* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 29, 2010

နကုလပိတာ နကုလမာတာ

ကြာပန်းသည်
ရေကို မှီ၍ ဖြစ်သကဲ့သို့
အချစ်သည် …
ရှေးက အတူနေခဲ့ဖူးခြင်း,
ပစ္စုပ္ပန်၌ အကျိုးဆောင်ပေးခြင်း
ဟူသော အကြောင်းနှစ်ပါးကြောင့် ဖြစ်ပေါ်လာ၏။
ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန ၀ါ။
ဧ၀ံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။ (ဒုကနိပါတ်၊ သာကေတဇာတ်)
ဘုရားရှင် လက်ထက်က နကုလပိတာနှင့် နကုလမာတာဟူသည့် အလွန် ရင်းနှီး ချစ်ခင်ကြသော ဇနီးမောင်နှံ ရှိခဲ့ဖူးသည်။ နကုလပိတာနှင့် နကုလမာတာ ဟူသော အမည်များသည် အမည်ရင်းများ မဟုတ်ကြ။ နကုလ၏ အဖေနှင့် အမေဟု အဓိပ္ပါယ်ရသည်။ သူတို့ ဇနီးမောင်နှံအား ဘုရားရှင်က ၀ိဿာသကအရာ၌ ဧတဒဂ် ထားတော်မူ၏။ တစ်ဦးနှင့် တစ်ဦး ယုံကြည် ရင်းနှီး အကျွမ်းဝင်မှု (mutual trust and harmony) ရှိရာတွင် အသာဆုံး, အမြတ်ဆုံး ဇနီးမောင်နှံဟု အင်္ဂလိပ်ဘာသာပြန်များတွင် ဖော်ပြလေ့ရှိကြသည်။ မြန်မာဘာသာပြန်နှင့် နိဿယများတွင် (သတ္ထုဝိဿာသိကဘာဝံ စသော အဋ္ဌကထာအဖွင့်တို့ကို မှီး၍) ဘုရားရှင်နှင့် ရင်းနှီး ကျွမ်းဝင်သော စကားကို ဆိုလေ့ရှိသူတို့တွင် အသာဆုံး, အမြတ်ဆုံး ဇနီးမောင်နှံဟု ဖော်ပြကြပါသည်။

နကုလပိတာတို့ ဇနီးမောင်နှံသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့မှ ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သုသုမာရဂိရိမြို့တောင်ဖက်ရှိ ဘေသလကတောအုပ်တွင် အဋ္ဌမမြောက် ၀ါဆိုရန်အတွက် ကြွရောက်လာသောအခါ မြို့သူမြို့သားတို့က ကြိုဆို ဖူးမြှော်ကြ၏။ ထိုဇနီးမောင်နှံတို့သည် ဘုရားရှင်အား ဖူးမြင်ရသောအခါ သားအရင်းသဖွယ် ချစ်ခင်ရင်းနှီးသည့်စိတ် ဖြစ်ပေါ်လာ၍ ဘုရားရှင်၏ ခြေတော်ရင်း၌ ဦးခိုက်ကာ “သား… ဘာကြောင့်များ မိဘနှစ်ပါးအား ဤမျှလောက်ကြာအောင် ပစ်ထားရပါသနည်း” ဟု တရင်းတနှီး ပြောဆို၏။ ထိုဇနီးမောင်နှံတို့သည် ဘ၀ပေါင်း ငါးရာ မိဘတော်စပ်ခဲ့ဖူး၍၊ ဘထွေး, ဘကြီး, ဦးရီး, မိထွေး, မိကြီး, အရီးစဖြင့် ဘ၀ပေါင်း ငါးရာစီ ဆွေမျိုးရင်းအခြာ တော်စပ်ခဲ့ကြဖူးသောကြောင့် သားဟူသော အမှတ်ဖြင့် လေးမြတ်ချစ်ခင်သော စိတ်ဖြစ်ကြောင်း ဟောကြားတော်မူ၏။ တရားအဆုံးတွင် နကုလပိတာနှင့် နကုလမာတာတို့သည် သောတာပန် ဖြစ်ကြသည်ဟု အင်္ဂုတ္တရနိကာယ် အဋ္ဌကထာတွင် ဖော်ပြထား၏။

*****
အခါတစ်ပါးက နံနက်ဆွမ်းခံချိန်တွင် ဘုရားရှင်သည် နကုလပိတာ သူကြွယ်အိမ်သို့ ကြွရောက်တော်မူ၏။ ထိုအခါ ဇနီးမောင်နှံတို့က “မိမိတို့သည် ငယ်ရွယ်စဉ်ကပင် ထိမ်းမြှား လက်ထက်ခဲ့ကြပြီး၊ တစ်ပါးသူတို့အား ကိုယ်ဖြင့် မဆိုထားဘိ, စိတ်ဖြင့်ပင် မလွန်ကြူးခဲ့ကြဖူးပဲ တစ်ဦးအပေါ် တစ်ဦး သစ္စာရှိကြောင်း၊ ယခုဘ၀တွင်သာမက နောင်ဘ၀များတွင်ပါ ပြန်လည် ဆုံဆည်းကြလိုကြောင်း” လျှောက်ထားကြသည်။ နကုလပိတာတို့ ဇနီးမောင်နှံ၏ အာသီသကို ဗုဒ္ဓက ကဲ့ရဲ့ ဝေဖန်ခြင်းမပြုဘဲ၊ သမဇီဝီခေါ် အတူတကွ မျှတစွာ နေထိုင်ရနိုင်မည့် အကျင့်လေးမျိုးကို ဟောကြားတော်မူခဲ့သည်။

(၁) သမသဒ္ဓါ - တူမျှသော ယုံကြည်ခြင်း
(၂) သမသီလာ - တူမျှသော အကျင့်သီလ
(၃) သမစာဂါ - တူမျှသော စွန့်ကြဲ ပေးကမ်းမှု
(၄) သမပညာ - တူမျှသော အသိပညာ
ဤသို့သော အချက်လေးချက် တူမျှအောင်အားထုတ်ပါက ယခု မျက်မှောက်ဘ၀တွင် သာမက တမလွန်ဘ၀၌ပင် အတူတကွ ဆုံဆည်းကြရမည်ဟု ဟောကြားတော်မူ၏။

ဗုဒ္ဓ၀ါဒ၏ အဓိကပန်းတိုင်သည် သတ္တ၀ါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်ထုတ်ရန် ဖြစ်သည့်အားလျှော်စွာ ဘ၀ကို တောင့်တခြင်းအား ဗုဒ္ဓမြတ်စွာက ချီးမွန်းပြောဆိုလေ့ မရှိသည့်တိုင်၊ နကုလပိတာတို့ ဇနီးမောင်နှံ၏ ရာသက်ပန် ရိုးမြေကျ ပေါင်းသင်းလိုယုံမက နောင်ဘ၀များတွင် ပြန်လည် ဆုံဆည်းလိုသည့် ဆန္ဒအား ပြစ်ပယ် ငြင်းဆန်ခြင်း မပြုခဲ့ပါ။ လူ့ဘောင်ဘ၀ထဲတွင် အေးချမ်း သာယာစွာနေထိုင်နိုင်မည့် အကျင့်များ, တမလွန်ဘ၀ ကောင်းစားမည့် အကျင့်များကိုလည်း နာကြားသူတို့၏ စရိုက်နှင့် အာသယအလိုက် ဟောကြားတော်မူလေ့ ရှိပါသည်။ ဒီဃနိကာယ် သိင်္ဂလောဝါဒသုတ်၌လည်း လင်ကျင့်ဝတ်, မယားကျင့်ဝတ်တို့ကို ဟောကြားဖူးပါသည်။

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင်လင်ကျင့်ရာ။

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချိ
ပျင်းရိမမူ၊ ၀တ်ငါးဆူ
အိမ်သူကျင့်အပ်စွာ။
*****
ထို့အတူပင် နကုလမာတာအားလည်း မယားကောင်းတို့၏ အကျင့် (၈) မျိုးကို ဟောကြားထားဖူး ပါသည်။

(၁) ခင်ပွန်းသည်၏ ရှေးဦးစွာ နိုးထ၍ နောက်ကျမှ အိပ်ခြင်း, အလိုက်သိစွာ နာခံခြင်း, နှစ်သက်ဖွယ် အမူအကျင့်ရှိ၍ ချိုသာစွာ ပြောဆိုခြင်း
(၂) မိမိ၏ ခင်ပွန်း လေးစားသော “မိဘ, ရဟန်း, ပုဏ္ဏား” တိုအား အရိုအသေ အလေးအမြတ်ပြုခြင်း
(၃) အိမ်တွင်းမှု ကိစ္စများတွင် ကျွမ်းကျင်လိမ္မာခြင်း
(၄) အလုပ်သမား, အစေခံတို့ “အလုပ် လုပ်သည်, မလုပ်သည်, ကျန်မာရေး ကောင်းသည်, မကောင်းသည်”ကို သိနားလည်ခြင်း၊ စားသောက်ဖွယ်ရာတို့ကို ခွဲဝေပေးခြင်း
(၅) ခင်ပွန်းသည်၏ ငွေကြေး, ပစ္စည်းဥစ္စာတို့အား မခိုးမ၀ှက်, မပျက်မစီးစေဘဲ လုံခြုံအောင် ထိန်းသိမ်းခြင်း
(၆) ဘုရား, တရား, သံဃာတို့ကို ကိုးကွယ် ဆည်းကပ်ခြင်း
(၇) ငါးပါးသီလကို လုံခြုံအောင် စောင့်စည်းခြင်း
(၈) ၀န်တိုမှုကင်း၍ စွန့်ကြဲပေးကမ်းတတ်ခြင်း
ဤသို့သော မယားကောင်းတို့၏ အကျင့် (၈) ပါးတို့နှင့် ပြည့်စုံပါက သေလွန်လျှင် “မနောမယိကာ” ခေါ် မိမိစိတ်အလိုကျ ဖြစ်စေနိုင်သော နိမ္မာနရတိနတ်သမီးအဖြစ် ရောက်စေနိုင်သည်ဟု ဟောကြားတော်မူခဲ့သည်။

*****
နကုလပိတာတို့ ဇနီးမောင်နှံသည် မိမိတို့ အချင်းချင်း သော်လည်းကောင်း, ဘုရားရှင် အပေါ်၌ သော်လည်းကောင်း “ဂေဟဿိတ ပေမ” ခေါ် မိသားစုအချစ် သံယောဇဉ် ကြီးမားလှသော်လည်း၊ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို လစ်လျှူရှု ထားသူများ မဟုတ်ကြပါ။ တစ်ခါက နကုလပိတာသည် “ကိလေသာမှ မငြိမ်းအေးနိုင်ကြရသည့် အကြောင်းရင်း” အား ဘုရားရှင်ထံ မေးလျှောက်ခဲ့ဖူးသည်။

