို တွေ့ရ၏၊ ခေါင်းရင်း ခန်းကလေး၌ အတန် အိုမင်းပြီး ဖြစ်သော အဘိုးအို၊ အဘွားအို နှစ်ယောက် ပုတီးစိတ်၍ နေကြ၏၊ ခြေရင်းပိုင်း မြေကွက်တွင် မီးဖိုတစ်ခု၌ လက်ဖက်ရည် ကရားနှင့် ရေနွေးအိုး ကျိုနေသော ၁၃-နှစ် ၁၄-နှစ် မိန်းကလေးကို မြင်ရ၏၊ ၎င်း အနီး၌ ၃-နှစ် ၄-နှစ်သား ခန့်ရှိ ယောက်ျား သူငယ်ကလေး တစ်ယောက် ဘူးသီးကြော် တစ်ခုကို စားနေ၏။

ကျွန်ုပ်ကို မြင်ကြလျှင် အဘွားအိုက “အလို-မောင်၊ လာပါ လာပါ၊ ဘယ်အရပ်က ပါလဲမောင်၊ ဘုရားဖူး အသွားလား၊ အပြန်လား၊ လာပါလာပါ ထိုင်ပါ” ဆို၍ နေရာ ပေးခြင်း၊ ကွမ်းအစ် ချခြင်းတို့ကို ပျာပျာသလဲ ပြု၏၊ “ဟဲ့-ဖွားမေ၊ ရေနွေးဆူပြီ မဟုတ်လား၊ လက်ဖတ်ခြောက် ခတ်ပြီး ယူခဲ့ဟေ့၊ သြော်-ဖွားမေ၊ ဟဲ့ဟို ထန်းလျက် ကလေး ရှိသေး မဟုတ်လား၊ တခါတည်း ထည့်ခဲ့ဟေ့၊ သောက်ပါ စားပါ မောင်ရယ်…” ဟု အလွန် ကြီးစွာသော စေတနာဖြင့် ဧည့်ခံလင့်၏။

အဘိုးကြီးက တစ်ဖန် “ငါ့မြေးက ဘုရားဖူး မဟုတ်လား”

“ဟုတ်ပါတယ် အဘိုးရယ်၊ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ကိုးရက် လောက်က တက်သွားပါတယ်၊ အခု ပြန်ခဲ့တာပါ၊ အဲဒီ တက်သွားတဲ့ နေ့က ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဒီတဲမှာ ကျန်ရစ်တယ်။ အဲဒါ အခု သူဘယ်သွား လေသလဲလို့ မေးချင်လို့ ၀င်လာတာပါ အဘိုးရဲ့”

ထိုအခါ အဘိုးကြီးနှင့် အမယ်ကြီးသည် ငေါက်ခနဲ တစ်ပြိုင်တည်း ဆန့်၍ “မောင်ထွန်းမောင်ကို မေးတာ မဟုတ်လား”ဟု သံပြိုင် မေးကြ၏။

“ဟုတ်ပါတယ်ခင်ဗျာ”

အမယ်ကြီးက ဆက်၍ “သြော်-မောင်က မောင်ထွန်းမောင်ရဲ့ သူငယ်ချင်းလား၊ ဒါဖြင့် မောင်လလည်း သူတော်ကောင်းပေါ့၊ အေး အေး၊ မောင်ထွန်းမောင်ရယ်၊ ခုမနက်ပဲ ရန်ကုန်ကို ပြန်သွားပြီ၊ သူတို့ ကျောင်းတက် ရမယ် ဆိုကိုးကွဲ့၊ ပြောလိုက် ပါရစေဦး မောင်ရယ်၊ ဒီလို သူတော် ကောင်းမျိုး ရှိတာ အဘွားတို့ အခု အသက်-၇၀ ရှိပြီ ကြားပဲ မကြားဖူးပေါင် မောင်ရယ်”

“မောင်ထွန်းမောင်ဟာ ဘုရားကို လိုက်မလာဘဲ ဒီကပဲ ပြန်သွားပုံကို ပြောပါဦး အဘွားရဲ့”

“ပြောပါပြီလား မောင်ရယ်၊ ဒီလိုကွဲ့၊ ငါတို့က အဲလို ကျိုက်ထိုကို သွားတဲ့ လမ်းနားမှာ ရှိတဲ့ မီးသွေးကုန်း ရွာကပါ၊ အဘွားတို့မှာ သမီး တစ်ယောက်ထဲ ရှိတယ်၊ သူအိမ်ထောင် ကျလို့ သားသမီး လေးယောက် ရပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ် လောက်ကပဲ သူ့ခင်ပွန်း အနိစ္စ ရောက်တယ်၊ သူ ကိုယ်တိုင်လည်း မနှစ်က ဆုံးပြန်ပါရော့၊ သား သမီး လေးယောက် အနက်က နှစ်ယောက်သာ အဖတ်တင်တယ်၊ ဟော- အခု မြင်တာ အကြီးဆုံးနဲ့ အငယ်ဆုံးပေါ့၊ ဒီကလေး နှစ်ယောက်ကို ငါတို့ပဲ မွေးရတော့ တာပေါ့၊