နှစ်သက် မြတ်နိုးဖွယ်ကောင်းသော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, အတွေးအကြံဟူသော အာရုံ ၆-ပါးအား နှစ်သက်, စွဲလမ်း, ကပ်ငြိသည်ရှိသော် (အဘိနန္ဒတိ, အဘိဝဒတိ, အဇ္စျောသာယ တိဋ္ဌတိ) ထိုအာရုံအား မှီကာ စွဲလမ်းငြိတွယ်သော စိတ် (တန္နဿိတံ ၀ိညာဏံ ဟောတိ တဒုပါဒါနံ) ဖြစ်သည်။ စွဲလမ်းမှု ဥပါဒါန်ရှိသော ရဟန်းအား ကိလေသာမှ ငြိမ်းအေးမှုသည် မဖြစ် (သဥပါဒါနံ … ဘိက္ခု နော ပရိနိဗ္ဗာယတိ)။
အာရုံ ခြောက်ပါးတို့ အပေါ်တွင် စွဲလမ်းမှု ဥပါဒါန်ရှိက ငြိမ်းအေးမှု မရှိနိုင်ဟု ဗုဒ္ဓက ပြန်လည် ဖြေကြားခဲ့သည်။ ဤတွင် ဥပါဒါန်ဟူသော အဓိပ္ပါယ်သည် စွဲလမ်းငြိတွယ်မှုဟု ရသည့်နည်းအတူ တိုက်ရိုက်အားဖြင့် “လောင်စာ” ဟုလည်း အဓိပ္ပါယ်ရသည်။ လောင်စာ ရှိနေသ၍ မီး မငြိမ်းဟုလည်း တင်စား ဟောကြားခဲ့ခြင်း ဖြစ်သည်။ ဤတရားတော်မျိုးသည် ကိလေသာထူသော ပုဂ္ဂိုလ်များ နားလည်သက်ဝင်နိုင်သည့် တရားဒေသနာမျိုး မဟုတ်ပါ။

*****
တခါကလည်း နကုလပိတာသည် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ဤသို့ လျှောက်ထား၏။

“အရှင်ဘုရား တပည့်တော်သည် အိုမင်း၍ ဘ၀၏ နောက်ဆုံးအရွယ်သို့ ရောက်နေပါပြီ၊ နာကျင် နှိပ်စက်သော ကိုယ်ရှိသည်ဖြစ်၍ မကျန်းမမာ ရှိပါ၏။ ဘုရားရှင်နှင့်တကွ ကြည်ညိုဖွယ်ကောင်းသည့် ရဟန်းတော်တို့အား အမြဲတစေ မဖူးမြင်နိုင်တော့ပါ။ တပည့်တော်အား အဓွန့် ရှည်ကြာစွာ အကျိုးရှိစေနိုင်မည့် တရားတော်များအား ဟောကြား ဆုံးမတော်မူပါ။”

“သူကြွယ် … မှန်ပေ၏။ ဤကိုယ်သည် နာကျင် နှိပ်စက်သည်သာတည်း။ ဤကိုယ်သည် (ကွဲလွယ်သော) ဥခွံကဲ့သို့ ၀န်လေးလှ၏။ ဤကိုယ်ကို ဆောင်ထားပါလျှက် တခဏမျှပင်ဖြစ်စေ ကျန်းမာသည်ဟု ၀န်ခံသူသည် မိုက်မဲသူသာ ဖြစ်၏။ သူကြွယ်… ထို့ကြောင့် နာကျင်သော ကိုယ်ရှိသော ငါ့အား နာကျင်ခြင်းကင်းသော စိတ်ရှိသည် ဖြစ်လတ္တံ့ (အာတုရာကာယဿ မေ သတော စိတ္တံ အနာတုရံ ဘ၀ိဿတိ) ဟု ကျင့်အပ်၏”
ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဟူသော အဆုံးအမ၏ အနက်အဓိပ္ပါယ်အား အရှင်သာရိပုတ္တမထေရ်မြတ်က အကျယ် ဆက်လက် ဟောကြားတော်မူခဲ့ပါသည်။ ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ” ဟူ၍ တဏှာ, မာနတို့ဖြင့် တပ်ငြိစွဲလမ်းနေပါက ထိုခန္ဓာငါးပါးတို့ ဖောက်ပြန် ပြောင်းလဲသောအခါတွင် စိုးရိမ်ပူပန်ခြင်း, စိတ်ဆင်းရဲခြင်းတို့ ဖြစ်ကြရသည်။ ကိုယ် ဆင်းရဲသာမက စိတ်ဆင်းရဲပါ ဖြစ်ရသဖြင့် မြှားတစ်စင်း စူးဝင်ပြီးသူအား နောက်ထပ် မြှားတစ်စင်း ထပ်မံ စူးဝင်သည်နှင့် တူသည်။ ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ” ဟူ၍ တပ်ငြိစွဲလမ်းခြင်း မရှိပါက၊ ထိုခန္ဓာငါးတို့ ဖောက်ပြန် ပျက်စီးသောအခါ စိုးရိမ်ပူပန်ခြင်း, စိတ်ဆင်းရဲခြင်း မဖြစ်တော့။ နာကျင်သော ကိုယ်ရှိသော်လည်း စိတ်နာကျင်ခြင်း မရှိတော့။ ကိုယ်ဆင်းရဲခြင်းဟူသော မြှားတစ်စင်း စူးဝင်သော်လည်း နောက်ထပ် မြှားတစ်စင်း အစူးဝင် မခံရတော့။ “ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဟူသော အဆုံးအမသည် ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ” ဟူ၍ စွဲလမ်းတပ်မက်ခြင်း မဖြစ်စေရန် အဆုံးအမ ဖြစ်လေသည်။ (ဤဒေသနာ၏ အဓိပ္ပါယ် အကျယ်ကို နောက်ဆက်တွဲအဖြစ် ဖော်ပြပါမည်။)

*****
အထက်ပါ သုတ္တန်ဒေသနာအရ နကုလပိတာသည် ဘ၀၏ နောက်ဆုံး အချိန်တွင် သေခြင်းတရားအား ရဲဝံ့စွာ ရင်ဆိုင်ရန် ပြင်ဆင်နေကြောင်း သိနိုင်ပါသည်။ ဇနီးသည် နကုလမာတာသည် လင်သားအပေါ် အလွန်ချစ်ကြီးသည် မှန်သော်လည်း၊ မိမိကိုယ်တိုင် ဘာသာတရား အသိတို့ဖြင့် ဖြေဆည်နိုင်ယုံသာမက မိမိ၏ ခင်ပွန်းအားလည်း အသေဖြောင့်စေနိုင်ရန် အားပေးစကား ပြောကြားတတ်သည်။ တစ်ခါက နကုလပိတာသည် အသည်းအသန် မနာမကျန်း ဖြစ်နေသောအခါ “သူကြွယ်… သင်သည် ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေခြင်းသည် ဆင်းရဲ၏။ ဘုရားရှင်ကလည်း ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေခြင်းကို ကဲ့ရဲ့တော်မူ၏” ဟူ၍ လင်သား စိတ်အေးစေမည့် အချက် (၆) ချက် ကို ပြောကြား၏။

(၁) “ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် သားသမီးများကို ကျွေးမွေး စောင့်ရှောက်နိုင်မည် မဟုတ်, အိမ်ထောင်မှုကို ထိမ်းသိမ်းနိုင်မည် မဟုတ်” ဟူ၍ မမှတ်ပါလင့်။ ကျမသည် ဗိုင်းငင်ခြင်း, သိုးမွေးချည်ခင်တို့ကို ဖြီးသင်ခြင်းတို့၌ ကျွမ်းကျင်လိမ္မာ၏။ ကျမသည် သားသမီးများကို ကျွေးမွေး စောင့်ရှောက်နိုင်ပါသည်။ အိမ်ထောင်မှုကို ထိမ်းသိမ်းနိုင်၏။

(၂) “ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် အခြား အိမ်ထောင် ပြုလိမ့်မည်” ဟု မမှတ်ပါလင့်။ ကျမတို့သည် လွန်ခဲ့သည့် ၁၆-နှစ်ကစ၍ လူတို့၏ ဗြဟ္မစရိယအကျင့်ကို ကျင့်သုံးခဲ့ကြသည်ကို သင်လည်း သိသည်, ကျမလည်း သိသည်ဖြစ်၏။

(၃) “ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အား ဖူးမြော် လိုစိတ် ဖြစ်လိမ့်မည် မဟုတ်” ဟု မမှတ်ပါလင့်။ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အား ပို၍ပင် ဖူးမြှော် လိုပါလိမ့်မည်။

(၄) “ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် အကျင့်သီလတို့ကို ဖြည့်ကျင့် ဆည်းပူးလိမ့်မည် မဟုတ်” ဟု မမှတ်ပါလင့်။ ကျမသည် အကျင့်သီလတို့ကို ဖြည့်ကျင့် ဆည်းပူးလေ့ရှိသော ဥပါသိကာမတို့တွင် တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ဤအချက်အား သံသယရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။

(၅) “အိမ်ရှင်မ နကုလမာတာသည် မိမိ၏ အတွင်းစိတ် ငြိမ်းအေးမှု (အဇ္ဈတ္တံ စေတော သမထဿသာ) ရရှိသူ မဟုတ်သေး” ဟု မမှတ်ပါလင့်။ ကျမသည် မိမိ၏ အတွင်းစိတ် ငြိမ်းအေးမှု ရရှိကြသော ဥပါသိကာမတို့တွင် တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ဤအချက်အား သံသယရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။

(၆) “အိမ်ရှင်မ နကုလမာတာသည် ဤသာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာ ရရှိသည် (သြဂါဓပ္ပတ္တာ ပတိဂါဓပ္ပတ္တာ အဿာသပ္ပတ္တာ) မဟုတ်သေး” ဟု မမှတ်ပါလင့်။ ကျမသည် ဤသာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာ ရရှိကြသော ဥပါသိကာမတို့တွင် တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ဤအချက်အား သံသယရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။
ဤသို့ နကုလမာတာ၏ အားပေး ဆုံးမစကားကို ကြားရသောအခါ နကုလပိတာ၏ ရောဂါဝေဒနာသည် ခဏချင်း သက်သာလာ၏။ ရောဂါပျောက်ကင်းပြီး မကြာမီတွင် နကုလပိတာသည် တောင်ဝှေးဖြင့် ထောက်ကာ ဘုရားရှင်ထံသို့ သွားရောက်၏။ ဘုရားရှင်က နကုလမာတာ၏ သီလ, သမာဓိ, ပညာ အဆင့်အတန်းတို့ကို ထောက်ခံပြောဆိုကာ ချီးမွမ်းစကား မိန့်ကြားတော်မူ၏။

“သူကြွယ် … သင့်အား ချစ်ခင်ကြင်နာ၍ သင်၏ အကျိုးစီးပွားကို လိုလားကာ အားပေး ဆုံးမတတ်သော ဇနီးသည် နကုလမာတာကို ရရှိထားခြင်းသည် အရ တော်လှပေ၏”
သံယောဇဉ်တို့ကို ပယ်သတ်၍ ကိလေသာတို့ကို ငြိမ်းအေးစေမည့် ဗုဒ္ဓ၏ အဆုံးအမလမ်းစဉ်သည် အိမ်ယာထူထောင် လူတို့ဘောင်နှင့် ဖြောင့်ဖြောင့် ဆန်ကျင်နေသော်လည်း အိမ်ထောင်သည် ဘ၀ဖြင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်တို့ကို (အတိုင်းအတာတစ်ခု အထိ) ကျင့်ကြံပွားများနိုင်ကြောင်း နကုလပိတာနှင့် နကုလမာတာတို့၏ စံပြ အိမ်ထောင်ရေးက သာဓကပြုနေပါသည်။
နကုလပိတာသည် “ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဟူသော အဆုံးအမအား ဘုရားရှင်ထံမှ နာယူ၍ ထွက်ခွာလာပြီးနောက် ရှင်သာရိပုတ္တမထေရ်ထံ ချဉ်းကပ် ဖူးမြင်၏။ ထိုအခါ အရှင်သာရိပုတ္တက “သူကြွယ်… သင်၏ ဣနြေ္ဒတို့သည် အလွန်ကြည်လင်ကုန်၏။ မျက်နှာအဆင်းသည်လည်း ဖြူစင် တောက်ပနေ၏။ ယနေ့ ဘုရားရှင်ထံမှ အဘယ်သို့သော တရားမျိုးကို နာကြားခဲ့ရပါသနည်း” ဟု မေး၏။ နကုလပိတာက ပြန်၍ ဖြေကြားသောအခါ “အဘယ်မျှဖြင့် ကိုယ်ရော စိတ်ပါ နာကျင်သူဖြစ်၍ အဘယ်မျှဖြင့် ကိုယ်သာနာ၍ စိတ်မနာသူ ဖြစ်သည်” ကို ဘုရားရှင်အား ပြန်လည် မေးလျှောက်ခဲ့ပါသလောဟု အရှင်သာရိပုတ္တက မေး၏။ ဤတရား၏ အနက်အဓိပ္ပါယ်ကို သိရန်အတွက် အရှင်သာရိပုတ္တထံ လာရပါသည်, ဤတရား၏ အနက်ကို ဟောတော်မူပါဟု နကုလပိတာက တရားတောင်း၏။ အရှင်သာရိပုတ္တမထေရ်က ခန္ဓာငါးပါးအား သုံးသပ်ပုံ (သမနုပဿနာ) အခြင်းအရာ (၂၀) အား မူတည်၍ ဖြေကြားတော်မူ၏။

အကြားအမြင် မရှိသော ပုထုဇဉ်တို့သည် (အဿုတ၀ါ ပုထုဇနော) -
(၁) ရုပ်ကို အတ္တဟု အဖန်ဖန် ရှုမြင်သုံးသပ်၏။ (ရူပံ အတ္တတော သမနုပဿတိ)
(၂) ရုပ်ရှိသော အတ္တဟူ၍ လည်းကောင်း (ရူပ၀န္တာနံ အတ္တာနံ ၀ါ)
(၃) အတ္တ၌ ရုပ်ဟူ၍ လည်းကောင်း (အတ္တနိ ၀ါ ရူပံ)
(၄) ရုပ်၌ အတ္တဟူ၍ လည်းကောင်း (ရူပသ္မိံ ၀ါ အတ္တာနံ) အဖန်ဖန် ရှုမြင်သုံးသပ်၏။

“ငါသည် ရုပ်ဖြစ်သည်၊ ရုပ်သည် ငါ၏ ဥစ္စာ ဖြစ်သည် (အဟံ ရူပံ, မမ ရူပန္တိ)” ဟု ဖိစီးလွှမ်းမိုးလျှက် တည်၏။ ထိုသို့ ဖိစီးလွှမ်းမိုးနေသူအား ထိုရုပ်သည် တစ်မျိုးတစ်မည်အဖြစ် ဖောက်ပြန်သောအခါ စိုးရိမ်ခြင်း, ပူဆွေးခြင်း, ကိုယ်စိတ် ဆင်းရဲခြင်း, စိတ်နှလုံး ပူလောင်ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏။ … သူကြွယ် ဤသို့ဖြင့် ကိုယ်ရော စိတ်ပါ နာကျင်သောသူ ဖြစ်၏။

အကြားအမြင် ရှိသော အရိယာသာဝကတို့သည် (သုတ၀ါ အရိယာသာဝကော) -
(၁) ရုပ်ကို အတ္တဟု အဖန်ဖန် မရှုမြင် မသုံးသပ်။
(၂) ရုပ်ရှိသော အတ္တဟူ၍ လည်းကောင်း
(၃) အတ္တ၌ ရုပ်ဟူ၍ လည်းကောင်း
(၄) ရုပ်၌ အတ္တဟူ၍ လည်းကောင်း အဖန်ဖန် မရှုမြင် မသုံးသပ်။

“ငါသည် ရုပ်ဖြစ်သည်၊ ရုပ်သည် ငါ၏ ဥစ္စာ ဖြစ်သည်” ဟု ဖိစီး လွှမ်းမိုးလျှက် မတည်။ ထိုသို့ ဖိစီး လွှမ်းမိုးမှု မရှိသူအား ထိုရုပ်သည် တစ်မျိုးတစ်မည်အဖြစ် ဖောက်ပြန်သောအခါ စိုးရိမ်ခြင်း, ပူဆွေးခြင်း, ကိုယ်စိတ် ဆင်းရဲခြင်း, စိတ်နှလုံး ပူလောင်ပင်ပန်းခြင်းတို့ မဖြစ်ကုန်။ … သူကြွယ် ဤသို့ဖြင့် နာကျင်သော ကိုယ်ရှိသော်လည်း နာကျင်သော စိတ်မရှိသူ ဖြစ်သည်။

ဤသို့အားဖြင့် ခန္ဓာတစ်ခုလျှင် လေးမျိုးသော အခြင်းအရာအားဖြင့် သုံးသပ်ပုံ ၂၀-အား သက္ကာယဒိဋ္ဌိ ၂၀-အဖြစ် ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော် ဒိဋ္ဌိကထာတွင် အကျယ် ဟောကြားထားပါသည်။

“ရုပ်အား အတ္တဟု ရှုမြင်သုံးသပ်ခြင်း” (ရူပံ အတ္တတော သမနုပဿတိ) ဆိုသည်မှာ ဆီမီးလျှံနှင့် အဆင်းသည် နှစ်ခုမကွဲ တစ်သားတည်း ဖြစ်သကဲ့သို့ ရုပ်နှင့် အတ္တကို ထပ်တူပြု၍ ရှုမြင်ခြင်း ဖြစ်သည်။

“ရုပ်ရှိသော အတ္တဟု ရှုမြင်သုံးသပ်ခြင်း” (ရူပ၀န္တံ အတ္တာနံ သမနုပဿတိ) အား အရိပ်ရှိသော သစ်ပင်ဖြင့် ဥပမာ ပေးထား၏။ သစ်ပင်နှင့် အရိပ်သည် တစ်ခုတည်း မဟုတ်သော်လည်း သစ်ပင်တွင် အရိပ် ရှိသကဲ့သို့ ရုပ်နှင့် အတ္တသည် သီးခြားစီ ဖြစ်သော်လည်း အတ္တတွင် ရုပ်ရှိသည်ဟု ရှုမြင်ခြင်း ဖြစ်သည်။

“အတ္တ၌ ရုပ်ဟု ရှုမြင်သုံးသပ်ခြင်း” (အတ္တနိ ရူပံ သမနုပဿတိ) အား အနံ့ရှိသော ပန်းဟု ရှုမြင်ခြင်းဖြင့် ဥပမာ ပေးသည်။ အနံ့သည် ပန်း၌ ပျံ့နှံ့တည်သကဲ့သို့၊ ရုပ်နှင့် အတ္တသည် သီးခြားစီဖြစ်သော်လည်း ရုပ်သည် အတ္တ၌ ပျံ့နှံ့တည်သည်ဟု ရှုမြင်ခြင်း ဖြစ်သည်။

“ရုပ်၌ အတ္တဟု ရှုမြင်သုံးသပ်ခြင်း” (ရူပသ္မိံ အတ္တာနံ သမနုပဿတိ) အား ကြုတ်တွင် ထည့်ထားသော ပတ္တမြားနှင့် ဥပမာပြု၏။ ရုပ်အတွင်း၌ အတ္တသည် တည်ရှိသည်ဟု ရှုမြင်ခြင်း ဖြစ်သည်။

ဤသို့ ခန္ဓာငါးပါးအား အတ္တအားဖြင့် မှားယွင်းစွာ သုံးသပ် ရှုမြင်ခြင်းအား “ငါ့ဟာ ဖြစ်သည်, ငါ ဖြစ်သည်, ငါ၏ အတ္တ ဖြစ်သည်” (ဧတံ မမ, ဧသော အဟမသ္မိ, ဧသော မေ အတ္တာ) ဟု အဆင့် သုံးဆင့် ရှိသည်။ ခန္ဓာငါးပါးအား ငါ့၏ ဥစ္စာ (မမ - mine) အဖြစ် တပ်မက် တွယ်တာခြင်းအား တဏှာ ဟုခေါ်သည်။ ခန္ဓာငါး
ပါးအား အမှီပြု၍ ငါဖြစ်သည်, ငါရှိသည် (အဟံ အသ္မိ - I am) ဟူသော အသိတွင် မာနအား တရားကိုယ်ကောက်ရသည်။ ငါ၏ အတ္တ (မေ အတ္တာ - my Self, Self for me) ဟုသုံးသပ်ခြင်းသည် “ငါ” အား အမာခံ အကောင်အထည် အတ္တ, ၀ိညာဉ်, လိပ်ပြာအဖြစ် မှတ်ယူလိုက်သော အမြင်မှား ဒိဋ္ဌိ ဖြစ်သည်။ ဤ “တဏှာ, မာန, ဒိဋ္ဌိ” တို့အား ပပဉ္စတရားသုံးပါးဟုလည်း ခေါ်၏်။

သောတာပတ္တိမဂ် ရသောအခါတွင် အကြမ်းစား အဆင့်ဖြစ်သော “ဧသော မေ အတ္တာ” ဟူသည့် ဒိဋ္ဌိကို အကြွင်းမဲ့ ပယ်သတ်ပါသည်။ သို့သော်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်ဟူသော အောက်အဆင့် အရိယာပုဂ္ဂိုလ်တို့သည် (ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်ဟုလည်း ခေါ်သည်) တဏှာနှင့် မာနဟူသော သိမ်မွေ့သည့် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်စွမ်း မရှိသေးပါ။ “ငါ” ဟူသော အတ္တအား ၀ိညာဉ်လိပ်ပြာကဲ့သို့ အကောင်အထည်အဖြစ် ဒိဋ္ဌိအမြင် မရှိတော့သော်လည်း “ငါ့ဟာ, ငါ” ဟူသော တဏှာ, မာနအားဖြင့် တပ်မက်ခြင်း, ထောင်လွှားခြင်း မကင်းသေးပါ။ ရဟန္တာ အရှင်မြတ်များမှာမူ တဏှာ, မာန, ဒိဋ္ဌိ ကိလေသာသုံးပါးလုံးမှ စင်ကြယ်ပါသည်။