ငါတို့ကလည်း အိုအိုမင်းမင်း သူတို့ ကလည်း လူသား မမြောက်သေး၊ ပိုက်ဆံ ကြေးငွေ ကလည်း မပြည့်စုံ၊ တိုတို ပြောကြစို့ မြေးရယ်၊ ငါတို့ ထမင်း ရက်မှန်မှန် မစားရတာ ကြာပြီ၊ အဲဒါအခု ဘုရားဖူးများ လာတဲ့အချိန် ဒီအင်းဝ စခန်းမှာ တဲကလေး ထိုးပြီး ဖွားမေကိုပဲ ဘူးသီးကြော် ကလေး ကြော်ပြီး ရောင်းစေရ တာပဲ။

အဲ့ဒါနဲလည်း ထမင်း ရက်မှန်မှန် မစားရပါဘူး၊ ကံများ ဆိုးချင်တော့ လွန်ခဲ့တဲ့ နှစ်လ သုံးလက စပြီး ဟော- မောင့်အဘိုး ကြီးဟာ လူကလည်းအို၊ အစာရေစာ ၀လင် အောင်လည်း မစားရတော့ လဲပါရော မောင်ရေ၊ နောက် ဆယ်ရက် လောက်က အဖျား ၀င်လာပြီး သတိမရ တစ်ချက် ရတစ်ချက် နေပါရော၊ အဲဟို မောင်ထွန်းမောင် ရောက်တဲ့ နေ့က မြော့မြော့ပဲ ရှိတော့တယ်။

အဘွား ကိုယ်တိုင်လည်း မောင့်အဖိုး လိုပဲ အားနည်းပြီး လဲနေရာက နွေးနွေးမှ ခြုံစရာ မရှိ၊ အဲဒီအထဲ တဲကလေး ကလည်း မိုးမလုံတော့ အအေးမိပြီး အဘွားလည်း လဲပါရော မောင်ရေ့။

အဲဒီလို အဘွားတို့ အကျိုးအကန်း နှစ်ယောက်ကို မြေးမကလေး ဖွားမေက ချက်ပြုတ်ကျွေး နေရာက ဟော- ထင်းချိုးရာမှာ သံစူးလို့တဲ့၊ တစ်ခါထဲ ငန်းတွေ မန်းတွေ လိုက်ပြီး ပြည်တယ်လို့ မောင်ထွန်းမောင် ရောက်တဲ့ နေ့က ခြေထောက် မြှောက်ပြီး အော်နေရတာပဲ။

အဲဒီ မောင်ထွန်းမောင် လာကြည့်တော့ ငါတို့ ထမင်းရေစာ မစားရတာ နှစ်ရက်တိတိ ရှိနေပြီ မောင်ရဲ့၊ သေဖို့ အဆင့်သင့်ပဲ ဆိုပါတော့၊ ဟော ဟိုမြေး အငယ်ကို အဲဟို ဆိုင်စုမှာ သွားပြီး တောင်းရမ်း စားသတဲ့။

အဲဒီလို ငါတို့သေဖို့ အနေမှာ မောင့်သူငယ်ချင်း မြင်တော့ မေးသံကို ကြားပါရဲ့၊ ငါတို့ လူအိုနှစ် ယောက်ကတော့ စကား မပြန်နိုင် တော့ဘူး၊ ဖွားမေကသာ အအော် အငိုရပ်ပြီး ပြန်ပြောသံကို ကြား လိုက်ရတယ်။

အဲဒါနဲ့ မောင်ထွန်းမောင်ဟာ ပထမ အဘိုးကြီး ပါးစပ်ထဲကို ရေချပေးတယ်၊ နောက် နည်းနည်း လှုပ်လာတော့ ဟိုဆိုင်စုမှာ လက်ဖက်ရည်၊ ကော်ဖီရည်၊ ရေနွေး၊ စားစရာတွေ ၀ယ်လာပြီး ကော်ဖီ နွေးနွေး ကလေးကို အစက်ချပြီး တိုက်ပေး ရှာတယ်၊ အဘွားကိုလည်း ဒီလိုပဲ။
ဖွားမေကိုလည်း အနာကိုရေဆေး၊ ပြည်ဖောက်၊ ဆေးထည့် လုပ်တာနဲ့ မောင်ရယ် တစ်နာရီလောက် မှာပဲ သက်သာ သွားပါတယ်။

အမှန်ကတော့ ငါတို့ တစ်စုလုံး အစား အသောက် ချို့တဲ့လို့ ငတ်လို့ ဖြစ်ရတာ ကလားကွယ်၊ ငါတို့တော့ အရည် လောက်သာ သောက်နိုင် ကြပါတယ်၊ ဖွားမေတို့ မောင်နှမ နှစ်ယောက် ကတော့ ဖျားတာ မဟုတ်ဘူး၊ အဲဒါကို မောင်ထွန်းမောင်ရယ် သူ့လွယ်အိတ် ထဲက ပေါင်မုန့်၊ ငါးသေတ္တာတွေ တစ်ခါတည်း ထုတ်ကျွေးတယ်၊ ငတ်ငတ်နဲ့ စားလိုက် ကြတာ မောင်ရယ်၊ အဘွား တို့လည်း ဘေးက ကြည့်ရတာ အားရ ၀မ်းသာ တာနဲ့ အားပြည့် လာကြတာပဲ။