ဤဒေသနာတော်အရ စိတ်အား “ငါသည် ရုပ်ဖြစ်သည်၊ ရုပ်သည် ငါ၏ ဥစ္စာ ဖြစ်သည် (အဟံ ရူပံ, မမ ရူပန္တိ)” စသဖြင့် တဏှာ, မာနဖြင့် ဖိစီး လွှမ်းမိုးနေခြင်းအား နာကျင်သော စိတ်ရှိခြင်းဟု ဟောကြားထားပါသည်။ ထို့ကြောင့် ပုထုဇဉ် အများစုတို့သည် စိတ်နာကျင်မှု မကင်းသေးသူများ ဖြစ်ကြပြီး၊ အာသဝေါ ကုန်ခမ်းပြီးသော ရဟန္တာများသည်သာလျှင် မုချအားဖြင့် စိတ်နာကျင်မှု ကင်းကြပါသည်။ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်များသည် စိတ်နာကျင်မှု မကင်းသည် မဟုတ်သလို, စိတ်နာကျင်မှု လုံးဝကင်းသူများလည်း မဟုတ်ကြ (နေ၀ အာတုရစိတ္တာ န အနာတုရစိတ္တာ)။ စိတ်နာကျင်မှု ကင်းစေရန် ကျင့်ကြံပွားများ နေကြသူများ ဖြစ်ကြောင်း ဤသုတ်အဋ္ဌကထာက ထောက်ပြထားပါသည်။

စာညွှန်း
၁။ သံ-၃-၁၊ ခန္ဓ၀ဂ္ဂသံယုတ္တပါဠိတော်၊ ခန္ဓသံယုတ်၊ နကုလပိတုဝဂ်၊ နကုလပိတုသုတ်
၂။ ပဋိသံ-၁၃၁၊ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၊ မဟာဝဂ်၊ ဒိဋ္ဌိကထာ၊ အတ္တာနုဒိဋ္ဌိနိဒ္ဒေသ


Read more...

ခန္ဓသုတ် (video)

Wednesday, July 28th, 2010 | Author: admin

ခန္ဓသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး

Read more...

နိဗ္ဗာန်အကြောင်း

“ ... နိဗ္ဗာန်၏ တည်ရာအရပ် မရှိ။ ဒီစကားက သိပ်ကောင်းတယ်။ အခု ပြောကြတာက နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်တယ်လို့လည်း ပြောလေ့ရှိကြတယ်။ နိဗ္ဗာန်ရတယ်လို့လည်း ပြောလေ့ရှိကြတယ်။

ရောက်တယ်ဆိုတဲ့ စကားထဲမှာ ဘာပါနေသလဲဆိုတော့ နိဗ္ဗာန်ဟာ ရောက်စရာနေရာတစ်ခု, ဘုံတစ်ခု, ဌာနတစ်ခုလို့ စိတ်က ထင်,ထင်နေတတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် များသောအားဖြင့် အဲသလိုချည်း ထင်တတ်ကြတယ်။

ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးတယ်။ နိဗ္ဗာန်ရဲ့တည်ရာ အရပ် ရှိပါသလားတဲ့။ မရှိဘူးလို့ ရှင်နာဂသိန်က ဖြေတယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှေ့မှာ ရှိတယ်၊ အနောက်မှာ ရှိတယ်၊ တောင်မှာ ရှိတယ်၊ မြောက်မှာ ရှိတယ်၊ အထက်မှာ ရှိတယ်၊ အောက်မှာ ရှိတယ် ... ဘယ်လိုမှ ပြောလို့ မရဘူး။ ဘယ်နေရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ပြောလို့ မရဘူး။

ကိလေသာချုပ်ငြိမ်းခြင်းသဘောကို ဘယ်နေရာမှာ ရှိတယ်လို့ ပြောလို့ မရဘူး။ ညွှန်ကြားလို့ မရဘူး။ ဒါကြောင့်မို့ တည်ရာအရပ်ရယ်လို့ မရှိဘူး။

ဒါကြောင့်မို့ နိဗ္ဗာန်လို့ ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုး မမြင်မိစေနဲ့။ ရောက်စရာဌာနတစ်ခုအနေနဲ့ မမြင်မိစေနဲ့။ အဲဒါ အရေးကြီးတယ်။ နိဗ္ဗာန်ဟာ သဘောတရားတစ်ခုပဲ။”

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၄ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်သင်တန်း၊ အပတ်စဉ် (၄၂) နိဗ္ဗာန်အကြောင်းပို့ချချက်ကို နာယူ သင်ယူကြရ၏။

သင်တန်းတွင် လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တရောက်ရှိနေသော ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ (တောင်စွန်း)က နိဗ္ဗာန်အကြောင်း နာရီဝက်ခန့် ဟောကြား ပို့ချပေး၏။




ဒေးဒရဲကျောင်းဆရာတော်ကြီး၏ ပေါင်းမြက်များ ရှင်းလင်းပြီး၍ ပေါ်လာသော မြေကွက်ဥပမာ၊ ဝါးချက်မင်းကျောင်းဆရာတော်ကြီး၏ ကိုယ်တိုင် ကျင့်ကြံ အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးမှ နှစ်ဦး ပြန်ဆုံ၍ ရှင်းရမည့်တရား ဥပမာများဖြင့် ကိလေသာရှင်းမှ ပေါ်လာသော တရား၊ ရှင်းနိုင်သူ၏ သန္တာန်တွင် ပေါ်သည့် လွတ်မြောက်မှု သဘော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ - သစ္စာလေးပါး သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော သူတော်ကောင်းကြီးတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သည်ဟူသော တရားတော်မြတ်၏ ဂုဏ်တော်မြတ်နှင့်အညီ သိနိုင်သည့် သဘောဖြစ်ကြောင်း ရှင်းပြ ဟောပြောသွား၏။

+++++

နိဗ္ဗာန်

နိဗ္ဗာန = နိ + ဝါန
နိ = ထွက်မြောက်
ဝါန = တဏှာ

ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်သည်။
ထွက်မြောက်ဟူသည် အာရုံပြု မခံရခြင်းကို ဆိုလိုသည်။

နိဗ္ဗာန်သည် မဂ်ဉာဏ် ၄-ပါးဖြင့် မျက်မှောက်ပြုထိုက်သော တရားဖြစ်သည်။
မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည်။

နိဗ္ဗာန်ကို အမျိုးမျိုးဟောကြားထားချက်များမှ ထင်ရှား အတွေ့ရများသည့် အချက်များမှာ -

နိဗ္ဗာန်ဟူသည်

(၁) တဏှာ၏ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှာယ အသေသ ဝိရာဂနိရောဓ) ဖြစ်၏။
မဟာစည်ဆရာတော်ဘုရားကြီးက တဏှာ၏ အကြွင်းမဲ့ ကုန်ခြင်း ချုပ်ခြင်းဆိုသည်ကို ပိုပြီး နှစ်သက်၏။

ဓမ္မစကြာတွင် ... ယေ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ
အနာလယော ... ဆိုပြီး အထပ်ထပ် ဟော၏။
‘အနာလယော’၊ ‘စာဂေါ’၊ ‘ပဋိနိဿဂ္ဂေါ’ စသည့်ပုဒ်များ၏ အနက်အဓိပ္ပာယ်မှာ တစ်ခုနှင့်တစ်ခု
သိပ်မကွာလှပေ။

(၂) တဏှာကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှက္ခယ) ဖြစ်၏။
တဏှက္ခယဟု ပါဠိပုဒ်ဖြင့် ဟောခြင်းလည်း ရှိ၏။ အဓိပ္ပာယ်အတူတူပင် ဖြစ်၏။

(၃) ရာဂ၊ ဒေါသ၊ မောဟတို့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (ရာဂက္ခယ၊ ဒေါသက္ခယ၊ မောဟက္ခယ) ဖြစ်၏။
ကိလေသာတို့ ကုန်ရာကုန်ကြောင်းကို ဆို၏။ ပါဠိတော်တို့တွင် ရာဂက္ခယသည် နိဗ္ဗာန်၊
ဒေါသက္ခယသည် နိဗ္ဗာန်၊ မောဟက္ခယသည် နိဗ္ဗာန်ဟု ဟောထားချက်များ ရှိ၏။

(၄) ဘဝချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဘဝနိရောဓ) ဖြစ်၏။
ဘဝမရှိတော့ခြင်း၊ နောက်ထပ်မဖြစ်တော့ခြင်း ချုပ်ခြင်းကိုလည်း နိဗ္ဗာန်ဟု ခေါ်၏။

(၅) ဆင်းရဲချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဒုက္ခနိရောဓ) ဖြစ်၏။
အမှန် ၄-ပါးတွင် တတိယသစ္စာကို ဒုက္ခနိရောဓဟု ခေါ်၏။
ဒုက္ခကုန်ရာ နေရာတစ်မျိုးသဘော ... စသည် ဥပမာအမျိုးမျိုး တင်စား ပြောနေခြင်းသာ ဖြစ်ပြီး
နိဗ္ဗာန်သည် နေရာ ဘုံ ဌာနတစ်ခု မဟုတ်ပေ။
ရာဂ၊ ဒေါသ၊ မောဟ သို့မဟုတ် ကိလေသာတို့ ကုန်ငြိမ်းသည့် သဘောသာ ဖြစ်၏။

(၆) မည်သည့်အကြောင်းကမျှ မပြုလုပ်အပ်သော တရား (အသင်္ခတ) ဖြစ်၏။
ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရား ၄-ပါးက ရုပ်ကို ပြုပြင်သကဲ့သို့ နိဗ္ဗာန်မှာ
ပြုလုပ်အပ်သော အကြောင်းတရား မရှိ။
နိဗ္ဗာန်သည် တရားအားထုတ်ခြင်း၏ အကျိုး မဟုတ်။ မဂ်ဉာဏ်၏ အကျိုး မဟုတ်။
အာရုံကို အကြောင်းဆိုသော အနေဖြင့် (ပါဠိလို ပစ္စယသဒ္ဒါအနေဖြင့် သုံး၏။) ပြောလျှင်မူ နိဗ္ဗာန်သည်
အကြောင်းထဲ ပါနိုင်၏။
အထူးသဖြင့် နိဗ္ဗာန်သည် အကျိုး မဟုတ်။
သူ့အလိုလို သူ့ဟာသူ ထင်ရှားရှိနေသော တရားသာ ဖြစ်သည်။

(၇) ကိလေသာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း/လွတ်မြောက်ခြင်း (မုတ္တိ၊ ဝိမုတ္တိ) ဖြစ်၏။
ကိလေသာမှ လွတ်ခြင်း၊ ကိလေသာအာရုံနယ်ပယ် အပြင်ဘက်ရောက်ခြင်း ဖြစ်၏။
မုတ္တိဟုလည်း သုံး၏။ ဝိမုတ္တိဟုလည်း သုံး၏။

(၈) ကျွန်းသဖွယ်ဖြစ်သော တရား (ဒီပ) ဖြစ်၏။
သမုဒ္ဒရာ ပင်လယ်ထဲ မျောနေ ဒုက္ခရောက်နေသူအတွက် ကျွန်းကို မှီခိုပြီး အသက်ရှင်ရသကဲ့သို့
သံသရာထဲ မျောနေသူတို့အတွက် နိဗ္ဗာန်ကို ကျွန်းသဖွယ် တင်စားခြင်း ဖြစ်၏။

(၉) လဲလျောင်းရာဖြစ်သော တရား (တာဏ) ဖြစ်၏။
အားကိုးရာအဖြစ်ကို ဆိုလို၏။

(၁၀) ပုန်းအောင်းရာဖြစ်သော တရား (လေဏ) ဖြစ်၏။
နိဗ္ဗာန်ဟူသော ပုန်းအောင်းရာကို ရလျှင် သံသရာဘေးဒုက္ခမှ လွတ်ခြင်းကို ဆို၏။

(၁၁) မှီခိုရာဖြစ်သော တရား (ပရာယဏ) ဖြစ်၏။
နိဗ္ဗာန်ကို တကယ်တွေ့မှ၊ နိဗ္ဗာန်ကို အာရုံပြုနိုင်သော စိတ်များ မိမိသန္တာန်မှာ ဖြစ်မှ အပါယ်ဘေး
သံသရာဘေးဒုက္ခတို့မှ လွတ်မြောက်သော အားထားမှီခိုရာအစစ် ဖြစ်ကြောင်းကို ဆို၏။

(၁၂) အမှန်တရား (သစ္စ) ဖြစ်၏။
နိဗ္ဗာန်ကို သစ္စာတရားဟုလည်း ခေါ်၏။
အမှန်တရား ၄-မျိုးဖြစ်သော ဆင်းရဲအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား၊ ဆင်းရဲချုပ်ရာ
နိဗ္ဗာန်အမှန်တရား၊ ဆင်းရဲချုပ်ရာရောက်ကြောင်းဖြစ်သော အကျင့်အမှန်တရားမှ အမှန်တရား တစ်ခု
ဖြစ်၏။

(၁၃) ချမ်းသာခြင်းတရား (သုခ) ဖြစ်၏။
နိဗ္ဗာနံ ပရမံ သုခံ - နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာဟု ဓမ္မပဒတွင် ဟောထား၏။

(၁၄) ငြိမ်းချမ်းခြင်းတရား (သန္တိ) ဖြစ်၏။
ခံစားမှုမပါသော ငြိမ်းအေးခြင်း ဖြစ်၏။

(၁၅) မွန်မြတ်သောတရား (ပဏီတ) ဖြစ်၏။

(၁၆) မြဲသောတရား (ဓုဝ) ဖြစ်၏။
တရားတွေထဲမှာ မြဲသည်ဟူ၍ နိဗ္ဗာန်သာ ရှိ၏။

(၁၇) မသေရာတရား (အမတ) ဖြစ်၏။
ဥပါဒ်-အဖြစ်မရှိ၍ ဘင်မရှိ။ သေခြင်းကင်းသော တရား ဖြစ်၏။

(၁၈) မိမိထက်သာသောတရား မရှိသော တရား (အနုတ္တရ) ဖြစ်၏။
အမြတ်ဆုံးတရားဟု ဆို၏။

(၁၉) နက်နဲသော တရား (ဂမ္ဘီရ) ဖြစ်၏။
နိဗ္ဗာန်ကို အမှန်းအဆဖြင့် မမြင်နိုင်ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် တကယ်ရမှ မြင်နိုင်သဖြင့် နက်နဲသော
တရားဟု ဆို၏။

(၂၀) မြင်နိုင်ခဲသော တရား (ဒုဒ္ဒသ) ဖြစ်၏။
နက်နဲလျှင် မြင်နိုင်ခဲတော့၏။

(၂၁) သိမ်မွေ့သောတရား (အဏု၊ သုခုမ) ဖြစ်၏။
ပါဠိလို အဏုဟုလည်း ခေါ်၏။ သုခုမဟုလည်း ခေါ်၏။
သိမ်မွေ့သဖြင့် မြင်နိုင်ခဲ၏။ နက်နဲသဖြင့် မြင်နိုင်ခဲ၏။

နိဗ္ဗာန်ကို ဟောထားသော တခြား အချက်အလက်တို့ များစွာ ရှိသေး၏။

နိဗ္ဗာန်နှင့် ပတ်သက်၍ မိလိန္ဒပဥှာမှာ ရှင်နာဂသိန်နှင့် မိလိန္ဒမင်းကြီး အမေးအဖြေကို လေ့လာ ဖတ်ရှု မှတ်သားဖွယ် ကောင်း၏။

ချုပ်ခြင်းသည် နိဗ္ဗာန် မည်၏။

အလုံးစုံသော သူတို့သည် နိဗ္ဗာန်ကို မရကုန်။ ကောင်းစွာ ကျင့်၍ သစ္စာလေးပါးကို သိသူသာ နိဗ္ဗာန်ကို ရနိုင်သည်။

နိဗ္ဗာန်ကို မရသူသည်လည်း နိဗ္ဗာန်သည် ချမ်းသာသည်ဟု သိနိုင်သည်။

နိဗ္ဗာန်ကို အဆင်းသဏ္ဍာန်၊ ဝင်းဝင်းလက်လက်ကြီး၊ မြို့ကြီးပြကြီးသဖွယ် ပြောခြင်းမှာ တင်စားပြောဆိုမှုများသာ ဖြစ်သည်။
နိဗ္ဗာန်သည် အဆင်းသဏ္ဍာန် အရွယ် အတိုင်းအရှည် ဘာမှ မရှိ။
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်လည်း မဟုတ်။ ကာလသုံးပါးမှ အလွတ် ဖြစ်၏။

ရုပ်နာမ်က အဖြစ်တရား ဖြစ်ပြီး၊ နိဗ္ဗာန်က အရှိတရားသက်သက် ဖြစ်၏။

ပညတ်စကားလုံးများဖြင့် နိဗ္ဗာန်ကို တိတိကျကျ ဖော်ပြရန် ခဲယဉ်း၏။

+++++

နိဗ္ဗာန် ၂-မျိုး

(၁) သဥပါဒိသေသနိဗ္ဗာန်

သေသ = ကိလေသာတို့မှ ကြွင်းကျန်ရစ်သော
ဥပါဒိ = ဝိပါက်နာမ်ခန္ဓာ၊ ကမ္မဇရုပ်ခန္ဓာ
သ = ရှိသည်

ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တို့ မချုပ်သေးခင် (ပရိနိဗ္ဗာန် မစံခင်) အာရုံပြုအပ်သော နိဗ္ဗာန်။

(၂) အနုပါဒိသေသနိဗ္ဗာန်

န + ဥပါဒိသေသ

ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တို့ ချုပ်ပြီးနောက် (ပရိနိဗ္ဗာန်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်။

+++++

နိဗ္ဗာန် ၃-မျိုး

(၁) သုညတနိဗ္ဗာန်

ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်နာမ်အားလုံး ကင်းဆိတ်သော နိဗ္ဗာန်။

(၂) အနိမိတ္တနိဗ္ဗာန်

ပုံသဏ္ဍာန် မရှိသော နိဗ္ဗာန်၊ ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်နာမ်အားလုံးဟူသော နိမိတ်အမှတ်အသား မရှိသော နိဗ္ဗာန်။

(၃) အပ္ပဏိဟိတနိဗ္ဗာန်

ရာဂ ဒေါသ မောဟဟူသော တောင့်တခြင်း မရှိသော နိဗ္ဗာန်။

+++++

အမှန်အားဖြင့် နိဗ္ဗာန်သည် တစ်မျိုးတည်းသာ ဖြစ်၏။
မသေခင် တွေ့ကြုံရသော နိဗ္ဗာန်၊ သေပြီး နိဗ္ဗာန် စသည် ၂-မျိုး၊ ၃-မျိုးဆိုခြင်းမှာ ဥပစာနှင့် တင်စား ပြောဆိုခြင်း ဖြစ်၏။

စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် = ပရမတ္ထတရား ၄-ပါးတွင် နိဗ္ဗာန်သည် နာမ်ဟု အမည်ရသော တရားတွင် ပါသော်လည်း သီးခြား ပရမတ္ထတရား ဖြစ်၏။ စိတ်, စေတသိက် ကဲ့သို့ နာမ် မဟုတ်။
နိဗ္ဗာန်ကို အာရုံပြုနိုင်သောကြောင့်သာ နာမ်ဟု ဆို၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲအဖြစ် ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ (တောင်စွန်း)က “အရိပ်သုံးပါးတရားတော်” ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။


Read more...

*မပြတ်သေးဘူး*

ဝါသနာလို့ပဲ ပြောမလား၊ ဘ၀အဆက်ဆက်က အထုံတွေပဲ ပါလာသလား၊ မြင်မြင်ချင်း ချစ်သည်။ မြင်လိုက်တိုင်း ချစ်သည်။ မြင်သမျှ ချစ်သည်။ တစ်ခါတစ်ခါ တစ်ပါးသူတွေ အမြင်ကတ်မှာ စိုး၍ ခိုးချစ်ရသည်။ လူလစ်ရင်တော့ ပေါ်တင်ချစ်သည်။ ရံဖန်ရံခါ တခြားသူတွေ ပြောချင်တာပြော ဂရုမစိုက်ဘူး ဆိုပြီး လူရှေ့မှာပင် ချစ်ချင်သလို ချစ်လိုက်သေးသည်။ ပြောရတာတော့ မကောင်းပါ။ သို့သော် သူကိုယ်တိုင်က နေမှမနေနိုင်ဘဲလေ။

သူချစ်သည်ကား ကြောင်ဟု အမည်သမုတ်သော ချစ်စရာ့ သတ္တ၀ါကလေး တွေပါ။ ငယ်စဉ်ကတည်းက ထို သတ္တ၀ါလေးတွေနဲ့ သူ ရင်းနှီးခဲ့သည်။ ကျွမ်းဝင်ခဲ့သည်။ ထို သတ္တ၀ါ ကြောင်လေးတွေနဲ့ အတူပွေ့ဖက် မွေးဖွားလာသည် မဟုတ်သော်လည်း သူသိတတ်သည့် အချိန်မှစ၍ သူ့ဘေးနားမှာ ထိုသတ္တ၀ါက ရှိနှင့်နေပြီ။ အတူဆော့ဖူးသည်။ ကစားသည်။ သူအနှစ်သက်ဆုံးကား ထိုသတ္တ၀ါလေးတွေနဲ့ အတူ အိပ်ရခြင်းပင်။ သူ့အမေက ကြောင်မချစ်တတ်သော်လည်း သူ့သား အချစ်တော်မို့ ရောဂါရမယ်နော် သား ဆိုတာမှလွဲ၍ ဘာမှမပြော။ သို့သော် စိတ်ထဲက သိပ်မကြည်တာကိုတော့ သူသိသည်။ ဒါကိုလည်း သူဂရုမစိုက်စွာ အတူတူ သိပ်ခဲ့သည်။ အိပ်ခဲ့သည်။