အဲဒါ သူကိုယ်တိုင် ငါတို့ကို ဆေးတိုက် ပြုစုတဲ့အပြင် သူကိုယ်တိုင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ်၊ အစုံ ၀ယ်ပြီး ချက်ကျွေး ရှာတယ်။ ဖွားမေကို အညှော် မိမှာ စိုးလို့တဲ့ မီးဖို နားတောင် မလာစေ ရဘူး၊ ပြီးတော့ ဟော… တဲကလေးကို ကြည့်ပါဦး၊ အခုတော့ သပ်သပ် ရပ်ရပ်ပေါ့၊ မောင်ထွန်းမောင် ရောက်စက အမိုးမလုံ၊ အကာတွေလည်း ပျက်ကျနေတယ်၊ လေပြင်းပြင်း တိုက်ရင် မခံနိုင်ဘူး၊ အဲဒီလို အနေမှာ မောင်ထွန်းမောင် ပါမကျန် ငါတို့ အကုန်လုံး ရွှဲရော ဆိုပါတော့၊ မောင်ထွန်းမောင် ဘာလုပ် သလဲသိလား၊ အနီးအနားက ဆိုင်စု အိမ်စုမှာ သက်ကယ်တို့၊ ထရံတို့ သူကိုယ်တိုင် သွားဝယ်ပြီး ကိုယ်တိုင် မိုးကာပေး ခဲ့တယ် မောင်ရယ်”

အဘွားအိုသည် စကားကို ဖြတ်၍ လက်အုပ် အထက်သို့ မြှောက်ချီကာ “ဘုရား သိကြားတော်၊ တပည့်တော် မရဲ့ မြေးကြီး မောင်ထွန်းမောင် ကျမ်းမာ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိ ပါစေနဲ့၊ ရေလိုအေးလို့ ပန်းလို မွှေးပါစေ…” ဆို၍ မျက်ရည် စမ်းစမ်းနှင့် ရှိခိုး ဆုတောင်း လေ၏၊ ကျွန်ုပ်တို့ ပတ်လည်ရှိ လူများကိုပင် မေ့နေဟန် ရှိ၏၊ အတန်ကြာမှ ဆက်ပြန်၍-

“ငါတို့ မိုးတွေစိုလို့ အေးကြ ချမ်းကြတော့၊ မောင့် သူငယ်ချင်း ဘုရားလောင်း ကြီးက ဟော- သူ့မှာ ပါတဲ့ အကျီတွေ၊ ပုဆိုးတွေ၊ မျက်နှာသုတ် ပ၀ါတောင် မကျန်ဘူး၊ အဲဒါတွေနဲ့ တစ်ခါထဲ ငါတို့ လေးယောက်ကို ပတ်ရံ ခြုံပေးတာပဲ၊ မိဘက သားသမီးကို ပြုစု သလိုပါပဲ မောင်ရယ်၊ သူကိုယ်တိုင်က တော့ စွပ်ကျယ် ကလေးနဲ့သာ နေတယ်၊ အောင်မယ် ဟော- မောင့် သူငယ်ချင်းက သတ္တိ ကောင်းက လားကွဲ့ ၊ မိုးကြီးပေမယ့် သူမချမ်း ဘူးတဲ့၊ ပြီးတော့ လူကြည့်တော့ လုံးရပ် တန်တန်ရယ်၊ နို့ပေမယ့် သူ့အသား တွေက သံခဲလို ပါကလားကွဲ့၊ ဟော-နေ့ခင်း နေ့ခင်းမှာ ဖွားမေတို့ မောင်နှမ နှစ်ယောက်ကို သူ့ လက်မောင်း သားကြီးတွေ ကြွက်သား ကြီးတွေကို ထုတ်ထုတ် ပြတယ်၊ မောင်နှမ နှစ်ယောက် သူ့လက်မောင်း ကြီးကို စီးစီးပြီး ကစားကြ တာပဲ၊ အင်မတန် ပျော်ကြတာပေါ့၊ ဒီသူငယ်ဟာ လူထူးပါကွယ်၊ သန်က သန်မာပါ ဘိနဲ့၊ ဘုရား လောင်းများ ဆင်ပြောင်ငါးစီး ဆယ်စီးအား ဆောင်နိုင်တယ် ဆိုတာပဲ ထင်ပါရဲ့ကွယ်။

နောက်တစ်နေ့ မနက် စောစော ဟိုအနား ခဏ သွားဦးမယ် ဆိုပြီး ထွက်သွား လိုက်တာ ညနေမှ ပြန်လာတယ်၊ တို့်တွေ ဆိုတာ တစ်နေ့ ခင်းလုံး သူ့ကို ထမင်းစား စောင့်နေ ကြတယ်၊ အနီးအနား လိုက်ရှာ ကြတယ်၊ အဲဒီမနက် ငါတို့ ထမင်း မစားဖြစ်ဘူး၊ ညနေကျလို့ ပြန်လာတော့မှ သိရတာက လက်စ သတ်တော့ သူ ဟို ကျိုက်ထိုကို သွားတာကိုး မောင်ရဲ့၊ ဟဲ့ ဖွားမေ၊ နင့်အစ်ကိုကြီး ၀ယ်ပေးခဲ့ တဲ့ အ၀တ် အစားတွေ ယူခဲ့စမ်း၊ ကိုင်း- မောင်ရင် ကြည့်တော့ ငါတို့ဖို့ သူဝယ် လာတာတွေ”