မိုးတွင်း ဆောင်းတွင်း ကာလများဆိုလျှင် ထို သတ္တ၀ါလေးတွေနဲ့ အတူတူ အိပ်ရသည့်အရသာ သူ့လို ကြောင်ချစ်ဖူးသူများမှသာ သိပေမည်။ ထို ကြောင်သတ္တ၀ါကို ရင်ခွင်ထဲမှာ ထည့်၍ ပွေ့ဖက် အိပ်ရသည့်အရာသာကို သူ အလွန်သဘောကျသည်။ တစ်ခါတစ်ရံ သူချစ်သည့် ကြောင်ကလေး မရှိ၍ တစ်ကိုယ်တော် အိပ်ရသည့် အချိန်ဆိုလျှင် သူ့မှာ မနေတတ် မထိုင်တတ်။ သို့သော် သူသိလိုက်သည့် အချိန်မှာတော့ သူ့အချစ်တော် ကြောင်ကလေးက သူ့ ခြေသလုံးနှစ်ခုကြား စောင်ပေါ်မှာ ရောက်နှင့်နေပြီ။

မှတ်မိပါသေးသည်။ သူငယ်စဉ်က လက်ခုပ်ကုန်းဘက် ရွာတစ်ရွာကို သွားလည်ဖူးသည်။ အဲဒီနေ့က မှတ်မှတ်ရရ လယ်ကွင်းထဲက လယ်တဲမှာ တည်းရသည်။ သူ ပျော်လိုက်သည့် ဖြစ်ချင်း။ မပျော်ဘဲလည်း နေနိုင်ရိုးလား။ အဲဒီလယ်တဲမှာ သူချစ်သော ကြောင်လေးတွေက ဆယ်ကောင်ထက် မနည်း။ တွေ့သမျှ သူလိုက်ပွေ့ဖက်သည်။ တစ်ချို့ကလည်း အပွေ့ခံသည်။ တစ်ချို့ကျတော့လည်း သူက လူစိမ်းဆိုတော့ ထွက်ပြေးကြသည်။ ဘာပဲပြောပြော ညနေလောက်ကျတော့ ကြောင်ကလေးတွေ အကုန်လုံးနီးပါးနှင့် သူရင်းနှီးသွားပေပြီ။ ညရောက်တော့ သူချစ်သော ကြောင်လေးတွေနဲ့ အတူတူ အိပ်ဖြစ်ခဲ့သည်။ မိုးတဖြောက်ဖြောက် အသံလေးကို နားထောင်ရင်း ရင်ခွင်ထဲမှာက နှစ်ကောင်၊ ခြေထောက်ပေါ်မှာက သုံးလေးကောင်လောက်နှင့် အိပ်စက်ခဲ့ရသော ထို မိုးတစ်ညကို အကြောင်းဆုံတိုင်း သတိရဆဲ။

သူ့အဖေကလည်း သူ ကြောင်ချစ်တတ်မှန်းသိ၍ တစ်ကောင် မရှိတော့လျှင် နောက်တစ်ကောင် ရှာပေးမြဲ။ သူကလည်း အိမ်ပေါ် ရောက်လာသမျှ ကြောင်ထီး ကြောင်မရွေး၊ အရောင် အသွေးမရွေး အကုန်လုံးကို ချစ်မြဲ။ ကြောင်တစ်ကောင်ကို တွေ့ပြီ ဆိုတာနဲ့ လူရှေ့ သူရှေ့မရှောင် သူ့ အရှက် သိက္ခာတို့ အရည်ပျော်ကာ ထိုကြောင်ကလေးကို ထွေးပွေ့ဖို့ ကြိုးစားမိမြဲပါ။


သူ့ကြောင်လေးတွေကလည်း သူမှသူ။ မိသားစု သုံးယောက် အတူထိုင်နေလျှင် သူ့ပေါင်ပေါ်သာ လာတက်အိပ်သည်။ သူမရှိမှသာ မအီမလည်နှင့် သူ့အဖေ ပေါင်ပေါ်ဖြစ်ဖြစ် တက်သည်။ အမေကတော့ ကျွေးစရာရှိတာ ကျွေးသော်လည်း ပေါင်ပေါ် အတက်မခံ၍ အမေ့ပေါင်ပေါ်တော့ မတက်။

သူ ဆယ်တန်းနှစ်က ဆိုလျှင် ထိုကြောင်လေးတွေက သူ့အတွက် အားဆေး။ ကြောင်လေးတွေဟု ဆိုသော်လည်း တစ်ကောင်တည်း ရယ်သာ။ သူ ညဘက် စာကျက်ချိန် ညဥ့်နက်သည့် အခါ ကြောက်စိတ်တို့ ၀င်လာလျှင် သူ့ဘေးနားမှာ ကြောင်ကလေး ထားကာ သူ့ကြောက်စိတ်ကို ဖြေဖျောက်ခဲ့သည်။ ရံဖန်ရံခါ ထိုကြောင်လေးကို ပေါင်ပေါ်တင် သိပ်ရင်း စာကျက်သည်။ သူ့အမေက ညဘက် စာကျက်တာ စောင့်ပေးသော်လည်း နေ့စဉ် ရက်ဆက်ကျတော့ မခံနိုင်။ ဒီအခါ သူ့ကြောင်လေးကိုပဲ သူ အားကိုးခဲ့သည်။ သူ့ကြောင်လေးနှင့် အတူတူ အားမွေးကာ စာကျက်ခဲ့သည်။

သူ ဆယ်တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်တော့ ချစ်သော ကြောင်လေးတွေနဲ့ သူ အလှမ်းဝေးသွားသည်။ သို့သော် ချစ်စိတ်ကတော့ ဝေးမသွား။ စာမေးပွဲ ရက်များဆို သူ့ဘေးနားမှာ စောင့်ပေးတတ်သော သူ့အမေနှင့်အတူ သူချစ်သော ကြောင်လေးတွေကို ပူးတွဲ သတိရသည်။ မိုးတွင်း ဆောင်းတွင်းကာလ ညအိပ်ချိန်များ ဆိုလည်း ချစ်သော ကြောင်လေးတွေနဲ့ အတူတူ ဖက်အိပ်ခဲ့သော ဟိုးအရင်က အတိတ်တွေကိုလည်း သတိရသည်။

သူငယ်ငယ်ကအကြောင်း မှတ်မိသေးသည်။ ကြောင်အိမ်ရှင်းရင် ကြွက်ပေါက် နီတာရဲ သုံးကောင်ကို တွေ့၍ အိမ်အောက်သို့ သူနေရာ ရွှေ့ပေးလိုက်သည်။ သတိရလို့ သူသွားကြည့်တဲ့ အချိန်မှာတော့ ထိုကြွက် နီတာရဲလေးများ မရှိတော့။ အဲဒီတော့မှ သူ ကြောင်အိမ်ရှင်းစဉ်က တညောင်ညောင်နှင့် အနားမှာ အော်နေသော သူ့ကြောင်လေးကို သွားသတိရသည်။ ကြွက် နီတာရဲလေးတွေကို သူချစ်သော ကြောင်သတ္တ၀ါက စားပစ်လိုက်ချေပြီ။ ထိုစဉ်က သူ စိတ်မကောင်းလည်းဖြစ်၊ စိတ်လည်း စိတ်တိုစွာနဲ့ သူချစ်သော ကြောင်လေးကို ခြေနှစ်ဘက် လက်နှစ်ဘက် ကိုင်ကာ ရေစပ်စပ်ရှိသော ဗွက်တောထဲမှာ သူ့ကြောင်ရဲ့ ကိုယ်လုံးလေးကို ဗွက်တွေနဲ့ လူးပစ်လိုက်သည်။ ရေကြောက်သော ကြောင်လေးက ရုန်းရင်းကန်ရင်း သူ့ဘယ်ဘက် လက်ဖျံကို ကိုက်ထည့်လိုက်သည်။ သူလည်း လန့်ဖျန့်ကာ လွှတ်ပေးလိုက်ရသည်။ ကိုက်လိုက်တာက သိပ်မနက်သော်လည်း သွားရာက အကွင်းလိုက် ထင်သွားသည်။ ကြောင်ကလေးကို စိတ်တိုတာထက် သူ့အမေ ဆူမှာစိုး၍ လက်ကို ပလာစတာကပ်ကာ တစ်ပတ် ဆယ်ရက်လောက် လက်ရှည် အင်္ကျီကို မချွတ်တမ်း ၀တ်ခဲ့ရသေးသည်။ ဖြစ်နေတုန်းတော့ သူ့ကြောင်လေးကို စိတ်တိုမိသော်လည်း နောက်တော့ ဒုံးရင်းက ဒုံးရင်း၊ ချစ်တဲ့စိတ်ကတော့ မပျောက်ကွယ်ခဲ့။ ဒီဇာတ်လမ်းက သူချစ်သော ကြောင်လေးနဲ့ မှတ်မှတ်ထင်ထင် ရှိနေခဲ့သော ရက်စွဲများထဲက ရက်စွဲတစ်ခု။

သူအခုဆိုလျှင် ပညာရေးနှင့် ပြည်ပသို့ ရောက်နေ၏။ သူ့အသက်သည်လည်း သက်တမ်း၏ သုံးပုံတစ်ပုံပင် ကျိုးခဲ့ပြီ။ သို့သော်လည်း ကြောင်ကလေးတွေ အပေါ် သူချစ်သော စိတ်ကတော့ မကျိုးပြတ်သေး။ ပို၍ပင် တိုးလာသည်ဟု ဆိုရမလိုပင် ဖြစ်နေသည်။ ကြည့်လေ။ ဒီ ပြည်ပက ကြောင်တွေက သူအရင်က ချစ်ခဲ့တဲ့ ကြောင်တွေထက် ပိုလှသည်။ အကောင်ထွားထွားတွေ၊ ၀၀ဖိုင့်ဖိုင့်တွေ၊ နောက် စုတ်ဖွားကြောင်တွေ။ အားပါး လှလိုက်သည့်ဖြစ်ချင်း။ အားလုံးက ချစ်စရာတွေချည်း။

သူကြောင်ချစ်တတ်တာကို သိသော သူ့မိတ်ဆွေ အစ်ကိုတစ်ယောက်က ကြောင်ပုံလေးပေါ်မှာ စာတမ်းတစ်ခု ရေးထိုး၍ သူ့ထံသို့ ပေးပို့ခဲ့သေးသည်။


သံယောဇဉ်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝ သိအောင် ရှာလိုက်စမ်းပါ။ ဖြစ်ပြန်ပျက်ပြန် လောကဓံအရှိကို သဘောဉာဏ် မမိတဲ့ နှောင်အိမ်ကြီးပါ။ တဲ့လေ..