ထိုအခါ အဘိုး ကြီးသည် အထုပ် ခပ်ကြီးကြီး တစ်ခုကို ကောက်ယူ၍ “ဟောဒါက ကျုပ်အထုပ် မောင်ရဲ့၊ မောင့်ကို ပြရဦးမယ်” ဆိုကာ အထုပ်ကို ဖြေရသည်၊ အထုပ် အပေါ်က ကြိုးစေ့အောင် အပတ် ပေါင်း များစွာ ရစ်ပတ် ထား၏၊ ကြိုးတွေ ကုန်သောအခါ ပုဆိုးဟောင်း တစ်ထပ်၊ နောက် ပိတ်ဖြူ တစ်ထပ်၊ နောက် စက္ကူ သုံးလေးထပ် အလွန် သေချာစွာ ထုပ်ထား သည်ကို တွေ့ရ၏၊ နောက်ဆုံး အထပ် ကုန်လေမှ လုံချည် အညိုရောင် တစ်ထည်၊ အတွင်းခံ အကျီတစ်ထည်၊ အပေါ်အကျီ တစ်ထည်၊ ခေါင်းပေါင်း ပ၀ါ တစ်ထည်၊ ပခုံးတင် ပိတ်ဖြူစ တစ်ထည်တို့ ထွက်လာ လေ၏။

ထိုလေးထည်သော အ၀တ်တို့ကို အဘိုးကြီးသည် ယုယ မြတ်နိုးစွာ ကိုင်တွယ်၍ “အဲဒါ ကျုပ်မြေးရဲ့ ကုသိုလ် တွေပဲ မောင်ရယ်၊ ကျုပ်အဘိုး အဘ ဒီလို မပေးခဲ့ ဖူးပါဘူး၊ ကျုပ် သားသမီး တွေလည်း မပေးခဲ့ဖူးဘူး၊ ကိုယ်တိုင်လည်း ၀ယ်ပြီး မ၀တ်နိုင် ခဲ့ဖူးဘူး၊ ဒီအ၀တ် လေးထည်ကို ကျုပ် ဘာလုပ်မလဲ သိလား၊ ဥပုသ် နေ့တိုင်း ၀တ်ဆင်ပြီး ဥပုသ် စောင့်မယ်၊ အခု စိတ်ကူး တာကတော့ ကျုပ်မြေး ကုသိုလ် ပွားအောင် နေ့တိုင်းပဲ ရှစ်ပါးသီလ စောင့်ပြီး သူ့အ၀တ် တွေနဲ့ အရိုးထုတ် တော့မယ်၊ ကျုပ် သေတဲ့ အခါ ဒီအ၀တ်တွေ ကျုပ်တို့ဆရာ ဘုန်းကြီးကို လှူလိုက်ဖို့ မှာပြီးပြီ မောင်ရဲ့”

ဖွားမေ ကလည်း မိမိအထုပ်ကို အားပါးတရ ဖြေကာပြ၏၊ ပိုးသား လုံချည်၊ အကျီ၊ ဘီး၊ မှန် စသည်ဖြင့် မိန်းမ အသုံးအဆောင် အတန် များများ တွေ့ရ၏၊ “အဲဒါတွေ ကျွန်မရဲ့ အစ်ကိုကြီး ၀ယ်ပေးခဲ့ တာရှင့်၊ ကျေးဇူး တင်လိုက်တာ အစ်ကိုကြီးရယ်၊ ကျွန်မလေ ညတိုင်း ညတိုင်း အိပ်ခါနီးကို ဦးသုံး ကြိမ် ချပါတယ်၊ အစ်ကို ကြီးလည်း ပြန်သွားပြီ၊ သိပ် အောက်မေ့ တာပဲ” ဆို၍ မျက်ရည် လည်လာ လေ၏၊ အနားတွင် အစ်မ၏ မျက်နှာကို စိုက်ကြည့် နေသော မောင်ကလေး မှာလည်း မဲ့တဲ့တဲ့ ဖြစ်၍ လာလေ၏။

အဘွားကြီးက ဆက်၍ “အဲဒါ သူအပြုအစု ကောင်းတာနဲ့ ငါတို့ အတော် အတန် ထူထောင် လာကြတာ ပါပဲ၊ သူနေလို့ လေးငါးရက် ရှိတော့ ငါတို့လည်း မာပါပြီ၊ မင်း ဘုရားကို သွားဖို့ဟာ သွားတော့ လေလို့ ပြောတော့၊ အဘွားရယ်တဲ့၊ ဘုရားကို သွားဖူး တာထက် ဘုရားစကား နားထောင်တာ ပိုပြီး ကုသိုလ်ရ တယ်တဲ့၊ ပြီးတော့လည်း ဘုရားသွားဖို့ အချိန်မရှိ တော့ဘူး၊ ကျောင်းဖွင့် မီအောင် ပြန်ရမယ်တဲ့၊ သူဘုရားမှာ ရွှေချဖို့ ပန်းလှူဖို့ မှန်းခဲ့တဲ့ အတွက် ငွေကိုလည်း အဘွားတို့ ကိုပဲ လှူခဲ့မယ် ဆိုပြီး ငွေဒင်္ဂါး ပြားရေ ၃၀-ကျပ် တိတိ ငါတို့ကို ပေးသွားတယ်၊ အခု ငါတို့ အသက် ၇၀-ရှိပြီ၊ ကိုယ်ပိုင် အဖြစ်နဲ့ တစ်ခါမှ ငွေ-၃၀ ကျပ်ပြည့်အောင် မကိုင်ခဲ့ ရဘူး၊ ဒီလိုလူမျိုး တွေ့ဖူးဖို့ ထားလို့ ကြားတောင် မကြားဖူး ပါဘူးကွယ်၊ ဟော မောင့်အဘိုး ကဖြင့် လူမဟုတ်ဘူး၊ နတ်သိကြားများ လူယောင် ဆောင်လာ တာလို့ အခုထက်ထိ အတပ်စွဲ နေတုန်းပဲ”

ထိုအခါ အဘိုးကြီးက ၀င်တဲ့၍ “ဟဲ့- မယ်တုတ်ကဲ့၊ အခု ဒီမောင်ရင်က သူ့သူငယ်ချင်း ဆိုလို့သာ နေလိုက် ရတယ်၊ ငါတော့ ဧကန္တ နတ်သိကြား ပဲလို့ စွဲလမ်း နေတုန်းပဲ၊ ကြည့်လေ၊ ငါအလကား ပြောတာ မဟုတ်ဘူး၊ ငါတို့ ဆရာဘုန်းကြီး ဟောဖူးတယ်၊ ဟဲ့-ဒကာကြီး ဖိုးခွေးတဲ့၊ ငါးပါးသီလ မြဲပြီး မေတ္တာပို့ပြီး ဣတိပိသော ဂုဏ်တော်ကို တစ်နေ့ကို အနည်းဆုံး ၁၀-ပတ် ရအောင် စိပ်တဲ့၊ အကျဉ်း အကျပ် တွေ့ရင် နတ်သိကြားများ လာပြီး ကယ်မတတ် တယ်တဲ့၊ အဲဒါ လွန်ခဲ့တဲ့ ၁၅-နှစ် လောက်စပြီး ဘုန်းကြီး စကားအတိုင်း စောင့်ထိန်းပြီး ပုတီးမှန်မှန် စိပ်ခဲ့တာ ညည်းအသိပဲ မဟုတ်လား၊

အဲ-ဟိုနေ့ ငါပက်လက် ကလေး မြော့နေတော့ ဆရာ ဘုန်းကြီးရဲ့ အဆုံးအမနဲ့ ဂုဏ်တော်ကို သတိရပြီး ဂုဏ်တော်ကို နှလုံးသွင်း နေတယ်၊ တော်တော်ကြာ ပါးစပ်ပေါ် ရေစက် ကျလာတော့၊ အင်း-သိကြားမင်း ရေစင် ဖျန်းလာ ပေါ့လို့ ငါယုံကြည် လိုက်တယ်၊ လူပုံ သဏ္ဌာန်နဲ့ တောက်ပြောင် အေးကြည် နေတဲ့ မျက်နှာကို ငါမြင်ရတယ်၊ ဟဲ့- မယ်တုတ်ကဲ့၊ လူရိုးရိုးဟာ ဒီလောက် ကောင်းနိုင်ပါ့ မလားဟဲ့၊ လူမမာ လေးယောက်ကို ဆေးကု၊ ပြုစု၊ ကျွေးမွေး၊ ၀တ်ဆင်၊ အိမ်ကို မိုးကာ ပေးပြီးတော့ ငွေ ၃၀-ကျပ် င့်မကြီးကို ပေးတာဟာ လူရိုးရိုး ဟုတ်နိုင့်ပါ့ မလားဟဲ့၊ ဒို့ဆရာ ဘုန်းကြီး ပြောဖူးတယ်၊ နတ် သိကြားများ လူယောင်ဆောင် လာရင် အရိပ် မထွက်ဘူး၊ မျက်တောင် မခတ်ဘူးတဲ့၊ ငါဖြင့် မောင်ထွန်း မောင်ရဲ့ အရိပ်ထွက်တာ၊ မျက်တောင် ခတ်တာ မမြင်မိဘူးဟဲ့၊ ပြီးတော့ ရုပ်ရည်ကလည်း သန့်ပါဘိ သနဲ့၊ ငါဖြင့် ဒီလို ချောတဲ့လှတဲ့ ယောက်ျား ကလေး မြင်ဖူး ပေါင်ဗျာ”