ဤစာတမ်းကို သူသိပါသည်။ သဘောလည်း ထိုက်သလောက် ပေါက်ပါသည်။ သို့သော် သူမညာချင်ပါ။ ညာလို့လည်း မရပါ။ ပုထုဇဉ်ပဲ သံယောဇဉ်တွေတော့ ရှိမှာပေါ့လို့လည်း ပုထုဇဉ် သဘာဝကို ရိုးမယ် မဖွဲ့ချင်ပါ။ ဒါပေမယ့်လည်း သူသည် ပုထုဇဉ် ဆိုတာကိုတော့ ခေါင်းစဉ်ပြောင်းနိုင်သည့် အရည်အသွေး မမှီသေး။

ခုလည်း သူနေသည့် အထပ်မှာ သူချစ်သော ကြောင်လေးတွေ ရှိသည်။ အ၀ါတစ်ကွက်၊ အဖြူတစ်ကွက်နှင့် မျက်နှာဝိုင်းဝိုင်း အကောင်ကြီးကြီး ကြောင်တစ်ကောင်၊ တစ်ကိုယ်လုံး မဟူရာရောင် အသွေးနဲ့ ကြောင်မဲလေး တစ်ကောင်၊ နောက် အဖြူခပ်များများကို မီးခိုးရောင်စပ်ထားသော ကြောင်ပေါက်စက တစ်ကောင်၊ အားလုံးပေါင်း သုံးကောင်တောင်။ တစ်ခါတစ်ရံ ဘယ်အထပ်ကမှန်း မသိသော အမွှေးဖွားဖွား ကြောင်လေးတစ်ကောင်ကလည်း ရောက်လာတတ်သည်။ သို့သော် သူ အကုန်ချစ်ပါသည်။ ခုနောက်ပိုင်း ကြောင်တွေကိုမှ မဟုတ်။ မီးဖိုချောင် ပြတင်းပေါက်မှာ လာလာနားတတ်သော ခိုတွေကိုလည်း ချစ်ပါသည်။ အခန်းထဲက ပိုးဟပ်လို အကောင်တွေကိုလည်း ချစ်ပါသည်။ အမည်မသိသည့် အကောင်ဗလောင် လေးများကို မြင်လျှင်လည်း သူ ချစ်တတ်နေပါပြီ။ ထိုအချစ်ကို မေတ္တာလို့ သူ အမည်မပေးရဲသေးသော်လည်း မေတ္တာများသည့်ဘက် ရောက်အောင်တော့ သူ ကြိုးစားနေပါသည်။ အော် မပြတ်သေးသော ကြိုးတစ်ချောင်းပါကလား။

***********************************

အဲလို ပန်းကန်ထဲ လက်ထည့်စားရမှာ ကျေနပ်သတဲ့.. ကလေး ပေါက်စပေါ့ဗျာ။ ဆော့ကလည်း တအားဆော့။


သူကတော့ ရံဖန်ရံခါ ရောက်လာတတ်တယ်.. ဘာပဲဖြစ်ဖြစ် ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ် ရအောင်မွေးပြီး ကျွန်တော်ကတော့ ကျွေးတာပါပဲ။

စားစား မီမီရေ..

ကြောင်ဝါကြီးကို ကျွန်တော် သဘောကျတာ သည်းခံစိတ် များတာကိုပါ။ သူ့ပန်းကန် လာလုစားလည်း မာန်ဖီတယ် ကိုယ်တယ်ဆိုတာ လုံးဝ မရှိဘူး.. အေးဆေးပဲ.. တိရိစ္ဆာန်တွေမှာလည်း အတုယူရမည့် အချက်တွေ ရှိတယ်နော..။

ကြောင် အနက်နဲ့ ကြောင်ဝါကြီးက ဇနီးမောင်နှံလေ.. တစ်ကောင်နဲ့ တစ်ကောင် သိပ်ချစ်ကြတာ.. ကြောင်ဝါကြီးက တအားအေး၊ လူတိုင်းနဲ့ တည့်ပေမယ့် ကြောင်အနက်ကတော့ လူနည်းနည်း လန့်တယ်။

ကြောင်ဝါကြီးကတော့ နည်းနည်းအိုပြီခင်ဗျ.. တစ်ခါတစ်ခါ အဲဒါတွေကြည့်ပြီး ကိုယ့်ကိုယ်ကို သံဝေဂ ပွားရသေးတယ်။

အင်း.. စားနေရင်းနဲ့ သွားကြားညပ်နေလို့လေ.. သူ့အမူအယာတွေနဲ့ အရောင်စပ်ပုံက အဆောင်က လူတွေကို အချစ်တိုးစေတယ်ခင်ဗျ.. ကလေးသာသာ အပူအပင်ကင်းတဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက လိုပေါ့..

သတ္တ၀ါတွေကလည်း မေတ္တာငတ်နေကြတာဗျ.. သူတို့အပေါ် မေတ္တာပေးတဲ့သူဆို တအား သဘောကျတာ.. ဒီအထာကို ကျွန်တော်က သဘောပေါက်တော့ သူတို့အပေါ် ယုယုယယ နေတယ်လေ.. အဲဒီတော့လည်း ကျွန်တော့်ကို ခင်တယ်ပေါ့ဗျာ..

ကြောင်အနက်မြင်တော့ ငယ်ငယ်က ကြားဖူးတဲ့ ကြောင်အနက် မမွေးကောင်းဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်.. ဆိုတာကို သွားသတိရမိတယ်. အော် လူတွေလည်း ရူးပါ့..

ဖိုးသား

Read more...

*မှတ်သားဖွယ်ရာအမေးအဖြေများ(၇)*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

တရားနဲ့ပူဇော်တာအမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ
အမေး။ ။
အရှင်ဘုရား…ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေကပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်း ပြုပြီးဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ၊သမာဓိ၊ ပညာတရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင်ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ်ကြောင်းကို ဟောကြားတော်မူ ပါလျှက်ယခုပရိနိဗ္ဗာန်ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာကပိုပြီး အကျိုးကြီးမြတ်တယ် လို့ဘာကြောင့်ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။
ပန်းနံ့သာတို့ဖြင့်ပူဇော်တာထက် သီလ၊သမာဓိ၊ပညာတို့ဖြင့် ပူဇော်တာက အမြတ်ဆုံးရယ်လို့ ဟောတော်မူ တဲ့အကြောင်းအရင်းက ဘုရားရှင်ဟာပရိသတ်ကို ချီးမြောက်လိုတော်မူတာကတစ်ကြောင်း၊သာသနာတော် ကြီးအရှည်တည်တံ့ခြင်းကို လိုလားတော်မူတာကတစ်ကြောင်း ဖြစ်ပါတယ်။
ဒီလိုသာဟောတော်မမူခဲ့ဘူးဆိုရင် နောင်အခါမှာ သီလ၊သမာဓိ၊ပညာနဲ့ပတ်သက်ပြီး ဟောပြောတိုက်တွန်းမှု နည်းပါးလာကာ ဘာဝနာတရားအားထုတ်မှုမရှိတော့။ ပန်းနံ့သာစတာတွေနဲ့ ပူဇော်ရတဲ့အကျိုးကိုသာ ဟောပြောညွန်ကြားကာ ဒကာ-ဒကာမများ အလှူဒါန(အာမိသပူဇာ) ကိုသာ ပြုနေရစ်ကြပါလိမ့်မယ်။
သာသနိကအဆောက်အအုံဖြစ်တဲ့ ကျောင်းကန်ဘုရားများဟာ သာသနာကို အရှည်တည်တံ့အောင်မစွမ်း ဆောင်နိုင်ပါဘူး။ လှူဒါန်းပူဇော်သူရဲ့ လူနတ်နိဗ္ဗာန် သုံးတန်ချမ်းသာအတွက်သာ ဖြစ်တယ်။
အမှန်က ကောင်းမွန်တဲ့အကျင့်ဆိုတဲ့ သီလ၊သမာဓိ၊ပညာအကျင့်တရားတွေကသာ သာသနာတော်ကြီး အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါတယ်။ အာမိသာပူဇာကို အကျိုးမရှိဘူးလို့ ဟောတော်မမူသလို ပယ်တာလဲမဟုတ်ဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဒါကြောင့် အခုခေတ်တရားပွဲတွေမှာ အချို့တရားဟောဆရာများက ဘုရားမှာ အာမိသပူဇာဖြစ်တဲ့ ပန်းနံ့သာ စတာတွေကို လှူရင်အပိုအလုပ်တွေပါလို့ ဟောနေပြောနေကြတာတွေကို စာချစ်သူများအား သတိထားဖို့ ပြောပါရစေ၊ ဒီဝါဒဟာဟိုယခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အဓမ္မအယူဝါဒဖြစ်ပါတယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၂၆-၄၂၇)
ဆရာတော်ဦးကောဝိဒ(မြိတ်)
ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော ဆိုဒ်မှာ တစ်ဆင့်ပြန်လည်ကူးယူပြီး စာဖတ်သူ ဓမ္မမိတ်ဆွေ များကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။
စာဖတ်သူဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

လက်ငင်းအကျိုးပေး ဘာကြောင့်ရ

ငွေကုန်ကြေးကျ အများကြီးနဲ့ မော်မော်ကြွားကြွား၊ ခမ်းခမ်းနားနား အလှူကြီးပေးပေမဲ့ အကျိုးပေးညံ့ချင် ညံ့နေတတ်တယ်။ အဲဒါ အလှူပေးစဉ် စိတ်ထားမမှန် စေတနာ မထက်သန်ခဲ့လို့ပါပဲ။ တကယ်တော့ ငွေကြေး ၀တ္ထုပစ္စည်းက အဓိက မဟုတ်ပါဘူး။ စေတနာကသာ ကောင်းကျိုးပေးစွမ်းနိုင်ကြောင်း ဒီပုံဝတ္ထုလေးက သက်သေပြနေပါတယ်။

ဘုရားရှင် လက်ထက် ရာဇဂြိုလ်ပြည်မှာ ဗိမ္မိသာရမင်းကြီးထံ ပန်းတော်ဆက်သရတဲ့ သုမန ပန်းသည်ဆိုတာ ရှိတယ်။ သုမနဟာ တစ်နေ့လျှင် မြတ်လေးပန်း ရှစ်စလွယ် ဘုရင်ကို ဆက်သရတယ်။ ဘုရင့်ဆီက တစ်နေ့လုပ်အားခ အသပြာ ရှစ်ကျပ်ရတယ်။
တစ်နေ့တော့ ဘုရားရှင်ဟာ ရောင်ခြည်တော်ခြောက်သွယ် တစ်ခဲနက် ကွန့်မြူးပြီး မြိုတော်အတွင်းသို့ ဆွမ်းခံကြွအလာ သုမနကလည်း ဘုရင့်ထံ ပန်းတော်ဆက်ဖို့အလာ တစ်နေရာမှာ ဆုံမိကြပါရော။ သုမနပန်းသည်ဟာ ဘုရားရှင်ကို ဖူးလိုက်ရတယ် ဆိုရင်ပဲ ဘုရားကျေးဇူးတွေ တလှိုက်လှိုက် ကြည့်ညိုလာပြီး ဘုရင့်က ငါ့ကိုသတ်ချင်သတ်၊ ထောင်ချချင်ချ လိုက်ဦး ဘုရင့်ကို ဆက်မယ့် ဒီပန်းတွေကို ဘုရားကို လှူလိုက်တော့မယ်။ ဘုရင်ပေးတဲ့ တစ်နေ့ ရှစ်ကျပ်ဆိုတဲ့ အသပြာဟာ တစ်ဘ၀သာ စားသုံးနိုင်တယ်။ ဘုရားရှင်ရဲ့ ဓမ္မကျေးဇူး၊ စွန့်လွတ်မှုရဲ့ တန်ပြန်အားကတော့ ကမ္ဘာကုန်ပေမဲ့ ကုန်အံ့မထင်...။