“အို-ကိုဖိုးခွေး ကလည်း လူတော့ လူအစစ် ပါတော့၊ လူရိုးရိုး မဟုတ်တာတော့ အမှန်ပဲ၊ ဧကန္တ အလောင်း အလျာ တစ်ခုခုတော့ ဖြစ်မှာပဲ၊ ကိုင်း- မောင်ရယ်၊ မောင်ထွန်းမောင်ရဲ့ သူငယ်ချင်း ဆိုရင်ဖြင့် အဘွားတို့ တဲမှာ တစ်ည လောက်တော့ တည်းပါဦး မောင်ရယ်၊ သူ့ငွေထဲက အလှူဦး ပြုပြီး ထမင်း တစ်နပ်တော့ ကျွေးလိုက် ပါရစေ၊ သံဃာတော် ဆွမ်းကျွေး ဖို့တော့ ငွေ ၅-ကျပ် ဦးချပြီး ဖယ်ထား ပြီးပါပြီ”

ထိုအခါ ကျွန်ုပ်မှာ အလွန် ပီတိဖြစ်၍ တစ်ည တည်းရန် ၀န်ခံလိုက်၏။ ညအိပ်ရာ ၀င်သောအခါ ကျွန်ုပ်၏ စဉ်းစားခန်း ပေါ်လာလေ၏။

“အင်း- ထွန်းမောင် ကြီးဖြင့် ဘုရားဖူး လာရကျိုး နပ်လေပြီ၊ ထွန်းမောင်ရဲ့ ကုသိုလ်ကို ငါအားကျ လှသည်၊ ငါကြားဖူး သည်ကား မြတ်စွာဘုရား ရှိစဉ်က တောနယ်မှ ရဟန်းနှစ်ပါး ဘုရားကို ဖူးမြော်ရန် လာကြသတဲ့၊ လမ်းခရီးမှာ ရေငတ်ကြ သဖြင့် ရေသောက် ကြမည် ရှိရာ ရေစစ် မပါကြ သည်နှင့် တစ်ပါးသော ရဟန်းက မြတ်စွာ ဘုရားသည် ရေစစ်နှင့်မှ ရေသောက် ရမည် ပညတ်ချက် ထားသည်၊ ယခုရေစစ် မရှိခဲ့၊ ဘုရားကို ကြည်ညိုသည် ဆိုသည်မှာ ဘုရား စကားကို နားထောင်မှ ကြည်ညိုရာ ရောက်သည်၊ ထို့ကြောင့် ရေမသောက်ဘဲ အသက် သေစေတော့ဟု ဆုံးဖြတ် လိုက်၏။

တစ်ပါးသော်ကား ဘုရား ဆိုသည်မှာ အလွန် ဖူးမြင်ရခဲ၏၊ ပထမ ရဟန်းသည် လမ်းတွင် ပျံလွန်ခဲ့၏။ ဒုတိယ ရဟန်းကား ဘုရားထံ ရောက်၍ အဖြစ်အပျက်ကို ပြန်လှန် လျှောက်ထားသော အခါ မြတ်စွာ ဘုရားက ဘုရားစကား နားထောင်၍ လမ်းတွင် အသေခံသော ရဟန်းကိုသာ ချီးမွမ်းတော် မူသတဲ့၊

ယခုလည်း ငါတို့ နှစ်ယောက်နှင့် တူလေစွ။ငါ့မှာ ကျိုက်ထီးရိုး ဘုရား ကိုတော့ ရောက်ပါရဲ့၊ ရောက်တော့ ဘာလုပ် သလဲ၊ ဘုရားကို ပုဆိန်ပေါက် ရှိခိုးတယ်၊ အနား ပတ်လည်က ဆူဆူ ညံညံနှင့် အာရုံစူးစိုက်၍ ရှိမခိုး ခဲ့ရ၊ ၎င်းနောက် သူငယ်ချင်း တို့နှင့် လျှောက်၍ ပျော်ခဲ့တယ်၊ ဟားတိုက် သီချင်းဆို၊ ဖဲကစား… အဲဒါတွေနဲ့ အချိန် ကုန်တာပဲ၊ အခု ထွန်းမောင်ကို အားကျလို့ အဘိုးကြီး၊ အဘွားကြီး တို့ကို ပိုက်ဆံ ပေးချင်လို့ ကြည့်တော့ လှည်းခနဲ့ ရထားခသာ ကျန်တော့တယ်၊ ပိုက်ဆံ တစ်ပြားမှ မပို တော့ဘူး၊ ဟို ကုန်းတော်များ တုန်းက တို့လူစု မြေလတ်က အပျို တစ်စုနဲ့တွေ့လို့ အလွမ်းသင့် ပိုးပမ်းပြီး ဟိုဆိုင် ဧည့်ခံလိုက်၊ ဒီဆိုင် ဧည့်ခံလိုက်နဲ့၊ သုံးလေးရက် တို့လူစု ပိုက်ဆံဖြုန်း လိုက်ကြတာ၊ ဘုရားလှူဘို့ မှန်းထားတဲ့ အထဲက သုံးပုံ နှစ်ပုံလောက် ပါသွားတာပဲ၊ အဲဒီ ပိုက်ဆံတွေ အခုငါ နှမြောလိုက် လှတယ်။

ငါဘုရားဖူး ရတာ မယ်မယ်ရရ အကျိုး ဘာမျှ မထင်ပါတကား။ နတ်ကတော်၊ ရသေ့၊ ရသေ့မ၊ ဖိုးသူတော်၊ မယ်သီလ၊ ပန်းသည်၊ ရေသည် အချို့တို့ကို စိတ်မကျေနပ်၊ လည်ပတ်၊ ပျော်ရွှင် ဒါတွေနဲ့သာ အချိန်ကုန် ခဲ့တယ်၊ အင်း-အခု ငါတို့ပြည်မှာ ရတနာ သုံးပါးကို အကြောင်းပြပြီး လုပ်ကြတဲ့ ပွဲအမျိုးမျိုး တွေကို သတိရလိုက် ပါဘိတယ်၊ ငါဘုရားကို ရောက်သော်လည်း ဘုရား စကားကို နားထောင်တဲ့ မောင်ထွန်းမောင်ရဲ့ ကုသိုလ်မျိုးကို ဘယ်မှာ မီနိုင်မလဲ” စသည်ဖြင့် စိတ်ကူး တွေးတောကာ မပျော် တစ်ချက် ပျော်တစ်ချက်နှင့် မိုးလင်းရ လေ၏။

♠♠♠

နံနက်တွင် ကျွန်ုပ် ပြန်တော့ မည်ဟု နှုတ်ဆက်လေရာ အဘိုးကြီးက “အေး အေး- ပြန်ဦးတော့ မောင်ရယ်၊ မောင်တို့ ကျန်းမာ ချမ်းသာ ကြပါစေ ဆိုတာ အဘိုး ဆုတောင်းပါတယ်၊ မောင်ထွန်းမောင် ကိုပြောပါ၊ သူဝယ် ပေးခဲ့တဲ့ အ၀တ် အစားတို့ကို အဘိုး ဘယ်လို စီမံထားတယ် ဆိုတာ၊ အေးအေး-သွားတော့ မောင်ရေ၊ ဘုန်းကြီးပါစေ၊ သက်ရှည် ပါစေကွယ်” အဘွားကြီးက “သွားတော့ မောင်ရေ၊ သွားတော့၊ အဘွားတို့ မသေခင် မောင်ထွန်းမောင်ကို တစ်ခါတော့ တွေ့ချင် သေးသကွယ်၊ မိုးမကျခင် အဘွားတို့ ကျမ်းမာ ရင်ဖြင့် ရန်ကုန်ကို ဘုရားဖူး လာခဲ့မယ်လို့ ပြောလိုက်ပါ မောင်ရယ်၊ အခု အဘွားတို့ နှစ်ယောက် သေသည် အထိ ရှစ်ပါးသီလ စောင့်ဖို့ အဓိဋ္ဌာန် ပြုပြီးတဲ့ အကြောင်း ပြောပါလေကွယ်၊ အေးအေး- သွားတော့ မြေးရေ သွားတော့”

ဖွားမေက “အစ်ကိုကြီး ထွန်းမောင်ဖို့ လက်ဆောင် ပေးလိုက် ပါရစေ၊ ဟောဒါက ကျိုက်ထီးရိုး တောင်ဖြစ် ၀ါးဆေးတံ၊ ဒါက သစ်ခွ ပန်းခြောက် တစ်ခု၊ ဟောဒါက ကျွန်မ အရင် ဖျားတုန်းက ဖြတ်ထားတဲ့ ဆံစု၊ အဲဒီဆံစုကို တစ်ဝက်ခွဲပြီး ဘုရားကို တစ်ဝက်လှူပါ။ တစ်ဝက်ကို အစ်ကိုကြီး ထွန်းမောင် သိမ်းယူထား ပါလို့ပြောပါ၊ ကျွန်မ မသေခင် တစ်ခါတော့ ရောက်အောင် လာမယ်လို့ လည်းပြောပါ၊ သူ့လိပ်စာကို ကျွန်မ တောင်းထား လိုက်တယ်၊ ပြီးတော့ ရှိခိုး လက်ဆောင်လည်း ပေးလိုက် ပါရစေ၊ သြော်- အစ်ကိုကြီး၊ အခုနေ ရန်ကုန် ဘယ်ဆီမှာလဲ”

ကျွန်ုပ်က ရန်ကုန် ရှိရာသို့ ညွှန်ပြ လိုက်သော အခါ ဖွားမေသည် တစ်ပတ်နွမ်း တစ်ထည်ကို တင်၍ ရန်ကုန် (ထွန်းမောင် ရှိရာသို့) ဘက်သို့ ရိုသေ လေးမြတ်စွာ လှည့်၍ ဦးသုံးကြိမ် ချကာ “အစ်ကိုကြီးကို ဦးသုံးကြိမ် ကန်တော့ လိုက်ပါတယ်” ဆို၍ ဦးသုံးကြိမ် ချလေသည်၊ ထိုအခါ ကလေးမ၏ မျက်ရည် တို့သည် ကျပြန် လေ၏။