အဲဒီလိုခံယူပြီး ဆုံးဖြတ်ပြီး ပန်းနှစ်ဆုပ်ဖြင့် ဘုရားရှင်ရဲ့ အထက်ဆီ ပစ်ကြဲ ပူဇော်လိုက်တယ်။ ပန်းတွေက ပန်းဆိုင်းကြီးတွေဖြစ်ပြီး ဘုရှားရှင် အထက်မှာ မျက်နှာကျက်လို တည်နေတော့သတဲ့။ ကျန်တဲ့ပန်းတွေနဲ့ ၀ဲယာ လှည့်ပတ် ပူဇော်ကြပြန်တော့ ပုဆိုးတင်းထိမ်တွေနဲ့ ကာရံထားသလို (ဘုရားရှင် မျက်နှာတော်ဖူးနိုင်ရုံမျှ အပေါက်ကလေးသာကျန်ပြီး) တည်နေတယ်တဲ့။ ပန်းတွေဟာ မြေမသက်၊ ဘုရားရှင်ကြွတော်မူရင် အတူလိုက်ပါသွားပြီး ဘုရားရှင် ရပ်တော်မူသော် အတူ ရပ်တန့်ကြတယ်။

သုမနဟာ သူလှူတဲ့သူ ပန်းတွေရဲ့ ထူးခြားတဲ့ အခြင်းအရာကိုကြည့်ပြီး ပီတိ ဖြစ်လာလိုက်တာ ရိုးတွင်းခြင်ဆီထဲကတောင် တသိမ့်သိမ့်တက်လာသတဲ့။

မြို့သူမြို့သားတို့လည်း အလှူခံ ပုဂ္ဂိုလ် ဘုရားရှင်ရဲ့ ထူးကဲလွန်မြတ်ခြင်း၊ အလှူပေးသူ သုမနရဲ့ ထူးကဲခြင်း၊ နှစ်ဖက်ဆုံရာက ပေါ်ထွန်းလာတဲ့ ပန်းတို့ရဲ့ တည်နေဟန် အံ့ဖွယ်သရဲ ဖြစ်ပုံကို မြင်တွေ့ကြပြီး ပီတိအဟုန် ဖြစ်ပေါ်လာတယ်။ ဘုရားရှင်ကို လှူဖွယ်အစုံ၊ ပူဇော်ထူးနဲ့ သဒ္ဓါကို အကြောင်းပြုပြီး သဒ္ဓါပေါင်းများစွာ ပွင့်ပေါ်လာတယ်။

သုမန အိမ်ပြန်ရောက်တော့ ဒီအကြောင်း ဇနီးဖြစ်သူ ၀မ်းသာပါစေတော့လို့ ပြန်ပြောပြတယ်။ မိန်းမက ၀မ်းမသာတဲ့အပြင် ဆဲရေးတိုင်းထွာပါလေရော။ ဘုရင်စီးပွား၊ သူ့စီးပွား ထိမယ့် အလှူမျိုးလုပ်ခဲ့လို့တဲ့။ သခင်အားရ အောင် သူက ပဲ ဦးစွာ သံတော်ဦးတင် ကုန်းချောပါလေရော။

ဒါပေမဲ့ ဘုရင် ဗိမ္မိသာရဟာ မကြုံစဖူး ထူးကဲတဲ့ သုမနပန်းသည်ရဲ့ အလှူပေါ်မှာ အံသြလို့ မကုန်၊ ပီတိ အဟုန်လည်း ဖြစ်လျက်က ချက်ချင်း မြှောက်စားလိုက်ပါတယ်။ ဆင်ရှစ်စီး၊ မြင်းရှစ်ကောင်၊ ကျေးကျွန်ယောက်ျား ရှစ်ဦး၊ ကျွန်မိန်းမ ရှစ်ယောက်၊ အကောင်းဆုံးဝတ်စုံ ရှစ်စုံ၊ အသပြာရှစ်ထောင်၊ တန်ဆာအပြည့်အစုံ ဆင်ယင်ပြီးတဲ့ အပျိုတော်ရှစ်ယောက်၊ ရွာကြီးရှစ်ရွာ...စုစုပေါင်း ဆု အမျိုးအစားရှစ်မျိုး ပေးသနား ချီးမြှင့် လိုက်တော့တယ်။

အဲဒါ ချက်ချင်းလက်ငင်း အကျိုးခံစားရတာ။ လက်ငင်းအကျိုးပေး ဘာကြောင့် ရသလဲဆိုတော့ သုမန ပန်းသည်မှာ ငါစွဲ၊ ၀တ္ထုစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိဘူး။ ဘုရားဆိုတဲ့ အစွဲထက် ဘုရားရှင်ရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကို အောက်မေ့ကြည်ညိုခဲ့တာ အဓိက ပဓာနကျ ပါတယ်။ ဘယ်သူမှ မတိုက်တွန်းရဘူး ၊ ဘုရားရှင်ကို ဆက်ရမယ့်ပန်းအတွက် ဘုရင်သတ်ချင်သတ်၊ ထောင်ချချင်ချ ဆိုတဲ့ ရဲ့ရင်တဲ့ ထက်သန်တဲ့ စေတနာလည်းရှိတယ်။ အဲဒီ လက်ဦးစေတနာက အကျိုးပေးတာပါ။လှူစဉ်တုန်းက လည်း ရကောင်းစေဆိုတဲ့ လောဘစိတ်၊ မျှော်စိတ် မရှိဘဲ စင်ကြယ်စိတ်နဲက လှူခဲ့တာ ဖြစ်လို့ လက်ငင်းအကျိုးပေးတာပါ။

သုမနပန်းသည် သံသရာမှာ ရရှိမယ့် ဆုကတော့ ၉၁ ကမ္ဘာလုံးလုံးအပါယ်မလားတော့ဘူး။ပစ္စေက ဗုဒ္ဓါ အဖြစ်နဲ့လည်း နိဗ္ဗာန်စံဝင်ရမယ် ဆိုတဲ့ ဆုထူး ဆုမြတ်ကြီးကိုလည်း ရရှိသွားပါတယ်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

မတူညီတဲ့ စိတ်များ

တစ်ခါတစ်ခါလည်း ကိုယ်က တွေးကြည့်မိတယ်။ လူတိုင်း စိတ်တူညီဖို့ တော့ မလွယ်ဘူး ဆိုတာ ကိုပေါ့။ ပြီးတော့ ဘယ်လို တူညီကြမလဲ ဆိုတာလည်း ဆက်တွေးကြည့်ရဲ့ ။

မတူညီတဲ့စိတ် ဘာကြောင့်လဲ ဆိုတာထက် တူညီဖို့ ကို အဓိကထားပြီး တွေးမိပြန်တယ်။ တူညီဖို့ ဆိုတာ မေတ္တာရှိမှသာ ဖြစ်နိုင်တယ်။ တကယ့်ကို မေတ္တာရှိတဲ့ ဆွေမျိုး ရင်းချာ၊ သူငယ်ချင်း ရင်းချာလိုကို ချစ်တတ်မှ သာ စိတ်က တူညီနိုင်တာ။ အဲလိုမဟုတ်ကတော့ ဘယ်လိုမှကို တူညီဖို့  မလွယ်ဘူး။

တကယ်တမ်း တစ်ဦးနဲ့  တစ်ဦး တူညီဖို့ ဆိုတာကလည်း မလွယ်တဲ့ကိစ္စ။ တစ်ခါတစ်ခါ ညီအကိုချင်း။ ညီမချင်း။ မောင်နှမချင်း။ ဆရာနဲ့ တပည့်။ မိဘနဲ့  သားသမီးတွေတောင်မှ စိတ်တွေက ညီချင်မှ ညီ ကျတာကိုး။ စိတ်ကလည်း အမျိုးမျိုးဆိုတော့ ဒီလိုပဲပေါ့။

အဓိကတူညီတဲ့ စိတ်ထားရှိဖို့  ဆိုရင်တော့ အကောင်းဘက်က ကြည့်တတ်ဖို့ ပါဘဲ။ ဆိုလိုတာက စိတ်ကောင်းလေး၊ စိတ်ထား မှန်လေးတွေပေါ့။

စိတ်ကောင်းလေး၊ စိတ်ထားမှန် ထားနိုင်ဖို့  ဆိုတာကလည်း စိတ်ထားကောင်းသူ နားလည် ပေးတတ် သူမှာ ရှိတတ်ကြတာပါပဲ။ အဲလိုမှ မထားတတ်ရင် တွေ့ ကြုံသမျှဟာ မူလ စိတ်ကောင်းလေး တွေ ကနေပြီး အလွဲလွဲ အချော်ချော်နဲ့  နားလည်မှုတွေ လွဲတတ်ကြပါတယ်။

အဲဒါနဲ့  ပါတ်သက်ပြီး တောင်မြို့  ၊ မဟာဂန္ဓာရုံ ဆရာတော်ရဲ့  ဂါထာလေး တစ်ပုဒ်ကို ကိုယ်နားလည် သလို ခံစားပြီး မြန်မာ ကဗျာမပီ စာမပီလေး ရေးချမိတယ်။

ရှေ့ ဆက်ပြီး ဖတ်ကြည့်ပါဦးလား-

စိတ်စည်းခြားခြင်း


+ နေပူကျဲကျဲ

လမ်းချော်လဲ
သူတော်စဉ်တို့ 
ကူဖေးမြဲ။

+ တွဲ...တွဲ...တွဲ...။
စွဲ...စွဲ...စွဲ....။

+ နေပူကျဲကျဲ
လမ်းချော်လဲ
သူချော်ပင်မို့ 
တဟဲဟဲ။

+ ခွဲ...ခွဲ...ခွဲ...။
စဲ...စဲ...စဲ...။

ဒါပါပဲ။ သူတော်စဉ်နဲ့  သူချော်ပင် တို့  စိတ်ထားကတော့ မတူညီတဲ့ စိတ်ထားများဖြစ်ပါတော့တယ်။


စိတ်ထားကောင်းသူ နားလည်တတ်သူများဖြစ်ကြပြီး

အချင်းချင်း တူညီတဲ့စိတ်ထားများ ရှိကြပါစေသောဝ်။

မြတ်ရောင်နီ
( ၂၉ ၊ ၀၇ ၊ ၂၀၁၀ )

Read more...

သိရီမင်္ဂလာကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် စုပေါင်းရှင်ပြုပွဲ အမှတ်တရဓာတ်ပုံများ

Thursday, 29 July 2010 03:49 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Read more...