ကျွန်ုပ်သည် ခြေလေးလေးဖြင့် ထွက်ခဲ့ရာ ဖွားမေတို့ မောင်နှမသည် ကျွန်ုပ်၏ လွယ်အိပ်ကို ယူဆောင်၍ လှည်းဆိပ် အထိ ပို့ကြ၏၊ လှည်းသည် တအိအိနှင့် လိမ့်သွားရာ ဖွားမေတို့ မောင်နှမသည် မျက်နှာ ငယ်ငယ်ဖြင့် ငေးမျှော်၍ ကျန်ရစ်ကြ ရှာလေ သတည်း။

ကျွန်ုပ်သည် ထွန်းမောင် အခန်းသို့ ၀င်ခဲ့၏၊ ထွန်းမောင်က “အလို- မင်းပြန်လာ ပြီလား၊ မင်းဘုရားဖူး ခဲ့ရတာ အမျှဝေ ပါဦးကွဲ့”

“မသရော်ပါနဲ့ကွယ်၊ ငါ့မှာ အမျှဝေစရာ ကျကျနန တစ်ခုမှ မပါခဲ့ဘူး၊ (မျက်နှာ ငယ်ငယ်နှင့် ပြောသည်) ဟေ့- မင့်အကြောင်းတွေ ငါကြားခဲ့ သိခဲ့ပြီ၊ မင်းကုသိုလ် အင်မတန် ထူးမြတ်တာပဲ၊ ငါ့ကို အမျှဝေ စမ်းပါကွယ်၊ သူငယ်ချင်းရယ်”

“ဟင်- ဘုရား ရောက်တဲ့ လူက လမ်းက ပြန်လာတဲ့ လူကို အမျှဝေခိုင်း နေသလားကွဲ့၊ မင်းကလည်း ရူးကြောင်ကြောင်နဲ့”

“ငါမရူးဘူး၊ ငါတကယ် ပြောနေတာ၊ ငါဟာ ကျိုက်ထီးရိုး ဆိုတဲ့ စေတီနားတော့ ရောက်ခဲ့တာ မှန်တယ်၊ နို့ပေမဲ့ မင်းကတော့ သမ္မာ သမ္ဗုဒ္ဓ ဘုရားအစစ် ဆီကို ရောက်ခဲ့ တယ်လို့ ဆိုရမယ်၊ ဒါကြောင့် ငါ့ကို အမျှဝေ ပါကွယ်”

“ဟေ့- မင်းစာကလေး ဘာကလေး အကြည့်ဖူးသား မဟုတ်လား၊ ငါက အမျှဝေမှမင်းရနိုင်တာ မဟုတ်ဘူး၊ မင်း ၀မ်းမြောက်ပြီး ကိုယ့်ဘာသာ ကိုယ် သာဓု ခေါ်နိုင်သလောက် ကုသိုလ်ရတာ ပဲကွဲ့”

“အဲဒါ ငါသိတယ်၊ ဘာဖြစ်ဖြစ် မင်းပါးစပ်က မြွတ်ဆိုပြီး ပေးတာကို ငါကြား ချင်တယ်၊ ငါသာဓု ခေါ်ချင်တယ်၊ ဆင်ခြေ ဆင်လက်တွေ လုပ်မနေနဲ့ကွယ်၊ ငါကြည်ညို လွန်းလို့ပါ၊ မင့်ပါးစပ်နဲ အမျှဝေ စမ်းပါ”

“ကိုင်းဒါဖြင့်လည်း အမျှဆိုတာ အဖို့ဘာဂ ဆိုလိုတယ်၊ ငါကတော့ အဖို့တွေ အဖဲ့တွေ လုပ်မနေ ပါဘူး၊ ငါ့ကုသိုလ် အကုန်လုံး ကိုပဲ ပေးပါတယ်ဗျာ၊ အကုန်လုံး ယူပါလေတော့”

ထိုအခါ ကျွန်ုပ်သည် သာဓု လေးလေး နက်နက် ခေါ်ပြီးမှ

“မင်းကိုငါ ကျေးဇူး တင်တာ တစ်ခု ရှိသေးတယ်”

“ဘာလဲ ”

“မင်းကငါ့ကို ဘုရားဖူးနည်း နည်းကောင်း နည်းမွန် တစ်ခု သင်ပေးတဲ့ အတွက်ပေါ့”

(မှတ်ချက်။ ။ဤ၀တ္ထုတွင် ဘုရား ကြည်ညို နည်း၌ ဗုဒ္ဓဘာသာကို အရင်းတည်၍ ပြခြင်းမှာ မြန်မာ နိုင်ငံတွင် အများ အားဖြင့် ကိုးကွယ်သော ဘာသာကြီး ဖြစ်၍ ပုံစံ အနေ ဖြင့်သာ ပြုခြင်း ဖြစ်သည်၊ အခြား ဘာသာဝင် တို့အတွက်ကား သဘော တရားမျှသာ ယူရန်ဖြစ်၏)

*********************************************

ဓမ္မမေတ္တာ ဘလော့မှ ကူးယူမျှဝေ ကုသိုလ်ခြွေသည်။ ဓမ္မမိတ်ဆွေများ အားလုံး သာဓု ခေါ်နိုင် ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

4/25/2009, SAT:, 12:00:21 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP